← Chapters

အခန်း (၁၀၁၁-၁၀၁၅)

Vol. 41 Ch. 1011-1015

အခန်း (၁၀၁၁-၁၀၁၅)

Vol. 41 Ch. 1011-1015

အပိုင်း (၁၀၁၁) ဟင်းလင်းပြင်အစီအရင်

တောင်ပေါ်တွင် ရှိနေသော အကုန်လုံး၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် ဝင်းလက်တောက်ပနေခဲ့သည်။

“ကြယ်နက်ဆိုတာ ဘာကြီးလဲ” ရန်ကိုင်က ရှန်တုဘက်သို့လှည့်၍ မေးလိုက်သည်။

“ပုံမှန်အားဖြင့် ကြယ်နက်ဆိုတာ ရှာဖွေမတွေ့ရှိသေးတဲ့ ကြယ်တွေကို ပြောတာ” ရှန်တုက စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် အလျင်အမြန် ရှင်းပြလိုက်သည် “ဟုန်းလော့ ကြယ်စီရင်စုကြီး တစ်ခုလုံးကို အင်အားစုအသီးသီးက အပိုင်းပိုင်းခွဲယူထားကြပေမယ့် ဘယ်သူမှ မသွားဖူးသေးတဲ့ နေရာတွေ၊ မသွားရဲတဲ့ နေရာတွေ ရှိနေသေးတယ်။ အဲ့နေရာတွေမှာ တစ်မူထူးခြားတဲ့ ကြယ်တွေ ရှိနေနိုင်တယ်။ အဲ့ကြယ်တွေကို ကြယ်နက်တွေလို့ ခေါ်တယ်။ ကြယ်နက်ဆိုတာနဲ့ အဲ့ကြယ်ကို ဘယ်သူမှ မောင်ပိုင်မစီးရသေးဘူးလို့ ဆိုလိုက်တာပဲ။ ဒီနှစ်တွေ အတောအတွင်း အင်အားစုကြီးတွေက ကြယ်နက်တွေကို အပူတပြင်း ရှာဖွေနေကြတာ။ ရှင်းရှင်းပြောရရင် သေခြင်းတရား ချောက်နက်ထဲက ကြယ်တွေက ကြယ်နက်တွေဖြစ်ဖို့ အရည်အသွေးပြည့်မှီရုံလေးပဲ”

ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။

“ဒါပေမယ့် စီနီယာပြောတာက ငါတို့က သေခြင်းတရား ချောက်နက်ထဲမှာ ရှိနေတာဆို”

“ဟုတ်တယ်” သူတို့ ရှိနေသည့် နေရာသည် သေခြင်းတရား ချောက်နက်ဖြစ်သည်ကို ကြယ်မြေပုံမှတစ်ဆင့် ရန်ကိုင် သိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အံ့အားသင့်မနေခဲ့။

“ဒီနေရာက မိုးမြေစွမ်းအင်က သေခြင်းတရားချောက်နက်ထဲက မိုးမြေစွမ်းအင်တွေထက်တောင် ပိုပြီး သိပ်သည်းတာကို မင်းတို့ သတိမထားမိဘူးလား” လူအိုကြီးက ဆက်ပြောလိုက်သည် “ဒီလို သိပ်သည်းနေရတဲ့ အကြောင်းအရင်းက သေခြင်းတရားချောက်နက် ထဲမှာရှိနေတဲ့ စွမ်းအင်အားလုံးက ဒီနေရာမှာလာပြီး စုဝေးနေကြလို့ပဲ။ ဒါပေမယ့် ဒီနေရာက လှောင်အိမ်တစ်ခုလို ဖြစ်နေတော့ ဝင်လာပြီးတဲ့ မိုးမြေစွမ်းအင်အားလုံး ပြန်ပြီး မထွက်သွားနိုင်ကြဘူး။ ဒီလိုနဲ့ နှစ်တွေကြာလာတော့ ဒီနေရာက မိုးမြေစွမ်းအင်က အဆမတန် သိပ်သည်းလာခဲ့ရတာ။ အဲ့ဒါကြောင့်သာမဟုတ်ရင် ငါတောင် ဒီမှာနေလိုက်ချင်တယ်။ ကျင့်ကြံဖို့အတွက် ဒီနေရာလောက်ကောင်းတဲ့နေရာ ဘယ်မှာမှ မရှိဘူး”

“ဒီနေရာက လှောင်အိမ်တစ်ခုလို့ စီနီယာ ပြောလိုက်တာလား။ ဖြစ်နိုင်တာက စီနီယာလည်း ဒီမှာ ပိတ်မိနေတာလား” လျူကွေ့ချန် မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။

သူနှင့်ရွှယ့်ရှီသည် ကြယ်လွန်းပျံဖြင့် ဤနေရာမှ ထွက်သွားရန် ကြိုးစားကြည့်ခဲ့ဖူးသည်။ သူတို့ မည်မျှပင် ပျံသန်းပါစေ၊ ကြယ်တာရာကောင်းကင်နှင့် ဆင်တူသည့် မည်သည့်အရာကိုမှ မတွေ့ရ။ ခုနှစ်ရောင်ခြယ် ကောင်းကင်ကြီးကိုသာ အမြဲတမ်း မြင်နေရသည်။

သူတို့အား ထိုခုနှစ်ရောင်ခြယ်ကောင်းကင်ကြီးက ပိတ်လှောင်ထားမှန်း အကုန်လုံး သိကြသည်။ သို့သော် သူတို့ ထင်နေသည်ကား ထိုခုနှစ်ရောင်ခြယ်ကောင်းကင်သည် လူအိုကြီး ဖန်တီးထားသည့် အရံအတား တစ်ခုဖြစ်သည်ဆို၍ပင်။ သို့သော် လူအိုကြီး ပြောသည်ကို ကြားပြီးနောက် လက်တွေ့သည် သူတို့ထင်သကဲ့သို့ မဟုတ်မှန်း သိလိုက်ရသည်။

လျူကွေ့ချန်၏ စကားကြောင့် လူအိုကြီး အနာပေါ် တုတ်ကျသွားသလို ဖြစ်သွားခဲ့သည်။ ရွှင်မြူးနေသည့် လူအိုကြီး၏ မျက်နှာထား ချက်ချင်းဆိုသလို သုန်မှုန်လာခဲ့ပြီး အေစက်စက် အရှိန်အဝါတို့ သူ့ဆီမှ ဖြာထွက်လာခဲ့ပြီး ချက်ချင်း ဒေါသတကြီး ပြန်အော်ပြောလေသည် “ဟုတ်တယ်။ ငါဒီမှာ ပိတ်မိနေတာ။ ငါဒီမှာ ပိတ်မိနေခဲ့တာ နှစ်(၂၀၀၀) ရှိနေပြီကွ”

“နှစ်(၂၀၀၀)တောင်” ထိုစကားကို ကြားလိုက်သည်နှင့် အကုန်လုံး သက်ပြင်းရှိုက်မိသွားကြသည်။

“ငါဒီမှာ ပိတ်မိခဲ့တုန်းက သူတော်စင်ဘုရင်အဆင့်ကို ချိုးဖျက်ပြီးစ လူမသိ၊ သူမသိ ကျင့်ကြံသူလေး တစ်ယောက်ပဲ ရှိသေးတာ။ အခုတော့… ဟဲဟဲဟဲ…” လူအိုကြီး၏ မျက်လုံးထဲ မည်သူ့ကိုမှ သောက်ရေးမလုပ်သည့် အကြည့်တို့ ထွက်ပေါ်လာခဲ့သည်။

လူအိုကြီး ဘာပြောချင်နေလဲ ဆိုသည်ကို နားလည်လိုက်သည်နှင့် အကုန်လုံး တံတွေးတစ်လုတ်စီ မျိုချမိလိုက်ကြသည်။ သူတို့ရှေ့ရှိ ဆန်းကြယ်သော လူအိုကြီးသည် ကြယ်သခင်တစ်ယောက်နှင့် ယှဉ်နိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေလေပြီ။

“စီနီယာရဲ့ လေးစားရပါသော နာမည်ကို သိလို့ရမလားမသိဘူး” ရွှယ့်ရှီက ယဉ်ယဉ်ကျေးကျေး မေးလိုက်သည်။ လူအိုကြီးကဲ့သို့ ပညာရှင်တစ်ယောက် ရှေ့တွက် မြောက်ကြွမြောက်ကြွ သွားမလုပ်ရဲချေ။ သူမကိုယ်သူမ နိမ့်ချပြောဆိုရပေမည်။

လူအိုကြီး မျက်မှောင်ကြုံ့သွားခဲ့ပြီး အတွေးနက်သွားခဲ့သည်။ ခဏကြာပြီးသည့်နောက် လူအိုကြီးက ပြန်ပြောလာခဲ့သည် “ငါ့နာမည်ကို လာမေးမနေနဲ့။ ပြောလည်း မင်းတို့ထဲက ဘယ်သူမှ သိမှာမဟုတ်ဘူး”

သူ့နာမည်ကို မပြောချင်သည့်ပုံပင်။

သို့သော် စဉ်းစားကြည့်လိုက်လျှင်လည်း လူအိုကြီး ပြောသည်မှာ ယုတ္တိရှိပေသည်။ သူဤနေရာတွင် ပိတ်မိနေသည်မှာ နှစ်(၂၀၀၀) ရှိနေခဲ့လေပြီ။ လွန်ခဲ့သော နှစ်(၂၀၀၀)ခန့်၊ ဤနေရာတွင် မပိတ်မိစဉ်က သူသည် သူတော်စင်ဘုရင်အဆင့်သို့ ချိုးဖျက်ပြီးစ လူမသိသူမသိ ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သေးသည်။

“အဲ့လိုဆို စီနီယာကို ကျုပ်တို့ ဘယ်လို ခေါ်ရပါမလဲ” လျူကွေ့ချန်က မေးလိုက်သည်။ သူနှင့် ရွှယ့်ရှီသည် ရန်သူ ဖြစ်သော်ငြား လူအိုကြီးနှင့် စကားပြောနေသည့်အခါ နှစ်ဦးစလုံးသည် လွန်စွာကိုမှ အတိုင်အဖောက် ညီနေကြသည်။

“ကွေ့ဇူ၊ အခုကနေစပြီး ငါ့ကို ကွေ့ဇူလို့ ခေါ်နိုင်တယ်”

(ကွေ့ဇူသည် တစ္ဆေဘိုးဘေးဟု အဓိပ္ပါယ်ရပေသည်)

“ကွေ့ဇူ…” လူအုပ်ကြီး ဆွံ့အသွားခဲ့သည်။

“စီနီယာကွေ့ဇူ၊ ဒီနေရာမှ ပိတ်မိနေတာ နှစ်(၂၀၀၀) ရှိနေပြီ ဆိုတော့ အခုထိ ပြန်ထွက်နိုင်မယ့် လမ်းမရှာတွေ့သေးတာလား” လျူကွေ့ချန်က ရဲဆေးတင်ကာ မေးလိုက်သည်။ သူ့ကိုယ်သူ ကွေ့ဇူဟုခေါ်သော လူအိုကြီးသည်ပင်လျှင် ဤနေရာမှ မထွက်သွားနိုင်မှဖြင့် လူအိုကြီးထက် အဆများစွာ အားနည်းသော သူတို့မူကား ပြောစရာပင်မလိုတော့။

ဤနေရာသည် တန်ခိုးရှင်ဘုရင်အဆင့်ကိုပင် ပိတ်လှောင်ထားနိုင်သော အကျဉ်းထောင်တစ်မျိုး ဖြစ်ပေသည်။

ကွေ့ဇူက ခေါင်းခါလိုက်ပြီး “ဒီနေရာက လေဟာနယ်က အရမ်း ထူးဆန်းလွန်းတယ်။ ပြီးတော့ ဒီနေရာက ပရမ်းပတာ စွမ်းအင် စက်ကွင်းတွေ ဖုံးလွှမ်းနေတဲ့ သေခြင်းတရားချောက်နက်ရဲ့ အလယ်ဗဟိုမှာ ရှိနေတာ။ ပုံမှန်ဆို ဒီနေရာကို မြင်လည်း မမြင်နိုင်သလို ရှာလို့လည်း မတွေ့နိုင်ဘူး။ ပုံမှန်မဟုတ်တဲ့ အခြေအနေ အရပ်ရပ်အောက်မှာပဲ ဒီနေရာက ထွက်ပေါ်လာလေ့ ရှိတယ်”

“ပုံမှန်မဟုတ်တဲ့ အခြေအနေတွေလား” လျူကွေ့ချန်က သံယောင်လိုက်ပြောသည်။

“မင်းတို့ ဒီကိုမလာခင် ဘာဖြစ်ခဲ့လဲ အရင်ပြန်စဉ်းစားကြည့်လိုက်။ ငါရှင်းပြနေစရာတောင် မလိုဘူး။ မင်းတို့ဘာသာ စဉ်းစားကြည့်ရင် သိနေပြီ”

သေခြင်းတရားချောက်နက်ထဲရှိ စွမ်းအင်စက်ကွင်း ပေါက်ကွဲပြီး ဧရာမတွင်းနက်ကြီးတစ်ခုသည် ကြယ်သင်္ဘောများနှင့်အတူ သူတို့အားလုံးအား ဝါးမြိုသွားသည့် မြင်ကွင်းကို ပြန်အမှတ်ရလိုက်သည်။

“ဒါပေမယ့် အဲ့လို ပေါ်လာတဲ့အချိန်က အရမ်းတိုလွန်းတယ်။ အဲ့လိုပေါ်လာတဲ့ အခွင့်အရေးကို ဖမ်းဆုပ်ပြီး ဒီနေရာက ထွက်ပြေးဖို့က ငါလို လူမျိုးအတွက်တောင် မဖြစ်နိုင်ဘူး…” ကွေ့ဇူ သက်ပြင်းချလိုက်သည်။ ရန်ကိုင်တို့အဖွဲ့ ဤနေရာသို့ ရောက်လာစဉ်က တွင်းနက်ပေါ်လာသည်ကို သူလည်း သတိပြုမိသည်။ သို့သော် အချိန်မှီ မထွက်သွားနိုင်ခဲ့ချေ။

“ငါဒီမှာရှိနေတာ နှစ်(၂၀၀၀)ရှိသွားပြီ။ အဲ့နှစ်(၂၀၀၀) အတောအတွင်း ဒီကို ရောက်လာတဲ့လူတွေ ရှိတယ်။ ရှင်းရှင်းပြောရရင် မင်းတို့က ဒီကို ရောက်လာတဲ့ သုံးဖွဲ့မြောက်ပဲ။ ပြီးတော့ လူအများဆုံးအဖွဲ့ပဲ။ အရင်အဖွဲ့နှစ်ဖွဲ့ဆို နှစ်ဖွဲ့ပေါင်းမှ လူက လက်တစ်ဆုပ်စာလောက်ပဲ ရှိတယ်”

“သူတို့ ဘာဖြစ်သွားလဲ” ရွှယ့်ရှီက အလျင်စလို မေးလိုက်သည်။ သို့သော် မမေးသင့်သည်ကို မေးလိုက်မိပြီမှန်း သိလိုက်သည်နှင့် သူမ၏ အမူအရာ ချက်ချင်း ဖြူလျော်သွားလေသည်။ ထိုလူများ ဘာဖြစ်သွားခဲ့သလဲ ဆိုသည်ကို စဉ်းပင်စဉ်းစားနေစရာ မလိုချေ။

အထီးကျန်ဆန်မှုဒဏ်ကို မခံနိုင်ဘဲ ကိုယ့်ကိုယ်ကို သတ်သေလျှင်သေ၊ မသတ်လျှင် ကွေ့ဇူ လက်ချက်ကြောင့် သေသွားခဲ့ရခြင်း ဖြစ်ရပေမည်။ ကွေ့ဇူသည် သဘောမနော ကောင်းသည့် လူတစ်ယောက်နှင့် နည်းနည်းလေးမှ မတူပေ။ ထို့ကြောင့် အရင်နှစ်ဖွဲ့စလုံး ကွေ့ဇူ လက်ထဲတွင် သေသွားခဲ့သည်မှာ ပို၍ ဖြစ်နိုင်ချေရှိသည်။

သူတို့အဖွဲ့၏ ကံကြမ္မာသည်လည်း ယခင် နှစ်ဖွဲ့ကဲသို့ပဲ ဖြစ်နေလေမလား။ မည်သူမှ ဆက်မတွေးရဲတော့။

ကွေ့ဇူက ဆက်ပြောသည် “ငါဒီကို စရောက်ပြီး ပထမ နှစ်တစ်ထောင်ကို ကျင့်ကြံရင်းနဲ့ အချိန်ဖြုန်းခဲ့တယ်။ ဒုတိယ နှစ်တစ်ထောင်ကိုတော့ ဒီနေရာကနေ ထွက်သွားနိုင်မယ့် နည်းလမ်းကို ရှာရင်းနဲ့ပေါ့။ အခု၊ နောက်ဆုံး ဒီနေရာက ထွက်သွားနိုင်မယ့် နည်းလမ်းကို ငါရှာတွေ့သွားခဲ့ပြီ”

ပြောနေရင်း လူအိုကြီးသည် ပိုပို၍ စိတ်လှုပ်ရှားလာနေခဲ့သည်။ လျူကွေ့ချန်နှင့် ရွှယ့်ရှီတို့၏ မျက်လုံးများလည်း လင်းလက်၊ တောက်ပသွားခဲ့ကြသည်။ သူတို့စိတ်ထဲ စိုးလည်းစိုးရိမ်နေမသလို စိတ်လည်း လှုပ်ရှားနေမိပေသည်။

ကွေ့ဇူသာ ဤနေရာမှ ထွက်သွားနိုင်မည် ဆိုပါက သူတို့ကိုပါ ခေါ်သွားပေးရန် တောင်းဆိုနိုင်ပေသည်။

“စီနီယာကွေ့ဇူ၊ အဆင်ပြေမယ်ဆိုရင် ကျုပ်တို့ ဂျူနီယာတွေကိုပါ ခေါ်သွားပေးလို့ရမလား…” လျူကွေ့ချန်က ရွှယ့်ရှီ မပြောခင် ချက်ချင်း လက်ဦးအောင် မေးလိုက်သည်။

“မင်းဘာပြောချင်နေလဲ ငါသိတယ်” ကွေ့ဇူက ပြန်၍ လှောင်ပြောင်ပြောလိုက်လေသည် “စိတ်မပူနဲ့။ ငါလည်း အဲ့လိုလုပ်ဖို့ စဉ်းစားထားပြီးသား”

လျူကွေ့ချန်နှင့် ရွှယ့်ရှီတို့၏ မျက်နှာထက်ရှိ စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ထိတ်လန့်မှုတို့က အစားထိုး ဝင်ရောက်လာခဲ့သည်။ လူအိုကြီး၏ မျက်နှာကိုကြည့်ရင်း သူတို့စိတ်ထဲ မကောင်းတဲ့ခံစားချက်တို့ ရလာခဲ့သည်။

