အပိုင်း (၃၈၆)
Vol. 26 Ch. 386
“အင်ပါယာတွေက သာမာန်အဖြစ် သတ်မှတ်ခံရတာကို သဘောကျ နှစ်ခြိုက်မှာမဟုတ်ဘူး”
လူပေါင်းများစွာ တို့သည် တုန်လှုပ်စွာဖြင့် နားလည်လိုက်မိကြ၏။ လူငယ်ပါရမီရှင်များ ကဲ့သို့ပင် စွမ်းအားမြင့်ကျင့်ကြံသူများသည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်၏။
အင်ပါယာစာရင်းတွင် ပါဝင်သည့် အင်ပါယာများ တိုက်ခိုက်သည် ဆိုပါက ခရမ်းရောင်နက်နဲလောကကြီးမှ လူများသည် ကြီးမားလှသည့် တိုက်ပွဲကြီးတစ်ခုကို ကြည့်ရှုရမည့် အခွင့်အရေးဖြစ်၏။ သို့သော်ငြား အင်ပါယာများသည် ပါရမီရှင်များနှင့် ခြားနားလို့နေခဲ့၏။ လူငယ်ပါရမီရှင်များ တိုက်ခိုက်သည့်အချိန်တွင် မိုင်တစ်ထောင်ပတ်ဝန်းကျင်ကိုသာ ထိခိုက်နိုင်သည်ဆိုသော်လည်း အင်ပါယာများ တိုက်ခိုက်သည်ဆိုပါက ကျိန်းသေပေါက် လောကကြီးတစ်ခုလုံး ပျက်စီးသွားနိုင်၏။
၎င်းတို့၏ အစစ်အမှန် စိတ်ဆန္ဒများကို ထုတ်ဖော်ကာ တိုက်ခိုက်မည်ဆိုလျှင် ဤအရေးအခင်းကြားထဲတွင် အသက်ရှင် ကျန်ရစ်သူဟူ၍ ကျန်မည်မထင်ချေ။ ၎င်းတို့၏ ရောင်းရင်းအင်ပါယာ တချို့ပင်လျှင် ဤအခြေအနေ ကြားထဲသို့ အဆင်အခြင်မဲ့စွာဖြင့် ဝင်ရောက် တားဆီးခြင်းကို ပြုလုပ်ရဲကြမည်မဟုတ်ချေ။
ဝုန်း .....။
နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
တားမြစ်တည်နေရာကြီးထဲတွင် ပိန်းပိတ်အောင် မှောင်မိုက်လျက် ရှိနေ၏။ ပြင်ပလောကကြီး တစ်ခုလုံးကတော့ တောက်ပလျက် ရှိနေသည်။ ကောင်းကင်ယံထက်တွင် ရှိနေသည့် သက်ရှိသတ္တဝါ အားလုံးတို့သည် အရိုးများပင် စိမ့်တက်သွားမိခဲ့ကြသည်။
ကြောက်မက်ဖွယ်ရာကောင်းလှသည့် ဖျက်ဆီးခြင်းစွမ်းအင်များသည် တည်နေရာတစ်ခုလုံးကို လွှမ်းခြုံလာ၏။
“ကျုပ်တို့ ခရမ်းရောင်နက်နဲလောကရဲ့ အင်ပါယာစာရင်းမှာရှိတဲ့ အင်ပါယာနှစ်ယောက်က တကယ် တိုက်ခိုက်တော့မှာလား”
တားမြစ်တည်နေရာ၏ အတွင်းဘက်တွင် များပြားလှသည့် အစီအရင်များ အသက်ဝင်လာခဲ့ပြီး သင်္ကေတများ ကလည်း ပြိုးပြိုးပျက်ပျက်နှင့်ပင်။ တည်နေရာတစ်ခုလုံးတွင်ရှိနေသည့် စွမ်းအင်များအားလုံးကို စုပ်ယူလျက် ရှိနေပြီး ဤတည်နေရာကြီးတစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာကောင်းသည့် တည်နေရာကြီး ဖြစ်လာခဲ့၏။
