အခန်း (၁၀၂၆-၁၀၃၀)
Vol. 42 Ch. 1026-1030
အပိုင်း (၁၀၂၆) အချိန်မရှိတော့ဘူး
ပီသည် ဝမ်းနည်းညိုးငယ်သော အမူအရာကို ဆင်မြန်းလျက် အသက်မပါစွာ ပြုံးနေခဲ့သည်။
ဤအတောအတွင်း ရန်ကိုင်အား သူမ တတ်နိုင်သမျှ အစွမ်းကုန် ပြုစုပေးခဲ့သည်။ ရန်ကိုင် ပြောသမျှကိုလည်း အကုန် နာခံခဲ့သည်။ သူတောင်းဆိုသည့် အရာမှန်သမျှကို ဖြည့်ဆည်းပေးသည်။ တစ်ချက်ကလေးပင် မငြင်းပယ်၊ ကလန်ကဆန် မလုပ်။ သူမ၏ အပြုအမူသည် အလွန်ကိုပင် နာခံသည်လည်း ရူးမိုက်သည်လား ဝေခွဲမရတော့။ ပီယသည် ထိုကဲ့သို့ ပြုမူနေသည့်တိုင် သူမသည် အလွန်ကိုမှ အကင်းပါးလှသော မိန်းမတစ်ဦးဖြစ်သည်။
တစ်နေ့ ရန်ကိုင်သည် ဤနေရာမှ ထွက်သွားနိုင်မည့် နည်းလမ်းကို ရှာတွေ့သည့်အခါ သူမကိုပါ ခေါ်သွားမည်မဟုတ်မှန်း ပီယ သိသည်။ ထို့ကြောင့်ပဲ ပီယသည် အချိန်စော၍ ထိုခေါင်းစဉ်ကို အစချီလာခဲ့ခြင်းဖြစ်သည်။ သူမဘက်မှ ရိုးသားကြောင်းပြ၍ ရန်ကိုင်၏ စိတ်ကို ပြောင်းလဲသွားအောင် လုပ်ချင်သည်။
“ကျွန်မသာ ဒီကနေ ထွက်သွားနိုင်ခဲ့ အနာဂတ်မှာ သခင် တစ်ယောက်တည်းရဲ့ စကားကိုပဲ နာခံပါ့မယ်။ သခင် ပေးသမျှ အမိန့်တိုင်းကို နာခံပါတယ်။ ကျွန်မဒီမှာ မကျန်ခဲ့ချင်ဘူး။ ကျွန်မတကယ်ကို မကျန်ခဲ့ချင်တာ… နောက်ပိုင်းကျရင် သခင့်တစ်ယောက်တည်းကိုပဲ သစ္စာရှိပါမယ်လို့ ဒီအစေခံ ကျိန်ဆိုရဲပါတယ်…” ပီယက ဆက်ပြောနေခဲ့သည်။ ကွေ့ဇူကဲ့သို့ ပညာရှင်တစ်ယောက်ပင် ဤနေရာ၌ နှစ်(၂၀၀၀)ကြာအောင် ပိတ်မိနေခဲ့လေရာ သူမသာ ဤနေရာ၌ ပိတ်မိနေခဲ့ပါက အသက်ကြီးပြီး သေသွားရပေလိမ့်မည်။
ထိုကဲ့သို့ အဆုံးသတ်သည်ကြား အလွန်ကိုမှ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ရန်ကိုင်သည် မျက်နှာတည်ကြီးဖြင့်သာ သူမအား စိုက်ကြည့်နေသည်။ ပီယသည်လည်း ရန်ကိုင်အား တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်စိုက်ကြည့်နေသည်။ ခဏအကြာတွင် ရန်ကိုင်က ခေါင်းညိတ်၍ “အဲ့နေရောက်လာခဲ့ရင် ငါသေချာ စဉ်းစားကြည့်လိုက်မယ်”
ကြားကြားချင်း ကြောင်သွားခဲ့သော်လည်း ချက်ချင်းပဲ မဲ့ပြုံးပြုံး၍ “ကျေးဇူးပါပဲ သခင်”
“အခု ငါလုပ်စရာရှိသေးလို့ ထွက်သွားပေးဦး” ရန်ကိုင်က လက်ဝှေးရမ်း၍ ပြောလိုက်သည်။
ပီယသည် သိမ်မွေ့ကျော့ရှင်းစွာဖြင့် ရန်ကိုင်အား ဦးညွှတ်လိုက်ပြီး ခပ်မြန်မြန်ပဲ ထွက်သွားလေသည်။ ပီယ အလွန်တရာကိုမှ စိတ်ဓါတ်ကျနေခဲ့သည်။ ရန်ကိုင်၏ တုန့်ပြန်စကားကို ကြာပြီးနောက် ရန်ကိုင် စိတ်မပြောင်းသေးမှန်း ပီယ နားလည်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း ဆယ်ရက် ကုန်ဆုံးသွားခဲ့သည်။
ထိုနေ့တွင် နောက်ထပ်လူတစ်ယောက် သေသွားခဲ့သည်။ ယခုတစ်ကြိမ် သေသွားသည့်လူသည် လျူကွေ့ချန်၏ လက်အောက်ငယ်သား ဖြစ်သည့် သူတော်စင်ဘုရင် ပထမအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
ထိုလူသည် တောင်ဆင်ခြေလျှောတွင် တင်ပလင်ခွေထိုင် ကျင့်ကြံနေစဉ် ရုတ်တရက် သူ့တစ်ကိုယ်လုံး ပေါက်ကွဲသွားခြင်း ဖြစ်သည်။
နောက်ထပ် လူတစ်ယောက်၏ သေဆုံးမှုကြောင့် အကုန်လုံး မီးခဲဖင်ခုထိုင်နေရသည့်နှယ် ဖင်ငြိမ်ငြိမ် မထိုင်နိုင်ကြတော့။ ရန်ကိုင်အား ခပ်မြန်မြန် သွားရှာကာ ကွေ့ဇူအား သူတို့ကို သနားညှာတာပေးရန် သွားပြောပေးနိုင်မလားဟု မေးကြသည်။ ဦးညွှတ်ရန် အကြောက်အကန် ငြင်းဆန်နေသော ရွှယ့်ရှီပင် ယခုတစ်ကြိမ်၌ ရန်ကိုင်အား အနူးအညွှတ် တောင်းဆိုခဲ့သည်။
ရန်ကိုင်လည်း လုပ်ပေးပါမည်ဟု ပြောခဲ့သည်။
သို့သော်လည်း သူမည်မျှပင် သွားပြောပါစေ အသုံးဝင်မည် မဟုတ်မှန်း ရန်ကိုင် သိသည်။ အရေးအကြီးဆုံးသည်ကား ကွေ့ဇူအား ဤနေရာမှ ထွက်သွားနိုင်မည့် နည်းလမ်းရှိသည်ဟု ထင်လာစေရန် ဖြစ်သည်။ ထိုအခါမှ ထိုလူအိုကြီး ပျော်သွားပြီး လူထပ်သတ်တော့မည် မဟုတ်ချေ။
ရန်ကိုင်သည် အားလုံး၏ စိုးရိမ်ပူပန်မှုများကို လွှတ်ချထား၍ ကြယ်လွန်းပျံကိုထုတ်ကာ ခုနှစ်ရောင်ခြယ်ကောင်းကင်ဆီသို့ ပျံသန်းသွားသည်။
ထို့နောက် ကြယ်လွန်းပျံပေါ်တွင် တင်ပလင်ခွေထိုင်လျက် ကောင်းကင်စိတ်အာရုံအား အမျှင်တန်းများစွာအဖြစ် ခွဲထုတ်၍ ဟင်းလင်းပြင်ထဲသို့ ပို့လွှတ်လိုက်သည်။
ထိုကောင်းကင်စိတ်အာရုံ အမျှင်တန်းများသည် မြန်ဆန်လှသော အရှိန်ဖြင့် လေဟာနယ်ကို ခုန်ကျော်ကာ ရန်ကိုင် ထိုင်နေရာမှ မိုင်တစ်ထောင်မကသော အကွာအဝေးအဆီသို့ တစ်ခဏအတွင်း ရောက်သွားခဲ့သည်။ မကြာမီ ရန်ကိုင်၏ မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့သည်။
ကောင်းကင်စိတ်အာရုံ အမျှင်တန်းပေါင်း တစ်ထောင်ကျော်ကို ပို့လွှတ်လိုက်သော်လည်း အကုန်လုံးသည် ပရမ်းပတာ စွမ်းအင် စက်ကွင်းထဲ လမ်းပျောက်သွားခဲ့သည်။ အတော်များများသည် သူနှင့်ပင် အဆက်အသွယ် ပြတ်သွားခဲ့သည်။
တစ်နာရီကြာပြီးနောက် ပို့လွှတ်လိုက်သော ကောင်းကင်စိတ်အာရုံ အမျှင်တန်း စုစုပေါင်း၏ (၈၀)ရာခိုင်နှုန်းကို ပြန်ခေါ်နိုင်ခဲ့သည်။ ကျန်သည့် (၂၀)ရာခိုင်နှုန်းကိုမူ ပြန်မခေါ်နိုင်တော့ချေ။ သူ့ဝိဥာဉ် ဒဏ်ရာရသွားသဖြင့် ရန်ကိုင်မျက်နှာ ဖြူလျော်သွားခဲ့ရသည်။
သူတော်စင်အဆင့် ဆေးလံးကို ထုတ်သော်၍ စိတ်စွမ်းအင်ကို ချက်ချင်း ပြန်ဖြည့်လိုက်သည်။ ထို့နောက် ခြောက်ရောင်ခြယ် ဝိဥာဉ်ကြာပန်းကို သုံးလျင် ထိုခိုက်သွားသော သူ့ဝိဥာဉ်ကို ပြန်လည်ကုသသည်။
နောက်ထပ် တစ်နာရီကြာပြီးနောက် ကောင်းကင်စိတ်အာရုံကို ထပ်မံ ထုတ်လွှတ်ကြည့်ပြန်သည်။
တောင်အလယ်ဗဟိုရှိ မည်းမှောင်နေသော ကျောက်တုံးခန်း တစ်ခန်းထဲတွင်၊ ကွေ့ဇူ ထိုင်နေခဲ့သည်။ ကွေ့ဇူသည် ရန်ကိုင်ကို ကြည့်ရင်း သွားပေါ်အောင်ပြုံးလျက် “ကောင်လေး၊ ကောင်လေး၊ မင်းဘာကြံနေလဲ ငါမသိဘူးများ မှတ်နေလား။ ငါသာ မင်းကို ဖိအားမပေးရင် မင်းတကယ် ကြိုးစားမှာမဟုတ်ဘူး။ ဒီနေ့ သင်ခန်းစာကို သေသေချာချာ မှတ်ထားပြီး နောက်ပိုင်း အားထုတ်ကြိုးစားဖို့ ငါမျှော်လင့်တယ်။ မဟုတ်ရင်တော့ ငါနောက်ထပ် လူထပ်သတ်ရလိမ့်မယ်… ပထမနှစ်ကြိမ်တော့ မင်းကို ညှာပေးပြီးသွားပြီ။ နောက်တစ်ကြိမ် ဆိုရင်တော့ မင်းခင်တဲ့လူတွေထဲက တစ်ယောက် လာပြီပဲ။ ငါ့ ဒေါသ ထွက်မလာအောင်သာ ကြိုးစားထား ကြောင်လေးရေ”
ကွေ့ဇူ၏မျက်လုံးထဲ ရှန်တ၊ ဟဲကျောင်နှင့် ဟဲမြောင်တို့၏ ပုံရိပ်များ ရုတ်တရက် ပေါ်လာခဲ့သည်။
တစ်ချိန်တည်းတွင် ထိုလူငယ် သုံးယောက်စလုံး ကျောရိုး တစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ကြရသည်။ သေမင်း၏ စိုက်ကြည့်ခြင်း ခံနေရသလို ခံစားလိုက်ရသဖြင့် သုံးယောက်စလုံး တုန်ရီသွားခဲ့ကြလေသည်။
ခုနှစ်ရောင်ခြယ်ကောင်းကင်ထက်တွင်၊ ရန်ကိုင်သည် ကြယ်လွန်းပျံပေါ် ငြိမ်သက်တိတ်ဆိတ်စွာ ထိုင်လျက် ကောင်းကင်စိတ်အာရုံကို ပရမ်းပတာစက်ကွင်းအနှံ့ ဖြန့်ကျက်နိုင်သမျှ ဖြန့်ကျက်နေခဲ့သည်။
အချိန်စီးဆင်းမှုကို သူသတိပြုမိတော့။ သူ၏ အာရုံအလုံးစုံသည် ဟင်းလင်းပြင်ထဲ ထိုးဖောက်သွားလာနေသော ကောင်းကင် စိတ်အာရုံ အမျှင်တန်းများပေါ်တွင်သာ ရှိနေခဲ့သည်။
ဟင်းလင်းပြင်ထဲ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်၊ ပြန်ရုတ်သိမ်းကာ အားပြန်ဖြည့်လိုက်၊ ထို့နောက် ထပ်မံ၍ ဖြန့်ကျက်လိုက်၊ ပြန်ရုတ်သိမ်းလိုက်၊ ထိုကဲ့သို့ အကြိမ် (၂၀)ကျော်မျှ လုပ်ခဲ့သော်လည်း မည်သည့် ရလဒ်ထူးကိုမှ မရရှိနိုင်သေးချေ။ အကြိမ်တိုင်းတွင် ပို့လွှတ်လိုက်သည့် ကောင်းကင်စိတ်အာရုံ အမျှင်တန်း စုစုပေါင်း၏ (၂၀)ရာခိုင်နှုန်းမျှ ဆုံးရှုံးခဲ့ရသည်။
ထိုကဲ့သို့ ဝိဥာဉ်ထိခိုက်ရသည့် ဒဏ်များကို ရန်ကိုင်မှလွဲ၍ မည်သူမှခံနိုင်လိမ့်မည် မဟုတ်ချေ။ သူ့ထက် အများကြီး ပိုမို သန်မာလျှင်ပင် ဒဏ်ရာရသွားသော ဝိဥာဉ်ကို ပြန်၍ ကုမှ မကုသနိုင်လေသလော။ ရန်ကိုင်သည်ပင် ခြောက်ရောင်ခြယ် ဝိဥာဉ်ကြာပန်း၏ အကူအညီကြောင့် ဤကဲ့သို့ လုပ်နိုင်ခြင်း ဖြစ်သည်။
ယခုတစ်ကြိမ် ရန်ကိုင်၏ စိတ်စွမ်းအင် ခမ်းခြောက်သွားပြန်၏။ သို့သော် စိတ်ကျေနပ်စရာ ရလဒ်ကိုမှ ရရှိခြင်းမရှိခဲ့။
သူ့ကောင်းကင်စိတ်အာရုံ အမျှင်တန်းများကို ပြန်ရုတ်သိမ်းမည် အပြု၊ တစ်နေရာရာတွင် တစ်ခုခု ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။ ရန်ကိုင်လည်း ကောင်းကင်စိတ်အာရုံ အမျှင်တန်းများကို သေချာအာရုံစိုက် ထိန်းချုပ်၍ ထိုနေရာကို စူးစမ်းကြည့်လိုက်သည်။
ထိုနေရာကို စစ်ဆေးရန် ကြိုးစားလိုက်သည့်အခါ သူ၏ ကောင်းကင်စိတ်အာရုံသည် ထိုနေရာအား အလွယ်တကူ ကျော်ြဖတ်သွားသည်ကို အံ့အားသင့်ဖွယ် ရန်ကိုင် တွေ့လိုက်ရ၏။ သူ၏ ကောင်းကင်စိတ်အာရုံသည် ခုနှစ်ရောင်ခြယ်ကောင်းကင်ကို ဖြတ်ကျော်၍ ပရမ်းပတာ အားစက်ကွင်းထဲမှ ထွက်သွားခဲ့သည်။
သူ၏ ကောင်းကင်စိတ်အာရုံများမှတစ်ဆင့် မရေမတွက်နိုင်သော ခမ်းနားကြီးကျယ်လှပသည့် ကြယ်များစွာကို ရန်ကိုင် မြင်လိုက်ရသည်။ ကြယ်တစ်လုံးချင်းစီတိုင်းသည် အားကောင်းသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသည်။ အချို့ကြယ်များသည် အလွန်ကိုမှ အေးစက်ပြီး အချို့ကြယ်များသည် အလွန်ကိုမှ ချစ်ချစ်တောက် ပူနေခဲ့သည်။ ဧရာမသစ်ပင်ကြီးများ ထိုးထောင်ပေါက်ရောက်နေသော ကြယ်များလည်း ရှိနေပေသေးသည်။
“သေခြင်းတရားချောက်နက်” ရန်ကိုင် အလန့်တကြား ထအော်မိသည်။ သူ့မျက်လုံးများဆိုလျှင် တဖျက်ဖျက်ကို ဝင်းလက်တောက်ပနေလို့။
ယခုအကြိမ်သည် သူ၏ ကောင်းကင်စိတ်အာရုံမှ ခုနှစ်ရောင်ခြယ် ကောင်းကင်ကို ကျော်လွန်၍ သေခြင်းတရားချောက်နက်ထဲသို့ သွားနိုင်သည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။
ရန်ကိုင် မပျော်ဘဲ ဘယ်နေမည်နည်း။
ဤနေရာတွင် ပိတ်လှောင်ထားခံရခြင်းသည် ကွေ့ဖူကိုသာမဟုတ်၊ သူ့ကိုပါ စိတ်ညစ်နေသည်။ ကွေ့ဇူကဲ့သို့ မွန်းစတားအိုကြီးနှင့် အတူရှိနေရသည်ဖြစ်လေရာ စိတ်အေးအေးနေရသည့် ရက်ဟူ၍ တစ်ရက်ပင်မရှိခဲ့။ နေ့တိုင်း ရင်တမမဖြင့် နေနေရသည်။
ယခု သေခြင်းတရားချောက်နက်ကို ပြန်မြင်လိုက်ရသည်။ အသက်ရှင်နိုင်မည့် မျှော်လင့်ချက်ကို သူမြင်လိုက်ရလေပြီ။
