အခန်း (၉၅၆-၉၆၀)
Vol. 39 Ch. 956-960
အပိုင်း (၉၅၆)
ရန်ကိုင် ရင်ထိတ်သွားခဲ့သည်။ ကဲလော့သာ အမှန်ကို ပြောနေခြင်း ဖြစ်ပါက အရိုးမျိုးနွယ်စုသည် ထုန်းရွှမ်လောကကြီး၏ ဒေသခံမဟုတ်ဘဲ ကြယ်တာရာကောင်းကင်ကို ဖြတ်သန်း၍ ရောက်ရှိလာသည့် သူများ ဖြစ်ရပေမည်။
သူမထိတ်လန့်ဘဲ ဘယ်နေမည်နည်း။
ကြယ်တာရာကော်းကင်ထဲ အသိဥာဏ်ရှိသော အခြား သက်ရှိများ ရှိလိမ့်မည်ဟု လူများစွာတို့ ထင်ခဲ့ကြဖူးသည်။
သို့သော် ကြယ်တာရာကောင်းကင်ထဲ မည်သူမှ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိသဖြင့် ထိုအချက်ကို သက်သေ မပြနိုင်ခဲ့ချေ။
ယခုမှပဲ ထိုခန့်မှန်းချက်များ မှန်ကန်မှန်းကို ရန်ကိုင် အတည်ပြုနိုင်ခဲ့သည်။
အရိုးမျိုးနွယ်စုဝင်များသည် ကြယ်တာရာကောင်းကင်ထဲမှ ရောက်ရှိလာခြင်းဖြစ်သည်။ ထုန်းရွှမ်လောကကြီး၏ ဒေသခံများ မဟုတ်။
“ကောင်လေး၊ အခု မင်းဘယ်လောက် မြင်သွဦးလဲ” ကဲလော့က ညစ်ယုတ်သည့် အစိမ်းရောင်မျက်ဝန်းအစုံဖြင့် ရန်ကိုင်အား အေးစက်စက် စိုက်ကြည့်လိုက်သည်။
“အကုန်လုံးလောက်ပေါ့”
ရန်ကိုင်သည် သွေးကန်ရော၊ သွေးကန်အောက်ခြေရှိ အစီအရင်ရော၊ ဆေးပင်၊ အသွေးအသားနှင့် အရိုးများ ပေါင်းစပ်၍ အခြားအရိုးမျိုးနွယ်စုဝင်များ၏ အသက်စွမ်းအင် အကူအညီဖြင့် အရိုးမျိုးနွယ်စုဝင် အသစ်များ မည်ကဲ့သို့ ဖြစ်ပေါ်လာသည်ကို မြင်တွေ့ခဲ့သည်။
ထိုအသစ်ဖြစ်ပေါ်လာသော အရိုးမျိုးနွယ်စုဝင်များသည် အလွန်ကိုမှ အထိအခိုက်လွယ်သည်။ သို့သော် အကုန်လုံးဆီမှ မသေမျိုးအဆင့် အရှိန်အဝါများ ထွက်ပေါ်နေကြသည်။ ထို့ကြောင့် အချိန်သာ လုံလုံလောက်လောက် ရှိသရွေ့ ထိုအသစ် ဖြစ်ပေါ်လာသော အရိုးမျိုးနွယ်စုဝင် အသစ်များသည် အစစ်အမှန် မသေမျိုးအဆင့် ပညာရှင်များ ဖြစ်လာပေလိမ့်မည်။ ထို့အပြင် သာမန်မသေမျိုးများပင်မဟုတ်။ အလွန်တရာကိုမှ သတ်ရခက်လှသည့် မသေမျိုးများပင် ဖြစ်သည်။
“ဟန့်” ကဲလော့က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “မင်းမြင်မြင်၊ မမြင်မြင် အရေးမကြီးဘူး။ ဘာပဲဖြစ်ဖြစ် မင်းဒီနေ့ သေကိုသေရလိမ့်မယ်”
ရန်ကိုင်က ပြုံးဖြီးလိုက်ပြီး “ကျုပ်လာတုန်းက ဒီလောကကြီးကို အုပ်စိုးမယ် ဆိုပြီး ခင်ဗျားတို့ အော်ဟစ်နေတာကို ကြားလိုက်သလားလို့။ ဒီမသေမျိုးအဆင့်လေး နည်းနည်းပါးပါးနဲ့ ဒီလောကကြီးတစ်ခုလုံးကို အုပ်စိုးနိုင်မယ်လို့ တကယ်ကြီး ထင်နေတာတော့ မဟုတ်ပါဘူးနော်”
ရန်ကိုင် စကားကြောင့် ကဲလော့ မျက်နှာပျက်မသွားခဲ့။ ရန်ကိုင်ကိုသာ လှောင်ပြောင်လိုဟန်ဖြင့် ပြန်ကြည့်လိုက်သည်။ နည်းနည်းလေးမှ လှုပ်ရှားရန်လည်း မကြိုးစားခဲ့။ ရန်ကိုင် အနေဖြင့် ကြယ်လွန်းပျံကိုသုံး၍ ထွက်မပြေးနိုင်စေရန် သူ့ပတ်လည်အား ကောင်းကင်စိတ်အာရုံဖြင့် ကာဆီးလိုက်ပြီးနောက် “မသေမျိုးအဆင့်လေး နည်းနည်းပါးပါးလား။ ဒီနေရာက ခြောက်ကပ်ပြီး ဘာမှ မရှိလို့သာ ငါတို့ကလန်သားတွေလည်း မသေမျိုးအဆင့်ပဲ ရောက်နိုင်တာ”
“ခင်ဗျားပြောချင်တာက သူတော်စင်အဆင့် ပညာရှင်တွေကို တိုက်ရိုက် ဖန်တီးနိုင်တယ်ပေါ့” ရန်ကိုင် အမူအရာ မှုန်ကုတ်သွားခဲ့သည်။
ကဲလော့ကို ရယ်မောလျက် ပြန်ပြောလိုက်သည် “အဆင့်မြင့် ပညာရှင်တွေကို သတ်ပြီး သူတို့ရဲ့ အသွေးအသား၊ အရိုးတွေနဲ့ အဆင့်မြင့် ဆေးပင်တွေကိုသာ ရနိုင်ရင် သူတော်စင်တွေကို ဖန်တီးဖို့က ဘယ်လောက်မှ မခက်ဘူး”
ရန်ကိုင် မျက်နှာ ဖြူလျော်သွားခဲ့သည်။
ထိုအရိုးမျိုးနွယ်စု၏ ထူးခြားမှုကို သူအရမ်း အထင်သေးမိသွားလေပြီ။ ထိုကဲ့သို့ ထူးဆန်းလွန်းလှသည့် မျိုးနွယ်စုမျိုး ရှိလိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးချေ။
သို့သော်လည်း ထိုကဲ့သို့ လုပ်ရန်အတွက် လိုအပ်သည့် အရင်းအမြစ်မှာလည်း အရမ်းကိုမှ ကြီးမားလှပေသည်။
ရန်ကိုင် မြင်ရသလောက်၊ ထိုသွေးကန်အတွင်း သေဆုံးသွားသော ရေဝိဥာဉ်ကျောင်းတော်မှ တပည့် နှစ်ထောင်ကျော်၏ အရိုးနှင့် အသွေးအသားများ ရှိနေလောက်သည်။ သို့တိုင် မသေမျိုးအဆင့် အရိုးမျိုးနွယ်စုဝင် တစ်ရာကျော်ကိုသာ မွေးထုတ်ပေးနိုင်သည်။
“အပိုတွေ တော်လောက်ပြီ။ ကြယ်လွန်းပျံကိုပေး၊ ငါမင်းကို သက်သောင့်သက်သာနဲ့ သေခွင့်ပေးမယ်” ကဲလော့က စိတ်မရှည်သည်ဟန်ဖြင့် ပြောလိုကသည်။
“နောက်ဆုံးမေးခွန်းတစ်ခုကို ဖြေပေး။ အဲ့မေးခွန်းကို ဖြေပေးရင် ခင်ဗျားကို ဒီကြယ်လွန်းပျံပေးမယ်” ရန်ကိုင်က ခပ်ပြတ်ပြတ်သာ ပြောလိုက်သည်။
“ငါနဲ့ လာညှိနှိုင်းရအောင် မင်းမှာ ဘာအဆင့်ရှိလို့လဲ” ကဲလော့က အထင်အမြင်သေးသေးဖြင့် “မင်းခွန်အားလောက်ကတော့ မင်းအသက်ကို ကြိုက်တဲ့အချိန် ယူပစ်လိုက်လို့ရတယ်”
“လုပ်ကြည့်လေ။ ကျုပ်မသေခင် ဒီကြယ်လွန်းပျံကို ဖျက်စီးသွားနိုင်၊ မသွားနိုင် ကြည့်ကြတာပေါ့” ပြောနေရင်း ရန်ကိုင်က ကြယ်လွန်းပျံကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။
ကဲလော့အမူအရာ ပြောင်းလဲသွားခဲ့ပြီး သူ့မျက်နှာထက် စိုးရိမ်ပူပန်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်၏ စကားသည် ချက်ကောင်းကို ထိသွားသည့်ပုံပင်။
ကြယ်လွန်းပျံများသည် ကြယ်စီရင်စုထဲတွင် အလွန်ကိုမှ ပေါများလှပေသည်။ တကယ်တမ်းဆို သူတို့ ဤနေရာသို့ လာစဉ်က သူတို့နှင့်အတူ ကြယ်လွန်းပျံများစွာ ပါလာခဲ့သည်။ သို့သော် နှစ်ပေါင်းထောင်နှင့်ချီ အားပြန်မဖြည့်နိုင်ခဲ့သဖြင့် ထိုကြယ်လွန်းပျံများလည်း တဖြည်းဖြည်း ပျက်စီးလာခဲ့ရသည်။
ရန်ကိုင် လက်ထဲရှိ ကြယ်လွန်းပျံသည် ထုန်းရွှမ်လောကကြီး တစ်ခုလုံးတွင် တစ်ခုတည်းကျန်သော ကြယ်လွန်းပျံ ဖြစ်လောက်၏။
သူတို့သာ ထုန်းရွှမ်လောကကြီးမှ ထွက်၍ ကြယ်စီရင်စုထဲ ပြန်သွားချင်သည်ဆိုပါက ကြယ်လွန်းပျံတစ်ခုကို ကျိန်းသေ လိုအပ်ပေလိမ့်မည်။
ထိုကြောင့်ပဲ ကဲလော့သည် ရန်ကိုင်၏ ကောင်းကင်လွန်းပျံကို စိတ်ဝင်စားနေရခြင်းဖြစ်သည်။ ထိုကြယ်လွန်းပျံသာ မရှိလျှင် ဤနေရာမှ ဘယ်တော့မှ ထွက်ခွာနိုင်လိမ့်မည် မဟုတ်ချေ။
“လူငယ်လေး၊ ဘာလို့ ဒီလောက် စိတ်စောနေရတာလဲ။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြမယ်နေ” ကဲလော့သည် တစ်ခုခုကို မြိုမကျသည့် အမူအရာဖြင့် ပြောလိုက်သည်။ စိတ်ထဲတွင်လည်း ကြယ်လွန်းပျံကို ရလိုက်သည်နှင့် ထိုလူငယ်လေးအား အရက်စက်ဆုံး၊ လူမဆန်ဆုံး နည်းလမ်းဖြင့် နှိပ်စက်ပစ်မည်ဟုလည်း ကျိန်းနေလိုက်သေးသည်။
“အခုတော့ ပြောချင်ပြီပေါ့”
“မင်းမှာ မေးစရာရှိရင် မေးလိုက်”
“ကြယ်တာရာကောင်းကင်ထဲ ဦးတည်နေတဲ့ လေဟာနယ် လိုဏ်ခေါင်း ရှိတဲ့ ရေခဲလွင်ပြင်ကလူတွေ ဘယ်ရောက်သွားလဲ”
“ရေခဲဓါတ် ကျင့်ကြံတဲ့လူတွေကို ပြောတာလား” ကဲလော့၏ အစိမ်းရောင်မျက်လုံးများ လက်သွားခဲ့သည်။
“ဟုတ်တယ်။ သူတို့ပဲ”
“မင်းသူတို့နဲ့ ဘယ်လို ပက်သက်နေတာလဲ” ကဲလော့က ချက်ချင်း ပြန်မဖြေပဲ ရန်ကိုင်မေးခွန်းကို မေးခွန်းဖြင့်သာ တုန့်ပြန်လိုက်သည်။
“အပိုတွေ ပြောမနေနဲ့။ မဟုတ်ရင် ဒီကြယ်လွန်းပျံကို ဖျက်စီးပစ်မှာ” ရန်ကိုင်က ပြန်အော်ပြောလိုက်သည်။
ကဲလော့ ဒေါသပုန်ထွသွားပြီး ထိတိုက်တော့မလို ဖြစ်သွားခဲ့သည်။ သို့သော် သူ့ဒေါသကို အချိန်မှီ ပြန်ထိန်းလိုက်ပြီး အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည် “အများစု သေသွားတယ်။ ကျန်တဲ့လူတွေကတော့ ထွက်ပြေးသွားတယ်”
“ဘယ်ကို ထွက်ပြေးသွားတာလဲ”
“ကြယ်တာရာကောင်းကင်ဆီပဲ”
“မဟုတ်တာတွေ” ရန်ကိုင်က သုန်မှုန်နေသည့် အမူအရာဖြင့် ပြန်အော်ပြောလိုက်လေသည် “ကျုပ်ကို ကြယ်တာရာကောင်းကင် အကြောင်း ဘာမှမသိဘူးများ မှတ်နေလား။ အဲ့က ဖိအားနဲ့ဆိုရင် ခင်ဗျားအဆင့် ပညာရှင်တွေကလွဲပြီး ဘယ်သူမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ကျုပ်ကို လိမ်လို့ရမယ်ထင်နေလား။ ကျုပ်ကိုယ်တိုင် ကြယ်တာရာကောင်းကင်ထဲ နှစ်ကြိမ်ရောက်ဖူးပြီးသွားပြီ”
ရန်ကိုင် စကားကြောင့် ကဲလော့ အံ့အားသင့်သွားခဲ့သည်။ ထိုအားနည်းဟန်ရသော လူငယ်လေးသည် ကြယ်တာရာ ကောင်းကင်ထဲ ရောက်ဖူးနေလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။
ကြယ်တာရာကောင်းကင်သည် သာမန်လူများ ခြေချနိုင်သည့် နေရာတစ်ခုမဟုတ်ပေ။
ပခုံးတွန့်လျက် ကဲလော့က ပြန်ပြောလိုက်သည် “မယုံရင် ငါလည်း ဘာမှမတတ်နိုင်ဘူး။ သူတို့ ကြယ်တာရာကောင်းကင်ထဲ တကယ် ထွက်ပြေးသွားတာ။ ပြီးတော့… သူတို့လက်ထဲ ကြယ်လွန်းပျံ တစ်ခုပါ ပါသွားသေးတယ်”
“သူတို့မှာလည်း တစ်ခုရှိနေတာလား” ရန်ကိုင် ကြောင်သွားခဲ့သည်။ သို့သော် ချက်ချင်းပဲ နားလည်လိုက်သည်။ ရေခဲဂိုဏ်းသည် အရိုးမျိုးနွယ်စုနှင့် တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ဖူးခဲ့ရာ ကြယ်လွန်းပျံတစ်ခု ရခဲသည်မှာ မဖြစ်နိုင်သည့် အရာမဟုတ်ချေ။
သူတို့သာ ကြယ်လွန်းပျံကို သုံးခဲ့လျှင် ကြယ်တာရာကောင်းကင်ထဲ အန္တရာယ်ကင်းကင်းဖြင့် ထွက်ပြေးသွားနိုင်ပေလိမ့်မည်။
ကဲလော့ စကားမှာ မယုံနိုင်စရာတော့မဟုတ်။
“ဘယ်လောက်လောက် လွတ်သွားလဲ” ရန်ကိုင်က အလျင်စလို ထပ်မေးလိုက်သည်။
“မေးခွန်းတစ်ခုပဲ မေးမယ်လို့ မင်းပြောတာလေ” ကဲလော့က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။
“ကျုပ်စိတ်ပြောင်းသွားပြီ”
ကဲလော့ အံကြိတ်ပြီး ရန်ကိုင်အား မုန်းမုန်းတီးတီး စိုက်ကြည့်၍ အော်ပြောလိုက်သည် “ခြောက်ယောက်၊ သူတော်စင် ငါးယောက်နဲ့ မသေမျိုးတတိယအဆင့် တစ်ယောက်ပဲ”
“ခြောက်ယောက်…” ရန်ကိုင်က သူ့ဘာ တိုးတိုးတိုးတိုး ရေရွတ်ရင်း တွက်ချက်နေလိုက်သည်။ ထို့နောက် “အဲ့ထဲမှာ မိန်းမဘယ်နှစ်ယောက် ပါသွားလဲ”
“သုံးယောက်၊ မသေမျိုးတတိယအဆင့်ပါ အပါ”
ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် ရယ်လိုက်သည်။ သူ့ရယ်သံသည် တိုးလျရာမှာ တဖြည်းဖြည်း ကျယ်သည်ထက် ကျယ်လောင်လာခဲ့သည်။ ဤလောကကြီးရှိ အရယ်ရဆုံး ပြက်လုံးကို ကြားလိုက်ရသည့်နှယ် အတောမသတ်နိုင်အောင်ကို ရယ်မောနေခဲ့သည်။
ထိုမသေမျိုးတတိယအဆင့် ကျင့်ကြံသူမှာ စုယန်ဖြစ်မှန်း ရန်ကိုင် တန်းသိလိုက်သည်။ သူမ၏ ကျင့်ကြံခြင်းသည် တကယ်ကို သူ့အောက်မကျချေ။
နောက်ဆုံး ရန်ကိုင် စိတ်တင်းကြပ်မှုများ ပြေလျော့သွားရပြီ။ သက်ပြင်းလည်း ချနိုင်ခဲ့လေပြီ။
“ကျေနပ်ပြီဆိုရင် ကြယ်လွန်းပျံကို ငါ့ဆီပေးတော့” ကဲလော့က လက်ဆန့်တန်း၍ သုန်မှုန်နေသည့် အမူအရာဖြင့် ရန်ကိုင်အား ပြောလိုက်သည်။ ရန်ကိုင်သာ သူ့အား လှည့်စားရဲလျှင် ချက်ချင်း တိုက်ခိုက်မည့်ပုံပင်။
“မပေးဘူးဆိုရင်ကော” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ကဲလော့အား အထင်အမြင်တသေးဖြင့် ကြည့်လိုက်သည်။
