အခန်း (၁၀၀၃-၁၀၀၅)
Vol. 67 Ch. 1003-1005
အခန်း(၁၀၀၃)
ကျန်းချန်သည် ယခုအခါတွင် ကျုံးကျိုးကုန်းမြေရှိ သူတော်စင်မြို့တော် ငါးမြို့နှင့် ပတ်သက်၍ အတိုင်းအတာ တစ်ခုအထိ နားလည်ထားခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်အကြာက ရှောင်တုလီ ပေးလိုက်သော အချက်အလက်များ ထဲတွင် အင်ပါယာအမွေအနှစ်နယ်မြေ၏ အသေးစိတ်မိတ်ဆက်မှုများ အပြင် ကျုံးကျိုးကုန်းမြေရှိ သူတော်စင်မြို့တော် ငါးမြို့အကြောင်း အချက်အလက်များလည်း ပါဝင်၏။
ကျုံးကျိုးကုန်းမြေရှိ ကြယ်လေးပွင့် အင်အားစုများ ဖြစ်သည့် သူတော်စင်မြို့တော် ငါးမြို့မှာ ရှန်းဖုန်းမြို့၊ ကျင့်လဲ့မြို့၊ ထျန်းဝူမြို့၊ လင်ရှီမြို့နှင့် ယန်ဒီမြို့တို့ ဖြစ်ကြသည်။
သူတော်စင်မြို့တော် ငါးမြို့လုံးသည် ကျုံးကျိုးကုန်းမြေတွင် ထင်ရှားကျော်ကြားသော သူတော်စင်နယ်မြေများ ဖြစ်ကြသော်လည်း ခွန်အားအရာတွင် ကွာခြားချက်အချို့ ရှိနေခဲ့၏။
သူတော်စင်မြို့တော်ငါးမြို့ထဲတွင် ယန်ဒီမြို့၏ ခွန်အားသည် သိပ်မကြီးဘဲ ကျင့်လဲ့မြို့နှင့် တန်းတူနီးပါး ရှိကာ သူတော်စင်မြို့တော်ငါးမြို့ထဲတွင် အောက်ခြေနေရာ၌သာ ရှိသည်။
ထျန်းဝူမြို့ကမူ ယန်ဒီမြို့နှင့် ကျင့်လဲ့မြို့များထက် အနည်းငယ် ပိုမို အစွမ်းထက်၏။
လင်ရှီမြို့ကမူ သူတော်စင်မြို့တော် ငါးမြို့ထဲတွင် အလျှို့ဝှက်ဆုံးဖြစ်ပြီး ၎င်း၏ခွန်အားကို အတိအကျ မမှန်းဆနိုင်ပေ။
သူတော်စင်မြို့တော် ငါးမြို့ထဲတွင် နံပါတ်တစ်နေရာ၌ ရှိသောမြို့မှာ ရှန်းဖုန်းမြို့ ဖြစ်ပြီး ၎င်း၏ ခွန်အားကို သူတော်စင်မြို့တော် ငါးမြို့ထဲတွင် အစွမ်းထက်ဆုံး အဖြစ် တရားဝင်အသိအမှတ်ပြုထားကြသည်။
ထို့အပြင် ရှန်းဖုန်းမြို့၏ အမွေအနှစ် သမိုင်းသည် သူတော်စင်မြို့တော် ငါးမြို့ထဲတွင် အရှည်ကြာဆုံးဖြစ်ပြီး ၎င်း၏ အမွေအနှစ်သည် အလွန်ပင် နက်ရှိုင်းသည်။
ဒဏ္ဍာရီများအရ ရှန်းဖုန်းမြို့ကို တည်ထောင်ခဲ့သည့် ပကတိအင်ပါယာသည် ပကတိအင်ပါယာ အထွတ်အထိပ်အဆင့် (ဝါ) မဟာအင်ပါယာအဆင့်၌ ရှိခဲ့သည်ဟု ဆိုကြသည်။
မဟာအင်ပါယာ တည်ထောင်ထားသောမြို့ ဖြစ်၍ ရှန်းဖုန်းမြို့၏ အဆင့်အတန်းသည် ကျန်မြို့များထက် အဆင့်မြင့်၏။
