အခန်း (၉၅၁-၉၅၅)
Vol. 39 Ch. 951-955
အပိုင်း (၉၅၁)
ဘုံကိုးခုထွတ်မြတ်နယ်မြေ၊ ဧည့်ခန်းမတွင်…
အမွှာစိတ်ဝိဥာဉ်ကျောင်းတော်မှ ဂိုဏ်းချုပ်နှစ်ယောက်သည် သူတို့၏ ထိုင်ခုံအသီးသီးပေါ်တွင် ထိုင်နေခဲ့ကြသည်။ သို့သော် ပင်အပ်ပေါ် ဖင်ခုထိုင်နေရသည့်ပမာ နှစ်ယောက်စလုံး ဖင်ဂနာမငြိမ် ဖြစ်နေခဲ့ကြသည်။ မျက်လုံးများသည်လည်း ကျီးကန်းတောင်းမှောက် ဖြစ်နေကြလေသည်။
ဤနေရာသို့ ရောက်သည်မှာ ရက်အတော်ကြာနေခဲ့လေပြီ။ သို့တိုင် တော်ဝင်သခင်နှင့် အမွှာစိတ်ဝိဥာဉ်ချီကျင့်စဉ်ကို ပိုင်ဆိုင်ထားသော ညီအစ်မနှစ်ယောက်ကို မတွေ့ရသေးချေ။
ထို့ကြောင့် ဒယ်အိုးပူထဲ ရောက်နေသည့် ပုရွက်ဆိတ်များ ကဲ့သို့ ခံစားနေရသည်မှာ မထူးဆန်းချေ။
တော်ဝင်နယ်မြေ၏ အကြီးအချုပ် ရှုဟွေ အနားတွင် ရပ်နေသဖြင့် စိတ်မရှည်သည့်ဟန် လုပ်မပြရဲ၊ ရင်ထဲကြိတ်၍ တွေးပူနေရုံသာ တတ်နိုင်ခဲ့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က နဂါးဖီးနစ်နန်းတော်မှ သာမန်တပည့်တစ်ယောက်သည် နဂါးတောင်ကြားထဲသို့ အောင်အောင်မြင်မြင် ဝင်ရောက်၍ နဂါးဧကရာဇ်၏ အမွေအနှစ်ကို ရယူနိုင်ခဲ့သည်။
ထိုနှစ်နှစ်အတွင်း၊ ထိုလူငယ်တပည့်သည် အစစ်အမှန်ဒြပ်စင် အဆင့်(၇)မှ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇)သို့ ချိုးဖျက်နိုင်ခဲ့သည်။ ထွက်လာသည်နှင့် ဂိုဏ်းကို ကျူးကျော်လာသော မရဏအေးခဲလိုဏ်ဂူမှ သူတော်စင် ပထမအဆင့် တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည်။ ထိုတိုက်ပွဲ၌ မရဏအေးခဲလိုဏ်ဂူဘက်မှ အကျအဆုံး များပြားခဲ့ရပြီး နဂါးဖီးနစ်နန်းတော်သည် အောင်ပွဲကို ဆင်နွှဲနိုင်ခဲ့သည်။
ထိုသတင်းပြန့်နှံ့သွားသည့်အခါ ပျောက်ဆုံးသွားသော ရှေးဟောင်းအမွေအနှစ်ကို ပြန်ရနိုင်ခဲ့သည်ြ နဂါးဖီးနစ်နန်းတော်၏ ကံကောင်းမှုအပေါ် ဝူဖနှင့် ဝူထျန်းတို့ မနာလိုအားကျမိခဲ့ကြသည်။
ထိုကဲ့သို့ ပျောက်ဆုံးနေသော အမွေအနှစ်ကို ပြန်ရသွားသည့် နဂါးဖီးနစ်နန်းတော်အတွက် ပျော်လည်း ပျော်မိသလို စိတ်လည်း ညစ်မိသည်။
အမွှာစိတ်ဝိဥာဉ်အိမ်တော်နှင့် နဂါးဖီးနစ်နန်းတော်၏ ပင်မအမွေအနှစ်များ တစ်ချိန်တည်း ပျောက်ဆုံးသွားခဲ့ကြသည်။ ယခု နဂါးဖီးနစ်နန်းတော်သည် သူတို့၏ ပျောက်ဆုံးသွားသော အမွေအနှစ်ကို ပြန်ရှာတွေ့ခဲ့ပြီ ဖြစ်သော်လည်း အမွှာစိတ်ဝိဥာဉ် အိမ်တော်သည် ဆက်လက် ဆုတ်ယုတ်နေသေး၏။
ဂိုဏ်းနှစ်ဂိုဏ်းကြားမှ ကွာခြားချက် ထိုမျှ ကြီးမားသွားရာ ဝူဖနှင့် ဝူထျန်းတို့ စိတ်ဓါတ်ကျမိသည်မှာလည်း မထူးဆန်း။
ပင်မအမွေအနှစ်ကို ပြန်မရသေးသော အမွှာစိတ်ဝိဥာဉ် အိမ်တော်အကြောင်း ပြန်တွေးမိသည့် အချိန်တိုင်း နှစ်ယောက်စလုံး သက်ပြင်းချမိကြသည်။
လွန်ခဲ့သော လအနည်းငယ်ခန့်မှ၊ နဂါးဖီးနစ်နန်းတော်မှ အကြီးအကဲရှောင်လင် ရောက်လာပြီး ဆန်းကြယ်လောကငယ် တစ်ခုထဲတွင် မူရင်း အမွှာစိတ်ဝိဥာည်ချီကျင့်စဉ်ကို လေ့ကျင့်ထားသည့် အမွှာမိန်းကလေး နှစ်ယောက်ကို တွေ့ခဲ့ကြောင်း သတင်းလာပို့ခဲ့သည်။
ထို့အပြင် ထိုညီအစ်မနှစ်ယောက်သည် ထုန်းရွှမ် လောကကြီးဆီသို့ ရောက်နေပြီဖြစ်ပြီး လက်ရှိ အချိန်၌ တော်ဝင်နယ်မြေတွင် နေနေကြောင်းပါ ထပ်ပြောသွားခဲ့သည်။
ထိုသတင်းကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ဝူဖနှင့် ဝူထျန်းတို့ နှစ်ယောက်စလုံး နည်းနည်းလေးမှ နှောင့်နှေးမနေဘဲ ဘုံကိုးခုထွတ်မြတ်နယ်မြေဆီသို့ ချက်ချင်း ခရီးထွက်တော့သည်။
သို့သော်လည်း လက်ရှိအချိန်၌ သူတို့ တွေ့ချင်နေသော လူကို မတွေ့ရသေးသလို၊ ဘာကြောင့် မတွေးရသေးတာလဲဟု ရှုကွေကိုလည်း သွားမေးခွန်းမထုတ်ရဲချေ။ ထို့ကြောင့် ဝူဖနှင့် ဝူထျန်းတို့ မည်ကဲ့သို့ ခံစားနေရမည်ကို တွေးကြည့်နိုင်ပေသည်။
ကံကောင်းစွာဖြင့် တော်ဝင်သခင် သူတို့အား မကြာခင် လာတွေ့မည် ဖြစ်ကြောင်းကို ရှုဟွေက သူတို့အား လာပြောခဲ့သည်။
“အကြီအကဲချုပ်၊ တော်ဝင်သခင်ရန် ဘယ်အချိန်လောက် ရမလဲ သိလို့ရမလား” ဝူဖ လုံးဝကို မနေနိုင်၊ မထိုင်နိုင် ဖြစ်နေလေချပြီ။ ထိုမေးခွန်းကို မေးပြီးသည်နှင့် သူအတော်လေး ရှက်သွားခဲ့သည်။
အကြောင်းမှာ လွန်ခဲ့သော တစ်နာရီအတွင်း ထိုမေးခွန်းကိုပဲ သူမေးနေခဲ့သည်မှာ သုံး၊ လေးကြိမ်ပင် မကတော့ချေ။
ရှုဟွေက ယဲ့ယဲ့လေး ပြံး၍ ပြန်ပြောလိုက်သည် “သူမကြာခင် ရောက်လာမယ်လို့ တော်ဝင်သခင်က ပြောလိုက်တယ်။ ဂိုဏ်းချုပ်ဝူ ဒီလောက်တောင် စိုးရိမ်နေတာလား”
ဝူဖက ကိုးယိုးကားယား အမူအရာဖြင့် ရယ်မောလိုက်ပြီး “အဲ့လိုမျိုးပေါ့၊ စိတ်ထဲမထားပါနဲ့နော် အကြီးအကဲချုပ်”
“အစ်ကိုကြီး သူတို့ရောက်လာပြီ” ထိုအချိန်မှာပဲ ဝူထျန်းက ထအော်ပြောလိုက်သည်။
ဝူဖလည်း သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ရာ အဖွဲ့တစ်ဖွဲ့ လျင်မြန်စွာ ချဉ်းကပ် လာနေသည်ကို တွေ့လိုက်ရသည်။ ညီအစ်ကိုနှစ်ယောက်စလုံး၊ ထိုင်ပင် မထိုင်နိုင်တော့။ ချက်ချင်း ပြေးထွက်သွားကာ ဧည့်ခန်းမရှေ့တွင် စောင့်နေလိုက်ကြလေသည်။
ခဏအကြာ အပြာရောင်အလင်း တစ်ချက်လက်သွားပြီး လူသုံးယောက် ပေါ်လာခဲ့သည်။
ဦးဆောင်လာသောလူကာ သူရဲကောင်းဆန်ဆန် ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့် လူငယ်လေးတစ်ယောက်ပင်။ ကောင်လေး၏ အရှိန်အဝါမှာ အတော့်ကိုမှ အားကောင်းပြီး မျက်လုံးများမျာလည်း ဓါးသွားနှယ် စူးရှသည်။ တစ်ချက်ကြည့်ရုံဖြင့် အားမနည်းမှန်း တန်းသိနိုင်သည်။
သို့သော် ဝူဖနှင့် ဝူထျန်းတို့၏ အာရုံကို ဖမ်းစားသွားသည်ကား လူငယ်လေး၏ နောက်တွင် ရှိနေသော မိန်းကလေး နှစ်ယောက်ပင်။
အမျိုးသမီးနှစ်ယောက်သည် လုံးဝကို ချွတ်ဆွတ်တူနေသည်။ အသက်အရှိန်အဝါရော၊ အစစ်အမှန်ချီစွမ်းအင်ပါ တူနေခြင်း ဖြစ်သည်။ နှစ်ယောက်သား ဘေးချင်းယှဉ် ရပ်နေစဉ် သူတို့ကြား မမြင်နိုင်သော နှောင်ကြိုးတစ်မျှင် ရှိနေသည့်နှယ်။ ဆိုလိုရင်းသည်ကား နှစ်ယောက်စလုံးသည် အသက်စွမ်းအင် တစ်ခုကို မျှဝေသုံးစွဲနေသလိုမျိုး ဖြစ်နေခြင်းပင်။
သူတို့၏ ပင်ကိုအမူအကျင့်၊ စရိုက်ကြောင့်သာ မဟုတ်ပါက ထိုနှစ်ယောက်အနက် တစ်ယောက်သည် အစစ်အမှန်၊ တစ်ယောက်သည် ကိုယ်ပွားဖြစ်သည်ဟု ထင်ချင်စရာပင်။
ဝူဖနှင့် ဝူထျန်းတို့ နှစ်ယောက်စလုံး အသက်ရှူသံ မြန်ဆန်လာခဲ့ကြသည်။ ဟူညီအစ်မနှစ်ယောက်အပေါ် အကြည့်ဆိုက်လိုက်သည့်အခိုက်၊ နှစ်ယောက်စလုံး၏ မျက်လုံးများ ပျော်ရွှင်မှု၊ အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်လာခဲ့ရသည်။
ထိုညီအစ်မနှစ်ယောက်သည် အမွှာစိတ်ဝိဥာဉ်ချီကျင့်စဉ်ကို လေ့ကျင့်ထားမှန်း ဝူဖနှင့် ဝူထျန်းတို့ နှစ်ယောက်စလုံး အတည်ပြုနိုင်ခဲ့ကြသည်။
အကြောင်းသည်ကား၊ ဤလောကကြီးတွင် အမွှာစိတ်ဝိဥာဉ်ချီ ကျင့်စဉ်မှလွဲ၍ ထိုကဲ့သို့ ဖြစ်အောင် လုပ်ပေးနိုင်သည့် ကျင့်စဉ်မျိုး မရှိသည့်အတွက်ကြောင့်ပင် ဖြစ်သည်။
ထို့အပြင် ညီအစ်မနှစ်ယောက်စလုံးသည် ထိုကျင့်စဉ်၏ မူရင်းကို ကျင့်ကြံထားသည်မှာ သေချာပေသည်။
ထိုညီအစ်မနှစ်ယောက်၏ အသက်စွမ်းအင် အရှိန်အဝါနှင့် အစစ်အမှန်ချီသည် ကြေမုံထက် ရောင်ပြန်ဟပ်နေသည့်ပမာ ချွတ်ဆွတ် တူညီနေခဲ့ကာ အမွှာစိတ်ဝိဥာဉ်အိမ်တော်၏ ဂိုဏ်းချုပ် နှစ်ယောက်ဖြစ်သော ဝူဖနှင့် ဝူထျန်းတို့ထက်ပင် သာလွန်နေ၏။
“အစ်ကိုကြီး” ဝူထျန်း သက်ပြင်းရှိုက်နေသည်။ စိတ်လှုပ်ရှားမှုကြောင့် သူ့တစ်မျက်နှာလုံး နီမြန်းနေသည်။
“အင်း” ဝူဖသည်လည်း အရမ်းကိုမှာ စိတ်လှုပ်ရှားနေသည် “ပျောက်သွားတဲ့ အမွှာစိတ်ဝိဥာဉ်ချီကျင့်စဉ်ဆိုတာ သေချာတယ်”
ဟူညီအ်မနှစ်ယောက်သည်လည်း ဝူဖနှင့် ဝူထျန်းတို့အား သေသေချာချာ လေ့လာနေခဲ့သည်။ သူမတို့ကဲ့သို့ ရုပ်တူ၊ အရှိန်အဝါတူသည် ကျင့်ကြံသူမျိုး တစ်ခါမှ မတွေ့ခဲ့ဖူးချေ။
သို့သော် ထိုနှစ်ယောက်၏ မျက်လုံးများသည် ခုနှစ်ရက်၊ ခုနှစ်လီ မစားရမသောက်ရသေးသော သားရဲရိုင်းတစ်ကောင်ပမာ ဆာလောင်မွတ်မှုတို့ဖြင့် ပြည့်နေသဖြင့် ညီအစ်မနှစ်ယောက် ထိတ်လန့်သွားပြီး ရန်ကိုင်နောက် အလိုလို ပုန်းမိလိုက်ကြသည်။
ညီအစ်မနှစ်ယောက်၏ အပြုအမူကို သတိပြုမိလိုက်သည်နှင့် ဝူဖနှင့် ဝူထျန်းတို့လည်း သူတို့ကိုယ်သူတို့ ပြန်ထိန်းလိုက်ကြသည်။ ထို့နောက် ညီအစ်မနှစ်ယောက်ကို မကြောက်ရွံ့စေရန် အလို့ငှာ ဖော်ဖော်ရွေရွေ ပြုံးလိုက်ကြလေသည်။
“ဒီက ရောင်းရင်းနှစ်ယောက် အမွှာစိတ်ဝိဥာဉ်အိမ်တော်ရဲ့ ဂိုဏ်းချုပ်တွေပါလား” ရန်ကိုင်က အပြုံးဖြင့် မေးလိုက်သည်။
ဝူဖနှင့် ဝူထျန်းတို့ နှစ်ယောက်စလုံး ခါးကိုမတ်လိုက်ပြီး လက်သီးဆုပ်ကာ “ဟုတ်ပါတယ်။ ဒါက တော်ဝင်သခင်ရန်ပေါ့”
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ် တော်ဝင်သခင်ရန်။ တော်ဝင်သခင်ရန် အကြောင်းကို ကြားဖူးနေတာ ကြာပါပြီ” ဝူဖက လောကဝတ်စကား နည်းနည်းပါးပါး ပြောလိုက်ပြီးနောက် လိုရင်းကို တန်းပြောလေသည် “တော်ဝင်သခင်ရန်၊ ဒီမိန်းကလေး နှစ်ယောက်…”
ရန်ကိုင်က အပြုံးလေးပြုံးလျက် ကြားဖြတ်ပြောလိုက်သည် “အထဲအရင်သွားကြတာပေါ့”
ပြောပြီးသည်နှင့် ဟူညီအစ်မနှစ်ယောက်ကို ဦးဆောင်၍ ဧည့်ခန်းထဲ ဝင်သွားလိုက်ကြလေသည်။
ဝူဖနှင့် ဝူထျန်းတို့လည်း အကြည့်ချင်းဖလှယ်၍ အထဲသို့ အမြန်အဆန် လိုက်ဝင်သွားကြသည်။
နေရာကိုယ်စီ ယူပြီးသွားပြီးသည်နှင့် အစေခံမလေးများကို ရေနွေးကြမ်း အရင်ငှဲ့စေလိုက်သည်။ ထို့နောက် တည်တည်ငြိမ်ငြိမ်ဖြင့် စပြောလေသည် “ကဲ၊ လိုရင်းကို တိုက်ရိုက်ပဲ ပြောတော့မယ်။ ဂိုဏ်းချုပ်နှစ်ယောက် ဘာလို့ ရောက်လာလဲ ကျုပ်သိပါတယ်”
ဝူဖမျက်နှာ ဝင်းပသွားခဲ့ပြီး ရန်ကိုင်အား မျှော်လင့်တကြီးဖြင့် ကြည့်လိုက်သည်။
“ဒါပေမယ့် ကျုပ်တို့ တော်ဝင်နယ်မြေက အမွှာစိတ်ဝိဥာဉ် အိမ်တော်နဲ့ တစ်ခါမှ အဆက်အဆံ မလုပ်ဖူးဘူး။ ကျုပ်ကလည်း ဂိုဏ်းချုပ်နှစ်ယောက်နဲ့ သိတာ မဟုတ်ဘူးဆိုတော့… ကျုပ်အရင် အတည်ပြုစရာလေး နည်းနည်းရှိတယ်။ ဂိုဏ်းချုပ်တို့ နှစ်ယောက် စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်”
“တော်ဝင်သခင် ပြောတာလည်း ဖြစ်သင့်တာပဲလေ” ဝူဖနှင့် ဝူထျန်းတို့ နှစ်ယောက်စလုံး အလျင်အမြန် သဘောတူလိုက်ကြ၏။
“ရှင်းရှင်းပြောရမယ်ဆိုရင် ခင်ဗျားတို့ နှစ်ယောက်စလုံး သူတို့ နှစ်ယောက်ကို အမွှာစိတ်ဝိဥာဉ်အိမ်တော်ဆီ ခေါ်သွားချင်တယ်၊ ဟုတ်တယ်မလား”
ဝူဖနှင့် ဝူထျန်းတို့ နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်သည်။
“ဘာလို့လဲဆိုတော့ သူတို့ နှစ်ယောက်က ခင်ဗျား အမွှာစိတ်ဝိဥာဉ်အိမ်တော်ရဲ့ ပင်မ အမွေအနှစ်ကို ရထားတာကိုး။ ပြီးတော့ ခင်ဗျားတို့ဂိုဏ်း ပြန်လည် ဦးမော့လာအောင် လုပ်ပေးနိုင်မယ့် မျှော်လင့်ချက်လည်း ဖြစ်နေတယ်လေ၊ ဟုတ်တယ်မလား။ သူတို့ နှစ်ယောက်ကလည်း ခင်ဗျားတို့ အမွှာစိတ်ဝိဥာဉ်အိမ်တော်ဆီ သွားချင်နေတယ်။ ကျုပ်မေးပြီးသွားပြီ”
