← Chapters

အပိုင်း (၃၈၂)

Vol. 26 Ch. 382

အပိုင်း (၃၈၂)

Vol. 26 Ch. 382

“အရမ်းကြီး လွန်မလာနဲ့ ... ကောင်းကင်မူလလောကကြီး”

သူတော်စင်အိုကြီးသည် အေးစက်စက်နှင့် နှာခေါင်းရှုံ့ လိုက်၏။ သူ၏အသံသည် အေးစက်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ “ခရမ်းရောင်နက်နဲလောကကြီးမှာ အင်ပါယာတွေ အများအပြားရှိတယ်။ အင်ပါယာ စာရင်းထဲမှာဆိုရင် ကျုပ်တို့ရဲ့ အင်ပါယာနှစ်ယောက်တောင် ပါဝင်နေသေးတယ်လေ။ ဒီပိုင်ရှင်မဲ့တဲ့ အင်ပါရီယာလက်နက် အကြောင်းကို ထည့်ပြောစရာ မလိုဘူး။ အင်ပါယာပိုင်လီနဲ့ အင်ပါယာယုညိုတို့သာ စိတ်ရှိတယ်ဆိုရင် ကောင်းကင်တုန်ခါခြင်းဓား ပြန်လည် ရယူဖို့ဆိုတာ သိပ်ကြာမှာ မဟုတ်ဘူး”

“အတိအကျပဲ” သူတော်စင်အိုကြီး၏ စကားကို ကြားရသည့် အချိန်မှာတော့ ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် တခြားသော သက်ရှိများကလည်း သဘောတူညီကြောင်း ဝင်ရောက်ကာ ထောက်ခံလိုက်ကြ၏။

“ကောင်းကင်တုန်ခါခြင်းဓား ပြန်လည်ပေါ်လာပြီဆိုတာနဲ့ မွန်းစတားအင်ပါယာခေါင်းလောင်းနဲ့ ကျိန်းသေပေါက် ယှဉ်ပြိုင်လို့ရတဲ့ အရာမျိုး ဖြစ်လာလိမ့်မယ်။ အဆင့်ငါးမှာရှိတဲ့ ကောင်းကင်တုန်ခါခြင်းဓားက အဆင့်သုံးမှာရှိတဲ့ မွန်းစတားအင်ပါယာခေါင်းလောင်းကို ဘယ်လို အနိုင်ယူ တိုက်ခိုက်မလဲ ဆိုတာကို ကြည့်ချင်ရင် ခင်ဗျားတို့ စောင့်နေလိုက်”

“အင်ပါရီယာလက်နက်တွေက အင်ပါရီယာလက်နက်တွေအဖြစ် ရှိနေတုန်းပဲ။ အင်ပါရီယာ လက်နက်တွေက အားကောင်းတယ်ဆိုတာ ဘယ်သူမှ ငြင်းပယ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အသုံးပြုသူကတော့ ကွာခြားတယ်။ ကောင်းကင်မူလလောကကြီးထဲမှာ မွန်းစတားအင်ပါယာခေါင်းလောင်းရှိတယ်လို့ ကျုပ် ကြားခဲ့တယ်။ ဒါပေမဲ့ ဒါက ရွှေကျီးကန်းကလန်ရဲ့ အင်ပါရီယာလက်နက် တစ်ခုမဟုတ်လား။ တိုက်ခိုက်ခြင်း စွမ်းရည်အရဆိုရင် ကောင်းကင်တုန်ခါခြင်းဓား ကို ဘယ်လိုမှ နှိုင်းယှဉ်နိုင်မှာ မဟုတ်ဘူး”

