အပိုင်း (၃၈၈)
Vol. 26 Ch. 388
“သူတို့ ထွက်ခွာသွားကြပြီ” အင်ပါယာတစ်ယောက်က တီးတိုးပြောလိုက်ကြ၏။
လက်ရှိ ရှိနေကြသော အင်ပါယာ အားလုံးသည် စိတ်ထဲတွင် နင့်ခနဲပင် ခံစားလိုက်မိကြ၏။ ၎င်းတို့သည် တူညီသည့် အဆင့်အတန်းတွင် တည်ရှိနေသည် ဆိုသော်လည်း ထိုနှစ်ယောက် ထွက်ခွာသွားသည်ကိုပင် သတိ မပြုမိခဲ့ချေ။ ကွာခြားချက်မှာ မထင်မှတ်ထားလောက်အောင်ပင် ကွာခြားလှပုံပေါ်၏။ သူတို့သည် ရန်သူသာ ဖြစ်နေမည်ဆိုလျှင် မည်သို့ လုပ်မည်နည်း။ သူတို့ မြန်မြန်ဆန်ဆန်ဖြင့် ရှုံးနိမ့်သွားကြမှာ သေချာသည်။
“သူတို့ ကောင်းကင်မူလလောကကြီးဆီကို သွားတာပဲဖြစ်မယ်” ပထမဦးဆုံး ပေါ်ပေါက်လာသည့် အင်ပါယာက စဉ်းစားကာ ပြောဆိုလိုက်၏။ သူ၏ မျက်လုံးများသည် မျှော်လင့်ချက် ရောင်ခြည်များနှင့် တောက်ပလျက် ရှိသည်။ သူသည် သိုလှောင်လက်စွပ်ကို လှမ်းကြည့်ပြီးသည့်နောက် စိတ်မသက်မသာဖြင့် သက်ပြင်းသာ ချလိုက်မိ၏။
အင်မော်တယ်တစ်ယောက် ဖြစ်လာရန် အခွင့်အရေး ..... သူလည်း ထိုအရာကို အလိုရှိ၏။ သို့ပေမဲ့ လက်ရှိ သူ့၌ရှိသော အရင်းအမြစ် များသည် သူ့အား ထိုကဲ့သို့ ပြုလုပ်ရန်အတွက် အခွင့်အရေး မပေးခဲ့ချေ။ ထို့အပြင် ၎င်း၏ ကိုယ်ပိုင်စွမ်းအင်ကို အသုံးပြု၍ အင်မော်တယ်အဆင့်ဆီသို့ တက်လှမ်းနိုင်ရန် ဆိုသည်မှာ အလွန်ပင် အလှမ်းဝေးကွာသွား၏။ အနည်းဆုံးအနေနှင့် သူသည် တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့်ကိုပင် မရောက်ရှိသေးချေ။
ဟူး...
များပြားလွန်းလှသည့် အင်ပါယာများသည် စိတ်ဓာတ်ကျသွားမိကြ၏။ ၎င်းတို့အနေနှင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ သွားချင်ကြသည်။ သို့ပေမဲ့ သူတို့လိုအပ်သည့် သတင်းအချက်အလက်များသည် သာမန် နတ်နယ်မြေများ၊ သာမန်ကျင့်ကြံသူများလိုချင်သည့် သတင်းအချက်အလက်နှင့် မတူစွာ ခြားနားလျက် ရှိနေသည်။
အင်မော်တယ် ဖြစ်တည်နိုင်စွမ်းရှိသည့် သတင်းအချက်အလက်ကို ဝယ်ယူခြင်း ဆိုသည်မှာ တကယ်ပင် ဈေးကြီးမားလွန်းလှ၏။ နတ်နယ်မြေ တစ်ခုလုံးကို ပေးအပ်လိုက်မည်ဆိုလျှင်တောင်မှ လုံလောက်သည့် ပမာဏမျိုး မဟုတ်ချေ။ လုံလောက်သည့် သတင်းအချက်အလက်ကို ရရှိဖို့ ဆိုသည်မှာ မည်သို့မှ မလွယ်ကူချေ။
ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ အလျင်စလိုဖြင့် သွားမည့်အစား အရင်းအမြစ်များ အားလုံးကို သေသေချာချာဖြင့် စုဆောင်းရန် စဉ်းစားခြင်းကသာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ခရမ်းရောင်နက်နဲလောကကြီးသည်လည်း အုတ်အော်သောင်းနင်း ဖြစ်လို့နေသည်။ လောကသားများသည် အခြေအနေကို အချိန်နှင့် တပြေးညီ စနည်းနာခဲ့ကြသည်။