ကွေးဇူသာ ငြင်းဆိုခဲ့လျှင် အကြောင်းမဟုတ်ချေ။ သို့သော် ကွေ့ဇူသည် သူတို့၏ တောင်းဆိုချက်ကို အလွယ်တကူ သဘောတူလိုက်လေရာ သူတို့စိတ်ထဲ သံသယမဝင်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။

ကွေ့ဇူ တစ်ခုခုကြံနေမှန်း လျူကွေ့ချန်နှင့် ရွှယ့်ရှီတို့ နှစ်ယောက်စလုံး ရိပ်မိလိုက်သည်။

ထို့ကြောင့် ပြောရန်ပြင်နေသည့် စကားလုံးများကို ချက်ချင်းပဲ ပြန်မျိုချပစ်လိုက်ကာ ကွေ့ဇူ ဆက်ပြောလာမည်ကိုပဲ စောင့်နေလိုက်လေသည်။

“ငါက ထွက်သွားနိုင်မယ့် နည်းလမ်းကို စဉ်းစားမိရုံပဲ ရှိသေးတာ။ အတည်မပြုရသေးဘူး။ ငါ့နည်းလမ်း အလုပ်ဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတာလည်း ငါတောင် သေချာသိတာ မဟုတ်ဘူး။ ဒါကြောင့် မင်းတို့အားလုံးဆီက အကူအညီ လိုအပ်နေတာ။ ဒီနည်းလမ်းသာ အလုပ်ဖြစ်မယ်ဆိုရင် ငါနဲ့အတူ မင်းတို့ အားလုံးကို တစ်ခါတည်း ခေါ်သွားပေးမယ်။ အလုပ်မဖြစ်ဘူးဆိုရင်တော့ တရားမျှတမှုမရှိတဲ့ ကောင်းကင်ကိုပဲ အပြစ်တင်ပေတော့။ မင်းတို့ ဘယ်လိုထင်လဲ”

ကွေ့ဇူက အပြုံးယဲ့ယဲ့လေးပြုံးလျက် မေးလိုက်သည်။

လျူကွေ့ချန်နှင့် ရွှယ့်ရှီတို့ အကြည့်ချင်း ဖလှယ်လိုက်သည်။ နှစ်ယောက်စလုံး ဘာမှမတတ်နိုင်။ ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့်သာ ခေါင်းညိတ်လိုက်ရသည်။ ထို့နောက် လျူကွေ့ချန်က ခေါင်းညိတ်၍ ဆက်ပြောသည် “စီနီယာ အမိန့်အတိုင်း ကျုပ်တို့ လိုက်လုပ်ပါမယ်”

လက်နောက်ပြန် ချုပ်ထားခံရလေရာ သူတို့ ဘာလုပ်နိုင်မည်နည်း။ ကွေ့ဇူ ပြောသည့်အတိုင်းသာ လိုက်လုပ်ရတော့ပေမည်။ မလုပ်လျှင် မရဏလမ်းသို့ မြန်းတော် မူရပေလိမ့်မည်။

“ကျွန်မတို့ရဲ့ ဓါးအဖွဲ့အစည်းလည်း သဘောတူပါတယ်။ စီနီယာရဲ့ အမိန့်ကို ကျွန်မတို့ နာခံပါ့မယ်” ရွှယ့်ရှီလည်း စိတ်ပျက်ပျက်ဖြင့်သာ သဘောမတူချင်တူချင်ဖြင့် တူလိုက်ရသည်။

“ကောင်းတယ်၊ ကောင်းတယ်။ အရမ်းကောင်းတယ်။ ဒီလို နာနာခံခံ ရှိတဲ့လူတွေကိုမှ ငါကြိုက်တာ။ ဒီလိုဆိုမှတော့ လုပ်ငန်း စကြတာပေါ့” လူအိုကြီးက သွားပေါ်အောင် ပြုံးလိုက်ပြီး ထူးဆန်းသော လက်ကွက်များကို ထုတ်ဖော်လျက် မြေကြီးထဲသို့ စွမ်းအင်ပို့လွှတ်လိုက်သည်။

အစီအရင်ကြီးထဲရှိ သူတော်စင်သလင်းကျောက်များအားလုံး တစ်လုံးပြီးတစ်လုံး လင်းလာခဲ့ပြီး ထူးဆန်းသော စွမ်းအင်လှိုင်းတို့ စတင်ထွက်ပေါ်လာခဲ့သည်။ ထိုစွမ်းအင်လှိုင်းများသည် တစ်ခုနှင့် တစ်ခု ထပ်သွားခဲ့သဖြင့် စွမ်းအင်လှိုင်းများသည် တစထက်တစ ပိုပို၍ ပြင်းထန်လာခဲ့သည်။ နောက်ဆုံးတွင် စွမ်းအင်လှိုင်းများ၏ သိပ်သည်းနှုန်းသည် ကြောက်မက်ဖွယ်ရာ အဆင့်အထိ ရောက်ရှိလာခဲ့သည်။

ထိုစွမ်းအင်လှိုင်းများနှင့်အတူ တိုက်ကြီးတစ်ခုလုံး၏ လေထု တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားရသည်။ လေဟာနယ်တစ်ခုလုံး အချိန်မရွေး ပြိုကျတော့မည့်နှယ် အားလုံးရှေ့ရှိ မြင်ကွင်း အဖုံးဖုံသည် ရုတ်တရက်ဆိုသလို စတင် တွန့်လိမ်လာခဲ့သည်။

ကျင့်ကြံသူအားလုံး ထိတ်လန့်သွားခဲ့ပြီး ဒီလူ ဘာလုပ်ဖို့ ကြံနေတာလဲဆိုသော အကြည့်မျိုးဖြင့် ကွေ့ဇူအား ကြည့်လိုက်သည်။

ရန်ကိုင်သည် အစီအရင် အလယ်ဗဟိုတွင် ရှိနေသော တံခါးအား မမှိတ်မသုံ စိုက်ကြည့်နေခဲ့သည်။ ထိုအစီအရင်ထဲ စုဝေးနေသော စွမ်းအင်အရှိန်အဝါသည် ယောက်ယတ်ခတ်နေသော ဟင်းလင်းပြင် စွမ်းအင်များပင်။ အစီအရင် အလယ်ဗဟို တံခါးနားရှိ ဟင်းလင်းပင် စွမ်းအင်သည် ပို၍ပင် ဝရုန်းသုန်းကား ဖြစ်နေခဲ့လေသည်။ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက ဟင်းလင်းပြင်တစ်ခုလုံး တကယ် ပြိုကျပေလိမ့်မည်။

မကြာမီ သူ့ခန်မှန်းချက် အမှန်အဖြစ်လာခဲ့သည်။ အစီအရင်ထဲတွင် စုဝေးနေသော စွမ်းအင်အားလုံးသည် ကြယ်သင်္ဘောပျက်၏ အစိတ်အပိုင်းများဖြင့် ဖန်တီးထားသော တံခါးဆီသို့ စတင် စီးဝင်ကြသည်။ ထိုအခြင်းအရာကိုကြည့်ရင်း ကွေ့ဇူ အလွန်ကိုမှ စိတ်လှုပ်ရှားလာခဲ့သည်။

ခရက်…

အက်သံနှင့်အတူ တံခါးဘောင် ရုတ်တရက် အက်သွားခဲ့သည်။ ထိုမှတစ်ဆင့် ပင်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများသည် ဘောင်တစ်လျှောက် ပျံ့နှံ့လာလေသည်။

အက်သံကြောင် အကုန်လုံးသည် တံခါးဆီသို့ လှည့်ကြည့်လိုက်မိရာ မြင်လိုက်ရသည့်အရာကြောင့် တုန်ရီသွားခဲ့ကြသည်။

ခရက်…

အက်ကြောင်းထနေသော ကြေးမုံတစ်ချပ်နှင့် ဆင်တူသော ဟင်းလင်းပြင်သည် ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။ ဟင်းလင်းပြင် ပြိုကျလေပြီ။

တစ်ချိန်တည်းတွင် တံခါးချပ်ထဲ ကြောက်မက်ဖွယ်ရာ စွမ်းအင်တို့ ထုတ်လွှတ်နေသည့် အနက်ရောင် ဝဲကတော့တစ်ခု ပေါ်လာခဲ့သည်။ ထိုအနက်ရောင် ဝဲကတော့၏ အလွန်၊ တစ်ဖက်ကမ္ဘာတွင် ဘာရှိနေသလဲ ဆိုသည်ကို မည်သူမှ မပြောနိုင်ချေ။

“လေဟာနယ်လိုဏ်ခေါင်းလား” ရန်ကိုင် ရေရွတ်လိုက်သည်။

မရေမတွက်နိုင်သော လေဟာနယ်လိုဏ်ခေါင်းများကို သူမြင်ဖူးသည်။ သို့သော် လေဟာနယ်လိုဏ်ခေါင်း ဖန်တီးသည်ကိုမူ သူတစ်ခါမှ မမြင်ဖူးခဲ့။

“ဟင်းလင်းပြင်အစီအရင်” ဓါးအဖွဲ့အစည်းကမှ ရွှယ့်ရှီက ရုတ်တရက် အလန့်တကြား ထအော်သည်။ မည်မျှ ထိတ်လန့်နေလဲ မသိ၊ သူမ၏ လေသံပင် တုန်ရင်နေခဲ့သည်။

“စီနီယာက ဟင်းလင်းပြင် အစီအရင်တွေ ဘယ်လို တည်ဆောက်ရမလဲ သိတာလား” လျူကွေ့ချန်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့လေသည်။

သူတို့ရှေ့ရှိ သူတော်စင်သလင်းကျောက်များဖြင့် ပြည့်နေသော စိတ်ဝိဥာဉ် အစီအရင်ကြီးသည် အကြမ်းထည် ဖြစ်သော်ငြား ဒဏ္ဏာရီလာ ဟင်းလင်းပြင် အစီအရင်တစ်ခု ဖြစ်သည်မှာ သံယသဝင်စရာ မလိုချေ။

ကွေ့ဇူက ခေါင်းညိတ်လိုက်သည် “နည်းနည်းပါးပါးလောက်ပဲ။ ဒီလောက်ကြီး ကျွမ်းကျင်တာ မဟုတ်ဘူး။ အခုလို တည်ဆောက်နိုင်တယ်ဆိုတာ နှစ်(၁၀၀၀)လုံးလုံး ကျားကုတ်ကျားခဲ့ ကြိုးစားခဲ့လို့ပဲ။ အင်း။ ကြည့်ရတာ ငါက လေဟာနယ်တာအိုမှာ ပါရမီမပါတဲ့ပုံပဲ။ နှစ်(၁၀၀၀)လောက် လေ့လာခဲ့တာတောင် ဒီလောက်ပဲ နားလည်နိုင်တာ ဆိုးလွန်းလိုက်တာ”

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း (၁၀၁၂) ကျုပ်ကိုဘာလို့ရွေးတာလဲ

မရေမတွက်နိုင်သော သူတော်စင်သလင်းကျောက်များဖြင့် ဖန်တီးထားသော စိတ်ဝိဥာဉ်အစီအရင်သည် ဟင်းလင်းပြင် အစီအရင်တစ်ခု ဖြစ်နေခဲ့ပြီး ကြယ်သင်္ဘောပျက်၏ အစိတ်အပိုင်းများဖြင့် ဖန်တီးထားခဲ့သော အစီအရင် အလယ်ဗဟိုရှိ တံခါးချပ်တွင် လေဟာနယ်ဝိဥာဉ်သလင်းကျောက် အနည်းငယ် ရှိနေခဲ့သည်။

ထိုလေဟာနယ်ဝိဥာဉ်သလင်းကျောက် အနည်းငယ်သည် လေဟာနယ်လိုဏ်ခေါင်းအား တည်ရှိနေစေခြင်း၏ အဓိက သော့ချက်ဖြစ်ကာ သိုလှောင်လက်စွပ် တစ်ရာကျော်မှ ထုတ်ယူထားသော လေဟာနယ်ဝိဥာဉ်သလင်းကျောက်များဖြင့် လုပ်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် ကွေ့ဇူသည် ယခင်က အားလုံး၏ သိုလှောင်လက်စွပ်များကို ဓါးပြတိုက်လုယူသွားခဲ့ခြင်း ဖြစ်သည်။ ယခုမှပဲ လျူကွေ့ချန်နှင့် ရွှယ့်ရှီတို့သည်လည်း ကွေ့ဇူ ဤနေရာမှ မည်ကဲ့သို့ ထွက်သွားရန် ကြံနေသလဲဆိုသည်ကို သိလိုက်သည်။ သူသည် ဟင်းလင်းပြင်အစီအရင်ကိုသုံး၍ ဤတိုက်ကြီးမှ ထွက်သွားလိုခြင်း ဖြစ်သည်။

လေဟာနယ်လိုဏ်ခေါင်းကို မြင်လိုက်သည်နှင့် သူတို့စိတ်ထဲ ရစ်သိုင်းနေခဲ့သော သံသယအားလုံး ကင်းရှင်းသွားခဲ့ရလေပြီ။

ကွေ့ဇူ တည်ဆောက်ထားသော ဟင်းလင်းပြင်အစီအရင်သည် လွန်စွာကိုမှ မတည်မငြိမ် ဖြစ်နေပြီး အချိန်မရွေး ပြိုကျနိုင်သည့် အလားအလာ ရှိနေသည်ကို သတိပြုမိသည်။ ထိုကဲ့သို့သော ဟင်းလင်းပြင်အစီအရင်ကိုသုံး၍ ဤနေရာမှ အမှန်တကယ်ပဲ ထွက်သွားနိုင်ပါ့မလား။ အောင်အောင်မြင်မြင် ထွက်သွားနိုင်လျှင်ပင် မည်သည့်နေရာသို့ ရောက်သွားမည်ကို မသိနိုင်ရာ။ ဒါကြီးသာ သူတို့အား ဟင်းလင်းပြင်ထဲ ပို့လိုက်မည်ဆိုပါက ဤတိုက်ကြီးတွင် ပိတ်မိနေခြင်းသည်ပင် ပို၍ ကောင်းသေးသည်ဟု ဆိုရမည်။ အနည်းဆုံး ဤနေရာရှိ မိုးမြေစွမ်းအင်သည် အလွန်တရာကိုမှ သိပ်သည်းလှပြီး အရင်းအမြစ်များဟာလည်း သုံးမကုန်အောင် များပြားလှသည် မဟုတ်ပေလော။

ချက်ချင်းဆိုသလို အကုန်လုံး တိတ်ဆိတ်သွားခဲ့သည်။

ကွေ့ဇူက သွားပေါ်အောင် ပြုံးလျက် ပြောလိုက်သည် “အခု မင်းတို့ငါ့ကို ကူညီပေးရမယ့်အချိန်ပဲ”

သူ့ပါးစပ်မှ ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် အကုန်လုံး၏ အမူအရာ ပျက်ယွင်းသွားလေသည်။

ကွေ့ဇူသည် အခြားသူများကို အရင်စေလွှတ်ပြီး အခြေအနေကို စောင့်ကြည့်ချင်သည့်ပုံပင်။

လူအိုကြီး၏ အကြံကို နားလည်လိုက်သည်နှင့် အကုန်လုံး သွေးဆုတ်ဖြူလျော်သွားကြလေသည်။

“စီနီယာ၊ ဒါက သင့်တော့်ပါမလား” ရွှယ့်ရှီက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“အန်၊ ဘာဖြစ်လို့လဲ” ကွေ့ဇူက ရွှယ့်ရှီအား အေးစက်စက် အမူအရာဖြင့် ပြန်စိုက်ကြည့်လိုက်သည်။ ချက်ချင်းဆိုသလို အေးစက်စက် အရှိန်အဝါတို့သည် ရွှယ့်ရှီအား ဝါးမြိုလာခဲ့သဖြင့် ရွှယ့်ရှီလည်း စကားမပြောတော့နိုင် ဖြစ်သွားခဲ့သည်။

“ငါမင်းတို့ကို တစ်ယောက်နဲ့တစ်ယောက် မသတ်ဖြတ်ခိုင်းပဲ၊ ဒီကျွန်းပေါ်က ပစ္စည်းတွေကို အလကား ယူခွင့်ပေးထားတာ ဘာကြောင့်လို့ မင်းတို့ထင်လဲ။ ဟန့်၊ မင်းတို့သာ အသုံးမဝင်ဘူး ဆိုရင် ငါမင်းတို့ကိုသတ်ပြီး မင်းတို့ ဝိဥာဉ်တွေကို ငါ့တစ္ဆေအလံဆီ ကျွေးပစ်လိုက်တာ ကြာပြီ။ ဘာလို့ မင်းတို့ကို အေးအေးဆေးဆေး လွှတ်ထားပေးမှာလဲ” ကွေ့ဇူက ဒေါမာန်တကြီး ပြန်အော်သည်။

သူ၏ ရက်စက်သော ဇာတ်ရုပ်တို့ ထွက်ပေါ်လာခဲ့လေပြီ။ အစောပိုင်းက သိမ်မွေ့ညင်သာနေခဲ့သော သူ့သဘောထားသည် ချက်ချင်းဆိုသလို တစ်ရာရှစ်ဆယ်ဒီဂရီတိတိ ပြောင်းလဲသွားသည် “နောက်ထပ် ကန့်ကွက်စကား ဆိုရဲတဲ့ကောင်ဆိုကြည့်၊ ငါနဲ့တွေ့မယ်”

လူအိုကြီး၏ ခြိမ်းခြောက်စကားကြောင့် မည်သူမှ ကန့်ကွက်စကား ထပ်မပြောရဲတော့ချေ။

ကွေ့ဇူကို သူတို့အကုန် ပူးပေါင်းပြီး တိုက်ခိုက်မည်ဆိုလျှင် နိုင်နိုင်ချေသည် (၀)ရာခိုင်းနှုန်းသာ ရှိသည်။

အကုန်လုံး တိတ်ဆိတ်သွားသည်ကို မြင်သော် ကွေ့ဇူ ကျေနပ်သွားခဲ့သည်။ လူအုပ်ကြီး၏ သူ၏ ထက်ရှသော မျက်လုံးများဖြင့် ဝေ့ကြည့်လိုက်လေရာ အကုန်လုံးသည် သူနှင့်မျက်လုံးချင်း ဆုံရမည်ကို ကြောက်သဖြင့် ခေါင်းသာ ငုံ့ထားခဲ့ကြသည်။

“ဘုရားရေ၊ ငါ့ကိုမကြည့်ပါနဲ့ကွာ။ ငါ့ကို မကြည့်ပါနဲ့…” ရှန်တု မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားခဲ့ပြီး ‘ငါ့ကိုမကြည့်ပါနဲ့’ ဆိုသော စကားများကို ထပ်တလဲလဲ ရေရွတ်လေတော့သည်။

“မင်း၊ ငါ့ကို လာကူညီလှည့်” ကွေ့ဇူက ရုတ်တရက် လက်ညိုးထိုးလိုက်သည်။

အကုန်လုံး ကွေ့ဇူ လက်ညိုးထိုးရာဆီ လှမ်းကြည့်လိုက်သည်။ ရွေးချယ်ခံလိုက်ရသည့် ကံမကောင်းမသားကို မြင်ပြီးနောက် အကုန်လုံး စိတ်လက်ပေါ့ပါးသွားကြသည်။ သူတို့ မဟုတ်လျှင် အကောင်းဆုံး မဟုတ်ပေလော။