ခရမ်းရောင်နက်နဲလောကကြီးဆီမှ များပြားလှသည့် သက်ရှိများသည် သက်ဝင်လှုပ်ရှားစွာဖြင့် ဆွေးနွေးလျက် ရှိနေကြ၏။ ၎င်းတို့၏ စကားလုံးအရဆိုလျှင် မွန်းစတားအင်ပါယာခေါင်းလောင်းကို အနည်းငယ်သာလျှင် ဂရုစိုက်ပုံပေါ်၏။ အင်ပါရီယာလက်နက်စာရင်းကို မေးခွန်းမထုတ်ရဲကြသည် ဆိုသော်လည်း ကောင်းကင်မူလ လောကကြီးထဲတွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများ၏ တိုက်ခိုက်ရေးစွမ်းရည်ကို စိန်ခေါ်ဖို့ ဆိုသည်မှာ ၎င်းတို့အတွက် ပြဿနာတစ်ခု မဟုတ်ချေ။

ထို့အပြင် တစ်ဖက်လူများသည် အင်ပါယာထိပ်ဆုံးအဆင့်တွင် တစ်ယောက်မှ မပါဝင်သည့် လောကမှ ဖြစ်၏။ မွန်းစတားအင်ပါယာခေါင်းလောင်းသည် ရွှေကျီးကန်းကလန်၏ ဘိုးဘေးလက်ထဲတွင် ရှိနေသည် ဆိုလျှင်တောင်မှ သူတို့အနေနှင့် စိုးရိမ်ပူပန်နေလိမ့်မည် မဟုတ်ပေ။

ထို့အပြင် ခရမ်းရောင်နက်နဲလောကကြီးသည် အင်ပါယာစာရင်းတွင် တည်ရှိနေသော အင်ပါယာနှစ်ယောက်ကို ပိုင်ဆိုင်ထားသည်။ ၎င်းတို့သာ ပူးပေါင်းပြီး ကောင်းကင်တုန်ခါခြင်းဓားကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည် ဆိုပါက ကျိန်းသေပေါက် တိုက်ခိုက်ရေးစွမ်းရည်သည် တိုးတက်လာပေလိမ့်မည်။ ထိုသို့ဆိုလျှင် ရွှေကျီးကန်းကလန်ဆီသို့ သွားရောက်ပြီး တိုက်ခိုက်အနိုင်ယူဖို့ ဆိုသည်မှာ ပန်းခြံထဲ လမ်းလျှောက်သလိုပင် လွယ်ကူလှ၏။

ထို့အပြင် ၎င်းတို့အနေဖြင့် မွန်းစတားအင်ပါယာခေါင်းလောင်းကိုသာ ယူဆောင်လာနိုင်မည်ဆိုပါက ပို၍ပင် ကောင်းသေး၏။ အင်ပါရီယာလက်နက်စာရင်း၏ တတိယနေရာတွင် ရှိနေသာ လက်နက်အား မည်သူမဆို သဘောကျကြမည် မဟုတ်ပါလား။

“ခင်ဗျားတို့က ယုံကြည်မှု လွန်ကဲနေပြီ”

လူအုပ်ကြားထဲတွင်တော့ ရွှေရောင်ဆံပင်နှင့် လူတစ်ယောက်သည် တင်းမာခက်ထန်သည့် မျက်နှာသွင်ပြင်ဖြင့် ဝင်ရောက်ကာ ပြောဆိုလိုက်သည်။ ၎င်းသည် လက်နှစ်ဖက်ကို အနောက်သို့ ပစ်ထားပြီး ၎င်း၏ ခန္ဓာကိုယ်ဆီမှ ခန့်မှန်း၍ မရနိုင်သည့် စွမ်းအင်များ ထွက်ပေါ်လျက် ရှိနေ၏။ လူငယ်နတ်ဆိုးအင်ပါယာတစ်ယောက်သည် အရာအားလုံးကို ဖိနှိပ်ကာ ကြည့်ရှုနေသကဲ့သို့ပင်။

“ကျုပ်တို့ ရွှေကျီးကန်းကလန်ရဲ့ ဘိုးဘေးလက်နက်ကို ခင်ဗျားတို့ ဒီလို သောင်စဉ်ရေမရ လျှောက်ပြောလို့ရတဲ့ အရာမျိုးလို့ ထင်နေတာလား” ရွှေကျီးကန်းကလန် ဒုတိယမင်းသား၏ မျက်လုံးများသည် အေးစက်လျက် ရှိနေပြီး လျှပ်စီးတန်းများပင် ဖြတ်ပြေးလျက် ရှိနေသည်။

