အပိုင်း (၃၈၄)
Vol. 26 Ch. 384
“ဘိုးဘေးကို သတင်းပို့ပါတယ်။ အင်ပါရီယာလက်နက်စာရင်း အဆင့်ငါး နေရာမှာ ကောင်းကင်တုန်ခါခြင်းဓားက တည်ရှိနေတယ်။ လူငယ်မျိုးဆက်တွေအတွက် ကောင်းကင်တုန်ခါခြင်းဓား ပြန်ရဖို့ ကြိုးစားပေးပါလို့ ဘိုးဘေးကို တောင်းဆိုချင်ပါတယ်။ ဒါမှသာ ခရမ်းရောင်နက်နဲလောကကြီးရဲ့ ဂုဏ်သိက္ခာက ထွန်းတောက်နေတော့မှာ” ငှက်မွေးအင်ပါရီယာကလန်အတွင်းတွင် ရှိနေသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် ရုတ်တရက် မတ်တပ်ထကာဖြင့် လေးလေးစားစား ပြောဆိုလိုက်၏။
“ဒီကိစ္စက” အင်ပါယာယုညိုက လှမ်းကြည့်လိုက်သည်။
ငှက်မွေးအင်ပါရီယာကလန်အတွင်းတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် တုန်လှုပ်သွားမိကြ၏။ သူတို့ အနေနှင့် ဘိုးဘေးကို ပြန်လည်ခိုင်းစေသလို ဖြစ်နေမည်ကိုလည်း စိုးရိမ်နေမိကြ၏။
“အင်း... ကျုပ် သတိပြုမိပါတယ်”
အင်ပါယာယုညိုက ခေါင်းညိတ်လိုက်၏။ တော်ဝင်အင်ပါယာ တစ်ယောက် အနေနှင့် လူငယ်မျိုးဆက်များ အားလုံးသည် သူ့အပေါ် မည်ကဲ့သို့ တွေးတောနေသည်ဖြစ်ကြောင်းကို သူက ကောင်းကောင်းသိရှိပြီးဖြစ်၏။ အားလုံးတို့သည် ငှက်မွေးအင်ပါရီယာကလန်အား ပိုမိုမြင့်မားသည့် အဆင့်တစ်ခုသို့ ရောက်ရှိရန် စိတ်ဆန္ဒ ရှိနေသည်မှာ တစ်ရာ ရာခိုင်နှုန်း သေချာသည်။
ငှက်မွေးအင်ပါရီယာကလန်၏ ရှေးအင်ပါယာတစ်ယောက် ဖြစ်သည်နှင့်အညီ သူသည် တာဝန်ဝတ္တရားများ ထမ်းဆောင်ရသည်ကို တကယ်ပဲ ငြီးငွေ့လှ၏။ ကောင်းကင်တုန်ခါခြင်းဓားကို ရရပြီး အစစ်အမှန် အင်မော်တယ် အဆင့်ကို တက်လှမ်းနိုင်အောင် ပြုလုပ်နိုင်မည်ဆိုပါက ခရမ်းရောင်နက်နဲလောကကြီးသည် ငှက်မွေးအင်ပါရီယာ ကလန်လက်ထဲသို့ ရောက်ရှိလာမှာ သေချာ၏။
ရည်ရွယ်ချက်သည် မနိမ့်ကျချေ။ တခြားတစ်ဖက်က ကြည့်ရှုရမည်ဆိုလျှင်တော့ ပိုမို၍ပင် ခမ်းနားကြီးကျယ်လွန်းနေ၏။ လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများကို ကြည့်ရှုရမည်ဆိုပါက အင်ပါယာယုညိုသည် လက်နက် ရရှိနိုင်သည့် အခွင့်အရေးများကို ဘယ်လိုနည်းနှင့်မှ လက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။
“ဘိုးဘေးကြီးက စပြီး လှုပ်ရှားတော့မှာလား”
ငှက်မွေးအင်ပါရီယာကလန်သားများသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။ သူတို့သည် ဘိုးဘေးကြီးကို လှမ်းကြည့်ပြီးသည့်နောက် အခြေအနေတစ်ခုလုံးကို နားလည်မိ၏။
