အခန်း (၉၄၁-၉၄၅)
Vol. 38 Ch. 941-945
အပိုင်း (၉၄၁)
ကောင်းကင်စံအိမ်သို့ ပြန်ရောက်ပြီးနောက် ထုန်းရွှမ် လောကကြီးဆီသို့ ချက်ချင်း ပြန်မသွားသေးဘဲ ထိုနေရာတွင် ရက်အနည်းငယ် ထပ်စောင့်နေလိုက်သည်။
ရက်အနည်းငယ်ကြာပြီးနောက် ဒေါင်မိသားစု ရောက်လာခဲ့သည်။
နောက်ထပ် ရက်နည်းနည်းကြာပြီးနောက် ပန်းတစ်ထောင် နန်းတော်မှ မိန်းမလှလေးအုပ်စု ရောက်လာခဲ့သည်။
နောက်ထပ် ရက်အနည်းငယ် ထပ်ကြာပြီးနောက်၊ ရတနာဂိုဏ်း ရောက်လာခဲ့သည်။
နှစ်ရက်နေ၊ သုံးရက်နေတိုင်း အမျိုးမျိုးသော နေရာများမှ အုပ်စုတစ်ဖွဲ့ဆီ ရောက်လာခဲ့သည်။ ထိုလူများကို ရန်ကိုင် မငြင်းဆန်ခဲ့ချေ။ သူ့မိတ်ဆွေများနှင့် တစ်ဂိုဏ်းသားများ ဖြစ်နေသရွေ့ ရန်ကိုင်က အားလုံးကို လက်ခံပေးခဲ့သည်။
ထို့အတွက်ကြောင့် အသစ်ရောက်လာသူများသည်လည်း ရန်ကိုင်အား အရမ်းကိုမှ ကျေးဇူးတင်ခဲ့ကြသည်။
လောကကြီးတစ်ခုလုံး ပရမ်းပတာ ဖြစ်နေပြီး ဗဟိုမြို့တော်သည်လည်း ဒုက္ခရောက်သွားခဲ့ရသည်။ သူတော်စင်အဆင့်ဟု ခေါ်သော ပညာရှင်များသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ကြသည်။ ထိုသလင်းသည် ဟန်မင်းဆက် တစ်ဆက်အနှံ့ တောမီးလောင်သည့်ပမာ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။
ထိုဂိုဏ်းများ ဘာလုပ်ရ၊ ဘာကိုင်ရမှန်းမသိ ဖြစ်နေချိန်မှာပဲ ရန်ကိုင်က သူတို့အားလုံးဆီ လက်လှမ်းကူညီပေးခဲ့သည်။
ထို့ကြောင့် ဗဟိုမြို့တော်တွင် ရှိနေသော သူတို့ တပည့်များဆီမှ သတင်း ကြားလိုက်ရပြီးနောက် ဂိုဏ်းအားလုံး တုန့်ဆိုင်းမနေကြတော့။ အကုန်လုံးသည် ထုပ်ပိုးစရာ ရှိသည်များကို အလျင်အမြန် ထုပ်ပိုး၍ ကောင်းကင်စံအိမ်သို့ အပြင်းခရီးနှင်တော့လေသည်။
လူအရေအတွက်မှာ တစ်နေ့ထက်တစ်နေ့ ပိုပို၍ များလာခဲ့သည်။ မကြာခင် တစ်ယောက်လောက်သာ ရှိသော လူအရေအတွက်သည် လေးထောင်၊ ငါးထောင်အထိ ရောက်ရှိလာခဲ့သည်။
စောင့်နေစဉ်အတွင်း ရန်ကိုင်သည် ဒီအတိုင်း မနေခဲ့။ လီရုန်၊ ဟန်ဖေးနှင့် ရှီခွန်တို့အားလုံးကို လမ်းညွှန်သင်ကြားစေခဲ့သည်။ ထို့အပြင် ဆေးလုံးများကို ဖြန့်ဝေပေးရင်း သူ့မိတ်ဆွေများ၏ ခွန်အား တိုးနိုင်သမျှ တိုးတက်လာအောင် ကူညီပေးခဲ့သည်။
အကုန်လုံး ပျော်ရွှင်အူမြူးနေခဲ့ကြသည်။ လီရုန်၊ ဟန်ဖေးနှင့် ရှီခွန်တို့သည် တစ်နေ့တစ်နေ့၊ လူထောင်ပေါင်းများစွာရှေ့တွင် ထိုင်လျက် သိုင်းတာအိုနျင့် ကောင်းကင်လမ်းစဉ်အပေါ် သူတို့၏ နားလည်သဘောပေါက်မှုများကို သင်ကြားပေးကြသည်။
ရန်ကိုင်နောက် လိုက်လာသော သူတော်စင် သုံးယောက်သည် နေ့စဉ်နေ့တိုင်း ပါးစပ်မစေ့နိုင်အောင်ကို ပြောနေခဲ့ကြရသည်။ သို့သော် လူအုပ်ကြီး၏ စိတ်အားထက်သန်နေသော မျက်လုံးများကို မြင်သော် သူတို့ကို စိတ်မပျက်စေရက်တော့ချေ။
ထို့ကြောင့် အားတင်းလျက် ကျင့်ကြံခြင်းနှင့် ပက်သက်သည့် သင်ခန်းစာများကို ဆက်လက် ပို့ချသင်ကြားပေးခဲ့သည်။
လူအုပ်ကြီးအနက် ရန်မိသားစု သွေးစစ်တော်များနှင့် ဟူညီအစ်မနှစ်ယောက်သည် တိုးတက်မှုအရှိဆုံးဖြစ်သည်။ ရက်အနည်းငယ် အတွင်းမှာပင် တစ်ယောက်ချင်းစီငတိုင်း၏ ကျင့်ကြံခြင်း အနည်းနှင့်အများဆိုသလို တိုးတက်လာခဲ့ရသည်။
ဤလောကကြီး၏ အချုပ်အနှောင်ကြောင့် မသေမျိုး အဆင့်သို့ ရောက်လျှင်ပင် ကောင်းကင်လမ်းစဉ်အပေါ် သူတို့၏ နားလည်သဘောပေါက်နိုင်မှုသည် အကန့်အသတ်နှင့် ရှိသည်။
လူအုပ်ကြီးကု၏ အပြင်ဘက်တွင် ချူရီမန်သည် ထိုမသေမျိုးအဆင့် ကျင့်ကြံသူများကို အားကျစွာဖြင့် ကြည့်နေပြီးနောက် သူမ၏ ကျင့်ကြံခြင်းကို တစ်ချက် စစ်ဆေးကြည့်ကာ သက်ပြင်းချလိုက်သည်။
ထိုရက်အတောအတွင်း ရန်ကိုင်ဆီမှ အကြောင်းအရာများစွာ သိခဲ့ရသည်။ တစ်ဖက်လောကကြီးတွင် မသေမျိုးအဆင့်များ မှိုပေါက်သလို ပေါများလှပြီး ထိုလူများကို အစစ်အမှန် ပညာရှင် တစ်ယောက်ဟု မသတ်မှတ်ကြချေ။
ဆန့်ကျင်ဘက်အနေနှင့်၊ အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့်သို့ ရောက်လျှင် ဤလောကကြီး၌ ထိပ်တန်းပညာရှင်တစ်ယောက် ဖြစ်လာနိုင်လေပြီ။ သို့သော်လည်း ထိုကျင့်ကြံခြင်းသည် တစ်ဖက်လောကတွင် ဘာဆိုဘာမှ မဟုတ်ချေ။
ထိုလောကကြီးတွင် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများသည် နွားကိုယ်ပေါ်ရှိ အမွှေးအမျှင်များနှယ် များပြားလှသည်။
သူမနှလုံးသားထဲ အရမ်းကိုမှ စိုးရိမ်နေခဲ့ရသည်။
“သူတို့ကျင့်ကြံခြင်းကို အားကျနေတာလား” ရန်ကိုင် သူမဘေးတွင် ရုတ်တရက် ပေါ်လာပြီး မေးလိုက်သည်။
“အားကျလို့ကော ဘာထူးမှာလား။ ငါ့အရည်အချင်းက ဒီလောက်ပဲဟိုကို” ချူရီမန်က ပြုံးလိုက်ပြီး “ပြီးတော့၊ ငါက မိန်းမတစ်ယောက်လေ။ နောက်ပိုင်းကျ အိမ်မှုကိစ္စတာဝန်နဲ့ ကလေးထိန်းဖို့ပဲ အာရုံစိုက်ရတော့မှာ။ ကျင့်ကြံခြင် မြင့်နေလို့ကော ဘာထူးမှာမို့လို့လဲ”
“နင်က ဒီလောက်လေးနဲ့ ကျေနပ်တတ်တဲ့ မိန်းကလေး တစ်ယောက် ဟုတ်လို့လား” ရန်ကိုင်က ချူရီမန်အား ပြန်စိုက်ကြည့်ကာ မေးလိုက်သည်။
ချူရီမန်က အားတင်ပြုံးလိုက်ပြီး “ငါက အရမ်းကို ရောင့်ရဲတတ်တဲ့လူ။ နင်ကသာ လက်မခံနိုင်တာ”
“တော်လိုက်တော့။ မဟုတ်တရုတ်တွေ လျှောက်ပြောမနေနဲ့တော့” ရန်ကိုင် တကယ်ကို ဆက်သည်းမခံနိုင်တော့ချေ။
ချူရီမန်က ရန်ကိုင်ကို ကြည့်၍ ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် “ဟုတ်တယ်ဟယ်။ ငါသူတို့ကို အားကျတယ်။ အဲ့တော့ ဘာဖြစ်လဲ။ သူတို့ကို အားကျလို့ မရဘူးလား။ မနာလိုလို့ မရဘူးလား။ အထူးသဖြင့် အဲ့ဟူညီအစ်မ နှစ်ယောက်ပဲ။ နင်လည်း သိတာပဲ။ အရင်တုန်းကဆိုရင် သူတို့ကျင့်ကြံခြင်းက ငါ့ထက်တောင် နိမ့်ကျတာလေ။ ဒါပေမယ့် နင်ထွက်သွားပြီးတဲ့ နောက်ပိုင်း သူတို့ တိုးတက်လာနှုန်းက ကြောက်ဖို့လန့်ဖို့တောင် ကောင်းတယ်။ ခဏလေးနဲ့ မသေမျိုးအဆင့်ကို ရောက်သွားတာ အကုန်လုံး မနာလိုလိုက်ကြတာလေ။ ငါ့မျက်လုံးလည်း မနာလိုလွန်းလို့ နီနေတာ နင်သတိမထားမိဘူးလား”
ပြောနေရင်း ရန်ကိုင်ဆီ တိုးကပ်သွားလိုက်ပြီး သူ့ခါးကို လိမ်ဆွဲလိုက်သည်။ ထို့နောက် အံတင်းတင်းကြိတ်၍ “ငါ့ကို အမှန်အတိုင်းပြော။ နင်သူတို့ကို ကောင်းတာ တစ်ခုခု ပေးလိုက်တာမလား။ ငါကိုတော့ မပေးဘဲနဲ့လေ”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ငါနင့်ကိုကို ဆေးပေါင်ရည်တွေ အများကြီး မပေးခဲ့လို့လား။ အဲ့ဆေးရည်နဲ့ဆို နင့်အရည်အချင်းကို အများကြီး တိုးတက်လာအောင် လုပ်လို့ရနေပြီလေ”
“အဲ့ဒါဆိုရင် သူတို့က ဘာလို့ ဒီလောက်တောင် တော်နေတာလဲ”
“အခွင့်အလမ်းတစ်ခုခုနဲ့ ကြုံသွားလို့ နေမှာပေါ့” ရန်ကိုင် မည်ကဲ့သို့ ရှင်းပြ၍ ရှင်းပြရမှန်း မသိတော့။
“အဲ့လိုဆို နင့်မိန်းမရဲ့ မောင်လေးကျတော့ကော” ချူရီမန်က သနားစဖွယ် အမူအရာလေးဖြင့် “နင်ထွက်သွားတုန်းက သူက အဲ့ညီအစ်မနှစ်ယောက်ထက်တောင် ကျင့်ကြံခြင်း နိမ့်နေသေးတယ်”
“သူလည်း အခွင့်အလမ်း တစ်ခုခုနဲ့ ကြုံသွားလို့ နေမှာပေါ့…” ရန်ကိုင်အနေဖြင့် အားတင်း၍ ထိုစကားကိုသာ ထပ်ပြောလိုက်ရသည်။
သို့သော်လည်း ချူရီမန် ပြောခဲ့သလိုပင်။ ကောင်းကင် အမွေအနှစ်လိုဏ်ဂူထဲမှ အကျိုးအမြတ် ရခဲ့သော လူငယ်များသာ အားလုံးထက် အပြတ်အသတ် သာလွန်နေသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။ ချူရီမန်ကဲ့သို့သော လူမျိုးပင်လျှင် မသေမျိုးအဆင့်သို့ မချိုးဖျက်နိုင်သေးချေ။
ထိုအချက်ကို ကြည့်ရုံဖြင့် ကောင်းကင်အမွေအနှစ် လိုဏ်ဂူထဲမှ အကျိုးအမြတ်များသည် လူတစ်ယောက်အား သိသိသာသာ တိုးတက်သွားအောင် လုပ်ပေးနိုင်သည်ကို မြင်တွေ့နိုင်ပေသည်။
“ငါနင့်ကိုယုံတယ်” ရန်ကိုင် ရှက်ကိုးရှက်ကန်း ဖြစ်နေသည်ကို မြင်သော် ချူရီမန်လည်း ရန်ကိုင်ကို ထပ်မံ မေးခွန်းမထုတ်တော့။ ထို့ကြောင့် “နင်က နင့်မိတ်ဆွေတွေကို မိသားစုဝင်တွေလို သဘောထားတဲ့လူဆိုတော့ ငါ့အပေါ် မမျှမတ ဆက်ဆံမှာ မဟုတ်မှန်း ငါသိတယ်”
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ချူရီမန်က ကောင်းကင် စိတ်အာရုံဖြင့် တိတ်တဆိတ် စစ်ဆေးကြည့်လိုက်ပြီးနောက် ရုတ်တရက် ပြုံးလိုက်ကာ “ထုန်းရွှမ်လောကကြီးဆီ ရောက်တဲ့အထိပဲစောင့်၊ အဲ့ရောက်ရင် နင်အံ့ဩသွားအောင် ငါလုပ်ပြမယ်”
“ဘယ်လိုမျိုးလဲ” ချူရီမန်၏ မျက်ဝန်းလေးများ တောက်ပလာခဲ့သည်။
“အဲ့ဘက်ရောက်ရင် သိလိမ့်မယ်။ အခုတော့ မမေးနဲ့ဦး။ နင့်ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ထား”
ချူရီမန်က အထင်အမြင် သေးသေးဖြင့် မျက်နှာမဲ့လျက် “အပေါစားလှည့်ကွက်တွေ လာပြန်ပြီ။ နင်ဘာယုတ်ညစ်တဲ့ အစီအစဉ်တွေ ချနေပြန်ပြီလဲ”
ရန်ကိုင်ကမူ ပြုံးသာပြုံးလိုက်ပြီး ချူရီမန် အရမ်းမုန်းသော လျှို့ဝှက်သည့် ပုစံမျိုးသာ လုပ်ပြနေလိုက်သည်။ ထို့ကြောင့် ချူရီမန်မှာ မျက်လုံးကြီးပြူးလျက် ရန်ကိုင်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သော်လည်း ရန်ကိုင်က နေမထူးသာ လုပ်နေသဖြင့် ချူရီမန်လည်း လက်မှိုင်ချသွားခဲ့ရသည်။
ချူရီမန်၏ အကြီးမားဆုံး အားသာချက်မှာ သူမကိုယ်သူမ အပြင်လူတစ်ယောက်အဖြစ် သဘောမထားခြင်းပင်။ သူမနှင့် ရန်ကိုင်ကြား ကွာခြားချက် ကြီးကြီးမားမား ရှိနေသည်ကို သိသော်လည်း ရန်ကိုင်အပေါ် ယခင်အတိုင်း ရင်းရင်းနှီးနှီးသာ ဆက်ဆံသည်။ သူမကိုယ်သူ နှိမ့်ချခြင်းမပြုသလို အောက်ကျို့သည့် အပြုအမူမျိုးလည်း လုပ်မပြချေ။
ထိုအရာသည် ချူရီမန်နှင့် ပက်သက်ပြီး ရန်ကိုင် အမှန်တကယ်ကို ချီးမွမ်းရသည့် အရာပင်။
ဟော်ရှင်းချန်လည်း အတူတူပင်။
တစ်ဖက်တွင်မူ၊ ပန်းတစ်ထောင်နန်းတော်မှ မိန်းကလေးများ၊ သူ၏ အခြားမိတ်ဆွေများသည် သူ့နှင့် ယခင်ကကဲ့သို့ မဆက်ဆံတော့ချေ။ သူ့ရှေ့ ရောက်သည့်အခါ သူတို့၏ အပြုအမူကို ချုပ်တည်းထာကြသည်။ ယခင်ကလို လွတ်လွတ်လပ်လပ် ပုံစံမျိုး မရှိကြတော့။
သူတို့၏ အဆင့်အတန်းနှင့် ခွန်အား ကွာခြားချက်ကို စိတ်ထဲထားနေသည့် အတွက်ကြောင့်ပဲ ဖြစ်သည်။
ချူရီမန်နှင့် ပျော်ရွှင်စွာ စကားပြောနေစဉ် ရန်ကိုင် မျက်နှာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းဘဲ တစ်ဖက်ဆီ လှမ်းကြည့်လိုက်သည်။
“သခင်” အခြားသူများကို သူတို့၏ အတွေ့အကြုံများ သင်ကြားပို့ချပေးနေသည့် လီရုန်နှင့် ဟန်ဖေးသည်လည်း ချက်ချင်း လှမ်းအော်ခေါ်လိုက်သည်။
“ငါ့လခွမ်း” ရန်ကိုင် ကျိန်ဆဲမိလိုက်သည်။ သူ့အမူအရာ မှာလည်း သိသိသာသာကို သုန်မှုန်လာခဲ့သည်။
အခြားသူများရှေ့တွင် ကျိန်ဆဲလေ့ မရှိချေ။ သူအရမ်း စိတ်ညစ်၊ စိတ်ချဉ်ပေါက်နေသည့် အခါမျိုးမှသာ ကျိန်ဆဲတတ်၏။
“ဘာဖြစ်လို့လဲ” ချူရီမန်က အလျင်စလို မေးလိုက်သည်။ ရန်ကိုင်၏ ထူးထူးခြားခြားကို ခက်ထန်နေသည့် အမူအရာအရ တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်နေပြီမှန်း ချူရီမန် သိလိုက်သည်။
“သတိထားနေ။ တိုက်ပွဲဖြစ်သံကြားရင် လေဟာနယ် လိုဏ်ခေါင်းဆီသာ ချက်ချင်းသွား။ ငါတို့ကို မစောင့်နဲ့တော့” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။