“မင်းသေရမှာပေါ့။ ဆိုးဆိုးရွားရွားကို သေရမှာ” ကဲလော့က အေးစက်စက် လေသံဖြင့် သတိပေးလိုက်သည် “ကြယ်လွန်းပျံကို သုံးပြီး ငါ့လက်က ထွက်ပြေးနိုင်မယ် ထင်လား။ ကြယ်စီရင်စုထဲက ကျင့်ကြံသူတွေဆီမှ ကြယ်လွန်းပျံရဲ့ အရှိန်ကို တားဆီးနိုင်မယ့် နည်းလမ်းတွေအများကြီး ရှိပြီးသား။ တကယ်တော့ ဒါက မြန်မြန် သွားနိုင်ဖို့အတွက် လုပ်ထားတဲ့ မှော်ရတနာ သက်သက်ပဲလေ”
“ကြယ်လွန်းပျံကို သုံးဖို့မလိုဘူး” ရန်ကိုင်က ခေါင်းခါ၍ သူ့လက်ကို ရှေ့တည့်တည့်သို့ ဒေါင်လိုက် ဖြတ်ဆွဲလိုက်သည်။ ရန်ကိုင် ထိုကဲ့သို့ လုပ်လိုက်သည်နှင့် ပိန်းပိန်းပိတ် မည်းမှောင်နေသော အက်ကွဲကြောင်တစ်ခု သူ့ရှေ့ ထွက်ပေါ်လာခဲ့သည်။
ကဲလော့တို့အား တာ့တာ ပြလိုက်ပြီးနောက် ထိုအက်ကွဲကြောင်းထဲ ခုန်ဝင် ပျောက်ကွယ်သွားလေသည်။
“လေဟာနယ်ခွဲကို ဆုတ်ဖြဲသွားတာလား” ကဲလော့ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ သူ့ဆီမှ လှိုင်းလုံးပမာ စိတ်စွမ်းအင်တို့ ဖြာထွက်လာခဲ့ပြီး ရန်ကိုင်ကို တားဆီးရန် အလျင်စလို ကြိုးပမ်းလိုက်သည်။
သို့သော်လည်း ဟင်းလင်းပြင်၏ ဝင်ပေါက်မှဦ ပိတ်သွားပြီ ဖြစ်လေရာ ကဲလော့၏ တိုက်ခိုက်မှုသည် လေကိုသာ ထိသွားရ၏။
ရန်ကိုင် ပျောက်ကွယ်သွားရာနေရာကို ကြည့်ရင်း ကဲလော့၏ မျက်နှာသည် ဆေးခါးကြီး စားလိုက်ရသည့်နှယ် ရှုံ့မဲ့နေခဲ့သည်။
ထိုအားနည်းသော ကောင်လေးသည် လေဟာနယ်အား ဆုတ်ဖြဲကာ ထွက်ပြေးနိုင်လိမ့်မည်ဟု ဘယ်တော့မှ မထင်ခဲ့ချေ။ လေဟာနယ်ကို ဆုတ်ဖြဲခြင်းသည် သာမန်ကျွမ်းကျင်သူ တစ်ယောက်ပင် မလုပ်နိုင်သည့် အရာမျိုးဖြစ်သည်။
ဟင်းလင်းပြင်သည် ကြယ်တာရာကောင်းကင်ထက် ပို၍ အန္တရာယ်များသည်။ နည်းနည်းလေး သတိမထားမိလိုက်သည်နှင့် လမ်းကြောင်းရှာမတွေ့တော့ဘဲ ဟင်းလင်းပြင်ထဲ ထာဝရ လမ်းပျောက်သွားနိုင်သည်။
“ဆရာ။ ကျုပ်တို့ သူ့နောက်လိုက်သင့်လား” အနားတွင် ရှိနေသော အရိုးမျိုးနွယ်စုဝင်တစ်ယောက်က ကဲလော့ကို မေးလိုက်သည်။
“သူဘယ်သွားလဲ ဆိုတာကို မသိဘဲနဲ့ ဘယ်လိုလုပ်ပြီး သူ့နောက် လိုက်နိုင်မှာလဲ” ကဲလော့က ဒေါသတကြီး ပြန်အော်ပြောလိုက်သည် “ပစ္စည်းအသစ်တွေ သွားထပ်စုဆောင်း၊ ငါတို့ ကလန်ပြန်ပေါ်လာတာ မကြာခင် လူတွေသိကုန်တော့မယ်။ ကြိုတင်ပြင်ဆင်ထားမှ ဖြစ်လိမ့်မယ်”
“ဟုတ်ကဲ့ပါ” အရိုးမျိုးနွယ်စုဝင်များ ပြိုင်တူ ခေါင်းညိတ်လိုက်ကြပြီး အဘက်ဘက်သို့ ပျံသန်း ထွက်ခွာသွားကြလေသည်။
မိုင်တစ်ထောင်အကွာ၌ ရန်ကိုင် ပြန်ပေါ်လာခဲ့သည်။ သို့သော် မျက်နှာ အမူအရာမကောင်း။
စုယန် လုံခြုံနေလား မသိရသေးသော်လည်း အနည်းငယ်သော သတင်းကောင်းအချို့ကြောင့် သူအတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။ သို့သော် အရိုးမျိုးနွယ်စု၏ နည်းလမ်းများသည် ရန်ကိုင်အား အလွန်တရာကိုမှ ဖိအားဝင်စေခဲ့သည်။
သူတော်စင် ဒါဇင်ကျော်နှင့် မသေမျိုးအဆင့် ရာကျော်ကို ပိုင်ဆိုင်ထားလေရာ ဤလောကကြီးရှိ မည်သည့် အင်အားစုကမှ သူတို့ကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။
အဆိုးဆုံးသည်ကြား အသားစိမ်း၊ သွေးနှင့် ဆေးပင်အချို့ကို စုပေါင်းပြီး ရောစပ်လိုက်ရုံဖြင့် မျိုးနွယ်စုဝင်အသစ်များကို ထပ်မံ ဖန်တီးနိုင်သည့်အချက်ပင်။
အချိန်သာရှိသရွေ့ ဤလောကကြီးကို စိုးမိုးမည့် သူတို့၏ အကြံအစည်မှာ မဖြစ်နိုင်စရာအကြောင်း မရှိချေ။
ဤကိစ္စသည် မြန်နိုင်သမျှမြန်မြန် ဖြေရှင်းရမည့် သေရေးရှင်ရေး ကိစ္စဖြစ်သည်။ မဟုတ်လျှင် ဘုံကိုးခုထွတ်မြတ် နယ်မြေ၊ သူ့မိတ်ဆွေ၊ မိသားစုဝင်များ ဒုက္ခရောက်ရပေလိမ့်မည်။
ထို့ကြောင့် ကောင်းကင်လွန်းပျံကို ဆင့်ခေါ်၍ တစိမ့်စိမ့်တွေးရင်း ပျံသန်းထွက်သွားလေသည်။
ရွှေးယွင်နှင့် ရွှေးလင်တို့အား စောင့်ဆိုင်းထားခိုင်းရာ တောင်ကြားဆီသို့ ရောက်၍ သွားစစ်ဆေးကြည့်လိုက်သည့်အခါ ရွှေးလင်နှင့် ရွှေးယွင်တို့ စောင့်နေသေးကြောင်း တွေ့လိုက်ရသည်။
ရန်ကိုင် ပြန်လာသည်ကို မြင်သည်နှင့် ရွှေးလင် အလျင်အမြန် ပြေးထွက်လာကြီး စိုးရိမ်တကြီးဖြင့် “နင်လုံခြုံနေလို့ တော်သေးတယ်။ နင်ထွက်သွားတာ လဝက်တောင် ရှိနေပြီ”
ရွှေးယွင်ကမူ လေးစားမှုအပြည့်ဖြင့် “တော်ဝင်သခင်ရန်ရဲ့ သတ္တိကတော့ တကယ် လေးစားစရာပဲ။ တစ်ခုခုများ သိခဲ့ရတာ ရှိလား တော်ဝင်သခင်ရန်”
“အင်း၊ နည်းနည်းပါးပါးပေါ့။ ဒီမှာ ဘာလို့ စောင့်နေသေးတာလဲ”
“နင့်ကို စောင့်နေတာ” ရွှေးလင်က ပြန်ဖြေလိုက်သည်။
“ဒါဆို အခု သွားကြတော့မလား။ ခင်ဗျားတို့ သွားချင်တဲ့နေရာ ပြောလေ၊ ကျုပ်လိုက်ပို့ပေးမယ်” ရန်ကိုင်က အဖေသမီးအတွဲကို ကြည့်၍ ပြောလိုက်သည်။
ရွှေးယွင်က ခါးသက်သက် အမူအရာဖြင့် ကူကယ်ရာမဲ့စွာနှင့် ပြန်ပြောလိုက်သည် “ရေဝိဥာဉ်ကျောင်းတော် ဖျက်စီးခံလိုက်ရပြီ။ အခုလောလောဆယ်တော့ ငါတို့မှာ သွားစရာနေစရာ မရှိသေးဘူး”
ရွှေးလင်လည်း အတော်လေးကိုမှ စိတ်ဓါတ်ကျနေခဲ့သည်။ ရေဝိဥာဉ်ကျောင်းတော်သည် သူမ၏ အိမ်ဖြစ်သည်။ သို့သော် ထိုအိမ်ကို အရိုးမျိုးနွယ်စုက သိမ်းပိုက်သွားခဲ့လေပြီ။ ထို့အပြင် ဂိုဏ်းသားနှစ်ထောင်ကျော်သည်လည်း အသတ်ခံခဲ့ရသည်။ ရေပြာမြို့တော်ပင် ထိုကပ်ဘေးမှ မလွတ်မြောက်နိုင်ခဲ့ချေ။
ဤလောကကြီး၌ သူတို့အတွက် သွားစရာ နေရာ မရှိတော့ဘူးဟု ဆိုလျှင်ပင် မှားမည်မထင်အံ့။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၅၇) ဆုံးဖြတ်ချက်
ရွှေးလင်တို့၏ အမူအရာအရ သူတို့၏ အခက်အခဲကို ရန်ကိုင် နားလည်လိုက်သည်။ ခဏလောက် စဉ်းစားလိုက်ပြီးနောက် ရန်ကိုင်က “အဲ့လိုဆို ကျုပ်နဲ့အတူ ဘုံကိုးခုထွတ်မြတ်နယ်မြေဆီ လိုက်ခဲ့ပါလား”
ရန်ကိုင် မေးခွန်းကို ကြားကြားချင်း ရွှေးယွင် တုန်လှုပ်သွားပြီး အံ့အားသင့်နေသည့် အမူအရာဖြင့် “အဲ့… အဲဒါက မသင့်တော် လောက်ဘူးလားလို့…”
“ဘယ်လိုလုပ်ပြီး မသင့်တော်ရမှာလဲ။ ခင်ဗျားတို့ရဲ့ ကျင့်စဉ်နဲ့ မသင့်တော်တာပဲ ရှိတယ်။ ခင်ဗျားသာ ဆန္ဒရှိရင် ဧည့်သည့် အကြီးအကဲ ရာထူးတောင် ပေးလိုက်လို့ရတယ်။ နောက်ပိုင်း အခြေအနေတွေ အဆင်ပြေသွားတဲ့အခါကျ ရေဝိဥာဉ်ကျောင်းတော်ကို ပြန်တည်ဆောက်ချင်တယ်ဆိုလည်း ဆောက်လို့ရတယ်။ ကျုပ်အစွမ်းကုန် ကူညီပေးမယ်”
ရန်ကိုင် ပြောသည်ကို နားထောင်ပြီး ရွှေးလင် ရန်ကိုင်အား အလွန်ကိုမှ ကျေးဇူးတင်သွားခဲ့သည်။ သူမစိတ်ထဲ ပျော်လည်း ပျော်သွားမိ၏။
“အခုလို လက်ကမ်း ကူညီပေးတဲ့အတွက် တော်ဝင်သခင်ကို ကျေးဇူးအများကြီး တင်ပါတယ်” ရွှေးယွင်က ဦးညွှတ်လိုက်သည်။
“ရွှေးလင်က ကျုပ်နဲ့ မိတ်ဆွေတွေပဲဟာကို။ စီနီယာယွင် အပြင်လူတစ်ယောက်လို လုပ်နေစရာ မလိုပါဘူး” ရန်ကိုင်က ပြုံးလိုက်သည်။
ရွှေးယွင်သည် သူတော်စင်ပထမအဆင့် ပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် ဧည့်သည်အကြီးအကဲ ရာထူးသည် သူ့အတွက် အတော်လေးကိုမှ သင့်တော်ပေသည်။
ခဏလောက် ဆွေးနွေးပြီးနောက် ရန်ကိုင်တိုသုံးယောက် ဘုံကိုးခုထွတ်မြတ်နယ်မြေဆီသို့ ပြန်လည် ထွက်လာခဲ့သည်။
နှစ်ရက်ကြာပြီးနောက် ဘုံကိုးခုထွတ်မြတ်နယ်မြေသို့ ပြန်ရောက်လာခဲ့ပြီး ကောင်းကင်စံအိမ် အဖွဲ့သားများရှိရာဆီ ချက်ချင်း လှမ်းသတင်းပို့လိုက်သည်။
နေ့တစ်ဝက်ကြာပြီးနောက် စုမူ၊ စုရွှမ်းဝူနှင့် လင်းတိုင်ရှုတို့ အဓိကခန်းမဆီ ရောက်လာခဲ့သည်။
ယခုလက်ရှိ ခန်းမထဲတွင် တော်ဝင်နယ်မြေ၏ အကြီးအကဲများ၊ ရှေးဟောင်းနတ်ဆိုးကလန်မှ ဗိုလ်ချုပ်ကြီးများ ရှိနေကြပြီး အကုန်လုံး၏ အမူအရာမှာ လေးနက်နေကြသည်။
အခြေအနေ မကောင်းသည်ကို သတိပြုမိသော် လင်းတိုင်ရှု မျက်မှောင်မကြုံ့ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။ ထို့နောက် ရန်ကိုင် ဘာကြောင့် ထိပ်ပိုင်းခေါင်းဆောင်များအား ရုတ်ချည်း ဆင့်ခေါ်လိုက်ရသလဲဟု တွေးရင်း သူ့ဆီ လှမ်းကြည့်လိုက်သည်။
“ရန်ကိုင်၊ စုယန်ကော” စုရွှမ်းဝူအနေဖြင့် သူ့မြေးမလေးကို စိတ်ပူသည်မှာ သဘာဝပင်။ ခန်းမထဲ ဝေ့ကြည့်လိုက်သော်လည်း စုယန်ကို မတွေ့ရသဖြင့် မနေနိုင်ဘဲ မေးမိလိုက်သည်။
“ဟုတ်တယ်။ ယောက်ဖ၊ အစ်မကြီးကော” စုမူကလည်း ဝင်မေးလိုက်သည်။
ရန်ကိုင် စုယန်အား သွားရှာသည်ကို သူတို့ အကုန်လုံး သိထားကြသည်။ သို့သော် ရန်ကိုင် ပြန်လာခဲ့သော်ငြား စုယန် ပြန်ပါမလာခဲ့။ ထို့ကြောင့် စုယန် တစ်ခုခုများ ဖြစ်သွားသလားဟု အကုန်လုံး မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။
ရန်ကိုင်လည်း ခဏလောက် စဉ်းစားပြီးနောက် ရှင်းပြလိုက်သည် “စုယန်က အခု လုံခြုံနေတယ်။ ဒါပေမယ့် ထုန်းရွှမ်လောကကြီးမှာတော့ မဟုတ်တော့ဘူး”
စုမူ ကြောင်အမ်းအမ်း ဖြစ်သွားပြီး ခေါင်းကုတ်လျက် “ယောက်ဖ၊ မင်းဘာပြောချင်တာလဲ။ အစ်မကြီးက ထုန်းရွှမ် လောကကြီးမှာ မဟုတ်ဘူးဆိုရင် ဆန်းကြယ်လောကငယ် တစ်ခုခုထဲ ဝင်သွားတာလား”
သူတို့ ဤနေရာသို့ ရောက်သည်မှာ အတော်လေး ကြာနေပြီ ဖြစ်သဖြင့် ဆန်းကြယ်လောကငယ်များအကြောင်းလည်း သိနေလေပြီ။ သူတို့၏ မွေးရပ်မြေသည် အတော်လေးကိုမှ ကြီးမားသော ဆန်းကြယ်လောကငယ် တစ်ခုဖြစ်ကြောင်းကိုလည်း ဟန်မင်းဆက်မှ ကျင့်ကြံသူများ နားလည်သွားနေကြလေပြီ။
ရန်ကိုင်က ခေါင်းခါရမ်း၍ ကောင်းကင်ပေါ်သို့ လက်ညိုးထိုးကာ “ကြယ်တာရာကောင်းကင်ထဲမှာ”
ယခုတစ်ကြိမ် ခန်းမထထဲတွင် ရှိနေသူအားလုံး ထိတ်လန့်၊ တုန်လှုပ်သွားကြသည်။ တော်ဝင်နယ်မြေနှင့် ရှေးဟောင်း နတ်ဆိုးကလန်မှ ခေါင်းဆောင်များသည်ပင် ရန်ကိုင်အား မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။
“ကြယ်တာရာကောင်းကင်လား” လင်းတိုင်ရှု မျက်မှောင်ကြုံ့သွားပြီး “ကြယ်တာရာကောင်းကင်က အန္တရာယ်ရှိတယ်လို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ ပြီးတော့ ဝူကျဲဆိုတဲ့လူကလည်း ငါ့ကို တစ်ခါပြောဖူးတယ်။ သူတော်စင် တတိယအဆင့် မရောက်သေးဘဲ ကြယ်တာရာကောင်းကင်ထဲ သွားရင် ကျိန်းသေ သေနိုင်တယ်တဲ့”
“ဟုတ်တယ်။ အဲ့ဒါအမှန်ပဲ။ ဒါပေမယ့် စုယန်က အဲ့ကို တစ်ယောက်တည်း သွားတာ မဟုတ်ဘူး။ သူနဲ့အတူ သူတော်စင် ငါးယောက်ပါ ပါသွားသေးတယ်။ ပြီးတော့ ကြယ်တာရာကောင်းကင်ထဲမှာ သွားလာဖို့အတွက် အထူးသီးသန့် ပြုလုပ်ထားတဲ့ မှော်ရတနာတစ်ခုရယ်”
“ယောက်ဖ၊ ဘာတွေ ဖြစ်ခဲ့တာလဲ” စုမူက မေးလိုက်သည်။ ဘာတွေ ဖြစ်နေလဲ သူတကယ်ကို နားမလည်နိုင်တော့ပေ။
ရန်ကိုင် သက်ပြင်းချလိုက်ပြီး ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ပြန်လည် ရှင်းပြတော့လေသည်။
သူရှင်းပြသည်ကို နားထောင်ပြီးနောက် အကုန်လုံး ကြက်သေသေသွားခဲ့ကြသည်။ အရိုးမျိုးနွယ်စု၏ ထူးခြားမှုသည် သူတို့အား အမှန်ကတယ်ကို ကြောက်လန့်သွားစေခဲ့လေပြီ။
