← Chapters

အခန်း (၁၀၂၁-၁၀၂၅)

Vol. 41 Ch. 1021-1025

အခန်း (၁၀၂၁-၁၀၂၅)

Vol. 41 Ch. 1021-1025

အပိုင်း (၁၀၂၁) ကောင်းချီးပေလာ၊ ကပ်ဆိုးပေလော

“စွမ်းအားကို အပြည့်အဝ နားလည်ထားရင်လား” ရန်ကိုင် မျက်မှောင်ကြုံ့သွားသည်။

“ကိုယ်သုံးတဲ့စွမ်းအား အကြောင်းကို အပြည့်အဝ နားလည်ထားမှပဲ အဲ့စွမ်းအားရဲ့ အဆုံးစွန်ဆုံးသော စွမ်းအင်ကို ထုတ်ဖော်နိုင်မှာလေ” ပီယက အပြုံးဖြင့် ရှင်းပြသည်။

“ဟုတ်လောက်တယ်” ရန်ကိုင် ခေါင်းနည်းနည်း ရှုပ်နေသေးသည်။ ကွေ့ဇူပြောခဲ့သော စကားများကြောင့် သူ့မှာ အလွန်တရာကိုမှ စိတ်လှုပ်ရှားသွားခဲ့ရပြီး ကမ္ဘာလောကသစ်၏ တံခါးချပ်ကို ဖွင့်လှစ်နိုင်တော့မည်ဟု ကြိတ်တွေးနေခဲ့သော်လည်း ကွေ့ဇူသည် ပေါက်တတ်ကရ ပါးစပ်ထဲရှိရာ လျှောက်ပြောနေသည်မှာလည်း ဖြစ်နိုင်ပေသည်။

တကယ်တော့ သူသည် ရန်ကိုင်အား ထိုကိစ္စနှင့် ပက်သက်၍ ညွှန်ကြားမှုလည်း မလုပ်ပေးနိုင်သလို အကြံလည်း မပေးနိုင်ဘူး မဟုတ်လေလော။

“သခင့်ရဲ့ အစေခံက အဲ့လို အံ့ဩစရာကောင်းတဲ့ ပါရမီရှင်တွေကို တစ်ခါမှ မတွေ့ဖူးပေမယ့် ဆန့်ကျင်ဘက် စွမ်းအင်တွေကို လေ့ကျင့်ထားတဲ့ လူနှစ်ယောက် အတူပူးပေါင်း တိုက်ခိုက်တာကိုတော့ မြင်ဖူးတယ်။ သူတို့ အသုံးပြုတဲ့ စွမ်းအင်တွေက တစ်ခုနဲ့တစ်ယောက် အနှောင့်အယှတ် မဖြစ်ကြဘူး။ အဲ့အစား သူတို့ ထုတ်ဖော်နိုင်တဲ့ စွမ်းအားကိုတောင် ပိုတိုးသွားစေသေးတယ်။ သခင်လည်း အဲ့လိုလူမျိုးတွေနဲ့ ကြုံတွေ့ဖူးမယ်လို့ ကျွန်မ ထင်တယ်”

ရန်ကိုင် မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး ပီယအား အကောင်လိုက် ဝါးမြိုတော့မည် အကြည့်မျိုးဖြင့် စိုက်ကြည့်လိုက်သည်။

ပီယက အားတင်းပြုံးလိုက်ပြီး ရှက်ကိုးရှက်ကန်းဖြင့် တိုးတိုးလေး ပြန်ပြောလိုက်သည် “သခင်ဘာလို့ အဲ့လိုကြီး စိုက်ကြည့်နေတာလဲ”

ရန်ကိုင်သည် ပြန်မဖြေခဲ့ချေ။ သူ့စိတ်ထဲ အတွေပေါင်း ထောင်သောင်းမက ဖြတ်ပြေးသွားခဲ့သည်။

အမှောင်ထုထဲ အလင်းရောင်ကို တွေ့သွားသည့်နှယ်၊ ပီယ၏ မရည်ရွယ်ဘဲ ပြောလိုက်သော စကားလုံးများသည် ရန်ကိုင်အား အရေးကြီးသော အချက်တစ်ချက်ကို သတိရသွားစေခဲ့သည်။

ဆန့်ကျင်ဘက် စွမ်းအင်နှစ်မျိုးကို ပေါင်းစည်းရန်မှာ အလွန်တရာကိုမှ ခက်ခဲပေသည်။ သို့သော်လည်း မတူညီသော စွမ်းအင်နှစ်မျိုးကို ကျင့်ကြံထားသည့် လူနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အားဖြည့်၍ အတူတူပူးပေါင်း တိုက်ခိုက်နိုင်ကြသည်။

သူနှင့် စုယန်သည်လည်း ထိုကဲ့သို့ပင်။

စုယန်သည် ရေခဲဓါတ်ကို ကျင့်ကြံပြီး သူသည် ယန်ဓါတ်ကို ကျင့်ကြံသည်။ လောကနိယာမအရ သူတို့နှစ်ယောက်၏ စွမ်းအားကို မည်သို့မှ ပေါင်းစည်း၍ မရနိုင်ချေ။ သို့သော် သူနှင့်စုယန်၏ စွမ်အားနှစ်မျိုးသည် အမှန်တကယ်ကို ပေါင်းစည်းနိုင်ခဲ့သည်။ ထိုသို့ ပေါင်းစည်းလိုက်သည့်အခါ ထွက်ပေါ်လာသော စွမ်းအားသည် မူရင်း ရှိရင်းစွဲစွမ်းအားထက် အဆပေါင်းများစွာ ပိုမို အားကောင်းနေခဲ့သည်။

အကြောင်းမှာ ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ကြောင့်ပင် ဖြစ်လေသည်။

သူတို့နှစ်ယောက်သည် နှစ်မွှာကျင့်စဉ်ကို ကျင့်ကြံသူများ ဖြစ်ကြသည်။ တစ်ယောက်ကိုယ်ထဲရှိ စွမ်းအင်သည် အခြား တစ်ယောက်ကိုယ်ထဲရှိ စွမ်းအင်နှင့် ပေါင်းစပ်ပြီး မဆုံးနိုင်သော သံသရာနှယ် အဖန်တလဲလဲ လည်ပတ်နေခဲ့သည်။ စုယန်၏ ရေခဲစွမ်းအင်နှင့် ရန်ကိုင်၏ ယန်စွမ်းအင်သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် သန့်စင်၍ အားဖြည့်ပေးသည်။ ထို့ကြောင့် စွမ်းအင်၏ သိပ်သည်းဆနှင့် သန့်စင်နှုန်းမှာလည်း ပို၍ မြင်မားလာခဲ့သည်။

ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်လား

ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့ပြီး အတွေးရေယာဉ်ကြောထဲ နစ်မြောသွားခဲ့သည်။

သူနှင့် စုယန်တို့ နှစ်မွှာကျင့်ကြံသည့် အချိန်ကို ရန်ကိုင် ရုတ်တရက် ပြန်စဉ်းစားမိလိုက်သည်။ သူဥာဏ်အလင်း ပွင့်သွားခဲ့လေပြီ။ စုယန်သည် သူ့ရှေ့သို့ ရောက်လာခဲ့ပြီး နှစ်ယောက်သား နှစ်မွှာကျင့်ကြံခြင်းကို စတင် လေ့ကျင့်နေသလို ရန်ကိုင် ခံစားနေရသည်။

ဘုန်း…

သူ့အား ပိတ်ကာထားသော မြူခိုးအလွှာထုကြီး ရုတ်တရက် ပျောက်ကွယ်သွားပြီး အမည်မသိရသော နယ်ပယ်ကြီးတစ်ခုကို မြင်လိုက်ရသည့်နှယ် ရန်ကိုင် ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး တုန်ခါသွားပြီး သူ့မျက်လုံးများသည်လည်း တလက်လက် တောက်ပလာခဲ့လေသည်။

ဖြစ်နိုင်ချေတစ်ခုကို သူတွေးမိသွားခဲ့လေပြီ။ ရေခဲနှင့်မီးဓါတ် ပေါင်းစည်းနိုင်ခြင်းမှာ ထိုစွမ်းအင်နှစ်မျိုးသည် တစ်မျိုးနှင့်တစ်မျိုး ကန့်သတ်ချုပ်နှောင်ထားခြင်း မရှိဘဲ မဆုံးနိုင်သော သံသရာ စက်ဝန်းတစ်ခုနှယ် လည်ပတ်ရင်း တစ်မျိုး၏ စွမ်းအင်ကို တစ်မျိုးက တိုးမြှင့်ပေးနေသောကြောင့် ဖြစ်သည်။

ရေခဲနှင့်မီးသည် ထိုကဲ့သို့ လုပ်နိုင်လျှင် သူ၏ အစစ်အမှန် ယန်သူတော်စင်ချီနှင့် မိစ္ဆစွမ်းအားသည်လည်း ထိုကဲ့သို့ လုပ်နိုင်ရပေမည်။

ရှင်းရှင်းပြောရလျှင် ရွှေရောင်အရိုးခြောက်ထဲ ရှိနေသော မိစ္ဆာစွမ်းအင်များသည် အအေးဓါတ်တစ်မျိုး ဖြစ်သည်။ စုယန်၏ အအေးဓါတ်နှင့် မတူသည်ကား ထိုအအေးဓါတ်သည် လူတစ်ယောက်၏ စိတ့်နှင့်ဝိဥာဉ်ကို အဆုံးမဲ့ ရေခဲတွင်းထဲသို့ ရောက်သွားစေသည်ဟု ခံစားစေရသော အအေးဓါတ်မျိုး ဖြစ်သည်။

မမြင်နိုင်သော စွမ်းအားတို့ ရန်ကိုင် ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ချက်ချင်းဆိုသလို တစ်လှည့်စီ လှည့်ပတ်နေသော အပူနှင့်အအေး အရှိန်အဝါတို့သည် ပီယအား ရစ်ပတ်သွားခဲ့လေပြီ။ ထိုအပူအအေး စက်ကွင်းကြောင့် ပီယမှာ ရေခဲရိုက်ခံရသည့်ဒဏ်နှင့် မီးကင်ခံရသည့်ဒဏ်ကို တစ်လှည့်စီ ခံစားနေခဲ့ရလေသည်။

“နင်အဆင်ပြေလား” ရန်ကိုင် အခြေအနေ ပုံမှန်မဟုတ်သည်ကို မြင်သော် ပီယက အလန့်တကြား ထမေးလိုက်သည်။

ယခင်အချိန်အတောအတွင်း ပီယဿည် ရန်ကိုင် စိတ်ကျေနပ်စေရန် အကောင်းဆုံး ကြိုးစားခဲ့သည်။ သို့မှသာ ရန်ကိုင်၏ ကျောထောက်နောက်ခံကို ရရှိနိုင်မည် မဟုတ်ပေလော။ ရန်ကိုင်သာ မတော်တဆ တစ်ခုခု ဖြစ်သွားပါက သူမကြိုးစားခဲ့ရသမျှအားလုံး သဲထဲရေသွန် ဖြစ်ကုန်ပေလိမ့်မည်။

ထိုသို့ ဖြစ်သွားမည် ဖြစ်လေရာ ပီယ မစိုးရိမ်ဘဲ ဘယ်နေမည်နည်း။

“ပြန်ဆုတ်” ကွေ့ဇူ၏ အသံကို သူမ ရုတ်တရက် ကြာလိုက်ရပြီး မမြင်နိုင်သော အားတစ်ရပ်သည် သူမအား ကျောက်တုံးခန်းထဲမှ ဆွဲခေါ်ထုတ်သွားလေသည်။

သူမပါးပြင်အား လေးညင်းတစ်ချက် ပွတ်သပ်သွားသည်ကို ခံစားမိပြီးနောက် အသိပြန်ဝင်လာ၍ လှည့်ကြည့်လိုက်ရာ ကွေ့ဇူသည် သူမဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ကွေ့ဇူ၏ မှိုင်းတိုင်းတိုင်း မျက်လုံးများထဲ ထူးဆန်းသော အလင်းရောင်တို့ လက်နေခဲ့ပြီး ကျောက်တုံးခန်းထဲတွင် တင်ပလင်ခွေ ထိုင်သော ရန်ကိုင်အား အသေအချာ စိုက်ကြည့်နေခဲ့သည်။

“စီနီယာ၊ ရန်ကိုင် ဘာဖြစ်သွားတာလဲ” ပီယက ရဲဆေးတင်၍ မေးလိုက်သည်။

“ငါလည်းမသိဘူး။ ဒါပေမယ့် ကြည့်ရတာ သူတစ်ခုခုကို ဥာဏ်အလင်းပွင့်သွားတဲ့ပုံပဲ” ကွေ့ဇူ မျက်မှောင်ကြုံ့သွားပြီး “ခုဏတုန်းက နင်သူနဲ့ ဘာတွေ ပြောနေတာလဲ”

ပီယက အကုန်လုံးကို အမှန်အတိုင်း ရှင်းပြလိုက်လေသည်။

ပီယ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကွေ့ဇူက ထူးဆန်းစွာ ပြုံးဖြီးလိုက်ပြီး “ငါပြောလိုက်တဲ့အတိုင်း ဒီကောင် တကယ်ကြီး လုပ်လိမ့်မယ်လို့ မထင်ထားဘူး။ ကံကောင်းတာလား၊ ကံဆိုးတာလား၊ ငါလည်း မပြောတတ်တော့ဘူး”

“စီနီယာ… သူအန္တရာယ်ရှိလား” ပီယက သူမပါးစပ်ကို ကြောက်လန့်တကြား လက်ဖြင့် အုပ်လိုက်သည်။

“သူက ဆန့်ကျင်ဘက် စွမ်းအင်နှစ်မျိုးကို ပေါင်းစည်းဖို့ ကြိုးစားနေတာလေ။ နင်ဘယ်လိုထင်လဲ” ကွေ့ဇူက ပြုံးဖြီးလျက် “နေရာမှာတင် တန်းမသေသွားတာနဲ့တင် အထင်ကြီးဖို့ ကောင်းနေပြီ။ ဒီကောင့်သတ္တိက မသေးဘူး”

“စီနီယာ သူ့ကို ရပ်ပေးလို့မရဘူးလား” ပီယက အလျင်စလို မေးလိုက်သည် “ဒီနေရာကနေ ထွက်သွားဖို့အတွက် သူ့အကူအညီကို စီနီယာ လိုသေးတယ်လေ။ သူသာ သေသွားခဲ့ရင်…”

“သူသေရင် သေတယ်ပေါ့။ ဘာလုပ်ရမှာလဲ။ ပြီးတော့ ဒီကောင်က ငါ့ကို ရိုးရိုးသားသား ကူညီပေးနေတာ မဟုတ်ဘူး။ သူသာ ဒီကနေ ထွက်ပြေးနိုင်မယ့် နည်းလမ်းတစ်ခု ရှာတွေ့သွားရင် ငါ့ကိုတောင် မပြောဘဲ သူ့ဘာသာ ထွက်သွားချင် ထွက်သွားနေမှာ။ ဟတ်၊ သူသေသွားရင် သူ့ဝိဥာဉ်ကို ကောက်ယူပြီး သူမှတ်ဥာဏ်တွေကို ရှာလိုက်ရုံပဲ”

ကွေ့ဇူဆီ အကူအညီတောင်း၍ အသုံးဝင်မည်မဟုတ်မှန်း ပီယ နားလည်လိုက်သည်။ သူမ မည်သို့ပင် ပြောပါစေ၊ ကွေ့ဇူသည် လုံးဝ ဝင်ကူပေးလိမ့်မည် မဟုတ်ချေ။

“ကောင်မလေး၊ ငါသိသလောက် နင်သူ့လုံခြုံရေးကို တကယ် ဂရုမစိုက်ပါဘူး။ ဘာလို့ ဒီလောက်တောင် စိုးရိမ်ပြနေတာလဲ” ကွေ့ဇူက ပီယအားကြည့်ကာ ပြောလိုက်သည်။

ပီယက အားတင်းပြုံးလျက် “စီနီယာ နောက်နေတာပဲ… ကျွန်မ သူ့ကို တကယ် မသေစေချင်ဘူး”

“ဘာတွေ ဖြစ်နေတာလဲ” ရှန်တုက အော်ဟစ်လိုက်ပြီး ခပ်မြန်မြန်ပဲ ပေါ်လာခဲ့သည်။ သို့သော်လည်း ကျောက်တုံးခန်းရှေ့ ရောက်သွည်နှင့် ထိတ်လန့်သွားပြီး အလျင်စလို အော်မေးလေသည် “ဟျောင့်ရန်ကိုင်၊ ဘာတွေ ဖြစ်နေတာလဲ။ ဒီကောင့်ရုပ်က ဘာဖြစ်နေတာလဲဟ”

ရှန်တုမှ ထိုကဲ့သို့ မေးလိုက်သည်နှင့် ကွေ့ဇူ မျက်မှောင်ကြုံ့သွားပြီး အော်ပြောလိုက်လေသည် “ပြန်ဆုတ်ကြ”

ပြောပြီးသည်နှင့် သူပျောက်ကွယ်သွားခဲ့သည်။

ကွေ့ဇူ ထိုမျှ အလေးအနက် ပြုမူနေသည်ကိုမြင်သော် ပီယနှင့် ရှန်တုတို့သည်လည်း မည်ကဲ့သို့ ဆက်နေရဲတော့မည်နည်း။ သူတို့၏ ရွေ့လျားမှုပညာရပ်များကို သုံးလျက် ချက်ချင်းပဲ ထွက်ပြေးတော့လေသည်။

သူတို့ အပြင်ဘက်တွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် တောင်ဆီမှ ဆန့်ကျင်ဘက်အားနှစ်မျိုး ပေါက်ကွဲလာခဲ့သည်။ တစ်မျိုးသည် ချစ်ချစ်တောက် ပူပြင်းပြီး တစ်မျိုးသည် အေးစက်ကာ မကောင်းဆိုးရွားဆန်သည်။

ထိုစွမ်းအင်နှစ်မျိုးစလုံးသည် အလွန်တရာကိုမှ အားကောင်းလှပြီး တစ်ခဏအတွင်း လိုဏ်ဂူတစ်ခုလုံးအနှံ့ ပြည့်သွားခဲ့သည်။ ထိုမျှပင် ရပ်မနေသေး၊ ပေါက်ကွဲထွက်လာသော စွမ်းအင်များသည် လိုဏ်ဂူအပြင်ဘက်သို့ထွက်ကာ တောင်နယ်နိမိတ်ကိုပင် ကျော်လွန်သွားခဲ့သည်။

