အခန်း (၉၇၁-၉၇၅)
Vol. 39 Ch. 971-975
အပိုင်း (၉၇၁)
တိုက်ပွဲသည် ညယံထိတိုင် ဆက်လက်ဖြစ်ပွားနေဆဲ။ ပင်လယ်ပြင်သည် တိုက်ပွဲကွင်းပြင် ဖြစ်နေခဲ့လေပြီ။ ယခင်က အရေအတွက် နှစ်ထောင်ကျော် ရှိခဲ့သော အရိုးမျိုးနွယ်စုသည် လက်ရှိအချိန်တွင် ရာကျော်သာ ရှိတော့သည်။ ထို့အပြင် ထိုအရေအတွက်မှာ ဆက်လက် လျော့နည်းနေဆဲ။
လူအရေအတွက် တစ်ထောင်ကျော် ရှိခဲ့သော မျိုးနွယ်စုသုံးခုပေါင်း မဟာမိတ်သည်လည်း လက်ရှိတွင် တစ်ဝက်မရှိတတ် ရှိတတ်သာ ကျန်တော့သည်။
မသေမျိုးအဆင့်ဖြစ်စေ၊ သူတော်စင်အဆင့် ဖြစ်စေ ယခုကဲ့သို့ တိုက်ပွဲကြီးတွင် သူတို့၏ တစ်ကိုယ်တော် ခွန်းအားမှာ သိပ်ပြီး အရေးမပါတော့ချေ။ သူတော်စင် တတိယအဆင့် ပညာရှင်များသည်သာ တစ်ကိုယ်တော် ကောင်းကောင်း လှုပ်ရှားနိုင်ကြသည်။
ရန်ကိုင်သည် ရွှေနဂါးအဖြစ်သို့ ပြောင်းလဲပြီးနောက် သွေးဆာလာသည့်နှယ် အနီးအနားတွင် ရှိနေသော အရိုးမျိုးနွယ်စုဝင်များကို အရူးအမူး သတ်ဖြတ်တော့သည်။ ပြင်းထန်သော အပူသည် အရိုးမျိုးနွယ်စုဝင်တို့အတွက် အိမ်မက်ဆိုးဖြစ်လေရာ ရွှေနဂါးမှ ဖြာထွက်နေသော အပူစွမ်းအင်သည် သူတော်စင်အဆင့်အောက် အရိုးမျိုးနွယ်စုဝင်များကို လောင်ကျွမ်းပစ်နိုင်ပေသည်။
တိုက်ပွဲသည် မတိုးသာမဆုတ်သာ ဖြစ်နေရာမှာ တစ်ဖက်သတ် ဆန်လာခဲ့သည်။
မျိုးနွယ်စုသုံးခုပေါင်း မဟာမိတ်သည် အထက်စီးသို့ ရောက်သည်နှင့် တစ်ဟုန်ထိုး ဖိတိုက်တော့လေသည်။
သို့သော်လည်း ရန်ကိုင်စိတ်ထဲ နေမထိထိုင်မထိ ဖြစ်နေခဲ့သည်။ လက်ရှိတွင် သူသည် အရိုးမျိုးနွယ်စု၏ ခေါင်းဆောင် ကဲလော့ကို လိုက်ရှာနေခဲ့သည်။ တိုက်ပွဲစသည့် အချိန်မှစ၍ ကဲလော့အား ရှာမတွေ့တော့ခြင်း ဖြစ်သည်။
အကုန်လုံးသည် ကိုယ့်ရှေ့ရှိ ရန်သူကို တိုက်ခိုက်ရင်းဖြင့်သာ အလုပ်များနေကြသဖြင့် ကဲလော့ ပျောက်နေသည်ကို သတိမမူမိကြချေ။
ရန်ကိုင်သည် အနားတွင်ရှိနေသော ရန်သူများကို လျစ်လျူရှု၍ ကောင်းကင်ပေါ်သို့ ပျံတက်လိုက်သည်။ ထို့နောက် ကောင်းကင်စိတ်အာရုံကို အပြည့်အဝ ဖြန့်ကျက်၍ ကဲလော့ကို လိုက်ရှာတော့သည်။
ကဲလော့သည် အရိုးမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သလို အရိုးမျိုးနွယ်စု၏ အားအကောင်းဆုံး ပညာရှင်လည်း ဖြစ်သည်။ သူ့ကိုသာ မသတ်နိုင်လျှင် အရိုးမျိုးနွယ်ကိုလည်း အမြစ်ဖြတ်သုတ်သင်နိုင်လိမ့်မည် မဟုတ်ချေ။
အချိန်ကြာလာသည်နှင့် ရန်ကိုင် ပိုပို၍ မျက်မှောင်ကြုံ့မိလာသည်။
ကဲလော့သည် တိုက်ပွဲစကတည်းက ထွက်ပြေးသွားသည့် အလား သူ့အရိပ်အယောင်ကို လုံးဝ ရှာမတွေ့တော့ချေ။ ရန်ကိုင် မည်မျှပင် ကြိုးစားရှာနေပါစေ ကဲလော့ကို ရှာမတွေ့ခဲ့။
ကဲလော့ ထွက်ပြေးသွားသည်ဟုလည်း ရန်ကိုင် မယုံကြည်နိုင်။ ထိုကောင် တစ်နေရာရာတွင် ပုန်းအောင်း၍ တစ်ခုခု ကြံနေခြင်းသာ ဖြစ်ရမည်ဟု ယုံကြည်နေမိသည်။
လက်ဖက်ရည်တစ်ခွက်စာမျှ ကြာပြီးနောက် သဲလွန်စ အချို့ကို ရန်ကိုင် တွေ့လိုက်ရသည်။
အရိုးမျိုးနွယ်စု၊ လူသား၊ နတ်ဆိုးနှင့် မွန်းစတား မျိုးနွယ်စုဝင်များ သေဆုံးသွားရာမှ ကျန်ရစ်သော အသွေး၊ အသားတို့သည် အသက်စွမ်းအင် အဖြစ်သို့ ပြောင်းလျက် မြေကြီးထဲရှိ တစ်နေရာသို့ ဦးတည် စီးဆင်းနေခဲ့သည်။ ထိုနေရာမှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုကို ရန်ကိုင် ခံစားမိနေခဲ့သည်။
ကဲလော့...
ရန်ကိုင်သည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ ရွှေနဂါးအသွင်ဖြင့် ထိုနေရာသို့ တစ်ဟုန်ထိုး ထိုးဆင်းသွားသည်။ ရွှေရောင်အလင်းတန်းတစ်ခု မြေပြင်ပေါ်သို့ ကျဆင်းလာသည်မှာ နေအသေးအစား တစ်စင်း မြေပြင်ပေါ်သို့ ပြုတ်ကျလာသည့်နှယ်...
ဘုန်းဆိုသော အသံနှင့်အတူ မြေပြင်တစ်ခွင်လုံး တုန်ခါသွားခဲ့သည်။
အေးစက်စက် နှာခေါင်းရှုံ့သံနှင့်အတူ ကဲလော့ ထွက်ပေါ်လာခဲ့သည်။ သူ့မျက်နှာသည် ထူးထူးခြားခြားကို နီးမြန်းနေ၏။ ကဲလော့သည် ကောင်းကင်ထက်မှနေ၍ အောက်ဘက်ရှိ လူအုပ်ကြီးကို အထင်အမြင်တသေးဖြင့် စိုက်ကြည့်နေလေသည်။
အံ့အားသင့်ဖွယ် ကောင်းလှသော စွမ်းအင်တို့သည်လည်း သူ့ဆီမှ ထွက်ပေါ်နေသည်။
ရန်ကိုင် မျက်လုံးမှေးစဉ်းသွားပြီး တစ်ခုခု မှားနေပြီးမှန်း သူ့မသိစိတ်က ရုတ်တရက် သတိပေးလာသည်။
ကဲလော့ ရပ်လိုက်သည်နှင့် ဟင်းလင်းပြင်ထဲမှ အနက်ရောင် လက်ကြီးတစ်ဖက် ထွက်ပေါ်လာပြီး သူ့အား ဖမ်းချုပ်ရန် ကြိုးစားလိုက်သည်။ ထိုလက်သည် ကြီးသထက် ကြီးလာနေခဲ့ရာ မကြာမီတွင် လောကကြီး တစ်ခုလုံးကိုပင် ဖမ်းဆုပ်နိုင်သည်အထိ ကြီးထွားလာသည်ဟုပင် ထင်ရသည်။
ထိုလက်သည် ကျန်းယွမ်၏ လက်ပင် ဖြစ်လေသည်။
ကဲလော့သည် ထိုလက်ရောက်နေသည်ကို သတိမပြုမိသည့်အလား လေထဲတွင် ဝဲနေခဲ့သည်။
“ကျန်းယွမ်၊ ပြန်ဆုတ်” ရန်ကိုင်က အလျင်အမြန် အော်ဟစ်သတိပေးလိုက်သည်။
ကံမကောင်းစွာဖြင့် သူနောက်ကျသွားခဲ့သည်။ ကျန်းယွမ်သည် နတ်ဆိုးမျိုးနွယ်စု၏ ဗိုလ်ချုပ်ကြီး ဖြစ်လေရာ သူ့ခွန်အားအပေါ် ယုံကြည်ချက် အပြည့်ရှိပေသည်။ ထိုလက်သည် ကဲလော့အား ဖမ်းဆုပ်မိခါနီးတွင် တစ်ခုခုဖြင့် ထိုးစိုက်ခြင်း ခံလိုက်ရသည့်အလား လက်ကို အလျင်စလို ပြန်ရုတ်လိုက်သည်။
ခဏအကြာတွင် ရန်ကိုင်ဘေး၌ ကျန်းယွမ် ပေါ်လာခဲ့သည်။ သူ့အမူအရာသည် အလွန်တရာကိုမှ လေးနက်တည်ကြည်နေပြီး သူ၏ ညာဘက်လက်မှ သွေးတစိမ့်စိမ့် စီးကျနေခဲ့သည်။ အလွန်ကိုမှ သိပ်သည်းလှသော သေခြင်း အငွေ့အသက်တို့သည်လည်း ထိုလက်မောင်းတစ်ဝိုက် ရစ်သိုင်းနေလေသည်။
ကျန်းယွမ်သည် ထိတ်ထိတ်လန့်လန့်ဖြင့် နတ်ဆိုးချီကိုသုံး၍ သူ့ကိုယ်ထဲသို့ ကဲလော့ ထည့်သွင်းလိုက်သော မကောင်းဆိုးရွား စွမ်းအင်များကို အလျင်စလို ဖယ်ထုတ်လိုက်သည်။
အလင်းတစ်ချက်နှင့်အတူ လီရုန်၊ မန်ဝူရ၊ ချူလင်းရှောင်နှင့် မိုးကြိုးနဂါးစီနီယာတို့ ပေါ်လာခဲ့သည်။
လက်ရှိတွင် အရိုးမျိုးနွယ်စုမှ သူတော်စင်အားလုံး အသုတ်သင်ခံလိုက်ရလေပြီ။ လက်ကျန် မသေမျိုးအဆင့် ပညာရှင်များလည်း ခွေးပြေးဝက်ပြေး ထွက်ပြေးနေကြပြီ။
သူတို့၏ ထိပ်တန်းအဆင့် ပညာရှင်ဖြစ်သော ကဲလော့ တစ်ယောက်သည်သာ ကျန်ရစ်တော့သည်။
“သူတော်စင်ဘုရင်အဆင့်လား” မန်ဝူရက အံ့ဩတကြီး ရေရွတ်လိုက်သည်။
ကျန်းယွမ်၏ ခွန်အားကို အားလုံးထက်သူပိုပြီး သိပေသည်။ တကယ်တော့ လွန်ခဲ့သော နှစ်တစ်ရာခန့်က သူကိုယ်တိုင် ကျန်းယွမ်နှင့် တိုက်ခိုက်ခဲ့ဖူးသည် မဟုတ်ပေလော။ ကျန်းယွမ်သည် သာမန် သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက် မဟုတ်သော်ငြား ကဲလော့ကြောင့် အလွယ်တကူ ဒဏ်ရာရသွားခဲ့ရသည်။
ကလော့၏ လက်ရှိခွန်အားသည် ဤနေရာတွင် ရှိနေသော မည်သူ့ထက်မဆို ပိုအားကောင်းပေသည်။ မျိုးနွယ်စုသုံးခုမှ ထိပ်တန်းအဆင့် ပညာရှင်များနှင့် ရင်ဆိုင်နေရသည့်တိုင် ကြောက်ရွံ့သည့် အရိပ်အယောင် စိုးစဉ်းမျှ မပြချေ။
“သူ သူတော်စင်ဘုရင် မဖြစ်သေးဘူး။ ဒါပေမယ့် အတော်လေး နီးကပ်နေပြီ” ရန်ကိုင်က ရွှေနဂါးအသွင်ဖြင့် နေရင်း ပြောလိုက်သည်။
ကဲလော့၏ လက်ရှိအရှိန်အဝါသည် ဤနေရာတွင် ရှိနေသော မည်သည့်ထက်မဆို ပို၍ သိပ်သည်း၊ အားကောင်းပေသော်ငြား သူတော်စင်ဘုရင်အဆင့်သို့ မရောက်သေးချေ။ အကြောင်းမှာ သူ့အရှိန်အဝါသည် ပြင်းပြင်းထန်ထန် လှုပ်ခတ်နေသောကြောင့်ပင် ဖြစ်သည်။ ထိုကဲ့သို့ လှုပ်ခတ်နေခြင်းသည် အဆင့်ချိုးဖျက်ရန် ကြိုးစားနေခြင်းကြောင့်သာ ဖြစ်လေသည်။
“မင်းကို ကျေးဇူးတင်ရမယ်” ကဲလော့က အောက်ဘက်ရှိ လူအုပ်ကြီးကို ငုံ့ကြည့်လိုက်ပြီး အထက်စီးလေသံဖြင့် “မင်းတို့ ကြိုးစားပေးလို့ပဲ ဒီအခွင့်အရေးကို ငါရခဲ့တာ။ ငါ့ဘာသာငါဆို ဒီလောက်မြန်မြန်နဲ့ သူတော်စင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက တိုက်ပွဲမှာ အားကောင်းတဲ့ သူတော်စင်ဘုရင်အဆင့် တစ်ယောက် မင်းတို့ဘက်မှာ ရှိခဲ့တယ်။ ဒါပေမယ့် အခု မင်းတို့ ငါ့ကို ဘယ်လိုဆက်တိုက်ကြမလဲ ငါမြင်ချင်သေးတယ်”
မာန်သွင်းအော်ဟစ်သံနှင့်အတူ အားကောင်းလှသော စုပ်ယူအားတစ်ခု သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သေဆုံးသွားသော အလောင်းများကို အသက်စွမ်းအင်သို့ ပြောင်းလျက် စတင် စုပ်ယူတော့လေသည်။
အသက်စွမ်းအင် အဆီအနှစ်များသည် အရှိန်အဟုန် ပြင်းပြင်းဖြင့် စီးဆင်းနေသော မြစ်တစ်စင်းနှယ် ကဲလော့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်နေခဲ့သည်။
ရှက်စရာအကောင်းဆုံးသည်ကား ထိုအသက်စွမ်းအင် အများစုသည် လူသား၊ နတ်ဆိုးနှင့် မွန်းစတားမျိုးနွယ်စုမှ လာခြင်းပင်။
ကဲလော့၏ ဦးခေါင်းထက် တိမ်စိုင်တိမ်တိုက်တို့ အုံ့ဆိုင်းလာခဲ့သည်။
“ဒီတော့ ဒါက မင်းရည်ရွယ်ချက်ပေါ့” ချူလင်းရှောင်က အော်ပြောလိုက်သည်။
မျိုးနွယ်စုသုံးခုပေါင်း မဟာမိတ်ဘက်မှ ပညာရှင်များ၏ အမူအရာ အရုပ်ဆိုးသွားခဲ့သည်။
ယခုတစ်ကြိမ် တိုက်ပွဲသည် မျိုးနွယ်စုသုံးခုပေါင်း၍ အရိုးမျိုးနွယ်စုကို တိုက်ခိုက်ခဲ့သည်။ အရိုးမျိုးနွယ်စုသည် ကြောက်ရွံ့ခြင်း တစိုးတစိမျှမရှိဘဲ ပြန်တိုက်ခိုက်ခဲ့သည်။ မျိုးနွယ်စုသုံးခုမှလူများ ထင်နေသည်ကား အရိုးမျိုးနွယ်စုသည် အလွန်တရာကိုမှ ဂုဏ်မောက်နေသော မျိုးနွယ်စုများဟုပင်။ ယခုမှသာ ကဲလော့သည် သူ့ကလန်သားများ၏ အသက်ကို လုံးဝ ဂရုမစိုက်မှန်း သူတို့အားလုံး နားလည်သွားခဲ့သည်။ လွန်ခဲ့သောခြောက်လတွင် သူတို့ တတ်နိုင်သမျှ ခွန်အား ချဲ့ထွင်ခဲ့ခြင်းသည် မျိုးနွယ်စုသုံးခုအား သူတို့ကို တိုက်ခိုက်လာစေရန် လှုံ့ဆော်ခြင်းပင် ဖြစ်သည်။
ထိုတိုက်ပွဲတွင် နှစ်ဖက်စလုံးမှ အဖွဲ့အသားများ အတုံးအရုံး သေကြေပျက်စီးခဲ့ရသည်။
ကဲလော့သည့် အသက်စွမ်းအင်း များစွာရနိုင်သည့် ထိုအခွင့်အရေးကို ချိန်နေခြင်းဖြစ်သည်။
သေဆုံးသွားသော လူသား၊ နတ်ဆိုးနှင့် မွန်းစတား မျိုးနွယ်စုဝင်များသည် အနည်းဆုံး မသေမျိုးအဆင့်များ ဖြစ်ကြသည်။ သူတော်စင်အဆင့်များပင် ရှိသေးသည်။
ထိုမျှများပြားလှသော စွမ်းအင်ကိုသာ စုပ်ယူလိုက်မည် ဆိုပါက ကဲလော့အနေဖြင့် သူတော်စင်ဘုရင်အဆင့်သို့ မချိုးဖျက်နိုင်စရာ အကြောင်းမရှိချေ။
ဤတိုက်ပွဲသည် မဟာအစီအစဉ်ကြီးတစ်ရပ် ဖြစ်သည်။ မျိုးနွယ်စုသုံးခုသည် အောင်ပွဲသည် သူတို့လက်ထဲ ရောက်နေပြီဟု ထင်နေသည့်အချိန်၊ ကဲလော့သည်သာ နောက်ဆုံးအောင်နိုင်သူမှန်း မည်သူမှ မသိခဲ့ကြပေ။