“လခွမ်း” ရှန်တု မျက်နှာ မည်းမှောင်သွားခဲ့ပြီး ကြိတ်၍ ကျိန်ဆဲတော့လေသည်။ ခြောက်ကပ်ကပ် ရယ်မောလိုက်ရင်း မသိချင်ယောင်ဆောင်ရန် ကြိုးစားလိုက်သည် “စီနီယာကျုပ်ကို ပြောနေတာလား။ ကျုပ်တော့ မဟုတ်လောက်ဘူးမလား၊ ဟုတ်တယ်မလား”

လက်ရှိတွင် သူ့နှလုံးခုန်နှုန်းသည် အဆပေါင်းများစွာမက ပိုမိုမြန်ဆန်နေသည်ကို ရှန်တု သတိပြုမိသည်။ ကွေ့ဇူသည် သူ့အား အမှန်တကယ် ရွေးချယ်မည်ဆိုပါက ထိုဟင်းလင်းပြင်အစီအရင်ကို စူးစမ်းမည့်အစား အသေသာခံလိုက်မည်ဟု စိတ်ပိုင်းဖြတ်ထားသည်။

“မင်းဘေးကတစ်ယောက်” ကွေ့ဇူက ရန်ကိုင်ဘက်သို့ လှည့်လိုက်သည်။

“ကျုပ်လား” ယခုတစ်ကြိမ်တော့ ရန်ကိုင် အံ့ဩရမည့်အလှည့်ပင်။ သူ့ကိုယ်သူ လက်ညိုးထိုးလျက် အော်ပြောလိုက်သည် “ကျုပ်ကို ဘာလို့လာရွေးတာလဲ။ ဒီလောက် လူတွေအများကြီး ရှိနေတဲ့ အထဲကမှ ကျုပ်ကို အထူးတလည် ဘာလို့ လာရွေးတာလဲ”

သူတကယ်ကို စိတ်ဓါတ်ကျနေချေပြီ။ ဓါးအဖွဲ့အစည်းနှင့် ခရမ်းကြယ်မှ ကျင့်ကြံသူစုစုပေါင်း တစ်ရာနီးပါးရှိသည်။ သို့တိုင် ကွေ့ဇူသည် သူ့အား လာရွေးသည်။ သူ့ကံ ထိုမျှ ဆိုးနေလေသလား။

ကွေ့ဇူက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည် “မင်က သောက်စကားမှ နားမထောင်တာကိုး”

“အဲ့ဒါကြောင့်လား” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး ချက်ချင်းပဲ ပြန်ပြောလိုက်လေသည် “စီနီယာရယ်၊ ကျုပ်ကို ချမ်းသာပေးပါဗျာ။ ကျုပ်နောက်တစ်ကြိမ် မလုပ်တော့ပါဘူး။ ဒီတစ်ကြိမ်ပါပဲ”

“နောက်မလုပ်တော့ဘူးလား။ နောက်ဆိုတာ မရှိတော့ဘူး” ကွေ့ဇူက စိတ်မရှည်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

“စီနီယာမှန်တယ်” ရွှယ့်ရှီ ကြိတ်ပျော်နေသည်။ သူမအား အရှက်ခွဲသည့် ထိုကောင်စုတ် ဒုက္ခရောက်နေသည်ကို ကြည့်ရသည်မှာ လွန်စွာကိုမှ စိတ်ကျေနပ်စရာ ကောင်းပေသည်။

ယခုလေးတင် ထိုကောင်စုတ်သည် သူမအား နှစ်ပြားမတန်အောင် အရှက်ခွဲခဲ့သည်။ ကိုယ်ပြုလိုက်သည့် မကောင်းမှုသည် ကိုယ့်ထံ အလျင်အမြန် ပြန်ရောက်လာပေလိမ့်မည်။ လူများစွာထဲမှ ရန်ကိုင်ကဲ့သို့ အယုတ်တမာကောင်ကို ရွေးထုတ်လိုက်နိုင်သည့် လူအိုကြီးကို ရွှယ့်ရှီ ကြိတ်ကျေးဇူးတင်နေသည်။

ရန်ကိုင်မျက်နှာ အေးစက်သွားခဲ့ပြီး ရွှယ့်ရှီအား စူးစူးရဲရဲ စိုက်ကြည့်၍ အံကြိတ်ကာ အော်ပြောလိုက်သည် “မိန်းမပျက်မ၊ ဒီအကြွေးကို ငါမှတ်ထားမယ်ကြည့်နေ”

ရွှယ့်ရှီက ပြန်၍သာ လှောင်ရယ်လိုက်လေသည် “ဒီနေ့ အသက်ရှင်မှ ထပ်ပြောစမ်းပါ။ လာပြီး လေလာချောင်နေသေးတယ်”

“စီနီယာ တကယ်မှန်တယ်။ ကျုပ်တို့ ခရမ်းကြယ်ကလည်း စီနီယာ အမိန့်အတိုင်း ကျိန်းသေ လိုက်နာပါ့မယ်” လျူကွေ့ချန်ကလည်း ဝင်ပြောလိုက်သည်။

ကွေ့ဇူသည် သူတို့လူများကို မရွေးသရွေ့ လျူကွေ့ချန်နှင့် ရွှယ့်ရှီတို့ နှစ်ယောက်စလုံး ဂရုမစိုက်ချေ။

“မင်းက တကယ်ကို နာမည်ကျော်တာပဲကွ။ လူအများကြီးက မင်းကို ထောက်ခံနေပြီ။ ဆက်ငြင်းမနေနဲ့တော့” ကွေ့ဇူက ရယ်မောလိုက်ပြီး သူ့လက်ဆန့်ထုတ်လျက် ရန်ကိုင်အား ဆွဲခေါ်လိုက်သည်။ မမြင်နိုင်သော အားတစ်ရပ် ထွက်ပေါ်လာပြီး ရန်ကိုင်အား ကွေ့ဇူဆီသို့ ဆွဲခေါ်သွားလေသည်။

သူ့ရှေ့ရှိ လေဟာနယ်လိုဏ်ခေါင်းကို ကြည့်ရင်း ရန်ကိုင်အမူအရာ မှုန်ကုတ်သွားရသည်။ ထိုလေဟာနယ်လိုဏ်ခေါင်းသည် သူမြင်ခဲ့ဖူးသော လေဟာနယ်လိုဏ်ခေါင်းများနှင့် လုံးဝ မတူသည်ကို ရန်ကိုင် သတိပြုမိသည်။

သူတွေ့ခဲ့သော လေဟာနယ်လိုဏ်ခေါင်းများသည် ရှေးခေတ် ကျင့်ကြံသူများ အချင်းချင်း တိုက်ခိုက်ကြရင်း ဟင်းလင်းပြင် တစ်စိတ်တစ်ပိုင်းကို ဖျက်စီးမိပြီး မတော်တဆ ဖြစ်ပေါ်လာခဲ့သော လေဟာနယ်လိုဏ်ခေါင်းများ ဖြစ်ကြသည်။ ထိုလေဟာနယ် လိုဏ်ခေါင်းများသည် သက်တမ်းကြာမြင့်နေပြီ ဖြစ်သဖြင့် လုံးဝကို တည်ငြိမ်နေကြလေပြီ။

သို့သော်လည်း သူ့ရှေ့ရှိ လေဟာနယ်လိုဏ်ခေါင်းသည် လုံးဝကို ပရမ်းပတာ ဖြစ်နေသည်။ တံခါးဆီမှ ဖြာထွက်လာနေသော ယောက်ယတ်ခတ်နေသည့် ဟင်းလင်းပြင်စွမ်းအင်များကို ခံစားမိရုံနှင့်ပင် ရန်ကိုင် ကျောချမ်းသွားရသည်။ သူသာ ထိုကဲ့သို့ ပစ်ချခံလိုက်ရပါက ဘယ်တော့မှ ပြန်ထွက်လာနိုင်တော့မည် မဟုတ်ဘဲ ဟင်းလင်းပြင်ထဲတွင်သာ ထာဝရ ပိတ်မိသွားရပေလိမ့်မည်။

“အထဲမှာ အန္တရာယ်တွေ ရှိမှာဆိုတော့ ငါမင်းခွန်အားကို ချိတ်ပိတ်မထားတော့ဘူး။ အထဲဝင်သွားပြီး စစ်ဆေးကြည့်လိုက်။ မင်းပြန်လာနိုင်ရင် အကောင်းဆုံးပဲ။ ပြန်မလာနိုင်ရင်လည်း… ဒီလူအိုကြီးကို အပြစ်မတင်နဲ့။… ကဲ၊ သွားတော့။ အကောင်းဆုံးသာ လုပ်လာခဲ့”

ပြောပြီးသည်နှင့် ကွေ့ဇူသည် ရန်ကိုင်အား တံခါးပေါက်ထဲ ပစ်ထည့်ရန် ပြင်လိုက်သည်။

“နေဦး” ရန်ကိုင်က အလျင်စလို တားလိုက်သည်။

“ဘာလဲ” ကွေ့ဇူ မျက်နှာမဲ့သွဦး၏။

“စီနီယာက အထဲက အခြေအနေကိုပဲ စူးစမ်းချင်တာမလား”

“ဟုတ်တယ်”

“ပြီးတော့ ကျုပ်ဘာသာ ဘယ်လိုစစ်ဆေးစစ်ဆေး အခြေအနေ သိရရင် အဆင်ပြေတယ်မလား။ အဲ့လိုဆိုရင် ကျုပ်ကိုယ်ပိုင် နည်းလမ်းကို အသုံးပြုခွင့်လေးတော့ပေးပါ စီနီယာ”

“အို” ကွေ့ဇူ ရုတ်တရက် စိတ်ဝင်စားသွားပြီး ရန်ကိုင်အား သေချာစိုက်ကြည့်လိုက်သည် “ဘယ်လို နည်းလမ်းကို မင်းသုံးမလဲဆိုတာကို ဒီလူအိုကြီးကို သေချာ ပြောထားသင့်တယ်။ ငါ့ကို လာလှည့်စားဖို့တော့ မကြံနဲ့နော်။ မဟုတ်ရင် သေတာထက် ဆိုးတဲ့ဘဝကို ရောက်သွားရလိမ့်မယ်”

“ကျုပ်ဘယ်လိုလုပ်ပြီး အဲ့လို လုပ်ရဲမှာလဲ” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။

“ဘယ်လောက်ကြာမှာလဲ။ ငါက သိပ်စိတ်ရှည်တာ မဟုတ်ဘူး”

“စောင့်နေစရာမလိုဘူး” ပြောပြီးသည်နှင့် ရန်ကိုင်သည် တင်ပလင်ခွေ ထိုင်ချလိုက်သည် “ထွက်လာစမ်း”

သူ့အော်သံနှင့်အတူ သူ့ခန္ဓာကိုယ်ဆီမှ စိတ်စွမ်းအင်အမျှင်တန်း တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုစိတ်စွမ်းအင်သည် ပုံစံအမျိုးမျိုး ပြောင်းလဲနေခဲ့ပြီး နောက်ဆုံးတွင် ရန်ကိုင်ပုံစံအဖြစ်သို့ ပြောင်းလဲသိပ်သည်းသွားခဲ့သည်။

“နာမ်ဝိဥာဉ်လား” ထိုပုံရိပ်ကိုမြင်သော် လူအုပ်ကြီးထဲမှ တစ်ယောက်ယောက်က ထအော်သည်။

လျူကွေ့ချန်၊ ရွှယ့်ရှီနှင့် အခြားသူများသည်လည်း ထိုပုံရိပ်ကို ကြည့်ရင်း ကြောင်အနေခဲ့ကြသည်။

ကွေ့ဇူသည်လည်း ထူးထူးဆန်းဆန်း ရယ်မောနေခဲ့လေသည်။

ရန်ကိုင် ပြောနေသည့် နည်းလမ်းသည် သူ့နာမ်ဝိဥာဉ်ကို ခန္ဓာကိုယ်ထဲမှ ထုတ်သည့် နည်းလမ်းဖြစ်မည်ဟု မည်သူမှ မထင်ထားခဲ့ချေ။

ရန်ကိုင်သည် လေဟာနယ်လိုဏ်ခေါင်းကို သူ့နာမ်ဝိဥာဉ်ဖြင့် စစ်ဆေးချင်နေသည့်ပုံပင်။

သို့သော် လူတစ်ယောက်၏ ဝိဥာဉ်သည် အလွန်တရာကိုမှ ပျက်စီးလွယ်ကာ ခန္ဓာကိုယ်မှ အချိန်အကြာကြီး ထွက်သွား၍ မရသည်ကို သူမသိသည်လား။ ထို့အပြင် ယခုကဲ့သို့ လုပ်ခြင်းသည် အလွန်ကိုမှ အန္တရာယ်များပေသည်။ တစ်ယောက်ယောက်သာ စိတ်စွမ်းအင်ဖြင့် သူ့ဝိဥာဉ်ကို တိုက်ခိုက်လိုက်ပါက သူ့နာမ်ဝိဥာဉ် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပေလိမ့်မည်။

ရုပ်ခန္ဓာကိုယ် မရှိသော နာမ်ဝိဥာဉ်သည် အစွယ်ကျိုးနေသော မြွေတစ်ကောင်နှင့် မခြားချေ။

“အို…” ရန်ကိုင်ကို သူ့ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် ကွေ့ဇူ၏ အရေးမထားသော အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။

အကြောင်းမှာ ရန်ကိုင်၏ ဝိဥာဉ်သည် သူ့ကိုယ်ထဲတွင် ရှိနေသေးသည်ကို တွေ့ရှိလိုက်သောကြောင့်ပင် ဖြစ်လေသည်။ အပြင်သို့ထွက်လာသော နာမ်ဝိဥာဉ်သည် ရန်ကိုင်၏ ဝိဥာဉ် မဟုတ်ချေ။

သေချာ အနီးကပ်လေ့လာကြည့်ပြီးနောက် အပြင်သို့ ထွက်လာသော နာမ်ဝိဥာဉ်သည် ကိုယ်ပိုင်အသိစိတ် မရှိသည့် အလား အနည်းငယ် ထိုင်းမှိုင်းမှိုင်း ဖြစ်နေသည်ကို ကွေးဇူ သတိပြုမိလိုက်သည်။

“ကောင်စုတ်လေး။ မင်းဘယ်လိုနည်းလမ်းတွေသုံးပြီး နာမ်ဝိဥာဉ် နှစ်ခုရအောင် လေ့ကျင့်ထားတာလဲ” ကွေ့ဇူက မယုံကြည်နိုင်သည့် အမူအရာဖြင့် အော်မေးလိုက်သည်။ ကွေ့ဇူကဲ့သို့သော လူမျိုးပင် ရန်ကိုင်၏ နည်းလမ်းကြောင့် အံ့အားသင့်ရသည်။

“ဝိဥာဉ်ခွဲထုတ်ခြင်းလေ” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ဝိဥာဉ်ခွဲထုတ်ခြင်းသည် မဟာနတ်ဆိုးနတ်ဘုရား၏ နတ်ဘုရား စွမ်းရည်များထဲမှ တစ်ခုဖြစ်ပေသည်။

ရန်ကိုင်သည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သင်္ချိုင်းထဲတွင် မဟာနတ်ဆိုးနတ်ဘုရား၏ သွေးတစ်စက်ကို တွေ့ရှိခဲ့သည်။ ထိုသွေးစက်ကို စုပ်ယူပြီးနောက် ဤနတ်ဘုရားစွမ်းရည်ကို သူရရှိခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ ဝိဥာဉ်ခွဲထုတ်ခြင်း ပညာရပ်ကို သူလေ့ကျင့်နေခဲ့သည်မှာ (၁၀)နှစ် ရှိသွားခဲ့လေပြီ။

သူ့ကိုယ်ပွားဝိဥာဉ်သည် ပြီးပြည့်စုံလုနီးနီး ဖြစ်နေပြီဖြစ်ရာ မကြာမီ အသုံးချ၍ ရပေတော့မည်။ သို့သော်လည်း ယနေ့တွင် လေဟာနယ် လိုဏ်ခေါင်းကို ကွေ့ဇူမှ အတင်းအကြပ် လေ့လာခိုင်းသဖြင့် သူ့ဝိဥာဉ်ကိုယ်ပွားကို ထုတ်သုံးလိုက်ရသည်။ ရန်ကိုင်မှာ သွေးအန်လုမတတ် စိတ်ဓါတ်ကျနေခဲ့ရသည်။

“စိတ်ဝင်စားစရာပဲ။ တကယ်ကို စိတ်ဝင်စားစရာပဲ။ အခြားသူတွေကို ဘယ်လို အံ့အားသင့်အောင် လုပ်ရမလဲ ဆိုတာကို မင်းတကယ် သိတာပဲကွ ကောင်စုတ်လေးရဲ့” ရန်ကိုင်၏ ဝိဥာဉ်ကိုယ်ပွားကို သေချာစစ်ဆေးကြည့်လိုက်ပြီးနောက် ထိုဝိဥာဉ်ကိုယ်ပွားသည် ကိုယ်ပိုင်အသိစိတ် မရှိသည်မှလွဲ၍ ရန်ကိုင်၏ နာမ်ဝိဥာဉ်နှင့် ချွတ်စွပ်နီးပါး တူညီသည်ကို တွေ့ရှိလိုက်ရသည်။

ရှင်းရှင်းပြောရလျှင် ထိုဝိဥာဉ်ကိုယ်ပွားသည် နေထိုင်ရန် ရုပ်ခန္ဓာတစ်ခု မရှိသေးသော ရုပ်သေးရုပ်တစ်ခု ဖြစ်ပေသည်။

ခဏလောက် လေ့လာကြည့်ပြီးနောက် ကွေ့ဇူက သူ့နှုတ်ခမ်းကို ကွေးလျက် “ဒါကို အသုံးပြုဖို့ဆိုရင် သင့်လျော်တဲ့ ခန္ဓာကိုယ်တစ်ခု လိုလိမ့်မယ်… မဟုတ်ရင် ဘာမှ အသုံးဝင်မှာမဟုတ်ဘူး”

ဝိဥာဉ်ကိုယ်ပွား၏ အားနည်ချက်များကို သူသိသွားခဲ့လေပြီ။

“ဒါပေမယ့် အခုလောလောဆယ်တော့ အသုံးဝင်နိုင်တယ်” ပြောပြီးနောက် ကွေ့ဇူသည် စိတ်စွမ်းအင်ကို ထုတ်လွှတ်၍ ရန်ကိုင်၏ ဝိဥာဉ်ကိုယ်ပွားကို ရစ်ပတ်ကာ လေဟာနယ် လိုဏ်ခေါင်းထဲသို့ ပစ်ထည့်လိုက်လေသည်။

