အခန်း (၉၉၁-၉၉၅)
Vol. 40 Ch. 991-995
အပိုင်း (၉၉၁) မင်းရဲ့နေ့ရက်ကောင်းတွေ အဆုံးသတ်တော့မှာပဲ
ရှန်တုနှင့် စကားပြောပြီးနောက် အကြောင်းအရာ တော်တော်များများကို သိလိုက်ရသည်။ တဖြည်းဖြည်းနှင့် ကြယ်တာရာကောင်းကင်နှင့် ပက်သက်သော အခြေခံများ အကြောင်းကို သူနားလည်လာခဲ့သည်။
သူလက်ရှိ ရှိနေသော ကြယ်စီရင်စုသည် ဟုန်းလော့ ကြယ်စီရင်စု ဖြစ်ပေသည်။ ဟုန်းလော့ ကြယ်စီရင်သည် အလွန်တရာကိုမှ ကြီးမားလှပြီး ၎င်းထဲတွင် မရေမတွက်နိုင်သော ကြယ်များစွာ ရှိသော်လည်း ၎င်းသည် ကျယ်ပြောလှသော ကြယ်တာရာကောင်းကင်ထဲရှိ ကြယ်စီရင်စုများထဲမှ တစ်ခုသာ ဖြစ်ပေသည်။
ဟုန်လော့ ကြယ်စီရင်စုထဲတွင် မြောက်များစွာသော အားကောင်းလှသည့် အင်အားစုများ ရှိကြပေသည်။
ဓါးအဖွဲ့အစည်းနှင့် ခရမ်းကြယ်အဖွဲ့အစည်းတို့အပြင် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၊ နဂါးငွေ့တန်းကြယ်စင်စု၊ စွန့်ပစ်တွင်းမြေ ကဲ့သို့သော အင်အားစုများလည်း ရှိပေသည်။
ထိပ်တန်းအင်အားစုများ၏ လက်အောက်တွင် မရေမတွက်နိုင်သော အခြားအင်အားစုများ ရှိနေပေသေးသည်။
အင်အားစုတစ်ခု၏ ခွန်အားသည် ကြယ်သင်္ဘောများ ပိုင်၊ မပိုင်ပေါ်တွင် မူတည်ပေသည်။
ကြယ်သင်္ဘောများ အထူးသဖြင့် အလွန်တရာကိုမှ ကြီးမားသော ကြယ်သင်္ဘောများအား အသုံးပြုနိုင်သည့် အင်အားစုများသည် သန်မာသည်ဟု သတ်မှတ်၍ ရပေသည်။ အကြောင်းမှာ ကြယ်သင်္ဘောတစ်စင်းကို တည်ဆောက်၊ မောင်နှင်ရန်အတွက် လိုအပ်သော ကုန်ကျစရိတ်မှာ အလွန်ကိုမှ များပြားလှသောကြောင့် ဖြစ်သည်။
စွမ်းအင်ခန်းထဲရှိ စီတန်းထားသော ဧရာမ သူတော်စင် သလင်းကျောက်များကို ကြည့်ရင်း ဤကြယ်သင်္ဘောကြီးကို မောင်းနှင်ရန်အတွက် စွမ်းအင် မည်မျှ လိုအပ်ကြောင်းကို ရန်ကိုင် ခန့်မှန်းမိလိုက်သည်။ သာမန် အင်အားစုလေးတစ်စုသည် ကြယ်သင်္ဘောတစ်စင်အား မောင်းနှင်ရန်အတွက် လိုအပ်သော ကုန်ကျစရိတ်ကို ထောက်ပံ့ပေးနိုင်မည်မ ဟုတ်ချေ။
“အဲ့အင်အားစုတွေ အကုန်လုံးက ကျင့်ကြံရေးကြယ်တွေကို ပိုင်ဆိုင်ထားတဲ့ အင်အားစုတွေချည်းပဲ။ အနည်းဆုံးတောင် နှစ်လုံး၊ သုံးလုံးလောက်ပိုင်တယ်။ အများဆုံးကတော့ ခုနှစ်လုံး၊ ရှစ်လုံးလောက် ပိုင်ကြတယ်။ ကြယ်တစ်လုံးချင်းစီတိုင်းကလည်း တူညီကြတာ မဟုတ်ဘူး” ရှန်တုသည် ကြယ်စီရင်စုအကြောင်းကို ရန်ကိုင်ထက် ပိုသိပေသည်။ ရန်ကိုင် ဘာမှမသိသည်ကို မြင်သော် စိတ်ရှည်ရှည်ဖြင့် ရှင်းပြလေသည်။
“ကျင့်ကြံရေးကြယ်တွေလား” ရန်ကိုင် မျက်မှောင်ကြုံ့သွား၏။
“ကျင့်ကြံသူတွေ နေထိုင်ဖို့ သင့်လျော်တဲ့ ကြယ်တွေလေ” ရှန်တုက ရှင်းပြလိုက်သည် “ကြယ်စီရင်စုထဲမှ ကြယ်တွေ အများကြီးပဲ။ ဒါပေမယ့် အများစုက ကျင့်ကြံသူတွေနေဖို့အတွက် မသင့်လျော်ကြဘူး။ နေဖို့ သင့်တော်တဲ့ ကြယ်တွေကိုကျတော့ ကျင့်ကြံရေးကြယ်တွေလို့ ခေါ်တယ်”
“ငါသိပြီ” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။
“ဒါပေမယ့် ကျင့်ကြံဖို့အတွက် မသင့်တော်တဲ့ ကြယ်တိုင်းက အသုံးမဝင်တာတော့လည်း မဟုတ်သေးဘူး။ သတ္တုရိုင်းတွေ ပေါကြွယ်ဝတဲ့ကြယ်တွေ၊ ဆေးပင်တွေ စိုက်လို့ကောင်းတဲ့ ကြယ်မျိုးတွေ ရှိသေးတယ်။ အဲ့လိုကြယ်တွေကိုကျတော့ သတ္တုကြယ်၊ ဆေးပင်ကြယ်ဆိုပြီး ခေါ်ကြတယ်။ အင်အားစုကြီးတွေဆိုရင် အဲ့လို သတ္တုကြယ်တွေ၊ ဆေးပင်ကြယ်တွေ အများကြီး ပိုင်ဆိုင်ထားတာ။ ကြယ်သေတွေလည်း ရှိသေးတယ်။ အဲ့လို ကြယ်တွေကျတော့ ကြယ်တစ်ခုလုံးက သေခြင်းချီတွေနဲ့ ပြည့်နေတာ။ အဲ့မှာ သတ္တုရိုင်းတွေလည်းမရှိဘူး။ ဆေးပင်တွေလည်းမရှိဘူး။ ချီစွမ်းအင်တောင် မရှိဘူး”
ရန်ကိုင် မထိတ်လန့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
ထုန်းရွှမ်လောကကြီးရှိ အဓိက အင်အားစုကြီးများသည် ကုန်းမြေလေး သေးသေးလေးအတွက်နှင့် တိုက်ခိုက်ကြသည်။ သို့သော် ကြယ်တာရာကောင်းကင်ထဲတွင်မူ ကြယ်ပေါင်းများစွာကို ပိုင်စိုးထားသည့် အင်အားစုများပင် ရှိနေခဲ့ပေသည်။
လက်ရှိအချိန် မတိုင်ခင်အချိန်က ဤကဲ့သို့သော အင်အားစုမျိုး ရှိလိမ့်မည်ဟု ရန်ကိုင် မတွေးခဲ့ဖူးချေ။
ထုန်းရွှမ်လောကကြီးသည် ဤကြယ်စီရင်စုကြီးနှင့် ယှဉ်လိုက်လျှင် ပမွှားအဆင့်ပင် မရှိတော့ချေ။
“ကျင့်ကြံရေးကြယ်တစ်လုံးချင်းစီတိုင်းမှာ ကိုယ်ပိုင် ကြယ်သခင်တွေ ရှိတယ်။ ကြယ်သခင်တွေက သူတို့ကိုယ်ပိုင် ကြယ်မှာ အခွင့်အာဏာ အရှိဆုံးလူတွေပဲ။ မင်းရာ၊ ငါရော၊ တစ်နေ့ အဲ့အဆင့်ရောက်နိုင်မယ်ဆို တကယ် သာယာသွားပြီပဲ” ရှန်တုက အပြုံးကြီးပြုံးလျက် ပြောလိုက်သည်။
“ကြယ်သခင်တွေက ဘယ်လိုမျိုးလဲ”
“အရမ်း အရမ်းကို အားကောင်းလွန်းတယ်။ နမူနာပြောရရင် ဒီသူတော်စင် အထွဋ်အထိပ်အဆင့် ကြယ်သင်္ဘောကြီးကို ဘယ်ကြယ်သခင်မဆို လက်တစ်ချက်ဝှေ့ပြီး ဖျက်စီးပစ်နိုင်တယ်” ရှန်တုက အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။
ရန်ကိုင် လုံးဝကို မှင်သက်သွားရသည်။
ရှန်တုသည် ကြယ်သခင်များ မည်သည့် ကျင့်ကြံခြင်းတွင် ရှိနေသည်ဆိုသည်ကို သေချာ ပြောမသွားသော်ငြား ကြယ်သခင်များသည် သူတော်စင်ဘုရင်အဆင့်ထက်တွင် ရှိနေမည်ဟု ရန်ကိုင် ခန့်မှန်းမိသည်။
သူတော်စင်အဆင့်ထက်တွင် နောက်ထပ်အဆင့်တစ်ဆင့် ရှိနေပေသေးသည်။
“အပြင်ကို တစ်ချက်ကြည့်လိုက်” ရှန်တုက ရုတ်တရက် တိုးတိုးလေး ပြောလိုက်သည်။
ရန်ကိုင်လည်း ရှန်တု ပြောသည့်အတိုင်း အပြင်သို့ လှမ်းကြည့်လိုက်ရာ လှပသောကြယ်စင်စုကြီးကို မြင်လိုက်ရလေသည်။ စွမ်းအင်ခန်းသည် ကြယ်သင်္ဘော၏ အောက်ခြေတွင် တည်ရှိပြီး သင်္ဘော၏အရှိန်နှင့် ဦးတည်ရာကို အဓိကလုပ်ဆောင်သည့် နေရာဖြစ်သည်။ ထို့ကြောင့် ဤနေရာမှ အပြင်ကို မြင်နိုင်ခြင်း ဖြစ်လေသည်။
ပတ်ပတ်လည်တွင် မည်သည့် ပစ္စည်းဖြင် လုပ်ထားမှန်း မသိရသော ထွင်းဖောက်မြင်နိုင်သည့် ပြတင်းပေါက်များ ရှိနေခဲ့သည်။
“အဲ့ကြယ်တွေကို မင်းဘယ်လိုထင်လဲ” ရှန်တုက မေးလိုက်သည်။
“အဲ့မှာရှိနေတဲ့ မိုးမြေစွမ်းအင်တွေက အရမ်းအရမ်းကို သိပ်သည်းလွန်းတယ်” ရန်ကိုင်က အမှန်အတိုင်း ပြန်ပြောလိုက်သည်။ သူသည် သေခြင်းတရားချောက်နက်ထဲတွင် အချိန်အတော်ကြာအောင် လှည့်လည်သွားလာနေခဲ့သူ ဖြစ်သည်။
“ဟုတ်တယ်။ ဟုန်လော့ကြယ်စီရင်စုကြီး တစ်ခုလုံးမှာရှိတဲ့ ဘယ်ကျင့်ကြံရေးကြယ်ကမှ ဒီနေရာနဲ့ မယှဉ်နိုင်ဘူး။ ကြယ်စီရင်စုထဲမှာ ရှိနေတဲ့ အင်အားစုတိုင်းက ဒီနေရာမှာ ရှိနေတဲ့ ကြယ်တွေကို အရမ်းလိုချင်ကြတာ။ အရမ်းကို ပူလွန်းတဲ့ ကြယ်ပဲဖြစ်ဖြစ်၊ အေးလွန်းတဲ့ ကြယ်ပဲဖြစ်ဖြစ်၊ နှစ်လုံစလုံးက ကျင့်ကြံသူ အသီးသီးအတွက် အသုံးဝင်တာချည်းပဲ။ ကြယ်နဲ့ အနီးကပ်ကြီး မဟုတ်ဘူးကွာ။ ခပ်လှမ်းလှမ်းမှာထိုင်ပြီး ကျင့်ကြံရင်တောင် အကျိုးအမြတ် အများကြီးကို ရနိုင်တယ်”
“ဒါပေမယ့် ဒီနေရာက အရမ်း အန္တရာယ်များတယ်ဆို။ ဒီနေရာကို ကြယ်စီရင်စုရဲ့ အန္တရာယ်အများစု တားမြစ် နေရာတွေထဲက တစ်ခုလို့တောင် သတ်မှတ်ထားတယ်တဲ့။ အဲ့ကြယ်တွေကနေ ထုတ်လွှတ်နေတဲ့ စွမ်းအင်တွေက ပရမ်းပတာ စွမ်းအင်စက်ကွင်းတွေကို ဖန်တီးလို့ အထဲ ရောက်သွားရင် လမ်းပျောက်သွားပြီး အဲ့မှာပဲ တစ်သက်လုံး ပိတ်မိနိုင်တယ်တဲ့”
“ဟုတ်တယ်။ ဘာလို့လဲဆိုတော့ အဲ့ကြယ်တွေထဲမှာ ပါဝင်နေတဲ့ စွမ်းအင်တွေက အရမ်းများလွန်းလို့ပဲ။ စွမ်းအင်တွေက များလွန်းတော့ စွမ်းအင် စက်ကွင်းတွေကို ဖြစ်ပေါ်လာစေတယ်လေ။ ဒီတော့ အထဲဝင်သွားတဲ့ လူတိုင်း အလွယ်လေး လမ်းပျောက်သွားနိုင်တာပေါ့။ ဒါကြောင့်ပဲ သေခြင်းတရားချောက်နက်ကို ကြယ်စီရင်စုရဲ့ အန္တရာယ် အများဆုံး တားမြစ်နယ်မြေတွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားတာ။ ဒီနေရာမှာတောင် စိတ်ရှိလက်ရှိ မသွားနိုင်သေးတာ၊ အဲ့ကြယ်တွေကို အပိုင်သိမ်းဖို့ ကိစ္စကတော့ ပြောနေစရာတောင် မလိုတော့ဘူး”
“အဲ့လိုဆိုရင် ဒီကြယ်သင်္ဘော…”
“အဲ့ဒါနဲ့ပက်သက်ပြီး စိတ်ပူနေစရာ မလိုဘူး။ ကြယ်သင်္ဘောတွေထဲမှာ ရှိတဲ့ ကြယ်မြေပုံတွေ အကုန်လုံးက အဆင့်အမြင့်ဆုံးတွေချည်းပဲ။ ပြီးတော့ ကြယ်မြေပုံတွေကို ဆွဲနိုင်တဲ့ မြေပုံသခင်တွေလည်း ရှိသေးတယ်။ ဒါကြောင့် ဒီမှာ ကြယ်သင်္ဘော လမ်းပျောက်မှာ မဟုတ်ဘူး။ ဒါကြောင့်ပဲ သူတို့ ဒီထဲကို ဝင်လာရဲဥတာပေါ့။ ဒါပေမယ့် ကြယ်လွန်းပျံတွေကျ မတူဘူး။ ကြယ်လွန်းပျံထဲမှာပါတဲ့ ကြယ်မြေပုံတွေက အဲ့ကြယ်တွေက ထုတ်လွှတ်နေတဲ့ ပရမ်းပတာ အားစက်ကွင်းတွေနဲ့ ထိမိတာနဲ့ ပျက်စီးသွားနိုင်တယ်။ ဒါကြောင့်ပဲ ဘယ်သူမှ ဒီနေရာကို ကြယ်လွန်းပျံစီးပြီး မဝင်ရဲကြတာ”
“အဲ့လောက်ပဲဆိုရင် ဒီနေရာက တားမြစ်နယ်မြေအဖြစ် သတ်မှတ်ဖို့ မထိုက်တန်သေးဘူး။ အခြားအန္တရာယ်တွေလည်း ရှိသေးတယ်မလား” ရန်ကိုင်က တစ်ခုခု ထူးခြားနေသည်ကို ချက်ချင်း သတိပြုမိလိုက်သည်။
“တကယ် ရှိသေးတယ်” ရှန်တုက လေးလေးပင်ပင်နှင့် ခေါင်းညိတ်လိုက်ပြီး သူ့အမူအရာသည်လည်း လေးနက်၊ တည်ကြည်သွားခဲ့ကာ “ဒါပေမယ့် ဘာအန္တရာယ်တွေရှိလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး။ ဘာလို့လဲဆိုတော့ အဲ့အန္တရာယ်တွေနဲ့ ကြုံခဲ့ရတဲ့လူတိုင်း ဘယ်တော့မှ အသက်ရှင်လျက် ပြန်မလာနိုင်ကြလို့ပဲ”
ရန်ကိုင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ရုတ်တရက် သက်ပြင်းချလျက် “မင်းပြောသလိုဆို အဲ့ညီအစ်မ နှစ်ယောက်မှာ ရှိနေတဲ့ဟာက ခရမ်းကြယ်အင်အားစု အသည်းအသန် လိုချင်နေတဲ့ဟာပဲ ဖြစ်ရလိမ့်မယ်။ မဟုတ်ရင် အခုလို စွန့်စားရဲမှာမဟုတ်ဘူး”
ရှန်တုလည်း ရန်ကိုင် ပြောသည်ကို သေချာ စဉ်းစားကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည် “အရင်တုန်းက သေချာမစဉ်းစားမိဘူး။ ဒါပေမယ့် မင်းပြောတာ အမှန်ပဲ။ ဘယ်လို ရတနာမျိုးကများ ခရမ်းကြယ်အင်အားစုကို သေခြင်းတရားချောက်နက်ထဲ သူတော်စင် အထွဋ်အထိပ်အဆင့် ကြယ်သင်္ဘောတစ်စင်း ပို့ရအောင် လုပ်နိုင်တာလဲ၊ ငါတကယ်သိချင်မိသား”
