အခန်း (၉၇၆-၉၈၀)
Vol. 40 Ch. 976-980
အပိုင်း (၉၇၆) ကဲလော့၏ ကျဆုံးခန်း
အရိုးဒိုင်းများဖြင့် သူ့ကိုယ်သူ ကာကွယ်ထားသည့်တိုင် ကဲလော့ စိတ်သက်သာရာ မရသေးချေ။
ဟန်ဖေး၏ ပုံရိပ် သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး ကဲလော့အား ရေခဲဓါးဖြင့် ခုတ်ပိုင်းချလိုက်သည်။
ဟန်ဖေး တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် လီရုန်လည်း လှုပ်ရှားလိုက်သည်။
ရှေးဟောင်းနတ်ဆိုးကလန်၏ ခေါင်းဆောင်သည် သူမ၏ ကျောက်စိမ်း လက်သီးလေးများကို အဆက်မပြတ် ဝှေ့ရမ်း၍ ကဲလော့၏ အရိုးဒိုင်းများကို တိုက်ခိုက်လိုက်သည်။ သူမ၏ လက်သီးချက်မှ အံ့အားသင့်ဖွယ်ရာ အဖျက်စွမ်းအင်တို့ ရုတ်တရက် ထွက်ပေါ်လာပြီး ကဲလော့ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာလေသည်။
ကဲလော့ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး သူ့ကိုယ်သူ ခုခံမည်အပြု၊ ကျန်းယွမ်၏ လှံပုဆိန်သည် သူ့ကျောပြင်သို့ ခုတ်ချလာခဲ့သည်။ နှစ်ခုစလုံးအား တစ်ပြိုင်တည်း မခုခံနိုင်သည် ဖြစ်ရာ ကျန်းယွမ်၏ တိုက်ခိုက်မှုကို အလျင်စလို ရှောင်တိမ်း၍ လီရုန်၏ တိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်လိုက်ရသည်။
ဘုန်း...
မြေပြင်တစ်ခုလုံး လှုပ်ခါသွားခဲ့ပြီး နားကွဲမတတ် ကျယ်လောင်လှသော အသံတို့ ပျံ့လွင့်လာခဲ့သည်။ ကဲလော့၏ ပြန်လည်ဖွဲ့စည်းပြီးရုံလေးတင် ရှိသေးသော ခန္ဓာကိုယ်သည် ထိုပြင်းထန်သော တိုက်ခိုက်မှုများကြောင့် စတင် အက်ကွဲစ ပြုလာခဲ့သည်။
ထိုအခိုက် ချူလင်းရှောင်၏ နတ်ဆိုးချုပ်နှောင် ချိန်းကြိုးက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်၍ သူ့လှုပ်ရှားမှုများကို ကန့်သတ်လိုက်သည်။
အခြားပညာရှင်များသည်လည်း ထိုအဖွင့်လမ်းကို အမိအရဖမ်းဆုပ်၍ တစ်ပြိုင်တည်း ပြေးဝင်လာကာ အားပြည့်အင်ပြည့်ဖြင့် ကဲလော့အား ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြသည်။
ကဲလော့သည် ချက်ချင်းပဲ အန္တရာယ်များသည့် အခြေအနေထဲသို့ ရောက်သွားလေသည်။ သူ့အရေပြားထက် အက်ကွဲရာတို့ ထွက်ပေါ်လာပြီး ခဏအကြာတွင် အသားစများ စတင် ပဲ့ကျလာခဲ့သည်။ ခဏအကြာ အသားလွှာတစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့ပြီး အရိုးထီးထီးသာ ကျန်ရစ်တော့သည်။
ခရက်...
သူ့အရိုးသည် ပညာရှင်ဆယ်ယောက်၏ မုန်းတိုင်းသဖွယ် တိုက်ခိုက်မှုများအောက်တယ် စတင် အက်ကွဲလာလေသည်။
ကဲလော့ ပွဲသိမ်းရလေပြီ။
ယခုတစ်ကြိမ် သူတကယ်ကို သေရတော့ပေမည်။
အရိုးမျိုးနွယ်စု၏ တားမြစ်ပညာရပ် ဖြစ်သော သွေးကန်တောအုပ်ကို အသုံးပြု၍ ထုန်းရွှမ်လောကကြီး၏ ထိပ်တန်းအဆင့် ပညာရှင်များကို ရှင်းထုတ်ရန် ကြံရွယ်ခဲ့သော်ငြား နောက်ဆုံး အခိုက်အတန့်အရောက်တွင် ရန်ကိုင်ကြောင့် သူ့အစီအစဉ်တစ်ခုလုံး ပျက်စီးခဲ့ရသည်။ ထို့အပြင် သူ၏ ပင်မစွမ်းအင်ဖြစ်သော အရိုးသည်လည်း ရန်ကိုင်ကြောင့် ပျက်စီးသွားခဲ့ရသေးသည်။ ယခု ကဲလော့သည် သူ၏ တားမြစ်ပညာရပ်ကို မသုံးရဲတော့ရာ ပညာရှင်ဆယ်ယောက်စလုံး၏ ပြိုင်ဘက် မဖြစ်နိုင်တော့ချေ။
သူ့အသုံးပြုလိုက်သော ပညာရပ်အားလုံးသည် ထိုပညာရှင်ဆယ်ယောက်ကို မည်သို့မှ မတွန်းလှန်နိုင်တော့ပေ။
ကဲလော့၏ အစိမ်းရင့်ရောင် မျက်လုံးထဲ ဒေါသ၊ စိတ်ပျက်မှု၊ မလိုလားမှုတို့ ဖြတ်ပြေးသွားသည်။ ကျန်းယွမ် လှံပုဆိန်သည် မျက်လုံးမှတစ်ဆင့် သူ့ခေါင်းကို ထိုးဖောက်သွားခဲ့သည်။ ကဲလော့၏ လှုပ်ရှားမှုတို့ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ထို့နောက် ခဏအကြာ သူ့တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားခဲ့လေသည်။ ကဲလော့ တစ်ကိုယ်လုံး မပေါက်ကွဲသွားခင် သူ့ခေါင်းဆီမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး အလင်းဘောလုံး တစ်ခုအဖြစ်သို့ ကျုံ့ဝင်လျက် အလျင်အမြန် ထွက်ပြေးသွားလေသည်။
“သူ့ဝိဥာဉ်ထွက်ပြေးသွားပြီ” မန်ဝူရက အော်ပြောလိုက်သည်။
သူ့ခန္ဓာကိုယ် ပျက်စီးသွားပြီ ဖြစ်လေရာ ကဲလော့၏ ဝိဥာဉ်သည် အားလုံးလက်မှ အသည်းအသန် ထွက်ပြေးတော့လေသည်။
မည်မျှပင် အားကောင်းသူ ဖြစ်ပါစေ၊ နာမ်ဝိဥာည် သက်သက်ဖြင့် ဤလောကကြီးတွင် အချိန်အကြာကြီး မတည်ရှိနိုင်ချေ။ ဝိဥာည်များကို သိုလှောင်ရန် အထူး ဖန်တီးထားသော မှော်ရတနာထဲတွင် နေမှသာ အချိန်အကြာကြီး နေနိုင်ပေသည်။ မဟုတ်လျှင် သင့်တော်သော ခန္ဓာတစ်ကိုယ်တစ်ခုကို အပိုင်စီးပြီး နေမှသာ ဆက်လက် အသက်ရှင်နိုင်ပေမည်။
နတ်ဆိုးအိုကြီးသည် အကောင်ဆုံး နမူနာပင်။
ကဲလော့ကိုသာ ထွက်ပြေးခွင့်ပေးလိုက်ပါက သူတို့ အရိုးမျိုးနွယ်စု တစ်ဖန်ပြန်လည်း ထွက်ပေါ်လာနိုင်ပေသည်။
ပညာရှင်ဆယ်ယောက်သည် ကဲလော့အား ဘာကြောင့် ထိုကဲ့သို့ အခွင့်အရေးမျိုး ပေးနိုင်မည်နည်း။ အကုန်လုံးသည် ကဲလော့ ထိုကဲ့သို့ လုပ်မည်ကို သတိထား စောင့်ကြည့်နေခြင်း ဖြစ်ပေသည်။
မန်ဝူရအသံ ပျောက်ကွယ်သွားသည်နှင့် ပညာရှင် ဆယ်ယောက်၏ ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုသည် ကဲလော့ပေါ်သို့ ကျရောက်သွားခဲ့သည်။
ခဏအကြာ ကဲလော့၏ စူးစူးဝါးဝါး အော်ဟစ်သံတို့ ထွက်ပေါ်လာပြီး သူ၏ နာမ်ဝိဥာဉ်သည်လည်း ထွက်ပြေးနေရာမှ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ကဲလော့ အလွန်တရာကိုမှ ဒေါသထွက်သွားခဲ့ပြီး သူ့ဆီမှ အန္တရာယ်များလှသည့် အရှိန်အဝါတို့ ဖြာထွက်လာခဲ့သည်။
ကဲလော့၏ ပုံမှန်မဟုတ်သည့် အပြုအမူကို သတိပြုမိသည်နှင့် ပညာရှင်ဆယ်ယောက်စလုံး မဆင်မခြင် မလှုပ်ရှားရဲတော့ပေ။ ကဲလော့အား ဆက်လက် မတိုက်ခိုက်ကြတော့ဘဲ သူတို့၏ စိတ်စွမ်းအင်ကို သုံး၍ ကဲလော့ ထွက်မပြေးနိုင်အောင်သာ ကာကွယ်ထားလိုက်ကြသည်။
ဝိဥာဉ်များကြားမှ တိုက်ပွဲသည် အလွန်တရာကိုမှ အန္တရာယ်များလှသည်။ တစ်ချက်ကလေး မှားသွားရုံနှင့် နာမ်ဝိဥာဉ် ဒဏ်ရာရသွားနိုင်ပေသည်။ ထိုကဲ့သို့ ဝိဥာဉ် ဒဏ်ရာရသွားမည့် အဖြစ်မျိုး မည်သူမှ အဖြစ်မခံနိုင်ကြ။
ကဲလော့သည် နောက်ဆုံး သွေးရူးသွေးတန်းဖြင့် သူနှင့်အတူ တစ်ယောက်ယောက်အား အပါဆွဲခေါ်သွားမည်ကို ပညာရှင်ဆယ်ယောက်စလုံး လန့်နေကြသည်။
ခွေးပင် ချောင်ပိတ်ရိုက်ခံရလျှင် ပြန်ကိုက်မည် ဖြစ်လေရာ ကဲလော့အနေဖြင့် မည်ကဲ့သို့ ငြိမ်ခံနေမည်နည်း။ သူ့ဝိဥာဉ်ကိုသာ ဤနေရာတွင် ဖောက်ခွဲလိုက်ပါက မည်သူမှ သက်သာလိမ့်မည် မဟုတ်ချေ။
“ငါ့ကို တွန်းအားလာမပေးနဲ့။ မဟုတ်ရင် မင်းတို့ကိုပါ အပါဆွဲခေါ်သွားမှာ” ကဲလော့က သွေးရူးသွေးတန်းဖြင့် အော်ဟစ်လိုက်သည်။ သူ့ဆီမှာ ဖြာထွက်နေသာ အန္တရာယ်များသည့် အရှိန်အဝါမှာလည်း ပိုပို၍ ပြင်းထန်လာနေခဲ့သည်။ သူ့ဝိဥာဉ်ကို ဖောက်ခွဲတော့မည့်ပုံပင်။
ပညာရှင်ဆယ်ယောက်စလုံး မျက်မှောင်ကြုံ့လိုက်ကြ၏။ သူတို့အနေဖြင့် မတိုးသာ မဆုတ်သာ ဖြစ်နေရလေပြီ။
“ကဲလော့” ရန်ကိုင်၏ အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
အော်ခေါ်သံကြားသဖြင့် ကဲလော့သည် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လိုက်မိသည်။ ထိုသို့ လှည့်ကြည့်မိပြီးကာမှ လှည့်မကြည့်လိုက်သင့်မှန်း ကဲလော့ နားလည်သွားခဲ့သည်။ သူလှည့်ကြည့်လိုက်သည့်အခိုက် မြင်လိုက်ရသည်ကား သူ့အား စောင့်ကြိုနေသော ရွှေရောင်မျက်လုံးတစ်လုံးပင်။ ထိုရွှေရောင်မျက်လုံးဆီမှ အားကောင်းသော စုပ်ယူအားတို့ ထွက်ပေါ်လာပြီး သူ့နာမ်ခန္ဓာကို လာရောက် ရစ်ပတ်ကြလေသည်။
ကဲလော့ မည်မျှပင် ခုခံရန် ကြိုးစားပါစေ၊ ရွှေရောင်မျက်လုံး၏ စုပ်ယူအားအောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။
ရွှစ်...
မျက်တောင်တစ်ခတ် အတွင်းတွင် သူတို့ ဖြေရှင်းရ ခက်နေသော ကဲလော့၏ ဝိဥာဉ်သည် ရန်ကိုင်၏ ဘယ်ဘက် မျက်လုံးထဲသို့ စုပ်ယူခံလိုက်ရလေသည်။ တစ်ချိန်းတည်၌ ကဲလော့၏ စူးစူးဝါးဝါး အော်ဟစ်သံကိုလည်း ကြားလိုက်ကြရသည်။
အကုန်လုံး မှင်သက်နေကြလေပြီ။
အကုန်လုံး ဘာမှ မမေးရသေးခင်တွင်ပင် ရန်ကိုင်က မျက်လုံးပိတ်ကာ တင်ပလင်ခွေ ထိုင်လိုက်သည်။
သူ့အသိစိတ်ပင်လယ်ထဲ ရန်ကိုင်၏ နာမ်ဝိဥာဉ် ထွက်ပေါ်လာပြီး ကြောက်လန့်တုန်လှုပ်နေသော ကဲလော့၏ နာမ်ဝိဥာဉ်ကို ငုံ့ကြည့်လိုက်သည်။ ပတ်ပတ်လည် လောကကြီးတစ်ခုလုံး အလွန်ကိုမှ ပူလောင်းလှသည်ကို သတိပြုမိလိုက်သော် ကဲလော့ အလန့်တကြား ထအော်လေသည် “အသွင်ပြောင်း အသိစိတ်ပင်လယ်လား။ မင်းမှာ အသွင်ပြောင်းအသိစိတ်ပင်လယ် တကယ်ကြီး ရှိနေတာပဲ”
ဤနေရာတစ်ခုလုံး လောင်ကျွမ်းနေသော မီးတောက်တို့ဖြင့် ပြည့်နေခဲ့သည်။
ကြယ်စီရင်စုထဲတွင်ပင် ထိုကဲ့သို့သော အသွင်ပြောင်း အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားသည့်လူ အနည်းငယ်သာ ရှိပေသည်။ ဤကဲ့သို့သော ချောင်ကျသည့် နေရာတွင် အသွင်ပြောင်းအသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားသည့် လူတစ်ယောက် ရှိနေလိမ့်မည်ဟု ကဲလော့ မထင်ထားခဲ့ချေ။
“အခု ဒီနေရာမှပဲ ခင်ဗျားဝိဥာဉ်ကို သုတ်သင်ပစ်မယ်” ရန်ကိုင်သည် အပိုစကားများ ပြောမနေခဲ့ချေ။ အသိစိတ် ပင်လယ်တွင်းရှိ စွမ်းအင်များကို စုစည်းလျက် ကဲလော့၏ နာမ်ဝိဥာဉ်ကို စတင် လောင်ကျွမ်းပစ်တော့သည်။
တစ်ချိန်တည်းတွင် သူ့အသိစိတ်ပင်လယ်ထဲ ရွှေရောင်မျက်လုံး ပြန်ပေါ်လာပြီး ကဲလော့၏ နာမ်ဝိဥာဉ်ဆီ ရွှေရောင်အလင်းတန်းတစ်စင်း ပစ်လွှတ်လိုက်သည်။
ကဲလော့သည် စူးစူးဝါးဝါး အော်ဟစ်ရင်း အသည်းအသန် ရုန်းကန်ရန် ကြိုးစားလိုက်သော်ငြား နည်းနည်းမျှပင် မခုခံနိုင်ခဲ့ချေ။ တေဇောဓါတ်အသိစိတ်ပင်လယ်၏ မီးတောက်များနှင့် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏ ရွှေရောင်အလင်းတန်းကြောင့်၏ ကဲလော့၏ အသိစိတ်မှာ အချိန်တစ်ခဏအတွင်း သုတ်သင်ခြင်း ခံလိုက်ရပြီး သူ့နာမ်ဝိဥာဉ် ရှိနေသော နေရာတွင် စိတ်စွမ်းအင် အပုံလိုက်ကြီးသာ ကျန်ရစ်တော့သည်။
ရန်ကိုင်က ထိုစိတ်စွမ်းအင်များကို သူ့ဆီသို့ ဆွဲယူလိုက်သည်။ ထိုစိတ်စွမ်းအင်များ မည်မျှ အားကောင်းသည်ကို ခံစားမိသော် သူ့အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရလေသည်။
သူတော်စင်ဘုရင်အဆင့်သို့ ချိုးဖျက်လုနီးနီး ဖြစ်နေသော ပညာရှင်တစ်ယောက်အဖြစ် တကယ်ကို ထိုက်တန်ပေသည်။ သူ၏ စိတ်စွမ်းအင်များသည် ရန်ကိုင် စုပ်ယူခဲ့သော အခြားပညာရှင်များ၏ စိတ်စွမ်းအင်ထက် အများကြီး ပို၍ အားကောင်းပေသည်။
ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲတွင် သန့်စင်သော စိတ်စွမ်းအင် များစွာရှိနေခဲ့သည်။
ယခငတိုက်ပွဲအတွင်း ရန်ကိုင်သည် သေဆုံးသွားသော ကျင့်ကြံသူများ၏ နာမ်ဝိဥာဉ်များကို မတော်တဆ စုပ်ယူမိခဲ့သည်။
သူ့နားတွင် တစ်ယောက်ယောက် သေသွားသည်နှင့် ရန်ကိုင် ဆန္ဒရှိရှိ မရှိရှိ၊ ထိုသေသွားသူ၏ နာမ်ဝိဥာည်သည် သူ့အသိစိတ် ပင်လယ်ထဲသို့ အလိုလို စုပ်ယူခံလိုက်ရသည်။
သို့သော်လည်း ထိုကဲ့သို့ စုပ်ယူလိုက်သဖြင့် ရန်ကိုင်သည် မယုံကြည်နိုင်ဖွယ်ရာ အကျိုးအမြတ်များစွာကို ရရှိခဲ့ရသည်။
