အပိုင်း (၃၇၅)
Vol. 26 Ch. 375
“တာအိုရောင်းရင်း... ခင်ဗျား အစားကို ကောင်းကောင်း စားလို့ရတယ်။ စကားကို ပြောချင်ရာ လျှောက်ပြောလို့ မရဘူး” သူတော်စင်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် လေးလေးနက်နက် အသံဖြင့် ပြောလိုက်၏။
သွေးနတ်ဆိုးလောကကြီး အကြောင်းကို လူတော်တော်များများက သိရှိနေတုန်းပင်။ ထိုလောကကြီးသည် ကောင်းကင်မူလလောကကြီး ဆီသို့ နှစ်ကြိမ်တိုင်တိုင် ကျူးကျော်လာခဲ့ပြီးသည့်နောက် နှစ်ကြိမ်လုံး ရှုံးနိမ့်ခဲ့ဖူးသည်။ ထိုကဲ့သို့ အားနည်းလှသည့် လောကကြီးသည် ကောင်းကင်မူလလောကကြီးကို အဘယ်သို့ ဖျက်ဆီး နိုင်မည်နည်း။ ဟာသလုပ်စရာများ ထင်မှတ်နေလေသည်လား။
“တကယ့်ကို မှန်တယ်”
စောဏတုန်းက ပြောဆိုခဲ့သည့်လူသည် အတည်ပြုလိုက်၏။ “ဒီသတင်းအချက်အလက်ကို ပေးတဲ့လူက တော်ဝင်ရင်နိုင်ငံတော်ရဲ့ နောက်လိုက်တွေပဲ။ သူတို့က အင်ပါယာဆက်ခံသူစာရင်း ဒုတိယနေရာမှာ ရှိတဲ့ ရှန်းတုရှင်းကို မြင်ခဲ့တယ်။ သူတို့ပြောစကားအရဆိုရင် အဲလူက ကွာစီအင်ပါယာတစ်ယောက်ပဲ။ ဘယ်လိုဖြစ်ပြီး မှားမှာလဲ။ ပြောရမယ်ဆိုရင်”
ထိုကဲ့သို့ ပြောဆိုသူသည် အားလုံးကို တစ်ချက် ဝှေ့ကြည့်ကာဖြင့် အသံကို တိုးပြီး ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။ “သွေးနတ်ဆိုးလောကကြီးက အစောကြီးကတည်းက မရှိတော့ဘူး။ အင်ပါယာကျန်းထျန်လို့ခေါ်တဲ့ လူတစ်ယောက်က အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တာလေ။ ရှန်းတုရှင်း တစ်ယောက်တည်းပဲ လွတ်မြောက် ခဲ့တယ်။ သွေးနတ်ဆိုးလောကကြီးကို ဖျက်ဆီးခဲ့တဲ့လူက သာမန်လူ တစ်ယောက် မဟုတ်နိုင်ဘူး။ သာမန် အမူအကျင့်ရှိတဲ့ လူတစ်ယောက်က ဒါမျိုးလုပ်မှာ မဟုတ်ဘူး”
“ဒါက”
ထိုစကားကို ကြားရသည့် အချိန်မှာတော့ အခြေအနေ တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ လက်ရှိအခြေအနေမှာတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတည်ပြုချက် မရှိသေးသည်ဆိုသော်လည်း အားလုံးသောသူတို့သည် ထိုအရာမှာ ဖြစ်နိုင်ဖွယ်ရာရှိသည့် အကြောင်းအရာအဖြစ် တွေးထင်လာခဲ့ကြ၏။
သေသေချာချာ စဉ်းစားမည်ဆိုလျှင် တော်တော်များများသည် မယုံကြည့်နိုင်သလို ဖြစ်နေမိသေး၏။ သို့ပေမဲ့ လက်ရှိ တွေ့ကြုံခဲ့သည့် အကြောင်းအရာကို စဉ်းစားပြီးသည့်နောက် ကျိန်းသေပေါက် မဖြစ်နိုင်စရာ အကြောင်း လည်း မရှိချေ။
လောကကြီးတစ်ခုလုံးကို ဖျက်ဆီးခဲ့ဖူးသည့် အင်ပါယာ တစ်ယောက်အနေနှင့် ကောင်းကင်မူလလောကကြီးထဲသို့ ရောက်ရှိမည်ဆိုလျှင် ကျိန်းသေပေါက် လူများ မထင်မှတ်ထားသည့် အရာကို ပြုလုပ်မှာ သေချာ၏။
သို့ပေမဲ့ ထိုကဲ့သို့သော စွမ်းရည်မျိုးကို ပိုင်ဆိုင်ပါသည်ဆိုသော အင်ပါယာ ကျန်းထျန်သည် ကောင်းကင်မူလ လောကကြီးထဲသို့ ရောက်ရောက်ချင်းမှာပဲ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့သည်။
..........
