ကျုပ်လည်းစွမ်းအားကြီးမားပါတယ်
Vol. 13 Ch. 170
အခန်း (၁၇၀) ကျုပ်လည်းစွမ်းအားကြီးမားပါတယ်
ချင်းယီရေစင်ပန်းပင်လေးရှေ့တွင် ကျန်းလန် မတ်တတ်ရပ်နေလေသည်။
ဤပန်းပင်လေးက မဆိုးလှသည့် ဆေးပင်တစ်မျိုး ဖြစ်၏။ သို့သော် သူ့အတွက်တော့ သိပ်ပြီး အသုံးမဝင်လှပေ။
"ရေကန်ထဲမှာ ရေတွေသန့်စင်သွားအောင်တော့ ဒီပန်းပင်ကို စိုက်ထားလို့ရတယ်… ၊ ပြီးတော့ အစီအရင်ပညာနဲ့ပတ်သက်ရင်လည်း ဒီပန်းပင်က ကူညီပေးနိုင်မယ်ထင်တယ်…"
ဤဝိညာဉ်ဆေးပင်က ကျင့်ကြံသူတစ်ယောက်ကို ကျင့်ကြံခြင်းအဆင့်မြင့်တက်အောင် လုပ်ပေးနိုင်စွမ်း မရှိပေ။
သို့သော် ဤဝိညာဉ်ဆေးပင် စိုက်ပျိုးထားသည့် ရေကန်အတွင်းမှရေကို ထိတွေ့လိုက်သည်နှင့် ဒဏ်ရာများနှင့် ရောဂါဝေဒနာများကို ပျောက်ကင်းသွားစေမည် ဖြစ်သည်။
ထို့ပြင် ဤဆေးပင်က ဝိညာဉ်စွမ်းအားများလည်း အနည်းနှင့်အများ ပြည့်ဝလျှက်ရှိသည်။ ထို့ကြောင့် ကျန်းလန်သာ ဤဆေးပင်ကို နဝမတောင်ထွတ်တွင် စိုက်ပျိုးထားနိုင်မည်ဆိုလျှင် ဆေးပင်မှ ဝိညာဉ်စွမ်းအားများကြောင့် အစီအရင်များလည်း ပိုမိုအစွမ်းထက်လာပေလိမ့်မည်။
သို့သော် ချင်းယီရေစင်ပန်းကဲ့သို့သော ဆေးပင်မျိုးက တူးယူရန် အလွန်ခက်ခဲသည်။ အခန့်မသင့်လျှင် ပန်းပင်သေသွားနိုင်ပြီး ကောင်းကျိုးမှ ဆိုးကျိုးအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။
ကျန်းလန်ကတော့ ဝိညာဉ်ဆေးပင်ကို ကြိုးစားပြီး တူးယူလိုက်လေသည်။
"ဒီဆေးပင်က အတော်တောင်ရင့်ပြီး အမြစ်စွဲနေပြီ…"
ချင်းယီရေစင်ပန်းကို စိုက်ပျိုးထာခြင်းအားဖြင့် ပတ်ဝန်းကျင်ကိုလည်း ပိုမိုကောင်းမွန်လာစေမည် ဖြစ်သည်။
နောက်ပိုင်း ဆေးပင်ရင့်လာပြီး အမြစ်စွဲလာသည့်အခါ စွမ်းရည်များလည်း ပိုမိုမြင့်မားလာမည် ဖြစ်၏။
ယခု ကျန်းလန်တူးနေသည့်ဆေးပင်က ရင့်နေပြီဖြစ်သော်လည်း ရိုးတန်ကတော့ အနည်းငယ် ပျော့သေးသည်။ သို့သော် ဤဝိညာဉ်ဆေးပင်ကိုသာ တောင်ပေါ်သို့ ယူသွားနိုင်မည်ဆိုလျှင် သူ့ကို မည်သူမှ အပြစ်တင်ကြတော့မည် မဟုတ်ပေ။
ဤဆေးပင်၏ ဇာစ်မြစ်ကို မည်သူမဆို သိရှိကြမည်ပဲ ဖြစ်၏။
