← Chapters

အပိုင်း (၃၇၇)

Vol. 26 Ch. 377

အပိုင်း (၃၇၇)

Vol. 26 Ch. 377

“ဟမ်”

ရှန်းတုရှင်း က မျက်လုံး ပြူးသွားမိ၏။ လီယွင်ကို မယုံကြည်နိုင်စွာဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ စီနီယာ နောက်ပြောင်နေလေသည်လား။

ရှန်းတုရှင်းသည် တကယ်ပဲ ဇဝေဇဝါ ဖြစ်မိနေ၏။ သူ့၌သာ အင်ပါယာကျန်းထျန်ကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိပါက အဘယ်ကြောင့် ကောင်းကင်မူလ လောကကြီးဆီသို့ ရောက်ရှိလာတော့မည်နည်း။

ပို၍ အရေးကြီးသည်မှာ စီနီယာ၏ စကားစုများကို နားထောင်ရမည်ဆိုလျှင် အင်ပါယာကျန်းထျန်ကို သတ်ပစ်ရန် ရည်ရွယ်ချက် မရှိဘူးဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်လို့နေခဲ့၏။ တစ်ဖက်လူသည် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းသည့် လူတစ်ယောက် ဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှ အပြင်ဘက်သို့ ထွက်သွားသည် ဆိုပါက မည်မျှကြီးမားလှသည့် ပြဿနာကြီးနှင့် ဒုက္ခများကို ယူဆောင်လာလိမ့်မည်မှန်း မည်သူမှ အာမ မခံနိုင်ချေ။

“စီနီယာ... အတိတ်နဲ့ အနာဂတ်ကို မြင်နိုင်တယ် မဟုတ်လား။ ကံကြမ္မာကိုလည်း တွက်ချက်နိုင်သေးတယ်လေ။ စီနီယာရဲ့ အားအင်အဆင့်အရ အင်ပါယာကျန်းထျန်က ကပ်ဘေးကောင်ကြီးဆိုတာကို သိရှိပြီး ဖြစ်ပါလိမ့်မယ်။ သူသာ လွတ်သွားမယ်ဆိုရင် .....” ရှန်းတုရှင်းသည် မြေပြင်ကို လှမ်းကြည့်ကာဖြင့် သတိအပြည့် ပြောလိုက်၏။

သူသည် ရောက်ရာနေရာတွင် သတိအပြည့်နှင့် တည်ရှိလို့ နေခဲ့၏။ ဆက်ပြောမည့် စကားအတွက်လည်း တွေဝေနေမိသည်။ “ကောင်ကင်မူလလောကကြီးထဲမှာ စီနီယာနန်းဆောင်သခင် တည်ရှိနေတယ်ဆိုရင် လုံခြုံပြီလေ။ ဒါပေမဲ့ ကျန်းထျန်သာ ကောင်းကင်မူလလောကကြီးက ထွက်ခွာသွားပြီဆိုရင် တခြား အသင်္ချေ များပြားတဲ့ လောကအသီးသီးကတော့ ....”

“ဟမ့်”

ဘေးတစ်ဖက်တွင် ရှိနေသည့် ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်သည် လှောင်ပြုံး ပြုံးကာဖြင့် ဝင်ပြောလိုက်၏။ “ဘာဖြစ်လဲ။ သွေးနတ်ဆိုးကလန်က အစောကြီးကတည်းက လောကကြီးကို ဆုံးရှုံးပြီးသွားပြီလေ။ အသင်္ချေ များပြားတဲ့ လောကကြီးအကြောင်းကို စိတ်ပူနေပြန်ပြီလား။ ခင်ဗျားတို့က တကယ့်ကို စိတ်ပူတတ်တာပဲ”

သာမန်နေ့များသာ ဆိုပါက ရွှေကျီးကန်းကလန်မှ ခေါင်းဆောင်သည် ကွာစီအင်ပါယာတစ်ယောက်ကို ဤကဲ့သို့သော အမူအရာမျိုးဖြင့် ဝင်ရောက်ကာ ပြောဆိုရန် သတ္တိရှိလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ကွာခြားလို့ နေခဲ့၏။ ဤတည်နေရာသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သာ ဖြစ်ခဲ့ပြီး အရာအားလုံးသည် စီနီယာနန်းဆောင်သခင်၏ ဆုံးဖြတ်ချက်အတိုင်း တည်ရှိနေခဲ့၏။ စီနီယာနန်းဆောင်သခင်၏ ရှေ့၌ သူတော်စင်နှင့် ကွာစီအင်ပါယာ ဆိုသည်မှာ ခြားနားမှု မရှိချေ။ ပုရွက်ဆိတ်လေးများ ကဲ့သို့ပင်။