“ဘာတွေဖြစ်နေလို့လဲ” ချူရီမန်က စိုးရိမ်တကြီး ခြေဆောင့်လိုက်သည်။
“အားကောင်းတဲ့ ရန်သူတွေ လာနေပြီ။ အများကြီးပဲ” ပြောပြီးသည်နှင့် ဆက်အချိန်ဖြုန်းမနေတော့ဘဲ လီရုန်နှင့် ဟန်ဖေးကို အချက်ပြကာ အသစ်ရောက်လာသူများကို ကြားဖြတ်တားဆီးရန် ထွက်သွားလေသည်။
သူ့ဆီ ဘယ်သူလာနေလဲ စူစမ်းနေစရာပင် မလိုချေ။ တလှိုက်လှိုက် ဖြာထွက်နေသော နတ်ဆိုးချီအရ၊ ရောက်လာသူများသည် နတ်ဆိုးဗိုလ်ချုပ်မန်ကဲနှင့် ရွှယ့်လီ ဖြစ်မည်မှာ ယုံမှားသံသယရှိစရာ မလိုချေ။
လွန်ခဲ့သောတစ်လက ရန်ကိုင်သည် ထိုနှစ်ယောက်ကို ဗဟိုမြို့တော်မှ မောင်းထုတ်ခဲ့သည်။ ထိုစဉ်က ထိုနှစ်ယောက် ပြန်မလာလောက်ဟု ရန်ကိုင် တွေးခဲ့သည်။ သို့သော်လည်း သူမျှော်လင့်ထားသကဲ့သို့ ဖြစ်မလာဘဲ ထိုနှစ်ယောက် အမှန်တကယ် ပြန်ရောက်လာခဲ့ပေသည်။
ထို့အပြင် သူတို့နှင့်အတူ အခြားတစ်ယောက်ပါ ပါလာသေးသည်။ အသစ်ပါလာသည့် ပညာရှင်၏ အရှိန်အဝါမှာ မန်ကဲနှင့် ရွှယ့်လီတို့ထက် သိသိသာသာကို အားကောင်း၏။
နောက်ထပ် နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်လား
နတ်ဆိုးဗိုလ်ချုပ်သုံးယောက် ဆိုပါက လီရုန်နှင့်ဟန်ဖေး ပေါင်းတိုက်လျှင်ပင် ထိုသုံးယောက်ကို အချိန်တိုအတွင်း အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ တိုက်ပွဲကိုသာ အချိန်တိုအတွင်း အပြီးမဖြတ်နိုင်ပါက သူ့မိသားစု၊ မိတ်ဆွေများ၏ လုံခြုံရေးကို စိုးရိမ်ရပေသည်။
ထို့ကြောင့် ထိုလူများ ဤနေရာသို့ မချဉ်းကပ်လာနိုင်စေရန် သူ့ဘက်မှ အရင်စထွက်သွားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူမလှုပ်ရှားရသေးခင်မှာဘဲ အနက်ရောင် တိမ်တိုက်ထဲမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည် “ဒီစီနီယာက တော်ဝင်သခင်ရန်နဲ့ အရေးကြီးကိစ္စတစ်ခုကို ဆွေးနွေးချင်လို့ မဖိတ်ခေါ်ဘဲ ရောက်လာခဲ့တာပါ။ တော်ဝင်သခင် အပြစ်မယူဖို့ မျှော်လင့်ပါတယ်”
အသံပိုင်ရှင်သည် မိုင်တစ်ရာအကွာတွင် ရှိနေသော်လည်း ရန်ကိုင်သည် အသံကို သူ့နားဘေးတွင် ကပ်ပြောခဲ့သလို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
အနားတွင် စုဝေးနေသော လူတစ်ထောင်ကျော်သည်လည်း ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြသည်။ ယခင်က တောက်ပနေသော နေမင်းကို မည်းမှောင်သိမ်းသည်သော အနက်ရောင် တိမ်တိုက်တို့က ခြုံလွှာတစ်ခုပမာ လွှမ်းခြုံသွားခဲ့လေပြီ။ တစ်ချိန်တည်းတွင် ထိုအနက်ရောင် တိမ်တိုက်များသည် သူတို့အပေါ် ဖိချလာသလို ခံစားနေရသဖြင့် အကုန်လုံး မသက်မသာ ဖြစ်သွားခဲ့ကြရသည်။
ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး နေရာတွင်သာ ရပ်နေလိုက်သည်။
လီရုန်နှင့် ဟန်ဖေးတို့ ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ကြ၏။ သို့သော် ရန်ကိုင်က ဘာမှမလုပ်သေးရန် ခေါင်းသာ ခါပြလိုက်သည်။
တစ်ဖက်လူသည် မရောက်ခင်ကတည်းက သူလာကြောင်း လှမ်းအကြောင်းကြားခြင်းဖြင့် ယဉ်ယဉ်ကျေးကျေး ပြုမူခဲ့သည်။ ထို့ကြောင့် ယခုရောက်လာသည့်လူသည် မည်သူများ ဖြစ်နေမည်နည်း၊ ဘာကြောင့်များ ရောက်လာရသနည်း၊ ဆို၍ ရန်ကိုင် မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
မိုးကုတ်စက်ဝိုင်းအောက်မှ အနက်ရောင်အလင်းတန်း တစ်ခုသည် လျင်မြန်လှသော အမြန်နှုန်းဖြင့် သူတို့ဆီ ချဉ်းကပ်လာနေခဲ့သည်။ ကပ်ဘေးတစ်ခုကို သယ်ဆောင်လာဟန် ထင်ရသော ထိုအနက်ရောင် အလင်းတန်းကို မြင်လိုက်ရသည့် လူအားလုံး ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားခဲ့ကြသည်။
ရန်ကိုင်က အေးစက်စက် လေသံဖြင့် လှမ်းအော်ပြောလိုက်လေသည် “လူကြီးမင်း အနေနဲ့ ခင်ဗျားရဲ့ နတ်ဆိုးချီကို ရုတ်သိမ်းထားပေးလို့ ရမလား၊ ကျုပ်မိတ်ဆွေတွေ ခင်ဗျားကြောင့် လန့်ကုန်ပြီ”
ရန်ကိုင်၏ အသံသည် မြှားတစ်စင်းပမာ အနက်ရောင် တိမ်တိုက်များကို ထိုးဖောက်သွားခဲ့ရာ နေအလင်းရောင် တစ်ဖန်ပြန်လည်း ထွန်းတောက်လာခဲ့ရလေသည်။
အားလုံးပေါ် သက်ရောက်နေသော ဖိနှိပ်အားသည်လည်း ပြေလျော့သွားခဲ့လေရာ ထိုအခါမှ အကုန်လုံး အသက်ကောင်းကောင်း ရှူနိုင်ကြတော့သည်။
ခဏအကြာ၌ တစ်ဖက်မှ တောင်းပန်သည့် လေသံဖြင့် “တောင်းပန်ပါတယ် တော်ဝင်သခင်ရန်၊ ဒီစီနီယာက ဒီအတိုင်း လွတ်လွတ်လပ်လပ် နေရုံပါပဲ။ ဒီမှာ လူတွေ အများကြီး ရှိနေမယ်လို့ တကယ်ကို မထင်လို့ပါ”
ပြောနေရင် ကောင်းကင်ထက်ရှိ အနက်ရောင် တိမ်တိုက်များသည် လက်ကြီးတစ်ဖက်၏ ဖယ်ရှားခြင်း ခံလိုက်ရသည့်မပါ ပြန့်ကျဲပျောက်ကွယ်သွားလေသည်။
ယခုမှပဲ အကုန်လုံးကို နေ့အလင်းရောင်ကို သေသေချာချာ ပြန်မြင်ကြရတော့သည်။
ရန်ကိုင် နိုးနိုးကြားကြား ဖြစ်သွားခဲ့ပြီး လီရုန်ပင်လျှင် လေးနက်တည်ကြည်လာခဲ့သည်။
ယခုရောက်ရှိလာသည့်လူ မည်မျှ အားကောင်းကြောင်းကို သူတို့ အလျင်အမြန်ပဲ သတိပြုမိသွားခဲ့သည်။
မကြာမီ အကုန်လုံးရှေ့ လူသုံးယောက် ထွက်ပေါ်လာခဲ့သည်။
ထိုသုံးယောက်အနက် တစ်ယောက်သည် နဂါးဖီးနစ်ရုပ်တို့ ထိုးထွင်းတန်ဆာဆင်ထားသော တော်ဝင်ဆန်သည့် တောက်တောက်ပြောင်ပြောင် အဝတ်အစားကို ဝတ်ဆင်ထားသော ရိုးရှင်းသော ပုံစံဖြင့် သက်လတ်ပိုင်လူကြီးတစ်ဦး ဖြစ်သည်။
ထိုလူကြီး၏ နောက်တွင် နတ်ဆိုးဗိုလ်ချုပ် ရွှယ့်လီနှင့် မန်ကဲတို့သည် ခါးမတ်မတ်ထားလျက် ရပ်နေခဲ့ကြသည်။ ထိုသက်လတ်ပိုင်းလူကြီးကို ကြည့်သည့် သူတို့၏ အကြည့်ထဲ ကြောက်ရွံ့ရိပ်နှင့် လေးစားရိပ်တို့ ရောယှတ်နေခဲ့သည်။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ရန်ကိုင်မျက်လုံးများ မှေးစဉ်းသွားခဲ့ပြီး သူ့ရင်ထဲ မုန်တိုင်းတစ်ခု အစပြုလာလေသည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၄၂)
ထိုလူကြီးကို မမြင်ခင်အထိ၊ မန်ကဲနှင့် ရွှယ့်လီသည် တစ်ကြိမ်ခံရပြီးသည်ကို မမှတ်သေးဘဲ နောက်ထပ် နတ်ဆိုးဗိုလ်ချုပ် တစ်ယောက်ကို အဖော်သွားခေါ်သည်ဟု ရန်ကိုင် ထင်ခဲ့သည်။ သို့သော်လည်း ထိုရိုးရှင်းသော သက်လတ်ပိုင်း လူကြီးသည် သာမန် နတ်ဆိုးဗိုလ်ချုပ်တစ်ယောက် မဟုတ်မှန်း ရန်ကိုင် နားလည်သွားခဲ့သည်။
သူ့စိတ်ထဲ ဝရုန်းသုန်းကား ဖြစ်နေသော်လည်း ဟန်မပျက် အမူအရာကို ဆက်လက် ထိန်းသိမ်းထားဆဲ။ သို့သော် သေချာ စိုက်ကြည့်မည်ဆိုပါက သူ့မျက်ဝန်းနက် အတွင်းပိုင်းထဲ ထိတ်လန့်တုန်လှုပ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်ကို မြင်တွေ့နိုင်ပေသည်။
သက်လတ်ပိုင်းလူကြီး၏ပုံစံသည် ရိုးရှင်းသော်လည်း သူ့မျက်ဝန်းများသည် လွန်စွာကိုမှ ထက်ရှကာ အခြားသူများ တည့်တည့် စိုက်မကြည့်ရဲစေအောင် ဖြစ်စေသည်။ သူ့အရှိန်အဝါဟာ ဆိုလျှင်လည်း ပင်လယ်တမျှ ကျယ်ပြော၊ နက်ရှိုင်းပေသည်။
သက်လတ်ပိုင်းလူကြီးက ခေါင်းငုံ့လျက် အောက်ဘက်ရှိ လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး နောက်ဆုံး၌ သူ့အကြည့်သည် ရန်ကိုင်ပေါ်သို့ ရောက်ရှိလာခဲ့ကာ ယဲ့ယဲ့လေး ပြုံးလျက် “တော်ဝင်သခင်ရန်လား”
ထိုလူကြီးနှင့် ရန်ကိုင် တစ်ခါမှ မတွေ့ဖူးချေ။ သို့သော် လူထောင်ပေါင်းများစွာအနက်မှ ရန်ကိုင် ဘယ်သူမှန် အကြည့် တစ်ချက်နှင့် ချက်ချင်း တန်းပြောနိုင်လေရာ ထိုလူကြီးသည် အရမ်းကိုမှ အမြင် စူးရှကြောင်း မြင်တွေ့နိုင်သည်။
ရန်ကိုင်က ခေါင်းညိတ်ရုံလေး ညိတ်လိုက်ပြီး လေးနက်တည်ကြည် လေသံဖြင့် “နတ်ဆိုးဗိုလ်ချုပ်ကြီးလား”
သက်လတ်ပိုင်းလူကြီးက မျက်ခုံးပင့်လိုက်ပြီး အကျယ်ကြီး အော်ရယ်လျက် ချီးကျူးလိုက်သည် “တော်ဝင်သခင်ရန်က တကယ်ကို အမြင်စူးရှတာပဲ။ မြင်လိုက်တာနဲ့ ဒီစီနီယာ ဘယ်သူမှန်း ချက်ချင်း တန်းသိသွားတယ်ဆိုတော့ တကယ်ကို လေးစားစရာပဲ”
ရန်ကိုင် ထိုမျှ အမြင်စူးရှလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သို့သော်လည်း ပို၍ အထင်ကြီးစရာကောင်းသည်ကား သူ့ဘယ်သူမှန်း သိသွားသည့်တိုင် မျက်နှာတစ်ချက် ပျက်ယွင်းသွားခြင်း မရှိသော ထိုလူငယ်လေး၏ အမူအရာပင်။ သူ့ဘယ်သူမှန်း သိလိုက်သည့်လူတိုင်း အနည်းနှင့်အများဆိုသလို ထိတ်လန့်တုန်လှုပ်သွားကြစမြဲပင်။ ထို့နောက် ချက်ချင်း တိုက်ခိုက်လျှင်တိုက်၊ မတိုက်လျှင် ထွက်ပြေးရန် ကြိုးစားကြပေလိမ့်မည်။
ရန်ကိုင်ကမူ သေမထူး၊ နေမထူးဟန်ဖြင့်သာ ရှိနေခဲ့သည်။ သူ့အကြည့်ထဲ သတိထားသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားသော်လည်း တုန်လှုပ်သွားသည့် အမူအရာမျိုး မရှိချေ။ အကြွင်းမဲ့ တည်ငြိမ်နေခဲ့သည်။
ရန်ကိုင်ကို သူတကယ် လေးစားမိသွားလေပြီ။
ရန်ကိုင် နှာခေါင်းရှုံ့လိုက်သည်။ ထိုလူကြီး ဘယ်သူမှန်း သိလိုက်ခြင်းသည် မန်ကဲနှင့် ရွှယ့်လီတို့၏ ပုံစံကြောင့်သာ ဖြစ်ပေသည်။ ထိုနှစ်ယောက်သည် နတ်ဆိုးဗိုလ်ချုပ်များ ဖြစ်ကြပေသည်။ ထို့ကြောင့် အခြား တစ်ယောက်နောက်တွင် နာနာခံခံနှင့် ဘယ်တော့မှ ရပ်လိမ့်မည် မဟုတ်ချေ။ ရပ်လျှင်လည်း သူတို့၏ ခေါင်းဆောင်ကြီး ဖြစ်သော နတ်ဆိုးဗိုလ်ချုပ်ကြီး၏ နောက်တွင်သာ ရပ်ပေလိမ့်မည်။
နတ်ဆိုးဗိုလ်ချုပ်ကြီးသည် မည်ကဲ့သို့သော လူဖြစ်မလဲဟု အကြိမ်ပေါင်းများစွာ သူတွေးခဲ့ဖူးသည်။
အရမ်းကိုမှ အားကောင်းလှသော လူထွားကြီး တစ်ယောက် ဖြစ်နိုင်ပေသည်။
ကောက်ကျစ်ဥာဏ်များသည့် လူတစ်ယောက်လည်း ဖြစ်နိုင်သေးသည်။
လှည့်လည်သွားလာနေသော အနှောင်အဖွဲ့ကင်းသည့် လူတစ်ယောက်လည်း ဖြစ်နိုင်ပေသည်။
သို့သော် လက်ရှိ နတ်ဆိုးဗိုလ်ချုပ်ကြီးသည် အရမ်းကိုမှ သာမန်ဆန်လိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။ သူဝတ်ဆင်ထားသည့် အရောင်တလက်လက် ထနေသော အဝတ်အစားများကြောင့်သာ မဟုတ်လျှင် လူအုပ်ထဲသို့ ရောထွေးကာ သာမန်လူတစ်ယောက်အဖြစ် ရုပ်ဖျက်နိုင်ပေ၏။
သူ့ကို မြင်လိုက်သည့် သာမန်လူတိုင်း ထူးခြားသည့် သူ့အဝတ်အစားကိုသာ သတိပြုမိမည်ဖြစ်ပြီး လူကိုတော့ သတိပြုမိလိမ့်မည် မဟုတ်ချေ။
ဒီတော့ သူက မန်ဝူရရဲ့ ခွန်အားကို ချိတ်ပိတ်ခဲ့တဲ့ နတ်ဆိုးဗိုလ်ချုပ်ကြီးပေါ့
ရန်ကိုင်အနေဖြင့် ယုံရခက်ခက် ဖြစ်နေခဲ့သည်။
“တော်ဝင်သခင်ရန် သံသယများမနေပါနဲ့။ ဒီစီနီယာက တကယ်ကို နတ်ဆိုးဗိုလ်ချုပ်ကြီး ကျန်းယွမ်ပါ။ ရွှယ့်လီနဲ့ မန်ကဲတို့ သက်သေခံပေးလို့ရတယ်” နတ်ဆိုးဗိုလ်ချုပ်ကြီးက ပြုံး၍ ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။
“ကျုပ်ခင်ဗျားကို သံသယမဝင်ပါဘူး” ရန်ကိုင် အသက်တစ်ချက် ရှူသွင်းလိုက်ပြီး “နားမလည်ရုံလေးပဲ။ ခင်ဗျားလို လူတစ်ယောက်က နတ်ဆိုးကုန်းမြေမှာ အေးအေးဆေးဆေး မနေဘဲ မိုင်သောင်းကျော်ဝေးတဲ့ ဒီလို ဘာမဟုတ်တဲ့ နေရာဆီ ရောက်လာတာက… နည်းနည်းတော့ သံသယဝင်စရာ ကောင်းတယ်လေ။ ခင်ဗျားကိုယ်တိုင် လာလည်ရအောင် ထိုက်တန်တဲ့ တစ်ခုခုများ ဒီနေရာမှာ ရှိလို့လား”
ရန်ကိုင်က သူ့အပေါ် ရန်လိုနေသည်ကို မြင်သော် ကျန်းယွမ်က သူ့နှာခေါင်းကို ပွတ်လိုက်ပြီး ပြုံး၍ “ဒီစီနီယာ၊ ပြောပြီးသွားပြီလေ။ ငါရောက်လာတာက တော်ဝင်သခင်ရန်နဲ့ ဆွေးနွေးစရာရှိလို့”