အနီးတွင်နေနေသော လျူကွေ့ချန်သည် တောင်ဘက်ဆီသို့ ထိတ်လန့်တကြား လှမ်းကြည့်သည်။

ဟဲကျောင်၊ ဟဲမြောင်နှင့် စကားပြောနေသည့် ရွှယ့်ရှီသည်လည်း အံ့အားသင့်တကြီးဖြင့် တောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

တောင်တစ်ခုလုံးသည် နှစ်ပိုင်းကွဲသွားသည့်နှယ်၊ တစ်ခြမ်းသည် ပူပြင်းလှသော ယန်စွမ်းအင်တို့ဖြင့် ပြည့်နေခဲ့ကာ ရွှေရောင် လင်းလက်တောက်ပနေခဲ့သည်။ အခြားတစ်ဖက်ခြမ်းကမူ သွေးဆာရက်စက်သော အရှိန်အဝါတို့ဖြင့် ပြည့်နေသည့် ပိန်းပိန်းပိတ်အောင် မည်းမှောင်သော မိစ္ဆာစွမ်းအင်တို့ဖြင့် ပြည့်နေခဲ့သည်။

ထိုစွမ်းအင်နှစ်မျိုးသည် တစ်မျိုးနှင့်တစ်မျိုး အပြန်အလှန် တွန်းကန်တိုက်ခိုက်နေကြသဖြင့် တစ်တောင်လုံး အချိန်မရွေး ပြိုကျတော့မည့်နှယ် တုန်ခါနေခဲ့သည်။

“ဘာတွေဖြစ်နေတာလဲဟ” လျူကွေ့ချန်က အလန့်တကြား ရေရွတ်ရင်း အလျင်အမြန် ပြန်ဆုတ်လိုက်သည်။ တောင်နားတွင် ရှိနေသော လူအားလုံးသည်လည်း တောင်နှင့် ဆယ်မိုင်ကျော် အကွာသို့ ဆုတ်ခွာကြလေသည်။

“အဲ့ဂျူနီယာရဲ့ အရှိန်အဝါပဲ။ သူဘာတွေလုပ်နေတာလဲ” ရွှယ့်ရှီက မျက်လုံးမှေးစဉ်း၍ ဟဲကျောင်နှင့် ဟဲမြောင်ကို မေးလိုက်သည်။

“မသိဘူး။ ကျွန်မတို့ ထွက်လာတုန်းက သူတစ်ခုခု လုပ်နေတာမျိုး မတွေ့ရဘူး” ဟဲကျောင်က ခေါင်းခါလိုက်သည်။

“ခရမ်းကြယ်က ပီယ တစ်ခုခု သိထားရမယ်” ဟဲကျောင်သည် တောင်ဘက်ဆီသို့ စိုးရိမ်တကြီးဖြင့် လှမ်းကြည့်နေကြသော ရှန်တုနှင့် ပီယဆီ လှမ်းကြည့်လိုက်သည်။

လျူကွေ့ချန်သည်လည်း ထိုအချက်ကို သတိပြုမိလိုက်ပြီး ပီယအား ချက်ချင်း သွားမေးလေသည်။ သူတို့ ပြောနေသည်ကို နားထောင်ပြီးနောက် လက်ရှိကိစ္စ၏ အမှန်တရားကို ရွှယ့်ရှီ နားလည်သွားခဲ့သည်။

ရွှယ့်ရှီ၏ မျက်နှာလှလှလေးထက် ထူးဆန်းသော အမူအရာ ပေါ်လာခဲ့သည်။ ခဏအကြာတွင် ဝါးလုံးကွဲရယ်မောသံတို့ သူမ၏ နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာခဲ့ပြီး “ဒီတစ်ကြိမ်တော့ အဲ့ဂျူနီယာ သေပြီပဲ။ ငါကိုယ်တိုင်တောင် လှုပ်ရှားစရာ မလိုတော့ဘူး။ ဟန့်၊ သွေးနားထင်ရောက်နေတဲ့ကောင်၊ နည်းတောင်နည်းသေးတယ်။ သူတော်စင်ပထမအဆင့်လေးနဲ့ အဲ့လိုသွားကြိုးစားရဲတာ အသက်ရှင်ရတာ ငြီးငွေ့နေတယ်နဲ့ တူတယ်”

“ဆရာ၊ ရန်ကိုင် အန္တရာယ်ရှိလား”

“သူအချိန်မရွေး သေသွားနိုင်တယ်” ရွှယ့်ရှီက ဝမ်းသားစွာဖြင့် ပြောလိုက်သည်။

“ဆရာ၊ သူ့ကို ကယ်ပေးပါနော်။ ဆရာသူ့ကို အမြင်ကတ်မှန်း ကျွန်မတို့သိပါတယ်။ ဒါပေမယ့် ဆရာသူ့ကို တကယ် မသေစေချင်ဘူးမလား” ဟဲကျောင်က တောင်းဆိုလိုက်သည်။

“ငါသူ့ကို သေစေချင်တာပေါ့။ သူမြန်မြန်သေရင် ပိုတောင် ကောင်းသေးတယ်” ရွှယ့်ရှီက အံတကြိတ်ကြိတ်ဖြင့် “ပြီးတော့ ဒီလိုကိစ္စမျိုးဆိုတာ အပြင်လူ ဝင်ရှုပ်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး။ စီနီယာကွေ့ဇူတောင် ဘေးထွက်ကြည့်နေတာကိုပဲကြည့်”

ဟဲကျောင်နှင့်ဟဲမြောင်လည်း မော့ကြည့်လိုက်ရာ ကောင်းကင်ထက်တွင် ဝဲနေသော ကွေ့ဇူကို တွေ့လိုက်ရသည်။

“တစ်ယောက်ယောက်သာ ဒီကိစ္စကို အားသုံးပြီး ရပ်တန့်မယ် ဆိုရင် သူကျိန်းသေ သေရလိမ့်မယ်” ရွှယ့်ရှီက မျက်မှောင်ကြုံ့လျက် “ခပ်မြန်မြန်ပဲ ဆက်ပြောလိုက်သည် “အခု သူသေတယ်၊ ရှင်တယ်ဆိုတာက သူ့ပေါ်ပဲ မူတည်တော့တယ်”

ထိုသို့ ပြောပြီးနောက် ဟဲကျောင်နှင့် ဟဲမြောင်သည် သူ့အား ထူးထူးဆန်းဆန်း စိုက်ကြည့်နေမှန်းကို သတိပြုမိလိုက်သော် နှာခေါင်းရှုံ့လျက် ချက်ချင်းပဲ မျက်နှာလွှဲလိုက်လေသည်။

ဟဲကျောင်က တခစ်ခစ် ရယ်မောလျက် “ဆရာ တကယ် စိတ်ပြောင်းသွားပြီးပဲ။ သူ့ကို အရင်လို အငြိုးမထားတော့ဘူး။ ဟုတ်တယ်မလား”

“ကောင်မလေး၊ ကိုယ့်ဆရာကို မနောက်နဲ့နော်” ရွှယ့်ရှီက ခါးသက်စွာပြုံးလျက် “ဒီတစ်ကြိမ် သူမသေရင် နောက်ပိုင်း သူ့နားကပ်ဖို့ မစဉ်းစားတော့နဲ့။ အနည်းဆုံး သူနဲ့ ဆယ်မီတာ ခွာပြီးတော့နေ”

“ဟုတ်ကဲ့ပါ” ဟဲကျောင်နှင့် ဟဲမြောင်တို့ နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြသည်။

“စီနီယာ၊ နည်းလမ်းတစ်ခုခုရှာပြီး သူ့ကို ကူညီပေးလို့ မရဘူးလား” တောင်အောက်ခြေတွင် ရပ်နေသော ရှန်တုက ကွေ့ဇူအား လှမ်းအော်ဟစ် အကူအညီ တောင်းလိုက်သည်။

ကွေ့ဇူက သွားပေါ်အောင်ပြုံးလျက် “ဒီကိစ္စနဲ့ ပက်သက်ပြီး ငါလုပ်ပေးနိုင်တာ ဘာမှမရှိဘူး။ ဒီတစ်ကြိမ် သူသေရင်သေ၊ မသေရင် သူ့ဘဝကြီး တောက်ပပြီပဲ။ သူဘယ်လို ဖြစ်မလဲ ဆိုတာကိုတော့ ငါတော်တော်လေး သိချင်မိနေပြီ။ ငါ့မှာ သူ့ကို ကူညီနိုင်မယ့် နည်းလမ်းရှိရင်တောင် ဝင်ကူပေးမှာ မဟုတ်ဘူး”

ရန်ကိုင်သည် လေဟာနယ်နိယာမများကို နားလည်ထားမှန်း သိလိုက်ရစဉ်က ထိတ်လန့်မိသွားသော်ငြား ရန်ကိုင်အား အရမ်းကြီး အရေးမစိုက်ခဲ့။ သို့သော်လည်း သူရန်ကိုင်ကို အထင်သေးမိသွားပြီမှန်း ယခု ကွေ့ဇူ နားလည်သွားခဲ့သည်။

သူ့ပြောလိုက်သော စကားအချို့ကြောင့် ထိုကောင်လေးသည် သူ့ခွန်အားကို ကောင်းကောင်း နားလည်သွားခဲ့သည်။ ထိုကဲ့သို့ နားလည်ခြင်းသည် သာမန်ကျင့်ကြံသူတစ်ယောက် လုပ်နိုင်သည့် အရာမျိုးမဟုတ်ချေ။

ရန်ကိုင် အောင်မြင်မည်လား ကွေ့ဇူ သိချင်မိသည်။ အောင်မြင်မည်ဆိုလျှင် သူ့ခွန်အား မည်သည့် အတိုင်းအတာအထိ တိုးတက်လာမည်နည်း။

သူမသေခဲ့လျှင် သူ့အနာဂတ်သည် ကျိန်းသေ တောက်ပနေပေလိမ့်မည်။ ကြယ်စီရင်စုကြီး တစ်ခုလုံးအတွင် အထူးချွန်ဆုံးသော ပါရမီရှင်ပင် ဖြစ်လာနိုင်သည်။ အကုန်လုံးသည် တောင်ခြေတွင်ရပ်လျက် တောင်ထိပ်ပေါ်သို့ လှမ်းကြည့်နေကြသည်။

အချို့သည် ရန်ကိုင် မြန်မြန်သေပါစေဟု မျှော်လင့်နေကြပြီး အချို့သည် ရန်ကိုင် အသက်ရှင်ပါစေဟု ဆုတောင်းနေကြသည်။ အချို့ကမူ စိတ်ဝင်စားစရာကောင်းသည့် အရာတစ်ခုအဖြစ်သာ သဘောထားလျက် ကြည့်နေခဲ့ကြသည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း (၁၀၂၂) ပေါင်းစပ်ခြင်း

အကုန်လုံးသည် တောင်အောက်ခြေမှနေ၍ အံ့ဩဖွယ်ရာ မြင်ကွင်းကို အတွေးကိုယ်စီဖြင့် မော့ကြည့်နေခဲ့ကြသည်။

တောင်ထဲတွင် ရှိနေသော ရန်ကိုင်ကမူကား၊ သူ့စွမ်အားများ ပေါက်ကွဲထွက်သွားပြီမှန်း သိလိုက်သည့်အခိုက် အလွန်ကိုမှ စိတ်ညစ်သွားခဲ့သည်။

ကျင့်ကြံသူတစ်ယောက်တွင် ရှိသော စွမ်းအားသည် သူတို့၏ ကျင့်ကြံခြင်းအဆင့်နှင့် တိုက်ရိုက် အချိုးကျနေသည်။ မသေမျိုးအဆင့် တစ်ယောက်သည် မသေမျိုးအဆင့်တစ်ယောက် ပိုင်ဆိုင်နိုင်သည့် စွမ်ာအးကိုသာ ပိုင်ဆိုင်ထားပြီး သူတော်စင် တစ်ယောက်သည် သူတော်စင်အဆင့် တစ်ယောက်၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။

သို့သော် ထိုစွမ်းအား အကန့်အသတ်သည် ရန်ကိုင်အပေါ် သက်ရောက်မှုမရှိချေ။ အကြောင်းမှာ သူကျင့်ကြံထားသော ကျင့်စဉ်သည် အလွန်တရာကိုမှ ထူးခြားသောကြောင့် ဖြစ်သည်။

အစစ်အမှန်ယန်ကျင့်စဉ်ကို လေ့ကျင့်ထားသည့်အတွက် သူ့ကိုယ်ထဲရှိ ယန်ဓါတ်စွမ်းအင်များသည် အကန့်အသတ်သို့ ရောက်သည့်အခါ ယန်အရည်စက်အဖြစ် သိပ်သည်းသွားပြီး ဒန်တန်ထဲသို့ ရောက်သွားပေလိမ့်မည်။

ရွှေရောင်အရိုးခြောက်သည်လည်း စိတ်ပင်မကူးနိုင်လောက်အောင် များပြားသော စွမ်းအင်များအား သိုလှောင်ထားနိုင်သည့် ထူးခြား စွမ်းရည်တစ်မျိုးကို ပိုင်ဆိုင်ထားသည်။

ထိုစွမ်းအင်သိုလှောင်ပစ္စည်းဟုပဲ ဆိုရလေသော အရာနှစ်ခုကြောင့် ရန်ကိုင်ကိုယ်ထဲရှိ ချီစွမ်းအင်သည် သာမန်ကျင့်ကြံသူတစ်‌ယောက် မယှဉ်နိုင်လောက်သည်အထိ များပြားလွန်းလှပေသည်။ အရှင်းဆုံး ပြောရလျှင် သူ့စုစည်းနိုင်သည့် ချီပမာဏသည် အကန့်အသတ် မရှိဟုပင် ဆိုရလောက်သည်အထိ များပြားလှသည်။

သို့သော်လည်း ယခုအချိန်တွင် ရန်ကိုင်သည် ထိုစွမ်းအင် သိုလှောင်သည့် နေရာတစ်ခုစလုံးကို ဖွင့်ထုတ်လိုက်ရလေပြီ။

ရွှေရောင်အရိုးခြောက်ထဲရှိ မိစ္ဆာစွမ်းအင်များ ပေါက်ကွဲထွက်လာသဖြင့် ရန်ကိုင်သည် မိစ္ဆာစွမ်းအင်များ၏ တစ်ဖက်သတ် လွှမ်းမိုးခြင်း မခံစေဘဲ သူ့ကိုယ်ထဲရှိ စွမ်းအင်အခြေအနေကို မျှခြေဖြစ်နေစေရန်အတွက် ယန်အရည်စက်များကို တစ်စက်ပြီးတစ်ဖက် ဖောက်ခွဲနေရသည်။

သူ့ကိုယ်ထဲရှိ မိစ္ဆာစွမ်းအင်နှင့် ယန်ယွမ်ချီသည် ပေါက်သွားသော ရေကာတာမှ ရေများနှယ် တရဟော ပေါက်ကွဲထွက်လာပြီး တောင်တစ်ခုလုံးကို တစ်ခဏအတွင်း လွှမ်းခြုံသွားခဲ့သည်။

ပေါက်ကွဲထွက်လာသော စွမ်းအင်များကြောင့် ရန်ကိုင်ပင် ကြောက်လန့်သွားရသည်။ ထိုစွမ်းအားများသည် သူ့ခန္ဓာကိုယ် တောင့်ခံနိုင်သည်ထက် အဆတစ်ရာမဟုတ် အဆ(၁၀၀၀) လောက် ပို၍ အားကောင်းနေခဲ့သည်။

ရန်ကိုင် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်သွားခဲ့ပြီး သွေးလည်ပတ်နှုန်းများလည်း ဆထက်ထမ်းပိုး ပိုမို မြန်ဆန်လာခဲ့သည်။ များပြားလှသော စွမ်းအင်များ ပေါက်ကွဲထွက်လာသည့်အတွက် သူ့အရေပြားများ ပေါက်ပြဲလာခဲ့ရသည်။ ပေါက်ပြဲသွားသော ဒဏ်ရာများသည် တစ်ခဏအတွင်း ပြန်လည် ကောင်းမွန်သွားခဲ့သည်။ သို့သော် ဒဏ်ရာအသစ်များ ထပ်ရပြန်၏။ ဤသို့ဖြင့် ဒဏ်ရာရလိုက်၊ ပြန်ကောင်းသွားလိုက် ဖြစ်စဉ်ထဲ ရန်ကိုင် တဝဲလည်လည် လည်နေခဲ့ရလေသည်။

ခန္ဓာကိုယ် အခြေအနေမှာ မကောင်းသော်ငြား ရန်ကိုင်၏ စိတ်အစုံသည် ကျောက်စိုင်ကျောက်သားပမာ တည်ငြိမ်နေသည်။ စိတ်ကို ငြိမ်ငြိမ်ထားလျက် အချင်းချင်း တိုက်ခိုက်နေသော စွမ်းအင်နှစ်မျိုးကို အသေအချာ လေ့လာနေခဲ့ရာ ထိုစွမ်းအင် နှစ်မျိုးအပေါ် သူ၏ နားလည်သဘောပေါက်မှုသည်လည်း ယခင်ထက် ပိုမြင့်မားလာခဲ့ရသည်။

အချိန်သည် တဖြည်းဖြည်းချင်း ကုန်လွန်နေခဲ့ပြီး မိစ္ဆာစွမ်းအင်နှင့် ယန်စွမ်းအင်တို့မှာလည်း အချင်းချင်း တိုက်ခိုက်ကြရင်း တဖြည်းဖြည်း အားပျော့လာခဲ့သည်။ စွမ်းအင်များ အားပျော့လာသည်နှင့်အမျှ ထိုစွမ်းအင်များ၏ သဘာဝကို ရန်ကိုင်ပို၍ နားလည်လာခဲ့သည်။

ကောင်းကင်စိတ်အာရုံကို အပြည့်အဝ ဖြန့်ကျက်၍ သူ့ခန္ဓာကိုယ်ထဲ ဖြစ်ပျက်နေသော ပြောင်းလဲမှုအဖုံဖုံကို အသေးစိတ်လေ့လာနေခဲ့သည်။ ယခုကဲ့သို့ စိတ်ဓါတ်ကျဖွယ် အခြေအနေမျိုးအောက်တွင် သူ့ကိုယ်ပိုင်ခွန်အား ဤကဲ့သို့ အံ့အားသင့်ဖွယ်အတိ ပြောင်းလဲသွားသည်ကို မြင်တွေ့နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

