အခန်း (၁၀၃၆-၁၀၄၀)
Vol. 42 Ch. 1036-1040
အပိုင်း(၁၀၃၆) အစီအစဉ်ဆွဲခြင်း
ရန်ကိုင်တို့သည် ဒုတိယထပ်တွင် ရပ်မနေဘဲ တတိယ အထပ်သို့ပါ ဆက်တက်သွားကြသည်။ တတိယအထပ်သို့ ရောက်သည့်အခါ ဆိုင်ဝန်ထမ်းက ရပ်လိုက်ပြီး ပြုံး၍ “လျှောက်ကြည့်လို့ရပြီ။ လိုချင်တာရှိရင် ကျုပ်ကို လှမ်းပြောလိုက်နော်”
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး တတိယထပ်တွင် ခင်းကျင်း ပြသထားသော ပစ္စည်းများကို လျှောက်ကြည့်တော့သည်။
ဤနေရာတွင် ကြယ်လွန်းပျံ အမျိုးမျိုးအစားစား ရှိကြသည်။ တတိယထပ်တွင် ရှိနေသော ကျင့်ကြံသူများမှာ ဒုတိယထပ်တွင် ရှိနေသော ကျင့်ကြံသူများထက် ပိုအားကောင်းကြသည်။ ဤနေရာတွင် ရှိနေသော ကျင့်ကြံသူများမှာ သူတော်စင်နှင့် သူတော်စင်ဘုရင်အဆင့်များ ဖြစ်ကြပေသည်။
သို့သော်လည်း သူတို့ မည်သူပင် ဖြစ်နေပါစေ ဤနေရာတွင် ချမှတ်ထားသော စည်းကမ်းများကို လိုက်နာရသည်။
မည်သူမှ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ ဆိုင်များထဲ ပြဿနာမရှာရဲကြချေ။ အထူးသဖြင့် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ပင်မကြယ်တွင်ပင်။ ဤနေရာရှိ ဆိုင်များသည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ အုတ်မြစ်များ ဖြစ်လေရာ အခြားသူများ သူတို့ဆိုင်များအား ပြဿနာ လာရှာသည်ကို မည်သို့ ငြိမ်ခံရမည်နည်း။
ရန်ကိုင်သည် လမ်းလျှောက်ရင်း သူတော်စင်ဘုရင်အဆင့် ကြယ်လွန်းပျံများကို လိုက်ပတ်ကြည့်နေခဲ့သည်။ စိတ်ဝင်စားသည့် ကြယ်လွန်းပျံကိုတွေ့တိုင်း ထိုအရာကို အနီးကပ် စစ်ဆေးကြည့်နိုင်ရန် ဆိုင်ဝန်းထမ်းအား ထိုကြယ်လွန်းပျံကို အောက်သို့ ချပြခိုင်းသည်။
ရွှယ့်ထုန်သည် ရန်ကိုင်၏ လိုက်နေခဲ့သည်။ အချိန်အတော် ကြာသွားသည့်တိုင် ရန်ကိုင်သည် သူစိတ်ကျေနပ်လောက်မည့် ကြယ်လွန်းပျံတစ်စင်းအား မတွေ့သေးသည်ကိုမြင်သော် ရွှယ့်ထုန်က ပြောလိုက်သည် “စောင့်နိုင်တယ်ဆိုရင်တော့ ဒီက မှော်ရတနာသန့်စင်တဲ့ ဆရာတွေကို သန့်စင်ခိုင်းလို့ရတယ်”
“ဘယ်လောက်ကြာနိုင်လဲ” ရန်ကိုင်က ပြန်လှည့်မေးသည်။
“သခင်လေးရှန်တုရဲ့ မိတ်ဆွေဆိုရင်တောင် အနည်းဆုံး တစ်လ၊ နှစ်လလောက်တော့ စောင့်ရလိမ့်မယ်”
ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး ခေါင်းခါ၍ ပြန်ပြောသည် “ထားလိုက်တော့။ အဲ့လောက်အထိ အလုပ်ရှုပ်ခံနေစရာ မလိုဘူး။ ဘာပဲဖြစ်ဖြစ် ကျုပ်စွမ်းအား မြင့်လာတဲ့အခါကျ အခြားတစ်ခုနဲ့ အစားထိုရမှာပဲ။ အဆင့်သင့်လုပ်ထားတာ တစ်ခုပဲ ဝယ်လိုက်မယ်”
ပြောပြီးသည်နှင့် သူ့အကြည့်သည် ချောမွတ်တောက်ပြောင် ပင်လယ်မြွေကြီးနှင့်တူသော ကြယ်လွန်းပျံတစ်စင်းပေါ်သို့ ရောက်သွားခဲ့ပြီး ဆိုင်ဝန်ထမ်းအား ပြောလိုက်သည် “အဲ့တစ်ခု ပြပေးပါလား”
ဆိုင်ဝန်ထမ်းလည်း ခပ်မြန်မြန်ပဲ ပြပေးလိုက်သည်။
ကြယ်လွန်းပျံကိုကိုင်၍ သူတော်စင်ချီကို လှည့်ပတ်ကြည့်လိုက် ပြီးသည်နောက် သူ့မျက်လုံးများ ဝင်းလက်သွားရသည်။
သူ့သူတော်စင်ချီကို ဤကြယ်လွန်းပျံထဲ စီးဆင်းစေလိုက်သည့် အခါ သူစမ်းခဲ့ဖူးသော ကြယ်လွန်းပျံများထက် ပို၍ ချောချောမွတ်မွတ် စီးဆင်းသွားသည်ကို တွေ့လိုက်ရသည်။
ကြယ်လွန်းပျံများကို ပြုလုပ်ရာတွင် အမျိုးမျိုးသောကုန်ကြမ်းနှင့် စိတ်ဝိဥာဉ်အစီအရင်များကို အသုံးပြုကြသည့်အတွက် ကြယ်လွန်းပျံ တစ်စင်းနှင့်တစ်စင်းကြား ကွာခြားမှုများ ရှိကြသည်။ ထို့ကြောင့် ကြယ်လွန်းပျံတစ်စင်းသည် ကျင့်ကြံသူ တစ်ယောက်နှင့် ကိုက်ညီ၊မညီ ဆိုသည်ကို သိနိုင်ရန် ထိုကြယ်လွန်းပျံထဲသို့ မိမိ၏ ချီစွမ်းအင်းကို စီးဆင်းစေခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်သည်။ မိမိ ပို့လွှတ်လိုက်သည့် ချီစွမ်းအင်သည် ချောချောမွတ်မွတ် စီးဆင်းသွားလျှင် ထိုကြယ်လွန်းပျံသည် မိမိနှင့် ကိုက်ညီသည်ဟု ဆိုလိုသည်။
ရန်ကိုင် လက်ရှိကိုင်တွယ်ထား ကြယ်လွန်ပျံသည် လောလောလတ်လတ်တွင် သူနှင့် အကိုက်ညီဆုံး ကြယ်လွန်းပျံ ဖြစ်သည်။
ဆက်ရှာရန် စိတ်မဝင်စားတော့သဖြင့် ရန်ကိုင်လည်း ဤမျှနှင့်သာ ရပ်လိုက်တော့သည် “ဒီတစ်ခုမဆိုးဘူး။ ဒါဘယ်လောက်လဲ”
ထိုစကားကို ကြားသည့်အခါ ဆိုင်ဝန်ထမ်းက ရွှယ့်ထုန်ဆီ လှမ်းကြည့်လိုက်သည်။
ထိုအခါ ရွှယ့်ထုန်က “ပုံမှန်ဈေးအတိုင်းပဲ ပြောလိုက်သည်”
“ဟုတ်ကဲ့” ဆိုင်ဝန်ထမ်းက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည် “သူတော်စင်ဘုရင်အဆင့် ကြယ်လွန်းပျံတွေက ပုံမှန်အားဖြင့် အထွဋ်အထိပ်အဆင့် သူတော်စင်သလင်းကျောက် (၁၀၀၀၀)လောက် ကုန်တာများတယ်။ ဒါပေမယ့် ဈေးနှုန်းက ကြယ်လွန်းပျံတွေပေါ် မူတည်ပြီး ကွဲသွားသေးတယ်။ ဒီက ဧည့်သည်ကိုင်ထားတဲ့ ကြယ်လွန်းပျံက တတိယထပ်မှာ အကောင်းဆုံး ကြယ်လွန်းပျံဖြစ်လို့ သူ့ဈေးက အထွဋ်အထိပ် အဆင့် သူတော်စင်သလင်းကျောက် (၁၂၀၀၀)ရှိပါတယ်”
“တစ်သောင်းနှစ်ထောင်လား…” ရန်ကိုင် မျက်မှောင်ကြုတ်သွား၏။ သူတော်စင်သလင်းကျောက်များ၏ တန်ဖိုးအကြောင်း သူသိပ်မသိသေးချေ။ အထွဋ်အထိပ် သူတော်စင် သလင်းကျောက် တစ်သောင်းနှစ်ထောင်သည် များလား၊ နည်းလား ဆိုသည်ကိုမသိသဖြင့် ရွှယ့်ထုန်ဆီ အကူအညီ လှမ်းတောင်းလိုက်ရသည်။
ရွှယ့်ထုန်က ပြုံး၍ ဆိုင်ဝန်ထမ်းအား ပြောလိုက်သည် “သခင်လေးရှန်တုရဲ့ စာရင်းထဲကိုထည့်လိုက်။ နောက်မှ ပေးမယ်”
“ဟုတ်ကဲ့ပါ”
“မလိုဘူး။ ကျုပ်မှာ သူတော်စင်သလင်းကျောက်တွေရှိတယ်။ ကျုပ်ဘာသာပေးမယ်” ရန်ကိုင်က ပြောလိုက်သည်။
ရန်ကိုင်သည် လွင့်မျောတိုက်ကြီးတွင် ရှိနေစဉ်က ခရမ်းကြယ်နှင့် ဓါးအဖွဲ့အစည်းမှ ရရှိခဲ့သော သူတော်စင်သလင်းကျောက်များ ရှိနေပေသည်။ ထိုပမဏည် ဤကြယ်လွန်းပျံကို ဝယ်ရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။ သူ့တွင် သူတော်စင် သလင်းကျောက် အလုံအလောက် ရှိသည်ဖြစ်ရာ ဘာကြောင့် ရှန်တုကို ပေးခိုင်ရမည်နည်း။
ဆိုင်ဝန်ထမ်းသည် ရွှယ့်ထုန်ဆီ ထပ်ကြည့်သည်။ ရွှယ့်ထုန်၏ မျက်လုံးများ မဆိုသလောက်ကလေး လက်သွားခဲ့သော်လည်း ဘာမှမပြောဘဲ ခေါင်းသာ ညိတ်လိုက်သည်။
ထိုအခါ ဆိုင်ဝန်ထမ်းကပြုံး၍ “ကျေးဇူးပြုပြီး ကျုပ်နဲ့ လိုက်ခဲ့ပေးပါ”
ဤသို့ဖြင့် ရန်ကိုင်တို့သည် ပထမအဆင့်သို့ ပြန်ဆင်သွားကြ၏။ အောက်ဆုံးထပ်သို့ ရောက်သည့်အခါ နတ်ဆိုးစာအုပ်မှ သူတော်စင် သလင်းကျောက်များကို ထုတ်ယူပြီး ကျသင့်ငွေကို ရှင်းလိုက်သည်။ ထို့နောက် ရွှယ့်ထုန်နှင့်အတူ ဆိုင်ထဲမှ ပြန်ထွက်လာလိုက်သည်။
ကြယ်လွန်းပျံကို ဝယ်ပြီးသည့်နောက် သတ္တုရိုင်းများ ဝယ်ရန်အတွက် အခြားဆိုင်များဆီ သွားခဲ့ကြသည်။
ရေလကြယ်လွန်တွင် သူတော်စင်သလင်းကျောက် အလုံအလောက်သာ ရှိသရွေ့ လိုချင်သမျှကို ဝယ်နိုင်သည်။ ကြယ်သင်္ဘောများကိုပင် ဝယ်နိုင်သည်။
ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းမှ ဆောက်လုပ်သည့် ကြယ်သင်္ဘောများသည် ဤကြယ်စီရင်စုကြီးတစ်ခုလုံးတွင် အမြန်ဆုံးနှင့် အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် အင်အားစုများစွာသည် ရေလကြယ်မှ ကြယ်သင်္ဘောများကို မှာယူဝယ်ယူကြသည်။
ရန်ကိုင်ကမူ ကြယ်သင်္ဘောတစ်စင်းဝယ်ရန် လုံးဝ မစဉ်းစားသေး။ သူ့ပိုင်ဆိုင်မှုသည် ကြယ်သင်္ဘောတစ်စင်းကို ဝယ်ရန် မလုံလောက်သေးချေ။
သူတော်စင်သလင်းကျောက်များ၏ တန်ဖိုးကို သေချာ မသိသေးဖြင့် မည်မျှသောတန်ဖိုးသည် ဈေးပေါသော မည်မျှသော တန်ဖိုးသည် ဈေးများသလဲ ဆိုသည်ကို သူမသိ။ ထို့ကြောင့် သတ္တုရိုင်းများဝယ်ရန် ရွှယ့်ထုန်ကိုသာ အကူခေါ်ရသည်။ သူဝယ်ခဲ့သော သတ္တုရိုင်းများသည် သူတော်စင်ဘုရင်အဆင့် သတ္တုရိုင်များဖြစ်ကြပြီး ရန်ကိုင်သည် သူစုဆောင်းထားသမျှ သူတော်စင်သလင်းကျောက်များ ရာဂဏန်းလောက်သာ ကျန်တော့သည်အထိ ဝယ်ယူနေခဲ့ကြသည်။
နတ်ဆိုးစာအုပ်၏ အနက်ရောင်ကျောက်တုံးနှစ်တုံးဘေးတွင် တန်နှင့်ချီသော သတ္တုရိုင်းများ ရှိနေခဲ့သည်။
ရန်ကိုင်သည် သူဝယ်သမျှကို သူ့ဘာသာ ရှင်းသွားသဖြင့် ရွှယ့်ထုန်သည် ရန်ကိုင်အပေါ် အတော်လေး အမြင်ကြည်နေ၏။ ရန်ကိုင်သည် ရှန်တု၏ မိတ်ဆွေဖြစ်သည်ဟူသော သူ၏ အဆင့်အတန်းအပေါ် အမြတ်ထုတ်နေခြင်း မရှိဟု ရွှယ့်ထုန် တွေးနေသည့်ပုံပင်။
ဝယ်စရာရှိသည်များကို ဝယ်ယူပြီးနောက် ရွှယ့်ထုန်သည် ရန်ကိုင်အား မြို့ထဲရှိ အကောင်းဆုံး စားသောက်ဆိုင်သို့ ခေါ်သွားခဲ့သည်။
နောက်တစ်နေ့ သူတို့နှစ်ယောက် ထိုမြို့မှ ပြန်ထွက်လာခဲ့သည်။
ရွှယ့်ထုန်၏ ကြယ်လွန်းပျံသည် အတော်လေး အဆင့်မြင့်လှသည်။ နှစ်နာရီလောက်ကြာပြီးနောက် သူတို့နှစ်ယောက် ရှန်တု၏ နန်းတော်ဆီသို့ ပြန်ရောက်လာခဲ့သည်။ ရွှယ့်ထုန်လည်း သူ့တာဝန် ပြီးသွားပြီဖြစ်သဖြင့် ပြန်ထွက်သွားလေသည်။
ရန်ကိုင်လည်း နန်းတော်ထဲသို့ လျှောက်ဝင်သွားလိုက်သည်။ နန်းတော်ထဲ ဝင်သွားပြီး မကြာမီမှာဘဲ ကျလုံနှင့် သွားတွေ့၏ “ညီငယ်လေး လိုချင်တာတွေ ဝယ်လို့ရခဲ့လား”
“အင်း” ရေလကြယ်တွေကဆိုင်တွေမှာ လိုချင်တာတွေ ရှိနေတော့ တော်တော်လေး အဆင်ပြေသွားတယ်”
ကျလုံက ရယ်မောလိုက်ပြီး “ရေလကြယ်မှာသာ ကိုယ်လိုချင်တာကို မရနိုင်ဘူးဆိုရင်တော့ ဒီကြယ်စီရင်စုကြီးထဲက အခြား ဘယ်နေရာမှာမှ ဝယ်လို့ရတော့မှာ မဟုတ်ဘူး”
“ရှန်တု ပြန်မလာသေးဘူးလား” ရန်ကိုင်က မေးလိုက်သည်။
“ဟင်းအင်း၊ ပြန်မလာသေးဘူး” ကျလုံက ခေါင်းခါ၍ “ညီငယ်လေး စိုးရိမ်နေစရာ မလိုပါဘူး။ ခေါင်းဆောင်က နည်းနည်း စည်းကမ်း တင်းကြပ်တယ် ဆိုပေမယ့် သခင်လေးရှန်တုအပေါ်တော့ တော်တော်လေး ကောင်းတယ်။ အခုတစ်ကြိမ် ခေါ်တယ် ဆိုတာကလည်း နည်းနည်း ဆူပူရုံလောက်ပဲ။ ညီငယ်လေး ဒီမှာ စိတ်ရှိလက်ရှိ အေးအေးဆေးဆေး နေပါလို့ သခင်လေးက သူမသွားခင် ကျုပ်ကို ပြောခိုင်းလိုက်တယ်။ ညီငယ်လေး တောင်းဆိုချင်တာရှိရင် တုန့်ဆိုင်းမနေနဲ့နော်”
“ကျုပ်သိတယ်။ အခုလောလောဆယ် ခဏလောက် တံခါးပိတ် ကျင့်စဉ်ဝင်ဦးမှာမို့လို့ ကျုပ်ကို ဘယ်သူမှ လာမနှောင့်ယှတ် စေချင်ဘူး။ ကျုပ်ထွက်လာရင် ပြောလိုက်မယ်”
