← Chapters

အခန်း (၁၀၀၀-၁၀၀၂)

Vol. 67 Ch. 1000-1002

အခန်း (၁၀၀၀-၁၀၀၂)

Vol. 67 Ch. 1000-1002

အခန်း(၁၀၀၀)

ရှောင်ရီက ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး သူ၏ အင်ပါယာသွေးစွမ်းအား နှင့် သိုင်းသခင်နယ်ပယ် တတိယအဆင့်ခွန်အားတို့ကို အပြည့်အဝ ထုတ်ဖော်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှ ပူပြင်းသော အနီရောင် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

ထိုခဏတွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် မီးပင်လယ်ထဲ ရောက်နေသကဲ့သို့ ဖြစ်သွားခဲ့သည်။

"ရွှေကျီးကန်းလက်သီးသိုင်း"

ရှောင်ရီက ကျယ်လောင်စွာ ကြုံးဝါးလိုက်ရာ သူ့ပတ်ဝန်းကျင်ရှိ မီးပင်လယ်ထဲမှ အနီရောင် အလင်းတန်း ရာပေါင်းများစွာသည် ကောင်းကင်ထက်သို့ ထိုးတက်သွားခဲ့သည်။

နောက်ထပ် တခဏမှာပင် ထိုအနီရောင် အလင်းတန်းများသည် ရှောင်ရီ၏ ဦးခေါင်းထက်တွင် ဆယ်ပေကျော် ရှည်လျားသော ခြေသုံးချောင်း ရွှေကျီးကန်းအဖြစ် တိုက်ရိုက်စုစည်းသွားခဲ့သည်။

ထိုခြေသုံးချောင်း ရွှေကျီးကန်းသည် ပြင်းထန်သော မီးလျှံများဖြင့် လောင်ကျွမ်းနေခဲ့ပြီး ကမ္ဘာမြေပြင်ကို ဖျက်ဆီးပစ်နိုင်သည့် ပူပြင်းသော စွမ်းအင်များကို သယ်ဆောင်ကာ ကျန်းချန်ရှိရာသို့ ဦးတည်၍ ပျံသန်းလာခဲ့သည်။

ခြေသုံးချောင်း ရွှေကျီးကန်း ဖြတ်သန်းသည့် နေရာတိုင်းတွင် ပတ်ဝန်းကျင် လေထုသည် တုန်ခါမှုများ ဖြစ်ပေါ်လာခဲ့သည်။

ရွှေကျီးကန်း၏ ပုံသဏ္ဌာန်မှာ ၎င်း၏ ရှေ့မှ အရာအားလုံးကို လုံးဝ ဖျက်ဆီးပစ်တော့မည်ဟုပင် ထင်ရ၏။

"ရွှေကျီးကန်းလက်သီးတဲ့လား"

ကျန်းချန်၏ မျက်လုံးက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

ကျန်းချန်သည် ယန်ဒီမြို့ထဲတွင် အတန်ကြာ နေထိုင်ခဲ့ပြီးပြီဖြစ်၍ ဤအတောအတွင်း ယန်ဒီမြို့၏ ရှန်းဝူခန်းမ ဆီမှ ထင်ရှားသော သိုင်းပညာအချို့၏ အမည်ကို သိထားခဲ့သည်။

ထို့ကြောင့် ရှောင်ရီ အသုံးပြုလိုက်သော ရွှေကျီးကန်းလက်သီးသိုင်းကို ကျန်းချန်သည် ကောင်းစွာ ကြားဖူးခဲ့သည်။

ကျန်းချန် သိထားသလောက် ဤရွှေကျီးကန်းလက်သီးသည် ယန်ဒီမြို့၏ အစွမ်းအထက်ဆုံး ဘုရင်အဆင့် သိုင်းပညာရပ်များထဲမှ တစ်ခုဖြစ်ပြီး ယန်ဒီမြို့၏ လက်သီးသိုင်းပညာများတွင် အင်အားအကောင်းဆုံး ဖြစ်သည်။

