အခန်း (၁၀၁၆-၁၀၂၀)
Vol. 41 Ch. 1016-1020
အပိုင်း (၁၀၁၆) သဘောတူညီချက်
“ခင်ဗျားက ကျုပ်ဆီကနေ တစ်ခုခု လိုချင်နေတာကိုး။ ဘယ်လိုလုပ်ပြီး ကျုပ်ကို သေအောင် လုပ်မှာလဲ” ရန်ကိုင်က ပြန်၍ လှောင်ပြောင်ပြောဆိုသည်။
“အေး၊ မင်းဆီမှာသာ ငါလိုချင်တာမရှိရင် ဒီအတိုင်းအတာအထိ မင်းကို သည်းခံနေလိမ့်မယ်လို့ ထင်လား” ကွေ့ဇူက အေးစက်စက် အမူအရာဖြင့် ပြန်ပြောလိုက်သည် “အပိုစကားတွေ တော်တော့။ မင်းလေဟာနယ်နိယာကို ကျွမ်းကျင်တယ်ဆိုတာ ငါမသိခဲ့ဘူး။ ဒါပေမယ့် အခုမှသိလည်း နောက်မကျသေးဘူး။ ဒီလူအိုကြီးနဲ့ ပြန်လိုက်ခဲ့။ ငါနဲ့အတူ ပူးပေါင်းပြီး နည်းလမ်းတစ်ခု ရှာလို့ရတယ်။ ဘယ်လိုလဲ”
“အတူပူးပေါင်းဖို့လား” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့သည်။
“မင်းကို လွတ်လပ်ခွင့်လည်း ပေးထားမယ်။ မင်းလိုချင်တာကိုလည်း ထောက်ပံ့ပေးမယ်။ မင်းစိတ်ကျေနပ်စေရမယ်လို့ ငါအာမခံတယ်။ ဒါပေမယ့် မင်းကတော့ ဒီကနေ ထွက်သွားနိုင်မယ့် နည်းလမ်းကို ရှာပေးရမယ်။ မင်းရှာတွေ့တာနဲ့ ငါနဲ့အတူ မင်းကို ခေါ်သွားပေးမယ်” ကွေ့ဇူက လှောင်ပြုံပြုံးလျက် “ဒီလူအိုကြီးရဲ့ ဟင်းလင်းပြင်အစီအရင်က အလုပ်မဖြစ်တော့ဘူး ဆိုပေမယ့် မင်းက လေဟာနယ်နိယာမကို လေ့လာထားမှတော့ နည်းလမ်းတစ်ခုလောက် ရှာတွေ့ချင်ရှာတွေ့မှာပေါ့”
“ကျုပ်ခင်ဗျားကို မယုံဘူး” ရန်ကိုင်က ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။ ထိုလူအိုကြီးနှင့် ဆက်ဆံရာတွင် သတိမထား၍ မရချေ။
“အဲ့လိုဆို မင်းယုံလာအောင် ငါဘာလုပ်ပေးရမလဲ”
“ကျိန်ဆိုပေး”
ကွေ့ဇူ အမူအရာ ထူးဆန်းသွားခဲ့ပြီး ကြမ်းကြုတ်စွာ ပြုံးလျက် “ငါကျိန်ဆိုပေးရင်တောင် မင်းယုံမှာမို့လို့လား။ အချိန်မရွေး ငါ့စကားကို ပြန်ရုတ်သိမ်းလို့ရတယ်နော်”
“မင်းရဲ့ ကွယ်လွန်ဇနီးနဲ့ကလေးကို တိုင်တည်ပြီး ကျိန်ဆိုပေး။ အဲ့လိုဆို ခင်ဗျားကို ကျုပ်ယုံပေးမယ်” ရန်ကိုင်က အလေးအနက် ပြောလိုက်သည်။
“ကောင်စုတ်လေး။ တစ်မိုက်ပေးလို့ တစ်လောင် လိုချင်မလာနဲ့” ကွေ့ဇူ ရုတ်တရက် ဒေါသထွက်သွားခဲ့သည်။ ရန်ကိုင်၏ စကားကို လူအိုကြီး၏ အရှိုက်ကို ထိသွားခဲ့သည်။ ထို့ကြောင့် ဒေါသတကြီး ထအော်တော့လေသည် “ငါ့ကို ဒေါသထွက်အောင်လုပ်လို့ အကျိုးမရှိဘူးနော်။ အခုချက်ချင်း မင်းကိုသတ်၊ မင်းဝိဥာဉ်ကို ရှာပြီး မင်းအသိစိတ်ပင်လယ်ထဲက လေဟာနယ်နိယာမတွေကို ထုတ်ယူပစ်လိုက်လို့ရတယ်”
“အလုပ်ဖြစ်မှာမို့လို့လား။ ကျုပ်နားလည်ထားတဲ့ လေဟာနယ် နိယာမတွေကို ခင်ဗျား ရသွားတာ ဖြစ်နိုင်တယ်။ ဘာမှ မရသွားနိုင်တာလည်း ဖြစ်နိုင်တယ်။ ကျုပ်အသိစိတ်ပင်လယ်ကို ရသွားရင်တောင် ခင်ဗျား ဘာမှ နားလည်မှာမဟုတ်ဘူး။ လေဟာနယ်နိယာမတွေကို နားလည်တာမျိုးဆိုတာ လေ့ကျင့်တာထက် ပါရမီက ပိုအရေးကြီးတယ်ဆိုတာကို နားလည်ထားသင့်တယ်။ ဒါကြောင့် နှစ်တစ်ထောင်လောက် ခင်ဗျား လေ့လာခဲ့တာတောင် အခုထိ ဘာမှသေချာ မတတ်သေးတာမလား။ ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့ လေဟာနယ်နိယာမတွေကို နားလည်နိုင်စွမ်းက အရမ်းကို ညံ့ဖျင်းနေတာကိုး” ရန်ကိုင်က နည်းနည်းလေးမှ အလျှော့မပေးဘဲ ချိုးချိုးမျစ်မျစ်ကို ပြောလိုက်သည်။ သူ့စကားကြောင့် ကွေ့ဇူ ဒေါသထွက်သွားမည်ကို မကြောက်ချေ။
ကွေ့ဇူအား သေချာစိုက်ကြည့်နေရင်း ရန်ကိုင်က ဆက်မေးသည် “အလောင်းအစား လုပ်ချင်လား”
ကွေ့ဇူ အမူအရာ သုန်မှုန်သွားခဲ့ပြီး ရန်ကိုင်အား ထသတ်တော့မည့်နှယ် စိုက်ကြည့်လာခဲ့သည်။ ရန်ကိုင်၏ စကားလုံးများသည် သူ့အရှိုက်ကို ထိသွားသည့်နှယ် ကွေ့ဇူမှာ တစ်ခွန်းပင် ပြန်မပြောချင်တော့ချေ။
“ခင်ဗျားရဲ့ ကွယ်လွန်ဇနီးသည်နှင့်သားကို တိုင်တည်ပြီး မကျိန်ဆိုဘူးဆိုရင် ဟင်းလင်းပြင်ထဲကို ကျုပ်ပြေးဝင်သွားမှာ၊ ဘယ်တော့မှ ပြန်ထွက်လာတော့မှာ မဟုတ်ဘူး။ ခင်ဗျားနဲ့ အလုပ်လုပ်မယ့်အစား အသေပဲ ခံလိုက်မယ်။ ကျုပ်သေသွားရင် ဟိုဟင်းလင်းပြင်အစီအရင်နဲ့ ခေါင်းပြေးဆောင့်လို့ရပြီ။ ခင်ဗျား ကံကောင်ပါစေလို့ ကျုပ်ဆုတောင်းပေးပါတယ်” ပြောပြီးသည်နှင့် ကွေ့ဇူအား ပြန်ပြောချိန်ပင် မပေးတော့ဘဲ ဟင်းလင်းပြင်ထဲသို့ ဝင်သွားလိုက်လေသည်။
“နေဦး” ကွေ့ဇူက လှမ်းအော်ဟစ်လိုက်သည်။ သူ့မျက်နှာသည် ဒေါသကြောင့် ရှုံ့မဲ့နေခဲ့သည်။
ရုတ်တရက် ရယ်မော၍ ခေါင်းညိတ်လိုက်လေသည် “ကောင်စုတ်လေး။ မင်းသတ္တိက မသေးပါလား။ ငါနဲ့တောင် လာပြီး ဈေးညှိရဲသေးတယ်”
ရန်ကိုင်က ပခုံးတွန့်လိုက်ပြီး “ခင်ဗျားရဲ့ ပခုံးချင်တူ ရပ်တည်ဖို့တာ မဖြစ်နိုင်ဘူး။ သေချာဂရုစိုက်မှ ဖြစ်မှာပေါ့”
“ကောင်းတယ်။ မင်းနိုင်တယ်။ ငါ့ကွယ်လွန် ဇနီးသည်နှင့် မိန်မကို တိုင်တည်ပြီး ကျိန်ဆိုပေးမယ်။ မင်းသာ ငါနဲ့ပူးပေါင်းမယ်ဆိုရင် ငါမင်းကို ဘာမှမလုပ်ဘူး။ ငါ့စကားကို မတည်ခဲ့ပါက မဟာကောင်းကင်မိုးကြိုးပစ်ချခံရပြီး ခွေးတစ်ကောင်လို သေရပါစေသား”
ရန်ကိုင် ခေါင်းခါလိုက်သည်။
“ကောင်စုတ်လေး၊ အခု မင်းဘာလိုချင်နေသေးတာလဲ” ကွေ့ဇူက အော်ဟစ်လိုက်သည်။
“ကောင်းကင်မိုးကြိုး ပစ်ချခံရပြီး ခွေးတစ်ကောင်လို့ သေရပါစေလို့ ဆုတောင်းတာက ခင်ဗျားအပေါ် ဒီလောက်ကြီး အကျိုးသက်ရောက်မှုမရှိဘူး။ ခင်ဗျား ဘယ်လို ကျိန်ဆိုပေးရမလဲ ဆိုတာကို ကျုပ်သင်ပေးနေရဦးမှာလား”
ကွေ့ဇူက ရန်ကိုင်အား အစက်စက်၊ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
ထို့နောက် မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်လိုက်ပြီး လှည့်စားရန် မကြံတော့ဘဲ ကွယ်လွန်ပြီး သူ့ဇနီးနှင့်သာကို တိုင်တည်ကာ ကျိန်ဆိုလိုက်သည်။
ထိုအခါမှသာ ရန်ကိုင်လည်း ဟင်းလင်းပြင်ထဲမှ ထွက်လာခဲ့သည် “အစကတည်းက အဲ့လိုပြောလိုက်ရင် ပိုမကောင်းဘူးလား”
“ကောင်လေး။ အခု ငါမင်းကိုသတ်ချင်နေတာ တစ်ပိုင်းကို သေနေပြီသိလား။ မင်းတစ်ကိုယ်လုံးကို ပြာချ၊ မင်းဝိဥာဉ်ကို အမြစ်ဖြတ်သုတ်သင်ပစ်ချတဲ့အထိကို လုပ်ချင်နေတာ” ကွေ့ဇူအား ရန်ကိုင်အား ကြမ်းကြုတ်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
“စီနီယာက ဇနီးနဲ့ကလေးကို ကိုယ့်အသက်ထက် ပိုပြီး တန်ဖိုးထားတဲ့လူလို့ ကျုပ်ယုံပြီးသား။ မဟုတ်ရင် နှစ်(၂၀၀၀) ကြာသွားတာတောင် ဘာလို့ လက်စားချေဖို့ချည်းပဲ တစ်ချိန်လုံး ထိုင်စဉ်းစားနေမှာလဲ။ မဟုတ်ဘူးလား” ရန်ကိုင်က ပြုံးလျက် ပြောလိုက်သည်။
“အတိတ်ကို ပြန်ပြောင်းလို့မရဘူး။ အခု ငါနဲ့အရင်ဆုံးလိုက်ခဲ့။ အခုမင်းနဲ့ငါက တွဲဖက်ဖြစ်သွားပြီ” သူ့လေသံသည် လုံးဝကို တည်ငြိမ်နေခဲ့သည်။ ရန်ကိုင် အစောပိုင်းက ပြောခဲ့သော စကားလုံးများသည် သူ့အား လုံးဝဒေါသထွက်စေခဲ့ခြင်း မရှိသည့်အလား။
ပြောပြီးသည်နှင့် ရန်ကိုင်အား သူတော်စင်ချီဖြင့် ရစ်ပတ်၍ ပြန်ခေါ်ဿွားလေသည်။ တောင်ထိပ်ပေါ်တွင် အကုန်လုံးသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စောင့်ဆိုင်းနေကသည်။
ကွေ့ဖူ ထွက်သွားသည်မှာ တစ်နာရီကြာပြီ ဖြစ်သော်ငြား မည်သူမှ ထွက်သွားရဲကြသေးချေ။ ဤတိုက်ကြီးတစ်ခုလုံးသည် ကွေ့ဇူ၏ ပိုင်နက်ဖြစ်လေရာ သူတို့ ဘယ်သွားသွား ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ချေ။
အကုန်လုံး အလွန်တရာကိုမှ စိုးရိမ်နေကြသည်။ ကွေ့ဇူ ဘယ်တော့မှ ပြန်မလာပါစေနဲ့ဟု ကြိတ်၍ ဆုတောင်း၍ ဤနေရာတွင်သာ အေးအေးဆေးဆေး အသက်ကြီး သေသွားနိုင်ဖို့ မျှော်လင့်နေကြသည်။
သို့သော်လည်း သူတို့ ဆုတောင်းမပြည့်ခဲ့ချေ။ ရွှယ့်ရှီ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး အလန့်တကြား ရေရွတ်လိုက်သည် “သူတို့ ပြန်လာနေပြီ”
ပြောပြီးသည်နှင့် တစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။
ရွှယ့်ရှီ ကြည့်ရာအရပ်ဆီသို့ လိုက်ကြည့်လိုက်ရာ အေးစက်စက်၊ မှုန်ထိုင်းထိုင်း အရှိန်အဝါကို ထုတ်လွှတ်လျက် သူတို့ဆီ ပျံသန်းလာနေသော ကွေ့ဇူကို သတိပြုမိလိုက်သည်။ အကုန်လုံး တစ်ဖန်ပြန်လည် တုန်လှုပ်ခြောက်ခြား လာရပြန်လေပြီ။
“ဟန်” ရှန်တုကမူ ကြောင်သွားခဲ့သည်။ ထို့နောက် အနက်ရောင် တိမ်တိုက်ကို သေချာ စိုက်ကြည့်လိုက်သည်။ ယခုလေးတင် ရန်ကိုင်၏ ဝိုးတဝါးတား ပုံရိပ်ကို သူလှမ်းမြင်လိုက်ရသည့် အတွက်ဖြစ်သည်။ အခြားသူများသည်လည်း ထိတ်လန့်နေသည့် အမူအရာဖြင့် အနက်ရောင် တိမ်တိုက်ကို သေသေချာချာ စိုက်ကြည့်နေကြလေသည်။
မကြာသေးခင်က ရန်ကိုင်အား ဟင်းလင်းပြင်အစီအရင်ထဲသို့ ကွေ့ဇူကိုယ်တိုင် ပစ်ချခဲ့သည်။ သို့သော် ယခုအချိန်တွင် ရန်ကိုင်သည် ကွေ့ဇူနှင့်အတူ အတူရှိနေခဲ့သည်။ ဘာတွေများ ဖြစ်နေသနည်း။ သရဲများ ခြောက်နေခြင်းပေလော။ သေချာသည့် အဖြေတစ်ခုကို မည်သူမှ မစဉ်းစားနိုင်ခဲ့ချေ။
ခဏအကြာတွင် တောင်ထိပ်ပေါ်သို့ အနက်ရောင်တိမ်တိုက် သက်ဆင်းလာခဲ့ပြီး ထိုထဲမှ ကွေ့ဇူနှင့် ရန်ကိုင် ထွက်လာခဲ့သည်။
ရန်ကိုင်မှန်း သေချာသွားပြီးနောက် အကုန်လုံး စိတ်ရှုပ်သွား၏။ ထို့နောက် ရန်ကိုင်ကိုကြည့်လိုက်၊ ကွေ့ဇူကို ကြည့်လိုက် လုပ်ကြလေသည်။ သို့သော် မကြာမီ ရန်ကိုင်နှင့် ကွေ့ဇူကြား သဘောတူညီချက် တစ်ခုလုပ်ထားသည်ကို သိလိုက်ရသဖြင့် အကုန်လုံး ပို၍ အံ့ဩသွားကြသည်။ လူအိုကြီး၏ ရန်ကိုင်အပေါ် သဘောထားသည်လည်း လုံးဝကို ပြောင်းလဲနေခဲ့ပြီ။
“တစ်ခုခုလိုရင် မေးသာမေးလိုက်။ မင်းလုပ်ရမယ့် ကိစ္စကိုတော့ မြန်မြန်ပြီးအောင်။ ငါထပ်ပြီးတော့ မစောင့်ချင်တော့ဘူး” ကွေ့ဇူက ပြောလိုက်သည်။
“မစောင့်ချင်ရင်တောင် စောင့်ရမှာပဲ” ရန်ကိုင်က ခေါင်းခါ၍ ပြန်ပြောသည် “ခင်ဗျားကျေးဇူးကြောင့်ပဲ ဒီတိုက်ကြီးနားက လေဟာနယ်တစ်ခုလုံး ပရမ်းပတာတွေ ဖြစ်နေပြီ။ အဲ့ဒါကြောင့်သာ မဟုတ်ရင် ခင်ဗျား ကျုပ်ကို ဖမ်းမိမှာ မဟုတ်ဘူး။ ကျုပ်ဘာသာ ဟင်းလင်းပြင်ထဲ အေးအေးဆေးဆေး နေနေလို့ရတယ်”
“ငါနဲ့ဘာဆိုင်လို့လဲ” ကွေ့ဇူက မကျေမနပ်ဖြင့် ပြန်ပြောသည်။
“အဲ့ဟင်းလင်းပြင်အစီအရင်က ခင်ဗျားဟာ မဟုတ်ဘူးလား…” ရန်ကိုင်က ဟင်းလင်းပြင်အစီအရင်ကို လက်ညိုးထိုးပြသည်။
ကွေ့ဇူ ရှက်သွားပြီး ဘာမှ ပြန်မပြောနိုင်တော့ချေ။