“တော်ဝင်သခင်၊ ခင်ဗျား ပြောချင်တာက အရိုးမျိုးနွယ်စုက အသက်ရှင်နေတဲ့ အရိုးတွေပဲဆိုပေမယ့် အခြားသူတွေရဲ့ အသွေးအသားကို စုပ်ယူပြီး သူတို့ ခန္ဓာကိုယ်ကို ထုဆစ်လို့ ရတယ်ပေါ့”
“ဟုတ်တယ်”
“ပြီးတော့ သေသွားတဲ့ကျင့်ကြံသူတွေဆီက အသွေးအသားနဲ့ ဆေးပင်တွေကိုသုံးပြီး မျိုးနွယ်စုအသစ်တွေ ဖန်တီးလို့ရတယ်ပေါ့”
“အသေအချာပဲ”
“ပစ္စည်းတွေက အဆင့်မြင့်လေ၊ အသစ်မွေးလာတဲ့ ကောင်တွေရဲ့ ခွန်အားက မြင့်လေပေါ့”
“သူတို့ အဲ့လိုပြောတာပဲ”
အကုန်လုံး အသူရာချောက်နက်ထဲ ကျသွားသည့်နှယ် ခံစားလိုက်ကြရသည်။
ထိုသိလိုက်ရသည့် အချက်နှင့်ပင် အရိုးမျိုးနွယ်စုသည် ထုန်းရွှမ်လောကကြီးတစ်ခုလုံးကို စိုးမိုးနိုင်မှန်း အကုန်လုံး နားလည်သွားခဲ့ကြလေပြီ။
ထိုမျိုးနွယ်စုသည် မျိုးတုန်းသတ်ဖြတ်ခံရမည်ကို ကြောက်စရာ မလိုပဲ စစ်ပွဲစနိုင်ပေသည်။ တိုက်ခိုက်နေရင်း၊ သတ်ဖြတ်နေရင်းဖြင့် ကလန်သား အသစ်များကို ပြန်လည် ဖန်တီးယူနိုင်ကြသည်။ ပိုဆိုးသည်ကြား ထိုဖြစ်ပေါ်လာသော ကလန်သားအသစ်များသည် အသုံးပြုသည့် ပစ္စည်းများအပေါ် မူတည်သည် ခွန်အား မြင့်ကြပေလိမ့်မည်။ ထုန်းရွှမ်လောကကြီးရှိ မျိုးနွယ်စုဝင်များကဲ့သို့ အောက်ဆုံးအဆင့်မှ စကျင့်ကြံစရာ မလိုချေ။
သူတို့ကိုသာ ဒီအတိုင်း ထားလိုက်လျှင် တစ်နေ့အခါ၌ ထုန်းရွှမ်လောကကြီးတစ်ခုလုံး အရိုးမျိုးနွယ်စု၏ လွှမ်းမိုးခြင်း ခံရပေလိမ့်မည်။
ဤအရာသည် မဟာကပ်ဘေးပင်… ဤလောကကြီး တစ်ခုလုံးကို ပျက်သုန်းသွားစေနိုင်သည့် မဟာကပ်ဘေးပင်။
“အခြေအနေ ဆိုးရွားနေပြီ” ရှုဟွေက သက်ပြင်းအမောကြီး ချလျက် “ဒီကိစ္စကို လူသားမျိုးနွယ်စုဝင်တွေ အားလုံးသိအောင် ပြောပြရလိမ့်မယ်”
“သူတို့ကို သွားပြောရင်တောင် လူဘယ်လောက်လောက်က ယုံမှာမို့လို့လဲ” ယုယင် အလွန်တရာကိုမှ စိုးရိမ်နေခဲ့သည်။ အရိုးမျိုးနွယ်စုနှင့် ပက်သက်သည့် အချက်အများသည် တကယ်ကို မယုံကြည်နိုင်စရာ ကောင်းလှသည်။ ထိုသတင်းကို ပြောသည့်သူသည် ရန်ကိုင်မဟုတ်ဘဲ အခြားတစ်ယောက် ဆိုပါက သူတို့ထဲက မည်သူမှ ယုံလိမ့်မည် မဟုတ်ချေ။ လာပြောနေသည့် သူကိုပင် အရူးဟု သတ်မှတ်ကြပေလိမ့်မည်။
“သူတို့ ယုံယုံ၊ မယုံယုံ ဘေးဖယ်ထားလိုက်။ အခု ကျုပ်တို့ လုပ်နိုင်တာဆိုလို့ ဒါပဲရှိတဲ့ဟာကို။ ခင်ဗျားတို့ အားလုံးကို ဒီနေ့ ခေါ်လိုက်ရတာက ဒီအကြောင်းကို သတင်း မြန်မြန်ဖြန့်ခိုင်းဖို့ပဲ။ ဒီသတင်းနဲ့ ပက်သက်ပြီး ဘုံကိုးခုထွတ်မြတ်နယ်မြေက လုံးဝကို အာမခံပါတယ်လို့။ မယုံဘူးဆိုရင် တော်ဝင်နယ်မြေဆီ တိုက်ရိုက် လာမေးလို့ ရတယ်လို့သာ ပြောလိုက်”
“ဟုတ်ကဲ့ပါ” အကြီးအကဲအားလုံး ခေါင်းညိတ်လိုက်၏။
အကြီးအကဲအားလုံး အချိန် နည်းနည်းလေးမှ အကုန်မခံဘဲ ချက်ချင်း ထွက်သွားကြလေသည်။ အရိုးမျိုးနွယ်စုကိုသာ စောစော ရှင်းမထုတ်နိုင်လျှင် လူသားမျိုးနွယ်စု အားလုံးကို စုစည်းနိုင်သည့်တိုင် သူတို့အား ဘယ်လိုမှ ရပ်တန့်နိုင်လိမ့်မည် မဟုတ်ချေ။
အကြီးအကဲအားလုံး ထွက်သွားပြီးနောက် ရန်ကိုင်က လီရုန်ဘက်သို့ လှည့်၍ “ဟန်ဖေးကို ခေါ်လိုက်။ နတ်ဆိုးမြို့တော်ဆီ သွားကြမယ်”
လီရုန်၏ ခန္ဓာကိုယ်လေး တုန်ရီသွားခဲ့ပြီး “သခင် တကယ် သွားမလို့လား”
“အင်း။ အဲ့မှာ ဘာလျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားလဲ ဆိုတာကို ကျုပ်သွားဖော်ထုတ်ရလိမ့်မယ်”
“ကောင်းပါပြီ” လီရုန်က ခေါင်းညိတ်လိုက်သည်။
“ဒီလူအိုကြီးလည်း လိုက်မယ်” ခန်းမအပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအသံကို ကြားလိုက်သည့် အခါ ရန်ကိုင်နှင့် လင်းတိုင်ရှုတို့ နှစ်ယောက်စလုံး အသံလာရာဆီ တစ်ပြိုင်တည်း လှမ်းကြည့်လိုက်ကြသည်။
မန်ဝူရသည် ခြေလှမ်းကျဲကျဲလှမ်းလျက် ရယ်ရယ်မောမောဖြင့် အထဲသို့ ဝင်လာခဲ့သည် “ညီလေးလင်း၊ မတွေ့ရတာတောင် ကြာပြီနော်။ အခြေအနေ ဘယ်လိုလဲ”
“အစ်ကိုမန်” လင်းတိုင်ရှုလည်း စိတ်လှုပ်ရှားသွားပြီး မတွေ့ရသည်မှာ ကြာပြီဖြစ်သော သူ့မိတ်ဆွေဟောင်းကို အပြေးသွားနှုတ်ဆက်လိုက်သည်။
မန်ဝူရသည် သူ့အား တော်ဝင်နယ်မြေသို့ ရန်ကိုင် ပြန်ခေါ်လာပြီးပြီးချင်း ရက်အနည်းငယ် အကြာမှာပဲ ပြန်ထွက်သွားခဲ့သည့်အတွက် ဟန်မင်းဆက်မှ ကျင့်ကြံသူများ ရောက်လာသည့်အခါ သူရှိမနေခဲ့ချေ။
နှစ်ယောက်စလုံး စကားများများ မပြောရသေးခင်မှာပဲ ရန်ကိုင်က ကြားဖြတ်ဝင်ပြောလိုက်သည် “ဘဏ္ဏာထိန်းမန်၊ ခင်ဗျား တကယ့် အချိန်ကိုက်မှ ပြန်လာတာပဲနော်”
“နတ်ဆိုးမြို့တော်ကို သွားချင်လို့လား” မန်ဝူရက ရန်ကိုင်ကို ကြည့်၍ မေးလိုက်သည်။
“အင်း”
“အဲ့လိုဆို ငါလည်းလိုက်မယ်။ အဲ့မှာ ဘယ်လိုလျှို့ဝှက်ချက် တွေကို ဖုံးကွယ်ထားလဲဆိုတာ ငါလည်း သိချင်နေတာ” မန်ဝူရ၏ မျက်ဝန်းများ တောက်ပသွားခဲ့သည်။ “ပြီးတော့ အဲ့က နတ်ဆိုးဗိုလ်ချုပ်ကြီးဆီ သွားလည်ရားမယ်။ အရင်တုန်းက အဲ့ခွေးကောင်က အောက်တန်းကျတဲ့ နည်းလမ်းသုံးပြီး ငါ့ကျင့်ကြံခြင်းကို ချိတ်ပိတ်ခဲ့တယ်။ ဒီတစ်ကြိမ် ငါ့ကို ဘယ်လိုရင်ဆိုင်ဦးမလဲ သိချင်သေးတယ်”
ရန်ကိုင်က ခါးခါးသီးသီးပြုံးလျက် “ဒီတစ်ကြိမ်သွားတာ ကျန်းယွမ်ကို ပြဿနာရှာဖို့ မဟုတ်ဘူး”
မန်ဝူရ မျက်မှောင်ကြုံ့သွားခဲ့ပြီး “မင်းသူနဲ့ တွေ့ပြီးသွားပြီလား”
“အင်း”
“အဲ့ကောင်ကိုသတိထား၊ ကျန်းယွမ်ဆိုတဲ့ ကောင်းက စိတ်ထားကောင်းတဲ့ကောင် မဟုတ်ဘူး။ သူ့ပုံစံကို ကြည့်ပြီး လူကောင်းပါလား ဆိုပြီး သွားမှတ်မနေနဲ့။ သူသာ မင်းအပေါ် တစ်ခုခုကြံစဉ်မယ်ဆိုရင် နည်းနည်းလေးတောင် သနားနေမှာ မဟုတ်ဘူး”
“ကျုပ်သိတယ်။ ဒါပေမယ့် ခင်ဗျားပါ ပါလာတာကို ကျန်းယွမ် ဘာလုပ်နိုင်မှာလဲ။ လုပ်နိုင်ရင်တောင် လုပ်ရဲမယ်လို့ ထင်လား” ရန်ကိုင်က လုံးဝကို အေးအေးဆေးဆေးပင်။
လီရုန်၊ ဟန်ဖေးတို့ ပါလာသည်နှင့်ပင် လုံလောက်နေပြီ ဖြစ်လေရာ မန်ဝူရပါ ထပ်ပါလာမည်ဆိုပါက ကျန်းယွမ်အနေဖြင့် မည်သည့် ကောက်ကျစ်သည့် အတွေးမျှ မရှိလျှင် ပိုကောင်းပေလိမ့်မည်။
“သူ့အကြောင်းသူသိဖို့ မျှော်လင့်ရတာပဲ” မန်ဝူရက နှာခေါင်းရှုံ့လိုက်သည်။
“ဘဏ္ဏာထိန်း၊ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ဘာလို့ ရုတ်တရက် ထွက်သွားတာလဲ” ရန်ကိုင်က မေးလိုက်သည်။
“စစ်ဆေးနေတာလဲ။ မင်းပြောနေတဲ့ အရိုးမျိုးနွယ်စု အကြောင်းကိုပေါ့” မန်ဝူရ မျက်နှာ ရုတ်ချည်း လေးနက်သွားပြီး “ဒါပေမယ့် ဒီကောင်တွေက နယ်ခြားကျူးကျော်သူတွေ ဆိုတာပဲ သိခဲ့ရတယ်။ ပြီးတော့ ဒီကောင်တွေ အိပ်စက်နေတာက မဟာနတ်ဆိုးနတ်ဘုရားနဲ့ တစ်နည်းနည်း ပက်သက်နေတယ်။ အခြားဟာတွေကိုလည်း ငါလည်း သေချာမသိဘူး။ အစက နတ်ဆိုးမြို့တော်ဆီသွားပြီး ကျန်းယွမ်ကို မေးဖို့ လုပ်နေတာ။ အခု မင်းပါသွားမယ်ဆိုတော့ အတူတူ သွားကြတာပေါ့။ အဲ့ကိုသွားရင် မဟာနတ်ဆိုးနတ်ဘုရား ချန်ထားရစ်ခဲ့တဲ့ လျှို့ဝှက်ချက်တွေ အားလုံးကို သိရလိမ့်မယ်လို့ ငါ့မသိစိတ်က ပြောနေတယ်”
“ကျွန်တော်လည်း အတူတူပဲ” ရန်ကိုင်က မန်ဝူရကို သေသေချာချာ စိုက်ကြည့်လိုက်ပြီး နှစ်ယောက်စလုံး တစ်ပြိုင်တည်း ပြုံးလိုက်ကြသည်။
ထို့အပြင် နတ်ဆိုးမြို့တော်ရှိ အစီအရင်၏ သော့ဖြစ်သော ကျန်းယွမ်က နတ်ဆိုးစာအုပ်ဟု ခေါ်သည့် အနက်ရောင်စာအုပ်ကို ရန်ကိုင် ကိုင်ဆောင်ထားပေသည်။
မဟာနတ်ဆိုးနတ်ဘုရား ချန်ထားရစ်ခဲ့သည့် ပဟေဠိကို မည်သည့် နတ်ဆိုးဗိုလ်ချုပ်ကြီးမှ မဖြေရှင်းနိုင်ခဲ့။ ကျန်းယွမ်သည် ထိုပဟေဠိ၏ အဖေကို အရမ်း သိချင်နေခဲ့သည်။
သို့သော်လည်း မန်ဝူရ အနေဖြင့် အရိုးမျိုးနွယ်စုအကြောင်း စုံစမ်းနိုင်ခဲ့သည်နှင့် ပက်သက်၍ ရန်ကိုင် အတော်လေး အထင်ကြီးမိပေသည်။
ရန်ကိုင်သည် သူရခဲ့သည့် သတင်းအများစုကို အရိုးမျိုးနွယ်စု ဆီမှ တိုက်ရိုက်သိခဲ့ရခြင်းဖြစ်သည်။ သို့သော် မန်ဝူရသည် မည်သည့်နည်းကိုသုံး၍ ထိုအကြောင်းကို သခဲ့သလဲ ရန်ကိုင် မသိပေ။
ဘဏ္ဏာထိန်းမန်တွင် အဆက်အသွယ် အတော်များလှသည်။ ထို့ကြောင့် သဲလွန်စအချို့ ရှာနိုင်ခဲ့သည်မှာ အံ့အားသင့်စရာ မဟုတ်ချေ။
လိုအပ်သည်များကို စီစဉ်ရန် တော်ဝင်နယ်မြေတွင် နှစ်ရက် အချိန်ဖြုန်းပြီးနောက် ရန်ကိုင်သည် ဘဏ္ဏာထိန်းမန်၊ လီရုန်၊ ဟန်ဖေးတို့နှင့်အတူ နတ်ဆိုးမြို့တော်သို့ ထွက်လာခဲ့သည်။
သားရဲပင်လယ်တောအုပ်ကို ဖြတ်သွားစဉ်၊ မိုးကြိုးသစ်ပင်နန်းတော်ဆီသို့ သွားကာ မိုးကြိုးနဂါး စီနီယာကြီးအား အရိုးမျိုးနွယ်စုနှင့် ပက်သက်၍ သေသေချာချာ သတိထားရန် ပြောခဲ့သည်။
မိုးကြိုးနဂါးသည် ရန်ကိုင် ပြောသည့်ဇာတ်လမ်းကို သိပ်မယုံချင်။ သို့သော် ပြောနေသည့်သူမှာ ရန်ကိုင် ဖြစ်သဖြင့် ယုံရန်သာ ဆုံးဖြတ်လိုက်သည်။
ထိုအကြောင်းကို အခြားမွန်းစတားမျိုးနွယ်စုမှ စီနီယာကြီး နှစ်ယောက်အား ပြောပြီး မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမလဲ ဆွေးနွေးတိုင်ပင်မည်ဟု ပြောခဲ့သေးသည်။
ထို့နောက် ရန်ကိုင်သည် နတ်ဆိုးမြို့တော်ဆီသို့ ဆက်လက် ထွက်ခွာလေသည်။
မွန်းစတားပိုင်နက်ကို ဖြတ်ကျော်လာပြီးနောက် နတ်ဆိုးမြို့တော်ဆီသို့ ရောက်လာခဲ့သည်။
နတ်ဆိုးကုန်းမြေထဲသို့ ရောက်သည့်အခါ လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး စိတ်လက်ပေါ့ပါးသွားကြသည်။ သိပ်သည်းလှသော နတ်ဆိုးချီကြောင့် နှစ်ယောက်စလုံး၏ မျက်နှာထက် ပျော်ရွှင်သည့် အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။ သူတို့သည် ရှေးဟောင်းနတ်ဆိုးကလန်၏ မျိုးဆက်များ ဖြစ်သဖြင့် နတ်ဆိုးကုန်းမြေတွင် နေသင့်ပေသည်။ ရန်ကိုင်နောက်သို့ လိုက်ခဲ့သည့် အတွက်ကြောင့်သာ ဘုံကိုးခုထွတ်မြတ်နယ်မြေတွင် နေနေခြင်းဖြစ်သည်။
သူတို့အတွက်မူ နတ်ဆိုးကုန်းမြေသည် နေထိုင်ရန် ပိုသင့်တော်ပေသည်။
နတ်ဆိုးကုန်းမြေသို့ ဝင်လာသော်လည်း ရန်ကိုင်သည် ကြယ်လွန်းပျံကို ထုတ်သုံးခဲ့သည်။ ကြယ်လွန်းပျံ၏ အရှိန်ဖြင့် နတ်ဆိုးကုန်းမြေမှ ပညာရှင်များ သူတို့ကြောင့် နိုးနိုးကြားကြား ဖြစ်သွားသည့်တိုင် သူတို့အား တားနိုင်လိမ့်မည် မဟုတ်ချေ။
နတ်ဆိုးကုန်းမြေသည် လူသားပိုင်နက်ထက် ကျဉ်းသော်ငြား မွန်းစတားပိုင်နက်ထက် အများကြီး ပိုကျယ်ပေသည်။ မန်ဝူရသည် လမ်းကြောင်းများ သိထားလေရာ သူတို့အနေဖြင့် လမ်းတွင်နား၍ နတ်ဆိုးမြို့တော်သို့ မည်ကဲ့သို့ သွားရမလဲ ဆိုသည်ကို မေးမြန်းနေစရာ မလိုခဲ့ချေ။
နည်းနည်းပါးပါး အားနေစဉ် ရန်ကိုင်သည် မန်ဝူရအား သူနှင့် မဟာနတ်ဆိုးဗိုလ်ချုပ်ကြီးကြားမှ တိုက်ပွဲအကြောင်း မေးမြန်းခဲ့သည်။
သို့သော်လည်း သူမေးလိုက်သည်အခိုက် မန်ဝူရသည် ရှက်ရှက်နှင့် ပတ်ရမ်းပါတော့သည်။ ပါစပ်မှလည်း မရပ်မနားကို တောက်လျှောက် ထိုင်ဆဲနေပါတော့သည်။