“တကယ်လား” ဝူဖ ပျော်သွားခဲ့ပြီး ချက်ချင်းပဲ ဟူညီအစ်မ နှစ်ယောက်အား ကျေးဇူးတင်တကြီး ကြည့်လိုက်ကြသည်။
ဝူဖနှင့် ဝူထျန်းတို့ နှစ်ယောက်စလုံး တစ်ချိန်လုံး ရင်တမမ ဖြစ်နေခဲ့ရသည်။ ထိုညီအစ်မနှစ်ယောက်သာ သူတို့နောက် မလိုက်ချင်လျှင် သူတို့ ဘာဆက်လုပ်ရမည်နည်း။ ဒီအတိုင်း ပြန်သွားဖို့သာ ရှိတော့ပေသည်။
သူတို့သည် လက်ရှိတွင် တော်ဝင်နယ်မြေ၌ ရှိနေခြင်း ဖြစ်သည်။ နှစ်ယောက်စလုံးသည် သူတော်စင်ပထမအဆင့် ပညာရှင်များသာ ဖြစ်ကြသည်။ နှစ်ယောက်သား ပူးပေါင်း၍ တိုက်ခိုက်လျှင် သူတော်စင်ဒုတိယအဆင့် တစ်ယောက်ကို ယှဉ်တိုက်နိုင်သည်မှာ အမှန်ဖြစ်သော်လည်း ထိုခွန်အားဖြင့် မဟာတိုက်တန်ကြီး တစ်ပါးဖြစ်သော ဘုံကိုးခုထွတ်မြတ် နယ်မြေကို ရင်ဆိုင်ရန်မှာ ရူးမိုက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
သူတို့ ဤနေရာတွင် ရက်အနည်းငယ်ကြာအောင် တည်းခိုခဲ့ပြီးသွားလေပြီ။ ထို့ကြောင့် အနီးနားရှိ တောင်တစ်လုံးပေါ်တွင် အနားယူနေသော လွန်စွာကိုမှ အားကောင်းလှဿည့် အရှိန်အဝါတစ်ခုကို သတိပြုမိပေသည်။ ထိုအရှိန်အဝါသည် ဤနေရာကို စောင့်ကြပ်နေသော သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်သည်မှာ သံသယ ရှိစရာမလိုချေ။
ဤနေရာ၌ ပြဿနာ ရှာခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးခြင်းပင်။
“ဒါက ခင်ဗျားတို့နှစ်ဖွဲ့ ဆွေးနွေးရမယ့်ကိစ္စ၊ ကျုပ်လို့ အပြင်လူတစ်ယောက် ဝင်ရှုပ်သင့်တဲ့ ကိစ္စမဟုတ်ဘူး” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “ဒါပေမယ့် ဒီမိန်းကလေး နှစ်ယောက်… အင်း၊ ကျုပ်အတွက်တော့ သူတို့တွေက အိမ်နီးချင်း ညီမလေးတွေလိုပဲ”
သူထိုစကားကို ပြောလိုက်သည်နှင့် ညီအစ်မ နှစ်ယောက်စလုံး သူတို့အား ရှုပ်ထွေးသည့် အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
ရန်ကိုင်ကမူ မသိချင်ယောင် ဆောင်၍သာ ဆက်ပြောလိုက်သည် “ပြီးတော့ သူတို့တွေက အခုလေးတင်မှ ထုန်းရွှမ်လောကကြီးကို ရောက်လာတာ။ ဒီလောကကြီး အကြောင်း ဘာမှသိသေးတာ မဟုတ်ဘူး။ ဒါကြောင့်ပဲ၊ သူတို့ ကိုယ်စား ကူပေးနေရတာ”
“ပြောသာပြောလိုက်ပါ တော်ဝင်သခင်ရန်၊ ကျုပ်တို့ဘက်က စိတ်ကျေနပ်အောင် အတတ်နိုင်ဆုံး လုပ်ပေးပါ့မယ်” ဝူဖက ချက်ချင်းပဲ ပြန်ပြောလိုက်သည်။
“သူတို့သာ အမွှာစိတ်ဝိဥာဉ်အိမ်တော်ဆီ ရောက်သွားရင် ဘယ်လိုအနေအထားမျိုး ရမှာလဲ” ရန်ကိုင်လည်း ဆက်လက် ယဉ်ကျေးပြမနေတော့။ တိုက်ရိုက်သာ မေးလိုက်သည်။
ဝူဖက ခဏလောက် စဉ်းစားပြီးနောက် “နဂါးဖီးနစ်နန်းတော်မှာ နဂါးဧကရာဇ်ရဲ့ ဆက်ဆံသူဖြစ်တဲ့ စွန်းယုဆိုတဲ့ တပည့်တစ်ယောက်ရှိတယ်။ နဂါးဖီးနစ်နန်းတော်က သူ့ကို ဆက်ဆံသလိုမျိုးလည်း ကျုပ်တို့လည်း သူတို့ နှစ်ယောက်ကို ဆက်ဆံမှာပါ”
ရန်ကိုင်က ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်ပြီး “သူတို့ ပြန်လာချင်ရင်ကော”
“ကျုပ်တို့ မတားဘူး။ အမွှာစိတ်ဝိဥာဉ်အိမ်တော်ရဲ့ အမွေအနှစ် ဆက်လက် တည်ရှိနိုင်ဖို့က အရေးအကြီးဆုံးပဲ။ ဘယ်နေရာမှာပဲရှိရှိ၊ အရေးမကြီးဘူး”
“ခင်ဗျားတို့ဂိုဏ်းဆီ သူတို့ ရောက်သွားခဲ့တဲ့အခါ၊ သူတို့ ကျင့်ကြံဖို့ လိုအပ်တဲ့…”
“ဂိုဏ်းမှာရှိတဲ့ အကောင်းဆုံး ပစ္စည်းတွေ၊ နေရာတွေ ထောက်ပံ့ပေးမှာ။ ကျုပ်တို ညီအစ်ကိုနှစ်ယောက်တောင် သူတို့ နှစ်ယောက်ကို တစ်ချိန်လုံး ကာကွယ်ပေးနေဦးမှာ”
“သူတို့ ရထားတဲ့ အမွှာစိတ်ဝိဥာဉ်ချီကျင့်စဉ်ကော…”
“သူတို့ မပေးချင်ရင် ဘာမှမဖြစ်ဘူး။ ဘယ်သူမှ အတင်းအကြပ် တောင်းမှာမဟုတ်ဘူး။ သူတို့နှစ်ယောက် အဲ့ကျင့်စဉ်ကို ရထားတာနဲ့တင် ကျုပ်တို့ ဘိုးဘေးတွေရဲ့ ကံကောင်းမှုဖြစ်နေပြီ”
“သူတို့ရဲ့….”
----------------------------------
ရန်ကိုင် ပြောလာသမျှ တောင်းဆိုချက်တိုင်းကို ဝူဖနှင့် ဝူထျန်းတို့ နှစ်ယောက်စလုံး တုန့်ဆိုင်းခြင်းမရှိ သဘောတူခဲ့၏။
“သူတို့ရဲ့…”
“ရန်ကိုင်” နောက်ဆုံး၌ ဟူကျောင်းအာက ရန်ကိုင်အား ‘တော်တော့’ ဟူသောအကြည့်ဖြင့် လှမ်းအော်ခေါ်လိုက်သည် “ဒီလောက်ဆို လုံလောက်နေပြီလေ”
ရန်ကိုင် တောင်းဆိုလိုက်သည့် အခြေအနေများ၊ မေးလိုက်သည့် အမျိုးမျိုးသော ပြဿနာများသည် သူမတို့ နှစ်ယောက်အတွက် ကောင်းမွန်းသော စေတနာဖြင့် မေးပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ရန်ကိုင် ပိုပို၍ တောင်းဆိုလာလေ သူမတို့ နှစ်ယောက် ပိုပို၍ မျက်နှာပူလာရလေပင်။ ထို့ကြောင့် နောက်ဆုံး၌ ဟူကျောင်းအာကိုယ်တိုင် ရန်ကိုင်ကို တားလိုက်ခြင်း ဖြစ်သည်။
ဝူဖနှင့် ဝူထျန်းတို့သည် သူတို့ တတ်နိုင်သလောက် လုပ်ပေးခဲ့ပြီးလေပြီ။
“အင်း၊ ဒီလောက်နဲ့ပဲ တော်ပါပြီလေ” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ဘေးသို့လှည့်ကာ ပြောလိုက်သည် “ရှုဟွေ၊ သူတို့နဲ့ ထည့်ပေးဖို့ သူတော်စင်အဆင့် ဆေးလုံးအချို့ ပြင်ထားလိုက်ပါလား”
“ဟုတ်ကဲ့ပါ” ရှုဟွေ ချက်ချင်းပဲ ထွက်သွားလေသည်။
ထိုရက်အတောအတွင်း ရှနင်းချန်နှင့် ဆေးဝိဇ္ဇာကြီး ငါးယောက်သည် ဆေးဖော်စပ်ပေးရန် လာရောက် တောင်းဆိုသည့် ဧည့်သည်များမရှိသည့်တိုင် ဆေးဖော်စပ်နေကြသဖြင့် တော်ဝင်နယ်မြေ၏ ဂိုဏ်းဒေါင်ထဲ သူတော်စင်အဆင့် ဆေးလုံးများစွာ ရှိနေခဲ့လေသည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ဝူဖနှင့် ဝူထျန်းတို့ နှစ်ယောက်စလုံး ထိတ်လန့်သွားကြပြီး ရန်ကိုင်အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်ကြသည်။
သူတော်စင်အဆင့် ဆေးလုံးများသည် ရှားပါရတနာများ ဖြစ်ကြသည်။ သို့သော်လည်း တော်ဝင်သခင်ရန်သည် သူတော်စင် အဆင့် ဆေးလုံးများစွာကို ထိုမိန်းကလေး နှစ်ယောက်အား တုန့်ဆိုင်းခြင်းမရှိ ပေးခဲ့သည်။ ထို့ကြောင့် တော်ဝင်သခင်ရန်နှင့် ထိုမိန်းကလေးနှစ်ယောက်ကြားရှိ ဆက်ဆံရေးမှာ အတော့်ကိုမှ နက်ရှိုင်းရပေမည်။
တစ်ခဏတာလောက် သူတို့၏ အမူအရာများ တစ်မျိုးတမည် ထူးဆန်းသွားရသည်။
“ဘယ်တော့သွားမယ် လုပ်ထားလဲ” ရန်ကိုင်က ဟူညီအစ်မ နှစ်ယောက်ကို မေးလိုက်သည်။
ဟူကျောင်းအာက တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ပြောလိုက်သည် “ငါတို့ ဘယ်အချိန်သွားမလဲ ဆိုတာကတော့ စီနီယာနှစ်ယောက်အပေါ်ပဲ မူတည်လိမ့်မယ်”
ဝူဖ နည်းနည်းလေးမှ ထပ်မစောင့်ချင်တော့ချေ။ ထို့ကြောင့် “အဲ့လိုဆိုရင် အခုပဲ သွားကြမယ်လေ။ လမ်းက တော်တော်လေး ဝေးတော့ အမွှာစိတ်ဝိဥာဉ်အိမ်တော်ဆီ ရောက်ဖို့ဆို အနည်းဆုံး တစ်လ၊ နှစ်လလောက်ကြာမှာ”
“ကောင်းပြီလေ” ဟူကျောင်းအာက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရန်ကိုင်ဘက်သို့လှည့်၍ “အခု ငါတို့နှစ်ယောက် အမွှာစိတ်ဝိဥာဉ်အိမ်တော်ကို သွားကြည့်ရုံပဲ ကြည့်တာလို့၊ သိပ်မကြာခင် ပြန်လာမယ်လို့ ငါ့အဖေကို ပြောပေးပါဦးနော်”
“ဘာမှမဖြစ်ဘူး။ ငါသွားပြောပေးလိုက်မယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
“ဒီက မိန်းကလေးနှစ်ယောက်ကို ဘယ်လိုခေါ်ရမလဲ မသိဘူး” ဝူဖနှင့် ဝူထျန်းတို့ နှစ်ယောက် နောက်ဆုံးတွင် မေးလာခဲ့သည်။ ယနေ့ပြီးနောက် ဟူညီအစ်မနှစ်ယောက်သည် အမွှာစိတ်ဝိဥာဉ် အိမ်တော်အတွင် အချိန်အတော်ကြာအောင် နေမည်ဖြစ်ရာ သူတို့ အနေဖြင့် သူမတို့နှစ်ယောက်ကို နာမည်ကို သိထားရန်လည်း လိုအပ်ပေသည်။
ဟူညီအစ်မနှစ်ယောက် ချက်ချင်းပဲ ပြန်ဖြေလိုက်၏။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၅၂)
အမွှာစိတ်ဝိဥာဉ်ကျောင်းတော်မှ ဂိုဏ်းချုပ်နှစ်ယောက်နှင့် ဟူညီအစ်မ နှစ်ယောက်ကို ရန်ကိုင်ကိုယ်တိုင် လိုက်ပို့ပေးခဲ့သည်။
ဝူဖနှင့် ဝူထျန်းသည် ရှေ့မှ လျှောက်နေစဉ်၊ ရန်ကိုင်၊ ဟူကျောင်းအာနှင့် ဟူမေးအာတို့သည် ခြေလှမ်းအနည်းငယ် ခွာ၍ နောက်မှ လျှောက်နေခဲ့သည်။ သွားနေရင်း နောက်ဆုံး အကြိမ်အဖြစ် လိုအပ်သည်များကို ထပ်မံ သတိပေးနေခဲ့သည်။
ဟူညီအစ်မနှစ်ယောက် ဤလောကကြီးသို့ ရောက်သည်မှာ မကြာသေးချေ။ ယခု သူလက်လှမ်းမမှီသော နေရာတစ်ခုဆီ သွားတော့မည် ဖြစ်လေရာ ရန်ကိုင်အနေဖြင့် သူမတို့အား သေချာသတိပေးထားရပေမည်။
ကျောင်းအာနှင့် မေးအာတို့ နှစ်ယောက်စလုံး သူသတိပေးသည်များကို ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေခဲ့သည်။
ခဏလောက် စကားပြောပြီး နောက်ဆုံးတွင် ရန်ကိုင်က ပြောလိုက်သည် “အဲ့လိုဆိုရင် ဒီအထိပဲ လိုက်ပို့တော့မယ်။ အဲ့ဘက်ရောက်ရင် ကိုယ့်ဘာသာ ကောင်းကောင်းနေကြနော်။ သူများတွေကို လိုက်ပြဿနာ မရှာနဲ့။ တစ်ယောက်ယောက် ပြဿနာလာရှာရင်လည်း ငြိမ်ခံမနေနဲ့။ အနိုင်ကျင့်ခံရတယ်ဆိုရင် ငါ့ကိုသာ လာပြော။ ငါကောင်းကောင်း ဆုံးမပေးလိုက်မယ်”
“အင်း…” ဟူမေးအာ သူနှင့် မခွဲချင်သေးသည့်ပုံပင်။
ဟူကျောင်းအာကမူ ရန်ကိုင် ခန္ဓာကိုယ်အား ဖိကပ်၍ သူ့လက်မောင်းကို သူမရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
“နင်ဘာလုပ်နေတာလဲ” ရန်ကိုင် ဟူကျောင်းအာအား အံ့အားသင့်တကြီး စိုက်ကြည့်လိုက်သည်။
“ငါတို့ကို အိမ်နီးချင် ညီမလေးတွေလို့ တကယ် ခေါ်ခဲ့တယ်နော်…” ဟူကျောင်းအာက စိတ်ချဉ်ပေါက်ပေါက်ဖြင့် နှုတ်ခမ်းလေးကိုကိုက်လျက် “မေးအာက နင့်ထက်ငယ်တော့ သူကို ညီမလေးလို့ ခေါ်တာ ပြဿနာ မရှိဘူး။ ဒါပေမယ့် ငါ… နင့်ရဲ့ အဒေါ်ကြီးလို့တောင် ခေါ်ရမယ့်လူကို နင့်ကို အစ်ကိုကြီးရန်လို့ ခေါ်စေချင်တာလား”
သူမ၏ စွဲမက်ဖွယ်အမူအရာကို စိုက်ကြည့်၍ နုနုရွရွ၊ ညုတုတု လေသံလေးကို နားထောင်ရင်း ရန်ကိုင်က ခေါင်းညိတ်လိုက်သည် “ဟုတ်တယ်လေ”
“နည်းနည်းလေး အရှက်မမဲ့လိုက်လို့ မရဘူးလား” ဟူကျောင်းအာ ငိုရခက်၊ ရယ်ရခက် ဖြစ်နေခဲ့သည်။
အသက်အရွယ်အရ ဆိုလျှင် သူမသည် ရန်ကိုင်ထက် ပိုကြီးပေသည်။
သို့သော်လည်း သူမနှင့် သူမညီမလေးသည် ရုပ်ချင်း ဆင်တူလေရာ သူမတို့အား မြင်လိုက်သည့်လူတိုင်း အမွှာဟုသာ ထင်ကြလေသည်။
“အဲ့လိုပြောလိုက်ရတာလည်း ပိုပြီး လွယ်ကူသွားအောင်လို့လေ။ ပြီးတော့ နင်တို့ အဆင့်အတန်းကို မြှင့်တင်ပေးဖို့ အဲ့လိုပြောခဲ့တာလေ။ သိသိကြီးနဲ့ ဘာလို့ လာပြဿာနာ ရှာနေရတာလဲဟာ” ရန်ကိုင် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
“နင့်စေတနာကို ငါနားလည်ပါတယ်” ဟူကျောင်းအာက သူ့လက်ကို လွှတ်ပေးလိုက်ပြီး ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည် “နင်လို အိမ်နီးချင်အစ်ကိုကြီး တစ်ယောက် ရထားတာလည်း သိပ်မဆိုးဘူးပဲ”
ရန်ကိုင် ကြောင်သွားခဲ့သည်။
သူမှင်သက်နေစဉ်မှာပဲ ဟူညီအစ်မနှစ်ယောက်သည် ဝူဖနှင့် ဝူထျန်းတို့ကို လိုက်မှီသွားခဲ့လေပြီ။
