အခန်း (၁၀၅၁-၁၀၅၅)
Vol. 43 Ch. 1051-1055
အပိုင်း(၁၀၅၁) မိုးရေစင်ကြယ်
နတ်မိမယ်တမျှ လှပသော ရွှယ့်ယွယ်ဟူသော မိန်းမလှလေး တစ်ယောက်မှ အဖော်ပြုပေးနေသည့်အတွက် ခရီးလမ်း တစ်လျှောက်လုံး ရန်ကိုင် နည်းနည်းမှ မပျင်းခဲ့ချေ။ ပျော်ပင် ပျော်နေသေးသည်။
ရွှယ့်ယွယ်သည်လည်း ဤကဲ့သို့ လွတ်လပ်ပေါ့ပါးလှသော အခိုက်အတန့်ကို အလွန်ကိုမှ နှစ်ခြိုက်နေခဲ့သည်။
ယခုအချိန် မတိုင်ခင်အထိ အမြဲတမ်း ယောကျာ်းလေး ပုံစံဖြင့်သာ နေခဲ့ရသည်။ ထိုကဲ့သို့ပုံစံမျိုးဖြင့် နှစ်ပေါင်း မရေမတွက်နိုင်အောင် နေခဲ့ရသည်။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းရှိ လူအနည်းငယ်သည်သာ သူမက မိန်းမတစ်ယောက်ဖြစ်မှန်း သိထားကြသည်။ ထို့ကြောင့် အတုအယောင် မျက်နှာ အောက်တွင်သာ အမြဲနေခဲ့ရသည်။
လက်ရှိ အခွင့်အရေးကြောင့် ယခင်ကကဲ့သို့ ယောကျာ်းလေးအဖြစ် အယောင်ဆောင်နေစရာ မလိုတော့ဘဲ မိန်းမတစ်ယောက်အဖြစ် လွတ်လွတ်လပ်လပ် နေခွင့်ရခဲ့သည်။ ထို့အပြင် ဝိဥာဉ်ချိန်းကြိုး၏ အကျိုးသက်ရောက်မှုကြောင့် ရန်ကိုင်နားတွင် ရှိနေသည့်အခါ စိတ်စနိုးစနောင့် ဖြစ်သလို မခံစားရ။ အလွန်ကိုမှ သက်သောင့် သက်သာရှိသလိုသာ ခံစားရသည်။ ရန်ကိုင်နားတွင် နေချင်သည်။ ရန်ကိုင်နှင့် အတူရှိနေရသည်ကို ပျော်သည်။ ရန်ကိုင်သည် သူမဘဝ၏ အလွန်ကိုမှ အရေးကြီးသည့် လူတစ်ယောက်ပမာ။
တစ်နေ့လုံး သူမ စိတ်ပျော်နေခဲ့သည်။ သူမ၏ ပြည်ဖျက်အလှသည် ယခင်ကထက် ပို၍ တောက်ပရွန်းစိုနေခဲ့ရာ လက်ရှိ သူမ၏ မျက်နှာလှလှလေးကို မြင်လိုက်သူတိုင်း လောကီကိစ္စများကို အာရုံမစိုက်တော့သော ပုဂ္ဂိုလ်ကြီးများပင် ဟန်မပျက် နေနိုင်လိမ့်မည် မဟုတ်ချေ။ သာမန်လူများဆိုလျှင် ဆိုဖွယ်ရာမရှိတော့။
အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့ပြီး ကြယ်တာရာ ကောင်းကင်ထဲ တစ်လကြာမျှ ခရီးသွားခဲ့ပြီး နောက်ဆုံးတွင် မိုးရေစင်ကြယ်ဆီသို့ ရောက်လာခဲ့သည်။
မိုးရေစင်ကြယ် ဆိုသည့် နာမည်အရ ကြယ်တစ်လုံးလုံးကို တိမ်စိုင်တိမ်တိုက်များဖြင့် ဝန်းရံထားပြီး မုန်တိုင်းထန်နေမည်ဟု ထင်ထားခဲ့သော်ငြား တကယ် မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရချိန် သူထင်ထားသည်နှင့် ကွဲလွဲနေမှန်း ရန်ကိုင် သိလိုက်ရသည်။
ထိုကြယ်သည် သိပ်မကြီးလှ။ ရေလကြယ်၏ သုံးပုံတစ်ပုံသာ ရှိသည်။ ကျွန်းတစ်ကျွန်းလုံး သိပ်သည်းလှသော မိုးမြေစွမ်းအင်ဖြင့် ပြည့်နေခဲ့ပြီး ရောင်စုံအလင်းတန်းတို့သည် ကြယ်တစ်လုံးလုံးကို ဝန်းရံထားခဲ့သည်။
အနီးနားရှိ တောက်ပနေသော နေကြယ်သည် တောက်ပသော အလင်းရောင်များကို ထုတ်လွှတ်နေခဲ့ရာ မိုးရေစင်ကြယ် တစ်ခုလုံးအား နတ်သမီးကုန်းမြေတစ်ခုနှယ် လှပနေစေခဲ့သည်။
မိုးရေစင်ကြယ်ကို ကြည့်နေသည့် ရွှယ့်ယွယ်၏ မျက်လုံးလေးထဲ နှစ်ခြိုက်ရိပ်တို့ ထွက်ပေါ်နေခဲ့သည်။ ရန်ကိုင်ပင် ထိုကြယ်၏ အလှတရားအပေါ် အံ့ဩငေးမောမိသွားသည်။
“ငါ့ခွန်အား မြင့်လာတဲ့တစ်နေ့ ဒီမိုးရေစင်ကြယ်ကို ငါ့အပိုင် လုပ်ပစ်မယ်။ တစ်နေ့ကျရင် မိုးရေစင်ကြယ်ရဲ့ ကြယ်သခင် ငါဖြစ်လာရမယ်” ရွှယ့်ယွယ်က သူမ၏ အနာဂတ်ပန်းတိုင်ကို သတ်မှတ်လိုက်သည်။
“အဲ့လိုဆိုရင်တော့ နင်ကြိုးစားမှရလိမ့်မယ်။ အနည်းဆုံး လက်ရှိ ကြယ်သခင်ကို အနိုင်ယူနိုင်တဲ့အထိ အားကောင်းမှရမှာနော်” ရန်ကိုင်က ပြုံးကာ ပြောလိုက်သည်။
ရွှယ့်ယွယ်၏ မျက်ဝန်းလေးများ လခြမ်းကွေးလေးများအဖြစ်သို့ ကွေးတက်သွားခဲ့ပြီး ပါးစပ်လေးကို လက်ဖြင့်အုပ်လျက် တခစ်ခစ် ရယ်မောလိုက်လေသည် “မိုးရေစင်ကြယ်မှာ ကြယ်သခင် မရှိဘူး ဆိုတာကို နင်မသိဘူးလား။ နင်အဆင့်နိမ့်ကမ္ဘာကလာမှန်း ငါသိပါတယ်ဟာ။ ဒါပေမယ့် အနည်းဆုံး ဒီလောက်တော့ နားလည်ထားသင့်တယ်လေ”
“ကြယ်သခင်မရှိဘူးလား” ထိုအကြောင်းကို ကြားလိုက်သည့်အခါ ရန်ကိုင် ကြောင်သွားခဲ့သည်။ “ဒီမှာ ဘာလို့ ကြယ်သခင် မရှိတာလဲ။ နင်တို့ ကုန်သွယ်ရေးအဖွဲ့အစည်းက လူတွေက ဒီကြယ်ရဲ့ ကြယ်သခင်ဖြစ်ဖို့ မကြိုးစားကြဘူးလား”
ကြယ်သခင်တစ်ယောက်သည် ယေဘုယျအားဖြင့် တန်ခိုးရှင်ဘုရင် အဆင့် ပညာရှင်များကို ဆိုလိုမှန်း ရန်ကိုင် သိသည်။ အင်အားစုများထဲ ထိုကဲ့သို့သော ပညာရှင် များများစားစား မရှိချေ။ အနည်းအကျဉ်းသာ ရှိကြသည်။
ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းသည် ကြယ်စီရင်စုထဲရှိ မဟာအင်အားစုကြီးများအနက် တစ်ခုဖြစ်သည်။ ထို့ကြောင့် သူတို့တွင် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များ မရှိနိုင်စရာ အကြောင်းမရှိချေ။
“ငါတို့ ကုန်သွယ်ရေးအဖွဲ့အစည်းမှာ ဒီကြယ်ရဲ့ ကြယ်သခင် ဖြစ်လာနိုင်တဲ့လူတွေ အများကြီး ရှိတာပေါ့။ ဒါပေမယ့် ငါဘယ်လို ပြောရမလဲ… ကြယ်သခင်ဖြစ်ဖို့ဆိုတာ ခွန်အားရှိရုံတင်မဟုတ်ဘူး။ နင့်ရဲ့ ဝိဥာဉ်ကိုယ်လည်း ကြယ်အမြူတေနှင့် ချိတ်ဆက်ရဦးမယ်။ အဲ့လိုလုပ်ဖို့က အရမ်းကို အန္တရာယ်များတယ်။ သူတို့ရဲ့ ဝိဥာဉ်ကို ကြယ်အမြူတေနဲ့ ပေါင်းစပ်တဲ့အခါ တန်ခိုးရှင်ဘုရင်အဆင့်တောင် ဒဏ်ရာရပြီး သေသွားနိုင်တယ်”
ရန်ကိုင်မျက်နှာ မဆိုသလောက်လေး ဖြူလျော်သွားခဲ့သည်။
ရွှယ့်ယွယ်က စိတ်ရှည်ရှည်ဖြင့် ဆက်ရှင်းပြသည် “တန်ခိုးရှင်ဘုရင် အဆင့် ပညာရှင်တွေက များများစားစား ရှိကြတာ မဟုတ်ဘူး။ အချို့က သူတို့ဘာသာ တံခါးပိတ်ကျင့်ကြံနေကြတာ။ ကြယ်အမြူတေနဲ့ ပေါင်းစပ်ရင်း သေသွားရမှာမျိုး မဖြစ်ချင်ကြဘူးလေ။ ပြီးတော့ ကြယ်သခင်ဖြစ်လာရင် အဲ့လူရဲ့ ကံကြမ္မာက သူချိတ်ဆက်ထားတဲ့ ကြယ်နဲ့ ချိတ်ဆက်သွားပြီ။ တစ်နေ့ ကံမကြောင်းအကြောင်းမလှပဲ သူ့ကြယ် ပျက်စီးသွားခဲ့ရင် ကြယ်သခင်ဖြစ်တဲ့လူလည်း ဒုက္ခကောင်းကောင်း ရောက်ပြီသာမှတ်။ အခပ်မသင့်ရင် သေတောင် သေသွားနိုင်တယ်။ အရင်တုန်းက အဲ့လိုမျိုး ခဏခဏ ဖြစ်ဖူးတယ်။ ကျင့်ကြံရေး ပျက်စီးသွားပြီး ကြယ်သခင် သေသွားတာမျိုးတွေ”
“ဒီတော့ သူတို့ပုံစံက အခုလက်ရှိ ငါတို့ရဲ့ ပုံစံနဲ့အတူတူပဲပေါ့။ တစ်ယောက် သေတာနဲ့ အခြားတစ်ယောက်လည်း သေတာမျိုးလေ” ရန်ကိုင်က ပြန်ပြောသည်။
“ဟုတ်တော့ဟုတ်ပေမယ့် အဲ့လောက်တော့ မရိုးရှင်းသေးဘူး။ ဘာပဲဖြစ်ဖြစ်၊ အဲ့ဒါကြောင့်ပဲ ကြယ်စီရင်စုထဲမှ ကြယ်သခင်တွေ အများကြီး မရှိတာ။ မိုးရေစင်ကြယ်ဆိုတာ ကြယ်သခင် မရှိတဲ့ ကြယ်တစ်လုံးပဲ”
“ဒီတော့ နင်က ကြယ်သခင်တစ်ယောက် ဖြစ်လာချင်တယ်ပေါ့” ရန်ကိုင်က သူမအား ထူးထူးဆန်းဆန်း စိုက်ကြည့်လိုက်သည်။
ရွှယ့်ယွယ်က ပြုံးလိုက်ပြီး “အားနည်းချက်တွေ ရှိပေမယ့် အားသာချက်တွေလည်း ရှိတယ်လေ။ မဟုတ်ရင် ဘာလို့ အချိန်ကုန်ခံပြီး ကြယ်သခင်ဖြစ်ဖို့ ကြိုးစားနေကြမှာလဲ။ အကုန်လုံးမှာ အားနည်းချက်နဲ့ အားသာချက်ကိုယ်စီ ရှိပြီးသား။ ကိုယ့်ဘယ်လိုလုပ်ချင်လဲ ဆိုတာပေါ်ပဲ မူတည်တယ်”
သူမပြောသည်မှာ ယုတ္တိရှိသည်ဟု ရန်ကိုင် တွေးမိသည်။ ရုတ်တရက် လွင့်မျောတိုက်ကြီးတွင် ရှိစဉ်က အချိန်ကို ပြန်မှတ်မိလိုက်သည်။
ကွေ့ဇူမှ ဖိအားပေးသဖြင့် လွင့်မျောတိုက်ကြီးမှ ထွက်သွားနိုင်ရန် နည်းလမ်းရှာဖွေနေစဉ် သူ့ကောင်းကင်စိတ်အာရုံ အမျှင်းတန်း တစ်ခုသည် လွင့်မျောတိုက်ကြီး၏ အတွင်းပိုင်းဆီ ရောက်သွားပြီး အလွန်တရာကိုမှ အားကောင်းလှသည့် စွမ်းအင် အရင်းအမြစ် တစ်ခုကို တွေ့သွားခဲ့သည်။
ထိုစွမ်းအင်အစုအဝေး၏ အားဖြည့်ပေးမှုကြောင့် ပျက်စီးလုလု ဖြစ်နေသော သူ့ကောင်းကင်စိတ်အာရုံ အမျှင်တန်းသည် ယခင်ကထက်ပင် ပို၍ အားကောင်းသွားခဲ့ရသည်။