မည်သူမျှသည် ၎င်းနှင့် မျက်လုံးချင်းဆုံ၍ မကြည့်ရဲကြချေ။ လူငယ် အုပ်စိုးသူတစ်ပါး၏ အော်ရာများ ထွက်ပေါ်လျက် ရှိနေသည်ကို မည်သူမှ မငြင်းပယ်နိုင်ချေ။

“ရွှေကျီးကန်းကလန်ရဲ့ ဒုတိယမင်းသားပဲ”

“ဒါက ကောင်းကင်မူလလောကကြီးရဲ့ ကောင်းကင်ပါရမီရှင်စာရင်းမှာ သုံးဆယ်ရှစ်ယောက်မြောက် နေရာမှာ ချိတ်တာပဲ။ မွန်းစတားကလန်ရဲ့ ပါရမီရှင်စာရင်းမှာတော့ ဆယ့်ခြောက်ယောက်မြောက် နေရာမှာ ရှိတဲ့လူ။ မူလအားဖြင့် ဆယ့်ရှစ်ယောက်မြောက်ပေါ့။ သူက အဆင့်နှစ်ဆင့်ကို ခဏလေး တက်လာခဲ့တာလေ”

“ကျိန်းသေပေါက် သူပဲ။ ဒီလူက အရမ်းကို အားကောင်းတယ်။ သူ့ရဲ့ အလားအလာကို အထင်သေးလို့ မရနိုင်ဘူး”

“ကောလဟလ သတင်းအချက်အလက်တွေအရဆိုရင် အနာဂတ် လောကအသီးသီးရဲ့ ကောင်းကင်ပါရမီရှင် စာရင်းထဲကိုတောင် လှမ်းဝင်နိုင်စွမ်း ရှိလိမ့်မယ်။ တော်တော်များများ ပြောကြတာက သူက လောကအသီးသီးရဲ့ ကောင်းကင်ပါရမီရှင်စာရင်းမှာ ငါးရာတစ်ယောက်မြောက် နေရာမှာ ရှိလိမ့်မယ်လို့ ထင်တယ်”

“အံ့အားသင့်စရာ မရှိတော့ဘူး။ ခရမ်းရောင်နက်နဲလောကရဲ့ လူတွေက ရွှေကျီးကန်းကလန်ရဲ့ အင်ပါရီယာ လက်နက်ကို တိုက်ခိုက်ဖို့ စဉ်းစားရဲနေတာကိုး။ ရွှေကျီးကန်းကလန်ရဲ့ ဒုတိယမင်းသားအနေနဲ့ ဘယ်လိုလုပ်ပြီး ငြိမ်ငြိမ်သက်သက် ရပ်ပြီး ကြည့်နေနိုင်မှာလဲ”

ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် လူများအာလုံးသည် တုန်လှုပ်သွားခဲ့ကြ၏။ တခြားတစ်ဖက်က ကြည့်ရမည်ဆိုလျှင် ကောင်းကင်မူလလောကကြီးဘက်တွင် ရေတွက်လို့ မရအောင် များပြားလှသည့် ပါရမီရှင်များ ရှိကြသည်။ ၎င်းတို့သည် ကျိန်းသေပေါက် အားကောင်းကြသည်။

ရွှေကျီးကန်းကလန်၏ ဒုတိယမင်းသားသည် အပိုစာကားများကို ဖယ်ရှားကာဖြင့် ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက် ၏။ “ခရမ်းရောင်နက်နဲလောကကြီးက ကျုပ်ကို စိန်ခေါ်ရဲတဲ့လူ ဘယ်သူရှိလဲ”

၎င်း၏ အသံသည် တင်းမာပြီး အေးစက်လွန်းလှ၏။ သံနှင့်ရွှေ ထိမှန်သကဲ့သို့ပင် ကြားရသူအားလုံး၏ နှလုံးသားထဲသို့ စိမ့်ဝင်သွားခဲ့ကြသည်။