ထိုင်ဆဲနေရင်း မန်ဝူရနှင့် ကျန်းယွမ်ကြားမှ တိုက်ပွဲ အကြောင်း သိခဲ့ရသည်။ မန်ဝူရသည် နတ်ဆိုးဗိုလ်ချုပ်ကြီး ကျန်းယွမ်ကို စိန်ခေါ်ရန်အတွက် နတ်ဆိုးမြို့တော်သို့ ရဲရဲတင်းတင်း ပြေးဝင်သွားခဲ့သည်။ သို့သော် မြို့တော် အောက်ခြေတွင် အစီအရင်ကြီးတစ်ခု ရှိနေသည်ကို မသိခဲ့ချေ။ ကျန်းယွမ်သည် ထိုအစီအရင်ကို အသုံးပြုလျက် မန်ဝူရကို မြို့တွင်း၌ ပိတ်လှောင်ခဲ့သည်။ ထို့နောက် သူနှင့် သုံးလကြာအောင် တိုက်ခိုက်ပြီးနောက် သူ့ကျင့်ကြံခြင်းအား ကောင်းကင်စည်းတံဆိပ် သုံး၍ ချိတ်ပိတ်ပစ်နိုင်ခဲ့သည်။
ထိုအခါမှသာ မန်ဝူကလည်း ကံသီသီဖြင့် လွတ်မြောက်နိုင်ခဲ့၏။ သူ့ကျင့်ကြံခြင်းသည်လည်း သူတော်စင် တတိယအဆင့်မှ အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ် အဆင့်သို့ လျော့ကျသွားခဲ့ရလေသည်။
ထိုအချိန်မှစ၍ မန်ဝူရသည် ကိုယ်ယောင်ဖျောက်ကာ ထိုချိတ်တံဆိပ်ကို ဖျက်စီးနိုင်မည့် နည်းလမ်းအား ရှာဖွေခဲ့သည်။
နောက်ဆုံးတွင်၊ ဟန်မင်းဆက်သို့ မတော်တဆ ရောက်လာခဲ့ပြီး ထွတ်မြတ်စိတ်ဝိဥာဉ်ဆေးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ရှနင်းချန်နှင့် တွေ့ခဲ့သည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၅၈) မတူဘူးလား
မန်ဝူရသည် အချိန်အတော်ကြာအောင် မကျေမနပ်ဖြင့် ဆက်လက် ကျိန်ဆဲနေခဲ့သည်။
မန်ဝူရ အမူအရာကို ကြည့်ရုံဖြင့် ကျန်းယွမ်အား သူမည်မျှ အငြိုးထားကြောင်းကို မြင်တွေ့နိုင်သည်။ မန်ဝူရသည် ထိုကိစ္စနှင့် ပက်သက်၍ ဆတ်ဆတ်ထိမခံမှန်း သိခဲ့မည်ဆိုပါက မမေးလိုက်လျှင် အကောင်းသားဟု ရန်ကိုင် ခါးခါးသီးသီး ပြုံးရင်း တွေးလိုက်သည်။ ယခုမူ မေးခွန်းတစ်ခုကြောင့် နားမခံသာအောင် နားငြီးနေခဲ့ရလေပြီ။
ရက်အနည်းငယ်ကြာပြီးနောက် နတ်ဆိုးမြို့တော်ကို သူတို့ မြင်လာရသည်။
အဝေးမှလှမ်းကြည့်လျှင် နတ်ဆိုးမြို့တော်တစ်ခုလုံးသည် ရှေးဟောင်းဆန်၍ အထီးကျန်သည့် အငွေ့အသက်တို့ကို ထုတ်လွှတ်နေသော သားရဲကြီးတစ်ကောင် မြေပြင်ထက် လဲလျောင်းနေသည်ဟု ထင်ရသည်။ မိုင်ဒါဇင်ကျော် ကွာသည့်တိုင် နတ်ဆိုးမြို့တော်မှ ဖြာထွက်နေသော ပြင်းထန်လှသည့် နတ်ဆိုးချီများကို သူအာရုံခံမိနေသေးသည်။
ထိုအရှိန်အဝါသည် နတ်ဆိုးမြို့တော်တွင် ရှိနေသော နတ်ဆိုးမျိုးနွယ်စုဝင် ပညာရှင်များ၏ အရှိန်အဝါ ဖြစ်ပေသည်။
နတ်ဆိုးကုန်းမြေတွင် သူတော်စင် တတိယအဆင့် ပညာရှင် ငါးယောက်သာရှိသော်လည်း နတ်ဆိုးမြို့တော်ထဲတွင် နေနေသော သူတော်စင်အဆင့် ပညာရှင် ဒါဇင်ကျော် ရှိပေသည်။
နတ်ဆိုးဗိုလ်ချုပ်ကြီး ကျန်းယွမ်သည် နတ်ဆိုးကုန်းမြေ၏ အရေးကိစ္စများအား သိပ်ဂရုစိုက်ခြင်းမရှိဘဲ သူ့ဘာသာ တံခါးပိတ် ကျင့်ကြံနေတတ်သည်။ ကောလဟာလများ၏ အဆိုအရ ကျန်းယွမ်သည် ဤလောကကြီး၏ အချုပ်အနှောင်များကို ချိုးဖျက်၍ မဟာနတ်ဆိုးနတ်ဘုရား ရောက်ခဲ့သည့် အဆင့်သို့ ရောက်ရှိရန် ကြိုးစားနေသည်ဟု သိရသည်။
ကံမကောင်းစွာဖြင့် နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် သူ့ကျင့်ကြံခြင်းသည် နည်းနည်းလေးမှ တိုးတက်လာခဲ့ခြင်း မရှိချေ။
ထိုသို့ဆိုလျှင် သူသည် နတ်ဆိုးကုန်းမြေထဲ အသန်မာဆုံး ပညာရှင်တစ်ယောက် ဖြစ်သည်ကို မည်သူမှ မေးခွန်းမထုတ်ရဲချေ။ သူသည် နတ်ဆိုးဗိုလ်ချုပ်လေးယောက်ထက်ပင် အများကြီး ပိုအားကောင်းပေသည်။
နတ်ဆိုးမျိုးနွယ်စု၏ မြို့တော်သည် လူသားများ ဆောက်လုပ်ထားသည့် မြို့တော်နှင့် မတူချေ။ ဗိသုကာ လက်ရာများသာ မတူခြင်းမဟုတ်၊ အဆောက်အအုံဟာလည်း ပို၍ အကြမ်းထည်ပေါက်နေကော အရိုင်းဆန်သော အလှတရားကို ပေးစွမ်းနေခဲ့သည်။ ထို့အပြင် နတ်ဆိုးမြို့တော်အား စောင့်ကြပ်နေသူ တစ်ယောက်မှ မရှိချေ။
မြို့ဝင်ပေါက်တွင်စောင့်၍ ဝင်ကြေးကောက်ခံနေသည့် လူသားမျိုးနွယ်စုမှ မြို့တော်များကဲ့သို့ မဟုတ်ဘဲ နတ်ဆိုးမြို့တော်သို့ မည်သူမဆို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာခွင့် ရှိပေသည်။
သူတို့ လေးယောက်သည် ကိုယ့်ကိုယ်ကို ဖုံးကွယ်ရန် မကြိုးစားဘဲ နတ်ဆိုးမြို့တော်ထဲသို့ ပေါ်ပေါ်တင်တင် လျှောက်ဝင်သွားခဲ့သည်။
ချက်ချင်းဆိုသလို မရေမတွက်နိုင်သော မျက်လုံးပေါင်း များစွာတို့သည် ရန်ကိုင်တို့အပေါ် ရောက်ရှိလာခဲ့သည်။
“လူသားတစ်ယောက်လား”
“ဟဲ ဟဲ၊ စိတ်ဝင်စားစရာပဲ။ ငါတို့ နတ်ဆိုးမြို့တော်ထဲကို ဝင်လာရဲတဲ့ လူသားတွေ ရှိနေဦးမယ်လို့ မထင်ထားဘူး”
“ဒီကောင်လေးရဲ့ သတ္တိက မသေးပါလား။ ဒီကောင် ငါတို့ နတ်ဆိုးမျိုးနွယ်စုကို အထင်သေးနေတာလား”
အစက လမ်းလျှောက်နေကြသော နတ်ဆိုးများသည် ရပ်တန့်လိုက်ကြပြီး ရန်ကိုင်တို့အားကြည့်ကာ လှောင်ပြောင်စကား ဆိုနေကြသည်။ သတ်ဖြတ်လိုစိတ်တို့သည်လည်း တရိပ်ရိပ် ထွက်ပေါ်လာနေခဲ့သည်။ အချို့ဆိုလျှင် ရန်ကိုင်အား သင်ခန်းစာ ပေးရန် သူ့ဆီသို့ပင် ချဉ်းကပ်လာနေလေပြီ။
မန်ဝူရက နှာခေါင်းရှုံ့၍ စူးရှသည့် မျက်ဝန်းအစုံဖြင့် နတ်ဆိုးအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။ သူ့အကြည့်နှင့် ကြည့်ခံလိုက်ရသည်တိုင်း သူတို့၏ နှလုံးသားကို လက်အေးကြီး တစ်ဖက်က ဆုပ်ကိုင်လိုက်သည့်နှယ် ခံစားလိုက်ကြရသည်။
ယခုမှပဲ ထိုလူသားကောင်းလေး နတ်ဆိုးမြို့တော်ထဲသို့ ဘာကြောင့် အကြောက်အလန့်မရှိ ဝင်လာရဲလဲ ဆိုသည်ကို အကုန်လုံး နားလည်သွားခဲ့ကြသည်။ သူ့တွင် အားကိုးစရာ ရှိနေပေသည်။
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် မတ်တပ်ရပ်လိုက်သည်။ သူ့အား နတ်ဆိုးအုပ်က ဝိုင်းရံထားခဲ့သည်။ သူသာ ဤအတိုင်း ဆက်လျှောက်သွားနေပါက တိုက်ပွဲတစ်ခု ကျိန်းသေ ဖြစ်ပွားပေလိမ့်မည်။
“ဒီနေရာမှာ ဘယ်သူ စကားပြောပိုင်ခွင့်ရှိလဲ” ရန်ကိုင်က မော့ကြည့်၍ မေးလိုက်သည်။
နတ်ဆိုးမျိုးနွယ်စုဝင်များသည် သူ့အား ကြည့်သာကြည့်နေပြီး ပြန်မဖြေခဲ့ကြပေ။
ရန်ကိုင် အကြည့်သည် နတ်ဆိုးအုပ်ထဲရှိ တစ်နေရာတွင် ရပ်တန့်သွားသည်။ ထိုနေရာတွင် သူတော်စင် ဒုတိယအဆင့် နတ်ဆိုးမျိုးနွယ်စုဝင် ပညာရှင်တစ်ယောက်သည် သူ့ဆီသို့ လမ်းလျှောက်လာနေခဲ့သည်။ ထိုလူသည် သူ့နောက်ဘက်ရှိ လူသုံးယောက်ကို အရိပ်တကြည့်ကြည့် လုပ်နေ၏။ သူလန့်နေသည်မှာ သိသာလှပေသည်။
အခြားနတ်ဆိုးများသည် မန်ဝူရ၊ လီရုန်နှင့် ဟန်ဖေးတို့၏ ကြောက်မက်ဖွယ်ကောင်းမှုကို သတိမပြုမိသော်လည်း သူကမူ သတိပြုမိသည်။
ထိုသုံးယောက်စလုံးဆီမှ ကြောက်မက်ဖွယ်ရာ ဖိအားကို သူခံစားနေရသည်။ ထိုလူများသည် လူမသိသူမသိ ပုဂ္ဂိုလ်များ မဖြစ်တန်ရာ။ သို့တိုင် ထိုပညာရှင်သုံးယောက်သည် သာမန် လူသားကောင်လေး တစ်ယောက်၏ နောက်တွင် ရပ်နေသည်။ ထိုအရာသည်ကား တကယ်ကို မေးခွန်းထုတ်စရာပင်။ ထိုလူသား ကောင်းလေးသည် ဘယ်သူနည်း။
“ဒီက လူကြီးမင်းက ဘယ်သူများလဲ မသိဘူး။ ဘာကြောင့် ကျုပ်တို့ နတ်ဆိုးမြို့တော်ဆီ ရောက်လာရတာလဲ” နတ်ဆိုး မျိုးနွယ်စုဝင် ပညာရှင်က ရန်ကိုင်နှင့် ဆယ်မီတာအကွာတွင် ရပ်၍ မေးလိုက်သည်။
“ခင်းဗျားတို့ရဲ့ နတ်ဆိုးဗိုလ်ချုပ်ကြီး ဖိတ်ထားလို့ ရောက်လာတာ။ ကျေးဇူးပြုပြီး ရန်ကိုင် လာတဲ့အကြောင်း သူ့ကို အကြောင်းကြားပေးပါဦး”
“ရန်ကိုင်လား” နတ်ဆိုးမျိုးနွယ်စုဝင် မျက်မှောင်ကြုံ့သွား၏။ ထိုနာမည်ကို တစ်နေရာတွင် ကြားဖူးသလိုလို ရှိနေသည်။ သို့သော် ချက်ချင်း မမှတ်မိနိုင်ခဲ့။ ထို့ကြောင့် သေချာအောင် ပြန်မေးလိုက်၏ “ဆရာ နတ်ဆိုးဗိုလ်ချုပ်ကြီးက မင်းကိ ဖိတ်ထားတယ်ဆိုတာ သေချာလား”
“ခင်ဗျားကို ဘာလို့ လိမ်နေရမှာလဲ” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ။ ဒီမှာ ခဏစောင့်၊ နတ်ဆိုးဗိုလ်ချုပ်ကြီးဆီ သွားအကြောင်းကြားပေးမယ်” ပြောပြီးရုံတင်ရှိသေး နတ်ဆိုး မျကမှောင်ကြုံ့သွားခဲ့ပြီး တစ်ခုခုကို နားထောင်နေသည့်အလား ခေါင်းကို စောင်းလိုက်သည်။ ခဏအကြာ၌ ခေါင်းညိတ်၍ လေးလေးစားစားဖြင့် ပြန်ပြောလိုက်သည် “ဟုတ်ကဲ့ပါ”
ထို့နောက် ရန်ကိုင်ဘက်သို့လှည့်၍ လက်သီးဆုပ်ကာ “ဆရာ နတ်ဆိုးဗိုလ်ချုပ်ကြီးက ခင်ဗျားကို ခေါ်လာခိုင်းလိုက်တယ်။ ကျေးဇူးပြုပြီး ကျုပ်နောက် လိုက်ခဲ့ပေးပါ”
ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး မန်ဝူရတို့နှင့်အတူ ထိုနတ်ဆိုး နောက်မှ လိုက်သွားခဲ့သည်။
မရေမတွက်နိုင်သော နတ်ဆိုးများသည် ရန်ကိုင်တို့အဖွဲ့အား နားမလည်နိုင်စွာ စိုက်ကြည့်နေခဲ့ကြသည်။ နတ်ဆိုးဗိုလ်ချုပ်ကြီးသည် လူသားတစ်ယောက်ကို နတ်ဆိုးမြို့တော်ဆီသို့ ဘာကြောင့် ဖိတ်ခေါ်ခဲ့မှန်း သူတို့ မစဉ်းစားတတ်နိုင်အောင်ကို ဖြစ်နေခဲ့သည်။
နတ်ဆိုးနန်းတော်ရှေ့တွင် ဧရာမ လေးထောင့်မြေကွက်လပ်ကြီးတစ်ခု ရှိနေခဲ့သည်။
ထိုလေးထောင့်ကွက်ထဲတွင် အနက်ရောင်တိုင်များစွာ ရှိနေပြီး တိုင်တိုင်တစ်ချင်းစီတိုင်းအား စိတ်ဝိဥာဉ်အစီအရင်များဖြင့် ထိုးထွင်းထားခဲ့သည်။
ထိုအနက်ရောင်တိုင်များတွင် လူများကိုကို ချုပ်နှောင်ထားခဲ့သည်။ အချို့မှာ သေနေကြပြီ ဖြစ်ပြီး အချို့မှာမူ သေခါနီးဆဲဆဲ ဖြစ်နေကြသည်။
ရန်ကိုင်သည် နတ်ဆိုးလူနောက်လိုက်ရင်း လေးထောင့်ကွပ်လပ်သို့ ရောက်လာသည့်အခါ စိတ်ဝင်တစား တစ်ချက်ကြည့်မိလိုက်သည်။ ထို့နောက် တဖြည်းဖြည်း မျက်မှောင်ကြုံ့သွားလေသည်။
ရန်ကိုင် အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသော် နတ်ဆိုးလူက ရှင်းပြလိုက်သည် “ဒီလူတွေက ဆရာ နတ်ဆိုးဗိုလ်ချုပ်ကြီးရဲ့ အမိန့်ကို မနာခံတဲ့လူတွေပဲ။ ဒါကြောင့် သူတို့ကို (၉၉)ရက်ကြာအောင် နေလှန်းပြီးတော့မှပဲ သတ်ကြမှာ”
“ကိုးဆယ့်ကိုးရက်လား။ ခင်ဗျားတို့ရဲ့ နတ်ဆိုးဗိုလ်ချုပ်ကြီးက အတော်လေး ရက်စက်ပါလား။ သတ်ချင်ရင် သတ်လိုက်ပေါ့” ရန်ကိုင်က မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။
နတ်ဆိုးလူက ပြန်၍ လှောင်ပြောင်လိုက်သည် “ဆရာ နတ်ဆိုးဗိုလ်ချုပ်ကြီးမို့လို့ပေါ့။ ကျုပ်သာဆိုရင် သူတို့ဝိဥာဉ်ကို ဆွဲထုတ်၍ ထာဝရနှိပ်စက်ခံခိုင်းမှာ”
ရန်ကိုင် ထိုနတ်ဆိုးအား တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။
နတ်ဆိုးမျိုးနွယ်စုသည် ကြမ်းတမ်းပြီး ရက်စက်သော်ငြား ထိုကဲ့သို့သော နှိပ်စက်မှုမျိုးသည် အတော့်ကိုမှ လွန်လွန်ကဲကဲ ဖြစ်သည်ဟု ပြော၍ရပေသည်။
“ဒီထဲမှာ ဖမ်းခံထားရတဲ့လူတွေက မင်းတို့ နတ်ဆိုးတွေချည်းပဲ မဟုတ်တဲ့ပုံပဲ။ လူတွေလည်း ရှိနေတယ်” ရန်ကိုင်က တိုင်တစ်တိုင်ပေါ်တွင် ချုပ်နှောင်ထားခံရသော နတ်ဆိုးချီ တစ်စက်လေးမှပင် မရှိသည့် အလောင်းတစ်လောင်းကို ကြည့်၍ ပြောလိုက်သည်။
“အဲ့ဒါက သဘာဝပဲလေ။ အဲ့လူသားတွေကို သူတို့ကိုယ်သူတို့ ကျွမ်းကျင်ပညာရှင်တွေဆိုပြီး နတ်ဆိုးကုန်းမြေထဲ ကျူးကျော်လာတယ်လေ။ သူတို့ထိုက်နဲ့ သူတို့ကံပဲပေါ့” ထိုနတ်ဆိုးလူက လှောင်ပြောင်ပြောဆိုလိုက်သည်။