အမွှာစိတ်ဝိဥာဉ်အိမ်တော်၏ ဂိုဏ်းချုပ်နှစ်ယောက်သည် နောက်ဆုံး မသွားခင် လက်သီးဆုပ်၍ “တော်ဝင်သခင်ရန်၊ ကျုပ်တို့ သွားတော့မယ်နော်။ ဒီနှစ်ယောက်နဲ့ ပက်သက်ပြီး မစိုးရိမ်ပါနဲ့။ ကျုပ်တို့ အသက်ရှင်နေသရွေ့ ဘယ်သူမှ သူတို့ကို အနိုင် မကျင့်စေရပါဘူး”
“အဲ့လိုဆိုရင် ဂိုဏ်းချုပ်နှစ်ယောက်ကိုပဲ ဒုက္ခပေးရတော့မှာပေါ့” ရန်ကိုင်က ပြန်ပြောလိုက်သည်။
ဟူကျောင်းအာနှင့် ဟူမေးအာတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် နှစ်ယောက်စလုံး ရန်ကိုင်အား ပြိုင်တူ လက်ဝှေ့ရမ်းပြလိုက်လေသည် “သွားတော့မယ်နော်၊ အစ်ကိုကြီးရန်၊ ကျွန်မတို့ ရှင့်ကို လွမ်းနေမယ်နော်”
ပြောပြီးသည်နှင့် သူမတို့၏ ပုံရိပ်လေးများ တဖြည်းဖြည်း အဝေးသို့ ပျံသန်းသွားလေသည်။
သူတို့ ပျောက်ကွယ်သွားရာ အရပ်ဆီ စိုက်ကြည့်ရင်း ရန်ကိုင် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်သည်။ အစောပိုင်းမှ ခံစားလိုက်ရသည့် အအေးဓါတ်ကြောင့် ဘုံကိုးခုထွတ်မြတ် နယ်မြေဆီ အမြန်ပြန်ပြီး သူ့စီနီယာမမလေးဆီမှ အနွေးဓါတ် တောင်းခံရတော့ပေမည်။
ဆယ်ရက်ကြာပြီးသည့်နောက် အကုန်လုံး အစီအစဉ်တကျ ပြန်ဖြစ်သွားခဲ့ရသည်။
တိုက်ပွဲစိတ်ဝိဥာဉ်ကျောင်းတော်၏ နေရာဟောင်းတွင် ဟန်မင်းဆက်မှ ဂိုဏ်းအသီးသီးများ အတူတကွ စုပေါင်း နေထိုင်နေကြသည်။ ယခင်က ဆောက်လုပ်ဆဲ အဆောက်အဦးများ ရှိနေသဖြင့် နည်းနည်းပါးပါး ပြန်ပြင်ရုံသာ လိုအပ်လေသည်။
တော်ဝင်နယ်မြေနှင့် ပက်သက်၍လည်း ရန်ကိုင်အဖို့ ဘာမှ များများစားစား လုပ်စရာမလိုအပ်။ ကိစ္စအားလုံးနီးပါးကို အကြီးအကဲချုပ်ကသာ ကိုင်တွယ် ဖြေရှင်းသွားလေသည်။
အားလုံးကို နှုတ်ဆက်စကားဆိုပြီးနောက် ရေခဲဂိုဏ်းသို့ ရန်ကိုင် တစ်ယောက်တည်း ထွက်လာခဲ့သည်။
စုယန်ကို သွားပြန်ခေါ်ဖို့ အချိန်ကျလေပြီ။
ယခုတစ်ကြိမ် ဘယ်သူကိုမှ မခေါ်လာခဲ့။ လီရုန်နှင့် ဟန်ဖေးမှာ သူ့နောက်သို့ လိုက်လာချင်သော်လည်း ရန်ကိုင်က မခေါ်ခဲ့ချေ။
သူ့မိန်းကလေးကို သွားခေါ်ရာတွင် အလှလေး နှစ်ယောက်ကိုပါ ဘယ်လိုလုပ်ပြီး ခေါ်သွား၍ ဖြစ်လေပါ့မလဲ။ စုယန်သည် သဘောထားကြီးမားပြီး သူ့အပေါ် သံသယမဝင်လျှင်ပင် ရန်ကိုင် စိတ်ထဲ ခံစားလို့ကောင်းမည် မဟုတ်ချေ။
ထို့ကြောင့် လီရုန်နှင့် ဟန်ဖေးတို့အား လိုက်မလာခိုင်းခဲ့ပေ။
ရေခဲဂိုဏ်းသို့ရောက်ရန် မည်မျှ ကြာမည်မှန်း မသိသဖြင့် ရန်ကိုင်သည် ရေဝိဥာဉ်ဘုရားကျောင်းသို့ အရင်သွားရန် အစီအစဉ် ဆွဲလိုက်သည်။ ထိုနေရာမှတစ်ဆင့် ရေခဲဂိုဏ်းဆီသို့ သွားပေမည်။
ကောင်းကင်ထက်တွင် အပြာရောင်အလင်းတန်းတစ်ခု ပျံသန်းနေခဲ့သည်။ ရန်ကိုင်သည် ကောင်းကင်လွန်းပျံထဲ အေးအေးသက်သာဖြင့် ထိုင်နေခဲ့သည်။
တောင်စဉ်တောင်ဆက်၊ မြစ်အသွယ်သွယ်ကို ကျော်ဖြတ်ပြီးနောက် တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်းနှင့် ရန်ကိုင် တဖြည်းဖြည်း နီးကပ်လာခဲ့သည်။ သူ့အနေဖြင့် ပို၍လည်း စိတ်လှုပ်ရှားလာနေခဲ့ရသည်။
စုယန်နှင့် နီးလာလေ၊ သူပို၍ ရင်ခုန်စိတ်လှုပ်ရှားလာလေပင်။
စုယန် ဘယ်အဆင့်သို့ ရောက်နေပြီမှန်းသူမသိ။ သို့သော် သူမ၏ ပါရမီ၊ ပတ်ဝန်းကျင်အရ သူ့နောက်တွင်တော့ လုံးဝ ကျကျန်နေလိမ့်မည် မဟုတ်ချေ။
ရှနင်းချန်နှင့် စုယန်တို့ကို ရှာလို့သည့်အတွက်ကြောင့်သာ ထုန်းရွှမ်လောကကြီးဆီသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ သူ၏ အဖြစ်ချင်ဆုံး ဆန္ဒမှာ သူမတို့နှစ်ယောက်အား ရှာရန်ပင်။
သို့သော်လည်း ထိုဆန္ဒလေးကို ပြီးမြောက်အောင် လုပ်ရန်အတွက် ဆယ်နှစ်ကြာသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ယခုအဆင့်သို့ ရောက်ရှိလာလိမ့်မည်ဟုလည်း ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။
သူတော်စင် တတိယအဆင့်၊ အစစ်အမှန်ချီ သန့်စင်ခြင်း၊ ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင်၊ ရှေးဟောင် နတ်ဆိုးကလန်၏ အရှင်သခင်၊ ထို့အပြင် လူမသိအောင် ဖုံးကွယ်ထားသော နဂါးဧကရာဇ်ဆိုသည့် ဂုဏ်ပုဒ်။
ကိုယ်ပိုင်ခွန်အားလေး နည်းပါးနေသေးသည့် အချက်မှလွဲ၍ ရန်ကိုင်သည် ဤလောကကြီး၏ အရှင်သခင်များထဲမှ တစ်ပါး ဖြစ်နေလေချေပြီ။
ထို့အပြင် သူ့ခွန်အား တိုးတက်ရန်အတွက် အချိန်သာ လိုအပ်ပေသည်။
ဤလောကကြီးသို့ စရောက်စဉ်က သူသည် တောကြိုအုံကြားမှ ထွက်လာသော ဘာမှမသိသည့် လူတစ်ယောက်နှယ်။ လွတ်လပ်သော အဖွဲ့အစည်းမှ ယွန်ရွှမ်နှင့် အခြားသူများနောက် လိုက်သွားရင်း ဤလောကကြီးကို တိတ်တဆိတ် စူးစမ်းလေ့လာခဲ့သည်။ ထိုစဉ်က လွတ်လပ်သော အဖွဲ့အစည်းသည် သူ့အမြင်တွင် အရမ်းကိုမှ အားကောင်းလှသော အင်အားစုတစ်ခု ဖြစ်ပေသည်။
သို့သော်လည်း ယခုအချိန်၌ စကား တစ်ခွန်း၊ နှစ်ခွန်း ပြောလိုက်ရုံဖြင့် လွတ်လပ်သော အဖွဲ့အစည်းကဲ့သို့ အင်အားစုတစ်ခုကို တစ်ခါတည်း ဇာတ်သိမ်းပေးနိုင်နေလေပြီ။ လွတ်လပ်သော အဖွဲ့အစည်းခေါင်းဆောင် ယွန်ချန်ပင်လျှင် သူအား ခခယယ ဆက်ဆံနေရသည်။
ထိုအကြောင်းများကို စဉ်းစားမိလိုက်သည့်အခါ ရန်ကိုင် ခေါင်းတရမ်းရမ်းနှင့် မဲ့ပြုံးပြုံးလိုက်မိသည်။
ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်သံတို့ကို ကြားလိုက်ရပြီး လူတစ်အုပ် သူ့ဘက်သို့ ပြေးလာနေသည်ကို တွေ့လိုက်ရသည်။ အကုန်လုံး တုန်လှုပ်ချောက်ချားနေသည့် အမူအရာဖြင့် နောက်သို့ တကြည့်ကြည့်လုပ်ရင်း အသည်းအသန် ထွက်ပြေးနေခဲ့ကြသည်။ ကြောက်မက်ဖွယ် တစ်ခုခု၏ အလိုက်ခံနေရသည့်နှယ်။
ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး သူ့အရှိန်ကို လျှော့ချလိုက်သည်။
ဘာတွေဖြစ်နေလဲသူမသိ။ လူပေါင်းများစွာ ကြောက်လန့်တကြားဖြင့် ဘာကြောင့် ပြေးလွှားနေမှန်း သူမသိ။
သူနှင့် မိုင်သုံးဆယ်ခန့်အကွာတွင် ရေပြာမြို့တော် ရှိနေခဲ့သည်။ ထိုမြို့တွင် တစ်ချိန်က စုယန်အား လာရှာခဲ့ဖူးသည်။ ရေပြာမြို့တော်သည် ရေဝိဥာဉ်ဘုရားကျောင်း၏ အုပ်ချုပ်မှုအောက်၌ ရှိပေသည်။
လှမ်းကြည့်လိုက်ရာ ရေပြာမြို့တော်ဆီမှ မီးခိုးငွေ့တလူလူ ထွက်နေသည်ကို တွေ့လိုက်ရသည်။ ထိတ်လန့်တကြား အော်ဟစ်သံတို့မှာလည်း ညံမစဲအောင် ပဲ့တင်ထပ်နေခဲ့သည်။
ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပဲ ရေပြာမြို့တော်ဆီ ပြေးသွားလေသည်။
ခဏအကြာ၌ ရေပြာမြို့တော်ထက် ပြန်ပေါ်လာခဲ့ပြီး အောက်သို့ ငုံကြည့်လိုက်ရာ သူ့အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရလေပြီ။
ရေပြာမြို့တော်တစ်ခုလုံးကို ငရဲခန်းတစ်ခုသဖွယ် ဖြစ်နေခဲ့ချေပြီ။ မြို့ထဲတွင်ရှိသမျှ လမ်းအကုန်လုံး၊ လမ်းကြို လမ်းကြားပါမကျန် သွေးချင်းနီနေခဲ့သည်။ အလောင်းများသည်လည်း နေရာအနှံ့ ပြန့်ကျဲနေခဲ့ရာ တကယ်ကို ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုပင်။
တစ်ချိန်က အသက်ဝင်စည်းကားခဲ့သော မြို့တစ်မြို့ကို သည်းထိတ်ဖွယ်ရာကောင်းသည့် ငရဲခန်းတစ်ခုအဖြစ်သို့ ရောက်အောင် ဘာကများ လုပ်လိုက်လေသနည်း။ ရန်ကိုင် တကယ်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။
ဤနေရာသည် ရေဝိဥာဉ်ဘုရားကျောင်း၏ ပိုင်နက်ဖြစ်သည်။ ရေဝိဥာဉ်ဘုရားကျောင်းသည် ဤအဖြစ်အပျက်ကို လျစ်လျူရှုထားခြင်းပေလော။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့်အခါ ပုံမှန်မဟုတ်သည့် နေရာအချို့ကို တွေ့လိုက်ရသည်။
မြို့တွင်းရှိ နေရာအချို့မှ သူရင်းနှီးနေသော ရက်စက် ကြမ်းကြုတ်သည့် အရှိန်အဝါကို အာရုံခံမိလိုက်သည်။ ထိုအရှိန်အဝါများသည် သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားရန် မကြိုးစား။ ကြက်သီးမွှေးညင်း ထသွားစေနိုင်လောက်သည့် မိစ္ဆာချီများကို ပေါ်ပေါ်တင်တင် ထုတ်လွှတ်ထားခဲ့သည်။
အနီးဆုံးအရှိန်အဝါ ရှိရာဆီ လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့် အရာကြောင့် ရန်ကိုင် တုန်လှုပ်သွားရသည်။
ထိုနေရာ၌ လမ်းလျှောက်နေသော သွေးနီရောင် တောက်နေသည့် အရိုးခြောက်တစ်ခု ရှိနေခဲ့ပေသည်။
မျက်တွင်းများသည် မီးစုန်များပမာ အစိမ်းရင့်ရောင် တလက်လက် တောက်နေခဲ့လေရာ မြင်လိုက်ရသည့်သူတိုင်း ကြောက်လန့်တုန်လှုပ်သွားနိုင်ပေသည်။
အနားပတ်လည်တွင် ရှိနေသော ရက်ရက်စက်စက် သတ်ဖြတ်ထားခံရသည့် ကျင့်ကြံသူများ၏ အလောင်းများမှ အသွေး၊ အသားတို့သည် စွမ်းအင်စီးကြောင်းတစ်ခု အသွင်သို့ ပြောင်းလျက် အရိုးခြောက်ဆီသို့ ပျံသန်းသွားသည်။
ထိုအသွေးအသားများကို စုပ်ယူပြီးနောက် အရိုး မျက်နှာပြင်ထက် ပါးလျလျ အသားလွှာလေးတစ်ခု ပေါ်လာလေသည်။
ယခု အရိုးခြောက်သည် လုံးဝကိုမှ အရိုးပေါ်အရေတင် ဖြစ်နေသော လူတစ်ယောက်နှင့် တူသွားခဲ့လေပြီ။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ရန်ကိုင် အလန့်တကြား ထအော်မိလိုက်သည် “အရိုးမျိုးနွယ်စုလား”
သူ့ရှေ့ရှိ အရိုးခြောက်ဆီမှ သိပ်သည်းအားကောင်းသော အသက်စွမ်းအင် အရှိန်အဝါကို ခံစားမိနေသည်။ သို့သော်လည်း ထိုအရိုးခြောက်သည် ရေခဲဂိုဏ်းနှင့် ကောင်းကင်ဂိုဏ်းတော်တွင် သူမြင်ခဲ့ရသော အရိုးခြောက်များနှင့် မတူချေ။
ထိုအရိုးခြောက်သည် အသက်ရှင်နေ၏။
ထိုအရိုးပေါ်အရေတင် ဖြစ်နေသော ခန္ဓာကိုယ်မှ သူတော်စင် ပထမအဆင့် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။
ရန်ကိုင် အတွေးတို့ ယောက်ယတ်ခတ်သွားခဲ့ပြီး သူ့ရှေ့ရှိ ထူးဆန်းသော ဖြစ်စဉ်ကိုကြည့်ရင်း လုံးဝကို ခေါင်းရှုပ်နေခဲ့ရ၏။
သူအတွေးထဲ နစ်မြောနေစဉ်မှာပဲ အရိုးမျိုးနွယ်စုဝင်သည် ရန်ကိုင်ကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။ ချက်ချင်းပဲ ထိုအရိုးခြောက်၏ မျက်နှာထက် ကြက်သီးထဖွယ် ရက်စက်ကြမ်းကြုတ်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ရန်ကိုင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရသည်။ ရေပြာမြို့တော်တွင် နေထိုင်သူများ ဘာကြောင့် သွေးရူးသွေးတန်း ထွက်ပြေးနေကြမှန်းကို နောက်ဆုံးတွင် သူနားလည်သွားခဲ့လေပြီ။ ထိုသွေးပျက်ချောက်ချားဖွယ် မြင်ကွင်းကို မြင်လိုက်သူတိုင်း ထွက်ပြေးရန်သာ ကြိုးစားကြပေလိမ့်မည်။
ထို့အပြင် ရေပြာမြို့တော်သားများ၏ ခွန်အားက အရမ်းကြီး မြင့်မားခြင်းမရှိ။ သို့သော် အရိုးခြောက်သည် သူတော်စင်အဆင့် ပညာရှင်တစ်ယောက် ဖြစ်နေသည်။
ရေပြာမြို့တော်တွင် သူ့ရှေ့ရှိ အရိုးခြောက်တစ်ကောင်တည်း ရှိနေခြင်းမဟုတ်။ အခြား လေးငါးယောက်လောက် ရှိနေသေးပေသည်။
ရန်ကိုင် ရုတ်တရက် ထွက်ပေါ်လာမှုသည် အရိုးခြောက်၏ အာရုံကိုဆွဲဆောင်သွားခဲ့သည်။ ရန်ကိုင်အား ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် သူ့ဆီ ဖြည်းဖြည်းချင်း လမ်းလျှောက် သွားလေသည်။