ဘိုးဘေးကြီး၏ အားအင်အဆင့်ကို သူ သေသေချာချာ သိရှိ၏။ လက်ရှိအခြေအနေတွင် ခရမ်းရောင်နက်နဲလောကကြီးကို မဆိုနှင့် ကောင်းကင်မူလလောကကြီးကို ထပ်ပေါင်း ထည့်မည်ဆိုလျှင်တောင် သူတို့ ဘိုးဘေးကြီး၏ တိုက်ခိုက်နိုင်မှု စွမ်းရည်သည် ကျိန်းသေပေါက် သံသယရှိစရာ မလိုဘဲ ထိပ်ဆုံးသုံးနေရာတွင် တည်ရှိနေမှာ သေချာ၏။ မြေအင်မော်တယ် လောကမှလူများ ဝင်ရောက်ရှုပ်ထွေးမည် ဆိုလျှင်တောင်မှ အင်ပါယာယုညို၏ တိုက်ခိုက်နိုင်မှုသည် သိသိသာသာကြီး နိမ့်ကျနေလိမ့်မည် မဟုတ်ချေ။
အင်ပါယာပိုင်လီ ဝင်ရောက်ရှုပ်ထွေးမည်ကိုလည်း သူတို့ မစိုးရိမ်ကြချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ သည်လည်း ခရမ်းရောင်နက်နဲလောကကြီးမှ အင်ပါယာ ဖြစ်နေသည် မဟုတ်ပါလား။ အတူတူ ပူးပေါင်းကောင်း ပူးပေါင်း ပေလိမ့်မည်။ တစ်ဖက်လူသည် ကျိန်းသေပေါက် သူတို့ ဘိုးဘေးကြီးနှင့် ရန်သူအဖြစ် အဖြစ်ခံလိမ့်မည် မဟုတ်ချေ။
ခရမ်းရောင်နက်နဲလောက တစ်ခုလုံးကိုသာ သူတို့ ထိန်းချုပ်နိုင်သည်ဆိုပါက ရေတွက်လို့ မရအောင် များပြားလှသည့် လူများအထက်တွင် နေထိုင်ပြီး အားလုံးသော သူတို့ကို အမိန့်ပေးနိုင်သည့်လူများ ဖြစ်ပေါ်လာ ပေလိမ့်မည်။ သို့ပေမဲ့ ထိုကဲ့သို့ မြင့်မြတ်သည့် နေရာတွင်နေထိုင်သည်ဆိုပါက ကြီးမားသည့် တာဝန် ဝတ္တရားများကလည်း သူတို့၏ ပခုံးပေါ်သို့ ကျဆင်းလာပေလိမ့်မည်။
“ငှက်မွေးကလန် တကယ့်ကို တိုးတက်လာရမယ်” အင်ပါယာယုညိုက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ ခရမ်းရောင် နက်နဲလောကကြီးသည် နှစ်သန်းပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အင်ပါယာများ တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာခဲ့၏။ သို့ပေမဲ့ အင်ပါယာယုညိုနှင့် အင်ပါယာ ပိုင်လီတို့ နှစ်ယောက်သည်သာ အားနည်းသည့် အခြေအနေမှသည် လက်ရှိအခြေအနေထိရောက်အောင် ကျင့်ကြံခဲ့သည့်လူများ ဖြစ်၏။
အင်ပါယာယုညိုသည် တာအိုကို သက်သေပြခဲ့ပြီးသည့်နောက် ငှက်မွေးအင်ပါရီယာကလန်ကို ထူထောင်ခဲ့၏။ အင်ပါယာ ပိုင်လီမှာတော့ အင်ပါရီယာကလန် တစ်ခုကို ထူထောင်ခဲ့ခြင်း မရှိပေ။ ၎င်းတို့၏ လမ်းစဉ်သည် ကွဲပြားခြားနားလွန်းလှ၏။ ထိုသို့ဆိုလျှင်တောင်မှ ရည်ရွယ်ချက်က တူညီလွန်းလှ၏။ ပိုမို မြင့်မားသည့် အဆင့်ကို ချိုးဖြတ်နိုင်ရုံသာလျှင်။