“ကောင်းပါပြီ” ကျလုံက ခေါင်းညိတ်လိုက်သည်။
ရန်ကိုင်သည် သူနေထိုင်ရာ အခန်းဆီ ပြန်သွားလိုက်ပြီး အထွဋ်အထိပ်အဆင့် သူတော်စင်သလင်းကျောက် (၁၂၀၀၀)ဖြင့် ဝယ်ယူလာခဲ့သည့် ကြယ်လွန်းပျံကို ထုတ်လိုက်သည်။ ထို့နောက် ထိုအရာကို သူ့လက်ထဲကိုင်လျက် သူတော်စင်ချီ၊ စိတ်စွမ်းအင်ဖြင့် စတင်သန့်စင်တော့လေသည်။
မှော်ရတနာတစ်ခုကို အသုံးပြုနိုင်ရန်အတွက် ကျင့်ကြံသူ တစ်ယောက်သည် ထိုမှော်ရတနာကို သူတို့၏ ကိုယ်ပိုင် စွမ်းအင်ဖြင့် အရင်ဆုံး သန့်စင်ရန် လိုအပ်သည်။
ထုန်းရွှမ်လောကကြီးတွင် ရှိစဉ်က သူလက်ရှိ သုံးနေသော ကြယ်လွန်းပျံကို သန်စင်ရန် လနှင့်ချီကြာမြင့်ခဲ့သည်။ သို့သော် ထိုစဉ်က သူ့ခွန်အားသည် ကြယ်လွန်းပျံနှင့် ယှဉ်လျှင် အတော်လေး နိမ့်ကျနေခဲ့သည်။ ထို့ကြောင့် ထိုမျှ ကြာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း အတိတ်နှင့် ပစ္စုပ္ပန်သည် မတူတော့ချေ။ လက်ရှိတွင် သူ့ကျင့်ကြံခြင်းသည် သူတော်စင်ဒုတိယအဆင့်သို့ ရောက်နေပြီဖြစ်သဖြင့် ကြယ်လွန်းပျံကို သန့်စင်ခြင်းသည် ယခင်အကြိမ်ထက် ပို၍ လွယ်ကူအဆင်ပြေပေလိမ့်မည်။
သူ၏ သူတော်စင်ချီကို စတင် ထုတ်လွှတ်လိုက်သည်နှင့် ကြယ်လွန်းပျံကို နတ်ဆိုးမီးတောက်တို့ လွှမ်းခြုံသွားခဲ့သည်။ ထိုနတ်ဆိုးမီးတောက်သည် ပူလည်းပူသလို အေးလည်း အေးသည်။
ချက်ချင်းဆိုသလို ကြယ်လွန်းပျံနှင့် သူကြား သိမ်မွေ့သော အဆက်အသွယ်တစ်ခု ဖြစ်ပေါ်လာသည်ကို ရန်ကိုင် ခံစားမိလိုက်သည်။ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ ကြယ်လွန်းပျံ၏ အတွင်းပိုင်း ဖွဲ့စည်းကို လေ့လာလိုက်ပြီး သူ့စိတ်စွမ်းအင် အမှတ်အသားတစ်ခုကို ကြယ်လွန်းပျံပေါ် ချန်ထားနိုင်ရန် ကြိုးစားလိုက်သည်။
ရန်ကိုင်သည် အချိန်စီးဆင်းမှုကို မေ့လျော့သွားခဲ့ပြီး ကြယ်လွန်းပျံကို သန့်စင်ရင်းတွင်သာ စိတ်နစ်မြုပ်ထားခဲ့သည်။
ဖြစ်စဉ်တစ်ခုလုံးသည် ရန်ကိုင် မျှော်လင့်ထားသည်ထက် အဆင်ပြေချောမွေ့နေခဲ့သည်။ လိုအပ်သည့် အချိန်မှာလည်း အတော်လေးကိုမှ တိုးတောင်လှသည်။ ကြယ်လွန်းပျံကို သန့်စင်ပြီးနောက် ထိုအရာကို အသုံးပြုနိုင်ရန် တစ်လအောက် အားဖြည့်ရပေဦးမည်။
ထိုအချက်ကို နားလည်လိုက်သည်နှင့် ယခုကဲ့သို့ မြန်ဆန်ရသည့် အကြောင်းအရင်းမှာ သူ့ကျင့်ကြံခြင်း မြင့်မားလာသည့် အတွက်ကြောင့်မှန်း ရန်ကိုင် သိလိုက်သည်။
သို့သော် အခန်းထဲမှ မထွက်သေးဘဲ ကြယ်လွန်းပျံကို သူတော်စင်ချီဖြင့် အားဖြည့်ပေးရန်း အသိစိတ်ပင်လယ်ထဲသို့ အသိစိတ်ကို ပို့လွှတ်ကာ ကြယ်မြေပုံကို လေ့လာနေလိုက်သည်။
အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့ပြီး မကြာမီ တစ်လပြည့်သွားခဲ့သည်။
ရန်ကိုင်သည် ဤနေရာသို့ စရောက်ကတည်းက နန်းတော် ထဲတွင်သာ အနေများသည်။ ရွှယ့်ထုန်နှင့် ပစ္စည်းသွားဝယ်သည့် အကြိမ်မှလွ၍ သူ့အခန်းထဲတွင်သာ အချိန်ဖြုန်းနေခဲ့သည်။ မည်သည်နှင့်မှ စကားမပြောချေ။
အခန်းထဲတွင် ထိုင်နေစဉ် အပြင်သို့ထွက်ပြီး ရေလကြယ်၏ သဘာဝရှူခင်းများကို ကြည့်လိုစိတ်၊ မြင်လိုစိတ်တို့ စိတ်ထဲ ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် သူအသစ်ဝယ်လာသည့် ကြယ်လွန်းပျံ၏ အရည်အသွေးကိုလည်း စမ်းသပ်နိုင်သည်။
ကြယ်စီရင်စုကြီးအကြောင်း အတော်လေး နားလည်သွားပြီ ဖြစ်လေရာ အစီအရင်ကြိုဆွဲထားရပေတော့မည်။
လက်ရှိတွင် သူ့၌ သီးခြားပစ်မှတ်တစ်ခု မရှိသေးချေ။
ထိုကဲ့သို့ တွေဂလိုက်ပြီးနောက် ရန်ကိုင်သည် ထိုင်ရာမှထ၍ အခန်းထဲမှ ထွက်သွားလိုက်သည်။
ကျလုံကိုလိုက်ရှာပြီး ရှန်တု အကြောင်း မေးလိုက်သည်။ ရှန်တု ပြန်မလာသေးမှန်းသိသော် သူ့ဘာသာ အပြင်ထွက်ရန် အစီအစဉ် ဆွဲသည်။
ကျလုံသည် သူ့အား မတားခဲ့။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ တံဆိပ်ပြားကိုသာ ပေးခဲ့သည်။ ထိုတံဆိပ်ပြားနှင့် ဆိုပါက အထူးအခွင့်အရေးအချို့ ရနိုင်သလို ပြဿနာ အတော်များများကိုလည်း ရှောင်နိုင်ကြောင်း ပြောခဲ့သည်။
ရန်ကိုင်သည် ထိုတံဆိပ်ပြားကို နတ်ဆိုးစာအုပ်ထဲသို့ ထည့်၍ ကြယ်လွန်းပျံကိုစီးကာ နန်းတော်ထဲမှ ထွက်သွားခဲ့သည်။
သူ့စိတ်ထဲ မည်သည့်နေရာသို့ သွားမည်ဟူသော အတွေးမျိုး မရှိသေး။ စိတ်ပေါက်သည့် အရပ်ဆီသို့သာ ပျံသန်းသွားသည်။
သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် ကြယ်လွန်းပျံသည် ယခင်ကြယ်လွန်းပျံနှင့် တကယ်ကို ကွာပေသည်။ ယခင်ဟာနှင့် ယှဉ်လျှင် ယခုသူစီးနေသည့် ကြယ်လွန်းပျံသည် အဆပေါင်းများစွာ ပိုကောင်းပေသည်။ အမြန်နှုန်းအရ ဆိုလျှင်လည်း နှိုင်းစရာပင်မလိုအပ်။
ပျံသန်းနေရင်း ရေလကြယ်ကြီးကို ရန်ကိုင် လေ့လာနေခဲ့သည်။
ဤကြယ်သည် ထုန်းရွှမ်လောကကြီးနှင့် သိပ်မကွာချေ။ ဤနေရာတွင် ကွဲပြားခြားနားသော မျိုးနွယ်စုများစွာနှင့်အတူ တောင်များ၊ ကန်များ၊ တိုက်ကြီးများနှင့် ပင်လယ်များ ရှိနေသည်။
ကွာခြားချက်ကို ပြောပါဆိုလျှင် ကြယ်စီရင်စုကြီးထဲရှိ ကျင့်ကြံရေး ကြယ်တိုင်းသည် ထုန်းရွှမ်လောကကြီးထက် မိုးမြေစွမ်းအင် အဆပေါင်းများစွာ ပိုမိုသိပ်သည်းခြင်းပင်။
ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ ပင်လယ်ကြယ် ဖြစ်သည်နှင့်အညီ ရေလကြယ်ရှိ မိုးမြေစွမ်းအင်သည် ထုန်းရွှမ်လောကကြီးများ အများကြီး ပိုသိပ်သည်းသည်။ ဤနေရာရှိ မိုးမြေစွမ်းအင် သိပ်သည်းမှုသည် လွင့်မျောတိုက်ကြီးကို မမှီသော်လည်း ကြယ်စီရင်စုထဲရှိ ကျင့်ကြံရေးကြယ်များထဲတွင် ထိပ်ဆုံးအဆင့်ထဲ ဝင်ပေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၃၇)
မိုးမြေစွမ်းအင် ကင်းမဲ့ခြင်းကြောင့် ထုန်းရွှမ်လောကကြီးတွင် ကျင့်ကြံသူတစ်ယောက် အမြင့်ဆုံးရောက်နိုင်သည့်အဆင့်သည် သူတော်စင်အဆင့် ဖြစ်နေခြင်းဖြစ်သည်။ ရှေးခတ်ကတည်းက မဟာနတ်ဆိုးနတ်ဘုရား တစ်ယောက်သည်သာ သူတော်စင် ဘုရင်အဆင့်သို့ ရောက်ခဲ့ဖူးသည်။
ကံမကောင်းစွာဖြင့် ကြယ်စီရင်စုကြီးကို မလေ့လာနိုင်သေးခင်မှာပဲ ထုန်းရွှမ်လောကကြီးအား ဂြိုလ်သားများ ကျူးကျော်လာသဖြင့် မွေးရပ်မြေကို ခုခံရင်း သေဆုံးသွားခဲ့ရကာ ဒဏ္ဏာရီတစ်ခု အဖြစ်သာ တွင်ကျန်ရစ်ခဲ့ရသည်။
သို့သော် သူ့ကြောင့်သာ ထုန်းရွှမ်လောကကြီး၏ ဒေသခံများ ဂြိုလ်သားများ၏ ကျွန်ပြုခံရခြင်းမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
ထုန်းရွှမ်လောကကြီးရှိ ကျင့်ကြံသူများ၏ စုစုပေါင်းခွန်အားသည် ကြယ်စီရင်စုထဲတွင် ခြေကုပ်နေရာတစ်ခု ရယူရန် မလုံလောက်ချေ။ ကြယ်စီရင်စုထဲ ဝင်ရောက်ချင်သည်ဆိုပါက အားကောင်းသော အင်အားစုတစ်ခု၏ လက်အောက်တွင်းသို့ ခိုဝင်ရုံသာရှိသည်။
သူ၏ ကြယ်လွန်းပျံသည် တောင်အစဉ်စဉ်၊ မြစ်အသွယ်သွယ်ကို ကျော်ဖြတ်သွားလာနေချိန် ရန်ကိုင်၏ စိတ်အစဉ်သည် ကန်ရေပြင်ကဲ့သို့ တည်ငြိမ်နေသည်။ မိုင်ရာကျော်တိုင်း မြို့တစ်မြို့ကို သူတွေ့ရသည်။
ထိုမြို့များသည် ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ စည်ပင်ဝပြောသာယာသည်မှာတော့ အမှန်ပင်။ အားကောင်းသော ကျင့်ကြံသူများစွာလည်း ထိုမြို့များတွင် ရှိနေခဲ့သည်။ အလွန့်ကိုမှ ချောင်ကျသော တောကြိုအုံကြား နေရာမျိုးတွင် ရှိနေသော ကျင့်ကြံသူများ၏ ခွန်အားသည်သာ နိမ့်ကျခြင်းဖြစ်သည်။
ထုန်းရွှမ်လောကကြီးတွင် ကဲ့သို့ပင် မြို့တိုင်းကို အုပ်ချုပ်နေသော မြို့သခင်များ ရှိကြသည်။ မြို့သခင်များ၏ ခွန်အားသည် သူတို့ အုပ်ချုပ်သော မြို့ကိုမူတည်၍ ကွဲပြားသွားကြသည်။
မြို့သခင်များစွာသည် သူတော်စင်ဘုရင်အဆင့် ပညာရှင်များ ဖြစ်ကြပြီး အချို့သော နေရာငယ်လေးများရှိ မြို့သခင်များသာ သူတော်စင်များ ဖြစ်ကြသည်။
ထို့ကြောင့် ယေဘုယျအားဖြင့် တန်းခိုရှင်အဆင့် ပညာရှင် အများကြီးမရှိဘဲ ထိုပညာရှင်များသည် အင်အားစုတစ်ခုတိုင်း၏ ထောက်တိုင်များဖြစ်သည်ကို ရန်ကိုင် သိရှိလိုက်ရသည်။
မိုးမြေစွမ်းအင် သိပ်သည်းမှုသည်လည်း နေရာပေါ်မူတည်၍ ကွဲပြားသွားကြသည်။ အချို့နေရာများရှိ မိုးမြေစွမ်းအင်များသည် သိပ်သည်းလှပြီး အချို့နေရာများမှာမူ နိမ့်ကျကြသည်။
ရေလကြယ်ပေါ်ရှိ မြို့တိုင်းသည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင်ရှိသည်။ ထိုမြို့များစွာကို စုစည်း၍ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းဟု ခေါ်သည်။
သူ့ဘာသာ ပျံသန်းရင်း ရှူခင်များကို လိုက်ကြည့်နေချိန် မည်သူမှ သူ့အား လာမနှောင့်ယှတ်ကြချေ။ လမ်းတစ်လျှောက်တွင် စိတ်ဝင်စားစရာများစွာကို သူတွေ့ခဲ့ရသည်။
ဥပမာအားဖြင့် ခေါင်းအောင်အိုင်အောင်၏ သားများအကြောင်း၊ မကြာမီကျင်းပတော့မည့် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ပါရမီရှင်ရွေးချယ်ပွဲအကြောင်း စသဖြင့်…
ရှန်တု အကြောင်း ပြောနေသည့်သတင်းကိုမူ မကြားခဲ့ရချေ။ ကြည့်ရသည်မျှ ရေလကြယ်၌ ရှန်တုသည် အိုင်အောင်၏ တရားမဝင်သား ဖြစ်သည်ဆိုသောအချက်ကို လူသိအောင် ချမပြရသေးသည့်ပုံပင်။ ထို့ကြောင့် လျူကွေ့ချန် ရှန်တုအား ဘာကြောင့်မသိလဲ ဆိုသည်မှာ နားလည်ရလွယ်သွားလေပြီ။
ရန်ကိုင်သည် တစ်လလုံးလုံး ရေလကြယ်ပေါ်တွင် လျှောက်ပတ်၊ သွားလာနေခဲ့သည်။ ထိုတစ်လအတောအတွင်း ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းအကြောင်း အတော်များများ သိခဲ့သလို အသစ်ဝယ်ထားသည့် ကြယ်လွန်းပျံနှင့်လည်း ရင်းနှီးသွားရသည်။
စုယန်သည် ကျင့်ကြံရေးကြယ်ပေါ်ရှိ တစ်နေရာရာတွင်မှာများ ရှိနေလေမလား ဟူသော မျှော်လင့်ချက်ကို ရင်ဝယ်ပိုက်လျက် စုယန်အား လိုက်ရှာကြည့်သေးသည်။
သို့သော်လည်း ကံမကောင်းစွာဖြင့် စုယန်သည် ဤကြယ်ပေါ်၌ ရှိမနေခဲ့ချေ။ စိတ်နှင့်ခန္ဓာပေါင်းစည်းခြင်း အဆင့်ကြောင့် သူနှင့် စုယန်သည် အရမ်းကြီး ဝေးကွာမနေပါက တစ်ယောက်၏ တည်ရှိမှုကို တစ်ယောက် သိနိုင်ပေသည်။
သို့သော်လည်း ရန်ကိုင် စိတ်ဓါတ်ကျမသွားခဲ့။ စုယန်ကို ဤမျှ အလွယ်တကူ ရှာတွေ့လိမ့်မည်ဟု သူမှ မမျှော်လင့်ထားလေဘဲ။