ရန်ကိုင်၏ ဝိဥာဉ်ကိုယ်ပွားကို ရစ်ပတ်ထားသော သူ့စိတ်စွမ်းအင်မှ တစ်ဆင့် လေဟာနယ်လိုဏ်ခေါင်း၏ အတွင်းပိုင်းကို သူကိုယ်တိုင် စစ်ဆေးကြည့်နိုင်ပေသည်။ လုပ်ငန်းစသည်နှင့် တစ်ပြိုင်နက် အကုန်လုံး အသက်ပင် ကောင်းကောင်း မရှူနိုင်တော့ကြ။ အဖြေထွက်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ကြသည်။

ယခုတစ်ကြိမ် မအောင်မြင်ခဲ့လျှင် ယခုကဲ့သို့ အခြေအနေမျိုး နောက်လည်း ထပ်ဖြစ်လာမည်မှန်း သူတို့အားလုံး သိထားသည်။ တစ်ကြိမ် မအောင်မြင်လျှင်၊ ဒုတိယအကြိမ် ထပ်ဖြစ်မည်။ ဒုတိယအကြိမ် မအောင်မြင်လျှင် တတိယအကြိမ် ထပ်ဖြစ်မည်။ ထိုမှတစ်ဆင့် အောင်မြင်သည်အထိ ထပ်တလဲလဲ ဆက်ဖြစ်သွားပေလိမ့်မည်။

ကွေ့ဇူသည် ဟင်းလင်းပြင်အစီအရင်ကို အောင်အောင်မြင်မြင် အသုံးချနိုင်သည်အထိ ဆက်လက် စူးစမ်းလေ့လာနေပေလိမ့်မည်။

ယနေ့တွင် ရန်ကိုင်ကို ရွေးခဲ့သည်။ အရွေးမခံရသော လူများအနေဖြင့် ရန်ကိုင် ကံဆိုးသည်ကို ကြိတ်ရယ်နိုင်သည်။ သို့သော် နောက်တစ်ကြိမ် မည်သူ့အား ရွေးမလဲဆိုသည်ကို ဘယ်သူသိမည်နည်း။ သူတို့ထဲမှ တစ်ယောက်သည်လည်း ရန်ကိုင်လမ်းအတိုင်း လိုက်သွားရနိုင်ပေသည်။

ချက်ချင်းဆိုသလို ရန်ကိုင် ဒုက္ခရောက်နေသည်ကို ရယ်နေသော လူများအားလုံး ရန်ကိုင်၏ ဝိဥာဉ်ကိုယ်ပွား လုံလုံခြုံခြုံနှင့် ပြန်ရောက်လာပါစေဟု ကြိတ်၍ ဆုတောင်းကြတော့လေသည်။ ရန်ကိုင်အား တစ်စစီဖြစ်အောင် နုတ်နုတ်စင်းပစ်ချင်နေသော ရွှယ့်ရှီပင် ရန်ကိုင်၏ ဝိဥာဉ်ကိုယ်ပွား ပြန်မလာနိုင်မည်ကို ကြိတ်ကြောက်နေခဲ့သည်။

အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့သည်။ သူတော်စင် သလင်းကျောက်များ၏ အရောင်မှာလည်း တဖြည်းဖြည်း မှိတ်ကျလာခဲ့သည်။ တံခါးနားတွင် ထိုင်နေသော ရန်ကိုင်၏ အမူအရာသည် အမျိုးမျိုး ပြောင်းလဲနေခဲ့သည်။ ကွေ့ဇူ၏ အမူအရာမှာလည်း ထိုနည်းလည်းကောင်းပင်။

သူတော်စင် သလင်းကျောက်များမှ ဖြာထွက်နေသော အလင်းရေငါ်၏ ရောင်ပြန်ဟပ်ခြင်းခံနေရသော သူ့မျက်နှာသည် အလွန်တရာကိုမှ ကြောက်မက်ဖွယ်ကောင်းလှသည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း (၁၀၁၃)

တောင်ထိပ်ပေါ်တွင် ရှိနေသူအားလုံး အသံတစ်ချက်ပင် မထွက်ရဲကြ။ ရင်တမမဖြင့် စောင့်ဆိုင်းနေကြသည်။ အချိန် မည်မျှကြာသွားသလဲ မည်သူမှမသိ။ သို့သော် ရန်ကိုင် ခန္ဓာကိုယ် ရုတ်တရက် ထတုန်လာပြီး သူ့မျက်နှာတစ်ခုလုံး သွေးဆုတ်၊ ဖြူလျော်သွားသည်ကို အကုန်လုံး တွေ့လိုက်ရသည်။

ဟင်းလင်းပြင်အစီအရင်ကို သုံး၍ ဖွင့်ထားသော လေဟာနယ် လိုဏ်ခေါင်းသည်လည်း မငြိမ်မသက် ဖြစ်လာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း ပိန်းပိန်းပိတ် မည်းမှောင်နေသော လေဟာနယ်လိုဏ်ခေါင်းတစ်လုံး ပြိုကျသွားပြီး တောင်တစ်ဝိုက်ရှိ တွန့်လိမ်နေသော လေဟာနယ်သည်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ကွေ့ဇူသည် စိတ်စွမ်းအင် အမျှင်တန်းကို ပြန်ယူလိုက်သည်။ ရန်ကိုင်သည်လည်း သူ့ဝိဥာဉ်ကိုယ်ပွားကို ပြန်ခေါ်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို သူ့အမူအရာ သုန်မှုန်သွားခဲ့ပြီး ကွေ့ဇူဘက်သို့လှည့်၍ “စီနီယာ၊ ကျုပ်ဝိဥာဉ်ကိုယ်ပွားက ပျက်စီးဖို့ နည်းနည်းလေးပဲ လိုတော့တယ်။ နောက်တစ်ကြိမ် အခုလိုမျိုး ထပ်သုံးလို့ ရတော့မှာမဟုတ်ဘူး”

ကွေ့ဇူသည် သူ့စိတ်စွမ်းအင် ပြန်လည် သယ်ဆောင်လာသော အကြောင်းအရာကို စစ်ဆေးကြည့်နေရာ ရန်ကိုင်ပြောသည်ကို အာရုံမစိုက်ခဲ့။ သူ့ကိစ္စ ပြီးသွားမှသာ ရန်ကိုင်ဘက်သို့လှည့်၍ “မင်းလုပ်တာကောင်းတယ်။ သွားပြန် အနားယူပေတော့”

“စီနီယာ၊ နောက်တစ်ကြိမ် ဒါမျိုးလုပ်မယ်ဆိုရင် ကျုပ်ကိုပဲ အရင်စရှာမှာလား” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် မေးလိုက်သည်။

ကွေ့ဇူက ပြုံးလိုက်ပြီး “ငါ့စိတ်အခြေအနေပေါ် မူတည်သလို မင်းအပြုအမူပေါ်လည်း မူတည်တယ်။ အခုကနေစပြီး မင်းကြည့်ကြပ်ပြီးတော့သာ နေပေတော့”

ရန်ကိုင်မျက်နှာ မည်းမှောင်သွားပြီး စကားတစ်ခွန်းမှပင် မပြောတော့ဘဲ ရှန်တုဘေးနားဆီသို့ ချက်ချင်း ပျံသွားလိုက်ပြီး တင်ပလင်ခွေ ထိုင်ချလိုက်သည်။

“မင်းလို့ လုပ်စရာရှိတာ သွားလုပ်တော့။ ဒါပေမယ့် အဝေးကြီး မသွားနဲ့။ နောက်တစ်ကြိမ် ငါခေါ်တဲ့အခါကျ စောင့်နေရမှာမျိုး ငါမလိုချင်ဘူး” ကွေ့ဇူက ပြောလိုက်သည်။

ယခုမှပဲ အကုန်လုံး စိတ်သက်သာရာ ရနိုင်တော့သည်။ ချက်ချင်းပဲ အကုန်လုံးသည် နောက်မှကျားလိုက်သည်နှယ့် တောင်ထိပ်ဆီမှ မြန်နိုင်သမျှ မြန်မြန် ထွက်သွားကြတော့လေသည်။

ရန်ကိုင်နှင့် ရှန်တုသည်လည်း ထိုသောက်ကောင်းကျိုးမပေးသော နေရာတွင် တစ်ခဏလေးမှ ထပ်မနေချင်တော့သည့်အလား ချက်ချင်း ပြေးထွက်သွားကြလေသည်။ ခဏအကြာတွင် တောင်ပေါ်၌ ကွေ့ဇူတစ်ယောက်သာ ကျန်ရှိတော့သည်။ ကွေ့ဇူသည် သူတည်ဆောက်ထားသော ဟင်းလင်းပြင် အစီအရင်ကို ကြည့်ရင်း အတွေးနက်နေခဲ့သည်။

ယခုတစ်ကြိမ် မအောင်မြင်ခဲ့သော်လည်း အရှုံးရလဒ်အတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီးခဲ့လေပြီ။ ထို့ကြောင့် အရမ်းကြီး စိတ်ပျက်မနေခဲ့။

တကယ်တော့ ဤနေရာသို့ သူရောက်လာခဲ့စဉ်က သူတော်စင် ဘုရင်အဆင့်သာ ရှိသေးသည်။ သူတော်စင်ဘုရင်အဆင့်မှ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်လာသည့်တိုင် မည်သူမှ သူ့အား သေသေချာချာ သင်ကြားပြသပေးခြင်း မရှိခဲ့။ လေဟာနယ် နိယာများဆိုလျှင် ထည့်ပြောစရာပင်မလို။ အကုန်လုံးကို သူ့ဘာသာ လေ့ကျင့်သင်ယူခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့သောဟင်းလင်းပြင် အစီအရင်ကို ဖန်တီးနိုင်ရန်အတွက် နှစ်(၁၀၀၀) အချိန်ယူရခဲ့သည်။ ကံသာမကောင်းလျှင် နှစ်(၁၀၀၀)ထက်မက ကြာသွားနိုင်ပေသည်။

လေဟာနယ်နိယာမကို ဖမ်းဆုပ်နားလည်ရန်မှာ အရမ်းကိုမှ ခက်ခဲလွန်းသည်မှာ ဆိုးလှပေသည်။ တန်းခိုရှင်ဘုရင်အဆင့်သို့ ရောက်သည့်တိုင် လေဟာနယ်နိယာမများနှင့် ပက်သက်၍ အစွန်အဖျားကိုသာ ဖမ်းဆုပ်မိသေးသည်။

စုံလုံးမှိတ်၍ ကြိုးစားလေ့ကျင့်ခြင်းထက် လေဟာနယ်နိယာမကို လေ့ကျင့်ရန်မှာ ပါရမီနှင့် အခွင့်အလမ်းလည်း လိုအပ်ပေသည်။

အစီအရင် အလယ်ဗဟိုတွင် ခဏကြာအောင် ထိုင်နေပြီးနောက် သူတော်စင်သလင်းကျောက်များကို နေရာနည်းနည်းပါးပါးချိန်း၍ ပြန်စီတော့သည်။ တောင်ထိပ်မှ ဆယ်မိုင်ကျော်အကွာတွင် ရှိနေသော ရန်ကိုင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

“ဘာဖြစ်လို့လဲ။ ဆက်မပြေးတော့ဘူးလား” ရှန်တုက ရန်ကိုင်အား စိုးရိမ်တကြီး ကြည့်လိုက်သည်။

“မင်းဘယ်ကို ပြေးချင်လို့လဲ” ရန်ကိုင်က ပြန်မေးသည်။

“ငါမသိဘူး။ ဒါပေမယ့် ပြေးနိုင်သလောက်တော့ ပြေးရမယ်။ ပြေးကိုပြေးနေမှဖြစ်မယ်” ရှန်တုက အော်ဟစ်လိုက်သည် “အဲ့စီနီယာအိုကြီး မျက်စိကျသွားပြီး ဟိုတံခါးပေါက်ထဲ ပစ်ထည့်ခံရမယ့်ဘဝမျိုး ငါမလိုချင်ဘူး။ ဒါကြောင့် ငါဆက်ပြေးနေမှ ဖြစ်မယ်”

ရဣ်ကိုင်က ခေါင်းခါလိုက်ပြီး “သူက ဒီနေရာတစ်ခုလုံးရဲ့ အရှင်သခင်ပဲ။ မင်းဘာသာမင်း ဘယ်လောက်ပဲ ဝေးအောင် ပြေးပြေး၊ သူမင်းကို ချက်ချင်း ရှာတွေ့နိုင်တယ်”

“အဲ့ဒါလည်း ဟုတ်တယ်” ရှန်တုက ခေါင်းညိတ်လိုက်သည် “ခဏတုန်းက ငါမင်းဘက်က မရပ်တည်ပေးနိုင်ခဲ့လို့ စိတ်မကောင်းဘူးကွာ။ ဒါပေမယ့် ငါလုပ်နိုင်တာလည်း ဘာမှ မရှိဘူး”

“ဘာမှမဖြစ်ဘူး။ အဲ့လူအိုကြီး ငါ့ကို အာရုံစိုက်လာမိအောင် လုပ်မိလိုက်တဲ့ ငါ့အပြစ်ပဲ” ကွေ့ဇူ သူ့အား ဘာကြောင့် အရင်ဆုံး ရွေးလဲဆိုသည်ကို ရန်ကိုင် သိပေသည်။ လူအိုကြီးစကားကို လွန်ဆန်၍ ဝေဝူကို သတ်ခဲ့သောကြောင့်ပင် ဖြစ်သည်။

သူ့အမိန့်ကို လွန်ဆန်ခြင်းသည် သူ့ကို မလေးစားဟု ထင်သဖြင့် ရန်ကိုင်အား သင်ခန်းစားပေးလိုသည့် ရည်ရွယ်ချက်ဖြင့် သူ့အား အရင်ရွေးခဲ့ခြင်းဖြစ်သည်။

ရှန်တုနှင့် ဘာမှမဆိုင်ချေ။ ရှန်တု သူ့အား ကူညီမည်ဆိုလျှင် ကွေ့ဇူ၏ ခွန်အားကြောင့် သူဘာမှလုပ်နိုင်လိမ့်မည်မဟုတ်။

“အဲ့ဟင်းလင်းပြင်ထဲမှာ ဘာတွေ ဖြစ်ခဲ့တာလဲ” ရှန်တုက သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။

“ငါ့ဝိဥာဉ်ကိုယ်ပွားက အသိစိတ်ရှိတာ မဟုတ်တော့ ငါလည်း မသိဘူး။ ငါ့ကောင်းကင်စိတ်အာရုံကိုပါ ပို့လိုက်တယ်ဆိုပေမယ့် အဲ့လောက်နဲ့ အများကြီး မသိနိုင်ဘူး။ ဒါပေမယ့် ငါပြောနိုင်တာ တစ်ချက်တော့ရှိတယ်။ ကွေ့ဇူရဲ့ အခုလက်ရှိ လေဟာနယ် နိယာမအပေါ် နားလည်သဘောပေါက်မှုနဲ့ဆို အဲ့တံခါးပေါက်ထဲ ဝင်သွားတဲ့လူတိုင်း ချွင်းချက်မရှိ သေရလိမ့်မယ်။ အခုတစ်ကြိမ် ငါ့ဝိဥာဉ်ကိုယ်ပွား အသက်ရှင်ခဲ့တယ် ဆိုတာကလည်း အဲ့ဒါမှာ ခန္ဓာကိုယ် ရှိမနေတာရယ်၊ ပိုပြီး မြန်မြန် လှုပ်ရှား နိုင်တာကြောင့်ရယ်။ မဟုတ်ရင် ပြန်လာနိုင်မှာ မဟုတ်ဘူး”

ရှန်တုမျက်နှာ ဖြူလျော်သွားခဲ့ပြီး “ဒါဆိုရင် သူဘာလို့ ဆက်လေ့လာနေသေးတာလဲ”

“သူဒီမှာ ပိတ်မိနေတာ နှစ်(၂၀၀၀)တောင် ရှိနေပြီလေ။ ဒီတော့ အပြင်ထွက်ချင်နေမှာပေါ့။ ဒါပေမယ့် ငါတို့အတွက်တော့ ဒီနေရာက သုခဘုံနဲ့မခြားဘူး။ သူတန်ခိုးရှင်ဘုရင်အဆင့်ကို ဝင်ရောက်နိုင်ခဲ့တဲ့ အကြောင်းအရင်းက ဒီနေရာနဲ့ ဆက်စပ်နေလိမ့်မယ်” ရန်ကိုင်က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် ခါးသက်စွာပြုံးလျက် ဆက်ပြောသည် “အဲ့ဟင်းလင်းပြင်အစီအရင်ကို သူဆက်လေ့လာနေသေးတာကို မင်းကျေးဇူးတင်သင့်တယ်။ ဒီနေရာကနေ မထွက်သွားနိုင် တော့ဘူးလို့ သူထင်တဲ့တစ်နေ့… အဲ့အချိန်ကမှပဲ တကယ့် ကပ်ဘေးအစစ်လာမှာ”

“ဟျောင့်၊ ငါ့ကို လာမခြောက်နဲ့လေကွာ” ရှန်တု လုံးဝကို သွေးပျက်ကြောက်လန့်သွားသည်။ ထိုအကြောင်းကို စဉ်းစားမိရုံနှင့်ပင် ကျောချမ်းသွားရသည်။

ကွေ့ဇူသာ ဟင်းလင်းပြင်အစီအရင်အပေါ် မျှော်လင့်ချက် မဲ့သွားပြီး ဤနေရာမှ မထွက်သွားနိုင်တော့ဘူးဟု ထင်သည့် တစ်နေ့၊ သူ့စရိုက်အရ၊ ဤနေရာတွင် ရှိသည့်လူအားလုံး သေသည်ထက်ပို၍ ဆိုးရွားသော ကံကြမ္မာကို ကြုံတွေ့ရပေမည်။

“အခု မင်းဘာဆက်လုပ်မှာလဲ” ရန်ကိုင်က ရှန်တုကို စိုက်ကြည့်၍ မေးလိုက်သည်။

“မသိဘူး။ သေရမယ့်အချိန်ကိုပဲ ထိုင်စောင့်နေရမှာလား” ရှန်တု နှုတ်ခမ်းမဲ့သွားခဲ့ပြီး “မင်းကော”

“ကျင့်ကြံဖို့ နေရာတစ်ခုလောက် လိုက်ရှာဖို့ စဉ်းစားထားတယ်” ရန်ကိုင်က ပြန်ပြောသည်။ ရှန်တု ကြောင်သွားခဲ့သည်။ ဤကဲ့သို့ အချိန်မျိုးတွင်ပင် ရန်ကိုင် ဘာကြောင့် ထိုမျှ တည်ငြိမ်နေသည်ကို သူနားမလည်နိုင် ဖြစ်နေခဲ့သည်။

ခဏလောက် စဉ်းစားပြီးနောက် ရှန်တုက ခေါင်းညိတ်လိုက်ပြီး “အဲ့လိုဆိုရင် ငါလည်း တစ်ခုခုထဲ စိတ်နစ်ထားရမယ်။ အဲ့ဒါမှ စိတ်ညစ်စရာအကြောင်းတွေ မတွေးမိမှာ”

