← Chapters

အခန်း (၉၉၆-၁၀၀၀)

Vol. 40 Ch. 996-1000

အခန်း (၉၉၆-၁၀၀၀)

Vol. 40 Ch. 996-1000

အပိုင်း (၉၉၆)

သတ်လတ်ပိုင်းလူကြီး၏ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိသော် ရှန်တုလည်ပင်း ကျုံ့သွားခဲ့သည်။ သို့သော် ချက်ချင်းပဲ ဆရာကြီး ဟန်ပန်ဖြင့် ပြန်၍ လှောင်ပြောင်လိုက်သည် “ကျုပ်တို့လည်း ပြန်မလာချင်ပါဘူး”

အမှန်တကယ် လိုအပ်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် အရူးသည်သာ သူတို့အား ဖမ်းထားသည့် နေရာသို့ ပြန်သွားပေလိမ့်မည်။ အခြေအနေသာကောင်းလျှင် ရှန်တုသည် ရန်ကိုင်နှင့်အတူ ဝူဆော့ကိုခေါ်၍ ဤကြယ်သင်္ဘောထဲမှ ထွက်ပြေးသွားလောက်ပေပြီ။

“ဆရာကြီး စိတ်အေးအေးထားနော်။ ကျုပ်ရှိနေသရွေ့ ဒီကောင်တွေ ဆရာကြီးကို ဘာမှ မလုပ်ရဲစေရဘူး” သက်လတ်ပိုင်း လူကြီးက ဝူဆော့အား နှစ်သိမ့်ပေးလိုက်သည်။

“ခင်ဗျားတို့ တစ်ခုခုလုပ်မယ်ကြံကြည့်၊ ကျုပ်သူ့ကို ချက်ချင်း သတ်ပစ်လိုက်မှာ” ရန်ကိုင်သည် ဝူဆော့အား သူ၏ သူတော်စင်ချီ နှင့်သာမက ကောင်းကင်စိတ်အာရုံနှင့်ပါ ချိန်ရွယ်ထားပေသည်။

“ကောင်စုတ်လေး၊ မင်းလုပ်ရဲရင် လုပ်ကြည့်လိုက်စမ်း” သတ်လတ်ပိုင်းလူကြီး၏ မျက်နှာအမူအရာ ထပ်မံ ပြောင်းလဲသွားပြန်သည်။ သို့သော်လည်း သူ့မျက်နှာထက် စိုးရိမ်ရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။

သို့သော်လည်း ရန်ကိုင်၏ ဖမ်းချုပ်ထားခြင်းခံရသော ဝူဆော့က သူ့လက်ကို ဝှေ့ရမ်း၍ အလျင်စလို ပြောလိုက်သည် “ကွေ့ချန်၊ မင်းတို့ကြားက မကျေနပ်ချက်တွေကို ဘေးချထားလိုက်ဦး။ ဒီနှစ်ယောက်ကို စွမ်းအင်ခန်းဆီ လာပေးဖို့ မနည်း ဆွယ်ခဲ့ရတာ။ ငါတို့မှာ အချိန်မရှိတော့ဘူး။ အခုအရေးအကြီးဆုံးက ဒီနေရာကနေ မြန်မြန် ထွက်သွားနိုင်ဖို့ပဲ”

ဝူဆော့၏ စကားကို ကြားသည့်အခါ လျူကွေ့ချန်၏ မျက်နှာထား လေးနက်သွားခဲ့ပြီး “အပြင်ဘက် စွမ်းအင်စက်ကွင်းတွေ တစ်ခုခု ဖြစ်နေတဲ့ပုံပဲ။ ဘာတွေဖြစ်နေလဲ ဆရာကြီးသိလား”

“စွမ်းအင်စက်ကွင်းတွေ ပေါက်ကွဲတော့မှာ။ ကြယ်သင်္ဘောကို ဒီကနေ မြန်မြန် ထွက်သွားခိုင်းမှရမယ်” ပြောပြီးသည်နှင့် ရန်ကိုင်ဘက်သို့လှည့်၍ “ကောင်လေး၊ မင်းအသက်ရှင်ချင်တယ်ဆိုရင် ငါ့ကို အစီအရင်ဆီ ခေါ်သွားပေး”

ရန်ကိုင်လည်း ဝူဆော့ပြောသည့်အတိုင်း သူ့အား စွမ်းအင်ခန်းဆီ ခေါ်သွားပေးလိုက်သည်။ ရှန်တုသည် ဘေးပတ်ဝန်းကျင်အား သတိမပြတ် အကဲခတ်ရင်း နောက်မှ လိုက်သွားခဲ့သည်။ ခရမ်းကြယ် ကျင့်ကြံသူများသည်လည်း လျူကွေ့ချန်၏ အမိန့်အတိုင်း ကြယ်သင်္ဘောကို စတင် မောင်းတော့လေသည်။

ရန်ကိုင်သည် ဝူဆော့နား အနီးကပ် ရပ်နေခဲ့သည်။

ကြယ်မြေပုံတစ်ခု ရန်ကိုင်ရှေ့ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုကြယ်မြေပုံသည် ကြယ်တာရာကောင်းကင်ကို အကျဉ်းချုံးထားသော သုံးထောင့်မြင်ပုံစံနှင့်ပင် တူပေသေးသည်။

ဤကြယ်မြေပုံသည် ကြယ်လွန်းပျံများထဲတွင် တွေ့ရသော ကြယ်မြေပုံနှင့် တူသော်ငြား ကြယ်သင်္ဘောထဲရှိ ကြယ်မြေပုံသည် ပို၍တိကျပေသည်။

ဝူဆော့သည် သူ၏ ကောင်းကင်စိတ်အာရုံကို ကြယ်မြေပုံကြီးထဲသို့ ချက်ချင်း ပို့လိုက်သည်။

သူသည် ကြယ်သင်္ဘော၏ မြေပုံသခင်ဖြစ်ကာ ကြယ်သင်္ဘော အတွက် လမ်းကြောင်းရှာပေးရာတွင် တာဝန်ယူထားသူဖြစ်သည်။ ကြယ်သခင်ဖြစ်သည့်အတွက်ကြောင့် အခြားသူများထက် ကြယ်တာရာကောင်းကင်ကို ပို၍ နားလည်ပြီး အချိန်တိုတိုနှင့် အလွယ်ကူဆုံး၊ အလုံခြုံဆုံး လမ်းကြောင်းကို ရှာပေးနိုင်ပေသည်။

ခဏအကြာ၌ ကြယ်မြေပုံကြီးထက် မျဉ်းကြောင်းတစ်ကြောင်း ပေါ်လာခဲ့သည်။ မျဉ်းကြောင်း၏ စမှတ်သည် ကြယ်သင်္ဘော ရှိနေသည့် နေရာဖြစ်ပြီး အဆုံးသတ်အမှတ်သည် ကြယ်သင်္ဘော သွားရမည့်နေရာ ဖြစ်ပေသည်။

မတော်တဆသာ မဖြစ်ပါက ကြယ်သင်္ဘောသည် ထိုလမ်းကြောင်းအတိုင်း သွားရုံဖြင့် သေခြင်းတရားချောက်နက်ထဲမှ ထွက်သွားနိုင်ပေလိမ့်မည်။

လမ်းကြောင်းရှာပြီးသည်နှင့် ဝူဆော့က သက်ပြင်းအမောကြီး ချလိုက်ပြီး လျူကွေ့ချန်အား ခေါင်းညိတ်ပြလိုက်သည်။

လျူကွေ့ချန်လည်း ကြယ်သင်္ဘောကို စတင်မောင်းနှင်ရန် အားလုံးကို အချက်ပြလိုက်လေသည်။

“သူတော်စင်ဘုရင်သုံးယောက်၊ လူအင်အားက တကယ် တောင့်တာပဲ” ရန်ကိုင်ဘေးတွင် ရပ်နေသော ရှန်တုက ခရမ်းကြယ်၏ လူအင်အားကိုမြင်ပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်သည်။

စွမ်းအင်ခန်းထဲ၌ လျူကွေ့ချန်အပြင် အခြား သူတော်စင်ဘုရင် နှစ်ယောက် ရှိနေပေသေးသည်။

သူနှင့် ရန်ကိုင်သည် ဝံပုလွေအုပ်ထဲသို့ ရောက်နေသည့် သိုးလေးများနှယ် အဘက်ဘက် ဝိုင်းခံထားရပေသည်။ တစ်ချက်မျှ သတိလွတ်သွားသည်နှင့် ဘဝဆုံးသွားနိုင်၏။ ကံကောင်းစွာဖြင့် ဝူဆော့၏ အဆင့်အတန်းကြောင့် ခရမ်းကြယ်မှ ကျင့်ကြံသူများ အလျင်စလို မလှုပ်ရှားရဲခဲ့ကြချေ။

“ဒါပြီးရင် ဘာဆက်လုပ်မယ် စဉ်းစားထားလဲ” ရှန်တုက ရန်ကိုင်အား ကြည့်လိုက်သည်။

“မစဉ်းစားရသေးဘူး။ တစ်ကြိမ်မှာ တစ်လှမ်းပဲလေ။ သေခြင်းတရားချောက်နက်ထဲမှ ထွက်သွားပြီးတော့မှပဲ ဆက်စဉ်းစားမယ်” ရန်ကိုင်က ခေါင်းခါလိုက်သည်။

ရှန်တု သက်ပြင်းယဲ့ယဲ့လေး ချလိုက်သည်။ ‘ဆိုးလိုက်တဲ့ကံကွာ’ ဟုလည်း စိတ်ထဲတွင် တွေးနေခဲ့သည်။ သေခြင်းတရားချောက်နက် အနားတွင် ကိုယ့်ဘာသာ ပျံသန်းနေစဉ် ခရမ်းကြယ်မှ လူများနှင့် တွေ့ပြီး အဖမ်းခံခဲ့ရသည်။ ယခုလည်း လွတ်ပြီထင်ရုံပင်ရှိသေး၊ သေရေးရှင်ရေး အခြေအနေနှင့် ရင်ဆိုင်ရနေပြန်သည်။

“အဲ့နှစ်ယောက် ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ” လျူကွေ့ချန်က မှုန်ကုတ်နေသည့် အမူအရာဖြင့် မေးလိုက်သည်။

သူ့ဘေးတွင် ရပ်နေသော လျူရှန်က ပြုံးဖြီးလျက် “အားနည်းတဲ့တစ်ယောက်ကို ပီယ ခေါ်လာတာ”

“ပီယလား” လျူကွေ့ချန်၏ အကြည့်သည့် လူအုပ်ထဲရှိ စွဲမက်ဖွယ်ကောင်းသော အမျိုးသမီးပေါ်သို့ ရောက်သွားခဲ့သည်။ သူ့မျက်ဝန်းထဲ အေးစက်စက် အလင်းရောင်တို့ လက်သွားခဲ့ပြီး စိတ်စွမ်းအင်လှိုင်းတစ်ခုသည် သူ့နဖူးထက်မှနေ၍ ထိုအမျိုးသမီးဆီ တိုးဝင်သွားခဲ့လေသည်။

လူအုပ်ထဲတွင် ရှိနေသော ပီယသည် ခေါင်းကိုကိုင်လျက် စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။ နာကျင်မှုကြောင့် သူမ တစ်ကိုယ်လုံး ချွေးစေးတို့ဖြင့် စိုးရွှဲသွားခဲ့ရလေသည်။ ချွေးများကြောင့် သူမ၏ ကောက်ကြောင်း အဖြာဖြာတို့မှာလည်း အထင်းသာ ထွက်ပေါ်လာခဲ့လေသည်။

သို့သော်လည်း မည်မျှ ထိုကောက်ကြောင်း ပန်ချီကားချပ်ကို မရှူစားနိုင်သေး။ အကုန်လုံးသည် ဒေါသထွက်နေသော လျူကွေ့ချန်ကို ကြည့်ရင်း အသက်ပင် ကောင်းကောင်း မရှူနိုင် ဖြစ်နေခဲ့ကြသည်။

“အခုတော့ နင့်အသက်ကို ချမ်းသာပေးလိုက်မယ်။ ဒါပေမယ့် ဒီကိစ္စပြီးတာနဲ့ နင်နဲ့စာရင်း ပြန်ရှင်းမယ်” လျူကွေ့ချန်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။

ပီယသည် အကြောက်မပြေသေး။ တုန်တုန်ရင်ရင်ဖြင့် အလျင်အမြန် ဦးညွှတ်လိုက်လေသည် “အခုလို ညှာတာပေးတဲ့ အတွက် စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်မ အပြစ်အတွက် ကျိန်းသေ ပြန်ပေးဆပ်မှာပါ”

ပြောပြီးသည်နှင့် အမုန်းတရားတို့ လောင်မြိုက်နေသည့် အကြည့်ဖြင့် ရန်ကိုင်အား စိုက်ကြည့်လိုက်သည်။

ထိုအားနည်းဟန် ထင်ရသည့် လူငယ်လေးသည် သူမအတွက် ဘေးကပ်ဆိုးကို သယ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ အစောကတည်းကသာ သိခဲ့လျှင် လက်ရှိထက် အဆပေါင်းများစွာ သတ္တိရှိလျှင်ပင် သူ့အား ခေါ်လာခဲ့မည် မဟုတ်ဘဲ သေခြင်းတရား ချောက်နက်ထဲတွင်သာ သတ်ပစ်ခဲ့ပေမည်။

သူမ ရန်ကိုင်ကို အရမ်း မုန်းပေသည်။ သူ့အရေခွံကိုခွာ၊ အသားကို ပါးပါးချင်းလှီးပြီး သူ့သွေးကို သောက်ပစ်ချင်သည်အထိ မုန်းပေသည်။

“စီနီယာ၊ သူတော်စင်သလင်းကျောက်တွေမှာ စွမ်းအင်တွေ မရှိတော့ဘူး” ရုတ်တရက် ခရမ်းကြယ်ကျင့်ကြံသူတစ်ယောက်က တင်ပြလာခဲ့သည်။

လျူကွေ့ချန် ရန်ကိုင်နှင့် ရှန်တုအား အေးစက်စူးရဲစွာ ထပ်စိုက်ကြည့်လိုက်ပြန်သည်။

ရှန်တုက ပမာမခန့်အမူအရာဖြင့် ပခုံးတွန့်လျက် “သူတော်စင် သလင်းကျောက်ထဲက စွမ်းအင်တွေ ကျုပ်ပုံဆောင်ခဲ အမြှောက်ကို ပစ်လိုက်တုန်းက ကုန်သွားပြီ။ ကျုပ်ကို ဘာတွေ လာကြည့်နေတာလဲ။ ကြည့်နေဖို့ အချိန်ရှိတယ်ဆိုရင် ဘာလို့ သူတော်စင်သလင်းကျောက်တွေကို သွားမလဲတာလဲ”

ပုံဆောင်ခဲအမြှောက်ကို အသုံးပြုရန်အတွက် လိုအပ်သော စွမ်းအင်မှာ ကြောက်မခန်းလိလိကို များပြားလှပေသည်။ ခဲမန်သည် မသေခင် ပုံဆောင်ခဲအမြှောက်ကို နှစ်ကြိမ် အသုံးပြုခဲ့သည်။ ထို့နောက် ရှန်တုသည် အချုပ်ခံထားသည်မှ လွတ်လာပြီးနောက် ပုံဆောင်ခဲအမြှောက်ကို နောက်တစ်ကြိမ် ထပ်အသုံးပြုခဲ့သည်။ ပုံဆောင်ခဲအမြှောက်ကို သုံးကြိမ် အသုံးပြုပြီးနောက် သူတော်စင် သလင်းကျောက်ထဲတွင် ရှိနေသော စွမ်းအင် အားလုံး ကုန်သွားခဲ့သည်။

သူတော်စင်သလင်းကျောက်ထဲရှိ စွမ်းအင်များ ကုန်သွားပြီ ဖြစ်သဖြင့် သေခြင်းတရားချောက်နက်ထဲမှ ထွက်ပြေးနိုင်တော့မည် မဟုတ်ချေ။

“အစားထိုးဖို့ နောက်ကျလွန်းနေပြီ” လျူကွေ့ချန်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး “သူတော်စင်ဒုတိယအဆင့် အထက်တွေအကုန်လုံး ကြယ်သင်္ဘောအတွက် စွမ်းအင် ဖြည့်ပေးဖို့ ပြင်တော့”

အနားတွင်ရှိနေသော ကျင့်ကြံသူများစွာတို့၏ အမူအရာ ရှုံ့မဲ့သွားခဲ့သည်။ သို့သော်လည်း လျူကွေ့ချန်၏ အကြည့်ကို မြင်သော် မည်သူမှ အထွန့်မတက်ရဲခဲ့ချေ။ နာနာခံခံဖြင့် ရန်ကိုင်နှင့် ရှန်တုတို့ ထိုင်ခဲ့သည့်နေရာတွင် ထိုင်လျက် သံကွင်းများဖြင့် သူတို့ကိုယ်သူတို့ ချုပ်နှောင်လိုက်ပြီး သူတော်စင်သလင်းကျောက် များကို စွမ်းအင်ဖြည့်ပေးလေသည်။

ချက်ချင်းဆိုသလို ခြောက်ဆယ်သော သူတော်စင်အဆင့် ပညာရှင်များအားလုံး တုန်ရီသွားခဲ့ကြသည်။

ထိုကျင့်ကြံသူများဖြင့် လက်ထဲတွင် သူတော်စင် သလင်းကျောက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလျက် ပါးစပ်ထဲသို့လည်း ဆေးလုံးများ အဆက်မပြတ် ပစ်သွင်းနေခဲ့သည်။

ဝဋ်လည်နေသော ခရမ်းကြယ်မှ ကျင့်ကြံသူများကိုကြည့်ပြီး ရှန်တု အားအရကြီး အားရနေခဲ့သည်။ သူတော်စင်ခြောက်ဆယ်မှ ထောက်ပံ့ပေးနေသဖြင့် ကြယ်သင်္ဘော၏ အရှိန်မှာလည်း သိသိသာသာကို မြင့်တက်လာခဲ့လေသည်။