“ငါ့ကလန်သားတွေကို အကုန်လုံးကို သတ်ပစ်လိုက်လို့ ဘာမှမဖြစ်ဘူး။ ငါအသက်ရှင်နေသရွေ့ ကြိုက်သလောက် ပြန်ဖန်တီးလို့ရတယ်” ကဲလော့သည် သူနိုင်ပြီဟု တွေးနေသည့်ပုံပင်။ ထို့ကြောင့် ကောင်းကင်ပေါ်သို့ မော့လျက် အားပါးတရ အော်ဟစ်ရယ်မောလိုက်သည်။
ကောင်းကင်ထက်စုဝေးလာသော မိုးမြေစွမ်းအင် ဝဲကတော့ကြီးကို မြင်လိုက်သည်နှင့် အားလုံး မျက်စိပျက်၊ မျက်နှာပျက် ဖြစ်သွားရသည်။ ထိုစွမ်းအင်များသည် သူတော်စင်အဆင့်မှ သူတော်စင်ဘုရင်အဆင့်သို့ ချိုးဖျက်သည့်အခါ လက်ခံယူရမည့် မိုးမြေကောင်းချီးပင် ဖြစ်လေသည်။ မည်သူမှ ထိုစွမ်းအင်များကို အထင်မသေးရဲချေ။ သူတို့သာ ထိုထဲသို့ ရောက်သွားပါက အမှုန်အဖြစ်သို့ ပြောင်းလဲသွားရပေလိမ့်မည်။
“ဆက်ရှင်ချင်တယ်ပေါ့” ရန်ကိုင်က ရွှေးနဂါးအသွင်ကို ဖယ်ရှားလိုက်ပြီး ကဲလော့အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်နှာထက် လှောင်ပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့လေသည် “စိတ်ကူးနေလိုက်”
ပြောပြီးသည်နှင့် အနက်ရောင်စာအုပ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ သုထုတ်ယူလိုက်သည့် ပစ္စည်းမှာ လက်သီးဆုပ် အရွယ်အစားလောက် ရှိသော အနက်နီရောင် ကျောက်တုံးတစ်တုံးပင်။
ထိုကျောက်တုံးထဲသို့ အစစ်အမှန်ချီ ထည့်သွင်းလိုက်သည့်အခါ ၎င်းဆီမှ ကဲလော့ ထုတ်လွှတ်သည့် စုပ်ယူအားထက် အဆပေါင်းများစွာ ပိုမို အားကောင်းသော စုပ်ယူအားတစ်ရပ် ထွက်ပေါ်လာခဲ့သည်။
ကဲလော့ဆီသို့ စီးဆင်းနေသော သွေးစွမ်းအင်များသည် မမြင်နိုင်သော လက်ကြီးတစ်ဖက်၏ ထိန်းချုပ်ခြင်း ခံလိုက်ရသည့်အလား အနက်နီရောင်ကျောက်တုံးဆီသို့ လမ်းကြောင်းပြောင်းကာ စီးဆင်းတော့သည်။
အသက်စွမ်းအင် တစ်စက်တစ်လေမျှပင် ကဲလော့ဆီသို့ ရောက်ရှိသွားခြင်းမရှိတော့။ သူတော်စင်ဘုရင်အဆင်သို့ ချိုးဖျက်တက်ရောင် လိုအပ်သော စွမ်းအင်များ ရုတ်တရက် ပြတ်လပ်သွားခဲ့သည်။
“သွေးအဆီအနှစ်ကျောက်တုံးလား” ကဲလော့၏ အစိမ်းရောင်မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး အလန့်တကြား ထအော်လေသည်။ သူ့မျက်နှာထက် ထိတ်လန့်တုန်လှုပ်သည့် အမူအရာတို့ ထွက်ပေါ်လာခဲ့ပြီး “မင်းမှာ သွေးအဆီအနှစ်ကျောက်တုံး ဘယ်လိုလုပ်ပြီး ရှိနေတာလဲ”
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “အဲ့စွမ်းအင်တွေ မရှိတော့ဘဲ သူတော်စင်ဘုရင်အဆင့်ကို ခင်ဗျား ဘယ်လို ချိုးဖျက်ဦးမလဲ ကျုပ်မြင်ချင်သေးတယ်”
ရန်ကိုင်၏ ပြောစကားနှင့်အတူ ကောင်းကင်ထက်တွင် စုဝေးနေသော တိမ်စိုင်တိမ်တိုက်များ ရုတ်ချည်း ပျောက်ကွယ်သွားလေသည်။
ကဲလော့ ခေါင်းမော့၍ ကြည့်လိုက်သည်။ တိမ်တိုက်များ ပျောက်ကွယ်သွားသည်ကိုမြင်သော သူတော်စင်ဘုရင် အဆင့်သို့ ချိုးဖျက်နိုင်တောမည် မဟုတ်မှန်း သူသိလိုက်၏။ ကဲလော့ စတင် ထိတ်လန့်စ ပြုလာခဲ့လေပြီ။
ရန်ကိုင်သည် သွေးအဆီအနှစ်ကျောက်တုံးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလျက် အထဲသို့ အစစ်အမှန်ချီ အဆက်မပြတ် ဖြည့်သွင်းကာ တိုက်ပွဲတွင် မြေခခဲ့သော သွေးအဆီအနှစ် မှန်သူမျှကို စုပ်ယူနေလေသည်။ ကဲလော့အား စုပ်ယူခွင့် နည်းနည်းလေးမှပင် မပေးချေ။
ရန်ကိုင်က ထပ်မံ၍ လှောင်ပြောင်လိုက်သည် “ဘာဖြစ်တာလဲ၊ ကြောက်သွားတာလား”
ရန်ကိုင်နားတွင် ရပ်နေသော ပညာရှင်များ၏ မျက်လုံးများ တစ်ဖန်ပြန်လည် တောက်ပလာခဲ့လေသည်။
အကုန်လုံး၏ စိတ်ထဲ ကြိတ်ပျော်နေခဲ့သည်။ ရန်ကိုင်သည်သာ ကဲလော့ လုံလောက်သည့် စွမ်းအင်များကို စုပ်ယူပြီးသည့် အချိန်မှ သူ့အား ရှာတွေ့ခဲ့လျှင် မည်သူမှ သူ့အား ရပ်တန့်နိုင်တော့မည် မဟုတ်ချေ။
ကဲလော့၏ မျက်လုံးများသည် ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်တို့ဖြင့် လောင်မြိုက်လာခဲ့သည်။ ရန်ကိုင်အား မမှိတ်မသုံ စိုက်ကြည့်ရင်း အံကြိတ်လျက် အော်ပြောလိုက်သည် “သူတော်စင်ဘုရင်အဆင့်ကို မရောက်ရင်တောင် ဘယ်သူမှ ငါ့ပြိုင်ဘက် မဖြစ်နိုင်ဘူးကွ။ မင်းကိုအရင်ဆုံးသတ်ပြီး မင်းရဲ့ သွေးအဆီအနှစ် ကျောက်တုံးကို လုယူပြမယ်”
ပြောပြီးသည်နှင့် မှုန်ရီညှို့မှိုင့်၊ အေးစိမ့်စိမ့် စိတ်စွမ်းအင်တို့ ကဲလော့ဆီမှ ရုတ်ချည်း ပေါက်ကွဲထွက်လာပြီး ရန်ကိုင်၏ အသိစိတ်ပင်လယ်ဆီသို့ ဦးတည် သွားလေသည်။
ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုမှန်း သိသည်နှင့် ရန်ကိုင်သည် နည်းနည်းလေးမှပင် ကြောက်ရွံ့သွားခြင်း မရှိဘဲ နေရာတွင်သာ ရပ်နေပြလိုက်သည်။
“လောင်ကျွမ်းလိုက်စမ်း” အော်ဟ်စ်သံနှင့်အတူ တေဇောဓါတ်အသိစိတ်ပင်လယ်သည် ကဲလော့၏ မကောင်းဆိုးရွားဆန်သည့် စိတ်စွမ်းအင်များကို သူ့အနား မရောက်သေးခင်မှာဘဲ လောင်ကျွမ်းပစ်လိုက်လေသည်။
တစ်ကြိမ်မအောင်မြင်သည်နှင့် ကဲလော့သည့် သူ့လက်ကိုမြှောက်ကာ ရန်ကိုင်အား ရိုက်ချပြန်သည်။
ဖြူလျော်လျော် အရိုးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး မြင်လိုက်သည့်လူတိုင်းအား သေမင်း၏ လက်သဖွယ် ထင်မြင်သွားစေလေရာ အကုန်လုံး တုန်တုန်ရီရီ ဖြစ်သွားကြရသည်။
ထိုအရိုးလက်သည် အတော့်ကိုမှ ကြီးလှသည်။ တစ်ချိန်တည်းတွင် ထူးဆန်းပြီး ခြောက်ခြားဖွယ်ကောင်းသော အရှိန်အဝါကို ပေးစွမ်းနေခဲ့သည်။ လက်ချောင်းများသည် ချိတ်ကောက်များသဏ္ဏာန် ကွေးသွားခဲ့ပြီး ရန်ကိုင်ဆီသို့ ကုတ်ချလာခဲ့သည်။
ဟင်းလင်းပြင်သည်ပင် ထိုကုတ်ချက်ကို မခံနိုင်သည့် အလား စတင် တုန်ခါလာခဲ့သည်။
“အိမ်မက်မက်နေလိုက်” လီရုန်က အော်လိုက်သည်။ တစ်ချိန်တည်းတွင် သူမ၏ လှပသော မျက်နှာလေးထက် နတ်ဆိုးအမှတ်အသားလေးများ ပေါ်ပေါက်လာခဲ့သည်။ နတ်ဆိုးအမှတ်အသားများနှင့် လီရုန် အရိုင်းဆန်သည့် အလှတရားကို ပေးစွမ်းနေခဲ့သည်။ သူမ၏ ခန္ဓာကိုယ် သွယ်သွယ်လေးမှ ထိတ်လန့်ဖွယ်ရာ နတ်ဆိုးချီတို့ တရဟော ထွက်ပေါ်လာပြီး ဧရာမအရိုးလက်ဆီ တိုးဝင်သွားလေသည်။
“သွားတော့” ရန်ကိုင်လည်း အော်ဟစ်လိုက်သည်။ သူတော်စင်အထွတ်အထိပ်အဆင့် မှော်ရတနာဖြစ်သည့် ငွေရောင်သစ်ရွက် ထွက်ပေါ်လာပြီး ငွေရောင်ဒိုင်းအသွင်သို့ ပြောင်းကာ သူ့ဆီတိုးဝင်လာနေသော တိုက်ခိုက်မှုကို ကာဆီးထားလိုက်သည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၇၂)
အောက်ဘက်ရှိမြေပြင် ချိုင့်ဝင်သွားခဲ့ပြီး မျက်စိ ကျိန်းမတတ် အလင်းရောင်တို့ တောက်ပလာခဲ့သည်။
အရိုးခြောက်လက်သည် တစ်စစီ ကွဲကြေသွားပြီး မြေပြင်သို့မရောက်မီ ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွား၏။
လီရုန်၏ ခန္ဓာကိုယ်လေး တုန်ရီသွားခဲ့ပြီး သူမ၏ မျက်နှာ နီမြန်သွားခဲ့သည်။ ကဲလော့နှင့် ထိပ်တိုက်ရင်ဆိုင်ရာ၌ ဒဏ်ရာရသွားသည့်ပုံပင်။
သို့သော်လည်း သူတို့ နှစ်ယောက် တိုက်ခိုက်နေစဉ် ရန်ကိုင်ဘေးတွင် ရှိနေသော ပညာရှင်များအားလုံး ပျောက်ကွယ်သွားခဲ့ကြလေပြီ။
ကျန်းယွမ်သည် ကဲလော့၏ ညာဘက်တွင် အနက်ရောင် လှံပုဆိန်ကို ဆုပ်ကိုင်လျက် ပြန်ပေါ်လာခဲ့သည်။ ထိုလှံပုဆိန်ဆီမှ ဘေးပတ်လည်ရှိ အရာအားလုံးကိုပင် ဝါးမြိုပစ်နိုင်လောက်သည်ဟု ထင်ရသော ကြောက်မက်ဖွယ်ရာ စွမ်းအင်တို့ကို ထုတ်လွှတ်နေခဲ့သည်။
ထိုလှံပုဆိန်သည် လေဟာနယ်ကို ခွဲဖျက်၍ ကဲလော့၏ ရင်ဘတ်ဆီသို့ ကျဆင်းလာခဲ့သည်။
ထိုတိုက်ခိုက်မှုသည် မည်သည့် အသံမှ မထွက်သော်ငြား ကျန်းယွမ်၏ ခွန်အားအပြည့် ပါဝင်နေခဲ့သည်။
ယခုအချိန်မတိုင်ခင်အထိ ကျန်းယွမ်သည် သူ့ခွန်အား အပြည့်ကို မထုတ်သုံးခဲ့ဖူးသေးချေ။
“ကလေးကလား လှည့်ကွက်လေးတွေ” ကဲလော့သည် ကျန်းယွမ်၏ တိုက်ခိုက်မှုကို ကြိုသိနေသည့်အလား အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် တုန်လှုပ်ချောက်ချားခြင်း အလျင်းမရှိဘဲ အရိုးဒိုင်း တစ်ခုကိုသာ ဆင့်ခေါ်လိုက်သည်။
လှံပုဆိန်သည် အရိုးဒိုင်းပေါ်သို့ ကျဆင်းသွားသည်။ တန်ပြန်အားကြောင့် ကျန်းယွမ်မှာ ခြေလှမ်းပေါင်းများစွာ နောက်သို့ ပြန်ဆုတ်သွားခဲ့ရပြီး အရိုးဒိုင်းမှာမူ တစ်စစီ ကွဲကြေသွားလေသည်။
သို့သော် ကဲလော့သည် အကောင်းအတိုင်း ရှိနေဆဲ။ ကျန်းယွမ်၏ မျက်လုံးထဲ ထိတ်လန့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။ အရိုးမျိုးနွယ်စု၏ ခေါင်းဆောင်သည် ထိုမျှ အားကောင်းလိမ့်မည်ဟု ကျန်းယွမ် မထင်ထားခဲ့ချေ။
ကဲလော့၏ လက်ရှိခွန်အားသည် သူတော်စင်ဘုရင် အဆင့်သို့ မရောက်သေးသော်လည်း ဤလောကကြီး၏ အကန့်အသတ်ကို ကျော်လွန်နေခဲ့လေပြီ။ ထို့ကြောင့် ကျန်းယွမ်အနေဖြင့် လက်မခံချင်လျှင်ပင် ကဲလော့ သူ့ထက် ပို၍ အားကောင်းသည် ဆိုသောအချက်ကို ကျိန်းသေ လက်ခံရပေလိမ့်မည်။
လေအေးတစ်ချက်နှင့်အတူ အရိုးခေါင်းဒါဇင်ကျော် ကဲလော့ ပတ်ပတ်လည်တွင် ပေါ်လာခဲ့သည်။ ထိုအရိုးခေါင်းများသည် အလျင်အမြန် ကြီးထွားခဲ့လာရာ ခဏအကြာတွင် အိမ်တစ်လုံးစာ အရွယ်အစားသို့ ရောက်လာခဲ့သည်။ ထို့နောက် လေထဲပျံဝဲလျက် ကျန်းယွမ်အား အလျင်အမြန် ရစ်ပတ်လိုက်ပြီး မျက်ဆံပေါက်၊ ပါစပ်ပေါက်များဆီမှ မကောင်းဆိုးရွား စွမ်းအင်များကို မှုတ်ထုတ်လိုက်သည်။
ထိုအရာများသည် ကျန်းယွမ်အား သတ်တော့ပေမည်။
ကျန်းယွမ်အနေဖြင့် ရှောင်ချိန်ပင်မရလိုက်။ မကောင်းဆိုးရွား စွမ်းအင်များသည် သူ့ရင်ဘတ်ကို ထိမှန်းသွားခဲ့သည်။ ထိုရိုက်ချက်ကြောင့် ကျန်ယွမ် မျက်နှာတစ်ပြင်လုံး သွေးမရှိတော့သည့်နှယ် ဖြူလျော်သွား၏။ အားကောင်းလှသော သူ၏ ခန္ဓာကိုယ်သည်ပင်လျှင် ထိုပြင်းထန်သော တိုက်ခိုက်မှုကို မခုခုံနိုင်ခဲ့ချေ။
မန်ဝူရသည်လည်း နည်းနည်းလေးမှ တုန့်ဆိုင်းမနေရဲတော့ဘဲ သူတော်စင်ချီကို အဆုံးစွန်ထိ လှည့်ပတ်လျက် ကျန်းယွမ်အား ထိုအရိုးခေါင်းများဆီမှ ကာကွယ်ပေးလိုက်သည်။ ကျန်းယွမ်သည်လည်း စကားတစ်ခွန်းမှမပြောဘဲ မန်ဝူရနှင့်အတူ ပူးပေါင်းကာ လှံပုဆိန်ကို ဝှေ့ရမ်းလျက် အနက်ရောင်စွမ်းအင်များကို အရိုးခေါင်းကြီးများဆီ ပစ်လွှတ်လိုက်သည်။
နှစ်ပေါင်းများစွာကြာအောင် တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်လာခဲ့သော ကမ္ဘာမကြေ ပြိုင်ဘက်နှစ်ယောက်သည် မမျှော်လင့်ထားစွာပင်၊ အတိုင်အဖောက်ညီညီဖြင့် ပူးပေါင်းတိုက်ခိုက်နိုင်နေခဲ့ကြသည်။