တိုက်ကြီးပေါ်တွင် သူနှင့် စကားပြောဖော်ပြောဖက်ဆို၍ ရန်ကိုင်တစ်ယောက်သာ ရှိသည်။ ဓါးအဖွဲ့အစည်းနှင့် ခရမ်းကြယ်မှ လူများသည် သူ့အား နည်းနည်းလေးမှ ဂရုမစိုက်ပါချေ။ ယခု ရန်ကိုင်က တံခါးပိတ်ကျင့်စဉ် ဝင်တော့မည် ဖြစ်လေရာ သူ၏ တစ်ဦးတည်းသော စကားပြောဖော်ပြောဖက်ကို ဆုံးရှုံးရပေတော့မည်။

သူ့ခွန်အားသည် ရန်ကိုင်ထက် ပိုမြင့်သော်လည်း အဘက်ဘက်တွင် ရန်ကိုင်ထက် ပိုနိမ့်ကျသည်ဟု ဘာကြောင့် ခံစားနေရမှန်း သူတကယ်ကို နားမလည်နိုင်ချေ။

ရန်ကိုင်သည် မည်သည့် ပြဿနာနှင့် ရင်ဆိုင်ရစေကာမူ စိတ်ကို ငြိမ်အောင် ထားနိုင်သည်။ ထို့နောက် အန္တရာယ်တွင်းထဲမှ ဖောက်ထွက်ပြီး အခြေအနေ တစ်ခုလုံးကို ထိန်းချုပ်နိုင်သည် အထိ တိတ်တဆိတ် စောင့်ကြည့်လေ့လာသည်။

ရန်ကိုင်အား ရှန်တု မလေးစားပဲ မနေနိုင်ချေ။ နှစ်ယောက်သား စကားနည်းနည်း ထပ်ပြောကြပြီးနောက် လမ်းခွဲလိုက်ကြသည်။

ရှန်တု ဘာလုပ်မလဲ ဆိုသည်ကို သူမသိ။ သူကမူ ပြန်ပြီး ဆေးပညာကို လေ့ကျင့်ပေမည်။ မည်သည့် အခြေအနေနှင့် ရင်ဆိုင်ရပါစေ လုံလောက်သော စွမ်းအားကို ပိုင်ဆိုင်ထားသရွေ့ အသက်ရှင်နိုင်သည်။ စွမ်းအားသည်သာ အရာရာဆိုသော အချက်ကို အားလုံးထက်ပို၍ ရန်ကိုင် နားလည်ထားသည်။

လျူကွေ့ချန်၏ ချိတ်စည်းကြောင့် လွန်ခဲ့သော နှစ်လလုံးလုံး ကျင့်ကြံ၍မရခဲ့။ ယခု ထိုချိတ်စည်းမှ လွတ်မြောက်လာခဲ့ပြီ ဖြစ်လေရာ နည်းနည်းလေးမှ အချိန်ထပ်မဖြုန်းချင်တော့ချေ။

“စီနီယာ၊ အစောပိုင်းတုန်းက စီနီယာ ကျုပ်ကို တွေ့ခဲ့တဲ့ လိုဏ်ဂူထဲမှာ ဆေးဖော်စပ်လေ့ကျင့်လိုက်ပါဦးမယ်။ အဲ့ဒါနဲ့ ပက်သက်ပြီး စီနီယာအဆင်ပြေလား” ရန်ကိုင်က လိုရမယ်ရ ကောင်းကင်စိတ်အာရုံဖြင့် လှမ်းအကြောင်းကြားလိုက်သည်။

ခဏအကြာ၌ ကွေ့ဇူ၏အသံ သူ့နားထဲ ထွက်ပေါ်လာခဲ့သည် “သွားနှင့်။ အခုလောလောဆယ် မင်းကို မလိုသေးဘူး”

“ကျေးဇူးအများကြီးတင်ပါတယ်” ခေါင်းညိတ်လိုက်ပြီး ကြယ်လွန်းပျံကို ထုတ်ကာ ပျံသန်းထွက်သွားလေသည်။ ခပ်ဝေးဝေးသို့ မပျံသန်းရသေးခင်မှာပဲ သူ့အား လှမ်းခေါ်နေသည့် နူးညံ့သိမ်မွေ့သော အသံတစ်သံကို ကြားလိုက်ရသည် “ရန်ကိုင်”

ရန်ကိုင် ရပ်တန့်လိုက်ပြီး လှည့်ကြည့်လိုက်ရာ အနီးနားဆီမှ ဟဲမြောင်နှင့် ဟဲကျောင်တို့ သူ့ဆီ ပျံသန်းလာနေသည်ကို တွေ့လိုက်ရလေသည်။

ခဏအကြာ၌ ညီအစ်မနှစ်ယောက် သူ့ရှေ့ ရောက်လာခဲ့သည်။

ဘာစပြော၍ ပြောရမှန်းမသိသဖြင့် ဟဲကျောင် အနည်းငယ် ကသိကအောက် ဖြစ်နေခဲ့သည်။ ဟဲမြောင်ကမူ ရှင်းရှင်းသာ ပြောချလိုက်သည် “စီနီယာအစ်ကို ဝေဝူကို နင်သတ်လိုက်တာ မလား”

“နင်ဘယ်လိုထင်လဲ” ရန်ကိုင်က ပြန်မဖြေဘဲ မေးခွန်းဖြင့် ပြန်တုန့်ပြန်လိုက်သည်။

“ဖြစ်နိုင်တယ်လို့တော့ ငါမထင်ပါဘူး” ဟဲမြောင်က အထင်အမြင်တသေးဖြင့် “စီနီယာအစ်ကိုဝေဝူက သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက်ဟာကို။ နင်လို့ အားနည်းတဲ့ လူတစ်ယောက်က သူ့ကို ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ”

“ငါက အဲ့လောက်တောင် အားနည်းတာလား” ရန်ကိုင် ကြောင်သွားခဲ့သည်။

ဟဲမြောင်က ရန်ကိုင်အား အသေအချာ စိုက်ကြည့်၍ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် လှောင်ပြောင်ပြောဆိုလိုက်သည် “ဟုတ်တယ်။ တော့်တော့်ကို အားနည်းတာ။ ငါနင့်ကို အလွယ်လေး အနိုင်ယူလို့ရတယ်”

“ဟုတ်တယ်….” ရန်ကိုင်က ခေါင်းသာညိတ်လိုက်ပြီး ပြန်လည် ငြင်းဆိုခြင်းမပြုခဲ့။ ထို့နောက် ဆက်မေးလိုက်သည် “နင်တို့ တစ်ခုခု မေးချင်တာရှိလို့လား”

ဟဲကျောင်က တိုးတိုးလေး ပြောလိုက်သည် “ငါတို့ စိတ်မကောင်းပါဘူးလို့ ပြောချင်လို့ လာခဲ့တာ”

ထို့နောက် သူမ၏ နှုတ်ခမ်းလေးကို ကိုက်လျက် တောင်ပန်စကား ဆိုလိုက်သည် “နင်က သေခြင်းတရားချောက်နက်ထဲမှာ ငါတို့ကို ကူညီပေးခဲ့လို့ အမှန်ဆိုရင် ငါတို့က နင့်ကို ကျေးဇူးတင်သင့်တာ။ ဒါပေမယ့် ဆရာက…”

“ဒါ နင်တို့နဲ့ဘာမှမဆိုင်ဘူး” ရန်ကိုင်က ပြန်၍သာ ပြုံးပြလိုက်သည်။

“ဘာပဲဖြစ်ဖြစ်… ငါတို့ တကယ် စိတ်မကောင်းပါဘူး။ ပြီးတော့ စီနီယာအစ်ကိုဝေဝူ သေတဲ့ကိစ္စနဲ့ ပက်သက်ပြီး ဆရာအရမ်း စိတ်ညစ်နေတယ်။ အခွင့်အရေးရင် နင့်ကို သတ်ဖို့တောင် ငါတို့ကို ပြောသေးတယ်။ ရန်ကိုင်၊ ငါတို့ ညီအစ်မနှစ်ယောက်သာ နောက်ပိုင်း နင့်ကို တိုက်ခိုက်ခဲ့ရမယ်ဆိုရင် ကျေးဇူးပြုပြီး ငါတို့ကို အပြစ်မတင်ပါနဲ့။ ငါတို့လည်း လုပ်ချင်လို့ လုပ်တာမဟုတ်ဘူး”

ရန်ကိုင်က ပြုံးလိုက်ပြီး “ငါသိတယ်။ ဒါပေမယ့် နင်တို့ အဲ့လို လုပ်မယ်ဆိုရင် ငါပြန်သတ်မှာကိုလည်း ပြင်ဆင်ထားသင့်တယ်။ ငါက နင်တို့ လာတိုက်မှာကို ဒီအတိုင်း ငြိမ်ပြီး ခံနေမှာတော့ မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား”

“ဟန့်၊ လာပြီး မောက်မာနေချင်သေးတယ်…” ဟဲမြောင်က နှာခေါင်းရှုံ့လိုက်သည် “ငါတို့ ညီအစ်မနှစ်ယောက်သာ နင့်ကို သတ်ချင်ရင် နင်ခုခံနိုင်မယ် ထင်နေတာလား”

“စမ်းကြည့်လိုက်လေ”

“ဟဲမြောင်၊ မရိုင်းနဲ့” ဟဲကျောင်က အသာအယာ ကြိမ်းမောင်းလိုက်သည်။

“ကျွန်မ သိပါတယ်၊ အစ်မကလည်း” ဟဲမြောင်က လျှာလေး တစ်လစ်တစ်လစ် ထုတ်လိုက်သည်။

“အခြားကိစ္စရှိသေးလား” ရန်ကိုင်က ခေါင်းလေးစောင်းပြီး မေးလိုက်သည်။

“မရှိတော့ဘူး။ ဒါပြောချင်လို့ပဲ နင့်ဆီ လာခဲ့တာ”

“အဲ့လိုဆို နောက်မှ ပြန်တွေ့ကြတာပေါ့” ပြောပြီးသည်နှင့် ကြယ်လွန်းပျံပေါ် တက်လိုက်သည်။ ထွက်သွားတော့မည့်ဆဲဆဲ ရုတ်တရက် ရပ်လိုက်ပြီး မျက်မှောင်ကြုံ့လျက် “ငါမေးချင်တာ တစ်ခုရှိတယ်။ နင်တို့ နှစ်ယောက်သာ သေခြင်းတရား ချောက်နက်ထဲမှာ သေသွားခဲ့မယ်ဆိုရင် ဝေဝူ ဘယ်လို အကျိုးအမြတ်တွေ ရနိုင်လဲ”

“နင်ဘာပြောချင်တာလဲ” ဟဲကျောင်က ရန်ကိုင်အား သင်္ကာမကင်း အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောသည် “မေးကြည့်ရုံပဲ”

ဟဲကျောင် မျက်မှောင်ကြုံ့သွားခဲ့ပြီး သေသေချာချာ စဉ်းစား၍ ပြန်ပြောသည် “ဆရာက ဓါးအဖွဲ့အစည်းက ကျင့်ကြံသူ တစ်ယောက်ပဲ။ သူ့မှာ တပည့်များများစားစား ရှိတာ မဟုတ်ဘူး။ ငါတို့ ညီအစ်မနှစ်ယောက်နဲ့ စီနီယာအစ်ကိုဝေဝူကို အားလုံးထက်ပိုပြီး ဦးစားပေးတယ်။ ငါတို့သာ သေသွားခဲ့မယ်ဆိုရင် ဆရာက စီနီယာအစ်ကိုဝေဝူကိုပဲ သေချာအာရုံစိုက် ပျိုးထောင်ပေးတော့မှာ”

“နင်တို့ ဘယ်လိုလုပ်ပြီး သေခြင်းတရားချောက်နက်ထဲမှာ လမ်းပျောက်သွားတာလဲ” ရန်ကိုင်က ထပ်မေးသည်။

“စီနီယာအစ်ကိုဝေဝူက သေခြင်းတရားချောက်နက် အပြင်ဘက်မှာ ငါ့တို့ကို စောင့်ခိုင်းထားတာလေ။ ဒါပေမယ့် အဲ့ခရမ်းကြယ်က လူတွေနဲ့ သွားတိုးလိမ့်မယ်လို့ မထင်ထားတော့။ အခြေအနေ မဟန်တော့ ငါတို့လည်း သေခြင်းတရား ချောက်နက်ထဲကို ထွက်ပြေး… ထွက်ပြေး…” ဟဲကျောင်မှာ စကားကို ဆုံးအောင်ပင် မပြောနိုင်တော့။ တစ်ခုခုကို သတိပြုမိသွားသည့်အလား သူမ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရလေသည်။ သူမ၏ ခန္ဓာကိုယ်ဟာ ဆိုလျှင်လည်း တဆတ်ဆတ် တုန်ရီနေခဲ့ပြီး ရန်ကိုင်အား အလန့်တကြား လှည့်ကြည့်လိုက်သည်။

“နောက်မှ ထပ်တွေ့ကြမယ်နော်” ရန်ကိုင်လည်း အပိုစကားများ ထပ်မပြောတော့ဘဲ ညီအစ်မနှစ်ယောက်ဆီမှ အလျင်အမြန် ထွက်ခွာသွားလေသည်။

ဟဲကျောင်သည် အတွေးနက်နေချိန် ဟဲမြောင်ကမူ အူတူတူ၊ အတတဖြင့်သာ။ ခဏအကြာ၌ ဟဲမြောင်က ရုတ်တရက် တိုးတိုးလေး ထပြောသည် “အဲ့ကောင်က တကယ် ထူးဆန်းတဲ့ကောင်။ ရုတ်တရက်ကြီး ဘာတွေ စိတ်ရူးပေါက်ပြီး လျှောက်မေးနေမှန်းမသိဘူး။ ဦးနှောက်မကောင်းတာများလား”

“သူကို အပြင်ပန်းကြည့်ပြီး သွားမဆုံးဖြတ်နဲ့” ဟဲကျောင်၏ မျက်ဝန်းလေးများ တဖျတ်ဖျတ် လင်းလာက်တောက်ပလာပြီး “ပြီးတော့ နင်သူ့ကို အရမ်း အထင်သေးလွန်းတယ်။ စီနီယာအစ်ကို ဝေဝူကို သတ်နိုင်တယ်ဆိုတာကလည်း သူက ရိုးရှင်းတဲ့ လူတစ်ယောက် မဟုတ်လို့ပဲ။ ဖြစ်နိုင်တာက… ငါတို့ကိုတောင် မျက်စိထဲ ထည့်ချင်မှထည့်မှာ”

“ဘယ်လို၊ အစ်မကြီး သူ့ကို အရမ်း အထင်ကြီးလွန်းမနေဘူးလား” ဟဲမြောင်က အလန့်တကြား ဆိုလိုက်သည်။

“သေခြင်းတရား ချောက်နက်ထဲမှ သူ့ကို ပထမဆုံးအကြိမ် စတွေ့တုန်းက ငါတို့ကို ရှောင်သွားဖို့တောင် မစဉ်းစားတာကို နင်မှတ်မိသေးလား။ ငါတို့ဘယ်သူလဲ ဆိုတာကို သူမသိဘူး။ ငါတို့ ကျင့်ကြံခြင်းက သူ့ထက် ပိုမြင့်တယ်ဆိုတာကိုတော့ သိတယ်။ ဒါပေမယ့် ငါတို့ကို ရှောင်သွားဖို့မကြိုးစားဘူး။ ငါတို့ဆီတောင် တည့်တည့် လာလိုက်သေးတယ်။ အဲ့ဒါ သူ့ခွန်အားအပေါ် ယုံကြည်ချက်အပြည့်ရှိလို့ပဲ။ ငါတို့နဲ့ စကားများကို တိုက်ပွဲ ဖြစ်မယ်ဆိုတာကိုတောင် စိတ်မပူလို့၊ တစ်နည်းပြောရရင် ငါတို့ကို မကြောက်လို့ ငါတို့ဆီ လာရဲခဲ့တာ” ဟဲကျောင်က ငထူငအ သူ့ညီမလေးကို သေသေချာချာ ရှင်းပြလိုက်သည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း (၁၀၁၄) ဒေါသကြီးသောကွေ့ဇူ

လိုဏ်ဂူ မျက်နှာကြက်ပေါ်ရှိ သန့်စင်သော ရေစက်များအဖြစ်သို့ သိပ်သည်းပြီး ကျောက်စက်ပန်းဆွဲများဆီမှ အောက်ဘက်သို့ တစ်စက်ချင်း၊ တစ်စက်ချင်း ကျနေခဲ့သည်။ လိုဏ်ဂူတစ်ခုလုံးအား ပါးလျသော မြူခိုးများက လွှမ်းခြုံထားလေသည်။

ရန်ကိုင်သည် တင်ပလင်ခွေထိုင်လျက် ထိုမိုးမြေစွမ်းအင်များကို အရူးအမူး စုပ်ယူနေခဲ့သည်။ ကြယ်တာရာကောင်းကင်သို့ မလာစဉ် သူတော်စင်အဆင့်သို့ သူချိုးဖျက်ခဲ့သည်။ ကြယ်စီရင်စုထဲ ရက်ပေါင်းများစွာကြာအောင် သွားလာခဲ့သော်လည်း အေးအေးဆေးဆေး မကျင့်ကြံနိုင်ခဲ့။

ခရမ်းကြယ်မှ လူများ၏ ဖမ်းဆီးခြင်းခံရပြီး ကြယ်သင်္ဘာပေါ်ရှိ စွမ်းအင်ခန်းထဲ ပို့ခံလိုက်ရသည်။ ထိုမှ မထွက်ပြေးနိုင်သေးခင် ဤတိုက်ကြီးပေါ်သို့ ခရမ်းကြယ်မှလူများနှင့် အတူတူ ရောက်လာခဲ့ရသည်။ ထို့အပြင် သူ့ကျင့်ကြံခြင်းသည်လည်း နှစ်လတိတိ ပိတ်ဆို့ထားခြင်း ခံခဲ့ရသည်။

ယခု လွတ်လပ်မှုကို ပြန်လည်ရရှိခဲ့ပြီ ဖြစ်သည့်အတွက် နည်းနည်းလေးမှ အချိန်မဆိုင်းတော့ဘဲ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရပေတော့မည်။

သန်မာလာမှသာ အခွင့်အရေးများများ ပိုရနိုင်ပေသည်။ မျှော်လင့်ချက်မရှိသည့် အခြေအနေမျိုးတွင်ပင် ရန်ကိုင်သည် လက်လျှော့အရှုံးပေးတတ်သည့် လူစားမျိုးမဟုတ်ချေ။

ရန်ကိုင်သည် မိုးမြေစွမ်းအင်များ သူ့ဆီသို့ ပို၍မြန်မြန် စီးဝင်လာနိုင်စေရန်အတွက် လိုဏ်ဂူအား အနည်းငယ် ပြောင်းလဲပစ်ခဲ့သည်။ သူ့ကျင့်ကြံခြင်းသည် တရွေ့ရွေ့နှင့် တိုးတက်နေခဲ့သည်။