ဆန့်ကျင်ဘက် စွမ်းအင်နှစ်ခုသည် အသက်ရှိလာပြီး သူတို့၏ သဘောသဘာဝကို ရန်ကိုင်၏ နားနားသို့ကပ်၍ တိုးတိုးလေး ပြောနေသည့်နှယ်၊ ထိုစွမ်းအင်များအကြောင်း တစထက်တစ ရန်ကိုင် ပိုပို၍ နားလည်လာခဲ့သည်။ ရန်ကိုင်၏ မျက်လုံးများ တောက်ပသည်ထက် တောက်ပလာခဲ့ပြီး သူ့ယုံကြည်ချက်သည် အချိန်နှင့်အမျှ မြင့်တက်လာနေခဲ့သည်။

စွမ်းအင်နှစ်မျိုး အချင်ချင်း ခိုက်ရန်ဖြစ်ပွားနေသည်ကို ရန်ကိုင် ဂရုမစိုက်ချေ။ ထိုစွမ်းအင်နှစ်မျိုးအား စိတ်ရှိတိုင်း တိုက်ခိုက်ခွင့် ပေးထားခဲ့သည်။ သူကမူ ထိုစွမ်းအင်နှစ်မျိုး၏ ပြောင်းလဲမှုများကို ဘေးမှနေ၍သာ အသေအချာ လေ့လာနေခဲ့သည်။ ပြောရလျှင် ရန်ကိုင်သည် သားရဲနှစ်ကောင် တိုက်ခိုက်နေသည်ကို ဘေးမှ ရပ်ကြည့်နေသော ပွဲကြည့်ပရိတ်သတ်နှင့် တူပေသည်။

အချိန်အတော်မျှ ကြာသွားပြီးသည့်နောက်တွင် သူ့ကိုယ်ပိုင် စွမ်းအား၏ သဘောသဘာဝနှင့် အဓိပ္ပါယ်ကို အပြည့်အဝ နားလည်သွားသလို ခံစားလိုက်ရသည်။ ဝမ်းသာမှုကြောင့် သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီသွားခဲ့ပြီး ယင်ယန် ပေါင်းစည်းခြင်းကျင့်စဉ်ကို လှည့်ပတ်လိုက်သည်။ ထိုကျင့်စဉ်ကို လမ်းညွှန်အဖြစ်သုံး၍ သူ့ကိုယ်ထဲမှ ထွက်သွားသော မိစ္ဆာစွမ်းအင်များနှင့် ယန်စွမ်းအင်များကို ပြန်လည် စုပ်ယူလေပြီ။

သူကိုယ်ထက်ရှိ မွှေးညင်းပေါက်အားလုံး ပွင့်သွားခဲ့ပြီး ရန်ကိုင်၏ ခန္ဓာကိုယ်သည် အဆုံးမဲ့တွင်းနက်ကြီး တစ်ခုနှယ် ဖြစ်လာကာ ပေါက်ကွဲထွက်သွားခဲ့သော စွမ်းအင်နှစ်မျိုးကို အလွယ်တကူ ပြန်လည် စုပ်ယူတော့လေသည်။

ထိုစွမ်းအင်နှစ်မျိုး သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည် ရောက်ရှိလာသည့် အချိန်တွင် ယခင်ကကဲ့သို့ ခိုက်ရန်ဖြစ်ပွားခြင်း မရှိတော့ဘဲ ရန်ကိုင် သတ်မှတ်ပေးထားသည့် လမ်းအတိုင်း လိုက်၍ တဖြည်းဖြည်းချင်း စတင်ပေါင်းစပ်ကြတော့သည်။

မယုံကြည်နိုင်ဖွယ် ပြောင်းလဲမှုးကို ခံစားလိုက်မိသော် ရန်ကိုင် အူမြူးသွားခဲ့ပြီး စွမ်းအင်နှစ်မျိုးအား ပေါင်းစပ်ရာတွင် ပို၍ အားစိုက်လိုက်သည်။

တောင်အောက်ခြေတွင် ရှိနေသော လူများသည် ရန်ကိုင် သေမည်လား၊ ရှင်မည်လား ဆိုသည်ကို ခန့်မှန်း တွက်ချက်နေကြသည်။ ထိုစဉ် ဟဲမြောင်က ရုတ်တရက် အလန့်တကြား ထအော်လေသည် “တစ်ခုခုဖြစ်နေပြီ”

သူမ၏ အလန့်တကြား အော်ဟစ်သံကြောင့် အကုန်လုံးသည် တောင်ပေါ်ရှိရာဆီသို့ မော့ကြည့်လိုက်မိသည်။ မော့ကြည့်လိုက်မိသည့်အခိုက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အကုန်လုံး မှင်သက်သွားရသည်။

ယခုလက်ရှိမတိုင်ခင်၊ ယခင်က တောင်တစ်လုံးလုံးသည် နှစ်ခြမ်းကွဲနေခဲ့သည်။ တစ်ခြမ်းသည် ချစ်ချစ်တောက် ပူလောင်ကာ ရွှေရောင်တောက်နေခဲ့ပြီး ကျန်တစ်ဖက်သည် မည်းမှောင်အေးစက်နေခဲ့သည်။

သို့သော် လက်ရှိတွင် ထိုစွမ်းအင်နှစ်မျိုးသည် အပြန်အလှန် တိုက်ခိုက်နေခြင်းမပြုတော့ဘဲ ဖြည်းဖြည်းချင်း ပေါင်းစပ်နေသည်ကို အကုန်လုံး သတိပြုမိလိုက်သည်။

“သူအောင်မြင်သွားတာလား” ကွေ့ဇူ၏ အမူအရာ ထူးဆန်းသွားပြီး တောင်အတွင်းပိုင်းအား ကောင်းကင် စိတ်အာရုံးဖြင့် လှမ်းစစ်ဆေးကြည့်လိုက်သည်။ စစ်ဆေးကြည့်ပြီးသည့်နောက် သူ့နှုတ်ခမ်း ကွေ့တက်သွားပြီး နှာခေါင်ရှုံ့လိုက်သည် “ဒီကောင်ကတော့…”

ရန်ကိုင်သည် ထိုစွမ်းအားနှစ်မျိုးအကြောင်းကို အပြည့်အဝ နားလည်သွားပြီး ရှေ့ဆက်သွားရမည့် လမ်းကြောင်းကို ရှာတွေ့သွားခဲ့လေပြီ။ သူသာ ထိုလမ်းအတိုင်း ဆက်သွားမည် ဆိုပါက ကွေ့ဇူ သာမန်ကာလျှံကာ ပြောလိုက်သော စကားကို အစစ်အမှန်ဖြစ်အောင် လုပ်ဆောင်လာနိုင်မည်ဖြစ်ပြီး ဆန့်ကျင်ဘက် စွမ်းအင်နှစ်မျိုးကို ပေါင်းစည်းနိုင်ပေလိမ့်မည်။

ယခုထိတိုင် ရန်ကိုင်အား အထင်သေးမိနေဆဲမှန်း ကွေ့ဇူ နားလည်လိုက်သည်။ စွမ်းအင်နှစ်မျိုးအား ပေါင်းစပ်သည့် အကြောင်းကို ရန်ကိုင်အား ပြောခဲ့ခြင်းသည် ရန်ကိုင် အနေဖြင့် ထိုလမ်းအတိုင်း လျှောက်နိုင် မလျှောက်နိုင် သိလိုသောကြောင့် ပြောကြည့်လိုက်ခြင်း ဖြစ်သည်။ လျှောက်နိုင်မည် ဆိုလျှင်ပင် နောက်နှစ်ရာပေါင်းများစွာ ကြာမည်ပေါ့။ သို့သော်လည်း ရန်ကိုင်အနေဖြင့် ထိုမျှကြာအောင် အသက်ရှင်နိုင်ရန် လိုအပ်ပေသည်။

သို့သော်လည်း ထိုကဲ့သို့ အံချီးဖွယ်ရာကို ဤမျှ အချိန်တိုအတွင်း ရန်ကိုင်တကယ် လုပ်ပြသွားနိုင်လိမ့်မည်ဟု ကွေ့ဇူ မတွေးခဲ့ချေ။

ထိုကဲ့သို့ အံချီးဖွယ်ရာမျိုးကို တစ်ကြိမ်တည်း လုပ်၍မရချေ။ ဖြစ်နိုင်သည်မှာ ရန်ကိုင်သည် ယခင်ကတည်းက သူ့ခွန်အား အကြောင်းကို ကောင်းကောင်း နားလည်ထားခြင်း ဖြစ်ပြီး ကွေ့ဇူ၏ သာမန်ကာလျှံကာ စကားသည် ရန်ကိုင်၏ ထိုစွမ်းရည်ကို နိုးထသွားစေခြင်း ဖြစ်ရမည်။

ကွေ့ဇူ ဘာမှမပြောခဲ့လျှင်ပင် အခွင့်အလမ်း ကြုံကြိုက်သည့် တစ်နေ့၊ သူ့ကိုယ်ထဲရှိ စွမ်းအင်နှစ်မျိုးကို ပေါင်းစည်းနိုင်ပေလိမ့်မည်။ ထိုအချက်ကို နားလည်လိုက်သည်နှင့် ကွေ့ဇူ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားခဲ့သည်။ သူသည် ရန်ကိုင်၏ ခွန်အား အပြောင်းကြီး ပြောင်းလဲသွားစေရန်အတွက် မတော်တဆ အကူအညီ ပေးခဲ့မိသည်။

“စီနီယာ၊ ရန်ကိုင် အဆင်ပြေလား” ရှန်တုက ကောင်းကင်ပေါ်သို့ မော့ကာ မေးလိုက်သည်။

“ငါဘယ်လိုလုပ်ပြီး သိမှာလဲ။ ဟန့်” ကွေ့ဇူ နှာခေါင်းရှုံ့၍ သူ့အင်္ကျီလက်ကို ဝှေ့ရမ်းလျက် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

“ဟုတ်သွားပြီ” ကွေ့ဇူ၏ မျက်နှာထား၊ စကားအသွားအလာကို ကြည့်၍ ရန်ကိုင်၏ အခြေအနေကို ရှန်တုလိုက်သည်။

မကြာမီ တောင်ဝန်းကျင်တစ်ခွင်ရှိ ပိတ်သားပန်ချီကားချပ်သည် အပြောင်းကြီး ပြောင်းလဲသွားခဲ့ရလေပြီ။ ရွှေရောင်နှင့် အနက်ရောင်တို့ ပေါင်းစုံစည်းသွား၍ အနက်ရောင်မီးတောက် တစ်မျိုး မွေးဖွားဖြစ်တည်လာသည့် မြင်ကွင်းမှာ လွန်စွာကိုမှ မျက်စိဖမ်းစားစရာ ကောင်းလှသည်။

အသစ်ဖြစ်ပေါ်လာသော နတ်ဆိုးမီးတောက်သည် ဤလောကကြီးရှိ အရာမှန်သမျှကို ပြာမှုန်ဘဝသို့ ရောက်အောင် လောင်ကျွမ်းပစ်နိုင်သည့် ခံစားချက်ကို ပေးစွမ်းနေသည်။

မီးတောက်အား ကြည့်နေရုံသက်သက်နှင့်ပင် သူတို့၏ ဝိဥာဉ်များ ပူလောင်လာရသည်။ ထိုမီးတောက်ထဲ အစစ်အမှန်ယန်ယွမ်ချီ၏ အရှိန်အဝါများ ကိန်းအောင်း ပါဝင်နေသကဲ့သို့ သွေးဆာ၊ ရက်စက်သော အရှိန်အဝါများသည်လည်း ကိန်းအောင်း ပါဝင်နေပေသည်။ ထိုဆန့်ကျင်ဘက် စွမ်းအင်နှစ်မျိုး ပေါင်းစည်းရာမှ ဖြစ်ပေါ်လာသော နတ်ဆိုးမီးတောက်သည် ကြည့်မိသူတိုင်းအား ကူကယ်ရာမဲ့သည့် ခံစားချက်ကို ပေးစွမ်းသည်။

ထို့ကြောင့် အကုန်လုံး ထိုးနတ်ဆိုးမီးတောက်အား ဆက်မကြည့်ရဲတော့ဘဲ ချက်ချင်း အကြည့်လွှဲဖယ်လိုက်ကြ၏။

“ကြည့်ရတာ သူတကယ်ကို အမြင့်ကြီး လှမ်းတက်သွားတာပဲ…” ပီယ၏ မျက်ဝန်းထဲ ထူးဆန်းသည့် အလင်းရောင်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ ရန်ကိုင်အား ပို၍ ရိုးရိုးသားသား၊ လေးလေးစားစားဖြင့် ဆက်ဆံရမည်ဟုလည်း တွေးလိုက်သည်။

ယခင်က ရန်ကိုင်၏ အစေခံ လုပ်ရခြင်းသည် အကျိုးအမြတ်ကို လိုသောကြောင့်ဖြစ်သည်။ မဟုတ်လျှင် ရန်ကိုင် သူမအား ပြဿနာ လာရှာမည်ကို ကြောက်ရပေလိမ့်မည်။ ထို့ကြောင့်သာ အစေခံလုပ်ရန် နည်းနည်းလေမှ မတုန့်ဆိုင်းခဲ့ခြင်းဖြစ်သည်။

စိတ်ထဲတွင်မူကား ရန်ကိုင်သည် ဘာမှကောင်းသည့်ကောင် မဟုတ်၊ ကွေ့ဇူ၏ အမူအရာဖြင့် သွေးနားထင်ရောက်နေသူ တစ်ဦးဟုသာ ယူဆထားသည်။ တစ်ပါးသူ အားကိုးဖြင့် အားနည်းသူကို အနိုင်ကျင့်တတ်သော ရန်ကိုင်ကဲ့သို့ လူမျိုးကို သူမ တကယ်ရွံ့ပေသည်။ (သူကောဘာထူးလို့လဲ)

သို့သော်လည်း လက်ရှိတွင် ‘ရန်ကိုင်က ဘာကောင်မို့လို့လဲ’ ဆိုသော အတွေးမျိုး မတွေးရဲတော့။

သူမရှေ့ရှိ လူငယ်လေးသည် မဝေးသော အနာဂတ်တွင် ကြယ်စီရင်စုကြီးတစ်ခုလုံးအား ကိုင်လှုပ်နိုင်သည့် အလားအလာကို ပိုင်ဆိုင်ထားသည့် မဟာပါရမီရှင် တစ်ဦးဖြစ်သည်။ ထိုကဲ့သို့သော လူတစ်ယောက်နှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားခြင်းသည် ဥာဏ်ပညာရှိသော လုပ်ရပ်ဖြစ်သည်။

ပီယ၏ မျက်လုံးလေးများ ဝင်းလက်နေခဲ့ပြီး သူမ၏ မျက်နှာ လှလှလေးသည် ရွှန်းရွှန်းစိုအောင် တောက်ပနေသည်။ မသိလိုက် မသိဘာနှင့် ဘေးဘက်သို့ တစ်ချက်ချောင်းကြည့်လိုက်ရာ လျူကွေ့ချန်နှင့် ရွှယ့်ရှီတို့ မီးခဲဖင်ခုထိုင်နေရသည့်နှယ် ဖင်ဂနာမငြိမ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ နှစ်ယောက်စလုံး၏ အမူအရာများသည် အလွန်တရာကိုမှ လေးနက်နေကြသည်။

ထိုနှစ်ယောက်သည် နောက်ဆုံးတွင် ရန်ကိုင်၏ အလားအလာကို နားလည်သွားပြီမှန်း ပီယ သိလိုက်သည်။

ထိုလူများ၏ အမူအရာကိုမြင်သော် သူမစိတ်ထဲ ကြိတ်၍ မြောက်သွားမိသည်။ လက်ရှိတွင် သူမသည် ရန်ကိုင်နှင့် အနီးကပ်ဆုံးလူပင် မဟုတ်လေလော။ ထိုလူများသည် ရန်ကိုင်ဆီမှ ရှောင်ဖယ်ခွာနေချိန် သူမသည် သူမကိုယ်သူမ ရန်ကိုင်လက်ထဲသို့ ပုံအပ်ကာ ရန်ကိုင်၏ အစေခံ လုပ်ခဲ့သည်။ ‘ငါနင်တို့ထက်ပိုသာသွားပြီ’ ဆိုသော ခံစားချက်သည် သူမအား ရှက်လည်းရှက်စေသလို ရှင်းပြမရနိုင်သော စိတ်လှုပ်ရှားမှုကိုလည်း ပေးစွမ်းသည်။ နီးစွေးစွေး နှုတ်ခမ်းပါးလေးများကို သပ်လျက် တောင်ပေါ်ဆီ စိုက်ကြည့်နေရင်း သူမ၏ ခန္ဓာကိုယ်ပူအချိန် တဖြည်းဖြည်း မြင့်တက်လာခဲ့ရသည်။

ရန်ကိုင် အန္တရာယ်မရှိတော့မှန်း သိလိုက်သည်နှင့် ရှန်တုသည် တောင်ပေါ်အား အာရုံစိုက်မနေတော့ဘဲ လုပ်စရာရှိသည်ကိုသာ သွားပြန်လုပ်တော့သည်။

ဓါးအဖွဲ့အစည်းမှ အသက်ရှင်ကျန်ရစ်သူ ကျင့်ကြံသူ (၅)ယောက်သည် အတူတကွ စုဝေးနေကြသည်။ ရွှယ့်ရှီသည် မျက်မှောင်ကြုံ့၍ တစ်ခုခု ပြောရန် ပြင်လိုက်သည်။ သို့သော် ဆက်မပြောဖြစ်ခဲ့။ ခဏကြာမှသာ ကိုးယိုးကားယား အမူအရာဖြင့် ပြောလိုက်လေသည် “ဆရာ အရင်က ပြောခဲ့တာတွေကို မေ့ထားလိုက်တော့။ အခုကနေစပြီး နင်တို့ ညီအစ်မ(၂)ယောက် သူနဲ့ နီးနီးကပ်ကပ်နေကြ။ သူဓါးအဖွဲ့အစည်းကို ဝင်ချင်တယ် ဆိုရင်တော့ အကောင်းဆုံးပေါ့။ မဝင်ချင်ဘူး ဆိုရင်လည်း ကိစ္စမရှိဘူး”

