အပိုင်း (၃၇၆)
Vol. 26 Ch. 376
“ဟုတ်တယ်”
အင်ပါယာမိုယွမ်က ခေါင်းညိတ်လိုက်၏။ “ဒီအရာက မြေအင်မော်တယ်လောကရဲ့ သက်ရှိတွေဆီကနေ ရလာတာ”
“တော်တော် စိတ်ဝင်စားစရာ ကောင်းတာပဲ” အင်ပါယာတိုင်သည် မှတ်ချက်ပြုလိုက်၏။ ဤရှေးမှန် အား အင်ပါယာမိုယွမ် မည်ကဲ့သို့ ပိုင်ဆိုင်ခဲ့သည်ဖြစ်ကြောင်း သူတို့ စိတ်မဝင်စားကြချေ။ အင်ပါယာ မိုယွမ်သည် ခန့်မှန်း၍ မရနိုင်သည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ သူ့အနေနှင့် ကိုယ်တိုင် မလှုပ်ရှားဘူး ဆိုလျှင်တောင်မှ သူ၏ နောက်လိုက်များသည် မြေအင်မော်တယ်လောကဆီမှ သက်ရှိများကို သတ်ဖြတ်ပြီး ရယူလာသည်လည်း ဖြစ်နိုင်သည်။
ထို့အပြင် ဤအတောအတွင်း မြေအင်မော်တယ်လောကမှ လူတော်တော်များများတို့သည် ၎င်းတို့၏ နောက်လိုက် များနှင့် တွေ့ဆုံခဲ့ကြ၏။ ရှေးမှန်ကဲ့သို့သော အရာမျိုးသည် အင်ပါယာမိုယွမ်၏ လက်ထဲသို့ ရောက်ရှိနေသည် ဆိုခြင်းမှာ ကျိုးကြောင်းသင့်လျော်လှသည့် ကိစ္စသာလျှင်ဖြစ်၏၊
သူတို့ စိတ်ဝင်စားသည့် အကြောင်းအရာမှာ တစ်ခုတည်းသာလျှင် ရှိ၏။ ဤရှေးမှန်ကြီးကို မည်ကဲ့သို့ အသုံးပြုရမည် ဆိုခြင်းပင်။ သူတို့သည် အရင်က ဤအရာကို ပထမဆုံးအကြိမ် မြင်ခဲ့ဖူးခြင်းသာလျှင် ဖြစ်၏။ တစ်ဖက်သော လောကဆီမှ ရောက်ရှိလာခဲ့သည့် ရတနာတစ်ခု ဖြစ်သောကြောင့် အသုံးဝင်သည့် အရာတော့ ဖြစ်ပေလိမ့်မည်။
“ဒီအရာကို ဖြစ်နိုင်မယ်ဆိုရင် မြန်မြန် ဖျက်ဆီးပစ်လိုက်သင့်တယ်” ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာက လေးလေးနက်နက် ပြောလိုက်သည်။
မြေအင်မော်တယ်လောကသည် သာမန်လောကတစ်ခု မဟုတ်ပေ။ တည်နေရာကို ဖြတ်သန်းကာ သက်ရှိများ ရောက်ရှိလာသည်ဆိုပါက ကျိန်းသေပေါက် ကပ်ဘေးကြီးကို ဆောင်ယူလာမှာ ဖြစ်၏။ ထိုသို့ဆိုလျှင် သွေးနတ်ဆိုးလောက ကြီးနှင့် တူညီသည့် အခြေအနေမျိုးသို့ သူတို့ ရောက်ရှိသွားနိုင်၏။
ကောင်းကင်မူလလောကကြီးတွင် ပေါ်ပေါက်လာခဲ့သည့် အင်ပါယာကျန်းထျန်သည် အစစ်အမှန် အင်မော်တယ် အဆင့်နှင့် နီးကပ်လျက် ရှိနေသည့် လူတစ်ယောက်ဖြစ်သည် ဆိုလျှင်တောင် အစစ်အမှန် အင်မော်တယ်အစစ်တော့ မဟုတ်ချေ။ သို့ပေမဲ့ မြေအင်မော်တယ်လောကမှာတော့ ခြားနားလျက် ရှိနေလေ၏။ ၎င်းတို့၌ အစစ်အမှန် အင်မော်တယ်များ တည်ရှိလို့ နေသည်။
