အခန်း (၉၃၁-၉၃၅)
Vol. 38 Ch. 931-935
အပိုင်း (၉၃၁)
ဤလောကတစ်ခွင်တွင်၊ မိုးမြေအောက်၌ အကြီးဆုံးမြို့တော် ဖြစ်သော် တောင်နှင့်မြောက်ကိုပင် လှမ်းမမြင်နိုင်သည့် ဗဟိုမြို့တော်…
အဝေးမှ လှမ်းမျှော်ကြည့်လိုက်ပါက ရှေးဟောင်းသားရဲကြီး တစ်ကောင် အိပ်စက်နေသည်ဟု ထင်မှတ်ရသည့် နေရာတစ်နေရာ၊ မြင်သူတိုင်း အံ့ဩဘနန်း ဖြစ်သွားရမည့် နေရာတစ်နေရာ….
အပြာရောင်အလင်းတန်းတစ်စင်းသည် ဗဟိုမြို့တော်နှင့် မိုင်နှစ်ဆယ်အကွာတွင် ရပ်တန့်သွားခဲ့သည်။ ထို့နောက် ထိုအလင်းတန်းနေရာမှ ရန်ကိုင်၊ လီရုန်နှင့် ဟန်ဖေးတို့ ပေါ်လာခဲ့လေသည်။
“ဒီမှာမြို့ကြီးတစ်မြို့ ရှိနေတာပဲ” မြို့၏ အရွယ်အစားကြောင့် လီရုန် ထိတ်လန့်သွားခဲ့ရလေသည်။
ထိုမျှကြီးမားလှသော မြို့တစ်မြို့ကို ထုန်းရွှမ်လောကကြီး တွင်ပင်လျှင် မြင်ရခဲသည်။ ဒေသခံများအနေဖြင့် ထိုမျှ ကြီးမားသော မြို့ကိုတည်ဆောက်ရန် နှစ်မည်မျှ အချိန်ယူခဲ့ရမည်ကို လီရုန် မတွေးတတ်နိုင်အောင် ဖြစ်နေခဲ့သည်။
“ဖျက်စီးခံထားရတဲ့ အရိပ်အယောင်တွေ ရှိနေတယ်” ဟန်ဖေး မျက်မှောင်ကြုံ့သွဦးခဲ့သည်။
“အင်း၊ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်တုန်းက ဗဟိုမြို့တော် အောက်ဘက်မှာ ရှိနေတဲ့ မြေကမ္ဘာချီကြောမကြီး ထပေါက်ကွဲခဲ့တယ်။ အဲ့ဒါကြောင့်ပဲ တစ်မြို့လုံးလိုလို ပျက်စီးသွားခဲ့တာ။ ကျုပ်ဒီနေရာက ထွက်လာတုန်းက တစ်မြို့လုံးက လူတွေက ဗဟိုမြို့တော်ကို ပြန်လည် တည်ဆောက်နေတုန်းပဲ ရှိသေးတယ်။ ဆယ်နှစ်ကျော်သွားပြီ ဆိုပေမယ့် အခုထိ ဆောက်လို့မပြီးသေးတဲ့ပုံပဲ” ရန်ကိုင်က ရှင်းပြလိုက်သည်။
လက်ရှိအချိန်တွင် ဗဟိုမြို့တော်သည် အတော်လေးကို ငြိမ်သက်လွန်းနေခဲ့သည်။ မိုင်နှစ်ကွာဝေးသော်လည်း သွားလာလှုပ်ရှားနေသော လူအချို့ကို သူမြင်နေခဲ့ရသည်။ သို့သော် လူအရေအတွက်မှာ ပုံမှန်ထက် နည်းနေခဲ့၏။
ဗဟိုမြို့တော် တစ်နေရာမှ ရုတ်တရက် အလင်းတန်းတို့ ပေါက်ကွဲထွက်လာခဲ့သည်။
“သခင်၊ အဲ့ဘက်မှာ တိုက်ခိုက်နေကြတဲ့ပုံပဲ” လီရုန်က ပြောလိုက်သည်။
“သွားကြည့်ကြရအောင်”
ကောင်းကင်လွန်းပျံကို ရန်ကိုင် နောက်တစ်ကြိမ်ထပ်မံ အသက်သွင်းလိုက်လေသည်။
ဗဟိုမြို့တော်၏ တောင်ဘက်ဂိတ်ပေါက်မှ မသေမျိုးအဆင့် ကျင့်ကြံသူတစ်သိုက်သည် တုန်လှုပ်ချောက်ချားနေသည့် အမူအရာဖြင့် အလျင်စလို ထွက်ပြေးနေခဲ့ကြသည်။
ဗဟိုမြို့တော်၏ တောင်ဘက်ဂိတ်ပေါက်သည် ရန်မိသားစု အပိုင် ဖြစ်ပေသည်။ ရန်မိသားစုဝင်တစ်ယောက် အိမ်ပြန်လာသည့်အခါ ထိုဂိတ်ပေါက်ကိုဖြတ်၍ ပြန်လာကြသည်။ အမွေခံတိုက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဗဟိုမြို့တော်သို့ ရန်ကိုင် ပြန်လာစဉ်ကလည်း ထိုဂိတ်ပေါက်ကို ဖြတ်၍ ပြန်လာခဲ့သည်။
လက်ရှိ ထွက်ပြေးနေသော မသေမျိုးအဆင့် ပညာရှင်များမှာ ရန်မိသားစု၏ သွေးစစ်သည်တော်များ ဖြစ်ကြပေသည်။
သူတို့အားလုံးသည် ဗဟိုမြို့တော်မှ ထွက်ပြေးနေကြ၏။
ထွက်ပြေးနေသော သူတို့နောက်မှ လူနှစ်ယောက် လိုက်ဖမ်းနေခဲ့သည်။
“မင်းတို့ ကြွက်စုတ်တွေ အခုဘယ်ပြေးမလဲကွ” မျက်စိတစ်ဖက်ကမ်းနေသော သက်လတ်ပိုင်းလူကြီးက ထွက်ပြေးနေသော သွေးစစ်သည်တော်များကိုကြည့်ရင်း လှောင်ပြောင်လိုက်သည်။ သူသည် ထိုလူများကို ချက်ချင်း ပြေးမဖမ်းသေး။ သူတို့ ကြောက်လန့်တကြား ထွက်ပြေးနေသည်ကိုသာ အရသာခံ ကြည့်နေခဲ့သည်။
လိုက်ဖမ်းနေရင်းလည်း မထီတရီ အပြုံးဖြင့် “ဘာမဟုတ်တဲ့ မသေမျိုးအဆင့်လေးတွေကများ ငါ့ရှေ့မှာ လာကြီး မောက်မာပြချင်သေးတယ်။ ပြေးစမ်း၊ ပြေစမ်း၊ မင်းတို့ ကြိုက်သလောက် ပြေးထားစမ်း။ ငါတော့ မမိစေနဲ့ပေါ့ကွာ။ မဟုတ်ရင် မင်းတို့ ကံကြမ္မာက သေထာထက် ဆိုးသွားရလိမ့်မယ်”
ထိုလူကြီးက လှောင်ပြောင်စကားကြောင့် ထွက်ပြေးနေသူ အားလုံး ဒေါသအမျက်ချောင်းချောင်း ထွက်သွားခဲ့ကြသည်။ သို့သော် သူတို့အဖို့ မည်မျှပင် ဒေါသထွက်နေစေကာမူ ထွက်ပြေးရုံသာ တတ်နိုင်ခဲ့သည်။ တစ်ဖက်လူသည် သူတို့ မယှဉ်နိုင်လောက်အောင်ကို အရမ်း အားကောင်းနေလွန်း၏။ တစ်ခါတစ်ရံ ထွက်ပြေးနေရင်း နောက်သို့လှည့်ကာ ပြန်ပြန် တိုက်ခိုက်ကြည့်သေးသည်။
သို့သော် သူတို့ အသုံးပြုလိုက်သော သိုင်းပညာရပ်များသည် ထိုမျက်စိတစ်ဖက်ကန်းနေသော လူကြီးအပေါ် အကျိုးသက်ရောက်မှု မရှိပေ။ တိုက်ခိုက်မှုအားလုံးကို ထိုလူကြီး၏ ခန္ဓာကိုယ်ပတ်လည်ရှိ ဖျော့တော့တော့ အရံအတားတစ်ခုက ကာကွယ်သွားခဲ့သည်။ သူတို့၏ တိုက်ခိုက်မှုအားလုံးသည် အဆုံးမဲ့ပင်လယ်ထဲ နစ်မြုပ်သွားသည့်ပမာ… အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
ထိုအချက်ကြောင့် ထွက်ပြေးနေသော မသေမျိုးအဆင့် ကျင့်ကြံသူများ ပိုပို၍ စိတ်ဓါတ်ကျလာခဲ့ကြရသည်။
“ချို့ရှု၊ သောက်ပိုတွေ လုပ်မနေနဲ့တော့၊ သူတို့တွေကို မြန်မြန် ဖမ်းလိုက်တော့။ ကျောင်းသခင်ဝူ ငါတို့ကို စောင့်နေတယ်” အခြားတစ်ဖက်ဆီမှ အလှသွေးကြွေ၊ မိန်းမတစ်ယောက် ရှိသင့်ရှိထိုက်သော အမို့အမောက် အရှိုက်အဝှမ်းများဖြင့် ပြည့်ဖြိုးနေသော အမျိုးသမီး လှလှလေး တစ်ယောက်က သက်လတ်ပိုင်းလူကြီးကို လှမ်းအော်သတိပေးလိုက်သည်။
ချို့ရှုက ထိုအမျိုးသမီးအား စိတ်ရှုပ်ရှုပ်ဖြင့် လှမ်းကြည့်လိုက်ပြီး နှာခေါင်းရှုံ့၍ “ငါ့ကို လာသတိပေးနေစရာ မလိုဘူး”
ထို့နောက် သူ့ဘာသာ တိုးတိုးလေး ကျိန်ဆဲလိုက်ပြန်၏ “ဒီခွေးမကတော့၊ ဝူကျန်းဆီက မျက်နှာသာလေးဘာလေး ရလိုက်တာနဲ့ ငါ့ကိုတောင် သူ့အစေခံလို လာအမိန့်ပေးနေတယ်။ သူ့ကိုယ်သူ ဘာမှတ်နေမလဲမသိဘူး။ ငါ့လခွမ်း၊ စိတ်ညစ်စရာ ကောင်းလိုက်တာ”
ပြောပြီးနောက် ချို့ရှုသည် ရက်စက်တော့မည့် မျက်နှာထားဖြင့် လှမ်းအော်ပြောလိုက်လေသည် “ပြေးစမ်း၊ မင်းတို့ ပြေးစမ်းထားစမ်း။ ငါအရင်ဆုံး မိတဲ့တစ်ယောက်ကို တကယ့် နှိပ်စက်မှု အစစ်အမှန်ဆိုတာ ဘာလဲသိအောင် လုပ်ပေးမယ်။ မင်းတို့ကို အသုံးလေးဝင်မယ်ထင်လို့ လွှတ်ပေးထားခဲ့တာ။ ဒါတောင် ငါတို့ ကြင်နာပေးတာကို အကောင်းမမြင်ဘဲ ထွက်ပြေးဖို့ လုပ်တယ်ပေါ့။ လုပ်စမ်းပါ၊ မင်းတို့ ဘယ်လောက်ပြေးနိုင်မလဲ၊ ရေတွင်းထဲက ဖားသူငယ်လေးတွေရေ”
အမျိုးသမီးနှင့် သက်လတ်ပိုင်းလူကြီးတို့ ပြောသည်ကို ထွက်ပြေးနေသသော မသေမျိုးအဆင့် ပညာရှင်များလည်း ကြားပေသည်။ ထို့ကြောင့် သူတို့ပို၍ စိတ်ဓါတ်ကျသွားခဲ့ရ၏။
ထွက်ပြေးနေသော လူအုပ်ထဲမှ ခန္ဓာကိုယ်ထွားထွားနှင့် လူကြီးက ရုတ်တရက် ပြောလိုက်သည် “ငါ့ညီအစ်ကိုမောင်နှမတို့၊ လူခွဲပြီးတော့သာ ပြေးကြတော့။ ကံကြမ္မာကပဲ ငါတို့ ဘယ်သူသေရမယ်၊ ရှင်ရမယ် ဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်။ တစ်ယောက်ယောက် လွတ်သွားခဲ့ရင် သခင်ငယ်လေးကိုရှာပြီး ဒီအကြောင်းကို ပြန်ပြောပြလိုက်”
အကုန်လုံး ခေါင်းညိတ်လိုက်ပြီး “ကံကောင်းပါစေ”
ချက်ချင်းပဲ အကုန်လုံး လူခွဲပြေးကြလေသည်။
သူတို့အား လိုက်ဖမ်းနေသော အမျိုးသမီးနှင့် သက်လတ်ပိုင်းလူကြီးသည် ထိုမြင်ကွင်းကို လှောင်ပြုံးပြုံး၍သာ ကြည့်နေခဲ့သည်။ မျက်စိတစ်ဖက်ကန်းနေသော လူကြီးက ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီး “ဒီကောင်တွေက အရူးလုံးလုံးတော့ မဟုတ်သေးဘူးပဲ။ အနည်းဆုံး တစ်ယောက်လောက် ပြေးနေတာ ရပ်ပြီး ငါနဲ့တိုက်မယ်လို့ ထင်နေတာ”
“ပြဿနာမရှာနဲ့။ သူတို့ကိုသာ ဝေးဝေးပြေးခိုင်းနေရင်၊ ငါတို့ပဲ ပို၍ အလုပ်ရှုပ်ရမှာ။ ငါသူတို့ပြေးပေါက်ကို ပိတ်နေတုန်း လုပ်စရာရှိတာ မြန်မြန်လုပ်လိုက်” ပြောပြီးသည်နှင့် သူမ ခန္ဓာကိုယ်မှ အစစ်အမှန်ချီတို့ ဝဲဂယက်တစ်ခုသဖွယ် ထွက်ပေါ်လာပြီး ပတ်ပတ်လည် ဧရိယာတစ်ဝိုက်ကို လွှမ်းခြုံပစ်လိုက်သည်။ မမြင်နိုင်သော အရံအတားတစ်ခု ဖြစ်ပေါ်လာပြီး ထွက်ပြေးနေသော မသေမျိုးအဆင့် ကျင့်ကြံသူများလည်း ပြေးပေါက်ပိတ်သွားခဲ့ရသည်။
အမျိုးသမီးက စတင်လှုပ်ရှားပြီဖြစ်သဖြင့် ချို့ရှုလည်း နှောင့်နှေးမနေတော့၊ ချက်ချင်းပဲ သိုင်းပညာရပ်တစ်ခုကို သုံးကာ ရှေ့မှ ထွက်ပြေးနေသော ကျင့်ကြံသူများ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
ဘုန်း… ဘုန်း… ဘုန်း…
ထွက်ပြေးနေသော မသေမျိုးအဆင့်မှား ရုတ်တရက် ဖြစ်ပေါ်လာသော မမြင်နိုင်သည့် အရံအတားနှင့် ဝင်တိုက်မိပြီး နောက်ပြန်လွင့်ထွက်ကုန်ကြသည်။
ကြောက်မက်ဖွယ်ရာ အရှိန်အဝါနှစ်ခု လွှမ်းခြုံလာသဖြင့် မော့ကြည့်လိုက်ရာ အမျိုးသမီးနှင့် မျက်လုံးတစ်ဖက်ကန်း လူကြီးသည် သူတို့၏ အရှေ့နှင့်အနောက်မှ ချောင်ပိတ်၊ ဖမ်းထားသည်ကို တွေ့လိုက်ရလေသည်။
ကောင်းကင်သို့ သွားရာလမ်းမရှိ၊ ငရဲသို့လည်း သွားရာ လမ်းမရှိ၊ စစ်မှန်သော စွမ်းအား၏ ရှေ့မှောက်၌ ရန်သူ ကြိုးဆွဲသလို ကရုံသာ တတ်နိုင်ခဲ့သည်။
“ရှုလီ၊ ငါသူတို့ကို သတ်လို့ရလား” ချို့ရှုက အမျိုးသမီးကို လှမ်းမေးလိုက်သည်။
ရှုလီ မျက်မှောင်ကြုံ့သွားခဲ့ပြီး စိတ်ညစ်နေသည့် လေသံဖြင့် “သူတို့ခွန်အားက မြင့်တာမှမဟုတ်တာ၊ သတ်ပြီးတော့ ဘာလုပ်မလို့လဲ။ ကျောင်းသခင်ဝူက သူတို့ကို အသက်ရှင်လျက် ထားထားတာ သူ့အတွက် အလုပ်လုပ်ခိုင်းဖို့ပဲ။ ဒီလူတွေကိုသာ လက်လျှော့အောင် လုပ်နိုင်ရင် အခြားသူတွေကို ကိုင်တွယ်ဖို့က အလွယ်လေးဖြစ်သွားပြီ။ ဒီနေရာက မိုးမြေစွမ်းအင်လည်း မသိသည်း၊ အရင်းအမြစ်လည်း ကြွယ်ဝတာ မဟုတ်ဘူး။ အစေခံ၊ အလုပ်သမားတွေအဖြစ် ခိုင်ဖို့ ပြန်ခေါ်သွားနိုင်တဲ့ လူကလည်း နည်းနည်းလေးပဲ ရှိတာ”
“ငါနားလည်ပါတယ်ဟာ။ ဒါပေမယ့်… သူတို့ကိုမှ မသတ်ရရင် ငါဒေါသပြေနိုင်မှာ မဟုတ်ဘူး” ချို့ရှုက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။
ချို့ရှု အမူအရာကို ကြည့်ရင်း၊ သူမရင် ရွံ့ရှာမိသော်လည်း ထိုကောင်နှင့် စကားများ အချိန်မဖြုန်းချင်တော့သည့်အတွက် မခွင့်ပြုချင်ပြုချင်ဖြင့်သာ ခွင့်ပြုလိုက်ရသည် “ကောင်းပြီ။ ဒါပေမယ့် တစ်ယောက်ပဲ သတ်လို့ရမယ်။ ပိုသတ်ရင်တော့ ကျောင်းသခင်ဝူဆီ ပြန်ပြောမှာ”
“နင်နဲ့ ကျောင်းသခင်ဝူ ‘ဆက်ဆံရေးကောင်းမှန်း’ ငါသိတယ်။ အဲ့နာမည်သုံးပြီး ငါ့ကို လာပြီး ဆရာကြီး လုပ်မနေနဲ့။ ငါကိုယ်ကလည်းက ကောင်းကင်ရှာစံအိမ်ရဲ့ ဂိုဏ်းချုပ်၊ သူ့လက်အောက်ငယ်သား မဟုတ်ဘူး”
“သတ်ချင်ရင် မြန်မြန်သတ်လိုက်တော့၊ အပိုတွေ ပြောမနေနဲ့။ အချိန်ကုန်တယ်” ရှုလီ စိတ်မရှည်တော့သဖြင့် ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။
ချို့ရှု နှာခေါင်းရှုံ့လိုက်ပြီး အောက်ဘက်ရှိ အဖွဲ့ကို ငုံကြည့်လိုက်သည်။ ရုတ်တရက် လူအုပ်ထဲ အမျိုးသမီး တစ်ယောက်ကို လက်ညိုးထိုးလိုက်ပြီး “နင်ထွက်လာခဲ့။ ငါက အမျိုးသမီးတွေကိုမှ သတ်ချင်တာ၊ အထူးသဖြင့် အမျိုးသမီး လှလှလေးတွေကိုပေါ့”
ပြောပြီးသည်နှင့် ရှုလီဆီ တစ်ချက်လှမ်းကြည့်လိုက်သည်။ သို့သော် ရှုလီကမူ နှာခေါင်းသာရှုံ့လိုက်ပြီး မျက်နှာ လွှဲသွားလိုက်သည်။ ထိုသောက်ရူးနှင့် သူမ အချိန်ထပ်မဖြုန်းချင်တော့ပေ။