သူသည် လေဟာနယ်တာအိုတွင် ပါရမီမပါသော်ငြား လေဟာနယ် နိယာမများကို နှစ်တစ်ထောင်ကြာအောင် လေ့လာထားခဲ့သူ ဖြစ်သည်။ ထို့ကြောင့် တိုက်ကြီးအနီးပတ်လည်ရှိ လေဟာနယ် ပရမ်းပတာ ဖြစ်နေရခြင်းသည် မတည်ငြိမ်သော လေဟာနယ် လိုဏ်ခေါင်းကို ခဏခဏ ဖွင့်ခဲ့သည့်အတွက်ကြောင့် ဖြစ်မှန်း နားလည်ပေသည်။
“အခုလောလောဆယ် အဲ့အစီအရင်ကို သုံးတာ ခဏရပ်ထာပြီး လေဟာနယ်တစ်ခုလုံး ပြန်တည်ငြိမ်သွားတဲ့အထိ စောင့်ရမယ်။ အဲ့တော့မှပဲ သင့်လျော်တဲ့နည်းလမ်းကို ကျုပ်ရှာလို့ရမှာ” ရန်ကိုင်က ပြောသည်။
ကွေ့ဇူ စကားတစ်ခွန်းမျမပြောခဲ့။ သူ့လက်ကို ဝှေ့ရမ်း၍သာ ဟင်းလင်းပြင်အစီအရင်ကို ပိတ်ချလိုက်သည်။
“ဘယ်လောက်ကြာမှာလဲ” ကွေ့ဇူက စိတ်အားထက်သန်စွာဖြင့် မေးသည်။
“မသိဘူး” ရန်ကိုင်က ခေါင်းခါလိုက်ပြီး “လဝက်လည်း ဖြစ်နိုင်သလို လနဲ့လည်း ချီသွားနိုင်တယ်။ နှစ်နဲ့ချီတာတောင် ဖြစ်နိုင်သေးတယ်။ အတိအကျတော့ မပြောနိုင်ဘူး”
“ကောင်စုတ်လေး။ အချိန်ဆွဲဖို့ အကြောင်းပြချက် ရှာနေတာလား” ကွေ့ဇူက ရန်ကိုင်အား သင်္ကာမကင်း အမူအရာဖြင့် စိုက်ကြည့်၍ “ငါကျိန်ဆိုထားတာ မင်းငါနဲ့ ရိုးရိုးသားသား ပူးပေါင်းနေမှပဲ အသက်ဝင်တယ်ဆိုတာကို မမေ့နဲ့နော်။ တစ်ခုခု လာလှည့်စားဖို့ ကြိုးစားရင် ငါမင်းကို ညှာနေမှာမဟုတ်ဘူး”
“အချိန်ဆွဲပြီး ကျုပ်က ဘာလုပ်ရမှာလဲ။ ဒီမှာ နောက်ထပ် ဆယ်နှစ်လေ့ကျင့်မယ် ဆိုရင်တောင် ခင်ဗျားကို နိုင်မှာမှ မဟုတ်တာ” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်သည်။
“မင်းအကြောင်းမင်းသိရင် ပြီးရော” ကွေ့ဇူက ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်သည် “အခုလောလောဆယ် ဒီမှာနေနှင့်။ အဲ့ဖက်မှာ ငါတူးထားတဲ့ လိုဏ်ဂူတစ်လုံးရှိတယ်။ ဒီနေရာက မိုးမြေစွမ်းအင်က တိုက်ကြီးတစ်ခုလုံးမှာ အသိပ်သည်းဆုံးပဲ။ ဒါကြောင့် ကျင့်ကြံရတာမှာလည်း ပိုအဆင်ပြေသလို ဒီကိုလည်း အလွယ်လေး လာလို့ရတယ်။ မင်းတစ်ခုခု လိုတယ်ဆိုရင် ငါ့ကိုပြောလိုက်”
ပြောပြီးသည်နှင့် အားလုံး၏ မြင်ကွင်းမှ ကွေ့ဇူ ပျောက်ကွယ်သွားခဲ့လေသည်။ ထွက်သွားသည့်တိုင် ကွေ့ဇူသည် လျူကွေ့ချန်နှင့် ရွှယ့်ရှီတို့အား တစ်ချက်ပင် ကြည့်မသွားခဲ့ချေ။
ကွေ့ဇူ ထွက်သွားပြီးနောက် ရှန်တုက ရန်ကိုင်ဘေးသို့လာပြီး မေးလိုက်သည် “ဟျောင့်ရန်ကိုင်၊ ဘာတွေ ဖြစ်နေတာလဲ။ အဲ့စီနီယာနဲ့ မင်းက ဘယ်လိုလုပ်ပြီး အဆင်ပြေပြေ ရှိနေရတာလဲ… ပြီးတော့ အခုလေးတင်းပဲ ဟင်းလင်းပြင် အစီအရင်ထဲ မင်းပစ်ချခံလိုက်ရတာလေ။ ဘယ်လိုလုပ်ပြီး ဒီရောက်နေရတာလဲ”
ရှန်တု လုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့သည်။ သူသာလျှင်မဟုတ်၊ အခြားသူများလည်း ထိုနည်းလည်းကောင်းပင်။ ရန်ကိုင် ရှင်းပြမည်ဟု အကုန်လုံး မျှော်လင့်နေကြသည်။
“သူက ငါ့အကူအညီလိုတော့ ဒီလို ဖြစ်သွားရတာပေါ့။ အခု သူနဲ့ငါ သဘောတူညီချက်တစ်ခု လုပ်ထားတယ်” ရန်ကိုင်က အပေါ်ယံကြောသာ ရှပ်ရှင်းပြလိုက်သည်။
“မင်းဆီကနေ အကူအညီလိုတာလား” ရှန်တု မှင်သက်သွားသည်။
“နင့်မှာ ဘယ်လို အရည်အချင်းတွေ ရှိနေလို့ သူလိုလူကတောင် နင့်ဆီကနေ အကူအညီ လိုနေရတာလဲ” ရွှယ့်ရှီ မျက်မှောင်ကြုံနေခဲ့သည်။ ရန်ကိုင် ပြောသွားသည်ကို မယုံသည့်ပုံပင်။ ရန်ကိုင်သည် ရွှယ့်ရှီအား ကြည့်သာ လှမ်းကြည့်လိုက်ပြီး လေကုန်ခံ ရှင်းပြမနေခဲ့ချေ။
“ညီငယ်လေး…” လျူကွေ့ချန်က အသာအယာ ချောင်းဟန်၍ အပြုံးပန်းတို့ကို ဝေဝေဆာဆာ ဆင်မြန်းလျက် ပြောလိုက်သည် “ငါလို့ အခု ယာယီ လုံခြုံသွားပြီလို့ မင်းပြောချင်တာလား။ အဲ့စီနီယာက ငါတို့ကို ဟင်းလင်းပြင် အစီအရင်ထဲ မခုန်ချခိုင်းတော့ဘူးပေါ့”
“ဟုတ်တယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည် “ခင်ဗျားတို့က ဘယ်သူမှ အဲ့လေဟာနယ်လိုဏ်ခေါင်းထဲ ထပ်သွားစရာ မလိုတော့ဘူး”
“တကယ်လား” ဟဲမြောင်၏ မျက်ဝန်းလှလှလေးများ တလက်လက် တောက်ပသွားပြီး ပျော်ရွှင်အူမြူးစွာ ထခုန်တော့လေသည်။
“ဒါပေမယ့် ခင်ဗျားတို့ လုံခြုံမယ်၊ မလုံခြုံဘူး ဆိုတာကိုတော့ ကျုပ်မသိဘူးနော်” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် လျူကွေ့ချန်အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်သည်။
လျူကွေ့ချန် မျက်နှာထား ရုတ်ချည်း ပြောင်းလဲသွားသည်။ သူနှင့် ထိုလူငယ်လေးကြားတွင် ရန်ငြိုးရှိနေမှန်းကို ယခုမှပဲ သူပြန်အမှတ်ရလိုက်သည်။
ဤနေရာသို့ စရောက်စဉ်က ရန်ကိုင်၏ ကျင့်ကြံခြင်းအား ချိတ်ပိတ်ခဲ့သူမှာ သူဖြစ်သည်။ သူ့ကြောင့် ရန်ကိုင် အတော်လေး ဒုက္ခရောက်ခဲ့ရသည်။
ယခု ရန်ကိုင်နှင့် ကွေ့ဇူကြားတွင် သဘောတူညီချက်တစ်ခု ရှိနေခဲ့သည်။ ထို့ကြောင့် ရန်ကိုင်၏ အဆင့်အတန်းသည် ယခင်နှင့် မတူတော့ချေ။ သူ့တွင် လူအိုကြီး၏ ကျောထောက်နောက်ခံ ရှိနေပြီဖြစ်လေရာ ဤနေရာတွင် သူ့စိတ်ကြိုက် ပြုမူနိုင်တော့ပေမည်။
ထိုအချက်ကို နားလည်လိုက်သည်နှင့် လျူကွေ့ချန် ပျာသလဲလဲ ခတ်သွားခဲ့သည်။ ရန်ကိုင် ထပ်ပြောလာမည်ကိုပင် မစောင့်တော့ဘဲ အပြုံးကြီးပြုံးလျက် လက်သီးဆုပ်ကာ ပြောလိုက်သည် “ညီငယ်လေးရယ်၊ ဒီလျူက မမြင်တတ်လို့ အရင်က မင်းကို ပြဿနာရှာခဲ့မိတာပါ။ မင်းဘက်က သဘောကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်ကွာ”
ပီယ၏ မျက်နှာလေးလည်း သွေးဆုတ်ဖြူလျော်သွားသည်။ တုန်လှုပ်ခြောက်ခြားမှုတို့ ပြည့်နေသော မျက်ဝန်းအစုံဖြင့် အားတင်းဖျစ်ညစ်ပြုံးလျက် မိန်းမသားတို့၏ မာယာလှည့်ကွက်ကို စတင် ထုတ်သုံးတော့လေသည် “မောင်လေးရယ်၊ အစ်မ မှားသွားပါတယ်နော်။ မောင်ငယ်လေးကို အစကတည်းက လေးလေးစားစားနဲ့ ဆက်ဆံသင့်ခဲ့တာပါ။ ဒါပေမယ့် မောင်ငယ်လေးရယ်၊ မောင်လေးဘက်ပဲ သဘောထားကြီးပေးပြီး အတိတ်က ကိစ္စတွေကို လွှတ်ချလိုက်လို့ မရဘူးလားဟင်။ အခုကနေစပြီး မောင်လေး ပြောတာမှန်တသမျျကို အစ်မ နားထောင်ပေးပါ့မယ်။ မောင်လေး ဘာကိုပဲ တောင်းဆိုတောင်းဆို၊ အစ်မ ကျိန်းသေ ဖြည့်ဆည်းပေးပါ့မယ်”
သူမ၏ နောက်ဆုံးစကားထဲ မိန်းမသားတို့၏ မာယာလှည့်ကွက်တို့ ကိန်းအောင်းနေခဲ့သည်။ ယောကျ်ားမှန်လျှင် သူမ ဘာပြောချင်နေလဲ ဆိုသည်ကို ကျိန်းသေ နားလည်ပေလိမ့်မည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း (၁၀၁၇) လည်ချောင်းကွဲအောင် အော်နိုင်ရင်အော်
လက်ရှိတွင် ခရမ်းကြယ်မှ နှစ်ယောက်သည် အလွန်တရာကိုမှ နာခံနိမ့်ချနေခဲ့ကြသည်။ အခြေအနေကို သူတို့ ကောင်းကောင်း နားလည်ထားသည်လေ။ ရန်ကိုင်သည် သူတို့ အထင်သေး၍ ရသည့် ခွန်အားမဲ့သော လူငယ်လေးတစ်ယောက် မဟုတ်တော့။
ကွေ့ဇူသည် ရန်ကိုင်၏ အကူအညီကို လိုအပ်သည်မှာ အမှန် ဖြစ်သည်ဆိုပါက ရန်ကိုင်သည် သူတို့၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်လာနိုင်ပေလိမ့်မည်။
ရှန်တုမှာမူ စိတ်အားတက်သွားပြီး ရန်ကိုင်အား လေးစားမှု အပြည့်ဖြင့် ကြည့်လိုက်သည်။ အခြေအနေသည် ဤကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ချေ။ ပြောင်းလဲသွားသော အခြေအနေ၊ ပြောင်းလဲသွားသော လူများ၏ အမူအရာ၊ သဘောထားကိုကြည့်ရင်း ရှန်တု ကြိတ်ရယ်နေသည်။
ရန်ကိုင် မည်ကဲ့သို့ ပြန်ဖြေမည်ကိုလည်း သူအတော်လေး စိတ်ဝင်စားနေခဲ့သည်။
ရွှယ့်ရှီ၏ အမူအရာမှာလည်း အကြီးအကျယ် ပြောင်းလဲသွားရသည်။ ယခင်က သူမ၏ အထင်တသေး၊ မုန်းတီးစက်ဆုပ်သည့် အကြည့်သည် ထိတ်လန့်တုန်လှုပ်မှုတို့ ပြည့်နေသည့် အကြည့်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
လျူကွေ့ချန်သည် ရန်ကိုင်နှင့် ဆက်ဆံရေးမကောင်းချေ။ သို့တိုင် သူမသည်လည်း ရန်ကိုင်နှင့် ဆက်ဆံရေးကောင်းသည်မဟုတ်။
ဝေဝူ အသတ်ခံလိုက်ရပြီးနောက် လူမြင်ကွင်းရှေ့တွင် ထိုအကြွေးကို တစ်နေ့ပြန်ပေးဆပ်ရလိမ့်မည်ဟု ရန်ကိုင်အား မျက်နှာချင်းဆိုင်ကာ ပြောခဲ့သည်။ ရန်ကိုင်သည်လည်း သူမအား ပက်ပက်စက်စက်ကို ပြန်ပြောသည်။ သူ့စကားများကို ယခုထိတိုင် သူမ မှတ်မိနေဆဲ။ လောလောဆယ် ဘာဆက်လုပ်ရမှန်း မသိတော့ရာ ရွှယ့်ရှီ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေရသည်။
လက်ရှိ လူအုပ်ထဲရှိ အားအကောင်းဆုံး ပညာရှင်ကြီးနှစ်ယောက် စိတ်ဓါတ်ကျ တုန်လှုပ်နေကြပြီ။ ကျားဂူမှ လွတ်လာသော်ငြား နဂါးအသိုက်ထဲသို့ ရောက်ခဲ့ရသည်။ ရန်ကိုင်နှင့် ရင်ဆိုင်ရသည်မှာ လူအိုကြီး ကွေ့ဇူနှင့် ရင်ဆိုင်ရသည်ထက်ပင် ပို၍ ရင်ပူစရာ ကောင်းနေခဲ့သည်။
အနည်းဆုံး ကွေ့ဇူ၏ ရည်ရွယ်ချက်နှင့် နည်းလမ်းများကို နားလည်ထားပေသည်။ သို့သော် ရန်ကိုင်အကြောင်းကိုမူ သူတို့လုံးဝမသိ။ ရန်ကိုင်သည် မည်သို့သော လူစားမှန်းကိုလည်း သေချာနားမလည်။
ရန်ကိုင်သည် ငိုနေသည့်နှယ် အရုပ်ဆိုးလှသော အပြုံးများကို ဆင်မြန်ထားသည့် လျူကွေ့ချန်နှင့် ပီယတို့၏ မျက်နှာများကို ထူးမခြားနားဟန်ဖြင့် ကြည့်လိုက်သည်။ ထိုသို့ကြည့်နေရင်း သူ့ရင်ထဲ အထင်သေးစိတ်တို့ ထွက်ပေါ်လာခဲ့သည်။
မြစ်တစ်စင်းသည် အရှေ့ဘက်သို့ နှစ်သုံးဆယ် စီးဆင်းသလို အနောက်အရပ်သို့လည်း နှစ်သုံးဆယ်စီးဆင်းပေသည်။
လွန်ခဲ့သော တစ်နှစ်ခန့်၊ ဤနေရာသို့ ပြုတ်ကျလာခဲ့စဉ်က လျူကွေ့ချန်၏ လက်ထဲ ယုန်သူငယ်တစ်ကောင်နှယ် ဖမ်းဆီးခြင်းခံရပြီး ကျင့်ကြံခြင်း ချိတ်ပိတ်ခံခဲ့ရသည်။ လက်ရှိတွင်မူကား သူ့ကျင့်ကြံခြင်းအား ချိတ်ပိတ်ခဲ့သော လူသည် သူ့အား ဖားယားနေခဲ့လေသည်။
ထိုသို့ဖြစ်ရခြင်းမှာ သူ့တွင် ကွေ့ဇူဟူသော နောက်ခံ ရှိနေသောကြောင့်ပင် ဖြစ်လေသည်။
သူ့ရင်ထဲ မြိုသိပ်ထားခဲ့ရသော ဒေါသတို့ ပြေပျောက်အောင် ကွေ့ဇူကိုသုံးပြီး လျူကွေ့ချန်ကို သတ်ချင်ခဲ့သည်။ သို့သော် လက်ရှိတွင် ထိုသို့လုပ်ချင်စိတ်တို့ မရှိတော့ချေ။ အကြောင်းမှာ လျူကွေ့ချန်အား ကွေ့ဇူ သတ်လိုက်လျှင်ပင် သူပျော်မည် မဟုတ်သောကြောင့်ပင် ဖြစ်သည်။
တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် ရန်ကိုင်က ရုတ်တရက် ပြောလိုက်သည် “ခင်ဗျားတို့ ခရမ်းကြယ်က ဆေးပင်တွေ အများကြီး ခူးနိုင်ခဲ့တယ်ဆို၊ ဟုတ်လား”