ထို့အပြင် ရှန်းတုရှင်းသည် တစ်ယောက်တည်း ဖြစ်လို့နေ၏။ နောက်ခံ လောကကြီး တစ်ခုလုံး မရှိတော့ချေ။ ပြောရမည်ဆိုလျှင် ၎င်းအနေဖြင့် သွေးနတ်ဆိုးလောကဆီသို့ ဘယ်တော့မှ ပြန်သွားနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ကောင်းကင်မူလလောကကြီးထဲတွင် နေထိုင်ရန်သာ ရှိတော့သည်။

ရွှေကျီးကန်းကလန်ကို ရန်ပြုမိသည် ဆိုပါက ၎င်းအနေနှင့် အင်ပါယာတစ်ယောက် ဖြစ်လာရန်အတွက် ကြိုးစားသမျှ အားလုံးသည် သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။ ထို့အပြင် ရွှေကျီးကန်းကလန်၌ တော်ဝင်အင်ပါယာ တစ်ယောက် တည်ရှိလို့နေ၏။

အင်ပါယာကျန်းထျန်သည် လက်ရှိအခြေအနေမှာ ဖိနှိပ်ခြင်းကို ခံခဲ့ရ၏။ စီနီယာ နန်းဆောင်သခင်သည်သာ ထိုသူကို သတ်ဖြတ်လိုက်သည်ဆိုပါက အကောင်းဆုံးဖြစ်၏။ သို့ပေမဲ့ မသတ်ပစ်ဘူး ဆိုလျှင်လည်း ကိစ္စမရှိချေ။ အင်ပါယာကျန်းထျန်အနေနှင့် ကောင်းကင်မူလလောကကြီးထဲတွင် ပြဿနာရှာရဲလိမ့်မည် မဟုတ်ချေ။

စီနီယာ နန်းဆောင်သခင်အနေနှင့် အင်ပါယာကျန်းထန်ကို လက်လွှတ်ပေးလိုက်မည်ဆိုပါက တခြားသော လောကကို ထွက်ခွာသွားနိုင်၏။ ကောင်းကင်မူလလောကကြီးမှာလွှဲလျှင် တခြားသော မည်သည့်လောကဖြစ်ဖြစ် ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ ကောင်းကင်မူလလောကကြီးတွင် ရှိနေသည့်လူများ အသက်ရှင်သန်နိုင်ရေး ကသည်သာ သူတို့အတွက် အရေးအကြီးဆုံး ကိစ္စရပ်ဖြစ်၏။

“အတိအကျပဲ”

ရီစုန်သည် အရှေ့သို့ လှမ်းတက်လိုက်ပြီးသည့်နောက် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “စီနီယာက ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်နိုင်တယ်။ ပြီးတော့ အတိတ်၊ အနာဂတ်နဲ့ ပစ္စုပ္ပန်တွေ အကုန်လုံးကို သိရှိတဲ့ လူတစ်ယောက်ပဲ။ အနာဂတ်မှာ စီနီယာရဲ့ ဆုံးဖြတ်မှုနဲ့အတူ အင်ပါယာကျန်းထျန်ကို အသက်ရှင်လျက် ထားမယ်ဆိုရင်တောင်မှ ခင်ဗျားအနေနဲ့ ဝင်ပြီးတော့ ငြင်းပယ်စရာ အကြောင်းမရှိဘူး”

“တာအိုရောင်းရင်းနှစ်ယောက် ပြောတာမှန်တယ်” လင်းကလန်၏ ခေါင်းဆောင်သည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ကျုပ်”

ရှန်းတုရှင်း၏ အမူအရာသည် ပျက်ယွင်းသွား၏။ သူ၏ စကားလုံးသည် ကောင်းကင်မူလလောကကြီးတွင် ရှိနေသည့် အဓိကဂိုဏ်းများမှ ခေါင်းဆောင်သုံးယောက်တို့အား ထိခိုက်စေလိမ့်မည်ဟု သူက မထင်ခဲ့ချေ။

“စီနီယာ... ကျုပ်”

ရှန်းတုရှင်းသည် ထပ်မံကာ ပြောဆိုရန်ပြင်လိုက်၏။ သို့ပေမဲ့ သူပြောဆိုရန် ပြင်ဆင်လိုက်သည့် အချိန်မှာပဲ လီယွင်သည် သူ့ကို လက်ပြကာ တားဆီးလိုက်၏။

