အခန်း (၉၄၆-၉၅၀)
Vol. 38 Ch. 946-950
အပိုင်း (၉၄၆)
ထိုထောင်နှင့်ချီသော ကျင့်ကြံသူများ၏ ခွန်အားမှာ မြင့်မားခြင်းမရှိ။ အနည်းအကျဉ်းလောက်သာ မသေမျိုးအဆင့်သို့ ရောက်ထားကြပြီး ကျန်လူအားလုံးမှာ အင်မော်တယ် တက်လှမ်းခြင်းအဆင့်နှင့် အစစ်အမှန်ဒြပ်စင်အဆင့်များ ဖြစ်ကြပေသည်။
ထို့ကြောင့် ထိုလူများ ဘယ်ကရောက်လာသလဲ၊ ရန်ကိုင်နှင့် မည်ကဲ့သို့ ပက်သက်နေသလဲ ဆိုသည်ကို စွန်းယုနှင့် နဂါးဖီးနစ် နန်းတော်မှလူများ အတော်လေး သိချင်မိသွားကြသည်။
“သူတို့တွေက ငါ့မိတ်ဆွေနဲ့ မိသားစုဝင်တွေပဲ” ရန်ကိုင်က ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ပြောလိုက်ပြီးနောက် “ဘာပဲဖြစ်ဖြစ်၊ ဒီတစ်ကြိမ်အတော့ မင်းကို တကယ် ကျေးဇူးတင်သွားပြီ”
သူ့ဆီမှ စကားလေး အနည်းငယ်ကြောင့် စွန်းယုသည် တတ်စွမ်းသမျှ အစွမ်းအစဖြင့် နဂါးဖီးနစ်နန်းတော်အား သူ့မွေးရပ်မြေနှင့် ပက်သက်သည့် ဆန်းကြယ်လောကငယ်များကို လိုက်ရှာစေခဲ့သည်။ သတင်းရပြီးနောက် ပညာရှင်တစ်ဖွဲ့ကို သူကိုယ်တိုင် ဦးဆောင်၍ ဤနေရာသို့ လာခဲ့သည်။
သူ့အပြုအမူကြောင့် ရန်ကိုင် စွန်းယုအား အရမ်းကိုမှ ကျေးဇူးတင်သွားခဲ့သည်။
ထိုစဉ်က ရန်ကိုင်သည် တစ်ခုခုကို တွေ့လိုတွေ့ငြား မျှော်လင့်ချက်လေးဖြင့် ရှိရှိသမျှ အဆက်အသွယ် အားလုံးကို အသုံးပြုခဲ့သည်။
စွန်းယု အနေဖြင့် ဤနေရာသို့ လာရန် အတော်လေး ငြင်းခုံခဲ့ရလောက်ပေမည်။ သူသည် နဂါးဖီးနစ်နန်းတော်၏ အထိအခိုက်မခံသည့် မျှော်လင့်ချက် ဖြစ်သည့်အတွက် သူအပြင်ထွက်မည်ကို နန်းတော်အကြီးအကဲအားလုံး တားပေလိမ့်မည်။ သို့သော် လာဖြစ်အောင် လာခဲ့သေးသည်။
ထိုလူငယ်လေးသည် တကယ်ကို ယုံကြည်ထိုက်သည့် လူပင်။
“ရှီခွန်၊ ပြန်ရောက်ရင် အခုကနေစပြီး ကျုပ်တို့ တော်ဝင်နယ်မြေက နဂါးဖီးနစ်နန်းတော်နဲ့ မိတ်ဆွေဖြစ်သွားပြီလို့ အကြီးအကဲချုပ်ကို ပြောပြီး ကြေညာခိုင်းလိုက်” ရန်ကိုင်က ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ တော်ဝင်သခင်”
“ဒါ…” ချန်ကျို့ ရင်တထိတ်ထိတ်ဖြင့် သူ့လက်နှစ်ဖက်ကို ပွတ်သပ်နေခဲ့သည်။ အပြုံးတစ်ပွင့် သူ့မျက်နှာထက် ထွက်ပေါ်လာခဲ့သည်။ ခဏတာ ဘာပြောရမှန်းမသိ ဖြစ်နေပြီးမှ နောက်ဆုံး၌ “ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ပါဘူးဗျာ”
နဂါးဖီးနစ်နန်းတော်သည် ကြောက်ဖို့ကောင်းသော အင်အားစုတစ်ခုမဟုတ်ချေ။ သို့သော် တော်ဝင်နယ်မြေသည် ဤလောကကြီးရှိ အားအကောင်းဆုံး အင်အားစုများအနက် တစ်ခုဖြစ်ပေသည်။ ထို့အပြင် တော်ဝင်နယ်မြေ၏ လူသိများ၊ ကျော်ကြားသော မဟာဆေးဝိဇ္ဇာကြီး တစ်ပါလည်း ရှိပေသည်။ မည်သည့် အင်အားစုကများ ဘုံကိုးခုထွတ်မြတ်နယ်မြေနှင့် မိတ်ဆွေမဖွဲ့ချင်ဘဲ နေမည်နည်း။
တော်ဝင်နယ်မြေနှင့်သာ မိတ်ဆွေဖွဲ့နိုင်မည် ဆိုပါက အကျိုးအမြတ်များစွာကို ရရှိနိုင်မည်မှာ မလွဲမသွေပင်။ အနည်းဆုံး သူတော်စင်အဆင့် ဆေးလုံးများ မရှိမည်ကို စိုးရိမ်စရာ လိုတော့လိမ့်မည် မဟုတ်ချေ။
တော်ဝင်သခင်ရန်သည် ထိုမျှ အလိုက်သိလိမ့်မည်ဟု ချန်ကျို့ မထင်ထားခဲ့ချေ။ ယခု သူ့မှာ ရင်ကလည်း တခုန်ခုန်၊ အတွေးတို့ဟာလည်း ယောက်ယတ်ခတ်နေခဲ့ရလေပြီ။
စိတ်လှုပ်ရှားမှုကြောင့် သူ့မျက်နှာတစ်ပြင်လုံး နီမြန်းနေသည်။ ထို့နောက် ချန်ကျို့က အလျင်စလို ပြန်ပြောလိုက်လေသည် “တော်ဝင်သခင်ရဲ့ စေတနာအတွက် ဒီချန် တကယ်ကို ကျေးဇူးတင်ပါတယ်။ နောက်နောင်လည်း ကျုပ်တို့ နဂါးဖီးနစ် နန်းတော်က တော်ဝင်နန်းတော်နဲ့ တက်အတူ၊ ကျအတူ တည်ရှိနေမှာပါ”
ချန်ကျိုသည့် အတွေ့မကြုံသော လူငယ်လေးတစ်ယောက် မဟုတ်။ လောကဓံမုန်တိုင်း အသွယ်သွယ်ကို ဖြတ်ကျော်ပြီးသော လူတစ်ယောက်ဖြစ်သည်။ သို့သော်လည်း ရန်ကိုင်ပြောလိုက်သော စကားလေး အနည်းငယ်ကြောင့် သူ့စိတ်တစ်ခုလုံး မုန်တိုင်း ထန်သွားခဲ့ရလေသည်။
“နန်းတော်သခင်ချန်က အရမ်း ယဉ်ကျေးနေတာပဲ။ ဟုတ်သားပဲ၊ ရောက်လာတုန်းလေး နန်းတော်သခင်ဆီက ကျုပ်တောင်းဆိုချင်တာ တစ်ခုရှိတယ်” ရန်ကိုင်က တစ်ခုခုကို တွေးမိသွားဟန်ရကာ ပြောလိုက်သည်။
“တော်ဝင်သခင်ရန် ပြောချင်တာရှိရင် လွတ်လွတ်လပ်လပ်သာ ပြောလိုက်ပါ”
“ကျုပ်မိတ်ဆွေတွေနဲ့ မိသားစုတွေက တော်တော်လေး အားနည်းကြတာကို နန်းတော်သခင်လည်း မြင်မှာပေါ့။ ပြီးတော့ ဒီနေရာနဲ့ ဘုံကိုးခုထွတ်မြတ်နယ်မြေက တော်တော်လေး ဝေးနေသေးတယ်။ ဒီအတိုင်းသာ ပြန်သွားရင် လမ်းမှာ မတော်တဆ တစ်ခုခု ဖြစ်မှာစိုးရတယ်။ ဒါကြောင့် နန်းတော်သခင်ချန် အနေနဲ့ ကျုပ်ကို ကူပြီး သူတို့ကို တော်ဝင်နယ်မြေဆီ လိုက်ပို့ပေးလို့ရမလား။ တော်ဝင်နယ်မြေဆီ ရောက်ရင် ကျိန်းသေ လက်ဆောင်တွေပေးမှာပါ” ရန်ကိုင်က ပြုံးကာ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်သည့်အခါ နဂါးဖီးနစ်နန်းတော်မှ ပညာရှင်များ၏ မျက်လုံးများ တောက်ပသွားကြသည်။
စွန်းယုက သူ့လက်ကို အလျက်စလို ဝှေ့ရမ်း၍ “စီနီယာရန်ကလည်း ဒီလိုတွေ လုပ်နေစရာမလိုပါဘူးဗျ။ အကူအညီလိုရင် ပြောသာပြောလိုက်၊ ကျွန်တော် အစွမ်းကုန်၊ ကူညီပေးမယ်။ လက်ဆောင်တွေဘာတွေ မလိုဘူး”
ချန်ကျို့ကလည်း အလျင်စလို ထပ်ပေါင်းပြောလိုက်သည် “ဟုတ်တယ်။ တော်ဝင်သခင်ရန် ကျုပ်တို့ နဂါးဖီးနစ်နန်းတော်ကို အပြင်လူတွေလို ဆက်ဆံနေစရာ မလိုပါဘူး”
ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်ပြီး “အဲ့လိုဆိုမှတော့… ခင်ဗျားတို့ကို ခဏလောက် ဒုက္ခပေးရဦးမှာပေါ့”
စွန်းယုက ပျော်ရွှင်စွာ ပြုံးလိုက်ပြီး “ဘယ်ကသာဗျာ။ ကျွန်တော်တောင် စီနီယာရန်ဆီကနေ နည်းနာလို့ရနိုင်မယ့် အခွင့်အရေးတစ်ခု ထပ်ရသွားတာပါဗျာ”
ချန်ကျို့၏ အမိန့်ဖြင့် နဂါးဖီးနစ်နန်းတော်မှ လူများသည် ဘေးပတ်ဝန်းကျင်ကို စောင့်ကြပ်ရန် ချက်ချင်း လူခွဲသွားကြ၏။
ဤနေရာသို့ လာသည့် ခရီးစဉ်၌ သူတို့ လူများများစားစား မခေါ်လာခဲ့ချေ။ သုံးဆယ်၊ လေးဆယ်လောက်သာ ခေါ်လာခဲ့သည်။ သို့သော် အများစုမှာ မသေမျိုးများ ဖြစ်ကြလေရာ ထိုလူအင်အားဖြင့် သူတို့၏ ခရီးသည် ပို၍ လုံခြုံသွားမည်မှာ သံသယရှိစရာ မလိုချေ။
ထို့အပြင် ထိုပညာရှင်များသည် ထုန်းရွှမ်လောကကြီး၏ ဒေသံများ ဖြစ်လေရာ ထုန်းရွှမ်လောကကြီးအကြောင်း ကောင်းကောင်း သိထားကြသည်။ ဤနေရာနှင့် ပက်သက်၍ ဘာဆိုဘာမှ မသိသည့် ဟန်မင်းဆက်မှ ကျင့်ကြံသူများနှင့် မတူပါချေ။
လင်းကျန်းက စွန်းယုအား သူ့ဘေးနားဆီ တိတ်တဆိတ် ဆွဲခေါ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည် “တပည့်လေး၊ တော်ဝင်သခင်ရန်နဲ့ မင်းဘယ်လိုလုပ်ပြီး သိနေတာလဲ။ မင်းကြည့်ရတာ သူ့ဆီကနေ အတော်ကြာအောင် သင်ယူခဲ့တဲ့ပုံပဲ။ ဆရာဖြစ်တဲ့ငါက ဘယ်လိုလုပ်ပြီး ဘာမှ မသိရတာလဲ”
စွန်းယုမှာ အမှန်ကို ထုတ်မပြောရဲသဖြင့် လင်းကျန်းအား သူ့ဘာသာ ခန့်မှန်းတွေးတောစေခဲ့လေသည်။
နှစ်ရက်ကြာပြီးနောက် အားလုံး အဆင့်သင့်ဖြစ်နေလေပြီ။ လူထောင်ပေါင်းများစွာတို့သည် တော်ဝင်နယ်မြေဆီသို့ စတင် ချီတက်ကြတော့သည်။
ဟန်မင်းဆက်မှ ကျင့်ကြံသူများမှာ အရမ်းကိုမှ စိတ်လှုပ်ရှားနေခဲ့ကြသည်။ အသစ်အဆန်း တစ်ခုခုကို မြင်တိုင်း လက်ညိုးတထိုးထိုးဖြင့် ပြောဆိုကြသည်။ အကုန်လုံးသည် အဖွဲ့သေးသေးလေးဆီဖွဲ့ကာ အချင်းချင်း တီးတိုး ပြောဆိုနေခဲ့ကြလေသည်။
နဂါးဖီးနစ်နန်းတော်မှ ကျင့်ကြံသူများလည်းမှာလည်း အရမ်းကိုမှ ကျော်ကြားနေပေသည်။ တစ်ယောက်ချင်းစီတိုင်းမှာ ဟန်မင်းဆက်မှ ကျင့်ကြံသူများဖြင့် ဝိုင်းအုံနေကြသည်။ အကုန်လုံးသည် ထုန်းရွှမ်လောကကြီးနှင့် ပက်သက်သည့် အကြောင်းအရာ မှန်သမျှကို မေးမြန်းနေခဲ့ကြသည်။
နဂါးဖီးနစ်နန်းတော်မှာလည်း ထိုလူများကို လျစ်လျူမရှူရဲ။ ထို့ကြောင့် မေးလာသမျှ မေးခွန်းတိုင်းကို စိတ်ရှည်ရှည်ဖြင့် ပြန်လည် ဖြေကြားပေးခဲ့သည်။ ထိုအချိန်အတောအတွင်း အတော်လေးကိုမှလည်း စိတ်ရှုပ်နေခဲ့ရသည်။ ထိုဘာမှမသိသော တောသားများနှင့် ပက်သက်ပြီး အကုန်လုံးမှာ ရယ်ရခက်၊ ငိုရခက် ဖြစ်နေခဲ့ကြလေသည်။
အကြောင်းမှာ ထိုလူအုပ်သည် ထုန်းရွှမ်လောကကြီးမှင့် ပက်သက်သည့် အခြေခံ အချက်လေးများကိုပင် မသိသောကြောင့် ဖြစ်ပေသည်။
ထို့ကြောင့် ထိုလူအုပ် ဘယ်လောက်တောင်မှ အဆင့်နိမ့်သော နေရာမှ ရောက်လာသလဲ ဆိုသည်ကို အကုန်လုံး မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ကြသည်။ လူတန်းရှည်ကြီး၏ နောက်ဆုံးမှ ရန်ကိုင်နှင့် စွန်ယုတို့ လိုက်ပါလာခဲ့ကြသည်။ နှစ်ယောက်သား အတူတကွ ဘေးချင်းယှဉ် လမ်းလျှောက်နေပြီး စွန်းယုသည် ကျင့်ကြံခြင်းနှင့် ပက်သက်သည့် မေးခွန်းများ မေးသည့်အခါ ရန်ကိုင်က စိတ်ရှည်ရှည်ဖြင့် ပြန်ရှင်းပြသည်။
နဂါးဖီးနစ်နန်းတော်မှ နန်းတော်သခင် ချန်ကျို့ကမူ သူ့ရှေ့ မလှမ်းမကမ်းမှ လမ်းလျှောက်သွားနေသည် မိန်းကလေး ချောချောလေး နှစ်ယောက်ကိုကြည့်ရင်း အတွေးနက်နေခဲ့သည်။
နန်းတော်သခင်၏ အမူအရာကို မြင်လိုက်သည့်အခါ ရန်ကိုင်က သူ့ဘေးနားသို့ ရောက်လာပြီး “နန်းတော်သခင်ချန်၊ တစ်ခုခုကို တွေ့လိုက်လို့လား”
ချန်ကျို့က ပြုံးကာ “ဘာမှတော့ မဟုတ်ပါဘူး။ အဲ့မိန်းကလေး နှစ်ယောက်က တော်တော်လေး တူတယ်လို့ ထင်လို့ပါ။ သူတို့နှစ်ယောက်က ရုပ်တင် တူတာမဟုတ်ဘူး။ အသက်အရှိန်အဝါရော၊ ချီစွမ်းအင်ပါ တူနေတာ။ မတူတာဆိုလို့ စရိုက်ပဲ ရှိတော့တယ်။ သူတို့ အခုလေးတင် ထုန်းရွှမ် လောကကြီးဆီ ရောက်လာတာလို့ တော်ဝင်သခင် မပြောထာရင်း သူတို့ကို အခြားဂိုဏ်းတစ်ခုကလို့ ကျုပ်ထင်မိသွားမှာ”
ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး လှမ်းအော်ခေါ်လိုက်သည် “ကျောင်းအာနဲ့ မေးအာ”
ရှေ့မှ လမ်းလျှောက်သွားနေသော ညီအစ်မနှစ်ယောက် ရန်ကိုင် အော်သံကြားသဖြင့် နောက်သို့ အလျင်စလို ပြန်လှည့်လာကြသည်။ ရန်ကိုင်ဆီသို့ ရောက်ပြီးနောက် ဟူကျောင်းအာက မေးလိုက်လေသည် “ဘာလဲ”
ရန်ကိုင်က သူမအမေးကို လျစ်လျူရှု၍ ချန်ကျို့ဘက်သို့ လှည့်ကာ “သူတို့ ဘယ်ကလာတယ်လို့ နန်းတော်သခင်ချန် ထင်လဲ”
ချန်ကျို့က ထိုနှစ်ယောက်ကို ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် “အမွှောစိတ်ဝိဥာဉ်အိမ်တော်၊ တော်ဝင်သခင်ရန် ကြားဖူးမလားတော့ မသိဘူး”
ငါထင်တဲ့အတိုင်းပဲ
ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး “ကြားဖူးတာပေါ့။ အမွှာစိတ်ဝိဥာဉ်အိမ်တော်နှင့် ခင်ဗျားတို့ ဂိုဏ်းနှစ်ဂိုဏ်းက အချင်းချင်း ရင်းနှီးကြယ်တယ် ဆိုတာကိုလည်း ကျုပ်သိထားပြီးသား”
“အင်း။ ဂိုဏ်းနှစ်ဂိုဏ်းက တော်တော်လေး ဆက်ဆံရေး ကောင်းတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် အဲ့ဒါနဲ့ ပက်သက်ပြီးတော့ သူ့အကြောင်းနဲ့သူ ရှိပါတယ်လေ” ချန်ကျို့က ခါးခါးသီးသီးပြုံးလျက် ပြောလိုက်သည်။
နှစ်ထောင်ပေါင်းများစွာကြာသည်အထိ ဂိုဏ်းနှစ်ဂိုဏ်းကြား ဆက်ဆံရေး ပျက်ယွင်းသွားခြင်း မရှိခဲ့ချေ။
