သွေးနီရောင်နဂါးကိုလက်သီးတစ်ချက်ဖြင့်ဖြိုခွင်း
Vol. 12 Ch. 168
အခန်း (၁၆၈) သွေးနီရောင်နဂါးကိုလက်သီးတစ်ချက်ဖြင့်ဖြိုခွင်း
မိုးကောင်းကင်စမ်းသပ်ခံရခြင်း တိမ်တိုက်များက လှည့်ပတ်သွားပြီး တိမ်တိုက်ဗဟိုချက်တွင် လျှပ်စီးများ လင်းလက်သွားသည်။
တိမ်တိုက်များကြားကူးခတ်နေသည့် သွေးနီရောင်နဂါးကြီးက အချိန်မရွေး အောက်သို့ခုန်ဆင်းကာ ထိုးနှက်တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။
ထိုအချိန် သွေးနီရောင်နဂါးကြီးရှိရာသို့ ဦးတည်ပျံသန်းသွားသည့် လူရိပ်တစ်ရိပ်ကို တွေ့မြင်လိုက်ရလေသည်။
လူရိပ်ပျံသန်းလာခြင်းက သွေးနီရောင်နဂါးကြီးကို နှိုးဆွလိုက်သလို ဖြစ်သွားပြီး နဂါးကြီးက လူရိပ်ရှိရာသို့ လျှင်မြန်သည့်အရှိန်ဖြင့် ပျံသန်းကူးခတ်လာသည်။
မိုးခြိမ်းသံများ တဝုန်းဝုန်း ထွက်ပေါ်လာပြီး နဂါးဟိန်းသံကြီးတစ်သံကလည်း ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။ ထိုနဂါးဟိန်းသံကြီးက ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်လှုပ်သွားစေလေသည်။
သူ့ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာသည့် ထိုလူသားကို သွေးနီရောင်နဂါးက တစ်စစီ အပိုင်းပိုင်းဖြတ်ပစ်တော့မည့်အလား အရှိန်ပြင်းစွာ ထိုးစိုက်ဆင်းသက်သွားသည်။
အဝေးတစ်နေရာသို့ ရောက်နေသည့် ဟော်ကျီးမှာ မိုးကောင်းကင်စမ်းသပ်ခံရခြင်းဖြစ်စဉ်ကို အာရုံစိုက်ပြီး လေ့လာကြည့်ရှုနေလေသည်။
ဖြစ်စဉ်အသေးစိတ်ကို တွေ့မြင်ရခြင်းမရှိသော်လည်း လူတစ်ယောက်က သွေးနီရောင်နဂါးရှိရာသို့ ထိုးဖောက်ဝင်ရောက်သွားကြောင်းကိုတော့ သတိပြုလိုက်မိသည်။
ထိုသူက မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ပြန်လည် စိန်ခေါ်နေဟန် ရှိသည်။
"ဒီလူက တကယ် သတ္တိကောင်းတာပဲ..."
ဟော်ကျီးရေရွတ်လိုက်သည်။
သူသာ ထိုသူ၏နေရာတွင်ဆိုလျှင် အလားတူလုပ်ရပ်မျိုးကို ပြုလုပ်နိုင်မည် မဟုတ်ပေ။ လောကတွင် မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို မကြောက်ရွံ့သည့် ကျင့်ကြံသူဆို၍ မရှိပေ။
မိုးကောင်းကင်စမ်းသပ်ခံရခြင်းနှင့် ရင်ဆိုင်ရသည့်အခါ မည်သူမဆို အထူးသတိထားကြရသည်။ မဟုတ်ပါက အမှားလေးတစ်ချက်ကပင် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားစေမည် ဖြစ်သည်။
မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ယခုကဲ့သို့ ထိပ်တိုက်ရင်ဆိုင်ခြင်းက အန္တရယ်တိမ်တိုက်များ၏ အမျက်ဒေါသကို ဆွပေးခြင်းပင် ဖြစ်သည်။
ထိုသူ မည်သို့ ပျက်စီးကိန်းကြုံရမည်ကို ဟော်ကျီး စောင့်ကြည့်နေ၏။
ဟော်ကျီးက လေထဲတွင် ရပ်တန့်နေခြင်း ဖြစ်ပြီး မိုးကောင်းကင်စမ်းသပ်ခံရခြင်းဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအန္တရယ်များနှင့် လုံလောက်သည့် အကွာအဝေးတွင် ရှိနေသည်။
မိုးကောင်းကင်စမ်းသပ်ခံရခြင်း ဖိအားများကို ခံစားနေရသော အနောက်တောင်တန်း နေရာများတွင်တော့ ဝိညာဉ်သားရဲအချို့ အဝေးသို့လွင့်စင်ထွက်သွားသည်ကို တွေ့မြင်လိုက်ရသည်။
အချို့ဝိညာဉ်သားရဲများကတော့ ဘေးလွတ်ရာသို့ ထွက်ပြေးလျှက် ရှိကြပြီး အချို့ကတော့ ဘေးကင်းသည့်နေရာများတွင် တုန်လှုပ်စွာဖြင့် ပုန်းအောင်းနေကြသည်။
လုန်မန်သည်လည်း ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။
လူရိပ်က သွေးနီရောင်နဂါးရှိရာသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားပြီး သွေးနီရောင်နဂါးကလည်း ထိုလူရိပ်ရှိရာသို့ အရှိန်ပြင်းစွာဖြင့် ထိုးစိုက်ချလာသည်။
ကျန်းလန်နှင့် သွေးနီရောင်နဂါး ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် တစ်ယောက်ကတော့ သေချာပေါက် အသက်ပျောက်ရမည် ဖြစ်သည်။
လူသားသာလျှင် သေချာပေါက် အသက်ပျောက်လိမ့်မည်ဟု လုန်မန် အသေအချာ ခန့်မှန်းလိုက်သည်။ သို့သော် ထိုလူသားက သွေးနီရောင်နဂါး၏တိုက်ခိုက်မှုကို မည်မျှ အချိန်ကြာကြာတောင့်ခံနိုင်မည်လဲ စောင့်ကြည့်ရမည် ဖြစ်၏။
လုန်မန်ရော ဟော်ကျီးပါ အသက်ပင် မရှူနိုင်ဘဲ မြင်ကွင်းကို အာရုံစိုက်ကာ ကြည့်နေကြသည်။
အချိန်ခဏမှာပင် လူရိပ်နှင့် သွေးနီရောင်နဂါး ရိုက်ခတ်မိသွားသည်။
"ဝုန်း…"
သွေးနီရောင်နဂါးက လူရိပ်ကို ရစ်ပတ်ပြီး မြိုချရန် ကြိုးစားနေသည်။
လူသားနှင့် သွေးနီရောင်နဂါးတို့က မတူညီသည့် အလင်းတန်း (၂)ခုအလား ဖြစ်လေသည်။
သွေးနီရောင်နဂါးက ကောင်းကင်တစ်ခုလုံးကို ထိန်လင်းစေသည့် နေမင်းအလား တောက်ပနေပြီး လူသားကတော့ ပိုးစုန်းကြူးသာသာမျှသာ ဖြစ်သည်။
"ပိုးစုန်းကြူးရဲ့အလင်းရောင်က နေမင်းရဲ့အလင်းရောင်နဲ့ ဘယ်လိုလုပ်ယှဉ်နိုင်ပါ့မလဲ…"
လူသားနှင့် အနီရောင်နဂါး ရိုက်ခတ်မိသည့်ဖြစ်စဉ်ကို ကြည့်နေရင်း ဟော်ကျီးတွေးလိုက်သည်။
"ဘုန်း..."