ရန်ကိုင်စိတ်ထဲ ကုလားဘုရားလှည့်နေသည့်နှယ်၊ သူအရမ်းကိုမှ ပျော်နေပြီလေ။
သို့သော်လည်း စိတ်ကို ချက်ချင်းပဲ ငြိမ်အောင် ထိန်းချုပ်လိုက်သည်။ သူ့ကောင်းကင်စိတ်အာရုံသည် သေခြင်းတရားချောက်နက်ထဲသို့ ရောက်သွားမှန်း သေချာသွားအောင် နောက်တစ်ကြိမ် စစ်ဆေးပြီးနောက် ကောင်းကင်စိတ်အာရုံများကို ပြန်ရုတ်သိမ်းလိုက်သည်။
ကောင်းကင်စိတ်အာရုံများကို ပြန်ရုတ်သိမ်းချိန် ရန်ကိုင်သည် လမ်းတစ်လျှောက် စိတ်စွမ်းအင် အမျှင်တန်းများကို ချန်ထားခဲ့သည်။
ထိုကောင်းကင်စိတ်အာရုံ အမျှင်တန်းသည် အကြာကြီး ခံလိမ့်မည် မဟုတ်ချေ။ ရန်ကိုင်၏ ခန့်မှန်းချက်အရ တစ်ရက်ပင် မခံလောက်ချေ။ ထို့ကြောင့် ဤနေရာမှ မြန်မြန် ထွက်သွားရန် လိုအပ်သည်။
ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် ရန်ကိုင် စတင်စဉ်းစားတော့သည်။ သူတွေ့ခဲ့သည့် လမ်းအတိုင်း ဤနေရာမှ ထွက်သွားချင်မိသည်။ သို့သော် သူထိုကဲ့သို့ လုပ်လိုက်သည်နှင့် တိုက်ကြီးပေါ်တွင် ရှိနေသူအားလုံး ကျိန်းသေ သေရပေလိမ့်မည်။ ထို့အပြင် ကွေ့ဇူ သူ့အား ကြားဖြတ်မတားခင် အောင်အောင်မြင်မြင် ထွက်သွားနိုင်၊ မနိုင် ဆိုသည်မှာလည်း မသေချာချေ။
သူ့လက်မောင်းပေါ်တွင် ကွေ့ဇူ ချန်ထားခဲ့သော အနက်ရောင် အမှတ်အသားကို ငုံကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့်သာ သက်ပြင်းချလိုက်သည်။ ထို့နောက် မတ်တပ်ရပ်၍ ကြယ်လွန်းပျံဖြင့် အောက်ဘက်သို့ ပြန်ဆင်သွားလိုက်သည်။
ခဏအကြာတွင် တောင်ပေါ်သို့ ပြန်ရောက်လာခဲ့ပြီး ကွေ့ဇူရှိရာ ကျောက်တုံးခန်းဆီ လမ်းလျှောက်သွားလိုက်သည်။
မကြာမီ မည်းမှောင်နေသော ကျောက်တုံးခန်းဆီသို့ ထပ်မံ ရောက်ရှိလာခဲ့ရသည်။
“ကောင်လေး၊ မင်းဒီနေ့ ဘယ်လောက် တိုးတက်လာလဲ” ရန်ကိုင် ရောက်လာသည်ကို သတိပြုမိသော် ကွေ့ဇူက အမှောင်ထဲမနေ၍ လှမ်းမေးသည်။ ကွေ့ဇူ၏ မျက်ဝန်းအစုံသည် ရန်ကိုင်မျက်နှာအား အသေအချာကို စိုက်ကြည့်နေလိုက်သည်။
“ကျုပ်တို့ ထွက်သွားလို့ရပြီ” ရန်ကိုင်က ပြန်ပြောသည်။
ရန်ကိုင် စကားကြောင့် တစ်ခဏကြာသည်အထိ ကွေ့ဇူ မှင်သက်သွားခဲ့သည်။ ခဏကြာ အော်ဟစ်နေပြီးနောက် မယုံကြည်နိုင်သည့် လေသံဖြင့် “တကယ်ကြီးလား”
ကွေ့ဇူသည် အလွန်ကိုမှ စိတ်လှုပ်ရှားလွန်းနေခဲ့လေရာ သူ့အသံသည်ပင် မဆိုသလောက်ကလေး တုန်ရင်နေခဲ့သည်။
“ကောင်လေး၊ ငါ့ကို လာလှည့်စားရင် ဘယ်လို အကျိုးဆက်ကို ရင်ဆိုင်ရမလဲဆိုတာ မင်းကောင်းကောင်း သိတယ်နော်။ ဒီနေ့ ရောက်လာဖို့ ငါအကြာကြီး စောင့်ခဲ့ရတာ” ကွေ့ဇူက အလေးအနက် အမူအရာဖြင့် ရေရွတ်လိုက်သည်။
“ကျုပ်လိမ်နေတာမဟုတ်ဘူး။ တကယ် ပြောနေတာ” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောသည်။
“ဟား ဟား ဟား ဟား” ကွေ့ဇူ ဝါးလုံးကွဲ အော်ရယ်တော့သည်။ သူ့ရယ်သံသည် မိုးချုန်းသံနှယ် တောင်တစ်တောင်တလုံးကို လှုပ်ခါသွားစေခဲ့သည်။
တောင်အနီးအနားတွင် ရှိနေသော လျူကွေချန်၊ ရွှယ့်ရှီတို့သည် ကွေ့ဇူ၏ ရယ်သံကြောင့် သွေးပျက်ထိတ်လန့်သွားခဲ့ကြသည်။ မည်သည့်အရာများ ဖြစ်နေသဖြင့် ကွေ့ဇူ ရုတ်တရက် အော်ရယ်နေမှန်း သူတို့ မသိချေ။ ကွေ့ဇူ၏ ရယ်သံကြီးသည် သူတို့အတွက် သေမိန့်နှင့် တူသည်မှာတော့ အမှန်ပင်။ မလုံခြုံတော့သလို ခံစားလာရသဖြင့် အကုန်လုံး အတူတူ စုဝေးလိုက်ကြသည်။
“မင်းငါ့ကို စိတ်ပျက်အောင်လုပ်မှာ မဟုတ်မှန်း ငါသိသားပဲ” ကွေ့ဇူ ရန်ကိုင်ရှေ့ ရုတ်တရက် ပေါ်လာပြီး သူ့လက်မောင်းအား တင်းတင်းကြပ်ကြပ် ဖျစ်ညစ်ဆုပ်ကိုင်လျက် စိတ်မရှည်သည့် ဟန်ဖြင့် အော်ပြောလိုက်သည် “သွားကြမယ်၊ သွားကြမယ်။ ဒီသောက်စုတ်သောက်ပျက် နေရာကြီးကနေ ငါထွက်သွားရမယ်”
ကွေ့ဇူမှာ အလွန်တရာကိုမှ စိတ်လှုပ်ရှားနေသဖြင့် ရန်ကိုင်၏ လက်မောင်းကို အားပါပါဖြင့် ဖျစ်ညစ်မိလိုက်ရာ ရန်ကိုင်၏ လက်မောင်းအရိုးများပင် ကျိုးကြေလုမတတ် ဖြစ်သွားရသည်။
“အရမ်းကြီး ဆန္ဒမစောနဲ့လေဗျာ” ရန်ကိုင်က ကွေ့ဇူ၏ လက်တွင်းမှ မနည်း ရုန်းထွက်လိုက်ရသည်။
“ဘာကို ဆန္ဒမစောနဲ့လဲ၊ ငါဒီနေရာကနေ ထွက်သွားဖို့ မစောင့်နိုင်တော့ဘူးကွ” ကွေ့ဇူက မျက်လုံးမှေးစဉ်းလျက် ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် “မင်းဘာတွေ ကြံနေတာလဲ”
“စီနီယာ အတွေးလွန်နေပြီ။ ကျုပ်ဘာမှ ကြံမနေဘူး။ ဒီကနေ ထွက်သွားခင် တစ်ခုခုကို သေချာအောင် လုပ်သွားချင်ရုံပဲ” ရန်ကိုင်က ပြန်ပြောသည်။
ကွေ့ဇူ၏ မျက်လုံးများ တဖျတ်ဖျတ် လက်သွားပြီး စိတ်လှုပ်ရှားနေသာ သူ့အမူအရာလည်း ရုတ်ချည်း တည်ငြိမ်သွားကာ အသာအယာ ခေါင်းညိတ်၍ ပြောလိုက်သည် “ပြော၊ ငါနားထောင်ကြည့်ရအောင်”
ရန်ကိုင်သည် ပြောမည့်စကားများကို သေချာစီစဉ်ပြီးမှ စပြောလိုက်သည် “စီနီယာကို ယုံချင်ပေမယ့် သေချာသွားအောင် နောက်တစ်ကြိမ် ထပ်မေးကြည့်ချင်သေးတယ်။ ဒီကနေ ထွက်သွားပြီးရင် စီနီယာ ကျုပ်ကို ဘာမှမလုပ်ရဘူးနော်”
ကွေ့ဇူက မိစ္ဆာဆန်ဆန် ပြုံးလိုက်ပြီး “စိတ်ချထားလိုက်။ မင်းသာ ငါ့ကို ဒီကနေ အမှန်တကယ် ခေါ်ထုတ်သွားပေးနိုင်မယ်ဆိုရင် ငါမင်းကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး။ ဒီနေရာကနေ ထွက်သွားနိုင်ဖို့က ငါ့ရဲ့ တစ်သက်သာဆန္ဒပဲ။ ဒီကနေ ထွက်သွားနိုင်ခဲ့ရင် မင်းကိုတောင် ကျေးဇူးတင်နေဦးမှာ။ ဘာလို့ မင်းကို တိုက်ခိုက်ရမှာလဲ”
ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး အလျင်အမြန်ပဲ ခေါင်းညိတ်၍ “အဲ့လိုမျှော်လင့်တာပဲ။ စီနီယာ ကိုယ်ကျိန်ဆိုခဲ့တာကို မှတ်ထားလိမ့်မယ်လို့ ဂျူနီယာ မျှော်လင့်ပါတယ်”
“ငါမှတ်ထားတာပေါ့” ကွေ့ဇူက သူ့ခေါင်းကို လက်ညိုးထိုးပြပြီး “ငါသေသေချာချာကို မှတ်ထားတယ်။ အခု ငါတို့ သွားလို့ရပြီလား”
ရန်ကိုင်က ခေါင်းထပ်ခါလိုက်ပြန်သည်။
ကွေ့ဇူအမူအရာ သုန်မှုန်သွားခဲ့ပြီး စိတ်မရှည်သည့်ဟန်ဖြင့် ပြန်ပြောလေသည် “မင်းဘာလုပ်စရာရှိသေးလို့လဲ”
“ကျုပ်နဲ့အတူ လူအချို့ကို ခေါ်သွားချင်တယ်”
ရန်ကိုင် ဘာလုပ်ချင်နေမှန်း ကွေ့ဇူ ချက်ချင်း နားလည်လိုက်သည်။ ထို့ကြောင့် စိတ်ထဲမထားဘဲ “သူတို့သာ ငါ့လမ်းလာမပိတ်သရွေ့ မင်းခေါ်ချင်တဲ့လူကို ခေါ်လို့ရတယ်”
“သူတို့ စီနီယာလမ်းကို ပိတ်မှာမဟုတ်ဘူး။ သူတို့ကိုခေါ်ပေးဖို့ စီနီယာကိုပဲ တောင်းဆိုရတော့မယ်”
ကွေ့ဇူက ရန်ကိုင်အား စိတ်ဝင်တစားဖြင့် စိုက်ကြည့်လိုက်ပြီး “မင်းဘယ်သူ့ကို ခေါ်ချင်တာလဲ”
ရန်ကိုင်က သူခေါ်ချင်သည့် လူနာမည်များကို ချက်ချင်း ပြောပြလိုက်သည်။ ကွေ့ဇူလည်း ထိုလူများကို သူ၏ ကောင်းကင်စိတ်အာရုံဖြင့် လှမ်းခေါ်လိုက်လေသည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း (၁၀၂၇) နင့်ရဲ့သေခြင်းရှင်ခြင်းကို ငါထိန်းချုပ်ရမယ်
တောင်ဘေးမြေကွပ်လပ်တွင် ရှိနေသော ကွေ့ဇူ၏ ရယ်သံကြောင့် ထိတ်လန့်တုန်လှုပ်နေသည့် ရွှယ့်ရှီ၊ ဟဲမြောင်၊ ဟဲကျောင်နှင့် ရှန်တုတို့၏ ခန္ဓာကိုယ်များ ရုတ်ချည်း တောင့်တင်းသွားပြီး သွေးဆုတ်ဖြူလျော်သွားကြသည်။ အကြောင်းမှာ ကွေ့ဇူ၏ ခေါ်သံကို ကြားလိုက်ရသောကြောင့် ဖြစ်သည်။
“ဘာဖြစ်တာလဲ” လျူကွေ့ချန်က အလျင်စလို မေးလိုက်သည်။
“ကွေ့ဇူ ငါတို့ကို ခေါ်နေတယ်…” ရွှယ့်ရှီက ပြောလိုက်သည်။
ရွှယ့်ရှီအား လျူကွေ့ချန်ကြည့်သည့်အကြည့် ရုတ်ချည်း ပြောင်းလဲသွားသည်။ သူ့အကြည့်ထဲ ဝမ်းသာကြည်နူးရိပ်တို့ ပါဝင်နေသလို ဝမ်းနည်းမှုနှင့် စိတ်သက်သာရာရမှုတို့လည်း ပါဝင်နေခဲ့သည်။ သို့သော် ဘာမှတော့ ပြန်မပြောခဲ့ချေ။
“ငါ့ကိုလည်း ခေါ်နေတယ်” ရှန်တု မျက်နှာ ဖြူလျော်သွားခဲ့သည်။
“ငါရောပဲ” ပီယသည် တုန်တုန်ရီရီဖြင့် သူမ၏ လက်နှစ်ဖက်ကို ပွတ်သပ်နေခဲ့သည်။
“ဆရာ၊ ကျွန်မတို့ ဘာလုပ်သင့်လဲ” ဟဲကျောင်က ရွှယ့်ရှီအား စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်သည်။
ရွှယ့်ရှီ စိတ်တစ်ခုလုံး ယောက်ယတ်ခတ်နေသည်။ ဘာပြန်ပြော၍ ပြောရမှန်းမသိ။ ဤနေရာသို့ စရောက်စဉ်က စုစုပေါင်း လူတစ်ရောကျော် ရှိခဲ့သော်လည်း ထိုလူအားလုံးနီးပါးသည် ကွေ့ဇူ၏ လက်ချက်ဖြင့် သေပွဲဝင်ခဲ့ရသည်။ ယခု ကွေ့ဇူသည် သူတို့ကို တစ်ပြိုင်တည်း ခေါ်နေပြန်သည်။ ကွေ့ဇူ ဘာလုပ်ချင်နေသလဲ ဆိုသည်ကို မည်သူ သိမည်နည်း။
“ကံကောင်းတာလား၊ ကံဆိုးတာလား…” ရွှယ့်ရှီက ပြုံးလိုက်ပြီး ထွက်ပြေးမည့်အတွေးကို ခေါင်းထဲမှ ဖယ်လိုက်သည်။ အကြောင်းမှာ သူတို့ ထွက်ပြေးရန် ကြိုးစားလျှင်ပင် တန်းခိုရှင်ဘုရင်အဆင့် ပညာရှင်တစ်ယောက်၏ လက်မှ မည်သို့မှ ထွက်မပြေးနိုင်သောကြောင့်ပင် ဖြစ်သည်။ “ငါနဲ့လိုက်ခဲ့… ဒီနေ့သာ… ဒီနေသာ ငါတို့သေရမယ့်နေ့ဆိုရင် ဆရာလည်း မင်းတို့နဲ့အတူ အဖော်ပြုပေးရတာပေါ့”
ရွှယ့်ရှီသည် သူမတပည့်နှစ်ယောက်အား ချစ်မေတ္တာအပြည့်ဖြင့် ကြည့်လိုက်သည်။ သူမ တပည့်နှစ်ယောက်ကို ကာကွယ်နိုင်ရန် ဘာဖြစ်ဖြစ်လုပ်ရန် ကြိတ်ဆုံးဖြတ်လိုက်သည်။ သူမ၏ အဖြစ်မှာ လာနေသော လှည်းတစ်စီးကို နှံကောင်မှ တားဆီးရန် ကြိုးစားသည့်ပုံမျိုးပင်။ သို့သော်လည်း မည်သို့ပင် ဖြစ်စေကာမူ သူမ တုန့်ဆိုင်းနေလိမ့်မည် မဟုတ်ချေ။
သုံးယောက်သား တောင်ပေါ်သို့ စတက်သွားကြသည်။ ရှန်တုနှင့် ပီယသည် အကြည့်ချင်း ဖလှယ်လိုက်ပြီး သက်ပြင်းချကာ ထိုသုံးယောက်နောက်မှ လိုက်သွားခဲ့သည်။
ထွက်သွားသောလူများ၏ ကျောပြင်ကိုကြည့်ရင်း ခရမ်းကြယ်မှ ကျင့်ကြံသူတစ်ယောက်က လျူကွေ့ချန်နားသို့ကပ်ကာ “စီနီယာ၊ သူတို့…”
“သူတို့ ပြန်လာလောက်မှာ မဟုတ်ဘူး…” လျူကွေ့ချန်က အသာအယာ သက်ပြင်းချလျက် ခါးခါးသီးသီး ပြုံးလိုက်ပြီး “သူတို့ အခုလိုဖြစ်သွားလို့ ဝမ်းသာနေသင့်လား၊ ဝမ်းနည်းနေသင့်လား ငါတကယ် မတွေးတတ်တော့ဘူး။ အခုလောလောဆယ်တော့ ငါတို့ သေရဦးမှာ မဟုတ်သေးဘူး။ နောက်တစ်ကြိမ်ဆိုရင်တော့ ငါတို့…”
ပြောပြီးသည်နှင့် သူ့လက်အောက်ငယ်သား သုံးယောက်အား စိတ်ဓါတ်ကျနေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