“အင်ပါယာတွေက ဒီလောက်အမြင်ကျဉ်းမှာ မဟုတ်ပါဘူး။ သူတို့ တိုက်ခိုက်မှုနောက်မှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို သူတို့နားလည်တယ်လေ။ မြေအင်မော်တယ်လောကမှ လူတွေက အချိန်မရွေး လောကကို ဖြတ်သန်းပြီး ရောက်ရှိလာခဲ့တယ်။ ဒီထဲမှာ အချင်းချင်း တိုက်ခိုက်မယ်ဆိုရင် အကုန် ဒုက္ခရောက်ကုန်မှာပေါ့”
“ဒါဆိုရင် ဘာလို့ ဒီနှစ်ယောက်က တိုက်ခိုက်နေတာလဲ”
“သူတို့ပြောစကားကို နားထောင်ရမယ်ဆိုရင် ကောင်းကင်တုန်ခါခြင်းဓားအတွက် ဖြစ်လိမ့်မယ်” တစ်စုံတစ်ယောက် က တွက်ချက်လိုက်မိ၏။ ဤအရာသည် ခန့်မှန်းမှုတစ်ခုသာလျှင် ဖြစ်သည်။
များပြားလှသည့် လူများသည် ခေါင်းကိုငုံ့ကာဖြင့် သေသေချာချာ ပြန်လည် စဉ်းစားလိုက်မိ၏။ ကောင်းကင်တုန်ခါခြင်းဓားသည် ပြိုင်ဘက်ကင်းအရာ ဖြစ်၏။ သို့ပေမဲ့ အင်ပါယာယုညိုအနေနှင့် မည်သည့်အရာတွင် ရှိသည်ဆိုသော သတင်းအချက်အလက်ကို ဝယ်ယူရန် အရင်းအမြစ်များကို မစုဆောင်း နိုင်ခဲ့ချေ။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ဂုဏ်သိက္ခာက ကြီးကျယ်မြင့်မြတ်လွန်းလှသလို ၎င်းကို ပေးအပ် ရသည့် တန်ဖိုးကလည်း ကြီးမားမြင့်မြတ်လွန်းလှ၏။ သတင်း၏ တန်ဖိုးသည် ကျိန်းသေပေါက် သာမာန် မဟုတ်ချေ။ အင်ပါယာယုညိုသည် အင်ပါရီယာကလန်တစ်ခုမှ ဖြစ်သောကြောင့် သတင်း အချက်အလက်များကို ဝယ်ယူဖို့ အရင်းအမြစ်သည် ပြဿနာတစ်ခု မရှိသင့်ပေ။ သို့ပေမဲ့ အဘယ့်ကြောင့် မတတ်နိုင်သလို ပြောဆိုနေရသနည်း။
ဘုန်း
ထိုအချိန်မှာတော့ နောက်ထပ် ကျယ်လောင်လှသော အသံကြီးတစ်ခုက ထွက်ပေါ်လာခဲ့၏။ တားမြစ် တည်နေရာတစ်ခုလုံးသည် ထပ်မံကာ မဲမှောင်သွားခဲ့တော့၏။ စွမ်းအင်များအားလုံးသည် လှုပ်ခါလျက်ရှိနေပြီး တည်နေရာကြီးတစ်ခုလုံးသည် တဝုန်းဝုန်းနှင့်ပင်။
“အင်ပါယာစာရင်းထဲက ကျုပ်တို့နှစ်ယောက်ကြား ကွာခြားချက်က ရှင်းလင်းနေတယ်လေ။ ဒီတော့ဆက်ပြီး တိုက်ဖို့ မလိုပါဘူး” အင်ပါယာပိုင်လီ၏အသံသည် တားမြစ်တည်နေရာထဲတွင် ပဲ့တင်ထပ်လျက် ရှိနေ၏။
ထိုစကားကို ကြားရှိရသော သက်ရှိသတ္တဝါပေါင်း များစွာတို့သည် စိတ်ဝင်တစားနှင့် ဖြစ်မိကြ၏။ အင်ပါယာ နှစ်ယောက်သည် တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့သည်လား (သို့မဟုတ်) တချို့သော နည်းလမ်းများနှင့် ဖြေရှင်းပြီး ဖြစ်နေလေသည်လား သူတို့ မသိရှိချေ။