ရန်ကိုင်သည် သူ့အသိစိတ်ပင်လယ်ထဲမှ ပြန်ထွက်ရန် အလျင်မလိုသေးချေ။ မည်သို့ပင်ဖြစ်စေ အရိုးမျိုးနွယ်စု၏ ပြဿနာကို ရှင်းလင်းပြီးသွားခဲ့ပြီ မဟုတ်ပေလော။ ကျန်ရှိသေးသည်ဆို၍ တိုက်ပွဲကွင်းပြင်ကို ရှင်းလင်ကာ အကျအဆုံးများကို တွက်ချက်ရန်သာ ရှိတော့သည်။
ရန်ကိုင်သည် မရေမတွက်နိုင်သော ထိုစွမ်းအင်များကို စတင် စုပ်ယူတော့သည်။
ထိုစွမ်းအင်အများစုသည် သူတော်စင်အဆင့် ပညာရှင်များမှဖြစ်ပြီး သူတော်စင်များမှလာသော စိတ်စွမ်းအင်များမှာလည်း မနည်းပါချေ။
ထိုစွမ်းအင်ထုတစ်ခုချင်းစီတိုင်းထဲတွင် ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် သူတို့၏ နားလည်သဘောပေါက်မှုများ ပါဝင်နေခဲ့သည်။
ရန်ကိုင်သည် သူ့အတွက် အသုံးဝင်လောက်မည့် အရာများကိုသာ စုပ်ယူခဲ့ပြီး အခြားအရာများကို သူ့ကိုယ်ပိုင် ခွန်အားအဖြစ် ပြောင်းလဲပစ်လိုက်သည်။
တဖြည်းဖြည်းနှင့် နက်နဲသိမ်မွေ့သော တံခါးတစ်ချပ် သူ့ရှေ့ ပေါ်လာခဲ့သည်။ ထိုတံခါးကို ဖွင့်လိုက်ရာ ပို၍ ကျယ်ပြောသော လောကကြီးတစ်ခုကို ရန်ကိုင် တစ်ချက် လှမ်းမြင်လိုက်ရ၏။
သူ့အသိစိတ်ပင်လယ်တစ်ခုလုံး စတင် မငြိမ်မသက် ဖြစ်လာပြီး သူ့စိတ်ရောကိုယ်ပါ တုန်ခါသွားခဲ့ရသည်။ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းတို့သည်လည်း သူ့ခန္ဓာကိုယ်မှ ရုတ်ချည်းဆိုသလို ပေါက်ကွဲထွက်လာလေသည်။
အပြင်ဘက်၌... တင်ပလင်ခွေထိုင်ကာ ပြန်လည် အားဖြည့်နေကြသော ပညာရှင်များသည် ရန်ကိုင်၏ ပြောင်းလဲမှုကို အာရုံခံမိသော် အထိတ်တလန့်ဖြင့် သူတို့၏ မျက်လုံးများကို ဖွင့်ကြည့်လိုက်ကြသည်။
ခဏအကြာတွင် လီရုန်၏ ခန္ဓာကိုယ်လေး တုန်ရင်သွားခဲ့ပြီး အလန့်တကြား ဆိုလိုက်လေသည် “သခင် အဆင့်ချိုးဖျက်တော့မယ်”
မန်ဝူရသည်လည်း အလွန်တရာကိုမှ အံ့ဩနေသော အမူအရာဖြင့် “မြန်လိုက်တာ”
ယခင်က မန်ဝူရသည် လီရုန်အား ရန်ကိုင် အစစ်အမှန်ချီ သန့်စင်ခြင်း စတင်ခဲ့သည်မှာ မည်မျှ ကြာပြီသလဲဟု မေးခဲ့သည်။ ထိုစဉ်က လီရုန် ပြန်ဖြေခဲ့သည်မှာ တစ်နှစ်သာ ရှိသေးသည်ဟုပင်။
လီရုန် ပြောခဲ့သည်များနှင့် ချင့်တွက်ကြည့်ပြီးနောက် ရန်ကိုင်၏ အလွန်ကိုမှ ထူးချွန်သော ပါရမီအရ ရန်ကိုင်သည် အစစ်အမှန်ချီသန့်စင်ခြင်းကို ပြီးမြောက်ပြီး သူတော်စင် အဆင့်၏ နက်နဲသော သဘောတရာများကို နားလည် ဆင်ခြင်နိုင်ရန် နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက် ကြာမည်ဟု မန်ဝူရ တွက်ချက်ခဲ့သည်။
ထိုအချိန်သို့ ရောက်လာသည့်အခါ ရန်ကိုင် အနေဖြင့် နောက်တစ်ဆင့်သို့ ချိုးဖျက်နိုင်မည်၊ မချိုးဖျက်နိုင်မည်မှာ သူ့ကံတရားပေါ်တွင်သာ မူတည်နေပေသည်။
ထိုအချိန်မှစ၍ ရေတွက်ကြည့်လိုက်ပါက တစ်နှစ်သာ ရှိပေသေးသည်။ သို့သော်လည်း ရန်ကိုင်သည် နောက်တစ်ဆင့်သို့ ချိုးဖျက်နေလေပြီ။
မကြာမီတွင် ရန်ကိုင်သည် သူတော်စင်တစ်ယောက် ဖြစ်လာပေတော့မည်။
မန်ဝူရအနေဖြင့် သူ့မျက်စိသူ မယုံနိုင်အောင် ဖြစ်နေခဲ့သည်။ မွန်းစတားတစ်ကောင်ကို မြင်နေရသည့်အလား ရန်ကိုင်ကိုသာ ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေမိသည်။ အသံတစ်ချက်ပင် မထွက်နိုင်တော့။
သူ့ကိုယ်သူ ပါရမီရှင်ဟု ထင်နေခဲ့သော်လည်း ရန်ကိုင်နှင့် ယှဉ်လိုက်မည်ဆိုပါက ဘာဆိုဘာမှ မဟုတ်သေးမှန်း ယခုမှပဲ မန်ဝူရ နားလည်သွားခဲ့သည်။
“ကြည့်ရတာ သူတကယ် အဆင့်ချိုးဖျက်တော့မယ့်ပုံပဲ” ချူလင်းရှောင်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဆက်ပြောလိုက်သည် “အရင်တိုက်ပွဲတုန်းက အကျိုးအမြတ် အများကြီး ရသွားတယ်နဲ့တူတယ်။ သူအနှောင်အယှတ် မဖြစ်ရအောင် ဒီနေရာက ဆုတ်နေကြတာပေါ့”
ပြောပြီးသည်နှင့် သူတို့နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ပြီး အရင်ဆုံး ရန်ကိုင်ဆီမှ ဆုတ်သွားလိုက်သည်။
နတ်ဆိုးမျိုးနွယ်စုနှင့် မွန်းစတားမျိုးနွယ်စုမှ ပညာရှင်များသည်လည်း ဆုတ်သွားလိုက်ကြသည်။ အကုန်လုံး ဆုတ်သွားပြီမှ လီရုန်နှင့် ဟန်ဖေးတို့ ရန်ကိုင်ဆီမှ ခွာလိုက်ကြလေသည်။
မွန်းစတားမျိုးနွယ်စုနှင့် နတ်ဆိုးမျိုးနွယ်စုကို ရန်ကိုင်နားတွင် ချန်ထားရလောက်သည်အထိ သူမတို့ မတုံးအသေးချေ။ အကုန်လုံးသည် တက်ညီ၊ လက်ညီဖြင့် အရိုးမျိုးနွယ်စုကို တိုက်ထုတ်ခဲ့သော်ငြား ယခု အကုန်လုံး၏ ဘုံရန်သူ ပျောက်ကွယ်သွားခဲ့လေပြီ။ သူတို့အနေဖြင့် ဤအခိုက်အတန့်ကို အခွင်ကောင်းယူ၍ ရန်ကိုင်အား သတ်ဖြတ်ရန် မကြိုးစားပါဘူးဟု မည်သူမှ အာမမခံနိုင်ချေ။
ထို့ကြောင့် လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး သတိကြီးကြီးထားရပေမည်။
ခဏအကြာတွင် အဘက်ဘက်ဆီမှ မျိုးနွယ်စုသုံးခု၏ ပညာရှင်များ ပြန်ရောက်လာခဲ့သည်။ သူတို့သည် လက်ကျန် အရိုးမျိုးနွယ်စုဝင်များကို နောင်ရေး အေးစေရန်အတွက် လိုက်လံသတ်ဖြတ်နေကြခြင်း ဖြစ်သည်။
နေ့ဝစ်ကြာပြီးနောက် အသက်ရှင်ကျန်ရစ်သူအားလုံး ပြန်ရောက်လာခဲ့ပြီး မျိုးနွယ်စုသုံးခုသည် အသေအဆုံးများကို စတင် တွက်ချက်တော့လေသည်။
တွက်ချက်ပြီးသည့်အခါ အကုန်လုံး စိတ်နှလုံး လေးလံသွားကြရသည်။ မျိုးနွယ်စုသုံးခုမှ အယောက် တစ်ထောင်ကျော် ထွက်လာသည့်အနက် ငါးရောက်လောက်သာ ကျန်ရစ်တော့သည်။
ထုန်းရွှမ်လောကကြီး၏ ထိပ်တန်းအဆင့် ပညာရှင် တစ်ဝက်နီးပါး ဤတိုက်ပွဲတွင် ကျဆုံးသွားခဲ့ရသည်။
တိုက်ပွဲကြောင့် နောင်ရေးအေးသွားရသော်ငြား မျိုးနွယ်စုသုံးခု၏ ခွန်အားလည်း သိသိသာသာ ကျဆင်းသွားရသည်။ နတ်ဆိုးမျိုးနွယ်စုသည် အထိခိုက်၊ အနစ်နာဆုံး ဖြစ်ပေသည်။ ကဲလော့နှင့် တိုက်ပွဲတွင် နတ်ဆိုးဗိုလ်ချုပ်နှစ်ယောက် ကျဆုံးသွားခဲ့ရသည်။
ထိုကဲ့သို့ ထိခိုက်နစ်နာမှုမျိုးကို ကျန်းယွမ်ပင်လျှင် အသည်းမနာဘဲ မနေနိုင်ချေ။
ဝမ်းနည်ဖွယ်ရာအကောင်းဆုံးသည်ကား သေသွားသူ အားလုံး အလောင်းအားလုံး၊ အလောင်းတစ်ခုတစ်လေမျှပင် အကောင်းအတိုင်း မရှိတော့ခြင်းပင်။ အလောင်းအားလုံး၌ အသားများမရှိတော့ဘဲ အရိုးများသာ ကျန်ရစ်တော့သည်။ မည်သည့်အရိုးသည် မည်သူမှန်း ဘယ်သူမှ မခွဲတတ်တော့။
မျိုးနွယ်စုသုံးခုသည် သေဆုံးသွားသော အရိုးအားလုံးကို စုစည်း၍ ရေဝိဥာဉ်ကျောင်းတော်၏ ပင်မကျွန်းပေါ်တွင် မြုပ်ပေးလိုက်ကြသည်။
တစ်ရက်ကြာပြီးနောက် ကောင်းကင်တစ်ခုလုံး တိမ်ဖုံးလာခဲ့ပြီး ကြောက်မက်ဖွယ်ဖိအားတို့ အထက် ကောင်းကင်ယံထက် စုဝေးလာခဲ့သည်။
“ရန်ကိုင် အဆင့်ချိုးဖျက်တော့မယ်” ကျွန်းပေါ်တွင် ရှိနေသော မန်ဝူရက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
“တစ်ချက်သွားကြရအောင်” ပြောပြီးနောက် ချူလင်းရှောင်သည် မွန်းစတား၊ နတ်ဆိုးမျိုးနွယ်စုမျ ပညာရှင်များနှင့်အတူ ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။
ထိုသတင်းကြားလိုက်ရချိန် လူသားမျိုးနွယ်စုမှ ပညာရှင်များသည်လည်း သိချင်စိတ်အပြည့်ဖြင့် အပြေးအလွှား သွားကြည့်ကြသည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၇၇) သူတော်စင်အဆင့်
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ရန်ကိုင်ဆိုသော နာမည်ကို မည်သူမှ မကြားဖူးခဲ့ကြ။ သို့သော် ဆယ်နှစ်ခန့် အကြာတွင် သူသည် ထုန်းရွှမ်လောကကြီးတစ်ခွင် လျှမ်းလျှမ်းတောက် ကျော်ကြားနေခဲ့လေပြီ။
သူသည် အသက်(၃၀)တွင် သူတော်စင်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့သည်။ ထိုအမြန်နှုန်းကြောင့် သူသည် လောကကြီးတစ်ခုလုံး၏ အာရုံစိုက်ရာ ဖြစ်လာ၏။
ထို့အပြင် ရန်ကိုင်၏ အဆင့်အတန်းသည် နိမ့်ကျခြင်း မရှိချေ။ အရိုးမျိုးနွယ်စုကို တွန်းလှန်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအတွင်း သူသည် အားလုံးကို အမိန့်ပေးရသည့် ဗိုလ်ချုပ်ကြီး တာဝန်ကို ယူခဲ့သည်။
မည်သူမှ သူ့အား အထင်မသေးရဲချေ။
ယနေ့မှစ၍ ရန်ကိုင်နာမည်သည် တောကြိုအုံကြားမကျန် ပျံ့နှံ့သွားပြီး အများပြောစရာ ခေါင်းစဉ်တစ်ခု ဖြစ်လာလိမ့်မည်ဟု အကုန်လုံး ယုံကြည်နေကြသည်။
သူ့အနာဂတ်ခရီးလမ်းသည် အားလုံးထက် ပိုမို တောက်ပမည်မှာ အသေအချာပင်။
လူသား၊ နတ်ဆိုးနှင့် မွန်းစတားမျိုးနွယ်စုဝင်များ ရောက်ရှိလာချိန် လီရုန်နှင့် ဟန်ဖေးတို့သည် ရှေးဟောင်း နတ်ဆိုးကလန်သားများကို ဦးဆောင်၍ ရန်ကိုင်၏ ဘေးပတ်ပတ်လည် (၅)မိုင် အကွာအဝေးကို အခြားသူများများ မလာဆယ်နိုင်အောင် ပိတ်ကာထားလိုက်ကြသည်။ (၅)မိုင်ထက်ကျော်ပြီး မည်သူ့မှ ရန်ကိုင်၏ အနီးသို့ ကပ်ခွင့်မပေးချေ။
အကုန်လုံးသည် ခမ်းလှမ်းလှမ်းမှသာ ကြည့်နိုင်ကြသည်။
ရန်ကိုင်၏ လက်ရှိအခြေအနေကို မြင်ပြီးည့်နောက် အကုန်လုံး၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။
အဖျက်စွမ်းအား ပြင်းထန်သော မိုးမြေစွမ်းအင်များသည် ရန်ကိုင်ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ရိုက်ချနေသည်။
သူ့ခန္ဓာကိုယ် အထက်ပိုင်းရှိ အဝတ်အစားများသည် တစ်စစီ ပျက်စီးသွားခဲ့လေပြီ။ ရန်ကိုင်သည် အစစ်အမှန်ချီကို မလှည့်ပတ်ဘဲ တင်ပလင်ခွေထိုင်၍ သူ့ခန္ဓာကိုယ် သက်သက်ဖြင့်သာ မိုးမြေစွမ်းအင်များကို ခုခံနေခဲ့သည်။ ရန်ကိုင်သည် ရလာသမျှ မိုးမြေစွမ်းအင်များကို အလေအလွင့် မရှိစေရအောင် အကုန်အစင် စုပ်ယူပစ်ခဲ့သည်။
ကြည့်နေသူအားလုံး သူ့ခန္ဓာကိုယ် ပိုပို၍ အားကောင်းလာသည်ကို ခံစားမိနေခဲ့သည်။ ရန်ကိုင်၏ ခန္ဓာကိုယ်သည် ခုခံအား အကောင်းဆုံးသော ကာကွယ်ရေး မှော်ရတနာများနှင့်ပင် နှိုင်းယှဉ်နိုင်နေလေပြီ။
မျိုးနွယ်စုသုံးခုမှ ပညာရှင်များသည် ထိုမြင်ကွင်းကို ကြည့်ရင်း မှင်သက်နေခဲ့ကြသည်။
“အစ်ကိုမန်၊ ခင်ဗျား သူတော်စင်အဆင့်ကို ချိုးဖျက်တုန်းက...” ချူလင်းရှောင်က တိုးတိုးလေး မေးလိုက်သည် “မိုးမြေစွမ်းအင် ဘယ်လောက်လောက်ကို စုပ်ယူနိုင်ခဲ့လဲ”
“တစ်ဝက်” မန်ဝူရက အသုံးတိုးတိုးဖြင့် ပြန်ပြောလိုက်သည် “အဲ့ထက်ပိုပြီး မစုပ်ယူနိုင်ခဲ့ဘူး”
“ကျုပ်ကတော့ အစ်ကိုမန်ထက် နည်းနည်းနိမ့်တယ်” ချူလင်းရှောင်က သက်ပြင်း အသာအယာ ချလိုက်သည်။ သူတို့ သူတော်စင်အဆင့်သို့ ချိုးဖျက်စဉ်က စွမ်းဆောင်နိုင်စွမ်းနှင့် ရန်ကိုင်၏ စွမ်းဆောင်မှုကို နှိုင်းယှဉ်ကြည့်လိုက်စရာ သက်ပြင်းသာ ချမိလိုက်ရသည့် အဖြစ်သို့ ရောက်ခဲ့ရသည်။
ကျန်းယွမ်၏ မျက်နှာ အမူအရာမှာလည်း အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။ ရန်ကိုင်နှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားရမည်ဟုလည်း စိတ်ထဲ ကြိတ်ကာ တွေးနေလိုက်သည်။
ယခုတစ်ကြိမ် တိုက်ပွဲတွင် နတ်ဆိုးဗိုလ်ချုပ်နှစ်ယောက် ဆုံးရှုံးလိုက်ရသဖြင့် သူ့နတ်ဆိုးမျိုးနွယ်စု၏ ခွဣ်အားသည် သိသိသာသာကို လျော့ကျသွားခဲ့၇သည်။ သူသာ လက်ရှိ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်နိုင်ခြင်း မရှိပါက နတ်ဆိုး မျိုးနွယ်စု၏ အနာဂတ်သည် မရေရာ၊ မသေချာ ဖြစ်လာပေလိမ့်မည်။