ခရမ်းရောင်နက်နဲလောကကြီး၏ ကျယ်ပြောလှသော ကောင်းကင်ယံထက်တွင် များပြားလှသော ကြယ်များသည် လင်းလက်တောက်ပလျက် ရှိနေ၏။
“ခင်ဗျားတို့နှစ်ယောက် ဘယ်လိုထင်လဲ”
အင်ပါယာမိုယွမ်သည် အရင်ဦးဆုံး ပြောဆိုလိုက်၏။ ၎င်း၏ အသံသည် ရွှေနှင့် သံကဲ့သို့ပင် မာကျောလျက် ရှိနေလေ၏။ မယုံကြည်နိုင်စရာ ကောင်းလှသည့် ဆန်းကြယ်မှုမျိုးကိုလည်း ထုတ်ဖော်ပြသနေသေးသည်။
“ထင်မှတ်ထားတဲ့ အတိုင်းပဲ”
ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာသည် မျက်လုံးကို ဖွင့်လိုက်၏။ သူ၏အသံသည် မည်သည့်ခံစားချက်မှ မရှိဘဲ အေးစက်လျက် ရှိနေ၏။ ဓားဆန္ဒများသည် အသံထဲတွင် ပါဝင်လျက် ရှိနေပြီး စကြဝဠာကြီး တစ်ခုလုံးကို ထိုးခွင်းလု မတတ်ပင်။
“တာအိုရောင်းရင်းနဲ့ ကျုပ်က တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ အမြင်ချင်းတူတယ်” အင်ပါယာတိုင်ကလည်း ခေါင်းညိတ်လိုက်၏။ အလယ်ဗဟိုတွင် ထိုင်ချပြီးသည့်နောက် သူသည် ကြီးကျယ်မြင့်မြတ်လှသည့် အရှိန်အဝါမျိုး ကို ထုတ်ဖော်နေ၏။
“အစစ်အမှန် အင်မော်တယ် အမွေအနှစ် ပေါ်ပေါက်လာခဲ့တဲ့ နောက်ဆုံးအချိန်တုန်းက ကျုပ်တို့အားလုံး ကောင်းကင်မူလလောက ထဲကို ရောက်ခဲ့ပြီးပြီလေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကို ဝင်ခဲ့တယ်။ ခင်ဗျားတို့ အနေနဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ အားအင်အဆင့်ကို အကြမ်းဖျင်း သိရှိပြီး ဖြစ်လိမ့်မယ်”
အင်ပါယာတိုင်က အသာပြောလိုက်၏။ သူသည် စားပွဲခုံကို တတောက်တောက်နှင့် ခေါက်လျက်ရှိပြီး သူ၏ အတွေးအမြင်များကို သေချာပြောပြနေသည်။ “ကျုပ်အထင်အရဆိုရင် ကောင်းကင်မူလလောကကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့ အင်ပါယာက အစစ်အမှန် အင်မော်တယ်အဆင့်နဲ့ နီးကပ်နေတဲ့လူပဲ ဖြစ်လိမ့်မယ်လေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ရဲ့ အားအင် အဆင့်က ကျိန်းသေပေါက် အစစ်အမှန် အင်မော်တယ် အဆင့်ထက် ပိုပြီး မြင့်မားတာလည်း ဖြစ်နိုင်တယ်”
“ဒါတင် မကသေးဘူး” ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာက စဉ်းစားလိုက်၏။ ၎င်းသည် ဆံပင်များကို အသာသပ်တင်တာဖြင့် ပြောဆိုလိုက်၏။