ထိုစွမ်းအင်အစုအဝေးသည် လွင့်မျောတိုက်ကြီး၏ ကြယ်အမြူတေ ဖြစ်နိုင်ပေသည်။ ကံမကောင်းစွာဖြင့် ထိုအကြောင်းကို ကွေ့ဇူအား မေးမြန်းခဲ့စဉ်က မည်သည့် အသုံးဝင်သည့် အကြောင်းအရာကိုမှ မသိခဲ့ရချေ။
ရွှယ့်ယွယ် ရှင်းပြသည်ကို နားထောင်ပြီးနောက် သူတွေ့ခဲ့သည်မှာ ကြယ်အမြူတေ ဖြစ်မှန်း ရန်ကိုင် သေချာသွားခဲ့လေပြီ။
“ကြယ်အမြူတေနဲ့ ဘယ်လို ပေါင်းစပ်ရမလဲ နင်သိလား” ရန်ကိုင်က မေးလိုက်သည်။
“နင်ဘာလို့ အဲ့အကြောင်း သိချင်နေတာလဲ” ရွှယ့်ယွယ်က ရန်ကိုင်အား ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။
“မေးကြည့်ရုံပါပဲ” ရန်ကိုင်က ပခုံးတွန့်လိုက်သည်။ စိတ်ထဲပေါက်ရာ မေးခွန်းကို လျှောက်မေးနေသည့် ပုံစံမျိုး လုပ်ပြလိုက်သည်။
ရွှယ့်ယွယ် မယုံသင်္ကာ ဖြစ်သွားခဲ့သည်။ ရန်ကိုင် ပြောသည်ကို သူမယုံပါချေ။ သို့သော်လည်း အလုပ်ရှုပ်ခံ၍ ထပ်မေးမနေခဲ့။ သူမသိထားသည်ကိုသာ ရှင်းပြလိုက်သည်။
သူမ မရှင်းပြလျှင်ပင် ထိုအကြောင်းအရားများကို တစ်နေ့ကျ သူ့နည်းသူ့ဟန်ဖြင့် ရန်ကိုင် သိသွားပေလိမ့်မည်။ ထို့ကြောင့် ဖုံးကွယ်နေစရာ အကြောင်းမရှိချေ။
ရန်ကိုင်သည် တည်ငြိမ်ချင်ယောင်ဆောင်လျက် ရွှယ့်ယွယ် ပြောပြသည်ကို သေချာ နားထောင်နေခဲ့သည်။ အချိန်ရ၍ လွင့်မျောတိုက်ကြီးဆီ ပြန်သည့်တစ်နေ့ သူ့ခန်းမှန်းချက် မှန်မမှန်သေချာ စစ်ဆေးကြည့်ရပေမည်။
ထိုစွမ်းအင်အစုအဝေးသာ ကြယ်အမြူတေ ဖြစ်သည်ဆိုပါက သူ့လည်း ပေါင်းစပ်ကြည့်ရန် ကြိုးစားနိုင်ပေသည်။ တကယ်တော့ သူသာ အောင်မြင်ခဲ့လျှင် အကျိုးအမြတ်များစွာ ရနိုင်သည် မဟုတ်ပေလော။
ပြောနေစဉ်အတောအတွင်း ဝန်းရံနေသော တိမ်တိုက်တိမ်တိုက် အလွှာကြီးကို ဖြတ်လျက် မိုးရေစင်ကြယ်ပေါ်သို့ ရောက်လာခဲ့သည်။
“အဲ့လမ်းအတိုင်း ပျံသွားလိုက်” ရွှယ့်ယွယ်က မိုးမြေစွမ်းအင် အသိပ်သည်းဆုံး နေရာတစ်ဖြစ်သည့် နေရာဆီ ညွှန်ပြလိုက်ပြီး “ငါတို့ ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ အခွဲက အဲ့မှာရှိတယ်”
ရန်ကိုင်က အသာအယာ ခေါင်းညိတ်၍ ရွှယ့်ယွယ် ညွှန်ပြရာ အရပ်ဆီ ပျံသန်းသွားလိုက်သည်။
နာရီအနည်းငယ်ကြာပြီးနောက် နိမ့်ချည်မြင့်ချည် ဖြစ်နေသော တောင်စဉ်တောင်ဆက် အသွယ်သွယ်တို့ ရန်ကိုင်၏ မြင်ကွင်းထဲ ပေါ်လာခဲ့သည်။ ထိုတောင်စဉ်တောင်တန်းများကြား မရေမတွက်နိုင်သော နန်းတော်များ အစီအရီ တည်ရှိနေခဲ့သည်။
တောင်စဉ်တန်း၏ အလယ်ဗဟိုတွင် များစွာသော ကြယ်သင်္ဘောများ ကုန်တင်ကုန်ချ ပြုလုပ်နေသည့် ဧရာမမြေကွပ်လပ်ကြီးတစ်ခု ရှိနေခဲ့သည်။ ကြယ်သင်္ဘောအများစုတွင် ကုန်သွယ်ရေး အဖွဲ့အစည်း၏ တံဆိပ်ရှိနေခဲ့ပြီး အနည်းငယ်သာ အခြားသော အင်အားစုများ၏ ကြယ်သင်္ဘော ဖြစ်ပေသည်။
ရန်ကိုင်သည် ထိုရင်းနှီးနေသော မြင်ကွင်းကြောင့် အထိတ်တလန့် ဖြစ်မသွားဘဲ ရွှယ့်ယွယ်၏ ညွှန်ကြားချက်အတိုင်း ရှေ့သို့သာ ပျံသန်းသွားလိုက်သည်။
ရွှယ့်ယွယ်သည် ဤနေရာသို့ ရောက်ဖူးသည့်ပုံပင်။ ဤနေရာ၏ မြေအနေအထားနှင့် အတော်လေး ရင်းနှီးနေသည်။ သူမ၏ ညွှန်ကြားချက်အတိုင်း သွားလိုက်ရာ မကြာမီ ရန်ကိုင်တို့ အတွဲသည် ခန်းကြီးတစ်ခုသို့ ရောက်လာခဲ့သည်။
ရောက်သည်နှင့် ရွှယ့်ယွယ်သည် ကြယ်လွန်းပျံပေါ်မှ ခုန်ဆင်းလိုက်ပြီး ရန်ကိုင်အား သူမနောက် လိုက်လာရန် အချက်ပြလိုက်သည်။
ခန်းမဝင်ပေါက်ရှေ့တွင် ငွေရောင်လှံရှည်များကို ကိုင်ဆောင်ထားသည့် အစောင့်အကြပ် ဝတ်စုံနှင့် ကျင့်ကြံသူများစွာ ရှိနေခဲ့သည်။
ရွှယ့်ယွယ်ကို မြင်လိုက်သည့်အချိန် အကုန်လုံး၏ မျက်လုံးများ ဝင်းလက်သွားခဲ့ပြီး ခါးကိုဆန့်ကာ ရင်ကိုကော့လိုက်ကြသည်။ မိန်းမလှလေးတစ်ယောက်ရှေ့ ကိုယ်ဟန်ထုတ်ကြလေပြီ။
ထိုလူများ၏ အပြုအမူနှင့် ပက်သက်ပြီး အလွန်ကိုမှ ကျေနပ်သွားသည့်အလား ရွှယ့်ယွယ်၏ နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားခဲ့သည်။
ယခင်ကမူ ယောကျာ်းတစ်ယောက်သာ နေခဲ့ရသည်။ မိန်းမပုံစံဖြင့် ယောကျာ်းများအား အရူးအမူး ဖြစ်သွားအောင် လုပ်ခွင့်မရခဲ့။ ထို့ကြောင့် အစောင့်များ၏ အပြုအမူနှင့် ပက်သက်၍ သူမ အလွန်ကိုမှ ကျေနပ်မိသွားခြင်း ဖြစ်သည်။
“မိန်းကလေး၊ ကျေးဇူးပြုပြီး ရပ်လိုက်ပေးပါ။ ဒီကို ဘာကိစ္စရှိလို့ ရောက်လာတာလဲ” အစောင့်များထဲမှ တစ်ယောက်က ရွှယ့်ယွယ်၏ လမ်းကိုပိတ်ကာ မေးလိုက်သည်။
“နင်တို့ခေါင်းဆောင် ဟလီခနဲ့ ငါတွေ့ချင်တယ်” ရွှယ့်ယွယ်က တံဆိပ်ပြားတစ်ခုကို ထုတ်ပြလိုက်သည်။ ထိုတံဆိပ်ပြားကို မြင်ပြီးနောက် အစောင့်၏ အမူအရာ ပို၍ လေးနက်သွားခဲ့ပြီး ခပ်မြန်မြန်ပဲ အော်ပြောလိုက်လေသည် “ဒီတော့ အမျိုးသမီးက ဗဟိုကြယ်က ကိုယ်စားလှယ်ပေါ့”
ထိုတံဆိပ်ပြားကို မြင်လိုက်သည့်အခိုက် အစောင့်၏ ပြောဆိုဆက်ဆံပုံ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ အကြောင်းသည်ကား ရွှယ့်ယွယ် ထုတ်ပြလိုက်သည့် တံဆိပ်ပြားသည် ကုန်သွယ်ရေး အဖွဲ့အစည်း၏ ခေါင်းကြီးပိုင်းများသာ ကိုင်ဆောင်နိုင်သော တံဆိပ်ပြား ဖြစ်သောကြောင့်ပင် ဖြစ်လေသည်။
ထိုတံဆိပ်ပြားအရ ထိုအမျိုးသမီးသည် သူကဲ့သို့ အစောင့်တစ်ယောက် သွားမိတ်ဆွေဖွဲ့နိုင်သည့် လူတစ်ယောက် မဟုတ်မှန်း အစောင့်သိလိုက်လေပြီ။
“ခေါင်းဆောင် ဟလီခ စောင့်နေတာကြာပါပြီ။ ကျေးဇူးပြုပြီး ဝင်လာခဲ့ပေးပါ” အစောင့်က ချက်ချင်း လမ်းဖယ်ပေးလိုက်သည်။
ရွှယ့်ယွယ်က ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်အား သူမနောက်သို့ လိုက်လာရန် အချက်ပြလိုက်သည်။
အစောင့်အားလုံး၏ မျက်နှာ အမူအရာ အလွန်တရာကိုမှ လေးနက် တည်ကြည်နေကြသည်။ သို့သော် အချို့မှာမူ နားမလည်နိုင် ဖြစ်နေခဲ့ကြသည်။ ရန်ကိုင်ကဲ့သို့ လူတစ်ယောက်သည် သူမနောက် ဘာကြောင့် လိုက်နေမှန်း သူတို့ နားမလည်နိုင်ချေ။ ထိုကောင်လေး၏ ကျင့်ကြံခြင်းသည် သူတို့ထက်ပိုမမြင့်။ ထို့ကြောင့် သူသည်လည်း အစောင့်တစ်ယောက်သာ ဖြစ်ရပေမည်။ ထိုသို့ဆိုလျှင် လေစားရပါသော ဂုဏ်သရေရှိ အမျိုးသမီးသည် သူ့အား ဘာကြောင့် အလေးပေး ဆက်ဆံနေရသနည်း။
မည်မျှကောင်းလိုက်သည့်ကံပေနည်း။ ထိုမျှ လှပလှသည့် အမျိုးသမီး တစ်ယောက် လိုက်ခွင့်ရသည့်သူမှာ ဘာကြောင့် သူတို့ မဖြစ်ရသနည်း။
အစောင့်တစ်ယောက်ချင်းစီတိုင်းသည် စိတ်ထဲမှနေ၍ ကြိတ်ကာ ကျိန်ဆဲနေကြသည်။ ရန်ကိုင်နေရာတွင် သူတို့သာ ဖြစ်ချင်နေမိကြသည်။
ခန်းမထဲ ဝင်လိုက်ရုံတင်ရှိသေး ဒေါသတကြီး ပြစ်တင်သံတစ်သံကို ကြားလိုက်ရသည်။ ခဏအကြာ အထဲမှ ကျင့်ကြံသူများစွာ ပြေးထွက်လာခဲ့ကြလေသည်။ အကုန်လုံးသည့် အတော်ကိုမှ စိတ်ဓါတ်ကျနေခဲ့ကြသည်။
ရွှယ့်ယွယ်က ပြုံးကာ တိုးတိုးလေး ပြောလိုက်သည် “ဒီအခွဲရဲ့ ခေါင်းဆောင်က စိတ်ကြီးတယ်။ သူ့လက်အောက်ငယ်သားတွေကို ခဏခဏဆိုသလို ဆူပူရိုက်နှက်တာ။ ဒါကြောင့် သူ့ဂုဏ်သတင်းက သိပ်တော့ မကောင်းလှဘူး။ အထဲရောက်တာနဲ့ သူနင့်ကို အာရုံမစိုက်လာအောင် ဘာအပိုစကားမှ မပြောမိစေနဲ့”
“ငါသိတယ်။ ငါဘာမှပြောမှာ မဟုတ်ဘူး” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
မိုးရေစင်ကြယ်သို့ သူလာရခြင်းသည် ရွှယ့်ယွယ် လာချင်သည့် အတွက်ကြောင့်သာဖြစ်သည်။ လုံးဝမလိုအပ်လျှင် သူမကိစ္စထဲ ခေါင်းဝင်ထိုးမည် မဟုတ်ချေ။
“မင်းတို့ဘယ်သူလဲ။ သူများမကောင်းကြောင်းကို နောက်ကွယ်မှာ ပြောတာ မယဉ်ကျေးမှန်း မသိဘူးလား” အထဲမှ အေးစက်စက် နှာခေါင်းရှုံ့သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ရွှယ့်ယွယ် လျှာလေးတစ်လစ်တစ်လစ် လုပ်လိုက်သည်။ ထို့နောက် ချက်ချင်းပဲ သူမ၏ ဟန်အမူအရာကို ပြင်လိုက်သည်။ ရဲတင်းပြီး သတ္တိရှိသည့် မိန်းကလေးတစ်ယောက် ပုံစံမျိုးနှင့် အထဲသို့ ယုံကြည်ချက် အပြည့်ဖြင့် လျှောက်ဝင်သွားလေသည်။