သူ့ကိုယ်ထက်တွင် အရေပြားမရှိချေ။ သို့သော် သူနင်းသွားသည့် နေရာတိုင်း ယခင်အတိုင်း ကျန်ရှိနေသည်။ သွေးစွန်းကွက်များ၊ အသားစများ ကျကျန်နေခြင်း မရှိခဲ့ချေ။
လမ်းတစ်ဝက်လောက် ရောက်သည့်အခါ အရိုးခြောက်ဆီမှ သွေးရောင်အလင်းတန်း ထွက်ပေါ်လာပြီး ရန်ကိုင် မြင်ကွင်းမှ ရုတ်ချည်း ပျောက်ကွယ်သွားလေသည်။
ရန်ကိုင်သည် သူ့မသိစိတ်၏ လှုံ့ဆော်မှုအရ အစစ်အမှန်ချီကို အလျင်စလို လှည့်ပတ်၍ ရှေ့တည့်တည့်သို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
ဧရာမလက်ဝါးကြီး ထွက်ပေါ်လာပြီး ဘုန်းဆိုသော မြည်သံနှင့်အတူ ယခုလေးတင် ပျောက်ကွယ်သွားသော အရိုးခြောက်သည် ရန်ကိုင်၏ တိမ်ဖုံးလက်ဖြင့် ရိုက်နှက်ခြင်း ခံလိုက်ရလေသည်။
ပုလဲလုံးလေးများကဲ့သို့ သွေးစက်များ ပြန့်ထွက်လာပြီး ယခုလေးတင် ရယူခဲ့သော အသားလွှာလည်း ကြီးကြီးမားမား ဖြတ်ထုတ်ခံလိုက်ရကာ သွေးနီရောင်အရိုးတို့ ထွက်ပေါ်လာခဲ့ရလေသည်။
အရိုးမျိုးနွယ်စုဝင် ကြောင်သွားခဲ့သည်။ တစ်ချိန်တည်းတွင် သူ့တွင်းနက်ထဲရှိ အစိမ်းရောင်မီးတောက်တို့မှာ ပို၍ အရောင်တောက်လာခဲ့လေသည်။
သူ့အရှိန်အဝါအရ အရိုးခြောက် ဒေါသထွက်သွားခဲ့လေပြီ။ ပါးစပ်ကိုဟ၍ စူးစူးရှရှ အော်ဟစ်လိုက်လေရာ ရန်ကိုင်မှာ သူ့ခေါင်းကို တူတစ်လက်ဖြင့် ရိုက်ချသလို ခံစားလိုက်ရပြီး သူ့အသိစိတ်တစ်ခုလုံး ဗြောင်းဆန်သွားခဲ့ရသည်။
အရိုးမျိုးနွယ်စုဝင်၏ အော်သံသည် အားကောင်းသော ဝိဥာဉ်တိုက်ခိုက်မှုတစ်ခုပင် ဖြစ်လေသည်။
ရန်ကိုင် မျက်နှာ အေးစက်သွားခဲ့ပြီး ရွှေရောင်လှံတစ်ချောင်းကို ဖန်တီး၍ အော်ဟစ်နေသော အရိုးခြောက်ဆီ ရက်ရက်စက်စက် ပစ်လွှတ်လိုက်သည်။
ရွှစ်…
ရွှေရောင်လှံတံသည် လျှပ်စီးတန်းတစ်ခုနှယ် အရိုးမျိုးနွယ်စုဝင်၏ ပါးစပ်မှဝင်၍ နောက်စေ့မှ ပြန်ထွက်လာခဲ့သည်။
အရိုးမျိုးနွယ်စုဝင် ပညာရှင်၏ ခေါင်းတွင် အပေါက်တစ်ပေါက် ထွက်ပေါ်လာခဲ့လေသည်။
သို့သော် အရိုးမျိုးနွယ်စုဝင်သည် ထူးမခြားနားဟန်ဖြင့် ရှိနေဆဲပင်။ သူ့လည်ပင်းရှိ အသားလွှာပါးပါးလေးသည် ထိုဒဏ်ရာကို အလျင်အမြန် ဖုံးအုပ်သွားခဲ့ပြီး သူ့ခေါင်းမှာလည်း ယခင်အတိုင်း ပြန်ဖြစ်သွားလေသည်။
ထိုအရိုးမျိုးနွယ်စုဝင်များသည် သူထင်ထားသည်ထက် ပို၍ ရင်ဆိုင်ရခက်မှန်း ရန်ကိုင် နားလည်သွားလိုက်သည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၅၃)
ထိုထူးဆန်းသော မျိုးနွယ်စုသည် သေဆုံးသွားသော ကျင့်ကြံသူများ၏ အသက်စွမ်းအင် အဆီအနှစ်ကို စုပ်ယူနိုင်ရုံမက ထိုစွမ်းအင်များကို အသုံးပြု၍ သူတို့၏ ကိုယ်ပိုင်အသွားလွှာ တစ်ခုကို ဖန်တီးကာ သေလောက်သည့် ဒဏ်ရာများကို ပြန်လည် ကုသနိုင်ပေသည်။
တစ်နည်းအားဖြင့် ဆိုရသော် ထိုအရိုးမျိုးနွယ်စုသည် မသေမျိုးများနှင့်ပင် တူနေသေးသည်။
ရန်ကိုင် ယခုလေးတင် သုံးလိုက်သော လှံတံ တိုက်ကွက်ကြောင့် အရိုးမျိုးနွယ်စုဝင် ပညာရှင် ဒေါသလုံးလုံး ထွက်သွားသည့်ပုံပင်။ အရိုးမျိုးနွယ်စုဝင်သည် အော်မြည်လျက် ကောင်းကင်ဖုံးမတတ် ကြီးမားလှသော သွေးအလင်းတန်း တစ်ခုအား ရန်ကိုင်ဆီ ပစ်လွှတ်လိုက်သည်။
သွေးအလင်းတန်းထဲ ကြောက်မက်ဖွယ်ရာ စွမ်းအားတို့ ပါဝင်နေခဲ့သည်။ ထိုအလင်းတန်း လေထုအား ဖြတ်သန်းသွားချိန် လေဟာပြင်တစ်ခုလုံး တရှဲရှဲ မြည်သွားခဲ့ရသည်။ ပြင်းလိုက်သည့် တိုက်စားစွမ်းအင်ပင်….
ရန်ကိုင်က ထီမထင်ဟန် အမူအရာဖြင့် နှာခေါင်းရှုံ့၍ သူ့ကိုယ်တွင်းရှိ အစစ်အမှန်ယန်ယွမ်ချီကို အဆုံးစွန်းထိ မြှင့်တင်လိုက်လေသည်။ ရွှေရောင်အလင်းတန်းတို့ သူ့ဆီမှ ပေါက်ကွဲထွက်လာခဲ့လေရာ နေအသေးစားလေးနှင့်ပင် တူသွားကာ သူ့ဆီမှ အလင်းရောင်ကြောင့် ရေပြာမြို့တော်တစ်ခုလုံး လင်းထိန်သွားခဲ့လေသည်။
သွေးအလင်းတန်းသည် သူ့နားပင် မရောက်နိုင်ခဲ့။ လမ်းတစ်ဝက်မှာတင် အငွေ့ပျံပျောက်ကွယ်သွားခဲ့ရလေသည်။
ထိုအဖြစ်အပျက်ကြောင့် အရိုးမျိုးနွယ်စုဝင်လည်း ကြောင်သွားခဲ့ရသည်။ သို့သော်လည်း သူအသိပြန်မဝင်နိုင်သေး ခင်မှာဘဲ ရန်ကိုင်သည် မဟာကောင်းကင်ဓါးကို ဖန်တီးလျက် သူ့ဆီသို့ ပြေးဝင်ကာ ခုတ်ချလာနေခဲ့လေပြီ.
ထိုဓါးချက်ကြောင့် အရိုးမျိုးနွယ်စုဝင်၏ ခန္ဓာကိုယ်ပေါ်မှ အသွားလွှာတစ်လွှာ ထပ်မံ ပြတ်ထွက်သွားရပြန်သည်။ ယခု လက်ရှိ အရိုးမျိုးနွယ်စု၏ ရုပ်သွင်မှာ လွန်စွာကိုမှ ကြည့်ရဆိုးနေခဲ့လေပြီ။
ရန်ကိုင်ကမူ ထူးမခြားနားဟန်ဖြင့်သာ အရိုးမျိုးနွယ်စုဝင်၏ ခွန်အားနှင့် တုန့်ပြန်မှုများကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့၏။
ထိုအရိုးမျိုးနွယ်စုဝင်သည် သူတော်စင်ပထမအဆင့် တစ်ယောက်၏ အရှိန်အဝါကို ထုတ်လွှတ်ထားသော်လည်း သူတော်စင် ပထမအဆင့် တစ်ယောက်နှင့် ညီမျှသော စွမ်းအင်ကို ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ချေ။ သူ့အရိုးပေါ်မှ အသားများ ပြတ်ထွက်သွားသည်နှင့်အမျှ သူ့အရှိန်အဝါမှာလည်း သိသိသာသာကို အားနည်းလာခဲ့ရသည်။
ခဏအကြာ၌ ရန်ကိုင် နောက်ပြန်ဆုတ်လိုက်ပြီး သူ့ပြိုင်ဘက်ကို စိုက်ကြည့်လိုက်သည်။
သူ့ရှေ့ရှိ အရိုးမျိုးနွယ်စုဝင်ကိုယ်ပေါ်တွင် အသားများ မရှိတော့။ အရိုးမျိုးနွယ်စုဝင်သည် ယခင်ကကဲ့သို့ အရိုးနှင့် သွေးကြောများသာ ရှိသော အရိုးခြောက်တစ်ခုအဖြစ်သို့ ပြန်ပြောင်းသွားခဲ့လေပြီ။
သို့သော် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံရသည့်တိုင် အရိုးမျိုးနွယ်စုဝင်၏ အရိုးများထက်တွင် ခြစ်ရာတစ်ခုပင် မရှိသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။
သူမြင်ရသလောက် ထိုအရိုးများသည် အဆင့်မြင့် မှော်ရတနာများနှင့် အဆင့်တူသည့်ပုံပင်။
ထို့အပြင် အသားလွှာ ဖျက်စီးခံလိုက်ရသော်လည်း ထိုအရိုးခြောက်၏ အသက်စွမ်းအင်သည် နည်းနည်းလေးမှပင် ယုတ်လျော့သွားခြင်း မရှိချေ။ အရိုးမျိုးနွယ်စုဝင်၏ ခန္ဓာကိုယ်မှ ထူးဆန်းသော ဆွဲငင်အားတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။ ထိုစွမ်းအင် ထွက်ပေါ်လာသည်နှင့် သူ့အသွေးအသား၊ အသက်စွမ်းအင်တို့သည် ခန္ဓာကိုယ်မှ အတင်းအကြပ် ဆွဲထုတ်ခံနေရသည့်နှယ် ရန်ကိုင် ခံစားလိုက်ရသည်။ သူ့အရေပြားသည်လည်း အချိန်မရွေး ကွဲထွက်တော့သည့်နှယ်…
ရန်ကိုင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး အစစ်အမှန်ချီကို အလျင်စလို လှည့်ပတ်၍ အရိုးမျိုးနွယ်စုဝင်မှ ထုတ်လွှတ်နေသော ဆွဲအားကို ခုခံလိုက်သည်။
ရွှစ်… ရွှစ်… ရွှစ်…
အဘက်ဘက်မှ သေဆုံးသွားသော ကျင့်ကြံသူများ၏ အသွေးအသားများသည် သန့်စင်သော အသက်စွမ်းအင် အဖြစ်သို့ ပြောင်းလျက် အရိုးမျိုးနွယ်စုဝင်၏ ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားလေသည်။
ခဏအကြာ၌ အရိုးမျိုးနွယ်စုဝင်၏ အရိုးများထက် နောက်ထပ် အသားလွှာသစ်တစ်ခု ပြန်ပေါ်လာခဲ့သည်။
ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့လေပြီ။
ကောင်းကင်ဂိုဏ်းတော်တွင် သူတွေးမိခဲ့သော ခန့်မှန်းချက်သည် မှန်းကန်လောက်သည်ဟု ရန်ကိုင် ရုတ်တရက် စဉ်းစားမိလိုက်သည်။
ထိုမျိုးနွယ်စုအတွက် အသားသည် အဆင်အယင် သက်သက်တစ်ခုသာ ဖြစ်သည်။ သူတို့၏ အစစ်အမှန် အသက်စွမ်းအင်သည် အရိုးထဲတွင်သာ တည်ရှိနေသည်။ အရိုးများ မဖျက်စီးခံရသရွေ့ ဘယ်တော့မှ သေလိမ့်မည် မဟုတ်ချေ။
ထိုအရိုးများကို မီးရှို့ဖျက်စီးပစ်ရန် ချင်းယ သူ့ကို ပြောခဲ့သည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
ထိုကဲသို့ လုပ်မှသာလျှင် အရိုးမျိုးနွယ်စုဝင်ကို အမှန်တကယ် ဖျက်စီးနိုင်ပေလိမ့်မည်။
အရိုးမျိုးနွယ်စု၏ ထူးခြားသော ဝိသေလက္ခဏာများကို သူသိသွားခဲ့လေပြီ။
သူ့လက်ထဲရှိ မဟာကောင်းကင်ဓါး ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင်သည် လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်တန်းလိုက်သည်။
သားရဲပညာရပ်…
ကျားဟိန်းသံ၊ နွားသိုး မြည်သံနှင့်အတူ ကျားဖြူနှင့် မြေကမ္ဘာနွားသို့ ထွက်ပေါ်လားခဲ့သည်။
“အဲ့ကောင်ကို ဖျက်စီးပစ်လိုက်” ရန်ကိုင်က အမိန့်ပေးလိုက်သည်။ သူ့အစစ်အမှန်ယန်ယွမ်ချီမှ ဖြစ်ပေါ်လာသော အရိုးမျိုးနွယ်စုဝင်ဆီ ပြေးဝင်သွားချိန် ရန်ကိုင်သည် နောက်မှ အနီးကပ် လိုက်သွားခဲ့သည်။
လူတစ်ယောက်နှင့် သားရဲနှစ်ကောင်သည် ရိုးရှင်း၊ ကြမ်းကြုတ်သော တိုက်ခိုက်မှုကို စတင်လာခဲ့လေပြီ။
မြေကမ္ဘာနွားသိုးသည် ရှေ့သို့ ဒုန်ဆိုင်းပြေးဝင်၍ အရိုးမျိုးနွယ်စုဝင်၏ ဝမ်းဗိုက်ကို သူ့ဦးချိုဖြင့် ဝင်ဆောင့်သည်။ ထိုဆောင့်ချက်ကြောင့် အရိုးမျိုးနွယ်စုဝင်၏ မျက်လုံးထဲရှိ အစိမ်းရောင် မီးတောက်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားရသည်။
ကျားဖြူသည်လည်း ထိုအခိုက်အတန့်ကို အမိအရ ဖမ်းဆုပ်၍ အရိုးမျိုးနွယ်စုဝင်၏ လက်တစ်ဖက်ကို မလွှတ်စတမ်း ကိုက်ခဲလိုက်လေသည်။
ကျားဖြူက အရိုးမျိုးနွယ်စုဝင်၏ လက်တစ်ဖက်ကို ကိုက်ခဲထားချိန် ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် အခြား လက်တစ်ဖက်ကို လှမ်းဖမ်းကိုင်လိုက်သည်။
သူ့လက်ဝါးဆီမှ အစစ်အမှန်ယန်ယွမ်ချီတို့ ထွက်ပေါ်လာပြီး အရိုးမျိုးနွယ်စုဝင် ကိုယ်ပေါ်ရှိ အသားလွှာကို စတင် လောင်ကျွမ်းတော့လေသည်။
ရန်ကိုင်သည် သူ့ရန်သူ၏ ရုန်းကန်မှုကို လျစ်လျူရှု၍ ထိုလက်တစ်ဖက်ကိုသာ မရရအောင် ဖမ်းကိုင်ထားခဲ့သည်။
အရိုင်းဆန်သည့် အရှိန်အဝါတို့ အရိုးမျိုးနွယ်စုဝင် ပညာရှင်ဆီမှ ပေါက်ကွဲထွက်လာခဲ့ပြီး ရန်ကိုင်နှင့် သားရဲ ပုံရိပ်နှစ်ခု၏ ချုပ်နှောင်မှုမှ လွတ်မြောက်အောင် အသည်းအသန် ရုန်းကန်တော့လေသည်။
သားရဲနှစ်ကောင်သည် အစစ်အမှန်ချီမှ ဖန်တီးထားခြင်း ဖြစ်သဖြင့် အရိုးမျိုးနွယ်စုဝင် ပညာရှင်၏ ရုန်းကန်မှုကို တောင့်မခံနိုင်။ သူတို့၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း မှိန်ကျလာပြီး အချိန်မရွေး ပျောက်ကွယ်တော့မည်ကဲ့သို့ ဖြစ်လာခဲ့ရသည်။
ရန်ကိုင်လည်း ချက်ချင်းပဲ အားနေသော သူ့လက်တစ်ဖက်ဖြင့် မဟာကောင်းကင်အချုပ်အနှောင်ကို ထုတ်ဖော်လိုက်လေသည်။
ရွှေရောင်ချိန်းကြိုးတစ်ကြိုး ပေါ်လာပြီး အရိုးမျိုးနွယ်စုဝင် ပညာရှင်ကို ရစ်ပတ်သွားလိုက်သေဖြင့် သူ့လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ရသည်။
အရိုးမျိုးနွယ်စုဝင် ပညာရှင်၏ မီးတောက်သဖွယ် မျက်လုံး နှစ်လုံး တဖျက်ဖျက် လက်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်မှ သန့်စင်သော သွေးချီတို့ ပေါက်ကွဲထွက်လာခဲ့လေသည်။ ထိုသွေးချီသည် ထူးဆန်းသော ဝိုးတဝါးတား မျက်နှာတစ်ခုအဖြစ်သို့ ပြောင်းလဲပြီး ရန်ကိုင်အား ကိုက်ချရန် ကြိုးစားလာခဲ့သည်။
“မဟာကောင်းကင်ဒိုင်း”