“ဆွေးနွေးစရာ ဘာရှိလို့လဲ” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့၏။
“ရှိတာပေါ့” ကျန်းယွမ်က ဆက်ပြောလိုက်သည် “ဒီနေရာက စကားပြောလို့ကောင်းတဲ့ နေရာတစ်ခုမဟုတ်ဘူး။ အေးအေးဆေးဆေး ထိုင်စရာပြောလို့ရမယ့် တိတ်ဆိတ်တဲ့ နေရာတစ်ခုလောက်များ စီစဉ်ပေးလို့ရမလား တော်ဝင်သခင်ရန်”
ပြောပြီးသည့်နောက် ရန်ကိုင်အား အပြုံးဖြင့် စိုက်ကြည့်နေလိုက်သည်။
“သခင်” လီရုန်က ရန်ကိုင်ဘေးနား တိုးကပ်ရပ်လိုက်ပြီး ကျန်းယွမ်အား သေသေချာချာ စိုက်ကြည့်လျက် တိုးတိုးလေး ပြောလိုက်သည် “သူလိမ်တာ မခံရအောင် သတိထားပါနော်”
“သူ့တောင်းဆိုတာကို သဘောမတူပါနဲ့” ဟန်ဖေးကလည်း ဝင်ကန့်ကွက်လိုက်သည်။
ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီးနောက် ခေါင်းခါရမ်း၍ “ကျုပ်သူနဲ့ စကားပြောရမယ်။ သူ့ကြည့်ရတာ ဒီနေရာကို ပြဿနာရှာဖို့ လာတာနဲ့ မတူဘူး။ ကြည့်ရတာက သူတကယ် ဆွေးနွေးချင်တဲ့ ကိစ္စတစ်ခုခု ရှိနေတယ်နဲ့တူတယ်”
မန်ကဲ သို့မဟုတ် ရွှယ့်လီအတွက် လက်စားချေချင်သည် ဆိုပါက ကျန်းယွမ်၏ ခွန်အားအရ ယခုကဲ့သို့ အပိုစကားများ ပြောနေစရာ မလိုတော့ချေ။
သူ့အနေဖြင့် ရန်ကိုင်အား သတ်လည်းမသတ်နိုင်၊ ဖမ်းလည်း မဖမ်းနိုင်မည် ဖြစ်သော်လည်း သူတော်စင် တတိယ ထိပ်တန်းအဆင့် ပညာရှင်များသာ ဤနေရာတွင် တိုက်ခိုက်ပါက ကောင်းကင်စံအိမ်တွင် စုဝေးနေသော လူထောင်ကျော် ဒုက္ခရောက်ရပေလိမ့်မည်။
ထိုနည်းသည် ရန်ကိုင်အား လက်စားချေဖို့ အကောင်းဆုံး နည်းလမ်းပင် ဖြစ်လေသည်။
“ကျုပ်နောက်လိုက်ခဲ့” ရန်ကိုင်က အော်ပြောလိုက်ပြီး ကောင်းကင်စံအိမ်ထဲသို့ ဦးဆောင်ဝင်သွားလေသည်။
“အခုလို ပျူငှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ကျန်းယွမ်က ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်နောက်သို့ မန်ကဲ၊ ရွှယ့်လီတို့နှင့်အတူတူ လိုက်သွားလေသည်။
ထိုလူခြောက်ယောက် ပျောက်ကွယ်သွားတော့မှပဲ ထောင်နှင့်ချီသော လူများ အသက်ကောင်းကောင်း ရှူနိုင်ကြတော့သည်။ ထိုလူများဆီမှ ဖြာထွက်နေသော အရှိန်အဝါကြောင့် သူတို့အဖို့ အသက်ပင် ကောင်းကောင်း မရှူရဲကြချေ။
“အဲ့လူ ဘယ်သူလဲမသိဘူး။ သူ့ကြည့်ရတာ အရမ်း အားကောင်းသလိုပဲ”
“စီနီယာအစ်ကိုရန်က သူ့ကို နတ်ဆိုးဗိုလ်ချုပ်ကြီးလို့တော့ ခေါ်လိုက်တယ်… နတ်ဆိုးဗိုလ်ချုပ်ကြီးဆိုတာ ဘယ်သူလဲ”
“စီနီယာရှီခွန်၊ အဲ့လူကြီးအကြောင်းသိလား” လင်းတိုင်ရှု၊ ရန်ရင်ဖုန်းနှင့် အခြားခေါင်းဆောင်များက ရှီခွန်အား သွားမေးကြည့်ကြသည်။
လူအုပ်ကြီးဆီမှ တီးတိုးပြောသံများစွာကို ကြားလိုက်ရချိန် ရှီခွန်၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး ခါးသက်သက် အမူအရာဖြင့် ရယ်မောလျက် “မသိတာကောင်းတယ်”
နတ်ဆိုးဗိုလ်ချုပ်ကြီး… သူပင်လျှင် ယခင်က ထိုပုဂ္ဂိုလ်နှင့် တစ်ခါမှ မတွေ့ဖူးချေ။ သို့သော်လည်း ဤနေရာရှိ လူများသည် နတ်ဆိုးဗိုလ်ချုပ်ကြီးမျာ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်းကို စိတ်လွတ်ကိုယ်လွတ် ပြောဆိုဆွေးနွေးနေကြသည်။
ထိုလူကြီး၏ နာမည်ကိုသာ ထုန်းရွှမ်လောကကြီးတွင် ထုတ်ဖော်ပြောဆိုလိုက်ပါက လူများစွာအား အကြီးအကျယ် ပူပန်ကြောင့်ကြ စိုးရိမ်သောက ရောက်သွားစေနိုင်သော်လည်း ဤနေရာတွင်မူ အများဆွေးနွေးစရာ ခေါင်းစဉ်တစ်ခုသာ ဖြစ်လာခဲ့သည်။
“နတ်ဆိုးဗိုလ်ချုပ်ကြီးဆိုတာ ထုန်းရွှမ်လောကကြီးရဲ့ အားအကောင်းဆုံး ပုဂ္ဂိုလ်တွေထဲကတစ်ယောက်ပဲ။ သူဘယ်လောက် အားကောင်းလဲ ဆိုတာကိုတော့… အင်း၊ သေချာ စစ်ဆေးကြည့်မှပဲ သိလိမ့်မယ်။ ကျုပ်သန်မာတယ်လို့ ခင်ဗျားတို့ ထင်လား”
ရှီခွန်နားတွင် စုဝေးနေသော လူအားလုံး ခေါင်းညိတ်လိုက်ကြသည်။
လွန်ခဲ့သော နှစ်ဝက်က၊ သူတော်စင်အဆင့် ဆိုသည်မှာ ဘာလဲဆိုသည်ကိုပင် သူတို့ မသိသေးချေ။ သို့သော်လည်း ထိုသူတော်စင်များနှင့် နည်းနည်းပါးပါးလောက် တိုက်ခိုက်ပြီးနောက် ရန်မိသားစု၏ သွေးစစ်သည်တော်များသည် သူတော်စင်တစ်ယောက်နှင့် မသေမျိုးတစ်ယောက်ကြား မည်မျှ ကွာခြားချက် ကြီးမားကြောင်းကို ကောင်းကောင်း နားလည်သွားခဲ့သည်။
သူတော်စင်တစ်ယောက်အတွက် သူတို့အားလုံးသည် ပုရွက်ဆိတ်လေးများသာ ဖြစ်ကြသည်။
ရှီခွန်က ခါးခါးသီးသီး ပြုံးလိုက်ပြီး “မင်းတို့ မျက်လုံးထဲမှာတော့ ငါက အရမ်း ကြမ်းနေမှာပေါ့။ ဒါပေမယ့် ငါလိုလူမျိုး အယောက်တစ်ရာ ရှိရင်တောင် နတ်ဆိုးဗိုလ်ချုပ်ကြီးက ငါ့ကို ပုရွတ်ဆိတ်တစ်ကောင်လို နင်းခြေပစ်နိုင်တယ်”
အကုန်လုံး၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ကြသည်။ ရှီခွန် ရှင်းပြလိုက်မှပဲ နတ်ဆိုးဗိုလ်ချုပ်ကြီး မည်မျှ ကြောက်စရာ ကောင်းကြောင်း အကုန်လုံး နားလည်သွားခဲ့ကြသည်။
“ဒါဆိုရင် ကိုင်အာ အန္တရာယ်ရှိနေတာပေါ့” ဒေါင်စုကျု စိုးရိမ်တကြီး ထအော်လေသည်။
ရှီခွန်က ခေါင်းကုတ်လိုက်ပြီး “မဖြစ်နိုင်လောက်ဘူး။ နတ်ဆိုးဗိုလ်ချုပ်ကြီးက ပြဿနာရှာဖို့လာတာ မဖြစ်လောက်ဘူး။ ပြီးတော့ တော်ဝင်သခင် ဘေးနားက လီရုန်ဆိုတဲ့ အမျိုးသမီးကလည်း ပေါ့သေးသေးမှ မဟုတ်တာ။ အဲ့အမျိုးသမီး ဘေးမှာ ရှိနေမှတော့ နတ်ဆိုးဗိုလ်ချုပ်ကြီးလည်း တော်ဝင်သခင်ကို ဘာမှ လုပ်နိုင်လောက်မှာ မဟုတ်လောက်ဘူး”
“အဲ့အမျိုးသမီးက နတ်ဆိုးဗိုလ်ချုပ်ကြီးလို အားကောင်းတယ်လို့ ပြောချင်တာလား” လူအုပ်ကြီး အံ့အားသင့်သွားခဲ့သည်။ ယခုမှပဲ လီရုန် မည်မျှ အားကောင်းကြောင်းကို သူတို့ နားလည်သွားခဲ့သည်။
“ကျုပ်လည်း သေချာမသိဘူး” ရှီခွန်က ပခုံးသာ တွန့်ပြလိုက်သည်။ ထို့အပြင် နတ်ဆိုးဗိုလ်ချုပ်ကြီးသည် ဤနေရာသို့ ကိုယ်တိုင်ရောက်လာပြီး ဘာကြောင့် ရန်ကိုင်နှင့် တွေ့ချင်သလဲ ဆိုသည်ကိုလည်း သူမသိချေ။
သူတို့ နှစ်ယောက် ယခင်က တစ်ခါမှ မတွေးဖူးချေ။ ထို့ကြောင့် နှစ်ဦးသားကြား ဘာများ ဆွေးနွေးစရာရှိမည်နည်း။
ကောင်းကင်စံအိမ်၏ အဓိကခန်းမထဲ ရန်ကိုင်နှင့် နတ်ဆိုးဗိုလ်ချုပ်ကြီးတို့ မျက်နှာချင်းဆိုင် ထိုင်နေခဲ့သည်။ လီရုန်နှင့်ဟန်ဖေးသည် ရန်ကိုင်နောက်တွင် ရပ်နေကြပြီး မန်ကဲနှင့် ရွှယ့်လီတို့သည် နတ်ဆိုးဗိုလ်ချုပ်ကြီးနောက်တွင် ရပ်နေကြသည်။
ခန်းမတွင်းထဲ အခြေအနေသည် တင်းမာသယောင် ထင်နေရသည်။ အချိန်မရွေး တိုက်ပွဲထဖြစ်မည့်နှယ်။
ရန်ကိုင်စိတ်ထဲ သံသယရေလှိုင်းတို့ ပြေးလွှားနေ၏။ အရင်ဆုံး စကားမပြောဘဲ နတ်ဆိုးဗိုလ်ချုပ်ကြီးကိုသာ သေသေချာချာ စိုက်ကြည့်နေသည်။
နတ်ဆိုးဗိုလ်ချုပ်ကြီးကမူ အလည်အပတ် ရောက်လာသူ တစ်ယောက်ပမာ ခန်းမအားတစ်ခုလုံး၏ ဝေ့ကြည့်ရင်း မှတ်ချက်ပေးနေသည် “တော်ဝင်သခင်ရန်လို လူမျိုးကို မွေးထုတ်ပေးနိုင်တယ် ဆိုတော့ ဒီနေရာက တကယ်ကို ဆန်းကြယ်တဲ့ နေရာတစ်ခုပဲ ဖြစ်ရမယ်။ ဒီစီနီယာလည်း နှစ်တစ်ထောင်လောက် နောက်ကျပြီး ဒီနေရာမှာ မွေးချင်လိုက်တာ။ အဲ့လိုဆို တော်ဝင်သခင်ရန် ပခုံးဖက် အတူကြီးပြင်းလာလို့ ရပြီ”
ခန်းမထဲတွင် ရှိနေသူ အကုန်လုံး ကိုးယိုးကားယား ဖြစ်နေခဲ့ကြသည်။ ကျန်းယွမ် ဘာတွေ ပြောနေမှန်း သူတို့ တကယ်ကို နားမလည်နိုင်ပါချေ။
ထိုင်ပြီးပြီးချင်း ထိုကဲ့သို့ စချီးကျူးလိုက်ခြင်းသည် ကျန်းယွမ်အား ပို၍ မယုံကြည်ထိုက်သလို ဖြစ်သွားခဲ့သည်။
“နတ်ဆိုးဗိုလ်ချုပ်ကြီး ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါ။ ဒီနေရာက ခင်ဗျားကို မကြိုဆိုဘူး” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။ သူသိပ်ပြီး စိတ်မရှည်ချင်တော့ပေ။
ထိုကဲသို့ ပညာရှင်တစ်ယောက်နှင့် မျက်နှာချင်းဆိုင် ထိုင်နေရသည်မှာ ရန်ကိုင်အတွက် အတော့်ကိုမှ ဖိအားကြီးလှသည်။
သူ့လုံခြုံရေးနှင့် ပက်သက်၍ စိုးရိမ်နေခြင်းမဟုတ်။ တိုက်ပွဲသာ ထဖြစ်လျှင် နတ်ဆိုးဗိုလ်ချုပ်ကြီးအတွက် ပြိုင်ဘက် မဖြစ်နိုင်သော်လည်း လေဟာနယ်ကို ဆုတ်ဖြဲပြီး ထွက်ပြေးနိုင်၏။ ထို့နောက် ကောင်းကင်လွန်းကို ထုတ်၍ ထွက်ပြေးလိုက်ရုံပင်။ ကောင်းကင်လွန်းပျံ၏ အမြန်နှုန်းနှင့်ဆိုလျှင် နတ်ဆိုးဗိုလ်ချုပ်ကြီးပင် သူ့အား လိုက်ဖမ်းနိုင်လိမ့်မည် မဟုတ်ချေ။ သူ့အား လိုက်ဖမ်းချင်လျှင် ဖုန်သာ ရှူရပေလိမ့်မည်။ တစ်သက်လုံး လိုက်ဖမ်းလျှင်ပင် လိုက်ဖမ်းနိုင်လိမ့်မည် မဟုတ်။
သို့သော် သူသာ ထွက်ပြေးသွားလျှင် ဤနေရာ၌ စုဝေးနေသော လူတစ်ထောင် ဘာဖြစ်သွားမည်နည်း။ ထိုလူများထဲ သူ့မိတ်ဆွေများ၊ မိသားစုဝင်များ၊ ကလန်သားများ ပါနေသည်။
သူ့တွင် စိုးရိမ်စရာ အများကြီး ရှိပေသည်။
“မောက်မာလိုက်တာ” မန်ကဲက အော်ဟစ်လိုက်သည် “ကောင်လေး။ မင်းကိုယ်မင်း ဆရာကြီး ထင်မနေနဲ့။ နတ်ဆိုးဗိုလ်ချုပ်ကြီးကိုယ်တိုင် ဒီခရီးရှည်ကြီးကိုလာပြီး မင်းကိုလာတွေ့တာ မင်းအတွက် ဂုဏ်ယူစရာကွ”
“သူက မဖိတ်ခေါ်ဘဲ ရောက်လာတဲ့လူ။ ကျုပ်က ဒီနေရာရဲ့ အရှင်သခင်။ ကိုယ့်အိမ်ကနေတောင် သူစိမ်းတစ်ယောက်ကို မောင်းထုတ်လို့ မရဘူးလား” ရန်ကိုင်က လှောင်ပြောင်လိုက်သည်။
“မန်ကဲ၊ တိတ်တိတ်နေ” ကျန်းယွမ်က တိုးတိုးလေး အော်လိုက်ရာ မန်ကဲလည်း ချက်ချင်း ခေါင်းငုံ့သွားလေသည်။
နှစ်ယောက်စလုံးသည် သူတော်စင် တတိယအဆင့်များသာ ဖြစ်ကြသော်လည်း နတ်ဆိုးဗိုလ်ချုပ်ကြီးသည် ကျန်နတ်ဆိုး ဗိုလ်ချုပ်များထက် အများကြီး ပိုအားကောင်းပေသည်။
ကျန်းယွမ်က ရန်ကိုင်ကို ကြည့်၍ အပြုံးဖြင့် ပြောလိုက်သည် “တော်ဝင်သခင်ရန်က ဒီစီနီယာကို တော်တော်လေး သတိထားနေတာပဲ။ ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ ဒီစီနီယာလည်း အချိန်မဖြုန်းတော့ဘဲ လိုရင်းကိုပဲ တိုက်ရိုက်ပြောရတော့မှာပေါ့”
ကျန်းယွမ်က အပြုံးမပျက် အမူအရာဖြင့် ဆက်ပြောလိုက်သည် “တကယ်တော့ တော်ဝင်သခင်ရန် ဒီလို လုပ်နေစရာမ လိုပါဘူး။ တော်ဝင်သခင်လက်ထဲမှာ ရှိနေတဲ့ စွမ်းအားက ဒီစီနီယာအောက် နိမ့်ကျတာမှ မဟုတ်တာ။ ပြီးတော့ တော်ဝင်သခင်နောက်က အမျိုးသမီး။ အဲ့အမျိုးသမီးက ဒီစီနီယာလောက် အားမကောင်းဘူး ဆိုပေမယ့် ကွာခြားချက်က မပြောပလောက်ရုံလေးပဲ။ ဒီစီနီယာလက်အောက်မှာ နတ်ဆိုးဗိုလ်ချုပ် လေးယောက်ရှိတယ်။ ဒါပေမယ့် တော်ဝင်သခင်ရန်ရဲ့ လက်အောက်ငယ်သားတွေကလည်း အားနည်းတာ မဟုတ်ဘူးလေ။ တကယ်တမ်း တိုက်ပွဲသာ ဖြစ်မယ်ဆိုရင် နှစ်ယောက်စလုံးအတွက် ကောင်းမှာ မဟုတ်ဘူး”
ရန်ကိုင် မျက်မှောင်သာကြုံ့သွားခဲ့ပြီး ဘာမှပြန်မပြောခဲ့။
နတ်ဆိုးဗိုလ်ချုပ်ကြီး ဘာကြောင့် ထိုအရာများကို ပြောနေမှန်း ရန်ကိုင် နားမလည်ချေ။
သို့သော် နတ်ဆိုးဗိုလ်ချုပ်ကြီး ပြောပြသွားသည်ကို နိဂုံးချုပ်ရမည်ဆိုပါက ရန်ကိုင်နှင့် တိုက်ပွဲမဖြစ်ချင်ခြင်းပင်။ နှစ်ဖက်စလုံး၏ ခွန်အားသည် တူညီလုနီးနီး ရှိသည်။ မည်သူ့ဘက်ကမှ အပြတ်အသတ် သာလွန်သော အားသာချက်မျိုး ပိုင်ဆိုင်ထားခြင်း မရှိခဲ့။ ထို့ကြောင့် နှစ်ယောက်စလုံး၏ အဆင့်တန်းသည် တူညီသည်ဟု ပြောလျှင်ပင် ချဲ့ကားပြောရာ မရောက်ချေ။