ထိုမေးခွန်းကို ကြားကြားချင်း ကြောင်သွားခဲ့သော်လည်း ခပ်မြန်မြန်ပဲ ခေါင်းညိတ်လိုက်လေသည် “ဟုတ်တယ်။ ဒါပေမယ့် ထည့်စရာ သိုလှောင်မှော်ရတနာ မရှိလို့ ကောင်းကောင်း မထိန်းသိမ်းထားနိုင်ခဲ့ဘူး။ အခု အချို့ဆေးပင်တွေဆို ဆေးအာနိသင်တွေ လျော့နည်းကုန်ကြပြီ။ ဒါပေမယ့် အများကြီး လျော့သွားတာတော့ မဟုတ်ဘူး။ ညီငယ်လေးက ဆေးပညာရှင်လို့ ဒီလျူကြားမိတယ်၊ ဟုတ်လားမသိဘူး။ ဒီဆေးပင်တွေက ညီငယ်လေးရဲ့ လက်ထဲမှာပဲ အသုံးဝင်မှာ။ ကောင်းကင်က ပေးတဲ့လက်ဆောင်ကို အလဟဿမဖြစ်အောင် ဒီဆေးပင်တွေကို ညီငယ်လေး အမြန် သန့်စင်သင့်တယ်”
ရန်ကိုင်က ပြုံးဖြဲလိုက်ပြီး ကျေနပ်သွားသည့် အမူအရာဖြင့် ထပ်မေးလိုက်သည် “ခင်ဗျားရဲ့ သူတော်စင်သလင်းကျောက်ကော”
“အကုန်လုံးကို နေရာတစ်ခုမှာ သိမ်းထားတယ်။ ဒီနေရာရဲ့ မိုးမြေစွမ်းအင်က အရမ်းသိပ်သည်းတော့ သူတော်စင် သလင်းကျောက်တွေကို သုံးစရာမလိုဘူးလေ။ ညီငယ်လေး လိုချင်ရင် ယူလိုက်လေ။ ဒီလျူတို့အတွက်လည်း အသုံးဝင်တာမှ မဟုတ်တာ”
“ကောင်းတယ်။ ကောင်းတယ်။ ခင်ဗျားက ဘယ်လိုစကားပြောရမှန်း သိသားပဲ” ရန်ကိုင်က လျူကွေ့ချန်၏ ပခုံးကိုပုတ်ရင်း ခေါင်းတဆိတ်ဆတ် ညိတ်လိုက်သည်။ ထို့နောက် ရှန်တုဘက်သို့ လှည့်၍ “သူတိုနဲ့လိုက်သွားပြီး အဲ့ဆေးပင်တွေကို ယူလာခဲ့”
“နားလည်ပြီ” ရှန်တု ခန္ဓာကိုယ် တစ်ချက် တုန်သွားပြီး ချက်ချင်း ခါးကိုဆန့်၊ ရင်ကိုကော့လိုက်သည်။
“ဒီကိစ္စက နှောင့်နှေးနေရင် မကောင်ဘူး။ အခုပဲ သွားကြတာပေါ့” လျူကွေ့ချန်က ရှက်ရှက်ဖြင့် ပြုံးလိုက်သည်။ ရန်ကိုင် သူ့အား ပြဿနာ ထပ်မရှာခင် ဤနေရာမှ မြန်မြန် ထွက်သွားရပေမည်။
ပြောပြီးသည်နှင့် ရန်ကိုင်အား နှုတ်ဆက်၍ ရှန်တုနှင့်အတူ အလျင်အမြန် ထွက်သွားလေသည်။ ရန်ကိုင်အား အရှက်မရှိ ဖားဖားယားယား လုပ်နေသော လျူကွေ့ချန်ကို ရွှယ့်ရှီ အထင်သေးသွားခဲ့သည်။
သူမသည် လျူကွေ့ချန်နှင့် နှစ်ပေါင်းများစွာကြာအောင် ရင်ဆိုင်တိုက်ခိုက်လာခဲ့သူ ဖြစ်သည်။ လျူကွေ့ချန်၏ စွမ်းအားသည် သူမအောက် မကျမှန်း ရွှယ့်ရှိသည်။ သို့တိုင် ထိုလူ၏ အရှက်မရှိ၊ သွေးကြောင်သည့် အပြုအမူကို မြင်ပြီးနောက် ရွှယ့်ရှီ စိတ်တိုသွားသလို စိတ်လည်း ပျက်မိသွားသည်။
မူလက စိတ်ညစ်နေပါသည်ဆိုမှ လျူကွေ့ချန်၏ အပြုအမူကြောင့် ပို၍ပင် စိတ်ညစ်သွားခဲ့ရသည်။
“ခင်ဗျားကတော့…” ရန်ကိုင်က ရုတ်တရက် ရွှယ့်ရှီဘက်သို့ လှည့်လိုက်သည်။ ထို့နောက် ထူးထူးဆန်းဆန်း ပြုံးလျက် ရွှယ့်ရှီ၏ မို့မောက်သောရင်စုံ၊ သေးကျဉ်သောခါးနှင့် သွယ်လျသော ခြေတံရှည်များကို စိုက်ကြည့်လိုက်သည်။ တဏှာရိပ်တို့ သူ့မျက်ဝန်းထဲ တစ်ချက်လက်သွားခဲ့လေသည်။
ရွှယ့်ရှီသည် ဟဲမြောင်နှင့် ဟဲကျောင်တို့၏ ဆရာဖြစ်သော်ငြား သူမသည် အတော့်ကိုမှ အသက်ကြီးသည်။ သို့တိုင် သူမ၏ နက်နဲသော ကျင့်ကြံခြင်းကြောင့် အချိန်၏ တိုက်စားမှုသည် သူမအသားအရေထက် အရေးအကြောင်းတစ်ခုပင် ထင်အောင် မလုပ်နိုင်ခဲ့ချေ။
ရွှယ့်ရှီသည် အရွယ်ရောက် ရင့်ကျက်ပြီးဖြစ်သော ချိုမြိန်၍ အရသာရှိလှသည့် အရည်ရွှမ်းအသီးမှည့် တစ်လုံးနှင့် တူလှသည်။
‘ဒီမိန်းမက သူ့တပည့်နှစ်ယောက်ထက်တောင် ပိုလန်းပါလား’ ဟုတွေးရင် ရွှယ့်ရှီကို ချီးကျူးမိလိုက်သည်။
ရန်ကိုင်သည် ရွှယ့်ရှီအား မသိမသာ ခိုးကြည့်နေခြင်းမဟုတ်။ ပြောင်ပြောင်တင်းတင်းကို တဏှာအကြည့်ဖြင့် စိုက်ကြည့်နေခြင်း ဖြစ်သည်။
ရန်ကိုင်၏ အကြည့်ကြောင့် သူမတွင် ဘာအဝတ်အစားမှ မရှိတော့ဘဲ ကိုယ်လုံးတီးနှင့် ရပ်နေရသလို ရွှယ့်ရှီ ခံစားလာရသည်။ ရှက်ရွံ့စိတ်ကြောင့် အရှက်ခွဲခံရသလို ခံလိုက်ရကာ သူမတစ်ကိုယ်လုံး ဒေါသတကြောင့် တဆတ်ဆတ် တုန်ရီလာခဲ့လေသည်။ ထို့ကြောင့် ချက်ချင်းပဲ ထအော်တော့သည် “နင်ဘာလုပ်ချင်တာလဲ။ ငါတို့ ဆေးပင်တွေနဲ့ သူတော်စင် သလင်းကျောက်တွေကို ယူချင်ယူသွားလိုက်။ ဒါပေမယ့် လျူကွေ့ချန်ကို အောက်ကျနောက်ကျ လိုက်လုပ်ပေးမယ်လို့တော့ မထင်လိုက်နဲ့”
“ခင်ဗျားက သတ္တိရှိသားပဲ” ရန်ကိုင်က ပြန်၍ လှောင်ပြောင်သည် “ဟဲကျောင်နဲ့ဟဲမြောင်ရဲ့ ဆရာဖြစ်နေလို့ဆိုပြီး ကျုပ်က ကြင်နာလိမ့်မယ်လို့ မထင်နဲ့။ ကျုပ်အတွက်တော့ ခင်ဗျားဆိုတာ ခရမ်းကြယ်ကလူတွေနဲ့ ဘာမှမကွာဘူး။ စီနီယာကွေ့ဇူရဲ့ စည်းမျဉ်းတွေကြောင့်သာ မဟုတ်ရင် ကျုပ်လည်း ခင်ဗျားတို့ လူတွေသတ်လို့ သေလောက်ပြီ”
“နင်လို့လူတစ်ယောက် သေသွားတာ ဒီလောကကြီးတောင် ပိုပြီး သန့်စင်သွားဦးမယ်” ရွှယ့်ရှီက အေးစက်စက် ပြုံးလိုက်သည်။
“ကျုပ်လိုလူတစ်ယောက်လား။ ခင်ဗျားနဲ့ ကျုပ်သိလို့လား။ ကျုပ်ကို ဘာကောင်ဆိုပြီး ခင်ဗျားမှာ ပြောခွင့်ရှိလို့လား။ ခင်ဗျား တပည့်နှစ်ယောက်ကို ကျုပ်ကယ်ခဲ့တယ်။ ဒါပေမယ့် ခင်ဗျားက ကျုပ်ကို ကျေးဇူးမတင်တဲ့အပြင်ကို ကျုပ်က မကောင်းတာ တစ်ခုခုကြံနေတယ်ဆိုပြီး သံသယတောင် ဝင်လိုက်သေးတယ်။ ပြီးတော့ လက်ဆောင်ပေးထားတယ်ဆိုတဲ့ လက်စွပ်ကိုတောင် ပြန်ယူသွားသေးတယ်။ အဲ့ကိစ္စတွေကို အားလုံးကို ကျုပ်လျစ်လျူရှုပေးလို့ရတယ်။ ဒါပေမယ့် ဝေဝူ ကျုပ်ကို လာသတ်တုန်းက သူ့ဘာသာ အားနည်းလို့ ပြန်အသတ်ခံရတာကို အဲ့ကိစ္စကို သေချာစစ်ဆေးမယ် မစဉ်းစားဘူး။ ကျုပ်ကို ပြန်သတ်ပြီး လက်စားချေမယ်ဆိုချည်းပဲ။ ကျုပ်ဘယ်လို လူစားမျိုးလဲ၊ ခင်ဗျားတပည့် ဝေဝူ ဘယ်လို လူစားမျိုးလဲဆိုတာကို ခင်ဗျားတပည့်နှစ်ယောက်ကို ဘာလို့ သွားမမေးတာလဲ” ရန်ကိုင်က ဒေါသတကြီး ပြန်အော်သည်။
“နင်ဘာပြောချင်နေတာလဲ” ရွှယ့်ရှီ မျက်မှောင်ကြုံ့သွားခဲ့ပြီး ရန်ကိုင်အား မယုံသင်္ကာဖြင့် စိုက်ကြည့်လိုက်သည်။
“ပီယ” ရန်ကိုင်က လှမ်းအော်ခေါ်လိုက်သည်။
“မောင်ငယ်လေး ဘာလိုချင်လို့လဲ” ပီယက အားတင်းပြုံးလျက် မေးလိုက်သည်။
“နင်က ခရမ်းကြယ်ကလူဆိုတော့ ဟဲမြောင်နဲ့ ဟဲကျောင်တို့ သေခြင်းတရားချောက်နက်နားမှာ ရှိနေမှန်း ဘယ်လို သိတာလဲ ဆိုတာကို နင်ပဲ ရှင်းပြလိုက်ပေတော့” ရန်ကိုင်က ရွှယ့်ရှီအား စူးစူးရဲရဲ စိုက်ကြည့်နေရင်း ပီယအား အမိန့်ပေးလိုက်သည်။
ရွှယ့်ရှီ ပီယဆီ လှည့်ကြည့်လိုက်သည်။
ရန်ကိုင်က အမှန်တရားကို သိနေပြီးဖြစ်မှန်း ပီယလည်း ဘာကိုမှ ဖုံးကွယ်မထားတော့ဘဲ အလျင်အမြန်ပဲ ပြောလိုက်လေသည် “ကြယ်ဂိုဏ်းအမိန့်ပြားကို သယ်ဆောင်လာတဲ့ လူတွေ သေခြင်းတရား ချောက်နက်နားမှာရှိနေတယ်ဆိုပြီး ဓါးအဖွဲ့အစည်းက လူတစ်ယောက်က သတင်းပေးလာတာ။ အဲ့သတင်းကြောင့်သာ မဟုတ်ရင် ဒီညီအစ်မနှစ်ယောက်ကို ဘယ်တော့မှ ရှာတွေ့ခဲ့မှာ မဟုတ်ဘူး”
ရွှယ့်ရှီ ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ရီသွားခဲ့ပြီး သူမ မျက်လုံးလှလှလေးထဲ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်သွားခဲ့သည်။
“ဆရာ၊ ကျွန်မတို့ ဆက်မပြေးဘဲ ရပ်လိုက်ရတဲ့ အကြောင်းအရင်းက စီနီယာအစ်ကိုဝူဝေက ဆက်မပြေးဘဲ ဆရာလာခေါ်မှာကို စောင့်လို့ပြောထားလို့ပါ” ဟဲကျောင်က ရွှယ့်ရှီအား ပြောလိုက်သည်။
“ငါဘယ်တုန်းကမှ အဲ့လိုမျိုး မပြောခဲ့ဘူး” ရွှယ့်ရှီ ခေါင်းခါလိုက်သည်။ သူမ မျက်နှာသည် ချက်ချင်းဆိုသလို ဖြူလျော်သွားခဲ့လေသည်။ သူမ ကြားလိုက်ရသည့် စကားကို တကယ် မယုံနိုင် ဖြစ်နေခဲ့လေသည်။
“ရှင့်ဆီ သတင်းပေးတာ ဘယ်သူလဲ” ဟဲကျောင်က ပီယအား လှမ်းမေးသည်။
ပီယက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “မသိဘူး။ စီနီယာလျူပဲ သိတယ်။ သူပြန်လာရင် မေးကြည့်လိုက်ပေါ့”
ရွှယ့်ရှီက တွေဝေမှင်သက်နေသည့် အမူအရာဖြင့် ရေရွတ်လိုက်သည် “မဖြစ်နိုင်ဘူး။ ဝူဝေက အဲ့လိုလူမျိုး မဟုတ်ဘူး… သူက ငယ်ငယ်လေးကတည်းက ငါနဲ့အတူ ကြီးလာခဲ့တာ။ သူဘယ်လိုမှ ဒီလို လုပ်မှာမဟုတ်ဘူး”
ပြောနေရင်း ရန်ကိုင်အား ရုတ်တရက် လှည့်ကြည့်၍ အော်ပြောလိုက်လေသည် “နင်ပဲဖြစ်ရမယ်။ ဒီမိန်းမပျက်မနဲ့ ပေါင်းပြီး ဝေဝူကို အပုပ်ချဖို့ နင်ကြိုးစားနေတာပဲ ဖြစ်ရမယ်”
“ခင်ဗျားက တကယ်ကို ဆေးမမှီတော့ဘူးပဲ” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီးနောက် ရုတ်တရက် ကြမ်ုးကြုတ်စွာ ပြုံးလျက် “အဲ့နေ့တုန်းက ခင်ဗျားကို ကျုပ်ဘာပြောခဲ့လဲ မှတ်မိသေးလား”
ထိုစကားကို ကြားလိုက်သည့်အခိုက် ရွှယ့်ရှီမျက်နှာ သွေးဆုတ် ဖြူလျော်သွားပြီး ချက်ချင်းဆိုသလို တုန်လှုပ်ခြောက်ခြား သွားခဲ့လေသည်။
ထိုစဉ်က ရန်ကိုင် ပြောခဲ့သည့်စကားကို သူမ ဘယ်မေ့ပါ့မလဲ။ ထိုစကားလုံးများသည် သူမတစ်သက်တာ ကြားခဲ့ဖူးသည့် စကားလုံးများအနက် အရိုင်းစိုင်းဆုံး စကားလုံးများ ဖြစ်သည် မဟုတ်ပေလော။ ထိုအကြောင်းကို ပြန်တွေးလိုက်တိုင်း ရန်ကိုင်အား နုတ်နုတ်စင်းပစ်ချင်စိတ်တို့ ပေါ်လာခဲ့သည်။
“ခင်ဗျားလို့ အိတ်အိုကြီးကို ကျုပ်စိတ်မဝင်စားဘူး” ရန်ကိုင်က သူ့နှုတ်ခမ်းကိုကွေးလျက် ချိုးချိုးဖဲ့ဖဲ့ ပြောလိုက်သည် “ခင်ဗျားလို လူမျိုးက တစ်သက်လုံး လက်မထပ်ဘဲ အပျိုကြီးပဲ လုပ်သွားသင့်တာ”
ရန်ကိုင်စကားကို ကြားလိုက်သည့်အချိန်တွင် ဟဲကျောင်နှင့် ဟဲမြောင်တို့ နှစ်ယောက်စလုံး ဒေါသတကြီး မျက်မှောင်ကြုံ့လျက် ရန်ကိုင်အား စိုက်ကြည့်လိုက်သည်။ ပီယကမူ ဘေးမှရပ်လျက် တခစ်ခစ် ရယ်မောနေခဲ့သည်။
“ကျုပ်ကို ဒေါသထွက်အောင်လုပ်လို့ ခင်ဗျား ခံရမှာမဟုတ်ဘူး။ ခင်ဗျားရဲ့ တပည့်နှစ်ယောက်ပဲ ခင်ဗျား လုပ်ခဲ့တဲ့အရာအတွက် ပြန်ပေးဆပ်ရမှာ။ သူတို့ရဲ့ နူးနူးညံ့ညံ့ အသားလေးတွေက တကယ်ကို စားချင်စရာကြီး”
“နင်ဘာလုပ်ချင်နေတာလဲ” ရွှယ့်ရှီ ဒေါသပုန်ထသွားခဲ့ပြီး ချက်ချင်း ဟဲကျောင်နှင့်ဟဲမြောင်တို့ရှေ့ ပိတ်ကာလိုက်ကာ ရန်ကိုင်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
“ကျုပ်ဘာလုပ်ချင်တယ်ဆိုတာကို ခင်ဗျား သိနေပြီပဲ မဟုတ်ဘူးလား” ရန်ကိုင်က ကြမ်းကြုတ်စွာပြုံးလိုက်ပြီး ကွေ့ဇူဆီ ကောင်းကင်စိတ်အာရုံဖြင့် စကားလှမ်းပြောလိုက်သည်။
ချက်ချင်းဆိုသလို အနက်ရောင်အမျှင်တန်းတစ်ခု ရွှယ့်ရှီ ဘေးတွင်ပေါ်လာပြီး ရွှယ့်ရှီတစ်ကိုယ်လုံးကို လှုပ်မရအောင် ရစ်ပတ်ပစ်လိုက်လေသည်။ ထို့နောက် နောက်ထပ် အနက်ရောင် အမျှင်တန်းနှစ်ခု ပေါ်လာပြီး ဟဲကျောင်နှင့် ဟဲမြောင်တို့အား ရစ်ပတ်သွားလေသည်။
ဟဲမြောင် အလန့်တကြား ထအော်လေသည်။
ရန်ကိုင်သည် အားလုံး၏ အကြည့်များကို လျစ်လျူရှူလျက် ဟဲကျောင်နှင့် ဟဲမြောင်အား ပခုံးမှကိုင်လိုက်သည်။ ထို့နောက် ရွှယ့်ရှီရှေ့ တစ်ချက်ရပ်လိုက်ပြီး တောင်လိုဏ်ဂူထဲသို့ မြောက်ကြွမြောက်ကြွဖြင့် လမ်းလျှောက်ဝင်သွားလေသည်။