ပြင်းထန်လှသည့် စွမ်းအားများ ရိုက်ခတ်မိသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး လျှပ်စီးကြောင်းများ လင်းထိန်တောက်ပသွားသည်။
သွေးနီရောင်နဂါးက ထိုလူသားကို စုပ်ယူဝါးမြိုသွားပြီဟု လုန်မန်ရော ဟော်ကျီးပါ တွေးထင်လိုက်ကြသည်။
သို့သော် လူရိပ်ထံမှ ထွက်ပေါ်နေသည့် အားနည်းသည့် အလင်းရောင်က တဖြည်းဖြည်း စတင်တောက်ပလာပြီး ထိုအလင်းတန်းက သွေးနီရောင်နဂါးကို ဖုံးလွှမ်းသွားသည်။
အလင်းရောင်က တောက်ပလွန်းလေရာ အထက်ဘဝဂ်ကို ထိုးဖောက်ထွက်တော့မည့်အလား ထင်မှတ်ရသည်။
ပိုးစုန်းကြူးအလင်းရောင်က လောကတစ်ခုလုံးကို တောက်ပလင်းထိန်သွားစေသည်တဲ့လား။
"ဘန်း…"
ကောင်းကင်ထက်မှ ကျယ်လောင်သည့်အသံကြီးတစ်သံ ထွက်ပေါ်လာပြီး သွေးနီရောင်နဂါးကြီး၏ ခန္ဓာကိုယ်တွင် အက်ကြောင်းများထင်လာကာ အစိတ်စိတ်အမွှာမွှာကွဲကြေသွားတော့သည်။
နဂါးကြီးမှာ ကွဲကြေလွယ်သည့် အုတ်ကြွပ်တစ်ချပ်ပမာ လူသား၏ တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိခဲ့ပေ။
အဖြစ်အပျက်များအားလုံးကို ကြည့်ရှုနေရင်း လုန်မန် အံ့သြမှင်တက်သွားသည်။
တုန်လှုပ်ခြောက်ခြားမှုကို မထိန်းနိုင်ဘဲ သူ့မျက်လုံးများ ပြူးကျယ်ဝိုင်းစက်လာသည်။
"သွေးနီရောင်နဂါး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတာလား…"
လုန်မန် မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။
သွေးနီရောင်နဂါးနှင့် ထိုလူသား၏ တိုက်ခိုက်မှုကို သူ မထင်မရှား တွေ့မြင်ခဲ့ရသည်။
လူသားက သွေးနီရောင်နဂါးကို လက်သီးတစ်ချက်ဖြင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ထိုလက်သီးချက်က သွေးနီရောင်နဂါးကို အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားစေခဲ့သည်။
လက်သီးတစ်ချက်ဖြင့် သွေးနီရောင်နဂါးကို ရင်ဆိုင်လိုက်သည့်မြင်ကွင်းကိုကြည့်ရင်း လုန်မန် မယုံကြည်နိုင် ဖြစ်နေမိသည်။
သို့သော် အဖြစ်အပျက်များအားလုံးက သူ့မျက်စိရှေ့တွင် ဖြစ်ပျက်သွားခြင်း ဖြစ်သည်။
လူသားတစ်ယောက်က မိုးကောင်းကင်စမ်းသပ်ခံရခြင်းဖြစ်သည့် သွေးနီရောင်နဂါးသေခြင်းတရားကို လက်သီးတစ်ချက်တည်းဖြင့် ရင်ဆိုင်အနိုင်ယူခဲ့ကြောင်း အခြားသူများက သူ့ကို လာပြောပြမည်ဆိုလျှင် လုန်မန် ယုံကြည်မည် မဟုတ်ပေ။
သို့သော် ယခုတော့ သူ၏မျက်လုံးဖြင့် တွေ့မြင်လိုက်ရခြင်း ဖြစ်သည်။
ထိုလူသားက သွေးနီရောင်နဂါးကို ရင်ဆိုင်ပြီးသည်နှင့် အန္တရယ်တိမ်တိုက်များဆီသို့ ဆက်လက်ဝင်ရောက်သွားသည်ကို လုန်မန် တွေ့လိုက်ရသည်။
လုန်မန် နေရာတွင် ကြာကြာမနေရဲတော့ပေ။ ထူးခြားဆန်းကျယ်လှသည့် ဖြစ်ရပ်ကို တွေ့မြင်ခဲ့ရပြီးနောက် လုန်မန် ထိုသူနှင့် ရန်သူ မဖြစ်ချင်တော့ပေ။
ဤနေရာတွင် ဆက်လက်နေထိုင်ခြင်းက အခန့်မသင့်လျှင် ထိုသူနှင့် ရန်သူများ ဖြစ်လာနိုင်သည်။ ထိုသူသာ အင်မော်တယ်တစ်ပါး ဖြစ်သွားမည်ဆိုလျှင် တန်ခိုးစွမ်းအားက သူ့ထက် နိမ့်ကျမည် မဟုတ်ပေ။
ဟော်ကျီး၏စိတ်များသည်လည်း ပရမ်းပတာ လှုပ်ရှားလျှက် ရှိသည်။
မဖြစ်နိုင်သည့် စိတ်ကူးယဉ်မှုတစ်ခု လက်တွေ့ဖြစ်လာသည်ကို ကိုယ်တိုင်ကိုယ်ကျတွေ့မြင်လိုက်ရသည့်အလား သူ ခံစားနေရသည်။
လူသားများသည် အမှန်တကယ်ပင် ခန့်မှန်းရခက်လွန်းလှပေစွ။
ထို့နောက် ထိုလူသားနှင့် ရန်သူမဖြစ်ချင်သောကြောင့် သူလည်း နေရာမှ ထွက်ခွာလာခဲ့တော့သည်။ ဤအနီးပတ်ဝန်းကျင်တွင် နေထိုင်ခြင်းက သူ့အတွက် မည်သည့်အကျိုးအမြတ်မှ ရှိနိုင်မည် မဟုတ်ပေ။
..............