ရွေးချယ်ခံလိုက်ရသော အမျိုးသမီး ဖြူလျော်သွားခဲ့၏။
“ယုရှန်း…” အကုန်လုံး ဝမ်းနည်းစွာဖြင့် လှမ်းအော်ခေါ်လိုက်ကြသည်။
သို့သော် တန်ယုရှန်းကမူ မဲ့ပြုံးသာပြုံးလိုက်ပြီး “ကံတရားက ဒီလို ဆုံးဖြတ်ပေးမှတော့လည်း ကံတရားအတိုင်းပဲ ဖြစ်စေရတော့မှာပေါ့။ ပြန်တိုက်ဖို့ လုပ်မနေတော့နဲ့။ သူတို့က သခင်ငယ်လေး သွားတဲ့နေရာကဆီကနေ လာတာ ဖြစ်လိမ့်မယ်။ ရှင်တို့အဲ့ကိုသွားပြီး သခင်ငယ်လေးကို တွေ့အောင်ရှာ။ ပြီးတာနဲ့ သေဆုံးသွားတဲ့ ကျွန်မတို့ရဲ့ ညီအစ်ကိုမောင်နှမတွေအတွက် ပြန်လက်စားချေခိုင်း”
အကုန်လုံး ဝမ်းနည်းညိုးငယ်စွာဖြင့်သာ ခေါင်းခါနေကြ၏။
“မိန်းကလေး၊ နင်ပြောချင်တဲ့စကား ရှိသေးလား။ ပြောချင်ရင်ပြောနော်၊ ငါနင့်ကို အသက်ဆယ်ရှိုက်စာ အချိန်ပေးမယ်” ချို့ရှုက လေထဲတွင်ဝဲလျက် လှောင်ရယ်ရယ်မောရင်း ပြောလိုက်သည်။
“အဲ့ကောင် အရမ်းလွန်သွားပြီ။ ငါအဲ့ကောင်နဲ့တိုက်မယ်” တုဖုန်းက ဒေါသတကြီး အော်ပြောလိုက်ပြီး သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံးဖို့ပြင်လိုက်သည်။
“ငါတိုသေရင် အတူတူ သေကြမယ်။ နင်သေတာကို ငါတို့ ထိုင်မကြည့်နိုင်ဘူး” ရင်းဂျု ပြေးဝင်ရန် ပြင်လိုက်သည်။
ထိုအချိန်မှာပဲ မမြင်နိုင်သော ဖိအားတစ်ရပ် သက်ဆင်းလာပြီး တုဖုန်းနှင့် ရင်းဂျုတို့အား နေရာတွင် မလှုပ်နိုင်အောင် အတင်းအကြပ် ဖိနှိပ်ပစ်လိုက်လေသည်။
ချို့ရှုက အားပါးတရ ရယ်မောရင်း လှောင်ပြောင်ပြောဆိုလိုက်လေသည် “မင်းတို့ကို ငါ့ရှေ့မှာ လာမမောက်မာပြနဲ့လို့ ပြောမထားဘူးလား။ ငြိမ်ငြိမ်နေဆို ငြိမ်ငြိမ်နေလေ။ ကိုယ့်အကြောင်းကိုယ်သမိတဲ့ အမှိုက်တွေ၊ မသေမျိုးအဆင့်ကများ သူတော်စင်အဆင့်ကို ပြန်တိုက်ချင်သေးတယ်။ အခုကြည့်ထား၊ မင်းတို့နဲ့ငါ ဘယ်လောက်တောင် ကွာလဲဆိုတာကို။ မင်းတို့ကို သတ်တာက ပုရွတ်တစ်ကောင်ကို သတ်လိုပဲ၊ ကြိုက်တဲ့အချိန် ကောက်သတ်ပစ်လို့ရတယ်”
ပြောပြီးသည်နှင့် လူအုပ်ဘက်သို့ သူ့လက်ကို ဆန့်ထုတ်၍ ဖမ်းချုပ်ဟန်လုပ်လိုက်သည်။
မမြင်နိုင်သော အားတစ်ရပ်သည် တန်ယုရှန်းအား တင်းတင်းကြပ်ကြပ် ဖျစ်ညစ်လာပြီး သူမအား လေထဲသို့ ဖြည်းဖြည်းချင်း ခေါ်ဆောင်သွားသည်။
ခဏအကြာ၌ သူမသည် မြေပြင်ထက် ဆယ်မီတာမက အထက်တွင် ဝဲနေခဲ့လေပြီ။
ထိုမမြင်နိုင်သော အား၏ အဖျစ်အားသည် ပိုပို၍ အားကောင်းလာလေရာ တန်ယုရှန်းအဖို့ အသက်ရှူဖို့ရာပင် ခက်ခဲလာခဲ့သည်။ မျက်နှာတစ်ခုလုံး နီမြန်းလာပြီး အသည်းအသန် ရုန်းထွက်ရန် ကြိုးစားသော်လည်း အချည်းနှီးသာ။
အောက်ဘက်မှ ဝမ်းနည်းတကြီး အော်ဟစ်သံ၊ အလန့်တကြား အော်ဟစ်သံတို့ တစ်ပြိုင်တည်း ထွက်ပေါ်လာခဲ့သည်။
အရိုးအက်သံနှင့်တူ တန်ယုရှန်း၏ အရိုးများ စတင် ကျိုးကြေစ ပြုလာသည်။
သေရတော့မည့်မှန်း သိလိုက်ရချိန် တန်ယုရှန်း၏ စိတ်အစဉ် ရုတ်ချည်း တည်ငြိမ်သွားခဲ့သည်။ အကျိုးမဲ့ ရုန်းကန်နေခြင်း မပြုတော့ဘဲ ချို့ရှုနှင့် ရှုလီဆိုသော အမျိုးသမီးကိုသာ ထူးမခြားနားဟန်ဖြင့် စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
ရွှစ်…
ဓါးအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချို့ရှုနှင့် တန်ယုရှန်းကြားမှ ဟင်းလင်းပြင်ကို ဖြတ်တောက်သွားသည်။
ထိုအလင်းတန်းနှင့်အတူ တန်ယုရှန်းအား ချုပ်နှောင်ထားသော အချုပ်အနှောင်လည်း ပျက်စီးသွားခဲ့သည်။
ယခုလေးတင် လေထဲ၌ တွဲလောင်းဆွဲ၊ အချုပ်ခံထားရသော တန်းယုရှန်း အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူမတစ်ကိုယ်လုံးအား ရစ်ပတ်ချုပ်နှောင်ထားသော ကြောက်မက်ဖွယ်ရာ ဖိအားကြီး မရှိတော့လေပြီ။ သေဘေးမှ လက်မတင်လေး လွတ်သွားခဲ့မှန်း သိလိုက်သည်နှင့် တန်ယုရှန်း စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် အောက်ဘက်ရှိ လူအုပ်ကြီးပေါ်သို့ ပြုတ်ကျသွား၏။
အပြာရောင်အလင်းတစ်ချက်နှင့်အတူ လူသုံးယောက် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သုံးယောက်စလုံးကို ရေခဲတမျှ အေးစက်သော အရှိန်အဝါတို့က လွှမ်းခြုံထာပေသည်။
“ဘယ်သူလဲ” ချို့ရှုနှင့် ရှုလီတို့၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး လှမ်အော်မေးလိုက်သည်။
အောက်ဘက်တွင် ရှိနေသော မသေမျိုးများသည်လည်း လူသစ်များဆီ လှမ်းကြည့်လိုက်သည်။
သို့သော် ကြည့်မိသည့်အခိုက် အကုန်လုံး မှင်သက်သွားကြရ၏။
မှင်သက်နေရာမှ အသိပြန်ဝင်လာသည်နှင့် အကုန်လုံး ရုတ်တရက် ပျော်ရွှင်စွာ ထအော်ကြတော့လေသည်။
“သခင်ငယ်လေး”
ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်ပြလိုက်ပြီး အောက်ဘက်ကို ဝေ့ကြည့်လိုက်သည်။
ရင်းနှီးနေသော မျက်နှာများကို သူပြန်မြင့်ခဲ့ရချေပြီ။
တုဖုန်း၊ တန်ယုရှန်း၊ ရင်းဂျု၊ ကျိလိ၊ ရှောင်ရွှန်၊ ယန်လီရှင်း၊ ဝူကျု…
ရန်မိသားစု၏ သွေးစစ်သည်တော် အများစု ဤနေရာတွင် ရှိနေခဲ့သည်။
“ယုရှန်း၊ ခင်ဗျား အဆင်ပြေလား” ရန်ကိုင်က လေသံကို ဖျော့၍ မေးလိုက်သည်။
တန်ယုရှန်းက စိတ်လှုပ်ရှားတကြီး ခေါင်းညိတ်၍ “ဒဏ်ရာက အသေးအမွှားလေးပါပဲ၊ သခင်ငယ်လေး စိတ်ပူစရာ မလိုပါဘူး”
“ကောင်းတယ်” ထိုအခါမှသာ ရန်ကိုင် သက်ပြင်းချလိုက်နိုင်သည်။
“မင်းဘယ်သူလဲ” ချို့ရှု မျက်မှောင်ကြုံ့သွားခဲ့ပြီး ရှုလီနှင့်အတူ မတ်တပ်ရပ်နေရင်း လှမ်းအော်မေးလိုက်သည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၃၂) ဒီအဖေ မင်းနဲ့တိုက်မယ်ကွ
ဘာကြောင်းမှန်းမသိ၊ ထိုလူသုံးယောက် ရုတ်တရက် ပေါ်လာချိန် သူ့ရင်ထဲ အကြောက်တရားကို ပေါ်ထွက်လာခဲ့သည်။ ထိုသုံးယောက် ရောက်ရှိလာခြင်းသည် သူ့သေခြင်းကို ကြေညာလိုက်သည့်အလား၊ သူ့စိတ်ထဲ အလိုလို တုန်လှုပ်နေမိခဲ့သည်။
ထို့ကြောင့် ရှုလီနား ပြေးရပ်နေလိုက်ခြင်းပင်။ အကာအကွယ် ရလိုရငြားပေါ့။
“မသေမျိုးအဆင့်တွေက သူတော်စင်အဆင့်တွေကို လုံးဝ ပြန်မတိုက်နိုင်ဘူးလို့ ခင်ဗျား ပြောခဲ့တယ်နော်” ရန်ကိုင်က ချို့ရှုကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း ခပ်ပြတ်ပြတ်လေသံဖြင့် ပြောလိုက်သည်။
“အင်း။ ဒီက သခင်လေးက ဘယ်သူများလဲ သိလို့ရမလား” ချို့ရှု မျက်မှောင်ကြုံ့နေခဲ့ရပြီ။
“သေလူကို ပြောနေစရာ လိုသေးလို့လား”
“သခင်လေးက တော်တော်လေး ရဲတင်းတာပဲ။ မင်းဘယ်သူလဲ” ကောင်းမည့်လမ်းစ မမြင်တော့လေရာ ချို့ရှုလည်း ယဉ်ကျေးပြမနေတော့။ တစ်ချိန်တည်းတွင် အခွင့်ရသည်နှင့် လှုပ်ရှားရန် ရှုလီကိုပါ အချက်ပြထားလိုက်သည်။ ရှုလီကလည်း ခေါင်းညိတ်ပြ၏။
ရန်ကိုင်ကမူ သူတို့နှစ်ယောက် အချက်ပြနေသည်ကို မမြင်သည့်အလား၊ လီရုန်ဘက်သို့လှည့်၍ “အဲ့မိန်းမကို ခင်ဗျားတို့ နှစ်ယောက် တာဝန်ယူ။ ဒီလူအိုကြီး ကျုပ်တာဝန်းထားလိုက်”
လီရုန်က ခေါင်းညိတ်လိုက်ပြီး “သတိထားဦးနော်”
သူမ ရန်ကိုင်ကို မတားခဲ့ရသည့် အကြောင်းမှာ ရန်ကိုင် မည်မျှ ဒေါသထွက်နေသည်ကို သတိပြုမိသောကြောင့်ပင်။ ထိုမျက်လုံးတစ်ဖက်ကန်းနေသည့် လူကြီးကို ရန်ကိုင် သူကိုယ်တိုင် သတ်ချင်နေသည်ကို သူမသိသည်။ သူမနှင့် ဟန်ဖေး အနားတွင် ရှိနေမှဖြင့် ရန်ကိုင် မနိုင်လျှင်ပင် သူအသက်အန္တရာယ် မရှိနိုင်ပေ။
မျက်ဝန်းနှစ်စုံသည် ရှုလီပေါ် ရောက်ရှိလာသည်နှင့် မမြင်နိုင်သော ဖိအားတစ်ရပ်သည် သူမအား နင်းချေဖိနှိပ်ရန် ကြိုးစားလာခဲ့သည်။
စွဲမက်ဖွယ်ကောင်းသော မိန်းမလှလေး ရှုလီ တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့လေသည်။ သူမကိုယ်တွင်းရှိ အစစ်အမှန်ချီကို နည်းနည်းလေးမှပင် လှည့်ပတ်၍ မရတော့။
ရှုလီ တုန်လှုပ်ချောက်ချားသွားခဲ့ပြီး ထိုမိန်းမနှစ်ယောက် မည်မျှ ကြောက်မက်ဖွယ်ကောင်းကို ချက်ချင်း နားလည်လိုက်၏။ ကြောက်ရွံ့မှုကြောင့် သူမ၏ ခန္ဓာကိုယ်ဟာ ဆိုလျှင်လည်း တဆတ်ဆတ် တုန်ရီနေတော့လေသည်။
ချို့ရှု၏ အမူအရာလည်း ဖြူလျော်သွားသည်။ လီရုန်နှင့် ဟန်ဖေး အစွမ်းပြလိုက်သည်နှင့် သူတို့ဘက်က လုံးဝ အသာမရနိုင်မှန်း ချက်ချင်း နားလည်လိုက်၏။ ထို့ကြောင့် မသေမျိုးအဆင့်လူအုပ်ကို ဂရုပင်မစိုက်တော့ဘဲ ဗဟိုမြို့တော် ရှိရာဆီ အသည်းအသန် ထွက်ပြေးတော့လေသည်။
ဝူကျုန်းကို သွားရှာရပေမည်။
အကျိုးအမြတ်အား ဝူကျုန်း ခွဲတမ်းချပေးသည်နှင့် ပက်သက်၍ သူမကျေနပ်သော်လည်း ဝူကျုန်းသည် သူထက် ပိုအားကောင်းသည်ကိုမူ တထစ်ချ ယုံကြည်သည်။ ဝူကျုန်းသည် သူတော်စင်ဒုတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်ပြီး သူ့ထက် ကျင့်ကြံခြင်းတစ်ဆင့် ပိုမြင့်ပေသည်။
သူထွက်ပြေးရန် ကြိုးစားလိုက်စဉ်မှာပင် ကိုယ့်အစွမ်းကိုယ် မသိသော လူငယ်လေးတစ်ယောက် သူ့ရှေ့ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့လမ်းကို ပိတ်လိုက်သည်။
မသေမျိုး တတိယအဆင့်လေးပင်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ရန်ကိုင်၏ ကျင့်ကြံခြင်းကို ချူရှို့ ချက်ချင်း နားလည်လိုက်ကာ ပျော်ရွှင်သွားခဲ့သည်။ ‘ကောင်းကင်က ငါ့ကို မပစ်ပယ်သေးပါလား’ ဟူ၍လည်း စိတ်ထဲတွင် ကြိတ်တွေးနေလေသည်။ ထိုကြောင့် အသံ ကျယ်ကျယ်လောင်လောင်ဖြင့် အော်ဟစ်ရင်း ရှေ့သို့ တစ်ဟုန်ထိုး ပြေးတက်သွားလေသည် “လာစမ်း ကောင်လေး”
ပြောပြီးသည်နှင့် ရန်ကိုင်ကို လှမ်းဖမ်းရန် ပြင်လိုက်သည်။
ရန်ကိုင်ကို ဖမ်းပြီး ဓါးစားခံအဖြစ် အသုံးချရန် ရည်ရွယ်ထားခြင်းပင်။
ရန်ကိုင်သည် ရှောင်ရန်မကြိုးစားခဲ့။ ချို့ရှုကိုသာ အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။ ချို့ရှုလက် သူ့ပခုံးပေါ်ရောက်လာပြီး သူ့အား အတင်းအကြပ် ဖမ်းကိုင်ရန် ကြိုးစားမည်အပြု၊ ရန်ကိုင်က သူ့ကိုယ်တွင်းရှိ စွမ်းအင်များကို ဖွင့်ထုတ်ပစ်လိုက်သည်။
ချစ်ချစ်တောက် ပူလောင်သော အပူစွမ်းအင်းများ ပေါက်ကွဲထွက်လာခဲ့ရာ ချို့ရှုက နာနာကျင်ကျင် အော်ဟစ်ရင်း သူ့လက်ကို ကမန်းကတန်း ပြန်ရုတ်လိုက်ရလေသည်။ လက်ရှိ အဖြစ်အပျက်ကို သူလုံးဝ မယုံကြည်နိုင် ဖြစ်နေလေပြီ။
သူ့ရှေ့တွင်ရှိသော လူငယ်လေးသည် မသေမျိုးတတိယ အဆင့်လေးသာ ဖြစ်သော်လည်း သူတော်စင်ပထမအဆင့် ဖြစ်သော သူ့ထက်ပင် ပို၍သာလွန်၊ သိပ်သည်းသည့် စွမ်းအားကို ထုတ်ဖော်ပြသသွားခဲ့သည်။
လောင်ကျွမ်းနေသော အစစ်အမှန်ချီသည် သူ့လက်ဝါးမှ တစ်ဆင့် သွေးကြောတစ်လျှောက် စီးဆင်းသွားပြီး သူ့ကိုယ်တွင်း အင်္ဂါများကို တမြေ့မြေ့ လောင်ကျွမ်းတော့လေသည်။
ချို့ရှုလည်း နည်းနည်းလေးမှ နှောင့်နှေးမနေရဲဘဲ သူ့ကိုယ်ပိုင် သူတော်စင်ချီကို အလျင်အမြန် လှည့်ပတ်၍ ထိုအပူစွမ်းအင်များကို ဖိနှိပ်ပစ်လိုက်ရသည်။ ကိုယ်အပူချိန် ထိုးတက်လာပြီး သူ့တစ်ကိုယ်လုံး နီရဲလာခဲ့ကာ မွှေးညင်းပေါက်များဆီမှ အခိုးအငွေ့လေးများ ထွက်လာခဲ့သည်။