အင်ပါယာယုညိုသည် တားမြစ်တည်နေရာထဲသို့ ဝင်ရောက်ပြီးသည့်နောက် ဘယ်တော့မှ ပြန်လည် မထွက်ခွာ လာခဲ့ချေ။ ၎င်းတို့ အနေနှင့် လေးဆယ့်ငါးမိနစ်ခန့်နီးပါး စောင့်စားနေခဲ့သည် ဆိုသော်လည်း ရှုပ်ထွေးလှသည့် စွမ်းအင်လှိုင်းများ၏ သက်ရောက်မှုကိုသာ ခံခဲ့ကြရ၏။ ထူးထူးခြားခြား ဘာမှ ဖြစ်ပေါ်မလာခဲ့ချေ။
လူပေါင်းများစွာ တွက်ချက်ခဲ့သည်မှာ အင်ပါယာယုညိုနှင့် အင်ပါယာပိုင်လီတို့သည် တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်ခဲ့ကြသည်လား။ ထို့အပြင် ၎င်းတို့၏ တိုက်ခိုက်မှု အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်လှသည် ဖြစ်သောကြောင့် အနိုင်၊ အရှုံးကို အချိန်တိုအတွင်း ပေါ်ပေါက်သွားခဲ့ကြသည်လား။
ဤကဲ့သို့လည်း မဖြစ်နိုင်ချေ။ အင်ပါယာအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုဆိုသည်မှာ ဤကဲ့သို့ မြန်မြန်ဆန်ဆန်ဖြင့် ပြီးဆုံးသွားမည့် အရာမျိုး ဖြစ်ပုံမပေါ်ချေ။ အထူးသဖြင့် စွမ်းအင်လှိုင်းများ ပျောက်ကွယ်သွား ပြီးသည့်နောက် အင်ပါယာနှစ်ယောက်တို့သည် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားရခြင်းပင်။
တစ်ဖက်လူ များသည် မည်သည့်နေရာကို သွားကြသနည်း။
မကြာခင်မှာပဲ တချို့သောသူများ၏ သုံးသပ်ချက်က ပေါ်ပေါက်လာ၏။ အင်ပါယာနှစ်ယောက်တို့သည် ကောင်းကင်မူလလောကကြီးသို့ အတူတူ သွားရောက်ခြင်းသာ ဖြစ်ပုံပေါ်၏။ ၎င်းတို့၏ အထူးရည်မှန်းချက်သည် မည်သည့်အရာဖြစ်မှန်းတော့ သေသေချာချာ မသိရှိချေ။ တချို့က ပြောသည်မှာ ကောင်းကင်တုန်ခါခြင်းဓားကြောင့် ဟူ၍ဖြစ်ပြီး တချို့မှာတော့ အဆင့်တက်နိုင်ရန်ဟူ၍ ဖြစ်၏။
အင်ပါယာနှစ်ယောက်တို့အနေဖြင့် ကောင်းကင်မူလလောကထဲသို့ သွားရောက်ကာဖြင့် ကြီးကြီးမားမား တိုက်ခိုက်ကြမည် ဟူသော သုံးသပ်ချက်မျိုးကို တွေးတောထားသည့် တချို့သောသူများပင်လျှင် ရှိကြသည်။
များပြားလှသည့် ကောလဟလ သတင်းအချက်အလက်များသည် လောကကြီး တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး လူပေါင်း များစွာတို့သည် စိတ်လှုပ်ရှားနေကြ၏။
ကောင်းကင်တုန်ခါခြင်းဓား သို့မဟုတ် အစစ်အမှန် အင်မော်တယ်အဆင့်ဆီသို့ တက်လှမ်းခြင်း - ထိုအရာများသည် တကယ့်ကို ကြီးကျယ်ခမ်းနားလှသည့် အောင်မြင်မှုများပင် ဖြစ်ပေလိမ့်မည်။
............