သို့သော်လည်း ချက်ချင်းဆိုသလို နားပင်းမတတ် တဝီဝီ အသံနှင့်အတူ ကြယ်သင်္ဘော ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။ သင်္ဘော၏အရှိန် ရပ်တန့်သွားရုံမက မမြင်နိုင်သော အလွန်တရာကိုမှ အားကောင်းလှသည့် အားတစ်ရပ် ထွက်ပေါ်လာပြီး ကြယ်သင်္ဘောအား ရှေ့ဆက်မရအောင် ဆွဲထားခဲ့သည်။

ထိုမမြင်နိုင်သော ဆွဲအား၏အောက်၌ ကြယ်သင်္ဘောသည် ရှေ့ဆက်မသွားနိုင်တော့ဘဲ နောက်သို့ ပြန်ရွေ့နေခဲ့လေသည်။

“နောက်ကျသွားပြီ။ အရမ်း နောက်ကျသွားပြီ” ဝူဆော့ မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီသွားခဲ့ကာ ရေရွတ်လိုက်လေသည် “ပြီးသွားပြီ”

ထိုစကားလုံးများ ထွက်ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် ကြယ်သင်္ဘောတစ်စင်လုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်တော့လေသည်။ သင်္ဘောထဲတွင် ရှိနေသောလူများမှာလည်း ကောင်းကောင်း မရပ်နိုင်ကြတော့ဘဲ စွမ်းအင်ခန်း၏ နံရံများဖြင့် ပြေးရိုက်ကုန်ကြလေသည်။

“အပြင်ကို ကြည့်ကြည့်” တစ်ယောက်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။

အကုန်လုံး ပြတင်းပေါက်အပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ရန်ကိုင် မျက်လုံးများ မှေးစည်းသွားခဲ့ပြီး သူ့တစ်သက်နှင့် တစ်ကိုယ် တစ်ခါမှမခံစားမိသေးဖူသော ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီး ခြေဖျားလက်ဖျားတို့ အေးစက်လာခဲ့ရလေသည်။

အပြင်ဘက်တွင်၊ ကြယ်ကြီးများ ပတ်လည်တွင် ရှိနေသော မရေမတွက်နိုင်အောင် များပြားလှသည့် စွမ်းအင်များ စတင် ပေါက်ကွဲကုန်ကြနေလေပြီ။ ထိုစွမ်းအင်များသည် ဗုံးများ ဆင့်ကာ၊ ဆင့်ကာ ပေါက်ကွဲနေသည့်နှင့် တောက်လျှောက် ပေါက်ကွဲနေကြသည်။

သေခြင်းတရား၏ချောက်နက်၏ အလယ်ဗဟိုတွင်၊ အရာအားလုံးကို ဝါးမြိုနိုင်ဟန်ရသော ဧရာမတွင်းနက်ကြီး တစ်ခု ရှိနေခဲ့သည်။ ရန်ကိုင်တို့ စီးနေသော သူတော်စင်အထွဋ်အထိပ် အဆင့် ကြယ်သင်္ဘောသည် ထိုတွင်းနက်ကြီးထဲသို့ ဆွဲခေါ်ခံရနေရခြင်း ဖြစ်ပေသည်။ ထိုကြောက်လန့်ဖွယ်ရာ စွမ်းအားရှေ့၊ မသေမျိုး၊ သူတော်စင်၊ သူတော်စင်ဘုရင်များပင် လက်မှိုင်ချကြရသည်။

အနက်ရောင်တွင်းနက်ကြီးရှေ့ အသက်ရှင်နိုင်မည်ဟု မည်သူမှ အာမမခံနိုင်ကြ။

လျူကွေ့ချန်သည် ကြယ်သင်္ဘောအား တည်ငြိမ်အောင် ထားရန် အသံကုန်အော်ဟစ် အမိန့်ပေးနေသော်လည်း အချည်းနှီးသာ။

“လတ်စသတ်တော့ ဒါက သေခြင်းတရားချောက်နက်ရဲ့ တကယ့် အန္တရာယ်အစစ် ဖြစ်နေတာကိုး” ရှန်တုက ရန်ကိုင်ကို ရုတ်တရက် ပြောလိုက်သည် “ဒီအကြောင်းကို ဘယ်သူမှ မသိတာလည်း အံ့ဩစရာတော့မဟုတ်ဘူး။ ဒါကို မြင်ပြီးတာနဲ့ သေဖို့စောင့်နေရုံကလွဲပြီး အခြား ဘာမှမရှိတော့ဘဲ”

“သေဖို့စောင့်နေတာလား” ရန်ကိုင်က ရှန်တုအားကြည့်၍ အေးစက်စက် မျက်နှာထားဖြင့် နှာခေါင်းရှုံ့လိုက်သည် “ငါကတော့ ဒီမှာ သေဖို့ထိုင်စောင့်နေမှာမဟုတ်ဘူး”

“ဟဲ ဟဲ။ မင်းတစ်ယောက်တည်း မဟုတ်ဘူး။ ဟေး… အဲ့ဒါ ဓါးအဖွဲ့အစည်းရဲ့ ကြယ်သင်္ဘောမဟုတ်ဘူးလား” ရှန်တုက ပြတင်းပေါက် အပြင်ဘက်ကို လက်ညိုးထိုးညွှန်ပြလိုက်သည်။

ရန်ကိုင်လည်း ရှန်တု ညွှန်ပြရာဆီ လှမ်းကြည့်ပြီးနောက် ဆွံံအားသွားရသည်။

ခရမ်းကြယ်၏ ကြယ်သင်္ဘောသည် တွင်းနက်ထဲသို့ တဖြည်းဖြည်းချင်း ဆွဲခေါ်ခံရနေသည်။ ဓါးအဖွဲ့အစည်း၏ ကြယ်သင်္ဘောသည်လည်း အခြေအနေ ပိုကောင်းမနေခဲ့။ ထိုကြယ်သင်္ဘောသည် တွင်းနက်လက်မှ လွတ်အောင် အရူးအမူး ပျံသန်းနေခဲ့သည်။

ပျံသန်းနေရင်း ကြယ်သင်္ဘောတစ်စင်လုံး ကျွမ်းထုံး၊ မောက်ခုံဖြစ်နေခဲ့ပြီး အနီးအနားရှိ ဂြိုလ်သိမ်ဂြိုလ်မွှားများနှင့် သွားဝင်တိုက်မိလေသည်။ ထပ်ခါထပ်ခါ တိုက်ခံရပါများသော သင်္ဘော၏ ကိုယ်ထည်သည်လည်း တဖြည်းဖြည်း ပျက်စီးလာခဲ့ရသည်။

ကြယ်သင်္ဘောနှစ်စင်း ဆန့်ကျင်ဘက် အရပ်ဆီသို့ ပျံသန်းထွက်ပြေးကြသော်လည်း သင်္ဘောနှစ်စင်းစလုံး အနက်ရောင် တွင်းနက်လက်မှ မလွတ်မြောက်နိုင်ခဲ့ချေ။ ဤအတိုင်းသာ ဆက်သွားပါက သင်္ဘောနှစ်စင်း တိုက်မိပြီး အနက်ရောင်တွင်းနက်၏ ဝါးမြိုခြင်းခံရပေလိမ့်မည်။

“ရောင်းရင်းရေ၊ ကံကောင်းပါစေကွာ။ ဒီကပ်ဘေးကနေ အသက်ရှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ကွာ” ရှန်တုက အတည်ပေါက်မျက်နှာဖြင့် ပြောလိုက်ပြီးနောက် တင်ပလင်ခွေ ထိုင်ချလိုက်သည်။ ထို့နောက် လျှပ်ပန်းလျှပ်နွယ်တို့ သူ့ကိုယ်မှ ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးအား ပိုးအိမ်တစ်ခုနှယ် လွှမ်းခြုံရစ်ပတ်သွားလေသည်။

သင်္ဘောနှစ်စင်း တိုက်မိတော့မည်ကို သူသိသည်။ ထိုဘေးမှ ပြေးလွတ်လိမ့်မည် မဟုတ်လေရာ သူ့ကိုယ် ကာကွယ်နိုင်ရန် အကောင်းဆုံး ပြင်ထင်ထားခြင်း ဖြစ်လေသည်။

ရန်ကိုင် ရှန်တုကို ဂရုမစိုက်ခဲ့။ သူ့အသက်ကယ်ဆေး ဖြစ်သော ဝူဆော့ကိုပင် အာရုံမစိုက်တော့လေပြီ။ သေဘေးနှင့် တွေ့နေလေရာ မည်သူမှ ရန်ကိုင်တို့ကို အာရုံမစိုက်နိုင်တော့။ အကုန်လုံးသည် နောက်ဘာဆက်ဖြစ်မလဲ ဆိုသည်ကိုကာ တွေးကြောက်နေကြ၏။

ရန်ကိုင် အမူအရာ လေးနက်သွားခဲ့ပြီး ဓါးအဖွဲ့အစည်း၏ သင်္ဘော ခရမ်းကြယ်သင်္ဘောဆီ တဖြည်းဖြည်း နီးလာနေသည်ကို စိုက်ကြည့်လိုက်သည်။

ကြယ်သင်္ဘောနှစ်စင်းကြား အကွာအဝေး တဖြည်းဖြည်း နီးကပ်လာပြီး နောက်ဆုံး တိုက်မိတော့မည့်ဆဲဆဲတွင်၊ ရန်ကိုင်က သူ့ကိုယ်တွင်းရှိ သူတော်စင်ချီအားလုံးကို အဆုံးစွန်ထိ မြှင့်တင်လိုက်သည်။

ထို့နောက် ငွေရောင်သစ်ရွက်ကို ဆင့်ခေါ်၍ သူ့ကိုယ်ပတ်လည် ရစ်ပတ်ထားလိုက်သည်။ တစ်ချိန်တည်းတွင် သူ့ကိုယ်ပတ်လည်၍ မဟာကောင်းကင်ဒိုင်းများစွာ ထွက်ပေါ်လာခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း (၉၉၇) ငါနင့်ကိုစားမယ်

ကြယ်သင်္ဘောထဲတွင် ရန်ကိုင်သည် သူတော်စင်ချီများကို အသုံးပြုလျက် မဟာကောင်းကင်ဒိုင်းများကို တစ်ခုပြီးတစ်ခု ဖန်တီးလိုက်သည်။ သူဖန်တီးလိုက်သည့် အရေအတွက်မှာ အနည်းဆုံး အခုတစ်ရာလောက် ရှိပေသည်။ ထို့သို့ ဖန်တီးဖို့ရာ သူ့ဒန်တန်ထဲရှိ ယန်အရည်စက် နှစ်ဆယ်ကျော်ကို အသုံးပြုခဲ့ရသည်။

ထို့နောက် မဟာနတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို အသုံးပြု၍ သူ့ခန္ဓာကိုယ်ခွန်အားကို မြှင့်တင်လိုက်သည်။ သူလုပ်နိုင်သမျှ လုပ်ပြီးသွားခဲ့လေပြီ။ ကျန်ရှိတော့သည်ကား ကံကြမ္မာနှင့် ထိပ်တိုက်တွေ့ရန်သာ။

သူစောင့်နေစဉ် နားပင်မတတ် ကျယ်လောင်သည့် အသံကြီးကို ကြားလိုက်ရသည်။ သူနေနေသည့် ကြယ်သင်္ဘောတစ်စင်လုံးလည်း လှုပ်ခါပေါက်ကွဲထွက်ကုန်လေပြီ။ သူတော်စင်ဘုရင်အထွဋ်အထိပ် အဆင့် ကြယ်သင်္ဘောနှစ်စင်း ထိပ်တိုက်တွေ့လေပြီ။

သင်္ဘောနှစ်စင် ထိပ်တိုက်တွေ့သည်နှင့် တစ်ပြိုင်နက် စူးစူးဝါးဝါး အော်ဟစ်သံတို့ တစ်ခဲနက် ထွက်ပေါ်လာခဲ့သည်။ သင်္ဘောပေါ်ရှိ အရှိန်အဝါများစွာလည်း ပျောက်ကွယ်သွားခဲ့ရသည်။ လူတော်တော် များများ သေသွားကြလေပြီ။

ရန်ကိုင်လည်း အတော်လေးကိုမှ ဒုက္ခရောက်နေခဲ့ရသည်။ လှိုင်းထန်နေသော ပင်လယ်ပြင်ထဲ၊ မုန်တိုင်းပါထန်နေသည့်အခိုက်၊ လှေငယ်လေးတစ်စင်းထက် ရပ်နေရသလို ခံစားနေခဲ့ရသည်။ သူအသက်အန္တရာယ် ရှိနေခဲ့လေပြီ။

သူဖန်တီးထားသော မဟာကောင်းကင်ဒိုင်းများ တစ်ခုပြီးတစ်ခု ပျက်စီးလာခဲ့သည်။ အသက်နှစ်ရှိုက်စာအတွင်း ထိုဒိုင်းအားလုံး ပျက်စီးသွားခဲ့ရသည်။ ဒိုင်းများအားလုံး ပျက်စီးသွားချိန် သူ့မျက်လုံး ထောင့်စွန်းမှ မြေပုံသခင် ဆရာကြီးဝူဆော့သည် ဒီရေလှိုင်းသဖွယ် အားလှိုင်းများကြောင့် သွေးမြူအဖြစ် ပေါက်ကွဲထွက်သွားသည်ကို မြင်လိုက်ရသည်။ အရိုးပင်မကျန်ခဲ့ချေ။

သူ့ခန္ဓာကိုယ်သည်လည်း စတင် နာကျင်လာခဲ့သည်။ မမြင်နိုင်သော အားလှိုင်းများသည် သူ့ခန္ဓာကိုယ်ကို တစ်စစီ ဆွဲဖြဲရန် ကြိုးစားနေသလို ခံစားနေရသည်။

ရွှစ်… ရွှစ်… ရွှစ်…

ကြယ်သင်္ဘောနှစ်စင်း တိုက်မိရာမှ နှစ်စီးစလုံးပျက်စီးသွားပြီး တစ်စစီ ဖြစ်သွားရလေသည်။ တစ်စစီ ဖြစ်ကုန်သော သင်္ဘော အစိတ်အပိုင်းများသည် ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် အဘက်ဘက်သို့ လွင့်စင်ထွက်ကုန်ကြလေသည်။ ထိုစဉ် သူ့ခေါင်းအား တစ်ခုခု လာမှန်ပြီး ရန်ကိုင်လည်း သတိလစ်သွားခဲ့သည်။

သေခြင်းတရားချောက်နက်ထဲ…

တိုက်မိသည့် ကြယ်သင်္ဘောနှစ်စင်စလုံး အစိတ်အပိုင်းများစွာ အဖြစ်သို့ ပေါက်ကွဲသွားခဲ့သည်။ လူပေါင်းများစွာလည်း သေကြေခဲ့ရသည်။ အသက်ရှင်ကျန်ရစ်သော ဓါးအဖွဲ့အစည်းနှင့် ခရမ်းကြယ်မှ ကျင့်ကြံသူများမှာမူ သင်္ဘောအစိတ်အပိုင်းများနှင့်အတူ တွင်းနက်ထဲသို့ ဆွဲခေါ်သွားခြင်း ခံခဲ့ရသည်။

အချိန်အတော်ကြာသွားပြီးနောက် ပရမ်းပတာဖြစ်နေသော စွမ်းအင်စက်ကွင်းများ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ ဧရာမ တွင်းနက်ကြီးသည်လည်း ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

အားလုံးပြီးဆုံးသွားချိန် သေခြင်းတရားချောက်နက်ကြီးသည် အကြွင်းမဲ့တည်ငြိမ်သွားခဲ့သည်။ အလွန်တရာမှကို ငြိမ်သက်၊ တိတ်ဆိတ်လွန်းလှသည်။ ဤနေရာတွင် ကြယ်သင်္ဘောနှစ်စင်း တိုက်မိပြီး လူပေါင်းများစွာ တိုက်ပွဲဖြစ်ခဲ့လိမ့်မည်ဟု ထင်ရက်စရာမရှိ။

----------------------------------

အချိန်ဘယ်လောက်မှန်းမသိ ကြာသွားပြီးနောက် ရန်ကိုင် နိုးလာခဲ့သည်။ သူမျက်လုံးဖွင့်လိုက်သည့်အချိန် မြင်လိုက်ရသည်မှာ ထူးဆန်းသော ခုနှစ်ရောင်ခြယ် ကောင်းကင်ပင်။

နိုးလာပြီးနောက် သူ့ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးကြည့်သည်။ သို့သော်လည်း သူ့ခြေလက်များပင် နည်းနည်းလေးမျှပင် မလှုပ်နိုင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ့တစ်ကိုယ်လုံး အကြောသေနေလေပြီ။ ထိုအခါ သူတော်စင်ချီကို လှည့်ပတ်ကြည့်လိုက်သည်။ ထိုကဲ့သို့ လှည့်ပတ်လိုက်တော့မှပဲ ခြေလက်များကို ပြန်လည် လှုပ်ရှားလာနိုင်ခဲ့၏။ အကြောသေ၊ ထုံထိုင်းနေသည်မှာလည်း တဖြည်းဖြည်း ပျောက်ကွယ်လာ၏။

ထိုသို့ ပျောက်ကွယ်သည်နှင့် တစ်ပြိုင်နက် နာကျင်မှုကိုပါ ခံစားလိုက်ရသည်။ တောင်ပေါင်းတစ်ရာနှင့် ဆောင့်ရိုက် ထားခံရသည့်နှယ်၊ သူ့တစ်ကိုယ်လုံး… တဆစ်ဆစ် နာကျင်၊ ကိုက်ခဲနေခဲ့သည်။

သူသတိမလစ်ခင် ဖြစ်ပျက်သွားခဲ့သည်များကို ရုတ်တရက် ပြန်သတိရလိုက်သည့်အခါ ယခုထိတိုင် အသက်ရှင်နေသေးသည့် အတွက် သူ့စိတ်ထဲ အရမ်းကိုမှ ပျော်ရွှင်ကျေနပ်မိသွားသည်။ အသိပြန်ဝင်လာတော့မှပဲ သူ့ခန္ဓာကိုယ်အား မည်သည့်အရာမှ ထောက်ကန်ပေးထားခြင်းမရှိဘဲ အောက်ဘက်သို့ အလွန်တရာကိုမှ မြန်ဆန်လှသော အမြန်နှုန်းဖြင့် ပြုတ်ကျနေသည်ကို သတိပြုမိသည်။