နှစ်လကြာမျှ ပျံသန်းပြီးနောက် လာရာလမ်းအတိုင်း ပြန်ခဲ့သည်။ ယခုတစ်ကြိမ်တွင် ရပ်ကာ ရှူခင်းများအား ကြည့်ခြင်းမျိုး မလုပ်တော့ဘဲ ရှန်တု၏ နန်းတော်ဆီသို့ တိုက်ရိုက် ပြန်ခဲ့သည်။
ယနေ့တွင်၊ သူ၏ ကောင်းကင်စိတ်အာရုံကို ဖြတ်ကျက်ရင်း တောင်ကြားတစ်ခုကို ဖြတ်အသွား၊ ထိုနေရာမှ အသက်စွမ်းအင် အရှိန်အဝါများစွာ လာနေသည်ကို ရုတ်တရက် သတိပြုမိလိုက်၏။
သို့သော်လည်း ရန်ကိုင်ကမူ မလိုအပ်သော ပြဿနာများ မဖြစ်ချင်သည့်အတွက် သွားနေသည့်လမ်းကြောင်း အနည်းငယ် ပြောင်းလဲလိုက်သည်။ အပြင်တွင်ရှိနေစဉ် အခြားသူများ သူ့အား အာရုံစိုက်လာမည့်အဖြစ်မျိုး ရန်ကိုင် မလိုချင်ချေ။
တောင်ကြားမှ ဖြတ်သွားရင်း လှမ်းကြည့်လိုက်သည့်အခိုက်၊ ထိုနေရာတွင် ကြယ်သင်္ဘောတစ်စင်း ရှိနေပြီး လူပေါင်းများစွာတို့သည် ကြယ်သင်္ဘောထဲ ဝင်ချေ၊ ထွက်ချေ လုပ်နေသည်ကို တွေံလိုက်ရသည်။
ကြယ်သင်္ဘောနှင့် အနီးတွင်ကား ကုန်သေတ္တာပေါင်းများစွာ ရှိနေခဲ့ကာ ကျင့်ကြံသူများသည် ထိုကုန်သေတ္တာများကို သင်္ဘောပေါ်သို့ တင်နေသည့်ပုံပင်။
လက်ရှိတွင် ရန်ကိုင်သည် ကြယ်စီရင်စုအကြောင်း အတော်လေး တီးမိခေါက်မိ ရှိသွားခဲ့ပြီ။ ဥပမာအားဖြင့် ပစ္စည်းတိုင်းကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်း၍ မရချေ။ အချို့သော ပစ္စည်းများကို သိမ်းဆည်းရန် အလွန်ကိုမှ ထူးခြားသော အခြေအနေများကို လိုအပ်သည်။ အချို့သည် အလွန်ကိုမှ ကြီးမားလေလံလှသည့်အတွက် သိုလှောင်လက်စွပ်ထဲ ထည့်သိမ်း၍ မရချေ။
ထိုကဲ့သို့သော ပစ္စည်းများကို ကြယ်တစ်လုံးမှ အခြား ကြယ်တစ်လုံးဆီသို့ တင်ပို့သည့်အခါ ကြယ်သင်္ဘောကို အသုံးပြုကြသည်။
ထို့ကြောင့် ကြယ်သင်္ဘောများသည် အင်အားစုတိုင်းအတွက် မရှိမဖြစ် လိုအပ်သော မှော်ရတနာများ ဖြစ်လာကြသည်။ ကြယ်သင်္ဘောများသည် ကြယ်လွန်းပျံများထက် ပို၍မြန်ဆန် လုံခြုံစိတ်ချရသလို ကုန်ပစ္စည်းများနှင့် လူများကို သယ်ယူ၊ ပို့ဆောင်ရာတွင်လည်း အလွန်ကိုမှ အရေးပါလှသည်။
တောင်ကြားထဲတွင် ဆိုက်ကပ်နေသော ကြယ်သင်္ဘောသည် မီတာသုံးရာမျှ ရှည်လျားပြီး ရန်ကိုင်ယခင် ကြုံတွေ့ခဲ့သော ကြယ်သင်္ဘော အရွယ်အစား၏ တစ်ဝက်လောက်သာရှိသည်။ ထိုကြယ်သင်္ဘောသည် သူတော်စင်ဘုရင် အဆင့်နိမ့် ဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် အလယ်အလတ်အဆင့် ဖြစ်ရပေမည်။
ကြယ်သင်္ဘောဘေးတွင် ရှင်းသန့်သပ်ရပ်သော အဝတ်အစားကို ဝတ်ဆင်ထားသည့် မျက်စိဖမ်းစားစရာ လူငယ်လေးတစ်ယောက် ရှိနေခဲ့သည်။ ထိုလူငယ်လေးသည် သူ့နားရှိ လူများနှင့် စကားစမြည် ပြောနေခဲ့သည်။
လူငယ်လေးသည် အားလုံးထဲ အလွန်ကိုမှ ထင်းနေခဲ့သည်။ သူ့အသားသည် မိန်းကလေးတစ်ယောက်၏ အသားအရေနှယ် ဖြူဖွေချော့မွေနေသည်။ မျက်နှာဟာဆိုလျှင်လည်း မိန်းမများထက်ပင် ပို၍ ဆွဲဆောင်မှုရှိလှပြီး အနက်ရောင် ဆံပင်ရှည်များကို ကျောထက် ဖြန့်ချထားခဲ့သည်။
သူ့အနားတွင်၊ ဖုံးဖိမရနိုင်သော မြတ်နိုးမှုအစုံဖြင့် သူ့အား စိုက်ကြည့်နေကြသော မိန်းကလေးများစွာ ရှိနေခဲ့သည်။ ထိုလူငယ်လေးသာ စကားတစ်ခွန်းပြောလိုက်သရွေ့ သူတို့၏ စိတ်နှင့်ခန္ဓာကိုယ်ကို ချက်ချင်း လက်လျှော့လိုက်တော့မည့် အလား။
ထိုလူငယ်လေးကိုကြည့်ရင်း ရန်ကိုင် မျက်လုံး မှေးသွားခဲ့၏။
ရန်ကိုင်၏ အကြည့်ကို ထိုလူငယ်လေး သတိပြုမိသွားပြီး သူ့အား ချက်ချင်း လှည့်ကြည့်လာခဲ့သည်။ ရန်ကိုင်ကို မြင်သည်နှင့် ထိုလူငယ် မျက်နှာပျက်သွားပြီး သူ့ဘေးနားရှိ လူကြီးကို တိုးတိုးလေး ပြောလိုက်သည်။
ခဏအကြာ၌ ကြယ်လွန်းပျံအချို့သည် ရန်ကိုင်ရှိရာ အရပ်သို့ ပျံသန်းလာခဲ့လေသည်။
ထိုလူများသည် သူ့အား ပြဿနာရှာရန် ရောက်လာခြင်းဖြစ်မှန်း ရန်ကိုင် သိလိုက်သည်။ ထို့ကြောင့် အရှိန်ကုန်တင်ကာ ထိုလူများဆီမှ ထွက်ပြေးတော့လေသည်။
လူသူမနေထိုင်သည့် ချောင်ကျသော နေရတစ်ခုသို့ ရောက်သော် ရန်ကိုင် ရပ်တန့်လိုက်သည်။ ဤနေရာသည် မိုးမြေစွမ်းအင်ပင် အတော်လေး ကျဲပါးလားသော မြေရိုင်းတစ်နေရာဖြစ်သည်။
ရေလကြယ်ပေါ်တွင် ဤကဲ့သို့သော နေရာများစွာ ရှိပေသည်။
လူသုံးယောက်သည် သူ့နောက်သို့ လိုက်နေခဲ့သည်။ ထိုလူများ၏ စွမ်းအင်အရှိန်အဝါအရ နှစ်ယောက်သည် သူတော်စင် တတိယ အဆင့်များဖြစ်ကြပြီး ကျန်တစ်ယောက်သည် သူတော်စင်ဘုရင် အဆင့်ဖြစ်သည်။
ထိုသူတော်စင်ဘုရင်အဆင့်၏ ကျင့်ကြံခြင်းသည် သိပ်ပြီးမမြင့်လှ။ အကြောင်းမှာ ထိုလူဆီမှ သိပ်ပြီး ဖိအားမခံစားရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုလူသည် သူတော်စင်ဘုရင် ပထမ အဆင့်သာ ဖြစ်ရပေမည်။
ထိုလူများ၏ ကျင့်ကြံခြင်းကို ခန်းမှန်းကြည့်လိုက်ပြီးနောက် ရန်ကိုင် အေးအေးဆေးဆေး ဖြစ်သွားခဲ့သည်။ ထို့ကြောင့် ထွက်ပြေးရန် မကြိုးစားတော့ဘဲ ထိုလူများနှင့် ရင်ဆိုင်ရန် နေရာတစ်ခုကို ရွေးလိုက်သည်။
သူ့ကိုယ်ထဲရှိ ဆန့်ကျင်ဘက်စွမ်းအင်နှစ်မျိုးကို ပေါင်းစပ်ပြီးသည့် အချိန်ကတည်းက သူတော်စင်ဘုရင်အဆင့်နှင့် တစ်ခါမှ မတိုက်ခိုက်ဖူးခဲ့ချေ။ ထို့ကြောင့် နှစ်ပေါင်းစပ်စွမ်းအား မည်မျှ အားကောင်းသလဲ ဆိုသည်ကို သူအတော်လေး စမ်းသပ်ချင်နေမိသည်။
တွေဂပြီးသည့်နောက် အသက်ပြင်းပြင်း ရှူသွင်းလိုက်ကာ ထိုသုံးယောက်ကို စောင့်နေလိုက်သည်။
ရန်ကိုင် ရပ်သွားသည်ကိုမြင်သော် သူ့နောက်သို့ လိုက်နေသည့် လူသုံးယောက်စလုံး ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ ချက်ချင်းပဲ ရန်ကိုင်ဆီ ပြေးသွားလိုက်ပြီး သူ့အား ဝိုင်းထားလိုက်ကြသည်။ သုံးယောက်စလုံးသည် ရန်ကိုင်အား ရက်စက်ကြမ်းကြုတ်သည့် အကြည့်ဖြင့် စိုက်ကြည့်နေကြသည်။
“ရောင်းရင်းတို့၊ ဘာလို့ ကျုပ်နောက်လိုက်နေတာလဲ။ ကျုပ်တို့ကြားမှ ဘာရန်ငြိုးမှ မရှိဘူးလေ” ရန်ကိုင်က မေးလိုက်သည်။
“အမှန်ပဲ။ ငါတို့ကြားမှာ ဘာရန်ငြိုးမှာမရှိဘူး” သူတော်စင်ဘုရင်က ခေါင်းညိတ်လိုက်သည် “ဒါပေမယ့် မင်းက မမြင်သင့်တာကို မြင်သွားခဲ့မှတော့ မင်းရဲ့ အသက်ကို ဒီနေ့ ဒီမှာပဲ ထားခဲ့ရတော့မယ်”
ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး ဘာတွေဖြစ်နေမှန်း ရုတ်တရက် နားလည်သွားခဲ့သည်။
တောင်ကြားထဲတွင် ကြယ်သင်္ဘောပေါ်သို့ ကုန်တင်ပို့နေခြင်းသည် မှောင်ခိုတင်ပို့နေခြင်းဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့ ချောင်ကျသော နေရာကို ရွေးချယ်ထားခြင်းဖြစ်သည်။ သို့သော်လည်း ဘာမှမဆိုင်သော ရန်ကိုင်သည် ထိုနေရာကို ဖြတ်သွားမိပြီး မမြင်သင့်သည်ကို မြင်သွားခဲ့သည်။
တစ်ဖက်လူ၏ လေသံနှင့် သဘောထားအရ ဤကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်တော့မည် မဟုတ်မှန်း ရန်ကိုင် သိလိုက်သည်။
“ပြောစရာနောက်ဆုံးစကားရှိရင် ပြောထား။ အဆင်ပြေတယ် ဆိုရင် မင်းချစ်ရတဲ့သူတွေဆီ ငါသွားပေါပေးလိုက်မယ်” သူတော်စင်ဘုရင်က ရန်ကိုင်အား အသေအချာစိုက်ကြည့်ရင်း ပြောလိုက်သည်။
ပြောပြီးသည်နှင့် ရန်ကိုင်နောက်တွင် ရပ်နေသော သူတော်စင် နှစ်ယောက် တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြသည်။ အားကောင်းသော စွမ်းအင်များ ေ ပါက်ကွဲထွက်လာခဲ့ပြီး ထက်ရှသော လေဓါးများသည် လေဟုန်ကိုခွင်းလျက် ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာလေသည်။
လေဓါးသွားသည် အလွန်တရာကိုမှ မြန်ဆန်လှကာ မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်ရှေ့သို့ ရောက်နေခဲ့လေပြီ။
သူတော်စင်တတိယအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လျက် သူ့ထက် ကျင့်ကြံခြင်းအဆင့်နိမ့်သော လူငယ်တစ်ယောက်ကို မည်သို့များ အလစ်ချောင်းတိုက်နိုင်ရသနည်း။ လေဓါးသွားသည် ကြောင်ရပ်နေသော လူငယ်လေး၏ ခန္ဓာကိုယ်ကို နှစ်ပိုင်း ဖြတ်သွားခဲ့သည်။
သို့သော် ထိုလူငယ်လေးဆီမှ မည်သည့်သွေးမှ ထွက်မလာခဲ့။ ခဏအကြာဏ လူငယ်လေး၏ ပုံရိပ်သည် ဝေဝါး ပျောက်ကွယ်သွားခဲ့လေသည်။ ရန်ကိုင်အား လေဓါးသွားဖြင့် တိုက်ခိုက်လိုက်သော လူ၏ မျက်လုံးများ မှေးစဉ်းသွားပြီး သူ့စိတ်ထဲ အချက်ပေးသံတို့ တရစပ် မြည်ဟည်းသွားခဲ့သည်။
“သတိထား” အလျင်စလို အော်သံနှင့်အတူ သူတော်စင်ဘုရင် အဆင့် ကျင့်ကြံသူများ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ထိုလူများသည်လည်း အတော့်ကိုမှ မြန်လှသည်။ တကယ်တော့ သူတော်စင် တတိယအဆင့်သို့ ရောက်အောင် ကျင့်ကြံထားနိုင်သည် ဖြစ်လေရာ ထိုလူများသည် အတွေ့အကြုံ မရှိသည့် လူများ မဟုတ်တန်ရာ။
သတိပေးသံကို ကြားလိုက်သည်နှင့် ထိုကျင့်ကြံသူသည် ရပ်နေရာမှ ချက်ချင်း ခုန်သွားလိုက်သည်။ ချက်ချင်းပဲ သူ့အဖော်နှစ်ယောက်၏ မျက်နှာထက် ထိတ်လန့်မှုတို့ကို သူမြင်လိုက်ရသည်။
ထိုစဉ် သူ့ခေါင်းပေါ်မှ ပူလည်းပူ၊ အေးလည်း အေးလှသော၊ ခုခံရန် မဖြစ်နိုင်သည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်သည်။ မော့ကြည့်လိုက်ရာ ဧရာမလက်ဝါးကြီးတစ်ခု သူ့ဆီသို့ ပျံလာနေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးထဲ ဘာကိုမှ မမြင်ရတော့။ လက်ဝါးကြီးကိုသာ မြင်ရတော့သည်။ ထိုလက်ဝါးကြီးသည် သူ့စိတ်နှင့်ခန္ဓာကိုယ်ကို ဝါးမြိုသွားသည့် အလား လက်ဝါးကြီးတစ်ခုတည်းကိုသာ မြင်နေရတော့၏။
လက်ဝါးကို သူတစ်ခါမှ မမြင်ဖူး၊ မကြားဖူးသော ထူးဆန်းသည့် အနက်ရောင်မီးတောက်တို့ဖြင့် ဖွဲ့စည်းထားသည်။
ကောင်းကင်ဖုံးလက်…
ထိုလူသည် ထွက်ပြေးချင်နေသော်ငြား ပြေးပေါက်ပိတ်နေခဲ့။ သူ့ပြေးပေါက်အားလုံးကို လက်ဝါးမှ ပိတ်ဆို့ထားလိုက်လေပြီ။
အုန်း…
လွန်စွာကိုမှ ပြင်းထန်းသော အားတစ်ရပ်သည့် သူ့ခန္ဓာကိုယ်ကို ရိုက်ချသွားရာ သူ့တစ်ကိုယ်လုံး ကွေ့ညွှတ်သွားခဲ့သည်။ ထို့နောက် အရိုက်ခံလိုက်ရသောလူသည် ဥက္ကာပျံတစ်စင်းနှယ် အရှိန်အဟုန် ပြင်းစွာဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ အရိုးများ ရိုးကြေကုန်ပြီး အရေပြားများ ပွင့်ထွက်ကုန်သည်။ ထို့ပြင် သူတော်စင်ချီပင် မည်သို့ပင် ငြိမ်းသတ်ပါစေ ငြိမ်းသတ်၍ မရနိုင်သော အနက်ရောင်မီးတောက်များသည် သူ့အား လောင်ကျွမ်းနေခဲ့သည်။