ရန်ကိုင် ထင်ခဲ့သည့်အတိုင်း နဂါးဖီးနစ်နန်းတော်နှင့် အမွှာစိတ်ဝိဥာဉ်အိမ်တော်သည် တစ်ချိန်က လွန်စွာကိုမှ အားကောင်းကြသော ဂိုဏ်းများ ဖြစ်ခဲ့သည်။
သို့သော်လည်း အကြောင်းပြချက် တစ်ချို့ကြောင့်၊ အမွှာစိတ်ဝိဥာဉ်အိမ်တော်၏ ထိပ်တန်းအဆင့် ပညာရှင်များသည် နဂါးဧကရာဇ်၊ ဖီးနစ်ဧကရီနှင့် တစ်ချိန်တည်း ပျောက်ကွယ်သွားခဲ့ကြသည်။ ထို့ကြောင့် ပင်မအမွေအနှစ် ဆုံးရှုံးသွားခဲ့ရပြီး ထိုဂိုဏ်းများမှာလည်း တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ရလေသည်။
ဂိုဏ်းနှစ်ဂိုဏ်းသည် ယခင်ကတည်းက ဆက်ဆံရေး ကောင်းမွန်ခဲ့သည်။ ထိုအဖြစ်အပျက်နောက်ပိုင်း၊ နှစ်ဂိုဏ်းကြားမှ ဆက်ဆံရေးမှာ ပို၍ပင် ကောင်းမွန်လာခဲ့သည်။
“စွန်းယု နဂါးဧကရာဇ် အမွေအနှစ်ကို ရသွားလို့ ကျုပ်တို့ နဂါးဖီးနစ်နန်းတော်က ပိုသာနေသေးတယ်လို့ ပြောလို့ရတယ်။ အခု သင့်တော်တဲ့ ဖီးနစ်ဧကရီကိုသာ ရှာနိုင်ရင် ကျုပ်တို့ နဂါးဖီးနစ်နန်းတော်လည်း အရင်လို ပြန်ဖြစ်လာနိုင်ပြီ။ အမွှာစိတ်ဝိဥာဉ်အိမ်တော်ကတော့… ဟူး… သူတို့ ပင်မအမွေအနှစ် ဘယ်ရောက်နေလဲ အခုထိ သတင်းမကြားရသေးဘူး” ချန်ကို့က ပျော်လည်းပျော်၊ ဝမ်းလည်း ဝမ်းနည်းနေသည့် အမူအရာဖြင့် ပြောလိုက်သည်။
အနားတွင် ရှိနေသော စွန်းယုသည် ဘာတစ်ခွန်းမှ ဝင်မပြောရဲဘဲ ခေါင်းသာငုံ့လိုက်သည်။
“အမွှာစိတ်ဝိဥာဉ်အိမ်တော်လား” ငြိမ်သက်စွာ နားထောင်နေသော ဟူကျောင်းအာက ရုတ်တရက် ပြောလိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားနေသော အမူအရာဖြင့် “အမွှာစိတ်ဝိဥာဉ်အိမ်တော်ဆိုတာ ဘယ်လိုဂိုဏ်းမျိုးလဲဟင်”
ချန်ကျို့က ရယ်သွမ်းသွေးလိုက်ပြီး “အရမ်းကို ထူးခြားတဲ့ ဂိုဏ်းတစ်ခုပဲ။ အဲ့ဂိုဏ်းက အမွှာတွေကိုပဲ လက်ခံတာ။ ဒါကြောင့် တပည့်တွေ အကုန်လုံးကလည်း အတွဲတွေနဲ့ချည်းပဲ။ အင်း။ အဲ့လို အတွဲနဲ့ကျတော့ ကျုပ်တို့ နဂါးဖီးနနစ်နန်းတော်နဲ့ သွားတူနေရာ။ ဒါပေမယ့် သူတို့ကျင့်တဲ့ကျင့်စဉ်က နှစ်ယောက်တစ်ကိုယ် ဖြစ်အောင် ကျင့်တဲ့ကျင့်စဉ်၊ ကျုပ်တို့ကျတော့ တူနှစ်မွှာကျင့်စဉ်။ တူတော့ မတူဘူး”
“အမွှာတွေကိုပဲ လက်ခံတဲ့ အင်အားစုလား” ဟူညီအစ်မ နှစ်ယောက်၏ မျက်လုံးများ ဝင်းပသွားခဲ့ရလေသည်။
“ဟုတ်တယ်။ ပြီးတော့ အဲ့က တပည့် အတွဲတွေကို ကြည့်လိုက်ရင် တစ်ယောက်တည်းလိုလို ထင်ရတာ။ နင်တို့ နှစ်ယောက်လိုပဲ။ အဲ့ဂိုဏ်းက ကျင့်စဉ်ကို လေ့ကျင့်လိုက်တာနဲ့ ချီစွမ်းအင် အရှိန်အဝါရော၊ အသက်စွမ်းအင် အရှိန်အဝါပါ ထပ်တူကျသွားလိမ့်မယ်။ အဲ့လိုနဲ့ နှစ်ယောက်အတူ ပူးပေါင်းတိုက်လည်း တိုက်ရော သူတို့ရဲ့ တိုက်ပွဲစွမ်းရည်က အများကြီး မြင့်တက်လာရတာပေါ့။ ဒါပေမယ့် နင်တို့ နှစ်ယောက်ကို ကြည့်ရတာ အဲ့ကလူတွေထက်တောင် ပိုကြမ်းတဲ့ပုံပဲ။ အမွှာစိတ်ဝိဥာဉ်အိမ်တော်ကို အကြိမ် တော်တော်များများ ငါသွားဖူးတယ်။ အဲ့က တပည့်တွေကိုလည်း အကြိမ်ပေါင်းများစွာ တွေ့ခဲ့ဖူးတယ်။ ဒါပေမယ့် ဘယ်အတွဲမှ နင်တို့နှစ်ယောက်ကို မယှဉ်နိုင်ဘူး”
“သူတို့ လေ့ကျင့်တဲ့ ကျင့်စဉ်နာမည်ကို စီနီယာသိလား” ဟူကျောင်းအားက အလျင်စလို ပြန်မေးလိုက်သည်။ ထို့ကဲ့သို့ မေးလိုက်စဉ် သူမ၏ မျက်ဝန်းလေးများသည် မျှော်လင့်ချက် အလင်းရောင်တို့ဖြင့် တဖျက်ဖျက် တောက်ပနေခဲ့သည်။
ဟူကျောင်းအာ ဘာကို မျှော်လင့်နေမှန်း ရန်ကိုင် မသိချေ။
“ကျင့်စဉ်နာမည်က အမွှာစိတ်ဝိဥာဉ်ချီ နတ်ဘုရားကျင့်စဉ်ပဲ… ဒါပေမယ့် အခုတော့ အပြည့်အစုံ မရှိတော့ဘူး။ သူတို့ရဲ့ မျိုးဆက် အဆက်ဆက်ကတော့ အဲ့ကျင်စဉ်ကို ပြန်ပြင်ခဲ့ကြတာပဲ။ ဒါပေမယ့် ဘိုးဘေးတွေ ရောက်ခဲ့တဲ့ အဆင့်ကို ပြန်မရောက်နိုင်သေးဘူး” ချန်ကျို့က ရှင်းပြလိုက်သည်။ ဂိုဏ်းတစ်ဂိုဏ်း၏ ကျင့်စဉ်နှင့် သိုင်းပညာရပ်များကို အပြင်သို့ ပေါက်ကြားခွင့် မပြုသော်လည်း နာမည်ကို သိနေလောက်ခြင်းက ပြဿနာကြီး မဟုတ်ချေ။
“တကယ်ပဲပေါ့” ဟူကျောင်းအာ၏ ခန္ဓာကိုယ် တုန်ရီသွားပြီး သူမ၏ မျက်ဝန်းလေးများဟာလည်း ရွှန်းရွှန်းစိုအောင် တောက်ပလာတော့လေသည်။
“အစ်မကြီး…” ဟူမေးအာက သူမ၏ ပါးစပ်လေးကို လက်ဖြင့်အုပ်၍ မယုံကြည်နိုင်စွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည် “အဲ့ဒါက ကျွန်မတို့ရခဲ့တဲ့ ကျင့်စဉ်နာမည် မဟုတ်ဘူးလား”
“နင်တို့ ရခဲ့တာလား” ချန်ကျို့ အလန့်တကြား ထအော်ကာ ဟူညီအစ်မနှစ်ယောက်ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လိုက်သည်။
ဟူကျောင်းအာက ခေါင်းညိတ်လိုက်ပြီး “ကျွန်မတို့ ညီအစ်နှစ်ယောက် လေ့ကျင့်နေတဲ့ ကျင့်စဉ်နာမည်က အမွှာစိတ်ဝိဥာည်ချီကျင့်စဉ်ပဲ။ အဲ့ဒါက အမွှာစိတ်ဝိဥာဉ်အိမ်တော်နဲ့ ပက်သက်နေတာလား”
“ဘယ်လိုလုပ်ပြီး မပက်သက်ဘဲ နေမှာလဲ” ချန်ကို့က စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလိုက်သည် “အဲ့ဒါက အမွှာစိတ်ဝိဥာဉ်အိမ်တော် ပျောက်သွားတဲ့ အမွေအနှစ်ဆိုတာ သေချာတယ်။ အဲ့ဒါကို နင်တို့ နှစ်ယောက် ရထားမယ်လို့ ငါတကယ်ကို မထင်ထားဘူး”
ပြောနေရင်း ရုတ်တရက် ဝါးလုံးကွဲ ရယ်မောလိုက်ပြီး “ဝူဖနဲ့ ဝူထျန်းသာ ဒီအကြောင်း သိသွားလို့ကတော့ စိတ်လှုပ်ရှားလွန်းလို့ အိပ်မပျော်မှာတောင် စိုးရတယ်”
“ဝူဖနဲ့ ဝူထျန်းလား” ရန်ကိုင်က ဝင်မေးလိုက်သည်။
“အင်း။ အမွှာစိတ်တိဥာဉ်အိမ်တော်ရဲ့ ခေါင်းဆောင် နှစ်ယောကဖြစ်တဲ့ အမွှာညီအစ်ကိုနှစ်ယောက်လေ” ချန်ကျို့က ခပ်မြန်မြန်ပဲ ရှင်းပြလိုက်သည်။
“ဘယ်လိုတောင်လဲ….” ရန်ကိုင် အံာ့းသင့်နေခဲ့သည်။ ရယ်လည်း ရယ်မိသွား၏။ ထိုနာမည်နှစ်လုံးမှာ အရမ်းကို မောက်မာအထက်စီး ဆန်လွန်းကာ မျက်မုန်းကျိုးခံရဖွယ် အလွန်များပေသည်။ စိတ်တိုတတ်သည့် လူတစ်ယောက်နှင့် သွားတိုးရင်း သူတို့နာမည်ကို တစ်ဖက်လူက သိသွားပါက ကျိန်းသေ တိုက်ပွဲဖြစ်ပေလိမ့်မည်။
(ဝူဖ- ဥပဒေ၊ ဝူထျန်း- ကောင်းကင်၊ ငါတို့သည်သာ ကောင်းကင်… အကြွင်းမဲ့အုပ်စိုးသူ ဖြစ်သည်ဟု ဆိုခြင်းပင်)
“ဒီကျင့်စဉ်က အမွှာစိတ်ဝိဥာဉ်အိမ်တော်ကနေ လာခဲ့တာပါလား” ဟူကျောင်းအား စိတ်ရှုပ်ထွေးနေမိသည်။
ထိုကျင့်စဉ်ကို ရပြီးသည့်အချိန်မှစ၍ သူမတို့ ညီအစ်မ နှစ်ယောက်၏ ကံကြမ္မာမှာ လုံးဝ ပြောင်းလဲသွားခဲ့ရသည်။ ထို့အပြင် အဆင့်တက်နှုန်းမှာလည်း အရမ်းကိုမှ မြန်ဆန်လှပြီး ဆယ်စုနှစ်အတွင်း မသေမျိုးအဆင့်သို့ တက်နိုင်ခဲ့သည်။ ထို့နောက် ဟန်းမင်းတစ်ခုလုံးတွင် အားအကောင်းဆုံး ပညာရှင်များအနက် အပါအဝင် ဖြစ်လာခဲ့ရသည်။
ထိုကျင့်စဉ်ကို ချန်ထားပေးခဲ့သည့် စီနီယာအပေါ် သူတို့ ညီအစ်မနှစ်ယောက် အရမ်းကိုမှ ကျေးဇူးတင်ပေသည်။
ယခု ထိုကျင့်စဉ် မည်သည့်နေရာမှ လာမှန်း သိသွားပြီ ဖြစ်လေရာ အမွှာစိတ်ဝိဥာဉ်အိမ်တော်ဆီ အလည်အပတ် သွားလို့စိတ်တို့ ဖြစ်ပေါ်လာခဲ့ရသည်။ သူမတို့ကဲ့သို့ တူညီသော ကျင့်စဉ်ကို လေ့ကျင့်ထားသည့် ညီအစ်ကိုမောင်နှမများကိုလည်း မြင်ချင်ပေသည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၄၇)
ဟူညီအစ်မနှစ်ယောက် ဘာတွေးနေလဲ ဆိုသည်ကို ရန်ကိုင် ဒက်ခနဲ တန်းသိလိုက်သည်။
အစကတည်းက သူခန့်မှန်းပြီးသားပင်။
စွန်းယုသည် နဂါးဧကရာဇ်ဖြစ်သည်ဟု မှားယွင်း ယုံကြည်နေမိသည့်အတွက်၊ ချန်ကျို့နှင့် နဂါးဖီးနစ်နန်းတော်မှ အခြားပညာရှင်များသည် စွန်းယုအား အဖိုးအတန်ဆုံး ရတနာ တစ်ခုပမာ ဆက်ဆံခဲ့သည်။ ဟူညီအစ်မနှစ်ယောက်သည်သာ အမွှာစိတ်ဝိဥာဉ်ချီကျင့်စဉ်ကို အမွှာစိတ်ဝိဥာဉ်အိမ်တော်ဆီ ပြန်ပေးလိုက်မည်ဆိုပါက သူတို့လည်း စွန်းယုကဲ့သို့ အထူးတလည် မြေတောင်တောင်၊ ပျိုးထောင်ပေးခြင်း ခံရပေလိမ့်မည်။
နှစ်ယောက်စလုံးသည် ကျိန်းသေ တက်သစ်စ ကြယ်ပွင့်များ ဖြစ်လာမည်ဖြစ်သလို အမွှာစိတ်ဝိဥာည်အိမ်တော်၏ အနာဂတ် မျှော်လင့်ချက်လည်း ဖြစ်လာပေလိမ့်မည်။
သူတို့ ရခဲ့သည်မှာ အမွှာစိတ်ဝိဥာဉ်ချီကျင့်စဉ်၏ ရှေးအကျဆုံး ကျင့်စဉ်၊ အမွှာစိတ်ဝိဥာဉ်အိမ်တော်၏ မည်သည့် မျိုးဆက်မှ မလေ့ကျင့်ရသေးသော ကျင့်စဉ် ဖြစ်ပေသည်။
ပိုပြီး အရေးကြီးသည်ကား အမွှာစိတ်ဝိဥာဉ်အိမ်တော်၌ ဟူညီအစ်မနှစ်ယောက် လိုအပ်နေသည့် အချက်အလက်များ ရှိလောက်သည်။ လွန်ခဲ့သော နှစ်များအတွင်း ဟူညီအစ်မ နှစ်ယောက်သည် သူတို့ဘာသာ ကြိုးစားလေ့ကျင့်ခဲ့ရသည်။ သူတို့၏ ကျင့်စဉ်မှာ မသေမျိုးအဆင့်သို့ ရောက်ခဲ့သော်လည်း ထိုအဆင့်သည် ထုန်းရွှမ်လောကကြီးတွင် ဘာမှ မဟုတ်သေးချေ။
အမွှာစိတ်ဝိဥာဉ်အိမ်တော်မှ ကျင့်ကြံသူများသည် ထိုကျင့်စဉ်ကို ရာစုနှစ်နှင့် ချီအောင် လေ့လာခဲ့ကြခြင်း ဖြစ်သည့်အတွက် ကျင့်စဉ်အကြောင်းကို ဟူညီအစ်မ နှစ်ယောက်ထက် ပိုသိနေမည်မှာ ယုံမှားသံသယ ရှိစရာ မရှိချေ။ ထို့ကဲ့သို့ ပိုသိနေသည့်အတွက် ဟူညီအစ်မနှစ်ယောက် နားမလည်နိုင်သည်များကို ထောက်ပြပေးနိုင်သလို၊ သူတို့၏ အတွေ့အကြုံနှင့် နားလည်သဘောပေါက်မှုများကိုလည်း သင်ကြားပေးနိုင်သည်။ ထိုနည်းဖြင့်ဆိုပါက ဟူညီအစ်မ နှစ်ယောက်၏ ကျင့်ကြံခြင်းမှာ ပိုမို မြန်ဆန်လာပေလိမ့်မည်။
“ရန်ကိုင်။ ငါတို့…” ဟူကျောင်းအာက ရန်ကိုင်ဘက်သို့ လှည့်၍ စကားပြောရန် ပြင်လိုက်သည်။ သို့သော် သူမပြော၍ မပြီးသေးခင်မှာပဲ ရန်ကိုင်က လက်မြှောက်ကာ တားလိုက်သည်။
ထို့နောက် နန်းတော်သခင်ချန်ဘက်လှည့်၍ “နန်းတော်သခင်ချန်၊ အမွှာစိတ်ဝိဥာဉ်အိမ်တော်ရဲ့ ဂိုဏ်းချုပ်နှစ်ယောက်က ဘယ်လိုမျိုးလဲ”
ဟူညီအစ်မနှစ်ယောက် ဘာတွေးနေလဲ သူသိသည်။ သို့သော်လည်း သူမတို့က သွားချင်သည့်အတွက်ကြောင့် သူဘက်မှ ပို့ပေးလိုက်၍ မဖြစ်ချေ။
“တော်ဝင်သခင်ရန် စိတ်အေးအေး ထားလို့ရပါတယ်။ ကျုပ်သူတို့နဲ့ နှစ်ပေါင်းများစွာ အဆက်အဆံလုပ်လာခဲ့တာပါ။ သူတို့က ကောက်ကျစ်ဥာဏ်များတဲ့ လူတွေ မဟုတ်ပါဘူး။ အမွှာစိတ်ဝိဥာဉ်အိမ်တော်မှာ တပည့်နည်းတယ်။ စုစုပေါင်းမှ တစ်ထောင်လောက်ပဲ ရှိလိမ့်မယ်။ ဒီတော့ တစ်ခုခု လုပ်တော့မယ်ဆို အမြဲတမ်း သေချာတွေးပြီးမှ လုပ်တယ်။ ဂိုဏ်းနာမည်ပျက်မယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ကြဘူး။ လူတစ်ထောင်လောက်ပဲ ရှိတယ်ဆိုပေမယ့် သူတို့ဂိုဏ်းရဲ့ အဆင့်အတန်းက ကျုပ်တို့ နဂါးဖီးနစ်နန်းတော်အောက် မလျော့ဘူး။ ဝူဖနှင့် ဝူထျန်းတို့ နှစ်ယောက်စလုံးက သူတော်စင် ပထမအဆင့်တွေပဲ။ သူတို့ နှစ်ယောက်သာ ပူးပေါင်းတိုက်ရင် သူတော်စင် ဒုတိယအဆင့် အများစုကိုတောင် အနိုင်ယူနိုင်တယ်” ချန်ကျို့က ပျော်ရွှင်စွာ ရှင်းပြလိုက်သည်။
ချန်ကျို့၏ မျက်လုံးများ တောက်ပသွားပြီး “ဒီမိန်းကလေး နှစ်ယောက်သာ အမွှာစိတ်ဝိဥာဉ်ချီကျင့်စဉ်ကို အမွှာစိတ်ဝိဥာဉ် အိမ်တော်ဆီ ပြန်ယူသွားနိုင်ရင် ဝူဖနဲ့ ဝူထျန်တို့ နှစ်ယောက်စလုံး ကျိန်းသေ ပျော်သွားလိမ့်မယ်”
“အလျင်လိုစရာ မလိုသေးဘူး။ ကျောင်းအာနဲ့မေးအာ၊ ငါနဲ့အတူ ဘုံကိုးခုထွတ်မြတ်နယ်မြေဆီ အရင်ပြန်လိုက်ခဲ့။ ရောက်တော့မှ ဆုံးဖြတ်ချက်ချလည်း နောက်မကျသေးဘူး” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