“ဟိုတုန်းက မင်းတို့ဘက်က သူတော်စင်ဘုရင်က ငါ့ကို တစ်ချက်ပဲ တိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် ငါလုံးဝကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ရတယ်။ သူ့မျိုးဆက်တွေကကော ဘယ်လိုနေဦးမလဲ ငါကြည့်ချင်သေးတယ်” ထိုကဲ့သို့ အော်ပြောလိုက်ပြီးနောက် ကဲလော့သည် သူ့အင်္ကျီလက်စထဲမှ အစိမ်းရောင် ကြိုးတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ထိုကြိုးသည် အပြင်သို့ ရောက်သည်နှင့် အလျင်အမြန် ကြီးမားလာခဲ့ရာ မကြာမီ ရန်ကိုင်၏ ရွှေနဂါးထက်ပင် ပို၍ ကြီးမားသွားခဲ့လေသည်။
ထိုမှော်ရတနာ၏ စွမ်းအားကို နှစ်ပေါင်းထောင်ကျော် ကြာအောင် ကဲလော့ မည်ကဲ့သို့ ထိန်းသိမ်းခဲ့သလဲ ဆိုသည်ကို မည်သူမှ မသိချေ။ မကြာမီ ထိုမှော်ရတနာသည် တောင်ပံ နှစ်ဖက်ပါသော မြွေနဂါးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုမြွေပျံလက်နက် ပေါ်လာသည့်အခါ အလွန်တရာ ပြင်းထန်သော ဖိအားတစ်ရပ် ရန်ကိုင်ပေါ် ကျရောက်လာခဲ့သည်။ ဖိအားမှ ပြင်းထန်လွန်းလှသဖြင့် သူ့တစ်ကိုယ်လုံး တောင်တစ်တောင်အောက်နှယ် ဖိချထားခံရသလားဟုပင် ထင်မိလာခဲ့သည်။ သူ့လှုပ်ရှားမှုတို့သည်လည်း နှေးကွေးလေးလံလာခဲ့ရသည်။
ထိုမြွေပျံသည် လေထဲတွင် ကခုန်လျက် ဆန်းကြယ်သော စွမ်းအင်လှိုင်များကို ထုတ်လွှတ်နေခဲ့သည်။ ထိုစွမ်းအင်လှိုင်းများကြောင့် အကုန်လုံးသည် ကြိုးတစ်ချောင်းဖြင့် ချုပ်ထားခံလိုက်ရသည့်အလား မလှုပ်ရှားနိုင် ဖြစ်ကုန်ကြလေသည်။
ချူလင်းရှောင်သည် ရှေ့သို့ ပျံတက်သွားပြီး နတ်ဆိုချုပ်နှောင် ချိန်းကြိုးကို ဆင့်ခေါ်ကာ မြွေပျံမှော်ရတနာမှ ထုတ်လွှတ်နေသော စွမ်းအင်းလှိုင်းများကို တားဆီးလိုက်သည်။
မိုးကြိုးနဂါး စီနီယာကြီးသည်မီးတောက်နှင့် မိုးကြိုးစွမ်းအင်ကို ဆင့်ခေါ်လျက် ချူလင်းရှောင်နှင့် အတူ ပူးပေါင်းကာ ထိုမြွေပျံမှော်ရတနာကို တိုက်ခိုက်လေသည်။
ကဲလော့ ကိုယ်တိုင်သည် လှုပ်ရှားခြင်း မရှိသေးချေ။ မြွေပျံမှော်ရတနာနှင့် အရိုးခေါင်းရှစ်ကိုသာ သုံးရသေး၏။ သို့တိုင် သူ့မှော်ရတနာသက်သက်ဖြင့် ထုန်းရွှမ်လောကကြီး၏ ထိပ်တန်းအဆင့် ပညာရှင်လေးယောက်ကို ထိန်းထားနိုင်လေသည်။
ထိုပညာရှင်လေးယောက်သည် အစွမ်းအကုန်သုံးကာ တိုက်ခိုက်နေသော်ငြား လက်ရှိ ပြဿနာကို ထိန်းထားနိုင်ရုံသာ တတ်နိုင်ခဲ့သည်။ ကဲလော့အား အာရုံမစိုက်အားသေးချေ။
ရန်ကိုင်အား ကာကွယ်စောင့်ရှောက်ရန် အလို့ငှာ နေခဲ့သော လီရုန်တစ်ယောက်သည်သာ ကျန်တော့သည်။
ကဲလော့သည် ရန်ကိုင်ဘက်သို့ လှည့်၍ အေးစက်စက် ပြုံးလျက် “မင်းထွက်ပြေးခဲ့သင့်တာ။ ဝေးနိုင်သလောက် ဝေးဝေးကိုပေါ့။ ဒါပေမယ့် မင်းမထွက်ပြေးခဲ့ဘူး။ အဲ့အစား င့ါလက်နဲ့ သေဖို့ကိုပဲ ရွေးချယ်ခဲ့တယ်”
ပြောပြီးသည်နှင့် ရန်ကိုင်ဆီသို့ အေးအေးဆေးဆေး လမ်းလျှောက်လာခဲ့သည်။
သူတို့ကြား အကွာအဝေး နီးကပ်လာသည်နှင့် မမြင်နိုင်သော ဖိအားတစ်ရပ်သည် သူတို့အပေါ် ဖိချလာသည့်အလား လီရုန်၏ အမူအရာ သုန်မှုန်သည်ထက် သုန်မှုန်လာခဲ့ရသည်။
ရန်ကိုင်သည်လည်း တစ်ခုခု ပုံမှန်မဟုတ်သည်ကို သတိပြုမိပေသည်။ ထို့ကြောင့် တိုးတိုးလေး ရေရွတ်လိုက်၏ “မိစ္ဆာအသွင်ပြောင်းလဲခြင်း”
ထိုစကားလုံးများနှင့်အတူ၊ ရန်ကိုင်၏ သွေးကြေားများထဲ စီးဆင်းနေသော အစစ်အမှန်ယန်ယွမ်ချီများသည် ဒန်ထန်ထဲသို့ ပြန်လည် စီးဆင်းသွားခဲ့ပြီး သိပ်သည်းလှသော နတ်ဆိုးချီများက အစားထိုး နေရာယူလာခဲ့သည်။ နတ်ဆိုး အမှတ်အသားများသည် သူ့ခန္ဓာကိုယ်ထက် ဖျက်ခနဲ ပေါ်လာပြီး ချက်ချင်း ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။
ရန်ကိုင်ခွန်အား တစ်ဟုန်ထိုး မြင့်တက်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်မှ ဖြာထွက်နေသော စွမ်းအင်လှိုင်းများ၏ သိပ်သည်းဆမှာလည်း ယခင်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းလာခဲ့သည်။
ကဲလော့၏ ခြေလှမ်းတို့ ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး ရန်ကိုင်အား အံ့အားသင့်တကြီး ကြည့်လိုက်မိသည်။ မျက်တောင်တစ်ခတ်အတွင်းတွင် မသေမျိုးတတိယ အဆင့်သာ ရှိသေးသော သူ့ရှေ့ရှိ လူငယ်လေးသည် သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက်နှင့် တူညီသော အရှိန်အဝါကို ပေးစွမ်းလာခဲ့သည်။
“ဒီလောက် အားကောင်းတဲ့ ခွန်အားကို မင်းထုတ်ဖော်နိုင်မယ်လို့ ငါတကယ်ကို မထင်ထားဘူး။ အထင်ကြီးစရာပဲ” ကဲလော့က အသာအယာ ခေါင်းညိတ်လိုက်သည်။ သို့သော် သူ့မျက်နှာထက်ရှိ အထက်စီးဆန်သည့် အမူအရာမှာ ပျောက်ကွယ်သွားခြင်း မရှိသေး။ သွားပေါ်အောင် ပြုံး၍သာ ပြောလိုက်သည် “ဒါပေမယ့် မင်းသေရဦးမှာပဲ။ သူတော်စင်ဘုရင်အဆင့် မရောက်ဘဲ ဘယ်ကောင်မှ ငါ့ကို မနိုင်ဘူးကွ”
ပြောပြီးသည်နှင့် သူ့လက်ဝါးကို ရှေ့သို့ အသာအယာ ဖိချလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသည် မမြင်နိုင်သော ရိုက်ချက်တစ်ခု ရန်ကိုင်ဆီသို့ ကျဆင်းလာလေသည်။
ရန်ကိုင်က လီရုန်ကို သူ့ဘေးသို့ ဆွဲခေါ်လိုက်ပြီး တန်ပြန်လက်ဝါးတစ်ချက် ပြန်ရိုက်ထုတ်လိုက်သည်။
ကောင်းကင်တစ်ခုလုံးကိုပင် လွှမ်းခြုံနိုင်သည့် ဧရာမ လက်ဝါးကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်ကို ဖုံးအုပ်နိုင်သော ကောင်းကင်ဖုံးလက်ပင်။
ရန်ကိုင် ထုတ်ဖော်ပြသလိုက်သော ပညာရပ်သည် ကောင်းကင်ဖုံးလက်ပင်ဖြစ်သည်။ မိစ္ဆာအသွင်ပြောင်းလဲခြင်းကို အသုံးပြုထားသည့်အတွက် ကောင်းကင်ဖုံးလက်သည် ယခင်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းလာခဲ့သည်။
ဘုန်း...
ပေါက်ကွဲသံကြီးနှင့်အတူ ဒီရေလှိုင်းလုံး တက်လာသည့်နှယ် အားကောင်းလှသော စွမ်းအင်းလှိုင်းတို့ အဘက်ဘက်သို့ ဖြာထွက်သွားခဲ့သည်။
“အန်” ကဲလော့ အမူအရာ နောက်တစ်ကြိမ် ပြောင်းလဲသွားရပြန်သည်။ ရန်ကိုင်သည် သူ့လက်ဝါးချက်ကို ဒဏ်ရာမရဘဲ အလွယ်တကူ ချေဖျက်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
သူခွန်အား ဘယ်လောက်သုံးလိုက်သလဲ ဆိုသည်ကို ကဲလော့ ကောင်းကောင်းသိသည်။ သူ့ရှေ့ရှိ လူငယ်လေးသည် သူတော်စင် တတိယအဆင့် အရှိန်အဝါကို ထုတ်လွှတ်နေသော်ငြား ထိုခွန်အားသည် ပြင်ပစွမ်းအားကို မှီခိုပြီး၍ ရရှိထားခြင်းဖြစ်သည်။
နောက်ဆုံးတော့လည်း သူသည် မသေမျိုး တတိယအဆင့်သာ ရှိသေးသည် မဟုတ်ပေလော။
သို့သော်လည်း ထိုလူငယ်လေး သူ့တိုက်ခိုက်မှုအား ခုခံနိုင်ခဲ့သည် ဆိုသည်မှာ အမှန်တရား ဖြစ်ပေသည်။ ထို့ကြောင့် ထိုလူငယ်လေးသည် ပြင်ပစွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်ရပေလိမ့်မည်။
သူ့ခန္ဓာကိုယ်က ဘယ်လောက်တောင် အားကောင်းနေတာလဲ
ကဲလော့ ရန်ကိုင်၏ ခန္ဓာကိုယ်ကို ရုတ်တရက် စိတ်ဝင်စားမိသွားသည်။ သူသာ ထိုလူငယ်လေး၏ အသက်စွမ်းအင်ကို စုပ်ယူနိုင်မည် ဆိုပါက သူ့ခွန်အားသည်လည်း ခုန်ပေါက်တက်သွားလိမ့်မည်ဟု ကြိတ်တွေးနေမိသည်။
ရန်ကိုင်ကမူ နည်းနည်းလေးမှပင် ရပ်မသွားခဲ့။ သူ့လက်ထဲ အနက်ရောင်လှံတံများစွာကို အလျင်အမြန်ပဲ စုစည်းလိုက်သည်။
လီရုန်သည်လည်း ထိုမိုးသီးမိုးပေါက်သဖွယ် လှံတံတိုက်ခိုက်မှုများနောက် လိုက်ပါသွားပြီး ကဲလော့အား တစ်ခါတည်း အမြစ်ဖြတ်နိုင်မည့် အခွင့်အရေးကို ချောင်းမြောင်းနေလိုက်သည်။
ကဲလော့၏ ရှေ့ဘက်တွင် အရိုးဒိုင်း နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်သည်။
ထိုအရိုးဒိုင်းသည် ကဲလော့၏ စွမ်းအင်ဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်သည့်အတွက် လုံလောက်သည့် စွမ်းအင်သာ ရှိနေသရွေ့ ထိုအရိုးဒိုင်းကို ထပ်တလဲလဲ အသုံးပြုနိုင်ပေသည်။
ကောင်းကင်အပြစ်ပေးလှံတံများသည် အရိုးဒိုင်းပေါ် ကျရောက်သွားခဲ့ပြီး အရိုးဒိုင်းနှင့်အတူ တစ်ခါတည်း ပျောက်ကွယ်သွားခဲ့သည်။ ကဲလော့မှာမူ အကောင်းအတိုင်း ရှိနေသေးဆဲ။
အခြေအနေ မကောင်းသည်ကို မြင်သော် လီရုန်သည် နတ်ဆိုးချီကို လှည့်ပတ်လျက် အနက်ရောင်ဆူးချွန် နှစ်ချောင်းကို ကဲလော့ မျက်လုံးဆီ ပစ်သွင်းလိုက်ပြီး ရန်ကိုင် ဘေးဘက်သို့ အမြန် ပြန်ဆုတ်သွားခဲ့သည်။
ကဲလော့က ယဲ့ယဲ့လေး ပြုံးလျက် “မင်းတို့ တတ်နိုင်တာ ဒါပဲလား။ ဒီလောက်ပဲ ဆိုရင်တော့ မင်းတို့ သေရတော့မှာပေါ့”
“သောက်ပိုတွေ စောက်ရမ်းပြောလွန်းတာပဲ” ရန်ကိုင်က ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်သည်။
တစ်ချိန်တွင် လီရုန်အား ကောင်းကင်စိတ်အာရုံဖြင့် စကားလှမ်းပြောလိုက်သည် “သူ့ပစ်မှတ်က ငါ့လက်ထဲမှာ ရှိနေတဲ့ သွေးအဆီအနှစ်ကျောက်တုံးပဲ။ သူက ဒီကျောက်တုံးထဲက စွမ်းအင်တွေကို စုပ်ယူပြီး သူတော်စင် ဘုရင်အဆင့်ကို ချိုးဖျက်ချင်နေတာ။ ငါ့ကို စိတ်ပူမနေနဲ့။ ဘဏ္ဏာထိန်းမန်၊ ကျန်းယွမ်တို့ကိုပဲ မြန်မြန် သွားကူလိုက်။ သူတို့သာ အဲ့မြွေပျံမှော်ရတနာနဲ့ ဦးခေါင်းခွံတွေကို ဖျက်စီးနိုင်မယ်ဆိုရင် ငါတို့ ကဲလော့ကို ဝိုင်းတိုက်လို့ရပြီ”
လီရုန် ကြောင်သွားခဲ့ပြီး ရန်ကိုင် ဘာကြံနေသလဲ ဆိုသည်ကို နားလည်သွားခဲ့သည်။
လက်ရှိတွင် သူတို့ဘက်မှ ထိပ်တန်းအဆင့် ပညာရှင် လေးယောက်မှာ ကျန်းယွမ်၏ မှော်ရတနာများကြောင့် အလုပ်ရှုပ်နေခဲ့ရရာ သူမနှင့် ရန်ကိုင်သာ ကျန်တော့၏။ သူမတို့ နှစ်ယောက်တည်းဖြင့် ကဲလော့အား ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော် ထိုလေးယောက်ပါ ပူးပေါင်းပါဝင်လာမည် ဆိုပါက ကဲလော့သည် အားကောင်းသည် ဆိုသော်ငြား ခြောက်ယောက်ပေါင်း၏ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
တကယ်တော့ သူသည် သူတော်စင်ဘုရင်အဆင့်သို့ မရောက်သေးချေ။
လီရုန် တုန့်ဆိုင်းနေမိသည်။
“ဒါပေမယ့်...”
“ဒါပေမယ့်တွေ လုပ်မနေနဲ့။ မြန်မြန်သာ သွားတော့” ရန်ကိုင်က ဖြတ်ပြောလိုက်သည်။
လီရုန်၏ မျက်ဝန်းလေးထဲ တွေဝေနေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့သည်။
ရန်ကိုင်သည် ရှေးဟောင်းနတ်ဆိုးကလန်၏ ခေါင်းဆောင် ဖြစ်သည့်အတွက် သူမအတွက် ရန်ကိုင်ကို ကာကွယ်ရမည့် ကိစ္စမှာ အခြားကိစ္စအားလုံးထက် ပိုအရေးကြီးပေသည်။ သို့သော် ရန်ကိုင် ပြောသည်မှာလည်း မှန်ကန်ကြောင်း သူမ နားလည်၏။ ထို့ကြောင့် ဆုံးဖြတ်ရ ခက်နေခြင်းဖြစ်သည်။
ရန်ကိုင်သာ မတော်တဆ တစ်ခုခု ဖြစ်သွားခဲ့ပါက...
