အခန်း (၉၀၆-၉၁၀)
Vol. 37 Ch. 906-910
အပိုင်း (၉၀၆) ကောင်းကင်နန်းတော် လှုပ်ရှားလာခြင်း
“ငါတို့ လမ်းပျောက်နေပြီနဲ့တူတယ်” မိုးကြိုးနဂါးက ရုတ်တရက် ပြောလိုက်သည်။
အကန့်အသတ်မဲ့ မီးခိုရောင်လောကကြီးထဲတွင် သူတို့၏ အမြင်အာရုံနှင့် ကောင်းကင်စိတ်အာရုံများ ကန့်သတ်ထားခံရရာ ရန်ကိုင်တို့အဖွဲ့မှာ လမ်းစရှာရန် အမှန်တကယ်ကို အကြပ်တွေ့နေခဲ့ကြရလေသည်။
လီရုန် အဆင့်ချိုးဖျက်ပြီးသွားခဲ့သည်မှာ အတော့်ကိုမှ ကြာနေလေပြီ။ ဘယ်လောက် ကြာပြီလဲ ဆိုသည်ကိုမူ မည်သူမှ မသိ။ သို့သော် လီရုန်၏ ကျင့်ကြံခြင်းကို တည်ငြိမ်သွားအောင် လုပ်နိုင်လောက်သည်အထိ ကြာနေခဲ့လေပြီ။
ဘယ်ဘက်သို့ သွားရမှန်းမသိ ဖြစ်လေရာ ရန်ကိုင်တို့ အဖွဲ့မှာ ယောင်လည်လည်ဖြင့်သာ ဦးတည်ရာမဲ့ လျှောက်သွားနေခဲ့ကြရသည်။
မိုးကြိုးနဂါးပြောသည်ကို ကြားပြီးနောက် မြေကမ္ဘာနွားသိုးက မသင်္ကာသည့် လေသံဖြင့် “ဒီရှုခင်းတွေက အတူတူပဲလေ။ ဘယ်လိုလုပ်ပြီး ငါတို့ လမ်းပျောက်နေရတာလဲ”
“အဲ့ကိုကြည့်လိုက်” မိုးကြိုးနဂါက ခပ်လှမ်းလှမ်း နေရာတစ်ခုဆီ ညွှန်ပြလိုက်သည်။ မိုးကြိုးနဂါး ညွှန်ပြရာ အရပ်ဆီ လှမ်းကြည့်လိုက်သည့်အခါ စွန့်ပစ်မြေထဲ လဲလျောင်းနေသော အရိုးဖြူတစ်စုံကို တွေ့လိုက်ရသည်။
“ငါတို့ ဒီနေရာကို ဖြတ်သွားပေမယ့် ဒီနေရာကိုပဲ ပြန်ပြန် ရောက်လာနေတယ်။ အဲ့အရိုးဖြူတွေက အကောင်းဆုံး သက်သေပဲ”
ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး ပြန်စဉ်းစားကြည့်လိုက်သည်။
ယခင်တစ်ကြိမ် ဤနေရာမှ ဖြတ်သွားစဉ်က ထိုအရိုးဖြူကို သတိမထားမိခဲ့။ သို့သော် မိုးကြိုးနဂါးပြောသည်သာ မှန်ပါက သူတို့သည် စက်ဝိုင်းကြီးပုံစံအတိုင်း လမ်းလျှောက်နေကြပြီး မူရင်း နေရာဆီသို့သာ ပြန်ရောက်လာနေခြင်းဖြစ်သည်။
“တကယ်ကြီးလား။ အဲ့လိုဆို ငါတို့ ဘာဆက်လုပ်ကြမလဲ” မြေကမ္ဘာနွားသိုး မှင်သက်သွားခဲ့ပြီး “ငါတို့ ဘယ်လိုလုပ်ပြီး လမ်းပျောက်သွားခဲ့တာလဲ”
“ငါလည်းမသိဘူး။ ဒီနေရာ ဝင်ပေါက်ကို ဘယ်လိုရှာရင် ကောင်းမလဲ အကြံလေး၊ဘာလေးများ မင်းတို့ မစဉ်းစားမိကြဘူးလား။ ဒီနေရာရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေနေမယ့်အစား ဒီနေရာကနေ ဘယ်လို ထွက်သွားနိုင်အောင် လုပ်ရမလဲ ဆိုတာကို အရင်စဉ်းစားဖို့ လိုနေပြီ။ ငါတို့ ဒီရောက်နေတာ အချိန်နည်းတော့တာ မဟုတ်ဘူး”
“မင်းကပဲ ငါတို့ကို ဦးဆောင်နေတာလေ။ မင်းတောင် လမ်းပျောက်နေတာကို ငါတို့က ဘယ်လိုလုပ်ပြီး သိမှာလဲဟ” မြေကမ္ဘာနွားသိုးက ပြန်အော်လိုက်သည်။
“အခုမှပဲ ဒီဘုရင်လည်း တစ်ခုခု မူမမှန်မှန်း သတိပြုမိတာကွ။ ဘာလဲ။ မင်းက ငါတစ်ယောက်တည်းကိုပဲ အပြစ်ပုံချချင်နေတာလား” မိုးကြိုးနဂါးက ပြန်အော်လိုက်သည်။
သူတို့ ဤနေရာသို့ ရောက်နေသည်မှာ အတော့်ကို ကြာခဲ့လေပြီ။ လီရုန် အဆင့်ချိုးဖျက်နိုင်ခဲသည်မှလွဲ၍ အခြား ဘယ်သူမှ ဘာအကျိုးအမြတ်မှ မရရှိခဲ့ချေ။ ထို့ကြောင့် စီနီယာကြီးနှစ်ယောက် စိတ်မကြည်သည်မှာ မထူးဆန်း။
သူတို့နှစ်ဦး ထကိုက်တော့မည့်ဆဲဆဲမှာပဲ ရန်ကိုင်က အလျင်အမြန် ဝင်ရောက်ဖြန်ဖြေလိုက်လေသည် “ကျုပ်တို့ တည်ငြိမ်ဖို့လိုတယ်။ ဒီနေရာကို မလာခင်ကတည်းက အခုလို အခက်အခဲတွေနဲ့ ကြုံရမယ်မှန်း အကုန်လုံး မျှော်လင့်ထားပြီးသားပဲ မဟုတ်ဘူးလား။ ဒါကြောင့် ကျုပ်တို့ အခုလို လမ်းပျောက်နေတဲ့အချိန် တစ်ယောက်ကို တစ်ယောက် အပြစ်မတင်ဘဲ အကုန်စုပေါင်းပြီး လမ်းစရှာရင် ပိုကောင်းလိမ့်မယ်”
“ဘယ်လိုရှာရမှာလဲ။ ကောင်လေး၊ မင်တစ်ခုခုကို သတိထားမိလိုက်လို့လား” မိုးကြိုးနဂါးက ပြန်မေးလိုက်သည်။
ရန်ကိုင် ခေါင်းသာ ခါပြလိုက်သည်။
“ကျွန်မ ခန့်မျန်းတာသာ မှန်ရင်... တစ်ယောက်ယောက်က ဒီနေရာမှာ ပုံရိပ်ယောင် အစီအရင်တစ်ခုကို ချသွားတာပဲ ဖြစ်ရမယ်…” လီရုန်က တွေးတွေးဆဆဖြင့် ပြောလိုက်သည် “ကျွန်မတို့ မြင်ခဲ့တဲ့ အရိုးတွေက ဒီနေရာဆီ မတော်တဆ ရောက်လာပြီး ဒီနေရာမှပဲ ပိတ်မိသွားတဲ့ ကျင့်ကြံသူတွေ ဖြစ်ရမယ်”
“ဟုတ်တယ်” မိုးကြိုးနဂါးက ခေါင်းညိတ်လိုက်သည်။
လက်ရှိအချိန်အထိ အရိုးစု တစ်ခုထက်မက သူတို့ ကြုံတွေ့ဖူးသွားခဲ့လေပြီ။
“ပုံရိပ်ယောင် စိတ်ဝိဥာဉ်အစီအရင်လား” မြေကမ္ဘာနွားသိုး မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားခဲ့ပြီး “သူတော်စင် တတိယအဆင့် သုံးယောက်တောင် လမ်းပျောက်အောင် လုပ်နိုင်တဲ့ ဒီလို အစီအရင်မျိုးကို ဘယ်ကောင် လာခင်းကျင်းသွားလဲ မသိဘူး”
သူတို့အနေဖြင့် စိတ်ဝိဥာဉ်အစီအရင်များကို မလေ့လာထားခဲ့လျှင်ပင် သူတို့၏ ကျင့်ကြံခြင်းအဆင့်ဖြင့် သူတို့ သတိပြုမိနိုင်သည့် စိတ်ဝိဥာဉ်အစီအရင် ဆိုသည်မှာ ရှိသေးရဲ့လား။ သို့သော်လည်း သူတို့ ခြောက်ယောက်ထဲရှိ အားအကောင်းဆုံး ဖြစ်ကြသော သူတော်စင် တတိယအဆင့် သုံးယောက်သည် ဤနေရာသို့ စရောက်ကတည်းက မူမမှန်မှန်သည့် ဘာတစ်ခုမှကို သတိမပြုမိခဲ့ချေ။ စိတ်ဝိဥာဉ်အစီအရင်ကို အာရုံခံမိဖို့ဆိုလျှင် ပို၍ ဝေးစွ။ ထိုတစ်ချက်တည်းနှင့်ပင် ဤစိတ်ဝိဥာဉ်အစီအရင်အား ခင်းကျင်းသွားသူသည် အစီအရင်ဘက်တွင် အလွန့်ကိုမှ ထူးချွန်လှသော ဆရာတစ်ပါးဖြစ်မှန်း ခန့်မှန်းကြည့်နိုင်သည်။
“ဒီနေရာ ဒဏ္ဏာရီလာ မဟာနတ်ဆိုးနတ်ဘုရားနဲ့ ဆက်စပ်နေတယ်လို့ ဒီဘုရင် ပိုပိုပြီး ယုံကြည်မိချင်လာပြီ” မိုးကြိုးနဂါးက နှာခေါင်းရှုံး၍ ဆက်ပြောလိုက်သည် “သူကလွဲပြီး ဘယ်သူကများ ဒီလို အစီအရင်မျိုးကို ခင်းကျင်းနိုင်မှာမို့လို့လဲ”
ရန်ကိုင်နှင့် လီရုန်တို့နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဆိတ်ဆိတ်နေရန်သာ ဆုံးဖြတ်လိုက်သည်။
“ငါတို့ လူခွဲပြီး လမ်းရှာသင့်လား” ကိုင်တေက တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် အကြံပေးကြည့်လိုက်သည်။
ရန်ကိုင်နှင့် မိုးကြိုးနဂါးတို့ နှစ်ယောက်စလုံး ခေါင်းခါလိုက်ကြသည်။ ရန်ကိုင်က “ဒီနေရာက အရမ်း ထူးဆန်းလွန်းတယ်။ လူသာ ခွဲလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်တောင် ပြန်တွေ့နိုင်တော့မှာ မဟုတ်ဘူး”
“ဒီခရီစကတည်းက တောက်လျှောက် ကံဆိုးနေတော့တာပဲကွာ။ နောက်တစ်ကြိမ် ဘယ်ဆန်းကြယ်လောကငယ်ထဲကိုမှ မဆင်မခြင် မဝင်တော့ဘူး” မြေကမ္ဘာနွားသိုးက မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။
ရန်ကိုင်က မဲ့ပြုံးပြုံးလျက် ခေါင်းခါလိုက်သည်။ သို့သော် နောက်ဘာဆက်လုပ်ရန် စဉ်းစားနေစဉ်မှာဘဲ နတ်ဘုရားသစ်ပင် သူ့အား ခေါ်နေမှန်း သတိပြုမိလိုက်သည်။
မျက်မှောင်ကြုံ့သွားခဲ့ပြီး လီရုန်အား တိတ်တဆိတ် သတိပေးလိုက်ကာ သူ့အသိစိတ်ကို အနက်ရောင်စာအုပ်ထဲသို့ ပို့လိုက်လေသည်။
“ဘာဖြစ်လို့လဲ” ရန်ကိုင်က မေးလိုက်ရာ နတ်ဘုရားသစ်ပင်က “ထူးဆန်းတာ တစ်ခုခု ဖြစ်နေတယ်”
“ဘာလဲ အနက်ရောင်ကျောက်တုံးနှစ်တုံး တစ်ခုခု ဖြစ်သွားလို့လား” ရန်ကိုင်က အနက်ရောင်ကျောက်တုံး နှစ်တုံးကိုကြည့်ရင်း ပြန်မေးလိုက်သည်။ သို့သော် အနက်ရောင်ကျောက်တုံးနှစ်တုံးသည် ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားခြင်းမရှိဘဲ အရင်အတိုင်းသာ ရှိနေခဲ့သည်။ ယခင်ထက် နည်းနည်းလေ ပိုတောက်ပလာရုံမက အခြား ဘာမှမဖြစ်သေးချေ။
“အဲ့နှစ်ခုမဟုတ်ဘူး။ အခြားဟာပဲ။ ခဏစောင့်နေလိုက်၊ မြင်ရင်သိလိမ့်မယ်” နတ်ဘုရားသစ်ပင်က ပြန်ပြောလိုက်သည်။
ရန်ကိုင်သည် ဘာမှ ပြန်မမေးတော့ဘဲ တိတ်တိတ်လေးသာ စောင့်နေလိုက်သည်။
ခဏအကြာတွင် အနက်ရောင်စာအုပ်၏ နေရာလွတ်ထဲရှိ နေရာတစ်နေရာမှ အလင်းတစ်ချက် လက်သွားခဲ့သည်။
“အန်” ရန်ကိုင် နားမလည်နိုင် ဖြစ်သွားခဲ့ပြီး အလင်းလက်သွားရာ နေရာဆီ သွားကြည့်လိုက်သည်။ အလင်းလက်သွားသည့်အရာက ဘာမှန်း သိလိုက်သည့်အခိုက် ရန်ကိုင် မှင်သက်သွားခဲ့ရသည်။
အနက်ရောင်စာအုပ်၏ သိုလှာင်နေရာလွတ်ထဲတွင် ရန်ကိုင် စုဆောင်းထားသည့် အရာများအနက် အဖိုးတန်ဆုံး အရာများမှာ ဆေးပေါင်ရည်အတွဲ၊ နတ်ဘုရားသစ်ပင်နှင့် လစမ်းရောင်မြက်ပင်တို့ ဖြစ်လေသည်။
ဟိုမှသည်မှ ကောက်ယူထားသည့် မှော်ရတနာများ၊ ကျင့်စဉ်များ၊ သိုင်းပညာရပ်များလည်း ရှိသေးသည်။ သို့သော် ထိုအရာများသည် သိပ်ပြီး အဖိုးမတန်လေရာ ရန်ကိုင်သည် ထိုပစ္စည်းများကို ကြုံသလိုသာ ပစ်ထားလေသည်။
ထို့အရာများအပြင် အနက်ရောင်ကျောက်တုံးနှစ်တုံးနှင့် ကြယ်တာရာကောင်းကင်မှ ရခဲ့သော အမျိုးမျိုးသော သတ္တုများလည်း ရှိသေးသည်။
သို့သော်လည်း လက်ရှိ အလင်းတဖျတ်ဖျတ် လက်နေသည့် အရာမှာ ရန်ကိုင် လုံးဝကို မေ့လျော့လုနီးနီး ဖြစ်နေသည့် အရာတစ်ခုပင် ဖြစ်သည်။
ကောင်းကင်နန်းတော်ပင်…
ထိုဆန်းကြယ်လေသာ မှော်ရတနာမှာ မန်ဝူရ၏ မှော်ရတနာ ဖြစ်ပေသည်။
နှစ်ပေါင်းများစွာခန့်က၊ ရန်မိသားစု၏ အမွေခံတိုက်ပွဲ နောက်ဆုံးအခိုက်အတန့်တွင်၊ မိစ္ဆာအရှင်သခင် ရန်ပိုင် ဦးဆောင်သော တိမ်မိစ္ဆာနယ်မြေသည် အခြားမိစ္ဆာဘုရင် ခြောက်ပါးနှင့်အတူ တိုက်ပွဲမြို့ဆီ စစ်ချီပြီး ဗဟိုမြို့တော်ကို ကျူးကျော်တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ပွဲအတွင်း စစ်ပွဲမြို့တော်မှာ စွန်ပစ်မြေအဖြစ်သို့ ရောက်ရှိခဲ့ရသည်။
သို့သော်လည်း အပျက်အစီးပုံများကြား ရန်ကိုင်၏ စံအိမ်သည်ကား အကောင်းပကတိအတိုင်း ကျန်ရစ်ခဲ့သည်။
ထိုကဲ့သို့ ကျန်ရစ်နိုင်ခဲ့ခြင်းမှာ မန်ဝူရ၏ မှော်ရတနာ ဖြစ်သော ကောင်းကင်နန်းတော်ကြောင့်ပင် ဖြစ်လေသည်။
ကေင်းကင်နန်းတော်သည် ဧရာမအရံအတာကြီးတစ်ခု အသွင်သို့ ပြောင်းလဲကာ ရန်ကိုင် စံအိမ်တစ်ခုလုံးကို ကာကွယ်ပေးသဖြင့် ရန်ပိုင်နှင့် မိစ္ဆာဘုရင်ခြောက်ပါးတို့၏ တိုက်ခိုက်မှုမှာ အရာမထင် ဖြစ်ခဲ့ရသည်။
ထိုတိုက်ပွဲကြီးပြီးနောက်၊ နောက်ဆုံးအခိုက်အတန့်တွင် ရန်ကိုင်သည် သူ့ကိုယ်သူ ဖောက်ခွဲခဲ့လေရာ ဗဟိမြို့တော် အောက်ဘက်ရှိ မြေကမ္ဘာချီကြောမကြီး ပေါက်ကွဲခဲ့ရသည်။ နောက်ဆုံး သေရေးရှင်ရေး အခိုက်အတန့်တွင် မန်ဝူရသည် ရှနင်းချန်နှင့် စုယန်တို့ကို ကာကွယ်ပေးရင်း ထုန်းရွှမ်းလောကကြီးဆီသို့ ဦးတည်နေသော လေဟာနယ်လိုဏ်ခေါင်းထဲသို့ ခုန်ဝင်သွားခဲ့လေသည်။
သူချန်ထားခဲ့သော ကောင်းကင်နန်းတော်ကို ရန်ကိုင်က သိပ်ဆည်းထားလိုက်ပြီး အနက်ရောင်စာအုပ်၏ သိုလှောင် နေရာလွတ်ထဲတွင် ထည့်သိမ်းထားလိုက်သည်။
မန်ဝူရ၏ မှော်ရတနာဖြစ်သည့်အတွက် ရန်ကိုင်သည် ထိုကောင်းကင်နန်းတော်ကို သန်စင်ရန် ဘယ်တုန်းကမှ မကြိုးစားခဲ့သလို မှော်ရတနာပေါ်ရှိ ဝိဥာဉ်အမှတ်အသားအား ဖျောက်ဖျက်ပစ်ရန်လည်း မလုပ်ခဲ့ချေ။ ထိုလက်နက်ကို မန်ဝူရနှင့် ပြန်တွေ့သည့်အခါ ပြန်ပေးရန် ရည်ရွယ်ချက်ဖြင့် သိမ်းထားခဲ့သည်။
နတ်ဘုရားသစ်ပင် သတိပေးသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်သည် ထိုမှော်ရတနာကို ဘယ်တော့မှ နောက်တစ်ချက်ပင် ကြည့်မိလိမ့်မည် မဟုတ်ချေ။