ထိုအပူစွမ်းအင်များကို ဖယ်ရှားပြီး နားပင်မနားရ သေးခင်မှာဘဲ ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် လေဟာနယ်ကို ခွဲ၍ သူ့ဆီ တစ်မုဟုတ်ချည်း ရောက်ရှိလာသော ရွှေလှံတံတစ်ချောင်းကို မြင်လိုက်ရသည်။
ထိုလှံတံထဲရှိ အဖျက်စွမ်းအားကို ခံစားမိသည်နှင့် ချို့ရှု သွေးထွက်လုမတတ် ကြောက်လန့်သွားခဲ့ပြီး ကမန်းကတမ်း ဘေးဘက်သို့ တိမ်းရှောင်လိုက်သည်။
ရွှစ်…
ကောင်းကင်အပြစ်ပေးလှံတံသည် ပစ်မှတ်အား သီသီလေး ကပ်လွဲသွားခဲ့သည်။ ပစ်မှတ်ကိုကျော်လွန်၍ မိုင်ဒါဇင်ကျော်အထိ ပျံသန်းသွားခဲ့ပြီး အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့၏။
ရန်ကိုင်သည် လေထဲတွင်ဝဲလျက် နောက်ထပ် ကောင်းကင်အပြစ်ပေးလှံတံတစ်ချောင်းကို ဖန်တီး၍ ထပ်ပစ်လိုက်ပြန်သည်။
ရွှေရောင်လှ့တံများသည် လျှပ်စီးကြောင်းများသဖွယ် တစ်ချောင်းပြီးတစ်ချောင်း ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလို ချို့ရှု ကျဉ်းထဲကြပ်ထဲ ရောက်သွားခဲ့ရသည်။ သူအနေဖြင့် ပြန်တိုက်ဖို့ပင် မဆိုထားနှင့်၊ ရွှေရောင်လှံတံများကိုပင် အသည်းအသန် ရှောင်တိမ်းနေရ၏။ သူ့မျက်နှာဆိုလျှင်လည်း သွေးဆုတ်ဖြူလျော်နေခဲ့သည်။
“ပြေးစမ်း၊ ပြေးထားစမ်း၊ ခင်ဗျား ဘယ်လောက် ပြေးနိုင်မလဲ ကြည့်ရအောင်” ချို့ရှုက ရှေ့မှပြေးနေစဉ် ရန်ကိုင်က နောက်မှ လှံဖြင့် လိုက်ပစ်နေခဲ့သည်။ လိုက်နေရင်းလည်း ချို့ရှု မသေမျိုးအဆင့်များအား လိုက်ဖမ်းစဉ်က လှောင်ပြောင်ခဲ့သလို ရန်ကိုင်ကလည်း သူ့အား ပြန်၍ လှောင်ပြောင်နေခဲ့သည်။
ချို့ရှုမှာ ပြန်၍ပင် မအော်နိုင်တော့ဘဲ သူ့ဆီ မုန်းတိုင်းသဖွယ် တရစပ် တိုးဝင်လာနေသော ရွှေလှံများကိုသာ ရှောင်တိမ်းရာ၌ အပြည့်အဝ အာရုံစိုက်နေခဲ့သည်။ အချိန်ကြာလာသည်နှင့် သူ့အမူအရာ အရုပ်ဆိုးသည်ထက် ဆိုးလာခဲ့ရလေသည်။
“ခင်ဗျားက အားကောင်းတဲ့ သူတော်စင်တစ်ယောက် မဟုတ်ဘူးလာ။ ဘာလို့ ပြန်မတိုက်ဘဲ အမြီးကုတ်ပြီး ခွေးဝဲစားတစ်ကောင်လို ထွက်ပြေးနေတာလဲ။ ဘာလဲ မသေမျိုးအဆင့်ပဲရှိတဲ့ ကျုပ်ကို ကြောက်နေတာလား။ လာစမ်းပါ၊ ဘာတွေကြောက်နေတာလဲ။ ခင်ဗျား ဘာတွေတတ်ထားလဲ ကျုပ်ကို ပြဦးလေ။ ဒီနေ့ ဒီသခင်လေးက မသေမျိုးတစ်ယောက် သူတော်စင်တစ်ယောက်ကို ဘယ်လိုသတ်လဲဆိုတာ ပြပေးမယ်”
ရန်ကိုင်က အေးစက်စက်လေသံဖြင့် လှောင်ပြောလိုက်သည်။ ထို့နောက် မဟာကောင်းကင်ဓါး၊ မဟာကောင်းကင်အချုပ်အနှောင်၊ ကောင်းကင်အပြစ်ပေးလှတံ၊ အစရှိသဖြင့် ကိုးခုသော ကောင်းကင်နတ်ဘုရား ပညာရပ်များကို စတင် ထုတ်သုံးတော့လေသည်။
တုဖုန်းနှင့် အခြား သွေးစစ်တော်များမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ကြက်သေသေနေခဲ့ကြသည်။ အချိန် အတော်ကြာသည်အထိ အသိပြန်မဝင်လာနိုင်ခဲ့။
ရန်ကိုင် ကျေးဇူးတော်ကြောင့် သူတို့လည်း မသေမျိုး အဆင့်သို့ ချိုးဖျက်နိုင်ခဲ့သည်။ ရန်ကိုင် ထွက်သွားစဉ်က သူတို့သည် ဤလောကကြီး၏ အထွဋ်အထိပ် တည်ရှိမှုများ ဖြစ်ကြပေသည်။
လွန်ခဲ့သောဆယ်နှစ်၊ ရန်ကိုင် မရှိချိန် အတောအတွင်း သွေးစစ်တော်တို့သည် ကျားကုတ်ကျားခဲ ကြိုးစားခဲ့လေရာ ယခုဆိုလျှင် မသေမျိုးဒုတိယအဆင့်သို့ ချိုးဖျက်နိုင်မည့် မျှော်လင့်ချက်ကို မြင်တွေ့နေခဲ့ရလေပြီ။
သို့သော် လွန်ခဲ့သော လအနည်းငယ်ခန့်က သူတို့လုံးဝ မယှဉ်ပြိုင်နိုင်သော ရန်သူတစ်အုပ် ရုတ်တရက် ပေါ်လာပြီး ဗဟိုမြို့တော်တစ်ခုလုံးကို သိမ်းပိုက်ခဲ့သည်။
ယခုမတိုင်မီ အချိန်လေးကဆိုလျှင်လည်း မျက်လုံးတစ်ဖက်ကန်း လူကြီးနှင့် ရှုလီဆိုသော အမျိုးသမီး လိုက်ဖမ်းသဖြင့် မျှော်လင့်ချက်မဲ့စွာ ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရသည်။ ထို့အပြင် သူတို့ မျက်စိရှေ့၌ပင် တန်ယုရှန်း အသတ်ခံရတော့မည်ကို ထိုင်ကြည့်နေရသည့် အဖြစ်မျိုးနှင့် ကြုံခဲ့ရသေးသည်။
သို့သော်လည်း သူတို့၏ သခင်ငယ်လေး ရုတ်တရက် ပြန်ပေါ်လာပြီး သူတို့အား ကူကယ်ရာမဲ့အောင် လုပ်ခဲ့သည့် မောက်မာသော ချို့ရှုက ယခုလိုအခြေအနေဆိုးသို့ ရောက်အောင် ပြန်တွန်းပို့ခဲ့သည်။
လီရုန်နှင့်ဟန်ဖေးတို့မှာလည်း ရန်ကိုင်၏ စွမ်းဆောင်ရည်ကို ကြည့်ရင်း အတော်လေး အံ့အားသင့်နေခဲ့သည်။
ရန်ကိုင် အရမ်းသန်မာမှန်း သိသော်လည်း ရန်ကိုင် နောက်သို့ စလိုက်စဉ်ကတည်းက အစစ်အမှန် ပညာရှင် တစ်ယောက်နှင့် ရန်ကိုင် တိုက်ခိုက်ခဲ့သည်ကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ထို့ကြောင့် ရန်ကိုင် မည်သည့် အတိုင်းအတာအထိ အားကောင်းမှန်း သေချာမသိချေ။
ထို့ကြောင့် ချို့ရှုအား ရန်ကိုင်မနိုင်တော့သည်ဟု ထင်သည်နှင့် ချက်ချင်းဝင်ကူရန် သူမတို့ နှစ်ယောက်စလုံး တွေးထားကြခြင်း ဖြစ်သည်။
သို့သော်လည်း လက်ရှိအခြေအနေသည် သူတို့ ထင်ထားသည်နှင့် တခြားစီ ဖြစ်နေခဲ့သည်။ သူတော်စင် ပထမအဆင့် ပညာရှင်တစ်ယောက်သည် ရန်ကိုင်ရှေ့၌ ပြန်တိုက်ရန်ပင် မဆိုထားနှင့်၊ သူ့အသက်ကိုပင် ဖက်နှင့်ထုပ်ကာ ခွေးပြေးဝက်ပြေး ထွက်ပြေးနေခဲ့ရသည်။
ရန်ကိုင်သာ ဆန္ဒရှိလျှင် တစ်ဖက်လူကို အလွယ်လေး သတ်နိုင်မှန်း လီရုန်နှင့်ဟန်ဖေးတို့ နားလည်သွားခဲ့သည်။
အကြောင်းမှာ ရန်ကိုင်သည် ယခုအချိန်အထိ၊ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို မသုံးသေးချေ။ သူ့ခွန်အားသက်သက်ဖြင့်သာ တိုက်ခိုက်နေခြင်း ဖြစ်သည်။
“ဒီအဖေကို မင်းကို တိုက်မယ်ကွ” ချို့ရှု ရုတ်တရက် အော်ဟစ်လိုက်ပြီး ခေါင်းလောင်ကြီးတစ်လုံးကို ထုတ်ယူလိုက်သည်။ ခေါင်းလောင်ဆီးမှ မိုးချိန်းသံမျှ ကျယ်လောင်သော အသံစွမ်းအင်တို့ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းတို့ အဘက်ဘက်သို့ ပြန့်ထွက်လာခဲ့လေသည်။
သူ့ဆီသို့ တိုးဝင်လာနေသော ကောင်းကင်အပြစ်ပေး လှံတံနှင့် မဟာကောင်းကင်ဓါးနှစ်ခုစလုံး ချက်ချင်း အားနည်းသွားခဲ့သည်။
ထိုခေါင်းလောင်းမြည်သံကြောင့် အောက်ဘက်တွင် ရှိနေသော မသေမျိုးအဆင့် ကျင့်ကြံသူများ တဆစ်ဆစ် ခေါင်းကိုက်လာခဲ့ကြသည်။
လီရုန်က သူမလက်ကို ဝှေ့ရမ်း၍ မသေမျိုးအဆင့် ကျင့်ကြံသူများပတ်လည်၌ အရံအတားတစ်ခု ဖန်တီးပေးလိုက်မှပဲ အကုန်လုံး အဆင်ပြေသွားခဲ့သည်။
ချို့ရှုဆီမှ စိတ်စွမ်းအင်တို့ ပေါက်ကွဲထွက်လာပြီး ခေါင်းလောင်းကို အကာအကွယ်ယူလျက် ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။
သူသေကိုယ်သေ တိုက်ခိုက်တော့မည်ပုံပင်။ ရန်ကိုင်ကို ဖမ်းနိုင်လျှင်တော့ ပိုကောင်းပေသည်။
“စိတ်ဝိဥာဉ်အထွဋ်အထိပ်ဆင့် မှော်ရတနာလား” ရန်ကိုင် မဲ့ပြုံးပြုံးကာ နှာခေါင်းရှုံ့လိုက်သည်။ နောက်ဆုတ်မသွားသည့် အပြင် ခေါင်းလောင်းသံကို လျစ်လျူရှုကာ ရှေ့သို့ပင် တိုးသွားလိုက်သည်။
အစစ်အမှန်ယန်ယွမ်ချီတို့ ပေါက်ကွဲထွက်လာပြီး မီးလုံးကြီးတစ်လုံးသဖွယ် အသွင်ပြောင်းလျက် ခေါင်းလောင်း ဆီသို့ တိုးဝင်သွားလေသည်။
ဘုန်း…
ဗဟိုမြို့တော်တစ်ခုလုံး ခေါင်းလောင်းသံ မြည်ဟည်းသွားရာ ကြားလိုက်သူတိုင်း၏ ကိုယ်တွင်း သွေးစီးကြောင်းများ ပရမ်းပတာ ဖြစ်သွားခဲ့ရလေသည်။
ခေါင်းလောင်းနောက်တွင် ပုန်းနေသော ချို့ရှုမှာ ထိုရိုက်ချက်ကြောင့် ကြိုးပြတ်သွားသော စွန်တစ်ခုပမာ လွင့်စင်ထွက်သွားခဲ့လေသည်။ သူ့ဒဏ်ရာမှ သွေးစိမ်းရှင်ရှင်တို့ ပန်းထွက်နေခဲ့ပြီး မျက်နှာဆိုလျှင်လည်း သွေးမရှိမတတ် ဖြူလျော်နေခဲ့လေသည်။ လွင့်စင်ထွက်သွားနေရင်း ထိတ်လန့်တုန်လှုပ်နေသည့် မျက်ဝန်းအစုံဖြင့် ရန်ကိုင်ကို သေချာစိုက်ကြည့်သွားခဲ့သည်။
သူဒဏ်ရာရသွားမှန်း သိနေသော်လည်း ဖြစ်ပျက်သွားခဲ့သည်များကို မယုံကြည်နိုင်သေးပေ။
မသေမျိုးတတိယအဆင့် ကောင်လေးသည် ခေါင်းလောင်း၏ တိုက်ခိုက်မှုကို ခန္ဓာကိုယ်ခွန်အား သက်သက်ဖြင့် ခုခံသွားခဲ့ရုံမက သူ့ကိုပင် ဒဏ်ရာရအောင် ပြန်လုပ်နိုင်ခဲ့သည်။
ချို့ရှု လွင့်စင်ထွက်သွားချိန် ရန်ကိုင်ကမူ ခြေလှမ်း အနည်းငယ်သာ ဆုတ်သွားခဲ့ရသည်။
မှော်ရတနာကို ခန္ဓာကိုယ်သက်သက်ဖြင့် ရပ်တန့်နိုင်လောက်အောင် သူ့အသွေးအသားသည် မည်သည့်အတိုင်းအတာအထိ အားကောင်းနေသနည်း။
ယခုမှပဲ ထိုမသေမျိုးအဆင့် လူငယ်လေး မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ချို့ရှု နားလည်သွားခဲ့သည်။ လူငယ်လေး၏ ကျင့်ကြံခြင်းသည် သူ့ထက် ပိုနိမ့်သော်လည်း သူ့အား အထက်စီးမှ တိုက်ခိုက်နိုင်ခဲ့သည်။
ချို့ရှု မျက်လုံးများ မှေးကျသွားခဲ့ပြီး နောက်သို့ ဒယီးဒယိုင် ဆုတ်လိုက်ရသည်။ နောက်ဆုံး မျှော်လင့်ချက်အဖြစ် အားကုန်သုံး၍ အော်ခေါ်လိုက်လေသည် “ဝူကျုန်းရေ”
ရန်ကိုင်က ခေါင်းလောင်းကို ကိုက်ကာ တစ်ချက် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် လွင့်ပစ်လိုက်၏။ ထို့နောက် ချို့ရှုရှေ့တွင် ပြန်ပေါ်လာပြီး ရက်စက်တော့မည့် မျက်နှာဖြင့် “ဘယ်သူ့ကိုပဲ ခေါ်ခေါ်၊ သေရမယ့်ကံကနေ ခင်ဗျားပြေးလွတ်မှာ မဟုတ်ဘူး”
ရန်ကိုင် ခန္ဓာကိုယ်မှ အစစ်အမှန်ချီတို့ ပေါက်ကွဲထွက်လာပြီး ချို့ရှု၏ ဦးခေါင်းမှတစ်ဆင့် သူ့ကိုယ်ထဲသို့ စီးဝင်သွားခဲ့သည်။
ချစ်ချစ်တောက် ပူလောင်သော စွမ်းအင်များသည် ချို့ရှုသွေးကြောတစ်လျှောက် စီးဆင်းသွားရာ သူ့သွေးများ ပွက်ပွက်ဆူလာပြီး သူ့အရေပြားသည်လည်း နီရဲလာခဲ့ရသည်။
ဘုန်း…
ချို့ရှု၏ ခန္ဓာကိုယ်သည် သွေးပန်းတစ်ပွင့် ပွင့်လန်းလာသည့်နှယ် ပေါက်ကွဲထွက်သွားခဲ့ရသည်။ ချို့ရှုမှာ အလောင်းမြုပ်စရာပင် မကျန်ဘဲ သေသွားခဲ့ရလေပြီ။
ထိုမြင်ကွင်းကိုကြည့်ရင်း ရှုလီ၏ ခန္ဓာကိုယ်လေး တဆတ်ဆတ် တုန်ရီနေခဲ့သည်။ ရန်ကိုင်၏ ရက်စက်မှုကြောင့် သူမရင်ထဲ အကြောက်တရားကို ကိန်းအောင်းလာခဲ့ရသည်။ တိုက်ပွဲစချိန်မှ ပြီးဆုံးသွားသည်အထိ သူတော်စင်ပထမအဆင့် ဖြစ်သော ချို့ရှုသည် မသေမျိုးအဆင့်သာ ဖြစ်သော ရန်ကိုင်ကို နည်းနည်းလေးမှပင် ပြန်မတိုက်နိုင်ခဲ့ချေ။ နောက်ဆုံး ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်သည့်အခါ တစ်ခါတည်း တန်းအသက်ပျောက်သွားခဲ့ရလေသည်။
ရန်ကိုင်၏ စွမ်းဆောင်ရည်သည် သူမသိထားသော ယူဆချက်နှင့် ကွဲလွဲနေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းလွန်းသည် လူငယ်လေး၏ ကျောပြင်ကို ကြည့်ရုံနှင့်ပင် ရှုချီ ကြောက်လန့်နေမိလေပြီ။
“သခင်၊ ဒီမိန်းကလေးကို ဘယ်လိုလုပ်ရမလဲ”
“သတ်ပစ်လိုက်”
“နားလည်ပါပြီ” ဟန်ဖေးက ခေါင်းညိတ်လိုက်ပြီး ရှုလီရှေ့ ရုတ်တရက် ပြေးသွားလိုက်ပြီး လက်ဝါး နှစ်ချက်၊ သုံးချက်မှ ရိုက်လွှတ်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း ရှုလီ တစ်ကိုယ်လုံး ရေခဲစတို့ဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး ခဏအကြာ လွန်စွာကိုမှ အသက်ဝင်လှသော ရေခဲရုပ်ထုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။ သို့တိုင် သူမမျက်နှာထက်ရှိ ကြောက်လန့်နေသည့် အမူအရာမှာ ပျောက်ပျက်သွားခြင်း မရှိသေးချေ။
ရေခဲရုပ်ထုသည် လေပေါ်မှ အောက်သို့ ပြုတ်ကျသွားကာ မြေပြင်နှင့်ဆောင်၍ တစ်စစီ ဖြစ်သွားခဲ့သည်။