အဖွင့်တိုက်ကွက် အောင်မြင်သွားသည်နှင့် ရန်ကိုင်သည် နည်းနည်းလေးမှပင် ရပ်တန့်ခြင်းမရှိဘဲ ကောင်းကင်အပြစ်ပေး လှံတံကို ဖန်တီး၍ ထိုလှံအား ထိတ်လန့်တုန်လှုပ်နေသော အခြား သူတော်စင်တတိယအဆင့် ကျင့်ကြံသူဆီ လှမ်းပစ်လိုက်သည်။
ထိုကျင့်ကြံသူသည် အန္တရာယ်ချဉ်းကပ်လာနေသည်ကို ခံစားမိလိုက်သော် သူတော်စင်ချီဖြင့် သူကိုယ်သူ ကာကွယ်၍ သူတော်စင်အထွဋ်အထိပ်အဆင့် ဒိုင်းကာတစ်ခုကိုပါ ထုတ်ယူ၍ အပေါ်မှထပ်ကာ ကာကွယ်လိုက်သည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၃၈) သူတော်စင်ဘုရင်နှင့် တိုက်ခိုက်ခြင်း
ထိုဒိုင်းမှော်ရတနာသည် သူတော်စင်တတိယအဆင့်အား သေဘေးမှ အကြိမ်များစွာ ကာကွယ်ပေးခဲ့ပြီး သူ၏ အားအကောင်းဆုံး အကာအကွယ်လည်း ဖြစ်သည်။
ဒိုင်းကို ထုတ်သုံးလိုက်ပြီးသည်နှင့် ထိုလူ ယခင်ထက်ပို၍ ယုံကြည်ချက်ရှိသွားသည်။ ထို့ကြောင့် ရန်ကိုင်အား တန်ပြန် တိုက်စစ်ဆင်မည်အပြု၊ ‘ဂျွတ်’ ဆိုသော အသံတစ်သံကို ကြားလိုက်ရသည်။ ငုံ့ကြည့်လိုက်ရာ သူယုံကြည်အားထားရသော ဒိုင်းကာသည် နတ်ဆိုးမီးတောက်၏ ထိုးဖောက်ခြင်း ခံနေရသည်ကို တွေ့လိုက်ရသည်။ ဒိုင်းကာ၏ အရောင်သည် တဖြည်းဖြည်း မှိန်လာနေခဲ့သည်။
ထိုလူ ကြောက်လန့်တကြား ထအော်တော့လေသည်။
ရွှစ်… ရွှစ်… ရွှစ်…
ကောင်းကင်အပြစ်ပေးလှံတံ သုံးချောင်းသည် ဒိုင်းကာဆီသို့ ရှေ့ဆင့်နောက်ဆင့် တိုးဝင်သွားကြသည်။ ပထမလှံတံ နှစ်ချောင်းသည် ဒိုင်းကာနှင့်အတူ ပျက်စီးသွားခဲ့ပြီး တတိယ လှံတံသည် သူတော်စင်တတိယအဆင့်၏ သူတော်စင်ချီ အကာအကွယ်ကို ဖြတ်ကျော်၍ ထိုလူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့သည်။
ထိုလူ၏ ခန္ဓာကိုယ်မှ အသက်စွမ်းအင်တို့ အလျင်အမြန် ပျောက်ကွယ်လာခဲ့ပြီး သူ့မျက်လုံးများသည်လည်း အရောင်အဆင်း ကင်းမဲ့သွားခဲ့သည်။ ထို့နောက် သူသေသွားခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်းတွင် ရန်ကိုင်အား ဝိုင်းထားသော လူသုံးယောက်အနက်မှ တစ်ယောက် သေသွားခဲ့ရပြီး ကျန်တစ်ယောက်သည် သေလုဆဲဆဲ ဖြစ်နေခဲ့သည်။
သေသွားသည့်လူသည် သူ့ခန္ဓာကိုယ် မြေပြင်နှင့် မထိခင်မှာပဲ ပြာအဖြစ်သို့ လောင်ကျွမ်းခံလိုက်ရသည်။ ဝိဥာဉ်သည်ပင် နတ်ဆိုးမီးတောက်၏ အမျက်အောက်မှ ပြေးမလွတ်ခဲ့။ နေလာနှင်းပျောက်သလို အလျင်အမြန် ပျောက်ကွယ်သွားရသည်။
ဒဏ်ရာရနေသော လူတစ်ကိုယ်လုံးကိုလည်း နတ်ဆိုးမီးတောက်တို့ လောင်ကျွမ်းနေသည်။ သူ၏ အော်သံမှာ တိုးသည်ထက် တိုးလာနေခဲ့သည်။
သုံးယောက်အနက် သူတော်စင်ဘုရင် ပထမအဆင့်ဖြစ်သော လူသာ ကျန်တော့သည်။ ထိုလူသည် ရန်ကိုင်အား လွန်းစွာကိုမှ လေးနက်သော အမူအရာဖြင့် စိုက်ကြည့်နေသည်။
သူတော်စင်ဒုတိယအဆင့်သာ ရှိသေးသော ထိုလူငယ်လေးသည် သူ့ထက် အဆင့်သေးတစ်ဆင့် ပိုမြင့်သော ကျင့်ကြံသူ နှစ်ယောက်အား မျက်တောင်တစ်ခတ်အတွင်း ဘာကြောင့် သတ်နိုင်မှန်းကို သူတကယ် နားမလည်နိုင် ဖြစ်နေသည်။ ပိုဆိုးသည်ကား ထိုလူငယ်လေးသည် သူ့ထက်အဆင့်မြင့်သော ကျင့်ကြံသူ နှစ်ယောက်ကို သတ်သွားခဲ့သော်လည်း ချွေးနည်းနည်းလေးပင်မထွက်။ ထိုကိစ္စသည် သူ့အတွက် ထမင်းစားရေသောက်သဖွယ် လွယ်ကူနေသလို။
သူသာ ကြောင်နေခြင်းမဟုတ်။ ရန်ကိုင်လည်း နတ်ဆိုးမီးတောက်၏ စွမ်းအားကိုမြင်ပြီး မှင်သက်နေခဲ့သည်။
ရက်စက်ကြမ်းကြုတ်သော သွေးဆာသော အရှိန်အဝါနှင့်အတူ ရန်ကိုင်၏ အရှိန်အဟုန် တစ်ဟုန်ထိုး မြင့်တက်သွားသည်။
သူ့အား စိုက်ကြည့်နေသော ထူးမခြားနားဟန် မျက်ဝန်းအစုံကို မြင်သော် သူတော်စင်ဘုရင်အဆင့် ပညာရှင် တုန်ရီသွားသည်။ ထိုလူငယ်လေးသည် သူတော်စင်ဒုတိယအဆင့်သာ ရှိသေးသော လူငယ်လေး မဟုတ်တော့ဘဲ သူ့ထက် ပိုအားကောင်းသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာသည့်နှယ်။
တိုက်ပင်မတိုက်ရသေးခင်မှာဘဲ ပြန်ဆုတ်ချင်နေမိပြီ။ ထိုထူးဆန်းသော လူငယ်လေးကို အနိုင်တိုက်နိုင်မလား၊ မတိုက်နိုင်ဘူးလား ဆိုသည်ကို သူမသိချေ။
“မဟာကောင်းကင်ဓါး” ရန်ကိုင်က ရုတ်တရက် အော်ဟစ်လိုက်ရာ နတ်ဆိုးမီးတောက်တိုဖြင့် ဖွဲ့စည်းထားသော ဓါးတစ်ချောင်း သူ့လက်ထဲ ထွက်ပေါ်လာခဲ့သည်။ ဝှစ်ခဲဆိုသော မြည်သံနှင့်အတူ မဟာကောင်းကင်ဓါးသည် သူတော်စင်ဘုရင်၏ ဦးခေါင်းကို ပိုင်းချလာခဲ့သည်။
နောက်ဆုံးတွင် သူတော်စင်ဘုရင်အဆင့် ပညာရှင် အသိပြန်ဝင်လာခဲ့သည်။ မာန်သွင်းအော်ဟစ်ကာ စိတ်စွမ်းအင်ကို သုံးကာ ထူးဆန်းသော ဧရာမပုံရိပ်ကြီးတစ်ခုကို ဆင့်ခေါ်သည်။ ထိုပုံရိပ်သည် အရှည်အားဖြင့် မီးတာနှစ်ဆယ်မျှရှိပြီး တစ်ကိုယ်လုံးကို ထူးထည်းသော အကြေးခွံဖြင့် ဖုံးအုပ်ထားသည်။ ထိုသတ္တဝါသည် ကြယ်စီရင်စုထဲ ကျော်ကြားသော ရွှေအကြေးခွံ အဆိပ်ကင်းမြီးကောက် မွန်းစတားသားရဲပင် ဖြစ်လေသည်။
ရွှေအကြေးခွံအဆိပ်ကင်းမြီးကောက် ပေါ်လာသည်နှင့် ထိုမွန်းစတားသားရဲဿည် အစိမ်းရောင်မြူခိုးများကို မှုတ်ထုတ်လိုက်သည်။ ထိုမြူခိုးများသည် ဆယ်မိုင်ကျော် ပတ်လည်ကို တစ်မုဟုတ်ချည်း လွှမ်းခြုံသွားခဲ့သည်။ ၎င်း၏ လက်မနှစ်ချောင်းသည် အားအကောင်းဆုံးသော သတ္တုနှင့် ကျောက်စိမ်းတို့ကိုပင် ညှပ်ပစ်နိုင်ဟန် ထင်ရသည်။
နတ်ဆိုးမီးတောက်ဓါးသည် ရွှေအကြေးခွံအဆိပ်ကင်းမြီးကောက် ၏ အကြွေးခွံကို ထိသွားသော်ငြား မွန်းစတားသားရဲအား မည်သည့် ဒဏ်ရာမှမဖြစ်စေခဲ့။ ခြစ်ရှရာသေးသေးလေး တစ်ခုသာ ဖြစ်စေခဲ့သည်။ နတ်ဆိုးမီးတောက်ဓါးမှာမူ အစိမ်းရောင် အဆိပ်မြူ၏ ဝါးမြိုခြင်းခံလိုက်ရပြီး တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။
သူဆင့်ခေါ်လိုက်သော ရွှေအကြေးခွံကင်းမြီးကောက်သည် နတ်ဆိုးမီးတောက်အား ခုခံနိုင်သည်ကိုမြင်သော် သူတော်စင် ဘုရင် စိတ်လက်ပေါ့ပါးသွားပြီး ရယ်မောလျက် ရန်ကိုင်အား လှောင်ပြောင်လိုက်သည် “ချာတိတ်လေး၊ မင်းသတ္တိက မသေးပါလား။ ရေလကြယ်ပေါ်မှာ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက လူတွေကိုတောင် သတ်ရဲတယ်ဆိုတော့ မင်းသေဖို့သာ ပြင်ထားပေတော့”
“ခင်ဗျားက ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းကလား” ရန်ကိုင်၏ မျက်လုံး မှေးစဉ်းသွားသည်။
“သောက်ပိုတွေပြောမနေနဲ့။ သေလိုက်တော့” ထိုလူသည် ဆက်ပြောချင်ဟန်မရ၊ ရွှေအကြေးခွံအဆိပ်ကင်းမြီးကောက်ကို ရန်ကိုင်ဆီ ချက်ချင်း ပြေးဝင်သွားစေလိုက်သည်။ ထိုသို့ ပြေးဝင်လာနေသည် ကင်းမြီးကောက်၏ အမြီးမှသည် အစိမ်းရောင် တလက်လက် တောက်ပလာခဲ့သည်။
ဤအဆိပ်ကင်းမြီးကောက်၏ အဆိပ်သည် အရမ်းကိုမှ ပြင်းလှရာ အဆိပ်မိခံလိုက်ရသည့်မည်သူမဆို ကျိန်းသေ သေရပေလိမ့်မည်။ ကျင့်ကြံသူများကြောက်သည်ကား ထိုအဆိပ်သည် ခန္ဓာကိုယ်ကို သာမက ဝိဥာဉ်ကိုပါ အန္တရာယ်ပေးနိုင်ခြင်းပင်။ ထို့ကြောင့် ရွှေအကြေးခွံအဆိပ်ကင်းမြီးကောက်များ ရှိသည့်နေရာကို တားမြစ်နေရာများအဖြစ် သတ်မှတ်ထားကြကာ အနည်းငယ်သာ လူများသာ ထိုနေရာများထဲသို့ သွားရဲကြသည်။
သူတော်စင်ဘုရင်သည် ရွှေအကြေးခွံအဆိပ်ကင်းမြီးကောက် တစ်ကောင်ကိုသတ်ပြီး ထိုကင်းမြီးကောက်၏ ဝိဥာဉ်ကို သူထိန်းချုပ်စေခိုင်းနိုင်သည့် လက်နက်တစ်ခုအဖြစ်သို့ သန့်စင်ခဲ့သည့်ပုံပင်။
ရွှေအကြေးခွံအဆိပ်ကင်းမြီးကောက်သည် နာမ်ဝိဥာဉ် တစ်ခုသာ ဖြစ်သော်ငြား ၎င်းမသေခင်က စွမ်းရည်များကို ပိုင်ဆိုင်ထားခဲ့၏။ ရုပ်ခန္ဓာမရှိဘဲ စိတ်စွမ်းအင် သက်သက်ဖြင့်သာ ဖွဲ့စည်းထားသော ခန္ဓာကိုယ်တစ်ခု ဖြစ်သော်ငြား အတော့်ကိုမှ အကြမ်းခံလှသည်။
ရန်ကိုင်၏ မဟာကောင်းကင်ဓါးသည် ထိုသတ္တဝါကို ထခိုက်အောင် မလုပ်နိုင်ချေ။
ပါးစပ်ကြီးကို ဖြဲလျက် လျှပ်စီးတန်းတစ်စင်းနှယ် သူ့ဆီ ပြေးဝင်လာနေသော ရွှေအကြေးခွံအဆိပ်ကင်းမြီးကောက်ကို မြင်သော် ရန်ကိုင်သည် သူ့ဝိဥာဉ်စွမ်းအားကို စုစည်းကာ ကင်းမြီးကောက်ဆီ ပစ်လွှတ်လိုက်သည်။
ထိုအခြင်းအရာကို သတိပြုမိချင်းတွင် သူတော်စင်ဘုရင် ကြောင်သွားသည်။ သို့သော် ကင်းမြီးအောက်အား ပြန်မခေါ်ဘဲ လှောင်ပြုံးပင်ပြံးလိုက်သေးသည်။
သူ့ရှေ့ရှိလူငယ်လေးသည် ရွှေအကြေးခွံကင်းမြီးကောက် အကြောင်း မသိသည့်ပုံပင်။ ကင်းမြီးကောက်သည် နာမ်ဝိဥာဉ် ဖြစ်မှန်းသိလိုက်သည်နှင့် စိတ်စွမ်းအင်ကိုသုံး၍ တိုက်ချင်နေသည်။ သို့သော်လည်း ကင်းမြီးကောက်၏ အဆိပ်သည် ဝိဥာဉ်များကိုပင် တိုက်စားနိုင်သည် ဆိုသောအချက်ကို မေ့လျော့နေသလော။
ရန်ကိုင် အဆိပ်မိသွားမည်ပုံစံကို သူတော်စင်ဘုရင် ကြို၍ပင် မြင်ယောင်မိနေပြီ။
မမြင်နိုင်သော အားနှစ်ရပ် တိုက်ခိုက်မိသွားပြီး ရွှေအကြေးခွံ အဆိပ်ကင်းမြီးကောက် ရပ်သွားခဲ့သည်။ သို့သော် ၎င်း၏ အမြီးကိုပင် ရန်ကိုင်တည့်တည့်ဆီသို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် စိုက်ချလာခဲ့သည်။ ရန်ကိုင် ပစ်လွှတ်လိုက်သော ကောင်းကင်စိတ်အာရုံပင် ကင်းမြီးကောက်၏ အမြီးကို မတားဆီးနိုင်။
သူ့အသိစိတ် နှေးကွေးလေးလံလာသည်ကို သတိပြုမိသော် ရန်ကိုင် မျက်နှာပျက်သွားသည်။
ရွှေအကြေးခွံအဆိပ်ကင်းမြီးကောက်၏ အဆိပ်သည် သူထင်သလောက် မရိုးရှင်းမှန်း ရန်ကိုင် နားလည်လိုက်သည်။
နားလည်လိုက်သည်နှင့် တစ်ပြိုင်နက် တေဇောဓါတ် အသိစိတ်ပင်လယ်၏ စွမ်းအား အကုန်အစင်ကို ထုတ်ဖော်လိုက်သည်။
ရန်ကိုင်ပတ်လည်ရှိ လေထုတစ်ခုလုံး ပူလောင်လာခဲ့ပြီး ရွှေအကြေးခွံအဆိပ်ကင်းမြီးကောက် ပတ်လည်ရှိ လေဟာနယ် သည်လည်း စတင် ပျက်ယွင်းလာခဲ့သည်။
ဇိမ်ပြေနပြေနှင့် ဘေးမှ ထိုင်ကြည့်နေသော သူတော်စင်ဘုရင်သည် ရန်ကိုင်၏ စိတ်စွမ်းအင် ရုတ်ချည်း ပြောင်းလဲသွားသည်ကို သတိပြုမိသော် သူ့မျက်နှာ ဖြူလျော်သွားပြီး ရွှေအကြေးခွံအဆိပ်ကင်းမြီးကောက်ကို ပြန်ခေါ်ရန် ပြင်လိုက်သည်။
