ဒယ်ဖိုင်နတ်ကျောင်း (၁)
Vol. 3 Ch. 130
“အဟွက်... အဟွက်....”
ကျွန်မ အိပ်နေရင်းကနေ ချောင်းဟန့်သံ ကြားလိုက်ရလို့ မော့ကြည့်လိုက်တော့ နက်ဆန့်ကြည့်ရတာ သေတော့မလို ဖြူဖျော့နေပြီ။ စဥ်းစားကြည့်ခါမှ ကျွန်မနဲ့မိုနီကာက သူ့ကို အတင်းဖက်ထားတဲ့အတွက် မကျက်သေးတဲ့ဒဏ်ရာတွေကို ပြန်ဆွပေးသလိုမျိုး ဖြစ်နေတာထင်တယ်။
“ကျွန်မ ကိုယ်လက်သန့်ရှင်းရေး သွားလုပ်လိုက်ဦးမယ်။ ပြီးမှ ပြန်လာခဲ့မယ်။” ကျွန်မ အခုလိုပြောလိုက်ပြီး အမြန်ရထား သန့်စင်ခန်းဆီ သွားဖို့ဆုံးဖြတ်လိုက်တယ်။ မိုနီကာကတော့ မျက်လွှာကိုချထားပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးနဲ့တူအောင် အိပ်စက်နေဆဲပါ။ ဒါပေမဲ့ သူ့နှုတ်ခမ်းတွေက ပြုံးနေတဲ့အတွက် တကယ်အိပ်မနေကြောင်း သိနိုင်ပါတယ်။
“ငါက နက်ဆန်နာမှာစိုးလို့ နင့်ကိုအလျှော့ပေးလိုက်တာ။ ဒါရှုံးသွားတယ်လို့ ဆိုလိုတာမဟုတ်ဘူးနော်။”
ကျွန်မက သတိပေးတဲ့အနေနဲ့ပြောလိုက်ပြီး ရထားလျှောက်လမ်း အတိုင်းဆက်လျှောက်သွားကာ ရထားသန့်စင်ခန်းဆီကို ဦးတည် လိုက်ပါတယ်။
အဲဒီမှာပဲ မျက်နှာသစ်သွားတိုက်ပြီးမှ ပြန်လာတဲ့အခါမှာတော့ နက်ဆန်နဲ့မိုနီကာတို့နှစ်ယောက်လုံးက ကောင်းကောင်းနိုးနေပြီ ဖြစ်ပြီးတော့ မနက်စာမှာစားဖို့အတွက် မီနိူးကြည့်နေပါတယ်။
“ဂရိစတိုင်နို့ကိတ်နဲ့ကော်ဖီသောက်ကြမလား၊ ရှင်းရှင်းလေးနဲ့ အားဖြစ်တယ်လေ။ နာလန်ထလူမမာတွေဖို့ အတော်သင့်တော်မှာ။”
မိုနီကာမက အမြင်ကတ်စရာကောင်းလောက်အောင် နက်ဆန်နား အတင်းကပ်နေပြီးတော့ မနက်စာဘာမှာရမလဲဆိုတာနဲ့ပတ်သက်ပြီး အကြံပေးနေပါတယ်။
“လူကဖြင့် အသက်ရာချီနေပြီ... ခုမှအသက်နှစ်ဆယ်တောင် မပြည့်သေးတဲ့ နက်ဆန်ကို ကလေးကလား ကပ်ချွဲပြနေသေးတယ်။ အံ့ဩပါ့...” ကျွန်မက အခုလိုလို လေသံနဲ့တီးတိုးပြောလိုက်ပေမဲ့ မိုနီကာက ဘယ်လိုကြားသွားတယ်မသိ။ ကျွန်မကို မပါမခန့် ကြည့်လိုက်ပြီးတော့