ယခင်က ပြင်ပလောကသို့ ထွက်ခွာလျှင် ဆရာဖြစ်သူကို ရတနာဝတ်ရည်သေရည်ဖြင့် ဂါရဝပြုရန် စဉ်းစားထားသော်လည်း ယခုတော့ မဖြစ်နိုင်တော့ပေ။
ဆရာဖြစ်သူကပင် သူ့ကို ရတနာဝတ်ရည်သေရည်တစ်အိုး ပေးထားသည် မဟုတ်ပါလား။
ထို့ကြောင့် ဤချင်းယီရေစင်ပန်းပင်လေးကို ဆရာဖြစ်သူကို လက်ဆောင်ပေးရန် စဉ်းစားလိုက်သည်။
ဆရာဖြစ်သူကို ရတနာဝတ်ရည်သေရည် လက်ဆောင်ပေးချင်သည်ဆိုပါက အများအမြင်တွင် မရှိမှုအာကာသအဆင့် ရောက်သည်အထိ စောင့်ဆိုင်းရမည် ဖြစ်လေသည်။
မရှိမှုအာကာသအဆင့်သို့ မရောက်သေးဘဲ သူက ဆရာဖြစ်သူကို ရတနာဝတ်ရည်သေရည်တစ်အိုး လက်ဆောင်ပေး၍ မဖြစ်နိုင်ပေ။
ထိုသို့တွေးမိသည်နှင့် ကျန်းလန် ခေါင်းတစ်ချက် ခါရမ်းလိုက်မိသည်။
အများအမြင်တွင် မရှိမှုအာကာသအဆင့် တက်ရောက်ရန်က နောက်ထပ်နှစ်ပေါင်း (၁၀၀)ခန့် ကြာမြင့်ဦးမည် ဖြစ်သည်။
နှစ်ပေါင်း (၁၀၀)ဆိုသည်က မြန်လည်းမမြန်သလို နှေးလည်းမနှေးပေ။
သို့သော် အနာဂတ်တွင် သူ ကျင့်ကြံခြင်းအဆင့် ဘယ်လောက်အထိ မြင့်တက်သွားမည်လဲဆိုသည့်အပေါ်တွင် မူတည်လေသည်။
လူသားအင်မော်တယ်ဆိုသည်က အင်မော်တယ်များကြားတွင် အဆင့်အနိမ့်ဆုံးနှင့် အားအနည်းဆုံး ဖြစ်သည်။ သူ့အနေဖြင့် ရှေ့ဆက်အဆင့်တက်ရန် သေချာပေါက် ကြိုးစားရဦးမည် ဖြစ်သည်။
ခွန်လွန်တောင်တွင်သာမက ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လိုသည်ဆိုပါက အင်မော်တယ်ဖြစ်ရုံနှင့် မလုံလောက်ပေ။
ကျန်းလန် ဖြစ်ချင်သည်က…
"သူတော်စင်တစ်ပါး" ဖြစ်လေသည်။
သို့ရာတွင် သူတော်စင်တစ်ပါးဖြစ်လာရန် မည်မျှခက်ခဲကြောင်း ကျန်းလန် မသိရှိပေ။
လက်ရှိအဆင့်ဖြင့်ဆိုလျှင် သူတော်စင်ဖြစ်လာရန်က အလှမ်းဝေးလွန်းသေးသည်ဖြစ်ရာ ထိုအကြောင်းများကို အလျင်စလိုစဉ်းစားရန် မလိုအပ်သေးပေ။
သူ တောင်ပေါ်ပြန်ရောက်လျှင် ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားကို အရင်ဆုံး လေ့လာရမည် ဖြစ်သည်။ ပြီးလျှင် မတူညီသည့် အင်မော်တယ်အဆင့်များအကြောင်း ရှာဖွေဖတ်ရှုရမည် ဖြစ်၏။