"မင်းက ငါ့နဲ့သိုင်းပညာရပ်ချင်း ယှဉ်ချင်လို့လား.. ဒီလိုဆိုမှတော့ မင်းအမြင်ကျယ်ရအောင် ဧကရာဇ်အဆင့် သိုင်းပညာရပ် စွမ်းအားကို ပြရသေးတာပေ့ါ"

ကျန်းချန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ရှေ့သို့ တိုးလာခဲ့သည်။

သူ၏ ညာဘက်လက်တွင် ကိုင်ထားသော သွေးနဂါးဓားသည် ထိုအချိန်တွင် အလင်းတန်းများ အဖြစ် ပြင်းထန်စွာ တောက်ပနေခဲ့၏။

ထို့နောက်တွင် ကျန်းချန်သည် သွေးနဂါးဓားကို လေထဲတွင် ဝှေ့ယမ်းကာ ဓားကွက်များကို ထုတ်ဖော်လိုက်သည်။

သူဓားတစ်ချက် ဝှေ့ယမ်းတိုင်းတွင် ပူပြင်းသော စွမ်းအင်များကို ထုတ်လွှတ်နေသည့် မီးလျှံများသည် လေထဲတွင် စုစည်းလာခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဥက္ကာခဲများ ကျဆင်းလာသကဲ့သို့ အရောင်အမျိုးမျိုးရှိသော မီးလျှံ ထောင်ပေါင်းများစွာသည် ခြေသုံးချောင်း ရွှေကျီးကန်းကို ထိမှန်သွားခဲ့သည်။

ရေတွက်မရသော မီးလျှံများ၏ တိုက်ခိုက်မှုအောက်တွင် ခြေသုံးချောင်း ရွှေကျီးကန်း၏ ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလိုပင် အပေါက်များစွာဖြင့် ပြည့်နှက်သွားခဲ့သည်။

ကျန်းချန်က တဖြည်းဖြည်း ပျက်စီးနေသော ခြေသုံးချောင်းရွှေကျီးကန်းကို စူးစိုက်ကြည့်လိုက်ပြီး သူ၏လက်ထဲမှ သွေးနဂါးဓားကို ထပ်မံဝှေ့ယမ်းလိုက်ရာ မီးလျှံ ထောင်ပေါင်းများစွာသည် ချက်ချင်းဆိုသလိုပင် ဧရာမမီးလျှံဓားကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုမီးလျှံများ တောက်လောင်နေသော ဧရာမဓားကြီးသည် ကောင်းကင်နှင့်မြေကြီး၏ အစွမ်းသတ္တိများကို သယ်ဆောင်ကာ ပတ်ဝန်းကျင် နေရာလွတ်ကိုပင် ဆုတ်ဖြဲပစ်တော့မည့်အလား ဖြစ်နေခဲ့သည်။

ကျန်းချန်၏ ဧရာမဓားနှင့် ရင်ဆိုင်ရသောအခါတွင် ခြေသုံးချောင်း ရွှေကျီးသည် လုံးဝခုခံနိုင်စွမ်း မရှိသလောက် ဖြစ်သွားခဲ့ပြီး လေထဲမှာပင် ချက်ချင်းပေါက်ကွဲသွားခဲ့သည်။

ရှောင်ရီက ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ ဧရာမဓားချက်၏ အကြွင်းအကျန် စွမ်းအင်များကို ထိခိုက်ခံလိုက်ရကာ သွေးအန်၍ လွင့်စင်သွားခဲ့သည်။

"မင်းက ငါ့ကို ပြန်မတိုက်နိုင်ဘဲ ဘာလို့ စိန်ခေါ်နေရတာလဲ"

မြေပြင်ပေါ်ရှိ ရှောင်ရီကိုကြည့်ရင်း ကျန်းချန်က သွေးနဂါးဓားကို သိမ်းဆည်းကာ ပေါ့ပါးစွာ ပြောလိုက်သည်။

ကျန်းချန်၏ စကားကို ကြားလျှင် ရှောင်ရီသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မတည်မငြိမ်ဖြစ်နေသော အသက်စွမ်းအားများကို ဆက်လက် ဖိနှိပ်ထားနိုင်ခြင်း မရှိတော့ဘဲ အဆုံးသတ်တွင် သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။

"ဝိုးး.. ကျန်းချန်က ရှောင်ရီကို အလွယ်တကူ အနိုင်ယူလိုက်တာပဲဟ"

"ဒီကျန်းချန်ဆိုတဲ့ ကောင်လေးက အတော်လေး အစွမ်းထက်တာပဲ.. ဧကရာဇ်အဆင့်သိုင်းပညာရပ်က တကယ်ကိုကြောက်ဖို့ကောင်းတာပဲ.."