“ဒီမယ်.... ငါတို့စကူးဘတ်တွေရဲ့သက်တမ်းက လူတွေနဲ့ယှဥ်ရင် ရေတွတ်ဖို့တောင်မဖြစ်နိုင်လောက်အောင် အသက်ရှည်တယ်ဟဲ့။ အသက်သုံးရာဆိုတာ သာမန်သွေးမသန့်တဲ့ စကူးဘတ်တွေအဖို့ ၁၅ နှစ်ပတ်ချာလည်ပဲရှိသေးတာ။ အသက်နှစ်ဆယ်ကျော်နေတဲ့ နင်ကမှ တို့ကိုကိုဒါလင်ကို အတင်းလိုက်ကပ်နေလို့ ရှက်ရမှာ။”
“.....” တကယ်ပဲ ကျွန်မဘာပြောရမှန်းမသိတော့ဘူး။
စကားနိုင်လုနေလည်း မထူးတဲ့အတွက်ကြောင့် ကျွန်မလည်း ကိုယ့်ခုံမှာကိုယ် ထိုင်နေလိုက်ပါတယ်။ မှာစရာရှိတာမှာပြီးတဲ့ နောက်မှာတော့ အပူပေးတဲ့သဲထဲထည့်ဖော်ထားတဲ့ ဂရိကော်ဖီ သုံးခွက်နဲ့ နူးညံ့အိစက်နေတဲ့ နို့ကိတ်သုံးခုကို ရထားမယ်က လာချပေးတယ်။
စားလို့ကောင်းမလားဆိုပြီး ဇွန်းနဲ့ကိတ်ကိုအသာလေးခွဲ ပါးစပ်ထဲ ထည့်ကြည့်ပေမဲ့ နို့အစစ်နဲ့လုပ်ထားတာမဟုတ်ဘဲ နို့မှုန့်တွေထည့် လုပ်ထားတာဖြစ်လို့ အချိုက သဘာဝမကျလွန်ကဲနေပြီးတော့ ကျက်သီးတောင်ထသွားတဲ့အတွက် ဆက်စားဖို့မစဥ်းစားတော့ဘဲ မိုနီကာကိုသာ မကျေမနပ်နဲ့ကြည့်လိုက်မိတယ်။
“စကူးဘတ်တွေများ... အဖြစ်သည်းလိုက်တာ၊ နင်တို့အချစ်က နွားနို့အစစ်နဲ့မလုပ်ဘဲ နို့မှုန့်ထည့်ထားတဲ့ ဒီကိတ်မုန့်လိုပဲ။”
မိုနီကာက ကျွန်မကို မျက်စောင်းထိုးလိုက်တယ်။ နောက်တော့ အာသွယ်လျှာသွက်နဲ့...
“နင်တို့လူသားမိန်းမတွေလည်း ဘာထူးလို့လဲ။ ရာသီ တစ်ရာသီ နှစ်ရာသီပြောင်းသွားတာနဲ့ ချစ်သူက နောက်တစ်ယောက် ဖြစ်သွားတာမျိုး။ အပြောင်းအလဲ မြန်လိုက်တာများ မြောက်လေ တိုက်တာထက်တောင် မြန်သေးတယ်။ ငါတို့စကူးဘတ်တွေက တစ်ယောက်ဆိုတစ်ယောက်ပဲ ထာဝရစွဲစွဲမြဲမြဲ ချစ်တာဟဲ့”
နောက်တော့ မိုနီကာက နက်ဆန်ရဲ့မေးကိုကိုင်လိုက်ပြီးတော့ နမ်းဖို့ပြင်လိုက်တယ်။ ပြီးတော့ အဲဒီအရူးကောင်က ဆန့်ကျင်ဖို့ မကြိုးစားဘဲ အရုပ်ကြီးတစ်ရုပ်လိုမျိုး ရပ်နေခဲ့တာ။ နောက်တော့ ကျွန်မရင်ထဲမှာ အကောင်ကြီးတစ်ကောင်မွေးဖွားလာတယ်လို့ ခံစားမိတယ်။ အဲဒီအကောင်ကြီးက ဟိန်းဟောက်နေပြီးတော့ မကောင်းတဲ့အရာမှန်သမျှလုပ်ဖို့ တိုက်တွန်းနေသလိုပဲ။
နောက်တော့ ကျွန်မရဲ့ဒေါသတွေက နောက်တစ်ခါကျွန်မကို ထိန်းချုပ်သွားပြီး လက်ကအလိုလို ပူလောင်နေဆဲဖြစ်တဲ့ ကော်ဖီခွက်ဆီကိုရောက်သွားတယ်။ နောက်တော့...
ပက်....