ထိုလူငယ်လေးသည် အလားအလာသည် မည်သည့် အင်အားစု၊ မျိုးနွယ်စုတွင် ရှိသော ဂျီးနီးယပ်များထက်မဆို ပိုမိုသာလွန်ပေသည်။
အတိတ်တွင် လီရုန်နှင့် ဟန်ဖေးကဲ့သို့သော ထိပ်တန်းအဆင့် ပညာရှင်များသည် ရန်ကိုင်အပေါ် ဘာကြောင့် ထိုမျှ သစ္စာစောင့်သိကြမှန်း ကျန်းယွမ် နားမလည်နိုင်ခဲ့။ ထိုစဉ်က ရန်ကိုင်သည် မသေမျိုးအဆင့်သာ ရှိသေးသည်။ သူနှင့်မဟာနတ်ဆိုးနတ်ဘုရား ကြားမှ ဆက်ဆံးကြောင့် ဆိုလျှင်ပင် ထိုကဲ့သို့ မဖြစ်သင့်ချေ။
သူတို့၏ ခွန်အားဖြင့် ဆိုပါက ကိုယ်ပိုင်အင်အားစု တစ်ခုပင် ထောင်၍ရပေသည်။ ဤလောကကြီးရှိ မည်သည့် အင်အားစုကမှ သူမတို့အား အနိုင်ကျင့်နိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း လီရုန်နှင့် ဟန်ဖေးတို့သည် သူ့ထက် ပိုမြင်တတ်သည်ကို ယခုမှပဲ ကျန်းယွမ် နားလည်သွားခဲ့သည်။
အကြောင်းမှာ ထိုလူငယ်လေးသည် ရှေးဟောင်း နတ်ဆိုးကလန်အား ပိုမို တောက်ပသော အနာဂတ်ကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်ပေသည်။
အကုန်လုံး အံ့ဩလို့ မပြီးသေးခင်မှာပဲ ရန်ကိုင်၏ နောက်ထပ် အပြုအမူကြောင့် အကုန်လုံး ထပ်မံ အံ့အားသင့်သွားရပြန်သည်။
ကောင်းကင်၏ ပြင်းထန်သော ဖိအားအောက်တွင် ရန်ကိုင်သည် တင်ပလင်ခွေထိုင်နေရာမှ ထရပ်လိုက်သည်။ ထို့နောက် အေးစက်စက် အမူအရာဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ပြီး မိုးမြေစွမ်းအင်များ စုဝေးရာ ဗဟိုချက် နေရာသို့ ပျံတက်သွားလေသည်။
မျက်တောင်တစ်ခတ်အတွင်း သူ့ပုံရိပ်သည် အနက်ရောင် တိမ်တိုက်များကြား ပျောက်ကွယ်သွားခဲ့လေသည်။
“ဒါက...” အကုန်လုံးသည် ထိုမြင်ကွင်းကို ကြည့်ရင်း ပါးစပ်အဟောင်းသားဖြင့် မှင်သက်နေခဲ့ကြသည်။
မိုးမြေစွမ်းအင်ကို ခုခံနေရုံ သက်သက်ပင်လျှင် အတော့်ကိုမှ ခဲယဉ်းနေလေပြီ။ သို့သော် မိုးမြေစွမ်းအင် မုန်တိုင်း အတွင်းပိုင်းထဲသို့သာ ချိုးဖျက်ဝင်သွားမည် ဆိုပါက ခံစားနေရသည့် ဖိအားသည် သိသိသာသာကို မြင့်တက်လာပေလိမ့်မည်။
မသိတစ်ချက် မဲ့သွားသည်နှင့် ဆိုးဆိုးရွားရွား သေသွားနိုင်ပေသည်။
အကုန်လုံးသည် ထိုမြင်ကွင်းကို ရင်တမမ၊ စိုးရိမ်တကြီးဖြင့် ကြည့်နေခဲ့ကြသည်။ သို့သော် ခဏအကြာ၌ ကောင်းကင်ထက် ထူးဆန်းသည့် ဖြစ်စဉ်တစ်ရပ် ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
ရပ်တန့်မရနိုင်ဟု ထင်ရသော စွမ်းအင်မုန်းတိုင်းသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ထို့နောက် မည်သူမှ မချဉ်းကပ်ရဲသော စွမ်းအင်မုန်တကြီးသည် အမှန်တကယ်ကို ပြောင်းပြန် ပြန်လည်ပတ်လာခဲ့လေသည်။
လှည့်ပတ်သည့်နှုန်းသည် ပိုမို မြန်ဆန်လာပြီး ထုတ်လွှတ်နေသည့် အဖျက်စွမ်းအားမှာလည်း အလျင်အမြန် လျော့ပါးသွားခဲ့သည်။ သို့မဟုတ် စုပ်ယူခံလိုက်ရသည်ဟုသာ ဆိုရလေမလား။
လက်ဖက်ရည်တစ်ဆူစာ ကြာချိန် ကုန်ဆုံးသွားပြီးနောက်၊ မိုးမြေစွမ်းအင်မုန်တိုင်း ရုတ်တရက် ပျောက်ကွယ်သွားသပြီး ရန်ကိုင်ပုံရိပ် ပြန်လည် ထွက်ပေါ်လာခဲ့သည်။
“ဒီကောင်လေးကတော့...” မန်ဝူက ကူကယ်ရာမဲ့စွာ ရယ်မောလိုက်သည် “အရမ်း အလျင်လိုလွန်းတယ်”
“မိုးမြေစွမ်းအင် မုန်းတိုင် အလယ်ဗဟိုဆီ သွားရဲတဲ့ လူတစ်ယောက် ရှိနေလိမ့်မယ်လို့ ငါတကယ်ကို မထင်ထားဘူး။ တော်ဝင်သခင်ရန်က တကယ်ကို အံ့အားသင့်စရာကောင်းတဲ့ လူတစ်ယောက်ပဲ”
“ဂုဏ်ယူပါတယ် အစ်ကိုချူရေ၊ ကောင်းကင်ဂိုဏ်းတော် ကတော့ တကယ်ကို အံ့အားသင့်စရာကောင်းတဲ့ ပါရမီရှင် တစ်ယောက်ကို မွေးထုတ်ပေးလိုက်ပြီ။ ကျုပ်တောင် မနာလိုမိတယ်ဗျာ”
“အကြီးအကဲရှုဟွေအတွက်လည်း ဂုဏ်ယူပါတယ်။ တော်ဝင်သခင် ရှိနေမှတော့ ဘုံကိုးခုထွတ်မြတ် နယ်မြေကတော့ ပိုပိုပြီး တိုးတက်လာဦးမျာပေါ့”
အမျိုးမျိုးသော ဂုဏ်ယူချီးကျူးစကားဆိုသံများကို ကြားလိုက်ရသည့်အချိန် ရှုဟွေ၏ပါးစပ် နားတက်ချိတ်လုမတတ် ပြုံးဖြီးသွားခဲ့ရလေသည်။
တိုက်ပွဲအပြီး၊ ရန်ကိုင်၏ အဆင့်ချိုးဖျက်မှုကို မျက်မြင်ကြုံတွေ့လိုက်ပြီးနောက် ရန်ကိုင် မည်မျှ အားကောင်းကြောင်းကို အကုန်လုံး နားလည်သွားရသည်။
ရန်ကိုင်ကို အလေးမထားသော သူများပင် သူ့အား သေချာသတိထားလာရလေပြီ။
ရန်ကိုင်သည် ကောင်းကင်ပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာခဲ့သည်။
မျိုးနွယ်ကြီးသုံးခုမှ ပညာရှင်အားလုံး ရန်ကိုင်အား ဂုဏ်ပြုစကား ဆိုခဲ့ကြသည်။
ရန်ကိုင်က လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည် “ဒီတိုက်ပွဲကြီးမှာ ဝိုင်းဝန်းပါဝင် ကြိုးစားပေးကြလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်မျိုးဆက်တွေလည်း ဒီနေ့ စတေးခဲ့ရတာတွေကို မမေ့လောက်ဘူးလို့ ကျုပ်ယုံကြည်တယ်။ သူတို့ ကြိုးစားပေးခဲ့တာတွေ အတွက်လည်း ထာဝရ ကျေးဇူးတင်နေမှာပါ”
အားလုံး၏ မျက်နှာ ပြုံးရွှင်လာခဲ့ကြသည်။
“တော်ဝင်သခင်ရန်..” နဂါးဖီးနစ်နန်းတော်မှ ချန်ကျိုး ရုတ်တရက် ရှေ့ထွက်လာပြီး တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြောလိုက်သည် “ဒီချန် တစ်ခုခုလောက် မေးလို့ရမလား”
အရိုးမျိုးနွယ်စုနှင့် တိုက်ပွဲစသည့် အချိန်မှစ၍ သူ့စိတ်ထဲ နေမထိထိုင်မထိ ဖြစ်နေခြင်းဖြစ်သည်။ သို့သော်လည်း သိချင်စိတ်ကို ယာယီ ဖိနှိပ်ထားခဲ့သည်။ ယခု အခွင့်အရေး ရလာပြီဖြစ်လေရာ သူ့စိတ်ထဲရှိ သံသယတို့ကို တစ်ခါတည်း ရှင်းလင်းသွားအောင် လုပ်ရပေမည်။
ရန်ကိုင် ချန်ကျို့ကို လှမ်းကြည့်လိုက်သည်။ ချန်ကျို့ ဘာအကြောင်းအား မေးချင်နေသလဲ ဆိုသည်ကို သိထားရာ ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည် “နန်းတော်သခင်ချန်၊ ခဏလောက် စောင့်ပေါးပါလား။ ကျုပ်မှာလည်း ခင်ဗျားနဲ့ ဆွေးနွေးစရာတွေရှိတယ်။ ဒါပေမယ့် အဲ့မတိုင် ဆရာ နတ်ဆိုးဗိုလ်ချုပ်ကြီးနဲ့ စကားနည်းနည်း ပြောချင်လို့”
“ဟုတ်ပါပြီ။ အဲ့လိုဆို ဒီချန် စောင့်နေပါ့မယ်” ချန်ကျို့၏ ပခုံးများ တုန်ရိသွားခဲ့သည်။
“တော်ဝင်သခင်ရန် တစ်ခုခု ပြောစရာရှိလို့လား” ကျန်းယွမ်သည် ရန်ကိုင်အား နားမလည်နိုင်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။
ရန်ကိုင်က လီရုန်အား လက်ယပ်ခေါ်လိုက်သည် “နင်တို့လည်း လာခဲ့ဦး”
လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ရန်ကိုင် ဘာကြောင့် သူတို့ကို ခေါ်နေမှန်း နှစ်ယောက်စလုံး မသိကြသော်လည်း ခပ်မြန်မြန်ပဲ သွားလိုက်လေသည်။
“တော်ဝင်သခင်ရန် ဒီစီနီယာနဲ့ ဘာအကြောင်း ပြောချင်လို့လဲ” လူအုပ်ကြီးဆီမှ ခပ်လှမ်းလှမ်းသို့ လမ်းလျှောက်သွားပြီးနောက် ကျန်းယွမ်က ရန်ကိုင်ကို မေးလိုက်သည်။
ရန်ကိုင်က အနက်ရောင်စာအုပ်မှ အဝတ်အစား တစ်စုံကို ထုတ်ယူဝတ်ဆင်လိုက်ပြီးနောက် “ကျိုးချုန်နှင့် ပဟဲတို့ သေသွားခဲ့ရတယ်။ နတ်ဆိုးဗိုလ်ချုပ်ကြီး အရမ်း ဝမ်းနည်းမနေဖို့ ကျုပ်မျှော်လင့်ပါတယ်”
ကျန်းယွမ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ရယ်မောလိုက်သည် “သူတို့က ဂုဏ်ရျိရှိနဲ့ သေသွားခဲ့တာပဲလေ။ အခုလို စဉ်းစားပေးတဲ့အတွက် တော်ဝင်သခင်ရန်ကို ကျေးဇူးအများကြီး တင်ပါတယ်”
“အင်း။ ကဲလော့ကို နတ်ဆိုးမျက်လုံးသုံးပြီး ဖိနှိပ်နိုင်မှန်း သိထားပေမယ့် သူက ပေါ်မလာသေးတော့ ကျုပ်လည်း ဘာမှ လုပ်မရဘူးလို့ ပြောချင်လို့။ အဲ့ဒါကြောင့် ကျိုးချုန်နှင့် ပဟဲတို့ အလကားသက်သက် သေသွားခဲ့ရတာ”
“တော်ဝင်သခင်ရန် စိတ်ထဲထားစရာ မလိုပါဘူး။ ငါနားလည်ပါတယ်” ကျန်းယွမ်က အသာအယာ ခေါင်းညိတ်လိုက်သည်။
“ကောင်းတာပေါ့” ရန်ကိုင်က ပြုံး၍ ဆက်ပြောလိုက်သည် “အခု ခင်ဗျားတို့ နတ်ဆိုးကုန်းမြေက နတ်ဆိုးဗိုလ်ချုပ် နှစ်ယောက်သေသွားတော့ ခင်ဗျားတို့ရဲ့ စုစုပေါင်း ခွန်အားက သိသိသာသာကို နိမ့်ကျသွားမှာပဲ။ နတ်ဆိုးဗိုလ်ချုပ်ကြီး ဘယ်လို ဆက်လုပ်ဖို့ စဉ်းစားထာလဲ”
“မင်းဘာပြောချင်တာလဲ” ကျန်းယွမ် မျက်မှောင်ကြုံ့သွားခဲ့ပြီး အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည် “အခြားမျိုးနွယ်စုနှစ်ခုက ဒီအခွင့်အရေးကို အသုံးချပြီး ငါတို့ နတ်ဆိုးကုန်းမြေကို ကျူးကျော်လိမ့်မယ်လို့ ပြောချင်နေတာလား။ အဲ့လိုဆိုရင်တော့ မင်းမှားသွားပြီ။ ဒီစီနီယာ အသက်ရှင်နေသရွေ့ ဘယ်သူမှ နတ်ဆိုးကုန်းမြေအကြောင်း လာမစဉ်းစားနဲ့”
“ခင်ဗျားကို နားလည်မှုလွဲနေပြီ” ရန်ကိုင်က ခေါင်းခါလိုက်ပြီး “လွတ်သွားတဲ့ နေရာတွေကို ဖြည့်ဖို့ အခြားနတ်ဆိုးဗိုလ်ချုပ်တွေကို ရှာဖို့ စိတ်ဝင်စားလားလို့ ကျုပ်မေးချင်တာ”
“အခြားနတ်ဆိုးဗိုလ်ချုပ်တွေကို ရှာဖို့လား” ကျန်းယွမ် မျက်မှောင်ကျုံ့သွားခဲ့ပြီး ရုတ်တရက် ချက်ချင်း နားလည်သွားလိုက်ကာ လီရုန်ကို ကြည့်၍ မေးလိုက်သည် “ဒီအမျိုးသမီးကို ပြောချင်နေတာလား”
“ဟုတ်တယ်။ လီရုန်က နတ်ဆိုးမျိုးနွယ်စုပဲလေ။ သူ့ခွန်အားက ခင်ဗျားအောက် နိမ်ကျတာမဟုတ်ဘူး။ သူနတ်ဆိုးဗိုလ်ချုပ် ဖြစ်လာလို့ ပြဿနာ ရှိလို့လား”
“ဘယ်ရှိပါ့မလဲ၊ ဒါပေမယ့်... တော်ဝင်သခင်ရန် ဒီအမျိုးသမီးနဲ့ ခွဲနိုင်လို့လား။ ဒီအမျိုးသမီးကကော လိုလိုလားလားနဲ့ ကျုပ်တို့ နတ်ဆိုးကုန်းမြေဆီ လိုက်လာမှာ မို့လို့လား” ကျန်းယွမ်က ရန်ကိုင်အား စိုက်ကြည့်လျက် အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။
လီရုန် နတ်ဆိုးဗိုလ်ချုပ် ဖြစ်လာခြင်းသည် ဘာမှ ပြဿနာမရှိချေ။ သူမ၏ ခွန်အားသည် နတ်ဆိုးဗိုလ်ချုပ်ကြီး ဖြစ်လာရန်အတွက်ပင် လုံလောက်နေချေပြီ။ သို့သော် ရန်ကိုင်က ရုတ်တရက်ကြီး ထိုကဲ့သို့ ကမ်းလှမ်းလာသည့် အတွက် ကျန်းယွမ်လည်း နိုးနိုးကြားကြား ဖြစ်သွားရသည်။
ရန်ကိုင်သည် နတ်ဆိုးကုန်းမြေကို သိပ်ပိုက်ရန် ကြံနေခြင်း ဖြစ်သည်ဟု သူထင်နေခြင်း ဖြစ်သည်။
“ကျွန်မ သွားမှာမဟုတ်ဘူး” လီရုန် ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
ရန်ကိုင်က လက်မြှောက်၍ လီရုန်အား တားလိုက်ပြီး ပြောလိုက်သည် “ငါပြောတာကို အရင်နားထောင်၊ ပြီးတော့မှ ဆုံးဖြတ်။ ဒါပြီးတာနဲ့ မကြာဘူး။ ဒီနေရာနေက ငါထွက်သွားတော့မှာ”
“ထွက်သွားတော့မှာလား” ကျန်းယွမ်၊ လီရုန်နှင့် ဟန်ဖေးတို့ သုံးယောက်စလုံး ပြိုင်တူ မေးလိုက်ကြသည်။
“သခင်သွားတဲ့နောက် ကျွန်မတို့ လိုက်မယ်” လီရုန်က အခိုင်အမာ ပြောလိုက်သည်။
ရန်ကိုင်က ကောင်းကင်ပေါ်သို့ လက်ညိုးထိုးပြလိုက်ပြီး “ငါက ကြယ်တာရာကောင်းကင်ဆီသွားမှာ။ နင်တို့ကို ခေါ်သွားလို့မရဘူး”
“ကြယ်တာရာကောင်းကင်လား” ကျန်းယွမ်မျက်နှာ ဖြူလျော်သွားပြီး “ကြယ်တာရာကောင်းကင်ထဲ သွားပြီး ဘာသွားလုပ်မလို့လဲ။ မင်းအခုလေးတင်မှ သူတော်စင် အဆင့်ကို ချိုးဖျက်ပြီးရုံလေးတင်ပဲ ရှိသေးတာ။ အခုနေ ကြယ်တာရာကောင်းကင်ထဲသွားရင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မှာ မဟုတ်ဘူးနော်”
“ဟုတ်တယ် သခင်။ သခင် အနေနဲ့ သွားရမှ ဖြစ်မယ်ဆိုရင် ကျွန်မတို့ကိုပါ အတူခေါ်သွားပါနော်” လီရုန်က အလျင်စလို ဝင်ပြောလိုက်သည်။
“ကျွန်မကိုလည်း လိုက်မယ်” ဟန်ဖေးက အလျင်အမြန် ဝင်ပြောလိုက်သည်။
