← Chapters

အခန်း (၉၉၇-၉၉၉)

Vol. 67 Ch. 997-999

အခန်း (၉၉၇-၉၉၉)

Vol. 67 Ch. 997-999

အခန်း(၉၉၇)

"ညီလေးကျန်းက သူစိမ်းဆန်နေပြန်ပါပြီ.. ငါတို့အချင်းချင်း ဂရုစိုက်ကြတာပေါ့"

ရှောင်ပိုင်ရီက ပြုံး၍ ပြောလိုက်သည်။

ထို့နောက်တွင် ရှောင်ပိုင်ရီသည် စင်မြင့်ထက်မှ ရှောင်ကျင့်ယွင်ကို မော့ကြည့်ကာ လေးနက်စွာ ပြောလိုက်၏။

"ရှောင်ကျင့်ယွင်က ခြေလှမ်းတစ်ဝက် နတ်ဝိညာဉ်ဘုရင်အဆင့်ကို ရောက်ရှိသွားမယ်လို့ မထင်ထားခဲ့ဘူး.. မြင့်မြတ်သော မြို့တော်ငါးမြို့ရဲ့ ပါရမီရှင်တွေ အားလုံးထဲမှာတောင် သူ့ရဲ့ခွန်အားက ထိပ်ဆုံး သုံးယောက်ထဲမှာ ပါဝင်နိုင်မယ်လို့ ထင်တယ်"

ထိုစကားကို ကြားလျှင် ကျန်းချန်သည် မျက်ခုံးပင့်လိုက်သည်။

"အစ်ကိုရှောင်ရဲ့ လေသံကို နားထောင်ရတာ ရှောင်ကျင့်ယွင်ထက် ပိုသန်မာတဲ့ ပါရမီရှင်တွေ တခြား မြင့်မြတ်သော မြို့တော်တွေမှာ ရှိနေသေးတဲ့ပုံပဲ"

"ငါသိသလောက်တော့ တခြားမြင့်မြတ်သော မြို့တော်လေးမြို့မှာ ခြေလှမ်းတစ်ဝက် နတ်ဝိညာဉ်ဘုရင်အဆင့်ကို ရောက်ရှိနေတဲ့ ပါရမီရှင် အနည်းဆုံး နှစ်ယောက်ရှိတယ်.. ဒါ့အပြင် ရှောင်ရှင်းယာနဲ့ ရှောင်ယွိထုံ တို့လို အစောပိုင်းအဆင့် ဘုရင်စိတ်ဆန္ဒအထိ စိတ်ဝိညာဉ်ကို သန်မာအောင် ကျင့်ကြံထားသူတွေလည်း အများအပြား ရှိကြတယ်.. ဒီတစ်ကြိမ် ဖွင့်လှစ်မယ့် အင်ပါယာအမွေအနှစ် နယ်မြေကို ပါရမီရှင်တွေ စုဝေးရာနေရာလို့တောင် ညွှန်းဆိုလို့ရတယ်"

ရှောင်ပိုင်ရီက သက်ပြင်းချ၍ ပြောလိုက်သည်။

"ငါ့တစ်ကိုယ်ရည်အနေနဲ့ ပြောရရင် ဒါကတော့ ငါ့အတွက် အချိန်ကောင်း မဟုတ်ဘူး.. နောက်ထပ် နှစ်အနည်းငယ်ကြာမှ ဖွင့်မယ်ဆိုရင် အတော်လေးကောင်းမှာ အမှန်ပဲ"

ရှောင်ပိုင်ရီသည် ယန်ဒီမြို့၏ အင်ပါယာအဆင့် ပါရမီရှင်ငါးဦးထဲမှ တစ်ဦး ဖြစ်သော်လည်း သူ၏အသက်သည် ကျန်းချန်နှင့် မတိမ်းမယိမ်း ဖြစ်ပြီး အင်ပါယာအဆင့်ပါရမီရှင် ငါးဦးထဲတွင် အငယ်ဆုံးလည်း ဖြစ်သည်။