ကျန်းလန်က အန္တရယ်ကိုးသွယ်စွမ်းအားကို အသုံးပြုပြီး သွေးနီရောင်နဂါးကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် လက်သီးတစ်ချက်ဖြင့် သွေးနီရောင်နဂါးကို တစ်စစီကွဲကြေသွားစေခြင်း ဖြစ်၏။
သွေးနီရောင်နဂါးကို ရင်ဆိုင်ရန်အတွက် ဤသည်က တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။
နဂါးသုတ်သင်ဓားသိုင်းဖြင့် တိုက်ခိုက်လျှင်လည်း ထိုနဂါးကို ရင်ဆိုင်နိုင်မည်လား မပြောတတ်ပေ။ သို့သော် လက်ရှိအချိန်က သူ့အတွက် လောင်းကြေးထပ်ကာ စမ်းသပ်ကြည့်ရမည့်အချိန် မဟုတ်ပေ။
သွေးနီရောင်နဂါးဖြင့် ရင်ဆိုင်ရခြင်းက နောက်ဆုံးရင်ဆိုင်ရသည့် မိုးကောင်းကင်စမ်းသပ်ခံရခြင်းဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။
ထိုနဂါး ပျက်စီးသွားသည်နှင့် ကျန်းလန်အတွက် သိပ်ပြီး ပြဿနာမရှိနိုင်တော့ပေ။
သို့သော် သွေးနီရောင်နဂါးကို ရင်ဆိုင်ရန်မှာ ကျန်းလန်အတွက် လွယ်ကူသည်တော့ မဟုတ်ခဲ့ပေ။
သွေးနီရောင်နဂါး မည်မျှ ကြောက်မက်ဖွယ်ရာကောင်းကြောင်း ကျန်းလန် လက်တွေ့ပင် သိရှိခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းလန်၏ ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းသွားပြီး ဒဏ်ရာအပြင်းအထန်ရသွားသောကြောင့် ဖြစ်သည်။
အန္တရယ်ကိုးသွယ်စွမ်းအားသာ လုံလောက်အောင် ပြင်းထန်ခြင်းမရှိလျှင် သွေးနီရောင်နဂါးကို သူ ဖြိုခွင်းနိုင်မည် မဟုတ်ပေ။ ထိုနဂါးသာ အချိန်အနည်းငယ်ရသွားပါက သူ သေချာပေါက် မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ကျရှုံးသွားမည် ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် အင်မော်တယ်ဖြစ်လာရန်က ခက်ခဲလွန်းလှပေ၏။
သွေးနီရောင်နဂါး တစ်စစီကွဲကြေသွားသည်နှင့် ကျန်းလန်က အန္တရယ်တိမ်တိုက်များရှိရာသို့ ဦးတည်ဝင်ရောက်လာခဲ့သည်။
စနစ်တွင်မှတ်ပုံတင်ရန်အတွက် အန္တရယ်တိမ်တိုက်များနှင့် အနီးဆုံးသို့ ရောက်ရှိရန် လိုအပ်သည်။ ထို့ပြင် ထိုတိမ်တိုက်များ ပျောက်ကွယ်မသွားခင် သူ စနစ်တွင် အချိန်မီမှတ်ပုံတင်ရန် လိုအပ်လေသည်။
သို့သော် အန္တရယ်တိမ်တိုက်များနှင့် နီးကပ်လာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်မှ အက်ကွဲကြောင်းဒဏ်ရာများ ပွင့်ထွက်ကုန်ပြီး ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီကွဲကြေသွားတော့မည့်အလား နာကျင်မှုကို ခံစားလိုက်ရသည်။
သူပိုပြီး အမြင့်ရောက်အောင်ပျံသန်းလေ နာကျင်မှုကို ပိုမိုခံစားရလေ ဖြစ်သည်။