ကျန်းယွမ်က သက်ပြင်းချကာ ပြောလိုက်သည် “အဲ့အမြင်ကျဉ်းတဲ့ ငါ့လက်အောက်ငယ်သားနှစ်ယောက် တော်ဝင်သခင်ကို လာပြဿနာ ရှာခဲ့တယ်ဆိုတာကို ဒီစီနီယာ ကြာပြီးသွားပြီ။ ဒီစီနီယာရဲ့ လက်အောက်ငယ်သားက ပြဿနာ ရှာတာဆိုတော့ အပြစ်ပေးဖို့ကလည်း ဒီစီနီယာရဲ့ တာဝန်ပေါ့။ ကဲ၊ မင်းတို့နှစ်ယောက်၊ တော်ဝင်သခင်ရန်ကို တောင်းပန်လိုက်ကြစမ်း။ ကြီးတဲ့ပြဿနာ ငယ်အောင်၊ ငယ်တဲ့ ပြဿနာ ပပျောက်အောင် လုပ်ရမယ်။ ဒါမှ နောက်ပိုင်း ငါတို့နှစ်ဖက်စလုံး တစ်ဖက်နဲ့တစ်ဖက် ရန်ကြွေးတွေ မရှိတော့မှာ”
သူ့ပါစပ်မှ ထိုစကား ထွက်လာလိုက်သည်နှင့် မန်ကဲနှင့် ရွှယ့်လီတို့ နှစ်ယောက်စလုံး မျက်လုံးပြူးသွားပြီး မှင်သက်နေသည့် အမူအရာဖြင့် ကျန်းယွမ်ကို စိုက်ကြည့်လိုက်ကြသည်။
ကျန်းယွမ်ပါးစပ်မှ ထိုစကားမျိုး ထွက်လာလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားခဲ့ချေ။
ရန်ကိုင်ပင်လျှင် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
ကျန်းယွမ်အနေဖြင့် ရန်ကိုင်အပေါ် စိတ်ကောင်းစေတနာ ထားကြောင်း ပြချင်လျှင်ပင် ထိုကဲ့သို့ လုပ်စရာမလိုချေ။ ထို့အပြင် သူ့အဆင့်အတန်းဖြင့် သူ့ဘက်မှ အရင်စပြီး ရန်ကိုင်အား ဘာကြောင့် ကောင်းပြနေစရာ လိုမည်နည်း။
ကျန်းယွမ်အနေဖြင့် ရည်ရွယ်ချက်တစ်ခုခုဖြင့် ရောက်လာမည်မှန်း ရန်ကိုင် လုံးဝကို သေချာသွားခဲ့သည်။ မဟုတ်လျှင် သူ့လက်အောက်ငယ်သား နှစ်ယောက်ကို ဤကဲ့သို့ အရှက်ခွဲလိမ့်မည် မဟုတ်။
ထိုကဲ့သို့ တွေးလိုက်မိသည်နှင့် ရန်ကိုင် အမူအရာ ပြေလျော့သွားခဲ့ပြီး သူ့မျက်နှာထက် အပြုံးတစ်ခု ဝေ့သီလာသည်။
လက်ရှိနတ်ဆိုးဗိုလ်ချုပ်ကြီး ဘာတွေကြံနေလဲ၊ သူ့ဆီမှ ဘာလိုချင်နေလဲဆိုသည်ကို ရန်ကိုင် မြင်ချင်နေလေပြီ။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၄၃)
ရန်ကိုင်နှင့် နတ်ဆိုးဗိုလ်ချုပ်ကျန်းယွမ်တို့ နှစ်ယောက်စလုံး ပြုံးနေခဲ့ကြသည်။
ကျန်းယွမ်နောက်တွင် ရပ်နေသော မန်ကဲနှင့် ရွှယ့်လီတို့မှာမူ မျက်လုံးပြူးနေခဲ့ကြသည်။ ထိတ်လန့်မှုကြောင့် တုန်ရီနေပြီး မယုံကြည်နိုင်မှုတို့မှာလည်း မျက်နှာထက် အထင်းသား ထွက်ပေါ်နေခဲ့သည်။
သူတို့၏ နတ်ဆိုးဗိုလ်ချုပ်သည် ထိုစက်ဆုပ်ဖွယ်ကောင်းသော လူသားကောင်လေးကို တောင်းပန်ရန် တကယ်ပဲ အမိန့်ပေးလိုက်သည်လား။
နှစ်ယောက်စလုံး ကိုယ့်နားကိုယ် မယုံနိုင်ကြ။ မေးခွန်းထုတ်လိုသည့် အကြည့်ဖြင့် ကျန်းယွမ်အား ကြည့်လိုက်ကြသည်။
ကျန်းယွမ်က နှာခေါင်းရှုံ့လိုက်ပြီး “ဘာလဲ၊ မင်းတို့ နားပင်းနေကြတာလား။ ဒီစီနီယာ ပြောလိုက်တာကို မကြားဘူးလား။ ဒါမှမဟုတ် ဒီစီနီယာကပဲ မင်းတို့အစား တောင်းပန်ပေးရမှာလား”
“မလုပ်ရဲပါဘူး” မန်ကဲနှင့် ရွှယ့်လီတို့၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့သည်။ ကျန်းယွမ် ဒေါသထွက်နေမှန်း သတိပြုမိသည်နှင့် နည်းနည်းလေးမှ တုန့်ဆိုင်းမနေတော့ဘဲ အလျင်စလို လက်သီးဆုပ်၍ အံကြိတ်ကာ အော်ပြောလိုက်သည် “အရင်က တော်ဝင်သခင်ရန်ကို အပြစ်ပြုမိတာများရှိရင် စိတ်သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”
ဤကဲ့သို့ တောင်းပန်လိုက်ရခြင်းသည် သူတို့အား စော်ကားလိုက်ခြင်း မည်ပေသည်။ ကျန်းယွမ်ကြောင့် ရန်ကိုင်ကို တောင်းပန်လိုက်ရသော်လည်း အခွင့်အရေး ရသည်နှင့် ဤအကြွေးအား သူတို့နှစ်ယောက် ကျိန်းသေပြန်တောင်းမည်ကို မည်သူမှဆို သတိပြုမိနိုင်ပေသည်။
ကျန်းယွမ်၏ စကားကြောင့် သူတို့ကြားရှိ ရန်ငြိုးကို မဖြေရှင်းနိုင်ရုံမက နှစ်ဖက်ကြားမှ အမုန်းတရားကို ပို၍ပင် တိုးပွားလာခဲ့ရသည်။
ရန်ကိုင်ကမူ ဘာမှမပြောဘဲ ထူးမခြားနားဟန်ဖြင့်သာ ရှိနေခဲ့သည်။
ကျန်းယွမ်ကမူ ပျော်ရွှင်စွာရယ်မောလိုက်ပြီး ပြုံးကာ “ကောင်းတယ်။ အမှားလုပ်ရင် တောင်းပန်ရမှာပေါ့။ အင်း၊ အခုကနေစပြီး တစ်ယောက်နဲ့ တစ်ယောက် မမုန်းမတီးနဲ့ နေကြတာပေါ့။ ငါလည်း တော်ဝင်သခင်ရန်နဲ့ မိတ်ဆွေ ဖြစ်ချင်နေတာ”
“ကျုပ်ကတော့ မဖြစ်ချင်ဘူး” ရန်ကိုင်က ပြန်ပြောလိုက်သည်။
ကျန်းယွမ် မျက်နှာ မဲ့သွားခဲ့ပြီး “တော်ဝင်သခင်က နည်းနည်းလေးတောင် မျက်နှာသာ မပေးပါလားနော်”
နှစ်ယောက်စလုံးသည် ရန်လိုစိတ်မရှိဘဲ ဒီအတိုင်း သာမန်ကာလျှံကာ လေသံဖြင့် ပြောနေသော်လည်း နောက်တွင် ရပ်နေသော လေးယောက်မှာမူ ရင်တမမ ဖြစ်နေခဲ့ရလေပြီ။ အကောင်းပြောနေရင်းမှ ဘယ်အချိန် ထတိုက်ကြမည်မှန်းကို ဘယ်သူမှ မပြောနိုင်ကြပေ။
သို့သော်လည်း အပြင်လူတစ်ယောက်သာ ထိုမြင်ကွင်းကို မြင်လိုက်ပါက သူတို့ ထင်မည်မှာ ထိုလူနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ရင်းရင်းနှီးနှီး ပြုံးလျက် ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြသည် ဟူ၍ပင်။
မန်ကဲနှင့် ရွှယ့်လီတို့မှာမူ အတော်လေးကိုမှ စိတ်ညစ်နေခဲ့ရသည်။
ယခင်အခါက၊ ရွှယ့်လီသည် လူသားပိုင်နက်ထဲသို့ တစ်ယောက်တည်း ခိုးဝင်လာခဲ့သည်။ ထိုစဉ်က ချူလင်းရှောင်ကြောင့် ဒဏ်ရာရပြီး နတ်ဆိုးကုန်းမြေထဲသို့ အသည်းအသန် ပြန်ထွက်ပြေးခဲ့ရသည်။ ထိုကိစ္စနှင့် ပက်သက်သည့် အသေစိတ်ကို မည်သူ့ကိုမှ သူမ မပြောခဲ့ချေ။
ထို့နောက် လွန်ခဲ့သော လဝက်က သူမနှင့်မန်ကဲ ရန်ကိုင်နှင့် မတော်တဆ ထပ်တွေ့ခဲ့သည်။ ထိုအချိန်တွင်လည်း တိုက်ပွဲဖြစ်ပြီး သူမနှင့်မန်ကဲ ထပ်၍ ထွက်ပြေးရပြန်သည်။
ရွှယ့်လီသည် ထိုအဖြစ်အပျက်ကိုလည်း ဘယ်သူ့ကိုမှ မပြောဘဲ နှုတ်ဆိတ်ချင်နေသေးသည်။ သို့သော် မန်ကဲသည် နတ်ဆိုးဗိုလ်ချုပ်ကြီးအပေါ် အရမ်းကိုမှ သစ္စာရှိသူ ဖြစ်လေရာ နတ်ဆိုးကုန်းမြေသို့ ရောက်သည်နှင့် ဖြစ်ပျက်သမျှ အလုံးစုံကို ကျန်းယွမ်အား ပြန်လည် တင်ပြခဲ့လေသည်။ ကျန်းယွမ် ထိုအကြောင်းကို ကြားလိုက်ရသည့်နှင့် နည်းနည်းလေးပင် နှောင့်နှေးမနေဘဲ တော်ဝင်သခင်ရန် ဆိုသော လူငယ်လေးနှင့် တွေ့ရန် နတ်ဆိုးကုန်းမြေမှ ချက်ချင်း ထွက်လာခဲ့လေသည်။
အခြေအနေက ထိုအတိုင်းအတာထိ ရောက်သွားပြီး ဖြစ်မှဖြင့် ရွှယ့်လီလည်း ဘာတတ်နိုင်မည်နည်း။ မန်ကဲနှင့်အတူ ရှေ့မှ ဦးဆောင်ရုံသာ တတ်နိုင်ခဲ့လေသည်။
နတ်ဆိုးဗိုလ်ချုပ်ကြီးသည် သူတို့ ခံစားခဲ့ရသည်များအတွက် လက်စားပြန်ချေရန် ကိုယ်တိုင်ကိုယ်ကျ ထွက်လာခဲ့သည်ဟု ထင်ခဲ့မိသည်။ ထို့ကြောင့် နှစ်ယောက်စလုံး လမ်းတစ်လျှောက် အတော့်ကိုမှ စိတ်လှုပ်ရှားခဲ့ကြရသည်။ စိတ်ထဲတွင် ထိုလူသား ကောင်လေး သူတို့လက်ထဲ ရောက်လာပြီး လူမဆန်သော နှိပ်စက်မှုအား ခံစားနေရသည့်ပုံကို ကြိုမြင်ယောင်နေခဲ့သည်။
သို့သော်လည်း နတ်ဆိုးဗိုလ်ချုပ်ကြီးသည် ရုပ်တည်ကြီးဖြင့် သူတို့အား ရန်ကိုင်ကို ပြန်တောင်းပန်ခိုင်းလိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။
ရန်ကိုင်အား တောင်းပန်လိုက်ရခြင်းသည် ဤလောကတွင် ရှိသော အခါးတကာ့အခါးဆုံး ဆေးများကိုမှ တလုံးတခဲ မြိုချလိုက်ရသည့်နှယ် ခံစားရသည်။
“ကျန်းယွမ်၊ အပိုတွေ တောက်လောက်ပြီ။ ခင်ဗျား ဘာလုပ်ဖို့ ရောက်လာတာလဲ” ရနက်ိုင်က ယဲ့ယဲ့လေးပြုံးလျက် လိုရင်းကို မေးလိုက်သည်။
ထိုကဲ့သို့သော ပညာရှင်တစ်ယောက်နှင့် စကားစစ်ထိုးလျှင် သူသာ ရှုံးမည်ဖြစ်သဖြင့် ရန်ကိုင်လည်း လိုရင်းဆီကိုသာ တိုက်ရိုက် သွားလိုက်လေသည်။
ကျန်းယွမ် သက်ပြင်းချလိုက်ပြီး ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် “ကြည့်ရတာ တော်ဝင်သခင်လည်း ဒီစီနီယာ ဒီကို အခြားရည်ရွယ်ချက်တစ်ခုနဲ့ ရောက်လာမှန်း သိပြီးသားနဲ့တူတယ်။ အဲ့လိုဆိုမှတော့ ကောင်းပြီလေ။ လိုရင်းကိုပဲ တိုက်ရိုက် ပြောရတာပေါ့။ ဒီစီနီယာ တစ်ခုခုကို အတည်ပြုချင်လို့ ရောက်လာခဲ့တာ”
“အို၊ ဘာကိုများလဲဟင်” ရန်ကိုင် မျက်လုံးမှေးစဉ်း၍ ကျန်းယွမ်ကို စိုက်ကြည့်လိုက်သည်။
ကျန်းယွမ်ကမူ အပြုံးမပျက် အမူအရာဖြင့် ပြန်မေးလိုက်သည် “ဒီစီနီယာက သိချင်တာက တော်ဝင်သခင်ရန်က… မဟာ နတ်ဆိုးနတ်ဘုရားရဲ့ ဆက်ခံသူလား ဆိုတာပဲ”
ထိုစကား ထွက်လာချိန် အခန်းထဲတွင် ရှိနေသော လူအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဟန်ဖေးနှင့် လီရုန်တို့၏ မျက်ဝန်းများ ရုတ်ချည်း အေးစက်သွားခဲ့ပြီး ကျန်းယွမ်ကို နိုးနိုးကြားကြား သတိကြီးကြီးထားလျက် စိုက်ကြည့်လိုက်သည်။
မန်ကဲနှင့်ဟန်ဖေးတို့မှာမူ ပါးစပ်အဟောင်းသား ဖြစ်သွားသလို တစ်ချိန်တည်းတွင် ထိတ်လန့် ထိတ်လန့်သွားသည်။
မဟာနတ်ဆိုးနတ်ဘုရား ဟူသော နာမည်သည် သာမန်ကာလျှံကာ နာမည်တစ်ခု မဟုတ်ချေ။ ထိုနာမည်သည် နတ်ဆိုးမျိုးနွယ်စုဝင်များအပေါ် အကြွင်းမဲ့ သက်ရောက်မှု ရှိသည်။
“တော်ဝင်သခင်ရန် ငြင်းမနေပါတော့နဲ့” ရန်ကိုင် ပြန်မပြောရသေးခင်မှာဘဲ ကျန်းယွမ်က လက်မြှောက်၍ ကြားဖြတ်ပြောလိုက်သည် “ဒီစီနီယာက အဲ့ကိစ္စနဲ့ပက်သက်ပြီး သံသယဝင်နေလို့ ဒီကို အပြေးလာ အတည်ပြုခဲ့တာ။ တကယ်တော့ တော်ဝင်သခင်ရန်သာ ဒီကနေ ထွက်သွားပြီး ဘုံကိုးခုထွတ်မြတ်နယ်မြေဆီ ပြန်ရောက်သွားရင် ဒီစီနီယာ အနေနဲ့ လူသားပိုင်နက်ထဲကို အဲ့လောက်ထိ တိုးဝင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။ ဒါပေမယ့် အခု မြင်ရသလောက်တော့ တော်ဝင်သခင်ရန်က မဟာနတ်ဆိုးနတ်ဘုရားရဲ့ ဆက်ခံသူဆိုတာ သေချာသွားပြီ။ ဟုတ်တယ်။ သံသယရှိစရာကို မလိုတာ”
ကျန်းယွမ်၏ (၁၀၀)ရာခိုင်နှုန်း သေချာနေသည့် အမူအရာကို ကြည့်ရင်း ရန်ကိုင်က သဘောလည်း မတူသလို၊ ငြင်းလည်းမငြင်းဘဲ နှုတ်ခမ်းလေး ကွေး၍သာ ပြန်မေးလိုက်သည် “ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သေချာနေတာလဲ”
“တော်ဝင်သခင်ရန်နောက်က အမျိုးသမီး နှစ်ယောက်ကြောင့်ပေါ့” ကျန်းယွမ်က လီရုန်နှင့်ဟန်ဖေးတို့အား အနည်းငယ် မနာလိုနေသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်၏။ ထို့နောက် ဆက်ပြောလိုက်လေသည် “နတ်ဆိုးကုန်းမြေမှာ နတ်ဆိုးဗိုလ်ချုပ်ကြီးတွေပဲ ဖတ်ခွင့်ရတဲ့ ရှေးဟောင်းစာအုပ်တွေ ရှိတယ်။ အဲ့စာအုပ်တွေထဲက တစ်အုပ်က မဟာနတ်ဆိုးနတ်ဘုရား လက်အောက်မှာ အမှုထမ်းတဲ့ ကလန်အကြောင်းကို ရေးထားတာ”
“အဲ့ကလန်က သူတို့ကိုယ်သူတို့ ရှေးဟောင်းနတ်ဆိုး ကလန်လို့ ခေါ်တယ်။ ပြီးတော့ အဲ့ကလန်မျိုးဆက်တွေ အကုန်လုံးက မဟာနတ်ဆိုးနတ်ဘုရားကိုပဲ သစ္စာရှိတယ်။ ဒါပေမယ့် မဟာနတ်ဆိုးနတ်ဘုရား မပျောက်ကွယ်ခင် အဲ့ကလန်လည်း ပျောက်ကွယ်သွားခဲ့တယ်။ ဒီလောကက လူတွေကတော့ ထင်ကြမှာပေါ့။ သူသာ မရှိတော့ရင် အဲ့ကလန်ကို ထိန်းနိုင်မယ့်လူ မရှိတော့ဘူးလို့ ထင်လို့ မဟာနတ်ဆိုးနတ်ဘုရား ကိုယ်တိုင် အဲ့ကလန်ကို ဖျက်စီးပစ်လိုက်တယ်ပေါ့”
“အဲ့ကောလဟာလတွေ အကုန်လုံးက အမှားတွေမှန်း ဒီစီနီယာ သိပြီးသား။ တကယ်တော့ မဟာနတ်ဆိုးနတ်ဘုရားက အဲ့ကလန်ကို ချိတ်ပိတ်ခဲ့တာ။ တော်ဝင်သခင်နောက်က အမျိုးသမီး နှစ်ယောက် ရှေးဟောင်းနတ်ဆိုးကလန်ကပဲ။ ဒါပေမယ့် သူတို့က တော်ဝင်သခင်အပေါ် သစ္စာရှိနေမှတော့ တော်ဝင်သခင်က မဟာနတ်ဆိုးနတ်ဘုရားရဲ့ ဆက်ခံသူမှန်း သေချာသွားပြီလေ။ ရှေးဟောင်းနတ်ဆိုးကလန်သားတွေက အခြားတစ်ယောက်ကို ဘယ်လိုလုပ်ပြီး သွားသစ္စာခံမှာလဲ။ သူတို့ မျက်လုံးထဲမှာတော့ ဒီစီနီယာတောင် ထိုက်တန်တာ မဟုတ်ဘူး”