ဟဲကျောင်နှင့် ဟဲမြောင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အလျင်အမြန်ပဲ ခေါင်းညိတ်လိုက်သည် “ဟုတ်ကဲ့ပါ ဆရာ”

ဟဲမြောင်က ဆက်ပြောသည် “တကယ်တော့ သူက ဒီလောက် ဆိုးတာမဟုတ်ဘူး။ ဟိုမိန်းမပျက်မ ပီယနဲ့ အားနေရင် အချိန်ဖြုန်းနေတာတစ်ချက်ပဲ။ ရှက်ဖို့ကောင်းလိုက်တာ”

ရွှယ့်ရှီက ဟဲမြောင်ကို စိုက်ကြည့်၍ အလျင်အမြန်ပဲ ဆက်ပြောလိုက်သည် “သူနဲ့ မိတ်ဆွေဖွဲ့တာက အဆင်ပြေပေမယ့် သူနဲ့ ခပ်ခွာခွာတော့နေနော်။ နင်တို့နှစ်ယောက် သူအသားယူတာ မခံရစေနဲ့”

“ကျွန်မသိပါတယ် ဆရာ” ဟဲမြောင်က ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။

ရန်ကိုင်သည် ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်ကို ဆက်လက် လှည်ပတ်၍ စွမ်းအင်နှစ်မျိုးကို ပေါင်းစည်းရန် ကြိုးစားနေခဲ့သည်။ အစပိုင်းတွင် စွမ်းအင်နှစ်မျိုးကို ပေါင်းစည်းခြင်းဖြစ်စဉ်သည် အတော်လေးကိုမှ မချောမွေ့သော်ငြား အချိန်ကြာလာသည်နှင့် အမျှ ထိုဖြစ်စဉ်မှာ ပိုပို၍ လွယ်ကူလာခဲ့သည်။

တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် တိုက်ခိုက်ရာမှ ပျက်စီး၊ ပျောက်ကွယ်သွားခဲ့သော စွမ်းအင်များမှလွဲ၍ ရွှေရောင် အရိုးခြောက်ထဲမှ ထွက်သွားသော မိစ္ဆာစွမ်းအင်များနှင့် သူ့ဒန်တန်ထဲရှိ ယန်စွမ်းအင်များအားလုံး သူ့ကိုယ်ထဲသို့ ပြန်ရောက်နေခဲ့လေပြီ။

သူပိုပို၍ အားကောင်းလာနေသည်ကို ရန်ကိုင် ခံစားမိသည်။

ကွေ့ဇူ ပြောသည်မှာ မှန်သည်။ စွမ်းအင်နှစ်မျိုးကို ပေါင်းစပ်လိုက်သည့်အခါ သူ့ခွန်အားသည် အဆပေါင်းများစွာ ပို၍ မြင့်တက်သွားခဲ့ရသည်။ စွမ်းအင်ပေါင်းစည်းခြင်း၏ အရသာကို မြည်းစမ်းပြီးနောက် တမ်းတမ်းစွဲ ဖြစ်သွားခဲ့လေရာ ရန်ကိုင်လည်း ယန်ယင်ပေါင်းစည်းခြင်းဖြစ်စဉ်ကို ပို၍ မြန်မြန်လှည့်ပတ်ကာ ဤဖြစ်စဉ်ကို အမြန်အဆုံးသတ်နိုင်ရန် ကြိုးစားလိုက်သည်။

ရုတ်တရက်ဆိုသို တောင်တစ်လုံးလုံးသည် မမြင်နိုင်သော ဝဲကတော့ကြီးတစ်ခု ဖြစ်လာသည့်နှယ် အနီးနားတွင် ရှိနေသော မိုးမြေစွမ်းအင်များကို စုပ်ယူတော့လေသည်။ ထိုစွမ်းအင် ဝဲကတော့၏ သက်ရောက်မှုကြောင့် ကျောက်တုံးခန်းများကို ဖြတ်သန်း၍ စီးဆင်းနေသော စမ်းချောင်း တစ်စင်းလုံး အငွေ့ပျံသွားပြီး အသန့်စင်ဆုံးသော စွမ်းအင်များအဖြစ်သို့ ပြောင်းလဲကာ ရန်ကိုင်ကိုယ်ထဲသို့ စီးဝင်သွားခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း (၁၀၂၃) သူတော်စင်ဒုတိယအဆင့်

ကွေ့ဇူ ယခင်နေနေခဲ့သော တောင်သည် စိမ်းလန်စိုပြည်ပြီး လှပသော သစ်ပင်ပန်းမန်တို့ဖြင့် ပြည့်နေသည်။

သို့သော် လက်ရှိအချိန်တွင် တောင်တစ်ခုလုံးသည် မီးရှို့ပြာချထားခံရသည့်နှယ်၊ တောအုပ်များသည် ဘာဆိုဘာမှ မရှိတော့။ ပြာများသာ ရှိတော့သည်။ ယခင်ကကဲ့သို့ စိမ်းလန်း စိုပြည်နေခြင်း မရှိတော့။ ခြောက်ကပ်တိတ်ဆိတ်နေခဲ့ပြီ။

မိုးမြေစွမ်းအင်များကို စုစည်းရန်အတွက် တောင်အတွင်းပိုင်းထဲတွင် ခင်းကျင်ထားသော စိတ်ဝိဥာဉ်အစီအရင်သည်ပင် ပျက်စီးနေခဲ့ပြီ။

တောင်ကြောတစ်လျှောက် စီးဆင်းနေသော စိတ်ဝိဥာဉ် စမ်းချောင်းသည်လည်း အငွေ့ပျံ ပျောက်ကွယ်သွားခဲ့လေပြီ။

ကျောက်တုံးခန်းတစ်ခုအတွင်းမှနေ၍ မမြင်နိုင်သော ဝဲကတော့ တစ်ခုသည် မိုးမြေစွမ်းအင်များကို အရူးအမူး စုပ်ယူနေခဲ့သည်။

ကျောက်တုံးခန်းရှေ့ ကွေ့ဇူ ပေါ်လာပြီး မျက်မှောင်ကြုံ၍ ရန်ကိုင်ကို စိုက်ကြည့်လိုက်သည်။ ရန်ကိုင်သည် ကွေ့ဇူကို သတိပြုမိဟန်မရ။ အချိန်အတော်ကြာသွားမှသာ သက်ပြင်းယဲ့ယဲ့လေးချလျက် အစစ်အမှန်ကျင့်စဉ်အား လှည့်ပတ်ခြင်းကို ရပ်တန့်လိုက်သည်။

သူ့ကိုယ်သူ စစ်ဆေးကြည့်လိုက်သည့်အခါ ရန်ကိုင်မျက်နှာ ဝမ်းသာမှုကြောင့် ဝင်းပသွားရသည်။

သူ့ဒန်တန်ထဲရှိ ယန်အရည်စက်နှင့် ရွှေရောင်အရိုးခြောက်ထဲရှိ မိစ္ဆာစွမ်းအင်အားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။ ထိုစွမ်းအင် နှစ်မျိုးနေရာတွင် ပို၍ အဖျက်အားပြင်းထန်သော ပေါင်းစပ်စွမ်းအင် အသစ်တစ်မျိုးက နေရာယူထားခဲ့သည်။

အသစ်ရရှိလာသော စွမ်းအင် အနည်းအကျဉ်းကို သူ့သွေးကြော တစ်လျှောက်စီးဆင်းစေလိုက်ပြီး ကျန်စွမ်းအင်များကို ရွှေရောင် အရိုးခြောက်ထဲ သိုလှောင်ထားလိုက်သည်။

ပြန်လည်မွေးဖွားလာရသလို ရန်ကိုင် ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး မယုံကြည်နိုင်ဖွယ်ရာ စွမ်းအင်တို့ဖြင့် ပြည့်နေခဲ့ပြီ။ သေချာသည့်တစ်ချက်သည်ကား သူ့ခွန်အားသည် လုံးဝကို အပြောင်းကြီးပြောင်းလဲသွားခဲ့ခြင်းပင်။ သူတော်စင်ဘုရင်အဆင့် ပညာရှင်နှင့်ပင် ယှဉ်တိုက်နိုင်သည်ဟု ခံစားမိလာသည်။

သူ့ကျင့်ကြံသည်လည်း မည်သည့် အတားအဆီးမှ မကြုံတွေ့ရဘဲ သူတော်စင်ဒုတိယအဆင့်သို့ ချောချောမွေ့မွေ့ ရောက်သွားခဲ့သည်။

ရန်ကိုင်သည် စွမ်းအင်နှစ်မျိုးအား ပေါင်းစည်းရာတွင်သာ အာရုံစိုက်နေခဲ့သဖြင့် သူအဆင့်ချိုးဖျက်သွားသည်ကိုပင် သတိမပြုမိခဲ့ချေ။

အတွေးတစ်ချက်နှင့် ရန်ကိုင်သည် နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို အသက်သွင်းလိုက်သည်။

နတ်ဆိုးအမှတ်အသားတို့ သူ့အရေပြားအောက် ပေါ်လာပြီး သူ့ခန္ဓာကိုယ်ထဲ ပေါင်းစည်းသွားသည်။ ခဏအကြာတွင် သူအသွေးအသား ခွန်အားနှင့် အသက်စွမ်းအင်တို့သည် ရုတ်ချည်း မြင့်တက်လာခဲ့လေသည်။

နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို အသုံးပြုနိုင်သေးမှန်း သိလိုက်ရာ ရန်ကိုင်အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။ သို့သော် ကွာခြားသွားသည်ကား သူ့ကိုယ်ထဲတွင် စီးဆင်းနေသော စွမ်းအင်များထဲ ယန်ချီနှင့် မိစ္ဆာစွမ်းအင်နှစ်မျိုးစလုံး ပါနေခြင်းပင်။ ယခင်ကကဲ့သို့ တစ်မျိုးတည်း မဟုတ်တော့ချေ။

“ကောင်းတယ်၊ ကောင်းတယ်၊ မင်းတကယ်တော်တဲ့ကောင်” ကွေ့ဇူ၏အသံ အရှေ့ဘက်မှ ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင်လည်း မျက်လုံးဖွင့်၍ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို ရုတ်သိမ်းလျက် ခပ်မြန်မြန် မတ်တပ်ရပ်လိုက်ပြီး လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည် “စီနီယာရဲ့ အဖိုးတန် ညွှန်ကြားပေးမှုအတွက် ကျေးဇူး အများကြီးတင်ပါတယ်”

ကွေ့ဇူက အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လျက် “ငါမင်းကို ဘာမှသင်ပေးခဲ့တာ မဟုတ်ဘူး။ ငါ့ကို လာကျေးဇူးမတင်နဲ့”

ရန်ကိုင်က ပြုံး၍ ပြန်ပြောလေသည် “စီနီယာက သာမန်ကာလျှံကာ ပြောလိုက်တာဆိုပေမယ့် စီနီယာကြောင့်သာ မဟုတ်ရင် ဂျူနီယာလည်း အခုလိုခြေလှမ်းမျိုး လှမ်းနိုင်ခဲ့မှာမဟုတ်ဘူး။ ပုံမှန်အတိုင်းဆိုရင် အခုလို အောင်မြင်မှုမျိုး ရဖို့ဆိုတာ အနည်းဆုံး နှစ်နဲ့ချီမှာ။ ဒါကောင့် စီနီယာကို ကျေးဇူးတင်ပါတယ်”

“မင်းဘာသာ လုပ်ချင်တာသာလုပ်” ကွေ့ဇူက စိတ်မရှည်သည့် အမူအရာဖြင့် သူ့လက်ကို ဝှေ့ရမ်းလိုက်သည်။ ရန်ကိုင်နှင့် ရင်းရင်းနှီးနှီး မနေချင်သည့်ပုံပင်။ ထို့နောက် လိုရင်းကို စပြောလေသည် “မင်းတစ်လလုံးလုံး တံခါးပိတ်ကျင့်ကြံနေတုန်း ငါမင်းကို မနှောင့်ယှတ်ခဲ့ဘူး။ အခု မင်းလိုချင်တာကို ရပြီးသွားပြီ ဆိုတော့ ငါတို့ သဘောတူညီချက်ကို စဖြည့်ပေးသင့်ပြီမလား”

ကွေ့ဇူသည် ရန်ကိုင်အား အေစက်စွာ စိုက်ကြည့်နေသည်။ ရန်ကိုင်သည် သူ့အား အချိန်အတော်ကြာအောင် စောင့်ခိုင်းသည့် အတွက် အတော်လေး တင်းနေခဲ့သည်။

ရန်ကိုင်ကလည်း အလိုက်သတိပဲ ခေါင်းညိတ်ပြလိုက်လေသည် “ဂျူနီယာ ချက်ချင်း စလိုက်ပါမယ်။ ဒါပေမယ့် အဲ့မတိုင်ခင် ဟိုစိတ်ဝိဥာဉ်အစီအရင်ကို အရင်ကြည့်ကြည့်လို့ရမလား”

“ကိစ္စမရှိဘူး။ မင်းသာ လမ်းရှာနိုင်သရွေ့ ဘယ်သွားသွား ကိစ္မရှိဘူး။ ဒါပေမယ့် တစ်ခုတော့သေချာမှတ်ထား၊ ဒီကနေ ထွက်သွားမယ့် လမ်းကို ရှာတွေ့ဘူးဆိုရင်တော့ မင်းဝိဥာဉ်ကို ထုတ်ပြီး ထာဝရ ထိုင်နှိပ်စက်မှာ။ ငါ့ကို ဒေါသထွက်အောင်လုပ်ရင်း သေတာထက် ဆိုးတဲ့ ကံကြမ္မာကို မင်းရင်ဆိုင်ရလိမ့်မယ်”

ခြိမ်းခြောက်ပြီးသည်နှင့် သူ့ဆီမှ အနက်ရောင်စွမ်းအင် အမျှင်တန်း တစ်ခု ထွက်ပေါ်လာပြီး ရန်ကိုင်ကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ထိုအနက်ရောင်စွမ်းအင် အမျှင်တန်းသည် ရန်ကိုင်ကိုယ်ထဲ သွားလာနေပြီး နောက်ဆုံး သူ့လက်တွင် ရပ်တန့်သွားကာ ခြောက်ခြားဖွယ်ကောင်းသည့် အမှတ်အသားတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုအမှတ်အသားထဲ ကွေ့ဇူ၏ ကောင်းကင်စိတ်အာရုံ တစ်ပိုင်းတစ်စ ပါဝင်နေခဲ့သည်။ ထို့ကြောင့် ရန်ကိုင်၏ လှုပ်ရှားမှုတိုင်းကို သူစောင့်ကြည့်နိုင်ပေသည်။

ရန်ကိုင်ကမူ မဲ့ပြုံးပြုံးလျက် ခေါင်းတရမ်းရမ်းဖြင့်သာ လမ်းလျှောက်ထွက်သွားလေသည်။ ခဏအကြာတွင် တောင်မှ ထွက်၍ လေဟာနယ်အစီအရင်ရှိရာ မြေကွက်လပ်သို့ ရောက်လာခဲ့သည်။

လေဟာနယ်အစီအရင်ကို မသုံးခဲ့သည်မှာ အတော်လေး ကြာနေခဲ့လေပြီ။ ပြန့်ကျဲနေသော သူတော်စင်သလင်းကျောက်များ မှာမူ ကွေ့ဇူ၏ အကြိမ်ကြိမ် အသုံးပြုမှုကြောင့် အတော်လေး စွမ်းအင်ကုန်ခမ်းနေခဲ့လေပြီ။ ကြယ်သင်္ဘောပျက်၏ အစိတ်အပိုင်းများမှ လုပ်ထားသော တံခါးမှာမူ ယခင် နေရာတွင်သာ ယခင်အတိုင်း ရှိနေဆဲ။

ရန်ကိုင်သည် လေဟာနယ်အစီအရင်ကို ပိုမို နားလည်နိုင်စေရန် နောက်တစ်ကြိမ် သေချာလေ့လာလိုက်သည်။

ဤလေဟာနယ်အစီအရင်အား သေသေချာချာ လေ့ကြည့်လိုက်မှ ကွေ့ဇူသည် လေဟာနယ်တာအိုတွင် အလွန်တရာကိုမှ ပါရမီ နိမ့်ကျသော်လည်း နှစ်တစ်ထောင်လောက် အားသွန်ခွန်စိုက် လေ့လာပြီးသည့်နောက် လေဟာနယ်တာအိုနှင့် ပက်သက်၍ သူ၏ ခရီးလမ်းသည် အတော်လေး ပေါက်ခဲ့ပြီဟု ပြော၍ရသည်။

လေဟာနယ်ဝိဥာဉ် သလင်းကျောက်များကို အသုံးပြုခြင်းသည် လေဟာနယ်လိုဏ်ခေါင်းတစ်ခုအား ဖွင့်လှစ်နိုင်မည့် အဓိက သော့ချက်ဖြစ်သည်ဆိုသော အချက်ကို သူစဉ်းစားနိုင်ခဲ့သည်။

ကံမကောင်းစွာဖြင့် သူတော်စင်ဘုရင်အဆင့် သင်္ဘောပျက်၏ အစိတ်အပိုင်းများမှ လုပ်ထားသော တံခါးပေါက်သည် သိပ်၍ မပြည့်စုံနေခဲ့။ တံခါးဘောင်တွင် တပ်ဆင်ထားသော လေဟာနယ်ဝိဥာဉ် သူတော်စင်သလင်းကျောက်မှာလည်း အရေအတွက် နည်းလွန်းလှသည်။ ထို့အချက် နှစ်ချက်ကြောင့် လေဟာနယ်လိုဏ်ခေါင်း မတည်ငြိမ်ရခြင်း ဖြစ်သည်။

သူ့တွင့်သာ ပစ္စည်းအလုံအလောက် ရှိပါက ကွေ့ဇူသည် တည်ငြိမ်သော လေဟာနယ်လိုဏ်ခေါင်းတစ်ခုကို ဖန်တီးနိုင်ပေလိမ့်မည်။ သို့သော် ထိုလေဟာနယ်လိုဏ်ခေါင်းသည် ကြုံရာနေရာဆီသို့သာ ပို့ပေးနိုင်မည့် လေဟာနယ်လိုဏ်ခေါင်း ဖြစ်သည်။