မိုနီကာရဲ့လူသားအသွင် အနက်ရောင်ဆံပင်တွေပေါ်ကို ကျွန်မ ကော်ဖီနဲ့လောင်းချလိုက်မိတယ်။ ကော်ဖီကနေထွက်နေဆဲ ရေနွေးငွေ့တွေက အခုမိုနီကာရဲ့ဆံပင်တွေကနေ အူထွက်နေတယ်။ မိုနီကာရဲ့ခန္ဓာကိုယ်က ဒေါသကြောင့် တဆတ်ဆတ်တုန်နေခဲ့ပြီး လက်သီးကို ဆုပ်ထားခဲ့ပေမဲ့ သူက ကျွန်မကိုဘာမှပြန်ပြီးတော့ မလုပ်ခဲ့ဘူး။
“စိတ်မပူပါနဲ့ဒါလင်... ကျွန်မက အခုကနေစပြီး မိန်းမကောင်း ပီသတော့မှာမလို့ ရှင်ပြောဖူးတဲ့အတိုင်းပဲ သူ့ကိုနာကျင်အောင် မလုပ်တော့ပါဘူး။”
ဟိုးအရင်က... တကယ်ပဲ နက်ဆန်ကို မိုနီကာက အခုလိုကတိမျိုး ပေးခဲ့ဖူးတယ်။ ဒါပေမဲ့ အခုလိုအချိန်မျိုးမှာ အဲဒီစကားကို ထုတ်ပြောခဲ့တဲ့အတွက် ကျွန်မရင်ထဲမှာ ပိုပြီးနာကျင်လာတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ကျွန်မတို့ကို လူတွေက ဝိုင်းပြီး ကြည့်နေကြတယ်။ မနေ့ညက ကျွန်မတို့နှစ်ယောက် နက်ဆန်ကို တွယ်ကပ်နေခဲ့တဲ့အတွက် ရထားပေါ်ကလူတွေရဲ့အာရုံစိုက်မှုကို ခံနေရပြီးသား။ အခုလိုထရန်ဖြစ်ချိန်မှာတော့ အားလုံးတုန်လှုပ် ကုန်ပါတယ်။
“ဆယ်ဗီ... စိတ်ကိုငြိမ်ငြိမ်ထားပြီး ပြန်ထိုင်နေလိုက်။” နက်ဆန်က ကျွန်မကို ပြောလိုက်ပေမဲ့ ကျွန်မစိတ်ကို မထိန်းနိုင်ခဲ့ပါဘူး။
“တကယ်ပဲ ကျွန်မဘာလုပ်ရမှာလဲ။ ရှင့်အနားကနေပြီးတော့ ကျွန်မခဏလေးပဲ ပျောက်သွားခဲ့တာလေ။ ဒါကိုတောင်မှ ဒီမိန်းမက ကျွန်မနေရာကို ဝင်ယူထားတယ်။ ကျွန်မဘယ်လိုစိတ်နဲ့ ဆက်ပြီးနေရမှာလဲ။”
နက်ဆန်က ကျွန်မကို မော့ကြည့်လိုက်တယ်။ သူ့အကြည့်တွေထဲမှာ နားမလည်နိုင်မှုတွေ အများကြီးပါနေပါတယ်။ မိုနီကာကတော့ လှောင်ပြုံးပြုံးလိုက်ပြီး...
“ဆယ်ဗီ၊ နင်က အဲဒီလိုပြောရအောင် နက်ဆန်က နင့်အတွက် ဘာမလို့လဲ။ နင်က သူ့ရဲ့ဇနီးလား၊ ရည်းစားလား။”
“အဲဒီလိုမဟုတ်....” ကျွန်မပြန်တွေးကြည့်မိတယ်။ ကျွန်မနဲ့နက်ဆန်မှာရှိနေတဲ့ ဆက်ဆံရေးက အဲဒီလိုပုံစံမျိုး ဟုတ်မနေခဲ့ဘူး။ ပြန်တွေးကြည့်ရင် ဘယ်တုန်းကမှ ကျွန်မက သူ့ကိုချစ်တယ်လို့ မပြောခဲ့ဖူးသလို၊ သူကလည်း ကျွန်မကို ချစ်တယ်လို့ ဖွင့်မပြောခဲ့ဖူးဘူး။
‘ကျွန်မက ရှင့်အတွက် အဲဒီလောက်တောင် အရေးပါတဲ့ လူတစ်ယောက်လား။’ အဲဒီလိုပဲ ကျွန်မမေးခဲ့ဖူးတာ။ အဲဒီတုန်းကတော့ ခေါင်းညိတ်ပြခဲ့တယ်ဆိုပေမဲ့...