ခေါင်းခြောက်အောင် စဉ်းစားကြည့်လိုက်သည့်တိုင်၊ အဖြေက ထွက်မလာခဲ့။
ထိုစဉ် စွမ်းအင်ခန်း၏ ထောင့်တစ်နေရာမျ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည် “စီနီယာပီယနဲ့ သူတို့အဖွဲ့ ပြန်လာပြီ”
ရန်ကိုင်နှင့် ရှန်တုတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သင်္ဘောပေါ်ဆီ လှမ်းကြည့်လိုက်သည်။
ဟုတ်ပေသည်။ အပြာရောင်အလင်းတန်းနှစ်ခု သင်္ဘောဆီ အရှိန်အဟုန် ပြင်းပြင်းဖြင့် ပျံသန်းလာနေခဲ့သည်ကို ရန်ကိုင်တို့ တွေ့လိုက်ရသည်။
“မင်းရဲ့ နေ့ရက်ကောင်းတွေတော့ အဆုံးသတ်တော့မှာပဲ” ရှန်တုက ရန်ကိုင်အား ဂရုဏာသက်နေသည့် အကြည့်ဖြင့် ကြည့်လိုက်သည် “မင်းဘာလုပ်ဖို့ စဉ်းစားထာလဲ။ အဲ့မိန်းမပျက်မ ပြန်ရောက်လာပြီ ဆိုမှတော့ မင်းကို ကျိန်းသေ အလွတ်ပေးမှာ မဟုတ်ဘူး။ ငါအရင်ပြောထားမယ်နော်၊ အဲ့မိန်းက မင်းကို လိုချင်တယ်ဆိုရင် ငါဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူး။ မင်းကိုလည်း ကူပေးနိုင်မှာ မဟုတ်ဘူး”
“မလိုဘူး” ရုတ်တရက် တစ်ခုခုကို ရှာတွေ့သွားသည့် အလား အလင်းတန်းနှစ်ခုအား ကြည့်နေသော ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။
“မင်းဘာပြောချင်တာလဲ” ရှန်တု ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
“သူတို့ ထွက်သွားတုန်းက သုံးယောက် ထွက်သွားတာ။ အခု ပြန်လာတော့ နှစ်ယောက်ပဲ ပါလာတယ်… မမျှော်လင့်ထားတာ တစ်ခုခု ကျိန်းသေ ဖြစ်ခဲ့ရလိမ့်မယ်” ရန်ကိုင်က တိုးတိုးလေး ပြောလိုက်သည်။
ရန်ကိုင် ပြောတော့မှပဲ ရှန်တုလည်း ထိုအချက်ကို သတိထားမိလိုက်သည်။ သူတို့ဆီသို့ အပြာရောင်အလင်းတန်း နှစ်ခုသာ လာနေခြင်းဖြစ်သည်။ သုံးခု လာနေခြင်းမဟုတ်။
တစ်ခဏအကြာ ကြယ်သင်္ဘောထက် လူနှစ်ယောက် ထွက်ပေါ်လာခဲ့သည်။
“စီနီယာပီယနဲ့ စီနီယာလျူရှန်းတို့ပဲ ပြန်လာတယ်။ စီနီယာလျူရှ ပါမလာဘူး” ကျင့်ကြံသူတစ်ယောက် စိတ်ပူနေသည့် လေသံဖြင့် စိုးရိမ်တကြီး ပြောလိုက်သည် “ပြီးတော့ စီနီယာပီယနဲ့ စီနီယာလျူရှန်းတို့ နှစ်ယောက်စလုံး ဒဏ်ရာရလာတဲ့ပုံပဲ”
“ဘာဖြစ်ခဲ့တာလဲ” ခဲမန်က အရိပ်ထဲမှ လမ်းလျှောက်ထွက်လာပြီး ခက်ထန်သည့် အမူအရာဖြင့် မေးလိုက်သည်။
“ငါလည်းမသိဘူး။ ငါ့လက်အောက်ငယ်သားတွေ မေးနေတယ်” ပထမလူက ပြန်ပြောလိုက်သည်။ ထို့နောက် သံလိုက်အိမ်မြောင်ကဲ့သို့ မှော်ရတနာထဲ သူ၏ ကောင်းကင် စိတ်အာရုံကို ထည့်သွင်းလိုက်လေသည်။
ကြယ်သင်္ဘောအပြင်ဘက်တွင် ရှိနေသော လျူရှန်သည်လည်း ထိုကဲ့သို့သော မှော်ရတနာတစ်ခုကို ထုတ်လိုက်သည်။
ထိုမှော်ရတနာသည် တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ရန် အသုံးပြုသော မှော်ရတနာတစ်ခုမှန်း ရန်ကိုင် နားလည်လိုက်သည်။ ယခင်အကြိမ်ကလည်း လျူရှန် ထိုကဲ့သို့ မှော်ရတနာ တစ်ခု ထုတ်ယူခဲ့သည်ကို သူမြင်ခဲ့ပေသည်။
လျူရှန်နှင့် ပီယတို့၏ ခန္ဓာကိုယ်ထက် ခြစ်ရာရှရာ များစွာရှိနေခဲ့ပြီး အဝတ်အစားများဟာလည်း သွေးများဖြင့် စွန်းထင်းနေခဲ့သည်။ ခွေးပြေးဝက်ပြေး ထွက်ပြေးလာရသည့်ပုံပင်။ ပီယသည် ယခင်ကကဲ့သို့ မလှနိုင်တော့။ သူမ တစ်ကိုယ်လုံး ဖရိုဖရဲ ဖြစ်နေခဲ့ချေပြီ။ တစ်ချိန်က လှပ၊ မောက်မာဝံ့ကြွားခဲ့သော မျက်နှာလေးထက် ကြောက်ရွံ့တုန်လှုပ်မှုတို့ဖြင့် ပြည့်နေခဲ့ပြီး ခဏခဏ အနောက်သို့ လှမ်းလှမ်း ကြည့်နေခဲ့သည်။
“ဟတ်၊ မင်းခန့်မှန်းတာနဲ့ ကွက်တိပဲ” ရှန်တုက လှောင်ပြုံးပြုံးလျက် “သေခြင်းတရား ချောက်နက်ထဲကို ဝင်သွားတာကို၊ အခုလို ဖြစ်လာတာ နည်းတောင် နည်းသေးတယ်”
“အခြေအနေက မင်းထင်သလို မဟုတ်ဘူး။ သူတို့တွေ အခြားကျင့်ကြံသူတွေနဲ့ တိုက်ပွဲဖြစ်လာတာနဲ့တူတယ်” ရန်ကိုင်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။
“အန်…”
“ငါတွေ့ခဲ့တဲ့ ညီအစ်မနှစ်ယောက် သူတော်စင်ဒုတိယနဲ့ တတိယအဆင့်ပဲ ရှိသေးတယ်။ လျူရှန်တို့အဖွဲ့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် အခုတော့ လျူရှန်တို့အဖွဲ့က တစ်ယောက်သေပြီး ဒဏ်ရာပရပွနဲ့ ပြန်ပြေးလာရတယ်ဆိုတော့…”
“သေခြင်းတရားချောက်နက်ထဲမှာ အခြားသူတွေ ရှိနေလို့ပဲပေါ့” ရှန်တု ချက်ချင်းပဲ နားလည်လိုက်သည် “ပြီးတော့ အဲ့မှာ အနည်းဆုံး သူတော်စင်ဘုရင်အဆင့် တစ်ယောက် ကျိန်းသေ ရှိလိမ့်မယ်”
“ဓါးအဖွဲ့အစည်းကလူတွေ” ရန်ကိုင်က ပြောလိုက်သည်။
“ဟားဟား။ ပွဲကြီးပွဲကောင်းတော့ ကြည့်ရတော့မှာပဲ။ ဓါးအဖွဲ့အစည်းကလူတွေ ရောက်လာပြီဆိုမှတော့ ကျိန်းသေ တိုက်ပွဲကြီးတစ်ခု ဖြစ်လိမ့်မယ်။ အဲ့တိုက်ပွဲ ဖြစ်တဲ့အခါကျ၊ အခွင့်အရေးယူပြီး ထွက်ပြေးကြတာပေါ့” ရှန်တု၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပနေခဲ့သည်။
“ကြည့်ရတာပေါ့” ရန်ကိုင်လည်း ထိုသို့ဖြစ်လာမည်ကို တိတ်တဆိတ် မျှော်လင့်နေမိသည်။ အခြေအနေတစ်ခုလုံး ယောက်ယတ်ခတ်သွားစေနိုင်သည့် အဖြစ်အပျက် တစ်ခုခုသာ မဖြစ်ပျက်ခဲ့လျှင်နှင့် ပီယနှင့်သူ ထပ်ရင်ဆိုင်ရပေလိမ့်မည်။
ထိုကဲ့သို့သော မိန်းမတစ်ယောက်အောက် သေရမည့် အဖြစ်မျိုး သူတကယ် မလိုလားချေ။
ထို့ကြောင့် အခြေအနေတစ်ခုလုံး ပရမ်းပတာ ဖြစ်နိုင်သမျှ ဖြစ်ရန် မျှော်လင့်နေမိသည်။
“ဓါးအဖွဲ့အစည်းပဲ။ ဓါးအဖွဲ့အစည်းက ကြယ်သင်္ဘောလည်း ဒီကိုရောက်နေပြီ” လျူရှန်နှင့် ဆက်သွယ်နေသည့် ကျင့်ကြံသူက အော်ပြောလိုက်သည်။
“ဘာ” ခဲမန် အမူအရာ ပြောင်းလဲသွားခဲ့ပြီး “ဒီကောင်တွေ သတ္တိက မသေးပါလား”
သူပြောလိုက်ပြီးသည်နှင့် မလှမ်းမကမ်း တစ်နေရာမှ ကြယ်သင်္ဘောတစ်စီးကို အာရုံခံမိလိုက်လေသည်။
ထိုအချိန်အတွင်း လျူရှန်နှင့် ဆက်သွယ်နေသည့် ကျင့်ကြံသူက ကြယ်သင်္ဘောတံခါးကို ဖွင့်ပြီး ပီယနှင့် လျူရှန်တို့ကို ဝင်ခွင့်ပေးလိုက်သည်။
“ဓါးအဖွဲ့အစည်းက အင်အားစုတွေ ဘယ်မှာလဲ” ရှန်တုက လည်ပင်းကို ဆန့်နိုင်သမျှဆန့်ကာ ဘေးပတ်ဝန်းကျင်ကို ဝေ့စစ်ဆေးကြည့်လိုက်သည်။ သို့သော် ဘာမှ မတွေ့ရသဖြင့် စိတ်ပျက်သွားရလေသည်။
“ငါသာ ဓါးအဖွဲ့အစည်းဆိုရင် ဟိုညီအစ်မနှစ်ယောက်ကို ခေါ်ပြီးတာနဲ့ သေခြင်းတရားချောက်နက်ကနေ ကျိန်းသေ ထွက်သွားမှာ။ ခရမ်းကြယ်ရဲ့ ကြယ်သင်္ဘောနောက်ကို လိုက်နေမှာ မဟုတ်ဘူး” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း (၉၉၂) ရန်ကိုင်၊ ငါ့ကိုကယ်ပါဦး
ရှန်တုက ရန်ကိုင်ကို တစ်ချက်ကြည့်၍ သေချာ စဉ်းစားကြည့်လိုက်သည်။ ထို့နောက် ခေါင်းညိတ်၍ “မင်းပြောတာ အဓိပ္ပါယ်ရှိတယ်။ အဲ့ညီအစ်မနှစ်ယောက် ရထားတာ ဘာပဲဖြစ်ဖြစ်၊ သာမန်ပစ္စည်းဆိုတော့ လုံးဝကို မဖြစ်နိုင်ဘူး။ ဒီတော့ ဓါးအဖွဲ့အစည်း အနေနဲ့ ညီအစ်မနှစ်ယောက်ကို ကယ်ပြီးတာနဲ့ ဒီမှာဆက်နေစရာ အကြောင်းမရှိတော့ဘူး။ မင်းတွေးတာ တကယ်ကောင်းတယ်”
လက်ရှိတွင် ရှန်တု ရန်ကိုင်ကို အမှန်တကယ် လေးစားသွားခဲ့ပြီ။ လျူရှန်နှင့် ပီယတို့၏ အခြေအနေကို မြင်ပြီးနောက် ရန်ကိုင်သည် နောက်ဘာဆက်မဖြစ်မလဲ ဆိုသည်ကို ခန့်မှန်းချက် ထုတ်ပြသွားနိုင်ခဲ့သည်။ သူပင် ထိုကဲ့သို့ မလုပ်နိုင်ချေ။
“ရှန်တု၊ ဒီစွမ်းအင်ခန်းထဲက လူတွေက ကြယ်သင်္ဘော အရေးကြုံတဲ့အခါ သုံးဖို့ လုပ်ထာတာမလား”
“ဟုတ်တယ်လေ။ ဘာဖြစ်လို့လဲ”
“ငါ့စိတ်ထဲ မကောင်းတာ တစ်ခုခု ဖြစ်တော့မယ်လို့ ခံစားချက်ရနေတယ်” ရန်ကိုင်က ရှန်တုကို အသေအချာ စိုက်ကြည့်၍ ပြောလိုက်သည်။
ရှန်တု အမူအရာ ပြောင်းလဲသွားခဲ့ပြီး သူ့ပါးစပ်တစ်ခုလုံး ရှုံ့မဲ့သွားခဲ့ကာ “ငါ့ကို လာမခြောက်စမ်းနဲ့ကွာ။ မင်း ဘာမကောင်းတဲ့ ခံစားချက်တွေ ရနေလို့လဲ”
ရန်ကိုင် ခေါင်းသာ ခါလိုက်ပြီး ပြန်မဖြေခဲ့ချေ။
နှစ်ယောက်စလုံး ရုတ်ချည်း တိတ်ဆိတ်သွားပြီး သူတို့၏ ပတ်ဝန်းကျင်ကို စတင် စောင့်ကြည့်တော့သည်။ သတိချပ်လျက် ခဲမန်၏ လှုပ်ရှားမှုများကိုလား သေသေချာချာ အကဲခတ်နေ၏။
အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးနောက် ခဲမန်၏ ဆက်သွယ်ရေး မှော်ရတနာ ရုတ်တရက် လက်သွားခဲ့သည်။ ခဲမန်လည်း ထိုထဲသို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်းလိုက်ပြီး ပို့လာသည့် အကြောင်းအရာကို နားထောင်လိုက်သည်။
ခဏအကြာ၌ ခဲမန်က ဆက်သွယ်ရေး မှော်ရတနာကို ပြန်သိမ်းလိုက်ပြီး အော်ပြောလိုက်လေသည် “ငါ့ကောင်တို့၊ အရှိန်တင်ကြမယ်။ ဓါးအဖွဲ့အစည်းရဲ့ ကြယ်သင်္ဘောနောက် လိုက်ကြစို့။ သူတို့ကို ဒီအတိုင်း ထွက်သွားခွင့်ပေးလို့ မဖြစ်ဘူး”
ထိုအမိန့် ထွက်လာသည့်အခိုက် ရန်ကိုင်နှင့် ရှန်တုတို့ နှစ်ယောက်စလုံး ဖြူလျော်သွားကြသည်။
“ဂုဏ်ယူပါတယ်ကွာ။ မင်းထပ်မှန်သွားပြန်ပြီ။ အခုငါလည်း မကောင်းတဲ့ ခံစားချက်ရနေပြီ” ထိုသို့ ပြောပြီးနောက် ရှန်တုက မကျေမနပ်ဖြင့် ဆက်ပြောလိုက်သည် “မင်းနဲ့ မင်းရဲ့ ပါစပ်ပုတ်ကတော့ကွာ”
ချက်ချင်းဆိုသလို ကြယ်သင်္ဘောတစ်စင်းလုံး အချက်ပေးသံတို့ဖြင့် ညံသွားခဲ့ပြီး သင်္ဘော၏ အရှိန်သည် ရုတ်ချည်း မြင့်တက်သွားလေသည်။
တစ်ချိန်တည်းတွင် ရန်ကိုင်နှင့် ရှန်တုတို့အား ချုပ်ထားသော သံကြိုးကဲ့သို့သော အရာများမှ စုပ်အားသည် ဆထက်ထမ်းပိုး မြင့်တက်လာလေသည်။
ထိုစုပ်ယူအားသည် ယခင်ထက် နှစ်ဆမျှ ပို၍ အားကောင်းလာနေခဲ့လေရာ ရှန်တုလည်း တုန်တုန်ရင်ရင်ဖြင့် ညည်းမိလိုက်သည်။ ရန်ကိုင့် ခန္ဓာကိုယ်ပင် ကိုက်ခဲလာခဲ့သည်။ သူ့ကျင့်စဉ်ကို မည်မျှမြန်မြန် လှည့်ပတ်စေကာမူ သူ့စွမ်းအင်များ စိမ့်ထွက်သွားနေသည်ကို မတားဆီးနိုင်ခဲ့ချေ။
သူတို့ကိုယ်ထဲရှိ စွမ်းအင်များသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် စုပ်ယူခံနေရသည်။
ခဲမန်သည် စွမ်းအင်ခန်းထဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရင်း ခက်ထန်သည့် အမူအရာဖြင့် အမိန့် တစ်ခုပြီးတစ်ခု ပေးနေခဲ့သည်။
ဆထက်ထမ်းပိုး မြင့်တက်လာသော စုပ်အားကြောင့် စွမ်းအင်ခန်းထဲ ချုပ်ထားခဲ့သော ကျင့်ကြံသူများ၏ အခြေအနေမှာ ပိုပို၍ ဆိုးရွားလာခဲ့ရသည်။
