အခန်း (၁၀၀၁-၁၀၀၅)
Vol. 41 Ch. 1001-1005
အပိုင်း (၁၀၀၁)
ထူးဆန်းသော လွင့်မျောတိုက်ကြီးသည် လှပသော ရှုမျှော်ခင်းများနှင့် အလွန်တရာကိုမှ သိပ်သည်းလှသည့် မိုးမြေစွမ်းအင်ကို ပိုင်ဆိုင်ထားသော နေရာတစ်ခုဖြစ်သည်။ မိုးမြေစွမ်းအင်၏ သိပ်သည်းနှုန်းသည် အလွန်တရာကိုမှ မြှင့်မားလှသဖြင့် မြူခိုးများအသွင်သို့ပင် ပြောင်းလဲနေခဲ့လေပြီ။
မွှေးပျံ့ချိုမြိန်သည် သင်းရနံ့တို့ သင်းကြူနေသော ကြည်လင်သော စမ်းရေစီးကြောင်းများသည် တောင်ထွတ်ပေါ်မှ တသွင်သွင် စီးဆင်းနေခဲ့သည်။ဤနေရာရှိ စမ်းရေများသည် စမ်းရေဟု မထင်မှတ်ရ။ မိုးမြေစွမ်းအင်မှ အသွင်ပြောင်းလာသည့် နတ်ရေစင်များဟုပင် ထင်မှတ်ရသည်။
ခရမ်းကြယ်နှင့် ဓါးအဖွဲ့အစည်း၌ လက်ရှိတွင် အဖွဲ့သား စုစုပေါင်း တစ်ရာကျော်ရှိသည်။ နှစ်ဖက်ကြားတိုက်ပွဲ ထူးဆန်းသော လူအိုကြီးကြောင့် ရပ်တန့်လိုက်ရပြီးနောက် နှစ်ဖက်စလုံးသည် ကျင့်ကြံနေထိုင်ရန် ကောင်းမွန်သော တိတ်ဆိတ်သည့် နေရာအသီးသီးကို စတင် ရှာဖွေကြလေသည်။
မကြာမီ ဤနေရာတွင် ပြန်လည် အားဖြည့်နိုင်သည့်နှုန်းသည် အပြင်လောကကြီးတွင် ပြန်လည်အားဖြည့်သည့်နှုန်းထက် အဆများစွာ ပိုမို မြန်ဆန်နေသည်ကို တွေ့ရှိလိုက်ရလေသည်။ ထိုတွေ့ရှိမှုကြောင့် အကုန်လုံး စိတ်အားတက်ကြွသွားကာ ဤနေရာရှိ မိုးမြေစွမ်းအင်များကို သည်းကြီးမည်းကြီး စုပ်ယူကြတော့လေသည်။
လွင့်မျောတိုက်ကြီးကို ဝန်းရံထားသည့် ထူးခြားဆန်းကြယ်သော ခုနှစ်ရောင်ခြယ်ကောင်းကြီးသည်သာ သူတို့အား စိတ်တထင့်ထင့် ဖြစ်စေသည်။
ဤနေရာတွင် နေ၊လ၊ကြယ်မရှိ။ ခုနှစ်ရောင်ခြယ် ကောင်းကင်သာရှိသည်။ ထူးဆန်းသော နေရာတစ်ခုသို့ ရုတ်တရက်ကြီး ရောက်လာရသည့်အတွက် ကျင့်ကြံသူအားလုံး ပတ်ဝန်းကျင်နှင့် သိပ်ပြီး အသားမကျနိုင် ဖြစ်နေခဲ့ကြသည်။
တစ်ရက်ကြာပြီးနောက် ကျင့်ကြံသူ အများစု ပြန်လည် သက်သာလာကြသည်။ အကုန်လုံးသည် သူတို့နှင့်အတူ ကုသရေး ဆေးလုံးများကိုပါ ယူလာခဲ့သလို ဤနေရာရှိ မိုးမြေစွမ်းအင်ဟာ ဆိုလျှင်လည်း အလွန်ကိုမှ သိပ်သည်းလှသဖြင့် အသေးစား ဒဏ်ရာများမှာ အချိန်တိုအတွင်း ပျောက်ကင်းသွားကြလေသည်။
ခရမ်းကြယ်၏ လျူကွေချန်သည် ဓါးအဖွဲ့အစည်းဘက်သို့ ရုတ်တရက် ပျံသန်းသွားလိုက်သည်။ ဓါးအဖွဲ့အစည်းမှ ကျင့်ကြံသူများ၏ မလိုမုန်းထား အကြည့်အောက်တွင်ပင် တည်တည်ငြိမ်ငြိမ်ဖြင့် ရွှယ့်ရှီဆီသို့ လျှောက်သွားလိုက်သည်။
ခြေသံကြားသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ လျူကွေ့ချန်ကို မြင်ပြီးနောက် ရွှယ်ရှီက မေးလိုက်သည် “ဘာကိစ္စလဲ”
လျူကွေ့ချန်က ဤနေရာတွင် ရှိနေသော တောင်များအနက် အမြင့်ဆုံးတောင်ဆီ လက်ညိုးထိုးပြကာ မေးလိုက်သည် “အဲ့စီနီယာ ဘယ်သူလဲဆိုတာကို နင်မသိချင်ဘူးလား”
“သိချင်တော့ ဘာဖြစ်မှာမို့လို့လဲ” ရွှယ့်ရှီက နည်းနည်းလေးမှ စိတ်မဝင်စားသည့်အလား ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။
သူမ မသိချင်ဘဲ ဘယ်နေမည်နည်း။ တစ်ရက်လုံးလုံး ထိုလူအိုကြီး ဘယ်သူလဲ ဆိုသည်ကို ခေါင်းခြောက်အောင် စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အဖြေတစ်ခုပင် မစဉ်းစားနိုင်ခဲ့။ လျူကွေ့ချန်သည်လည်း သူမကဲ့သို့ တွေးနေမည်ဟု ထင်ခဲ့သည်။ ယခု သူမ ထင်သည့်အတိုင်း ဖြစ်နေခဲ့လေပြီ။
“အဲ့စီနီယာ သုံးသွားတဲ့ အနက်ရောင်အလံက သာမန် မှော်ရတနာတစ်ခု မဖြစ်လောက်ဘူး။ လူသိများတဲ့ မှော်ရတနာတစ်ခု ဖြစ်လောက်တဲ့။ ဒါပေမယ့် ငါဘယ်လောက်ပဲ စဉ်းစားစဉ်းစား၊ လွန်ခဲ့တဲ့ နှစ်ထောင်ကျော်က အဲ့လို မှော်ရတနာမျိုး အသုံးပြုခဲ့လဲ့ လူတစ်ယောက်မှ မစဉ်းစားနိုင်ခဲ့ဘူး”
“ငါလည်း အဲ့အလံကို တစ်ခါမှ မမြင်ဖူး၊ မကြားဖူးဘူး” ရွှယ့်ရှီက ခေါင်းခါလိုက်သည်။
“ဒီတော့… ငါတို့နှစ်ယောက် အတူတူ သွားပြီး မေးကြည့်ကြမလား”
“နင်နဲ့အတူပူပေါင်းရမှာလား” ရွှယ့်ရှီက အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လိုက်သည် “ကျားကို နင့်ရဲ့ အရေခွံပေးပါလားဆိုပြီး သွားတောင်းနေတာနဲ့ ဘာထူးမှာလဲ”
“အဲ့လိုမပြောနဲ့လေ” လျူကွေ့ချန်က ရွှယ့်ရှီ၏ လေသံကို စိတ်ထဲမထားဘဲ “နင်ရဲ့ဓါးအဖွဲ့အစည်းနဲ့ ငါ့ရဲ့ ခရမ်းကြယ် အင်အားစုနှစ်ခုစလုံးက လူတွေက ဒီမှာ နေနေကြတာ။ ငါတို့နဲ့အတူ အရမ်းကို အားကောင်းလွန်းတဲ့ စီနီယာတစ်ယောက် အတူရှိနေတာကို ဘာလို့ သူ့ဆီ သွားဂါဝရမပြုဘဲ နေရမှာလဲ”
“သူငါတို့ကိုတွေ့လိမ့်မယ်လို့ နင်ထင်နေတာလား”
“မပြောတတ်ဘူးလေ။ စတော့ စကြည့်ရမှာပေါ့။ အနည်းဆုံး သူကြံနေလဲဆိုတာကို သိဖို့လိုတယ်။ အခုလို သွားလိုက်လို့ နင်တို့ ဓါးအဖွဲ့အစည်း တစ်ခုခု ဖြစ်သွားမှာမှ မဟုတ်တာ” လျူကွေ့ချန်က ဆက်လက် စည်းရုံးလိုက်သည်။
ရွှယ့်ရှီ မျက်မှောင်ကြုံ့တုန့်ဆိုင်းသွားလေသည်။
လျူကွေ့ချန် ပြောသည်မှာ အမှန်ဖြစ်မှန်း သူမ သိသည်။ သို့သော် ရန်သူနှင့် မိတ်ဆွေဖွဲ့ရမည့် အလုပ်မျိုးကို မလုပ်ချင်ချေ။
သို့ရာတွင် လက်ရှိအခြေအနေအရ လျူကွေ့ချန်၏ ကမ်းလှမ်းချက်ကို မငြင်းပယ်နိုင် ဖြစ်နေခဲ့သည်။ ထို့ကြောင့် တစ်ခဏတာ တိတ်ဆိတ်နေပြီးနောက် ရွှယ့်ရှီက အသာအယာ ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီ။ ငါနင်နဲ့အတူ အဲ့စီနီယာကို သွားတွေ့မယ်”
“စိတ်ချထားလိုက်။ ငါနင့်အပေါ် ဘာမှ မကောင်းကြံမှာ မဟုတ်ဘူး။ နင်ရော၊ ငါရော အဲ့စီနီယာ ဘယ်လောက် အားကောင်းတယ် ဆိုတာကို မြင်ထားပြီးသား။ သူမလုပ်နဲ့လို့ ပြောထားတာကို သွားလုပ်ရလောက်တဲ့အထိ ငါမမိုက်သေးဘူး” လျူကွေ့ချန်က ခါးခါးသီးသီး ပြုံးလိုက်သည်။ ထိုစီနီယာသည် ကြယ်သခင်တစ်ယောက်ကဲ့သို့ အားကောင်းလှသည်။ သူကဲ့သို့ လူမျိုး ဆယ်ယောက်ရှိလျှင် စီနီယာ၏ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
ရွှယ့်ရှီက သူ့အဖွဲ့သားများအား ညွှန်ကြားစရာ ရှိသည်များကို ညွှန်ကြားပြီးနောက် လျူကွေ့ချန်နှင့်အတူ ထူးဆန်းသော လူအိုကြီး နေသော တောင်ဆီသို့ ထွက်သွားလေသည်။
သူတို့နှစ်ယောက် ထွက်သွားသည်နှင့် ဟဲကျောင်နှင့် ဟဲမြောင် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ချက်ချင်း ထိုင်ရာမှထ၍ ရန်ကိုင် ရှိနေရာအရပ်ဆီ ခိုးထွက်သွားလေသည်။
ယမန်နေ့မှ အဖြစ်အပျက်ကြောင့် သူတို့စိတ်ထဲ အပြစ်မကင်းသလို ခံစားနေခဲ့ရသည်။ ထို့ကြောင့် ရန်ကိုင်အား သွားတောင်းပန်ချင်သလို တစ်ချိန်တည်းတွင်လည်း သူသာ ရက်နည်းနည်းလောက် ထပ်စောင့်ပါက သူ့ချိတ်စည်းကို သူမတို့ဆရာ ဖြေပေးလိမ့်မည်ဟု ပြောချင်မိသည်။
သို့သော် သူမတို့ဆရာသည် ရန်ကိုင်အား မယုံသည်ကို ဟဲကျောင် သေသေချာချာ သတိထားမိသည်။ ထို့ကြောင့် ရွှယ့်ရှီ ရှိနေစဉ် အတောအတွင်း ရန်ကိုင်နှင့် အဆက်အသွယ် မလုပ်ခြင်းဖြစ်သည်။
ယခု သူမတို့ ဆရာထွက်သွားလေပြီ။
သူတို့ ထွက်သွားရန် ပြင်နေစဉ်မှာပဲ ဝေဝူဆိုသော ကျင့်ကြံသူသည် သူတို့ရှေ့ ရုတ်တရက် ပေါ်လာပြီး အပြုံးဖြင့် မေးလိုက်သည် “ဂျူနီယာညီမတို့ ဘယ်သွားဖို့ ကြံနေတာလဲ မသိဘူး”
ဟဲကျောင်က မျက်မှောင်ကြုံ့လျက် “လမ်းလျှောက်ဖို့လေ”
ဝေဝူက ပြုံးကာ ပြန်ပြောလိုက်သည် “ဒီလိုဆို စီနီယာအစ်ကိုပါ လိုက်မယ်လေ”
“မလိုဘူး” ဟဲကျောင်မျက်နှာ မဲ့သွားပြီး ခပ်ပြတ်ပြတ်ပဲ ငြင်းပစ်လိုက်သည်။
သို့သော် ဝေဝူက ခေါင်းသာခါလျက် “ဂျူနီယာညီမ၊ ဆရာက ငါတို့ကို တဇွတ်ထိုးမလုပ်ဖို့၊ သေသေချာချာ စဉ်းစားပြီးမှ လုပ်ဖို့ ပြောထားတယ်လေ။ ဒီနေရာမှာ ဘယ်လို အန္တရာယ်တွေ ရှိလဲဆိုတာကို ဘယ်သူမှသိတာ မဟုတ်ဘူး။ ဆရာက နင်တို့ နှစ်ယောက်ကို သူ့သမီးအရင်းတွေလို သဘောထားတာ။ နင်တို့သာ တစ်ခုခုဖြစ်သွားရင် ဆရာရင်ကျိုးမှာ။ စီနီယာအစ်ကိုကြီး နင်တို့နှစ်ယောက်နောက် လိုက်ပေးမယ်။ မတော်တဆ တစ်ခုခု ဖြစ်ခဲ့ရင် စီနီယာအစ်ကို နင်တို့နှစ်ယောက်အတွက် အချိန် ဆွဲပေးလို့ရတယ်”
ပြောပြီးသည်နှင့် ဝူဝေသည် ခေါင်းကိုမော့၊ ရင်ကိုကော့လျက် သူရဲကောင်းတစ်ယောက် စတိုင်မျိုးဖမ်းလိုက်သည်။
“ဒီမှာ ဘာအန္တရာယ်မှမရှိဘူးလို့ မနေ့တုန်းကပဲ စီနီယာ ပြောခဲ့တယ်လေ” ဟဲမြောင်က မသိနားမလည်သည့် ပုံစံလေးဖြင့် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
“အဲ့စီနီယာ အမှန်ပြောနေတာ ဟုတ်၊မဟုတ် ဘယ်သူ သိမှာလဲ။ သူ့က အရမ်းကိုအားကောင်းတာဆိုတော့ ဒီနေရာက သူ့အတွက် ဘာအန္တရာယ်မှမရှိဘူးပေါ့။ ဒါပေမယ့် သူ့အတွက် အန္တရာယ်မရှိတိုင်း ငါတို့အတွက် အန္တရာယ်မရှိဘူးလို့ မဆိုလိုဘူးလေ။ ဒီနေရာအကြောင်းတွေကို သေချာ မသိသေးလို့ပဲ ဆရာနဲ့ လျူကွေ့ချန်က အဲစီနီယာဆီ အခု သွားမေးနေတာ”
“စီနီယာအစ်ကို၊ ကျွန်မကို အမှန်အတိုင်းပြော၊ ရန်ကိုင် ဇာတ်မြစ်နဲ့ ပက်သက်ပြီး ဆရာသူ့ကို သင်္ကာမကင်း ဖြစ်နေတာမလား” ဟဲကျောင်က မျက်လုံးမှေးစည်းလိုက်ပြီး ဝူဝေအား တည့်တိုးမေးလိုက်သည်။
“ဂျူနီယာညီမ ဘာလို့ အဲ့လိုထင်တာလဲ” ဝူဝေ အံ့အားသင့်သွားသည်။
“ဘာလို့လဲဆိုတော့၊ မနေ့တုန်းက ဆရာ့ပုံစံက ကျွန်မတို့ကို ရန်ကိုင်နဲ့ သိပ်ပြီး အဆက်အဆံ မလုပ်စေချင်သလိုပဲ။ ပြီးတော့ ရန်ကိုင်ကို ခေါ်လာတုန်းကလည်း… ဆရာသူ့ကို တစ်နည်းနည်းနဲ့ ရန်စလိုက်တဲ့ပုံပဲ” ဟဲကျောင်က သူမစိတ်ထဲ ထင်သမျှကို မချွင်းမချန် ပြောလိုက်သည်။
သူမတို့ဆရာသည် ရန်ကိုင်အား တစ်ခုခုလုပ်ရန် မကြိုးစားခဲ့လျှင် ရန်ကိုင် ကျိန်းသေ ဒေါသထွက်သွားလိမ့်မည် မဟုတ်ချေ။
ဝူဝေက ရယ်သွမ်းသွေးလျက် “ဂျူနီယာညီမက အရမ်း သံသယကြီးနေတာပဲ။ ဆရာက သူလို့ လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ဂရုစိုက်မှာလဲ။ ပြီးတော့ ဆရာလုပ်သမျှ အရာတိုင်းက ငါတို့တွေကို ကာကွယ်ဖို့ အတွက်ပဲလေ။ ဂျူနီယာ ညီမလေးတို့ လမ်းလျှောက်ထွက်ချင်တယ်ဆိုရင် စီနီယာအစ်ကိုလည်း လိုက်မယ်လေ။ ဒီက ရှုခင်းတွေကို ကြည့်ချင်နေတာနဲ့ အတော်ပဲ”
“မလိုဘူး။ ကျွန်မတို့ လမ်းလျှောက်ချင်စိတ် မရှိတော့ဘူး” ဟဲကျောင်က ခေါင်းခါ၍ ဟဲမြောင်ကို မူရင်း ထိုင်နေခဲ့သည့် နေရာဆီ ပြန်ခေါ်သွားကာ ထိုင်နေလိုက်သည်။
