အခန်း (၉၀၁-၉၀၅)
Vol. 37 Ch. 901-905
အပိုင်း (၉၀၁) မြေကမ္ဘာနွားသိုး
လီရုန်က မျက်မှောင်ကြုံ့လျက် ပြန်မေးလိုက်သည် “ဘယ်လို နတ်ဆိုးစကားလုံးတွေလဲ”
“ဒီလိုမျိုး…” ပြောပြောဖြင့် စီနီယာကြီးက သူမြင်ခဲ့သော စကားလုံးများကို စားပွဲပေါ်တွင် ချရေးပြလိုက်သည်။
မကြာမှီ ရှုပ်ထွေးပြီး နက်နဲသော စကားလုံးများ စားပွဲပေါ်တွင် ပေါ်လာခဲ့လေသည်။
ထိုစကားလုံးများသည် စည်းဝါးကိုက်နေသည့် ပုံစံကွက်တစ်မျိုးနှင့် ဆင်တူသလို ရန်ကိုင် ခံစားလိုက်ရသည်။ သို့သော် ထိုကဲ့သို့သော စကားလုံးမျိုးကို တစ်ခါမှ မမြင်ဖူးလေရာ ကူကယ်ရာမဲ့စွာဖြင့်သာ လီရုန်ဆီ လှည့်လိုက်ရသည်။
လီရုန်သည် ထိုစကားလုံးများကို တစ်ခဏတာမျှ စိုက်ကြည့်နေပြီးနောက် လေးနက်တည်ကြည်သည့် လေသံဖြင့် “ဒါတွေက နတ်ဆိုးစကားလုံးတွေပဲ။ အရမ်းကို ရှေးကျတဲ့ စကားလုံးတွေပေါ့”
“ဒီစကားလုံးတွေက ဘာကို ဆိုလိုတာလဲ” ထိုစကားလုံးများကို လီရုန် နားလည်နိုင်မှန်း သိလိုက်သည်နှင့် စီနီယာကြီးက စိတ်ထားထက်သန်စွာ မေးလိုက်လေသည်။
“ဂိုဏ်းတစ်ဂိုဏ်းရဲ့ တားမြစ်နေရာတွေရှေ့မှာ ထားတဲ့ စကားလုံးတွေနဲ့ အတူတူပဲ… ဆိုလိုတာကတော့ ‘သတိပေးချက်၊ ဝင်လာတဲ့လူတိုင်း သေရမယ်’… အဲ့လိုပြောထားတာ”
စီနီယာကြီး အသာအယာ ခေါင်းညိတ်လိုက်သည်။
“ရှေးဟောင်း နတ်ဆိုး စကားလုံးတွေက နတ်ဆိုး မျိုးနွယ်စုဝင်တွေ နေတဲ့ နေရာမှာပဲ ရှိနေသင့်တာ မဟုတ်ဘူးလား။ ဘာလို့ ဒီမှာ ပေါ်လာရတာလဲ” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့သည်။
စီနီယာကြီးက ရယ်ရယ်မောမောဖြင့် “အရင်တုန်းက နတ်ဆိုးကုန်းမြေဆိုတာ ဒီနေ့ နတ်ဆိုးကုန်းမြေထက် အများကြီး ပိုကြီးတာကွ။ ငါတို့ မွန်းစတားပိုင်နက်နဲ့ မင်းတို့လူသားပိုင်နက်ရဲ့ နယ်မြေတော်တော်များများက နတ်ဆိုးမျိုးနွယ်စု အပိုင်တွေချည်းပဲ။ ဒါပေမယ့် မဟာနတ်ဆိုးနတ်ဘုရား ထွက်သွားပြီးတဲ့နောက်ပိုင်း နတ်ဆိုးမျိုးနွယ်စုက သူတို့ပိုင်နက် တော်တော်များများကို လက်လျှော့လိုက်ရတယ်လေ။ နောက်ဆုံး ဒီနေ့လက်ရှိ နတ်ဆိုးကုန်းမြေပဲ ကျန်တော့တဲ့အထိပဲ”
“လတ်စသတ်တော့ အဲ့လိုကိုး…” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
“အဲ့လေဟာနယ်လိုဏ်ခေါင်းထဲက အင်အားစုက ဘယ်နတ်ဆိုး အင်အားစုမှန်း ငါမသိပေမယ့် အရမ်းကို အားကောင်းတဲ့ အင်အားစုထဲ ပါနေမယ်ဆိုတာတော့ ငါသိတယ်။ အဲ့စကားလုံးတွေကို ရေးထားတဲ့လူက ထိပ်တန်းအဆင့် ပညာရှင်တစ်ယောက်ပဲ။ အဲ့စကားလုံးတွေကို ဖတ်လိုက်တုန်းက နွားအိုကြီးနဲ့ငါ နှစ်ယောက်စလုံး သိပ်သည်လွန်းတဲ့ သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်တယ်လေ။ ဒီလောက် နှစ်တွေ ထောင်နဲ့ ချီသွားတာတောင် အဲ့သတ်ဖြတ်လိုစိတ်က မပျောက်ကွယ်သွားသေးဘူး ဆိုတော့ မင်းသိပြီပေါ့”
ရန်ကိုင်မျက်နှာ ဖြူလျော်သွားခဲ့ပြီး “အဲ့လောက် အန္တရာယ်များမှတော့ ဘာလို့ စူးစမ်းချင်နေသေးတာလဲ”
“ဒီလို ထူးဆန်းတဲ့ လေဟာနယ်လိုဏ်ခေါင်းမျိုး မင်းတို့ ဘုံကိုးခုထွတ်မြတ်နယ်မြေထဲ ပေါ်လာရင် မင်းကော မစူးစမ်းဘဲ နေမှာလား” စီနီယာကြီးက ပြန်ပြောလိုက်သည်။
ရန်ကိုင် ခဏလောက် စဉ်းစားလိုက်ပြီးနောက် “စူးစမ်းမှာပေါ့”
ထိုလေဟာနယ်လိုဏ်ခေါင်းကို မစူးစမ်းချင်ဘူး ဆိုပင်လျှင် သူ့ဂိုဏ်းနှင့် ဂိုဏ်းတပည့်များကို အန္တာရာယ် မဖြစ်ရလေအောင် ကြိုတင်ကာကွယ်ထားရပေမည်။
“တကယ်တော့ ငါတို့ မွန်းစတားပိုင်နက်က သိပ်ကြီးတာ မဟုတ်ဘူးကွ။ ဒီလေဟာနယ်လိုဏ်ခေါင်းက နွားအိုကြီးနဲ့ ငါ့ပိုင်နက်ကြားမှာ ပေါ်လာတာ။ မတော်တဆ တစ်ခုခုသာ ဖြစ်မယ်ဆိုရင် သားရဲပင်လယ်တောအုပ်ကို စွန့်ခွာပြီး အခြား နေရာတစ်ခုဆီ ပြောင်းရမှာ။ ငါတို့ရဲ့ မရှိမယ့်ရှိမယ့် နေရာလေး ပိုသေးသွားတာပေါ့ကွာ” စီနီယာကြီးက ရှင်းပြလိုက်လေသည်။ ထို့နောက် လီရုန်ဘက်သို့ လှည့်၍ “ဒါပေမယ့် ဒီဘုရင် မေးချင်နေတာရှိတယ်။ နောက်တစ်ကြိမ် ဒီဘုရင် သွားစူးစမ်းတဲ့ အခါကျ ဒီကမိန်းကလေး အတူလိုက်ပေးနိုင်မလား”
“သခင့်ကိုမေးလိုက်” လီရုန်က ပြုံးလိုက်ပြီး “ကျွန်မမှာ ရှင့်တောင်းဆိုချက်ကို လက်ခံဖို့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် မရှိဘူး”
စီနီယာကြီး ချက်ချင်းပဲ ရန်ကိုင်ဆီ လှဉ့်လိုက်သည်။
ရန်ကိုင်က ရယ်ရယ်မောမောဖြင့် “မွန်းစတားမျိုးနွယ်စုက စီနီယာကြီး နှစ်ယောက်တောင် အဲ့နေရာက အန္တရာယ်ရှိတယ်လို့ ပြောနေမှတော့ အလွယ်တကူ မသွားသင့်တဲ့ နေရာဆိုတာ အသေအချာပဲပေါ့။ ဒီဂျူနီယာက အားနည်းတော့ အဲ့ကိုသွားရင် သေမှာကြောက်ရတယ်ဗျ”
စီနီယာကြီးမျက်နှာ မဲ့သွားခဲ့ပြီး “ငါမင်ကို အတူလာဖို့ တစ်ခါမှ မပြောဘူး။ မင်းနောက်က မိန်းကလေးကိုပဲ ငါတို့နဲ့အတူ လိုက်စေချင်တာ။ မင်းဒီမှာ ကျန်နေခဲ့လို့ရတယ်။ ငါ့လူတွေကို မင်းကို ကောင်းကောင်း ဧည့်ခံထားခိုင်းလိုက်မယ်။ မနေချင်ရင်လည်း ဘုံကိုးခုထွတ်မြတ်နယ်မြေဆီ ပြန်လို့ ရသေးတယ်။ ဘယ်သူမှ မင်းကိုတားမှာ မဟုတ်ဘူး”
“ခင်ဗျား ဘာပြောနေတာလဲ” ရန်ကိုင်က ပြုံးဖြီးလိုက်ပြီး “လီရုန်က ကျုပ်နဲ့အတူလာတာလေ… ပြန်ရင်လည်း ကျုပ်နဲ့ အတူ ပြန်ရမှာပေါ့”
“မင်း…” စီနီယာကြီး မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ပြီး “ပြော၊ မင်းဘာလိုချင်တာလဲ။ ငါ့လခွမ်း၊ မင်းက ဆန်တစ်စေ့တောင် အလွတ်ပေးမယ့်ကောင်းမျိုးမဟုတ်မှန်း ငါသိသားပဲ”
ရန်ကိုင်က ခေါင်းခါလိုက်ပြီး “မွန်းစတားမျိုးနွယ်စုရဲ့ ပိုင်နက်က တော်တော်လေး ခေါင်တာလေ။ ရှားပါးတဲ့ ဆေးပင်တွေအချို့ကလွဲလို့ ဘာမှရှိတာ မဟုတ်ဘူး။ အခု လောလောဆယ် ကျုပ်ဆီမှာ ဆေးပင် အလုံအလောက် ရှိနေသေးတယ်ဗျ”
ရန်ကိုင်သည် အသားတုံးကြီးတစ်တုံးလောက်ကို တတ်နိုင်သမျှ မရရအောင် ယူတော့မည့်ဟန် ပြင်ထားသည်ကို မြင်သော် စီနီယာကြီးမှာ ဒေါသလည်းထွက်၊ ကူကယ်ရာလည်း မဲ့ရသည်။ ထိုလောဘအိုလေး မည်ကဲ့သို့သော လွန်ကဲသည့် တောင်းဆိုချက်ကို တောင်းဆိုလာမည်မှန်း စဉ်းစားရင်း စီနီယာကြီး အတော်လေး စိတ်ညစ်မိသွားခဲ့သည်။ လီရုန်ဘက်သို့ လှည့်လိုက်ပြီး နောက်ဆုံး ကောက်ရိုးမျှင်လေးကို ဆွဲနိုင်ရန် ကြိုးစားကြည့်လိုက်သည် “နင်တကယ် မသွားချင်တာလား”
လီရုန်က နှုတ်ခမ်းလေးကို အသာအယာ ကွေးလျက် အခိုင်အမာ ပြောဆိုလိုက်သည် “သခင် ဆုံးဖြတ်တဲ့အတိုင်း ကျွန်မလုပ်မှာ”
ရန်ကိုင်က လီရုန်အား အသေအချာ စိုက်ကြည့်လိုက်ပြီး နောက် ယဲ့ယဲ့လေး ခေါင်းညိတ်လျက် “လီရုန်၊ ခင်ဗျား လိုက်သွားလို့ရတယ်”
လီရုန်လည်း ထိုရှေးဟောင်းနတ်ဆိုးစကားလုံးများကို အတော်လေး စူးစမ်းချင်နေမှန်း ရန်ကိုင် သိပေသည်။
သူလည်း သူမကို တားရန် မစဉ်းစားပါချေ။
“မင်းဘာတောင်းဆိုချင်လဲပြော” စီနီယာကြီးက ရင်တမမဖြင့် မေးလိုက်သည်။
“ဘာမှ မတောင်းဆိုချင်ဘူးဆိုရင် စီနီယာကြီး ယုံမှာလား”
စီနီယာကြီး ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။
“ကောင်းပြီလေ၊ အဲ့လိုဆိုမှတော့…” ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့ပြီး ခဏလောက် စဉ်းစားလိုက်သည်။ ထို့နောက် အပြုံးကြီးပြုံးလျက် စီနီယာကြီး နောက်တွင် ရပ်နေသော ကိုင်တေဆီ လှမ်းကြည့်လိုက်ပြီး “ကိုင်တေ ပြုံးပြတာ ကျုပ်မြင်ချင်တယ်”
ရန်ကိုင်စကားကြောင့် ကိုင်တေ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ သို့သော် မကြာမှီ သူမ၏ မျက်ဝန်းများ ရေခဲတမျှ အေးစက်သွားခဲ့ပြီး ရန်ကိုင်အား စားတော့ဝါးတော့ မတတ်အကြည့်ဖြင့် စိုက်ကြည့်လာခဲ့လေသည်။
“မင်း….” စီနီယာကြီး ဆွံ့အနေခဲ့ရလေပြီ။ ဘာဆက်လုပ်၍ လုပ်ရမှန်း သူမသိတာ့။
“ဟားဟားဟား၊ စရုံစတာလေ။ မိန်းကလေးကိုင်တေ၊ ကျုပ်ပြောတာကို အတည်ယူစရာ မလိုဘူးပါဘူးဗျ” ရန်ကိုင်က မတ်တပ်ရပ်လိုက်ပြီး “သွားမယ်ဆိုမှတော့ မြန်မြန် သွားကြတာပေါ့။ မြန်မြန်စနိုင်လေ၊ မြန်မြန် ပြီးနိုင်လေပဲ”
ရန်ကိုင် ဘာမှ ထပ်မတောင်းဆိုချင်သည်ကိုမြင်သော် စီနီယာကြီး တော်တော်လေး အံ့ဩသွားခဲ့ရသည်။
“ကောင်းပြီလေ၊ သွားကြတာပေါ့” စီနီယာကြီးလည်း မတ်တပ်ရပ်လိုက်ပြီး မွန်းစတားချီဖြင့် ရန်ကိုင်ကို ရစ်ပတ်ကာ လေပေါ်သို့ ပျံသန်းလိုက်သည်။ လီရုန်သည် စီနီယာကြီးနောက် အမှီပြေးလိုက်သွားချိန် ကိုင်တေမှာမူ နေရာတွင်သာ မလှုပ်မယှတ် ရပ်၍ ထွက်သွားသော ရန်ကိုင်ကို အရိုးကွဲမတတ် အေးစက်လှသည့် အကြည့်စူးစူးဖြင့် စိုက်ကြည့်နေခဲ့သည်။ ထို့နောက် မလိုက်ချင်လိုက်ချင်ဖြင့် လိုက်သွားလေသည်။
“ကောင်လေး၊ ကိုင်တေကို သိပ်မစနဲ့ကွ။ စပါများရင် သူမင်းကို တကယ် တီးလိမ့်မယ်” ပျံသန်းနေရင်း စီနီယာကြီးက ရန်ကိုင်ကို တိုးတိုးလေး ပြောလိုက်သည်။
ရန်ကိုင်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ “ကျုပ်သိတယ်။ အခုကြည့်ပါလား၊ နောက်က လိုက်လာနေတဲ့ သတ်ဖြတ်လိုစိတ်က ကြောက်စရာကြီး”
“သွားစချင်ဦးလေ” စီနီယာကြီးက ရန်ကိုင် ဒုက္ခရောက်နေသည်ကိုကြည့်ပြီး ပြုံးလိုက်မိသည်။ ထို့နောက် သက်ပြင်းချလျက် “တစ်ခါတစ်ခါကျ ဒီဘုရင်တောင် သူ့ကို ထိန်းနိုင်တာတာ မဟုတ်ဘူးကွ။ ဒီဘုရင် မှတ်မိသလောက်ဆို ကိုင်တေ ပြုံးတောင်ပြုံးခဲ့ဖူးရဲ့လား မသိဘူး”
“အဲ့လို ရေခဲတုံးကြီးနားမှာ ခင်ဗျား ဘယ်လို နေနိုင်တာလဲ”
“မင်းလက်အောက်ငယ်သားတွေ ဒီလောက် လေးစားနေရတဲ့ မင်းကမှ ထူးဆန်းနေတာကွ” ပြောနေရင်း စီနီယာကြီး၏ အကြည့် လီရုန်ဆီ အလိုလို ရောက်သွားခဲ့သည်။
သူတော်စင်ဒုတိယအဆင့် ပညာရှင်တစ်ယောက်သည် မသေမျိုး တတိယအဆင့် ကောင်လေးတစ်ယောက်ဆီမှ အမိန့်များကို တသဝေမသိမ်း နာခံနေခဲ့သည်။ ဘာကြောင့် ထိုကဲ့သို့ ဖြစ်နေမှန်း စီနီယာကြီး လုံးဝ မစဉ်းစားနိုင်ခဲ့ပေ။
“ဟန့်၊ ခင်ဗျား ဘာသိလို့လဲ။ ဒါက ကျုပ်ရဲ့ ညို့ယူနိုင်တဲ့ စွမ်းအားလို့ခေါ်တယ်” ရန်ကိုင်က စီနီယာကြီးအား အထင်အမြင် သေးသေးဖြင့် ကြည့်လျက် ပြန်ပြောလိုက်သည်။
“အရှက်မရှိ လာကြွားနေသေးတယ်” စီနီယာကြီး မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
ရန်ကိုင်နှင့် ဆက်ဆံပေါင်းများလာသော် ရန်ကိုင်သည် ယခင်တော်ဝင်သခင်ဟောင်းနှင့် နည်းနည်းလေးမှ စရိုက်မတူမှန်း စီနီယာကြီး သိလာခဲ့သည်။ ရန်ကိုင်သည် တစ်ခါတစ်ခါ ယုတ္တိမတန်သလို ပြုမူတတ်ပြီး ကိုင်တွယ်ရ ခက်သော်ငြား သူနဲ့အတူရှိနေချိန် အသက် ပိုငယ်သွားသလို စီနီယာကြီး ခံစားရသည်။
အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့သည်။ ရန်ကိုင်သည် ကိုယ်တိုင် မပျံသန်းချင်သဖြင့် စီနီယာကြီးကိုသာ သယ်ခိုင်းကာ ပျံသန်းစေခဲ့သည်။
သို့သော်လည်း ဦးတည်ရာနှင့် နီးကပ်လာသည်နှင့် လေထဲ စီဆင်းနေသော ထူးဆန်းသော အရှိန်အဝါမှာ ပိုပို၍ ကြည်လင် ရှင်းလင်းလာခဲ့သည်။
ဟင်းလင်းပြင် အရှိန်အဝါပင်…
ထိုနေရာမှ စိမ့်ထွက်နေသော ဟင်းလင်းပြင်စွမ်းအင်သည် သားရဲပင်လယ်တောအုပ်တစ်ခုလုံး ပျံ့နှံ့နေခဲ့လေရာ ထိုမျှ များပြားလှသော ဟင်းလင်းပြင်စွမ်များ စိမ့်ထွက်ရလေအောင် လေဟာနယ်လိုဏ်ခေါင်း မည်မျှ ကြီးလိုက်မလဲဟု ရန်ကိုင် မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။
လမ်းတစ်လျှောက်ဘာမှ ထူးထူးခြားခြား သတိထားစရာ မရှိ။ သို့သော် သုံးရက်ကြာပြီးနောက် ရန်ကိုင် မြင်ကွင်းထဲ ကျဉ်းမြောင်းသည် အက်ကြောင်းလေးတစ်ခု ပေါ်လာခဲ့သည်။