ရန်ကိုင်လည်း နောက်မှ အနီးကပ်လိုက်သွားသည်။
ခန်းမထဲတွင် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဝင်ပေါက်ဆီ ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်နေသော လူအိုကြီးတစ်ယောက် ရှိနေခဲ့သည်။
လူအိုကြီး၏ အရှိန်အဝါသည် အလွန်ကိုမှ အားကောင်းလှသည်။ ထိုနေရာတွင် ထိုင်နေရုံသက်သက်ဖြင့်ပင်လျှင် သူ့ဆီမှ မမြင်နိုင်သော တောင်တစ်လုံးကဲ့သို့ လေးလံသည့် ဖိအားတို့ ဖြာထွက်နေခဲ့သည်။
ရန်ကိုင်သည် ခြေတစ်လှမ်းနှစ်လှမ်းသာ လှမ်းပြီးသော်ငြား အလေးချိန်ပေါင်းတန်နှင့်ချီ သူ့ကိုယ်ပေါ်သို့ ပိကျလာသလို ခံစားလိုက်ရပြီး ရှေ့ဆက်တိုးဖို့ရာပင် ခက်ခဲသွားခဲ့ရသည်။ ရွှယ့်ယွယ်၏ အမြန်နှုန်းသည်လည်း သိသိသာသာ နှေးကျသွားသည်။ သူမ၏ ခန္ဓာကိုယ် မဆိုသလောက်ကလေး တုန်ရီသွားပြီး မျက်မှောင်လေး ကြုတ်သွားခဲ့သည်။
ရွှယ့်ယွယ်၏ မှတ်ချက်စကားကြောင့် အခွဲခေါင်းဆောင် ဟလီကသည် သူတို့နှစ်ယောက်အပေါ် အမြင်မကြည်လှ။ ယခု သူတို့အား သင်ခန်းစားပေးနေချေပြီ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၅၂)
ခန်းမထဲတွင်… ရန်ကိုင်သည် မတ်တပ်ရပ်ရန်ပင် အနိုင်နိုင် ဖြစ်နေခဲ့သည်။ သူ့အပေါ် ဖိချနေသည့် တောင်တစ်လုံးတမျှ လေးလံသော ဖိအားကို ခုခံနေရသဖြင့် တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်နေခဲ့ပြီး ချွေးသီးတို့သည့် နဖူးထက်မှ တတောက်တောက် စီးကျနေခဲ့လေသည်။
ရွှယ့်ယွယ်သည် အမြဲတမ်းလိုလို သူတစ်ပါးကိုချည်း အမိန့်ပေးခဲ့သူ ဖြစ်သည်။ မည်သူမှ သူမအပေါ် မရိုင်းပြရဲ။ သူမဘက်မှ မှားလျှင်ပင် မည်သူမှ သူမကို အပြစ်မပေးရဲ။ ထို့ကြောင့် သူမပြောလိုက်သည့် စကားတစ်ခွန်းသည် တစ်ပါးသူအား ဒုက္ခရောက်စေမည်ကို မည်သည့်အခါမှ ထည့်သွင်းစဉ်းစားပေးခြင်း မရှိခဲ့။
ဟလိခမှ သူမတို့အား တမင်သက်သက် ပညာပေးရန် ကြိုးစားနေမှန်း သိလိုက်သော် ရွှယ့်ယွယ်၏ မျက်ဝန်းထဲ အေးစက်စက် အလင်းရောင်တို့ ဖြတ်ပြေးသွားသည်။ သူမ၏ ခါးထက်ရှိ ကျောက်စိမ်းတံဆိပ်ပြား ရုတ်တရက် လက်သွားပြီး ဟိန်းသံများစွာနှင့်အတူ သားရဲပုံရိပ်များစွာ ထွက်ပေါ်လာကာ သူမပတ်ပတ်လည်ကို ဝန်းရံ၍ ဟလိခဆီမှ ဖိအားကို ကာကွယ်ပေးလိုက်သည်။
ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ တတိယသခင်လေး ဆိုသည့်အတိုင်း ပိုင်ဆိုင်ထားသည့် မှော်ရတနာများမှာလည်း တကယ်ကို အဆင့်အတန်း အမြင့်စားချည်းများပင်။
“တန်ခိုးရှင်အဆင့် မှော်ရတနာလား” အေးစက်စက် အမူအရာဖြင့် ထိုင်ခုံပေါ်၌ ဇိမ်ပြေနပြေ ထိုင်နေသော ဟလိခ ချက်ချင်း ခါးကို မတ်တပ်လိုက်ပြီး သူ့အရှိန်အဝါကို ရုတ်သိမ်းလိုက်သည်။ သူ့မျက်နှာထက် အံ့အားသင့်ရိပ်တို့ဖြင့် ပြည့်နေခဲ့လေသည်။
တန်ခိုးရှင်အဆင့် ဝိဥာဉ်မှော်ရတနာ ဆိုသည်မှာ လူတိုင်း ပိုင်ဆိုင်နိုင်သည့် မှော်ရတနာမျိုးမဟုတ်ချေ။ ထို့ကြောင့် ရွှယ့်ယွယ်သည် အတော်လေး အဆင့်အတန်း မြင့်မားသူဖြစ်မှန်း ဟလိခ နားလည်သွားလိုက်သည်။ ရွှယ့်ယွယ်၏ အဆင့်အတန်း၊ ဘာကြောင့် ဤနေရာသို့ လာရသလဲ ဆိုသည်ကို သေချာ မသိသေးခင် သူမအား ပြဿနာ သွားမရှာချင်ချေ။
ရန်ကိုင်ကိုမူ တစ်ချက်သာ ကြည့်လိုက်သည်။ ထို့နောက် အရေးမစိုက်တော့။ ရွှယ့်ယွယ်ကိုသာ ပြန်အာရုံစိုက်လျက် မေးလိုက်သည် “ဒီက မိန်းကလေး နာမည်ကို သိလို့ရမလား”
ရွှယ့်ယွယ်ကပြုံး၍ ချိုသာစွာ ပြန်ပြောလိုက်သည် “ရွှယ့်အာ”
ရန်ကိုင် ပါးစပ် မဲ့သွားခဲ့ပြီး သက်တော်စောင့် တစ်ယောက်နှယ် ရွှယ့်ယွယ်နောက်တွင် တိတ်တဆိတ် ရပ်နေလိုက်သည်။
“မိန်းကလေးရွှယ့်အာ…” ဟလိခက အသာအယာ ခေါင်းညိတ်၍ “ဒီတော့ ဘာလို့ ဒီကို ရောက်လာလဲ သိလို့ရမလား”
ရွှယ့်ယွယ်သည် ဟလိခ၏ အမေးကို ချက်ချင်း ပြန်မဖြေဘဲ အစောင့်များကို ထုတ်ပြခဲ့သည့် တံဆိပ်ပြားကိုထုတ်၍သာ ပေးလိုက်သည်။
တံဆိပ်ပြားကို စစ်ဆေးကြည့်လိုက်ပြီးနောက် ဟလိခ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း ထိုင်ခုံပေါ်မှထကာ ယဉ်ယဉ်ကျေးကျေးဖြင့် လက်သီးဆုပ်လျက် “ဒီတော့ ဒီက မိန်းကလေးက သခင်လေးရွှယ့်ယွယ်ရဲ့ လူပေါ့။ မသိလိုက်လို့ အပြစ်ပြုမိသွားရင် စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်”
ပြောပြီးသည်နှင့် လေးလေးစားစားဖြင့် တံဆိပ်ပြားကို ပြန်ပေးလိုက်လေသည်။
“အခွဲခေါင်းဆောင် အဲ့လောက် ယဉ်ကျေးစရာ မလိုပါဘူး” ရွှယ့်ယွယ်၏ အမူအရာ ပြေလျော့သွားခဲ့သည်။ ဘေးပတ်လည်ကို တစ်ချက် လှည့်ပတ်ကြည့်လိုက်ပြီးနောက် ထိုင်ခုံဆီသို့သွားကာ ထိုင်ချလိုက်သည်။
ဟလိခသည် နေရာတွင်သည် ရပ်နေခဲ့သည်။ ထို့နောက် ဇဝေဇဝါ အမူအရာဖြင့် “မိန်းကလေးရွှယ့်အာ၊ သခင်လေးရွှယ့်ယွယ် ဘယ်အချိန် ရောက်လာမှာလဲ”
“သူလာမှာမဟုတ်ဘူး” ရွှယ့်ယွယ်က ပြုံးကာ ပြန်ပြောလိုက်သည် “သူ့မှာ လုပ်စရာရှိနေလို့ ဒီကို မလာနိုင်သေးဘူး”
“သခင်လေးရွှယ့်ယွယ် မလာနိုင်ဘူးလား” ဟလိခ ကြောင်သွားပြီး တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် မေးလိုက်သည် “အဲ့လိုဆို ဒီကိစ္စက…”
“ကျွန်မကို လုပ်ပိုင်အခွင့်အပြည့် ပေးထားတယ်။ အခွဲခေါင်းဆောင် အနေနဲ့ ကျွန်မနဲ့ ပူးပေါင်းပြီး လုပ်ရုံပဲ” ရွှယ့်ယွယ်က ခေါင်းဆောင် တစ်ယောက်၏ ဟန်ပန်မျိုးဖြင့် ပြတ်ပြတ်သားသား ပြောလိုက်၏။
“ဒီကိစ္စကို တာဝန်ယူဖို့လား” ဟလိခ မျက်မှောင်ကြုံ့သွားသည်။ ရွှယ့်ယွယ်၏ စကားကို အပြည့်အဝ မယုံကြည်သည့်ပုံပင် “မိန်းကလေးရွှယ့်အာနဲ့ သခင်လေးရွှယ့်ယွယ်တို့ ဘယ်လို… ပက်သက်နေလဲ ဆိုတာကို ဒီလူအိုကြီး သိလို့ရမလား”
ရွှယ့်ယွယ်က တောက်ပစွာပြုံးလိုက်ပြီး နှစ်လိုစွဲမက်ဖွယ် ကောင်းလှသော အမူအရာဖြင့် ပြန်ဖြေလိုက်သည် “ဒီလို အရေးကြီးတဲ့ကိစ္စကိုတောင် ကျွန်မဆီ လုပ်ပိုင်ခွင့် အပြည့်ပေးထားတာကို ကျွန်မ သူ့အတွက် ဘယ်လိုလူလဲ ဆိုတာကို ရှင်မသိသေးဘူးလား”
ဟလိခ ရုတ်တရက် နားလည်သွားသည်။ ရွှယ့်ယွယ်ကို ကြည့်နေသည့် သူ့အမူအရာမှာလည်း မရေမရာဖြစ်လာသည်။ သခင်လေးရွှယ့်ယွယ်သည်လည်း သာမန်ယောကျာ်းများကဲ့သို့ မိန်းမတစ်ယောက်၏ ဖမ်းစားခြင်း ခံလိုက်ရပါလားဟု တွေးရင်း စိတ်ထဲ အတွေးမျိုးစုံတို့ ဖြတ်ပြေးသွားသည်။ သခင်လေးရွှယ့်ယွယ် မိန်းမတစ်ယောက်အား နှစ်သက်သွားသည့်အကြောင်း တစ်ခါမှ သူမကြားခဲ့ချေ။ ထို့အပြင် သခင်လေးရွှယ့်ယွယ်သည် မည်သည့် မိန်းမကိုမှ စိတ်မဝင်စားခဲ့။ မည်မျှပင် လှပသော မိန်းမလှလေး ဖြစ်ပါစေ၊ ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်ရုံရုံမှအပ စူးစိုက်ကြည့်သည်မျိုး မလုပ်။
သခင်လေးရွှယ့်ယွယ်၏ အောက်ပိုင်းနှင့်ပက်သက်၍ တစ်ခုခုများ ဖြစ်နေသလား၊ သူ့စိတ်ပိုင်းဆိုင်ရာကပဲ တစ်ခုခု ဖြစ်နေသလားဟု ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းများ ခေါင်းကြီးပိုင်များ တွေးရင်း စိတ်ပူခဲ့ကြရသေးသည်။
သို့သော်လည်း သခင်လေးရွှယ့်ယွယ်သည် သူ့နှလုံးသားကို လှုပ်ခတ်အောင် လုပ်နိုင်သော မိန်းကလေး တစ်ယောက်ကို ရှာတွေ့သွားသည့်ပုံပင်။
သို့သော်… မိန်းကလေးရွှယ့်အာနှင့် သခင်လေးရွှယ့်ယွယ်သည် ဘာကြောင့် ရုပ်ချင်း ဆင်နေရသနည်း။