အကြောင်းအရင်းမှာ ရှေးခေတ် ကာလများတွင် အင်ပါယာအဆင့် ကျင့်ကြံသူ အများစုသည် သာမန် အင်ပါယာအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။
မဟာအင်ပါယာဘွဲ့ကို အမှန်တကယ် ရရှိနိုင်သော အင်ပါယာအဆင့် ကျင့်ကြံသူများသည် အလွန်တရာ ရှားပါး၏။
ကျုံးကျိုးကုန်းမြေရှိ သူတော်စင်မြို့တော် ငါးမြို့ထဲမှာပင် ရှန်းဖုန်းမြို့ကို တည်ထောင်သူဖြစ်သည့် အင်ပါယာရှန်းဖုန်း တစ်ဦးတည်းသာလျှင် မဟာအင်ပါယာဘွဲ့ကို ပိုင်ဆိုင်ထားခဲ့သည်။
ဆိုရမည်ဆိုလျှင် ရှန်းဖုန်းမြို့မှ လူများသည် မဟာအင်ပါယာကနေ ဆင်းသက်လာသောသူများ ဖြစ်ကြ၏။
"ဟားဟား.. ရှောင်တုလီနဲ့ ရှောင်ရှင်းဟဲ.. မင်းတို့ ယန်ဒီမြို့က မင်းတို့နှစ်ယောက်စလုံးကို စေလွှတ်လိုက်တယ် ဆိုတော့ အင်ပါယာ အမွေအနှစ်နယ်မြေကို တော်တော်လေး အလေးထားနေပုံပဲ"
ကျန်းချန်နှင့် အခြားသူများ အပြာရောင်လေပြင်းကို အကဲခတ် ကြည့်နေစဉ်မှာပင် လေထုထဲတွင် ကျယ်လောင်သော ရယ်မောသံတစ်သံသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တခဏမှာပင် လူအချို့သည် ကျန်းချန်နှင့် အခြားသူများ၏ မြင်ကွင်းရှေ့တွင် ပေါ်လာခဲ့သည်။
၎င်းတို့ကို ဦးဆောင်လာသူ နှစ်ဦးအနက် တစ်ဦးမှာ စိမ်းပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဆံဖြူအဘိုးအို တစ်ဦး ဖြစ်ပြီး ကျန်တစ်ဦးမှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ချောမောသော လူငယ်တစ်ဦး ဖြစ်သည်။
"မင်းတို့ ရှန်းဖုန်းမြို့လည်း အတူတူပဲ မဟုတ်ဘူးလား.. မင်းတို့နှစ်ယောက်စလုံးကို ဦးဆောင်ဖို့ စေလွှတ်ခဲ့တာပဲလေ"
ရှန်းဖုန်းမြို့ကို ဦးဆောင်လာသည့် နှစ်ဦးကို ကြည့်ရင်း ရှောင်ရှင်းဟဲ၏ မျက်နှာထားသည် အနည်းငယ် တင်းမာသွားခဲ့သည်။
စိမ်းပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဆံဖြူအဘိုးအို၏ နာမည်မှာ ဝူယင် ဖြစ်ပြီး ရှန်းဖုန်းမြို့၏ သက်တော်ရှည် နတ်သန္ဓေအင်ပါယာ အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
၎င်း၏ ခွန်အားသည် သူတော်စင်မြို့တော် ငါးမြို့ထဲမှာပင် ထိပ်ဆုံး သုံးနေရာ၌ ပါဝင်ရန် လုံလောက်၏။
နောက်တစ်ယောက်မှာ လေဓားဧကရာဇ် ဖန်ယောင် ဖြစ်ပြီး ရှန်းဖုန်းမြို့၏ အသက်အငယ်ဆုံး နတ်သန္ဓေအင်ပါယာ အဆင့် ကျင့်ကြံသူ ဖြစ်ကာ ၎င်း၏ ပါရမီသည် ရှောင်တုလီ၏ နီးပါးဖြစ်သည်။