ညီအစ်မနှစ်ယောက်၏ အပြုအမူကို မြင်ပြီး ဝူဝေ နှာခေါင်းပွတ်လိုက်မိသည်။ သို့သော် သူလည်း ဘာမှမတတ်နိုင်ရာ ညီအစ်မနှစ်ယောက်နှင့် မနီးမဝေး၌ ထိုင်စရာနေရာတစ်ခုရှာကာ ထိုင်နေလိုက်သည်။
ထိုအဖြစ်အပျက်ကို ရန်ကိုင်လည်း မြင်ပေသည်။ လက်ရှိတွင် လုံခြုံနေသေးသော်ငြား သတိပြတ်၍ မဖြစ်ချေ။ အထူးသဖြင့် ခရမ်းကြယ်မှ ပီယဆိုသော မိန်းမပျက်မကို အထူးသတိထားရန် လိုပေသည်။ ထိုမိန်းမပျက်မသည် သူ့အား တစ်ချိန်လုံး မျက်လုံးဒေါက်ထောက် ကြည့်နေခြင်းဖြစ်သည်။ ဆန်းကြယ်သော လူအိုကြီး၏ သတိပေးချက်ကြောင့်သာ မဟုတ်လျှင် ပီယသည် သူ့အား တိုက်ခိုက်ပြီးလောက်ပေပြီ။
ထို့ကြောင့် နှစ်ဖွဲ့စလုံးမှ ကျင့်ကြံသူများ၏ လှုပ်ရှားမှုကို မျက်ခြေမပြတ် စောင့်ကြည့်ရန် လိုအပ်ပေသည်။ လျူကွေ့ချန်နှင့် ရွှယ့်ရှီတို့ အတူတူ ထွက်သွားသည်ကို သူမြင်သည်။ ဟဲကျောင်နှင့် ဟဲမြောင်တို့ သူ့ဆီလာရန် လုပ်နေသည့်အချိန် အမျိုးသား တပည့်တစ်ယောက်မှ တားဆီးခဲ့သည်ကို သူမြင်သည်။
အသေးစိတ် အကြောင်းအရင်းကို မသိသော်ငြား အခြေအနေကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။ ရုတ်တရက် အနီးမှ ထူးဆန်းသော အသံတစ်သံကို ကြားသဖြင့် လှည့်ကြည့်လိုက်ရာ သူ့မျက်နှာ တစ်မျိုးတစ်မည် ထူးဆန်းသွားရသည်။ ထို့နောက် အသံကြားရာနေရာဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်လေသည်။
ခဏအကြာတွင် ချုံပုတ်တစ်ခုနားသို့ ရောက်လာခဲ့သည်။ “ရှန်တုလား”
ရှန်တုခေါင်း ပြူထွက်လာခဲ့သည်။ ဘေးပတ်လည်အား ဟိုကြည့်၊ ဒီကြည့် လုပ်လိုက်ပြီးနောက် ရန်ကိုင်အား လက်ယပ်ခေါ်လိုက်ပြီး ချုံပုတ်ထဲသို့ ချက်ချင်း ပြန်ဝင်သွားသည်။
ရှန်တုပုံစံကိုကြည့်ရင်း ရန်ကိုင် ရယ်မောလိုက်ပြီး ချုံပုတ်ထဲသို့ လမ်းလျှောက်သွားလေသည်။ ရှန်တုရှေ့သို့ ရောက်သည်နှင့် ချက်ချင်း မေးလိုက်သည် “မင်းဘာလုပ်နေတာလဲ”
“အဲ့လူတွေဆီကနေ ပုန်းနေတာလေ” ရှန်တုက လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်ပြီး စပ်ဖြဲဖြဲပြုံးလျက် “မင်းကို ပြန်တွေ့ရတာ တကယ်ကောင်းတယ်ကွာ။ ငါတို့ နှစ်ယောက်စလုံး သေပြီးလို့ ထင်နေခဲ့တာ။ နှစ်ယောက်စလုံး အသက်ရှင်နေမယ်လို့ မမျှော်လင့်ထားဘူး။ ကြည့်ရတာ ငါတို့ ကံက ကောင်းနေတဲ့ပုံပဲ”
ပြောပြီးသည့်နောက် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူ့မျက်နှာလည်း ချက်ချင်းဆိုသလို ဖြူလျော်သွားလေသည်။
ရှန်တု ဒဏ်ရာ အတော်ပြင်းပြင်းလေး ရထားသည်ကို ရန်ကိုင် ချက်ချင်းပဲ သတိပြုမိလိုက်သည်။ သူ့ရင်ဘတ်တစ်ခုလုံး သွေးချင်းနီနေပြီး အဝတ်အစားများဆိုလျှင်လည်း စုတ်ပြဲနေခဲ့သည်။ ရုတ်တရက် သူ့အသားထဲမှ တစ်ခုခုကို ဆွဲထုတ်လိုက်သည်။
“မင်းကြည့်ရတာ တော်တော် အခြေအနေဆိုးတာပဲ” ရန်ကိုင်က ထိုင်ချ၍ ပြောလိုက်သည်။
ရှန်တု အမူအရာ ခါးသက်သွားပြီး ြန်ပြောလိုက်သည် “ငါ့လခွမ်းပဲ။ ဒီလောက်ဆိုးမယ်လို့ မထင်ထားဘူး။ ဒါပေမယ့် မင်းပြောတာ ကြားတော့မှပဲ တကယ်ဆိုးတယ်လို့ ခံစားလာရပြီ။ မင်းကျတော့ ဘာလို့ ဘာဒဏ်ရာမှ မရတာလဲ”
“ငါ့ကံက မင်းထက်မြင့်တယ်လေ။ ဒါနဲ့ မင်းဘယ်လိုလုပ်ပြီး ဒီလောက်တောင် ဖြစ်သွားရတာလဲ” ရန်ကိုင် ပခုံးတွန့်လိုက်သည်။
“ဘယ်လိုလုပ်ပြီး သိမှာလဲ။ ကြယ်သင်္ဘော ပျက်စီးသွားတုန်းက ငါချက်ချင်း တန်းသတိလစ်သွားတာ။ နိုးလာလည်း နိုးလာရော ဒီရောက်နေရော။ ကြယ်သင်္ဘောပျက်ရဲ့ အစိတ်အပိုင်းတွေ ငါ့သေကွင်းသေကွက်တွေကို မထိသွားတာ ကံကောင်းသွားတယ်။ မဟုတ်ရင်တော့ တစ်ခါတည်း ဘဝပြောင်းနေရလောက်ပြီ” ရှန်တုက ညည်းတွားလိုက်သည်။ သို့သော်လည်း နာကျင်မှုကြောင့် သူ့နဖူးတစ်ပြင်လုံး ချွေးအေးတို့ဖြင့် စိုရွှဲနေလေသည်။
“ကုသရေး ဆေးလုံးတွေကော မသောက်ဘူးလား” ရန်ကိုင်က ရှန်တုအား မှင်သက်နေသည့် အမူအရာဖြင့် ကြည့်လျက် ပြန်မေးလိုက်သည်။
“ငါ့ဟာတွေ အကုန်လုံးကို ခရမ်းကြယ်ခွေးတွေ ယူသွားတာလေ။ ဘယ်လိုလုပ်ပြီး သောက်နိုင်တော့မှာပဲ။ ငါ့မှော်ရတနာတွေတောင် အကုန် မသွားတာ။ ငါ့မှာသော မှော်ရတနာတွေရှိသေးရင် အခုလို ဘဝမျိုး ရောက်မှာ မဟုတ်ဘူး” ရှန်တုက ညည်းညူပြောဆိုလိုက်သည် “ရောင်းရင်း၊ မင်းမှာ ကုသရေးဆေးလုံးတွေ ရှိသေးရင် ငါ့ကို နည်းနည်းလောက် မျှပါဦးကွာ”
ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး သူတော်စင်အဆင့်ဆေးလုံး တစ်လုံးကို ထုတ်ယူလိုက်သည်။
“အင်း။ ဆေးသွေးကြောပါတဲ့ သူတော်စင်အဆင့် ဆေးလုံးပဲ” ရှန်တု၏ မျက်လုံးများ တဖျတ်ဖျတ် လက်သွားသည်။ ရန်ကိုင် လက်ထဲရှိ ဆေးလုံးကို ချက်ချင်းပဲ လှမ်းယူလိုက်ပြီး တုန့်နှေးမနေဘဲ ချက်ချင်း မော့သောက်လိုက်လေသည်။ ထို့နောက် သက်ပြင်းတစ်ချက်ချလျက် “ငါ့ကို အချိန်နည်းနည်းပေး။ ငါ့ဒဏ်ရာတွေကို ကုသလိုက်ဦးမယ်”
“လုပ်နှင့်။ ငါစောင့်ပေးထားမယ်”
လောလောဆယ်တွင် သူ့မဟာမိတ်ဆို၍ ရှန်တသာရှိသည်။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် ကူညီသည်မှာ မမှားချေ။
“ငါတို့ နည်နးည်း ထပ်ဝေးဝေး မသွားသင့်ဘူးလား” ရှန်တုက ခမ်းလှမ်းလှမ်းအား စိုးရိမ်တကြီးဖြင့် လျမ်းကြည့်၍ “အဲ့ခရမ်းကြယ်၊ ဒါမှမဟုတ် ဓါးအဖွဲ့အစည်းက ကောင်တွေသာ ငါတို့ကို ရှာတွေ့သွားရင်…”
“စိတ်ချထားလိုက်။ အခုလောလောဆယ် ဘယ်သူမှ ငါတို့ကို လာပြဿနာ မရှာရဲသေးဘူး”
“ဘာလို့လဲ” ရှန်တု နားမလည်နိုင် ဖြစ်သွားခဲ့သည်။
ယမန်နေ့က လူအိုကြီး ပေါ်လာသည့်အကြောင်းကို ရှန်တု မသိသေးသည့်ပုံပင်။ ထိုအချိန်က သူသတိလစ်နေသည်မှာ ဖြစ်နိုင်ပေသည်။
ရန်ကိုင်က လူအိုကြီးအကြောင်းကို အကျဉ်းချုံး ရှင်းပြလိုက်သည်။ ရန်ကိုင် ရှင်းပြသည်ကို နားထောင်ပြီးနောက် ရှန်တု အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး “အဲ့လိုဆိုရင် အဲ့လူအိုကြီးက တန်ခိုးရှင်အဆင့် ဖြစ်လောက်တယ်. မဟုတ်ဘူး။ အဲ့ထက်တောင် ပိုမြင့်နိုင်သေးတယ်”
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း (၁၀၀၂)
“တန်ခိုးရှင်အဆင့်လား” ရန်ကိုင်က အံ့အားသင့်တကြီး မေးလိုက်သည်။
“တန်ခိုးရှင်အဆင့်ဆိုတာ သူတော်စင်ဘုရင်အဆင့်အထက်က အဆင့်ပဲ။ တန်ခိုးရှင်အဆင့် အထက်မှာကျတော့ တန်ခိုးရှင်ဘုရင် အဆင့်ရှိတယ်… ကြယ်သခင်တွေအကြောင်း ငါမင်းကို ပြောခဲ့ဖူးတယ်မလား။ ကြယ်သခင်တိုင်း တန်ခိုးရှင်ဘုရင် အဆင့်တွေချည်းပဲ။ မင်းလာတဲ့နေရာမှ အမြင့်ဆုံးရောက်နိုင်တဲ့ အဆင့်က ဘယ်အဆင့်လဲ”
“သူတော်စင်တတိယအဆင့်…”
“တကယ်ကို အဆင့်နိမ့်ကမ္ဘာပဲ” ရှန်တု၏ နှုတ်ခမ်းများ ကွေးတက်သွားခဲ့ပြီး အထင်အမြင်တသေးဖြင့် “ဒါပေမယ့် ကြယ်စီရင်စုထဲမှ အဲ့လို ကမ္ဘာတွေအများကြီးပဲ။ အဲ့မှာနေတဲ့ လူတော်တော်များများက ကြယ်စီရင်စုထဲ မသွားနိုင်ကြဘူး။ မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် အဲ့မှာပဲ ပိတ်မိနေကြတာ။ ဒီတော့ ကြယ်စီရင်စုကြီး ဘယ်လောက် အံ့အားသင့်ဖို့ ကောင်းလဲဆိုတာကိုလည်း သူတို့ မသိနိုင်ကြတော့ဘူး”
ထိုစကားလုံးများသည် ရန်ကိုင် အတွေးနှင့်အတူတူပင်။ ထုန်းရွှမ်လောကကြီးမှ၏ တွေးပုံတွေးနည်းမှာလည်း ထိုနည်းတူပင်။ ထိုလူများသည် ကြယ်စီရင်စုကြီးထဲသို့ မသွားရဲကြ။ ထုန်းရွှမ်လောကကြီးတွင်သာ နေချင်ကြသည်။
“မင်းပြောသလိုသာဆို၊ ငါဆက်ပြီး ပုန်းနေစရာ မလိုတော့ဘူး။ ငါထွက်သွားရင်တောင် ဘယ်သူမှ ငါ့ကို ဒုက္ခပေးရဲတော့မှာ မဟုတ်ဘူး” လက်ရှိ အခြေအနေကို သိသွားပြီးနောက် ရှန်တု ချက်ချင်း သွေးရဲသွားခဲ့သည်။ စိုးရိမ်ပူပန်နေခြင်းမရှိတော့။ တင်ပလင်ခွေထိုင်လျက် ရန်ကိုင် ပေးသော သူတော်စင်အဆင့် ကုသရေးဆေးလုံးကို စတင် သန့်စင်တော့လေသည်။
သူ့ဒဏ်ရာများကို ကုသနေစဉ် အတောအတွင်း ရန်ကိုင်အား မေးခွန်းအနည်းငယ် ထပ်မေးခဲ့သည်။ ရှန်တုသည် ထူးဆန်းသော လူအိုကြီးအကြောင်းကို အတော်များများ မေးခဲ့သည်။ အခြား အကြောင်းအရာများကိုပင် သိပ်မမေးခဲ့။
“အဲ့သက်ကြားအိုကြီးကတော့… အဟမ်း၊ အဲ့စီနီယာကြီးက ကြယ်သင်္ဘောပျက်ရဲ့ အစိတ်အပိုင်းတွေနဲ့ ဘာလုပ်ချင်နေတာလဲ” ရှန်တု မျက်မှောင်ကြုံ့သွားခဲ့သည်။ လူအိုကြီး ဘာလုပ်ချင်နေလဲ ဆိုသည်ကို သူတကယ် မစဉ်းစားနိုင်ချေ။
“ကိုယ်ဘာသာ သွားမေးကြည့်လိုက်လေ”
“ဟျောင့်ရန်ကိုင်… ငါတို့သာ အဲ့စီနီယာကြီးရဲ့ ကာကွယ်မှု ရမယ်ဆိုရင် ခရမ်းကြယ်နဲ့ ဓါးအဖွဲ့အစည်းက ကောင်တွေကို ထပ်ပြီး ကြောက်နေစရာ မလိုတော့ဘူးကွ”
“သူလို့ အားကောင်းတဲ့ ပညာရှင်တစ်ယောက်က မျက်နှာသာ ပေးလာအောင် လုပ်နိုင်တဲ့နည်းလမ်း မင်းမှာမရှိလို့လား”
“အားလုံးက ကိုယ့်ကြိုးစားအားထုတ်မှုအပေါ်ပဲ မူတည်တယ်လေ” ရှန်တုက ပြုံးလိုက်သည် “ငါဒဏ်ရာတွေကို ကုပြီးတဲ့အချိန်ထိစောင့်၊ မင်းကိုယ်ပေါ်က ချိတ်စည်းကို ငါဖြည်ပေးနိုင်မလား စမ်းကြည့်မယ်။ မင်းစွမ်းအားက ချိတ်ပိတ်ထားခံရတော့ အခုလောလောဆယ် မင်းအခြေအနေက သိပ်မလွယ်လောက်ဘူးထင်တယ်၊ ဟုတ်တယ်မလား”
ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။ ရှန်တု သူ့ချိတ်စည်းအား ဖြည်ပေးနိုင်နိုင်၊ မနိုင်နိုင်၊ သူဂရုစိုက်။ ရှန်တုဘက်မှ ထိုကဲ့သို့ ကြိုးစားပေသည်နှင့်ပင် သူ့အား ကျေးဇူးတင်နေလေပြီ။
နှစ်ယောက်စလုံး တိတ်ဆိတ်သွားခဲ့သည်။ ရှန်တုသည် သူ့ဒဏ်ရာများကို အာရုံစိုက်ကုသနေချိန် ရန်ကိုင်က သူ့ဘေးတွင် ထိုင်၍ ကာကွယ်ပေးနေခဲ့သည်။
နှစ်နာရီလောက် ကြာပြီးနောက် လျူကွေ့ချန်နှင့် ရွှယ့်ရှီတို့ ပြန်လာခဲ့သည်။ နှစ်ယောက်စလုံး၏ မျက်နှာအမူအရာမကောင်း။ လူအိုကြီးနှင့် သွားတွေ့သည့်ခရီးမှာ သိပ်အဆင်မပြေသည့်ပုံပင်။
“ဆရာ၊ စီနီယာကြီးဘာပြောလဲ” ချက်ချင်းပဲ ရှေ့တိုးကာ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
ရွှယ်ရှီက ခါးသက်သက် အမူအရာဖြင့် ခေါင်းခါလျက် “ငါတို့ သူနဲ့တောင် မတွေ့ရဘူး”
“အာ”