ထိုအနက်ရောင်အက်ကြောင်းကို မြင်လိုက်သည်နှင့် ရန်ကိုင် အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး ထအော်မေးလိုက်လေသည် “အဲ့ဒါ လေဟာနယ်လိုဏ်ခေါင်းရဲ့ ဝင်ပေါက်လား”
“ဟုတ်တယ်။ ဝင်ပေါက်ပဲ”
“ကြီးလိုက်တာ” ရန်ကိုင် အလန့်တကြား ဆိုလိုက်သည်။
လက်ရှိနေရာမှန် ထိုဝင်ပေါက် အရွယ်အစားကို အသေအချာ မပြောနိုင်သော်လည်း ထိုအက်ကြောင်းသည် အနည်းဆုံး မီတာတစ်ထောင်လောက် ရှည်မည်ဟု ရန်ကိုင် ခန့်မှန်းမိသည်။ ထိုအရာကို ဝင်ပေါက်ဟု ပြောရမည့်အစား တစ်ယောက်ယောက်သည် ကောင်းကင်တစ်ခုလုံးကို ဆုတ်ဖြဲထားသည်ဟု ဆိုလျှင်ပင် ပိုသင့်တော်လောက်သည်။
ထို့အပြင် ထိုအက်ကြောင်းသည် အမှန်တကယ်ကို မတည်မငြိမ် ဖြစ်နေပေသည်။ တွန့်လိမ်ကောက်ကွေးနေခဲ့ပြီး ဟင်းလင်းပြင်စွမ်းအင်များသည် ထိုနေရာမှ အပြင်ဘက်သို့ တောက်လျှောက် စိမ့်ထွက်နေခဲ့နေခဲ့သည်။ ထိုအက်ကြောင်းသည် အချိန်မရွေး ပြိုကျတော့မည့်ဟန် ပေါက်နေသော်လည်း ပြိုကျသွားခြင်းမရှိ လျင်လျင်မြန်မြန်သာ ကျယ်ပြန်လာနေခဲ့သည်။
စီနီယာကြီးသည် ရန်ကိုင်နှင့်အတူ ထိုနေရာဆီသို့ တိုက်ရိုက် ပျံသန်းသွားလိုက်သည်။
စီနီယာကြီး၏ အရှိန်အဝါကို သတိပြုမိလိုက်သည်နှင့် သိသိသာသာ ခန္ဓာကိုယ်တုတ်ခိုင်ကြီးမားသော လူကြီးတစ်ယောက် မျက်လုံးပွင့်လာခဲ့သည်။
ခဏအကြာတွင် ထိုလူကြီးက လှမ်းအော်ပြောလေသည် “မိုးကြိုးနဂါး၊ မင်းဘာလို့ ဒီလောက်တောင် ကြာနေတာလဲ။ ဒီနွားအိုကြီး စိတ်မရှည်တော့ဘူးကွ”
စီနီယာကြီးက အသာအယာလေး ပြုံးလျက် “ငါတို့ကို ကူညီပေးဖို့ လူရှာနေလို့ ကြာသွားတာကွ။ ပြီးတော့ ဘယ်လောက် ကြာသေးလို့လဲ။ ခုနှစ်ရက်၊ ရှစ်ရက်ပဲ ရှိသေးတာလေ။ ဘာလို့ ဒီလောက်တောင် လောနေတာလဲ”
နှစ်ယောက်သား အပြန်အလှန် ပြောနေရင်း ရန်ကိုင်တို့ လေးယောက် ဆင်းသက်လိုက်ကြသည်။
ယခုလေးတင် လှမ်းအော်ပြောခဲ့သော လူကြီးကို ကြည့်လိုက်မိသည်နှင့် ရန်ကိုင် အနည်းငယ် စိတ်ပူပန်းသွားပြီး ထိုလူကြီးသည် စီနီယာကြီး ပြောနေသော မွန်းစတား မျိုးနွယ်စု၏ စီနီယာကြီးတစ်ဦးဖြစ်သည် မြေကမ္ဘာနွားသိုး ဖြစ်မည်မှန်း ရန်ကိုင် သိလိုက်သည်။
မွန်းစတာမျိုးနွယ်စုဝင် အများစုကဲ့သို့ လူပုံစံဖြင့် ရှိနေသော်လည်း မွန်းစတားမျိုးနွယ်စု၏ အမှတ်သညာဖြစ်သော ဦးချိုနှစ်ချောင်း ရှိနေသေးသည်။ ခေါင်းမှ ဘေးဘက်သို့ ကားထွက်နေသော အနက်နီရောင်ဦးချိုနှစ်ချောင်းမှ စွမ်းအင်းလှိုင်း ဖျော့ဖျော့လေးများ ဖြာထွက်နေခဲ့သည်။
ထိုဦးချိုနှစ်ချောင်သည် ထိပ်တန်းအဆင့် မှော်ရတနာများ ကဲ့သို့ မာကျောပြီး ထက်ရှမှန်း ရန်ကိုင် တန်းပြောနိုင်သည်။
မြေကမ္ဘာနွားသိုး၏ အဝတ်အစားသည် မီးတောက်နီ မိုးကြိုးနဂါးထက် ပို၍ စုတ်ပြတ်နေသည်။ သားရဲအရေပြားဖြင့် အချို့နေရာများကိုသာ ဖုံးအုပ်ထားခဲ့ပြီး ထူထဲတုတ်ခိုင်သော လက်များ၊ ခြေထောက်များကို အထင်းသား ဖော်ထားခဲ့သည်။
“ဒါ မင်းရှာလာတဲ့ အကူတွေလား” နွားအိုကြီးက ရန်ကိုင်နှင့် လီရုန်တို့အား တစ်လှည့်စီ ကြည့်လိုက်ပြီး ခေါင်းညိတ်၍ “အမျိုးသမီးကတော့ အဆင်ပြေတယ်။ ဒါပေမယ့် ဒီကောင်လေးက ဘာလုပ်ဖို့လဲ”
ရန်ကိုင်ကို လက်ညိုးထိုး၍ ဆက်ပြောလိုက်သည် “သူတော်စင်အဆင့်တောင် မရောက်သေးတဲ့ ကောင်လေး တစ်ယောက်ကို ခေါ်လာပြီး ဘာလုပ်မလို့လဲ။ သေခိုင်းဖို့လား”
သူရန်ကိုင်ကို အထင်သေးနေသည်မှာ အထင်းအရှားပင်။ ပြောနေပုံမှာလည်း ရန်ကိုင်အား လက်ဖျောက်တစ်ချက်ဖြင့် အပျောက်ရှင်းနိုင်သေလိုလို။ သူ့အပြုအမူကြောင့် လီရုန် အမူအရာ အေးစက်သွားခဲ့ပြီး မြေကမ္ဘာနွားသိုးအား အေးစက်စက် အမူအရာဖြင့် စူးရဲဏွာစိုက်ကြည့်လိုက်သည်။
ရန်ကိုင်အား ထိုကဲ့သို့ ရိုင်းရိုင်းပြပြ ပြောလာသော မည်သူ့ကိုမဆို လီရုန် မျက်နှာသာပေးမည်မဟုတ်။ မီးတောက်နီမိုးကြိုးနဂါးကြောင့်သာ မဟုတ်လျှင် ထိုနွားအိုးကြီးနှင့် တစ်ပွဲတစ်လမ်းလောက် နွှဲလိုက်နေလေပြီ။
ရန်ကိုင်က ပြုံးသာပြုံးလိုက်သည်။
မီးတောက်နီမိုးကြိုးနဂါးသည် ဝင်ရောက်ဖြန်ဖြေပေးမည့် အရိပ်အယောင်မပြ၊ ပြုံး၍သာ ပြောလိုက်လေသည် “သူက သူတော်စင်အဆင့်ကို မရောက်သေးပေမယ့် သေသေချာချာ ကြည့်ကြည့်လိုက်ရင် စိတ်ဝင်စားစရာ တစ်ခုခုကို မင်းတွေ့ရလိမ့်မယ်”
“ဘာစိတ်ဝင်စားစရာလဲ” မြေကမ္ဘာနွားသိုး မျက်မှောင် ကြုံ့သွားခဲ့သည်။ ထို့နောက် သူ့မေးစေ့ကို ပွတ်လျပ်၍ ရန်ကိုင်အား သေသေချာချာ စိုက်ကြည့်လိုက်သည်။ ထိုမျှဖြင့် မကျေနပ်သေး၊ ကောင်ကင်စိတ်အာရုံဖြင့်ကို ဖြန့်ကျက်၍ပါ ရန်ကိုင်ကို စစ်ဆေးကြည့်လိုက်သည်။
ရုတ်တရက် သူ့မျက်နှာ အမူအရာ ပြောင်းလဲသွားခဲ့ပြီး နောက်သို့ အလိုလို ဆုတ်မိလိုက်သည်။ သူ့မျက်လုံးများ ဆိုလျှင်လည်း မယုံကြည်နိုင်စရာ တစ်ခုခုကို မြင်လိုက်ရသည့် အလား ထိတ်လန့်မှုတို့ဖြင့် ပြည့်နေခဲ့လေသည်။
“မင်းသတိပြုမိပြိလား” မီးတောက်နီမိုးကြိုးနဂါး ရယ်မောလိုက်သည်။
“သူဘယ်သူလဲ။ သူ့မှာ ဒီလောက်သန့်စင်တဲ့ မွန်းစတားချီ ဘာလို့ ရှိနေတာလဲ” မြေကမ္ဘာနွားသိုးက ရေရွတ်လိုက်သည်။
ရန်ကိုင်ဆီမှ ထွက်ပေါ်နေသော မွန်းစတားချီသည် မခံစားမိလောက်သည်အထိ ဖျော့တော့လှသည်။ သို့သော် သန့်စင်သည့်အပိုင်းတွင်မူ သူနှင့် မီးတောက်နီမိုးကြိုးနဂါးကိုပင် ကျော်လွန်နေသေးသည်။
ထိုကဲ့သို့သော သန့်စင်သည့် မွန်းစတားချီကို တော်ဝင် သွေးမျိုးဆက်များသာ ပိုင်ဆိုင်ကြပေသည်။
သို့သော်လည်း ရန်ကိုင်သည် လူသားတစ်ယောက် ဖြစ်နေခဲ့လေရာ မြေကမ္ဘာနွားသို့ လုံးဝ မစဉ်းစားတတ်အောင် ဖြစ်နေခဲ့ရသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၀၂) ကံစမ်းကြည့်ခြင်း
“ငါလည်း နားမလည်ဘူး” မီးတောက်နီမိုးကြိုးနဂါးက ပခုံးတွန့်ပြန်လိုက်ပြီး “သူလေ့ကျင့်ထားတဲ့ သားရဲဝိဥာဉ် ပညာရပ်နဲ့ ပက်သက်နေလောက်တယ်”
ယခင်က ထိုကဲ့သို့သော မွန်းစတားချီကို ရန်ကိုင် ဘာကြောင့် ပိုင်ဆိုင်ထားမှန်း စီနီယာကြီး တကယ် နားမလည်နိုင်ခဲ့။ သို့သော် ရန်ကိုင်၏ သားရဲဝိဥာဉ်ပညာရပ်ကို မြင်ပြီးနောက် သင့်တော်လောက်သည့် အကြောင်းပြချက် တစ်ခုကို စဉ်းစားမိလိုက်သည်။
သို့သော် သူခန့်မှန်းချက် မှန်၊မမှန်ဆိုသည်ကိုမူ မီးတောက်နီမိုးကြိုးနဂါးလည်း သေချာမသိပေ။
“သားရဲဝိဥာဉ်ပညာရပ်လား။ ဘယ်လို သားရဲဝိဥာဉ် ပညာရပ်မျိုးလဲ” မြေကမ္ဘာနွားသိုးက မေးလိုက်သည် “ဒီနွားအိုကြီးကို တစ်ချက်လောက် ပြကြည့်ပါလား”
သူသည် ရန်ကိုင်ကို အပြင်လူတစ်ယောက်ကဲ့သို့ မဆက်ဆံချေ။ ထိုအချက်နှင့်တင် သူသည် စကားပြော ပွင့်လင့်သော လူတစ်ယောက်ဖြစ်မှန်း သိနို်ငသည်။ ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးလျက် ကျားဖြူနှင့် နွားသိုး စည်းတံဆိပ်ကို ချက်ချင်းပဲ ထုတ်ဖော်လိုက်လေသည်။
ကျားဖြူနှင့်နွားသိုးတို့၏ ပုံရိပ်များကို မြင်ပြီးနောက် မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီး၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး စိတ်လှုပ်ရှားသည့် အရိပ်အယောင်တို့ သူ့မျက်နှာထက် ထွက်ပေါ်လာခဲ့သည်။
နွားသိုးစည်းတံဆိပ် ထွက်ပေါ်လာသည့်အချိန် ရန်ကိုင်၏ သားရဲဝိဥာဉ်ပညာရပ်မှ သူ့ဘိုးဘေး၏ အရှိန်အဝါကို နွားအိုကြီး အသေအချာ ခံစားမိလိုက်သည်။ ထို့ကြောင့် သူအရမ်း စိတ်လှုပ်ရှားသွားခဲ့ရခြင်း ဖြစ်သည်။
ရန်ကိုင်အား ချက်ချင်းပဲ ပွေ့ဖက်လိုက်ပြီး ရင်းရင်းနှီးနှီး အမူအရာဖြင့် ရန်ကိုင်ကျောကို ပုတ်လျက် “မိတ်ဆွေလေး၊ အားရင် ဒီနွားအိုကြီးရဲ့ ပိုင်နက်ဆီ လာခဲ့ပါလား။ ငါတို့ အချင်းချင်း စကားပြောလို့ ရတာပေါ့”
နွားအိုကြီး၏ ပုတ်ချက်ကြောင့် ရန်ကိုင် သွေးအန်လုမတတ် ဖြစ်သွားခဲ့ရသည်။
မီးတောက်နီမိုးကြိုးနဂါးက သွားပေါ်အောင်ပြုံးလျက် ဝင်ပြောလိုက်သည် “သူ့သားရဲပညာရပ်ထဲမှာ မင်းတို့ ဘိုးဘေရဲ့ ဆန္ဒအကြွင်းအကျန်တွေ ပါဝင်နေတယ်။ ဒါကြောင့် မင်းအနေနဲ့ အဲ့ဒါကိုသာ သေချာလေ့လာမယ်ဆိုရင် မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူးတွေ ရလာနိုင်လောက်တယ်။ ဒါပေမယ့် ဒီကောင်လေးက အမြဲတမ်း သူ့အတွက် ဘာအကျိုးရှိမလဲ ဆိုတာကိုပဲ ကြည့်တာကွ။ ဒါကြောင့် နွားအိုကြီးရေ၊ အသား တစ်ပေါင်လောက် ပြောင်ဖို့တော့ ပြင်ထားလိုက်ပေတော့၊ ဟားဟားဟား”
မြေကမ္ဘာနွားသို၏ အမူအရာ ချက်ချင်း သုန်မှုန်သွားခဲ့ပြီး အသံတိုးတိုးဖြင့် ကြိတ်ကာ ကျိန်ဆဲနေလိုက်ပြီးနောက် ရန်ကိုင်အား လွှတ်ပေးလိုက်လေသည်။
မီးတောက်နီမိုးကြိုးနဂါး၏ စကားလုံးများကို ကြားပြီးနောက် ထိုမြေကမ္ဘာနွားသိုး၏ သဘောထား အဘယ်ကြောင့် အပြောင်းကြီး ပြောင်းလဲသွားမှန်း ရန်ကိုင် နားလည်သွားခဲ့လေပြီ။ သူ့ကဲ့သို့ လူသားကောင်လေး တစ်ယောက်နှင့် မိတ်ဆွေဖြစ်ချင်နေသည်မှာ ရန်ကိုင်၏ သားရဲဝိဥာဉ်ပညာရပ်ထဲရှိ သူ့ဘိုးဘေးအမွေအနှစ်ကို တူးထုတ်နေချင်သည့် အတွက်ကြောင့်ကိုး။
မီးတောက်နီမိုးကြိုးနဂါး ထိုကဲ့သို့ ပြောလိုက်ခြင်းသည် ရန်ကိုင်အား အနှပ်ချမခံရစေရန် ရည်ရွယ်ချက်ရှိရှိ သတိပေးလိုက်ခြင်း ဖြစ်ပေသည်။
“ကောင်းပြီလေ၊ အလာပသလာပတွေ တော်လောက်ပြီပေါ့။ လုပ်စရာရှိတာတွေကို ဒီကိစ္စပြီးမှပဲ လုပ်ကြတော့” မီးတောက်နီမိုးကြိုးနဂါးက ထိုကဲ့သို့ ပြောလိုက်ပြီးနောက် လေးနက်တည်ကြည်သည့် အမူအရာဖြင့် ဆက်ပြောလိုက်သည် “နွားအိုကြီး၊ ငါမင်းကို မိတ်ဆက်ပေးမယ်။ ဒီကောင်လေးက အရင်တုန်းက ငါမင်းကို ပြောပြခဲ့တဲ့ ဘုံကိုးခုထွတ်မြတ် နယ်မြေက ရန်ကိုင်ပဲ”
“အို၊ ဒီတော့ မင်းက တော်ဝင်သခင်သစ်လား” ထိုစကားကို ကြားလိုက်သည်နှင့် မြေကမ္ဘာနွားသို၏ အမူအရာ ပို၍ လေးနက်သွားခဲ့ပြီး ရန်ကိုင်အား အလေးအနက် အမူအရာဖြင့် ကြည့်လာခဲ့လေသည်။
“သူ့နောက်က မိန်းကလေးကတော့ သူ့လက်အောက်ငယ်သားပဲ၊ နတ်ဆိုးမျိုးနွယ်စုက လီရုန်တဲ့။ အခုတစ်ကြိမ် ဒီကကိစ္စကို ဖြေရှင်းဖို့ အဲ့မိန်းကလေးကို အားကိုးရလိမ့်မယ်။ နွားအိုကြီး၊ ငါတို့ ဝင်သွားရင် မဆင်မခြင် မလှုပ်ရှားနဲ့နော်”
“ငါသိပါတယ်” မြေကမ္ဘာနွားသိုးက ခေါင်းညိတ်လိုက်သည်။
ထို့နောက် မီးတောက်နီမိုးကြိုးနဂါးက ရန်ကိုင်ဘက်သို့ လှည့်၍ လေးနက်တည်ကြည်သည့် အမူအရာဖြင့် “ကောင်လေး၊ မင်းရော ငါတို့နဲ့အတူ လိုက်မှာလား။ အထဲမှာ ဘယ်လို အန္တရာယ်တွေ စောင့်ကြိုနေလဲ ငါတို့သိတာ မဟုတ်ဘူးနော်။ မတော်လို့ အန္တရာယ်အကြီးကြီးတွေနဲ့ ကြုံလို့ ဒုက္ခရောက်ရင် ငါတို့လည်း မင်းကို ကယ်နိုင်မှာမဟုတ်ဘူး။ အဲ့အချိန်ကျ မင်းနဲ့အတူပါလာတဲ့ မိန်းကလေးကို အတူဆွဲချသလို ဖြစ်သွားလိမ့်မယ်”
“စိတ်ချထားလိုက်စမ်းပါ စီနီယာကြီးရယ်။ ကျုပ်ကိုကျုပ် ဂရုစိုက်နိုင်ပါတယ်။ ဒီလောက် စိုးရိမ်နေစရာ မလိုပါဘူး”
ရန်ကိုင် ခေါင်းမာမာဖြင့် အတူသွားမည် လုပ်နေသည်ကို မြင်သော် မိုးကြိုးနဂါး မျက်မှောင်ကြုံ့သွားခဲ့ပြီး သက်ပြင်းသာ ချလျက် “မင်းက ဒီလောက် လိုက်ချင်နေမှတော့ လိုက်ပေါ့”
ပါးစပ်ပိတ်ပြီး မိုးကြိုးနဂါးနှင့် မြေကမ္ဘာနွားသိုးတို့ နှစ်ယောက်စလုံး ဆယ်ကီလိုမီတာ အကွာအဝေးရှိ ဟင်းလင်းပြင် အက်ကြောင်းကို လှမ်းကြည့်လိုက်ကြသည်။ ထို့နောက် မျက်လုံးမှေးစဉ်းလျက် ဝင်လို့ရနိုင်မည့် အခွင့်အရေး တစ်ခုကို သေချာရှာကြည့်တော့လေသည်။