ကွေ့ဇူ ခေါ်လိုက်သည့် လူအားလုံး သေရတော့မည်ဟု သူတို့ အားလုံး တွေးနေခဲ့ကြသည်။
ရန်ကိုင်သည် တောင်ပေါ်တွင် စောင့်နေခဲ့သည်။ ရှန်တုနှင့် အခြားသူများ ပေါ်လာသည်ကိုမြင်သော အသာအယာ ခေါင်းညိတ်ပြ၍ နှုတ်ဆက်စကား ပြောမည်အပြု၊ ရုတ်တရက် စိတ်ရှုပ်သွားသည့် အမူအရာဖြင့် “မင်းတို့တွေ ဘာဖြစ်နေတာလဲ။ ဘာလို့ ငူတူတူ ငိုင်တိုင်တိုင် ဖြစ်နေကြတာလဲ”
ရှန်တု၏ ပါးစပ် မဲ့ရွဲ့သွဦးခဲ့ပြီး မပြောချင်ပြောချင်ဖြင့် “ငါတို့ကို ကွေ့ဇူ ခေါ်လိုက်တာလေ”
ထို့နောက် သက်ပြင်းတစ်ချက်ချလျက် ရန်ကိုင်ပခုံးကို ပုတ်ကာ တိုးတိုးလေး ပြောလိုက်သည် “ဟျောင့်ရန်ကိုင်၊ ဒီကပ်ဘေးကနေ ငါတို့ လွတ်နိုင်မယ့်လမ်း မရှိတော့ဘူး။ ဒါပေမယ့် မင်းဒီကနေ ထွက်သွားနိုင်ခဲ့တယ်ဆိုရင်တော့ ကျေးဇူးပြုပြီး ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းဆီသွားပြီး ငါ့အဖေဆီ သွားပြောပေးကွာ ‘သူ့ကို စိတ်ပျက်စေမိလို့ တောင်းပန်ပါတယ်လို့၊ အခုလို ဖြစ်မယ်မှန်းသာသိခဲ့ရင် ငါလည်း ခေါင်းမာပြီး မနာခံဘဲ မနေဘူးလို့”
ရှန်တုပြောပုံမှ သေတမ်းစကား ပြောနေသည်နှင့်ပင် တူသည်။
“ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းလား” ထိုစကားကို ကြားလိုက်သည့်အခိုက် ရွှယ့်ရှီသည် ရှန်တုအား မယုံသင်္ကာဖြင့် လှမ်းကြည့်လိုက်သည်။
“ငါပြောခဲ့တာကို သေချာမှတ်ထားနော်။ ဒါပေမယ့် မင်းလည်း ဒီကနေ ထွက်သွားနိုင်ရင်တော့ ဒီအတိုင်းပဲ ထားလိုက်ပေါ့” ရှန်တုက ရန်ကိုင်၏ ပခုံးကိုပုတ်ကာ သက်ပြင်းအမောကြီး ချလိုက်သည်။ ရန်ကိုင့်အမူအရာ ထူးဆန်းသွားခဲ့သည်။
သို့သော် သေချာစဉ်းစားကြည့်လိုက်ပြီးနောက် ထိုလူများ ဘာကြောင့် ဤကဲ့သို့ ငူငူငိုင်ငိုင် ဖြစ်နေသလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့သည်။ ထို့ကြောင့် အံ့အားသင့်တကြီးဖြင့် ပြုံးလိုက်မိပြီး “စီနီယာကွေ့ဇူ မင်းတို့ကို ဘာလို့ ခေါ်လိုက်တယ် ထင်လဲ”
“မသိဘူး။ ဒါပေမယ့် ကောင်းမှာမဟုတ်မှန်းတော့ သိတယ်” ရှန်တုက ရန်ကိုင်အား အသေအချာ စိုက်ကြည့်လျက် “ငါတို့ကို ဘာလို့ ခေါ်လိုက်လဲမင်းသိလား။ သိရင် ပြောပြစမ်းကွာ။ ငါကြိုပြီး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားချင်လို့”
အကုန်လုံးသည် ရန်ကိုင်အား စိုက်ကြည့်လိုက်သည်။
“မင်းတို့ကိုခေါ်ဖို့ စီနီယာကွေ့ဇူကို ငါတောင်းဆိုလိုက်တာ” ရန်ကိုင်က ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်သည်။
အကုန်လုံး ဇဝေဇဝါ ဖြစ်သွားကြသည်။
“ငါမင်းတို့ကို ဒီကနေ ခေါ်ထုတ်သွားတော့မှာ” ရန်ကိုင်က ဆက်ပြောလိုက်သည်။
ရှန်တု၏မျက်ခမ်း တဆတ်ဆတ် တုန်ခါသွားခဲ့ပြီး ရွှယ့်ရှီ၊ ဟဲကျောင်၊ ဟဲမြောင်နှင့် ပီယတို့သည်လည်း ရန်ကိုင်အား မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်လိုက်ကြသည်။
“ဒီကနေ ထွက်သွားနိုင်မယ့် နည်းလမ်းကို ငါတွေ့သွားပြီ။ ဒါကြောင့် မင်းတို့ကိုပါ ခေါ်သွားချင်တယ်ဆိုပြီး စီနီယာကွေ့ဇူဆီ တောင်းဆိုလိုက်တာ”
“ငါ… ငါနားကြားမှာတာ မဟုတ်ပါဘူးနော်။ ငါတို့ ဒီရောကနေ တကယ်ကြီး ထွက်သွားနိုင်မှာလား” ရှန်တုက စိတ်လွတ်နေသည့် အမူအရာမျိုးဖြင့် သူ့ဘာသာ ရေရွတ်လိုက်သည်။ ထို့နောက် မယုံကြည်နိုင်သည့်အလား ခေါင်းခါလိုက်ပြန်သည်။
ဟဲကျောင်နှင့် ဟဲမြောင်တို့၏ မျက်နှာလှလှလေးများထက် ပန်းပေါင်းစုံးတို့ ဖူးပွင့်နေခဲ့သည်။ ရန်ကိုင်အား ကျေးဇူးတင်ကြီး ကြည့်လျက် ဟဲမြောင်က မေးလိုက်သည် “ရန်ကိုင် နင်တကယ် ပြောနေတာမလား။ နောက်နေတာတော့ မဟုတ်ဘူးမလား”
“မဟုတ်ဘူး”
ထိုစကားကို ကြားလိုက်သည့်အခါ ကောင်မလေးသည် ဝမ်းသာတကြီး သူမပါးစပ်ကို လက်ကလေးဖြင့်အုပ်လိုက်သည်။ မျက်ရည်စတို့သည် သူမ မျက်လုံးများထဲ ဝဲတက်လာခဲ့သည်။
စိတ်လှုပ်ရှားလွန်းသဖြင့် ငိုပင်ငိုမိသွားသည်။ ကွေ့ဇူ၏ ခေါ်သံကို ကြားလိုက်ရသဖြင့် သေရတော့မည်ဟု ထင်နေသည့်အချိန်၊ ရန်ကိုင်၏ စကားသည် သူမတို့၏ စိုးရိမ်ပူပန်မှုအားလုံးကို ကင်းစင်ပပျောက်သွားစေခဲ့သည်။ ဤအကျဉ်းထောင်ကြီးမှ ထွက်သွားနိုင်တော့မည် ဖြစ်လေရာ သူမ ဝမ်းမသာဘဲ ဘယ်နေမည်နည်း။
ဟဲကျောင်သည် ဟဲမြောင်၏ ပခုံးကို အသာအယာ ကိုင်လိုက်၏။ ညီအစ်မနှစ်ယောက် အကြည့်ချင်းဖလှယ်ကာ ပြုံးလိုက်ကြသည်။
ပီယသည် ကြားလိုက်ရသော စကားကြောင့် ထိတ်လန့်နေသည်။ ထိတ်လန့်လွန်းသဖြင့် ဘာမှပင် မပြောနိုင်တော့ဘဲ နေရာတွင်သာ ငေးကြောင်ကြောင်ဖြင့် ကျောက်ရုပ်ကြီးတစ်ခုနှယ် ရပ်နေခဲ့သည်။ ရုတ်တရက်ကြီး ရန်ကိုင်ဘာလို့ စိတ်ပြောင်းသွားမှန်း သူမ တကယ်ကို နားမလည်နိုင် ဖြစ်နေဲ့သည်။
မကြာသေးခင်က ရန်ကိုင်နှင့် ဤကိစ္စအကြောင်း ပြောခဲ့သည်။ သို့သော် ရန်ကိုင်ဆီမှ ရခဲ့သည့်အဖြေကို တကယ်ကို စိတ်ဓါတ်ကျစရာပင်။ သို့သော် လက်ရှိတွင် ရန်ကိုင်သည် သူမတို့အား ဤနေရာမှ ခေါ်ထုတ်သွားပေမည်ဟု ပြောနေသည်။ လောလောဆယ် ပီယမှာ ‘ငါအိမ်မက်များ မက်နေတာလား’ ဟုပင် တွေးနေရသည့်အဖြစ်။
ထိုအဖွဲ့ထဲ ရန်ကိုင်၏ သဘောထားနှင့်ပက်သက်၍ နားမလည်နိုင်ဆုံးမှာ ရွှယ့်ရှီပင် ဖြစ်သည်။
ရန်ကိုင်အား ခံစားချက်မျိုးစုံ ရောပြွမ်းနေသည့် အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။ သူမ ဘာတွေးနေသလဲ ဆိုသည်ကို မည်သူမှ မပြောနိုင်ရာ။ ရန်ကိုင်အား ကျေးဇူးတင်စကား ပြောချင်သော်လည်း ပြောစရာစကား မရှာနိုင်ခဲ့။ သူမ၏ နှလုံးသားထဲ အဖုအထစ်တို့ ရှိနေခဲ့သည်။
“မင်းတို့ဒီမှာ ခဏစောင့်နေနှင့်၊ ပီယ ငါနောက်လိုက်ခဲ့” ရန်ကိုင်သည် ရွှယ့်ရှီကို အာရုံမစိုက်ဘဲ ပီယကိုသာ လှမ်းခေါ်လိုက်သည်။
“အာ၊ အန်…” ပီယသည် ရန်ကိုင်နောက်သို့ အလျင်အမြန်ပဲ လိုက်သွားလေသည်။
လူအုပ်ကြီးနှင့် ခပ်လှမ်းလှမ်းသို့ ရောက်သည့်အခါ ရန်ကိုင်သည် ယောကျော်းကြမ်း ကျေနေပြီဖြစ်သော အမျိုးသမီးကို စိုက်ကြည့်လိုက်သည်။ သူ့မျက်ခုံးကြောတို့ မသိမသာလေး တွန့်ကွေးသွားခဲ့ပြီး နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလျက် “ရိုးရိုးသားသားပြောရရင် ငါတကယ်နင့်ကို ဒီကနေ မခေါ်သွားချင်ဘူး။ နင်သေသေရှင်ရှင်၊ ငါ့ကိစ္စမှ မဟုတ်တာ၊ ဟုတ်တယ်မလား”
ပီယက ခါးသက်စွာပြုံးလျက် “ကျွန်မနားလည်ပါတယ်သခင်။ အရင်က သခင့်စိတ်ပျက်စေလောက်မယ့် အရာတွေကိုပဲ ကျွန်မ လုပ်ခဲ့တာကိုး”
“လူတစ်ယောက်ရဲ့ အပြုအမူဆိုတာ ပြောင်းလဲဖို့လွယ်တယ် ဆိုတဲ့ ဆိုရိုးစကားတစ်ခွန်း ရှိတယ်။ ဒါပေမယ့် ဗီဇဆိုတာက ဖျောက်ဖို့ မလွယ်ဘူး။ နင်က ယောကျာ်းတွေကို ဆော့စရာတစ်ခု၊ နင့်ခွန်အားကို တိုးတက်အောင် လုပ်ပေးနိုင်မယ့် အရင်းအမြစ် တစ်ခုလို့ မြင်တဲ့ မိန်းမတစ်ယောက်ပဲ။ အခုလောလောဆယ်သာ ငါ့ရှေ့မှာ နာခံပြနေတာ။ ဒီနေရာကနေ ထွက်သွားရင် ဘာဖြစ်မယ် ဆိုတာ ဘယ်သူမှ ပြောနိုင်တာ မဟုတ်ဘူး။ အပြင်ရောက်တာနဲ့ အရင်တိုင်း ပြန်ဖြစ်သွားပြီး ဖြစ်ခဲ့တာတွေ ငါ့ကို အငြိုးထား၊ ပြီးရင် ငါ့ကို လက်စားလိုက်ချေမှာလည်း ဖြစ်နိုင်တာပဲ”
“မဟုတ်ဘူး။ ကျွန်မ အဲ့လိုမျိုး လုပ်မှာမဟုတ်ဘူး” ပီယက ချက်ချင်းပဲ လှမ်းဝှေ့ရမ်းပြသည်။
“ငါနင့်ကိုမယုံဘူး” ရန်ကိုင်က ခေါင်းခါလိုက်သည်။
ဤနေရာမှ ထွက်သွားနိုင်မည့် အခွင့်အရေး လက်ချောင်းကြားမှ လွတ်ထွက်သွားသည့်နှယ်၊ ပီယ၏ မျက်နှာ သွေးဆုတ် ဖြူလျော်သွားခဲ့သည်။
“ဒါပေမယ့် ဒီအတောအတွင်း နင့်ငါ့ကို ကောင်းကောင်း ပြုစုပေးခဲ့တာရယ်၊ နင့်ဘက်က ရိုးသားတာရယ်ကိုတောင်မှ မထောက်ထားဘဲ နင့်ကို ဒီမှာ ထားခဲ့ရင် ငါဘက်က ကျေးဇူးမသိတတ်ရာ ရောက်သွားလိမ့်မယ်”
“ဒါဆိုရင် ကျွန်မလိုအပ်တာက သခင်ယုံကြည်လာအောင် လုပ်နိုင်ဖို့ပဲပေါ့” ရန်ကိုင် စကာ၏ အတိမ်အနက်ကို ပီယ နားလည်လိုက်သည်။ ထို့ကြောင့် သူမ၏ မျက်ဝန်းလုံးများ ချက်ချင်း ဝင်းလက်တောက်ပဿွားပြီး ရန်ကိုင်အား အလျင်အမြန်ပဲ မေးလိုက်သည် “သခင် ပြောသာပြောလိုက်။ သခင်ပြောတဲ့အတိုင်း ကျွန်မ လုပ်ပေးမယ်”
ရန်ကိုင်က ခေါင်းညိတ်လိုက်၍ “နင့်အသိစိတ်ပင်လယ် အတားအဆီးကို ဖြေလျော့လိုက်။ နင့်ဝိဥာဉ်အမှတ်အသားကို ငါလိုချင်တယ်”
ပီယ ကြောင်သွားခဲ့သည်။ ထိတ်လန့်တုန်လှုပ်သွားခဲ့သော ခဏကြာ တုန့်ဆိုင်းနေပြီးနောက် ခပ်မြန်မြန်ပဲ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရန်ကိုင်ပြောသည့်အတိုင်း အသိစိတ်ပင်လယ်၏ အတားအဆီးကို ဖြေလျော့ပေးလိုက်သည်။
ချက်ချင်းဆိုသလို ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် ပီယ၏ အသိစိတ်ပင်လယ်ထသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
ခဏအကြာတွင် ရန်ကိုင်သည် ပီယ၏ ဝိဥာဉ်အမှတ်အသားနှင့် အတူ သူ့ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်သည်။
ပီယ မျက်နှာဖြူလျော်သွားခဲ့ပြီး တိုးတိုးလေး ရေရွတ်ကာ မေးလိုက်သည် “ဒီလောက်ဆို လုံလောက်ပြီလား”
ရန်ကိုင်က သူမအား ထူးထူးဆန်းဆန်း အမူအရာဖြင့် စိုက်ကြည့်၍ ခေါင်းညိတ်လိုက်သည် “လုံလောက်ပြီ”
ထို့နောက် ဆက်၍ မေးလိုက်သည် “အခု ယောကျ်ား ဘယ်နှစ်ယောက်အထိကို နင်ဒုက္ခပေးပြီးသွားပြီလဲ”
ပီယက သူမ၏ နှုတ်ခမ်းအစုံကိုကွေးလျက် ရယ်သွမ်းသွေးရင်း “ကျွန်မရဲ့ မှတ်ဥာဏ်တွေကို ချောင်းကြည့်ခဲ့တာလား”
ရန်ကိုင်က ပခုံးတွန့်လိုက်ပြီး “ကြည့်ဖြစ်သွားတာပဲ။ မကြည့်ချင်ပေမယ့်လို့ပေါ့”
ပီယ၏ မှတ်ဥာဏ်များစွာတို့သည် မြင်မကောင်းရှူမကောင်းသည့် အဖြစ်အပျက်များဖြင့်သာ ပြည့်နေခဲ့သည်။ သူမ မှတ်ဥာဏ်များကို မြင်ပြီး ရန်ကိုင်ကဲ့သို့ အတွေ့အကြုံရှိသည့် လူပင် ကြောက်လန့်သွားရသည်။ ထိုမိန်းမသည် လမ်းလျှောက်နေသော ဘေးကပ်ဆိုးကြီးပင်။ သူမပစ်မှတ်ထားလိုက်သည့် ယောကျာ်း မှန်သမျှ အဆိပ်ရည်လူးထားသည့် သူမလက်မှ လွတ်မနိုင်မည် မဟုတ်ချေ။
သို့သော် သေသွားသည့် ယောကျာ်းတိုင်းသည် ပျော်ပျော်ကြီး သေသွားကြသည်ချည်းသာ။ မည်မျှ ဆိုးရွားလှသော ကံကြမ္မာအား ကြုံတွေ့ခဲ့ရသလဲ ဆိုသည်ကို သေသွားသည့်တိုင်အောင် မသိသည့်အလား။