ကြယ်သင်္ဘော အရှိန်မြှင့်ပြီး မကြာမီ၊ အသည်းခိုက်ဖွယ် အော်ဟစ်သံတို့ စွမ်းအင်ခန်းဆီမှ ထွက်ပေါ်လာလေသည်။ တစ်ချိန်တည်းတွင် မီးစာကုန်ခမ်းလုလု ဖြစ်နေသော အကျဉ်းသားအားလုံး ကြမ်းပြင်ပေါ်သို့ လဲပြိုကျကုန်လေသည်။ သူတို့အားလုံး သေသွားလေပြီ။
သူတို့ ကိုယ်ထဲရှိ နောက်ဆုံး လက်ကျန်စွမ်းအင်အားလုံး စုပ်ယူခံလိုက်ရသဖြင့် တစ်ခါတည်း တန်းသေသွားခဲ့ရလေသည်။
ရှန်တုသည်လည်း ကြောက်လန့်လာခဲ့သည်။ ခါးသက်မှုသည် သူ့မျက်နှာထက် အထင်းသား။ သူလည်း ကြာကြာခံတော့မည် မဟုတ်မှန်း သိနေခဲ့သည်။ သူ့ကိုယ်ထဲရှိ စွမ်းအင်များသာ ဤအတိုင်း ဆက်လက် စုပ်ယူခံနေရပါကာ သူမသေလျှင်ပင် သူ့ကျင့်ကြံခြင်းအဆင့် ကျသွားရပေလိမ့်မည်။
စိတ်ထဲကြိတ်၍ အော်ဟစ်ကျိန်ဆဲနော်သော်ငြား သူမည်သို့ပင် အော်ဆဲစေကာမူ သူ့လက်ရှိ ကံကြမ္မာကို မပြောင်းလဲနိုင်ချေ။
ရန်ကိုင်လည်း ဘယ်လိုနေလဲ သိရလေအောင် တစ်ချက် လှမ်းကြည့်လိုက်ရာ ရှန်တု ကြောင်သွားခဲ့ရသည်။
ရန်ကိုင် မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်။ သူ့ကိုယ်ထဲရှိ စွမ်းအင်များသည်လည်း အဆက်မပြတ် စုပ်ယူခံနေရသည်။ သို့သော် သူ့ဆီမှ ထွက်ပေါ်နေသော စွမ်းအင် အရှိန်အဝါသည် နည်းနည်းလေးမှ အားနည်းသွားခြင်း မရှိဘဲ ပုံမှန်အတိုင်းသာ ရှိနေခဲ့သည်။
ထိုအခြင်းအရာကို မြင်ပြီး ရှန်တု ခေါင်းခြောက်သွားရသည်။ ရန်ကိုင် ဘာတွေများ ဖြစ်နေလေသနည်း။
“ဆရာ၊ လူငါးယောက်သေသွားပြီ” ကျင့်ကြံသူတစ်ယောက်က ခဲမန်ကို အစီရင်ခံလိုက်သည်။
ခဲမန်သည် သူ့လက်အောက်ငယ်သား၏ စကားကို ကြားသည့်အခါ ထိုကိစ္စကို ယခုမှ မှတ်မိသွားသည့် ပုံစံမျိုး ဖြစ်သွားခဲ့သည်။ ထို့နောက် ချုပ်နှောင်ထားခံရသည့် ကျင့်ကြံသူများကို စူးစူးရဲရဲ စိုက်ကြည့်၍ နှာခေါင်းရှုံ့လိုက်သည် “အသုံးမဝင်တဲ့အမှိုက်တွေ။ အကုန်လုံးကို သူတော်စင် သလင်းကျောက် နည်းနည်းပေးလိုက်ကွာ”
“ဟုတ်ကဲ့ပါ” ထိုကျင့်ကြံသူက ဦးညွှတ်လိုက်ပြီး အသက်ရှင်နေသည့် ကျင့်ကြံသူများဆီ လမ်းလျှောက်သွားကာ သူတော်စင်သလင်းကျောက်သုံးတုံးစီ ချပေးလိုက်သည်။
အသက်မဲ့နေဟန်ရသော မျက်လုံးများ ရုတ်ချည်း ဝင်းလက်သွားခဲ့ပြီး အကုန်လုံးသည် သူတို့ရှေ့ ရောက်လာသော သူတော်စင်သလင်းကျောက်ကို ချက်ချင်း ကောက်ယူကာ အရူးအမူး သန့်စင်တော့လေသည်။
ရှန်တုသည်လည်း အတူတူပင်။ သူ့ကျင့်စဉ်သည် ပို၍ အဆင့်မြင့်သည့်အတွက်ကြောင့် လက်ဖက်ရည်ခွက်တစ်ဝက်စာ အတွင်းမှာပင် သူတော်စင်သလင်းကျောက် သုံးတုံးစလုံးကို ပြောင်စင်အောင် စုပ်ယူပစ်နိုင်ခဲ့သည်။
အပိုစွမ်းအင် နည်းနည်း ထပ်ရပ်လိုက်သဖြင့် သူ့အခြေအနေ ယခင်ထက် အများကြီး ပိုကောင်းလာခဲ့ရသည်။
သူတော်စင် အထွဋ်အထိပ်အဆင့် ကြယ်သင်္ဘောသည် ကြယ်လွန်းပျံများပင် လိုက်မမှီသည့် အမြန်နှုန်းဖြင့် ကြယ်တာရာ ကောင်းကင်ထဲ အရှိန်မြှင့်သွားလာနေခဲ့သည်။
စွမ်းအင်ခန်းထဲမှတစ်ဆင့် ပြတင်းပေါက်ကို ဖြတ်သွားသော ဂြိုလ်သိမ်ဂြိုလ်မွှားတစ်ခုကို မြင်လိုက်ရသည်။ ကြယ်သင်္ဘောသည် အလွန်ကိုမှ မာကျောလှလေရာ ကြယ်တာရာကောင်းကင်ထဲရှိ အတားအဆီး အသေးအမွှားများကို အလွယ်တူ ဖျက်စီးပစ်နိုင်၏။ ကြယ်သင်္ဘောနှင့် ဝင်တိုက်မိသော ဂြိုလ်သိမ်ဂြိုလ်မွှား သေးသေးလေးများအား ပျက်စီးသွားရပြီး ကြယ်သင်္ဘောမှာမူ အကောင်းအတိုင်းသာ ရှိနေခဲ့သည်။
နေ့တစ်ဝက်လောက်ကြာပြီးနောက် ခဲမန်၏ အမူအရာ ရုတ်ချည်း တောက်ပသွားခဲ့ပြီး အော်ပြောလိုက်သည် “ဓါးအဖွဲ့အစည်းကခွေးတွေ၊ မင်းတို့ကို မိပြီကွ။ အခု မင်းတို့ ဘယ်ပြေးဦးမလဲ ငါမြင်ချင်သေးတယ်”
ထိုစကားကိုကြားသည့်အခါ ရှန်တုနှင့် ရန်ကိုင်တို့ နှစ်ယောက်စလုံး အရှေ့ဘက် ပြတင်းပေါက်ဆီ လှမ်းကြည့်လိုက်ကြသည်။
ရှေ့တည့်တည့်တွင်၊ သူတို့ စီးနေသည့် ကြယ်သင်္ဘောနှင့် အကြမ်းဖျင်းတူညီသော ကိုယ်ထည်ပေါ်တွင် ဓါးတံဆိပ် ထိုးထွင်းထားသည့် ကြယ်သင်္ဘောကြီးတစ်စီး ရှိနေခဲ့သည်။
ထိုသင်္ဘောကိုယ်ထည်ရှိ ဓါးတံဆိပ်သည် ဟဲကျောင်နှင့် ဟဲမြောင်တို့ အဝတ်အစားပေါ်တွင် ရန်ကိုင် မြင်ခဲ့သော ဓါးတံဆိပ်နှင့် အတူတူပင် ဖြစ်လေသည်။
ထိုသင်္ဘောသည် ဓါးအဖွဲ့အစည်း၏ ကြယ်သင်္ဘော ဖြစ်ပေသည်။
“ဟားဟားဟားဟား၊ ငါတို့ ခရမ်းကြယ် ကြယ်သင်္ဘောရဲ့ စွမ်းအားကို မြည်းကြည့်လိုက်စမ်း” ခဲမန်သည် သွေးဆာသော လူတစ်ယောက်နှယ် ပြောင်းလဲသွားခဲ့ပြီး ခပ်မြန်မြန်ပဲ အမိန့်များ တစ်ခုပြီးတစ်ခု ပေးလေတော့သည်။
ဘုန်းဆိုသော မြည်သံနှင့်တူ ကြယ်သင်္ဘောတစ်စင်းလုံး ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့ပြီး များစွာသော တလက်လက် တောက်ပနေသည့် အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာလေသည်။
ထိုအလင်းတန်းများသည် ထူထည်းလှပြီး လေဟာနယ်၏ အချုပ်အနှောင်ကို ချိုးဖျက်နိုင်လောက်သည်ဟု ထင်ရအောင် မြန်ဆန်လှပေသည်။ လမ်းတွင် ပိတ်နေသော ဂြိုလ်သိမ်ဂြိုလ်မွှား အားလုံးမှာမူ အလင်းတန်းနှင့် ထိမိသည့်နှင့် ချက်ချင်း အငွေ့ပျံသွားရလေသည်။
ထိုအလင်းတန်းကို မြင်လိုက်သည့်အခိုက် ရန်ကိုင်၏ အမူအရာ သွေးဆုတ်ဖြူလျော်သွားရသည်။ စွမ်းအင်ခန်းထဲတွင် ထိုင်သည့်တိုင်၊ ထိုအလင်းတန်းတစ်ခုချင်းစီထဲတွင် ပါဝင်နေသော ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအင်ကို ခံစားမိနေပေသည်။
ထိုအလင်းတန်းတစ်ခုချင်းစီတိုင်းသည် တောင်တစ်လုံးကို အသာလေး အငွေ့ပျံသွားအောင် လုပ်နိုင်ပေသည်။ တကယ်ကို ရင်ထိတ်ဖွယ်ရာ ကြောက်မခန်းလိလိ အဖျက်စွမ်းအားပင်။
သူသာ ထိုစွမ်းအင်တန်းဖြင့် ထိမှန်ခြင်းခံလိုက်ရပါက သူ့စွမ်းအင်အကုန် သုံးလျှင်ပင် ပြာမှုန်ဘဝသို့ ရောက်ကို ရောက်သွားရပေလိမ့်မည်။ သူ့စိတ်ထဲ ဓါးအဖွဲ့အစည်း၏ ကြယ်သင်္ဘောအပေါ် သနားစိတ်ပင် ဝင်သွားမိသည်။
သို့သော်လည်း နောက်ဆက်ဖြစ်လာသည်ကား သူ့မျှော်လင့်ချက်နှင့် တစ်ခြားစီဖြစ်နေခဲ့သည်။ အလင်းတန်းသည် ဓါးအဖွဲ့အစည်း၏ ကြယ်သင်္ဘောကို ထိလုနီးနီးတွင် ပါးလျသော ငါးရောင်ခြယ် အကာအရံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သင်္ဘောကိုယ်ထည် တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
အလင်းတန်း၏ ထိသွားသည့်အခိုက် အကာအရံ၏ မျက်နှာပြင်ထက် လှိုင်းတွန့်များစွာ ဖြစ်ပေါ်လာခဲ့သည်။ ဓါးအဖွဲ့အစည်း၏ သင်္ဘောသည် အနည်းငယ် တုန်ခါသွားသည် မှအပ အကောင်းအတိုင်း ရှိနေဆဲ။
ခဲမန်မျက်နှာထက်ရှိ စိတ်လှုပ်ရှားနေသည့် အမူအရာလေး ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့သည်။ သူ၏ ချောင်းမြောင်းတိုက်ခိုက်မှုကို တစ်ဖက်အဖွဲ့မှ အလွယ်တကူ တားဆီးသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။
နောက်တစ်ကြိမ် အော်ဟစ်သံနှင့်အတူ သင်္ဘော ထပ်မံ တုန်ခါသွားခဲ့ပြီး ဒုတိယမြောက် အလင်းတန်းများ ထပ်ထွက်လာခဲ့ပြန်သည်။
“ငိုးပဲ” ရှန်တု မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားခဲ့သည်။ သူတော်စင်သလင်းကျောက်မှ သူစုပ်ယူထားသည့် စွမ်းအင် အားလုံး ကုန်သွားခဲ့လေပြီ။ ထို့ကြောင့် ရန်ကိုင်ဆီ ချက်ချင်း လှမ်းအကူအညီ တောင်းလိုက်သည် “ရန်ကိုင်၊ ငါ့ကို ကယ်ပါဦး”
ရှန်တု၏ အော်သံကို ကြားလိုက်မှပဲ ရန်ကိုင် ပြန်အသိဝင်လာခဲ့သည်။ အစောပိုင်းတွင် အလင်းတန်းများအပေါ် အပြည့်အဝ အာရုံစိုက်နေခဲ့သဖြင့် သူ့ခန္ဓာကိုယ် အခြေအနေကိုရော၊ ပတ်ဝန်းကျင်ကိုပါ သတိမထားမိတော့ချေ။
ရှန်တု၏ အော်သံကိုကြားမှပဲ စွမ်းအင်ခန်းထဲ စီးတန်းထားသော သူတော်စင်သလင်းကျောက်များ သိသိာသာသာ မှိန်ကျသွားသည်ကို သတိပြုမိလိုက်သည်။ ထို့အပြင် သူ့နားတွင် ရှိနေသော ကျင့်ကြံသူများစွာမှာလည်း လဲကျသေကုန်ကြလေပြီ။
တစ်ချိန်တည်းတွင်း သူ့သွေးကြောနှင့် အသားထဲရှိ စွမ်းအင်များမှာလည်း စုပ်ယူခံလိုက်လေပြီ။
အဲ့နှစ်ချက်ပစ်ဖို့ စွမ်းအင် အများကြီးလိုတာပဲ ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့သည်။
ထိုစွမ်းအင်အလင်းတန်းများသည် သူတော်စင်သလင်းကျောက်များမှ စွမ်းအင်များစွာကို စုပ်ယူသွားသလို ဤအခန်းထဲတွင် ချုပ်နှောင်ထားသော ကျင့်ကြံသူများဆီမှ စွမ်းအင်များစွာကိုလည်း စုပ်ယူသွား၏။
ထိုနှစ်ချက်ပစ်လွှတ်ပြီးနောက် အခန်းထဲတွင် ချုပ်ထားခံရသော ကျင့်ကြံသူ ငါးဆယ်၊ ခြောက်ဆယ်အနက် တစ်ဝက်လောက် သေသွားခဲ့သည်။
အသက်ရှင်နေသေးသူများမှာလည်း အသက်ကိုပင် ကောင်းကောင်း မရှူနိုင်ကြတော့ချေ။ အကုန်လုံးသည် သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေကြလေပြီ။ ထိုအလင်းတန်းများကို နောက်တစ်ကြိမ် ပစ်လွှတ်မည်ဆိုပါက ထိုလူအားလုံး ကျိန်းသေ သေရပေလိမ့်မည်။
ရှန်တုသည်သာ လွတ်ပေလိမ့်မည်။
ရန်ကိုင်သည် သူ့ဒန်တန်ထဲရှိ ယန်အရည်ကို ဖောက်ခွဲ၍ ကုန်ဆုံးသွားသော စွမ်းအင်များကို ပြန်ဖြည့်လိုက်သည်။ ထို့နောက် သူဖွက်သွားသည့် သူတော်စင်သလင်းကျောက်အချို့ကို ရှန်တုဆီ လှမ်းပစ်ပေးလိုက်လေသည်။
ရှန်တု၏ အမူအရာ တောက်ပသွားခဲ့ပြီး ထိုသူတော်စင် သလင်းကျောက်များကို ချက်ချင်း သန့်စင်တော့လေသည်။ ထိုသို့ သန့်စင်လိုက်မှပဲ သူ့အသာအရေ ပန်းရောင် ပြန်သမ်းလာခဲ့ရသည်။
“အဲ့ခွေးသူတောင်းစားတွေ ပြန်တိုက်ရဲတယ်လား” ခဲမန် ထပ်မံ အော်ဟစ်လိုက်သည်။
ခရမ်းကြယ်သင်္ဘောက နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်လာသဖြင့် ဓါးအဖွဲ့အစည်းကလည်း ပြန်လည် တိုက်ခိုက်လာခဲ့ချေပြီ။
တစ်ဖက် ကြယ်သင်္ဘောဆီမှ အလင်းတန်းများ ဖြာထွက်လာပြီး ခရမ်းကြယ်သင်္ဘော၏ အကာအရံပေါ် ကျရောက်လာခဲ့သည်။
‘ဘုန်း’ ဆိုသော မြည်သံနှင့်အတူ ကြယ်သင်္ဘောတစ်စင်လုံး ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့သည်။ ရှန်တု မျက်နှာ ဖြူလျော်သွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။