“အင်း” ဟူညီအစ်နှစ်ယောက်စလုံး ခေါင်းညိတ် သဘောတူလိုက်ကြသည်။
“အဲ့လိုဆိုရင်… ဒီအကြောင်းကို ဝူဖနဲ့ ဝူထျန်းဆီ သတင်းပို့ထားကြည့်လိုက်ရမလား” ချန်ကျို့က ရန်ကိုင်ကို မျက်နှာကဲခတ်ရင်း သတိထားလျက် မေးလိုက်သည်။
“အင်း။ နန်းတော်သခင်ချန်ကိုပဲ ဒုက္ခပေးရဦးမယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးအများကြီး တင်ပါတယ် တော်ဝင်သခင်ရန်” ချန်ကျို့က ကျေးဇူးတင်တင်ဖြင့် ပြန်ပြောလိုက်ပြီးနောက် အကြီးအကဲ ရှောင်လင်ကို ခေါ်ကာ သူ့အား ဟူညီအစ်မ နှစ်ယောက်အကြောင်းကို အမွှာစိတ်ဝိဥာဉ်အိမ်တော်ရှိ ဝူဖနှင့် ဝူထျန်းတို့ဆီ သွားအကြောင်းကြားခိုင်းလိုက်လေသည်။
နဂါးဖီးနစ်နန်းတော်နှင့် အမွှာစိတ်ဝိဥာဉ်အိမ်တော်သည် အမြဲတစေ ဆက်ဆံရေးကောင်းခဲ့သည်။ ချန်ကျို့၊ ဝူဖနှင့် ဝူထျန်းတို့လည်း အတူတူပင်။ စွန်းယု နဂါးဧကရာဇ် အမွေအနှစ်ကို ရသွားစဉ်က သူ့ဂိုဏ်းအတွက် ပျော်မိသော်လည်း အမွှာစိတ်ဝိဥာဉ် အိမ်တော်အတွက် နောင်တရမိသည်။ ယခု အမွှာစိတ်ဝိဥာဉ် အိမ်တော်၏ ပင်မအမွေအနှစ်ကို ပိုင်ဆိုင်ထားသော ဟူညီအစ်မ နှစ်ယောက်ကို တွေ့လိုက်ရပြီ ဖြစ်လေရာ သူ့မိတ်ဆွေကိုလည်း ဒီအကြောင်း သိစေပြီး ပျော်စေချင်မိသည်။
ထို့နောက် ရန်ကိုင်သည် လင်းတိုင်ရှုနှင့် စကား တပြောပြောဖြင့် သွားပြန်အနားယူလေသည်။
ဟူကျောင်းအာနှင့် ဟူမေးအာတို့ အရမ်းကိုမှ စိတ်လှုပ်ရှားနေခဲ့ကြသည်။ နှစ်ယောက်စလုံးသည် ချန်ကျို့၏ ဘေးတစ်ဖက်တစ်ချပ်စီတွင် ထိုင်လျက် အမွှာစိတ်ဝိဥာဉ် အိမ်တော်နှင့် ပက်သက်သည့် အကြောင်းအရာများကို မမောတမ်း မေးမြန်းနေခဲ့သည်။
ချန်ကျို့သည် ဘာကိုမှ ဖုံးကွယ်မထားဘဲ မိန်းကလေး နှစ်ယောက် မေးခွန်းအားကို သူသိသလောက် ပြန်လည် ဖြေကြားပေးခဲ့သည်။
“တော်ဝင်သခင်ရန်က နင်တို့ နှစ်ယောက်အတွက် အရမ်းကို စဉ်းစားပေးတာပဲနော်” ချန်ကျို့က ရုတ်တရက် ထူးထူးဆန်းဆန်း ပြုံးလိုက်သည်။
“စီနီယာ ဘာပြောချင်တာလဲ” ဟူကျောင်းအား နားမလည်နိုင် ဖြစ်နေခဲ့သည်။
ချန်ကျိုးက ရှင်းပြလိုက်လေ၏ “တော်ဝင်သခင်ရန်က နင်တို့ကို တော်ဝင်နယ်မြေဆီ အရင်လိုက်ခဲ့လို့ ပြောတယ်မလား။ ပြီးတော့ ငါ့ကို ဝူဖနဲ့ဝူထျန်းတို့ဆီ သတင်းပို့ခိုင်းလိုက်တယ်လေ။ အခု ဝူဖနဲ့ ဝူထျန်းတို့သာ နင့်တို့နှစ်ယောက်နဲ့ တွေ့ချင်ရင် တော်ဝင်နယ်မြေဆီ အရင်သွားရလိမ့်မယ်။ နင်တို့နှစ်ယောက်က တော်ဝင်သခင်ရန်နဲ့ ရင်းနှီးနေမှန်း သိမှတော့ ဝူဖနဲ့ ဝူထျန်းတို့လည်း နင်တို့အပေါ် မတရား ဆက်ဆံရဲမှာ မဟုတ်တော့ဘူး။ အပြန်အလှန် အနေနဲ့ နင်တို့ကို သူတို့ အမွှာစိတ်ဝိဥာဉ်အိမ်တော်ရဲ့ အနာဂတ် မျှော်လင့်ချက် အဖြစ်တောင် သတ်မှတ်ဦးမှာ။ အဲ့လိုမဟုတ် နင်တို့ဘာသာ အမွှာစိတ်ဝိဥာဉ်အိမ်တော်ဆီ တိုက်ရိုက်သွားမယ် ဆိုရင်တော့ အဲ့လိုမျိုး ဖြစ်လာမှာ မဟုတ်လောက်ဘူး”
ချန်းကျို့ ပြောတော့မှပဲ ဟူကျောင်းအာလည်း ထိုအချက်ကို စဉ်းစားမိလိုက်သည်။ ထို့နောက် မျက်ဝန်းလှလှလေးများဖြင့် ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ပြီးနောက် နှုတ်ခမ်းလေးဆူကာ “သူက အမြဲတမ်း တစ်ခုခုတော့ တစ်ခုခုပဲ”
“သူက နင်တို့နှစ်ယောက် ကောင်းဖို့ လုပ်ပေးတာလေ” ချန်ကျို့က တစ်ခုခုကို သတိပြုမိသွားသည့်အလား ပြုံးဖြီးဖြီး လုပ်နေလိုက်သည်။
သုံးလလောက် ခရီးနှင်ခဲ့ပြီးနောက် တော်ဝင်နယ်မြေဆီ ပြန်ရောက်လာခဲ့သည်။ သူတို့ ပြန်ရောက်လာကြောင်း သတင်း ကြားလိုက်ရချိန် အကုန်လုံး စိတ်လှုပ်ရှားသွားခဲ့ကြသည်။
ထိုမျှကြာအောင် ခရီးနှင်ခဲ့ရပြီးနောက် ဟန်မင်းဆက်မှ ကျင့်ကြံသူများ အားအင်ကုန်ခမ်း မေားပန်နေကြလေပြီ။ ရောက်စတုန်းကကဲ့သို့ တက်တက်ကြွကြွ မရှိတော့။ နေရာတစ်ခု ရှာ၍သာ အေးအေးဆေးဆေး ကျင့်ကြံနေချင်ကြတော့သည်။
ဤလောကကြီးသည် ယခင်လောကကြီးထက် အများကြီး ပိုအဆင့်မြင့်ပေသည်။ ထို့ကြောင့် ဟန်မင်းဆက်မှ ကျင့်ကြံသူများ သည်လည်း အနာဂတ်တွင် သူတို့ ဘယ်အဆင့်ထိ ရောက်နိုင်မလဲ စိတ်ကူးယဉ်မျှော်တွေးနေခဲ့ကြသည်။
ဘုံကိုးခုထွတ်မြတ်နယ်မြေမှ မိုင်တစ်ရာအကွာသို့ ရောက်သည့်အခါ သူတို့ဆီသို့ လူတစ်အုပ် ပျံသန်းလာခဲ့သည်။
ရောက်သည်နှင့် အကုန်လုံးက လက်သီးဆုပ်၍ နှုတ်ဆက်ကြိုဆိုလိုက်ကြသည် “တော်ဝင်သခင်”
တော်ဝင်နယ်မြေမှ အကြီးအကဲအားလုံး သူတို့အား လာရောက်ကြိုဆိုကြသည်။ ရန်ကိုင်အား နှုတ်ဆက်ပြီးနောက် နောက်ဘက်ရှိ လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
ရန်ကိုင်က ခေါင်းပြန်ညိတ်ပြလိုက်ပြီး “အားလုံး အဆင်သင့်ဖြစ်ပြီလား”
အကြီးအကဲရှုဟွေက ခေါင်းညိတ်လိုက်ပြီး “အကုန်လုံး ပြင်ဆင်ပြီးပါပြီ တော်ဝင်သခင်။ အကြီးအကဲရှီခွန်ဆီက သတင်းကြာပြီးတာနဲ့ တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်းရဲ့ နေရာဟောင်းကို ရှင်းလင်းထားလိုက်တာပါ။ အကုန်လုံး ရှင်းလို့ မပြီးသေးဘူးဆိုပေမယ့် လူစနေလို့တော့ ရပါပြီ”
“ပြဿနာမရှိဘူး” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
တော်ဝင်နယ်မြေ၌ အကြမ်းဖျင်း လူ(၃၀၀၀)ရှိသည်။ ယခု ရန်ကိုင်မှ လူ(၄၀၀၀)၊ (၅၀၀၀)လောက် ခေါ်လာခဲ့သည်။ တောင်ထွတ်ကိုးလုံးတွင် လူထပ်မကာတော့ချေ။ အကုန်လုံးကို ငါးပိသိပ်၊ ငါးချဉ်သိပ်သလို အတင်းပူးကပ် နေခိုင်းလျှင်ပင် မိုးမြေစွမ်းအင် ပမာဏသည် ထိုမျှ များပြားလှသော လူပမာဏကို ထောက်ပံ့ရန် မလုံလောက်ချေ။
ထို့ကြောင့် သူ့မိတ်ဆွေနှင့် မိသားစုများကို အခြား တစ်နေရာတွင် စီစဉ်ပေးလိုက်မည်ဟု ရန်ကိုင် ဆုံးဖြတ်ခဲ့သည်။
ကြယ်ရောင်ဖြာနန်းတော်နှင့် တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းတို့၏ နေရာဟောင်းများသည် ရွေးချယ်စရာ နေရာကောင်းများ ဖြစ်ကြပေသည်။
ဂိုဏ်းနှစ်ဂိုဏ်းစလုံးသည် မိုးမြေစွမ်းအင် သိပ်သည်းသည့် နေရာတွင် ရှိနေကြပြီး သဘာဝရှုခင်း လှလှလေးများလည်း ရှိသည်။ ထို့ကြောင့် ထိုနေရာ ရေရှည်အခြေချရန်အတွက် ကောင်းမွန်သော နေရာတစ်ခု ဖြစ်ပေသည်။ အဓိကကျသည့် အချက်သည်ကား ထိုနေရာတွင် ဆောက်ပြီးသား အဆောက်အအုံ များစွာ ရှိနေခြင်းပင်။
သို့သော် ကြယ်ရောင်ဖြာနန်းတော်၌ ကြယ်တာရာ ကောင်းကင်ဆီသို့ ဦးတည်နေသည့် အမြဲပွင့်နေသော ဝင်ပေါက် တစ်ပေါက် ရှိနေခဲ့သည်။ သူ့မိတ်ဆွေ၊ မိသားစုဝင်များကို ထိုနေရာတွင်ထားရန် စိတ်မချချေ။ ထို့ကြောင့် တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းတွင် ထားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
လွန်ခဲ့သော တစ်လကတည်းက ရန်ကိုင်သည် ရှီခွန်အား တော်ဝင်နယ်မြေသို့ သတင်းကြိုပါးခိုင်းလိုက်သည်။
ယခု အကုန်လုံး ပြင်ဆင်ပြီးသင့်သလောက် ပြီးနေခဲ့လေပြီ။
လုပ်စရာရှိသည်ဆို၍ လူနေရန်သာ ကျန်တော့သည်။
တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်းသည် တော်ဝင်နယ်မြေနှင့် မဝေး၍ တော်ဝင်နယ်မြေနှင့် မရဏဂိုဏ်း နှစ်းဂိုဏ်းကြားတွင် တည်ရှိနေသည်။ ထို့ကြောင့် တစ်ယောက်ယောက်သာ တိုက်ပွဲ စိတ်ဝိဥာဉ်ဘုရားကျောင်းကို ကျူးကျော်ချင်သည် ဆိုပါက မရဏဂိုဏ်း၊ သို့မဟုတ် တော်ဝင်နယ်မြေကို အရင် ကျော်ဖြတ် ရပေလိမ့်မည်။
ထို့ကြောင့် ဟန်မင်းဆက် ကျင့်ကြံသူများ၏ လုံခြုံရေးနှင့် ပက်သက်၍ စိုးရိမ်စရာ မရှိချေ။
ရန်ကိုင်သည် ထိုအကြောင်း လာရာလမ်းတစ်လျှောက်၌ ရန်ကျောင်း၊ ချူရီမန်နှင့် ဟော်ရှင်းချန် ကဲ့သို့သော ခေါင်းဆောင် အသီးသီးကို အသိပေးပြီးသွားပြီလေ။ အကုန်လုံးက “ပြဿနာမရှိဘူး” ဟူ၍သာ ပြန်ပြောခဲ့သည်။
တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်း၏ နေရာဟောင်းတွင် နေထိုင်ရခြင်းသည် သူတို့အတွက် အဆင်ပြေပေသည်။ ရန်ကိုင်ဆီ လည်ပတ်ချင်သည်ဆိုလျှင် နာရီဝက်လောက်သာ ပျံသန်းရန် လိုအပ်၏။
ရန်ကိုင်သည် ဟန်မင်းဆက်ရှိ အင်အားစုများမှ ခေါင်းဆောင် အသီးသီးကို တော်ဝင်နယ်မြေ၏ အကြီးအကဲများနှင့် မိတ်ဆက်ပေးလိုက်သည်။
ရန်ကိုင် ခေါ်လာသည့်လူများကို ရှုဟွေနှင့် အခြားသူများ မလေးမစား မလုပ်ရဲကြချေ။ သူတို့ကိုယ်သူတို့ နှိမ့်ချ၍ ဖော်ဖော်ရွေရွေဖြင့် ပြန်နှုတ်ဆက်ကြသဖြင့် လူငယ်ခေါင်းဆောင်များ အတော်လေးကိုမှ ရှက်ကိုးရှက်ကန်း ဖြစ်သွားကြသည်။
ရန်ကိုင်ကြောင့်သာ မဟုတ်လျှင် ထိုသူတော်စင်အဆင့် ပညာရှင်များသည် သူတို့အား တစ်ချက်ပင် လှည့်ကြည့်မည် မဟုတ်မှန်း အကုန်လုံး နားလည်ထားကြပေသည်။
သို့သော်လည်း နှစ်ရာပေါင်းများစွာ နေထိုင်ခဲ့သော အားကောင်းလှသည့် ပညာရှင်ကြီးများသည် သူတို့အား လေးလေးစားစား၊ ယဉ်ယဉ်ကျေးကျေးဖြင့် ဆက်ဆံနေခဲ့ကြ၏။
ထိုတစ်ခဏတာ အချိန်အတွင်း ခေါင်းဆောင်အားလုံး အရမ်းကိုမှ စိတ်လှုပ်ရှားသွားမိသလို ဤလောကကြီး၌ ရန်ကိုင်၏ အဆင့်အတန်း မည်မျှ မြင့်မားကြောင်းကိုလည်း ကောင်းကောင်း နားလည်သွားကြသည်။
“တော်ဝင်သခင်ရန်၊ ရောက်မှတော့ ကျုပ်တို့လည်း သွားလိုက်ပါဦးမယ်” ချန်ကျို့က ရန်ကိုင်ဆီ ရုတ်တရက် ရောက်လာပြီး အသိပေးလိုက်သည်။
သူတို့ နဂါးဖီးနစ်နန်းတော်၌ မရှိသည်မှာ လနှင့် ချီနေလေပြီ။ ထို့ကြောင့် ယခု ပြန်ရန် အချိန်ကျလေပြီ။
“နန်းတော်သခင်ချန်လည်း ဒီလောက် ခရီးကြာပြီး သွားပြီးမှတော့ ပင်ပန်းနေရောပေါ့။ တော်ဝင်နယ်မြေမှာ ခဏလောက် နားသွားပါဦးလား။ ကျုပ်ကောင်းကောင်း ဧည့်ခံမယ်လေ” ရန်ကိုင်က ဖိတ်ခေါ်လိုက်သည်။ လမ်းတစ်လျှောက်တွင် နဂါးဖီးနစ်နန်းတော်ဆီ အကူအညီ တော်တော်လေး ရခဲ့ပေသည်။
လူထောင်ပေါင်းများစွာ လမ်းလျှောက်သွားနေလေရာ ပြဿနာရှာမည့်သူများ မပေါ်မဖြစ် ပေါ်လာပေလိမ့်မည်။ နဂါးဖီးနစ်နန်းတော်မှ ပညာရှင်များ အကိုင်အတွယ်ကောင်းသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုလူအားလုံး ရန်ကိုင်၏ လက်ချက်ကြောင့် သေသွားလောက်ပေပြီ။
ချန်ကျို့နှင့် အခြားသူများသည် သူတို့အား တော်ဝင်နယ်မြေ၏ တံခါးပေါက်သို့ ရောက်သည်အထိ လိုက်ပို့ပေးခဲ့သည်။ ထို့ကြောင့် ရန်ကိုင် အနေဖြင့် သူတို့အား ဒီအတိုင်း ထွက်သွားခွင့်ပြုလိုက်လျှင် ရိုင်းရာကျပေမည်။
“ဒါက…” ချန်ကျို့ တုန့်ဆိုင်းနေခဲ့သည်။
“စီနီယာရန်က ဖိတ်ခေါ်နေမှတော့ ကျုပ်တို့လည်း မငြင်းသင့်ဘူး” စွန်းယုက ဝင်ပြောလိုက်သည်။
ချန်ကျို့က ခါးခါးသီးသီး ပြုံးလျက် “မင်းတို့ ကောင်းလေးတွေ…”
ထို့နောက် ချန်းကျို့က ခေါင်းညိတ်၍ လက်သီးဆုပ်ကာ “အဲ့လိုဆိုမှတော့ တော်ဝင်သခင်ကို အလုပ်ရှုပ်ရဦးမှာပေါ့”
ရန်ကိုင်က ကျေကျေနပ်နပ် ပြုံးလိုက်သည်။
စွန်းယုက ရန်ကိုင်ဘေးနား တိတ်တိတ်လေး ရောက်လာပြီး တိုးတိုးလေး ပြောလိုက်သည် “စီနီယာရန်၊ နန်းတော်သခင်နဲ့ အခြားသူတွေကို ဘယ်အချိန်လောက် အမှန်အတိုင်း ပြောလို့ရမလဲ။ သူတို့ ကျွန်တော့်ကို လေးလေးစားစား လုပ်ပြနေတိုင်း ကျုပ်ရင်ထဲ အပြစ်မကင်းသလို ခံစားနေရတယ်”