ထိုအကြောင်းကြောင့်ပင် ရှောင်ပိုင်ရီသည် အင်ပါယာအဆင့် ပါရမီရှင် ငါးဦးထဲတွင် အားအနည်းဆုံး ဖြစ်ပြီး မကြာသေးမီကမှ သိုင်းသခင်နယ်ပယ် အဌမ အဆင့်ကို ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်၏။

သူ့ကို နောက်ထပ် နှစ်အနည်းငယ် အချိန်ပေးခဲ့လျှင် ရှောင်ကျင့်ယွင်နှင့် မယှဉ်နိုင်လျှင်ပင် ရှောင်ပိုင်ရီသည် သိုင်းသခင်နယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သည့် ရှောင်ရှင်းယာနှင့် ယှဉ်ပြိုင်နိုင်မည်ဟု ယုံကြည်မှုရှိခဲ့သည်။

ယခုအချိန်တွင်မူ သူသည် ရှောင်ရှင်းယာနှင့် ရှောင်ယွိထုံတို့ထက် များစွာ နိမ့်ကျနေပါသေး၏။

"စီနီယာအစ်ကိုရှောင်.. အင်ပါယာ အမွေအနှစ်နယ်မြေက နှစ်တစ်ရာမှာ တစ်ကြိမ်ပဲ ဖွင့်လှစ်တာလေ.. ဝင်ခွင့်ရတာနဲ့ပဲ ကျွန်တော်တို့ တော်တော် ကံကောင်းနေပါပြီ"

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

"ညီလေးကျန်း ပြောတာမှန်တယ်.. ငါက အတွေးတိမ်နေမိတာ"

ရှောင်ပိုင်ရီက ခေါင်းခါလိုက်ပြီး ညင်သာစွာ ရယ်မော၍ ကျန်းချန်ကို ပြောလိုက်သည်။

"ညီလေးကျန်း.. မင်းကို ငါ့ရဲ့မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးပါရစေ .. အင်ပါယာအမွေအနှစ်နယ်မြေထဲရောက်ရင် အချင်းချင်း ဂရုစိုက်လို့ရတာပေါ့"

ရှောင်ပိုင်ရီက စကားဆုံးသည်နှင့် သူ၏အနောက်မှ လူများနှင့် ကျန်းချန်ကို မိတ်ဆက်ပေးလိုက်သည်။

"ကျန်းချန်"

ရှောင်ပိုင်ရီက ကျန်းချန်ကို မိတ်ဆက်ပေးနေချိန်မှာပင် ကျန်းချန်၏ အနောက်ဘက်မှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး အနောက်သို့ လှည့်ကြည့်ရာ သူ့ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာသော ပုံရိပ်အချို့ကို တွေ့လိုက်ရ၏။

ထိုအုပ်စုကို ဦးဆောင်လာသူမှာ အရပ်ရှည်ပြီး အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ခန္ဓာကိုယ် ထွားကျိုင်းသော လူငယ်တစ်ဦး ဖြစ်သည်။

ထိုအနီရောင်ဝတ်စုံဝတ် လူငယ်၏ နံဘေးတွင် ကျန်းချန်သည် ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။

ထိုသူမှာ တခြားသူမဟုတ်ဘဲ ယွဲ့ခွင်းယွင်ပင် ဖြစ်သည်။

"ယွဲ့ခွင်းယွင်.. မင်းဒီကို ဘာလာလုပ်တာလဲ"

ကျန်းချန်က မျက်ခုံးကိုပင့်၍ မေးလိုက်သည်။

"ကျန်းချန်.. ဒီနေ့က ယန်ဒီမြို့ရဲ့ ပါရမီရှင် တပည့်တွေ စုဝေးပွဲပဲ.. အင်ပါယာ အမွေအနှစ်နယ်မြေရဲ့ ဝင်ခွင့်ကို ရရှိထားတဲ့တပည့်တွေအားလုံးက စင်ပေါ်ကို တက်ပြီး ယှဉ်ပြိုင်လို့ရတယ်.. နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီရဲ့ တပည့်တစ်ယောက် အနေနဲ့ မင်းစင်ပေါ်ကို မတက်ရဲဘူးလား"