ရန်ကိုင်တစ်ကိုယ်လုံး မဆိုသလောက်ကလေး တုန်ရီသွားသည်။ ခရမ်းကြယ်သင်္ဘောပေါ်တွင် ရှိနေစဉ်က မထင်မှတ်ထားသော အလှည့်အပြောင်းများစွာကြောင့်သာ မဟုတ်ပါက သူသည်လည်း ထိုလူများကဲ့သို့ အဆုံးသတ်ရပေလိမ့်မည်။
“ကျွန်မကိုအခု သခင်တစ်ယောက်ပဲ ပိုင်တော့တယ်” ပီယက သူမ၏ နီစွေးစွေး နှုတ်ခမ်လေးကိုမှားကို ရစ်မူးဖွယ်ကောင်းစွာ ကိုက်လျက် ရန်ကိုင်၏ နှလုံးသားကို တိုက်စစ်ဆင်လိုက်သည် “အခုကစနေပြီး သခင့်ကို ပိုပြီးကောင်းကောင်းမွန်မွန်ကို ပြုစုပေဦးမှာ”
“မလိုဘူး။ နင်နဲ့ပက်သက်လာရင် ငါဘာမှ မလိုချင်ဘူး။ ဒီနေက ထွက်သွားတာနဲ့ နင်နဲ့ငါ လမ်းခွဲပြီပဲ” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်သည်။
“သခင်တကယ်…” ပီယက သူမပါးစပ်လေးကို အုပ်၍ ရန်ကိုင်၏ ညီငယ်လေးရှိသည့် နေရာဆီသို့ ငုံ့ကြည့်လိုက်သည်။
“တကယ်ကြီးတော့ မဟုတ်လောက်ပါဘူးနော်”
“သခင့်ရဲ့၊ အဲ့နေရာမှာ ပြဿနာ ရှိနေတာလား” ပီယက သူမ မေးချင်နေသည်မှာ ကြာပြီဖြစ်သော မေးခွန်းကို ထုတ်မေးလိုက်သည်။ ဝမ်းနည်း၊ ဂရုဏာသက်နေသော အကြည့်မျက်ဝန်းအစုံဖြင့် ရန်ကိုင်၏ ခွကြားနေရာကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်သည်။
ရန်ကိုင်မျက်နှာ မည်းမှောင်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်အော်ပြောလေသည် “နောက်ထပ် မဟုတ်တာတွေ လျှောက်ပြောနေဦးမယ်ဆိုရင် ငါနင့်ကို ဒီမှာ ထားခဲ့မှာနော်”
ပြောပြီးသည်နှင့် ထိုအရူးမအား ဂရုမစိုက်တော့ဘဲ လှည့်ထွက်သွားလေသည်။ ပီယ၏ ပျော်ရွှင်သာယာနေသော ရယ်သံလေးသံများသည် သူ့နောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်၏ ခြိမ်းခြောက်စကားကို ပီယ နည်းနည်းလေးမျှ မကြောက်တော့ချေ။
အကုန်လုံး စုဝေးနေသည့် နေရာသို့ ရန်ကိုင် ပြန်လာပြီးနောက် ကွေ့ဇူ ပေါ်လာခဲ့သည်။
တီးတိုးပြောနေကြသော လူအားလုံး ပါးစပ်ပိတ်သွားခဲ့သည်။
“ပြီးပြီလား” ကွေ့ဇူက ရန်ကိုင်ကို ကြည့်လိုက်သည်။
“အင်း”
“အဲ့လိုဆိုသွားကြမယ်” ကွေ့ဇူက ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
“ခဏနေဦး၊ ကျုပ်ပြောစရာရှိသေးတယ်” ရန်ကိုင်က လူအုပ်ကြီးဘက်သို့လှည့်၍ အလေးအနက် အမူအရာဖြင့် “မင်းတို့အားလုံးကို ဒီကနေ ခေါ်သွားဖို့အတွက် လေဟာနယ် ဆုတ်ဖြဲတဲ့ နည်းလမ်းကို ငါအသုံးပြုမှာ”
“လေဟာနယ်ကို ဆုတ်ဖြဲတာလား” ရွှယ့်ရှီက ရန်ကိုင်အား စိုက်ကြည့်ရင်း အလန့်တကြား အော်မေးလိုက်သည် “လေဟာနယ် တာအိုကို နင်နားလည်တာလား”
ရန်ကိုင်က ခေါင်းညိတ်လျက် “နည်းနည်းပါးပါးပါပဲ”
ရွှယ့်ရှီ၏ မျက်လုံးများ တဖျတ်ဖျတ် လက်သွားခဲ့ပြီး ကွေ့ဇူအား လှည့်ကြည့်လိုက်သည်။ “စီနီယာကွေ့ဇူက နင်နဲ့ သဘောတူညီချက် လုပ်ခဲ့တာ အံ့ဩစရာ မဟုတ်တော့ပါဘူးလေ”
ကွေ့ဇူသည် ရန်ကိုင်နှင့် မည်ကဲ့သို့သော သဘောတူညီချက် လုပ်ခဲ့သလဲ ဆိုသည်ကို အကုန်လုံး စိတ်ဝင်စားနေခဲ့ကြသည်။ ယခုမှပဲ သူတို့ကြားရှိ သဘောတူညီချက်ကို အကုန်လုံး နားလည်သွားခဲ့သည်။
ရန်ကိုင်သည် လေဟာနယ်အား ဆုတ်ဖြဲနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသည့်အတွက် သူသည် ဤအကျဉ်းထောင်ထဲမှ ထွက်သွားနိုင်စွမ်းရှိသည်ဟု ဆိုလိုပေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၂၈) ထွက်ခွာခြင်း
လေဟာနယ်ကို တာအိုကို ရန်ကိုင် နားလည်ထားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြချေ။ လေဟာနယ်တာအိုသည် လေ့ကျင့်ရန် မဆိုထားနှင့် နားလည်သဘောပေါက်ရန်ပင် အလွန်ကိုမှ ခက်ခဲသော တာအိုတစ်မျိုးဖြစ်သည်။ လေဟာနယ် တာအိုကို နားလည်သဘောပေါက်ထားသည့် ကျင့်ကြံသူဆို၍ အနည်းအကျဉ်းသာ ရှိသည်။
ကြယ်စီရင်စုကြီး တစ်ခုလုံးကို ထည့်တွက်ကြည့်လျှင်ပင် လေဟာနယ်တာအိုကို နားလည်သဘောပေါက်ထားသည့် လူအရေအတွက်မှာ အလွန်ကိုမှ နည်းလှသည်။
ကွေ့ဇူသည် လေဟာနယ်တာအိုကို နှစ်ပေါင်း (၁၀၀၀)ကျော်တိုင်အောင် လေ့လာခဲ့သည့်တိုင် ထိုတာအိုတွင် ထူးချွန်ပေါက်မြောက်ခဲ့ခြင်း မရှိခဲ့ချေ။ လေဟာနယ်တာအိုကို နှစ်ပေါင်း(၁၀၀၀)ကျော် လေ့လာပြီး သူဖန်တီးထားခဲ့သော ဟင်းလင်းပြင်အစီအရင်သည် လုံးဝကို အသုံးမဝင်ဖြစ်ခဲ့ရသည်။
“ရန်ကိုင်…” ရှန်တုက ခြောက်ကပ်နေသော သူ့နှုတ်ခမ်းများကို လျှာဖြင့်သပ်လျက် “မင်းတကယ်ကြီး အဆင့်နိမ့်ကမ္ဘာကနေ လာတာကော ဟုတ်ရဲ့လား။ ကျားသားစားချင်လို့ ဝက်ယောင် ဆောင်နေတာတော့ မဟုတ်ပါဘူးနော်”
မေးလိုက်သည့်သူမှာ ရှန်တု ဖြစ်သော်ငြား အကုန်လုံးသည် ရန်ကိုင် အဆင့်နိမ့်ကမ္ဘာမှ လာသည်ဆိုသော အချက်ကို သံသယ ဖြစ်နေကြသည်။
ရန်ကိုင်က ပြုံး၍ ခေါင်းခါလိုက်ပြီး “ငါသာ အဆင့်နိမ့်ကမ္ဘာကနေ လာတာမဟုတ်ရင် ကြယ်စီရင်စုကြီးနဲ့ ပက်သက်တဲ့ အခြေခံ အကြောင်းအရာတွေကို မသိဘဲ ဘယ်နေပါ့မလဲ”
ရှန်တုက ခဏလောက်စဉ်းစားလိုက်ပြီးနောက် အသာအယာ ခေါင်းညိတ်လိုက်ပြီး “ငါသိပြီ”
ရန်ကိုင်နှင့် စတွေ့သည့်အချိန်မှစ၍ ရန်ကိုင်သည် သူ့အား ကလေးပင် သိသည့် မေးခွန်းများကို လာမေးခဲ့သည်။
“ဒါပေမယ့် ဘာပဲဖြစ်ဖြစ်၊ မင်းက သောက်ရမ်းကို အံ့ဩဖို့ ကောင်းလွန်းတယ်…” ရှန်တုက မဲ့ပြုံးပြုံးလျက် “ပြီးတော့ အခုငါတို့ကို ဘာလို့ ဒါတွေ လာပြောနေတာလဲ”
“ဘာလို့လဲဆိုတော့ မင်းကို ဒီကနေ ခေါ်ထုတ်သွားဖို့ဆိုရင် မင်းတို့ဘက်က ပူးပေါင်းပေးမှ ရမှာမို့လို့ပဲ” ရန်ကိုင်အမူအရာ လေးနက်တည်ကြည်သွားခဲ့ပြီး “ငါက မင်းတို့ကို လေဟာနယ်ကို ဆုတ်ဖြဲပြီး ခေါ်ထုတ်သွားပေးမှာ။ ဟင်းလင်းပြင်ကို ဖြတ်ပြီး သွားမှာပေါ့။ ဒါပေမယ့် ငါဖန်တီးမယ့်လမ်းကြောင်းက မင်းတို့ သွားဖူတဲ့ လေဟာနယ်လိုဏ်ခေါင်းနဲ့မတူဘူး… လေဟာနယ် လိုဏ်ခေါင်းတွေက တည်ရှိလာတာ ကြာပြီဖြစ်လို့ လုံးဝကို တည်ငြိမ်တယ်။ ငါဖန်တီးမယ့် လမ်းကြောင်းကတော့ လေဟာနယ် လိုဏ်ခေါင်းတွေကို တည်ငြိမ်နေမှာ မဟုတ်ဘူး”
အကုန်လုံး၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ အခြေအနေသည် သူတို့ ထင်ထားသကဲ့သို့ မရိုးရှင်းမှန်း အကုန်လုံး သိလိုက်ကြလေပြီ။ ဤနေရာမှ ထွက်သွားနိုင်မည့် လမ်းခရီးသည် ခလုတ်ကန်သင်းတို့ဖြင့် ပြည့်နေသည့်ပုံပင်။
“ငါ့နောက်လိုက်နေတဲ့အချိန်အတွင်း မင်းတို့ရဲ့ ခွန်အား နည်းနည်းလေးကိုတောင် မထုတ်သုံးဖို့ လိုတယ်” ရန်ကိုင်က လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ့အကြည့်သည် ကွေ့ဇူထံတွင် ရပ်တန့်သွားခဲ့သည် “အထူးသဖြင့် စီနီယာပဲ။ စီနီယာရဲ့ ခွန်အား နည်းနည်းလေးကို ထုတ်သုံးလိုက်တာနဲ့ ကျုပ်တို့ဘေးက ဟင်းလင်းပြင်တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားလိမ့်မယ်။ အဲ့အခါကျ ကျုပ်တို့လည်း ဟင်းလင်းပြင်ထဲ နစ်မြုပ်သွားပြီး အဲ့ထဲကနေ ဘယ်တော့မှ ပြန်ထွက်လာနိုင်တော့မှာ မဟုတ်ဘူး။ ဟင်းလင်းပြင်ထဲ လမ်းပျောက်သွားပြီ ဆိုတာနဲ့ ကျုပ်တောင် အကုန်လုံးကို ခေါ်ထုတ်ပေးသွားနိုင်တော့မှာ မဟုတ်ဘူး”
“အို” ကွေ့ဇူက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီလေ။ ငါ့ခွန်အားကို ထုတ်မသုံးဘူး”
“မင်းတို့အားလုံး နားလည်လား” ရန်ကိုင်က အခြားသူများကို စိုက်ကြည့်လျက် မေးလိုက်သည်။
အကုန်လုံး ခေါင်းညိတ်လိုက်ကြသည်။
“ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ ဘာမှ ပြောစရာမလိုတော့ဘူး။ ငါ့နောက်ကနေသာလိုက်ခဲ့။ ဘာပြဿနာမှ မရှာနဲ့နော်” ခဏမျှ ထပ်စဉ်းစားကြည့်လိုက်သော်ငြား ဘာမှ ပြောစရာ မရှိတော့သဖြင့် ရန်ကိုင်က “အဆင့်သင့်ဖြစ်ပြီဆိုရင် သွားကြတာပေါ့”
ပြောပြီးသည်နှင့် သူ့ရှေ့တည့်တည့်ရှိ လေဟာနယ်ကို ဒေါင်လိုက် ဖြတ်ဆွဲချလိုက်သည်။ အနက်ရောင်အက်ကြောင်း တစ်ခုပေါ်လာပြီး ထိုအက်ကြောင်းသည် မမြင်နိုင်သော လက်ကြီး တစ်ဖက်၏ ဆွဲဖြဲခြင်းခံလိုက်ရသည့်နှယ် တစ်မီအကျယ်၊ နစ်မီတာ အမြင့်ရှိသည်အထိ အဝကျယ်သွားခဲ့လေသည်။ နောက်ဆုံးတွင် ကြောက်မက်ဖွယ်ရာ ဟင်းလင်းပြင်စွမ်းအင်တို့ ဖြာထွက်နေသည့် အနက်ရောင်လိုဏ်ခေါင်းတစ်ခု ဖြစ်လာခဲ့လေသည်။
ကွေ့ဇူ၏ အမူအရာ လေးနက်သွားပြီး ထိုဟင်းလင်းပြင်ထဲသို့ လှမ်းကြည့်လိုက်သည်။ အခြားသူများသည် ကွေ့ဇူထက်ပင် ပို၍ စိုးရိမ်နေခဲ့ကြသည်။
ရန်ကိုင်သည် နံပေါ်တွင်ရှိနေသည့် အလင်းရောင်ထုတ်ပေးသော ကျောက်တုံးတစ်တုံးကို လှမ်းယူလိုက်ပြီး ဘာတစ်ခွန်းမှမပြောဘဲ အနက်ရောင်ဝင်ပေါက်ထဲသို့ ဝင်သွားလိုက်သည်။
ကွေ့ဇူသည် ရန်ကိုင်နောက်သို့ ချက်ချင်း လိုက်မဝင်သွားဘဲ ရှန်တုကို အရင်ဝင်သွားခိုင်းလိုက်သည်။ ရှန်တုနောက်မှ ပီယ၊ ပီယကို သွားခိုင်းပြီးမှသာ ကွေ့ဇူ ဝင်သွားခဲ့သည်။ ရွှယ့်ရှီနှင့် သူ့တပည့်နှစ်ယောက်သည် နောက်ဆုံးမှ လိုက်ဝင်သွားခဲ့သည်။
လူခုနှစ်ယောက် ဝင်သွားပြီးသည်နှင့် လေဟာနယ်ထဲရှိ အက်ကွဲကြောင်းသည် တဖြည်းဖြည်း ပြန်ပိတ်သွားခဲ့လေသည်။
ဟင်းလင်းပြင်တစ်ခုလုံးသည် မည်းမှောင်နေခဲ့သည်။ အလင်းရောင်ဆို၍ ရန်ကိုင် လက်ထဲရှိ ကျောက်တုံးဆီမှ ထုတ်ပေးနေသော အလင်းရောင်သာ ရှိသည်။
မည်သူမှ နောက်ကျန် မကျန်ရဲခဲ့။ အကုန်လုံးသည် သူတို့၏ ဘေးပတ်ဝန်းကျင်ကို တိတ်တဆိတ် လေ့လာရင်း ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်ထဲ လျှောက်သွားနေခဲ့ကြသည်။
ဤကဲ့သို့ တစ်မူထူးခြားသည့် အတွေ့အကြုံမျိုးကို ရန်ကိုင်မှလွဲ၍ သူတို့ထဲရှိ မည်သူမှ မခံစားဖူးကြချေ။ တစ်နေ့တွင် ဟင်းလင်းပြင်ထဲ ဖြတ်သန်း လမ်းလျှောက်နိုင်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြချေ။
သူတို့ ဘေးနားရှိ ယောက်ယတ်ခတ်နေသော ဟင်းလင်းပြင်သည် ခြေတစ်လှမ်းမှားသွားသည်နှင့် တစ်ပြိုင်နက် ဝါးမြိုပစ်ရန် စောင့်နေသော သားရဲများနှင့်ပင် တူနေသည်။ ထို့ကြောင့် အကုန်လုံးသည် ရင်တမမဖြင့် သတိထားလျက် လမ်းလျှောက် နေခဲ့ကြရသည်။ ဘေးပတ်ဝန်းကျင်ရှိ ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်သည် အတော့်ကိုမှ ရင်သက်ရှူမောဖွယ် ကောင်းလှသော်ငြား အလွန်ကိုမှလည်း အန္တရာယ်များလှသည်။