သို့သော်လည်း ရန်ကိုင်က ခေါင်းသာ ခါလိုက်ပြီး “ငါတစ်ယောက်တည်းသွားမှာ။ လွန်းခဲ့တဲ့ဆယ်နှစ်၊ ထုန်းရွှမ်လောကကြီးဆီ ရောက်လာတုန်းက ငါက အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇)ပဲ ရှိသေးတဲ့ ကောင်လေး တစ်ယောက်သားသားပဲ။ အဲ့တုန်းက ငါ့ကိုယ်ငါ ကာကွယ်နိုင်တဲ့ခွန်အား ငါ့မှာ မရှိသေးဘူး။ ဒါပေမယ့် ငါလာဖြစ်အောင်ကို ငါလာခဲ့တယ်။ အဲ့တုန်းကသာ ဒီကို ငါမလာခဲ့ရင် ငါ့ခွန်အားလည်း ဒီလောက်အထိ မြင့်နေမှာ မဟုတ်ဘူး။ ဒီဘက်ကလူတွေ ငါ့မွေးရပ်မြေကို ကျူးကျော်တဲ့ အချိန် ငါလည်း ကိုယ့်ကိုယ်ကို မကာကွယ်နိုင်ဘဲ သေသွားခဲ့မှာ။ ဒါပေမယ့် အဲ့နှစ်က ငါဒီကို လာခဲ့လိုက်လို့ ငါ့မွေးရပ်မြေ ဒုက္ခရောက်နေတဲ့အချိန် သွားကူပေးနိုင်ခဲ့တယ်။ အခုလက်ရှိ အခြေအနေကလည်း လွန်ခဲ့တဲ့ ဆယ်နှစ်ကနဲ့ အတူတူပဲ”
“ဘယ်လိုလုပ်ပြီး တူမှာလဲ” ကျန်းယွမ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
“မဟာနတ်ဆိုးနတ်ဘုရားက ဒီလောကကြီးကို အခြားသူတွေ မမြင်နိုင်အောင် ပိတ်လှောင်ထားခဲ့တယ်။ အခု အဲ့အစီအရင်ကြီး ကျိုးပျက်သွားပြီ။ တစ်နေ့ ဒီနေရာကို သူတော်စင်ဘုရင်တွေ၊ အဲ့ထက်မြင့်တဲ့ အဆင့်တွေ ကျူးကျော်လာရင် ငါတို့ ဘယ်လိုလုပ်ပြီး ခုခံနိုင်မှာလဲ”
ကျန်းယွမ် မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး မဟာနတ်ဆိုးနတ်ဘုရား၏ မှတ်ဥာဏ်များမှ မြင်ခဲ့ရသည့် ခြောက်ခြားဖွယ်ရာ ပုံရိပ်များကို ပြန်စဉ်းစားမိလိုက်သည်။
လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က မဟာနတ်ဆိုး နတ်ဘုရားသည် ကြယ်တာရာကောင်းကင်မှ ကျူးကျော်သူများကို ခုခံခဲ့သည်။ ထိုကဲ့သို့ အဖြစ်မျိုးသာ ယခုနေ ထပ်ဖြစ်မည်ဆိုပါက ထုန်းရွှမ်လောကကြီး၏ ခွန်အားအရ အကုန်လုံး ကျွန်ဘဝ ရောက်ရပေလိမ့်မည်။
ကဲလော့ကို သတ်ရန်အတွက် နတ်ဆိုးဗိုလ်ချုပ် နှစ်ယောက် အသက်ပေးလိုက်ရသည်။ သို့သော် ကဲလော့၏ ကျင့်ကြံခြင်းသည် သူတော်စင်ဘုရင် အဆင့်နှင့် နီးကပ်နေခြင်းသာ ဖြစ်ပြီး သူတော်စင်ဘုရင်အဆင့်သို့ မရောက်သေးချေ။
အစစ်အမှန် သူတော်စင်ဘုရင်အဆင့် ပညာရှင် တစ်ယောက်သာ ရောက်လာမည်ဆိုပါက ထိုလူကို မည်သူမှ ရပ်တန့်နိုင်လိမ့်မည် မဟုတ်ချေ။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၇၈) အနာဂတ်အစီအစဉ်များ
“ကြယ်တာရာကောင်းကင်ဆီ သွားမယ်ဆိုရင် ဒီဘေးဒုက္ခကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုခုကို ရှာတွေ့ကောင်း ရှာတွေ့နိုင်လိမ့်မယ်။ ဒါကြောင့် အားကောင်းတဲ့ ရန်သူတစ်ယောက်ယောက် ကျူးကျော်လာရင်တောင် အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တယ်လေ။ ဒါပေမယ့် အနာဂတ်ကို ဘယ်သူမှ ကြိုမှန်းလို့ မရတော့ တပ်အပ်ကြီးတော့ မပြောနိုင်ဘူးပေါ့”
လက်ရှိအခြေအနေသည် အတိတ်က အဖြစ်အပျက်နှင့် အမှန်တကယ်ကို ဆင်တူပေသည်။
ရှင်းရှင်းပြောရင် အစီအစဉ် ကြိုးတွေးထား၍ မမှားချေ။
“ဒီတော့... တော်ဝင်သခင်ရန်က ဒီလောကကြီးရဲ့ နောင်ရေးကို ကြိုတွေးပြီး ကြယ်တာရာကောင်းကင်ထဲ ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်တယ်ပေါ့” ကျန်းယွမ်က ရန်ကိုင်ကို ထူးထူးဆန်းဆန်း စိုက်ကြည့်လိုက်ပြီးနောက် အဓိပ္ပါယ်ပါပါ ပြုံး၍ ဆက်ပြောလိုက်သည် “တော်ဝင်သခင်ရန်က ပုံမှန်ဆို ဒီလိုမျိုး လုပ်တတ်တဲ့လူ မဟုတ်ပါဘူး”
ရန်ကိုင်နှင့် များများစားစား မဆက်ဆံဖူးသော်ငြား ကျန်းယွမ် အနေဖြင့် ရန်ကိုင်အကြောင်း အတော်လေး နားလည်ထားပေသည်။ နတ်ဆိုးဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်သည်နှင့်အတူ ကျန်းယွမ်သည် မတုံးပါချေ။
ဤလောကကြီး၏ နောင်ရေးအတွက် ကြယ်တရာ ကောင်းကင်ထဲ သွားမည်ဟု ရန်ကိုင်၏ ပြောစကားသည် အမှန်တရားနှင့် သိပ်မဆိုင်။ အကြောင်းကိစ္စ တစ်ခုခု ရှိ၍သာ ကြယ်တာရာကောင်းကင်ထဲသို့ သူသွားချင်နေခြင်း ဖြစ်သည်။
ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ခေါင်းညိတ်လိုက်သည် “အခုလို သွားချင်နေရတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုလည်း ရှိသေးတယ်။ ဒါပေမယ့် အဲ့ဒါက ကျုပ်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ၊ ဖွင့်ပြောလို့ကောင်းတဲ့ ကိစ္စ မဟုတ်ဘူး။ ကျုပ်ကတိပေးနိုင်တာ တစ်ခုတော့ရှိတယ်။ ကျုပ်ဆီမှာ နတ်ဆိုးကုန်းမြေအပေါ် ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိဘူး”
“ငါမင်းကိုယုံတယ်” ကျန်းယွမ်က အသာအယာ ခေါင်းညိတ်လိုက်ပြီး လီရုန်ဆီ တစ်ချက် လှမ်းကြည့်လိုက်သည်။
ရန်ကိုင်သာ ကြယ်တာရာကောင်းကင်ထဲသို့ ထွက်သွားမည်ဆိုပါက သူ့အနေဖြင့် လီရုန်အား နတ်ဆိုးဗိုလ်ချုပ်တစ်ယောက် အဖြစ် လက်မခံနိုင်စရာ အကြောင်းမရှိချေ။ ရှေးဟောင်းနတ်ဆိုးကလန်သည် အလွန်တရာကိုမှ အားကောင်းသော အင်အားစုတစ်ခု ဖြစ်ပေသည်။ ထိုကန်၏ ခေါင်းဆောင် တစ်ယောက်ချင်းစီသည် ကိုယ့်ဟာနှင့်ကိုယ် အားကောင်းကြသော ပညာရှင်များ ဖြစ်ကြပေသည်။ သူတို့သာ နတ်ဆိုးကုန်းမြေဆီ ပူးပေါင်းမည်ဆိုပါက အမှန်တကယ် စိတ်ကျေနပ်စရာ ကောင်းမည်မှာ အမှန်ပင်။
အရေးအကြီးဆုံးသည်ကား ရန်ကိုင် ထွက်သွားနေစဉ် ရှေးဟောင်းနတ်ဆိုးကလန်သား သူတို့ကိုယ်သူတို့ နတ်ဆိုးမျိုးနွယ်စုများ ဖြစ်သည် ခံယူလာအောင် စည်းရုံးသိမ်းသွင်းကြည့်နိုင်ပေသည်။
ကျန်းယွမ် အမှန်တကယ်ကို စိတ်ဝင်စားနေမိသည်။
“လီရုန်၊ နင်ကလည်း နတ်ဆိုးမျိုးနွယ်စုဝင်ပဲလေ။ နတ်ဆိုးကုန်းမြေက နင်တို့တွက် ပိုသင့်တော်တယ်။ နင်တို့ ကလန်သားတွေသာ အဲ့မှာလေ့ကျင့်မယ်ဆိုရင် ပိုပြီး မြန်မြန် တိုးတက်နိုင်လိမ့်မယ်။ ငါပြန်လာတဲ့တစ်နေ့ ငါ့နောက် ဆက်လိုက်ချင်သေးတယ်ဆိုရင် ငါနင်တို့ကို ပိုပြီး ကျယ်ပြောတဲ့ လောကကြီးတစ်ခုဆီ ကျိန်းသေ ခေါ်သွားပေးမယ်” ရန်ကိုင်က ရုတ်တရက် အတိတ်ကို လွမ်းဆွတ်သည့် အမူအရာဖြင့် “လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကလည်း ဟန်မင်းဆက်က လူတွေကို ငါအဲ့လို ပြောခဲ့ဖူးတယ်”
လီရုန်နှင့် ဟန်ဖေးတို့၏ မျက်ဝန်းလှလှလေးများ တောက်ပလာခဲ့သည်။
“သခင်၊ ကျွန်မတို့ကို တကယ် မခေါ်သွားဘူးလား” လီရုန်က နောက်ဆုံးအကြိမ် ကြိုးစားကြည့်လိုက်သည်။
ရန်ကိုင် ခေါင်းခါလိုက်သည်။
ကြယ်တာရာကောင်းသည် အလွန်တရာကိုမှ ကျယ်ပြောပြီး အန္တရာယ်များလှသည်။ သူသွားမည့် နေရာကိုပင် မသိသေးလေရာ အခြားသူများကို မည်ကဲ့သို့ ခေါ်သွားနိုင်မည်နည်း။
“အဲ့လိုဆိုရင် ကျွန်မတို့ ရှေးဟောင်းနတ်ဆိုးကလန်က သခင် ပြန်လာမှာကို စောင့်နေပါ့မယ်” လီရုန်က လေးလေးပင်ပင်နှင့် ခေါင်းညိတ်လိုက်သည်။ ဘာမှ ထပ်မပြောတော့ချေ။ ရန်ကိုင်က ဆုံးဖြတ်ပြီးမှသဖြင့် ဆက်ပြောနေလည်း အပိုသာ ဖြစ်မည်မှန်း သူမ နားလည်ထား၏။ “အဲ့လိုဆိုမှတော့ ကျွန်မတို့ မိသားစုလည်း နတ်ဆိုးကုန်းမြေထဲ ယာယီနားနေရတော့မှာပေါ့။ ဆရာ နတ်ဆိုးဗိုလ်ချုပ်ကြီး အနေနဲ့ ကျွန်မတို့ကို လက်ခံပေးနိုင်မလား မသိဘူး”
“လက်ခံတာပေါ့။ ဘာလို့ လက်မခံရမှာလဲ” ကျန်းယွမ်က အူလှိုက်သည်းလှိုင် ပြုံးလိုက်သည်။
မျိုးနွယ်စုသုံးခုစုဝေးရာဆီ ပြန်သွားပြီး စကား နည်းနည်းပါးပါး ပြောပြီးနောက် အကုန်လုံး ဦးတည်ရာ အသီးသီးဆီ ပြန်လည် ခွဲထွက်သွားကြလေသည်။
အင်အားစု အသီးသီးသည် မတူကွဲပြားသော နေရာများမှ လာခြင်းဖြစ်သည်။ တိုက်ပွဲကြီး ပြီးသွားပြီ ဖြစ်လေရာ အများစုသည် သူတို့ နေရာထိုင်နေရာဆီ ပြန်ကြတော့သည်။ ယခုတစ်ကြိမ် အင်အားစုတိုင်း ကြီးကြီးမားမား ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် အများစုသည် သူတို့ဂိုဏ်းဆီ ပြန်ပြီး အနားယူချင်နေကြလေပြီ။
ဆယ်ရက်ကြာပြီးနောက် ရန်ကိုင်သည် ဘုံကိုးခုထွတ်မြတ် နယ်မြေမှ နဂါးဖီးနစ်နန်းတော်သို့သွားရန် ခရီးပြင်လိုက်သည်။
“သွားကြရအောင်” ရန်ကိုင်က ချန်ကျို့ကို ပြောလိုက်သည်။
ချန်ကျို့သည် အနည်းငယ် သတိထားနေခဲ့သည်။ ဇဝေဇဝါးလည်း ဖြစ်နေသည့်ပုံပင်။ သို့သော်လည်း ဘာမှ မမေးရဲသဖြင့် ရှေ့ကနေသာ ဦးဆောင်၍ ထွက်သွားလေသည်။
ခဏအကြာတွင် ရန်ကိုင်က ရုတ်တရက် ပြောလိုက်သည် “နန်းတော်သခင်ချန်က နဂါးဧကရာဇ်ကိစ္စကို မေးချင်နေတာလား”
ရန်ကိုင် မေးခွန်းကို ကြားကြားချင်း ချန်ကျို့ ကြောင်သွားခဲ့သည်။ သို့သော် သူ့အမူအရာ ချက်ချင်း ဆိုသလို လေးနက်တည်ကြည်သွားခဲ့ပြီး လက်သီးဆုပ်၍ “အဆင်ပြေရင် တော်ဝင်သခင်ရန်အနေနဲ့ ရှင်းပြပေးလို့ရမလား”
အရိုးမျိုးနွယ်စုနှင့် တိုက်ပွဲအတွင်း နဂါးဧကရာဇ် ပေါ်လာခဲ့သည်။ သို့သော် နဂါးဧကရာဇ်၏ အမွေအနှစ်ကို ဆက်ခံထားသူ စွန်းယုသည် တိုက်ပွဲတွင် ရှိမနေခဲ့ချေ။
ရွှေးနဂါးကြီး ပျောက်ကွယ်သွားပြီးနောက် ၎င်း၏ နေရာတွင် ရန်ကိုင် ပြန်ပေါ်လာခဲ့သည်။
ထို့အပြင် ရန်ကိုင် သူတော်စင်အဆင့်သို့ ချိုးဖျက်စဉ်ကလည်း သူ့ကျောပြင်တွင် ရွှေနဂါးတက်တူး တစ်ခု ရှိနေသည်ကို ချန်ကျို့ အသေအချာ မြင်ခဲ့သည်။
ထိုအဖြစ်အပျက်များကြောင့် ထိုကိစ္စ၏ အမှန်တရားကို ချန်ကျို့ စတင် နားလည်လာခဲ့သည်။ သို့သော် သူ့ခန့်မှန်းချက်နှင့် ပက်သက်ပြီး သိပ်မသေချာသေးချေ။
ထို့ကြောင့် ရန်ကိုင်ဆီ လာမေးခြင်းဖြစ်သည်။
“ဒီတစ်ကြိမ်တော့ သေချာ ရှင်းပြရတော့မှာပေါ့” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး အလေးအနက် အမူအရာဖြင့် “အဲ့မတိုင်ခင် နန်းတော်သခင်ချန်ကို အရင်တောင်းပန်ရဦးမယ်။ ခင်းဗျားတို့ရဲ့ ဂိုဏ်းကို အခုအချိန်ထိ ကျုပ်က လှည့်စားနေခဲ့လိုလေ”
ချန်ကျို့ခန္ဓာကိုယ် တုန်ရင်သွားခဲ့ပြီး သူ့မျက်နှာထက် “အဲ့လိုကိုး” အမူအရာ ထွက်ပေါ်လာခဲ့သည်။
“စွန်းယုက နဂါးဧကရာဇ်ရဲ့ ဆက်ခံသူ မဟုတ်ဘူး။ တကယ့် ဆက်ခံသူအစစ်က ကျုပ်ပဲ”
“အန်” အကြီးအကဲရှောင်လင် ကြောင်သွားပြီး ရန်ကိုင်အား ထိတ်လန့်တကြား လှမ်းကြည့်လိုက်သည်။
“အဲ့နှစ်၊ နဂါးတောင်ကြား အမွေအနှစ် ပွင့်သွားခဲ့တာ စွန်းယုကြောင့်မဟုတ်ဘူး။ ကျုပ်ကြောင့်ပဲ။ စွန်းယုက ကြားထဲအဆစ်ပါသွားတာ။ နဂါးတောင်ကြား ပွင့်နေတဲ့ နှစ်နှစ်လုံးလုံး၊ စွန်းယုက ကျုပ်နဲ့အတူ ရှိနေခဲ့တာ”
“အဲ့တုန်းက နဂါးဖီးနစ်နန်းတော်အကြောင်း များများစားစား မသိခဲ့ဘူး။ ဒါပေမယ့် စွန်းယုဆီကနေ အတော်များများ သိခဲ့ရတယ်”
“ဒီတော့ အဲ့နှစ်တုန်းက စွန်းယုရဲ့ ကျင့်ကြံခြင်း တစ်ဟုန်ထိုး တိုးတက်လာခဲ့တာက တော်ဝင်သခင်ရန် ကြောင့်ပေါ့” အမှန်တရားကို သိလိုက်ရချိန် ချန်ကျို့ အမှန်တကယ်ကို ထိတ်လန့်သွားခဲ့သည်။ နဂါးတောင်ကြားမှ ထွက်လာပြီးနောက် စွန်းယု၏ ကျင့်ကြံခြင်း ဘာကြောင့် နှေးကွေးနေမှန်းကိုလည်း သူနားလည်သွားခဲ့သည်။ စွန်းယု၏ ကျင့်ကြံခြင်းသည် သာမန်ကျင့်ကြံသူတစ်ယောက်ထက် ပိုမြန်သော်လည်း နဂါးဧကရာဇ်တစ်ယောက် ရှိသင့်၊ ရှိထိုက်သင့် ကျင့်ကြံနှုန်းထက် အများကြီး နှေးကွေး၏။
“တစ်ဝက်တော့ မှန်တယ်။ တကယ်တော့ သူအဲ့လို တိုးတက်နိုင်ခဲ့တယ် ဆိုတာက သူ့ကြိုးစားမှုကြောင့်လည်း ပါတယ်”
“ဟို အေးခဲမရဏလိုဏ်ဂူ လာတိုက်ခိုက်တုန်းက...”