လူတစ်ယောက်အတွက် အရေးကြီးတဲ့သူဆိုတာက အမျိုးမျိုး ရှိတယ်မဟုတ်လား။ ဥပမာအနေနဲ့ သူငယ်ချင်းတို့၊ မိသားစုဝင်တို့။ နက်ဆန့်အတွက် ကျွန်မက အရေးပါတယ်ဆိုတာက ထင်သလို မဟုတ်ခဲ့ရင်ရော။ အဲဒီအဖြစ်မှန်နဲ့ပတ်သက်ပြီး ရင်ဆိုင်ရဲတဲ့သတ္တိ ကျွန်မမှာ မရှိခဲ့ဘူးရယ်။
“ကျွန်မ ဘာလုပ်ရမှန်းမသိတော့ဘူး။” ကျွန်မ ငိုရုံပဲတတ်နိုင်တယ်။ အဲဒီနောက်တော့ ကျွန်မရထားတွဲထဲကနေ ထွက်ပြေးသွားခဲ့မိတယ်။
....
“မင်းလုပ်လိုက်တာ နည်းနည်းလွန်တယ်လို့ မထင်ဘူးလား။”
နက်ဆန်က မိုနီကာကို လှည့်ကြည့်လိုက်တယ်။ မိုနီကာကတော့ သူ့ကြောင့် ဆယ်ဗီထွက်ပြေးသွားတာနဲ့ပတ်သက်ပြီး ဘာမှမဆိုင်တဲ့ ပုံစံနဲ့ရှိနေကာ လက်ကိုင်ပုဝါနဲ့ခေါင်းက ကော်ဖီတွေကို ခြောက်အောင်သုတ်နေတယ်။
“နားနေခန်းရောက်ရင် ခေါင်းပြန်လျှော်ရဦးမယ်။ စိတ်ညစ်စရာကြီး။”
“သခင်....”
ရုတ်တရက် အရိပ်ထဲကနေ ခေါ်သံကြားရတဲ့အတွက်ကြောင့် နက်ဆန်က သူ့အရိပ်ကိုငုံကြည့်လိုက်တယ်။ မော်လီဖြစ်မှန်း သူခံစားသိနိုင်ပြီး မော်လီကိုကြည့်ရတာ အစောပိုင်းကဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး သိပ်ရင်ထဲမကောင်းသလို ခံစားနေရပုံ ပေါ်ပါတယ်။
“အခုအချိန်က သခင့်ခံစားချက်တွေနဲ့ပတ်သက်ပြီး သေချာ ရှင်းရှင်းလင်းလင်းလုပ်သင့်တယ်လို့ မထင်ဘူးလား။ သခင့်အနေနဲ့ မိုနီကာကို ပြန်မျက်နှာပေးတယ်ဆိုတာက ဖြစ်သင့်တယ်ဆိုပေမဲ့ ဆယ်ဗီရဲ့ခံစားချက်ကိုလဲ ထည့်တွက်ရဦးမယ်။ နှစ်ယောက်လုံးကို ဒီလိုပဲဆက်ထားနေရင် သခင်နှစ်ယောက်လုံးကို ဆုံးရှုံးရလိမ့်မယ်။”
နက်ဆန်ရဲ့မျက်နှာက တည်ကြည်ပြီးငေးငိုင်နေတယ်။ နောက်တော့ သူကတစ်ခွန်းချင်းစီ ပြောလိုက်ပါပြီ။
“ဆယ်ဗီက ငါ့အတွက်အရေးပါတဲ့သူဆိုပေမဲ့ ငါကသူ့ကို အဲဒီလို မြင်ခဲ့တာမဟုတ်ဘူးလေ။”
“သခင်က သူ့ကိုမိသားစုဝင်တစ်ယောက်လို ဆက်ဆံနေခဲ့တာလား။” မော်လီဆီကနေ ချောက်ချားစရာ လေသံထွက်လာတယ်။
“ ငါ့ဘဝထဲက ပျောက်ကွယ်နေတဲ့ အစိတ်အပိုင်းတစ်ခုလိုပေါ့။”
...