သူ့ကျင့်ကြံခြင်း တိုးတက်နှုန်း လျော့ကျသွားချိန် ခေတ္တအနားယူပြီး ဆေးလုံးများကို သန့်စင်သည်။ ထို့နောက် လိုဏ်ဂူအပြင်သို့ထွက်၍ ဆေးပင်များ ထွက်ရှာသည်။

ရှန်တု ပြောသည်မှာ လုံးဝကို မှန်ပေသည်။ ဤနေရာတစ်ခုလုံး ရှားပါးဆေးပင်များဖြင့် ပြည့်နေခဲ့သည်။ သူသွားလိုက်သည့် နေရာတိုင်း ဆေးပင်မရှိသည့်နေရာဆို၍ မရှိချေ။ ပေါက်နေသည့် ဆေးပင်အားလုံးမှာလည်း သက်တမ်းရင့် ဆေးပင်များချည်းသာ ဖြစ်သည်။

ဤနေရာသို့ ရောက်လာသည့် ဆေးပညာရှင်တိုင်း ထခုန်မိမတတ် ပျော်ကြပေလိမ့်မည်။ ရန်ကိုင်သည် ဆေးလုံးကို ဖော်စပ်ပြီး သူ့ကျင့်ကြံခြင်းကို မြှင့်တင်သည်။ သို့သော်လည်း လက်ရှိ ရန်ကိုင်အတွက် ကျင့်ကြံခြင်းဆိုသည်မှာ စွမ်းအင် စုဆောင်းခြင်းနှင့် မခြားတော့ချေ။

ရန်ကိုင်၏ လက်ရှိကျင့်ကြံခြင်းအရ ကျင့်ကြံခြင်းအဆင့်တစ်ဆင့် တက်ရန်အတွက် လိုအပ်သော စွမ်းအင်ပမာဏကို စုဆောင်းရန် လိုသည့်အပြင် နားလည်သဘောပေါက်မှုလည်း လိုအပ်ပေသည်။

ခွန်အားအရာတွင် အသွေးအသား ခန္ဓာကိုယ်နှင့် ဝိဥာဉ်တို့ ပါဝင်နေပြီး နားလည်သဘောပေါက်မှုတွင် သိုင်းတာအိုနှင့် ကောင်းကင်လမ်းစဉ်အပေါ် မိမိ၏ ထိုးထွင်းသိမြင်မှုတို့ ပါဝင်နေသည်။ ထိုနှစ်ချက်ထဲမှ တစ်ချက်ချက် မပြည့်မှီလျှင် နောက်တစ်ဆင့်သို့ ချိုးဖျက်ရန်မှာ မဖြစ်နိုင်ချေ။

သို့သော်လည်း ရန်ကိုင်သည် ကျစ်လစ်ခိုင်မာသော အုတ်မြစ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သောကြောင့် ထိုအရာများသည် ပြဿနာ မဟုတ်။ သူအဆင့်ချိုးဖျက်တက်ရာတွင် မည်သည့် အဆင့်တစ်ဆို့ အတားအဆီးကိုမှ ရင်ဆိုင်ရလိမ့်မည် မဟုတ်ချေ။

တစ်ရက် ကုန်သွားတိုင်း၊ ရန်ကိုင်ခွန်အားသည် တဖြည်းဖြည်း တိုးတက်ခဲ့သည်။ သူတော်စင်ဒုတိယအဆင့်နားသို့ နီးကပ်နေသည်ဟုပင် သူခံစားမိနေခဲ့ပြီ။ သူ့တွက်ချက်မှုအရ ရှန်တုနှင့် မတွေ့ဖြစ်သည်မှာ တစ်နှစ်လောက်ကြာနေလေပြီ။

အချိန်အတော်ကြာသည်အထိ တစ်ယောက်တည်း ဂူအောင်း ကျင့်စဉ်ဝင်နေပြီး မည်သူနှင့်မှ အဆက်အသွယ် မလုပ်သော်ငြား တိုက်ကြီးပေါ်မှ အခြေအနေ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်ကို ရန်ကိုင် သတိပြုမိသည်။

ခရမ်းကြယ်နှင့် ဓါးအဖွဲ့အစည်းမှလူများ တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ်နေကြသည်။ သူတို့၏ အသက်စွမ်းအင် အရှိန်အဝါများသည် တိုက်ကြီးပေါ်မှ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ကြသည်။ ထိုပျောက်ကွယ်သွားသည့် လူအားလုံးကို ကွေ့ဇူမှ ဟင်းလင်းပြင်အစီအရင်ထဲသို့ ပစ်ချလိုက်ခြင်း ဖြစ်ပေမည်။

အစပိုင်းတွင် တက်ကြွလှုပ်ရှားနေသော ကျင့်ကြံသူများကို သူ့ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံမိသည်။ သို့သော် လွန်ခဲ့သော ခြောက်လအတွင်း မည်သူမှ သူ့ကောင်းကင်စိတ်အာရုံ စက်ကွင်းထဲ ဝင်မလာခဲ့ချေ။ သူတစ်ယောက်တည်းသာ တိုက်ကြီးပေါ်တွင် ရှိတော့သလို ဖြစ်လာခဲ့သည်။

တစ်နေ့၊ သူတင်ပလင်ခွေထိုင် ကျင့်ကြံနေစဉ် ရန်ကိုင် မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ မျက်လုံးဖွင့်လိုက်ပြီး တစ်နေရာဆီ လှမ်းကြည့်လိုက်သည်။

ထိုနေရာဆီမှ မွန်းကြပ်ဖွယ်ကောင်းလှသည့် အရှိန်အဝါတစ်ခုသည် ရေလှိုင်းတစ်ခုနှယ် တိုက်ကြီးတစ်ခုလုံးအား လွှမ်းခြုံသွားသည်။ မိုင်တစ်သောင်းအကွာတွင် ရှိနေသည့်တိုင် ထိုကြောက်မက်ဖွယ် အရှိန်အဝါကို အသေအချာ အာရုံခံမိနေခဲ့သည်။ ရန်ကိုင် တစ်ကိုယ်လုံး တုန်တက်သွားခဲ့ရာ အစစ်အမှန်ယန်ယွမ်ချီကို အလျစ်စလို လှည့်ပတ်၍ ထိုစွမ်းအင်ကို ခုခံလိုက်ရသည်။

တစ်ချိန်တည်းတွင် သူနေနေသော လိုဏ်ဂူအပြင်ဘက်ရှိ အပင်များ တစ်ခဏအတွင်း ညိုးလျော်ကျသွားသည်ကို သတိပြုမိလိုက်သည်။

ကွေ့ဇူ၏ ဒေါသတကြီးအော်ဟစ်သံ တိုက်ကြီးအနှံ့ ရုတ်တရက် ထွက်ပေါ်လာခဲ့သည် “ဘာလို့လဲ…. ဘာလို့ မအောင်မြင်ရသေးတာလဲ။ နှစ်(၁၀၀၀)တိတိ ငါကြိုးစားခဲ့တာတောင် ဒီအစုတ်အပျက် နေရာကနေ ဘာလို့ မထွက်သွားနိုင်သေးတာလဲကွာ…”

သူ့အသံထဲ ရူးသွပ်မှု အရိပ်အယောင်တို့ ပါဝင်နေခဲ့သည်။ သူ့ဒေါသသည် တိုက်ကြီးတစ်ခုလုံးအား သက်ရောက်သွားခဲ့သည်။ လွန်ခဲ့သော တစ်နှစ်အတွင်း ကွေ့ဇူ၏ ဟင်းလင်းပြင်အစီအရင်သည် အနည်းအကျဉ်းသာ တိုးတက်ခဲ့၊ သို့မဟုတ် လုံးဝ မတိုးတက်ခဲ့ခြင်း ဖြစ်ရမည်ဟု ရန်ကိုင် ကောက်ချက်ချလိုက်သည်။

ရန်ကိုင် အသက်အောင့်ထားလိုက်ပြီး မလှုပ်မယှတ်ဖြင့်သာ ထိုင်နေလိုက်သည်။

“ကောင်စုတ်လေး၊ အခုချက်ချင်း ဒီလူအိုကြီးဆီ လာခဲ့စမ်း” ကွေ့ဇူ၏အသံကို သူရုတ်တရက် ကြားလိုက်ရသည်။

ရန်ကိုင် အမူအရာ ခရမ်းချဉ်သီးတစ်လုံးနှယ် ရှုံ့မဲ့သွားခဲ့သည်။ ကောင်းချီပေလော၊ ကျိန်စာပေလော၊ သူမခွဲတတ်တော့ရာ။ ကျိန်စာဆိုလျှင်ပင် ရှောင်မရသည့် ကျိန်စာပင်။ ထို့ကြောင့် မတ်တပ်ရပ်၍ လိုဏ်ဂူထဲမှ ထွက်လိုက်ပြီးနောက် ကြယ်လွန်းပျံကို ထုတ်ယူကာ ကွေ့ဇူ နေနေသော တောင်ထွတ်ဆီ ပျံသန်းသွားလိုက်သည်။

တစ်နာရီကြာပြီးနောက် တောင်ပေါ်လမ်းတစ်ဝက်သို့ ရောက်လာခဲ့ပြီး ကြယ်လွန်းပျံပေါ်မှ ခုန်ဆင်းလိုက်သည်။

ပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်ပြီးနောက် ရန်ကိုင် သက်ပြင်းအမောကြီး ချလိုက်သည်။ ဤနေရာသို့ ရောက်လာသော ကျင့်ကြံသူ အယောက်တစ်ရာအနက် ဆယ်ရောက်သာ ကျန်တော့သည်။ အခြားသူများကို မတွေ့ရတော့။ ထိုဆယ်ယောက်အနက်တွင်မူကား တစ်ဝက်ကျော်လောက်ကို ရန်ကိုင် သိသည်။

ဓါးအဖွဲ့အစည်းဖွဲ့မှ မိန်းမလှရွှယ့်ရှီနှင့် သူ့တပည့်နှစ်ယောက် ဖြစ်သော ဟဲကျောင်နှင့်ဟဲမြောင်။

လျူကွေ့ချန်နှင့် ပီယ။

ရှန်တုလည်း ရှိနေခဲ့သည်။

အရင်တုန်းက သူတွေ့ခဲ့သော လျူရှန်မူကား မရှိတော့ချေပြီ။

ရန်ကိုင် ပေါ်လာသည့်အချိန် အကုန်လုံး သူ့အား သုန်မှုန်စွာ လှမ်းကြည့်လိုက်သည်။ အကုန်လုံး စိတ်ဓါတ်ချုံးချုံး ကျနေကြသည်။ ပျော်နေသည့်လူ မည်သူမှမရှိ။

ကံမကောင်းသည့် လူများ၏ ပြန်လည်စုစည်းပွဲသည် ယခင် အကြိမ်နဲ့ လုံးဝကို ကွဲပြားနေခဲ့သည်။ ယခင်အကြိမ်တွင် အကုန်လုံး စိုးရိမ်ပူပန်ခဲ့ကြသော်လည်း တစ်နေ့ ဤနေရာမှ ထွက်သွားပြီး ကွေ့ဇူ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်လိမ့်မည် ဟူသော မျှော်လင့်ချက် ရေးတေးတေးလေးကို ဆုပ်ကိုင်ထားခဲ့သည်။ သို့သော်လည်း ယခုမူကား ထိုမျှော်လင့်ချက်အားလုံး ပျောက်ရှကုန်ရလေပြီ။ အားလုံး၏ မျက်လုံးများဟာ ဆိုလျှင်လည်း ယခင်ကကဲ့သို့ တောက်ပနေခြင်း မရှိတော့ချေ။

အကုန်လုံးသည် ကွပ်မျက်ခံရမည်ကို စောင့်နေကြသည့် အကျဉ်းသားများနှင့်ပင် တူနေသေးသည်။

ရှန်တုက ရန်ကိုင်ဘက်သို့ လှည့်၍ အသာအယာ ခေါင်းသာ ညိတ်ပြသည်။ နှုတ်စက်စကားပင် မဆိုတော့။

“မင်းဘဝက တော်တော်လေးကို သာယာနေတဲ့ပုံပဲ ကောင်စုတ်လေး” ကွေ့ဇူက ဟင်းလင်းပြင်အစီအရင်ထဲတွင် ရပ်လျက် ရန်ကိုင်အား လှောင်ပြုံးပြုံးလျက် စိုက်ကြည့်သည်။

“စီနီယာ၊ ဒီတစ်ကြိမ် ကျုပ်တကယ်ကို ငြိမ်ငြိမ်လေး နေနေတာနော်။ လိုဏ်ဂူထဲကနေ တစ်လှမ်းတောင် ထွက်တာ မဟုတ်ဘူး။ ဘယ်သူ့ကိုမှလည်း သွားရန်မစဘူး” ရန်ကိုင် ပါးစပ် မဲ့ရွဲ့သွားခဲ့သည်။ ထိုလူအိုကြီးသည် အကြာင်းမရှိ အကြောင်းရှာ သူ့ချည်းကိုသာ ပစ်မှတ်ထားချင်နေမှန်း ရန်ကိုင် နားမလည်နိုင် ဖြစ်နေခဲ့သည်။

“ငါသိတယ်။ မင်းဘယ်မှာရှိနေလဲဆိုတာကိုလည်း ငါသိတယ်။ မင်းတကယ်ကို ငြိမ်ငြိမ်လေး နေနေမှန်းလည်း ငါသိတယ်” ကွေ့ဇူက လှောင်ပြုံးပြုံးလျက် “ဒါပေမယ့် အဲ့ဒါကြောင့်ပဲ ငါတကယ်ကို စိတ်ညစ်နေတာ။ ငါကတော့ ဒီမှာ ခေါင်းပူအောင်ကို အလုပ်ရှုပ်၊ စိတ်ညစ်နေရတယ်။ မင်းကတော့ ဒီက ထွက်သွားမနိုင်မှာကို နည်းနည်းလေးတောင် စိတ်မပူနဲ့ပုံစံနဲ့ လုပ်နေတာ”

ပြဿနာ ဘာဖြစ်မှန်း ရန်ကိုင် ချက်ချင်း နားလည်လိုက်သည်။

အကြောင်းမှာ အရမ်းကို နာခံကာ တိတ်တိတ်လေး နေပေးသဖြင့် ပစ်မှတ်ထားခံရခြင်း ဖြစ်သည်။ အကုန်လုံးသည် သူတို့၏ နေ့စဉ်ဘဝကို စိုးရိမ်ပူပန်ရင်း ကုန်ဆုံးနေရသည်။ သို့သော်လည်း ရန်ကိုင်သည် လုံးဝကို အပူအပင်ကင်းမဲ့သော လူတစ်ယောက်လို နေနေခဲ့သည်။

“ဂျူနီယာလည်း ဒီကိစ္စကို စိတ်ပူတာပေါ့ စီနီယာရယ်။ ဒါပေမယ့် ဒီကိစ္စ ထွက်သွားနိုင်မယ့် ကိစ္စကို စီနီယာအပေါ် ပုံအပ်ထားရုံက လွဲပြီး အခြားဘာများ ဂျူနီယာ လုပ်နိုင်မှာလဲ။ ဂျူနီယာက အားကောင်းတာလည်း မဟုတ်ဘူး။ အသိဥာဏ်ဗဟုသုတ ကြွယ်ဝတာလည်းမဟုတ်တော့ ဒီကနေ ဘယ်လို ထွက်သွားနိုင်မလဲ ဆိုတာကို တကယ် စဉ်းစားမရဘူး”

“တော်လောက်ပြီ” ကွေ့ဇူက ဒေါသတကြီး အော်ပြောသည် “ပုံမှန် မင်းသာ ဒီလို စကားတွေ လာပြောမယ်ဆိုရင် ငါတကယ်ကို ကျေနပ်လောက်မိမှာ။ ဒါပေမယ့် အခုတော့… ဒီလူအိုကြီး အဲ့ဒါတွေကို ဂရုမစိုက်တော့ဘူး”

ရန်ကိုင် သူ့ပါးစပ်ကို ချက်ချင်း ပိတ်လိုက်သည်။

ရန်ကိုင်နှင့် လူအိုကြီးတို့ နှစ်ဦးပြောနေသည်ကို နားထောင်ရင်း ရွှယ့်ရှီနှင့် လျူကွေ့ချန်တို့ အကုန်လုံး ထိတ်လန့်နေခဲ့ကြသည်။ ရန်ကိုင် ကွေ့ဇူအား ဒေါသထပ်ထွက်အောင် မလုပ်ပါစေနဲ့ဟု စိတ်ထဲတွင်လည်း ကြိတ်၍ ဆုတောင်းနေကြသည်။

ကွေ့ဇူသည် သူ့ခန္ဓာကိုယ်ကို ထိန်းထားရန် အားမရှိတော့သည့်နှယ် ယိုင်တိယိုင်တိုင် ဖြစ်သွားခဲ့သည်။ ထို့နောက် သူ့ဘာသာ ရေရွတ်နေသလိုလို၊ အားလုံးကို ပြောနေသလိုလိုဖြင့် စပြောတော့သည် “ငါငယ်ငယ်တုန်းက ကံကောင်းပြီး မိစ္ဆာကျင့်စဉ်တစ်ခုကို ရရှိခဲ့တယ်။ အဲ့ကနေစပြီး ငါ့ခွန်အားက တဖြည်းဖြည်း မြင့်တက်လာခဲ့တာ သူတော်စင်ဘုရင်အဆင့်ကို ရောက်တဲ့အထိပဲ။ သူတော်စင်ဘုရင်ကို ရောက်တဲ့အချိန်က ငါက အသက်(၁၀၀)ပဲ ရှိသေးတာ။ ငယ်သေးတော့ လူငယ်သဘာဝအတိုင်း ပျော်ပျော်နေ၊ ပျော်ပျော်စားချင်တယ်။ ကျော်ကြားချင်တယ်။ လူအများ လေးစားတာကို ခံချင်တယ်။ ဒါကြောင့် တစ်နေ့ကျရင် ဒီကြယ်စီရင်စုကြီး တစ်ခုလုံး ငါ့နာမည်ကို သိလာရမယ်လို့ ငါတွေးခဲ့ဖူးတယ်။ ဒါပေမယ့် အဲ့အိမ်မက်တွေ အကုန်လုံး ငါ့ရန်သူတွေ ငါ့အိမ်ကိုကျူးကျော်ပြီး ငါ့မိန်းမနဲ့ မိသားစုကို သတ်ဖြတ်သွားတဲ့အချိန်ကစပြီး ပျက်စီးသွားခဲ့ရတယ်။ ငါကိုယ်တိုင်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလို့ သေခြင်းတရားချောက်နက်ထဲ ဝင်ပြေးခဲ့ရတဲ့အထိပဲ။ ဝင်ပြေးပြီး သိပ်မကြာဘူး ကံတရားကပါ ငါအပေါ် မကြည်ဖြူတော့ သေခြင်းတရားချောက်နက်ထဲမှာရှိတဲ့ စွမ်းအင်စက်ကွင်းတွေ ထပေါက်ကွဲပြန်ရော။ နောက်ဆုံး ငါ ဒီကို ရောက်လာခဲ့ရတာပေါ့။ ရောက်တဲ့အချိန် ဒီတိုက်ကြီးတစ်ခုလုံးက ကျင့်ကြံသူတွေအတွက် သုခဘုံဆိုတာ သိလိုက်ရတယ်။ အရင်းအမြစ်တွေက အများကြီးပဲ။ မိုးမြေစွမ်းအင်ကလည်း အရမ်းသိပ်သည်းလွန်းတယ်။ ကောင်းကင်က ငါ့အဖြစ်ကို မကြည့်ရက်လို့ ငါ့ရန်သူတွေကို လက်စားပြန်ချေနိုင်မယ့် အခွင့်အရေးတစ်ခု ပေးလာတယ်ဆိုပြီး ငါကြိတ်ပျော်ခဲ့တယ်”