“အဲ့တုန်းက ကျုပ်ပဲ တိတ်တဆိတ် ကူညီပေးခဲ့တာ” ရန်ကိုင်က ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။
“နဂါးဧကရာဇ်.... စွန်းယုက တော်ဝင်သခင်ရန်ကို ဒီလောက် ကြည်ညိုလေးစားနေတာ အံ့ဩစရာ မဟုတ်တော့ပါဘူးလေ” ရှောင်လင် ရုတ်တရက် နားလည်သွားခဲ့သည် “တော်ဝင်သခင်ရန်လို ပုဂ္ဂိုလ်မျိုးနဲ့ သူမိတ်ဆွေ ဖြစ်နေတယ်ဆိုတာကို ကြားလိုက်တုန်းက ကျုပ်ကော၊ အကြီးအကဲချုပ်လင်ကျန်းပါ သံသယ ဝင်နေကြတာ။ ဘယ်လို ဖြစ်သွားတာလဲ ဆိုပြီးတော့ပေါ့။ အခုတော့ ကျုပ်နားလည်သွားပြီ”
“ဒါပေမယ့် ကျုပ်မရှင်းတာ တစ်ချက်ရှိသေးတယ်” ချန်ကျို့ မျက်မှောင်ကြုံ့သွားခဲ့သည် “တော်ဝင်သခင်ရန်က နဂါးဧကရာဇ်ရဲ့ ဆက်ခံသူ ဖြစ်နေမှတော့ ဘာလို့ ဒီအချက်ကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တာလဲ”
နဂါးဧကရာဇ်ဆိုသည်မှာ မည်ကဲ့သို့သော အဆင့်အတန်းနည်း။ စွန်းယုသည် ကောင်းကင်ပေါ်သို့ ခြေတစ်လှမ်းတည်းဖြင့် တက်သွားနိုင်းပြီး နဂါးဖီးနစ်နန်းတော်တွင် အာဏာအရှိဆုံးသော လူတစ်ယောက် ဖြစ်လာခဲ့ရသည်။ ထို့ကြောင့် ရန်ကိုင်သည် သူ၏ နဂါးဧကရာဇ် ဂုဏ်ပုဒ်ကို လူသိမခံစေဘဲ ဘာကြောင့် စွန်းယုကို သူ့နေရာတွင် အစားထိုးခဲ့မှန်း ချန်ကျို့ နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။
ရန်ကိုင်က ရှင်းရှင်းဖြင့်သာ ရှင်းပြလိုက်သည် “ဒီလိုဗျ၊ အဲ့တုန်းက ကျုပ်က ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင် ဖြစ်နေပြီလေ။ ခင်ဗျားတို့လည်း ကြားမှာပေါ့၊ ဘုံးကိုးခုထွတ်မြတ်နယ်မြေ ကျူးကျော်ခံရပြီးတဲ့ နောက်ပိုင်း အတော့်ကို ဒုက္ခရောက်ခဲ့ရတာကိုလေ။ အဲ့ကိစ္စကို မရှင်းပြီးသေးခင် အခြားကိစ္စတွေကို မရှင်းနိုင်သေးဘူး။ ပြီးတော့ တကယ့် အရေးအကြီးဆုံး ကိစ္စက ကျုပ်က နဂါးဖီးနစ်နန်းတော် အဖွဲ့သားတစ်ယောက် မဟုတ်တာပဲ။ ကျုပ်သာ ရှေ့ထွက်လာပြီး နဂါးဖီးနစ်နန်းတော်ရဲ့ ပင်မအမွေအနှစ်ကို ရထားပါတယ်လို့ ပြောလိုက်ရင် ခင်ဗျားတို့ ဘယ်လို တုန့်ပြန်မလဲ ကျုပ်မသိဘူးလေ။ ကျုပ်အတွက် ပြဿနာတွေ ပိုများလာမှာလည်း ဖြစ်နိုင်တာပဲမလား”
“အခုကိစ္စအားလုံးက ကျုပ်ကဲ စီစဉ်ခဲ့တာ။ စွန်းယုနဲ့ ဘာမှမဆိုင်ဘူး။ သူက ကျုပ်ပြောခဲ့အတိုင်းပဲ လိုက်လုပ်ခဲ့တာ”
ရန်ကိုင်သည် ဘာကိုမှ ဖုံးကွယ်ထားရန် မကြိုးစားခဲ့။ ပွင့်ပွင့်လင်းလင်းသာ ရှင်းပြလိုက်သည်။
ချန်ကျို့၊ ရှောင်နှင့် နဂါးဖီးနစ်နန်းတော်မှ အခြား ပညာရှင်များသည် တစ်ယောက်ကိုတစ်ယောက် ရှုပ်ထွေးသည့် အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
ခဏအကြာ နောက်ဆုံးတွင် ချန်ကျို့က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည် “တော်ဝင်သခင်ရန် အခုလို ကျုပ်တို့ကို ပွင့်ပွင့်လင်းလင်း ရှင်းပြပေးတာနဲ့တင် လုံလောက်နေပါပြီ။ အင်း၊ ဒီချန် နားမလည်တာ တစ်ချက် ရှိသေးတယ်။ တော်ဝင်သခင်ရန် နဂါးဧကရာဇ် အမွေအနှစ်ကို ဖွင့်နိုင်တာနဲ့ ပက်သက်ပြီး အကြောင်းပြချက် တစ်ခုခုများ ရှိလား”
“အင်း။ ရှိတယ်။ အကြောင်းပြချက်ကတော့ ကျုပ်က ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်ကို လေ့ကျင့်ထားလို့လေ”
ချန်ကျို့၏ မျက်လုံးများ ရုတ်တရက် ဝင်းလက်၊ တောက်ပသွားရသည်။
ရန်ကိုင်သည် ကောင်းကင်အမွေအနှစ် လိုဏ်ဂူထဲတွင် ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုံး ရှင်းပြလိုက်သည်။ ရန်ကိုင် ရှင်းပြသည်ကို ကြားပြီးနောက် နဂါးဖီးနစ်နန်းတော်မှ ပညာရှင်များ၏ မျက်နှာထက် စိတ်လှုပ်ရှားနေသည့် အမူအရာတို့ ထွက်ပေါ်လာခဲ့လေသည်။
“အဲ့ဒါက အရင် နဂါးဧကရာဇ်နဲ့ ဖီးနစ်ဧကရီတို့ ချန်ထားခဲ့တဲ့ အမွေအနှစ်ပဲ။ နဂါးတောင်ကြားထဲက နဂါးဧကရာဇ်အမွေအနှစ်ကို တော်ဝင်သခင်ရန် ယူနိုင်ခဲ့တာ အံ့ဩစရာ မဟုတ်တော့ပါဘူးလေ” ချန်ကျို့ရင်ထဲ ပန်းပေါင်းစုံတို့ ပွင့်လင်းနေလေပြီ “တစ်နည်းပြောရရင် တော်ဝင်သခင်ရန်က အပြင်လူတစ်ယောက် မဟုတ်ဘူးပေါ့”
“ဟုတ်တယ်၊ ဟုတ်တယ်. ရှင်းရှင်းပြောရရင် တော်ဝင်သခင်ရန်က နဂါးဖီးနစ်နန်းတော်ရဲ့ လူလို့တောင် ပြောလို့ရနေပြီ” ရှောင်လင်က စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။
ဘုံကိုးခုထွတ်မြတ်နယ်မြေနှင့် နဂါးဖီးနစ်နန်းတော်တို့ မဟာမိတ်ဖွဲ့မည်ဟု ရန်ကိုင် ပြောခဲ့ခြင်းသည် ထိုအကြောင်းကြောင့် ဖြစ်ရပေမည်။ ယခု ချန်ကျို့နှင့် ရှောင်လင်တို့ နှစ်ယောက်စလုံး နားလည်သွားခဲ့လေပြီ။
“ဟုတ်သားပဲ။ ဒါဆိုရင် ဖီးနစ်ဧကရီကော” ချန်ကျို့ ရုတ်တရက် စဉ်းစားမိလိုက်သည် “တော်ဝင်သခင်ရန်က ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်ကို လေ့ကျင့်ထားမှတော့ ဖီးနစ်ဧကရီလည်း ရှိရမှာပေါ့ ဟုတ်တယ်မလား။ သူဘယ်မှာလဲ။ သူ့ကို တစ်ခါမှ မတွေ့ဖူးပါလား”
“သူက ထုန်းရွှမ်လောကကြီးမှာ မရှိတော့ဘူး...” ရန်ကိုင် မျက်နှာ ရုတ်ချည်း ညိုးကျသွားလေသည် “သူက ကြယ်တာရာကောင်းကင်ထဲ ထွက်သွားပြီ”
“ကြယ်တာရာကောင်းကင်...” ချန်ကျို့ မှင်သက်နေပြီ။
“မကြာခင် ကျုပ်လည်း သူ့ကို ရှာဖို့ ဒီနေရာကနေ ထွက်သွားတော့မှာ။ ကျုပ်ဘယ်အချိန် ပြန်လာနိုင်မလဲ မသိဘူး။ ဒါကြောင့် ဖီးနစ်အသိုက်ထဲက ဖီးနစ်ဧကရီရဲ့ အမွေအနှစ်ကိုပါ တစ်ခါတည်း ယူသွားချင်တယ်။ အဲ့လိုဆို သူ့ကို ရှာတွေ့တဲ့အခါက အမွေအနှစ်ကို တိုက်ရိုက် ပေးလိုက်လို့ရပြီ”
“ယူသွားဖို့လဲ” ချန်ကျို့ သံယောင်လိုက်ပြောလိုက်၏ “အမွေအနှစ်ကို ယူသွားလို့ ရလို့လား”
ရန်ကိုင် ခေါင်းခါလိုက်ပြီး “ကျုပ်လည်း သေချာမသိဘူး။ ကြိုးစားကြည့်ချင်ရုံပဲ... ဘာပဲဖြစ်ဖြစ်၊ နန်းတော်သခင်ချန် သဘောတူမှပါ”
“သဘောမတူစရာ ဘာရှိလို့လဲ။ ဒါပေမယ့် အမွေအနှစ်ကို ယူသွားဖို့က အတော်လေး ခက်မယ်နော်။ အမွေအနှစ်က ဖီးနစ်အသိုက်ထဲမှ ရှိနေတာ နှစ်ပေါင်းထောင်နဲ့ချီနေပြီ။ အဲ့အမွေအနှစ် ဖီးနစ်အသိုက်ရဲ့ ဘယ်နေရာမှ ရှိနေလဲ ဆိုတာကို ဘယ်သူမှ မသိကြဘူး”
“ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
ရန်ကိုင်သည် နဂါးဧကရာဇ်အစစ်ဖြစ်မှန်း သိလိုက်ကြပြီးနောက် ချန်ကျို့နှင့် ရှောင်လင်တို့ နှစ်ယောက်စလုံး ရန်ကိုင်အပေါ် ရုတ်တရက်ကြီး ပို၍ ရိုသေလေးစားလာခဲ့သည်။ ရန်ကိုင်က စွန်းယုအား အပြစ်မတင်ရန် ပြောသည့်အခါတွင်လည်း သူတို့က အလွယ်လေး သဘောတူခဲ့ကြသည်။
နဂါးဖီးနစ်နန်းတော်တွင် နဂါးဧကရာဇ်သည်သာ အစစ်အမှန် ခေါင်းဆောင်ဖြစ်သည်။ နဂါးဧကရာဇ်၏ အမွေအနှစ်ကို မည်သူပင် ရသွားပါစေ။
ထို့အပြင် ရန်ကိုင်သည် နဂါးဧကရာဇ်၏ ဂုဏ်ပုဒ်ကို ရခဲ့သည်မှာ ဟိုးယခင်ကတည်းကဟု ပြော၍ ရပေသည်။
စွန်းယုသည် နဂါးဧကရာဇ် မဟုတ်သော်ငြား သူ့အား ဂိုဏ်း၏ အနာဂတ်အဖြစ် ဆက်လက် ပျိုးထောင်ပေးမည်ဟု သူတို့မှ ထပ်မံ ပြောသွားခဲ့သေးသည်။
စွန်းယု၏ လက်ရှိ အရည်အချင်းသည် သာမန် ကျင့်ကြံသူတစ်ယောက်ထက် အများကြီး ပိုသာနေလေပြီ။ ထို့ကြောင့် သူသည် နဂါးဧကရာဇ် ဖြစ်ဖြစ်၊ မဖြစ်ဖြစ်၊ လေ့ကျင့်ပျိုးထောင်ပေးရန် ထိုက်တန်ပေသည်။
တစ်လကြာပြီးနောက် အဖွဲ့တစ်ဖွဲ့ နဂါးဖီးနစ်နန်းတော်သို့ ရောက်လာခဲ့သည်။
နဂါးဖီးနစ်နန်းတော်မှ အဖွဲ့သားအားလုံး သူတို့အား လာရောက်ကြိုဆိုကြသည်။
စွန်းယု ထိုသတင်းကို ရထားသည်မှာ ကြာလေပြီ။ ထို့ကြောင့် နဂါးဖီးနစ်နန်းတော်မှ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်၍ ချန်ကျို့တို့ ပြန်အလာကို လာရောက် ကြိုဆိုရင်း ရန်ကိုင်ကိုပါ တစ်ခါတည်း ကြိုဆိုခဲ့သည်။
ချန်ကျို့သည် ပြန်ရောက်သည်နှင့် စားသောက်ပွဲကြီး တစ်ခု ကျင်းပခဲ့သည်။
သုံးခွက်လောက် သောက်ပြီးနောက် ရန်ကိုင်သည် စွန်းယုကို ဆွဲခေါ်သွားကား အဖြစ်အပျက်အားလုံးကို ရှင်းပြလိုက်သည်။
ရန်ကိုင် ရှင်းပြသည်ကို ကြားပြီးနောက် စွန်းယု စိုးရိမ်လာခဲ့ပြီး ပြန်မေးလိုက်လေသည် “စီနီယာရန်၊ ကျုပ်စိတ်အေးအေး နေနိုင်ပြီဆိုပေမယ့်လေ၊ နန်းတော်သခင်နဲ့ အခြားသူတွေက ကျုပ်အပေါ် အငြိုးထားမလား မသိဘူး”
“ဘယ်လိုလုပ်ပြီး ထားမှာလဲ” ရန်ကိုင်က ရယ်မောလိုက်ပြီး “ကြိုးကြိုးစားစားသာ ကျင့်ကြံ။ မင်းက နဂါးဧကရာဇ် မဟုတ်ဘူးဆိုရင်တောင့်ဂိုဏ်းရဲ့ အနာဂတ် ဖြစ်နေတုန်းပဲ။ နန်းတော်သခင်နဲ့ အခြားလူတွေ မင်းအပေါ် မတရား ဆက်ဆံမှာ မဟုတ်ဘူး”
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
“အဲ့လိုဆို အဆင်ပြေတယ်” စွန်းယုက ပျော်ရွှင်စွာ ပြုံးလိုက်သည်။ ယခုမှပဲ နှစ်ပေါင်းများစွာကြာအောင် ထပ်ပိုးထားခဲ့ရသော ဝန်ထုပ်ဝန်ပိုးကြီး ပေါ့သွားခဲ့တော့သည်။ နဂါးဧကရာဇ် အဆင့်အတန်းဖြင့် နေနေရသည့် ကာလပတ်လုံး သူ့အဖို့ နေ့စဉ်နှင့်အမျှ စိတ်မအေးနိုင် ဖြစ်ခဲ့ရသည်။ ယခုမှပဲ ခေါင်းမော့ရင်ကော့ကာ လွတ်လွတ်လပ်လပ် နေနိုင်တော့ပေသည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၇၉) ဖီးနစ်အသိုက်ကို စည်းဖြေခြင်း
ဖီးနစ်အသိုက်သည် နှင်းရေခဲတို့ဖြင့် ဖုံးလွှမ်းနေသော နေရာတစ်ခုဖြစ်ပြီး လေအေးများသည် နှင်းဖြူရောင် မြူခိုးတို့ဖြင့် လွှမ်းခြုံနေသော တောအုပ်ကို အလျင်မပြတ် တိုက်ခတ်နေခဲ့လေရာ နတ်သမီးကုန်းမြေတစ်ခုဟုပင် ထင်ရစေသည်။
ဖီးနစ်ဧကရီ၏ အမွေအနှစ်သည် တောအုပ်ထဲရှိ တစ်နေရာရာတွင် ရှိနေပြီး နှစ်ပေါင်းထောင်နှင့်ချီ ကြာပြီးသည့်တိုင် မည်သူမှ ထိုအမွေအနှစ်ကို မရနိုင်ခဲ့ချေ။
ရေခဲဓါတ်၊ သို့ အအေးဓါတ်ကို ကျင့်ကြံထားသော တပည့်များသည်သာ ဤနေရာသို့ ရံဖန်ရံခါလာ၍ ကျင့်ကြံလေ့ရှိကြသည်။