“ဂရိစတား မိုတယ်ကနေ ကြိုဆိုလိုက်ပါတယ်။ ကိုယ့်အိမ် ကိုယ့်ရာလို သဘောထားပြီး တည်းကြပါ။”
သိပ်မကြာခင်မှာပဲ ကျွန်မတို့တွေ ဒယ်ဖိုင်နတ်ကျောင်းရှိတဲ့ နေရာအနီးက ဒေသခံမြို့ငယ်လေးဆီကို ရောက်လာခဲ့တယ်။ မြို့က သေးတဲ့အတွက်ကြောင့် မိုတယ်ပဲရှိပြီးတော့ ထူးထူးဆန်းဆန်းပဲ ဂရိလက်ရွေးစင်ဘောလုံးသမားတွေရဲ့ပုံတွေ အများကြီးချိတ်ထား ခဲ့ပါတယ်။
“ဒီမိုတယ်က ဂရိလက်ရွေးစင်အသင်း ကမ္ဘာ့ဖလားဝင်ခွင့် ခြေစစ်ပွဲကန်ခါနီးရင် လာတည်းနေကျနေရာလေ။ ကစားသမားတွေက နတ်ကွန်းမှာလာပြီး နိမိတ်ဖတ်ကြတာတဲ့။ ၁၉၉၄ တုန်းကတစ်ခါ နိမိတ်ဖတ်မှန်ပြီးတဲ့နောက် နှစ်တိုင်းလာနေကျတဲ့။”
ကျွန်မလည်း အနီးအနားက ကမ္ဘာလှည့်ခရီးသည်တချို့ ပြောနေတာ ကြားပြီး မျက်ခုံးပင့်လိုက်တယ်။ ပြောရရင် ကျွန်မတို့တွေလည်း ဒယ်ဖိုင်နတ်ဆရာမဆီလာပြီး နတ်မေးကြမှာမဟုတ်လား။
“ပေါက်ကရတွေ၊ သာမန်လူသားတွေက ဒယ်ဖိုင်နတ်ဆရာမနဲ့ ဆက်သွယ်ရမယ့်နည်းလမ်းကို မသိကြဘူး။ ရေဘဝဲပေါလ် မဲနှိုက်သလောက်ပဲ သူတို့မေးတာကမှန်မှာ။”
မိုနီကာကတော့ အလေးမထားတဲ့ပုံစံနဲ့ ပြောလိုက်ပါတယ်။ ကျွန်မက သူတို့နှစ်ယောက်ကို မကျေနပ်သေးပေမဲ့ ထပ်ပြီး အလျှော့ပေးထားဖို့ ဆုံးဖြတ်ပြီးသားမလို့ မေးလိုက်မိတယ်။
“ဒယ်ဖိုင်နတ်ဆရာမက ဘယ်သူလဲဟင်...”