ယွဲ့ခွင်းယွင်က ခနဲ့၍ ပြောလိုက်သည်။

"ဘာလဲ.. မင်းက ငါနဲ့တိုက်ချင်လို့လား.. လွန်ခဲ့တဲ့ နှစ်လထဲက မင်းက ငါ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး.. အခုဆိုရင် ပြောမနေနဲ့တော့"

ကျန်းချန်က ယွဲ့ခွင်းယွင်ကို ဂရုမစိုက်သော အမူအရာဖြင့် ပြောလိုက်သည်။

ကျန်းချန်၏ မောက်မာသော စကားကို ကြားလျှင် ယွဲ့ခွင်းယွင်၏ မျက်နှာထားသည် ရုတ်တရက် အေးစက်သွားခဲ့သည်။

"ဟမ့်.. အဲဒီတုန်းက ငါသတိလက်လွတ် ဖြစ်သွားလို့ပါ.. မင်းတကယ် အစွမ်းအစ ရှိတယ်ဆိုရင် အခုချက်ချင်း စင်ပေါ်တက်ပြီး ငါနဲ့ရင်ဆိုင်ကြည့်လိုက်လေ"

ရှန်းဝူခန်းမ၏ အပြင်ဘက်တွင် သူက ကျန်းချန်ကို သတိလတ်လွတ် ဖြစ်ခဲ့၍သာ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

သို့မဟုတ်လျှင် သူ့အနေဖြင့် ကျန်းချန်ကို မည်ကဲ့သို့ ရှုံးနိမ့်နိုင်ပါအံ့နည်း။

ဤသုံးလတွင် သူ၏ခွန်အားသည် ထပ်မံ တိုးတက်လာခဲ့ပြီး သိုင်းသခင်နယ်ပယ် ပဉ္စမအဆင့်ကိုပင် ရောက်ရှိလာခဲ့သည်။

ထို့ကြောင့် ယွဲ့ခွင့်ယွင်သည် ကျန်းချန်ကို သူ၏ပြိုင်ဘက် ဖြစ်နိုင်မည်ဟု လုံးဝ မယုံကြည်ထားခဲ့ပေ။

"ယွဲ့ခွင်းယွင်.. မင်းနောက်ဆုတ်လိုက်.. မင်းတကယ်ပဲ သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး"

ထိုခဏတွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် အနီရောင်ဝတ်စုံဝတ် လူငယ်သည် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ကျန်းချန်ကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။

"ဂျူနီယာ ညီလေးကျန်းရဲ့ နာမည်ကို ငါကြားဖူးထားတာ ကြာပါပြီ.. ညီလေးကျန်း.. ငါနဲ့ ယှဉ်ပြိုင်ဖို့ စိတ်ဝင်စားရဲ့လား သိပါရစေ"

ကျန်းချန်က အနီရောင်ဝတ်စုံဝတ် လူငယ်ကို ခပ်တန်းတန်းသာ ကြည့်လိုက်ပြီး ခေါင်းခါ၍ ပြောလိုက်သည်။

"စိတ်မဝင်စားဘူး.. ဘာလို့လဲဆိုတော့ မင်းက ငါ့ရဲ့ပြိုင်ဘက်မဟုတ်လို့ပဲ"

အခန်း(၉၉၇)ပြီး၏။

အခန်း(၉၉၈)

"ကျန်းချန်.. မင်းက တကယ်ကို မောက်မာလွန်းတာပဲ"

အနီရောင်ဝတ်စုံဝတ် လူငယ်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

"ပါးစပ်နဲ့ လေကျယ်နေမဲ့ အစား မင်းမှာ တကယ်အစွမ်းအစရှိရင် စင်ပေါ်တက်ပြီး ငါနဲ့ တိုက်ခိုက်ပါ"