ထို့နောက်တွင်တော့ လက်ရှိအဆင့်ထက် ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်တက်လာအောင် ဆက်လက်ကျင့်ကြံရပေမည်။
"ရသွားပြီ…"
ကျန်းလန် ချင်းယီရေစင်ပန်းကို အောင်မြင်စွာ ထူးထုတ်လိုက်နိုင်သည်။
ကျန်းလန်က ဝိညာဉ်ဆေးပင်များအကြောင်း နားလည်ထားသောကြောင့် ယခုကဲ့သို့ အောင်မြင်စွာ တူးထုတ်နိုင်ခြင်း ဖြစ်သည်။ မဟုတ်ပါက အတော်လေး ခက်ခဲသည့်အလုပ် ဖြစ်ပေလိမ့်မည်။
ဂိုဏ်းတူအစ်မလုန်ယွိပို့ပေးခဲ့သည့် တောင်သခင်များနှင့် အကြီးအကဲများ၏ (၁၀)နှစ်တာ ဟောပြောချက်များထဲတွင် ဝိညာဉ်ဆေးပင်များအကြောင်းလည်း ပါဝင်လေသည်။
အမှန်တော့ (၁၀)နှစ်တာ သင်ကြားပို့ချပေးမှုများက ကျန်းလန်အတွက် အလွန်အရေးပါသည်။
ထို သင်ကြားပို့ချမှုများအတွက် ရှောင်ယွိက သူ့ထံမှ နဂါးသုတ်သင်ဓားဝိညာဉ်ကို (၁၀)ကြိမ် ပြန်လည်တောင်းခံခြင်းဖြင့် အပေးအယူ လုပ်ခဲ့သည်။
ဤသည်က မျှတသည့် အပေးအယူတစ်ခု မဟုတ်ပေ။
သို့သော်…
တကယ်တမ်း သူတို့ (၂)ယောက်ကြားတွင် အပေးအယူလုပ်နေစရာပင် မလိုအပ်တော့ပေ။ ထို့ကြောင့် သူတို့ကြားတွင် မျှတခြင်း မမျှတခြင်းများကို အရမ်းအလေးအနက်ထားနေ၍ သိပ်မကောင်းလှပေ။
ယခု ပြုလုပ်သည့် အပေးအယူက မျှတခြင်းမရှိသည့်တိုင် ကျန်းလန် စိတ်ထဲ သဘောမကျခြင်း မဖြစ်မိပေ။ ရှောင်ယွိ အဆင်ပြေမည်ဆိုလျှင် ပြီးသည်ပဲ ဖြစ်၏။
သို့သော် စေ့စပ်ပွဲက မျှတသည့် သဘောတူညီချက်ဖြစ်ကြောင်းကိုတော့ ကျန်းလန် အခြားသူများကို သိစေချင်မိသည်။
ပုံမှန်ဆိုလျှင် ကျန်းလန်က မည်သူ့အပေါ်မှ အကြွေးတင်လိုစိတ်မရှိသလို အခြားသူများ သူ့အပေါ် အကြွေးတင်သည်ကိုလည်း သဘောမကျပေ။
ဆရာဖြစ်သူကတော့ ပြောစရာမလိုပေ။ ဆရာ့အပေါ်တွင်တော့ သူက အမြဲတမ်း အကြွေးများတင်နေခဲ့သည်ပဲ ဖြစ်၏။
ဆရာဖြစ်သူ၏ အကြွေးများကို ပြန်ဆပ်မည်ဆိုလျှင်လည်း အပြည့်အ၀ ပြန်လည်ပေးဆပ်နိုင်မည် မဟုတ်လေရာ ပြန်ဆပ်ရန် ကြိုးစားမနေတော့ပေ။
သူက ဆရာဖြစ်သူကို စိတ်မပျက်စေသရွေ့ အဆင်ပြေနေမည်ပဲဖြစ်သည်။
ကျန်းလန်က ချင်းယီရေစင်ပန်းပင်ကို အနီရောင်ဘူးသီးခြောက်ထဲ ထည့်သွင်းသိမ်းဆည်းရန် စဉ်းစားလိုက်သည်။