နက်ဆန်ကတော့ ခေါင်းခါပြတယ်။ “ဒယ်ဖိုင်နတ်ဆရာမက သက်ရှိ လူသားတစ်ယောက်မဟုတ်ဘူး။ သေပြီးသားပဲ။ ဒါပေမဲ့ သူ့ဝိညာဥ်က ဒီနေရာမှာရှိတဲ့ အပိုလိုဘုရားကျောင်းနဲ့ဒယ်ဖိုင် သီရေဒါတစ်ဝိုက်မှာ ပိတ်မိနေခဲ့တာ။ အသက်ရှင်စဥ်ကအတိုင်းပဲ ဟောကိန်းတွေကို ထုတ်ပေးနိုင်တယ်။ တချို့ဟောကိန်းတွေက တော်တော်ကြောက်စရာကောင်းတယ်။”
အရိပ်ထဲမှာရှိနေတဲ့ မော်လီကလည်း ကျွန်မကိုလှမ်းပြီးတော့ ဆက်သွယ်ရင်း ပြောလိုက်ပါတယ်။ “ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ဖြစ်ခါနီးကာလေတွေမှာလည်း ဒယ်ဖိုင်ဝိညာဥ်ထွက်လာပြီး ဟောကိန်းထုတ်ခဲ့သေးတယ်။ နောက်ဆုံးတစ်ခါဟောကိန်းက လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လောက်က ဖြစ်ခဲ့တာ။ ပြီးတော့အဲဒါက သခင်နဲ့ဆိုင်တယ်။”
“သခင်... နက်ဆန်နဲ့လား... ရှင်တို့အဲဒီအကြောင်း ကျွန်မကို အရင်က မပြောဖူးပါဘူး။”
မော်လီ နက်ဆန်နဲ့ဆိုင်တဲ့ဟောကိန်းကို ကျွန်မကိုထုတ်ပြောတာ ဒါပထမဆုံးပဲမလို့ ကျွန်မအဲဒီကိစ္စကို မသိရပါဘူး။
“အရင်က နင်က သာမန်လူမလို့ ငါတို့မပြောခဲ့တာ။ ဒါပေမဲ့ အခုတော့နင်က ဒီလောကသားဖြစ်သွားတဲ့အပြင် သခင့်နားကပ်ပြီး တစ်သက်လုံးကပ်စားမယ့်ပုံပေါ်နေတော့ ပြောရတော့မှာပဲ။”
မော်လီက လည်ချောင်းရှင်းလိုက်တယ်။ အဲဒီနောက်တော့ ရှေးကဗျာရှည်ကြီးလိုထင်ရတဲ့ ဟောကိန်းကို ရွတ်ပြတယ်။
“ကြယ်တာရာတွေစုံတဲ့ ဆည်းဆာခေတ်မှာ အလင်းလတ်ဆုံး ကြယ်နှစ်လုံး ကောင်းကင်မှာ ထွန်းလင်းလိမ့်မယ်။
တစ်ခုက အလင်း၊ တစ်ခုက အမှောင်။
နေ့နဲ့ည ယှဥ်တွဲမရသလိုပဲ ကြယ်တာရာတွေ စစ်ခင်းလိမ့်မယ်။ အလင်းလားအမှောင်လား ကမ္ဘာကြီးမှာ ရွေးချယ်ခွင့်မရှိဘူး။ နိုင်သူကြယ်က ကမ္ဘာ့စည်းမျဥ်းကို သတ်မှတ်လိမ့်မယ်။”
“ကြယ်နှစ်လုံး.... အမှောင်ကြယ်က ညမင်းသားဖြစ်တဲ့ နက်ဆန်ပေါ့။ ဒါပေမဲ့ နောက်တစ်ယောက်ကရော....”
မော်လီဆီကနေ သက်ပြင်းရှည်ကြီး ချတဲ့အသံထွက်လာတယ်။ “ငါတို့မသိဘူး။ တခြားကြယ်တစ်လုံး မရှိဖို့ မျှော်လင့်ရတာပဲ။ မဟုတ်ရင် သခင့်အတွက်ရော ကမ္ဘာကြီးအတွက်ပါ အန္တရာယ်များတယ်။”
ဒါလည်း ဟုတ်တာပဲလို့ ကျွန်မတွေးကြည့်မိတယ်။ ပြောရရင် ကြယ်နှစ်လုံးရဲ့စစ်ပွဲမှာ ဘယ်သူနိုင်မယ် ဘယ်သူရှုံးမယ်ဆိုတာမှ မသိရတာ။ နက်ဆန်ရှုံးသွားပြီး သူတစ်ခုခုဖြစ်သွားရင် ဘယ်လို လုပ်မလဲ။ မော်လီက ဆက်ပြောပါတယ်။