သို့သော် လက်ရှိအချိန်တွင် ကောင်းကင်နန်းတော်သည် ဘာကြောင့် တောက်ပနေရသနည်း။ ဖြည်းဖြည်းချင်း တလက်လက် တောက်ပနေသော်လည်း အမှန်တကယ်ကို တောက်ပနေပေသည်။
ခဏလောက် စဉ်းစားကြည့်လိုက်ပြီး ဖြစ်နိုင်ချေတစ်ခုကို ရန်ကိုင် တွေးမိသွားခဲ့သည်။ ထိုကဲ့သို့ တွေးမိသွားသည်နှင့် သူကိုယ်တိုင်လည်း မထိတ်လန့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရလေသည်။
မန်ဝူရသည်လည်း ဤဆန်းကြယ်လောကငယ်ထဲတွင် ရောက်နေကောင်း ရောက်နေနိုင်ပေသည်။ မရောက်နေလျှင်ပင် ဤနေရာသို့ ယခင်က လာခဲ့ကောင်း လာခဲ့ဖူးလိမ့်လောက်မည်။
ကောင်းကင်နန်းတော်သည် မန်ဝူရ၏ မှော်ရတနာ ဖြစ်သလို ၎င်းအပေါ်တွင် မန်ဝူရ၏ ဝိဥာဉ် အမှတ်အသားလည်း ရှိနေပေသေးသည်။ မန်ဝူရ၏ အရှိန်အဝါကို အာရုံခံမိမှသာ ကောင်းကင်နန်းတော် အနေဖြင့် ယခုကဲ့သို့ တုန်ပြန်ပေလိမ့်မည်။
ရန်ကိုင်၏ တွေ့ရှိချက်များအရ မန်ဝူရသည် ရေခဲဂိုဏ်းသို့ ရှနင်းချန်၊ စုယန်နှင့်အတူ သွားခဲ့သည်။ ထို့နောက် စုယန်ကို ရေခဲဂိုဏ်းချုပ်လက်ထဲ အပ်ခဲ့ပြီး ရှနင်းချန်နှင့်အတူ ပြန်ထွက်သွားခဲ့သည်။
ထို့နောက် ထိုဆရာတပည့်အတွဲသည် ဘုံကိုးခုထွတ်မြတ် နယ်မြေတွင် ခဏကြာအောင် နားနေခဲ့သည်။
ဘုံကိုးခုထွတ်မြတ်နယ်မြေသည် ဤနေရာနှင့် သိပ်မဝေးချေ။ မန်ဝူရ၏ ရည်ရွယ်ချက်သည်သာ ဤနေရာ ဖြစ်မည်ဆိုပါက တော်ဝင်သခင်ဟောင်းနှင့် တမင်သက်သက် သွားတွေ့ခြင်းမဟုတ်ဘဲ တော်ဝင်နယ်မြေတွင် လမ်းကြုံသဖြင့် တစ်ထောက် ဝင်နားလိုက်ခြင်း ဖြစ်ရပေမည်။
ရန်ကိုင် ပိုတွေးလေ၊ သူ့ခန့်မှန်းချက် မှန်ကန်သည်ဟု ပို၍ ယုံကြည်ချင်လာလေပင်။
မန်ဝူရသည်သာ ဤနေရာတွင် ရှိနေပါက စီနီယာမမလေးသည်လည်း…
ထိုအချိန်မှာပဲ လီရုန်၏ ခေါ်သံကို သူကြားလိုက်ရသည်။ ထို့ကြောင့် ရန်ကိုင်လည်း အနက်ရောင်စာအုပ်၏ သိုလှောင် နေရာလွတ်ထဲမှ သူ့အစိတ်ကို အလျင်အမြန် ပြန်ရုတ်လိုက်လေသည်။ ယခု ရန်ကိုင်၏ မျက်ဝန်းများ တဖျက်ဖျက် လင်းလက်တောက်ပနေခဲ့လေပြီ။
ရန်ကိုင်၏ ပြောင်းလဲသွားသော အမူအရာကို မိုးကြိုးနဂါး သတိမပြုမိဘဲ မနေချေ။ ထို့ကြောင့် မိုးကြိုးနဂါးက “ကောင်လေး၊ မင်းတစ်ခုခုကို တွေ့လိုက်လို့လား”
“သိပ်တော့မသေချာဘူး” ရန်ကိုင်က ပြုံးလိုက်ပြီး အနက်ရောင်စာအုပ်ထဲမှ ကောင်းကင်နန်းတော်ကို အလျင်အမြန် ထုတ်ယူကာ သူ့လက်ဝါးပေါ် တင်လိုက်သည်။ ထို့နောက် ဆက်ပြောလိုက်လေ၏ “ဒါက ရုတ်တရက်ကြီး ထတောက်လာနေလို့ စစ်ဆေးကြည့်နေတာ”
“မှော်ရတနာလား” မိုးကြိုးနဂါး မျက်မှောင်ကြုံ့သွားခဲ့ပြီး ထိုမှော်ရတနာကို သေချာ လေ့လာကြည့်လိုက်လေသည် “ဒီမှော်ရတနာရဲ့ ပုံစံက သိပ်တော့ ပုံမှန်မဟုတ်ဘူး။ နန်းတော်နဲ့တောင် ဆင်သေးတယ်။ ပြီးတော့ ဒီမှော်ရတနာက ငါမြင်ဖူးတဲ့ အခြား မှော်ရတနာတစ်ခုနဲ့ တူနေသလိုပဲ”
ယခုတစ်ကြိမ်တော့ ရန်ကိုင် သိချင်ရတော့မည့် အလှည့်ပင်။ ထို့ကြောင့် ရန်ကိုင်က ပြန်မေးလိုက်လေသည် “ဘယ်လက်နက်လဲ”
“မင်းတို့ လူသားမျိုးနွယ်စုက ပညာရှင်တစ်ယောက် ပိုင်တဲ့လက်နက်ပေါ့။ ဒါပေမယ့် အဲ့လူက ဟိုးလွန်ခဲ့တဲ့ နှစ်ရာဂဏန်းလောက် အသတ်ခံလိုက်ရတယ်လေ။ အဲ့အကြောင်းကို မေ့ထားလိုက်တော့” မိုးကြိုးနဂါးက ထိုအကြောင်းကို ဆက်မပြောချင်တော့ဟန်ဖြင့် သူ့လက်ကို ဝှေ့ရမ်းလိုက်သည်။ သို့သော် ရန်ကိုင်လက်ထဲရှိ မှော်ရတနာကို ဆက်လက် လေ့လာနေဆဲပင်။ လေ့လာနေရင်း သူ့မျက်လုံး မှေးစဉ်းသွားခဲ့ပြီး နောက်ဆုံး တိုးတိုးလေး ရေရွတ်လိုက်သည် “ဒီမှော်ရတနာ… ဒီမှော်ရတနာ… ဖြစ်နိုင်တာ…”
ထိုမှော်ရတနာသည် အရမ်းကိုမှ အဆင့်မြင့်ကာ သူတော်စင် အထွဋ်အထိပ်အဆင့် မှော်ရတနာတစ်ခု ဖြစ်နိုင်ချေများသည်။ ထို့အပြင် မှော်ရတနာပေါ်တွင် ကပ်တွယ်ကျန်ရစ်နေသော အရှိန်အဝါမှာ ရန်ကိုင်၏ အရှိန်အဝါမဟုတ်။ အခြားတစ်ယောက်၏ အရှိန်အဝါသာ ဖြစ်ပေသည်။
အရှိန်အဝါသည် ဖျော့တော့နေသော်လည်း ပိုင်ရှင်မှာ ထိပ်တန်းအဆင့် ပညာရှင်တစ်ယောက်ဖြစ်မှန်း မိုးကြိုးနဂါး အတပ်သိလိုက်သည်။
“ဒါက ကောင်းကင်နန်းတော်လား” မိုးကြိုးနဂါးသည် လေးနက်တည်ကြည်သော အမူအရာဖြင့် မေးလိုက်သည်။
နန်းတော်ကဲ့သို့သော မှော်ရတနာများကို အရမ်းကိုမှ တွေ့ရခဲလှသည်။ တွေ့ရခဲလှသည့်အပြင် လက်နက်၏ အဆင့်မှာ သူတော်စင် အထွဋ်အထိပ်အဆင့် ဖြစ်နေလေရာ မိုးကြိုးနဂါး ထိုကဲ့သို့ တွေးမိသွားသည်မှာ မထူးဆန်း။
တကယ်ကော ဖြစ်နိုင်လို့လား။ မိုးကြိုးနဂါး၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့လေသည်။
ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး “စီနီယာကြီး ဒါနဲ့ ရင်းနှီးတာလား”
“တကယ်ကြီး ကောင်းကင်နန်းတော်လား” မိုးကြိးနဂါးက ခန္ဓာကိုယ် တုန်ရင်သွားခဲ့ပြီး ရန်ကိုင်လက်ထဲရှိ နန်းတော်ကို အံ့ဩတကြီးဖြင့် စိုက်ကြည့်နေရင်း “ကောင်းလေး၊ မင်းဒါကို ဘယ်ကနေ ရလာတာလဲ”
“ဟျောင့် မိုးကြိုးနဂါး၊ ဒီမှော်ရတနာက အဲ့လောက်တောင် ထိတ်လန့်စရာ ကောင်းနေလို့လား” မြေကမ္ဘာနွားသိုးက ထိုလက်နက်အား စိုက်ကြည့်နေလိုက်သည်။
မိုးကြိုးနဂါးက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ရှင်းပြလိုက်သည် “မှော်ရတနာက အထင်ကြီးစရာကောင်းတာ အမှန်ပဲ။ ဒါပေမယ့် ပိုင်ရှင်က ပိုပြီးတော့တောင် အထင်ကြီးစရာ ကောင်းသေးတယ်”
“ဘယ်သူလဲ” မြေကမ္ဘာနွားသိုး သိချင်သွားခဲ့သည်။ ကောင်းကင်နန်းတော်နှင့် ပက်သက်သည့် ဘာကိုမှ သူမကြားဖူးခဲ့ချေ။
“မူရှင်းပိုင်ရှင်က လူသားမျိုးနွယ်စုရဲ့ နံပါတ်တစ် ပညာရှင် မန်ဝူရပဲ” ပြောနေရင်း မိုးကြိုးနဂါးက ရန်ကိုင်ဆီ တစ်ချက် လှမ်းကြည့်လိုက်သည်။
မြေကမ္ဘာနွားသိုးက ခေါင်းကုတ်လျက် “အဲ့နာမည်ကို ငါကြားဖူးသလိုပဲ”
“မင်းကြားဖူးရမှာပေါ့” မိုးကြိုးနဂါးက နှာခေါင်းရှုံ့လိုက်ပြီး “သွေးနဂါးစီနီယာကြီးကို မင်းမှတ်မိသေးလား”
“မှတ်မိတာပေါ့၊ မဟုတ်မိဘဲ နေမလား” မြေကမ္ဘာနွားသိုးက ထပ်တလဲလဲ ခေါင်းညိတ်လိုက်ပြီး “ဒီနွားအိုကြီး လူသားအသွင် မပြောင်ခင်နိုင်ကတည်းက သွေးနဂါးစီနီယာကြီးက မွန်းစတား မျိုးနွယ်စုရဲ့ ကျော်ကြားတဲ့ပညာရှင်တစ်ယောက် ဖြစ်နေတာ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ သူသေသွားခဲ့တယ်။ ဟုတ်သားပဲ၊ မိုးကြိုးနဂါး၊ မင်းက သွေးနဂါးစီနီယာကြီးရဲ့ လက်အောက်ငယ်သား တစ်ယောက်မလား”
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၀၈) သွေးပင်လယ်
“ဟုတ်တယ်” မိုးကြိုးနဂါးက ခေါင်းညိတ်လိုက်ပြီး “အရင်းတုန်းက ငါက သွေးနဂါးစီနီယာကြီးရဲ့ လက်အောက် ငယ်သားတွေထဲက တစ်ယောက် ဖြစ်ခဲ့တာ။ သွေးနဂါး စီနီယာကြီးရဲ့ သေဆုံးမှုက ဒီမှော်ရတနာပိုင်ရှင်နဲ့ တကယ် ပက်သက်နေတယ်”
“သွေးနဂါးစီနီယာကြီးကို မန်ဝူရဆိုတဲ့လူ သတ်လိုက်တာလား” မြေကမ္ဘာနွားသိုးက အလန့်တကြား ထမေးလိုက်သည်။
မိုးကြိုးနဂါး စီနီယာကြီးက ဖြည်းဖြည်းချင်း ခေါင်းရမ်းလိုက်ပြီး “အဲ့လိုတော့မဟုတ်ဘူး။ နှစ်ယောက်သား တိုက်ခိုက်ကြတုန်းက သွေးနဂါးစီနီယာကြီးက အမွှေးတိုင် တစ်ချောင်းစာ အတွင်းမှာပဲ ရှုံးသွားခဲ့တာ။ ရှုံးသွားခဲ့ပေမယ့် ဒဏ်ရာလည်း အပြင်းအထန် ရသွားတယ်လေ။ နောက်ပိုင်း အဲ့ဒဏ်ရာတွေကနေ နလန်ပြန်မထူနိုင်တော့ဘဲ သေသွားခဲ့ရတာ။ သွေးနဂါးစီနီယာကြီး သေသွားခဲ့လို့ ဒီဘုရင် သူ့နေရာကို ဆက်ခံပြီး မွန်းစတားမျိုးနွယ်စုရဲ့ စီနီယာကြီး တစ်ယောက် ဖြစ်လာခဲ့ရတာ”
မြေကမ္ဘာနွားသိုး၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး မယုံကြည်နိုင်စွာဖြင့် ပြန်အော်ပြောလိုက်လေသည် “သွေးနဂါးစီနီယာကြီးရဲ့ ခွန်အားက မင်းထက် မသာရင်တောင် မင်းအောက် မလျော့ဘူးလေ။ အဲ့ဒါကိုတောင် တစ်ယောက်ယောက်က သူ့ကို အမွှေးတိုင်တစ်ချောင်းစာအတွင်း မသေရုံတမယ် ဖြစ်သွားအောင် လုပ်နိုင်တယ်ပေါ့”
“ဟုတ်တယ်။ အမွှေးတိုင်တစ်ချောင်းစာအတွင်းပဲ။ သူတို့ နှစ်ယောက် တိုက်ခိုက်ကြတုန်းက ဒီဘုရင်လည်းရှိတယ်။ မန်ဝူရက တကယ်ကို ကြောက်စရာကောင်းတာ။ နောက်ပိုင်း ငါစစ်ဆေးကြည့်တော့မှပဲ သူက လူသားမျိုးနွယ်စုရဲ့ အားအကောင်းဆုံး ပညာရှင်တစ်ယောက် ဖြစ်နေမှန်း သိလိုက်ရတယ်”
ထိုခမ်းနားကြီးကျယ်သည့် ဇာတ်လမ်းကို နားထောင်ရင်း ဘဏ္ဏာထိန်းမန်၏ ပျင်းရိပျင်းတွဲ ဟန်ပန်နှင့် တဏှာရူးအပြုံး သူ့စိတ်ထဲ ပေါ်လာခဲ့ရာ ရန်ကိုင်မျက်နှာ ရှုံ့မဲ့သွားခဲ့ရလေသည်။ သူ့ကျော တစ်ပြင်လုံးလည်း ချွေးအေးတို့ဖြင့် စိုရွှဲနေခဲ့လေပြီ။
အတိတ်အခါက ဘဏ္ဏာထိန်းမန် တကယ်ပဲ ထိုလောက် ကြီးကျယ်ခမ်းနားခဲ့သည်လား။
မန်ဝူရသည် အားကောင်းသော ပညာရှင်တစ်ယောက် ဖြစ်မည်မှန်း အစောကတည်းက ခန့်မှန်းမိထားခဲ့သော်လည်း ထိုမျှ အားကောင်းလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့။
ယနေ့မှပဲ မန်ဝူရ၏ နောက်ကြောင်းကို သူသိခဲ့ရသည်။
“ပြီးတော့ ဒီကောင်းကင်နန်းတော်ဆိုတာ မန်ဝူရဲ့ ဝိသေသ မှော်ရတနာတွေထဲက တစ်ခုပဲ…” မိုးကြိုးနဂါးက စီနီယာကြီးက ရန်ကိုင်လက်ထဲရှိ ကောင်းကင်နန်းတော်ကို စိုက်ကြည့်ရင်း သက်ပြင်းချလျက် ဆက်ပြောလိုက်သည် “သွေးနဂါးစီနီယာကြီး သေသွားခဲ့ရလို့ ဒီဘုရင်လည်း အဲ့မန်ဝူရကို အထူးတလည် အာရုံစိုက်နေခဲ့တာ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ၊ အဲ့မန်ဝူရ ဆိုတဲ့လူက နတ်ဆိုးကုန်းမြေထဲသွားပြီး လက်ရှိနတ်ဆိုး ဗိုလ်ချုပ်ကို သွားစိန်ခေါ်ရင်း သေသွားခဲ့တယ်တဲ့…”
ပြောနေရင်း တစ်ချက်ရပ်လိုက်ပြီး မျက်မှောင်ကြုံ့ကာ ဆက်ပြောလိုက်သည် “အဲ့လူက တကယ်ကို ထူးထူးဆန်းဆန်းပဲ။ သူက ဘယ်ဂိုဏ်းကမှလည်း မဟုတ်ဘူး။ ပြီးတော့ သူ့ဘာသာ ကျင့်ကြံခဲ့တဲ့ပုံပဲ။ သူဘယ်ကရောက်လာလဲ၊ ဒီလောက် အားကောင်းလာအောင် သူဘယ်လိုတွေ လေ့ကျင့်ခဲ့လဲ ဆိုတာကိုလည်း ဘယ်သူမှ မသိကြဘူး။ ပြီးတော့ သူ့မှာ အမွေခံတပည့်လည်း မရှိဘူးတဲ့ကွာ။ အဲ့တော့ ဒီဘုရင်လည်း လက်စားချေဖို့ ကြောင်ပျောက်တော့တာပေါ့။ ကောင်လေး၊ ဒီမှော်ရတနာကို မင်းဘယ်ကနေ ရလာတာလဲ”
“ဟဲ ဟဲ။ ဒီမှော်ရတနာကို သူချန်ထားပေးခဲ့တာလို့ ပြောရင် ခင်ဗျား ယုံမှာလား” ရန်ကိုင်က ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
မိုးကြိုးနဂါး မျက်မှောင်ကြုံ့သွားခဲ့ပြီး ပြန်၍ မေးလိုက်သည် “မင်းဘာပြောချင်နေတာလဲ။ သူအသက်ရှင်နေသေးတယ်လို့ မင်းပြောချင်နေတာလား”
“အင်း”
“မဖြစ်နိုင်ဘူး။ ဒီနှစ်တစ်ရာအတွင်း သူ့နဲ့ ပက်သက်တဲ့ ဘာသတင်းမှ မကြားရတာ။ သူအသက်ရှင်နေသေးရင် ဒီလောက် ကြာနေတာတောင် ဘာလို့ အသံတစ်ချက်တောင် မထွက်ဘဲ နေမှာလဲ” မိုးကြိုးနဂါး သူ့နားသူမယုံကြည်နိုင်နေသည့်ပုံပင်။ ရန်ကိုင်အား မယုံသင်္ကာဖြင့် စိုက်ကြည့်နေပြီး “ဒီကောင်းကင်နန်းတော်က ဘာလို့ တလက်လက် လင်းလက်နေရတာလဲ”