“နင်နတ်ဆိုးကောင်။ ဟဲမြောင်နဲ့ ဟဲကျောင်ကို လွှတ်လိုက်စမ်း။ သူတို့ ဆံပင်မွှေးတစ်ချောင်းကိုတောင် ထိရဲထိကြည့်။ နင်အသေဆိုးနဲ့ သေရအောင်ငါလုပ်ပြမယ်” ရန်ကိုင်က သူမ၏ တပည့်နှစ်ယောက်အား ခေါ်သွားသည်ကိုမြင်သော် ရွှယ့်ရှီ သွေးရူးသွေးတန်းဖြင့် ထအော်တော့လေသည်။ အနက်ရောင် အမျှင်တန်းမှ လွတ်အောင်လည်း အသည်းအသန် ရုန်းတော့လေသည်။
သို့သော်လည်း ကွေ့ဇူ၏ချုပ်နှောင်မှုမှ သူမ မည်ကဲ့သို့ လွတ်မြောက်နိုင်မည်နည်း။
“အော်၊ အော်စမ်း။ ပိုပြီး ကျယ်ကျယ်သာအော်၊ လည်ချောင်းကွဲအောင်သာ အော်နေလိုက်။ ဘယ်သူမှ ခင်ဗျားကို ဂရုစိုက်မှာမဟုတ်ဘူး” ရန်ကိုင်က သူမ၏ ခြိမ်းခြောက်စကားကို လျစ်လျူရှု၍ ပြန်၍ပင် လှောင်ပြောင်လိုက်သည်။
“ကောင်စုတ်လေး၊ နင်ဘယ်လိုလုပ်ပြီး လုပ်ရက်တာလဲ” ရွှယ့်ရှီက ယူကြုံးမရဖြစ်စွာ အော်ဟစ်လိုက်သည်။ သူမ၏ မျက်ဝန်း လှလှလေးများသည် ငြိမ်းသတ်မရနိုင်သော အလျှံညီးညီး တောက်လောင်နေသော အမုန်းတရား မီးတောက်တို့ဖြင့် လောင်ကျွမ်းနေခဲ့လေပြီ။ အနည်းဆုံး ရန်ကိုင်သည် သူမအား တောင်လိုဏ်ဂူထဲသို့ ဆွဲခေါ်သွားပြီး မုဒိန်းကျင့်မည့်ပေါ့။ သို့သော်လည်း သူမအစား သူမ၏ တပည့်နှစ်ယောက်အား ခေါ်သွားလိမ့်မည်ဟု မည်ကဲ့သို့ ထင်ခဲ့ပါမည်နည်း။
သူမသာ ဆွဲခေါ်သွားခံရလျှင် ရန်ကိုင်ကိုသာ မုန်းတီးစိတ် ဖြစ်မည်မိဖြစ်သည်။ သူမတပည့်နှစ်ယောက်အပေါ် အပြစ်မကင်းစိတ် ခံစားရတော့မည်မဟုတ်။ ယခုတွင်မူ သူမကြောင့် သူမတပည့်နှစ်ယောက် ဒုက္ခရောက်ရလေပြီ။
“ဒါက ကျုပ်ကို ရန်စတဲ့လူတွေရဲ့ ကံကြမ္မာပဲ” ရန်ကိုင်က ခေါင်းကိုမော့လျက် အထက်စီးဖြင့် ပြန်လှည့်ပြောသည်။ ထို့နောက် တောင်လိုဏ်ဂူထဲ ပျောက်ကွယ်သွားလေသည်။
ရွှယ့်ရှီသည် ရန်ကိုင်အား အဆက်မပြတ် အော်ဟစ်၊ ကျိန်ဆဲနေခဲ့သည်။ ပျောက်ကွယ်သွားသော ရန်ကိုင်၏ ကျောပြင်ကိုကြည့်ရင်း ခရမ်းကြယ်နှင့် ဓါးအဖွဲ့အစည်းမှ ကျင့်ကြံသူများ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရသည်။
ပီယပင်လျှင် တုန်ရင်နေခဲ့သည်။ ရန်ကိုင် မည်မျှ ရက်စက်သည်ကို မြင်ပြီးနောက် ထိုလူငယ်လေးအား အထင်သေးမိသွားပြီဖြစ်မှန်း ပီယ နားလည်လိုက်သည်။
ရန်ကိုင်သည် သွေးအေးပြီး အကြင်အနာတရားမရှိသော နတ်ဆိုးတစ်ကောင်ဖြစ်သည်။ ရန်ကိုင်နှင့်ယှဉ်လျှင် သူမသည် ရက်စက်သော သူတော်စင်မတစ်ပါးသာ ဖြစ်ပေသည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း (၁၀၁၈) အစေခံလား၊ ကျွန်လား
ကွေ့ဇူ ဖန်တီးထားသော လိုဏ်ဂူထဲတွင် ကျောက်တုံးခန်းပေါင်း များစွာရှိနေခဲ့သည်။ အခန်းတိုင်းသည် ရှုပ်ယှတ်ခတ်နေလေရာ ထိုအမှိုက်ထုတ်များကို မည်သည့်နေရာမှ ကွေ့ဇူ ရှာတွေ့လာသလဲ ရန်ကိုင် မတွေးမိဘဲ မနေအောင် ဖြစ်သွားခဲ့သည်။
ကျောက်တုံးခန်းတိုင်းထဲတွင် အလင်းရောင် ထုတ်လွှတ်နေသော ကျောက်တုံးများရှိနေသဖြင့် နေရာင်မရသည့်တိုင် လင်းနေခဲ့သည်။ ဤတောင်ထွတ်သည် တိုက်ကြီးတစ်ခုလုံး၏ အလယ်ဗဟို ဖြစ်ပုံရသည်။ တော်ငအတွင်းပိုင်းထဲတွင် အရပ်ရပ်သို့ ဖြာထွက်နေသော စိတ်ဝိဥာဉ်အစီအရင်ကြီးတစ်ခု ရှိနေခဲ့ပြီး သိပ်သည်းလှသော မိုးမြေစွမ်းအင်များသည် ထိုနေရာသို့ စီးဝင်နေခဲ့သည်။
ရန်ကိုင် ဖန်တီးထားသော လိုဏ်ဂူသည် ကွေ့ဇူ ဖန်ထီးထားသည့် လိုဏ်ဂူနှင့် ယှဉ်လိုက်လျှင် ကလေးကစားစရာ ဖြစ်နေခဲ့သည်။ အခန်းတိုင်းကို ဖြတ်သန်း၍ စီးဆင်းနေသော စမ်းချောင်းလေး တစ်စင်းလည်း ရှိသေးသည်။ ထိုစမ်းချောင်းထဲရှိ ရေများထဲ သိပ်သည်းလှသော မိုးမြေစွမ်းအင်များ ပါဝင်နေလေရာ သောက်သုံးလိုက်သူ ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းကို တိုးတက်စေနိုင်ပေသည်။
ရန်ကိုင်သည် ဟဲကျောင်နှင့် ဟဲမြောင်ကို ခေါ်၍ တောင်ထဲသို့ ဝင်သွားလိုက်သည်။ အထဲသို့ ရောက်သည့်နှင့် ကောင်းကင် စိတ်အာရုံကို ထုတ်လွှတ်၍ စစ်ဆေးကြည့်လိုက်ရာ မြင်လိုက်ရသည့် အရာကြောင့် အံ့အားသင့်သွားခဲ့လေသည်။ ကွေ့ဇူ ဤနေရာကို ရွေးထားသည်မှာ အထူးအဆန်းမဟုတ်။ ဤနေရာ၏ ပတ်ဝန်းကျင်သည် အလွန်ကိုမှ အံ့ဩစရာ ကောင်းနေလေသည်ကိုး။
ပုံမှန်မဟုတ်သော စမ်းချောင်းလေးကိုသည်း သူသတိပြုမိသည်။ ပခုံးပေါ်တွင် ထပ်ပိုးထားခြင်းခံရသော ဟဲကျောင်သည် အေးအေးဆေးဆေးသာ ရှိနေသော်ငြား ဟဲမြောင်မှာမူ ရန်ကိုင် သူမတို့အား မည်ကဲ့သို့သော ရှက်ဖွယ်အတိကောင်းသည့် အရာများ လုပ်တော့မှာလဲဟု တွေးတောရင်း တုန်ရင်နေခဲ့သည်။
ရွှယ့်ရှီ၏ သွေးရူးသွေးတန်း အော်ဟစ်ဆဲဆိုသံများကို သူမတို့ ကြားနေရသည်။ သို့သော် မည်သူမှ ရွှယ့်ရှီကို ဂရုမစိုက်ကြချေ။ ခဏကြာ လျှောက်ကြည့်ပြီးနောက် မြင်ရာ ကျောက်တုံးခန်း တစ်ခန်းကိုရွေး၍ အထဲသို့ ဝင်သွားလိုက်ပြီး ဟဲကျောင်နှင့် ဟဲမြောင်ကို အောက်ချပေးလိုက်သည်။
ဟဲမြောင်သည် ကြောက်ရွံ့နေသော ယုန်လေးတစ်ကောင်ပမာ သူမ၏ အစ်မကြီးနောက်သို့ ချက်ချင်း ပြေးဝင်ပုန်းပြီး အင်္ကျီကို ခပ်တင်းတင်းဆုပ်ကိုင်လျက် တုန်တုန်ရင်ရင်ဖြင့် မေးလိုက်သည် “နင်ဘာလုပ်နေတာလဲ။ နင်ငါတို့ကို ဘာလုပ်မှာလဲ”
“နင်ဘယ်လိုထင်လဲ” ရန်ကိုင်က မိစ္ဆာဆန်ဆန် ပြုံးလိုက်သည်။
ရန်ကိုင် အပြုံးကိုမြင်ပြီးနောက် ဟဲမြောင် ပို၍ ကြောက်ရွံ့သွားခဲ့သည်။
“စမနေတော့နဲ့” ဟဲကျောင်က ရန်ကိုင်အား ထူးမခြားနားဟန်ဖြင့် ကြည့်လိုက်ပြီး မျက်မှောင်ကြုံ့လျက် “ဒါက နင့်အတွက် ပျော်ဖို့ကောင်းလို့လား။ ဆရာနဲ့ နင့်ကြားမှ မကျေနပ်ချက်တွေ ရှိရင်တောင်မှ သူ့ကို ဒီလို မနှိပ်စက်သင့်ဘူးလေ။ ဒီလိုလုပ်တာက… အရမ်း ရက်စက်လွန်းတယ်”
“ရက်စက်တာလား” ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်လေသည် “နင်တို့ဆရာ ဘယ်လို လူစားမျိုးလဲ ဆိုတာကို သူတို့တပည့်ဖြစ်တဲ့ နင်တို့ ကောင်းကောင်းသိမှာပေါ့။ နင်တို့ မသိဘူးလို့တော့ ငါ့ကို လာမပြောနဲ့နော်”
ဟဲကျောင် မျက်မှောင်ကြုံ့သွားခဲ့ပြီး သက်ပြင်းယဲ့ယဲ့လေး ချလျက် “ဆရာက တစ်ခါတစ်ရံကျ အရမ်းကို ခေါင်းမားလွန်းတယ်။ သူမှားနေမှန်း သိရင်တောင် ဝန်မခံတတ်ဘူး။ အရင်အကြိမ်တုန်းကလည်း နင့်ကို ပြဿနာမရှာဘဲ ငါတို့ ကယ်ပေးတဲ့အတွက် နင့်ကို ကျေးဇူးတောင် တင့်သင့်မှန်း သူသိတယ်။ ဒါပေမယ့် သူမလုပ်နိုင်ခဲ့ဘူး”
“သူမလုပ်နိုင်တာ မဟုတ်ဘူး။ ငါ့ခွန်အားက နိမ့်ကျနေတော့ ငါ့ကို မျက်လုံးထဲမထည့်တာ။ ကွေ့ဇူသာ ဖြစ်ကြည့်ပါလား၊ အခြေအနေက တစ်မျိုးပြောင်းသွားမှာ” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။
“ဆရာက လူဆိုးမဟုတ်ဘူး။ သူက…”
“ထပ်ပြောမနေတော့နဲ့။ ငါ့ကို သတ်မယ်လို့ လုပ်ပြီးမှတော့ တန်ဖိုးတစ်ခုကို ကျိန်းသေ ပြန်ဆပ်ရမှာပေါ့။ အခုကစနေပြီး သူသေမယ်၊ ရှင်မယ်ဆိုရင် သူ့အပြုအမူပေါ်မှာပဲ မူတည်သွားလိမ့်မယ်”
ဟဲကျောင်၏ ခန္ဓာကိုယ် တသိမ့်သိမ့် တုန်ရင်သွားခဲ့ပြီး ရန်ကိုင်အား စိုးရိမ်တကြီး စိုက်ကြည့်လိုက်ကာ “နင်ဆရာ့ကို သတ်ချင်နေတာလား”
“သူ့အပေါ်မှာပဲ မူတည်တယ်။ ငါ့ကို ဒီလောက်အထိ သတ်ချင်နေတဲ့ လူတစ်ယောက်ကို ငါဘယ်တော့မှ အရှင်ထားလေ့မရှိဘူး” ရန်ကိုင်က ခပ်ပြတ်ပြတ်သာ ပြန်ပြောလေသည် “သူက နင်ဆို့ဆရာ ဖြစ်နေရင်တောင် ငါကတော့ ချွင်းချက်ပေးမှာ မဟုတ်ဘူး။ နင်တို့ဆရာကို သတ်လိုက်လို့ ငါ့ကို လက်စားပြန်ချေမယ် ဆိုရင်တောင် ဘာမှမဖြစ်ဘူး။ ဒါပေမယ့် ငါ့ဘက်ကလည်း သနားနေမှာ မဟုတ်ဘူး”
“ဒါကြောင်ပဲ အခု ငါတို့ကို အရှက်ခွဲနေတာမလား” ဟဲကျောင်က ခါးခါးသီးသီး ပြုံးလိုက်သည်။
“ဒါကြောင့်ပဲ ငါနင့်ကိုဒီနေရာဆီ ခေါ်လာခဲ့တာ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ကွေ့ဇူအား ကောင်းကင်စိတ်အာရုံဖြင့် လှမ်းပြောလိုက်သည်။
ခဏအကြာတွင် ဟဲကျောင်နှင့် ဟဲကျောင်တို့အား ရစ်ပတ်ထားသော မိစ္ဆာစွမ်းအင် အမျှင်တန်း ပျောက်ကွယ်သွားခဲ့ပြီး ညီအစ်မနှစ်ယောက်လည်း တစ်ဖန် ပြန်လွတ်လပ်သွားခဲ့သည်။
“နေရာရှာပြီး ကျင့်ကြံနေလိုက်။ အခုလောလောဆယ် အပြင်ထွက်ဖို့ မစဉ်းစားနဲ့ဦး။ ထွက်ချင်ရင်တောင် ထွက်လို့ ရမှာမဟုတ်ဘူး” ရန်ကိုင်က အမိန့်ပေးလိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။
ရန်ကိုင် ထွက်သွားတော့မှပဲ ဟဲမြောင်က ဟဲကျောင်နောက်မှ ခေါင်းလေး ပြူထွက်လာခဲ့လေသည်။ ထို့နောက် သူမရင်ဘတ်ကို ပုတ်ရင်း သက်ပြင်းချလိုက်ပြီး “အစ်မရယ်၊ ငါ့မှာတော့ သူငါတို့ကို တကယ်လုပ်တော့မယ်ထင်ပြီး သေမတတ် ကြောက်နေခဲ့တာ…”
ဟဲကျောင်က ပြုံး၍ ပြန်မေးလေသည် “သူဘာလုပ်မယ်လို့ နင်ထင်လဲ”
ဟဲမြောင်မျက်နှာ နီမြန်းသွားခဲ့ပြီး ဟဲကျောင်နောက် ချက်ချင်း ပြန်ပုန်းလေသည်။
“သူက အဲ့လိုလူမျိုးမဟုတ်ဘူး။ ငါတို့ကို ဒီနေရာဆီ ခေါ်လာတယ် ဆိုတာ ဆရာ့ကို အပြစ်ပေးချင်တာရယ်။ ငါတို့ ကောင်းကျိုး အတွက်ရယ်”
“ကျွန်မတို့ ကောင်းကျိုးအတွက်လား” ဟဲမြောင် အံ့ဩသွားသည်။
“ကွေ့ဇူ သူ့ကို လေဟာနယ်လိုဏ်ခေါင်းထဲ ပစ်ချဖို့ လုပ်တုန်းက ငါတို့သူ့ဘက်ကနေ ဝင်ကူပြောပေးခဲ့တယ်လေ” ဟဲကျောင်က တောက်ပစွာပြုံးလျက် ဆက်ပြောသည် “သူက ကျေးဇူးတရားနဲ့ ရန်ငြိုးကို ကောင်းကောင်း ခွဲခြားတတ်တဲ့ လူစားမျိုးပဲ။ ငါတို့ကို ဒီခေါ်လာတယ်ဆိုတာ ငါတို့ကို ဒီနေရာမှာ ကျင့်ကြံစေချင်လို့ပဲ”
“တကယ်ကြီးလား။ သူက အရမ်းကြောက်စရာကောင်းတယ်လို့ ထင်နေတာ” ယခုထိတိုင် ဟဲမြောင် အကြောက်မပြေသေးချေ။ အစာပိုင်းက ရန်ကိုင်၏ အမူအရာကို ပြန်စဉ်းစားမိသည်နှင့် ကျောက်မချမ်းဘဲ မနေနိုင်ချေ။
“ဆရာကကော” ဟဲမြောင်က မေးလိုက်သည်။ ရွှယ့်ရှီ၏ အော်ဟစ်သံကို ယခုထိတိုင် သူမ ကြားနေရသေးသည်။ အော်ရပါများသဖြင့် ရွှယ့်ရှီ အသံပင် ဝင်နေခဲ့လေပြီ။ ထို့ကြောင့် ဟဲမြောင် သူမဆရာကို စိတ်ပူမိသွားသည်။
ဟဲကျောင်က ပြုံးလျက် ဆက်သွယ်ရေး မှော်ရတနာကို ထုတ်လိုက်သည်။ ဟဲမြောင် ချက်ချင်းပဲ နားလည်သွားသည်။ ဟဲကျောင်သည် သူမ၏ ကောင်းကင်စိတ်အာရုံကို မှော်ရတနာ ထဲသို့ ထည့်သွင်းထဲ သူမတို့ ညီအစ်မနှစ်ယောက် အဆင်ပြေနေကြောင်း ရွှယ့်ရှီအား အကြောင်းကြားလိုက်သည်။
ရန်ကိုင်သည် အခြားကျောက်တုံးခန်း တစ်ခန်းထဲသို့သွားကာ နေရာတစ်ခုရှာထိုင်၍ အနာဂတ် အစီအစဉ်များအကြောင်း စတင် စဉ်းစားတော့သည်။