လူပေါင်းများစွာတို့သည် မည်သို့မှ မနေနိုင်တော့ဘဲ ရွှေကျီးကန်းကလန် ဒုတိယမင်းသား၏ ဟိတ်ဟန်ကို လှမ်းကြည့်လိုက်မိ၏။ သူသည် ခရမ်းရောင်နက်နဲလောကရှိ စွမ်းအားမြင့် ကျင့်ကြံသူများကို ရန်စနေခြင်း မဟုတ်ပေ။ ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် လူငယ်ပါရမီရှင် အကုန်လုံးကို တိုက်ရိုက် စိန်ခေါ်နေခြင်းသာလျှင်ဖြစ်၏။

ကံဆိုးစွာဖြင့် ခရမ်းရောင်နက်နဲလောကကြီးမှ တော်ဝင်သဲကန္တာရမြို့ဆီသို့ ရောက်ရှိလာသည့် လူတော်တော် များများသည် လူအိုကြီးများ၊ စွမ်းအားမြင့် ကျင့်ကြံသူများသာလျှင်ဖြစ်၏။ ၎င်းတို့အနေဖြင့် တစ်ဖက်လူအား တိုက်ခိုက်၍ မရနိုင်ချေ။ သူတို့ ရွှေကျီးကန်းကလန်၏ ဒုတိယမင်းသားကို အနိုင်ယူနိုင်သည် ဆိုလျှင်တောင်မှ သိက္ခာကျပေလိမ့်မည်။ ထို့အပြင် စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသည့် အရာလည်း ဖြစ်လာပေလိမ့်မည်။

“မောက်မာလိုက်တာ”

ခရမ်းရောင်နက်နဲလောကဆီမှ သူတော်စင်အိုကြီးက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “ခရမ်းရောင်နက်နဲလောကရဲ့ ပါရမီရှင်စာရင်းထဲ ပါတဲ့လူ ဒီနေရာမှာ ဘယ်သူမှ မရှိဘူး။ ဘယ်လိုဖြစ်ပြီး မင်းက ဒီလို မောက်မောက်မာမာ စိန်ခေါ်ရဲနေရတာလဲ”

“အင်း... ဟုတ်လား”

ရွှေကျီးကန်းကလန်၏ ဒုတိယမင်းသားက နှာခေါင်းရှုံ့လိုက်၏။ ၎င်း၏ ဆံနွယ်နှင့် ဝတ်ရုံသည် လေထဲ၌ တဝှီးဝှီး လှုပ်ခါနေ၏။ သူသည် ယုံကြည်ချက်ရှိရှိဖြင့် ကြေညာလိုက်ပြန်၏။ “ခရမ်းရောင် နက်နဲလောကမှာရှိတဲ့ ပါရမီရှင်တွေ အကုန်လုံးက သုံးမရတဲ့လူတွေကြီးပဲ။ ကောင်းကင်တုန်ခါခြင်းဓားကို ဒီလူတွေ ရဖို့ဆိုတာ .....”

ရွှေကျီကန်းကလန်၏ ဒုတိယမင်းသားသည် လေဟာနယ်ထဲတွင် ရှိနေသည့် အင်ပါရီယာ လက်နက်စာရင်းကို လှမ်းကြည့်ကာ လှောင်ပြောင်လိုက်သည်။ “အဆင့်ငါးမှာရှိတဲ့ လက်နက်တစ်ခုက အဆင့်သုံးမှာရှိတဲ့ လက်နက်တစ်ခုကို လာပြီး ယှဉ်ချင်နေတာလား”

“ဟမ့်... မောက်မာလိုက်တဲ့ကောင်။ မင်းပြောရဲဆိုရဲပါလား”

“အမှိုက်ကောင်... မင်း သေချင်နေတာလား”

ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ဒေါသတကြီးဖြင့် ထကာ အော်ဟစ်လိုက် ကြသည်။ ဤကဲ့သို့ မောက်မာလှသည့် ဂျူနီယာတစ်ယောက်ကို သူတို့ ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းသာလျှင် ဖြစ်၏။