အင်ပါယာယုညိုသည် ထိုကဲ့သို့ ပြောဆိုပြီးသည့်နောက် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ သူသည် အဝေးတစ်နေရာ ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလိုက်သည်။
“ဘိုးဘေးကြီး” ငှက်မွေးကလန်မှ ခေါင်းဆောင်သည် လှမ်းကာ အော်ဟစ်လိုက်၏။ ၎င်း၏ မျက်နှာပေါ်တွင် ဇဝေဇဝါ အမူအရာများနှင့် ပြည့်နှက်လျက် ရှိနေ၏။ သူတို့၏ ဘိုးဘေးကြီးသွားသည့် တည်နေရာကို ကြည့်ရှုရမည်ဆိုလျှင် သူတို့ကို တကယ်ပင် နဝေတိမ်တောင် ဖြစ်စေခဲ့၏။ ကောင်းကင်မူလလောကကြီး၏ တည်နေရာဆီသို့ သွားရမည် မဟုတ်ပါလား။ ဘိုးဘေးကြီးသည် ငယ်ရွယ်စဉ်က တိုက်ပွဲဖြစ်ပွားခဲ့သည့် တည်နေရာများကို သွားရောက်လည်ပတ်ရန် ရည်ရွယ်ချက် ရှိနေလေသည်လား။ သူတို့၏ ဘိုးဘေးကြီးသည် နှစ်သန်းပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့သည် ဖြစ်သောကြောင့် များပြားလှသည့် ဘဝ၏ အတွေ့အကြုံများကို ကြုံဆုံခဲ့မှာ သေချာ၏။ ထို့ကြောင့် နေရာဟောင်းများ ဆီသို့ သွားရောက် လည်ပတ်ရန် ကြံစည်နေသည်လား။
အင်ပါယာယုညိုသည် ပြန်လည်ကာ မတုံ့ပြန်ခဲ့ချေ။ အရှေ့ဆီသို့သာ လှမ်းကာ လျှောက်သွား၏။ ၎င်းသည် လေနှင့်အတူ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။
လက်ရှိအခြေအနေမှာတော့ ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် သက်ရှိသတ္တဝါပေါင်း များစွာတို့သည် ရုတ်တရက်ဆိုသလိုပဲ လေဟာနယ်ထဲသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ တော်ဝင်အင်ပါယာတစ်ယောက် လှမ်းလျှောက်သွားသည်နှင့်တပြိုင်နက် အားလုံးသောသူတို့၏ နှလုံးသားထဲတွင် ကြီးမားသည့် အရိပ်ကြီးတစ်ခုက ဖြစ်တည်လာခဲ့သည်။
အင်ပါယာယုညိုသည် စွမ်းအင်အဆင့်များ တိုးတက်လာစဉ်က များပြားလှသည့် ဂိုဏ်းဂဏ အသီးသီးနှင့် ပြဿနာတက်ခဲ့၏။ သူသည်သာ လက်ရှိအချိန်၌ လက်စားချေချင်သည်ဆိုပါက ခရမ်းရောင်နက်နဲလောကကြီးတွင် သူ့အား မည်သူမှ တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
“တားမြစ်လေးခု ရှေးလမ်းစဉ်ထဲသို့ ဝင်ရောက်ခြင်း”
သတင်းအချက်အလက်က ပျံ့နှံ့သွားခဲ့၏။ ခရမ်းရောင်နက်နဲ လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါများသည် ကြောင်အသွားခဲ့ကြ၏။ တားမြစ်လေးခု ရှေးလမ်းစဉ်သည် ကောင်းမွန်သည့် တည်နေရာမျိုး မဟုတ်ချေ။ တားမြစ်တည်နေရာကြီး တစ်ခုသာဖြစ်ပြီး ရှေးအဆက်ဆက် ထိုတားမြစ်တည်နေရာထဲသို့ ဝင်ရောက်ပြီး အသက်ရှင် ပြန်လည်ထွက်လာ နိုင်သူဟူ၍ တစ်ယောက်မှ မရှိချေ။ အထဲတွင် ရှေးအင်ပါယာ မည်မျှများများ တည်ရှိသည်ဆိုသည်ကိုလည်း မည်သူမှ မသိရှိပေ။
ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် စွမ်းအားမြင့် ဂိုဏ်းဂဏ အသီးသီးတို့သည် ထိုသတင်းကို လက်ခံရရှိပြီး သည့်နောက် ဖြစ်ပေါ်လာမည့် ရလဒ်ကို စိတ်ဝင်တစားဖြင့် စောင့်မျှော်လျက် ရှိနေ၏။ သက်ရှိအင်ပါယာ တစ်ယောက်သည် ကြီးမားသည့် တိုက်ပွဲကြီးတစ်ခု ဖြစ်နိုင်သော တားမြစ်တည်နေရာထဲသို့ ဝင်ရောက်ခဲ့၏။
အင်ပါယာယုညို၏ အားအင်အဆင့်အရဆိုလျှင် တားမြစ်တည်နေရာထဲတွင် ရှိနေသည့် အင်ပါယာများသည် ၎င်းကို ခုခံနိုင်မည်လား ဆိုသည်က မသိရှိပေ။ တကယ်တမ်း တိုက်ပွဲဖြစ်ပေါ်လာမည်ဆိုပါက ကျိန်းသေပေါက် ကြည့်ကောင်းမှာတော့ သေချာသည်။
တားမြစ်တည်နေရာ၏ အတွင်းဘက်တွင် တောင်တန်းကြီးတစ်ခု တည်ရှိလို့နေခဲ့ပြီး ကောင်းကင်ယံထက်တွင် အစီအရင်ကြီးတစ်ခုက ဖုံးကာလို့ ထားခဲ့၏။ အပြင်ဘက်မှ လူများ ဝင်ရောက်လာမည်ကို တားဆီးထားသကဲ့သို့ပင်။ ဤနေရာတွင် ကြောက်မက်ဖွယ်ရာကောင်းသည့် သတ်ဖြတ်လိုခြင်း အစီအရင်တစ်ခုက တည်ရှိလို့နေပြီး ၎င်းဆီမှ ထွက်ပေါ်နေသည့် အားအင်များကလည်း တိုင်းတာ၍ မရနိုင်လောက်အောင်ပဲ ကြီးမားလွန်းလှ၏။
အမှတ်တမဲ့ဖြင့် အလျင်စလို ဝင်ရောက်မည်ဆိုပါက အင်ပါယာတစ်ယောက်ပင်လျှင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားပေလိမ့်မည်။
အင်ပါယာယုညို၏ ခြေထောက်အောက်တွင် ရွှေရောင်လမ်းစဉ်တစ်ခုက ဖြစ်တည်လျက် ရှိနေပြီး အလယ်ဗဟို လမ်းဆီသို့ အသာလှမ်းလျှောက်သွား၏။ ထိုတည်နေရာတွင် ပြိုကျပျက်စီးလျက် ရှိနေသည့် နန်းတော်တစ်ခု တည်ရှိလို့နေ၏။ ထိုနန်းတော် တစ်ခုလုံးသည် ရေညှိများပင် ကပ်၍နေသည်။
ရှေးယခင်တည်းက ဤနန်းတော်၏ အတွင်းဘက်၌ ဘာတွေတည်ရှိနေသည်ကို အင်ပါယာများမှလွဲ၍ မည်သူမှ မသိရှိခဲ့ကြပေ။ ရောက်ရှိလာသည့် လူများအားလုံးတို့သည် ဤတည်နေရာ၏ ဖိနှိပ်ခြင်းကို ခံခဲ့ရပြီး ကျင့်ကြံခြင်း၊ နတ်ဘုရားအသိအမြင်၊ ဝိညာဉ်၊ အရာအားလုံးတို့သည် တားမြစ်လေးခု ရှေးလမ်းစဉ်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် တားမြစ်လေးခု ရှေးလမ်းစဉ်အဖြစ် နာမည်ပေးထားခြင်း ဖြစ်၏။
“ခင်ဗျား ဒီကို မလာသင့်ဘူး”
ထိုအချိန်မှာတော့ နန်းတော်၏ အတွင်းဘက်တွင် အေးစက်ပြီး ကြမ်းတမ်းလွန်းလှသည့် အသံတစ်ခု ပေါ်ပေါက်လာ၏။ အားလုံးသောသူတို့ ကြောက်လန့်သွားလောက်မည့် အသံအရှိန်အဝါမျိုးပင်။