မာကျောကျစ်လစ်သော အကာအရံတစ်ခု ထွက်ပေါ်လာပြီး အရိုးမျိုးနွယ်စုဝင် ပညာရှင်၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။
တစ်ချိန်တည်းတွင် အရိုးမျိုးနွယ်စုဝင်၏ လက်အား ဆုပ်ကိုင်ထားသော အားကိုလည်း တိုးမြှင့်လိုက်သည်။
ခရက်…
အရိုးအက်သံနှင့်အတူ အရိုးမျိုးနွယ်စုဝင် ပညာရှင်၏ လက်တစ်ဖက် ကျိုးသွားခဲ့ပြီး နောက်ဆုံး၌ ဆွဲဖြုတ်ခံလိုက်ရသည်။
ပူပြင်းတောက်လောင်သော အစစ်အမှန်ချီတို့ ရန်ကိုင်၏ လက်မှ ပေါက်ကွဲထွက်လာပြီး သူ့လက်ထဲတွင် ရှိနေသော လက်ပြတ်ကို ပြာဖြစ်အောင် လောင်ကျွမ်းပစ်လိုက်လေသည်။
အရိုးမျိုးနွယ်စု ပညာရှင်၏ ပါးစပ်မှ နားကွဲမတတ် စူးစူးရှရှ အော်မြည်သံတို့ ထွက်ပေါ်လာခဲ့သည်။ လက်ပြတ်ထွက်သွားသော နေရာမှလည်း သွေးနီရောင်စွမ်းအင်တို့ အဆက်မပြတ် ယိုစိမ့်ထွက်လာခဲ့လေသည်။
အရိုးမျိုးနွယ်စုအား နည်းနည်းလေးမှ တုန့်ပြန်ချိန်မပေးခဲ့။ ရန်ကိုင်သည် လက်သီးတင်းတင်းဆုပ်လျက် အရိုးမျိုးနွယ်စု၏ ရင်ဘတ်အား ကီလိုတစ်သောင်း လေးလံသော တူကြီးတစ်ခုနှင့် ရိုက်သလို အားပြင်းပြင်း ရိုက်ချလိုက်သည်။
ခရက်… ရခက်…
ရန်ကိုင် လက်သီးချက်ကြောင့် အရိုးမျိုးနွယ်စုဝင် ပညာရှင်၏ ရင်ဘတ်တစ်ခုလုံး ကျိုးကြေသွားခဲ့ရလေသည်။ တစ်ချိန်တည်းတွင် ကောင်းကင်ကျားဖြူသည်လည်း အရိုးမျိုးနွယ်စုဝင် ပညာရှင်၏ ကျန်လက်တစ်ဖက်ကို စတင် ကိုက်ချိုးပစ်တော့လေသည်။
လက်ဖက်ရည် ခွက်တစ်ဝက်စာ ကုန်ဆုံးသွားပြီးနောက် အရိုးမျိုးနွယ်စုဝင်၏ မျက်တွင်းထဲရှိ မီးတောက်လေး တဖြည်းဖြည်း ငြိမ်းသက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း ပြိုကျသွားရင်း တစ်စစီ ပျက်စီးသွားလေသည်။
ရန်ကိုင် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး မျက်မှောင်ကြုံ့လျက် နေရာတွင်သာ ရပ်နေခဲ့သည်။
အရိုးမျိုးနွယ်စုဝင် ပညာရှင်တစ်ယောက် မည်မျှ ကိုင်တွယ်ရ ခက်သည်ကို ယခုမှပဲ ရန်ကိုင် နားလည်သွားတော့လေသည်။
သာမန်တိုက်ခိုက်မှုများသည် အရိုးမျိုးနွယ်စုဝင်များအပေါ် သက်ရောက်မှုမရှိချေ။ လူသားများအတွက် သေလောက်အောင် ပြင်းထန်သည့် ဒဏ်ရာများသည် သူတို့ကို ဒုက္ခမပေးနိုင်ပေ။ သူတို့ကို သတ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းသည်ကား သူတို့၏ အရိုးများကို ပြာချပစ်ခြင်း၊ သို့မဟုတ် ဖျက်စီးပစ်ခြင်းပင်။
ရန်ကိုင်၏ လက်ရှိ ခွန်အားအရ သာမန်သူတော်စင် ပထမအဆင့် တစ်ယောက်ကို အသာလေး ကိုင်တွယ်နိုင်ပေ၏။ သို့သော် ထိုအရိုးမျိုးနွယ်စုဝင်ကို အနိုင်ရရန်အတွက်မူ ရန်ကိုင် အတော်လေး အားစိုက်ထုတ်ခဲ့ရသည်။
ရေပြာမြို့တော်တစ်ခုလုံးတွင်၊ အရိုးမျိုးနွယ်စုဝင်များ ငါးယောက်ထက်မက ရှိနေခဲ့သည်။ ထိုအထဲမှ တစ်ယောက်ဆိုလျှင် သူတော်စင်ဒုတိယအဆင့် တစ်ယောက်၏ အရှိန်အဝါကိုပင် ထုတ်လွှတ်နေသေးသည်။
လက်ရှိ အခြေအနေသည် သူကိုင်တွယ်နိုင်သည်ထက် ကျော်လွန်နေလေပြီ။ ခဏအကြာ၌ သူ့ကောင်းကင်စိတ်အာရုံ ထောက်လှမ်းစက်ကွင်းထဲ ရင်းနှီးနေသည့် အရှိန်အဝါတစ်ခု ပြေးဝင်လာနေသည်ကို သတိပြုမိလိုက်သဖြင့် သွားစစ်ဆေးကြည့်လိုက်ရာ ရေဝိဥာဉ်ဘုရားကျောင်းမှ ရွှေးလင်သည် သူတော်စင် တစ်ယောက်၏ ကာကွယ်မှုဖြင့် ထွက်ပြေးနေသည်ကို တွေ့လိုက်ရသည်။
ထိုသူတော်စင်အဆင့် ပညာရှင်သည် အရမ်းကြီး သန်မာဟန်မရ။ သူ့ခန္ဓာကိုယ်မှ အားကောင်းမှုနှင့် ပျော့ပျောင်းမှုကို တစ်ချိန်တည်း ပေးစွမ်းနေသော သိပ်သည်းလှသည့် ရေဓါတ် အရှိန်အဝါတို့ ဖြာထွက်နေခဲ့သည်။ သူသည် အသက်လေးဆယ် အရွယ်လောက်သာ ရှိသည်ဟု ထင်ရပြီး လက်ရှိအချိန်၌ သူ့ဝတ်ရုံတစ်ခုလုံး သွေးများဖြင့် စွန်းထင်းနေခဲ့ကာ သူ့ကိုယ်တွင်း စွမ်းအားများမှာလည်း ပရမ်းပတာ ဖြစ်နေခဲ့သည်။
သူပေါ်လာသည်နှင့် တစ်ပြိုင်နက် ရေပြာမြို့တော်တွင် ရှိနေသော အရိုးမျိုးနွယ်စုဝင် ငါးယောက်ဆီမှ စူးစူးဝါးဝါး အော်ဟစ်သံတို့ ထွက်ပေါ်လာပြီး သွေးနီရောင်အလင်းတန်း များစွာတို့သည် သူ့ဆီသို့ တစ်ချိန်တည်း ပြေးလာကြလေသည်။
အရိုးမျိုးနွယ်စုအတွက် သူသည် အရသာရှိသော စားကောင်းသောက်ဖွယ် တစ်ခုနှယ် ဖြစ်နေခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်း အရိုးမျိုးနွယ်စုဝင် ငါးယောက် ရောက်လာခဲ့ပြီး သူ့အား ချက်ချင်း ဝိုင်းထားလိုက်ကြသည်။ အရိုးမျိုးနွယ်စုဝင်များသည် တလက်လက် တောက်ပနေသော အစိမ်းရင့်ရောင် မျက်လုံးများဖြင့် ထိုလူအား စိတ်ဝင်တစား စိုက်ကြည့်နေခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ထိုလူ၏ ကာကွယ်ပေးထားခြင်း ခံရသော ရွှေးလင်တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပြီး သူမ၏ မျက်နှာလေးသည်လည်း သွေးမရှိတော့သည်နှယ် ဖြူလျော်သွားခဲ့လေသည်။
သက်လတ်ပိုင်းလူကြီး၏ အမူအရာ လေးနက်တည်ကြည် သွားပြီး ရွှေးလင်းအား စကားအချို့ တိုးတိုးလေး ပြောလိုက်သည်။ ရွှေးလင်ကမူ မျက်ရည်ရွှဲလဲဖြင့် အဆက်မပြတ်သာ ခေါင်းခါရမ်းနေခဲ့လေသည်။
“နားထောင်စမ်း” ရွှေးလင် ခေါင်းမာနေသည်ကိုမြင်သော် သက်လတ်ပိုင်းလူကြီးက ကြိမ်းမောင်းလိုက်သည်။
နောက်ဆုံး ရွှေးလင်လည်း ခေါင်းမညိတ်ချင် ညိတ်ချင်ဖြင့် ညိတ်လိုက်ရသည်။
သက်လတ်ပိုင်းလူကြီးသည် သူ့ကံကြမ္မာကို လက်ခံလိုက်သည့် အလား၊ ဘာမှတုန့်ဆိုင်းမနေတော့ဘဲ သူ့ကိုယ်တွင်းရှိ ရေဓါတ် စွမ်းအင်အားလုံးကို ဖွင့်ချလိုက်လေသည်။
သလင်းကျောက်များပမာ ကြည်လင်လှသော ရေစက်လေးများ သက်လတ်ပိုင်းကြီး၏ ပတ်လည်တွင် စတင် သိပ်သည်းဖြစ်ပေါ်လာခဲ့သည်။
ဖြစ်ပေါ်လာသည်နှင့် တစ်ချိန်တည်း ထိုရေစက်လေးများသည် မြှားများသဖွယ် သူတို့အား ဝိုင်ထားသာ အရိုးမျိုးနွယ်စုဝင်များဆီ တစ်ဟုန်ထိုး တိုးဝင်သွားကြသည်။
“သွားတော့” သက်လတ်ပိုင်းလူကြီးက လက်ကွက်များစွာ ဖန်တီး၍ သူ့နားပတ်လည်ရှိ ရေစက်များကို တစ်စုတစ်စည်းတည်း စုစည်းသွားစေခဲ့သည်။
ရေမြှားများက သူတို့၏ ခန္ဓာကိုယ်ကို ဖောက်သွားသော်ငြား အရိုးမျိုးနွယ်စုဝင်များသည် ထူးမခြားနားဟန်ဖြင့် ရှိနေကြဆဲ။
ရေမြှားများကို ပစ်လွှတ်လိုက်ပြီးနောက် ရွှေးလင်သည် မြူခိုးများအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။
သူမသည် ရေဝိဥာဉ်အထူးခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ယခင်က ထိုလှည့်ကွက်ကြောင့် ရန်ကိုင်လည်း အတော်လေးကိုမှ ဒုက္ခရောက်ခဲ့ရသည်။ နောက်ဆုံး၌ နတ်ဆိုးအိုကြီး၏ ထူးဆန်းသော နည်းလမ်းများအပေါ် မှီခိုပြီးမှသာ သူမအား ဖမ်းနိုင်ခဲ့သည်။
သို့သော်လည်း ရွှေးလင် ပြေးမလွတ်ခဲ့ချေ။ အရိုးမျိုးနွယ်စုမှ ပညာရှင်များသည် လေထဲရှိ တစ်နေရာသို့ ကြည့်လိုက်ပြီး စိတ်စွမ်းအင်လှိုင်း တစ်လှိုင်းကို ပစ်လွှတ်လိုက်သည်။ ခဏအကြာ၌ စူးစူးဝါးဝါး အော်ဟစ်သံနှင့်အတူ ရွှေးလင်ပြန်ပေါ်လာပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့လေသည်။
ချောက်ချားဖွယ်ကောင်းသည့် ရယ်မောသံတို့ အရိုးမျိုးနွယ်စုဝင် ပညာရှင်များ၏ ပါစပ်မှ ထွက်ပေါ်လာခဲ့သည်။ သို့သော် သူတို့၏ ခန္ဓာကိုယ်သည် မပြီးပြည့်စုံသေးသည့် အတွက်ကြောင့်ပေလော မသိရာ၊ သူတို့၏ ရယ်သံမှာ ကြမ်းတမ်းတမ်း၊ အက်ရှရှ ဖြစ်နေခဲ့သည်။
အရိုးမျိုးနွယ်စုဝင်များသည် ရွှေးလင်အား လောဘတကြီး စိုက်ကြည့်နေကြလေပြီ။
သူမ၏ ရေဝိဥာဉ်ခန္ဓာကိုယ်သည် သာမန်ကျင့်ကြံသူများ၏ အသွေးအသားထက် ပိုမိုကောင်းမွန်နေသည့်ပုံပင်။
ထိုစဉ် အပြာရောင်အလင်းတန်းတစ်ချက် လက်သွားခဲ့ပြီး ရွှေးလင်အား မြေပေါ်မကျမီ ဖမ်းယူသွားခဲ့သည်။
ရွှေးလင်ပြုတ်ကျလာသည့် မြင်ကွင်းကို အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်နေကြသော အရိုးမျိုးနွယ်စုဝင်များ၏ မျက်နှာထက် အံ့အားသင့်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့သည်။ သူတို့ဆီမှ စိတ်စွမ်းအင်တို့ ပေါက်ကွဲ ထွက်လာခဲ့လေရာ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ဆက်သွယ်ပြောဆိုကြတော့လေသည်။
ရွှေးလင်လည်း သူမအား လာရောက်ကယ်တင်သူကို မော့ကြည့်လိုက်ရာ ရန်ကိုင် ဖြစ်နေမှန်း တွေ့လိုက်ရပြီးနောက် အလန့်တကြား အော်မိလိုက်သည် “ရန်ကိုင်လား”
“နောက်မှပြောကြမယ်” ရန်ကိုင်က ငေးငိုင်နေသော သက်လတ်ပိုင်းလူကြီးဆီ ပြေးသွားကာ အော်ပြောလိုက်သည် “တက်လာခဲ့”
သက်လတ်ပိုင်းလူကြီးလည်း နည်းနည်းမှ နှောင့်နှေးမနေခဲ့။ ကောင်းကင်လွန်းပျံပေါ်သို့ ချက်ချင်း ခုန်တက်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရန်ကိုင်၊ သက်လတ်ပိုင်း လူကြီးနှင့် ရွှေးလင်တို့သည် မိုင်တစ်ရာ အကွာအဝေးသို့ ရောက်ရှိသွားခဲ့ကြသည်။
အရိုးမျိုးနွယ်စုဝင်များသည် သူတို့အား တားဆီးရန် မကြိုးစားခဲ့။ သူတို့အား တားဆီးခြင်းသည် အကျိုးမဲ့ အားထုတ်မှုမှန်း သိနေသည်နှယ်။ ထို့ကြောင့် ပျောက်ကွယ်သွားသော ရန်ကိုင်တို့ကိုသာ စိုက်ကြည့်နေခဲ့သည်။
ထို့နောက် ခဏတာမျှကြာအောင် အချင်းချင်း ဆက်လက် ဆက်သွယ်ပြောဆိုနေကြပြီးနောက် သူတို့ထဲမှ တစ်ယောက်သည် ခေါင်းညိတ်၍ ရေပြာမြို့တော်မှထွက်ကာ ပင်လယ်ဆီသို့ အလျင်အမြန် ဦးတည်သွားလေသည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၅၄) မဟာပြောင်းလဲမှုကြီး နီးကပ်လာနေခဲ့ပြီ
ရေပြာမြို့တော်မှ မိုင်ပေါင်းထောင်နှင့်ချီ အကွာရှိ တောင်ကြား တစ်နေရာတွင်…
ရန်ကိုင်၊ သူကယ်လာခဲ့သော သက်လတ်ပိုင်းလူကြီးနှင့် ရွှေးလင်တို့ သုံးယောက်စလုံး ကောင်းကင်လွန်းပျံပေါ်မှ ဆင်လိုက်ကြသည်။ အချိန်အတန်ကြာသည်အထိ သုံးယောက်စလုံး တိတ်ဆိတ်နေခဲ့ကြ၏။
ရွှေးလင်သည် အားနည်းနေသေး၏။ အရိုးမျိုးနွယ်စုဝင်၏ ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအနည်းအကျဉ်း ရသွားခဲ့လေသည်။ ထို့ကြောင့် သက်လတ်ပိုင်းလူကြီးသည် သူ့သိုလှောင်အိတ်ထဲမှ ဆေးလုံးအချို့ကို အလျင်စလို ထုတ်ယူ၍ ရွှေးလင်အား တိုက်လိုက်လေသည်။
ရွှေးလင် အတော်လေး ပြန်သက်သာလာတော့မှပဲ သက်လတ်ပိုင်းလူကြီး စိတ်သက်သာရာရသွားခဲ့ပြီး ရန်ကိုင်ဘက်သို့ လှည့်၍ လက်သီးဆုပ်ကာ ဦးညွှတ်လျက် “အချိန်မှီလာရောက် ကယ်ဆယ်ပေးလို့ ဒီကညီငယ်လေးကို ကျေးဇူးအများကြီး တင်ပါတယ်”
“မလိုပါဘူး” ရန်ကိုင်က ခေါင်းညိတ်ရုံလေး ညိတ်လိုက်သည်။
“ဘာမှအားစိုက်ရတာမှမရှိတာ”
“ဒီက ညီငယ်လေးနဲ့ လင်းအာက အသိတွေလား” သက်လတ်ပိုင်းလူကြီးက ရန်ကိုင်ကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။
ရန်ကိုင်က ပြုံး၍ ပြန်မေးလိုက်သည် “ခင်ဗျားက ရေဝိဥာဉ်ဘုရားကျောင်းရဲ့ ကျောင်းသခင် ရွှေးယွင်လား”
“ဟုတ်တယ်” ရွှေးယွင်က ခေါင်းညိတ်လိုက်ပြီး “ဒီက ညီငယ်လေးကို ဘယ်လိုခေါ်ရမလဲ”
“အဖေ၊ သူက သမီးပြောခဲ့တဲ့ ရန်ကိုင်ဆိုတဲ့လူပဲ” ရွှေးလင်က ဘေးကနေ လှမ်းပြောလိုက်သည်။