“ဒီကိစ္စပြီးတာနဲ့ ငါခေါ်ရမယ့်လူကို သွားခေါ်လိုက်မယ်။ ပြီးရင်း မင်းတို့ နဂါးဖီးနစ်နန်းတော်ဆီ ခေါ်လာပြီး အားလုံးကို အမှန်အတိုင်း ရှင်းပြပေးမယ်”
“တကယ်လား” စွန်းယု စိတ်လှုပ်ရှားဿွားခဲ့သည်။
“အင်း”
“စီနီယာရန်က ဖီးနစ်ဧကရီကို သွားရှာမှာလား” စွန်းယု တန်းခန့်မှန်းမိလိုက်သည်။
သို့သော်လည်း ရန်ကိုင်က ခေါင်းညိတ်ပြလိုက်မည်ဟု စွန်းယု မထင်ခဲ့။
စုယန်အား သွားရှာပြီး ပြန်ခေါ်လာရန် အချိန်ကျလေပြီ။ သူမ ရေခဲဂိုဏ်းတွင် ရှိနေသည်မှာ ဆယ်နှစ်ကျော်ခဲ့ပြီ ဖြစ်သလို ရန်ကိုင်နှင့် တွေ့ခဲ့သည်မှာလည်း (၇)နှစ် ကျော်နေခဲ့လေပြီ။ ယခု ကောင်းကင်စံအိမ်မှ လူအားလုံး ရောက်နေပြီ ဖြစ်လေရာ သူမလည်း အိမ်ပြန်လာချိန် တန်လေပြီ။
သူမကို ပြန်ခေါ်လာပြီး ဖီးနစ်ဧကရီ၏ အမွေအနှစ်ကို လက်ခံခိုင်းပြီးသည်နှင့် သူမ၏ ကျင့်ကြံခြင်းလည်း တစ်ဟုန်ထိုး မြင့်တက်သွားပေလိမ့်မည်။
ထိုသို့ဖြစ်လာမည့် အချိန်ကို ရန်ကိုင် အတော်လေး မျှော်လင့်မိနေခဲ့သည်။
တစ်နာရီကြာပြီးနောက် လူတန်းရှည်ကြီးသည် တောင်ထွတ်ကိုးလုံးကို ဖြတ်ကျော်သွားခဲ့သည်။ ရန်ကိုင်၏ အမိန့်အရ ရှုဟွေသည် နဂါးဖီးနစ်နန်းတော်မှ ပညာရှင်များကို ဖိတ်ခေါ်၍ ကိုယ်တိုင်ကိုယ်ကျ ဧည့်ခံပေးခဲ့လေသည်။
ထိုအချိန်အတောအတွင်း အခြားသူများမှာမူ တိုက်ပွဲစိတ်ဝိဥာဉ်ကျောင်းတော် ရှိခဲ့ရာ နေရာဟောင်းဆီ ပြောင်းရွေ့နေခဲ့သည်။
နဂါးဖီးနစ်နန်းတော်အား ဆေးလုံးအချို့ ပေးလိုက်ရန် ရန်ကိုင်က ရှုဟွေအား ညွှန်ကြားထားခဲ့သည်။
တစ်နာရီကြာပြီးနောက် အကုန်လုံး တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းသို့ ရောက်လာခဲ့သည်။
မလှမ်းမကမ်းမှ မရဏဂိုဏ်း၏ ဝူကျဲက လက်သီးဆုပ်၍ ဦးညွှတ်ကာ “တော်ဝင်သခင်ရန်၊ မတွေ့ရတာ ကြာပြီနော်”
“ဂိုဏ်းချုပ်ဝူ၊ ခင်ဗျားဘာလို့ ဒီကို ရောက်နေတာလဲ” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။
ဝူကျဲက ယဲ့ယဲ့လေး ရယ်မောလျက် “အခုနောက်ပိုင်း ဂိုဏ်းက အတော်လေး အေးချမ်းနေတော့ တပည့်အချို့ခေါ်ပြီး လာကူပေးတာလေ။ ဒီလူတွေက တော်ဝင်သခင်ရန်ရဲ့ မွေးရပ်မြေက လူတွေလား။ တော်တော်များတာပဲနော်”
ရန်ကိုင်နောက်တွင် ပါလာသော လူများကိုကြည့်ရင်း ဝူကျဲ အံ့အားသင့်သွားခဲ့ရသည်။
“အင်း။ အခုကနေစပြီး သူတို့ ဒီမှာနေကြမှာ။ ဒီတော့ နောက်ပိုင်း သူတို့ကို စောင့်ရှောက်ပေးဖို့ ဂိုဏ်းချုပ်ဝူကို ဒုက္ခပေးရဦးမှာလပဲ”
“စိတ်ချထားလိုက် တော်ဝင်သခင်၊ မရဏဂိုဏ်း ရှိနေသရွေ့ ဘယ်သူမှ ဒီနေရာဆီ ခြေတစ်လှမ်းတောင် မကျူးကျော်နိုင်စေရဘူး” ဝူကျဲက သူ့ရင်ဘတ်ကိုပုတ်လျက် ပြောလိုက်သည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၄၈)
တိုက်ပွဲစိတ်ဝိဥာဉ်ကျောင်းတော်၏ နေရာဟောင်းတွင်၊ ဟန်မင်းဆက်များ ကျင့်ကြံသူများ ရှိနေခဲ့ကြသည်။ ဆယ်ရက်မျှ ဆွေးနွေးညှိနှိုင်းပြီးနောက် အကုန်လုံး ကိုယ်ပိုင် နေရာအသီးသီး ရရှိသွားခဲ့ကြလေပြီ။
တိုက်ပွဲတိုက်ပွဲစိတ်ဝိဥာဉ်ကျောင်းတော်တွင် ယခင်က တပည့်ထောင်နှင့်ချီကာ ရှိခဲ့သည်။ ထို့ကြောင့် ဟန်မင်းဆက်မှ ကျင့်ကြံသူများအတွက် နေရာမလောက်မည့် ကိစ္စနှင့်ပက်သက်၍ ပူပန်နေစရာ မလိုချေ။
အိမ်အသစ်ယာအသစ်ကြောင့် အကုန်လုံး ရွှင်မြူးနေခဲ့သည်။
ရန်ကိုင်သည် အမျိုးမျိုးသော အင်အားစုများမှ ခေါင်းဆောင်များကို ခေါ်၍ မှာကြားစရာ ရှိသည်များကို မှာကြားခဲ့သည်။ အထူးသဖြင့်… ကြယ်ရောင်ဖြာနန်းတော်ရှိ ကြယ်တာရာကောင်းကင်ဆီသို့ ဦးတည်နေသော လေဟာနယ် လိုဏ်ခေါင်းပင်။ ထိုနေရာထဲသို့ ဝင်သွားလျှင် သူတော်စင်အဆင့် ပညာရှင်များပင် သေနိုင်လေရာ ဟန်မင်းဆက်မှ ကျင့်ကြံသူများ ဆိုလျှင်တော့ ဆိုဖွယ်ရာမရှိတော့ချေ။
“ဒီလောကကြီးက အရင်လောကကြီးနဲ့ မတူဘူး။ မင်းတို့ အားလုံး ဒီမှာနေမယ်ဆိုရင် အရင်ကလို လုပ်လို့ မရတော့ဘူး။ တစ်ယောက်ကိုတစ်ယောက် မိသားစုလို သဘောထားကြရလိမ့်မယ်။ ဒီလောကကြီးနဲ့ လုံးလုံး အသားကျဖို့ နှစ်နဲ့ချီ လိုလိမ့်မယ်။ ဆက်လျှောက်ရမယ့် လမ်းတစ်လျှောက်ကလည်း စိန်ခေါ်မှုတွေနဲ့ ပြည့်နေလိမ့်မယ်။ အဲ့လိုဆိုပေမယ့် တိုးတက်နိုင်တဲ့ အခွင့်အလမ်း တွေကလည်း အများကြီးပဲ” ရန်ကိုင်က လူအုပ်ကြီးကို ဝေ့ကြည့်ရင်း ပြောလိုက်သည်။
အမျိုးမျိုးသာ အင်အားစုများမှ ခေါင်းဆောင်အားလုံး ခေါင်းညိတ်လိုက်ကြသည်။ ရန်ကိုင်နောက်သို့ လိုက်လာမှဖြင့် ဒီအတွက်လည်း အကုန်လုံး ပြင်ဆင်ပြီးထားလေပြီ။
သူတို့သာ ဆက်လက်တိုးတက်ချင်သည် ဆိုပါက ခြားနားချက်များကို ဘေးဖယ်၍ အချင်းချင်း စည်းစည်းလုံးလုံးဖြင့် နေထိုင်ရပေမည်။ သူ့ဂိုဏ်း၊ ကိုယ့်ဂိုဏ်း ဆိုပြီး လုပ်၍ မရတော့ချေ။ အကုန်လုံးသည် မိသားစုကြီး တစ်ခုတည်း ဖြစ်လာရပေလိမ့်မည်။
ထိုကိစ္စမှားနှင့် ပက်သက်၍ ရန်ကိုင် ပြောနေစရာပင် မလိုချေ။ အကုန်လုံး နားလည်ထားပြီးသားပင်။
ကံကောင်းစွာဖြင့် လက်ရှိ အင်အားစုအသီးသီး၏ ခေါင်းဆောင်များသည် လူငယ်မျိုးဆက်များ ဖြစ်ကြသဖြင့် သက်ကြားအိုကြီးများကဲ့သို့ ရှေးရိုးစွဲများ မဟုတ်ကြချေ။
တော်ဝင်နယ်မြေသည် ကျင့်ကြံခြင်းအတွက် လိုအပ်မည့် အရင်းအမြစ်များစွာကို ဟန်မင်းဆက်မှ ကျင့်ကြံသူအားလုံးဆီ ညီတူညီမျှ ခွဲဝေပေးခဲ့သည်။ သူတို့ အနေဖြင့် ကျင့်ကြံရန် အရင်းအမြစ် မရှိမည်ကို စိုးရိမ်စရာ မလိုချေ။ ကိုယ့်ကိုယ်ကို တိုးတက်အောင်သာ အာရုံစိုက်ရန် လိုအပ်သည်။
ဆေးဝိဇ္ဇာကြီး ငါးယောက်နှင့် ရှနင်းချန်သည် တောက်လျှောက် ဆေးဖော်စပ်ပေးနေသဖြင့် တော်ဝင်နယ်မြေသည် ထိုအရင်းအမြစ် များကို အလွယ်တကူ စုဆောင်းနိုင်ပေသည်။ ဆန်းကြယ်လောကငယ်များ ရုတ်တရက် ထွက်ပေါ်လာသည့် မုန်တိုင်း စဲသွားချိန်၊ တော်ဝင်နယ်မြေသို့ ဆေးဖော်စပ်ပေးရန် လာရောက်တောင်းဆိုသူများမှာ တစထက်တစ ပိုမို များပြားလာခဲ့သည်။
တော်ဝင်နယ်မြေ၏ နေ့စဉ်ဝင်ငွေသည် တော်ဝင်နယ်မြေ ဆယ်ခုကိုပင် ထောက်ပံ့ပေးရန် လုံလောက်လေရာ ဟန်မင်းဆက်မှ ကျင့်ကြံသူများ မထောက်ပံ့ပေးနိုင်မည်ကို စိုးရိမ်နေစရာ မလိုချေ။
ထိုဆယ်ရက်အတောအတွင်း ရှနင်းချန်သည်လည်း တိုက်ပွဲ စိတ်ဝိဥာဉ်ကျောင်းတော်သို့ ရောက်လာပြီး ကောင်းကင်စံအိမ်မှ လူအားလုံးကို လိုက်လံနှုတ်ဆက်ရင်း အချိန်ဖြုန်းခဲ့သည်။ သို့သော် တော်ဝင်နယ်မြေအား ဆေးဖော်စပ်ပေးရန် လာရောက်တောင်းဆိုသူ များစွာ ရှိနေသဖြင့် ဆယ်ရက်ကြာပြီးနောက် သူမ ပြန်သွားခဲ့ရသည်။
ဆယ်ရက်ကြာပြီးနောက် အကုန်လုံး အခြေကျသွားလေပြီ။
တိုက်ပွဲစိတ်ဝိဥာဉ်ကျောင်းတော်၏ ထောင့်ပိုင်းတစ်နေရာ၌၊ တောင်ထိပ်ပေါ်တွင် ထိုင်လျက် သဘာဝရှုခင်ကို ခံစားနေသော လင်းတိုင်ရှုနှင့် ရန်ကိုင် သွားတိုးခဲ့သည် “ဆရာဖိုးဖိုး”
အော်ခေါ်သံကြားသဖြင့် အောက်သို့ ငုံ့ကြည့်လိုက်ရာ ရန်ကိုင်ကို တွေ့လိုက်ရသဖြင့် ပြုံး၍ “ဒီဆယ်ရက်လုံးလုံး တောက်လျှောက် မနားရတော့ ပင်ပန်းနေပြီပေါ့”
“မပင်ပန်းပါဘူး” ရန်ကိုင်က ပြုံး၍ “ဒီလောကကြီးကို ရောက်ကတည်းက ကျွန်တော့် မိသားစုနဲ့ မိတ်ဆွေတွေကို ဒီနေရာဆီ ခေါ်လာချင်ခဲ့တာ”
လင်းတိုင်ရှုက ယဲ့ယဲ့လေး ပြုံလျက် “ဒီတစ်ကြိမ်၊ ဖြစ်လာနိုင်တဲ့ ပြဿနာအားလုံးကို မင်းကပဲ ရှင်းပေးသွားတာ။ အကုန်လုံး မင်းကို ကျေးဇူးတင်နေမယ်ဆိုတာ လုံးဝ သေချာတယ်”
ရန်ကိုင်က အသက်တစ်ချက် ရှူသွင်းလိုက်သည်။ ထို့နောက် စိုးရိမ်နေသည့် အမူအရာဖြင့် “ကျွန်တော်စိုးရိမ်နေတာက အခုကနေစပြီး သူတို့ကြားမှာ ဝိရောဓိတွေ ဖြစ်လာမှာကိုပဲ”
သို့ရာတွင် လင်းတိုင်ရှုက ရယ်သာ ရယ်မောလိုက်ပြီး “ဝိရာဓိဆိုတော့ ရှိမှာပဲ။ သူတို့တွေက အင်အားစုတွေမှ မတူကြတာ။ ဒါပေမယ့် မင်းစိတ်ပူနေစရာ မလိုဘူး။ အကုန်လုံးက အသိစိတ်ရှိတဲ့ လူတွေပဲ။ ပြဿနာဖြစ်လာရင် သူတို့ဘာသာ အဖြေရှာလိမ့်မယ်။ သူတို့သာ အတူတူ ရှိချင်နေသရွေ့ မျိုးဆက် နှစ်ခုသုံးခုလောက် ကြာတာနဲ့ အကုန်လုံး မိသားစုတွေလို ဖြစ်သွားလိမ့်မယ်။ အဓိကက အချိန်ပဲလိုတာ”
“မျှော်လင့်ရတာပဲ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
သူလုပ်သင့်သည်ကို လုပ်ပေးပြီးသွားပြီ။ လက်ကျန် ကိစ္စများမှာမူ သူတို့ဘာသာ သူတို့သာ ဖြေရှင်းရပေလိမ့်မည်။
“ကိုင်အာ၊ မင်းပြောတဲ့ ကောင်းကင်ဂိုဏ်းတော်က အဲ့ဘက်မှာ ရှိတာလား…” လင်းတိုင်ရှုက ရုတ်တရက် စကားလမ်းကြောင်း ပြောင်းလိုက်သည် “ငါတို့ကောင်းကင်စံအိမ်ကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးတည်ထောင်သူက အဲ့ဘက်မှာရှိတာ တကယ်ပဲလား”
“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “အမှန်ပဲ။ တပည့် ဒီလောကကြီးဆီ ရောက်တုန်းက ဘိုးဘေးတည်ထောင်သူ၊ ဂိုဏ်းတူဦးလေးနဲ့ ဒေါ်လေးတွေဆီက အကူအညီတွေ အများကြီး ရခဲ့တာ”
တော်ဝင်နယ်မြေသို့ လာနေစဉ်က ရန်ကိုင်သည် လင်းတိုင်ရှုအား ကောင်းကင်စံအိမ်နှင့် ကောင်းကင်ဂိုဏ်းတော် နှစ်ဂိုဏ်းကြားမှ ဆက်ဆံရေးအကြောင်း ပြောခဲ့သည်။ ထိုအကြောင်း ပြောလိုက်သည့်အခါ လင်းတိုင်ရှု အရမ်းကို စိတ်ဝင်စား၊ စိတ်လှုပ်ရှား ခဲ့ရသည်။ ယခု ထိုအကြောင်း ပြန်အစဖော်လာလေရာ သူဘာလုပ်ချင်နေလဲ သိသာနေလေပြီ။
“ဘိုးဘေးတည်ထောင်သူက အသက်ရှင်နေတုန်လား…” လင်းတိုင်ရှုက အားကျသည့် အမူအရာဖြင့် “သူတော်တော်လေး အားကောင်းမှာပေါ့ ဟုတ်တယ်မလား”
“ဒီလောကကြီးရဲ့ အားအကောင်းဆုံးတွေထဲက တစ်ယောက်ပဲ” ရန်ကိုင်က ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်သည်။
လင်းတိုင်ရှု အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်ပြီး “ငါသူ့ကို သွားနှုတ်ဆက်ချင်တယ်”
သူသည် ကောင်းကင်စံအိမ်၏ ယခင်ဂိုဏ်းချုပ်ဖြစ်သည်။ ချူလင်းရှောင်နှင့် ယှဉ်လျှင် သူသည် မျိုးဆက်များစွာ နောကျကပေသည်။ ယခု ဂိုဏ်းတည်ထောင်သူဘိုးဘေး အသက်ရှင်နေမှန်း သိပြီ ဖြစ်လေရာ လင်းတိုင်ရှုအနေဖြင့် သူ့အား သွားတွေ့ချင်သည်မှာ မထူးဆန်းချေ။
“ကျွန်တော် ခေါ်သွားပေးမယ်”
“မလိုဘူး။ မင်းမှာ လုပ်စရာတွေ အများကြီးရှိသေးတယ်။ လမ်းသိတဲ့ တစ်ယောက်ယောက်ကိုသာရှာပြီး လမ်းပြခိုင်းလိုက်” လင်းတိုင်ရှုက လက်ဝှေ့ရမ်းပြလိုက်သည်။
ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “အခြားတစ်ယောက်ကိုသာ ခေါ်သွားခိုင်းရင် အနည်းဆုံး လေးလလောက် သွားရလိမ့်မယ်။ ဒါပေမယ့် တပည့်ကိုယ်တိုင် ခေါ်သွားပေးမယ်ဆိုရင်တော့ အသွားအပြန်ကိုတောင်မှ ရက်နည်းနည်းပဲ ကြာလိမ့်မယ်”
“အို” လင်းတိုင်ရှု မျက်ခုံးပင့်သွားခဲ့ပြီး “ဒီတော့ မင်းနဲ့သွားရင် အများကြီး ပိုမြန်တယ်ပေါ့”
“ဆရာဖိုးဖိုးကိုယ်တိုင်မြင်ရင် နားလည်သွားလိမ့်မယ်” ရန်ကိုင်က ရယ်မောလိုက်သည်။ ခဏလောက် စဉ်းစားပြီးနောက် ထပ်ပြောလိုက်လေသည် “စုမူကိုပါ ခေါ်သွားကြတာပေါ့”