“အဲဒီဟောကိန်းအကြောင်းကို ကျောင်းခြောက်ကျောင်းက လူတွေအားလုံးသိကြတယ်။ ဟောကိန်းထွက်လာတဲ့နေ့က သခင်နက်ဆန်ရဲ့ဖခင် သခင်လေးရိုဝင်နဲ့ဇနီးကို ဘုရားကျောင်းက အမဲလိုက်ခဲ့ကြတယ်။ သူတို့အဆိုအရ သခင်ရိုဝင်နဲ့ဇနီးက အဲဒီကြယ်တွေကို ဖွားမြင်မှာမလို့ပဲ။”
အဲဒါကြောင့် နက်ဆန်ရဲ့အမှောင်ဘုရားကျောင်းက ကျဆုံးပြီး အခုလိုအခြေအနေဖြစ်သွားတာလား။ အရင်တုန်းက ဖြစ်ခဲ့တဲ့ စစ်ပွဲအကြောင်းတော့ ကျွန်မသိပေမဲ့ နောက်ကွယ်က ကိစ္စကို မသိခဲ့ရိုးအမှန်ပါ။
“ဆိုးတာက ဒုတိယကြယ်ရှိနေတာကို ငါတို့သိထားခဲ့ပြီးသား။ သခင်နဲ့သူနဲ့က တစ်ရက်တည်းတစ်မိခင်ဝမ်းထဲမှာ မွေးခဲ့တာ။ သေသလား၊ ရှင်သလား ဘယ်မှာရှိနေလဲဆိုတာပဲ ငါတို့မသိတာ။”
ဒုတိယကြယ်က ရှိနေပြီးသားဆိုတာ ကြားသိရတဲ့အတွက် ကျွန်မရင်ထဲ လှုပ်ခတ်သွားတယ်။ နောက်တော့ နက်ဆန်ကို ပြန်ကြည့်လိုက်မိပါတယ်။ ဒီတော့ တစ်နေ့ကျရင် သူ့ကိုလာသတ်မယ့် ပြိုင်ဖက်တစ်ယောက်ရှိလာနိုင်တာပေါ့။
ကျွန်မတို့နှစ်ယောက်စကားကောင်းနေတုန်း ကောင်တာမှာ အခန်းယူနေတဲ့နက်ဆန်က ကိစ္စပြီးသွားပြီး ပြန်ရောက်လာတယ်။ သူ့လက်ထဲမှာ သော့နှစ်ချောင်းကိုင်ထားပြီး တစ်ချောင်းကို ကျွန်မလက်ထဲ ထည့်ပေးတယ်။
“ရော့၊ တစ်ယောက်ခန်းတစ်ခန်းနဲ့ နှစ်ယောက်ခန်းတစ်ခန်း ယူထားတယ်။ ညဘက် ပြဿနာမရှာနဲ့ဦးနော်။”
“.....” ကျွန်မ နက်ဆန်ကို ကြည့်နေရင်းကနေ မျက်လုံးထဲ မျက်ရည်တွေနဲ့ ပြည့်လျှံလာတယ်။ ပြဿနာမရှာနဲ့ဆိုပဲ။ အောင်မလေး၊ စိတ်ကားလိုက်တာ။ အဲဒီနောက် ငိုသံနည်းနည်း ပေါက်နေတဲ့လေသံနဲ့ ကျွန်မသူ့ကိုမေးလိုက်မိပါလေရော။
“ရှင်... ရှင်တို့က ကျွန်မမရှိတုန်း တစ်ခန်းတည်းအတူအိပ်တဲ့ အဆင့်ထိတောင် ရောက်သွားကြပြီလား။”
“.....” နက်ဆန်က တစ်ခဏလောက် ကြောင်အသွားပြီးမှ ကျွန်မခေါင်းကို အသာလေးပုတ်ပေးလိုက်တယ်။ သူ့မျက်လုံးထဲ သနားနေတဲ့ အရိပ်အယောင်ကိုတောင် မြင်နိုင်သေးတယ်။ မသိရင် ကျွန်မကို စိတ်ရောဂါရှိတဲ့ သနားစရာ လူတစ်ယောက်လို့ မြင်နေသလိုမျိုး။
“ငါက တစ်ယောက်ခန်းမှာအိပ်မှာ။ မင်းတို့နှစ်ယောက်က မိန်းကလေးဆိုတော့ တစ်ခန်းတည်းအတူတူအိပ်ကြ။”
‘ဪ.... သူပြောတာ အဲဒီလိုလား။' ကြည့်ရတာ ကျွန်မအစိုးရိမ် လွန်သွားတယ်နဲ့တူတယ်။ ဒါပေမဲ့ မိုနီကာနဲ့တစ်ခန်းတည်းဆိုတာ တွေးမိတော့...
‘သူက ငါတို့နှစ်ယောက်ကို ကလေးတွေလိုမျိုး အတူတွဲပေးထားရင် ရန်မဖြစ်လောက်တော့ဘူးလို့ ထင်နေတာများလား။'