ရှုလီလည်း သေသွားခဲ့လေပြီ။ အလောင်းပင် မကျန်ခဲ့ချေ။
“ဒီမှာ ဘယ်သူ လူသတ်ရဲတာလဲကွ” ခပ်ဝေးဝေးမှ ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ခဏအကြာ၌ မျက်နှာနီနီနှင့် လူအိုကြီးတစ်ယောက် ထွက်ပေါ်လာပြီဂ ဒေါသတကြီး အမူအရာဖြင့် ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်သည်။
ရန်ကိုင်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့မျက်နှာ ဖြူလျော်သွားပြီး “ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင်လား”
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၃၃)
အနှောင်အဖွဲ့ကင်းဂိုဏ်းချုပ် ဝူကျုန်းသည် ရန်ကိုင်ကို ချက်ချင်း မှတ်မိလိုက်သည်။
ရှေးဟောင်းနတ်ဆိုးကလန်သားများ နောက်သို့ ရောင်ပြန်ကောင်းကင်နန်းတော်မှ ချူးရီ၊ မြူနှုန်းမှုန်မျှော်စဉ်မှ ဖန်ယွဲ့ပိုင်တို့ နှင့်အတူ လိုက်သွားစဉ်က တောင်ထွတ်ကိုးလုံး အပြင်ဘက်တွင် ရန်ကိုင်ကို တွေ့ဖူးခဲ့ပေသည်။
ဝူကျုန်းသည် နတ်ဆိုးများနှင့် ပူးပေါင်းသော ထိုလူငယ်လေးကို မုန်းတီးသလို မနာလိုခြင်းလည်း ဖြစ်မိသည်။
အကြောင်းမှာ ရှင်း၏။ ရန်ကိုင်သည် ဘာမှမဟုတ်သေးသော လူငယ်လေး တစ်ယောက်သာ ဖြစ်သည်။ သို့သော် သူသည် ဤလောကကြီး၏ အားအကောင်းဆုံး အင်အားစုများအနက် တစ်ခုအပါအဝင်ဖြစ်သော ဘုံကိုးခုထွတ်မြတ် နယ်မြေ၏ အရှင်သခင် ဖြစ်နေသည့်အပြင် အားကောင်းသော နတ်ဆိုးများစွာကိုလည်း စေခိုင်းနိုင်နေ၏။
သူ့လက်ထဲ စွဲကိုင်ထားသော ခွန်အားသည် မည်သူ့ကိုမဆို မနာလိုအောင် လုပ်နိုင်ပေသည်။
ရန်ကိုင်ထက် ဘယ်နေရာမှာများ သူနိမ့်ကျနေလို့ပါလဲ… ထိုကံကောင်းမှုများသည် ဘာကြောင့် သူ့ဆီသို့ ရောက်မလာရလေသနည်း။
“ဝူကျုန်း” ရန်ကိုင်က သွားပေါ်အောင်ပြုံးလျက် ထိုလူအိုကြီးကို စိုက်ကြည့်လိုက်သည်။
“တော်ဝင်သခင်ရန်… မတွေ့ရတာ ကြာပြီနော်” ဝူကျုက ဟိုဝေ့ကြည့်၊ ဒီဝေ့ကြည့် လုပ်လိုက်ပြီးနောက် မျက်မှောင်ကြုံ့၍ “တော်ဝင်သခင် ဒီနေရာကို ဘာလို့ ရောက်လာလဲ မေးလို့ရမလား။ ပြီးတော့ ချို့ရှုနဲ့ ရှုလီတို့ကိုကော တွေ့မိသေးလားဟင်။ ခုဏတုန်းက ချို့ရှုအော်သံကို ကြားလိုက်လားလို့။ ပြီးတော့ ဒီနေရာက တိုက်ပွဲတွေ ဖြစ်ထားသလိုပဲ။ ဖြစ်နိုင်တာက တော်ဝင်သခင်ရန်…”
“မျက်လုံတစ်ဖက်ကန်းနေတဲ့ကောင်နဲ့ အမျိုးသမီး တစ်ယောက်ကို ပြောတာလား၊ သူတို့ သေသွားပြီလေ”
“သွေးတာလား” ဝူကျုန်း အမူအရာ မဲမှောင်သွားပြီး ရန်ကိုင်ကို သေသေချာချာ စိုက်ကြည့်လျက် “တော်ဝင်သခင်ရန် သတ်လိုက်တာလား”
“ဟုတ်တယ်” ရန်ကိုင်က ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံလိုက်သည်။
ဝူကျုန်း မျက်မှောင်ကြုံ့သွားခဲ့ပြီး သူ့မျက်ဝန်းနက်ထဲ အေးစက်စက် အလင်းရောင်တို့ ဖြတ်ပြေးသွားခဲ့လေသည်။
“ဘာလို့ သတ်လိုက်တာလဲ။ တော်ဝင်သခင်ရန်နဲ့ သူတို့ကြားမှာ ရန်ငြိုးရှိလို့လား”
“ရန်ငြိုးမရှိဘူးဆိုတာနဲ့ သတ်လို့ မရတော့ဘူးပေါ့” ရန်ကိုင်က ရယ်ရယ်မောမောနှင့် ပြန်ပြောလိုက်ပြီး ဝူကျုန်းအား မျက်လုံးမှေးစဉ်း၍ ကြည့်လိုက်သည်။ ထို့နောက် ဝူကျုန်းအား လက်ညိုးထိုးလျက် ကြမ်းကုတ်စွာ ပြုံးလိုက်ရင်း “သူတို့တင် မဟုတ်ဘူး။ ခင်ဗျားပါ သေရမှာ”
ဝူကျုန်းမျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး လီရုန်နှင့် ဟန်ဖေးတို့အား အထိတ်လန့်ဖြင့် လှမ်းကြည့်လိုက်သည်။ ထို့နောက် အပြုံးဖြင့် “တော်ဝင်သခင် ဘာပြောချင်တာလဲ။ ဘယ်တုန်းကများ ဒီဝူ တော်ဝင်သခင်ကို ရန်စမိလို့လဲ”
ချို့ရှု အော်သံကြားသဖြင့် ဤနေရာသို့ ချက်ချင်း ပြေးလာခဲ့ခြင်း ဖြစ်သည်။ သို့သော် သူရောက်သည့်အခါ ရန်ကိုင်တို့အဖွဲ့မှတစ်ပါး အခြားဘယ်သူ့ကိုမှ မတွေ့ရတော့ချေ။ ဘာတွေဖြစ်ပျက်သွားခဲ့သည်ကို သေချာနားမလည်လေရာ ဝူကျဲစိတ်ထဲ သိပ်ပြီး ထိတ်လန့်မနေခဲ့ချေ။
တကယ်တော့ ရန်ကိုင်သည် ဘုံးကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင် တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် အကြောင်းပြချက်မရှိဘဲ လူတစ်ယောက်ကို သတ်ရန် မဖြစ်နိုင်ပေ။ ထို့အပြင် ဝူကျုန်း ဆိုသည့် သူဟာလည်း တော်ဝင်နယ်မြေအောက် မနိမ့်ကျသည့် အင်အားစုတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်ပေသည်။
ရောက်လာခဲ့စဉ်က ရန်ကိုင် ဘာကြောင့် ထိုကဲ့သို့ လုပ်ခဲ့ရသလဲဟု ထိုင်ဆွေးနွေးဖို့ပင်။
သို့သော်လည်း ရန်ကိုင်သည် နည်းနည်းလေးမှပင် စကားပြောချင်စိတ်မရှိဘဲ သူ့အား သတ်မည်ဟု တိုက်ရိုက် ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ကျုပ်ကို ရန်မစခဲ့ဘူး ဟုတ်လား” ရန်ကိုင် မျက်ဝန်းများ အေးစက်သွားခဲ့ပြီး ဝူကျဲအား ရက်စက်တော့မည့် အကြည့်ဖြင့် စိုက်ကြည့် “ဒီနေရာက ကျုပ်အိမ်။ အဲ့ဒါကို ခင်ဗျားတို့က ဒီနေရာကို ကျူးကျော်ပြီး ကျုပ်မိတ်ဆွေ၊ မိသားစုတွေကို သတ်၊ မုဒိန်းကျင့်ပြီး…”
ရန်ကိုင် စကားမဆုံးသေးခင်မှာဘဲ အခြေအနေ အကောင်းဘက် ရှိမနေတော့မှန်း ဝူကျုန်း သိလိုက်သည်။
ရန်ကိုင် စကား မှန်မှန်၊ မှန်မှန် ချို့ရှုနှင့် ရှုလီတို့ သေသွားပြီ ဆိုသည်ကတော့ မှန်ပေသည်။ ရန်ကိုင်သည် ထိုနှစ်ယောက်ကို သတ်ရဲမှဖြင့် သူ့ကိုလည်း သတ်ပေလိမ့်မည်။
ဝူကျုန်းသည် ပြတ်သားသော လူတစ်ယောက် ဖြစ်သည်။ ရန်ကိုင် ရှင်းပြချက်ကို ကြားပြီးနောက် ဘာမှ ဆက်ပြောမနေတော့ဘဲ ဒိုင်းမှော်ရတနာတစ်ခုကို ထုတ်ယူ၍ သူ့ကိုယ်သူ ကာကွယ်ကာ ဗဟိုမြို့တော်ဆီသို့ ချက်ချင်း ထွက်ပြေးတော့လေသည်။
ဝူကျုန်း ထွက်ပြေးသွားရာ အရပ်ဆီ လှမ်းကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့သည်။ ထို့နောက် လက်ဝှေ့ရမ်းလိုက်သည်။
ပြောစရာမလိုအောင်ကိုပင် ဟန်ဖေးသည် အလိုက်တသိနှင့် ဝူကျုန်းနောက်သို့ ပြေးလိုက်သွားလေသည်။
ဝူကျုန်း၏ ကံတရားကို ခန့်မှန်းနေစရာ မလိုတော့။ သူ့အား သေခြင်းကသာ စောင့်ကြိုနေပေလိမ့်မည်။
ရှေးဟောင်းနတ်ဆိုးကလန်သား တစ်ယောက် နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို အသုံးပြုလိုက်သည်နှင့် သူတို့ထက် တစ်ဆင့်မြင့်သော ကျင့်ကြံသူများကိုပင် ယှဉ်တိုက်နိုင်ကြသည်။ လီရုန်သည် သူတော်စင်ဒုတိယအဆင့် ဖြစ်စဉ်က နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို အသုံးပြု၍ ရွှယ့်လီနှင့် လက်ရည်တူ ယှဉ်တိုက်နိုင်ခဲ့သည်။ လက်ရှိဟန်ဖေးသည်လည်း သူတော်စင် ဒုတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်ပေသည်။ ထို့ကြောင့် ဝူကျုန်းကို သတ်ရန်အတွက် အချိန်သာ လိုပေလိမ့်မည်။
“လီရုန်၊ ဗဟိုမြို့တော်မှာ ရှိနေတဲ့ ဝူကျုန်း ခေါ်လာတဲ့ လူတွေအကုန်လုံးကို ရှင်းပစ်လိုက်”
“ဟုတ်ကဲ့ပါ” ရန်ကိုင် အမိန့်ပေးလိုက်သည်နှင့် လီရုန်သည် နည်းနည်းလေးမှ တုန့်နှေးမနေဘဲ သူမ၏ ကောင်းကင်စိတ်အာရုံဖြင့် ဗဟိုမြို့တော်တစ်ခုလုံးကို လွှမ်းခြုံပစ်လိုက်လေသည်။
ထို့နောက် ရန်ကိုင် အောက်ဆင်းလိုက်သည်။
“သခင်ငယ်လေး” ရန်ကိုင် ဆင်းလာသည်ကိုမြင်သည်နှင့် သွေးစစ်တော်များက စိတ်လှုပ်ရှားစွာဖြင့် သူ့အား လှမ်းခေါ်လိုက်ကြသည်။
ရန်ကိုင်က ခေါင်းပြန်ညိတ်ပြလိုက်ပြီး “အခု အားလုံး အဆင်ပြေသွားပြီ။ စကားမပြောခင် အရင်ပြန်ကြတာပေါ့”
“ကောင်းပါပြီ”
ရန်မိသားစုဆီသို့ ရန်ကိုင် ရောက်လာသည့် အချိန်၌ လီရုန်သည် ဝူကျုန်းခေါ်လာသော လူအားလုံးကို ရှင်းလင်းပစ်ပြီးသွားခဲ့လေပြီ။
လီရုန်ဆီမှ အကြောင်းကို ကြားပြီးနောက် ရန်မိသားစုဝင် များစွာတို့သည် ရန်ကိုင် ရောက်လာမည်ကို မျှော်လင့်တကြီးဖြင့် စောင့်နေခဲ့ကြလေသည်။
ရန်မိသားစု၏ လေးယောက်မြောက် သခင်ကြီးနှင့် သူ့မိန်းမတို့လည်း ရှိနေခဲ့ပေသည်။ ဒေါင်စုကျုသည် အဆက်မပြတ်ကို မျက်ရည် သုတ်နေခဲ့ရလေသည်။
ရန်ကိုင်နှင့် သွေးစစ်တော်တို့ကို ပေါ်လာသည့်အချိန်၌ ဒေါင်စုကျုသည် လေးယောက်မြောက်သခင်ကြီးမှ သူမအား ဆွဲထားရန် ကြိုးစားသည့်တိုင် အတင်းရုန်းထွက်ပြီး ရန်ကိုင်ဆီသို့ ပြေးဝင်သွားလေသည်။
“အမေ” ရန်ကိုင် ပျော်ရွှင်စွာ လှမ်းခေါ်လိုက်သည်။
ဒေါင်စုကျုက ရန်ကိုင်ပခုံးကိုကိုင်၍ သူ့အား ခေါင်းအစ၊ ခြေအဆုံး သေချာစစ်ဆေးကြည့်လိုက်သည်။ ရန်ကိုင် ဘာဒဏ်ရာမှ ရမထားမှန်း အတည်ပြုပြီးနောက် သူ့အား တင်းတင်းကြပ်ကြပ် ဖက်လိုက်လေသည်။
ဒေါင်စုကျုက တင်းတင်းကြပ်ကြပ် ဖက်ထားသဖြင့် ရန်ကိုင်မှာ အသက်ရှူရပင် ကြပ်လာခဲ့သည်။
လီရုန်သည် ထူးထူးဆန်းဆန်း အမူအရာဖြင့် ထိုအမေနှင့် သားအတွဲကို စိုက်ကြည့်နေခဲ့သည်။ ရန်ကိုင်သာ ‘အမေ’ဟု မခေါ်လိုက်လျှင် ထိုအမျိုးသမီးကို ရန်ကိုင်၏ အစ်မကြီး၊ သို့မဟုတ် ညီမလေးဟု ထင်မိမှာအမှန်ပင်။ သူမအား ရန်ကိုင်၏ အမေဟု နည်းနည်းလေးမှ မထင်ခဲ့။
“ဒီလောက် ဖက်ရတာ တော်လောက်ပြီလေ။ အခြားသူတွေလည်း စောင့်နေသေးတယ်။ ကိုင်အာက ချက်ချင်း ပြန်ထွက်သွားဦးမှာမှ မဟုတ်တာကို” သူ့မိန်းမသည် သူ့သားအား လွှတ်ပေးမည့် အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရသော် ရန်ရင်ဖုန်း ရှေ့ထွက်ပြောရလေပြီ။
“သူတို့ဘာသာ စောင့်စောင့်၊ မစောင့်စောင့် ဘာဖြစ်လဲ။ သူက ကျွန်မသားပဲဟာကို” ဒေါင်စုကျုသည် မတရား ခံလိုက်ရသည့် မိန်းကလေးတစ်ယောက်ပမာ မျက်ရည်များကို တောက်လျှောက် ထိုင်သုတ်နေခဲ့လေသည်။
“အဖေ” ရန်ကိုင်က ပြုံး၍ ရန်ရင်ဖုန်းကို နှုတ်ဆက်လိုက်သည်။
“အင်း၊ ကောင်းတယ်။ အရမ်းကောင်းတယ်” ရန်ရင်ဖုန်း လေးလေးပင်ပင် ခေါင်းညိတ်လိုက်သည်။ သူ့မျက်ဝန်းထောင့်၌ မျက်ရည်စတို့ ဝေ့သီလာခဲ့လေသည်။
ရန်ကိုင် အိမ်မှထွက်သွားသည်မှာ ဆယ်နှစ်ရှိနေခဲ့လေပြီ။ ထိုဆယ်နှစ်အတောအတွင်း သူ့အကြောင်း ဘာသတင်းမှ မကြားရ။ သူသေသည်၊ ရှင်သည်ကိုလည်း မသိရ။ ထို့ကြောင့် ရန်ရင်ဖုန်းနှင့် ဒေါင်စုကျုတို့မှာ သူတို့သားအတွက် အရမ်းကိုမှ စိတ်ပူနေခဲ့ရလေသည်။ ယခု သူ့သား ကောင်းကောင်းမွန်မွန်နှင့် ရှိနေသည်ကို သိလိုက်ရသည့်အပြင် ဗဟိုမြို့တော်ကိုပါ သူ့သား နောက်တစ်ကြိမ် ထပ်ကယ်တင်သွားကြောင်း သိလိုက်ရသည့် အခါ ရန်ရင်ဖုန်း ပျော်လည်းပျော်သလို ဂုဏ်လည်း ယူမိပေသည်။
ခဏကြာတော့မှပဲ ဒေါင်စုကျု စိတ်အတော်အတန် ငြိမ်သွားခဲ့ပြီး မလွှတ်ချင်လွှတ်ချင်နှင့် ရန်ကိုင်ကို လွှတ်ပေးလိုက်သည်။
“ညရောက်တဲ့အထိ စောင့်နော်အမေ၊ ညရောက်တော့မှ သားတို့ မိသားစု စကားကောင်းကောင်း ပြောကြမယ်” ရန်ကိုင်က ဒေါင်စုကျု၏ လက်ကို ပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။
“အင်း”
ရန်ကိုင်က ရှေ့သို့ ဆက်လျှောက်သွားခဲ့ပြီး ရန်မိသားစု၏ အကြီးအကဲများနှင့် သူ့ညီအစ်ကိုခုနှစ်ယောက်အား တစ်ယောက်ချင်းစီ လိုက်လံနှုတ်ဆက်လိုက်သည်။