သို့သော်လည်း ပြန်မခေါ်နိုင်သေးခင်မှာဘဲ ကင်းမြီးကောက် တစ်ကိုယ်လုံး ရုတ်တရက် တုန်ခါလာခဲ့သည်။ ထူထည်းသော အကြေးခွံကြီး အက်ကွဲသွားပြီး ပူပြင်းတောက်လောက်သော စိတ်စွမ်းအင်များသည် ထိုအက်ကွဲကြောင်းမှတစ်ဆင့် ကင်းမြီးကောက်၏ ခန္ဓာကိုယ်ထဲ ဝင်သွားကာ အထဲမှနေ၍ မွန်းစတားတစ်ကိုယ်လုံးကို မီးမြိုက်တော့သည်။
ရွှေအကြေးခွံအဆိပ်ကင်းမြီးကောက် မီးလောင်လာခဲ့လေသည်။ ရန်ကိုင်၏ မဟာကောင်ကင်းဓါးပင် မထိခိုက်စေနိုင်ခဲ့သော ကင်းမြီးကောက်သည် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေပြီ။
“မဖြစ်နိုင်ဘူး” ထိုအခြင်းအရာကိုမြင်သော် သူတော်စင်ဘုရင်က မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။ တုန်လှုပ်မှုအပြည့်ဖြင့် သူ့အဖိုးတန်အဆိပ်ကင်းမြီးကောက် ပျောက်ကွယ်သွားသည့် နေရာတည့်တည့်ကို စိုက်ကြည်နေသည်။
သူတော်စင်ဘုရင်တတိယအဆင့် ပညာရှင်တစ်ယောက်ပင် ရွှေအကြေးခွံအဆိပ်ကင်းမြီးကောက်ကို ထိုမျှ အလွယ်တကူ သတ်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့လုပ်နိုင်ရန် အနည်းဆုံး တန်ခိုးရှင်အဆင့်သို့ ရောက်နေရန် လိုအပ်ပေသည်။
သူတော်စင်ဘုရင်သည် ရုတ်တရက်ဆိုသလို ရန်ကိုင်အား အငြိုးအတေးကြီးစွာ စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
ရွှေအကြေးခွံအဆိပ်ကင်းမြီးကောက်သည် နှစ်ပေါင်းများစွာ သူ့ဝိဥာဉ်ဖြင့် သန့်စင်ထားခဲ့သည့် သူ၏ ဝှက်ဖဲဖြစ်သည်။ ရွှေအကြေးခွံအဆိပ်ကင်းမြီးကောက်ကို အသုံးပြုလိုက်တိုင်း အောင်ပွဲသည် သူ့လက်ထဲတွင်သာ ရှိသေည်။ သေရမည့်ဆဲဆဲ အခြေအနေမျိုးကိုပင် ရွှေအကြေးခွံအဆိပ်ကင်းမြီးကောက်၏ အကျိုးကျေးဇူးဖြင့် အသက်ရှင်ခွင့် ရခဲ့သည်။
နှစ်နှင့်ချီအောင် သူကြိုးစားပျိုးထောင်ထားခဲ့ရသည့် ရွှေအကြေးခွံ အဆိပ်ကင်းမြီးကောက်သည် သူ့ရှေ့တည့်တည့်တွင်ပင် ပြာအဖြစ်သို့ လောင်ကျွမ်းသွားခဲ့သည်။ သူဒေါသပုန်မထဘဲ ဘယ်နေမည်နည်း။ ယခု သူ့ရှေ့ရှိ လူငယ်လေးကို အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် လုပ်ပစ်ချင်နေလေပြီ။
“ကောင်လေး၊ မင်းသေရမယ်ကွ” ဒေါသတကြီး အော်ဟစ်လိုက်ပြီး စိတ်စွမ်းအင်ကိုသုံးလျက် တစ်ကောင်ထက်မကသော မွန်းစတား သားရဲများကို ဆင့်ခေါ်လိုက်သည်။
သူတော်စင်ဘုရင်သည် သားရဲဘုရင်နှယ် ထိုနာမ်ဝိဥာဉ်များ ခြံရံလျက် ရန်ကိုင်အား စိုက်ကြည့်နေခဲ့သည်။
အတွေးတစ်ချက်နှင့် သူတော်စင်ဘုရင်သည် မွန်းစတားသားရဲ အားလုံးကို ရန်ကိုင်ဆီသို့ စေလွှတ်လိုက်သည်။ သူကမူ မွန်းစတားသားရဲများကြား ပုန်းအောင်းလျက် အလစ်ချောင်း တိုက်ခိုက်နိုင်မည့် အခွင့်အရေးကို ချောင်းနေခဲ့သည်။
ရန်ကိုင်ဆီမှ တေဇောဓါတ်စိတ်စွမ်းအင်တို့ ထပ်မံ ပေါက်ကွဲထွက်လာပြီး သူ့ဆီပြေးဝင်လာနေသော မွန်းစတား သားရဲများကို တစ်ကောင်ပြီးတစ်ကောင် လောင်ကျွမ်းပစ်သည်။
မီးလောင်နေသော မွန်းစတားသားရဲများကို အကာအကွယ်ပြုလျက် သူတော်စင်ဘုရင်အဆင့် ပညာရှင်သည် ရန်ကိုင်အနားသို့ လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။ ထို့နောက် သူ့ဆီမှ ထူးဆန်းသောအားတစ်ရပ် ပေါက်ကွဲထွက်လာခဲ့ပြီး မမြင်နိုင်သော ဝဲဂယက်တစ်ခုကို ဖြစ်တည်စေကာ ရန်ကိုင်အား သူ့ဆီသို့ ဆွဲခေါ်လေသည်။
တလက်လက်တောက်ပနေသော အလင်းရောင်တို့ သူ့လက်ထဲ ဖြစ်တည်လာပြီး အဖျက်အားပြင်းထန်သော စွမ်းအင်များသည် ရန်ကိုင်ဆီသို့ တိုးဝင်သွားလေသည်။
ရန်ကိုင်သည် သူ့တစ်ကိုယ်လုံးကို နတ်ဆိုးမီးတောက်ဖြင့် လွှမ်းခြုံစေလှက် သူ့ခန္ဓာကိုယ်အား မလှုပ်နိုင်အောင် ချုပ်ထားသော ဝဲကတော့ကို ဖျက်စီးရန် ကြိုးစားလိုက်သည်။
ချက်ချင်းဆိုသလို ရန်ကိုင်တစ်ကိုယ်လုံးအား အလင်းရောင်တို့ လွှမ်းခြုံသွားခဲ့သည်။
ထိုအလင်းရောင် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင် မျက်နှာပျက်သွားသည်။ သူတော်စင်နှင့် သူတော်စင်ဘုရင်ကြားရှိ ကွာခြားချက်ကိုလည်း နောက်ဆုံး၌ နားလည်သွားခဲ့သည်။ သူ့လက်ရှိခွန်အားဖြင့် သူတော်စင် တတိယအဆင့်များကို အလွယ်တကူ သတ်နိုင်သော်လည်း သူတော်စင်ဘုရင်များကိုမူ ဘာမှမလုပ်နိုင်သေးချေ။ သူတော်စင်ဘုရင်ပထမအဆင့်နှင့် ရင်ဆိုင်ရလျှင်ပင် သူ့အတွက် အန္တရာယ်များလှသည်။
“နတ်ဆိုးနတ်ဘုရားအသွင်ပြောင်းလဲခြင်း”
အနက်ရောင် နတ်ဆိုးအမှတ်အသားတို့ သူ့အရေပြားထက် ထွက်ပေါ်လာပြီး ခန္ဓာကိုယ်ထဲသို့ အလျင်အမြန် တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။ သူ့အသက်စွမ်းအင် အရှိန်အဝါနှင့် ခန္ဓာကိုယ်ခွန်အားတို့သည် တစ်မုဟုတ်ချည်း ပြောင်းလဲ တိုးတက်လာခဲ့သည်…
အလင်းတန်းနှင့် ထိမှန်သွားခံလိုက်ရချိန် တူကြီးတစ်လက်ဖြင့် ဆောင့်ရိုက်ခံလိုက်ရသည့်ပမာ ရန်ကိုင်တစ်ကိုယ်လုံး ကြိုးပြတ်သွားသည့် စွန်ပမာ လွင့်စင်ထွက်သွားခဲ့ရသည်။
ထိုအခြင်းအရာကိုမြင်သော် သူတော်စင်ဘုရင်သည် ရန်ကိုင်အား နားချိန်ပင်မပေးဘဲ တစ်ခါတည်း တိုက်ပွဲကိုအပြီးဖြတ်ရန် ရန်ကိုင်နောက်သို့ ပြေးလိုက်သွားခဲ့သည်။ သူ့တိုက်ကွက်ဖြင့် ရန်ကိုင် ဒဏ်ရာရသွားသည်မြင်သော် ရန်ကိုင်အား သူ့ခွန်အား အပေါ် ပို၍ ယုံကြည်ချက်ရှီလာခဲ့သည်။
နှစ်ချက်ဆင့်လက်ဝါးချက်သည် ရန်ကိုင် ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာခဲ့သည်။ သူတော်စင်ဘုရင်သည် သူ၏ သူတော်စင်ချီကို ရန်ကိုင်ကိုယ်ထဲသို့ ထည့်သွင်းကာ ရန်ကိုင်၏ အသက်စွမ်းအားကို ဖျက်စီးပစ်ရန် ကြံစည်သည်။
ထိုအခိုက် ရန်ကိုင်၏ မျက်နှာ လှောင်ရိပ်သန်းနေသည်ကို သူမြင်လိုက်ရသည်။
လူငယ်လေးသည် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသော်ငြား ထိုဒဏ်ရာများကို မမှုသည့်အလား သူ့အား ပြန်လည် တိုက်ခိုက်လာခဲ့သည်။ ဤသို့ဖြင့် နှစ်ယောက်သား တစ်ယောက်နှင့် တစ်ယောက် အသေအကြေ လက်ဝှေ့ပွဲ ဆင်နွှဲကြတော့လေသည်။
ရန်ကိုင် အရေပြား ပွင့်ထွက်သွားပြီး သွေးများ ပန်းထွက်လာသည်။ သူတော်စင်ဘုရင်သည်လည်း အခြေအနေမကောင်း။ သူ့တစ်ကိုယ်လုံး သွေးသံတရဲရဲ ဖြစ်နေ၏။ ရန်ကိုင်သည် သူ့ထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်သည့် လူများနှင့် တိုက်ခိုက်ဖူးသည်။ သို့သော် ယခုမှသာ သူတော်စင်ဘုရင်အဆင့်နှင့် ပထမဆုံးအကြိမ် တိုက်ခိုက်ဖူးခြင်း ဖြစ်သည်။
သေရေးရှင်ရေး အခြေအနေနှင့် ကြံရသော်ငြား ယခင်က နားမလည်ခဲ့သည့် စွမ်းရည်၊ သူ့ခွန်အား အကြောင်းကို အလျင်အမြန် နားလည်သဘောပေါက်လာခဲ့သည်။ တိုက်ပွဲချိန် ကြာလာသည်နှင့် ရန်ကိုင်သည် ပို၍ ကြမ်းလာခဲ့သည်။ သူ့ခွန်အားသည် လျော့ကျသွားခြင်းမရှိသည့်ပြင် ဒဏ်ရာ ရလာသည်နှင့်အမျှ ပို၍ပင် အားကောင်းလာနေခဲ့သည်။
အပြန်အလှန်အနေဖြင့် သူတော်စင်ုဘရင်၏ ဒေါသနှင့် အရှိန်အဟုန်တို့မှာ အလျင်အမြန် လျော့ပါးလာနေရသည်။ သူသာ ဆက်တိုက်ခိုက်နေမည်ဆိုပါက သေရမည့်လူမှာ သူသာ ဖြစ်သွားမည်ဟု ခံစားနေရသည်။
လက်ရှိတွင် သူပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီးနေပြီ။ သူ့ကိုယ်ထဲရှိ မရေမတွက်နိုင်သော သွေးကြောများ ဒဏ်ရာရထားပြီး အရိုးများစွာမှာလည်း အက်ကွဲနေခဲ့ပြီ။ သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းပစ်ရန် ကြံနေသော နတ်ဆိုးမီးတောက်များကိုလည်း သူတော်စင်ချီကိုသုံး၍ အသည်းအသန် ခုခံနေရသည်။
သို့သော်လည်း ထိုပူတစ်လှည့်၊ အေးတစ်လှည့် မီးတောက်များကို ခုခံရန်မှာ အလွန်ကိုမှ ခက်ခဲလှသည်။ သူတော်စင်ဘုရင် ထွက်ပြေးချင်နေလေပြီ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၃၉)
တိုက်ပွဲဆက်လက် ဖြစ်ပွားနေခဲ့သည်။ သူတော်စင်ဘုရင်သည် ရှိရှိသမျှ ပညာရပ်များကို အကုန်အစင် ထုတ်သုံး၍ အစွမ်းကုန် တိုက်ခိုက်နေသော်လည်း ရန်ကိုင်ကို အနိုင်မယူနိုင်သေးချေ။ တိုက်ပွဲအတွင်း ရန်ကိုင်သည် ပြန်ဆုတ်လိုသည့် အရိပ်အယောင် မပြရုံမက သူ့တိုက်ခိုက်မှုများသည် ပို၍ပင် ကြမ်းတမ်း လာနေခဲ့သည်။
လက်ရည်တူ ပြိုင်ဘက်တစ်ယောက်နှင့် သူသေကိုယ်သေ ယှဉ်တိုက်ခိုက်ရသည့် ခံစားချက်၊ နှစ်ယောက်ထဲတွင် တစ်ယောက်သာ အသက်ရှင်နိုင်မည်ဆိုသော အချက်သည် ရန်ကိုင်အား အလွန်ကိုမှ ပျော်ရွှင်စေသည်။
ရန်ကိုင် မျက်နှာထက်ရှိ ရူးသွပ်သော အမူအရာကိုမြင်သော် သူတော်စင်ဘုရင် တုန်လှုပ်သွားသည်။
ရန်ကိုင် ဘာကြံနေသလဲ ဆိုသည်ကို သူတော်စင်ဘုရင် နားလည်သွားခဲ့ပြီ။ ရန်ကိုင်သည် ဤတိုက်ပွဲကို အသုံးပြု၍ သူ့ခွန်အား အကန့်အသတ်ကို စစ်ဆေးလိုခြင်း ဖြစ်သည်။
ထိုအချက်ကို နားလည်လိုက်သည့် နောက်ဆုံးတွင် သူတော်စင်ဘုရင်လည်း ထိတ်လန့်သွားခဲ့သည်။ ရန်ကိုင်နှင့် ဆက်မတိုက်ခိုက်ချင်တော့ဘဲ ထိုကြောက်မက်ဖွယ် ကောင်းသည့် လူငယ်လေးဆီမှ ထွက်ပြေးချင်လာသည်။
အုန်း… ဘုန်း… အုန်း…
နှစ်ယောက်သား မီးကုန်ယမ်းကုန် သူသေကိုယ်သေ ပုတ်သတ်နေကြသည်။ ရန်ကိုင်နှင့် သူတော်စင်ဘုရင်သည် အနီးကပ်ပူးကပ် တိုက်ခိုက်နေရာမှ နှစ်ယောက်စလုံး နောက်သို့ ခုန်ဆုတ်လိုက်ကြပြီး အမောတကော အသက်ရှူရင်း တစ်ယောက်ကို တစ်ယောက် မီတာတစ်ရာအကွာမှ စိုက်ကြည့်နေကြသည်။
ရန်ကိုင်က သူ့ခန္ဓာကိုယ်ကို အကြောအချဉ် ဖြေလျော့လိုက်ရာ တဂျွတ်ဂျွတ်ဆိုသော အရိုးအက်သံများ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း သူတော်စင်ဘုရင်လောက်မဆိုး။ သူတော်စင် ဘုရင်မှာမူ မတ်တပ်ရပ်ရန်ပင် အနိုင်နိုင် ဖြစ်နေခဲ့သည်။ မျက်နှာတစ်ခုလုံးဆိုလျှင်လည်း မှုတ်ကုတ်လို့။
ရန်ကိုင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာ အသွေးအမွှားလေးများ တဖြည်းဖြည်း ပြန်ကောင်းလာနေသည်ကိုမြင်သော် သူတော်စင် ဘုရင် ထိတ်လန့်သွားခဲ့ပြန်သည်။ ထို့အပြင် ရန်ကိုင်၏ သွေးများသည် ရွှေရောင်ဖြစ်နေသည်ကိုပါ တစ်ပြိုင်တည်း သတိပြုမိသွားသည်။
ထိုမြင်ကွင်းကြောင့် သူတော်စင်ဘုရင် မှင်သက်နေခဲ့သည်။
မည်သို့သော ကျင့်စဉ်ကိုများ ကျင့်ကြံထား၍ သွေးများသည် ရွှေရောင်ဖြစ်နေရသနည်း။ ရန်ကိုင်၏ ခန္ဓာကိုယ်သည် သာမန်ထက် ပိုမိုကြံ့ခိုင်အားကောင်းနေခြင်းသည် ထိုရွှေရောင်သွေးနှင့် ပက်သကနေရမည်မှန်း သူတော်စင်ဘုရင် သိသည်။