နတ်ဆိုးဗိုလ်ချုပ်ကြီးကျန်းယွမ်က ရှင်းပြနေစဉ်က ရန်ကိုင်က ကြားဖြတ်မပြောဘဲ တိတ်တိတ်လေးသာ နားထောင်နေခဲ့သည်။
သူပြောပြီးသွားသည့်နောက် ရန်ကိုင်က ခေါင်းညိတ်ရုံလေး ညိတ်လိုက်ပြီး “နတ်ဆိုးဗိုလ်ချုပ်ကြီးက အခြားသူတွေ မသိတဲ့ လျှို့ဝှက်ချက် တော်တော်များများကို သိထားတာပဲ”
ထိုကဲ့သို့ ငြင်းမရသည့် သက်သေကြီး ရှိနေပြီ ဖြစ်လေရာ ရန်ကိုင် ငြင်းချင်လျှင်ပင် အသုံးမဝင်တော့ချေ။
“ဟုတ်တာပေါ့” ကျန်းယွမ်က ဂုဏ်ယူစွာဖြင့် “မဟာနတ်ဆိုးနတ်ဘုရားက အဲ့ကလန်ကို ချိတ်ပိတ်ပြီး သူ့အမွေဆက်ခံသူအတွက် ဘာလို့ ချန်ရစ်ပေးခဲ့တာလဲ ဆိုတာကိုလည်း ဒီစီနီယာ သိထားသေးတယ်။ ဒီကိစ္စ၊ အခြားကိစ္စတွေနဲ့ ပက်သက်ပြီး မဟာနတ်ဆိုးနတ်ဘုရားက သဲလွန်စအများကြီး ချန်ထားခဲ့တယ်”
“အို၊ ဘာကြောင့်လဲ ပြောပါဦး” ရန်ကိုင် သိချင်သွားခဲ့သည်။ သို့သော်လည်း သူ့ပါးစပ်မှ ထိုစကား ထွက်သွားသည်နှင့် ကျန်းယွမ် ဆင်ထားသည့် ထောင်ချောက်ထဲသို့ ကျသွားပြီမှန်း ရန်ကိုင် နားလည်လိုက်သည်။ ထို့ကြောင့် ရန်ကိုင်မှာ ကြိတ်မနိုင်ခဲမရ ဖြစ်ကာ သွေးပင် အန်ချင်မိသွားသည်။
ရန်ကိုင်မှာ ကျန်းယွမ် ဘာပြောပြော ထူးမခြားနားဟန်ဖြင့်သာ တုန့်ပြန်ချင်သော်လည်း ထိုမြေခွေအိုကြီး ဆင်ထားသည့် ထောင်ချောက်ထဲသို့ ကျဖြစ်အောင်ကို ကျသွားခဲ့သည်။ ထို့ကြောင့် သူအပြည့်အဝ မရင့်ကျက်သေးမှန်း ရန်ကိုင် နားလည်သွားခဲ့ရ၏။
ကျန်းယွမ်က တိုးတိုးလေး ရယ်ကာ ပြန်ပြောလိုက်သည် “လာမယ့် ကပ်ဘေးအတွက်ပဲ”
“ကပ်ဘေးလား” ရန်ကိုင် ကြောင်သွားခဲ့သည်။
“ဟုတ်တယ်။ ဘယ်လိုကပ်ဘေးလဲ ဆိုတာကိုတော့ ဒီစီနီယာလည်း မသိသေးဘူး။ ဒါပေမယ့် တော်ဝင်သခင်ရန်တော့ အဖြေထုတ်နိုင်လောက်လိမ့်မယ်” ကျန်းယွမ်က ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်သည်။
“ခင်ဗျားတောင် မသိတာကို ကျုပ်က ဘယ်လိုလုပ်ပြီး အဖြေထုတ်ပေးနိုင်မှာလဲ” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။
ကျန်းယွမ်အမူအရာ လေးနက်သွားခဲ့ပြီး “နတ်ဆိုးမြို့တော်မှာ မဟာနတ်ဆိုးနတ်ဘုရား ချန်ရစ်ခဲ့တဲ့ လျှို့ဝှက်ချက်ရှိတယ်။ ဒါပေမယ့် အဲ့လျှို့ဝှက်ချက်ကို အားကောင်းလွန်းတဲ့ အစီအရင် တစ်ခုနဲ့ ချိတ်ပိတ်ထားတယ်။ ဘယ်နတ်ဆိုးဗိုလ်ချုပ်ကြီးမှ အဲ့အစီအရင်ကို မဖယ်ရှားနိုင်ခဲ့ဘူး။ ဒီတော့ အထဲက ဟာကိုလည်း မသိရတော့ဘူးပေါ့”
“အဲ့အစီအရင်ကို ခင်ဗျားလည်း မဖျက်စီးနိုင်ဘူးလား”
ကျန်းယွမ်က မဲ့ပြုံးပြုံးလျက် ခေါင်းခါလိုက်ပြီး “မဟာနတ်ဆိုးနတ်ဘုရားဆိုတာ သာမန်နတ်ဆိုး တစ်ယောက်မှ မဟုတ်တာ။ ဒီစီနီယာက ဘယ်လိုလုပ်ပြီး သွားယှဉ်နိုင်မှာလဲ။ ဒီစီနီယာ အထင်အရဆို မဟာနတ်ဆိုးနတ်ဘုရားက သူတော်စင် အဆင့်ကိုကျော်ပြီး ပိုမြင့်တဲ့အဆင့်တစ်ခုစီ ရောက်နေခဲ့လောက်တယ်”
ရန်ကိုင် ခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး သူ့အတွေးနှင့် ကျန်းယွမ် အတွေးတို့ တစ်ထပ်တည်း ကျနေသည့် အပေါ်ကိုလည်း အတော့်ကိုမှ အံ့အားသင့်သွားခဲ့ရသည်။
သူနှင့် မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးနှစ်ယောက် ထူးဆန်းသော ဆန်းကြယ်လောကငယ်တစ်ခုထဲ ဝင်သွားပြီး မဟာနတ်ဆိုးနတ်ဘုရား၏ စွမ်းရည်မျာကို မြင်တွေ့ပြီးနောက် ရန်ကိုင်လည်း ထိုကဲ့သို့ ခန့်မှန်းခဲ့ဖူးသည်။ သို့သော် သူ့အထင်ကို ယုံလည်း မယုံနိုင် ဖြစ်နေခဲ့သည်။
အံ့အားသင့်စရာသည်ကား ကျန်းယွမ်သည်လည်း သူ့ကဲ့သို့ တွေးနေခြင်းပင်။
“ဒီစီနီယာ မဖွင့်နိုင်ဘူးဆိုပေမယ့် တော်ဝင်သခင်ရန်ကတော့ ဖွင့်နိုင်လောက်တယ်” ကျန်းယွမ်က ဆက်ပြောလိုက်သည် “တော်ဝင်သခင်ရန်ကို မဟာနတ်ဆိုးနတ်ဘုရားရဲ့ ဆက်ခံသူ အဖြစ် ဘာကြောင့်ရွေးခဲ့မှန်း မသိဘူးဆိုပေမယ့် ဆက်ခံသူ ဖြစ်မှတော့ နတ်ဆိုးစာအုပ်လည်း တော်ဝင်သခင်ရန်ရဲ့ လက်ထဲမှာ ရှိနေမှာပေါ့ ဟုတ်တယ်မလား”
“နတ်ဆိုးစာအုပ်လား” မန်ကဲနှင့် ရှုဟွေတို့ နှစ်ယောက်စလုံး တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြသည်။ နှစ်ယောက်စလုံး အရူးအမူး ဖြစ်လာခဲ့ကြလေပြီ။
ထိုစကားသုံးလုံးသည် သူတို့၏ သွေးများကို ဆူပွက်လာခဲ့လေပြီ။
“မဟာနတ်ဆိုးနတ်ဘုရားက ဝိဥာဉ်ကျောက်တုံးကြီး တစ်တုံးကိုရပြီး နတ်ဆိုးစာအုပ်အဖြစ် သွန်းလုပ်ခဲ့တယ်။ အဲ့ထဲမှာ သူ့နတ်ဘုရားစွမ်းရည်တွေ၊ ပညာရပ်တွေ အများကြီးရှိနေတယ်။ အဲ့ဒါကို ဖွင့်နိုင်တဲ့ဘယ်သူမဆို သူ့ဆက်ခံသူ ဖြစ်လာလိမ့်မယ်။ တော်ဝင်သခင်ရန်က သူ့ဆက်ခံသူ ဖြစ်မှတော့ နတ်ဆိုးစာအုပ်ကိုလည်း ရထားမှာပေါ့၊ ဟုတ်တယ်မလား။ အဲ့နတ်ဆိုးစာအုပ်က နတ်ဆိုးမြို့တော်မှာရှိတဲ့ စိတ်ဝိဥာဉ် အစီအရင်ကို ဖွင့်ဖို့ သော့ပဲ”
ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့သည်။ ထို့နောက် အနက်ရောင် စာအုပ်ကို ထုတ်ယူလိုက်ပြီး “ဒါကိုပြောနေတာလား”
အခန်းထဲတွင် ရှိနေသော အကြည့်အားလုံး ထိုအနက်ရောင် စာအုပ်ပေါ် ရောက်ရှိလာခဲ့သည်။ မန်ကဲနှင့် ရွှယ့်လီတို့၏ အကြည့်များသည် လောဘတို့ဖြင့် လောင်မြိုက်လာခဲ့သည်။ နတ်ဆိုးဗိုလ်ချုပ်ကြီး ကျန်းယွမ်ပင်လျှင် နှလုံးခုန်မြန်သွားသည်။
အထင်မှာ အထင်၊ အမြင်မှာ အမြင် ဖြစ်ပြီး အထင်နှင့်အမြင်မှာ မတူညီချေ။ ရန်ကိုင်တွင် နတ်ဆိုးစာအုပ် ရှိနေမှန်း သိထားသော်လည်း တကယ်တမ်း မြင်လိုက်ရသည့်အခါ သူတို့ စိတ်မလှုပ်ရှားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။ (ထင်တာက ထင်တာတစ်မျိုး၊ နတ်ဆိုးစာအုပ်ကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်တာနဲ့ တကယ် မြင်ရတာနဲ့ မတူဘူးကို ပြောချင်တာ)
သို့သော်လည်း မကြာခင်မှာပင် ကျန်းယွမ် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ အသက်တစ်ချက် ရှူသွင်းလိုက်ပြီး ခေါင်းညိတ်၍ “ဟုတ်တယ်။ ဒါက နတ်ဆိုးစာအုပ်ပဲ။ ကြည့်ရတာက ဒီစီနီယာ ခန့်မှန်းတာတွေ အားလုံးက မှန်နေတယ်နဲ့ တူတယ်။ ကောင်းကင်က တကယ် မမြင်တတ်လိုက်တာ။ နတ်ဆိုးစာအုပ်ကို လူသားတစ်ယောက်ရဲ့ လက်ထဲ ရောက်သွားစေတယ်လို့ကွာ”
ကျန်းယွမ် နောင်တရနေခဲ့သည်။ အတော်လေးကိုမှလည်း စိတ်ပျက်နေခဲ့သည်။ သူ့ခံစားချက်များကို ဖုံးကွယ်ထားရန် မကြိုးစားခဲ့။
မဟာနတ်ဆိုးနတ်ဘုရား၏ အမွေအနှစ်ကို ရသင့်သူမှာ နတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက် ဖြစ်သင့်သော်လည်း တကယ် ရသွားသည့်သူမှာ ရန်ကိုင် ဖြစ်နေခဲ့သည်။
ထို့ကြောင့် ကျန်းယွမ် ကြိတ်မနိုင်ခဲမရ ဖြစ်နေခြင်းဖြစ်သည်။
“ဒီတော့ ဒါကို နတ်ဆိုးစာအုပ်လို့ ခေါ်တယ်ပေါ့။ နာမည်ကို မသိတော့ ဒီအတိုင်းပဲ အနက်ရောင်စာအုပ်ဆိုပြီး ခေါ်နေတာ” ပြောလိုက်ပြီးနောက် အနက်ရောင်စာအုပ်ကို ပြန်သိမ်းလိုက်၏။
ထိုစာအုပ် ရုတ်တရက် ပျောက်သွားသည်ကိုမြင်သော် မန်ကဲနှင့် ရွှယ့်လီတို့သည် ရန်ကိုင် ထိုစာအုပ်ကို မည်သည့် နေရာတွင်များ သိမ်းလိုက်သလဲ ဆိုသည်ကို သိရအောင် သူ့အား သေချာစူးစမ်းနေခဲ့သည်။
မဟာနတ်ဆိုးနတ်ဘုရား၏ လျှို့ဝှက်ချက်များနှင့် သူ့အသုံးပြုခဲ့သော နတ်ဘုရားစွမ်းရည်များကို မဆိုထားနှင့်၊ ထိုဝိဥာဉ်ကျောက်တုံးကြီး တစ်ခုကပင် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်နေလေပြီ။
ထိုပစ္စည်းကို မြင်သူတိုင်း လိုချင်စိတ် ဖြစ်မိမှာ အမှန်ပင်။
“ငါရှင်းရှင်းပဲ ပြောတော့မယ်” ကျန်းယွမ်က သူ့စိတ်ကို ငြိမ်အောင် လုပ်လိုက်ပြီး ရန်ကိုင်ကို စိုက်ကြည့်၍ “ဒီစီနီယာက ဒီကို လူကိုယ်တိုင် ရောက်လာခဲ့တာက ငါ့ဘက်ကနေ ရိုးသားကြောင်း ပြချင်လို့ပဲ။ အမှန်အတိုင်း ပြောရရင် မဟာနတ်ဆိုးနတ်ဘုရားရဲ့ ဆက်ခံသူဆိုတဲ့ အဆင့်အတန်းနဲ့တင် နတ်ဆိုးကုန်းမြေ တစ်ခုလုံးကို အုပ်ချုပ်လို့ ရနေပြီ။ တကယ်တော့ နတ်ဆိုးကုန်မြေကို မဟာနတ်ဆိုးနတ်ဘုရားက ဖန်တီးခဲ့တာလေ။ အချိန်သာရှိရင် တော်ဝင်သခင်ရန်လည်း မဟာနတ်ဆိုးနတ်ဘုရား ရောက်ခဲ့တဲ့အဆင့်ကို တစ်နေ့ကျ ရောက်နိုင်မယ်လို့ ဒီစီနီယာ ယုံပြီးသား”
ထိုစကား ထွက်လာသည်နှင့် မန်ကဲနှင့် ရွှယ့်လီတို့ နှစ်ယောက်စလုံး တံတွေးတစ်လုတ် မြိုချလိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲ ထိတ်လန့်နေသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။ နတ်ဆိုးဗိုလ်ချုပ် နှစ်ယောက်၏ အန္တရာယ်များသည့် အကြည့်ကို သတိပြုမိသော် လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး သူတို့၏ စွမ်းအင်ကို တိတ်တဆိတ် စုစည်းထားလိုက်ကြပြီး အချိန်မရွေး တန်ပြန်တိုက်ခိုက်နိုင်ရန် ပြင်ဆင်ထားလိုက်ကြသည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၄၄)
ကျန်းယွမ်၏ စကားလုံးများကြောင့် ခန်းမတွင်းရှိ အခြေအနေသည် ရုတ်ချည်း တင်းမာလာခဲ့သည်။
အချိန်သာရှိသရွေ့ တစ်နေ့ကျလျှင် ရန်ကိုင်သည် မဟာနတ်ဆိုးနတ်ဘုရား ရောက်ခဲ့သည့် အဆင့်သို့ ကျိန်းသေ ရောက်ရှိပေလိမ့်မည်။ ထိုအကြောင်း တွေးလိုက်ရုံဖြင့် ရွှယ့်လီနှင့် မန်ကဲတို့ ထိတ်လန့်တုန်လှုပ်မိသည်။ မဟာနတ်ဆိုးနတ်ဘုရား အဆင့်သို့ နတ်ဆိုးဗိုလ်ချုပ်ကြီးပင် မရောက်ရှိနိုင်ဟု ယခုလေးတင် ပြောသွားခဲ့သည် မဟုတ်ပေလော။ ထို့ကြောင့် ရန်ကိုင်ကိုသာ ကြီးထွားခွင့် ပြုပေးလိုက်ပါက ဘာဆက်ဖြစ်မည်နည်း။
မဟာနတ်ဆိုးနတ်ဘုရားသည် ထုန်းရွှမ်လောကကြီး တစ်ခုလုံးတွင် အတုမရှိ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာနိုင်ခဲ့သဖြင့် ရန်ကိုင်လည်း နောက်ဆုံးကျ ထိုကဲ့သို့ ဖြစ်လာပေလိမ့်မည်။
ထိုအခါကျ မည်သူသေမည်၊ ရှင်မည် ဆိုသည်ကို သူဆုံးဖြတ်နိုင်ပေလိမ့်မည်။
နတ်ဆိုးဗိုလ်ချုပ်နှစ်ယောက်သည် နောင်ရေးအေးစေရန် ရန်ကိုင်ကို ဤနေရာတွင် တစ်ခါတည်း သတ်ပစ်ရန် တွေးလိုက်မိကြသည်။
“မယဉ်မကျေး မလုပ်နဲ့” ကျန်းယွမ်က နှာခေါင်းရှုံ့လိုက်ပြီး “တော်ဝင်သခင်ရန်နဲ့ မိတ်ဆွေဖြစ်ချင်တယ်လို့ ငါပြောပြီးသား။ ဒါကြောင့်ပဲ ဘာကိုမှ မဖုံးကွယ်ပဲ အကုန်လုံးကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့တာ။ နောက်တစ်ကြိမ် မင်းတိုရဲ့ သတ်ဖြတ်လိုစိတ်ကို ထုတ်ပြရဲ ထုတ်ပြကြည့်၊ ငါကိုယ်တိုင် မင်းတို့ရဲ့ ကျင့်ကြံခြင်းကို ဖျက်စီးပစ်မယ်”
မန်ကဲနှင့် ရွှယ့်လီတို့ နှစ်ယောက်စလုံး တုန်လှုပ် ချောက်ချားသွားခဲ့သည်။ ကျန်းယွမ်သည် ရန်ကိုင်အား ထိုကဲ့သို့ ကာကွယ်ပေးလိမ့်မည်ဟု တစ်ခါမှ စိတ်မကူးခဲ့ဖူးချေ။ ထိုအခြင်းအရာကို ကြည့်လျှင် နတ်ဆိုးဗိုလ်ချုပ်ကြီး စိတ်ပိုင်းဖြတ်ထားပြီးပြီမှန်း မြင်တွေ့နိုင်သည်။ သူသည် စကားသက်သက် ပြောနေခြင်း မဟုတ်ချေ။ ထိုအချက်ကို နားလည်လိုက်သည်နှင့် နှစ်ယောက်စလုံး သူတို့၏ အမှားကို အလျင်အမြန် ဝန်ခံပြီး ခေါင်းငုံ့နေလိုက်ကြသည်။