ထိုမီတာတစ်ထောင် ရှည်လျားသော ဟင်းလင်းပြင် အက်ကြောင်းသည် သားရဲကြီးတစ်ကောင်၏ ပမာပမာ တွန့်လိမ်ကောက်ကွေး နေခဲ့ကာ မတည်ငြိမ်သော စွမ်းအင်လှိုင်း များကိုလည်း အဆက်မပြတ် ထုတ်လွှတ်နေခဲ့သည်။ အချိန်ကောင်းတစ်ခုကိုရှာပြီး မဝင်ပါက ဒုက္ခရောက်သွား နိုင်ပေသည်။
ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို တိတ်တဆိတ် ထုတ်လွှတ်၍ ထိုဟင်းလင်းပြင်အက်ကြောင်းကို စစ်ဆေး ကြည့်လိုက်သည်။
မွန်းစတားမျိုးနွယ်စု စီနီယာကြီးနှစ်ယောက်နှင့် မတူသည်မှာ ရန်ကိုင်သည် လေဟာနယ်အကြောင်း တော်တော် ကောင်းကောင်း နားလည်ထားပေသည်။ သူ့ဘာသာသူ လေဟာနယ်ကို စုတ်ဖြဲနိုင်သည့်အပြင် ဟင်းလင်းပြင် အဖျက်စွမ်းအားများ ရှိနေသော နေရာတွင်ပင် အချိန်အကြာကြီး နေနိုင်ပေသည်။
မကြာမှီ ထိုဟင်းလင်းပြင်အက်ကြောင်းထဲ ယောက်ယတ်ခတ်နေသည့် ဟင်းလင်းပြင် စီးကြောင်းများ ရှိနေသည်ကို ရန်ကိုင် တွေ့လိုက်ရသည်။ ထိုမတည်မငြိမ် ဖြစ်နေသော ဟင်းလင်းပြင် စီးကြောင်းများကြောင့် ဟင်းလင်းပြင်အက်ကြောင်း မတည်မငြိမ် ဖြစ်နေရခြင်း ဖြစ်ပေသည်။
ကောင်းကင်စိတ်အာရုံကို လက်သဖွယ် အသုံးပြုလျက် ရန်ကိုင်သည် ထိုယောက်ယတ်ခတ်နေသော ဟင်းလင်းပြင် စီးကြောင်းများကို ချောမွေ့သွားအောင် လုပ်လိုက်ရာ ဟင်းလင်းပြင် အက်ကြောင်သည်လည်း တဖြည်းဖြည်း တည်ငြိမ်သွားခဲ့ရလေသည်။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် မိုးကြိုးနဂါး၏ မျက်လုံးများဝင်းလက်သွားခဲ့ပြီး ချက်ချင်းပဲ အော်လိုက်လေသည် “ဝင်တော့”
အော်ပြောလိုက်ပြီးသည်နှင့် သူလည်း ဟင်းလင်းပြင် အက်ကြောင်းထဲသို့ ခုန်ဝင်သွားလေသည်။
အခြားသူများလည်း အလျင်စလို ပြေးဝင်သွားလိုက်သည်။
အသက်ရှူရှိုက်စာ အကြိမ်အနည်းငယ်အတွင်း ခြောက်ယောက်စလုံး ဟင်းလင်းပြင် အက်ကြောင်းထဲသို့ ခုန်ဝင်သွားခဲ့ကြသည်။
ခြောက်ယောက်အနက် ရန်ကိုင် တစ်ယောက်သာ မသေမျိုး အဆင့်ဖြစ်ပြီး အခြားသူအားလုံးသည် သူတော်စင်အဆင့်များ ဖြစ်ကြပေသည်။
မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးနှစ်ယောက်သည် သူတော်စင် ဒုတိယအဆင့်ရှိသည့် လက်အောက်ငယ်သား တစ်ယောက်စီ ခေါ်လာခဲ့ကြပြီး ရန်ကိုင်ကမူ လီရုန်ကို ခေါ်လာခဲ့သည်။
မိုးကြိုးနဂါး၏ လက်အောက်ငယ်သားအဖြစ် ကိုင်တေ လိုက်ပါလာခဲ့ပြီး မြေကမ္ဘာနွားသိုး၏ လက်အောက်ငယ်သား အဖြစ် ကျင်းနီဆိုသောသူ လိုက်ပါလာခဲ့သည်။ ကျင်းနီ၏ သားရဲပုံစံသည် ငရဲကိုးထပ်ရွှေသားရဲ ဖြစ်ပေသည်။ ထိုသားရဲၑ အကျော်ကြားဆုံးသော စွမ်းရည်မှာ အမာဆုံးသော အကာအကွယ်များကိုပင် ၎င်း၏ လက်သည်းဖြင့် ထိုးဖောက်နိုင်ခြင်း ဖြစ်သည်။
သူတို့ လူအင်အားမှာ အရမ်းကိုမှ တောင့်တင်းသည်ဟု ဆို၍ရပေသည်။ ထို့ကြောင့် ယခုကိစ္စကို စီနီယာကြီးနှစ်ယောက် မည်မျှ အလေးထားမှန်း ပြောနိုင်သည်။
ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ခုန်ဝင်ပြီသွားသည်နှင့် ခြောက်ယောက်စလုံး အမှောင်ထုထဲ ရောက်သွားခဲ့သည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ အကုန်လုံး ဗွက်အိုင်ထဲသို့ ရောက်သွားသလို ခံစားလိုက်ရသည်။ အကုန်လုံး၏ အရှိန်အဟုန် သိသိသာသာ လျော့ကျသွားခဲ့ရပြီး ဟိုးအောက်ခြေသို့ အဆက်မပြတ် ဆွဲချခံနေရသလို ခံစားလိုက်ရသည်။
ပရမ်းပတာ စွမ်းအင်လှိုင်းများသည် သူတို့အားလုံးအပေါ် တောင်တစ်လုံးပမာ ဖိချနေခဲ့သည်။
ထိုနေရာသို့ ဝင်လိုက်သည်နှင့် ထိုပြင်ပဖိအားကို ခုခံရန် သူတော်စင်ငါးယောက်စလုံး သူတို့၏ ခွန်အားကို စတင် အသုံးပြုလိုက်ရသည်။
ရန်ကိုင်တစ်ယောက်သည်သာ လွတ်လပ်ပေါ့ပါးသော အမူအရာဖြင့် ရှိနေခြင်းဖြစ်သည်။ ထူးခြားသော ပတ်ဝန်းကျင်၏ သက်ရောက်ခြင်း နည်းနည်းလေးမှ မခံရချေ။
အကြောင်းမှာ ဤနေရာသည် သူလေဟာနယ်ဆုတ်ဖြဲစဉ်က ကြုံတွေ့ခဲ့ရသော နေရာနှင့် အတူတူ ဖြစ်နေသောကြောင့်ပင် ဖြစ်လေသည်။
ရန်ကိုင်သည် ယခုကဲ့သို့သော နေရာမျိုးတွင် အချိန် အကြာကြီး နေခဲ့ဖူးလေရာ ထိုအရာအား မည်ကဲ့သို့ ကိုင်တွယ်ရမည် ဆိုသည်ကို အဖွဲ့ထဲတွင် ရှိနေသော အားလုံးထက် ပိုသိပေသည်။
“နွားအိုကြီး၊ အရင်တစ်ကြိမ်လာတုန်းက ငါတို့ဘယ်ဘက် သွားခဲ့လဲ မင်းမှတ်မိသေးလား” မတ်တပ်ရပ်နေရင်း မိုးကြိုးနဂါးက လှမ်းမေးလိုက်သည်။
“ငါ့လာမေးမှတော့ ငါက ဘယ်လိုလုပ်ပြီး သိမှာလဲကွ။ ဒီမှာ အမှတ်အသား လုပ်စရာဆိုလို့ ဘာမှလည်း ရှိတာမဟုတ်ဘူး” မြေကမ္ဘာနွားသိုးက ခပ်ပြတ်ပြတ် ငြင်းဆိုလိုက်သည်။
“ကိုင်တေ၊ ကျင်းနီ၊ မင်းတို့နှစ်ယောက်ကော မှတ်မိကြလား” မိုးကြိုးနဂါးက အခြားနှစ်ယောက်ကို မေးလိက်သည်။
နှစ်ယောက်စလုံး ခေါင်းခါလိုက်ကြလေသည်။
“ဒီနေရာက လေဟာနယ်က တော်တော်လေးကို ပရမ်းပတာ ဖြစ်နေတာ။ အရင်တုန်းက ဘယ်ဘက်သွားခဲ့လဲ မှတ်မိရင်တောင် အခုအချိန် ခင်ဗျားအရင်သွားခဲ့ဖက်က အခြားတစ်ဖက် ဖြစ်ရင်ဖြစ်နေမှာ” အကုန်လုံး ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ ဖြစ်နေစဉ် ရန်ကိုင်က ရုတ်တရက် ပြောလာခဲ့သည်။
ထိုစကားကို ကြားလိုက်သည့်အခါ မိုးကြိုးနဂါး စိုးရိမ်ပူပန် သွားခဲ့ရလေသည်။ ယခင်တစ်ကြိမ် လာခဲ့စဉ်က သူတို့နှင့် မလှမ်းကမ်းတွင် တောက်ပသော အလင်းရောင်တစ်ခု ရှိနေခဲ့သည်။ ထို့စဉ်က ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ဝင်လိုက်ပြီးပြီးချင် ထိုအလင်းရောင်ရှိသည့်ဘက်ဆီသို့ သွားခဲ့ခြင်း ဖြစ်သည်။
ယခုတစ်ကြိမ်လည်း ယခင်တစ်ကြိမ်နှင့် အတူတူ ဖြစ်သည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် အမှန်တရားမှ သူမျှော်လင့်ထားသည်နှင့် တစ်ခြားစီ ဖြစ်နေခဲ့လေသည်။
ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ဝင်ပြီးပြီးချင်း ပြဿနာတစ်ခုကို သူတို့ စတင် ကြုံတွ့လိုက်ရသည်။ ယခုတစ်ကြိမ် စူးစမ်းလေ့လာရေးခရီးသည် အတော့်ကိုမှ ဗျာများရတော့မည်မှန်း သိလိုက်သည့်အခါ မိုးကြိုးနဂါးနှင့် မြေကမ္ဘာနွားသို့တို့၏ မျက်နှာ ရှုံ့မဲ့သွားခဲ့ကြလေသည်။
“ကျုပ်နောက်လိုက်ခဲ့” ရန်ကိုင် ရုတ်တရက် ရှေ့တက်၍ အားလုံးက သူ့နောက်လိုက်လာရန် ပြောလိုက်သည်။
လီရုန်သည် ဘာမှ ပြန်မေးမနေဘဲ ရန်ကိုင်နောက်သို့ ချက်ချင်း လိုက်သွားလေသည်။ ရန်ကိုင် တစ်ခုခုဖြစ်မည်စိုး၍ သူမ၏ နတ်ဆိုးချီဖြင့် ရန်ကိုင်ကို ကာကွယ်ပေးထားလိုက်သည်။
မွန်းစတားမျိုးနွယ်စုမှ ပညာရှင်လေးယောက်မှာမူ နေရာတွင်သာ ကြောင်အမ်းအမ်း အမူအရာဖြင့် ရပ်နေခဲ့ကြသည်။ ရန်ကိုင်ကို ယုံကြည်ပြီး သူ့နောက်သို့ပဲ လိုက်ရမလား၊ မလိုက်ဘဲ ကျန်နေခဲ့ရမလား ဆုံးဖြတ်ရ ခက်နေခဲ့ကြသည်။
“ငါတို့ ဘာလုပ်သင့်လဲ” မြေကမ္ဘာနွားသိုးက မိုးကြိုးနဂါးဘက်သို့ လှည့်၍ “သူက မင်းခေါ်လာတဲ့ လူဆိုတော့ သူ့နောက် လိုက်သင့်၊ မလိုက်သင့်ကို မင်းပဲ ဆုံးဖြတ်ပေတော့။ အဲ့လိုမှ မဟုတ်ရင်လည်း ငါတို့ ဒီကနေပဲ ပြန်ထွက်ကြမယ်”
မိုးကြိုးနဂါး၏ အမူအရာ တင်းမာခက်ထန်သွားခဲ့ပြီး တစ်ခဏကြာ တုန့်ဆိုင်းနေပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
ရန်ကိုင် ဘာကြောင့် ထိုမျှ ယုံကြည်ချက်ရှိနေမှန်း သူသမိ။ ရန်ကိုင် ပြောခဲ့သလို ဤနေရာရှိ ဟင်းလင်းပြင်သည် အရမ်းကိုမှ ပရမ်ပတာ ဖြစ်နေသည်။ ထို့ကြောင့် ထွက်ပေါက်ကို မရှာတွေ့လျှင် ဤနေရာ၌ ထာဝရ ပိတ်မိနေပေလိမ့်မည်”
“တစ်ခုခု ပြောလေကွာ” မြေကမ္ဘာနွားသို့ စိတ်မရှည်တော့သည့်ပုံပင်။ မိုးကြိုးနဂါး ဆုံးဖြတ်ချက် မချနိုင်သေးသည်ကို မြင်သည့်အခါ လှမ်းအော်လေသည်။
“သူ့နောက်လိုက်ကြမယ်” နောက်ဆုံး အံကြိတ်၍ ရန်ကိုင်ကိုသာ ယုံကြည်ရန် မိုးကြိုးနဂါး ဆုံးဖြတ်လိုက်သည် “အဲ့ကောင်က သူသွားတဲ့ဘက်နဲ့ ပက်သက်ပြီး ဒီလောက် ယုံကြည်ချက်ရှိနေတာ တစ်ခုခုကို ရှာတွေ့ထားလို့ပဲ ဖြစ်ရမယ်”
ပြောပြီးသည်နှင့် သူနှင့်ကိုင်တေတို့ ရန်ကိုင်နောက်သို့ ပြေးလိုက်ကြလေသည်။
မြေကမ္ဘာနွားသိုးသည် နှာခေါင်းရှုံ့လိုက်ပြီး တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် အော်ဟစ်ရင်း မိုးကြိုးနဂါးနောက်သို့ လိုက်သွားလေသည် “လခွမ်း၊ ဒီတစ်ကြိမ် ငါသေရင် မင်းအပြစ်ပဲ မိုးကြိုးနဂါးကောင်ရေ”
ရန်ကိုင်နှင့် လီရုန်သည် အရမ်းကြီး မြန်မြန် မသွားသဖြင့် တစ်ခဏအတွင်း မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးနှစ်ယောက် သူတို့အား လိုက်မှီလာခဲ့သည်။
“ကောင်လေး၊ ဒီနေရာနဲ့ ပက်သက်ပြီး မင်းဘာလို့ ဒီလောက်တောင် ယုံကြည်ချက်ရှိနေတာလဲ။ ငါတို့ကို သေတွင်းဆီ ခေါ်သွားနေတာတော့ မဟုတ်ပါဘူးနော်” မိုးကြိုးနဂါးက တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်သည်။
“ဟားဟား။ ကျုပ်ကံစမ်းကြည့်နေတာဗျ” ရန်ကိုင်က အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
မိုးကြိုးနဂါးမျက်နှာ မည်းမှောင်သွားခဲ့သည်။ သူလှည်စား ခံလိုက်ရလေပြီ။
သို့သော် ယခုကဲ့သို့ ဖြစ်လာခဲ့လေပြီ။ ဟင်းလင်းပြင်သည် ပရမ်းပတာ ဖြစ်နေသလို အစဉ်မပြတ် ပြောင်းလဲနေလေရာ လာလမ်းအတိုင်း ပြန်လှည့်ရန် မဖြစ်နိုင်တော့။
စိတ်ညစ်ညစ်ဖြင့်သာ ရန်ကိုင်နောက်သို့ လိုက်၍ ဖြစ်လာမည့် အဆိုးဆုံးကို ပြင်ဆင်ထားလိုက်လေသည်။
သို့သော် မကြာမီ ထူးဆန်းသည့် တစ်ခုခုကို သူရှာတွေ့လိုက်သည်။
ဤနေရာရှိ ဟင်းလင်းပြင်သည် လုံးဝကို ပရမ်းပတာ ဖြစ်နေခဲ့ရာ တစ်လှမ်းမှားသွားလျှင် ဒုက္ခ အကြီးအကျယ် ရောက်သွားနိုင်ပေသည်။
သို့သော် ရန်ကိုင်သည် ထိုပရမ်းပတာ ဖြစ်နေသော စွမ်းအင်များကို အေးအေးသက်သာဖြင့် ကျော်သွားခဲ့သည်။ လမ်းတစ်လျှောက် မည်သည့် အတားအဆီးကိုမှ မတွေ့ခဲ့ရ။ လမ်းပြန့်ပြန်ပေါ် လမ်းလျှောက်နေရသည့်ပမာ၊ နွံအိုင်ထဲတွင် ရောက်နေသလိုမျိုး မခံစားရတော့ချေ။
ရန်ကိုင်သည် ကံစမ်းနေခြင်းမဟုတ်ဘဲ လမ်းကြောင်းသိ၍ သွားနေခြင်းဖြစ်မှန်း မိုးကြိုးနဂါးစီနီယာကြီး ချက်ချင်းပဲ နားလည်သွားလိုက်လေသည်။
သူနားမလည်ဘဲ ဘယ်နေမည်နည်း။ ထိုပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်ထဲတွင် သူတော်စင်အဆင့် ငါးယောက်ပင် ကူကယ်ရာမဲ့ရသည်။ မသေမျိုးအဆင့် ထိုလူငယ်လေးသည် မည်ကဲ့သို့သော စွမ်းရည်တွေကိုများ ပိုင်ဆိုင်ထား၍ ဟင်းလင်းပြင်ထဲ အန္တရာယ်ကင်းကင်းဖြင့် သွားနေနိုင်သနည်း။
နာရီဝက်ကြာပြီးနောက် ရန်ကိုင် ရုတ်တရက် ရပ်လိုက်ပြီး တစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ” မိုးကြိုးနဂါး နှလုံးခုန်မြန်သွားခဲ့သည်။
“အဲ့ဒါ ခင်ဗျား မွန်းစတားမျိုးနွယ်စုဝင် တစ်ယောက်မလား” ရန်ကိုင်က ဘေးဘက်သို့ လှမ်းညွှန်ပြလိုက်သည်။
ရန်ကိုင် ညွှန်ပြရာအရပ်ဆီ အကုန်လုံး လှမ်းကြည့်လိုက်သည့်အခါ အပိုင်းပိုင်အစစ ဖြစ်နေသော မွန်းစတားမျိုးနွယ်စုဝင် တစ်ယောက်၏ အလောင်းကို မြင်တွေ့လိုက်ရလေသည်။ အလောင်းမှ အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ပိုင်းဖြတ်ထားခြင်း ခံရသည့်အလား တစ်စစီ ဖြစ်နေခဲ့ပြီး ယောက်ယတ်ခတ်နေသော ဟင်းလင်းပြင် စွမ်းအင် စီးကြောင်းများထဲ မျောလွင့်နေခဲ့သည်။
“အဲ့ဒါ ငါ့လက်အောက်ငယ်သားတွေထဲက တစ်ယောက်ပဲ” မြေကမ္ဘာနွားသိုးက မှုတ်ကုတ်ကုတ် အမူအရာဖြင့် “အရင်တစ်ကြိမ် ဒီကိုလာတုန်းက မိုးကြိုးနဂါးရော၊ ငါရော လက်အောက်ငယ်သားတွေ အများကြီး ခေါ်လာခဲ့တာ။ ဒါပေမယ့် အချို့က ဒီထူးဆန်းတဲ့ စွမ်းအင်စီးကြောင်းထဲမှာတင် တစ်ခါတည်း အပျောက်ဖျောက်ခံလိုက်ရတယ်လေ”