“ကိုးယောက်မြောက်ညီလေး” ရန်ကိုင်သည် အားလုံးထဲတွင် အငယ်ဆုံးဖြစ်သော်လည်း အတော်ဆုံး ဖြစ်သည်မှာ သံသယရှိစရာ မလိုချေ။ သူနှင့် ယှဉ်မိလိုက်တိုင်း စိတ်ဓါတ်မကျဘဲ မနေနိုင်အောင် ဖြစ်မိရသည်။ သို့သော် သူတို့ရန်မိသားစု၌ ယခုကဲ့သို့ တော်သော လူတစ်ယောက် ရှိနေသည့်အတွက် ဝမ်းလည်း ဝမ်းသာမိပေသည်။
“ဒုတိယအစ်ကို၊ မိသားစုခေါင်းဆောင် လုပ်ရတာ ဘယ်လိုနေလဲ” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ရန်ကျောင်းအား လှမ်းမေးလိုက်သည်။
ရန်ကျောင်းက သက်ပြင်းရှည်ကြီးသာ ချလိုက်ပြီး “ဒီခေါင်းဆောင်နေရာကို ကိုယ်တိုင် ဝင်ယူလိုက်တော့မှပဲ ဘယ်လောက်ဝန်ကြီးမှန်း သိတော့တယ် ကိုးယောက်မြောက် ညီလေးရေ။ ငါအရင်က အရမ်းတုံးခဲ့တယ်ကွာ။ အခွင့်အရေးသာ ရှိရင် အဲ့အစုတ်ပလုတ် အမွေခံတိုက်ပွဲမှာ ဘယ်တော့မှ ဝင်မပြိုင်တော့ဘူး”
ရန်မိသားစုဝင် ညီအစ်ကိုကိုးယောက်အနက် ရန်ကိုင်မှလွဲ၍၊ မိသားစုခေါင်းဆောင်အတွက် အသင့်လျော်ဆုံးသည် ရန်ကျောင်း ဖြစ်ပေသည်။ အကြီးဆုံးအစ်ကိုကြီး ရန်ဝေသည် ကျင့်ကြံခြင်း အရာ၌ ရန်ကျောင်းထက် ပိုတော်သော်လည်း သူသည် ကျင့်ကြံခြင်းကိုသာ စိတ်ပါပြီး မိသားစုအရေးကို စိတ်မဝင်စားချေ။ ထို့ကြောင့် မိသားစုအကြီးအကဲများသည် ထိုရာထူးကို သူ့လက်ထဲသို့ လွှဲမပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ရန်ကိုင် ထွက်သွားပြီးနောက်ပိုင်း မိသားစု ခေါင်းဆောင်ရာထူးသည် ရန်ကျောင်း လက်ထဲသို့ ရောက်ရှိသွားခဲ့ရလေသည်။
ဆယ်နှစ်ကြာသွားပြီးနောက် ညီအစ်ကိုအားလုံး ကိုယ်ပိုင်မိသားစုများနှင့် ဖြစ်နေကြလေပြီ။ အကုန်လုံးသည် အသီးသီး လက်ထပ်သွားကြပြီး အချို့ဆို ကလေးပင် ရနေခဲ့လေပြီ။
“အထဲအရင်သွားကြတာပေါ့။ ငါတို့ ညီအစ်ကိုတွေ ပြန်မတွေ့ရတော တော်တော်တောင် ကြာနေပြီ” ရန်ကျောင်းက အားလုံးကို အထဲဝင်ရန် အချက်ပြလိုက်သည်။
ရန်ရင်ဖုန်း၏ တိုက်တွန်းမှုကြောင့် ရန်ကိုင်သည် ရန်မိသားစု၏ ဘိုးဘေးသင်္ချိုင်းခန်းမတွင် အမွှေးတိုင်တစ်တိုင် အရင်သွားထွန်းခဲ့ရသည်။
လေးယောက်မြောက်သခင်ကြီး ယုံကြည်သည်မှာ သူတို့မိသားစုသည် အန္တရာယ်ကျလုဆဲဆဲ အခြေအနေမှ ပြန်လည် ရုန်းထွက်နိုင်ခဲ့ခြင်းသည် ရန်ကိုင်နှင့် ဘာမှ မသက်ဆိုင်။ ဘိုးဘေးတို့၏ စောင်မမှုကြောင့်သာ ဖြစ်ပြီး ရန်ကိုင်သည် ဘိုးဘေးတို့ ညွှန်ပြထားသည့် ကံတရားအတိုင်း လိုက်လံလုပ်ဆောင်နေခြင်းသာ ဖြစ်သည်။
ဘိုးဘေးများကို ပူဇော်ပြီးနောက် ရန်ကိုင်သည် လေးယောက်မြောက်သခင်ကြီးနှင့်အတူ ရန်မိသားစု အကြီးအကဲခန်းမသို့ သွားခဲ့သည်။
ယခုအချိန်၌ ခန်းမတစ်ခုလုံး လူများဖြင့် ပြည့်နေလေပြီ။ ရန်ကိုင် ရောက်လာသည်ကို သတိပြုမိသည်နှင့် အကုန်လုံး၏ အကြည့် သူ့ပေါ်သို့ စုပြုံရောက်ရှိလာခဲ့သည်။
“ဆရာဘိုးဘိုး” လင်းတိုင်ရှုကို မြင်သော် ရန်ကိုင်က ချက်ချင်း ပြေးနှုတ်ဆက်လိုက်သည်။
လင်းတိုင်ရှုက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ သို့သော် သူ့ကြည့်ရသည်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့်ပုံပင်။ သူ့မျက်နှာမှာ စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြူလျော်နေပြီး မတ်တပ်ပင် အနိုင်နိုင် ရပ်နေခဲ့ရသည်။
ရန်ကိုင် စိုးရိမ်သွားခဲ့ပြီး ခပ်မြန်မြန်ပဲ မေးလိုက်သည်။
“ဘာမှဒီလောက်မဟုတ်ဘူး။ ဝူကျုန်းဆိုတဲ့လူ တစ်ချက် ရိုက်လိုက်တာ ခံရရုံပဲ။ သူငါ့အသက်ကို မလိုချင်တာ ကံကောင်းသွားတယ်။ မဟုတ်ရင် ငါဒီမှာ ရပ်နေနိုင်တော့မှာ မဟုတ်ဘူး”
ရန်ကိုင်လည်း လင်းတိုင်ရှု၏ လက်ကောက်ဝတ်ကို ကိုင်၍ စစ်ဆေးကြည့်လိုက်သည်။
စစ်ဆေးပြီးတော့မှပဲ ရန်ကိုင် အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။
လင်းတိုင်ရှု ရထားသည့် ဒဏ်ရာသည် ပြင်းသော်လည်း အသက်အန္တရာယ်မရှိချေ။ သူ့လက်ရှိ အရည်အချင်းဖြင့် ထိုကဲ့သို့သော ဒဏ်ရာများကို အလွယ်လေး ကုသနိုင်ပေသည်။
“ဆရာဘိုးဘိုး၊ ဒီဆေးကို သောက်လိုက်” ရန်ကိုင်က ဆေးလုံးတစ်လုံး ထုတ်လိုက်ပြီး လင်းတိုင်ရှုလက်ထဲ ထည့်ပေးလိုက်သည်။
လင်းတိုင်ရှုလည်း ထိုဆေးကို ချက်ချင်း သောက်လိုက်ပြီး ရန်ကိုင်ပခုံးကို ပုတ်ကာ “အခြားသူတွေနဲ့ အရင်စကားပြောနှင့်ဦး။ ဒီဆေးလုံးကို အရင်သွားသန့်စင်လိုက်ဦးမယ်”
“ဟုတ်”
“ဆရာ၊ ကျွန်တော် လိုက်ပို့ပေးမယ်” ရန်မိသားစု လေးယောက်မြောက် သခင်ကြီးက လင်းတိုင်ရှုအား ချက်ချင်း ပြေးကူပေးလိုက်သည်။
“စီနီယာလင်းက ကျုပ်တို့ကိုကယ်ဖို့အတွက် ဒဏ်ရာရသွားခဲ့ရတာလေ” တုဖုန်းက ရုတ်တရက် ပြောလိုက်သည် “ဒီတစ်ကြိမ် စီနီယာလင်းကြောင့်သာ မဟုတ်ရင် ကျုပ်တို့ ရန်မိသားစုလည်း အဲ့လူတွေ လက်ကနေ လွတ်မှာ မဟုတ်ဘူး”
“ကျွန်မတိုလည်း အဖမ်းခံရတော့မလို့ပဲ။ သခင်ငယ်လေး အချိန်မှီ ရောက်လာလို့ပေါ့။ မဟုတ်ရင် စီနီယာလင်း ကြိုးစားထားသမျှ အားလုံး သဲထဲရေသွန် ဖြစ်ကုန်မှာ” တန်ယုရှန်းက စိတ်ဓါတ်ကျနေသည့် လေသံဖြင့် ခေါင်းလေး ငုံ့လျက်ပြောလိုက်သည်။
“အဲ့အကြောင်း စိတ်မပူနဲ့။ ဆရာဘိုးဘိုး အခုလို လုပ်တယ်ဆိုတာကလည်း သေချာစဉ်းစားပြီး လုပ်တာပဲ ဖြစ်လိမ့်မယ်။ နောက်ဆုံးတော့လည်း ဘာမှ ဖြစ်မသွားဘူးလေ” ရနက်ိုင်က ပြုံးလိုက်ပြီး “လာထိုင်ကြလေ၊ ထိုင်ပြီးတော့မှ စကားကောင်းကောင်း ပြောကြတာပေါ့”
ခန်းမထဲတွင် အားလုံးကိုယ်စီ ထိုင်ခုံအသီးသီးကို ယူထိုင်လိုက်ကြသည်။ ထိုင်စရာ မရှိသူများကမူ မတ်တပ်ရပ်နေရုံသာရှိသည်။ အကုန်လုံး၏ အကြည့်သည် ရန်ကိုင်ဆီတွင် စုပြုံနေပေသည်။
“ဒုတိယအစ်ကို၊ မိသားစု အခြေအနေ ဘယ်လိုရှိလဲ” ရန်ကိုင်က ကြုံနေရာတစ်နေရာတွင် ကောက်ထိုင်လိုက်ပြီး ရန်ကျောင်းကို လှမ်းမေးလိုက်သည်။
သူ့စကားကို ကြားလိုက်သည့်အခါ အကုန်လုံး၏ မျက်နှာ ညိုးကျသွားသဖြင့် ရန်ကိုင်လည်း အခြေအနေမကောင်းမှန်း သိလိုက်သည်။
“ဒီတစ်ကြိမ် သွေးစစ်သည်တော်ခန်းမ တော်တော်လေး အထိနာသွားတယ်” ရန်ကျောင်းက လေးလေးပင်ပင် သက်ပြင်းချလိုက်ပြီး “အဲ့လူတွေရောက်လာတုန်းက သူတို့ ဘယ်လောက်အားကောင်းလဲ ဆိုတာကို ငါတို့မှ မသိတာ။ ဒါကြောင့် ခန်းမသခင် ဖုန်းရှန်နဲ့ လက်ထောက်ခန်းမသခင် ကျိုးဖုန်းတို့ သေသွားခဲ့ရတယ်လေ။ သွေးစစ်တော်ခန်းမ တစ်ခုလုံးလည်း တော်တော်လေးကို ခက်ခဲခဲ့ရတာ”
သွေးစစ်တော်ခန်းမသည် ရန်မိသားစု၏ သစ္စာအရှိဆုံး အစောင့်အကြပ်များ ဖြစ်ကြသည်။ သွေးစစ်တော်ခန်းမ ဆိုသည်မှာ ရန်မိသားစု ကာကွယ်သူများကို အထူး မွေးထုတ်ပေးသည့် နေရာတစ်ခု ဖြစ်ပေသည်။
အန္တရာယ်တစ်ခုခု ကျရောက်လာချိန် အရင်ဆုံး ရှေ့ထွက်ပြီး ခုခံကြသည့်သူများမှာ သူတို့သာ ဖြစ်ပေသည်။
ခန်းမသခင် ဖုန်းရှန်နှင့် လက်ထောက်ခန်းမသခင် ကျိုးဖုန်းတို့ကို ရန်ကိုင်သိပေသည်။ တကယ်တော့ သွေးစစ်တော်ခန်းမမှာ လူလာငှားစဉ် ထိုနှစ်ယောက်နှင့် စကားပြောခဲ့ဖူးသည် မဟုတ်ပေလာ။
တုဖုန်းက လက်သီးတင်းတင်း ဆုပ်လိုက်ပြီး အတတ်နိုင်ဆုံး မျက်ရည်မကျမိအောင် ထိန်းထားရင်း ပြောလိုက်သည် “ကျုကောင်းရီ၊ ကျိလီ၊ ရှောင်ရွှန်၊ လော့ဟိုင်နဲ့ ဖုချုန်းတို့လည်း… သေသွားတယ်”
ရန်ကိုင် ခန္ဓာကိုယ် ဆတ်ခနဲ တုန်သွားခဲ့သည်။
တုဖုန်းပြောလိုက်သော သွေးစစ်တော်များသည်နှင့် အမွေခံတိုက်ပွဲအတွင်း ရန်ကိုင်နောက်သို့ လိုက်ခဲ့ကြသူများ ဖြစ်ပေသည်။ အမွေခံတိုက်ပွဲနောက်ဆုံးအဆင့်တွင် ရန်ကိုင်သည် သွေးစစ်တော် (၁၃)ယောက်ကို ခေါ်ဆောင်၍ အမျိုးမျိုးသော အရင်းအမြစ်များကို သုံးကာ ထိုဆယ်သုံးယောက်ကို မသေမျိုး ဆယ်သုံးယောက်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။
ကျုကောင်းရီနှင့် ရင်းဂျုသည် ရန်ကိုင်နောက်သို့ အရင်ဆုံး စလိုက်ခဲ့ကြသူများ ဖြစ်ပေသည်။ သူတို့နှစ်ယောက်သည် သွေးစစ်တော်ခန်းမ၏ ပါရမီအကောင်းဆုံး သွေးစစ်တော်များလည်း ဖြစ်ကြသည်။
သူ့မိတ်ဆွေဟောင်းကြီးများ သေဆုံးသွားသည့်သတင်းကို ကြားသော် ရန်ကိုင် ဝမ်းမနည်းဘဲ မနေချေ။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၃၄)
သွေးတိုက်ပွဲခန်းမသည် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရသည့် အတွက် သွေးစစ်တော်အားလုံး ဝမ်းနည်းစိတ်ညစ်နေကြရသည်။
သွေးစစ်တော်များအပြင်၊ မိသားစုအကြီးအကဲများစွာလည်း သေဆုံးခဲ့ရသည်။
အကြီးအကဲချုပ်ဖြစ်သော ရန်ကျန်းပင်လျှင် အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်မှ တပည့်များ၏ လက်၌ သေဆုံးခဲ့ရသည်။
ထိုဘေးကပ်ဆိုးကြောင့် ရန်မိသားစု၏ အဆင့်မြင့် ပညာရှင် တစ်ဝက်လောက် သေဆုံးသွားခဲ့ရပြီး ရန်မိသားစု၏ အင်အားလည်း သိသိသာသာကို ထိုးကျသွားခဲ့ရသည်။
ရန်မိသားစုသာမက၊ မိသားစုကြီးရှစ်ခုစလုံး ထိုကံကြမ္မာနှင ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
ကံကောင်းစွာဖြင့် ဝူကျုန်းသည် သူ့ခွန်အားအပေါ် အပြည့်အဝ ယုံကြည်ချက်ရှိနေသည့်အတွက် ရက်ရက်စက်စက် လူမျိုးတုန်း သတ်ဖြတ်ခြင်းမျိုး မလုပ်ခဲ့ချေ။ ဗဟိုမြို့တော်မှ ကျင့်ကြံသူများမှာ သူ့လက်အောက်ငယ်သားများကို လုံးဝ ယှဉ်နိုင်လိမ့်မည် မဟုတ်ဟု အပြည့်အဝ ယုံကြည်ထားသည့်ပုံပင်။ ပထမတစ်ကြိမ် နမူနာအဖြစ် သတ်ဖြတ်ပြလိုက်ပြီးနောက် မိသားစုကြီးများမှ ပညာရှင်များစွာ၏ ကျင့်ကြံခြင်းကို ချိတ်ပိတ်ပစ်လိုက်သည်။
ဝူကျုန်း၏ ရည်ရွယ်ချက်သည် ဤလောကကြီးမှ လူများကို ကျွန်အလုပ်သမားအဖြစ် ပြန်လည် ခေါ်ဆောင်သွားရန်ပင်။ ဟိုရောက်လျှင် အလုပ်သမားအဖြစ်ပဲ ခိုင်းခိုင်း၊ ကျွန်အဖြစ်ပဲ ပြန်၍ ရောင်းချရောင်းချ၊ ကြိုက်သလို အသုံးချ၍ ရပေသည်။
ထိုအကြောင့်ပဲ မိသားစုကြီးရှစ်ခုစလုံး အမြတ်ပြတ် မသုတ်သင်ခံရခြင်း ဖြစ်ပေသည်။
“ကိုးယောက်မြောက်ညီလေး၊ ဝူကျုန်းက အရမ်း အားကောင်းလွန်းတယ်။ မင်းခေါ်လာတဲ့ လူတွေက သူ့ကို တကယ်ပဲ ယှဉ်တိုက်နိုင်မှာလား” ရန်ကျောင်းက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
“အင်း၊ လူတစ်ယောက်အနေနဲ့ ဒီလောက်အထိ ကြောက်ဖို့ကောင်းတဲ့ ခွန်အားကို ပိုင်ဆိုင်ထားနိုင်လိမ့်မယ်လို့ ငါတစ်ခါမှ မတွေးဖူးဘူး” အကြီးအကဲအချို့က ရေရွတ်လိုက်သည်။
“ဝူကျုန်းကို ပူနေတာလား။ အင်း၊ ဘာပဲဖြစ်ဖြစ်လေ၊ လူဆိုတာ ကိုယ်တိုင်မြင်ရမှပဲ ယုံကြည်ကြတာကိုး” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် တစ်ဖက်ဆီ လှမ်းကြည့်လိုက်သည်။ ခဏအကြာ၌ ခေါင်းညိတ်လိုက်ပြီး “သူတို့ပြန်လာပြီ”
“ဘယ်သူပြန်လာတာလဲ” ရန်ကျောင်း စိတ်ရှုပ်သွားခဲ့သည်။
အဓိကခန်းမအတွင် မိန်းမလှလေးတစ်ယောက် ပေါ်လာခဲ့သည်။ သူမတစ်ကိုယ်လုံး အေးစက်စက် ရေခဲအရှိန်အဝါဖြင့် လွှမ်းခြုံထားခဲ့လေသည်။ ထိုအမျိုးသမီးမှာ အခြားမဟုတ်၊ ဟန်ဖေးပင် ဖြစ်သည်။
သွေးချင်းနီနေသည့် ခေါင်းတစ်လုံးကို ကိုင်လျက် ခန်းမထဲသို့ တိုက်ရိုက်လျှောက်ဝင်သွားလိုက်ပြီး ခေါင်းကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ကာ ရန်ကိုင်ကို ဦးညွှတ်လိုက်သည်။
“သခင်ပြောတဲ့အတိုင်း လုပ်လာခဲ့ပါပြီ”