ကျန်းချန်၏ သူ့ကို အဖက်မလုပ်သော စကားများကိုကြားလျှင် အနီရောင်ဝတ်စုံဝတ် လူငယ်၏ မျက်နှာထက်တွင် ဒေါသ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ထိုအနီရောင်ဝတ်စုံဝတ် လူငယ်၏ အမည်က ရှောင်ရီ ဖြစ်ပြီး ယန်ဒီမြို့၏ ဧကရာဇ်အဆင့် ပါရမီရှင် ဆယ်ဦးထဲမှ တစ်ဦး ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်း အဆင့်သည် သိုင်းသခင်နယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ခွန်အားကမူ ဧကရာဇ်အဆင့်ပါရမီရှင် ဆယ်ဦးထဲတွင် ထိပ်ဆုံးနေရာ၌ ရှိသည်။

ဆိုရလျှင် ရှောင်ရီသည် အင်ပါယာအဆင့် ပါရမီရှင်ငါးဦးအောက်ရှိ အသန်မာဆုံး တပည့်များထဲမှ တစ်ဦးပင်။

သူ့ရှေ့မှ ကောင်လေးက နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ၏ တပည့် ဖြစ်သည့်အပြင် အလွန်ထူးချွန်ပြီး ရှောင်ကျင့်ယွင် ပြီးလျှင် ယန်ဒီမြို့၏ ဧကရာဇ်အဆင့် သိုင်းပညာရပ် အမွေအနှစ်ကို ဆက်ခံနိုင်ခဲ့သည့် ဒုတိယမြောက်တပည့်လည်း ဖြစ်သည်။

သူလိုလူအတွက် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်က ယွဲ့ခွင်းယွင်ကို ကျော်လွန်၍ သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်ကြောင်း မြင်နိုင်ရန် မခက်ခဲခဲ့ပေ။

သို့တိုင် ကျန်းချန်က ဆဋ္ဌမအဆင့်ကို ရောက်ရှိနေသော်လည်း ရှောင်ရီသည် ကျန်းချန်က သူ၏ ပြိုင်ဘက် အရည်အချင်းပြည့်မီသည်ဟု မထင်သေးပေ။

"ကောင်းပြီလေ.. မင်းငါနဲ့ တိုက်ချင်တယ် ဆိုမှတော့ ငါမင်းနဲ့ ကစားပေးရမှာပေ့ါ"

ကျန်းချန်က ခနဲ့၍ ပြောလိုက်ပြီး အပိုစကားများ ပြောရန် ပျင်းရိသော အမူအရာဖြင့် တစ်ဖက်သို့ လှည့်ကာ ကွင်းပြင်အလယ်ရှိ စင်မြင့်ဆီသို့ ဦးတည်သွားခဲ့သည်။

"ညီလေးကျန်း.. ဒီရှောင်ရီရဲ့ ခွန်အားက မသေးဘူး.. ငါတို့ အင်ပါယာအဆင့် ပါရမီရှင်ငါးဦးက လွဲရင် ယန်ဒီမြို့မှာ သူ့ကို အနိုင်ယူနိုင်တဲ့ တပည့်က သုံးယောက်ထက် မပိုဘူး.. သူ့ကို မင်းကိုယ်စား ငါရှင်းပေးရမလား"

ကျန်းချန်က ရှောင်ရီ၏ စိန်ခေါ်မှုအား လက်ခံလိုက်သည်ကိုမြင်လျှင် ရှောင်ပိုင်ရီသည် မေးခွန်းထုတ်လိုက်သည်။

"အစ်ကိုရှောင်ရဲ့ ကြင်နာမှုအတွက် ကျွန်တော် စိတ်ရင်းကနေ ကျေးဇူးတင်ပါတယ်.. ကျွန်တော်က အင်ပါယာအဆင့် တပည့် မဟုတ်သေးပေမဲ့ စီနီယာအစ်ကိုရဲ့ အကူအညီကိုတော့ မလိုအပ်သေးပါဘူး.. ခဏလောက် စောင့်ပါ.. ကျွန်တော် သူ့ကို အနိုင်သွားယူလိုက်ဦးမယ်"