နာကျင်ကိုက်ခဲနေသော ခန္ဓာကိုယ်ကို ကြိုးစားလှုပ်ရှားရင်း သူပြုတ်ကျနေသော အောက်ဘက်ဆီ ငုံ့ကြည်လိုက်သည်။

သူလှည့်လိုက်သည့်အခါ ကြယ်သင်္ဘောပျက်နှစ်စင်း၏ အစိတ်အပိုင်းများနှင့်အတူ ကျင့်ကြံသူများစွာကပါ သူ့ကဲ့သို့ ပြုတ်ကျကနေသည်ကို တွေ့လိုက်ရသည်။ အချို့ ကျင့်ကြံသူများမှ သေနေကြလေပြီ။ ကျိုးကြေပျက်စီးနေသော ခြေလက်များ၊ အသားစများကိုလည်း တွေ့ရသည်။

အောက်ဘက်တွင်ကား တိုက်ကြီးတစ်တိုက်ပင်။

သို့သော်လည်း ထိုတိုက်ကြီးသည် သူမြင်ခဲ့ဖူးသည့် တိုက်ကြီးများနှင့် အလွန်တရာကိုမှ ကွာခြားပေသည်။ ထိုတိုက်ကြီးသည် သူမြင်ဖူးခဲ့သော တိုက်ကြီးများကဲ့သို့ မဟုတ်ဘဲ လေထဲတွင်ဝဲနေခြင်းဖြစ်သည်။ အောက်ဘက်တွင် ထောက်ကန်ပေးထားသည့်အရာ ဘာဆိုဘာမှ မရှိပါချေ။

တိုက်အရွယ်အစားမှ မသေးလှ။ မိုင်ပေါင်းများစွာ အကွာကပင် လှမ်းမြင်ရလေသည် တိုက်မှာ အတော်လေးကို ကြီးလှပေမည်။ ရန်ကိုင် ခန့်မှန်းချက်အရ ထိုတိုက်သည် ဟန်မင်းဆက်တစ်ခုလုံး၏ အရွယ်အစားလောက် ရှိပေလိမ့်မည်။ တိုက်တစ်ခုလုံး သစ်ပင်၊ ပန်းမန်၊ တောအုပ်များဖြင့် စိမ်းလန်းစိုပြည်နေခဲ့သည်။

ဘာကြီးလဲ ရန်ကိုင် မျက်မှောင်ကြုံ့သွားသည်။

ကြယ်စီရင်စုအကြောင်း သူဘာမှမသိချေ။ သိထားသည်ဆို၍ ရှန်တု ပြောပြခဲ့သည့် အရာများသာ ဖြစ်ပေသည်။ သို့သော်လည်း ထိုလေထဲဝဲနေသော တိုက်ကြီးသည် သေခြင်းတရားချောက်နက်ထဲရှိ ကြယ်တစ်လုံး မဟုတ်မှန်းကိုတော့ သူသေချာသိသည်။ သေခြင်းတရား ချောက်နက်ထဲရှိ ကြယ်များကို သူမြင်ဖူးသည်။ ထို့ကြောင့်ခွဲခြားသိခြင်းဖြစ်သည်။

ခရမ်းကြယ်၏ ကြယ်သင်္ဘောနှင့် ဓါးအဖွဲ့အစည်း၏ ကြယ်သင်္ဘောတို့ တိုက်မိပြီးနောက် သင်္ဘောနှစ်စီးစလုံး ပျက်စီးသွားပြီး ဧရာမတွင်းနက်ကြီး၏ ဝါးမြိုခြင်းခံခဲ့ရသည်။ ထိုသိုဆိုလျှင် ရန်ကိုင်သည် ဤဝဲနေသော တိုက်ကြီးဆီသို့ မည်ကဲ့သို့ ရောက်လာလေသနည်း။

ထိုအကြောင်းကို စဉ်းစားမိသည်နှင့် တွင်းနက်ကြီးသည် လေဟာနယ်လိုဏ်ခေါင်းကဲ့ အရာမျိုး ဖြစ်ရမည်ဟု တွေးမိလိုက်သည်။ သို့သော်လည်း ဤနေရာသည် သေခြင်းတရား ချောက်နက်နှင့်တူရန် မဆိုထားနှင့်၊ ဆန်းကြယ်လောကငယ် တစ်ခုနှင့်ပင် မတူချေ။

ဝဲနေသော တိုက်ကြီးပတ်ပတ်လည်တွင် ခုနှစ်ရောင်ခြယ် ကောင်းကင်မှလွဲ၍ ဘာဆိုဘာမှမရှိ။ သို့သော် ဤနေရာရှိ မိုးမြေစွမ်းအင်သည် အလွန်တရာကိုမှ သိပ်သည်းလွန်းလှပေသည်။ သေခြင်းတရားချောက်နက်ထဲရှိ မိုးမြေစွမ်းအင်အားလုံးသည် ဤနေရာတွင် လာရောက်စုဝေးနေသည့်အလား။

အောက်သို့ပြုတ်ကျနေရင်း ထိုအကြောင်းကို ရန်ကိုင် စဉ်းစားနေလိုက်သည်။ သို့သော် ခဏအကြာ၌ ပြဿနာ ရှိနေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ ဤကပ်ဘေးမှ သူအသက်ရှင်ခဲ့သည့် အတွက် ခရမ်းကြယ်မှ ပညာရှင်အချို့လည်း အသက်ရှင်ပေလိမ့်မည်။

သူတွေးတောနေစဉ်အတွင်း သူ့အနီးအနားရှိ အခြားသူများလည်း နိုးလာခဲ့သည်။ သူ့ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ခဏအကြာ၌ ပီယကို တွေ့သွားခဲ့သည်။ ရန်ကိုင်လည်း ကြယ်သင်္ဘောပျက်၏ အစိတ်အပိုင်းကြီး တစ်ခုနောက် အလျင်အမြန် ပြေးပုန်းလိုက်ပြီး ရှန်တုကို ရှာတော့လေသည်။

သို့သော်လည်း ရှာမတွေ့ခဲ့။ ဤကပ်ဘေးမှ ရှန်တု အသက်ရှင်၊ မရှင်ကိုပင် သူမသိချေ။ ကောင်းကင်ထက် လူပေါင်းများစွာ စတင် ပျံသန်းကြလေပြီ။ အားလုံးသည် ပျံသန်း၍ သူတို့၏ အပေါင်းအများကို နှိုးသူကနှိုး၊ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့် သူများကို ကယ်ဆယ်သူက ကယ်ဆယ်ဖြင့် လုပ်နေကြသည်။

အချို့နေရာများတွင် တိုက်ပွဲအသေးစားလေးများပင် ဖြစ်နေကြသည်။

ခရမ်းကြယ်နှင့် ဓါးအဖွဲ့အစည်းမှ ကျင့်ကြံသူအားလုံး တစ်နေရာတည်းတွင် ရှိနေကြလေရာ တိုက်ပွဲမဖြစ်ဘဲ ဘယ်နေမည်နည်း။ ရန်ကိုင်လည်း ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်၍ ပုန်းလျှိုးကွယ်လျှိုးဖြင့် ထွက်ပြေးပြီး ပုန်းအောင်းရန် နေရာတစ်ခုရှာရန် ပြင်လိုက်သည်။

သို့သော်လည်း သူလှုပ်ရှားရုံတင်ရှိသေး နောက်ဘက်မှ သုန်မှုန်ဒေါသထွက်နေသည့် အသံတစ်သံကို ကြားလိုက်ရသည် “ခွေးသူတောင်းစားလေး၊ နင်ဘယ်ပြေးဖို့ ကြံနေတာလဲ”

ပီယ မျက်လုံးပွင့်ပွင့်ချင်း သူမ ပထမဆုံး လိုက်ရှာသည့်သူမှာ ရန်ကိုင်ဖြစ်ပေသည်။ ရန်ကိုင်ကြောင့် လျူကွေ့ချန်၏ ကောင်းကင်စိတ်အာရုံဖြင့် တိုက်ခိုက်ခံရပြီး ကံကောင်း၍ သေရာပါ ဝိဥာဉ်ဒဏ်ရာ ရမသွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူမ ရန်ကိုင်ကို သေမတတ် မုန်းပေသည်။ ရန်ကိုင် လှုပ်ရှားရန် ကြံသည်နှင့် ပီယ သူ့ကို သတိပြုမိလိုက်သည်။

သူမ အော်လိုက်သည်နှင့် တစ်ချိန်တည်းတွင် နဂါးရိုးကြာပွတ်ကို ထုတ်ယူလိုက်သည်။ အဆင့်မြင့် မှော်ရတနာဖြစ်သော နဂါးရိုး ကြာပွတ်သည် ပီယလက်ထဲသို့ ရောက်သည်နှင့် မိုးပြာနဂါး တစ်ကောင်သဖွယ် ကောင်းကင်ဝဲကို ပျံဝဲဖြတ်သန်းလျက် ရန်ကိုင်အား ရိုက်ချလာခဲ့သည်။

ရန်ကိုင်တွင် သူမနှင့် ဆော့ကစားရန် အချိန်မရှိ၊ ထို့ကြောင့် တိုးဝင်လာနေသော နဂါးရိုးကြာပွတ်ဆီ သာမန်ကာလျှံကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြီး ထွက်ပေါ်လာသော တန်ပြန်အားကို အကူယူလျက် အရှိန်မြှင့်ကာ ထွက်ပြေးလေသည်။

“ဟွန့်” အေးစက်စက် နှာခေါင်းရှုံ့သံတစ်သံကြောင့် ရန်ကိုင်မျက်နှာ ဖြူလျော်သွားခဲ့ရသည်။ ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ ဘယ်အချိန်မှန်းမသိ သူ့ဘေးရောက်နေသော သူတော်စင်ဘုရင်အဆင့် လျူကွေ့ချန်ကို တွေ့လိုက်ရသည်။

လျူကွေ့ချန်သည် ရန်ကိုင်အား ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသည့်နှယ် စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူ့လက်ကို ဆန့်ထုတ်ကာ ရန်ကိုင်လည်ပင်းကို ညစ်လိုက်သည်။

သူ့လှုပ်ရှားမှုသည် မြန်လည်းမမြန်သလို နှေးလည်း မနှေးချေ။ သို့သော် လျူကွေ့ချန်ရှေ့ နည်းနည်းလေးမှ မခုခံနိုင်သည်ကို သူသတိပြုမိလိုက်သည်။ ရန်ကိုင် သွေးပျက်တုန်ုလှုပ်ခြောက်ခြား သွားလေပြီ။

လျူကွေ့ချန်က ရန်ကိုင်လည်ပင်ကိုး ညစ်လိုက်ပြီဂသည်နှင့် အေးစက်စက် လေသံဖြင့် မေးလိုက်သည် “ဆရာကြီးဝူဆော့ ဘယ်မှာလဲ”

ကြယ်သင်္ဘောနှစ်စင်း မတိုက်ခင်၊ မြေပုံသခင် ဆရာကြီး ဝူဆော့နှင့် အနီးဆုံးတွင် ရှိနေသည်မှာ ရန်ကိုင်ဖြစ်သည်။ ထို့ကြောင့် လျူကွေ့ချန်သည် နိုးလာချင်းချင်း ရန်ကိုင်ကို လိုက်ရှာခြင်း ဖြစ်သည်။ မဟုတ်လျှင် သူ့အဆင့်အတန်းဖြင့် ရန်ကိုင်ကဲ့သို့ ပမွှားတစ်ကောင်ကို ဘာကြောင့် တိုက်ခိုက်ရမည်နည်း။

“သေပြီ”

သူ့စိတ်ထဲ ထိုကဲ့သို့ ခန်မှန်းထားသော်လည်း ရန်ကိုင်အဖြေကို ကြားလိုက်ရချိန် လျူကွေ့ချန်၏ အမူအရာ သုန်မှုန်သွားခဲ့သည်။

ယခု သူတို့ ခရမ်းကြယ်မှ ကျင့်ကြံသူများသည် ဤထူးဆန်းသော နေရာသို့ ရောက်နေခဲ့ကြသည်။ ဤနေရာမှ ထွက်ခွာနိုင်ရန်အတွက် တစ်ခုတည်းသော မျှော်လင့်ချက်သည် ဆရာကြီးဝူဆော့ ဖြစ်သည်။ အကြောင်းမှာ ဆရာကြီးဝူဆော့သည်သာ ကြယ်တာရာကောင်းကင် အကြောင်းကို အသေးစိတ်ကျကျ သိသောကြောင့်ဖြစ်သည်။

သူသိချင်သည်ကို သိရပြီးပြီဖြစ်သဖြင့် ရန်ကိုင်ကို စိတ်မဝင်စားတော့။ လည်ပင်းညစ်လျက် ပီယဆီ လှမ်းပစ်လိုက်လေသည်။

“နောက်ထပ် ပြဿနာရှိဦးမယ်ဆိုရင် နင့်ဘာသာနင်ပဲ ရှင်းတော့” လျူကွေ့ချန်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။

“စီနီယာစိတ်ချထားလိုက်ပါ။ သူ့အသွေးအသားအကုန်လုံးကို တစ်စက်တောင်မကျန်အောင် ကျွန်မစုပ်ယူပစ်မှာပါ။ အလောင်း အပြည့်အစုံနဲ့ မသေရအောင် ကျွန်မလုပ်ပေးလိုက်ပါမယ်” ပီယက အံတင်းတင်းကြိတ်၍ အဆိပ်ပြင်းသည့် မြွေဟောက်တစ်ကောင်နှယ် ရန်ကိုင်အား စိုက်ကြည့်လိုက်သည်။ သူမအကြည့်သည် ရန်ကိုင်အား နှိပ်စက်ရမည်ကို မစောင့်နိုင်တော့သည့်နှယ်။။

ရန်ကိုင်စိတ်ထဲ ခါးသီးသွားခဲ့သည်။ သို့သော် ဘာတစ်ခွန်းမှ ပြန်မပြောခဲ့။

လျူကွေ့ချန် သူ့အပေါ် မည်သည့်နည်းလမ်း သုံးသွားသလဲ ဆိုသည်ကို သူမသိသော်လည်း လက်ရှိတွင် သူ့သူတော်စင်ချီကို အသုံးမပြုနိုင်တော့ချေ။ သူ့ကျင့်ကြံခြင်း ချိတ်ပိတ်ထားခံရလေရာ သူ့ခန္ဓာကိုယ် မည်မျှ သန်မာပါစေ ပီယ၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။

ယခုမှပဲ သူတော်စင်ဘုရင်နှင့် သူတော်စင်အဆင့်ကြား ကွာခြားချက်ကို ရန်ကိုင် ကောင်းကောင်းကြီး နားလည်သွားတော့သည်။ ထို့အပြင် လျူကွေ့ချန်သည် သာမန် သူတော်စင်ဘုရင်တစ်ယောက် မဖြစ်နိုင်ပါချေ။ မဟုတ်လျှင် ရန်ကိုင်အား ကြယ်ကလေး၊ ငှက်ကလေးသဖွယ် အလွယ်လေး ဖမ်းနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။

ပီယသည် ရန်ကိုင်ကိုမိသည်နှင့် အခြား ဘာကိုမှ ဂရုမစိုက်တော့ဘဲ ဝဲနေသည့် တိုက်ကြီးဆီသို့သည် ပျံဆင်းသွားလေသည်။

ယောက်ယတ်ခတ်နေသည့် သူမစိတ်ကို တည်ငြိမ်သွားစေရန် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ဤကပ်ဘေးမှ လွတ်မြောက်နိုင်ခဲ့သည့်အတွက် ပျော်မိသလို စိတ်သက်သာရာလည်း ရမိသည်။ သူမ အသက်ရှူရှိုက်တိုင်း အရည်ရွှမ်းနေသော အသီးနှစ်လုံးမှာ လိုက်ပါ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့သည်။ ပီယ ဝတ်ထားသည့် အဝတ်အစားမှာ ရင်သားကို အလွန်အကျူး ဖော်သောအဝတ်အစာမျိုး ဖြစ်လေရာ ကျောက်စိမ်းသားကဲ့သို့ ဖွေးမွတ်နေသော သူမ၏ ရင်စိုင်ရင်သားအပေါ်ပိုင်း ရန်ကိုင် အထင်းသား မြင်နေခဲ့ရသည်။

“ငါတို့ အရင်ဆွေးနွေးကြအောင်လေ” ရန်ကိုင်က ရုတ်တရက် စကားစလိုက်သည်။

“ကောင်စုတ်လေး၊ လေကုန်လာမခံနေနဲ့” ပီယက အေးစက်စက် ပြုံးလိုက်ပြီး “ဘာတွေပဲဖြစ်ဖြစ်၊ နင်လွတ်နိုင်တော့မှာ မဟုတ်ဘူး။ ငါနင့်ကိုကျိန်းသေစားမှာ”

ရန်ကိုင်က ပခုံးတွန့်လိုက်ပြီး ရှေ့ကိုညွှန်ပြ၍ “ဓါးအဖွဲ့အစည်းက လူတွေ ဒီကို မကြာခင်ရောက်လာတော့မှာ။ နင်သာ သူတို့နဲ့တွေ့ရင် ကျိန်းသေတိုက်ပွဲဖြစ်မှာ။ ဒါကြောင့် ငါနင့်ကိုကူပြီး သူတို့ကို သတ်ပေးမယ်။ ဒါပေမယ့် နင်ငါ့အပေါ် အခွင့်အရေးမယူနဲ့။ ဘယ်လိုလဲ”

“ဘယ်တုန်းကများ ငါနင့်အပေါ် အခွင့်အရေးယူလို့လဲ” ရန်ကိုင်စကားကိုကြားပြီး ပီယရှက်သွားခဲ့သည်။ ရှက်လည်းရှက်၊ ဒေါသလည်း ထွက်ထွက်ဖြင့် ရန်ကိုင်အား ဝေ့ကြည့်၍ အထင်အမြင်တသေးဖြင့် ပြန်ပြောလေသည် “ပြီးတော့ နင်လို့ သူတော်စင်ပထမအဆင့်လေးက ဘယ်သူ့ကို သတ်နိုင်မှာမို့လို့လဲ။ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေလိုက်တာ”