“ဒါပေမယ့် သူတို့ ခန္ဓာကိုယ်တွေက ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ” မိုးကြိုးနဂါး ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
“ကျုပ်ပြောခဲ့သလိုပဲ ဒီနေရာက ဟင်းလင်းပြင်က အရမ်းကို ပရမ်းပတာ နိုင်တာဆိုတော့ ဝင်ပေါက်ကလည်း အမြဲတမ်း ပြောင်းနေမှာပဲ။ တစ်နေရာတည်းက ဝင်လာသလို ထင်ရပေမည့် တကယ်တော့ မဟုတ်ဘူး” ရန်ကိုင်က ရှင်းပြလိုက်သည် “ခင်ဗျားတို့အားလုံး အရင်တစ်ကြိမ် ဝင်လာခဲ့တဲ့ နေရာက ဒီနေရာ ပတ်လည်လောက်မှာ ဖြစ်လောက်တယ်”
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၀၃) ဝိဥာဉ်စိတ်ဝိဥာဉ်ခန္ဓာကိုယ်
ထိုစကားကိုကြားသည့်အခါ မြေကမ္ဘာနွားသိုး ပြန်မေးလိုက်မိသည် “ဒီတော့ ဝင်ပေါက်ကလည်း အနီးနားမှာပေါ့”
“ဖြစ်လောက်တယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
အကုန်လုံး ဘေးပတ်လည်အား လှည့်ပတ် ကြည့်လိုက် ကြသော်လည်း အရင်တစ်ကြိမ် လာခဲ့စဉ်က မြင်ခဲ့ရသည့် အလင်းရောင်တောက်တောက် ဝင်ပေါက်ကို မတွေ့ရချေ။ အကုန်လုံး ရန်ကိုင်၏ အဆိုကို သံသယ ဝင်လာသည့် အချိန်မှာပဲ ရန်ကိုင်က “ဒီလမ်းပဲ”
ပြောပြီးသည်နှင့် သူ့လမ်းအတိုင်း လမ်းလျှောက် ထွက်သွားပြန်သည်။
“မိုးကြိုးနဂါး၊ ဒီကောင်က တကယ်ကို အေးအေးဆေးဆေး ပဲကွ။ အရင်ကများ ဒီနေရာကို ရောက်ဖူးနေလားမသိဘူး” မြေကမ္ဘာနွားသိုးက တိုးတိုးလေး ပြောလိုက်သည်။
“ငါလည်းမသိဘူး” မိုးကြိုးနဂါးက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “ဘာပဲဖြစ်ဖြစ်၊ အခုလောလောဆယ် သူ့နောက်လိုက်တာ ပိုကောင်းလိမ့်မယ်။ အစကတော့ သူ့ခေါ်လာတာ ဝန်ထုပ်ဝန်ပိုး သက်သက်လို့ပဲ ထင်ထားတာ။ အခုတော့ အဲ့ဝန်ထုပ်ဝန်ပိုးကိုပဲ ငါတို့ မှီခိုနေရပြီ။ တော်တော့်ကို စိတ်ဝင်စားစရာ ကောင်းတာပါလား…”
“ကြက်ကန်းဆန်အိုး တိုးသလိုပေါ့…” မြေကမ္ဘာနွားသိုးက ပြောလိုက်သည်။
မိုးကြိုးနဂါးက မြေကမ္ဘာနွားသိုးအား တစ်ချက်သာ ကြည့်လိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ ရန်ကိုင်နောက်သလို့ အမြန် ပြေးလိုက်သွားလေသည်။
ရန်ကိုင် သွားနေသည့် လမ်းကြောင်းတစ်လျှောက်သည် လုံးဝကို တည်ငြိမ်နေခဲ့သည်။ ယောက်ယတ်ခတ်နေခြင်း၊ မငြိမ်မသက် ဖြစ်နေခြင်းမရှိ။ သူတို့သာ အချိန်အကြာကြီး နောက်တွင် ကျန်ရစ်နေခဲ့ပါက ထိုတည်ငြိမ်သည့် လမ်းကြောင်း ပြိုကွဲသွားနိုင်ပေသည်။ ထိုအခါက အနားပတ်ပတ်လည်ရှိ ထူးဆန်းသော ဖိအားကို သူတို့ဘာသာသူတို့ ခုခံ ရပေတော့မည်။
သူတို့အား အချိန်မရွေး ဆုတ်ဖြဲပစ်ရန် စောင့်ဆိုင်းနေသည့် ဟင်းလင်းပြင်စီးကြောင်းများကို မည်သူမှ ပေါ့သေးသေး မမှတ်ရဲ။
နာရီဝက်ကြာပြီးနောက် သူတို့အဖွဲ့ရှေ့ မှိန်ဖျော့ဖျော့ အလင်းတန်းတစ်တန်း ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ထွက်ပေါက်ပဲ” မြေကမ္ဘာနွားသိုးက ပျော်ရွှင်စွာ အော်ဟစ်လိုက်ပြီး ရန်ကိုင်ကိုကျော်တက်ကာ ထိုဝင်ပေါက် ထဲသို့ အလျင်စလို ပြေးခုန်ဝင်သွားလေသည်။
မိုးကြိုးနဂါးနှင့် ကိုင်တေတို့သည်လည်း ဝင်ပေါက်ဆီသို့ အလျင်အမြန် ပြေးသွားလိုက်ကြသည်။
ရန်ကိုင်ကမူ လီရုန်နှင့်အတူ ပုံမှန် အရှိန်ဖြင့်သာ ရှေ့ဆက်သွားနေခဲ့သည်။ ဝင်ပေါက်သို့ ရောက်သည့်အခါ ဝင်ပေါက်၏ အခြားတစ်ဖက်တွင် မည်သည့် အန္တရာယ်မှ မရှိမှန်း သေချာသွားတော့မှပဲ အထဲသို့ ဝင်လိုက်လေသည်။
မျက်စိကျိန်းမတတ် စူးရှသည့် အလင်းကြောင့် ရန်ကိုင် အမြင်အာရုံ ဖြူဖွေးသွားခဲ့ရသည်။ ထို့နောက် သူအမြင်အာရုံကို ပြန်ရလာသည့်အခါ ထူးဆန်းသော မြင်ကွင်းကို တွေ့လိုက်ရ၏။
ထိုနေရာတွင် နေ၊လ၊ ကြယ်မရှိ။ ပရမ်းပတာ ဖြစ်နေသော စွမ်းအင်စီးကြောင်းများနှင့် ရံဖန်ရံခါ ထွက်ပေါ်လာတတ်သော တိမ်မည်းများသာ ရှိသည်။ ယခုလေးတင်ပင် အနက်ရောင် စွမ်းအင်စီးကြောင်းတစ်ခု ကောင်းကင်ထက် လက်သွားခဲ့သည်။
ဆန်းကြယ်လောကငယ်တစ်ခုပင်…
သို့သော် ထိုဆန်းကြယ်လောကငယ်သည် သူတွေ့ခဲ့ဖူးသော အခြား ဆန်းကြယ်လောကငယ်များနှင့် မသိမသာလေး ကွဲပြားနေခဲ့သည်။
ကြိုရောက်နေပြီ ဖြစ်သော မွန်းစတားမျိုးနွယ်စုဝင် လေးယောက်သည် ရန်ကိုင်နှင့် လီရုန်တို့ အန္တရာယ်ကင်းကင်နှင့် ရောက်လာမည်ကို စောင့်နေခဲ့သည်။ ရန်ကိုင်တို့ ရောက်လာမှပဲ ဟင်းလင်းပြင်ဝင်ပေါက်မှ သူတို့၏ အကြည့်ကို ပြန်ရုတ်သိမ်း လိုက်ကြလေသည်။
ဆန်းကြယ်လောကငယ်ထဲတွင် ရပ်လျက် ရန်ကိုင်သည် သူ့ဘေးပတ်ဝန်းကျင်အား အသေအချာ စူးစမ်းလိုက်သည်။ စူးစမ်းပြီးနောက် သူ့မျက်ခုံးကြောတို့ တွန့်ကွေးသွားလေသည်။
ဤနေရာတစ်ခုလုံးသည် လုံးဝကို ကျတ်တီးမြေကြီး ဖြစ်နေသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။ မည်သည့် အသက်စွမ်းအင်ကိုမှ သူအာရုံမခံမိ။ ဤဆန်းကြယ် လောကငယ်တစ်ခုလုံးသည် ပျက်စီးနေသော ဖုန်းဆီုးမြေကြီး တစ်ခုနှင့်ပင် တူနေသေးသည်။
ပတ်ပတ်လည်သို့ လှည့်ပတ်ကြည့်လိုက်သည့်အခါ မီးခိုးရောင် ကန္တာရကြီးကိုသာ တွေ့ရသည်။ မမြင်နိုင်သော စွမ်းအားတစ်ရပ်ကြောင့် သူ့ကောင်းကင်စိတ်အာရုံကို အဝေကြီး မဖြန့်ကျက်နိုင်ခဲ့ချေ။
“သတိထားကြဦး။ ဒီနေရာက တော်တော်လေး ထူးဆန်းတယ်။ အရင်တစ်ကြိမ် ငါနဲ့ နွားအိုကြီး ရောက်လာတုန်းက ဆယ်ကီလိုမီတာလောက်ပဲ စူးစမ်းလိုက်နိုင်တယ်။ ပြီးတာနဲ့ ပြန်ထွက်ရတာပဲ” မိုးကြိုးနဂါး စီနီယာကြီးက သတိပေးလိုက်လေသည်။
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ သူ့အား သတိပေးစရာ မလိုချေ။ ထိုကဲ့သို့သော ထူးဆန်းသည့် နေရာသစ်တစ်ခုတွင် သူ့အနေဖြင့် သတိမထားဘဲ နေလိမ့်မည် မဟုတ်ပေ။
“အဲ့နေရာမှ နတ်ဆိုးစကားလုံးတွေ ရေးထွင်းထားတာ” မိုးကြိုးနဂါးက ရှေ့ရှိလမ်းဆီ ညွှန်ပြလိုက်သည်။ ထို့နောက် ကြောက်လန့်နေသည့် အမူအရာဖြင့် “ဒါပေမယ့် တစ်ချက်ပဲ ကြည့်နော်။ အကြာကြီး စိုက်ကြည့်မနေနဲ့။ မဟုတ်ရင် သေသွားလိမ့်မယ်”
ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး ညွှန်ပြရာ အရပ်ဆီ လှမ်းကြည့်လိုက်ရာ ကျောက်တိုင်ကြီးတစ်တိုင်ကို မြင်လိုက်ရသည်။ ထိုကျောက်တိုင်ကြီးသည်သည် အချိန်ကာလ၏ တိုက်စားမှုကြောင့် တဖြည်းဖြည်း ယိုယွင်း၊ ပျက်စီးနေခဲ့လေပြီ။
ကျောက်တိုင်ကို နေရာတိုင်းတွင် တွေ့နိုင်သော သာမန် ကျောက်တုံးဖြင့်သာ လုပ်ထားသည်။
သို့သော်လည်း ၎င်းပေါ်တွင် ရေးထွင်းထားသော နတ်ဆိုး စကားလုံးများမှ သိပ်သည်းလှသော သတ်ဖြတ်လိုစိတ်တို့ ဖြာထွက်နေခဲ့လေသည်။
ထိုစကားလုံးကို ကြည့်လိုက်သည့်အခိုက် သိပ်သည်းလှသော အေးစက်သက် သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်ပြီး သူ့ကျောရိုးတစ်လျှောက် စိမ့်တက်သွားရသည်။
ထိုနတ်ဆိုးစကားလုံးများသည် အရမ်းကိုမှ အားကောင်းလှသည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုစကားလုံးများကို အားကောင်းသော ပညာရှင်တစ်ယောက်မှ ရေးထွင်းသွားခြင်းမှန်း တန်းသိနိုင်သည်။
သို့သော်လည်း အနားပတ်လည်တွင် ထွက်ပေါ်နေသော အရှိန်အဝါဖျော့ဖျော့ကို ရန်ကိုင် အတော်လေး စိတ်ဝင်စားသွားမိလေရာ ထိုအရာကို ခဏကြာအောင် စိုက်ကြည့်နေမိလိုက်သည်။
ခဏအကြာတွင် နက်နဲလှသော နတ်ဆိုးစကားလုံး များသည် အသက်ဝင်လာသည့်အလား ထက်ရှသော ဓါးသွားတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ကျောက်တိုင်ပေါ်မှ ခုန်ထွက်ကာ ရန်ကိုင် မျက်လုံးတည့်တည့်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာလေသည်။
“ကောင်လေး၊ မင်းသေချင်နေတာလား” မိုးကြိုးနဂါးက လှမ်အော်လိုက်ပြီး ရန်ကိုင်အား အလျင်စလို လှမ်းဆွဲကာ သူ့စိတ်စွမ်းအင်ဖြင့် ဝင်ကာလိုက်လေသည်။ ဓါးသွားနှင့် စီနီယာကြီး၏ စိတ်စွမ်းအင်တို့ တွေ့သွားသည့်အခိုက် အသံတိတ် ပေါက်ကွဲမှုတစ်ခု ဖြစ်သွားပြီး စီနီယာကြီးလည်း ခြေလှမ်း တော်တော်များများ နောက်ဆုတ်လိုက်ရသည်။
“ကောင်လေး၊ အဲ့စကားလုံးတွေကို အကြာကြီး စိုက်မကြည့်ပါနဲ့လို့ ငါမင်းကို မပြောဘူးလား” မိုးကြိုးနဂါးက အသံကျယ်ကျယ်ဖြင့် အော်ဟစ်ဆူပူပြန်လေသည်။
သူ့အမှားမှန်းသိသဖြင့် ရန်ကိုင်သည် ဘာမှပြန်မပြောဘဲ ခြောက်ကပ်ကပ်သာ ရယ်မောလိုက်သည်။ ထို့နောက် လီရုန်ဆီ လှမ်းကြည့်လိုက်သည်။ သူတို့ နှစ်ယောက်စလုံး တစ်ယောက် မျက်လုံးထဲ တစ်ယောက် အံ့အားသင့်နေသည့် အရိပ်အယောင်ကို တွေ့လိုက်ကြရသည်။
ထိုနတ်ဆိုးစကားလုံးများကို ရေးထွင်းထားခဲ့သည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း စကားလုံး ပတ်ပတ်လည်တွင် မှိတ်ဖျော့ဖျော့ အရှိန်အဝါတစ်ခု ကျန်ရစ်နေသေးသည်။ ထိုအရှိန်အဝါသည် မဟာနတ်ဆိုး နတ်ဘုရား၏ အရှိန်အဝါပင် ဖြစ်သည်။
မီးတောက်နီမိုးကြိုးနဂါးနှင့် မြေကမ္ဘာနွားသိုးတို့မှာ ထိုအချက်ကို သတိပြုမိသော်လည်း ရန်ကိုင်နှင့် လီရုန်တို့အဖို့မူ သတိမပြုမိစရာ အကြောင်းမရှိချေ။
ထို့အပြင် လွန်ခဲ့သော နှစ်ပေါင်းများစွာက ချန်ရစ်ခဲ့သော စကားလုံးလေး အနည်းငယ်ကို မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီး နှစ်ယောက် သတိကြီးကြီး ထားနေခဲ့ရသည်။ ဤလောကကြီးတွင် မဟာနတ်ဆိုးနတ်ဘုရားမှလွဲ၍ မည်သူမှ ထိုကဲ့သို့ မလုပ်နိုင်ချေ။
ထိုစကားလုံးကို ချန်ထားရစ်ခဲ့သူမှာ မဟာနတ်ဆိုးနတ်ဘုရားသာ ဖြစ်ရပေမည်။ ထိုအချက်ကို ရန်ကိုင် ချက်ချင်း တန်းသိလိုက်သည်။
မဟာနတ်ဆိုးနတ်ဘုရား၏ မူရင်း အရေးအသားကို ကိုယ်တိုင် မြင်တွေ့လိုက်ရသည့်အတွက် ရန်ကိုင်လည်း အတော်လေးကိုမှ အံ့အားသင့်နေခဲ့ရသည်။ သို့သော်လည်း သူ့အား အံ့အားသင့်စေသည့် အရာသည်ကား ဤနေရာတွင် အဘယ်ကြောင့် သတိပေးချက် ရှိနေရသနည်း။
မသိစိတ်အရ ဤနေရာသို့ လာခဲ့လိုက်ခြင်းမှာ မှန်သွားသည်ဟု ရန်ကိုင် တွေးလိုက်မိသည်။
ကံကောင်းလျှင် ထိုနေရာမှ အကျိုးအမြတ် ကြီးကြီးပင် ရကောင်းရနိုင်ပေလိမ့်မည်။
လီရုန်ရင်ထဲ မျှော်လင့်ချက်တို့ဖြင့် ဝေဆာနေခဲ့လေပြီ။ သူသည်လည်း ဤနေရာ၏ လျှို့ဝှက်ချက်ကို အတော်လေး သိချင်နေမိသည်။
“ထပ်မကြည့်တော့နဲ့” မိုးကြိုးနဂါးက အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။ ရန်ကိုင် ထပ်မကြည့်တော့သည် ကိုမြင်သော် ထိုကောင် သင်ခန်းစာရသွားပြီဟု ထင်ကာ မိုးကြိုးနဂါးက အလျင်အမြန် ထပ်ပြောလိုက်သည် “အဲ့ထဲမှာပါတဲ့ သတ်ဖြတ်လိုစိတ်ကို ငါနဲ့ နွားအိုကြီးတောင် လျစ်လျူရှုရဲတာ မဟုတ်ဘူး။ မင်းရဲ့ မသေမျိုး တတိယအဆင့် ကျင့်ကြံခြင်းလေးနဲ့ဆိုရင် ထိတာနဲ့ တစ်ခါတည်း တန်းသေမှာ”
“ကျုပ်သိတယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
“ဘယ်လို ပညာရှင်ကများ ဒီလို စကားလုံးတွေကို ဒီမှာ ရေးသွားလဲ သိတော့ သိချင်မိသား” မြေကမ္ဘာနွားသိုးက သူ့အတွေးကို ထုတ်ပြောလိုက်သည်။
“သေတော့မသေချာပေမယ့် ဒီစကားလုံးတွေကို ရေးသွားတဲ့ လူက ကျိန်းသေ အဆင့်မြင့်တဲ့ လူတစ်ယောက် ဖြစ်လိမ့်မယ်။ ဒဏ္ဏာရီလာ မဟာနတ်ဆိုးနတ်ဘုရားတောင် ဖြစ်နိုင်သေးတယ်” မိုးကြိုးနဂါးက မျက်မှောင်ကြုံ့၍ သူ့ခန်းမှန်းချက်ကို ထုတ်ပြောလိုက်သည်။