ရန်ကိုင် ခေါင်းသာညိတ်လိုက်သည်။ လူဖြစ်လာသည့်အလျောက် အချိန်ပို၊ ဦးနှောက်မရှိသည့် အရူးများလည်း ရှိမည်မှာ သဘာဝပင်။ ထိုလူများသည် သူတို့ကိုယ်သူတို့ သန်မာလှပြီဟု ထင်ကာ နတ်ဆိုးကုန်းမြေသို့ ပြဿနာရှာရန် ရောက်လာခဲ့သည်။ သူတို့ခွန်အားကြောင်း သေချာနားမလည်ဘဲ နာမည်ကျော်ကြားအောင် လုပ်ချင်ကြ၏။ အဆုံးသတ်အနေဖြင့် ဖွတ်မရ ဓါးမဆုံးဖြစ်ကာ အသက်ပါ ပေးလိုက်ရသည်အထိ ဖြစ်ခဲ့ရလေသည်။
ထိုကဲ့သို့သော လူများကို ရန်ကိုင် နည်းနည်းလေးမှ မသနားချေ။
“ရန်ကိုင်” မန်ဝူရ ရုတ်တရက် ရပ်သွားပြီး တိုင်တစ်တိုင်ကို သေချာ စိုက်ကြည့်နေလိုက်သည်။
“ဘာလို့လဲ”
“အဲ့လူကိုကြည့်ကြည့်” မန်ဝူရက ညွှန်ပြလိုက်သည်။
ရန်ကိုင်လည်း မန်ဝူရ ညွှန်ပြရာဆီ လှမ်းကြည့်လိုက်ရာ ဖရိုဖရဲ ဖြစ်နေသော နတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူ၏ အရှိန်အဝါမှာ အချိန်မရွေး ငြိမ်းသွားနိုင်သည့် လေထဲရောက်နေသည့် မီးတိုင်တစ်ခုနှယ် ဖြစ်နေခဲ့သည်။
ခေါင်းငိုက်ကျနေပြီး ဆံပင်ရှည်များသည် မျက်နှာတစ်ခုလုံးကို ဖုံးနေသည့်အတွက် သူ့အစစ်အမှန် အသွင်အပြင်ကို မြင်တွေ့ရန် မဖြစ်နိုင်ချေ။
ထို့အပြင် သူ့လက်နှင့် ခြေထောက်များသည်လည်း တိုင်ပေါ်တွင် အနက်ရောင် သတ္တုစူးချွန်များဖြင့် ရိုက်ကပ်ထားခြင်း ခံထားရသဖြင့် မလှုပ်ရှားနိုင် ဖြစ်နေခဲ့သည်။
ဒဏ်ရာများမှ စီးကျနေသော သွေးများပင် ခြောက်နေခဲ့လေပြီ။
လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး မျက်မှောင်ကြုံ့သွားကြသည်။ စိတ်ထဲတွင် နတ်ဆိုးဗိုလ်ချုပ်ကြီး ကျန်းယွမ်ကဲ့သို့ ရက်စက်သော လူတစ်ယောက်နောက် မလိုက်ခဲ့သည်မှာ ကံကောင်းသွားသည်ဟု တွေးလိုက်ကြသည်။
ရန်ကိုင်ကို လမ်းပြပေးနေသော နတ်ဆိုးမျိုးနွယ်စုဝင်က ထိုလူအားကြည့်၍ ပြုံးဖြီးလျက် ပြောလိုက်သည် “ဒီကောင်က တကယ့်ကို ခေါင်းမာတဲ့ကောင်။ ကျုပ်တောင် သူ့ကို လေးစားမိချင်တယ်”
ပြောနေရင်း စတင် ရှင်းပြလိုက်သည် “ဒီကောင်က နတ်ဆိုးကုန်းမြေထဲမှ တက်သစ်စ ကြယ်တစ်ပွင့်ပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက သူ့အကြောင်း ဘယ်သူမှ မသိကြဘူး။ ဒါပေမယ့် သူ့ခွန်အား တိုးတက်လာတဲ့နှုန်းက အရမ်းမြန်တယ်။ သူတော်စင်ပထမအဆင့် ရောက်တဲ့အထိပေါ့။ သူ့ကိုသာ နောက်ထပ် အချိန်(၂)နှစ်ယောက် ပေးလိုက်ရင် ကျုပ်နဲ့ အဆင့်တူ ဖြစ်လာမှာ။ ဒါပေမယ့် ဒီကောင်က ဆရာနတ်ဆိုးဗိုလ်ချုပ်ကြီးရဲ့ အမိန့်ကို မနာခံခဲ့ဘူးလေ။ ဒါနဲ့ ဆရာနတ်ဆိုးဗိုလ်ချုပ်ကြီးလည်း သူ့ကို ဒီမှာ ချုပ်နှောင်ပြီး သူ့အပြစ်ကို ဆင်ခြင်ခိုင်းလိုက်တယ်။ အသိပြန်ဝင်လာလို့ သူ့လက်အောက်ကို ခိုဝင်မယ်ဆိုရင် လွှတ်ပေးမယ်ပေါ့။ ဒါပေမယ့် ဒီလောက် ကြာသွားတာတောင် ဒီကောင် ခေါင်းမာနေဦးမယ်လို့ ဘယ်သူထင်မှာလဲ။ ဒီကောင်က အနှေးနဲ့အမြန်ဆိုသလို သူတော်စင် တတိယအဆင့်ကို ရောက်မယ့်သူလို့ ဆရာနတ်ဆိုးဗိုလ်ုချုပ်ကြီးကိုယ်တိုင် ပြောခဲ့တာ။ အဲ့အချိန်ရောက်လာတဲ့အခါကျ ကျုပ်တို့ နတ်ဆိုးကုန်းမြေမှာ ငါးယောက်မြောက် နတ်ဆိုးဗိုလ်ချုပ်တစ်ယောက် ရှိလာတော့မှာ”
“မတူဘူလား” မန်ဝူက ထိုနတ်ဆိုး ရှင်းပြနေသည်ကို လျစ်လျူရှု၍ ရန်ကိုင်အား အလေးအနက် အမူအရာဖြင့် ကြည့်လိုက်သည်။
“တူတာတင် မဟုတ်ဘူး။ သူမှသူအစစ်အမျန်ပဲ” ရန်ကိုင် အမူအရာ မှုန်ကုတ်သွားပြီး ထိုကျောက်တိုင်ဆီ အလျင်အမြန် လျှောက်သွားလေသည်။
“ဟေး၊ မင်းဘာလုပ်နေတာလဲ” ထိုအခြင်းအရာကို မြင်လိုက်သော် နတ်ဆိုးလူသည် ရန်ကိုင်အား တားရန် ချက်ချင်း ပြင်လိုက်သည်။
“မင်းပါးစပ်ကိုပိတ်ထားလိုက်” မန်ဝူရက ထိုလူကို စိုက်ကြည့်၍ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် “နောက်တစ်ခွန်းဟရဲ ဟကြည့် မင်းကိုငါသတ်ပစ်မှာ။ တစ်ချက်ကလေးမှလည်း မရွေ့နဲ့။ မဟုတ်ရင် သတ်ပစ်ဦးမှာ”
နတ်ဆိုးမျိုးနွယ်စုမှာ ပါစပ်သာ ဟလိုက်သော်လည်း ဘာစကားလုံးမှ ထွက်မလာခဲ့။ သူ့မျက်နှာတစ်ပြင်လုံး ရဲရဲနီသွားပြီး ဘာစကားမှ ထပ်မပြောရဲတော့ချေ။
မန်ဝူရ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်တို့ကို သူအာရုံခံမိပေသည်။
“သခင်၊ ဘာဖြစ်လို့လဲ” လီရုန် နားမလည်နိုင် ဖြစ်နေသည် “ဒီနတ်ဆိုးကို သိလို့လား”
“ငါတို့သူ့ကိုသိတယ်” မန်ဝူရက ခေါင်းညိတ်လိုက်သည်။
လီရုန်၏ ပခုံးလေး တုန်သွားခဲ့ပြီး တစ်ဖက်လူအား စိုးရိမ်မှုအပြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
ကျောက်တိုင်ရှေ့သို့ ရောက်သည့်အခါ ရန်ကိုင်သည် တုန်တုန်ရင်ရင်ဖြင့် ရှုပ်ပွနေသော ဆံပင်များကို ဖယ်လိုက်သည်။
တစ်ယောက်ယောက်မှ သူ့ဆံပင်ကို လာဖယ်နေသဖြင့် ချုပ်နှောင်ခံထားရသောလူသည် ခေါင်းမော့ကာ ကြည့်လိုက်သည်။ ရန်ကိုင်ကို မြင်လိုက်သည့်အခါ မှုန်ရီနေသော သူ့မျက်လုံးများ လင်းလက်တောက်ပလာပြီး ပါးစပ်ဟ၍ တစ်ခုခု ပြောရန် ကြံလိုက်သည်။ သို့သော် သူမပြောနိုင်ခဲ့”
“ကျုပ်သိတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “စကားမပြောနဲ့ဦး”
ထိုလူက အသာအယာ ခေါင်းညိတ်လိုက်လေသည်။
“တောင့်ထား၊ ကျုပ်ခင်ဗျားကို ချပေးမယ်” ပြောပြီးနောက် ရန်ကိုင်သည် ထိုလူလက်အား ကပ်ရိုက်ထားသော အနက်ရောင် သံစူးချွန်ကို ဖယ်ရှားလိုက်ရာ အနက်ရောင်သွေးများ ပန်းထွက်လာခဲ့ရလေသည်။
ထိုနည်းဖြင့် ရန်ကိုင်သည် ကျန် စူးချွန်သုံးချောင်းကို ဖယ်ရှားပစ်ခဲ့သည်။
ထိုစူးချွန်များကို ဖယ်ရှားနေစဉ်အတွင်း လူကြီး၏ ခန္ဓာကိုယ်သည် နာကျင်မှုကြောင့် အဆက်မပြတ် တုန်ရီနေခဲ့သည်။ သို့သော်လည်း တစ်ချက်ကလေးမှပင် အသံမထွက်ဘဲ နာကျင်မှုကို ကြိတ်မှိတ်သည်းခံသွားခဲ့သည်။
ထိုအခြင်းအရာကိုကြည့်ရင်း လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး စိတ်မသက်မသာ ဖြစ်နေခဲ့ကြသည်။
ထိုလူအား တိုင်မှချပေးလိုက်ပြီးနောက် ဆေးပေါင်းရည်အချို့ကို ချက်ချင်း တိုက်ကျွေးလိုက်ပြီး သူ့ခန္ဓာကိုယ် အခြေအနေကို အလျင်စလို စစ်ဆေးကြည့်လိုက်သည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၅၉) ကျုပ်လူ
ကျန်းယွမ်သည် ထိုလူကို သတ်ချင်သည့်ဟန် မရသလို ဒုက္ခတိဖြစ်အောင်လည်း လုပ်ချင်ဟန် မရချေ။ သူ့လက်အောက်သို့ အညံ့ခံလာအောင်သာ နှိပ်စက်ထားခြင်း ဖြစ်သည်။
ဒဏ်ရာများသည် ပြင်းထန်ဟန် ရသော်လည်း တကယ်တမ်း အရမ်းကြီး ပြင်းထန်ခြင်းမရှိချေ။ လပေါင်းများစွာ နှိပ်စက်ခံခဲ့ရသည့် အတွက်ကြောင့်သာ အားနည်းနေခဲ့ခြင်း ဖြစ်သည်။
ဆေးပေါင်းရည် အနည်းငယ်ကို သောက်သုံးပြီးနောက် ထိုလူ၏ ခန္ဓာကိုယ်ခွန်အားအရ၊ ရက်အနည်းငယ်အတွင်း သူပြန်ကောင်းလာပေလိမ့်မည်။
ရန်ကိုင် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ ယခုမှပဲ သူစိတ်သက်သာရာ ရနိုင်တော့သည်။
“တော်ဝင်သခင်ရန်…” ရန်ကိုင် ဘေးမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ကျန်းယွမ်သည် ထူးထူးဆန်းဆန်း သူ့ဘေးသို့ ရောက်နေခဲ့လေပြီ။ ခါးခါးသီးသီးပြုံးလျက် ရန်ကိုင်ကို စိုက်ကြည့်ကာ ကျန်းယွမ်က မေးလိုက်သည် “တော်ဝင်သခင်ရန်က ကျုပ်နန်းဆိုးနန်းတော်ကိုလာပြီး ဘာမပြောညာမပြောနဲ့ ကျုပ်လူကို လွှတ်ပေးလိုက်တယ်။ အဲ့ဒါက သိပ်ပြီး မသင့်တော်ဘူးလားလို့။ အနည်းဆုံး ကျုပ်အထင်အမြင်ကို အရင် မေးသင့်တယ်လို့ မထင်ဘူးလား”
“ဘယ်က ခင်ဗျားလူလဲ” ရန်ကိုင်က ခါးကိုမတ်လျက် ကျန်းယွမ်အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်ကာ ပြန်ပြောလိုက်သည် “သူက ကျုပ်လူပဲ”
ကျန်ယွမ် မျက်မှောင်ကြုံ့သွားခဲ့ပြီး ရန်ကိုင်အား စိတ်ရှုပ်ရှုပ်ဖြင့် “တော်ဝင်သခင် ဘာပြောချင်နေတာလဲ။ ဒီစီနီယာ နားမလည်ဘူး။ တော်ဝင်သခင်က သူ့ကို အခြားတစ်ယောက်နဲ့များ အထင်မှားနေတာလား…”
“သူ့ခန္ဓာကိုယ်က အရင်နတ်ဆိုးဗိုလ်ချုပ်ရဲ့ ခန္ဓာကိုယ်ပဲ။ ဒါပေမယ့် အထဲမှာ ရှိနေတဲ့ ဝိဥာဉ်က ကျုပ်မိတ်ဆွေဟောင်း တစ်ယောက်ပဲ” ရန်ကိုင်က ကျန်းယွမ်အား စကားဆုံးအောင် ပြောခွင့်မပေးဘဲ ကြားဖြတ်ပြောလိုက်သည်။
ကျန်းယွမ်အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး အံ့ဩတကြီးဖြင့် “တော်ဝင်သခင်ရန်လည်း အဲ့အကြောင်းကို သိနေတာလား”
“ဒီကိစ္စကို ကျုပ်တို့ ရှင်းရမယ့် ကိစ္စထဲ ထည့်ပေါင်းရလိမ့်မယ်” ရန်ကိုင်က အံတင်းတင်းကြိတ်လိုက်ပြီး မြေပေါ်တွင် လဲနေသည့်လူကို မ၍ ကျန်းယွမ်ကိုကြည့်ကာ “ကျုပ်တို့အတွက် နေရာတစ်ခုစီစဉ်ပေးဦး။ သူ့ပြန်သက်သာအောင် လုပ်ပေးရမယ်”
ကျန်းယွမ် အားတင်းပြုံးလျက် ခေါင်းညိတ်လိုက်သည်။
ရန်ကိုင်သည် တမင်လိမ်ပြောပြီး ပြဿနာ ရှာနေခြင်း မဟုတ်မှန်း သူပြောနိုင်သည်။ ထိုလူကိုယ်ထဲတွင် ရှိနေသော ဝိဥာဉ်သည် သူနှင့် ကျိန်းသေ ပက်သက်နေပေသည်။
ထို့အပြင် နှစ်ဦးကြားမှ ဆက်ဆံရေးသည်လည်း အတော်ကိုမှ နက်ရှိုင်းရပေမည်။
ရန်ကိုင် အပြစ်တင်စကားကို မြိုသိပ်ထားရင်း ကျန်းယွမ်က ရန်ကိုင်တို့အဖွဲ့အတွက် နေစရာတစ်ခု အလျင်အမြန် စီစဉ်ပေးလိုက်သည်။
ဧည့်ခန်းထဲတွင် ရန်ကိုင် ကယ်လာခဲ့သောလူသည် အိပ်ရာထက် လဲလျောင်းနေပြီး လီရုန်နှင့် ဟန်ဖေးသည် သူ့ကိုယ်ထဲသို့ နတ်ဆိုးချီများ ဖြည်းဖြည်းချင်း ဖြည့်သွင်းပေးနေခဲ့သည်။
ကျန်းယွမ်သည် ခဏလောက် စောင့်ကြည့်နေလိုက်သော်ငြား စိတ်မဝင်စားတော့သဖြင့် အကြောင်းပြချက်တစ်ခုပေးကာ ထိုနေရာမှ ထွက်လာလိုက်သည်။
ရန်ကိုင်တို့အား လမ်းပြပေးခဲ့သော သူတော်စင် ဒုတိယအဆင့် နတ်ဆိုးလူသည် နဆ်ဆိုးနန်းတော် အပြင်ဘက်တွင် စိတ်ရှည်ရှည်ဖြင့် စောင့်နေခဲ့သည်။ ကျန်းယွမ် ထွက်လာသည်ကို မြင်သည့်အခါ လေးလေးစားစား ဦးညွှတ်လိုက်သည်။
“ကျိုးချုန်းနဲ့ အခြားသူတွေကို နတ်ဆိုးမြို့တော်ဆီ အခုချက်ချင်းလာဖို့ သတင်းပို့လိုက်။ ငါသူတို့ကို ဆယ်ရက်အတွင်း တွေ့ချင်တယ်” ကျန်းယွမ်က အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ” နတ်ဆိုးသူတော်စင်လည်း ချက်ချင်းပဲ ထွက်ခွားသွားလေသည်။
ထိုလူထွက်သွားပြီးနောက် ကျန်းယွမ်သည် ကြီးကျယ်မြင့်မြတ်သော နတ်ဆိုးနန်းတော်ကို ပြန်ကြည့်သည်။ သူ့မျက်လုံးထဲ ဖုံးကွယ်မရနိုင်သော စိတ်လှုပ်ရှားတို့ဖြင့် ပြည့်နေလေသည်။
ရန်ကိုင်သည် နတ်ဆိုးစာအုပ်နှင့်အတူ လာခဲ့လေရာ သူ့တို့ နှစ်ပေါင်းများစွာကြာသည်အထိ မဖော်ထုတ်နိုင်ခဲ့သော လျှို့ဝှက်ချက်တို့ကို ဖော်ထုတ်နိုင်တော့မည်ဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။ ထိုအရာသည် သူမဟာနတ်ဆိုးဗိုလ်ချုပ်ကြီး ဖြစ်လာသည့်အချိန်မှစ၍ အတောင့်တဆုံးသော ဆန္ဒပင်။ သူစိတ်မလှုပ်ရှားဘဲ ဘယ်နေမည်နည်း။