ပတ်ဝန်းကျင်တွင် ရိုက်ခတ်နေသည့် လျှပ်စီးကြောင်းများက သူ့ဒဏ်ရာများကို ပွင့်ထွက်စေရန် တွန်းအားပေးလျှက် ရှိသည်။
နာကျင်မှုကို အချိန်အတန်ကြာ အောင့်ခံနေပြီးနောက် ကျန်းလန် ခံနိုင်ရည် ကုန်ဆုံးသွားရသည်။
သူ့ဒဏ်ရာများက တစ်ခုချင်း ပွင့်ထွက်လာပြီး သွေးများက အဆက်မပြတ်စီးကျလာသည်။ သူ၏ တန်ခိုးစွမ်းအားများကိုလည်း ကျန်းလန် ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။
ထိုအချိန် သူ အန္တရယ်တိမ်တိုက်များရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ့လက်တစ်ဖက် ရှေ့သို့ ဆန့်တန်းလိုက်လျှင်ပင် အန္တရယ်တိမ်တိုက်များကို ထိတွေ့နိုင်နေပြီ ဖြစ်သည်။
သူ ထိုတိမ်တိုက်များအနားသို့ ထပ်မံတိုးကပ်သွားခြင်း မရှိတော့ပေ။ ထပ်မံတိုးကပ်သွားရန်လည်း သူ့တွင် စွမ်းအားမရှိတော့ပေ။
"ဒီလောက်ဆို ရလောက်ပြီ ထင်တာပဲ…"
ကျန်းလန် ရေရွတ်လိုက်သည်။
ထို့နောက်…
"စနစ်… ဒီနေရာမှာ မှတ်ပုံတင်မယ်…"
စနစ်မှထွက်ပေါ်လာသည့်အသံကို ကျန်းလန် နားထဲတွင် ချက်ချင်း ကြားလိုက်ရသည်။
[ ဒင် ! ]
[မှတ်ပုံတင်ခြင်း အောင်မြင်ပါတယ်… ၊ မဟာတာအိုမှ ပေးအပ်သည့်လက်ဆောင်ကိုရရှိတဲ့အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်… ၊ ယခု သင်ရရှိတာကတော့ အဆင့်လွန်နတ်တန်ခိုးစွမ်းအားတစ်ခုဖြစ်တဲ့ "ကောင်းကင်လွှမ်းသစ်ရွက်" တန်ခိုးစွမ်းအားပဲ ဖြစ်ပါတယ်…]
[ ကောင်းကင်လွှမ်းသစ်ရွက် တန်ခိုးစွမ်းအား : အဆင့်လွန်နတ်တန်ခိုးစွမ်းအားတစ်ခုဖြစ်ပြီး သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အဆင့်မြှင့်တင်ထားခြင်း ဖြစ်တယ်… ၊ မဟာတာအိုနှင့် ပညာရှိသူတော်စင်များထံမှ ကံကြမ္မာလည်ပတ်ခြင်းများကို ကာကွယ်ပေးထားမှာ ဖြစ်ပါတယ်…]
ထိုအသံကြားရမှ ကျန်းလန်လည်း စိတ်သက်သာရာရပြီး သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ထို့နောက် သူ့ခန္ဓာကိုယ်သည်လည်း ကောင်းကင်ထက်မှ ပြုတ်ကျသွားလေတော့သည်။
သူ ကောင်းကင်ထက်မှ ပြုတ်ကျသွားစဉ်တွင် အန္တရယ်တိမ်တိုက်များသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို တွေ့မြင်လိုက်ရသည်။
ကျန်းလန် ကောင်းကင်ထက်မှ ပြုတ်ကျသွားစဉ်မှာပင် သူ၏ခန္ဓာကိုယ်မှ တန်ခိုးစွမ်းအားများ စတင်ပြောင်းလဲသွားသည်ကို သတိထားလိုက်မိသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ တန်ခိုးစွမ်းအားမှန်သမျှသည် အင်မော်တယ်စွမ်းအားများအဖြစ် ပြောင်းလဲသွားလေသည်။
သူ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။