ဤအတောအတွင်း ကောင်းကင်မူလလောကကြီး၊ တော်ဝင်သဲကန္တာရမြို့
အရာအားလုံးသည် တည်ငြိမ်အေးဆေးလျက် ရှိနေ၏။ ကောင်းကင်မူလလောကကြီးထဲတွင် တည်ရှိနေသော အသင်္ချေ များပြားသည့် မျိုးနွယ်များသည် ခရမ်းရောင်နက်နဲလောကကြီး၌ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို သိလည်း မသိရှိချေ။ သိရှိသည်ဆိုပါကလည်း စိတ်လှုပ်ရှားလိမ့်မည် မဟုတ်ချေ။
ထို့အပြင် အင်ပါယာအဆင့်တွင် တည်ရှိနေသည့် ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူများ တိုက်ခိုက်မှုဖြစ်သည် ဆိုသော်လည်း တစ်ဖက်လောကထဲတွင် တိုက်ခိုက်ခြင်းသာလျှင်ဖြစ်၏။ သူတို့နှင့် ဘာမှသက်ဆိုင်လှသည့် အရာမျိုး မဟုတ်ချေ။
သူတို့လောကထဲတွင် တိုက်ခိုက်မည်ဆိုလျှင်တော့ အဆင့်ကိုးနှင့် အဆင့်တစ်ဆယ် စာရင်းတွင် ရှိနေသည့် အင်ပါယာများ တိုက်ခိုက်သည် ဖြစ်သောကြောင့် ကြီးကြီးကျယ်ကျယ် သက်ရောက်မှုတော့ ဖြစ်ပေလိမ့်မည်။
တော်ဝင်အင်ပါယာကျန်းထျန်သည် ကောင်းကင်မူလလောကကြီးထဲတွင် နေထိုင်လျက် ရှိနေ၏။ သို့ပေမဲ့ အင်ပါယာ ပိုင်လီနှင့် ယုညိုတို့သည်သာ ရောက်ရှိလာသည် ဆိုပါက ကျိန်းသေပေါက် သံသယရှိစရာ မလိုဘဲ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ကြမှာ သေချာသည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပြောခဲ့ဖူးသည်မှာ အင်ပါယာကျန်းထျန်သည် တူညီသည့်အဆင့်တွင် ရှိနေသည်ဆိုလျှင်တောင် အင်ပါယာအဆင့်တွင် ရှိနေသည့်လူများကို လွယ်လွယ်ကူကူ ဖိနှိပ်နိုင်စွမ်းရှိသည့် စွမ်းအားမြင့် ကျင့်ကြံသူပင်ဖြစ်၏။ တစ်ဖက်လူသည် ကွာစီအင်ပါယာအဆင့်ကတည်းက အင်ပါယာအဆင့်ဆီသို့ တက်ရောက်ကာ တိုက်ခိုက် အနိုင်ယူနိုင်ခဲ့သည့်လူဖြစ်၏။
တချို့သော အင်ပါယာများသည် တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့်တွင် ရှိနေသည်ဆိုသော်လည်း အစစ်အမှန် အင်မော်တယ်အဆင့်ဆီသို့ ရောက်ရှိရန်ဆိုသည်မှာ အလွန်ဝေးကွာလွန်းလှ၏။ အကယ်၍ ခရမ်းရောင်နက်နဲ လောကမှ အင်မော်တယ်များသည်သာ လာရောက်ကာ တိုက်ခိုက်မည်ဆိုပါက ကောင်းကင်မူလလောကကြီး အနေနှင့် အဆင့်တူချင်း ပြန်လည်တိုက်ခိုက်ရန် နည်းလမ်းကို ရှာဖွေရပေမည်။ တချို့သော တားမြစ် နယ်မြေထဲတွင် ရှိနေသည့် အင်ပါယာအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများ ထွက်ပေါ်လာကာ ကူညီမှ ပိုမိုကာ မြိုင်ဆိုင်လာပေလိမ့်မည်။
ရက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းတွင် များပြားလှသည့် သတင်းအချက်အလက် အရောင်းအဝယ်များ ဖြစ်တည်လာခဲ့၏။ နေ့စဉ်နေ့တိုင်းဆိုသလိုပဲ ကောင်းကင်မူလ လောကကြီး သို့မဟုတ် ခရမ်းရောင်နက်နဲလောကကြီးတွင် ရှိနေသည့် အင်ပါရီယာကလန်များ၊ ဂိုဏ်းများ အသီးသီးတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်ပြီး ပြန်လည်ကာ ထွက်ခွာသွားခဲ့ကြသည်။ ထွက်ခွာသွားချိန်မှာတော့ ၎င်းတို့သည် ယုံကြည်ချက်ရှိသည့် အပြုံးများ ပြုံးကာ ထွက်ခွာသွားခဲ့ကြ၏။