“လျူကွေ့ချန်နဲ့ငါ တောင်မိုင်ငါးဆယ် ပတ်လည်ကို သွားပြီး ကောင်းကင်စိတ်အာရုံနဲ့ ထပ်တလဲလဲ လှမ်းပြောကြည့်တယ်။ ဒါပေမယ့် ဘာတုန့်ပြန်စကားမှ မကြားရဘူး။ သူအဲ့မှာ ရှိလား၊ မရှိဘူးလား ဆိုတာကိုတောင် ငါမသိဘူး” ရွှယ်ရှီ သက်ပြင်းချလိုက်သည်။
ထိုကဲ့သို့ လျှို့ဝှက်ဆန်းကြယ် အားကောင်းသည့် ပညာရှင် တစ်ယောက်နှင့် ရင်ဆိုင်ရသည်မျာ တကယ်ကို ဒုက္ခများလှသည်။ ထိုလူအိုကြီးဇာတ်မြစ်၊ သူဘယ်သူဘယ်ဝါ ဆိုသည်ကိုပင် မသိချေ။ လူအိုကြီး၏ ကျင့်ကြံခြင်းကိုလည်း မသိရသေးပေ။ ထို့ကြောင့် ရွှယ်ရှီဖြစ်စေ၊ လျူကွေ့ချန်ဖြစ်စေ၊ နှစ်ယောက်စလုံး ရေခဲပြင် ပါးပါးထက် လမ်းလျှောက်နေရသလို ခံစားနေခဲ့ရသည်။
သူတို့ ကြိုးစားသမျှ အချည်းနှီးသာဖြစ်ခဲ့ရသည်။
ကံကောင်းသွားသည်ဆို၍ လူအိုကြီးသည် အလွန်တရာကိုမှ အားကောင်းလှသည့်တိုင် ရက်စက်ကြမ်းကြုတ်စွာဖြင့် အကုန်လုံးကို မသတ်ပစ်ခြင်းပင်။ သူသာ သတ်ဖြတ်ရသည်ကို နှစ်သက်သည့် လူတစ်ယောက်ဖြစ်ပါက သူတို့ အကုန်လုံး သေရပေလိမ့်မည်။ ဤနေရာ ကျဉ်းကျဉ်းလေးထဲ လူအိုကြီး၏ လက်မှ မည်သို့မျှ ပုန်းအောင်းနိုင်လိမ့်မည် မဟုတ်ချေ။
“မနက်ဖြန် ထပ်သွားကြည့်ဖို့ လုပ်ထားသေးတယ်” ရွှယ်ရှီက ခေါင်းခါလိုက်ပြီး အနားယူတော့မည်အပြု ဟဲမြောင်က ရုတ်တရက် သက်ပြင်းရှိုက်လိုက်သည် “ဆရာ”
“ဘာကိစ္စလဲ” ရွှယ်ရှီက ဟဲမြောင်ကို ကြည့်လိုက်သည်။
ဟဲမြောင်က ကောင်းကင်ပေါ်ကို လက်ညိုးထိုးပြလိုက်ပြီး ကြောက်ရွံ့တုန်လှုပ်နေသည့် အမူအရာဖြင့် “အဲ့စီနီယာကြီး လာနေပြီ”
ရွှယ်ရှီ ခန္ဓာကိုယ် တုန်ရင်သွားခဲ့ပြီး ဟဲမြောင် ညွှန်ပြရာ အရပ်ဆီ ချက်ချင်း လှမ်းကြည့်လိုက်ရာ လူအိုကြီးသည် သူမတို့ဆီ ပျံသန်းလာနေသည်ကို တွေ့လိုက်ရပြီး ရင်တထိတ်ထိတ် ဖြ်စသွားရလေသည်။ ဓါးအဖွဲ့အစည်းမှ တပည့်များကို ငြိမ်ငြိမ်နေရန် သတိပေးထားလိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူ၊ စိတ်ခိုင်ခိုင်ထား၍ စောင့်နေလိုက်သည်။
ခရမ်းကြယ်မှ လျူကွေ့ချန်သည်လည်း လူအိုကြီး လာနေသည်ကို သတိပြုမိသည့်ပုံပင်။ ထို့ကြောင့် ချက်ချင်း ပြေးလာပြီး ရွှယ်ရှီနှင့် ဘေးချင်းယှဉ် ရပ်နေလိုက်သည်။
နှစ်ယောက်စလုံးသည် ပြောစရာမလိုဘဲ ယာယီ မဟာမိတ် ဖွဲ့ထားခဲ့သည်။ တကယ်တော့ သူတို့ ရင်ဆိုင်နေရသည့် လူအိုကြီးသည် သူတို့ထက် အဆပေါင်းများစွာ ပိုမို အားကောင်းနေသည် မဟုတ်ပေလော။
မျက်တောင်တစ်ခတ်အတွင်း လူအိုကြီးသည် ရွှယ်ရှီနှင့် လျူကွေ့ချန်ရှေ့ ရောက်လာခဲ့သည်။
“စီနီယာ” လျူကွေ့ချန်က ချက်ချင်း လက်သီးဆုပ်လိုက်ပြီး ပြုံးနိုင်သမျှ အတောက်ပဆုံးပြုံးလျက် “အခုလေးတင်ပဲ စီနီယာကို သွားနှုတ်ဆက်ပြီး ပြန်လာတာ။ ဒါပေမယ့် စီနီယာက တောင်မှာ မရှိတဲ့ပုံပဲ”
“ငါ့ဘာသာ ဘယ်မှာနေနေ၊ မင်းအပူပါလား။ ငါဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတာကို မင်းကို သံတော်ဦး လိုက်တင်နေရမှာလား” လူအိုကြီးက လျူကွေ့ချန်အား ကြည့်ကာ ပြောလိုက်သည်။
“ဘယ်ဟုတ်ပါ့မလဲဗျာ” လျူကွေ့ချန်မျက်နှာ ဖြူလျော်သွားပြီး ချက်ချင်း ပြန်ပြောလိုက်သည်။
“အင်း။ ငါမင်းတို့ဆီ တစ်ခုခုလာတောင်းတာ။ ဒီနေရာမှ မိုးမြေစွမ်းအင်ရော၊ ဆေးပင်တွေပါ ကြွယ်ဝတယ်ဆိုပေမယ့် အဖိုးတန်သတ္တုတွေကတော့ အရမ်းရှားတယ်” လူအိုကြီးက ပြောလိုက်သည်။
လျူကွေ့ချန် မျက်တောင်တစ်ချက် ခတ်လိုက်ပြီး ခပ်မြန်မြန်ပဲ ပြန်မေးလိုက်လေသည် “စီနီယာ ဘာသတ္တုလိုချင်လို့လဲ။ အဆင်ပြေရင် ပြေပြပေးပါလား။ ကျုပ်တို့မှာ ရှိချင်ရှိနေမှာ”
ရွှယ်ရှီလည်း လူအိုကြီးအား စိတ်အားတက်သန်စွာဖြင့် ကြည့်၍ ပြောလိုက်သည် “စီနီယာ အားနာနေစရာ မလိုပါဘူး”
“ငါက ဘာလို့ အားနာနေရမှာလဲ” လူအိုကြီးက နှာခေါင်းရှုံ့၍ ပြောလိုက်သည် “လေဟာနယ်ဝိဥာဉ်သလင်းကျောက်တွေ၊ မင်းတို့မှာ ရှိလား”
လူအိုကြီးနှင့် ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်ရန် စိတ်အားထက်သန်နေကြသော လျူကွေ့ချန်နှင့် ရွှယ်ရှီတို့ နှစ်ယောက်စလုံး လူအိုကြီး၏ စကားကို ကြားလိုက်သည့်အချိန် မျက်နှာမဲ့သွားခဲ့သည်။
လျူကွေ့ချန်က ပြန်ပြောလိုက်သည် “စီနီယာ အခြားသတ္တုဆိုရင် အဆင်ပြေပေမယ့် လေဟာနယ်ဝိဥာဉ် သလင်းကျောက်တွေက… အရမ်းရှားတော့ ကျုပ်တို့မှာ ပါမလာဘူး။ စီနီယာ စိတ်မရှိဘူးဆိုရင် ကျုပ်တို့နေတဲ့ ကြယ်ဆီလိုက်ခဲ့လေ။ အဲ့မှာ လေဟာနယ်ဝိဥာဉ် သလင်းကျောက်တွေ အများကြီးရှိတယ်”
“ကျွန်မတို့ ဓါးအဖွဲ့အစည်းလည်း အတူတူပါပဲ” ရွှယ်ရှီက အလျင်စလို ပြောလိုက်သည်။
“ငါ့ကို မင်းတို့ဘက်ဆီ ဆွဲခေါ်နေတာလား” လူအိုကြီးက နှစ်ယောက်စလုံးအား မျက်လုံးမှေးစဉ်းလျက် ကြည့်လိုက်ပြီး သူ့မျက်နှာထက် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“စီနီယာ နားလည်မှုမလွဲပါနဲ့။ ဒီဂျူနီယာက စီနီယာကို ဧည့်သည်အဖြစ် ကျုပ်တို့ကြယ်ဆီ ရက်နည်းနည်းလောက် ဖိတ်ခေါ်ချင်ရုံပါပဲ” လျူကွေ့ချန်က အလျင်စလို ရှင်းပြလိုက်သည်။
“ဧည့်သည် လုပ်ဖို့က ကိစ္စမရှိပါဘူး။ တကယ်တော့ ဒီလူအိုကြီးတောင် အပြင်ဘက်ကို လမ်းလျှောက်ထွက်ချင်နေတာ တစ်ပိုင်းသေနေပြီ” လူအိုကြီးက ရင်းနှီးဖော်ရွေသည့် လေသံဖြင့် ပြောလိုက်သည်။ သူ့မျက်နှာထက် တောင့်တနေသည့် အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။ သို့သော်လည်း ထိုအမူအရာသည် တစ်ဒင်္ဂတာသာ ခံခဲ့သည်။ သူ့မျက်နှာ အမူအရာသည် ရုတ်ချည်းဆိုသလို အေးစက်သွားခဲ့ပြီး အသံအကျယ်ကြီး ပြန်အော်ပြောလိုက်လေသည် “ဒီလူအိုကြီးသာ ဒီသောက်စုတ်သောက်ပျက် နေရာကနေ ထွက်သွားလို့ရရင် မင်းတို့ဆီကနေ လေဟာနယ်ဝိဥာဉ်သလင်းကျောက်တွေ တောင်းနေဦးမလားကွ။ မင်းတို့ ရူးနေကြလား”
လျူကွေ့ချန်နှင့် ရွှယ့်ရှီတို့ နှစ်ယောက်စလုံး ကြောင်သွားခဲ့သည်။ လူအိုကြီး ဘာကြောင့် ရုတ်တရက် ဒေါသထွက်သွားမှန်း နှစ်ယောက်စလုံး နားမလည်ခဲ့ကြချေ။ သို့သော် ဆိတ်ဆိတ်သာ နေလိုက်သည်။ ဘာမှ ပြန်မပြောခဲ့။
“လေဟာနယ်ဝိဥာဉ်သလင်းကျောက်က ဘာလဲ” မလှမ်းမကမ်းတွင် ရှိနေသော ရန်ကိုင်က လူအိုကြီး၏ စကားကို ကြားပြီးနောက် ရှန်တုကို မေးလိုက်သည်။
“အရမ်းကို ဈေးကြီးပြီးရှားတဲ့ အဖိုးတန် သတ္တုတစ်မျိုးပဲ” ရှန်တုက ရှင်းပြလိုက်သည် “မင်းလက်မှာ ဝတ်ထားတဲ့ သိုလှောင်လက်စွပ်ကို လေဟာနယ်ဝိဥာဉ်သလင်းကျောက်ကနေ လုပ်ထားတာ”
“သိုလှောင်လက်စွပ်တွေကို လေဟာနယ်ဝိဥာဉ် သလင်းကျောက်တွေနဲ့ လုပ်ထားတာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။ ထိုသိုလှောင်လက်စွပ်များသည် နတ်ဆိုးစာအုပ်နှင့် ဘာကြောင့် သိပ်မတူသလဲ ဆိုသည်ကို နောက်ဆုံး သူနားလည်သွားခဲ့လေပြီ။ လတ်စသတ်တော့ ထိုနှစ်ခုကို ပြုလုပ်ထားသည့် ပစ္စည်း အမျိုးအစားမှ မတူပေပဲကိုး။
“ထူးဆန်းတယ်။ ဒီလူအိုကြီး ဘာလို့ လေဟာနယ်ဝိဥာဉ် သလင်းကျောက်တွေ လိုချင်နေတာလဲ” ရှန်တု မျက်မှောင် ကြုံ့သွားခဲ့သည် “ပြီးတော့ သူပြောတဲ့ပုံအရဆို သူလည်း ဒီမှာ ပိတ်မိနေတာ တော်တော်ကြာနေပြီနဲ့တူတယ်”
လူအိုကြီးသည် လျူကွေ့ချန်နှင့် ရွှယ်ရှီအား ဆက်လက် ဆူပူကြိမ်းမောင်း ဆဲဆိုနေဆဲ။ သို့သော် လျူကွေ့ချန်နှင့် ရွှယ်ရှီတို့ အနေဖြင့် ခေါင်းညိတ်ခံရုံသာ တတ်နိုင်ခဲ့သည်။
“မေ့လိုက်တော့။ မင်းတို့မှာ လေဟာနယ်ဝိဥာဉ် သလင်းကျောက်တွေ မရှိရင် သိုလှောင်လက်စွပ်တွေ အကုန်လုံး ပေးလိုက်” လူအိုကြီးက အမိန့်ပေးလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ခရမ်းကြယ်နှင့် ဓါးအဖွဲ့အစည်းမှ ကျင့်ကြံသူအားလုံး၏ အမူအရာ သွေးဆုတ် ဖြူလျော်သွားကြလေသည်။
“စိတ်ချထားလိုက်။ မင်းတို့ သိုလှောင်လက်စွပ်ထဲက အမှိုက်စုတ်တွေကို ငါမလိုဘူး။ လေဟာနယ်ဝိဥာဉ် သလင်းကျောက်ကိုပဲ လိုချင်တာ” လူအိုကြီးက ပြောလိုက်သည်။
လျူကွေ့ချန်နှင့် ရွှယ်ရှီတို့ အကြည့်ချင်း ဖလှယ်လိုက်သည်။ နှစ်ယောက်စလုံး ဘာဆက်လုပ်ရမှန်း မသိတော့။
“ပေးမှာလား၊ သေမှာလား” လူအိုကြီး စိတ်မရှည်တော့ “ဒီလူအိုကြီးက လူမသတ်ချင်ပေမယ့် ငါ့အမိန့်ကို ကလန်ကဆန် လာလုပ်ရင်တော့ အကုန်သတ်ပစ်မှာ၊ ဘယ်သူ့ကိုမှ ညှာနေမှာ မဟုတ်ဘူး”
လူအိုကြီးသည် စိတ်ဆတ်သည့် လူစားမျိုးဖြစ်မှန်း နားလည်သွားပြီးနောက် လျူကွေ့ချန်က အားတင်းပြုံးလိုက်ပြီး ခရမ်းကြယ်မှ ကျင့်ကြံသူအားလုံးကို အချက်ပြလိုက်သည်။ လျူကွေ့ချန်က သူ့သိုလှောင်လက်စွပ်ကို ပေးရန် ဆုံးဖြတ်မှဖြင့် သူမလည်း မပေးဘဲနေ၍ မရတော့ပေ။
သိုလှောင်လက်စွပ်အားလုံးကို စုစည်းပြီးသည်နှင့် လျူကွေ့ချန်နှင့် ရွှယ်ရှီသည် ထိုလက်စွပ်အားလုံးကို လူအိုကြီးဆီ ပေးလိုက်လေသည်။
ခဏအကြာ၌ လူအိုကြီးသည် သိုလှောင်လက်စွပ် အကွင်း တစ်ရာကျော်ကို စုစည်းနိုင်ခဲ့သည်။ လက်စွပ်များကို ရသည်နှင့် လက်စွပ်ထဲရှိ ပစ္စည်းအားလုံးကို အပြင်သို့ ပစ်ထုတ်လိုက်သည်။
သူ့ရှေ့တွင် တောင်တစ်လုံးတမျှ များပြားလှသော ပစ္စည်းများ ပေါ်လာခဲ့သည်။
ထိုတောင်ထက်တွင် မရေမတွက်နိုင်သော သူတော်စင် သလင်းကျောက်များ၊ ဆေးပုလင်းများ၊ အဖိုးတန်းဆေးပင်များ၊ ရှားပါးသတ္တုများ၊ သိုင်းပညာရပ်များ၊ ကျင့်စဉ်များ… ရှိနေခဲ့သည်။
ထိုရတနာများကိုမြင်ပြီး အကုန်လုံး၏ မျက်လုံးများ နီရဲလာခဲ့ကြလေသည်။
လူအိုကြီးသည် ထိုပစ္စည်းများကို လုံးဝ စိတ်မဝင်စားသည့် ပုံစံဖြင့် ပစ်ထုတ်နေခဲ့သည်။ အားလုံးကို ပစ်ထုတ်ပြီးနောက် “ကိုယ်ဟာကိုယ် သွားပြန်ကောက်ကြ။ ရုတ်ရုတ်ရုတ်ရုတ် လုပ်ဖို့ မစဉ်းစားနဲ့နော်။ ကိုယ့်ဟာမဟုတ်ဘဲ ကောက်တဲ့လူမှန်သမျှ ငါနဲ့တွေ့မယ်”
“စီနီယာအမိန့်အတိုင်းပါပဲ” လျူကွေ့ချန်က ချက်ချင်းပဲ ပြန်ပြောလိုက်သည်။
“အို၊ နင့်မှာ သိုလှောင်လက်စွပ်တစ်ကွင်း ရှိသေးတာပဲ” လူအိုကြီးက လူအုပ်ကြီး ဝေ့ကြည့်လိုက်ပြီးနောက် သူ့အကြည့်သည် ရွှယ်ရှီပေါ်သို့ ရုတ်တရက် ရောက်သွားခဲ့ကာ လှောင်ပြုံးပြုံးလျက် “နင်သေချင်နေတာလား”
ရွှယ်ရှီက ထိုသိုလှောင်လက်စွပ်ကို လက်ဖြင့်အုပ်လျက် ဝမ်းပန်းတနည်းဖြင့် တောင်းဆိုလိုက်သည် “စီနီယာ၊ ဒီတစ်ခုလေးပဲ ချန်ထားပေးလို့ မရဘူးလား”