အင်မော်တယ်ဖြစ်သွားသည့်တိုင် အခြေခံတည်ဆောက်ခြင်းအဆင့်တုန်းက ရရှိခဲ့သည့် သိုလှောင်မှော်ဝင်ပစ္စည်းလေးကို ကျန်းလန်က အသုံးပြုနေဆဲ ဖြစ်သည်။
စနစ်တွင်မှတ်ပုံတင်ခြင်းမှလည်း ကောင်းမွန်သည့် သိုလှောင်မှော်ဝင်ပစ္စည်း တစ်ခါမှ ရရှိခဲ့ခြင်း မရှိပေ။ ရရှိခဲ့လျှင်လည်း ဤအနီရောင်ဘူးသီးခြောက်လေးလောက် အသုံးမဝင်လှပေ။
ကျန်းလန်က ချင်းယီရေစင်ပန်းကို သိမ်းဆည်းရန် ဟန်ပြင်လိုက်စဉ်မှာပင် စွမ်းအားတစ်ခုထွက်ပေါ်လာပြီး သူ့ကို ပိတ်ဆို့ထားလိုက်သည်။
ထို့နောက် ကောင်းကင်ထက်မှ မီးတောက်များကျဆင်းလာပြီး ကျန်းလန်ရှိရာသို့ ဝင်ရောက်လာသည်။
လျှပ်တပြက်ပင် ကျန်းလန် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ ရှောင်တိမ်းလိုက်ရသည်။ မဟုတ်ပါက မီးတောက်များ သူ့ကိုယ်ပေါ်သို့ ကျရောက်လောင်ကျွမ်းသွားမည် ဖြစ်၏။
ခဏအကြာတွင် ကောင်းကင်ထက်မှ လူ (၃)ယောက် ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။
ထိုလူ (၃)ယောက်တွင် ခေါင်းဆောင်ဖြစ်ဟန်တူသူက တစ်ကိုယ်လုံး မီးတောက်များတောက်လောင်နေပြီး တန်ခိုးစွမ်းအားမြင့်မားသည့် ရောင်ဝါများ ထွက်ပေါ်လျှက် ရှိသည်။
"လူသားအင်မော်တယ် နောက်ဆုံးအဆင့် ၊ မီးမိစ္ဆာတစ်ပါးပဲ…"
ကျန်းလန် တွေးလိုက်သည်။
တစ်ချက်ကြည့်ရုံမျှဖြင့် တစ်ကိုယ်လုံးမီးတောက်များ ဖုံးလွှမ်းနေသည့် လူရွယ်၏ ကျင့်ကြံခြင်းအဆင့်ကို ကျန်းလန် သိရှိလိုက်သည်။
ထိုသူက ကျန်းလန်ရရှိထားသည့် ချင်းယီရေစင်ပန်းအတွက် ရောက်ရှိလာခြင်း ဖြစ်ဟန်တူသည်။
ထိုသူ၏ နံဘေးတွင်တော့ နွားဦးချိုများပါရှိသည့် အစိမ်းရောင်နွားရိုင်းနတ်မိစ္ဆာနှင့် ထူးခြားမှုသိပ်မရှိသည့် သစ်ပင်နတ်မိစ္ဆာတစ်ယောက် ရှိနေသည်။
ထိုနတ်မိစ္ဆာ (၂)ယောက်လုံးက ငယ်ရွယ်ဟန်ရှိကြသော်လည်း လူသားအင်မော်တယ် နောက်ဆုံးအဆင့် နတ်မိစ္ဆာများ ဖြစ်ကြ၏။
"တန်ခိုးစွမ်းအားမြင့်မားသည့် အုပ်စုတစ်ခုပဲ" ဟု ကျန်းလန် တွေးလိုက်သည်။
ထို နတ်မိစ္ဆာ (၃)ယောက်လုံးက ကျန်းလန်ထက် တန်ခိုးစွမ်းအား နိမ့်ကျခြင်း မရှိပေ။