“ငါခဲမန်ကို သတ်နိုင်ခဲ့တယ်လေ” ရန်ကိုင် ပြန်ပြောသည်။

ပီယ ပါးစပ်ဟောင်းသား ဖြစ်သွားပြီး ရန်ကိုင်အား အနည်းငယ် ထိတ်လန့်နေသည့်လေသဖံဖြင့် “ခဲမန် သတိပေါ့လျော့သွားလို့ မဟုတ်ဘူးလား”

ရန်ကိုင် ခဲမန်ကို သတ်နိုင်ခဲ့ခြင်းသည် ခဲမန် သတိပေါ့လျော့သည့် အတွက်ကြောင့်သာ ဖြစ်ပြီး ရန်ကိုင် အားကောင်းသောကြောင့် မဟုတ်ဟု ပီယ ယုံကြည်ထားသည်။

“နင်ဘာပြောပြော၊ ငါနင့်ကိုယုံမှာမဟုတ်ဘူး။ ဒီအမကြီးက ယောကျာ်းတွေ လှည့်စားတာ တစ်ခါမှမခံရဖူးဘူး။ နင်ပထမဆုံးပဲ” ပီယက နှာခေါင်းရှုံ့၍ ဆက်ပြောလိုက်သည် “ဒီတော့ အကုန်လုံး အဆင်ပြေသွားတာနဲ့ တစ်ပြိုင်နက် ဒီအစ်မကြီး နင့်ကို ကောင်းကောင်း ဂရုစိုက်ပေးမယ်။ နင်လုံးဝ စိတ်မပျက်စေရဘူး”

အံတကြိတ်ကြိတ် ဖြစ်နေသည့် ပီယကို ကြည့်ရင်း ရန်ကိုင် သိလိုက်သည်။ သူဘာပြောပြော ထူးမည်မဟုတ်တော့။ ထို့ကြောင့် ခေါင်းခါရမ်းလျက် ပီယအား စကားမပြောတောဘဲ့ သူ့ကိုယ်သူသာ စစ်ဆေးကြည့်နေတော့သည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း (၉၉၈)

ခဏမျှ စစ်ဆေးကြည့်လိုက်ပြီးနောက် သူ့ဒဏ်ရာ သိပ်မပြင်းသည်ကို တွေ့လိုက်ရသည်။ ရွှေရောင်အရိုးခြောက်နှင့် ပေါင်းစပ်ထားသည့် အတွက်ကြောင့် သူ့အရိုးများသည် အလွန်ကိုမှာ မာကျောသည်။ ထို့ကြောင့် သင်္ဘောနှစ်စီးတိုက်မိခြင်းသည် သူ့အရိုးအများကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။ ကိုယ်တွင်းအင်္ဂါများနှင့် ခန္ဓာကိုယ် အပြင်ပိုင်းသာ ထိခိုက်သွားခဲ့ရသည်။

သို့သော် ထိုဒဏ်ရာအားလုံးသည် အသေးစား ဒဏ်ရာလေးများသာဖြစ်ပြီး နေ့တစ်ဝက်လောက် အနားယူရုံဖြင့် ပြန်ကောင်းသွားနိုင်သည်။

တကယ့် ပြဿနာသည်ကား လျူကွေ့ချန် ချန်ခဲ့သော ချိတ်တံဆိပ်ပင်။ သူတော်စင်ချီများ ချိတ်ပိတ်ထားခံရသဖြင့် ဘာမှမလုပ်နိုင်တော့ချေ။ သို့သော် ကံကောင်းသွားသည်ကား လျူကွေ့ချန်သည် သူ့စိတ်စွမ်းအင်ကို ချိတ်ပိတ်ခြင်းမပြုခဲ့။ ရန်ကိုင်၏ ကျင့်ကြံခြင်းအဆင့်သည် သိပ်မမြင့်သည့်အတွက် သူ့စိတ်စွမ်းအင်လည်း အတူတူလောက်သာ ရှိလိမ့်မည်ဟု ထင်ခဲ့ခြင်း ဖြစ်လောက်သည်။

သူ့စိတ်ထဲ မျှော်လင့်ချက် ရှိလာခဲ့လေပြီ။ သူ့စိတ်စွမ်းအင်ကို အသုံးပြုနိုင်သေးသဖြင့် ဤပြဿနာအရှုပ်ထုပ်မှ လွတ်လမ်း ရှာနိုင်သေးပေသည်။

ပီယကို သူမကြောက်ပေ။ သူကြောက်သည်ကား လျူကွေ့ချန်ကဲ့သို့ သူတော်စင်ဘုရင်အဆင့် ပညာရှင်များပင်။

အောက်သို့ငုံ့ကြည့်၍ တိုက်ကြီးကို တစ်ချက် ပြန်စစ်ဆေးကြည့်လိုက်သည်။ တိုက်ကြီး၏ အရွယ်အစားမှ မကြီးလှသဖြင့် ခြေရာလက်ရာမကျန် ပုန်းနိုင်လျှင်ပင် သူ့အား အနှေးနှင့်အမြန်ဆိုသလို ပြန်ရှာတွေ့ပေလိမ့်မည်။

ကောင်းကျိုး၊ ဆိုးကျိုးကို ချင့်တတွက်ဆနေရင်း ရန်ကိုင် တုန့်ဆိုင်းနေမိသည်။ လောလောဆယ် သူ့အသိစိတ်ကို အသိစိတ်ပင်လယ်ထဲသို့ ပို့ထားခဲ့သည်။ သူ့အသစိတ်ပင်လယ်ထဲသို့ ဝင်လိုက်သည်နှင့် ရန်ကိုင်၏ နာမ်ဝိဥာဉ် မျက်မှောင်ကြုံ့သွားသည်။

အကြောင်းမှာ သူ့အသိစိတ်ပင်လယ်ထဲတွင် ငါးဆယ်နီးပါး ရှိသော စိတ်စွမ်းအင်ထုကြီးများကို မြင်လိုက်ရသောကြောင့်ပင် ဖြစ်လေသည်။

ရန်ကိုင် ကြောင်သွားခဲ့သည်။

သို့သော်လည်း ထိုစိတ်စွမ်းအင်ထုများသည် ယခင် အဖြစ်အပျက်အတွင်း သေဆုံးသွားသော ကျင့်ကြံသူများမှန်း မကြာမီ သူသိလိုက်သည်။

သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် ကျင့်ကြံသူများ၏ ဝိဥာဉ်ကို သုတ်သင်ပစ်နိုင်ရုံမက သေဆုံးသွားသော ကျင့်ကြံသူများ၏ ဝိဥာဉ်များကိုလည်း သူ့အသိစိတ်ပင်လယ်ထဲသို့ ဆွဲယူပေးပါသည်။ ထိုဝိဥာဉ်များသည် သူ့သတိလစ်နေစဉ် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးမှ သူ့အသိစိတ်ပင်လယ်ထဲသို့ ဆွဲယူခဲ့ခြင်း ဖြစ်ရပေမည်။

မမျှော်လင့်ထားသော ကံကောင်းမှုပင်။

အချိန်မရှိတော့လေရာ ထိုဝိဥာဉ်များကို သေသေချာချာ မစစ်ဆေးတော့။ အကြမ်းဖျင်းသာ တစ်ချက် ဝေ့ကြည့်လိုက်သည်။

စိတ်စွမ်းအင်ထု အများစုကို သူတော်စင်အဆင့် ပညာရှင်များမှ ပိုင်ဆိုင်ကြပြီး ထိုစိတ်စွမ်းအင်ထုများထဲ သူတော်စင်ဘုရင်အဆင့် စိတ်စွမ်းအင်ထုတစ်ခုကို ရန်ကိုင် ရုတ်တရက် တွေ့လိုက်သည်။ ရန်ကိုင်မျက်နှာ မဆိုသလောက်ကလေး ဖြူလျော်သွားလေသည်။

သူတော်စင်ဘုရင်အဆင့်ကဲ့သို့ ပညာရှင်များသည် ထိုကပ်ဘေးမှ အသက်ရှင်လျက် မလွတ်မြောက်နိုင်ခဲ့သည်ကို ထောက်လျှင် ကြယ်သင်္ဘောနှစ်စီး တိုက်မိခြင်းနှင့် ဧရာမ တွင်းနက်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို မြင်တွေ့နိုင်ပေသည်။

အသက်ရှင်နေသူအားလုံး ထိုသူတော်စင်ဘုရင်အဆင့် ပညာရှင်ကဲ့သို့ ကံဇာတာမညံ့သည်ကို ဝမ်းသာသင့်ပေသည်။

ပီယ သံသယဝင်မည်ဆိုစိုး၍ သူ့အသိစိတ်ပင်လယ်ကို အကြမ်းဖျင်းတစ်ချက် စစ်ဆေးကြည့်ပြီးနောက် ထိုနေရာမှ ချက်ချင်း ပြန်ထွက်လာလိုက်သည်။ လုံခြုံပြီဆိုမှသာ ထိုစိတ်စွမ်းအင်ထုများကို စုပ်ယူရပေမည်။

သူတော်စင်ဘုရင်အဆင့် တစ်ယောက်၏ ကောင်းကင် တာအိုနှင့် သိုင်းတာအိုအပေါ် ထိုးထွင်းနားလည်မှုများသည် သူ့အပေါ် မည်သို့သော အံ့ဩမှုများ သယ်ဆောင်လာပေးမလဲ ဆိုသည်ကိုတွေးရင်း ရန်ကိုင် အတော့်ကို စိတ်လှုပ်ရှားနေမိသည်။

သူမျက်လုံးပြန်ဖွင့်လိုက်သည့် အချိန်တွင်၊ ထင်ထားသည့် အတိုင်း တိုက်ပွဲများဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ခရမ်းကြယ်နှင့် ဓါးအဖွဲ့အစည်းမှ ကျင့်ကြံသူများသည် သုံးယောက်၊ လေးယောက် အဖွဲ့ဖွဲ့လျက် တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်နေခဲ့ကြသည်။ အစောပိုင်းမှ အဖြစ်အပျက်သည် သူတို့နှစ်ဖက်ကြား တိုက်ပွဲကို ရပ်တန့်သွားစေခြင်း မရှိသည့်အပြင် တိုက်ပွဲအရှိန်အဟုန်အား ပို၍ပင် ပြင်းထန်လာစေသေးသည်။

လက်ရှိတွင် လျူကွေ့ချန်သည် မြင့်မြတ်ပြီး ကျက်သရေရှိသော အရှိန်အဝါကို ပိုင်ဆိုင်းထားသည့် ရင့်ကျက်လှပသော အမျိုးသမီးတစ်ဦးနှင့် တိုက်ခိုက်နေခဲ့သည်။ အမျိုးသမီး၏ ခွန်အားသည် လျူကွေ့ချန်အောက် နိမ့်ကျခြင်း မရှိချေ။ သူမ လက်ထဲရှိ ဓါးတိုသည် အလွန်တရာကိုမှ ထက်ရှသော အရှိန်အဝါကို ပေးစွမ်းနေပြီး ထိုဓါးကို ဝှေ့ရမ်းလိုက်တိုင်း ဓါးအလင်းတန်းများ အစီအရီ ထွက်ပေါ်လာပြီး လျူကွေ့ချန်ဆီ တိုးဝင်သွားလေသည်။

လျူကွေ့ချန်သည် ထိုအမျိုးသမီးနှင့် တိုက်ခိုက်ရာတွင် နည်းနည်းလေးမှ မပေါ့လျော့ရဲချေ။ ရွှေရောင်သံကြပ်ကာကို ဝတ်ဆင်လျက် လှံတိုကို ဆုပ်ကိုင်ရင်း တိုက်ခိုက်နေခဲ့သည်။ ရွှေရောင်လှံတိုမှ သိပ်သည်းအားကောင်းလှသော စွမ်းအင် အလင်းတန်းတို့ ထွက်ပေါ်လာပြီး တိုးဝင်လာနေသော ဓါးလှိုင်းများကို တန်ပြန် တိုက်ခိုက်သည်။

ကောင်းကင်ထက်တွင် တိုက်ခိုက်နေကြသော ပညာရှင် နှစ်ယောက်၏ စွမ်းအားသက်ရောက်သည့် အကွာအဝေးမှာ အတော့်ကိုမှ ကျယ်ပြောလှသည်။ ခရမ်းကြယ်နှင့် ဓါးအဖွဲ့အစည်းမှ ကျင့်ကြံသူအားလုံးသည် ထိုနှစ်ယောက် တိုက်ခိုက်နေသည့် နေရာမှ ခပ်ဝေးဝေးတွင် ခွာကာ တိုက်ခိုက်နေခဲ့ကြသည်။

ရန်ကိုင် အကြည့်သည် တိုက်ပွဲကွင်းပြင်ပေါ် ရောက်ရှိသွားခဲ့သည်။ ခဏအကြာ၌ ပီယအား ပြောလိုက်သည် “တိုက်ပွဲကစနေပြီ။ သွားမကူညီချင်ဘူးလား”

ပီယက ရန်ကိုင်အား ပြန်စိုက်ကြည့်၍ တခစ်ခစ်ရယ်လျက် “ထွက်ပြေးချင်နေတာလား”

“ငါ့ကျင့်ကြံခြင်းက ချိတ်ပိတ်ခံထားရတာလေ။ ဘယ်လိုလုပ်ပြီး ထွက်ပြေးနိုင်မှာလဲ။ စိတ်ချထားလိုက်၊ နင်သွားတိုက်ရင်တောင် ငါဒီမှာ စိတ်ရှည်ရှည်နဲ့ ထိုစောင့်နေမှာပဲ။ ငါလည်း နင်လို့မိန်းမတစ်ယောက် ဘယ်လိုအရသာ ရှိမလဲ ဆိုတာကို အတော်လေး စိတ်ဝင်စားနေတာ”

“အဲ့လိုလား” ပီယမျက်နှာ ရုတ်ချည်း ဝင်းပသွားခဲ့သည်။ သူမ၏ နီးစွေးစွေး နှုတ်ခမ်းအစုံကို ဖွင့်လိုက်ပိတ်လိုက် လုပ်ရင်း ရင်ကိုမော့လိုက်လေရာ ကောင်မလေးမှာ ပို၍ လှပသွားရသည်။

သို့သော်လည်း သူမ၏ ပြုံးနေသည့် မျက်နှာမှာ ရုတ်ချည်း အေးစက်သွားပြီး ရန်ကိုင်အား အကြည်စူးစူးဖြင့် “စိတ်တောင် မကူးနဲ့။ ငါနင့်ကို အခွင့်အရေး နည်းနည်းလေးတောင် ပေးမှာ မဟုတ်ဘူး။ သွားတိုက်မယ့်အစား ဒီမှာထိုင်ပြီးတော့ပဲ နင့်ကို စောင့်ကြည့်နေမှာ”

“ဘာလို့လဲ” ရန်ကိုင် ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ သူ့စိတ်ထဲတွင်လည်း ကြံရာမရ ဖြစ်နေခဲ့သည်။ ပီယသည် သူ့ကိုသာ စောင့်ကြည်မည်ဟု ဆုံးဖြတ်လိုက်ခြင်းသည် ရန်ကိုင်အား လုံးဝကို ကူကယ်ရာမဲ့သွားစေခဲ့သည်။

ထိုစဉ် အဖြူရောင်အလင်းတန်းနှစ်ခု သူတို့အား ရုတ်တရက် ဖြတ်သွားလေသည်။ ထိုအလင်းတန်းနှစ်ခုသည် ခရမ်းကြယ်မှ ကျင့်ကြံသူတစ်ယောက်ကို လိုက်ဖမ်းနေသည့်ပုံပင်။ သို့သော် ရန်ကိုင်နှင့် ပီယနားမှ ဖြတ်သွားသည့်အချိန်တွင် ထိုအလင်းတန်း နှစ်ခုဆီမှ အာမေဋိတ်သံတို့ ထွက်လာခဲ့သည်။

ချက်ချင်းဆိုသလို အလင်းတန်းနှစ်ခုစလုံး ရပ်သွားပြီး ရန်ကိုင်အား စိုက်ကြည့်လိုက်ကြသည်။

အကြီးမက အံ့အားသင့်နေသည့် အမူအရာဖြင့် “ဘယ်လိုလုပ်ပြီး နင်ဖြစ်နေတာလဲ”

“နင်တို့နှစ်ယောက်လား” ရန်ကိုင် မျက်ခုံးပင့်လိုက်သည်။ ထိုအမျိုးသမီးနှစ်ယောက်သည် ကြယ်စီရင်စုထဲသို့ လာပြီးနောက် သူပထမဆုံး တွေ့ခဲ့သော ဟဲမြောင်နှင့် ဟဲကျောင်ပင် ဖြစ်သည်။ ထိုနှစ်ယောက်ကို မြင်လိုက်သည့်အခိုက် ရန်ကိုင် နှုတ်ခမ်း ကွေးတက်သွားခဲ့သည်။ အခြေအနေသည် သူထင်သလောက် မဆိုးတော့ချေ။

“နင်တို့ ရောက်နေမှတော့… ဓါးအဖွဲ့အစည်းက နင်တို့ကို တွေ့သွားတာပေါ့၊ ဟုတ်လား” ရန်ကိုင်က မေးလိုက်သည်။

“အင်း” ဟဲမြောင်က ခေါင်းညိတ်လိုက်ပြီး ပျော်ရွှင်စွာ ပြုံးလျက် “နင်နဲ့ခွဲပြီး မကြာဘူး။ ဆရာနဲ့ အခြားသူတွေ ငါတို့ကို ရှာတွေ့သွားတာ။ ဒါပေမယ့် အဲ့သောက်ခရမ်းကြယ်ကလူတွေ အရမ်း မုန်းဖို့ကောင်းတာပဲ။ လက်မလျှော့ဘဲနဲ့ ငါတို့ကို လိုက်ဖမ်းတယ်လေ။ သူတို့ လိုက်ဖမ်းလို့ပဲ နောက်ဆုံး အခုလို ဖြစ်သွားရတာ။ အခုထိတောင် သူတို့က တိုက်ခိုက်ချင်နေတုန်း”

“နင်ကကော ဘာလို့ ဒီကို ရောက်နေတာလဲ” ဟဲကျောင် တစ်ခုခု မှားယွင်းနေသည်ကို ချက်ချင်း နားလည်လိုက်သည်။