ကျန်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီး ရန်ကိုင်ဘက်သို့ လှည့်၍ “ကျုပ်ပြောလိုက်ပေမယ့် တော်ဝင်သခင်ရန်လည်း အများကြီး မျှော်လင့်မထားသင့်ဘူး။ နတ်ဆိုးကုန်းမြေက အခုလောလောဆယ် ဒီစီနီနီယာရဲ့ လက်ထဲမှာ ရှိနေသေးတယ်။ တော်ဝင်သခင်ရန်က မဟာနတ်ဆိုးနတ်ဘုရားရဲ့ ဆက်ခံသူပဲဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်၊ လူသားတစ်ယောက် ဖြစ်နေတဲ့အတွက် ဒီရာထူးကို တော်ဝင်သခင်ရန် လက်ထဲ ထည့်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး”
“ကျုပ်လည်း နတ်ဆိုးကုန်းမြေကို စိတ်မဝင်စားပါဘူး”
“အဲ့လိုဆို ပိုကောင်းတာပေါ့” ကျန်းယွမ်က ခေါင်းညိတ်၍ ရယ်မောလိုက်ပြီး “တကယ်တော့ အလုံခြုံဆုံး နည်းလမ်းကို ပြောခိုင်းရင် တော်ဝင်သခင်ရန်ကို သတ်ပြီး နတ်ဆိုးစာအုပ်ကို လုယူလိုက်တာပဲ။ ဒါပေမယ့် တော်ဝင်သခင်ရန်ကို သတ်လိုက်မယ် ဆိုရင်တောင် မဟာနတ်ဆိုးနတ်ဘုရားရဲ့ အမွေအနှစ်ကို ရနိုင်မှာ မဟုတ်မှန်း ဒီစီနီယာ သိပြီးသား။ မဟာနတ်ဆိုးနတ်ဘုရားက တော်ဝင်သခင်ရန်ကို ရွေးချယ်လိုက်မှတော့ သူ့မှာလည်း သူ့အကြောင်းနဲ့သူ ရှိလိမ့်မယ်။ နတ်ဆိုးမျိုးနွယ်စုတွေဆိုတာ မဟာနတ်ဆိုးနတ်ဘုရားရဲ့ မျိုးဆက်တွေပဲ။ ဒီတော့ နောက်ပိုင်းကျ တော်ဝင်သခင်ရန်အနေနဲ့ ငါတို့ကို ရန်သူတွေလို မဆက်ဆံဖို့ မျှော်လင့်ပါတယ်။ ငါလည်း မဟာနတ်ဆိုးနတ်ဘုရားကို တိုင်တည်ပြီး ကျိန်ဆိုတယ်။ နောက်နောင် တော်ဝင်သခင်ရန် အပေါ် ရန်သူလို မဆက်ဆံပါဘူး၊ ဒီတော့ ဘယ်လိုလဲ”
ရန်ကိုင် အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။
မည်သည့် နတ်ဆိုးမှ မဟာနတ်ဆိုးနတ်ဘုရား၏ အမည်နာမကို ပေါ့သေးသေးထား၍ လက်လွတ်စပယ် မကျိန်ဆိုဝံ့ကြချေ။ မဟာနတ်ဆိုးနတ်ဘုရားသည် နတ်ဆိုး မျိုးနွယ်စုဝင် အားလုံး၏ ရင်ထဲရှိ နတ်ဘုရားဖြစ်သည်။ လက်ရှိ နတ်ဆိုးဗိုလ်ချုပ်ကြီး ဆိုလျှင်ပင် အတူတူသာ ဖြစ်သည်။
ကျန်းယွမ် လိမ်ပြောမနေမှန်း သိလေရာ ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး အလေးအနက် အမူအရာဖြင့် “ကောင်းပြီ”
ကျန်းယွမ် ရယ်မောလိုက်လေသည်။ ထို့နောက် ကျေနပ်နေသည့် အမူအရာဖြင့် “အဲ့လိုဆို ဒီကိစ္စ ပြီးသွားပြီပေါ့။ တော်ဝင်သခင်ရန်က ငယ်ပေမယ့် ပြတ်သားတယ်။ ဒီစီနီယာရဲ့ အကြိုက်နဲ့ ကွက်တိပဲ။ တော်ဝင်သခင်ရန်လို လူမျိုးနဲ့ ဆက်ဆံရတာ တကယ်ကောင်းတယ်”
“ခင်ဗျားနဲ့ ဆက်ဆံရတာလည်း အတူတူပါပဲ”
“အဲ့လိုဆို ကျုပ်တို့ အခုမိတ်ဆွေတွေ ဖြစ်သွားပြီပေါ့” ကျန်းယွမ်က ရန်ကိုင်အား အပြုံးဖြင့် ကြည့်လိုက်သည်။
“အနည်းဆုံးတော့ ရန်သူတွေ မဟုတ်တော့ဘူးလေ” ရန်ကိုင်က ပြန်ပြုံးလိုက်သည်။
“အဲ့လောက်ဆို တော်ပါပြီလေ” ကျန်းယွမ် ထရပ်လိုက်ပြီး “ပြောစရာရှိတာ ပြောပြီးသွားပြီ ဆိုမှတော့ ကျုပ်သွားလိုက်ဦးမယ်။ တော်ဝင်သခင်ရန် အားရင်လည်း နတ်ဆိုးမြို့တော်ဆီ လာလည်ပေါ့။ ဒီစီနီယာ ကောင်းကောင်း ဧည့်ခံပါ့မယ်။ ဒီစီနီယာလည်း မဟာနတ်ဆိုးနတ်ဘုရား ချန်ရစ်ခဲ့တဲ့ လျှို့ဝှက်ချက်တွေကို အတော်လေး စိတ်ဝင်စားနေတာ ဆိုတော့ တော်ဝင်သခင်ရန် အနေနဲ့ နတ်ဆိုးစာအုပ်ကိုသုံးပြီး ဟိုအစီအရင်ကို ဖွင့်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တော်ဝင်သခင်ရန် လုပ်ပေးမယ်မလား”
“အင်း၊ ကျုပ်လာခဲ့မယ်”
“ကျေးဇူးအများကြီးတင်ပါတယ်။ အင်း၊ နတ်ဆိုးမြို့တော်ဆီ လာမယ်ဆိုရင် ကျုပ်ဆီ အရင်အကြောင်းကြားနော်။ အဲ့လိုမှ ဒီစီနီယာလည်း တော်ဝင်သခင်ရန်အတွက် လုံခြုံတဲ့ လမ်းကြောင်းတစ်ခု ပြင်ဆင်ပေးနိုင်မှာ” ကျန်းယွမ်က ခေါင်းညိတ်လိုက်ပြီး ခန်းမထဲမှ ချက်ချင်း ထွက်သွားလေသည်။
“လီရုန်၊ သူတို့ကို လိုက်ပို့ပေးလိုက်” ရန်ကိုင်က အမိန့်ပေးလိုက်သည်။
လီရုန်သည် ချက်ချင်းပဲ ကျန်းယွမ်နှင့် နတ်ဆိုးဗိုလ်ချုပ် နှစ်ယောက်ကို ခန်းမအပြင်သို့ လိုက်ပို့ပေးလေသည်။
ခဏအကြာ၌ ရန်ကိုင်နှင့် ဟန်ဖေး စောင့်နေသည့် နေရာဆီ ပြန်လာခဲ့သည်။
“သခင်၊ အဲ့ကျန်ယွမ်း ပြောသွားတာကို တကယ် ယုံတာလား”
“ခင်ဗျား ဘယ်လိုထင်လဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။
လီရုန်က ခဏလောက် တွေးလိုက်ပြီးနောက် “သူ့ကြည့်ရတာ လိမ်နေတဲ့ပုံတော့ မပေါက်ဘူး။ ဒါပေမယ့် ကျွန်မတို့ကလည်း သူနဲ့ ရင်းနှီးတာမဟုတ်ဘူး ဆိုတော့ သူ့ကို ယုံဖို့က နည်းနည်းတော့ ခက်လိမ့်မယ်”
“ကျွန်မလည်း အဲ့လိုပဲထင်တယ်” ဟန်ဖေး ခေါင်းညိတ်လိုက်၏။
“ကျုပ်ကတော့ သူအမှန်အတိုင်း ပြောနေတယ်လို့ ထင်တာပဲ” ရန်ကိုင် ပြုံးလိုက်သည်။ ထို့ကြောင့် အမျိုးသမီးနှစ်ယောက် နားမလည်နိုင် ဖြစ်သွားခဲ့ရလေသည်။
ရန်ကိုင်သည် ကလေးမဟုတ်တော့ချေ။ ကျန်းယွမ်သည် စကားနည်းနည်းဖြင့် သူ့အား လှည့်စားနိုင်မည် ဆိုပါက သူယနေ့ထိ အသက်ရှင်နေလိမ့်မည် မဟုတ်ချေ။ ကျန်းယွမ်၏ အပြုအမူ၊ သဘောထားနှင့် ပက်သက်ပြီး ရန်ကိုင်မှာလည်း ကိုယ်အတွေးနှင့် ကိုယ် ရှိနေပေသည်။
“နတ်ဆိုးမြို့တော်ကို သွားဖို့ စီစဉ်ထားတာလား”
“သွားရမှာပေါ့” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
သို့သော်လည်း သူ့ဆုံးဖြတ်ချက်သည် ကျန်းယွမ်း၏ ဖိတ်ခေါ်မှုနှင့် ဘာမှမဆိုင်၊ မဟာနတ်ဆိုးနတ်ဘုရား ချန်ခဲ့သည့် လျှို့ဝှက်ချက်များကို သိချင်စိတ် သက်သက်ကြောင့်သာ ဖြစ်သည်။ သူ့အထင်သာ မှန်လျှင် နတ်ဆိုးမြို့တော်ထဲ ချန်ခဲ့သော လျှို့ဝှက်ချက်များသည် မဟာနတ်ဆိုးနတ်ဘုရား၏ ကိုယ်ပွား ပြောခဲ့သော စကားများနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေရပေမည်။
မန်ဝူရနှင့် ရှနင်းချန်ကို ကယ်ခဲ့စဉ်က အခွင့်ရလျှင် နတ်ဆိုးမြို့တော်သို့ သွားသင့်သည်ဟု မဟာနတ်ဆိုးနတ်ဘုရား၏ ကိုယ်ပွားက ပြောခဲ့သည်။ ထိုနေရာသို့ သွားလျှင် အားလုံးကို သူနားလည်သွားပေလိမ့်မည်တဲ့။
အစကမူ အချိန်တိုအတွင်း နတ်ဆိုးမြို့တော်သို့ သွားရန် မစဉ်းစားထားချေ။ သို့သော် ကျန်းယွမ်က ဖိတ်ခေါ်လာမှဖြင့် သူလည်း သွားရတော့ပေမည်။
ထိုနေရာကို ဖျက်စီးခဲ့သည့်အတွက် ဆန်းကြယ်လောကငယ် များစွာ ထွက်ပေါ်လာခဲ့ရသည်။ ထို့အပြင်၊ ထိုနေရာသည် ထုန်းရွှမ်လောကကြီး တစ်ခုလုံး၏ အချက်အချာနေရာ ဖြစ်သည်ဟု မဟာနတ်ဆိုးနတ်ဘုရား၏ ကိုယ်ပွားက ပြောခဲ့သည်။ ထိုနေရာသည် မည်ကဲ့သို့သော လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားလေသနည်း။ ရန်ကိုင် လုံးဝ နားမလည်နိုင်ပေ။ ထို့အတွက်ကြောင့်နှင့် သူအအိပ်ပျက်ခဲ့ရသည်မှာလည်း ညပေါင်း မနည်းတော့။
ထိုအကြောင်းကို စဉ်းစားနေစဉ်မှာပဲ လင်းတိုင်ရှု ဦးဆောင်သော လူတစ်အဖွဲ့ ခန်းမထဲသို့ ဝင်လာခဲ့သည်။ ရောက်သည်နှင့် နတ်ဆိုးဗိုလ်ချုပ်ကြီး ဘာကြောင့် ရောက်လာကြောင်း၊ အန္တရာယ်ရော ရှိသလားဟု မေးခဲ့သည်။
ရန်ကိုင်ကမူ ရယ်သာရယ်မောလျက် ဘာအန္တရာယ်မှ မရှိကြောင်း ပြန်ပြောခဲ့သည်။
ကောင်းကင်စံအိမ်နှင့် မိုင်ဒါဇင်ကျော်အကွာရှိ ကောင်းကင်ထက်တွင် ကျန်းယွမ်၊ မန်ကဲနှင့် ရွှယ့်လီတို့ ပျံသန်းနေခဲ့ကြသည်။ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် နားမလည်နိုင်စွာ ကြည့်နေခဲ့ကြသည်။
သူတို့ တစ်သက်နှင့်တစ်ကိုယ် နတ်ဆိုးဗိုလ်ချုပ်ကြီးသည် ထိုကောင်လေးကို မသတ်သည့်အပြင် သူ့ဘက်နေ၍ ထိုလူသား ကောင်လေးနှင့် အရင်ဆုံး မိတ်ဆွေစဖွဲ့လိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ချေ။
ထိုကဲ့သို့သော ကြောက်မက်ဖွယ် ကောင်းလွန်းသည့် လူတစ်ယောက်ကို နတ်ဆိုးကုန်းမြေ၏ ကပ်ဆိုးတစ်ခု မဖြစ်လာအောင် ကြိုသတ်လိုက်ခြင်းသည် မကောင်းပေဘူးလော။
မန်ကဲနှင့် ရွှယ့်လီတို့ သူ့အပြုအမူအား နားမလည်နိုင် ဖြစ်နေသည်ကို သတိပြုမိလိုက်သည့်အလား ကျန်းယွမ်က နောက်သို့ပင် ပြန်လှည့်မကြည့်ဘဲ ပြောလိုက်သည် “သူ့ကို သတ်လို့မရဘူး။ နည်းနည်းလေးတောင် မကြိုးစားမိစေနဲ့”
မန်ကဲနှင့်ရွှယ့်လီတို့ တုန်ရီသွားကြသည်။
ကျန်းယွမ်က ဆက်ပြောလိုက်သည် “မဟာနတ်ဆိုး နတ်ဘုရားရဲ့ ဆက်ခံသူဆိုမှတော့ သူက ဘယ်လိုလုပ်ပြီး သာမန် ဖြစ်နိုင်မှာလဲ။ သူ့ကို သာမန် မသေမျိုး တတိယအဆင့် တစ်ယောက်လို သွားမတွေးနဲ့။ တကယ်သာ တိုက်မယ်ဆိုရင် သူ့ရဲ့ ခွန်အားက သူတော်စင် ဒုတိယအဆင့်အောက် မလျော့ဘူး”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” မန်ကဲနှင့် ရွှယ့်လီတို့ နှစ်ယောက်စလုံး ထိတ်လန့်သွားခဲ့ကြသည်။
“ဘာလို့ မဖြစ်နိုင်ရမှာလဲ” ကျန်းယွမ်က ရယ်မောလိုက်ပြီး “မဟာနတ်ဆိုးနတ်ဘုရားဆိုတာ အမြဲတမ်း အဆင့်ကျော်ပြီး တိုက်ခိုက်လာခဲ့တာ။ သူ့ထက် အများကြီး သန်မာတယ်လို့ ယူဆရတဲ့ ရန်သူတွေကိုတောင် အနိုင်ယူလာတာ တစ်ပုံကြီးပဲ။ မင်းတို့နှစ်ယောက်လည်း နတ်ဆိုးဗိုလ်ချုပ်တွေပဲ။ အဲ့ဒါကို ကောင်းကောင်း နားလည်မှာပေါ့”
မန်ကဲနှင့် ရွှယ့်လီတို့ နှစ်ယောက်စလုံး ဆွံ့အသွားကြသည်။ သူတို့လည်း ထိုကြောင်းကို သိထားပေသည်။ သို့သော် ရန်ကိုင်နှင့် သွား၍ မဆက်စပ်နိုင်ခဲ့။
“ဒါတောင် သူ့ခွန်အား သက်သက်ပဲ ရှိသေးတယ်။ သူနားလည်ထားတဲ့ ပညာရပ်တွေကို ထည့်မတွက်သေးဘူး။ မဟာနတ်ဆိုးနတ်ဘုရားရဲ့ ဆက်ခံသူဆိုတော့ မဟာနတ်ဆိုး နတ်ဘုရားရဲ့ နတ်ဘုရားစွမ်းရည်တွေကိုလည်း နားလည်ထားဦးမှာပဲ။ ငါတို့ သူ့ကို မသတ်နိုင်ဘူး။ သူ့ကို သတ်ဖို့ကြိုးစားတာက ငါတို့နဲ့ သူ့ကြား အမုန်တရားကို ပိုပြီး ကြီးထွားလာစေတာပဲ ရှိမှာ။ အဲ့လို ဖြစ်သွားရင် နောက်ပိုင်း၊ သူအားကောင်းလာတဲ့အခါကျ နတ်ဆိုးကုန်းမြေတစ်ခုလုံး ပွဲသိမ်းပြီပဲ။ ဒါက အရဲစွန့်လို့ မကောင်းဘူး”
“ပြီးတော့ သူ့ဘေးမှာ အမြဲနေနေတဲ့ ရှေးဟောင်းနတ်ဆိုး ကလန်က အမျိုးသမီး… ဒီစီနီယာ အဲ့မိန်းမကို အနိုင်မယူနိုင်ဘူး။ သူသာ ရန်ကိုင်နဲ့ ရှိနေသရွေ့ ဒီလောကကြီးက ဘယ်သူမှ ရန်ကိုင့်အသက်ကို မခြိမ်းခြောက်နိုင်ဘူး”
နတ်ဆိုးဗိုလ်ချုပ် နှစ်ယောက်စလုံး လွန်စွာကိုမှ တုန်လှုပ်ချောက်ချား သွားခဲ့ကြလေသည်။ လီရုန်၏ ခွန်အားကို ကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ ကြုံဖူးသော်လည်း၊ သူမ၏ ခွန်အားသည် နတ်ဆိုးဗိုလ်ချုပ်ကြီးနှင့် ယှဉ်နိုင်သည်ဟု တွေးထင်ခဲ့သော်လည်း၊ ကျန်းယွမ် ကိုယ်တိုင် ဝန်ခံလာသည့် အချိန်၌ သူတို့ မထိတ်လန့်ဘဲ မနေနိုင်သေးချေ။
“အဲ့လိုဆိုရင် စီနီယာ ဒီနေ့ ပြောခဲ့တာတွေက..” မန်ကဲက ပြောချင်သော်လည်း တုန့်ဆိုင်းနေခဲ့သည်။
“ငါလိမ်ပြောတာ မဟုတ်ဘူး။ ငါသူနဲ့ တကယ် မိတ်ဆွေဖွဲ့ချင်တာ။ လူတစ်ယောက်နဲ့ မိတ်ဆွေဖွဲ့ချင်ရင် သူအားနည်းနေတုန်းမှာ လုပ်ရတယ်။ သူတို့ သန်မာလာတော့မှ သွားမိတ်ဆွေဖွဲ့ချင်ရင် နောက်ကျသွားလိမ့်မယ်။ ငါ့ပြောတာကို မှတ်ထား။ မင်းတို့ကြားမှာ ဘာရန်ငြိုးပဲရှိရှိ၊ အကုန်လုံးကို သင်ပုန်းချေပစ်လိုက်တော့။ သူ့အပေါ် တစ်ခုခုကြံဖို့ နည်းနည်းလေးတောင် မစဉ်းစားတော့နဲ့။ မင်းတို့ကြောင့် ငါအသည်းအသန် လုပ်ထားရတဲ့ ဒီဆက်ဆံရေးလေးကို မပျက်စီးသွားစေချင်ဘူး”
မန်ကဲနှင့် ရွှယ့်လီတို့ နှစ်ယောက်စလုံး အတော့်ကိုမှ စိတ်ရှုပ်ထွေးနေခဲ့ကြသည်။ ဘာပြန်ပြော၍ ပြောရမှန်းမသိ၊ ထို့ကြောင့် လောလောဆယ်အချိန်၌ ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့သည်။