စိတ်ပင်မကူးရဲတော့ချေ။
သို့သော် တစ်ခဏတာ တွေဝေနေပြီးနောက် အံကြိတ်၍ “အဲ့လိုဆိုရင် သခင် သေချာဂရုစိုက်နော်”
ပြောပြီးသည်နှင့် ကျန်းယွမ်နှင့် မန်ဝူရတို့ဆီ ပျံသန်းသွားလေသည်။
နှစ်ယောက်စလုံးသည် အရိုးခေါင်းများဆီမှ ခွာနေရန် ကြိုးစားနေကြသော်လည်း မလွတ်မြောက်နိုင်၊ အရိုးခေါင်းမှ ထုတ်လွှတ်နေသော စွမ်းအင်များကို တန်ပြန်တိုက်ခိုက်ခြင်း၊ ရှောင်တိမ်းခြင်းတို့သာ လုပ်နိုင်ခဲ့သည်။ သို့သော် ဆုတ်ခွာနေရင်း တန်ပြန်တိုက်ခိုက်ခြင်းဖြင့် အရိုးခေါင်း အချို့ကို ဖျက်စီးနိုင်ခဲ့သဖြင့် သူတို့၏ ကြိုးစားမှုမှာ အချည်းနှီးမဖြစ်ဟု ပြော၍ရပေသည်။
လီရုန်သည် သူတို့ကို အရင်ကူညီရန် ဆုံးဖြတ်လိုက်သည်။ သူတို့ နှစ်ယောက်သာ လွတ်လပ်သွာပါက မိုးကြိုးနဂါးနှင့် ချူလင်းရှောင်ကို သွားကူပေးနိုင်သေည်။
လီရုန် ထွက်သွားသည်ကိုမြင်သော် ကဲလော့သည် သွားပေါ်အောင်ပြုံးလျက် ရန်ကိုင်ကို စိုက်ကြည့်လိုက်သည်။ သို့သော် လှုပ်ရှားခြင်းမပြုသေး။
ရန်ကိုင် ဘာကြံနေသလဲဆိုသည်ကို သူနားလည်ပေသည်။ သို့သော် လှောင်ပြောင်မိနေဆဲ “သူတို့ မရောက်လာခင် ငါမင်းကို အလွယ်လေး သတ်နိုင်တယ်ကွ”
“ကြိုးစားကြည့်လေ” ရန်ကိုင်ကလည်း သွားပေါ်အောင် ပြုံလိုက်ပြီး “ခင်ဗျား ကျုပ်ကို ဖမ်းနိုင်မလား ကြည့်ရတာပေါ့”
ကဲလော့က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “ကြယ်လွန်းပျံကို သုံးဖို့ စဉ်းစားမနေနဲ့။ ငါ့ရှေ့မှာ ကြယ်လွန်းပျံကို လာသုံးလို့ ဘာမှ အသုံးမဝင်ဘူး ဆိုတာကို အစကတည်းက ငါမင်းကို ပြောထားပြီးသားလေ”
တစ်ခဏလောက် ရပ်လိုက်ပြီး ဆက်ပြောလိုက်သည် “အင်း၊ ဟင်းလင်းပြင်ကို ခွဲပြီးတော့လည်း သွားလို့ မရဘူးနော်။ ဒီပတ်ပတ်လည်ကို ငါ့ကောင်းကင်စိတ်အာရုံနဲ့ ပိတ်လှောင်ထားပြီးသား။ မင်းကျင့်ကြံခြင်းက ငါ့ထက် အများကြီး နိမ့်ကျနေတော့ အဲ့စွမ်းရည်ကို သုံးနိုင်မှာ မဟုတ်ဘူး။ အရင်တုန်းက မင်းမှာ အဲ့လို စွမ်းရည် ရှိမှန်းသာ သိခဲ့ရင် ငါမင်းကို ဘယ်တော့မှ အလွတ်ပေးခဲ့မှာ မဟုတ်ဘူး”
“လေဟာနယ်ကို ဆုတ်ဖြဲဖို့လား၊ မဟုတ်သေးဘူး” ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။
“ကဲ၊ အဲ့လိုဆိုရင် ငါ့ကို ဘယ်လို အချိန်ဆွဲမလဲ ပြောစမ်းပါဦး” ကဲလော့သည် ရန်ကိုင် ဘယ်နည်းလမ်းကို သုံး၍ သူ့အား အချိန်ဆွဲရန် ကြိုးစားမလဲ ဆိုသည်ကို အတော်လေး သိချင်နေသည်။
“ခန့်မှန်းကြည့်လေ” ရန်ကိုင် မျက်လုံးများ ရုတ်ချည်း အေးစက်သွားခဲ့ပြီး လေမိုးကြိုးစွမ်းအင်တို့ သူ့ကျောဘက်မှ ပေါက်ကွဲထွက်လာခဲ့သည်။ ထို့နောက် ထိုစွမ်းအင်များသည် ထွင်းဖောက်မြင်နိုင်သော တောင်ပံတစ်စုံ အဖြစ်သို့ စုစည်းသွားခဲ့လေသည်။
လေမိုးကြိုးတောင်ပံများ...
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၇၃) ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်တာလား
ကြယ်လွန်းပျံကို ရရှိခဲ့ကတည်းက ထိုမှော်ရတနာကို ခရီးရှည်သွားလာရေးအတွက် အမြဲတမ်း အသုံးပြုခဲ့သည်။
ထို့ကြောင့် လေမိုကြိုးတောင်ပံများကို အသုံး မပြုခဲ့သည်မှာ အတော့်ကိုမှ ကြာနေခဲ့လေပြီ။
သို့သော်လည်း ထိုတောင်ပံများသည် သူ့ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်း ဖြစ်လုနီးပါး ဖြစ်နေပြီ ဖြစ်လေရာ ထိုအရာများသည် သူ့အတွက် အစားထိုးမရနိုင်သည့် အခန်းကဏ္ဏတစ်ရပ်တွင် ပါဝင်နေဆဲ။
လေမိုးကြိုးတောင်ပံများကို ထုတ်ဖော်ပြီးသည်နှင့် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် ချက်ချင်း ထွက်ပြေးတော့လေသည်။
သူနှင့် ကဲလော့ကြားမှ ခွန်အား ကွာခြားချက်ကို ရန်ကိုင် ကောင်းကောင်း နားလည်ထားပေသည်။ ထို့ကြောင့် ကဲလော့နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ဘယ်သောအခါမှ မစဉ်းစားခဲ့။ မန်ဝူရ၊ ချူလင်းရှောင်၊ ကျန်းယွမ်နှင့် မိုးကြိုးနဂါးတို့အတွက် အချိန်လုံလုံလောက်လောက် ရအောင်သာ အချိန်ဆွဲပေးလိုခဲ့သည်။
ကဲလော့သည် သူ့အား အလွတ်ပေးမည် မဟုတ်မှန်း သူသိထားပြီးသားပင်။ ကဲလော့၏ သူတော်စင်ဘုရင်အဆင့်သို့ တက်နိုင်၊ မတက်နိုင်သည် သူ့လက်ထဲရှိ သွေးအဆီအနှစ် ကျောက်တုံးပေါ်တွင် မူတည်နေပေသည်။
ကဲလော့သာ သာမန်အတိုင်း တွေးတတ်မည်ဆိုပါက သူ့အား အလွတ်ပေးလိမ့်မည် မဟုတ်ချေ။
ကဲလော့ ဘာကြံနေသလဲ ဆိုသည်ကို ရန်ကိုင် သိထားပြီးပင်။
ဟုတ်ပေသည်။ သူထွက်သွားသည်နှင့် ကဲလော့၏ မျက်ဝန်းများ မှေးစဉ်းသွားခဲ့သည်။ ထို့ကြောင့် သူ့ဆီမှ သိပ်သည်းလှသော သတ်ဖြတ်လိုစိတ်တို့ ဖြာထွက်လာခဲ့လေသည်။
သူ့ပုံရိပ် လက်ခနဲပျောက်ကွယ်သွားပြီး ရန်ကိုင်နောက် အလျင်အမြန် ပြေးလိုက်တော့လေသည်။
ကဲလော့၏ အရှိန်သည် အလွန်တရာကို မြန်လှရာ လေမိုးကြိုးတောင်ပံကိုသုံးထားသော ရန်ကိုင်အောက် မနိမ့်ကျချေ။
လေဟာနယ်အချုပ်အနှောင်များသည် သူ့အပေါ် အကျိုးသက်ရောက်မှုမရှိသည့်အလား သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း မီတာတစ်ထောင်အကွာတွင် ပြန်ပေါ်လာခဲ့သည်။
သူ့နောက်ဘက်ရှိ သိပ်သည်းလှသော သတ်ဖြတ်လိုစိတ်ကြောင့် ရန်ကိုင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရသည်။ ထွက်ပြေးနေစဉ် လေဟာနယ်ကို ဆုတ်ဖြဲရန် ကြိုးစားသော်လည်း သူ့ပတ်ပတ်လည်ရှိ လေဟာနယ်သည် စေးကပ်ကပ် ဖြစ်လာပြီး ပို၍ မာကျောလာသည်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့် သူ့အနေဖြင့် လေဟာနယ်ဆုတ်ဖြဲ၍ ထွက်ပြေးမရတော့ချေ။
ကဲလော့သည် လေဟာနယ်နိယာမအချို့ကို နားလည်ထားခြင်း ဖြစ်ရပေမည်။ မဟုတ်လျှင် သူ့ကျင့်ကြံခြင်းသည် ရန်ကိုင်ထက် အများကြီး ပိုမြင့်နေသည်တိုင် ထိုကဲသို့ လုပ်နိုင်ရန် အဖြစ်နိုင်ချေ။ ထို့ကြောင့် ရန်ကိုင်ပို၍ နိုးနိုးကြားကြား ဖြစ်သွားသည်။
တစ်ယောက်သည် နောက်မှလိုက်၍ တစ်ယောက်သည် ပြေးနေခဲ့သည်။
ရန်ကိုင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် ဝိုင်းကြီးပတ်ပတ် ပတ်ပြေးနေခဲ့သည်။ တစ်နေရာတည်း ဦးတည်ပြီး မပြေးချေ။ သူ့အနေဖြင့် အခြားသူများ သူ့အား လာကူရန်အတွက် လုံလုံလောက်လောက် အချိန်ဆွဲရန် လိုပေသည်။ သူသာ အဝေးကြီး ထွက်ပြေးသွားမည် ဆိုပါက အခြားသူများ အနေဖြင့် သူ့နောက်သို့ တစ်ဖန်ပြန်လိုက်နေရမည် ဖြစ်လေရာ ပို၍ အချိန်ကုန်ပေလိမ့်မည်။
သေခြင်းတရားသည် သူ့ကျောပြင်အား အဆက်မပြတ် ပွတ်သပ်ကျီစယ်နေခဲ့လေရာ ရန်ကိုင်မှာ အလွန်တရာကိုမှ ဖိအားဝင်နေခဲ့ရသည်။
ဤမျှခက်ခဲသည့် တိုက်ပွဲမျိုး ရန်ကိုင် အနေဖြင့် တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးချေ။ ကဲလော့သည် ကျန်းယွမ်၊ မန်ဝူရနှင့် အခြားပညာရှင်များထက် အများကြီး ပိုသန်မာပေသည်။ ရှင်းရှင်းပြောရလျှင် ကဲလော့သည် ဤလောကကြီးတွင် အားအကောင်းဆုံး ပညာရှင်တစ်ယောက် ဖြစ်သည်။
ရွှစ်... ရွှစ်... ရွှစ်... လေခွင်းသံများကို ရန်ကိုင် ကြားလိုက်ရသည်။ ထိုတိုက်ခိုက်မှုသည် သူ့ဆီ မရောက်သေးသည့်တိုင် သူ့တစ်ကိုယ်လုံး ပိုင်းဖြတ်သွားခံရသည်ဟု ကယောင်ချောက်ချား ထင်မြင်မိလာလေရာ သူ့ဝိဥာဉ် ပြင်းပြင်းထန်ထန် တုန်ရီသွားရလေသည်။
နည်းနည်းလေးမှ မတုန့်ဆိုင်းတော့လေရာ ရန်ကိုင်သည် ငွေရောင်သစ်ရွက်ကို ချက်ချင်း ထုတ်ကာ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်ကို မြွေတစ်ကောင်နှယ် ကွေ့ကောက်၍ ဦးတည်ချက် ပြောင်းလိုက်သည်။
ဘုန်း... ဘုန်း... ဘုန်း...
ထိုတိုက်ခိုက်မှုများသည် ရန်ကိုင် ကျောပြင်ကို ထိမှန်သွားသေးရာ သူ့ကျောတစ်ပြင်လုံး အောင့်တက်သွားရ၏။ တိုက်ခိုက်ခံရသည့် နေရာမှ သွေးများစီးကျလာသည်ကို ရန်ကိုင် သတိပြုမိလိုက်၏။
သူတော်စင် အထွဋ်အထိပ်အဆင့် ဖြစ်သော ငွေရောင်သစ်ရွက် အကွာအကွယ်သည် တစ်မုဟုတ်ချည်း ကျိုးပျက်သွားရသည်။
“ထွက်ပြေးလို့ မလွတ်တာကို ဘာလို့ ထွက်ပြေးချင်နေတာလဲ။ မတိုက်ခိုက်ဘဲနဲ့ လက်လျှော့လိုက်၊ ငါမင်းကို မြန်မြန် သေခွင့်ပေးလိုက်မယ်” ကဲလော့၏ အသံ သူ့နားထဲ ထွက်ပေါ်လာခဲ့သည်။ သူ့လေသံအနေအထားအရ သူနိုင်ပြီဟု ထင်နေသည့်ပုံပင်။
ထို့နောက် သူ့ဘေးတွင် ထွက်ပေါ်လာခဲ့သည်။ လှောင်ပြောင်လိုသည် အမူအရာဖြင့် သူ့အား စိုက်ကြည့်လျက် သူ့လက်ညိုးဖြင့် ရန်ကိုင်အား ဖိချလာခဲ့သည်။
ကဲလော့တိုက်ခိုက်မည်ကို စောင့်မနေဘဲ ရန်ကိုင်သည် လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်၍ သားရဲပညာရပ်ကို ထုတ်ဖော်လိုက်သည်။ ကျားဖြူနှင့် နွားသိုးတို့ ထွက်ပေါ်လာပြီး ကဲလော့ဆီ ပြေးဝင်သွားချိန် ရန်ကိုင်သည် ဦးတည်ချက်ပြောင်းကာ ထပ်မံ ထွက်ပြေးလိုက်သည်။
ထိုတိုက်ခိုက်မှုကြောင့် ရန်ကိုင် ယာယီနားချိန် ရသွားခဲ့ပြီး သူနှင့် ကဲလော့ကြားမှ အကွာအဝေးကို ခပ်လှမ်းလှမ်းအထိ ပြန်ခွာလိုက်နိုင်သည်။
သူ့စိတ်ထဲ ရန်ကိုင် ပို၍ စိုးရိမ်လာနေခဲ့ရသည်။ မန်ဝူရနှင့် အခြားသူများ မြန်မြန် ပြီးပါစေဟုသာ ကြိတ်၍ ဆုတောင်း နေမိတော့လေသည်။
“ငါမင်းကို အလောင်းမြုပ်စရာ မကျန်အောင် သတ်ပစ်မယ်”
ကဲလော့ ဒေါသပုန်ထသွားပြီး အသံအကျယ်ကြီး ထအော်လေသည်။
အချိန်အတော်ကြာသည့်တိုင် ရန်ကိုင်အား ဖမ်းမမိသေးဖြင့် ကဲလော့ စိတ်မရှည်နိုင်တော့ချေ။ သူလုံးဝ ဒေါသထွက်သွားခဲ့လေပြီ။
မကောင်းဆိုးရွား အရှိန်အဝါတို့ ကဲလော့ဆီမှ ပေါက်ကွဲထွက်လာခဲ့သည်။ နောက်ဆုံးတွင် ကြောင်နှင့်ကြွက် ကစားပွဲကို မကစားတော့ပဲ အစွမ်းကုန်သုံးကာ တိုက်ခိုက်ရန် ပြင်လာခဲ့လေပြီ။
ကောင်းကင်တစ်ခုလုံး ရုတ်ချည်း မှောင်ကျသွားပြီး သွေးရောင်တမျှ ရဲရဲနီသော မျက်စိကျိန်းမတတ် အနီရောင် အလင်းတို့ ကဲလော့အား ဝန်ရံလာခဲ့သည်။ ထို့နောက် ရန်ကိုင်ဆီသို့ တစ်မုဟုတ်ချည်း ပြေးဝင်သွားလေသည်။
သူ့မသိစိတ် တစ်ခုလုံး အချက်ပေးသံတို့ဖြင့် ညံ့သွားခဲ့သည်။ ထို့ကြောင့် ငွေရောင်သစ်ရွက်ကို အလျင်အမြန် ထုတ်ယူလိုက်ပြီး တစ်ချိန်တည်းတွင် ကောင်းကင်ဒိုင်းကာများစွာကိုလည်း တစ်ပြိုင်တည်း ထုတ်ဖော်လိုက်လေသည်။
သို့သော်လည်း သူ၏ အားအကောင်းဆုံးသော အကာအကွယ်မှုသည် ထိုတိုက်ခိုက်မှုအောက်တွင် ဘာမှ မလုပ်နိုင်သလို ရန်ကိုင် ခံစားနေခဲ့ရသည်။
“ရေခဲစည်းတံဆိပ်” ရုတ်တရက် သိမ်မွေ့နူးညံ့သော အသံတစ်သံ ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုသည် ရန်ကိုင် ရှေ့သို့ အလျင်အမြန် ပြေးထွက်လာခဲ့လေသည်။ ဟန်ဖေးပင် ဖြစ်လေသည်။