အင်မော်တယ်တစ်ယောက်သည်သာ ရုတ်တရက် ဝင်ရောက်ကာ လှုပ်ရှားသည်ဆိုပါက ခရမ်းရောင်နက်နဲ လောကကြီးအနေနှင့် မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ သူတို့၌ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဟူ၍ မရှိချေ။ စီနီယာနန်းဆောင်သခင်သည် ကောင်းကင်မူလလောကကြီးအတွက် ဝင်ရောက်ကာ တိုက်ခိုက်ပေးမည် ဆိုလျှင်တောင်မှ သူတို့ ခရမ်းရောင်နက်နဲလောကကြီးအတွက် ဝင်ရောက်တိုက်ခိုက်ပေးမလား ဆိုသည်က သေချာသည့်အရာ မဟုတ်ချေ။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည်သာ လျစ်လျှူရှုထားခဲ့မည် ဆိုပါက ခရမ်းရောင်နက်နဲလောကကြီးသည် မြေအင်မော်တယ်လောကကြီး၏ နောက်ဖေးခြံဝန်းကဲ့သို့ ဖြစ်လာပေလိမ့်မည်။
“အရမ်းနောက်ကျသွားပြီ” အင်ပါယာမိုယွမ်သည် ခေါင်းကို ခါယမ်းလိုက်၏။ သူသည် လက်ကို အသာမြှောက်ပြီး သည့်နောက် ရှေးမှန်တစ်ခုဆီမှ အလင်းတန်းများ ဖြစ်တည်လာခဲ့၏။ ထိုအရာသည် ကောင်းကင်ပေါ်သို့ ထိုးတက် ပြီးသည့်နောက် အစိတ်အပိုင်းများအဖြစ် ဖြစ်တည်လာခဲ့သည်။ အင်ပါယာမိုယွမ်သည် လက်ဖျောက်တစ်ချက် တီးလိုက်သည့် အချိန်မှာတော့ အမဲရောင်အလင်းတန်းများ ဖြစ်တည်လာခဲ့ပြီး တည်နေရာအနှံ့ကို ပျံ့နှံ့သွားခဲ့၏။
“ပြီးတော့ ဒီမှန်က အင်ပါယာအဆင့်မှာ ရှိနေတဲ့ တစ်စုံတစ်ယောက် သွန်းလုပ်ထားတဲ့ အရာမျိုးပဲ။ သာမန် နည်းလမ်းတွေနဲ့ လွယ်လွယ်ကူကူ ဖျက်ဆီးပစ်လို့ မရဘူး” အင်ပါယာမိုယွမ်သည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။
“ဒါက”
အင်ပါယာတိုင်နှင့် ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာတို့သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်မိ၏။ မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေခဲ့ကြပြီး ဤရတနာသည် အင်မော်တယ် လက်နက်တစ်ခု မဟုတ်သည်ဆိုသော်လည်း မြေအင်မော်တယ်လောကဆီမှ ဆန်းကြယ်လွန်းလှသည့် ပစ္စည်းများနှင့် ဖန်တီးပြုလုပ်ထားခြင်း ဖြစ်ကြောင်း သိနိုင်သည်။