“ဒီမှာ သိုလှောင်လက်စွပ်တွေကို သုံးလို့မရဘူး”ပြောလျက်နှင့် လူအိုကြီးသည် ရွှယ်ရှီဆီသို့ လက်လှမ်းလိုက်သည်။ လူအိုကြီး၏ ရှေ့မှောက်၍ ရွှယ်ရှီ ဘာမှမလုပ်နိုင်ခဲ့။ နည်းနည်းလေးမှပင် မခုခံနိုင်ခဲ့ချေ။ သူမလက်ထဲရှိ သိုလှောင်လက်စွပ်အား လူအိုကြီး ယူသွားသည်ကိုသာ ဒီအတိုင်း ထိုင်ကြည့်နေခဲ့၇သည်။
လူအိုကြီးသည် သူ့လက်ကို ဝှေ့ရမ်း၍ သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းအားလုံးကို အပြင်သို့ ပစ်ထုတ်လိုက်သည်။ သို့သော် ချက်ချင်းဆိုသလို သူ့အကြည့်သည် တံဆိပ်ပြာလေး တစ်ခုပေါ်သို့ ရောက်သွားခဲ့လေ၏။
ထိုတံဆိပ်ပြားကို ကောက်ယူစစ်ဆေးကြည့်လိုက်ပြီးနောက် အံ့အားသင့်နေသည့် လေသံဖြင့် “ကြယ်ဂိုဏ်းအမိန့်ပြာလား။ နင့်သိုလှောင်လက်စွပ်ကို မပေးချင်တာ အံ့ဩစရာ မဟုတ်တော့ပါဘူးလေ။ နင့်မှာ ကြယ်ဂိုဏ်းအမိန့်ပြား ရှိနေတာကိုး”
“ကြယ်ဂိုဏ်းအမိန့်ပြား” လျူကွေ့ချန်က အလိုလို နှာခေါင်းရှုံ့လိုက်သည်။ လှောင်ပြောင်ရိပ်တို့ ပြည့်နေသော သူ့အကြည့်သည့် လောဘ၊ တပ်မက်မှုတို့ဖြင့် ပြည့်နေသော အကြည့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လူအိုကြီးလက်ထဲရှိ တံဆိပ်ပြားကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်သည်။
ကျင့်ကြံသူအားလုံး၏ အကြည့်သည်လည်း ကြယ်ဂိုဏ်း အမိန့်ပြား ဆိုသော တံဆိပ်ပြားပေါ်တွင်သာ စုပြုံနေခဲ့သည်။
“စီနီယာ၊ အဲ့တံဆိပ်ပြား…” ရွှယ်ရှီက ခြောက်ကပ်နေသော သူမ၏ နှုတ်ခမ်းများကိုသပ်လိုက်သည်။ သူမ၏ လေသံထဲ တောင်းပန်တိုးလျှိုးသည့် အရိပ်အယောင်တို့ ပါဝင်နေပေသည်။
လူအိုကြီးသည် ဘာမှန်ပြန်မပြောဘဲ ထိုတံဆိပ်ပြားကို သူ့အင်္ကျီအိတ်ကပ်ထဲသို့သာ ထည့်လိုက်သည်။ ထိုတံဆိပ်ပြားသည် သူ့လိုလူအတွက်ပင် အတော့်ကိုမှ တန်ဖိုးကြီးသည့်ပုံပင်။
ရွှယ့်ရှီ၏ စကားလုံးတို့ တစ်ဝက်တစ်ပြက်နှင့် ရပ်တန့်သွားရသည်။ ထိုတံဆိပ်ပြားသည် လူအိုကြီး လက်ထဲသို့ ရောက်သွားပြီ ဖြစ်သဖြင့် ပြန်ရဖို့ လမ်းမမြင်တော့မှန်း ရွှယ်ရှီ သိလိုက်သည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း (၁၀၀၃) စေတနာကိုတန်ဖိုးမထား
လူအိုကြီး ထွက်သွားပြီးနောက် ခရမ်းကြယ်နှင့် ဓါးအဖွဲ့အစည်းမှ ကျင့်ကြံသူအားလုံး စိတ်ဓါတ်ကျကျဖြင့် ကျန်ရစ်ခဲ့ရသည်။
အထူးသဖြင့် ဓါးအဖွဲ့အစည်းမှလူများပင်။ သူတို့၏ မိဘများ အသတ်ခံလိုက်ရသည့်အလား အကုန်လုံးသည် ယူကျုံးမရ၊ ပူဆွေးသောက ရောက်နေကြသလို အမျက်ဒေါသလည်း ထွက်နေကြသည်။ ရွှယ်ရှီ၏ လှပသော မျက်နှာလေးသည်ပင် မိုးအုံ့နေသည့်နှယ် မှုံ့မှိုင်းမည်းမှောင်နေခဲ့လေသည်။ ဒေါသတကြီး၊ မကျေမနပ်ဖြင့် လူအိုကြီး ထွက်သွားရာအရပ်ဆီသို့သာ လှမ်းကြည့်နေနိုင်ပြီး အသံကမူ တစ်ခွန်းပင် မထွက်ရဲခဲ့။
လျူကွေ့ချန်က ရွှယ်ရှီအား တစ်ချက် လှမ်းကြည့်လိုက်ပြီး ကြိတ်၍ လှောင်ပြောင်လိုက်သည် “တော်တော်လေးတော့ စိတ်ဝင်စားစရာ ကောင်းလာပြီ။ အဲ့ပစ္စည်းကိုရဖို့အတွက်နဲ့ ငါတို့မှာ အရူးအမူး တိုက်ခိုက်ခဲ့ရတာ။ နောက်ဆုံးတော့ သူများအတွက်ပဲ ဖြစ်သွားတာ။ ဟူး… လုပ်ခဲ့ရတာတွေ အားလုံးက အချည်းနှီးပါလား”
“နင်ကများ ပြောရဲသေးတယ်” ရွှယ်ရှီက လျူကွေ့ချန်ဆီ လှည့်ကြည့်လိုက်ပြီး အံတင်းတင်းကြိတ်လျက် “နင်တို့ ခရမ်းကြယ်က ခွေးသူတောင်းစားတွေ ငါ့တပည့်နှစ်ယောက်ကို လိုက်ဖမ်းတာကြောင့်သာ မဟုတ်ရင် သူတို့နှစ်ယောက်လည်း ကြယ်ဂိုဏ်းအမိန့်ပြားနဲ့အတူ ဂိုဏ်းကို ပြန်ရောက်နေလောက်ပြီ။ ဒီသေခြင်းတရားချောက်နက်ထဲ ဝင်ပြေးပြီး ဒီနေရာမှ ရပ်နေရမှာ မဟုတ်ဘူး။ ဘယ်လိုပဲကြည့်ကြည့်၊ အကုန်လုံးက နင်တို့အပြစ်ပဲ”
လျူကွေ့ချန်မျက်နှာ အေးစက်သွားခဲ့ပြီး ချက်ချင်း အောက်ကျမခံ ပြန်ပြောသည် “နင်ခေါင်းမကောင်းတာလား။ နင်တို့နှစ်ယောက် အဲ့ကြယ်ဂိုဏ်းအမိန့်ပြားကို တွေ့ခဲ့တဲ့ နေရာက ငါတို့ပိုင်နက်ထဲမှာလေ။ ငါတို့ ပိုင်နက်ထဲက ပစ္စည်းက ငါတို့အပိုင်ပဲ။ နင်တို့သာ ငါတို့ပိုင်နက်ထဲကပစ္စည်းကို ယူသွားတဲ့ သူခိုးတွေပဲ။ သူခိုးကများ လူပြန်ဟစ်ချင်နေသေးတယ်”
“လျူကွေ့ချန်၊ နင်မှတ်ထားလိုက်။ ငါဒီကထွက်နိုင်တဲ့ တစ်နေ့၊ နင်အသေဆိုးနဲ့ သေရအောင် လုပ်ပြမယ်” ရွှယ်ရှီက ခါးခါးသီးသီး အော်ဟစ်လိုက်သည်။ ကြယ်ဂိုဏ်းအမိန့်ပြားအား ဆုံးရှုံးလိုက်ရခြင်းအပေါ် ခံစားနေရသည့် ဒေါသ၊ အမုန်းတရား၊ မကျေနပ်မှု အားလုံးကို ခရမ်းကြယ်အပေါ် ပုံချလိုက်သည်။
“ဒီကနေ ထွက်နိုင်မှ ပြောစမ်းပါ” လျူကွေ့ချန်က နှာခေါင်းရှုံ့လိုက်သည်။ ရွှယ်ရှီအား ဆက်ဂရုမစိုက်တော့ဘဲ ခရမ်းကြယ်မှ ကျင့်ကြံသူများဘက်သို့လှည့်၍ လက်ဝှေ့ရမ်းကာ “မင်းတို့ ပစ္စည်းတွေ လာကောက်ကြ။ ကိုယ်ပစ္စည်း အကုန်ပါမပါ သေချာစစ်ယူကြနော်။ မင်းတို့ ပစ္စည်းတွေ အခိုးမခံရစေနဲ့”
သူက အမိန့်ပေးလိုက်သည်နှင့် ခရမ်းကြယ်ကျင့်ကြံသူများ အားလုံး တောင်နှယ်ပုံထပ်နေသော ရတနာအစုအဝေးကြီးဆီ သူတို့၏ အစစ်အမှန်ချီများကို ထည့်သွင်းလိုက်ကြလေသည်။
လျူကွေ့ချန်၏ စကားကြောင့် ရွှယ်ရှီ၏ ခန္ဓာကိုယ်လေး တဆတ်ဆတ် တုန်ရီနေခဲ့ရသည်။ တစ်ချိန်တည်းတွင်လည်း ဓါးအဖွဲ့အစည်းမှ တပည့်များအား သူတို့ ပစ္စည်းများကို သွားယူရန် အမိန့်ပေးလိုက်လေသည်။
“ကြယ်ဂိုဏ်းအမိန့်ပြား၊ တကယ့် ကြယ်ဂိုဏ်းအမိန့်ပြားပဲ။ ဘုရားရေ၊ တကယ့် ကြယ်ဂိုဏ်းအမိန့်ပြားကြီဟ” ရှန်တုသည် ထိုစကားလုံးကို ထပ်တလဲလဲ ရေရွတ်နေသည်။ ထိုသို့ ရေရွတ်နေစဉ် သူ့မျက်နှာတစ်ပြင်လုံး ဖုံးဖိမရနိုင်သော စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်လျမ်းနေခဲ့သည်။
လူအိုကြီး ကြယ်ဂိုဏ်းအမိန့်ပြားကို ယူသွားပြီးသည့် အချိန်မှစ၍ ရှန်တု ထိုကဲ့သို့ ဂနာမငြိမ် ဖြစ်နေခဲ့ခြင်းဖြစ်သည်။
ရှန်တုဘေးတွင် ရပ်နေသော ရန်ကိုင်သည် ရှန်တု စိတ်ငြိမ်သွားပြီ ဆိုမှလောက်သာ စ၍ မေးလိုက်သည် “အဲ့ဒါ ဘာကြီးလဲ။ ဘာလို့ အကုန်လုံး အသည်းအသန် လိုချင်နေကြတာလဲ”
“လိုချင်တာပေါ့ဟ၊ ကြယ်ဂိုဏ်းအမိန့်ပြားပဲဟာ” ရှန်တုက ပြန်၍ အော်ပြောလိုက်သည် “ကြယ်ဂိုဏ်းအမိန့်ပြား ပေါ်လာတာနဲ့ ကြယ်စီရင်စုတစ်ခုလုံး ဦးညွှတ်ရမယ်။ ကြယ်ဂိုဏ်းအမိန့်ပြား ဆိုတာ အကြွင်းမဲ့အာဏာပဲ။ ငါသာ အဲ့ဒါကိုရလိုက်မယ်ဆိုရင်…”
သူ့ဘာသာ ရေရွတ်လိုက်ရင်း ရှန်တု၏ မျက်လုံးများသည် ဆာလောင်နေသော ဝံပုလွေတစ်ကောင်၏ မျက်လုံးများနှယ် အရောင်တဖျတ်ဖျတ် လက်လာခဲ့သည်။ ထိုကဲ့သို့ ရေရွတ်နေရင်း သူ့စိတ်ကူးယဉ်ကမ္ဘာထဲ နစ်မြောသွားလေသည်။
“နောက်ဆုံးတော့ ငါနားလည်သွားပြီ။ ခရမ်းကြယ်ကလူတွေ သေခြင်းတရားချောက်နက်ထဲကို နည်းနည်းလေးမှ မတွေဝေဘဲ လိုက်ရဲတာ အံ့ဩစရာမ ဟုတ်တော့ပါဘူးလေ။ လတ်စသတ်တော့ ကြယ်ဂိုဏ်းအမိန့်ပြား ဖြစ်နေတာကိုး။ ကြယ်ဂိုဏ်းအမိန့်ပြား အစစ်သာမှန်ရင် အဲ့လို စွန့်စားဖို့ တကယ် ထိုက်တန်တယ်။ မဟုတ်ဘူး ထိုက်တန်တာထက်တောင် ပိုသေးတယ်” ရှန်တုက ရေရွတ်နေပြန်သည် “လူအိုကြီး လက်ထဲ ရောက်သွားခဲ့တာ သနားစရာပဲ။ အင်း၊ လူအိုကြီးလက်ထဲ ရောက်သွားမှတော့ ပြန်ရဖို့ လမ်းမမြင်တော့ဘူး”
ပြောပြီးသည်နှင့် ကြယ်ဂိုဏ်းအမိန့်ပြားကို သူပဲ ပိုင်သည့်နှယ် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်သည်။
ရန်ကိုင်သည် ကြယ်ဂိုဏ်းအမိန့်ပြားအကြောင်း အတော်လေး သိချင်နေမိသည်။ ထို့ကြောင့် ရှန်တုအား ထိုအကြောင်း မေးမည် အပြု ရွှယ်ရှီ သူ့ဆီ လမ်းလျှောက်လာနေသည်ကို မြင်လိုက်သည်။ ရန်ကိုင်ခေါင်းထဲ အချက်ပေးသံတို့ တဒေါင်ဒေါင် မြည်သွားခဲ့သည်။
ထိုမိန်းမ သူ့နားရှိနေလျှင် သူ့စိတ်ထဲ မသက်မသာ ခံစားရသည်။ အစောပိုင်းက အဖြစ်အပျက်ကြောင့် ရွှယ်ရှီသည် အလွန်တရာကိုမှ ဒေါသထွက်နေခဲ့သည်။
ရန်ကိုင်ဆီ လမ်းလျှောက်သွားပြီးနောက် တစ်ခုခုပြောရန် ပြင်လိုက်သော်ငြား တုန့်ဆိုင်းနေခဲ့သည်။
“ဘာလိုချင်လို့လဲ” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့လေသည်။
“ဟိုသိုလှောင်လက်စွပ် ငါ့ဆီ ပြန်ပေးလို့ရမလား။ ခဏတုန်းက ဖြစ်သွားတာကို နင်လည်း မြင်တာပဲ။ အဲ့စီနီယာက ငါတို့သိုလှောင်လက်စွပ်တွေ အကုန်လုံးကို ယူသွားတာ။ သိုလှောင်လက်စွပ်မရှိတော့ ငါတို့ အတော်လေး အကြပ်တွေ့နေလို့” ရွှယ်ရှီက ကိုးယိုးကားယား အမူအရာဖြင့် ပြန်ပြောလိုက်သည်။
ရန်ကိုင်အား ပြောဆိုဆက်ဆံပုံသည် မနေ့ကနှင့် နည်းနည်းလေးမှမတူတော့။ လက်ဆောင်ပေးထားပြီးသား ပစ္စည်းတစ်ခုကို ပြန်တောင်းနေလေရာ ရွှယ်ရှီ မရှက်ဘဲ ဘယ်နေမည်နည်း။ သိုလှောင်လက်စွပ်မရှိဘဲ အဆင်ပြေမည်ဆိုလျှင် လာပြန်တောင်းမည် မဟုတ်ချေ။
ပြောပြီးသည်နှင့် ရန်ကိုင် မည်ကဲ့သို့ ပြန်ပြောမည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။
“ဒီလက်စွပ်ကို မနေ့ကပဲ ခင်ဗျားကျုပ်ကို လက်ဆောင်ဆိုပြီး ပေးထားတာလေ၊ ဒီတော့ ဒါက ကျုပ်အပိုင်ပဲပေါ့” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“ဟုတ်တယ်” ရွှယ်ရှီက ခေါင်းညိတ်လိုက်သည် “ဒါပေမယ့် အခု ဒီလက်စွပ်ကို ငါတို့လိုနေတယ်။ ဒီတော့ အဲ့ဒါကို ငါပြန်လိုချင်တယ်။ စိတ်ချထားလိုက်။ ငါတို့ ဒီကနေ ထွက်သွားတာနဲ့ နင်စိတ်ကျေနပ်လောက်မယ့်လျော်ကြားကို ပြန်ပေးမယ်။ ဘယ်လိုလဲ”
“ကျုပ်ငြင်းမယ်ဆိုရင်ကော” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးသည်။
“ကိစ္စမရှိဘူး” ရွှယ်ရှီက ထူးမခြားနားသည့်ဟန်ဖြင့် “နင်ငြင်းရင်တောင် ဒီနေရာမှာ ငါနင့်ကို ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး”
“ခင်ဗျားပြောချင်တာက ဒီနေရာမှာတော့ ဘာမှ လုပ်လို့မရပေမယ့် ဒီနေရာက ထွက်သွားနိုင်ရင်တော့ တွေ့ပြီဆိုတဲ့ သဘောမျိုးပေါ့၊ ဟုတ်တယ်မလား” သူမ ဘာပြောချင်နေလဲ ဆိုသည်ကို ရန်ကိုင် ချက်ချင်း နားလည်လိုက်သည်။
ရွှယ်ရှီသည် ရန်ကိုင်စကားကို ငြင်းဆိုခြင်းလည်းမပြု၊ သဘောတူခြင်းလည်းမပြုဘဲ ရိုးရိုးရှင်းရှင်းသာ ပြန်ပြောသည် “နင့်ကိုယ်ထဲက ချိတ်စည်းကို ငါဖြည်ပေးလို့ရတယ်”