ရှန်းဖုန်းမြို့ အနေဖြင့် ထိုနှစ်ဦးကို အင်ပါယာ အမွေအနှစ် နယ်မြေဆီ လူငယ်များကို ဦးဆောင်၍ စေလွှတ်လိုက်ခြင်းသည် အခြားသော သူတော်စင်နယ်မြေများ အပေါ်တွင် ၎င်းတို့၏ အာဏာကို ပြသလိုက်ခြင်းပင် ဖြစ်၏။
ရှောင်တုလီတို့ နတ်သန္ဓေ အင်ပါယာလေးပါး နှုတ်ဆက်နေကြစဉ်တွင် ကျန်းချန်တို့ လူငယ် ပါရမီရှင်များသည် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အကဲခတ်နေခဲ့ကြသည်။
"ရှန်းဖုန်းမြို့ရဲ့ တပည့်တွေက အတော်လေး သန်မာတာပဲ"
ရှန်းဖုန်းမြို့မှ တပည့်များကို အကဲခတ် ကြည့်ပြီးနောက်တွင် ကျန်းချန်သည် သူ့နံဘေးရှိ ရှောင်ပိုင်ရီကို လေးနက်စွာပြောလိုက်သည်။
သူ၏ အကဲခတ်မှုအရ ရှန်းဖုန်းမြို့၏ တပည့်ခုနစ်ဦး၊ ရှစ်ဦးခန့်၏ စွမ်းရည်သည် ရှောင်ပိုင်ရီထက် မနိမ့်ကျသည်ကို တွေ့ရှိခဲ့သည်။
"ဒါက ထုံးစံပါပဲ.. ရှန်းဖုန်းမြို့က သူတော်စင်မြို့တော် ငါးမြို့ရဲ့ နံပါတ်တစ် မြို့တော်ပဲလေ.. ဒါကြောင့် သူတို့ တပည့်တွေရဲ့ အလုံးစုံခွန်အားက ယန်ဒီမြို့ထက် သာလွန်နေတာတော့ အမှန်ပဲ.. ငါသိထားသလောက် ရှန်းဖုန်းမြို့မှာ အင်ပါယာအဆင့် ပါရမီရှင် ရှစ်ဦးရှိပြီး တစ်ဦးချင်းစီက အတော်လေး အစွမ်းထက်တယ်လို့ ပြောကြတယ်"
ကျန်းချန်ကို ရှင်းပြနေရင်း ရှောင်ပိုင်ရီ၏ အကြည့်သည် ရှန်းဖုန်းမြို့မှ နတ်သန္ဓေအင်ပါယာ နှစ်ပါး၏ အနောက်တွင် ရပ်နေသော လူငယ် ဆီသို့ ရောက်ရှိသွားခဲ့သည်။
"အထူးသဖြင့် ရှန်းဖုန်းမြို့ရဲ့ အသန်မာဆုံး အင်ပါယာအဆင့်တပည့် ဖြစ်တဲ့ ဖုန်းချင်းရီပဲ..သူ့ကို ငါတို့ သတိထားမှဖြစ်မယ်"
အခန်း(၁၀၀၃)ပြီး၏။
အခန်း(၁၀၀၄)
ကျန်းချန်က စိတ်လှုပ်ရှားသွားခဲ့ပြီး ရှောင်ပိုင်ရီ ကြည့်နေသည့် နေရာကို မကြည့်ဘဲ မနေနိုင်တော့ပေ။
သူမြင်တွေ့လိုက်ရသည်မှာ သာမန် ရုပ်ရည်သာရှိသော အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦး ဖြစ်သည်။
ထိုအမျိုးသားသည် သာမန်ရုပ်ရည် ရှိရုံသာမက ခန္ဓာကိုယ်မှထွက်ပေါ်လာသော အရှိန်အဝါကပင် ရှောင်ကျင့်ယွင်ထက် များစွာ နိမ့်ကျနေ၏။
သို့သော် ၎င်း၏ မျက်လုံးများတွင်မူ အဆုံးမဲ့ရဲရင့်မှုနှင့်ယုံကြည်မှုရှိသော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။
အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသားက သာမန် ရုပ်ရည် မျှသာ ရှိသော်လည်း ကျန်းချန်သည် ထိုအမျိုးသားထံမှ ခြိမ်းခြောက်မှုကို အလိုလိုနေရင်း ခံစားမိခဲ့သည်။
ကျန်းချန်က ဖုန်းချင်းရီ ဟူသည့် အမည်ကို ကောင်းစွာ ကြားဖူးခဲ့သည်။
ထိုလူသည် ရှန်းဖုန်းမြို့၏ အသန်မာဆုံး အင်ပါယာအဆင့်တပည့် တစ်ဦး ဖြစ်ပြီး ကြယ်ရှစ်ပွင့်အင်ပါယာ သွေးစွမ်းအားကို ပိုင်ဆိုင်ထားကာ လွန်ခဲ့သည့် သုံးနှစ်ကပင် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့်သိူ့ ရောက်ရှိခဲ့သည်ဟု ကောလဟာလများ ထွက်ပေါ်ခဲ့သည်။
အကယ်၍ ၎င်းသာ နတ်ဝိညာဥ်ဘုရင် အဆင့်ကို ထိုးဖောက်လိုခဲ့လျှင် နတ်ဝိညာဥ်ဘုရင်အဆင့် ဖြစ်နှင့်ပြီးသည်မှာ ကြာလောက်ပြီ ဖြစ်၏။
လွန်ခဲ့သည့် သုံးနှစ်တာ ကာလတစ်လျှောက်လုံးတွင် ဖုန်းချင်းရီသည် အင်ပါယာ အမွေအနှစ်နယ်မြေထဲသို့ ဝင်ရောက်ခွင့်ရရန် ရည်ရွယ်ချက် တစ်ခုတည်းဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိုင်းသခင်နယ်ပယ် အထွတ်အထိပ် အဆင့်တွင် ဖိနှိပ်ထားခဲ့သည်။
ဤသုံးနှစ်အတွင်း ဖုန်းချင်းရီသည် ကျင့်ကြံခြင်းအဆင့် မတိုးတက်ခဲ့သော်လည်း ခွန်အားကမူ ပိုမို နက်ရှိုင်းလာခဲ့၏။
ဆိုရလျှင် သူတော်စင်မြို့တော် ငါးမြို့၏ လူငယ် မျိုးဆက်များထဲတွင် အနည်းငယ်မျှသာ ဖုန်းချင်းရီနှင့် ရင်ဆိုင်နိုင်မည် ဖြစ်သည်။
"ဂျိန်း"
ရှန်းဖုန်းမြို့အဖွဲ့ရောက်ရှိပြီး သိပ်မကြာခင်မှာပင် လေထဲ၌ မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး မိုးကြိုးအလင်းရောင်များသည် ကျန်းချန်နှင့် အခြားသူများ၏ ရှေ့သို့ ဆင်းသက်လာခဲ့သည်။
သံသယရှိစရာ မလိုလောက်အောင်ပင် ကျင့်လဲ့မြို့မှ လူများရောက်ရှိလာပြီ ဖြစ်သည်။
သူတို့၏ နောက်တွင် ထျန်းဝူမြို့နှင့် လင်ရှီမြို့မှ အဖွဲ့များလည်း ရောက်ရှိလာကြသည်။
ကျုံးကျိုးကုန်းမြေရှိ သူတော်စင်မြို့တော် ငါးမြို့မှ အဖွဲ့ဝင်အားလုံးသည် ရောက်ရှိလာခဲ့ကြသည်။
ထို့နောက်တွင် သူတော်စင်နယ်မြေများ၏ နတ်သန္ဓေအင်ပါယာများသည် အချင်းချင်း နှုတ်ဆက်စကားများ ပြောဆိုခဲ့ပြီး ကျန်းချန်တို့ကလည်း အခြားသော သူတော်စင် မြို့တော်များမှ တပည့်များကို အပြန်အလှန် အကဲခတ် ကြည့်ရှုခဲ့ကြသည်။