ရွှေးယွင် ပခုံးများ တုန်ရီသွားခဲ့ပြီး ရန်ကိုင်အား အံ့ဩတကြီး စိုက်ကြည့်လိုက်သည်။ ထို့နောက် အလန့်တကြား ထအော်လေသည် “ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင်လား။ မသိလိုက်လို့ တော်ဝင်သခင်ကို မလေးမစား ပြုမိသွားရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
ရန်ကိုင် ဘယ်သူဘယ်ဝါမှန်း သိပြီးနောက် ရွှေးယွင်၏ လေသံ ချက်ချင်း ပြောင်းလဲသွားခဲ့လေသည်။
ထုန်းရွှမ်လောကကြီးတွင် မည်သူမှ ဘုံကိုးခုထွတ်မြတ် နယ်မြေ၏ တော်ဝင်သခင်ကို အပြစ်မပြုရဲကြချေ။
ရန်ကိုင် ရွှေးယွင်ဘယ်သူမှန်း အလွယ်တကူ သိလိုက်ခြင်းမှာ ရေဝိဥာဉ်ဘုရားကျောင်းတွင် သူတော်စင်အဆင့် ပညာရှင် တစ်ယောက်သာ ရှိပြီး ထိုသူမှာ ကျောင်းသခင်ဖြစ်သော ရွှေးလင်၏ အဖေ ရွှေးယွင် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
“ရန်ကိုင် နင်ဘာလို့ ဒီကို ရောက်နေတာလဲ” ရွှေးလင်က အသက်ရှူသံကို တည်ငြိမ်အောင်လုပ်ရင်း ရန်ကိုင်ကို မေးလိုက်သည်။
“ဖြတ်သွားရုံပဲ” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး လေသံကို နှိမ့်၍ “အဲ့အရိုးမျိုးနွယ်စုဝင်တွေ ဘယ်ကနေ ရောက်လာတာလဲ”
“အရိုးမျိုးနွယ်စုလား”
“အဲ့လမ်းလျှောက်နေတဲ့ အရိုးခြောက်တွေက အသက်စွမ်းအင်ကို စုပ်ယူပြီး သူ့တို့ ခန္ဓာကိုယ်ကို ထုဆစ်နိုင်တယ်”
“တော်ဝင်သခင်ရန် အဲ့ကောင်တွေအကြောင်း သိတာလား” ရွှေးယွင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး ရန်ကိုင်ကို အလျင်စလို မေးလိုက်သည်။
ရန်ကိုင် ခေါင်းခါလိုက်ပြီး “အများကြီးတော့ မသိဘူး။ ဒါပေမယ့် အရင်တုန်းကတော့ မြင်ဖူးတယ်။ သိပ်တောင် မကြာသေးဘူး။ အဲ့ကောင်တွေ ဘယ်ကရောက်လာလဲ ဆိုတာကို စီနီယာယွင်သိလား”
ရွှေးယွင် အမူအရာ ညိုးကျသွားခဲ့ပြီး သက်ပြင်းချလျက် “သူတို့ ဘယ်ကရောက်လာလဲ ဆိုတာကို ငါလည်း မသိဘူး။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ငါတို့ ရေဝိဥာဉ်ဘုရားကျောင်းဆီ ရေခဲတုံးတစ်တုံး မျောပါလာတယ်။ အဲ့ထဲကနေ အရိုးခြောက် တစ်ခုကို တပည့်တစ်ယောက်က တွေ့ခဲ့တယ်လေ။ ငါလည်း သိချင်တာနဲ့ အဲ့အရိုးခြောက်ကို ဆယ်ထားလိုက်ပြီး ကိုယ့်ဘာသာ စစ်ဆေးကြည့်ဖို့ လုပ်လိုက်တယ်။ ဒါပေမယ့် ဘယ်လောက် စစ်ဆေး၊ စစ်ဆေး ဘာမှမတွေ့တာနဲ့ ဒီအတိုင်းလေးပဲ ပြန်မြုပ်ပေးလိုက်တာပေါ့။ ဒါပေမယ့် ဘာလို့မှန်းမသိ၊ ငါမြုပ်ထားလိုက်တဲ့ အရိုးခြောက်က လွန်ခဲ့တဲ့ လအနည်းငယ် လောက်တုန်းက ထပြီး အသက်ဝင်လာတယ်လေ…”
ရွှေးယွင်က ဇာတ်ကြောင်းကို ပြန်ပြောပြနေစဉ် ရန်ကိုင်က တိတ်တဆိတ် နားစိုက်ထောင်နေခဲ့သည်။
အကျဉ်းချုံးပြောရမည်ဆိုပါက ထိုအရိုးခြောက် ပြန်ရှင်လာပြီးနောက် ရေဝိဥာဉ်ကျောင်းတော်ထဲ စိတ်ရှိတိုင်း သတ်ဖြတ်တော့လေသည်။ တပည့်တွေကိုသတ်၊ သူတို့၏ အဆီအနှစ်ကို စုပ်ယူရင်း အလျင်အမြန် အားပြန်ပြည့်လာခဲ့သည်။ ရွှေးယွင် ထိုအဖြစ်အပျက်ကို သတိပြုမိလိုက်သည့်အခါ ရေဝိဥာဉ်ကျောင်းတော်မှ အကြီးအကဲများနှင့် ပူပေါင်း၍ ထိုအရိုးခြောက်ကို ပြန်တိုက်ခိုက်ခဲ့သည်။ လူဒါဇင်ကျော် စတေးပြီးနောက် ထိုအရိုးခြောက်ကို ဖမ်းချုပ်နိုင်ခဲ့လေသည်။
သို့သော်လည် သူတို့ ဘယ်လိုပဲကြိုးစားကြိုးစား၊ ထိုအရိုးခြောက်ကို မသတ်နိုင်ခဲ့။ ထို့ကြောင့် နောက်ဆုံးတွင် မီးရှို့ပစ်ရန်သာ ဆုံးဖြတ်လိုက်သည်။
ကံကောင်းစွာဖြင့် ထိုအရိုးခြောက်ကို မီးရှို့ပြီး သတ်ပစ်နိုင်ခဲ့သည်။
ထိုအဖြစ်အပျက်ပြီး၊ လအနည်းငယ်လောက် ကြာသွားမှပဲ ဂိုဏ်းလည်း တစ်ဖန်ပြန်လည် တည်ငြိမ်သွားခဲ့ရသည်။ သို့သော် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က၊ အကုန်လုံး ပုံမှန် ပြန်မဖြစ်သေးချိန်၊ ရေဝိဥာဉ်ကျောင်းတော်သည် အဘက်ဘက်မှ ယခင်အရိုးခြောက်နှင့် ဆင်တူသော အရိုးခြောက်များ၏ ကျူးကျော်ခြင်း ခံခဲ့ရာ ဂိုဏ်းတစ်းဂိုဏ်းလုံး ပြိုကွဲသွားခဲ့ရသည်။
“အဲ့အရိုးခြောက်တွေ… အင်း အရိုးမျိုးနွယ်စုတွေပေါ့။ အဲ့ကောင်တွေက အရမ်း အားကောင်းလွန်းတယ်။ သူတို့မှာ သူတော်စင်အဆင့်တွေဆိုတာလည်း အများကြီးပဲ။ အားအနည်းဆုံး ဆိုတဲ့ကောင်တောင် မသေမျိုးအဆင့်ရှိတယ်။ အင်မော်တယ် တက်လှမ်းခြင်း အဆင့် တစ်ယောက်တောင် မပါဘူး။ ပြီးတော့ တစ်ယောက်ယောက်ကို သတ်ပြီးတာနဲ့ သေသွားတဲ့လူရဲ့ အသွေးအသားကို စုပ်ယူပြီး သူတို့ကိုယ်ပိုင် ခန္ဓာကိုယ်ကို ဖန်တီးကြတယ်။ ငါတို့ ရေဝိဥာဉ်ကျောင်းတော်က တပည့် နှစ်ထောင်ကျော်လုံး တစ်ရက်အတွင်းမှာပဲ အသတ်ခံလိုက်ရတာ။ ကျွန်းတွေအားလုံးလည်း အသိမ်းခံလိုက်ရပြီ… ရေဝိဥာဉ်ကျောင်းတော် လုံးဝ ပျက်စီးသွားပြီ” ရွှေးယွင်က တုန်တုန်ရင်ရင်ဖြင့် “အကုန်လုံးနီးပါး အသတ်ခံလိုက်ရတယ်။ ငါမှာလည်း လုံလောက်တဲ့ခွန်အား မရှိတော့ ရွှေးလင်ကို ကာကွယ်ပြီး ထွက်ပြေးလာရုံပဲ တတ်နိုင်တယ်။ ဒါပေမယ့် အရိုးမျိုးနွယ်စု ခွေးသူတောင်းစားတွေက ရေပြာမြို့တော် တစ်ခုလုံးကိုတောင် သတ်ဖြတ်ပြီးလိမ့်မယ်လို့ မထင်ထားဘူး”
“အဖေ၊ ဒါက အဖေ့အပြစ်မှ မဟုတ်တာ” ရွှေးလင်က နှစ်သိမ့်ပေးလိုက်သည်။
“ဒါပေမယ့် ငါ့အကြည့်အောက်မှာ ရေဝိဥာဉ်ကျောင်းတော် ပျက်စီးသွားတာက အမှန်တရားပဲလေ” ရွှေးယွင် ဝမ်းနည်းစွာဖြင့် ခေါင်းခါလိုက်သည်။
“ရေခဲပြင်ကြီးဆီကနေ လာတာ ဖြစ်လောက်တယ်” ရန်ကိုင် အမူအရာ မည်းမှောင်သွားခဲ့သည်။
“ရေခဲပြင်လား” ရွှေးယွင် ရန်ကိုင်အား နားမလည်နိုင်စွာ ကြည့်လိုက်သည်။
“ရေခဲဂိုဏ်းရဲ့ ပိုက်နက်ကနေပဲ” ရန်ကိုင် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး “အရင်လတွေတုန်းက ရေခဲဂိုဏ်းနဲ့ အဆက်အသွယ်ကော လုပ်ဖြစ်ကြလား။ သူတို့ အခု ဘယ်လိုနေလဲ”
“အဆက်အသွယ်ကတော့ လုပ်တော့လုပ်ဖြစ်တယ်။ နောက်ဆုံး လုပ်ဖြစ်ခဲ့တာက ငါမြုပ်ခဲ့တဲ့ အရိုးခြောက် ပြန်အသက်မရှင်လာခင်ကပဲ…” ရွှေးယွင်က ပြန်ပြောလိုက်သည်။
“ခင်ဗျားတို့ ဒီမှာ အားပြန်ဖြည့်နှင့်ဦး။ ကျုပ်တစ်ချက် သွားကြည့်လိုက်ဦးမယ်” ပြောပြီးနောက် ကောင်းကင်လွန်းပျံကို ထုတ်ယူ၍ ထွက်ခွာရန် ပြင်လိုက်သည်။
“ရန်ကိုင် မသွားနဲ့” ရွှေးလင်က အလန့်တကြား ထအော်ပြောလေသည် “အဲ့ကောင်တွေက အရမ်းသန်မာလွန်းတယ်။ တစ်ယောက်တည်း သွားဖို့က အရမ်း အန္တရာယ်များတယ်နော်”
“ဟုတ်တယ်။ သူတို့ အရေအတွက်က မများပေမယ့် သူတော်စင်အဆင့်တွေတော့ ရှိနေတုန်းပဲ။ ပြီးတော့ လူတွေသတ်ပြီး သူတို့ကိုယ်ကို အားပြန်ဖြည့်လို့ရတယ်။ တစ်ယောက်တည်း သွားဖို့ဆိုတာ အရမ်း အန္တရာယ်များတယ် တော်ဝင်သခင်ရန်”
“ဟုတ်တယ်။ ကျုပ်က အခြေအနေကို သွားစစ်ဆေးရုံပဲ။ အန္တရာယ်ရှိနေပြီထင်ရင် ဒီနေရာကနေ မြန်မြန် ထွက်သွားလိုက်။ နောက်ကျမှ ခင်ဗျားတို့ကို ကျုပ်နည်းကျုပ်ဟန်နဲ့ လာရှာမယ်” ပြောပြီးနောက် ရွှေးလင်တို့၏ မြင်ကွင်းမှ ရန်ကိုင် ပျောက်ကွယ်သွားလေသည်။
ရွှေးယွင်နှင့် ရွှေးလင်တို့မှာ ရန်ကိုင်ကို တားချင်သော်ငြား မတားနိုင်ခဲ့ချေ။
“သူလုံခြုံပါစေလို့ပဲ ဆုတောင်းရတော့မှပဲ” ရွှေးယွင်က လေးလေးပင်ပင်နှင့် သက်ပြင်းချလိုက်သည်။ ထိုဆိုးရွားလှသည့် အသက်ရှိနေသော အရိုးခြောက်များရှေ့ ရေဝိဥာဉ်ကျောင်းတော်၏ ဂိုဏ်းချုပ်ဖြစ်သော သူကိုယ်တိုင်ပင်လျှင် ဘာမှ မလုပ်နိုင်ချေ။ ယခုတစ်ကြိမ်၌ သူသာ ထွက်ပြေးရန် မရွေးချယ်ခဲ့ပါက သူနှင့် ရွှေးလင် နှစ်ယောက်စလုံး ကျိန်းသေ သေသွားရပေလိမ့်မည်။
ထိုအကြောင်းကို ပြန်တွေးမိတိုင်း ရွှေးယွင် ကြောက်ရွံ့မိနေဆဲ.
မိုးပြာရောင်အလင်းဖြင့် ခြံရံလျက် ရန်ကိုင်သည် ရေဝိဥာဉ် ကျောင်းတော် ရှိရာဆီသို့ ခရီးအပြင်းနှင်နေခဲ့သည်။
အရိုးမျိုးနွယ်စုဝင်များ ရေဝိဥာဉ်ကျောင်းတော်တွင် အုံလိုက်ကျင်းလိုက် ပေါ်လာပြီး ကျောင်းတော်၏ ကျွန်းများကို သိမ်းပိုက်၊ ကျောင်းတော် တပည့်များကို သတ်ဖြတ်ခြင်းသည် တိုက်ဆိုင်မှုတစ်ခုသက်သက် မဖြစ်နိုင်ချေ။
ရန်ကိုင် အထင်သာ မှန်ကန်ပါက ထိုအရိုးမျိုးနွယ်စုဝင် ကျင့်ကြံသူများသည် ရေခဲဂိုဏ်းမှ ရောက်လာခြင်း ဖြစ်ရပေမည်။
ရေခဲဂိုဏ်းသည် အရိုးမျိုးနွယ်စုဝင်များ ပြန်လည် ရှင်သန်လာမည်ကို ဟန့်တားရန်အတွက် ရေခဲပြင်အား နှစ်နှင့်ချီအောင် စောင့်ကြပ်နေခဲ့ကြသည်။ ယခင်က ထိုအကြောင်းကို များများစားစား မတွေးခဲ့ဖူး။ ယခုမူ အရိုးမျိုးနွယ်စုသည် လုံးဝ သေဆုံးသွားခြင်း မရှိသေးဘဲ ရေခဲအောက်တွင် ပုန်းအောင်းနေမှန်း ရေခဲဂိုဏ်း သိထားမှန်း ရန်ကိုင် နားလည်သွဦးခဲ့သည်။ ထို့ကြောင့်သာ ထိုနေရာတွင် တစ်ချိန်လုံး ရှိနေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း အရိုးမျိုးနွယ်စုဝင်များ မည်သည့်နေရာတွင် ပုန်းအောင်းနေသလဲ ဆိုသည်ကို သူတို့ မသိသည်မှာလည်း ဖြစ်နိုင်သည်။ အရိုးမျိုးနွယ်စုဝင်များ အသက်ပြန်ရှင်မလာခင် သူတို့သည် သာမန်အရိုးခြောက်များနှင့် မခြားနားချေ။ ထို့ကြောင့် သူတို့ မည်သည့်နေရာတွင် ပုန်းအောင်းနေသလဲ ဆိုသည်ကို သတိပြုမိရန် အရမ်းကိုမှ ခဲယဉ်းပေသည်။
သို့သော်လည်း ယခုအချိန်၌ ရေဝိဥာဉ်ကျောင်းတော်တွင် အရိုးမျိုးနွယ်စုဝင်များ ရုတ်တရက် ပေါ်လာခဲ့သည်။ ရေခဲဂိုဏ်း၏ အခြေအနေမှာ တကယ့်ကို စိုးရိမ်စရာ ဖြစ်နေလေပြီ။
စုယန်သည် ရေခဲဂိုဏ်းတွင် ရှိနေသေးရော ရန်ကိုင် အနေဖြင့် မည်ကဲ့သို့ ရတက်အေးနိုင်မည်နည်း။
ခဏအကြာ၌ ရေပြာမြို့တော်သို့ ရန်ကိုင် ရောက်လာခဲ့သည်။
ယခုအချိန်တွင် ရေပြာမြို့တော်တစ်ခုလုံး အသက်ဓါတ်တို့ ကင်းမဲ့နေခဲ့ချေပြီ။ သက်ရှိအရိပ်အယောင် မတွေ့ရတော့၊ အရိုးမျိုးနွယ်စုဝင်များကိုလည်း မတွေ့ရတော့။ မြို့ထဲရှိ အလောင်းတို့မှာလည်း မရှိတော့ချေပြီ။
ရေပြာမြို့ထဲတွင် ကျန်ခဲ့သည်ကား ပြိုကျနေသော အဆောက်အံအုံများနှင့် လမ်းမထက်ရှိ သွေးစွန်းကွက်အချို့ပင်။
ရေပြာမြို့တော်ကို ဖြတ်ပြီးနောက် ရေဝိဥာဉ်ကျောင်းတော် ရှိရာဆီသို့ ရန်ကိုင် ရောက်လာခဲ့သည်။
ရောက်သည်နှင့် လူတစ်ယောက်အား ကြောက်စိတ် ဝင်သွားစေနိုင်သည့် လွန်စွာကိုမှ အားကောင်းလှသော အရှိန်အဝါ တစ်ခုကို အောက်ဘက်ဆီမှ ရန်ကိုင် ခံစားမိလိုက်သည်။
ရန်ကိုင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရပြီး ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ စစ်ဆေးကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့မျက်နှာတစ်ပြင်လုံး သွေးမရှိတော့မတတ် ဖြူလျော်သွားခဲ့ရလေသည်။
သူမြင်လိုက်ရသည်ကား သူတော်စင်ဒါဇင်ကျော်နှင့် ရာနှင့်ချီသော မသေမျိုးများပင်။ သူတော်စင်များစွာမှာ ဒုတိယအဆင့်၊ တတိယအဆင့်များ ဖြစ်ကြပေသည်။ ထို့ကဲ့သို့သော အင်အားစုတစ်ခုသည် ဤလောကကြီးရှိ မည်သည့် ဂိုဏ်းကိုမဆို နင်းချေပစ်နိုင်ပေသည်။ သူတို့သာ ထုန်းရွှမ်လောကကြီး တစ်ခုလုံးကို စိုးမိုချင်သည်ဆိုပါက အလွယ်တကူ အောင်မြင်နိုင်သည်ဟုပင် ပြော၍ ရပေသည်။