လင်းတိုင်ရှုလည်း ခဏလောက် စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်၍ “ကောင်းပြီလေ။ ဘာပဲဖြစ်ဖြစ် သူကလည်း ကောင်းကင်စံအိမ်ဂိုဏ်းချုပ် ဆိုတော့ ငါနဲ့လိုက်ပြီး ဘိုးဘေး တည်ထောင်သူနဲ့ တွေ့တယ်ဆိုတာက ဖြစ်သင့်တာပဲလေ”
ရန်ကိုင် ချက်ချင်းပဲ စုမူအား သူ့ကောင်းကင်စိတ်အာရုံဖြင့် လှမ်းခေါ်လိုက်သည်။
အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးနောက် စုမူ အပြေးရောက်လာခဲ့ပြီး “ယောက်ဖနဲ့ ဂိုဏ်းချုပ်ဟောင်းတို့ ဘာပြောချင်လို့လဲ”
“ဘိုးဘေးတည်ထောင်သူနဲ့ သွားတွေ့မလို့၊ မင်းကိုပါ ခေါ်သွားမလို့ လှမ်းခေါ်လိုက်တာ” ရန်ကိုင်က ပြုံးလိုက်ပြီး ကောင်းကင်လွန်းပျံကို ထုတ်ယူလိုက်သည်။
အကုန်လုံး ယာဉ်ပျံပေါ် တက်ပြီးသည်နှင့် ကောင်းကင်လွန်းပျံသည် အလင်းတန်းတစ်ခုအသွင် ပြောင်းလျက် ရုတ်ချည်း ပျောက်ကွယ်သွားလေသည်။
ကောင်းကင်းလွန်းပျံ၏ ကြောက်မက်ဖွယ်ရာ အမြန်နှုန်းကြောင့် လင်းတိုင်ရှုနှင့် စုမူတို့ နှစ်ယောက်စလုံး၏ မျက်နှာများ ဖြူဖတ်ဖြူလျော် ဖြစ်နေခဲ့ကြလေသည်။
ကောင်းကင်လွန်းပျံပေါ် ထိုင်နေရင်း စုမူက အလန့်တကား ထအော်လေသည် “ယောက်ဖ၊ ဒါဘာမှော်ရတနာကြီးလဲ။ အမြန်နှုန်းက လန့်စရာကြီး”
သူသည်လည်း မသေမျိုးအဆင့် ပညာရှင်တစ်ယောက် ဖြစ်ပေသည်။ သို့သော်လည်း သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့်တိုင် ဘေးပတ်ဝန်းကျင် ရှုခင်းများကို ကောင်းကောင်း မမြင်နိုင်ခဲ့ချေ။ ကောင်းကင်လွန်းပျံ၏ အရှိန်သည် လွန်စွာကိုမှ မြန်ဆန်နေသဖြင့် သူ့ကောင်းကင်စိတ်အာရုံပင် အမှီမလိုက်နိုင် ဖြစ်နေခဲ့သည်။
“ဒါကို ကောင်းကင်လွန်းပျံလို့ ခေါ်တယ်။ ပျံသန်းရေး မှော်ရတနာတစ်ခုပဲ” ရန်ကိုင်က ရှင်းပြလိုက်သည်။
“ရှယ်ပဲကွာ။ ဒီအမြန်နှုန်းနဲ့ဆို ဘုံကိုးခုထွတ်မြတ်နယ်မြေဆီ သွားမယ်ဆိုရင် မျက်တောင်တစ်ခတ်စာလောက်ပဲ ကြာမလား မသိဘူး” စုမူက စိတ်လှဒပ်ရှားစွာဖြင့် အော်ပြောလိုက်သည် “ယောက်ဖ၊ ငါ့ကိုလည်း တစ်ခုလောက် လုပ်ပေးပါလား”
ရန်ကိုင် မျက်နှာ မဲ့သွားခဲ့သည်။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် လင်းတိုင်ရှုက ပြုံး၍ “တွေးမနေနဲ့။ ဒါကို လုပ်ဖို့ ဒီလောက် မလွယ်လောက်ဘူး”
“ဟုတ်တယ်။ ထုန်းရွှမ်လောကကြီး တစ်ခုလုံးမှာတောင် ဒီတစ်ခုပဲရှိတာ” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
ကောင်းကင်လွန်းပျံ လွန်စွာကိုမှ ရှားပါးကြောင်း သိလိုက်ရသည့်အခါ စုမူ စိတ်ပျက်သွားခဲ့ရသည်။
“ယောက်ဖရေ၊ ဒီလို အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုကို မင်းရထားတယ်ဆိုတာ ကောင်းကင်အလိုလို့ ပြောလို့ရတယ်။… ဒါနဲ့နေပါဦး။ ခဏတုန်းက ဘိုးဘေးတည်ထောင်သူနဲ့ သွားတွေ့မယ်လို့ ပြောလိုက်တယ်။ ဘာဘိုဘေး တည်ထောင်သူလဲ”
ရန်ကိုင်က ချူလင်းရှောင်နှင့် ကောင်းကင်ဂိုဏ်းတော် အကြောင်းကို အလျင်အမြန်ပဲ ရှင်းပြလိုက်လေသည်။
ရန်ကိုင် ရှင်းပြသည်ကို ကြားပြီးနောက် စုမူလည်း ဘိုးဘေးတည်ထောင်သူ ဆိုသူနှင့် တွေ့ချင်မိသွားသည်။ လမ်းတစ်လျှောက်၌ ရန်ကိုင်သည် စုမူနှင့် လင်းတိုင်ရှုတို့အား ထုန်းရွှမ်လောကကြီးအကြောင်း ရှင်းပြသွားခဲ့သည်။
နှစ်ရက်ကြာပြီးနောက် ကောင်းကင်ဂိုဏ်းတော်သို့ ရောက်လာခဲ့သည်။
ရှုယဉ်သာတောင်ထွတ်ဆီသို့ ရန်ကိုင် ချက်ချင်းပဲ ပြေးတက်သွားသည်။
တောင်လိုဏ်ဂူထဲသို့ မဝင်ရသေးခင်မှာဘဲ သိမ်မွေ့သည့် အသံတစ်သံကို ကြားလိုက်ရသည် “ဂိုဏ်းတူတူလေးလား”
အသံကြားရာဆီသို့ လှည့်ကြည့်လိုက်ရာ သူ့ဂိုဏ်းတူဒေါ်လေး ဖေးယုကို တွေ့လိုက်ရသည်။ သူမဘေးတွင် ချန်းယန်၊ လီဝမ်နှင့် ဖေးကျန်းတို့ ရှိနေခဲ့သည်။
ပျော်ရွှင်စွာပြုံးလျက် လင်းတိုင်ရှု၊ စုမူတို့နှင့်အတူ ဖေးယုတို့ဆီ လမ်းလျှောက်သွားလေသည်။
“ဘယ်မျက်ကန်းသူတောင်းစား ရောက်လာလဲ မှတ်နေတာ၊ လတ်စသတ်တော့ နင်ဖြစ်နေတာကိုး” ဖေးယုက သူမ၏ မျက်ဝန်းလှလှလေးများဖြင့် ရန်ကိုင်ကို ဝေ့ကြည့်၍ ဒေါသတကြီး ပြောလိုက်လေသည် “လာမယ်ဆိုလည်း တစ်ခါမှ ကြိုမပြောဘူး။ ဗြုန်းစားကြီးရောက်လာပြီး ဘာမပြောညာမပြောနဲ့ ပြန်ပြန် ပျောက်သွားတယ်။ အကျင့်ကိုမကောင်းဘူး”
“အခုလေးတင်ရောက်တာ” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် “ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က သူစိမ်းတွေမှ မဟုတ်တာကို”
“ငါ့ရှုယဉ်သာတောင်ထွတ်ကို လာချင်တိုင်းလာ၊ ထွက်သွားချင်တိုင်း ထွက်သွားနေတာ နင်တစ်ယောက်ပဲ ရှိတယ်။ လီဝမ်နဲ့ အခြားလူတွေသာ လုပ်ရဲရင် ဘာမှမမေးဘဲ သူတို့ သွားတွေအကုန်လုံးကို ချိုးဖျက်မှာ”
လီဝမ်က သနားစဖွယ်အမူအရာဖြင့် အထွန့်တက်လိုက်သည် “ဘာလို့ ငါ့ကို လာဆွဲထည့်နေတာလဲ။ ငါလည်း နင်မသိဘဲ ဒီနေရာကို တစ်ခါမှ မလာပါဘူးနော်”
“ဒီနှစ်ယောက်က…” ချန်းယန်က ရန်ကိုင်နောက်ဘက်တွင် ရှိနေသော လင်းတိုင်ရှုနှင့် စုမူတို့ကို ကြည့်ရင်း မေးလိုက်သည်။
“ဒါက ကျွန်တော် အရင်တုန်းက ပြောခဲ့တဲ့ ကျွန်တော်ရဲ့ ဆရာဖိုးဖိုး လင်းတိုင်ရှုလေ။ ဒီတစ်ယောက်တော့ ကောင်းကင်စံအိမ်ရဲ့ လက်ရှိဂိုဏ်းချုပ်ဖြစ်တဲ့ ကျွန်တော့် ဂျူနီယာညီလေး စုမူပဲ”
“ကောင်းကင်စံအိမ်လား” ထိုစကားကို ကြားလိုက်ချိန် လေးယောက်စလုံး ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်မေးလိုက်ကြလေသည် “အခြားလောကကြီးမှာ ဘိုးဘေး တည်ထောင်ခဲ့တဲ့ ဂိုဏ်းကို ပြောတာလား”
“ဟုတ်တယ်”
“ကောင်းကင်စံအိမ်က လင်းတိုင်ရှုက စီနီယာအစ်ကိုနဲ့ စီနီယာအစ်မတို့ကို နှုတ်ဆက်ပါတယ်” လင်းတိုင်ရှုက လက်သီးဆုပ်၍ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သည်။ သူ့ရုပ်ရည်သည် ချန်းယန်နှင့် အခြားသူများထက် ပိုရင့်သော်လည်း ထိုလူများသည် သူ့ထက် အသက်ပိုကြီးကြမှန်း လင်းတိုင်ရှု သိပေသည်။ ထို့ကြောင့် စီနီယာအစ်ကို၊ စီနီယာအစ်မဟု နာမည် တပ်ခေါ်လိုက်ခြင်း ဖြစ်သည်။
“ဂိုဏ်းတူဦးလေး၊ ဒေါ်လေးတို့ကို စုမူ နှုတ်ဆက်ပါတယ်” စုမူကလည်း အလျင်စလို ဦးညွှတ်နှုတ်ဆက်လိုက်သည်။
“ကောင်းတယ် ကောင်းတယ် ကောင်းတယ်” ချန်းယန်ကလည်း ရယ်ရယ်မောမောနှင့် ပြန်ပြောလိုက်လေသည် “ဒီတော့ ဂျူနီယာ ညီလေးနဲ့ ဂိုဏ်းတူဒေါ်လေးက ဘိုးဘေးကို ဂါဝရပြုဖို့ ရောက်လာတာပေါ့။ ကောင်းတယ်။ ဒီအကြောင်းကိုသိရင် ဘိုးဘေးလည်း အရမ်းပျော်သွားမှာ”
“ကောင်းကင်စံအိမ်က အခြားလူတွေရော” ဖေးယုက မေးလိုက်သည်။
“ဘုံးကိုးခုထွတ်မြတ်နယ်မြေနားက နေရာတစ်နေရာမှာ နေရာချထားပေးလိုက်တယ်။ ဒီနဲ့ဟိုခရီးက အတော်လေး ဝေးတာရယ်၊ သူတို့က အခုမှ ထုန်းရွှမ်လောကကြီးဆီကို ရောက်ရုံပဲ ရှိသေးတာဆိုတော့ ဒီကို မလာခိုင်းသေးတာ”
“ဘာမှမဖြစ်ဘူး။ နောက်ပိုင်းကျမှ ခေါ်လာလည်းရတယ်” ချန်းယန်က ခေါင်းညိတ်လိုက်ပြီး “လာခဲ့။ ဘိုးဘေးနဲ့တွေ့ရအောင် ခေါ်သွားပေးမယ်။ ငါလို့လည်း ဘိုးဘေးနဲ့ ဆွေးနွေးစရာတစ်ခုခု ရှိနေတာနဲ့ အတော်ပဲ ဖြစ်သွားတယ်”
“အဲ့လိုဆိုရင် စီနီယာအစ်ကိုကိုပဲ လမ်းပြခိုင်းရမှာတော့မှာပေါ့” လင်းတိုင်ရှု စိတ်လှုပ်ရှားလွန်းသဖြင့် နှလုံးခုန်မြန်နေခဲ့သည်။
ချူလင်းရှောင်၏ အခန်းထဲ ရန်ကိုင်တို့အဖွဲ့ ထိုင်နေခဲ့သည်။ လင်းတိုင်ရှုနှင့် စုမူတို့ ဘယ်ကရောက်လာမှန်း သိလိုက်သည့်အခါ ချူလင်းရှောင်လည်း အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။
ခဏကြာ တိတ်ဆိတ်နေပြီးနောက် ချူလင်းရှောင်က စပြောလိုက်သည် “အရင်တုန်းက ကောင်းကင်စံအိမ်ကို တည်ထောင်ခဲ့တယ်ဆိုတာ ယာယီအတွက်ပဲ။ နတ်ဆိုးဗိုလ်ချုပ်ရဲ့ ခန္ဓာကိုယ်ကို စောင့်ကြည့်ဖို့ အဲ့မှာ အမြဲတမ်း မနေနိုင်ဘူးလေ။ ဒီတော့ တပည့်အချို့ရှားပြီး နည်းနည်းပါးပါး သင်ပေးလိုက်တယ်။ ဒါပေမယ့် ငါမရှိတော့တာတောင်မှ ကောင်းကင်စံအိမ်က အခုလိုမျိုး ဆက်လက် တည်တံ့နေဦးမယ်လို့ မထင်ထားဘူး။ ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ လူတစ်ယောက်အနေနဲ့ ငါတကယ်ကို တာဝန် လစ်ဟင်းသွားတယ်။ အခုလို ဖြစ်မယ်မှန်းသာ သိခဲ့ရင် မင်းတို့အတွက် ပိုကောင်းတဲ့ ကျင့်စဉ်တွေ၊ သိုင်းပညာရပ်တွေ ထားခဲ့ပါတယ်။ ကောင်းကင်စံအိမ်ကို ဆက်လက် တည်တံ့နေအောင် လုပ်ရတာ မင်းတို့အတွက်လည်း အတော်လေး ခက်ခဲခဲ့မှာပဲ”
“မဟုတ်ရပါဘူးဗျာ” လင်းတိုင်ရှုက ကမန်းကတန်း ပြန်ပြောလိုက်သည် “ဘိုးဘေးတည်ထောင်သူကြောင့်ပဲ တပည့်လည်း ဒီနေ့ အခုလိုအဆင့်ထိ ရောက်လာနိုင်တာပါ။ တပည့်အခုလို ဘိုးဘေးတည်ထောင်သူကို နှုတ်ဆက်နိုင်တာနဲ့တင် ကောင်းကင်စံအိမ် ဘိုးဘေးတွေရဲ့ အကြီးမားဆုံး ကံကောင်းမှု ဖြစ်နေပါပြီ။ သူတို့လည်း ဒီအကြောင်းသိရင် ကျိန်းသေ ပျော်နေကြမှာ”
“ကောင်းတယ်” ချူလင်းရှောင်က အသာအယာ ခေါင်းညိတ်လိုက်သည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၄၉)
ကောင်းကင်စံအိမ်၏ လက်ရှိ အခြေအနေနှင့် ပက်သက်ပြီး ချူလင်းရှောင် အတော်လေး စိုးရိမ်နေခဲ့သည်။ လင်းတိုင်ရှု၌လည်း သူ့ဘိုးဘေးတည်ထောင်သူနှင့် ပြောစရာများစွာ ရှိနေပသည်။ ထို့ကြောင့် ဖေးယုသည် အလိုက်သတိနှင့် ရန်ကိုင်ကို အချက်ပြကာ အခန်းထဲမှ ထွက်လာလိုက်သည်။
ရန်ကိုင်လည်း နှုတ်ဆက်ပြီး ဖေးယုတို့နောက် လိုက်သွားလေသည်။
ချန်းယန်နှင့် အခြားသူများသည် ချူလင်းရှောင်အား တစ်ခုခု တင်ပြရန် ရောက်လာခြင်းဖြစ်သည်။ သို့သော် ချူလင်းရှောင်သည် လင်းတိုင်ရှုနှင့် စကားပြောကောင်းနေသဖြင့် ထိုကိစ္စကို နောက်မှ တင်ပြရန် ဆုံးဖြတ်လိုက်လေသည်။
“ဂိုဏ်းတူတူလေး၊ နင်တို့ ဘုံကိုးခုထွတ်မြတ်နယ်မြေ တော်တော်လေး အလုပ်ဖြစ်နေတယ်ဆို၊ ဟုတ်လား” ဖေးယုက ရန်ကိုင်အား အပြုံးလေးဖြင့် မေးလိုက်သည်။
“အခြေအနေတွေကတော့ ဟုတ်တုတ်တုတ်ပဲ” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ဖြေလိုက်သည်။
“ပြီးတော့ မင်းတို့ ဘုံကိုးခုထွတ်မြတ်နယ်မြေက သူတော်စင်မလေးတွေက တော်ဝင်သခင်ရဲ့ အမိန့်တွေကို အရမ်းကို နာခံတယ်ဆို။ အဲ့ဒါ အမှန်ပဲလား ဂိုဏ်းတူတူလေး၊ မင်းမှာကော သူတော်စင်မလေးတွေ ရှိနေပြီလား” လီဝမ်က စပ်ဖြီးဖြီးပြုံးလျက် ဆက်ပြောလိုက်သည် “ကောင်လေး၊ ကောင်လေး၊ ငယ်ရွယ်ပြီး အားကောင်းတယ် ဆိုတိုင်း အရမ်းမလုပ်နဲ့နော်။ တန်ဆေးလွန်ဘေး ဆိုတာကို မင်သိတယ်မလား။ အလုပ်များရင် မင်းကျန်းမာရေး အတွက် မကောင်းဘူးကွ”
ရန်ကိုင်မျက်နှာ ဆေးခါးကြီး စားလိုက်ရသည့်နှယ် ရှုံ့မဲ့သွားခဲ့သည်။ မည်ကဲ့သို့ ပြန်ပြော၍ ပြောရမှန်းမသိ ဖြစ်နေသဖြင့် ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်လေသည် “ဂိုဏ်းတူဦးလေး၊ ဒေါ်လေးတို့ အပြင်ကနေ ပြန်လာတာလား”
“အင်း” ချန်းယန်က ခေါင်းညိတ်လိုက်ပြီး “နှင်းတောင်တန်းကို သွားစစ်ဆေးနေတာလေ”
“အို၊ ဘာဖြစ်လို့လဲ” ရန်ကိုင်က သိချင်စိတ်အပြည့်ဖြင့် ပြန်မေးလိုက်သည်။
လေးယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ နောက်ဆုံးတွင် ဖေးယုက “ဂိုဏ်းတူတူလေး အပြင်လူမှ မဟုတ်တာ။ သူ့ကိုဘာမှ ဖုံးကွယ်ထားနေစရာ မလိုဘူး”
ချန်းယန်က ခေါင်းညိတ်လိုက်ပြီး “ငါတို့ ပြောပြသင့်တယ်။ အဲ့လိုမှပဲ ဘုံကိုးခုထွတ်မြတ်နယ်မြေလည်း အာရုံစိုက်နိုင်မှာ”
လေးယောက်စလုံး၏ အမူအရာ လေးနက်သွားသည်ကို မြင်သော် အခြေအနေသည် သူထင်ထားသည်ထက် ပို၍ ရှုပ်ထွေးမှန်း ရန်ကိုင် နားလည်သွားခဲ့သည်။ မဟုတ်လျှင် သူတော်စင် လေးယောက်စလုံး ဘာကြောင့် ထိုမျှ အလေးအနက် ဖြစ်နေရမည်နည်း။
“ငါတို့နဲ့လိုက်ခဲ့” ဖေးယုက လက်ဝှေ့ရမ်းလိုက်ပြီး ရန်ကိုင်ကို ခေါ်ကာ ကျန်သုံးယောက်နှင့်အတူ ထွက်သွားလေသည်။
“လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ဆန်းကြယ်လောကငယ်တွေ သူ့ဘာသာ ပွင့်လာတာကို ဂိုဏ်းတူတူလေးလည်း သိတယ်မလား” ချန်းယန်က လမ်းလျှောက်နေရင်း မေးလိုက်သည်။
“အင်း” ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။ သိရုံတင်မဟုတ်၊ ထိုဆန်းကြယ်လောကငယ်များ ပွင့်လာရခြင်းသည် မဟာ နတ်ဆိုးနတ်ဘုရား၏ ကိုယ်ပွား စောင့်ကြပ်နေသော နေရာကို ဖျက်စီးလိုက်သည့်အတွက်ကြောင့် ဖြစ်လောက်သည်ဟု ရန်ကိုင် သံသယ ရှိနေပေသည်။
ခိုင်လုံသော သက်သေ မရှိသော်လည်း ဆန်းကြယ်လောကငယ်များ ပွင့်လာသည့်အချိန်နှင့် ထိုနေရာကို ဖျက်စီးလိုက်သည့်အချိန်သည် ကွက်တိဆိုသလို ဖြစ်နေခဲ့သည်။
“အခြေအနေ နှစ်ခုက ဆက်စပ်လား၊ မဆက်ဘူးလား မသိပေမယ့် ဆန်းကြယ်လောကငယ်တွေ ပွင့်လာတဲ့အချိန်မှာပဲ နှင်းတောင်တန်းထဲမှာလည်း တစ်ခုခု ဖြစ်သွားတယ်”
“ဘာဖြစ်သွားတာလဲ”
“ထိပ်တန်းအဆင့် ပညာရှင်တစ်ယောက် ထူးထူးဆန်းဆန်း ကောက်ပေါ်လာတာပဲ” ချန်းယန်က လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။
“ထိပ်တန်းအဆင့်ပညာရှင်လား”
“သူတော်စင် တတိယအဆင့်လား”
ရန်ကိုင် ထိတ်လန့်နေလေပြီ။
ဤလောကကြီးတွင် သူတော်စင်တတိယအဆင့် ပညာရှင် လက်တစ်ဆုပ်စာလောက်သာ ရှိပေသည်။ မျိုးနွယ်စု(၃)ခုစလုံးမှ ပညာရှင်များကို ထည့်တွက်လျှင်ပင် စုစုပေါင်း အယောက်(၂၀) မကျော်ချေ။
နတ်ဆိုးမျိုးနွယ်စုတွင် သူတော်စင်တတိယအဆင့် ပညာရှင် ငါးယောက်သာ ရှိပေသည်။ နတ်ဆိုးဗိုလ်ချုပ်ကြီး ကျန်းယွမ်နှင့် ကျန်နတ်ဆိုးဗိုလ်ချုပ်လေးယောက်ပဲ ဖြစ်ပေသည်။
မွန်းစတားမျိုးနွယ်စုတွင်မူ ထိုအဆင့်သို့ ရောက်နေသည့် စီနီယာကြီး သုံးယောက်သာရှိသည်။ မီးတောက်နီ မိုးကြိုးနဂါး၊ မြေကမ္ဘာနွားသိုးနှင့် ရေခဲကျောက်စိမ်းစပါးအုံတို့ပဲ ဖြစ်သည်။
လူသားမျိုးနွယ်စုမှာမူ အခြားမျိုးနွယ်စုနှစ်ခုထက် မဆိုသလောက်ကလေး ပိုများပေသည်။
ထိုကဲ့သို့သော ပညာရှင်တစ်ယောက် နှင်းတောင်တန်းတွင် ရုတ်တရက်ကြီး ပေါ်လာခြင်းသည် တကယ်ကို သတိပြုသင့်သည့် အဖြစ်အပျက်ပင် ဖြစ်သည်။
“ဘယ်မျိုးနွယ်စုကလဲ” ရန်ကိုင်က အလျင်စလို ပြန်မေးလိုက်သည်။
သူထိုကဲ့သို့ မေးလိုက်သည်နှင့် ဂိုဏ်းတူစီနီယာ လေးယောက်စလုံး၏ အမူအရာ ထူးဆန်းသွားခဲ့ရသည်။ တစ်ခဏကြာ တိတ်ဆိတ်နေပြီးမှပဲ ချန်းယန် ပြန်ပြောခဲ့ “ဘယ်မျိုးနွယ်စုကမှန်း မသိလို့ကို ငါတို့ စိုးရိမ်နေတာ။ အဲ့ကိုရောက်ရင်း မင်းသိလိမ့်မယ်”
ရန်ကိုင် ကြောင်သွားခဲ့ပြီး ဘာမေးခွန်းမှ ထပ်မမေးတော့ဘဲ လိုက်သာ လိုက်သွားလိုက်လေသည်။
ချန်းယန် ပြောသည့်ပုံအရ၊ ထိုသူတော်စင် တတိယအဆင့်သည် နှင်းတောင်ထဲတွင် အကျဉ်းချထားခံရပြီး ယခုအချိန်တွင် ကောင်းကင်ဂိုဏ်းတော်ထဲ၌ ရှိနေပေသည်။ ရန်ကိုင် တကယ်ကို ခေါင်းရှုပ်နေလေပြီ။
သူတော်စင်တတိယအဆင့် ပညာရှင်တစ်ယောက်ကို ဖမ်းရန် ထိုမျှ လွယ်သလော။
ထိုသူတော်စင်တတိယအဆင့် ပညာရှင်ကို သူတို့မည်ကဲ့သို့ ဖမ်းခဲ့သလဲဆိုသည်အား သိချင်မိသော်လည်း မေးချင်စိတ်ကို ချုပ်တည်းထားခဲ့သည်။
သူ့ဂိုဏ်းတူစီနီယာလေးယောက်နောက် လိုက်လာရင်း မကြာမီ တောင်တစ်လုံး၏ အောက်ခြေတွင် ရှိနေသော ဝင်ပေါက် တစ်ခုဆီသို့ ရောက်လာခဲ့သည်။
ထိုဝင်ပေါက်အတိုင်း ဆင်းသွားလျှင် လမ်းတစ်လျှောက်၌ မီးတိုင်များ ထွန်းထားသည်ကို မြင်တွေ့နိုင်ပေသည်။ ထိုနေရာ၌ ယင်ချီဟာဆိုလျှင်လည်း အရမ်းကိုမှ သိပ်သည်းလှပေသည်။
သူခံစားမိလိုက်သော ဖိအားကြောင့် ရန်ကိုင်အမူအရာ လေးနက်သည်ထက် လေးနက်လာခဲ့ရသည်။
ဖေးယုက အရင်စရှင်းပြလိုက်သည် “ဒီနေရာမှာ လူတစ်ယောက်ရဲ့ ခွန်အားကို ဖိနှိပ်နိုင်တဲ့ စိတ်ဝိဥာဉ် အစီအရင်တစ်ခု ခင်းကျင်းထားတယ်။ ဒီနေရာက အားကောင်းတဲ့ ရန်သူတွေကို ဖမ်းချုပ်ထားတဲ့ ငါတို့ ကောင်းကင်ဂိုဏ်းတော်ရဲ့ အကျဉ်းထောင်ပဲ။ ဒါပေမယ့် ဒီနေရာမှာ ဘယ်သူမှ မရှိခဲ့တာ အတော်လေး ကြာသွားပြီ။ လွန်ခဲ့တဲ့ လအနည်းငယ် မတိုင်ခင်အထိပေါ့”
“ဂိုဏ်းတူဒေါ်လေးတို့ ပြောနေတဲ့ ပညာရှင်ကို ဒီနေရာမှာ ဖမ်းထားတာလား”
“အင်း။ အဲ့ပညာရှင်နဲ့ ပက်သက်ပြီး မင်းကို ဘယ်လို ရှင်းပြလို့ ရှင်းပြရမှန်းမသိဘူး။ မင်းကိုယ်တိုင် ကြည့်ကြည့်လိုက်တာ အကောင်းဆုံးပဲ” ချန်းယန်က ခေါင်းညိတ်လိုက်သည်။
အောက်သို့ ဆင်းလာသည်နှင့်အမျှ သူခံစားနေရသော ဖိအားသည် အားကောင်းသည်ထက် အားကောင်းလာခဲ့သည်။ တဖြည်းဖြည်းနှင့် သူ့အပေါ် တောင်ကြီးတစ်လုံး ဖိထားသည်ဟုပင် ခံစားလာရကာ အသက်ပင် ရှူရ ခက်ခဲ့ခဲ့လေသည်။
ထိုဖိအားသည် အစီအရင်ကို လည်ပတ်ထားရာမှ ထွက်ပေါ်လာသော ဖိအားဖြစ်ပေသည်။ ရန်ကိုင်ကို အထူးသီးသန့် ပစ်မှတ်ထားနေခြင်း မဟုတ်သည့်တိုင်း ဖိအားကို ခံစားနေရသည်။ ထိုအစီအရင်သည်သာ တစ်ယောက်တည်းကို ပစ်မှတ်ထားပါက ဘယ်လိုပညာရှင်ကများ တောင့်ခံနိုင်မလဲ ရန်ကိုင် မသိတော့။
မီတာသုံးထောင် အနက်သို့ ဆင်းလာပြီးနောက် အလင်း မှိန်မှိန်လေး လင်းနေသည့် အခန်းတစ်ခန်းရှေ့သို့ သူတို့ ရောက်လာခဲ့သည်။ ထိုအခန်းထဲတွင် တဖျက်ဖျက် လင်းလက်နေသော မျဉ်းကြောင်းများစွာ ရှိနေခဲ့သည်။ ထိုမျဉ်းကြောင်းများ၏ အလယ်ဗဟို၌ လူသားပုံစံ ပုံရိပ်တစ်ခု ရှိနေခဲ့သည်။
ချူလင်းရှောင်က နတ်ဆိုးချုပ်နှောင် ချိန်းကြိုးသည် ထိုပုံရိပ်ကိုယ်ပေါ်၌ ရှိနေပြီး ချစ်ချစ်တောက် ပူလောင်သော အရှိန်အဝါကို အဆက်မပြတ် ထုတ်လွှတ်နေခဲ့သည်။ ထိုပုံရိပ်၏ လက်များ၊ ခြေထောက်များတွင်မူကား ရန်ကိုင် တစ်ခါမှ မမြင်ဖူးသော မှော်ရတနာများ ရှိနေခဲ့သည်။
သို့တိုင် အခန်းတစ်ခန်းလုံး ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါတို့ဖြင့် ပြည့်နေသေးသည်။
“သူပဲ” ချန်းယန်က ရှေ့တည့်တည့်ကို လက်ညိုးထိုးပြ၍ “ဂိုဏ်းတူတူလေး၊ သေချာကြည့်ထား။ မင်းတို့ ဘုံကိုးခုထွတ်မြတ် နယ်မြေလည်း ဒီလိုကောင်မျိုးကို တွေ့လိုက်တယ်ဆိုရင် ချက်ချင်းသာ လှုပ်ရှားလိုက်။ မဟုတ်ရင် အန္တရာယ် များတယ်။ ဒီကောင် ဘယ်မျိုးနွယ်စုကလဲ ဆိုတာကို အခုထိ ငါတို့မသိရသေးဘူး”
ထိုသားပုံရိပ်ကို သေသေချာချာ စိုက်ကြည့်နေရင်း ရန်ကိုင် ရုတ်တရက် ထိတ်လန့်သွားပြီး အလိုလို ထအော်မိလိုက်သည် “အရိုးမျိုးနွယ်စုလား”
“ဘာ” သူ့ဂိုဏ်းတူစီနီယာ လေးယောက်စလုံး ရန်ကိုင်အား စိုက်ကြည့်လာခဲ့သည်။
ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး ထိုလူသားပုံရိပ်ဆီ အလျင်အမြန် လမ်းလျှောက်သွားလိုက်ပြီး ပို၍ သေချာအောင် အနီးကပ် စစ်ဆေးကြည့်လိုက်သည်။
ချုပ်နှောင်ခံထားရသည့်သူမှာ အရိုးမျိုးနွယ်စုဝင် တစ်ယောက်ပင် ဖြစ်လေသည်။
“ဂိုဏ်းတူတူလေး၊ ဒီကောင် ဘယ်မျိုးနွယ်စုကလဲ မင်းသိလား” ချန်းယန်က ချက်ချင်းပဲ မေးလိုက်သည်။
“အရင်းတုန်းက သူ့လိုတစ်ယောက်ကို မြင်ဖူးတယ်” ရန်ကိုင်က လေးနက်သည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
“ဘယ်နေရာမှာလဲ”
“လွန်ခဲ့တဲ့ ခုနှစ်နှစ်၊ ရှစ်နှစ်လောက်တုန်းက ကျွန်တော့် စီနီဘာအစ်မကို သွားရှာတော့၊ အဆုံးမဲ့ပင်မယ် မြောက်ဘက်ခြမ်း ရေခဲတွေ ဖုံးနေတဲ့နေရာမှာ တွေ့ခဲ့တာ” ရန်ကိုင်က ခပ်မြန်မြန်ပဲ ရှင်းပြလိုက်သည်။
စုယန်ကို သွားရှာစဉ်က သူမနှင့် ဝိဥာဉ်ချင်း ပေါင်စပ်နိုင်ခဲ့ပြီး သူတို့၏ ဝိဥာဉ်များသည် ရွှေနဂါးနှင့် ရေခဲဖီးနစ်အသွင်သို့ ပြောင်းလဲနိုင်ခဲ့သည်။ ထိုအသွင်ဖြင့် ရေခဲပြင်တစ်လျှောက် လျှောက်ပတ်သွားစဉ် ရေခဲတုံးတစ်တုံးကို မတော်တဆ ဖျက်စီးမိရာမှ အေးခဲနေသော အရိုးခြောက်တစ်ခုကို တွေ့ခဲ့ရသည်။
ရေခဲနေသော အရိုးခြောက်သည် လူသားပုံစံနှင့် အရမ်းကိုမှ ဆင်လေသည်။ အသွေးအသားမရှိ၊ အရိုးနှင့် သွေးကြောများသာ ရှိနေခဲ့သည်။
ထိုစဉ်က ထိုအရိုးခြောက်သည် မျိုးနွယ်ခြားတစ်ယောက် ဖြစ်မှန်း ရန်ကိုင်မသိခဲ့။ ရေခဲဂိုဏ်း၏ သေဆုံးသွားသော တပည့် တစ်ယောက် ဖြစ်မည်ဟုသာ ထင်ကာ စေတနာဖြင့် ထိုအရိုးခြောက်ကို ဂိုဏ်းဆီသို့ ပြန်သယ်လာခဲ့လိုက်သည်။
သို့သော် ဂိုဏ်းသို့ပြန်ရောက်ပြီး ဂိုဏ်းချုပ်ချင်းယနှင့် ဂိုဏ်းအကြီးအကဲတို့ ရှင်းပြတော့မှပဲ ထိုအရိုးခြောက်သည် မျိုးနွယ်ခြားတစ်ယောက် ဖြစ်မှန်း ရန်ကိုင် နားလည်သွားရသည်။
သူတို့ ပြောသည်ကား… လွန်ခဲ့သော နှစ်ပေါင်းများစွာက၊ အရိုးမျိုးနွယ်စုဟုခေါ်သော ထူးဆန်းသော မျိုးနွယ်စုတစ်စုသည် ထုန်းရွှမ်လောကကြီးတွင် ထူးထူးဆန်းဆန်း ထွက်ပေါ်လာခဲ့သည်။ ထိုအရိုးမျိုးနွယ်စုဝင်များသည် အသွေးအသားမရှိ၊ သွေးကြောများနှင့် အရိုးသာ ရှိကြသော သက်ရှိများဖြစ်ပြီး အလွန်ကိုမှ အားကောင်းကြသလို သက်တမ်းလည်း ရှည်ကြသည်။
ရေခဲဂိုဏ်း ဆုတ်ယုတ်လာရခြင်းသည် အရိုးမျိုးနွယ်စုနှင့် ပက်သက်နေပေသည်။
ချင်းယသည် ထိုအရိုးခြောက်ကို ရန်ကိုင်အား မီးရှို့ပစ်ခိုင်းခဲ့သည်။ မီးရှို့လိုက်သည့်အခါ အလောင်းဟုသာ ထင်ရသော အေးခဲနေသော အရိုးများဆီမှ ရုတ်တရက် အားကောင်းလှသော အသက်စွမ်းအင် အရှိန်အဝါတို့ ထွက်ပေါ်လာခဲ့လေသည်။
ထိုထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်ကို ယနေ့ထိတိုင် ရန်ကိုင် မမေ့သေးချေ။
ထို့ကြောင့် ဖမ်းချုပ်ထားခံရသော အရိုးခြောက်ကို မြင်လိုက်သည်နှင့် ထိုအရိုးခြောက်သည် အရိုးမျိုးနွယ်စုကမှန်း ရန်ကိုင် ချက်ချင်း တန်းသိလိုက်ခြင်း ဖြစ်သည်။
ရန်ကိုင် ရှင်းပြသည်ကို နားထောင်ပြီး သူ့ဂိုဏ်းတူစီနီယာ လေးယောက်စလုံး၏ အမူအရာ လေးနက်သွားခဲ့လေသည်။
“မင်းပြောချင်တာက… ဒီကောင်က နှစ်ထောင်နဲ့ချီအောင် အသက်ရှင်ခဲ့တာပေါ့” ချန်းယန်က မယုံကြည်နိုင်သည်ဟန်ဖြင့် ပြောလိုက်သည်။
“ဖြစ်နိုင်လောက်တယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
“ဒီကောင်မှာ အသက်စွမ်းအင် မရှိပေမယ့် အသက် ရှင်နေသေးတယ်လို့ ဘိုးဘေးလည်း ပြောသေးတယ်… ဒါပေမယ့် ဒီကောင်က အိပ်စက်နေရာကနေ အခုမှ စနိုးလာတာနဲ့ တူတယ်။ သူ့ခွန်အားက ပြန်မပြည့်သေးတော့ ဘိုးဘေးလည်း သူ့ကို အလွယ်တကူ ဖမ်းခေါ်လာနိုင်ခဲ့တယ်လေ”
“ဒီအရိုးမျိုးနွယ်စုဝင်ကို ဘိုးဘေးတည်ထောင်သူက ဖမ်းလာခဲ့တာလား” ရန်ကိုင် ထိုလေးယောက်ကို ပြန်လှည့်ကြည့်လိုက်သည်။