“ကောင်းတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
ခန်းမထဲရှိ အားလုံး၏ အကြည့်သည့် ဟန်ဖေး ပစ်ချလိုက်သည် ခေါင်းဆီသို့ ရောက်သွားခဲ့သည်။ သို့သော် ထိုခေါင်းကို မြင်လိုက်သည်နှင့် အကုန်လုံး မျက်လုံးပြူးသွားပြီး ရန်ကျောင်းဆိုလျှင် ထိုင်ရာမှပင် ထခုန်၍ အလန့်တကြား အော်ပြောတော့လေသည် “ဝူကျုန်းပဲ”
“သူတကယ်ကြီး သေသွားတာလား”
“ကောင်းတယ်၊ ကောင်းတယ်” ရန်မိသားစုဝင်များစွာ၏ မျက်လုံးများ ဝင်းပသွားခဲ့ပြီး ပျော်ရွှင်အူမြူးသွားခဲ့ကြသည်။
ထို့နောက် ဟန်ဖေးအား လေးစားအားကျ၊ ကျေးဇူးတင်သည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ယခုမတိုင်အချိန်က၊ လီရုန်ပေါ်လာပြီး ဝူကျုန်းခေါ်လာသော ကျင့်ကြံသူအားလုံးကို သတ်ဖြတ်ပစ်ခဲ့သည်။ ထို့အတွက်ကြောင့် လီရုန်အား ကျေးဇူးတင်ခဲ့သည်။ သို့သော်လည်း သူတို့အမြင်အရ ထိုအနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်မှ တပည့်များသည် ဘယ်လိုသေမှန်းမသိ သေသွားကြခြင်း ဖြစ်သည်။ လီရုန် လှုပ်ရှားလိုက်သည်ကို မမြင်သဖြင့် လီရုန် မည်မျှ အားကောင်းမှန်း သူတို့မသိကြချေ။
သို့သော် ဝူကျုန်းခေါင်းကို ပြန်သယ်လာသော ဟန်ဖေးကို မြင်ပြီးနောက် ထိုရေခဲနတ်သမီးလေး မည်မျှ အားကောင်းမှန်း အကုန်လုံး နားလည်သွားလိုက်သည်။
ထိုအခိုက်အခန့်၌ သူတို့ကိုယ်သူတို့ အိမ်မက်များ မက်နေသလား၊ ပုံရိပ်ယောင်တွေများ မြင်နေရသလားဟု ခန်းမထဲရှိလူအားလုံး မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။ တော်တော်များများသည် ထိုင်ရာမှပင်ထကာ ဝူကျုန်းခေါင်းကို အနီးကပ် သွားစစ်ဆေးကြလေသည်။
ဝူကျုန်းခေါင်းသည် အစစ်ဖြစ်မှန်း သိလိုက်ရပြီးနောက် အကုန်လုံး စိတ်လှုပ်ရှားသွားခဲ့ကြသည်။
“ကိုးယောက်မြောက်ညီလေး၊ ဒီအမျိုးသမီးတွေက…” ရန်ကျောင်းအာက ဟန်ဖေးအား တုန့်ဆိုင်းတုန့်ဆိုင်း အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။
“ကျွန်မတို့က သခင့်ရဲ့ လက်အောက်ငယ်သားတွေပါ” ဟန်ဖေးက အားလုံး နားလည်မှုမလွဲသွားစေရန် ချက်ချင်းပဲ ရှင်းပြလိုက်သည်။
“အောက်ငယ်သားတွေလား…” ရန်ကျောင်းမျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး ဘာပြန်ပြော၍ ပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
ကိုးယောက်မြောက်ညီလေးအကြောင်း သတင်း မကြားရသည်မှာ ဆယ်နှစ်ကျော်နေခဲ့လေပြီ။ သို့သော် ရုတ်တရက် သူပြန်လာသည့်အခါ မယုံနိုင်လောက်အောင် အားကောင်းလှသော လက်အောက်ငယ်သားများကို ခေါ်လာပြီး သူတို့ကို နယ်မြေကို ကျူးကျော်လားသည့် ပြိုင်ဘက်ကင်း ရန်သူများကို တစ်ခါတည်း သုတ်သင်ရှင်းလင်းပစ်သွားခဲ့သည်။
ရန်မိသားစုခေါင်းဆောင်ဖြစ်သော သူ့မှာမူ ဘာမှမလုပ်နိုင်ဘဲ သူ့မိသားစုဝင်များအား ရန်သူများ သတ်သည်ကိုသာ ကူကယ်ရာမဲ့စွာဖြင့် ထိုင်ကြည့်နေခဲ့ရသည်။ နှစ်ယောက်သားကြားရှိ ကြီးမားလှသော ကွာခြားချက်ကြောင့် ရန်ကျောင်း စိတ်ဓါတ်ကျချင်သွားခဲ့သည်။
“ကောင်းတယ်။ အဲ့အမျိုးသမီးနှစ်ယောက် ရှိနေမှတော့ ငါတို့ရန်မိသားစု နောက်ထပ် အနိုင်ကျင့်ခံရတော့မှာ မဟုတ်ဘူး”
“ဟုတ်သားပဲ။ ကိုးယောက်မြောက်ညီလေး၊ မင်းဒီမှာနေဖို့ ပြန်လာခဲ့တာမလား”
ညီအစ်ကိုအစ်ကိုလုံး ရန်ကိုင်အား ကြည့်လိုက်ကြသည်။
သို့သော် ရန်ကိုင်က ခေါင်းသာခါလိုက်လေသည်။
ရန်ကိုင်ဘေးနားတွင် ထိုင်နေသော ဒေါင်စုကျု၏ မျက်နှာ ချက်ချင်း ဖြူလျော်သွားခဲ့ပြီး ရန်ကိုင်လက်မောင်းကို အလိုလို ဆုပ်ကိုင်လိုက်၍ မျက်ရည်ချူတော့လေသည် “ကိုင်အား၊ သားထပ်ပြီး ထပ်သွားဖို့ လုပ်ပြန်တာလား”
ရန်ကိုင်က ပြုံးသာပြုံး၍ “သားသွားရမယ် အမေရဲ့။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ သားတစ်ယောက် ထွက်သွားမှာ မဟုတ်ဘူး။ အမေတို့ကိုပါ တစ်ခါတည်း ခေါ်သွားမှာ”
“ငါတို့ပါ အတူလိုက်ရမှာလား” ရန်ကျောင်း မျက်မှောင် ကြုံ့သွားခဲ့သည်။
“ဟုတ်တယ်။ အားလုံးကို ငါနဲ့အတူ ထုန်းရွှမ် လောကကြီးဆီ လိုက်ခဲ့စေချင်တယ်”
ခန်းမတစ်ခုလုံး ရုတ်တရက် ငြိမ်ကျသွားခဲ့သည်။ ဗဟိုမြို့တော်သည် သူတို့၏ မွေးရပ်မြေဖြစ်သလို သူတို့ ဘိုးဘေးများ မွေးဖွားခဲ့ရာ နေရာလည်းဖြစ်သည်။ ယခု ရန်ကိုင်သည် သူတို့အား ဤနေရာမှ စွန့်ခွာပါဟု ပြောလာခဲ့လေပြီ။ သူတို့ မတုန့်ဆိုင်းဘဲ နေမည်လား။
အားလုံးရင်ထဲ မည်ကဲ့သို့ ခံစားနေရသည်ကို နားလည်သည် ဖြစ်လေရာ ရန်ကိုင်က မတ်တပ်ရပ်၍ ထပ်ပြောလိုက်သည် “အရင်တုန်းက ကျုပ်တို့ရန်မိသားစုက မိသားစုကြီးရှစ်ခုထဲမှာ အားအကောင်းဆုံး မိသားစုတစ်ခုပဲ။ ဒီလောကကြီးရဲ့ အားအကောင်းဆုံး အင်အားစုတစ်ခုပေါ့။ ဒါပေမယ့် အခြေအနေက မတူတော့ဘူး။ အခုဆိုရင် ထုန်းရွှမ်လောကကြီးနဲ့ ဒီနေရာက ဆက်သွားပြီ။ ဒီတစ်ကြိမ် ဝူကျုန်းရောက်လာတယ်။ နောက်တစ်ကြိမ်ကျ အခြားတစ်ယောက် ရောက်လာလိမ့်မယ်။ နောက်ထပ်ရောက်လာတဲ့လူက သူ့ထက်တောင် ပိုဆိုးရင် ဆိုးနေနိုင်သေးတယ်။ ဗဟိုမြို့တော်က လုံခြုံတဲ့ နေရာတစ်ခု မဟုတ်တော့ဘူး”
“လူတွေထပ်ပြီး ရောက်လာမှာလား” အကုန်လုံး၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့သည်။ ယခုမှပဲ တကယ့် အစစ်အမှန် အခြေအနေကို သူတို့ နားလည်သွားတော့သည်။
ဝူကျုန်းသေသည်နှင့် ကိစ္စအားလုံး ကင်းရှင်းသွားမည်ဟု ထင်ထားခဲ့သော်ငြား ထင်သည့်အတိုင်း မဟုတ်သည်ကို ယခုမှပဲ သူတို့ နားလည်သွားခဲ့သည်။
ရန်ကိုင် ပြောသည့်အတိုင်းသာ ဆိုပါက ဤနေရာသည် တစ်ဖက်လောကကြီးရှိ လူများ၏ အမြင်တွင် အသားတုံးကြီး တစ်တုံး ဖြစ်နေပေပြီ။
“အဲ့လိုဆိုရင်တော့ ဒီအတိုင်း ထိုင်နေလို့ မဖြစ်တော့ဘူး” ရန်ကျောင်းအမူအရာ လေးနက်တည်ကြည်သွားခဲ့ပြီး ခဏလောက် စဉ်းစားတွေးတောလိုက်သည်။ ထို့နောက် ရန်ကိုင်အား ရုတ်တရက် လှမ်းကြည့်၍ “ကိုးယောက်မြောက်ညီလေး၊ ငါနည်းနည်းလောက် မေးလို့ရမလား”
“မေးလေ”
“ငါတို့သာ ဗဟိုမြို့တော်ကနေထွက်ပြီး မင်းနောက်လိုက်ခဲ့ရင် ငါတို့လုံခြုံရေးကို မင်းအာမခံပေးနိုင်မှာလား။ ငါ့တို့ကိုယ်ငါတို့ နှိမ့်ချနေတာမဟုတ်ဘူး။ ဒီတစ်ကြိမ် ကိစ္စပြီးတဲ့ နောက်ပိုင်း ငါတို့ဘယ်လောက်တောင် အားနည်းနေမှန်း ငါတို့နားလည်သွားပြီ”
“သေချာတာပေါ့။ အဲ့ဘက်မှာ ငါအာဏာရှိပြီးသား။ အားလုံးရဲ့ လုံခြုံရေးကို အာမခံပေးနိုင်တယ်”
ရန်ကျောင်းအမူအရာ တောက်ပသွားခဲ့ပြီး ဆက်မေးလိုက်သည် “ငါတို့အတွက် နေစရာကော။ ငါတို့ အခြေချလို့ရမယ့် နေရာတစ်ခုခုလေ”
“ရှိတယ်။ အားလုံးအတွက် နေစရာ ကြိုပြင်ထားပြီးသား။ အဲ့ကိစ္စနဲ့ပက်သက်ပြီး စိုးရိမ်နေစရာ မလိုဘူး”
ရန်ကျောင်းက ထပ်မေးလိုက်ပြန်သည် “အခြား အရင်းအမြစ်တွေရော။ ဒီနေရာမှာဆိုရင် ငါတို့ဘာသာငါတို့ ရှာလို့ရတယ်။ ဘာလို့လဲဆိုတော့ မွေးကတည်းက ဒီနေရာမှာ နေလာတာဆိုတော့ ဒီနေရာနဲ့ ရင်းနှီးတယ်။ ဟိုဘက်ကျရင် ငါတိုဘာမှလုပ်တတ်တော့မှာ မဟုတ်ဘူး။ ငါတို့ ကျင့်ကြံဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကိုပဲ မင်းပဲ ပေးရတော့မှာနော်”
ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “အခု ငါ့အတွက် မရှားဆုံးက ကျင့်ကြံခြင်း အရင်းအမြစ်တွေပဲ။ သလင်းကျောက်လား၊ ရှိပြီးသား။ စိတ်ဝိဥာဉ်အဆင့် ဆေပင်တွေလား၊ သူတော်စင်အဆင့် ဆေးပင်တွေလား၊ မင်းစိတ်ကူးနိုင်တာထက် အများကြီး ပိုရှိပြီးသား။ အဲ့ဘက်ရောက်ရင် ကျင့်ကြံဖို့ အရင်းအမြစ် မရှိမယ့်ကိစ္စကို နည်းနည်းလေးတောင် စိတ်ပူနေစရာမလိုဘူး”
ခန်းမထဲတွင်ရှိနေသူ အကုန်လုံး မှင်သက်နေခဲ့ကြသည်။
တုဖုန်းက တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်သည် “သခင်ငယ်လေး၊ စိတ်ဝိဥာဉ်အဆင့်ကတော့ ဟုတ်ပါပြီ။ ဒါပေမယ့် သူတော်စင်အဆင့်ဆိုတာ ဘာလဲ”
“စိတ်ဝိဥာဉ်အဆင့်ပေါ်က အဆင့်လေ” ရန်ကိုင်က ရှင်းပြလိုက်လေသည်။
“သလင်းကျောက်ကကော” တန်ယုရှန်းက ဝင်မေးလိုက်သည်။
“ရော့၊ ကြည့်ကြည့်လိုက်။ အဲ့ဒါက သလင်းကျောက်ပဲ” ရန်ကိုင်က တန်ယုရှန်းဆီ သလင်းကျောက်တစ်တုံး ပစ်ပေးလိုက်သည်။ တန်ယုရှန်းမှ ထိုလက်မအရွယ် သလင်းကျောက်တုံးလေးကို ဖမ်းလိုက်ပြီးနောက် သွေးစစ်သည်တော် အားလုံး သူမနားတွင် စုပြုံလာကြလေသည်။ တကယ့် လောကကို တစ်ခါမှ မမြင်ဖူးသော တောသား တစ်သိုက်ပမာ သလင်းကျောက်ကို မြင်လိုက်ရသည့်အခါ အကုန်လုံး အံ့ဩသွားခဲ့ကြရသည်။
“ဘုရားရေ၊ ဒါလေးထဲမှာ သန့်စင်တဲ့စွမ်းအင်တွေ အများကြီးပါလား”
“ဒါတွေကို စုပ်ယူပြီး အစစ်အမှန်ချီအဖြစ် ပြောင်းလို့ရတယ်ကွ”
“ငါတို့မှာသာ ဒါတွေရှိနေရင် တိုက်ခိုက်နေရင်း အားပြန်ဖြည့်နေလို့ရပြီ”
သလင်းကျောက်သည် သွေးစစ်သည်တော်များအတွက် အထူးအဆန်း ဖြစ်နေခဲ့ကြသည်။
“အင်း။ ဒီနေရာရဲ့ မိုမြေစွမ်းအင်ဆိုရင်လည်း ဟိုဘက်လောက် သိပ်သည်းတာ မဟုတ်ဘူး။ ဒီဘက်က ကျင့်ကြံလို့ အကောင်းဆုံး နေရာတောင် ဟိုဘက်က သာမန်နေရာတစ်ခုကို မှီတာမဟုတ်ဘူး။ ဒါကြောင့်ပဲ အဲ့ဘက်က ကျင့်ကြံသူတွေက ဒီကလူတွေထက် အများကြီး ပိုအားကောင်းနေတာ”
ရန်ကိုင်က ထုန်းရွှမ်လောကကြီးအကြောင်းကို တစေ့တစောင်း ရှင်းပြလိုက်သည်။ ရန်ကိုင် ရှင်းပြသည်ကို နားထောင်ပြီးနောက် ရန်မိသားစုဝင်၏ မျက်လုံးများ တောက်ပသွားခဲ့ရသည်။
ပို၍သိပ်သည်းသော မိုးမြေစွမ်းအင်၊ အန္တရာယ်ကင်းမှု၊ ကြွယ်ဝသော အရင်းအမြစ်များ၊ သက်သောင့်သက်သောင့် ရှိသော နေစရာပတ်ဝန်းကျင်… ရန်ကိုင်သည် သူတို့ လိုအပ်မည့် အရာအားလုံးကို ပြင်ဆင်ထားပေသည်။ သူတို့ အနေဖြင့် ဘာမှ လုပ်စရာမလို၊ လိုက်သွားရုံလေးသာ။
“မလိုက်ချင်လည်း ဘာမှမဖြစ်ဘူးနော်။ ကျုပ်အတင်း တိုက်တွန်းနေမှာ မဟုတ်ဘူး။ နေချင်နေခဲ့လို့ရတယ်” ရန်ကိုင်က ဆက်ပြောလိုက်သည် “ဒီမှာကျန်ခဲ့ချင်တဲ့ လူရှိရင်လည်း ဘာမှသိပ်ကိစ္စမရှိဘူး။ လူတိုင်းက ဝူကျုန်းလို မုန်းစရာကောင်းတဲ့ လူတွေမှမဟုတ်တာ။ ခင်ဗျားတို့ကို လာပြီး ဗိုလ်ကျမယ့် ကျင့်ကြံသူတွေ ရောက်မလာမှာလည်း ဖြစ်နိုင်တာပဲ။ လိုက်မယ်၊ မလိုက်ဘူး ဆိုတာကိုတော့ ခင်ဗျားတို့ပဲ ဆုံးဖြတ်ပေါ့”
“ကျွန်မရဲ့ ချူမိသားစုလည်း လိုက်ချင်လို့၊ သခင်ငယ်လေး ကျွန်မတို့ကိုပါ အတူခေါ်သွားပေးလို့ရမလား” အပြင်ဘက်မှ သာယာချိုမြသော အသံလေးတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး ဝင်ပေါက်ဆီ လှမ်းကြည့်လိုက်သည်။
ကျော့ရှင်းကျက်သရေရှိလှသော မိန်းမလှလေးတစ်ယောက် အထဲသို့ လမ်းလျှောက်ဝင်လာခဲ့သည်။ မျက်ဝန်းလှလှလေးများမှာ ရန်ကိုင်ပေါ်သို့ ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့ပြီးသည်နှင့် သူမ၏ နှုတ်ခမ်းပါးလေးများကို ယဲ့ယဲ့လေး တွန့်ကွေးလိုက်သည်။ တည်ငြိမ်ချင်ယောင် ဆောင်နေသော်လည်း သူမ စိတ်လှုပ်ရှား၊ ပျော်နေသည်ကို အကုန်လုံး သတိပြုမိပေသည်။
“ချူမိသားစုခေါင်းဆောင်လား၊ ကြိုဆိုပါတယ်၊ လာထိုင်ပါဦး” ရန်ကျောင်းက ချက်ချင်း ထနှုတ်ဆက်လိုက်သည်။