"........"

ကွင်းပြင်ပေါ်ရှိ လူတိုင်းသည် စင်မြင့်ထက်တွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို မှင်တက်စွာ ကြည့်နေခဲ့ကြပြီး ပြန်လည် အသိဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

ရှောင်ရီသည် ယန်ဒီမြို့၏ ထိပ်တန်း ဧကရာဇ်အဆင့် ပါရမီရှင် ဆယ်ဦးထဲမှ တစ်ဦးဖြစ်ပြီး ဧကရာဇ်အဆင့်ပါရမီရှင်ဆယ်ဦးထဲတွင် အင်အားအကောင်းဆုံး သူများထဲမှ တစ်ဦးဖြစ်သည်။

ဆိုရလျှင် ယန်ဒီမြို့၏ အင်ပါယာအဆင့် ပါရမီရှင်ငါးဦးမှ လွဲလျှင် ရှောင်ရီကို အလွယ်တကူ အနိုင်ယူနိုင်သည့်တပည့် မရှိသလောက်ပင်။

သို့သော် သူတို့ရှေ့မှ ကျန်းချန်ကမူ လုပ်ပြနိုင်ခဲ့သည်။

၎င်းက ရှောင်ရီကို အနိုင်ယူရန် လေးကွက်မျှသာ အသုံးပြုခဲ့ရသည်။

"ဒီခွန်အားနဲ့ဆိုရင် ဒီကျန်းချန်ဆိုတဲ့ ကောင်လေးက အင်ပါယာအဆင့် ပါရမီရှင်ငါးဦးအောက် မနိမ့်လောက်ဘူး"

ကျင့်ကြံသူများက စိတ်ထဲကနေ တိတ်တဆိတ် မှတ်ချက်ချလိုက်ကြသည်။

ကျန်းချန် ပြသခဲ့သော ခွန်အားနှင့်ပါရမီသည် ယန်ဒီမြို့၏ ဆဋ္ဌမမြောက် အင်ပါယာအဆင့် ပါရမီရှင် ဖြစ်လာရန် အရည်အချင်း လုံးဝပြည့်မီနေပြီ မဟုတ်ပါလား။

အခန်း(၁၀၀၀)ပြီး၏။

အခန်း(၁၀၀၁)

"မဖြစ်နိုင်ဘူး.. ဒီကောင်က ဘာလို့ ဒီလောက်တောင် သန်မာလာရတာလဲ.."

ယွဲ့ခွင်းယွင်က စင်မြင့်ထက်မှ အခြေအနေကို မှင်တက်၍ ငေးကြည့်နေခဲ့သည်။

သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

လွန်ခဲ့သည့် နှစ်လကျော်က ရှန်းဝူခန်းမတွင် ကျန်းချန်နှင့်ရင်ဆိုင်ခဲ့ရသည်ကို သူအမှတ်ရမိသည်။

ထိုအချိန်က သိုင်းသခင်နယ်ပယ် ပထမအဆင့်သာ ရှိသေးသည့် ကျန်းချန်ကို သူရှုံးနိမ့်ခဲ့ရသည်။

သို့သော်လည်း ယွဲ့ခွင်းယွင်သည် သူရှုံးနိမ့်ခဲ့ရသည်မှာ သူ၏ ပေါ့ဆမှုကြောင့်ဟု အမြဲတစေ ယုံကြည်ထားခဲ့သည်။