ထိုစဉ်မှာပင်…
ကောင်းကင်ထက်မှ မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် နဂါးဦးချိုများပါရှိသည့် လူငယ်တစ်ယောက် ရဲရင့်သည့်ဟန်ပန်ဖြင့် ကောင်းကင်ထက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုနဂါးမျိုးနွယ်က ဟက်ခနဲ တစ်ချက်ရယ်မောလိုက်ရင်း…
"ဟက်… ကျုပ် ခြေတစ်လှမ်း နောက်ကျသွားတာပဲ… ၊ ဒါပေမဲ့ တာအိုရောင်းရင်က တန်ခိုးစွမ်းအား သိပ်မမြင့်မားဘူးလေ… ၊ ဒီတော့ အဲဒီ အဖိုးတန်ဆေးပင်ကို ကျုပ်ကို ပေးပါလား… ၊ မင်း ဘာမှ မဖြစ်စေရဘူးလို့ ကျုပ် အာမခံတယ်ကွာ…"
ထိုနဂါးမျိုးနွယ်လူငယ်သည်ကား လုန်မန်ပင် ဖြစ်၏။
တစ်ကိုယ်လုံးမီးတောက်များတောက်လောင်နေသည့် နတ်မိစ္ဆာကတော့ ဟော်ကျီး ဖြစ်လေ၏။
"နဂါးမျိုးနွယ်တစ်ယောက်ပဲ… ၊ သူ့ကို ကြည့်ရတာ အသက်ငယ်ငယ်လေးရှိသေးတယ်… ဒါပေမဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းမြင့်မားနေပါလား… ၊ ရှောင်ယွိထက်တောင်မှ သူက တန်ခိုးစွမ်းအား မြင့်မားနေသေးတယ်…"
ကျန်းလန်က နဂါးမျိုးနွယ်ကို တစ်ချက်အကဲခတ်လိုက်သည်နှင့် အသက်ငယ်သူတစ်ယောက်ဖြစ်ကြောင်း သိရှိလိုက်သည်။
သို့သော် ငယ်ငယ်ရွယ်ရွယ်ဖြင့် လူသားအင်မော်တယ် နောက်ဆုံးအဆင့် ရောက်ရှိနေပြီဖြစ်ရာ ရှောင်ယွိထက် ကျင့်ကြံခြင်းအဆင့် မြင့်မားနေလေသည်။
ဟော်ကျီးက ရွံလျှာစွာဖြင့် လုန်မန်ကိုကြည့်လိုက်ရင်း…
"ဟွန်း… အဋ္ဌမမင်းသားကလည်း ဒီနေရာကို ရောက်လာတာလား… ၊ မင်းက ဒီဝိညာဉ်ဆေးပင်ကို အခုထိ လိုချင်နေသေးတာလား… ၊ အေး… မင်း ဒီနေ့ ဒီနေရာမှာ အသက်ပျောက်မှာ မြင်ယောင်မိတယ်…"
ယခုတိုက်ပွဲတွင် ဟော်ကျီးတို့ဘက်မှ လူ (၃)ယောက် ရှိလေသည်။
လုန်မန်အနေဖြင့် သူတို့ (၃)ယောက်ကို မည်သည့်နည်းနှင့်မှ အနိုင်ယူတိုက်ခိုက်နိုင်မည် မဟုတ်ပေ။
ဝိညာဉ်ဆေးပင် လုန်မန်၏လက်ထဲရောက်မသွားသေးသရွေ့ သူတို့ ထိုဆေးပင်ကို ရရှိနိုင်သည့် အခွင့်အရေး ရှိနေသေးသည်။