ထိုနေရာသို့ ရောက်သည်နှင့် သူ့မျက်နှာ ရုတ်ချည်း ကြမ်းကြုတ်သွားခဲ့သည် “ဒါပေမယ့် တန်းခိုးရှင်ဘုရင်အဆင့်ကို ရောက်တာတောင် ဒီသောက်စုတ်သောက်ပျက် နေရာက ငါ့ကို ပိတ်ထားဦးမယ်လို့ မထင်ထားဘူး။ ဒီနေရာက ထွက်လို့မရမှတော့ ငါ့ခွန်အားဘယ်လောက်မြင့်မြင့် ဘာသောက်လွန်းဝင်ဦးမှာလဲ”

“ငါလက်စားပြန်ချေရမယ်။ ငါ့မိန်းမနဲ့ ကလေးတွေရဲ့ ဝိဥာဉ်တွေ ကျေနပ်စေဖို့ အဲ့လူကို ပြန်သတ်ပစ်ရမယ်” လူအိုကြီးက လူအုပ်ကြီးဘက်သို့ လှည့်၍ အော်ပြောလိုက်သည်။

“စီနီယာ။ နှစ်(၂၀၀၀)တောင် ကြာပြီဆိုတော့ အဲ့လူလည်း သေသွားလောက်ပြီပေါ့” ရန်ကိုင် မျက်မှောင်ခဲ့သည်။

“အဲ့လိုဆိုလည်း သူ့သားတွေကို သတ်မယ်ကွာ။ သားတွေ မရှိတောင် သူ့မျိုးဆက်တစ်ခုလုံးကို သတ်ပစ်မယ်ကွာ။ သူနဲ့ ဆက်စပ်တဲ့လူ မှန်သမျှကို ငါသတ်ပစ်မယ်။ သူလာခဲ့တဲ့ ကြယ်တစ်လုံးလုံးကိုပါ ကြယ်နက်တစ်ခုဖြစ်သွားအောင် သတ်ပစ်မှာ” ကွေ့ဇူက အညိုးကြီးသည့် တစ္တေတစ်ကောင်ပမာ အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်နေသည်။

“အခု ငါဘယ်လောက်တောင် အပြင်ထွက်ချင်နေလဲ မင်းတို့ သိပြီလား” ကွေ့ဇူက လူအုပ်ကြီးဘက်သို့လှည့်၍ ကြမ်းကြုတ်စွာ ပြုံးကာမေးလိုက်သည်။

အကုန်လုံး ခေါင်းညိတ်လိုက်သည်။ မည်သူမှ ခေါင်းမခါရဲ။

“မင်းတို့နားလည်တာကောင်းတယ်” ကွေ့ဇူက မိစ္ဆာဆန်ဆန် ပြုံးလိုက်ပြီးနောက် အော်ပြောလိုက်သည် “အဲ့လိုဆိုရင် ငါ့ကို နောက်ဆုံးအကြိမ်အဖြစ် ကူညီပေး။ ဒီနေ့ပြီးတာနဲ့… ငါမင်းတို့ကို နောက်တစ်ကြိမ် ထပ်မရှာတော့ဘူး”

အကုန်လုံး ရင်ထိတ်သွားခဲ့သည်။

သို့သော် လူအိုကြီးသည် လူအုပ်ကြီး၏ အထင်အမြင်ကို ဂရုမစိုက်။ ဟင်းလင်းပြင်အစီအရင်ကို အမြန်ပြန်ထိန်းညိုလိုက်ပြီးနောက် လှည့်ပြောလိုက်သည် “မင်းတို့ ရောက်လာတာကို ငါတကယ် ကျေးဇူးတင်တယ်။ မင်းတို့ကြောင့်ပဲ ငါလည်း သေသေချာချာ စမ်းသပ်နိုင်ခဲ့တာ။ လေဟာနယ်တာအိုက တကယ် နားလည်ရ ခက်လွန်းတယ်။ ငါလည်း သိပ်နားလည်တာ မဟုတ်ဘူး။ ဒါကြောင့် ဒီလေဟာနယ်လိုဏ်ခေါင်းက အမြဲမတည်မငြိမ် ဖြစ်နေတာ။ ဒီထဲဝင်သွားတာနဲ့ ဘယ်ရောက်မယ် ဆိုတာကိုလည်း ငါမပြောနိုင်ဘူး။ ဒီတစ်ကြိမ် မင်းတို့အကုန်လုံး အောင်မြင်အောင် ကြိုးစားရမယ်။ မင်းတို့သေသေရှင်ရှင်ကတော့ မင်းတို့ကံပဲ”

ပြောပြီးသည်နှင့် ကွေ့ဇူသည် ဟင်းလင်းပြင် အစီအရင်ကို အသက်သွင်းလိုက်သည်။ လေဟာနယ်လိုဏ်ခေါင်း တစ်ဖန် ပြန်ပွင့်လာခဲ့လေပြီ။ အားလုံး အဆင့်သင့်ဖြစ်သည်နှင့် ကွေ့ဇူက ရန်ကိုင်ဘက်သို့လှည့်၍ “ကောင်စုတ်လေး၊ မင်းအရင်လာခဲ့”

“ဘာလို့ကျုပ်လဲ” ရန်ကိုင်က ဒေါသတကြီး ပြန်မေးသည်။

ယခင်အကြိမ် ကွေ့ဇူသည် တိုက်ကြီးပေါ်ရှိ လူအားလုံးကို ခေါ်ခဲ့သည်။ သို့သော် သူ့ကိုသာ အရင်ဆုံစရွေးခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း သူ့အား အရင်ရွေးပြန်ပြီ။ လူအိုကြီး သူအား ထိုမျှ အညိုးထားနေရအောင် လူအိုကြီးအား သူမည်ကဲ့သို့ ရန်စခဲ့မိပါသနည်း။

“အပိုတွေပြောမနေနဲ့၊ လာဆိုလာခဲ့” ကွေ့ဇူက ရန်ကိုင် အထွန့်တက်သည်ကို လျစ်လျူရှု၍ သူ့အား တိုက်ရိုက် ဆွဲခေါ်လိုက်သည်။

“စီနီယာ ဒါက သူ့အတွက် မမျှတဘူးလေ။ အရင်အကြိမ် စီနီယာအားလုံးကို ခေါ်ခဲ့တုန်းက သူ့ပဲ အရင်သွားခဲ့ရတာ။ အခုလည်း သူပဲသွားရပြန်ပြီ။ ဘာလို့ သူ့အစား အခြား တစ်ယောက်ကို မရွေးတာလဲ” လူအုပ်ထဲမှ အသံတစ်သံ ထွက်လာခဲ့သည်။

ရန်ကိုင်အား လေဟာနယ်လိုဏ်ခေါင်းထဲ ပစ်ချရန် ပြင်နေသည့် ကွေ့ဇူ၏လက် ရပ်တန့်သွားခဲ့ပြီး စကားပြောလိုက်သော ဟဲကျောင်အား သုန်မှုန်စွာဖြင့် လှည့်ကြည့်လိုက်သည်။

ရန်ကိုင်၏ အမူအရာလည်း ပြောင်းလဲသွားခဲ့သည်။ ယခုလို အချိန်မျိုးတွင် ဟဲကျောင်သည် သူ့အစား ပြောပေးလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“သူပြောတာ အမှန်ပဲ။ စီနီယာ ဘာလို့ သူ့ကိုချည်း ပစ်မှတ်ထားနေတာလဲ” ဟဲကျောင်၏ စကားကြောင့် ရှန်တုလည်း သတ္တိရှိသွားပြီး ချက်ချင်း ဝင်ပြောလိုက်သည်။

ဟဲမြောင်သည်လည်း ခေါင်းလေးတညိတ်ညိတ် လုပ်နေခဲ့သည်။ သို့သော် ဝင်တော့ မပြောခဲ့။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း (၁၀၁၅)

ကွေ့ဇူ၏ အကြည့်သည် ဟဲကျောင်ဆီသို့ ရောက်လာခဲ့သည်။ ဟဲကျောင်သည်ကို သေရမည်ကိုကြောက်သည်။ တဆတ်ဆတ် တုန်ရီနေသော သူမခန္ဓာကိုယ်ကို ကြည့်လျှင် သိနိုင်သည်။ သို့သော် သေရမည်ကိုကြောက်သော်လည်း ကွေ့ဇူအား ရဲရဲဝံ့ဝံ့သာ ပြန်စိုက်ကြည့်နေခဲ့သည်။

အကုန်လုံး အံ့အားသင့်နေကြလေပြီ။

ရွှယ့်ရှီဆိုလျှင် သူမပါးစပ်ကို အလန့်တကြားအုပ်၍ အလျင်အမြန် အော်ပြောလေသည် “နင်ဘာလုပ်နေတာလဲ။ ချက်ချင်း ပြန်ထိုင်နေစမ်း”

သို့သော်လည်း ဟဲကျောင်သည် ရပ်မြဲသာရပ်နေခဲ့သည်။ ထိုင်ချင်လျှင်ပင် မထိုင်နိုင်သည့်ဘဝ ရောက်နေချေပြီ။ ကွေ့ဇူ၏ အကြည့်အောက်ဝယ် လက်ကလေးတစ်ချောင်းကိုပင် ဟဲကျောင် မလှုပ်နိုင်တော့။ ချွေးအေးတို့သည် နဖူးထက်စီမှ တောက်လျှောက် စီးကျနေခဲ့လေပြီ။

ရုတ်တရက် ကွေ့ဇူက သွားပေါ်အောင် ပြုံးဖြဲလျက် ရန်ကိုင်ဘက်သို့ လှည့်ကာ မေးလိုက်သည် “မင်းနဲ့ ဒီမိန်းကလေးက ဘာတွေလဲ”

“အသိအကျွမ်းတွေပဲ”

“မင်းကို မြင်မြင်ချင်း ချစ်မိသွားတာလား”

“မဟုတ်လောက်ဘူး” ရန်ကိုင်က ခေါင်းခါလိုက်ပြီး ဟဲကျောင်အား လှမ်းကြည့်လိုက်သည်။ ဟဲကျောင်၏ အပြုအမူကြောင့် သူ့ရင်ထဲ မဆိုသလောက်ကလေး လှုပ်ခတ်သွားခဲ့ရသည်။

“ဒါဆို သူဘာလို့ မင်းကို ကူညီဖို့ကြိုးစားနေတာလဲ” ကွေ့ဇူက အဓိပ္ပါယ်ပါပါ ပြုံးကာ ဆက်မေးသည်။

“သူက… သူက ကျွန်မတို့ ညီအစ်မနှစ်ယောက်ကို ကယ်ခဲ့ဖူးတယ်” ဟဲကျောင်က တုန်တုန်ရီရီဖြင့် ကွေ့ဇူအမေးကို ပြန်ဖြေလိုက်သည်။

“အင်း၊ ကောင်းတယ်၊ ကောင်းတယ်။ နင်က ကျေးဇူးနဲ့ ရန်ငြိုးကို ကောင်းကောင်းသိတဲ့ မိန်းကလေပဲ… ဒါပေမယ့် ငါ့သူ့ကို သွားခွင့်ပေးလိုက်မယ်ဆိုရင် သူ့နေရာကို နင်ဝင်မှာလား” ကွေ့ဇူက ဟဲကျောင်က တပြုံးပြုံးဖြင့် ကြည့်လိုက်သည်။

ဟဲကျောင်မျက်နှာ သွေးဆုတ်ဖြူလျော်သွားပြီး တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါလာလေသည်။ ကွေ့ဇူအမေးကို ချက်ချင်း ပြန်အဖြေမပေးနိုင်ခဲ့ချေ။ ရန်ကိုင်လည်း သူမ မည်ကဲ့သို့ ပြန်ဖြေမည်ကို အတော်လေး စိတ်ဝင်စားနေမိသည်။

လျူကွေ့ချန်၊ ပီယနှင့် အကုန်လုံးသည် ဟဲကျောင်၏ အဖြေကို စိတ်ဝင်တစား စောင်းဆိုင်းနေကြချိန် ရွှယ့်ရှီကမူ စိတ်လိုက်မာန်ပါ မလုပ်ရန် တိုးတိုးတိတ်တိတ် သတိပေးနေခဲ့သည်။

ရုတ်တရက် ဟဲကျောင်က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူမ အကြည့်သည် တစ်ခုခုကို ဆုံးဖြတ်လိုက်ပြီးသည့်အလား တွေဝေတုန့်ဆိုင်းနေခြင်း မရှိတော့ဘဲ ပြတ်သားလာခဲ့သည်။ နောက်ဆုံး ပါးစပ်ဟ၍ ပြောရန် ပြင်လိုက်သည်။

“မလိုဘူး” ရန်ကိုင်က မျက်မှောင်ကြုံ့၍ ကြားဖြတ်ပြောသည် “စီနီယာ၊ သူ့ကို အာရုံမစိုက်နဲ့တော့။ လုပ်စရာရှိတာပဲ လုပ်ကြရအောင်”

ကွေ့ဇူက ရန်ကိုင်အား သေသေချာချာ စိုက်ကြည့်လိုက်ပြီး “မင်းက မိန်းမနောက်မှာ ပုန်းနေတတ်တဲ့ သူရဲဘောကြောင်တဲ့ကောင်တော့ မဟုတ်ဘူးပဲ။ ဒါပေမယ့် စိတ်မပူနဲ့။ ဒီတစ်ကြိမ် မင်းတို့ထဲက ဘယ်သူမှ လွတ်မှာမဟုတ်ဘူး။ အကုန်လုံး ဝင်သွားရမှာ”

ထိုစကား ထွက်လာသည့်အခိုက် အကုန်လုံး၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားလေသည်။

လက်ရှိအခြေအနေသည် ယခင်အကြိမ်နှင့် အတူတူဖြစ်သည်ဟု အကုန်လုံး ထင်နေကြခြင်းဖြစ်သည်။ လေဟာနယ်လိုဏ်ခေါင်း ထဲသို့ တစ်ယောက်ယောက် ဝင်သွားပြီးလျှင် ကွေ့ဇူ သူတို့အား ပြန်လွှတ်မည်ဟု ထင်နေခဲ့ကြသည်။ ရန်ကိုင် သေသွားပြီးနောက် သူတို့အားလုံး အသက်ပိုရှည်ရှည် နေထိုင်ရမည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ကံကြမ္မာဆိုးသည် သူတို့ခေါင်းပေါ် အလျင်အမြန် ကျလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ကွေ့ဇူသည် ယနေ့တွင် သူ့အစီအစဉ်ကို အပြည့်အဝ အကောင်အထည်ဖော်ရန် ကြိုးစားပေတော့မည်။

ထိုအချက်ကို နားလည်လိုက်သည်နှင့် အကုန်လုံး အလွန်ကိုမှ စိတ်ဓါတ်ကျသွားကြသည်။ သွားလေသော သူတို့၏ အပေါင်းအပါများနောက် လိုက်ရတော့မှာပါလားဟု တွေးရင်း စိတ်ဓါတ်ညိးလျော်ကုန်ကြရလေသည်။

“ရန်ရေ၊ ဖြည်းဖြည်းသာလျှောက်၊ သိပ်မကြာခင် ငါမင်းနောက် လိုက်လာခဲ့တယ်။ အနည်းဆုံး ဒီခရီးမှာ မင်းတစ်ယောက်တည်း အဖော်မဲ့မနေတော့ဘူးပေါ့” သေဘေးမှ ပြေးမလွတ်တော့လေရာ ရှန်တုလည်း ရန်ကိုင်အား နောက်ဆုံးအကြိမ်အဖြစ် လှမ်းကာ နှုတ်ဆက်လိုက်သည်။

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။

“ကောင်စုတ်လေး၊ သွားတော့” ကွေ့ဇူသည် အချိန်ဆက်ဖြုန်းချင်ဟန်မရ၊ သူ့စိတ်စွမ်းအင် အမျှင်တန်းအား ရန်ကိုင်ခန္ဓာကိုယ်ပေါ်တွင် ကပ်တွယ်စေလျက် ရန်ကိုင်အား လေဟာနယ်လိုဏ်ခေါင်းထဲသို့ ပစ်ထည့်လိုက်လေသည်။

ထို့နောက် အနားတွင် ရပ်နေသော ဟဲကျောင်အား လှမ်းဆွဲခေါ်ပြီး ဝါးလုံးကွဲရယ်မောလျက် ပြောလိုက်သည် “စိတ်ပူမနေနဲ့ ကောင်မလေး၊ ပြီးရင် နင့်အလှည့်ရောက်လာမှာ။ အဲ့အခါကျ နင့်ကယ်တင်ရှင်နောက် လိုက်သွားလို့ရပြီ”

“မွန်းစတားအိုကြီး၊ ရှင်လုပ်ခဲ့တာတွေ အားလုံးအတွက် တစ်နေ့ကျ ပြန်ပေးဆပ်ရလိမ့်မယ်” ဟဲကျောင်က အံကြိတ်၍ ပြောလိုက်သည်။

“စကားမပြောတော့နဲ့” ကွေ့ဇူသည် သူမ ပြောစကားကို အာရုံမစိုက်၊ သူ့စိတ်စွမ်းအင်အမျှင်တန်းတစ်ခုကို သူမပေါ် ကပ်တွယ်စေသည်။

ထို့နောက် ဟဲကျောင်အား လေဟာနယ်လိုဏ်ခေါင်းထဲ ပစ်ချတော့မည်အပြု၊ ကွေ့ဇူ၏ မျက်ဝန်းအစုံ ရုတ်ချည်း မှေးကျဉ်းသွားခဲ့ပြီး မယုံကြည်နိုင်စရာတစ်ခုကို တွေ့လိုက်ရသည့် အလား အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားလေသည်။

ထို့နောက် အသံအကျယ်ကြီး အော်ဟစ်လိုက်သည် “ကောင်လေး၊ မင်းမှာ ဒီလိုစွမ်းရည် ရှိနေလိမ့်မယ်လို့ ငါတကယ် မထထင်ထားဘူး”

ပြောပြီးသည်နှင့် ဟဲကျောင်အား အောက်သို့ ပြန်ပစ်ချလိုက်ပြီး ရူးသွပ်စွာအော်ဟစ်ရယ်မောရင်း အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