“အလှလေး၊ မတွေ့ရတာတောင် ကြာပြီနော်” ရန်ကိုင်လည်း ထိုင်ရာမှထ၍ ထိုမိန်းကလေးကို နှုတ်ဆက်လိုက်သည်။
ချူရီမန်…
ယခင်အကြိမ်ကကဲ့သို့ပင်၊ ချူရီမန်သည် သူမ တစ်မိသားစုလုံးကို ရန်ကိုင်လက်ထဲသို့ ယုံယုံကြည်ကြည်နှင့် တုန့်ဆိုင်းခြင်းမရှိ အပ်နှင်းလိုက်ပြန်သည်။
“အင်း၊ တကယ်ကြာသွားပြီ” ချူရီမန်၏ မျက်ခမ်းလေးများ တဆတ်ဆတ်လှုပ်ခါသွားခဲ့ပြီး ခါးသီးနေသည့် အမူအရာတို့ သူမ၏ မျက်နှာထက် ရိပ်ခနဲဖြစ်သွားခဲ့သည်။ သို့သော် သူမကိုယ်သူမ ချက်ချင်းပဲ ပြန်ထိန်းကာ နှုတ်ဆက်လိုက်သည်။
“မိန်းကလေးလော့ပါလား” ထို့နောက် ရန်ကိုင်က ချူရီမန် ဘေးတွင် ရပ်နေသော မိန်းကလေးကို နှုတ်ဆက်လိုက်သည်။
ထိုရင်သားကြီးကြီးနှင့် မိန်းကလေးသည် ချူရီမန်၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သော ခရမ်းဖန်းတောင်ကြားမှ လော့ရှောင်မန် ဖြစ်ပေသည်။
ဆယ်နှစ်ကြာသွားသည့်တိုင် ရန်ကိုင်မြင်လျှင် ကြောက်သည့် စိတ်မှာ မပျောက်သေးချေ။ ရန်ကိုင်အား နှုတ်ဆက်သည့် အနေဖြင့် ခေါင်းတစ်ချက်သာ ညိတ်လိုက်ပြီး ချူရီမန်နောက် ချက်ချင်း ပြန်ပြေးပုန်းလေသည်။
ဘာကြောင့်မှန်းမသိ၊ ရန်ကိုင်ကို မြင်လိုက်တိုင်း၊ တိမ်မိစ္ဆာနယ်မြေမှ အဖြစ်အပျက်တစ်ခုကို ပြန်ပြန်သတိရမိသည်။ ရန်ကိုင်အား သူမနှင့် ချူရီမန်တို့ သွားတွေ့ချိန်၊ ပီလော့ဆိုသော မိန်းကလေး ရန်ကိုင် အခန်းထဲမှ ထွက်လာသည့် အချိန်နှင့် သွားကြုံကြိုက်ခဲ့လေသည်။ ထိုစဉ်က ပီလော့၏ နှုတ်ခမ်း ထောင့်စွန်းတွင် နို့နှစ်ရောင်အရည်များ ကပ်ပေနေသည်ကို သူမ သေချာသတိပြုမိခဲ့သည်။ ထိုမြင်ကွင်းကို ယခုထိတိုင် ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲ။ ရန်ကိုင်ကို မြင်လိုက်တိုင်း ထိုအကြောင်းကိုသာ ပြန်ပြန် မြင်ယောင်မိသည်။
“ကျွန်မရဲ့ ချူမိသားစုလည်း လိုက်ချင်လို့၊ သခင်ငယ်လေး ခွင့်ပြုပေးလို့ရမလား” ချူရီမန်က ရန်ကိုင်အား လေးလေးနက်နက် စိုက်ကြည့်ရင်း မေးလိုက်သည်။
“ရတာပေါ့။ မရဘဲနေမလား။ အပြင်လူတွေမှ မဟုတ်တာကို” ရန်ကိုင်က ပြုံးလိုက်ပြီး “အစကတည်းက ရန်မိသားစု တစ်ခုတည်းကို ခေါ်သွားဖို့ စီစဉ်ထားတာမှ မဟုတ်တာ။ မိန်းကလေးချူကပါ လိုက်ချင်တယ် ဆိုမှတော့ ပိုကောင်းသွားတာပေါ့”
“ဟွန့်၊ အသိစိတ်လေးတော့ ရှိသေးသားပဲ” ချူရီမန်က ရန်ကိုင်အား ဒေါတသကြီး စိုက်ကြည့်လိုက်သည်။ ထို့နောက် သူမ၏ အမူအရာလေး ပြေလျော့သွားခဲ့ပြီး ချက်ချင်းဆိုသလို တခစ်ခစ်ထရယ်မောလေသည်။ သူမ၏ ဆည်းလည်းသံကဲ့သို့ ချိုသာသော ရယ်သံလေးကြောင့် ခန်းမတစ်ခုလုံး တစ်ဖန်ပြန်လည် ရွှင်ရွှင်မြူးမြူး ဖြစ်သွားခဲ့ရသည်။
“သခင်လေးရန် ပြန်လာတယ်ဆို၊ တကယ်ပဲလား”
ချူရီမန်ရောက်ပြီး မကြာခင်မှာပဲ၊ အပြင်ဘက်မှ စိတ်လှုပ်ရှားနေသည့် အော်ဟစ်သံတစ်သံ ထပ်မံ ထွက်ပေါ်လာခဲ့သည်။ အသံပျောက်ကွယ်သွားသည်နှင့် ခန်းမထဲသို့ ဟော်ရှင်းချန် ရုတ်တရက် ပြေးဝင်သွားခဲ့ပြီး ဟိုကြည့်၊ ဒီကြည့် လုပ်ကာ အော်မေးလိုက်သည် “သခင်လေးရန် ဘယ်မှာလဲ”
ထို့နောက် မနီးမဝေးတွင် ရပ်နေသော ရန်ကိုင်ကို မြင်သွားသည်နှင့် သူ့ဆီသို့ ချက်ချင်း ပြေးသွားလိုက်ပြီး အားပါးတရ ဖက်၍ သူ့ကျောပြင်ကို ခပ်ကြမ်းကြမ်း ပုတ်လိုက်ရင်း “မင်းပြန်လာတာ တကယ်ကောင်းတယ်ကွာ။ မင်းမရှိတော့ ချူရီမန်မှာ အမြဲကို ငေးငေးငိုင်ငိုင် ဖြစ်နေတာကွ။ အမြဲတမ်း အထီးကျန်နေတာလေ”
ချူရီမန်၏ မျက်နှာလှလှလေး ချက်ချင်းဆိုသလို ရေခဲတမျှ အေးစက်သွားခဲ့ပြီး အံကြိတ်၍ “ဟော်ရှင်းချန်၊ နင့်လျှာ ဖြတ်ပစ်ခံချင်နေတာလား”
ဟော်မိသားစု၏ သခင်လေး ကိုးယိုးကားယား အမူအရာဖြင့် ရယ်မောလိုက်ပြီး ရန်ကိုင်အား လွှတ်ပေးလိုက်ကာ “ငါ့ရောင်းရင်းကြီးကို လွမ်းလိုက်တာကွာ”
“ဆယ်နှစ်လောက် မတွေ့လိုက်ရတာနဲ့ မင်းဘယ်လိုတောင် နောက်ကျကျန်ရစ်ခဲ့ရတာလဲကွ” ထိုရင်းနှီးနေသော မျက်နှာကို မြင်လိုက်သည့်အခါ ရန်ကိုင်လည်း ပြုံးလိုက်လေသည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၃၅)
အမွေခံတိုက်ပွဲအတွင်း ရန်ကိုင်နောက်သို့ လိုက်ခဲ့သူအားလုံး အကျိုးအမြတ်များစွာ ရခဲ့ကြသည်။ စီနီယာမမလေး ရှနင်းချန်သည် ဆေးပေါင်းရည်နှင့် ဆေးပင်များစွာကိုရော၌ လူတစ်ယောက်၏ ခန္ဓာကိုယ်ကို သန့်စင်ပေးပြီး အရည်အချင်းကို တိုးတက်အောင် လုပ်ပေးနိုင်သည့် ဆေးရေကန်တစ်ကန်ကို ဖန်တီးပေးခဲ့သည်။
ဟော်ရှင်းချန်၊ ချူရီမန်နှင့် အခြားအရေးပါသော လူများမှာမူ ပို၍ပင် အမြတ်ထွက်ခဲ့ကြသေးသည်။
ထို့ကြောင့် သူတို့၏ အနာဂတ်မှာ အတော်လေးကို ဖြောင့်ဖြူးသွားပြီဟု ဆို၍ရပေသည်။ ဗဟိုမြို့တော်တွင် နေလျှင်ပင် မသေမျိုးအဆင့်သို့ ကျိန်းသေ ချိုးဖျက်နိုင်ပေလိမ့်မည်။
ဆယ်နှစ်ကြာပြီးနောက် ချူရီမန်သည် အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိလာခဲ့ပြီး ဟော်ချင်းချန်မှာမူ အဆင့်ခြောက်တွင်သာ တစ်နေခဲ့လေသည်။ ထို့ကြောင့် ရန်ကိုင်လည်း အတော့်ကိုမှ အံ့အားသင့်နေခဲ့ရသည်။
ဟော်ရှင်းချန်၏ ကျင့်ကြံခြင်း ဘာကြောင့် ထိုမျှ နောက်ကျ ကျန်ရစ်နေမှန်း သူလုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့သည်။
ရန်ကိုင်စကားကို ကြားလိုက်သည့်အခါ အခန်းထဲတွင် ရှိနေသူအားလုံး ပြုံးစိပြုံးစိ ဖြစ်သွားကြသည်။
ချူရီမန်ပင်လျှင် မရယ်မိအောင် သူမပါးစပ်လေးကို လက်ဖြင့်အုပ်၍ အတင်းချုပ်တည်းနေခဲ့ရသည်။
ဟော်ရှင်းချန်က အရမ်းကိုမှ ခါးသီး၊ ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် “ငါဘယ်လောက်တောင် ကံဆိုးခဲ့လဲဆိုတာကို မင်းမသိလို့ပါကွာ သခင်လေးရန်ရာ…”
ပြောပြီးသည်နှင့် သူ့ဇာတ်ကြောင်းကို ချက်ချင်း စပြောပြတော့လေသည်။
ဟော်ရှင်းချန် ပြောသည်ကိုနားထောင်ရင်း ရန်ကိုင် အမူအရာ ပိုပို၍ ကိုးယိုးကားယား ဖြစ်လာခဲ့ရသည်။
ဟော်မိသားစုသည် ဗဟိုမြို့တော်၏ မိသားစုကြီးရှစ်ခုထဲမှ တစ်ခုဖြစ်သည်။ သို့သော် ယခင်မိသားစုခေါင်းဆောင် ဟော်ကျန်းတွင် ဟော်ရှင်းချန်ဟုခေါ်သော သားတစ်ယောက်သာရှိပြီး အဖိုးတန် ရတနာတုံးများအဖြစ် တယုတယ ကျွေးမွေးပြုစုထားသော သမီးများစွာ ရှိပေသည်။
ဟော်ရှင်းချန် မိသားစုခေါင်းဆောင်နေရာကို ဆက်ခံလိုက်ပြီးနောက်၊ ဟော်မိသားစု အကြီးအကဲများသည် ယခင်မိသားစုခေါင်းဆောင်ကြောင့် သင်ခန်စားတစ်ကြိမ် ရခဲ့ပြီသွားပြီဖြစ်လေရာ ဟော်ချင်းရှန် မိသားစုခေါင်းဆောင် ဖြစ်လာသည်နှင့် သူ့နေရာကို ဆက်ခံမည့် အမွေခံ လုံလုံလောက်လောက် ရှိစေရေးအတွက် လက်ထပ်ပွဲများ တစ်ခုပြီးတစ်ခု စီစဉ်ပေးတော့လေသည်။
လွန်ခဲ့သော ဆယ်နှစ်အတွင်း ဟော်မိသားစုသည် ဟော်ရှင်းချန်အား မိန်းမ ဆယ်ယောက်ကျော် ပေးစားခဲ့သည်။ အကြီးအကဲများ၏ တွန်းအားပေး၊ ခြိမ်းခြောက်မှုကြောင့် ဟော်ရှင်းချန်းမှာ ဟော်မိသားစု ကျယ်ပြန့်ရေးအတွက် ကျားကုတ်ကျားခဲ ကြိုးစားပေးခဲ့ရလေသည်။
‘မြောက်မြားလှစွာသော’ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးနေရသဖြင့် ဟော်ချန်း အနေဖြင့် ကျင့်ကြံဖို့ အချိန်မရှိသလို အရမ်းလည်း မောပန်းခဲ့ရသည်။ ထို့ကြောင့် သူ့ကျင့်ကြံခြင်း တိုးတက်မလာသည်မှာ မထူးဆန်း။
“ဟူး…၊ အကုန်လုံးကို ပြန်ရေတွက်ကြည့်လိုက်ရင် ဒီသခင်လေးမှာ စုစုပေါင်း မယားနဲ့ကိုယ်လုပ်တော် (၁၅)ယောက်တောင် ရှိတာကွ” ဟော်ရှင်းချန်က နာကျင်နေသည့် အမူအရာဖြင့် ရန်ကိုင်အား စိုက်ကြည့်လိုက်ပြီး သူ့ပခုံးကိုဖက်ကာ ငိုတော့လေသည် “အခွင့်အရေးရရင် ငါမင်းကို သူတို့တွေနဲ့ မိတ်ဆက်ပေးမယ်။ အကုန်လုံး အလှလေးတွေ ဆိုပေမယ့် (၁၅)ယောက် တစ်ယောက်လေကွာ။ ငါဘယ်လိုလုပ်ပြီး ပြန်တိုက်နိုင်တော့မှာလဲကွ”
ရန်ကိုင်အား ဟော်ရှင်းချန်အား ဂရုဏာသက်စွာ စိုက်ကြည့်လိုက်သည်။ သို့သော် ဘာပြန်ပြော၍ ပြောရမှန်းမသိ၊ အချိန်အတော်ကြာသွားပြီး နောက်ဆုံး၌ “ငါလည်း မင်းကိုယ်စား ဝမ်းနည်းမိပါတယ်ကွာ…”
ခန်းမထဲတွင် ရှိနေသူအားလုံး ပွဲကျသွားခဲ့သည်။
ရန်ကိုင်ပြန်လာသည့်သတင်း ပြန့်သွားသည့်ပုံပင်။ ချူရီမန်နှင့် ဟော်ရှင်းချန်တို့ ရောက်ပြီး မကြာခင်မှာဘဲ မိသားစုကြီးရှစ်ခုမှ အခြားမိသားစုခေါင်းဆောင်များ ရောက်လာခဲ့ကြသည်။
မန်မိသားစုခေါင်းဆောင် မန်ရှန်းရီ၊ လျူမိသားစုခေါင်းဆောင် လျူချင်းယောင်၊ ခန်မိသားစုခေါင်းဆောင် ခန်ကျန်း၊ ကောင်းမိသားစုခေါင်းဆောင် ကောင်းရန်ရှန်း၊ ရီမိသားစုခေါင်းဆောင် ရီကျင်းလီ…
ထိုလူငါးယောက်အနက် မန်ရှန်းရီနှင့် လျူချင်းယောင်ကိုသာ ရန်ကိုင် နည်းနည်းပါးပါး ရင်းနှီးပေသည်။ ကျန်သုံးယောက်နှင့်မူ စကားပင် ပြောခဲ့ဖူးရဲ့လား မသေချာ။
ရန်ကိုင် ပြန်ရောက်လာပြီး ကျူးကျော်သူ အနှောင်အဖွဲ့ကင်း စိတ်ဝိဥာဉ်ကျောင်းတော်သားများကို ရှင်းထုတ်ပစ်လိုက်သည့် သတင်း ကြားလိုက်သည်နှင့် အကုန်လုံး တစ်ပြိုင်တည်း ရောက်ချလာခဲ့သည်။
ရန်မိသားစုကို ဗဟိုမြို့တော်မှ ထုန်းရွှမ်လောကကြီးဆီသို့ ခေါ်သွားချင်သည့်အကြောင်း သတင်းကြားလိုက်သည့်အခါ မိသားစုခေါင်းဆောင် ငါးယောက်စလုံး ချက်ချင်းလက်ငင်း ဆုံးဖြတ်မချနိုင် ဖြစ်ခဲ့ရသည်။
မိသားစုတစ်ခုကို ပြောင်းရွေ့မည့်ကိစ္စသည် သူတို့ တစ်ဦးတစ်ပါတည်း ဆုံးဖြတ်၍ ရသော ကိစ္စမဟုတ်ချေ။
သူတို့တွင်လည်း တွေးပူစရာများ ရှိနေပေသေးသည်။
အမွေခံတိုက်ပွဲအတွင်း၊ ဟော်မိသားစုနှင့် ချူမိသားစုသည် ရန်ကိုင်နှင့် အရင်းနှီးဆုံး ဖြစ်ကြပြီး ချူရီမန်နှင့် ဟော်ရှင်းချန်သည် ရန်ကိုင်ကို ပြိုင်ပွဲစသည့် အချိန်မှစ၍ ကူညီပေးခဲသည်။ ထို့ကြောင့် ရန်ကိုင်နောက်သို့ သူတို့ လိုက်သွားသည်မှာ အထူးအဆန်းမဟုတ်။ သို့သော် ကျန်းငါးယောက်အနက် အများစုမှာ အတိတ်တွင် ရန်ကိုင်အား ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသူများ ဖြစ်သည်။ ယခု လက်ရှိအခြေအနေသည် အပြောင်းကြီးပြောင်းလဲသွားခဲ့ပြီ ဖြစ်ရာ ဘယ်လိုနေလို့ နေရမှန်း သူတို့မသိတော့ချေ။
ရန်ကိုင်က သူတို့အား ထုန်းရွှမ်လောကကြီးဆီ လိုက်မလားဟု ကမ်းလှမ်းခဲ့သည်။
အတိတ်တွင် ဖြစ်ခဲ့သည်များကိုမူ ရန်ကိုင် ဂရုမစိုက်တော့။ ထိုငါးယောက်ဟာလည်း သူ့မွေးရပ်မြေမှ လူများဖြစ်ကြသည်။ သူ့တို့အား ကူညီရန် သူ့အတွက် အပန်းမကြီးလေသဖြင့် ချက်ချင်း မေးလိုက်ခြင်းဖြစ်သည်။
သို့သော် မိသားစုငါးယောက်စလုံးမူ မိသားစု အကြီးအကဲများနှင့် အရင်ပြန်တိုင်ပင်လိုက်ဦးမည်ဟု ပြောကာ ထွက်သွားလေသည်။
သူတို့ငါးယောက် ထွက်သွားပြီးနောက် ကောင်းကောင်းပင် မနားရသေးခင်မှာဘဲ လူတစ်အုပ်ပြီးတစ်ယောက် တောက်လျှောက် ရောက်လာခဲ့လေသည်။
လာရောက်လည်ပတ်သူအားလုံးသည် အမွေခံတိုက်ပွဲတွင် ရန်ကိုင်ဘက်မှ ဝင်ရောက်ကူညီပေးခဲ့ကြသော သူ့မိတ်ဆွေများ ဖြစ်ကြပေသည်။
ပန်းတစ်ထောင်နန်းတော်၏ ဟန်ရှောင်ချီ၊ ရီဟန်၊ လျူချင်းယုနှင့် ဟွာရို့ယင်။