ထိုမိန်းကလေးသည် ခေါင်းအောင်အိုင်အောင် အပြင်တွင် မွှေနှောက်သောင်းကျန်းခဲ့စဉ်က ကျန်ရစ်ခဲ့သော မျိုးဆက် တစ်ယောက်တော့ မဖြစ်နိုင်လောက်ပါချေ။ … ဖြစ်သာဖြစ်ခဲ့လျှင် သခင်လေးရွှယ့်ယွယ်နှင့် မိန်းကလေးရွှယ့်အာတို့သည့်…
အတွေးပေါင်းစုံတို့ ဟလိခ၏ စိတ်ထဲ ဖြတ်ပြေးသွားခဲ့သည်။ သူ့တစ်ကိုယ်လုံး မဆိုသလောက်ကလေး တုန်ရီသွားပြီး သူ့အမူအရာမှာလည်း ကိုးယိုးကားယား ဖြစ်သွားရသည်။
“မိန်းကလေးရွှယ့်အာ… အဲ့ရှေးဟောင်း….” ဟလိခက ရွှယ့်ယွယ် ရောက်လာသည့် ကိစ္စအကြောင်းကို ပြောတော့မည်အပြု ရွှယ့်ယွယ်က ရုတ်တရက် ဖြတ်ပြောလိုက်သည်။
“မနက်ဖြန်ကျမှပြောတော့။ တောက်လျှောက် ခရီးနှင်လာရတာ ကျွန်မ တော်တော်လေး ပင်ပန်းနေပြီ။ တစ်ညလောက် နားလိုက်လို့ ဘာမှမဖြစ်ဘူးမလား”
ဟလိခက ခဏလောက် စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည် “ကောင်းပြီလေ။ အဲ့လိုဆို မိန်းကလေး ရွှယ့်ယွယ် နေဖို့အတွက် တစ်ယောက်ယောက်ကို စီစဉ်ခိုင်းလိုက်ပါ့မယ်”
ပြောပြီးသည်နှင့် သူ့လက်အောက်ငယ်သား တစ်ယောက်ကို ကောင်းကင်စိတ်အာရုံဖြင့် လှမ်းပြောလိုက်သည်။ ခဏအကြာ၌ ခန်းမအပြင်ဘက်ရှိ အစောင့်တစ်ယောက် ရောက်လာခဲ့သည်။ ထိုအစောင့် ရောက်လာသည်နှယ့် ဟလိခသည် ရန်ကိုင်နှင့် ရွှယ့်ယွယ်တို့အား သူတို့ နေရမည့်နေရာဆီ ခေါ်သွားပေးရန် အမိန့်ပေးလိုက်သည်။
ရန်ကိုင်သည် စကားတစ်ခွန်းမှမပြော၊ ရွှယ့်ယွယ်နောက်တွင်သာ ရပ်လျက် တစ်ချိန်လုံး ရေငုံနှုတ်ပိတ်နေခဲ့သည်။
ဟလိခပြောသွားခဲ့သော ‘ရှေးဟောင်း’ ဆိုသည့် စကားကို ရန်ကိုင် အတော်လေး စိတ်ဝင်စားနေမိသည်။ ဘာရှေးဟောင်းကိုများ တွေ့ရှိခဲ့သဖြင့် ရွှယ့်ယွယ်ကိုယ်တိုင် ဤနေရာသို့ ရောက်လာရသလဲ ဆိုသည်ကို ရန်ကိုင် အတော်လေး သိချင်နေမိသည်။
မည်သည့် ကိစ္စပင်ဖြစ်ပါစေ ထိုကိစ္စသည် အတော့်ကိုမှ အရေးကြီးသည့် ကိစ္စတစ်ခု ဖြစ်ရရမယ်မှန်း ရန်ကိုင်သိသည်။
ရွှယ့်ယွယ်သည် သူမ ဤနေရာဆီသို့ ရောက်လာရသည့် အကြောင်းအရင်းကို ရန်ကိုင်အား မသိစေချင်သည့်အတွက် ဟလိခအား အဆုံးအထိ မပြောခိုင်းခဲ့ချေ။ သူမစိတ်ထဲ ရန်ကိုင်နှင့် ရင်းနှီးကျွမ်းဝင်သလို ခံစားရသော်ငြား ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ လျှို့ဝှက်ချက်သည် ပြောချင်တိုင်း လျှောက်ပြော၍ ရသည့် လျှို့ဝှက်ချက်မျိုး မဟုတ်ချေ။
ရန်ကိုင်လည်း ထိုအချက်ကို နားလည်ထားရာ သိသလောက်ဖြင့်သာ ကျေနပ်နေလိုက်သည်။
အစောင့်၏ ဦးဆောင်မှုဖြင့် တောင်အနည်းငယ်ကို ကျော်ြဖတ်ပြီးနောက် အလွန်ကိုမှ လှပသော နေရာတစ်ခုဆီသို့ ရန်ကိုင်တို့ ရောက်လာခဲ့သည်။ ယောက်ယတ်ခတ်နေသော လူများရှိမနေဘဲ ဤနေရာသည် အတော်လေးကိုမှ ငြိမ်သက်၊ တိတ်ဆိတ်နေနေခဲ့သည်။ တကယ်ကို နားချင်စရာကောင်းသည့် နေရာတစ်ခုပင်။
ငြိမ်သက်တိတ်ဆိတ်လှသော ပတ်ဝန်းကျင်နှင့်အညီ လိုက်လျော ညီထွေဖြစ်အောင် ဆောက်လုပ်ထားသည့် တစ်မူထူးခြားသော နန်းတော်တစ်လုံးလည်း ရှိနေခဲ့သည်။
နန်းတော် အပြင်ဘက်တွင် သဘာဝ ရေပူစမ်းတစ်ခုဆီ ဦးတည်နေသော စမ်းချောင်းကိုကျော်ကာ ဆောက်လုပ်ထားသည့် တံတားခုံးလေးတစ်စင်း ရှိနေခဲ့သည်။ ထိုမြင်ကွင်းကို မြင်လိုက်သော် ရွှယ့်ယွယ်၏ မျက်လုံးများ ဝင်လက်သွားခဲ့သည်။ သူမ ရေမချိုးခဲ့ရသည်မှာ အတော့်ကိုမှ ကြာနေပြီဖြစ်မှန်း ယခုမှပဲ သတိရလိုက်သည်။
ယခင်အတောအတွင်း ကြယ်လွန်းပျံဖြင့် ကြယ်သေတစ်လုံးဆီမှ တစ်လုံးဆီသို့ ပျံသန်းနေခဲ့ရလေရာ သူမတို့၏ ကျင့်ကြံခြင်းသည် အတော့်ကိုမှ မြင့်မားသည်ဆိုသော်ငြား သူတို့တစ်ကိုယ်လုံး အတော်လေးကိုမှ ညစ်ပတ်နေခဲ့ကြလေပြီ။
သဘာဝအတိုင်း ဖြစ်နေသော ရေပူစမ်းကိုမြင်သော် ရွှယ့်ယွယ်၏ ခန္ဓာကိုယ်လေး နေမထိထိုင်မထိ ဖြစ်လာခဲ့သည်။
အစောင့်ထွက်သွားပြီးနောက် ရွှယ့်ယွယ်သည် နန်းတော်ပတ်လည်ရှိ တောင်ပတ်လည်တစ်ဝိုက်ကို လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် ပြုံးကာ ခေါင်းညိတ်၍ ပြောလိုက်သည် “ဒီဟလိခက တကယ်ကို တော်တာပဲ။ ငါ့အတွက် ဒီလို နေရာမျိုး စီစဉ်ပေးပုံထောက်ရင် အဲ့လူက ထင်သလောက် မတုံးဘူးပဲ”
ရန်ကိုင်၏ နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့ပြီး “ဒီပုံစံအတိုင်း နေသွားမယ်ဆိုရင် အရင်က မကြုံဖူးသေးတဲ့ အရာတွေ အများကြီးကို ကြုံရမှာ”
ရန်ကိုင် ပြောသည်ကို စဉ်းစားကြည့်လိုက်ပြီးနောက် ရွှယ့်ယွယ်က ခေါင်းညိတ်ကာ သဘောတူလိုက်သည် “နင်ပြောတာ မှန်တယ်။ လူမတူရင် ဘဝကလည်း တူမှာမဟုတ်ဘူး။ အဲ့စကားက သွေးထွက်အောင်ကို မှန်တယ်။ ဒါပေမယ့် ဆိုးတာကို ဒီပုံစံအတိုင်း ငါအကြာကြီး နေလို့မရတာပဲ။ ဒီကကိစ္စ ပြီးသွားတာနဲ့ ရေလကြယ်ဆီ ပြန်ပြီး တတိယသခင်လေးရွှယ့်ယွယ် ဆိုတဲ့ပုံစံနဲ့ ပြန်နေရတော့မှာ”
ရုပ်ပြောင်းမှော်ရတနာကို သန့်စင်ပေးခဲ့သည့် ဆရာကြီးကို ထိုမှော်ရတနာအား ပြန်ပြင်ခိုင်းပြီးသည်နှင့် ရွှယ့်ယွယ်လည်း ယခင်အတိုင်း တတိယသခင်လေးအဖြစ် ပြန်နေလို့ရချေပြီ။
“အဲ့အကြောင်း တော်လောက်ပြီ” ရွှယ့်ယွယ်က ရုတ်တရက် ပြောလိုက်သည်။ ထိုအကြောင်းကို ရွှယ့်ယွယ် ဆက်မပြောချင်တော့။ ထို့ကြောင့် စကတ်လေးကို ကိုင်လျက် ခန္ဓာကိုယ်ကို တစ်ပတ် လှည့်လျက် ပြောလိုက်သည် “ငါရေသွားချိုးတော့မယ်။ နင်ချောင်းမကြည့်နဲ့နော်။ နင်ချောင်းကြည့်တာကို ငါမိလို့ကတော့…”
ပြောပြီးသည်နှင့် လက်သီးလက်မောင်းတန်းလျက် ရန်ကိုင်အား ခြိမ်းခြောက်လိုက်သည်။ ထို့နောက် ရေပူစမ်းဆီ သွားတော့သည်။
ရေပူစမ်းဘေးနားသို့ ရောက်သော် ရန်ကိုင်ကို စောင့်ကြည့်ရင်း အဝတ်များကို ချွတ်လိုက်သည်။
သူမ၏လေ့လာမှုအရ ရန်ကိုင်သည် ရိုးသားသည့်လူတစ်ယောက် မဟုတ်ချေ။ ယခုလို အခြေအနေမျိုးတွင် သူမ ရေချိုးနေသည်ကို သူကျိန်းသေ ချောင်းကြည့်ပေလိမ့်မည်။ ထို့ကြောင့် ရန်ကိုင်အား ကြိုပြီး သတိပေးထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူမ အံ့အားသင့်သွားရသည်ကား သူမခန္ဓာကိုယ် တစ်ခုလုံးကို ရေပူစမ်းထဲသို့ ရောက်ပြီးသည့်တိုင် ရန်ကိုင်ဆီမှ မည့်သည့်လှုပ်ရှားမှုကိုမှ အာရုံမခံမိခြင်းပင်။ ကြည့်ရသည်မှာ ရန်ကိုင်သည် သူမထားရစ်ခဲ့သည့် နေရာတွင်ပင် မလှုပ်မယှတ် ရပ်နေသည့်ပုံပင်။
ထိုအချက်ကြောင့် ရွှယ့်ယွယ် အတော်လေး အံ့အားသင့်သွားရ၏။ ရန်ကိုင် မည်ကဲ့သို့သော လူစားမျိုးဖြစ်သည်ကို သူမကပဲ မှားယွင်း ကောက်ချက်ချမိလေသလားဟု ပြန်စဉ်းစားမိသွားသည်။
ထိုသို့ တွေးနေစဉ်မှာပဲ ရန်ကိုင်သည် ရေပူစမ်းဆီသို့ ခုန်လာခဲ့ပြီး ရေထဲမကျမီ အဝတ်အားလုံးကို ချွတ်ချလိုက်သည်။
ဗွမ်း…
ရေများ အဘက်ဘက်သို့ လွင့်စင်သွားခဲ့ပြီး ရေပူစမ်း၏ မျက်နှာပြင်ထက် ရစ်သိုင်းနေသော မြူခိုးများလည်း ပျောက်ကွယ်ကုန်ရသည်။
“ရန်ကိုင်” ရွှယ့်ယွယ်က သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အံကြိတ်၍ ထိုနာမည်ကို အော်ခေါ်လိုက်သည်။
ရန်ကိုင်သည် ရေပူစမ်းထဲမှ ပြန်ထွက်လာခဲ့ပြီး ထောင့်စွန်းကို ကျောမှီလက်ထောက်ရင်း ပြန်ပြောလိုက်သည် “ငါလည်း ရေချိုးချင်တာပေါ့လို့။ ဒါပေမယ့် နင်ပြောတဲ့အတိုင်း နင်မသိအောင် ငါချောင်းမကြည့်ဘူးနော်…”
ပြောပြီးသည်နှင့် ရွှယ့်ယွယ်အား ပေါ်ပေါ်ထင်ထင်ပဲ ကြည့်လိုက်သည်။
ရွှယ့်ယွယ် အလွန်ကိုမှ စိတ်ညစ်သွားခဲ့သည်။ သူမ၏ ဝတ်လစ်စလစ် ဖြစ်နေသော ခန္ဓာကိုယ်လေးကို ရေထဲသို့ စိမ်လိုက်ရင်း ရန်ကိုင်အား အရှက်မရှိသည့် အစုတ်ပလုတ်ကေငါ်ဟု အဆက်မပြတ် ကျိန်ဆဲတော့လေသည်။