သူ့တွင် ဆဲဖို့ပင် အားမရှိတော့ချေ။ ကြယ်သင်္ဘောမှ စွမ်းအင်တန်းများကို ပစ်လွှတ်သည်ဖြစ်စေ၊ အကာအကွယ် အရံအတားကို အသက်သွင်းသည်ဖြစ်စေ၊ သူတို့ဆီမှ စွမ်းအင်များကို စုပ်ယူပေသည်။ ထို့ကြောင့် ကြယ်သင်္ဘော နှစ်စင်း၏ လှုပ်ရှားမှုတိုင်းသည် စွမ်းအင်ခန်းထဲ ချုပ်ခံထားရသည့် သူတို့အပေါ် အကြီးအကျယ်ကို သက်ရောက်ပေသည်။
“ထပ်ပစ်ကွာ။ အဲ့ကောင်တွေကို တစ်စစီ ဖောက်ခွဲပစ်မယ်” ခဲမန်က ရူးသွပ်နေသည့် လူတစ်ယောက်ပမာ သွေးရူးသွေးတန်း အော်ဟစ်လိုက်သည်။
“ဆရာ၊ သလင်းအမြှောက်တွေကို ထပ်သုံးလို့မရတော့ဘူး။ ထပ်သုံးရင် သင်္ဘောမောင်းဖို့ စွမ်းအင်ရှိတော့မှာ မဟုတ်ဘူး” အနားတွင် ရှိနေသော ကျင့်ကြံသူတစ်ယောက် သတိပေးလိုက်၏။
ခဲမန် မျက်မှောင်ကြုံ့သွားခဲ့ပြီး ဆူပွက်နေသော သူ့သွေးမှာလည်း တဖြည်းဖြည်း ပြန်လည် ငြိမ်သက်သွားခဲ့သည်။
နောက်ဆူံး ပြဿနာကို သူသတိရသွားခဲ့လေပြီ။
ထိုအခိုက် သူ့လက်ထဲရှိ ဆက်သွယ်ရေး မှော်ရတနာ လက်သွားခဲ့သည်။ ခဲမန်လည်း ထိုထဲသို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်း စစ်ဆေးကြည့်လိုက်ပြီးနောက် သူ့မျက်နှာထက် ကြမ်းကြုတ်သည့် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး လက်ဝှေ့ရမ်း၍ အမိန့်ပေးလိုက်သည် “တံခါးကို ဖွင့်လိုက်။ အဲ့ဓါးအဖွဲ့အစည်းက ခွေးတွေကို ငါ့တို့အကြောင်း ကောင်းကောင်း သိသွားအောင် လုပ်ပေးရမယ်”
“ဟုတ်ကဲ့ပါ” ချက်ချင်းဆိုသလို ကြယ်သင်္ဘော၏တံခါး ပွင့်သွားခဲ့ပြီး ခရမ်းကြယ်အဖွဲ့အစည်းမှ ကျင့်ကြံသူ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကာ အမျိုးမျိုးသော မှော်ရတနာအသီးသီးကို ဆင့်ခေါ်လျက် ဓါးအဖွဲ့အစည်းမှ ကြယ်သင်္ဘောဆီ ပြေးတက်သွားကြလေသည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း (၉၉၃)
ခရမ်းကြယ်မှ ကျင့်ကြံသူများ ထုတ်ဖော်လိုက်သော မှော်ရတနာများမှာ အမျိုးမျိုးသော ကြယ်လွန်းပျံများ ဖြစ်ကြသည်။ အချို့သည် လှည်းပျံများနှင့်တူပြီး အချို့သည် ဓါးပျံများနှင့် တူကြသည်။ အကုန်လုံးသည် အမျိုးမျိုးသော ပုံစံအမျိုးအစား ရှိသည့် ကြယ်လွန်းပျံများကို ပိုင်ဆိုင်ထားကြသည်။
ဓါးအဖွဲ့အစည်း၏ ကြယ်သင်္ဘောဆီမှ ကျင့်ကြံသူများစွာ ရုတ်တရက် ထွက်ပေါ်လာပြီး ခရမ်းကြယ် အဖွဲ့အစည်းမှ ကျင့်ကြံသူများနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ကြလေသည်။
ကြယ်တာရာကောင်းကင်ထဲ လှပသော ကြယ်ရောင်စုံတို့နှင့် အတူ သိုင်းပညာရပ်များနှင့် လက်နက်များမှ ထွက်ပေါ်လာသော အမျိုးမျိုးသော အလင်းတန်းများသည် တူယှဉ်တွဲ ကခုန်နေကြ၏။
ထိုအနီးကပ်တိုက်ပွဲတွင် အဆင့်နိမ့် မှော်ရတနာများနှင့် ကြယ်လွန်းပျံများသည် တစ်စစီ ကွဲကြေပျက်စီးကုန်ကြရသည်။ ထိုမှော်ရတနာများသည် မီရှုးမီးပန်းများသဖွယ် ပေါက်ကွဲကုန်ကြရာ အမှန်တကယ်ကို ရင်ဖိုစိတ်လှုပ်ရှားဖွယ် ကောင်းသည့် ပန်ချီကားတစ်ချပ်ကို ဖြစ်ပေါ်လာစေသည်။
ဤပရမ်းပတာ တိုက်ပွဲထဲ သူတော်စင်အဆင့်ပညာရှင်များစွာ ရှိနေခဲ့ကြပြီး မသေမျိုးအဆင့်များမှ ပုရွက်ဆိတ်များနှယ် အားနည်းကြပေသည်။
ထိတ်လန့်ဖွယ်ကောင်းသည့် အရှိန်အဝါကို ပေးစွမ်းနေသည့် သူတော်စင်ဘုရင်အဆင့် ပုဂ္ဂိုလ်ကြီးများပင် ရှိနေသေးသည်။ ထိုပညာရှင်များ ဖြတ်သွားလိုက်သည့် နေရာတိုင်းတွင် ရှိနေသော ပြိုင်ဘက်အဖွဲ့မှ ကျင့်ကြံသူအားလုံး အသက်ပျောက်ကြရ၏။ သူတော်စင်ဘုရင်အဆင့် ပညာရှင်များသည် ကျင့်ကြံသူများ၏ အသက်ကို ခြွေယူနေသည့် သေမင်းနတ်ဘုရားများနှယ်။
ထိုတိုက်ပွဲအတွင်း နှစ်ဖက်စလုံးဘက်မှ အကျအဆုံးများ၏။ မည်သည့်ဘက်မှ ပျော့ညံ့ဟန်မပြချင်သလို အလွယ်တကူလည်း အရှုံးမပေးချင်ချေ။ ထို့ကြောင့် တိုက်ပွဲသည် အဆုံးသတ်သွားခြင်း မရှိဘဲ တရွေ့ရွေ့နှင့် ဆက်လက် ဖြစ်ပွားနေခဲ့သည်။ သို့သော် နှစ်ဖက်စလုံးသည် တစ်ဖက်နှင့်တစ်ဖက် သူမသာ၊ ကိုယ်မသာ ဖြစ်နေကြလေသည်။
ကြယ်စီရင်စုထဲရှိ ဓါးအဖွဲ့အစည်းနှင့် ခရမ်းကြယ် အင်အားစုတို့သည့် ကျင့်ကြံရေးကြယ် အနည်းဆုံး ငါးလုံးလောက် ပိုင်ဆိုင်ထားပြီး မရေမတွက်နိုင်သော သတ္တုကြယ်နှင့် ဆေးပင်ကြယ်များကို ပိုင်ဆိုင်ထားကြသော ပထမတန်းစား အင်အားစုများ ဖြစ်ကြပေသည်။ သူတို့ ထိန်းချုပ်ထားသော အရင်းအမြစ်များမှာ မခန့်မှန်းနိုင်အောင် များပြလှလေရာ သူတို့အင်အားစုများရှိ ကျင့်ကြံသူတို့မှာလည်း အခြားသူများထက် ပို၍ လျင်လျင်မြန်မြန် တိုးတက်နိုင်ကြလေသည်။
သူတို့ ထိုအင်အားစုများ၏ ခေါင်းဆောင်များသည် ထိုကဲ့သို့သော ဆုံးရှုံးမှုများကို အရေးမစိုက်ပါချေ။
ရန်ကိုင် အချိန်အတော်ကြာအောင် ဆွံ့အနေခဲ့သည်။ သူလုံးဝကို ထိတ်လန့်နေခဲ့လေပြီ။ ကြယ်သင်္ဘောမှ ပစ်လွှတ်လိုက်သည် စွမ်းအင်အလင်းတန်းများနှင့် ပက်သက်၍ သူအံ့အားမိနေဆဲ။ ကြယ်စီရင်စုထဲ ထိုကဲ့သို့ မယုံကြည်နိုင်ဖွယ်ရာ ထူးဆန်းထွေလာများ ရှိလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ကြယ်စီရင်စုထဲသို့ ရောက်လာသည့် အချိန်မှစ၍ မြင်မြင်သမျှ အရာအားလုံးသည် သူတစ်ခါမှ မမြင်၊ မကြားဖူးခဲ့သော အရာများ ဖြစ်ပေသည်။ ကြယ်စီရင်စုသည် သူထင်ထားသည်ထက် ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းသော နေရာတစ်ခုဖြစ်မှန်း ရန်ကိုင် ရုတ်တရက် နားလည်သွားပြီးနောက် သူ၏ မျက်လုံးများသည် တဖျတ်ဖျတ် ဝင်းလက်တောက်ပလာခဲ့ကာ သူ့သွေးတို့ဟာလည်း ဆူပွက်လာခဲ့ရသည်။
ထိုထူးခြားဆန်းကြယ်သော အရာများကိုမြင်ပြီး သူထိတ်လန့်မသွားခဲ့သလို့ ထုန်းရွှမ်လောကကြီးဆီသို့ ပြန်လည်း မပြေးချင်ခဲ့။ သူ၏ စွန့်စားခန်းနှင့် ပက်သက်၍သာ ပိုပို၍ စိတ်လှုပ်ရှားလာမိခဲ့ရသည်။
အကြောင်းမှာ ဤကဲ့သို့သော အံ့ဩဖွယ်ရာ နေရာမျိုးတွင်သာ ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းသော ဘဝကို ရနိုင်သောကြောင့် ဖြစ်ပေသည်။
“ရန်ကိုင်၊ ရန်ကိုင်” ရှန်တုက ရန်ကိုင်အား ထပ်ခါထပ်ခါ အော်ခေါ်နေခဲ့သည်။ ရန်ကိုင် သူ့အား လှည့်ကြည့်လိုက်သည်။ ရှန်တုက သနားစဖွယ် အမူအရာဖြင့် နှုတ်ခမ်းကိုမဲ့လျက် မေးလိုက်သည် “သူတော်စင်သလင်းကျောက် နည်းနည်းလောက် ထပ်ပေးလို့ ရမလား။ ငါဆက်ပြီး မတောင့်ခံနိုင်တော့ဘူး”
လက်ရှိတွင် သူ့ကိုယ်တွင်းရှိ သူတော်စင်ချီများသည် လုံးဝ ကုန်ခမ်းနေခဲ့လေပြီ။ သူသည် ဆီမရှိတော့သော မီးအိမ်တစ်လုံး ကဲ့သို့ ဖြစ်နေလေပြီ။
ရန်ကိုင်သည် ဘာအပိုစကားမှ ပြောမနေဘဲ သူတော်စင် သလင်းကျောက် ငါးတုံး၊ ခြောက်တုံးလောက်သာ ပစ်ပေးလိုက်သည်။
“ကျေးဇူးပဲ” ရန်ကိုင်အား ကျေးဇူးတင်စကား ဆိုပြီးနောက် ထိုသူတော်စင်သလင်းကျောက်ကို အလျင်အမြန် သန့်စင်တော့လေသည်။
ရန်ကိုင်လည်း တဖြည်းဖြည်း တည်ငြိမ်သွားခဲ့ပြီး သူ့ပတ်ဝန်းကျင်ကို သေသေချာချာ အကဲခတ်လေ့လာတော့သည်။ သူ့မျက်ဝန်းများသည်လည်း တဖြည်းဖြည်းနှင့် ရက်စက်သည့် အသွင်သို့ ကူးပြောင်းလာခဲ့သည်။
ခဏအကြာ၌ ရှန်တုက သက်ပြင်းအမောကြီး ချလျက် ပြောလိုက်သည် “စုပ်ယူအားက တည်ငြိမ်သွားပြီ။ ငါ့လခွမ်းပဲ၊ သေခါနီးပဲ။ သူတို့သာ အဲ့ပုံဆောင်ခဲအမြောက်တွေကို နောက်တစ်ကြိမ်ထပ်ပစ်ရင် ငါကျိန်းသေသေမှာ။ အန္တရာယ်များလိုက်တာကွာ”
ပြောပြီးသည်နှင့် ရန်ကိုင်အား ကျေးဇူးတင်လိုက်ပြန်သည် “မင်းအပေါ်တော့ ငါတကယ် ကျေးဇူးတင်သွားပြီ။ မင်းကြောင့်သာ မဟုတ်ရင် ငါလည်း သေသွားလောက်ပြီ။ ဒီကျေးဇူးကို ငါကျိန်းသေ မှတ်ထားမယ်”
“ရှန်တု၊ မင်းရဲ့ တကယ့် ကျင့်ကြံခြင်းက ဘယ်အဆင့်လဲ” ရန်ကိုင်က ရှန်အား စိုက်ကြည့်၍ တိုးတိုးလေး မေးလိုက်သည်။
ရှန်တု မဆိုသလောက်ကလေး မျက်ခုံးပင့်သွားခဲ့သည်။ ရန်ကိုင်အား ‘မင်းဘာပြောချင်နေတာလဲ’ဟု ပြန်မေးမည် ပြုလိုက်သော်ငြား ထိုကဲ့သို့ မမေးတော့ဘဲ ပြုံး၍သာ ပြန်ပြောလိုက်သည် “မင်းလည်း မြင်တယ်လား”
“မမြင်ရအောင် ငါက ကန်းနေတာမှ မဟုတ်တာ” ရန်ကိုင် အမူအရာ လေးနက်သွားခဲ့သည်။ ရှန်တု၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် သူတော်စင်ပထမအဆင့် ပညာရှင်တစ်ယောက် အရှိန်အဝါနှင့် တူညီသော်ငြား အစောပိုင်း အသည်းအသန် အခြေအနေသို့ ရောက်နေစဉ်၊ သူတော်စင် သလင်းကျောက်များကို သွေးရူးသွေးတန်းဖြင့် သူစုပ်ယူခဲ့စဉ်က ပုံမှန်မဟုတ်သော စွမ်းအင်လှိုင်းတို့ သူ့ဆီမှ ဖြာထွက်လာခဲ့သည်။
ထိုအချက်မှနေ၍ ရှန်တုသည် သူ၏ ကျင့်ကြံခြင်း အစစ်အမှန်ကို ဖုံးကွယ်ထားမှန်း ရန်ကိုင် သိလိုက်သည်။
ကြယ်သင်္ဘောထဲတွင် ဖမ်းချုပ်ခံထားရသည့်တိုင် သူ့ကျင့်ကြံခြင်းအား ဖုံးကွယ်ထားသည်ကို ကြည့်လျှင် ရှန်တုသည် သာမန်လူတစ်ယောက် မဟုတ်နိုင်ချေ။
“သူတော်စင်တတိယအဆင့်” ရှန်တု၏ အမူအရာ ရုတ်တရက် လေးနက်သွားခဲ့ပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။
ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။ ရှန်တု လိမ်မနေမှန်း သူသိပေသည်။
“မင်းဘာလို့မေးတာလဲ” ရှန်တုက ရန်ကိုင်အား သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။
“ဘာမျတော့မဟုတ်ဘူး။ ဒါပေမယ့် မင်းခွန်အားက အဲ့အဆင့်မှာ ရှိနေတာဆိုလျှင် ငါတို့ တစ်ခုခု လုပ်လို့ ရကောင်း ရနိုင်တယ်။ အခုလောလောဆယ် ကြယ်သင်္ဘောမှာ လူများများစားစား မရှိတော့ဘူး။ တစ်ဝက်ကျော်လောက်က တိုက်ခိုက်ဖို့ ထွက်သွားကုန်ကြပြီ။ စွမ်းအင်ခန်းရဲ့ အကာအကွယ်တောင် အရင်လောက် အားကောင်းတော့တာ မဟုတ်ဘူး” ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြောလိုကသ်ည်။
အစကမူ ဤစွမ်းအင်ခန်းကို စောင့်ကြပ်နေသော သူတော်စင်ဘုရင်အဆင့် ပညာရှင်တစ်ယောက် ရှိပေသည်။ သို့သော် ဓါးအဖွဲ့အစည်းနှင့် တိုက်ပွဲစသည့် အချိန်မှစ၍ ထိုပညာရှင်၏ အရှိန်အဝါ ပျောက်ကွ်သွားခဲ့သည်။ ထို့အပြင် စွမ်းအင်ခန်းကို စောင့်ကြပ်နေသော ကျင့်ကြံသူ အရေအတွက်မှာလည်း တစ်ဝက်လောက် လျော့သွားခဲ့ရသည်။