သူတို့အတွက် စိတ်ဖြေစရာဆို၍ ရန်ကိုင် သွားလိုက်သည့် လမ်းကြောင်းတိုင်းရှိ ဟင်းလင်းပြင်များသည် ယခင်ကဲ့သို့ ယောက်ယတ်ခတ်နေခြင်း မရှိတော့ဘဲ ချော့မွေ့သွားခြင်းသာ။ မတည်ငြိမ်သော လမ်းကြောင်းသည် တည်ငြိမ်သွားသဖြင့် အကုန်လုံးအတွက် လမ်းလျှောက်ရ လွယ်သွားခဲ့လေသည်။
ရန်ကိုင်ဆီမှ ထွက်ပေါ်နေသော အရှိန်အဝါသည် ဤနေရာရှိ ဟင်းလင်းပြင်စွမ်းအင်နှင့် တစ်မျိုးတစ်ဖုံး ပက်သက်နေသည်ကို အကုန်လုံး အသေအချာ သတိပြုမိသည်။ အကုန်လုံးသည် အသက်ကို ခပ်ဖွဖွရှူရင်း ရန်ကိုင် သွားခဲ့သည့် လမ်းကြောင်း အတိုင်း တစ်ထပ်တည်း လိုက်သွားကြသည်။
ရုတ်တရက် အလန့်တကြား အော်သံတစ်သံကြားသဖြင့် ရန်ကိုင် ခြေလှမ်းတို့ ရပ်တန့်သွားခဲ့ပြီး နောက်ပြန် လှည့်မေးလိုက်သည် “ဘာဖြစ်တာလဲ”
“ဘာမှမဖြစ်ဘူး…” ဟဲမြောင်က သူမ၏ ရင်ဘတ်ကို ပုတ်၍ တောင်းပန်လိုက်သည် “တောင်းပန်ပါတယ်။ ငါပြုတ်ကျတော့မလို ရုတ်တရက် ခံစားလိုက်ရလို့”
သူမခြေထောက်အောက်ရှိ လေဟာနယ်သည် ကွဲကြေသွားသော ကြေးမုံတစ်ချပ်နှယ် ပေါက်နေခဲ့သည်။ ထိုအက်ကွဲကြောင်းထဲ ကျသွားလျှင် အသူရာချောက်နက်ထဲသို့ ရောက်သွားမည်ဟူသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
ရန်ကိုင်သည် ခေါင်းညိတ်ပြလိုက်ပြီး ဘာမှ ဆက်မပေးဘဲ ခရီးကိုသာ ဆက်လိုက်သည်။
“ကောင်မလေး၊ ငါတို့ကို အဲ့လို မခြောက်စမ်းနဲ့။ နင့်ကြောင့် ငါ့မှာ လန့်သေတော့မလို့” ကွေ့ဇူက ဟဲမြောင်ဘက်သို့လှည့်၍ သွားဖြဲပြလိုက်သည်။ သူ့အပြုံးကြောင့် ဟဲမြောင်၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ရလေသည်။
ရှေ့ဆုံးမှသွားနေသော ရန်ကိုင်သည် ရုတ်တရက် ရပ်တန့်၍ လေဟာနယ်အား နောက်ဆစ်ကြိမ် ဆုတ်ဖြဲလိုက်သည်။
အက်ကွဲကြောင်းပေါ်လာသည်နှင့် ထိုကဲ့သို့ အလျင်အမြန် လှမ်းဝင်သွားလိုက်လေသည်။ အခြားသူများလသည်လည်း သူ့နည်းအတိုင်း ထိုထဲသို့ ဝင်သွားလိုက်ကြသည်။ လတ်ဆတ်သော လေတစ်ရှိုက်ကို ရှူသွင်းလိုက်ရသဖြင့် အကုန်လုံး လန်းဆန်းပေါ့ပါးသွားကြရသည်။
ဘေးပတ်လည်သို့ လှည့်ပတ်ကြည့်လိုက်ပြီးနောက် ရှန်တုက ရုတ်တရက် မျက်မှောင်ကြုတ်၍ ပြောလိုက်သည် “ရန်ကိုင်၊ ကြည့်ရတာ ငါတို့ အဝေးကြီး မရောက်သေးတဲ့ပုံပဲ”
ပြောပြီးသည်နှင့် အောက်သို့ ငုံ့ကြည့်လိုက်သည်။
သူတို့အောက်တည့်တည့်တွင် မီးကျွမ်းထားသော တောင်တစ်တောင် ရှိနေခဲ့သည်။ ထိုတောင်အနားတွင် ဟိုသွား၊ ဒီသွားလှုပ်နေကြသော လူအချို့ ရှိနေခဲ့သည်။ ထိုလူများသည် ခရမ်းကြယ်မှ လျူကွေ့ချန်နှင့် သူ့လူများ အဖွဲ့ဖြစ်ပေသည်။
လျူကွေ့ချန်တို့သည်လည်း သူတို့အား သတိပြုမိဟန်ရကာ ကောင်းကင်ပေါ်သို့ လက်ညိုးထိုးလျက် တိုးတိုး တိုးတိုး ပြောနေကြသည်။
“ဟုတ်တယ်။ ငါတို့ တကယ် အဝေးကြီး မရောက်သေးဘူး။ မိုင်တစ်ထောင်လောက်ပဲ ရောက်သေးတာ” ရန်ကိုင်က ခေါင်းညိတ်၍ ရှင်းပြလိုက်သည် “အခုတစ်ကြိမ်က ဟင်းလင်းပြင်ထဲ လမ်းလျှောက်ရတာ ဘယ်လိုမျိုးလဲ ဆိုတာကို မင်းတို့ကို သိသွားစေချင်ရုံပဲ။ အခုမှ တကယ့် ကိစ္စလာမှာ”
ပြောပြီးသည်နှင့် ခုနှစ်ရောင်ခြယ်ကောင်းကင်ကို လက်ညိုးထိုးပြ၍ “ဒီတိုက်ကြီးကနေ ထွက်သွားချင်တယ်ဆိုရင် အဲ့ကောင်းကင်ကို ဖြတ်သွားရလိမ့်မယ်”
“ငါသိပြီ” ရှန်တုက ခေါင်းညိတ်လိုက်သည်။
“သွားကြမယ်” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဒီနည်းလမ်းကို နောက်ထပ် တစ်ထိုင်တည်း လေးငါးကြိမ်လောက် ဆင့်သုံးလို့ ရတယ်”
သူချန်ထားရစ်ခဲ့သည့် ကောင်းကင်စိတ်အာရုံ အမှတ်အသားကို အာရုံခံလိုက်ပြီးနောက် ထိုအမှတ်အသားများကို ချထားခဲ့သည့် လမ်းအကြောင်းအတိုင်း ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်သည်။
အကုန်လုံး အက်ကွဲကြောင်းထဲ ဝင်နေစဉ် ဟဲမြောင်က သူမဆရာဘက်သို့လှည့်၍ တိုးတိုးလေး ပြောလိုက်သည် “ဆရာ၊ လျူကွေ့ချန်နဲ့ သူ့လူတွေ ဒီကို လာနေတယ်”
“သူတို့ကို အာရုံမစိုက်နဲ့၊ ဆက်သာသွား” ရွှယ့်ရှီက တိုက်တွန်းလိုက်သည်။
“ဟုတ်ကဲ့”
“လျူကွေ့ချန်၊ ဒီမှာ သေဖို့ ထိုင်စောင့်နေလိုက်တော့” ရွှယ့်ရှီက လျူကွေ့ချန်တို့အဖွဲ့အား လှောင်ပြုံးပြုံး၍ စိုက်ကြည့်လိုက်ပြီး အက်ကွဲကြောင်းထဲသို့ လှမ်းဝင်သွားလိုက်လေသည်။
ကြယ်လွန်းပျံကို စီးလာသည့် လျူကွေ့ချန်တို့အဖွဲ့ ရောက်လာသည့်အချိန်တွင် မည်သူမှ မရှိတော့ချေ။ တစ်ယောက်မှ မတွေ့တော့သည်ကို မြင်သော် သူတို့ ဤနေရာတွင် ချန်ထားခံခဲ့ရပြီမှန်း နားလည်လိုက်ရာ လျူကွေ့ချန်၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ရလေသည်။
ကွေ့ဇူ ခေါ်လိုက်သော လူများသည် ရန်ကိုင်နှင့် ရင်းနှီးသော လူများဖြစ်ကြသည်။ မဆင့်ခေါ်ခံရသော လူများသည် ပီယမှလွဲ၍ ခရမ်းကြယ်မှလူအားလုံး ဖြစ်ကြသည်။
ကွေ့ဇူ ထိုလူများအား ခေါ်သည်ကို ကြားလိုက်သည့်အခါ ထိုလူများ ဒုက္ခရောက်သည်ကို ကြိတ်၍ ပျော်ခဲ့သည်။ ရွှယ့်ရှီနှင့် အခြားသူများ သေတော့မည်ပေါ့။ သို့သော်လည်း တကယ် ဒုက္ခရောက်ရမည့်လူသည် သူတို့ ဖြစ်သည်ဆိုသော အချက်ကိုမူ မသိခဲ့ချေ။
သူနှင့် သူ့အဖွဲ့သားများသည် ဤနေရာတွင် ထာဝရ ပိတ်မိနေရတော့ပေမည်။ ဒေါသကြောင့် သူ့မျက်နှာတစ်ခုလုံး မဲ့ရွဲ့သွားခဲ့ပြီး ကောင်းကင်ပေါ်သို့မော့ကာ အသံကုန် အော်ဟစ်မိလိုက်သည်။
ခုနှစ်ရောင်ခြယ်ကောင်းကင်သည် သေခြင်းတရားချောက်နက်ထဲရှိ ကြယ်များမှ ထုတ်လွှတ်သော ပရမ်းပတာ အားစက်ကွင်းများကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ကာ မိုင် တစ်သောင်းမက ကျယ်ပြောပေသည်။
ထိုပရမ်းပတာ ဖြစ်နေဟော ဟင်းလင်းပြင်ထဲရှိ တစ်နေရာမှ လေဟာနယ် ရုတ်တရက် အက်ကွဲသွားပြီး ရန်ကိုင်တို့အဖွဲ့ ထွက်ပေါ်လာခဲ့သည်။ အပြင်သို့ရောက်သည်နှင့် တစ်ချက် ရပ်တန့်၍ သူ့တည်နေရာကို အာရုံခံကြည့်လိုက်သည်။
သူရောက်ရှိနေသော နေရာသည် သတ်မှတ်ထားသည့် လမ်းကြောင်းနှင့် အနည်းငယ် သွေဖယ်နေခဲ့သည်။ သို့သော် အနည်းငယ်မျှသာ လမ်းလွဲသွားခြင်းဖြစ်၍ ပြဿနာမရှိလှ။ ယခင်လမ်းအကြောင်းအတိုင်း ပြန်လိုက်သွားမည်ဆိုပါက သေခြင်းတရားချောက်နက်ထဲမှ အောင်အောင်မြင်မြင် ထွက်သွားနိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိပေသည်။
သေခြင်းတရားအပြင်ဘက်သို့ ရောက်သည်နှင့် သူတို့ လုံးဝ လွတ်လပ်သွားပေတော့မည်။
သူထွက်လာပြီးသည့်နောက် သူ့နောက်မှ တစ်ယောက်ပြီး တစ်ယောက် ထပ်ထွက်လာခဲ့သည်။ သူတို့ရှေ့တည့်တည့်ရှိ မြင်ကွင်းကို မြင်ပြီးသည့်နောက် အကုန်လုံး အံ့ဩသွားကြရသည်။ အကြောင်းမှာ သူတို့ပတ်ပတ်လည်တွင် ရင်သက်ရှူမောဖွယ် ကောင်းသော ခုနှစ်ရောင်ခြယ်ကောင်းကင်ကြီး ရှိနေသောကြောင့်ပင်။
သို့သော်လည်း ဤနေရာတွင် ကောင်းကင်စိတ်အာရုံများ အလုပ်မဖြစ်သည်ကို ခဏအတွင်း သူတို့ တွေ့ရှိသွားခဲ့သည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်နှင့် သူတို့၏ ကောင်းကင်စိတ်အာရုံသည် ပရမ်းပတာ နယ်ပယ်၏ သက်ရောက်ခြင်းခံရပြီး ဟင်းလင်းပြင်ထဲ ပျောက်သွားရသည်။
ကွေ့ဇူက အသာအယာ ခေါင်းညိတ်၍ “မင်းတကယ်တော်တယ်။ မင်းမှာ ဒီနေရာကနေ ထွက်သွားနိုင်တဲ့ အရည်အချင်းရှိတယ်လို့ ငါထင်ခဲ့တာ တကယ် မမှားဘူး”
တစ်ချက်ကြည့်ရုံဖြင့် ဤနေရာသည် သူတစ်ခါမှ မရောက်ဖူးသော လွင့်မျောတိုက်ကြီး၏ အပေါ်ဘက်ရှိနေရာဖြစ်ကြောင်းကို ကွေ့ဇူ တန်းသိလိုက်ရသည်။ ရန်ကိုင်၏ အရည်အချင်းအပေါ် ပို၍လည်း ယုံကြည်ချက်တို့ တိုးလာခဲ့ရသည်။ နှစ်ပေါင်း(၂၀၀၀)တိုင်အောင် တောင့်တခဲ့ရသော ဆန္ဒ ပြည့်တော့မည့်အတွက်ကြောင့်ပေလား မသိရာ၊ ကွေ့ဇူ၏ အမူအရာသည် ယခင်ကကဲ့သို့ ကြောက်မက်ဖွယ် ကောင်းမနေတော့ဘဲ မျှော်လင့်ချက်တို့ ဝေဆာနေသော အပြုံးတို့ဖြင့် ပြည့်နေခဲ့သည်။
ရန်ကိုင်က ကွေ့ဇူကိုကြည့်၍ ယဲ့ယဲ့လေး ပြုံးလိုက်သည်။
ကွေ့ဇူ၏ အမူအရာသည် ပြုံးပျော်ရွှင်နေသော်ငြား သူ့လက်မောင်းပေါ်ရှိ ကွေ့ဇူ ချန်ထားခဲ့သော အနက်ရောင် အမှတ်အသားသည် ယခင်ထက်ပို၍ အေးစက်သော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။
ကွေ့ဇူသည် သူ့အား သတိမပြတ် စောင့်ကြည့်နေမှန်း ရန်ကိုင် သိသည်။ ရန်ကိုင် သူ့အား ဤနေရာတွင် ထားခဲ့မည်ကို ကွေ့ဇူ လန့်နေသည်။ ထိုသို့ ထားခဲ့ခံရလျှင် ကွေ့ဇူ အနေဖြင့် လွင့်မျော တိုက်ကြီးပေါ်သို့ သူ့ဘာသာ ပြန်သွားနိုင်လိမ့်မည် မဟုတ်ချေ။
ရန်ကိုင်လည်း ကွေ့ဇူအား ဤနေရာတွင် ထားခဲ့ရန် စဉ်းစားထားသည်။ သို့သော် မဆင်မခြင် မလှုပ်ရှားရဲခဲ့။ သူ့တွင် ကွေ့ဇူအား အကွက်ချကြံစည်နိုင်လိမ့်မည် ဟူသော ယုံကြည်ချက် မရှိချေ။ ထို့ကြောင့် ပုံမှန်အတိုင်းသာ လှုပ်ရှားနေခဲ့သည်။
နောက်ထပ်သွားရမည့် နေရာကို သတ်မှတ်ပြီးသည်နှင့် လေဟာနယ်ကို ထပ်မံ ဆုတ်ဖြဲလိုက်ပြန်သည်။
ရန်ကိုင်သည် လူခြောက်ယောက်ကို ဦးဆောင်၍ လေဟာနယ်အား တစ်ကြိမ်ပြီးတစ်ကြိမ် ဆုတ်ဖြဲခြင်း သေခြင်းတရားချောက်နက် ဆီသို့ ဦးတည်နေခဲ့သည်။
လေဟာနယ်အား ငါးကြိမ်မြောက် ဆုတ်ဖြဲပြီးနောက် ချက်ချင်း တင်ပလင်ခွေထိုင်ချကာ အမောတကေကာ အသက်ရှူလျက် “ခဏနေဦး၊ အားပြန်ဖြည့်လိုက်ဦးမယ်”
လေဟာနယ်အား ဆုတ်ဖြဲလိုက်တိုင်း သူအားကုန်ရသည်။ ထို့နောက် လေဟာနယ်ကို မနားတမ်း ဆုတ်ဖြဲရန်မှာ သူ့အတွက် မဖြစ်နိုင်သောကိစ္စတစ်ရပ် ဖြစ်သည်။ သူ့အသိစိတ်ပင်လယ်ထဲရှိ စိတ်စွမ်းအင်လည်း လေဟာနယ်ကို တောက်လျှောက် ဆုတ်ဖြဲခဲ့ရသဖြင့် အတော်လေး လျော့ပါးနေခဲ့လေပြီ။ မမျှော်လင့်ထားသည့် အဖြစ်အပျက်တစ်ခုခုနှင့် ကြုံရသော် အဆင့်သင့်ဖြစ်နေစေရန် သူ့စိတ်စွမ်းအင်ကို ပြန်ဖြည့်ထားရပေမည်။ မဟုတ်လျှင် အရေးကြုံသည့်အခါ သူ့တွင် သုံးစရာ စိတ်စွမ်းအင်မရှိ ဖြစ်ပေလိမ့်မည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၂၉) ကျုပ်ကိုခက်ခဲအောင် ထပ်မလုပ်နဲ့တော့
တစ်နာရီကြာမျှ အားပြန်ဖြည့်ပြီးနောက် ခရီးပြန်စကြလေသည်။ ရန်ကိုင်အနေဖြင့် လေဟာနယ်ကို မဆုတ်ဖြဲခင် အချိန်တိုင်း သူ့ချန်ထားခဲ့သည့် ကောင်းကင်စိတ်အာရုံ အမှတ်အသားကို အရင် အာရုံခံသည်။ ပြီးမှ လေဟာနယ်ကို ဆုတ်ဖြဲသည်။ ထိုသို့သာ မလုပ်ပါက ခုနှစ်ရောင်ခြယ်ကောင်းကင်ထဲ လမ်းပျောက် သွားနိုင်ပေသည်။