ရန်ကိုင်သည် ကွေ့ဇူ ဖန်တီးထားသည့် လေဟာနယ်အစီအရင်ကို လေ့လာရင်း သူနားလည်သဘောတရားများနှင့် နှိုင်းယှဉ်ကာ သူ့ကိုယ်သူ တိုးတက်အောင် လုပ်ဆောင်နေခဲ့သည်။ မကြာမီ သူ့နောက်ဘက်မှ ခြေသံများစွာ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ခေါင်းမော့ကြည့်လိုက်ရာ ကွေ့ဇူမှအပ တိုက်ကြီးပေါ်ရှိ အသက်ရှင် ကျန်ရစ်သူ အားလုံး ရောက်လာခြင်းဖြစ်သည်ကို တွေ့လိုက်ရသည်။

အကုန်လုံးသည် ရန်ကိုင် တံခါးပိတ်ကျင့်စဉ်ဝင်နေရာမှ ထွက်လာသည်ကို သတိပြုမိပြီး သူ့အား လာတွေ့ကြသည့်ပုံပင်။

“သခင်…” ပီယသည် သူအား စိုက်ကြည့်နေသော အကြည့်စူးစူးများကို လျစ်လျူရှုလျက် အပြုံးယဲ့ယဲ့လေးပြုံးကာ ရန်ကိုင်ဆီသို့ လမ်းလျှောက်သွားလိုက်သည် “လိုချင်တာရသွားလို့ သခင့်ကို ဂုဏ်ပြုပါတယ်”

ယခုတစ်ကြိမ် သူမ၏ အပြုံးသည် ယခင်ထက် ပို၍ အသက်ဝင်ဟန် ရသည်။ ယခင်အပြုံးသည် သိပ်ပြီး အသက်မဝင်လှ၊ ဟန်ဆောင်ပြုံးနှင့် ပိုတူလှသည်။

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။

“မင်းအဆင်ပြေတာကောင်းတယ်။ နောင်ပိုင်း အဲ့လိုကြီး မဆင်မခြင် သိပ်မလုပ်နဲ့ကွ။ ဒီမှာ စိတ်ပူလိုက်ရတာအမောပဲ” ရှန်တုက ရယ်ရယ်မောမောဖြင့် ပြောလိုက်လေသည်။

ရန်ကိုင်၏ ဘယ်လောက်အထိ အားကောင်းသလဲ ဆိုသည်ကို ရှန်တု သေချာမသိချေ။ ခရမ်းကြယ်၏ ကြယ်သင်္ဘောပေါ်တွင် ရှိစဉ်က ရန်ကိုင်သည် သူတော်စင်တတိယအဆင့် ပညာရှင်တစ်ယောက်ကို သတ်ဖြတ်ပြခဲ့သည်။ သို့သော် ထိုသို့ သတ်ဖြတ်နိုင်ခဲ့ခြင်းသည် တစ်ဖက်လူ သတိမမူမိသည့်အချိန်တွင် အလစ်ချောင်း တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် ရန်ကိုင်၏ ခွန်အားနှင့်ပက်သက်၍ ရှန်တု အမြဲတမ်း ခန့်မှန်းခဲ့ဖူးသည်။ ရန်ကိုင် တံခါးပိတ်ကျင့်စဉ်မဝင်ခင်က ရန်ကိုင်ဆီမှ ဖိအားမခံစားရခဲ့။ သို့သော် ရန်ကိုင်နှင့် တွေ့လိုက်သည့် အချိန်တိုင်း သူ့စိတ်ထဲ ခံစားချက်တစ်ခုကို ရနေခဲ့သည်။

သူသာ ရန်ကိုင်နှင့် တိုက်ခိုက်မည်ဆိုပါက သေရမည့်လူသည် သူသာ ဖြစ်ပေလိမ့်မည်။

ဤသည်မှာ ကျင့်ကြံသူတစ်ယောက်ဖြစ်‌သော ရှန်တု၏ အလိုလို သိစိတ်ပင်။ ထို့ကြောင့် ရန်ကိုင်သည် သူ့ခွန်အားကို ဖုံးကွယ်ထားသည်ကို ရှန်တု အမြဲထင်ခဲ့သည်။ သို့သော် လက်ရှိတွင်မူကား ရန်ကိုင်နှင့် တွေ့လိုက်သည်နှင့် အမြဲတစေ ခံစားခဲ့ရသော ခံစားချက်ကို သူမရတော့ချေ။

ရှန်တု လုံးဝကို ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ ရန်ကိုင်၏ တံခါးပိတ်ကျင်ကြံနေစဉ် အတောအတွင်း မည်သည့်အရာများ ဖြစ်ခဲ့သနည်း။ သူအောင်မြင်သွားသလော၊ ရှုံးနိမ့်သွားခဲ့သလော၊ ရှန်တု မသိပါချေ။

သို့သော်လည်း သူ့ကျင့်ကြံခြင်းသည် ယခင်ထက်တစ်ဆင့် ပိုမြင့်လာခဲ့သည်။

“ငါနောက်ပိုင်း သတိထားပါ့မယ်” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်သည်။

ဟဲညီအစ်မနှစ်ယောက်သည်လည်း အပြုံးကြီးပြုံးလျက် ရန်ကိုင်ဆီ ပြေးသွားသည်။ ရွှယ့်ရှီသည် အေးစက်စက် အမူအရာဖြင့် သူမ တပည့်နှစ်ယောက်နောက်တွင် ရပ်နေခဲ့သည်။

လျူကွေ့ချန်သည် ဆေးခါးကြီးစားထားရသော်ငြား မပြုံးမနေ ပြုံးနေရသည့်ဘဝမျိုး ရောက်နေသည့်နှယ်၊ အရုပ်ဆိုးဆိုး အပြုံးကိုပြုံးလျက် တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်သည် “ငါနားမလည်တာလေးရှိလို့ ညီငယ်လေး ဖြေပေးလို့ရမလား မသိဘူး”

ရန်ကိုင်က လျူကွေ့ချန်အား ကြည့်၍ ပြန်မေးလိုက်သည် “ဘာလဲ”

လျူကွေ့ချန်သည် ဘေးပတ်လည်အား အရင်ဆုံး တစ်ချက် လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် စိတ်ကိုငြိမ်အောင်ထိန်း၍ တိုးတိုးလေး မေးလိုက်လေသည် “စီနီယာကွေ့ဇူက မင်းဆီကနေ တစ်ခုခု လိုတယ်လို့ ပြောတယ်လေ။ သူဘာကို လိုချင်တာလဲ”

လျူကွေ့ချန် ထိုကဲ့သို့ မေးလိုက်သည်နှင့် တစ်ပြိုင်နက် အကုန်လုံး၏ အကြည့်သည် ရန်ကိုင်ဆီသို့ စုပြုံရောက်ရှိလာခဲ့သည်။ ရန်ကိုင်ကဲ့သို့ သူတော်စင်အဆင့်လေး တစ်ယောက်ဆီမှ ကွေ့ဇူကဲ့သို့သော လူတစ်ယောက်က မည်ကဲ့သို့သော အကူအညီလိုမှန်း သူတို့ တကယ်ကို စဉ်းစားမတတ် ဖြစ်နေခဲ့သည်။ ကွေ့ဇူ၏ ခွန်အားအရ ရန်ကိုင်ဆီမှ သူဘာကို လိုဦးမည်နည်း။

“စီနီယာကွေ့ဇူကို ကိုယ်တိုင်သွားမေးကြည့်လိုက်လေ။ သူပြောချင်ရင် ပြောပြမှာပေါ့” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောသည်။

လျူကွေ့ချန် အမူအရာ ရှုံ့မဲ့သွားခဲ့ပြီး ချက်ချင်း ပါးစပ်ပိတ်လိုက်၏။

ကွေ့ဇူကို မြင်လိုက်တိုင်း သူ့ပထမဆုံးအတွေးမှာ ချက်ချင်း ထွက်ပြေးရန်ပင်။ ဤကဲ့သို့သော မေးခွန်းကို မည်ကဲ့သို့ သူသွားမေးရဲမည်နည်း။ မတော်ကာ တစ်ဖက်လူက မကျေမနပ် ဖြစ်သွားမှဖြင့် ငါးပါးမှောက်နေပေလိမ့်မည်။

“ကောင်စုတ်လေး၊ အဲ့ကောင်တွေနဲ့ ဆက်ပြီး အချိန်ဖြုန်းနေဦးမယ် ဆိုရင် ငါမင်းကို သင်ခန်းစားပေးတော့မှာနော်” ကွေ့ဇူအသံ သူ့နားထဲ ရုတ်တရက် ပေါ်လာသဖြင့် ရန်ကိုင်အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့လေသည်။ ထို့ကြောင့် ချက်ချင်း လက်သီးဆုပ်၍ အလျင်စလို တောင်းပန်လိုက်သည် “စီနီယာက ကျုပ်ကို အလုပ်ဆက်လုပ်ဖို့ ပြောနေလို့ ခင်ဗျားတို့နဲ့ ဆက်ပြီး စကားမပြောနိုင်တော့ဘူး။ ကျုပ်ကို သွားခွင့်ပြုပါဦး”

ပြောပြီးသည်နှင့် ကြယ်လွန်းပျံကိုထုတ်၍ အားလုံးရှေ့မှ ပျံသန်းပျောက်ကွယ်သွားလေသည်။

တောင်ထွတ်ဆီမှ မိုင်တစ်ကောင်းအကွာခန့် အရောက်တွင် ရန်ကိုင် ရပ်လိုက်သည်။

ရန်ကိုင်တွင် လေဟာနယ်အား ဆုတ်ဖြဲနိုင်သည့် စွမ်းရည် ရှိနေသည်ဆိုသည့်အချက်ကို ကွေ့ဇူတစ်ယောက်သာ သိသည်။ ဤစွမ်းရည်သည် ရန်ကိုင်၏ ဝှက်ဖဲကြီးဖြစ်သည်။ ထို့ကြောင့် မလိုအပ်ဘဲ အခြားလူများကို ထုတ်မပြချင်ချေ။ အထူးသဖြင့် လျူကွေ့ချန်ကဲ့သို့ လူမျိုးများကိုပင်။

ပတ်ဝန်းကျင်အား တစ်ချက် စစ်ဆေးကြည့်လိုက်ပြီးနောက် စွမ်းအားကို လက်ထိပ်တွင် စုစည်း၍ သူ့ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်ကို ဒေါင်လိုက် ဖြတ်ချလိုက်သည်။ ချက်ချင်းဆိုသလို သူ့ရှေ့တည့်တည့်ရှိ လေဟာနယ် နှစ်ပိုင်းကွဲထွက်သွားပြီး အေးစက်၊ မည်းမှောင်နေသော ဟင်းလင်းပြင်ဝင်ပေါက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင်သည် ထိုလေဟာနယ်ထဲသို့ ချက်ချင်း ပြေးဝင်မသွားသေးဘဲ သေသေချာချာ အရင်စိုက်ကြည့်နေလိုက်သည်။

ယခင်က လေဟာနယ်ကို သူစုတ်ဖြဲလိုက်တိုင်း၊ အက်ကြောင်းသည် ဓါးတစ်ချောင်းဖြင့် ပိုင်းဖြတ်ခံရသည့်နှယ်၊ ၎င်း၏ ဘောင်များသည် ချောမွတ်တိကျနေခဲ့သည်။

သို့သော်လည်း သူယခု ဆုတ်ဖြဲလိုက်သော အက်ကွဲကောင်း၏ ဘောင်များတွင် နတ်ဆိုးမီးတောက်အလွှာတစ်လွှာ ကပ်ညိနေသည်။ ထိုနတ်ဆိုးမီးတောက်သည် လေဟာနယ်ကိုပင် လောင်ကျွမ်းနိုင်သည့်ပုံပင်။ ထို့ကြောင့် ဆုတ်ဖြဲခံလိုက်ရသော လေဟာနယ်သည် ချက်ချင်း ပြန်မပိတ်သွဦးနိုင်တော့ချေ။

ရန်ကိုင်၏ အမူအရာ ခက်ထန်းသွားခဲ့သည်။

သူ့ကိုယ်ထဲရှိ စွမ်းအင်နှစ်မျိုးကို ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသော နတ်ဆိုးမီးတောက်သည် ထိုမျှ ထူးဆန်းလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထိုနတ်ဆိုးမီးတောက်ကို သေသေချာချာ ပြန်စစ်ဆေးရမည့်ပုံပင်။

ခဏလောက် ရပ်နေပြီးသည့်နောက် အက်ကွဲကြောင်းထဲသို့ လှမ်းဝင်သွားလိုက်သည်။ ထို့နောက် ကောင်းကင်စိတ်အာရုံကို သုံး၍ ထိုနတ်ဆိုးမီးတောက်ကို ငြိမ်းသတ်လိုက်ရာ လေဟာနယ် အက်ကွဲကြောင်းလည်း ပြန်ပိတ်သွားခဲ့လေသည်။

ဟင်းလင်းပြင်ထဲသို့ ရောက်သည်နှင့် ရန်ကိုင်သည် အလျင်မလိုသေးဘဲ ကွေ့ဇူ ချန်ထားရစ်ခဲ့သော သူ့လက်ပေါ်ရှိ အမှတ်အသားဆီ စိုက်ကြည့်လိုက်ကာ ရယ်မောလိုက်သည်။ ကွေ့ဇူ ဘာတွေးနေလဲ ဆိုသည်ကို သူမသိဘဲ ဘယ်နေမည်နည်း။

ကွေ့ဇူ သူ့အား မသတ်သေးဘဲ လမ်းကြောင်းတစ်ခုရှာရန် အဆက်မပြတ် တိုက်တွန်းနေရသည့်အကြောင်းမှာ ကွေ့ဇူသည် ရန်ကိုင်၏ လှုပ်ရှားမှုများကို စောင့်ကြည့်၍ လေဟာနယ်တာအို အပေါ် သူ၏ နားလည်မှုကို မြှင့်တင်လိုသောကြောင့် ဖြစ်သည်။ အကျဉ်းချုံးဆိုရသော သူသည် ရန်ကိုင်၏ လေဟာနယ် ဆုတ်ဖြဲသည့် နည်းလမ်းကို ခိုးယူလိုနေခြင်း ဖြစ်သည်။

ကွေ့ဇူကဲ့သို့သော လူတစ်ယောက်သည် သူ့မျှော်လင့်ချက် အားလုံးကို လူတစ်ယောက်တည်းအပေါ် ဘယ်တော့မှ ပုံအပ်မထားချေ။ သူကိုယ်တိုင်သည်လည်း အခြားနည်းလမ်း တစ်ခုကို အမြဲမပြတ် ရှာဖွေနေပေလိမ့်မည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း (၁၀၂၄) ကြယ်အမြူတေ

ကွေဇူ၏ လှည့်ကွက်လေးကို အဘယ်ကြောင့် ရန်ကိုင် မသိဘဲ နေမည်နည်း။ မပြောဘဲနေခြင်းသာ။

ဟင်းလင်းပြင်းထဲသို့ ရောက်သည်နှင့် အပြင်လောကကြီးနှင့် အဆက်အသွယ် ပြတ်သွားပေလိမ့်မည်။ ကွေ့ဇူသည် သူမည်သည့်နေရာသို့ ရောက်နေသလဲ၊ သူဘာလုပ်နေသလဲ ဆိုသည်ကို သိလိမ့်မည်မဟုတ်။ ထို့ကြောင့် သူ့နည်းလမ်းအား ကွေ့ဇူ ခိုးယူသွားမည်ကို ရန်ကိုင် စိတ်မပူပါချေ။

ကွေ့သူ၏ စကားကြောင့် သူ့ခွန်အား အကြီးအကျယ် တိုးတက်သွားခဲ့သည့်အတွက်ကြောင့် ကွေ့ဇူအပေါ် ကျေးဇူးတင်သည် ဆိုသော်လည်း ထိုကိစ္စသည် တစ်ကဏ္ဍဖြစ်သည်။ ဤကိစ္စနှင့် ဟိုကိစ္စကို ရော၍ မရချေ။ သတိဆိုသည်မှာ ပိုသည်မရှိ။ ကိုယ်ကကျူး၊ ကိုယ့်ဒူးပင် မယုံရလေရာ ကွေ့ဇူကဲ့သို့ လူမျိုးဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

ကွေ့ဇူကဲ့သို့ မွန်းစတားအိုကြီးတစ်ယောက်၏ စကားကို စုံးလုံးမှိတ်ယုံလျှင် ငါးပါးမှောက်သွားနိုင်သည်။ ထို့ကြောင့် ဤနေရာမှ ထွက်သွားရမည့် နည်းလမ်းကို ရှာရမည်ဖြစ်သလို အပြင်ရောက်သည်နှင့် ကွေ့ဇူ သူ့အား မသတ်စေမည့် နည်းလမ်းတစ်ခုကိုလည်း ထပ်ရှာရပေမည်။

ခက်ခဲလိုက်လေခြင်း… ရန်ကိုင်၏ တစ်ခေါင်းလုံး လုံးလည်၊ ချာလည် လိုက်နေလေပြီ။ ထိုပန်းတိုင်နှစ်ခုအား တစ်ပြိုင်တည်း ပြီးမြောက်နိုင်မည့် နည်းလမ်းကို ခေါင်းခြောက်အောင် စဉ်းစားပါသော်လည်း အဖြေက မထွက်နိုင်ချေ။ ထို့ကြောင့် ဟင်းလင်းပြင်ထဲ အချိန်တစ်ခဏ ဖြုန်းပြီးနောက် အပြင်သို့ ပြန်ထွက်လာခဲ့သည်။

သူပြန်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကွေ့ဇူ၏ အသံကို ကြားလိုက်ရသည် “အခြေအနေဘယ်လိုလဲ ကော်ငလေး”

ကွေ့ဇူကို ကြည့်ရသည်မှာ သူပြန်လာမည့်အချိန်ကို တောက်လျှောက် ထိုင်စောင့်နေသည့်ပုံပင်။

ရန်ကိုင်က ခါးသက်စွာ ပြုံးလိုက်ပြီး “ဘယ်လိုလုပ်ပြီဂ ဒီလောက် လွယ်မှာလဲ စီနီယာရဲ့။ စီနီယာလည်း နည်းနည်း စိတ်ရှည်ဦးလေ။ ကျုပ်က ဒီနေရာရဲ့ လေဟာနယ် တည်ငြိမ်သွားလား၊ မတည်ငြိမ်သေးဘူးလား ဆိုတာကိုပဲ အရင်စစ်ဆေးကြည့်တာ”