ထိုရွှေရောင်သွေးကြောင့်သာ လူငယ်လေး၏ ဒဏ်ရာများ အမြန်ပြန်သက်လာနေခြင်း ဖြစ်သည်။
ရန်ကိုင်၏ ဒဏ်ရာများ အလိုလို ပြန်ကောင်းသွားသည်ကို မြင်ပြီးနောက် ရန်ကိုင်နှင့်သာ ဆက်တိုက်ခိုက်နေမည် ဆိုပါက သေရမည့်လူသည် ကျိန်းသေ သူသာ ဖြစ်လိမ့်မည် ဆိုသည်ကို သူတော်စင်ဘုရင် နားလည်သွားခဲ့သည်။
သူ့တွင် သူ့ခွန်အားကို သိသိသာသာ တိုးမြှင့်ပေးနိုင်သည့် တားမြစ်ပညာရပ်ဖြစ်သည့် ဝှက်ဖဲတစ်ခု ကျန်သေးပေသည်။ သို့သော် ထိုပညာရပ်ကို သူမသုံးရဲ။ အကြောင်းမှာ ထိုတားမြစ်ပညာရပ်ကို အသုံးပြုလိုက်သည့်နှင့် သူ့ခန္ဓာကိုယ် အခြေအနေ ပို၍ ဆိုးရွားသွားနိုင်သောကြောင့် ဖြစ်သည်။
သူ့ကျင့်ကြံခြင်းပင် သူတော်စင်အဆင့်သို့ ပြန်ကျသွားနိုင်ပြီး အုတ်မြစ်ထိခိုက်ကာ နောက်တစ်ဆင့်သို့ ဘယ်သောအခါမှ ထပ်မတက်နိုင်တော့သည့် အဖြစ်မျိုး ကြုံရသွားနိုင်သည်။ ယခုလေးတင် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲကြောင့် သူ့တစ်ကိုယ်လုံး မောပန်းနုံးချိနေလေပြီ။ မတ်တပ်ရပ်ပင် အနိုင်နိုင် ရပ်နေရသည်။ ထိုတားမြစ်ပညာရပ်ကိုသာ အသုံးပြုလိုက်ပါက အနိုင်ရလျှင်ပင် ပေးဆပ်ရမည့် တန်ဖိုးသည် အလွန်ကိုမှ ကြီးမားပေလိမ့်မည်။
အရေးအကြီးဆုံး အချက်သည်ကား ထိုတားမြစ်ပညာရပ်ကို အသုံးပြုလျှင်ပင် ရန်ကိုင်အား အနိုင်ယူနိုင်၊ မယူနိုင် မသေချာခြင်းပင်။ ထိုလူငယ်လေးသည် ဘယ်သူများလေလဲ။ ဘာကြောင့် ထိုမျှ ကြောက်မက်ဖွယ် ကောင်းနေရသနည်း။
သူလုံးဝကို ဇဝေဇဝါ ဖြစ်နေခဲ့သည်။ ရန်ကိုင် ပြသခဲ့သည့် စွမ်းအားကို မြင်ပြီးနောက် သူတကယ်ကို မှင်သက်နေမိနေချေပြီ။
ထို့ကြောင့် ရန်ကိုင်အား စိုက်ကြည့်နေရင်း ဖြည်းဖြည်းချင်း ပြန်ဆုတ်သွားလိုက်သည်။ ထိုသို့ နောက်ပြန်ဆုတ်နေစဉ် ရန်ကိုင်၏ လှုပ်ရှားမှုများကို အသေအချာ သတိပြုလေ့လာ စောင့်ကြည့်နေခဲ့သည်။
လုံခြုံလောက်သည့် အကွာအဝေးသို့ ပြန်ဆုတ်သွားပြီပြီ ဆိုမှသာ ကြယ်လွန်းပျံထုတ်၍ ထိုပေါ်သို့တက်ကာ ရန်ကိုင်အား လှမ်း၍ အော်ပြောလိုက်သည် “ချာတိတ်လေး၊ ဒီနေ့ လုပ်ခဲ့တာအတွက် မင်းပြန်ပေးဆပ်ရမယ်။ ရေလကြယ်ပေါ်မှ မင်းခြေချနိုင်မယ့် နေရာမရှိစေရဘူး”
ပါးစပ်ကသာ ခြိမ်းခြောက်သွားသော်ငြား ပြေးသည်မှာ မြန်လိုက်လေစွ။
ရန်ကိုင်ကမူ သူ့ခြိမ်းခြောက်စကားကို ကြားသည့်တိုင် မျက်နှာ အမူအရာ ပြောင်းလဲမသွား။ သူတော်စင်ဘုရင်နောက်သို့ ပြေးလိုက်သွားလိုသည့်ပုံမရဘဲ နေရာတွင်သာ ရပ်၍ ထိုလူ၏ တဖြည်းဖြည်း ပျောက်ကွယ်သွားသော ကျောပြင်ကို စိုက်ကြည့်နေခဲ့သည်။
သို့သော်လည်း ထိုကဲ့သို့ ရပ်နေစဉ် သူ၏ ကောင်းကင်စိတ်အာရုံ အမျှင်းတန်းတစ်ခုသည် လေဟာနယ်ကို ခုန်ကျော်၍ ထွက်ပြေးသွားသော သူတော်စင်ဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ကပ်တွယ်သွားခဲ့သည်။
ချက်ချင်းဆိုသလို ရန်ကိုင်က သူ့ရှေ့ရှိ လေဟာနယ်ကို ဆုတ်ဖြဲလိုက်လေသည်။
မိုင်ရာပေါင်းများစွာအကွာတွင်၊ သူတော်စင်ဘုရင်သည် ထွက်ပြေးနေရင်း သူ့ကိုယ်ထက် လောင်ကျွမ်းနေသော အနက်ရောင် မီးတောက်များကို ငြိမ်းသတ်နေခဲ့သည်။
ရန်ကိုင်နှင့် တိုက်ခိုက်နေစဉ် အတောအတွင်း ထိုနတ်ဆိုး မီးတောက်များကြောင့် သူ့သူတော်စင်ချီ တော်တော်များများ ကုန်သွားခဲ့ရသည်။ မဟုတ်လျှင် ဤကဲ့သို့ ဘဝမျိုး ရောက်ခဲ့လိမ့်မည် မဟုတ်ချေ။
ထိုနတ်ဆိုးမီးတောက်ကဲ့သို့ မီးတောက်မျိုး ရှိသည်ဟု သူတစ်ခါမှ မကြားလေရာ မြင်ဖူးရန်ဆိုလျှင် ဝေလာဝေးပင်။ ပူလည်းပူ၊ အေးလည်းအေး၊ တစ်မျိုးနှင့်တစ်မျိုး အပြန်အလှန် အားဖြည့်ပေးနေသော အပူအအေးမီးတောက်ကို ငြိမ်းသတ်ရန်မှာ မလွယ်ကူလှချေ။ ထို့ကြောင့် ထွက်ပြေနေရင်း ထိုမီးတောက်ကို ခုခံရန် သူ၏ သူတော်စင်ချီကို အဆက်မပြတ် အသုံးပြုနေရသည်။ တောင်ကြားဆီသို့ မြန်မြန် ပြန်သွားပြီး သူ့စီနီယာများဆီမှ အကူအညီ တောင်းချင်နေလေပြီ။
ထူးဆန်းသော လူငယ်လေးသည် သူ့နောက်သို့ လိုက်မလာခဲ့။ ထို့ကြောင့် သူတော်စင်ဘုရင် စိတ်သက်သာရာ ရသွားခဲ့သည်။ ယခု သူဘာကြောင့် ရှုံးနိမ့်ပြီး ပြန်လာရသလဲ ဆိုသည်နှင့် ပက်သက်၍ အကြောင်းပြချက်တစ်ခု စဉ်းစားရပေတော့မည်။
မည်ကဲ့သို့ အကြောင်းပြချက်ပေးလျှင် ကောင်းမလဲဟု စဉ်းစားနေစဉ် သူ့ရှေ့ရှိ လေဟာနယ် ရုတ်တရက် တွန့်လိမ်လာသည်။ သူတော်စင်ဘုရင်လည်း ကြောင်ပြီး ထိုလေဟာနယ်ကို စိုက်ကြည့်နေမိသည်။
တွန့်လိမ်နေသော လေဟာနယ်သည် ကြီးသည်ထက်ပို၍ ကြီးမားလာခဲ့ပြီး နောက်ဆုံးတွင် သူ့ရှေ့ရှိ လေဟာနယ်သည် မှန်တစ်ချပ်ပမာ ကွဲကြေသွားခဲ့သည်။ ချက်ချင်းဆိုသလို ဧရာမ အက်ကွဲကြောင်းကြီးတစ်ခုသည် တွန့်လိမ်နေသော လေဟာနယ် နေရာတွင် ပေါ်လာခဲ့သည်။
ထိုအက်ကွဲကြောင်းထဲမှ လှောင်ပြုံးပြုံးနေသေည့် လူငယ်လေး တစ်ယောက် ထွက်လာခဲ့သည်။ ထိုလူငယ်လေး၏ မျက်နှာကို မြင်လိုက်သည်နှင့် သူတော်စင်ဘုရင်သည် သရဲတစ်ကောင်ကို မြင်လိုက်ရသည့်နှယ် သွေးဆုတ်ဖြူလျော်သွားခဲ့သည်။ သူ့မျက်လုံးသူ မယုံကြည်နိုင်တော့ချေ။
ထိုလူငယ်လေးသည် ယခုလေးတင် သူနှင့် တိုက်ခိုက်နေခဲ့သော လူငယ်လေး ဖြစ်သည်။
သူကြောင်အမ်းအမ်း ဖြစ်နေစဉ် လူငယ်လေးက သူ့အား ဖမ်းကိုင်လိုက်သည်။ သူတော်စင်ဘုရင် မတုန့်ပြန်နိုင်ခင်မှာဘဲ ရန်ကိုင်က သူ့အား ဟင်းလင်းပြင်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့သို့ ပစ်ထည့်ခံလိုက်ရပြီးနောက် လေဟာနယ် အက်ကွဲကြောင်းသည် အလျင်အမြန် ပြန်ပိတ်သွားခဲ့လေသည်။ ရန်ကိုင်ကမူ သူတော်စင်ဘုရင်အား အပြုံးလေးပြုံးလျက် လက်ဝှေ့ရမ်းပြလိုက်သည်။
အသိပြန်ဝင်လာချိန် သူတော်စင်ဘုရင်သည် ဟင်းလင်းပြင်ထဲမှ လွတ်မြောက်ရန် အသည်းအသန် ရုန်းကန်သည်။ ဒေါသတကြီး အော်ဟစ်သည်။ သို့သော် အကျိုးမထူးလေရာ။ သူ့ကံကြမ္မာကို မျက်စိမှိတ်လက်ခံရုံသာ ရှိသည်။
သူတော်စင်ဘုရင် မရှိတော့သည်နှင့် ရန်ကိုင်သည် သူ၏ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို ရုတ်သိမ်းလိုက်ပြီး သက်ပြင်းအရှည်ကြီး ချလိုက်သည်။ ထို့နောက် သူ့မျက်နှာ အမူအရာ လေးနက်သွားခဲ့သည်။
ထိုလူသုံးယောက်နှင့် တိုက်ခိုက်ပြီးနောက် သူ့အစွမ်းအစကို ရန်ကိုင် နားလည်သွားခဲ့လေပြီ။
နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို အသုံးပြုလျှင် သူတော်စင်ဘုရင် ပထမအဆင့်ကို ယှဉ်တိုက်နိုင်သည်။ သို့သော် သူတော်စင်ဘုရင် ဒုတိယအဆင့်နှင့် ယှဉ်တိုက်နိုင်၊ မတိုက်နိုင် ဆိုသည်ကိုမူ သေချာမသိချေ။
ယခုတိုက်ပွဲမှ အတော်လေး အကျိုးအမြတ် များခဲ့ရသည်။ သူတော်စင်ဘုရင်နှင့် တိုက်ပွဲကြောင့် သူအသစ်ရရှိထားသည့် နတ်ဆိုးမီးတောက် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို ကောင်းကောင်း နားလည်သွားခဲ့လေပြီ။
သို့သော်လည်း သူစိတ်ပူနေသည်ကား ထိုလူသုံးယောက် ဘာကြောင့် သူ့နောက်သို့ လိုက်လာရသလဲ ဆိုသည်ကိုပင်။ မည်သည်ကိုများ သူမြင်လိုက်သဖြင့် သူ့နောက်သလို့ ပြေးလိုက်လာရသနည်း။
ထိုအဖွဲ့သည် ကုန်တင်နေသည့်ပုံပင်။ သူတို့ ကုန်တင်နေသည့် နေရာသည် အနည်းငယ် ချောင်ကျနေသည့် အချက်မှလွဲ၍ အားလုံးသည် ပုံမှန်ပင်။ သို့သော်လည်း သူမမြင်သင့်သည်မှာ မည်သည့်အရာ ဖြစ်သနည်း။ ရန်ကိုင် မစဉ်းစားတတ်တော့။ ထို့ကြောင့် ကြယ်လွန်းပျံကို ထုတ်၍ ရှန်တု၏ နန်းတော်ဆီသို့သာ ပြန်သွားလိုက်သည်။
နေ့တစ်ဝက်ကြာပြီးနောက် ရန်ကိုင် ဖြတ်သွားခဲ့သည့် တောင်ကြားတွင် ပြုလုပ်နေသည် ကုန်တင်သည့် လုပ်ငန်းစဉ် ပြီးဆုံးသွားခဲ့သည်။ ကြယ်သင်္ဘောပေါ်သို့ ကုန်ပစ္စည်းအားလုံး တင်ပို့ပြီးသွားလေပြီ။ ရုပ်ချောချော လူငယ်လေးနှင့် ရယ်ရယ်မောမော စကားပြောနေသည့် သက်လတ်ပိုင်း လူကြီးက အပြုံးဖြင့် “သခင်လေးရွှယ့်ယွယ်နဲ့ အလုပ်တွဲလုပ်ရတာ တကယ်ကို စိတ်ကျေနပ်စရာပဲ။ နောင်အခုလို အခွင့်အရေးမျိုး ရှိတယ်ဆိုရင် ကျုပ်တို့ကို မမေ့ဖို့ မျှော်လင့်ပါတယ်။ သခင်လေး စိတ်ကျေနပ်လောက်မယ့်ဈေးကို ကျုပ်တို့ ပေးမှာပါ”
ရွှယ့်ယွယ်ဆိုသော လူငယ်လေးက ပြုံး၍ ခေါင်းညိတ်လိုက်သည်။ သူ့အပြုံးသည် နွေဦးပေါက်လေညင်းနှယ် မြင်လိုက်သူတိုင်းအား လန်းဆန်းသွားစေသည်။ သူ့အား စိုက်ကြည့်နေသော အမျိုးသမီး ကျင့်ကြံသူများမှာလည်း အချစ်ဆိပ်ကိုတက်လို့။ အကုန်လုံး၏ အကြည့်မှာ ရီဝေဝေ၊ ဆေးခတ်ခံထားရသည့်နှယ်။ လူတစ်ယောက်၏ စွမ်းနိုင်စွမ်းပေလော။
ထိုလူငယ်လေးရွှယ့်ယွယ်သာ လက်ယပ်ခေါ်လိုက်သည်နှင့် သူ့ရင်ထဲ ပစ်ဝင်လာမည့် မိန်းမများ တစ်ပုံကြီးပင်။ ရိုက်သတ်၍ပင် ကုန်မည်မဟုတ်။ လောကကြီး… လောကကြီး… မတရားလိုက်လေခြင်း… မတရားလိုက်လေခြင်း…
“ကျုပ်တို့ထွက်သွားတော့မယ်နော်၊ နှုတ်ဆက်ပါတယ် သခင်လေး ရွှယ့်ယွယ်” သက်လတ်ပိုင်းလူကြီးက အပြုံးဖြင့် ပြောလိုက်ပြီး သူ့လက်အောက်ငယ်သားများကို လက်ဝှေ့ရမ်းပြလိုက်ကာ ကြယ်သင်္ဘောပေါ်သို့ တက်သွားလိုက်သည်။ သူ့သင်္ဘောသားများ ဖြစ်ကြသော အမျိုးသမီးများသည် မသွားချင် သွားချင်ဖြင့် ရွှယ့်ယွယ်အား လှည့်ကြည့်လှည့်ကြည့်လုပ်ရင်း သင်္ဘောပေါ်သို့ တက်သွားကြသည်။
ထိုစဉ် သူတော်စင်ဘုရင်တစ်ယောက် ရွှယ့်ယွယ်ဘေးနားသို့ ပြေးလာပြီး သူ့နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
ရွှယ့်ယွယ်၏ အပြုံး အေးခဲသွားခဲ့ပြီး တိုးတိုးလေး ပြန်မေးလိုက်သည် “မင်းသေချာလား”
“သေချာတယ်။ သူတို့ ခန္ဓာကိုယ်နှစ်ခုကို မိုင်ငါးရာအကွာမှာ ရှာတွေ့ခဲ့တာ။ အနားမှာ ဘယ်သူမှမရှိဘူ။ ဒီကုန်တင်ပို့တာကို အဲ့လူစိမ်း မြင်သွားမှာသေချာတယ် သခင်လေး”
ရွှယ့်ယွယ်၏ အကြည့် ထက်ရှသွားခဲ့ပြီး ခေါင်းညိတ်လိုက်သည် “ငါနားလည်ပြီ”
ပြောပြီးသည်နှင့် ရှေ့တစ်လှမ်းတိုး၍ အော်ပြောလိုက်သည် “ခဏစောင့်ပါဦး”
ပျော်ရွှင်ကျေနပ်နေသည့် သက်လတ်ပိုင်လူကြီးက ရုတ်တရက် ရပ်လိုက်ပြီး နောက်သို့ပြန်လှည့်၍ မေးလိုက်သည် “သခင်လေး ရွှယ့်ယွယ် ဘာများပြောချင်လို့လဲ”