ရန်ကိုင်သည် ခရမ်းကြယ် ကျင့်ကြံသူတစ်ယောက်၏ ဘေးတွင် ရပ်နေခဲ့သည်။ ထို့အပြင် သူ့ခွန်အားမှာလည်း ချိတ်ပိတ်ထားခြင်း ခံရသည်။ သူ့ကို ထိုခရမ်းကြယ်ကျင့်ကြံသူမှ ဖမ်းထားခြင်း ဖြစ်ရပေမည်။

ထို့အပြင် သူတို့ စကားပြောနေစဉ် အတောအတွင်း ထိုခရမ်းကြယ်မှ အမျိုးသမီးသည် အချိန်မရွေး တိုက်ခိုက်နိုင်ရန် သူမ၏ခွန်အားကို တိတ်တဆိတ် စုစည်းထားခဲ့သည်။

“ပြောရရင်တော့ အရှည်ကြီးပဲ…” ရန်ကိုင်က ရှက်ကိုးရှက်ကန်းဖြင့် ချောင်းဆိုးလိုက်သည်။

“နင်က ဒီအကျင့်မကောင်းတဲ့ မိန်းမရဲ့… အရုပ်ကလေးတော့ မဟုတ်ပါဘူးနော်” ဟဲမြောင်က အလွန်တရာကိုမှ အံ့အားသင့်နေသည့် အမူအရာဖြင့် သူမ၏ ပါးစပ်လေးကို အုပ်လိုက်သည်။

ရန်ကိုင်လည်း ကြောင်သွားခဲ့သည်။ ဟဲမြောင်ပင် ပီယကို သိလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ပီယသည် ကြယ်စီရင်စုထဲတွင် အလွန်တရာကိုမှ ကျော်ကြားသည်ဟု ရှန်တု ပြောခဲ့ခြင်းမှာ အမှားမဟုတ်ချေ။

“ကောင်မလေး၊ နင်စာမတတ်ဘူးလား” ပီယ၏ မျက်ဝန်းများ အေးစက်သွားခဲ့သည်။ ဟဲမြောင်က သူမအား အကျင့်မကောင်းသည့် မိန်းမခေါ်လိုက်သဖြင့် ပီယ ဒေါသထွက်လေပြီ။ “အခြားသူတွေနဲ့ စကားပြောရင် ဘယ်လို ယဉ်ယဉ်ကျေးကျေး ပြောရမလဲ ဆိုတာကို နင့်အမေ နင့်ကို မသင်ပေးထားဘူးလား”

“ဟွန့်။ ဒီကြယ်စီရင်စုထဲမှာ ရှင့်ကိုမသိတဲ့လူ ဘယ်သူရှိလို့လဲ။ လူကိုများ စာမတတ်ဘူးလား၊ ဘာလားနဲ့။ ရှင့်ကိုယ်ရှင်လည်း ပြန်ကြည်ပါဦး၊ မိန်းမပျက်ကများ” ဟဲမြောင်က ပြန်ပက်သည်။ ထို့ကြောင့် သူမလက်ကို ဝှေ့ရမ်း၍ အော်ပြောလိုက်သည် “အစ်မကြီး၊ သူမနဲ့ လေကုန်ခံပြီး စကားပြောမနေတော့နဲ့။ သွားရအောင်”

ဟဲကျောင်က ဘာမှပြန်မပြောဘဲ ခေါင်းညိတ်လိုက်သည်။ တစ်ချိန်တည်းတွင် ရန်ကိုင်အား မသိမသာလေး မျက်လုံး မှိတ်ပြလိုက်သည်။ ထို့နောက် သူမညီအစ်မလေးနှင့်အတူ သွားတော့မည်ဟန်ပြင်ပြီးမှ ပြေးဝင်လာလေသည်။

သူတို့ညီအစ်မနှစ်ယောက် မရောက်သေးခင်မှာပင် အရိုးကွဲမတတ် အေးစက်လှသည့် ဓါးချီတို့သည် ထိုနေရာဆီသို့ ကျရောက်လာလေသည်။ ထိုဓါးချီများကြောင့် မြေပြင်တစ်ခုလုံး အက်ကွဲသွားရပြီး ဖြတ်ရှတို့ အသီးသီး ထွက်ပေါ်လာလေသည်။

ပီယက နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ နဂါးရိုးကြာပွတ်ကို နောက်တစ်ကြိမ် ဝှေ့ရမ်းလိုက်သည်။ ထိုသို့ ဝှေ့ရမ်းလိုက်သည့် အခါ မိုးပြာနဂါးပုံရိပ် သူမနောက်တွင် ပြန်ပေါ်လာပြီး ညီအစ်မနှစ်ယောက်ဆီသို့ တိုးဝင်သွားလေသည်။

ချက်ချင်းဆိုသလို လူသုံးယောက်ကြား တိုက်ပွဲ စတင်ဖြစ်ပေါ်လာခဲ့သည်။

သူတို့ တိုက်ခိုက်နေကြသည်ကို အခွင့်အရေးယူလျက် ရန်ကိုင်က စတင်ထွက်ပြေးလေသည်။

ပီယသည် သူတော်စင်တတိယအဆင့်သာ ဖြစ်သည်။ ဟဲကျောင်သည်လည်း သူမကဲ့သို့ သူတော်စင်တတိယအဆင့်ပင်။ ထို့အပြင် ဟဲမြောင်အား ကူညီနေသူ သူတောစင်ဒုတိယအဆင့် ဟဲမြောင် ရှိနေပေးသည်။ ညီအစ်မနှစ်ယောက် ပူးပေါင်းတိုက်ခိုက်သည် ဖြစ်ရာ ပီယ သူတို့နှစ်ယောက်ကို နိုင်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ဟဲမြောင်နှင့် ဟဲကျောင်တို့၏ လုံခြုံရေးကို ရန်ကိုင်စိတ်မပူချေ။ လောလောဆယ် စိတ်ပူရမည်ကား သူ့လုံခြုံရေးပင်။

သူ့အရှိန်သည် အလွန်တရာကိုမှ မြန်ဆန်လှပေသည်။ သူ၏ သူတော်စင်ချီမှာ ချိတ်ပိတ်ထားခြင်း ခံရသော်ငြား သူ့ခန္ဓာကိုယ်သည် အလွန်တရာကိုမှ အားကောင်းလှသဖြင့် တစ်ခဏအတွင်း ပရမ်းပတာ ဖြစ်နေသော တိုက်ပွဲကွင်းပြင်မှ ထွက်သွားနိုင်ခဲ့သည်။ တိုက်ပွဲကွင်းပြင်ထဲမှ ထွက်လာပြီးသည်နှင့် နေရာတစ်ခုရှာကာ ပုန်းနေလိုက်သည်။ လုံခြုံသွားသည်နှင့် တင်ပလင်ခွေထိုင်ကာ ပတ်ဝန်းကျင်ကို သတိထားအကဲခတ်ရင်း လျူကွေ့ချန် ချန်ခဲ့သော ချိတ်တံဆိပ်ကို ဖျက်စီးနိုင်ရန်အတွက် သူတော်စင်ချီကို လှည့်ပတ်နိုင်ရန် ကြိုးစားလိုက်သည်။

ခရမ်းကြယ်နှင့် ဓါးအဖွဲ့အစည်းကြားမှ တိုက်ပွဲသည်လည်း ဆက်လက် ဖြစ်ပွားနေခဲ့သည်။ တိုက်ပွဲဖြစ်နေသည့်နှင့်အမျှ လူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေခဲ့သည်။

ရန်ကိုင် ထိုမြင်ကွင်းကို ထိုင်ကြည့်နေခဲ့သည်။ ကံကောင်းစွာဖြင့် မည်သူမှ သူ့အား လာမရှာခဲ့ချေ။

ရုတ်တရက် သူ့အကြည့်သည့် တစ်နေရာသို့ ရောက်သွားခဲ့သည်။ သူ့မျက်နှာ အမူအရာသည်လည်း တစ်မျိုးတစ်မည် ထူးဆန်းသွားရသည်။ ထိုနေရာတွင် တစ်ခုခုကိုရှာဖွေနေသည့် မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော၊ ရှုပ်ပွနေသည့် မီးခိုးရောင်ဆံပင်နှင့် လူအိုကြီးတစ်ယောက် ရှိနေခဲ့သည်။

ထိုလူအိုကြီးသည် သူ့ပတ်ပတ်လည်ရှိ အရာအားလုံးကို လျစ်လျူရှုထားပြီး ကြယ်သင်္ဘောပျက်၏ အစိတ်အပိုင်များကို လိုက်ကောက်ရာတွင်သာ အာရုံစိုက်ထားခဲ့သည်။ ကြယ်သင်္ဘောပျက်မှ အစိတ်အပိုင်းတစ်ခုကို ကောက်မိလိုက်သည့် အခါတိုင်း ထိုအရာကို လက်ဖြင့် ခေါက်ကြည့်သည်။ ထို့နောက် ခေါင်းညိတ်၍ သူ့သိုလှောင်လက်စွပ်ထဲ ထည့်သည်။

တစ်ခဏအကြာ၌ ကြယ်သင်္ဘောပျက်၏ အစိတ်အပိုင်း ဒါဇင်ကျော်ကို သူစုစည်းသွားခဲ့လေပြီ။ ထိုအစိတ်အပိုင်းများကို ကောက်နေစဉ်တွင် လူအိုကြီးသည် တစ်ခါတစ်လေ သူ့ဘာသာ ဘာမှန်းမသိသော အရာများကို ရေရွတ်သည်။ ထို့နောက် အရမ်းကိုမှ ကျေနပ်နေသည့်အလား အော်ဟစ်ရယ်မောသည်။

ထိုလူကြီး၏ ထူးဆန်းသော အပြုအမူကြောင့် တိုက်ပွဲကွင်းပြင်ရှိ လူများလည်း သူ့အား အာရုံစိုက်လာခဲ့သည်။

သို့သော်လည်း ဓါးအဖွဲ့အစည်းနှင့် ခရမ်းကြယ်မှ မည်သည့် ကျင့်ကြံသူမှ ထိုလူအိုကြီးနား မကပ်နိုင်ပေ။

မည်သူပင်ဖြစ်ပါစေ၊ လူအိုကြီးနား မရောက်ခင်မှာဘဲ မမြင်နိုင်သော အားတစ်ရပ်၏ တွန်းဖယ်ခြင်းခံရလေသည်။ ထိုအခြင်းအရာကို နားလည်လိုက်သည်နှင့် ထိုလူအိုကြီးသည် ရန်စကောင်းသည့် လူတစ်ယောက်မှန်း အကုန်လုံး သိလိုက်ကာ မည်သူမှ သူ့နား မကပ်ရဲတော့ချေ။

ထိုသိုဖြင့် လူအိုကြီးသည် ကြယ်သင်္ဘောပျက်၏ အစိတ်အပိုင်းများကို အေးအေးဆေးဆေး ကောက်နေခဲ့သည်။

နောက်ဆုံး လူအိုကြီးကို အင်အားစုနှစ်ခုမှ တကယ့် ပညာရှင်များ အာရုံစိုက်မိသွားခဲ့သည်။

လျူကွေ့ချန်နှင့် ဓါးအဖွဲ့အစည်းမှ ရင့်ကျက်သော အမျိုးသမီးတို့ နှစ်ယောက်စလုံး ဆက်လက် မတိုက်ခိုက်ကြတော့ဘဲ ပြန်ဆုတ်လိုက်ကြသည်။ နှစ်ယောက်စလုံးသည် အကွာအဝေးတစ်ခုခွာလျက် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။ တစ်ချိန်တည်းတွင်လည်း လူအိုကြီးအား အာရုံစိုက်နေခဲ့သည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း (၉၉၉) ထူးဆန်းသောလူအိုကြီး

ထူးဆန်းသော လူအိုကြီးသည် လျူကွေ့ချန်နှင့် ဓါးအဖွဲ့အစည်းမှ အမျိုးသမီးတို့အား ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။ ထိုလူအိုကြီးသည် မည်သည့် အရှိန်အဝါမှ ထုတ်လွှတ်ထားခြင်း မရှိသော်ငြား ထိုလူအိုကြီးသည် သာမန် မဟုတ်ဟု သူတို့၏ မသိစိတ်က ပြောနေခဲ့သည်။ ထို့ကြောင့် နှစ်ယောက်စလုံး တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ပြီး လူအိုကြီးအား အာရုံစိုက်လိုက်သည်။

“ရွှယ့်ရှီ၊ နင်နဲ့ငါ သိလာတာကြာပြီ။ ငါတို့ နှစ်ယောက်စလုံး ဒီအတိုင်း ဆက်တိုက်နေလို့လည်း အနိုင်၊ အရှုံး အလွယ်တကူ ကွဲပြားမှာမဟုတ်မှန်း နင်ရော၊ ငါရော သိပြီးသား။ ဒါကြောင့် ဒီနေ့ ငါတို့တိုက်ပွဲကို ဒီမှာပဲ ရပ်ထားလိုက်ကြရအောင်။ ပြီးတော့ ငါတို့ နှစ်ဖက်စလုံးက လူတွေထဲမှာ အနားယူဖို့ လိုအပ်နေတဲ့ လူတွေလည်း ရှိသေးတယ်” လျူကွေ့က သူ့လက်ကို ဝှေ့ရမ်း၍ ဓါးအဖွဲ့အစည်းမှ အမျိုးသမီးကို ပြောလိုက်သည်။

ရွှယ့်ရှီဆိုသော အမျိုးသမီးသည် ခဏလောက် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည် “ကောင်းပြီလေ”

“နင်က ကြောင်းကျိုးချင့်ချိန် စဉ်းစားတတ်တဲ့လူမှန်း ငါသိသားပဲ” လျူကွေ့ချန်က ရယ်ရယ်မောဖြင့် လှံတို့နှင့် ရွှေရောင်သံကြပ်ကာကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် မျက်မှောင်ကြုံ့လျက် “ရွှယ့်ရှီ၊ ငါမှာနင်နဲ့ ပြောစရာရှိတယ်”

“ပြောစရာရှိမြန်မြန်ပြော၊ နှေးတိနှေးတုံ့တွေ လုပ်မနေနဲ့” ရွှယ့်ရှီက စိတ်မရှည်စွာဖြင့် ခပ်ပြတ်ပြတ်ပဲ ပြန်ပြောလိုက်သည်။

လျူကွေ့ချန်၏ နှုတ်ခမ်းများ ကွေးတက်သွားခဲ့သည်။ ရွှယ့်ရှီ၏ သဘောထားကို သူဂရုမစိုက်ချေ။ လူအိုကြီးကို လက်ညိုးထိုး၍သာ “ဒီလူအိုကြီးက နင်တို့ ဓါးအဖွဲ့အစည်းကလား။ ငါသူ့ကို ဘယ်လိုလုပ်ပြီး တစ်ခါမှ မမြင်ဖူးရတာလဲ”

သူထိုကဲ့သို့ မေးလိုက်ချိန်၊ ရွှယ့်ရှီက ထူးဆန်းသည့် အမူအရာဖြင့် ပြန်မေးလာခဲ့သည် “သူက နင်တို့ထဲက တစ်ယောက် မဟုတ်ဘူးလား”

လျူကွေ့ချန် မျက်မှောင်ကြုံ့သွားခဲ့ပြီး ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။

နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ခဏတာမျှ စိုက်ကြည့်နေခဲ့သည်။ ထို့နောက် နှစ်ယောက်စလုံး၏ မျက်လုံးများ ဝင်းလက်သွားပြီး တစ်ပြိုင်တည်း ပြောလိုက်သည် “သူက ဒေသခံပဲ”

ပြောလိုက်ပြီးသည်နှင့် တစ်ပြိုင်နက်၊ နှစ်ယောက်စလုံးသည် အလင်းတန်းအသွင်သို့ ပြောင်းလျက် ကြယ်သင်္ဘောပျက်၏ အစိတ်အပိုင်းများကို စိတ်အေးလက်အေးဖြင့် ကောက်နေသော လူအိုကြီးဆီ တစ်ဟုန်ထိုး ပြေးဝင်သွားကြလေသည်။

ဤနေရာ ဘယ်နေရာလဲ၊ ဤနေရာတွင် မည်ကဲ့သို့သော အန္တရာယ်များ ရှိသလဲဆိုသည်ကို လျူကွေ့ချန်နှင့် ရွှယ့်ရှီတို့ နှစ်ယောက်စလုံး မသိကြချေ။ သို့သော်လည်း ရုတ်တရက် ဆိုသလို သူတို့ရှေ့တည့်တည့် ဤနေရာ၏ ဒေသခံတစ်ယောက် ပေါ်လာခဲ့သည်။

ထိုလူအိုကြီးကို အရင်ဖမ်းနိုင်သူသည် ဤနေရာနှင့် ပက်သက်သည့် အကြောင်းအရာများကို လက်ဝါးကြီးအုပ် အပိုင်သိမ်းနိုင်မည်ဟု နှစ်ယောက်စလုံး ထင်နေကြခြင်း ဖြစ်သည်။ ကိုယ်နှင့် မရင်းနှီးသော နေရာတစ်ခုသို့ ရောက်လာသည့်အခါ သတင်းအချက်လက်သည် ရှင်သန်နိုင်ရေးအတွက် အဓိက သော့ချက်ဖြစ်လာသည်။

ထို့ကြောင့် စကားတစ်ခွန်းမှပင် မပြောတော့ဘဲ နှစ်ယောက်စလုံး တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြခြင်း ဖြစ်သည်။

သူတော်စင်ဘုရင်အဆင့် အရှိန်အဝါနှစ်ခု ပျံ့နှံ့လာခဲ့သည်။ ထိုအရှိန်အဝါသည် သူတို့ တိုက်ခိုက်စဉ်က ထုတ်လွှတ်ခဲ့သည့် အရှိန်အဝါထက်ပင် ပို၍ အားကောင်းနေခဲ့သည်။ နှစ်ယောက်စလုံး ရေကုန်ရေခမ်း ပြိုင်ဆိုင်ကြလေပြီ။