“အဖြေကကော” ကွေ့ဇူက ဆက်မေးသည်။

“တည်ငြိမ်သွားပြီလို့ ပြောလို့ရတယ်”

“ကောင်းတယ်”

“စီနီယာ၊ ဒီတစ်ကြိမ် ကျုပ်ဘယ်လောက် သွားနိုင်လိုက်လဲ”

“မိုင်တစ်ထောင်လောက်” ကွေ့ဇူက အေးစက်စက်‌လေသံဖြင့် နှာခေါင်းရှုံ့လိုက်လေသည် “အရင်တစ်ခါနဲ့ယှဉ်ရင် အခုအခါက အများကြီး ပိုတိုးတက်လာတယ်ဆိုတော့ မင်းခွန်အား တော်တော်လေး တိုးတက်သွားတဲ့ပုံပဲ”

ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။ ယခင်က လေဟာနယ်ကို ဆုတ်ဖြဲ၍ သွားလာတိုင်း မိုင်ရာဂဏန်းခန့်သာ သွားလာနိုင်ခဲ့ပြီး ယခုအချိန်တွင် မိုင်တစ်ထောင်ကျော် သွားလာနိုင်နေခဲ့လေပြီ။

“ဒီလောက်နဲ့ ငါ့ကို လာလှည့်စားဖို့တော့ မကြိုးစားလိုက်နဲ့။ မင်းဘာသာ ဘယ်လိုပဲပြေးပြေး ငါ့လက်ထဲကနေ လွတ်မှာ မဟုတ်မှန်း မင်းရောငါရောသိပြီးသား။ ဒါကြောင့် အလုပ်သာ ကြိုးစား။ ဒီကနေ ထွက်သွားနိုင်တာနဲ့ မင်းကို ထိခိုက်အောင် မလုပ်ဘူးလို့ ငါကတိပေးတယ်”

“ဂျူနီယာ နားလည်ပါတယ်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “ဘာမှမရှိတော့ဘဲ ဒီပြဿနာကို ဆက်ပြီး လေ့လာလိုက်ပါဦးမယ် စီနီယာ”

“ဆက်လုပ်”

ရန်ကိုင်သည် လေဟာနယ်ကို နောက်တစ်ကြိမ် ဆုတ်ဖြဲလိုက်ပြီး ဟင်းလင်းပြင်ထဲသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။

သူ့ခွန်အားသည် ယခင်နှစ်များနှင့်ယှဉ်လျှင် ကြီးကြီးမားမား တိုးတက်လာခဲ့သော်လည်း ဟင်းလင်းပြင်ထဲတွင် ရပ်နေစဉ် လေဟာနယ်တာအိုအပေါ် သူ၏ နားလည်မှုသည် အလွန်ကိုမှ နိမ့်နေသေးကြောင့် ရန်ကိုင် ရုတ်တရက် နားလည်လိုက်သည်။ လေဟာနယ်တာအိုအပေါ် သူ၏ နားလည်မှုသည် ကွေ့ဇူထက် ပိုသာသော်လည်း ဤမျှသော နားလည်မှုလေးဖြင့် ခုနှစ်ရောင်ခြယ် ကောင်းကင်ကို ထိုးဖောက်၌ ဤတိုက်ကြီးမှ ထွက်သွားရန်မှာ မဖြစ်နိုင်သေးချေ။

ထို့ကြောင့် ယခင်နှစ်များက လုပ်ခဲ့သည့်အတိုင်း ရန်ကိုင်သည် လေဟာနယ်တာအိုကို ပိုမို နားလည်သဘောပေါက်နိုင်ရန် အတွက် ဟင်းလင်းပြင်ထဲတွင်ထိုင်ကာ စတင်လေ့လာသည်။

ဤအကြောင်းအား ကွေ့ဇူကို မရှင်းပြခဲ့ခြင်းမှာ ကွေ့ဇူသည် ဤနေရာမှ ထွက်သွားရန် အလွန်ကိုမှ စိတ်လောနေသောကြောင့် ဖြစ်သည်။

အချိန်စက်ဝန်းသည် တရွေ့ရွေ့ လည်ပတ်နေခဲပြီး ရန်ကိုင်သည် သူ့အချိန်များစွာကို ဟင်းလင်းပြင်ထဲတွင်ထိုင်၍ လေဟာနယ်၏ သဘောသဘာဝ၊ နိယာများကို လေ့လာနေခဲ့သည်။

နေ့တိုင် တိုက်ကြီးဆီသို့ ပြန်ကာ သူမည်မျှ တိုးတက်လာကြောင်း ကွေ့ဇူအား အစီရင်ခံရသည်။

နေ့စဉ်နှင့်အမျှ လေဟာနယ်တာအိုအပေါ် သူပိုပို၍ နားလည်သဘောပေါက်လာခဲ့သည်။

တစ်နေ့တွင်၊ ရုတ်တရက် အကြံတစ်ခု စဉ်းစားမိသဖြင့် ဟင်းလင်းပြင်ထဲမှ ချက်ချင်း ထွက်လိုက်သည်။

ထွက်ပြီးသည်နှင့် ကောင်းကင်စိတ်အာရုံကို ဟင်းလင်းပြင်ထဲသို့ ပို့လိုက်သည်။ လူကိုယ်တိုင်တော့ ဝင်မသွားခဲ့ချေ။

သူသာ ဤနေရာမှ ထွက်သွားချင်သည်ဆိုလျှင် ခုနှစ်ရောင်ခြယ် ကောင်းကင်ကို ဖြတ်သွားရန် လိုအပ်ပေသည်။ သို့သော် ထိုခုနှစ်ရောင်ခြယ်ကောင်းကင်သည် သေခြင်းတရား ချောက်နက်ထဲရှိ အမျိုးမျိုးသော ပရမ်းပတာ စွမ်းအင်များကြောင့် ဖြစ်လာခြင်းဖြစ်ပြီး အနည်းဆုံး မိုင်ပေါင်းထောင်နှင့်ချီ ကျယ်ပြောသည်ဟု ကွေ့ဇူ ပြောခဲ့သည်။

သူ့လက်ရှိ အစွမ်းနှင့်ပင် ထိုပရမ်းပတာ လေဟာနယ်ကြီးကို ဖြတ်သွားရန် လေဟာနယ်အား အနည်းဆုံး အကြိမ်များစွာ ခုန်ကျော်သွားရန် လိုအပ်သည်။

သူ့ခန္ဓာကိုယ်နှင့် သွားပြီး မစမ်းသပ်ရဲသည့်အတွက် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ စမ်းသပ်လိုက်ခြင်း ဖြစ်သည်။ ခန္ဓာကိုယ်နှင့် စမ်းသပ်ပါက တစ်ချက်မှားလျှင် အသက်ပျောက်သွားနိုင်သည်။ ကောင်းကင်စိတ်အာရုံနှင့် ဆိုပါက သူ့ကောင်းကင်စိတ်အာရုံ အမျှင်တန်းလေးတစ်ခုသာ ပျက်စီးသွားမည်ဖြစ်ပြီး သူ့အား အဆိုးရွားကြီး ထိခိုက်စေမည် မဟုတ်ချေ။ ခြောက်ရောင်ခြယ်ဝိဥာဉ်ကြာပန်း ရှိနေသည် ဖြစ်လေရာ သူ့ဝိဥာဉ် ဒဏ်ရာရသွားလျှင်ပင် ပြန်ကောင်းနိုင်သည်။

ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံအား စိတ်စွမ်းအင် အမျှင်တန်းများအဖြစ် စုစည်းလျက် ဟင်းလင်ပြင်၏ အရပ်မျက်နှာ ပေါင်းစုံဆီသို့ ပို့လွှတ်လိုက်သည်။

ထိုကောင်းကင်စိတ်အာရုံ အမျှင်တန်းများသည် ရန်ကိုင်၏ လေဟာနယ်တာအိုအပေါ် သဘောပေါက်နားလည်မှုများကို အသုံးပြုကာ ဟင်းလင်းပြင်ကို ခုန်ကျော်လျက် တိုက်ကြီးအနှံ့ သွားလာကြလေသည်။

ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံ ဖြန့်ကျက်လွှမ်းမိုးထားနိုင်သည့် အကွာအဝေးသည် ကျယ်သည်ထက် ကျယ်လာခဲ့သည်။

တောင်ထိပ်ပေါ်မှနေ၍ ရန်ကိုင်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသော ကွေ့ဇူ ထိုအခြင်းအရားကို မြင်သော် ဤသို့ ရေရွတ်လိုက်လေသည် “ဒီကောင် တော်တော်လေး တိုးတက်နေပြီပဲ”

ရန်ကိုင် မည်မျှ တိုးတက်လာသည်ကိုမြင်သော် ကွေ့ဇူ အပြုံးကြီး ပြုံးသွားခဲ့သည်။ ရန်ကိုင် ခြေတစ်လှမ်း လှမ်းလိုက်နိုင်တိုင်း ဤနေရာမှ လွတ်မြောက်နိုင်ရင် ခြေတစ်လှမ်း ပို၍ နီးကပ်သွားပြီဟု ဆိုလိုပေသည်။ ထို့ကြောင့် ရန်ကိုင်အား သွားမနှောင့်ယှတ်တော့ဘဲ အေးအေးဆေးဆေးသာ နေလိုက်သည်။

တစ်နာရီကြာပြီးနောက် ရန်ကိုင် မောလာခဲ့သည်။ လက်ရှိ သူ့ကောင်းကင်စိတ်အာရုံသည် သူ့အဆင့်နှင့် မဖြစ်သင့်သည့် အကွာအဝေးအထိ ဖြန့်ကျက်နေခဲ့လေပြီ။

လက်ရှိတွင် ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် တိုက်ကြီး တစ်ဝက်နီးပါးကို လွှမ်းခြုံထားခဲ့သည်။ သူ့လိုမျိုး မည်သည့် သူတော်စင်ဒုတိယအဆင့် ပညာရှင်မှ မလုပ်နိုင်ချေ။ ရွှယ့်ရှီနှင့် လျူကွေ့ချန်ကဲ့သို့သော လူများပင် သူ့လိုမျိုး မလုပ်နိုင်ချေ။

အကြောင်းမှာ ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် ဟင်းလင်းပြင်ကို ခုန်ကျော်သွားနေခြင်း ဖြစ်သည့်အတွက် ပုံမှန်ကဲ့သို့ တစ်ဆင့်ချင်း သွားနေစရာ မလိုတော့ချေ။

ထို့ကြောင့်ပဲ တိုက်ကြီးတစ်ဝက်နီးပါးကို သူ့ကောင်းကင် စိတ်အာရုံဖြင့် လွှမ်းခြုံနိုင်ခဲ့ဖြစ်သည်။

ထို့နောက် ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းပြီး အနားယူရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအချိန်တွင် သူ့ကောင်းကင် စိတ်အာရုံ အမျှင်တန်းများစွာအနက်မှ တစ်ခုသည် ပုံမှန် မဟုတ်သော အရာတစ်ခုကို သတိပြုမိလိုက်သည်။

ရန်ကိုင် မျက်မျောင်ကြုံ့သွားခဲ့ပြီး ဖြန့်ကျက်ထားသော ကောင်းကင်စိတ်အာရုံ အမျှင်တန်းအားလုံးကို အရင် ပြန်ရုတ်သိမ်းလျက် အစောပိုင်းက အာရုံခံမိသည့် ထူးခြားသော နေရာတစ်ခုတည်းကို သေချာ အာရုံစိုက်လိုက်သည်။

စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင် အကြီးအကျယ် ထိတ်လန့်သွားခဲ့သည်။

တိုက်ကြီး၏ အလယ်ဗဟို၊ မြေပြင်အောက် မီတာထောင်ပေါင်း များစွာအနက်တွင်၊ ပုံးကွယ်နေသော စွမ်းအင်အစုအဝေးတစ်ခု ရှိနေခဲ့သည်။ ထိုစွမ်းအင်အစုအဝေးသည် သိုသိုသိပ်သိပ်ကို ပုန်းအောင်းနေသဖြင့် ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသာ ထိုအရာနားမှ မတော်တဆ ဖြတ်မသွားမိခဲ့လျှင် ထိုအရာကို သူလည်း ဘယ်တော့မှ သတိပြုမိလိမ့်မည် မဟုတ်ချေ။

ထို့အပြင် ထိုစွမ်းအင်အစုအဝေး၏ ပတ်ပတ်လည်တွင် ၎င်း၏ အရှိန်အဝါကို အပြင်သို့ ပြန့်ထွက်မသွားအောင် ကာရံထားသည့် အကာအရံ တစ်ခုရှိနေသည်ကိုလည်း သတိပြုမိလိုက်သည်။

ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံ အမျှင်တန်းသည် ထိုအကာအရံထဲသို့ မတော်တဆ ရောက်သွားခဲ့ခြင်း ဖြစ်သည်။ ထိုစွမ်းအင်နား ရောက်သွားသည်နှင့် သူ့ကောင်းကင်စိတ်အာရုံ အမျှင်တန်းသည် ရုတ်ချည်း အားကောင်းလာခဲ့ရသည်။

ထိုအချက်ကို သတိပြုမိလိုက်သည့်အခါ ရန်ကိုင် အလွန်ကိုမှ ထိတ်လန့်သွားခဲ့ရလေသည်။ သူ့ကောင်းကင်စိတ်အာရုံ အမျှင်တန်းကို ထိုနေရာတွင် ချန်ထားရစ်လိုက်ပြီး တင်ပလင်ခွေ ထိုင်ကာ အရင် အားပြန်ဖြည့်လိုက်သည်။

ထိုစွမ်းအင်အစုအဝေးက ဘာလဲဆိုသည်ကို သူအဖြေရှာကြည့်ချင်သည်။

ဤနေရာတွင် နှစ်(၂၀၀၀)ကျော် နေခဲ့သော ကွေ့ဇူသည် ထိုအရာ ဘာလဲဆိုသည်ကို သိနိုင်မည်လား။

ကွေ့ဇူ မသိလောက်ဟု သူထင်သည်။ အကြောင်းမှာ ကွေ့ဇူသာ သိလျှင် ထိုစွမ်းအင်အစုအဝေးကို ဤကဲ့သို့ ထားလိမ့်မည် မဟုတ်ချေ။ ထိုစွမ်းအင်အစုအဝေးသည် ကွေ့ဇူကဲ့သို့သော ပညာရှင်တစ်ယောက်အတွက်ပင် အလွန်ကိုမှ တပ်မက်စရာ ကောင်းလှသည်။

သို့သော် ထိုအရာ၏ တည်ရှိမှုကို ကွေ့ဇူ ဘာကြောင့် မသိရသနည်း။ ကွေ့ဇူသည် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင် တစ်ယောက်ဖြစ်သည့်အပြင် ဤနေရာတွင် နှစ်ပေါင်း (၂၀၀၀)ကျော် နေခဲ့သည်။ ထို့ကြောင့် ဤနေရာအကြောင်း ချက်ကျလက်ကျ သူသတိထားသင့်သည်။

“စီနီယာ” ရန်ကိုင်က ကွေ့ဇူအား ကောင်းကင်စိတ်အာရုံဖြင့် လှမ်းမေးသည်။

“ဘာလဲ”

“ဂျူနီယာမေးချင်တာရှိလို့။ စီနီယာက ဒီမှာနေတာ ကြာပြီဆိုတော့ ဒီမှာ ထူးခြားတဲ့ နေရာတွေဘာတွေကိုများ ရှာတွေ့မိခဲ့လား”

“ထူးခြားတဲ့နေရာတွေလား” ကွေ့ဇူက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လျက် ဒေါသတကြီး ပြန်ပြောလေသည် “မင်းဘာတွေ လာပြောနေတာလဲ။ မိုးမြေစွမ်းအင် ကြွယ်ဝတာရယ်၊ ဆေးပင်တွေ ပေါများတာကလွဲပြီး ဒီနေရာက မုန်းစရာကောင်းလွန်းတဲ့ အကျဉ်းထောင်ကြီးပဲ။ ဒီလူအိုကြီးကို နှစ်ပေါင်း (၂၀၀၀)ကြာအောင် ပိတ်ထားခဲ့တဲ့ အကျဉ်းထောင်ကွ”

“မင်းဘာလို့ ဒါတွေ လာမေးနေတာလဲ။ မင်းဘာရှာတွေ့လို့လဲ” ကွေ့ဇူ ရုတ်တရက် နိုးကြားသတိရှိသွားသည်။

“ဘာမှမဟုတ်ပါဘူး။ ဒီနေရာအကြောင်း ပိုသိချင်ရုံပဲ။ အဲ့လိုဆို လမ်းရှာဖို့ ပိုလွယ်မလားလို့” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ဘာမှမရှိဘူး။ ရှာမနေနဲ့။ မင်းတစ်ခုခုကြံနေမှန်း ငါသိလိုက်ရင်တော့ ငါ့ကို အပြစ်မတင်နဲ့နော်” ကွေ့ဇူက နှာခေါင်းရှုံ့လိုက်သည်။

တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် ကွေ့ဇူက ရုတ်တရက် မေးလိုက်သည် “မင်းရဲ့ ကောင်းကင်စိတ်အာရုံကို သုံးပြီး ဒီသောက်စုတ်သောက်ပျက်နေရာရဲ့ ကြယ်အမြူတေကို ရှာနေတာလား”

“ကြယ်အမြူတေ၊ အဲ့ဒါဘာကြီးလဲ” ရန်ကိုင်က ဇဝေဇဝါ အမူအရာဖြင့် ပြန်မေးသည်။

“ကြယ်အမြူတေကိုတောင် မသိဘူးလား” ကွေ့ဇူ ကြောင်သွားသည်။

ရန်ကိုင်က ခေါင်းခါ၍ ခါးခါးသီးသီးပြုံးလျက် “ဂျူနီယာက အဆင့်နိမ်ကမ္ဘာတစ်ခုကနေ လာတာ စီနီယာရဲ့။ ကျုပ်နေတဲ့ ကမ္ဘာက ဘယ်သူမှ ကြယ်တာရာကောင်းကင်ထဲ ရောက်ဖူးတာ မဟုတ်ဘူး။ ကျုပ်တောင် မကြာသေးခင်လောက်ကမှ ဒီကို ရောက်လာခဲ့တာ”