လက်ရှိ စွမ်းအင်ခန်းထဲတွင် သူတော်စင်တတိယအဆင့် ဖြစ်သော ခဲမန်မှလွဲ၍ အခြား သူတော်စင် ပထမအဆင့်၊ ဒုတိယအဆင့်များ အပါအဝင် စုစုပေါင်း (၁၀)ယောက်လောက်သာ ရှိတော့သည်။ အကုန်လုံးသည် ကြယ်သင်္ဘောအား ထိန်းချုပ်ထားသော စိတ်ဝိဥာည်အစီရင်အကြီး၏ နေရာ အသီးသီးတွင် ထိုင်နေကြသည်။
“မင်းဘာလုပ်ချင်နေတာလဲ။ အလျင်အမြန် မလုပ်နဲ့နော်။ ငါတို့ကို ချုပ်ထားတဲ့ဟာတွေကို ချီဓါတ်ပြယ်အောင် လုပ်နိုင်တဲ့ ကျောက်တုံးတွေကနေ လုပ်ထာတား။ ဒါတွေနဲ့ ချုပ်နှောင်ခံလိုက်ရတဲ့လူတိုင်း သူတို့ရဲ့ သူတော်စင်ချီတွေ၊ အစစ်အမှန်ချီတွေကို ထုတ်သုံးနိုင်တော့မှာ မဟုတ်ဘူး” ရန်ကိုင်၏ အကြံအစဉ်ကို ရိပ်မိလိုက်သည်နှင့် ရှန်တု၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရသည်။
“အဲ့လိုဆိုမှတော့ ငါတို့အစား တစ်ယောက်ယောက်ကို ဖြေခိုင်းရတာပေါ့” ရနက်ိုင် ပြုံးဖြီးလိုက်သည်။ ထို့နောက် သူ့မျက်နှာ ရုတ်ချည်း ဖြူလျော်သွားခဲ့ပြီ သူ့အသက်စွမ်းအင် အရှိန်အဝါမှာလည်း အလွန်တရာကိုမှ အားပျော့သွားသည်။
ရန်ကိုင် ရှန်တုအား အဓိပ္ပါယ်ပါပါ တစ်ချက် လှမ်းကြည့်လိုက်သည်။
ရှန်တု အမူအရာ ခါးသက်သွားခဲ့သည်။ စစချင်းတွင် တုန့်ဆိုင်းနေသော်ငြား ခဏအကြာ၌ အံကြိတ်၍ ရေရွတ်လိုက်သည် “မေ့လိုက်တော့။ ဘာပဲဖြစ်ဖြစ် ငါ့ကို မင်းကယ်ခဲ့တာပဲလေ။ ငါလည်း မင်းကြိုးဆွဲရာအတိုင်း လိုက်ကစားပေးရတာပေါ့”
ပြောပြီးသည်နှင့် စတင်၍ အကျယ်ကြီး အော်ဟစ်တော့လေသည်။
စွမ်းအင်ခန်းကို စောင့်ကြပ်နေသော ခဲမန်၏ အမူအရာ ရှန်တု၏ အော်ဟစ်သံများကို ကြားလိုက်ရသည့်အခိုက် ရုတ်ချည်း အေးစက်သွားခဲ့ရလေသည်။ ချက်ချင်းပဲ ရန်ကိုင်နှင့် ရှန်တုအား စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်နေသည့် လေသံဖြင့် “မင်းတို့နှစ်ကောင် မသေသေးဘူးလား”
ကြယ်သင်္ဘောနှစ်စီးကြား တိုက်ပွဲတွင် စွမ်းအင်ခန်းထဲ ချုပ်နှောင်ထားခံရသော ကျင့်ကြံသူအကုန်လုံးနီးပါး သေသွားခဲ့ကြလေပြီ။ ထို့ကြောင့် ရှန်တုနှင့်ရန်ကိုင် မသေသေးသည်ကိုမြင်သော် ခဲမန် အံ့အားသင့်သွားခဲ့ခြင်း ဖြစ်သည်။
“ကျုပ်က အကောင်းကြီး ရှိသေးတယ်။ ဒါပေမယ့် ဒီကောင်ကတော့ သေတော့မှာ” ရှန်တုက ဆက်လက်၍ အော်ပြောလိုက်သည် “ဒီကောင်က ပီယလိုချင်နေတဲ့လူ မလား။ သူသာ အခုလိုသေသွားလို့ကတော့ ခင်ဗျား ပြဿနာတက်ပြီနော်”
ခဲမန် မျက်မှောင်ကြုံ့သွားခဲ့ပြီး ရန်ကိုင်အား စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ့ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ရန်ကိုင်၏ အသက်စွမ်းအင် အလျင်အမြန် ယုတ်လျော့နေသည်ကို တွေ့လိုက်ရပြီး မကျေမနပ်ဖြင့် “သောက်ပြဿနာ များလိုက်တာကွ။ သေစရာရှိ သေလိုက်ပါလား။ ငိုးမမို့လို့ သေခါနီးဆဲဆဲ ဖြစ်နေရတာလား မသိဘူး”
ပြောပြီးသည်နှင့် ရန်ကိုင်ဆီ အမြန်လျှောက်သွားလိုက်သည်။
အစောပိုင်းက ကြယ်သင်္ဘောကို အမိန့်ပေးနေစဉ် စွမ်းအင်ခန်းထဲရှိ လူများ ဘာဖြစ်သွားမည် ဆိုသည်ကို ထည့်မတွက်ခဲ့ချေ။ ရန်ကိုင်ကိုလည်း ဂရုမစိုက်ခဲ့ချေ။ ယခု စိတ်ငြိမ်သွားမှပဲ သေချာစဉ်းစားကြည့်လိုက်သည့်အခါ ရန်ကိုင်သာ သေသွားခဲ့လျှင် ပီယသည် သူကို ဒေါသထွက်ပေလိမ့်မည်။ ထိုအခါ သူကောင်းကောင်း ပြဿနာ တက်ရပေမည်။ ပီယ၏ ဒေါသကို သူမခံနိုင်။
ထို့ကြောင့် ရန်ကိုင်ဆီ သွားလိုက်ပြီး သူ့အား ချုပ်ထားသော သံကွင်းကဲ့သို့သော အရာများကို ဖြည်ပေးလိုကသည်။ ထိုအချိန်အတောအတွင်း နည်းနည်းလေးမှ သတိချပ်မထားခဲ့။
တကယ်တော့ လက်ရှိပုံစံသည် အလွန်တရာကိုမှ အားနည်းနေသည် မဟုတ်ပေလော။ ထို့အပြင် ခဲမန်သည် သူတော်စင်တတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်သည်။ ရန်ကိုင်ကဲ့သို့ အားနည်းနေသည့် သူတော်စင်ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဘာကြောင့် သတိထားနေရမည်နည်း။
သူ့ကိုယ်သူ ယုံကြည်ချက်လွန်မှုကြောင့် ခဲမန်ဘဝ ဆိုးဆိုးရွားရွား အဆုံးသတ်သွားခဲ့ရသည်။
အချုပ်အနှောင်မှ လွတ်သွားသည်နှင့် ရန်ကိုင်က သူ့လက်ကို ရုတ်တရက် ကိုက်ချလိုက်ပြီး ထွက်ကျလာသော သွေးအချို့ကို သူ့ဘယ်ဘက်မျက်လုံးထဲ ချပေးလိုက်သည်။ ရွှေရောင် သွေးစက်များသည် သူ့ဘယ်ဘက်မျက်လုံးထဲသို့ တတောက်တောက် စီးကျသွားခဲ့သည်။ သွေးနှင့်ထိလိုက်သည်နှင့် ယခင်က အနက်နှင့်အဖြူ ဖြစ်နေသော မျက်လုံးများသည် ရုတ်ချည်း ရွှေရောင်ပြောင်းသွားခဲ့သည်။
ရန်ကိုင် ခပ်မြန်မြန် ခေါင်းမော့လိုက်ပြီး ခဲမန်အား ကြည့်လိုက်သည်။
အကြည့်ချင်းဆုံသွားသည့်အခိုက်၊ ခဲမန် စိတ်လွတ်၊ကိုယ်လွတ် ဖြစ်သွားသည်။ ရန်ကိုင်၏ ရွှေရောင်မျက်လုံးအောက်ဝယ် သူ့ကိုယ်သူ သေးနုပ်၊ နိမ့်ကျပါလားဟု တွေးထင်မိသွားသည်။ တစ်ချိန်တည်းတွင် ဝိဥာဉ်လွင့်မတတ် ကြောက်မိသွားသည်။
မမြင်နိုင်သော ဝဲကတော့တစ်ခုသည် ရွှေရောင်မျက်လုံးမှ ဖြစ်တည်လာပြီး ခဲမန်၏ ဝိဥာဉ်ကို စတင် စုပ်ယူလေရာ ခဲမန် ကြောက်သေးပါမတတ် ထိတ်လန့်သွားခဲ့ရသည်။ သူ့မျက်နှာ တစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားပြီး ထူးထူးဆန်းဆန်း အော်ဟစ်လျက် ထိုစုပ်ယူအားကို အသည်းအသန် ခုခံရန် ကြိုးစားလေသည်။
ခဲမန် သူ့ကိုယ်သူ ခုခံရန် ကြိုးစားနေချိန်တွင်၊ ရန်ကိုင်က မိစ္ဆာနတ်ဘုရားအသွင်ပြောင်းလဲခြင်းကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ သူ့တစ်ကိုယ်လုံး သိပ်သည်းလှသည့် မိစ္ဆာစွမ်းအင်တို့ဖြင့် ပြည့်နှက်သွားပြီး အခန်းတွင်းရှိ အပူချိန်မှာလည်း တစ်ဟုန်ထိုး လျော့ကျသွားရလေသည်။ ရက်စက်ကြမ်းကြုတ်ပြီး မကောင်းဆိုးရွားဆန်သည့် အရှိန်အဝါတို့ ရန်ကိုင်ဆီမှ ဖြာထွက်လာခဲ့သည်။
ခဲမန် အသိစိတ်လွတ်နေစဉ်၊ ရန်ကိုင်က အားကုန်သုံးလျက် ခဲမန်၏ ရင်ဘတ်တည့်တည့်ကို ရိုက်ချလိုက်ရာ နောက်ဘက်ရှိ နံရံနှင့်သွားမှန်ပြီး ရန်ကိုင်ဆီ ပြန်လွင့်လာခဲ့သည်။ လက်သီးချက်၊ လက်ဝါးချက်တို့အောက်၍ ခဲမန်၏ အဝတ်အစားများ စုတ်ပြဲထွက်ကုန်ပြီး သူ့တစ်ကိုယ်လုံး သွေးသံတရဲရဲ ဖြစ်သွားခဲ့သည်။
ခဲမန်သည် အားနည်းသူမဟုတ်၊ သို့သော် သူသတိ ပေါ့လျောနေချိန် ရန်ကိုင်၏ အလစ်အငိုက်ချောင်း တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အခါ လုံးလုံး အကာအကွယ် မဲ့သွားခဲ့ရသည်။ မည်သည့်လက်နက်၊ သိုင်းပညာရပ်ကိုမှ ထုတ်မသုံးနိုင်တော့ဘဲ ရန်ကိုင်ပြုသမျှ ခံရသည့် ဘဝသို့ ရောက်သွားခဲ့ရသည်။
မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်၏ တရစပ် လက်သီးချက်၊ လက်ဝါးချက်များအောက်၌ ခဲမန်တစ်ကိုယ်လုံး သွေးမြူအဖြစ် ပေါက်ကွဲထွက်သွားခဲ့ရလေသည်။
သူ့ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားပြီးနောက် သိမ်မွေ့နူးညံ့သော ပုံရိပ်တစ်ခု သူ့နေရာတွင် ပေါ်လာခဲ့သည်။ ထိုအရာသည် ခဲမန်၏ နာမ်ဝိဥာည်ဖြစ်ပေသည်။ လက်ရှိအချိန်ထိ ဘာဖြစ်လို့ ဖြစ်သွားမှန်းကို မသိသေးသည့်နှယ် ရန်ကိုင်ကိုသာ တွေတွေကြီး စိုက်ကြည့်နေခဲ့သည်။
ရန်ကိုင်၏ ရွှေရောင်မျက်လုံးဆီမှ အားကောင်းသော စုပ်ယူအားတစ်ရပ် ထွက်ပေါ်လာပြီး ခဲမန်၏ နာမ်ဝိဥာဉ်ကို သူ့အသိစိတ်ပင်လယ်ထဲသို့ စုပ်ယူလိုက်လေသည်။
သွေးမြူထဲကို ရန်ကိုင် တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထို့နောက် သော့ကို ရှာတွေ့သွားပြီး ရှန်တုဆီ ပစ်ပေးလိုက်၏။
“ကိုယ့်ဘာသာဖွင့်တော့” ပြောပြီးနောက် လေပြင်းတစ်ခုနှယ် ပျောက်ကွယ်သွားခဲ့လေသည်။ ခဏအကြာ၌ စွမ်းအင်ခန်းထဲ ပရမ်းပတာ အော်ဟစ်ညည်းတွားသံတို့ တရစပ် ထွက်ပေါ်လာခဲ့သည်။
ရှန်တု တစ်ကိုယ်လုံး တုန်ရီနေပြီး မျက်လုံးအပြူးသား ဖြစ်နေခဲ့သည်။ လက်ရှိ အဖြစ်အပျက်ကြောင့် သူ့မျက်လုံးသူ မယုံနိုင် ဖြစ်နေခဲ့ရသည်။
ရန်ကိုင် အကြံကို သိလိုက်စဉ်က၊ ရန်ကိုင် ဘာလုပ်ရန် ကြံနေပါစေ သူ့အစီအစဉ်တိုင်းသာ လိုက်ကပေးလိုက်မည်ဟု တွေးခဲ့သည်။ ရန်ကိုင် ဘာကြံနေလဲ ဆိုသည်ကိုပင် မမေးခဲ့။ အစက သူထင်ခဲ့သည်မှာ ရန်ကိုင်သည် ဤနေရာမှ ယာယီ ထွက်သွားပြီး နောက်မှ အခွင့်အရေးရှာကာ လှုပ်ရှားလိမ့်မည်ဟုပင်။
ရန်ကိုင် ဘယ်အချိန်ပြန်လာပြီး သူ့ကို လာကယ်မလဲ ဆိုသည်ကိုတော့ ရှန်တု မသိပါချေ။ စိတ်လည်း မဝင်စားချေ။ တကယ်တော့ ရန်ကိုင်သည် သူ့အသက်ကို အကြိမ်များစွာ ကယ်ထားခဲ့ပြီးပြီ မဟုတ်ပေလော။ ထပ်ကယ်ရန် တောင်းဆိုပါက ကျေးဇူးမသိတတ်ရာ ရောက်ပေလိမ့်မည်။
သို့သော်လည်း ထိုကောင်သည် သူထင်ထားသည်ထက်ပင် ပို၍ ရူးသွပ်လိမ့်မည်ဟု ရှန်တု ဘယ်လိုလုပ်ပြီး သိပါ့မလဲ။ လွတ်သွားသွားချင် ခဲမန်ကို အမှန်တကယ်ကို တိုက်ခိုက်ရဲမည်ဟု သူမထင်ထားခဲ့ချေ။
သို့သော်လည်း သူ့အား အံ့အားအသင့်စေဆုံး အရာသည်ကား ခဲမန်သည် သူတော်စင်တတိယအဆင့် ဖြစ်လျက်နှင့်ပင် ရန်ကိုင်၏ အလွယ်တကူ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း (၉၉၄)
ရှန်တုသည် သော့ကို လက်ထဲတွင် ကိုင်လျက် သူ့ရှေ့ရှိ ပေါက်ကွဲကျန်ရစ်ခဲ့သော သွေးမြူများကို ငေးကြောင်ကြည့်နေခဲ့သည်။ သူ့နှလုံးမှာလည်း တဒုတ်ဒုတ် ခုန်နေခဲ့သည်။
သူသာ ခဲမန်နှင့် တိုက်ခိုက်ခဲ့ပါက၊ အနိုင်အရှုံးမှာ သဲကွဲမည်မဟုတ်။ သို့သော် သူတော်စင် ပထမအဆင့်သာ ရှိသေးသော ရန်ကိုင်သည် သူတော်စင်တတိယအဆင့် ရှိနေပြီဖြစ်သော ခဲမန်အား ထိုမျှ အလွယ်တကူ မည်ကဲ့သို ကိုင်တွယ်သွားသနည်း။
ခဲမန် သတိပေါ့လျော့နေလျှင်ပင် သူသည် သူတော်စင် တတိယအဆင့် ဖြစ်သည်။ ရန်ကိုင်သည် သူတော်စင်ပထမ အဆင့်သာ ရှိသေးသော လူတစ်ယောက် ဖြစ်၏။
ဖြစ်ပျက်သွားသည် အားလုံးမှာ မြန်ဆန်လွန်းလှသဖြင့် ရှန်တု လုံးဝကို ကြက်သေသေနေခဲ့ရသည်။ နေရာတွင် ကြောင်ကြောင်ဖြင့် ထိုင်နေမိသည်။ ထိတ်လန့်လွန်းလှသဖြင့် သူ့လက်ရှိ အခြေအနေကိုပင် မေ့လျော့နေခဲ့ရသည်။
ယခုမှပဲ ရန်ကိုင်သည် အလွန်တရာကိုမှ အန္တရာယ်များသော လူတစ်ယောက်ဖြစ်မှန်း နားလည်သွားခဲ့ရသည်။ ရန်ကိုင်သည် ခဲမန်ကို ထိုမျှအလွယ်တကူ သတ်နိုင်သည်ဆိုလျှင် သူ့ကိုလည်း အလွယ်တကူ သတ်နိုင်သည်ဟု ဆိုလိုက်ခြင်း မဟုတ်ပေလော။
ရှန်တု သက်ပြင်းရှိုက်မိလိုက်သည်။