“အခု အဆင်ပြေသွားလောက်ပြီ။ နေ့တစ်ဝက်လောက်ကြာရင် ပြန်နိုးလားလိမ့်မယ်” လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး ထိုလူကိုယ်ထဲသို့ နတ်ဆိုးချီ ဖြည့်သွင်းပေးနေခြင်းကို ရပ်တန့်လိုက်ကြပြီး ရန်ကိုင်ကို ခေါင်းညိတ်ပြလိုက်ကြသည်။
“အင်း” ရန်ကိုင်က ရှုပ်ထွေးသည့် အမူအရာဖြင့် သူ့ရှေ့တွင် လဲလျောင်နေသောလူကို စိုက်ကြည့်နေသည်။ တစ်နေ့ ထိုလူ ယခုကဲ့သို့ အခြေအနေမျိုး ရောက်သွားလိမ့်မည်ဟု သူတစ်ခါမှ မထင်ထားခဲ့ချေ။
“သခင်… ဒီလူက…” လီရုန်က ရန်ကိုင်ကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ ရန်ကိုင် ထိုလူကို ဘာကြောင့် အရမ်းစိုးရိမ်နေမှန်း သူမ နားမလည်နိုင်ချေ။
ရန်ကိုင်က ပြုံး၍ “သူ့နာမည်က နတ်ဆိုးအိုကြီးပဲ”
“သူ့ခန္ဓာကိုယ်က နတ်ဆိုးဗိုလ်ချုပ်ဟောင်း တစ်ယောက်ရဲ့ ခန္ဓာကိုယ်ဆို”
“ဟုတ်တယ်။ နတ်ဆိုးအိုကြီးက တကယ်တော့ အကြွင်းအကျန် စိတ်ဝိဥာဉ်တစ်ခုသာသာပဲ။ ဒါပေမယ့် ကံကောင်းပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့ နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဝင်စီးလိုက်နိုင်တယ်လေ” ရန်ကိုင်က ရှင်းပြလိုက်သည်။
လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ပြီး ရန်ကိုင် ရှင်းပြသော နတ်ဆိုးအိုကြီး အကြောင်းကို ငြိမ်သက်စွာ နားထောင်နေလိုက်သည်။
ရန်ကိုင် ငယ်ရွယ်ပြီး အားနည်းစဉ်က နတ်ဆိုးအိုကြီးသည် သူ့ကို အဖော်ပြုကာ သူ့အား အကူအညီများစွာ ပေးခဲ့သည်။ အစပိုင်းတွင် တစ်ယောက်နှင့်တစ်ယောက် မယုံကြသော်လည်း အချိန်ကြာလာသည်နှင့် နှစ်ယောက်သားကြား ဆက်ဆံရေးမှာ ပိုပို၍ နက်ရှိုင်းလာခဲ့သည်။ နောက်ဆုံး နတ်ဆိုးအိုကြီးသည် သူ့လွတ်လပ်ခွင့်ကို ပြန်ရသွားတိုင် ရန်ကိုင်နားမှ မထွက်သွားခဲ့ပေ။
သူသည် သူ့အား ဒုတိယအကြိမ် အသက်ရှင်ခွင့်ပေးခဲ့သည် ရန်ကိုင်အပေါ် ကျေးဇူးတင်သလို ရန်ကိုင်သည်လည်း သူ့အား အကူအညီများစွာ ပေးခဲ့သော နတ်ဆိုးအိုကြီးအပေါ် အတော်လေး ကျေးဇူးတင်ပေသည်။
စကားပြောနေစဉ် နတ်ဆိုးအိုကြီး ရုတ်တရက် မျက်လုံး ပွင့်လာပြီး အက်ရှရှလေသံဖြင့် “သခင်လေး၊ လူအိုကြီးမန်”
ရန်ကိုင် ခန္ဓာကိုယ် တစ်ချက်တုန်သွားပြီး နတ်ဆိုးအိုကြီး ဘက်သို့ လှည့်၍ စိုးရိမ်တကြီးဖြင့် မေးလိုက်သည် “ခင်ဗျား ဘယ်လိုနေလဲ”
“အရမ်းဆိုးတယ်” နတ်ဆိုးအိုကြီးက သူ့နှုတ်ခမ်းကို တွန့်ကွေးလျက် ရှုံ့မဲ့နေသည့် အမူအရာဖြင့် ပြောလိုက်သည်။
မန်ဝူရက ရယ်မောလိုက်ပြီး “နတ်ဆိုးအိုကြီး မင်းကြည့်ရတာ တကယ်ကို ကံဆိုးနေပါလားဟေ။ ရန်ကိုင်နဲ့ ဒီလူအိုကြီးသာ ရောက်မလာရင် မင်းတော့ တောက်လျှောက် နှိပ်စက်ခံနေရမှာပဲ”
“မုန်းစရာကောင်းလိုက်တာ။ ဒီလူအိုကြီးက သူတော်စင် တတိအဆင့်ကို ရောက်တဲ့အထိသာ စောင့်စမ်းပါ။ အဲ့ကျန်းယွမ် ဆိုတဲ့ကောင်ရဲ့ ခေါင်းကို အရေခွံစုတ်ပြီး စွပ်ပြုတ်အိုး လုပ်ပစ်မယ်။ မဟုတ်ရင် ငါဘယ်လိုမှ ဒေါသပြေနိုင်မှာ မဟုတ်ဘူး” နတ်ဆိုးအိုကြီးက အမောတကော အသက်ရှူရင်း ကျိန်ဆဲလိုက်သည်။
“လုပ်နိုင်မယ်ထင်ရင် လုပ်လိုက်လေ။ ဒီစီနီယာဘက်ကတော့ အဆင့်သင့်ပဲ” ကျန်းယွမ်က အပြုံးယဲ့ယဲ့လေးပြုံးလျက် အခန်းထဲသို့ လမ်းလျှောက်ဝင်လာခဲ့သည်။
ရန်ကိုင် ကျန်းယွမ်အား မှုန်ကုတ်ကုတ် အမူအရာဖြင့် ကြည့်လိုက်သည်။
ကျန်းယွမ်သည် ရန်ကိုင်၏ အပြုအမူကို စိတ်ထဲမထားဘဲ ဆက်ပြောလိုက်သည် “တော်ဝင်သခင်ရန်၊ ဒါနဲ့ပက်သက်ပြီး ငါ့ကို လာအပြစ်မတင်သင့်ဘူး။ သူက မင်းလူမှန်းမှ ဒီစီနီယာ မသိတာ။ ဒီတော့ သူ့ကို အဲ့လိုလုပ်ခဲ့ရတာပေါ့။ ကဲ၊ ဘာပဲဖြစ်ဖြစ်၊ ဒီစီနီယာ တောင်းပန်ပါတယ်”
ပြောပြီးသည်နှင့် ခပ်မြန်မြန်ပဲ ဆက်ပြောလိုက်ပြန်သည် “တကယ်တော့ ဒီစီနီယာလည်း သူ့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူးကွာ။ သူ့ကို ငါ့လက်အောက် အညံ့ခံစေလိုတာပဲ ရှိတာ။ ဒါပေမယ့် သူ့ အရမ်း ခေါင်းမာတာကိုး။ ပြီးတော့ သူက တော်ဝင်သခင်ရန်ရဲ့ လူဖြစ်ပါတယ်လို့ အစောကြီးကတည်းက ငါ့ကို ပြောလိုက်ရင် ငါလည်း သူ့ကို အဲ့လိုမျိုး ဘယ်လုပ်ပါ့မလဲ။ သူ့ဒဏ်ရာတွေက အရမ်းကြီး မပြင်းထန်ဘူးဆိုတာပဲ တော်ဝင်သခင်ရန် မြင်တာပဲ။ သူ့ကျင့်ကြံခြင်း အခြေခံဆိုလည်း ဘာမှ ဖြစ်သွားတာမဟုတ်ဘူး။ အဲ့ဒါက ဒီစီနီယာ သဘောထားကြီးပေးလို့ပဲ”
နတ်ဆိုးအိုကြီးက ဒေါသပုန်ထနေသည့် အမူအရာဖြင့် “အခုလောလောဆယ် ငါမင်းထက် အားနည်းတာ မှန်တယ်။ ဒါပေမယ့် ငါမင်းထက် အားကောင်းလာတဲ့တစ်နေ့ သဘောထား ကြီးတယ်ဆိုတာ ဘာလဲ မင်းသိအောင် ပြပေးမယ်”
ကျန်းယွမ်က မျက်ခုံးပင့်လိုက်ပြီး “မင်းဝိဥာဉ်နဲ့ အဲ့ခန္ဓာကိုယ် အံကိုက်ဖြစ်သွားအောင် အရင်လုပ်သင့်တယ်လို့တော့ ငါထင်တာပဲ။ ငါမြင်ရသလောက်တော့ နှစ်(၂၀)အတွင်း အဲ့ခန္ဓာကိုယ်က မင်းဝိဥာဉ်ကို စတင် ငြင်းဆန်လာလိမ့်မယ်။ အဲ့အချိန်ကျ နောက်ခန္ဓာကိုယ်သစ်တစ်ခုရှာပြီး အစကနေ ပြန်ကျင့်ကြံရမှာ။ အဲ့လိုသာ ဖြစ်နေမယ်ဆိုရင် မင်းဘယ်အချိန်မှ ဒီစီနီယာထက် အားကောင်းနိုင်တော့မှာလဲ”
ကျန်းယွမ်ပြောသည်ကို ကြားပြီးနောက် နတ်ဆိုးအိုကြီး၏ အမူအရာ မည်းမှောင်သွားခဲ့ရသည်။
ဝန်မခံချင်သော်လည်း ကျန်းယွမ် ပြောသွားသည်မှာ အမှန်တရားပင် ဖြစ်သည်။
ထိုခန္ဓာကိုယ်ကို စရသည့်အချိန်ကတည်းက နတ်ဆိုးအိုကြီး ရန်ကိုင်ကို ပြောခဲ့သည်။ ထိုခန္ဓာကိုယ်ကို အနှစ်(၃၀)လောက် ထိန်းချုပ်ထားနိုင်သော်လည်း ထိုအချိန်အတောအတွင်း ခန္ဓာကိုယ်နှင့် ကွက်တိဖြစ်သွားအောင် မလုပ်နိုင်ပါက ခန္ဓာကိုယ်ဟောင်းကို စွန့်ပစ်၍ အသစ်တစ်ခု ရှာရပေမည်။
ယခု ထိုခန္ဓာကိုယ်ကို စရသည့်အချိန်မှစ၍ ဆယ်နှစ် ကုန်သွားခဲ့လေပြီ။ မဟာနတ်ဆိုးဗိုလ်ချုပ်ကြီးမှာလည်း ပေါ့သေးသေးမဟုတ်၊ ထိုအချက်ကို ချက်ချင်းပဲ တန်းမြင်နိုင်သည်။
“တော်ဝင်သခင်ရန်၊ ဒီကိစ္စမှာ အပြစ်တင်ခံရသင့်တဲ့ လူက ဒီစီနီယာဆိုပေမယ့် အဲ့လူအပိုင်သိမ်းထားခဲ့ ခန္ဓာကိုယ်က နတ်ဆိုးဗိုလ်ချုပ်ဟောင်း တစ်ယောက်ရဲ့ ခန္ဓာကိုယ်လေ။ ဒီတော့ နတ်ဆိုးမျိုးနွယ်စုရဲ့ ဗိုလ်ချုပ်ကြီးဖြစ်တဲ့ ကျုပ်အနေနဲ့ သူ့ကို ကျုပ်လက်အောက် ခေါ်သွင်းတာက သဘာဝပဲလေ။ ဒါကြောင့်ပဲ ဒီစီနီယာက သူ့ကို အညံ့ခံစေချင်ခဲ့တာ။ ဒါပေမယ့် သူက တော်ဝင်သခင်ရန်ရဲ့ လက်အောက်ငယ်သား ဖြစ်နေတယ်ဆိုတော့ ဒီလိုလုပ်ကြမယ်။ အဲ့ခန္ဓာကိုယ်ကို တော်ဝင်သခင်ရန်ဆီ ပေးလိုက်မယ်။ အပြန်အလှန်အနေနဲ့ သူ့ကို နှိပ်စက်ခဲ့တဲ့ ကိစ္စနဲ့ ပက်သက်ပြီး တော်ဝင်သခင်ရန် ကျုပ်ကို အပြစ်မတင်နဲ့တော့”
ကျန်းယွမ်သည် လိမ်ညာနေခြင်းမဟုတ်။ သို့သော် ရန်ကိုင်က မျက်မှောင်ကြုံ့၍ နတ်ဆိုးအိုကြီးကို ကြည့်ကာ “ခင်ဗျားရဲ့ ဆန္ဒအတိုင်း ကျုပ်လုပ်ပေးမယ်။ မကျေနပ်လို့ လက်စားချေချင်တယ်ဆိုရင် ပြောသာပြောလိုက်။ ခင်ဗျားကို ဒီနတ်ဆိုးမြို့တော်ကနေ ချက်ချင်း ခေါ်ထုတ်သွားပေးမယ်”
သူထိုစကားကို ပြောလိုက်သည်နှင့် နတ်ဆိုးဗိုလ်ချုပ်ကြီး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး “တော်ဝင်သခင်ရန်၊ ဒီလို မရယ်ရတဲ့ ဟာသတွေ မလုပ်စမ်းပါနဲ့ဗျာ”
ရန်ကိုင်က ကျန်းယွမ်အား အေးစက်စက် အမူအရာဖြင့် ကြည့်လိုက်ပြီး ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည် “ကျုပ်နောက်နေတယ်လို့ ထင်လား”
မန်ဝူရ၊ လီရုန်နှင့် ဟန်ဖေးတို့သည်လည်း ကျန်းယွမ်အား မျက်နှာထားတင်းတင်းဖြင့် ကြည့်လိုက်ကြသည်။
ကျန်းယွမ် ဖိအားဝင်သွားရလေပြီ။ သူ့ခွန်အားအပေါ် ယုံကြည်ချက်ရှိသော်လည်း မန်ဝူရ၊ သို့မဟုတ် လီရုန်တို့ကို တစ်ယောက်ချင်းသာ ယှဉ်တိုက်နိုင်ပေသည်။ သူတို့ နှစ်ယောက်သာ ပူးပေါင်းတိုက်ခိုက်မှုဆိုပါက သူကျိန်းသေ ရှုံးနိမ့်ရပေလိမ့်မည်။
တိုက်ပွဲသာဖြစ်လျှင် နတ်ဆိုးမြို့တော်သည်လည်း ချက်ချင်း ဖျက်စီးခံရပေလိမ့်မည်။
ချက်ချင်းဆိုသလို ကျန်းယွမ် အမူအရာ တင်းကျပ်သွားခဲ့ပြီး နတ်ဆိုးအိုကြီးအား စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်သည်။
“အခုလို ကျုပ်အတွက် စဉ်းစားပေးလို့ သခင်လေးကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒါပေမယ့် ဒီလူအိုကြီးက ကိုယ့်ဘာသာ လက်စားပြန်ချေမှာပါ။ သခင်လေး ဝင်ပါစရာ မလိုပါဘူး” နတ်ဆိုးအိုကြီးက မိစ္ဆာဆန်ဆန် ပြုံးလျက် ပြန်ပြောလိုက်သည်။
ယခုမှပဲ ကျန်းယွမ် စိတ်အေးလက်အေး ဖြစ်သွားရသည်။
ရန်ကိုင်သည် ခေါင်းညိတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။
“ဒီစီနီယာ မင်းလိုအပ်တဲ့ ကုသရေး ပစ္စည်းတွေ ပို့ပေးလိုက်မယ်” ပြောပြီးသည်နှင့် ကျန်းယွမ် ချက်ချင်း ထွက်သွားလေသည်။
နတ်ဆိုးဗိုလ်ချုပ်ကြီး ဖြစ်လာသည့် သူ့တစ်သက်နှင့် တစ်ကိုယ် ယခုကဲ့သို့ တစ်ခါမှ ခြိမ်းခြောက်ခံခဲ့ရဖူးခြင်း မရှိချေ။ သူ့အနေဖြင့် ထိုနေရာတွင် ဆက်နေ၍ ဘာကြောင့် အရှက်ခွဲခံနေရမည်နည်း။ နတ်ဆိုးစာအုပ်ကို အသုံးလိုနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုကဲ့သို့ သူ့အား လာစော်ကားသည်ကို ကျိန်းသေ ငြိမ်ခံနေလိမ့်မည် မဟုတ်ချေ။
နတ်ဆိုးဗိုလ်ချုပ်ကြီး ဖြစ်သည့်အလျောက် သူ့တွင် နတ်ဆိုးဗိုလ်ချုပ်ကြီး တစ်ယောက်၏ မာန်မာနရှိပေသည်။
ခဏအကြာ၌ နတ်ဆိုးအိုကြီး၏ ဒဏ်ရာများကို ပြန်လည် ကုသရန် ဆေးပစ္စည်းများကို နတ်ဆိုးနန်းတော်၏ အစေခံများက လာရောက်ပို့ဆောင်ပေးလေသည်။
ထိုရလဒ်နှင့် ပက်သက်ပြီး နတ်ဆိုးအိုကြီးလည်း အတော့်ကိုမှ ကျေနပ်သွားကာ ရန်ကိုင်နှင့် လွန်ခဲ့သော ဆယ်နှစ်အတွင်းက အတွေ့အကြုံများကို စတင် ဖလှယ်လတော့လေသည်။
သူထုန်းရွှမ်လောကကြီးသို့ မန်ဝူရနှင့်အတူ ရောက်လာစဉ်က နတ်ဆိုးအိုကြီးသည် ခပ်မြန်မြန်ပဲ လူစုခွဲသွားခဲ့သည်။ သူသည် နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် နေနေခြင်း ဖြစ်သည်။ ထို့ကြောင့် လူသားပိုင်နက်ထဲ လှုပ်ရှားရန်မှာ အရမ်းကိုမှ အန္တရာယ်များလှပေသည်။ ထို့ကြောင့် နတ်ဆိုးကုန်းမြေထဲ ထွက်လာခဲ့သည်။
လွန်ခဲ့သော ဆယ်နှစ်အတွင်း သူဘယ်သူဘယ်ဝါ ဆိုသည်ကို ဖုံးကွယ်၍ သူ့ခွန်အား တိုးတက်အောင်သာ ကြိုးစားခဲ့သည်။
တကယ်တော့ သူ့တွင် ထိပ်တန်းအဆင့် ပညာရှင်တစ်ဦး၏ အတွေ့အကြုံ ရှိပြီးသွားပြီ ဖြစ်သလို ထိပ်တန်းအဆင့် ပညာရှင် တစ်ယောက်၏ ခန္ဓာကိုယ်လည်း ရှိနေပေသည်။ လိုအပ်သည်ဆို၍ မိုးမြေစွမ်းအင်များကို စုပ်ယူပြီး သူ့ခွန်အားကို တိုးတက်အောင် လုပ်ဆောင်ရန်သာ ရှိသည်။ မည်သည့် အဆင့်တစ်ဆို့ အတားအဆီးကိုမှ ကြုံတွေ့ရလိမ့်မည် မဟုတ်ချေ။
ဆယ်နှစ်လောက်ကြာသွားပြီးနောက် သူတော်စင် ပထမအဆင့်သို့ ပြန်လည် ရောက်ရှိနိုင်ခဲ့သည်။
သို့သော် သူ့ကိုယ်သူ မည်မျှ ဖုံးကွယ်ရန် ကြိုးစားပါစေ အပြည့်အဝ ပုန်းကွယ်နိုင်ခြင်း မရှိခဲ့ပေ။