သူမ၏ ပြီးပြည့်စုံသည့် ခန္ဓာကိုယ်လေးကို ခုနှစ်ရောင်ခြယ် အလင်းတို့က လွှမ်းခြုံထား၏။ အဖြူရောင်မြူခိုးငွေ့များကပါ အပေါ်မှထပ်၍ လွှမ်းခြုံထားလေရာ ရွှယ့်ယွယ်မှာ ပို၍ပင် ဆွဲဆောင်မှုရှိနေခဲ့သည်။ သူမ၏ လက်ရှိပုံစံကို မြင်လိုက်သည့်သူတိုင်း ထိုအကာအရံများအောက် မည်သို့သော အံ့ဩဖွယ်ရာများ ဖုံးကွယ်တည်ရှိနေမလဲ ဆိုသည်ကို သိချင်သွားမှာ အမှန်ပင်။
“နင်နဲ့ငါက ဟိုဒင်းဖြစ်ဖို့ တစ်လှမ်းလောက်ပဲ လိုသွားခဲ့တာ။ ရေအတူ ချိုးတာလေးကို ဘာလို့ ဒီလောက် အရှက်သည်းနေတာလဲ” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြောလိုက်သည်။
“အဲ့အကြောင်း လာမပြောနဲ့” ရွှယ့်ယွယ်က ဒေါသတကြီး မာန်မဲပြောဆိုလိုက်ပြီး ရေမြှားများဖြင့် ရန်ကိုင်ဆီ ပစ်လိုက်သည် “နောက်ထပ်မဟုတ်တာတွေ ထပ်ပြောရဲပြောကြည့် ငါနင့်လျှာကို ဖြတ်ပစ်မှာ”
“ငါဘာမဟုတ်တာ ပြောနေလို့ပဲ။ အမှန်ကိုပဲ ပြောနေတာလေ” ရန်ကိုင်က ထူးဆန်းစွာ ပြုံးလိုက်သည်။
ရွှယ့်ယွယ်သည် ဘာမှ ပြန်မပြောတော့ဘဲ ရေထဲသို့သာ ငုံ့သွားလေသည်။
ရန်ကိုင်သည်လည်း ရွှယ့်ယွယ်အား ဆက်မစတော့ဘဲ သဘာဝ ရေပူစမ်းထဲ စိမ်ရင်းဖြင့်သာ ဇိမ်ယူနေတော့သည်။
ခဏအကြာတွင် ရွှယ့်ယွယ်က ရုတ်တရက် မေးလိုက်သည် “မနက်ဖြန်၊ အခွဲခေါင်းဆောင် ဟလိခနဲ့ တစ်ခုခု သွားလုပ်စရာရှိတယ်။ ဒါကြောင့် နင်ဒီမှာပဲ နေခဲ့ရလိမ့်မယ်”
“ငါသိတယ်”
“နင်က အရမ်း အားနည်းလွန်းတယ်။ ငါသွားမယ့် နေရာက တော်တော်လေး အန္တရာယ်များတာ…”
“ငါ့ကို ရှင်းပြနေစရာမလိုဘူး” ရန်ကိုင်က ခေါင်းခါလိုက်ပြီး “ကိုယ်နဲ့မဆိုင်တဲ့၊ မသိသင့်တဲ့ လျှို့ဝှက်ချက်တွေကို မမေးသင့်မှန်း ငါသိတယ်။ အချို့အရာတွေက မသိလေ ပိုကောင်းလေပဲ”
“နင်နားလည်ရင် ပြီးရော” ရွှယ့်ယွယ်က ယဲ့ယဲ့လေး ပြုံးလိုက်သည်။
“ငါအရင်ပြန်နားတော့မယ်” ပြောပြီးနောက် ထရပ်ကာ သူတော်စင်ချီကို လှည့်ပတ်၍ ရေများကိုခြောက်စေလိုက်သည်။ ထို့နောက် အဝတ်အစားတစ်စုံကို ထုတ်လွှတ်လျက် နန်းတော်ငယ်လေးဆီသို့ လမ်းလျှောက်ထွက်သွားလသေည်။
ထွက်ခွာသွားသော ရန်ကိုင်၏ ကျောပြင်ကိုကြည့်ရင်း သူမသိသမျှ အကြောင်းအရား အားလုံးကို ပြောပြချင်စိတ်တို့ဖြင့် ဖြစ်လာရသည်။ ထိုခံစားချက်ကြောင့် ရွှယ့်ယွယ်၏ မျက်နှာလေး ဖြူလျော်သွားပြီး ဝိဥာဉ်ချိန်းကြိုး၏ သက်ရောက်မှု ပို၍ ပြင်းထန်လာပြီမှန်း ချက်ချင်း နားလည်လိုက်သည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၅၃) ဆေးဥယျာဉ်
နောက်တစ်နေ့ မနက်စောစောတွင်…
အရှေ့မိုးကုတ်စက်ဝိုင်းဆီမှ ဖြာထွက်လာသော နေရောင်ခြည်သည် တောင်တန်းအသွယ်သွယ်ကို အလင်းရောင် ပေးနေသည်။ နေစာလှုံနေသည့် တောင်တန်းများ၏ အလှမှာ ရွှေရောင် တောက်နေသော ရှူမျှော်ခင်းကို ကြည့်နေရသည့်နှယ် အလွန်ကိုမှ ရင်သက်ရှုမောဖွယ်ကောင်းလှသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ထိုရှုမြင်ကွင်း၏ အလှတရားကို အသေအချာ အာရုံခံစိုက်ကြည့်နေကြသည်။
သိပ်သည်းလှသော အရှိန်အဝါတို့သည် တောင်ကြောတစ်လျှောက် ယခုလေးတင် အိပ်ပျော်ရာမှ နိုးလာသော နဂါးတစ်ကောင်ပမာ တလှိမ့်လှိမ့် တလှိမ့်လှိမ့်ဖြင့် လှိမ့်ဆင်းနေခဲ့သည်။
နန်းတော်လေ၏ ဒုတိယထပ်ရှိ ရန်ကိုင်သည် တင်ပလင်ခွေထိုင် မျက်လုံးပိတ်နေရာမှ ရုတ်တရက် မျက်လုံးပွင့်လာခဲ့သည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့်အခါ ရွှယ့်ယွယ် မရှိတော့ဘဲ နန်းတော် အပြင်ဘက်၌ မရင်းနှီးသည့် အရှိန်အဝါတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
အပြင်သို့ လှမ်းကြည့်လိုက်ရာ အစောင့်အဝတ်အစားနှင့် ကျင့်ကြံသူ တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုအစောင့်၏ ကျင့်ကြံခြင်းသည် ရန်ကိုင်ထက် တစ်ဆင့်ပိုမြင့်ပေသည်။
အစောင့်သည့် ပျင်းရိ၊ စိတ်မရှည်သည့် အမူအရာဖြင့် ထိုနေရာတွင် ရပ်နေခဲ့သည်။ ခဏလောက် စဉ်းစားပြီးနောက် ဒုတိယထပ်မှ အစောင့်ရှေ့သို့ ခုန်ဆင်းသွားကာ မေးလိုက်သည် “ဒီကရောင်ရင်း၊ ဘာဖြစ်လို့လဲ”
အသံကြားသဖြင့် လှည့်ကြည့်လိုက်ပြီးနောက် မလုပ်ချင်လုပ်သည့် အမူအရာဖြင့် လက်သီးကိုဆုပ်လျက် “ဒီကရောင်းရင်းက မိန်းကလေး ရွှယ့်ယွယ်ရဲ့ သက်တော်စောင့်လား”
“ဟုတ်တယ်” ရန်ကိုင်က ခေါင်းညိတ်လို်သည်။
“မိန်းကလေးရွှယ့်ယွယ်က ဂိုဏ်းခွဲခေါင်းဆောင်နဲ့ လုပ်စရာရှိလို့ ထွက်သွားတယ်။ ရက်နည်းနည်းလောက် ကြာတဲ့အထိ ပြန်လာနိုင်မှာ မဟုတ်ဘူး။ ရောင်းရင်းက ဒီနေရာနဲ့ မရင်းနှီးတဲ့အတွက် လမ်းပြလုပ်ပေးဖို့ မိန်းကလေးရွှယ့်ယွယ်က ကျုပ်ကို အမိန့်ပေးသွားတာ”
“လမ်းပြလုပ်ဖို့လား” ရန်ကိုင် မျက်လုံးလေး ပင့်လိုက်သည်။
“ကျုပ်က ဒီမိုးရေစင်ကြယ်အကြောင်း ကောင်းကောင်း သိတယ်လေ” ပြောပြီးသည်နှင့် ရန်ကိုင်အား တစ်ချက် ဝေ့ကြည့်လိုက်သည်။ ရန်ကိုင်ကဲ့သို့သော လူတစ်ယောက်သည် မိန်းကလေးရွှယ့်ယွယ်၏ သက်တော်စောင့်တစ်ယောက် မည်ကဲ့သို့ ဖြစ်လာသလဲ ဆိုသည်ကို ထိုအစောင့် နားမလည်နိုင် ဖြစ်နေခဲ့သည်။ သူမ၏ သက်တော်စောင့်ဆိုလျှင် ဘာကြောင့် သူမနောက်သို့ လိုက်မသွားသနည်း။ အမှန်ကတယ်ဆိုလျှင် သူသည် မိန်းကလေး ရွှယ့်ယွယ်နောက်သို့ လိုက်သွားပြီး သူမအား ကာကွယ်ပေးရမည် မဟုတ်ပေလော။ ဤနေရာတွင် အေးအေးဆေးဆေး ထိုင်နေခြင်းသည် သက်တော်စောင့်တစ်ယောက် အလုပ် မဟုတ်ပါချေ။
မမျှတလိုက်လေခြင်း။ အစောင့်တိုင်းသာ သူ့ကဲ့သို့ ဆက်ဆံခံရလျှင် မည်မျှ ကောင်းလိုက်လေမည်နည်း။ သူသည်လည်း အစောင့် တစ်ယောက်ပင်။ ထိုသို့ဆိုလျှင် သူကကော ဘာကြောင့် ထိုကဲ့သို့ မဆက်ဆံခံရသနည်း။
ဤအစောင့် အတော်လေးကို စိတ်ထဲ မကျေမနပ် ဖြစ်နေခဲ့သည်။ ဖြစ်သာဖြစ်နိုင်လျှင် မိန်းကလေးရွှယ့်ယွယ်၏ နောက်သို့ သူတကယ် လိုက်ချင်မိပေသည်။
အစောင့်ပြောသည်ကို ကြားပြီးနောက် သူပျင်းနေမည် စိုးသည့်အတွက် ရွှယ့်ယွယ်က ဤအစောင့်ကို စီစဉ်ပေးသွားခြင်းမှန်း ရန်ကိုင် နားလည်လိုက်သည်။ မဲ့ပြုံးပြုံးလျက် ခေါင်းခါရင်း ပြန်ပြောလိုက်လေသည် “ရောင်းရင်းရဲ့ အကူအညီနဲ့ ပက်သက်ပြီး ကျုပ်တကယ်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အခု လောလောဆယ် ကျုပ်လျှောက်မသွားချင်သေးဘူး။ အေးဆေးဆေးဆေးဘဲ နေချင်သေးတယ်”
အစောင့်က ရန်ကိုင်အား ထူးထူးဆန်းဆန်း စိုက်ကြည့်လိုက်သည်။ သို့သော် ဘာမှတော့ပြန်မပြော။ ခေါင်းသာညိတ်၍ ဆက်ပြောသည် “ကျုပ်တို့ သွားနိုင်တဲ့နေရာတွေ အများကြီးပဲ။ ဒီဂိုဏ်းခွဲမှာ လေလံတင်ပွဲတစ်ခု လုပ်ဖို့ရှိတယ်။ ရောင်းရင်း စိတ်ဝင်စားရင် သွားကြည့်လို့ ရတယ်နော်”
“လေလံတင်ပွဲလား” ရန်ကိုင်၏ မျက်လုံးများ တောက်ပသွားသည်။
“ဟုတ်တယ်။ လေလံတင်ပွဲရဲ့ ပစ္စည်း တစ်ဝက်လောက်ကို ကုန်သွယ်ရေးအဖွဲ့အစည်းက ထောက်ပံ့ထားတာ။ ကျန်တဲ့ တစ်ဝက်ကတော့ ကြယ်စီရင်စုထဲက အခြားကျင့်ကြံသူတွေ ဆီကနေ ရတာ။ ဒီလို လေလံတင်ပွဲတွေကို နှစ်တိုင်းတော့ မကျင်းပပေမယ့် မကြာမကြာတော့ ကျင်းပလေ့ရှိတယ်။ တစ်ခါတစ်လေဆို အဲ့လို လေလံတင်ပွဲတွေမှာ တကယ်ကို ရှားပါးအဖိုးတန်တဲ့ ရတနာတွေ ပေါ်လာတတ်တယ်”
“စိတ်ဝင်စားစရာပဲ” ရန်ကိုင်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ထုန်းရွှမ်လောကကြီးတွင်လည်း လေလံတင်ပွဲများအကြောင်း ကြားခဲ့ဖူးသည်။ သို့သော် ယနေ့ထိတိုင် တစ်ခါမှတော့ မသွားဖူးခဲ့။