ဧည့်သည်များ အားလုံး ထွက်ခွာသွားပြီးသည့်နောက်မှာတော့ လီယွင်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင် အတွင်းတွင် အသာထိုင်ကာဖြင့် သန်းကိုးဆယ်ကျော်နီးပါး တည်ရှိနေပြီဖြစ်သော ကောင်းကင်လျှို့ဝှက် အမှတ်များကို လှမ်းကာ ကြည့်ရှုလိုက်၏။ စုစုပေါင်း သန်းတစ်ရာနီးပါးခန့်ပင် ပြည့်တော့မည်။ သူ့အနေနှင့် ရက်အနည်းငယ်အတွင်း အကျိုးအမြတ်များကို ရရှိခဲ့သည်ဟု ပြောဆိုရပေမည်။
“ဒီအတောအတွင်းမှာ ကြည့်ရတာ ခရမ်းရောင်နက်နဲလောကကြီးနဲ့ ကောင်းကင်မူလလောကကြီးမှာရှိတဲ့ လူတွေက ဒီကိုလာတာ ပိုပြီး များလာတာပဲ” လီယွင်သည် အပြင်ဘက်တံခါးဆီသို့ လှမ်းကြည့်ပြီးသည့်နောက် မေးစေ့ကို ပွတ်သပ်လျက် ရှိနေ၏။
ဤအရာမှာ ပုံမှန်သာလျှင်ဖြစ်၏။ လောကကြီးနှစ်ခုကြားထဲတွင် အချိန်တိုင်း ဆိုသလိုပဲ ပဋိပက္ခများ ဖြစ်ပွားလျက် ရှိနေ၏။ သို့ပေမဲ့ ကြီးကြီးမားမား စိန်ခေါ်တိုက်ခိုက်ရမည့် အခြေအနေမျိုးသို့ ရောက်မလာခဲ့ချေ။ တချို့သော သတင်းအချက်အလက်များသည် ရရှိရန် လွယ်ကူလှသည် ဆိုသော်လည်း တချို့သော ဖုံးကွယ်ထားသည့် သတင်း အသေးစိတ်မှာတော့ ငွေကြေးတော်တော်များများကို အသုံးပြုကာ ပြန်လည်ဝယ်ယူရမည့် အရာမျိုး ဖြစ်နေသောကြောင့် သာမန်လူများ ရရှိနိုင်သည့် အရာမျိုး မဟုတ်ချေ။
နတ်နယ်မြေ၏ လျှို့ဝှက်ချက်အားလုံးကို တစ်စုံတစ်ယောက်က ဝယ်ယူချင်သည်ဆိုပါက ဘာတွေဖြစ်ကုန် မည်နည်း။ ခရမ်းရောင်နက်နဲလောကကြီးဆီမှ နတ်နယ်မြေတစ်ခုခုကို ဖျက်ဆီးနိုင်သည့် သတင်းအချက်အလက်ကို ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ တစ်စုံတစ်ယောက်က ဝယ်ယူသွားပြီး ပြုမူလှုပ်ရှားပါက ကျိန်းသေပေါက် လောကကြီး နှစ်ခုကြားတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားတော့မှာဖြစ်၏။
သို့ပေမဲ့ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် မည်သူကမှ ပြဿနာ မရှာရဲခြင်းက တော်သေးသည်။
ထို့ကြောင့် ကောင်းကင်လျှို့ဝှက်နန်းဆောင် အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည့် ဂိုဏ်းဂဏ အသီးသီးရှိ စွမ်းအားမြင့် ကျင့်ကြံသူများ၏ ရည်ရွယ်ချက်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ ထုတ်ဖော်လိုက်သည့် စာရင်းများထဲတွင် ပါဝင်လာရန် သို့မဟုတ် ၎င်းတို့ဂိုဏ်း၏ အခြေခံများကို ပိုမိုတိုးတက်လာစေရန်၊ မြေအင်မော်တယ်လောကမှလူများ လာရောက်တိုက်ခိုက်သည့်အချိန်တွင် ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန်၊ စွမ်းဆောင်ရည် များကို မြှင့်တင်ရန် စသည့် အကြောင်းအရာများသာ ဖြစ်လို့နေသည်။ တခြားဂိုဏ်းများ၏ လျှို့ဝှက်ချက်များကို မမေးမြန်းကြချေ။