“အင်း” ဆန်းကြယ်လောကငယ်တွေ ပွင့်လာတဲ့ နေ့မှာပဲ နှင်းတောင်တန်းထဲမှာ ပုံမှန်မဟုတ်တဲ့ အရှိန်အဝါတစ်ခု ထွက်ပေါ်လာတာကို ဘိုးဘေး သတိပြုမိလိုက်တယ်။ နေလို့ထိုင်လို့ မထိတော့တာနဲ့ သူကိုယ်တိုင် သွာစစ်ဆေးကြည့်တော့ ဒီကောင့်ကို တွေ့ပြီး ဖမ်းခေါ်လာခဲ့တာပဲ… ငါတို့အားလုံက သူသေပြီလို့ ထင်နေတာ”
“ဘိုးဘေး ဒီကောင့်ကို ဒီမှာ ဖမ်းထားဖို့ ဆုံးဖြတ်လိုက်တာ ကံကောင်းသွားတယ်” လီဝမ်က ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလိုက်သည်။
အရိုးမျိုးနွဘ်စုဝင် ပညာရှင်မှ ထွက်ပေါ်နေသော စွမ်းအင် အရှိန်အဝါသည် သူတော်စင် တတိယအဆင့် ပညာရှင် တစ်ယောက် ပိုင်ဆိုင်သည့် အရှိန်အဝါမျိုးပင်။ ထိုအရှိန်အဝါမှာ အားပျော့နေသော်လည်း သူတော်စင်တတိယအဆင့် အရှိန်အဝါ ဆိုသည်မှာတော့ လုံးဝ သေချာပေသည်။ ထိုကောင်သာ အားပြန်ပြည့်လာခဲ့ပါက ချူလင်းရှောင်ပင်လျှင် သူ့ကို မနိုင်လောက်ချေ။
“နေပါဦး၊ ငါတို့ ဒီကို လာခဲ့တုန်းက သူ့သွေးကြောတွေ ခြောကပ်နေတာမလား။ အခု ပြန်ပြည့်နေပြီ။ သူ့အသက် စွမ်းအင် ကလည်း ပိုပိုပြီး အားကောင်းလာသလိုပဲ” ထိုအချက်ကို ဖေးယု သတိပြုမိသွားပြီး အားလုံးအား ချက်ချင်းပဲ သတိပေးလိုက်၏။
“သူအားပြန်ပြည့်လာနေပြီ” ချန်းယန် အမူအရာ သုန်မှုန်သွားခဲ့ရသည်။
ထိုမျှ အံ့ဩဖွယ်ကောင်းသည့် အသက်စွမ်းအင်ကို အရိုးမျိုးနွယ်စု တကယ်ပဲ ပိုင်ဆိုင်လေသလာ။ ပိုင်ဆိုင်ပေသည်။ နှင်းတောင်တန်းထဲတွင် နှစ်ပေါင်း ထောင်နှင့်ချီအောင် အေးခဲခံနေရသည့်အတိုင် ထိုကောင်သည် သူ့ဘာသာ အားပြန်ဖြည့်နိုင်လေသည်။ သူတို့သိသော အခြေခံ သဘောတရားများနှင့် လုံးဝကို ကွဲပြားနေပေသည်။
“ဒီလို ထူးဆန်းတဲ့ မျိုးနွယ်စုကို ဘာလို့ တစ်ခါမှ မကြားဖူးတာလဲမသိဘူး” သူတော်စင် လေးယောက်စလုံး တစ်ယောက်ကို တစ်ယောက် ခေါင်းရှုပ်ရှုပ်ဖြင့် ကြည့်လိုက်ကြ၏။
“ဒီလောကကြီးက အကျယ်ကြီးပဲ။ ငါတို့ မသိသေးတဲ့ အရာတွေဆိုရင်လည်း အများကြီးပဲ။ ဒါကြောင့် ဒီထူးဆန်းတဲ့ မျိုးနွယ်စုအကြောင်းမသိတာ ဘာမှ မထူးဆန်းဘူး။ လီဝမ်၊ ဘိုးဘေးကို သွားအကြောင်းကြားလိုက်။ ဒီကောင်ကို ဘာဆက်လုပ်ရမလဲ ဘိုးဘေးကိုပဲ ဆုံးဖြတ်ခိုင်းလိုက်မယ်” ချန်းယန်က ပြောလိုက်သည်။
“ကောင်းပြီ” လီဝမ် ချက်ချင်းပဲ ထွက်သွားလေသည်။
အစကမူ ရန်ကိုင်အား ထိုထူးဆန်းသည့် သက်ရှိအကြောင်း သတိပေးချင်သည့်အတွက် ခေါ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ရန်ကိုင်အား သတိမပေးခဲ့ရသည့်အပြင် ရန်ကိုင်ဆီမှပင် ပြန်၍ မေးနေခဲ့ရလေသည်။
ခဏအကြာ၌ ချူလင်းရှောင် ရောက်လာခဲ့သည်။
“လီဝမ်ဆီက ငါကြားပြီသွားပြီ။ ရန်ကိုင်၊ အရိုးမျိုးနွယ်စု အကြောင်း မင်းဘယ်လောက် သိထားလဲ” ချူလင်းရှောင်က အလေးအနက် အမူအရာဖြင့် ရန်ကိုင်ကို မေးလိုက်သည်။
“အများကြီးတော့ မသိထားဘူး” ရန်ကိုင်က ခေါင်းခါလိုက်ပြီး “ဒီကောင်တွေကို ဖျက်စီးချင်ရင် အရိုးကို ပြာဖြစ်အောင် မီးရှို့မှပဲ ဖျက်စီးနိုင်တယ် ဆိုတာကိုပဲ သိတယ်။ မဟုတ်ရင် ဒီကောင် အားပြန်ပြည့်လာတာနဲ့ တော်တော် ရင်ဆိုင်ရခက်သွားမှာ”
“ဘယ်လောက်တောင် ထူးဆန်းတဲ့ မျိုးနွယ်စုလဲ… ဒီလူအိုကြီး ဒီကောင်တွေအကြောင်း တစ်ခါမှ မကြားဖူးဘူး။ ဒါပေမယ့် ရေခဲဂိုဏ်းအကြောင်းတော့ ကြားဖူးတယ်။ သူတို့ မျိုးဆက် အခုထိ ရှိနေဦးမယ်လို့ ငါတကယ်ကို မထင်ထားဘူး”
“ဘိုးဘေးတည်ထောင်သူ ရေခဲဂိုဏ်းအကြောင်း သိနေတာလား” ရန်ကိုင် အတော်လေး အံ့အားသင့်သွားခဲ့သည်။
“သိတာပေါ့။ ဒီအဆုံးမဲ့နှင်းတောင်တန်းကို တစ်ချိန်တုန်းက ရေခဲဂိုဏ်း ပိုင်ခဲ့တာလေ”
ရန်ကိုင် ကြောင်သွားခဲ့သည်။
သို့သော် ထိုအချက်သည် အရိုးမျိုးနွယ်စုဝင်တစ်ယောက် ဤနေရာ၌ ဘာကြောင့် ပေါ်လာမှန်း ရှင်းပြပြီးသွား ဖြစ်သွားသည်။ ရေခဲဂိုဏ်း ကျဆုံးရခြင်းသည် အရိုးမျိုးနွယ်စုနှင့် ပက်သက်နေသည် ဆိုပါက သူတို့သည် ဟိုးအချိန်အခါက အရိုးမျိုးနွယ်စုနှင့် တိုက်ခိုက်ခဲ့ဖူးရပေမည်။ အရိုးမျိုးနွယ်စုကို မနိုင်သဖြင့် သူတို့ လက်ရှိနေထိုင်နေသည့် ရေခဲပြင်ကြီးဆီ ပြောင်းရွှေ့သွားရခြင်း ဖြစ်လောက်သည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၅၀)
ကောင်းကင်ဂိုဏ်းတော်၏ တောင်အကျဉ်းထောင်အတွင်း ရန်ကိုင်သည် အရိုးမျိုးနွယ်စုဝင်ကို အစစ်အမှန် ယန်ယွမ်ချီဖြင့် လောင်ကျွမ်းပစ်နေခဲ့သည်။
ချူလင်းရှောင်နှင့် အခြားသူများသည် အနားတွင် မတ်တပ်ရပ်၍ ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့ကြသည်။
ရန်ကိုင်၏ အစစ်အမှန် ယန်ယွမ်ချီသည် သာမန်မီးတောက် တစ်ခု မဟုတ်ချေ။ သူ့ကျင့်ကြံခြင်းမှ ဖြစ်တည်လာသော လွန်စွာကိုမှ သန့်စင်သိပ်သည်းသည့် စွမ်းအင်ပုံစံမီးတောက် တစ်မျိုးဖြစ်သည်။ ထိုမီးတောက် မလောင်ကျွမ်းပစ်နိုင်သည့် အရာ ဘာမှမရှိချေ။
နတ်ဆိုးချုပ်နှောင်ချိန်းကြိုးဖြင့် ချုပ်နှောင်ထားခံရသော အရိုးမျိုးနွယ်စုဝင်သည် သေနေပြီဟု ထင်ရသည်။ သို့သော် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကြမ်းကြုတ်သည့် အရှိန်အဝါသည် အချိန်နှင့်အမျှ ပိုမို ပြင်းထန်လာနေခဲ့သည်။
အလင်းမှိန်မှိန် အခန်းလေးထဲ နားမခံသာအောင် စူးရှကြမ်းတမ်းသည့် အသံတို့ ထွက်ပေါ်နေခဲ့ကာ အက်ရာတို့သည် အရိုးမျိုးနွယ်စုဝင်၏ အရိုးတစ်လျှောက် ပျံ့နှံ့လာခဲ့သည်။
ရုတ်တရက် ဟာလာဟင်းလင်း ဖြစ်နေသော အရိုးမျိုးနွယ်စုဝင်၏ မျက်တွင်းနက်များသည် အစိမ်းရင့်ရောင် အလင်းရောင်တို့ဖြင့် တောက်ပလာခဲ့သည်။
ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတို့သည်လည်း ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့လေသည်။
အူး… ထိတ်လန့်ဖွယ်ရာ အော်သံတစ်သံ အရိုးမျိုးနွယ်စုဝင်၏ ပါးစပ်မှ ဟိန်းထွက်လာခဲ့ပြီး သူ့စိတ်စွမ်းအင်သည် အနားတွင် ရှိနေသော လူအားလုံး၏ အသိစိတ်ပင်လယ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။ ထိုအော်ဟစ်သံထဲ အားကောင်းလှသည့် ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုပါ ပါဝင်နေလေရာ ချူလင်းရှောင်မှအပ၊ အားလုံး၏ ဝိဥာဉ်များ တုန်ရီသွားခဲ့ရသည်။
ထိုအဖြစ်အပျက်ကြောင့် အကုန်လုံး သွေးဆုတ်ဖြူလျော်သွားပြီး ရန်ကိုင်သည်လည်း သူ့အစစ်အမှန်ချီကို တစ်ဟုန်ထိုး တိုးမြှင့်လိုက်ည်။
ခရက်… ပြင်းထန်လှသော အပူအောက်၌ အရိုးခြောက် တဖြည်းဖြည်း အရည်ပျော်ကျလာခဲ့သည်။
တလက်လက် တောက်ပနေသော အစိမ်းရင့်ရောင် မျက်လုံးများသည်လည်း အလျင်အမြန် မှိန်ကျသွားခဲ့ပြီး နောက်ဆုံး၌ အရောင်အဆင်း ကင်းမဲ့သွားခဲ့ရသည်။
အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးသည့်နောက်တွင် ပြာမှုန်များသာ ကျန်ရစ်တော့လေသည်။
အကုန်လုံးမှာ ထိုမြင်ကွင်းကိုကြည့်ရင်း မှင်သက်နေခဲ့ကြသည်။
“သူတကယ် မသေသေးဘူးပဲ… အသက်ပြင်းချက်က လန့်စရာကြီး” ဖေးယု ထိတ်လန့်တုန်လှုပ်နေခဲ့သည်။
“အရိုးပဲ ကျန်တော့တာကို ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ မသိဘူး” ချန်းယန် နားမလည်နိုင် ဖြစ်နေခဲ့သည်။
“သူက အစကတည်းက အရိုးဖြစ်နေတာလည် ဖြစ်နိုင်တာပဲလေ။ ဒါမှမဟုတ် အဲ့အရိုးက သူ့ရဲ့ တကယ် အသက်သွေးကြော ဖြစ်နေတာ နေမှာပေါ့…” ရန်ကိုင်က စဉ်းစဉ်းစားစားဖြင့် ပြောလိုက်သည်။
“ဂိုဏ်းတူတူလေး ပြောချင်တာက ဒီကောင့်မှာ ဒီအရိုး ရှိနေသေးသရွေ့ သေမှာမဟုတ်ဘူးပေါ့”
“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် ဒီမျိုးနွယ်စုက ဒီလောကကြီးမှာ ရှိနေတဲ့ အခြားမျိုးနွယ်စုတွေနဲ့ တူတာမဟုတ်ဘူး။ အရမ်း အန္တရာယ် များတယ်။ နောက်ပိုင်း အဲ့လိုကောင်တွေနဲ့ တွေ့ရင် သေချာသတိထားမှ ရလိမ့်မယ်”
“စိတ်ချထားလိုက်။ အဲ့ကောင်တွေနဲ့ ထပ်တွေ့ရင် သူတို့အရိုးတွေကို တစ်စစီဖြစ်အောင် ချေမွပစ်မှာ” လီဝမ်က အခိုင်အမာ ပြောလိုက်သည်။
“ဒီလောကကြီးမှာ ဒီလို ထူးခြားတဲ့မျိုးနွယ်စုတစ်ခု တကယ်ပဲ ရှိနေတာလား” ချူလင်းရှောင် မျက်မှောင်ကြုံ့သွားခဲ့သည်။ သူ့အတွေ့အကြုံနှင့်ပင်လျှင် သူဖမ်းလာခဲ့သော အရိုးမျိုးနွယ်စုဝင် ဘယ်သူဖြစ်သည်ကို မခန့်မှန်းနိုင်ခဲ့ချေ။
နှင်းတောင်တန်းထဲ သွားစစ်ဆေးစဉ်က အားကောင်းလှသည့် မိစ္ဆာအရှိန်အဝါကို အာရုံခံမိလိုက်သဖြင့် သွားစစ်ဆေးကြည့်ရာ ရေခဲပြင်အောက် မီတာတစ်ထောင်အနက်တွင် နစ်မြုပ်နေသော အရိုးခြောက်တစ်ခုကို တွေ့ခဲ့ရသည်။ ထိုအရိုးခြောက်နှင့် ပက်သက်၍ တစ်ခုခု ထူးဆန်းနေသည်ဟု ထင်သည့်အတွက်ကြောင့် ပြန်သယ်လာခဲ့ခြင်း ဖြစ်ပေသည်။
ကံကောင်းစွာဖြင့် အရိုးခြောက်ကို ဤနေရာတွင်း ဖမ်းချုပ်ထားရန် စဉ်းစားမိခဲ့သည်။
“အခု ဒီလောကကြီး စပြောင်းလဲလာနေပြီ” ချူလင်းရှောင်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။
“ဘိုးဘေးတည်ထောင်သူ ပြောချင်တာက…” ရန်ကိုင်က ချူလင်းရှောင်အား သိချင်စိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။
ချူလင်းရှောင်လည်း တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် “မင်းအဆင့်က သိပ်မမြင့်သေးသော သတိပြုမိမှာ မဟုတ်ဘူး။ ဒါပေမယ့် သူတော်စင်တတိယအဆင့်တွေ အကုန်လုံး ဒီအချက်ကို သတိပြုမိလိမ့်မယ်လို့ ငါထင်တယ်။ ဒီလောကကြီးက တစ်ခုခုကနေ လွတ်မြောက်သွားသလိုပဲ။ ကြယ်တွေကိုလည်း ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာနိုင်တယ်။ ကြယ်အရေအတွက်ကလည်း အရင်ထက် ပိုပြီး များလာသလိုပဲ”
ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့သည်။
“ဘာလို့မှန်းမသိပေမယ့် ပြောင်းလဲမှုကြီး တစ်ခုတော့ ဖြစ်တော့မယ်လို့ ခံစားနေရတယ်” ချူလင်းရှောင် သက်ပြင်းချလိုက်၏။
ရှိနေသော သူတော်စင်လေးယောက်စလုံး တုန်ရီသွားကြ၏။ အရိုးမျိုးနွယ်စုဝင်ကို ဖမ်းလာပြီးသည့်နောက်ပိုင်း သူတို့ ဘိုးဘေးသည် ကျင့်ကြံခြင်းအခန်းထဲမှ ခဏခဏထွက်၍ ညည၌ ကြယ်များအား ဘာကြောင့် ငေးကြည့်နေသလဲ ဆိုသည်ကို သူတို့ နားလည်သွားခဲ့လေပြီ။
သူတို့ဘိုးဘေး ဘာကြောင့် ထိုကဲ့သို့ ထူးထူးဆန်းဆန်း ပြုမူနေသလဲ သူတို့ နားမလည်နိုင်ခဲ့။ ချူလင်းရှောင် ဥာဏ်အလင်း ပွင့်သွားသည့် အတွက်ကြောင့်သာ ဖြစ်သည်ဟု ထင်ခဲ့မိသည်။ သို့သော်လည်း ချူလင်းရှောင် ရှင်းပြသည်ကို နားထောင်ပြီးနောက် ပုံမှန်မဟုတ်သည့် တစ်ခုခုကို သူတို့ ရှာတွေ့သွားခဲ့လေပြီ။
ကောင်းကင်ဂိုဏ်းတော်တွင် နှစ်ရက်ကြာအောင် အချိန်ဖြုန်းပြီးသည့်နောက်၊ ဘုံကိုးခုထွတ်မြတ်နယ်မြေသို့ ရန်ကိုင် ပြန်လာခဲ့သည်။
သူတို့ မထွက်သွားခင် ထိုကဲ့သို့ အရိုးမျိုးနွယ်စုဝင် တစ်ယောက်နှင့် ထပ်တွေ့ပါက သူတို့ကိုပါ အသိပေးရန် ချူလင်းရှောင်က ထပ်တလဲလဲ သတိပေးခဲ့သည်။
ရန်ကိုင်လည်း ချက်ချင်းပဲ သဘောတူလိုက်လေသည်။
လမ်းတစ်လျှောက်လုံး ရန်ကိုင်သည် သူ့အတွေး ကမ္ဘာထဲ သူ့ဘာသာ နစ်မြောနေခဲ့သည်။