“လုံလောက်ပြီ .... ခင်ဗျားတို့အားလုံး အခု သွားလို့ရပြီ”

“ကျုပ်တို့အားလုံး ထွက်သွားပါ့မယ်” ရီစုန်နှင့် တခြားသူများ အားလုံးတို့သည့် ဦးကို အသာညွတ်ကာဖြင့် ထွက်ခွာ သွားခဲ့သည်။

လက်ရှိအချိန်မှာတော့ သွေးနတ်ဆိုးကလန်သည်လည်း ဖျက်ဆီးခြင်း ခံလိုက်ရပြီး သွေးနတ်ဆိုးလောကကြီးလည်း မရှိတော့ချေ။ ထို့အပြင် သဘာဝအားဖြင့် သွေးနတ်ဆိုးကလန်ပေါ်တွင် ရှိနေသည့် ၎င်းတို့၏ အမုန်းတရားများ အားလုံးတို့သည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ထို့အတူ မည်သည့် စိုးရိမ်ပူပန်မှုမှလည်း မရှိတော့ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် ၎င်းတို့၏ ဆန္ဒများသည် ပြည့်ဝသွားခဲ့သည် ဟု ပြောဆိုရပေမည်။

တခြားတစ်ဖက်ခြမ်းတွင်တော့ ရှန်းတုရှင်းသည် တွန့်ဆုတ်လို့ နေ၏။ တော်ဝင်အင်ပါယာ ကျန်းထျန်သည် မသေဆုံးသေးသည်ဆိုပါက သူ့အနေနှင့် လက်လွှတ်မပေးနိုင်ချေ။ သွေးနတ်ဆိုးလောကကြီးကို စိတ်ပူမိသည်သာ မက အသင်္ချေ များပြားလှသော လောကများကိုလည်း သူက စိတ်ပူလို့ နေခဲ့၏။ တော်ဝင်အင်ပါယာကျန်းထျန်သာ လွတ်မြောက်သွားမည်ဆိုပါက တခြား အားနည်းသည့် လောကများသည်လည်း ပျောက်ကွယ်သွားပေလိမ့်မည်။

“ခင်ဗျား ဘာလို့ အခုထိ မသွားသေးတာလဲ”

လီယွင်သည် ရှန်းတုရှင်းကို လှမ်းကြည့်ကာဖြင့် မေးမြန်းလိုက်၏။ ရှန်းတုရှင်းအကြောင်း ပြောရမည်ဆိုလျှင် ထပ်မံပြောစရာ အကြောင်းမရှိချေ။ ဤလူသည် ငယ်ရွယ်စဉ်အချိန်ကတည်းက ကွာစီအင်ပါယာ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေသည့် လူတစ်ယောက် ဖြစ်၏။ ကံကြမ္မာသားတော် ဆိုသည့် ဂုဏ်ပုဒ်ကို သိက္ခာကျစေနိုင်သည့် လူမျိုးမဟုတ်ချေ။

သို့ပေမဲ့ ကံကြမ္မာ၏ သားတော်တစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ ၎င်းသည် အတွေ့အကြုံပိုင်း၌ လိုအပ်လျက် ရှိနေသေး၏။ ခန့်မှန်း၍ မရအောင် အားကောင်းလှသည့် ဗီလိန်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့ခြင်း မရှိခဲ့ချေ။ ရှုံးနိမ့်မှုကိုသာ ရရှိခဲ့၏။

သို့ပေမဲ့ လီယွင်၏ ရှန်းတုရှင်းအပေါ် ထားသည့်အမြင်မှာတော့ အပေါင်းလက္ခဏာ ဆောင်လို့နေသည်။

သွေးနတ်ဆိုးလောကကြီးရဲ့ ကံကြမ္မာသားတော်တစ်ယောက် အနေနှင့် ရှန်းတုရှင်းသည် ကောင်းမွန်သည့် စိတ်နှလုံးသားကို ပိုင်ဆိုင်ပြီး အရာအားလုံးသော သူတို့၏ အကျိုးကို ကြည့်ရှုတတ်သည့် အဓိကဇာတ်ကောင် တစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုး တည်ရှိ၏။

ကျင့်ကြံခြင်းလောကတွင် ထိုကဲ့သို့သော လူမျိုးသည် ရှားပါးလှသည့် လူတစ်ယောက်ပင်ဖြစ်၏။ သို့ပေမဲ့ ဤကဲ့သို့သော စိတ်နေစိတ်ထားနှင့် အရည်အချင်းသည် ၎င်းအား ပြဿနာ တော်တော်များများ ပေးအပ်မည့် အရာမျိုးပင် ဖြစ်သည်။