ကျန်းချန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး စင်မြင့်ဆီသို့ လျှောက်သွားခဲ့သည်။

သူတို့ စင်မြင့်အနားသို့ ရောက်ရှိလာသောအခါတွင် စင်မြင့်ပေါ်တွင် အင်ပါယာအဆင့် တပည့်များ၏ တိုက်ပွဲသည် အလျင်အမြန် အဆုံးသတ်သွားခဲ့သည်။

၎င်းတို့ ဆင်းသွားပြီးနောက်တွင် ကျန်းချန်နှင့် ရှောင်ရီတို့သည် စင်မြင့်ပေါ်သို့ တက်လာခဲ့ကြသည်။

"ဟိုမှာကြည့်စမ်း.. ထိပ်တန်း ဧကရာဇ်အဆင့် ပါရမီရှင်ဆယ်ဦးထဲက တစ်ဦးဖြစ်တဲ့ ရှောင်ရီ စင်ပေါ်တက်လာပြီဟ"

"သူ့ရဲ့ ပြိုင်ဘက်က ဘယ်သူလဲ.. ငါတို့ဘာလို့ မတွေ့ဖူးတာလဲ"

"ချီး.. မင်း ယန်ဒီမြို့ကိုရောက်တာ ဘယ်လောက်တောင် ကြာနေပြီလဲ.. နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီရဲ့ တပည့်ကိုတောင် မသိဘူးလား"

"ဒါဆို သူက ဧကရာဇ်အဆင့် သိုင်းပညာရပ် အမွေအနှစ်ကို ဆက်ခံရရှိခဲ့တယ်ဆိုတဲ့ ကျန်းချန်ဆိုတဲ့ ကောင်လေးလား.."

"အမှန်ပဲ.. ငါတို့တွေ အခု ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ်"

"..........."

စင်မြင့်အောက်မှ လူတိုင်းသည် ရှောင်ရီနှင့် ကျန်းချန်တို့ စင်ပေါ်သို့ တစ်ပြိုင်နက်တည်း တက်လာသည်ကို မြင်လျှင် ဆွေးနွေး ပြောဆိုနေခဲ့ကြသည်။

ရှောင်ရီသည် ယန်ဒီမြို့၏ ဧကရာဇ်အဆင့် ပါရမီရှင်ဆယ်ဦးထဲမှ တစ်ဦး ဖြစ်ပြီး ၎င်း၏ ခွန်အားသည် ဧကရာဇ်အဆင့်ပါရမီရှင် ဆယ်ဦးထဲမှာပင် ထိပ်ဆုံးသုံးနေရာ၌ ပါဝင်ရန် လုံလောက်၏။

ကျန်းချန်ကမူ နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ၏ တပည့် ဖြစ်ပြီး ယန်ဒီမြို့၏ ဧကရာဇ်အဆင့်သိုင်းပညာရပ်ကို ပိုင်ဆိုင်သည့် ဒုတိယမြောက် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦး ဖြစ်ကာ လွန်ခဲ့သော လအနည်းငယ် အတွင်း အလွန်ထူးချွန်သည့် တိုက်ပွဲဝင်စွမ်းရည်ကို ပြသခဲ့သည်။

သို့ဖြစ်ရာ ထိုနှစ်ဦး၏တိုက်ပွဲသည် အလွန်တရာ စိတ်လှုပ်ရှားဖွယ်ကောင်းမည်မှာ သေချာသလောက်ပင်။

"ကျန်းချန်.. မင်းစတိုက်လို့ရပြီ.. မင်း ငါ့ရှေ့မှာ ဘယ်လိုမာန်တက်နိုင်မလဲ ဆိုတာ ကြည့်ရသေးတာပေ့ါ.."