“မင်းလာမှာလား၊ မလာဘူး” ရန်ကိုင်၏ တိုးလျသော အသံ ထွဥ◌်ပေါ်လာခဲ့သည်။
ရန်ကိုင် အသံကိုကြားမှပဲ ရှန်တု အသိပြန်ဝင်လာခဲ့သည်။ အသိပြန်ဝင်လာသည်နှင့် ရန်ကိုင်ပေးသော သော့ဖြင့် အချုပ်အနှောင်များကို ချက်ချင်း ဖြေလိုက်သည်။ အချုပ်အနှောင်မှ လွတ်ကျွတ်သွားသည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်မှ မြောက်မြားလှစွာသော လျှပ်စီးတန်းလေးများ ထွက်ပေါ်လာခဲ့သည်။ ထိုလျှပ်စီးတန်းလေးများသည် အသက်ရှိနေသည့်နှယ် ဖြစ်နေလေရာ မြောက်မြားလှစွာသော လျှပ်စီးမြွေလေးများနှင့်ပင် တူနေပေသေးသည်။
သူ့ခန္ဓာကိုယ်တစ်ဝိုက် လှည့်ပတ်နေသော လျှပ်စီးတန်းများသည် အဘက်ဘက်သို့ ပျံ့ထွက်သွားလာ စွမ်းအင်ခန်းတစ်ခန်းလုံး လင်းထိန်သွားခဲ့ရလေသည်။
ရှန်တုက သည်းလှိုင်အူလှိုက် အော်ဟစ်ရယ်မောလျက် “ရောင်းရင်း၊ မင်းလုပ်သွားတာ ရှယ်ကောင်းတယ်ကွာ။ ငါမင်းကို တကယ်လေးစားသွားပြီ”
အားပါးတရ ရယ်မောပြီးနောက် ရှန်တတု၏ ခန္ဓာကိုယ် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး သူတော်စင်ပထမအဆင့် ခရမ်းကြယ်ကျင့်ကြံသူတစ်ယောက်ရှေ့ ပြန်ပေါ်လာခဲ့သည်။
ထိုခရမ်းကြယ်ကျင့်ကြံသူသည် ရန်ကိုင်အား အလစ်ချောင်း တိုက်ခိုက်ရန် ကြံစဉ်နေခြင်းဖြစ်သည်။ သို့သော် ရှန်တုက သူ့ကို အလွယ်တကူ ဖမ်းခဲ့သည်။ ရှန်တု၏ ပြင်းထန်သော မိုးကြိုးသွားများအောက်နှယ် ထိုခရမ်းကြယ်ကျင့်ကြံသူ လုံးဝကို ကူကယ်ရာမဲ့သွားခဲ့ရသည်။ နည်းနည်းလေးမျှပင် မခုခံနိုင်ခဲ့။ အနက်ရောင်မီးခိုးများနှင့်အတူ မီးကျွမ်းနံ့တို့ ထိုကျင့်ကြံသူ၏ ခေါင်းထက်မှ ထွက်ပေါ်လာခဲ့သည်။ ရှန်တု ထိုလူအား လွှတ်ပေးလိုက်ပြီးနောက် ထိုလူ၏ မီးကျွမ်းနေသော ခန္ဓာကိုယ်သည် ကြမ်းပြင်ထက်သို့ လဲပြိုကျသွားလေသည်။ သူသေသွားခဲ့လေပြီ။
စွမ်းအင်ခန်းသည် ကြယ်သင်္ဘောတစ်စင်လုံး၏ ဗဟိုချက် ဖြစ်သဖြင့် ဤနေရာသည် ပုံမှန်အားဖြင့် အစောင့်တင်းကြပ်၏။ အနည်းဆုံး ဤနေရာအား စောင့်ကြပ်နေသည့် သူတော်စင် ဘုရင်အဆင့် တစ်ယောက်ရှိပေသည်။
သို့သော်လည်း ခရမ်းကြယ်သည် ဓါးအဖွဲ့အစည်းနှင့် ရေကုန်ရေခမ်း တိုက်ခိုက်နေသဖြင့် စွမ်းအင်ခန်းအား စောင့်ကြပ်နေသူ အမျိုးမျိုးသော ပညာရှင်များသည် စစ်ကူအဖြစ် သင်္ဘောပြင်သို့ထွက်၍ သွားတိုက်ခိုက်ကြရသည်။ ထို့ကြောင့် စွမ်းအင်ခန်းကို စောင့်ကြပ်၍ သူတော်စင်တတိယအဆင့်ဆို၍ ခဲမန်တစ်ယောက်သာ ကျန်တော့ပေသည်။
ခဲမန် အရင်ဆုံးသေသွားခဲ့သည်။ ရှန်တုနှင့် ရန်ကိုင်၏ တရပ်စပ် ထိုးစစ်ဆင်မှုအောက်၍ ခရမ်းကြယ် ကျင့်ကြံသူများ အလျင်အမြန် ကျဆုံးသွားခဲ့ရသည်။
သူ့ခန္ဓာကိုယ်ခွန်အားကို အားကိုး၍ အလစ်အငိုက် ချောင်းမြောင်း တိုက်ခိုက်ခြင်းဖြင့် ရန်ကိုင်သည် ခရမ်းကြယ် ကျင့်ကြံသူငါးယောက် လျင်မြန်စွာ သတ်ဖြတ်လိုက်သည်။ စွမ်းအင်ခန်းသို့ ပြန်လာသည့်အချိန်တွင် အသက်ရှင်တော့သည့် သူဆို၍ သူနှင့်ရှန်တုသာ ရှိတော့သည်ကို တွေ့လိုက်ရသည်။ အခြေအနေမကောင်းတော့မှန်း နားလည်ပြီး ထွက်ပြေးရန် ကြိုးစားသူအားလုံး ရှန်တု၏ လျှပ်စီးစာ မိသွားခဲ့ရသည်။
“ငါနောက်ဆုံးတော့ လွတ်ပြီကွ။ ဟားဟားဟား” ရှန်တုက လှောင်အိမ်မှ လွတ်လာသည့် သားရိုင်းတစ်ကောင်နှယ် ပျော်ရွှင်စွာ အော်ဟစ်ရယ်မောနေခဲ့သည်။
“နောက် ဘယ်ဆက်သွားမလဲ။ မင်းက ဒီနေရာအကြောင်း ငါ့ထက်ပိုသိတော့ မင်းပဲ ဦးဆောင်လိုက်တော့” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။
“အလျင်မလိုနဲ့လေ။ ငါတို့မသွားခင် ခရမ်းကြယ်က လူတွေကို လက်ဆောင်အကြီးကြီး တစ်ခု အရင်ပေးလိုက်ကြတာပေါ့” ရှန်တုက ရုတ်တရက် ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်သည်။
ထို့နောက် စွမ်းအင်ခန်း၏ အလယ်ဗဟိုဆီ ပြေးသွားပြီး တင်ပလင်ခွေထိုင်ချလိုက်သည်။ ပြီးသည်နှင့် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ သူ့ကိုယ်တွင်းရှိ စွမ်းအင်များကို စိတ်ဝိဥာဉ် အစီအရင်၏ အလယ်ဗဟိုနှင့် ဆက်သွယ်လိုက်သည်။ ရန်ကိုင်သည် ရှန်တုလုပ်နေသည်ကို စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေခဲ့သည်။ သူ့အား တားဆီးရန် မကြိုးစားခဲ့ချေ။
စွမ်းအင်ခန်းထဲ ရက်ပေါင်းများစွာ နေခဲ့ရပြီးနောက် ဤဧရာမ ကြယ်သင်္ဘောကြီး မည်ကဲ့သို့ အလုပ်လုပ်သည်ကို အတော်လေး နားလည်နေခဲ့ရုံမက ရှန်တု လက်ရှိ ထိန်းချုပ်ရန် ကြိုးစားနေသော စိတ်ဝိဥာဉ်အစီအရင်ကြီး၏ လုပ်ဆောင်ပုံကိုလည်း အတော်လေး နားလည်နေပြီ။
ဤနေရာသည် ကြယ်သင်္ဘောတစ်စင်းလုံးကို ထိန်းချုပ်သည့် ပင်မအချက်အချာ နေရာဖြစ်ပေသည်။
စိတ်ဝိဥာဉ်အစီအရင် မျဉ်းကြောင်းများ လင်းလာပြီး ကြယ်တာရာကောင်းကင်ထဲရှိ တစ်နေရာရာတွင် ရပ်ထားသော ကြယ်သင်္ဘော စတင်လှုပ်ရှားလာပြီး ခဏအကြာ၌ ရပ်တန့်သွားခဲ့သည်။
“ဟား ဟား ဟား ဟား၊ ရှန်တုဆိုတဲ့ကောင်ကို အနိုင်ကျင့်ရင် ဘာဖြစ်မလဲ ဆိုတာကို မင်းတို့သိအောင် ပြရသေးတာပေါ့” ရှန်တု၏ မျက်လုံးထဲ လျှပ်စီးတန်းတို့ တဖျတ်ဖျတ် လက်သွားပြီး သူ့ကိုယ်ထဲရှိ စွမ်းအင်များကို အောက်ဘက်ရှိ အစီအရင်ထဲသို့ ထည့်သွင်းလိုက်သည်။
ချက်ချင်းဆိုသလို ကြယ်သင်္ဘောကြီး တစ်စင်းလုံး တုန်ခါလာခဲ့လေသည်။
အဖျက်စွမ်းအင်တို့ဖြင့် ပြည့်နေသော စွမ်းအင်အလင်းတန်း တစ်ခုကို ကြယ်သင်္ဘောမှ ပရမ်းပတာ ဖြစ်နေသော တိုက်ပွဲကွင်းပြင် တည့်တည့်ဆီသို့ ပစ်လွှတ်လိုက်လေသည်။
တစ်ချိန်တည်းတွင် စွမ်းအင်ခန်းထဲ စီတန်းထားသော သူတော်စင် သလင်းကျောက်ထဲရှိ စွမ်းအင်များ သိသိသာသာ လျော့ကျသွားသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ ယခင်က တောက်ပနေခဲ့သော သလင်းကျောက်များသည် လက်ရှိတွင် မှိန်ကျသွားခဲ့လေပြီ။
ထိုအလင်းတန်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခရမ်းကြယ်နှင့် ဓါးအဖွဲ့အစည်းမှလူအားလုံး၏ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။ ကမ္ဘာတုန်လောက်ဖွယ် အဖျက်စွမ်းအင်ကို သယ်ဆောင်လာသော အလင်းတန်းကို မြင်သည်နှင့် အကုန်လုံး ဝိဥာဉ်လွင့်မတတ် ထိတ်လန့်သွားကြပြီး သွေးပျက်မတတ်၊ စူးစူးဝါးဝါး၊ သွေးရူးသွေးတန်း အော်ဟစ်ရင်း တိုက်ပွဲကွင်းပြင်မှ ကမန်းကတန်း ထွက်ပြေးရန် ကြိုးစားတော့လေသည်။
သို့သော်လည်း အချိန်နှောင်သွားခဲ့လေပြီ။ အလင်းတန်၏ အရှိန်မှာ မြန်းလွန်းလှလေရာ ကျင့်ကြံသူအားလုံး မျက်တောင် မခတ်ရသေးခင်မှာဘဲ ထိုအလင်းတန်းသည် သူတို့ဆီသို့ ရောက်ရှိလာခဲ့သည်။ ကြယ်တာရာတစ်ခွင်လုံး ရုတ်ချည်း တိတ်ဆိတ်သွားခဲ့သည်။
တိုက်ပွဲသံတို့ ပျောက်ကွယ်သွားခဲ့လေပြီ။ ကံကောင်း၍ အလင်းတန်းအပြင်ဘက်တွင် ရောက်နေသူများမှာမူကား သူတို့ရှေ့ရှိ ကမ္ဘာပျက်သည့်နှယ် ရင်ထိတ်ဖွယ်ကောင်းသော မြင်ကွင်းကိုသာ ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေကြသည်။ မည်သူမှ အသံမထွက်နိုင်တော့။
အလင်းတန်းသည် တိုက်ပွဲကွင်းပြင်ကို ကျော်လွန်၍ အာကာယံထဲ ဆက်လက် ပျံသန်းသွားခဲ့သည်။ ကျန်ရစ်ခဲ့သည်ကား ဗလာကျင်းနေသော ဟင်းလင်းပြင်စွတ်ကြောင်းကြီးပင်။
အစောပိုင်းက ထိုနေရာတစ်ခုလုံး အပြန်အလှန် တိုက်ခိုက်နေကြသည့် ကျင့်ကြံသူများဖြင့် ပြည့်နေခဲ့သည်။ ယခုမူ အားလုံး မရှိတော့လေပြီ။
ထိုလူများသည် ထိုနေရာတွင် ဘယ်သောအခါကမှ မရှိခဲ့သည့်အလား။
အနည်းဆုံး ထိုအလင်းတန်းကြောင့် လူတစ်ရာကျော် အသက်ပျောက်ခဲ့ရသည်။ စွမ်းအင်ခန်းထဲတွင် ရှိနေသော ရှန်တုသည် ထိုမြင်ကွင်းကိုကြည့်ရင်း ဝါးလုံးကွဲ အော်ဟစ် ရယ်မောနေခဲ့သည်။
ရန်ကိုင် မဆိုသလောက်ကလေး မျက်မှောင်ကြုံ့သွားခဲ့သည်။ ရှန်တု၏ လက်စားချေသည့် အစီအရင်ထဲ ဘာမှမဆိုင်သော ဓါးအဖွဲ့အစည်းမှ ကျင့်ကြံသူများစွာ သေဆုံးခဲ့ရသည်။ သို့သော် လောလောဆယ် ပါးစပ်ပိတ်နေရန်သာ ဆုံးဖြတ်လိုက်သည်။
သူနှင့် ဓါးအဖွဲ့အစည်းကြား မည်သည့် ခင်မင်ရင်းနှီးမှုမှမရှိ။ ဟဲမြောင်နှင့် ဟဲကျောင်သည်ပင်လျှင် လမ်းကြုံတွေ့ခဲ့သော အသိအကျွမ်း သက်သက်သာ ဖြစ်လေသည်။
“ပြီးပြီလား။ ပြီးရင် မြန်မြန်သွားကြမယ်” ရန်ကိုင်က ရေရွတ်လိုက်သည် “မင်းကြောင့် အဲ့ပညာရှင်တွေ အကုန်လုံးကို ဒီကို ချက်ချင်း ပြန်လာကြတော့မှာ”
“အဦ၊ မင်းပြောတာ ဟုတ်တယ်ဟ” ယခုမှပဲ သူဘာလုပ်မိလိုက်မှန်း ရှန်တု နားလည်သွားခဲ့သည်။ နားလည်လိုက်သည်နှင့် အချိန်မဆိုင်းတော့ဘဲ စိတ်ဝိဥာဉ်အစီအရင်မှ ချက်ချင်းထရပ်၍ ရန်ကိုင်နှင့်အတူ စွမ်းအင်ခန်းထဲမှ ပြေးထွက်သွားလေသည်။
ကြယ်သင်္ဘောထဲတွင် လက်တစ်ဆုပ်စာ ကျင့်ကြံသူများသာ ရှိတော့သည်။ ပုံဆောင်ခဲအမြောက်များ ရုတ်တရက် အသက်ဝင်လာသည့် အတွက်ကြောင့် ထိုကျင့်ကြံသူအားလုံး နိုးနိုးကြားကြား ဖြစ်သွားပြီး စွမ်းအင်ခန်းဆီသို့ ပြေးလာကြနေလေပြီ။
ရှန်တုသည် ကြယ်သင်္ဘော၏ တည်ဆောက်ပုံကို ကောင်းကောင်း နားလည်ထားသည့်ပုံပင်။ လမ်းကြောင်း တစ်ခုပြီးတစ်ခုပြောင်းလျက် ရန်ကိုင်အား ဦးဆောင် ခေါ်သွားခဲ့သည်။ လမ်းတစ်လျောက်၌ မည်သည့် ပြဿနာမှ မကြုံတွေ့ခဲ့၇ချေ။
“အခု ငါတို့ ဘယ်သွားနေတာလဲ။ ဒါက ကြယ်သင်္ဘောရဲ့ ထွက်ပေါက်ဆီ ဦးတည်နေတာလား” ရန်ကိုင် ရှန်တုနောက်တွင် လိုက်နေရင်း ရုတ်တရက် ကောက်မေးလိုက်သည်။
သူသည် ဤနေရာနှင့် မရင်းနှီးနေသော်ငြား ရှန်တုသည် ထွက်ပေါက်သို့ ချက်ချင်း ဦးတည်မသွားဘဲ ကြယ်သင်္ဘောကို တစ်ပတ်ကြီးပတ်ကာ သွားနေသည်ဟု သူ့မသိစိတ်က ပြောနေခဲ့သည်။
“ထွက်ပေါက်လား” ရှန်တုက သူ့အရှိန်အဝါကို ဖုံးကွယ်သွားလာနေရင်းမှ နောက်သို့ လှည့်ကြည့်၍ ပြန်မေးလိုက်သည် “မင်းမှာ တိကျတဲ့ ကြယ်မြေပုံရှိလို့လား”
ရန်ကိုင် ခေါင်းခါလိုက်သည်။
“ကြယ်မြေပုံမရှိဘဲ ဘယ်လိုလုပ်ပြီး ထွက်သွားမှာလဲ” ရှန်တုက ရယ်မောလိုက်ပြီး “မင်းမှာ ကြယ်လွန်းပျံရှိလား”
“ရှိတယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည် “ဒါပေမယ့် ငါ့ကြယ်လွန်းပျံက ပျက်စီးနေလို့ ကြယ်မြေပုံထည့်လို့ မရတော့ဘူး”