ရွှယ့်ယွယ်က ပြုံးမြဲပြုံးလျက် “အားနာပေမယ့် အခုတစ်ကြိမ် ကုန်ပစ္စည်းတင်ပို့မယ့် ကိစ္စကို ပယ်ဖျက်ရတော့မယ်။ အဲ့ပစ္စည်းတွေကို ခင်ဗျားတို့ သယ်သွားလို့ မရတော့ဘူး”
“ပယ်ဖျက်လိုက်တာလား” သက်လတ်ပိုင်းလူကြီး မျက်မှောင် ကြုတ်သွားခဲ့သည်။ သူ့မျက်လုံးထဲ မကျေနပ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး အားတင်းပြုံးလျက် “သခင်လေးရွှယ့်ယွယ် နောက်နေတာတော့ မဟုတ်ပါဘူးနော်။ ငွေ့နဲ့ ကုန်ပစ္စည်းတွေကို လဲလှယ်ပြီးသွားပြီလေ။ ဘယ်လိုလုပ်ပြီး ပြန်ဖျက်သိမ်းချင်ရတာလဲ”
ရွှယ့်ယွယ်က ပြုံး၍ ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည် “ပယ်ဖျက်တယ်ဆိုမှတော့ ပယ်ဖျက်တယ်ပေါ့”
လူငယ်လေး၏ မည်သည့်ကိုမှ မျက်လုံးထဲမထည့်သည့် မာနတစ်ခွဲသား စကားကိုကြားသော် သက်လတ်ပိုင်းလူကြီး အော်ရယ်မိသွားပြီး “ကျုပ်ကို အကြောင်းပြချက်ပေးမှရမယ်၊ သခင်လေးရွှယ့်ယွယ်။ ကုန်ပစ္စည်းတွေကို တင်ပို့ပြီးသွားပြီ ဆိုမှတော့ ကျုပ်ဘက်က ဒါတွေကို ပြန်ပေးမှာမဟုတ်ဘူး။ ဒါတွေက အရမ်းကို လိုအပ်နေသည့် ပစ္စည်းတွေဆိုတော့ ဒါတွေရဲ့ တန်ဖိုးကို ငွေသက်သက်နဲ့ တိုင်းတာလို့ မရဘူး။ အင်း၊ နှုတ်ဆက်ပါတယ် သခင်လေးရွှယ့်ယွယ်။ နောက်အခွင့်အရေး ရှိရင်လည်း အတူတူ လုပ်ချင်ပါသေးတယ်”
“နောက်တစ်ကြိမ်ဆိုတာ ရှိတော့မှာမဟုတ်ဘူး” ရွှယ့်ယွယ်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ သူ့မျက်နှာထက်ရှိ အပြုံးသည် တစ်ဒင်္ဂလေးပင် ပျောက်ကွယ်သွားမသွားခဲ့ “အဲ့ကုန်ပစ္စည်းတွေတင် မဟုတ်ဘူး။ ခင်ဗျားတို့ပါ နေရစ်ခဲ့ရမှာ”
ထိုစကားထွက်လာသည့်အချိန် သက်လတ်ပိုင်းလူကြီး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ မမြင်နိုင်သော အကြောက်တရားတို့ သူ့ရင်ထဲ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ရွှယ့်ယွယ်၏ နောက်ဘက်တွင် ရှိနေသော ဧရာမဝတ်ရုံကြီး ဝတ်ထားသည့် ကျင့်ကြံသူ ရုတ်တရက် ပျောက်ကွယ်သွားပြီး သက်လတ်ပိုင်းလူကြီး၏ ရှေ့တွင် ပြန်ပေါ်လာခဲ့သည်။ ထို့နောက် သူ့လက်ကိုမြှောက်ကာ သက်လတ်ပိုင်းလူကြီး၏ ခေါင်းပေါ် ဖိချလိုက်သည်။ ထူးဆန်းသော အားတစ်ရပ်သည် သက်လတ်ပိုင်း လူကြီး၏ ခန္ဓာကိုယ်ထဲ တိုးဝင်သွားပြီး သူ့တစ်ကိုယ်လုံးကို အတွင်းမှနေ၍ ဖျက်စီးပစ်တော့လေသည်။
“တန်ခိုးရှင်အဆင့်…” သူ့ရှေ့ရှိ ဝတ်ရုံဝတ်လူကြီးကို ကြည့်ရင်း သက်လတ်ပိုင်းလူကြီး ခြောက်ခြားစွာဖြင့် အော်ဟစ်လိုက်သည်။ ထိုကဲ့သို့ အော်ဟစ်လိုက်ခြင်းသည့် သူ့ဘဝ၏ နောက်ဆုံးသော အော်ဟစ်ခြင်းသို့၊ နောက်ဆုံးစကား ဖြစ်ပေသည်။ ပြီးနောက် သူသေသွားခဲ့ရသည်။
သက်လတ်ပိုင်းလူကြီး သေသွားသဖြင့် သင်္ဘောပေါ်တွင် ရှိနေသူ အားလုံး တုန်လှုပ်ချောက်သွားပြီး အကုန်လုံး ယောက်ယတ်ခတ်ကုန်တော့လေသည်။ ဝတ်ရုံဝတ်လူသည် သင်္ဘောထဲသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ပြီး ရှိသမျှ ကျင့်ကြံသူအားလုံးကို သတ်ပစ်သည်။
ခဏအကြာ၌ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ထွက်လာပြီး ရွှယ့်ရွယ်ကို တင်ပြလိုက်သည် “(၁၃၅)ယောက်စလုံး သေသွားပါပြီ”
“အင်း” ရွှယ့်ယွယ်က အသာအယာ ခေါင်းညိတ်လျက် လက်ဝှေ့ရမ်းကာ သူ့လက်အောက်ငယ်သားများကို အော်ဟစ်၍ အမိန့်ပေးလိုက်သည် “ပစ္စည်းတွေကို ပြန်သယ်လာခဲ့ကြ”
“ကြယ်သင်္ဘောကကော သခင်လေး” သူ့လက်အောက်ငယ်သား တစ်ယောက်မေးလိုက်သည်။ ကုန်ပစ္စည်းများကို ပြန်သယ်သွား၍ ရသော်ငြား ကြယ်သင်္ဘောကို မည်သည့်နေရာသို့ သယ်သွားရမည်နည်း။
“ဒုတိယအစ်ကို ပိုင်နက်ထဲက တစ်နေရာရာဆီ ပစ်လိုက်။ အခုလောက်ပိုင်း သူ့နယ်မြေက ငြိမ်းချမ်းတာမဟုတ်ဘူး။ အပြင်လူတွေနဲ့ တိုက်ခိုက်နေကြတဲ့ပုံပဲ” ရွှယ့်ယွယ်က ပြောလိုက်သည်။
“ဟုတ်ကဲ့” လက်အောက်ငယ်သွားအဖွဲ့သည် ခေါင်းညိတ်လိုက်ပြီး သူတို့အလုပ်ကို စလုပ်ကြတော့သည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၄၀) ရွှယ့်ယွယ်
မကြာမီ ရှန်တု နန်းတော်သို့ ရန်ကိုင် ပြန်ရောက်လာခဲ့သည်။
ဝင်ပေါက်တွင်စောင့်နေသော ဂိတ်စောင့်များက သူ့အား လေးလေးစားစား နှုတ်ဆက်လိုက်ကြသည်။
“မင်းပြန်လာပြီလား” ရှန်တုအသံ ထွက်လာခဲ့ပြီး မကြာမီ ရှန်တုသည် နန်းတော်ထဲမှ အပြုံးကြီးပြုံးလျက် ထွက်လာသည်။
“နောက်ဆုံးတော့ ခေါင်းဆောင် အိုင်အောင် မင်းကို လွှတ်ပေးလိုက်ပြီပေါ့” ရန်ကိုင်က ရှန်တုအား အပြုံးဖြင့် ကြည့်လိုက်သည်။
ရှန်တု၏ ပါးစပ်မဲ့ရွဲ့သွားခဲ့ပြီး စိတ်ပျက်နေသည့် အမူအရာဖြင့် “အဲ့အကြောင်း မပြောစမ်းနဲ့ကွာ။ ဒီတစ်ကြိမ် အရေခွံဆုတ်ခံရနီးနီးပဲ။ လာ၊ အထဲဝင်ပြီး သွားစကားပြောကြရအောင်”
ရှန်တုသည် ရန်ကိုင်နှင့်အတူ ဘေးချင်းယှဉ်လျှောက်ရင်း သူဘယ်သွားနေသလဲ၊ ဘာကြောင့် အတော်ကြာအောင် ပျောက်နေရသလဲ ဆိုသည်ကို မေးခဲ့သည်။
ရန်ကိုင်သည် သူသွားခဲ့သည့် ခရီးအကြောင်းကို အကျဉ်းချုံး ရှင်းပြလိုက်သည်။ ထို့နောက် ရုတ်တရက် မျက်မှောင်ကြုတ်၍ “သွားနေတုန်း တစ်ခုခု ဖြစ်သွားတယ်ကွ”
“ဘာဖြစ်တာလဲ” ရန်ကိုင် အမူအရာ လေးနက်သွားသည်ကို မြင်သော် ရှန်တု၏ အမူအရာလည်း လေးနက်သွားရသည်။
ရန်ကိုင်က ဘေးပတ်လည်ကို သတိထားလျက် အရင် ကြည့်လိုက်သည်။
ရှန်တုနောက်မှ လိုက်လာသော ကျလုံက အလျင်အမြန်ပဲ ပြောလိုက်သည် “ညီငယ်လေး ပြောချင်တာသာပြော။ ပြောလို့ သတင်းပျံ့သွားမှာကို စိုးရိမ်စရာမလိုဘူး။ ဒီနန်းတော်မှာ ရှိတဲ့ လူတိုင်းက သခင်လေးကို အပြည့်အဝ သစ္စာရှိပြီးသား”
ရှန်တုကလည်း ကျလုံပြောသည်မှာ ဟုတ်မှန်ကြောင်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
ထို့ကြောင့် ရန်ကိုင်က ခေါင်းညိတ်၍ ဆက်ပြောသည် “ငါအပြင်သွားနေတုန်း… မင်းတို့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက ကျင့်ကြံသူသုံးယောက်ကို သတ်လိုက်ရတယ်”
“ပြီးတော့ကော” ရှန်တုက မေးလိုက်သည်။
“အဲ့ဒါပဲ။ သူတို့ကို သတ်ပြီးတာနဲ့ ပြန်လာခဲ့တာ”
ရှန်တုက ပြုံးလိုက်ပြီး “အဲ့လောက်ဆို ဘာမှမဖြစ်ဘူး။ ကုန်သွယ်ရေးအဖွဲ့အစည်းမှာ လူတွေအများကြီးပဲ။ ပြီးတော့ ရေလကြယ်ပေါ်မှာ နေ့တိုင်း တိုက်ပွဲတွေဖြစ်နေတာ။ လူတစ်ယောက်နှစ်ယောက် အသတ်ခံလိုက်ရလို့ ဘာမှ ဖြစ်မသွားဘူး။ သူတို့နောက်ခံသာ ထူးထူးခြားခြားကြီး မဟုတ်သရွေ့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး”
“သူတို့ ခွန်အားက သိပ်မမြင့်တော့ သူတို့ရဲ့ အဆင့်အတန်းလည်း သိပ်မြင့်လောက်မှာ မဟုတ်ဘူး”
“အဲ့လိုဆို စိတ်မပူနဲ့တော့။ ဒီကိစ္စကို ငါကိုင်တွယ်လိုက်မယ်” ရှန်တုက သူ့ရင်ဘတ်ကို ယုံကြည်ချက်အပြည့်ဖြင့် ပုတ်လိုက်သည်။
“ငါရှင်းပြတာကို ပြီးအောင် အရင်နားထောင်ဦး” ရန်ကိုင်က သူ့လက်ကိုဝှေ့ရမ်း၍ “အဲ့သုံးယောက်ကို သတ်လိုက်တယ် ဆိုတာက ငါသတ်ချင်လို့ သတ်လိုက်တာ မဟုတ်ဘူး၊ ငါ့ဘာသာငါ တောင်ကြားတစ်ခုကို ဖြတ်သွားတုန်း အဲ့မှာ လူတစ်အုပ်နဲ့ သွားတွေ့တယ်လေ။ သူတို့ကို ငါမြင်သွားတော့ အဲ့အဖွဲ့ထဲက သုံးယောက်က ငါ့နောက်က်ကို ပြေးလိုက်လာကြတာပဲ”
“လူတစ်အုပ်လား” ရှန်တု အံ့အားသင့်သွားသည်။
“ဟုတ်တယ်။ အဲ့တောင်ကြားထဲမှ မီတာသုံးရာလောက်ရှည်တဲ့ ကြယ်သင်္ဘောတစ်စင်း ကပ်ထားတယ်။ မင်းတို့ ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းက လူတွေက ကုန်ပစ္စည်းတွေကို သင်္ဘောပေါ်တင်နေတာ။ ငါရှိနေတဲ့နေရာနဲ့ သင်္ဘောကပ်ထားတဲ့ နေရာက တော်တော်လေး ဝေးတော့ ဘာပစ္စည်းတွေလဲ ဆိုတာကိုတော့ ငါလည်း သေချာမမြင်ခဲ့ဘူး။ ဒါပေမယ့် ငါနားမလည်တာက ငါသူတို့ကို တွေ့ရုံပဲ တွေ့တာကို ငါ့အသက်လောက်ပဲ ရှိတဲ့ လူငယ်လေးက အဲ့သုံးယောက်ကို ဘာလို့ ငါ့နောက်လိုက်ခိုင်းလဲ ဆိုတာပဲ”
“တောင်ကြားထဲမှာ ကုန်တင်နေတာလား” ရှန်တု၏ မျက်နှာ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားသည်။ အခြေအနေသည် သူထင်ထားသကဲ့သို့ မရိုးရှင်းမှန်း ရုတ်တရက် နားလည်သွားလိုက်သည်။ ထို့ကြောင့် အလျင်အမြန်ပဲ ပြန်မေးလိုက်သည် “သူတို့ ဘယ်လိုရုပ်မျိုး ရှိလဲဆိုတာကိုကော မင်းမှတ်မိလား”
ရန်ကိုင်က ခဏလောက် စဉ်းစားလိုက်ပြီးနောက် “ရုပ်ရည်ကို ပြောရမယ်ဆိုရင်တော့ သူတို့ ခေါင်းဆောင် ဖြစ်လောက်မယ့် လူငယ်လေး… အင်း၊ ချောတယ်၊ တော်တော်လေး ချောတယ်လို့ ပြောလို့ရမယ်”
ထိုစကားကို ပြောလိုက်ချိန် ရန်ကိုင်မျက်နှာ မဲ့သွားခဲ့သည်။ ‘လှပသည်’ ဆိုသော စကားကို ယောကျာ်းတစ်ယောက်အပေါ် သုံးရသည်မှာ အနည်းငယ် ကွကျကျ ဖြစ်နေခဲ့သည်။ သို့သော် ထိုကဲ့သို့ မပြောလျှင် မည်ကဲ့သို့ ပြောရမည်နည်း။
ရန်ကိုင် ပြောသည်ကို ကြားပြီးနောက် ရှန်တု၏ အမူအရာ အရုပ်ဆိုးသည်ထက် ဆိုးလာခဲ့သည်။ သူနှင့် ကျလုံသည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နှစ်ယောက်စလုံး မကောင်းသည့် ခံစားချက်တို့ ရနေခဲ့သည်။
“ရန်ကိုင်… အဲ့လူငယ်လေးကို သေချာ အသေးစိတ် ပုံဖော်ပေးလို့ ရမလား” ရှန်တုက မေးလိုက်သည်။
“သူ့မျက်နှာကို သေချာမမြင်လိုက်ဘူး။ တစ်ချက်ပဲ မြင်လိုက်တာ။ ဒါပေမယ့် အသားက တော်တော်လေး ဖြူတယ်။ ပြီးတော့ တောက်လျှောက်ကို ပြုံးနေတာ။ ရှိပါသေးတယ်ကွာ… ဘာပါလိမ့်၊ အချစ်ဆိပ်တက်နေသလို ဖြစ်နေတဲ့ မိန်းကလေးတွေလည်း သူ့နားမှာ ရှိသေးတယ်။ သူ့အသက်ကတော့ ငါတို့လောက်ပဲ။ ဆံပင်က တော်တော်လေးရှည်တယ်။ ပခုံးကျော်တယ်” စဉ်းစားပြီးနောက် ရန်ကိုင်က သူမြင်သလောက်ကို ပြန်ပြောလိုက်သည်။
“မဖြစ်နိုင်ဘူး” ရှန်တုက ရုတ်တရက် ထအော်သည်။
ရှန်တုနှင့် ကျလုံမျက်နှာပျက်သွားသည်ကို မြင်သော် ရန်ကိုင်လည်း မေးလိုက်မိလေသည် “မင်းသူ့ကိုသိလို့လား”
ရှန်တု မျက်နှာမဲ့သွားခဲ့ပြီး ကြောက်လန့်နေသည့် အမူအရာဖြင့် ခဏတာ တိတ်ဆိတ်နေပြီးနောက် “ရန်ကိုင်၊ မင်းက အပြင်လူ မဟုတ်တော့ ငါမင်းကို မလိမ်တော့ဘူး။ မင်းမြင်လိုက်တဲ့လူက… ငါ့ရဲ့ တတိယအစ်ကို ရွှယ့်ယွယ် ဖြစ်လောက်တယ်”
‘ရွှယ့်ယွယ်’ဆိုသော စကားကို ကြားလိုက်ရချိန် ကျိလုံ၏ ခန္ဓာကိုယ် တစ်ချက်တွန့်သွားခဲ့သည်။