သူတော်စင်မြို့တော် ငါးမြို့မှ ထူးချွန်သော ပါရမီရှင် အကြောင်းကို ပိုမိုသိရှိထားသော ရှောင်ပိုင်ရီသည် ကျန်းချန်ကို နံဘေးကနေ မိတ်ဆက်ပေးနေခဲ့သည်။
မကြာမီမှာပင် ကျန်းချန်သည် ကျင့်လဲ့မြို့၏ အသန်မာဆုံး ပါရမီရှင် ဖြစ်သည့် လဲ့ရှင်းယန်နှင့် ထျန်းဝူမြို့၏ အသန်မာ ဆုံးပါရမီရှင် ဖြစ်သည့် ဝူကျီယွင် တို့ကို မြင်တွေ့ခဲ့ရသည်။
"လင်ရှီမြို့ရဲ့ အဖွဲ့ဝင်ထဲက အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသမီးကို တွေ့လား သူမက လင်ရှီမြို့ရဲ့ အသန်မာဆုံးပါရမီရှင် ဖြစ်တဲ့ မုန့်ရွှယ်ရွှယ်ပဲ.. သူမက ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦးလို့ ပြောကြတယ် သူတော်စင်မြို့တော် ငါးမြို့ထဲမှာ ဖုန်းချင်းရီနဲ့ ယှဥ်ပြိုင်နိုင်တဲ့ တစ်ဦးတည်းသောသူက သူမပဲ"
ရှောင်ပိုင်ရီက ကျန်းချန်ကို ရှင်းပြလိုက်သည်။
ကျန်းချန်၏ အကြည့်သည် လင်ရှီမြို့မှ အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးဆီသို့ ရောက်ရှိသွားခဲ့သည်။
ထိုအမျိုးသမီးသည် ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသော အသားအရည် ရှိပြီး ချောမောသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။
သူမ၏ မျက်လုံးများသည် ကြယ်များကဲ့သို့ တဖျပ်ဖျပ် တောက်ပနေခဲ့သည်။
သူမ၏ နက်မှောင်သော ဆံပင်များက ဝဲကျနေခဲ့ပြီး လေနှင့်အတူ ကခုန်နေခဲ့သည်။
သူမကို ကြည့်ရသည်မှာ စိတ်ကူးအိပ်မက်ထဲမှ နတ်သမီးတစ်ပါးလိုပင်။
သူမ၏ ခန္ဓာကိုယ်ကနေ ဆန်းကြယ်သော မှော်စွမ်းအင်တစ်မျိုးကို ထုတ်လွှတ်နေပုံရပြီး ထိုစွမ်းအားသည် လူအများကို သူမနှင့် နီးစပ်ချင်စိတ် ဖြစ်ပေါ်စေ၏။
ကျန်းချန်က သူ၏ နဂါးပြာသန္ဓေ ခန္ဓာကိုယ်သွေးကို နှိုးဆွလိုက်ရာ မကြာမီမှာပင် မှင်တက်နေသော အခြေအနေမှ နိုးထနိုင်ခဲ့သည်။
သူက သူနံဘေးမှ ရှောင်ပိုင်ရီကို ကြည့်ကာ အသက်ကို ခပ်ပြင်းပြင်း ရှုရှိုက်၍ ပြောလိုက်သည်။
"ဒီမုန့်ရွှယ်ရွှယ်ရဲ့ အရှိန်အဝါက အရမ်းထူးဆန်းတယ်. လင်ရှီမြို့ကို တည်ထောင်သူဖြစ်တဲ့ ပကတိအင်ပါယာက ဝိညာဥ်ကိုအထူးပြု ကျင့်ကြံတဲ့ ကျင့်ကြံသူတစ်ဦးပဲ.. ဒါကြောင့် လင်ရှီမြို့ရဲ့ အင်ပါယာ သွေးစွမ်းအားက ဝိညာဥ်ကို အထူးပြုတဲ့ သွေးစွမ်းအား ဖြစ်နေရတာပဲ"
ရှောင်ပိုင်ရီက လေးနက်သော အမူအရာဖြင့် ရှင်းပြလိုက်သည်။