ယခုနှစ်လကျော်ကြာ ကြိုးစားကျင့်ကြံပြီးနောက်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ထပ်မံ မြင့်တက်လာခဲ့ပြီး သိုင်းသခင်နယ်ပယ် ပဉ္စမအဆင့်သို့ အောင်မြင်စွာ ရောက်ရှိလာခဲ့သည်။

မူလက ယွဲ့ခွင်းယွင်သည် သူ၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် ကျန်းချန်ကို အနိုင်ယူရန်မှာ လွယ်ကူသောကိစ္စသာ ဖြစ်သည်ဟု ထင်မြင်မိခဲ့သည်။

သို့သော်လည်း ကျန်းချန်၏ တိုးတက်နှုန်းက ကြောက်မက်ဖွယ်ကောင်းသော အဆင့်ထိ ရောက်ရှိနေလိမ့်မည်ဟု ယွဲ့ခွင်းယွင် ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ဤနှစ်လကျော်တွင် ကျန်းချန်သည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိုင်းသခင်နယ်ပယ် ပထမအဆင့်မှ ဆဋ္ဌမအဆင့်အထိ တိုးတက်အောင် ကျင့်ကြံနိုင်ခဲ့သည်။

ထို့အပြင် ၎င်းသည် ထိပ်တန်းဧကရာဇ် အဆင့် ပါရမီရှင်ဆယ်ဦးထဲမှ ရှောင်ရီကိုပင် အလွယ်တကူ အနိုင်ယူပြခဲ့ပြီ ဖြစ်သည်။

ဤအချိန်တွင် ယွဲ့ခွင်းယွင်သည် အစောပိုင်းက ကျန်းချန်နှင့် ရင်မဆိုင်မိသည်ကိုပင် သူ့ကိုယ်သူ အနည်းငယ် ကျေးဇူးတင်နေမိသည်။

ထိုသို့မဟုတ်ဘဲ ကျန်းချန်နှင့် ရင်ဆိုင်မိလျှင် ကျန်းချန်၏ တစ်ကွက်ကိုပင် ခံနိုင်ရည်ရှိမည်မဟုတ်ဟု သူထင်ခဲ့၏။

"အစ်ကို ပိုင်ရီ.. ကျန်းချန်က ဒီလောက်ထိ သန်မာလိမ့်မယ်လို့ ကျွန်တော် တကယ် ထင်မထားခဲ့ဘူး"

"အမှန်ပဲ.. ရှောင်ရီကို ဒီလောက်အထိ လွယ်လွယ်ကူကူ အနိုင်ယူနိုင်ပုံ ထောက်ရင် သူ့ရဲ့ တိုက်ပွဲဝင်စွမ်းရည်က အစ်ကိုပိုင်ရီ နဲ့တောင် ယှဉ်နိုင်လောက်တယ်"

"ကျန်းချန် ဒီအဆင့်ထိ အစွမ်းထက်နေတာ ငါတို့အတွက် ကောင်းတဲ့အချက်ပဲ.. ဒီတစ်ကြိမ် အင်ပါယာအမွေအနှစ်နယ်မြေထဲကို ဝင်ရင် ငါတို့ဘက်မှာ အင်ပါယာအဆင့် ပါရမီရှင် နှစ်ယောက် ရှိသွားတာပေါ့"

"............."

ရှောင်ပိုင်ရီ၏ နံဘေးရှိ တပည့်အချို့၏ မျက်နှာများသည် အံ့သြမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"ကျန်းချန်ရဲ့ခွန်အားက ဒီအဆင့်ထိ ရောက်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး"

ရှောင်ပိုင်ရီက အံ့အားသင့်နေခဲ့သည်။

သူ၏ မျက်လုံးထဲတွင် အပြုံးရိပ်များ လျှပ်တပြက် ဖြစ်ပေါ်လာခဲ့၏။

သူ့ပတ်ဝန်းကျင်တွင် ရှိနေသော တပည့်များသည် ရှောင်တုလီ၏ ဘက်တော်သားများ ဖြစ်ကြသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က ရှောင်တုလီ ယန်ဒီမြို့က ပျောက်ကွယ်သွားပြီးနောက်တွင် ရှောင်တုလီ၏ ဘက်တော်သားများသည် ယန်ဒီမြို့တွင် အားနည်းနေခဲ့သည်။