ငါးရက်ကြာပြီးနောက်သည် ရန်ကိုင်၏ အမိန့်အရ ထောင့်နှင့်ချီသော လူအုပ်ကြီးသည် လေဟာနယ်လိုဏ်ခေါင်းမှ တစ်ဆင့် ထုန်းရွှမ်လောကကြီးဆီသို့ စတင် ချီတက်လေသည်။
ရက်ပေါင်းများစွာ စောင့်ပြီးသည့်နောက် လာမည့်သူများ ရောက်လာခဲ့ပြီး မရောက်မည့်သူများကမူ ရောက်မလာခဲ့ကြ။ ထို့ကြောင့် ဆက်စောင့်နေစရာ မလိုတော့ချေ။
ရန်ကိုင်အား စိတ်အားတက်သွားစေသည်ကား ဤလောကတွင် ရှိနေသော သူ့မိတ်ဆွေအားလုံး လိုလိုသည် သူ့ကိုယုံကြည်၍ သူတို့အသက်ကို သူ့လက်ထဲသို့ ပုံအပ်ကာ သူနှင့်အတူ ထုန်းရွှမ်လောကကြီးဆီသို့ လိုက်ခဲ့ကြသည်။
အကုန်လုံးသည် ရန်ကိုင်အပေါ် ယုံကြည်ကြသည်။
ရန်ကိုင်သည် လီရုန်၊ ဟန်ဖေး၊ ရှီခွန်တို့နှင့်အတူ လေဟာနယ်လိုဏ်ခေါင်းထဲသို့ အရင်ဝင်သွားလိုက်ပြီး အနီးအနား မိုင်ငါးဆယ်ပတ်လည်အတွင်းတွင် ရှိနေသော ကျင့်ကြံသူများကို မောင်းထုတ်၍ အနှောင့်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်မှ ကျင့်ကြံသူများကို ရှင်းထုတ်ပစ်ခဲ့သည်။
ရှီခွန်က နားမလည်နိုင်သည့် အမူအရာဖြင့် ရန်ကိုင်ကို ကြည့်၍ “တော်ဝင်သခင်၊ ဒီလိုလုပ်တာ ပြဿနာများမယ်နော်။ ဆယ်မိုင်လောက်ဆိုရင်တောင် လုံလောက်နေပြီလေ”
ရန်ကိုင် ဘာကြောင့် ထိုမျှ နေရာအကျယ်ကြီး လိုချင်နေမှန်း သူတကယ် နားမလည်နိုင်ချေ။
“မကြာခင် ခင်ဗျား နားလည်ပါလိမ့်မယ်” ရန်ကိုင်က ရယ်မောလိုက်ပြီး လေဟာနယ်လိုဏ်ခေါင်းကို စိုက်ကြည့်လိုက်သည်။
လူတစ်အဖွဲ့ပြီးတစ်ဖွဲ့ စတင် ထွက်လာခဲ့ကြသည်။ ပထမဆုံး ထွက်လာသည့်လူများမှာ ရန်မိသားစု၏ သွေးစစ်သည်တော်များ ဖြစ်ကြပေသည်။ အပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဘေးပတ်ဝန်းကျင်ကို သိလိုတကြီးဖြင့် စူးစမ်းကြတော့သည်။
မိုးမြေစွမ်းအင် အလွန်ကိုမှ သိပ်သည်းကြောင်း သတိပြုမိလိုက်သည်နှင့် အကုန်လုံး စိတ်အားတက်သွားကြပြီး အားပါးတရ အသက်ရှူသွင်းကြတော့လေသည်။
ရန်ကိုင်၏ ဦးဆောင်မှုဖြင့် ပထမဆုံး ထွက်လာသော ရန်မိသားစု သွေးစစ်သည်တော်များသည် လေထဲသို့ပျံ၍ နေရာလွတ်တစ်ခုရှာကား အခြာသူများ ထွက်လာမည်ကို စောင့်နေလိုက်ကြသည်။
ရန်မိသားစုဝင်များနှင့်ရောလျက် လှပသောမိန်းကလေး တစ်ယောက် ထွက်လာခဲ့သည်။ လေဟာနယ်လိုဏ်ခေါင်းထဲမှ ထွက်လာပြီးသည်နှင့် ဘေးပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီး အပြုံးကြီးပြုံးလျက် ရန်ကိုင်ဆီသို့ တိုက်ရိုက် ပျံသန်းသွားလိုက်သည်။
“နင်တို့ ချူမိသားစုက လေးခုမြောက်အဖွဲ့မှာလေ။ မိသားစု ခေါင်းဆောင်ဖြစ်တဲ့ နင်က ဘယ်လိုလုပ်ပြီး ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ရှေ့ကနေ ထွက်လာရတာလဲ” ရန်ကိုင်က ချူရီမန်ကို ကြောင်ကြည့်နေခဲ့သည်။
ချူရီမန်ကမူ သူမလက်ကိုသာ ဆန့်ထုတ်လိုက်ပြီး “ဘယ်မှာလဲ ငါ့လက်ဆောင်”
“ဘာလက်ဆောင်လဲ”
“နင်ကိုယ်တိုင်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ ဒီဘက်ရောက်ရင် ငါ့ကို အထူးလက်ဆောင်တစ်ခု ပေးမယ် ဆိုပြီးတော့လေ” ပြောပြီးသည့်နောက် မျက်ဝန်လေးများကို မှေးစဉ်းလျက် “ဘာလဲ၊ မေ့သွားတာတော့ မဟုတ်ပါဘူးနော်”
“အို၊ အဲ့လက်ဆောင်လား” ရန်ကိုင် ရုတ်တရက် နားလည်သွားခဲ့သည်။ သူ့နဖူးကို ပုတ်လိုက်ပြီး ခေါင်းလေး တညိတ်ညိတ်ဖြင့် “ငါမှတ်မိတာပေါ့။ နင့်အတွက် ပြင်တောင် ပြင်ပြီးသွားပြီ”
ချူရီမန်၏ မျက်လုံးလေးများ ရုတ်ချည်းဆိုသလို တောက်ပလာခဲ့ပြီး “အဲ့လိုဆိုရင် မြန်မြန်သာပေးတော့။ ဒါပေမယ့် နင့်လက်ဆောင်ကို ငါအကြိုက်မတွေ့ဘူး ဆိုရင်တောင် နင်နောင်တရသွားအောင် ငါလုပ်ပြမယ်”
“ငါပေးတဲ့ လက်ဆောင်နဲ့ပက်သက်ပြီး နင်လုံးဝကို စိတ်ကျေနပ်စေရမယ်” ရန်ကိုင်က ပြုံးကာ ချူရီမန်၏ ပခုံးကို ပုတ်ပေးလိုက်သည်။
“နင်ဘာလုပ်နေတာလဲ” ချူရီမန်က ရန်ကိုင်အား မယုံသင်္ကာဖြင့် ကြည့်လိုက်ပြီးနောက် သူပုတ်လိုက်သည့် သူမ ပခုံးကို ပြန်ကြည့်လိုက်သည်။ တစ်ခုခုတော့ ပုံမှန်မဟုတ်ချေ။
“နင်နောက်တစ်ဆင့်ကို ချိုးဖျက်နိုင်အောင်လို့ ငါ့စွမ်းအား အများကြီးကို အခုလေးတင် သုံးလိုက်တာ” ရန်ကိုင်က သူမအား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်၍ “နင့်ကိုယ်နင် ပြန်စစ်ဆေးကြည့်လိုက်။ တစ်ခုခု ထူးခြားနေတယ်လို့ မခံစားရဘူးလား”
ချူရီမန်က ရန်ကိုင်အား မယုံတစ်ဝက်၊ ယုံတစ်ဝက် အမူအရာဖြင့် ကြည့်လိုက်သည်။ သို့သော် သူမကိုယ်သူမ စစ်ဆေးကြည့်လိုက်ပြီးနောက် ရုတ်ချည်းဆိုသလို ကြောင်သွားခဲ့ပြီး “အို… ငါတကယ်ကြီး အဆင့်ချိုးဖျက်တော့မှာပါလား”
“သွား၊ နေရာတစ်ခုရှာပြီး အဆင့်ချိုးဖျက်ဖို့ ပြင်လိုက်။ ဒီနေရာမိုင်းငါးဆယ်ပတ်လည်ကို ငါရှင်းထားလိုက်ပြီ” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်း၍ ပြောလိုက်သည်။
ချူရီမန်လည်း နည်းနည်းလေးမှ တုန့်ဆိုင်းမနေတော့ဘဲ အလျင်အမြန် ပျံသန်းထွက်သွားလေသည်။
“လွယ်လိုက်တာ” ရန်ကိုင် အသာအယာ သက်ပြင်းချလိုက်သည်။
လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက် တခစ်ခစ် ရယ်နေခဲ့ကြသည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၄၅)
အကုန်လုံး ထုန်းရွှမ်လောကကြီးဆီသို့ လုံလုံခြုံခြုံ ရောက်ရှိလာနိုင်ရန် စုစုပေါင်း အချိန်သုံးရက်တိတိ ကြာခဲ့သည်။
မိုင်ငါးဆယ်ပတ်လည်အတွင်း၊ ဟန်မင်းဆက်မှ ကျင့်ကြံသူ များစွာတို့သည် ထိုင်စရာအသီးသီးရှာ၍ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုကို နားလည်ဆင်ခြင်ကာ နောက်တစ်ဆင့်သို့ ချိုးဖျက်နိုင်ရန် ကြိုးစားနေခဲ့ကြသည်။ ယခင်လောကကြီး၏ အကန့်အသတ်ကြောင့် နောက်တစ်ဆင့်သို့ မချိုးဖျက်နိုင်ခဲ့။ သို့ရာတွင် ထုန်းရွှမ်လောကကြီးသို့ ရောက်ပြီးနောက် ထိုအချုပ်အနှောင်များ ကျိုးပျက်သွားလေပြီ။ ထို့ကြောင့် အကုန်လုံးလိုလို အဆင့်တက်လုနီးနီး ဖြစ်နေကြခြင်း ဖြစ်သည်။
အဆင့်ချိုးဖျက်လုဆဲဆဲ အခြေအနေတွင် ရှိနေသော လူများမှာမူ နောက်တစ်ဆင့်သို့ တိုက်ရိုက် ချိုးဖျက်နိုင်ပေလိမ့်မည်။
ထို့ကြောင့် ရန်ကိုင်အနေဖြင့် အားလုံးထက်စော၍ အရင်ဆုံးထွက်လာကာ မိုင်ငါးဆယ်ပတ်လည်ကို ရှင်းလင်း ထားလိုက်ခြင်း ဖြစ်သည်။ ရှေးဟောင်းနတ်ဆိုးကလန်သားများကို ဆန်းကြယ်လောကငယ်အတွင်းမှ ခေါ်လာခဲ့စဉ်ကလည်း ထိုကဲ့သို့ ဖြစ်ခဲ့သည်။
ယခု ဟန်မင်းဆက်မှ ကျင့်ကြံသူများ အလှည့်ပင်။ သူ့မိတ်ဆွေများ၊ မိသားစုဝင်များ လုံလုံခြုံခြုံ၊ ဘေးကင်းကင်းနှင့် အဆင့်တက်နိုင်ရေးအတွက် ရန်ကိုင်သည် ဤလောကကဲသို့ အရင်ခြေချ၍ အနှောင့်အယှတ်များကို ရှင်းလင်းထားခဲ့သည်။
ရောက်လာခဲ့သော ထောင့်နှင့်ချီသည့် လူများအနက် သုံးပုံတစ်ပုံသည် နောက်တစ်ဆင့်သို့ ချက်ချင်း ချိုးဖျက်သွားနိုင်ခဲ့သည်။ အဆင့်မတက်နိုင်ခဲ့သော သူများမှာလည်း အနည်းနှင့်အများဆိုသလို တိုးတက်ခဲ့ရသည်။
ချူရီမန်သည် အံကြိတ်၍ တိုးတိုးတိုးတိုးနှင့် ရေရွတ်ရင်း ဆယ်မိုင်အကွာမှ ပျံသန်းလာခဲ့သည်။ သူမ ကြည့်ရသည်မှာ တစ်ယေက်ယောက်ကို ကျိန်ဆဲနေသည့်ပုံပင်။
ရန်ကိုင်ရှေ့သို့ ရောက်သည်နှင့် ရှေ့သို့ တိုးကာ မျက်လုံးချင်းစုံအောင် စိုက်ကြည့်လိုက်ပြီး “ဒါက နင်ငါ့အတွက် ပြင်ဆင်ပေးထားတဲ့ ‘လက်ဆောင်ကြီး’ ဆိုတာလား”
“မကျေနပ်ဘူးလား” ရန်ကိုင် စပ်ဖြီးဖြီး ဖြစ်သွားသည်။
“အရမ်းကို ကျေနပ်တာပေါ့။ ဒါပေမယ့် ဒါက နင်နဲ့ ဘာဆိုင်လို့လဲ။ နင့်မျက်လုံးကို သေသေချာချာ ပြူးပြီးကြည့်။ အဆင့်တက်သွားတာ ငါတစ်ယောက်တည်း မဟုတ်ဘူး။ လူအများကြီး တက်နေကြတာ…” ချူရီမန်က တင်ပလင်ခွေ ထိုင်လျက် မိုးမြေစွမ်းအင်ကို စုပ်ယူနေကြသော ဟန်မင်းဆက်သာများကို ညွှန်ပြလိုက်သည်။
“ကျေနပ်မှတော့ အထွန့်မတက်သင့်တော့ဘူးလေ။ ဟုတ်တယ်မလား”
“ငါ့စကားကို မှတ်ထားလိုက်။ ဒီအမျိုးသမီးကို စိတ်ပျက်အောင် လုပ်မိတဲ့အတွက် နင်နောင်တရအောင် ငါလုပ်ပြမယ်” ချူရီမန်က ဒေါသတကြီး ခြေဆောင့်ပြီး ချူမိသားစုဝင်များ ရှိရာဆီ လှည့်ထွက်သွားလေသည်။
ရန်ကိုင်မှာ ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် ခေါင်းကို ကုတ်လျက်သာ ကျန်ရစ်ခဲ့လေသည်။
“တော်ဝင်သခင်” ထိုအချိန်မှာပဲ ရှီခွန် ရုတ်တရက် ပေါ်လာပြီး ကမန်းကတန်း ပြောလေသည် “ဒီနေရာဆီ အဖွဲ့တစ်ဖွဲ့ လာနေတယ်။ ပြီးတော့ အဲ့လူတွေကို ကြည့်ရတာ သာမန် မဟုတ်ကြတဲ့ပုံပဲ”
“ဘယ်သူတွလဲ”
“သေချာတော့ မစစ်ဆေးလိုက်ရဘူး။ ဒါပေမယ့် သူတို့ကို ဦးဆောင်လာတာ သူတော်စင်အဆင့် ပညာရှင်တစ်ယောက်ပဲ”
“ကျုပ်သွားကြည့်လိုက်မယ်” ရန်ကိုင်က စိတ်ညစ်ညစ်ဖြင့် ပြောလိုက်သည်။ ဤနေရာတွင်ရှိသည့် အင်အားစုကြီးဆို၍ အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်သာ ရှိပေသည်။ သို့သော် ထိပ်တန်းအဆင့် ပညာရှင်များစွာ ဆုံးရှုံးလိုက်ရပြီး နောက်ပိုင်း အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော် ပျောက်ကွယ်သွားခဲ့သည်။ အကုန်လုံး မထွက်လာခင်၊ ရန်ကိုင်သည် မည်သည့် ရှုပ်ရှုပ်ယှတ်ယှတ် ကိစ္စမှ မဖြစ်လာစေရအောင် လီရုန်အား အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်ဆီသို့ စေလွှတ်၍ စစ်ဆေးစေခဲ့သည်။ သို့သော် လီရုန်ပြန်လာပြီးနောက် အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော် မရှိတော့ကြောင့် ပြန်ပြောခဲ့သည်။
ဘယ်ဘဝင်ရူးတစ်သိုက်ကများ ဤနေရာသို့ လာချင်နေလဲ ဟူ၍ ရန်ကိုင်စိတ်ထဲ တွေးလိုက်မိသည်။
သူဝေးဝေး မသွားရသေးခင်မှာဘဲ သူတို့ဆီ ချဉ်းကပ်လာနေသည့် အနက်ရောင် အစက်လေးများကို လှမ်းမြင်လိုက်ရသည်။ အချိန်ကြာလာသည်နှင့် ပုံရိပ်များမှာ တဖြည်းဖြည်း ရှင်းလင်း ပြတ်သားလာခဲ့သည်။
ထိုအသစ်ရောက်လာသည့် လူအုပ်ကို ကောင်းကင် စိတ်အာရုံဖြင့် လှမ်းစစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်။
ရောက်လာသည့် လူများထဲတွင် သူတော်စင်ပထမအဆင့် တစ်ယောက်သာပါပြီး ကျန်လူအားလုံးသည် မသေမျိုးအဆင့်၊ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။
သူ့ကို ကြောင်အမ်းအမ်း ဖြစ်သွားစေသည်ကြား ထိုအသစ် ရောက်လာသော အဖွဲ့ထဲတွင် ရင်းနှီးနေသော အရှိန်အဝါ များစွာကို အာရုံခံမိလိုက်ရခြင်းပင်။
သေသေချာချာ စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင် မဲ့ရယ်ရယ်လိုက်လေသည်။
အသစ်ရောက်ရှိလာသောအဖွဲ့သည် ဤနေရာရှိ အခြေအနေကို သိပြီးသားနှင့်တူပေသည်။ တစ်မိုင်အကွာတွင် ရပ်တန့်လိုက်ပြီး သူတို့၏ ခေါင်းဆောင်မှ လှမ်းပြောလိုက်သည် “ဒီက အနှောင့်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်က တပည့်တွေလားမိသဘူး။ ဒီနိမ့်ကျတဲ့တစ်ယောက် နဂါးဖီးနစ်နန်းတော်ရဲ့ နန်းတော်သခင် ချန်ကျိုးပါ။ အနှောင့်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်နဲ့ တစ်ခုခု ဆွေးနွေးချင်လို့ အဆင်ပြေမလားမသိဘူး”