ဟန်ဖေး၏ အမူအရာသည် ရှေးဟောင်းရေခဲတုံး တစ်တုံးပမာ အေးစက်စက်ဖြင့်သာ ရှိနေဆဲ။ သူမ၏ ကျော့ရှင်းလှပသော မျက်နှာလေးသည် နတ်ဆိုးအမှတ်အသား တို့ဖြင့် ပြည့်နေခဲ့လေရာ သာမန်ထက်ပို၍ အေးစက်သယောင် ထင်မှတ်သရသည်။
လက်ထဲတွင် ရေခဲဓါးတစ်ချောင်းကို ကိုင်ထားပြီး အဆက်မပြတ် ဝှေ့ရမ်းနေခဲ့သည်။ ဓါးကို ဝှေ့ရမ်းရာမှ ထွက်ပေါ်လာသော အအေးလှိုင်းများကြောင့် သွေးနီရောင် အလင်းတန်းနှင့်တစ်ကွ လောကကြီးတစ်ခုလုံး အေးခဲရပ်တန့်သွားခဲ့ရသည်။
ဟန်ဖေး ရန်ကိုင်ဘေးနားသို့ ဆင်းသက်လာလိုက်ပြီး ရှေ့တည့်တည့်သို့ စိုက်ကြည့်လိုက်သည်။
ရန်ကိုင်သည် ဟန်ဖေးလက်ကို အလျင်စလို ဆွဲလိုက်ပြီး အော်ပြောရင်း ထွက်ပြေးလေသည် “ငါတို့ သူ့ကို တိုက်လို့ မရဘူး”
ဟန်ဖေးအနေဖြင့် ကဲလော့၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။ ကဲလော့အား ထိပ်တိုက်ရင်ဆိုင်မည်ဆိုပါက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားနိုင်သလို သေပင် သေသွားနိုင်ပေသည်။
ကွဲအက်သံတို့ ထွက်ပေါ်လာခဲ့သည်။ ဟန်ဖေး၏ တိုက်ခိုက်မှုသည် ကဲလော့၏ တိုက်ခိုက်မှုကို တားဆီ၍ သူ့အား အေးခဲပစ်နိုင်ခဲ့သော်ငြား တစ်ခဏာ ခံခဲ့သည်။ ခဏအကြာ၌ ကဲလော့ ပြန်လွတ်လာခဲ့လေပြီ။
ကဲလော့သည် အေးခဲရာမှ လွတ်လာပြီးနောက် ပို၍ပင် ကြမ်းတမ်းလာခဲ့သည်။
“သခင်” ဟန်ဖေးသည် သူ့နောက်ဘက်သို့ အံ့ဩတကြီး စိုက်ကြည့်ရင်း အော်မေးလိုက်သည် “အဲ့လူက ဘယ်သူလဲ။ ဘာလို့ ဒီလောက် အားကောင်းရတာလဲ”
“အရိုးမျိုးနွယ်စုရဲ့ ခေါင်းဆောင်ပဲ” ရန်ကိုင်က သူမအား လွတ်ပေးလိုက်ပြီး အလျင်စလို မေးလိုက်သည် “နင်တို့ ဘက်က အခြေအနေကော”
“ထွက်ပြေးသွားတဲ့ အရိုးမျိုးနွယ်စုဝင်တွေ အကုန်လုံး အသတ်ခံလိုက်ရပြီ။ သူတို့နောက် လိုက်သွားတဲ့ ပညာရှင်တွေလည်း ပြန်လာနေကြပြီ” ဟန်ဖေးက ခပ်မြန်မြန်ပဲ ပြန်ဖြေလိုက်သည်။
ရန်ကိုင် မျက်လုံး ဝင်ပသွားပြီး မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွဦးခဲ့သည်။
ထိုစဉ် ခပ်ဝေးဝေးမှ ပျံသန်းလာနေသည် ပုံရိပ်လေးခုသည် ရန်ကိုင်နှင့် ဟန်ဖေးတို့ ထွက်ပြေးနေသည်ကို မြင်လိုက်သဖြင့် မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
ထိုလေးယောက်သည် နတ်ဆိုးဗိုလ်ချုပ် လေးယောက်ပင် ဖြစ်လေသည်။
ခဏအကြာ၌ နောက်ထပ်ပုံရိပ်နှစ်ခု နတ်ဆိုးဗိုလ်ချုပ် လေးယောက်ဘေး၌ ထွက်ပေါ်လာခဲ့သည်။
ထိုနှစ်ယောက်မှာ မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီး နှစ်ဦးမှလွဲ၍ အခြားမဟုတ်ချေ။
ထိုခြောက်ယောက်သည် တိုက်ပွဲနိုင်သွားပြီဟု အထင်ဖြင့် ထွက်ပြေးသွားသော အရိုးမျိုးနွယ်စုဝင်များနောက် ပြေးလိုက်သွားခဲ့ကြသည်။ သို့သော် သူတို့ ပြန်လာသည့်အခါ ယခုကဲ့သို့သော မြင်ကွင်းက စောင့်ကြိုနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ခြောက်ယောက်စလုံးသည် ဘေးချင်းယှဉ်ရပ်လျက် ကဲလော့အား မမှိတ်မသုံ စိုက်ကြည့်နေခဲ့သည်။ အားလုံးသည် သူတို့၏ ခွန်အားကို စုစည်းလျက် ကဲလော့အား စုပေါင်းအား ဖိအားဖြင့် ဖိနှိပ်ရန် ကြိုးစားနေလေသည်။
ကဲလော့လည်း ထိုလူများကို သတိပြုမိလိုက်သည်။ ထို့ကြောင့် ရန်ကိုင်နောက် ဆက်မလိုက်တော့ဘဲ ထိုခြောက်ယောက်ကိုသာ အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
ကဲလော့သည့် အားလုံးကို ကြည့်လျက် အေးစက်စက် အမူအရာဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ ထို့နောက် ဖြည်းဖြည်းချင်း မျက်လုံးပိတ်လိုက်ကာ မလှုပ်မယှတ် ရပ်နေခဲ့သည်။ တစ်ခုခုကို ဆင့်ခေါ်ရန် ကြိုးစားနေသည့်ပုံပင်။
ခဏအကြာ၌ အဝေးမှ အိမ်အရွယ်အစားရှိသော အရိုးခေါင်းခြောက်ခု ပျံသန်းလာခဲ့သည်။
ထိုအရိုးခေါင်းများသည် ကျန်းယွမ်နှင့် မန်ဝူရကို မလှုပ်ရှားနိုင်အောင် လုပ်နေသည့် အရိုးခေါင်းများပင်။ သို့သော် ယခင်က ဆယ်နှစ်ခု ရှိခဲ့သော်လည်း ယခုအခါတွင် ခြောက်ခုသာ ရှိတော့သည်။
မြွေပုံစံ မှော်ရတနာသည်လည်း ကဲလော့ဆီ ပြန်ရောက်လာပြီး သူ့ခန္ဓာကိုယ်ထဲ ပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်းတွင် သူ့ဆီမှ ဖြာထွက်နေသာ အရှိန်အဝါမှာ ပို၍ အားကောင်းလာခဲ့သည်။
“ကဲလော့၊ ပြီးသွားပြီ” ရန်ကိုင်လည်း ရပ်တန့်လိုက်ပြီး ဟန်ဖေးနှင့်အတူ ရပ်လျက် ကဲလော့အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။
သူ့စကား ဆုံးသွားသည်နှင့် နောက်ထပ် လူများစွာ ရောက်လာပြီး သူ့ဘေးနား ရပ်လိုက်သည်။ ထိုလူများမှာ အရိုးခေါင်းနှင့် မြေပျံကို ထိန်းထားရင်း အလုပ်ရှုပ်နေသည့် မန်ဝူရတို့အဖွဲ့ပဲ ဖြစ်လေသည်။
သူတော်စင်တတိယအဆင့် (၁၁)ယောက်၊ သူတော်စင် ဒုတိယအဆင့် (၁)ယောက်နှင့် ရန်ကိုင်...
ထိုဆယ်သုံးယောက်သည် ကဲလော့အား ချက်ချင်းပဲ ဝိုင်းထားလိုက်ကြရသည်။ တစ်ချိန်တည်းတွင် စုပေါင်း၍ ကဲလော့အား ဖိအားပေးရန် ကြိုးစားလေသည်။
“ပြီးသွားပြီလား” ကဲလော့က တည်တည်ငြိမ်ငြိမ်ဖြင့် ရယ်မောလိုက်ပြီး “ပြီးပြီလို့ မင်းကိုဘယ်သူပြောလဲ”
ပြောပြီးသည်နှင့် ရန်ကိုင်အား တစ်ချက်လှမ်းကြည့်၍ ဆက်ပြောလိုက်သည် “မင်းဘာကြံနေလဲ ငါမသိဘူး ထင်နေလား။ မင်းလုပ်ချင်နေတာက သူတို့အတွက် အချိန်ဆွဲပြီး အရေအတွက်နဲ့ ငါ့ကို ဖိနှိပ်ချင်နေတာမလား”
ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး သူ့စိတ်ထဲ အနည်းငယ် စိုးရိမ်မိသွားသည်။
ကဲလော့သည် အရမ်းကိုမှ တည်ငြိမ်လွန်းပေသည်။ ထို့ကြောင့် သူ့တွင် ဝှက်ဖဲတစ်ခုခုများ ကျန်နေသေးသလား ဟုပင် ရန်ကိုင် ထင်သွားရသည်။
“ငါပြောပြီးသား။ သူတော်စင်ဘုရင် မရောက်သေးဘဲနဲ့ ဒီလောကကြီးက ဘယ်သူမှ ငါ့ပြိုင်ဘက် မဖြစ်နိုင်ဘူးလို့။ မင်းတို့ အရေအတွက် ဘယ်လောက်များများ အရေးမပါဘူး” ကဲလော့က ပြောလိုက်သည်။
“လေလုံးထွားနေတာ တော်လိုက်တော့။ မင်းအနေနဲ့ ဒီစီနီယာရှေ့မှာ လာပြီး လေလုံးထွားနေဖို့ မထိုက်တန်သေးဘူး” ကျန်းယွမ်က အေးစက်စက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။
“မင်းမှာ မှော်ဆန်ဆန် ဝှက်ဖဲတွေ ကျန်သေးတယ် ဆိုရင်လည်း ငါတို့ကိုပြလေ။ ငါတို့ ကြည့်ရတာပေါ့” မန်ဝူရက ကဲလော့အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်လိုက်၏။ သူ့စကားလုံးများသည် တည်ငြိမ်သယောင် ထင်ရသော်ငြား မန်ဝူရသည် သူတော်စင်ချီကို အဆုံစွန်ထိ တိတ်တဆိတ် လှည့်ပတ်ထားခဲ့လေသည်။
“အဲ့လိုဆိုမှတော့ ငါလည်း ပြရတာပေါ့” ကဲလော့က ရယ်မောလိုက်သည်။ ထို့နောက် ရုတ်တရက် တင်ပလင်ခွေ ထိုင်ချလိုက်သည်။ အစိမ့်ရင့်ရောင် တောက်နေသော သူ့မျက်ဆံများ ပြင်းပြင်းထန်ထန် လှုပ်ခတ်လာပြီး မျက်စိကျိန်းမတတ် အလင်းရောင်တို့ကို ထုတ်လွှတ်လာခဲ့သည်။
သူ့လက်များသည်လည်း အမျိုးမျိုးသော လက်ကွက် အဖုံဖုံကို သရုပ်ဖော်ပြကာ ဘာမှန်းမသိသော စကားများ သူ့ပါးစပ်မှ ထွက်လာခဲ့သည်။
သူ့သွေးချီစွမ်းအားနှင့် အသက်စွမ်းအင် ရုတ်ချည်း မြင့်တက်သွားခဲ့ပြီး သူ့အရေပြားသားသည် အချိန်မရွေး ပေါက်ထွက်တော့မည့်အလား ရဲရဲတောက်လာခဲ့သည်။
တိုးလျက်သော ကွဲအက်သံများနှင့်အတူ သူ့အရိုးများ ကျိုးကြေသွားခဲ့သည်။ တစ်ချိန်တည်းတွင် သူ့အရေပြားလည်း ကွဲအက်လာခဲ့ရလေသည်။
ထိုအက်ရာများဆီမှ အနက်ရောင်နီရောင် သွေးများ စိမ့်ထွက်လာခဲ့ရာ သူ့တစ်ကိုယ်လုံး ရဲရဲနီစွေးသွားခဲ့ရသည်။
“သတိထား” ချူလင်းရှောင်က အလျင်စလို လှမ်းအော်ဟစ် သတိပေးလိုက်သည်။
ထိုအရာသည် ကဲလော့၏ နောက်ဆုံးအကြိမ် ကြိုးပမ်းမှုဖြစ်သည်။ သူ့ကိုယ်သူ အလွန်တရာကိုမှ ယုံကြည်ချက်ရှိနေသည့် လေသံအရ ထိုနည်းလမ်းသည် ကျိန်းသေကို အားကောင်းရပေလိမ့်မည်။ ထိုစွမ်းအား အတိုင်းအဆကို မသိရသေးခင်အထိ မည်သူမှ ရှေ့တက်၍ သူ့အား မတိုက်ခိုက်ရဲချေ။
အကုန်လုံး၏ အမူအရာ ရုတ်ချည်း လေးနက် တည်ကြည်သွားခဲ့ရသည်။
ကဲလော့၏ ကိုယ်တွင်းမှ သွေးများ အဆက်မပြတ် စီးကျလာနေခဲ့သည်။ မွန်းကြပ်လောက်ဖွယ် သွေးချီတို့ ဘေးပတ်ပတ်လည် တစ်ခွင်လုံး ပြည့်နှက်သွားခဲ့သည်။
ရုတ်တရက် ကဲလော့က ခြောက်ခြားဖွယ်လေသံဖြင့် အော်ပြောလိုက်သည် “ငါတို့ အရိုးမျိုးနွယ်စုရဲ့ တာမြစ် ပညာရပ်ကို သွေကန်တောအုပ်ကို သုံးရအောင် ဖိအားပေးနိုင်မှတော့ မင်းတို့အားလုံး နောင်တမရဘဲ သေလို့ရပြီ”
ပြောပြီးသည်နှင့် သူ့တစ်ကိုယ်လုံး ရုတ်ချည်း ပေါက်ကွဲထွက်လာခဲ့ပြီး အသွေးအသား၊ အရိုး အစအနတို့ လွင့်ပျံထွက်လာခဲ့လေသည်။
“ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်တာလား” အကုန်လုံး ကြက်သေသေသွားခဲ့သည်။
လေကြီးလေကျယ် စကားများကို ပြောပြီးသည့်နောက် ကဲလော့သည် သူ့ကိုယ်သူ ဖောက်ခွဲသွားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ချေ။
“မကောင်းတော့ဘူး၊ ပြန်ဆုတ်ကျ” ရန်ကိုင် ရုတ်တရက် အော်ဟစ်လိုက်ရင်း နောက်ပြန်ဆုတ်ရန် ကြိုးစားလိုက်သည်။ သူ့ခေါင်းထဲ အချက်ပြေးသံတို့ အဆက်မပြတ် မြည်ဟည်းနေခဲ့လေပြီ။
“နောက်ကျသွားပြီ” ကဲလော့် လှောင်ရယ်လိုက်သည်။ ခြောက်ခြားဖွယ်ရာကောင်းသော သူ့ရယ်သံနှင့်အတူ ပြန်ကျဲသွားသော အရိုး၊ အသွေးအသားတို့သည် ရုတ်ချည်း အသက်ဝင်လာပြီး သွေးပင်လယ်တစ်ခုဖြစ်သို့ ပြောင်းလျက် ရန်ကိုင်တို့ ဆယ်သုံးယောက်စလုံးကို စုပ်ယူသွားခဲ့လေသည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၇၄) သွေးကန်တောအုပ်
သွေးပင်လယ်သည် အကန့်အသတ်မဲ့ ကျယ်ပြောသည်။
သွေးပင်လယ်ထဲ ရောက်သွားသည်နှင့် အကုန်လုံး နှလုံးတုန်လှုပ် ထိတ်လန့်ခြောက်ခြားသွားခဲ့ကြရသည်။ မြင်သမျှတိုင်းသည် ရဲရဲနီနေသည်။ သူတို့၏ ဘေးပတ်ဝန်းကျင်သည် သွေးတို့ဖြင့် ပြည့်နှက်နေသဖြင့် လွတ်လွတ်လပ်လပ်လည်း မလှုပ်ရှားနိုင် ဖြစ်နေသည်။
သွေးပင်လယ်ထဲတွင် ပါဝင်နေသော ထူးဆန်းသည့် အားတစ်ရပ်သည် သူတို့ကိုယ်တွင်းရှိ စွမ်းအင် စီးဆင်းမှုကို ဖိနှိပ်နေခဲ့သည်။
ဆယ်သုံးယောက်စလုံး သွေးပင်လယ်ထဲ ကျသွားပြီးနောက် ပြန်မထွက်တတ်တော့ချေ။
ချက်ချင်းပဲ သူတို့၏ အကာအကွယ် မှော်ရတနာများကို ထုတ်ကာ ကိုယ့်ကိုယ်ကို ကာကွယ်၍ အထွက်လမ်းကို စတင် ရှာဖွေကြတော့သည်။ ကဲလော့ ပျောက်ကွယ်သွားလေပြီ။ သို့သော် သွေးပင်လယ်တစ်ခုလုံးမှာမူ သူ့အရှိန်အဝါတို့ဖြင့် ပြည့်နေခဲ့သည်။