“ဘာလို့လဲဆိုတော့ ပိုင်ရှင်ရဲ့ အရှိန်အဝါကို အာရုံခံမိလို့ပဲပေါ့” ရန်ကိုင်လည်း ကောင်းကင်နန်းတော်ကို စိုက်ကြည့်လိုက်သည်။ အနက်ရောင်သိုလှောင်နေရာလွတ်ထဲမှ ထုတ်ယူလိုက်ပြီးနောက် ကောင်းကင်နန်းတော်သည် ပိုပို၍ လင်းလက်လာနေခဲ့လေရာ မန်ဝူရ ဤနေရာတွင် ရှိနေမည်ဟု ရန်ကိုင် ပိုပို၍ ယုံကြည်လာမိခဲ့လေသည်။
“သူတကယ် အသက်ရှင်နေသေးတာလား” မိုးကြိုးနဂါးက အလန့်တကြား ဆိုလိုက်သည်။
“ကျုပ်ရုပ်က လိမ့်တဲ့ပုံ ပေါက်နေလို့လား” ရန်ကိုင်က မိုးကြိုးနဂါးအား အလေးအနက် အမူအရာဖြင့် ကြည့်လိုက်သည်။
“မပေါက်ဘူး”
“အဲ့ဒါပဲလေ”
မိုးကြိုးနဂါး၏ အမူအရာ အမျိုးမျိုး ပြောင်းလဲနေခဲ့သည်။ ရုတ်တရက် တစ်ခုခုကို နားလည်သွားဟန်ရကာ သူ့မျက်လုံးများ လင်းလက်သွားခဲ့ပြီး ထအော်ပြောလိုက်လေသည် “ဒီတော့ ငါတို့သာ ဒီကောင်းကင်နန်းတော်ရဲ့ လမ်းကြောင်းအတိုင်း လိုက်သွားရင် မန်ဝူရကို ရှာနိုင်မှာပေါ့။ ပြီးတော့ ဒီကနေလည်း ထွက်နိုင်လိမ့်မယ်”
“ဟုတ်လောက်တယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ကောင်းကင်နန်းတော်ထဲသို့ အစစ်အမှန်ချီ ထည့်သွင်းလိုက်သည်။
ရန်ကိုင်စံအိမ်ကို ထိုကောင်းကင်နန်းတော်ဖြင့် မန်ဝူရ ကာကွယ်ပေးခဲ့သဖြင့် ရန်ကိုင်နှင့် သူ့မဟာမိတ်များသည် နတ်ဆိုးအရှင်သခင်နှင့် သူ့လက်အောက်ငယ်သားများ၏ လက်မှ လွတ်မြောက်နိုင်ခဲ့သည်။ နောက်ပိုင်း မန်ဝူရသည် ရန်ကိုင် အနေဖြင့် ကောင်းကင်နန်းတော်ထဲသို့ သူ့ခွင့်ပြုချက်မပါ ဝင်နိုင်၊ ထွက်နိုင်အောင် လုပ်ပေးခဲ့သည်။ ထို့ကြောင့် ရန်ကိုင်သည် ကောင်းကင်နန်းတော်ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပေသည်။
သို့သော်လည်း ထိုမှော်ရတနာသည် သူ့အပိုင် မဟုတ်လေရာ ရန်ကိုင် အနေဖြင့် ကောင်းကင်နန်းတော်၏ စွမ်းအားအပြည့်ကို ထုတ်မသုံးနိုင်ချေ။
သို့သော်လည်း နည်းနည်းလေး ဆိုလျှင်ပင် လုံလောက်နေပေပြီ။
နန်းတော်ထဲသို့ အစစ်အမှန်ချီ ထည့်သွင်းလိုက်သည်နှင့် ကောင်းကင်နန်းတော် တုန်ခါလာပြီး ရန်ကိုင် လက်ထဲမှ ထွက်ပြေးချင်သည့် အရိပ်အယောင်တို့ ပြလာခဲ့သည်။
ရန်ကိုင် ပျော်သွားခဲ့ပြီး ချက်ချင်းပဲ အားလုံးအား အော်ပြောလိုက်လေသည် “ကျုပ်နောက်လိုက်ခဲ့ကြ”
ကောင်းကင်နန်းတော်ကို ကိုင်လျက် ထိုမှော်ရတနာ ပျံသန်းသွားချင်နေသည့်အရပ်ဆီ တစ်ဟုန်ထိုး ပြေးထွက်သွားလေသည်။
ကျန်ငါးယောက်သည်လည်း ရန်ကိုင်နောက်မှ အနီးကပ် လိုက်ပါသွားကြသည်။
လမ်းလျှောက်နေစဉ်အတွင်း ရန်ကိုင်စိတ် တောင်ရောက်၊ မြောက်ရောက် ဖြစ်နေခဲ့သည်။
မန်ဝူရ ဤနေရာတွင် ရှိမရှိ သူမသေချာ။ မန်ဝူရ ဤနေရာသို့ လာခဲ့ရင်း သူ့အရှိန်အဝါ တစ်စွန်းတစ်စ ကျန်ရစ်ခဲ့သည်မှာလည်း ဖြစ်နိုင်သည်။ ထိုကဲ့သို့သာ ဆိုပါက ယခုတစ်ကြိမ် မန်ဝူရနှင့် သူ့စီနီယာမမလေးကို ရှာတွေ့နိုင်တော့လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း သူ့လက်ထဲတွင် သဲလွန်စ ရှိနေပြီ ဖြစ်လေရာ ကျိန်းသေ ရှာကြည့်ရပေဦးမည်။
စုယန်ကို တွေ့ပြီးသွားခဲ့လေပြီ။ နတ်ဆိုးအိုကြီးကိုလည်း စိတ်မပူချေ။ ထို့ကြောင့် ရှနင်းချန်ကိုသာ ရှာတွေ့နိုင်ပါက ထုန်းရွှမ်လောကကြီးဆီသို့ လာရင်းရည်ရွယ်ချက် ပြီးမြောက်သွားပြီဟု ဆိုနိုင်ပေသည်။
ဗဟိုမြို့တော်မှ ထွက်လာပြီး ဤလောကကြီးဆီသို့ ရောက်သည်မှာ ဆယ်စုနှစ်တစ်ခုစာ ကျော်သွားခဲ့လေပြီ။ ထိုဆယ်နှစ်အတောအတွင်း သူ့ခွန်အားမှာ အကြီးအကျယ် တိုးတက်ခဲ့ရသော်လည်း ရင်တွင်းအပူမှာမူ ဘယ်သောမခါမှ ငြိမ်းအေးသွားခြင်း မရှိခဲ့ချေ။ သူ့ဘာသာတစ်ယောက်တည်း ကြိတ်၍ သက်ပြင်းချခဲ့ရသည့် အခါများမှာလည်း မနည်း။
မန်ဝူရကို တွေ့တာနဲ့ အဲ့သက်ကြားအိုကြီး ကိုယ်ပေါ်က အမွေးတွေအကုန်လုံးကို တစ်မွှေးမကျန် နုတ်ပစ်ရမယ် ပျံသန်းနေရင်း ရန်ကိုင်သည် စိတ်ထဲတွင် ကြိတ်ကာ ကြုံးဝါးနေခဲ့သည်။
အချိန်တစ်ခု ကြာညောင်းသွားပြီးနောက် မီးခိုးရောင် လွင်းတီခေါင်ပြင်ကြီး စတင် ပြောင်းလဲစပြုလာခဲ့လေပြီ။
ရန်ကိုင်ရှေ့တွင် အမျိုးအမည်မသိသော မှတ်တိုင် ကဲ့သို့သော တိုင်တစ်တိုင် ရှိနေခဲ့သည်။
ထိုနေရာသို့ ရောက်သည့်အခါ ကောင်းကင်နန်းတော်မှ အလင်းရောင်သည် ပို၍ တောက်ပလာခဲ့လေသည်။
ရန်ကိုင်လည်း မျှော်လင့်တကြီးဖြင့် ထိုမှတ်တိုင်ဆီသို့ ပြေးသွားလေသည်။ သို့သော်လည်း သူမြင်လိုက်ရသည့် အရာကြောင့် မျက်မှောင်ကြုံ့မိသွားခဲ့ရသည်။
ကျန်ငါးယောက်သည်လည်း ရပ်တန့်လိုက်ကြပြီး ထိုမှတ်တိုင်ကို လေးနက်တည်ကြည်သည့် အမူအရာဖြင့် စိုက်ကြည့်လိုက်ကြသည်။
သူတို့နှင့် မီတာနှစ်ဆယ်အကွာတိုင် ငါးမီတာထူပြီး မိုးထိအောင်မြင့်တက်နေသော ကျောက်တိုင်ကြီးတစ်တိုင် ရှိနေခဲ့သည်။
ထိုကျောက်တိုင်ပေါ်တွင် နတ်ဆိုးစကားလုံးများ ရှိနေခဲ့သည်။
“လီရုန်၊ အဲ့ပေါ်မှာ ဘာတွေရေးထားတာလဲ” ရန်ကိုင်က အလျင်စလို မေးလိုက်သည်။
လီရုန်သည် ထိုစကားလုံးများကို တစ်ချက် ဖတ်ကြည့်လိုက်ပြီးနောက် ချက်ချင်းပဲ ပြန်ဖြေလိုက်သည် “ထုန်းရွှမ်ကျောက်တိုင်”
“ထုန်းရွှမ်ကျောက်တိုင်လား” ထိုစကားလုံးများ ဘာကို ဆိုလိုမှန်း နားမလည်သဖြင့် ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ရ၏။
သို့သော်လည်း လူတိုင်းအား ကြောက်ရွံ့သွားစေနိုင်သော ထူးခြားဆန်းပြားသည့် အားတစ်ရပ်သည် ကျောက်တိုင် ပတ်လည်တွင် ရစ်သိုင်းနေခဲ့သည်။
ကောင်းကင်နန်းတော်၏ အကူအညီဖြင့် လာခဲ့သော်ငြား မန်ဝူရကို မတွေ့ဘဲ ထိုကျောက်တိုင်ကြီးကိုသာ တွေ့လိုက်ရသဖြင့် အကုန်လုံး အနည်းနှင့်အများဆိုသလို စိတ်ပျက်သွားခဲ့ကြသည်။
သို့သော်လည်း သူ့လက်ထဲရှိ ကောင်းကင်နန်းတော်သည် သူ့အား တစ်နေရာရာဆီ ဆွဲခေါ်နေသေးသည်ကို ရန်ကိုင် ခံစားမိနေသေးသည်။
“ဆက်သွားကြတာပေါ့။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ကျုပ်တို့အားလုံး ပုံရိပ်ယောင် အစီအရင်ထဲကနေ ထွက်လာနိုင်ခဲ့ပြီလေ” ရန်ကိုင်က ပြောလိုက်သည်။
ကျန်ငါးယောက်စလုံး ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်ကြပြီး ဆက်သွားကြသည်။
ရန်ကိုင်တို့အဖွဲ့သည် ယခုအချိန်တွင် သတိကြီးကြီးထား၍ ရှေ့ဆက်နေခဲ့ကြသည်။ ရုတ်တရက် အန္တရာယ်တစ်ခုခု ကျရောက်မည်စိုး၍ အကုန်လုံး ပတ်ဝန်းကျင်ကို သေချာ အာရုံစိုက်သတိထားနေခဲ့ကြသည်။
နာရီဝက်ကြာပြီးနောက် ရန်ကိုင် ရုတ်တရက် အရှိန် လျှော့လိုက်သည်။ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် အားလုံးဘက်သို့လှည့်၍ ပြောလိုက်သည် “ခင်ဗျားတို့ရော သတိပြုမိလား”
“အင်း၊ သွေးနံ့ရနေတယ်” မိုးကြိုးနဂါးက ချက်ချင်းပဲ ပြန်ပြောလိုက်သည်။ ထို့နောက် ဘေပတ်ဝန်းကျင်ကို သတိကြီးကြီးထားကြည့်လျက် “ဒီနားကနေ သွေးနံ့ရနေတာ”
“ဟုတ်တယ်။ ပိုပိုပြီး ပြင်းလာသလိုပဲ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
“နေဦး၊ ရှေ့မှာ လှုပ်ရှားမှုရှိတယ်” မိုးကြိုးနဂါးက ရုတ်တရက် သတိပေးလိုက်သည်။
အကုန်လုံး၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့ပြီး နားစွင့်လိုက်ကြသည်။
ခပ်ဝေးဝေး တစ်နေရာမှ လှိုင်းပုတ်သံကဲ့သို့ အသံများကို အားလုံး ကြားလိုက်ကြရသည်။
အသံသည် အလျင်အမြန် ကျယ်သည်ထက် ကျယ်လာခဲ့သည်။ မကြာမီ သူတို့၏ မြင်ကွင်းထဲသို့ မီးခိုရောင် လောကကြီးအစား အနက်နီရောင်အလင်းတို့ အစားထိုး ဝင်ရောက်လာခဲ့လေသည်။
တဖြည်းဖြည်းနှင့် ထိုအနက်နီရောင်အလင်းသည် ကြီးသည်ထက်ကြီးလာခဲ့ပြီး လှိုင်းပုတ်သံကဲ့သို့သော အသံများသည်လည်း ပိုပို၍ ကြည်လင်ပြတ်သားလာခဲ့သည်။
သူတို့ထဲမှ မည်သူမှ မတုန့်ပြန်နိုင်သေးခင်မှာပင် သူတို့ရှေ့မှောက်ရှိ လောကကြီးတစ်ခုလုံး သွေးနီရောင် သန်းသွားခဲ့သည်။
“မကောင်းတော့ဘူး” မိုးကြိုးနဂါးစီနီယာကြီး ရုတ်တရက် ထအော်လိုက်သည်။ ထို့နောက် အစစ်အမှန်ချီကို ချက်ချင်း လှည့်ပတ်ကာ အဖွဲ့ရှေ့တွင် အပြာနုရောင် အရံအတားတစ်ခုကို အလျင်အမြန် ကောက်ဖန်တီးလိုက်လေသည်။
တစ်ချိန်တည်းတွင် သူတို့ ရှေ့တည့်တည့်မှ အကန့်အသတတ်မဲ့ ကျယ်ပြောဟန်ရသည့် သွေးနီရောင် ပင်လယ်ကြီးသည် သူတို့အပေါ်သို့ ရိုက်ခတ်လာခဲ့သည်။ ရေကာတာ ကျိုးပျောက်သွားသည့်ပမာ လွင်တီးခေါင်ပြင် ဖြစ်နေသော ဖုန်းဆိုးမြေကြီးသည် တစ်ခဏအတွင်း သွေးနီရောင်အရည်တို့ဖြင့် ပြည့်လျှံသွားခဲ့သည်။ ထိုသွေးနီရောင်ပင်လယ်သည် ခြောက်ယောက်စလုံးကို တစ်မုဟုတ်ချည်း လွှမ်းခြုံသွားခဲ့လေသည်။
ပြင်းလွန်းလှသည့် သွေးနံ့ကို အကုန်လုံး ရလိုက်ကြသည်။ သူတို့ ပတ်ပတ်လည် ကမ္ဘာကြီးတစ်ခုလုံး နီရဲတောက်နေသော သွေးအရည်များဖြင့် ပြည့်နေခဲ့လေပြီ။ သွေးပင်လယ်ထဲသို့သို့ ရုတ်တရက် ပြုတ်ကျသွားသည့်အလား အရပ်မျက်နှာကို အာရုံမခံနိုင်တော့သလို လမ်းပေါက်ကိုလည်း ရှာမတွေ့တော့ချေ။
အလင်းအကာအရံနှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် သွေးပင်လယ် စတင် အငွေ့ပျံသွားခဲ့ပြီး အထဲသို့ အလျင်အမြန် စိမ့်ဝင်သွားတော့သည်။ ထိုသွေးမြူခိုးများနှင့် ထိတွေ့သည်နှင့် တစ်ပြိုင်နက် ရန်ကိုင် လက်ထဲတွင် ရှိနေသော ကောင်းကင်နန်းတော်၏ အရောင်အဝါ သိသိသာသာကို မှိန်ကျသွားခဲ့ရလေသည်။
ရန်ကိုင်လည်း ကောင်းကင်နန်းတော်ကို အနက်ရောင် စာအုပ်၏ သိုလှောင်နေရာလွတ်ထဲသို့ ချက်ချင်း ပြန်ထည့်သိမ်းထားလိုက်လေသည်။
အလင်းအကာအရံထဲသို့ စိမ့်ဝင်လာသော သွေးမြူသည် အရမ်းကိုမှာ တိုက်စားနိုင်စွမ်း ပြင်းလေသည်။ ထိုသွေးမြူနှင့် ထိတွေ့မိသူတိုင်း သူတို့၏ အရေပြားများ တဆစ်ဆစ် နာကျင်လာခဲ့ရသည်။
ရန်ကိုင်သည် အံကိုတင်းတင်းကြိတ်ကာ အစစ်အမှန်ချီကို လှည့်ပတ်၍ ထိုသွေးမြူးများကို ခုခံလေသည်။
“ဘာကြီးလဲဟ” မြေကမ္ဘာနွားသိုးသည် သူ့တစ်ကိုယ်လုံးကို အညိုရောင်အလင်းဖြင့် ဖုံးကာရင်း ကျိန်ဆဲလိုက်သည်။ ကံမကောင်းစွာဖြင့် သွေးမြူသည် အလွန်ကိုမှ တိုက်စားနိုင်စွမ်း ပြင်းထန်လွန်းလှရာ သူဖန်တီးထားသော အညိုရောင် အကာအရံသည်ပင် အလျင်အမြန် မှိန်ကျလာခဲ့ရလေသည်။ ထို့ကြောင့် မြေကမ္ဘာနွားသိုးလည်း အလင်းအကာအရံ မပျက်စီးသွားရလေအောင် အရံအတားထဲသို့ အစစ်အမှန်ချီကု အမြန်အဆန် ပို့လွှတ်နေလိုက်ရသည်။
သွေးပင်လယ်နှင့် သွေးမြူခိုးသည် အမျိုးမျိုးသော စွမ်းအင်များကို တိုက်စားနိုင်စွမ်းရှိသည့်ပုံပင်။
“ငါတို့ မတော်တဆ အသက်သွင်းလိုက်မိတဲ့ ထောင်ချောက် တစ်ခုခု ဖြစ်မယ်ထင်တယ်။ နောက်ဘာဆက်လုပ်မလဲ မစဉ်းစားခင် ဒီသွေးပင်လယ်ထဲကနေ ထွက်ဖို့ အရင်ဆုံး လုပ်သင့်တယ်” မိုးကြိုးနဂါးသည် သွေးပင်လယ်မှ ဖိအားကို အံကြိတ်ကာ ခုခံနေရင်း အားလုံးကို အော်ပြောလိုက်သည်။
“စီနီယာကြီး၊ သတိထား” ကိုင်တေက ရုတ်တရက် လှမ်းသတိပေးလိုက်ပြီး သူမ၏ ခုနှစ်ရောင်ခြယ်တောင်ပံများကို လှုပ်ခတ်၍ အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်လေသည်။
သူမတိုက်ခိုက်မှုသွားရာ အရပ်ဆီ လှမ်းကြည့်လိုက်ရာ ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ရသည်။