မရဏအေးခဲလိုဏ်းဂူ နဂါးဖီးနစ်နန်းတော်အား တိုက်ခိုက်ခဲ့ခြင်းသည် ဖီးနစ်အသိုက်ကို လိုချင်သည့် အတွက်ကြောင့်လည်း ပါပေသည်။ ရန်ကိုင်သည် ဖီးနစ်အသိုက်တွင်းရှိ နေရာတစ်ခုတွင် တင်ပလင်ခွေ ထိုင်နေပြီ တဖြူးဖြူး တိုက်ခတ်နေသော လေအေးများ သူ့အပေါ် မသက်ရောက်ရလေအောင် သူတော်စင်ချီကို လှည့်ပတ်ထားခဲ့သည်။
သူတော်စင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် ဤနေရာတွင်းရှိ ထူးဆန်းသော စွမ်းအင်တစ်မျိုးကို ရန်ကိုင် ခံစားမိလာခဲ့သည်။ ထိုစွမ်းအင်ကြောင့် သူ့ဆံပင်များ၊ အဝတ်အစားများထက် ရေခဲစများ လွှမ်းခြုံလာရသည်။
စုယန်သာ ဤနေရာသို့ လာခဲ့ပါက ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ကို လှည့်ပတ်ရုံဖြင့် ဖီးနစ်အသိုက်တစ်ခုလုံးတွင် ရှိနေသော အအေးဓါတ်များကို စုပ်ယူနိုင်ပေလိမ့်မည်။
သို့သော်လည်း သူမ ဤနေရာသို့ မလာခဲ့ချေ။
ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို အဆက်မပြတ် ထုတ်လွှတ်လျက် ရေခဲနယ်ပယ်ကြီးနှင့် ဆက်သွယ်ရန် ကြိုးစားနေခဲ့သည်။ တကယ်တော့ ကြယ်တာရာကောင်းကင်မှ ဤနေရာသို့ အချိန်မည်မျှကြာမှ ပြန်လာနိုင်မလဲ ဆိုသည်ကို သူမပြောနိုင်ချေ။ သူသာ ဖီးနစ်ဧကရီ၏ အမွေအနှစ်ကို ယူသွား၍ ကံကောင်းပြီး စုယန်နှင့် တွေ့ခဲ့လျှင် အမွေအနှစ်ကို သူမဆီ တိုက်ရိုက်ပေးလိုက်ရုံပင်။
သို့သော်လည်း ထိုသို့ ဖြစ်နိုင်၊ မဖြစ်နိုင် မသေချာချေ။
ဤနေရာရှိ အလွန်တရာကိုမှ ပြင်းထန်သော အအေးဓါတ်သည် သူ့ကိုယ်တွင်းရှိ ယန်ချီနှင့် လုံးဝကို ဆန့်ကျင့်ဘက် ဖြစ်နေသည်။ သူ့အနေဖြင့် ကြိုးစားကြည့်ရုံသာ တတ်နိုင်ပြီး အားသုံး၍ မရချေ။
အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့ပြီး ရန်ကိုင်သည် ဖီးနစ်အသိုက်တွင်း မလှုပ်မရှားဘဲ လဝက်တိုင်တိုင် တင်ပလင်ခွေ ထိုင်နေခဲ့သည်။
ထို့သို့ ထိုင်နေသော်ငြား တိုက်တက်မှု မရှိသည်တော့ မဟုတ်။ အခြေအနေကို အခွင့်ကောင်းယူ၍ သူ့ကျင့်ကြံခြင်းကို တည်ငြိမ်အောင်သွား လုပ်ဆောင်နိုင်ခဲ့သည်။
ပတ်ဝန်းကျင်၏ အအေးဓါတ်ကြောင့် ရန်ကိုင်သည် သူတော်စင်ချီကို အဆက်မပြတ် လှည့်ပတ်နေခဲ့ရသည်။ ထို့ကြောင့် သူတော်စင်ချီနှင့် အစစ်အမှန်ချီ ကြားရှိ ကွာခြာခးျက်ကို နာလးည်သွားရသည်။
ရန်ကိုင်သ်ည ဤနည်းဖြင့် အကျိုးအမြတ်များစွာ ရခဲ့သည်။ ထို့ကြောင့် သူ့စိတ်အာရုံကို နှစ်ခုခွဲ၍ တစ်ခုအား ဖီးနစ်ဧကရီ၏ အမွေအနှစ်နှင့် ဆက်သွယ်ရန် ကြိုးစားနေစဉ် အခြားတစ်ခုအား သူ့ကျင့်ကြံခြင်းကို တည်ငြိမ်အောင် လုပ်ဆောင်ရန် ကြိုးစားအာ၌ အသုံးချခဲ့သည်။
ထိုအချိန်အတောအတွင်း ရန်ကိုင်သည် ခိုင်မာသော အုတ်မြစ်ချနိုင်ခဲ့ပြီး သူ့ခွန်အားသည်လည်း ပိုပို၍ အားကောင်းလာခဲ့ကာ သူတော်စင်အဆင့် နက်နဲ ဆန်းကြယ်သော သဘောတရားများကိုလည်း နားလည်လာခဲ့ရသည်။
ထိုဖြစ်စဉ်အတွင်း သူ့ကျောကုန်းပေါ်ရှိ ရွှေနဂါး တက်တူးသည် ပိုပို၍ ဂနာမငြိမ်ဖြစ်လာသည်။ ရွှေနဂါးသည် သူ့ကျောကုန်းပေါ်မှ ခုန်ထွက်ပြီး ဘေးပတ်ဝန်းကျင်ရှိ အအေးဓါတ်ထဲ ပျော်ဝင်သွားချင်နေခဲ့သည်။
နဂါးဧကရာဇ်နှင့် ဖီးနစ်ဧကရီတို့သည် နဂါးဖီးနစ် နန်းတော်၏ အရှင်သခင်နှစ်ပါးဖြစ်ရာ နှစ်ယောက်သားသည် နှစ်ဦးတစ်ကိုယ် ဖြစ်ကြလေသည်။
ရွှေးနဂါးတက်တူးထဲတွင်း မြောက်မြားလှစွာသော စွမ်းအင်တို့ ကိန်းအောင်းပါဝင်နေပြီး ၎င်းသည် နဂါးဧကရာဇ်၏ ပင်ရင်အမွေအနှစ် ဖြစ်လေရာ ဖီးနစ်အသိုက်တွင်းရှိ စွမ်းအင်များကို ဤကဲ့သို့ တုန့်ပြန်သည်မှာ မထူးဆန်းချေ။
လဝက်ကြာသွားသည့်တိုင် ဖီးနစ်အသိုက်သည် ထူးခြားမှု နည်းနည်းလေးမျှပင် မပြသေးချေ။
ထိုအချိန်အတောအတွင်း ရန်ကိုင်သည် ကောင်းကင် စိတ်အာရုံကို အဆက်မပြတ် ဖြန့်ကျက်၍ ဖီးနစ်ဧကရီ၏ အမွေအနှစ်နှင့် ဆက်သွယ်နိုင်ရန် ကြိုးစားနေခဲ့သည်။
သို့သော် သူလုံးဝ မအောင်မြင်ခဲ့ချေ။
တစ်လကြာသွားသည့်နောက် စိတ်ပျက်ပျက်ဖြင့် ရန်ကိုင် လက်လျှော့်လိုက်ရတော့သည်။
သူ့အနေဖြင့် ဤနေရာမှ အမွေအနှစ်ကို ယူသွားနိုင်မည့်လမ်းမမြင်တော့။
မျက်လုံးဖွင့်ကား ထွက်သွားရန် ပြင်နေစဉ်မှာပင်၊ ဖီးနစ်အသိုက်တွင်းရှိ အေးစက်သော စွမ်းအင်များ တစ်ခုခု ပြောင်းလဲသွားခဲ့ပြီး ထိုစွမ်းအင်များနှင့် သူ့ကျောကုန်းပေါ်ရှိ ရွှေနဂါးတက်တူးကြား ထူးဆန်းသိမ်မွေ့သော နှောင်ကြိုးတစ်မျှင် ဖြစ်ပေါ်လာခဲ့သည်။
ရန်ကိုင် ခန္ဓာကိုယ်တုန်ရင်သွားခဲ့ပြီး သူ့အသက်ရှူသံကို တည်ငြိမ်သွားအောင် အမြန်လုပ်လိုက်သည်။ ထို့နောက် သူတော်စင်ချီအား လှည့်ပတ်နေသည်ကို ရပ်တန့်လိုက်ပြီး ကိစ္စအဝတကို ရွှေနဂါးတက်တူးကိုသာ လုပ်ခွင့်ပေးလိုက်၏။
သိမ်မွေ့သော နှောင်ကြိုးသည် ပိုပို၍ ကြည်လင်း၊ ပြတ်သားလာခဲ့ပြီး ရန်ကိုင်၏ အမူအရာသည်လည်း တစ်ခုခုကို နားလည်သွားသည့်အလား တောက်ပသည်ထက် တောက်ပလာခဲ့သည်။
ဖီးနစ်အသိုက်တွင်းရှိ အေးစက်လှသော စွမ်းအင်များသည် ရန်ကိုင်နှင့် မလှမ်းမကမ်းတွင် စတင် စုဝေးလာခဲ့သည်။
တဖြည်းဖြည်းနှင့် ဖီးနစ်အသိုက်ကို နှစ်ပေါင်းများစွာ ကြာသည်အထိ လွှမ်းခြုံထားခဲ့သော အအေးဓါတ်များသည် ရန်ကိုင်ရှေ့တွင် အစက်လေးတစ်စက်အဖြစ် စုစည်းလာခဲသည်။ ထို့နောက် မကြာမှီ ရေခဲဖီးနစ်ပုံရိပ် ရန်ကိုင်ရှေ့ ထွက်ပေါ်လာခဲ့သည်။
ထိုဖီးနစ်ပုံရိပ်သည် သန့်စင်ဖြူစင်သော၊ ကြည်လင်သန့်ရှင်းသော၊ အပြစ်အနာအဆာ ကင်းမဲ့သော အသွင်သဏ္ဏာန်ကို ပိုင်ဆိုင်ထားပြီး မြင့်မြတ်သော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။ ထိုဖီးနစ်ပုံရိပ်ကို မြင်ပြီးနောက် စုယန်ကို သတိရမိလိုက်သည်။
စုယန်နှင့် ဖီးနစ်ပုံရိပ်၏ အရှိန်အဝါသည် တစ်ခုတည်းမှ လာသည့်အလား အလွန်တရာကိုမှ တူညီလှပေသည်။
စုယန်သည် ရေခဲနတ်သမီးလေးနှင့် တူသည်ဟု ဟူကျောင်းအာ မှတ်ချက်ပေးခဲ့ဖူးသည်။ ထိုမှတ်ချက်သည် ချဲ့ကားပြောဆိုထားခြင်း မဟုတ်ချေ။ စုယန်အား မြင်သည့်သူတိုင်း ထိုကဲ့သို့ တွေးမိမည်သာ။ ရန်ကိုင်နှင့် တွေ့မှသာ သူမ အေးစက်စက် အမူအရာတို့ အရည်ပျော်ကျသွားခြင်း ဖြစ်သည်။
ဤလောကကြီး တစ်ခုလုံးကို လောင်ကျွမ်းပစ်နိုင်သည်ဟု ထင်ရသော အပူစွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့သည်။
တစ်ချိန်တည်းတွင် မိုးမြေတစ်ခွင် နဂါးဟိန်းသံ ပဲ့တင်ထပ်သွားခဲ့ပြီး ဖီးနစ်ပုံရိပ်သည်လည်း ကောင်းကင်ပေါ်သို့ ဦးမော့လျက် စူးစူးရှရှ အော်ဟစ် မြည်ကြွေးလိုက်သည်။
စုယန်ကို မြင်နေသည်ဟု ထင်ရသည့်အလား ရန်ကိုင်သည် ဖီးနစ်ပုံရိပ်ကို ကြည့်ရင်း သူ့လက်ကို အလိုလို ဆန့်ထုတ်မိလိုက်သည်။ ရေခဲဖီးနစ်သည် အသိဥာဏ် ရှိသည့်အလား ရန်ကိုင်၏ မျက်လုံးတည့်တည့်ကို စိုက်ကြည့်လိုက်သည်။ ရန်ကိုင်က ရိုးရိုးသားသား ကမ်းလှမ်းနေမှန်း သတိပြုမိလိုက်သည့်အခါ၊ သူမ၏ ကျော့ရှင်းသော ခန္ဓာကိုယသ်ည သန်းပေါင်းများစွာသော အလင်းစက်လေးများအဖြစ် ပေါက်ကွဲထွက်သွားခဲ့ပြီး ရန်ကိုင်ကိုယ်တွင်းသို့ တိုးဝင်သွားခဲ့သည်။
ရန်ကိုင် တောင့်ခံခြင်းမပြုခဲ့။ ထိုစွမ်းအင်များကို သူ့ကိုယ်တွင်းသို့ စီးဝင်းစေလိုက်သည်။ ခဏအကြာ သူ့အရေပြားထက် ရေခဲစလေးများ ထွက်ပေါ်လာသည်။
သိပ်သည်းလှသော အအေးဓါတ်စွမ်းအင်ကြောင့် ရန်ကိုင်၏ ကိုယ်အပူချိန် ရုတ်ချည်း ထိုးကျသွားရသည်။
ရန်ကိုင်၏ သူတော်စင်ချီသည် အအေးဓါတ်ကို အလိုလို တုန့်ပြန်ရန် ကြိုးစားလာသော်ငြား ရန်ကိုင်က သူ၏ သူတော်စင်ချီကို အလျင်အမြန် ဖိနှိပ်၍ ဒန်တန်ထဲသို့ ဆွဲယူလိုက်သည်။
ချက်ချင်းဆိုသလို အအေးဓါတ်ကြောင့် ရန်ကိုင်၏ သွားများ ခိုက်ခိုက်တုန်လာပြီး သူ့နှုတ်ခမ်းများသည်လည်း ပြာနှမ်းလာခဲ့ရသည်။
မြောက်မြားလှစွာသော အအေးစွမ်းအင်များသည် သူ့ကိုယ်တွင်းသို့ အချိန်အတော်ကြာသည်အထိ ဆက်လက် စီးဝင်နေခဲ့သည်။
သူ၏ တဆတ်ဆတ် တုန်ရီနေသော ခန္ဓာကိုယ်လည်း ပြလျော့သွားခဲ့ရပြီး မခံမရပ်နိုင်အောင် ပြင်းထန်သော အအေးဓါတ်သည်လည်း ပျောက်ကွယ်သွားလေသည်။
သူ့ကိုယ်တွင်း၌ တစ်ခုခု ပိုရှိလာသလို ခံစားရသည်။ သူ့အရေးပြားထက် အေးစိမ့်စိမ့် ခံစားချက်တစ်ခု ဖြတ်ပြေးနေသည်ကို ရန်ကိုင် ခံစားမိသည်။
အင်္ကျီကို ချွတ်ကြည့်လိုက်ရာ သူ့ကိုယ်ထက် ကူးခတ်သွားလာနေသော နဂါးတက်တူးနှင့် ဖီးနစ်တက်တူးကို တွေ့လိုက်ရလေသည်။
ထိုတက်တူးနှစ်ခုထဲ မခန့်မှန်းနိုင်လောက်အောင် များပြားလှသော စွမ်းအင်တို့ ကိန်းအောင်ပါဝင်နေခဲ့သည်။
ရန်ကိုင် ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူ့အနေဖြင့်ကို အတော့်ကိုလည်း အံ့အားသင့်နေရသေးသည်။
ဖီးနစ်အသိုက်ဆီသို့ ကံစမ်းလိုရုံသက်သက်ဖြင့်သာ လာခဲ့ခြင်းဖြစ်သည်။ အမှန်တကယ်ကို အောင်မြင်မှုဟု မထင်ထားခဲ့ချေ။
ဖီးနစ်ဧကရာဇ်၏ အမွေအနှစ်သည် သူ့ဖိတ်ခေါ်မှုကို လက်ခံ၍ သူ့ကိုယ်ထဲ ဝင်လာခဲ့သည်။ ဖီးနစ်ဧကရာဇ်သည် သူ့ခန္ဓာကိုယ်ကို နေစရာတစ်ခုသဖွယ် အသုံးချနေခြင်း ဖြစ်သည်။ တကယ်တော့ ထိုအမွေအနှစ်သည် သူ့ကိုယ်ပိုင် အမွေအနှစ်မဟုတ်ချေ။ ထို့ကြောင့် ရန်ကိုင်အနေဖြင့် ထိုအမွေအနှစ်၏ စွမ်းအားကို မစုပ်ယူနိုင်ဘဲ သီးသန့် စွမ်းအင်တစ်ခုအဖြစ်သာ သူ့ခန္ဓာကိုယ်ထဲ သိမ်းထားနိုင်၏။
ဖီးနစ်တက်တူးသည် သူ့ခန္ဓာကိုယ်အား မည်သည့် ပြဿနာမှ မပေးမှန်း အတည်ပြုပြီးနောက် ရန်ကိုင် ထိုင်ရာမှ ထလိုက်သည်။ နေသည် ကောင်းကင်ယံထက် တောက်ပစွာ ထွန်းလင်းနေခဲ့သည်။
နှစ်ပေါင်းများစွာကြာအောင် တည်ရှိခဲ့သော နှင်းရေခဲ ကမ္ဘာသည် ပျောက်ကွယ်သွားခဲ့လေပြီ.