ရေလခန်းမမှ ဖန်ကျန်းဟန်။
သန့်စင်နှလုံးသားနန်းတော်မှ ကျိုးဖန်း၊ လီရှင်းယွမ်။
လရောင်ပြန်ဂိုဏ်းမှ ချန်ယွဲ့ရှုနှင့် စုရှောင်းယု။
ရတနာဂိုဏ်းမှ ထောင်ရန်နှင့် ကျောင်းရုန်၊
တစ္ဆေဘုရင်တောင်ကြားမှ လန်ရှန်း၊ ချန်းရီနှင့် ချန်းရင်။
ထိုလူအားလုံးသည် ဗဟိုမြို့တော် ပြန်လည် တည်ဆောက်ရာ၌ ကူညီပေးခဲ့ကြသည်။ ရန်ကိုင် မရှိချိန် အတောအတွင်း အကုန်လုံးသည် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကူညီပေးခဲ့ကြသည်။ နောက်ဆုံး ရန်ကိုင်ဘက်မှ ဝင်ရောက်ကူညီပေးခဲ့ကြသော လူငယ်လေးများသည် ရန်မိသားစုနှင့် ဗဟိုမြို့တော်မှ မိသားစုကြီးများနှင့် ဆက်ဆံရန် အတွက် သူတို့ အင်အားစုအသီးသီး၏ ကိုယ်စားပြုများ ဖြစ်လာခဲ့ကြသည်။
ကံကောင်းစွာဖြင့် မကြာသေးခင်က ဒုက္ခဘေးဆိုးကြီးအတွင်း သူတို့ထဲကဘယ်သူမှ ဒုက္ခမရောက်ခဲ့ကြချေ။ အကုန်လုံး အသက်ရှင်နိုင်ခဲ့သည်။
မိတ်ဆွေဟောင်းများစွာ ရောက်လာသဖြင့် ခန်းမတွင်းရှိ အခြေအနေမှာလည်း ရွှင်ရွှင်မြူးမြူး ဖြစ်လာသည်။ ပန်းတစ်ထောင် နန်းတော်မှ မိန်းမလှလေး လေးယောက်ဟာ ဆိုလျှင်လည်း မဟာအလှရှင်မလေးများ ဖြစ်လာခဲ့ကြလေပြီ။
အချင်းချင်း အပြန်အလှန် နှုတ်ဆက်ကြပြီးနောက် ရန်ကိုင်က သူ့အစီအစဉ်ကို ရှင်းပြလိုက်သည်။ သူတို့ဂိုဏ်းဆီပြန်ပြီး အကြီးအကဲများကို ပြန်အကြောင်းကြားလိုက်မည်ဟု အကုန်လုံးက ပြန်ဖြေခဲ့ကြသည်။
သူတို့ထွက်သွားသည်နှင့် ရန်ကိုင်က ပြောလိုက်သည် “ဒုတိယအစ်ကိုတို့ လိုက်မလိုက်ကို မိသားစု အကြီးအကဲတွေနဲ့ အရင်ဆွေးနွေးလိုက်ဦး။ မြန်မြန်လေးတော့ ပြန်ပြောပေးနော်။ ငါဒီမှာ အကြာကြီးနေမှာ မဟုတ်ဘူး”
“ဘာမှဆွေးနွေးနေစရာ မလိုဘူး။ မင်းက အားလုံး စီစဉ်ပြီးဆိုမှတော့ ရန်မိသားစုကလည်း မင်းနောက် လိုက်မှာပေါ့” ရန်ကျောင်းက အလျင်စလို သဘောတူလိုက်သည်။
အကုန်လုံး ခေါင်းညိတ်လိုက်ကြသည်။ သဘောမတူသည့်လူ တစ်ယောက်မှမရှိ။ သွေးစစ်တော်များသည်လည်း စိတ်လှုပ်ရှား၊ ပျော်ရွှင်နေခဲ့ကြသည်။ သူတို့ သခင်ငယ်လေး နောက်သို့ နောက်တစ်ကြိမ် လိုက်ခွင့် ရခဲ့ပြန်လေပြီ။
“ကောင်းပြီလေ။ အဲ့လိုဆို အားလုံး ကြိုပြီး ထုပ်ပိုးထားလိုက်တော့။ အရေးအကြီးဆုံး ပစ္စည်းတွေကိုပဲ ယူလာဖို့ သူတို့တွေကို ပြောလိုက်ပါဦး ဒုတိယအစ်ကို။ ကျင့်ကြံရေး အရင်းအမြစ်တွေကိုတော့ ဒီမှာပဲ ချန်ထားခဲ့လိုက်လို့။ ဟိုကို ယူသွားရင် ဘာမှအသုံးဝင်မှာ မဟုတ်ဘူး” ပြောပြီးနောက် ချူရီမန်နှင့် ဟော်ရှင်းချန်ဘက် လှည့်လိုက်သည်။
ဟော်မိသားစု သခင်လေးက ချက်ချင်းပဲ ပြောလိုက်သည် “ချူရီမန် ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ်၊ သူ့အတိုင်း ငါလိုက်လုပ်မှာ။ သူက ငါ့ထက် အမြင်ကောင်းတယ်”
“ငါလည်း ချူမိသားစုကို ထုန်းရွှမ်လောကကြီးဆီ ခေါ်သွားမယ်” ချူရီမန်က ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။
ဟော်ရှင်းချန်က ပခုံးတွန့်လိုက်ပြီး “အဲ့လိုဆိုရင် ငါ့အိမ်က လူအိုကြီးတွေကို မြန်မြန် သွားပြင်ခိုင်းလိုက်တော့မယ်”
ပြောပြီးသည်နှင့် ခပ်မြန်မြန်ပဲ ထွက်သွားလေသည်။
“ငါတို့လည်း ပြင်ဆင်ထားရမယ်” ရန်ကျောင်းက ထရပ်လိုက်ပြီး ခန်းမထဲတွင် ရှိနေသော အခြား ရန်မိသားစုဝင်များကို အမိန့်ပေးလိုက်လေသည် “ကိုးယောက်မြောက်ညီလေး ပြောတာ ကြားတယ်မလား။ မင်းတို့ မချန်ရစ်ခဲ့တာတွေကိုယူခဲ့။ ကျန်တဲဟာတွေကို ထားခဲ့လိုက်”
“ဟုတ်ကဲ့ပါ” အကုန်လုံး တစ်ပြိုင်တည်း ပြန်ဖြေလိုက်ကြသည်။
ခန်းမထဲတွင် ရန်ကိုင်၊ လီရုန်၊ ဟန်ဖေး၊ ချူရီမန်နှင့် လော့ရှောင်မန်တို့သာ ကျန်တော့ပေသည်။
“သခင်၊ ကျွန်မတို့ အပြင်မှာ စောင့်နေမှာမို့လို့ လိုအပ်ရင် ခေါ်လိုက်နော်” လီရုန်က နှုတ်ခမ်းလေးကွေးလျက် ဟန်ဖေးနှင့်အတူ အခန်းထဲမှ အလိုက်တသိ ထွက်သွားလိုက်သည်။ ချူရီမန်ဆိုသော မိန်းကလေး ရန်ကိုင်အား ကြည့်သည့် အကြည့်ကို သူမ သတိမထားမိဘဲ နေပါ့မလား။
ထိုအကြည့်သည့် အချစ်မေတ္တာတို့ဖြင့် ထုံမွမ်းနေသည့်၊ အထီးကျန်နေသော မိန်းမပျိုလေးတစ်ယောက် သူမချစ်ရသည်ကို အချိန်အတော်ကြာအောင် စောင့်နေခဲ့ရသည့် အကြည့်မျိုးပင်။
သူမသီးသန့် ကျန်နေခဲ့ခြင်းသည် ရန်ကိုင်နှင့် တစ်ယောက်တည်း တွေ့ချင်သည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။
“အစ်မချူ၊ ကျွန်မ အရင်ပြန်နှင့်တော့မယ်နော်” လော့ရှောင်မန်က တိုးတိုးလေး ပြောလိုက်ပြီး လီရုန်နှင့် ဟန်ဖေးတို့နောက် လိုက်သွားလေသည်။
ခန်းမထဲတွင်သာ တိတ်ဆိတ်မှုသာ ကြီးစိုးနေခဲ့သည်။ အကုန်လုံး ထွက်သွားသည့်တိုင် ချူရီမန်သည် စကားတစ်ခွန်းပင် မပြောဘဲ ရန်ကိုင်အား မျက်တောင်မခတ်တမ်းသာ စိုက်ကြည့်နေခဲ့သည်။
နောက်ဆုံး မနေနိုင်တော့သည့်အဆုံး ရန်ကိုင်က အနည်းငယ် ရှက်ရွံ့နေသည့် လေသံဖြင့် တိတ်ဆိတ်မှုကို စတင် ဖြိုခွဲလိုက်သည် “နင်ကြည့်ရတာ အခုထိ လက်မထပ်ရသေးတဲ့ပုံပင်။ နင်လည်း မငယ်တော့ဘူးနော်”
“ငါနင့်ကို စောင့်နေတာလေ” ချူရီမန်က ခေါင်းလေး မော့လိုက်ရာ ပြစ်ချက်ကင်းစင်သည် သူမ၏ လည်တိုင် ဖြူဖြူလေး အထင်းသား ထွက်ပေါ်လာခဲ့သည်။
“မနောက်စမ်းပါနဲ့ဟာ” ရန်ကိုင်က အသက်မပါစွာ ရယ်မောလိုက်သည်။
“ငါနောက်နေတယ်လို့ ထင်နေတာလား” ချူရီမန်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ရုတ်တရက် အံကြိတ်လိုက်ကာ “နင့်ရင်ထဲမှာ အခြားမိန်းကလေး ရှိနေပြီးမှန်း ငါသိတယ်။ ငါ့ကို ပြန်ကြိုက်ပါလို့လည်း ငါမပြောဘူး… ငါတို့ နှစ်ယောက်ကြား အရမ်း ကွာခြားချက် ကြီးမားနေမှန်း သိရင်တောင် ငါချစ်နေချင်သေးတယ်”
ရန်ကိုင်အဖို့ သူမအား ကူကယ်ရာမဲ့စွာဖြင့် စိုက်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
“ဒါပေမယ့် နင်က ပြန်တောင် ပြန်မလာဘူးလေ။ ဒီတော့ ငါလည်း နင်သိအောင် ငါ့ခံစားချက်တွေကို သေချာ ထုတ်ပြဖို့ လိုလာတာပေါ့။ နင်ငါ့ကို အရင်က ပြောခဲ့တယ်လေ၊ အချစ်အကြောင်း မပြောနဲ့တဲ့၊ ပျော်စရာရှာတာကတော့ ကိစ္စမရှိဘူးတဲ့”
“ငါတကယ်ကိုး အဲ့လိုစကားကို ပြောခဲ့တာလား” ရန်ကိုင် ကြောင်သွားခဲ့သည်။
“နင်ပြောခဲ့တယ်” ချူရီမန်က သူမ၏ နှုတ်ခမ်းလေးကို ဒေါသတကြီး ကိုက်ရင်း ရန်ကိုင်အား စူးစူးရဲရဲ ကြည့်လိုက်ပြီး “နင်ဘယ်လို တိရိစ္ဆာကောင်လဲ ဆိုတာကို အခုသိသွားပြီလား။ နင်မသိချင်ယောင် ဆောင်နေတယ်လို့ ငါထင်နေတာ”
“အန်… အာ… အဲ့ဒါတွေက အတိတ်တုန်းကလေဟယ်။ အဲ့တုန်းက ငါက ငယ်ပြီး ဘာမှ မသိနားမလည်တော့…”
“အတိတ်တွေဘာတွေ လာပြောမနေနဲ့။ နင်က ကစားချင်မှတော့ ကစားကြတာပေါ့။ နင့်ကို တစ်သက်လုံး ထိုင်စောင့်နေတာမျိုး ငါမလုပ်ချင်ဘူး။ အဲ့ဒါက လက်တွေ့ မဆန်မှန်း ငါသိတယ်။ နေ့တိုင်းနေ့တိုင်း နင့်အကြောင်းတွေးပြီး ခံစားနေရမှာမျိုးလည်း မဖြစ်ချင်ဘူး။ ငါ့ကို တစ်ကြိမ်လောက်ပဲ ပြန်လှည့်ကြည့်စေချင်တာ”
“အန်…” ချူရီမန်၏ စကားလုံးများကြောင့် ရန်ကိုင်မှာ လုံးဝကို မှင်သက်နေခဲ့ရသည်။ တစ်ခွန်းပင် ပြန်မပြောနိုင်ခဲ့။
“နင်ငါ့ကို ဘယ်လိုတွေးတွေး ငါဂရုမစိုက်ဘူး။ ဒါပေမယ့် စောင့်နေ၊ ထုန်းရွှမ်လောကကြီးရောက်လို့ ကိစ္စအားလုံး တည်ငြိမ်သွားတာနဲ့ ငါဘယ်လောက် ကြမ်းတမ်းလဲဆိုတာ နင်သိသွားစေရမယ်” ပြောပြီးသည်နှင့် ချူရီမန်၏ ခန္ဓာကိုယ်လေး ချက်ချင်းဆိုသလို ရနက်ိုင်ရှေ့၌ ပေါ်လာခဲ့သည်။ ရန်ကိုင် သဘောတူသည်၊ မတူသည်ကို ဂရုစိုက်မနေတော့ဘဲ ခြေဖျားထောက်၍ ရန်ကိုင်နှုတ်ခမ်းအပေါ်သို့ သူမ၏ နှုတ်ခမ်းအစုံဖြင့် ဖိကပ်ချလိုက်သည်။
ချက်ချင်းဆိုသလို ရန်ကိုင် ရုတ်တရက် ထအော်လိုက်သည်။ နောက်သို့ ဒယီးဒယိုင် ဆုတ်လိုက်ရပြီး သူ့နှုတ်ခမ်းနေရာမှ နာကျင်မှုကို ခံစားနေခဲ့ရသည်။
ချူရီမန်က ကျော့ရှင်းစွာဖြင့် ခေါင်းလေး လှည့်လိုက်ပြီး ကျော့ကျော့မော့မော့ဖြင့် ထွက်သွားလေသည်။ ထို့နောက် ခပ်ဝေးဝေးမှ သူမ၏ ဆည်းလည်းသံတမျှ ချိုသာသော ရယ်သံလေးနှင့်အတူ “ဒါက အတိုးနည်းနည်းလေးပဲ ရှိသေးတယ်။ ဟိုဘက်ရောက်လို့ အခွင့်အရေးရပြီ ဆိုတာနဲ့ နင်ငါ့အပေါ် တင်ထားတဲ့ အကြွေးတွေအကုန်လုံးကို ပြန်ယူပစ်မယ်”
ရန်ကိုင် ကြောင်အမ်းအမ်း အမူအရာဖြင့် ကျန်ရစ်ခဲ့လေသည်။
အမွှေးတိုင်တစ်ချောင်းစာ ကြာသွားပြီးနောက်မှပဲ အခန်းထဲမှ ရန်ကိုင် လမ်းလျှောက်ထွက်လာခဲ့သည်။
အပြင်ဘက်တွင် စောင့်နေသော ဟန်ဖေးနှင့် လီရုန်တို့သည် ရန်ကိုင် ထွက်လာသည်ကို မြင်သည်နှင့် သူ့အား ချက်ချင်း လှမ်းကြည့်လိုက်သည်။ ထို့နောက် ခပ်မြန်မြန်ပဲ အကြည့် ပြန်လွှဲသွားသည်။ သို့တိုင် ရယ်ချင်စိတ်ကို အတင်း အောင်းအည်းနေရသည်အလား သူမတို့၏ ပခုံလေးများ တသိမ့်သိမ် လှုပ်ခါနေခဲ့လေသည်။
“ရီ၊ရီ ၊ အဲ့မှာ ဝအောင်သာ ရီ။ မိန်းမတစ်ယောက် ကိုက်တာကို မမြင်ဖူးတာ ကျနေတာပဲ” ရန်ကိုင် ကူကယ်ရာမဲ့စွာဖြင့် သူ့နှုတ်ခမ်းကို ထိလိုက်သည်။ သူ့လက်အောက်ငယ်သားရှေ့ မျက်နှာပျက်ခဲ့ရလေပြီ။
“အဲ့မိန်းကလေးက တကယ်ကို တော်တာနော်” လီရုန်က လေးလေးနက်နက် အမူအရာဖြင့် “ထုန်းရွှမ်လောကကြီးမှာသာ မွေးခဲ့ရင် သူ့ကျင့်ကြံခြင်းက အခုထက် အများကြီး ပိုမြင့်နေမှာ”
“အင်း။ ဒီလောကကြီးရဲ့ သူ့ရဲ့ တိုးတက်နှုန်းကို နှောင့်နှေးစေခဲ့တာပဲ” ဟန်ဖေးလည်း ဝင်ပြောလိုက်သည်။
“ဒါကြောင့်ပဲ သူတို့ကို ဒီကနေ ခေါ်သွားချင်တာ။ အဲ့လိုမှ တကယ့် လောကကြီးအစစ်ကို သူတို့ မြင်တွေ့နိုင်လိမ့်မယ်” ရန်ကိုင်က ပညာတတ်ဆန်ဆန် လေသံဖြင့် “ဒီလောကကြီးက အရမ်းသေးလွန်းတယ်။ ဟိုဘက်က အန္တရာယ်ပိုများတယ် ဆိုပေမယ့် အခြေအနေတွေက ဒီနေရာထက် အပုံကြီး ပိုသာတယ်”
လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက် ခဏအကြာ၌ ရန်ကိုင်က အမိန့်ပေးလိုက်သည် “ခင်ဗျားတို့နှစ်ယောက် ရန်မိသားစုကို ခဏ ကာကွယ်ပေးထားဦး”
လီရုန် ကြောင်သွားခဲ့ပြီး “သခင် တစ်နေရာရာ သွားမလို့လား”
“ကျုပ်သွားလည်ရမယ့် နေရာနှစ်နေရာ ရှိသေးတယ်”
“အဲ့လိုဆိုရင် ကျွန်မ၊ ဒါမှမဟုတ် ဟန်ဖေးကို အဖော်ခေါ်သွားလေ”
“မလိုဘူး။ ကျုပ်ဘာသာသွားလို့ အဆင်ပြေတယ်။ ကောင်းကင်လွန်းပျံနဲ့ဆို ဟိုလောကက လူတွေတောင် ကျုပ်ကို လိုက်ဖမ်းနိုင်တာမှ မဟုတ်တာ။ ဒီလောကကြီးကတော့ ပြောနေစရာတောင် မလိုတော့ဘူး”
လီရုန်လည်း ဆက်ပြီး တိုက်တွန်းမနေတော့ဘဲ သတိသာ ပေးလိုက်သည် “အဲ့လိုဆို သခင် သတိထားရမယ်နော်”
“ကျုပ်လုပ်စရာ ကိစ္စတွေပြီးသွားရင် သူတို့နဲ့ ဖြုန်းဖို့ အချိန်တွေ အများကြီး ကျန်းသေးတယ်လို့လည်း ကျုပ်မိဘတွေကို ပြောလိုက်ဦး” ပြောပြီးနောက် ကောင်းကင်လွန်းပျံကို ထုတ်ယူကာ ချက်ချင်း ထွက်သွားလိုက်လေသည်။
ရန်ကိုင် ထွက်သွားသည်ကို ကြည့်နေပြီးနောက် ဟန်ဖေးနှင့် လီရုန်တို့ ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။ နှစ်ယေဦက်စလုံး ရန်ကိုင် မိဘများကို အဖော်ပြုပေးရန် လေးယောက်မြောက် သခင်ကြီး၏ အိမ်ဆီသို့ သွားခြင်းဖြစ်သည်။