ကျယ်ပြောလှသော သွေးပင်လယ်ထဲတွင် သွေးသီးသန့်ဖြင့် ဖွဲ့စည်းထားသော မရေမတွက်နိုင်သည့် ပုံရိပ်များ ရှိနေသည်ကို ရန်ကိုင် တွေ့လိုက်ရသည်။ ထိုပုံရိပ်များတွင် မျက်နှာမရှိသလို ကျစ်လစ်တောင့်တင်းသော ခန္ဓာကိုယ်လည်း မရှိချေ။ ကိုင်တေ၏ တိုက်ခိုက်မှုသည်ကြောင့် ထိုပုံရိပ်များမှာ တစ်ခုဟုတ်ချည်း သွေးမြူအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
မျက်တောင်တစ်ခတ်အတွင်း နောက်ထပ် များစွာသော သွေးလူများ ထွက်ပေါ်လာပြီး မိုးကြိုးနဂါးဆီသို့ ပြေးဝင်လာကြလေသည်။
မိုးကြိုးနဂါး၏ မျက်လုံးများ မှေးစင်းသွားပြီး သူ့ဆီ ပြေးဝင်လာနေသော သွေးလူများဆီ ခရမ်းရောင်မိုးကြိုးတစ်စင်း ပစ်လွှတ်လိုက်သည်။ ထိုမိုးကြိုးနှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် သွေးလူများစွာ သွေးမြူများအဖြစ် ပေါက်ကွဲသွားခဲ့ရလေသည်။
သို့သော်လည်း ထိုအုပ်ထဲမှ တစ်ယောက်သည် မိုးကြိုးနဂါး၏ တိုက်ခိုက်မှုကို ပွတ်ကာသီကာလေး ရှောင်တိမ်းနိုင်ခဲ့ကာ သူ့လက်တစ်ဖက်ဖြင့် မိုးကြိုးနဂါး၏ လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်လေသည်။
ထိုသွေးလက်နှင့် ထိလိုက်မိသည်နှင့် သတ္တုရည်ပူများ သူ့လက်ပေါ် ကျလာသလို မိုးကြိုးနဂါး ခံစားလိုက်ရသည်။ ပူလွန်းလှသဖြင့် ထိုသွေးလျက်မှ အလျင်စလို ရုန်းထွက် လိုက်လေသည်။
သူ့လက်ကောက်ဝတ်ထက် လောင်ကျွမ်းရာကြီးနှင့် သွေးနီရောင် လက်ငါးချောင်းရာကြီး ထင်ကျန်ရစ်နေခဲ့သည်။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် အကုန်လုံး သွေးဆုတ် ဖြူလျော်သွားခဲ့ကြသည်။
မိုးကြိုးနဂါးသည် ထိပ်တန်းပညာရှင်တစ်ယောက် ဖြစ်သည်။ ထို့အပြင် သူ့အရေပြားသည် အရမ်းကိုမှ မာကျောလှသေးသည်။ သို့တိုင် ထိုသွေးလူ၏ ဖမ်းဆုပ်ခြင်း ခံရရုံဖြင့် ထိုကဲ့သို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ရသည်။ ထိုအခြင်းအရာကို ကြည့်ရုံဖြင့် သွေးပင်လယ်၏ တိုက်စားစွမ်းအင် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း မြင်တွေ့နိုင်ပေသည်။
သို့သော်လည်း အကုန်လုံးအား သွေးပျက်ချောက်ချား သွားစေသည်ကား ယခုလေးတင် မိုးကြိုးနဂါး ဖျက်စီးလိုက်သော သွေးလူများသည် တဖြည်းဖြည်း အကောင်းအတိုင်း ပြန်ဖြစ်လာပြီး ပြန်ထလာခြင်းပင်။
ထိုသွေးလူများသည် ဖျက်စီးမရနိုင်သော အစစ်အမှန် မသေမျိုးများနှင့်ပင် တူနေသေးသည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၀၈) ရောင်းရန်မဟုတ်
သွေးပင်လယ်ထဲတွင် ပိတ်မိနေသော ရန်ကိုင်တို့ အဖွဲ့သည် အမျိုးမျိုးသော ပညာရပ်များကို ထုတ်ဖော်ပြသကာ ထိုအန္တရာယ်များသည့် နေရာမှ လွတ်မြောက်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့ကြသည်။
သို့သော် သူတို့ မည်မျှပင် ပြေးစေကာမူ သွေးပင်လယ်ကြီးသည် သူတို့အား ပိတ်လှောင်မြဲ၊ ပိတ်လှောင်ထားဆဲ။
သွေးပင်လယ်ကပဲ အကန့်အသတ် ကျယ်ပြောနေခြင်းလား၊ သို့မဟုတ် ထွက်ပြေးနေသည့် သူတို့နောက်ကိုပဲ တောက်လျှောက် လိုက်ပါနေခြင်းလား၊ မည်သူမှ မပြောတတ်။
တဖြည်းဖြည်းနှင့် မိုးကြိုးနဂါးသည် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ရပြီး အားကုန်သုံးကာ သွေးလူများ၏ တိုက်ခိုက်မှုကို ခုခံကာကွယ်လာခဲ့ရသည်။
မီတာတစ်ထောင်ပတ်လည် အတွင်းတွင် လျှပ်စီးကြောင်းလေးများသည် ဟိုဟိုဒီဒီ ပျံသန်းရင်း သွေးပင်လယ်ဆိုသော အတားအဆီးကို ချိုးဖျက်၍ လွတ်လပ်ရှာရန် ကြိုးစားနေခဲ့ကြသည်။
မိုးကြိုးနဂါး၏ သားရဲအသွင်မှာ မီးတောက်နီမိုးကြိုးနဂါး ဖြစ်သည်။ သူသည် မီးဓါတ်ရော မိုးကြိုးဓါတ်ကိုပါ နိုင်နင်းကျွမ်းကျင်ကာ အရမ်းကိုမှ အားကောင်းလှသော ပညာရှင် တစ်ယောက် ဖြစ်ပေသည်။ သို့တိုင် သူပင်လျှင် လက်ရှိ အခြေအနေ၌ ကူကယ်ရာ မဲ့လာခဲ့ရလေပြီ။
မြေကမ္ဘာနွားသိုး ဖန်တီးထားသည့် အညိုရောင် အလင်းစက်ကွင်းများသည် ခဏတာသာ တောင့်ခံနိုင်ပြီး သွေးပင်လယ်၏ တိုက်စားမှုကြောင့် တဖြည်းဖြည်း အရောင် မှိန်ဖျော့လာခဲ့ရသည်။
ကျင်းနီခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စူးရှလှသည့် အဝါရောင်ချီတို့မှာလည်း မှိန်ဖျော့စ ပြုလာခဲ့သည်။
ကိုင်တေ၏ ခုနှစ်ရောင်စဉ်နှင့် လီရုန်၏ ပိန်းပိန်းပိတ် မည်းနက်နေသော နတ်ဆိုးချီတို့သည် သွေးပင်လယ်ထဲသို့ တရဟော တိုးဝင်သွားခဲ့ကြသော်လည်း သွေးပင်လယ်ကြီးသည် အောက်ခြေမဲ့တွင်းနက်ကြီးတစ်ခုပမာ တိုးဝင်လာသမျှ သူတို့၏ စွမ်းအင်အားလုံးကို ဝါးမြိုပစ်ခဲ့သည်။
သွေးပင်လယ်မှ ဖြစ်ပေါ်လာသော သွေးလူများသည် သန်မာခြင်းမရှိကြချေ။ ရှင်းရှင်းပြောရလျှင် တကယ့်ကိုပင် အားနည်းလှသည်။ သူတော်စင်အဆင့် ပညာရှင်များအဖို့ အခြေခံတိုက်ကွက်လေးများဖြင့် အသုံးပြုတိုက်ခိုက်လျှင်ပင် သူတို့ထဲမှ တော်တော်များများကို ဖျက်စီးပစ်နိုင်သည်။
သို့သော်လည်း သွေးလူများသည် ပျက်စီးသွားသော်ငြား ပြန်ပြန်၍ ဖြစ်ပေါ်လာကြသည်။
တစ်ချိန်တည်းတွင် သွေးမြူသည် အရံအတားထဲသို့ စိမ့်ဝင်၍ သူတို့၏ ခွန်အားကို တတိတိ တိုက်စားနေခဲ့သည်။
ရန်ကိုင်သည် အဖွဲ့ထဲတွင် အားအနည်းဆုံး ဖြစ်သည်။ ထို့အတွက်ကြောင့်ပဲ သူသည် သူတော်စင်ငါးယောက်၏ ကာကွယ်ပေးထားခြင်းခံရကာ အေးအေးဆေးဆေး ဖြစ်နေခဲ့သည်။
သူတော်စင်ငါးယောက်သည် သွေးပင်လယ်၏ တိုက်ခိုက်မှုကို အသည်းအသန် ခုခံကာကွယ်နေစဉ် ရန်ကိုင်သည် သွေးပင်လယ်နှင့် သွေးလူများကို သေသေချာချာ ဆန်းစစ်လေ့လာနေခဲ့သည်။
ဘေးပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် လေ့လာနေစဉ် ရုတ်တရက် တေဇောဓါတ်အသိစိတ်စွမ်းအင်ကို ထုတ်လွှတ်၍ လီရုန်ဆီ ချဉ်းကပ်လာနေသော သွေးလူကို တိုက်ခိုက်လိုက်သည်။
ချစ်ချစ်းတောက် ပူလောင်သည့် အပူစွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့ပြီး နယ်ပယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ထိုနယ်ပယ်အတွင်း ၎င်းနှင့် ထိတွေ့သမျှ အရာအားလုံးကို လောင်ကျွမ်းပစ်တော့လေသည်။
လက်ရှိအချိန်တွင် အကုန်လုံးသည် ရေခဲကန်ထဲ ရောက်နေသလို ခံစားနေခဲ့ရသည်။ သို့သော်လည်း ရန်ကိုင် ဖန်တီးလိုက်သော နယ်ပယ် ထွက်ပေါ်လာသည်နှင့် သူတို့ အရေပြား မီလောင်းသွားသကဲ့သို့ ခံစားလိုက်ရကာ မွန်းစတားမျိုးနွယ်စုဝင် လေးယောက်စလုံး ရန်ကိုင်အား အံ့ဩတကြီးဖြင့် စိုက်ကြည့်လာခဲ့ကြလေသည်။
တစ်ချိန်တည်းတွင် ရန်ကိုင်ဆီသို့ တိုးဝင်လာနေသော သွေးလူ ဆူပွက်လာသည်ကိုလည်း မြင်တွေ့လိုက်ရ၏။
သွေးလူသည် သွေးသက်သက်ဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ၎င်းတွင် အသားမရှိသလို အရေပြားလည်း မရှိချေ။ ထို့ကြောင့် သူတစ်ကိုယ်လုံး ဆူပွက်လာသည်နှင့် ပူပေါင်းများ သူ့ခန္ဓာကိုယ်တစ်လျှောက် ပလုံစီထလာခဲ့ပြီး အလျင်အမြန် အငွေ့ပျံ ပျောက်ကွယ်သွားခဲ့ရလေသည်။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် အကုန်လုံး၏ မျက်ဝန်းများ ဝင်းလက်သွားခဲ့ကြသည်။
“လုပ်တာကောင်းတယ် ကောင်လေး” မြေကမ္ဘာနွားသိုးက အော်ပြောလိုက်သည်။
ဤသွေးပင်လယ်ထဲ ပိတ်မိနေသည့်အချိန်မှစ၍ ယခုမှသာ သွေးလူတစ်ယောက်အား အပြီးတိုင် ဖျက်စီးပစ်လိုက်နိုင်ခြင်း ဖြစ်ပေသည်။
“စီနီယာကြီး မီးကိုပဲသုံး” ရန်ကိုင်က မိုးကြိုးနဂါးက လှမ်းပြောလိုက်သည်။
မိုးကြိုးနဂါးကို ရန်ကိုင် သတိပေးစရာပင် မလိုတော့။ သူ့ဘာသာ မီးဓါတ်ကို စတင်အသုံးပြုကာ တိုက်ခိုက်နေခဲ့လေပြီ။
သွေးလူသားတို့၏ တိုက်ခိုက်မှုများမှာလည်း တစ်မုဟုတ်ချည်း ရပ်တန့်သွားခဲ့ရသည်။ မီးတောက်သည် သူတို့နှင့် ဝေးကွာနေသောလည်း ထိုမီးတောက်မှ ဖြာထွက်နေသော အပူအရှိန် သက်သက်နှင့်ပက် သူတို့၏ ခန္ဓာကိုယ်များ ဆူပွက်စပြုလာခဲ့သည်။ ဝိုးတဝါးတား မျက်နှာများသည်လည်း နာကျင်မှုကြောင့် မဲ့ရွဲ့လာခဲ့သည်။
မိုးကြိုးနဂါးက မာန်သွင်းအော်ဟစ်လိုက်ပြီး မီးနဂါးကြီး တစ်ကောင်ကို ဖန်တီးကာ သွေးပင်လယ်ကို တိုက်ခိုက်လိုက်သည်။ ရန်ကိုင်သည်လည်း သူ့တေဇောဓါတ် အသိစိတ်စွမ်းအင်ဖြင့် အနီးအနာရှိ သွေးလူများကို စတင် တိုက်ခိုက်တော့လေသည်။
“ဒါက ရေရှည်အတွက်မကောင်းဘူး။ ဒီကနေ ထွက်သွားနိုင်မယ့် နည်းလမ်းကို စဉ်းစားဖို့လိုလိမ့်မယ်” မိုးကြိုးနဂါးက လှမ်း၍ အော်ဟစ်သတိပေးလိုက်သည်။
ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်သော်လည်း သွေးပင်လယ်၏ အကန့်အသတ်ကို ဘယ်သူမှ မမြင်တွေ့နိုင်ခဲ့။ ထိုအချိန်အတွင်း သွေးမြူသည် အရံအတားထဲသို့ ဖောက်ဝင်၍ သူတို့၏ ခွန်အားကို တတိတိ တိုက်စားနေခဲ့သည်။ ဤအတိုင်းသာ ဆက်သွားနေပါက သွေးပင်လယ်တစ်ခုလုံးကို အငွေ့ပျံအောင် မလုပ်နိုင်ခင် သူတို့အား သေသွားရပေလိမ့်မည်။
“မင်းနဲ့ဒီကောင်လေး နှစ်ယောက်ပေါင်းပြီး လမ်းရှင်းပေးသွားလို့ မရဘူးလား” မြေကမ္ဘာနွားသိုးက အကြံပေးလိုက်သည်။
“မရဘူး။ ဒီသွေးပင်လယ်က အရမ်း ထူးဆန်းတယ်။ ကြည့်ရတာ ငါတို့နောက်ကို တကောက်ကောက် လိုက်နေတဲ့ပုံပဲ။ ငါတို့ ထွက်ပြေးနိုင်မှာမဟုတ်ဘူး။ ပြီးတော့ ဒါကြီးကလည်း ငါတို့ကို အလွတ်ပေးမှာမဟုတ်ဘူး” မိုးကြိုးနဂါးက သွေးလူများကို သူ့မီးစွမ်းအင်ဖြင့် လောင်ကျွမ်းပစ်နေရင်း ဖြည်းဖြည်းချင်း ခေါင်းခါရမ်း၍ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်သည်နှင့် အကုန်လုံး ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်ကာ စိတ်ဓါတ်ကျချင်စ ပြုလာခဲ့ကြသည်။
“ဟုတ်သားပဲ” ရန်ကိုင်သည် ရုတ်တရက် တစ်ခုခုကို တွေးမိသွားဟန်ရကာ စိတ်လှုပ်ရှားဖြင့် ထအော်လေသည်။
သူ့အမူအရာကို မြင်လိုက်သည်နှင့် မိုးကြိုးနဂါးက စိတ်လှုပ်ရှားသွားခဲ့ပြီး ချက်ချင်းပဲ ကောက်မေးလိုက်သည် “ကောင်လေး၊ ဒီကနေ ထွက်ဖို့ လမ်းရှာတွေ့ပြီလား။ စဉ်းစားမိတာရှိရင် တုန့်ဆိုင်းမနေနဲ့ ပြောသာပြောလိုက်။ သေရမှာထက်စာရင် တစ်ခုခု လုပ်လိုက်တာက ပိုကောင်းတယ်”
“ကျပ်မှာအကြံရှိတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး လီရုန်ဘက်သို့လှည့်ကာ မေးလိုက်လေသည် “လီရုန်၊ ခင်ဗျားမှာ ဟိုသွေးအဆီအနှစ်ကျောက်တုံး ပါလာသေးလား”
ရန်ကိုင် မေးခွန်းကို ကြားကြားချင် လီရုန် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ သို့သော် မကြာမီမှာပင် သူမ၏ မျက်ဝန်းလေးများ တလက်လက် တောက်ပလာခဲ့ပြီး ရန်ကိုင် အကြံကို ချက်ချင်းပဲ သဘောပေါက်သွားခဲ့သည်။
ထို့ကြောင့် သွေးအဆီအနှစ်ကျောက်တုံးကို အလျင်အမြန် ထုတ်ယူလိုက်ပြီး ရန်ကိုင်ဆီ ပေးလိုက်လေသည်။
ထိုအသွေးအဆီအနှစ်ကျောက်တုံးသည် ကြယ်တရာကောင်းကင်မှ ပစ္စည်းတစ်ခုဖြစ်ပြီး သွေးများကို စုပ်ယူကာ မည်သူမဆို အသုံးပြုနိုင်သော သွေးချီအဖြစ် ပြောင်းလဲပစ်နိုင်လေသည်။