“မင်းရဲ့ တတိယအစ်ကိုလား” ရန်ကိုင် ကြောင်သွားခဲ့သည်။
“ငါ့ရဲ့ တတိယအစ်ကိုပဲ” ရှန်တုက မျက်နှာပျက်ပျက်ဖြင့် ခေါင်းညိတ်လိုက်သည်။
ကျလုံက ခါးသက်စွာပြုံးလျက် ရှင်းပြလိုက်သည် “ရေလကြယ်မှာ သခင်လေးကြောက်တဲ့လူ နှစ်ယောက်ပဲရှိတယ်။ တစ်ယောက်က ခေါင်းဆောင်နဲ့ နောက်တစ်ယောက်က သခင်လေးရွှယ့်ယွယ်ပဲ…”
ရန်ကိုင် ကြောင်သွားခဲ့ပြီး သွားပေါ်အောင် ပြုံးလိုက်ကာ “ကိုယ့်အစ်ကိုကို ပြန်ကြောက်နေတာလား”
ရှန်တုက ချက်ချင်းပဲ စရှင်းပြလိုက်သည် “သူသာ ငါ့အစ်ကိုမဟုတ်ရင် ငါ့လူတွေကိုသုံးပြီး သူ့ကို ရှင်းပစ်လိုက်တာ ကြာပြီ။ ရန်ကိုင် မင်းနားမလည်ပါဘူးကွာ။ သူ့နာမည် ကြားရုံနဲ့တင်ကို ငါကြက်သီးမွှေးညင်းထတယ်။… လခွမ်းပဲ။ အဲ့သူတောင်းစားကြောင့် ငယ်ငယ်တုန်းက စိတ်ဒဏ်ရာတွေ အများကြီး ရခဲ့ရတာ။ ရှင်းရှင်းပြောရရင် ငါ့လူအိုကြီးထက်တောင် သူ့ကို ပိုကြောက်သေးတယ်”
“ကြည့်ရတာ သခင်လေးရွှယ်ယွယ့် ဆိုတဲ့လူက တော်တော်လေး စွမ်းနိုင်တဲ့ပုံပဲနော်” ထိုထူးဆန်းသော လူငယ်လေးကို ရန်ကိုင် စိတ်ဝင်စားမိသွားသည်။ ရှန်တုနှင့် အတူရှိလာခဲ့သည်မှာ ကြာပြီ ဖြစ်သဖြင့် ရှန်တုသည် အကြောက်အလန့်ကင်းသော ငပေ၊ ငတေ တစ်ယောက်ဖြစ်မှန်း သူသိသည်။ နာမည်ကြားရုံဖြင့် ရှန်တုအား ကြောက်လန့်အောင် လုပ်နိုင်သည်ဆိုပါက ထိုရွှယ့်ယွယ်သည် တကယ်ကို မှတ်သားလောက်စရာ လူတစ်ယောက်ပင် ဖြစ်သည်။
“ရန်ကိုင်ရာ ငါ့ကို မစစမ်းနဲ့ကွာ။ ငါတကယ် ပြောနေတာ။ အခုကိစ္စသာ သူဆိုရင် ဒီကိစ္စက တကယ်ကို ပြဿနာများပြီ”
“ဘာလို့လဲ”
“ငါခန့်မှန်းတာသာ မမှားရင်… တတိယအစ်ကိုက ငွေရဖို့ သူ့အဆက်အသွယ်တွေကိုသုံးပြီး ရှားပါးတဲ့ပစ္စည်းအချို့ကို ရောင်းနေတာ ဖြစ်လိမ့်မယ်။ ရေလကြယ်ပေါ်မှာ ဘယ်သူ့ကိုမှ အဲ့လိုလုပ်ခွင့် ပေးမထားဘူး။ အဲ့အကြောင်းသာ သတင်း ပြန့်သွားရင် သူပြဿနာတက်မှာ”
“အဲ့ဒါကြောင့် သူ့နားက ဖြတ်သွားတုန်းက ငါ့ကို လိုက်ဖမ်းဖို့ လူတွေလွှတ်လိုက်တာပေါ့”
“ဟုတ်တယ်။ ပြီးတော့ ငါ့ရဲ့ တတိယအစ်ကိုက သူလိုချင်တာကို မရမချင်း ရပ်တတ်တဲ့ လူစားမျိုးမဟုတ်ဘူး။ သူတစ်ခုခု ဒါမှမဟုတ် တစ်ယောက်ယောက်ကို ကြိုက်သွားပြီုဆိုရင် မရရအောင်ကို ယူတာ။ ဘာအတားအဆီးပဲရှိရှိ ဂရုစိုက်တာ မဟုတ်ဘူး။ ပြီးတော့ သူလုပ်ချင်တာကိုလုပ်တာ။ သူဘာတွေးနေလဲ ဘယ်သူမှ မခန့်မှန်းနိုင်ကြဘူး။ တစ်နှစ် ရှိပါသေးတယ်။ အဲ့နှစ်တုန်းက သူနဲ့ ကုန်သွယ်ရေးအဖွဲ့အစည်းက ရာထူကြီးတစ်ယောက်နဲ့ အစေခံမလေး တစ်ယောက်ကို ပြိုင်ပြီး လေလံဆွဲကြတာ။ နောက်ဆုံး သူရှုံးသွားခဲ့တယ်။ ဒါပေမယ့် အစေခံမလေးကို ရသွားတဲ့ ဟိုလူကြီးလည်း တစ်လကြာပြီးတာနဲ့ ဘယ်ပျောက်လို့ ပျောက်သွားမှန်းမသိကို ပျောက်သွားတာ”
ထိုစကားကို ကြားလိုက်သည့်အခိုက် ရန်ကိုင် မျက်နှာပျက်သွား၏။
ကျလုံက ခေါင်းညိတ်၍ ပြောလိုက်သည် “ခေါင်းဆောင်တောင် အဲ့ကိစ္စကြောင့် ဒေါသပုန်ထသွားသေးတယ်။ ဒါပေမယ့် သက်သေ မရှိတော့ သူလည်း ဘာမှမတတ်နိုင်ဘဲ အဲ့ကိစ္စကို ဒီအတိုင်း ထားလိုက်ရတယ်လေ”
“အခုလောက်ဆို သူမင်းကို ရှာနေလောက်ပြီ။ ဘာလို့လဲဆိုတော့ သူ့လုပ်နေတာတွေ မပေါ်အောင် မင်းကို သတ်ရမှာမို့လို့လဲ” ရှန်တုက ပြောလိုက်သည်။
ပြောပြီးသည်နှင့် ရှန်တုက ရန်ကိုင်အား စိုးရိမ်တကြီး ကြည့်လိုက်သည်။
“အဲ့လိုဆို ငါပုန်းနေရမှာလား” ရန်ကိုင်က မျက်မှောင်ကြုတ်ကာ ပြန်မေးသည်။
“ပုန်းနေလို့လည်း ဘာမှထူးမှာမဟုတ်ဘူး။ သူဘယ်လောက် လွှမ်းမိုးနိုင်စွမ်းကြီးလဲ မင်းမသိလို့။ သူ့က ငါ့အဖေ အလေးအပေးဆုံးလူပဲ။ သူက နောင်တက်မယ့် ခေါင်းဆောင်လို့တောင် ထင်ကြေးပေးနေကြတာ။ ရေလကြယ် တစ်ခုလုံးက သူ့မျက်စိနဲ့နားတွေချည်းပဲ။ သူသာ တစ်ယောက်ယောက်ကို ရှာချင်ရင် အဲ့လူသာ ရေလကြယ်ပေါ်မှာ ရှိနေသရွေ့ သူ့လက်ကနေ ပြေးလွတ်မှာ မဟုတ်ဘူး”
“အဲ့လိုဆို ငါဘာလုပ်သင့်လဲ” ရန်ကိုင်က ခါးသက်စွာ ပြုံးလိုက်သည်။ အပြင်လေး တစ်ချက် ထွက်ကြည့်ရုံသာ ဖြစ်သော်လည်း ဦးနှောက်ခြောက်စရာ ပြဿနာတစ်ခုကို အလိုလိုနေရင်း သွားဆွဲခေါ်မိသည်။ သူ့ကံ ထိုမျှ ဆိုးလှချည်လား။
“အခုလောလောဆယ် အပြင်မထွက်နဲ့ဦး။ နန်းတော်ထဲမှာပဲနေ။ ဖြေရှင်းလို့ ရမယ့် နည်းလမ်းတစ်ခုခု ရှိမရှိသိရအောင် ဒီကိစ္စကို ငါကူပြီး စုံစမ်းကြည့်ပေးမယ်”
“ကောင်းပြီ”
ထို့ကိစ္စနောက်ပိုင်း ရန်ကိုင်လည်း လူမြင်ကွင်းထဲသို့ ထပ်မထွက်တော့ချေ။ နန်းတော်ထဲတွင်နေရင်း ဆေးလုံး သန့်စင်လိုက်၊ ကြယ်မြေပုံကိုလေ့လာလိုက်၊ ကျင့်ကြံလိုက် လုပ်ရင်းဖြင့်သာ အချိန်ဖြုန်းနေခဲ့သည်။
ကျလုံသည်လည်း အချိန်နှင့်အမျှ အပြင်ဘက်ရှိ အခြေအနေ အကြောင်းကို သူ့ဆီ လာလာ သတင်းပို့ပေးသည်။
ရန်ကိုင် ကြားသလောက် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ တတိယသခင်လေး ရွှယ့်ယွယ်သည် သူ့အား စရှာနေလေပြီ။ ထို့ကြောင့် ရေလကြယ်တစ်ခုလုံး အတော်လေး ယောက်ယတ် ခတ်နေခဲ့သည်။ အကျိုးဆက်အနေဖြင့် မဆိုင်သူ လူပေါင်းမျာစွာ သေကြခဲ့ရသည်။
ရွှယ့်ယွယ်၏ ကြမ်းကြုတ်သော စရိုက်ကို ရန်ကိုင် အတော်လေး တီးမိခေါက်မိ ရှိသွားခဲ့ပြီ။
တောင်ကြားနားဖြတ်သွားစဉ်က ရွှယ့်ယွယ်၏ ရုပ်ရည်ကို သေချာမမြင်ခဲ့ရချေ။ ထို့ကြောင့် ရွှယ့်ယွယ်လည်း သူ့အား မြင်ခဲ့လိမ့်မည် မဟုတ်။
မျက်နှာသေချာမသိသော လူတစ်ယောက်ကို ရှာရသည်မှာ ကောာက်ရိုးပုံထဲ အပ်ပျောက်ရှာသည်ထက်ပင် ပိုခက်လှသည်။ ရွှယ့်ယွယ်၏ လွှမ်းမိုးနိုင်စွမ်းသည် အလွန်ကိုမှ ကြီးမားလျှင်ပင် ရန်ကိုင်အား ရှာတွေ့ရန်မှာ မလွယ်ကူချေ။
ထို့ကြောင့် ရန်ကိုင်နှင့် ရုပ်ဆင်၍ သူ့ခွန်အားလောက်ကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူအားလုံး ဒုက္ခရောက်ခဲ့ရသည်။
ရွှယ့်ယွယ်သည် သူ့အား အလွတ်ပေးမည့်အစား အပြစ်မရှိသူ လူပေါင်းတစ်ထောင်ကို သတ်မည့်လူမျိုးဖြစ်သည်။
သူသည် သူ့ညီအစ်ကိုများထက်သာမက ခေါင်းဆောင် အိုင်အောင်ထက်ပင် ပို၍ ရက်စက်ပြတ်သားသည်။
ရွှယ့်ယွယ်ကဲ့သို့လူမျိုး ထိုမျှ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့။ ရုပ်ကလေးက ချောသလောက် အတွင်းစိတ်ကမူ ရက်စက်လှသည်။ မသိသာမသိလျှင် သူ့အား ကြင်နာသိမ်မွေ့သူတစ်ယောက်နှင့် အထင်မှားဖွယ်ရှိသည်။
လူတစ်ယောက်၏ အတွင်းစိတ်ကို မျက်နှာကြည့်ရုံဖြင့် မဆုံးဖြတ်နိုင်မှန်း ရန်ကိုင် လုံးဝ နားလည်သွားခဲ့သည်။ ရွှယ့်ယွယ်၏ ရက်စက်ကြမ်းကြုတ်သော စရိုက်ကို ချောမော လှပသော သူ့ရုပ်ရည်က ဖုံးကွယ်ထားခဲ့သည်။ ရန်ကိုင်သာ သူ့လက်ထဲသို့ ရောက်ပါက ဆိုးဆိုးရွားရွား အဆုံးသတ်နှင့် ကြံရမည်မှာ မြေကြီးလတ်ခတ် မလွဲပင်။ ထို့ကြောင့် ရှန်တု၏ နန်းတော်ထဲတွင်သာ ပုန်းအောင်နေခဲ့သည်။ အပြင်သို့ တစ်လှမ်းပင်မထွက်။
ထိုဝဲဂယက်ရေစီးကြောင်းသည် နှစ်လတိုင်တိုင် ကြာမြင့်ခဲ့သည်။ ထိုနှစ်လအတွင်း ရေလကြယ်ပေါ်ရှိ လူပေါင်း (၂၀၀၀)ကျော် သေဆုံးခဲ့ရသည်။ အချိန်အတော်ကြာသွားသည့် အခါမှသာ ထိုကိစ္စလည်း တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ခြင်းဖြစ်သည်။
ထိုအကြောင်းကို ကြားလိုက်ရမှန်သာ ရန်ကိုင်လည်း သက်ပြင်း အမောကြီး ချနိုင်တော့သည်။
နှစ်လကြာပြီးနောက် ရှန်တု ရန်ကိုင်ဆီ ရောက်လာပြီး ပွင့်ပွင့်လင်းလင်း ပြောခဲ့သည် “ရန်ကိုင်ရာ၊ ငါမင်းကို ဒီမှာ ဆက်နေစေချင်ပေမယ့် မင်းသာ ဒီမှာဆက်နေရင် တစ်နေ့နေ့တော့ တတိယအစ်ကို မင်းကို ရှာတွေ့သွားမှာပဲ။ အဲ့အခါကျ ငါတောင် မင်းကို ကာကွယ်ပေးနိုင်တော့မှာ မဟုတ်ဘူး”
“မင်းပြောချင်တာက”
“မင်းထွက်သွားရမယ်” ရှန်တုက သက်ပြင်းချလိုက်ပြီး “အခုလောလောဆယ် အခြေအနေတွေက နည်းနည်း တည်ငြိမ်သွားပြီ။ တတိယအစ်ကို အခြားကိစ္စတွေကို အာရုံစိုက်နေတုန်း မင်းတိတ်တိတ်လေး ထွက်သွားလို့ရအောင် ငါစီစဉ်ပေးမယ်”
ပြောပြီးသည့်နောက် တစ်ချက်ရပ်၍ ဆက်ပြောလိုက်သည် “ဒါပေမယ့် မင်းပေါ်လည်း မူတည်တာပေါ့။ မင်းဆက်နေချင်တယ် ဆိုရင် ငါအရမ်းဝမ်းသာမိမှာ။ ငါ့မှာ မိတ်ဆွေ များများစားစား ရှိတာမဟုတ်ဘူး။ မင်းက ငါ့မိတ်ဆွေတွေထဲက တစ်ယောက်ပဲ။ ဒါကြောင့်ပဲ မင်းကို ငါတို့ ကုန်သွယ်ရေးအဖွဲ့အစည်းထဲဆီ ခေါ်ချင်ခဲ့တာ။ ဒါပေမယ့် မင်းသာ ဒီမှာနေမယ်ဆိုရင် နန်းတော်ထဲမှာ ယာယီ ပုန်းနေရုံပဲ တတ်နိုင်လိမ့်မယ်”
“အဲ့လိုဆို ငါထွက်သွားမယ်” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “တကယ်တော့ ဒီကိစ္စ မဖြစ်ခဲ့ရင်တောင် ငါကျိန်းသေဒီမှာ နေမှာမဟုတ်ဘူး။ ငါ့အပေါ် အခုလို ကောင်းပေးတဲ့အတွက် မင်းကို တကယ်ပဲ ကျေးဇူးတင်တယ်။ ဒါပေမယ့် ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်”
ထိုစကားကို ကြားကြားချင်း ရှန်တု ကြောင်သွားခဲ့သည်။ သို့သော် မကြာမီ သူ့မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့ပြီး “မင်းက ကြိုပြီးတော့တောင် အစီစဉ်ဆွဲထားတဲ့ပုံပဲ။ တကယ်ကို ဝမ်းနည်းစရာပဲ။ အစကတော့ မင်းကို ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ပါရမီရှင်ရွေးပွဲမှာ ဝင်ပြိုင်ခိုင်းချင်တာ။ မင်းခွန်အားနဲ့ သူတော်စင်အဆင့်တွေကြားမှာ တကယ် မုန်တိုင်းထန်သွားမှာ။ ဒါပေမယ့် ငါစိတ်ကူးထားသလို ဖြစ်မလာနိုင်တော့တဲ့ပုံပဲ”
ရန်ကိုင်က ပြုံးရုံသာပြုံးလိုက်သည်။
“အဲ့လိုဆိုမှတော့ မင်းကြိုတင်ပြင်ဆင်ထားပေါ့။ သင့်တော်မယ့် ကြယ်သင်္ဘောတစ်စင်း တွေ့တာနဲ့ ငါမင်းကို လာအကြောင်း ကြားမယ်”
“ကောင်းပြီ”
သူသာ ရေလကြယ်မှထွက်သွားချင်သည် ဆိုပါက ကြယ်သင်္ဘော တစ်စီး ကျိန်းသေ လိုအပ်ပေသည်။ ကြယ်လွန်းပျံနှင့် ခရီးသွားခြင်းသည် အလွန်ကိုမှ အချိန်ကြာသလို အားလည်း ကုန်ပေသည်။
ရန်ကိုင် စိတ်ရှည်ရှည်ဖြင့် စောင့်နေလိုက်သည်။
ဆယ်ရက်ကြာပြီးနောက် ရှန်တု ရုတ်တရက် ပေါက်ချလာပြီး အားလုံးပြင်ဆင်ပြီးကြောင်း သူ့အား ပြောခဲ့သည်။
ရန်ကိုင်တွင် သယ်စရာအထုပ်အပိုး ဘာဆိုဘာမျှ မရှိသဖြင့် ထရပ်ပြီးတော့သာ ရှန်တုနောက်မှ လိုက်သွားခဲ့သည်။