တော်ဝင်အင်ပါယာ တစ်ယောက်ပင် လွယ်လွယ်ကူကူ ဖျက်ဆီးပစ်နိုင်ခြင်း မရှိသည်ဆိုမှတော့ ဤရှေးမှန်ကြီး၏ အရင်းအမြစ်သာ သာမန်ထက်ပိုသည့်အရာ ဖြစ်ပေလိမ့်မည်။ သာမန်ထက် ပိုသည့်အရာဆိုသည်မှာ အင်မော်တယ် အဆင့်သာလျှင် ရှိတော့၏။ ထိုအရာ တည်ရှိနေသည်နှင့်တပြိုင်နက် မြေအင်မော်တယ်လောကရှိ သက်ရှိ သတ္တဝါများကို လမ်းညွှန်ပြသနေသကဲ့သို့ပင်ဖြစ်ပြီး တစ်နေ့နေ့ တစ်ချိန်ချိန်တွင် တည်နေရာ လမ်းကြောင်းကြီး တစ်ခု ပွင့်လှစ်လာနိုင်၏။
“ကြည့်ရတာ ခရမ်းရောင်နက်နဲလောကက တကယ့်ကို ဘေးအန္တရာယ် ကပ်ဆိုးကြီးထဲ ကျရောက်နေပြီပဲ” အင်ပါယာတိုင်၏ အမူအရာသည် ပျက်ယွင်းသွားခဲ့၏။ ရှေးမှန်ကြီးကို ကြည့်ရှုပြီးသည့်နောက် သူသည် အင်ပါယာ မိုယွမ်ကို လှမ်းကာ ကြည့်ရှုလိုက်သည်။
ဤမှန်ကြီး၏ အစစ်အမှန် ပိုင်ရှင်သည်သာ ရောက်ရှိလာသည်ဆိုပါက ကျိန်းသေပေါက် ခရမ်းရောင်နက်နဲလောက ကြီးနှင့် ပြဿနာ တက်ပေလိမ့်မည်။ ထိုအချိန်သို့ ရောက်သည်ဆိုပါက အကျိုးဆက်ကို ရင်ဆိုင်ရန် မဖြစ်နိုင်ချေ။ ထွက်ပြေးဖို့ ဆိုသည်မှာတောင် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
“အရမ်းကြီး ကြောက်နေဖို့မလိုပါဘူး” အင်ပါယာ မိုယွမ်က ပြောလိုက်သည်။
သူသည် ရှေးမှန်ကို အသာ သိမ်းဆည်းလိုက်၏။ ခဏလောက် စဉ်းစားပြီးသည့်နောက် ဆက်လက်ကာ ပြောဆိုလိုက်၏။ “ခရမ်းရောင်နက်နဲ လောကကြီးထဲမှာ အင်ပါရီယာလက်နက်ကို ပိုင်ဆိုင်တဲ့ ဂိုဏ်းဂဏဆိုတာ သိပ်မရှိဘူးလေ။ ပိုင်ရှင်မဲ့နေတဲ့ အင်ပါရီယာလက်နက်တွေလည်း အများကြီး ရှိတယ် မဟုတ်လား။ ဒီတော့ ဒီရှေးမှန်ကလည်း အဲလိုဖြစ်နိုင်ပါတယ်”
သူ၏ စကားစုသည် ရှင်းလင်းလှ၏။ တချို့သော အင်အားစုများသည် ကံကောင်းသောကြောင့် စွမ်းအားမြင့် ကျင့်ကြံသူများ၏ အမွေအနှစ်ကို ဆက်ခံရရှိခဲ့၏။ ထိုနည်းလည်းကောင်းပင်။ လက်ရှိအရာသည်လည်း သူတို့ ကံကောင်း၍ ရခဲ့သည့် အရာအဖြစ် သတ်မှတ်နိုင်စွမ်း ရှိ၏။
“ဟမ့်”