“မဟာပြောင်းလဲမှုကြီး နီးကပ်လာနေပြီ”
ချူလင်းရှောင် ပြောခဲ့သော စကားများကို ရန်ကိုင် ပြန်အမှတ်ရလိုက်သည်။
ရန်ကိုင်၏ အရှိန်သည် မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်လွန်းလှသဖြင့် သူဖြတ်သွားချိန် မည်သည့် အရိုးမျိုးနွယ်စုဝင်မှ သူတို့၏ ကောင်းကင်စိတ်အာရုံဖြင့် သူ့အား ပစ်မှတ်မထားနိုင်ခဲ့ချေ။
အပြာရောင်အလင်းတန်း ဖြတ်သွားသည့်အခါ အရိုးမျိုးနွယ်စုဝင်ထဲမှ အားအကောင်းဆုံးတစ်ယောက်သည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။
“ကြယ်လွန်းပျံပါလား” အစိမ်းရောင် မျက်လုံးတစ်ုဖြင့် သက်လတ်ပိုင်းကြီးလူက အံ့အားသင့်နေဟန်ဖြင့် ကောင်းကင်ကို မော့ကြည့်နေရင်း အော်ပြောလိုက်သည်။
ထိုအရိုးမျိုးနွယ်စုဝင် ပညာရှင်သည် ရန်ကိုင် မြင်ခဲ့ဖူးသော အရိုးမျိုးနွယ်စုဝင်များသည် လုံးဝကို ကွာခြားပေသည်။ ထိုလူသည် သာမန်လူသားတစ်ယောက်နှင့် မခြားတော့ချေ။ သူ့မျက်နှာသည် နီတီတီ ဖြစ်နေပြီး ခန္ဓာကိုယ်မှ အားကောင်းသော အသက်စွမ်းအင်တို့ ဖြာထွက်နေခဲ့သည်။ ထူးခြားနေသည်ကား ချောက်ချားဖွယ်ကောင်းလောက်အောင် အစိမ်းရောင် တောက်နေသော သူ့မျက်လုံးတစ်စုံပင် ဖြစ်သည်။
“ဆရာ။ အစောပိုင်းတုန်းက ဟိုမြို့လေးမှာ မြင်လိုက်တဲ့ ကြယ်လွန်းပျံပါပဲ။ သူ့နောက် လိုက်ဖမ်းကြမလား”
သက်လတ်ပိုင်းလူကြီးက ခေါင်းခါလိုက်ပြီး “ကြယ်လွန်းပျံက ငါတို့ လိုက်မမှီနိုင်အောင်ကို အရမ်း မြန်လွန်းတယ်။ အဲ့လူက ဘယ်သူလဲဆိုတာကိုပဲ စုံစမ်းကြည့်လိုက်”
“ဟုတ်ကဲ့ပါ”
“သူ့ကြည့်ရတာ ရေခဲပြင်ဘက်ဆီ သွားနေတဲ့ပုံပဲ… ဘာလို့ အဲ့ဘက်ကို သွားနေတာလဲမသိဘူး။ ဟိုလူတွေနဲ့ သိနေတာများလား” သက်လတ်ပိုင်းလူကြီး အတွေးနက်သွားသည်။
နာရီဝက်ကြာပြီးနောက် ရေခဲပြင်ကြီးဆီသို့ ရန်ကိုင် ရောက်ရှိလာခဲ့သည်။
ရောက်ရောက်ချင်း ပုံမှန်မဟုတ်သည့် စွမ်းအင်လှိုင်းများကို အာရုံခံမိလိုက်သည်။
ဟင်းလင်းပြင်စွမ်းအင်…
မော့ကြည့်လိုက်ရာ မိုင်ဒါဇင်ကျော်အကွာ၊ မြေပြင်ထက် မီတာရာပေါင်းများစွာ အမြင့်တွင်၊ လေဟာနယ်လိုဏ်ခေါင်း တစ်ခု ပွင့်နေသည်ကို တွေ့လိုက်ရသည်။ ဟင်းလင်းပြင် စွမ်းအင်များသည် လိုလေဟာနယ်လိုဏ်ခေါင်းမှ ယိုစိမ့်ထွက်နေခြင်း ဖြစ်သည်။
ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
လေဟာနယ်လိုဏ်ခေါင်း မည်သည့်နေရာသို့ ဦးတည်နေသလဲ ဆိုသည်ကို မစစ်ဆေးကြည့်သေးဘဲ ရေခဲပြင်ကိုသာ အရင် စစ်ဆေးကြည့်လိုက်သည်။
သို့သော်လည်း ရလဒ်မျာ စိတ်ပျက်စရာအတိပင်။ ရေခဲပြင်တစ်ခုလုံးတွင် မည်သည့် သက်ရှိမှ ရှိမနေခဲ့ချေ။ ရေခဲဂိုဏ်းသားများ ရှိနေခဲ့ဖူးသည့် နေရာဟာဆိုလျှင်လည်း ဗြောင်တလင်း ခါနေခဲ့လေပြီ။ ရေခဲတောင်ထွတ်များသည်လည်း ပြိုကျပျက်စီးနေခဲ့သည်။ အက်ကြောင်းထနေသော ရေခဲပြင်များ၊ ပြိုကျနေသော ရေခဲတောင်များအရ ဤနေရာ၌ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည့်ပုံပင်။
နှင်းဖြူရောင်ရေခဲနှင်းကမ္ဘာကြီးသည် သွေးကွက်တို့ဖြင့် စွန်းထင်နေခဲ့လေပြီ။
ရန်ကိုင် အသိစိတ်တစ်ခုလုံး မှောင်မိုက်သွားခဲ့ရသည်။
သူနှင့်စုယန်သည် စိတ်နှင့်ဝိဥာဉ်ပေါင်းစပ်ခြင်း အဆင့်ကို ရောက်ရှိသွားပြီ ဖြစ်သည်အတွက် နှစ်ဦးကြား အကွာအဝေးသည် အရမ်းကြီး ကွာခြားနေခြင်း မရှိသရွေ့ တစ်ယောက်၏ တည်ရှိမှုကို အခြားတစ်ယောက်က အာရုံခံနိုင်ပေလိမ့်မည်။ သို့သော် ယခုအချိန်၌ စုယန်၏ အရှိန်အဝါကို အာရုံခံ၍ မရတော့ချေ။
ဖြစ်နိုင်ချေသည်ကား သူမ သေသွားသည့် အတွက် ဖြစ်သည်။ နောက်ထပ် ဖြစ်နိုင်ချေသည်ကား စုယန်သည် အလွန်ကိုမှ ဝေးကွာသော နေရာတစ်ခုသို့ ရောက်နေသည့်အတွက်ကြောင့် ဖြစ်ပေသည်။
ရန်ကိုင် အသက်ရှူသံ ကြမ်းတမ်းလာပြီး သူ့အရှိန်အဝါမှာလည်း မတည်မငြိမ် ဖြစ်လာခဲ့လေသည်။ သို့သော် လှိုင်းထန်လာသော သူ့ခံစားချက်ကို တည်ငြိမ်အောင် အမြန်အဆန်ပဲ ကြိုးစားလိုက်လေသည်။
အချိန်အတော်ကြာသွားပြီးသည့်နောက် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းပစ်လိုက်သည်။
ဒုတိယဖြစ်နိုင်ချေသည် ပိုဖြစ်နိုင်လောက်သည်ဟု သူထင်မိသည်။
ရေခဲဂိုဏ်းချုပ် ချင်းယသည် သူတော်စင် တစ်ယောက်ဖြစ်ကာ ကျန်အကြီးအကဲများသည်လည်း အားကောင်းသော သူတောစင်များ ဖြစ်ကြသည့်အတွက် အရိုးမျိုးနွယ်စု ပြန်ရှင်လာပြီး သူတို့ဂိုဏ်းကို တိုက်ခိုက်မည်ဆိုလျှင် တစ်ဂိုဏ်းလုံးကို ရှင်းပစ်ရန်မှာ မဖြစ်နိုင်ချေ။
ချင်းယသည် သူတို့ လွတ်မြောက်နိုင်ဖို့အတွက် လမ်းကြောင်း ရှာပေးပေလိမ့်မည်။
ထို့နောက် ရန်ကိုင်၏ အကြည်သည် လေဟာနယ် လိုဏ်ခေါင်းဆီသို့ ရောက်ရှိသွားခဲ့သည်။
သဲလွန်စမရှိသော်လည်း ချင်းယနှင့် အခြားသူများသည် ထိုလေဟာနယ်လိုဏ်ခေါင်းမှ ထွက်ပြေးသွားသည်ဟု သူ့မသိစိတ်က ပြောနေခဲ့သည်။ သူသာ ချင်းယ နေရာတွင် ဆိုပါကလည်း ထိုကဲ့သို့သာ လုပ်ပေမည်။
ရန်ကိုင်သည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ လေဟာနယ်လိုဏ်ခေါင်းရှိရာသို့ ချက်ချင်း ပြေးသွားလိုက်သည်။
ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ဖိအားတစ်ရပ် သူ့အပေါ် ပြိုဆင်းလာပြီး သူ့ခန္ဓကိုယ်ကို တစ်စစီ ဆုတ်ဖြဲပစ်ရန် ကြိုးစားလာခဲ့သည်။ သို့တိုင် သူ့ခြေထောက်တွင်ကား ဘာဆိုဘာမှ မရှိသော ကြယ်တာရာတို့ဖြင့်သာ ပြည့်နေသည့် လေဟာနယ်ကြီး တစ်ခုပင်။
ကြယ်တာရာကောင်းကင်။
ရန်ကိုင် အမူအရာ သုန်မှုန်သွားခဲ့ရလေပြီ။ ဤလေဟာနယ် လိုဏ်ခေါင်းသည် ကြယ်ရောင်ဖြာနန်းတော်တွင် ရှိနေသော ကြယ်တာရာကောင်းကင်သို့ ဦးတည်နေသည့် လေဟာနယ် လိုဏ်ခေါင်းတစ်ခု ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့သော။ ငြိမ်သက်သွားခဲ့သော စိတ်ခံစားချက် လှိုင်းတံပိုးလေးများ တစ်ဖန်ပြန်လည် ဂယက်ထလာခဲ့ချေပြီ။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၅၅) ကြယ်လွန်းပျံ
ကြယ်တာရာကောင်းကင်သည် ကြောက်မက်ဖွယ်ရာ ဖိအားတို့ဖြင့် ပြည့်နေသည်။ သန်မာတောင့်တင်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်း မရှိလျှင် သေမည်မှာ မြေကြီးလက်ခတ် မလွဲပင်။ ကြယ်တရာကောင်းကင်၏ ဖိအားကို ခုခံရန် အနည်းဆုံး သူတော်စင်တတိယအဆင့် ဖြစ်ရန် လိုသည်။
ဤနေရာသည် ဒဏ္ဏာရီလာနေရာတစ်ခု ဖြစ်ပြီး အနည်းငယ်သာ ခြေချခဲ့ဖူးသော နေရာတစ်ခုလည်း ဖြစ်သည်။
ဒဏ္ဏာရီလာ မဟာနတ်ဆိုးနတ်ဘုရားသည်ပင် ကြယ်တာရာကောင်းကင်ထဲ စူးစမ်းရင်း သေဆုံးသွားခဲ့သည်ဟု သတင်းများ ထွက်ခဲ့ဖူးသည်။
ကောလဟာလများ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ကြယ်တရာကောင်းကင်သည် အလွန်ကိုမှ အန္တရာယ်များသည် ဆိုသည်မှာမူ မည်သူမှ ငြင်းမရသည့် အချက်ဖြစ်သည်။
ရေခဲဂိုဏ်းမှ ကျင့်ကြံသူများသည် ဤလေဟာနယ် လိုဏ်ခေါင်းအား ဆန်းကြယ်လောကငယ်တစ်ခုဆီသို့ ဦးတည်နေသည့် သာမန် လေဟာနယ်လိုဏ်ခေါင်းတစ်ခုအဖြစ် အထင်မှား၍ ဝင်သွားမည်ဆိုပါက အကျိုးဆက်သည်ကား မတွေးရဲစရာပင်။
ရေခဲဂိုဏ်းချုပ်ဖြစ်သော ချင်းယမှလွဲင ကျန်သူအားလုံး ကြယ်တာရာကောင်းကင်၏ ဖိအားကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ရန်ကိုင် အတွေးတို့ ယောက်ယတ်ခတ်နေပြီး နေရာတွင်သာ အချိန်ဘယ်လောက် ကြာ၍ကြာသွားမှန်း မသိအောင် ငိုင်ငိုင်ကြီး မတ်တပ်ရပ်နေခဲ့သည်။
ကျိုးကြေနေသော အရိုးများစွာကို လှမ်းမြင်လိုက်သည့် အချိန်မှပဲ ပြန်အသိဝင်လာနိုင်ခဲ့သည်။
ရန်ကိုင်သည် ကတုန်ကရင်ဖြင့် ထိုအရိုးများကို သူ့ဆီသို့ အသာအယာ ဆွဲယူလိုက်သည်။ ထို့နောက် တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် အရိုးများကို စစ်ဆေးကြည့်လိုက်ပြီးသည့်အခါမှသာ စိတ်သက်သာရာ ရသွားခဲ့သည်။
ထိုအရိုးများသည် အရိုးမျိုးနွယ်စုဝင် တစ်ယောက်၏ အရိုးများ ဖြစ်ပေသည်။
ထိုတွေ့ရှိမှုသည် ရန်ကိုင်၏ ခန့်မှန်းချက်ကို ပို၍ ခိုင်မာသွားစေခဲ့သည်။
ရေခဲဂိုဏ်းမှ ကျင့်ကြံသူများသည် ဤနေရာသို့ ထွက်ပြေးလာသဖြင့် အရိုးမျိုးနွယ်စုဝင်များသည် သူတို့နောက် လိုက်လံဖမ်းဆီးရာမှ ကြယ်တာရာကောင်းကင်၏ ဖိအားကြောင့် ပွဲချင်းပြီး သေသွားခဲ့ရခြင်းဖြစ်သည်။
သေသေချာချာ ရှာကြည့်လိုက်သည့်အခါ ပြန့်ကျဲနေသော အရိုးများစွာကို တွေ့လိုက်ရသည်။ ဤနေရာ၌ သေသွားသည့် အရိုးမျိုးနွယ်စုမှာ အတော်များသည့်ပုံပင်။
ထိုသို့သာဆိုလျှင် ရေခဲဂိုဏ်းအကြီးအကဲများနှင့် စုယန်တို့သည်ကော ဘယ်မလဲ။
သူတို့ သေသွားသည့်ပုံမရ။ ကြယ်တာရာကောင်းကင်ထဲ ပဟေဠိဆန်ဆန် ပျောက်ကွယ်သွားသည်ပုံသာရသည်။
သူ့စိတ် တဖြည်းဖြည်း တည်ငြိမ်သွားချိန် သူ့လက်ရှိ အရိုးများကို ညစ်ချေပစ်လိုကသ်ည်။ ထို့နောက် ကောင်းကင်လွန်းပျံကို သုံး၍ သဲလွန်စ ရလိုရငြား ကြယ်တာရာကောင်းကင်ထဲ လိုက်ပတ်ရှာကြည့်တော့သည်။
သံသယရှိဖွယ် မည်သည့် နေရာမှာကိုမှ အလွတ်မပေးခဲ့။ ကောင်းကင်စိတ်အာရုံအား ဖြန့်နိုင်သမျှ ဖြန့်ကျက်ရင်း ချင်းယ၏ ကာကွယ်မုအောက်တွင် လုံလုံခြုံခြုံနှင့် ရှိနေသော သို့မဟုတ်၊ သူရောက်လာမည်ကို စောင့်နေသော စုယန်အား ရှာနေခဲ့သည်။
ကံမကောင်းစွာဖြင့် သူစိတ်ပျက်သွားခဲ့ရသည်။
မိုင်တစ်သောင်း ပတ်လည်ကို ရှာဖွေခဲ့သော်လည်း မည်သည့် သဲလွန်စကိုမှ ရှာမတွေ့ခဲ့ချေ။
ရက်ပေါင်းများစွာ ကြာသွားခဲ့ပြီးနောက် လေဟာနယ် လိုဏ်ခေါင်းဆီသို့ ရန်ကိုင် ပြန်ရောက်လာခဲ့သည်။ ဝင်ပေါက်မှ နေ၍ အထဲသို့ နောက်ဆုံးအကြိမ် ပြန်ကြည့်လိုက်ပြီးနောက် အပြင်သို့ ပြေးထွက်သွားလေသည်။
ထုန်းရွှမ်လောကကြီးဆီသို့ ပြန်ရောက်လာသည်နှင့် ရေဝိဥာဉ်ဘုရားကျောင်းဆီသို့ တိုက်ရိုက် ပျံသန်းသွားသည်။
ဤလောကကြီးတွင်၊ ရေခဲဂိုဏ်း ရှင်သန်သူများ ရှိမည့် နေရာကို သိထားသူရှိလျှင် အရိုးမျိုးနွယ်စုများမှလွဲ၍ အခြား ဘယ်သူမှ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ သူတို့သာ စုယန်အကြောင်း တစ်ခုခု သိထားပါက မည်သည့် အန္တရာယ်ကိုပင် ရင်ဆိုင်ရပါစေ သူရှာကို ရှာရပေလိမ့်မည်။
ရေဝိဥာဉ်ဘုရားကျောင်း ပိုင်နက်အတွင်းရှိ အကြီးဆုံး ကျွန်းသည် ရေဝိဥာဉ်ကျောင်းတော်၏ ဌာနချုပ် ဖြစ်ပေသည်။ သို့သော်လည်း တိုက်ပွဲကြီးနောက်ပိုင်း ထိုနေရာသည် အရိုးမျိုးနွယ်စုဝင်များ၏ အပိုင် ဖြစ်လာခဲ့သည်။
လက်ရှိအချိန်၌ အရိုးမျိုးနွယ်စုဝင်များသည် ထိုနေရာ၌ စုဝေးနေခဲ့ကြသည်။
အကုန်လုံးသည် ယခင်ကကဲ့သို့ အရိုးခြောက် မဟုတ်တော့။ ကိုယ်ပိုင် အသွေးအသားတို့ဖြင့် ပြည့်စုံသော လူတစ်ယောက်လို ဖြစ်နေကြလေပြီ။
တလက်လက် တောက်ပနေသော အစိမ်းရင့်ရောင် မျက်လုံးများမှလွဲ၍ ကျန်အစိတ်အပိုင် အားလုံးသည် သာမန် လူသားတစ်ယောက်နှင့် အတူတူပင် ဖြစ်သည်။