သူသည် နေရာတိုင်းတွင် ရှိနေသည့်အလား။
ဤအရာ အရိုးမျိုးနွယ်စု၏ တားမြစ်ပညာရပ်ဖြစ်သော သွေးကန်တောအုပ်ပင် ဖြစ်ရပေမည်။
သွေးကန်ထဲ သွေးနဂါးများစွာ ဖြစ်ပေါ်လာပြီး စတင် လှည်ပတ်လာကြသည်။ ထိုသွေးနဂါးများကို ကဲလော့မှ ထိန်းချုပ်နေခြင်းဖြစ်သည်။ သို့သော် ကဲလော့သည် သူတို့အား မတိုက်ခိုက်သေးဘဲ စောင့်သာ ကြည့်နေခဲ့သည်။
ရန်ကိုင်သည် ဟန်ဖေးနှင့် ပခုံးချင်းယှဉ်ရပ်နေခဲ့သည်။ ဟန်ဖေးသည် အအေးစွမ်းအင်ကို ထုတ်လွှတ်၍ သေးပင်လယ်ကို အေးခဲစေရန် ကြိုးစားလိုက်သော်ငြား အချည်းနှီးသာ။
ရန်ကိုင်သည် သွေးအဆီအနှစ် ကျောက်တုံးကို ထုတ်ယူလိုက်ပြီး ထိုထဲသို့ အစစ်အမှန်ချီ ထည့်သွင်းကာ ကဲလော့၏ သွေးများကို စုပ်ယူရန် ကြိုးစားလိုက်သည်။
သို့သော်လည်း စိတ်ပျက်မှုနှင့်သာ ကြုံတွေ့ခဲ့ရသည်။
သွေးအဆီအနှစ်ကျောက်တုံးသည် ဤနေရာတွင် အလုပ်မဖြစ်ချေ။ သူ့အနေဖြင့် သွေးအဆီအနှစ် ကျောက်တုံးကို အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့ပြီးပြီ ဖြစ်လေရာ ထိုကျောက်တုံးအကြောင်း ကောင်းကောင်း နားလည်ထားပေသည်။ သွေးအဆီအနှစ် ကျောက်တုံးသည် သေသွားပြီးသူများ၏ သွေးများကိုသာ စုပ်ယူနေပြီး အသက်ရှင်နေသော လူများ၏ သွေးများကို မစုပ်ယူနိုင်ပေ။
ပြင်းပြင်းထန်ထန် ဒဏ်ရာရနေသော လူ၏ သွေးကိုပင် မစုပ်ယူနိုင်ချေ။ အကြောင်းမှာ အသက်ရှင်နေသူသည် သူတို့၏ ခွန်အားကို လှည့်ပတ်၍ သွေးအဆီအနှစ် ကျောက်တုံးမှ စုပ်ယူအားကို ခုခံနိုင်သောကြောင့်ပင်။
ကဲလော့သည် မသေသေးသည့်အတွက် သွေးအဆီအနှစ် ကျောက်တုံးသည် သူ့အပေါ် အလုပ်မဖြစ်ချေ။
ထို့အပြင် သွေးကန်တောအုပ်သည် ပေါက်ကွဲသွားသော သူ့ခန္ဓာကိုယ်မှ ဖြစ်လာခြင်းဖြစ်သည်။ ထိုအချက်ကို စဉ်းစားမိလိုက်သည်နှင့် နေရာတိုင်းတွင် ကဲလော့၏ အရှိန်အဝါကို ဘာကြောင့် ခံစားမိနေမှန်း ရန်ကိုင် ရုတ်တရက် နားလည်သွားခဲ့သည်။
“သိသွားပြီပေါ့” ကဲလော့၏ အသံကို ရန်ကိုင် ကြားလိုက်ရသည်။ ထိုအသံနှင့်အတူ ကဲလော့၏ ဝါးလုံးကွဲ အော်ဟစ်ရယ်မောသံတို့ ထွက်ပေါ်လာခဲ့လေသည် “ဟုတ်တယ်။ မင်းတို့အားလုံး ငါ့ခန္ဓာကိုယ်ထဲ ရောက်နေတာပဲ။ ဒီနေရာက ငါက အရှင်သခင်ပဲ။ ငါသေဆို သေရမယ်။ ရှင်ဆိုရှင်ရမယ်။ ငါမင်းတို့ကို သေစေချင်ရင် မင်းတို့အားလုံး သေရမယ်ကွ”
သူ့စကားသံများနှင့်အတူ အားပျော့သည့် အော်ဟစ်သံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ယုအား...” မိုးကြိုးနဂါးစီနီယာ စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
ထိုအော်သံသည် ရေခဲကျောက်စိမ်းစပါးအုံ စီနီယာကြီး ဆီမှ လာခြင်းဖြစ်သည်။
“ငါအဆင်ပြေတယ်” ယုအာ၏အသံ နေရာတစ်ခုဆီမှ ထွက်ပေါ်လာခဲ့သည်။ မိုးကြိုးနဂါးသည် အသံကြားရာဆီသို့ ချက်ချင်း ပြေးသွားကြည့်သော်လည်း ရေခဲကျောက်စိမ်း စပါးအုံကို ရှာမတွေ့ခဲ့ချေ။
သွေးပင်လယ်ထဲတွင် တစ်ယောက်နှင့် တစ်ယောက် မမြင်နိုင်ကြချေ။
လူဆယ်သုံးယောက်တွင် ရန်ကိုင်နှင့် ဟန်ဖေးသည်သာ အတူတူ ရှိနေခြင်းဖြစ်ပြီး ကျန်(၁၁)ယောက်သည် မတူ ကွဲပြားသော နေရာအသီးသီးတွင် ရှိနေကြသည်။
အခြေအနေသည် အလွန်ကိုမှ အန္တရာယ်များလှသည်။
ရန်ကိုင်သည် ဤနေရာမှ မည်ကဲ့သို့ ရုန်းထွက်နိုင်မလဲ ခေါင်းခြောက်အောင် စဉ်းစားခဲ့သော်ငြား မည်သည့် အဖြေကိုမှ မစဉ်းစားနိုင်ခဲ့ချေ။
“မင်းအရှိန်အဝါက ဟိုနှစ်ထောင်ပေါင်းများစွာက လူရဲ့ အရှိန်အဝါနဲ့ တူတယ်။ ရွံ့စရာကောင်းလိုက်တာ။ ငါမင်းကို အရင်သတ်ရမယ်” ကဲလော့၏ စိတ်ညစ်သော်ငြား တည်ငြိမ်နေသည့် အသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။
မြောက်မြားစွာသော စွမ်းအင်တို့သည် သွေးကန်ထဲရှိ သီးခြားနေရာတစ်ခုဆီသို့ စီးဆင်းသွဦးသည်ကို ရန်ကိုင် အသေအချာ ခံစားမိလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို တိုက်ပွဲဖြစ်သံတို့ ထွက်ပေါ်လာခဲ့သည်။
အသက်သုံးရှိုက်စာအကြာ၌ နတ်ဆိုးဗိုလ်ချုပ် ပဟဲ၏ အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည် “ငါကိုသတ်ချင်တာလား။ မင်းလည်း သက်သာမယ်မထင်နဲ့”
ကြောက်မက်ဖွယ် နတ်ဆိုးချီတို့ ပေါက်ကွဲထွက်လာပြီး တိုက်ပွဲသံတို့မှာလည်း ပို၍ ကျယ်လောင်လာခဲ့သည်။
နှာခေါင်းရှုံ့သံတစ်သံနှင့်အတူ ပဟဲ၏ အရှိန်အဝါ အလျင်အမြန် ပျောက်ကွယ်သွားလေသည်။
“ပဟဲ” ကျန်းယွမ်က ဒေါသတကြီး အော်ခေါ်လိုက်သည်။
“ဆရာ၊ ကျုပ်အတွက် လက်စားချေပေးပါ” ပဟဲက ကောင်းကင်ပေါ်သို့ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့လေသံသည် တုန်ရင်နေခဲ့သည်။ ထို့နောက် ပေါက်ကွဲသံ တစ်သံနှင့်အတူ သူ့အရှိန်အဝါ လုံးဝ ပျောက်ကွယ်သွားသည်။
“ပဟဲ သေသွားပြီလား” သွေးပင်လယ်ထဲ ပြန့်ကျဲနေသော နတ်ဆိုးဗိုလ်ချုပ်အားလုံး ရေရွတ်လိုက်ကြသည်။
နတ်ဆိုးဗိုလ်ချုပ်လေးယောက်အနက် ပဟဲသည် အငယ်ဆုံးဖြစ်သည်။
သူ့ခွန်အားသည် အားလုံးထဲတွင် အနိမ့်ဆုံး ဖြစ်သည့်တိုင် သူသည် သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်နေပေသေးသည်။
သို့သော်လည်း သူသည် ကဲလော့အား အသက်ဆယ်ရှိုက်စာ ကြာအောင်သာ ယှဉ်တိုက်နိုင်ခဲ့ပြီး သေဆုံးသွားခဲ့ရသည်။ ကဲလော့ ထုတ်ဖော်လိုက်သော သွေးပင်လယ်သည် ထိုမျှ ကြောက်မက်ဖွယ် ကောင်းသည်လား။
မန်ကဲ၊ ကျိုးချုန်နှင့် ရွှယ့်လီတို့အားလုံး ဟိုသွားလိုက်၊ ဒီသွားလိုက်ဖြင့် အကာအကွယ်ရလိုရငြား ကျန်းယွမ်ကို ရှာဖွေနေကြသည်။ ကဲလော့ နောက်ထပ် တိုက်ခိုက်မည့် လူသည် သူတို့ ဖြစ်နေမည်ကို ကြောက်လန့်နေကြလေ၏။
ပဟဲသေသွားသည့်နှင့် ရန်ကိုင်သည် သွေးအဆီအနှစ် ကျောက်တုံးထဲသို့ အစစ်အမှန်ချီကို ထည့်သွင်းလိုက်သည်။
အားကောင်းသော စုပ်ယူအားတစ်ခု ထွက်ပေါ်လာပြီ ပဟဲ၏ သွေးအားလုံးသည် သွေးအဆီအနှစ်ကျောက်တုံးထဲသို့ တိုးဝင် ပျောက်ကွယ်သွားလေသည်။
သွေးအဆီအနှစ် ကျောက်တုံးသည် နောက်ဆုံးတွင် အသုံးဝင်လာခဲ့လေပြီ။ အနည်းဆုံး ကဲလော့အား ပို၍ မသန်မာလာအောင် လုပ်ပေးနိုင်ခဲ့သည်။
“ပြီးတော့မှ မင်းနဲ့ စာရင်းရှင်းမယ်” ကဲလော့၏ အေးစက်စက် နှာခေါင်းရှုံ့သံ ရန်ကိုင့်နားထဲ မြည်ဟည်းသွားသည်။ ကဲလော့သည် ရန်ကိုင် အသက်ကို ယူရန် အလျင်မလိုသေးသည့်ပုံပင်။ ရန်ကိုင်သည် အားလုံးထဲတွင် အားအနည်းဆုံးဖြစ်သည်။ ထို့ကြောင့် သူ့အား သတ်ရန် အလွယ်ဆုံး ဖြစ်သည်ဟု ကဲလော့ ထင်နေပါသလား။
“ဆရာ” ကျိုးချုန်းအသံ တစ်နေရာမှ ပေါ်လာခဲ့သည်။ သူ့လေသံထဲ ပျော်ရွှင်နေသည့် အရိပ်အယောင်တို့ ပါဝင်နေခဲ့သည်။
“ဘာလဲ” ကျန်းယွမ်က ပြန်ထူးလိုက်သည်။
ကျိုးချုန်းအသံ ပြတ်တောက်သွားပြီး ရုတ်တရက် ထအော်လေသည် “မင်း...”
ကျိုးချုန်းသည် မယုံကြည်နိုင်စရာ တစ်ခုခုကို မြင်လိုက်သည့်လား။ သူ့နေရာမှ နတ်ဆိုးချီတို့ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး အားလုံးကို အော်ဟစ် သတိပေးလိုက်သာ “အကုန်လုံး သတိထာကြီး။ ဒီကောင်က သွေးပင်လယ်ထဲမှာ သူ့ရုပ်ကို ကြိုက်သလို ပြောင်းလို့ရတယ်”
အကုန်လုံး၏ မျက်နှာ ဖြူလျော်သွားခဲ့သည်။
ယခုမှပဲ အစေားလေးတင်က ကျိုးချုန်၏ လေသံထဲ စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်တို့ ဘာကြောင့် ပါဝင်နေမှန်း သူတို့ နားလည်သွားခဲ့သည်။ ကဲလော့သည် နတ်ဆိုးဗိုလ်ချုပ်ကြီး ကျန်းယွမ် အယောင်ဆောင်လျက် ကျုံးချုန်အား သွားတွေ့ခြင်း ဖြစ်ရပေမည်။
ကျိုးချုန် အကာအကွယ် မဲ့နေသည်ကို အခွင့်ကောင်းယဓကာ ကဲလော့က အလစ်ချောင်း တိုက်ခိုက်လိုက်သည်။
“ကျိုးချုန်” ရွှယ့်လီ အော်ခေါ်လိုက်သည်။ သို့သော် ပြန်ထူးသံမကြားရ။
ရန်ကိုင်လက်ထဲရှိ သွေးအဆီအနှစ် ကျောက်တုံးသည် နောက်ထပ် သွေးများကို ထပ်မံစုပ်ယူပြန်သည်။ ကျိုးချုန် သေသွားခဲ့လေပြီ။
“ကျိုးချုန်” မန်ကဲကလည်း အော်ခေါ်လိုက်သည်။
နတ်ဆိုးဗိုလ်ချုပ်လေးယောက်သည် အမြဲတမ်း မတြည့်ကြသော်လည်း သူတို့ အဖော်နှစ်ယောက် ဤမျှ မြန်မြန် ကျဆုံးသွားသည်ကို မြင်သော် မန်ကဲနှင့် ရွှယ့်လီတို့ နှစ်ယောက်စလုံး အတော်လေးကိုမှ စိတ်ညစ်နေခဲ့ကြသည်။
ကျန်းယွမ်၏ အမူအရာသည်လည်း အတော့်ကိုမှ သုန်မှုန်နေခဲ့သည်။ အံတင်းတင်းကြိတ်လျက် ကျန်းယွမ်က ဆိုလိုက်သည် “မင်းပြန်ပေးဆပ်ရမယ်။ ငါမင်းကို ပြန်ပေးဆပ်ရအောင် လုပ်မယ်လို့ ဒီစီနီယာ ကျိန်ဆိုတယ်ကွ”
“မင်းမှာ အဲ့လိုအရည်အချင်း မရှိသေးဘူး” ကဲလော့က နှာခေါင်းရှုံ့၍ လှောင်ပြောင်လိုက်သည် “မင်းတို့ မျိုးနွယ်စုက အဲ့ပညာရှင်သာ အသက်ရှင်နေသေးရင်တော့ ငါတို့ ကလန်လည်း ပေါ်လာရဲမှာမဟုတ်ဘူး။ ဒါပေမယ့် သူ့အခု မရှိတော့ဘူးကွ။ အခုလောလောဆယ် ဒီလောကကြီးမှာ ငါ့ကိုအနိုင်ယူနိုင်တဲ့လူ ဘယ်သူမှမရှိတော့ဘူး။ စိတ်ချထားလိုက်။ ငါမင်းကို သတ်ပြီးတာနဲ့ မင်းရဲ့ အသွေးအသားကိုသုံးပြီး မင်းရုပ်တည်နဲ့တူတဲ့ ငါ့ကလန်သားတွေကို ပြန်ဖန်တီးပေးမယ်။ အဲ့လိုဆို မင်းလည်း ငါတို့ထဲက တစ်ယောက် ဖြစ်လာလို့ရပြီ”
ကဲလော့ ရူးသွပ်စွာ အော်ဟစ်ရယ်မောနေခဲ့သည်။ အရိုးမျိုးနွယ်စု၏ တားမြစ်ပညာရပ်ကို ထုတ်သုံးပြီးနောက် အောင်ပွဲသည် သူ့လက်ထဲတွင် ကျိန်းသေ ရှိနေပြီဟု ယုံကြည်သွားသည့်ပုံပင်။
“မင်းက ငါ့လမ်းမှာ တစ်ကြိမ်ပြီး တစ်ကြိမ် ပိတ်ရပ်နေတာ။ တကယ်ဆိုရင် ငါမင်းကို အရင်သတ်သင့်တာ” ကဲလော့၏ အသံ ရန်ကိုင်နားထဲ ထပ်မံ ထွက်ပေါ်လာခဲ့သည်။ သူသည် လူနှစ်ယောက်ကို သတ်ခဲ့ပြီးသွားလေပြီ။ သို့သော် မည်သည့် သွေးချီမှ မရခဲ့။ ထိုသွေးအားလုံးကို ရန်ကိုင်လက်ထဲရှိ သွေးအဆီအနှစ် ကျောက်တုံးက စုပ်ယူသွားခဲ့ပေသည်။ ထို့ကြောင့် ကဲလော့ အလွန်ကိုမှ စိတ်ညစ်နေခဲ့ရသည်။
နတ်ဆိုးဗိုလ်ချုပ် နှစ်ယောက်ကို သတ်လိုက်ခြင်းဖြင့် နှစ်ပေါင်းများစွာ သူ့ရင်ထဲ မြိုသိပ်ထားခဲ့ရသော အမုန်းတရားကို လျှော့ချနိုင်လိုက်ပြီ ဖြစ်လေရာ ယခု ကဲလော့သည် ရန်ကိုင်ဘက်သို့ လှည့်လာခဲ့လေပြီ။
အရိုးလှံတစ်ချောင်သည် သွေးပင်လယ်ကို ဖြတ်လျက် ရန်ကိုင်ဆီသို့ တိုးဝင်သွားသည်။
အရိုးလှံဖြတ်သန်းသွားသည်ကို မည်သူမှ သတိမပြုမိခဲ့။
ရန်ကိုင် ထိုအရိုးလှံကို သတိပြုမိလိုက်သည့်အချိန်တွင် သူ့၌ ရှောင်ရန် အချိန်မရှိတော့ချေပြီ။
“သခင်၊ သတိထား” ဟန်ဖေးသည် ပတ်ဝန်းကျင်ကို သေသေချာချာ သတိထား စောင့်ကြည့်နေသည်။ ထို့ကြောင့် အရိုးလှံပေါ်လာသည်ကို သတိပြုမိလိုက်သည်နှင့် ရန်ကိုင်ကို ချက်ချင်း အော်ဟစ်သတိပေးလိုက်လေသည်။
စွက်...