စင်မြင့်ပေါ်သို့ ရောက်သည်နှင့် ရှောင်ရီက လက်နှစ်ဖက်ကိုနောက်ပစ်ကာ ကျန်းချန်ကို အထင်အမြင်သေးသော အကြည့်ဖြင့် ကြည့်၍ ပြောလိုက်သည်။

"မင်းတကယ်ပဲ ငါ့ကို အရင်ဆုံး တိုက်ခိုက်စေချင်တာ သေချာရဲ့လား.. လွန်ခဲ့တဲ့ နှစ်လအကြာက ရှောင်ကြွယ်ဆိုတဲ့ ဧကရာဇ်အဆင့် တပည့်တစ်ဦးလည်း ငါ့ကို ဒီလိုမျိုး ပြောခဲ့ဖူးတယ်.. ဒါပေမဲ့ အဆုံးမှာတော့ သူငါ့ကို အပြတ်အသတ် ရှုံးနိမ့်သွားခဲ့တယ်"

ကျန်းချန်က ခနဲ့တဲ့တဲ့ပြုံးကာ ပြောလိုက်သည်။

"ငါသာ မင်းကို အရင်တိုက်ခိုက်မယ်ဆိုရင် မင်းလည်း သူ့လိုပဲ ဖြစ်သွားလိမ့်မယ်.. ငါ့ကို တိုက်ခိုက်ဖို့ အခွင့်အရေးတောင် ရလိုက်မှာ မဟုတ်ဘူး"

"လခွမ်း.. ဒီကောင်က တော်တော်လေး မာနကြီးတာပဲဟ"

ကျန်းချန်၏ စကားကိုကြားလျှင် ကွင်းပြင် တစ်ခုလုံးသည် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ကြသည်။

လူတိုင်းသည် စင်မြင့်ထက်မှ ကျန်းချန်ကို မယုံကြည်နိုင်သောအမူအရာဖြင့် မျက်လုံးများပြူးကာ ကြည့်နေခဲ့ကြသည်။

ရှောင်ရီသည် ယန်ဒီမြို့၏ ထိပ်တန်း ဧကရာဇ် အဆင့်ပါရမီရှင် ဆယ်ဦးထဲမှ တစ်ဦးဖြစ်သည်။

သို့တိုင် ကျန်းချန်သည် ရှောင်ရီကို ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေးပင် ရမည်မဟုတ်ဟု လေကြီးမိုးကြီး ပြောဆိုနေခဲ့သည်မဟုတ်လား။

"ဘယ်လောက်တောင် မောက်မာလိုက်တဲ့ ကောင်လေးလဲ"

အခန်း(၉၉၈)ပြီး၏။

အခန်း(၉၉၉)

"ဟားဟား.. ကျန်းချန်.. မင်းက ရှောင်ကြွယ်လိုကောင်နဲ့ ငါ့ကို နှိုင်းယှဉ်လို့ရမယ်များ ထင်နေလား"

ရှောင်ရီက မထီမဲ့မြင် အမူအရာဖြင့် လှောင်ရယ်လိုက်သည်။

"ဒီနေ့ ငါမင်းကို အခွင့်အရေးပေးမယ်.. ငါမင်းကို ပြန်ပြီး မတိုက်ခိုက်နိုင်အောင် မင်းဘယ်လိုလုပ်မလဲဆိုတာ ကြည့်ရသေးတာပေါ့"

"မင်းက ဒီလောက်ထိ တောင်းဆိုနေမှတော့ မင်းဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"

ကျန်းချန်က ညင်သာစွာ ပြုံး၍ ပြောလိုက်သည်။

ထိုခဏမှာပင် သွေးနဂါးဓားသည် သူ၏လက်ထဲတွင် လျှပ်တပြက် ပေါ်လာခဲ့သည်။

"လေဆန္ဒတတိယအဆင့်ရဲ့ အင်အား"