“အစစ်အမှန် တိုက်ပွဲကို တိုက်ခိုက်မယ်ဆိုရင် တကယ်တမ်း အောင်မြင်ဖို့က ငါးဆယ် ရာခိုင်နှုန်း အခွင့်အရေးဆိုပြီး ရှိပါတယ်” တော်ဝင်အင်ပါယာယုညိုက ပြန်လည်ကာ တုံ့ပြန်လိုက်သည်။ သူ၏အသံသည် ထူးမခြားနားသကဲ့သို့ပင်။
“ပိုင်လီနဲ့ ယုညို... သူတို့ရဲ့ ရည်မှန်းချက်တွေက သေးငယ်တာ မဟုတ်ဘူး။”
လေဟာနယ်အတွင်းတွင်တော့ ကြမ်းတမ်းလှသော လေများ တိုက်ခတ်လာခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအားမြင့်ကျင့်ကြံသူများ တစ်ယောက်ပြီး တစ်ယောက် ပေါ်ပေါက်လာခဲ့ပြီးနောက် ၎င်းတို့၏ အမူအယာသည် လေးနက်လျက်ရှိလေ၏။
ခေါင်းပေါ်တွင် ဦးချိုကြီးတစ်ခုရှိပြီး ခန္ဓာကိုယ်တစ်ခုလုံး အကြေးခွံများ ဖုံးလွှမ်းလျက်ရှိနေသော သတ္တဝါတစ်ကောင်သည် အေးစက်စွာဖြင့် ပြောလိုက်သည်။ “ကောင်းကင် တုန်ခါခြင်းဓားက တကယ့်ကို တန်ဖိုးကြီးမားတယ်ဆိုပေမဲ့ အချင်းချင်း တိုက်ခိုက်ဖို့အတွက် ထိုက်တန်တဲ့ အရာမျိုးတော့ မဟုတ်ဘူး”
“ယုညိုက ဒီတစ်ကြိမ် တားမြစ်တည်နေရာထဲကိုလာတာ ဘာလို့လဲ” အနောက်ဘက်တွင် ရှိနေသည့် မျက်ဝန်းတစ်စုံသာ မြင်ရသော ပုံရိပ်ယောင်ကဲ့သို့ လူက လှမ်းကာပြောဆိုလိုက်၏။ ရှုပ်ထွေးလှသည့် တာအို၏ မြူများကြားထဲတွင် ၎င်း၏မျက်လုံးတစ်စုံသည် အေးစက်ပြီး ခံစားချက်မဲ့နေသလိုပင်။
“မသိဘူး”
ဦးချိုနှင့်သတ္တဝါသည် အနောက်ကိုပင် လှည့်မကြည့်ဘဲ အသာပြောလိုက်၏။ “အစစ်အမှန် အင်မော်တယ် အဆင့်ကို တက်လှမ်းချင်တဲ့ ရည်ရွယ်ချက်ကလွဲရင် တခြား မဟုတ်လောက်ဘူး”
ဤစကားစုကို ပါးစပ်မှ ရေရွတ်ခဲ့သည် ဖြစ်လျှင်တောင်မှ ကြားလိုက်ရသည့် အင်ပါယာများသည် ရုတ်တရက် ခေါင်းကိုမော့လိုက်မိ၏။ ၎င်းတို့၏ မျက်လုံးများသည် အလင်းတန်းများ ထွန်းတောက်လျက် ရှိနေသည်။
အရိုးသားဆုံးပြောရမည်ဆိုလျှင် ခရမ်းရောင်နက်နဲလောကထဲတွင် ရှိနေသည့် အင်ပါယာများအားလုံးတို့သည် ထိုကဲ့သို့သော စိတ်ဆန္ဒကို ပိုင်ဆိုင်သည့်လူများသာလျှင်ဖြစ်၏။ ပါးစပ်မှ ထုတ်ဖော်ကာ မပြောကြားခြင်းသာ ရှိ၏။