သူအဝေးသို့ ပျံသန်းသွားသည့်တိုင် သူ့ရယ်သံကို အကုန်လုံး ကြားနေရသေးသည်။ တောင်ထိပ်ပေါ်တွင် ဟဲကျောင်သည် သွေးဆုတ်ဖြူလျော်နေသော မျက်နှာဖြင့် ကွေ့ဇူထွက်သွားရာ အရပ်ဆီ မလှုပ်မယှတ် ထိုင်ကြည့်နေခဲ့သည်။ ဟဲကျောင်က မျက်ရည်ရွဲလဲဖြင့် ဟဲကျောင်ဆီ ပြေးလာပြီး စိုးရိမ်တကြီး မေးလိုက်သည် “အစ်မကြီး နင်အဆင်ပြေရဲ့လား”

“ငါဘာမှမဖြစ်ဘူး၊ အဆင်ပြေတယ်” ဟဲကျောင်က ခေါင်းခါလိုက်သည်။ ကွေ့ဇူ၏ စိတ်စွမ်းအင်ဖြင့် ရစ်ပတ်ခံရသဖြင့် အနည်းငယ် အေးစက်စက် ခံစားခဲ့ရသည်မှလွဲ၍ ဘာမှမဖြစ်ပါချေ။

ကွေ့ဇူ သူမအား ဘာမှမလုပ်ခဲ့ချေ။

“ဘာဖြစ်သွားတာလဲ။ အဲ့ထူးဆန်းတဲ့ မွန်းစတားအိုကြီး ဘာလို့ ရုတ်တရက် ကောက်ထွက်သွားတာလဲ” ရွှယ့်ရှီက အလျင်စလို ပြေးလာပြီး မေးလိုက်သည်။

လျူကွေ့ချန်၊ ပီယ၊ ရှန်တုနှင့် အခြားသူများလည်း ပြေးလာကြသည်။ အကုန်လုံးသည် ဟဲကျောင်အား ဝိုင်းအုံအား စိုက်ကြည့်နေကြသည်။ လူအိုကြီး ဘာကြောင့် ထွက်သွားသလဲ ဆိုသည်ကို အဖြေအား ဟဲကျောင် ဖြေပေးနိုင်မည်ဟု သူတို့ မျှော်လင့်နေကြသည်။ ကွေ့ဇူနှင့် အနီးဆုံးတောင် ရပ်နေသည်မှာ ဟဲကျောင်ပင် မဟုတ်လေလော။ ထို့ကြောင့် ဟဲကျောင် တစ်ခုခု သိထားမည်ဟု အကုန်လုံး ထင်နေကြခြင်းဖြစ်သည်။

“ကျွန်မလည်းမသိဘူး” ဟဲကျောင်က ခေါင်းခါလိုက်သည်။

“နင်တကယ် မသိတာလား” လျူကွေ့ချန်က မယုံသင်္ကာဖြင့် ထပ်မေးသည်။

“ကျွန်မ တကယ်မသိဘူး”

“ထူးဆန်းလွန်းတယ်။ စီနီယာက ဘာလို့ ရုတ်တရက်ကြီး ထွက်သွားတာလဲ”

“ရန်ကိုင်နဲ့ ပက်သက်နေမလား” ဟဲမြောင်က သူ့စိတ်ထဲ ထင်သည်ကိုသော ကောက်မေးလိုက်သည် “လူအိုကြီး ထွက်သွားခင် အော်ပြောသွားတဲ့ စကားလုံးတွေက ကျိန်းသေ ရန်ကိုင်ကို ပြောနေတာ”

သူမပြောသည်ကို ကြားသည်နှင့် အကုန်လုံး လူအိုကြီး ထွက်မသွားခင် အော်ပြောခဲ့သည့် စကားကို ပြန်သတိရလိုက်သည်။ ရန်ကိုင်သည် ကွေ့ဇူပင် အာရုံစိုက်ရလောက်သည့် ထူးဆန်းသော ပညာရပ်တစ်ခုကို ပိုင်ဆိုင်ထားသည့်ပုံပင်။

သို့သော်လည်း ရန်ကိုင်ကို လေဟာနယ်လိုဏ်ခေါင်းထဲသို့ ပစ်ထည့်လိုက်ပြီးပြီး မဟုတ်လေလော။ ထိုသို့ဆိုလျှင် ကွေ့ဇူသည် အခြားတစ်ဖက်သို့ ဘာကြောင့် ပျံသန်းသွားရသနည်း။

“အဲ့လူအိုကြီး ရူးများ ရူးသွားတာလား” ရှန်တုပါးစပ် မဲ့သွားခဲ့သည်။ ကွေ့ဇူ၏ ထူးဆန်းသော အပြုအမူနှင့် ပက်သက်၍ ထိုဖြစ်နိုင်ချေကိုသာ သူစဉ်းစားမိသည်။

“ငါတို့ကိုပါ တစ်ခါတည်း မေ့သွားခဲ့ရင် အကောင်းဆုံးပဲ” လျူကွေ့ချန်က ကြိတ်ကာ ဆုတောင်းနေသည်။

လွင့်မျောတိုက်ကြီး၏ နေရာတစ်ခုတွင်၊ ဟင်းလင်းပြင်အက်ကြောင်း တစ်ခုပေါ်လာပြီး ထိုနေရာမှ ရန်ကိုင် ထွက်လာခဲ့သည်။

ဘေးပတ်လည်အား တစ်ချက်ဝေ့ကြည့်လိုက်ပြီး ရန်ကိုင် မျက်မှောင်ကြုံသွားခဲ့ပြီး ကြိတ်ကာ ကျိန်ဆဲလိုက်သည်။ ထူးဆန်းသော တိုက်ကြီးတွင်ပဲ ရှိနေသေးသည်ကို ရန်ကိုင် တွေံလိုက်ရသည်။

အသက်ပင် ကောင်းကောင်း မရှူနိုင်သေးခင်မှာပဲ ကွေ့ဇူ၏ အရှိန်အဝါ သူ့ဆီသို့ လျှပ်စီးတမျှ မြန်ဆန်သော အမြန်နှုန်းဖြင့် ချဉ်းကပ်လာနေသည်ကို သတိပြုမိလိုက်သည်။ မျက်တောင် တစ်ခတ်အတွင်း မိုးကုတ်စက်ဝိုင်းအောက် အနက်ရောင် အစက်တစ်စက် ထွက်ပေါ်လာခဲ့သည်။ သူ့နား မရောက်သေးခင်တွင်ပင် ကွေ့ဇူ၏ ခန္ဓာကိုယ်မှ မကောင်းဆိုးရာ တစ္ဆေကာင်များ ထွက်လာပြီး ရန်ကိုင်ဆီသို့ ပြေးဝင်သွားလေသည်။

ရန်ကိုင်မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ချက်ချင်း လေဟာနယ်ကို ထပ်မံဆုတ်ဖြဲကာ ဟင်းလင်းပြင်ထဲ ခုန်ဝင်ထွက်ပြေးလေသည်။ သူပြန်ပေါ်လာသည့်အချိန်၌ ကီလိုမီတာရာပေါင်းများစွာ အကွာ၌ ရောက်နေခဲ့လေပြီ။

ကွေ့ဇူသည် သူ့ကောင်းကင်စိတ်အာရုံဖြင့် ရန်ကိုင်အား တောက်လျှောက် ထောက်လှမ်း၍ လှောင်ပြုံးပြုံးလျက် သူ့နောက်မှ ပြေးလိုက်နေခဲ့သည်။

“ကောင်စုတ်လေး၊ မင်းကိုယ်မင်း ဘယ်လို ဖုံးကွယ်ရမလဲ သေချာသိတာပဲ။ ဒါပေမယ့် မင်းဘယ်လောက်ပဲ ပြေးပြေး၊ ဒီလူအိုကြီးရဲ့လက်ကနေ လွတ်မှာမဟုတ်ဘူး” ကွေ့ဇူသည် ရန်ကိုင်အား အရူးအမူး လိုက်ဖမ်းနေခဲ့သည်။ ရန်ကိုင်ကမူ လေဟာနယ်ကို ထပ်တလဲလဲ ဆုတ်ဖြဲ၍သာ ထွက်ပြေးနေခဲ့သည်။

လွန်ခဲ့သော တစ်နှစ်ခန့်က လေဟာနယ်လိုဏ်ခေါင်းထဲ ပစ်ချခံခဲ့ရသည့်အချိန် လေဟာနယ်အား ဆုတ်ဖြဲနိုင်သော စွမ်းရည်ကို ကောင်းကောင်း ဖုံးကွယ်ထားခဲ့သည်။ ဆယ်နှစ်ကျော် လေ့ကျင့်ပျိုးထောင်ခဲ့ရသော သူ့ဝိဥာဉ်ကိုယ်ပွားကိုပင်လျှင် အထိအခိုက်ခံခဲ့သည်။ လေဟာနယ်ဆုတ်ဖြဲခြင်း ပညာရပ်ကို လုံးဝထုတ်မသုံးခဲ့။

လေဟာနယ်ဆုတ်ဖြဲခြင်းပညာရပ်အား အသက်ကယ် ပညာရပ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ သူကြံနေသည်မှာ လေဟာနယ်ဆုတ်ဖြဲခြင်းပညာရပ်ကို သုံး၍ အနေရာမှ ထွက်ပြေးပြီး သေခြင်းတရား ချောက်နက်ထဲသို့ ပြန်သွားမည်ဟုပင်။

သို့သော်လည်း ယနေ့၌ သူ့ဝှက်ဖဲအား ထုတ်သုံးခဲ့ရသည်။ သို့တိုင် ဤတိုက်ကြီးပေါ်မှ ထွက်မသွားနိုင်ခဲ့ချေ။ ကွေ့ဇူသည် မတည်ငြိမ်သော ဟင်းလင်းပြင်အစီအရင်ကို တည်ဆောက်၍ ထိုအရာအား ထပ်တလဲလဲ စမ်းသပ်နေသဖြင့် တိုက်ကြီး တစ်ခုလုံးရှိ ဟင်းလင်းပြင်သည် ကယောက်ကယတ် ဖြစ်လာခဲ့သည်။ ထို့ကြောင့် အနားတစ်ဝိုင်ပတ်လည်ရှိ ဟင်းလင်းပြင်သည် ရှိရင်းစွဲထက် ပို၍ အန္တရာယ်များလာခဲ့ရသည်။

ရန်ကိုင်သည် ဟင်းလင်းပြင်တာအိုအား အတော်အတန် တတ်ကျွမ်းနားလည်ထားသည် ဆိုလျှင်ပင် ထိုယောက်ယတ်ခတ်နေသော ဟင်းလင်းပြင်ထဲ အကြာကြီး မနေရဲပါချေ။

ထို့ကြောင့် အသက်ပင် မရှူနိုင်တော့ဘဲ ကွေ့ဇူ၏ မရမ်းမနား လိုက်လံဖမ်းဆီးမှုမှ ထွက်ပြေးနေခဲ့ရသည်။ ကံမကောင်း အကြောင်းမလှရှာသော အခြေအနေ အရပ်ရပ်ကြောင့်သာ မဟုတ်ပါက ဟင်းလင်းပြင်ထဲတွင် ခေတ္တပုန်းအောင်းပြီး သူသေသွားလောက်ပြီဟု ကွေ့ဇူ ထင်သည့်အချိန်မှ စတင် လှုပ်ရှားနိုင်ပေသည်။

သို့သော်လည်း မတည်ငြိမ်သော ဟင်းလင်းပြင်ကြောင့် အကြာပြီး ပုန်းအောင်မနေဘဲ စော၍ လှုပ်ရှားခဲ့ရသည်။ ထို့ကြောင့် ကွေ့ဇူ သူ့အား သတိထားမိသွားပြီး ကွေ့ဇူ၏ လိုက်လံဖမ်းဆီးခြင်းကို ခံရတော့လေသည်။

ဟင်းလင်းပြင်ကို စုတ်ဖြဲရန်အတွက် သူတော်စင်ချီ အမြောက်အမြားကို လိုအပ်သည်။ ဟင်းလင်းပြင်အား လေးငါးကြိမ်လောက် စုတ်ဖြဲခဲ့ရလျှင်ပင် သူအလွန်ကိုမှ မောပန်းနေရချေပြီ။

သူတော်စင်ချီ ကုန်သွားမည်ကို သူမကြောက်။ သူ့ဒန်တန်ထဲရှိ သူတော်စင်ချီအားလုံး ကုန်သွားလျှင်ပင် နတ်ဘုရားသစ်ပင်က သူ့အား ထပ်ဖြည့်ပေးနိုင်သည်။ သို့သော် ကုန်ဆုံးသွားသော စိတ်စွမ်းအင်ကို ဘာက ပြန်ဖြည့်ပေးမည်နည်း။

ရန်ကိုင် တဖြည်းဖြည်း စိတ်ဓါတ်ကျလာသည်။ ဤကဲ့သို့ တစ်ချိန်လုံး ထွက်ပြေးနေ၍ မဖြစ်ချေ။ တစ်ခုခုကြံမှ ဖြစ်ချေတော့မည်။

“ကောင်စုတ်လေး၊ ရပ်လိုက်စမ်း။ မင်းသာ ဒီတိုက်ကြီးပေါ်မှာ ရှိနေသရွေ့ ငါ့လက်ထဲကနေ လွတ်မျာမဟုတ်ဘူ” ကွေ့ဇူ၏အသံ အဝေးဆီမှ ထွက်ပေါ်လာခဲ့သည်။ သို့သော် သူ့နားနားကပ်ပြောသလို ရန်ကိုင် ခံစားလိုက်ရသည်။

ကွေ့ဇူ၏ ခြိမ်းခြောက်စကားကို ကြားသော်လည်း ရန်ကိုင်က သွေးပျက်ထိတ်လန့်သွားခြင်းမရှိဘဲ လေဟာနယ်ကို ဆုတ်ဖြဲ၍သာ ဆက်လက် ထွက်ပြေးနေခဲ့သည်။ ကွေ့ဇူသည်လည်း သူ့အား အဆက်မပြတ် ခြိမ်းခြောက်နေခဲ့သည်။

“ကောင်စုတ်လေး၊ ပေးနေတုန်း မငြင်းနဲ့နော်။ မင်းသာ ဆက်ပြေးနေလို့ ငါမင်းကိုမိသွားခဲ့ရင် မင်းတော့နာပြီပဲ”

“ခွေးမသား။ မင်းက ပြေးချင်နေမှတော့ ဆက်ပြေးစမ်း။ မင်းဘယ်လောက် ပြေးနိုင်မလဲ”

“မင်းလုပ်ချင်တာကို လုပ်နိုင်တဲ့စွမ်းရည် မင်းမှာမရှိမှန်း ငါသိတယ်။ မင်းလို သူတော်စင်ပထမအဆင့် တစ်ယောက် လေဟာနယ်ကို ဘယ်နှစ်ကြိမ် ဆုတ်ဖြဲနိုင်မှာမို့လို့လဲ။ မတိုက်ဘဲနဲ့ ရပ်လိုက်မယ်ဆိုရင် ငါမင်းကို ခက်ခဲအောင်လုပ်မှာ မဟုတ်ဘူး”

“ကောင်းပြီ။ ကောင်းပြီ. ရပ်လိုက်တော့။ ငါမင်းနောက်ကို ဆက်မလိုက်တော့ဘူး။ မင်းခေါင်းပေါ်က ဆံပင်တစ်ချောင်း ကိုတောင် ထိခိုက်အောင်မလုပ်ဘူးလို ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုတယ်ကွဦ”

ရန်ကိုင်၏ စွမ်းဆောင်ရည်ကို မြင်ပြီးနောက် ကွေ့ဇူ၏ သဘောထား တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ ရန်ကိုင်အား ဖမ်းနိုင်မည်ဟူသော သူ၏ ယုံကြည်ချက်သည်လည်း တဖြည်းဖြည်း ယိမ်းယိုင်လာခဲ့ရသည်။

နောက်ဆုံးတွင် ရန်ကိုင်လည်း ရပ်တန့်လိုက်သည်။ ရပ်ပြီးသည်နှင့် သူတော်စင်ချီအဆင့် ဆေးလုံးအချို့နှင့် ဆေးပေါင်းတစ်စက်ကို ချက်ချင်းထုတ်သောက်ကာ သူ့စိတ်စွမ်းအင်ကို အမြန် ပြန်ဖြည့်လိုက်သည်။ ခဏအကြာတွင် သူနှင့် ဆယ်မီတာကျော် အကွာ၌ ကွေ့ဇူ ပေါ်လာပြီး ရန်ကိုင်အား သုန်မှုန်စွာ စိုက်ကြည့်လိုက်သည်။

ထို့နောက် ညစ်ကျယ်ကျယ် ရယ်မောလျက် ပြောလေသည် “ကောင်စုတ်လေး။ ဒီလူအိုကြီး အံ့ဩအောင် မင်းတကယ် လုပ်နိုင်တာပဲ။ မင်းမှာဒီလို အရည်အချင်းမျိုး ရှိလိမ့်မယ်လို့ ငါတကယ်ကို မထင်ထားဘူး”

“ခင်းဗျားတွေးနိုင်တာထက် ပိုတဲ့ဟာတွေတောင် ရှိသေးတယ်” ရန်ကိုင်က လေဟာနယ်ကို စုတ်ဖြဲ၍ ကိုယ်တစ်ဝက် ဝင်နေသည်။ ကွေ့ဇူ လှုပ်ရှားရန် ပြင်လိုက်သည်နှင့် သူလည်း လေဟာနယ်ထဲသို့ ချက်ချင်း ဝင်ပြေးပေမည်။

“အရမ်းကြီး စိုးရိမ်မနေနဲ့။ အရင်စကားပြောကြတာပေါ့” ကွေ့ဇူက လက်မြှောက်ပြလျက် အတတ်နိုင်ဆုံး၊ အဖော်ရွေဆုံး ပြုံးနိုင်သမျှ ပြုံးလျက် “မင်းစွမ်းရည်ကို ငါမြင်ပြီးသွားပြီ။ ဒါပေမယ့် ငါမင်းကို တကယ် မတားနိုင်ဘူးလို့ မထင်လိုက်နဲ့။ ငါကလည်း လေဟာနယ် နိယာမကို နှစ်တစ်ထောင်ကြာအောင် လေ့လာထားတဲ့လူဆိုတာ မမေ့လိုက်နဲာ့း”

“ခင်ဗျားမှာ အဲ့လို အရည်အချင်း ရှိနေမှတော့ ဘာလို့ မသုံးသေးတာလဲ။ ဘာတွေကို စိုးရိမ်နေရတာတုန်း” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောသည်။

ကွေ့ဇူက သူ့နှုတ်ခမ်းကို တွန့်လျက် “ငါမင်းကို တားချင်ရင် တားလို့ရတယ်။ ဒါပေမယ့် မင်းသေမယ်၊ ရှင်မယ် ဆိုတာကိုတော့ အာမမခံနိုင်ဘူး။ ဒါကြောင့်ပဲ မင်းကို ဆက်ပြေးခွင့် ပေးထားခဲ့တာ။ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်မနေနဲ့”

All Chapters