အင်ပါယာယုညိုသည် လေဟာနယ်ထဲတွင် ခဏလောက် တန့်လိုက်၏။ ပြီးသည့်နောက် တည်နေရာ တစ်ခုလုံးကို ထူးမခြားနားသလို ဝေ့ကြည့်လိုက်ပြီး “ဒီလောကကြီးရဲ့ အဆင့်က တမဟုတ်ချင်း ပြောင်းလဲသွားခဲ့ပြီ။ ခင်ဗျားအနေနဲ့ ဒီကိစ္စကို သိသင့်တယ်။ ဒီနေရာမှာပဲ ဆက်ပြီး ပုန်းအောင်း မနေသင့်တော့ဘူး”
“အဲတော့ ဘာဖြစ်လဲ”
နန်းတော်အတွင်းတွင် ရှိနေသည့် အသံပိုင်ရှင်သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ပြီးနောက် ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။
“ခရမ်းရောင်နက်နဲလောကကြီးက ခင်ဗျားကို လိုအပ်နေတယ်” အင်ပါယာယုညို၏ အသံသည် တားမြစ်တည်နေရာ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
“ခင်ဗျား ကောင်းကင်မူလလောကကြီးနဲ့ တိုက်ပွဲဖော်ဆောင်ဖို့ စဉ်းစားနေတာလား” တခြား မရင်းနှီးသည့် အသံတစ်ခု ကောင်းကင်ယံထက်တွင် ပေါ်ပေါက်လာခဲ့၏။ မြူများကြားထဲတွင် မျက်လုံးတစ်စုံက ပွင့်လာခဲ့၏။
“မဟုတ်ဘူး”
အင်ပါယာယုညိုသည် ခေါင်းကို ခါယမ်းလိုက်သည်။ “အင်ပါယာလို့ အမည်နာမ တပ်ထားတဲ့ လူတွေကြားမှာ ပဋိပက္ခ ဖြစ်ပွားခဲ့ရုံလောက်ပဲ။ လောကကြီးနှစ်ခုကြား ကြီးမားတဲ့တိုက်ပွဲကြီး ဖြစ်လောက်တဲ့ အခြေအနေမျိုးတော့ မဟုတ်သေးပါဘူး”
“ဒါဆိုရင် ခင်ဗျား ဒီကိုလာတာ ကောင်းကင်တုန်ခါခြင်းဓား အတွက်လား”
ကောင်းကင်ယံထက်တွင်တော့ စောနက မျက်လုံးပွင့်လာခဲ့သော လူသည် လေးလေးနက်နက် အသံဖြင့် မေးမြန်းလိုက်၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ သတင်းအချက်အလက်သည် လောကကြီး တစ်ခုလုံးကို ပျံ့နှံ့နေခဲ့ပြီးဖြစ်၏။ သူတို့သာ စိတ်ဝင်စားသည်ဆိုပါက နတ်ဘုရားအသိအမြင်များကို ဖြန့်ကျက်လိုက်ရုံဖြင့် လောကထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့၏ ဆွေးနွေးမှုများကို ကောင်းကောင်းကြားနိုင်သည်။
လောကနှစ်ခု ပေါင်းစပ်မှုကို ပြုလုပ်ပြီး မကြာခင်မှာပဲ တားမြစ်တည်နေရာထဲတွင် ရှိနေသည့် ရှေးအင်ပါယာများ သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ဂုဏ်သတင်းအကြောင်းကို ကြားသိခဲ့ပြီးသားဖြစ်၏။ ထို့ကြောင့်ပင်လျှင် ကောင်းကင်တုန်ခါခြင်းဓား၏ သတင်းအကြောင်းကို သိရှိနေသည် ဆိုခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။