အခြေအနေသည် ရန်ကိုင် မျှော်လင့်ထားသည်ထက် ပို၍ အဆင်ပြေ၊ ချောမွေ့နေခဲ့သည်။ သူစိုးရိမ်ထားသည့် မည်သည့် ကိစ္စမှ ဖြစ်မလာခဲ့ချေ။
လူခြောက်ယောက်စလုံးသည် ရန်ကိုင်၏ သတိပေးစကားကို သေချာမှတ်ထားသည်။ သူတို့၏ ခွန်အား အနည်းအကျဉ်းမျှကိုပင် ထုတ်မသုံးချေ။ ကွေ့ဇူသည်ပင် လမ်းတစ်လျှောက်လုံး ပြဿနာ မရှာခဲ့သလို သူ့စွမ်းအားကိုလည်း နည်းနည်းလေးမျှပင် ထုတ်မသုံးခဲ့ချေ။
ခုနှစ်ရောင်ခြယ်ကောင်းကင်၏ တစ်နေရာတွင် ရန်ကိုင်ပုံရိပ် ရုတ်တရက် ပေါ်လာခဲ့သည်။ သူ့နောက်မှ လူခြောက်ယောက် ထပ်ပေါ်လာခဲ့သည်။
ပတ်ဝန်းကျင်အား စူးစမ်းကြည့်ပြီးနောက် လူအုပ်ကြီးဘက်သို့ လှည့်၍ ပြုံးကာ “ဒီတစ်ကြိမ်က နောက်ဆုံးတစ်ကြိမ်ပဲ။ အခုတစ်ကြိမ် ပြီးတာနဲ့ သေခြင်းတရားချောက်နက်ဆီ ရောက်ပြီပဲ”
ထိုစကားကို ကြားလိုက်သည့်အခါ အကုန်လုံး၏ မျက်လုံးများ ဝင်းလက်သွားခဲ့ပြီး အားလုံး၏ မျက်နှာထက် မျှော်လင့်ချက် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့သည်။
“ကောင်လေး၊ မြန်မြန်လုပ်တော့။ အပြင်ကမ္ဘာကြီးကို ငါမြင်ချင်နေပြီ” ကွေ့ဇူက ပြုံးဖြီး၍ ရန်ကိုင်အား အလျင်အမြန် လုပ်ရန် တိုက်တွန်းနှိုးဆော်လိုက်သည်။
“ကျုပ်အရင်အားပြန်ဖြည့်လိုက်ဦးမယ်” ရန်ကိုင်က ပြန်ပြောသည်။
“ကောင်းပြီ။ မြန်မြန်ပြန်ဖြည့်”
ရန်ကိုင်သည် မည်သည့် စကားတစ်ခွန်းမှ မပြောတော့ဘဲ တင်ပလင်ခွေ ထိုင်ချလိုက်သည်။ သူလိမ်နေခြင်းမဟုတ်။ ယခု တစ်ကြိမ်သည် နောက်ဆုံးအကြိမ်ဖြစ်သည်။ သူသာ လေဟာနယ်ကို နောက်တစ်ကြိမ် ဆုတ်ဖြဲပြီးသည်နှင့် သေခြင်းတရားချောက်နက်ထဲသို့ ရောက်သွားပေလိမ့်မည်။ သို့တိုင် သူ့စိတ်ထဲ စိတ်မသက်မသာ ခံစားနေရဆဲ။
ထိုသို့ စိတ်မသက်မသာ ဖြစ်နေရခြင်းမှာ ကွေ့ဇူကြောင့်ပင်။
နှစ်ပေါင်း (၂၀၀၀)ကျော် အသက်ရှင်နေထိုင်ခဲ့သော ကွေ့ဇူကဲ့သို့ မွန်းစတားအိုကြီးတစ်ယောက်သည် သူ့စကားကို တည်လိမ့်မည်ဟု ရန်ကိုင် တထစ်ချ မယုံကြည်ရဲပါချေ။ သို့သော် အခြေအနေအရပ်ရပ်အရ ကွေ့ဇူ သူ့စကား သူတည်ပါစေဟုသာ စိတ်ထဲကြိတ်၍ ဆုတောင်းနေရတော့သည်။
ထိုကူကယ်ရာမဲ့သည့် ခံစားချက်ကို ရန်ကိုင်အား အလွန်ကိုမှ စိတ်မသက်မသာ ဖြစ်စေလှသည်။
“စီနီယာ၊ ကျုပ်လက်ပေါ်ကဟာကို ပြန်ယူပေးလို့ရမလား” ရန်ကိုင်က ရုတ်တရက် မျက်လုံးဖွင့်၍ ကွေ့ဇူအား မေးလိုက်သည် “ရောက်ခါနီးနေပြီပဲဟာကို။ ကျုပ်ကို ဆက်ပြီး စောင်ကြည့်နေလို့လည်း ဘာမှ ထူးတော့မှာမှ မဟုတ်တာ”
ကွေ့ဇူက ယဲ့ယဲ့လေး ပြုံးလျက် ဘာမှပြန်မပြောဘဲ ခေါင်းသာ ညိတ်လိုက်သည်။ ထို့နောက် သူ့လက်ကို ဝှေ့ရမ်း၍ ရန်ကိုင်၏ လက်မောင်းပေါ်ရှိ အနက်ရောင် အမှတ်အသားကို ဖယ်လိုက်၏။
အနက်ရောင် အမှတ်အသား ပျောက်ကွယ်သွားသည်နှင့် အချုပ်အနှောင် တစ်ခုခုမှ လွတ်သွားသလို သူ့တစ်ကိုယ်လုံး လန်းဆန်းပေါ့ပါးသွားရသည်။
“ကောင်လေး၊ မင်းသာ ပြောထားတဲ့အတိုင်းလုပ်၊ ငါမင်းကို ပြဿနာမရှာဘူး”
ကွေ့ဇူက နှာခေါင်းရှုံ့လိုက်သည်။
“စီနီယာက သဘောထာကြီးတဲ့လူပဲ” ရန်ကိုင်က ရယ်မောလိုက်သည်။ ထို့နောက် မတ်တပ်ရပ်လျက် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး လေဟာနယ်ကို နောက်တစ်ကြိမ် ဆုတ်ဖြဲလိုက်သည်။
သူသည် အမြဲတမ်း ပထမဆုံး ဝင်ရသည့်သူ ဖြစ်သည်။
ဟင်းလင်းပြင်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ အမူအရာ ရုတ်ချည်း လေးနက်သွားခဲ့သည်။ တစ်ချက်လေးကမှပင် မရွေ့လျားဘဲ နေရာတွင်သာ ကျောက်ရုပ်ကြီးတစ်ရုပ်နှယ် ရပ်လျက် ပတ်ဝန်းကျင်ကို စစ်ဆေးနေခဲ့သည်။
“မင်းဘာလို့ ရပ်လိုက်တာလဲ။ ရောက်ခါနီးမှ မဟုတ်တာလုပ်ဖို့ ကြံနေသေးတာလား” ရန်ကိုင် ရပ်သွားသည်ကိုမြင်သော် သူ့နောက်မှ လိုက်လာသော ကွေ့ဇူက မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။ ရန်ကိုင်သည် ဘာတစ်ခွန်းမှ ပြန်မပြောဘဲ ပတ်ဝန်းကျင်ကိုသာ စစ်ဆေးနေခဲ့သည်။
ရုတ်တရက် သူ့မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အားလုံးကို အော်ပြောလိုက်လေသည် “အားလုံး မြန်မြန်သွားကြမယ်။ တစ်ချက်ကလေးတောင် မရပ်ကြနဲ့။ ရောက်ခါနီးနေလို့လား မသိဘူး။ ဒီနေရာရဲ့ ဟင်းလင်းပြင်က အခြားနေရာတွေထက် ပိုပြီး ပရမ်းပတာ ဖြစ်နေတယ်”
ရန်ကိုင်၏ လေးနက်သည့် အမူအရာကိုမြင်သော် အခြေအနေ မည်မျှ အရေးကြီးနေသည်ကို အကုန်လုံး နားလည်လိုက်သည်။ ထို့ကြောင့် မည်သူမှ ဘာတစ်ခွန်းမှ ထပ်မမေးတော့ဘဲ ရန်ကိုင်နောက်မှနေ၍ ခပ်မြန်မြန် လိုက်သွားကြလေသည်။
ယခင်က ရန်ကိုင် ဖြတ်သွားသည့် နေရာတိုင်းရှိ ဟင်းလင်းပြင်သည် ချောမွတ်မာကျောသွားသည်ချည်းသာ။ သို့သော်လည်း သူတို့ ယခုနင်းနေရသည့် ဟင်းလင်းပြင်သည် အနည်းငယ် ပျော့အိအိဖြစ်နေကာ ယခင်ကကဲ့သို့ ချောမွတ်နေခြင်း မရှိတော့ချေ။ သူတို့ ခြေချလိုက်သည့် နေရာတိုင်းမှ အားပျော့လှသော စုပ်အားယဲ့ယဲ့လေးကို ခံစားမိနေသည်။
ခရက်…
အက်ကွဲသံတစ်သံကို ထွက်ပေါ်လာသံဖြင့် အဖွဲ့သားအားလုံး တုန်ရီသွားခဲ့ကြသည်။ လှည့်ကြည့်လိုက်ရာ ဟင်းလင်းပြင်၏ ယောက်ယတ်ခတ်နေသော စွမ်းအင်များမှ သူတို့အား ကာကွယ်ပေးထားသော အကာအရံ စတင် ကွဲကြေနေသည်ကို တွေ့လိုက်ရသည်။
ဟင်းလင်းပြင်၏ ဆွဲငင်အားသည်လည်း အဆပေါင်းများစွာ ပို၍ မြင့်တက်လာခဲ့ပြီး သူတို့အား အကောင်လိုက် ဝါးမြိုတော့မည့်နှယ်။
ရန်ကိုင်မှလွဲ၍ မည်သူမှ လေဟာနယ်တာအိုတွင် ကျွမ်းကျင်ခြင်း မရှိသော်လည်း ဟင်းလင်းပြင်၏ ကြောက်မက်ဖွယ်ရာများကို သူတို့ ကောင်းကောင်း နားလည်ထားသည်။ ထိုအက်ကွဲကြောင်း တစ်ခုခုထဲသို့သာ ကျသွား၍ ပြန်လမ်း ရှာမတွေ့လျှင်လည် အပြင်သို့ ဘယ်တော့မှ ပြန်ထွက်သွားနိုင်တော့မည် မဟုတ်ချေ။ ဟင်းလင်းပြင်ထဲတွင်သာ ထာဝရ ပိတ်မိနေပေလိမ့်မည်။
ထို့ကြောင့် နောက်ကျ မကျန်ရလေအောင် ရန်ကိုင်နားသို့ တိုးကပ်သွားခဲ့သည်။
ရန်ကိုင်၏ အမူအရာသည် အလွန်ကိုမှ လေးနက်နေခဲ့သည်။ စကားတစ်ခွန်းမှမပြောဘဲ။ ရှေ့တည့်တည့်သို့သာ အာရုံစိုက်၍ သွားနေခဲ့သည်။ နေရာတစ်ခုသို့ရောက်သော် သူ့လက်ကို ဆန့်ထုတ်၍ ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်၏။
အက်ကွဲကြောင်း ပွင့်သွားသည့်အခါ အားလုံးရှေ့ ရင်းနှီးနေသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။
ထုထည်ကြီးမားလှသော၊ သိပ်သည်းလှသော စွမ်းအင်များဖြင့် ပြည့်နေသော၊ နီးနီးကပ်ကပ် တည်ရှိနေကြသည့် မှတ်ကျောက်တင်ဖွယ် ကြယ်ကြီးများ…
သေခြင်းတရားချောက်နက်ပင်တည်း။
ရန်ကိုင်ပြုံးလိုက်ပြီး အပြင်သို့ထွက်ရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုအချိန်တွင် ရှန်တုနှင့် ပီယတို့၏ အလန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ အော်သံကြားသဖြင့် လှမ်းကြည့်လိုက်ရာ ကွေ့ဇူသည် အားလုံးကိုကျော်တက်၍ အက်ကွဲကြောင်းထဲသို့ ပြေးဝင်ရန် ကြံနေသည်ကို တွေ့လိုက်ရ၏။
သို့သော်လည်း အားလုံးကို ကျော်တက်ရန် သူ့စွမ်းအင်ကို လှည့်ပတ်လိုက်သည့်အခါ အနီးအနားတွင် ရှိနေသော ပရမ်းပတာ ဖြစ်နေသည့် ဟင်းလင်းပြင်စွမ်းအင်များကို လှုံ့ဆော်မိလိုက်ပြီး ရန်ကိုင် ဖန်တီးထားသော လမ်းကြောင်းကို ပျက်စီးသွားစေသည်။
ကွေ့ဇူ မထွက်သွားနိုင်သေးခင်မှာပင်၊ သူ့ခန္ဓာကိုယ်တစ်ဝက်သည် ဟင်းလင်းပြင်ထဲ နစ်မြုပ်သွားခဲ့သည်။ သူမည်မျှပင် ရုန်းကန်ပါစေ ဟင်းလင်းပြင်၏ ဆွဲအားအောက်မှ မလွတ်မြောက်နိုင်ခဲ့ချေ။
ကွေ့ဇူနောက်တွင် ရှိနေသော ရွှယ့်ရှီနှင့် သူ့တပည့် နှစ်ယောက် သည်လည်း ဟင်းလင်းပြင်ထဲ စတင် နစ်မြုပ်နေခဲ့သည်။
ရန်ကိုင် လှည့်ကြည့်လိုက်သည့်အခိုက် အမျိုးသမီး သုံးဦးသည် အသနားခံသည့် အမူအရာများဖြင့် သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ယခုအချိန်ထိတိုင် အကုန်လုံးသည် ရန်ကိုင်၏ စကားအတိုင်း သူတို့၏ စွမ်းအား နည်းနည်းမျှကိုပင် ထုတ်မသုံးခဲ့ကြချေ။
ကွေ့ဇူကမူ အခြေအနေမကောင်းမှန်း သိလိုက်သည်နှင့် အားကုန်သုံး၍ သူ့အားဝါးမြိုရန် ကြိုးစားနေသော အက်ကြောင်းမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း သူကျသွားသည့် အက်ကြောင်းသည် သဲဝဲတစ်ခုနှယ်၊ သူပိုရုန်းလေး ပိုမြန်မြန် နစ်လေ ဖြစ်နေခဲ့ရာ ကွေ့ဇူ၏ အမူအရာ ဖြူလျော်သွားခဲ့ရလေသည်။
“ငါ့လခွမ်း” ရှန်တုလည်း မနေနိုင်ဘဲ ဆဲမိလိုက်သည် “ရန်ကိုင်ဟျောင့်၊ သွားကြမယ်”
ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့ပြီး တွေဝေသွားခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံး ဟင်းလင်းပြင်ထဲ နစ်မြုပ်သွား၍ ခေါင်းသာ ပေါ်တော့သော ကွေ့ဇူဆီ လှမ်းကြည့်လိုက်သည်။ ထို့နောက် ဟဲကျောင်နှင့် ဟဲမြောင်ဆီ လှမ်းကြည့်လိုက်သည်။ သူ့စိတ်ထဲ အတွေးပေါင်းစုံတို့ ဖြတ်ပြေးသွားလေသည်။
ရန်ကိုင် ခန္ဓာကိုယ် တောင့်တောင့်ကြီး ဖြစ်နေခဲ့ပြီး မည်သို့လုပ်လျှင် ကောင်းမလဲ ဆုံးဖြတ်ရခက်နေခဲ့သည်။
ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ကွေ့ဖူ၏ ဖိနှိပ်မှုအောက်မှ ရုန်းထွက်၍ သေခြင်းတရားချောက်နက်ဆီသို့ ရောက်သွားနိုင်၏။ လူအိုကြီးသာ ဟင်းလင်းပြင်ထဲ ပိတ်မိသွားပါက ဘယ်တော့မှ ပြန်ထွက်လာနိုင်တော့မည် မဟုတ်ချေ။
ထို့ကြောင့် လူအိုကြီးအား ဒီအတိုင်း ချန်ထားခဲ့ချင်မိသည်။
သို့သော်လည်း သူထိုကဲ့သို့ လုပ်မည်ဆိုပါက ဟဲကျောင်နှင့် ဟဲမြောင်လည်း သေရပေလိမ့်မည်။
ကွေ့ဇူ သူ့အား လေဟာနယ်လိုဏ်ခေါင်းထဲ ပစ်ထည့်ရန် လုပ်နေချိန်၊ ဟဲကျောင်သည် ရှေ့တက်၍ သူ့ဘက်မှ ရဲရဲဝံ့ဝံ့ ပြောဆိုပေးခဲ့သည်ကို ရန်ကိုင် မှတ်မိနေသေးသည်။
“ရန်ကိုင်” ရှန်တုက ထပ်အော်ခေါ်သည်။ ရန်ကိုင်သည် ရှေ့ဆုံးမှ သွားနေသည်ဖြစ်ရာ သူသည် ရှန်တုနှင့် ပီယတို့၏လမ်းကို ပိတ်နေခဲ့သည်။ ရှန်တုသည် ရန်ကိုင်ကိုကျော်ကာ ဤနေရာမှ အမြန် ထွက်သွားချင်နေမိသည်။