သူ့ခန့်မှန်းချက်သည် အမှန်ဖြစ်နေသည် ဆိုသည်ကိုတော့ မိုးကြိုးနဂါး မသိခဲ့။
“အရှေ့မှာ ဘာတွေရှိဦးမလဲမသိဘူး။ ဆက်သွားကြည့်ရအောင်” မိုးကြိုးနဂါးက လက်ဝှေ့ရမ်း၍ အားတက်သရောဖြင့် ရှေ့မှ ဦးဆောင်သွားလေသည်။
ယခင်တစ်ကြိမ် မြေကမ္ဘာနွားသိုးနှင့် အတူလာစဉ်က ကျောက်တိုင်းကြီးကို ဖြတ်ပြီးနောက် (၁၀)ကီလိုမီတာ လောက်သာ ရှေ့ဆက်သွားနိုင်ခဲ့ပြီး မမျှော်လင့်ထားသည့် အန္တရာယ်အချို့ကြောင့် ယာယီပြန်ဆုတ်ခဲ့ရလေသည်။
ရန်ကိုင်တွင် လက်အောက်ငယ်သားအဖြစ် အားကောင်းသော နတ်ဆိုးများ ရှိနေသည်ကို ပြန်သတိရကာ ကိုင်တေအား ရန်ကိုင်ဆီ အခေါ်လွှတ်ခဲ့လေသည်။
သူတော်စင်အဆင့် တစ်ယောက် ပိုပါလာ၍ ဤနေရာရှိ အန္တရာယ်မှ အပြည့်အဝ လုံခြုံနိုင်မည် မဟုတ်သော်လည်း အခြား နတ်ဆိုးစကားလုံးများကို ထပ်မံတွေ့ရပါက လီရုန်ကို ဘာသာပြန်ခိုင်း၍ ရပေသည်။
လမ်းတစ်လျှောက်တွင် မိုးကြိုးနဂါးသည် သူနှင့် နွားအိုကြီး ဤနေရာသို့ လာခဲ့စဉ်က ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်း ရှင်းပြနေခဲ့သည်။ ပြောနေရင်း မိုးကြိုးနဂါးက ရုတ်တရက် ကောက်မေးလိုက်လေသည် “ကောင်လေး၊ ဒီနေရာကို မင်းဘယ်လိုထင်လဲ”
“မသိဘူးလေ” ရန်ကိုင်က ပခုံးသာ တွန့်ပြလိုက်သည်။
“တစ်ခုခုကို သတိပြုမိတာတို့၊ ပြောစရာ ရှိတာတို့ဆိုရင် ပြောသာပြောလိုက်နော်။ တုန့်ဆိုင်းမနေနဲ့” အစောပိုင်းက ရန်ကိုင်၏ စွမ်းဆောင်ရည်ကြောင့် မိုးကြိုးနဂါးသည် ရန်ကိုင်၏ အထင်အမြင်နှင့် အတွေးတို့အပေါ် တော်တော်လေး အလေးထားလာခဲ့သည်။
ထိုလူသားကောင်လေးသည် ဤနေရာသို့ ယခင်က ရောက်ဖူးသည်ဟုပင် မိုးကြိုးနဂါး ထင်မိလာခဲ့သည်။
ထိုထင်မြင်ချက်နှင့် ပက်သက်၍မူ မိုးကြိုးနဂါး လုံးဝ မှားသွားလေပြီ။ ဟင်းလင်းပြင်ထဲ အန္တရာယ်ကင်းကင်းဖြင့် သွားလာနိုင်ခြင်းနှင့် ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင် စီးကြောင်းများကို ပြုပြင်နိုင်ခြင်းမှ ယခင်က ထိုကဲ့သို့ လုပ်ခဲ့ဖူးခြင်းကြောင့် ဖြစ်ပေသည်။ ဆန်းကြယ်လောကငယ်နှင့် ပက်သက်၍ သူဘာမှ မသိပါချေ။
“တစ်ခုခုသတိပြုမိတာရှိရင် ကျုပ်ပြောမယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
(၁၀)ကီလိုမီတာလောက် လမ်းလျှောက်လာပြီးနောက် မိုးကြိုးနဂါးက ရုတ်တရက် ရပ်တန့်လိုက်ပြီး ရှေ့သို့ညွှန်ကာ “ဒီနေရာက ငါနဲ့နွားအိုကြီးတို့ ပြန်ဆုတ်ခဲ့တဲ့နေရာပဲ”
“ဒီနေရာနဲ့ ပက်သက်ပြီး နည်းနည်း ထူးဆန်းတယ်။ ဒီနေရာမှ ပုံမှန်မဟုတ်တဲ့ စွမ်းအင်စီးကြောင်းတစ်ခု စီးဆင်းနေတယ် ဆိုတာကိုတော့ ငါသိတယ်။ ဘာစွမ်းအင် စီးကြောင်းလဲ ဆိုတာကိုတော့ မသိဘူး” နွားအိုကြီးက ခေါင်းတရမ်းရမ်းဖြင့် ပြောလိုက်သည်။
ရှေ့ဘက်သို့ လှည့်ကြည့်လိုက်ရာ ရန်ကိုင် အမူအရာ ရှုံ့မဲ့သွားခဲ့ရလေသည်။
သူတို့ရှေ့ဘက်တွင် ချောက်နက်ကြီးတစ်ခု ရှိနေခဲ့သည်။
ထိုချောက်နက်ကြီးထဲတွင် ထူးဆန်းသော အစိမ်းရောင် အရည်တို့ ရှိနေခဲ့သည်။ ထိုအစိမ်းရောင်ပင်လယ်ကြောင့် ချောက်နက်အောက်ခြေကို မမြင်နိုင်ခဲ့။ မကြာမကြာဆိုသလို ထိုချောက်ကြီးထဲမှ အော်ဟစ်သံ၊ ဟိန်းသံတို့ကို ကြားနေခဲ့ရရာ အရမ်းကိုမှ ချောက်ချားဖွယ်ကောင်းလှပေသည်။
ချောက်ကမ်းပါးတွင် ရပ်လျက် အောက်သို့ ငုံကြည့်လိုက်ရာ ပျစ်ချွဲချွဲ အစိမ်းရောင်အရည်များနှင့် ထိုထဲတွင် မျောနေသော အကြည်းတန်လှသည့် အရုပ်ဆိုးဆိုး မျက်နှာအချို့ကို မြင်လိုက်ရသည်။ ထို့မျက်နှာများသည် ထိုနေရာမှ လွတ်မြောက်ရန် ကြိုးစားရုန်းကန်နေသော်လည်း မည်သို့မှ မလွတ်မြောက်နိုင်ခဲ့ပေ။
ရံဖန်ရံခါ အစိမ်းရောင်အရည်မျက်နှာပြင်ထက်သို့ ပူပေါင်းလေးများ ပလုံစီတက်လာပြီး ထထပေါက်လေရာမှ ချောက်ချားဖွယ်ရာ ညို့မှိုင်းမှိုင်းအော်သံကြီးတို့ ထွက်ပေါ် လာတတ်လေသည်။
ထိုအော်သံကြောင့် ကိုင်တေနှင့် လီရုန်တို့ နှစ်ယောက်စလုံး သွေးဆုတ်ဖြူလျော်သွားခဲ့ကြလေသည်။
မိုးကြိုးနဂါးနှင့် မြေကမ္ဘာနွားသို့တို့လည်း မျက်နှာ အမူအရာ မကောင်းကြတော့။ နှစ်ယောက်စလုံးသည် သူတို့၏ အစစ်အမှန်ချီကို လှည့်ပတ်၍ အစိမ်းရောင်ပင်လယ်မှ စီးဆင်းလာဟန်ရသော မကျေမချမ်း ခံစားချက်များကို ခုခံရန် ကြိုးစားနေခဲ့ရသည်။
ထိုအကျည်းတန်သော မျက်နှာများသည် လူများ၏ စိတ်ကို ရှုပ်ထွေး၊ ရူးသွပ်သွားအောင် လုပ်နိုင်သော မကျေမချမ်း ခံစားချက်များကို ထုတ်လွှတ်နေခဲ့သည်။
“အဲ့အောက်ခြေကို စစ်ဆေးဖို့ မင်းတို့ရဲ့ ကောင်းကင် စိတ်အာရုံကို နည်းနည်းလေးမှ မသုံးလိုက်နဲ့နော်” မိုးကြိုးနဂါးက အလေးအနက် အမူအရာဖြင့် သတိပေးလိုက်သည် “ငါမမှားရင် ဒီမျောနေတဲ့ မျက်နှာတွေက ဝိဥာဉ်စိတ်ဝိဥာဉ်ခန္ဓာကိုယ်တွေပဲ”
“ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်တွေလား” ရန်ကိုင်က သံယောင်လိုက်မေးလိုက်သည်။
“ဟုတ်တယ်” မိုးကြိုးနဂါးက ခေါင်းညိတ်၍ “မျက်နှာ တစ်ခုချင်းစီတိုင်းက ဒီနေရာဆီ နှင်ထုတ်ခံရပြီး သေသွားခဲ့တဲ့ ပညာရှင်တွေပဲ။ အရင်တစ်ခါလာတုန်းက မဆင်မခြင်နဲ့ ကောင်းကင်စိတ်အာရုံသုံးပြီး အောက်ဘက်ကို သွားစစ်ဆေးတာ ငါ့အသိစိတ်ပါ သူတို့ ဆွဲချတာ ခံရလုနီးနီးပဲ”
ထိုအကြောင်းကို ပြန်ပြောနေစဉ် မိုးကြိုးနဂါး၏ မျက်နှာထက် ကြောက်လန့်နေသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။ “အဲ့ဝိဥာဉ်-စိတ်ဝိဥာဉ်မျက်နှာ ပိုင်ရှင်တွေ အသက်ရှင်တုန်းက သူတို့ရဲ့ ခွန်အားက ငါအောက် မနိမ့်ဘူး။ သူတို့ရုပ်ခန္ဓာ မရှိတော့ပေမယ့် ဝိဥာဉ်တွေကတော့ ဒီနေရာမှ အကျဉ်းချထားခံရတုန်းပဲ။ ဒါကြောင့် သူတို့ကို သွားထိမိလိုက်တာနဲ့ မင်းလည်း သူတို့ဆွဲချတာခံရပြီး သူတို့ထဲက တစ်ယောက် ဖြစ်သွားရလိမ့်မယ်”
“ဒီတော့ ခင်ဗျား ပြောချင်တာက ဒီမျက်နှာပိုင်ရှင်တွေ အသက်ရှင်နေတုန်းက ခင်ဗျားအောက် မနိမ့်တဲ့ ပညာရှင်တွေပေါ့” ရန်ကိုင် ထိတ်လန့်သွားခဲ့သည်။
“အများကြီးပဲ”
“အဲ့ပညာရှင်တွေ အများကြီး ဘယ်ကနေ ရောက်လာတာလဲ မသိဘူး။ ထုန်းရွှမ်လောကကြီးမှာတောင် သူတော်စင် တတိယ အဆင့်က များများစားစား ရှိလှတာမဟုတ်ဘူး။ ငါးဆယ်လား၊ အဲ့ထက် ပိုနည်းသေးလား။ အခုခေတ်က ဒီလောက် ဆိုမှတော့ အရင်ခေတ်လည်း ဒီလောက်ပဲ ဖြစ်မှာပေါ့”
သို့သော် အစိမ်းရောင်ပင်လယ်ထဲ မျက်နှာပေါင်း ထောင်နှင့်ချီကာ ရှိနေခဲ့သည်။ ထိုထောင်နှင့်ချီသော မျက်နှာများထဲမှ အနည်းငယ်သာ မိုးကြိုးနဂါးအောက် မနိမ့်ကျသော ပညာရှင်များ ဖြစ်သည်ဆိုလျှင်ပင် ထိုအရေအတွက်သည် အတော့်ကိုမှ အံ့အားသင့်ဖွယ် ကောင်းနေတုန်းပင်။
ရန်ကိုင် သိထားသလောက် ရှေးဟောင်းခေတ်တွင် အဆင့်မြင့် ပညာရှင်များစွာ ရှိခဲ့ပေသည်။
ထို့ကြောင့် အောက်ဘက်တွင် ရှိနေသော မျက်နှာများ၏ စွမ်းအားကို သူအထင်မသေးချေ။ ထိုထဲမှ အတော်များများသည် အရမ်းကိုမှ အားကောင်းလှကြပေသည်။
“ငါလည်း သေချာမသိပေမယ့် ဟိုးခေတ်တွေတုန်းက ဒီလို ပညာရှင်တွေဆိုတာ ဒီလောကကြီးမှာ မှိုလိုပေါက်နေကြတာ” မိုးကြိုးနဂါးက ခေါင်းတရမ်းရမ်းဖြင့် ပြောလိုက်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၀၄) ကျောက်ပြားများ
“ဆက်သွားချင်ရင် အဲ့ကျောက်စင်မြင့်တွေကို သုံးမှပဲ ရလိမ့်မယ်” မိုးကြိုးနဂါးက ရှေ့သို့ကြည့်ကာ ပြောလိုက်သည်။
ဘယ်ရော၊ ညာရောတွင် လမ်းမရှိတော့ချေ။ သို့သော် ထူးဆန်းသော အစိမ်းရောင်ပင်လယ်ထက်တွင် ဝဲနေသော အလျားအနံ သုံးမီတာလောက်ရှည်လျားသည့် ကျောက်ပြား တစ်ချပ်ရှိနေခဲ့သည်။
ပထမကျောက်ပြားနောက်တွင် နောက်ထပ် ကျောက်ပြားတစ်ချပ် ရှိနေခဲ့ပြီး ဒုတိယတစ်ခုနောက်တွင် တတိယတစ်ခု၊ စသဖြင့် အစဉ်လိုက် ရှိနေခဲ့လေသည်။ ကျောက်ပြားများသည် တစ်ခုပြီးတစ်ခု မြင့်မြင့်သွားရာ ကောင်းကင်ပေါ်သို့ ထောင်တက်နေသော လှေကား တစ်ခုနှင့်ပင် တူနေပေသေးသည်။
အစိမ်းရောင်ပင်လယ်ပြင်ထက်တွင် ထူးဆန်းသော စွမ်းအင်များ ပါဝင်နေသည့် လေကြမ်းများ တိုက်ခတ်နေသဖြင့် မည်သူမှ ထိုပေါ်သို့ ဖြတ်မပျံသန်းရဲကြချေ။
“ဆက်သွားကြမှာလား” မြေကမ္ဘာနွားသိုးက မေးလိုက်သည်။ ဆက်သွားသင့်၊ မသွားသင့်ကို သူလည်း သေချာမသိတော့ချေ။
ရှေ့ဆက်သွားနိုင်သည့် လမ်းရှိနေသော်လည်း ထိုလမ်းအတိုင်း ဆက်သွား၍ အန္တရာယ်ရှိ၊မရှိကို ဘယ်သူမှ သေချာမသိကြချေ။
“ဒီတစ်ကြိမ်နဲ့ ဒုတိယအကြိမ်ပဲ။ ဒီတစ်ကြိမ် ဒီနေရာကို သေချာမစူးစမ်းနိုင်သရွေ့ ဒီဘုရင် ထွက်သွားမှာ မဟုတ်ဘူး” မိုးကြိုးနဂါးက အခိုင်အမာ ပြောဆိုလိုက်ပြီးနောက် ပထမဆုံး ကျောက်ပြားပေါ်သို့ တက်လိုက်သည်။
ကိုင်တေသည် တုန့်ဆိုင်းခြင်းမရှီ မိုးကြိုးနဂါးနောက်မှ လိုက်သွားလေသည်။
“ကောင်လေး။ မိုးကြိုးနဂါးနောက်ကနေ အနီးကပ် လိုက်သွားလိုက်။ ဒီနွားအိုကြီးကတော့ နောက်ဆုံးကနေ လိုက်လာခဲ့မယ်” မြေကမ္ဘာနွားသိုးက ရန်ကိုင်ကို ခေါင်းညိတ် ပြလိုက်သည်။
ရန်ကိုင်လည်း ပြန်ခေါင်းညိတ်ပြလိုက်ပြီး ကျောက်ပြားပေါ်သို့ လီရုန်နှင့်အတူ တက်လိုက်လေသည်။
ကျောက်ပြားများမှား တစ်ချပ်နှင့်တစ်ချပ် အရမ်း မလှမ်းသဖြင့် တစ်ချပ်မှ နောက်တစ်ချပ်သို့ ခြေလှမ်းဖြင့် ရောက်နိုင်ပေသည်။
မိုးကြိုးနဂါးသည် မမျှော်လင့်ထားသော အန္တရာယ်များ ရုတ်တရက် ပေါ်လာမည်ကိုစိုးသဖြင့် ပတ်ဝန်းကျင်ကို သေသေချာချာ သတိထားစစ်ဆေးရင်း ဖြည်းဖြည်းချင်း လှမ်းသွားနေခဲ့သည်။
အစပိုင်းတွင် ကျောက်ပြားပေါ်သို့ တက်ရာ၌ ဘာမှ မဖြစ်သဖြင့် သူတို့အဖွဲ့လည်း အနည်းငယ် စိတ်လက် ပြေလျော့သွားခဲ့ကြသည်။
သို့သော်လည်း နည်းနည်းလောက် ထပ်တက်ပြီးနောက် အောက်ဘက်ရှိ အစိမ်းရောင်ပင်လယ် ရုတ်တရက် ဆူပွက်လာပြီး များစွာသော မျောနေသည့် မျက်နှာများသည် ချောက်ချားဖွယ်ရာကောင်းစွာ အော်ဟစ်ရင်း ပင်လယ် မျက်နှာပြင်ပေါ်သို့ တိုးထွက်လာခဲ့ကြလေသည်။
ခဏအကြာတွင် ထိုမရေမတွက်နိုင်သော ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်များ အစိမ်းရောင်ပင်လယ်၏ အချုပ်အနှောင်မှ ချိုးဖျက်သွားနိုင်ခဲ့ပြီး သားကောင်အနံ့ရသော မုဆိုးများပမာ ရန်ကိုင်တို့ အဖွဲ့ဆီသို့ ပျံသန်းတက်လာခဲ့လေသည်။
ထိုချောက်ချားဖွယ်ရာ အူမြည်သံနှင့် စူးစူးရှရှ အော်ဟစ်မြည်ကြွေးသံတို့သည် တရမ်ကြမ်း တိုက်ခတ်နေသော လေတိုးသံများနှင့် ရောနှောသွားခဲ့ပြီး ထွင်းဖောက်မြင်နိုင်သော ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်များသည် ရန်ကိုင်တို့ဆီသို့ အဘက်ဘက်မှ ပျံသန်းတက်လာခဲ့ကြလေသည်။
အကုန်လုံး သွေးဖုတ်ဖြူလျော်သွားခဲ့ပြီး ဘာကြောင့် ထိုကဲ့သို့ ရုတ်တရက် ဖြစ်သွားမှန်း နားမလည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။
မျက်တောင်တစ်ခတ်အတွင်း လူခြောက်ယောက် ရပ်နေသော ကျောက်ပြားများသည် ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်များ၏ ဝိုင်းရံခြင်းခံလိုက်ရပြီး သိပ်သည်းလှသော စိတ်စွမ်းအင်လှိုင်းများသည်လည်း သူတို့အပေါ်သို့ မိုးသီးမိုးပေါက်ပမာ အဆက်မပြတ် ကျဆင်းလာတော့သည်။
မိုးကြိုးနဂါးနှင့် မြေကမ္ဘာနွားသို့ပင်လျှင် ထိုစိတ်စွမ်းအင်လှိုင်းများအောက်၌ အသက်ရှင်ချင်စိတ် ပျောက်ဆုံးလာခဲ့ရသည်။
ဟိန်းသံကျယ်ကြီးနှင့်အတူ မိုးကြိုးနဂါးဆီမှ လျှပ်စီးတန်းတို့ ဖြာထွက်လာခဲ့ပြီး ပါးလျသော အလင်းအကာအရံတစ်ခု ဖြစ်သွားခဲ့လေသည်။
ဖျစ်…. ဖျစ်… ဖျစ်…