လျူကွေ့ချန်နျင့် ရွှယ့်ရှီတို့ တစ်ယောက်နှင့်တစ်ယောက် သိလာသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေရာ သူတို့ နှစ်ယောက်၏ ခွန်အားသည် တစ်ယောက်နှင့် တစ်ယောက် မတိမ်းမယိမ်းသာ ဖြစ်ကြောင်းကို နှစ်ယောက်စလုံး သိထားကြ၏။ ထို့ကြောင့် လူအိုကြီးအား အပြိုင်ပြေးဖမ်းကြသည့်အခါ နှစ်ယောက်စလုံး နည်းနည်းလေးမှ အလျှော့ပေးကြခြင်း မရှိချေ။

လူအိုကြီးသည် ကြယ်သင်္ဘောပျက်၏ အစိတ်အပိုင်းတစ်ခုကို ကောက်ယူပြီး သူ့သိုလှောင်လက်စွပ်ထဲ ထည့်မည်အပြု၊ လျူကွေ့ချန်နှင့် ရွှယ့်ရှီတို့ နှစ်ယောက်သည် သူ့လက်နှစ်ဖက်ကို ဘယ်တစ်ဖက်၊ ညာတစ်ဖက် ဖမ်းကိုင်လိုက်ကြသည်။ သူတော်စင် ဘုရင်အဆင့် အရှိန်အဝါဖြင့်လည်း လူအိုကြီးအပေါ်ကို ဖိနှိပ်ထားလေသည်။ လူအိုကြီး၏ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

သို့သော်လည်း လူအိုကြီးသည် သူတော်စင်ဘုရင်အဆင့် နှစ်ယောက်၏ ဖိနှိပ်ထားခြင်း ခံရသည့်တိုင် နည်းနည်းလေးမျှ ထိတ်လန့်တုန်လှုပ်သွားခြင်းမရှိ၊ သူ့မျက်လုံးထဲ စိတ်ဝင်စားသည့် အရိပ်အယောင်တို့ပင် ထွက်ပေါ်လာခဲ့လေသည်။ သူတော်စင် ဘုရင်နှစ်ယောက်က ဖိနှိပ်ထားသည့်တိုင်၊ သူ့လက်ထဲရှိ ကြယ်သင်္ဘောပျက်၏ အစိတ်အပိုင်းကို သိုလှောင်လက်စွပ်ထဲသို့ အေးအေးဆေးဆေး ထည့်ပြလိုက်သေးသည်။

လူအိုကြီး၏ အပြုအမူကြောင့်၊ အခြေအနေ မကောင်းတော့မှန်း လျူကွေ့ချန်နှင့် ရွှယ့်ရှီတို့ နှစ်ယောက်စလုံး တစ်ပြိုင်တည်း နားလည်လိုက်ကြသည်။

နှစ်ယောက်စလုံးသည် အရှိန်အဝါကို ထုတ်လွှတ်လျက် လူအိုကြီးကို ဖိနှိပ်ထားသည့်တိုင်၊ လူအိုကြီးသည် ထိုကဲ့သို့ လှုပ်ရှားနိုင်သေးသည့်ပုံကို ထောက်လျှင် လူအိုကြီးသည် လူရူးတစ်ယောက် ဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင်…. သူတို့ထက် ပိုအားကောင့်သည့် ဖြစ်ရပေမည်။ ဒုတိယတစ်ချက်သည် ပို၍ ဖြစ်နိုင်ချေရှိပေသည်။

ထို့ကြောင့် လျူကွေ့ချန်နှင့် ရွှယ့်ရှီတို့ နှစ်ယောက်စလုံး လူအိုကြီးလက်ကို လွှတ်လိုက်ကြပြီး ပြန်ဆုတ်ရန် ပြင်လိုက်သည်။

သို့သော်လည်း သူတို့ ထွက်ပြေးမည်အပြု၊ လူအိုကြီး၏ ခန္ဓာကိုယ်ဆီမှ အားကောင်းသော စွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး သူတို့ ပတ်လည်ရှိ လေဟာနယ်ကို ပိတ်လှောင်ပစ်လိုက်လေသည်။ ထို့နောက် လျူကွေ့ချန်နှင့် ရွှယ့်ရှီတို့ ကိုယ်ထဲရှိ သူတော်စင်ချီများသည် အပြင်ဘက်သို့ အလျင်အမြန် စီးထွက်လာပြီး လူအိုကြီး၏ ကိုယ်ထဲသို့ စီးဝင်ကုန်ကြလေသည်။

နှစ်ယောက်စလုံး သွေးပျက်ခြောက်ခြားသွားခဲ့ကြသည်။ ရွှယ့်ရှီဆိုလျှင် စူးစူးဝါးဝါးပင် အော်ဟစ်လိုက်လေသးသည်။

သူတို့၏ သူတော်စင်ချီကို စုပ်ယူလိုက်သည့်အတွက် လူအိုကြီး၏ မျက်နှာမှာ ပို၍ သွေးရောင်သန်းလာခဲ့သည်။ ဖြူဖွေးနေသော သူ့ဆံပင်များသည်လည်း တဖြည်းဖြည်း မည်းနက်လာခဲ့လေသည်။ လူအိုကြီးက ပညာရှင်နှစ်ယောက်ကို သွားဖော်ကာ ပြုံးပြလိုက်သည်။

ရုတ်တရက် ကြောက်မက်ဖွယ်ရာ အရှိန်အဝါတို့ လူအိုကြီး၏ ခန္ဓာကိုယ်မှ ဒီရေလှိုင်းလုံးသဖွယ် အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေသည်။ ထိုနေရာတွင် ရှိနေသူတိုင်း လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ပြီး အကုန်လုံး ကြောက်ရွံ့မှုကြောင့် တုန်ရီနေခဲ့ကြသည်။

အေးစက်စက် လေအေးတို့သည် အကုန်လုံး၏ ခန္ဓာကိုယ်ကို ရစ်ပတ်လာခဲ့ကြပြီး စူးစူးဝါးဝါး အော်ဟစ်သံများ၊ တစ္ဆေ အော်မြည်သံကဲ့သို့ အော်မြည်သံများကို အားလုံး ကြားလိုက်ရသည်။ လူအိုကြီးသည် သူ့အရှိန်အဝါကို ထုတ်လွှတ်ရုံ သက်သက်ဖြင့် အကုန်လုံးအား အကြွင်းမဲ့ ငရဲခန်းထဲ ရောက်သွားသည့််နှယ် ခံစားသွားရအောင် လုပ်ပစ်နိုင်ခဲ့သည်။

“မင်းတို့နှစ်ကောင်က အခြားသူတွေကို အရမ်း အထင်သေးလွန်းတာပဲ။ အင်း၊ ဒီလို သက်ဝင်လှုပ်ရှားတဲ့ မြင်ကွင်းမျိုး ငါမတွေ့ရတောင် တော်တော်လေး ကြာနေပြီပဲ။ ဒါကြောင့် ဒီတစ်ကြိမ်တော့ မင်းတို့ကို လွှတ်ပေးလိုက်မယ်။ ဒါပေမယ့် နောက်တစ်ကြိမ် ဒီလို အမှားမျိုး ထပ်လုပ်မယ် ဆိုရင်တော့ မင်းတို့ရဲ့ ဝိဥာဉ်ကို ဖျက်စီးခံရပြီသာမှတ်” ပြောပြီးသည်နှင့် လူအိုကြီးက သူ့ခန္ဓာကိုယ် လှုပ်ခါလိုက်ရာ အလွန်တရာကိုမှ အားကောင်းလှသော စွမ်းအင်လှိုင်းတို့ ဖြာထွက်လာခဲ့လေသည်။

လျူကွေ့ချန်နှင့် ရွှယ့်ရှီတို့ နှစ်ယောက်စလုံး နာကျင်စွာ အော်ဟစ်ရင်း ကြိုးပြတ်သွားသည့် စွန်များနှယ် လွင့်ထွက်သွားကြသည်။ နှစ်ယောက်စလုံး သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး သူတို့၏ မျက်နှာမှာလည်း ဖြူလျော်သွားရလေသည်။ သူတို့၏ အရှိန်အဝါမှာလည်း အတော့်ကိုမှ အားနည်းသွားရသည်။

လူအိုကြီးက လွင့်ပစ်လိုက်ခြင်းသာ ဖြစ်သော်ငြား သူတို့ နှစ်ယောက်စလုံး သေခါနီးဖြစ်သွားရသည်။ ကောင်းကောင်း ပြန်မတ်တပ်ရပ်နိုင်သည့်အခါ သူတို့ နှစ်ယောက်စလုံး လူအိုကြီးအား ကြောက်လန့်မှုအပြည့်ဖြင့် ကြည့်လိုက်ကြသည်။

ရန်ကိုင်သည်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း မျက်လုံး ကျွတ်ထွက်လုမတတ် ဖြစ်နေခဲ့သည်။ သူ့မျက်လုံးသူ တကယ် မယုံနိုင်တော့ချေ။ လျူကွေ့ချန် မည်မျှ သန်မာသည်ကို သူကောင်းကောင်းသိသည်။ လျူကွေ့ချန် သူဘာမှမလုပ်နိုင်ခဲ့။

လျူကွေ့ချန်သည် အနည်းဆုံး သူတော်စင်ဘုရင် ဒုတိယအဆင့် ဖြစ်ပေသည်။ သူတော်စင်ဘုရင် တတိယအဆင့်ပင် ဖြစ်နေနိုင်သေးသည်။ သို့တိုင် ထိုကဲ့သို့သော ပညာရှင် တစ်ယောက်သည် ထိုထူးဆန်းသော လူအိုကြီးရှေ့ သုံးနှစ်သား ကလေးတစ်ယောက်နှယ် ဖြစ်နေခဲ့၇သည်။

ဒီလူအိုကြီးရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်တောင် မြင့်လဲမသိဘူး ရန်ကိုင် စိတ်ပင် မကူးနိုင်တော့။

“အင်း၊ ဟုတ်တယ်။ ဒီလောက် ဧည့်သည့်တွေ အများကြီး ရောက်လာတယ်ဆိုတာကို တကယ်ကို ရှားပါးတဲ့ အဖြစ်အပျက်ပဲ။ မင်းတို့ လူတွေကို နေရာတစ်ခုခုရှာပြီး နေခိုင်းလိုက်တော့။ လူတွေအများကြီးသေရင် ဒီနေရာကြီးက ပိုပြီး ခြောက်ကပ်လာမှာ” လူအိုကြီးက ခဏလောက် စဉ်းစားပြီးနောက် ရုတ်တရက် ပြောလိုက်သည်။

ထိုစကားကို ကြားကြားချင်း လျူကွေ့ချန်နှင့် ရွှယ့်ရှီတို့ နှစ်ယောက်စလုံး ကြောင်သွားခဲ့သည်။ သို့သော် အလျင်အမြန်ပဲ ခေါင်းပြန်ညိတ်ပြလိုက်ပြီး “စီနီယာ ညွှန်ကြားတဲ့အတိုင်း လုပ်လိုက်ပါ့မယ်”

လူအိုကြီး၏ ခွန်အားကို မြင်တွေ့ပြီးနောက် မည်သူမှ သူ့အား ကလန်ကဆန် မလုပ်ရဲတော့။ လူအိုကြီးကိုသာ ဆန္ဒရှိလျှင် ဤနေရာတွင် ရှိနေသော လူအားလုံးကို အလွယ်လေး သတ်ပစ်နိုင်မှန်း သူတို့ သိနေပေသည် မဟုတ်လေလော။ လူအိုကြီးသည် သူတို့ စိတ်ကူးနိုင်သည်ထက် ပို၍ အားကောင်းသော လူတစ်ယောက် ဖြစ်သည်။

“သေသွားတဲ့လူတွေကို ဒီအတိုင်း ပစ်ထားလိုက်ရင်း နှမြောစရာကြီး။ သူတို့တွေကို ကောက်ထားလိုက်တာ ကောင်းမယ်” ပြောပြောဖြင့် လူအိုကြီးက သူ့လက်ကို ဝှေ့ရမ်း၍ အနက်ရောင် အလံတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ထိုအလံသည် အေးစက်စက်၊ မှုန်ထိုင်းထိုင်း အရှိန်အဝါကို ပေးစွမ်းနေသည်။ အလံ၏ မျက်နှာပြင်ထက်တွင် ရွစိရွစိ ဖြစ်နေသော သားရဲပုံရိပ်များကို မြင်တွေ့နေရသည်။ ထိုပုံရိပ် တစ်ခုချင်းစီတိုင်းသည် အလွန်တရာကိုမှ အားကောင်းလှသည့် ဝိဥာဉ်စိတ်ဝိဥာဉ်ခန္ဓာကိုယ်များ ဖြစ်ကြပေသည်။

ထိုအရာများသည် အလံထဲတွင် ချုပ်နှောင်ထားခံရပြီး အသိစိတ်မရှိတော့သည့် သွေးဆာရက်စက်ကြမ်းကြုတ်သော တစ္ဆေများ ဖြစ်ကြသည်။

အလံသည် လေထဲ တလူလူ လွင့်ပျံနေပြီး အလံဆီမှ စူးရှသည့် အော်ဟစ်သံ၊ မြည်ကြွေးသံတို့ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။

မကြာသေးခင်က သေဆုံးသွားပြီဖြစ်သော ကျင့်ကြံသူများ၏ နာမ်ဝိဥာဉ်များ ရုတ်တရက် ထွက်ပေါ်လာပြီး အလံထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ တစ်ခဏအတွင်း အနက်ရောင် အလံသည် သုံးဆယ်၊ လေးဆယ် မကသော နာမ်ဝိဥာဉ်များကို စုပ်ယူနိုင်ခဲ့သည်။

ထိုဝိဥာဉ်များ အလံထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ငြိမ်သက်နေသော ကန်ထဲသို့ ခဲတစ်လုံး ကျသွားသည်နှယ့်၊ အလံမျက်နှာပြင် လှိုင်းထန်လာခဲ့သည်။ အလံထဲတွင်ရှိနေသော တစ္ဆေများသည် အသစ်ရောက်ရှိလာသော နာမ်ဝိဥာည်များကို အရူးအမူး အလုအယူ စားသောက်ကြလေသည်။

တကျွတ်ကျွတ် ကိုက်ဝါးသံတို့ အဆက်မပြတ် ထွက်ပေါ်နေရာ အသက်ရှင်နေသေးသည့် လူအားလုံး ကြက်သီးမွှေးညင်း ထသွားရသည်။ မျက်တောင်တစ်ခတ်အတွင်း ခရမ်းကြယ်နှင့် ဓါးအဖွဲ့အစည်းမှ သေဆုံးသွားသော ကျင့်ကြံသူများ၏ နာမ်ဝိဥာဉ်များသည် ဘယ်သောအခါမှ မရှိခဲ့သည့်အလား အကြွင်းမဲ့ပျောက်ကွယ်သွားခဲ့သည်။

အနက်ရောင်အလံမှ ထုတ်လွှတ်နေသော မှုန်ထိုင်းထိုင်း အရှိန်အဝါမှာလည်း ပို၍ အားကောင်းလာခဲ့သည်။

“ပြဿနာ ရှာရဲတဲ့ကောင်၊ ဒါကို နမူနာကြည့်ထား” လူအိုကြီးက လူအုပ်ကြီးအား ရက်စက်သည့် အမူအရာဖြင့် ဝေ့ကြည့်လိုက်ပြီး အနက်ရောင်အလံကို ပြန်သိမ်းလိုက်သည်။

အကုန်လုံး သွေးဆုတ်ဖြူလျော်သွားကြပြီး မည်သူမှ ပြန်မပြောရဲခဲ့။ လူအိုကြီး၏ ရက်စက်သော နည်းလမ်းများနှင့် သူ့ခွန်အားကို မြင်ပြီးသွားပြီ ဖြစ်ရာ မည်သူကမှ ပြဿနာ ရှာရဲမည်နည်း။ သူတို့၏ ဝိဥာဉ်များ မိစ္ဆာစိတ်ဝိဥာဉ်များ၏ စားခံရခြင်းသည် သေသည်ထက်ပင် ပို၍ ဆိုးရွားပေသည်။

“နေရာရှာပြီး ကိုယ့်ဘာသာနေကြ။ အင်း၊ ငါမင်းတို့ကို ပြောထားလိုက်ဦးမယ်။ ဒီနေရာမှာ ဘာအန္တရာယ်မှမရှိဘူး။ အန္တရာယ်မရှိတဲ့အပြင် အဖိုးတန်တဲ့ အရင်းအမြစ်တွေလည်း အများကြီးရှိတယ်။ မိုးမြေစွမ်းအင်ဆိုရင်လည်း အရမ်း သိပ်သည်းတာ။ ဒီနေရာက ကျင့်ကြံဖို့ အကောင်းဆုံး နေရာတစ်ခုပဲ။ အဲ့တောင်ကို မြင်လား၊ အဲ့တောင်ရဲ့ မိုင်ငါးဆယ်ပတ်လည်က ဒီလူအိုကြီး နေတဲ့နေရာပဲ။ အဲ့နယ်နိမိတ်ကို ကျော်လာတဲ့အတိုင်း ဘာဖြစ်မယ် သိတယ်နော်…” လူအိုကြီးက မနီးမဝေးတွင် ရှိနေသော တောင်ကိုလက်ညိုးထိုးပြကာ ပြောလိုက်သည်။ ပြောပြီးသည်များကို ပြောပြီးနောက် ဘယ်သူမှ မသိလိုက်ခင်မှာဘဲ အားလုံးရှေ့မှ ပျောက်ကွယ်သွားခဲ့လေသည်။

သူထွက်သွားပြီးသည့်တိုင်၊ မည်သူမှ မလှုပ်ရှားရဲကြ။ အကုန်လုံးသည် နေရာတွင်သာ တောင့်တောင်ကြီး ရပ်နေကြသည်။ အချို့ဆိုလျှင် တံတွေး တစ်လုပ်ပြီး တစ်လုပ်ပင် မျိုချနေကြသည်။

လျူကွေ့ချန်နှင့် ရွှယ့်ရှီတို့ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ယောက်စလုံး ဆွံ့အနေကြ၏။

မကြာမီ နှစ်ယောက်စလုံး ထိုင်ချလိုက်ပြီး ကုသရေး ဆေးလုံးများနှင့် သူတော်စင် သလင်းကျောက်များကို ထုတ်ယူ၍ သူတို့၏ ဒဏ်ရာများကို ပြန်လည် ကုသတော့လေသည်။