ထိုပစ္စည်း၏ မူရင်းပိုင်ရှင်မှာ ကြယ်ရောင်ဖြာနန်းတော်၏ ကျန်းအောင်ဖြစ်လေသည်။ သို့သော် နှင်းတောင်းတန်းမှ အဖြစ်အပျက်ပြီး နောက်ပိုင်း ကျန်းအောင် အသတ်ခံရလိုက်ရပြီး ထိုသွေးအဆီအနှစ်ကျောက်တုံးသည် ရန်ကိုင် လက်ထဲသို့ ရောက်ရှိလာခဲ့ရလေသည်။
ယခင်တစ်ကြိမ် ရန်ကိုင်သည် ထိုသွေးအဆီအနှစ် ကျောက်တုံးဖြင့် သွေးများစွာကို စုပ်ယူကာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသော ရှေးဟောင်းနတ်ဆိုးကလန်သား တစ်ယောက်ကို ပြန်လည်ကုသပေးခဲ့သည်။ ထို့နောက်ပိုင်း သွေးအဆီအနှစ်ကျောက်တုံးကို လီရုန် လက်ထဲတွင် ထားခဲ့လိုက်လေသည်။
ယခုမှပဲ ထိုအသွေးအနှစ်ကျောက်တုံးကို ရန်ကိုင် ပြန်စဉ်းစားမိလိုက်ခြင်းဖြစ်သည်။
“သွေးအဆီအနှစ်ကျောက်တုံးလား” မိုးကြိုးနဂါးက အလန့်တကြားဖြင့် အော်ပြောလိုက်သည် “ကြယ်တာရာကောင်းကင်က ပစ္စည်းကို ပြောနေတာလား”
ရန်ကိုင်က သွားပေါ်အောင် ပြုံးဖြိးလိုက်ပြီး “စီနီယာကြီးက ဗဟုသုတ တော်တော် နှံ့စပ်တာပဲ”
“မင်းမှာ အဲ့ဒါရှိနေတာလား” မိုးကြိုးနဂါး စိတ်အားတက်သွားခဲ့ပြီး အကျယ်ကြီး အော်ရယ်မောလိုက်ကာ “ကြည့်ရတာ ငါတို့ကိုတော့ ဘုရားမပြီပဲ”
“အနည်းဆုံးတော့ ကြိုးစားကြည့်ရမှာပေါ့” ရန်ကိုင်က တုန့်ဆိုင်းမနေတော့ဘဲ သွေးအဆီအနှစ်ကျောက်တုံးထဲသို့ အစစ်အမှန်ချီ ဖြည့်သွင်းလိုက်လေသည်။ သွေးအဆီအနှစ် ကျောက်တုံးသည် တလက်လက် တောက်ပလာခဲ့ပြီး ၎င်းဆီမှ အားကောင်းသော စုပ်ယူအားတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုမမြင်နိုင်သော စွမ်းအားထဲ ဖမ်းဆီးခြင်း ခံလိုက်ရသော သွေးလူများသည် ကြောက်လန့်တကြား အော်ဟစ်ရင် သွေးပင်လယ်ထဲသို့ ထွက်ပြေးရန် အသည်းအသန် ကြိုးစားကြတော့လေသည်။
သို့သော် သူတို့ အပြေးနောက်ကျသွားခဲ့သည်။ သွေးအဆီအနှစ်ကျောက်တုံး၏ စုပ်ယူအားသည် သူတို့ကဲ့သို့သော သွေးလူများ တောင့်ခံနိုင်သည့် အရာမျိုး မဟုတ်ချေ။
အသက်တစ်ရှိုက်စာအတွင်းမှာပင် သူတို့ခြောက်ယောက် အဖွဲ့၏ ဆယ်မီတာပတ်လည်တစ်ခုလုံး ဗြောင်တလင်း ခါသွားခဲ့သည်။
သို့သော်လည်း ၎င်းသည် အစသာရှိသေးသည်။ သွေးအဆီအနှစ်ကျောက်တုံးသည် ထိုမျှနှင့်ပင် မတင်းတိမ်သေးဘဲ ဘေးပတ်ပတ်လည်ရှိ သွေးပင်လယ်ထဲမှ သွေးများကို စတင်စုပ်ယူရန် ကြိုးစားလာတော့လေသည်။
ထိုအခြင်းအရာကို မြင်လိုက်မှပဲ အကုန်လုံး သက်ပြင်း အမောကြီး ချလိုက်နိုင်ကြသည်။
သူတို့ ဤဒုက္ခဘေးမှ ကင်းလွတ်နိုင်ခဲ့လေပြီ။
အချိန်ကြာလာသည်နှင့် သွေးအဆီအနှစ်ကျောက်တုံးမှ ထွက်ပေါ်နေသော သွေးရောင်မှာ ပိုပို၍ ရဲတောက်လာခဲ့သည်။ လက်သီးဆုပ်အရွယ်လေးသာ ရှိသော သွေးအဆီအနှစ် ကျောက်တုံးသည် ဘေးပတ်ဝန်းကျင်ရှိ သွေးများကို စုပ်ယူရင်း တဖြည်းဖြည်း ကြက်သွေးရောင် ပြောင်းလာခဲ့လေ၏။
ယခု သွေးအဆီအနှစ်ကျောက်တုံးထဲတွင် ရှိနေသော သွေးပမာဏမှာ မတိုင်းတာနိုင်လောက်အောင် များပြားနေခဲ့လေပြီ။
ကျောက်တုံးအား လက်ထဲတွင် ကိုင်ထားသော ရန်ကိုင်သည်ပင် သွေးအဆီအနှစ်ကျောက်တုံးသည် တကယ့် နှလုံးတစ်ခုကဲ့သို့ တဒုတ်ဒုတ် ခုန်နေသည်ကို ခံစားမိနေသည်။
တစ်နာရီလောက်ကြာပြီးသည့်နောက်တွင် ဘေးပတ်ဝန်းကျင်မှာ တဖြည်းဖြည်း ကြည်လင်စပြုလာခဲ့ပြီး သူတို့ခြောက်ယောက်အား လွှမ်းခြုံထားသော သွေးပင်လယ်မှာလည်း သိသိသာသာကို မှေးမှိန်စ ပြုလာခဲ့လေသည်။
နောက်တစ်နာရီကြာပြီးသည့်နောက်တွင် သွေးပင်လယ် လုံးဝကို ပျောက်ကွယ်သွားခဲ့လေသည်။
ယခုအချိန်တွင် သွေးအဆီအနှစ်ကျောက်တုံးမှ ထွက်ပေါ်နေသော သွေးချီသည် မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးနှစ်ယောက်ကို မှင်သက်စေနိုင်သည်အထိ အားကောင်းနေခဲ့ချေပြီ။
သူတို့၏ သွေးအဆီအနှစ်ကို လောင်ကျွမ်းပစ်လျှင်ပင် ထိုမျှအားကောင်းလှသော သွေးချီကို ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။
“တကယ့် ရတနာကောင်းပဲ။ ဒါကို မင်းဘယ်ကနေ ရလာတာလဲ ကောင်လေး” မြေကမ္ဘာနွားသိုးက သွေးအဆီအနှစ် ကျောက်တုံးကို စိတ်ဝင်တစား စိုက်ကြည့်ရင်း ရန်ကိုင်ကို မေးလိုက်သည်။
မိုးကြိုးနဂါးက ရယ်ရယ်မောမောဖြင့် ခေါင်းခါလိုက်ပြီး “စဉ်းတောင်မစဉ်းစားနဲ့။ ဒီလိ ကြယ်တာရာကောင်းကင်ကနေ လာတဲ့ ပစ္စည်းမျိုးဆိုတာ ကံပါမှပဲ ရနိုင်တာ။ ဒီဘုရင်တောင် ဒါကို ကြားပဲကြားဖူးတာ။ အမှန်အတိုင်း ပြောရရင် ဒီဘုရင်လည်း ဒီပစ္စည်းကို ဒီနေ့မှပဲ ပထမဆုံး စတွေ့ဖူးတာ”
ပြောပြီးသည်နှင့် ရန်ကိုင်အား ကြည့်၍ “ကောင်လေး၊ မင်းကံကတော့ တကယ်ကို မနာလိုချင်စရာကြီးကွာ”
“ဘာမှမဟုတ်ပါဘူးဗျာ” ရန်ကိုင်က ရယ်မောလိုက်ပြီး သွေးအဆီအနှစ်ကျောက်တုံးကို ကစားနေလိုက်သည်။ ထိုသွေးအဆီအနှစ်ကျောက်တုံးသည် ကျောက်တုံးအစား နှလုံးတစ်ခုနှင့်ပင် ပိုတူလာနေခဲ့လေသည်။
“ငါ့ဆီ မရောင်းချင်ဘူးလား။ ဒီဘုရင်ပေးမယ့်ဈေးကို မင်းကျိန်းသေ စိတ်ကျေနပ်စေရမယ်” မိုးကြိုးနဂါးက မေးလိုက်သည်။
ရန်ကိုင်သည် သွေးအဆီအနှစ်ကျောက်တုံးကို အနက်ရောင် စာအုပ်၏ သိုလှောင်နေရာလွတ်ထဲသို့ ချက်ချင်း ပြန်ထည့်သိမ်းလိုက်ပြီး ပြတ်ပြတ်သားသား ခေါင်းခါလိုက်၏။
မိုးကြိုးနဂါး မျက်နှာမဲ့ပြလိုက်ပြီး “မရောင်ချင်ရင်လည်း ပြောလေ။ အခုလိုလုပ်တာက ဘာလဲ။ ဒီဘုရင်က အဲ့ကျောက်တုံးကို မင်းဆီကနေ လုယူမှာ စိုးနေတာလား”
“မိုးကြိုးနဂါး၊ မင်းဘာလို့ အဲ့ကျောက်တုံးကို ဝယ်ချင်နေတာလဲ” မြေကမ္ဘာနွားသိုးက ဝင်မေးလိုက်သည်။
“မင်းဘာသိလို့လဲ” မိုးကြိုးနဂါးက အထင်အမြင်တသေးဖြင့် “ဒါက သွေးတွေကိုစုပ်ယူပြီး သွေးချီအဖြစ် ပြောင်းနိုင်တယ်ကွ။ သွေးချီဆိုတာကို ဒဏ်ရာတွေကုသတဲ့နေရာကော၊ သွေးနဲ့ဆိုင်တဲ့ ပညာရပ်တွေ၊ ကျင့်စဉ်တွေမှာကော သုံးလို့ရတယ်။ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေတဲ့အချိန် ဒါနဲ့ အသက်စွမ်းအင်ကို ပြန်ဖြည့်တင်းပြီး ကိုယ့်ခွန်အားကို တိုးတက်သွားအောင်တောင် လုပ်လို့ရသေးတယ်။ ပြီးတော့ ဒါကို သုံးလိုက်လို့ ဘာဘေးထွက်ဆိုးကျိုးမှ ရှိတာမဟုတ်ဘူး”
“အံ့ဩစရာပဲ” မိုးကြိုးနဂါးပြောသည်ကို နားထာင်ပြီး မြေကမ္ဘာနွားသိုး၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားရသည်။
“ကျုပ်ကို အဲ့လို လာကြည့်မနေနဲ့။ ခင်ဗျားတို့ ဘာဈေးပဲ ပေးပေး၊ ဒီသွေးအဆီအနှစ်ကျောက်တုံးကို ရောင်းမှာ မဟုတ်ဘူး” ရန်ကိုင်က ပြတ်ပြတ်သားသား ခေါင်းခါလိုက်ပြီး “ကျုပ်လို တော်ဝင်သခင်တစ်ယောက်အတွက် မရှားဆုံးက ငွေပဲ”
ပြောပြီးသည်နှင့် မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီး နှစ်ယောက်ကို လျစ်လျူရှုလိုက်ပြီး ကောင်းကင်နန်းတော်ကို ပြန်ထုတ်ယူလိုက်သည်။ ထို့နောက် ကျန်လူများကို လက်ယပ်ပြလိုက်သည် “ဒီလမ်းပဲ”
“ဒီကောင်လေးကတော့…” မိုးကြိုးနဂါးက ပြောစရားစကား မဲ့နေခဲ့ရသည်။ မဲ့ပြုံးပြုံးလျက်သာ ခေါင်းခါရမ်လိုက်ရင်း ဆေးလုံး အနည်းငယ်ထုတ်ယူ၍ မျိုချလိုက်သည်။
အချိန်ကြာလာသည်နှင့် ကောင်းကင်နန်းတော်မှ ဖြာထွက်နေသော အလင်းရောင်းမှာ ပိုပို၍ အားကောင်းလာခဲ့သည်။
ရန်ကိုင်သည်လည်း ပိုပို၍ စိတ်လှုပ်ရှားလာနေခဲ့သည်။ မန်ဝူရ ဤနေရာတွင် ရှိနေမည်ဟုလည်း သူ့စိတ်ထဲတွင် ပိုပို၍ ယုံကြည်လာနေခဲ့သည်။
မန်ဝူရ ထွက်သွား၍ သူ့အရှိန်အဝါ ကျန်ရစ်ခဲ့ခြင်း ဖြစ်ပါက ကောင်းကင်နန်းတော်အနေဖြင့် ထိုကဲ့သို့ တုန့်ပြန်လိမ့်မည် မဟုတ်ချေ။
ကောင်းကင်နန်းတော်၏ လက်ရှိတုန့်ပြန်မှုကြောင့် မန်ဝူရ ဤနေရာတွင် ရှိနေမည်ဟု ရန်ကိုင် ထင်ခဲ့ခြင်း ဖြစ်သည်။
ရန်ကိုင်သည် မျှော်လင့်ချက်အပြည့်ဖြင့် အရှိန် တင်လိုက်သည်။
နာရီအနည်းငယ်ကြာပြီးနောက် ကောင်းကင်နန်းတော် ရုတ်တရက် စူးစူးရှရှ ထတောက်လာခဲ့ပြီး ရန်ကိုင်လက်မှ ရွှတ်ခနဲ လွတ်ထွက်သွားကာ အဝေးတစ်နေရာဆီသို့ တိုးဝင် ပျောက်ကွယ်သွားလေသည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၀၉) မီးစာကုန်ဆီခမ်း
ကောင်းကင်နန်းတော် သူ့လက်မှ ရုတ်တရက် လွတ်ထွက်သွားချိန် ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်နေခဲ့သည်။
“သူ့ဘာသာ… ပျံထွက်သွားတာဆိုတော့…” မြေကမ္ဘာနွားသိုးက ပျံထွက်သွားသော ကောင်းကင်နန်းတော်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။
“မန်ဝူရ အဲ့မှာရှိနေရမယ်” မိုးကြိုးနဂါး၏ မျက်လုံးများ မှေးစဉ်းသွားခဲ့ပြီး ပြတ်ပြတ်သားသား ဆိုလိုက်သည်။
ရန်ကိုင် ချက်ချင်း အရှိန်တင်ကာ ကောင်းကင်နန်းတော် နောက်သို့ ပြေးလိုက်သွဦးလေသည်။
မိုးကြိုးနဂါးသည်လည်း သူ့လက်ကိုဝှေ့ရမ်း၍ အော်ပြောလိုက်သည် “အဲ့နောက်လိုက်ကြမယ်။ လူသားမျိုးနွယ်စုရဲ့ အားအကောင်းဆုံး ပညာရှင်က ဒီအနီးအနာမှာပဲ ရှိနေမှာ သေချာတယ်”
“လူသားမျိုးနွယ်စုရဲ့ အားအကောင်းဆုံး ပညာရှင်တဲ့၊ ဘယ်လိုလူမျိုးဖြစ်မလဲ ငါလဲသိချင်မိသား” မြေကမ္ဘာနွားသိုး၏ မျက်လုံးများ ဝင်းလက်သွားခဲ့သည်။
မျိုးနွယ်စုတစ်ခုလုံး၏ နံပါတ်တစ်နေရာကို ရယူထားသူမှာ လုံးဝကို သာမန် မဟုတ်နိုင်ချေ။ မန်ဝူရဆိုသောလူသည် အလွန်ကိုမှ အားကောင်းသော လူတစ်ယောက် ဖြစ်ရပေမည်။ မဟုတ်လျှင် လူသားမျိုးနွယ်စုတစ်ခုလုံး၏ နံပါတ်တစ် ပညာရှင်ဆိုသော ဂုဏ်ပုဒ်ကို ရလိမ့်မည် မဟုတ်ချေ။
ကျယ်ပြောသော ကွင်းပြင်ကြီးထဲ ကျောက်တုံးကြီးများ၊ ကျောက်ပိုင် အပိုင်းအပြတ်များ ပြန့်ကျဲကာ ရှိနေခဲ့ကြသည်။
ထိုကွင်းပြင်ကြီးအလယ်တွင် အကောင်းအတိုင်း ရှိနေသေးသော ကျောက်တိုင်ရှစ်တိုင် ရှိနေခဲ့သည်။ ထိုကျောက်တိုင် ရှစ်တိုင်သည် အဠဂံပုံစံအတိုင်း ရှိနေကြပြီး အားကောင်းသော စွမ်းအင်များကို ထုတ်လွတ်နေခဲ့သည်။
ထို့အပြင် ထိုစွမ်းအင်များထဲ အမျိုးမျိုးသော ဓါတ်စွမ်းအင်များ ရောနှောပါဝင်နေခဲ့သည်။ တစ်ခုသည် ချစ်ချစ်တောက် ပူလောင်နေချိန် တစ်ခုသည် ရေခဲတမျှ အေးစက်နေခဲ့ကာ တစ်ခုသည် အလွန်ကိုမှ အဆိပ်ပြင်းလှကာ အခြားတစ်ခုမှာမူ လျှပ်စီးဓါတ်တို့ဖြင့် လက်ဖြာနေသည်…
အမျိုးမျိုးသော ဓါတ်စွမ်းအင်များ အတူတကွ ပေါင်းစည်းသွားပြီး ထူးဆန်းသော နယ်ပယ်တစ်ခုကို ဖြစ်ပေါ်နေစေခဲ့သည်။
ထိုအချိန်အတွင် ကျောက်တိုင်များထဲမှ တစ်တိုင်ပေါ်၌ မမြင်နိုင်သော စွမ်းအားတစ်ရပ်၏ ချုပ်နှောင်ထားခြင်း ခံရသော ဆံဖြူလူအိုကြီးတစ်ယောက် ရှိနေခဲ့သည်။ ထိုလူအိုကြီးမှာ ပါးစပ်ကိုဖွင့်ပြီးတော့ပင် စကားမပြောနိုင်။ ခေါင်းလေး ငိုက်ငိုက်ကျလျက် ရှိနေခဲ့သည်။ အဝတ်အစားများဆိုလျှင်လည်း စုတ်ပြဲနေခဲ့ပြီး သူ့အရှိန်အဝါမှာလည်း မတည်မငြိမ် ဖြစ်နေခဲ့သည်။ သင်္ချိုင်းကုန်းခြေတစ်ဖက်လှမ်းနေသည်မှာ အသေအချာပင်…
ခရက်… ခရက်… ဆိုသော မြည်သံများ အချိန်နှင့်အမျှ ထွက်ပေါ်လာနေခဲ့ပြီး ကျောက်တိုင်ကြီးရှစ်ခုသည် ထိုလူအိုကြီးဆီသည် စွမ်းအင်လှိုင်များ တောက်လျှောက် ပို့လွှတ်နေခဲ့သည်။