ပီယသည်လည်း ရင်တထိတ်ထိတ် ဖြစ်နေသည်။
ရန်ကိုင်၏ တုန့်ဆိုင်းမှုသည် တစ်ခဏတာသာ။ ခဏအကြာတွင် သူ့အကြည့်တို့ ခိုင်မာသွားခဲ့သည်။ ချက်ချင်းပဲ သူဖွင့်ထားသော လေဟာနယ်လိုဏ်ခေါင်းဆီ လက်ဝါးတစ်ချက် ရိုက်ထုတ်၍ အနက်ရောင်ထွက်ပေါက်အား နတ်ဆိုးမီးတောက်ဖြင့် လောင်ကျွမ်းစေလျက် ယာယီ ပွင့်နေစေလိုက်သည်။
“သွားနှင့်ကြ” ရန်ကိုင်က ရှန်တုနှင့် ပီယကို ဖမ်းကိုင်၍ ထွက်ပေါက်သို့ လှမ်းပစ်ထည့်လိုက်သည်။ ထို့နောက် မှုန်ကုတ်ကုတ် မျက်နှာထားဖြင့် ကွေ့ဇူဆီ သွားလိုက်သည်။
“ရန်ကိုင်” ရန်ကိုင် သူ့နားမှ ဖြတ်သွားသည့်အခိုက် ရှန်တု၏ မျက်နှာ ဖြူလျော်သွားခဲ့သည်။ သို့သော် သူအသိပြန်ဝင်လာသည့် အချိန်တွင် သေခြင်းတရားချောက်နက်ထဲသို့ ရောက်နေခဲ့လေပြီ။
မကြာမီ ရန်ကိုင်သည် ကွေ့ဇူရှေ့သို့ ရောက်လာခဲ့သည်။ ရောက်သည်နှင့် ချက်ချင်းပဲ အော်ပြောလိုက်လေသည် “အသက်ရှင်ချင်ရင် ခင်ဗျားစွမ်းအားတွေကို အမြန် ပြန်ရုတ်လိုက်။ ကျုပ်ကို ထပ်ပြီး ခက်ခဲအောင် မလုပ်နဲ့တော့”
ကွေ့ဇူ မျက်နှာ ဖြူလျော်သွားခဲ့ပြီး သူ့စွမ်းအားကို ချက်ချင်းပဲ ပြန်ရုတ်သိမ်းလိုက်လေသည်။
“ငါနင့်တို့ကို အခုကယ်ပေးမယ်။ ထိတ်လန့်မနေနဲ့။ ဘာမှလည်း မလုပ်နဲ့။ ငြိမ်ငြိမ်လေးပဲနေ” ရဣ်ကိုင်က ဟဲကျောင်နှင့် ဟဲမြောင်ကို လှမ်းအော်ပြောလိုက်ပြီးနောက် လေးယောက်သားရှေ့ ထိုင်ချလိုက်ကာ စိတ်စွမ်းအင်နှင့် သူတော်စင်ချီ နှစ်မျိုစလုံးကို အက်ကြောင်းထဲသို့ ပို့လိုက်သည်။
ရန်ကိုင်သည် လေဟာနယ်တာအိုအပေါ် သူနားလည်ထားသည် များကို အသုံးချ၍ အက်ကြောင်းထဲရှိ ဟင်းလင်းပြင်ကို ပြုပြင်လိုက်သည်။
မကြာမီ လူလေးယောကအား ဆွဲချနေသော ဟင်းလင်းပြင်၏ ဆွဲငင်အားသည် တဖြည်းဖြည်း အားပျော့လာခဲ့ပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ ထိုမျှသာမကသေး၊ ဆန့်ကျင်ဘက် အားတစ်ရပ် ထွက်ပေါ်လာပြီး သူတို့အား အက်ကြောင်းထဲမှ အပေါ်သို့ တွန်းပို့လေသည်။
လေးယောက်စလုံး၏ အမူအရာ တောက်ပသွားခဲ့ကြသည်။ ဟဲကျောင်နှင့် ဟဲမြောင်သည် မျက်ရည်အဝိုင်းသားဖြင့် ရန်ကိုင်အား လှမ်းကြည့်နေကြသည်။
ယခုတစ်ကြိမ် သူတို့ သေရတော့မည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ရန်ကိုင် သူတို့ကို လာကယ်လိမ့်မည်ဟု မထင်ထားခဲ့။ သူတို့ရင်ထဲ ထိတ်လန့်နေရသမျှအားလုံး ပျောက်ကွယ်သွားခဲ့၍ ဝမ်းသာပျော်ရွှင်မှုတို့က အစားထိုး ဝင်ရောက်လာခဲ့သည်။
ရွှယ့်ရှီသည်ပင် ရန်ကိုင်အား ကျေးဇူးတင်နေမိသည်။ ယခင်ကကဲ့သို့ ကျေးဇူးတင်ရန်အတွက် တုန့်ဆိုင်းနေခြင်းမျိုး မရှိတော့ချေ။
“အား…” ဟဲမြောင်က ရုတ်တရက် အော်ဟစ်၍ ရန်ကိုင်ဆီ လက်ညိုးထိုးသည်။
သုံးယေဦက်စလုံး သူမလက်ညိုးထိုးရာဆီသို့ လှမ်းကြည့်လိုက်ရာ အကုန်လုံး မျက်နှာပျက်သွားကြရသည်။ ရန်ကိုင် ထိုင်နေသည့် နေရာတွင် အက်ကြောင်းအသစ်တို့ ထွက်ပေါ်လာနေခဲ့သည်။ အချိန်ကြာလာသည်နှင့် အက်ကြောင်းများ ပို၍ များလာခဲ့သည်။
ရန်ကိုင် မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့ပြီး အော်ပြောလိုက်၏ “ထွက်လာလိုက်တော့”
သူ့အော်သံနှင့်အတူ နည်းနည်းလေးမျှ မလှုပ်ရဲသော လေးယောက်စလုံး အက်ကြောင်းထဲမှ လွတ်သွားခဲ့ပြီး အပြင်သို့ ချက်ချင်း ပြေးထွက်သွားခဲ့ကြသည်။
လက်ရှိတွင် ရွှယ့်ရှီအောက်ဘက်ရှိ လဟာပြင်သည် အလွန်ကိုမှ မတည်မငြိမ် ဖြစ်နေသဖြင့် ရွှယ်ရှီ အရမ်းကိုမှ စိတ်ပူနေခဲ့သည်။ တစ်ချက်တွင် ခြေချော်ပြီး ပြုတ်ကျမလိုပင် ဖြစ်သွားခဲ့ရသည်။ သို့သော် သူမ ပြုတ်မကျခင် ရန်ကိုင်က သူမခါးကိုဖက်၍ ကွဲအက်နေသော လေဟာနယ်ထဲမှ ခုန်ထွက်သွားခဲ့သည်။ သူတို့ ခုန်ထွက်သွားပြီးသည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင် တစ်ခုလုံး စတင်ပြိုကျတော့သည်။
သူမခါးအား သန်မာသော လက်တစ်ဖက်မှ ဖက်ထားသည်ကို မြင်သော် ရွှယ့်ရှီတစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။ မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် သူမတစ်ကိုယ်လုံး နုံးချိသွားသည်။ ရွှယ့်ရှီ၏ အကြည့်သည် သူမအား ဖက်ထားသည့် ဂျူနီယာပေါ်သို့ ရောက်လာခဲ့ပြီး သူမရင်ထဲ ရှင်းပြမရနိုင်သော လုံခြုံမှုကို ခံစားလိုက်ရသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၃၀) မင်းငါ့နောက်လိုက်ချင်လား
ရှန်တုနှင့် ပီယတို့သည် သေခြင်းတရားချောက်နက်ဆီမှ ဟင်းလင်းပြင်ထဲ ဦးတည်နေသော အနက်ရောင် ဝင်ပေါက်ကို စိုးရိမ်တကြီး စိုက်ကြည့်နေခဲ့သည်။
သို့သော်လည်း အထဲမှ အခြေအနေကို မမြင်နိုင်ခဲ့။ ဝင်ပေါက်အား ပွင့်နေအောင် လုပ်ထားပေးသော နတ်ဆိုးမီးတောက်သည် စတင် ပျောက်ကွယ်နေခဲ့လေပြီ။ သို့တိုင် မည်သူမှ ထွက်လာမည့် အရိပ်အယောင် မမြင်သေး။
သူတို့သာ မြန်မြန် မထွက်လာခဲ့လျှင် ရန်ကိုင်နှင့် အခြားလူများ ဟင်းလင်းပြင်ထဲ ထာဝရ ပိတ်မိနေပေလိမ့်မည်။
“သူတို့ မတော်တဆ တစ်ခုခု ဖြစ်နေတာတော့ မဟုတ်ပါဘူးနော်” ရှန်တုက ရေရွတ်လိုက်သည်။ “ရန်ကိုင်က လေဟာနယ်တာအိုကို တော်တော်လေး နားလည်ထားတာ။ သူတို့ ဘာမှ မဖြစ်လောက်ပါဘူး၊ ဟုတ်တယ်မလား”
ပြောပြီးသည်နှင့် ပီယယအား လှမ်းကြည့်လိုက်သည်။
“ငါမသိဘူး…” ပီယက ခေါင်းခါလိုက်သည်။ သူမအတော့်ကိုမှ စိုးရိမ်ပူပန်နေလေသည် “ဒါပေမယ့် သူတို့ ဘာမှမဖြစ်ဖို့ မျှော်လင့်ရတာပဲ”
သူမ၏ ဝိဥာဉ်အမှတ်အသားသည် ရန်ကိုင် လက်ထဲတွင် ရှိနေသည်။ ထို့ကြောင့် ရန်ကိုင်သာ သေပါက သူမလည်း သေရပေလိမ့်မည်။
ထို့ကြောင့် ရန်ကိုင်သေမည်ကို သူမ မမြင်ချင်ဆုံးပင်။
“သူတို့ ထွက်လာနေပြီ” ဟင်းလင်းပြင်ထဲမှ လူတစ်ယောက် ထွက်လာသည်ကို ရှန်တု ရုတ်တရက် မြင်လိုက်သည်။
ထိုလူမှာ ကွေ့ဖူ ဖြစ်လေသည်။
ထိုလူ၏ မျက်နှဦကို မြင်လိုက်သည်နှင့် ရှန်တုက စိုးရိမ်တကြီး အော်မေးလိုက်သည် “ဘယ်လိုလုပ်ပြီး ခင်ဗျား ဖြစ်နေတာလဲ။ ရောင်းရင်ရန်ကော”
“နောက်မှာ” ကွေ့ဇူ နောက်သို့ လှည့်အကြည့်၊ ဟဲမြောင်နှင့် ဟဲကျောင်တို့ ထွက်လာသည်နှင့် သွားတိုးသည်။ သူမတို့နောက်မျ ရန်ကိုင်နှင့် ရွှယ့်ရှီတို့ အသီးသီး ထွက်လာခဲ့ကြလေသည်။
ဟင်းလင်းပြင်ထဲမှ ရန်ကိုင် ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ဝင်ပေါက်အား လောင်ကျွမ်းနေသော နတ်ဆိုးမီးတောက် ပျောက်ကွယ်သွားပြီး ဝင်ပေါက်လည်း ပြန်ပိတ်သွားခဲ့လေသည်။
“ဟားဟားဟား။ မင်းကံကောင်းမှန်း ငါသိသားပဲ။ ဘယ်လိုလုပ်ပြီး မင်းမတော်တဆ ဖြစ်ရမှာလဲ” ရှန်တုက အားပါးတရ အော်ဟစ် ရယ်မောလိုက်သည်။ သို့သော် ထိုကဲ့သို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ့မျက်နှာအမူအရာ ရုတ်ချည်း ထူးဆန်းသွားသည်။ ရန်ကိုင်ကိုလည်း အမည်ဖော်မရသော အပြုံးမျိုးဖြင့် စိတ်ဝင်တစား စိုက်ကြည့်လိုက်သည်။
အကုန်လုံးသည် ရန်ကိုင်အား ထူးဆန်းသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။
ရန်ကိုင်သည် ရွှယ်ရှီ၏ခါးကို ဖက်ထားခဲ့သည်။ ရွှယ့်ရှီသည်လည်း ခုခံခြင်းမပြု။ သူမ၏ လည်တိုင်တစ်လျှောက်လုံးသည် ရဲရဲတောက် နီမြန်းနေခဲ့လေသည်။ မျက်နှာ အမူအရာမှာလည်း ပုံမှန်မဟုတ်။
ထိုအခြင်းအရာကိုမြင်သော် ဟဲမြောင်သည် သူမ၏ ပါးစပ်ကို လက်ကလေးဖြင့် အလန့်တကြား အုပ်မိလိုက်သည်။ သူမတို့ ထွက်သွားပြီးနောက် ဘာတွေများ ဖြစ်ခဲ့သဖြင့် ရန်ကိုင်နှင့် သူမတို့၏ ဆရာသည် ဤမျှရင်းနှီးနီးကပ်သွားရသနည်း။
မယုံကြည်နိုင်စရာအကောင်းဆုံးသည်ကား သူမတို့၏ ဆရာသည် ရန်ကိုင်၏ ဖက်ထားမှုကို အရှင်း မခုခံခြင်းပင်။ နည်းနည်းလေးပင် မရုန်ကန်။
ယခင်ကဆိုလျှင် သူမတို့၏ဆရာသည် မည်သည့် ယောကျာ်းကိုမှ သူမ၏အနားသို့ အကပ်မခံခဲ့။ အသားကို ထိဖို့ဆိုလျှင် ဝေလာဝေး။ ယခုအကြိမ်သည် သူမအသားကို ယောကျာ်းတစ်ယောက် ထိသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ယခုမြင်ကွင်းကိုသာ ဓါးအဖွဲ့အစည်းရှိ သူမအား လေးစားအားကျသူများကိုသာ သွားပြလိုက်ပါက လူဘယ်လောက်လောက်များများ ရန်ကိုင်အား ပြဿနာ လာရှာမည်လဲမပြောနိုင်။
ဟဲကျောင်ကမူ သူမဆရားက သတိပဲပေးလိုက်ရမလား၊ မပေးရဘူးလား မသိတော့သဖြင့် ချောင်းသာ ဟန့်လိုက်သည်။
အကုန်လုံးသည် သူမတို့အား စိုက်ကြည့်နေကြလေရာ ရွှယ့်ရှီမှာ ရှက်လွန်းသဖြင့် ဟင်းလင်းပြင်ထဲသို့သာ ပြန်ခုန်ဝင်သွားချင်မိ၏။
ရန်ကိုင်ကမူ စကားတစ်ခွန်းမှ မပြောဘဲ ရွှယ့်ရှီအား မြေပြင်ပေါ် ချလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပဲ မီတာ တစ်ထောင်အကွာသို့ ခုန်ဆုတ်သွားလိုက်ပြီး ရွှယ့်ရှီအား သတိထားလျက် စိုက်ကြည့်လိုက်သည်။
အနည်းငယ် ရယ်ရွှင်စရာကောင်းနေသော အခြေအနေ တစ်မုဟုတ်ချည်း ကျိုးပျက်သွားခဲ့ပြီး အေးစက်မှုတို့က အစားထိုး ဝင်ရောက်လာခဲ့သည်။
ယခု သူတို့သည် လွင့်မျောတိုက်ကြီးမှ အောင်အောင်မြင်မြင် ထွက်လာနိုင်ခဲ့ပြီး သေခြင်းတရားချောက်နက်သို့ ရောက်လာခဲ့၏။ ကွေ့ဇူ၏ နှစ်ပေါင်း(၂၀၀၀) ဆန္ဒသည်လည်း ပြည့်ဝသွားခဲ့ပြီ။ ထို့ကြောင့် သူသာ စိတ်ပေါက်၍ ဤနေရာတွင် ရှိနေသမျှ လူအားလုံးကို သတ်ပစ်မည်ဆိုပါက လွတ်မြောက်နိုင်ချေ ရှိသည့် ရန်ကိုင်မှလွဲ၍ အကုန်လုံး သေကြရပေလိမ့်မည်။
အရာအားလုံး တိတ်ဆိတ်သွားခဲ့ပြီး အကုန်လုံး စတင် စိုးရိမ်ပူပန်လာခဲ့ကြသည်။
ကွေ့ဇူက ယဲ့ယဲ့လေးပြုံးလျက် မီတာတစ်ထောင် အကွာတွင် ရှိနေသော ရန်ကိုင်အား လှမ်းကြည့်လိုက်သည်။
အကုန်လုံး ရင်တမမ ဖြစ်နေကြရာ သူတို့၏ နှလုံးခုန်သံများကိုပင် အတိုင်းသာ ကြားနေခဲ့ကြရသည်။
“ကောင်လေး၊ မင်းဘာတွေ ကြောက်နေတာလဲ” ကွေ့ဇူက မေးလိုက်သည်။
ရန်ကိုင်ပါးစပ် မဲ့ရွဲ့သွားခဲ့ပြီး ခပ်ပြတ်ပြတ်ပဲ ပြန်ပြောလေသည် “စီနီယာ၊ ကိုယ့်စကားကို တန်ဖိုးထားလိမ့်မယ်လို့ ဂျူနီယာ မျှော်လင့်ပါတယ်”