ရေခဲဖီးနစ်အသိုက်ကြောင်း ချန်ကျို့အား အသိပေးရန် အချိန်ခဏယူပြီးနောက် သူတို့အား နှုတ်ဆက်ကာ ကြယ်လွန်းပျံကို ဆင့်ခေါ်၍ ဘုံကိုးခုထွတ်မြတ်နယ်မြေသို့ ပြန်လာခဲ့သည်။
တောင်ဝင်နယ်မြေသို့ ရောက်သည်အခါ ရှုဟွေနှင့် အခြားသူများလည်း ပြန်ရောက်နှင့်နေကြလေပြီ။
ရန်ကိုင်သည် သူ့မိတ်ဆွေနှင့် မိသားစုဝင်များကို ဆင့်ခေါ်၍ ကြယ်တာရာကောင်းကင်ထဲသို့ သွားမည့် ခရီးစဉ်အကြောင်း ရှင်းပြလိုက်သည်။
သို့သော်လည်း အကုန်လုံးသည် ကြိုနှင်ထားပြီးသည့် အလား နည်းနည်းလေးမှ အံ့ဩဟန်မပြကြ။
ရန်ကိုင် လီရုန်အား လှမ်းကြည့်လိုက်သည်။ သူမသည် ဤအကြောင်းကို ထိုလူများအား ကြိုပြောထားခြင်း ဖြစ်ရပေမည်။
“မင်းဆုံးဖြတ်ပြီးသွားပြီလား” မန်ဝူရက တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်သည်။
“အင်း” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်၏။
“ဆုံးဖြတ်ပြီးသွားရင် ဘာမှ ထပ်မပြောနဲ့တော့။ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်ဖို့သာ ကြိုးစား။ ဒီက ကိစ္စတွေကို စိတ်မပူနဲ့။ ငါစောင့်ရှောက်ထားလိုက်မယ်” မန်ဝူရက ခေါင်းညိတ်ပြလိုက်သည်။
“အဲ့လိုဆို ဘဏ္ဏာထိန်းမန်ဆီပဲ အပ်ထားခဲ့မယ်နော်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
ဘုံကိုးခုထွတ်မြတ်နယ်မြေစဉ် လက်ရှိအချိန်တွင် တဖြည်းဖြည်းချင်း တိုးတက်နေပြီ ဖြစ်လေရာ တော်ဝင်သခင်ကို မလိုအပ်တော့ချေ။ ရန်ကိုင် စိုးရိမ်နေသည်ကြား တိုက်ပွဲစိတ်ဝိဥာဉ်ကျောင်းတော် နေရာတွင် နေထိုင်ကြသော သူ့မိတ်ဆွေ၊ မိသားစုဝင်များကိုပင်။ သို့သော်လည်း မန်ဝူရက သူရှောက်စောင့်ထားမည်ဟု ပြောလာသဖြင့် ထိုလူများ အနိုင်ကျင့်ခံရမည်ကို စိုးရိမ်စရာ မလိုတော့ချေ။
“မင်းအရင်သွားနှင့်၊ နောက်ကျမှာ ငါထွက်လာရင် ထွက်လာခဲ့မယ်။ အဲ့အချိန်ကျ ငါမင်းကို ကျိန်းသေရှာမှာ” မန်ဝူရက ပြုံးကာ ပြောလိုက်သည်။
“ကျုပ်စောင့်နေမယ်”
ရုတ်တရက် အနီးအနားမှ ငိုကြွေးသံတို့ ထွက်လာသဖြင့် လှည့်ကြည့်လိုက်ရာ မို့အစ်နီရဲနေသော မျက်လုံးများဖြင့် မျက်ရည်ရွဲလဲ ဖြစ်နေသော ဒေါင်စုကျုကို တွေ့လိုက်ရသည်။
လွန်ခဲ့သော ဆယ်နှစ်ခန့်က ရန်ကိုင်သည် ဗဟိုမြို့တော်မှ ထွက်သွားခဲ့သည်။
မကြာသေးခင်ကမှပဲ သူမတို့ မိသားစု ပြန်လည် စုံစည်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ဒေါင်စုကျုအဖို့ သူမသားနှင့် စကားပင် ကောင်းကောင်း မပြောရသေးခင်မျာဘဲ ရန်ကိုင်သည် ကြယ်တာရာကောင်းကင်ထဲ ခရီးထွက်တော့မည်ဟု ပြောလာခဲ့သည်။
သူမ ဝမ်းမနည်းဘဲ ဘယ်နေမည်နည်း။
ရန်မိသားစု၏ လေးယောက်မြောက် သခင်ကြီးသည် စိတ်ကို ခိုင်ခိုင်ထားနေသော်ငြား သူ့မျက်လုံးထောင့်စွန်းမှ မျက်ရည်များ မသိမသာ စီးကျနေခဲ့သည်။
ရန်ကိုင်စိတ်ထဲ အပြစ်မကင်းသလို ခံစားလိုက်ရသည်။ သူ့မိဘများကို နှစ်သိမ့်ပေးတော့မည်အပြု ရန်ရင်ဖုန်းက ပြောလိုက်သည် “သွားသာသွား၊ အဖေ မင်းဆုံးဖြတ်ချက်ကို ထောက်ပံ့ပေးမယ်။ မင်းကိုလည်း ယုံ်တယ်”
ရန်ကိုင် ပခုံးများ တုန်ခါသွားခဲ့ပြီး အခိုင်အမာ ခေါင်းပြန်ညိတ်ပြလိုက်သည်။
ရန်ရင်ဖုန်း၏ စကားလုံးများသည် ရန်ကိုင်အား အတော့်ကိုမှ စိတ်သက်သာရာ ရသွားစေသည်။ နောက်ဆုံး၌ ဝန်ထုပ်ဝန်ပိုးများကို လွှတ်ချပြီး သူလုပ်ချင်သည့် ကိစ္စကို အာရုံစိုက်နိုင်ပေတော့မည်။
“မင်းမသွားခင် နင်းချန်နဲ့ စကားသွားပြောလိုက်ဦး” မန်ဝူရက သက်ပြင်းအသာအယာ ချလိုက်ပြီး “အဲ့ကောင်မလေး သူ့အခန်းထဲကနေ မထွက်တာ လဝက်တောင် ရှိနေပြီ”
“ကျုပ်သိတယ်”
ညယံအချိန်၊ လမင်းစန္ဒသည် ကြယ်စင်စုံသည့် ကောင်းကင်ယံထက် ထွန်းလင်းနေပြီး လရောင်ခြည်တို့ကို သက်ရှိတို့အား ပက်ဖြန်းပေးနေခဲ့သည်။
ရန်ကိုင်သည် အတော်ဝင်သခင်ရုံးတော်ထဲသို့ လမ်းလျှောက်ဝင်သွားစဉ် အန်လင်းအားနှင့် သွားတိုးခဲ့သည်။ ရန်ကိုင်ကိုမြင်သော် အန်လင်းအာက ရွှတ်နောက်နောက် အမူအရာဖြင့် တခစ်ခစ် ရယ်သွမ်းသွေးလျက် လမ်းဖယ်ပေးလိုက်သည်။
ရန်ကိုင်အား အန်လင်းအာကို ခဏလောက် စိုက်ကြည့်နေပြီးနောက် ရှနင်းချန်၏ အခန်းဆီသို့ ဦးတည်လိုက်သည်။
တံခါးအပြင်ဘက်တွင် တုဝမ်နှင့် အခြားဆေးဝိဇ္ဇာကြီး ငါးယောက်သည် အဆက်မပြတ် အော်ခေါ်နေကြသည်။ အကုန်လုံးသည် ရှနင်းချန် အပြင်ထွက်လာအောင် အမျိုးမျိုး ကြိုးစားနေကြသည်။ သို့သော် အတွင်းဘက်မှ မည်သည့် တုန့်ပြန်မှုမှ မရရှိခဲ့ချေ။
“ဆေးဝိဇ္ဇာကြီးတို့၊ မင်္ဂလာညနေခင်းပါဗျာ” ရန်ကိုင်က အသာအယာ ချောင်းဟန့်၍ နှုတ်ဆက်လိုက်သည်။
အမှောင်ထုထဲ ငါးစုံသော မျက်လုံးများသည် မကျေမချမ်း အမူအရာများဖြင့် ရန်ကိုင်အား တစ်ပြိုင်တည်း စိုက်ကြည့်လာကြသည်။
“ကောင်စုတ်လေး...” ထိုသို့ စကားဆိုလိုက်စဉ် ချန်ပေါင်၏ ဝတုတ်တုတ် ခန္ဓာကိုယ်ကြီး တုန်ခါသွားခဲ့သည်။ ဝါကြီးသည်ကို အခွင့်ကောင်းယူ၍ ရန်ကိုင်အား ချက်ချင်း ပြစ်တင်ပြောဆိုတော့လေသည် “မင်းက ဘာကို တန်ဖိုးထားရမလဲ မသိတဲ့ကောင်ပဲ။ ရှလေး မင်းကို ကြိုက်တယ်ဆိုတာ မင်းထိုက်တန်တာထက်တောင် ပိုနေပြီ။ ဒါတောင် မင်းက သူ့ကို ဝမ်းနည်းအောင် လုပ်ရဲတယ်။ တောက်၊ ငါ့နှယ် ဒေါသထွက်လိုက်တာကွာ”
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၈၀) ဂျူနီယာမောင်လေး၊ နင်ဘာလုပ်နေတာလဲ
ရှနင်းချန်၏ အခန်းအပြင်ဘက်တွင်၊ ဖက်တီး ချန်ပေါင်သည် ရန်ကိုင်ကို ကောင်းကာင်း အပြစ်တင်နေ၏။ သူ့တံတွေးများသည် နေရာအနှံ့ လွင့်စင်နေခဲ့သည်။
“ရှမိန်းကလေး အခန်းအပြင် မထွက်တာ လဝက်ရှိနေပြီ။ ဆေးတောင် မဖော်တော့ဘူး။ အကုန်လုံး မင်းကြောင့်ပဲ” ဟုန်ဖန်းကလည်း ရေနစ်ရာဝါးကူးထိုးသည်။
ခုန်ရို့ယုက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ဆက်ပြောလိုက်သည် “မိန်းကလေး တစ်ယောက်ကို လုံခြုံစိတ်ချအောင် ထားဖို့ဆိုတာ ယောကျာ်းတစ်ယောက် ဖြစ်တဲ့ နင့်တာဝန်ပဲ။ သူတို့ကို ဝမ်းနည်းအောင် လုပ်ရမှာ မဟုတ်ဘူး။ ဘုံကိုးခုထွတ်မြတ်နယ်မြေ ခေါင်းဆောင် အနေနဲ့ကတော့ နင်တော်ပါတယ်။ ဒါပေမယ့် ဒီနေရာမှတော့ နင်ဆက်သွားရမယ့် ခရီးက အဝေးကြီး လိုသေးတယ်”
ရန်ကိုင်နှင့် ဆက်ဆံရေးကောင်းသော တုဝမ်ပင်လျှင် အလေးအနက် အမူအရာဖြင့် ပြောလာခဲ့သည် “သူ့ကို ဘယ်လိုနှစ်သိမ့်ပေးမလဲဆိုတာ မြန်မြန် စဉ်းစား”
လက်ရှိတွင် ဆေးဝိဇ္ဇာကြီး ငါးယောက်နေ၍ ရှနင်းချန် ဘက်မှ အခိုင်အမာရပ်၍ ရန်ကိုင်အား ဆူပူပြစ်တင်နေသည်။
ရန်ကိုင်သည် နေရာတွင်သာ သစ်သားရုပ်ပမာ တောင့်တောင့်ကြီး ဖြစ်နေခဲ့ရလေသည်။
သူ့စီနီယာမမလေးနှင့် ဆေးဝိဇ္ဇာကြီး ငါးယောက်ကြားမှ ဆက်ဆံရေးသည် ထိုမျှ ရင်းနှီးနေလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။
ဆေးဝိဇ္ဇာကြီး ငါးယောက် တော်ဝင်နယ်မြေသို့ ရောက်လာစဉ်က သူတို့၏ မာနကို ခဝါချပြီး သူ့အား ဆေးဖော်စပ်ပြပေးရန် တောင်းဆိုခဲ့သည်ကို ရန်ကိုင် ကောင်းကောင်း မှတ်မိနေပေသည်။
ထိုစဉ်က ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး သူ့အား လေးစားခဲ့သည်။
သို့သော်လည်း ဆေးဝိဇ္ဇာကြီး ငါးယောက်၏ စိတ်ထဲ ရှနင်းချန်၏ အဆင့်အတန်းသည် သူ့ထက် ပိုမြင့်သွားလေပြီ။
“အွန်...” ရန်ကိုင်က ပါးစပ်ဟ၍ တစ်ခုခု ပြောရန် လုပ်လိုက်သော်ငြား ဟုန်ဖန်းက ဖြတ်ပြောလိုက်သည်။
ဟုန်ဖန်းက ရန်ကိုင်အား မနှစ်မြို့ဟန်ဖြင့် ကြည့်၍ နှာခေါင်းရှုံ့လိုက်သည် “ကောင်လေး၊ မိန်းမတစ်ယောက်နောက် လိုက်ဖို့ ကြယ်တာရာကောင်းကင်ထဲ မင်းသွားဖို့ လုပ်နေတယ်ဆို ဟုတ်လား။ ဘယ်လို မိန်းကလေးကများ ရှမိန်းကလေးနဲ့ ယှဉ်နိုင်လို့လဲ”
“သူပြောတာ ဟုတ်တယ်။ ရှမိန်းကလေးက ဒီလောကကြီးမှာ အကောင်းဆုံး မိန်းကလေးပဲ။ မင်းခွက်ထဲမှာ ရှိတာကို ပစ်ပြီး အခြားဟာ စားဖို့ မကြိုးစားစမ်းပါနဲ့ကွာ”
“ရှမိန်းကလေး ကြင်နာတယ်၊ သိမ်မွေ့တယ်၊ နားလည်တတ်တယ်၊ ဖြူစင်တယ်၊ ရိုးသားတယ်၊ ချစ်ဖို့လည်းကောင်းတယ်။ မင်းတို့ကောင်ကို သူဘာလို့ သွားကြိုက်မှန်း ငါတကယ်ကို နားမလည်နိုင်ဘူး”
ဒုတိယတစ်ကြိမ် ပြစ်တင်စကားများကြောင့် ရန်ကိုင် ထပ်မံ ဆွံ့အရပြန်လေပြီ။
“ရှမိန်းကလေး၊ ဝမ်းမနည်းနဲ့” ခုန်ရို့ယုက ရုတ်တရက် တံခါးဘက်သို့လှည့်၍ အော်ပြောလိုက်သည် “ဒီလို မပြတ်သားတဲ့ ယောက်ျား တစ်ယောက်ကို ဂရုစိုက်နေစရာ မလိုဘူး။ နောက်နေ့ကျ ယောကျာ်းကောင်လေး တစ်ယောက်ကို ဒီအမယ်အိုကြီး မိတ်ဆက်ပေးမယ်။ သူက ရန်ကိုင်လောက် မတော်ပေမယ့် ယောကျာ်းတွေကြားမှာ နဂါးတစ်ကောင်တော့ ဖြစ်နေတုန်းပဲ”
ရန်ကိုင် မျက်မှောင် တစ်မုဟုတ်ချည်း မည်းမှောင်သွားပြီး ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည် “အဘွားကြီးခုန်၊ အဲ့ကောင်ကို တစ်ခုခု မဖြစ်စေချင်ရင် တော်ဝင်နယ်မြေဆီ ဘယ်တော့မှ ခေါ်မလာရင် ကောင်းလိမ့်မယ်”
ခုန်ရို့ယုက ရန်ကိုင်အား မကျေမနပ်ဖြင့် ပြန်စိုက်ကြည့်လိုက်သည် “ဘာလဲ၊ နင်က ရှမိန်းကလေးကို သူ့စိတ်ကြိုက်တောင် ရွေးချယ်ခွင့် မပေးတော့တာလား”
“ကျုပ်အဲ့လို ပြောချင်တာ မဟုတ်ဘူးလား။..” သူမ ထိုကဲ့သို့ စကားစလိုက်သည်နှင့် ရန်ကိုင်က ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ ထိုသက်ကြားအိုကြီးများနှင့် စကားပြောရသည်မှာ အတော့်ကိုမှ ခေါင်းကိုက်စရာ ကောင်းလှပေသည်။ ထိုဆေးဝိဇ္ဇာကြီး ငါးယောက်သည် ယောကျာ်းတစ်ယောက်နှင့် မိန်းမတစ်ယောက်၏ အချစ်ကိစ္စကြား ဘာကြောင့် ဝင်နှောင့်ယှတ်နေသလဲဟုလည်း စိတ်ထဲတွင် တွေးနေမိသည်။
ကျွီ...