အင်ပါယာတိုင်က နှာခေါင်ရှုံ့လိုက်၏။ သူ၏ အသံက အေးစက်လျက် ရှိနေသည်။ “တည်နေရာလမ်းကြောင်း ပွင့်လာပြီဆိုရင် မြေအင်မော်တယ်လောကမှာ ရှိနေတဲ့လူတွေက တစ်ဖွဲ့တည်း ရောက်လာမယ်လို့ ခင်ဗျား ထင်နေတာလား။ အဲအချိန်ကျရင် မြေအင်မော်တယ်လောကမှာရှိတဲ့ သက်ရှိသတ္တဝါပေါင်းများစွာက ဒီကို ရောက်လာနိုင်တယ်။ ခင်ဗျားတို့ အင်ပါယာမိုယွမ် လက်အောက်မှာရှိတဲ့ အင်အားစုတွေ တော်တော်များများက မြေအင်မော်တယ်လောကလူတွေကို အမဲလိုက်နေတယ်လို့ ကျုပ်ကြားတယ်”
အင်ပါယာတိုင်က ဆက်ပြောလိုက်၏။ “ကျုပ် ခင်ဗျားကို ပြောပြမယ်။ ပြဿနာကြီး တက်လာပြီ ဆိုရင် ခရမ်းရောင်နက်နဲလောကကြီး တစ်ခုလုံးက ခံစားရမှာ။ အဲအချိန်ကျရင် ကျုပ်တို့ ရင်းနှီးပတ်သက်မှုကို ထောက်ပြီး ခင်ဗျားကို သက်ညှာပေးမှာ မဟုတ်ဘူး။ အပြစ်တင်စရာရှိရင် ကျုပ်က အပြစ်တင်ရမှာပဲ”
“ဟမ့်”
အင်ပါယာမိုယွမ်၏ အမူအရာသည် ပြောင်းလဲသွား၏။ သူသည် မသက်မသာခံစားနေမိ၏။ သူသည် မသေချာ၊ မရေရာသလို ပြောလိုက်မိသည်။ “မြေအင်မော်တယ်လောကကလူတွေ ရောက်လာမယ်ဆိုရင်တောင် အဲလောက် မမြန်လောက်ပါဘူး။ ဟုတ်တယ်မလား”
“အဲလို မျှော်လင့်ရမှာပေါ့” အင်ပါယာတိုင်သည် မစာနာစွာဖြင့် ပြန်လည်ကာ ဖြေဆိုလိုက်၏။
..............
ဤအတောအတွင်း တော်ဝင်သဲကန္တာမြို့၊ ကောင်းကင်လျှို့ဝှက်နန်းဆောင် အတွင်းမှာတော့ ....
လီယွင်သည် နတ်ဘုရားအာရုံများကို ပြန်လည်ကာ သိမ်းဆည်းလိုက်၏။ အင်ပါယာကျန်းထျန်ကို နန်းဆောင်ထဲသို့ ပြန်လည် ခေါ်ယူပြီးသည့်နောက် လီယွင်၏ အသိအမြင်သည် အလင်းတန်းများအဖြစ် အသွင်ပြောင်းကာ ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။
အင်ပါယာကျန်းထျန်သည် မျက်လုံးကို စုံမှိတ်ပြီး အသက်စွမ်းအင်များ၏ ဖိနှိပ်ခြင်းကို ခံရသောကြောင့် ကောင်းကင် လျှို့ဝှက်နန်းဆောင်ထဲတွင် ရုပ်တု တစ်ခုကဲ့သို့ မတ်မတ်ရပ်လျက် ရှိနေ၏။ အပြင်ဘက်တွင် ဖြစ်တည်နေသည့် အရာအားလုံးကို သူက မသိရှိချေ။
“အင်မော်တယ်အဆင့် ခြေလှမ်းတစ်ပိုင်း... ဒီလိုမျိုး သေသွားရမယ်ဆိုရင် နှမျောစရာပဲ” လီယွင်က ပြောဆိုလိုက် ၏။
လီယွင်သည် လက်ကို အသာယမ်းခါပြီးသည့်နောက် အင်ပါယာကျန်းထျန်အား ကောင်းကင် လျှို့ဝှက်နန်းဆောင် ပထမထပ်ဆီသို့ ပို့ဆောင်လိုက်၏။ ပထမထပ်သည် အဆုံးမဲ့သော စွမ်းအင်များ တည်ရှိ၏။ ထို့ကြောင့် အင်ပါယာကျန်းထျန်ကဲ့သို့သော ကျင့်ကြံသူတစ်ယောက်ကို ထားသိုရန် အကောင်းဆုံးသော တည်နေရာပင်ဖြစ်သည်။