တစ်ယောက်ယောက်သည် သူ့အား ပျောက်ဆုံးနေသော နတ်ဆိုးဗိုလ်ချုပ်အဖြစ် မှတ်မိသွားပြီး နတ်ဆိုးဗိုလ်ချုပ်ကြီးထံ သတင်းပို့ခဲ့သည်။ ကျန်းယွမ်သည် ကိုယ်တိုင်ရောက်လာပြီး သူ့အား နတ်ဆိုးမြို့တော်ဆီ ခေါ်သွားကာ သူ့လက်အောက်သို့ ဝင်ခိုင်းခဲ့သည်။ သို့သော် နတ်ဆိုးအိုကြီးက သူ့လက်အောက်သို့ မဝင်ဘဲ ခေါင်းမာနေသဖြင့် ကျောက်တိုင်တွင် သံရိုက်ကာ ချိတ်ဆွဲထားခံရခြင်း ဖြစ်သည်။
လအနည်းငယ် ကြာပြီးသည့်နောက် ရန်ကိုင် ပေါ်လာခဲ့သည်။
နတ်ဆိုးအိုကြီး ပြောသည်ကို နားထောင်ပြီးနောက် ရန်ကိုင်နှင့် မန်ဝူရတို့ နှစ်ယောက်စလုံး အတော်လေးကို အံ့အားသင့်နေခဲ့သည်။ နတ်ဆိုးအိုကြီးသည် ရန်ကိုင်အပေါ် ထိုမျှ သစ္စာရှိလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ချေ။
“သခင်လေကော အခု ဘယ်လိုနေလဲ။ ဘာလို့ ဒီရောက်နေတာလဲ” နတ်ဆိုးအိုကြီးက ပြန်မေးလိုက်သည်။
ရန်ကိုင်က အကျဉ်းချုံး ရှင်းပြလိုက်သည်။
နတ်ဆိုးအိုကြီးနှင့်ယှဉ်လျှင် ရန်ကိုင်၏ ခရီးစဉ်သည် ပို၍ စိတ်ဝင်စားဖွယ် ကောင်းပေသည်။ လီ၇◌ုန်နှင့် ဟန်ဖေးတို့ပင်လျှင် သူ့ဇာတ်လမ်းထဲ မျောသွားခဲ့သည်။
လင်းတိုင်ရှုနှင့် အခြားသူများ ထုန်းရွှမ်လောကကြီးသို့ ရောက်လာသည့် အကြောင်း ကြားပြီးနောက် နတ်ဆိုးအိုကြီး ဝမ်းသာသွားခဲ့သည်။
သို့သော် အရိုးမျိုးနွယ်စုအကြောင်း ရှင်းပြလိုက်သည့်အခါ နတ်ဆိုးအိုကြီး၏ အမူအရာ ထူးထူးဆန်းဆန်း ဖြစ်သွားရသည်။ ထို့နောက် လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပြန်မေးလိုက်သည် “သခင်လေး ပြောနေတဲ့ အရိုးမျိုးနွယ်စုဆိုတာ အရိုးခြောက်တွေပဲမလား။ ဒါပေမယ့် သေသွားတဲ့ လူတွေရဲ့ အသွေးအသားတွေကို စုပ်ယူပြီး သူတို့ခန္ဓာကိုယ်ကို ပြန်ထုဆစ်နိုင်တဲ့ အရိုးခြောက်တွေလေ၊ ဟုတ်တယ်မလား”
“ဟုတ်တယ်” ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး နတ်ဆိုးအိုကြီးက အံ့အားသင့်နေသည့် အမူအရာဖြင့် ကြည့်လိုက်သည် “ခင်ဗျား အရင်က အဲ့ကောင်တွေကို တွေ့ဖူးလို့လား”
နတ်ဆိုးအိုကြီးက ခေါင်းခါလိုက်ပြီး “ဝိုးတဝါးတားပဲ မှတ်မိတယ်။ ဒါပေမယ့် အဲ့ကောင်းတွေနဲ့ အရင်တုန်းက တိုက်ခိုက်ဖူးတယ် ဆိုတာတော့ သေချာတယ်”
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၆၀) တောင်းဆိုချက်များ
နတ်ဆိုးအိုကြီးသည် ယခင်က အကြွင်းအကျန် စိတ်ဝိဥာဉ် တစ်ခုဖြစ်သည်။ ထို့ကြောင့် သူ့အသက် ဘယ်လောက် ရှိပြီသလဲ ဆိုသည်ကိုပင် ရန်ကိုင် မသိချေ။ သို့သော်လည်း သူ့အမြင်အရ နတ်ဆိုးအိုကြီး၏ အသက်သည် အနည်းဆုံး နှစ်ပေါင်း ထောင်နှင့်ချီနေပြီ ဖြစ်သည်။
အကြောင်းမှာ သူ့အား ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲတွင် တွေ့ခဲ့သောကြောင့် ဖြစ်ပေသည်။
ကောင်းကင်အမွေအနှစ်လိုဏ်ဂူသည် နဂါးဧကရာဇ်နှင့် ဖီးနစ်ဧကရီတို့၏ အမွေအနှစ်ထားသိုရာ နေရာဖြစ်သည်။
ထိုအင်အားစုနှစ်ခု၏ ပင်မအမွေအနှစ်များသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ပျောက်ဆုံးသွားခြင်း ဖြစ်သည်။
ထိုခေတ်သည် မဟာနတ်ဆိုးနတ်ဘုရားသည် ခေတ်ဖြစ်သည်။
တစ်နည်းဆိုရသော် နတ်ဆိုးအိုကြီးနှင့် မဟာနတ်ဆိုး နတ်ဘုရားတို့သည် ခေတ်တူ ကျင့်ကြံသူများ ဖြစ်ကြသည်။ နတ်ဆိုးအိုကြီးသည် အရိုးမျိုးနွယ်စုကို တိုက်ခိုက်ဖူးခဲ့သည်မှာ ဖြစ်နိုင်သည်။ သို့သော်လည်း သူ့မှတ်ဥာဏ် အတော်များများ ပျောက်ဆုံးသွားသဖြင့် သူ့နာမည်ကိုပင် မမှတ်မိနိုင်ဖြစ်ကာ နတ်ဆိုးအိုကြီးဟု ခေါ်သည်ဆိုသည်ကိုသာ ဝေဝေဝါးဝါး မှတ်မိတော့ပေသည်။
ထို့ကြောင့် အရိုးမျိုးနွယ်စုအကြောင်လည်း များများစားစား သိလိမ့်မည် မဟုတ်ချေ။
“အရိုးမျိုးနွယ်စုအပြင်၊ ခေါင်းမှာ ချိုတစ်ချောင်း ပေါက်နေတဲ့ မျိုးနွယ်စုတစ်ခုကော ရှိသေးလား” နတ်ဆိုးအိုကြီးသည် တစ်ခုခုကို ပြန်မှတ်မိသွားဟန်ရကာ မေးလိုက်သည်။
“မွန်းစတားမျိုးနွယ်စုကို ပြောတာလား” ခေါင်းတွင် ချိုပေါက်သော မျိုးနွယ်စုဆို၍ မွန်းစတားမျိုးနွယ်စုသာ ရှိသည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး။ သူတို့ကိုယ်သူတို့ ချိုမျိုးနွယ်စုလို့ ခေါ်ကြတယ်နဲ့တူတယ်” နတ်ဆိုးအိုကြီး မျက်မှောင်ကြုံ့လိုက်၏။ သို့သော် ထိုအရာမှအပ အခြားအရာများကို မမှတ်မိခဲ့ချေ။
စကားနည်းနည်းပါးပါး ထပ်ပြောပြီးနောက် ရန်ကိုင်သည် နတ်ဆိုးအိုကြီးအား အနားယူခိုင်းလိုက်တော့သည်။
နောက်ငါးရက်အတောအတွင်း ရန်ကိုင်နှင့် သူ့အဖွဲ့သည် နတ်ဆိုးနန်းတော်တွင်သာ နေနေပေသည်။
ကျန်းယွမ်သည် သူတို့အဖွဲ့အား ကောင်းကောင်း ဧည့်ခံခဲ့သည်။ နတ်ဆိုးကုန်းမြေ တစ်ခုလုံးတွင် ရှိနေသော လူသားအများစုပင် ဘယ်တော့မှ မတတ်နိုင်သည့် အရာများဖြင့် ချက်ပြုတ်ထားသော စားကောင်းသောက်ဖွယ်များဖြင့် ရန်ကိုင်တို့အား ကျွေးမွေးခဲ့သည်။ ထို့အစားအစာများသည် အရသာရှိရုံ သက်သက်တင် မဟုတ်ဘဲ လူတစ်ယောက်၏ ကျင့်ကြံခြင်းအတွက် အကျိုးရှိသည်။
သို့သော်လည်း ရန်ကိုင်သည် ထိုစားကောင်းသောက်ဖွယ် များကို စားချင်စိတ်ရှိမနေခဲ့။ မဟာနတ်ဆိုးနတ်ဘုရား ချန်ထားရစ်ခဲ့သည့် လျှို့ဝှက်ချက်များ အကြောင်းကိုသာ ကျန်းယွမ်အား ထပ်တလဲလဲ မေးခဲ့သည်။ ကျန်းယွမ်ကမူ သူ့အား အလျင်မလိုရန်နှင့် နတ်ဆိုးမြို့တော်၏ အလှတရားကို ခဏလောက် ရှုစားရင်း စောင့်စားနေရန်သာ ပြောခဲ့သည်။
ကျန်းယွမ် သူတို့အဖွဲ့၏ ခွန်အားကို ထိတ်လန့်နေမှန်း ရန်ကိုင် သိပေသည်။ မန်ဝူရနှင့် လီရုန်တို့ နှစ်ယောက်အား သူတစ်ယောက်တည်း ယှဉ်နိုင်မှန်း မဟုတ်မှန်း သိသည့်အတွက် နတ်ဆိုးဗိုလ်ချုပ်ကြီး လေးယောက်အား အကြောင်းကြားထားခြင်း ဖြစ်နိုင်လောက်သည်။ ထိုအခါမှသာ နှစ်ဖွဲ့ကြားရှိ ခွန်အား ကွာခြားချက်မှာ ညီမျှသွားပေလိမ့်မည်။
နှစ်ဖက်စလုံး မည်သူမှ တိုက်ပွဲမစတင်ချင်။ သို့သော်လည်း မဟာနတ်ဆိုးနတ်ဘုရား မည်သည့် အရာများကို ချန်ထားခဲ့သလဲ ဆိုသည်ကို မည်သူမှမသိချေ။ ထိုထူးဆန်းသော အရံအတား၏ နောက်တွင် မြောက်မြားလှစွာသော အဖိုးတန် ရတနာများ ရှိနေသည်မှာလည်း ဖြစ်နိုင်သည်။ ထို့သို့သာဆိုလျှင် ကျန်းယွမ်သည် ယဉ်ကျေးနေလိမ့်မည် မဟုတ်ဘဲ အကျိုးအမြတ် အားလုံးကို နတ်ဆိုးဗိုလ်ချုပ်လေးယောက်၏ အကူအညီဖြင့် ကျိန်းသေ အပိုင်သိမ်းပေလိမ့်မည်။
ကျန်းယွမ် မည့်သည့် အရာကို စိုးရိမ်နေမှန်း သိလေရာ ရန်ကိုင်လည်း ထပ်မံ၍ တိုက်တွန်းမနေတော့ချေ။
ရက်အနည်းငယ်ကြာပြီးနောက်၊ ရန်ကိုင်သည် နတ်ဆိုးမြို့တော်ထဲ လျှောက်သွားနေစဉ် ရုတ်တရက် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။
“နတ်ဆိုးဗိုလ်ချုပ်လေးယောက် ရောက်လာပြီ” မန်ဝူရက ပြုံးဖြီးလျက် “အဲ့ကျန်းယွမ် အဲ့ကောင်တွေကို စောင့်နေမှန်း ဒီလူအိုကြီး သိသားပဲ။ ဒီကောင်က တော်တော်တော့ သတိကြီးသား။ မဟာနတ်ဆိုးနတ်ဘုရား ချန်ထားခဲ့တဲ့ လျှို့ဝှက်ချက်တွေကို ငါတို့တွေပဲ အပိုင်သိမ်းသွားမှာကို ကြောက်နေတာနဲ့တူတယ်”
“သူစိတ်ပူရင်လည်း စိတ်ပူချင်စရာပဲလေ” ရန်ကိုင်က နှာခေါင်းရှုံ့၍ “ပြန်ကြမယ်။ ဒီတစ်ကြိမ်တော့ သူထပ်ပြီး မငြင်းလောက်တော့ပါဘူး”
ပြောပြီးသည်နှင့် ရန်ကိုင်တို့အဖွဲ့သည် နတ်ဆိုးမြို့တော်သို့ ပြန်သွားခဲ့သည်။
လမ်းမထက်တွင် ရှိနေသော မရေမတွက်နိုင်သည့် နတ်ဆိုးများသည် ရန်ကိုင်တို့အား သိချင်စိတ် ပြင်းပြစွာဖြင့် ကြည့်နေခဲ့ကြသည်။
ထိုလူငယ်လေးသည်နတ်ဆိုးဗိုလ်ချုပ်ကြီး၏ ဧည့်သည် ဖြစ်မှန်း နတ်ဆိုးမြို့တော်တွင် နေနေသော နတ်ဆိုးများ သိပေသည်။ ထို့ကြောင့် မည်သူမှ ရန်ကိုင်တို့အား ပြဿနာရှာရန် မကြိုးစားခဲ့ချေ။ သို့သော်လည်း နတ်ဆိုးဗိုလ်ချုပ်ကြီးသည် ထိုလူငယ်လေးကို ဘာကြောင့် လေးလေးစားစား ဆက်ဆံနေမှန်း သူတို့ နားမလည်နိုင် ဖြစ်နေခဲ့ကြသည်။
နတ်ဆိုးနန်းတော်ရှေ့သို့ ရောက်၍ လေးထောင့်ကွပ်လပ်ထဲ ဝင်ရုံတင်ရှိသေး၊ နတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက် ရောက်လာပြီး လက်သီးဆုပ်ကာ ရန်ကိုင်တို့အား ပြောလိုက်သည် “တော်ဝင်သခင်ရန်၊ ဆရာ နတ်ဆိုးဗိုလ်ချုပ်ကြီးက အခေါ် လွှတ်လိုက်ပါတယ်။ ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါ”
ရန်ကိုင်နှင့် မန်ဝူရတို့ အကြည့်ချင်း ဖလှယ်၍ ပြုံးလိုက်ကြ၏။
“လမ်းပြ” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။
နတ်ဆိုးမျိုးနွယ်စုဝင်သည် မည်သည့် အပိုစကားမှ ပြောမနေဘဲ ရှေ့ကနေသာ ဦးဆောင်သွားလေသည်။
နန်းတော်ထဲတွင် ကျန်းယွမ်နှင့် နတ်ဆိုးဗိုလ်ချုပ် လေးယောက်သည် စားပွဲခုံကြီးတစ်ခုတွင် ဝိုင်းထိုင်လျက် ရန်ကိုင်တို့ ရောက်လာမည်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
ရန်ကိုင် လမ်းလျှေက်ဝင်လာသည်ကို မြင်သော် ကျန်းယွမ်က မတ်တပ်ရပ်လိုက်ပြီး ရယ်ရယ်မောမောဖြင့် နှုတ်ဆက်လိုက်သည် “တော်ဝင်သခင်ရန်ကို ရက်အတော်ကြာအောင် စောင့်ခိုင်းစေမိလို့ အားနာပါတယ်။ တကယ်တော့ ကျုပ်လက်အောက်ငယ်သား တွေကလည်း မဟာနတ်ဆိုးနတ်ဘုရား ချန်ထားခဲ့တာတွေကို တော်တော်လေး စိတ်ဝင်စားနေတာလေ။ ဒီတော့ ကျုပ်လည်း သူတို့တွေ ရောက်လာမှာကို စောင့်နေရင်း ကြာနေခဲ့တာ။ အင်း၊ လာ၊ လာလေ။ ဒီစီနီယာကိုယ်တိုင် သူတို့တွေနဲ့ မိတ်ဆက်ပေးမယ်”
ပြောပြီးသည်နှင့် လူလေးယောက်ဘက်သို့ လှည့်၍ ပြောလိုက်သည် “ဒါက ဒီလောကကြီးမှာ လူပြောအများဆုံး ဖြစ်တဲ့ ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင်ရန်ကိုင်ပဲ။ မင်းတို့ထဲက အချို့က သူ့ကို အရင်ထဲက တွေ့ချင်တွေးဖူးမှာပေါ့။ အခြားသူတွေကတော့ မတွေ့ဖူးလောက်ဘူး။ ဒါပေမယ့် သူ့အကြောင်းကိုတော့ ကြားဖူးမယ်လို့ ထင်တယ်”
ရန်ကိုင် နတ်ဆိုးဗိုလ်ချုပ်လေးယောက်ကို ဝေ့ကြည့်၍ ဝင်ပြောလိုက်သည် “ကျုပ်က မဟာနတ်ဆိုးနတ်ဘုရားရဲ့ ဆက်ခံသူပဲ”
ကျန်းယွမ် အမူအရာ ပြောင်းလဲသွားခဲ့ပြီး နတ်ဆိုးဗိုလ်ချုပ် လေးယောက်စလုံးလည်း စိတ်တင်းကျပ်သွားခဲ့ကြသည်။ သို့သော် အားလုံး၏ မျက်နှာပြင်ထက် လေးစားအားကျသည့် အရိပ်အယောင်တစ်ချို့ ဖြတ်ပြေးသွားခဲ့သည်။ ရွှယ့်လီပင်လျှင် မောက်မာမှု၊ ရန်လိုမှု အလျင်းကင်းစွာ ရင်းရင်းနှီးနှီး ပြုံးသွားခဲ့သည်။
မဟာနတ်ဆိုးနတ်ဘုရား၏ ဆက်ခံသူ… ထိုဂုဏ်ပုဒ်သည် နတ်ဆိုးဗိုလ်ချုပ်ကြီးတစ်ယောက်နှင့် တူညီလုနီးနီး ရှိသည်။ ထို့ကြောင့် သူတို့ထဲက မည်သူမှ ရန်ကိုင်အား မလေးမစား မလုပ်ရဲကြချေ။
ကျန်းယွမ် တစ်ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ ထို့နောက် အားရပါးရ ရယ်မောလျက် “ဟုတ်တယ်။ တော်ဝင်သခင်ရန်က မဟာနတ်ဆိုးနတ်ဘုရားရဲ့ ဆက်ခံသူပဲ။ ဒါပေမယ့် သူက လူသားမျိုးနွယ်စု ဖြစ်နေတာ ကံဆိုးသွားတယ်။ သူသာ နတ်ဆိုးမျိုးနွယ်စုကဆိုရင်… အင်း၊ ငါ့ရာထူးကို သူ့လက်ထဲ ချက်ချင်း ထည့်ပေးလိုက်မှာ”