ရန်ကိုင်၏ စိတ်လွတ်နေသည့် အမူအရာကို မြင်သော် လင်းတိုင်ရှုက မေးလိုက်၏ “ဘာဖြစ်လို့လဲ”
ရန်ကိုင်လည်း အရိုးမျိုးနွယ်စုအကြောင်းကို လင်းတိုင်ရှုအား ရှင်းပြလိုက်သည်။ ရန်ကိုင် ရှင်းပြသည်ကို ကြားပြီးနောက် လင်းတိုင်ရှု၏ အမူအရာ ဖြူလျော်သွားခဲ့ရသည်။ ကံမကောင်းစွာဖြင့် သူလုပ်ပေးနိုင်သည့်အရာ ဘာမှမရှိချေ။ တကယ်တော့ သူသည် မကြာသေးခင်ကမှ ထုန်းရွှမ် လောကကြီးသို့ ရောက်လာခြင်း မဟုတ်ပေလော။ ထုန်းရွှမ်လောကကြီး အကြောင်းပင် ကောင်းကောင်း မသိသေးရာ အရိုးမျိုးနွယ်စုဆိုလျှင် ဆိုဖွယ်ရာမရှိတော့ချေ။
ဟန်မင်းဆက်တွင် ရှိစဉ်ကဆိုလျှင် နတ်ဆိုးများနှင့် မွန်းစတားမျိုးနွယ်စုများ တည်ရှိသည်ကိုပင် မသိခဲ့ချေ။
ဤလောကတစ်ခွင်တွင် ဦးနှောက်ရှိသောသူများသည် လူသားမျိုးနွယ်စုဝင်များသာ ဖြစ်သည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။
ထုန်းရွှမ်လောကကြီးသို့ ရောက်တော့မှပဲ ဤလောကကြီး မည်မျှ ကျယ်ပြန့်ကြောင်းကို နားလည်သွားခဲ့ရသည်။
“ဒီကိစ္စနဲ့ပက်သက်ပြီး ဆရာဖိုးဖိုး စိုးရိမ်နေစရာ မလိုဘူး။ ကောင်းကင်ကြီး ပြိုကျလာရင်တောင် ထမ်ထားပေးမယ့် တကယ့် ဆရာကြီးတွေ ရှိပြီးသား” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် လင်းတိုင်ရှုကို နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် စုမူဘက်သို့ လှည့်၍ အပြုံးကြီးပြုံးလျက် “ဘာတွေများ ရလိုက်လို့ ဒီလောက်တောင် ပြုံးဖြီးနေတာလဲ ငါ့ကောင်ရ”
စုမူက ရယ်သွမ်းသွေးလျက် သိုလှောင်အိတ်တစ်အိတ်ကို ထုတ်လိုက်ပြီး “ကြည့်လိုက်၊ ဘိုးဘေးတည်ထောင်သူဆီကနေ သိုလှောင်အိတ်တစ်အိတ် ရလာတယ်ကွ”
“သိုလှောင်အိတ်လား” ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး “ဘယ်လိုသုံးရမလဲ သိလား”
“သိတာပေါ့။ ဘိုးဘေးတည်ထောင်သူ၊ ဂိုဏ်းတူဦးလေးနဲ့ ဒေါ်လေးတို့က ငါ့ကို လက်ဆောင်တွေ အများကြီး ပေးလိုက်သေးတယ်။ မှော်ရတနာတွေ၊ ကျင့်စဉ်တွေ၊ သိုင်းပညာရပ်တွေ၊ ရှေးဟောင်းစားအုပ်တွေ၊ အခြား ရတနာတွေ အမျးကြီးပဲ” စုမူက သိုလှောင်အိတ်ကို သူ့ရင်ဘတ်ပေါ် တင်ထားလျက် လက်ဖြင့် အသာအယာ ပုတ်နေခဲ့သည်။
“မင်းရလိုက်တဲ့ ရတနာတွေကို သေချာ အသုံးချနော်။ ဘိုးဘေးတည်ထောင်သူနဲ့ ဂိုဏ်းတူစီနီယာတွေ မင်းအပေါ် မျှော်လင့်ထားတာကို စိတ်ပျက်သွားအောင် မလုပ်မိစေနဲ့” လင်းတိုင်ရှုက သတိပေးလိုက်သည်။
“တပည့် သိပြီးသားပါ” စုမူက ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် ရန်ကိုင်ကို မေးလိုက်သည် “ယောက်ဖ၊ အစ်မကြီးကို ဘယ်အချိန် သွားပြန်ခေါ်မှာလဲ။ ဂိုဏ်းတစ်ဂိုဏ်းလုံးတောင် ဒီကို ပြောင်းလာပြီးပြီဆိုတော့ သူပြန်လာဖို့ အချိန်တန်ပြီလားလို့”
“အင်း” မင်းနဲ့ ဆရာဖိုးဖိုးကို ပြန်ဖို့ပြီးတာနဲ့ စုယန်ကို သွားပြန်ခေါ်ဖို့ လုပ်ထားပြီးပြီ” ရန်ကိုင်က ရှင်းပြလိုက်သည်။
စုမူ ဘာမှမပြောလျှင်ပင် ရန်ကိုင်က ထိုကဲ့သို့လုပ်ရန် အစကတည်းက စဉ်းစားပြီးသားပင်။ ရှစ်နှစ်လောက် ခွဲနေခဲ့ရသဖြင့် သူချစ်ရသူလေးလေကို ပြန်တွေ့ချင်နေသည်မှာ တစ်ပိုင်းသေနေလေပြီ။
ရှနင်းချန်သည် ဘုံးကိုခုထွတ်မြတ်နယ်မြေတွင် ရှိနေပြီ ဖြစ်လေရာ စုယန်ကိုသာ သွားရှာရန် လိုတော့ပေသည်။
သူတို့သုံးယောက် အတူတကွ ပြန်လည်ပေါင်းစည်းနိုင်မည့် နေ့ကို ရန်ကိုင် အရမ်းကိုမှ မျှော်လင့်မိနေလေပြီ။
နှစ်ရက်ကြာပြီးနောက် တိုက်ပွဲစိတ်ဝိဥာဉ်ကျောင်းတော် ရှိရာဆီသို့ သူတို့သုံးယောက် ပြန်ရောက်လာခဲ့သည်။
ရန်ကိုင် ပြန်ရောက်ကြောင်း သတင်းကြားလိုက်သည်နှင့် ရှုဟွေ အလျင်စလို ရောက်ချလာပြီး “တော်ဝင်သခင်၊ လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ဧည့်သည့်နှစ်ယောက် ရောက်လာတယ်။ တော်ဝင်သခင်နဲ့ တွေ့ချင်လို့တဲ့”
“ဘယ်သူတွေလဲ”
“အမွှာစိတ်ဝိဥာဉ်အိမ်တော်ရဲ့ ဂိုဏ်းချုပ်၊ ဝူဖနဲ့ ဝူထျန်းလို့တော့ ပြောတာပဲ” ရှုဟွေက မဲ့ပြုံးပြုံးလျက် ပြန်ပြောလိုက်သည်။
“အို၊ သူတို့ကိုယ်တိုင် ရောက်လာတာလား” ရန်ကိုင် မျက်ခုံးပင့်လိုက်သည်။
ဘုံကိုးခုထွတ်မြတ်နယ်မြေသို့ ပြန်လာနေစဉ်တွင် နန်းတော်သခင်ချန်သည် နဂါးဖီးနစ်နန်းတော်မှ ရှောင်လင်ကို အမွှာစိတ်ဝိဥာဉ်အိမ်တော်သို့ ဟူညီအစ်မနှစ်ယောက်အကြောင်း သတင်းပါးခိုင်းခဲ့သည်။ ယခု၊ လအနည်းငယ် ကြာပြီးနောက် အမွှာစိတ်ဝိဥာဉ်အိမ်တော်မှ ဂိုဏ်းခေါင်းဆောင်နှစ်ယောက် ရောက်လာခဲ့သည်။
ဂိုဏ်းချုပ်နှစ်ယောက် ကိုယ်တိုင်ရောက်ရှိလာခြင်းကို ထောက်ရှုကြည့်လျှင် ဟူညီအစ်မနှစ်ယောက်ကို သူတို့မည်မျှ အလေးထားကြောင်း မြင်တွေ့နိုင်ပေသည်။
ထို့ကြောင့် ရန်ကိုင်လည်း အရမ်းကိုမှ ကျေနပ်သွားရ၏။
“တော်ဝင်သခင်။ သူတို့နဲ့ တွေ့ချင်လား” ရှုဟွေက မေးလိုက်သည်။
“တွေ့ရမှာပေါ့။ သူတို့ အခုဘယ်မှာလဲ”
“တော်ဝင်နယ်မြေထဲမှာ စောင့်နေပါတယ်”
“ကောင်းပြီ။ သူတို့ကို ခဏလောက် ဧည့်ခံထားလိုက်။ ခဏနေရင် ကျုပ်လာတွေ့မယ်လို့လည်း ပြောလိုက်ဦး”
ရှုဟွေလည်း ချက်ချင်း ပြန်ထွက်သွားလေသည်။
ရှုဟွေ ထွက်သွားပြီးနောက် ရန်ကိုင်သည် သူ့ကောင်းကင် စိတ်အာရုံဖြင့် တိုက်ပွဲစိတ်ဝိဥာဉ်ကျောင်းတော် တစ်ခုလုံးကို လွှမ်းခြုံပစ်လိုက်လေသည်။ မကြာမီမှာပဲ ဟူညီအစ်မ နှစ်ယောက်ကို တွေ့ရလေသည်။
တိုက်ပွဲစိတ်ဝိဥာဉ်ကျောင်းတော်သည် အတော့်ကိုမှ ကျယ်ဝန်းလှပြီး သွေးတိုက်ပွဲဂိုဏ်းသည် အနောက်တောင်ဘက် အခြမ်းတွင် တည်ရှိပေသည်။ ထိုနေရာ၌ ယခင်က ဆောက်လုပ်ထားခဲ့သော အဆောက်အအုံ များစွာ ရှိနေခဲ့သည်။
လက်ရှိ အချိန်၌ ဟူညီအစ်မနှစ်ယောက်နှင့် ဂိုဏ်းချုပ် ဟူမန်သည် အခြားတပည့်များနှင့်အတူ ပြိုကျပျက်စီးနေသော အဆောက်အအုံများကို ပြန်လည် တည်ဆောက်ရင်း ပတ်ဝန်းကျင်ကို ရှင်းလင်းရေး လုပ်နေခဲ့သည်။
ရန်ကိုင် ပေါ်လာသည်ကိုမြင်သော် ဟူမန်က ပြုံးလျက် လမ်းလျှောက်လာခဲ့သည်။ ရောက်သော် လက်သီးဆုပ်၍ “တူလေးရန်၊ မင်းရောက်လာပြီပဲ”
ဟူညီအစ်မနှစ်ယောက်စလုံး မျက်လုံများ တဖျတ်ဖျတ် လင်းလက်တောက်ပသွားခဲ့ပြီး ပျော်ရွှင်စွာ ပြုံးလိုက်လေသည်။
ရန်ကိုင်က အသာအယာ ခေါင်းညိတ်၍ မေးလိုက်လေသည် “အခြေအနေ ဘယ်လိုလဲ။ မကျေနပ်တာတွေ ဘာတွေ ရှိလား”
ဟူမန်က အလျင်အမြန် လက်ဝှေ့ရမ်းပြလိုက်ပြီး “ဘယ်လိုလုပ်ပြီး ရှိရမှာတုန်း။ တူလေးရန်က ငါတို့ လိုအပ်တာတွေ အားလုံးကို ထောက်ပံ့ပေးပြီးသွားပြီပဲဟာကို။ ငါတို့လုပ်ဖို့ လိုတာဆိုလို့ ကြိုးကြိုးစားစား လေ့ကျင့်ဖို့ပဲ ရှိတော့တာလေ။ ပတ်ဝန်းကျင်ကတော့လေား… ငါတို့က ဇီဇာကြောင်တဲ့လူတွေမှ မဟုတ်တာ။ ဒီတော့ အားလုံက အဆင်ကို ပြေနေတာပဲ”
“အဲ့လိုဆိုတော့ ကောင်းတာပေါ့။ အင်း၊ လိုတာရှိရင် တော်ဝင်နယ်မြေက အကြီးအကဲတွေကို ပြောလိုက်နော်။ သူတို့ လာကူပေးလိမ့်မယ်”
“ဘာမှမလိုသေးဘူး” ဟူမန်က ရယ်မောလိုက်ပြီးနောက် ခေါင်းစဉ်ပြောင်းလိုက်လေသည် “ငါတောင်းဆိုချင်တာဆိုလို့ကွာ တူလေးရန် အနေနဲ့ ငါ့သမီးနှစ်ယောက်ကို သင်ကြားပေးဖို့ နည်းနည်းလောက် အချိန်လေး ဖဲ့ပေးဖို့ပါပဲ။ မင်းသာသင်ပေးရင် ငါ့သမီးနှစ်ယောက်စလုံး အရမ်း ပျော်မှာကွ။ အင်း၊ ညဘက်တွေ ကိုယ်တိုင်ကိုယ်ကျ သင်ပေးတာဆို အကောင်းဆုံးပဲ၊ အဲ့လိုဆို ငါ့သမီးနှစ်ယောက်ကို စိတ်ချသွားပြီ… ဟဲ ဟဲ ဟဲ”
“အဖေ၊ မဟုတ်တာတွေ ဆက်ပြောနေမယ်ဆိုရင် တစ့်နေ့နေ့ကျ ဆွံ့အသွားတတ်တယ်နော်” ဟူကျောင်းအာက သူမအဖေအား စူးစူးရဲရဲ စိုက်ကြည့်လိက်သည်။
ဤနေရာသို့ စရောက်ကတည်းက ဟူမန်သည် သူ့သမီး နှစ်ယောက်ကို ရန်ကိုင်နှင့် အတင်း မကပ်ကပ်အောင် လုပ်နေခဲ့သည်။ သူမတို့အဖေ တွေးနေသည်ကို ညီအစ်မ နှစ်ယောက်စလုံး မသိဘဲ နေမည်လော။ ထိုစကားကို သူမတို့ရှေ့တွင် ပြောလျှင် ထိုမျှ သိပ်ကိစ္စမရှိ၊ သို့သော် သူမအဖေသည် ရန်ကိုင်ရှေ့တွင် သွားပြောနေခဲ့သည်။ ဟူကျောင်းအာ ဆက်ပြီး သည်းမခံနိုင်တော့ချေ။
သူမတို့ အဖေ၏ အစီအစဉ်ဆိုသော အရာကို သူ့မျက်နှာထက် အထင်းသား မြင်တွေ့နေရသည်။
“နင်တို့သုံးယောက် စကားပြောနှင့်ကြနော်” ဟူမန်က ခြောက်ပကပ် ရယ်မောလိုက်ရင်း ခပ်မြန်မြန်ပဲ ထွက်သွားလေသည်။
“သူ့ကို ဂရုစိုက်မနေနဲ့” ဟူကျောင်းအာက ရန်ကိုင်ဆီ အလျင်အမြန် လမ်းလျှောက်သွားလိုက်ပြီး ရှက်ကိုးရှက်ကန်း အမူအရာဖြင့် တိုးတိုးလေး ပြောလိုက်သည် “သူက မဟုတ်တာတွေ လျှောက်ပြောနေတာ”
“ဒါနဲ့ နင်ဘာလို့ ရောက်လာတာလဲ” ဟူမေးအာက မေးလိုက်သည်။
“အမွှာစိတ်ဝိဥာဉ်အိမ်တော်က ဧည့်သည်တွေ ရောက်လာပြီ” ရန်ကိုင်က ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်သည်။
ဟူညီအစ်မနှစ်ယောက်စလုံး တုန်ရီသွားကြပြီး ရန်ကိုင်အား ဝင်းလက်တောက်ပနေသည့် မျက်ဝန်းအစုံဖြင့် ကြည့်လိုက်ကြ၏။
“ရောက်လာတဲ့လူတွေက ဂိုဏ်းချုပ်နှစ်ယောက်ပဲ။ သူတို့ ကိုယ်တိုင် ရောက်လာတာဆိုတာ့ ဒီကိစ္စကို သူတို့ ဘယ်လောက် အလေးထားလဲ ပေါ်လွင်နေပြီ။ ကျန်တာက နင်တို့နှစ်ယောက် ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာပဲ”
ဟူညီအစ်မနှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ တစ်ခဏတာ တိတ်ဆိတ်နေပြီးနောက် ဟူကျောင်းအာက ပြန်ပြောလိုက်သည် “နင်ပဲဆုံးဖြတ်လိုက်၊ နင်ဆုံးဖြတ်တဲ့အတိုင်း ငါတို့လုပ်မယ်”
ဆုံးဖြတ်ချက်ချပိုင်ခွင့်ကို ရန်ကိုင်ဆီ ပုံအပ်လိုက်လေပြီ။
“နင်တို့သွားချင်လား” ရန်ကိုင်က အပြုံးဖြင့် မေးလိုက်သည်။
ညီအစ်မနှစ်ယောက်စလုံး တစ်ပြိုင်တည်း ခေါင်းညိတ်လိုက်ကြ၏။ ဟူကျောင်းအာက ပြန်ပြောလိုက်သည် “အမွှာစိတ်ဝိဥာဉ်ကျောင်းတော်က ဘယ်လိုဂိုဏ်းမျိုးလဲ ဆိုတာကို သိချင်နေတာ”
သူတို့ ဘယ်လိုခံစားနေရသလဲ ဆိုသည်ကို ရန်ကိုင် ကောင်းကောင်း နားလည်ပေသည်။ သူသည်လည်း အတူတူပင် မဟုတ်ပေလော။ နဂါးဖီးနစ်နန်းတော်သည် သူနှင့်စုယန် ရခဲ့သော အမွေအနှစ်နှင့် ဆက်စပ်နေမှန်း သိလိုက်ရသည့်အခါ သူ့ပထမဆုံး အတွေးသည် ထိုဂိုဏ်းကို သွားစစ်ဆေးရန်ပင်။
သူနှင့်စုယန်အတွက် နဂါးဖီးနစ်နန်းတော်ကဲ့သို့ အင်အားစုကြီး တစ်ခုနှင့် ဆက်ဆံရေး တည်ဆောက်နိုင်မည့် အခွင့်အလမ်းကြီး တစ်ခုဖြစ်သည့် အတွက်ကြောင့်လည်း ပါပေသည်။
“သွားချင်နေမှတော့ သွားလိုက်လေ။ ဘာတွေ တုန့်ဆိုင်းနေတာလဲ။ နင်တို့ကို ပြန်သင်ကြားပေးနိုင်မယ့် ဆရာတွေလည်း အဲ့မှာ အများကြီး ရှိနေဦးမယ်။ အဓိကကတော့ နင်တို့သာသွားလိုက်ရင် ကျိန်းသေ အကျိုးရှိမယ်ဆိုတာပဲ”
ဝူဖနှင့် ဝူထျန်းတို့သည် မည်ကဲ့သို့သော လူစားမျိုး ဖြစ်သည်ကို ချန်ကျို့ သူ့အား ပြောပြခဲ့သည်။ ရန်ကိုင်၏ မိတ်ဆွေဖြစ်သည် ဆိုသောအချက်ပါ ထပ်ပေါင်းလိုက်လျှင် အမွှာစိတ်ဝိဥာဉ်ကျောင်းတော် အနေဖြင့် ဟူညီအစ်မ နှစ်ယောက်အား အနိုင်ကျင့်ဗိုလ်ကျရဲလိမ့်မည် မဟုတ်ချေ။
အပြန်အလှန်နေဖြင့် ဝူဖနှင့် ဝူထျန်းသည် သူမတို့ နှစ်ယောက်ကို အဖိုးရတနာသဖွယ် သဘောထား၍ အစွမ်းကုန် မြေတောင်မြှောက် ပျိုးထောင်ပေးပေလိမ့်မည်။