အင်ပါရီယာလက်နက်စာရင်း ထွက်ပေါ်လာပြီးသည့်နောက် ၎င်းတို့သည် အင်ပါရီယာလက်နက် အချင်းချင်း တိုက်ခိုက်မှုမျိုးကို မမြင်ခဲ့ရချေ။ သို့ပေမဲ့ ရွှေကျီးကန်းကလန်၏ ဒုတိယမင်းသားသည် ရဲရဲရင့်ရင့် ဆိုသလိုပဲ ကောင်းကင်တုန်ခါခြင်းဓားအား မွန်းစတားအင်ပါယာခေါင်းလောင်းနှင့် နှိုင်းယှဉ်၍ မရနိုင်သည့် အသုံးမဝင်သော အရာအဖြစ် ပြောဆိုလျက် ရှိနေ၏။ တိုက်ရိုက် စိန်ခေါ်မှု ပြုလုပ်နေခြင်းပင်။

ဤအပြုအမူသည် ရွှေကျီးကန်းကလန်၏ ပုံပန်းသွင်ပြင်မျိုးပင် ဖြစ်လေ၏။ ထို့အပြင် ၎င်းတို့အားလုံးတွင် ဂုဏ်ယူဝံ့ကြွားစွာဖြင့် မားမားမတ်မတ်ရပ်ကာ တည်ရှိနေထိုင်ခဲ့ကြသော တော်ဝင်မျိုးနွယ်များပင် ဖြစ်လေ၏။ ကောင်းကင်မူလလောကကြီးတွင် တကယ့်ကို လွှမ်းမိုးနိုင်စွမ်း ရှိနေသည့် အင်အားစုတစ်ခုအဖြစ် ရပ်တည်ခဲ့ပြီး လောကကြီးနှစ်ခု ပေါင်းစပ်ခဲ့သည်ဆိုလျှင်တောင်မှ ရွှေကျီးကန်းကလန်သည် ကျိန်းသေပေါက် ကြီးမားလှသည့် အဖွဲ့အစည်းကြီး တစ်ခုအဖြစ် တည်ရှိနေသေး၏။

သူထိုသို့ ပြောလိုက်သည်ဆိုလျှင်တောင်မှ မည်သူမှသည် သူ့ကို ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ဤတည်နေရာသည် ကောင်းကင်မူလလောကကြီး ဖြစ်၏။ ၎င်းတို့၏ ခြေထောက်အောက်တွင် ရှိနေသည့် မြေပြင်သည် တော်ဝင်သဲကန္တာရမြို့၏ မြေပြင်လည်း ဖြစ်လို့နေသည်။

ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် သူတော်စင်ပေါင်း များစွာတို့သည် အလွန်ကြမ်းတမ်းလှသည့် အမူအရာများဖြင့် ဒုတိယမင်းသားကို လှမ်းကာ ကြည့်ရှုလိုက်ကြ၏။ ၎င်းတို့၏ နဖူးစပ်ရှိ သွေးကြောများပင်လျှင် ဖောင်းကြွလျက် ရှိနေ၏။ မျက်လုံးများသည် ရဲရဲနီနေ၏။ သူတို့၏ စိတ်ထဲတွင် ရှိနေသည့် ကောင်းကင်တုန်ခါခြင်း ဓားသည် အားအင်အဆင့်အရ ပြိုင်ဘက်ကင်းသည့် အရာမျိုးဖြစ်၏။ လက်ရှိ တစ်ဖက်လူသည် ကျိန်းသေပေါက် စော်ကားမော်ကားနှင့် ပြောဆိုလျက် ရှိနေ၏။ ခရမ်းရောင်နက်နဲ လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါပေါင်း များစွာတို့သည် ဂုဏ်သိက္ခာ ကင်းမဲ့လာသလိုပင် ခံစားနေမိ၏။

“ခင်ဗျားတို့ ဘာလုပ်ချင်လို့လဲ”