ပျက်သုဉ်းတစပြင်လောကကြီးတွင် လှည့်ပတ်သွားလာနေကြသည့် မရေမတွက်နိုင်သော အင်မော်တယ်များအလယ်တွင် သူသည်လည်း အင်မော်တယ်တစ်ပါး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ထိုစဉ်မှာပင် မိုးကောင်းကင်စမ်းသပ်ခံရခြင်းဖြစ်စဉ်က စွမ်းအားတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ထိုစွမ်းအားက ကျန်းလန်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းဝင်ရောက်လာသည်။
မရှိမှုအာကာသအဆင့်၏ ကန့်သတ်ချက်များအားလုံးကို ကျော်ဖြတ်ပြီး အင်မော်တယ်အဆင့်သို့ တဖြည်းဖြည်းစတင် ဝင်ရောက်လာသည်။
တစ်ချိန်တည်းမှာပင် သူကျင့်ကြံခဲ့သမျှ မန္တန်များ ၊ ကျင့်စဉ်များ ၊ တန်ခိုးစွမ်းအားများအားလုံးမှာ လူသားအင်တော်တယ်အဆင့်သို့ စတင်ကူးပြောင်းနေသည်ကို ကျန်းလန် ခံစားလိုက်မိသည်။
ကျန်းလန် မြေပြင်ထက်သို့ ပြုတ်ကျသွားလေသည်။
သို့သော် ကျန်းလန် ထိခိုက်ဒဏ်ရာမရစေရန်အတွက် ကြီးမားသည့် မြေပြင်ထက်မှ လက်များထွက်ပေါ်လာပြီး ကျန်းလန်ကို ဆီးကြိုရစ်ပတ်ထားလိုက်သည်။
ထို့နောက် ကျန်းလန်တစ်ကိုယ်လုံး မြေမှုံ့များ ရွှံ့နွံများဖြင့် ဖုံးလွှမ်းသွားလေတော့သည်။
ဤသည်က အစီအရင်တစ်ခု ဖြစ်လေ၏။
မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရပြီး ဒဏ်ရာအပြင်းအထန်ရကာ မြေပြင်ထက်ပြုတ်ကျလာလျှင် အန္တရယ်ကင်းစေရန် ကျန်းလန်ကိုယ်တိုင် ပြုလုပ်ထားသည့် အစီအရင်တစ်ခု ဖြစ်သည်။
သူ ဤနေရာမှ ထွက်ခွာသွား၍ မဖြစ်သေးပေ။ ရရှိထားသည့်ဒဏ်ရာများ သက်သာသည်အထိ ဤနေရာမှာပင် ပုန်းအောင်းနေထိုင်ရဦးမည် ဖြစ်လေသည်။
ထို့ပြင် ဤနေရာတွင် ဆက်လက်နေထိုင်ခြင်းဖြင့် မိုးကောင်းကင်စမ်းသပ်ခံရခြင်းမှ ပြောင်းလဲသွားသည့် စွမ်းအားများကိုလည်း ဆက်လက်စုပ်ယူကာ ကျင့်ကြံနိုင်မည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်လေရာ သူ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။
အနာဂတ်အတွက် အစီအစဉ်များကိုလည်း စတင်ရေးဆွဲရပေတော့မည်။
အနက်ရောင်အန္တရယ်တိမ်တိုက်များ ပျောက်ကွယ်သွားပြီးနောက် အနောက်ဘက်တောင်တန်းများသည်လည်း ပုံမှန်အတိုင်းပင် ပြန်လည် ငြိမ်သက်သွားလေသည်။
အချို့သောတောင်ထွတ်များ ကွဲအက်ပျက်စီးသွားသည်မှတစ်ပါး ထူးခြားသည့်ပြောင်းလဲမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ခြင်း မရှိပေ။
…………………
ခွန်လွန်တောင် ၊ ကျောက်စိမ်းရေကန်…
လုန်ယွိက ကျောက်စိမ်းရေကန်နံဘေးတွင် ထိုင်နေလေသည်။
သူမက လက်ထဲတွင် ကိုင်ထားသည့် သစ်သားဓားလေးကို တိတ်ဆိတ်စွာဖြင့် ငေးကြည့်နေမိသည်။