နှစ်ရာနီးပါးခန့်ရှိသော အရိုးမျိုးနွယ်စုဝင်များသည် ထိုနေရာတွင် စုဝေးနေကြသည်။ အတိတ်နိမိတ်မကောင်းသည့်ဟန် ရသော သူတို့၏ အစိမ်းရင့်ရောင် မျက်လုံးများကြောင့် ကျွန်းမှာ အုံ့ဆိုင်းညို့မှိုင်းနေဟန်ရသည်။
သို့သော်လည်း ထိုအရိုးမျိုးနွယ်စုဝင်အားလုံးမှာမူ စိတ်လှုပ်ရှားနေခဲ့ကြသည်။
သူတို့၏ အော်ဟစ်သံတို့မှာ အနီးနားတစ်ခွင် ပဲ့တင်ထပ်နေခဲ့သည်။
အကုန်လုံးသည် အရိုး၊အသားတို့ဖြင့် ပြည့်နေသော သွေးကန် တစ်ခုကို စက်ဝိုင်းပုံစံ ဝိုင်းလျက် မတ်တပ်ရပ်နေကြသည်။ ပူပေါင်းများ ပလုံစီထနေပြီး ထိုသွေးကန်မှ ထွက်ပေါ်နေသော သွေးငွေ့များကြောင့် ကောင်းကင်ပင် ကြက်သွေးရောင် သန်းနေရသည်။
ဖြူဖွေးနေသော အရိုးများနှင့် ဘာမှန်းမသိသော ဆေးပင်များသည် သွေးကန်ထဲ မျောနေခဲ့သည်။
တစ်ခါတစ်ရံ သွေးကန်အောက်ခြေမှ အလင်းတစ်ချက် တစ်ချက် လက်သွားခဲ့လေရာ ထိုနေရာ၌ စိတ်ဝိဥာဉ်အစီအရင် တစ်ခု ရှိနေသည့်ပုံပင်။
“စီနီယာလော့၊ အချိန်ကျပြီ” အရိုးမျိုးနွယ်စုဝင်တစ်ယောက် ခေါင်းဆောင်နေရာတွင် ရပ်နေသော သက်လတ်ပိုင်းလူကြီးဆီ လျှောက်သွားပြီး တင်ပြလိုက်သည်။
သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်လိုက်ပြီး အားလုံးဘက်သို့ လှည့်လိုက်သည်။ အော်ဟစ်နေကြွေးနေသော အရိုးမျိုးနွယ်စုဝင်အားလုံး တိတ်ဆိတ်သွားကြပြီး သက်လတ်ပိုင်း လူကြီးကို ကြည့်လိုက်ကြသည်။
ကဲလော့သည် လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး စပြောလိုက်သည် “လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းက ငါတို့ကလန် ဒီနေရာကို မတော်တဆ ရောက်လာခဲ့တယ်။ ရောက်တုန်းကတော့ စိုင်ကော်လို့ ချုံပေါ်ရောက်ပြီ ထင်နေတာ။ တကယ့် ပညာရှင်ကြီးတစ်ယောက်နဲ့ သွားတိုးမယ်လို့ မထင်ထားဘူး။ ငါတို့ ကလန် ရှုံးနမ့်သွားပြီး ပညာရှင်တွေ အများကြီးလည်း သေဆုံးသွားခဲ့ရတယ်။ ငါတို့တွေတောင် ရေခဲလွင်ပြင်ဆီ ထွက်ပြေးရပြီး နှစ်ပေါင်း မရေမတွက်နိုင်အောင် အိပ်စက်ပုန်းအောင်းခဲ့တယ်။ အခု ငါတို့ ပြန်နိုးထားလာခဲ့ပြီ။ ငါတို့ကလန်ရဲ့ ပညာရှင်တွေကို သတ်ခဲ့တဲ့ ပညာရှင်ကြီးလည်း သေသွားပြီ။ အခု ဒီကမ္ဘာကြီးမှာ ငါတို့ကို တားနိုင်တဲ့လူ ဘယ်သူမှ မရှိတော့ဘူးကွ”
အရိုးမျိုးနွယ်စုဝင်အားလုံး စိတ်လှုပ်ရှားစွာဖြင် ပြိုင်တူ အော်ဟစ်ကြွေးလိုက်ကြသည်။ သူတို့၏ အော်ဟစ်သံသည် ကောင်းကင်ယံထိတိုင် ဟိန်းထွက်သွားခဲ့သည်။
ကဲလော့သည် သူ့လက်ကိုမြှောက်၍ လူအုပ်ကြီးအား တိတ်တိတ်နေရန် အချက်ပြလိုက်ပြီးနောက် ဆက်ပြောလိုက်သည် “ဒီည၊ ငါတို့ ကလန်သားအသစ်တွေ မွေးဖွားလာလိမ့်မယ်။ သူတို့တွေ အားကောင်းလာဖို့အတွက် ငါတို့ အကုန်လုံး ဝိုင်းဝန်း ကူညီပေးရမယ်”
အရိုးမျိုးနွယ်စုဝင်အားလုံး ခေါင်းညိတ်လိုက်ကြသည်။
ချက်ချင်းဆိုသလို အကုန်လုံး စတင် လှုပ်ရှားကြသည်။ အရိုးမျိုးနွယ်စုဝင် တစ်ယောက်ချင်းစီတိုင်းတွင် ရှိနေသော အသက်စွမ်းအင်များသည် သွေးကန်ထဲသို့ စတင် စီးဆင်းတော့လေသည်။
သွေးကန်သည် မီးပြင်းပြင်းဖြင့် အမြှိုက်ခံလိုက်ရသည့်အလား ပွက်ပွက်ဆူလာခဲ့သည်။ အထဲတွင် ရှိနေသော အရိုး၊ သွေး၊ အသားနှင့် ဆေးပင်များမှာလည်း အကုန်ရောနှယ်ခံနေရသည်။
အူသံ၊ အော်ဟစ်မြည်ကြွေးသံကဲ့သို့ အော်သံများနှင့်အတူ ဝိုးတဝါးတား မျက်နှာများစွာ သွေးကန်ထဲ ပေါ်လာခဲ့သည်။ ထိုမျက်နှာများသည် သွေးကန်ထဲ ပိတ်မိနေသည့် တစ္ဆေများနှယ် သွေးကန်ထဲမှ မလွတ်မြောက်နိုင် ဖြစ်နေခဲ့ကြသည်။
အရိုးမျိုးနွယ်စုဝင်အားလုံးသည် သွေးကလန်သား မျှော်လင့်စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကြည့်နေကြသည်။
ရုတ်တရက် တဖျစ်ဖျစ် မြည်သံများနှင့်အတူ သွေးကန်တွင်းမှ အရိုးများ စတင် ပေါင်းစပ်လာခဲ့ကြသည်။
သွေးပွက်သံနှင့်အတူ သွေးကန်တွင်းမှ အရိုးခြောက်တစ်ခု ထမတ်တပ်ရပ်လာခဲ့သည်။ မည်းမှောင်နေသော မျက်ဆံများသည် မကြာမီ အစိမ်းရင့်ရောင်တောက်လာခဲ့သည်။
သို့သော်လည်း သွေးကန်အပြင်ဘက်တွင် ရပ်နေသော အရိုးမျိုးနွယ်စုများနှင့် ယှဉ်လျှင် ထိုအရိုးခြောက်၏ အစိမ်းရောင် မျက်လုံးများမှာ အတော်လေး အရောင်မှိန်နေသည်ဟု ဆို၍ရသည်။
ဖြစ်ပေါ်လာသော အရိုးခြောက်အသစ်သည် လက်ရှိ သူ့အခြေအနေကို နားမလည်သေးသည့်အလား ငေးငိုင်ငိုင်ဖြင့် ရပ်နေသည်။
သို့သော်လည်း မသိစိတ်အရ ကန်အတွင်းမှာ အသက်စွမ်းအင် အဆီအနှစ်များကို စတင် စုပ်ယူတော့လေသည်။
ထိုပိန်လှီနေသော အရိုးခြောက်၏ အရိုးများပေါ်တွင် အသားလွှာများ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။ ခဏအကြာ၌ အရေပြားတစ်လွှာ ပေါ်လာခဲ့သည်။ လက်ရှိ အရိုးခြောက်၏ပုံစံမှ ပိန်လှီနေသော လူအိုကြီးတစ်ယောက်နှင့်ပင် တူနေသေးသည်။
သွေးကန်တွင်းမှ အရိုးခြောက် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့သည်။ ခဏအကြာ၌ အယောက်တစ်ရာ ဖြစ်ပေါ်လာခဲ့သည်။ အရိုးခြောက်အသစ်များ ထွက်ပေါ်လာမှုနှင့် အတူ ကန်တွင်းရှိ သွေးပမာဏမှာလည်း အလျင်အမြန် လျော့ကျသွားခဲ့ရကာ နာရီဝက်အတွင်းတွင် ကန်တစ်ကန်လုံး ခမ်းခြောက်သွဦးခဲ့ရလေသည်။
ခမ်းခြောက်သွားသော ကန်အောက်ခြေတွင် အသုံးမဝင်သော၊ အကြွင်းအကျန်မှားဖြစ်သည့် အရိုးများနှင့် ဆေးပင်များ ရှိနေသည်။
ကဲလော့က အသာအယာ ခေါင်းညိတ်လိုက်ပြီး ကျေကျေနပ်နပ်ဖြင့် အမိန့်ပေးရန် ပြင်နေစဉ်မှာပဲ ထူးမခြားနား အသံတစ်သံ ထွက်ပေါ်လာခဲ့သည် “ဒီတော့ ဒါက ခင်ဗျားတို့ မွေးလာတဲ့ပုံစံပေါ့”
ကဲလော့ ချက်ချင်းပဲ အသံလာရာဆီ မော့ကြည့်လိုက်သည်။
သို့သော် လူကိုမတွေ့ရ၊ ပြင်းထန်သော အဖျက်အားကို သယ်ဆောင်လျက် သူ့ဆီ တိုးဝင်လာနေသော ရွှေရောင် အလင်းတန်း တစ်ခုကိုသာ မြင်တွေ့လိုက်ရသည်။
သူ့မျက်နှာအမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ကိုယ်တွင်းရှိ စွမ်းအင်များကို အလျင်စလို လှည့်ပတ်၍ ထိုရွှေရောင် အလင်းတန်းကို တားဆီရန် ကြိုးစားလိုက်သည်။ သို့သော် ခြေတစ်လှမ်း နောက်ကျသွားခဲ့ရသည်။
ဘုန်းဆိုသော မြည်သံနှင့်အတူ အသစ်ဖြစ်ပေါ်လာသော အသစ်စက်စက် အရိုးခြောက် အယောက်(၁၀၀)စလုံး တစ်စစီ ပျက်စီးသွားခဲ့ရသည်။
ထိုအရိုးခြောက် အယောက်(၁၀၀)မှာ စဖြစ်ပေါ်ကာစ ဖြစ်သဖြင့် အရမ်းကိုမှ အထိအခိုက်လွယ်ပေသည်။
“ဘယ်သူလဲ” ကဲလော့ ဒေါသ အမျက်ချောင်းချောင်း ထွက်နေခဲ့လေပြီ။
ရန်ကိုင်သည် အေးစက်စက် အရှိန်အဝါဖြင့် လေထဲတွင်ဝဲလျက် ကဲလော့အား အကြောက်အလန့်ကင်းစွာ ငုံ့ကြည့်နေခဲ့သည်။
ဤနေရာ၌ စုဝေးနေသော အရိုးမျိုးနွယ်စုထဲတွင် ကဲလော့ အသန်မာဆုံးဖြစ်မှန်း ရန်ကိုင် ခန့်မှန်းမိသည်။
တစ်ခုခုကို သိချင်ပါက ထိုလူကို မေးသည်သာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
အရိုးမျိုးနွယ်စုဝင်အားလုံး ရန်ကိုင်အား ကြည့်လာသည်။ ကောင်းကင်စိတ်အာရုံဖြင့်လည်း စစ်ဆေးလာကြသည်။
အရိုးမျိုးနွယ်စုဝင်များထဲမှ တစ်ယောက်က ရန်ကိုင်အား တစ်ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် အလန့်တကြား ထအော်လိုက်သည် “မင်းပဲ”
“ဆရာ၊ သူက ကြယ်လွန်းပျံကို ပိုင်တဲ့လူပါ” ထိုလူက ကဲလော့က အလျင်အမြန် အစီအရင်ခံလိုက်သည်။
ထိုစကားကို ကြားလိုက်သည့်အခါ ကဲလော့အမူအရာ တောက်ပသွားခဲ့ပြီး ရယ်မောလျက် “ဘာမဟုတ်တဲ့ ခွန်အားလေးနဲ့ ငါ့ကိုမကြောက်တာ အံ့ဩစရာ မဟုတ်တော့ပါဘူးလေး။ မင်းရဲ့ ကြယ်လွန်းပျံအပေါ်မှာ အားကိုးနေတာကိုး။ ဒါပေမယ့် မင်းမှားသွားပြီ ကောင်လေးရ။ မင်းရဲ့ ကြယ်လွန်းပျံက ငါ့ရှေ့မှာ ဘာမှအသုံးမဝင်ဘူးကွ”
ပြောနေရင်း ဘေးပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ချည်း တည်ငြိမ်သွားသလို… ပြောရလျှင် မမြင်နိုင်သော အရံအတား တစ်ခု သူ့ပတ်လည်တွင် ထွက်ပေါ်လာသလို ရန်ကိုင် ခံစားလိုက်ရသည်။
ထို့ကြောင့် သူ့ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သော်ငြား မည်သည့် ထူးခြားမှုကိုမှ ရှာမတွေ့ခဲ့သဖြင့် ရန်ကိုင် အမူအရာ လေးနက်သွားခဲ့ရသည်။
“လူသား၊ ကြယ်လွန်းပျံကို ငါ့ဆီပေးလိုက်။ အဲ့လိုဆို မင်းကို ငါ့ကလန်ထဲ ဝင်ခွင့်ပေးမယ်” ကဲလော့က သူ့လက်ကိုဖြန့်၍ ရန်ကိုင်အား အမိန့်ပေးသည့် လေသံဖြင့် ပြောလိုက်သည်။
“ကြယ်လွန်းပျံ” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး ချက်ချင်းပဲ တစ်ခုခုကို တွေးမိသွားဟန်ရကာ “ဒါကို ပြောနေတာလား”
“ဟုတ်တယ်” ကဲလော့၏ အစိမ်းရောင်မျက်လုံးများသည် ကောင်းကင်လွန်းပျံပေါ်သို့ မမှိတ်မသုံ ရောက်ရှိလာခဲ့ပြီး “ငါ့ကိုပေး”
ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “ဒါကို ကြယ်လွန်းပျံလို့ ခေါ်တယ်ပေါ့။ ဒါဘာမှော်ရတနာလဲ ခင်ဗျား သိလို့လား”
ကဲလော့၏ မျက်လုံးထဲ အထင်းသေးသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။ အခြား အရိုးမျိုးနွယ်စုဝင်များသည်လည်း ရန်ကိုင်ကို ကြည့်ရင်း ရယ်မောနေခဲ့ကြသည်။
“ကြယ်လွန်းပျံကို မသိတဲ့လူ ဘယ်သူရှိလို့လဲ။ ကြယ်စီရင်စုထဲမှာ ဒီက အများသုံး မှော်ရတနာတစ်ခုပဲဟာကို” အရိုးမျိုးနွယ်စုဝင်များထဲမှ တစ်ယောက်က အောက်ဘက်နေ၍ အော်ပြောလိုက်သည်။
“ကြယ်စီရင်စုလား” ရန်ကိုင် မျက်ခုံးပင့်လိုက်သည်။
ကဲလော့ စိတ်မရှည်သည်ဟန်ဖြင့် ပြန်ရှင်းပြလိုက်သည် “ကြယ်စီရင်စုက ကြယ်စီရင်စုပဲ။ ကြယ်စီရင်စုနဲ့ ကြယ်လွန်းပျံကိုတောင် မသိရအောင် မင်းတို့ နေရာကလည်း နိမ့်ကျလိုက်တာ”
“မြန်မြန်သွားနိုင်တာကလွဲလို့ ဒီမှော်ရတနာက အခြား ဘာမှမလုပ်နိုင်ဘူးလေ။ အဲ့ဒါကို ခင်ဗျားတို့ ဘာလို့ လိုချင်နေသေးတာလဲ” ရန်ကိုင်က မေးလိုက်ပြန်သည်။
“ဟန့်၊ ကြယ်လွန်းပျံမရှိဘဲ ကြယ်တရာကောင်းကင်ကို ဘယ်လိုဖြတ်သွားမှာလဲ။ ကြယ်စီရင်စုတိုင်းက အကျယ်ကြီးပဲ။ ဒီအတိုင်း ပျံသန်းသွားလို့ကတော့ ကြယ်တာရာကောင်းကင်ထဲမှာပဲ အသက်ကြီးပြီး သေသွားလိမ့်မယ်”
ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့သည်။ တစ်ဖက်လူသည် အများကြီး ပြောမသွားခဲ့သော်လည်း အသုံးဝင်သည့် သတင်းအချို့ သူရလိုက်သည်။
ကြယ်လွန်းပျံသည် ကြယ်တာရာကောင်းကင်ထဲတွင် သွားလာရန်အတွက် ဖန်တီးထားခြင်းဖြစ်သည်။ ထို့ကြောင့်ပဲ ကြယ်လွန်ပျံ၏ အရှိန်မှာ အရမ်းကိုမှ မြန်ဆန်နေခြင်းဖြစ်သည်။
သို့သော်လည်း ထိုအရာသည် အရိုးမျိုးနွယ်စုဝင် ပြောသွားသည့် အဓိကအကြောင်းအရာ မဟုတ်ချေ။
ကဲလော့အား အသေအချာစိုက်ကြည့်လျက် ရန်ကိုင်က လေးနက်တည်ကြည်သည့် အမူအရာဖြင့် မေးလိုက်သည် “ဒီတော့ ခင်ဗျားတို့က ထုန်းရွှမ်လောကကြီးက မဟုတ်ဘူးပေါ့”
ကဲလော့ ရယ်မောလိုက်ပြီး “ငါတို့က ထုန်းရွှမ်လောကကြီးကပါလို့ ဘယ်တုန်းက ပြောခဲ့လို့လဲ”