ကြည့်ရသည်မှာ အင်ပါယာယုညို၏ ရည်ရွယ်ချက်သည် တကယ်ပင် ထိုသို့ဖြစ်ပုံပေါ်၏။ အဘယ့်ကြောင့်ဆိုသော် အစစ်အမှန် အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်သည့် အခွင့်အရေးကြောင့် သာလျှင် အင်ပါယာယုညိုသည် ပေးရမည့် အရင်းအမြစ်များကို မတောင့်ခံနိုင်ဘဲ အင်ပါယာပိုင်လီနှင့် ပူးပေါင်းရန် လာရောက် စနည်းနာခြင်း ဖြစ်ပေလိမ့်မည်။
သူတို့ အတူတကွသာဆိုပါက ကျိန်းသေပေါက် သတင်းအချက်အလက်များကို ဝယ်ယူကောင်း ဝယ်ယူနိုင်ပေ လိမ့်မည်။ သို့ပေမဲ့ သတင်းအချက်အလက်၏ပိုင်ရှင် မည်သူဖြစ်သည်ဆိုသည်ကို သူတို့၏ လက်သီးအားအင် အဆင့်ဖြင့် ဆုံးဖြတ်ရန် လိုအပ်နေသည်။ ပထမဦးဆုံး အားအင်အဆင့် ပိုမိုကောင်းမွန်သည့်လူသည် အစစ်အမှန်အင်မော်တယ်အဆင့်ကို အရင်ဆုံး တက်လှမ်းရပေလိမ့်မည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာ အစစ်အမှန် အင်မော်တယ်တစ်ယောက် ဖြစ်လာနိုင်ဖို့ အခွင့်အရေး ရှိနေတာလား” အင်ပါယာတစ်ယောက်သည် သူ၏သံသယများကို ထုတ်ဖော်ကာ မေးမြန်းလိုက်မိ၏။
သူတို့သည် သူတို့နည်း၊ သူတို့ဟန်ဖြင့် ကြိုးစားလာကြသူများဖြစ်သည်။ သတင်းအချက်အလက် တစ်ခုကို ဝယ်ယူပြီး အင်မော်တယ်ဖြစ်နိုင်သည် ဆိုသည်ကို သူတို့ ယုံကြည်ရန် ခက်ခဲနေကြသည်။ ခေတ်အဆက်ဆက် အင်မော်တယ် ဘယ်နှစ်ယောက် သူတို့ လောကထဲတွင် ရှိခဲ့သနည်း။ အဖြေမှာ တစ်ယောက် မရှိပေ။
“ခင်ဗျား ဘယ်လိုထင်လဲ” တခြားသော အင်ပါယာသည် ထူးမခြားနားသလို မေးမြန်းလိုက်သည်။
“ဖြစ်နိုင်ချေက နည်းပါးတယ်” စောဏက ပြောဆိုခဲ့သော အင်ပါယာသည် ခဏလောက် စဉ်းစားပြီးနောက် သူ၏ ခေါင်းကို ခါယမ်းလိုက်၏။
"ခင်ဗျားက ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို မရောက်ဖူးတော့ ကောင်းကင်လျှို့ဝှက် နန်းဆောင်ရဲ့ လေးနက်မှုကို နားလည်မှာ မဟုတ်ဘူး" ဦးချိုရှိသော အင်ပါယာတစ်ယောက်သည် မျက်လုံးထဲတွင် လေးနက်သည့် အမူအရာများဖြင့် ပြောဆိုလိုက်သည်။
"ပိုင်လီနှင့်ယုညိုတို့ နှစ်ယောက်လုံးက ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ယုံကြည်ကြတယ်။ခင်ဗျား က သူတို့ထက် ပိုပြီး အားကောင်းတယ်လို့ ထင်လား"
“ခင်ဗျား …”