အချိန် (၃)နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။
သစ်သားဓားလေးအတွင်းမှ နဂါးသုတ်သင်ဓားဝိညာဉ်သည်လည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
လုန်ယွိ မတ်တတ်ရပ်လိုက်ပြီး နဝမတောင်ထွတ်သို့သွားရန် ဟန်ပြင်လိုက်သည်။
လွန်ခဲ့သည့် (၃)နှစ်အတွင်း သူမက ရံဖန်ရံခါ နဝမတောင်ထွတ်သို့ သွားရောက်လည်ပတ်လေ့ ရှိသည်။ နဝမတောင်ထွတ်သို့ရောက်တိုင်း သူမက ရေသဖန်းပင်လေးနှင့် ဝိညာဉ်သားရဲဥလေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးလေ့ ရှိသည်။
ထို့ပြင် ပန်းပင်လေးများကိုလည်း သူမ ရေလေင်းပေးလေ့ ရှိလေသည်။
သူမက ပန်းပင်လေးများကို မြေကြီးများတူးဆွပေါင်းသင်ကာ ပြုစုပေးချင်မိသော်လည်း သူမ ထိုသို့ပြုလုပ်လိုက်သည့် ပန်းပင်လေးတစ်ပင် ညှိုးနွမ်းကာ သေဆုံးသွားပြီးနောက် သူမ ပန်းပင်လေးများကို ထပ်မထိရဲတော့ပေ။
တကယ်တော့ သူမက သူမ၏ ဂိုဏ်းတူမောင်လေး ပြန်ရောက်လာမည့်အချိန်ကို စောင့်မျှော်နေခြင်း ဖြစ်သည်။
ယခုတော့ အချိန် (၃)နှစ်ပင် ကုန်ဆုံးခဲ့ပြီ ဖြစ်သည့်တိုင် သူမ၏ ဂိုဏ်းတူမောင်လေးကတော့ ပြန်ရောက်လာခြင်း မရှိသေးပေ။
ကျန်းလန် မည်သည့်အချိန်တွင် ပြန်လာမည်ကို မည်သူမှ မသိရှိကြပေ။
သူမ၏ ဆရာဖြစ်သူလည်း သိရှိခြင်း မရှိသလို နဝမတောင်ထွတ်မှ သူမ၏ ဆရာဦးလေးသည်လည်း သိရှိခြင်း မရှိပေ။
ထိုကိစ္စနှင့်ပတ်သက်ပြီးတောင်သခင်များနှင့် အကြီးအကဲများသည်လည်း စိတ်ညစ်နေကြရသည်ဖြစ်ရာ သူမက သွားရောက်မေးမြန်းရဲခြင်းလည်း မရှိခဲ့ပေ။
"သားရဲဥလေးနဲ့ ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်တွေ သွားလောင်းပေးလိုက်ဦးမယ်…"
အတွေးနှင့်အတူ လုန်ယွိ နဝမတောင်ထွတ်သို့ သွားရောက်ရန် ဟန်ပြင်လိုက်သည်။
ထိုစဉ် တောင်အပြင်ဘက်မှ လင်စီးယာ၏ အသံထွက်ပေါ်လာသည်ကို ကြားလိုက်ရလေ၏။
"ဂိုဏ်းတူအစ်မ… ကျွန်မ အထဲကို ဝင်လာချင်လို့ပါ…"
လုန်ယွိက လက်တစ်ဖက်ဝှေ့ရမ်းလိုက်လေရာ တောင်ထဲသို့ဝင်ရောက်သည့် လမ်းတစ်လမ်း ထွက်ပေါ်လာပြီး လင်စီးယာ ဝင်ရောက်လာသည်ကို တွေ့မြင်လိုက်ရလေသည်။
လင်စီးယာအတွက်ဆိုလျှင် လုန်ယွိက အစဉ်အမြဲ လမ်းဖွင့်ပေးထားသူ ဖြစ်သည်။
"ဂိုဏ်းတူအစ်မ… ဟိုတလောက တောင်သခင်တွေ (၁၀)နှစ်ကြာ သင်ကြားပို့ချပေးတဲ့ သင်ခန်းစာတွေကို မှတ်တမ်းတင်ထားတာလေ… ၊ အဲဒါတွေကို ဂိုဏ်းတူအစ်မ လေ့လာပြီးသွားပြီလားဟင်… ၊ ကျွန်မ နားမလည်တာလေးတွေရှိနေလို့ ဂိုဏ်းတူအစ်မကို မေးချင်တာလေးတွေ ရှိလို့ပါ…"
"…………………"
လင်စီးယာစကားကြောင့် လုန်ယွိ ဆွံ့အသွားရလေတော့၏။