ဤတစ်ကြိမ် အင်ပါယာ အမွေအနှစ်နယ်မြေထဲသို့ ဝင်ရာတွင် ရှောင်တုလီ၏ ဘက်တော်သားများထဲတွင် အင်ပါယာအမွေအနှစ် နယ်မြေထဲသို့ ဝင်ရောက်ခွင့်ရသော တပည့်များသည် အရေအတွက်ရော ခွန်အားအရပါ မီးလျှံဓားဘုရင် ရှောင်ရှင်းဟဲနှင့် ရှောင်မိသားစု ခေါင်းဆောင် ရှောင်ထျန်းဟန်တို့နှင့် ယှဉ်လျှင် များစွာ နိမ့်ကျနေခဲ့သည်။

ယခု ကျန်းချန်က အင်ပါယာအဆင့်ပါရမီရှင် တစ်ဦးထက် မနိမ့်ကျသည့် စွမ်းရည်ကို ပြသနေခဲ့ခြင်း ဖြစ်ရာ ရှောင်ပိုင်ရီအတွက် အံ့အားသင့်စရာ ဖြစ်နေခဲ့သည်။

---------------

"စီနီယာအစ်ကိုကျင့်ယွင်.. ရှောင်တုလီရဲ့ တပည့်က အစွမ်းအစတချို့ရှိပုံရတယ်.. ကျွန်တော် စမ်းကြည့်လိုက်ရမလား.."

ကွင်းပြင်၏ တစ်နေရာတွင် ရှောင်ကျင့်ယွင်နှင့် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးတို့သည် ပြိုင်ပွဲစင်မြင့်ထက်မှ အခြေအနေကို အကဲခတ်နေကြသည်။

ကျန်းချန်က ရှောင်ရီကို အလွယ်တကူ အနိုင်ယူလိုက်သည်ကိုမြင်လျှင် အနက်ရောင်ဝတ်စုံဝတ် လူငယ်က ရှောင်ကျင့်ယွင်ကို မေးလိုက်သည်။

"မလိုဘူး"

ရှောင်ကျင့်ယွင်က ပေါ့ပါးစွာ ဖြေလိုက်သည်။

"သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့် အင်အားနဲ့ ဧကရာဇ်အဆင့် သိုင်းပညာရပ်ကို တွဲဖက်အသုံးပြုမှတော့ ရလဒ်က ဒီအတိုင်း ထွက်လာမှာပဲ"

ခြေလှမ်းတစ်ဝက် နတ်ဝိညာဉ်ဘုရင် တစ်ဦးအနေဖြင့် ရှောင်ကျင့်ယွင်သည် သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်မှ ကျင့်ကြံသူ တစ်ယောက်ကို အဘယ်ကဲ့သို့ စိတ်ဝင်စားနိုင်ပါမည်နည်း။

အင်ပါယာအမွေအနှစ် နယ်မြေထဲသို့ ဝင်ရောက်ပြီးနောက်တွင် သူ့အနေဖြင့် ကျန်းချန်ကို ရှင်းလင်းရမည် ဖြစ်သည်။

သို့သော်လည်း ဤကိစ္စကို သူက လွယ်ကူသော ကိစ္စဟုပင် သတ်မှတ်ထားခဲ့သည်။

ကျန်းချန်က ရှောင်ရီကို အနိုင်ယူပြီးနောက်တွင် အံ့အားသင့်စွာ ငေးကြည့်နေကြသော အကြည့်များစွာ၏ အောက်မှာပင် ရှောင်ပိုင်ရီ ဆီသို့ ပြန်လာခဲ့သည်။

ခဏအကြာတွင် စုဝေးပွဲက ပြီးဆုံးသွားခဲ့သည်။

ကျန်းချန်က သူ၏နေအိမ်သို့ ပြန်လာပြီး အင်ပါယာ အမွေအနှစ်နှင့် ပတ်သက်သည့် အချက်အလက်များကို လေ့လာခဲ့သည်။