ကျန်းလန်က ချင်းယီရေစင်ပန်းကို တွေ့ရှိသွားသည်မှာ လျှင်မြန်လွန်းလှသည်။ ထို့ပြင် ဤနေရာသို့ လုန်မန် ရောက်ရှိလာမည်ဟု ဟော်ကျီး ထင်မထားခဲ့မိပေ။
ထိုသို့ဖြစ်မည်ကိုသာ သိရှိခဲ့ပါက သူ လူအင်အားပိုပြီး ခေါ်လာခဲ့မည် ဖြစ်သည်။
လုန်မန်က ပြုံးလိုက်ရင်း…
"ဟက်… လျှောက်ပြောမနေနဲ့… မင်းတို့တွေ ကျုပ်ကို မိအောင်ဖမ်းနိုင်ရင်တောင်ကံကောင်းပဲ… ၊ အရင်တစ်ခေါက်တုန်းက မင်းဘက်က ခိုးကြောင်ခိုးဝှက်တိုက်ခိုက်လို့ ကျုပ် ခံလိုက်ရတာ…"
ဟော်ကျီးက လုန်မန်၏ စကားကို အရေးမစိုက်ဘဲ ကျန်းလန်ကို ကြည့်လိုက်သည်။
"လူသား… အဲဒီဆေးပင် ကျုပ်ကိုပေးစမ်း…"
ကျန်းလန်က နေရာတွင်ပင် ရပ်နေလေသည်။
သစ်ရွက်အမြင်တန်ခိုးစွမ်းအားကြောင့် သူ မည်သူဖြစ်ကြောင်း အခြားသူများ သိရှိနိုင်ခြင်းမရှိပေ။ ထို့ပြင် သူ၏ ကျင့်ကြံခြင်းအဆင့်ကလည်း အများအမြင်တွင် မူလဝိညာဉ် ကနဦးအဆင့်မျှသာ ရှိနေလေသည်။
ကျန်းလန်က ဟော်ကျီးကို ကြည့်လိုက်ရင်း…
"ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်က မင်းနဲ့ အတူတူပဲ ဆိုရင်ရော…"
ထို့နောက် ကျန်းလန်က ချက်ချင်းပင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို လူသားအင်မော်တယ် အလယ်ဆင့်အဖြစ် ထုတ်ဖော်ပြသလိုက်သည်။
လူသားအင်မော်တယ် နောက်ဆုံးအဆင့်ဟုတော့ ထုတ်ဖော်ပြသခြင်း မရှိသေးပေ။ ရန်သူနှင့် တိုက်ခိုက်ရာတွင် လျှို့ဝှက်ချက် ချန်ထားရဦးမည် မဟုတ်ပါလား။
"…………………"
"…………………"
ဟော်ကျီးရော လုန်မန်ပါ ဆွံ့အသွားကြသည်။
ဤလူသားကို သူတို့ ထိုးဖောက်မြင်နိုင်စွမ်း မရှိသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ကျန်းလန်က…
"မင်းတို့ ကျုပ်ဆီကနေ ချင်းယီရေစင်ပန်းကို လုယူချင်သေးလား…"
ကျန်းလန် အနေဖြင့် ထိုသူ (၄)ယောက်လုံးကို သတ်ဖြတ်ပစ်နိုင်မည်လား မသေချာပေ။
ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ပြသပြီး အခြားသူများ၏ အမြင်ကို မေးမြန်းလိုက်ခြင်း ဖြစ်သည်။
သူရင်ဆိုင်နေရသူများထဲတွင် တစ်ယောက်က နဂါးမျိုးနွယ်ဖြစ်ပြီး ကျန်လူများကတော့ နတ်မိစ္ဆာများ ဖြစ်သည်။ ထိုသူများတွင် မည်သို့သော နောက်ခံများနှင့် မည်သို့သော ဝှက်ဖဲများရှိကြောင်း ကျန်းလန် မသိရှိပေ။