“မိုးရေစင်ကြယ်ရဲ့ လေလံပွဲက နောက်ရက်နည်းနည်းကြာရင်စမှာ။ အဲ့မှာ သူတော်စင်သခင်းကျောက်တွေပဲ လက်ခံတယ်။ ဒါပေမယ့် လေလံပွဲပြီးသွားရင်း ကျင့်ကြံသူတွေ အချင်းချင်း လဲကြတဲ့ ပွဲတစ်ခုလည်း ရှိသေးတယ်။ အဲ့မျာကျ သူတော်စင် သလင်းကျောက်ကို သုံးချင်လည်းရတယ်။ အခြား မှော်ရတနာကို သုံးလည်းရတယ်” ရန်ကိုင် စိတ်ဝင်စားသွားသည်ကို မြင်သော် အစောင့်က ဆက်၍ ရှင်းပြလိုက်သည် “ရောင်းရင်း သွားကြည့်ချင်လား”
ရန်ကိုင်ကို မိန်းကလေး ရွှယ့်အာက တန်ဖိုးထားသည့်အတွက် အစောင့်သည် ရန်ကိုင်အား ယဉ်ယဉ်ကျေးကျေး ဆက်ဆံခဲ့သည်။ လေလံပွဲအကြောင်း ရန်ကိုင် သိပ်မသိသည်ကိုမြင်သော် အစောင့်က ရှင်းပြလိုက်သည်။
“အဲ့ပွဲကိုသွားဖို့ သူတော်စင်သလင်းကျောက် ဘယ်လောက်လောက် လိုလဲ” ရန်ကိုင်က မေးလိုက်သည်။
အစောင့်က ပြုံး၍ “အနည်းဆုံး သန်းဝက်လောက်လိုမယ်။ မဟုတ်ရင် ဝင်ပြီးလေလံဆွဲခွင့်မရှိဘူး”
“သန်းဝက်…” ရန်ကိုင်ပါးစပ် မဲ့ရွဲ့သွားခဲ့သည်။
လွင့်မျောတိုက်ကြီးတွင် ခရမ်းကြယ်နှင့် ဓါးအဖွဲ့အစည်း၏ ကျင့်ကြံသူများဆီမှ သူတော်စင်သလင်းကျောက် အများအပြား ရခဲ့သည်။ သို့သော် ထိုသူတော်စင်သလင်းကျောက် အားလုံးနီးပါးကို ကြယ်လွန်းပျံနှင့် ရှားပါးသတ္တုများကို ဝယ်သည့်နေရာတွင် သုံးလိုက်သည့်အတွက် မရှိတော့ချေ။ သူ့တွင် သူတော်စင် သလင်းကျောက် ရာဂဏန်းသာ ကျန်တော့သည်။
လောလောဆယ် သူ့တွင် သူတော်စင်သလင်းကျော်က သန်းဝက် လုံးဝမရှိချေ။
သူ့တွင် တန်းခိုးရှင်အဆင့်နှင့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပင်များပင် ရှိသည်။ ထိုဆေးပင်များကိုသာ ထုတ်ရောင်းပါက သူလိုချင်နေသည့် သူတော်စင်သလင်းကျောက်များကို အလွယ်လေး ရနိုင်ပေသည်။ သို့သော် သူသည် ဆေးပညာရှင်ဖြစ်သည်။ ထို့ကြောင့် ထိုဆေးပင်များသည် သူ့အတွက် သူတော်စင် သလင်းကျောက်များထက် ပိုအသုံးဝင်ပေသည်။
“ဘယ်လိုလဲ။ ရောင်းရင်း ဆုံးဖြတ်ပြီးပြီလား” အစောင့်လည်း သိပ်စိတ်မရှည်ချင်တော့။ ‘သွားမယ်၊ မသွားဘူး’ဟု ပြောလိုက်လျှင် ပြီးနေပြီကို ဘာကြောင့် ထိုမျှအကြာကြီး စဉ်းစားနေရသနည်း။ စောင့်နေရသည့်သူ့ကို အားမနာလေသလော။
“မေ့လိုက်တော့။ မသွားနိုင်သေးဘူး” ရန်ကိုင်က လက်ဝှေ့ရမ်းလိုက်သည်။ ပျော်ချင်ရုံသက်သက်နှင့် လေလံပွဲ သွားခြင်းသည် ပျင်းစရာကောင်းလှသည်။ ထို့အပြင် လောလောဆယ်၌ သူဝယ်ချင်နေသည့်အရာ ရှိမှမရှိလေဘဲ။
“ရောင်းရင်းက မသွားချင်ဘူးဆိုမှတော့ ကျုပ်သွားလိုက်ပါဦးမယ်” အစောင့်လည်း ဘာမှ ထပ်ပြောမနေတော့ဘဲ လက်သီးဆုပ်ကာ နှုတ်ဆက်ထွက်သွားလေသည်။
အစောင့်၏ ကမ်းလှမ်းမှုကို ငြင်းဆိုလိုက်သော်ငြား ရန်ကိုင် ကိုယ်တိုင်ကမူ လျှောက်သွားချင်နေမိသည်။ ရွှယ့်ယွယ် မည်သည့်အချိန်မှ ပြန်လာမလဲ ဆိုသည်ကို သူမသိ။ ထို့ကြောင့် ဤနေရာ၌ သူမ ပြန်လာသည်အထိ ထိုင်စောင့်နေရမည်မှာ အတော့်ကိုမှ ပျင်းစရာကောင်းလှပေမည်။
ထို့အပြင် ဝိဥာဉ်ချိန်းကြိုး၏ အကျိုးသက်ရောက်မှုကို လုံလုံခြုံခြုံ ဖယ်ရှားနိုင်သည့် နည်းလမ်းကိုလည်း ရှာရပေဦးမည်။
ရွှယ့်ယွယ်နှင့် သူ၊ နှစ်ယောက်စလုံး ဆန္ဒရှိသရွေ့ ဝိဥာဉ်ချိန်းကြိုးကို အချိန်မရွေး ဖယ်ရှားပစ်နိုင်သည်။ သို့သော် ထိုနည်းလမ်းသည် လုံခြုံမှုမရှိချေ။
သူတို့ကြားမှ မကျေနပ်ချက်များကို ရွှယ့်ယွယ် မေ့ပစ်နိုင်မည်ဟု ရန်ကိုင် မထင်။ သူမ၏ လက်ရှိ စိတ်ခံစားချက်များသည် ဝိဥာဉ်ချိန်းကြိုး၏ အကျိုးသက်ရောက်မှုကြောင့်သာ ဖြစ်သည်။ တကယ့် အစစ်အမှန် ခံစားချက်မဟုတ်။ ဝိဥာဉ်ချိန်းကြိုးမှ လွတ်မြောက်သွားသည်နှင့် သူ့အား ချက်ချင်း ထသတ်မည်မှာ သေချာသလောက်ရှိသည်။
ထိုကိစ္စနှင့်ပက်သက်၍ သေချာ စဉ်းစားထားရမည်။ သို့သော် ယခုထိတိုင် သေချာရေရာသည့် အဖြေတစ်ခု မစဉ်းစားနိုင်သေး။ ကြယ်လွန်းပျံကို ထုတ်လိုက်ပြီး နန်းတော်ဆီမှ ပျံထွက်သွားသည်။
လျှပ်စီးတန်းတစ်စင်းနှယ် တိမ်စိုင်တိမ်တိုက်များကိုဖြတ်ကာ ဦးတည်ချက်မဲ့ ရန်ကိုင် သွားနေခဲ့သည်။ ရေလကြယ်တွင် ရှိစဉ်က နှစ်လတိုင်တိုင် ဂြိုလ်ပေါ် လျှောက်သွားပစ်ခဲ့သည်။ ပထမ အကြောင်းအရင်းမှာ အသစ်ဝယ်ထားသည့် ကြယ်လွန်းပျံနှင့် ရင်းနှီးသွားအောင် လုပ်ချင်သည့်အတွက်ဖြစ်ပြီး ဒုတိယ အကြောင်းပြချက်မှာ စုယန်အား တွေ့လိုတွေ့ငြား မျှော်လင့်ချက် ကြောင့်ဖြစ်သည်။
ယခု အခြား ကျင့်ကြံရေးကြယ်တစ်လုံးဆီသို့ ရောက်ခဲ့ပြန်ပြီ။ ထပ်ပြီး ကြိုးစားကြည့်ချင်သေးတယ်။ စုယန်ကို ရှာတွေ့မတွေ့။
မိုးရေစင်ကြယ်သည် သိပ်မကြီးလှ။ ရေလကြယ်ထက် သေးသည်။ ရက်နှစ်ဆယ်အတွင်း ဂြိုလ်တစ်ခုလုံးနီးပါး ရန်ကိုင် ရောက်ခဲ့သည်။ သို့သော် စုယန်၏ အရှိန်အဝါကို အာရုံမခံမိခဲ့။
ရလဒ်နှင့် ပက်သက်ပြီးရန်ကိုင် အရမ်းကြီး စိတ်ပျက်မသွားခဲ့။ ကြယ်စီရင်စုကြီးသည် အလွန်ကိုမှ ကြီးမားလှပြီး ထိုထဲတွင် မရေမတွက်နိုင်သော ကြယ်များ ရှိနေခဲ့သည်။ စုယန်နှင့် ရေခဲဂိုဏ်းမှ ကျင့်ကြံသူများသည် ကြယ်စီရင်စုထဲရှိ တစ်နေရာရာတွင် ရောက်နေကြောင်း သိနေလျှင်ပင် ဤမျှ အကန့်အသတ်မဲ့ ကြီးမားလှသော ကြယ်စီရင်စုကြီးထဲ မည်သို့ သွားရှာမည်နည်း။ စုယန်တို့အား ရှာရမည့်ကိစ္စသည် ကောက်ရိုးပုံထဲ အပ်ပျောက် ရှာသည်ထက်ပင် ပိုခက်သေးသည်။ ထို့ကြောင့် သူတို့အား အချိန်တိုအတွင်း ရှာတွေ့လိမ့်မည် ရန်ကိုင် မမျှော်လင့်ထားချေ။
ရန်ကိုင်သည် တောင်တစ်လုံးပေါ်တွင် ရပ်လျက် ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်သည်။ ရုတ်တရက် သူ့အကြည့်သည် တစ်ခုသော နေရာရှိ တောင်ကြားကျယ်ကြီးထဲသို့ ရောက်သွားခဲ့သည်။
တောင်ကြားသည် အတော့်ကိုမှ ကျယ်လှသည်။ သဘာဝအတိုင်း ကျယ်နေခြင်း မဟုတ်ဘဲ လူလုပ်၍ ကျယ်နေခြင်းဖြစ်သည်။ တောင်ကြားနေရာတွင် နန်းတော်ငယ်လေးတစ်လုံး ရှိနေပြီး ထိုနန်းတော်ငယ်လေး၏ ပတ်လည်တွင် ကျယ်ပြောလှသော ဆေးဥယျာဉ်ကြီး ရှိနေခဲ့သည်။ ဆေးဥယျာဉ်ထဲ အမျိုးအစား စုံလင်လှသော ဆေးပင်တို့ ပေါက်ရောက်နေခဲ့လေသည်။
ထို့အပြင် တောင်ကြားထဲတွင် စိတ်ဝိဥာဉ်အစီအရင်တစ်ခု ခင်းကျင်းထားသည့်ပုံပင်။ အနီးအနားရှိ မိုးမြေစွမ်းအင်များသည် တောင်ကြားထဲသို့ အဆက်မပြတ် စီးဝင်နေသဖြင့် ထိုနေရာရှိ မိုးမြေစွမ်းအင်သည် သာမန်ထက်ပို၍ သိပ်သည်းနေခဲ့သည်။
မိုင်ရာကျော်ကွာသည့်တိုင် ထိုနေရာမှ ဆေးပင်များ၏ သင်းရနံ့ကို သူရနေခဲ့သည်။
တောင်ကြားထဲမှာ ဆေးဝိဇ္ဇာကြီးတစ်ပါး ရှိတာသေချာတယ် ရန်ကိုင် တွေးလိုက်သည်။ သူလည်း အားယားနေသည့်အတွက် ထိုဆေးဝိဇ္ဇာကြီးဆီ သွားလည်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် တောင်ကြားဆီသို့ ရောက်သည်နှင့် တစ်ပြိုင်နက် တစ်ခုခု မဟုတ်သလို ခံစားလိုက်ရသည်။
ရပ်လိုက်ပြီး ဆေးဥယျာဉ်ကို သေသေချာချာ နောက်တစ်ခေါက် ထပ်စစ်ဆေးကြည့်သည်။ ချက်ချင်းဆိုသလို သူ့မျက်လုံးများ မှေးစဉ်းလိုက်သည်။ အစောပိုင်းက ခံစားမိလိုက်သည့် ခံစားချက် မည်သည့်နေရာမှ လာသလဲ ဆိုသည်ကို သူသိသွားခဲ့သည်။
ဆေးဥယျာဉ်ထဲရှိ ဆေးပင်များကို စိုက်ပျိုးထားသည့်ပုံသည် တောင်ပေါ်မှ လှမ်းကြည့်စဉ်က မြင်ရသည့်ပုံစံနှင့် လုံးဝကို ကွဲပြားနေခဲ့သည်။ ဆေးပင်များ၏ နေရာအထားအသို တစ်မျိုးတစ်ဖုံ ကွဲပြားသွားသည့်ပုံပင်။
ပိုကြည့်လေ ထူးခြားချက်ကို ပို၍ သတိပြုမိလေ ဖြစ်လာခဲ့သည်။ မကြာမီ ဆေးဥယျာဉ်၏ အောက်ခြေတွင် စီးဆင်းနေသော အထူးစွမ်းအင်တစ်မျိုး ရှိနေသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။ ထိုစွမ်းအားသည် ကောင်းကင်ဥပဒေသတစ်မျိုးမျိုးနှင့် လိုက်ဖက်တူညီနေခဲ့သည်။