"မုန့်ရွှယ်ရွှယ်က လင်ရှီမြို့ရဲ့ ထိပ်တန်းပါရမီရှင် တစ်ဦး ဖြစ်တဲ့အပြင် သွေးစွမ်းအားနဲ့ ဝိညာဥ်တာအို ကျင့်ကြံခြင်း နှစ်မျိုးစလုံးမှာ အတော်လေး ကြောက်မက်ဖွယ်ကောင်းတဲ့ အဆင့်ကို ရောက်နေခဲ့ပြီ.. သူမရဲ့ နည်းစနစ်တွေက ထူးဆန်းပြီး ခန့်မှန်းရခက်တယ်.. သာမန်သိုင်းသခင်နယ်ပယ် ကျင့်ကြံသူတွေရဲ့ စိတ်ကို အလွယ်တကူ ထိန်းချုပ်ပြီး လူသတ်နိုင်တယ်လို့တောင် ပြောဆိုကြတဲ့အထိပဲ"
ရှောင်ပိုင်ရီက ကျန်းချန်ကို ဆက်လက် ရှင်းပြလိုက်သည်။
"တချို့လူတွေဆိုရင် မုန့်ရွှယ်ရွှယ်က ဖုန်းချင်းရီထက်တောင် ပိုပြီး ကြောက်ဖို့ကောင်းတယ်လို့ ပြောကြတယ်.."
ကျန်းချန် မုန့်ရွှယ်ရွှယ်ကို ကြည့်နေသည့် အခိုက်တွင် မုန့်ရွှယ်ရွှယ်သည် တစ်စုံတစ်ယောက်က သူမအား ကြည့်နေသည်ကို ခံစားမိခဲ့ပုံရသည်။
သူမက ရွှန်းလဲ့တောက်ပသော အကြည့်များဖြင့် ကျန်းချန်ကို ပြန်လည်၍ ကြည့်လိုက်၏။
အခန်း(၁၀၀၄)ပြီး၏။
အခန်း(၁၀၀၅)
မုန့်ရွှယ်ရွှယ်၏ အကြည့်နှင့် ရင်ဆိုင်လိုက်ရလျှင် ကျန်းချန်သည် ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
ကျန်းချန်၏ နံဘေးရှိ ရှောင်ပိုင်ရီပင်လျှင် အသက်ရှူကြပ်ကာ အတွေးများ ရပ်လုမတတ် ဖြစ်သွားခဲ့သည်။
"တကယ်ကို ထူးချွန်တဲ့ ပါရမီရှင်လေးပဲ.. ဒီကောင်မလေးက သိုင်းသခင်နယ်ပယ် အထွတ်အထိပ် အဆင့်ပဲ ရှိပေမဲ့ နတ်ဝိညာဉ်ဘုရင်နယ်ပယ် ဒုတိယအဆင့်ကျင့်ကြံသူထက် လုံးဝမနိမ့်ဘူး.. ဒီကောင်မလေးရဲ့ ပါရမီက ငါအရင်တုန်းက တွေ့ခဲ့ဖူးတဲ့ လစိတ်ဝိညာဉ်ဘုရင်မထက် လုံးဝ မနိမ့်ဘူး"
ထိုအချိန်တွင် ကျန်းချန်၏ စိတ်ဝိညာဉ်ထဲတွင် ပုန်းအောင်းနေသော သွေးမြစ်သည် ရုတ်တရက် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
သူသည်လည်း မုန့်ရွှယ်ရွှယ်၏ ကြောက်မက်ဖွယ် စိတ်ဝိညာဉ်ဖိအားကို ဝိညာဉ်စွမ်းအားသုံးကာ တိတ်တဆိတ် တွန်းလှန်ခဲ့ရသည်။
"ကျန်းချန်.. အင်ပါယာအမွေအနှစ် နယ်မြေထဲကို ရောက်ရင် အခွင့်အရေးရတာနဲ့ ဒီကောင်မလေးကို သတ်ပစ်လိုက်.. ဒီဧကရာဇ်သာ ဒီကောင်မလေးရဲ့ ဝိညာဉ်ကို မျိုချနိုင်မယ်ဆိုရင် အနည်းဆုံး နတ်ဝိညာဉ်ဘုရင် ဆဋ္ဌမအဆင့် စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မယ်.. အချိန်ကျလာရင် အင်ပါယာအမွေအနှစ် နယ်မြေထဲမှာ မင်းကို ဘယ်သူမှ မယှဉ်နိုင်အောင် ဒီဧကရာဇ် စွမ်းဆောင်ပေးမယ်"