သူနှင့်ကွေ့ဇူကြား သဘောတူညီချက်တစ်ခု ရှိသော်လည်း လေဟာနယ်ဆုတ်ဖြဲခြင်းဖြင့် ဤထူးဆန်းသော တိုက်ကြီးမှ ထွက်သွားနိုင်မည်၊ မထွက်သွားနိုင်မည်မှာ မသေချာချေ။
ကွေ့ဇူ၏ လိုက်ဖမ်းခြင်းခံရစဉ်က လေဟာနယ်ကို အကြိမ်ပေါင်းများစွာ ဆုတ်ဖြဲခဲ့သည်။ သို့သော်လည်း ဤတိုက်ကြီးမှ မထွက်သွားနိုင်ခဲ့ချေ။ ထို့ကြောင့် ရန်ကိုင်လည်း အတော်လေး ကူကယ်ရာမဲ့သွားခဲ့ရသည်။
ဤနည်းလမ်းသာ အလုပ်မဖြစ်ပါက သူ၏ အဆုံးသတ်သည် သေသည်ထက် ပို၍ ဆိုးရွားပေလိမ့်မည်။ ကံကောင်းစွာဖြင့် အချိန်ဆွဲထားလိုက်နိုင်ခဲ့သည်။ သို့သော် အဖြေတစ်ခုကို မြန်နိုင်သမျှမြန်မြန်ရှာရန် လိုအပ်ပေသည်။ အနည်းဆုံး ကွေ့ဇူအား မျှော်လင့်ချက် ပေးနိုင်ရန် လိုအပ်သည်။
အတွေးထဲ နစ်မြောနေစဉ် အပြင်ဘက်မှ ရှန်တု၏ အော်ခေါ်သံကို ရုတ်တရက် ကြားလိုက်ရသဖြင့် ရန်ကိုင် အမူအရာ တောက်ပသွားပြီး မော့ကြည့်ကာ မေးလိုက်သည် “စီနီယာ၊ ကျုပ်မိတ်ဆွေကိုကော ခေါ်လို့ရလား”
“ခေါ်ချင်တဲ့လူခေါ်။ ဒီမှာ နေရာအများကြီးပဲ” ကွေ့ဇူက ပြန်ပြောသည်။
ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး ရှန်တုအား အထဲဝင်လာရန် ကောင်းကင်စိတ်အာရုံဖြင့် လှမ်းအကြောင်းကြားလိုက်လေသည်။
ခဏအကြာ၌ ရှန်တုသည် အိတ်များစွာကို ထမ်းပိုးလျက် လိုဏ်ဂူထဲသို့ လမ်းလျှောက်ဝင်လာခဲ့သည်။ ရန်ကိုင် ထိုင်နေရာ နေရာဆီသို့ ရောက်သည်နှင့် အထုပ်များကိုးချ၍ ပြောလိုက်သည် “ဒါတွေအကုန်လုံးက ခရမ်းကြယ်ကလူတွေ စုစည်းထားတာပဲ။ လျူကွေ့ချန်ဆိုတဲ့ကောင်၊ တစ်ခုလေးတောင် မဖုံးထားရဲဘူး”
“သူတော်စင်သလင်းကျောက်တွေလည်း ရှိသေးတယ်” ရှန်တုနောက်ဘက်တွင် အရိပ်တစ်ခုပေါ်လာပြီး ပီယဆိုသော အမျိုးသမီး ပြုံးလျက် ထွက်လာခဲ့သည်။
ရန်ကိုင်က ပီယကိုတစ်လှည့်၊ ရှန်တုကိုတစ်လှည့် စိုက်ကြည့်သည်။
ရှန်တုက ပခုံးတွန့်၍ “သူ့ဘာသာလိုက်လာတာ။ ပြီးတော့ ငါလည်း တစ်ယောက်တည်းနဲ့ ဒီလောက် အများကြီးကို မသယ်နိုင်ဘူးလေ”
“မောင်ငယ်လေး… ငါဒီကို လာရတာက နင့်ကို ထပ်တောင်းပန်ချင်လို့ပဲ” ပီယက အမှားတစ်ခုခုလုပ်မိသည့် မိန်းမငယ်လေး တစ်ယောက်သဖွယ် သနားစဖွယ် အမူအရာလေးဖြင့် နှုတ်ခမ်းလေးကိုကိုလျက် မျက်ရည် ဝဲတဲတဲ မျက်လုံးလေးများနှင့် ရန်ကိုင်ကို စိုက်ကြည့်၍ ပြောလိုက်သည် “မောင်ငယ်လေး ငါ့ကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ အတိတ်ကို ဒီမှာပဲ လွှတ်ချလိုက်ကြရအောင်နော်၊ အဆင်ပြေတယ်မလား”
သူမ၏ အသံသည် ချိုမြိန်သာယာပြီး မျက်လုံးများသည် နောင်တတရားတို့ဖြင့် ပြည့်နေခဲ့သည်။ နောင်တတရားတို့ဖြင့် ပြည့်နေသော သူမ၏ မျက်ဝန်းနက်များကြောင့် သူမ၏ အမှားများကို အမှန်တကယ်ကိုသိပြီး စိတ်ရင်းအတိုင်း တောင်းပန်နေသည်ဟူသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။ သူမ၏ အမူအရာကြောင့် မည်သည့် ယောကျာ်းသားကမှ သူမအား အပြစ်ပေးရက်တော့မည်မဟုတ်။
သူမ၏ အပြုအမူကို မြင်ပြီး အားနတွင် ရှိနေသော ရှန်တု တုန်ရီသွားခဲ့သည်။ ရာသီဥတု အေးလာသည့်နှယ် သူ့လက် နှစ်ဖက်ကို ပွတ်သပ်၍ အော်ဟစ်ကျိန်ဆဲလေသည် “ငါ့လခွမ်း၊ လူကိုလန့်အောင် ဘယ်လိုလုပ်ရမလဲ တကယ်သိတဲ့ မိန်းမပဲဟ။ ပြောစရာရှိ ရိုးရိုးအသံနဲ့ ပြောပါလား။ အဲ့အသံကြီးက ဘာအသံကြီးလဲ”
ပီယသည် ရှန်တုအား တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် ရန်ကိုင်ဘက်သို့လှည့်ကာ ပြုံး၍ “ငါက အဆင့်အတန်းမရှိတဲ့ လူတစ်ယောက်မှန်း ငါသိတယ်။ ဒါပေမယ့် မောင်ငယ်လေးသာ ငါ့ကိုမောင်းမထုတ်သရွေ့ နင့်ကို ကျိန်းသေ စိတ်မပျက်စရေဘူးလို့ ငါကျိန်ဆိုရဲတယ်။ အခုကနေစပြီး ငါနင့်စကားကိုပဲ နားထောင်မယ်။ နင်ပြောတာမှန်သမျှကိုလည်း နာခံမယ်။ ငါ့ကို အစေခံဖြစ်ဖြစ်၊ ကျွန်ဖြစ်ဖြစ် လုပ်စေချင်တယ်ဆိုရင်တောင် ကန့်ကွက်စကားတစ်ခွန်း ငါပြောမှာမဟုတ်ဘူး”
ရှန်တုသည် ပီယအား ငေးကြောင်ကြည့်လျက် “နင်ဒီလောက် အဆင့်အတန်းနိမ့်ကျမှန်း ငါတကယ်မသိခဲ့ဘူး”
ပီယ၏ ပါးစပ် မဲ့ရွဲ့သွားခဲ့ပြီး ထိုခွေးကောင် ရှန်တု၏ မျက်နှာအား ပြေးရိုက်ပစ်ချင်စိတ်တို့ ပေါက်လာခဲ့သည်။ သို့သော်လည်း ရန်ကိုင်ရှေ့တွင် စိတ်ဆိုးဒေါသထွက်သည့်ဟန် မလုပ်ရဲချေ။ ဒေါသထွက်နေသော်လည်း စိတ်ထဲကြိတ်၍ မြိုသိပ်ရင်း အတင်းအကြပ်သာ ပြုံးနေခဲ့ရသည်။
“အစေခံလား၊ ကျွန်လား” ရန်ကိုင် နှုတ်ခမ်း ကွေးတက်သွားပြီး ရှန်တုအား စိတ်ဝင်တစား စိုက်ကြည့်လိုက်သည်။
ပီယက အခိုင်အမာ ခေါင်းညိတ်လျက် “ငါတကယ် ပြောနေတာ”
“နင်ဘာလိုချင်လဲ” ရန်ကိုင်က ပီယမျက်လုံးတည့်တည့်ကို စိုက်ကြည့်၍ မေးလိုက်သည်။
“အသက်ရှင်ချင်တယ်” ပီယက ပြတ်ပြတ်သားသား ပြန်ပြောသည်။
“ကောင်းတယ်။ နင်ဘက်က ရိုးသားမှတော့ ငါလည်း နင့်ကို ငါ့နောက်လိုက်ခွင့်ပေးရတာပေါ့” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။
ပီယ၏ မျက်ဝန်းလှလှလေးများ တဖျက်ဖျက် လင်းလက် တောက်ပသွားပြီး ပျော်ရွှင်ကြည်နူးစွာ ပြန်ပြောလေသည် “မောင်ငယ်လေးကို ကျေးဇူးအများကြီး တင်ပါတယ်။ အခုကနေစပြီး ဒီအစေခံက မောင်ငယ်လေးကို အကောင်းဆုံး ပြုစုပေးပါ့မယ်။ မောင်ငယ်လေး ဘယ်တော့မှ စိတ်မပျက်စေရဘူး။ အင်း၊ မောင်ငယ်လေးကို နောက်ပိုင်း ဘယ်လိုခေါ်ရမလဲ… သခင်လို့ခေါ်ရင် အဆင်ပြေလား”
ထိုသို့ ပြောလိုက်စဉ် သူမ၏ ပါးပြင်တစ်လျှောက် နီမြန်းသွားခဲ့လေရာ ချစ်သွေးကြွယ်နေသော အပျိုစင် မိန်းမပျိုလေး တစ်ယောက်နှင့်ပင် တူသွားလေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရှန်တု မှင်သက်နေခဲ့သည်။ ခေါင်းကို အလိုလိုခါရင်း “ဒီမိန်းမက ဘယ်လိုပြုမူရမလဲ တကယ်သိတဲ့ မိန်းမပဲဟ။ ငါသာ နင့်အကြောင်း မသိထားရင်း လှည့်စားခံရမှာ ကျိန်းသေတယ်”
သူမအား မြင်လိုက်သူတိုင်း သူမအပေါ် သနားကြင်နာမိမှာ အမှန်ပင်။
“မင်းတို့ဘာသာ သခင်၊ အစေခံ ကစားပွဲကို ကစားကြပတော့။ ငါဝင်မပါတော့ဘူး” ရှန်တုက ပြောလိုက်သည် “ရန်ကိုင်၊ ငါဒီမှာ နေလို့ရတယ်မလား”
“အင်း”
“ကျေးဇူးပဲ” ရှန်တုက ပြုံးလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ သို့သော် သူမထွက်သွားရသေးမှီ ရန်ကိုင်က သူ့ဆီ ကျောက်စိမ်းပုလင်းတစ်ပုလင်း လှမ်းပစ်ပေးလာသဖြင့် ရှန်တုလည်း ပြန်မေးလိုက်မိသည် “ဒါဘာကြီးလဲ”
“သူတော်စင်ဆေးပုလင်းပဲ။ အဲ့ဒါသုံးပြီး လေ့ကျင့်”
ရှန်တုက ရယ်မောလျက် “ငါ့ကောင်က တကယ် တွေးတတ်တဲ့ ကောင်ပဲကွ။ မင်းတို့ စိတ်ကြိုက်သာဆော့တော့။ ငါ့ကောင်းကင်စိတ်အာရုံကို ပိတ်ထားပေးမယ်”
ထို့နောက် အဓိပ္ပါယ်ပါပါ ပြုံးလျက် လိုဏ်ဂူထဲမှ ထွက်သွားလေသည်။
“သခင်ကို ကြည့်ရတာ တော်တော် ပင်ပန်းနေသလိုပဲ။ ဒီအစေခံ ပခုံးနှိပ်ပေးရမလား” ပီယက ရန်ကိုင်အား သေချာ စိုက်ကြည့်လျက် မေးလိုက်သည်။ သူမ၏ လည်တိုင်တစ်လျှောက် အနည်းငယ် နီမြန်းနေခဲ့ပြီး ဝင်လေထွက်လေမှာလည်း တဖြည်းဖြည်း အပူချိန်မြင့်လာခဲ့သည်။
ပြောပြီးသည်နှင့် ရန်ကိုင် ပြန်ဖြေမည်ကိုပင် မစောင့်တော့ဘဲ ရန်ကိုင်နောက်သို့သွား၍ ဒူးနှစ်ဖက်ထောက်ကာ ထိုင်လိုက်သည်။ ထို့နောက် ရန်ကိုင်၏ ကျောပြင်ကို သူမရင်အစုံနှင့် ဖိကပ်လျက် ကျောက်စိမ်းသဖွယ် လက်နှစ်ဖက်ကိုသုံးကာ ရန်ကိုင်၏ ပခုံးကို အသာအယာ နှိပ်နှယ်ပေးတော့လေသည်။
သူမ၏ လှုပ်ရှားမှုများသည် ရေအလျင်နှယ် ညင်သာ သိမ်မွေ့နေသည်။ မသိလျှင် သူမ ချစ်ခင်နှစ်သက်ရဆုံးသော သူကို ပြုစုပေးနေသည့်နှယ်၊ ပီယသည် နှိပ်နှယ်ရာတွင် အားကို အရမ်းကြီး မစိုက်သလို ဖွဖွလေးလည်း မနှိမ်ချေ။ သင့်လျော်သော အားကိုသာ အသုံးပြုထားသော။ ပခုံးသားထက် ရွေ့လျားနေသော သူမ လက်ချောင်းလေးများ၏ အထိတွေ့ကြောင့် သူတစ်ကိုယ်လုံး အလွန်တရာကိုမှ သက်သောင့်သက်သာ ရှိလာရသည်။ ကွေ့ဇူနှင့် ရင်ဆိုင်ရာမှ ခံစားခဲ့ရသော စိတ်ဖိစီးမှုအားလုံးများလည်း နေလာနှင်းပျောက်သည့်နှယ် ပျောက်ကွယ်သွားကုန်ကြလေသည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း (၁၀၁၉)
“နင်က တော်တာပဲ” ရန်ကိုင်က မှတ်ချက်ပေးလိုက်သည်။
“သခင်ကြိုက်လို့ ကျွန်မ ဝမ်းသားပါတယ်” ပီယက ရန်ကိုင်၏ နားနားသို့ တိုးတိုးလေးရင်း သစ်ခွသင်းရနံ့တို့ ပြည့်နေသော လေပူတစ်ရှိုက်ကို ရှူထုတ်လိုက်သည် “ဒီအစေခံက အခြားဘာမှ သေချာမသိပေမယ့် အခြားသူတွေကို ဘယ်လို စိတ်ကျေနပ်အောင် လုပ်ပေးရမလဲ ဆိုတာကိုတော့ ကောင်းကောင်း သိပါတယ်သခင်”
“ယောကျာ်းတွေကို ပြုစုတာလား” ရန်ကိုင်က လှောင်ရယ်လိုက်သည်။ ပီယသည် ပြန်၍သာ ရယ်လိုက်သည်။ ရန်ကိုင်၏ ကျီစယ်စကားကို သူမ စိတ်ထဲမထားပါချေ။
“ကောင်းပြီ။ နင့်ရဲ့ ညို့ဓါတ်ကျင့်စဉ်ကို ငါ့အပေါ် လာမသုံးနဲ့။ အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ဘူး” ရန်ကိုင်က သတိပေးလိုက်သည်။ ပီယ၏ လှုပ်ရှားမှုတို့ ရပ်တန်သွားခဲ့ပြီး သူမ၏ ပညာရပ်ကို ကျင့်စဉ်ကို ချက်ချင်းရပ်တန့်၍ “ဒီအစေခံက အဲ့လိုလုပ်ဖို့ မရည်ရွယ်ပါဘူး။ ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့ သခင်”
“ငါသာ မိန်းမ ဆာနေတယ်ဆိုရင် ဟိုဘက်အခန်းမှာ အခုထိ အပျိုစင်တွေပဲ ရှိသေးတဲ့ မိန်းကလေးနှစ်ယောက်ဆီ သွားရုံပဲ။ ငါ့ကို လာမြူဆွယ်ဖို့ ကြိုးစားမနေနဲ့။ အသုံးဝင်မှာ မဟုတ်ဘူး”
“ကျွန်မ ခန္ဓာကိုယ် မသန့်စင်တော့လို့ သခင် မကြိုက်တာလား…” ပီယက ခါးခါးသီးသီး ပြုံးလျက် ရုတ်တရက် အကြံပေးလိုက်သည် “ဒီအစေခံက အဲ့မိန်းကလေး နှစ်ယောက်ကို လေ့ကျင့်ပေးရမလား။ အဲ့မိန်းကလေး နှစ်ယောက်စလုံး သခင့်အလိုကျ ဖြစ်လာအောင် ကျွန်မ လေ့ကျင့်ပေးလို့ရတယ်။ သခင်မှ သခင် ဖြစ်နေစေရမယ်”
ရန်ကိုင် မျက်နှာ မည်းမှောင်သွားခဲ့ပြီး “နင့်ကို ဒီမှာနေခိုင်းတာ ငါးပါးမှောက်ပြီနဲ့တူတယ်”
ပီယသည် မည်သည့်စကားမှ ထပ်မပြောတော့။ ရန်ကိုင် ကျောပြင်ကို သူမ၏ ရင်အစုံနှင့် ဖိလိုက်၊ ကပ်လိုက်လုပ်ရင်းသာ နှိမ်နှယ်ပေးနေခဲ့သည်။
ခဏအကြာတွင် ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်း၍ “သွားတော့။ အခန်းတစ်ခု ရှာနေလိုက်။ ငါလိုတာရှိရင် လှမ်းခေါ်လိုက်မယ်။ ငါ့အမိန့်မရဘဲ အပြင်မထွက်နဲ့”
“ဟုတ်ကဲ့ပါ” ပီယသည် ထိုင်ရာမှထ၍ သူမ၏ ဖွံ့ထွားစွံကားသော တင်းပါများကို စည်းချက်ညီညီ လှုပ်ခါရင်း ရန်ကိုင်၏ အခန်းထဲမှ ထွက်သွားလေသည်။
ဘေးအခန်း၌….