ကျန်းချန်က သွေးနဂါးဓားကို တင်းကြပ်စွာ ကိုင်ထားရင်း လေဆန္ဒ တတိယအဆင့်၏ အင်အားကို ထည့်သွင်းလိုက်ရာ တစ်ခဏအတွင်းမှာပင် သူ၏ပုံရိပ်သည် လေနှင့်အတူ နေရာကနေ ပျောက်ကွယ်သွားခဲ့သည်။

"လေဆန္ဒတတိယ အဆင့်လောက်နဲ့ ငါ့ကို ရင်ဆိုင်လို့ရမယ်များမှတ်နေလား"

သူ့ပတ်ဝန်းကျင်ရှိ လေဆန္ဒ၏ ဖိနှိပ်မှုကို ခံစားရလျှင် ရှောင်ရီသည် မီးဆန္ဒတတိယအဆင့် ခွန်အားကို ထုတ်ဖော်လိုက်ပြီး ပတ်ဝန်းကျင်ရှိ လေဆန္ဒကို ချက်ချင်းပင် မီးရှို့ဖျက်ဆီးလိုက်သည်။

ထိုသို့ဖျက်ဆီးပစ်ပြီးနောက်တွင် ရှောင်ရီသည် ကျန်းချန်၏ တည်နေရာကို အလျင်အမြန် ခံစားမိလိုက်၏။

သူက ပြန်လည် တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်မှာပင် ကောင်းကင်ပေါ်ကနေ မိုးခြိမ်းသံများ ထွက်ပေါ်လာခဲ့ပြီး သူ၏ မီးဆန္ဒထက် လုံးဝ မနိမ့်ကျသည့် စစ်မှန်သောမီးတောက်များသည် ကောင်းကင်ကနေ ကျဆင်းလာခဲ့ပြီး သူ၏ မီးဆန္ဒနှင့် ထိပ်တိုက် ဆုံတွေ့သွားကြသည်။

"ဝုန်း.."

မီးဆန္ဒတတိယအဆင့်၏ အင်အားနှစ်ခု ထိပ်တိုက်ဆုံမိပြီးနောက်တွင် ကြောက်မက်ဖွယ်ကောင်းအောင် ပူပြင်းသည့် လှိုင်းလုံးများသည် ကွင်းပြင်တစ်ခုလုံးကို ချက်ချင်းပင် လွှမ်းမိုးသွားခဲ့သည်။

ရှောင်ရီသည် ထိုပူပြင်းသော လှိုင်းလုံးများ၏ ရိုက်ခတ်မှုအောက်တွင် ခုနစ်လှမ်း၊ ရှစ်လှမ်းခန့် နောက်သို့ ဆုတ်လိုက်ရသည်။

ရှောင်ရီက သူ၏ခန္ဓာကိုယ်ကို ကောင်းစွာ မထိန်းချုပ်နိုင်ခင်မှာပင် ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒသည် သူ့ကို ထပ်မံ ဖိနှိပ်လာပြန်သည်။

ကောင်းကင် တစ်ခုလုံးတွင် ဓားရိပ်များသည် ပေါက်ကွဲထွက်လာခဲ့ပြီး မိုးသီးမိုးပေါက်များ ကျဆင်းလာသကဲ့သို့ အရပ်မျက်နှာအနှံ့ကနေ ရှောင်ရီထံ ပျံသန်း၍ ထွက်လာခဲ့ကြသည်။

"မီးတိမ်တိုက် ကောင်းကင်အကာအကွယ်"

ရှောင်ရီ၏ မျက်နှာအမူအရာက သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။

သူက လက်ဟန်များကို ပြုလုပ်လိုက်ရာ ကြောက်မက်ဖွယ်မီးလျှံများဖြင့် စုစည်းထားသော အနီရောင်အလင်း အကာအကွယ် တစ်ခုသည် ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့သည်။

"ရွှစ်.. ရွှစ်"

ထိုခဏမှာပင် ဓားရိပ် ထောင်ပေါင်းများစွာသည် ရှောင်ရီ၏ မီးတိမ်တိုက်ကောင်းကင် အကာအကွယ်ပေါ်သို့ ချက်ချင်းပင် ကျဆင်းလာခဲ့ကြသည်။