“မလိုဘူး” ရန်ကိုင် ချက်ချင်းပဲ ငြင်းဆိုလိက်သည်။ ယမန်နေ့မှ အဖြစ်အပျက် ပြီးသည့်နောက်ပိုင်း ထိုမိန်းမနား ထပ်ကပ်တော့မည် မဟုတ်ချေ။
ပြောပြီးသည်နှင့် သူ့သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းအားလုံးကို ထုတ်လိုက်ပြီး သိုလှောင်လက်စွပ်ကို ရွှယ်ရှီဆီ လှမ်းပစ်ပေးလိုက်သည် “ကျုပ်ခင်ဗျားကို ပြောလိုက်မယ်။ ဟဲမြောင်နဲ့ ဟဲကျောင်ကို အကူအညီ ပေးလိုက်တာက ခင်ဗျားတို့ဆီက ဆုလိုချင်လို့မဟုတ်ဘူး။ ဒါပေမယ့် သူတောင်စင် သလင်းကျောက် အတုံးတစ်ထောင်ကို ရပြီးသွားပြီ ဆိုမှတော့ ကျုပ်တို့ကြား ဘာအကြွေးမှ မရှိတော့ဘူး”
ရွှယ်ရှီသည် သူမလက်ထဲရှိ သိုလှောင်လက်စွပ်ကို ကြည့်လိုက်သည်။ ပေးပြီးသာ ပစ္စည်းတစ်ခုကို အလကား ပြန်ယူရသည်မျိုး သူမလည်း မလုပ်ချင်ချေ။ ထို့ကြောင့် ထပ်မံ၍ ပြောလိုက်ပြန်သည် “ငါကလွဲပြီး နင့်ကိုယ်ပေါ်က ချိတ်စည်းကို ဖြည်ပေးနိုင်တဲ့လူ မရှိဘူးနော်”
“မလိုဘူး”
ရွှယ်ရှီ၏ ကျော့ရှင်းသော မျက်နှာလေး မှုန်ကုတ်သွားပြီး အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်သည် “စေတနာကို တန်ဖိုးမထားတတ်တာ”
သူမဘက်မှ စေတနာဖြင့် ကူညီပေးခြင်သော်ငြား ရန်ကိုင်က ငြင်းပယ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူမဘက်မှ ကူညီပေးမည်ဟု ကမ်းလှမ်းသည်ကို ထိုလူငယ်လေးသည် ကျေးဇူးတင်တင်ဖြင့် လက်ခံသင့်ခြင်းဖြစ်သည်။ တကယ်တော့ ဤဘာမှန်းမသိရသေးသော တိုက်ကြီးတွင် မည်သို့သော အရာများ၊ အန္တရာယ်များ ရှိနေသည်ကို ဘယ်သူမှ မသိနိုင်ဘူး မဟုတ်လေလော။
ရန်ကိုင်က သူမက ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်သည့် အတွက်ကြောင့် ရွှယ်ရှီ ရှက်သွားခဲ့ရသည်။ ရှက်ရှက်နှင့် ဒေါသလည်း ထွက်သွားရသည်။ သူမကမ်းပေးသောလက်ကို တစ်ဖက်မှ ဖြတ်ရိုက်ချလိုက်သည်ဟု ခံစားလိုက်ရသည်။
ယခင်ကဆိုလျှင် သူမ၏ အဆင့်အတန်းအရ ရန်ကိုင်ကဲ့သို့ သေးနုပ်သော လူငယ်လေးတစ်ယောက်ကို လာစကားပြောမည် မဟုတ်ချေ။ သို့သော်လည်း ဤနေရာသို့ ရောက်ပြီးနောက် သူမ၏ မာနကိုခဝါချကာ မလုပ်ချင်သည့် အရာကို လုပ်ခဲ့ရသည်။
ရန်ကိုင်နှင့် နည်းနည်းလေးမျှပင် အပိုစကား မပြောချင်တော့ရာ၊ သိုလှောင်လက်စွပ်ကို ယူပြီးသည်နှင့် ချက်ချင်း ထွက်သွားလေသည်။
“ဟျောင့်၊ မင်းနဲ့ အဲ့မိန်းမကြားမှ ရန်ငြိုးရှိနေတာလား” ရွှယ့်ရှီ ထွက်သွားပြီးနောက် ရှန်တုက တိုးတိုးလေး မေးလိုက်သည် “အဲ့မိန်းမကို မင်းဘယ်လို သွားရန်စလိုက်တာလဲ”
“ငါသွားရန်စတာ မဟုတ်ဘူး။ သူ့ကသာ ငါ့ကို အရမ်း သင်္ကာမကင်း ဖြစ်နေတာ” ရန်ကိုင်က ခေါင်ခါလိုက်သည်။
“ဒါပေမယ့် သူပြောတာမှန်တဲ့တစ်ချက် ရှိတယ်။ မင်းချိတ်စည်းကို ဖြည်ပေးနိုင်တဲ့လူ သူကလွဲပြီး အခြားလူ မရှိဘူး။ ငါ့ဒဏ်ရာတွေ အကုန်ပြန်ကောင်းသွားရင်းတောင် မင်းကို ကူညီပေးနိင်ဖို့က မဖြစ်နိုင်သလောက်ပဲ” ရှန်တုက မဝန်ခံချင်သော်ငြား ဝန်ခံလိုက်သည်။
“ငါ့ဘာသာငါ အဖြေရှာမယ်”
“ကောင်းပြီလေ။ ဒီအကြောင်းကို မေ့ထားလိုက်တော့။ စိတ်ညစ်နေလို့လည်း ဘာမှထူးမှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်၊ ဒီသူတော်စင် သလင်းကျောက် အတုံးတစ်ထောင်ကို ဘယ်လို သိမ်းမယ်စဉ်းစားထားလဲ။ ဒီမှာ ထားခဲ့မယ်လို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်။ ဟုတ်တယ်မလား”
“ငါ့မှာ ဒါရှိတယ်လေ” ပြောလျက်နှင့် အိတ်လေးများစွာကို ထုတ်ပြလိုက်သည်။ နှစ်အိတ်ကို ရှန်တုဆီ ပစ်ပေးလိုက်ပြီး ကျန်အိတ်များဖြင့် သူတော်စင်သလင်းကျောက်များကို စတင် သိမ်းဆည်းတော့သည်။
တလက်လက် တောက်ပနေသော လက်သီးဆုပ်အရွယ် သူတော်စင်သလင်းကျောက်များသည် ထိုအိတ်လေးများထဲ တိုးဝင်ပျောက်ကွယ်သွားသည်ကို မြင်သော် ရှန်တု ကြောင်သွားပြီး မေးလိုက်လေသည် “ဘာကြီးလဲ။ သိုလှောင်မှော်ရတနာ တစ်မျိုးမျိုးလား”
“ဒါကို သိုလှောင်အိတ်လို့ခေါ်တယ်။ ငါလာတဲ့နေရာက အများသုံး သိုလှောင်မှော်ရတနာတစ်မျိုးပေါ့” ရန်ကိုင်က ရှင်းပြလိုက်သည်။ ထိုသိုလှောင်အိတ်များသည် ယခင် နှစ်များအတွင်း သူစုဆောင်းရရှိခဲ့သည့် အရာများဖြစ်ပေသည်။ ထိုပစ္စည်းများကို ရစဉ်က နတ်ဆိုးစာအုပ်ထဲသို့သာ ပစ်ထည့်ထားလိုက်သည်။ ယနေ့၌ ထိုပစ္စည်းများသည် အမှန်တကယ် အသုံးဝင်လာမည်ဟု မထင်ထားခဲ့။
ထူးဆန်းသော လူအိုကြီးသည် သူရှာနိုင်သမျှ လေဟာနယ်ဝိဥာဉ် သလင်းကျောက်များကို ယူသွားခဲ့သည်။ ထို့ကြောင့် ဖြစ်နိုင်လျှင် နတ်ဆိုးစားအုပ်ကို ထုတ်မပြချင်ချေ။ သူသာသတိမထားလျှင် နတ်ဆိုးစာအုပ်သည် လူအိုကြီး၏ လက်ထဲသို့ ရောက်သွားနိုင်ပေသည်။
ထို့ကြောင့် သိုလှောင်အိတ်များကို သုံး၍သာ အခြားသူများကို လှည့်စားရပေတော့မည်။
ရှန်တု အမှန်တကယ်ကို အံ့အားသင့်နေခဲ့သည်။ ရန်ကိုင် လုပ်သည့်အတိုင်း သူတော်စင်သလင်းကျောက်များကို သိုလှောင်အိတ်ထဲ ထည့်ရင်း ပြောလိုက်သည် “အင်း၊ မင်တို့ အဆင့်နိမ့်ကမ္ဘာက ဒီလိုမှော်ရတနာမျိုး ဖန်တီးနိုင်မယ်လို့ မထင်ထားဘူး။ ဒါတွေက တကယ်မဆိုးဘူး။ နေရာလေး ကျဉ်းတာတစ်ချက်ပဲ”
ရှန်တုသည် သိုလှောင်အိတ်များကို အတော်လေး စိတ်ဝင်စားသည့်ပုံပင်။ သိုလှောင်အိတ် နှစ်အိတ်စလုံးကို အပြည့်ဖြည့်ပြီးနောက် ထိုနှစ်အိတ်ကို သူ့အင်္ကျီအိတ်ထဲ ထိုးထည့်ကာ ပြောလိုက်သည် “အခုလောလောဆယ် ဒါတွေကို ငါသိမ်းထားလိုက်မယ်။ နောက်ကျမှ မင်းကို ပြန်ပေးမယ်”
“အင်း” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။
ခရမ်းကြယ်နှင့် ဓါးအဖွဲ့အစည်းမှ ကျင့်ကြံသူများသည် သူတို့အပိုင် ပစ္စည်းများကို ရွေးရှာနေတုန်းပင်။ ရှန်တုသည် သိုလှောင်အိတ်ထဲမှ သူတော်စင်သလင်းကျောက်တစ်တုံးကို ထုတ်ယူပြီး အားပြန်ဖြည့်နေလိုက်သည်။
ရန်ကိုင်သည် ရှန်တုဘေးတွင်ထိုင်လျက် သူ့ကိုယ်ထဲရှိ သူတော်စင်ချီများကို လှုပ်ရှားလာအောင် ကြိုးစားကြည့်သည်။ သို့သော် အချည်းနှီးပင်။ ဘာဆက်လုပ်ရမှန်း မသိတော့သည်နှင့် ရန်ကိုင်သည် သူ၏ နာမ်ဝိဥာဉ်ကို အသိစိတ်ပင်လယ်ထဲသို့ ပို့လိုက်လေသည်။
သေဆုံးသွားသော ကျင့်ကြံသူများ၏ စိတ်စွမ်းအင်များကို စုပ်ယူရပေမည်။ စိတ်စွမ်းအင်ထု များစွာတို့သည် သူ့အသိစိတ်ပင်လယ်ထဲ အသာအယာ မျော့လွင့်နေခဲ့သည်။ ထိုစိတ်စွမ်းအင်ထုကြီးများအနက် တစ်ခုသည် သူတော်စင် ဘုရင်တစ်ယောက်၏ဟာ ဖြစ်ပေသည်။
ရန်ကိုင်သည် ထိုအရာများကို အတူတကွ စုဝေး၍ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို အသက်သွင်းလိုက်သည်။ ချက်ချင်းဆိုသလို ရွှေရောင်အလင်းတန်း ထွက်ပေါ်လာပြီး ထိုစိတ်စွမ်းအင်ထုများကို စတင် သန့်စင်လာလေသည်။ ထိုစိတ်စွမ်းအင်ထုကြီးဖြစ်သော သေဆုံးသွားသော ကျင့်ကြံသူများ၏ ဝိဥာဉ်များသည် စတင် လောင်မြိုက်လာပြီး အနက်ရောင်အခိုးအငွေ့တို့ ထွက်ပေါ်လာခဲ့သည်။ သို့သော် ထွက်ပေါ်လာသော အနက်ရောင်အခိုးအငွေ့ အားလုံးသည် ရွှေရောင်အလင်းတန်း၏ လောင်ကျွမ်းခြင်း ခံလိုက်ရသည်။
အနက်ရောင် အခိုးအငွေ့များသည် သေဆုံးသွားသော ကျင့်ကြံသူများ၏ မှတ်ဥာဏ်များသည်နှင့် တစ်ဘဝတာ အတွေ့အကြုံများ ဖြစ်ပေသည်။ ထိုအရာကို ရန်ကိုင် မစုပ်ယူနိုင်ချေ။ မစုပ်ယူနိုင်သည်မဟုတ်၊ မစုပ်ယူရဲသည်ဟုသာ ဆိုရလေမလား။ မဟုတ်လျှင် ထိုမှတ်ဥာဏ်များသည် သူ့မှတ်ဥာဏ်များနှင့် ရောထွေးသွားကာ သူကိုယ့်သူ ဘယ်သူမှန်းပင် မသိတော့သော လူတစ်ယောက် ဖြစ်သွားနိုင်သည်။
မျက်တောင်တစ်ခတ်အတွင်း များစွာသော စိတ်စွမ်းအင် အစုအဝေးများ သန့်စင်ခံလိုက်ရပြီး ထိုကျင့်ကြံသူများ၏ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် သဘောပေါက် နားလည်မှု၊ ထိုထွင်းသိမြင်မှုများသာ ကျန်ရစ်ခဲ့သည်။
ထိုစိတ်စွမ်းအင် အစုအဝေးများအနက် တစ်ခုသည် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏ ရွှေရောင်အလင်းတန်းကို တစ်ခဏ ကြာသည်အထိ ခုခံနိုင်ခဲ့ပေသည်။ သို့သော် တစ်ခဏတာသာ ဖြစ်ပြီး နောက်ဆုံး၌ သုတ်သင်ခံလိုက်ရသည်။
ထိုစိတ်စွမ်းအင် အစုအဝေးသည် သေဆုံးသွားသော သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူ၏ ဝိဥာဉ်ဖြစ်ပေသည်။
ရန်ကိုင် စိတ်လှုပ်ရှားလာခဲ့သည်။ နည်းနည်းလေးမျှပင် အချိန်မဖြုန်းတော့ဘဲ ထိုသန့်စင်ပြီးသာ ဝိဥာဉ်များကို စတင် စုပ်ယူတော့လေသည်။ အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့ပြီး အချိန်အတိုင်းအတာ တစ်ခုအထိ ကြာသွားပြီးနောက် ဝိဥာဉ်အားလုံးကို ရန်ကိုင် စုပ်ယူလို့ ပြီးဆုံးသွားခဲ့သည်။
ထိုကျင့်ကြံသူများ၏ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် ထိုးထွင်းသိမြင်နားလည်မှုသည် ထုန်းရွှမ်လောကကြီးတွင် ရှိနေသည့် လူများထက် ပိုသာသည်ကို ရန်ကိုင် တွေ့ရှိခဲ့ရသည်။ သူတို့၏ ခွန်အားကိုလည်း ပို၍ ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်ပေသည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း (၁၀၀၄)
ထိုဝိဥာဉ်များကို စုပ်ယူပြီးနောက် သူတော်စင်အဆင့်အပေါ် ရန်ကိုင်၏ နားလည်မှုသည် သိသိသာသာကို တိုးတက်လာခဲ့သည်။ ယခုတစ်ကြိမ် သူရရှိခဲ့သော အကျိုးအမြတ်များသည် သူခန့်မှန်းထားသည်ထက်ပင် ပိုများလှသည်။ အကြောင်းမှာ ကျင့်ကြံသူတစ်ယောက်၏ ဝိဥာဉ်ကို စုပ်ယူလိုက်တိုင်း သူ့ဝိဥာဉ် ခွန်အားမှာလည်း တိုးတက်လာသောကြောင့် ဖြစ်သည်။
သူ့ခွန်အားမှာ အနည်းအကျဉ်းသာ တိုးတက်လာသော်ငြား သဲပွင့်များစုပေါင်း၍ တောင်တစ်လုံး ဖြစ်လာနိုင်သည့်နှယ်၊ ထိုကဲ့သို့ စုပ်ယူပါများလေသော် ရန်ကိုင်၏ ဝိဥာဉ်သည် အဆပေါင်းများစွာ ပို၍ အားကောင်းလာခဲ့ရလေသည်။ သူ့ဝိဥာဉ်သည် အဆင့်တူ ကျင့်ကြံသူများထက် အဆများစွာ ပို၍အားကောင်းသည်။
သူ့အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော မီးတောက်၊ မီးလျှံများမှာလည်း ပို၍ ပူပြင်းလာခဲ့သည်။