အလျင်မပြတ် စီးဆင်းနေသော ရေးစီးကြောင်းတစ်ခုပမာ တိုးဝင်လာနေသော စိတ်စွမ်းအင် တိုက်ခိုက်မှုများကြောင့် အလင်းအကာအရံမှာ တဖျတ်ဖျတ် လက်နေခဲ့လေသည်။ မကြာမှီ ပျက်စီးတော့မည့် အရိပ်အယောင်တို့ ပြလာခဲ့လေ၏။
မြေကမ္ဘာနွားသိုးသည် အချိန်ဆိုင်းမနေဘဲ သူတို့ ပတ်လည်တွင် ဒုတိယအရံအတားတစ်ခုကို ဖန်တီးလိုက်လေသည်။
ကိုင်တေ၏ ခုနှစ်ရောင်ခြယ်တောင်ပံများ တဖျတ်ဖျတ် လက်သွားခဲ့ပြီး များစွာသော အလင်းတန်းများကို ထုတ်လွှတ်ကာ တိုးကပ်လာနေသော ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်များကို ပြန်တွန်းလွှတ်လေသည်။
လီရုန်နှင်း ကျင်းနီတို့သည်လည်း သူတို့ အစွမ်းအစကို တစ်ပြိုင်တည်း ထုတ်ပြကြလေသည်။
သို့သော်လည်း ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်များဆီမှ ထွက်ပေါ်လာနေသော စိတ်စွမ်းအင်တိုက်ခိုက်မှုများမှာ နည်းနည်းလေးမှပင် လျော့ကျသွားခြင်း မရှိလေရာ ရန်ကိုင်တို့ အဖွဲ့မှာလည်း မလွတ်မြောက်နိုင် ဖြစ်နေခဲ့ရလေသည်။
“ပြေးတော့” မိုးကြိုးနဂါးက အော်ဟစ်လိုက်ပြီး ချက်ချင်း အရှိန်ကုန်တင်လိုက်လေသည်။ ကျန်ငါးယောက်လည်း နှေးကျန်ရစ်မနေဘဲ ကျောက်ပြားတစ်ချပ်မှ တစ်ချပ်သို့ မြန်နိုင်သမျှ မြန်မြန် ခုန်တက်ကြတော့လေသည်။
စီနီယာကြီးနှစ်ယောက် ဖန်တီးထားသော အလင်း အကာအရံမှာ အရမ်းကိုမှ အားကောင်းလှသော်လည်း မရေမတွက်နိုင်သော တိုက်ခိုက်မှုများကြောင့် အသက်ရှူရှိုက်စာ အကြိမ်အနည်းငယ်အတွင်း ပျက်စီးသွားခဲ့ရလေသည်။ အလင်းအကာအရံ ပျက်စီးသွားချိန် ရန်ကိုင်တို့အဖွဲ့မှာ မီတာသုံးရာလောက်ပင် ရှေ့ဆက်မသွားရသေးချေ။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်များသည် ပို၍ပင် ရက်စက်ကြမ်းကြုတ်လာခဲ့ကြပြီး ကျိုင်းကောင်အုပ်ပမာ ရန်ကိုင်တို့ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြလေသည်။
ထိုဝိဥာဉ်စုတ်များသည် သားရဲအဆင့်လောက်သာ ရှိတော့သော်ငြား အားနည်သူကိုအနိုင်ကျင့်၊ အားကြီးသူကို ကြောက်ရွံ့ ဆိုသော သဘောတရားကို နားလည်ထားသည့် ပုံပင်။ မိုးကြိုးနဂါးနှင့် အခြားသူတော်စင်များသည် အဖွဲ့ထဲတွင် အားအကောင်းဖြစ်မှန်း အလိုလို သိထားကြရာ အားအနည်းဆုံး ဖြစ်သော ရန်ကိုင်ကို စတင် ပစ်မှတ်ထားလာကြလေသည်။
ထွင်းဖောက်မြင်နိုင်သော ဝိဥာဉ်များသည် ကြုံသလို ပျံသန်းနေခဲ့ကြပြီး အများစုကို သူတောင်စင်ငါးယောက်က တားဆီးထားကြသော်လည်း အနည်းစုမှာ လွတ်ထွက်သွားပြီး ရန်ကိုင်ဆီသို့ တိုးဝင်သွားကြလေသည်။
ရန်ကိုင်ဆီသို့ ရောက်သည်နှင့် ထိုဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်များသည် ရန်ကိုင်ကိုယ်ထဲသို့ ချက်ချင်း တိုးဝင် ပျောက်ကွယ်သွားလေသည်။
“သခင်” လီရုန်၏ မျက်နှာလှလှလေး ဖြူလျော်သွားခဲ့ပြီး သူမဆီ တိုးဝင်လာနေသော ဝိဥာဉ်-စိတ်ဝိဥာဉ်ခန္ဓာကိုယ်များ ကိုပင် လျစ်လျူ၍ကာ ရန်ကိုင်ဆီသို့ အသည်းအသန် ပြေးသွားလေသည်။
အနီးအနားမှ အလင်းတစ်ချက် လက်သွားခဲ့ပြီး လီရုန် နောက်သို့လိုက်နေသော ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်များကို ရှင်းထုတ်လိုက်သည်။ သို့သော်လည်း များလှစွာသော ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်များ၏ ဝင်စီးခြင်းခံလိုက်ရသော ရန်ကိုင် ကံကြမ္မာကို မပြောင်းလဲနိုင်လိုက်ချေ။
ချက်ချင်းဆိုသလို ရန်ကိုင် မျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး သူ့မျက်လုံးများသည်လည်း သွေးရောင်ရဲလာခဲ့ကာ သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာခဲ့လေသည်။
ရန်ကိုင်ပုံစံကိုကြည့်ရင်း အကုန်လုံး သူတို့၏ နှလုံးသားကို လက်အေးကြီးတစ်ဖက်က ဆုပ်ကိုင်လိုက်သလို ခံစားလိုက်ရသည်။ ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ် တစ်ခုချင်းစီတိုင်းသည် အနည်းဆုံး သူတော်စင်အဆင့်သို့ ရောက်နေသော ပညာရှင်များ ဖြစ်ကြသည်။ အစိမ်းရောင် ပင်လယ်ထဲတွင် နှစ်ပေါင်း မရေမတွက်နိုင်အောင် ပိတ်လှောင် ထားခံခဲ့ရပြီးနောက် အပြီးတိုင် ဖျက်စီးခြင်း မခံရသေးသော်ငြား သူတို့စိတ်ထဲ ကိန်းအောင်နေသော အမုန်းတရား၊ နာကျည်းချက်တို့မှာ ရန်ကိုင်ကဲ့သို့ ကျင့်ကြံသူတစ်ယောက် ခုခံနိုင်သည့် အရာမျိုးမဟုတ်ချေ။
သူ့ဝိဥာဉ် ဖျက်စီးခံလိုက်ရပြီး သူ့ခန္ဓာကိုယ် အပိုင်စီးခြင်း ခံလိုက်ရသည်ပင် ဖြစ်နိုင်သေးသည်။
မိုးကြိုးနဂါးမှာလည်း အထိတ်တလန့်ဖြင့် ဘာလုပ်ရာ ဘာကိုင်ရမှန်းမသိ ဖြစ်နေခဲ့လေသည်။
သို့သော် ခဏအကြာတွင် ရန်ကိုင်၏ မျက်လုံးများ တဖျက်ဖျက် လင်းလက်လာခဲ့ပြီး ယခင်ကကဲ့သို့ တစ်ဖန် ပြန်လည် တည်ငြိမ်သွားခဲ့လေသည်။ ထို့နောက် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချလျက် “ဘာတွေကြောင်ကြည့်နေကြတာလဲ၊ ဆက်သွားမယ်လေ”
“မင်း… အဆင်ပြေနေတာလား” မိုးကြိုးနဂါးက အံ့အားသင့်နေသည့် လေသံဖြင့် မေးလိုက်သည်။
ဝိဥာဉ်-စိတ်ဝိဥာဉ်ခန္ဓာကိုယ်များ ရန်ကိုင် ခန္ဓာကိုယ်ကို ဝင်စီးခဲ့သည့် အချိန်မှစ၍ ယခုအချိန်အထိ အသက် တစ်ရှိုက်စာသာ ကြာသေးသည်။ ဖြစ်ပျက်သွားသည်မှာ အရမ်းကိုမှ မြန်ဆန်လွန်းသဖြင့် မည်သူမှ အလျင်မှီအောင် မတုန့်ပြန်နိုင်ခဲ့ပေ။ အရေးကြီးဆုံးအရာသည်ကား သူ့ခန္ဓာကိုယ် အပိုင်စီးခံရခြင်းမှ ရန်ကိုင် မည်ကဲ့သို့ လွတ်မြောက်လာသလဲ ဆိုသည်ကို မိုးကြိုးနဂါး လုံးဝ နားမလည်နိုင်ခြင်းပင်။
ရန်ကိုင် ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည် ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ် အရေအတွက်မှာ မသေးလှချေ။ ထို့အပြင် ထိုဝိဥာဉ် တစ်ကောင်ချင်းစီတိုင်းသည် သူတော်စင်အဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် တူညီသော ဝိဥာဉ်ခွန်အားကို ပိုင်ဆိုင်းထားခြင်း ဖြစ်သည်။
“အခုနေမသွားရင် မမှီတော့ဘူးနော်” ရန်ကိုင်က အလေးအနက်ဖြင့် ပြောလိုက်သည်။
ယခုအချိန်သည် စကားများနေလို့ကောင်းသည့် အချိန်မဟုတ်မှန်း မိုးကြိုးနဂါးလည်း နားလည်ပေသည်။ ထို့ကြောင့် ဝိဥာဉ်-စိတ်ဝိဥာဉ်ခန္ဓာကိုယ်များလက်မှ ထွက်ပြေးနိုင်ရန် ပြန်အာရုံစိုက်လိုက်သည်။ သူ့ပတ်လည်တွင် တဖျတ်ဖျတ် လက်နေသော လျှပ်ပန်းလျှပ်နွယ်များကြောင့် ဝိဥာဉ်-စိတ်ဝိဥာဉ်ခန္ဓာကိုယ်များသည် အလျင်စလို မချဉ်းကပ်လာရဲကြလေရာ ရန်ကိုင်တို့ ခြောက်ယောက်အဖို့ ရှေ့သို့ ဆက်သွားနိုင်ခဲ့လေသည်။
လီရုန်သည် ရန်ကိုင်ဘေးသို့ ရောက်လာပြီး သူ့အား ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်များ၏ တိုက်ခိုက်မှုမှ ကာကွယ်ပေးသည်။ တစ်ချိန်တည်းတွင် သူ့အားလည်း တိတ်တဆိတ် စစ်ဆေး လေ့လာနေခဲ့သည်။ ခဏအကြာတွင် လီရုန်၏ မျက်လုံးလေးများ ဝင်းလက်သွားခဲ့ပြီး ထိုမိစ္ဆာဝိဥာဉ်များ၏ ဝင်စီးမှုမှ ရန်ကိုင် အဘယ်ကြောင့် ဘေးကင်းနေရမှန်း နားလည်သွားခဲ့သည်။
ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲတွင် နတ်ဆိုးနတ်ဘုရား၏ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး ရှိနေပေသည်။
သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏ ရွှေရောင် အလင်းတန်သည် စိတ်စွမ်းအင် အသွင်ပုံစံမှန်သမျှကို ရှင်းလင်သုတ်သင်ပစ်နိုင်ပေသည်။ ရန်ကိုင် ကိုယ်ထဲသို့ ဝင်ရောက်လာသော ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်များမှာ ထိုသုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏ ရှင်းလင်းခြင်း ခံလိုက်ရသည့်ပုံပင်။
ထိုအဖြစ်အပျက်ပြီးနောက် ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်များသည် ရန်ကိုင်တို့ အဖွဲ့နားသို့ သိပ်မကပ်ရဲတော့ဘဲ ခပ်ခွာခွာကနေသာ အော်ဟစ်မြည်ကြွေးရင်း သူတို့၏ အမုန်းတရားများကို ဖွင့်ထုတ်နေခဲ့သည်။
သူတို့၏ အပြုအမူကြောင့် မိုးကြိုးနဂါးနှင့် နွားအိုကြီး ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ သို့သော် ယခုအချိန်သည် ကျောက်ပြားများအပေါ် ဘာကြောင်း အလွယ်တကူ ဖြတ်သွားနေနိုင်လဲ ဆိုသည်ကို တွေးနေရန် အချိန်ကောင်း မဟုတ်။
အမွှေးတိုင်တစ်ချောင်း လောင်ကျွမ်းစာလောက် ကြာသွားပြီးနောက် ကျောက်ပြား၏ အဆုံးကို ရန်ကိုင်တို့ မြင်တွေ့လိုက်ရသည်။
နောက်ဆုံး ကျောက်ပြားပေါ်သို့ တက်ပြီးနောက် အကုန်လုံး၏ အမူအရာ ရှုပ်ထွေးသွားခဲ့ကြရသည်။
အကြောင်းမှာ သူတို့ရောက်ရှိလာသော နေရာတွင် ပရမ်းပတာ ဖြစ်နေသော ကောင်းကင်ကြီး မဟုတ်တော့ဘဲ နောက်တစ်ရာ ဖြစ်နေသောကြောင့် ဖြစ်သည်။
သူတို့ စဝင်လာခဲ့သော နေရာသို့ ပြန်ရောက်လာသည်ဟုပင် ထင်မှတ်ရသည်။ ပတ်ပတ်လည် ဧရိယာတစ်ခုလုံး လွင်တီးခေါင်ပြင် ဖြစ်နေသော်လည်း ကောင်းကင်မှာမူ ယခင်က ကဲ့သို့ မီးခိုးရောင်ကြီးမဟုတ်တော့။ ကောင်းကင်တစ်ခွင် ထူးဆန်းလှစွာသော အလင်းစက်လေးများ မှိတ်တုတ်မှိတ်တုန် လင်းလက်နေလေသည်။
ထိုအလင်းစက်လေးများသည် သူတို့ လက်တစ်ကမ်းတွင် ရှိနေသည်ဟု ထင်ရသော်လည်း တကယ်တမ်း ဖမ်းဆုပ်ဖို့ရာ မဖြစ်နိုင်ပေ။
“ဒီနေရာက တကယ်ကို ထူးဆန်းတာပဲ” မြေကမ္ဘာ နွားသိုးက ခေါင်းခါရမ်းလိုက်သည်။
မိုးကြိုးနဂါးသည် ကောင်းကင်စိတ်အာရုံကို အရင်ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်သည်။ ဘာအန္တရာယ်မှ မရှိမှန်း သေချာသွားသည့်နောက် ရန်ကိုင်တို့ဘက်သို့ လှည့်၍ ပြောလိုက်သည် “ခဏလောက် အရင်နားကြတာပေါ့”
ကျောက်ပြားများကို ဖြတ်ကျော်ရန်အတွင် အကုန်လုံး အတော်လေး ပင်ပန်းခဲ့ရသည်။ ယခုကဲ့သို့ အချိန်မရွေး အန္တရာယ်ကျရောက်နိုင်သော နေရာမျိုးတွင် ခွန်အားအပြည့်ဖြင့် ရှိနေခြင်းသည် အကောင်းဆုံး ဖြစ်ပေသည်။
မိုးကြိုးနဂါးသည်ပင် ဤနေရာ၌ အလျင်စလို မဆင်မခြင် မလှုပ်ရှားရဲချေ။
မည်သူမှ သူ့စကားကို မကန့်ကွက်ခဲ့ကြ။ အကုန်လုံး ချက်ချင်း တင်ပလင်ခွေထိုင်ချလိုက်ပြီး စိတ်စွမ်းအားရော၊ အစစ်အမှန်ချီကိုပါ ပြန်ဖြည့်ကြတော့လေသည်။
စီနီယာကြီးနှစ်ယောက်သည် ဘေးချင်းကပ်ထိုင်၍ တိုးတိုး တိုးတိုးဖြင့် အချင်းချင်း ဆွေးနွေးနေခဲ့ကြသည်။ ထိုကဲ့သို့ ဆွေးနွေးနေရင်း ရံဖန်ရံခါ ရန်ကိုင်အား လှမ်းလှမ်း ကြည့်တတ်လေသည်။
တရားထိုင်ခြင်းဖြင့် အားပြန်ဖြည့်ရာတွင် မျက်လုံးများကို ပိတ်ထားရသော်လည်း ထိုနှစ်ယောက်၏ အပြုအမူသည် ရန်ကိုင် မျက်လုံးအောက်မှ မလွတ်မြောက်ခဲ့ပေ။
မျက်လုံးဖွင့်လျက် မဲ့ပြုံးပြုံးကာ ရန်ကိုင်က အရင် စပြောလိုက်သည် “စီနီယာကြီးတို့နှစ်ယောက် ကျုပ်ဝင်စီးခံရတယ်ဆိုပြီး သံသယ ဝင်နေကြတာလား”
မိုးကြိုးနဂါး မျက်မှောင်ကြုံ့သွားခဲ့ပြီး နောက်ဆုံး ဆက်လက် ထိန်ချန်မထားတော့ရန် ဆုံးဖြတ်လိုက်လေသည် “ဟုတ်တယ်။ နွားအိုကြီးရော၊ ငါရော အဲ့လို ထင်နေကြတာ။ ဒါပေမယ့် မင်းလေသံအရ ဆိုရင်တော့ မင်းပုံစံ ဝင်းပူးခံရတဲ့ ပုံစံမျိုး မပေါက်ဘူးဟ”
“ဟုတ်တာပေါ့။ ဝင်စီးခံရစရာလား” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“မင်းမှာ ဘာသက်သေ ရှိလို့လဲ” မိုကြိုးနဂါးက လေးနက်တည်ကြည်သည့် အမူအရာဖြင့် “ကောင်လေး၊ အဲ့လောက်များ ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်တွေကို မင်းဘယ်နည်းလမ်းနဲ့ ခုခံခဲ့လဲ ဆိုတာကို ဒီဘုရင် တကယ် မစဉ်းစားတတ်ဘူး။ ငါတို့ သက်သေမပြနိုင်ရင် ပြောတာက ပြောတာပဲရှိမှာ။ အဲ့လိုသာဆိုရင် ဒီဘုရင်လည်း မတတ်သာတဲ့ အဆုံး မင်းခွန်အားကို ချိတ်ပိတ်ထားရလိမ့်မယ်။ မင်းနားလည်ပေးနိုင်မယ်လို့ ငါမျှော်လင့်တယ်”