နတ်ဆိုးကုန်းမြေသည် မဟာနတ်ဆိုးနတ်ဘုရားကြောင့် တိုးတက်လာခြင်း ဖြစ်လေရာ သူ့ဆက်ခံသူ အနေဖြင့် ထိုနေရာကို အုပ်ချုပ်သင့်သည်မှာ သဘာဝကျပေသည်။
ကျန်းယွမ်သည် ထိုစကားများကို ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ပြောသွားခဲ့သော်လည်း သူ့ရင်ထဲ အနည်းငယ် စိုးရိမ်နေမိသည်။ ရန်ကိုင်သည် ထိုအခွင့်အရေးကိုသုံး၍ နတ်ဆိုးဗိုလ်ချုပ်ကြီး ဆိုသော ရာထူးအား သူ့လက်ထဲမှ လုယူသွားမည်ကို ကြောက်မိနေပေသည်။
ထို့ကြောင့်း ကျန်းယွမ်သည် ခပ်မြန်မြန်ပဲ ခေါင်းစဉ်ပြောင်း၍ နတ်ဆိုးဗိုလ်ချုပ် လေးယောက်နှင့် ရန်ကိုင်ကို မိတ်ဆက်ပေးတော့သည် “ဒီလေးက နတ်ဆိုးကုန်းမြေရဲ့ ထောက်တိုင်တွေပဲ။ အင်း၊ ရွှယ့်လီနဲ့ မန်ကဲကိုတော့ တော်ဝင်သခင်ရန် တွေ့ဖူးမှာပေါ့။ သူက ကျိုးချုန်၊ သူက ပဟဲ”
ပြောနေရင်း ထိုင်နေသော လူနှစ်ဦးကို လက်ညိုးထိုးပြလိုက်သည်။
ပဟဲသည် ရန်ကိုင်အား ခေါင်းညိတ်ပြလိုက်သည်။ ရန်ကိုင်သည် ထိုနတ်ဆိုးဗိုလ်ချုပ်အကြောင်း ကြားသာကြားဖူးပြီး တစ်ခါမှ အဆက်အဆံ မလုပ်ဖူးချေ။
ကျိုးချုန်ကမူ ကိုးယိုးကားယား အမူအရာဖြင့် ရန်ကိုင်ကို ကြည့်နေခဲ့သည်။
ကသိကအောက် အမူအရာဖြင့် ကျိုးချုန်က လက်သီးဆုပ်၍ ပြောလိုက်သည် “တော်ဝင်သခင်ရန်၊ အရင်တုန်းက ကျုပ်တို့ကြား နားလည်မှုလွဲတာ ရှိခဲ့ရင် တောင်းပန်ပါတယ်။ တော်ဝင်သခင်ရန် အဲ့ကိစ္စတွေကို စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ ကျုပ်သားကို ကယ်ပေးတဲ့အတွက်လည်း တော်ဝင်သခင်ရန်ကို ကျေးဇူးတင်ပါတယ်။ တော်ဝင်သခင်ရန်ကြောင့်သာ မဟုတ်ရင် ဆန်းကြယ်လောကငယ်မှာကတည်းက သေသွားခဲ့ရလောက်ပြီ”
ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “ဆရာကျိုးချုန်က အရမ်း ယဉ်ကျေးနေတာပဲ။ ကျိုးချဲကော အဆင်ပြေလား”
“အခုလို စိုးရိမ်ပေးတဲ့အတွက် တော်ဝင်သခင်ရန်ကို ကျေးဇူးအများကြီး တင်ပါတယ်။ ကျုပ်သား အဆင်ပြေပါတယ်” ကျိုးချုန် အနည်းငယ် အံ့အားသင့်နေခဲ့ရသည်။ အတိတ်က ကိစ္စများကို ရန်ကိုင် ထိုမျှ လွယ်လွယ် လွှတ်ချလိုက်လိမ့်မည်ဟု သူမထင်ထားခဲ့ချေ။
သူ့သား ကျိုးချဲသည် ရန်ကိုင်နှင့်အတူ ဆန်းကြယ်လောကငယ် တစ်ခုထဲတွင် ပိတ်မိနေခဲ့ဖူးသည်။ ရန်ကိုင်၏ ကျေးဇူးကြောင့်သာ လွတ်မြောက်လာခဲ့ရသည်။ ထိုဆန်းကြယ်လောကငယ်ထဲတွင် နတ်ဘုရားသစ်ပင်ကို ရန်ကိုင် ရခဲ့ပေသည်။
သို့သော်လည်း ဆန်းကြယ်လောကငယ်မှ လွတ်လာပြီးနောက် သူတို့အဖွဲ့သည် ရွှယ့်လီ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ကျိုးချုန်းသည် တစ်ယောက်ယောက်ကို လွှတ်၍ ကျိုးချုန်က အလျော်အစားဖြင့် လွတ်စေပြီး ရန်ကိုင်ကိုပါ လွတ်စေခဲ့သည်။ တစ်ချိန်တည်းတွင် ရန်ကိုင်၏ အသက်ကိုပါယူရန် ကြိုးစားခဲ့သည်။
ထိုရန်ငြိုး၊ ကျေးဇူးကြွေးများကြား နှစ်ဦးသားသည် သူစိမ်းများ ဖြစ်ကြသည်ဟု ပြောရန် ခက်ခဲပေသည်။
“နေမင်းကလန်ရော။ ဆန်းကြယ်လောကငယ်တွေ ပွင့်လာတုန်းက နေမင်းကလန် ရှိနေတဲ့ ဆန်းကြယ်လောကငယ် လည်း ပွင့်လာမှာပေါ့ ဟုတ်တယ်မလား” ရန်ကိုင်က မေးလိုက်သည်။
ထိုစဉ်က နေမင်းကလန်လက်ထဲ သူလည်း အတော်လေး ခံစားခဲ့ရပေသည်။
“အပြီးတိုင် သုတ်သင်ပစ်လိုက်ပါပြီ” ကျိုးချုန်က ပြန်ပြောလိုက်သည် “သူတို့လေ့ကျင့်တဲ့ စွမ်းအင်က ကျုပ်တို့ နတ်ဆိုးမျိုးနွယ်စုအပေါ် အရမ်း ဖိနှိပ်နိုင်တော့ သူတို့ကို လုံးဝ အရှင်ထားလို့ မဖြစ်ပါဘူး”
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ နေမင်းကလန် ထိုကဲ့သို့ ကံကြမ္မာမျိုးနှင့် ကြုံတွေ့ခဲ့ရသည်မှာ သဘာဝသာဖြစ်သည်။ သူတို့ နေထိုင်သည့် ဆန်းကြယ်လောကငယ်၏ ထွက်ပေါက်ကို ဘယ်သူက နတ်ဆိုးကုန်းမြေတွင် ပေါ်ခိုင်းခဲ့သနည်း။ ကျိုးချုန် မလှုပ်ရှားလျှင်ပင် ရွှယ့်လီ လှုပ်ရှားပေလိမ့်မည်။
“ဒီလောက်ဆို စကားပြောတာ တော်လောက်ပြီပေါ့။ လိုရင်းကိစ္စ သွားကြရအောင်” ကျန်းယွမ်က ပြောလိုက်သည်။
အားလုံး၏ အမူအရာ ရုတ်ချည်း လေးနက်သွားသည်။
“ဒီတစ်ကြိမ် တော်ဝင်သခင်ရန်ကိုင် ခေါ်လိုက်ရတာက မဟာနတ်ဆိုးနတ်ဘုရား ချန်ထားရစ်ခဲ့တဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ချင်လို့ပဲ။ တော်ဝင်သခင်ရန်လည်း တော်တော်လေး သိချင်နေမှာပေါ့ ဟုတ်တယ်မလား” ကျန်းယွမ်က ‘ငါသိနေပါတယ်’ ဆိုသော အပြုံးဖြင့် ရန်ကိုင်အား ကြည့်လိုက်သည်။
“ကျုပ်လည်း အဲ့ဒါကြောင့်ပဲ လာခဲ့တာလေ”
ကျန်းယွမ်က အသာအယာ ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလိုက်သည် “ရိုးရိုးသားသား ပြောရရင် ဒီစီနီယာလည်း ရွေးစရာမရှိတော့လို့ အခုလိုလုပ်လိုက်ရတာ။ တကယ်ကို အခြားသူတွေဆီကနေ အကူအညီ တောင်းချင်တာ မဟုတ်ဘူး။ တကယ်တော့ ဆရာမဟာနတ်ဆိုးနတ်ဘုရား ချန်ထားခဲ့တာတွေက ကျုပ်တို့ နတ်ဆိုးမျိုးနွယ်စုရဲ့ တကယ့် အဖိုးတန် ရတနာတွေလေ။ ဒါပေမယ့် တော်ဝင်သခင်ရန် လက်ထဲမှာ ရှိနေတဲ့ နတ်ဆိုးစာအုပ်က လွဲပြီး အခြားဘာကမှ အရံအတားကို မဖွင့်နိုင်ခဲ့ဘူး။ ဒါက မဟာနတ်ဆိုးနတ်ဘုရားရဲ့ ရည်ရွယ်ချက် ဖြစ်လိမ့်မယ်လို့ ကျုပ်ယုံကြည်ပါတယ်လေ”
နတ်ဆိုးဗိုလ်ချုပ်လေးယောက်စလုံး၏ အမူအရာ လေးနက်တည်ကြည်သွားကြပြီး ရန်ကိုင်အား ရှုပ်ထွေးသည့် အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
“ဒီတော့ ဒီစီနီယာ အတည်ပြုချင်တာ တစ်ခုရှိတယ်။ ကျုပ်တောင်းဆိုတဲ့ အခြေအနေအချို့ကို တော်ဝင်သခင်ရန် သဘောတူမယ်လို့ မျှော်လင့်ပါတယ်”
“ဘယ်လို အခြေအနေတွေလဲ”
“အထဲမှာ ဘယ်လို့ လျှို့ဝှက်ချက်တွေပဲ ရှိနေပါစေ၊ တော်ဝင်သခင်ရန် အနေနဲ့ အခြားသူတွေကို လျှောက်ပြောလို့ မရပါဘူး”
“ကိစ္စမရှိဘူး”
“ပြီးတော့ အထဲက ရတနာတွေကို ကျုပ်တို့ မွန်းစတား မျိုးနွယ်စုက ပိုင်ပါတယ်။ တော်ဝင်သခင်ရန် အဲ့က ရတနာတွေကို ယူလို့ မရပါဘူး။ ဒါပေမယ့် ဒီစီနီယာက တော်ဝင်သခင်ရန်ကို အလကားသက်သက် ဒီကို မလာခိုင်းပါဘူး။ တော်ဝင်သခင်ရန် စိတ်ကျေနပ်လောက်မယ့် ဆုတွေကို ပြန်ပေးမှာပါ”
“အထဲမှာ အဖိုးတန်ရတနာတွေ အများကြီး ရှိနေမယ်လို့ ဆရာ နတ်ဆိးဗိုလ်ချုပ်ကြီးက ထင်နေတာလား” ရန်ကိုင် ရယ်မောလိုက်သည်။
“ဘယ်သူသိမှာလဲ။ မဟာနတ်ဆိုးနတ်ဘုရားက နတ်ဘုရားစွမ်းရည် အမျိုးမျိုးကို ပိုင်ဆိုင်ထားတယ်လို့ ဒဏ္ဏာရီတွေက ပြောကြတယ်လေ။ ဒီတော့ အဲ့ထဲမှာ သူအသုံးပြုခဲ့တဲ့ ကျင့်စဉ်တွေ၊ သိုင်းပညာရပ်တွေ ရှိချင် ရှိနေမှာပေါ့”
ထိုစကားထွက်လာသည်နှင့် နတ်ဆိုးဗိုလ်ချုပ် လေးယောက်စလုံး၏ အသက်ရှူသံ မြန်ဆန်လာခဲ့ကြသည်။ မျက်လုံးများဟာဆိုလျှင် လောဘတို့ဖြင့် တောက်လောင် လာခဲ့ကြသည်။
အကုန်လုံး စိတ်လှုပ်ရှားနေကြလေပြီ။
“ကျုပ်ကတော့ အထဲမှာ ဘာအဖိုးတန်တာမှာ ရှိမှာ မဟုတ်ဘူးလို့ ထင်တာပဲ” ရန်ကိုင်က ယုံကြည်ချက် အပြည့်ဖြင့် ပြုံးလိုက်သည်။
“ဘာလို့လဲ” ကျန်းယွမ် ရန်ကိုင်အား ထူးထူးဆန်းဆန်း အမူအရာဖြင့် ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် တွေးနေသည်ကား ရန်ကိုင် တစ်ခုခုကို သိထားသည် ဆိုသောအချက်ပင်။
“ဒီအတိုင်းပဲ လျှောက်ပြောကြည့်တာပါ” ရန်ကိုင်က ပြုံးဖြီးလိုက်သည်။
ထိုထူးဆန်းသော လောကထဲတွင် မဟာနတ်ဆိုးနတ်ဘုရား၏ ကိုယ်ပွားသည် သူ့တွင် အချိန်ရှိပါက နတ်ဆိုးမြို့တော်ဆီ သွားကြည်သင့်သည်၊၊ ထိုသို့သွားလျှင် သူသိချင်နေသည့် မေးခွန်းအားလုံး၏ အဖြေကို ရလိမ့်မည်ဟု ပြောခဲ့သည်။
ထို့ကြောင့် နတ်ဆိုးမြို့တော်ထဲတွင် ရှိနေသော လျှို့ဝှက်ချက်များသည် မဟာနတ်ဆိုးနတ်ဘုရား ချန်ရစ်ခဲ့သည့် ရတနာများ မဟုတ်ဘဲ သတင်းအချက်အလက် သက်သက်သာ ဖြစ်သည်ဟု ရန်ကိုင် ယုံကြည်ပေသည်။
မဟာနတ်ဆိုးနတ်ဘုရား ချန်ထားခဲ့သည် ရတနာ အားလုံးသည် နတ်ဆိုးစာအုပ်ထဲတွင် ရှိနေပေသည်။ ထိုရတနာ အားလုံးကို ရန်ကိုင် ပိုင်ဆိုင်သွားခဲ့လေပြီ။
ရန်ကိုင် ရှင်းမပြချင်သည်ကိုမြင်သော် ကျန်းယွမ် မျက်မှောင်ကြုံ့လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည် “တော်ဝင်သခင် သဘောတူမှာလား၊ မတူဘူးလား”
“အရေးမှမကြီးတာ။ လမ်းသာ ပြပေတော့” ရန်ကိုင် ပခုံးတွန့်ပြလိုက်သည်။
ရန်ကိုင် ထိုမျှ အလွယ်တကူ သဘောတူလိုက်သည်ကို မြင်သော် ကျန်းယွမ် စိတ်ပူသွားခဲ့သည်။ သူ့စိတ်ထဲ နတ်ဆိုးမြို့တော်တွင် မဟာနတ်ဆိုးနတ်ဘုရား ချန်ခဲ့သည့် လျှို့ဝှက်ချက်များသည် မည်သည့် အဖိုးတန် ရတနာမှ မဟုတ်ဟု ခံစားနေရသည်။
သို့သော်လည်း မျက်စိတပ်အပ် မမြင်ရသေးချိန် သူလက်လျှော့လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူ့ကိုယ်သူ ကြိတ်၍ အားပေးကာ ပြောလိုက်သည် “အဲ့လိုပဲ လုပ်ကြတာပေါ့။ တော်ဝင်သခင်ရန် ဒီစီနီယကိုယုံရင် တစ်ယောက်ချင်း ဝင်လာစေချင်တယ်”
“မဖြစ်နိုင်ဘူး” မန်ဝူရက ပြတ်ပြတ်သားသား ခေါင်းခါလိုက်ပြီး ကျန်းယွမ်အား လှောင်ပြောင်လိုသည့် အမူအရာဖြင့် ကြည့်ကာ “မင်းနဲ့ နတ်ဆိုးဗိုလ်ချုပ် လေးယောက် ရှိနေတဲ့ နေရာကို သူ့တစ်ယောက်တည်း သွားခိုင်းမှတော့ ဝံပုလွေဂူထဲ သိုးကို လွှတ်လိုက်တာနဲ့ ဘာခြားတော့မှာလဲ။ ဘာပဲဖြစ်ဖြစ်၊ ဒီလူအိုကြီးနဲ့ ဒီက မိန်းကလေးနှစ်ယောက် လိုက်ကိုလိုက်ရမှဖြစ်မယ်။ ဒီလူအိုကြီး မင်းကို လုံးဝ မယုံဘူး”
အတိတ်တွင် ကျန်းယွမ်လက်၌ တစ်ကြိမ် ခံစားဖူးခဲ့ပြီ ဖြစ်လေရာ ထိုကဲ့သို့ အမှားမျိုး ဒုတိယအကြိမ် ထပ်လုပ်မည် မဟုတ်ချေ။
မန်ဝူရ၏ ယတိပြတ် စိတ်ဆုံးဖြတ်ထားသည့် အမူအရာကို မြင်သော် ကျန်းယွမ် သက်ပြင်းချလိုက်သည်။ တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ခေါင်းညိတ်၍ “အဲ့လိုဆိုမှတော့ အတူတူ သွားကြတာပေါ့။ ဒါပေမယ့် ငါတို့ သဘောတူထားတာကို မေ့လို့ မရဘူးနာ်။ အထဲရောက်လို့ ဘာကိုပဲ မြင်ခဲ့မြင်ခဲ့၊ အပြင်ကို ပြန်ဖွလို့ မဖြစ်ဘူးနော်။ မဟုတ်ရင်…”
“မဟုတ်ရင် ဘာဖြစ်လဲ” မန်ဝူရက ကျန်းယွမ်ကို ရန်စဟန်ဖြင့် စိုက်ကြည့်လိုက်သည်။
“ဒီစီနီယာက တော်ဝင်သခင်ရန်နဲ့ အခင်အမင် မပျက်ချင်လို့ပါ” ကျန်းယွမ်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ ထို့နောက် ဘာစကားမှ ထပ်မပြောတော့ဘဲ အားလုံးကို လက်ယပ်ခေါ်လိုက်သည် “ကျေးဇူးပြုပြီး ကျုပ်နဲ့လိုက်ခဲ့ပေးပါ”
နတ်ဆိုးဗိုလ်ချုပ် လေးယောက်စလုံး ကျန်းယွမ်နောက်မှ စိတ်လှုပ်ရှားစွာဖြင့် လိုက်သွားကြသည်။ မဟာနတ်ဆိုးနတ်ဘုရား မည်သည့်အရာများအား ချန်ခဲ့သလဲ ဆိုသည်ကို သူတို့ အတော်လေး သိချင်နေမိလေပြီ။ ကောလဟာလများ ရှိခဲ့ဖူးသော်ငြား ထိုအရံအတားကို မည်သူမှ မကျော်ဖြတ်နိုင်ချေ။ ထို့ကြောင့် သူတို့ အတော်လေး ရင်ခုန်စိတ်လှုပ်ရှားနေကြသည်မှာ သဘာဝပင် ဖြစ်သည်။