နံရံနားကပ်လျက် နားထောင်နေသော ဟဲမြောင်က ရုတ်တရက် ပြောလိုက်သည် “အစ်မကြီး၊ အဲ့ကောင်က ဟိုပီယဆိုတဲ့ မိန်းမပျက်မနဲ့ တကယ်ကြီး ညိနေတာ။ အရှက်မဲ့လိုက်တာ။ နောင်ပိုင်း သူ့နားရောက်ရင် သတိထားဖို့ လိုမယ်နဲ့တူတယ်”
ဟဲကျောင်ကမူ တိတ်ဆိတ်မြဲသာ တိတ်ဆိတ်နေခဲ့သည်။
----------------------------------
ကွေ့ဇူ ပေါ်မလာခဲ့သည်မှာ လဝက်ရှိနေခဲ့လေပြီ။ ထိုလဝက် အတောအတွင်း သူဘာလုပ်နေလဲ ဘယ်သူမှမသိ။ ရန်ကိုင်ကမူ ထိုလဝက်အတွင်း ကျင့်ကြံခြင်း၌သာ အချိန်ဖြုန်းနေခဲ့သည်။
တောင်ထဲရှိ ကျောက်တုံးခန်းများထဲတွင် ဟဲကျောင်၊ ဟဲမြောင်၊ ရှန်တုနှင့် ပီယတို့ အတူတကွ တိတ်ဆိတ်ငြိမ်သက်စွာ နေနေခဲ့ကြသည်။ အထူးသဖြင့် ပီယသည်။ ရန်ကိုင်၏ အစေခံ ဖြစ်လာပြီးသည့်နောက် ပီယသည် ယခင်ကကဲ့သို့ ပေါ့ပြက်ပြက် အမူအရာမျိုးမလုပ်တော့။ ပို၍လည်း ငြိမ်သက်လာခဲ့သည်။
ရန်ကိုင်မခေါ်လျှင် ကျောက်တုံးခန်းထဲတွင်သာ တစ်နေ့လုံး နေနေတတ်သည်။
ကွေ့ဇူကဲ့သို့ လူမျိုးကို သွားမြူဆွယ်၍ မရနိုင်မှန်း ပီယသိသည်။ ထို့ကြောင့် သူမသာ အသက်ရှင်ချင်လျှင် ရန်ကိုင် စိတ်ကျေနပ်အောင် လုပ်ရန်သာ ရှိတော့သည်။ ရန်ကိုင်သာ စိတ်ကျေနပ်လျှင် အသက်ရှင်နိုင်ချေ ရှိပေသည်။
အဆုံးတွင် ပီယသည် လျူကွေ့ချန်ကိုပင် သစ္စာဖောက်ခဲ့ပြီး ခရမ်းကြယ်မှ ကျင့်ကြံသူများကြား ဆက်သွယ်ရာသုံးသော ဆက်သွယ်ရေး မှော်ရတနာကို ရန်ကိုင်ဆီ ပေးအပ်ခဲ့သည်။
ရန်ကိုင် သူမအား လှမ်းခေါ်သည့်အခါမျိုး ရှိသော်လည်း မသင့်တော်သည့် အပြုအမူမျိုး တစ်ကြိမ်တစ်ခါမှပင် မလုပ်ခဲ့။ နောက်ပိုင်း ရန်ကိုင်အောက်ပိုင်းနှင့် ပက်သက်၍ ပြဿနာများ ရှိနေသလားဟုပင် ပီယ တွေးမိလာသည်။ မဟုတ်လျှင် သူမကဲ့သို့ မိန်းမလှလေးတစ်ယောက်ကို သူဘာကြောင့် ဘာမှမလုပ်ဘဲ နေရသနည်း။
သူလုပ်လျှင်ပင် သူမ ခုခံလိမ့်မည် မဟုတ်သည်ကို သူသိသည်။ သူမ၏အလှကို နည်းနည်းမျှပင် စိတ်မဝင်စားသည်မှာ ဖြစ်ကော ဖြစ်နိုင်လေရဲ့လား။
သွေးဆူသော လူငယ်များသည် တဏှာကိစ္စနှင့် ပက်သက်လာလျှင် လွန်စွာကိုမှ တပ်မက်လေ့ရှိကြသည် မဟုတ်ပေလော။ ထို့ကြောင့် သူညီငယ်လေး မစွမ်းနိုင်သည်ဟူသော ဖြစ်နိုင်ချေမှလွဲ၍ အခြားတစ်မျိုးကို ပီယ မစဉ်းစားတတ်တော့။
ပီယ ပိုပိုပြီး သံသယဝင်လာသည့်အခါ ရန်ကိုင်အပေါ် သူမ၏ အကြည့်လည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့ရာ ယခုဆိုလျှင် သူမ၏ အကြည့်ထဲ ဂရုဏာသက်သည့် အရိပ်အယောင်တို့ပင် ပါဝင်နေခဲ့လေပြီ။
ယနေ့တွင်၊ သူကျင့်ကြံနေစဉ် တစ်ခုခု မူမမှန်သည်ကို သတိပြုမိသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ ကွေ့ဇူ သူ့ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ရန်ကိုင် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး အံ့လည်း အံ့ဩသွားမိသည်။
သူ့ကောင်းကင်စိတ်အာရုံသည် အတော့်ကိုမှ အားကောင်းလှသည်။ သို့တိုင် ကွေ့ဇူ သူ့နားရောက်လာသည်ကို သတိပြုမိခဲ့ချေ။ ထိုလူအိုကြီး၏ ကျင့်ကြံခြင်းသည် အလွန်တရာကိုမှ မြင့်မားရပေမည်။
“စီနီယာ လိုအပ်တာ တစ်ခုခု ရှိလို့လား” ရန်ကိုင်က မေးလိုက်သည်။
“ငါတို့ သဘောတူညီချက်ကို မင်းမေ့နေတာလား ကောင်လေး” ကွေ့ဇူက မကျေနပ်သည့် လေသံဖြင့် “ငါမင်းကို ဒီမှာနေခိုင်းတာ မင်းခွန်အားကို တိုးတက်အောင် လုပ်ခိုင်းဖို့ မဟုတ်ဘူးနော်”
“ကျုပ်ဘယ်မေ့ပါ့မလဲ။ ဒါပေမယ့် ဒီတိုက်ကြီးနားက လေဟာနယ်က ပရမ်းပတာ ဖြစ်နေတုန်းလေ။ လေဟာနယ်ကို ဆုတ်ဖြဲမယ် ဆိုရင်တောင် ဘာကိုမှ ရှာတွေ့မှာမဟုတ်ဘူး” ရန်ကိုင်က ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။ ထို့နောက် တစ်ခဏကြာ တုန့်ဆိုင်းနေပြီးနောက် ဆက်ပြောလိုက်သည် “စီနီယာက အရမ်းကြီး အလျင်လိုနေတယ်ဆိုရင်တော့ အခြားကိစ္စတွေကို ကျုပ်စစ်ဆေးပေးလို့ရတယ်”
“ဘယ်ကိစ္စတွေလဲ” ကွေ့ဇူ ဇဝေဇဝါ ဖြစ်သွားသည်။
“ခုနှစ်ရောင်ခြယ်ကောင်းကင်လေ… ကျုပ်ခန့်မှန်းတာသာ မမှားဘူးဆိုရင် ဒီတိုက်ကြီးကို ပိတ်လှောင်ထားကက အဲ့ခုနှစ်ရောင်ခြယ်ကောင်းကင်ပဲ။ စီနီယာလည်း အဲ့ကောင်းကင်ကြောင့်ပဲ ဒီနေရာကနေ ထွက်သွားလို့ မရတာမလား”
“အမှန်ပဲ” ကွေ့ဇူ၏ မျက်လုံး တောက်ပသွားပြီး ရန်ကိုင်ပြောသည်ကို အသိအမှတ် ပြုလိုက်သည် “မင်းအမြင်က တကယ် ထက်ရှတာပဲ။ အဲ့ခုနှစ်ရောင်ခြယ် ကောင်းကင်ဆိုတာ သေခြင်းတရားချောက်နက်ထဲက ကြယ်တွေရဲ့ စွမ်းအင်စက်ကွင်းတွေ ရောနှောပေါင်းစည်းမှုပဲ။ ရှင်းရှင်းပြောရရင် အဲ့ကောင်းကင်က သေခြင်းတရားချောက်နက်ထက်တောင် ပိုပြီး ပရမ်းပတာဖြစ်သေးတယ်။ အဲ့ထဲကို ရောက်သွားတာနဲ့ ဘယ်သူမှ ကိုယ့်သွားမယ့် လမ်းကြောင်းကို အာရုံစိုက်နိုင်တော့မှာ မဟုတ်ဘူး။ အယောင်ယောင် အမှားမှား ဖြစ်ကုန်မှာ။ မင်းအဲ့အချက်ကို မြင်နိုင်တာ ငါတကယ် အံ့ဩမိတယ်။ အဲ့ခုနှစ်ရောင်ခြယ် ကောင်းကင်ကို စစ်ဆေးသင့်တာ အမှန်ပဲ”
ပြောပြီးသည်နှင့် ရန်ကိုင်အား ကိုင်၍ တောင်လိုဏ်ဂူထဲမှ ကောင်းကင်ပေါ်သို့ လျှပ်စီးတန်းတစ်စင်းနှယ် ပျံတက်သွားသည်။ ရန်ကိုင် အသိပြန်ဝင်လာသည့်အချိန် သူသည် တိုက်ကြီးဆီမှ မိုင်သောင်းကျော်အကွာတွင် ရောက်နေခဲ့လေပြီ။
“သေချာကြည့်ကြည့်၊ မင်းဘာမြင်လဲ” ကွေ့ဇူက မေးလိုက်သည်။ ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး ကောင်းကင်စိတ်အာရုံကို အဘက်ဘက်သို့ ဖြန့်ကျက်လိုက်လေသည်။ ခဏအကြာတွင် မျက်မှောင်ကြုံ့၍ “ဒီလေဟာနယ်က တကယ်ကို ပရမ်းပတာ ဖြစ်နေတာ။ ကျုပ်ကောင်းကင်စိတ်အာရုံတောင် လမ်းမှန် မရှာနိုင်ဘူး။ အဲ့တစ်ခုနဲ့တစ်ခု ထပ်နေတဲ့ စွမ်းအင်လှိုင်းတွေက ကျုပ်ကောင်းကင်စိတ်အာရုံကို လမ်းကြောင်းလွဲအောင် လုပ်နေတာ။ ဒီပရမ်းပတာ စွမ်းအင်စက်ကွင်း ဘယ်လောက်ကျယ်မယ်လို့ စီနီယာထင်လဲ”
ကွေ့ဇူက ခဏလောက် စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည် “ဒီတိုက်ကြီးက သိပ်မကြီးတော့ စွမ်းအင်စက်ကွင်းကလည်း အရမ်းကြီး ကြီးမှာတော့ မဟုတ်ဘူး။ သေးမယ်ဆိုရင် မိုင်ထောင်ကျော်လောက် ရှိလိမ့်မယ်။ ကြီးမယ်ဆိုရင်တော့ မိုင်သောင်းဂဏန်းလောက်ပေါ့”
“ကျုပ်လေဟာနယ်ဆုတ်ဖြဲရင် မိုင်ခြောက်ရာ၊ ခုနှစ်ရာကိုပဲ သွားလို့ရတယ်… ဒီစွမ်းအင်စက်ကွင်းကသာ အဲ့လောက် ကျယ်မယ်ဆိုရင် အနည်းဆုံး ဟင်းလင်းပြင်ကို ဆယ်ကြိမ်ကျော်၊ အကြိမ် နှစ်ဆယ်လောက် ဆုတ်ဖြဲရမှာ။ အဲ့လို လုပ်နေတဲ့ အချိန်အတောအတွင်း နည်းနည်းလေးမှ အမှားလုပ်လို့ မရဘူး” ရန်ကိုင်က မျက်မှောင်ကြုံ့၍ ခေါင်းခါလိုက်သည် “တော်တော်လေး ခက်ခဲမှာ”
“မင်းအရမ်းခက်နေတယ်ထင်ရင် မင်းကို အသက်ရှင်လျက် ထားလို့ ဘာအကျိုးရှိတော့မှာလဲ” ကွေ့ဇူက လှောင်ပြောင်၍ ပြောဆိုလိုက်သည် “မင်းကို သတ်၊ မင်းဝိဥာဉ်ကို ရှာပြီး ငါ့ဘာသာငါပဲ လမ်းရှာလိုက်တော့မှာပေါ့”
ရန်ကိုင်က ရယ်သာရယ်၍ ပြန်ပြောလေသည် “အဲ့ဒါက လုံးဝကို ရွေးစရာမရှိတော့မှလေ။ တကယ် မလိုအပ်ရင် စီနီယာလည်း အဲ့လို မလုပ်ချင်ဘူးမလား”
ကွေ့ဇူက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
“ဒီကိစ္စက အလျင်လိုလို့ မရဘူး။ စီနီယာ နောက်ထပ် လဝက်လောက် စောင့်သင့်တယ်။ နောက်ထပ် လဝက်လောက်ဆို ဒီတိုက်ကြီးတစ်ဝိုက်က လေဟာနယ်လည်း ပြန်တည်ငြိမ် သွားလောက်ပြီ။ အဲ့အချိန်ဆို ကျုပ်လည်း နည်းလမ်း စရှာလို့ရပြီ”
“ကြည့်ရတာ အခြားရွေးစရာ မရှိတော့တဲ့ပုံပဲ” ကွေ့ဇူက ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။
“စီနီယာမှာ အခြားညွှန်ကြားစရာမရှိရင် ဂျူနီယာ သွားတော့မယ်နော်”
“မလှုပ်နဲ့” ပြောပြီးသည်နှင့် ကွေ့ဇူသည် သူ့လက်ကို ရန်ကိုင် ပခုံးပေါ်တွင် တင်လျက် သူ့စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ အေးစက်စက် စွမ်းအင်များသည် ရန်ကိုင် ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားလေသည်။
ကွေ့ဇူ ဘာကြောင့် ရုတ်တရက် ထိုသို့ ထလုပ်မှန်း ရန်ကိုင် နားမလည်။ ခဏအကြာတွင် ကွေ့ဇူ အမူအရာ ပြောင်းလဲသွားပြီး သူ့လက်ကို ပြန်ရုတ်၍ ဖြန့်လိုက်ရာ တစ်ခုခု ပေါ်လာခဲ့လေသည်။
နတ်ဆိုးစာအုပ်ပင်…
ရန်ကိုင်မျက်နှာ အရုပ်ဆိုးသွားပြီး ကွေ့ဇူအား အထိတ်တလန့်ဖြင့် ကြည့်လိုက်သည်။
“မင်းကိုယ်ထဲမှာ ရှိနေတဲ့ ဒီသိုလှောင်မှော်ရတနာကို ငါရှာမတွေ့နိုင်ဘူးလို့ မင်းထင်နေတာလား” ကွေ့ဇူက လှောင်ပြောင်လိုက်သည် “ငါစိတ်မဝင်စားတာပဲ ရှိတာ။ အခု မြင်ရတော့လည်း နည်းနည်းတော့ ထူးဆန်းသား။ ဒါကို မင်းဘယ်ကနေ ရလာတာလဲ”
“ကျုပ်ကိုမွေးတဲ့ကြယ်က” ရန်ကိုင်က ရိုးရိုးသားသားသာ ပြန်ဖြေလိုက်သည်။
“ဒီထဲမှာ အမွေအနှစ်တစ်ခုခု ရှိနေတာလား” ကွေ့ဇူက ဆက်မေးသည်။
“အင်း” သူ့စိတ်ထဲ အတော့်ကိုမှ ထိတ်လန့်နေမိသော်ငြား အပေါ်ယံကြောတွင်မူ တည်ငြိမ်ချင်ယောင် ဆောင်နေခဲ့သည်။
“မင်းကိုယ်ထဲမှာ မတူညီတဲ့ စွမ်းအင်နှစ်မျိုး ရှိနေတာ အံ့ဩစရာ မဟုတ်တော့ပါဘူးလေ… မင်းကိုယ်ထဲ ရှင်းပြလို့ မရတဲ့ ပြင်ပစွမ်းအင်တွေလည်း ရှိနေသေးတယ်”
ကွေ့ဇူ ပြောနေသော အပြင်စွမ်းအင်များသည် နဂါးဧကရာဇ်နှင့် ဖီးနစ်ဧကရီ၏ တက်တူးများကို ရည်ညွှန်းနေမှန်း ရန်ကိုင် နားလည်လိုက်သည်။
“ကောင်လေး၊ အဲ့စွမ်းအင်နှစ်ခုကို ပေါင်းစပ်ကြည့်ဖို့ မင်းစဉ်းစားဖူးလား” ကွေ့ဇူက ရုတ်တရက် မေးလိုက်သည်။
“ပေါင်းစပ်တာလား” ရန်ကိုင် ကြောင်သွားလေသည်။
“ဟုတ်တယ်။ မင်းကိုယ်ထဲမှာ မတူညီတဲ့ စွမ်းအင်နှစ်မျိုး ရှိနေတာ။ အဲ့စွမ်းအင်တွေကို သုံးဖို့ ခက်တယ်မထင်ဘူးလား။ တစ်ခုကို သုံးမယ်ဆိုရင် နောက်တစ်ခုကို လုံးဝ ဖိနှိပ်ထားရမယ်လေ၊ ဟုတ်တယ်မလား”
“ဟုတ်တယ်”
“မင်းသာ အဲ့စွမ်းအားနှစ်ခုကို ပေါင်းစည်းနိုင်မယ်ဆိုရင် မင်းခွန်အားကလည်း ကြောက်မခန်းလိလိကို တိုးတက်သွားမှာ”
“ကျေးဇူးပြုပြီး ညွှန်ပြပေးပါ စီနီယာ” ရန်ကိုင်က ချက်ချင်း မေးလိုက်သည်။ ကွေ့ဇူ၏ စကားများသည် သူ့အား တံခါးသစ် တစ်ချပ်ကို ဖွင့်ပေးသွားခဲ့သည်။