“ကောင်းပါပြီ” ရှန်းတုရှင်းသည် ပေါ့ပေါ့ပါးပါးဖြင့် သက်ပြင်းကို ချလိုက်၏။ ပြီးနောက် ဦးကိုညွတ်ကာဖြင့် ထွက်ခွာ သွား၏။

ရှန်းတုရှင်းနှင့် တခြားသောသူများ ထွက်ခွာသွားပြီးသည့်နောက် လီယွင်သည် သူ၏ အကြည့်ကို ပြန်လည်ကာ ရုတ်သိမ်းလိုက်၏။ သူ၏ လက်ကို ယမ်းခါလိုက်ပြီးသည့်နောက် သူ၏အရှေ့တွင် ငယ်ရွယ်လှသည့် ပုံပန်းသွင်ပြင်က ပေါ်ပေါက်လာခဲ့၏။

ထိုသူ၏ ဆံပင်များသည် ပွစာကျဲကာ ကျလျက် ရှိနေပြီး ခန္ဓာကိုယ်တစ်ခု၌လည်း များပြားလှသည့် ဒဏ်ရာများနှင့် အပြည့်ပင်။ မည်သည့်အသံ၊ မည်သည့်လှုပ်ရှားမှုမှ မရှိဘဲ သေဆုံးနေသကဲ့သို့ပင် ငြိမ်သက်နေသည်။ သို့ပေမဲ့ ၎င်း၏ ခန္ဓာကိုယ်မှ အံ့အားသင့်စရာ ကောင်းလှသည့် အားအင်များ ထွက်ပေါ်လျက် ရှိနေ၏။ နတ်ဆိုးအရှင်တစ်ပါး ကဲ့သို့ပင် ကြမ်းတမ်းလွန်းလှချေသည်။

“စနစ်... ကျန်းထျန်ရဲ့ မှတ်ဉာဏ်တွေကို အဆင့်မြှင့်တင်လိုက်” လီယွင်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ အင်ပါယာ ကျန်းထျန်ကို သတ်ဖြတ်ပစ်ရခြင်းဆိုသည်မှာ အနည်းငယ် နှမျောစရာကောင်း၏။ လင်းရှောင်ကဲ့သို့ပင် မှတ်ဉာဏ်များကို အနည်းငယ် ပြန်လည်ပြင်ဆင်ခဲ့ပြီးသည့်နောက် သူ၏ လက်ဝါးထဲတွင် သွန်လိုသွန်၊ မှောက်လိုမှောက် ပြုလုပ်၍ရသည့် ရေကဲ့သို့ ဖြစ်သွားမည်ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

အနာဂတ်တွင် သူ့အနေနှင့် သဘောမကျစရာ တစ်စုံတစ်ယောက်ကို တွေ့ရှိခဲ့ပြီး ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ ဂုဏ်သတင်း ကျဆင်းသွားမည့် အပြုအမူမျိုးကို ပြုလုပ်၍ မဖြစ်နိုင်သော အခြေအနေမျိုးတွင် တော်ဝင်အင်ပါယာကျန်းထျန်အား စေလွှတ်ပြီး သတ်ဖြတ်ခိုင်း၍ ရသည်။

ထို့အပြင် တော်ဝင်အင်ပါယာကျန်းထျန်သည် မူလအားဖြင့် ကြမ်းတမ်းလှသည့် စရိုက်သဘာဝရှိသူဖြစ်ပြီး လောကကြီး တစ်ခုလုံးကိုပင် သွေးစတေးမှု ပြုလုပ်ခဲ့သူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် ၎င်းသာ သုတ်သင် ရှင်းလင်းချင်သည်ဆိုပါက မည်သည့်အရာကိုမှ ငဲ့ညှာ ထောက်ထားနေလိမ့်မည် မဟုတ်ချေ။ အစစ်အမှန် အင်မော်တယ်များ ဝင်ရောက် မပါဝင်သရွေ့ တော်ဝင်အင်ပါယာကျန်းထျန်သည် အင်ပါယာအဆင့်တွင် ပြိုင်ဘက်ကင်းသည့် လူတစ်ယောက်ဖြစ်၏။

[တော်ဝင်အင်ပါယာကျန်းထန်၏ မှတ်ဉာဏ်များကို အသစ်ပြန်လည် ပြင်ဆင်လိုက်သည်]

စူးရှသည့် အသံတစ်ခုက ပေါ်ပေါက်လာခဲ့သည်။

“စနစ်... လင်းရှောင်ကို အသုံးပြုခဲ့တဲ့ နည်းလမ်းအတိုင်း လုပ်လိုက်” လီယွင်သည် ထပ်မံကာ ပြောဆိုလိုက်သည်။

စနစ်သည် အနှိုင်းမဲ့ တည်ရှိမှု ဖြစ်သည်ဆိုသော်လည်း ၎င်းအသုံးပြုသည့် နည်းလမ်းများသည် ပိုမိုကာ ကောင်းမွန်သည့် အရာများ ဖြစ်စေရန် သူက မျှော်လင့်နေမိ၏။ တော်ဝင်အင်ပါယာကျန်းထျန်အနေနှင့် အနာဂတ်တွင် သူ့အား ပြဿနာ ပြန်လည် မရှာနိုင်စေရန် လုံခြုံသည့်အရာမျိုး ဖန်တီးထားမှ ဖြစ်ပေလိမ့်မည်။

ထို့အပြင် တော်ဝင်အင်ပါယာကျန်းထျန်ဆိုသည်မှာ လင်းရှောင်နှင့် စိတ်နေသဘောထား ကွာခြားသူ တစ်ယောက်ဖြစ်၏။ လင်းရှောင်သည် လမ်းမှန်ဂိုဏ်း၏ ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး တော်ဝင်အင်ပါယာ ကျန်းထျန်မှာတော့ ၎င်း၏ ရည်ရွယ်ချက် ပြည့်ဝရန်အတွက် မည်သည့်အရာကိုမဆို ပြုလုပ်မည့် လူမျိုးပင်ဖြစ်၏။ ၎င်းတို့နှစ်ယောက်ကို နှိုင်းယှဉ်၍ မရနိုင်ချေ။

[လက်ခံသူရဲ့ ညွှန်ကြားမှုအရ တော်ဝင်အင်ပါယာကျန်းထန်အတွက် သခင်နှင့်ကျေးကျွန်စာချုပ်၊ သွေးမျိုးဆက် ကန့်သတ်ခြင်း၊ ဝိညာဉ်ထိန်းချုပ်ခြင်း စသည့် အရာအားလုံးကို ဖန်တီးခဲ့သည်]

“စနစ်... မင်းမှာ ဒီလိုမျိုး များပြားလှတဲ့ ဝှက်ဖဲတွေ ရှိနေတာလား”

လီယွင်က သက်ပြင်းချလိုက်၏။ အစကနေ အဆုံးအထိ သူသည် သေသေချာချာ လေ့လာစုံစမ်းကြည့်လိုက်၏။ အချိန်တိုအတွင်းမှာပဲ တော်ဝင်အင်ပါယာ ကျန်းထျန်သည် နည်းလမ်းပေါင်းများစွာဖြင့် ထိန်းချုပ်ခြင်းကို ခံခဲ့ရပြီဖြစ်သည်။ သူသည်သာ ဆန္ဒရှိသည်ဆိုပါက တော်ဝင်အင်ပါယာကျန်းထျန်ကို ပျောက်ခြင်းမလှ ပျောက်ကွယ်သွားအောင် နည်းလမ်းပေါင်း များစွာဖြင့် ပြုလုပ်နိုင်စွမ်း ရှိနေ၏။

စနစ်သည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။ လီယွင်သည် လက်ကို အသာယမ်းခါပြီးသည့်နောက် စနစ်၏ ကိုယ်ရေးအကျဉ်းကို ပိတ်လိုက်၏။ အင်ပါယာကျန်းထျန်ကို တစ်ချက် လှမ်းကြည့်ပြီးသည့်နောက် ကောင်းကင် လျှို့ဝှက်နန်းဆောင်၏ အဝင်ဝဆီသို့ ချဉ်းကပ်သွားခဲ့၏။ အပြင်ဘက် လေဟာနယ်ထဲတွင် ရှိနေသည့် စာရင်းကို သူသည် လှမ်းမျှော်ကြည့်လိုက်သည်။

“အင်ပါယာကျန်းထျန်နဲ့ အားအင်အဆင့်နဲ့ဆိုရင် အင်ပါယာအဆင့်စာရင်းကို ထုတ်ဖော်မယ်ဆိုရင် သူက ကျိန်းသေပေါက် အားလုံးရဲ့ အထက်မှာ ရှိနေမှာပဲ။”

All Chapters