တစ်နာရီကြာပြီးနောက် နှစ်ယောက်စလုံး မတ်တရပ်လိုက်သည်။

သူတို့၏ ဂိုဏ်းခေါင်းဆောင်အသီးသီး မတ်တပ်ရပ်သည်ကို မြင်သည့်အခါမှပဲ ခရမ်းကြယ်နှင့် ဓါးအဖွဲ့အစည်းမှ အသက်ရှင် ကျန်ရစ်သော ကျင့်ကြံသူအားလုံး သက်ပြင်းချလိုက်နိုင်ကြသည်။

“ရန်ကိုင်၊ ရန်ကိုင်…” သူ့နာမည် ခေါ်သံကြားသဖြင့် ခေါင်းပြူကြည့်လိုက်ရာ အနည်းငယ် ဖြူဖတ်ဖြူလျော် ဖြစ်နေသော ဟဲမြောင်က သူ့အား လက်ယပ်ခေါ်နေသည်ကို တွေ့လိုက်ရသည်။

ရန်ကိုင်လည်း ပုန်းနေရာမှ ထွက်လာပြီး သူတို့ဆီ လမ်းလျှောက်သွားလိုက်သည်။

မီတာဒါဇင်ကျော် အကွာတွင် ရှိနေသော ပီယသည် ရန်ကိုင်အား ခါးခါးသီးသီး မုန်းတီးသည့် အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။ သို့သော် ရန်ကိုင်အား သွားပြဿနာ မရှာရဲချေ။

လူအိုကြီးက ပြောထားပြီးသည်ပင်။ ပြဿနာရှာသည့်လူတိုင်း သူတို့၏ နာမ်ဝိဥာဉ်ကို သူ့အနက်ရောင်အလံဆီ ကျွေးပစ်ခံရမည်။ ထို့ကြောင့် ပီယလည်း လူအိုကြီအား ဒေါသထွက်စေမည့် မည်သည့် အရာကိုမှမလုပ်ရဲချေ။

“ကျေးဇူးပဲ” ဟဲမြောင်နှင့်ဟဲကျောင်တို့ရှေ့ ရောက်သည်နှင့် ရန်ကိုင်က ကျေးဇူးတင်စကား ဆိုလိုက်သည်။

အစောပိုင်းက ထိုညီအစ်မနှစ်ယောက်သည်သာ ပီယအား အချိန်ဆွဲထားပေးသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်လည်း ထွက်ပြေးခွင့်ရမည်မဟုတ်ဘဲ ထူးဆန်းသော လူအိုကြီး ထွက်ပေါ်လာသည်နှင့် ပုန်းနေနိုင်လိမ့်မည် မဟုတ်ချေ။

“မလိုပါဘူး” ဟဲကျောင်က ခေါင်းခါရမ်း၍ “ငါတို့လည်း နင့်အပေါ် အကြွေးတင်နေတာပဲ”

“အဲ့လူအိုကြီးက ဘယ်သူလဲ။ သူ့ကြောင့် ငါ့မှာ ကြောက်လိုက်ရတာ လိပ်ပြာလွင့်မတတ်ပဲ” ဟဲမြောင်က သူမ၏ နို့နှစ်ရောင်ရင်အုံကို လက်ဖြင့် တဖွဖွပုတ်လျက် ပြောလိုက်သည်။ ယခုထိတိုင် သူမရင်ထဲ အကြောက်မပြယ်သေးပါချေ။

“ဆရာသိလောက်တယ်” ဟဲလျောင်က ရွှယ့်ရှီဆိုသော လှပသည့် အမျိုးသမီးကို လှမ်းကြည့်၍ ပြောလိုက်သည် “ဘာပဲဖြစ်ဖြစ်၊ သူက သတိပေးပြီးမှတော့ ခရမ်းကြယ်က လူတွေလည်း နင့်ကို လာပြဿနာ မရှာရဲလောက်ဘူး။ အခုလောလောဆယ် ငါတို့ လုံခြုံနေပြီလို့ ပြောလို့ရတယ်။ ရန်ကိုင်၊ နင့်စွမ်းအား ချိတ်ပိတ်ထားခံရတာလား”

“အင်း။ ဟိုခွေးကောင် လျူကွေ့ချန် လုပ်သွားတာလေ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

“ငါနဲ့လိုက်ခဲ့။ ငါ့ဆရာဆီ သွားအကူအညီ တောင်းပေးမယ်”

“အဲ့လိုဆိုရင် နင်တို့နှစ်ယောက်ကို ဒုက္ခပေးရတော့မှာပဲ” ရန်ကိုင်၏ အမူအရာ တောက်ပသွားခဲ့သည်။

“ယဉ်ကျေးနေစရာ မလိုဘူး” ဟဲမြောင်က ပြုံး၍ ပြန်ပြောသည် “အရင်တုန်းက နင်သာ ငါတို့ကို မကူညီခဲ့ရင် ငါတို့လည်း ဆရာလာကယ်တဲ့အထိ စောင့်နေနိုင်မှာ မဟုတ်ဘူး။ ငါတို့ နင့်အပေါ် အသက်ကြွေးတင်နေခဲ့တာ”

“ကိစ္စလေးပဲဟာကို” ရန်ကိုင် ခေါင်းညိတ်ရုံလေး ညိတ်လိုက်သည်။ ဖော်ဖော်ရွေရွေလည်း မပြုမူသလို အေးစက်စက်လည်း မပြုမူချေ။ ဖြတ်သွားဖြတ်လာ လူတစ်ယောက် လမ်းကြုံသဖြင့် ကူသွားပေးသည့် လူတစ်ယောက်ဟန်သာ လုပ်ပြခဲ့သည်။

ဟဲကျောင်နှင့် ဟဲမြောင်တို့နောက်မှ လိုက်သွားခဲ့ရာ မကြာမီ ရင့်ကျက်သော အလှပိုင်ရှင် ရွှယ့်ရှီရှေ့သို့ ရောက်လာခဲ့သည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း (၁၀၀၀)

ဓါးအဖွဲ့အစည်းမှ ရွှယ့်ရှီသည် မို့မောက်သောရင်အစုံ၊ သွယ်လျသောခါးနှင့် အချိုးအစားညီညွှတ်လှသော ခြေတံရှည်များကို ပိုင်ဆိုင်ထားသည့် သက်လတ်ပိုင်း အလှရှင် တစ်ယောက် ဖြစ်ပါသည်။ ဝတ်ဆင်ထားသည့် အဖြူရောင် အဝတ်အစားသည် သူမ ခန္ဓာကိုယ်နှင့် လိုက်ဖက်လှပြီး ညာဘက်ရင်ဘတ်အပေါ်နားတွင် တစ်မူထူးခြားသော ဓါးအမှတ်အသား တံဆိပ်ကို တပ်ဆင်ထားသည်။

ဟဲကျောင်နှင့် ဟဲမြောင်ဆိုသော ညီအစ်မနှစ်ယောက်သည် ရန်ကိုင်ကိုခေါ်၍ သူမအား လေးလေးစားစားဖြင့် နှုတ်ဆက်လိုက်သည်။

ရွှယ့်ရှီ၏ မျက်နှာသည် ဖြူလျော်နေသေးသည်။ သူမ၏ အဝတ်အစား ဖြူဖြူထက်တွင် သွေးးစွန်းရာများ ရှိနေခဲ့သည်။ ညီအစ်မနှစ်ယောက်၏ နှုတ်ဆက်သံကို ကြားသော အသာအယာ ခေါင်းပြန်ညိတ်ပြလိုက်ပြီးနောက် ရန်ကိုင်အား သင်္ကာမကင်း အမူအရာဖြင့် ကြည့်လိုက်လေသည်။ ထို့နောက် ညီအစ်မ နှစ်ယောက်ဆီ ပြန်လှည့်၍ မေးလိုက်သည် “ခရမ်းကြယ်က လူကို ဘာလို့ ဒီကို ခေါ်လာခဲ့တာလဲ”

ရွှယ့်ရှီသည် ရန်ကိုင်နှင့် တစ်ခါမှ မတွေ့ဖူးချေ။ ထို့ကြောင့် ရန်ကိုင်ကို ခရမ်းကြယ်အဖွဲ့မှ ကျင့်ကြံသူဟု ထင်နေခြင်းဖြစ်သည်။

“ဆရာ၊ သူက ခရမ်းကြယ်ကလူမဟုတ်ဘူး” ဟဲမြောင်က ရှေ့သို့တိုးသွားပြီး ရွှယ့်ရှီ၏ လက်မောင်းကိုကိုင်လျက် ရန်ကိုင်အား အပြုံးဖြင့် ပြန်ကြည့်ကာ ပြောလိုက်သည် “သူက သေခြင်းတရား ချောက်နက်မှာတုန်းက ကျွန်မနဲ့ အစ်မကြီးကို သခင်းကျောက်နဲ့ ဆေးလုံးတွေ ပေးခဲ့တဲ့လူပဲ။ သူ့နာမည်က ရန်ကိုင်တဲ့”

“သူလား” ရွှယ့်လီ၏ မျက်ခုံးလေး ပင့်တက်သွားသည်။ အံ့လည်း အံ့အားသင့်နေသည့်ပုံပင်။

ဟဲမြောင်နှင့် ဟဲကျောင်ကို သေခြင်းတရားချောက်နက်ထဲတွင် တွေ့ခဲ့စဉ်က ညီအစ်မနှစ်ယောက် သူမတို့၏ ခါးသီးလှသော အတွေ့အကြုံကို သူမအား ပြန်ပြောခဲ့သည်။ ရန်ကိုင်သာ ထိုညီအစ်မနှစ်ယောက်ကို အကူအညီ မပေးခဲ့လျှင် သူမတို့ နှစ်ယောက်စလုံး သူတို့ လာသည်အထိ တောင့်ခံနိုင်ပါ့မလား မသေချာချေ။

သို့သော်လည်း ရန်ကိုင်၏ ဇာတ်မြစ်နှင့် ပက်သက်၍ သူမစိတ်ထဲ သင်္ကာမကင်း ဖြစ်နေမိသည်။

သူတော်စင်ပထမအဆင့် တစ်ယောက်သည် သေခြင်းတရား ချောက်နက်ထဲ အကြောင်းအရင်းမရှိ ဘာကြောင့် လာရမည်နည်း။ သူတကယ်ပဲ ထိုမျှရဲတင်းသည်လား။

စိတ်ထဲတွင်သာ တွေးနေခြင်းဖြစ်သည်။ မျက်နှာထက် မပေါ်လွင်စေခဲ့။ အသာအယာသာ ပြန်၍ ပြောလိုက်သည် “ကောင်လေး၊ ငါ့တပည့်နှစ်ယောက်ကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးပါပဲ”

“စီနီယာက အရမ်း ယဉ်ကျေးနေတာပဲ” ရန်ကိုင်က ခေါင်းယဲ့ယဲ့လေး ညိတ်လိုက်ပြီး “ကျုပ်ဘက် ဘာမှ အားစိုက်လိုက်ရတာ မရှိပါဘူး”

“အင်း။ အရင်တုန်းက ဟဲကျောင်နဲ့ ဟဲမြောင်ကို အကူအညီ အချို့ ပေးခဲ့တယ်လို့ ငါကြားတယ်။ ဒီတော့ ကျေးဇူးတင်တဲ့ အနေနဲ့ ငါနင့်ကို သူတော်စင်သလင်းကျောက် အတုံးတစ်ထောင် ပြန်ပေးမယ်” ရွှယ့်ရှီက အနားရှိ တပည့်တစ်ယောက်ကို အချက်ပြလိုက်သည်။ ထိုကျင့်ကြံသူက ရန်ကိုင်နား ရောက်လာပြီး သူ့အား တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် မေးလိုက်သည် “ရောင်းရင်း၊ မင်းရဲ့ သိုလှောင်လက်စွပ်ကော”

ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီး ချက်ချင်းပဲ ခေါင်းခါလျက် ပြန်ပြောလိုက်လေသည် “ကျုပ်မှာ သိုလှောင်လက်စွပ် မရှိဘူး”

ထိုကျင့်ကြံသူက ရွှယ့်ရှီအား ကိုးယိုးကားယား အမူအရာဖြင့် ပြန်လှည့်ကြည့်လိုက်သည်။ ရန်ကိုင်တွင် သိုလှောင်လက်စွပ် မရှိလျှင် သူတော်စင်သလင်းကျောက် အတုံးတစ်ထောင်ကို သူမည်သို့ ပေးရမည်နည်း။

ရွှယ့်ရှီက မျက်မှောင်ကြုံ၍ ပြောလိုက်သည် “သူ့ကို နင့်သိုလှောင်လက်စွပ်ပေးလိုက်။ ဘာပဲဖြစ်ဖြစ် နင့်လက်စွပ်တွေက အရမ်းကြီး ဈေးကြီးတာမှ မဟုတ်တာ”

“ဟုတ်ကဲ့ပါ” ထိုကျင့်ကြံသူက ခေါင်းညိတ်ချင်ညိတ်ချင်ဖြင့် ခေါင်းညိတ်လိုက်ပြီး သူ့သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းအားလုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် သူ့မိတ်ဆွေ တစ်ယောက်ဆီသို့ အပ်ထားလိုက်သည်။ ခဏအကြာ၌ သိုလှောင်လက်စွပ် တစ်ကွင်းဖြင့် ပြန်ရောက်လာပြီး ထိုသိုလှောင်လက်စွပ်ကို ရန်ကိုင်ဆီ ပေးကာ ပြောလိုက်သည် “ဒီထဲမှာ သူတော်စင် သလင်းကျောက် အတုံးတစ်ထောင်ရှိတယ်။ ရေကြည့်လိုက်”

“ကျုပ်ဒီကို ဆုလိုချင်လို့ ရောက်လာတာမဟုတ်ဘူး” ရန်ကိုင် အမူအရာ ထူးဆန်းသွားသည်။ ရွှယ့်ရှီ သူဤနေရာတွင် တောက်တက်ကပ်သလို ကပ်တွယ်နေမည်ကို ကြောက်သည့်နှယ် သူ့အား ဤနေရာမှ မြန်မြန် မောင်းထုတ်ချင်နေသည်ကို ရန်ကိုင် သတိပြုမိသည်။

ဘာကြောင့်မှန်းတော့ သူမသိ။

“ဒါဆို နင်ဘာလိုချင်တာလဲ” ရွှယ့်ရှီ မျက်မှောင်ကြုံ့သွား၏။ သူမ မျက်နှာထက် မကျေနပ်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်အား သူတော်စင်လက်စွပ် ပေးခဲ့သော ကျင့်ကြံသူက ပြုံး၍ တွန်းအားပေးလိုက်သည် “သူတော်စင်သလင်းကျောက် အတုံးတစ်ထောင်ဆိုတာ နည်းတာ မဟုတ်ဘူးနော်။ ပြီးတော့ ငါ့သိုလှောင်လက်စွပ်ကိုလည်း ပေးထားသေးတယ်။ ဒီလောက်နဲ့ ကျေနပ်သင့်ပြီ မဟုတ်ဘူးလား”

“ငါဒီကို ဆုလိုချင်လို့ လာတာ မဟုတ်ဘူးလို့ ပြောပြီးသွားပြီလေ” ရန်ကိုင်လည်း မျက်မှောင်ကြုံ့သွားလေပြီ။ တစ်ဖက်လူသည် သူအကြံတစ်ခုခုဖြင့် ရောက်လာပြီး ညီအစ်မနှစ်ယောက်အပေါ် ကူညီပေးခဲ့သည်ကို အကြောင်းပြ၍ သူတို့နှင့် နီးကပ်အောင် လုပ်ချင်နေသည်ဟု ရွှယ့်ရှီ ထင်နေမှန်း ရန်ကိုင် ရုတ်တရက် နားလည်သွားသည်။

ထိုအရာသည် သူ့အား တကယ့်ကို စိတ်ပျက်သွားစေသည်။

“ဆရာ၊ အခုကိစ္စက ဒီလိုပါ” ဟဲကျောင်က လမ်းလျှောက်သွားပြီး ရှင်းပြလိုက်သည် “လျူကွေ့ချန်က သူ့ကျင့်ကြံခြင်းကို ချိတ်ပိတ်ထားလို့ သူ့ခွန်အား နည်းနည်းမှကို သုံးလို့မရဘူး ဖြစ်နေလို့ ဆရာဆီ လာအကူအညီတောင်းတာ”

“နင့်ခွန်အားကို မသုံးနိုင်ဘူးလား” ရွှယ့်ရှီက ရန်ကိုင်အား အံ့အားသင့်နေသည့် အမူအရာဖြင့် ကြည့်လိုက်ပြီး သူမ၏ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ စစ်ဆေးပြီးနောက် ဟဲကျောင် ပြောသကဲ့သို့ ရန်ကိုင်၏ ကျင့်ကြံခြင်း ချိတ်ပိတ်ခံထားရသည်ကို တွေ့လိုက်ရလေသည်။ ထို့နောက် ခေါင်းညိတ်လိုက်ကာ “ငါတစ်ချက် ကြည့်ကြည့်မယ်”

ပြောပြီးသည်နှင့် သူမလက်ကို ရန်ကိုင်ဆီ ဆန့်ထုတ်လိုက်သည်။

ရန်ကိုင် မလှုပ်ခဲ့ချေ။ တစ်ဖက်လူ သူ့အပေါ် နားလည်မှု လွဲနေခြင်းသည် သူ့အား စိတ်ညစ်သွားစေမိသည်မှာ အမှန် ဖြစ်သော်ငြား လောလောဆယ် အရေးအကြီးဆုံးသည် သူ့ကျင့်ကြံခြင်းကို ချိတ်ပိတ်ထားသော ချိတ်တံဆိပ်ကို ဖြေရန် ဖြစ်ပေသည်။

ထို့ကြောင့်ပဲ လိုလိုလားလားနှင့် ပူးပေါင်းပေးခြင်းဖြစ်သည်။

ရွှယ့်ရှီသည် ရန်ကိုင်နဖူးကာ သူမလက်ညိုးဖြင့် ညွှန်လိုက်သည်။ စွမ်းအင်စီးကြောင်းတစ်ခုသည် ထိုလက်ညိုးမှ တစ်ဆင့် ရန်ကိုင်နဖူးထဲသို့ စီးဝင်သွားလေသည်။