“ငါက ဒီလောက်တောင် မယုံရတာလား” ကွေ့ဇူက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “အဲ့လိုပြောလိုက်တဲ့ အတွက်နဲ့တင် မင်းကို ဆယ်ကြိမ်မက သေခိုင်းလို့ရနေပြီ။ လေဟာနယ် ဆုတ်ဖြဲပြီး ထွက်ပြေးလို့ ငါ့လက်ကနေ လွတ်မယ်မထင်နဲ့။ မင်းက အရမ်းအားနည်းလွန်းတယ်။ ငါလက်ကနေ ဘယ်လိုမှ လွတ်နိုင်မှာ မဟုတ်ဘူး။ ငါမင်းကို အသာလေး တားလို့ရတယ်”
“စီနီယာမှာ အဲ့လိုခွန်အားမျိုး ရှိတယ်ဆိုတာကို ဂျူနီယာသိတယ်။ ဒါပေမယ့် ဒီဂျူနီယာကလည်း သေမှာကို ထိုမစောင့်နိုင်ဘူးလေ” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြန်ပြောသည်။
“စီနီယာကွေ့ဇူ၊ ရန်ကိုင်က သူကတိပေးထားတဲ့အတိုင်း လုပ်ပေးပြီးသွားပြီလေ။ ဘာလို့…” ရှန်တုက ရန်ကိုင်ဘက်မှ ကူပြောပေးချင်သော်လည်း သူထိုကဲ့သို့ ပြောလိုက်သည်နှင့် ကွေ့ဇူက သူ့အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။ ထိုအကြည့်ကြောင့် ရှန်တု မျက်နှာ တစ်ခုလုံး ရှုံ့မဲ့သွားခဲ့ပြီး ခေါင်းကိုကိုင်ကာ နာနာကျင်ကျင် အော်ဟစ်လေတော့သည်။
ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် ဖြူလျော်သွားရသည်။
“စီနီယာ…” ရွှယ့်ရှီကလည်း ပါစပ်ဟ၍ ဝင်ပြောရန် ပြင်လိုက်သည်။
သို့သော် ကွေ့ဇူက သူမအား တစ်ချက်သာ ကြည့်လိုက်သည်။ ရှန်တုနည်းတူ၊ သူမသည်လည်း ခေါင်းကိုကိုင်ကာ နာနာကျင်ကျင်ဖြင့် အော်ဟစ်ရလေသည်။
“ငါက ကွေ့ဇူပဲ။ ကိုယ့်စကားကို ဘယ်တော့မှန် တန်ဖိုးမထားတဲ့ လူတစ်ယောက်ပေါ့။ ငါ့ကို ယုံကြည်လိုက်တာက မင်းရဲ့ အကြီးမားဆုံးအမှားပဲ” ကွေ့ဇူက နှာခေါင်းရှုံ့လိုက်သည်။
သူ့ခန္ဓာကိုယ် ရုတ်တရက် ဝေဝါးသွားခဲ့သည်။ ရန်ကိုင်စိတ်ထဲ အချက်ပေးသံတို့ ဗလောင်ဆူမြည်ဟည်းသွားခဲ့သည်။ သို့သော် လေဟာနယ်ကို မဆုတ်ဖြဲနိုင်သေးခင်မှာပင် မှုန်ထိုင်းထိုင်း အရှိန်အဝါတစ်ခုသည် သူ့အား ဖိချလာခဲ့သည်။
ကွေ့ဇူက လှောင်ပြုံးပြုံးလျက် ရန်ကိုင်ရှေ့တွင် ပေါ်လာခဲ့သည်။
“တကယ်တော့ အဲ့ကနေ ထွက်လာတာနဲ့ မင်းကို သတ်ဖို့ စဉ်းစာထားတာ။ ဘာလို့လဲလို့မေးရင် မင်းဘက်က ဘယ်တော့မှ မရိုးသားခဲ့လို့ပဲ” ကွေ့ဇူက လှောင်ပြောင်စကားဆိုလိုက်သည် “မင်းဘာတွေ ကြံနေလဲ ငါမသိဘူး မှတ်နေလား။ ငါ့ခွန်အားက မင်းအပေါ် လုံးဝ လွှမ်းမိုးထားနိုင်လို့သာ မင်းငါနဲ့ အတူတူ ပူးပေါင်းလုပ်တာမလား။ အခြားသူတော်စင်ဘုရင်၊ ဒါမှမဟုတ် တန်ခိုးရှင်အဆင့် တစ်ယောက်သာ ဆိုရင်တော့ မင်းရဲ့ လှည့်ကွက်ထဲ မိသွားမှာ အသေအချာပဲ”
ရန်ကိုင်သည် ဘာမှပြန်မပြောခဲ့ချေ။ အကြောင်းမှာ ကွေ့ဇူ ပြောသည်မှာ အမှန်ဖြစ်နေသောကြောင့်ပင်။
ထိုလူအိုကြီး၏ ခွန်အားသည် သူ့ထက် အများကြီး ပိုမို မြင့်မားသည့်အတွက်ကြောင့်သာ ရန်ကိုင် သူ့အား အကွက်မချရဲခဲ့ခြင်း ဖြစ်သည်။
“ခုနလေးတုန်းက အပြင်ရောက်တာနဲ့ မင်းတို့ အားလုံးကို သတ်ပစ်ဖို့ တွေးထားသေးတယ်” ကွေ့ဇူ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီဂ “ဒါပေမယ့် အခုတော့ ငါစိတ်ပြောင်းသွားပြီ။ မင်းက ကိုယ့်အသက်ကို ပဓာနမထားဘဲ ငါတို့ကို လာကယ်ပေးခဲ့တယ်။ မင်းငါ့ကို ကယ်ချင်တာ မဟုတ်မှန်း ငါသိပေမယ့် ငါသာ မင်းကို သတ်လိုက်မယ်ဆိုရင် အရမ်းကို ကျေးဇူးမသိတတ်ရာ ရောက်သွားလိမ့်မယ်။ ဒီသတင်းသာ ပြန့်သွားရင် ငါလည်း လှောင်ရယ်စရာ ဖြစ်သွားရလိမ့်မယ်”
“အခြားသူအပေါ် အကြွေးတင်နေရာမျိုး ငါမကြိုက်ဘူး။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်ပေါ့။ မင်း ငါ့အသက်ကို ကယ်ခဲ့အတွက် ငါမင်းအသက်ကို ချမ်းသာပေးလိုက်မယ်”
ရန်ကိုင် မျက်လုံးများ တဖျတ်ဖျတ် လက်သွားပြီး ကွေ့ဇူအား သင်္ကာမကင်း အမူအရာဖြင့် ကြည့်လိုက်သည်။
“အံ့အားသင့်သွားတာလား။ ငါကို လုံးဝ လူစိတ်မရှိတဲ့လူလို့ ထင်နေတာလား”
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ခေါင်းခါ၍ “မထင်ပါဘူး စီနီယာရယ်။ စီနီယာက နှစ်(၂၀၀၀)ကြာသွားတောင် အမုန်းတရားကို မမေ့နိုင်ကတည်းက စီနီယာမှ လူစိတ်မရှိတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ လွန်ခဲ့တဲ့ နှစ်(၂၀၀၀)တုန်းက စီနီယာက လူကောင်း ဖြစ်ရင်လည်း ဖြစ်နိုင်တာပဲလေ”
“ဟား ဟား ဟား” ကွေ့ဇူက ဝါးလုံးကွဲ အော်ရယ်လိုက်သည် “လူကောင်းလား။ အမှန်ပဲ။ အဲ့တုန်းက ငါက တကယ့်ကို လူကောင်းတစ်ယောက်ပဲ။ ဒါပေမယ့် နှစ်(၂၀၀၀)ဆိုတဲ့ အမုန်းတရားက လူတစ်ယောက်ရဲ့ စရိုက်ကို ပြောင်းလဲသွားစေနိုင်တယ်လေ”
“ကောင်လေး၊ ငါ့နောက် လိုက်ချင်လား” ကွေ့ဇူက ရုတ်တရက် လေသံနှိမ့်၍ ရန်ကိုင်အား အလေးအနက် စိုက်ကြည့်လျက် မေးလိုက်သည် “မင်းပါရမီကို ငါတန်ဖိုးထားတယ်။ ငါ့နောက်သာ လိုက်မယ်ဆိုရင် ဒီကြယ်စီရင်စုကြီး တစ်ခုလုး ဘယ်သူမှ မင်းကို ရန်စရမှာ မဟုတ်ဘူး။ အချိန်တိုအတွင်း မင်းကို တန်ခိုးရှင်ဘုရင် အဆင့်တစ်ယောက် ဖြစ်လာအောင် ငါကူညီပေးလို့ရတယ်။ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် တန်ခိုးရှင်ဘုရင်အဆင့် ဖြစ်လာဖို့ နှစ်တစ်ရာတောင် ကြာမှာမဟုတ်ဘူး”
ရန်ကိုင်က ဒုတိယအကြိမ်ပင် မစဉ်းစားဘဲ ချက်ချင်းပဲ ခေါင်းခါလိုက်သည် “စီနီယာရဲ့ ကမ်းလှမ်းချက်က တကယ့်ကို မက်လောက်စရာပဲ။ ဒါပေမယ့် အဲ့လိုဘဝမျိုးမှာ ဒီဂျူနီယာ မနေချင်ဘူး”
“ငါ့ကို ငြင်းလိုက်တာလား” ကွေ့ဖူက ရန်ကိုင်အား အံ့ဩတကြီး စိုက်ကြည့်၍ “ငါကမ်းလှမ်းတာကို မင်းတကယ်ကြီး ငြင်းရဲတယ်ပေါ့။ မင်းငါ့ကို အထင်သေးနေတာလား”
ကွေ့ဇူ ဒေါသထွက်သွားသည့်ပုံပင်။ ရန်ကိုင်၏ အဖြေနှင့် ပက်သက်၍ သူအတော်လေးကို မကျေမနပ် ဖြစ်နေမိသည်။
ရန်ကိုင်က ပြုံးသာ ပြုံး၍ ပြန်ပြောလိုက်သည် “စီနီယာ နောက်နေတာပဲ။ တန်းခိုးရှင်ဘုရင်အဆင့် ဆိုတာ ကြယ်သခင် တစ်ယောက်နဲ့ အတူတူပဲဟာကို။ စီနီယာ လက်အောက်မှာ မခိုဝင်ချင်တဲ့လူ ရှိမှာမဟုတ်ဘူးလို့ ဂျူနီယာယုံတယ်။ စီနီယာ ဘယ်လောက်အားကောင်းမှန်းကို ဒီဂျူနီယာသိတယ်။ စီနီယာကို ကျုပ်အထင်သေးတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
“ဒါဆို ဘာလို့ ငါ့ကမ်းလှမ်းချက်ကို ငြင်းတာလဲ”
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီးနောက် ပြန်၍ ပြောသည် “ဂျူနီယာက လေဒဏ်မိုးဒဏ် မခံရတဲ့ ဖန်လှောင်အိမ်ထဲက ပန်းတွေလိုမျိုး မကြီးထွားချင်ဘူး။ စီနီယာပြောတာကို ကျုပ်ယုံတယ်။ စီနီယာရဲ့ အကူအညီနဲ့ဆို နှစ်တစ်ရာအတွင်း တန်ခိုးရှင်ဘုရင်အဆင့်ကို ကျုပ်ရောက်လိမ့်မယ်။ ဒါပေမယ့်… အဲ့လိုဘဝမျိုးနဲ့ဆိုရင် တန်းခိုးရှင်ဘုရင်အဆင့်က ကျုပ်ရဲ့ အကန့်အသတ် ဖြစ်သွဦးလိမ့်မယ်။ ကျုပ်က ပိုမြင့်တဲ့ အဆင်တွေကို ရောက်ချင်တာ။ စီနီယာလို့ အဆင့်မျိုပေါ့… အဲ့လိုဖြစ်နိုင်ဖို့ဆိုရင် ကျုပ်ကိုယ်ကျုပ် အန္တရာယ်တောထဲမှာ ပျော်မွေ့ခိုင်းမှရမှာ”
ကွေ့ဇူ မှုတ်ကုတ်နေသော မျက်နှာထက် ချီးကျူးလိုသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး “မင်းပြောတာ အမှန်ပဲ။ ငါမင်းကို တွန်းအားမပေးတော့ဘူး။ စိတ်ပြောင်းသွားတယ် ဆိုရင် အချိန်မရွေး ငါ့ကို လာရှာလို့ရတယ်။ မကြာခင် ငါ့နာမည်က ဒီကြယ်စီရင်စုကြီး တစ်ခုလုံးမှာ ပျံ့လာတော့မှာ။ အဲ့အချိန်ကျ ငါ့ကိုရှာဖို့ ဒီလောက် ခက်ခဲတော့မှာ မဟုတ်ဘူး”
“ဂျူနီယာလည်း စီနီယာ အောင်အောင်မြင်မြင် လက်စားချေနိုင်ပြီး နှစ်(၂၀၀၀)ကြာ အငြိုးတွေကို ချေဖျက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်” ရန်ကိုင်က လက်သီးဆုပ်၍ ပြောလိုက်၏။
ထိုစကားလုံးများ ကွေ့ဇူရင်၏ ရင်ကို ထိသွားသည့်အလား သူ့မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့သည်။ ခဏအကြာ၌ ခေါင်းညိတ်၍ “မင်းက စကားပြောကောင်းတဲ့ ကောင်ပဲကွ။ ရော့၊ ဒါကို ယူထားလိုက်။ ဘာပဲဖြစ်ဖြစ် ဒါက ငါ့အတွက် အသုံးဝင်တာမဟုတ်ဘူး။ ငါ့အသက်ကို ကယ်ခဲ့တဲ့ လက်ဆောင်လို့ သဘောထားပြီးတော့ပဲ ယူထားလိုက်”
ပြောပြီးသည်နှင့် ကွေ့ဇူသည် ရန်ကိုင်ဆီ အနက်ရောင် ပစ္စည်းတစ်ခုကို လှမ်းပစ်ပေးလိုက်သည်။
ရန်ကိုင်လည်း ထိုအရာကို ဖမ်းယူစစ်ဆေးကြည့်လိုက်ပြီးနောက် ထိုတံဆိပ်ပြားထက် စကားလုံးတစ်လုံးကို မြင်လိုက်ရသည် “ဧကရာဇ်”
စကားလုံးတစ်လုံးသာ ဖြစ်သော်ငြား ထို ‘ဧကရာဇ်’ ဆိုသော စကားလုံးဆီမှ ဖိနှိပ်နိုင်စွမ်းအချို့ကို ခံစားမိနေခဲ့သည်။
“ကြယ်ဂိုဏ်းအမိန့်ပြားလား” ရန်ကိုင်က အလန့်တကြား ဆိုလိုက်သည်။
ဤတံဆိပ်ပြားကို ရွှယ့်ရှီ၏ သိုလှောင်လက်စွပ်ထဲမှ ကွေ့ဇူ ရခဲ့မှန်း ရန်ကိုင် သတိရလိုက်သည်။ ထိုတံဆိပ်ပြား ထွက်ပေါ်လာသည့်အချိန်တွင် ရွှယ့်ရှီနှင့် လျူကွေ့ချန်တို့၏ မျက်နှာထက် လိုချင်တပ်မက်သည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
ဤကြယ်ဂိုဏ်းအမိန့်ပြားသည် လူတိုင်း လိုချင်တပ်မက်သည့် ထူးခြားသော ရတနာတစ်မျိုးဖြစ်သည်။
“စီနီယာ၊ ဒါက…”
“အဲ့ဒါဘာလဲ မင်းမသိဘူးလား” ကွေ့ဇူက မေးလိုက်သည်။
ရန်ကိုင် ခေါင်းခါလိုက်သည်။
“ဟုတ်လည်း ဟုတ်တာပဲလေ။ မင်းက အဆင့်နိမ့်ကမ္ဘာက လာတာကိုး။ ကြယ်ဂိုဏ်းအမိန့်ပြားကို ကြယ်ဧကရာဇ် တ့ဆိပ်ပြားလို့လည်း ခေါ်တယ်။ ကြယ်တာရာကောင်းကင် မဟာဧကရာဇ်ရဲ့ တံဆိပ်ပြားပေါ့”
“ကြယ်တာရာကောင်းကင် မဟာဧကရာဇ်လား” ရန်ကိုင်က နားမလည်သည့် အမူအရာဖြင့် ပြန်မေးလိုက်သည်။
“သူက ဒဏ္ဏာရီလာ ပုဂ္ဂိုလ်ကြီးတစ်ဦးပဲ။ အရင်တုန်းကဆို ဒီကြယ်စီရင်စုကြီးတစ်ခုလုံးက သူ့လက်အောက်မှာ ရှိခဲ့တာ။ သူ့ကျင့်ကြံခြင်းက အရမ်း မြင့်လွန်းတယ်။ ငါ့ထက်တောင် အများကြီး ပိုမြင့်သေးတယ်။ ကြယ်စီရင်စုကြီးကို သူအုပ်စိုးတုန်းက ကြယ်ဧကရာဇ်တံဆိပ်ပြားတွေကို ထုတ်လုပ်ခဲ့တယ်။ အဲ့တံဆိပ်ပြား တစ်ခုချင်းစီထဲတိုင်းမှာ သူ့ရဲ့ နတ်ဘုရားစွမ်းရည် တစ်ခုစီကို ထည့်ပေးထားတယ်။ ကြယ်တစ်လုံးကိုတောင် ဖျက်စီးပစ်နိုင်တဲ့ စွမ်းအားမျိုးပေါ့”
ထိုစကားကို ကြားလိုက်ရသည့်အခိုက် ရန်ကိုင်၏ မျက်နှာ ဖြူလျော်သွားခဲ့ပြီး မျက်လုံးပြူးသွားခဲ့သည်။ လျူကွေ့ချန်နှင့် ရွှယ့်ရှီတို့ ဤတံဆိပ်ပြားအား ဘာကြောင့် အသည်းအသန် လိုချင်နေမှန်း ယခုမှသာ သူနားလည်သွားတော့သည်။ သူလည်း ကြယ်ဧကရာဇ် တံဆိပ်ပြား မည်မျှ အဖိုးတန်ကြောင်းကို သိသွားခဲ့လေပြီ။