“စီနီယာကြီးကို ဘယ်လို သက်သေပြပေးစေချင်လဲ” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့လေသည်။
“မင်း ရန်ကိုင် ဖြစ်နေသေးတယ် ဆိုတဲ့ သက်သေ တစ်ခုခုပေါ့”
“သက်သေပြနေစရာ မလိုဘူး။ သူဝင်စီးမခံရဘူး ဆိုတာကို ကျွန်မ အာမခံပေးလို့ရတယ်။ ကျွန်မ အမှုထမ်းနေလူက ကျွန်မ သခင် ဟုတ်၊မဟုတ် ဆိုတာကို မှားစရာအကြောင်းမရှိဘူး” လီရုန်က ရုတ်တရက် ဝင်ပြောလိုက်သည်။
မိုးကြိုးနဂါးနှင့် မြေကမ္ဘာနွားသိုးတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ရန်ကိုင်ဘက်သို့ လှည့်ကာ ခေါင်းညိတ်လိုက်လေသည် “ကောင်းပြီလေ။ ဒီမိန်းကလေးရဲ့ စကားကိုပဲ ယုံလိုက်ကြတာပေါ့။ ရှင်းရှင်းပြောရရင် မင်းခန္ဓာကိုယ်ကို ဟိုကောင်တွေ ဝင်စီးသွားတယ်လို့ ငါတို့လည်း မယုံပါဘူး”
“စီနီယာကြီးတို့က စိတ်ကောင်းနဲ့ မေးတာပဲလေ။ ကျုပ်နားလည်ပါတယ်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။
ထိုကိစ္စယာယီ ဖြေရှင်းပြီးသွားပြီဖြစ်၍ အကုန်လုံး အားပြန်ဖြည့်ကြတော့လေသည်။
နေ့တစ်ဝက်ကြာပြီးနောက် သူတို့အဖွဲ့ နောက်တစ်ကြိမ် ခရီးစပြန်သည်။
အစိမ်းရောင်ပင်လယ်ကို ဖြတ်ကျော်လာပြီးနောက် လုံးဝကို ကွဲပြားခြားနားသည် နေရာတစ်ခုသို့ သူတို့ ရောက်လာခဲ့သည်။
တစ်ခါတစ်ရံ ကောင်းကင်ထက် ဥက္ကာပျံကဲ့သို့ အလင်းတန်းများ ဖြတ်ပျံသွားသည်ကို မြင်တွေ့ခဲ့ရသည်။
သို့သော် အားလုံးကို အံ့အားသင့်စေသည်ကား ထိုမျှ အချိန်ကြာသွားသည့်တိုင် အန္တရာယ်ကို မဆိုထားနှင့် အခြား သတိပြုထိုက်သည့် ဘာကိုမှ မတွေ့ခဲ့ရခြင်းပင်။
အစမရှိ၊ အဆုံးမရှိ လမ်းတစ်လျှောက် စတင်ခြေချ လမ်းလျှောက်မိနေသလို အကုန်လုံး ခံစားလိုက်ရသည်။
ထိုထူးဆန်းကြောင့် အကုန်လုံး စတင် စိုးရိမ်ပူပန် လာခဲ့ရလေ၏။
မကြာမီ အဖွဲ့သားခြောက်ယောက်သည် အချိန်မည်မျှ ကုန်ဆုံးသွားသည်ကိုပင် မသိတော့ဘဲ ထိုစွန့်ပစ်မြေထဲ ယောင်လည်လည်နှင့် လျှောက်သွားနေမိကြလေသည်။
အားလုံးထဲတွင် စိတ်မရှည်ဆုံးသော မြေကမ္ဘာနွားသိုးသည် တဖျစ်တောက်တောက်ဖြင့် စတင် ညည်းညူနေခဲ့လေပြီ။
မိုးကြိုးနဂါးသည်လည်း နောင်တရချင်နေလေပြီ။ ယခုကဲ့သို့ ဖြစ်မည်မှန်း ကြိုသိခဲ့ပါ ဤနေရာအား မရမက လာရောက် စစ်ဆေးခဲ့လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ပြန်လှည့်ချင်လျှင်ပင် မလှည့်နိုင်တော့လေရာ ဆက်လက်၍ ရှေ့ဆက်သွားရန်သာ ရှိတော့လေသည်။ ကံကောင်းလျှင် စိတ်ဝင်စားစရာ တစ်ခုခုကို တွေ့ကောင်း တွေ့နိုင်ပေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၀၅) လီရုန်၏ အခွင့်အရေး
မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးတို့မှာ ပိုပို၍ စိတ်ညစ်လာနေချိန် ရန်ကိုင်နှင့် လီရုန်တို့မှာ ပိုပို၍ ရင်ခုန်စိတ်လှုပ်ရှားလာခဲ့ကြသည်။
ဤထူးဆန်းသော ဆန်းကြယ်လောကငယ်သို့ စရောက်စဉ်က ဤနေရာသည် မဟာနတ်ဆိုးနတ်ဘုရားနှင့် ပက်သက်နေမှန်း သိရှိခဲ့သည်။ ထိုကဲ့သို သိလျှက်နှင့် အဘယ်ကြောင့် စိတ်ညစ်နေရမည်နည်း။
ဘာကိုမှ ရှာမတွေ့သေးလျှင်ပင် လိုအပ်သော နေရာသို့ မရောက်သေးသည့် အတွက်ကြောင့် မဖြစ်နိုင်လော… ထို့ကြောင့် သူတို့နှစ်ယောက်စလုံး အမြဲတစေ သဲလွန်စများကို ရှာဖွေနေတတ်သည်။
ရန်ကိုင်နှင့် လီရုန်တို့ နှစ်ယောက်စလုံး အနှေးနှင့် အမြန်ဆိုသလို ထူးခြားသည့် အရာတစ်ခုခုကို ရှာတွေ့လိမ့်မည်ဟု ယုံကြည်ချက်အပြည့် ရှိနေခဲ့ကြသည်။
တစ်နေ့၊ ထိုအဆုံးမဲ့လောကကြီးထဲ ယောင်လည်လည်နှင့် လမ်းလျှောက်နေစဉ် သူ့နောက်ဘက်မှ ပုံမှန်မဟုတ်သော အရှိန်အဝါတစ်ခုကို ရန်ကိုင် ရုတ်တရက် သတိပြုမိလိုက်သည်။
အံ့အားသင့်သင့်နှင့် နောက်သို့ လှည့်ကြည့်လိုက်ရာ လီရုန်သည် အတွေးနက်နေသည့် အမူအရာဖြင့် ကောင်းကင် ပေါ်သို့ ငေးမောကြည့်နေသည်ကို တွေ့လိုက်ရသည်။ စွမ်းအား တစ်မျိုးသည်လည်း သူမခန္ဓာကိုယ်တစ်လျှောက် အဆက်မပြတ် စီးဆင်းနေခဲ့သည်။
ထူးဆန်းသော ဥက္ကာပျံကဲ့သို့ အလင်းတန်းတစ်စင်း ကောင်းကင်ပေါ်မှ ဖြတ်သန်းပျောက်ကွယ်သွားသည့်အခါ လီရုန်၏ ခန္ဓာကိုယ်သိမ်သိမ်လေး တုန်ရင်သွားခဲ့ပြီး သူမ၏ မျက်ဝန်းလှလှလေးများ လင်းလက်တောက်ပသွားခဲ့ကာ သူမကိုယ်မှ ဖြာထွက်နေသော စွမ်းအင်လှိုင်းများသည်လည်း ပိုပို၍ အားကောင်းလာခဲ့လေသည်။
ရှေ့မှဦးဆောင် သွားလာနေသော မိုးကြိုးနဂါးသည်လည်း ထိုမူမမှန်မှုကို သတိပြုမိလိုက်သဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ အထိတ်လန့်ကြီး ထိတ်လန့်သွားရလေတော့လေသည်။
ရန်ကိုင်၏ အမူအရာလည်း အပြောင်းကြီး ပြောင်းလဲသွားခဲ့ရချေပြီ။ အစပိုင်းတွင် လီရုန် ဘာဖြစ်နေမှန်း နားမလည်သော်လည်း ပီတီဖြာ ရွှင်မြူးနေသည့် သူမ၏ မျက်နှာလေးကို မြင်ပြီးနောက် ရုတ်တရက် နားလည်သွားလိုက်ကာ တိုးတိုးလေး ရေရွတ်လိုက်လေ၏ “ဈာန်ဝင်စားနေတာပဲ”
သူမအား နည်းနည်းလေးမှ အနှောင့်အယှတ် မပေးရဲ ရန်ကိုင်သည် ချက်ချင်း ပြန်ဆုတ်သွားလိုက်ပြီး အနောက်ဘက်တွင် ရှိနေသော မြေကမ္ဘာနွားသိုးနှင့် ကျင်းနီတို့အား လက်ယပ်ပြလိုက်သည်။
ဘာတွေဖြစ်နေမှန်း နားလည်ထားသော မွန်းစတား မျိုးနွယ်စုမှ ပညာရှင်နှစ်ယောက်သည်လည်း လီရုန်နှင့် ခပ်လှမ်းလှမ်းတွင် ခွာနေလိုက်သည်။
“သူအဆင့်ချိုးဖျက်တော့မယ်” မိုးကြိုးနဂါးက လီရုန်ကို အသေအချာ စိုက်ကြည့်ရင်း စကားဆိုလိုက်သည်။
လီရုန် သူတော်စင်ဒုတိယအဆင့်သို့ ရောက်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့လေပြီ။
ထို့အပြင် သူတို့အား ဆန်းကြယ်လောကငယ်အတွင်းမှ ရန်ကိုင် ခေါ်ထုတ်လာပေးသည့်အခါ သူတို့အား ထိန်းချုပ်ထားသော အချုပ်အနှောင်များ ပျက်ပြယ်သွားခဲ့ရပြီး သူတို့အား ခွန်အားမှာလည်း တစ်ဟုန်ထိုး မြင့်တက်သွားခဲ့ရသည်။
ဟန်ဖေးနှင့် ဟွာမိုတို့ဆိုလျှင် နောက်တစ်ဆင့်သို့ပင် တစ်ခါတည်း ချိုးဖျက်သွားလေသည်။
ထိုစဉ်က လီရုန်၏ ခွန်အားမှာလည်း တိုးတက်ခဲ့သည်။ သို့သော် နောက်တစ်ဆင့်သို့ ချိုးဖျက်ရလောက်သည်အထိ တိုးတက်ခြင်းမရှိခဲ့။
ယနေ့ လီရုန် တစ်ခုခုအား ကျိန်းသေ နားလည်သွားခဲ့ခြင်း ဖြစ်ရပေမည်။ ထို့ကြောင့်ပဲ သူမအား နောက်တစ်ဆင့် မတက်နိုင်အောင် တားဆီးထားသော အဆင့်အတက် အတားဆီးကို ချိုးဖျက်ပြီး ကျင့်ကြံခြင်းတွင် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်နိုင်ခြင်း ဖြစ်သည်။
သူမသာ နောက်တစ်ဆင့်သို့ ချိုးဖျက်သွားသည်နှင့် သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ထိုအဆင့်သည် ဤလောကကြီးတွင် ကျင့်ကြံသူတစ်ယောက် အမြင့်ဆုံးရောက်ရှိနိုင်သော အဆင့် ဖြစ်ပေသည်။
ထိုအချက်ကို နားလည်လိုက်သည်နှင့် မိုးကြိုးနဂါးနျင့် မြေကမ္ဘာနွားသိုးတို့ နှစ်ယောက်စလုံး သူမအား အသေအချာ အာရုံစိုက်ထားမိလိုက်ကြသည်။
ရန်ကိုင်သည် အပြုံးကြီးပြုံးလျက် တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။
လီရုန် ပိုသန်မာလေ သူ့အတွက် အကူအညီ ပိုရလေပင်။ ယခု သူတို့သာ ရွှယ့်လီနှင့် နောက်တစ်ကြိမ် ထပ်တွေ့ရပါက အမြီးကုပ်ထွက်ပြေးရမည့်လူမှာ ရွှယ့်လီသာ ဖြစ်သွားပေလိမ့်မည်။
လီရုန် သူတော်စင်ဒုတိယအဆင့်တွင် ရှိနေစဉ်က နတ်ဆိုးနတ်ဘုရားအသွင်ပြောင်းလဲခြင်းကို အသုံးပြု၍ ရွှယ့်လီနှင့် လက်ရည်တူ ယှဉ်တိုက်နိုင်ခဲ့သည်။ သူတော်စင် တတိယအဆင့်သို့ ချိုးဖျက်သွားပြီးနောက် ရွှယ့်လီအား အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ကို သံသယရှိစရာ မလိုချေ။
“စီနီယာကြီးကိုတို့ကို ခဏလောက် စောင့်ဆိုင်းဖို့ တောင်းဆိုရတော့မှာပဲ” ရန်ကိုင်က စီနီယာကြီးနှစ်ယောက် ဘက်သို့ လှည့်၍ အသာအယာ ဦးညွှတ်လိုက်သည်။
“ဘာမှမဖြစ်ဘူး။ ငါတို့လည်း ဘယ်လမ်း သွားရမှန်း သိသေးတာမှ မဟုတ်တာ။ ခဏလောက် စောင့်လိုက်လို့ ဘာမှ ဖြစ်မသွားဘူး” မိုးကြိုးနဂါးက ပြုံးကာ ဆက်ပြောလိုက်သည် “အခုလိုအချိန်ကြီးမှာမူ သူဘာလို့ ရုတ်တရက် အဆင့် ချိုးဖျက်သွားလဲ ငါတကယ်ကို နားမလည်နိုင်ဘူး။ ဒီနေရာမှာ သူ့ခွန်အား တိုးတက်သွားအောင် ကူညီပေးနိုင်တဲ့ အရာ တစ်ခုခုကိုများ ရှာတွေ့သွားလို့များလား”
မြေကမ္ဘာနွားသိုးလည်း ခဏတာမျှ အတွေးနက်သွားပြီး ဝင်ပြောလိုက်သည် “အရင်ရက်တွေးတုန်းက အဲ့မိန်းကလေး ကောင်းကင်ပေါ်ကိုပဲ တောက်လျှောက် မော့ကြည့်နေတာ။ ကောင်းကင်ပေါ်ကနေ ဖြတ်ဖြတ်သွားတဲ့ ထူးဆန်းတဲ့ အလင်းတန်းတွေမှာများ လျှို့ဝှက်ချက်တွေ ရှိနေတာလား မသိဘူး”
“ကောင်းကင်လား” မိုးကြိုးနဂါးက ရေရွတ်လိုက်ပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ သူ့မော့ကြည့်လိုက်သည့် အချိန်မှာပဲ ကောင်းကင်ပေါ်မှ ဥက္ကာခဲကဲ့သို့ အလင်းတန်းတစ်ခု ဖြတ်သန်သွားခဲ့လေသည်။ ခဏအကြာ၌ မိုးကြိုးနဂါးက ခေါင်းညိတ်လိုက်ပြီး “ဖြစ်နိုင်လောက်တယ်။ သူ့အဆင့်နဲ့ဆိုရင် တစ်ခါတစ်ခါ အမှတ်တမဲ့ မတော်တဆ သတိထားမိလိုက်တဲ့ အရာတွေကပဲ သူ့ခွန်အားကို အကြီးအကျယ် တိုးတက်သွားအောင် လုပ်ပေးနိုင်လိမ့်မယ်”
“အဲ့လိုဆိုရင် ဒီနွားအိုကြီးလည်း ကောင်းကင်ပေါ်ကို မော့ကြည့်ရတော့မှာပေါ့။ အဲ့လိုကြည့်နေရင်း ငါ့ခွန်အားလည်း အကြီးအကျယ် တိုးတက်သွားတာ ဖြစ်နိုင်တာပဲလေ။ အဲ့အခါကျရင် မိုးကြိုးနဂါးအိုကြီးရေ၊ ငါ့ကို ဦးညွှတ်ဖို့သာ ပြင်ထားပေတော့ကွ” မြေကမ္ဘာနွားသိုးက ပျော်ရွှင်စွာဖြင့် ပြောလိုက်ပြီး ချက်ချင်း ထိုင်ချကာ ကောင်းကင်ပေါ်သို့ မော့ကြည့်တော့လေသည်။
မိုကြိုးနဂါးသည် ကြိတ်သာရယ်လိုက်သည်။ မြေကမ္ဘာနွားသိုးနှင့် ပြန်ငြင်းမနေတော့ဘဲ နွားအိုကြီးအတိုင်း တင်ပလင်ခွေထိုင်ကာ ကောင်းကင်ပေါ်သို့မော့၍ ထူးဆန်းသော အလင်းတန်းလေးများနှင့် ပက်သက်သည့် လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ရန် ကြိုးစားတော့လေသည်။
လီရုန်သည် ထိုအရာများဆီမှ တစ်ခုခုကို ရှာတွေ့လိုက်နိုင်သဖြင့် သူတို့လည်း သူမကဲ့သို့လုပ်ပြီး စောင့်နေရုံမှတစ်ပါး အခြားမရှိချေ။ သူတို့ကော ဘာကြောင့် မကြိုးစားကြည့်ဘဲ နေရမည်နည်း။
ကိုင်တေနှင့် ကျင်းနီတို့သည်လည်း တင်ပလင်ခွေထိုင်ကာ စီနီယာကြီးများ လုပ်သည့်အတိုင်း လိုက်လုပ်ကြသည်။
ရန်ကိုင်သည် ခေါင်းတရမ်းရမ်းဖြင့်သာ ထိုလူများကို လျစ်လျူရှု၍ သူ့ဘာသာ တင်ပလင်ခွေထိုင် ကျင့်ကြံနေလိုက်သည်။
လီရုန် ဈာန်ဝင်စားသည်မှာ အတော်လေး ကြာခဲ့သည်။ တကယ့် ရက်အမှန်ကို မတွက်ချက်တတ်သော်လည်း ခန့်မှန်းခြေ အနည်းဆုံး ဆယ်ရက်လောက်တော့ ရှိနေခဲ့ပေပြီ။ ထိုအချိန်အတွင်း လီရုန်သည် ကျောက်ရုပ်ကြီးကဲ့သို့ မလှုပ်မယှတ်သာ ရှိနေခဲ့သည်။ ကောင်းကင်ထက်ရှိ ထူးဆန်းသော အလင်းတန်းများကို ကြည့်နေရင်း သူမ၏ မျက်ဝန်းလေးများသည် တောက်ပသည်ထက် တောက်ပလာခဲ့သည်။
နောက်ဆုံး သူမ၏ ခန္ဓာကိုယ်သွယ်သွယ်လေး တုန်ရီလာခဲ့ပြီး ပြင်းထန်သော စွမ်းအင်တို့ သူမခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့ကာ အားကောင်းသော လေဝဲကြီးတစ်ခုကို ဖြစ်ပေါ်လာစေခဲ့လေသည်။