တိုးတက်မှုနှင့်ပက်သက်၍ အလွန်တရာကိုမှ ကျေနပ်မိရာ လက်ကျန် ဝိဥာဉ်များကို အမြန်အဆန် စုပ်ယူတော့လေသည်။
သို့သော်လည်း ကျန်လက်ဝိဥာဉ်များကို စုပ်ယူနေစဉ် အတောအတွင်း၊ ရုတ်တရက် ဆိုသလို ရန်ကိုင်၏ အမူအရာ ထူးဆန်းသွားခဲ့ပြီး စုပ်ယူခြင်းကို ရပ်တန့်လိုက်သည်။
သူ့ရှေ့တွင် ရှိနေသော နာမ်ဝိဥာဉ်သည် အားကောင်းသော ဝိဥာဉ်တစ်ခုမဟုတ်။ အတော့်ကိုမှ အားနည်းသည်ဟုပင် ပြော၍ရသည်။ အကြောင်းမှာ ထိုဝိဥာဉ်သည် မသေမျိုး တတိယအဆင့်သာ ရှိနေသောကြောင့်ဖြစ်သည်။
ထိုဝိဥာဉ်သည် သေဆုံးသွားသော မြေပုံသခင်ဝူဆော့၏ ဝိဥာဉ်ဖြစ်ပေသည်။
ဝူတော့၏ ဝိဥာဉ်သည် အခြားသူများ၏ ဝိဥာဉ်ထက် ပို၍ အားနည်းသော်ငြား သူ့ဝိဥာဉ်ထဲတွင် တစ်ခုခု ရှိနေခဲ့သည်။ ရန်ကိုင်လည်း ကောင်းကင်စိတ်အာရုံဖြင့် ထိုဝိဥာဉ်ကို စတင် စစ်ဆေးကြည့်လေသည်။
ရုတ်တရက် သူ့နာမ်ဝိဥာဉ်သည် အသိစိတ်ပင်လယ်ထဲမှ ထွက်၍ ကြယ်တာရာကောင်းကင်ထဲ ရောက်သွားခဲ့သည်။ သူ့ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော ကြယ်များစွာ ရှိနေခဲ့သည်။ အချို့ကြယ်များသည် တလက်လက် လင်းလက် တောက်ပနေသည့် အချိန်တွင် အချို့ကြယ်များသည် သေခြင်းချီတို့ဖြင့် ပြည့်နေခဲ့သည်။
သူကိုယ်တိုင်သည် ကြယ်တာရာကောင်းကင် အထက်တွင် ရပ်နေသော အရှင်သခင်ကြီးတစ်ပါး ဖြစ်လာသည့်နှယ် ခံစားရသည်။ ဟုန်းလော့ကြယ်စီရင်စုကြီး တစ်ခုလုံးကို အထက်စီးမှ ငုံ့ကြည့်နေသလို ခံစားရသည်။
မည်သည့် အရာမှ သူ့အကြည့်အောက်မှ မလွတ်မြောက်နိုင်။
သူ့ရှေ့ရှိကြယ်အားလုံးသည် ဆန်းကြယ်သော အားတစ်ရပ်၏ ထိန်းချုပ်ခြင်း ခံနေရသည့်နှယ်၊ သူနားမလည်နိုင်သော ပုံစံတစ်မျိုးဖြင့် လှည့်ပတ်နေခဲ့သည်။ ထို့နောက် ကြယ်စင်စုကြီး တစ်ခုလုံး၏ အလယ်ဗဟိုကို မြင်လိုက်ရသည်။
ထိုနေရာရှိ အချို့ကြယ်များသည် သာမန်ထက်ပို၍ ထူးထူးခြားခြားကို လင်းလက်တောက်ပနေခဲ့သည်။ အချို့ ကြယ်များသည် မီးတောက်ကဲ့သို့ နီရဲနေချိန် အချို့သည် ရေခဲတုံးကဲ့သို့ ဖြူဖွေးနေခဲ့သည်။ အချို့ကြယ်များသည် လွန်စွာကိုမှ သန်စင်သော စွမ်းအင်များကို ထုတ်လွှတ်နေသည်။
ထိုနေရာသည် သေခြင်းတရားချောက်နက် ဖြစ်ပေသည်။
ထိုတမူထူးခြားစွာ တောက်ပနေသော ကြယ်များဖြင့် ပြည့်နေသည့် နေရာသည် သူလမ်းပျောက်ခဲ့သော သေခြင်းတရား ချောက်နက်ဖြစ်ကြောင်း ရန်ကိုင် ချက်ချင်းသိလိုက်သည်။
ကြယ်တာရာကောင်းကင်ထဲသို့ ပထမဆုံးရောက်လာချိန် သူ့အား စီးကြိုနေသည့်နေရာသည် သေခြင်းတရားချောက်နက် ဖြစ်သည်။ သေခြင်းတရားချောက်နက်၏ ပုံစံသည် သူ့ဝိဥာဉ်ပေါ် တံဆိပ်ရိုက်နှိပ်ထားသည့်အလား ထိုအရာကို ရန်ကိုင် သေသေချာချာ မှတ်မိနေသည်။ တစ်ခုတည်းသော ခြားနားချက်သည်ကား သေခြင်းတရားချောက်နက်၏ အရွယ်အစားသည် မရေမတွက်နိုင်အောင် သေးသွားခြင်းပင်။
ဝူဆော့၏ ဝိဥာဉ်ထဲ ဆန်းကြယ်သော ကြယ်မြေပုံတစ်ခု ရှိနေခဲ့သည်။
ထိုကြယ်မြေပုံသည် ဟုန်းလော့ကြယ်စီရင်စု တစ်ခုလုံး၏ မြေပုံဖြစ်ပေသည်။ ထိုကြယ်များကို ကြည့်နေရင်း အချိန် အတော်ကြာသည်အထိ ရန်ကိုင် မှင်သက်မိနေခဲ့သည်။
ကြယ်မြေပုံအား သူ့ကောင်းကင်စိတ်အာရုံဖြစ် စစ်ဆေးနေစဉ် သူ့အသိစိတ်ပင်လယ်ထဲရှိ ရေများသည် လျင်မြန်စွာ စတင် အငွေ့ပျံလာခဲ့သည်။ သူ့စိတ်စွမ်းအင်များသည် အလွန်တရာကိုမှ မြန်ဆန်လှသော အမြန်နှုန်းဖြင့် လျော့ကျလာခဲ့သည်။
သူ့အသိစိတ်ပင်လယ်တစ်ခုလုံး ဆုတ်ဖြဲခံလိုက်ရသည့်နှယ် နာကျင်သွားသဖြင့် ရန်ကိုင် ထိတ်လန့်သွားပြီး ကြယ်မြေပုံထဲမှ သူ၏ နာမ်ဝိဥာဉ်ကို သူ့အသိစိတ်ပင်လယ်ထဲ အမြန်ပို့လိုက်သည်။ ထိုအခါမှပဲ သူ့အသိစိတ်ပင်လယ်၏ ပြောင်းလဲမှုများကို တွေ့သွားခဲ့လေသည်။ ကြယ်မြေပုံကို စူးစမ်းနေသည့် တစ်ခဏတာ အတောအတွင်း သူ့စိတ်စွမ်းအင် တစ်ဝက်နီးပါ ကုန်သွားရသည်။
အစောပိုင်းက ခံစားလိုက်ရသော နာကျင်မှုသည် စိတ်စွမ်းအင် အလွန်အကျွံ သုံးစွဲခြင်းသည် လက္ခဏာဖြစ်သည်။ ရန်ကိုင် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ နည်းနည်းလေးမှ မဆင်မခြင် မလှုပ်ရှားရဲတော့။ သူ့အသိစိတ်ကို အသိစိတ် ပင်လယ်ထဲမှ ခပ်မြန်မြန် ပြန်ရုတ်သိမ်းလိုက်လေသည်။
သူ့အသိစိတ် ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာချိန် လေအေးတစ်ရှိုက် သူ့ခန္ဓာကိုယ်အား ဖြတ်သန်းတိုက်ခတ်သွားရာ သူ့တစ်ကိုယ်လုံး တုန်တက်သွားခဲ့လေသည်။ ယခုမှပဲ သူ့တစ်ကိုယ်လုံး ချွေးအေးတို့ဖြင့် စိုရွှဲနေပြီး ကြွက်သားများ တောင့်တင်းနေသည်ကို သတိပြုမိလိုက်သည်။ အနားတွင် ထိုင်နေသော ရှန်တုသည် မှင်သက်နေသည့် အမူအရာဖြင့် သူ့အား စိုက်ကြည့်နေခဲ့သည်။
ရန်ကိုင် မျက်လုံးပွင့်လာသည်ကိုမြင်သော် ရှန်တုက “ရန်ကိုင်၊ စိတ်ငြိမ်ငြိမ်ထား။ အရမ်းကြီး စိုးရိမ်မနေနဲ့။ မင်းခန္ဓာကိုယ်မှာ ရှိနေတာက သူတော်စင်ဘုရင်တစ်ယောက်ရဲ့ ချိတ်စည်း။ ဒါကြောင့် လောလောဆယ်တော့ မင်းဘယ်လိုပဲကြိုးစားကြိုးစား အဲ့ဒါကို ဖြည်နိုင်ဦးမှာ မဟုတ်သေးဘူး။ ဒါကြောင့် သိပ်ပြီး အလွန်အကျွံမလုပ်နဲ့”
ရန်ကိုင်သည် လျူကွေ့ချန်၏ ချိတ်စည်းကို ချိုးဖျက်ရန် ကြိုးစားနေခြင်းဟု ရှန်တု ထင်နေခဲ့သည်။
“ငါသိတယ်။ စိတ်ပူမနေနဲ့” ပြောပြီးနောက် နတ်ဆိုးစာအုပ်ထဲမှ စိတ်စွမ်းအင် အားဖြည်ဆေးတစ်းလုံးကို ခပ်မြန်မြန် ထုတ်သောက်လိုက်သည်။
ရှန်တု ပြောပြခဲ့သည်များအရ ဝူဆော့သည် ခရမ်းကြယ်၏ ထိပ်တန်းသုံးယောက်ဝင် မြေပုံသခင်တစ်ယောက် ဖြစ်သည်။ ထိုကဲ့သို့သော ပညာရှင်တစ်ယောက်တွင် ကြယ်တာရာကောင်းကင်အား စူးစမ်းလေ့လာနိုင်သည့် ကိုယ်ပိုင်နည်းလမ်းများ ကျိန်းသေ ရှိနေပေလိမ့်မည်။ ကျင့်ကြံခြင်းအတွက် အချိန်နည်းနည်းပေးရုံမှလွဲ၍ ကျန်လက်ကျန် အချိန်အားလုံးကို ကြယ်မြေပုံများ ဖန်တီးရေးဆွဲခြင်းတွင်သာ အသုံးပြုနေခဲ့သည်။
သို့သော်လည်း ထိုအချက်သည် ဆန်းကြယ်သော ကြယ်မြေပုံသည် ရွှေရောင်အလင်းတန်းဖြင့် သန့်စင်ခြင်း ခံရသည့်တိုင် ဘာကြောင့် အကောင်းအတိုင်း ရှိနေသလဲ ဆိုသည့်အချက်ကို ရှင်းပြမသွားခဲ့ချေ။
ရွှေရောင်အလင်းတန်းသည် ကျင့်ကြံသူတစ်ယောက်၏ မှတ်ဥာဏ်များနှင့် ဘဝအတွေ့အကြုံများကို ရှင်းလင်းနိုင်သည်။ ထို့ကြောင့် သေဆုံးသွားသော ကျင့်ကြံသူများ၏ ကောင်းကင် လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် နားလည်မှုများကိုသာ ရန်ကိုင် ရရှိခြင်းဖြစ်ပြီး သူတို့ လေ့ကျင့်ထားသည် ကျင့်စဉ်များနှင့် သိုင်းပညာရပ်များကို ရန်ကိုင် မရရှိခဲ့ခြင်းဖြစ်သည်။
ထိုဆန်းကြယ်သော ကြယ်မြေပုံသည် ဝူဆော့၏ ဘဝ အတွေ့အကြံသာ ဆိုပါက ပျောက်ကွယ်သွားသင့်ပေသည်။ သို့သော်လည်း ပျောက်ကွယ်မသွားဘဲ အကောင်းအတိုင်း ကျန်ရှိနေခဲ့သည်။ ထိုအဖြစ်အပျက်သည် အလွန်ကိုမှ ထူးဆန်းပြီး ယခင်က ထိုကဲ့သို့ တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးပေ။
ခဏလောက် ဆက်လက် စဉ်းစားကြည့်လိုက်ပြီး နောက်ဆုံး၌ ဖြစ်နိုင်ချေတစ်ခုကို ရန်ကိုင် စဉ်းစားမိလိုက်သည်။
သူတွေ့ခဲ့ရသော ကြယ်မြေပုံသည် ဝူဆော့၏ အသိဥာဏ် မဟုတ်ဘဲ ဝူဆော့ ကံကောင်းပြီး ရရှိခဲ့သည် ပစ္စည်းတစ်ခုခု ဖြစ်ရပေမည်။
ထိုအရာသည် ဝူဆော့အပိုင်မဟုတ်၊ ထို့ကြောင့် ရွှေရောင်အလင်းတန်းနှင့် ထိတွေ့သည့်တိုင် ဘာမှ မဖြစ်သွားခြင်း ဖြစ်သည်။ ထို့အပြင် ထိုအရာသည် သုတ်သင်ခြင်းနတ်ဆိုး မျက်လုံးထက် ပို၍ အဆင့်မြင့်သော ရတနာတစ်ခုဖြစ်သည်။
ထိုဖြစ်နိုင်ချေကိုသာ ရန်ကိုင် စဉ်းစားမိတော့သည်။ ပိုစဉ်းစားလေ ပို၍ ဖြစ်နိုင်သည်ဟုသာ သူထင်မိလာသည်။ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ရှန်တုဘက်သို့လှည့်၍ ပြောလိုက်သည် “ငါတစ်ခုလောက် မေးချင်လို့”
“မေးလေ” ရှန်တုက ပြန်ပြောလိုက်သည်။
“မြေပုံသခင်ဝူဆော့အကြောင်း မင်းဘယ်လောက် သိထားလဲ”
“ရုတ်တရက်ကြီး သူ့အကြောင်း ဘာလို့ လာမေးနေတာလဲ” ရှန်တုက စိတ်ရှုပ်နေသည့် အမူအရာဖြင့် “သူက သေသွားပြီ မဟုတ်ဘူးလား။ ဘာဖြစ်လို့လဲ။ အရင်းတုန်းက မင်းသူ့အကြောင်း ကြားခဲ့ဖူးလို့လား”
“ဟင့်အင်း။ သိချင်ရုံသက်သက်ပဲ”
ရှန်တုက ရယ်သွမ်းသွေးလိုက်ပြီး “သူက မိန်းမလှလေး မဟုတ်တော့ ငါသူ့အကြောင်း သိပ်ပြီး မသိဘူး။ ဒါပေမယ့် ဝူဆော့က ထိပ်တန်းအဆင့် မြေပုံသခင်တစ်ယောက်ပဲ။ ပြောရရင် သူ့အကြောင်းကို ဘာမှမသိတာတော့ မဟုတ်ဘူး။ ဝူဆော့ နိမ့်ကျစပြုနေတဲ့ အင်အားစုလေး တစ်ခုက လာတယ်လို့ ပြောတာပဲ။ သူက ကျင့်ကြံခြင်းမှာ ပါရမီမပါဘူးတဲ့။ နှစ်နှစ်ရာ ကြာသွားတာတောင် အခုမှ မသေမျိုးတတိယအဆင့်ပဲ ရှိသေးတာကိုကြည့်ရင်း မင်းလည်းသိမှာပေါ့။ နှစ်နှစ်ရာ မသေမျိုး အဆင့်ဆိုတာ အမှိုက်နဲ့ ဘာမှမကွာဘူး…”
မသိဘူးဟု ပြောနေသော်ငြား ထိုဝူဆော့အကြောင်းကို ရှန်တု အတော်လေး သိထားပေသည်။ ရန်ကိုင်သည် ကြားဖြတ်မပြောဘဲ ရှန်တုသည် ပြောသည်ကိုသာ ငြိမ်ငြိမ်လေး နားထောင်နေသည်။
“သူမြေပုံသခင်တစ်ယောက် ဘယ်လို ဖြစ်လာတယ် ဆိုတာကတော့ တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့ ပုံပြင်တစ်ပုဒ်ပဲ။ သူမသေမျိုးအဆင့် မရောက်ခင်းတုန်းက ဘယ်သူ့မှ သူ့ကိုမသိကြဘူး။ ဒါပေမယ့် မသေမျိုးအဆင့်ကို ချိုးဖျက်ပြီးလည်း ချိုးဖျက်ပြီးရော၊ ကြယ်မြေပုံဆွဲတာမှာ မယုံနိုင်စရာ စွမ်းရည်ကို ပြလာတော့တာပဲ။ သူဆွဲတဲ့ ကြယ်မြေပုံတိုင်းက အရမ်းကို တိကျလွန်းလို့ ကြယ်စီရင်စုထဲက အန္တရာယ်တော်တော်များများကိုတောင် ရှောင်နိုင်တယ်တဲ့။ သူအရင်နေတဲ့ အင်အားစုက ခရမ်းကြယ်ရဲ့ လက်အောက်မှ ရှိနေတော့ သူကျော်ကြားလာတဲ့အခါ ခရမ်းကြယ်က သူ့ကို ခေါ်လိုက်တာပဲ”
“မသေမျိုးအဆင့် ရောက်ပြီးတာနဲ့ မြေပုံသခင်တစ်ယောက် ဖြစ်လာတာလား” ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့သည်။