“ကိစ္စမရှိဘူး။ တစ်ယောက်ယောက်ကို ဖမ်းပြီး အဲ့လူကိုပဲ ခေါ်သွားခိုင်းကြတာပေါ့” ရှန်တုက ပြောလိုက်သည်။
“ဘယ်သူ့ကိုလဲ။ တစ်ယောက်ယောက်ကို ဖမ်းချင်တယ်ဆိုရင် ထွက်ပေါက်နားမှာ သူတော်စင်ဒုတိယအဆင့်တွေ များကြီးပဲ။ အဲ့ထဲက ကြိုက်တဲ့တစ်ယောက်ကို ဖမ်းလို့ရတယ်” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။
ရှန်တုက ခေါင်းခါလိုက်ပြီး “မဖြစ်ဘူး။ အဲ့လူတွေကို ဖမ်းနိုင်ရင်တောင် ဒီသေခြင်းတရားချောက်နက်ထဲကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး။ သေခြင်းတရားချောက်နက်ထဲမှာ လမ်းပျောက်လွယ်တယ် ဆိုတာကို မင်းလည်းသိတာပဲ။ ငါ့ပန်းတိုင်က ဒီကြယ်သင်္ဘောကနေ ထွက်သွားရုံသက်သက် မဟုတ်ဘူး”
ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့ပြီး ရှန်တု ဘာကြံနေလဲ ဆိုသည်ကို ရုတ်တရက် နားလည်သွားလေသည် “ဒီကြယ်သင်္ဘောပေါ်က ကြယ်သခင်ကို ဖမ်းဖို့ ကြံနေတာလား”
“မင်းလို့ ဥာဏ်ကောင်းတဲ့လူနဲ့ စကားပြောရတာ တကယ်ကောင်းတယ်” ရှန်တုက ပြုံးဖြီးလိုက်ပြီး “မင်းပြောတာ အမှန်ပဲ။ အဲ့ကြယ်သခင်ကို ငါရှာနေတာ”
“သူဘယ်မှာလဲ မင်းသိလို့လား”
“ကြယ်သခင်တွေ နေလေ့ရှိတဲ့ နေရာကိုတော့ ငါသိတယ်။ ဒါပေမယ့် အဲ့မှာ သူရှိ၊မရှိကတော့ ကံပေါ်ပဲ မူတည်လိမ့်မယ်”
ရန်ကိုင် ဘာမှထပ်မပြောတော့ဘဲ ရှန်တု နောက်ကနေသာ လိုက်သွားလေသည်။
ရှန်တုဆီမှ သိခဲ့ရသည်မှာ ကြယ်သခင်များဆိုသည်မှာ ကျင့်ကြံသူများ အသုံးပြုကြသော ကြယ်တာရာကောင်းကင် မြေပုံကို ရေးဆွဲသည့် လူများ ဖြစ်ကြပေသည်။
ကြယ်သခင်များ ရေးဆွဲထားသည် ကြယ်မြေပုံကို အသုံပြုခြင်းဖြင့် ကျင့်ကြံသူများသည် အန္တရာယ်ရှိသော နေရာများကို ရှောင်တိမ်းနိုင်ပြီး ဦးတည်ရာပန်းတိုင်သို့ ချောချောမွေ့မွေ့ဖြင့် ရောက်ရှိနိုင်သည်။ ကြယ်မြေပုံသာ တိကျသရွေ့ ဘယ်လောက် ဝေးဝေးပင်သွားရပါစေ ပန်းတိုင်သို့ ကျိန်းသေ ရောက်နိုင်ပေသည်။
ကြယ်သခင်များ ရေးဆွဲသည့် ကြယ်မြေပုံများသည် တူညီခြင်း မရှိကြချေ။ အဆင့်နိမ့် ကြယ်မြေပုံများသည် ဈေးပေါပြီး တိကျသည့် ကြယ်မြေပုံများမူ ဈေးကြီးကြသည်။
ဈေးအကြီးဆုံး ကြယ်မြေပုံများသည် သူတော်စင်သလင်းကျောက် သန်းနှင့်ချီ ကုန်ကျနိုင်ပြီး ဈေးအပေါဆုံး ကြယ်မြေပုံများမှာမူ သူတော်စင်သလင်းကျောက် ဒါဇင်ကျော်သာ ကုန်ကျသည်။
ထူးချွန်သော ကြယ်မြေပုံများကို အင်အားစုကြီးများက အမြဲတမ်း လိုချင်ကြပေသည်။ သူတို့၏ အဆင့်အတန်းမှာလည်း နိမ့်ကျခြင်းမရှိချေ။ သူတို့ ကိုယ်ပိုင်ခွန်အား နိမ့်ကျခြင်နိမ့်ကျနေပါစေ၊ ကြယ်သခင် ဖြစ်နေသရွေ့ သွားသည့် နေရာတိုင်း ဂုဏ်သရေရှိ ဧည့်သည်အဖြစ် ဆက်ဆံခံရပေလိမ့်မည်။
ကြယ်သင်္ဘောများတွင် ကြယ်သခင် တစ်ယောက်စီ ရှိတတ်ကြသည်။ အကြောင်းမှာ ကြယ်သင်္ဘောများသည် ခရီးရှည်သွားလာရာတွင် သုံးပြီး ထိုကဲ့သို့ သွားလာနေရင်း ဦးတည်ချက်ပြောင်းသည့်အခါ သင့်လျော်သော လမ်းကြောင်းကို ဖော်ပြပေးရန်အတွက် ကြယ်သခင်ကို လိုအပ်ခြင်းဖြစ်သည်။
ကြယ်သခင်ဖြစ်လာရန်မှာ ဆေးပညာရှင်၊ လက်နက် ပညာရှင် တစ်ယောက် ဖြစ်လာခြင်းထက် အဆများစွာ ပိုခက်ခဲပေသည်။ အကြောင်းမှာ ကြယ်သခင်တစ်ယောက် ဖြစ်ရန်အတွက် ကြယ်စီရင်စုတစ်ခုလုံးကို ကောင်းကောင်း နားလည်ထားရန် လိုအပ်သည့်အပြင် မရေမတွက်နိုင်သော ကြယ်များနှင့် ၎င်းတို့ကြားရှိ အကွာအဝေးကိုလည်း သိထားရန် လိုအပ်ပေသည်။
ကြယ်စီရင်စုထဲတွင် ကြယ်သခင်များမှာ အရမ်းကိုမှ ရှားပါးလှသည်။ ကြယ်သခင်များသည် တပည့်များစွာ လက်ခံလေ့ မရှိဘဲ တစ်ယောက်တည်းကိုသာ လက်ခံလေ့ရှိသည်။ အကြောင်းမှာ ကြယ်သခင်ဖြစ်လာရန်အတွက် လက်ရှိ ဆရာမှ သေသေချာချာ ညွှန်ကြားပြသပေးရန် လိုအပ်သောကြောင့် ဖြစ်သည်။
ကြယ်သခင်တစ်ယောက် ဖြစ်လာရန် သင်ကြားပေးရသည့် ကိစ္စမှာ အရမ်းကိုမှ အချိန်ကုန်ပေသည်။ ထို့ကြောင့် အထူးချွန်ဆုံးသော ကြယ်ပညာရှင်များပင် တပည့် တစ်ယောက်၊ နှစ်ယောက်လောက်သာ လက်ခံတတ်ကြသည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း (၉၉၅) မင်းပြန်လာရဲတယ်လား
ခရမ်းကြယ်သင်္ဘောထဲရှိ သားနားတင့်တယ်သော အခန်းတစ်ခန်းထဲတွင်၊ အသားဝါဝါနှင့် လူအိုကြီးတစ်ယောက် ထိုင်နေခဲ့သည်။ ထိုလူအိုကြီးသည် ဆက်သွယ်ရေးမှော်ရတနာ တစ်ခုကိုကိုင်လျက် စွမ်းအင်းခန်းရှိ ခဲမန်နှင့် ဆက်သွယ်ရန် ကြိုးစားနေခဲ့သည်။ သို့သော် တုန့်ပြန်သံမကြားခဲ့ရ။
“ဘာတွေဖြစ်နေတာလဲ” လူအိုကြီးက သူ့နဖူးထက်မှ ချွေးသီးများကို သုတ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ တစ်ချက် တုန့်ဆိုင်းနေပြီးနောက် အလျင်အမြန် တံခါးကိုဖွင့်ရန် စွမ်းအင်ခန်းဆီ ကိုယ်တိုင်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း သူတံခါးကို ဖွင့်ဖွင့်ချင်းမှာပဲ ကြမ်းကြုတ်သည့် အရှိန်အဝါကို ထုတ်လွှတ်လျက် သူ့တည့်တည့်ဆီ ပျံသန်းလာနေသော လူငယ်လေးနှစ်ယောက်ကို မြင်လိုက်ရသည်။
လူအိုကြီးသည် ထိုလူငယ်လေးနှစ်ယောက်နှင့် ပက်သက်၍ များများစားစား တွေးတောခြင်း မပြုဘဲ လှမ်း၍သာ အော်ခေါ်လိုက်သည် “မင်းတို့နှစ်ယောက် ဒီကိုလာခဲ့”
ရှေ့မှ ဦးဆောင်လာနေသာ ရှန်တုက ထိုလူအိုကြီးကို မြင်သော် အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်သည် “အဲ့လူအိုကြီးပဲ။ သူက ဒီကြယ်သင်္ဘောပေါ်က မြေပုံသခင်ပဲ။ သူစွမ်းအင်ခန်းထဲ ထွက်သွားထွက်လာ လုပ်တာကို ငါမြင်ဖူးတယ်”
ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး ရှန်တု နောက်မှနေ၍ လိုက်သွားလိုက်ရာ ခပ်မြန်မြန်ပဲ လူအိုကြီး၏ ဘေးနားသို့ ရောက်လာခဲ့သည်။
“စွမ်းအင်ခန်းထဲမှာ ဘာတွေဖြစ်နေတာလဲ။ ဒီလူအိုကြီး ခေါ်နေတာကို ခဲမန်ဆိုတဲ့ကောင် ဘာလို့ ပြန်မဖြေတာလဲ” လူအိုကြီးက ဒေါသတကြီး အော်မေးလိုက်သည်။
ရှန်တုကမူ စပ်ဖြဲဖြဲသာ ပြန်ပြုံး၍ “ခဲမန် သေသွားပြီဟာကို ခင်ဗျားခေါ်တာကို ဘယ်လိုလုပ်ပြီး ထူးနိုင်တော့မှာလဲ”
ထိုစကားကို ကြားကြားချင်း လူအိုကြီး အံ့အားသင့်သွားခဲ့၏။ သို့သော် တစ်ခုခု မှားယွင်းနေမှန်း နားလည်လိုက်ပြီး အခန်းထဲ ပြန်ဝင်ပြေးမည်အပြု ရှန်တု ခန္ဓာကိုယ်မှ လျှပ်စီးမြွေတစ်ကောင် ထွက်ပေါ်လာပြီး လူအိုကြီးကို ရစ်ပတ်လိုက်သည်။
ထိုလျှပ်စီးမြွေကြောင့် လူအိုကြီးတစ်ကိုယ်လုံး ထုံထိုင်း၊ တောင့်တင်းသွားခဲ့ရသည်။
“သူ့ကိုယ်သယ်လာခဲ့” ရှန်တု ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်သည်။ အနီးအနားတွင် ဘယ်သူမှ မရှိသည်ကို မြင်သော် အခြားတစ်ဖက်သို့ လှည့်ထွက်သွားလေသည်။
ရန်ကိုင်မျက်နှာ အေးစက်သွားခဲ့ပြီး လျှပ်စီးကြိုးဖြင့် ရစ်ပတ်ထားသော လူအိုကြီးကို ဆုပ်ကိုင်လျက် ပြောလိုက်သည် “မသေချင်ရင် ငြိမ်ငြိမ်လေးနေ။ မဟုတ်ရင် ကျုပ်ခင်ဗျားကို သတ်ပစ်မှာ”
ကြယ်သင်္ဘောပေါ်ရှိ ကြယ်သခင်သည် အသက် မငယ်သော်လည်း သူ့ခွန်အားသည် မြင့်မားခြင်းမရှိ၊ မသေမျိုး တတိယအဆင့်သို့သာ ရောက်ပေသေးသည်။ ထို့ကြောင့် ရှန်တုနှင့် ရန်ကိုင်တို့ ထိုလူအိုကြီးကို အလွယ်တကူ ဖမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
သာမန်အားဖြင့် မြေပုံသခင်များသည် မြင့်မားသော ကျင့်ကြံခြင်းကို ပိုင်ဆိုင်လေ့ မရှိကြချေ။ အကြောင်းမှာ မြေပုံသခင်များသည် သူတို့၏ အချိန်အများစုကို ကြယ်တာရာကောင်းကင်အား လေ့လာပြီး မြေပုံများ ရေးဆွဲရာတွင် အသုံးချနေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် အန္တရာယ်တွင်းရောက်သည့်အခါ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်ကြခြင်း ဖြစ်ပေသည်။
“မင်းတို့တွေကဘယ်သူလဲ” လူအိုကြီးက ခက်ထန်သည့် မျက်နှာဖြင့် မေးလိုက်သည်။
“ကျုပ်တို့ ဘယ်သူဖြစ်ဖြစ်၊ ခင်ဗျား သောက်ပူမပါဘူး။ ကျုပ်တို့ကို ဒီသေခြင်းတရားချောက်နက်ထဲကနေသော ခေါ်ထုတ်သွားပေး၊ အားလုံး အဆင်ပြေသွားပြီ။ ကျုပ်တို့ ဒီနေရာက ထွက်နိုင်တဲ့အခါကျ ခင်ဗျားကိုလည်း လွှတ်ပေးမယ်။ ကျုပ်ကတိပေးတယ်” ရှန်တုက သွားနေရင်း ပြောလိုက်သည်။
“ကောင်းပြီလေ။ ငါမင်းတို့ကို ခေါ်ထုတ်သွားပေးမယ်။ ဒါပေမယ့် အရင်ဆုံး ငါ့ကို ကြယ်သင်္ဘောရဲ့ စွမ်းအင်ခန်းဆီ ခေါ်သွားပေး၊ မဟုတ်ရင် အကုန် သေကြရလိမ့်မယ်” လူအိုကြီးက အလျင်စလို အော်ပြောလိုက်သည်။
ရှန်တုက လှောင်ပြုံးပြုံးလျက် “ကျုပ်တို့ကို ခင်ဗျားပြောတိုင်း လုပ်ပေးမယ့် အရူးတွေ မှတ်နေတာလား။ စွမ်းအင်ခန်းထဲကနေတောင် အသည်းအသန် ထွက်ပြေးလာခဲ့ရတာ။ အခု အဲ့နေရာတစ်ခုလုံး ခရမ်းကြယ်က ကျင့်ကြံသူတွေနဲ့ ပြည့်နေပြီ။ ကျုပ်တို့ အဲ့ကိုသွားပြီး သွားသေရမှာလား”
“မင်းနားမလည်ပါဘူး။ စွမ်းအင်ခန်းသွားရတဲ့ ငါအကြောင်းနဲ့ငါ ရှိပြီးသား။ မင်းတို့ကို အဖမ်းခံခိုင်းတာနဲ့ ဘာမှမဆိုင်ဘူး” လူအိုကြီးက ခပ်မြန်မြန် ပြန်ပြောလိုက်သည် “ငါ့ကို အခုမခေါ်သွားပေးရင် ငါတို့သုံးယောက်တင်မဟုတ်ဘူး ဒီကြယ်သင်္ဘောတစ်စင်းလုံး ဖျက်စီးခံရမှာ”
“ဒီကြယ်သင်္ဘော ဖျက်စီးခံရရ၊ မခံရရ ကျုပ်ဂရုမစိုက်ဘူး” ရှန်တုက ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်သည်။
“ငါဘယ်လိုပြောမှ မင်းယုံမှာလဲ… သေခြင်းတရားချောက်နက် ထဲမှာ ပြဿနာအကြီးကြီး ဖြစ်နေပြီ။ ငါတို့သာ မြန်မြန် မလှုပ်ရှားရင် ဘယ်သူမှ အသက်ရှင်မှာ မဟုတ်ဘူး”
ရှန်တု ရပ်တန့်သွားခဲ့ပြီး လူအိုကြီးဘက်သို့လှည့်၍ “ခင်ဗျား ဘာပြောချင်နေတာလဲ။ ရှင်းရှင်းလင်းလင်းပြော”
“မင်းဘာသာမင်းပဲ အပြင်ကိုကြည့်ကြည့်လိုက်” လူအိုကြီးက ပြန်မပြောခဲ့ဘဲ အပြင်ဘက်ကိုသာ မေးငေါ့ပြလိုက်သည်။
ရှန်တုနှင့် ရန်ကိုင်တို့ နှစ်ယောက်စလုံး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
အပြင်ဘက်ရှိ လှပသောကြယ်များသည် ယခင်အတိုင်း ရှိနေသေးဆဲ။ သို့သော် အလွန်တရာကိုမှ သိပ်သည်းလှသော မိုးမြေစွမ်းအင်များသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည့်ပုံပင်။ အမျိုးမျိုးသော ကြယ်များမှ ထုတ်လွှတ်နေသော အားကောင်းသည့် စွမ်းအင်စက်ကွင်းများသည် မတည်မငြိမ် ဖြစ်နေခဲ့ကြသည်။