“လူရိုင်းတွေပဲကွ” ကွေ့ဇူက အထင်အမြင်သေးသေးဖြင့် “ကြယ်အမြူတေဆိုတာ ကြယ်တစ်စင်းရဲ့ နှလုံးသားပဲ။ ကျင့်ကြံရေး ကြယ်တိုင်းမှာ ကြယ်အမြူတေဆိုတာ ရှိတယ်။ ကြယ်အမြူတွေဆိုတာ ကျင့်ကြံရေး ကြယ်တစ်လုံးရဲ့ အစိုင်အခဲ ဖွဲ့တည်နေတဲ့ အဆီအနှစ်ကိုပြောတာ။ ဥပမာပြောရရင် ကြယ်တစ်လုံးကို ကျင့်ကြံသူတစ်ယောက်လို့ မြင်လိုက်။ ကြယ်အမြူတေဆိုတာ ကျင့်ကြံသူတစ်ယောက်ရဲ့ ဒန်တန်၊ အသိစိတ်ပင်လယ်နဲ့ အတူတူပဲ။ ကျင့်ကြံသူတစ်ယောက်သာ သူ့ရဲ့ ဝိဥာဉ်အမှတ်အသားကို ကျင့်ကြံရေးကြယ်တစ်လုံးရဲ့ ကြယ်အမြူတေပေါ်မှာ အမှတ်အသား လုပ်နိုင်ခဲ့မယ်ဆိုရင် အဲ့လူက အဲ့ကြယ်ရဲ့ အရှင်သခင် ဖြစ်လာလိမ့်မယ်။ သူသာ ဆန္ဒရှိရင် အဲ့ကြယ်တစ်ခုလုံး မုန်တိုင်းထန်အောင် လုပ်ပစ်လိုက်လို့ ရတယ်။ ကြယ်ပေါ်က ကြိုက်တဲ့နေရာမှာ ကပ်ဘေးတွေ ဖန်တီးလို့ရတယ်။ အသက်ရှင်နေရင် တောင်တွေ၊ ပင်လယ်တွေကိုတောင် မှောက်ချင်မှောက်၊ လှန်ချင်လှန် လုပ်ပစ်လို့ရတယ်”

ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး “ဒီတော့ ကြယ်သခင်တွေက သူတို့ရဲ့ ကြယ်တွေကို ထိန်းချုပ်နိုင်တာပေါ့”

“အမှန်ပဲ။ ကြယ်စီရင်စုထဲမှာ ရှိနေတဲ့ ကြယ်သခင်တိုင်းက သူတို့ကြယ်တစ်စင်လုံးက စွမ်းအင်တွေကိုစုစည်ပြီး ကျင့်ကြံလို့ရတယ်။ အဲ့ကြယ်ပေါ်မှာ နေနေသရွေ့ သူတို့ရဲ့ စွမ်းအားက ဘယ်တော့မှ ခမ်းခြောက်သွားမှာ မဟုတ်ဘူး။ အခု ကြယ်သခင်တစ်ယောက်ရဲ့စွမ်းအားကို မင်းနားလည်ပြီလား”

“နားလည်သွားပြီ” ရန်ကိုင်မျက်နှာ ဖြူလျော်သွားခဲ့ပြီး “အဲ့လိုဆိုရင် ဒီနေရာက…”

“ဟတ်။ လူရိုင်းဆိုမှ တကယ့်လူတိုင်း။ ဒီတိုက်ကြီးက ကြယ်တောင် ဖြစ်သေးတာမှ မဟုတ်တာ။ ဘယ်လိုလုပ်ပြီး ကြယ်အမြူတေ ရှိမှာလဲဟ။ လွန်ခဲ့တဲ့ နှစ်(၁၅၀၀)တုန်းက ဒီနေရာကို ငါရှာကြည့်ပြီးသွားပြီ။ ဘာကြယ်အမြူတေမှ မတွေ့ဘူး။ တွေ့သာတွေ့ခဲ့ရင် ငါဒီအတိုင်း ထားလိုက်မယ်လို့ မင်းထင်လား”

ရန်ကိုင်က ရယ်မောလျက် “ကျုပ်က မေးကြည့်ရုံပါပဲ။ ကြယ်အမြူတွေကို ရှာနေတာမဟုတ်ဘူး။ အရင်တုန်းကလည်း ကြယ်အမြူတေအကြောင်းကို တစ်ခါမှ မကြားဖူးဘူး”

“မင်းနားလည်ပြီဆိုမှတော့ အချိန်ဖြုန်းမနေတော့။ ကိုယ့်အလုပ်ကိုယ် သွားပြန်လုပ်တော့။ မရှိတာတွေ လျှောက်ရှာဖို့ လုပ်မနေနဲ့။ မင်းအတွက် ဘာကောင်းကျိုးမှမရှိဘူး” ကွေ့ဇူက ရန်ကိုင်အား ပြစ်တင်ကြိမ်းမောင်းလိုက်သည်။

ရန်ကိုင်သည်လည်း တွေးတောရင်း အားပြန်ဖြည့်နေခဲ့သည်။

ကွေ့ဇူပြောသကဲ့သို့ ဤနေရာသည် တကယ့်ကြယ်တစ်လုံးနှင့် လုံးဝမတူချေ။ ထူးဆန်းသော လွင့်မျောနေသည့် တိုက်ကြီး တစ်ခုသာဖြစ်သည်။

သို့သော်လည်း… ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်နှင့် ဆင်တူသော ကြယ်တစ်လုံးကို သေခြင်းတရားချောက်နက်ထဲတွင် မြင်ခဲ့ဖူးသည်။ ထို့ကြောင့် ဤနေရာသည်လည်း ကြယ်တစ်လုံး မဟုတ်၍ ပြော၍မရချေ။ တကယ်တော့ ဤနေရာ၏ အကျယ်အဝန်းသည် ဂြိုလ်သိမ်ဂြိုလ်မွှားတစ်ခုထက် အများကြီး ပိုကြီးသည် မဟုတ်ပေလော။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း (၁၀၂၅) အချိန်မရှိတော့ဘူး

ထိုမမျှော်လင့်ထားသော တွေ့ရှိမှုကြောင့် ရန်ကိုင် အကြီးအကျယ် တုန်လှုပ်သွားခဲ့ရသည်။ သူတွေ့ရှိခဲ့သော စွမ်းအင်အစုအဝေးသည် ကြယ်အမြူတေ ဟုတ်မဟုတ်ကို ရန်ကိုင်မသိ။ သို့သော်လည်း ကွေ့ဇူသည် သူ့အား တောက်လျှောက် စောင့်ကြည့်နေသည့် အတွက် ရန်ကိုင်လည်း ထိုအရာအား ဆက်လက် မစစ်ဆေးရဲတော့ဘဲ အခြားကိစ္စကိုသာ ပြန်အာရုံစိုက်လိုက်ရသည်။

သို့သော်လည်း ရန်ကိုင်အနေဖြင့် ထိုအရာနှင့်ပက်သက်၍ မတွေးဘဲ မနေနိုင်အောင် ဖြစ်နေခဲ့သည်။ ထိုအရာသာ ကြယ်အမြူတေ ဖြစ်သည်ဆိုပါက ၎င်းသည် လွန်ခဲ့သော နှစ်ငါးရာခန့်ကမှ ဖြစ်ပေါ်လာခြင်း ဟုတ်လျှင်ဟုတ်၊ မဟုတ်လျှင် ကွေ့ဇူ၏ ထောက်လှမ်းမှုမှ သူ့ကိုယ်သူ ဖုံးကွယ်ထားနိုင်စွမ်း ရှိရပေမည်။ မဟုတ်လျှင် ကွေ့ဇူသည် ထိုအရာကို အလွတ်ပေးလိမ့်မည် မဟုတ်ချေ။

ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံ အမျှင်တန်းကို ပြန်မယူဘဲ ထိုစွမ်းအင်အုအဝေး ရှိနေသည့် နေရာတွင်သာ ချန်ထားရစ်ခဲ့သည်။

ကွေ့ဇူ သူ့အား သတိမပြုမိလောက်မည့် အချိန်တစ်ခုကို စောင့်ပြီးမှ ထိုအရာကို ထပ်မံ စစ်ဆေးကြည့်ရပေမည်။ သူ့ကောင်းကင် စိတ်အာရုံအမျှင်တန်းကို ထိုနေရာတွင် ချန်ထားရစ်ခဲ့ခြင်းဖြင့် ထိုစွမ်းအင်အစုအဝေး မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်ကို အတိအကျ သိနိုင်ပေသည်။

အချိန်ကြာလာသည်နှင့် လေဟာနယ်တာအိုအပေါ် ရန်ကိုင်၏ နားလည်မှုသည် ပို၍ နက်ရှိုင်းလာခဲ့သည်။ ယခုဆိုလျှင် သူ့ကောင်းကင်စိတ်အာရုံသည် တိုက်ကြီးတစ်ဝက်ကို အလွယ်တကူ လွှမ်းခြုံနိုင်နေလေပြီ။ သူ့ကောင်းကင်စိတ်အာရုံ အကွာအဝေး အတွင်းရှိ သူစစ်ဆေးချင်သည့် မည်သည့်နေရာကိုမှ တိတ်တဆိတ် စစ်ဆေးနိုင်နေလေပြီ။

ထို့နောက် ရန်ကိုင်သည် ခုနှစ်ရောင်ခြယ်ကောင်းကင်ကို စတင် စူးစမ်းလေ့လာသည်။ ကောင်းကင်စိတ်အာရုံ အမျှင်တန်းများစွာကို ထိုခုနှစ်ရောင်ခြယ်ကောင်းကင်ထဲသို့ ပို့လွှတ်သည်။ သို့သော် သူပို့လိုက်သည့် ကောင်းကင်စိတ်အာရုံ အမျှင်တန်းအားလုံးသည် ပရမ်းပတာ စွမ်းအင်စက်ကွင်းများထဲ ပျောက်ဆုံးသွားခဲ့ရသည်။ သို့သော် နောက်ဆုံးတွင် ဤနေရာမှ ထွက်သွားမည့် ကိစ္စနှင့် ပက်သက်၍ အနည်းငယ် ယုံကြည်ချက်ရှိလာခဲ့သည်။

သို့သော် ထိုအကြောင်းအရာကို စိတ်ထဲတွင်သာ သိမ်းထားသည်။ ကွေ့ဇူအား သွားမပြောခဲ့ဘဲ သူ့ပတ်ဝန်းကျင်ကိုသာ အဆက်မပြတ် စစ်ဆေးရင်း ပြီးပြည့်စုံအောင် လုပ်နေခဲ့သည်။

နေ့တိုင် ကွေ့ဇူအား သူ့တိုးတက်မှုအကြောင်း အစီရင်ခံသည်။ သို့သော် အကုန်လုံးကို အမှန်အတိုင်း ပြောခြင်းမဟုတ်ဘဲ အမှန်တစ်ဝက်၊ အမှားတစ်ဝက် ပြောခြင်းသာဖြစ်သည်။

တစ်နေ့၊ ခုနှစ်ရောင်ခြယ်ကောင်းကင်ကို စူးစမ်းလေ့လာပြီး၍ ပြန်အလာ၊ တောင်ထိပ်ပေါ်ရှိ မြေကွပ်လပ်သို့ ရောက်သည့်အခိုက် သွေးနံ့ဖျော့ဖျော့ကို ရလိုက်သည်။

ရန်ကိုင် မျက်နှာပျက်သွားပြီး ကောင်းကင်စိတ်အာရုံကို ချက်ချင်း ဖြန့်ကျက်စစ်ဆေးကြည့်လိုက်ရာ တစ်ခုခု မူမမှန်သည်ကို တွေ့လိုက်ရသည်။ တိုက်ကြီးပေါ်တွင် ရှိနေသော လူအားလုံးသည် တစ်နေရာတည်းတွင် အတူတူ စုဝေးနေခဲ့ကြသည်။ အကုန်လုံးသည် တိုးတိုးဖြင့် ကြိတ်ကာ ဆွေးနွေးပြောဆိုနေကြသည်။ ဘာတွေ ပြောနေမှန်းကိုတော့ သူမသိ။

“ဘာတွေဖြစ်နေတာလဲ” ရန်ကိုင်လည်း ထိုလူများဆီ ပျံသန်းသွားပြီး မေးလိုက်သည်။

“တစ်ယောက်ယောက် သေသွားလို့” ရှန်တုက မျက်စိပျက်၊ မျက်နှာပျက် အမူအရာဖြင့် ပြန်ပြောသည်။

ရန်ကိုင် ကြောင်သွားခဲ့ပြီး လှည့်ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် သက်မဲ့အလောင်းတစ်လောင်း ရှိနေသည်ကို တွေ့လိုက်ရသည်။

“အဲ့လူက ဘယ်ဘက်ကလဲ” ရန်ကိုင်က ပြန်မေးသည်။

“ငါတို့ဘက်ကပဲ” ဟဲကျောင်က စိတ်ဓါတ်ကျစွာဖြင့် ပြန်ပြောသည်။

ဟဲမြောင်နှင့် ရွှယ့်ရှီတို့လည်း ဝမ်းနည်း၊ စိတ်ဓါတ်ကျနေကြသည်။ လျူကွေ့ချန်သည်ပင်လျှင် ထိတ်လန့်တုန်လှုပ်နေခဲ့သည်။

သူတို့ ဤနေရာသို့ စရောက်စဉ်က ခရမ်းကြယ်နှင့် ဓါးအဖွဲ့အစည်း စုစုပေါင်း လူတစ်ရာကျော်ရှိသည်။ သို့သော်လည်း တစ်နှစ် ကြာသွားပြီးနောက်တွင် အသက်ရှင်ကျန်ရစ်သော လူ(၁၀)ယောက်ပင် မပြည့်တော့‌ချေ။ လွန်ခဲ့သော လများအတွင် လူအသေအပျောက် မရှိခဲ့သော်လည်း ယနေ့တွင် ပထမဆုံး တစ်ယောက် စသေခဲ့လေပြီ။

ထိုလူ မည်ကဲ့သို့ သေသွားမှန်း မည်သူမှ မသိချေ။

“သူ့ကို ဘယ်သူသတ်လိုက်တာလဲ” ရန်ကိုင်က ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ကာ မေးလိုက်သည်။

မည်သူမှ ပြန်မဖြေခဲ့ကြ။ အကုန်လုံးသည် ကူကယ်ရာမဲ့နေသည့် အမူအရာများကိုသာ ဆင်မြန်းထားကြသည်။ ထိုလူများ၏ အမူအရာကိုမြင်သော် လက်သည်ကို ရန်ကိုင် ချက်ချင်း သိလိုက်၏။ ဤနေရာတွင် ကွေ့ဇူမှလွဲ၍ မည်သူမှ လူမသတ်ရဲကြချေ။

ထိုလူအိုကြီး အတော့်ကို စိတ်ဆိုးဒေါသထွက်နေရပေမည်။ မဟုတ်လျှင် ဂျူနီယာတစ်ယောက်ကို အကြောင်းမရှိ သတ်လိမ့်မည် မဟုတ်ချေ။

“ရန်ကိုင် စီနီယာကွေ့ဇူနဲ့ စကားသွားပြောပြီး ငါတို့ကို ထပ်မသတ်ဖို့ မေးပေးလို့ရမလား။ ငါတို့ သူ့ကိုပုန်ကန်ဆန့်ကျင်တာမျိုးလည်း လုပ်တာမဟုတ်ဘူးလေ” ဟဲကျောင်က သူမ၏နှုတ်ခမ်းလေးကို ကိုက်၍ ရန်ကိုင်အား တောင်းဆိုလိုက်သည်။

ယခုတစ်ကြိမ်တွင် ဓါးအဖွဲ့အစည်းမှ ကျင့်ကြံသူတစ်ယောက် သေသွားခဲ့ရသည်။ နောက်တစ်ကြိမ်တွင် မည်သူသေမည်ဆိုသည်ကို မည်သူမှ မပြောနိုင်ချေ။ ခရမ်းကြယ်မှ လူလည်း ဖြစ်နိုင်သလို သူတို့ဘက်မှ ထပ်ဖြစ်သွားသည်လည်း ဖြစ်နိုင်သည်။

အေးအေးဆေးဆေး ထိုင်နေနိုင်သည့် ရန်ကိုင်မှလွဲ၍ အကုန်လုံး ရင်တမမ ဖြစ်နေကြရသည်။

တစ်နေ့ ဤနေရာမှ လူအားလုံးကို ကွေ့ဇူက သတ်လိုက်သည် ဆိုပါစို့။ သူလည်း ဤနေရာမှ ထွက်သွားရန် မျှော်လင့်ချက် မရှိတော့ဘူး ဆိုပါက ရန်ကိုင်ကိုလည်း အသက်ရှင်လျက် ထားတော့မည် မဟုတ်ချေ။ ရန်ကိုင်၏ ဝိဥာဉ်ကို ထုတ်ယူပြီး သူ့မှတ်ဥာဏ်များကို ရှာဖွေကာ ဤနေရာမှ ထွက်သွားနိုင်မည့် နည်းလမ်းကို သူ့ဘာသာ ရှာဖွေပေလိမ့်မည်။

“ဟုတ်တယ်။ ရန်ကိုင်” ရှန်တုကလည်း ဝင်ပြောသည် “မင်းတစ်ယောက်ပဲ စီနီယာကွေ့ဇူနဲ့ စကားပြောနိုင်တာ… ကိုယ်ဘယ်လိုသေလို့ သေသွားရမှန်းမသိတဲ့ အဖြစ်မျိုး ငါတကယ် အဖြစ်မခံချင်ဘူး”

အကုန်လုံးသည် ရန်ကိုင်အား သူတို့၏ နောက်ဆုံးမျှော်လင့်ချက် တစ်ခုနှယ် စိုက်ကြည့်နေခဲ့ကြသည်။

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီလေ။ ငါသူနဲ့ သွားပြောကြည့်လိုက်မယ်။ ငါပြောတာကို သူနားထောင်မယ်လို့တော့ အာမမခံနိုင်ဘူးနော်”

“ကိစ္စမရှိဘူး။ မင်းနဲ့သွားပြောပေးရင် လုံလောက်ပြီ” ရှန်တုက ခါးသက်စွာ ပြုံးလိုက်သည်။

“ဟဲကျောင်၊ ဟဲကျောင်၊ သူ့ကို လာကူမြေမြုပ်ပေးဦး” ရွှယ့်ရှီက တိုးတိုးလေး ပြောလိုက်သည်။