အခန်းတံခါး ရုတ်တရက် ပွင့်သွားပြီး ရှနင်းချန် အားလုံးရှေ့ ထွက်ပေါ်လာခဲ့သည်။ သူမ၏ မျက်ဝန်းလေးများသည် အစွန်းအထင်း အရှင်း ကင်းစင်နေခဲ့သည်။
“ဂျူနီယာမောင်လေးကို မဟုတ်တာတွေ မပြောနဲ့,...” ရှနင်းချန်က ခြင်အော်သံတမျှ တိုးညင်းသည့် အသံဖြင့် ပြောလိုက်သည်။ ထို့နောက် ရန်ကိုင်အား ကြည့်ကာ နှုတ်ခမ်းလေးကို ကိုက်လျက် ထပ်ပြောလိုက်သည် “ဂျူနီယာမောင်လေး သွားရှာမယ့်လူက စီနီယာအစ်မ စုယန်ပဲ။ စီနီယာအစ်မက အရမ်းကောင်းတဲ့ လူတစ်ယောက်ပဲ”
“ဟူး၊ နောက်ဆုံးတော့ ထွက်လာပြီပေါ့ အဒေါ်လေးရယ်” ချန်ပေါင် သက်ပြင်းချလိုက်ပြီး သူ့နဖူးထက်မှ ချွေးသီးများကို သုတ်ကာ ရှနင်းချန်အား အဆင်ပြေ၊မပြေ အလျင်အမြန် မေးလိုက်သည်။
“ဂျူနီယာမောင်လေး၊ အထဲတင်လာခဲ့လေ၊ ငါတို့ စကားပြောကြမယ်” ရှနင်းချန်က ရန်ကိုင်ကို အခန်းထဲသို့ ဆွဲခေါ်သွားလေသည်။
ရန်ကိုင်က အခန်းထဲသို့ ရောက်သည်နှင့် နောက်ပြန်လှည့်၍ စပ်ဖြဲဖြဲပြုံးလျက် “ဆေးဝိဇ္ဇာကြီး ငါးယောက်တို့ စောစောနားကြတော့နော်”
သူတို့ ပြန်မပြောနိုင်သေးခင်မှာပင် ရန်ကိုင်က တံခါးကို ပိတ်ချသွားလေသည်။
“ဒီကောင်စုတ်ကတော့...” ဟုန်ဖန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
“ရန်ကိုင်ကတော့ သူ့ဘာသာ တော်နေတာပဲလေ” တုဝမ်က ရယ်သွမ်းသွေးလိုက်ပြီး “ငါတို့လည်း အနားယူကြတာပေါ့”
ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး အတွေ့အကြုံ များပြားသည့် လူများဖြစ်လေရာ ရှနင်းချန်၏ နှလုံးသားလေး နာကျင်နေသည်ကို နားလည်ပေသည်။ ရန်ကိုင်အား ပြစ်တင်ပြောဆိုနေခြင်းမှာလည်း ရန်ကိုင်အား သနားပြီး ရှနင်းချန်ကို ထွက်လာအောင် လုပ်ရန်ပင်။
ဤကဲ့သို့သော ကိစ္စများတွင် သူတို့အနေဖြင့် တစ်ယောက်နှင့် တစ်ယောက် ရင်ဖွင့်ကာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်သင့်ပေသည်။
အခန်းထဲတယ်၊ ရန်ကိုင်က ရှနင်းချန်အား တောင်းတောင်းပန်ပန်ဖြင့် ကြည့်လိုက်သည်။
“ကျွန်တော် စုယန်ကို သွားရှာတော့မယ်။ စီနီယာမမလေးကို အဲ့အကြောင်းပြောချင်လို့ ဒီနေ့ လာရှာတာ” ရန်ကိုင်က ပြောလိုက်သည်။
“ငါသိတယ်” ရှနင်းချန်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “ငါနင့်ကို တားမှာမဟုတ်ဘူး။ ဒါပေမယ့် တကယ်တော့ နင်နဲ့ မခွဲချင်ဘူး”
ပြောပြီးသည့်နောက် သူမ၏ သလင်းကျောက်ပမာ ကြည်လင်သည့် မျက်လုံးလေးများ မျက်ရည်ဝဲလာခဲ့သည်။ ရန်ကိုင်လက်မောင်းထဲသို့ ပြေးဝင်ပြီး ရန်ကိုင် ရင်ခွင်ထဲ ခေါင်းတိုးလျှိုတော့လေသည်။
မျက်ရည်စက်တို့ကြောင့် ရန်ကိုင် အဝတ်အစားများ စတင် စိုရွှဲလာခဲ့သည်။ ထို့နောက် ရှနင်းချန်က ဆက်ပြောလိုက်သည် “ဂျူနီယာမောင်လေး စိတ်ပူစရာမလိုဘူး။ စုယန်ကို သွားရှာပြီး ပြန်သာခေါ်လာခဲ့”
“အင်း” ရန်ကိုင် လေးလေးပင်ပင်နှင့် သက်ပြင်းချလိုက်၏။ ထို့နောက် ရှနင်းချန်၏ ခန္ဓာကိုယ်လေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်လေသည်။ သူ့စိတ်ထဲ ကာမစိတ်တို့ နည်းနည်းလေးမှ ထကြွလာခြင်း မရှိခဲ့။ အပြစ်မကင်းစိတ်၊ တွေဝေစိတ်တို့သာ ရှိနေခဲ့သည်။
ရှနင်းချန်သည် ရန်ကိုင်၏ စိတ်အခြေအနေကို သတိပြုမိသည့်အလား တိုးတိုးလေး ပြောလိုက်လေသည် “ဂျူနီယာမောင်လေး အပြစ်မကင်းသလို ခံစားနေစရာ မလိုဘူး။ ဆရာသာ ငါ့ကို ကြယ်တာရာကောင်းကင်ထဲ ခေါ်သွားမယ်ဆိုရင် ဂျူနီယာမောင်လေး ငါ့ကိုလည်း လိုက်ရှာမှာမလား”
“ဟုတ်တာပေါ့” ရန်ကိုင်က သူအား ပို၍ တင်းတင်းကြပ်ကြပ် ဖက်ထားမိလိုက်သည်။ ရှနင်းချန် သူ့အပေါ် နားလည်ပေးသည့်အတွက်လည်း အရမ်းကိုမှ ကျေးဇူးတင်မိလေသည်။
“နင်သူ့ကို ရှာတွေ့မယ်လို့ ငါယုံတယ်” ရှနင်းချန်က ရုတ်တရက် ခေါင်းမော့လိုက်ပြီး လခြမ်းကွေးများနှယ် လှပရွှန်းစိုနေသော သူမ၏ မျက်လုံးလေးများဖြင့် ရန်ကိုင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ ငါတို့ကို တစ်ကြိမ် ရှာတွေ့ပြီးသွားပြီလေ” ရှနင်းချန်က အခိုင်အမာ ဆိုလိုက်သည် “ဒီတစ်ကြိမ်လည်း ရှာတွေ့မှာပဲ။ လူနှစ်ယောက်က တွေ့ဆုံဖို့ ကံကြမ္မာဖန်လာရင် ဘယ်လောက်ပဲဝေးဝေး၊ အချိန်တွေ ဘယ်လောက်ပဲ ကြာသွား၊ ကြွားသွား တစ်နေ့ကျ ပြန်ပေါင်းရမှာပဲ။ ငါအဲ့လိုပဲတွေးတယ်။ အခုလည်း ယုံကြည်နေတုန်းပဲ။ ဘာလို့လဲဆိုတော့ ငါ့ရဲ့ မျှော်လင့်ချက်မဲ့၊ အထီးကျန်းအဖော်မဲ့နေတဲ့ အချိန်တွေမှာ နင်က...” ထိုနားရောက်သည့်အခါ ရှနင်းချန်၏ အသံသည် ဆက်ပြောရမည်ကို ရှက်နေသေည့်အလား တဖြည်းဖြည်း တိုးကျသွားခဲ့လေသည်။
“ငါလာလဲ” ရန်ကိုင်က ရှနင်းချန်ကို အပြုံးလေးဖြင့် စိုက်ကြည့်လိုက်သည်။
ရှနင်းချန် ရှက်ရွံ့မှုကြောင့် ရှက်သွေးဖြာသွားခဲ့သည်။ သူမ၏ မျက်လုံးလေးများ တဖြည်းဖြည်း မှေးစင်းသွားပြီး သူမ၏ လက်သွယ်သွယ်လေးများသည် ရန်ကိုင်၏ အင်္ကျီစကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလျက် အလွန်ကိုမှ တိုးညင်းသည့် အသံဖြင့် ပြောလိုက်လေသည် “နင်က သူရဲကောင်းတစ်ယောက်လို ပေါ်လာတာလေ”
ထိုစကားများကို ပြောပြီးသွားသည်နှင့် စီနီယာမမလေး၏ ပါးနှစ်ဖက် ရှက်ရွံ့မှုကြောင့် နီးမြန်သွားခဲ့သည်။ သူမ၏ နှလုံးခုန်သံ မြန်ဆန်လာပြီး ကိုယ်အပူချိန်မှာလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
စီနီယာမမလေးသည် သူမ၏ အတွေးများကို အလွယ်တကူ ထုတ်ဖော်တတ်သူ မဟုတ်ချေ။ အထူးသဖြင့် သူမ၏ နှလုံးသားရေရားနှင့် ပက်သက်သည့် အတွေးများပင်။ ယခုကဲ့သို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်သည်ပင်လျှင် သူမ၏ အကန့်အသတ် ဖြစ်နေလေချေပြီ။
ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကို ရယူရန်အတွက် ရန်ကိုင်နှင့်အတူ ယင်ကိုးသွယ်တောင်ကြားသို့ သွားခဲ့စဉ်က ချုံခိုတိုက်ခိုက်ခံခဲ့ရသည်ကို သူမ ရုတ်တရက် မှတ်မိလိုက်သည်။
ထိုတောင်ကြားထဲတွင် သူမ သေဘေးအန္တရာယ်ထဲသို့ ကျရောက်သွားချိန် ရန်ကိုင်သည် သူမရှေ့တွင် မာမားမတ်မတ် ရပ်တည်၍ ကာကွယ်ပေးခဲ့သည်။
ထိုစဉ်က သူ့ကျောပြင်သည် ဤမျှ မကျယ်၊ ဤမျှလည်း မှီခိုစရာမကောင်းချေ၊ ထို့အပြင် အားလည်းနည်း၏။ သို့သော် သူသည် နောက်ဆုတ်ထွက်ပြေးသွားခြင်း မပြုဘဲ တောင်တစ်လုံးသဖွယ် သူမရှေ့ မားမားမတ်မတ် ရပ်တည်၍ ကာကွယ်ပေးခဲ့သည်။
ထိုအချိန်မှစ၍ ရန်ကိုင်၏ ပုံရိပ်သည် သူမ၏ နှလုံးသားထဲ မှတ်ကျောက်ထွင်းလိုက်းသည့်နှယ် စွဲထင်သွားခဲ့သည်။
ထိုအကြောင်းကို ပြန်စဉ်းစားမိလိုက်တိုင်း ရှနင်းချန်၏ နှလုံးသားလေး ကြည်နူးသွားရသည်။
ထို့နောက်၊ သူမဆရာနောက်သို့ လိုက်၍ အရှေ့၊ အနောက် အရပ်မျက်နှာ မျိုးစုံသို့ ဆယ်နှစ်ကြာအောင် ခရီးထွက်ခဲ့သည်။ ထိုသို့ ခရီးထွက်နေစဉ်အတွင်း ဂိုဏ်းအသီးသီး၊ မိသားစုအသီးသီးမှ ပါရမီရှင်ပေါင်းများစွာနှင့် တွေ့ခဲ့ရသည်။ အကုန်လုံးသည် သူများ ချစ်ခင်နှစ်သက်ကြောင့် ဖွင့်ဟပြောဆိုခဲ့ကြသည်။
သို့သော် သူမ၏ နှလုံးသားသည် ထိုလူများနှင့် ရင်ဆိုင်ရစဉ် နည်းနည်းလေးမှ လှုပ်ရှားသွားခြင်း မရှိခဲ့။
သူမ စောင့်နေခဲ့သည်။
နောက်ဆုံး နှစ်ပေါင်းများစွာ ကြာပြီးနောက် သူမ တောင့်တနေခဲ့ရသည့် ဆန္ဒ ပြည့်သွားခဲ့လေပြီ။
သူမဆရာ ချုပ်နှောင်မိခံနေရကာ ထွက်မပြေးနိုင်ချိန်၊ သူမသည်လည်း မျှော်လင့်ချက်မဲ့၊ ကူကယ်ရာမဲ့၊ စိတ်ဓါတ်ကျနေချိန်၊ သူမ၏ နှလုံးသားလေးထဲ အနှစ်နှစ်၊ တောင့်တနေခဲ့သောလူသည် အမှောင်ထုကို ချိုးဖျက်၍ မျှော်လင့်ချက် လင်းရောင်ခြည်ကို သယ်ဆောင်ကာ ရုတ်တရက် ပြန်လည် ထွက်ပေါ်လာခဲ့သည်။
ထိုစဉ်က သူမအနေဖြင့် ရုတ်တရက် သေသွားရမည် ဆိုလျှင်ပင် ပျော်ပျော်ကြီး သေလိုက်မည်ဟု တွေးခဲ့သည်။ သူမစိတ်ထဲ ထိုမျှအထိ ပျော်နေခြင်းဖြစ်သည်။
ယနေ့ သူထွက်သွားတော့မည်။ သူမ လုပ်ရမည်ကား စောင့်နေရန်ပင်။
တည်တည်ငြိမ်ငြိမ်၊ မျှော်လင့်ချက်အပြည့်ဖြင့် စောင့်နေရန်ပင်။ ရှနင်းချန်သည် စိတ်မရှည်တတ်သည့် လူစားမျိုးမဟုတ်။ ပင်လယ်များ ခမ်းခြောက်၍ တောင်များ ပြိုကျသွားလျှင်ပင်၊ သူ့ကို ဆက်စောင့်နေမည်သာ။
ရုတ်တရက် သူမ တစ်ကိုယ်လုံး ပေါ့သွားသဖြင့် ရှနင်းချန် အလန့်တကြား အော်မိလိုက်သည်။ သူမ သတိပြုမိသည့် အချိန်၌ ရန်ကိုင်က သူမကို မချီထားခဲ့လေပြီ။
သူ့၏ အားကောင်းပြီး သန်မာသော လက်မောင်သည် သူအား လုံခြုံ၊ သက်သောင့်သက်သာဖြစ်စေသလို ခံစားရသည်။ အေးချမ်းငြိမ်းအေးသော တိမ်စိုင်တိမ်စိုက်များပေါ် မျော့လွင့်နေရသည့်အလား သူမ၏ စိုးရိမ်မှုတို့ အရည်ပျော်ပျောက်ကွယ်သွားရသည်။
“ဂျူနီယာမောင်လေး နင်ဘာလုပ်နေတာလဲ” ရန်ကိုင်က သူမအား အဓိပ္ပါယ်ပါပါ စိုက်ကြည့်ရင်း ကုတင်ပေါ် လှမ်းသွားနေသည်ကို မြင်သော် ရှနင်းချန် တိုးတိုးလေး ပြောမိလိုက်သည်။
ရန်ကိုင်၏ ကြင်နာသိမ်မွေ့သော အကြည့်အောက်ဝယ် သူမတစ်ကိုယ်လုံး နွေဦးရာသီဝယ် အရည်ပျော်နေသော နှင်းကလေးနှယ် ခံစားလိုက်ရသည်။
နောက်ဘာဆက်ဖြစ်မည်ကို သိလိုက်ရချိန် ရှနင်းချန် နှလုံးခုန်မြန်လာခဲ့သည်။ သူမ၏ အသက်ရှူသံ မြန်ဆန်လာပြီး ကိုယ်အပူချိန်မှာလည်း တစ်ဟုန်ထိုး မြင့်တက်လာသည်။
ရန်ကိုင်၏ အဓိပ္ပါယ်ပါသည့် အပြုံးကြောင့် ရှနင်းချန်၏ သူမ၏ မျက်လုံးလေးများကို မလိုလို ပိတ်မိလိုက်ပြီး နှုတ်ခမ်းလေးကိုကိုက်လျက် ရန်ကိုင်ရင်ခွင်ထဲ ခေါင်းတိုးဝင်တော့လေသည်။ ရန်ကိုင်နှင့် အကြည့်ချင်း မဆုံရဲတော့ချေ။
ကျောပြင်ဘက်မှ ပျော့အိအိ အထိအတွေ့ကို ခံစားမိသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ ကုတင်ပေါ် ရောက်နေသည်ကို တွေ့လိုက်ရသည်။ လရောင်သည် အနီးအနားရှိ ပြတင်းပေါက်မှတစ်ဆင့် သူမတို့အပေါ်သို့ ပက်ဖြန်းကျဆင်းနေပေသည်။
ရန်ကိုင်သည် ကုတင်းစောင်းတွင် ထိုင်လျက် ထိုတုနှိုင်းမမှီသည့် မြင်ကွင်းကို စိုက်ကြည့်ရင်း သူ့စီနီယာ မမလေး၏ ဆံပင်ကို ပွတ်သပ်ပေးလိုက်သည်။
“စီနီယာမမလေး ကောင်းကင်စံအိမ်မှာတုန်းကလေ၊ ငါတာဝန်နဲ့ အပြင်သွားပြီး ပြန်လာတုန်းက နင်ငါ့ကုတင်ပေါ်မှာ လှဲအိမ်ပျော်နေတဲ့ အချိန်ကို ပြန်မှတ်မိသေးလား” ရန်ကိုင်က ရုတ်တရက် ကောက်မေးလိုက်သည်။
ရှနင်းချန်က သူမ၏ မျက်လုံးလေးများကို မမှိတ်တမှိတ် ဖွင့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်ပြီး “အဲ့ဒါက ကြာနေပြီဟာပြီကို၊ ငါမမှတ်မိတော့ဘူး”
သူမ မမှတ်မိဘဲ ဘယ်နေပါ့မလဲ။ ဝန်ခံရန် ရှက်နေခြင်းသာ ဖြစ်ပေသည်။
ထိုနေ့၌ ရန်ကိုင်ဆီ အထုပ်တစ်ထုပ် လာပို့ခြင်း ဖြစ်သည်။ ထိုစဉ်က သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးသလို နှုတ်ဆက်စကားလည်း တစ်ခါမှ မပြောဖူးကြပေ။ ရန်ကိုင်၏ သစ်သားအိမ်လေးထဲတွင် စောင့်နေခဲ့သော်လည်း သူက ပြန်မလာခဲ့။
စောင့်နေရင်း စောင့်နေရင်းနှင့် အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။
သူမ နုးလာသည့်အချိန်တွင် ရန်ကိုင်သည် ကုတင်းဘေးမှနေ၍ သူမအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ထိုစဉ်က ရန်ကိုင် ဘယ်အချိန် ပြန်ရောက်လာခဲ့မှန်း ရှနင်းချန်မသိခဲ့။ သို့သော်လည်း ရန်ကိုင်၏ အကြည့်ထဲ အလိုရမက်တို့ မပါဝင်၊ လေးအားအားကျမှုတို့သာ ပါဝင်သည်ကို သူမ အသေအချာ သတိပြုမိခဲ့သည်။
သူသည် သူမ အိပ်နေသည်ကို မနိုးရက်သည့်ပုံပင်။
“အဲ့တုန်က အချိန်က အခုအချိန်နဲ့ အတူတူလောက်ပဲ” ရန်ကိုင်က ရှနင်းချန်အား ချစ်မေတ္တာတို့ ပြည့်လျမ်းနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း ညင်သာသိမ်မွေ့သည့် လေသံဖြင့် ပြောလိုက်သည် “အဲ့တုန်းက လရောင်က စီနီယာမမလေးပေါ် ကျနေတော့ စီနီယာမမလေးရဲ့ နဖူးပေါ်က ကျောက်ကလေးက တလက်လက် တောက်ပနေခဲ့တာ။ စီနီယာမမလေးရဲ့ အလှကိုကြည့်ပြီး ကျွန်တော် ကြောင်တောင် ကြောင်သွားတယ်။ အဲ့တုန်းက ဘယ်လောက်တောင် ကံကောင်းတဲ့ လူကများ စီနီယာမမလေးရဲ့ ဘဝလက်တွဲဖော် ဖြစ်လာမလဲဆိုပြီး အဲ့လူကို ဂျူနီယာမောင်လေး ကြိတ်မနာလိုခဲ့တာ။ ဒါပေမယ့် အဲ့လောက်တောင် ကံကောင်းတဲ့လူ ကျွန်တော်ကိုယ်တိုင် ဖြစ်နေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ”
သူ၏ ရိုးသားပွင့်လင်းသော စကားလုံးများထဲ ကြင်နာယုယရိပ်တို့ ပြည့်နေခဲ့သည်။ ထိုစကားများသည် ထက်ရှသော ဓါးတစ်စင်းနှယ် စီနီယာမမလေး၏ နှလုံးသားကို ထိုးဖောက်သွားခဲ့ရာ ရှနင်းချန် အနေဖြင့် ပျားရည်နွံ့ နစ်မြောသွားသလို ခံစားလိုက်ရလေသည်။
သူမ၏ မျက်ဝန်းများ ရီဝေလာပြီး နားသီးလေးများ နီးစွေးလာခဲ့သည်။ လည်တိုင်တစ်လျှောက်လုံး နီမြန်းလာပြီး နှလုံးသားလေးဟာလည်း စစ်ဗုံတီးနေသည့်နှယ် တရစပ် ခုန်လာခဲ့သည်။ အောက်ဘက်ဆီမှ ပူလောင်ပြင်းပြသော မီးတောက်မီးလျှ့တို့ ပေါက်ကွဲထွက်လာပြီး ရန်ကိုင်အား မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက် သူမ၏ လက်သွယ်သွယ်လေး နှစ်ဖက်ဖြင့် ရန်ကိုင် လည်တိုင်ကို သိုင်းဖက်ကာ အောက်သို့ ဆွဲချလိုက်လေသည်။
သူမ၏ အတားအဆီးတို့ ကျိုးပျက်သွားရချေပြီ။ ရှနင်းချန် ရန်သူ လက်တွင်းသို့ ကျဆင်းသွားရလေပြီ။