ထိုစွမ်းအင်လှိုင်းများ၏ ရိုက်နှက်ခံလိုက်ရသည့်အခါ ထိုလူအိုကြီးမှာ သေသွားတော့မယောင် ဖြစ်သွားသော်လည်း အမြဲတမ်း ခေါင်းမာမာဖြင့် အသက်ရှင်နေနိုင်ခဲ့လေသည်။
မီးတောက်တို့သည် လူအိုကြီး၏ အသားကို လောင်ကျွမ်းနေပြီး မိုးကြိုးလျှပ်စီးတို့မှာ သူ့သွေးကြော တစ်လျှောက် စီးဆင်းကာ ခန္ဓာကိုယ်အတွင်းပိုင်းကို ဖျက်စီးရန် ကြိုးပမ်းနေခဲ့သည်။ တစ်ချိန်တည်းတွင် ကြောက်မက်ဖွယ်ရာ အဆိပ်စွမ်းအင်များ သူ့ခန္ဓာကိုယ်အနှံ့ စိမ့်ဝင်နေခဲ့သဖြင့် သူ့အရေပြားမှာ နက်သွားလိုက်၊ စိမ်းသွားလိုက် ဖြစ်နေခဲ့သည်။
ကျောက်တိုင်းကြီးရှစ်ခု၏ အပြင်ဘက်စွန်းတွင် အညစ်အကြေး မြူတစ်မှုန်စာမျှပင် စွန်းထင်းခြင်း မရှိသော မျက်ဝန်းလေးများ ပိုင်ဆိုင်ထားသည့် ဇာပဝါ ဝတ်ဆင်ထားသော မိန်းမငယ်လေးတစ်ယောက် မြေပြင်ထွက် နုံးခွေရစ်စွာ ထိုင်နေခဲ့သည်။ ထူးဆန်းသော စွမ်းအားတစ်မျိုးသည် သူမ၏ ခန္ဓာကိုယ်သွယ်သွယ်လေးမှ ကျောက်တိုင်းများထဲသို့ အဆက်မပြတ် စီးဝင်နေခဲ့ပြီး သူမ၏ လက်လေးများသည်လည်း အဆက်မပြတ် ယိမ်းနွဲ့လှုပ်ရှားနေခဲ့သည်။
မိန်းမငယ်လေး၏ ခန္ဓာကိုယ်မှာ သေးသွယ်လှပေသည်။ ဇာပဝါဝတ်ဆင်ထားသည့်အတွက် သူမ၏ မျက်နှာလေးကို မမြင်နိုင်။ နဖူးထွက်တွင်မူ မိုးပြာရောင်ကျောက်မျက်လေး တစ်လုံးကို ဝတ်ဆင်ထားပြီး သလင်းရောင်ပမာ ကြည်လင်းရှင်းသန့်နေသော မျက်ဝန်းလေးများကြောင့် ထိုမိန်းမကလေးမှာ မိန်းမချောလေးတစ်ယောက်ဖြစ်မှန်း မြင်သူတိုင်း တန်းပြောနိုင်သည်။
သူမ၏ ပါးပြင်ထက် ခြောက်သွေ့နေသော မျက်ရည်စီးကြောင်းရာတို့ ရှိနေခဲ့သည်။ မျက်လုံးလေးများမှာ ဖောင်းမို့အစ်နေခဲ့သည်။ သို့သော်လည်း မျက်ရည်များ ခမ်းခြောက်သွားသည့် အတွက်ကြောင့်ပေလားမသိ၊ ယခုအချိန်၌ သူမ ငိုမနေတော့။
သူမ၏ ခန္ဓာကိုယ်လေးမှာ တဆတ်ဆတ် တုန်ရီနေသော်ငြား ရှိရှိသမျှ အားကုန်သုံးလျက် အဠဂံပုံစံ ကျောက်တိုင်ထဲတွင် ရှိနေသော လူအိုကြီးကို ကယ်တင်နိုင်ရန် ကြိုးစားနေခဲ့သည်၊။ သို့သော်လည်း သူမ၏ အားထုတ်မှု အားလုံးသည် အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
တစ်ကိုယ်လုံး နုံးချိနေသော်လည်း မိန်းမငယ်လေးသည် ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံး ပစ်ထည့်ပြီး အံကြိတ်ကာ လူအိုကြီးကို ကူညီနိုင်ရန် ဆက်လက် ကြိုးစားနေခဲ့သည်။
အုန်း…
ကျောက်တိုင်တစ်တိုင်ထက်မှ ပေါင်လုံးတစ်လုံးစားမျှ ထူသော လျှပ်စီးတန်းတစ်စင်း လူအိုကြီးပေါ်သို့ ကျလာခဲ့ရာ လူအိုကြီး၏ အရေပြား စုတ်ပြဲသွားခဲ့ရပြီး သွေးစိမ်းရှင်ရှင်တို့ စီးကျလာခဲ့ရလေသည်။ နာကျင်မှုကြောင့် လူအိုကြီး ရုတ်တရက် ပိတ်နေသော မျက်လုံးများ ပွင့်လာခဲ့ပြီး မိန်းမငယ်လေးကို ကြည့်ကာ တစ်ခုခု ပြောရန် လုပ်လိုက်သည်။ သို့သော် ဘာအသံမှ မထွက်လာခဲ့။
လူအိုကြီးပြောချင်နေသည်ကို မိန်းမငယ်လေး ကောင်းကောင်း နားလည်ပေသည်။ သို့သော်လည်း အဆက်မပြတ် ခေါင်းခါရမ်းနေဆဲ။
လူအိုကြီး၏ မျက်လုံးထဲ နောင်တတရား၊ ကံကြမ္မာကို လွန်ဆန်ချင်သည့် အရိပ်အယောင်တို့ ရှိနေခဲ့သည်။
ရုတ်တရက် ရင်းနှီးနေသော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်သဖြင့် မပွင့်တပွင့် ဖြစ်နေသော မျက်လုံးများဖြင့် ဘေးဘက်သို့ လှမ်းကြည့်လိုက်လေသည်။
သူကြည့်လိုက်သည့် အရပ်ဆီမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို ပြေးဝင်တိုက်သွား၏။
လူအိုကြီး၏ ခန္ဓာကိုယ်တုန်ရင်သွားခဲ့ပြီး သူ့မျက်နှာထက် အံ့အားသင့်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် နန်းတော်ပုံစံ အကာအရံတစ်ခု ထွက်ပေါ်လာပြီး လူအိုကြီးအား အဖျက်စွမ်းအင်လှိုင်းများဆီမှ ကာကွယ်ပေးထား လို်ကလေသည်။
ထိုအလင်းတန်း ပြန်ရောက်လာသည့်အတွက် လူအိုကြီး၏ မျက်နှာ အနည်းငယ် သွေးရောင်ပြန်သမ်းလာခဲ့ကာ သူ့အသက်စွမ်းအင်မှာလည်း မဆိုသလောက်ကလေး ပြန်လည် မြင့်တက်လာခဲ့ရသည်။
ကျောက်တိုင်ရှစ်တိုင် အပြင်ဘက်တွင် မိန်းမငယ်လေး ရုတ်တရက် အလန့်တကြား ထအော်လိုက်ပြီး ပြူးကျယ်နေသော မျက်ဝန်းအစုံဖြင့် အလင်းတန်း ထွက်ပေါ်လာရာ အရပ်ဆီ လှမ်းကြည့်လိုက်သည်။ အလင်းတန်ပေါ်လာပြီးသည်နှင့် မကြာခင်မှာပဲ ထိုနေရာမှ သူမ ရင်းနှီးနေသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။
မျက်လုံးလေးလုံး အကြည့်ချင်း ဆုံးသွားသည့်အခိုက် ခြောက်သွေ့သွားဟန်ရသော မိန်းမငယ်လေး၏ မျက်ရည်များ သူမ၏ ပါးပြင်ထက်သို့ တစ်ဖန်ပြန်လည် စီးကျလာခဲ့လေသည်။
ရန်ကိုင်သည်လည်း ထိုမိန်းမငယ်လေးအား မျက်တောင် မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။ သူ့သွေးတို့ ဆူပွက်နေခဲ့ပြီး အချိန်တစ်ခဏကြာမှ အသိပြန်ဝင်လာနိုင်ခဲ့ကာ အပြုံး ယဲ့ယဲ့လေးပြုံးလျက် သူ့တစ်ဘဝလုံး ပြောခဲ့သည့် လေသံများ အနက်မှ အချိုသာ၊ အသိမ်မွေ့ဆုံးသော လေသံဖြင့် “စီနီယာမမလေး၊ ငါနောက်ဆုံးနင့်ကို ပြန်တွေ့ခဲ့ပြီ”
သူ့ရှေ့ရှိ မိန်းမငယ်လေးသည် အခြားလူမဟုတ်၊ သူ့စီနီယာမမလေး ဖြစ်သော ရှနင်းချန်ပင် ဖြစ်လေသည်။
ရှနင်းချန်သည် ဗဟိုမြို့တော်တွင် ရှိနေစဉ်အခါကတိုင်းပင်၊ နည်းနည်းလေးမှ ပြောင်းလဲသွားခြင်းမရှိ၊ သူမ၏ စရိုက်၊ အပြုအမူ အကုန်လုံး ယခင်အတိုင်းပင်။ အသက်ကြီးလာသည်နှင့် ထိုမိန်းကလေးမှာ ယခင်ကထက်ပင် ပို၍ ဆွဲဆောင်အားကောင်းလာခဲ့သည်။
“ဂျူနီယာမောင်လေး” ရှနင်းချန်လည်း သူမ မြင်နေရသည်ကို မယုံကြည်နိုင်သေးသည့်အလား တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ရေရွတ်လိုက်လေသည် “ဒါ… ဒါအိမ်မက်လားဟင်”
ရန်ကိုင် ခေါင်းခါလိုက်ပြီး သူမဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်သည်။
ရှနင်းချန်၏ ခန္ဓာကိုယ်လေး ပြင်းပြင်းထန်ထန် တုန်ရီသွားခဲ့သည်။ ရန်ကိုင်၏ လက်အစုံ သူမအား ထွေးပိုက်လာပြီး သူ့ရင်ခွင်တွင်းရှိ အနွေးဓါတ်ကို ခံစားမိလိုက်တော့မှပဲ သူမ၏ ခန္ဓာကိုယ်လေး တုန်ရီနေခြင်း ရပ်တန့်သွားခဲ့သည်။ လက်ရှိ မြင်နေရသည်အားလုံးမှာ ပုံရိပ်လည်းမဟုတ်၊ အိမ်မက်လည်း မဟုတ်ဘဲ အစစ်အမှန် ဖြစ်မှန်း သူမ နားလည်သွားခဲ့လေပြီ။
သူမ အမြဲတမ်း တမ်းတလွမ်းဆွတ်နေခဲ့ရသော ဂျူနီယာမောင်လေးကို နောက်ဆုံး၌ ဤနေရာတွင် တွေ့ခွင့်ရခဲ့လေပြီ။
ထိုအချိန်မှာပဲ ကူကယ်ရာမဲ့နေသော ရှနင်းချန်၏ စိတ်လေး တည်ငြိမ်သွားခဲ့ရသည်။ သူမ၏ အတောင့်တရဆုံးသော သူမ၏ မှီခိုရာကို နောက်ဆုံးတွင် တွေ့သွားခဲ့လေပြီ။
သူ့စီနီယာမမလေး၏ အနွေးဓါတ်တို့ ကိန်းအောင်းနေသော မျက်ရည်စတို့ သူ့အင်္ကျီကို စိုရွှဲသွားစေသည်နှင့် ရန်ကိုင်လည်း အသက်ဖျော့ဖျော့လေး တစ်ချက် ရှုသွင်းလိုက်ပြီး အနားရှိ ကျောက်တိုင်ပေါ်တွင် ချုပ်ထောင်ထားခြင်း ခံရသော လူအိုကြီးဆီ လှမ်းကြည့်လိုက်သည်။
သူမြင်လိုက်ရသည့်အရာကြောင့် ရန်ကိုင်မှာ ထအော်မိမတတ် ဖြစ်သွားခဲ့ရလေသည်။
ဘဏ္ဏာထိန်းမန်…
သူငယ်ရွယ်အားနည်းခဲ့စဉ်က သူ့အား အကူအညီများ ပေးခဲ့သော မန်ဝူရသည် ယခုအချိန်တွင် ဆီခမ်းနေသော မီးအိမ်တစ်ခုပမာ ဖြစ်နေခဲ့သည်။ သူ့တစ်ကိုယ်လုံး ပြင်းထန်သော ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နေခဲ့လေရာ ယခုအချိန်အထိ မသေသေးသည်မှာပင် အဆန်းတကြယ်ဟုပင် ဆိုရပေမည်။
ယခုကဲ့သို့ ပုံစံမျိုးဖြစ်သည်အထိ မည်မျှပြင်းထန်သော နာကျင်မှုကို မန်ဝူရ တောင့်ခံခဲ့ရမှန်း ရန်ကိုင် မတွေးတတ်တော့။
“ဘယ်လိုဖြစ်သွားတာလဲ” ရန်ကိုင်က လေးနက်တည်ကြည်သည့် အမူအရာဖြင့် မေးလိုက်သည်။
သူ့အမြင်အရ မန်ဝူရသည် အမြဲတမ်း တည်ငြိမ်နေတတ်ပြီး သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်ရှိသည့် လူစားမျိုးပင်။ မိုးကောင်းကင်အောက် သူ့အား ယှဉ်ပြိုင်နိုင်သူ တစ်ယောက်မှ မရှိဟု ထင်ချင်ထင်နေသူလည်း ဖြစ်သည်။
သို့သော်လည်း လက်ရှိမန်ဝူရသည် သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေသော လူအိုကြီးတစ်ယောက်နှင့် မခြားတော့ချေ။
“ဆရာနဲ့ငါက ဒီထူးဆန်းတဲ့ နတ်ဆိုးမျိုးနွယ်စု ဆန်းကြယ်လောကငယ်ထဲ ဝင်လာတုန်း အစီအရင်တစ်ခုကို အသက်သွင်းမိပြီး ဒီကို ရောက်လာခဲ့ရတာပဲ။ ငါနိုးလာလည်း နိုးလာရော ဆရာက အဲ့ကျောက်တိုင်ပေါ်မှာ အချည်ပြီးနေရပြီ။ ဒီကျောက်တိုင်ရှစ်ခုကို ဘာရည်ရွယ်ချက်နဲ့ လုပ်ထားမှန်း ငါမသိပေမယ့် အဲ့ကျောက်တိုင်တွေက စွမ်းအင်လှိုင်းတွေကို ထုတ်လွှတ်ပြီး ဆရာကို မသေမချင်း နှိပ်စက်နေကြတာ။ ငါလည်း ဆရာ့ကို ကယ်ဖို့လုပ်ပါသေးတယ်။ ဒါပေမယ့် ဘာမှ မတတ်နိုင်ခဲ့ဘူး။ ဂျူနီယာမောင်လေး၊ ကျေးဇူးပြုပြီး ဆရာ့ကို ကယ်ပေးပါနော်။ သူကိုသာ မြန်မြန် မကယ်ရင် ဆရာ ကျိန်းသေ သေရတော့မှာ” ရှနင်းချန်က ရှိုက်ကြီးတငင် ငိုကြွေးရင်း ရန်ကိုင်အား တောင်းဆိုလိုက်လေသည်။
သူမ ငယ်ရွယ်စဉ်က မန်ဝူရ သူမအား ကောက်ယူ မွေးစားခဲ့သည်။ မန်ဝူရသည် သူမအား ပြုစုပျိုးထောင်ပေးခဲ့သူ ဖြစ်သည်ဟု ပြောလျှင်ပင် ချဲ့ကားပြောရာ မရောက်ပေ။ ထို့အပြင် သူမအား ယခုကဲ့သို့ အားကောင်းလာအောင်၊ အသက်ရှင်နိုင်အောင် မည်ကဲ့သို့ နေထိုင်ရမည်ကို သင်ကြားပေးခဲ့သူမှာလည်း မန်ဝူရပင် ဖြစ်လေသည်။ ရှနင်းချန်သည် မန်ဝူရအား ဆရာတစ်ယောက်အစား အရေးကြီးဆုံး၊ အရင်းနှီးဆုံးသော ဆွေးမျိုးတစ်ယောက်အဖြစ် သဘောထားလေသည်။ ၏
မန်ဝူရ နေ့စဉ်နှင့်အမျှ နှိပ်စက်ခံနေရသည်ကိုမြင်သော ရှနင်းချန် ဘယ်နေနိုင်တော့မည်နည်း။
“အင်း” ရန်ကိုင်က ရှနင်းချန်၏ ခေါင်းလေးကို အသာအယာ ပွတ်သပ်၍ သူမကိုယ်ထဲသို့ စွမ်းအင်အချို့ ပို့လွှတ်ပေးကာ တိုးတိုးလေး ပြောလိုက်သည် “စိတ်ချထားလိုက် စီနီယာမမလေး၊ ငါလာပြီဆိုမှတော့ သူ့ကို ကျိန်းသေ ကယ်ပေးရမှာပေါ့။ အခု အရင်နားယူလိုက်ဦးနော်”
ရန်ကိုင်၏ စကားလုံးများထဲ ညို့ဓါတ်တစ်မျိုး ပါဝင်နေသည့်အလား ရှနင်းချန်၏ မျက်လုံးလေးများ မှေးစင်းကျသွားခဲ့သည်။
ရှနင်းချန်သည်လည်း မီးစာကုန်ဆီခမ်းလုလု ဖြစ်နေပေပြီ။ သူမ ထိုကဲသို့ ဖြစ်နေသည်ကို ရန်ကိုင် ဆက်မကြည့်ရက်တော့။
သူတို့နှစ်ယောက် ဤနေရာတွင် ပိတ်မိနေသည်မှာ မည်မျှကြာနေပြီမှန်း ရနက်ိုင်မသိ။ သို့သော် ထိုအချိန် အတောအတွင်း သူ့စီနီယာမမလေးသည် တစ်ချက်ကလေးမှပင် အနားယူမဘဲ မန်ဝူရအား အမျိုးမျိုးသော တိုက်ခိုက်မှုများမှ ကာကွယ်ပေးရန် အဆက်မပြတ် ကြိုးစားနေခဲ့သည်မှာ သေချာပေသည်။
အခြားဘာအရင်ထက်မဆို သူမ အရင်နားယူရပေမည်။
ကျောက်တိုင်ပေါ်တွင် ချုပ်မိနေသော မန်ဝူရသည် ရန်ကိုင်အား ကျေးဇူးတင်တင်ဖြင့် လှမ်းကြည့်လိုက်သည်။ ထို့နောက် ရှနင်းချန်ကို ဤနေရာမှ ခေါ်ထုတ်သွားရန် ကောင်းကင်စိတ်အာရုံဖြင့် လှမ်းပြောလိုက်လေသည်။
ရန်ကိုင်သည်သာ ရှနင်းချန်အား ဤနေရာမှ လုံလုံခြုံခြုံ ခေါ်ထုတ်သွားနိုင်သရွေ့ မန်ဝူရသည် အနေဖြင့် နောင်တ မရဘဲ သေနိုင်ပေပြီ။