ဤသို့ဖြင့် သုံးရက်တာ ဟူသောအချိန်သည် လျှပ်တပြက်အတွင်း ကုန်ဆုံးသွားခဲ့သည်။

ယနေ့တွင် အင်ပါယာ အမွေအနှစ် နယ်မြေထဲသို့ ဝင်ခွင့်ရရှိထားသော တပည့်အယောက် သုံးဆယ်သည် ဗဟိုရင်ပြင်တွင် စုဝေးနေခဲ့ကြသည်။

ထို့နောက်တွင် ယန်ဒီမြို့၏ နတ်သန္ဓေအင်ပါယာများ ဖြစ်ကြသည့် နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီ နှင့် မီးလျှံဓားဘုရင် ရှောင်ရှင်းဟဲ တို့သည် ရင်ပြင်တွင် ထွက်ပေါ်လာခဲ့ကြသည်။

သူတို့နှစ်ဦးသည် ယန်ဒီမြို့မှ ပါရမီရှင် တပည့်သုံးဆယ်ကို ဦးဆောင်ကာ အင်ပါယာ အမွေအနှစ်နယ်မြေ ဆီသို့ ခရီးထွက်ခဲ့ကြ၏။

အခန်း(၁၀၀၁)ပြီး၏။

အခန်း(၁၀၀၂)

ရွှယ်မင်သူတော်စင် တောင်ထွတ်သည် ယန်ဒီမြို့၏ အရှေ့ဘက် မိုင်ပေါင်းထောင်ချီဝေးသော နေရာတွင် တည်ရှိပြီး အင်ပါယာ အမွေအနှစ်နယ်မြေ၏ တည်နေရာ ဖြစ်သည်။

ထိုနယ်မြေတွင် တစ်ချိန်တုန်းက ရွှယ်မင်သူတော်စင်နယ်မြေဟု ခေါ်သော ကြယ်ငါးပွင့်အင်အားစု အဆင့် နှင့် အကန့်အသတ်မရှိ နီးစပ်ခဲ့ဖူးသည့် အင်အားစုတစ်စု တည်ရှိခဲ့ဖူးသည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်တွင် ရှန်းဝူတိုက်သည် ကြီးမားသော ကပ်ဘေးတစ်ခုကို ကြုံတွေ့ခဲ့ရပြီး အင်ပါယာများ အားလုံးသည် တစ်ညတည်း ပျောက်ကွယ်သွားခဲ့သည်။

ရှန်းဝူတိုက်ကြီးပေါ်ရှိ ကြယ်ငါးပွင့်အဆင့် အင်အားစုများစွာသည်လည်း ကပ်ဘေးတွင် ပျက်စီးသွားခဲ့ရသည်။

ထိုအချိန်မှစ၍ ရှန်းဝူတိုက်တွင် ပကတိ အင်ပါယာအဆင့် ကျင့်ကြံသူ သို့မဟုတ် ကြယ်ငါးပွင့်အဆင့် အင်အားစုများသည် ပေါ်ထွက်မလာတော့ပေ။

ဆိုရလျှင် ရွှယ်မင်သူတော်စင် နယ်မြေသည် နှစ်ပေါင်းတစ်သောင်းနီးပါး အတွင်း ရှန်းဝူတိုက်ကြီးတွင် ကြယ်ငါးပွင့်အင်အားစု အဆင့်နှင့် အနီးစပ်ဆုံး ရှိခဲ့သည့် နယ်မြေဟု ယူဆ၍ရသည်။

အဘယ်ကြောင့်ဆိုသော် ရွှယ်မင်သူတော်စင်နယ်မြေမှ ကျင့်ကြံသူသည် ခြေလှမ်းတစ်ဝက် ပကတိအင်ပါယာ တစ်ပါးဖြစ်သည် ဟူသော ကောလဟာလများ ထွက်ပေါ်လာခြင်း ကြောင့်ပင်။