ရွှေကျီးကန်းကလန်မှ ဒုတိယမင်းသားသည် ဆက်လက်ကာ ပြောဆိုလိုက်၏။ သူသည် ကြောက်လန့်ရမည့်အစား ချက်ချင်းဆိုသလိုပဲ ရှေ့ဆီသို့ လှမ်းတက်ကာဖြင့် အေးစက်စက် ပြောလိုက်သည်။ “မမေ့နဲ့အုံး။ ဒါ ကောင်းကင်မူလလောကကြီး၊ စီနီယာနန်းဆောင်သခင် ကျင့်ကြံတဲ့ နေရာလည်း ဟုတ်တယ်။ ခင်ဗျားတို့ ဘယ်လို အဆင်ခြင်မဲ့ ပြုလုပ်ရဲလဲ ကြည့်လိုက်မယ်”

ပြောနေတုန်းမှာပဲ ဒုတိယမင်းသား၏ အနောက်ဘက်တွင် စီနီယာ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ပေါ်ပေါက်လာ၏။ ၎င်းသည် တော်ဝင်သူတော်စင်အဆင့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေပြီး ခရမ်းရောင်နက်နဲလောကမှ သက်ရှိသတ္တဝါများအားလုံးကို ဖိနှိပ်လေ၏။ လှုပ်ရှားတိုက်ခိုက်ရမည့်အစား ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဖိအားကို အသုံးပြုကာဖြင့် တော်ဝင်သူတော်စင် တော်တော်များများ၏ မျက်နှာများ ဖြူလျော်သွားလောက်အောင် ခြိမ်းခြောက်လျက် ရှိနေ၏။

“မူလအားဖြင့် ကျုပ် ဒီနေ့ ဒီကိုလာတာ စီနီယာရဲ့ လမ်းညွှန်ပြသမှုကို လာပြီးတောင်းခံတာပဲ။ ဒါပေမဲ့ မထင်မှတ် ထားဘဲ အင်ပါယာစာရင်းနဲ့ အင်ပါရီယာလက်နက်စာရင်း ပေါ်ပေါက်လာတာနဲ့ လာတွေ့နေတယ်”

ရွှေကျီးကန်း ကလန်၏ ဒုတိယမင်းသားသည် ကောင်းကင်ပေါ်တွင် ရှိနေသည့် စာရင်းနှစ်ခုကို အသာလှမ်းကြည့်ကာဖြင့် ပြောလိုက်သည်။ “ခရမ်းရောင်နက်နဲလောကကြီးမှာရှိတဲ့ ကောင်းကင်တုန်ခါခြင်းဓားက ပိုင်ရှင်မရှိဘူး ဆိုမှတော့ ကျုပ်တို့ ရွှေကျီးကန်းကလန် ပိုင်ဆိုင်တဲ့အရာ ဖြစ်ကောင်း ဖြစ်သွားလိမ့်မယ်”

“မင်း ပြောရဲတယ် ဟုတ်လား” ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် သူတော်စင်အိုကြီးသည် ဒေါသတကြီးဖြင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လျက် ရှိနေ၏။

ရွှေကျီးကန်းကလန်၏ ဒုတိယမင်းသားသည် ဟာသလုပ်ကာ ပြောဆိုနေခြင်း မဟုတ်ကြောင်း သူက ကောင်းကောင်းသိ၏။ ရွှေကျီးကန်းကလန်၏ အားအင်အဆင့်နှင့် ယုံကြည်မှုသည် ကျိန်းသေပေါက် ကြီးမားလွန်းလှပြီး ကောင်းကင်တုန်ခါခြင်းဓား မည်သည့်နေရာတွင် ရှိနေသည် ဆိုခြင်းကို ရှာဖွေနိုင်သည့် လူများလည်း ဖြစ်လို့နေသည်။

ကောင်းကင်တုန်ခါခြင်းဓားသည်သာ ရွှေကျီးကန်းကလန်၏ လက်ထဲသို့ ကျရောက်သွားသည် ဆိုပါက ......... ထိုအရာသည် ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် သိုင်းကျင့်ကြံသူများ အားလုံးတို့၏ မျက်နှာကို ပိတ်ရိုက်လိုက်သကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။

All Chapters