ထိုလူမဆန်သော နှိပ်စက်မှုကို အသည်းအသန် တောင့်ခံခဲ့သည်မှာ သူ့ချစ်တပည့်တုံးလေး ဤနေရာတွင် တစ်ယောက်တည်း ပိတ်မိနေမည်ကို မမြင်ရက်သောကြောင့် ဖြစ်သည်။
တစ်ယောက်မျက်လုံးကိုတစ်ယောက် အချိန် အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် ရန်ကိုင် ဘာမှ ထပ်မပြောတော့ဘဲ သတိမေ့နေသော ရှနင်းချန်ကို သယ်ကာ လာရာလမ်းအတိုင်း ပြန်ထွက်သွားလေသည်။
ထိုစဉ် မွန်းစတားမျိုးနွယ်စုဝင် လေးယောက်နှင့် လီရုန်သည်လည်း ရောက်ရှိလာခဲ့သည်။ ဘာတွေ ဖြစ်ပျက်ခဲ့သည်မှန်း သေချာ မသိသဖြင့် တိတ်တဆိတ်သာ အခြေအနေကို စောင့်ကြည့်လေလာနေခဲ့သည်။
“သခင်၊ ဒီမိန်းကလေးက…” ရန်ကိုင် အမူအရာ မကောင်းသည်ကို မြင်သော် လီရုန်က အလျင်အမြန် မေးကြည့်လိုက်လေသည်။
“သူက ကျုပ်စီနီယာအစ်မပဲ” ရန်ကိုင်က ပြန်ဖြေလိုက်ပြီး ရှနင်းချန်အား လုံခြုံသည့်နေရာတစ်ခုတွင် ဖြည်းဖြည်းချင်း ချလိုက်သည်။
“သခင့်ရဲ့ စီနီယာအစ်မလား” လီရုန် ရှနင်ချန်အား သေချာ အနီးကပ် ကြည့်ကြည့်လိုက်သည်။ ထိုဇာပဝါ ဝတ်ဆင်ထားသည့် မိန်းကလေး၏ အရှိန်အဝါမှ သိပ်ပြီး မတည်ငြိမ်ချင်သကဲ့သို့ ဖြစ်နေသည်ကို ချက်ချင်းပဲ သတိပြုမိလိုက်သည်။ ထို့အပြင် အခြားတစ်ချက်ကိုလည်း လီရုန် သတိပြုမိလိုက်သည်။ ထိုမိန်းကလေး၏ ကျင့်ကြံခြင်းသည် ရန်ကိုင်ကဲ့သို့ပင် မသေမျိုး တတိယအဆင့်တွင် ရှိနေပေသည်။
ထိုအချက်ကို မွန်းစတားမျိုးနွယ်စုဝင် လေးယောက်စလုံး သတိပြုမိလိုက်ကြရာ စီနီယာကြီးတို့ နှစ်ယောက်စလုံး ထိတ်လန့်နေသည့် အမူအရာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။
ဤလောကကြီးသည် ရန်ကိုင်ကဲ့သို့ အသက်ငယ်ငယ်ဖြင့် မသေမျိုးတတိယအဆင့် ရောက်နေသော လူထူးလူဆန်း တစ်ယောက်ကို မွေးထုတ်ပေးသည်နှင့်ပင် အတော့်ကိုမှ ထိတ်လန့်ကောင်းနေပြီဟု ထင်ခဲ့ဖူးသည်။ သို့သော်လည်း သူ့စီနီယာအစ်မသည် ရန်ကိုင်ကဲ့သို့ပင် လူထူးလူဆန်း တစ်ယောက် ဖြစ်နေသည်ကို ထပ်မံ တွေ့ရှိလိုက်ရပြန်သည်။
ရန်ကိုင်သည် ကောင်းကင်ဂိုဏ်းတော်မှ လာခဲ့သည်။ ထိုမိန်းကလေးသည်လည်း ကောင်းကင်ဂိုဏ်းတော်မှ လာခြင်းပေလော။
ထိုဂိုဏ်းသည် ထိုကဲ့သို့ မွန်းစတားဆန်သော လူငယ် ဂျီးနီးယပ်များကို တစ်ယောက်ပြီးတစ်ယောက် မွေးထုတ်ပေးနိုင်သည်မှာ အမှန်ပေလား။
ရှနင်းချန်အား ချထားလိုက်ပြီးနောက် ရန်ကိုင်က မလှမ်းမကမ်းတွင် ရှိနေသော မန်ဝူရအား လှမ်းကြည့်၍ ခပ်မြန်မြန်ပဲ ပြောလိုက်လေသည် “မိုးကြိုးနဂါးစီနီယာကြီး၊ ခင်ဗျားနဲ့ မန်ဝူတို့ရတို့ကြားမှ ရန်ငြိုးရှိတယ်ဆိုတာကို ကျုပ်သိပေမယ့် အခုအချိန်မှာတော့ သူ့ကို ပြဿနာ သွားရှာမဖို့ ကျုပ်မျှော်လင့်ပါတယ်”
“အဲ့ကောင်က မန်ဝူရလား” မိုးကြိုးနဂါး မျက်မှောင် ကြုံ့သွားခဲ့ပြီး ရှေ့တည့်တည့်သို့ စိုက်ကြည့်လိုက်သည်။
ရန်ကိုင်၏ သတိပေးချက်ကြောင့်သာ မဟုတ်လျှင် ထိုလူသည် မန်ဝူရ ဖြစ်သည်ကို သူသတိပြုမိလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း သေချာ လေ့လာကြည့်ပြီးနောက် ထိုကျောက်တိုင်တွင် ချုပ်မိနေသော လူအိုကြီးနှင့် ဟိုးအရင် နှစ်များစွာက သူမြင်တွေ့ခဲ့ဖူးသော လူအိုကြီးတို့သည် အနည်းငယ် ခပ်ဆင်ဆင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“ဒါက လူသားမျိုးနွယ်စုရဲ့ အားအကောင်းဆုံးလား။ သူဘယ်လိုလုပ်ပြီး ဒီဘဝရောက်နေတာလဲ” မြေကမ္ဘာနွားသိုး မျက်မှောင်ကြုံ့သွားခဲ့သည်။ မန်ဝူရ၏ လက်ရှိအသွင်အပြင်မှာ အတော့်ကိုမှ ကြည့်ရဆိုးနေခဲ့လေသည်။
“ဟုတ်တယ်။ သူက မန်ဝူရပဲ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “ကျုပ်သူ့ကို လွှတ်ပေးဖို့ ကြိုးစားကြည့်ဦးမယ်။ မွန်းစတားမျိုးနွယ် ပညာရှင်တွေဆီက ကျုပ်အကူအညီ မတောင်းလိုဘူး။ ဝင်မနှောင့်ယှတ်ဖို့လေးပဲ တောင်းဆိုချင်တာပါ”
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၁၀) ဝိဥာဉ်ကိုယ်ပွား
ထိုစကားကို ကြားလိုက်သည့်အခါ မိုးကြိုးနဂါးက နှာခေါင်းရှုံ့လိုက်ပြီး “ကောင်လေး၊ မင်းဒီဘုရင်ကို ဘာထင်နေတာလဲ။ ဒီဘုရင်ကို ကိုယ့်ပြိုင်ဘက် ဒုက္ခရောက်နေတဲ့အချိန် ဝင်အမြတ်ထုတ်တတဲ့ လူညစ် တစ်ယောက်လို့ ထင်နေတာလား။ သွေးနဂါးစီနီယာကြီး မန်ဝူရလက်မှာ သေသွားတာမှန်ပေမယ့် ဒီဘုရင်က သူ့ကို စိန်ခေါ်ချင်ရုံသက်သက်ပဲ။ ဒါပေမယ့် အဲ့လို စိန်ခေါ်ဖို့ ဆိုတာလည်း သူအကောင်းအတိုင်း ရှိနေမှလေ။ ဒါကြောင့် ငါတို့ကို ထည့်မတွက်နဲ့။ သူ့ကိုယ် ကယ်နိုင်၊ မကယ်နိုင်ကိုသာ အရင်စဉ်းစား”
မန်ဝူရကဲ့သို့သော လူတစ်ယောက်ကို ချုပ်ထားနိုင်သည့် ထိုကျောက်တိုင်ရှစ်ခုမှာ လုံးဝ သာမန်မဟုတ်နိုင်ချေ။ ထို့ကြောင့် ရိုးရိုးသားသား ပြောရလျှင် ရန်ကိုင် အောင်မြင်လိမ့်မည်ဟု မိုးကြိုးနဂါး မထင်ချေ။
ရန်ကိုင်သည် အဆန်းတကြယ် ဖြစ်ရပ်များကို တစ်ခုပြီးတစ်ခု ဖန်တီးပြတတ်သူ ဆိုသော်လည်း သူသည် မသေမျိုး တတိယအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေဆဲ။
“ကျုပ်သူ့ကို ကယ်နိုင်၊ မကယ်နိုင်၊ ကြိုးစားကြည့်မှပဲ သိလိမ့်မယ်” ရန်ကိုင် အသက်ပြင်းပြင်း တစ်ချက် ရှုသွင်းလိုက်ပြီး သူ့ကောင်းကင်စိတ်အာရုံကို ကျောက်တိုင် ရှစ်တိုင်ဆီ ဖြန့်ကျက်လိုက်သည်။
ရန်ကိုင်အနေဖြင့် ဤနေရာသို့ ရောက်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပေသည်။ ထို့ကြောင့် ဘဏ္ဏာထိန်းမန် ဘာကြောင့် ထိုကဲ့သို့ ဖြစ်နေလဲဆိုသည်ကို သူမသိ။ ထို့ကြောင့် အရင်ဆုံး လေ့လာရပေမည်။
ရန်ကိုင်သည် မည်သည့် အစီအရင်၊ ထောင်ချောက်ကိုမှ အသက်မသွင်းမိစေရန် သေသေချာ လှုပ်ရှားနေခဲ့သည်။
ရန်ကိုင် သူ့ကောင်းကင်စိတ်အာရုံကို ကျောက်တိုင် ရှစ်တိုင်ဆီ သတိပြုမိလိုက်သည်နှင့် မန်ဝူရက ခေါင်းခါရမ်း၍ စိုးရိမ်တကြီး လျမ်းအော်ပြောရန် ကြိုးစားလိုက်သည်။ သို့သော် သူ့မှာ လှုပ်၍လည်းမရ၊ အသံလည်း ထွက်မရ ဖြစ်နေခဲ့သည်။
မန်ဝူရ ထိုကျောက်တိုင် ရှစ်တိုင်တွင် ချုပ်နှောင် ခံနေရခြင်းမှာ သူ့ကောင်းကင်စိတ်အာရုံဖြင့် ထိုကျောက်တိုင် ရှစ်တိုင်ကို စစ်ဆေးရန် ကြိုးစားခဲ့သောကြောင့် ဖြစ်ပေသည်။
ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံ ပြန့်ထွက်လာသည့် နှုန်းသည် အရမ်းကိုမှ မြန်လွန်းလှသဖြင့် မည်သို့မှ မတားလိုက်နိုင်ခဲ့ချေ။
သူ့ကောင်းကင်စိတ်အာရုံ ကျောက်တိုင်ရှစ်တိုက်နှင့် ထိသွားသည်နှင့်တစ်ပြိုင်နက် ရန်ကိုင် အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။
ကျောက်တိုင်ရှစ်တိုင်ထဲတွင် ပါဝင်နေသော စွမ်းအားသည် သူနှင့်လားလားမှမဆိုင်၊ ရှင်းရှင်းပြောရလျှင် ကမ္ဘာချင်း ခြားနေသည်ဟုပင် ပြောနိုင်သည်။
အသက်တစ်ရှိုက်စာအတွင်းမှာပင် လောကကြီးတစ်ခုလုံး တုန်ခါလာခဲ့ပြီး ချောက်ချားဖွယ်ရာ ဖိအားတစ်ရပ် အကုန်လုံးပေါ် ကျဆင်းလာခဲ့သည်။
ထိုကြောက်မက်ဖွယ်ရာ ဖိအားအောက်တွင် သူတော်စင် ငါးယောက်စလုံး အသက်ပင် ကောင်းကောင်း မရှူနိုင်တော့ချေ။
ထိုကဲ့သို့သော ချောက်ချားဖွယ်ကောင်းသည့် ဖိအားမျိုး ဤလောကကြီးတွင် ရှိနေလိမ့်မည်ဟု သူတို့ထဲမှ ဘယ်သူမှ မထင်ထားခဲ့။ ထိုဖိအားအောက်တွင် ခုခံချင်စိတ်တို့ လုံးလုံး ပျောက်ဆုံးသွားခဲ့ရသည်။
ရွှေရောင်အလင်းတို့ ပွင့်လန်းလာခဲ့ပြီး ဟင်းလင်းပြင်တွင်းမှ လက်ကြီးတစ်ဖက် ဆန့်ထွက်လာခဲ့ပြီး ရန်ကိုင်ကို ဖမ်းဆီးရန် ကြိုးစားလာတော့သည်။
ချက်ချင်းဆိုသလို ရွှေရောင်လက်ငါးချောင်းသည် ကြိုးခွေများအသွင်သို့ ပြောင်းလျက် ရန်ကိုင်ကို ချုပ်ကာ အရှေ့သို့ ဆွဲခေါ်သွားလေသည်။
ရန်ကိုင်မျာ နည်းနည်းလေးမှပင် မခုခံနိုင်ခဲ့။ ထိုရွှေရောင်ကြိုးများဖြင့် ချုပ်နှောင်ခြင်း ခံလိုက်ရသည်နှင့် သူ့ခွန်အား ချိတ်ပိတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
သူ့မျက်လုံးများ ဟိုဟိုဒီဒီ ရွေံလျားနေခဲ့သည်။ သူနှင့်အတူ ပါလာသော ပညာရှင်ငါးယောက်စလုံးလည်း အဖမ်းခံကြရသည်။ အကုန်လုံးသည် အလန့်တကြား အော်ဟစ်ရင်း အသည်းအသန် ရုန်းကန်နေကြလေသည်။ သို့သော် မလွတ်မြောက်နိုင်ခဲ့။ သူတို့ ငါးယောက်စလုံးသည်လည်း ကျောက်တိုင်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးရန် ကြိုးစားခဲ့ကြသည့်ပုံပင်။
သတိမေ့နေသော ရှနင်းချန်တစ်ယောက်သာ ကံကောင်းစွာဖြင့် လွတ်မြောက်သွားခဲ့ခြင်း ဖြစ်ပေသည်။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် မန်ဝူရ၏ မျက်လုံးများ မှေးကျသွားခဲ့ပြီး နောက်ကျသွားပြီမှန်း သိလိုက်လေသည်။
မွန်းစတားမျိုးနွယ်စုမှ ပညာရှင်လေးယောက်၊ လီရုန်နှင့် လီရုန်တို့အပါအဝင် စုစုပေါင်းခြောက်ယောက်သည် ကျောက်တိုင်များပေါ်တွင် ချုပ်နှောင်ခံလိုက်ရလေသည်။
မကြာမီ သွေးပျက်ချောက်ချားဖွယ် အော်ဟစ်သံတို့ တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့လေ၏။
မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီး နှစ်ယောက်ပင် ကျောက်တိုင်များ၏ နှိပ်စက်မှုကို မခံစားနိုင်ကြချေ။ သူတို့၏ မျက်နှာများ နာကျင်မှုကြောင့် ရှုံ့မဲ့နေခဲ့ပြီး ကိုင်တေနှင့် လီရုန်တို့ နှစ်ယောက်မှာလည်း နာနာကျင်ကျင် အော်ဟစ်၊ ညည်းတွားနေခဲ့ကြလေသည်။
ချက်ချင်းဆိုသလို မွန်းစတားမျိုးနွယ်စုမှ ပညာရှင်များသည် သားရဲအသွင်သို့ ပြောင်းလဲ၍ ထိုကျောက်တိုင်များ၏ ချုပ်နှောင်မှု ချိုးဖျက်ရန် ကြိုးစားလိုက်ကြသည်။
လီရုန်သည် နတ်ဆိုးအသွင်ပြောင်းလဲခြင်းကို အသုံးပြလိုက်သည်။ အနက်ရောင် နတ်ဆိုးအမှတ်အသားများ သူမမျက်နှာတစ်ပြင်လုံးကို ဖုံးလွှမ်းလာခဲ့ရာ လွန်စွာကိုမှ အလှသွေးကြွယ်နေခဲ့၏။
သို့သော်လည်း သူတို့ မည်မျှပင် ကြိုးစားရုန်းကန်ပါစေ ထိုကျောက်တိုင်ရှစ်တိုင် ရှေ့မှောက်၌ သူတို့အားလုံးသည် အားနည်းသော ပုရွက်ဆိတ်လေးများနှင့် မခြားချေ။
ရန်ကိုင် မျက်နှာသည်လည်း သွေးဆုတ် ဖြူလျော်သွားခဲ့သည်။
ထိုကျောက်တိုင်တွင် ကိုယ်တိုင် အချုပ်ခံလိုက်ရမှပဲ မည်မျှ ပြင်းထန်သော နာကျင်မှုကို မန်ဝူရ တောင့်ခံနေခဲ့ရမှန်း ရန်ကိုင် နားလည်သွားခဲ့လေသည်။
ကျောက်တိုင်ရှစ်တိုင်တွင် ဓါတ်တစ်မျိုးစီ ပါဝင်သည်။ ထိုစွမ်းအင်ရှစ်မျိုးသည် အတူတကွ ပေါင်းစည်လျက် သတ်ဖြတ်ခြင်း အစီအရင်တစ်ခုအဖြစ်သို့ ပြောင်းလဲကာ အားလုံး၏ စိတ်နှင့် ခန္ဓာကိုယ် နှစ်မျိုးစလုံးကို အဆက်မပြတ် တိုက်ခိုက်ကြလေသည်။
ရန်ကိုင်အား အမှန်တကယ် ကြောက်လန့်သွားစေသည်ကား ထိုကျောက်တိုင်များသည် သူတို့၏ စွမ်းအင်နှင့် အသက်စွမ်းအားကို စုပ်ယူနေခြင်းပင်။
သူတို့အားလုံးသည် အသက်စွမ်းအင် အရှိန်အဝါများ တဖြည်းဖြည်း အားနည်းလာခဲ့ရသည်။
“သခင်၊ နတ်ဆိုးအသွင်ပြောင်းလဲခြင်းကို သုံးလိုက်” လီရုန်က ရုတ်တရက် အော်ပြောလိုက်သည်။