၎င်းသည် ပကတိအင်ပါယာအဆင့်ကို တက်လှမ်းရန် ကြိုးစားနေစဉ်အတွင်း အကြောင်းတစ်ချို့ကြောင့် သေဆုံးသွားခဲ့ရပြီး ရွှယ်မင်သူတော်စင် နယ်မြေကို ဖျက်ဆီးပစ်ခဲ့သည်။

သို့သော်လည်း ၎င်းသည် သေဆုံးခါနီး အချိန်တွင် သူ၏မဟာစွမ်းအားများဖြင့် ရွှယ်မင်သူတော်စင်နယ်မြေ၏ နှစ်ပေါင်းတစ်သောင်းကြာ အမွေအနှစ်များကို ထိန်းသိမ်းထားခဲ့သည်။

လက်ရှိတွင် ထိုအမွေအနှစ်နယ်မြေသည် အင်ပါယာ အမွေအနှစ် နယ်မြေ အဖြစ် ထွက်ပေါ်လာခဲ့သည်။

ထိုအမွေအနှစ် နယ်မြေအတွင်း ရွှယ်မင်သူတော်စင် နယ်မြေမှ ကြွင်းကျန်ရစ်သော ကောင်းကင်နှင့်မြေကြီး၏ ရတနာများစွာ သာမက ရွှယ်မင်သူတော်စင် နယ်မြေမှ အင်အားကြီးမားသောကျင့်ကြံသူ များစွာ၏ အမွေအနှစ်များလည်း ရှိ၏။

ထို့အပြင် ရွှယ်မင်သူတော်စင် နယ်မြေထဲတွင် အင်ပါယာအဆင့်ကို ထိုးဖောက်နိုင်မည့် နည်းလမ်းတစ်ခုအား ချန်ထားခဲ့သည်ဟု ကောလဟာလ ရှိခဲ့သည်။

ထို့ကြောင့် ရွှယ်မင်သူတော်စင် နယ်မြေ ဖြစ်သည့် အင်ပါယာအမွေအနှစ် နယ်မြေသည် ရှန်းဝူ တိုက်တစ်တိုက်လုံးဖြင့် ကြည့်လျှင်ပင် ထိပ်တန်း လျှို့ဝှက်နယ်မြေများ ထဲမှ တစ်ခုဖြစ်သည်။

အကယ်၍သာ ထိုခြေလှမ်းတစ်ဝက်ပကတိအင်ပါယာအဆင့်ကျင့်ကြံသူသည် သူ၏ အမြင့်ဆုံး မှော်စွမ်းအားများဖြင့် အမွေအနှစ်များကို ထိန်းချုပ် မထားခဲ့လျှင် အသက်သုံးဆယ်အောက်ရှိ လူငယ်ပါရမီရှင်များနှင့် နတ်သန္ဓေအင်ပါယာအဆင့်အောက်ရှိ ကျင့်ကြံသူများ သာမကဘဲ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူ၏အမွေအနှစ်ကို ရရှိရန် အရူးအမူး ကြိုးစားလိမ့်မည် ဖြစ်သည်။

ရက်အနည်းကြာပြီးနောက်တွင် ရှောင်တုလီနှင့် ရှောင်ရှင်းဟဲတို့၏ ဦးဆောင်မှုဖြင့် ကျန်းချန်တို့သည် ပြင်းထန်သောအရှိန်အဝါများကို ထုတ်လွှတ်နေသည့် ဧရာမတောင်ကြီးတစ်လုံး၏ ရှေ့တွင် ဆင်းသက်ခဲ့သည်။

အဝေးမှကြည့်လျှင် တောင်ထိပ်များသည် ကောင်းကင်နှင့်မြေကြီးကို ထောက်ပံ့ပေးထားသည့် ကြီးမားသောတိုင်လုံးများကဲ့သို့ ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးကို တွဲဆက်ထားသကဲ့သို့ ကြီးမားသော သက်ရောက်မှုကို ပေးစွမ်းနေခဲ့သည်။

ထိုကြီးမားသော တောင်ထွတ်သည် ကြောက်မက်ဖွယ်စွမ်းအားများကို ထုတ်လွှတ်နေခဲ့ပြီး နတ်သန္ဓေအင်ပါယာအဆင့်ပင် ခြွင်းချက်မရှိ မဆန့်ကျင်ရဲပေ။