ဆေးဥယျာဉ်ကြီးထဲတွင် ဆေးဥယျာဉ်လေးများစွာ ရှိနေခဲ့သည်။ ထိုဆေးဥယျာဉ်လေးများ၏ တစ်နေရာနှင့် တစ်နေရာ မတူညီမှုပေါ် မူတည်ပြီး ထူးဆန်းသော စွမ်းအင်စီးကြောင်းသည်လည်း ပြောင်းလဲသွားသည်။ ထိုဆေးဥယျာဉ်များ စုပေါင်း၍ ရှုပ်ထွေးပွေလီသော အစီအရင်တစ်ခု ဖြစ်လာခဲ့သည်။ ထိုဆေးဥယျာဉ်လေးများဖြင့် ဖွဲ့စည်းထားသော အစီအရင်ကြောင့် မိုးမြေစွမ်းအင်များသည် ဤနေရာတွင် စုပြုံစုဝေးလာကြသည်။
ထိုဆေးဥယျာဉ်များကို ခင်းကျင်းထားသည့် ပုံစံကို မြင်ပြီး ရန်ကိုင်အတော့်ကိုမှ အံ့အားသင့်သွားခဲ့ရသည်။ ထို့ကြောင့် လေထဲတွင်ရပ်၍ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကာ ထိုဆေးဥယျာဉ်လေးများ၏ ခင်းကျင်းပုံကို လေ့လာတော့သည်။
နန်းတော်ထဲ၌၊ အရပ်ပုပု၊ ဖရိုဖရဲဖြစ်နေသော ဆံပင်တစ်သိုက်နှင့် လူအိုကြီးတစ်ယောက် ရှိနေခဲ့သည်။ ထိုလူအိုကြီးသည် အမျိုးမျိုးသော အရွယ်အစားရှိသည့် ဆေးမီးဖိုများနှင့် အလုပ်ရှုပ်နေခဲ့သည်။ ဆေးမီးဖိုတစ်လုံးချင်းစီထဲတွင် အမျိုးမျိုးသော ဆေးပင်များ၏ ဆေးအရည်တို့ဖြင့် ပြည့်နေခဲ့သည်။ သူအရမ်းကို ပင်ပန်းအားကုန်နေသည့်အလား သူ့မျက်လုံးများ ခွက်ဝင်နေခဲ့သည်။ အသားအရေမှာလည်း အရေးကြောင်းတို့ဖြင့် ထပ်နေသည်။
တစ်ကိုယ်လုံး ဘာအားမှမရှိတော့သည့်ပုံ ထင်ရသည်။ သူ့မျက်လုံးများသည်လည်း စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေသည်။ လူအိုကြီးသည့် သူ့ရှေ့ရှိ ဆေးမီးဖိုများကို အပြည့်အဝ အာရုံစိုက်ထားခဲ့သည်။ သိုလှောင်လက်စွပ်ထဲမှ ဆေးပင် တစ်ပင်ပြီးတစ်ပင် ထုတ်ယူပြီး ထိုဆေးပင်များကို အမျိုးမျိုးသော ဆေးမီးဖိုများထဲသို့ ပစ်ထည့်နေသည်။
လူအိုကြီးသည် သာမန် ဆေးပညာရှင်များကဲ့သို့ ဆေးမီးဖို တစ်လုံးတည်းဖြင့် ဆေးဖော်စပ်နေခြင်းမဟုတ်ဘဲ ဆေးမီးဖိုများစွာဖြင့် ဆေးလုံးများစွာကို တစ်ပြိုင်တည်း ဖော်စပ်နေခြင်း ဖြစ်သည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၅၄) ဆေးလုံးတွေ သန့်စင်ဖို့ ခက်လှပါလား
ရန်ကိုင် တောင်ကြားထဲသို့ ဝင်လာသည့်အချိန်၊ ဆေးဖော်စပ်နေသော လူအိုကြီး ရုတ်တရက် မျက်မှောင် ကြုတ်သွားခဲ့ပြီး ကြောက်မက်ဖွယ်ရာ ဖိအားတို့ သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့သည်။
တောင်ကြားတစ်ခုလုံးသည် သူဖန်တီးထားသည့် သူ့အိမ်ဖြစ်ကာ မိုးရေစင်ကြယ်၏ တားမြစ်နေရာများထဲမှ တစ်ခုလည်း ဖြစ်သည်။ မည်သူမှ သူ့ခွင့်ပြုချက်မပါဘဲ တောင်ကြားထဲသို့ ဝင်ခွင့်မပြုချေ။ မည်သူလည်မှလည်း မဝင်ရဲချေ။ သို့သော် ယနေ့တွင် ကောင်းကင် အနိမ့်အမြင်ကိုမသိသော ကောင်လေးတစ်ယောက်သည် သူ့တောင်ကြားထဲသို့ ဝင်လာခဲ့လေသည်။
လူအိုကြီး ဒေါသထွက်သွားခဲ့သည်။ သူဆေးဖော်စပ်နေစဉ် လာရှုပ်ရကောင်းလားဟူသော အတွေးဖြင့် ရန်ကိုင်အား သတ်ရန် တွေးလိုက်သည်။ ရန်ကိုင်ကဲ့သို့သော လူများ၏ အသက်သည် လူအိုကြီးအတွက် ပုရွက်ဆိတ်များနှင့် မခြားချေ။
သို့သော်လည်း သူလှုပ်ရှားတော့မည်အပြု ဆေးမီးဖိုများထဲမှ တစ်လုံးသည် ရုတ်တရက် ထူးထူးဆန်းဆန် မြည်လာခဲ့ရာ လူအိုကြီး၏ အမူအရာ ခါးသက်သွားခဲ့ရသည်။ ဆေးမီးဖိုထဲသို့ သူတော်စင်ချီကို ထည့်သွင်းလိုက်ပြီး အထဲရှိ ဆေးအရည်ကို တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက် လူအိုကြီးက ရေရွတ်လိုက်သည် “ဆေးလုံးတွေက သန့်စင်ဖို့ ခက်တာပဲ။ ဟန့်၊ နည်းနည်းလေး အသက်ဆက်ရှင်နေလိုက်ဦးပေါ့ကွာ။ ပြီးတော့မှ ငါနဲ့တွေ့မယ်။ ဒီကောင်ကို သတ်ဖို့အတွက်နဲ့ ငါ့ဆေးပင်တွေကို ဖြုန်းတီးလို့မဖြစ်ဘူး။ ငါ့လခွမ်း။ ဆေးလုံးတွေက တကယ်ကို သန်စင့်ဖို့ခက်တာပါလား”
ထိုကဲ့သို့ ရေရွတ်နေရင်း သူ့လက်ကို ဝှေ့ရမ်း၍ ဆေးမီးဖိုများထဲသို့ သူတော်စင်ချီများကို ထည့်သွင်းလိုက်သည်။ ထို့နောက် သိုလှောင် လက်စွပ်ထဲမှ အသင့်ပြင်ထားသော ဆေးပင်များကို ထုတ်ယူကာ ဆေးမီးဖို အသီးသီးထဲသို့ ပစ်ထည့်လိုက်သည်။
ဆေးမီးဖို အသီးသီးမှ အသံဗလံမျိုးစုံ ထွက်လာခဲ့လေသည်။ လူအိုကြီး၏ အမူအရာသည် တည်ငြိမ်နေခဲ့လေပြီ။ သူ့စိတ်ထဲ အခြား မည်သည့်အတွေးမှ မရှိတော့။ သူ့စိတ်အာရုံအလုံးစုံသည် ဆေးမီးဖိုများအပေါ်တွင်သာ ရှိနေတော့သည်။ သူလက်များ လှုပ်ရှားနေသည်မှာလည်း ပို၍ မြန်ဆန်လာနေခဲ့သည်။
နာရီဝက်လောက် ကြာပြီးနောက် လူအိုကြီး၏ မျက်လုံးများ တောက်ပစွာ လင်းလက်သွားခဲ့သည်။ ဆေးမီးဖိုအားလုံး တစ်ပြိုင်တည်း တဝီဝီ မြည်လာပြီး သိပ်သည်းလှသော ဆေးရနံ့တို့ ထွက်ပေါ်လာခဲ့သည်။
ဆေးမီးဖို အဖုံးများကို ဖွင့်လိုက်ရာတယ်၊ မြောက်မြားလှစွာသော ဆေးလုံးအမျိုးမျိုးတို့ ပျံသန်းထွက်လာခဲ့ပြီး မိုးသီးမိုးပေါက်များနှယ် အသင့်ပြင်ဆင်ထားသည့် ကျောက်စိမ်းပုလင်းများထဲသို့ အသီးသီး ကျဆင်းသွားခဲ့သည်။
မကြာမီ ကျောက်စိမ်းပုလင်းအားလုံး ဆေးလုံး အမျိုးမျိုးတို့ဖြင့် ပြည့်သွားခဲ့လေသည်။
လူအိုကြီးသည် ဆေးလုံးများစွာ ဖော်စပ်ထားရသော်ငြား နည်းနည်းလေးမှ ပင်ပန်းနွမ်းနွယ်ပုံမရဘဲ စိတ်ပင် လှုပ်ရှားနေခဲ့သည်။
ရွံ့တွနေသော လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ဆေးလုံးများဖြင့် ပြည့်နေသော ကျောက်စိမ်းပုလင်းများဆီ အပြေးသွားကာ အထဲရှိ ဆေးလုံးများကို သေချာ စစ်ဆေးကြည့်လိုက်သည်။
“မရှိဘူး… မရှိဘူး… မရှိသေးဘူး…” ဆေးပုလင်း တစ်ပုလင်းကို စစ်ဆေးလိုက်တိုင်း လူအိုကြီးက ထိုကဲ့သို့ ရေရွတ်သွားသည်။ သူ့မျက်နှာထက်ရှိ စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် စိတ်ပျက်မှုတို့ဖြင့် တဖြည်းဖြည်း ပြည့်လာနေခဲ့သည်။
ဆေးပုလင်းသုံးပုလင်းကို တရဆက် စစ်ဆေးကြည့်ပြီးသည့်တိုင် သူလိုချင်သည့်အရာကို မတွေ့ရသေးချေ။
ခပ်ပြင်းပြင်း ရိုက်ချခံလိုက်ရသည့်အလား လူအိုကြီး စိတ်ညစ်သွားခဲ့ပြီး သက်ပြင်းအရှည်ကြီးချလျက် “ဆေးလုံးတွေက သန့်စင်ဖို့ တကယ်ခက်တာပဲ။ ဘာလို့ ဆေးသွေးကြောတွေ မပါရတာလဲ။ ငါ့နည်းလမ်းကပဲ မှားနေတာလား။ မဖြစ်နိုင်ဘူး”
ပြောပြီးသည်နှင့် သူစစ်ဆေးခဲ့သည့် ဆေးပုလင်းသုံးပုလင်းအား အသုံးမဝင်သည့် အမှိုက်များနှယ် ဘေးသို့ လွင့်ပစ်လိုက်သည်။ ဒုတိယအကြိမ်ပင် ထပ်မကြည့်ချေ။
ဆေးလုံးအခန်းထောင့်တွင်၊ ကျောက်စိမ်းပုလင်းများစွာ စုပုံနေခဲ့သည်။ ဆေးပုလင်းအရေအတွက် တစ်ရာပင်ကျော်နေ၏။ ဆေးပုလင်းတိုင်းသည် ဆေးလုံးတို့ဖြင့် ပြည့်နေသည်။ ထိုဆေးပုလင်းများထဲရှိ ဆေးလုံးများသည် အနည်းဆုံး သူတော်စင် ဘုရင်အဆင့် ရှိကြသည်။ တန်ခိုးရှင်အဆင့် ဆေးလုံးများစွာပင် ရှိနေသေးသည်။
လူအိုကြီးသည် ယခင်ဆေးဖော်စပ်ခဲ့သည့် အတွေ့အကြုံကို ထိုင်ကာစဉ်းစားတော့သည်။ ဖြူဖွေးနေပြီဖြစ်သော ခေါင်းကို ပွတ်သပ်ရင်း သူဖော်စပ်သည့် ဆေးလုံများထဲ ဘာကြောင့် ဆေးသွေးကြောပါသည့် ဆေးလုံး မပါရလဲ ဆိုသည့် အကြောင်းအရင်းကို စတင် စဉ်းစားတော့သည်။
လူအိုကြီးသည် လူသေတစ်ယောက်ပမာ ထိုနေရာတွင် သုံးရက်၊ သုံးညတိုင်တိုင် မလှုပ်မယှတ် ထိုင်နေခဲ့သည်။
ရုတ်တရက် ဆေးဥယျာဉ်ထဲမှ စွမ်းအင်များ ရုတ်တရက် ပေါက်ကွဲထွက်လာသဖြင့် လူအိုကြီး အသိပြန်ဝင်လာပြီး မှုတ်ကုတ်ကုတ် အမူအရာဖြင့် အပြင်သို့ လှမ်းကြည့်လိုက်သည်။
ယခုမှပဲ လွန်ခဲ့သော သုံးရက်ခန့်က ကောင်လေးတစ်ယောက် သူ့ဆေးဥယျာဉ်ထဲသို့ ကျူးကျော်လာသည့် ကိစ္စကို ပြန်သတိရလိုက်သည်။ သို့သော်လည်း ထိုစဉ်က မအားသဖြင့် ထိုကောင်လေးကို အာရုံစိုက်ရန် အချိန်မရှိခဲ့ချေ။