ဘာကြောင့်မသိသော်ငြား၊ သူ့တစ်ကိုယ်လုံး သက်သောင့်သာ ဖြစ်သွားသလို ခံစားလိုက်ရသည်။ ထိုစွမ်းအင်စီးကြောင်း ဖြတ်သန်းသွားသည့် နေရာတိုင်း အရမ်းကိုမှ သက်သောင့်သက်သာ ရှိသလို ရန်ကိုင် ခံစားရသည်။

သို့သော်လည်း တည်ငြိမ်သွားသော ရန်ကိုင်၏ အမူအရာသည် တစ်မုဟုတ်ချည်း အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ မိုးကြိုးပစ်ချခံလိုက်ရသည့်နှယ် သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီသွားပြီး ရွှယ့်ရှီ၏ လက်ညိုးဆီမှ ချက်ချင်း တိမ်းရှောင်၍ အမြန်နောက်ဆုတ်လိုက်သည်။

ထိုမိန်းမသည်… သူမ၏ ခွန်အားကို သူ့ကိုယ်ထဲသို့ ပို့လွှတ်နေစဉ် အတောအတွင်း သူမ၏ ကောင်းကင်စိတ်အာရုံကို သုံး၍ သူ၏ အသိစိတ်ပင်လယ် အတားအဆီးကို ချိုးဖျက်ရန် ကြိုးစားခဲ့သည်။

သူသာ မြန်မြန် မလှုပ်ရှားခဲ့လျှင် သူ့အသိစိတ်ပင်လယ် အတားအဆီး ကျိုးပျက်သွားရပြီး သူ့လျှို့ဝှက်ချက်အားလုံး ထုတ်ဖော်ခံလိုက်ရပေလိမ့်မည်။

သူ့အသိစိတ်ပင်လယ်ထဲတွင် ခြောက်ရောင်ခြယ် ဝိဥာဉ်ကြာပန်း၊ တေဇောဓါတ်အသိစိတ်ပင်လယ်နှင့် သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးတို့ ရှိနေခဲ့သည်။ ပုံမှန်အား ထိုအရာအားလုံးကို ဘယ်သူမှ မမြင်အောင် ဖုံးကွယ်ထားနိုင်သည်။ သို့သော် တစ်ယောက်ယောက် သူ့အသိစိတ်ပင်လယ်ထဲသို့ ချိုးဖျက်၊ ဝင်ရောက်လာမည် ဆိုပါက ထို့လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားနိုင်တော့မည် မဟုတ်ချေ။

ရွှယ့်ရှီ ဘာကြောင့် ထိုကဲ့သို့ လုပါစေ၊ သူမ၏ အပြုအမူသည် ရန်ကိုင် သည်းခံနိုင်သည့် အတိုင်းအတာကို ကျော်လွန်သွားသည်။

ထို့ကြောင့် ချက်ချင်းပဲ လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

ရွှယ့်ရှီ၏ မျက်နှာထက် အံ့အားသင့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။ သူမ၏ တိတ်တဆိတ် စူးစမ်းမှုကို ရန်ကိုင် သိသွားလိမ့်မည်ဟု ရွှယ့်ရှီ မထင်ထားခဲ့ချေ။

“ရန်ကိုင်၊ နင်ဘာဖြစ်တာလဲ” ရန်ကိုင် အမူအရာ ပြောင်းလဲသွားသည်ကို မြင်သော် ဟဲမြောင်က အလျင်စလို မေးလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ စီနီယာရဲ့ ကျင့်ကြံခြင်းက အရမ်းမြင့်တော့ သူ့စွမ်းအားကို ငါ့ခန္ဓာကိုယ်က မတောင့်ခံနိုင် ဖြစ်သွားတာ” ရန်ကိုင်က ဖြစ်သလိုသာ ရှင်းပြလိုက်သည်။ အမှန်းအတိုင်း သူမပြောခဲ့။ ပြောလျှင်လည်း အကြောင်းထူးမည် မဟုတ်မှန်း သူသိသည်။

ရွှယ့်ရှီ ကြောင်သွားခဲ့ပြီး ချက်ချင်း ပြုံးလျက် “ငါသတိမထားလိုက်လို့ နင့်ခန္ဓာကိုယ်ကို ထိခိုက်သွားစေမိတယ်နဲ့ တူတယ်”

“ဆရာ၊ သူ့ခန္ဓာကိုယ်က ချိတ်တံဆိပ်ကို ဖျက်စီးလို့ရလား” ဟဲကျောင်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

ရွှယ့်ရှီက ခေါင်းခါလိုက်ပြီး ခါးသက်သက် အမူအရာဖြင့် ပြန်ပြောလိုက်သည် “အရင်တုန်းကဆိုရင်တော့ အဲ့ချိတ်တံဆိပ်ကို အလွယ်တကူ ဖျက်စီးပစ်လို့ရတယ်။ ဒါပေမယ့် ခုဏတုန်းက ဟိုလူအိုကြီးကြောင့် ဒဏ်ရာရထားကြောင့် အခုလောလောဆယ် သူ့ခန္ဓာကိုယ်ထဲက ချိတ်တံဆိပ်ကို ငါဘာ လုပ်ပေးနိုင်ဦးမှာ မဟုတ်သေးဘူး”

ဟဲကျောင်နှင့် ဟဲမြောင်တို့ နှစ်ယောက်စလုံး စိတ်ပျက်သွားကြပြီး နှစ်ယောက်စလုံး ရန်ကိုင်အား တောင်းတောင်းပန်ပန်ဖြင့် ကြည့်လိုက်ကြသည်။

“မဖယ်ပေးနိုင်လည်း ကိစ္စမရှိဘူး” ရန်ကိုင်က စိတ်ပျက်ခြင်း အရှင်းမရှိသည့် အမူအရာဖြင့် ပြောလိုက်သည်။ ထို့နောက် အနားရှိ ကျင့်ကြံသူလက်ထဲရှိ သိုလှောင်လက်စွပ်ကို လှမ်းယူလိုက်ပြီး လက်သီးဆုပ်၍ “ဘာပဲဖြစ်ဖြစ် စီနီယာရဲ့ စေတနာနဲ့ လက်ဆောင်အတွက် ကျေးဇူးအများကြီးတင်ပါတယ်”

ပြောပြီးသည်နှင့် ချက်ချင်း လှည့်ထွက်သွားလေသည်။

“ရန်ကိုင်၊ ဘာလို့ ဒီလောက် အလျင်လိုနေတာလဲ။ ဆရာက ရက်အနည်းငယ်အတွင်း ပြန်ကောင်းလာမှာ။ အဲ့အခါကျ နင့်ကို ကူညီပေးလို့ရပြီလေ” သူမဆရာအကြောင်း မသိရှာသော ဟဲမြောင်က လှမ်းအော်ပြောလိုက်သည်။ သို့သော် ပြန်ပြောသံ မကြားခဲ့ရရာ မျက်မှောင်ကြုံ့၍ “သူ့ကြည့်ရတာ ဒေါသ ထွက်နေသလိုပဲ”

“ဒီကောင်လေးက သံသယဝင်စရာကောင်းတယ်” ရွှယ့်ရှီဘေးတွင် ရှိနေသော ကျင့်ကြံသူက ရန်ကိုင်၏ တဖြည်းဖြည်း ဝေးသွားသော ကျောပြင်ကို ကြည့်ရင်း “ဂျူနီယာညီမ နှစ်ယောက် ပြောသဆိုလို သူက သေခြင်းတရားချောက်နက်ထဲမှာ လျှောက်သွားနေတာ ဖြစ်ရမယ်။ ဒါဆိုရင် ဘယ်လိုလုပ်ပြီး ခရမ်းကြယ်က လူတွေနဲ့ အတူရှိနေရတာလဲ။ သူဒီမှာ ပေါ်လာတယ် ဆိုကတည်းက ခရမ်းကြယ်သင်္ဘောထဲမှာ ရှိနေလို့ပဲ ဖြစ်ရမယ်။ ပြီးတော့ သူက သူတော်စင်ပထမအဆင့်ပဲ ရှိသေးတာလေ။ လျူကွေ့ချန်က သူ့ကျင့်ကြံခြင်းကို ဘာလို့ ချိတ်ပိတ်ထားတာလဲ”

“ရှင်ဘာပြောချင်နေတာလဲ” ဟဲကျောင်က ထိုလူဆီ ကြည့်လိုက်သည်။

ထိုကျင့်ကြံသူက ပြုံး၍ ပြောလိုက်သည် “ဂျူနီယာညီမတို့ သူ့လှည့်စားတာခံရတာကော မဖြစ်နိုင်ဘူးလား။ သူက အစကတည်းက ခရမ်းကြယ်ကလူဖြစ်ပြီးတော့ ဂျူနီယာညီမတို့ နှစ်ယောက်နဲ့ သေခြင်းတရားချောက်နက်ထဲမှ တွေ့ချင်ယောင် ဆောင်ခဲ့တာလည်း ဖြစ်နိုင်တာပဲလေ။ သူနဲ့ နှစ်ကြိမ်တောင် တွေ့ခဲ့တယ်လို့ ပြောတယ်မလား”

“ဘာဖြစ်လို့လ” ဟဲကျောင် မျက်မှောင်ကြုံ့သွားခဲ့သည်။

“ဘာမှမဟုတ်ဘူး။ ဂျူနီယာညီမလေး ဒေါသမထွက်သင့်ဘူး။ ငါက ဖြစ်နိုင်ချေကိုပဲ ပြောနေတာ။ နင်တို့ နှစ်ယောက်စလုံးက ဆရာ့နားမှာပဲ လေ့ကျင့်နေတော့ အပြင်လောကကြီးအကြောင်း သိပ်မသိသေးဘူး။ အပြင်လောကကြီးက နင်တို့ ထင်တာထက် ပို၍ ရက်စက်ကြမ်းကြုတ်တယ်” ထိုလူက အပြုံးဖြင့် ရှင်းပြလိုက်သည်။

“အစ်မကြီး၊ သူက တကယ်ပဲ ခရမ်းကြယ်ကလူလား” သူမတို့၏ စီနီယာအစ်ကိုမှ ထိုကဲ့သို့ ပြောနေသည်ကိုကြားသော် ဟဲမြောင် ရန်ကိုင်အား သံသယ ဝင်လာခဲ့သည်။

“မဖြစ်နိုင်လော်ဘူး” ဟဲကျောင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ သူမတို့ ညီအစ်မနှစ်ယောက် ရန်ကိုင်နှင့် နှစ်ကြိမ်တိုင်တိုင် တွေ့ခဲ့သည်။ နှစ်ကြိမ်စလုံး သူမတို့ ဘာကြောင့် ထွက်ပြေးလာရသလဲဆိုသည်ကို မမေးခဲ့ဘဲ ဒုတိယကြိမ်၌ သူမတို့အား သလင်းကျောက်အချို့နှင့် ဆေးလုံးများပင် ပေးသွားခဲ့သည်။

သူသာ ခရမ်းကြယ်မှ ကျင့်ကြံသူဆိုပါက ထိုကဲ့သို့ လုပ်နေစရာမလိုချေ။ လျူကွေ့ချန်ဆီ သတင်းပို့လိုက်ရုံပင်။ သူသာထိုကဲ့သို့ လုပ်လိုက်ပါက သူမတို့ ညီအစ်မနှစ်ယောက်စလုံး ရွှယ့်ရှီ ရောက်မလာခင် အဖမ်းခံရပေလိမ့်မည်။

ထို့ကြောင့် သူမ စီနီယာအစ်ကို၏ ခန်းမှန်းချက်ကို မယုံကြည်ခြင်း ဖြစ်သည်။

“သတိဆိုတာပိုတယ်မရှိဘူး” ရွှယ့်ရှီက ပြောလိုက်သည်။

“ဆရာ…” ဟဲကျောင်က သူမဆရာအား ထူးထူးဆန်းဆန်း အမူအရာဖြင့် ကြည့်လိုက်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်သည်။

“နင်ဘာပြောချင်တာလဲ”

“ဘာမှမဟုတ်တော့ပါဘူး။ ဆရာ အရင်နားတော့လေ” ဟဲကျောင်က သူမ ပြောမည့်စကားများကို ပြန်မျိုချလိုက်သည်။

သူမဆရာ ရန်ကိုင်ကိုယ်ထဲရှိ ချိတ်တံဆိပ်အား မဖယ်ရှားပေးနိုင်သည်မှာ အမှန်တကယ် ဟုတ်၊မဟုတ် မေးလိုခြင်းဖြစ်သည်။ သို့သော် နောက်ဆုံး မေးမထွက်ခဲ့ချေ။

အထီးကျန်အဖော်မဲ့နေသည့် ရန်ကိုင်ကို ကြည့်ရင် ဟဲကျောင်နှလုံးသားထဲ ခါးသက်သွားရသည်။

ရှင်းရှင်းပြောရလျှင် ရန်ကိုင်သည် သူမတို့ ညီအစ်မ နှစ်ယောက်စလုံး၏ အသက်ကို ကယ်ခဲ့သည်။ သူမတို့ ညီအစ်မနှစ်ယောက်၏ အသက်သည် သိုလှောင်လက်စွပ် တစ်ကွင်းနှင့် သူတော်စင်သလင်းကျောက် တစ်ထောင်သာ ထိုက်တန်သလော။

သက်ပြင်းယဲ့ယဲ့လေးချလျက် ဟဲကျောင်က သူမ၏ ညီမလေးကို မျက်လံးမှိတ်ပြလိုက်သည်။ ထို့နောက် နှစ်ယောက်စလုံး တိတ်တိတ်လေး ထွက်သွားကြလေသည်။

ညီအစ်မနှစ်ယောက် ထွက်သွားပြီးနောက် တင်ပလင်ခွေ ထိုင်နေသော ရွှယ့်ရှီ မျက်လုံးပြန်ပွင့်လာခဲ့ပြီး သူ့မဘေးနာရှိ ကျင့်ကြံသူကို ပြောလိုက်သည် “ဝေဝူ၊ အဲ့လူငယ်လေးကို သတိထားစောင့်ကြည့်ထား။ ဟဲကျောင်နဲ့ ဟဲမြောင်ကို သူ့နား သိပ်မကပ်စေနဲ့”

ဝူဝေ မျက်လုံးများ ဝင်းလက်သွားပြီး ခပ်မြန်မြန်ပဲ လက်သီးဆုပ်လိုက်သည်။

ရွှယ့်ရှီ၏ မျက်လုံးများ လက်သွားခဲ့ပြီး တိုးတိုးလေး ရေရွတ်လိုက်သည် “အဲ့ကောင် ဘာတွေများ ဝှက်ထားတာလဲ”

သူမ၏ ကောင်းကင်စိတ်အာရုံသည် ရန်ကိုင်၏ အသိစိတ် ပင်လယ် အတားအဆီးကို သွားတိုက်ခိုက်ခဲ့သည်။ ထိုကဲ့သို့ တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ထိတ်လန့်ဖွယ်ရာ ကြောက်ရွံ့မှုကို သူမ ခံစားလိုက်ရသည်။ သို့သော်လည်း ရန်ကိုင်၏ လျင်မြန်သော တုန့်ပြန်မှုကြောင့် မည်သည့် အကြောင်းအရာကိုမှ သူမ မသိခဲ့ရချေ။ ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲ မည်သို့သော လျှို့ဝှက်ချက်များ ရှိနေသလဲ ဆိုသည်ကို သူမသိချင်မိသည်။

သို့သော်လည်း ရန်ကိုင်၏ ဇာတ်မြစ်သည် ပို၍ စိုးရိမ်စရာ ကောင်းပေသည်။ ထို့ကြောင့် သူမတပည့်နှစ်ယောက် လှည့်စားမခံရစေရန်အတွက် ရွှယ့်ရှီသည် သတိကြီးကြီးထား၍ လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

သူမ တပည့်နှစ်ယောက်၏ အကြောင်းကို ရွှယ့်ရှီ ကောင်းကောင်းသိပေသည်။ ထိုနှစ်ယောက်သည် ကြင်နာ၊ ပွင့်လင်းပြီး ဖြောင့်မတ်သည့် လူများဖြစ်ကြသည်။

ထိုလူငယ်လေးသည် သူတို့နှစ်ယောက်၏ အသက်ကို ကယ်ခဲ့သည်။ ထို့ကြောင့် ထိုလူငယ်လေးအား ထိုအသက်ကြွေး ပြန်ပေးရန် ကျိန်းသေ စဉ်းစားနေကြလိမ့်မည်။ သူမသာ ဤကိစ္စကို ကောင်းကောင်း မကိုင်တွယ်ပါက ပြဿနာ တက်သွားနိုင်သည်။

ဓါးအဖွဲ့အစည်းမှ ခပ်ဝေးဝေး နေရာသို့ ရောက်လာပြီးနောက် ဆိတ်ညိမ်သည့် နေရာတစ်ခုကို ရှာထိုင်လိုက်သည်။ ရွှယ့်ရှီနား မကပ်မိအောင် နေနိုင်လျှင် အကောင်းဆုံး ဖြစ်မည်ဟု ရန်ကိုင် တွေးနေခဲ့သည်။ ခရမ်းကြယ်ကျင့်ကြံသူများသည် သူ့အား ပြဿနာ မရှာရဲတော့လေရာ လောလောဆယ် သူ့အတွက် မည်သည့် ပြဿနာမှာ မရှိသေးချေ။

သူ့တစ်ကိုယ်လုံး ဖြေလျှော့လိုက်သည့်အခါ ဤနေရာတွင် မိုးမြေစွမ်းအင် မည်မျှ ကြွယ်ဝသိပ်သည်းကြောင်းကို သတိပြုမိလိုက်သည်။ သူတော်စင်ချီနှင့် ကျင့်စဉ်ကို မလှည့်ပတ်နိုင်သော်လည်း မိုမြေစွမ်းအင်များသည် သူ့ကိုယ်ထဲသို့ အလိုလို စီးဝင်နေခဲ့သည်။ ထိုစွမ်းအင်များသည် သူ့အသွေးအသားနှင့် ပေါင်းစပ်သွားခဲ့လေရာ သူ့တစ်ကိုယ်လုံး အလွန်ကိုမှ လန်းဆန်းသွားခဲ့ရသည်။

All Chapters