“ဟုတ်ကဲ့” ဓါးအဖွဲ့အစည်းမှ သုံးယောက်သားသည် သေသွားသော သူတို့၏ အဖွဲ့သားကိုသယ်၍ အလောင်မြုပ်စရာနေရာရှာရန် ထွက်သွားကြလေသည်။

ရန်ကိုင်သည်လည်း ကွေ့ဇူ နေထိုင်ရာ တောင်လိုဏ်ဂူဆီ ပျံသန်းသွားခဲ့သည်။ ခဏကြာမျှ ပျံသန်းသွားပြီးနောက် ကွေ့ဇူ နေထိုင်သည့် ကျောက်တုံးခန်းဆီသို့ ရောက်လာခဲ့သည်။

ဤကျောက်တုံးခန်းတွင် ကွေ့ဇူနေမှန်း သူသိသော်လည်း ယခုမှသာ ပထမဆုံးအကြိမ်အဖြစ် ဤနေရာသို့ ရောက်ဖူးခြင်း ဖြစ်သည်။

ဤကျောက်တုံးခန်းသည် အခြားကျောက်တုံးခန်းများနှင့်မတူ။ အခန်းတစ်ခန်းလုံး မည်းမှောင်နေခဲ့သည်။ အလင်းရောင်မရှိ၊ မြင်မြင်သမျှ အရာတိုင်းသည် အမှောင်ထုသာ။ ကျောက်တုံးခန်း အပြင်ဘက်သို့ ရောက်သည်နှင့် သူ့တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပြီး စိတ်ဓါတ်ကျစရာကောင်းသည့် မြင်ကွင်းကို မြင်လိုက်ရ၍ ခြောက်ခြားဖွယ်ကောင်းသည့် အော်ဟစ်သံတို့ကိုလည်း ကြားလိုက်ရသည်။

အမှောင်ထုထဲမှ အစိမ်းရောင် အရှိန်အဝါများကို ထုတ်လွှတ်နေသည့် တစ္ဆေအချို့ ထွက်ပေါ်လာခဲ့ပြီး သူ့အား လာရောက် ဝန်းရံကြသည်။ သူ့ပတ်ပတ်လည်တွင် ပျံသန်းရင် သူ့ဝိဥာဉ်ကို ဆွဲထုတ်ကာ အဆုံးမဲ့ အသူရာငရဲချောက်နက်ထဲ ခေါ်သွားရန် ကြိုးစားနေခဲ့သည်။

ရန်ကိုင် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ပြီး နည်းနည်းမျှပင် မလှုပ်နိုင်တော့ချေ။

ခဏအကြာတွင် သူ့ခန္ဓာကိုယ်မှ နတ်ဆိုးမီးတောက်တို့ ပေါက်ကွဲထွက်လာခဲ့လေသည်။ ထိုနတ်ဆိုးမီးတောက်ကြောင့် ရန်ကိုင်သည် မီးလူသားတစ်ယောက်နှင့်ပင် တူနေသေးသည်။

ထိုသို့ လုပ်လိုက်မှပဲ ထိုပုံရိပ်ယောင်အောက်မှ လွတ်မြောက်နိုင်ခဲ့သည်။

သူ့လှည့်ကွက်အောက်မှ ရန်ကိုင် လွတ်မြောက်သွားသည်ကို မြင်သော် ကွေ့ဇူက ညစ်ကျယ်ကျယ် ရယ်မောလျက် မေးလိုက်သည် “ကောင်လေး၊ မင်းဒီကို ဘာလာလုပ်တာလဲ”

ရန်ကိုင်သည် တစ္ဆေကာင်များ၏ လွှမ်းမိုးမှုကို ချေဖျက်ရန် သူ့တစ်ကိုယ်လုံးအား နတ်ဆိုးမီးတောက်များဖြင့် ဆက်လက် လောင်ကျွမ်းနေစေခဲ့သည်။ ကွေ့ဇူ၏ မေးခွန်းကို ကြားလိုက်သည့် အခါ ဘာကိုအရင်စပြော၍ ပြောရမှန်း မသိသဖြင့် မျက်မှောင်ကြုံ့သွားခဲ့ရသည်။ နောက်ဆုံး လိုရင်းကိုသာ ပြောရန် ဆုံးဖြတ်လိုက်သည် “ဒီနေ့ စီနီယာ တစ်ယောက်ယောက်ကို သတ်လိုက်သေးလား”

ကွေ့ဇူက ရယ်သွမ်းသွေးလျက် “သတ်တော့ ဘာဖြစ်လို့လဲ။ အဲ့ဘာမဟုတ်တဲ့ ကိစ္စလေးအတွက်နဲ့ ငါ့ကို လာရှာတာတော့ မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား”

“အခု အပြင်မှာရှိနေတဲ့ လူတိုင်းက နောက်ထပ်သေရမယ့်လူက သူတို့ဖြစ်သွားမှာကို တွေးပြီး ကြောက်နေကြတယ် စီနီယာရဲ့” ရန်ကိုင်က ခပ်မြန်မြန်ပဲ ပြောလိုက်သည်။

“အင်း။ စိုးရိမ်သင့်ပါတယ်လေ” ကွေ့ဇူသည် ထိုလူများ၏ စိုးရိမ်ပူပန်နေသော အမူအရာများကို တွေးရင်း ပျော်နေသည့် ပုံဖြင့် “ဒီနေရာကြီးက အရမ်းပျင်းဖို့ ကောင်းတယ်လေကွာ။ ဒီတော့ ငါလည်း ပျော်စရာလေးဘာလေး ရှာတာပေါ့။ ငါ့အတွက်တော့ ပျော်စရာ လူတွေ ရင်တမမ၊ ကြောက်ကြောက်လန့်လန့် ဖြစ်နေတာကို ကြည့်ရတာပဲ”

“ပျင်းရုံနဲ့ လူသတ်တယ်ပေါ့”

“အဲ့တော့ဘာဖြစ်လဲ” ကွေ့ဇူက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။ မည်းမှောင်နေသော အခန်းသည် ယခင်အတိုင်း ပြန်လည် လင်းထိန်လာခဲ့သဖြင့် အခန်း အလယ်တွင် ထိုင်နေသော ကွေ့ဇူကို ရန်ကိုင် မြင်နိုင်လာခဲ့သည်။ ကွေ့ဇူသည် ကြမ်းကြုတ်စွာပြုံးလျက် ခြောက်ခြားဖွယ်ကောင်းသော မျက်ဝန်းအစုံဖြင့် ရန်ကိုင်တည့်တည့်အား စိုက်ကြည့်ရင်း “သူတို့ကို ညှာတာပေးဖို့ ငါ့ဆီ လာပြောတာလား။ ငါသိသလောက်ဆို မင်းက အဲ့လိုလူမျိုးမဟုတ်ပါဘူး။ ငါသူတို့ အားလုံးကို သတ်လိုက်မယ် ဆိုရင်တောင် မင်ဂရုစိုက်မှာမဟုတ်ဘူး”

“စီနီယာက နောက်နေတာပဲ။ အဲ့လူတွေထဲမှာ ကျုပ်မိတ်ဆွေတွေ ပါတယ်လေ။ ဒီတော့ သူတို့ အသတ်ခံရမှာကို ကျုပ်လည်း ဘယ်မြင်ချင်ပါ့မလဲလို့”

“မိတ်ဆွေတွေလား” ရန်ကိုင် စကားကို ကြားကြားချင်း ကွေ့ဇူ ကြောင်သွားခဲ့သည်။ ထို့နောက် ဝါးလုံးကွဲအော်ဟစ်ရယ်မောလျက် “အခြားသူကို လှည့်စားလို့ရချင်ရမယ်၊ ငါ့ကိုတော့ လာလှည့်စားလို့ မရဘူးကွ။ အဲ့လူတွေထဲမှာ မင်းနဲ့ခင်တဲ့လူ တော်တော်များများ ရှိမှန်း ငါသိတယ်။ ဒါပေမယ့် သူတို့အတွက်နဲ့ ငါ့ကို အာခံမှာတော့ မဟုတ်ဘူး။ မင်းသူတို့အပေါ် ကောင်းနိုင်ရင် ကောင်းမယ်။ အရေးကြုံလာပြီး၊ မင်းလည်း ဘာမှ မတတ်နိုင်တော့ဘူး ဆိုရင်တော့ သူတို့အားလုံးကို ပစ်ထားခဲ့မှာပဲ။ ငါ့ကို ဒေါသထွက်အောင် လုပ်ရင် ဘယ်လိုအကျိုးဆက်မျိုးကို ရင်ဆိုင်ရမလဲ ဆိုတာကို မင်းကောင်းကောင်း သိပြီးသား”

ရန်ကိုင်ကမူ ဆိတ်ဆိတ်သာ နေသည်။ ဘာမှ ပြန်မပြောခဲ့။

“မင်းကြောက်နေတာက ငါသူတို့ကို သတ်နေလို့မဟုတ်ဘူး။ သူတို့အားလုံးကို ငါသတ်ပြီးသွားလို့ မင်းကိုပါ သတ်မှာကိုပဲ” ကွေ့ဇူက ရုတ်တရက် အော်ဟစ်လိုက်သည်။

ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်လိုက်ပြီး “စီနီယာပြောတာ အမှန်ပဲ။ ဂျူနီယာ အဲ့ကိစ္စကို စိတ်ပူနေတာ”

ကွေ့ဇူက အသာအယာ ခေါင်းညိတ်လိုက်ပြီး “မင်းတကယ် စိတ်ပူတယ်ဆိုရင် ပိုပြီး အလုပ်ကြိုးစားပေါ့။ ငါသူတို့ အကုန်လုံးကို သတ်ပြီး မင်းကို လာမသတ်ခင်အထိ ဒီနေရာကနေ ထွက်သွားနိုင်မယ့် နည်းလမ်းတစ်ခုကို မင်းစဉ်းစားနိုင်ဖို့ လိုလိမ့်မယ်။ မင်းလုပ်နေတယ်ဆိုပေမယ့် အကောင်းဆုံး လုပ်နေတာ မဟုတ်မှန်း ငါသိပြီးသား”

“ဂျူနီယာ သဲလွန်စအချို့ တွေ့ပြီးသွားပြီ” ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့လေသည်။

ကွေ့ဇူ၏ ခန္ဓာကိုယ် တုန်ရင်သွားပြီး သူ့မျက်လုံးများ တဖျက်ဖျက် ဝင်းလက်လာခဲ့သည်။ ထို့နောက် အပြုံးကြီးပြုံးလျက် “ကောင်းတယ်၊ ကောင်းတယ်။ သဲလွန်စ တွေ့တယ်ဆိုကတည်းက တကယ် ကောင်းသွားပြီ။ ဒီသတင်းကြောင့် ငါအရမ်းအရမ်းကို ပျော်သွားပြီ။ လောလောဆယ်တော့ ငါပျင်းရတော့မှာ မဟုတ်ဘူး။ ငါထပ်ပြီး မပျင်းလာရအောင် မင်းလည်း ဆက်ပြီး အလုပ်ကြိုးစားသင့်တယ်”

“ဂျူနီယာ သွားလိုက်ပါဦးမယ်” ရန်ကိုင်က လက်သီးဆုပ်ကာ နှုတ်ဆက်၍ အခန်းထဲမှ ထွက်သွားလိုက်သည်။ အခန်းထဲမှ ထွက်သွားလိုက်သည့်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ အမူအရာ လေးနက်တည်ကြည်သွဦးခဲ့လေသည်။

ကွေ့ဇူ ထိုလူအား သတ်ခဲ့ခြင်းသည် စိတ်ညစ်နေ၍မဟုတ်။ သူ့အပေါ် ဖိအားပေး၊ သတိပေးလိုသည့် အတွက်ကြောင့်သာ ဖြစ်သည်။

သူတစ်ခုခုအား ဖုံးကွယ်ထားသည်ကို ကွေ့ဇူ သိနေလောက်၏။ မဟုတ်လျှင် တစ်ယောက်ယောက်အား သတ်ဖြတ်၍ သူ့အား သတိပေးရန် ကြိုးစားလိမ့်မည် မဟုတ်ချေ။

သို့သော် ရန်ကိုင်သည် မည်သည့်အရာအား ဖုံးကွယ်ထားသလဲ ဆိုသည်ကို ကွေ့ဇူ မသိချေ။ ‘ကောင်လေး၊ ငါမသိအောင် မင်းဘာတွေ ဖုံးကွယ်ထားတာလဲ’ ဆိုပြီးတော့ သွားမေး၍လည်း မဖြစ်ပြန်။ ထို့ကြောင့် ဤနည်းလမ်းကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။

သူ့သည်ခံနိုင်စွမ်းသည် အကန့်အသတ်ရှိသည်ဟု ရန်ကိုင်အား သတိပေးလိုခြင်းပင်။ စောင့်ရပါ များလာမည်ဆိုပါက ရန်ကိုင်၏ ကံကြမ္မာသည်လည်း ထိုလူများကဲ့သို့ပင် ဖြစ်သွားလိမ့်မည်ဟု တစ်ဖက်လှည့်ပြောခြင်းဖြစ်သည်။

ရန်ကိုင်လည်း ထိုအချက်ကို နားလည်ပေသည်။ ထို့ကြောင့် ကွေ့ဇူ စိတ်ငြိမ်သွားအောင် စကားအချို့ ပြောခဲ့ခြင်းဖြစ်သည်။ သို့သော် ‘သဲလွန်စ’ ဆိုသော စကားလုံးသည် ကွေ့ဇူအား ခဏတာသာ စိတ်ပြေစေလိမ့်မည်ဖြစ်ပြီး နောက်တစ်ကြိမ် သူစိတ်မရှည် ဖြစ်ပါလာက ရန်ကိုင်ကိုပင် သတ်ဖြတ်ကောင်း သတ်ဖြတ်နိုင်၏။

ရန်ကိုင် အလွန်ကိုမှ စိတ်ညစ်နေခဲ့သည်။ ‘ငါဒီလောက်တောင် အားနည်ရတာပါလား’ဟုလည်း တွေးနေမိသည်။

နည်းလမ်းရှာတွေ့သည်နှင့် တစ်ယောက်တည်း ခိုးထွက်သွားပြီး ကွေ့ဇူအား ဤနေရာတွင် ချန်ထားခဲ့မည်ဟု အမြဲတမ်း စဉ်းစားခဲ့သည်။ သို့သော်လည်း သူတို့ နှစ်ဦးကြားရှိ ခွန်အား ကွာခြားချက်သည် အလွန်တရာကိုမှ ကြီးမားလှလေရာ ရန်ကိုင်သည် အမြဲတမ်း အောက်စည်းသို့သာ ရောက်နေခဲ့ရသည်။

သူ့အတွေးများသည် ယုတ္တိမရှိမှန်း ရန်ကိုင် သိသည်။ ဤနေရာမှ ထွက်သွားနိုင်မည့် နည်းလမ်းကို ရှာတွေ့လျှင် သူမထွက်သွားနိုင်သေးခင်မှာဘဲ ကွေ့ဇူ၏ တားဆီးခြင်းကို ခံရပေလိမ့်မည်။

ရန်ကိုင်သည် ထိုကိစ္စနှင့် ပက်သက်၍ အမြဲတစေ စဉ်းစားခဲ့သည်။ ကွေ့ဇူ ပြောသည်ကို ယုံကြည်ပြီး အကုန်လုံးအား အနေရာမှ ခေါ်ထုတ်သွားသင့်သလား။ ထိုနည်းလမ်းသည် အလွန်ကိုမှ အန္တရာယ်များလှသည်။ ကွေ့ဇူ သူ့စကားကို ပြန်မရုတ်သိမ်းပါဟု မည်သူ ပြောနိုင်မည်နည်း။

ရန်ကိုင်စိတ်ထဲ အတွေးပေါင်းစုံတို့ ဖြတ်ပြေးသွားခဲ့ပြီး သူ့အမူအရာသည်လည်း ပိုပို၍ လေးနက်လာခဲ့လေသည်။

ကျောက်တုံးခန်းထဲသို့ ပြန်ရောက်သည်နှင့် တင်ပလင်ခွေထိုင်၍ အားပြန်ဖြည့်ရင်း စဉ်းစားလိုက်သည်။ ထိုစဉ် ကျောက်တုံးခန်၏ အပြင်ဘက်မှ ခြေသံယဲ့ယဲ့လေးများ ထွက်ပေါ်လာပြီး မကြာမီ အခန်းထဲသို့ ပီယ ဝင်လာခဲ့သည်။ ရောက်သည်နှင့် ရန်ကိုင်၏ နောက်ဘက်သို့သွားကာ သူမ၏ ရင်ဘတ်နှင့် သူ့ကျောပြင်ကို ဖိကပ်၍ ရန်ကိုင်အား အသာအယာ နှိပ်နယ်ပေးတော့သည်။

ထို့နောက် ရန်ကိုင် နားနားသို့ကပ်ကာ တိုးတိုးလေး ပြောသည် “သခင် တစ်နေ့ ဒီနေရာကနေ ထွက်သွားရင် သခင်ရဲ့ အစေခံကိုပါ အတူခေါ်သွားပေးနိုင်မလားဟင်”

“အင်း”

ပီယ အားတင်းပြုံးလိုက်ပြီး ရန်ကိုင်ပခုံးအား ဆက်လက် နှိပ်နယ်ပေးရင်း ပြောလိုက်သည် “သခင် ဟန်ဆောင်ပြနေစရာ မလိုပါဘူး။ သခင် ထွက်သွားတာနဲ့ ဒီအစေခံကို ခေါ်သွားမှာ မဟုတ်မှန်း ကျွန်မ သိပြီးသား… တကယ်တော့ သခင်နဲ့ကျွန်မ စတွေ့ကတည်းက ဒီအစေခံက သခင့်အပေါ် ရိုင်းပြခဲ့တာလေ။ ကျွန်မက လူကောင်းတစ်ယောက်မဟုတ်မှန်း ဒီအစေခံ သိပါတယ်သခင်”

သူမ၏ အမှားများကို ထိုကဲ့သို့ ပွင့်ပွင့်လင်းလင်း ဝန်ခံလာသည်ကို မြင်သော် ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ စိတ်ထဲတွင်လည်း ပီယ မည်သို့သော အကြံများ ထုတ်နေတာလဲဟု တွေးမိသွားသည်။

All Chapters