← Chapters

အပိုင်း (၃၈၀)

Vol. 26 Ch. 380

အပိုင်း (၃၈၀)

Vol. 26 Ch. 380

“တော်ဝင်အင်ပါယာကျန်းထန် ဟုတ်လား”

“သွေးနတ်ဆိုးလောကက ဟုတ်လား” လူပေါင်းများစွာတို့သည် ရုတ်တရက် နားလည်သွားမိ၏။ မူလအားဖြင့် ဤစကားစုများကို သူတို့သည် သေသေချာချာ ဂရုမပြုခဲ့ချေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ဤအရာသည် အနည်းငယ် ပြဿနာရှိနေပုံပေါ်၏။

အင်ပါယာအဆင့်၏ ထိပ်ဆုံးတွင် ရှိနေသည့်လူ၏ အားအင်အဆင့်သည် ပြောနေစရာပင် မလိုဘဲ တခြားသော သူများအားလုံးထက် ပိုမိုကာ သာလွန်မည့်လူတစ်ယောက် ဖြစ်မှန်းသိရှိနိုင်၏။ ထို့အပြင် ဤလူသည် လောကကြီး တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်သည့်လူလည်း ဖြစ်နေ၏။ ပြောဆိုရမည်ဆိုလျှင် ထိုသူသည် သွေးနတ်ဆိုးလောကကြီးဆီမှ ရောက်ရှိလာခဲ့ပြီး ကောင်းကင်မူလလောကကြီးကို ဖျက်ဆီးချင်နေသည့် အင်ပါယာတစ်ယောက်လည်း ဖြစ်သည်။

“အင်း... မကြာသေးခင်က ကောင်းကင်မူလလောကကြီးကို တိုက်ခိုက်ခဲ့တဲ့အင်ပါယာဆိုတာ တော်ဝင်အင်ပါယာ ကျန်းထျန်များလား” လူပေါင်းများစွာတို့သည် အသက်ရှူပင် ကြပ်လာခဲ့ကြ၏။ ၎င်းတို့သည် မျက်နှာပေါ်တွင် ထိတ်လန့်ခြောက်ခြားမှုများဖြင့် ပြည့်နှက်လာခဲ့၏။

“တော်ဝင်အင်ပါယာကျန်းထန်က ကောင်းကင်မူလလောကကြီးကို လှုပ်ရှားတိုက်ခိုက်တာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။ မူလအားဖြင့် နန်းဆောင်သခင်ကလွဲရင် ကောင်းကင်မူလလောကကြီးက တကယ့်ကို အားနည်းတယ်လေ။ အင်ပါယာစာရင်းမှာတောင်မှ အင်ပါယာ တစ်ယောက်မှ မပါခဲ့ဘူး။ ခရမ်းရောင်နက်နဲ လောကရဲ့ သတ္တဝါတွေတောင် စာရင်းထဲ ပါသေးတယ်”

ကောင်းကင်မူလလောကကြီးထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ထိုအရာကို ကြားသည့်အချိန်မှာတော့ ၎င်းတို့၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် မှောင်မဲသွားခဲ့ကြ၏။

“ခရမ်းရောင်နက်နဲလောကရဲ့ အင်ပါယာနှစ်ယောက်တောင်မှ အောက်ခြေမှာ ပါနေသေးတယ် မဟုတ်လား” တစ်စုံတစ်ယောက်သည် အေးစက်စက်ဖြင့် ဝင်ရောက်ကာ ပြောဆိုလိုက်သည်။

“ဘာပဲပြောပြော ကောင်းကင်မူလလောကကြီးထက်တော့ သာနေသေးတာပဲ”

သူတော်စင်အိုကြီး တစ်ယောက်သည် နှာခေါင်းကို ရှုံ့လိုက်၏။ ၎င်း၏ အသံသည် ရေခဲကဲ့သို့ပင် အေးစက်လျက် ရှိနေပြီး လူပေါင်း များစွာတို့ကို ကြက်သီးများပင် ထသွားစေခဲ့၏။

ပြောနေတုန်းမှာပဲ သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ အသာဦးညွတ်ကာဖြင့် ဂုဏ်ယူစွာ ပြောလိုက်သည်။ “စီနီယာနန်းဆောင်သခင်သာ အင်ပါယာစာရင်းကို မထုတ်ဖော်ခဲ့ဘူးဆိုရင် ကျယ်ပြောလှတဲ့ ခရမ်းရောင်နက်နဲလောကကြီးထဲမှာ အင်ပါယာပိုင်လီလို လူတစ်ယောက် ရှိနေသေးတယ်ဆိုတာ ဘယ်သူမှ သိမှာ မဟုတ်ဘူး”

“အင်ပါယာပိုင်လီက လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာတည်းက အင်ပါယာတစ်ယောက် ဖြစ်လာခဲ့တာလေ။ သူက ပြိုင်ဘက်ပေါင်းများစွာကို ဖိနှိပ်ခဲ့ပြီးတော့ လောကကြီးရဲ့ ခေတ်တစ်ခုကို ထူထောင်နိုင်ခဲ့တဲ့ လူပဲ။ လောကကြီးရဲ့ အကန့်အသတ်သာ မရှိဘူးဆိုရင် သူက အစစ်အမှန် အင်မော်တယ် ဖြစ်နေတာတောင် ကြာလှပေါ့”

“နှစ်သန်းပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ လောကကြီးရဲ့အဆင့်က တိုးတက်လာခဲ့ပြီဆိုတော့ ကျုပ်တို့ ခရမ်းရောင်နက်နဲလောကကြီးက နောက်ထပ် အစစ်အမှန် အင်မော်တယ် တစ်ယောက်ရဖို့ သိပ်မကြာလောက်တော့ဘူး။ ဘယ်အချိန်ရလာမလဲ ဆိုတာကတော့ ဟား ... ဟား.. ဟား” အဘိုးအိုသည် အားလုံးသောသူများကို ဝေ့ကြည့်လိုက်၏။

များပြားလှသော သူတော်စင်အဆင့် ကျင့်ကြံသူများသည် ဒေါသထွက်သွားပြီး သူ့ကို ချက်ချင်းဆိုသလိုပဲ နေရာမှာတင် ထကာ ရိုက်နှက်ချင်စိတ် ပေါက်မိကြ၏။ သို့ပေမဲ့ တော်ဝင်သဲကန္တာရ မြို့ထဲတွင် ဖြစ်နေသည်ကို စဉ်းစားမိပြီးသည့်နောက်မှာတော့ ၎င်းတို့၏ ရိုက်နှက်ချင်စိတ်များကို ပြန်လည် ထိန်းသိမ်းလိုက်ကြရသည်။

“စီနီယာချီ... ခင်များ အင်ပါယာယုညိုကို မေ့သွားပြီထင်တယ်” တစ်စုံတစ်ယောက်သည် ဝင်ရောက်ကာ ပြောလိုက်၏။

ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာနှင့် တူညီသည့် ခေတ်တစ်ခုတွင် တည်ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာကဲ့သို့ပင် အားကောင်းလှသူတစ်ယောက် ဖြစ်၏။ အင်ပါယာယုညိုသည် လက်ရှိ ခရမ်းရောင်နက်နဲလောကကြီး၏ အင်ပါယာ လေးယောက်ထဲတွင် အရှေ့ပိုင်း ရောက်သည့် အင်ပါယာဖြစ်ကာ ကျန်သုံးယောက်တို့သည် လောကထဲ သွားလာတတ်သော်လည်း အင်ပါယာ ယုညိုမှာ ပျောက်ချင်းမလှ‌ပျောက်နေခဲ့သည်။

အင်ပါယာစာရင်းသည်သာ ထွက်ပေါ်မလာပါက အင်ပါယာယုညိုတစ်ယောက် ရှိနေသေးလိမ့်မည်ဟု မည်သူကမှ ထင်မှတ်လိမ့်မည် မဟုတ်ချေ။ တစ်ဖက်လူသည် တကယ့်ကို တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိလို့နေခဲ့ပြီး မြေအင်မော်တယ်လောကတွင်ဆိုလျှင်လည်း ထိပ်ဆုံးနေရာ၌ ရပ်တည်နေမှာ သေချာ၏။ ၎င်း၏ ပါရမီ၊ အရည်အချင်းနှင့် အားအင်အဆင့်သည် ကျိန်းသေပေါက် ခရမ်းရောင်နက်နဲလောကမှ လူပေါင်းများစွာတို့ ဂုဏ်ယူဝံ့ကြွားရမည့် အရာမျိုးပင်။

အင်ပါယာအဆင့် စာရင်းပေါ်လာခဲ့ပြီး ဆယ့်ငါးမိနစ် မပြည့်သေးခင်မှာပဲ ထိုစာရင်းထဲရှိသူများသည် အစစ်အမှန် အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်မည့် လူများဖြစ်ကြောင်း အားလုံးက ခန့်မှန်းလိုက်မိကြ၏။ ဤလူအားလုံးသည် သံသယရှိစရာမလိုဘဲ တခြားသော အင်ပါယာများနှင့် နှိုင်းယှဉ်မည်ဆိုပါက အင်မော်တယ် အဆင့်ကို တက်လှမ်းသွားနိုင်မည့် ကြီးမားသည့် အခွင့်အရေး ပိုင်ဆိုင်သူများပင်ဖြစ်၏။

ထိပ်တန်းအင်ပါယာ ဆယ်ယောက်တို့သည် လက်ရှိအခြေအနေမှာတော့ တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေနှင့်ပြီးသား ဖြစ်၏။ ၎င်းတို့သည်သာ စကြဝဠာထဲသို့ လှည့်လည်သွားလာမည်ဆိုပါက စကြဝဠာထဲရှိ အားအနည်းဆုံး ဂြိုဟ်တစ်ခုကို တစ်ချက်နင်းချေရုံဖြင့် ပျက်စီးအောင် ပြုလုပ်နိုင်စွမ်းရှိသည့် လူများပင်။

“အင်း... ခရမ်းရောင်နက်နဲလောကအတွက် ဒါက ရွှေခေတ်ပဲ။ ခရမ်းရောင်နက်နဲလောကထဲမှာ အစစ်အမှန် အင်မော်တယ် တစ်ယောက်၊ နှစ်ယောက်လောက်သာ ထပ်ပြီး ပေါ်လာမယ်ဆိုရင် မြေအင်မော်တယ်လောကက အဆင်ခြင်မဲ့ လုပ်ရဲတော့မှာ မဟုတ်ဘူး” ခရမ်းရောင်နက်နဲလောကဆီမှ သက်ရှိသတ္တဝါတစ်ယောက်က မှတ်ချက်ပြုလိုက်သည်။

“ဒါကတော့ အမှန်ပဲ”

စောဏက ပြောဆိုခဲ့သော ချီဟု အမည်ရသည့် သူတော်စင်က အသာခေါင်းညိတ်လိုက်၏။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ပြီးသည့်နောက် တည်ငြိမ်စွာ ပြောလိုက်၏။ “ခရမ်းရောင်နက်နဲလောကကြီးရဲ့ မြင့်တက်လာမှုကတော့ မတားဆီးနိုင်လောက်အောင် ဖြစ်နေပြီ။ ဒါပေမဲ့ ကောင်းကင်မူလလောကကြီးထဲက အင်ပါယာတစ်ယောက်မှ စာရင်းထဲမှာ မပါဘူး။ ကောင်းကင်မူလလောက ကြီးထဲမှာ တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့် ကျင့်ကြံသူတောင် မရှိဘူးလို့ ကျုပ် သံသယဝင်မိတယ်”

“ခင်ဗျား”

ကောင်းကင်မူလလောကကြီးထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ချက်ချင်းပဲ ဒေါသထွက်သွား ကြ၏။ နှလုံးသားထဲတွင် ဝုန်းကနဲ ဖြစ်တည်လာပြီး ချက်ချင်းဆိုသလိုပဲ တိုက်ခိုက်ချင်စိတ်များ ပေါ်ပေါက်လာသည်။

လောကကြီးနှစ်ခု နှိုင်းယှဉ်သည့်နေရာတွင် ကောင်းကင်မူလလောကကြီးသည် ပထမတုန်းက အထက်စည်း၌ ရပ်ခဲ့၏။ သို့ပေမဲ့ ခရမ်းရောင်နက်နဲလောကကြီးသည် လက်ရှိအခြေအနေမှာတော့ ကောင်းကင်မူလ လောကကြီးကို နောက်ကောက်ချခဲ့လေပြီ။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ထုတ်ဖော်လိုက်သည့် စာရင်းအရဆိုလျှင် ကောင်းကင်မူလ လောကကြီး၏ အားနည်းမှုသည် ပေါ်ပေါက်သွားခဲ့ပြီဖြစ်၏။ ကောင်းကင်ပါရမီရှင် စာရင်းမှ လွဲလျှင် ကောင်းကင်မူလလောကကြီး သည် ခရမ်းရောင်နက်နဲလောကကြီးကို မည်သို့မှ မယှဉ်နိုင်ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည်သာ ခရမ်းရောင်နက်နဲလောကကြီးတွင် တည်ရှိသည်ဆိုပါက ကောင်းကင်မူလလောကကြီးသည် သေခြင်းရှင်ခြင်း အခြေအနေသို့ ရောက်ရှိနေလောက်ပြီဖြစ်၏။

“ကျုပ်ပြောတာ ဘာမှားလို့လဲ”

သူတော်စင်အိုကြီးက နှာခေါင်းရှုံ့လိုက်၏။ ပြီးနောက် နောက်ဘက်တွင် ရှိနေသည့် လူများကို လှမ်းကာ ကြည့်ရှုပြီး စာရင်းဆီသို့ လက်ညှိုးညွှန်ပြလိုက်၏။ “မမေ့နဲ့အုံး။ အင်ပါယာထိပ်ဆုံးအဆင့်မှာ ရှိတဲ့လူက အင်ပါယာကျန်းထျန်လေ”

ဤစကားကို ပြောဆိုပြီးသည့်နောက် အားလုံးသော သူတို့သည် ထပ်မံကာ ငြိမ်သက်သွားပြန်၏။ အင်ပါယာ ကျန်းထျန်သည် မသေဆုံးခဲ့ပါက ကျိန်းသေပေါက် ကောင်းကင်မူလလောကကြီးကို မြှုပ်နှံသင်္ဂြိုလ်ပစ်မည့် လူမျိုးပင်ဖြစ်၏။ အင်ပါယာအဆင့်၏ ထိပ်ဆုံးတွင် တည်ရှိနေသည် ဖြစ်သောကြောင့် ၎င်းအသက်ရှင် တည်ရှိနေမှုသည် အားလုံးသော သူများအတွက် ခြိမ်းခြောက်မှုပင် ဖြစ်လေ၏။ ၎င်းသာ အပြင်ဘက်သို့ ထွက်လာသည် ဆိုပါက အစစ်အမှန် အင်မော်တယ် သို့မဟုတ် စီနီယာနန်းဆောင်သခင်၏ ဝင်ရောက်လှုပ်ရှားမှု မရှိလျှင် မည်သူမှသည် ထိုသူအား ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။

အင်ပါယာစာရင်းတွင် ပါဝင်သည့် လူများ ဝင်ရောက်တိုက်ခိုက်မည် ဆိုလျှင်လည်း တစ်ယောက်၊ နှစ်ယောက်လောက် နှင့် အသုံးဝင်လိမ့်မည် မဟုတ်ပေ။ သုံး၊ လေးယောက်ပေါင်း၍ တိုက်ခိုက်လိုက်မည် ဆိုလျှင်တောင်မှ အနိုင်ရရှိနိုင်မည့် အခွင့်အရေးသည် နည်းပါးသေး၏။

သို့ပေမဲ့ ဤကဲ့သို့သော ခန့်မှန်း၍ မရနိုင်သည့် စွမ်းအားမြင့် ကျင့်ကြံသူများနှင့်ပတ်သက်၍ မြေအင်မော်တယ် လောကသည် ခြွင်းချက်မရှိ ဂရုမစိုက်ကြချေ။ အဘယ်ကြောင့်ဆိုသော် မြေအင်မော်တယ်လောကကြီး၌ အင်မော်တယ်များ တည်ရှိနေသောကြောင့်ပင်။

အင်ပါယာကျန်းထျန် ကောင်းကင်မူလလောကကြီးထဲတွင် တည်ရှိနေခြင်းသည် ချိန်ကိုက်ဗုံးတစ်ခုကို ပိုင်ဆိုင်ထားခြင်းနှင့် ဆင်တူ၏။ ၎င်းအနေနှင့် မည်သည့်အချိန်တွင် ပေါက်ကွဲသွားမည်နည်းကို မည်သူမှ မသိရှိကြပေ။

“ကြည့်ရတာ ခင်ဗျား မေ့နေတာလား”

ထိုအချိန်မှာပဲ လူအုပ်ကြားထဲတွင် ရှိနေသည့် လူတစ်ယောက်သည် ခရမ်းရောင်နက်နဲလောကထဲမှ သက်ရှိများကို လှမ်းကာကြည့်ရင်း တည်ငြိမ်စွာ အစဖော်လိုက်၏။

“ဟမ့်”

သူတော်စင်အိုကြီးက နှာခေါင်းရှုံ့လိုက်၏။ သူ၏လေသံသည် အလွန်အမင်း အေးစက်လျက် ရှိနေ၏။ “ခင်ဗျား ဘာကိုဆိုလိုတာလဲ”

ကျောက်စိမ်းသရဖူကို ဝတ်ဆင်ထားသည့် ထိုလူသည် ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်သည်။ “ကျုပ်တို့ ကောင်းကင်မူလလောကကြီးမှာ အန္တရာယ်ကောင် တစ်ယောက်အဖြစ် အင်ပါယာကျန်းထျန် တည်ရှိနေတယ် ထားပါတော့။ ဒါဆိုရင် ခင်ဗျားတို့ ခရမ်းရောင်နက်နဲလောကကြီးကော နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျလို့ ရမှာလား”

All Chapters