အရိုးလှံတံသည် ရန်ကိုင်ဗိုက်ကို ဖောက်ထွက်သွားခဲ့ပြီး ထိုနေရာမှ ရွှေရောင်သန်းနေသည့် သွေးတို့ စီးကျလာခဲ့သည်။
“သခင်” လီရုန်လည်း တစ်ခုခု မူမမှန်သည်ကို ချက်ချင်း သတိပြုမိလိုက်ပြီး အလန့်တကြား လှမ်းအော်မေးလေသည် “ဟန်ဖေး၊ သခင်အခြေအနေ ဘယ်လိုရှိလဲ”
ဟန်ဖေး ပြန်မဖြေခဲ့ချေ။ သူမလည်း ရန်ကိုင် အခြေအနေ ဘယ်လိုရှိလဲ မသိချေ။ ရန်ကိုင်နားတွင် ရပ်နေသည့်တိုင် ဘေးပတ်လည်ရှိ သွေးများကြောင့် ရန်ကိုင်ကို မမြင်ရချေ။
သို့သော်လည်း သူမ၏ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ရန်ကိုင် အရှိန်အဝါ မတည်မငြိမ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ရန်ကိုင် ကဲလော့၏ လှံတံစာမိသွားမှန်း သတိပြုမိလိုက်သည်နှင့် ဟန်ဖေး တုန်လှုပ်ခြောက်ခြားသွားလေသည်။
“ငါအဆင်ပြေတယ်” ရန်ကိုင်က သူ့လေသံကို တည်ငြိမ်အောင်ထိန်းရင်း သူ့ဝမ်းဗိုက်ကို စိုက်ဝင်နေသော လှံတံကိုစိုက်လျက် ပြန်ပြောလိုက်သည်။
သွေးပင်လယ်ထဲထဲ လှံတံ၏ အခြားတစ်ဖက်ကို ကိုင်ထားသည့် လူသားပုံစံ ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။
ကဲလော့ သူ့အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည်နေသည်ကို ရန်ကိုင် ခံစားမိလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ပညာရှင်အကြောင်း ခင်ဗျား ခဏခဏ ပြောနေတာကို ကျုပ်ကြားတယ်။ ခင်ဗျားသူ့ကို အဲ့လောက်တောင် ကြောက်နေတာလား” ရန်ကိုင်က လေးနက်တည်ကြည်သည့် အမူအရာဖြင့် မေးလိုက်သည်။
“ကြောက်တာပေါ့” ကဲလော့က တုန့်ဆိုင်းခြင်းမရှိ ချက်ချင်း ပြန်ဖြေလိုက်သည် “ငါက သူ့ပြိုင်ဘက်ဖြစ်ဖို့တောင် ထိုက်တန်တာ မဟုတ်ဘူး။ သူ့သာမန်ကာလျှံကာ ရိုက်ချက်တစ်ချက်ကြောင့် ငါပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး တစ်ခါတည်း တန်းသတိလစ်သွားခဲ့တာ။ ငါ့ကလန်က ပညာရှင် အများကြီးကိုလည်း သူပဲ သတ်သွားခဲ့တာ။ ငါသူ့ကို မကြောက်ဘဲ ဘယ်နေမှာလဲ”
ပြောနေရင်း အရိုးလှံတံကို မွှေ့ချလိုက်ရာ ရန်ကိုင် မျက်နှာတစ်ပြင်လုံး နာကျင်မျုကြောင့် ရှုံ့မဲ့သွားခဲ့ရသည်။
“ဒါပေမယ့် အဲ့လို သတိလစ်သွားလို့ပဲ ငါလည်း အသတ်မခံခဲ့ရတာ” ကဲလော့က ရူးသွပ်စွာ ရယ်မောလိုက်ပြီး “အခုတော့ နှစ်ထောင်နဲ့ချီကြာသွားလို့ သူလည်း သေသွားပြီ။ သက်တမ်းပိုင်းမှာ ဘယ်မျိုးနွယ်စုမှ ငါတို့ မျိုးနွယ်စုကို မယှဉ်နိုင်ဘူး”
သူတို့ အသက်ရှင်နိုင်၊ မရှင်နိုင်သည် အရိုးပေါ်တွင် မူတည်နေလေရာ သူတို့၏ အရိုးသာ မပျက်စီးသွားသရွေ့ သေလိမ့်မည် မဟုတ်ချေ၊။
“သူမသေသေးဘူလို့ ကျုပ်ပြောရင်ကော” ရန်ကိုင်က တိုးတိုးလေး ရေရွတ်လိုက်သည်။
ရန်ကိုင်ရှေ့ရှိ သွေးပုံရိပ် တုန်ရီသွားခဲ့သည်။ ရန်ကိုင် စကားကြောင့် ကဲလော့ ကယောင်ချောက်ချား ဖြစ်သွားရ၏။ သူ့ဆီမှ ကြောက်မက်ဖွယ် အရှိန်အဝါတို့ ဖြာထွက်လာပြီး ချက်ချင်း ပြန်အော်ပြောလေသည် “မဖြစ်နိုင်ဘူး။ သူ့အရှိန်အဝါ ပျောက်ကွယ်သွားတာကို ငါသေချာ အာရုံခံမိပြီးသား။ သူအသက်ရှင်နေသေးတယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ အရင်စစ်ပွဲပြီးသွားကလည်းက သူက မီးစာကုန်ခါနီး မီးတိုင်လို ဖြစ်နေတာ။ သူသေသွားပြီ၊ မင်းငါ့ကို လာလှည့်စားလို့မရဘူး”
“အဲ့လိုဆို ခင်ဗျားမျက်လုံးကို သေချာ ဖွင့်ပြီး သူအသက်ရှင်၊မရှင် ကြည့်ကြည့်လိုက်” ရန်ကိုင် အမူအရာ ကြမ်းတမ်းသွားခဲ့ပြီး သူ့ဝမ်းဗိုက်ရှိ ဒဏ်ရာကို လက်ချောင်းထိပ်ဖြင့် သုတ်လျက် သူ့ဘယ်ဘက် မျက်လုံးဆီ ထိုလက်ကို တင်လိုက်သည်။
သူ့လက်ထိပ်ရှိ ရွှေရောင်သွေးသည် ဘယ်ဘက်မျက်လုံးထဲ စိမ့်ဝင်သွားခဲ့ပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။
ရန်ကိုင်၏ အဖြူအနက်မျက်လုံးများသည် ချက်ချင်း ဆိုသလို ကြောက်မက်ဖွယ်ကောင်းစွာ ဖြူစွတ်သွားခဲ့သည်။
ခဏအကြာ ထိုဘယ်ဘက်မျက်လုံးဆီမှ မြင့်မြတ်ထည်ဝါသော ရွှေရောင်အလင်းတန်းတို့ ထွက်ပေါ်လာပြီး ဖြူစွတ်နေသော သူ့မျက်လုံတစ်ခုလုံး ရွှေရောင်ပြောင်းသွားခဲ့လေသည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၇၅) သေရေးရှင်ရေး အခြေအနေ
သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးထဲတွင် မဟာနတ်ဆိုး နတ်ဘုရား၏ နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်သော ဝိဥာဉ် သုတ်သင်ခြင်း ရွှေရောင်အလင်းတန်း ပါဝင်နေသည်။
ထိုဆန်းကြယ်သော ရွှေရောင်အလင်းတန်း၏ မည်ကဲ့သို့ အလုပ်လုပ်သလဲ ဆိုသည်ကို သူမသိသလို နောက်ကွယ်ရှိ နိယာမများကိုပင် သူမသိချေ။ သူသိသည်ကား မဟာနတ်ဆိုး နတ်ဘုရားသည် ထိုရွှေရောင်အလင်းကို အသုံးပြု၍ အမျိုးမျိုးသော ဝိဥာဉ်များကို သန့်စင်သုတ်သင်ပစ်နိုင်သည် ဆိုသောအချက်ပင်။
သို့သော်လည်း ထိုသုတ်သင်ခြင်းနတ်ဆိုးမျက်လုံး သူ့ဘယ်ဘက်မျက်လုံးတွင် ပေါ်လာသည့် အချိန်မှစ၍ ကမ္ဘာလောကကြီးအပေါ် ရန်ကိုင်၏အမြင် တစ်မျိုးတစ်မည် ပြောင်းလဲသွားခဲ့သည်။
ပြင်ပလောကကြီးတစ်ခုလုံး တုန်ခါလာပြီး သွေးပင်လယ်သည်လည်း လှိုင်းထန်လာခဲ့သည်။ လှိုင်းထန်နေသော သွေးပင်လယ်ကြား ဖျော့တော့တော့ ပုံရိပ်တစ်ခု တဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။
ထိုပုံရိပ်သည် ကဲလော့ပင် ဖြစ်သည်။
ထိုပုံရိပ်တွင် ရုပ်ခန္ဓာမဟုတ်။ စိတ်စွမ်းအင် သက်သက်ဖြင့်သာ ဖွဲ့စည်းထားသော ကဲလော့၏ နာမ်ဝိဥာဉ်သာ ဖြစ်ပေသည်။ (ဝိဥာပုံရိပ်အစား နာမ်ဝိဥာဉ်ဟု ပြောင်းလဲသုံးနှုန်းသွားပါမည်)
သူ့ရုပ်ခန္ဓာတစ်ခုလုံး ပေါက်ကွဲသွားခဲ့ပြီး သွေးကန်တောအုပ် ဖြစ်လာခဲ့သည်။ သူ့အရိုးများသည်လည်း တစ်စစီပျက်စီးသွားကာ သွေးပင်လယ်ထဲ ပြန့်ကျဲသွားပြီး သူ၏ ကြောက်မက်ဖွယ်အကောင်းဆုံးသော၊ အသေသတ် လက်နက်များ ဖြစ်လာခဲ့ရသည်။
လက်ရှိတွင် ကဲလော့၏ နာမ်ဝိဥာဉ်သည် ရန်ကိုင်၏ ဝမ်းဗိုက်ကို ထိုးဖောက်သွားသော အရိုးလှံကို ကိုင်၍ ရန်ကိုင်ရှေ့တွင် ရပ်နေခဲ့သည်။ ရွှေရောင်သွေးများသည် ရန်ကိုင်၏ ဝမ်းဗိုက်မှတစ်ဆင့် သွေးပင်လယ်ထဲသို့ စီးကျသွားခဲ့သည်။ သို့သော် သွေးပင်လယ်နှင့် ရွှေရောင်သွေးသည် အတူတကွ ပေါင်းစပ်သွားခြင်း မရှိဘဲ သွေးပင်လယ်သည် ရွှေရောင်သွေးဆီမှ ရှောင်ကွင်းသွားခဲ့သည်။
ရန်ကိုင်၏ ဘယ်ဘက်မျက်လုံးကို ကြည့်နေရင်း ကဲလော့ သူ့မျက်လုံးသူ မယုံနိုင်အောင် ဖြစ်နေခဲ့သည်။ ထိုမြင့်မြတ်ထည်ဝါသော ရောင်စဉ်ရောင်ဝါတို့သည် လွန်ခဲ့သော နှစ်ပေါင်းမျာစွာက ပြိုင်ဘက်ကင်း ပညာရှင်ကို ပြန်တွေ့နေသလို သူ့အား ခံစားရစေသည်။
အတိတ်တွင် ထိုပညာရှင်၏ သာမန်ကာလျှံကာ ရိုက်ချက်တစ်ချက်ကြောင့် သူသတိလစ်သွားခဲ့ရသည်။ အစမှအဆုံးထိ ထိုပညာရှင်သည် သူ့အား တစ်ချက်ပင် မကြည့်ခဲ့ချေ။ ထိုအဖြစ်အပျက်သည် ကဲလော့၏ နှလုံးသားထဲ အရိပ်မည်းကြီးသဖွယ် တစ်သက်လုံး လိုက်လံ အနှောင့်အယှတ်ပေးခဲ့သည်။ နှစ်ပေါင်းများစွာကြာအောင် အိပ်စက်နေစဉ်တွင်ပင် ထိုပညာရှင် သူ့အား ခြေရာခံပြီး လိုက်သတ်မည်ကို တွေးကြောက်ခဲ့ရသည်။
ကဲလော့သည် နှစ်ပေါင်းများစွာကြာသည်အထိ ပုန်းအောင်းနေခဲ့ပြီး ထိုပညာရှင်၏ အရှိန်အဝါ လုံးဝ ပျောက်ကွယ်သွားသည့် အခါမှသာ သူ့ကလန်သားများနှင့် အတူ ပြန်နိုးထလာရဲခဲ့သည်။
သို့သော် လက်ရှိတွင် သူ့နှလုံးသားထဲ ကြောက်စိတ်တို့ ရိုက်သွင်းပေးခဲ့သော အရှိန်အဝါသည် တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့လေပြီ။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက အထက်စီးဆန်၊ ကြီးစိုးခြယ်လှယ်နိုင်စွမ်း ကြီးမားသော ထိုမျက်လုံးသည် ယခုလက်ရှိတွင် သူ့ရှေ့၌ ရောက်နေခဲ့သည်။
ထိုမျက်လုံးဆီမှ ဆန်းကြယ်သော စွမ်းအားတို့ ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာလောကြီး တစ်ခုလုံးအား ဝါးမြိုနိုင်သယောင် ထင်ရသည့် ဝဲကတော့ကြီးတစ်ခု အဖြစ်သို့ ဖြည်းဖြည်းချင်း သိပ်သည်းသွားခဲ့သည်။ ထိုဝဲကတော့ဆီမှ မမြင်နိုင်သော လက်ကြီးတစ်ဖက် ထွက်ပေါ်လာပြီး သူ့နာမ်ခန္ဓာကိုယ်အား အထဲသို့ ဆွဲခေါ်နေသည့်နှယ် ကဲလော့ ခံစားလိုက်ရသည်။ ထိုထဲသို့သာ ဆွဲခေါ်သွားခံရလျှင် ဘယ်တော့မှ ပြန်ထွက်လာနိုင်လိမ့်မည် မဟုတ်မှန်း သူ၏ မသိစိတ်က သူ့ကို သတိပေးနေခဲ့သည်။
“မဖြစ်နိုင်ဘူး...” ကဲလော့ သွေးရူးသွေးတန်း အော်ဟစ်လိုက်သည်။ သူ့နာမ်ခန္ဓာဆီမှ အားကောင်းသော စိတ်စွမ်းအင်တို့ ဖြာထွက်လာပြီး ရွှေရောင်မျက်လုံး၏ စုပ်ယူအားကို အသည်းအသန် ခုခံတော့လေသည်။
“ကဲလော့ ခင်ဗျား သေနေ့စေ့ပြီ။ အေးအေးဆေးဆေး ကိုယ့်သေခြင်းတရားကို လက်ခံလိုက်တော့” ရန်ကိုင်က ဖြည်းဖြည်းချင်း ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ဝမ်းဗိုက်ရှိ ဒဏ်ရာကို ဂရုမစိုက်နိုင်တော့ဘဲ စကားလုံးများသုံး၍ ပရမ်းပတာ ဖြစ်နေသော ကဲလော့၏ စိတ်အခြေအနေကို အဆက်မပြတ် အနှောင့်အယှတ် ပေးလေသည်။
“မင်းက သူမဟုတ်ဘူး” ကဲလော့က ထိတ်လန့်တကြား အော်ဟစ်လိုက်သည် “သူ့မျက်လုံး မင်းမှာ ရှိနေရင်တောင် မင်းက သူမဟုတ်ဘူး။ သူက သေသွားပြီ”
ကဲလော့၏ နာမ်ဝိဥာဉ်သည် သွေးပင်လယ်ထဲ အလျင်အမြန် ပြေးပုန်းတော့လေသည်။ ထို့နောက် အရူးအမူးအော်ဟစ်ရင်း အရိုးလှံများစွာကို ရန်ကိုင်အား တိုက်ခိုက်ရန် ထိန်းချုပ်စေခိုင်းလေသည်။
လက်ရှိတွင် သူသည် ရန်ကိုင်အား အန္တရာယ် အများဆုံးသော ရန်သူအဖြစ် သတ်မှတ်လိုက်လေပြီ။
သူတို့အပေါ်တွင် သက်ရောက်နေသော ဖိအား လျော့နည်းသွားသဖြင့် မျိုးနွယ်စုသုံးခုမှ ခေါင်းဆောင်များသည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ကြသည်။
လက်ရှိတွင် ကဲလော့သည် ရန်ကိုင် တစ်ယောက်တည်းကိုသာ အာရုံစိုက်ထားသဖြင့် အခြားသူများကို ဖိနှိပ်ချိန် မပေးနိုင်တော့လေရာ ရန်ကိုင်မှအပ အခြားလူများအပေါ် သက်ရောက်နေသော သွေးကန်တောအုပ်၏ အကျိုးသက်ရောက်မှုသည် သိသိသာသာကို လျော့နည်းသွားခဲ့ရသည်။
“ရေခဲသလင်းဒိုင်း” အော်ဟစ်လိုက်ရင်း ဟန်ဖေးသည် သူမ၏ ရေခဲဓါးကို ပိုင်းချလိုက်ကာ ရန်ကိုင်ရှေ့ ဧရာမရေခဲဒိုင်းကြီး တစ်ခုကို ဖန်တီးလိုက်လေသည်။
လီရုန်သည်လည်း ရန်ကိုင်ဘေးဘက်သို့ ပျံသန်းလာပြီး ရန်ကိုင်ဆီသို့ တိုးဝင်လာနေသော အရိုးလှံတစ်ချောင်းကို သူမ၏ နတ်ဆိုးချီဖြင့် ချုပ်ကိုင်ကာ ရှေ့ဆက်မသွားနိုင်အောင် တားဆီးထားလိုက်သည်။
ကျန်းယွမ်၊ မန်ဝူရ၊ ချူလင်းရှောင်၊ မိုကြိုးနဂါးနှင့် အခြားသူများသည်လည်း တစ်ပြိုင်တည်း တက်လာကြပြီး ပညာရပ်မျိုးစုံကိုသုံးကာ အရိုးလှံများကို တားလိုက်ကြသည်။
ပညာရှင်ဆယ်ယောက်သည် အတူတကွ ပေါင်းစည်းလျက် ရန်ကိုင်အား ကာဆီးပေးနေသည့် အတွက် ရန်ကိုင်အနေဖြင့် တစ်ချက်ကလေးမှ မလှုပ်ရှားသော်ငြား ကဲလော့၏ အရူးအမူး တိုက်ခိုက်မှုများသည် သူ့အပေါ် ထိခိုက်မှုမရှိ ဖြစ်နေခဲ့သည်။
ထို့အပြင် ရွှေရောင်မျက်လုံး ထွက်ပေါ်လာသည်နှင့် အားလုံး၏ အမြင်အာရုံကို ကန့်သတ်ထားမှုများ အတော်လေး လျော့ပါးသွားခဲ့သဖြင့် အကုန်လုံးသည် ပတ်ပတ်လည် မီတာ ငါးဆယ်ပတ်လည်ကို ပြန်မြင်လာနိုင်ခဲ့ကြသည်။
ကဲလော့သည် သွေးပင်လယ်ထဲတွင် ပုန်းအောင်းနေဆဲပင်။ သူ့ကိုယ်သူ ကိုယ်ထင်မပြရဲခဲ့။
အရိုးမျိုးနွယ်စု၏ တားမြစ်ပညာရပ်ကို အသုံးပြုရန် အတွက် သူ့အသွေးအသားကို ဖောက်ခွဲပစ်ခဲ့သဖြင့် နာမ်ဝိဥာဉ်သာ ကျန်ရစ်ခဲ့ရသည်။ ဤနေရာတွင် သူသည်သာ အရှင်သခင် ဖြစ်မည်ဟု ထင်ထားခဲ့သော်ငြား လက်တွေ့သည် ထင်ထားသည်နှင့် တလွဲဖြစ်နေခဲ့လေသည်။
သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် ဝိဥာဉ်များကို ဖိနှိပ်ရာတွင် အလွန်တရာကိုမှ အကျိုးသက်ရောက်မှု ရှိသည်။ သူ့တွင် ရုပ်ခန္ဓာမရှိတော့ပြီ ဖြစ်လေသဖြင့် ရန်ကိုင်ရှေ့ ကိုယ်ထင်မပြရဲတော့ချေ။
ရွှစ်... ရွှစ်... ရွှစ်...