ကွေ့ဇူက မျက်ဆံပင့်လျက် “ငါဘယ်လိုလုပ်ပြီး သိမှာလဲဟ။ မင်းကိစ္စပဲဟာကို ကိုယ့်ဘာသာအဖြေရှာပေါ့။ ရေခဲနဲ့မီးဓါတ် နှစ်မျိုးကို အတူတူပေါင်းစည်းပြီး အသုံးပြုနိုင်တဲ့ လူတစ်ယောက်ကို ငါမြင်ဖူးတယ်။ ဒါပေမယ့် အဲ့လူက တကယ့် ပြိုင်ဘက်ကင်း ဂျီးနီးယပ်ပဲ။ မင်းသူ့လို လုပ်နိုင်မလား၊ မလုပ်နိုင်ဘူးလား ဆိုတာကတော့ မင်းအပေါ်ပဲ မူတည်လိမ့်မယ်။ အဲ့ကိစ္စနဲ့ ပက်သက်ပြီး ငါလည်း အတွေ့အကြုံရှိတာ မဟုတ်ဘူး”
ရန်ကိုင်က ခါးခါးသီးသီးပြုံးလျက် “ဒါဆိုရင် ဒီအကြောင်းကို စီနီယာဘာလို့ ရုတ်တရက် ကျုပ်ကို လာပြောပြနေတာလဲ”
“ဘာလို့လဲဆိုတော့ မင်းခွန်အားပိုမြင့်ရင် ဒီကနေ ထွက်သွားနိုင်မယ့် နည်းလမ်းကို ရှာတွေ့နိုင်ချေ ပိုများမယ်လို့ ထင်လို့လေ။ ပြီးတော့ မင်းခွန်အား ဆယ်ဆထက်မက မြင့်လာရင်တောင်မှ ငါ့လက်ထဲကနေ လွတ်နိုင်မှာမှ မဟုတ်တာ။ ဒီတော့ မင်းသန်မာလာမှာကို ငါမကြောက်ဘူး။ မင်းသန်မာလာတာကို ပိုပြီးတော့တောင် မြင်ချင်သေးတယ်” ကွေ့ဖူသည် ရန်ကိုင်၏ မျက်လုံးထဲမထည့်သည်ဟန်ဖြင့် ရယ်မောရင်း ပြောလိုက်သည်။
“ဟုတ်တာပေါ့” ရန်ကိုင်က ခါးသက်စွာ ခေါင်းညိတ်လိုက်သည်။
တန်းခိုးရှင်ဘုရင်အဆင့် တစ်ယောက်သည် ရန်ကိုင်ကဲ့သို့ သေးနုပ်သော ကျင့်ကြံသူတစ်ယောက်ကို ဘာကြောင့် ဂရုစိုက်စရာ လိုမည်နည်း။
“အို။ ဒီထဲမှ ထူးထူးဆန်းဆန် သစ်ပင်တစ်ပင်လည်း ရှိနေတာပဲဟ။ ဒီလောက်ကြီးဖို့ နှစ်ဘယ်လောက်တောင် လိုခဲ့လဲမသိဘူး” ကွေ့ဇူက ရန်ကိုင်၏ နတ်ဆိုးစာအုပ်ကို ကောင်းကင်စိတ်အာရုံဖြင့် စူးစမ်းရင်း ရုတ်တရက် ကောက်မေးလိုက်သည်။
ရန်ကိုင်၏ မည်းမှောင်အရုပ်ဆိုးနေသော မျက်နှာကို လျစ်လျူရှုလျက် နတ်ဆိုးစာအုပ်ကို သူ့ကောင်းကင်စိတ်အာရုံဖြင့် ဆက်လက်စူးစမ်းနေခဲ့သည်။
“စိတ်ဝိဥာဉ်အရည်၊ စိတ်ဝိဥာဉ် အနှစ်၊ စိတ်ဝိဥာဉ် အဆီအနှစ်၊ တကယ် မဆိုးဘူးပဲ” ကွေ့ဇူ အံ့အားသင့်သွားရပြန်သည် “ဒီအဆီအနှစ်က သူတော်စင်ဘုရင်အဆင့် ဖြစ်ရမယ်”
“စီနီယာ၊ ကျုပ်ဟာကို ကျုပ်ဆီ ပြန်ပေးလို့ရမလား” ရန်ကိုင်က ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။ သူ့မျက်နှာတစ်ခုလုံး ဒယ်အိုးဖင်နှယ် မည်းမှောင်ရှုံ့မဲ့နေခဲ့လေပြီ။
ကွေ့ဇူက နှာခေါင်းရှုံ့လိုက်သည် “မင်းရတနာတွေကို ငါလိုချင်သွားမှာကို မင်းကြောက်နေတာမလား။ စိတ်မပူနဲ့။ ဒီပစ္စည်းတွေက မင်းလိုလူအတွက် အတော်လေး အဖိုးတန်တယ် ဆိုပေမယ့် ငါ့အတွက်တော့ ဘာမှ အသုံးဝင်တာ မဟုတ်ဘူး”
ပြောပြီးသည်နှင့် ရန်ကိုင်၏ ပိုင်ဆိုင်မှုများကို ဆက်လက်စူးစမ်း ရှာဖွေနေပြန်သည်။
ရုတ်တရက် သူ့အမူအရာ ပြောင်းလဲသွားခဲ့ပြီး အာမေဋိတ်သံ ပြုလိုက်သည် “အို။ မင်းမှာ ဒါလည်း ရှိနေတာပဲလားဟ”
“ဘယ်ဟာလဲ” ရန်ကိုင် ကြောင်သွားခဲ့သည်။ ကွေ့ဇူ ဘာကို ပြောချင်နေမှန်း သူနားမလည်ချေ။
“အဲ့ဒါတွေကို မင်းဘယ်ကနေ ရလာခဲ့တာလဲ” ကွေ့ဇူက ကျောက်တုံးသုံးတုံးကို ထုတ်ပြကာ မေးလိုက်သည်။
ကျောက်တုံးတစ်တုံးသည် ကြက်သွေးရောင် တောက်နေပြီး သိပ်သည်းလှသော သွေးချီအရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။ ထိုကျောက်တုံးသည် သွေးအဆီအနှစ်ကျောက်တုံးပင်။
ကျန်ကျောက်တုံး နှစ်တုံးသည်ကား မည်းမှောင်ဝိုက်စက်နေသော ကျောက်တုံးနှစ်တုံးပင်။ ထိုကျောက်တုံးနှစ်တုံး၏ မျက်နှာပြင်ထက် လူသားသွေးကြောများကဲ့သို့ မျဉ်းကြောင်းလေးများ ရှိနေခဲ့သည်။ ကျောက်တုံးကို နားနားကပ်ကာ နားထောင်ကြည့်မည် ဆိုပါက စည်းချက်ညီညီ မည်နေသော ဒုတ်… ဒုတ်… ဒုတ် ဆိုသော အသံများကိုပင် ကြားနိုင်သည်။
ကွေ့ဇူ၏ အပြောင်းကြီး ပြောင်းလဲသွားသည့် အမူအရာကို မြင်ပြီးနောက် ထိုအနက်ရောင် ကျောက်တုံးနှစ်တုံးသည် ထင်သလောက် မရိုးရှင်းမှန်း ရန်ကိုင် နားလည်သွားခဲ့သည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း (၁၀၂၀)
“အဲ့ဒါတွေကို မင်းဘယ်ကနေ ရတာလဲ” ကွေ့ဇူက ထပ်မေးသည်။ ရန်ကိုင်လည်း အမှန်အတိုင်းပင် ပြန်ဖြေလိုက်သည်။
အနက်ရောင် ကျောက်တုံးနှစ်တုံးကို မတူညီသော နေရာနှစ်ခုမှ ရလာခဲ့ခြင်းဖြစ်ပြီး သွေးအဆီအနှစ် ကျောက်တုံးကိုမူ ထုန်းရွှမ်လောကကြီးရှိ တစ်ယောက်ယောက်ဆီမှ ယူလာခဲ့ခြင်း ဖြစ်သည်။
သွေးအဆီအနှစ်ကျောက်တုံး၏ လုပ်ဆောင်ပုံကို သူနားလည်သည်။ သို့သော် အနက်ရောင်ကျောက်တုံး နှစ်တုံးကို အကြိမ်ပေါင်းများစွာ လေ့လာခဲ့သော်ငြား ယနေ့ထိတိုင် နားမလည်သေးချေ။
“စီနီယာ၊ အဲ့ကျောက်တုံးနှစ်တုံးက ဘာတွေလဲ” ရန်ကိုင်က မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။
ကွေ့ဇူသည် တောက်ပသော မျက်ဝန်းအစုံဖြင့် အနက်ရောင် ကျောက်တုံးနှစ်တုံးကို အသေအချာ စိုက်ကြည့်နေသည်။ ခဏအကြာတွင် ခေါင်းညိတ်၍ “ကြည့်ရတာ ဒီကျောက်တုံး နှစ်တုံးက ဘာလဲဆိုတာကို မင်းမသိတဲ့ပုံပဲ…”
“စီနီယာ ပြောပြပေးပါလား” ရန်ကိုင်က မေးလိုက်သည်။
ကွေ့ဇူ သွားပေါ်အောင်ပြုံးဖြီးလျက် ကျောက်တုံးသုံးတုံးကို နတ်ဆိုးစာအုပ်ထဲသို့ ပြန်ထည့်သိမ်းလိုက်သည်။ ထို့နောက် နတ်ဆိုးစာအုပ်ကို ရန်ကိုင်လက်ထဲသို့ ပြန်ထည့်ပေးလိုက်ပြီး “အဲ့ဒါတွေကို သေချာပျိုးထောင်၊ တစ်နေ့ကျ မင်းနားလည်လာလိမ့်မယ်။ အင်း။ ဒါတွေကို ပျိုးထောင်ဖို့ဆိုရင် သတ္တုအဆီအနှစ် အများကြီး လိုလိမ့်မယ်။ သတ္တုရိုင်းတွေ မရှာနိုင်ရင်လည်း မှော်ရတနာတွေကို ကျွေးလို့ရတယ်”
ထိုစကားကို ပြောပြီးနောက် နောက်တစ်ခွန်းပင် မပြောတော့ဘဲ ရန်ကိုင်ရှေ့မှ ပျောက်ကွယ်သွားခဲ့လေသည်။ ရန်ကိုင်ကမူ နေရာတွင်သာ စိတ်ရှုပ်ရှုပ်ဖြင့် ကျန်ရစ်ခဲ့ရသည်။
ကွေ့ဇူသည် ထိုကျောက်တုံးနှစ်တုံး ဘာလဲဆိုသည်ကို ရန်ကိုင်အား ပြောပြမသွားခဲ့ချေ။ ထို့ကြောင့် ရန်ကိုင်လည်း အတော်လေး စိတ်ညစ်မိသွားသည်။
သို့သော်လည်း ကွေ့ဇူ၏ စကားလုံးများသည် အတော်လေး စိတ်ဝင်စားစရာ ကောင်းလေသည်။ “အဲ့ဒါတွေကို သေချာ ပျိုးထောင်” ဆိုသည်ကိုမှာ ကွေ့ဇူ ဘာကို ပြောချင်နေသနည်း။ ကျောက်တုံးနှစ်တုံးသည် သက်ရှိများ မဟုတ်လေရာ သူက ဘာကိုပျိုးထောင်ပေးရမည်နည်း။
နားလည်းၐ၂မလည်၊ လောလောဆယ် စိတ်ပူစရာလည်း မလိုသေးသည့် အတွက်ကြောင့်၊ ရန်ကိုင်သည် ထိုကျောက်တုံး နှစ်တုံးကို ဆက်လက် စောင့်ကြည့်ထားရန်သာ နတ်ဘုရား သစ်ပင်ကို ပြောလိုက်သည်။ ထို့နောက် နတ်ဆိုးစာအုပ်ကို သူ့ခန္ဓာကိုယ်ထဲ ပြန်ထည့်သိမ်းထားလိုက်လေသည်။
တောင်ပေါ်ရှိ မြေပြန့်နေရာသို့ ပြန်ဆင်းလာသည့်အခါ ရက်စက်၊ ကြမ်းကြုတ်၍ ခက်ထန်မှုတို့ ပြည့်နေသော မျက်ဝန်းတစ်စုံသည် သူ့အား စိုက်ကြည့်နေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ ထိုမျက်လုံး ပိုင်ရှင်သည် သူ့အား အကောင်လိုက် ဝါးမြိုချင်နေသည့်နှယ်၊ သံသယရှိစရာ မလိုအောင်ပင် ထိုမျက်လုံးပိုင်ရှင်သည် ရွှယ့်ရှီ ဖြစ်ပေသည်။
သူမ၏ ခွန်အားကို ပြန်လည် ရရှိသွားခဲ့လေပြီ။ ကွေ့ဇူသည် သူမအား ချုပ်နှောင်ထားရန် စိတ်မှ မဝင်စားလေဘဲ။ ထိုရက် အတောအတွင်း ရွှယ့်ရှီသည် တောင်ပေါ်မှ အကြည့်မခွာခဲ့။ သူမ၏ လှပ၍ မြင့်မြတ်ကျက်သရေရှိလှသော ပုံပန်းသွင်ပြင်သည် လုံးဝကို ပျက်စီးသွားခဲ့လေပြီ။ ဆံပင်များသည် ဖရိုဖရဲ ဖြစ်နေပြီး မျက်လုံးများသည် သွေးရောင်လွှမ်းနေခဲ့သည်။ ရန်ကိုင်အား စိုက်ကြည့်နေသည့် သူမ၏ မျက်ဝန်းထဲ ဖုံးဖိမရနိုင်သော သိပ်သည်းလှသေည့် အမုန်းတရားနှင့် ဒေါသတို့ ကိန်းအောင် ပါဝင်နေခဲ့သည်။
ကြည့်ရသည်မှာ ရန်ကိုင်အား အရေခွံစုတ် သူ့အသားကိုစား၊ သူ့သွေးကို သောက်ချင်နေသည့်ပုံပင်။
ဟဲကျောင်နှင့် ဟဲမြောင်တို့ အကောင်းအတိုင်း ရှိနေကြောင်း၊ ရန်ကိုင်၏ အပြုအမူသည် သူမအား ဒေါသထွက်အောင် သက်သက်လုပ်လိုခြင်း ဖြစ်ကြောင်းကို သူ့တပည်နှစ်ယောက်ဆီမှ ကြားပြီးသွားပြီ ဖြစ်သော်ငြား ထိုကဲ့သို့ အရှက်ခွဲခံရသည့် အဖြစ်မျိုးကို ရွှယ့်ရှီ လက်မခံနိုင်ဖြစ်နေခဲ့သည်။ ရန်ကိုင်သည် ယုတ်မာကောက်ကျစ်စဉ်းလဲ ဥာဏ်များသည် ဂျူနီယာ တစ်ယောက်သာ ဖြစ်သည်ဟု ထင်နေခဲ့သည်။
သူမ ခံစားခဲ့ရသည့် အဖြစ်အပျက် အားလုံးကို သူမဘဝ၏ မဟာအရှက်ကွဲမှုကြီးအဖြစ် သတ်မှတ်ထားသည်။ ထို့ကြောင့် ရန်ကိုင်အား မြင်လိုက်တိုင်း သူမရင်ထဲ ဒေါသလှိုင်းလုံးတို့ တလိပ်လိပ် တက်လာခဲ့ရသည်။
လောလောဆယ်တွင် ဤနေရာ၌ ပိတ်မိနေသူအားလုံးသည် စွမ်းအားအကြီးဆုံးဖြစ်သူ ကွေ့ဇူ၏ အမိန့်ကို နာခံ၍ သူ့အား ဦးညွှတ်ရသည်။ ထို့ကြောင့် ရွှယ့်ရှီ မဆင်မခြင် မလှုပ်ရှားရဲသေး။ သူမ၏ ဒေါသ၊ အမုန်းတရားတို့အား ထိုကောင်လေးကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စူးစူးရဲရဲ စိုက်ကြည့်ခြင်းဖြင့်သာ ဖွင့်ထုတ်နေရသည်။
ရန်ကိုင်သည် သူမအား မမြင်ချင်ယောင် ဆောင်၍ တောင်ထဲသို့ လမ်းလျှောက်ဝင်သွားလိုက်သည်။ ရွှယ့်ရှီသည် မျက်လုံး ပြန်ပိတ်ပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။
“ကွေ့ဇူ ကျောထောက်နောက်ခံ ရှိတာနဲ့ သူ့ကိုယ်သူ ဟုတ်လှပြီ ထင်နေတာ။ သူသေပြီဆိုတာကိုတော့ သူမသိဘူး” လျူကွေ့ချန်က ရွှယ့်ရှီဘေးတွင် ရုတ်တရက် ပေါ်လာပြီး ရန်ကိုင်အား လှောင်ပြောင်လေသည် “ကွေ့ဇူသာ ဒီနေရာက ထွက်သွားတာနဲ့ သူ့ကို ကျိန်းသေ အလွတ်ပေးမှာမဟုတ်ဘူး။ အဲ့အချိန်ကျ သူလုံးဝကို သေရမှာ”
“ဘာလို့ ငါ့ကို လာပြောနေတာလဲ” ရွှယ့်ရှီက လျူကွေ့ချန်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
“နင်သူ့ကို မမုန်းဘူးလား။ သူက နင့်တပည့်ကို သတ်ပြီး အခြား တပည့်နှစ်ယောက်ကို လိုဏ်ဂူထဲ ခေါ်သွားတာနော်။ သူတို့ ဘာတွေ ခံစားခဲ့ရလဲဆိုတာကို နင့်ငါ့ထက် ပိုသိပါတယ်။ သူနင့်ကို လူမြင်ကွင်းမှာ အရှက်ခွဲခဲ့တာ၊ နင်သူ့ကို မမုန်းဘူးလား။ နင့်လက်နဲ့ သူ့ကို သတ်မပစ်ချင်ဘူးလား”
“အဲ့ဒါငါ့ကိစ္စ၊ နင့်နဲ့မဆိုင်ဘူး” ရွှယ့်ရှီက နှာခေါင်းရှုံ့သည်။
လျူကွေ့ချန်က သွားပေါ်အာင်ပြုံးလိုက်ပြီး “ဆိုင်တာပေါ့။ ငါလည်း သူ့အသက်ကို လိုချင်နေတာလေ”
“ဟိုရက်ပိုင်းတုန်းလောက်ပဲ နင်သူ့ရှေ့မှ အမြီးတနှံ့နှံ့နဲ့ လုပ်ပြနေတာ မဟုတ်ဘူးလား”
ထိုစကားကြောင့် လျူကွေ့ချန် ရှက်သွားပြီး နှာခေါင်းကိုပွတ်လျက် ပြန်ပြောလေသည် “အဲ့တုန်းက အခြေအနေရ လုပ်ရတာလေ။ ငါရော ပျော်တယ်ထင်နေလို့လား။ ကွေ့ဇူကြောင့်သာ မဟုတ်ရင် ငါကြိုက်တဲ့အချိန် သူ့ကို သတ်ပစ်လိုက်လို့ရတယ်”
“လျူကွေ့ချန်၊ ငါနင့်ကိုမေးခွန်းတစ်ခုမေးမယ်။ အမှန်အတိုင်းဖြေ” ရွှယ့်ရှီက ရုတ်တရက် လျူကွေ့ချန်အား အလေးအနက် ကြည့်လိုက်သည်။