“ဟုတ်တယ်။ ထူးတော့ ထူးဆန်းတယ်နော်။ လူအချို့က အဲ့ကိစ္စနဲ့ ပက်သက်ပြီး လိုက်စုံးစမ်းကြည့်သေးတယ်။ ဒါပေမယ့် ဘာမှရှာမတွေ့ခဲ့ဘူး။ အကုန်လုံးကတော့ သူ့ကို အရမ်းတော်တဲ့ မြေပုံသခင်တစ်ယောက်က တိတ်တိတ်လေး သင်ပေးနေတာ ဆိုပြီးတော့ပဲ ထင်ကြေးပေးကြတယ်။ ဒါကြောင့်ပဲ သူ့ကျင့်ကြံခြင်း တိုးတက်တဲ့နှုန်းက အရမ်း နိမ့်ကျနေတာပေါ့။ သူကျင့်ကြံခြင်း အဆင့် နိမ့်ကျနေတာက သူ့အချိန်အားလုံးနီးပါးကို ကြယ်မြေပုံတွေ အကြောင်း လေ့လာတဲ့နေရာမှ အသုံးချလို့။ မဟုတ်ရင် ဒီလောက် အချိန်တိုလေးအတွင်း ထိပ်တန်းအဆင့် မြေပုံသခင်တစ်ယောက် ဖြစ်လာမှာမဟုတ်ဘူး။ အတော်များများက အဲ့လို ပြောကြတာပဲ။ ဟုတ်တော့လည်း ဟုတ်တာပါပဲ။ မြေပုံသခင်တစ်ယောက် ဖြစ်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာ။ အရင်းအမြစ် အများကြီး လိုတယ်။ ကြယ်စီရင်စုထဲက အင်အားစုကြီးတိုင်းမှ မြေပုံသခင်တွေ ဖြစ်လာအောင် ပျိုးထောင်ပေးတဲ့ ကိုယ်ပိုင် အဖွဲ့အစည်းတွေ ရှိပြီးသား။ ဒါပေမယ့် အဲ့နေရာတွေကနေ မြေပုံသခင်တစ်ယောက် ထွက်ပေါ်လာဖို့ဆိုတော့ လွယ်တာ မဟုတ်ဘူး”
ရှန်တုက ပြုံး၍ ဆက်ရှင်းပြလိုက်သည် “အဲ့မြေပုံသခင် ဆိုတဲ့လူတွေက ကြယ်တစ်လုံးကနေ အနားမှာရှိနေတဲ့ ကြယ်တစ်လုံးဆီပဲ ဆွဲနိုင်ကြတာ။ မူရင်းကြယ်ကနေ တဖြည်းဖြည်း ဝေးသွားတာနဲ့ အဲ့မြေပုံသခင်တွေလည်း သောက်သုံးမကျ ဖြစ်ကုန်ရော။ သူတို့ဆွဲတဲ့ ကြယ်မြေပုံတွေက မတိကျ၊ မသေချာပေမယ့် ဒီအတိုင်း သွားတာထက် သူတို့ ကြယ်မြေပုံနဲ့ သွားတာက ပိုပြီး အန္တရာယ်ကင်းတာပေါ့”
“ငါသိပြီ။ ကျေးဇူးပဲ” သူသိချင်သည်ကို သိလိုက်ရပြီဖြစ်ရာ ဆက်မေးနေစရာအကြောင်းမရှိတော့။ ထို့ကြောင့် စကားဝိုင်းကို ခပ်မြန်မြန် ဖြတ်လိုက်ပြီး မျက်လုံးပြန်ပိတ်လိုက်သည်။
“ဟျောင့်၊ ဝူဆော့ကို မင်းဘာလို့ ရုတ်တရက်ကြီး စိတ်ဝင်စားလဲ ဆိုတာကို ငါ့ကို မပြောရသေးဘူးလေ။ မင်းလည်း မြေပုံသခင်တစ်ယောက် ဖြစ်ချင်နေတာလား” ရှန်တုက ရယ်သွမ်းသွေးလျက် “အဲ့လိုမလုပ်ဖို့ ငါမင်းကို အပြင်းအထန် ကန့်ကွက်တယ်ကွာ။ ကြယ်မြေပုံနယ်ပယ်ထဲမှာ နှစ်နဲ့ချီပြီး မလေ့လာသရွေ့ မြေပုံသခင်တစ်ယောက် ဖြစ်လာဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ သိထားရမယ့် အကြောင်းအရာတွေကလည်း အများကြီးပဲ”
သူက ပြောနေသော်ငြား ရန်ကိုင်က ဘာမှ ပြန်မပြောသဖြင့် နောက်ဆုံး ရှန်တုလည်း ပျင်းလာပြီး မျက်လုံးပိတ်၍သာ သူ့ဒဏ်ရာများကို ကုစားနေလိုက်တော့သည်။
ရန်ကိုင်၏ နာမ်ဝိဥာဉ် သူ့အသိစိတ်ပင်လယ်ထဲ တစ်ဖန် ပြန်ပေါ်လာခဲ့သည်။ ရှန်တုနှင့် စကားပြောပြီးနောက် သူသိချင်သည်ကို သိသွားခဲ့လေပြီ။
ဝူဆော့ ကြယ်မြေပုံတစ်ယောက် ဖြစ်လာနိုင်ခဲ့ခြင်းသည် ကံကောင်းပြီး ဤကြယ်မြေပုံကို တွေ့ခဲ့သောကြောင့် ဖြစ်သည်။
ကြယ်မြေပုံတစ်ခု ရှိနေသူတိုင်း မြေပုံသခင်တစ်ယောက် ဖြစ်လာနိုင်ပေသည်။
မသေမျိုးအဆင့်သို့ မရောက်ခင် ဝူဆော့ မကျော်ကြားရခြင်းသည် ထိုကြယ်မြေပုံကို လေ့လာရန်အတွက် လိုအပ်သော စိတ်စွမ်းအင်သည် အလွန်တရာကိုမှ များပြားလှသောကြောင့် ဖြစ်ပေသည်။
အစောပိုင်းတွင် သူသည် ကြယ်မြေပုံကို အမွှေးတိုင် တစ်ချောင်းစာမျှ လေ့လာခဲ့သည်။ ထိုသို့ လေ့လာရန်အတွက် သူ့စိတ်စွမ်းအင် တစ်ဝက်နီးပါးကို အသုံးပြုလိုက်ရသည်။ ဝူဆော့အဆင့် ကျင့်ကြံသူတစ်ယောက်သာ ဆိုပါက လက်ဖက်ရည် တစ်ငုံသောက်စာအတွင်း သူ့စိတ်စွမ်းအင် အကုန်လုံး ဗြောင်တလင်း ခါသွားရပေလိမ့်မည်။
မြေပုံသခင်တစ်ယောက် ဖြစ်လာရန် ရန်ကိုင် စိတ်မဝင်စား။ သို့သော်လည်း ကြယ်စီရင်စုနှင့် ကြယ်များ၏ တည်ရှိပုံကို အတော်လေး စိတ်ဝင်စားပေသည်။
ကြယ်စီရင်စုထဲတွင် မသိရနိုင်သော အန္တရာယ်များစွာ ရှိနေခဲ့သည်။ အချို့အန္တရာယ်များသည် သူတော်စင်ဘုရင်အဆင့် ပညာရှင်များ၏ အသက်ကိုပင် ခြိမ်းခြောက်နိုင်သည်။ မြေပုံသခင် တစ်ယောက်၏ တာန်ဝန်မှာ ထိုအန္တရာယ်များကို ရှာဖွေခြင်းနှင့် ရှောင်ရှားခြင်းပင် ဖြစ်သည်။
သူသာ ထိုကြယ်မြေပုံကို သန့်စင်နိုင်ပါက ကြယ်စီရင်စုထဲ လမ်းပျောက်မည်ကို ဘယ်တော့မှ စိုးရိမ်စရာ မလိုတော့ချေ။
သေခြင်းတရားချောက်နက်ထဲ ကောင်းကောင်းခံစားခဲ့ရသည် ဖြစ်ရာ ကြယ်မြေပုံတစ်ခု မရှိခြင်းသည် မည်မျှ ဒုက္ခရောက်မှန်း သူကောင်းကောင်းကြီး သင်ခန်းစား ရပြီးသွားလေပြီ။ ဝူဆော့၏ ရတနာသည် သူ့လက်ထဲသို့ ရောက်လာပြီ ဖြစ်လေရာ ရန်ကိုင်ကကော ဘာကြောင့် လက်လွှတ်လိုက်ရမည်နည်း။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း (၁၀၀၅) ပေါများလှသော အရင်းအမြစ်များ
လွင့်မျောတိုက်ကြီးတွင်၊ ဓါးအဖွဲ့အစည်းနှင့် ခရမ်းကြယ် အင်အားစုနှစ်ခုသည် တိုက်ခိုက်သတ်ဖြတ်ခြင်းမပြုဘဲ အေးအေးဆေးဆေး နေနေခဲ့ကြသည်။ ဆန်းကြယ်သော လူအိုကြီး သူတို့၏ သိုလှောင်လက်စွပ်များကို ယူသွားသည်မှာ ဆယ်ရက်ကျော် ကြာသွားခဲ့လေပြီ။ လူအိုကြီးသည် လေဟာနယ်ဝိဥာဉ် သလင်းကျောက်များနှင့် ဘာလုပ်ချင်နေသလဲ၊ ကြယ်သင်္ဘောပျက်၏ အစိတ်အပိုင်းများကို ဘာကြောင့် စုဆောင်းခဲ့သလဲ ဆိုသည်ကို ဘယ်သူမှ မသိကြချေ။
နှစ်ယောက်တစ်ဖွဲ့ဖြစ်သော ရန်ကိုင်နှင့် ရှန်တုသည် ဓါးအဖွဲ့အစည်းနှင့် ခရမ်းကြယ် အင်အားစုနှစ်ခုဆီမှ ခပ်ဝေးဝေးတွင် ထိုင်နေခဲ့ကြသည်။
လွင့်မျောတိုက်ကြီးဆီသို့ သူတို့ ရောက်နေသည်မှာ အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်ရာ ရှန်တု၏ ဒဏ်ရာအားလုံး ပြန်လည် သက်သာနေခဲ့လေပြီ။ ရန်ကိုင်သည် တင်ပလင်ခွေ ထိုင်နေသဖြင့် လျှောက်မသွားရဲသေးချေ။ သူထွက်သွားလျှင် ရန်ကိုင်အား တစ်ယောက်ယောက် လာပြဿနာရှာမည်ကို စိုးရပေသည်။
အင်အားစုနှစ်ခုမှ ကျင့်ကြံသူများသည် နောက်ဆုံးတွင် ဖင်ငြိမ်ငြိမ် မထိုင်နိုင်ကြတော့ချေ။ လွင့်မျောတိုက်ကြီးကို စတင် စူးစမ်းကြလေသည်။ စူးစမ်းကြည့်ပြီးနောက် ဤနေရာသည် ထူးဆန်းသော လူအိုကြီး ပြောသွားသကဲ့သို့ အန္တရာယ်မရှိမှန်း သိလိုက်ရသည်။
လွင့်မျောတိုက်ကြီးပေါ်တွင် သူတို့နှင့် လူအိုကြီးမှအပ မည်သည့် သက်ရှိမှုမရှိချေ။ လူအိုကြီးကို သူတို့ ကြောက်ကြသော်လည်း သနားတော့ သနားမိသည်။
ဤကဲ့သို့သော နေရာမျိုးတွင် နှစ်ပေါင်း(၂၀၀၀)ကျော် တစ်ယောက်တည်း နေခဲ့ရသည်မှာ မည်မျှ မွန်းကျပ်၊ အထီးကျန်လိုက်မည်နည်း။ ရူးမသွားသည်မှာ ကံကောင်း၏။
လျူကွေ့ချန်နှင့် ရွှယ်ရှီသည် သူတို့၏ ကြယ်လွန်းပျံ အသီးသီးကို သုံးလျက် ကောင်းကင်ပေါ်သို့ ပျံကာ ဤနေရာမှ ထွက်သွားရန် ကြိုးစားခဲ့ကြသည်။ သို့သော် သူတို့ မည်မျှမြင့်မားအောင် ပျံသန်းပါစေ၊ ကြယ်တွေကို မမြင်ခဲ့ရ။ သူတို့ရှေ့တွင် ရှိမြဲတိုင်းရှိနေသည်ကြား ခုနှစ်ရောင်ခြယ်ကောင်းကင်ပင်။
အချိန်ကြာလာသည့်အခါ လူတိုင်း စိတ်တိုလာကြသည်။ လူအိုကြီး၏ ခြိမ်းခြောက်စကားကြောင့်သာ မဟုတ်ပါက အကုန်လုံး ထသတ်နေကြလေပြီ။
ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲ… ရန်ကိုင်သည် သူ့စိတ်စွမ်းအင်ဖြင့် ဝူဆော့၏ ဝိဥာည်ကို သန့်စင်ရန် ကြိုးစားနေခဲ့သည်။ ဤသန့်စင်ခြင်းဖြစ်စဉ်သည် ဆယ်ရက် ကြာနေပြီ ဖြစ်သော်ငြား ယခုထိတိုင် ကြယ်မြေပုံကို အပြည့်အဝ မသန့်စင်နိုင်သေးချေ။
ကြယ်မြေပုံကို သူအထင်သေးမိသွားသည်။ သို့သော် သူ့တွင် မျှော်လင့်ချက် ရှိပေသေးသည်။ ဝူဆော့၏ ဝိဥာဉ်သည် ပျောက်ကွယ်သွားခဲ့လေပြီ။ ကျန်ရစ်သည်ကား ကြယ်မြေပုံသက်သက်သာ။
ရန်ကိုင်သည် ကြယ်မြေပုံကို သူ့စိတ်စွမ်းအင် ကျွေးမွေးလျက် ယင်းပေါ်တွင် သူ့ဝိဥာဉ်အမှတ်အသား ချန်ထားနိုင်ရန် ကြိုးစားနေခဲ့သည်။ ထိုဖြစ်စဉ်သည် မှော်ရတနာကို သန့်စင်သည့်ဖြစ်စဉ်နှင့် ဆင်တူပေသည်။
ရုတ်တရက် ကြယ်မြေပုံ မတည်မငြိမ် ဖြစ်လာပြီး ပေါက်ကွဲထွက်တော့မည်နှယ် ရုတ်တရက် ကျယ်ပြန့်လာသည်။ ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ရန်ကိုင် စိုးရိမ်သွားခဲ့သည်။ ထို့ကြောင့် ကြယ်မြေပုံအနားမှ ခြောက်ရောင်ခြယ်ကျွန်းဆီသို့ နေရောင်ပြောင်းလျက် ကြယ်မြေပုံထဲသို့ သူ့စိတ်စွမ်းအင်ကို ဆက်လက် ပို့လွှတ်နေလိုက်သည်။
ကြယ်မြေပုံဆီမှ အက်သံတစ်ချက် ထွက်လာခဲ့သည်။ ချက်ချင်းဆိုသလို ကြယ်မြေပုံသည် ရန်ကိုင်၏ စိတ်စွမ်းအင်ကို အရူးအမူး စုပ်ယူတော့လေသည်။ သူ့အသိစိတ်ပင်လယ်ထဲရှိ ပင်လယ်ရေတမျှ များပြားသော ရေများသည် အလျင်အမြန် လျော့ကျလာခဲ့ရသည်။
ရောင်စဉ်အလင်းတန်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး မြောက်မြားလှစွာသော မှိတ်တုတ်မှိတ်တုတ်ကြယ်များ အဘက်ဘက်သို့ လွင့်ပျံထွက်လာခဲ့လေရာ ရန်ကိုင်၏ အသိစိတ်ပင်လယ်တစ်ခုလုံး ပရမ်းပတာဖြစ်လာပြီး သူ့အသိစိတ်မှာလည်း ဝေဝေဝါးဝါး ဖြစ်လာခဲ့ရသည်။
မရေမတွက်နိုင်သော ကြယ်များသည် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ အလျင်မပြတ် တိုးဝင်လာနေခဲ့ရာ မကြာခင်မှာပဲ ရန်ကိုင်၏ အသိစိတ်ပင်လယ်ထက်ရှိ ကောင်းကင်ပြင်သည် တလက်လက် တောက်ပနေသော ကြယ်များဖြင့် ပြည့်နှက်သွားရသည်။
ယခင်က ဗလာကျင်းနေသော ရန်ကိုင်၏ အသိစိတ်ပင်လယ် ကောင်းကင်ပြင်သည် စက္ကူချပ်ပေါ် စုတ်ချက်ဆွဲလိုက်သည့်နှယ် ရောင်စုံအလင်းများဖြင့် ပြည့်နှက်သွားခဲ့ရသည်။
ရန်ကိုင် ငေးကြောင်ကြောင် ဖြစ်နေခဲ့သည်။ ခြောက်ရောင်ခြယ်ကျွန်းပေါ်မှနေ၍ ထိုကြယ်ရောင်စုံသော ကောင်းကင်ယံကြီးကို မော့ကြည့်နေရင်း သူ့မျက်လုံးများ တောက်ပသည်ထက် တောက်ပလာခဲ့သည်။
သူ့အသိစိတ်ပင်လယ်ထဲရှိ ရှုခင်များသည်လည်း အပြောင်းကြီး ပြောင်းလဲနေခဲ့လေပြီ။
လက်ဖက်ရည် တစ်ခွက်စာလောက် ကြာသွားပြီးနောက် ပရမ်းပတာ ဖြစ်နေသာ ရန်ကိုင်၏ အသိစိတ်ပင်လယ် တစ်ဖန်ပြန်လည် ငြိမ်သက်သွားခဲ့သည်။ ယခု သူ့အသိစိတ် ပင်လယ်သည် ယခင်နှင့် မတူတော့ချေ။
ခြေင်ရောင်ခြယ်ကျွန်းသည် သူ့အသိစိတ်ပင်လယ်၏ အလယ်တွင်ရှိနေပြီး သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် ကျွန်းပေါ်တွင် ဝဲနေခဲ့သည်။ သို့သော်လည်း ယခင်က ဗလာကျင်းနေခဲ့သော ကောင်းကင်ယံသည် အရောင်စုံသော ကြယ်လေးများဖြင့် ပြည့်နေခဲ့လေပြီ။
ထိုအရာသည် ရန်ကိုင်၏ စိတ်စွမ်းအင်ဖြင့် ဖန်တီးထားခြင်း မဟုတ်သော အစစ်အမှန် ကြယ်မြေပုံကြီး ဖြစ်ပေသည်။