ရှောင်တုလီက ရွှယ်မင်တောင်ထွတ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းချန်နှင့် တခြားသူများကို သတိပေးလိုက်သည်။

"ဒါက ရွှယ်မင်တောင်ထွတ်ပဲ.. အခုအချိန်မှာ ရွှယ်မင်သူတော်စင် တောင်ထွတ်ရဲ့ ဝင်ပေါက်က မပွင့်သေးဘူး.. ဒီတောင်ထွတ်ရဲ့ ဝင်ပေါက်မှာ ခြေလှမ်းတစ်ဝက် ပကတိအင်ပါယာအဆင့် ကျင့်ကြံသူရဲ့ မှော်စွမ်းအားတွေ ပါဝင်နေတယ်.. အသက်သုံးဆယ် အထက် ကျင့်ကြံသူတွေနဲ့ နတ်သန္ဓေအင်ပါယာအဆင့်တွေက ဝင်ပေါက်ဆီကို လုံးဝ ချဉ်းကပ်လို့မရဘူး"

"ဒါက ရွှယ်မင်သူတော်စင် တောင်ထွတ်လား"

ကျန်းချန်က သူ့ရှေ့မှ တောင်ကြီးကို ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်သည်။

သူက သိုင်းပညာ၏ စစ်မှန်သော အဓိပ္ပါယ်များကို သာမက အစီအရင်ပညာရပ်ကိုပါ အဆင့်အတန်းမြင့်မြင့် တတ်မြောက်ထား၍ သူ၏ နားလည်မှုသည် သာမန်လူများထက် များစွာသာလွန်နေခဲ့သည်။

ဤရွှယ်မင်သူတော်စင် တောင်ထွတ်တွင် ကမ္ဘာကြီးကိုပင် တုန်လှုပ်စေလောက်သည့် အဆုံးမဲ့ကြီးမားသော စွမ်းအားတစ်ခု ရှိနေသည်ဟု သူခံစားမိခဲ့သည်။

သို့သော်လည်း ထိုစွမ်းအားသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း လျော့ပါးလာနေပုံရ၏။

ရှောင်မိသားစုမှတပည့်များ ရွှယ်မင်တောင်ထွတ်ပေါ်ရှိ အခြေအနေကိုအကဲခတ်နေစဉ် သူတို့နောက်ရှိလေထုထဲတွင် ပြင်းထန်သော လေတိုးသံများ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

လူတိုင်းက လှည့်ကြည့်လိုက်သောအခါ အပြာရောင် လေပြင်းများ တိုက်ခတ်လာသည်ကို တွေ့လိုက်ရသည်။

အပြာရောင်လေပြင်းများ၏ အရှိန်အဟုန်သည် အလွန်ပင်မြန်ဆန်လွန်းပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ကျန်းချန်နှင့် အခြားသူများ၏ ပေတစ်ရာအတွင်းသို့ ရောက်ရှိလာခဲ့သည်။

"ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ လေဆန္ဒလဲ.. ငါခန့်မှန်းတာမမှားရင် အခုရောက်လာတဲ့သူတွေက သူတော်စင် မြို့တော်ငါးမြို့ထဲက ရှန်းဖုန်းမြို့တော်ကပဲ ဖြစ်ရမယ်"

ရှောင်ပိုင်ရီက အပြာရောင်လေပြင်းကို အကဲခတ် ကြည့်လိုက်ရင်း ကျန်းချန်ကို ခပ်တိုးတိုး ပြောလိုက်သည်။

ကျန်းချန်က သူ၏မျက်ခုံးကို ပင့်လိုက်ပြီး အပြာရောင်လေပြင်းကို အကဲခတ်လိုက်သည်။

အခြားသော သူတော်စင်နယ်မြေများ ဖြစ်သည့် မြင့်မြတ်သောမြို့တော်များမှ လူများသည် အဆုံးသတ်တွင် ရောက်ရှိလာကြချေပြီ။

အခန်း(၁၀၀၂)ပြီး၏။

All Chapters