“စီနီယာ”
ရှန်းတုရှင်းသည် စိတ်လှုပ်ရှားလျက် ရှိသည်။ သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒများ ပြည့်နှက် သွားခဲ့၏။ အင်ပါယာကျန်းထျန်ကို မြင်ရသည့် အချိန်မှာတော့ သူသည် သွေးနတ်ဆိုးလောကထဲတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြန်လည်ကာ မြင်ယောင်လာမိ၏။ သူသည် ကွာစီအင်ပါယာအဆင့်တွင် ရှိနေသည် ဆိုသော်လည်း လက်ရှိအချိန်တွင် တည်ငြိမ်မနေနိုင်တော့ချေ။
“ဒါ ခင်ဗျားတို့ သွေးနတ်ဆိုးလောကကြီးရဲ့ ကိစ္စပဲ” လီယွင်သည် လက်ကို အသာဝှေ့ယမ်းကာဖြင့် ခပ်တည်တည် ပြောဆိုလိုက်၏။
“အမ်”
ရှန်းတုရှင်းသည် အနောက်သို့ ခြေတစ်လှမ်း ထပ်ဆုတ်လိုက်၏။ ဇဝေဇဝါ အမူအရာများသည် သူ၏ မျက်နှာပေါ်တွင် ပေါ်ပေါက်လာ၏။ သူက တီးတိုးရေရွတ်လိုက်သည်။ “စီနီယာ... ဘာကို ဆိုလိုတာလဲ”
“စီနီယာရဲ့ ရည်ရွယ်ချက်ကို မရှင်းလင်းသေးဘူးလား”
ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်သည် ရှန်းတုရှင်းကို လှမ်းကြည့်ကာဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့ သွေးနတ်ဆိုးလောကကြီးရဲ့ ကိစ္စက ခင်ဗျားတို့ ဖြေရှင်းရမယ့် ကိစ္စလေ။ စီနီယာအနေနဲ့ ခင်ဗျားအတွက် ဝင်ပြီးတော့ လှုပ်ရှားဆောင်ရွက်ပေးရအုံးမှာလား”
“ဒါက”
ရှန်းတုရှင်းက ဆွံ့အသွားမိ၏။ သူ့အနေနှင့် သူ့ဘာသာသူ ဖြေရှင်းရန် စဉ်းစားခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ စီနီယာသည် ခွင့်မပြုခဲ့ချေ။ စီနီယာအနေနှင့် သူ့ကို ကိုယ်တိုင်ကိုယ်ကျ အင်ပါယာကျန်းထျန်ကို တိုက်ခိုက် အနိုင်ယူရန် စေခိုင်းချင်လေသည်လား။ ဤအရာသည် ဟာသတစ်ခုသာလျှင် ဖြစ်၏။ သူ့အနေနှင့် အင်ပါယာ အဆင့်သို့ ရောက်ရှိသွားမည်ဆိုလျှင်တောင်မှ တစ်ဖက်လူကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။
“အင်း”
လီယွင်သည် ရှန်တုရှင်းကို လှမ်းကြည့်လိုက်၏။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု တည်ရှိလို့ နေ၏။ ထိုအပြုံးသည် ‘ခင်ဗျား တွေးထင်ထားတဲ့ အတိုင်းပဲ’ ဆိုသည့် အဓိပ္ပာယ်ပေါက်လျက် ရှိနေသည်။