လီယွင် အနေနှင့် အရိုးသားဆုံး ပြောရမည်ဆိုလျှင် လတ်တလော အခြေအနေ၌ သူ၏ အားအင်အဆင့်ကို တိုးတက်ရန် မည်ကဲ့သို့ ပြုလုပ်ရမည် ဆိုသည်ကို စဉ်းစားတွေးတောလျက် ရှိနေလေ၏။ သူ့အနေနှင့် ရည်မှန်းချက် များများစားစား ရှိလှသည် မဟုတ်ချေ။ အသင်္ချေ များပြားလှသော လောကကြီးများကို ဖိနှိပ်နိုင်ပြီး ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို လှမ်းမျှော်ကြည့်ပါက သူနှင့် ထပ်တူ တူညီသည့် ကျင့်ကြံသူ ဟူ၍ မည်သူမှ မရှိလျှင် လုံလောက်ပြီဖြစ်၏။ လက်ရှိအချိန်တွင် သူသည် အစစ်အမှန် အင်မော်တယ် ထိပ်ဆုံးအဆင့်၌ ရောက်ရှိနေသည် ဆိုသော်လည်း သူသည် ရည်မှန်းချက်ကို ပြည့်ဝရန်အတွက် လမ်းအရှည်ကြီးကို လျှောက်ရန် လိုအပ်နေသေး၏။
“ကြည့်ရတာ”
လီယွင်သည် ရုတ်တရက် မတ်တပ်ထရပ်ပြီးသည့်နောက် တံခါးဆီသို့ လျှောက်သွား၏။ သူသည် ခပ်ဝေးဝေး တည်နေရာဆီသို့ လှမ်းကြည့်ကာ တီးတိုးပြောဆိုလိုက်သည်။ “မြေအင်မော်တယ်လောကကြီးက လူတွေကို ခေါ်ပြီးကစားဖို့ အချိန်ရောက်လာပြီပဲ”
မြေအင်မော်တယ်လောက - ဟိုးအရင်အချိန်ကတည်းက သူသည် ဤလောကကြီးကို မျက်စိကျနေခြင်းဖြစ်၏။ အချိန်အတော်ကြာပြီးသည့်နောက် မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါပေါင်းများစွာတို့သည် ခရမ်းရောင်နက်နဲလောကကြီး၏ တည်နေရာကို အတည်ပြုနိုင်ခဲ့ကြပြီဖြစ်၏။ မကြာခင်မှာပဲ တစ်စုံတစ်ယောက် သည် လောကကြီးနှစ်ခုကြား တည်နေရာကို ဖွင့်လှစ်နိုင်ရန် ကြိုးစားလျက် ရှိနေ၏။
“စနစ်... ငါ့အနေနဲ့ အန္တိမ ထိပ်ဆုံးအဆင့်ကို ရောက်ရှိဖို့အတွက် ကောင်းကင်လျှို့ဝှက်အမှတ် ဘယ်လောက် ကုန်မလဲ” လီယွင်က စုံစမ်းလိုက်မိသည်။
အစစ်အမှန် အင်မော်တယ်တစ်ယောက်၏ အထက်တွင် အန္တိမအဆင့်က တည်ရှိ၏။ ထိုအဆင့်သည် နာမည်အတိုင်း အန္တိမ တည်ရှိမှုကို ကိုယ်စားပြုခြင်းဖြစ်၏။ ထာဝရတည်ရှိမှုနှင့် အင်မော်တယ် အကြားတွင် မတူညီသည့် နိယာမနှင့် ဥပဒေသများ တည်ရှိလို့ နေ၏။
[လက်ခံသူ... အန္တိမအဆင့် ထိပ်ဆုံးကို ရောက်ရှိဖို့ဆိုရင် ကောင်းကင်လျှို့ဝှက်အမှတ် ရှစ်ဆယ့်ခုနှစ်သန်း လိုအပ်ပါတယ်]
“အဲလောက်တောင် များတာလား” လီယွင်က မျက်မှောင်ကုတ်လိုက်မိ၏။ ဤအရေအတွက်သည် အစစ်အမှန် အင်မော်တယ်အဆင့်ကို ချိုးဖြတ်ရောက်ရှိရန် သူကြိုးစားခဲ့ရသည့် ကောင်းကင်လျှို့ဝှက်အမှတ်ထက် ဆယ်ဆ ပိုမိုကာ များပြားလို့ နေခဲ့၏။ သူ့အနေနှင့် အချိန်အတော်ကြာ စုဆောင်းသိမ်းဆည်းထားခြင်း မရှိပါက ကောင်းကင် လျှို့ဝှက်အမှတ်များသည် လုံလောက်လိမ့်မည် မဟုတ်ချေ။
“မြေအင်မော်တယ်လောကက ခရမ်းရောင်နက်နဲလောကနဲ့ ခြားနားတယ်။ လက်ရှိ ငါ့ရဲ့အဆင့်က မြေအင်မော်တယ်လောကနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် အနည်းငယ် လိုအပ်ချက်တွေ တည်ရှိနေသေးတာပဲ” လီယွင်က တွေးတောလိုက်မိ၏။
“ကိစ္စမရှိဘူး”
သူသည် ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်၏။ “စနစ်.. ငါရဲ့အဆင့်ကို အန္တိမလမ်းစဉ် ထိပ်ဆုံးအထိ ရောက်အောင် တိုးမြှင့်ပေး”