ရန်ကိုင်သည် အံကြိတ်၍ နာကျင်မှုကို တောင့်ခံရန် ကြိုးစားနေခဲ့သည်။ သို့သော် လီရုန်၏ အော်ပြောသံကို ကြားလိုက်သည်နှင့် မဟာနတ်ဆိုးနတ်ဘုရား၏ အမွေအနှစ်မှ ရခဲ့သော နတ်ဘုရားပညာရပ်ကို ချက်ချင်းပဲ ထုတ်သုံးလိုက်လေသည်။
လောကတစ်ခွင် တုန်ခါလာခဲ့ပြီး သိပ်သည်းလှသော နတ်ဆိုးချီတို့ ရွှေရောင်အရိုးခြောက်မှ ထွက်ပေါ်လာကာ သူ့ကိုယ်တွင်းရှိ ယန်ယွမ်ချီများနေရာတွင် အစားထိုး နေရာယူသွားခဲ့သည်။ နတ်ဆိုးအမှတ်အသားများ သူ့ကိုယ်ထက် တစ်ချက်ပေါ်လာခဲ့ပြီး ချက်ချင်း ပြန်လည် ပျောက်ကွယ်သွားသည်။
နတ်ဆိုးနတ်ဘုရားအသွင်ပြောင်းလဲခြင်းကို ထုတ်သုံးလိုက်သည်နှင့် တစ်ပြိုင်နက် သူ့တစ်ကိုယ်လုံး လွတ်လပ်ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ကို ဖျက်စီးရန် ကြိုးစားနေသည့် အဖျက်စွမ်းအင်များသည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ။ ကျောက်တိုင်တွင် ချုပ်မိနေသေးသော်လည်း ကျောက်တိုင်သည် သူ့ခွန်အားကို စုပ်ယူနေခြင်း မရှိတော့။
တစ်ချိန်တည်းတွင် ထိုကျောက်တိုင်များတစ်လျှောက် ပုံမှန်မဟုတ်သည် အရှိန်အဝါတစ်ခု စီးဆင်းနေသည်ကို သတိပြုမိလိုက်သည်။
ရန်ကိုင်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး အမောတကာ အသက်ရှူရင်း ရေရွတ်လိုက်လေသည် “ဒါက မဟာနတ်ဆိုးနတ်ဘုရားရဲ့ နည်းလမ်းတွေထဲက တစ်ခုလား”
လီရုန် ခေါင်းညိတ်လိုက်သည်။
ရန်ကိုင်ကဲ့သို့ပင် သူမလည်း နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို အသုံးပြုလိုက်ပြီးသည်နှင့် လုံခြုံသွားခဲ့ရသည်။ ထိုအချက်ကို သတိပြုမိလိုက်သည့် အတွက်ကြောင့်ပဲ ရန်ကိုင်အား အလျင်စလို လှမ်းသတိပေးလိုက်ခြင်း ဖြစ်ပေသည်။
ကျောက်တိုင်ရှစ်တိုင်သည် မဟာနတ်ဆိုးနတ်ဘုရားမှ အရင်းခံလာခြင်းဖြစ်သည်။ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းနှင့် ရှေးဟောင်းနတ်ဆိုးကလန်သည် မဟာနတ်ဆိုးနတ်ဘုရားနှင့် ဆက်စပ်နေပေသည်။ ထို့ကြောင့် နတ်ဆိုးနတ်ဘုရားအသွင်ပြောင်းလဲခြင်းကို ထုတ်သုံးလိုက်သည်နှင့် ယခုကဲ့သို့ လုံခြုံသွားသည်မှာ သဘာဝကျပေသည်။
အားလုံးမှာ ရန်ကိုင်၏ ခန့်မှန်းချက် သက်သက်သာ ဖြစ်သော်လည်း အမှန်တရားနှင့် နီးစပ်သည်။
မွန်းစတားမျိုးနွယ်စုဝင် လေးယောက်မှာမူ အံကြိတ်၍ တောင့်ခံနေကြဆဲ။ သို့သော် မကြာမီမှာပင် သူတို့၏ သားရဲအသွင်ကို ဆက်ထိန်းမထားနိုင်တော့ဘဲ လူအသွင်သို့ တစ်ဖန် ပြန်ပြောင်းလိုက်ရလေည်။
အကုန်လုံးသည် အသိစိတ်မဲ့နေသော အမူအရာများဖြင့် ရန်ကိုင်အား ငေးကြောင်ကြည့်နေခဲ့ကြသည်။ မန်ဝူရကဲ့သို့ ဘဝမျိုးရောက်ရန်အတွက် အချိန်တစ်ခုသာ လိုအပ်ကြောင်း အကုန်လုံး နားလည်ထားကြပေသည်။
ရန်ကိုင်သည် ကျောက်တိုင်မှ လွတ်မြောက်နိုင်ရန် ကြိုးစားကြည့်သော်လည်း သူ့ကြိုးစားအားထုတ်မှုမှာ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
သူစိုးရိမ်စပြုလာသည့် အချိန်မှာပဲ လီရုန်က ထပ်မံ အော်ပြောလိုက်လေသည် “သခင်၊ တစ်ခုခု လှုပ်ရှားနေတယ်”
ရန်ကိုင် မျက်လုံးမှေးစဉ်းသွားပြီး ရှေ့တည့်တည့်သို့ စိုက်ကြည့်လိုက်သည်။
ကျောက်တိုင်ရှစ်တိုင်၏ အလယ်ဗဟိုမှ ဝေဝါးဝါး ပုံရိမ်တစ်ခု စတင်ဖြစ်ပေါ်လာပြီး တဖြည်းဖြည်းနှင့် လူကြီး တစ်ယောက်အသွင်သို့ ပြောင်းလဲလာခဲ့သည်။
ထိုလူကြီးသည် သူရဲကောင်းဆိုင်သော ဟန်ပန်၊ ထက်ရှသော အကြည့်တစ်စုံသည် ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ လက်ရှိအချိန်တွင် ထိုလူသည် ရန်ကိုင်နှင့် လီရုန်အား စိတ်ဝင်တစား အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။
ထိုလူ မျက်နှာကို မြင်လိုက်သည်နှင့် ရန်ကိုင် ရုတ်တရက် ပြုံးဖြီးလိုက်သည်။ သို့သော် အသံမထွက်၊ တိတ်တိတ်သာ နေနေခဲ့သည်။
လီရုန်၏ မျက်လုံးလေးများ ပြူးကျယ်သွားခဲ့ပြီး အလန့်တကြား အမူအရာဖြင့် “မဟာနတ်ဆိုးနတ်ဘုရားလား”
သူမရှေ့ရှိလူသည် နတ်ဆိုးနတ်ဘုရားမြို့တော်မှ ရုပ်ထုကြီးနှင့် လုံးဝကို ချွတ်စွပ်တူနေခဲ့သည်။
နတ်ဆိုးနတ်ဘုရားမြို့တော်ရှိ ရုပ်ထုသည် မဟာနတ်ဆိုးနတ်ဘုရား၏ လက်အောက်တွင် အမှုထမ်းခဲ့သော ရှေးဟောင်းနတ်ဆိုးကလန်သား ဘိုးဘေးများ ထွင်းထုထားခဲ့ခြင်း ဖြစ်သည်။
လီရုန် ထိုနာမည်ကို အော်ပြောလိုက်သည့်အခါ မွန်းစတားမျိုးနွယ်စုဝင် လေးယောက်စလုံး၏ မျက်နှာ ပို၍ ဖြူလျော်သွားခဲ့ကြသည်။
သူကျဆုံးသွားသည်မှာ နှစ်ထောင့်နှင့်ချီနေပြီ ဖြစ်သော်ငြား မဟာနတ်ဆိုးနတ်ဘုရား၏ ဂုဏ်သတင်းသည် ပျောက်ပျက်သွားခြင်း မရှိသေး။ ယနေ့ထိတိုင် ဒဏ္ဏာရီလာ တည်ရှိမှုတစ်ခု ဖြစ်နေဆဲဖြစ်ကာ သူနှင့် ယှဉ်နိုင်သည့် တစ်ဦးတစ်လေမှ ပေါ်ထွက်လာခြင်း မရှိခဲ့သေးချေ။
“ဟုတ်သွားပြီ။ ခင်ဗျားပဲ” ရန်ကိုင်က တိုးတိုးလေး ပြောလိုက်သည်။
“ဒါပေမယ့်… မဟာနတ်ဆိုးနတ်ဘုရားက သေသွားတာ ကြာနေပြီ မဟုတ်ဘးလား” သူမရေရှိ့လူမှာ မဟာနတ်ဆိုး နတ်ဘုရား ဖြစ်သည်ဟု ယခုထိတိုင် လီရုန် မယုံကြည်နိုင်သေး။ သို့သော်လည်း ထိုလူဆီမှ ဖြာထွက်နေသော လွှမ်းမိုးနိုင်စွမ်း ကြီးမားသည့် အရှိန်အဝါသည် တုပကာ လုပ်ယူ၍ ရသော အရာမျိုးမဟုတ်ချေ။
“သူက အစစ်အမှန် မဟာနတ်ဆိုးနတ်ဘုရား မဟုတ်ဘူး။ သူက ဝိဥာဉ်ကိုယ်ပွားတစ်ခုသာသာပဲ။ သူ့မှာ အစစ်အမှန် ခန္ဓာကိုယ် မရှိဘူးလေ” ရန်ကိုင်သည် သူ့ရေရှိ့ ပုံရိပ်ကို သေသေချာချာ စိုက်ကြည့်နေခဲ့သည်။
“ဝိဥာဉ်ကိုယ်ပွားလား။ အဲ့ဒါဘာလဲ” လီရုန်က ပြန်မေးလိုက်သည်။
ရန်ကိုင် ခေါင်းသာခါလိုက်ပြီး ထပ်ရှင်းပြမနေခဲ့ချေ။
သူသည် နတ်ဆိုးနတ်ဘုရား၏ သွေးတစ်စက်ကို မတော်တဆ ရရှိခဲ့ပြီး ထိုသွေးစက်မှ ဝိဥာဉ်ခွဲထုတ်ခြင်း နတ်ဘုရားစွမ်းရည်ကို သင်ယူနိုင်ခဲ့သည်။
ရန်ကိုင်သည်လည်း ဝိဥာဉ်ခွဲထွက်ခြင်း ပညာရပ်ကို လေ့ကျင့်ထားခဲ့သည်။ သူ့ဝိဥာဉ်သည် လက်ရှိတွင် သူ့အသိစိတ်ပင်လယ်ထဲ၌ အားဖြည်နေခဲ့သည်။ ကံမကောင်းစွာဖြင့် အားဖြည့်ခြင်းဖြစ်စဉ်မှာ အရမ်းကိုမှ ကြာမြင့်လှလေရာ ထိုဝိဥာဉ်ကိုယ်ပွား သူ့အတွက် အသုံးဝင်လာမည့် အချိန်သည် အတော့်ကိုမှ ကြာပေဦးမည်။
သို့သော်လည်း မဟာနတ်ဆိုးနတ်ဘုရားကမူ ကွဲပြား၏။ ထိုနတ်ဘုရားစွမ်းရည်သည် သူ့ထံမှလာသဖြင့် သူ့တွင် အပြည့်အဝ ဖြစ်တည်ပြီးသော ဝိဥာဉ်ကိုယ်ပွားတစ်ခု ရှိကို ရှိနေရပေမည်။ ထိုဝိဥာဉ်ကိုယ်ပွားဟာ ဆိုလျှင်လည်း သူ့အစစ်အမှန် ခန္ဓာကိုယ် နီးပါးလောက်ကို အားကောင်း နေပေလိမ့်မည်။
“အို၊ ကောင်လေး၊ မင်းက တော်တော်လေး သိထားတာပဲ။ ဒီစီနီယာ အစစ်အမှန် ခန္ဓာကိုယ်ရဲ့ အမွေဆက်ခံသူ ပီသပါပေတယ်လေ” မဟာနတ်ဆိုးနတ်ဘုရား၏ ဝိဥာဉ်ကိုယ်ပွားက ရန်ကိုင်အား စိုကြည့်နေရင်း ယဲ့ယဲ့လေး ပြုံးလိုက်သည်။
ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်လေသည် “ခင်ဗျားလည်း ကျုပ်အကြောင်း တော်တော်လေး သိထားတဲ့ပုံပဲနော်”
မဟာနတ်ဆိုးနတ်ဘုရား၏ ဝိဥာဉ်ကိုယ်ပွားက နှာခေါင်းရှုံ့လိုက်ပြီး “မင်းကိုယ်ထဲက ငါ့ခန္ဓာကိုယ်ရဲ့ အရိုးတွေကိုသာ အာရုံမခံမိရင် ငါ့ဒီလောက်လွယ်လွယ် ကိုယ်ထင်ပြလိမ့်မယ်လို့ ထင်လား။ ဒီမိန်းမက ဟိုးလွန်ခဲ့တဲ့ နှစ်တွေတုန်းက ငါ့အစစ်အမှန် ခန္ဓာကိုယ် လက်အောက်မှာ အမှုထမ်းခဲ့တဲ့ ကလန်သားတွေရဲ့ မျိုးဆက်လား။ နတ်ဆိုးနတ်ဘုရားအသွင်ပြောင်းလဲခြင်းဆိုတာ လူတိုင်း သင်လို့ရတဲ့ အရာမျိုးမဟုတ်ဘူး”
“ရှင်က တကယ်ကြီး မဟာနတ်ဆိုးနတ်ဘုရားလား” လီရုန် လုံးဝကို ထိတ်လန့်နေခဲ့သည်။ ထိတ်လန့်အံ့ဩလွန်းသဖြင့် စကားပင် ကောင်းကောင်း မပြောနိုင်တော့။ သူမ၏ မျက်လုံးလေးများ ဆိုလျှင်လည်း စိတ်လှုပ်ရှားမှု၊ ရိုသေလေးစားမှုတို့ဖြင့် ပြည့်နေခဲ့လေသည်။ ရှေးဟောင်းနတ်ဆိုးကလန်၏ မျိုးဆက်တစ်ယောက်အနေဖြင့် မဟာနတ်ဆိုးနတ်ဘုရား၏ တည်ရှိမှုကို အမျိုးမျိုး ပုံဖော် စိတ်ကူးကြည့်ခဲ့ဖူးသည်။ သို့သော်လည်း ယနေ့မှပဲ သူမ၏ စိတ်ကူးအားလုံးသည် ဘာဆိုဘာမှမဟုတ်မှန်း လီရုန် နားလည်သွားခဲ့ရသည်။
လက်ရှိတွင် သူမသည် အထွဋ်အထိပ် ပညာရှင်တစ်ယောက် ဖြစ်နေပေပြီ။ သူတော်စင်တတိယအဆင့် ပညာရှင်တစ်ယောက်။ သို့သော် ထိုကဲ့သို့ ဖြစ်လာသည့်တိုင် ဟိုးလွန်ခဲ့သော နှစ်ပေါင်း များစွာက မဟာနတ်ဆိုးနတ်ဘုရား ချစ်ရစ်ခဲ့သော ပညာရပ်လေး တစ်ခု၏ အလွယ်တကူ ဖမ်းချုပ်ခြင်း ခံလိုက်ရလေသည်။
တစ်ဖက်လူသာ ကိုယ်ထင်ပြမလာခဲ့ပါက သူမနှင့် ရန်ကိုင်သည်လည်း အခြားမွန်းစတားမျိုးနွယ်စုဝင် လေးယောက်နှင့် တူညီသော ကြမ္မာဆိုးကို ကြုံတွေ့ရပေလိမ့်မည်။
မဟာနတ်ဆိုးနတ်ဘုရား အသက်ရှင်စဉ်က မည်မျှ အားကောင်းခဲ့သလဲ ဆိုသည်ကို သူမ တွေးပင် မတွေးရဲတော့။
“ကျုပ်တို့က တစ်ယောက်နဲ့ တစ်ယောက် ဆက်စပ်နေကြတာဆိုတော့ ထိုင်ဆွေးနွေးကြလို့ မရဘူးလား” ရန်ကိုင်က ထိုလူကိုကြည့်ကာ ပြောလိုက်သည်။
“မင်းဘာပြောချင်နေတာလဲ”
“ဒီလိုဗျာ… ကျုပ်မိတ်ဆွေတွေကို လွှတ်ပေးလို့ ရမလားလို့ပါ။ သူတို့တွေ အားလုံးက ကျုပ်ကြောင့် အခုလို ဖြစ်သွားခဲ့ရတာလေ။ ဒီကို အရင်ရောက်လာတဲ့ ဟိုလူအိုကြီး ဆိုရင်လည်း ကျုပ်နဲ့ တော်တော်လေး ရင်းနှီးတာဗျ”
မဟာနတ်ဆိုးနတ်ဘုရားက ရန်ကိုင်အား တစ်ခဏတာမျှ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် လှောင်ပြောင်လိုက်လေ၏ “ကောင်လေး၊ မင်းအထင်များ မှားနေတာလား။ မင်းက ဒီစီနီယာရဲ့ အမွေဆက်ခံသူဖြစ်လို့ ငါကိုလာပြီး ဈေးစစ်လို့ ရမယ်ထင်နေတာလား။ အဲ့လိုထင်ရင်တော့ မင်းမှားသွားပြီ ကောင်လေး။
“သူတို့ကို ဘာလို့ ဖမ်းရတာလဲ။ ဒီအစီအရင်ကိုကော ဒီမှာဘာလို့ ခင်းကျင်းထားတာလဲ’ ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့လေပြီ။ လက်ရှိ အခြေအနေသည် သူတွေးသလောက် မရိုးရှင်းမှန်း ရန်ကိုင် နားလည်လိုက်လေသည်။
“သူတို့ကို ဖမ်းချင်တာတော့ မဟုတ်ဘူးကွ။ သူတို့ ဘယ်တော့မှ ခြေမချသင့်တဲ့ နေရာကို ရောက်လာလို့သာ ဖမ်းလိုက်ရတာ” မဟာနတ်ဆိုးနတ်ဘုရားက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “ဒီနေရာကို ဝင်လာတဲ့လူတိုင်း ဘယ်သူမှ အသက်ရှင်လျက် ထွက်သွားခွင့်မရှိဘူး။ ဒီနေရာက… ဒီလောကကြီး တစ်ခုလုံးရ အချက်အချာနေရာပဲ”
“ခင်ဗျား ဘာပြောချင်တာလဲ” ရန်ကိုင် နားမလည်နိုင်ခဲ့။
“မင်ကို ဒီအကြောင်းတွေပြောဖို့ စောသေးတယ်။ မင်းက ဒီစီနီယာရဲ့ အရိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားမှတော့ အရင် ဒီစီနီယာရောက်ခဲ့တဲ့အဆင့်ကို ရောက်လာတဲ့တစ်နေ့ ဒီနေရာ ဘယ်လောက် အရေးကြီးလဲ ဆိုတာကို နားလည်လာလိမ့်မယ်” ပြောလိုက်ပြီးနောက် မဟာနတ်ဆိုးနတ်ဘုရားက စိတ်မရှည်သည့် အမူအရာဖြင့် ဆက်ပြောလိုက်သည် “မင်းက ဒီစီနီယာ အစစ်အမှန်ခန္ဓာကိုယ်ရဲ့ အမွေဆက်ခံသူ ဖြစ်နေတော့ မင်းနဲ့ ဒီမိန်းကို ဒီတစ်ကြိမ်တော့ လွှတ်ပေးလိုက်မယ်။ ဒါပေမယ့် မင်းဒီကို နောက်ထပ် ဘယ်တော့မှ ပြန်မလာတော့နဲ့။ မဟုတ်ရင်တော့ နောက်တစ်ကြိမ်ကျ ငါမင်းကို ညှာနေတော့မှာ မဟုတ်ဘူး”