“ခင်ဗျား ဘာကိုဆိုလိုတာလဲ တာအိုရောင်းရင်း” အင်ပါယာမိုယွမ်သည် မျက်မှောင်ကုတ်ကာဖြင့် ဇဝေဇဝါ ဖြစ်လို့ နေခဲ့သည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က တည်နေရာလမ်းစဉ်ကို ကျွမ်းကျင်တဲ့လူတစ်ယောက် ဖြစ်လိမ့်မယ်”
ကောင်းကင်ဝမ်းနည်းအင်ပါယာက ပြောဆိုလိုက်၏။ “အချိန်တင် မဟုတ်ဘူး။ တည်နေရာမှာလည်း ကျွမ်းကျင်တဲ့ လူတစ်ယောက်ပဲ”
ဆိုရိုးစကားရှိ၏။ တည်နေရာစွမ်းအင်ကို ကျွမ်းကျင်သူများသည် ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားမြင့် ကျင့်ကြံသူများ ဆိုသည်ပင်။
လက်ရှိအချိန်မှာတော့ ၎င်းတို့ သုံးယောက်လုံးသည် ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်အဆင့်ကို ပိုင်ဆိုင်သည် ဆိုလျှင်တောင်မှ တစ်ဖက်လူနှင့် မည်သို့မှ နှိုင်းယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် တည်နေရာလမ်းစဉ်ကို ကျွမ်းကျင်စွာဖြင့် ထုတ်ဖော် အသုံးပြုခဲ့၏။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ကောင်းကင်မူလလောကကြီး၏ လေဟာနယ် တစ်ခုလုံးသည် ရပ်တန့်အေးခဲလျက် ရှိနေပြီး ကြည့်ရှုသူများ အားလုံးကို တုန်လှုပ်စေခဲ့သည်
“ကောင်းကင်မူလလောကကြီးက တကယ့်ကို”
အင်ပါယာတိုင်သည် ခဏလောက် တွေးတောပြီးသည့်နောက် သက်ပြင်းချကာ ပြောဆိုလိုက်၏။ “လူတွေ မနာလိုစရာ ဖြစ်လာတာပဲ”
ဤကဲ့သို့သော လူတစ်ယောက် တည်ရှိနေသည် ဖြစ်သောကြောင့် အနာဂတ်တွင် မည်သည့် စိုးရိမ်ပူပန်မှုမှ ရှိတော့မည် မဟုတ်ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ဒေါသမထွက်မချင်း ကောင်းကင်မူလလောကကြီး သည် မည်သည့် ဘေးအန္တရာယ်မှ မရှိဟု ပြောဆိုရပေမည်။
“အင်ပါယာတိုင်”
အင်ပါယာမိုယွမ်၏ မျက်လုံးများသည် အသာကုတ်သွား၏။ သူသည် စိုးရိမ်ပူပန်နေသည့် အမူအရာများဖြင့် ပြောဆိုလိုက်၏။ “ကျုပ်တို့ ဖြစ်နေတဲ့ အခက်အခဲကို ဘယ်လိုထင်လဲ”
အင်ပါယာတိုင်သည် ထိုစကားကို ကြားသည့်အချိန်မှာတော့ မည်သည့် အဖြေမှ မရှိတော့ချေ။ လက်ရှိ အခြေအနေမှာတော့ ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် သက်ရှိသတ္တဝါ တော်တော်များများတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ စိတ်အခြေအနေပေါ် မူတည်ပြီး အသက်ရှင်သန်ရမည့် အခြေအနေ ဖြစ်လို့နေလေသည်။ မဟုတ်ပါက ခရမ်းရောင်နက်နဲလောကကြီးအတွက် ကြီးမားသည့် ကပ်ဘေးကြီးကို ဆောင်ယူလာသည်နှင့် ဆင်တူပေတော့မည်။