ရှောင်ရီက မီးတိမ်တိုက် ကောင်းကင် အကာအကွယ်၏ အတားအဆီးကို အားကိုး၍ သူ၏ ပတ်ဝန်းကျင်မှ ဓားရိပ် ထောင်ပေါင်းများစွာကို အဆုံးသတ်တွင် ခံနိုင်ရည်ရှိခဲ့သည်။

သို့သော်လည်း ထိုဓားရိပ်များကို ခံနိုင်ရည်ရှိရန် အတွက် သူ့ခန္ဓာကိုယ်၏ စွမ်းအင် ထက်ဝက်ခန့်ကို သုံးစွဲခဲ့ရသောကြောင့် သူ၏ မျက်နှာသည် ဖြူဖတ်ဖြူရော် ဖြစ်သွားခဲ့သည်။

"ဝိုး.. ကျန်းချန်က ရှောင်ရီကို လုံးဝဖိနှိပ်ထားနိုင်တယ်ဟ"

"ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ဒီကောင်လေးက လွန်ခဲ့တဲ့ နှစ်လအကြာက သိုင်းသခင်နယ်ပယ် ဒုတိယအဆင့်မှာပဲ ရှိနေသေးတယ်.. ဒါပေမဲ့ နှစ်လအတွင်းမှာ ဒီကောင်လေးက ဧကရာဇ်အဆင့် ပါရမီရှင် ဆယ်ဦးကိုတောင် ဖိနှိပ်နိုင်တဲ့ခွန်အားကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ"

"ဧကရာဇ်အဆင့် သိုင်းပညာရပ် အမွေအနှစ်ကို ဆက်ခံနိုင်ခဲ့တဲ့ပါရမီက သာမန်ဘယ်ဟုတ်ပါ့မလဲ.. ဒီကောင်လေးက သာမန်အတွေးနဲ့ ဖော်ပြလို့မရတဲ့ မွန်းစတားတစ်ကောင်ပဲ"

"............"

ကွင်းပြင်ရှိ လူတိုင်းသည် စင်မြင့်ပေါ်မှ အခြေအနေကို မှင်တက်၍ ကြည့်နေခဲ့ကြပြီး သူတို့၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ရှိနေခဲ့ကြသည်။

"လခွမ်း.. ဒီကောင်လေးက ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ.."

ရှောင်ရီ ကိုယ်တိုင်ကလည်း စိတ်ထဲတွင် ထိတ်လန့်လာခဲ့သည်။

ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်အပေါ်တွင် ကျန်းချန်၏ ထိုးထွင်းသိမြင်မှုသည် ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အချိန်တခဏလေး အတွင်းမှာပင် ကျန်းချန်သည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်သုံးမျိုးကို ဆက်တိုက်အသုံးပြုခဲ့သည် မဟုတ်ပါလော။

ထို့အပြင် သူသည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်များကြောင့် ကျန်းချန်ကို ပြန်လည် တိုက်ခိုက်ရန် ခွန်အား လုံးဝ မရှိခဲ့ပေ။

"ဒီလိုဆက်တိုက်နေလို့မဖြစ်ဘူး"

ရှောင်ရီက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။

သူ၏ မျက်နှာအမူအရာက အလွန်ပင် လေးနက်လာခဲ့၏။

ဤအချိန်တွင် ရှောင်ရီသည် ကျန်းချန်ကို အထင်မသေးရဲတော့ပေ။

ယခုကျန်းချန် ပြသနေသော တိုက်ပွဲဝင်စွမ်းရည်သည် သူနှင့် တန်းတူ ရှိနေခဲ့ပြီ ဖြစ်သည်။

သူသာ အနည်းငယ် ပေါ့ဆမိလျှင် ယနေ့တွင် ကျန်းချန်၏ လက်ထဲတွင် အမှန်တကယ် ရှုံးနိမ့်သွားနိုင်ပေသည်။

အခန်း(၉၉၉)ပြီး၏။

All Chapters