သူအစောက ပြောဆိုခဲ့သည့် အင်ပါယာသည် ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခါသွားခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအားများ ထွက်ပေါ်လာ၏။
"ခင်ဗျား ကျုပ်နဲ့ တိုက်ခိုက်ချင်လို့လား"
ဦးချိုနှင့် အင်ပါယာသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများကို ထုတ်ဖော်နေ၏။ ၎င်းသည် လှုပ်ရှားမှုတစ်ခုမှ မပြုလုပ်သေးသော်လည်း ထွက်ပေါ်လာသည့် အရှိန်အဟုန်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
"ဒီအင်ပါယာကို ရန်စတာက ခင်ဗျားပဲ"
စောဏက ပြောဆိုခဲ့သော အင်ပါယာသည် တီးတိုးပြောဆိုလိုက်၏။ သူ၏ မျက်နှာပေါ်တွင် ရန်လိုသည့် အမူအရာများ ဖြစ်တည်လာခဲ့၏။ အင်ပါယာတစ်ယောက်အနေဖြင့် ၎င်းသည် ၎င်း၏ စိတ်ဆန္ဒများကို ထိန်းချုပ်ထားနိုင်၏။ သို့ပေမဲ့ တစ်ဖက်လူသာ ကျိန်းသေပေါက် လွန်ကဲလာပါက တိုက်ခိုက်ရန် ဝန်လေးနေလိမ့်မည် မဟုတ်ချေ။
"လုံလောက်ပြီ"
ထိုအချိန်တွင် အေးစက်သည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့လေ၏။ ၎င်းသည် အင်ပါယာနှစ်ယောက်ကြား ဖြစ်ပေါ်နေသည့် အော်ရာများကို ဖိနှိပ်၏။ "ဟိုမှာ ပိုင်လီနဲ့ယုညို တို့က ရန်ေစာင်နေကြတယ်။ ခင်ဗျားတို့နှစ်ယောက်သာ တိုက်ခိုက်ရင် ကောင်းကင်မူလလလောကကြီးမှာ ရှိတဲ့ အင်ပါယာတွေက ကျုပ်တို့ကို ရယ်မောနေကြတော့မှာပေါ့ "
ပိန်လီခြောက်ကပ်နေသည့် လူတစ်ယောက်သည် ဖြေးညင်းစွာ လျှောက်ထွက်လာခဲ့၏။ ၎င်းသည် ၎င်းနှင့်မတော်သော ဝတ်စုံကြီးကြီးတစ်ခုကိုလည်း ဝတ်ဆင်ထားသည့် ခါးကုန်းကုန်းနှင့် အဘိုးအို တစ်ယောက်ပင်။ ၎င်းကို ကြည့်ရှုရသည်မှာ လေတိုက်လျှင် လွင့်စင်သွားနိုင်သည့် ကိုယ်ဟန်မျိုးပင်။
ဤအဘိုးအိုသည် သေဆုံးခါနီး အခြေအနေသို့ ရောက်ရှိနေသော်လည်း တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့်တွင် ရှိနေသော အဘိုးအိုတစ်ယောက် ဖြစ်၏။ အားလုံးသော သူတို့သည် ၎င်းအား လေးစားသမှုရှိကြ၏။
၎င်းသည် ဟိုးအရင်တည်းက အသက်ရှင်နေထိုင်ခဲ့သော အင်ပါယာတစ်ယောက်ဖြစ်သည်။ ၎င်းသည် ထိပ်ဆုံးအဆင့်တွင် ရပ်တည်နိုင်ခဲ့သည် ဆိုလျှင်တောင်မှ လက်ရှိအချိန်၌ အားအင်အဆင့်မှာ တဖြည်းဖြည်း ယုတ်လျော့လာခဲ့သည်။ ထို့ကြောင့်ပင်လျှင် အင်ပါယာစာရင်း၌ ၎င်း၏နာမည် မပါဝင်ခြင်းပင်။