သူတော်စင်တတိယအဆင့်တို့သာ ပိုင်ဆိုင်နိုင်သော အရှိန်အဝါသည်လည်း လီရုန်ဆီမှာ ဖြာထွက်လာခဲ့သည်။
ကောင်းကင်ထက် သိပ်သည်းလှသော မိုးမြေစွမ်းအင်တို့ စုဝေးလာခဲ့ပြီး လီရုန်အပေါ် နဂါးတစ်ကောင်ပမာ ထိုးဆင်းလာခဲ့သည်။
မာန်သွင်းအော်ဟစ်သံ တိုးတိုးလေးပြုလျက် လီရုန်သည် သူမဆီသို့ ကျဆင်းလာနေသော စွမ်းအင်အစုအဝေးကို အံတုကာ ရင်ဆိုင်လိုက်သည်။
မိုးကြိုးနဂါးနှင့် မြေကမ္ဘာနွားသိုး၏ အမူအရာများလည်း လေးနက်သွားခဲ့ကြလေသည်။
နှစ်ယောက်စလုံး ထိုအဆင့်ကို ကြုံတွေ့ဖူးသူများ ဖြစ်လေရာ ကောင်းကင်နှင့်မြေပြင်၏ စွမ်းအားကို ခုခံရန် မည်မျှခက်ခဲကြောင်း သိထားကြပေသည်။
သူတို့ အဆင့်ချိုးဖျက်စဉ်က ထိုအဆင့်ကို ကျော်ဖြတ်ရန် မူလသားရဲအသွင်သို့ ပြန်ပြောင်းခဲ့ရသည်။ သို့သော် သားရဲ ပုံစံနှင့်ပင် ထိုအဆင့်ကို ကျော်ဖြတ်ပြီးနောက် အကြီးအကျယ် စိတ်တုန်လှုပ်ချောက်ချားသွားခဲ့ရာ အချိန်အတော်ကြာမှ ပြန်လည် သက်သာလာနိုင်ခဲ့လေသည်။
သို့သော် လီရုန်သည် သူတို့နှင့်ယှဉ်လျှင် အားနည်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် မိန်းမသားတစ်ဦး ဖြစ်သည်။ သို့တိုင် သူမသည် ထိုမိုးမြေကောင်းချီးကို ထိပ်တိုက် ရင်ဆိုင် အံ့တုနေသည်ကို မြင်သော် မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီး နှစ်ယောက်စလုံး မျက်လုံးအပြူးသား ဖြစ်သွားခဲ့ရလေသည်။
မိုးမြေစွမ်းအင်သည် လီရုန်အပေါ်သို့ အဆက်မပြတ် ကျဆင်းနေခဲ့လေသည်။ မကြာမှီ လီရုန် နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့ရပြီး သူမ၏ ခန္ဓာကိုယ်လေးသည်လည်း တုန်ရီလာခဲ့ရလေသည်။ သို့တိုင် လီရုန်သည် အံကို တင်းတင်းကြိတ်၍ တိုးဝင်လာသမျှ မိုးမြေစွမ်းအင်များကို စုပ်ယူရင်း သူမ၏ ခွန်အားအဖြစ်သို့ ပြောင်းလဲပစ်နေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ စီနီယာကြီးနှစ်ယောက် ဖင်ဂနာမငြိမ် ဖြစ်လာခဲ့သည်။ ကိုင်တေသည်လည်း သူမ၏ နှုတ်ခမ်းပါးပါးလေးကို ကိုင်လျက် ကျောက်စိမ်းသားသဖွယ် လက်သွယ်သွယ်လေးများကို ခပ်တင်းတင်း ဆုပ်ထားခဲ့သည်။
“ကောင်လေး၊ သိပ်မဟန်တော့ဘူးနော်…” မိုးကြိုးနဂါးက ရုတ်တရက် ရန်ကိုင်နားနားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်သည် “ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် အဲ့မိန်းကလေး ဒီမိုးမြေစွမ်းအင်မုန်းတိုင်းကြောင့် သေသွားရလိမ့်မယ်”
“ဟုတ်တယ်” မြေကမ္ဘာနွားသိုးကလည်း ခေါင်းညိတ်လိုက်ပြီး “ငါတို့ မွန်းစတားမျိုးနွယ်စုရဲ့ ခန္ဓာကိုယ်က ဒီလောကကြီးမှာ အသန်မာဆုံးပဲ။ အဲ့ဒါတောင် မိုးကြိုးနဂါးနဲ့ ငါတို့ နှစ်ယောက်စလုံး မိုးမြေစွမ်းအင်အကုန်လုံးကို သူ့လိုမျိုး မစုပ်ယူရဲဘူး။ သူအခုလုပ်နေတာက ကိုယ့်သေတွင်း ကိုယ်တူးနေတာနဲ့ အတူတူပဲ”
လီရုန်သည် အစကနေ ယခုထိတိုင် သူမခန္ဓာကိုယ်ကို နတ်ဆိုးချီဖြင့် ကာကွယ်ရန် မကြိုးစားခဲ့။ မိုးမြေစွမ်းအင်ကို သူမ၏ ခန္ဓာကိုယ်အသွေးအသား သက်သက်ဖြင့်သာ တိုက်ရိုက် ခုခံရန် ကြိုးစားခဲ့သည်။ ထို့ကြောင့် စီနီယာကြီးနှစ်ယောက်စလုံး သူမကိုကြည့်ရင်း ရင်တမမ ဖြစ်နေရခြင်းဖြစ်ပေသည်။
“ဟဲဟဲ။ စိတ်ပူမနေပါနဲ့ဗျာ။ လီရုန် လုပ်နိုင်မှာပါ” ရန်ကိုင်က ယဲ့ယဲ့လေးသာ ပြုံးလိုက်သည်။ နည်းနည်းလေးမှ စိုးရိမ်ဟန်မပြ။
မိုးကြိုးနဂါးလည်း ရန်ကိုင်အား ထူးထူးဆန်းဆန်း စိုက်ကြည့်မိလိုက်သည်။ ရန်ကိုင် လီရုန်အား ဘာကြောင့် ထိုမျှ ယုံကြည်နေမှန်း သူတကယ်ကို နားမလည်နိုင်တော့ချေပြီ။
“သူ့လို လက်အောက်ငယ်သားကောင်းတစ်ယောက် ဒီနေရာမှ ကျဆုံးသွားရင် မင်းထိုင်ငိုနေရမှာနော်” မြေကမ္ဘာနွားသိုးက သတိပေးလိုက်သည်။
“ဒါက သူ့လုပ်ပိုင်ခွင့်ပဲလေ” ရန်ကိုင်က ခေါင်းသာခါ၍ ဆက်ရှင်းပြမနေတော့ချေ။
မိုးကြိုးနဂါးနှင့် မြေကမ္ဘာနွားသိုးတို့ နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဘာမှ ဆက်မပြောကြတော့။ လီရုန်ကိုသာ သင်္ကာမကင်းအမူအရာဖြင့် ကြည့်လိုက်ကြသည်။ ထိုမိုးမြေစွမ်းအင်မုန်းတိုင်းအား သူမ မည်ကဲ့သို့ တောင့်ခံမည်ကို သူတို့ အမှန်တကယ် စိတ်ဝင်စားနေမိလေသည်။
အချိန်ကြာလာသည်နှင့် မိုးမြေစွမ်းအင်မုန်တိုင်းသည် အားကောင်းသည်ထက် အားကောင်းလာခဲ့ရာ ဘေးပတ်လည်ရှိ လေဟာနယ်ပင် တုန်ခါလာခဲ့ရသည်။ လီရုန်မှာလည်း လေပြင်းမုန်တိုင်းထဲရှိ အချိန်မရွေး ငြိမ်းသွားနိုင်သော ဆီမီးတိုင်လေး တစ်ခုပမာ ဖြစ်နေခဲ့လေပြီ။
သို့တိုင် မလှုပ်မယှတ် အမူအရာဖြင့် ဆက်လက် ခုခံနေဆဲ။
မွန်းစတားမျိုးနွယ်စုဝင် လေးယောက်စလုံး၏ အမူအရာများမှာလည်း လေးနက်တည်ကြည်နေခဲ့ကြလေပြီ။ မည်သို့ပင်ဖြစ်ပါစေ လီရုန် ပြသသွားသော ရဲစွမ်းသတ္တိုနှင့် ခွန်အားသည် သူတို့အား အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။
ကောင်းကင်ထက်ရှိ တဝဲလည်လည် စုဝေးနေကြသော မိုးမြေစွမ်းအင်များသည် မုန်တိုင်းမလာခင် လေပြေသွေးနေသည့် ပမာ ရုတ်တရက် တည်ငြိမ်သွားခဲ့သည်။ ထို့နောက် နောက်ဆုံး ရိုက်ချက်လာတော့မည့်အလား ထိုတည်ငြိမ်သွားသော စွမ်းအင်များသည် ပို၍ အားကောင်းသော စွမ်းအင်အဖြစ်သို့ သိပ်သည်းသွားခဲ့သည်။
နောက်ဆုံး လီရုန် အမူအရာ လေးနက်လာခဲ့ရလေပြီ။ သို့သော်လည်း သေသည့်တိုင် အရှုံးမပေး ဟူသော အကြည့်မျိုးဖြင့် ကောင်းကင်ပေါ်သို့ စိုက်ကြည့်လိုက်သည်။
မြေပြင်တစ်ခွင် တုန်ခါသွားခဲ့ပြီး အကုန်လုံးအား သွေးဆုတ်ဖြူလျော်သွားစေနိုင်သော အဖျက်စွမ်းအားတို့ ရုတ်ချည်း သက်ဆင်းလာခဲ့ပြီး လီရုန် တစ်ကိုယ်လုံကို လွှမ်းခြုံသွားခဲ့လေသည်။
ထိုအခိုက်အတန့်တွင် အကုန်လုံးသည် အသက်ပင် မရှုနိုင်တော့ဘဲ လီရုန် ရပ်နေသည့် နေရာကိုသာ မျက်တောင် မခတ်တမ်း စိုက်ကြည့်နေလိုက်ကြလေသည်။
ထိုမိုးမြေစွမ်းအင် မုန်တိုင်းထဲ သူတို့ မြင်နိုင်သည့် အရာဆို၍ ပြင်းပြင်းထန်ထန် တုန်ခါနေသည့်အတိုင် ဆက်လက် မတ်တပ်ရပ်နေသေးသော ဝေဝါးဝါး အရိပ်တစ်ခုပင်။
တဖြည်းဖြည်းနှင့် ထိုပြင်းထန်းသော မိုးမြေစွမ်းအင်တို့သည် လီရုန်၏ စုပ်ယူခြင်း ခံလိုက်ရသည့်ပမာ တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ်သွားခဲ့ကြလေသည်။ တဝုန်းဝုန်းမြည်အောင် တိုက်ခတ်နေသော လေကြမ်းများလည်း ငြိမ်သက်သွားခဲ့ပြီး ပျောက်ကွယ်ပြုလာသော မုန်းတိုင်းထဲမှ တလက်လက် တောက်ပနေသော အကြည့်တစ်စုံ ထွက်ပေါ်လာခဲ့သည်။
ခဏအကြာတွင် လီရုန်သည် မုန်တိုင်းထဲမှ ဖြည်းဖြည်းချင်း လှမ်းထွက်လာခဲ့သည်။ သို့တိုင် အမောတကော အသက်ရှူနေရသဖြင့် သူမ၏ မို့မောက်မောက် ရင်အစုံမှာ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့ရလေသည်။
“ဒါက….” မြေကမ္ဘာနွားသိုးမှာ စကားပင်ကောင်းကောင်း မပြောနိုင်တော့ဘဲ သူ့ရှေ့ရှိ မိန်းကလေးကိုသာ ကြက်သေသေနေသည့် အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။
မိုးကြိုးနဂါးစီနီယာကြီသည်လည်း မျက်လုံးမှေးစဉ်းလျက် လီရုန်အား မမှိတ်မသုံ စိုက်ကြည့်လိုက်သည်။
ယခုအချိန်တွင် လီရုန်၏ မျက်နှာလှလှလေးထက် များလှစွာသော ထူးဆန်းသည့် အနက်ရောင် တက်တူးများ ရှိနေခဲ့သည်။ ထိုတက်တူများကြောင့် လီရုန်မှာ တစ်မူထူးကာ အလှသွေးကြွယ်နေခဲ့လေသည်။ သို့သော် သူမရှေ့သို့ လျှောက်လာသည်နှင့် ထိုအနက်ရောင် တက်တူးများ ပျောက်ကွယ်သွားခဲ့သလို သူမကိုယ်မှ ဖြာထွက်နေသော ထိတ်လန့်ဖွယ်ရာ အရှိန်အဝါသည်လည်း ပျောက်ကွယ်သွားခဲ့လေသည်။
တစ်ခုခုကို တွေးမိသွားဟန်ရကာ မိုးကြိုးနဂါး၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားပြီး အလွန့်ကိုမှ လေးနက်တည်ကြည်သည့် အမူအရာဖြင့် လီရုန်အား ကြည့်လိုက်သည်။
အားလုံးရှေ့ ရောက်သည့်အခါ လီရုန်က ရန်ကိုင်အား ပြုံးပြလိုက်သည်။
လက်ရှိ သူမ၏ အရှိန်အဝါသည် ပင်လယ်တမျှ ကျယ်ပြောသလို သူမ၏ မျက်လုံးလေးများဟာလည်း နတ်ဘုရားသဖွယ် အလင်းရောင်တို့ဖြင့် လင်းလက်နေခဲ့သည်။ အသားအရေဟာဆိုလျှင်လည်း အသန့်စင်ဆုံး ကျောက်စိမ်းသားလေးမှ ထွင်းထုထားသည့်အလား ရွှန်းစိုတောက်ပနေခဲ့သလို တစ်ချိန်တည်းတွင်လည်း မွေးကင်းစ ကလေးငယ်၏ အသားအရေကဲ့သို့ ပျော့ပျောင်း၊ အိစက်နေသည်။ သို့တိုင် သူမ၏ ခွန်အားမူကား အပြောင်းကြီး ပြောင်းလဲသွားခဲ့လေပြီ။
“သခင်၊ ကျွန်မ သူတော်စင် တတိယအဆင့် ဖြစ်လာပြီ” လီရုန်က ရန်ကိုင်အား ပြောလိုက်သည်။
“ကောင်းတယ်” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး “ငါတို့ ဒီကိုရောက်လာတာ အချည်းနှီး ဖြစ်မသွားဘူးနဲ့တူတယ်”
“အခုလို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးလို့ ကျေးဇူး အများကြီး တင်ပါတယ်ရှင့်” လီရုန်က မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးနှစ်ယောက်ကို အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
“ဒီလောက်လေး လုပ်ပေးတာက စကားထဲ ထည့်ပြောနေစရာတောင် မလိုပါဘူးဗျာ” မိုးကြိုးနဂါး စီနီယာကြီးက သူ့လက်ကို ဝှေ့ရမ်း၍ “ဒီက အမျိုးသမီးကိုပဲ အခုလို သူတော်စင်တတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်လာလို့ ဂုဏ်ယူရမှာ မဟုတ်ဘူးလား”
လီရုန်က ပြုံးလိုက်ပြီး ခေါင်းညိတ်ရုံလေးညိတ်ကာ “နောက်ပိုင်းကျ စီနီယာကြီးတို့ နှစ်ယောက်ဆီက အကူအညီတွေ ယူရတော့မယ်နဲ့တူတယ်”
“အားနာနေစရာ မလိုပါဘူး။ နောင်ပိုင်း အားရင် လာသာ လာခဲ့လိုက်။ ကျုပ်တို့ မိုးကြိုးနန်းတော်က ခင်ဗျားကို အမြဲကြိုဆိုနေမှာ” မိုးကြိုးနဂါးက ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်သည်။ လီရုန်သည် သူတော်စင်တတိယ အဆင့်သို့ ချိုးဖျက်သွားပြီ ဖြစ်သဖြင့် သူတို့အဆင့် အဆင့်တူ ဖြစ်လာခဲ့လေပြီ။
“ဟူး… ဒီလောက်အကြာကြီး ဒီမှာ ထိုင်နေတာတောင် ဘာထူးခြားတာကိုမှ ရှာမတွေ့ပါလား… ဈာန်ဝင်စားဖို့ဆိုရင် ပိုတောင်ဝေးသေး” မြေကမ္ဘာနွားသိုးက ခေါင်းခါလိုက်သည်။ ထို့နောက် အနည်းငယ် မကျေမနပ် ဖြစ်နေသည့် လေသံဖြင့် ရုတ်တရက် ကောက်မေးလိုက်လေသည် “ဒါပေမယ့် ခင်ဗျားက မိန်းမသာဖြစ်တာ၊ ခင်ဗျား ခန္ဓာကိုယ်က ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းနေတာလဲ။ မိုးမြေကောင်းချီးကို ခန္ဓာကိုယ်သက်သက်နဲ့ ခုခံတယ် ဆိုတာမျိုးကို ကျုပ်တစ်သက်နဲ့တစ်ကိုယ် အခုမှပဲ မြင်ဖူး၊ကြားဖူးတော့တယ်။ ပြီးတော့ ခင်ဗျား မျက်နှာမှာ ပေါ်လာတဲ့ အနက်ရောင် မျဉ်းကြောင်းတွေကော ဘာကြီးတွေလဲ။ အဲ့ဒါတွေ ပေါ်လာတာနဲ့ ခင်ဗျားရဲ့ ခွန်အားက သိသိသာသာကို မြင့်တက်သွားတာ”
မြေကမ္ဘာနွားသိုး ထိုမေးခွန်းများ မေးလာသည့်အခါ လီရုန်သည် ချက်ချင်း ပြန်မဖြေသေးဘဲ ရန်ကိုင်ဆီကိုသာ လှမ်းကြည့်လိုက်သည်။
ရန်ကိုင်လည်း ဘယ်လို ပြန်ဖြေလို့ဖြေရမှန်းမသိဖြစ်ကာ အကြပ်ရိုက်သွားခဲ့ရသည်။ ခဏတာ တုန့်ဆိုင်းနေပြီးနောက် ပြန်ပြောတော့မည်အပြု မိုကြိုးနဂါးက ဖြတ်ပြောလိုက်သည် “မင်းဘာတွေသိချင်နေတာလဲ နွားအိုကြီး။ အဲ့ဒါ သူတို့ရဲ့ လျှို့ဝှက်ချက်တွေ။ သူများ လျှို့ဝှက်ချက်ကို စပ်စုတာ မကောင်းဘူးနော်”
မြေကမ္ဘာနွားသိုးလည်း ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်ပြီး “သိချင်လို့ မေးကြည့်ရုံလေးတင်ပါကွ။ မဖြေလည်း ဘာမှ မဖြစ်ပါဘူး”