သို့သော် အင်မော်တယ် ဖြစ်နေခြင်းကပင် လုံလောက်ခိုင်မာသည့် နောက်ခံတစ်ခု ဖြစ်နေပြီ ဖြစ်သည်။
သူ၏ သစ်ရွက်အမြင်တန်ခိုးစွမ်းအားက ယနေ့ အဖြစ်အပျက်များကို ဖုံးကွယ်ထားနိုင်စွမ်း ရှိ မရှိဆိုသည်ကိုတော့ ကျန်းလန်ကိုယ်တိုင်လည်း သိရှိခြင်း မရှိပေ။
သူတို့အားလုံးက ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်ကို တွေ့မြင်ပြီးနောက် မတိုက်ခိုက်ချင်သောကြောင့် ရှောင်ထွက်သွားကြမည်ဆိုလျှင် အဆင်ပြေသွားမည် ဖြစ်သည်။
သူ့လက်ထဲတွင် ရှိနေသည့် ဝိညာဉ်ဆေးပင်ကို ဒီအတိုင်းပေးလိုက်ရန်ကတော့ မဖြစ်နိုင်ပေ။
သူက တိုက်ပွဲကို ရှောင်တိမ်းရန်အတွက် ပိုင်ဆိုင်ထားသည့် အဖိုးတန်ပစ္စည်းတစ်ခုကို စွန့်လွှတ်မည်ဆိုလျှင် ကျင့်စဉ်လမ်းတွင် သူ အချိန်ကြာကြာ လျှောက်လှမ်းနိုင်မည် မဟုတ်တော့ပေ။
အချို့ကိစ္စများကို သူရှောင်လွှဲနိုင်သော်လည်း အချို့ကိစ္စများကိုတော့ မည်မျှပင် ခက်ခဲပါစေ ရင်ဆိုင်ရမည် ဖြစ်သည်။
ပြဿနာမဖြစ်ချင်သောကြောင့် အန္တရယ်ကိုရှောင်တိမ်းခြင်းက ထိပ်တိုက်မမတွေ့သေးသည့် အဖြစ်အပျက်များအပေါ်တွင်သာ ရည်ရွယ်သည်။
ရန်သူက သူ့ကို သတ်ချင်နေပြီဆိုလျှင်တော့ သူ၏ နွားရိုုင်းကိုးကောင်စွမ်းအားကလည်း လက်နှေးမည် မဟုတ်ပေ။ ယခုဆိုလျှင် နွားရိုင်းကိုးကောင်စွမ်းအားထက်အဆင့်မြင့်ပြီး အန္တရယ်ကိုးသွယ်စွမ်းအားသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
သူ့အနေဖြင့် ပြဿနာများကို အစချန်ထားခြင်းမျိုး မပြုလုပ်ဘဲ တစ်ခါတည်း အပြတ်ရှင်းသင့်လျှင် ရှင်းရမည် ဖြစ်သည်။
လုန်မန်က ကျန်းလန်ကိုကြည့်ပြီး ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
ဤလူသားက သူ အရင်ကသိခဲ့သည့် လူသားများနှင့် မတူကွဲပြားသည်။
သို့သော် လူသားအင်မော်တယ် အလယ်ဆင့်ကို မဆိုထားနှင့် လူသားအင်မော်တယ် နောက်ဆုံးအဆင့်ပင်လျှင် သူ့ရှေ့တွင် အသုံးမဝင်လှပေ။