ကံကောင်းစွာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် လောကကြီး နှစ်ခုအကြား တိုက်ပွဲအတွင်း ပါဝင်ပတ်သက်မည့် အရိပ်အယောင်မျိုး မရှိချေ။ ထိုအရာသည် ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် အင်ပါယာ တော်တော်များများကို စိတ်အားတက်ကြွစေခဲ့သည်။
“ခရမ်းရောင်နက်နဲလောကကြီးက ကောင်းကင်မူလလောကကြီးနဲ့ အစောကြီးကတည်းက ပေါင်းစပ်ပြီး သွားပြီလေ။ ကျုပ်ထင်တာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က အရာအားလုံးကို မျှမျှတတနဲ့ ဆက်ဆံမယ် ထင်တယ်။ ပြီးတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ပဲ။ တစ်ဖက်တည်းကို မျက်နှာသာပေးနေမှာ မဟုတ်ဘူး” အင်ပါယာတိုင်၏ အသံသည် ကျယ်လောင်စွာ ထွက်ပေါ် လာခဲ့၏။
အင်ပါယာမိုယွမ်နှင့် ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာတို့သည် ထိုစကားစုကို ကြားရသည့် အချိန်မှာတော့ ဘာမှဆက်မပြောတော့ချေ။ အင်ပါယာတိုင်၏ စကားလုံးများသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် အကြောင်း အလုံးစုံ နားလည်သည့် ပုံစံမျိုးဖြင့် ပြောဆိုနေခြင်းဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သူတို့ပြောဆိုနေသည့် အကြောင်းအရာများကို သိရှိမလား။ မသိရှိဘူးလား ဆိုသည်ကို သေသေချာချာ မသိရှိချေ။ သို့ပေမဲ့ တစ်ဖက်ခြမ်းသို့ မျက်နှာသာ မပေးဘူး ဆိုသည်မှာတော့ ယုံကြည်ဖွယ်ရာပင်။
“စီနီယာ နန်းဆောင်သခင်နဲ့ ကောင်းကင်မူလလောကကြီးက တခြားသူတွေအကြောင်း စိတ်ပူစရာ မလိုဘူး ဆိုရင်တောင်မှ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျုပ် မြေအင်မော်တယ်လောကရဲ့ သက်ရှိတွေ လက်ထဲမှာ တကယ့်ကို ဆန်းကြယ်တဲ့ ရတနာတစ်ခုကို တွေ့ခဲ့ရတယ်”
အင်ပါယာမိုယွမ်သည် အမှတ်မထင် ပြောဆိုလိုက်၏။ လက်ကို ဝှေ့ယမ်းပြီးသည့်နောက် ရှေးမှန်တစ်ခုက ပေါ်ပေါက်လာခဲ့၏။ ထိုမှန်ဆီမှ အလင်းတန်းများ တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး နှစ်ပေါင်းများစွာကြာ တည်ရှိခဲ့သည်ဆိုသော အရှိန်အဝါမျိုးကို ထုတ်ဖော်ပြသနေသည်။
“ဒါ မြေအင်မော်တယ်လောကဆီက ရတနာတစ်ခုလား” ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာသည် ထိုအရာကို ကြည့်ရှုပြီးသည့်နောက် လေးနက် တည်ကြည်စွာဖြင့် မေးမြန်းလိုက်၏။