"မုန့်ရွှယ်ရွှယ်ကို သတ်ပစ်ရမယ် ဟုတ်လား"
သူ၏ စိတ်ဝိညာဉ်ထဲမှ သွေးမြစ်၏ စကားကိုကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။
မုန့်ရွှယ်ရွှယ်သည် ခြေလှမ်းတစ်ဝက် နတ်ဝိညာဉ်ဘုရင် အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး ခန့်မှန်းရခက်ခဲသော ဆန်းကြယ်သည့် စိတ်ဝိညာဉ် တိုက်ခိုက်မှုများကို တတ်မြောက်ထားသူ ဖြစ်သည်။
နတ်ဝိညာဉ်ဘုရင်နယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူများပင်လျှင် သူမ၏ ပြိုင်ဘက် ဖြစ်နိုင်မည်မဟုတ်ပေ။
သူ၏ လက်ရှိခွန်အားဖြင့်သာ မုန့်ရွှယ်ရွှယ်နှင့် ရင်ဆိုင်ရလျှင် အနိုင်ရနိုင်ခြေ ဆယ်ရာခိုင်နှုန်းပင် မရှိချေ။
သွေးမြစ်သည် ယခုအခါတွင် ဝိညာဉ်ခန္ဓာကိုယ်သာ ရှိ၍ ဝိညာဉ် တိုက်ခိုက်မှုများကို ကျွမ်းကျင်သော မုန့်ရွှယ်ရွှယ်သည် သွေးမြစ်၏ ရန်သူ ဖြစ်သည်မှာ သံသယဝင်စရာ မရှိပေ။
သူက သွေးမြစ်နှင့် ပူးပေါင်းတိုက်ခိုက်လျှင်ပင် မုန့်ရွှယ်ရွှယ်ကို ရင်ဆိုင်နိုင်မည် မဟုတ်ဟု ထင်မြင်မိသည်။
"သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်နဲ့ ငါ့ရဲ့ စိတ်ဝိညာဉ် တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်ပါလား.. စိတ်ဝင်စားစရာပဲ"
ကျန်းချန်က သူမ၏ စိတ်ဝိညာဉ် တိုက်ခိုက်မှုကို အေးအေးဆေးဆေး ရင်ဆိုင်နေနိုင်သည်ကိုမြင်လျှင် မုန့်ရွှယ်ရွှယ်၏ လှပသော မျက်ဝန်းလေးတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖျပ်ခနဲ ပေါ်ပေါက်လာခဲ့သည်။
အားလုံး စောင့်ဆိုင်းနေစဉ်မှာပင် အချိန်များသည် တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင် ရွှယ်မင်သူတော်စင်တောင်ထိပ်ပေါ်ရှိ အဆုံးမဲ့စွမ်းအားများကို ထုတ်လွှတ်နေသော ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်သည် အဆုံးသတ်တွင် ဖြည်းဖြည်းချင်း လျော့ပါးသွားခဲ့သည်။
ရွှယ်မင်သူတော်စင် တောင်ထွတ်အတွင်းရှိ အရာများသည် မူလက မှိန်ပျပျသာ မြင်နေရသော်လည်း ယခုအခါတွင် တဖြည်းဖြည်း ရှင်းလင်းလာခဲ့ပြီ ဖြစ်၏။
ရွှယ်မင် သူတော်စင်တောင်ထိပ် တည်ရှိသည့် လေဟာနယ်တွင် ရုတ်တရက် တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာ၏။
"ဝုန်း.."