ဓါးအဖွဲ့အစည်းနှင့် ခရမ်းကြယ် ကျင့်ကြံသူများကြားမျ တိုက်ပွဲသည်လည်း ရပ်တန့်နေခဲ့ကြကာ အကုန်လုံးသည် သူတို့၏ ကြယ်သင်္ဘောအသီးသီးဆီသို့ ပြန်လှည့်ပြေးနေခဲ့ကြသည်။
“ဘာတွေဖြစ်နေလို့ သူတို့ ပြန်လာနေကြတာလဲ” ရှန်တု အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး “ငါပစ်လိုက်တဲ့ ပုံဆောင်ခဲအမြှောက်ကြောင့်တော့ မဟုတ်ပါဘူးနော်”
ရန်ကိုင် ရှန်တုအား ကြည့်သာ ကြည့်လိုက်ပြီး ဘာမှ မပြောခဲ့ချေ။
ရှန်တုက ရှက်ကိုးရှက်ကန်းဖြင့် ပခုံးတွန့်လျက် “ငါဒေါသကို ဖောက်ထုတ်ပစ်ချင်လို့သာ လုပ်လိုက်တာ။ အခုလို ဖြစ်သွားမယ်လို့ မထင်ထားခဲ့ဘူး…”
“မင်းလုပ်လိုက်တာနဲ့ ဆိုင်တယ်လို့တော့ ငါမထင်ဘူး။ မင်းကြောင့်သာဆိုရင် ဓါးအဖွဲ့အစည်းကလူတွေလည်း ပြန်ဆုတ်နေကြမှာ မဟုတ်ဘူး။ လိုက်ပြီးတော့တောင် တိုက်ခိုက်နေကြဦးမှာ။ အခုကြည့်၊ နှစ်ဖက်စလုံးကလူတွေ ပြန်ဆုတ်နေကြတာ။ အန္တရာယ်တစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်” ရန်ကိုင်က လူအိုကြီးဘက်သို့လှည့်၍ မေးလိုက်သည် “ဘာအန္တရာယ်ရှိနေတာလဲ”
“စွမ်းအင်စက်ကွင်း ပေါက်ကွဲတာပဲ။ မင်းတို့က အတွင်းထဲမှာ ရှိနေတော့ ခံစားမိမှာမဟုတ်ဘူး။ ဒါပေမယ့် အပြင်ဘက်မှာ ရှိနေတဲ့ လူတွေကတော သေခြင်းတရားချောက်နက်ထဲက စွမ်းအင်စက်ကွင်းတွေ ပြောင်းလဲသွားတာကို ခံစားမိတယ်။ ဒါကြောင့်ပဲ အကုန်လုံး ပြန်ဆုတ်နေကြတာ။ သူတို့သာ ဒီကနေ မြန်မြန်ထွက်မသွားနိုင်ရင် ကြယ်သင်္ဘောထဲမှာ ပုန်းနေမယ် ဆိုရင်တောင် လုံခြုံလိမ့်မှာ မဟုတ်ဘူး”
“စွမ်းအင်စက်ကွင်းပေါက်ကွဲတာလား” ရှန်တုမျက်နှာ မည်းမှောင်သွားခဲ့သည်။
“သေခြင်းတရားချောက်နက်ရဲ့ အကြီးမားဆုံးသော အန္တရာယ်ပဲ” လူအိုကြီးက အလျင်စလို ရှင်းပြလေသည် “အဲ့ပရမ်းပတာ ဖြစ်နေတဲ့ စွမ်းအင်စက်ကွင်းတွေက လူတွေကို လမ်းပျောက်အောင်ပဲ လုပ်နိုင်တယ်လို့ ထင်နေတာလား။ အဲ့လိုဆိုရင်တော့ မင်းများသွားပြီ။ သေခြင်းတရားချောက်နက် ထဲက ကြယ်တွေထဲမှ မခန့်မှန်းနိုင်လောက်အောင် များပြားတဲ့ စွမ်းအင်တွေ ကိန်းအောင်နေတယ်။ ကြယ်ပတ်လည်က လေဟာနယ်တစ်ခုလုံး စွမ်းအင်တွေနဲ့ ပြည့်သွားပြီး၊ အဲ့လေဟာနယ် တောင့်ခံနိုင်တဲ့ စွမ်းအင်အကန့်အသတ်ကို ကျော်လွန်းသွားတဲ့အခါ၊ ပုံမှန်မျှခြေဖြစ်နေတဲ့ အခြေအနေက စတင်ပြိုကွဲလာရော။ အဲ့အခါကျ အဲ့မှာ ကိန်းအောင်းနေတဲ့ စွမ်းအင်တွေအကုန်လုံး ပေါက်ကွဲထွက်ပါလေရော။ အဲ့လို ပေါက်ကွဲထွက်သွားပြီးတာနဲ့ နောက်ဘာဆက်ဖြစ်လဲ ဆိုတာကိုတော့ မင်းတို့လည်း ခန့်မှန်းမိမယ်လို့ ငါထင်တယ်”
ရှန်တုနှင့် ရန်ကိုင်တို့ နှစ်ယောက်စလုံး၏ အမူအရာ သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။
“နားမလည်နိုင်ဘူးလား” လူအိုကြီးက အော်ပြောလိုက်သည်။ သူ့တံတွေးစတို့ နေရာအနှံ့လွင့်စင်ကုန်လေသည်။ အကျဉ်းသား ဖြစ်နေသည်ကိုပင် သတိမမူမိတော့၊ စိတ်ရှိတိုင်းသာ အော်နေတော့လေသည်။
“ခင်းဗျားကော နားလည်လား” ရှန်တုက ပြန်မေးလိုက်သည်။
“ဘာလို့ နားမလည်ရမှာလဲ။ ဒီလူအိုကြီးက မြေပုံသခင်ပဲ။ ဒီလူအိုကြီးတောင် နားမလည်ရင် အခြားဘယ်သူမှ နားလည်တော့မှာ မဟုတ်ဘူး” လူအိုကြီးက ရှန်တုအား ပြန်၍ အော်ဟစ်ဆူပူကျိန်းမောင်းလိုက်သည်။
“အန္တရာယ်လာနေမှန်း သိမှတော့ သူတို့နှစ်ဖက် တိုက်ခိုက်နေတာကို ဘာလို့ သွားမတားတာပဲ။ သူတို့ နှစ်ဖွဲ့တိုက်ပွဲကြောင့်ပဲ စွမ်းအင်စက်ကွင်းရဲ့ မျှခြေ ပျက်စီးသွားရတာမလား” ရန်ကိုင်က လူအိုကြီးအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
လူအိုကြီးက ချက်ချင်း အကြည့်လွှဲဖယ်သွားလိုက်ပြီး ကိုးယိုးကားယား အမူအရာဖြင့် “သူတို့ တိုက်ခိုက်ပြီးတော့မှ သတိပြုမိတာဟာကို။ ဒီလူအိုကြီးရဲ့ ကြယ်ကြည့်ပညာရပ်က အရာရာကို သိမြင်နိုင်တဲ့ ပညာရပ်မဟုတ်ဘူးကွ။ သူတို့ တိုက်ပွဲကြောင့် အခုလို ဖြစ်လာမယ်လို့ ငါလည်း ဘယ်လိုလုပ်ပြီး သိပါ့မလဲ”
“ကြယ်ကြည့်ပညာရပ်လား” ရန်ကိုင် မျက်ခုံးပင့်လိုက်သည်။
“မြေပုံသခင်တွေ ကြယ်တာရာကောင်းကင်ကို လေ့လာရာမှာ သုံးတဲ့ ပညာရပ်ပဲ။ နောက်အချိန်ရမှ ငါမင်းကိုရှင်းပြမယ်။ အခု လောလောဆယ်တော့ ငါတို့ ဘာလုပ်ကြမလဲ။ ဒီလူအိုကြီးကို ကြည့်ရတာ လိမ်ပြောနေတဲ့ပုံမပေါက်ဘူး” ရှန်တု တွေဝေနေမိသည်။
လူအိုကြီးပြောသည်မှာ အမှန်ဖြစ်ပါက သူနှင့်ရန်ကိုင်တို့ လူအိုကြီးအား ဖမ်းဆီးရန် ကြိုးစားခဲ့ရသည်မှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။ သေခြင်းတရားချောက်နက်၏ စွမ်းအင် စက်ကွင်းသာ ပေါက်ကွဲသွားမည်ဆိုပါက ဘယ်သူမှ ပြေးလွတ်လိမ့်မည် မဟုတ်ချေ။
ကြယ်သင်္ဘောထဲတွင် နေနေသရွေ့ အနည်းငယ် လုံခြုံကောင်း လုံခြုံနိုင်ပေသည်။
ဤကြယ်သင်္ဘောသည် သူတော်စင် အထွဋ်အထိပ်အဆင့် ကြယ်သင်္ဘောတစ်စင်း မဟုတ်ပေလော။
သို့သော်လည်း ခရမ်းကြယ် အင်အားစု၏ အသက်ရှင်ကျန်သည့် ပညာရှင်အားလုံး ကြယ်သင်္ဘောဆီသို့ ပြန်ရောက်လာနေကြလေပြီ။ ထို့ကြောင့် ဤနေရာတွင် ဆက်နေခြင်းသည် မည်သည့် အကျိုးမှ ရှိလိမ့်မည်မဟုတ်။
“မင်းက ဥာဏ်ကောင်းတာပဲ။ မင်းပဲ ဆုံးဖြတ်တော့” ရှန်တုက ရန်ကိုင်အား ဆုံးဖြတ်ချက် ချခိုင်းလိုက်သည်။
“ခရမ်းကြယ်ထဲမှ ဒီမြေပုံသခင်ရဲ့ အဆင့်အတန်းက ဘယ်လောက်အထိ မြင့်လဲ” ရန်ကိုင်က မေးလိုက်သည်။
“သူ့အဆင့်အတန်းက အရမ်း မြင့်တယ်” ရှန်တုက လူအိုကြီးကို ကြည့်၍ “ဆရာကြီးဝူဆော့ရဲ့ ကြယ်မြေပုံ ရေးဆွဲနိုင်စွမ်းက ခရမ်းကြယ်ထဲမှ ထိပ်ဆုံးသုံးနေရာဝင်တယ်”
“ဒီလူအိုကြီးဘယ်သူမှန်း မင်းသိတယ်လား” လူအိုကြီးက ရှန်တုအား အံ့အားသင့်နေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
“သိတာပေါ့” ရှန်တုက စပ်ဖြဲဖြဲပြုံးဖြီးလိုက်သည်။
“စွမ်းအင်ခန်းဆီ သွားကြတာပေါ့” ရန်ကိုင်က ခပ်မြန်မြန်ပဲ ပြောလိုက်သည်။
ရှန်တု တုန့်ဆိုင်းသွားခဲ့သည်။ သို့သော် ခဏလောက် စဉ်းစားကြည့်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်လေသည် “ကောင်းပြီလေ။ သူပြောတာသာ အမှန်ဆိုရင် အပြင်သွားတာက သွားသေတာနဲ့ မခြားဘူး”
“သွားကြမယ်” ရန်ကိုင်က ဆရာကြီးဝူဆော့ကို သယ်လျက် စွမ်းအင်ခန်းဆီ ဦးတည်သွားလေသည်။
စွမ်းအင်ခန်း အပြင်ဘက်တွင် လူများ ပြည့်ကြပ်သိပ်နေခဲ့သည်။ ပြန်ရောက်လာသော ကျင့်ကြံသူများသည် အစောပိုင်းက ပုံဆောင်ခဲအမြှောက်အား ပစ်သွားသူမှာ ဘယ်သူမှန်း အလွန်ကိုမှ သိချင်နေခဲ့ကြသည်။ ထိုအမြှောက်ကြောင့် ရန်သူ့ အဖွဲ့သားများသာမက သူတို့အဖွဲ့သား များစွာလည်း သေဆုံးသွားခဲ့ကြရသည်မလား။
သူတို့ အကုန်လုံး ဒေါသထွက်နေခဲ့ကြသည်။ အကြောင်းမှာ သူတို့ ကံကောင်းသွားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုအမြှောက်ထဲ ရောပါသွားနိုင်သောကြောင့် ဖြစ်သည်။ သို့သော်လည်း စွမ်းအင်ခန်း၏ အခြေအနေကို မြင်ပြီးနောက် သူတို့၏ ဒေါသများ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားရသည်။
စွမ်းအင်ခန်းထဲတွင် အသက်ရှင်ကျန်ရစ်သူ မရှိတော့။ ခဲမန်နှင့် သူတော်စင်ဒါဇင်ကျော်မှာလည်း သေကုန်ကြလေပြီ။
စွမ်းအင်ခန်းထဲတွင် သားနားသည့် အဝတ်အစားကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူကြီး တစ်ဦးသည် လက်နောက်ပစ်လျက် ဒေါသထွက်နေသည့် အမူအရာဖြင့် သော့ပွင့်နေသော သံကွင်းနှစ်ကွင်းကို ကြည့်နေခဲ့သည်။ ထို့နောက် သုန်မှုန်နေသည့် မျက်နှာထားဖြင့် နှာခေါင်းရှုံ့လိုက်လေသည် “အမှိုက်တွေပဲ”
သူ့အတွေ့အကြုံအရ ခဲမန် မည်ကဲ့သို့ သေသွားမှန်း အကြမ်းဖျင်း ခန့်မှန်းကြည့်နိုင်ပေသည်။ ဘာတွေဖြစ်ပျက်သွားမှန်း သေသေချာချာ မသိသော်ငြား ရေးတေးတေးတော့ ခန့်မှန်းမိပေသည်။
ဤနေရာတွင် အချုပ်ခံထားရသော ကျင့်ကြံသူ တစ်ယောက်သည် ခဲမန်အား အလျစ်ချောင်း သတ်ဖြတ်ပြီး သော့ကိုယူကာ သူ့အဖော်အား လွှတ်ပေးခဲ့သည်။ ထို့နောက် နှစ်ယောက်ပေါင်း၍ စွမ်းအင်ခန်းထဲတွင် ရှိနေသူအားလုံးကို သတ်ပစ်ခဲ့သည်။ အားလုံးကိုသတ်ပစ်ပြီးနောက် ကြယ်သင်္ဘောကို ထိန်းချုပ်၍ ပုံဆောင်ခဲအမြှောက်ကို ပစ်ခဲ့သည်။
ခဲမန် အမှိုက်ကောင်ကတော့ကွာ။ သေတာတောင် နည်းသေးတယ်
သက်လတ်ပိုင်းလူကြီး အလွန်ကိုမှ ဒေါသထွက်နေခဲ့သည်။
သူ့လက်အောက်ငယ်သားများကို ထွက်ပြေးသွားသော ကျင့်ကြံသူနှစ်ယောက်အား ရှာခိုင်းမည်အပြု စွမ်းအင်ခန်း အပြင်ဘက်မှ အသံတစ်သံ ထွက်လာခဲ့သည် “မင်းဘယ်သူလဲ။ ဆရာကြီးဝူဆော့ကို ချက်ချင်း လွှတ်လိုက်စမ်း၊ မဟုတ်ရင်…”
သက်လတ်ပိုင်းလူကြီး မျက်လုံးများ မှေးစဉ်းသွားခဲ့ပြီး အသံကြားရာဆီ လှမ်းကြည့်လိုက်သည်။
ပထမအသံပြီးနောက် မောက်မာဝံ့ကြွားသည့် အသံတစ်သံ ထပ်မံထွက်ပေါ်လာခဲ့ပြန်၏ “လမ်းဖယ်၊ လမ်းဖယ်၊ မဟုတ်တာတွေ လာမစဉ်းစားနဲ့။ တစ်ခုခုလုပ်ဖို့ ကြံလိုက်တာနဲ့ ဆရာကြီးဝူဆော့ အသေပဲ”
ခဏအကြာ၌ လူသုံးယောက် စွမ်းအင်ခန်းထဲ လမ်းလျှောက်ဝင်လာခဲ့ကြသည်။
သုံးယောက်အနက် နှစ်ယောက်သည် လူငယ်လေး နှစ်ယောက် ဖြစ်ပေသည်။ တစ်ယောက်သည် မာနတစ်ခွဲသား မျက်နှာထားဖြင့် ရှိနေပြီး အခြားတစ်ယောက်သည် မျက်နှာသေကြီးဖြင့် ဝူဆော့၏ ပခုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။
သက်လတ်ပိုင်းလူကြီး မျက်လုံးမှ မှေးကျဉ်းသွားခဲ့ပြီး အော်ပြောလိုက်လေသည် “မင်းတို့ ပြန်လာရဲတယ်လား”
ရန်ကိုင်နှင့် ရှန်တုကို တစ်ခါမှ မတွေ့ဖူးသော်လည်း ထိုနှစ်ကောင်သည် စွမ်းအင်ခန်းထဲမှ လွတ်သွားပြီး ပုံဆောင်ခဲ အမြှောက်ကို ပစ်လိုက်သည့်လူမှန်း သူတန်းသိလိုက်သည်။
ထိုနှစ်ယောက်ကို မြင်လိုက်သည်နှင့် သက်လတ်ပိုင်း လူကြီး ယမ်းမီးပုံကျ ဒေါသအချောင်းချောင်း ထွက်သွားခဲ့သည်။ ဒေါသထွက်လွန်းလှလေရာ ထိုနှစ်ကောင်အား တစ်စစီဖြစ်အောင် ရိုက်နှက်ပစ်ချင်သည့်စိတ်ကို မနည်းထိန်းနေခဲ့ရသည်။