“နဂါးဖီးနစ်နန်းတော်လား” ရန်ကိုင် ဘေးနားတွင် ရပ်နေသော လီရုန် မျက်မှောင်ကြုံ့သွားခဲ့သည်။
“ကိုယ့်လူအချင်းချင်းတွေပဲ” လီရုန်အား ထိုကဲ့သို့ ပြောလိုက်ပြီးနောက် “စွန်းယု ခင်ဗျားတို့နဲ့ အတူပါလား”
ထိုမေးခွန်းကို ကြားလိုက်သည်နှင့် နဂါးဖီးနစ် နန်းတော်မှ ကျင့်ကြံသူအားလုံး မျက်မှောင်ကြုံ့သွားခဲ့ပြီး နန်းတော်သခင် ချန်ကျိုးသည် လူအုပ်ထဲတွင် ရှိနေသော လူငယ်လေး တစ်ယောက်ကို ရန်ကိုင် မမြင်ရစေအောင် ချက်ချင်း ပြေးကာထားလိုက်လေသည်။
“တပည့်ရေ၊ တစ်ယောက်ယောက် မင်းကို ခေါ်နေတယ်။ အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်ထဲမှာ မင်းနဲ့ခင်တဲ့လူ ရှိလို့လား” လင်းကျန်းက စွန်းယုအား သင်္ကာမကင်း အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။
ဆရာ ဖြစ်သည်နှင့်အညီ လင်းကျန်းသည် သူ့တပည့် အကြောင်း ကောင်းကောင်း သိပေသည်။
စွန်ယု ငယ်ရွယ်စဉ်က သူ့ကို လင်းကျန်းမှ မွေးစားခဲ့ပြီး နဂါးဖီးနစ်နန်းတော်သို့ ကျင့်ကြံရန် ခေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်အတောအတွင်း စွန်းယုသည် နဂါးဖီးနစ်နန်းတော် အပြင်ဘက်သို့ တစ်ခါမှ မထွက်ခဲ့။ တကယ်တော့ စွန်းယုသာ ဤနေရာသို့ မရမက လာချင်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် လင်းကျန်းလည်း သူ့အား အပြင်သို့ အလွယ်တကူ ခေါ်လာဝံ့လိမ့်မည် မဟုတ်ချေ။
ယခု စွန်းယုသည် နဂါးဖီးနစ်နန်းတော်၏ မျှော်လင့်ချက် ဖြစ်သည်။ ထို့ကြောင့် သူ့အား မတော်တဆ နည်းနည်းမှ ဖြစ်စေ၍ မရချေ။
နဂါးဖီးနစ်နန်းတော်မှ တစ်ခါမှ အပြင်မထွက်ဖူးသော လူတစ်ယောက် ဖြစ်သည်နှင့်အညီ စွန်းယုတွင် အနှောင်အဖွဲ့ကင်း စိတ်ဝိဥာဉ်ကျောင်းတော်မှ မိတ်ဆွေတစ်ယောက် မည်ကဲ့သို့ ရှိနိုင်မည်နည်း။ လင်းကျန်း လုံးဝကို စိတ်ရှုပ်နေခဲ့သည်။
နန်းတော်သခင် ချန်ကျို့ကလည်း စွန်းယုဘက်သို့ လှည့်၍ မေးလိုက်လေသည် “အခု အော်ပြောလိုက်တဲ့လူကို မင်းသိလား”
စွန်းယုမူ အရမ်းကို ပျော်နေခဲ့သည်။ သူ့ဆရာနှင့် နန်းတော်သခင် အမေးကိုပင် ပြန်မဖြေနိုင်တော့ဘဲ ချက်ချင်း လူအုပ်ကြီးထဲမှ ရှေ့သို့ထွက်လိုက်ပြီး ပြန်အော်မေးလိုက်သည် “စီနီယာရန်လား”
ရန်ကိုင်က ပြုံး၍ ခေါင်းညိတ်လိုက်သည် “ဟုတ်တယ်”
“တကယ်ကြီး စီနီယာရန်လား” စွန်းယု ပျော်သွားခဲ့သည်။ ထို့ကြောင့် လူအုပ်ကြီးဆီမှ ရန်ကိုင်ဆီသို့ ချက်ချင်း ပြေးသွားလေသည်။
ထိုအဖြစ်အပျက်ကြောင့် နဂါးဖီးနစ်နန်းတော်မှ ပညာရှင်များ ထိတ်လန့်တုန်လှုပ်သွားကြပြီး ချက်ချင်းပဲ စွန်းယုနောက်သို့ ပြေးလိုက်သွားလေသည်။
“အကြီးအကဲလင်း၊ အဲ့စီနီယာရန်ဆိုတဲ့ လူအကြောင်း စွန်းယု ပြောဖူးလား” ပြေးလိုက်နေရင်း ချန်ကျို့က လင်းကျန်းအား သိချင်စိတ်ဖြင့် မေးမြန်းကြည့်လိုက်သည်။
“ဒီလူအိုကြီးလည်း မသိဘူး” လင်းကျန်းလည်း နားမလည်နိုင် ဖြစ်နေခဲ့သည်။
ပြောနေရင်း အကုန်လုံး ရန်ကိုင်ရှေ့သို့ ရောက်လာခဲ့သည်။ စွန်းယုသည် ပိုပို၍ စိတ်လှုပ်ရှားလာနေခဲ့ပြီး လေးလေးစားစားဖြင့် လက်သီးဆုပ်လျက် “စီနီယာရန်ကို နှုတ်ဆက်ပါတယ်။ စီနီယာရန် ရောက်နှင့်နေမယ်လို့ မထင်ထားဘူး”
ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်ပြီး စွန်းယုဆီမှ အကြည့်ခွာကာ သူ့နောက်တွင် ပါလာသော လူအုပ်ကြီးကို ကြည့်လိုက်သည်။
နဂါးဖီးနစ်နန်းတော်မှ ပညာရှင်တိုင်းသည် ရှေ့သို့တက်၍ စွန်းယုအား သေသေချာချာ ကာကွယ်ပေးထားကြသည်။ ရန်ကိုင် ကိုလည်း သတိထား၍ စောင့်ကြည့်နေကြလေသည်။
“ဟုတ်သားပဲ။ မိတ်ဆက်ပေးရဦးမယ်” စွန်းယုက စိတ်အားတက်ကြွစွာဖြင့် ရန်ကိုင်ကို ညွှန်ပြ၍ “ဒါက စီနီယာရန်ပဲ”
ထို့နောက် နဂါးဖီးနစ်နန်းတော်မှ လူများကို ပြန်ညွှန်ပြ၍ “ဒါက နန်းတော်သခင်ချန်ကျို့၊ ဒါက ကျုပ်ဆရာ လင်ကျန်း၊ ဒါက အကြီးအကဲ ရှောင်လင်၊ ဒါက…”
စဿဖြင့် တစ်ယောက်ပြီးတစ်ယောက်ကို မိတ်ဆက်ပေးသွားခဲ့သည်။ ရန်ကိုင်ကလည်း ခေါင်းညိတ်၍ ပြန်နှုတ်ဆက်လိုက်လေသည်။
“ဒီလူငယ်လေးက ဘာအရည်အချင်းရှိလို့ စီနီယာလို့ ခေါ်ရတာလဲ” ချန်ကျို့ မချိုမချဉ် အမူအရာဖြင့် မေးလိုက်သည်။
စွန်းယုသည် နဂါးဖီးနစ်နန်းတော်၏ နဂါးဧကရာဇ် ဖြစ်နေပေပြီ. သူ့အဆင်းအတန်း တကယ်တမ်း ဆိုရလျှင် နန်းတော်သခင်ထက်ပင် ပိုမြင့်သေး၏။ သို့သော်လည်း ထိုလူငယ်လေးနှင့် တွေ့သည့်အခါ စွန်းယုသည် ထိုလူအား အားတက်သရောဖြင့် စီနီယာဟု ခေါ်နေခဲ့သည်။ ထိုကဲ့သို့ ခေါ်ခြင်းသည် နဂါးဧကရာဇ်ဖြစ်သော စွန်းယုအနေဖြင့် သူ့ကိုယ်သူ အရှက်ရအောင် လုပ်နေသလို ဖြစ်နေခဲ့သည်။
ရန်ကိုင်က သက်လတ်ပိုင်း လူကြီးတစ်ယောက် ဖြစ်သဖြင့် စီနီယာဟုခေါ်လျှင် ချန်ကျို့ ဘာမှပြောလိမ့်မည် မဟုတ်ချေ။ သို့သော် သူ့ရှေ့ရှိ လူငယ်လေးသည် အသက်သုံးဆယ်ပင် မပြည့်သေးချေ။
“နန်းတော်သခင်၊ စီနီယာရန်အပေါ် ကျေးဇူးကြွေးကြီး ကျုပ်တင်ထားတယ်။ သူ့ကို မလေးမစား မလုပ်ပါနဲ့”
ချန်ကျို့ ကြောင်သွားခဲ့သည်။ ထို့နောက် ကိုးယိုးကားယား အမူအရာဖြင့် လက်သီးဆုပ်၍ ပြောလိုက်သည် “ရောင်းရင်း ကျုပ်အပြုအမူကို စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်။ ဒီချန်က စကား အပြောအဆို သိပ်မတတ်တော့ မလေးစားသလို ဖြစ်သွားတာပါ”
“နန်းတော်သခင် စိတ်ထဲထားစရာ မလိုပါဘူး” ရန်ကိုင်က ပေါ့ပေါ့ပါးပါးပင်။ စွန်းယုဆီမှ စကားနည်းနည်းပါးပါးကြောင့် ချန်ကျို့ သူ့အပြုအမူအား ချက်ချင်း ပြင်လိုက်သည်ကို မြင်သော် နဂါးဖီးနစ်နန်းတော်အတွက် စွန်းယု မည်မျှ အရေးပါကြောင်းကို ရန်ကိုင် နားလည်သဘောပေါက်သွားခဲ့လေသည်။
အနားတွင် ရှိနေသော နဂါးဖီးနစ်နန်းတော်မှ အကြီးအကဲ ရှောင်လင်က ရှီခွန်ကို ခဏကြာသည်အထိ စိုက်ကြည့်နေပြီးနောက် တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်သည် “ဒီက လူကြီးမင်းက ဘုံကိုးခုထွတ်မြတ်နယ်မြေက အကြီးအကဲရှီခွန်လား မသိဘူး”
“ဟုတ်တယ်။ အဲ့ရှီပါပဲ။ ကျုပ်တို့ အရင်က တွေ့ဖူးလား” ရှီခွန်က ပြန်မေးလိုက်သည်။
ရှောင်လင်က အပြုံးကြီးပြုံးလျက် ပျာတီးပျာယာ အမူအရာဖြင့် “ဒီက လူကြီးမင်းကို ရင်းနှီးနေပါတယ် မှတ်နေတာ။ လွန်ခဲ့တဲ့ ခြောက်လတုန်းက ဒီရှောင်က ဘုံကိုးခုထွတ်မြတ် နယ်မြေဆီ လာပြီး ဆေးဖော်စပ်ပေးဖို့ တောင်းဆိုခဲ့တယ်။ အဲ့တုန်းက တောင်ထွတ်ကိုးလုံး အပြင်ဘက် ကျောက်အိမ်တော်မှာ အကြီးအကဲရှီခွန် ထိုင်နေတာကို ဒီရှောင် တွေ့ခဲ့တယ်လေ။ အဲ့ဒါကြောင့် မှတ်မိနေတာ”
“အဲ့လိုကိုး…” ရှီခွန် ခေါင်းညိတ်လိုက်သည်။ သူတာဝန်ကျသည့် နေ့တိုင်း လူပေါင်းများစွာနှင့် တွေ့ဆုံ၊ နှုတ်ဆက်နေရလေရာ အကုန်လုံးကို ဘယ်လိုလုပ်ပြီး မှတ်မိနိုင်ပါ့မလဲ။
“နဂါးဖီးနစ်နန်းတော်က ဆေးဖော်စပ်ပေးဖို့ လာတောင်းဆိုတာလား” ရန်ကိုင်က ရှီခွန်အား လှည့်မေးလိုက်သည်။
“အင်း။ အပြင်ဘက်မှာ စောင့်နေတဲ့ လူတွေက အများကြီးပဲတဲ့။ သူ့အလှည့်ရောက်ဖို့ တစ်လလောက် စောင့်လိုက်ရတယ်တဲ့။ အကြီးအကဲရှောင် ပြန်လာတုန်းက ပြန်ပြောပြတာ” စွန်းယုက ရယ်မောလိုက်သည်။
“နောက်ပိုင်း ဆေးလုံးလိုရင် ငါ့ကိုသာ ပြောလိုက်။ အပြင်မှာ စောင့်နေစရာ မလိုဘူး” ရန်ကိုင်က ပြောလိုက်သည်။
ထိုအခိုက်၊ နဂါးဖီးနစ်နန်းတော်မှ ပညာရှင်များ ရန်ကိုင်ကို ကြည့်သည့်အကြည့် အပြောင်းလဲကြီး ပြောင်းလဲသွားရလေသည်။
ချန်ကျို့ ဒယီးဒယိုင် ဖြစ်သွားခဲ့ပြီး တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် “ဒီက ရောင်းရင်းနဲ့ တော်ဝင်နယ်မြေရဲ့ တော်ဝင်သခင်ရန်ကိုင် ဘယ်လိုပက်သက်လဲ သိလို့ရမလား”
အကြီးအကဲရှီခွန်သည် ရန်ကိုင်နောက်တွင် လေးလေးစားစားဖြင့် ရပ်နေသဖြင့် ထိုလူငယ်လေး၏ အဆင့်အတန်းမှာ သာမန် မဟုတ်လောက်ချေ။
စွန်းယုသည်လည်း သူ့အား စီနီယာရန်ဟု ခေါ်ခဲ့သည်။
ချန်ကျို့သည် တုံးအသည့်လူတစ်ယောက် မဟုတ်လေရာ အကုန်လုံးကို ပေါင်းစပ်၍ သေသေချာချာ စဉ်းစား ကြည့်လိုက်ပြီးနောက် ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားသည်။
“ဒါက တော်ဝင်နယ်မြေရဲ့ တော်ဝင်သခင်ပဲ” ရှီခွန်က ပြန်ပြောလိုက်သည်။
နဂါးဖီးနစ်နန်းတော်မှ လူအားလုံး ထိတ်လန့်သွားခဲ့ပြီး ရန်ကိုင်အား မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်ကြသည်။
ချန်ကျို့လည်း ရှက်ကိုးရှက်ကန်း အမူအရာဖြင့် လက်သီးဆုပ် ဦးညွှတ်၍ “လတ်စသတ်တော့ တော်ဝင်သခင်ရန်ကိုး။ ခဏတုန်းက ရိုင်းပြသလို ဖြစ်သွားခဲ့ရင် အပြစ်မယူဆို့ တော်ဝင်သခင်ရန်ကို တောင်းဆိုပါတယ်”
စစချင်းမြင်စဉ်က ရန်ကိုင် ဘယ်သူမှန်း ချန်ကျို့ မသိခဲ့။ ထို့ကြောင့် သူ့ကို မေးခွန်းထုတ်ခဲ့မိသည်။ ထိုလူငယ်လေးသည် ထုန်းရွှမ်လောကကြီး၏ လူသိများထင်ရှားကျော်ကြားသော လူတစ်ယောက် ဖြစ်နေလိမ့်မည်မှန်း ချန်ကျို့ မည်ကဲ့သို့ သိနိုင်မည်နည်း။
နဂါးဖီးနစ်နန်းတော်နှင့် ဘုံကိုးခုထွတ်မြတ်နယ်မြေကြားမှ ခွန်အား ကွာခြားချက်သည် အရမ်းကိုမှ ကြီးမားလှပေသည်။ သူ၏ ရူးမိုက်သော အပြုအမူကြောင့် ရန်ကိုင် ဒေါသထွက်သွားပါက နဂါးဖီးနန်နန်းတော် ဒုက္ခလှလှ တွေ့ရပေလိမ့်မည်။
ထိုအချက်ကို နားလည်လိုက်သည်နှင့် ချန်ကျို့ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရသည်။
“နန်းတော်သခင်ချန် စိုးရိမ်နေစရာ မလိုပါဘူး။ စွန်းယုက ကျုပ်သူငယ်ချင်းပဲဟာကို။ ဒီလိုဘာမဟုတ်တဲ့ ကိစ္စလေးတွေကို ဘာလို့ ဂရုစိုက်နေရမှာလဲ” ရန်ကိုင်က ပြုံးလိုက်သည်။
“မိတ်ဆွေတွေလား…” နဂါးဖီးနစ်နန်းတော်မှ ပညာရှင်များ ထပ်မံ မှင်သက်သွားပြန်သည်။ ရန်ကိုင်နှင့် မိတ်ဆွေဖြစ်ခြင်းသည် သူတို့အတွက် ဂုဏ်တက်စရာတစ်ခုပမာ အကုန်လုံး စိတ်လှုပ်ရှားလာခဲ့ကြသည်။
အကုန်လုံးသည် စွန်းယုအား လေးစားကြည်ညိုစွာ စိုက်ကြည့်လိုက်ကြသည်။
အကုန်လုံး တွေးနေသည်ကား နဂါးဧကရာဇ်ဆိုတဲ့အတိုင်း တော်ဝင်သခင်ရန်လို လူနဲ့တောင် မိတ်ဆွေဖွဲ့နိုင်ပါလားဟုပင်။
သူသည် ငယ်ရွယ်ပြီး အားနည်းသော်လည်း ဘုံကိုးခု ထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင်နှင့် မိတ်ဆွေဖွဲ့နိုင်ခဲ့သည်။ တော်ဝင်သခင်ရန်သည်လည်း စွန်းယု၏ ထူးခြားချက်ကို မြင်နိုင်လေရာ သူသည်လည်း သာမန်လူတစ်ယောက် မဟုတ်လောက်ချေ။
နဂါးဖီးနစ်နန်းတော်မှ ပညာရှင်များ သူတို့ အတွေးကမ္ဘာထဲ နစ်မြောနေစဉ် ရန်ကိုင်က စွန်းယုဘက်သို့ လှည့်၍ “မင်းဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”
စွန်းယုက ခေါင်းကုန်လိုက်ပြီး “အရင်က စီနီယာရန်ပဲ ကျုပ်ကို ဆန်းကြယ်လောကငယ်အကြောင်း စုံစမ်းခိုင်းထားတယ်လေ။ စီနီယာရန် တောင်းဆိုထားတဲ့ ဆန်းကြယ်လောကငယ်နဲ့ ပက်သက်တဲ့ သတင်းကြားတော့ ကျုပ်လည်း ကိုယ်တိုင် လာစစ်ဆေးကြည့်လိုက်တာ။ စီနီယာရန်ကိုယ်တိုင် ကြိုရောက်နေမယ်လို့တော့ မထင်ထားဘူး”
“ငါလည်း သတင်းရတာ မကြာသေးဘူး”
“အဲ့လိုဆို အဲ့လူတွေက…” စွန်းယုက ဝေ့ကြည့်လိုက်ရာ အနီးအနားတွင် လူ လေး၊ငါးထောင်လောက် ရှိနေသည်ကို တွေ့လိုက်ရလေသည်။