အရိုးလှံတံများသည် ရန်ကိုင်တို့အဖွဲ့ပေါ်သို့ မိုးသီးမိုးပေါက်များသဖွယ် ကျဆင်းလာခဲ့သည်။ သွေးပင်လယ်ထဲ သွေးနီရောင် နဂါးများစွာ ဖြစ်ပေါ်လာပြီး ရန်ကိုင်တို့အဖွဲ့အား အရူးအမူး တိုက်ခိုက်ကြသည်။
ပညာရှင်ဆယ်ယောက်စလုံးသည် ထိုတိုက်ခိုက်မှုများကို ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။ စိတ်ဓါတ်ကျတုန်လှုပ်နေသည့် အရိပ်အယောင်တို့ စိုးစဉ်းမျှမပြတော့။ ရန်ကိုင်ဘေးတွင် ရပ်တွင်ရပ်နေမည်ဆိုပါက သွေးပင်လယ်ထဲ လမ်းပျောက်နေတော့မည် မဟုတ်လေရာ ကဲလော့အား ဘာကြောင့် ကြောက်နေရတော့မည်နည်း။
“အဲ့နေရာကို ကောင်းကင်စိတ်အာရုံသုံးပြီးတော့ တိုက်ခိုက်ကြ။ ကဲလော့မှာ နာမ်ဝိဥာဉ်ပဲ ရှိတော့တယ်” ရန်ကိုင်က အရပ်မျက်နှာတစ်ခုဆီ လက်ညိုးထိုး ညွှန်ပြရင်း အော်ပြောလိုက်သည်။
“နာမ်ဝိဥာဉ်လား” ထိုစကားကို ကြားကြားချင်း ကျန်းယွမ် ကြောင်သွားခဲ့သည်။ သို့သော် ရုတ်တရက် ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီး “ကောင်းတယ်။ နာမ်ဝိဥာဉ်နဲ့ ငါတို့ဆီကနေ သူဘယ်လောက်ကြာအောင် ပုန်းနေနိုင်မလဲ ငါတကယ် မြင်ချင်သေးတယ်”
ပြောပြီးသည်နှင့် ပညာရှင်ဆယ်ယောက်စလုံး၏ ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုများသည် ရန်ကိုင် ညွှန်ပြရာအရပ်ဆီ စုပြုံကျရောက်သွားလေသည်။
ထိုအသံတိတ်၊ မမြင်နိုင်သော တိုက်ခိုက်မှုများ ကျရောက်သွားသည့် နေရာမှ ကြောက်မက်ဖွယ်ရာ စိတ်စွမ်းအင်လှိုင်းတို့ ပေါက်ကွဲထွက်လာခဲ့သည်။
ကဲလော့ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
နောက်ဆုံးတွင် သူဒဏ်ရာရသွားခဲ့လေပြီ။
သူသည် သူတော်စင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် နီးကပ်နေသည့်တိုင်၊ ထိပ်တန်းအဆင့် ပညာရှင် ဆယ်ယောက်၏ စုပေါင်း ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုကို မခုခံနိုင်ပါချေ။
“အဲ့မှာ” ရန်ကိုင်က အခြား အရပ်မျက်နှာတစ်ခုဆီ ထပ်ညွှန်ပြလိုက်သည်။ သူညွှန်ပြရာအရပ်မျက်နှာဆီသို့ ပညာရှင်ဆယ်ယောက်စလုံး ကောင်းကင်စိတ်အာရုံဖြင့် တိုက်ခိုက်ကြပြန်သည်။
သွေးပင်လယ်တစ်ခုလုံး ထပ်မံ တုန်ခါလာပြီး ကဲလော့ ထိန်းချုပ်ထားသော အရိုးလှံတံများသည်လည်း အဖျက်အား မရှိတော့သော အရိုးများ ဖြစ်သွားခဲ့ရသည်။ သွေနဂါးများ ပျက်စီးသွားပြီး သွေးပင်လယ်ထဲ ပြန်လည် ပျော်ဝင်သွားသည်။
ကဲလော့တွင် သွေးနဂါးများနှင့် အရိုးလှံတံများကို ထိန်းချုပ်ရန် စွမ်းအင် မရှိတော့သည့်ပုံပင်။ သူ့အနေဖြင့် ပညာရှင်ဆယ်ယောက်၏ ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုများကို ရှောင်နေရုံသာ တတ်နိုင်တော့သည်။
“ဒီဘက်မှာ” ရန်ကိုင်က ထပ်ညွှန်ပြလိုက်သည်။
ပညာရှင်ဆယ်ယောက်စလုံး၏ တိုက်ခိုက်မှုများ ထိုနေရာဆီသို့ ထပ်မံ ကျရောက်သွားပြန်သည်။
လက်ဖက်ရည်ခွက်တစ်ဝက်စာ ကြာပြီးနောက် အားလုံးအား ဝိုင်းရံထားသော သွေးပင်လယ် ပေါက်ကွဲထွက်သွားခဲ့သည်။
အကုန်လုံး၏ အမြင်အာရုံ ပြန်ရလာပြီး အရိုးမျိုးနွယ်စု၏ တားမြစ်ပညာရပ်ဖြစ်သော သွေးကန်တောအုပ်သည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ။
သူတို့နှင့် မလှမ်းမကမ်းတွင် အရိုးလှံတံများနှင့် သွေးများသည် ကဲလော့အဖြစ် ပြန်လည်ပေါင်းစည်းသွားခဲ့၏။
သူ့တစ်ကိုယ်လုံးကို ဖောက်ခွဲခဲ့သည့်တိုင် မူရင်းပုံစံ ပြန်ပြောင်းနိုင်ပေသေးသည်။
“အရိုးမျိုးနွယ်စုရဲ့ တားမြစ်ပညာရပ်မပါဘဲ ငါတို့ကို မင်းဘယ်လိုဆက်တိုက်မလဲ ငါမြင်ချင်သေးတယ်” ကျန်းယွမ်က လှောင်ပြောင်စကား ဆိုလိုက်သည်။
အခြားပညာရှင်များသည်လည်း ကဲလော့အား အမဲဖျက်ခံရတော့မည့် သားကောင်တစ်ကောင်နှယ် စိုက်ကြည့်နေကြသည်။ သွေးပင်လယ်ထဲတွင် အကုန်လုံးသည် ကဲလော့ ကြိုးဆွဲရာ ကခဲ့ကြရသည်။ သူတို့သည် ဤလောကကြီးတွင် အထွဋ်အထိပ်တွင် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သော ပညာရှင်များ ဖြစ်လေရာ အားလုံးတွင် ကိုယ်ပိုင်မာန ရှိကြပေသည်။ ကဲလော့၏ လုပ်ရပ်သည် သူတို့မျက်နှာကို ဖြတ်ရိုက်လိုက်သည်နှင့် မခြားချေ။
ယခု သွေးပင်လယ်ထဲမှ လွတ်မြောက်လာခဲ့ပြီ ဖြစ်လေရာ ကဲလော့ သူတို့အပေါ် လုပ်ခဲ့သည်များအတွက် ပြန်လည် လက်စားချေရတော့ပေမည်။
ကဲလော့ အပြည့်အဝ ပြန်ကောင်းလာသည်အထိပင် မစောင့်တော့ဘဲ ပညာရှင်ဆယ်ယောက်စလုံး သူ့အား ဝိုင်းလိုက်ကြရသည်။ ကဲလော့ ပြေးပေါက်ပိတ်လေပြီ။
နောက်ဆုံး ကဲလော့ ထိတ်လန့်လာခဲ့ရလေပြီ။ သူ့မျက်နှာ ဖြူလျော်လာပြီး အစိမ်းရင့်ရောင်မျက်လုံးထဲ ကြောက်ရွံ့မှုနှင့် နောင်တတရားတို့ ရစ်သိုင်းလာခဲ့သည်။
ဤမျှစောစောမနိုးထသင့်လိုက်ဘဲ နောက်ထပ် နှစ်တစ်ထောင်လောက် ထပ်အိပ်နေလိုက်သင့်သည်ဟု ကဲလော့ တွေးမိလာခဲ့ပြီ။
“ကဲလော့၊ ခင်ဗျား တစ်ခုခုကို မေ့နေတာလား” ရန်ကိုင်က ကဲလော့အား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။
ကဲလော့ ရန်ကိုင်ဘက်သို့ လှည့်ကြည့်လိုက်သည့်အခါ သူ့မျက်လုံးများ မှေးစဉ်းသွားရသည်။
သူမြင်လိုက်သည်ကား ရန်ကိုင် ဝမ်းဗိုက်ထဲသို့ သူထိုးစိုက်လိုက်သော အရိုးလှံတံပင်။
ထိုလှံတံတစ်ချောင်းလုံးသည် အသန့်စင်ဆုံးသော ကျောက်စိမ်းသားနှယ် အလွန်တရာကိုမှ ချောမွတ်၊ တောက်ပြောင်နေသည်။ တစ်ချိန်တည်းတွင် ထိုထဲ၌ ကြောက်မက်ဖွယ်ရာ စွမ်းအင်တို့ ကိန်းအောင်းနေ၏။ သူသည် ရန်ကိုင်အား ထိုလှံတံဖြင့် ထိုးစိုက်ခဲ့ပြီး ယခုထိတိုင် လှံတံသည် ရန်ကိုင်ကိုယ်ထဲတွင် စိုက်ဝင်နေပေသေးသည်။
ထိုလှံကိုမြင်လိုက်သည်နှင့် ကဲလော့ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရလေသည်။ ထိုလှံသည် သူ့ခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သလို ထိုထဲတွင် သူ့အသက်စွမ်းအင်များစွာ ကိန်းအောင်းနေပေသည်။ သူသာ ထိုအရိုးလှံကို ဆုံးရှုံးလိုက်ရမည်ဆိုပါက သူ့ခွန်အား သိသိသာသာကို ယုတ်လျော့သွားရပေလိမ့်မည်။
ရန်ကိုင်အမူအရာ ကြမ်းကြုတ်လာခဲ့ပြီး ထိုလှံကို လက်ဖြင့်ဆုပ်ကိုင်လျက် သူ့ဝမ်းဗိုက်မှ ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။
သူ့အကြည်သည် ကဲလော့ဆီမှ တစ်ကြိမ်လေးပင် မခွာခဲ့။ ဝမ်းဗိုက်သည် နာကျင်နေသည့်တိုင် သူ့မျက်နှာသည် တစ်ချက်ပင် ရှုံ့မဲ့သွားခြင်း မရှိခဲ့။
အရိုးလှံကို ဆွဲထုတ်လိုက်သည်နှင့် ထိုနေရာမှ ရွှေရောင်သွေးတို့ စီးကျလာခဲ့သည်။ ပေါက်နေသော ဝမ်းဗိုက်သည် တဖြည်းဖြည်းချင်း ပြန်ပိတ်သွားခဲ့သည်။
ကဲလော့၏အကြည့်သည် အရိုးလှံပေါ်တွင်သာ ရှိနေခဲ့သည်။ သူ့နှုတ်ခမ်းသည် တဆတ်ဆတ် တုန်ရင်နေခဲ့သည်။ တစ်ခုခုကို ပြောချင်နေသော်လည်း ပြောမထွက်နိုင်သည့် ပုံစံမျိုးပင်။
ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး ကဲလော့အား တည်တည်ငြိမ်ငြိမ်ဖြင့် စိုက်ကြည့်နေလိုက်သည်။ ထို့နောက် ဖြည်းဖြည်းချင်း ပြောလိုက်သည် “ခင်ဗျားတို့ အရိုးမျိုးနွယ်စု အတွက် အရိုးက ခင်ဗျားတို့ရဲ့ အဓိက အသက်စွမ်းအင်၊ ဟုတ်တယ်မလား”
“ဟုတ်တော့ ဘာဖြစ်လဲ” ကဲလော့က အံ့ကြိတ်၍ ဒေါသတကြီး ပြန်ပြောလိုက်သည်။
“ကောင်းတာပေါ့” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ့လက်၌ အနက်ရောင် မီးတောက်တို့ လောင်ကျွမ်းလာခဲ့ပြီး အရိုးလှံတံကို ဆုပ်ကိုင်လိုက်သည်။ မျက်တောင် တစ်ခတ်အတွင်းမှာပင် အရိုးလှံသည် အနက်ရောင် မီးတောက်များကြောင့် ပြာအဖြစ်သို့ ပြောင်းသွားရသည်။
သူ့ရှေ့တည့်တည့်၌ပင် ရန်ကိုင်သည် အရိုးလှံကို ပြာအဖြစ်လောင်ကျွမ်းပစ်လိုက်သည်။
သူ၏ အဖိုးတန်ဆုံးအရာကို ရန်ကိုင်က ဖျက်စီးလိုက်သဖြင့် ကဲလော့မျက်နှာ ဒေါသကြောင့် မည်းမှောင်သွားခဲ့ပြီး အော်ဟစ်လိုက်လေသည် “ငါ့အရိုးကို ဖျက်စီးလိုက်တဲ့အတွက် မင်းပြန်ပေးဆပ်ရမယ်”
“မင်းအဲ့လိုလုပ်ခွင့်ရမှာမဟုတ်ဘူး” မန်ဝူရက ပြန်အော်ပြောလိုက်ပြီး ဟင်းလင်းပြင်ကို ကုတ်ဆွဲလိုက်၏။
ကောင်းကင်ထက်မှ ဥက္ကာပျံတစ်စင်း ကျဆင်းလာသည့်နှယ်၊ နေတစ်စင်းပမာ တောက်ပသော အလင်းလုံးတစ်လုံးသည် ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအင်တို့နှင့်အတူ ကဲလော့ပေါ်သို့ ကျဆင်းလာခဲ့သည်။
“ငါ့နတ်ဆိုးဗိုလ်ချုပ်ကို သတ်တဲ့အတွက် ဒီနေ့ မင်းအလောင်းကို ပြာဖြစ်အောင် နင်းခြေပစ်ပြမယ်ကွ” ကျန်းယွမ်သည် လှံပုဆိန်ကို ကိုင်ဆွဲကာ အနက်ရောင် နဂါးတစ်ကောင်နှယ် ကဲလော့ဆီသို့ ပြေးဝင်သွားသည်။
မန်ကဲနှင့် ရွှယ့်လီတို့သည်လည်း ကျန်းယွမ်နောက်မှ တစ်ပြိုင်တည်း လိုက်ပါသွားကြသည်။
မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီး သုံးယောက်လည်း သားရဲအသွင်သို့ ပြောင်းလျက် ကဲလော့အား တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြလေသည်။
ချူလင်းရှောင်၏ နတ်ဆိုးချုပ်နှောင်ချိန်းကြိုးသည် ကဲလော့အား ချုပ်နှောင်ထားလိုက်သည်။
ကဲလော့သည် အရိုးဒိုင်းများကို သူ့ပတ်ပတ်လည်တွင် ဖန်တီးလိုက်သည်။ ထိုတိုက်ခိုက်မှုများကို မခုခံနိုင်လျှင် ကျိန်းသေ သေရမည်မှန်း ကဲလော့ သိထားသည်။ ထို့ကြောင့် အရိုးဒိုင်းများကိုသုံးကာ သူ့အတွက် အချိန်နည်းနည်းရအောင် ဆွဲလိုခြင်းဖြစ်သည်။
သူ့တွင် တိုက်ခိုက်ရန် ခွန်အား အလုံအလောက် ကျန်ရှိနေပေသေးသည်။