လေထုထဲရှိ နေရာလွတ်က တုန်ခါသွားခဲ့ပြီး သုံးပေအမြင့်ရှိသော အလင်းတံခါးပေါက်ကြီး တစ်ခုသည် လူတိုင်း၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။
ဤအချိန်တွင် သူတော်စင်နယ်မြေ ငါးခုမှ လူတိုင်း၏ အကြည့်သည် ထိုအလင်းတံခါးပေါ်သို့ ကျရောက်သွားခဲ့ကြသည်။
နှစ်တစ်ရာတွင် တစ်ကြိမ်သာပွင့်သော အင်ပါယာ အမွေအနှစ်နယ်မြေ ဂိတ်တံခါးသည် အဆုံးသတ်တွင် လုံးဝဖွင့်လှစ်ခဲ့ပြီဖြစ်သည်။
"ရှန်းဖုန်းမြို့က တပည့်တွေ.. ငါနဲ့အတူ အင်ပါယာ အမွေအနှစ်နယ်မြေထဲကို ဝင်ကြစို့"
ဖုန်းချင်းရီက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ လူများကို ဦးဆောင်ကာ အပြာရောင်အလင်းတန်း အဖြစ်သို့ ပြောင်းလဲသွားပြီး အလင်းတံခါး ဆီသို့ အပြေးအလွှား သွားရောက်ခဲ့သည်။
တစ်ချိန်တည်းမှာပင် လင်ရှီမြို့မှ မုန့်ရွှယ်ရွှယ်သည်လည်း အင်ပါယာ အမွေအနှစ် နယ်မြေထဲသို့ သူမ၏ အဖွဲ့ဝင်များနှင့်အတူ ဝင်ရောက်သွားခဲ့သည်။
"ယန်ဒီမြို့က တပည့်တွေအားလုံး အင်ပါယာအမွေအနှစ်နယ်မြေထဲကို ဝင်ကြတော့.. အထဲကိုရောက်ရင် တတ်နိုင်သမျှအားလုံး အချင်းချင်း ကူညီရိုင်းပင်းကြ.. အကျိုးအမြတ်အတွက် ကိုယ့်အချင်းချင်း တိုက်ခိုက်တာမျိုး မလုပ်မိစေနဲ့"
ထိုအချိန်တွင် ရှောင်တုလီ၏ ခန့်ညားသောအသံသည် ကျန်းချန်နှင့် အခြားသူများ၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
ရှောင်တုလီ၏ စကားကို ကြားသည်နှင့် အားလုံးသည် အလင်းတံခါးပေါက် ဆီသို့ တစ်ဟုန်ထိုး ပြေးသွားခဲ့ကြသည်။
"ညီလေးကျန်း.. အင်ပါယာအမွေအနှစ် နယ်မြေထဲကို ရောက်ရင် တတ်နိုင်သမျှ ငါတို့နဲ့ အဆက်အသွယ် အမြန်လုပ်ပါ.. ငါတို့တွေ တစ်စုတစ်စည်းတည်း အဖွဲ့ဖွဲ့ရအောင်"
ရှောင်ပိုင်ရီက ကျန်းချန်နှင့်ဘေးချင်းကပ်ရပ်လျှောက်လာရင်း ကျန်းချန်ကို ပြောလိုက်သည်။
"ကောင်းပါပြီ အစ်ကိုရှောင်"
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းဆိုသလို သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ကာ အလင်းတံခါးပေါက် ဆီသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့သည်။
မကြာမီမှာပင် သူတော်စင်မြို့တော် ငါးမြို့၏ ထူးချွန်သောတပည့် တစ်ရာကျော် တို့သည် အင်ပါယာ အမွေအနှစ်နယ်မြေထဲသို့ အားလုံး ဝင်ရောက်သွားခဲ့ကြသည်။
ထို့နောက်တွင် အင်ပါယာအမွေအနှစ် နယ်မြေ၏ အလင်းတံခါးပေါက်သည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီး ခြေရာလက်ရာပင် မကျန်ရှိဘဲ လေထုထဲကနေ ပျောက်ကွယ်သွားခဲ့၏။
အခန်း(၁၀၀၅)ပြီး၏။