နောက်ဆုံး ကြယ်မြေပုံကို အောင်အောင်မြင်မြင် သန့်စင်ပြီးသွားခဲ့လေပြီ။ ရန်ကိုင် အရမ်းကိုမှ ပျော်နေခဲ့ရာ ပါးစပ် နားရွက် တက်ချိတ်တော့မတတ် ဖြစ်နေခဲ့သည်။ ရန်ကိုင် ချက်ချင်းပဲ စမ်းကြည့်လိုက်သည်။ ကြယ်တာရာ ကောင်းကင်ထဲရှိ နေရာတစ်နေရာကို စိုက်ကြည့်လိုက်ရာ ထိုနေရာသည် ချက်ချင်း ကြည်လင်ပြတ်သားလာသည်။
ထိုကြယ်များသည် ထူးခြားဆန်းကြယ်သော အားတစ်ရပ်၏ လမ်းညွှန်ရာအတိုင်း ရွေ့လျားနေခဲ့သည်။ ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် ထိုကြယ်ပင်လယ်ထဲ စီးမျောသွားပြီး ကြယ်တာရာကောင်းကင် မှော်ဆန်ဆန် မြင်ကွင်း၊ စွမ်းအင်များကို ခံစားကြည်သည်။ ထိုသို့ လုပ်နေသည်နှင့် တစ်ပြိုင်သည် သူ့စိတ်စွမ်းအင်မှာလည်း လျင်မြန်စွာ လျော့ကျနေခဲ့သည်။
ကြယ်မြေပုံကို လေလာ့ရန်အတွက် စိတ်စွမ်းအင် အများကြီး လိုအပ်သော်ငြား ရန်ကိုင် အမှန်တကယ်ကို ကျေနပ်မိပေသည်။ ထိုကြယ်မြေပုံ ရှိနေပြီဖြစ်သဖြင့် နောက်တစ်ကြိမ် လမ်းပျောက်မည်ကို စိုးရိမ်စရာ မလိုတော့ချေ။ သူသွားချင်သည့် နေရာတိုင်းကို သွားနိုင်ပြီး ထူးဆန်းသော မြေပုံသခင်တစ်ယောက်ပင် ချက်ချင်း ဖြစ်လာနိုင်သည်။
သူ့အတွေးများကို ပြန်စုစည်းလိုက်ပြီးနောက် သူမည်သည့် နေရာတွင် ရှိနေသလဲ ဆိုသည်ကို စတင် ရှာဖွေလိုက်သည်။
မကြာမီ အဆက်မပြတ် လင်းလက်နေသော အဖြူရောင် အစက်တစ်စက်ကို ရန်ကိုင် တွေ့သွားသည်။ ထိုအရာအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် ထိုအဖြူရောင်အစက်သည် သူလက်ရှိ ရှိနေသည့် နေရာကို ညွှန်ပြနေသည့် အမှတ်အသားဖြစ်မှန်း သိလိုက်သည်။ ထိုအချက်ကို နားလည်လိုက်သည်နှင့် ရန်ကိုင်၏ အမူအရာ ထူးဆန်းသွားရလေသည်။
အကြောင်းမှာ ကြယ်မြေပုံအရ၊ သူလက်ရှိ ရှိနေသော နေရာသည် သေခြင်းတရားချောက်နက်ထဲရှိ တွင်းနက်ကြီးထဲတွင် ရှိနေသောကြောင့်ပင်။ ကြယ်မြေပုံသည် အမှန်တကယ် တိကျလား၊ မတိကျလား ဆိုသည်ကို သူမသိချေ။ သို့သော်လည်း နောက်ပိုင်း သေချာစစ်ဆေး အတည်ပြုကြည့်ရပေမည်။
လောလောဆယ် ဘာမှသိနိုင်မည် မဟုတ်သေးသဖြင့် သူ့စိတ်စွမ်းအင်ကို ဆက်မဖြုန်းတော့ဘဲ ကြယ်မြေပုံအား လေ့လာနေခြင်းကို ရပ်တန့်လိုက်သည်။
သူမျက်လုံး ပြန်ဖွင့်လာသည့်အချိန် အနီးမှ စိတ်လှုပ်ရှားတကြီး အော်ဟစ်သံတစ်သံကို ကြားလိုက်ရသည်။ အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ ခရမ်းကြယ်မှ လျူရှန်နှင့် ပီယသည် ဆေးပင်အချို့ကို ကိုင်လျက် လျူကွေ့ချန်ဆီ စိတ်လှုပ်ရှားစွာဖြင့် ပြေးသွားနေသည်ကို တွေ့လိုက်ရသည်။
ထိုဆေးပင်များကို စစ်ဆေးကြည့်လိုက်ပြီးနောက် လျူကွေ့ချန် အတော့်ကိုမှ စိတ်လှုပ်ရှားသွားခဲ့သည်။
“ဘာတွေ ဖြစ်နေတာလဲ” ရန်ကိုင်က မေးလိုက်သည်။
“ခရမ်းကြယ်ကလူတွေ ကောင်းတာ တစ်ခုခု တွေ့သွားလို့ နေမှာပေါ့” ရှန်တုသည်လည်း ထိုလူများ၏ လှုပ်ရှားမှုများကို သေချာအာရုံစိုက်နေခဲ့သည်။ သူတို့ ဘာပြောနေလဲဆိုသည်ကို သေချာ မကြာရသော်ငြား အကြမ်းဖျင်း ခန့်မှန်းကြည့်လိုက်နိုင်သည်။
“အဲ့ဒါဘာလဲ”
“သူတော်စင်ဘုရင်အဆင့်ဆေးပင်ပဲ” ရှန်တုက အလေးအနက် အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင်၏ မျက်လုံးများ ချက်ချင်းပဲ ဝင်းလက်တောက်ပသွားရသည်။
“ဒီတိုက်ကြီးကို စူးစမ်းနေတုန်း ရှာတွေ့ခဲ့တာ။ ကြည့်ရတာ ဒီနေရာမှ အဲ့လိုဆေးပင်တွေ တစ်ခုထက်မက ရှိဦးမယ်နဲ့တူတယ်”
“ဒီနေရာမှ မိုးမြေစွမ်းအင် အရမ်းသိပ်သည်းပြီး အရင်းအမြစ်တွေလည်း အများကြီးပဲလို့ လူအိုကြီး ပြောသွားဖူးတယ်…” ရန်ကိုင် မျက်မှောင်ကြုံလျက် စဉ်းစဉ်းစားစားဖြင့် ပြောလိုက်သည် “ဒီမှာ မရှိတာဆိုလို့ ရှားပါးတဲ့ သတ္တုတွေပဲတဲ့”
ရှန်တု ရန်ကိုင်အား ချက်ချင်း လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည် “ရှားပါးတဲ့ သတ္တုတွေတော့မရှိဘူး။ အရင်းအမြစ်တွေတော့ ကြွယ်ဝတယ်ဆိုတော့… ဒီနေရာမှ အဖိုးတန်း ဆေးပင်တွေ အများကြီး ရှိတယ်လို့ ပြောလိုက်တာနဲ့ အတူတူပဲပေါ့”
“ဖြစ်နိုင်တယ်”
“အဲ့အကြောင်းကို သိသွားတာနဲ့ ခရမ်းကြယ်ကလူတွေ ဒီအတိုင်း ထိုင်နေမှာမဟုတ်ဘူး” ရှန်တု ထပ်မံ ရေရွတ်လိုက်သည်။ ရန်ကိုင် လှမ်းကြည့်လိုက်ရာ ခရမ်းကြယ်မှ ကျင့်ကြံသူများ အဘက်ဘက်သို့ ပျံသန်း ထွက်သွားသည်ကို မြင်လိုက်ရသည်။
ဓါးအဖွဲ့အစည်းမှ ရွှယ်ရှီသည်လည်း သူမ၏ လက်အောက်ငယ်သားများကို ခေါ်လျက် စကား နည်းနည်းပါးပါး ပြောပြီးနောက် အဘက်ဘက်သို့ စေလွှတ်လိုက်သည်။
ဟဲကျောင်သည် ရန်ကိုင်အား တောင်းတောင်းပန်ပန်ဖြင့် တစ်ချက် လှမ်းကြည့်၍ ထွက်သွားလေသည်။ ရန်ကိုင်က ယဲ့ယဲ့လေး ပြန်ပြုံးပြလိုက်သည်။
ယခင်ရက်များအတွင်းတွင် ဟဲကျောင်နှင့်ဟဲမြောင်သည် ရန်ကိုင်နှင့် စကားပြောနိုင်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်ငြား အကြိမ်တိုင်း ဝေဝူဆိုသော အမျိုးသား ကျင့်ကြံသူတစ်ယောက်၏ တားဆီးခြင်း ခံခဲ့ရသည်။
ထိုကဲ့သို့ ဖြစ်ရခြင်းသည် ရွှယ်ရှီ၏ ညွှန်ကြားချက်ကြောင့် ဖြစ်မည်မှန်း ရန်ကိုင် နားလည်သည်။ ထို့ကြောင့် ဘာမှဂရုစိုက်မနေခဲ့။
“ရန်ကိုင်၊ ငါတို့လည်း လျှောက်ကြည့်ကြမလား” ရှန်တု ဖင်ဂနာမငြိမ်နိုင်တော့ “ဒီမှာ ဘာမှလုပ်စရာရှိတာ မဟုတ်ဘူး။ ဒီနေရာရဲ့ မိုးမြေစွမ်းအင် သိပ်သည်းနှုန်းနဲ့ ပေါက်တဲ့အပင်တွေ ကျိန်းသေ အဆင့်မြင့်မှာ”
“ကောင်းပြီလေ” အစပိုင်းတွင် တုန့်ဆိုင်းနေသော်ငြား နောက်ဆုံး ခေါင်းညိတ်လက်ခံလိုက်သည် “ဆေးပင် နည်းနည်းပါးပါးလောက်ခူပြီး ဆေးဖော်စပ်ရမယ်”
“မင်းက ဆေးလည်း ဖော်စပ်တတ်တာလား” ရှန်တု ရန်ကိုင်အား အံ့အားသင့်တကြီး ကြည့်လိုက်သည်။
“အင်း။ အဲ့ဘက်ပိုင်းမှာ နည်းနည်း အတွေ့အကြုံ ရှိတယ်။ လိုအပ်တဲ့ ဆေးအမယ်တွေသာ ရှာနိုင်မယ်ဆိုရင် ချိတ်စည်းတွေကို ချိုးဖျက်တဲ့ ဆေးလုံးဖော်စပ်ပြီး ငါ့ကိုယ်ပေါ်က ချိတ်စည်းကိုတောင် ဖယ်ရှားပစ်လို့ ရနိုင်ရင် ရနိုင်လောက်တယ်”
“အဲ့ဒါဆို ဘာတွေစောင့်နေသေးတာလေဲ။ သွားကြမယ်လေ။ သူများဆီက အကူအညီယူတာထက် ကိုယ့်ဘာသာ ကြိုးစားတာက ပိုကောင်းတယ်။ ငါမင်းကို ကူညီပေးမယ်” ရှန်တုသည် သူ၏ သူတော်စင်ချီဖြင့် ရန်ကိုင်ကို လွှမ်းခြုံလျက် ဦးတည်ရာတစ်ခုရွေးကာ ပျံသန်းထွက်သွားသည်။
ဓါးအဖွဲ့အစည်းနှင့် ခရမ်းကြယ်မှ ကျင့်ကြံသူများသည် တိုက်ကြီးအနှံ့တွင် ပျံ့နှံ့နေကြသည်။ ထို့ကြောင့် ရှန်တုတို့ သွားသည့်လမ်းတစ်လျှောက် ထိုလူများနှင့် တွေ့ခဲ့ရသည်။ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်သံတို့လည်း အဆက်မပြတ် ကြားနေခဲ့ရသည်။
“သူတော်စင်အထွဋ်အထိပ်အဆင့် သွေးပြာမြက်ဟ၊ ငါတော့ချမ်းသာပြီ ဟားဟားဟား”
“သူတော်စင်အလယ်အလတ်အဆင့် စိတ်လန်းပန်း…”
“မြန်မြန်လာကြည့်၊ ဒီမှာ လနက်ဝိဥာဉ်မှိုရှိတယ်ဟ”
“သူတော်စင်အထွဋ်အထိပ်အဆင် မြေဓါတ်ဧကရာဇ် အသီးဟ၊ သောက်ကျိုးနည်း ကောင်းလိုက်တဲ့ကံကွာ…”
များပြားလှသော အဆင့်မြင့် ဆေးပင်များကြောင့် ထိုကျင့်ကြံသူများသည် ချေးများလာခဲ့သည်။ အတိတ်တွင် သူတော်စင်အထွဋ်အထိပ်အဆင့် ဆေးပင်များသည် သူတို့အတွက် ရှားပါးရတနာများ ဖြစ်ကြသော်လည်း ယခုတွင်မူ ထိုလူများသည် အနည်းဆုံး သူတော်စင်ဘုရင် အဆင့် မဟုတ်လျှင် လျစ်လျူရှုထားကြသည်။
ထိုဝမ်းသာတကြီး အော်ဟစ်သံများကို ကြားရသည်နှင့် အမျှ ရှန်တု၏မျက်နှာ မဲ့သည်ထက် မဲ့လာခဲ့သည်။ ထိုအော်သံများသည် ဆယ်ပေါင်တူကြီးဖြင့် သူ့နှလုံးသားကို တဒုန်းဒုန်း ရိုက်နှက်နေသည့်နှင့် တူသည်။ ထို့ကြောင့် တိုက်ကြီးပေါ်ရှိ ဆေးပင်အားလုံး ယူသွားခံရမည်ကို စိုးသည့်အလား ချက်ချင်းပဲ အရှိန်တင်တော့လေသည်။
“ငါ့လခွမ်းပဲကွာ။ ကြယ်လွန်းပျံမရှိဘဲနဲ့ အဲ့ခွေးတွေကို ဘယ်လိုလုပ်ပြီး လိုက်မှီနိုင်တော့မှာလဲဟ” တစ်နာရီကျော် ပျံသန်းနေခဲ့သော်လည်း ဆေးပင် စုဆောင်း၍ကောင်းမည့် နေရာတစ်ခု ရှာမတွေ့သေး။ သူရောက်သည့် နေရာတိုင်းတွင် အဖိုးတန်ဆေးပင်များ တစ်ပင်ပင် မကျန်တော့။
“အဲ့ဘက်ကို ပျံသွားကြည့်” စိမ်းစိုနေသည့် တောအုပ်ရှိရာဆီကို ရန်ကိုင် ညွှန်ပြလိုက်သည်။
တောအုပ်များသည် ဆေးပင်များ ပေါများစွာ ရောက်ရောက်သည့် နေရာတစ်ခုဖြစ်သည်။
“ဒီတိုက်ကြီးပေါ်မှ အဖိုးတန်ဆေးပင်တွေ အများကြီး ရှိတယ်ဆိုတာကို အခုမှ ဘာလို့ သိကြတာလဲ” ပျံသန်းနေရင်း ရန်ကိုင်က မေးလိုက်သည်။ ဤနေရာသို့ ရောက်နေသည်မှာ လဝက်လောက် ရှိနေပြီဖြစ်လေရာ ဤအကြောင်းကို သိသည့်သင်မှာ ကြာနေလေပြီ။
“အကုန်လုံးက လူအိုကြီးကို အရမ်း ကြောက်နေကြတော့ ဘယ်သူမှ မလှုပ်ရှားရဲကြဘူး။ လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်ကမှပဲ ကောင်းကင်ကို စစ်ဆေးကြရင်းနဲ့ ပတ်ဝန်းကျင်ကိုပါ တစ်ခါတည်း စူးစမ်းကြည့်ကြတာ။ အဲ့ကနေပဲ ဒီမှာ အဖိုးတန် ဆေးပင်တွေ အများကြီးရှိမှန်း သိသွားတာဟေ့” ရှန်တုက ရှင်းပြလိုက်သည်။ ထို့နောက် သူ့မျက်လုံးများ ရုတ်ချည်း တောက်ပသွားခဲ့ပြီး “ရှေ့က တောအုပ်ကို ဘယ်သူမှ မထိရသေးတဲ့ပုံပဲ။ သွားကြည့်ကြရအောင်”
“အင်း”
တောအုပ်ထဲသို့ ဝင်လိုက်သည်နှင့် နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်များ တုန်တက်သွားကြသည်။ ဤနေရာရှိ မိုးမြေစွမ်းအင်သည် သူတို့ နေနေသည့် နေရာထက် ပိုသိပ်သည်းပေသည်။ နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နေရာကောင်းကို လာမိလိုက်ပြီမှန်း သိလိုက်ကြသည်။ မိုးမြေစွမ်းအင် ပိုသိပ်သည်းလေ ပေါက်ရောက်သည့် ဆေးပင်များမှာလည်း ပိုအဆင့်မြင့်လေပင်။
နှစ်ယောက်စလုံး သူတို့၏ ကောင်းကင်စိတ်အာရုံကို တစ်ပြိုင်တည်း ထုတ်လွှတ်လိုက်ကြသည်။ ခဏအကြာ၌ ရန်ကိုင်က နေရာတစ်ခုကို လက်ညိုးထိုးပြလိုက်သည် “အဲ့မှာ တစ်ခုခုရှိတယ်”
ရှန်တုက ရန်ကိုင်အား သိချင်စိတ်ဖြင့် “မင်းသေချာလို့လား”
“သေချာတယ်။ အဲ့ကနေ သောက်ရမ်းပြင်းတဲ့ ဆေးနံ့ကို ရနေတာ”
“မင်းက ဆေးပညာရှင်တစ်ယောက်လို့ ငါကို လာမပြောနဲ့နော်” ရှန်တု မှင်သက်သွားသည်။