ဟော်ကျီးနှင့် အခြား (၂)ယောက်က လူသားအင်မော်တယ် နောက်ဆုံးအဆင့် ဖြစ်သည်။
ထို့ကြောင့် ဟော်ကျီးတို့အုပ်စုကတော့ အုပ်စုတောင့်သည့်အတွက် နောက်ဆုတ်မည့်ဟန် မရှိပေ။
ဟော်ကျီးက…
"အဲဒီတော့ ဘာမှထူးခြားမသွားပါဘူးကွာ…"
ထို့နောက် သူက ကျန်းလန်ကို အေးစက်စွာဖြင့်ကြည့်လိုက်သည်။
ထို့နောက် သူက စကားဆက်ပြောလိုက်၏။
"ကျုပ်တို့အတွက်တော့ မူလဝိညာဉ် ကနဦးအဆင့်နဲ့ လူသားအင်မော်တယ် အလယ်ဆင့်ဆိုတာ ဘာမှ ကွာခြားမှု မရှိဘူး… ၊ ကျုပ်တို့ (၃)ယောက်ပေါင်းပြီး တိုက်ခိုက်မယ်ဆိုရင် မင်း ကျုပ်တို့ကို ယှဉ်နိုင်မှာတဲ့လား… ၊ ဟွန်း… (၃)ယောက်ပေါင်းကို စကားထဲထည့်မပြောနဲ့ … ကျုပ်တစ်ယောက်တည်းနဲ့တောင် မင်းကို သတ်ပစ်လို့ရတယ်… ၊ မင်းလိုအားနည်းတဲ့ လူသားတစ်ယောက်ကို မှုနေစရာ မလိုဘူး…"
စကားဆုံးသွားသည်နှင့် ဟော်ကျီးက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
သူက မီးတောက်တစ်ခုအသွင်ပြောင်းသွားပြီး ကျန်းလန်ရှိရာသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာသည်။
ဟော်ကျီးက ကျန်းလန်ကို အထင်သေးခြင်း မရှိပေ။ ထို့ကြောင့် သူ၏ တန်ခိုးစွမ်းအားများကို အမြင့်ဆုံးအဆင့် အသုံးပြုတိုက်ခိုက်လိုက်သည်။
သူက ကျန်းလန်ကို အချိန်တိုအတွင်း သုတ်သင်သတ်ဖြတ်ပြီး အဖိုးတန်ဝိညာဉ်ဆေးပင်ကို ရယူလိုခဲ့သည်။
ဟော်ကျီးက…
"လူသား… မင်းက ကျုပ်တို့နဲ့ ပူးပေါင်းမယ့်အစား သေလမ်းကို ရွေးခြယ်လိုက်တာပဲ…"
ဟော်ကျီး စတင်လှုပ်ရှားလိုက်သည်နှင့် ကျန်လူ (၂)ယောက်ကလည်း စတင်လှုပ်ရှားလိုက်ကြသည်။
သို့သော် ထိုသူ (၂)ယောက်က ကျန်းလန်ကို တိုက်ခိုက်ကြခြင်း မဟုတ်ပေ။ သူတို့ဦးတည်တိုက်ခိုက်လိုက်ကြသည်က လုန်မန်ကို ဖြစ်၏။
"ချီးပဲ…"
လုန်မန် မျက်မှောင်တစ်ချက်ကြုတ်ကာ ဆဲရေးလိုက်သည်။
ဟော်ကျီးသာ အဖိုးတန်ဝိညာဉ်ဆေးပင်ကို ရရှိသွားလျှင် သူ့အနေဖြင့် ထိုဆေးပင်ကိုရရှိရန် မျှော်လင့်ချက်ရှိတော့မည် မဟုတ်ပေ။
ထို့ကြောင့် ကျန်းလန်လက်ထဲမှ ဆေးပင် ဟော်ကျီးလက်ထဲရောက်ရှိမသွားအောင် သူ အစွမ်းကုန် ကြိုးစားရမည် ဖြစ်လေတော့၏။