“ဘာလဲ”
“ဒီအဖြစ်အပျက်မတိုင်ခင် ငါ့တပည့်ဝေဝူ… နင်တို့ ခရမ်းကြယ်ကို ဆက်သွယ်ခဲ့လား။ ငါနဲ့ ဓါးအဖွဲ့အစည်းကိုတောင် သစ္စာဖောက်ရဲအောင် နင်သူတို့ကို ဘာတွေနဲ့ ဆွဲဆောင်လိုက်တာလဲ” ရွှယ့်ရှီက ဒေါသတကြီး အော်မေးသည်။
လျူကွေ့ချန်၏ မျက်လုံး မှေးစဉ်းသွားခဲ့ပြီး ရယ်မောလျက် “နင်ဘာပြောချင်တာလဲ။ ငါနားမလည်ဘူး”
“ငါဘာပြောချင်နေလဲ နင်သိတယ်။ ဒီကိစ္စနကို အနှေးနဲ့အမြန် နင်နဲ့လာရှင်းမယ်ဆိုတာ မှတ်ထားလိုက်။ အဲ့ဂျူနီယာကို သတ်ချင်တယ်ဆိုရင် ကိုယ့်ဘာသာ သွားသတ်လိုက်။ ငါ့ကို လာစိတ်ဆွပေးပြီး ဓါးငှားသတ်ဖို့ မလုပ်နဲ့။ ငါအဲ့လောက်အထိ မတုံးဘူး” ပြောပြီးသည်နှင့် ချက်ချင်း ထွက်သွားလေသည်။
ရွှယ့်ရှီ၏ ကျောပြင်ကိုကြည့်ရင်း လျူကွေ့ချန်၏ အမူအရာ မှုန်ကုတ်နေခဲ့သည်။
ယခုထိတိုင် ဒေါသထိန်းထားနိုင်သေးသည့် ရွှယ့်ရှီကိုကြည့်ရင်း လျူကွေ့ချန် အတော်လေးကို စိတ်ညစ်နေခဲ့သည်။ သူ့တပည့် နှစ်ယောက်ကို ရန်ကိုင်ခေါ်သွားပြီး မဟုတ်တာတွေ လုပ်ခဲ့သည် မဟုတ်ပေလော။ ရွှယ့်ရှီ ဘာကြောင့် ဒေါသမထွက်သနည်း။ ရန်ကိုင်သည့် သူ့တပည့်ကိုသတ်၊ အခြား တပည့်နှစ်ယောက်ကို စော်ကားခဲ့သည်ကောင် ဖြစ်သည်လေ။ ထိုကောင့်ကို မြင်သည်နှင့် ဘာမှမစဉ်းစားနိုင်တော့ဘဲ သူ့ဆီ ပြေးသွားပြီး သတ်ပစ်ရမှာ မဟုတ်ပေလာ။ ရွှယ့်ရှီ ဘာကြောင့် တည်တည်ငြိမ်ငြိမ် ရှိနေသေးမှန်း လျူကွေ့ချန် နားမလည်နိုင် ဖြစ်နေခဲ့လေသည်။
တောင်ထဲရှိ၊ ကျောက်တုံးခန်းတစ်ခန်းထဲ၌ ရန်ကိုင်သည် စမ်းချောင်းဘေးနားတွင်ထိုင်လျက် အတွေးထဲ နစ်မြောနေခဲ့သည်။
ကွေ့ဇူ၏ စကားများသည် သူတစ်ခါမှ မစဉ်းစားခဲ့ဖူးသော ဖြစ်နိုင်ချေတစ်ခုကို သူ့အား စဉ်းစားမိသွားစေခဲ့သည်။ သူ့ကိုယ်ထဲရှိ ဆန့်ကျင်ဘက် စွမ်းအင်နှစ်မျိုးကို အမှန်တကယ် ပေါင်းစည်း၍ ရသလော။
သူသည် အစစ်အမှန်ယန်ကျင့်စဉ်ကို ကျင့်ကြံထားသည့်အတွက် သူ့ကိုယ်ထဲရှိ သူတော်စင်ချီများထဲ ယန်ဓါတ်တို့ ပါဝင်နေခဲ့သည်။ တစ်ဖက်တွင်မူ ရွှေရောင်အရိုးခြောက်ထဲရှိ စွမ်းအင်များသည် လုံးဝကို မိစ္ဆာစွမ်းအင်များဖြစ်သည်။
သူတိုက်ခိုက်သည့်အချိန်တွင်း ထိုစွမ်းအင်နှစ်မျိုးထဲကမှ တစ်မျိုးကို မသုံးဘဲ နေရသည်။
အစစ်အမှန်ယန်ကျင့်စဉ်ကို ကျင့်ကြံရသည့် အကြောင်းအရင်းသည် ရွှေရောင်အရိုးခြောက်ထဲရှိ မိစ္ဆာစွမ်းအင်များကို ဖိနှိပ်ရန်ဖြစ်သည်သူ သူထင်ခဲ့သည်။ သို့သော်လည်း သေသေချာချာ စဉ်းစားပြီးနောက် ထိုကဲ့သို့ မဟုတ်သည်ကို သူသတိပြုမိသွားသည်။
အကြောင်းမှာ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို အသုံးပြုပြီးသည့်တိုင် သူ့ကိုယ်ထဲ မိစ္ဆာစွမ်းအင်များကြောင့် ယခင်ကကဲ့သို့ အသိစိတ်မလွတ်တော့ချေ။ သူသည် သူ့မိဘနှင့် မိတ်ဆွေများကို မှတ်မိနိုင်သော၊ စဉ်းစားဆင်ခြင်နိုင်စွမ်းရှိသော နတ်ဆိုးတစ်ကောင် ဖြစ်သွားသည်။
ထိုဆန့်ကျင်ဘက် စွမ်းအင်နှစ်မျိုးကို ပေါင်းစည်းမည့် အတွေးမျိုး သူတစ်ခါမှ မစဉ်းစားဖူးခဲ့။ ပေါင်းစည်းလျှင် ဘာဖြစ်လာမည် ဆိုသည်ကိုလဲ သူမတွေးတတ်ချေ။ ထို့ကြောင့် လောလောဆယ် အနည်းငယ် လမ်းပျောက်ချင်သလို ဖြစ်နေခဲ့သည်။
သို့သော်လည်း ကွေ့ဇူသည် သူ့အား ထိုကဲ့သို့ ပြောခဲ့မှဖြင့် သူလိမ်နေခြင်း မဟုတ်တန်ရာ။ သူသေလျှင် ကွေ့ဇူအတွက် အကျိုးရှိလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ကွေ့ဇူစကားကို ယုံကြည်ရန် ရန်ကိုင် ဆုံးဖြတ်လိုက်သည်။
အချိန်အကြာကြီး ဆုံးဖြတ်ပြီးနောက် နောက်ဆုံး၌ ဆုံးဖြတ်ချက် တစ်ခုကို ရန်ကိုင် ချလိုက်သည်။ ထိုစွမ်းအင်နှစ်မျိုးကို ပေါင်းစည်းကြည့်ရပေမည်။
စိတ်ကိုငြိမ်အောင် လုပ်ပြီးနောက် သူ့သွေးကြောများထဲ စီးဆင်းနေသော သူတော်စင်ချီများကို ဒန်တန်ထဲသို့ ပြန်လည် စီးဆင်းသွားစေလိုက်သည်။ ခဏအကြာတွင် သူ့ခန္ဓာကိုယ်ထဲ မည်သည့်စွမ်းအင်မှ မကျန်တော့။ ဗဟာဟင်းလင်း ဖြစ်သွားခဲ့လေသည်။
ခွန်အား မရှိတော့သည့် ခံစားချက်မျိုးကို အကြိမ်ပေါင်းများစွာ ရန်ကိုင် ခံစားခဲ့ဖူးသည်။ သို့သော် ယခင်အကြိမ်များစွာ စွမ်းအင် အလွန်အကျွံ သုံးစွဲခြင်းကြောင့်ဖြစ်ပြီး ယခုတစ်ကြိမ်သာ သူ့ကိုယ်ထဲရှိ စွမ်းအင်များကို သူ့ဘာသာ ဖယ်ထုတ်ခဲ့ခြင်း ဖြစ်လေသည်။
ထို့နောက် သူ့ဒန်တန်ထဲမှ အစစ်အမှန်ယန်သူတော်စင်ချီ တစ်မျှင်ကို သေချာသတိထား၍ သွေးကြောထဲသို့ စီးဆင်းစေလိုက်သည်။ တစ်ချိန်တည်းတွင် ရွှေရောင်အရိုးခြောက် ထဲမှ မိစ္ဆာချီစွမ်းအင်တစ်မျှင်ကို သေချာထုတ်ယူ၍ အစစ်အမှန် ယန်သူတော်စင်ချီ ရှိနေသည့် နေရာသို့ ဆွဲယူလိုက်သည်။
ထိုစွမ်းအင်နှစ်မျိုး ထိပ်တိုက်တွေ့သွားသည့်အခိုက် ရန်ကိုင် တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပြီး သူ့မျက်နှာတစ်ပြင်လုံး နာကျင်မှုကြောင့် ရှုံ့မဲ့သွားသည်။ ထိုစွမ်းအင်နှစ်မျိုး တစ်ခုနှင့်တစ်ခု ပဋိပက္ခဖြစ်နေသည်ကို ရန်ကိုင် ကောင်းကောင်း ခံစားမိသည်။ စွမ်းအင်နှစ်မျိုးသည် ကမ္ဘာမကျေရန်ကြွေး ရှိနေသည့် ရန်သူနှစ်ယောက်နှယ် သူ့သွေကြောကို တိုက်ပွဲ ကွင်းပြင်အဖြစ် သဘောထားလျက် တိုက်ခိုက်နေကြသည်။ စွမ်းအင်နှစ်မျိုးကြားမှ ပဋိပက္ခကြောင့် ရန်ကိုင်၏ သွေးကြောများ ဖောင်းလိုက်ပိန်လိုက် ဖြစ်နေခဲ့လေသည်။
အစစ်အမှန်ယန်သူတော်စင်ချီနှင့် မိစ္ဆာစွမ်းအင်သည် တစ်ခုနှင့် တစ်ခု အပြန်အလှန် ဖျက်စီးရန် ကြိုးစားနေခဲ့သည်။ ခဏအကြာ၌ စွမ်းအင်နှစ်မျိုးစလုံး ပျောက်ကွယ်သွားခဲ့သည်။ ပထမအကြိမ် ကြိုးစားမှုသည် အရှုံးနှင့် အဆုံးသတ်သွားရသည်။
ရန်ကိုင် မျက်မှောင်ကြုံနေခဲ့သည်။ စွမ်းအင်နှစ်မျိုးအား ယခှမှသာ ပထမဆုံးအကြိမ် စတင် ပေါင်းစပ်ကြည့်ဖူးခြင်း ဖြစ်သည်။ ထိုသို့ ပေါင်းစပ်ခြင်းသည် သူ့အား အလွန်ကိုမှ မသက်မသာ ဖြစ်စေ၏။
မိစ္ဆာစွမ်းအင်နှင့် အစစ်အမှန်ယန်သူတော်စင်ချီတို့သည် တစ်မျိုးနှင့်တစ်မျိုး မတည့်သည့်တိုင် သူ့ကိုယ်ထဲတွင် အတူတကွ ပေါင်းစည်းနေနိုင်ခြင်းမှာ ထိုစွမ်းအင်နှစ်မျိုးအား တစ်နေရာစီတွင် သိုလှောင်ထားသောကြောင့်ဖြစ်သည်။ စွမ်းအင်နှစ်မျိုးအား ဘယ်သောအခါမှ တစ်မျိုးနှင့်တစ်မျိုး မထိတွေ့စေခဲ့။ ထိုစွမ်းအင်နှစ်မျိုးကို ပေါင်းစပ်ချင်လျှင် အတော့်ကိုမှ ခက်ခဲနိုင်ပေသည်။
“ရန်ကိုင်၊ နင်အဆင်ပြေရဲ့လား” ဟဲကျောင်၏ အသံ ထွက်လာခဲ့သည်။ အစောပိုင်းမှ အနှောင့်အယှတ်ကြောင့် သူမလည်း နိုးနိုးကြားကြား ဖြစ်သွားသည့်ပုံပင်။
“ငါအဆင်ပြေတယ်” ရန်ကိုင် ခေါင်းမော့ကြည့်လိုက်ရာ ကျောက်တုံးအခန်း၏ အပြင်ဘက်မှနေ၍ သူ့အား စိုက်ကြည့်နေသော ညီအစ်မနှစ်ယောက်ကို တွေ့လိုက်ရသည်။ နှစ်ယောက်စလုံးသည် တစ်ခုခု ပြောချင်နေသော်လည်း တုန့်ဆိုင်းနေသည့်ပုံစံမျိုးဖြင့်။ ထိုကြောင့် ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားပြီး ချက်ချင်းပဲ ပြန်မေးလိုက်လေသည် “တစ်ခုခုလိုလို့လား”
“ငါတို့ဆရာ့ဆီ ပြန်သွားချင်လို့… ငါတို့ ဒီကို ရောက်နေတာ လဝက်တောင်ရှိနေပြီ။ ဆရာ ငါတို့ကို အရမ်း စိတ်ပူနေမှာ။ နင်လည်း စိတ်ငြိမ်သွားပြီပဲ မဟုတ်ဘူးလား… နော်” ဟဲကျောင်က သူမနှုတ်ခမ်းလေးကို ကွေးလျက် မေးလိုက်သည်။
“နင်တို့ သူ့ဆီ လှမ်းအကြောင်းကြားပြီသွားပြီ မဟုတ်ဘူးလား” ရန်ကိုင်က ရယ်သွမ်းသွေးလျက် “သူဘာတွေကို စိုးရိမ်နေသေးတာလဲ”
“နင်သိတယ်လား” ဟဲကျောင် ကြောင်သွားခဲ့သည်။
“ငါမသိဘူး ထင်နေတလား” ရန်ကိုင်က ညီအစ်မနှစ်ယောက်ကို စိုက်ကြည့်၍ ရယ်မောလိုက်သည်။ ခဏအကြာ၌ ခေါင်းညိတ်၍ “သွား။ နင့်ဆရာကို ပြန်ပြောလိုက်။ ငါ့ကို ဆက်ပြီး အငြိုးထားနေဦးမယ် ဆိုရင်တော့ ငါသူ့ကို အလွတ်ပေးမှာ မဟုတ်ဘူးလို့”
ဟဲကျောင်က ခေါင်းညိတ်လိုက်ပြီး မျက်မှောင်ကြုံကာ “ငါပြောလိုက်ပါ့မယ်။ ဒါပေမယ့် အခြား တစ်ဖက်လှည့် အခြေအနေမျိုးလေးကော လုပ်ပေးလို့ မရဘူးလား။ ဆရာက နည်းနည်း ခေါင်းမာ…”
သူမ ပြောလို့ မပြီးသေးခင်မှာပင် ရန်ကိုင်က မျက်လုံး ပိတ်သွားသဖြင့် ဟဲကျောင်နှင့် ဟဲမြောင်လည်း အကြည့်ချင်း ဖလှယ်၍ ကူကယ်ရာမဲ့စွာ ခေါင်းရမ်းရင်းဖြင့်သာ လှည့်ထွက်သွားလေသည်။
သူတို့ ထွက်သွားပြီးနောက် ပီယ ပေါ်လာခဲ့သည်။ ထွက်သွားသော ညီအစ်မနှစ်ယောက်၏ ကျောပြင်ကိုကြည့်ရင်း နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် ရန်ကိုင်အား သိချင်စိတ်အပြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
“ဝင်လာခဲ့” ရန်ကိုင်က ပီယအား လှမ်းခေါ်လိုက်သည်။
ပီယက ချိုမြိန်စွာပြုံးလျက် ကြောကြောမော့မော့ဖြင့် အထဲသို့ လှမ်းဝင်သွားလိုက်သည်။ ခဏအကြာ၌ ရန်ကိုင်ရှေ့သို့ ရောက်လာခဲ့သည်။
“သခင်၊ ဘာများ အမိန့်ပေးချင်လို့လဲ”
“ငါနင့်ကို မေးချင်တာတစ်ခုရှိလို့။ မတူညီတဲ့ စွမ်းအင်နှစ်မျိုးကို ပေါင်းစည်းနိုင်တဲ့ ကျင့်ကြံသူမျိုး နင်မြင်ဖူးလား။ အဲ့စွမ်းအင် နှစ်မျိုးကို လုံးဝ ပြည့်ပြည့်စုံစုံ ပေါင်းစည်းနိုင်တာမျိုးလေ” ရန်ကိုင်က မေးလိုက်သည်။
“မတူညီတဲ့ စွမ်းအင်နှစ်မျိုးလား” ပီယ အံ့ဩသွားသည်။
“ရေနဲ့မီး၊ သေခြင်းနဲ့ရှင်ခြင်း၊ အလင်းနဲ့အမှောင်…”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဓါတ်တစ်မျိုးတည်းကို ကျွမ်းကျင်ဖို့တောင် အရမ်းခက်နေတာ။ ပညာရှင်ကြီးတွေတောင် အဲ့ဓါတ်တစ်မျိုးကိုတည်း သူတို့တစ်ဘဝလုံး လေ့လာတာတောင် အပြည့်အဝ နားလည်နိုင်ကြတာ မဟုတ်ဘူး။ ဓါတ်နှစ်မျိုးကို ပေါင်းစည်းတာမျိုးကတော့ သိပ်ပြီး ယုတ္တိမရှိဘူးလားလို့” ပီယက သိမ်မွေ့စွာပြုံးကာ ပြန်ပြောလိုက်သည်။ ထိုကဲ့သို့ နာလည်းရ ခက်ခဲသော မေးခွန်းမျိုး ရန်ကိုင် ဘာကြောင့် လာမေးနေမှန်း သူမတကယ်ကို နားမလည်နိုင် ဖြစ်နေခဲ့သည် “ဒါပေမယ့် ရေနဲ့မီး၊ အဲ့လို မတူညီတဲ့ ဓါတ်နှစ်မျိုးစလုံးကို အပြည့်အဝ နားလည်ထားတယ် ဆိုရင်တော့ ပေါင်းစည်းတာမျိုးကတော့ လုပ်ချင်လုပ်နိုင်မှာပေါ့။ ဒါပေမယ့် သခင့်ရဲ့ အစေခံ အသက်ရှင်ခဲ့တဲ့ တစ်ဘဝလုံး အဲ့လို စွမ်းအင်နှစ်မျိုးကို ပေါင်းစပ်အသုံးပြုတဲ့ လူမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး”