အပိုင်း (၃၈၅)
Vol. 26 Ch. 385
“ဟုတ်တယ်။ ဒါပေမဲ့ အဲတစ်ခုတည်း မဟုတ်ဘူး”
အင်ပါယာယုညို၏ မျက်လုံးများက ပွင့်လာခဲ့၏။ သူသည် လေဟာနယ်ထဲကို စူးစိုက်ကာ ကြည့်ရှုပြီးနောက် အသာပြောလိုက်၏။ “ကျုပ် ဒီနေ့လာတာ ပိုင်လီအတွက်ပဲ”
“ပိုင်လီအတွက် ဟုတ်လား”
တားမြစ်တည်နေရာ၏ အတွင်းဘက်တွင် များပြားလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် တွန့်ခနဲ ဖြစ်သွားခဲ့၏။ ၎င်းတို့၏ နှလုံးသားများသည် ပိုမိုကာ လေးလံသွားခဲ့ကြသည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ အင်ပါယာစာရင်း ပေါ်ပေါက်လာတာ မဟုတ်ဘူးဆိုရင် ပိုင်လီ အသက်ရှင်လျက် ရှိနေတုန်းဆိုတာ ကျုပ်သိမှာမဟုတ်ဘူး။ အခု ကျုပ်တောင် ထွက်လာပြီ။ ပိုင်လီက ထွက်လာဖို့ ငြင်းပယ်နေတုန်းပဲလား” အင်ပါယာယုညိုက ထပ်မံကာ ပြောလိုက်၏။
အင်ပါယာပိုင်လီ၏ တည်ရှိမှုသည် တကယ့်ကို ဆန်းကြယ်လွန်းလှ၏။ နှစ်သန်းပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့ပြီးသည့်နောက် အချိန်၏ မြစ်ရေစီးကြောင်းထဲတွင် ပိုင်လီ၏ တည်ရှိမှုသည် ပျောက်ကွယ်သွား သကဲ့သို့ပင်၊ ၎င်း၏ မျိုးဆက်သစ်များပင်လျှင် ပိုင်လီ တည်ရှိကြောင်းကို ကောင်းကောင်း မသိရှိခဲ့ကြချေ။
သို့ပေမဲ့ မည်သူမှ မထင်မှတ်ထားသည့် အရာတစ်ခုက ဖြစ်တည်လာခဲ့၏။ လက်ရှိအခြေအနေတွင် ပိုင်လီသည် အသက်ရှင်လျက် ရှိနေတုန်းသာမက တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့် သို့ပင် ရောက်ရှိနေခဲ့ပြီး အစစ်အမှန် အင်ပါယာတစ်ယောက်ဖြစ်ရန် ခြေတစ်လှမ်းနီးပါးမျှသာ လိုအပ်တော့၏။ ဤကဲ့သို့သော အားအင်အဆင့်သည် မြေအင်မော်တယ်လောကထဲတွင် ဆိုလျှင်တောင်မှ စွမ်းအားမြင့် ကျင့်ကြံသူအဖြစ် တည်ရှိနေ၏။
“တားမြစ်တည်နေရာထဲမှာ ပိုင်လီရှိနေတယ် ဆိုတာကို အတည်ပြုပြီးပြီလား” အသံတစ်ခု ထွက်ပေါ်လာသည်။
“ဒီတည်နေရာကြီးက ခရမ်းရောင်နက်နဲလောကကြီးကနေ ချိုးဖြတ်ထွက်ခွာနိုင်ဖို့ ကြိုးစားနေတဲ့ တည်နေရာကြီး မဟုတ်လား။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ခင်ဗျားတို့က တည်နေရာလမ်းကြောင်း ဘယ်လောက်များများကို ဖွင့်ခဲ့လဲ။ ခင်ဗျားတို့ သုတ်သင်ခဲ့တဲ့ လောကငယ်လေးတွေ ဘယ်လောက်တောင် များနေပြီလဲ” ခရမ်းရောင်နက်နဲလောကကြီး၏ တားမြစ်တည်နေရာထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့ကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် အင်ပါယာယုညိုက ပြောဆိုလိုက်၏။
အင်ပါယာယုညိုသည် ယုံကြည်ချက်ရှိရှိ ပြောဆိုခဲ့ခြင်း ဖြစ်၏။ တော်ဝင်အင်ပါယာ တစ်ယောက်အနေနှင့် သူသည် တားမြစ်တည်နေရာထဲ ကျင့်ကြံနေသည်ဆိုလျှင်တောင်မှ သူနှင့်အဆင့်တူသော တခြား ကျင့်ကြံသူများ မည်သည့်အရာ ပြုလုပ်မည်နည်းကို ကောင်းကောင်း တွက်ချက်နိုင်ပြီးသား ဖြစ်သည်။
တော်တော်များများသော အင်ပါယာတို့သည် တည်နေရာလမ်းကြောင်းများကို ဖွင့်လှစ်ပြီးနောက် တခြားသော လောကဆီသို့သွားရန် ရည်ရွယ်ချက်ရှိခဲ့၏။ တချို့က အောင်မြင်ပြီး၊ တချို့က ကျဆုံးခဲ့ကြ၏။
ပိုမို အဆင့်မြင့်မားသည့် လောကကြီးသို့ ရောက်ရှိသွားပြီးနောက် အောင်မြင်မှု ဆိုသည်မှာ တစ်ရာရာခိုင်နှုန်း အာမခံနိုင်သည့် အရာမျိုးမဟုတ်ပေ။
အဆင့်နိမ့် တည်နေရာများကို ရောက်ရှိသွားမည်ဆိုပါက ၎င်းတို့သည် အရင်းအမြစ်များကိုတော့ ရရှိမှာ သေချာ၏။ သေးငယ်သောလောကများ တည်ရှိနေခြင်းကြောင့် အင်ပါယာများသည် ၎င်းတို့၏ မွေးရပ်လောကကြီးများကို ပျက်စီးအောင် မပြုလုပ်ဘဲ ဆက်လက်ကာ အသက်ရှင်နိုင်ခွင့် ရှိနေကြ၏။ မဟုတ်ပါက အင်ပါယာတစ်ယောက်ချင်းစီတိုင်း၏ သင်္ချိုင်းများသည် ပိုမိုကာ တိုးလာမှာဖြစ်သည်။
တားမြစ်တည်နေရာဖြစ်သော ဤတည်နေရာကြီးသည် ရှေးယခင် ကြာမြင့်သည့်အချိန်ထဲက တည်ရှိ ခဲ့သည့်အရာဖြစ်ပြီး ရေတွက်၍ မရအောင် များပြားလှသည့် အင်ပါယာများသည် ၎င်းတို့၏ နောက်ဆုံးနှစ်များ ထဲတွင် ဤနေရာသို့ ဝင်ရောက်တတ်ကြ၏။
အင်ပါယာများအတွက် အရင်းအမြစ်များသည် တကယ့်ကို တန်ဖိုးကြီးသည့် အရာများ ဖြစ်၏။ ထို့ကြောင့်ပင်လျှင် လောကငယ်များဆီသို့ ဦးတည်နိုင်စွမ်းရှိသော တည်နေရာ လမ်းကြောင်းများကို ဖောက်လုပ်ခဲ့ကြခြင်းပင် ဖြစ်၏။ ၎င်းတို့သည် ထိုလောကငယ်လေးများအား ၎င်းတို့၏ နောက်ဖေး ခြံဝင်းများကဲ့သို့ပင် သွားလာပြီး အရင်းအမြစ်များကို ရယူခဲ့ကြသည်။
“အင်း ခင်ဗျားကို စိတ်ပျက်စေခဲ့ပြီ။ ပိုင်လီက အခု ခရမ်းရောင်နက်နဲလောကထဲမှာ မဟုတ်ဘူး” ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက်သည် လှမ်းကာပြောဆိုလိုက်၏။
“မဟုတ်ဘူး”
အင်ပါယာယုညိုသည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လိုက်၏။ ၎င်း၏ ဆံနွယ်များသည် လေထဲတွင် လွင့်မျောလျက် ရှိနေလေ၏။ သူသည် ဖြည်းညှင်းစွာ ပြောလိုက်၏။ “ပိုင်လီ ပြန်ရောက်နေတာ ကြာပြီ”
ပြောပြောပြီးပြီးချင်းမှာပဲ တားမြစ်တည်နေရာ၏ အတွင်းဘက် သီးသန့်နေရာကြီးတစ်ခုသည် ရုတ်တရက် ကွဲအက်သွားခဲ့၏။ တည်နေရာလမ်းကြောင်းကြီးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး လေဟာနယ်တစ်ခုလုံးသည် တွန့်လိမ်သွားခဲ့၏။ အင်ပါယာတစ်ယောက်၏ စိတ်ဆန္ဒသည် ရုတ်တရက် ကျဆင်းလာခဲ့သည်။
ပြီးနောက် တည်နေရာထဲတွင် ငွေဖြူရောင်ပန်းများ တစ်ခုပြီးတစ်ခု ဖူးပွင့်လာခဲ့၏။ နတ်ဘုရား ပန်းများ ပွင့်လန်းလာခဲ့ပြီးသည့်နောက် သဘာဝ၏ အော်သံကြီးကလည်း ထွက်ပေါ်လာခဲ့၏။ တားမြစ် တည်နေရာ တစ်ခုလုံးသည် တုန်ခါလျက်ရှိနေပြီး ကြီးမားလွန်းလှသည့် ရှေးသားရဲရိုင်းကြီးတစ်ကောင် အသက်ဝင် နိုးထလာသကဲ့သို့ပင်။
“ယုညို... စောစောစီးစီး ရောက်လာတာလား” အသံတစ်ခုက ပေါ်ပေါက်လာခဲ့၏။ တည်နေရာ လမ်းကြောင်း၏ အထက်တွင် တောက်ပလှသည့် လူတစ်ယောက် တည်ရှိနေပြီး ထိုလူသည် နေနှင့်လကဲ့သို့ပင် လင်းလက်လွန်း၏။ ၎င်းပေါ်ပေါက်လာသည်နှင့် တပြိုင်နက် များပြားလှသည့် ကြယ်စင်စုများသည် မှေးမှိန်ကာဖြင့် ၎င်းကို ကြိုဆိုကြ၏။
လှုပ်ရှားမှု တစ်ချက်ကလေးမှ မပြုလုပ်ဘဲ မတ်မတ်ရပ်လျက် ရှိနေသည်ဆိုလျှင်တောင်မှ ၎င်းသည် အားလုံးသောသူတို့ကို ဖိနှိပ်ထားနိုင်စွမ်း ရှိနေသည့် စွမ်းအင်များကို ထုတ်ဖော်ထားသည်။
“အင်း... မစောပါဘူး” အင်ပါယာယုညိုသည် ခေါင်းကို ခါယမ်းလိုက်၏။ သူ၏ရှေ့တွင် ရှိနေသည့် လေဟာနယ်ထဲရှိ တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့် ကျင့်ကြံသူကို လှမ်းကာကြည့်ရှုလိုက်၏။
တည်နေရာတစ်ခုလုံး၌ မိုးကြိုးပစ်သံများပင် ထွက်ပေါ်လျက် ရှိနေ၏။ တားမြစ်တည်နေရာကြီး တစ်ခုလုံးသည် တုန်ခါလျက်ရှိနေပြီး ငလျင်လှုပ်နေသကဲ့သို့ပင်။
“တားမြစ်တည်နေရာထဲကို အရင်ဆုံးမလာသင့်ဘူး။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို အရင် သွားသင့်တယ်” အင်ပါယာပိုင်လီက ပြောဆိုလိုက်သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အင်မော်တယ်အလင်းတန်းများ ထွန်းတောက်လျက် ရှိနေသောကြောင့် ၎င်း၏ ပုံပန်းသွင်ပြင်ကို တိတိကျကျ မြင်နိုင်စွမ်းမရှိချေ။ လူသားပုံစံတစ်ခု မတ်မတ်ရပ်လျက် ရှိနေသည်ကိုသာလျှင် မြင်ရ၏။
“ဒါပေမဲ့ ကျုပ်တန်ဖိုးကို မတတ်နိုင်ဘူး” အင်ပါယာယုညိုသည် ခေါင်းကို အသာခါယမ်းလိုက်သည်။
ဤစကားစုသည် ပြောဆိုရသည်မှာ ရင်နာဖွယ်ရာ ကောင်းလှသည်ဆိုသော်လည်း အစစ်အမှန်ဖြစ်၏။ ထို့အတူ တားမြစ်တည်နေရာထဲတွင် တည်ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူတို့သည် ထိုစကားသံကို ကြားရသည့်အချိန်၌ တကယ်ပဲ တုန်လှုပ်သွားမိကြ၏။ အင်ပါယာနှစ်ယောက်သည် မည်သည့်အရာကို ဆွေးနွေးသနည်း။ ကျယ်ပြောလှသည့် ကောင်းကင်ယံထက်တွင် အင်ပါယာယုညိုအနေနှင့် မတတ်နိုင်သည့် အရာဆိုတာ တည်ရှိနေသေးသည်လား။
“ဒီအင်ပါယာရဲ့အကူအညီကို လိုချင်တာလား” အင်ပါယာပိုင်လီ၏ အမူအယာသည် ပျော်ရွှင်မှု မရှိသလို ဒေါသတရားလည်း မရှိချေ။ သူ၏အသံသည် ရေကဲ့သို့ပင် တည်ငြိမ်လျက် ရှိနေသည်။
“မဟုတ်ဘူး”အင်ပါယာယုညိုသည် ငြိမ်ငြိမ်သက်သက်နှင့် ယုံကြည်ချက်ရှိစွာ ပြောဆိုလိုက်၏။
“ရွေးချယ်ခွင့်ရှိတယ်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ကိုသွားပြီး သတင်းအချက်အလက်တွေကို ဝယ်ယူမယ် ဒါမှမဟုတ် ကျုပ်တို့ရဲ့ ကိုယ်ပိုင် စွမ်းရည်ကို အသုံးပြုပြီး ဘယ်သူသာလဲ အရင်ဆုံးဖြတ်မယ်။ ဘယ်လိုလုပ်ချင်လဲ”
“ဪ” အသံတစ်ခုက ထွက်ပေါ်လာ၏။ ထိုအသံသည် တိုးညှင်းလှသည် ဆိုသော်လည်း မိုးကြိုးပစ်သံ ကဲ့သို့ပင်။ အားလုံးသောသူတို့၏ နှလုံးသားထဲသို့ ထိုးခွင်းဝင်ရောက်လာခဲ့သည်။
တားမြစ်တည်နေရာထဲတွင် တည်ရှိနေသည့် အခြားသော အင်ပါယာများ အားလုံးသည်လည်း တုန်လှုပ်လျက် ရှိနေကြ၏။ ၎င်းတို့သည် အနောက်ကို ခြေတစ်လှမ်းချင်းစီ ဆုတ်မိကြ၏။ တစ်ဖက်လူနှစ်ယောက်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အင်ပါယာ၏ စိတ်ဆန္ဒများကို ထုတ်ဖော်ပြသလျက် ရှိနေသောကြောင့် သူတို့သည် အနားပင် မကပ်ရဲကြချေ။
ဘုန်း ဘုန်း ဘုန်း
တားမြစ်တည်နေရာကြီးတစ်ခုလုံး ရုတ်တရက် မဲမှောင်သွားခဲ့ပြီး တိမ်လွှာများ ပေါ်ပေါက်လာခဲ့၏။ စကြဝဠာကြီးတစ်ခုလုံးသည် ပြောင်းပြန်လှန်တော့မည် သကဲ့သို့ပင်။ တည်နေရာထဲတွင်ရှိနေသည့် လောက၏ နိယာမများ အားလုံးသည်လည်း ရှုပ်ထွေးကုန်၏။
ဝုန်း ...။
တားမြစ်တည်နေရာကြီး တစ်ခုလုံးသည် တုန်ခါလျက်ရှိနေပြီး ကြီးမားလှသည့် အစီအရင်ကြီးများသည် အသက်ဝင်သွားခဲ့၏။ ထိုအစီအရင်များသည် ကောင်းကင်နှင့်မြေပြင်တွင် ရှိနေသည့် စွမ်းအင်အဆီအနှစ် များကို စတင်ကာ စုပ်ယူတော့သည်။
ကောင်းကင်ယံထက်တွင် သင်္ကေတများ ထူးထူးခြားခြား ပေါ်ပေါက်လာခဲ့၏။ နေ့အချိန် ဖြစ်သည်ဆိုသော်လည်း ညကဲ့သို့ပင် မှောင်မဲလာခဲ့၏။ ရေတွက်၍မရအောင် များပြားလှသည့် ကြယ်များသည် တည်နေရာ တစ်ခုလုံးတွင် လင်းလက်လာခဲ့၏။
“စောဏတုန်းက အင်ပါယာနှစ်ယောက်က ဘာတွေပြောနေတာလဲ။ ဘယ်လိုဖြစ်ပြီး ရုတ်တရက်ထပြီး တိုက်ခိုက်ဖို့ ပြင်ဆင်နေရတာလဲ။ သူတို့ သဘောတူညီချက် မရခဲ့ဘူးလား”
တားမြစ်တည်နေရာ၏ အပြင်ဘက် ခပ်လှမ်းလှမ်းတွင်ရှိနေသည့် စွမ်းအားမြင့်ကျင့်ကြံသူများသည် မြင်ကွင်းကို လှမ်းကြည့်ပြီးသည့်နောက် အံ့အားတသင့် ဖြစ်လို့နေခဲ့၏။
“ကျုပ်လည်း သေချာမသိဘူး။ အင်ပါယာစာရင်းရဲ့ အဆင့်ကြောင့်များလား” တော်ဝင်သူတော်စင် တစ်ယောက်သည် မုတ်ဆိတ်မွှေးကို ပွတ်သပ်ကာဖြင့် သူ၏ ထင်မြင်ချက်ကို ပြောဆိုလိုက်သည်။
ဤဖြစ်နိုင်ချေသည် အရမ်းကြီး ဝေးကွာတဲ့အရာတော့ မဟုတ်ပေ။ ထို့အပြင် အင်ပါယာများသည် တူညီသည့်အဆင့်တွင် ပြိုင်စံရှား စွမ်းအားမြင့်ကျင့်ကြံသူများအဖြစ် တည်ရှိခဲ့ပြီး မည်သူမှ အနိုင်မယူနိုင်သော လူများလည်းဖြစ်၏။
လက်ရှိအခြေအနေမှာတော့ အားလုံးသော သူတို့ကို အနိုင်ယူနိုင်စွမ်း ရှိနေသည့် အင်ပါယာအဆင့်၏ ထိပ်တန်း ဆယ်ယောက် ပေါ်ပေါက်လာခဲ့ပြီဖြစ်၏။ တူညီသည့်အဆင့်တွင် တည်ရှိနေသည် ဆိုလျှင်တောင်မှ အားအင်အဆင့်သည် ကွာခြားလျက် ရှိနေသည်ဟူ၍ ထုတ်ဖော်ပြသခဲ့၏။ ဤအရာကို မည်သည့်အင်ပါယာက သည်းခံနိုင်မည်နည်း။