“ဒီကောင် ထွက်မသွားသေးဘူးလား” လူအိုကြီး အံ့ဩသွားပြီး ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် စိတ်ဝင်စားစရာ တစ်ခုခုကို ရှာတွေ့သွားသည့်အလား အံ့အားသင့်စွာ ရေရွတ်လိုက်ပြီး ရန်ကိုင်၏ လှုပ်ရှားမှုများကို သေချာ အာရုံစိုက်လိုက်သည်။
ဆေးဥယျာဉ်ထဲတွင်၊ ရန်ကိုင်သည် တင်ပလင်ခွေထိုင်ကာ သူ့ကောင်းကင်စိတ်အာရုံအား ဒီရေလှိုင်းတစ်ခုနှယ် အဘက်ဘက်သို့ ဖြန့်ကျက်ထားခဲ့သည်။ သူ့ကောင်းကင်စိတ်အာရုံသည် ဆေးဥယျာဉ်၏ နေရာစုံသို့ ရောက်နေခဲ့သည်။
ဆေးဥယျာဉ်များကို ကြုံသလို နေရာချထားခြင်း မဟုတ်ချေ။ ထိုဆေးဥယျာဉ်လေးများ အားလုံးကို စိတ်ဝိဥာဉ် အစီအရင်ကြီး တစ်ခုပုံစံဖြင့် နေရာချထားခြင်းဖြစ်သည်။ ဆေးဥယျာဉ်လေး တစ်ခုစီတိုင်းသည် စိတ်ဝိဥာဉ်အစီအရင်လေး တစ်ခုဖြစ်သည်။ ထိုကဲ့သို့ စိတ်ဝိဥာဉ်အစီအရင်လေးများ ပေါင်းစပ်လိုက်သည့်အခါ မိုးမြေစွမ်းအင်ကို စုပ်ယူနိုင်သည့် စိတ်ဝိဥာဉ်အစီအရင်ကြီး တစ်ခုဖြစ်လာခဲ့သည်။ ထိုကဲ့သို့ ဖြစ်သွားသည့်အတွက် ဆေးဥယျာဉ်ထဲရှိ ဆေးပင်များမှာလည်း ပို၍ မြန်မြန်ဆန်ဆန် ကြီးထွားလာနိုင်ကြသည်။
နှစ်ငါးဆယ် သက်တမ်းရှိသည့် ဆေးပင်တိုင်းသည် နှစ်တစ်ရာ သက်တမ်းရှီသော ဆေးပင်များနှင့် အရည်အသွေး တူနေသည်။
ဤဆေးဥယျာဉ်များကို မည်သူ ဖန်တီးထားခဲ့မှန်း ရန်ကိုင်မသိ။ သို့သော် တောင်ကြားအလယ်ရှိ နန်းတော်ထဲတွင် နေနေသော ဆေးပညာရှင် ဖန်တီးထားခြင်း ဖြစ်လောက်မည်ဟု ခန့်မှန်းထားသည်။
ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ဆေးဥယျာဉ်များကို အသေအချာ လေ့လာနေခဲ့သည်။ အစစ်အမှန် ဆေးပညာနည်းလမ်းမှ စိတ်ဝိဥာဉ်အစီအရင်များစွာကို ရန်ကိုင် လေ့လာခဲ့သည်။ ထုန်းရွှမ်လောကကြီးတွင် ရှိစဉ်က ထိုစိတ်ဝိဥာဉ် အစီအရင်များသည် သူ့အား အတော်လေး အကူအညီ ပေးခဲ့သည်။
သို့သော်လည်း အစစ်အမှန် ဆေးပညာနည်းလမ်းသည် ထုန်းရွှမ်လောကကြီးမှ ပစ္စည်းတစ်ခုသာဖြစ်သည်။
ကြယ်စီရင်စုကြီးထဲတွင် သူ့နည်းသူ့ဟန်နှင့် ထူးခြားသည့် စိတ်ဝိဥာဉ်အစီအရင်များ ရှိနေပေသေးသည်။
ထိုနှစ်ခုကြား အားသားချက်နှင့် အားနည်းချက် အသီးသီးစီ ရှိကြသည်။ ရန်ကိုင်သည် ဆေးဥယျာဉ်ထဲရှိ စိတ်ဝိဥာဉ်အစီအရင်များကို လေ့လာနေရင်း ထိုအရာများကို သူတတ်ကျွမ်းထားသည့် စိတ်ဝိဥာဉ် အစီအရင်များနှင့် နှိုင်းယှဉ်ကြည့်နေသည်။
နန်းတော်ထဲရှိ လူအိုကြီးသည် ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ ရန်ကိုင် ဘာလုပ်ရန် ကြိုးစားနေသလဲ ဆိုသည်ကို ချက်ချင်း နားလည်သွားလိုက်သည်။ ခဏလောက် စဉ်းစားပြီးနောက် သတ်ဖြတ်လိုစိတ်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ရယ်သွမ်းသွေးလျက် “မင်းကို ဒီအတိုင်းထားလိုက်တာလည်း မဆိုလောက်ပါဘူးလေ”
ရန်ကိုင်၏ အပြုအမူကို မြင်သော်၊ ဆေးပညာကို လေ့လာနိုင်ရန် သူမည်ကဲ့သို့ ကြိုးစားခဲ့ရပြီး သူကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို ပြန်အမှတ်ရလိုက်သည်။ အမျိုးမျိုးသော စိတ်ဝိဥာဉ်အစီအရင်များကို သင်ယူနိုင်ရန်အတွက် သူသည် နေရာအမျိုးမျိုးသို့ သွားခဲ့ရသည်။ ပညာရှင် အသီးသီးဆီလည်း သွားခဲ့ရသေးသည်။ သို့သော် ပညာရှင် အများစုမှာ သူ့အား နည်းနည်းမှပင် သင်ကြားပြသပေးခြင်း မရှိဘဲ ချက်ချင်း မောင်းထုတ်ခဲ့သည်။
ဆေးပညာရှင်ကြီးများသည် သူတို့၏ စိတ်ဝိဥာဉ်အစီအရင်များကို သူတို့၏ အဖိုးအတန်ဆုံး ရတနာများအဖြစ် တန်ဖိုးထားကြပြီး အခြားသူများဆီ အလွယ်တကူ သင်ပေးလေ့မရှိ။ သူတို့၏ တပည့်များကိုပင်လျှင် အကုန်အစင် သင်ပေးလေ့မရှိချေ။ ထို့ကြောင့် လူစိမ်းတစ်ယောက်ကို သင်ပေးရန်မှာ ပို၍ပင် မဖြစ်နိုင်ချေ။
လူအိုကြီး ရန်ကိုင် အရွှယ်လောက်က ဆေးပညာကို အရမ်း စိတ်ဝင်စားခဲ့သည်။ ထို့ကြောင့် တစ်နေ့ ဆေးပညာလမ်းစဉ်တွင် ထိပ်ဆုံးသို့ ရောက်ရှိပြီး တစ်လောကလုံးကို အံ့အားသင့်အောင် လုပ်ပြမည်ဟု ကြိတ်ကာ ကြွေးကြော်ခဲ့သည်။
သို့သော်လည်း သူအသက်ကြီးလာသည်နှင့် သူ့ယူဆချက် မှားယွင်းနေမှန်း လူအိုကြီး နားလည်လိုက်သည်။ ဆေးပညာသည် လူအထင်ကြီးအောင် လုပ်ရန်မဟုတ်ဘဲ သူ့ဆန္ဒကို ဖြည့်ဆည်းပေးရန် အတွက်သာ ဖြစ်သည်။
ရန်ကိုင်၏ အပြုအမူကြောင့် သူ့အတိတ်ကို ပြန်သတိရသွားပြီး ရန်ကိုင်အား သတ်မည့်အကြံကို စွန့်ပယ်လိုက်သည်။ ရန်ကိုင်အား ဆက်ဂရုမစိုက်တော့ဘဲ သူလုပ်စရာရှိသည်ကိုသာ ဆက်လုပ်နေခဲ့သည်။
ခဏအကြာတွင် နန်းတော်ထဲရှိ လူအိုကြီးသည် နောက်တစ်ကြိမ် ဆေးဖော်စပ်ပြန်လေသည်။ ယခင်ကကဲ့သို့ပင် ယခုတစ်ကြိမ်၌လည်း ဆေးမီးဖိုများစွာဖြင့် ဆေးဖော်စပ်ခြင်း ဖြစ်သည်။
နန်းတော်အပြင်ဘက်တွင် ရန်ကိုင်သည် ကျောက်ရုပ်ကြီးတစ်ခုပမာ မလှုပ်မယှတ်ထိုင်နေခဲ့သည်။ သူ့ကိုယ်ထက် ဖုန်များပင် တက်နေခဲ့လေပြီ။
လူအိုကြီး တစ်ယောက်နှင့် လူငယ်လေး တစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် မနှောင့်ယှတ်ကြဘဲ သူတို့ လုပ်စရာရှိသည်ကိုသာ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် လုပ်နေကြ၏။
သူဆေးတစ်ကြိမ် ဖော်စပ်ပြီးသွားတိုင်း ရန်ကိုင်အား စစ်ဆေးကြည့်သည်။ ရန်ကိုင်သည် ယခင်အတိုင်း မလှုပ်မယှတ် ရှိနေသည်ကိုမြင်သော် ရန်ကိုင်၏ ထက်သန်သော ဇွဲလုံ့လကို လူအိုကြီး ချီးကျူးမိလိုက်သည်။
လူငယ်များသည် သွေးဆူလွယ်ပြီး မောက်မာတတ်ကြသည်။ အနည်းငယ်သော လူငယ်အချို့သည်သာ တည်တည်ငြိမ်ငြိမ်ဖြင့် ဤလူငယ်လေးကဲ့သို့ အချိန်အကြာကြီး အာရုံစိုက်နိုင်ကြ၏။ တကယ်ကို အထင်ကြီးစရာပင်။
ရန်ကိုင်သည်လည်း နန်းတော်ပိုင်ရှင်သည် ကောင်းကင်စိတ်အာရုံဖြင့် သူ့အား စစ်ဆေးကြည့်နေသည်ကို သတိပြုမိသည်။ သို့သော် တစ်ဖက်လူသည် သူ့အား မောင်းထုတ်ရန် မကြိုးစားသဖြင့် ရန်ကိုင်လည်း အရေထူထူဖြင့်ပင် ဘာမှမဖြစ်ဟန် ဆောင်လျက် စိတ်ဝိဥာဉ်အစီအရင်ကြီးကို ဆက်လက် လေ့လာနေသည်။
စိတ်ဝိဥာဉ်အစီအရင်များကို လေ့လာပြီးသည့်နောက်တွင် ဤနေရာရှိ ပညာရှင်ကြီးကို ကျေးဇူးသွားတင်ရန် ဆုံးဖြတ်ထားသည်။
တစ်ဖက်လူ၏ ပညာရပ်ကို ခိုးယူလိုသည့် ရည်ရွယ်ချက်ဖြင့် ရောက်လာခဲ့ခြင်းမဟုတ်။ ဥယျာဉ်များကို စစ်ဆေးနေရင်း လူအိုကြီး၏ စိတ်ဝိဥာဉ်အစီအရင်ကို မသလိုက် မသိဘာသာနှင့် လေ့လာမိသွားခြင်း ဖြစ်သည်။
လူအိုကြီးနှင့် ရန်ကိုင်တို့သည် တစ်ယောက်ကိုတစ်ယောက် အနှောင့်အယှတ် မပေးကြဘဲ ငြိမ်ချမ်းတိတ်ဆိတ်စွာဖြင့် ရက်အတော်ကြာအောင် ကိုယ့်အလုပ်ကိုယ် အာရုံစိုက်နေခဲ့သည်။ ရန်ကိုင်သည် ဆေးဥယျာဉ်ထဲရှိ စိတ်ဝိဥာဉ်အစီအရင်ကို လေ့လာနေရင်း သူတတ်ကျွမ်းထားသည့် စိတ်ဝိဥာဉ် အစီအရင်များနှင့် ပြန်လည် နှိုင်းယှဉ်ကြည့်နေသည်။ သို့သော် ရုတ်တရက် သူ့စိတ်ထဲ မသက်မသာ ဖြစ်လာခဲ့သည်။
မျက်လုံးဖွင့်၍ ကောင်းကင်စိတ်အာရုံဖြင့် ပတ်ပတ်လည်ကို ချက်ချင်း စစ်ဆေးကြည့်သည်။
သို့သော် သူမျက်မှောင်ကြုတ်သွားရသည်။ အကြောင်းမှာ ဤအနီးအနား မိုင်ရာဂဏန်း ပတ်လည်တွင် မည်သည့် အန္တရာယ်ကိုမှ အာရုံမခံမိသောကြောင့်ပင်။ မလှမ်းမကမ်းရှိ နန်းတော်ပိုင်ရှင်မှလွဲ၍ ဤအနီးအနားတွင် လူမဆိုထားနှင့် ငှက်တစ်ကောင်ပင် မရှိချေ။
သူစိတ်ထင် မှားနေခြင်းသာ ဖြစ်သည်ဟု တွေးကာ စိတ်ဝိဥာဉ် အစီအရင်များကို ပြန်လေ့လာမည်ပြုသည်။ သို့သော် ထိုသို့လုပ်ရန် ပြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့စိတ်ထဲ မသက်မသာ ဖြစ်လာခဲ့ပြန်လေသည်။
သူ့ဘာသာ ဤနေရာ၌ ထိုင်နေသော်ငြား သေရေးရှင်ရေး အခြေအနေထဲသို့ ရောက်နေသည့်နှယ်။ ထို့ကြောင့် သုန်မှုန်စွာဖြင့် ချက်ချင်း ထမတ်တပ်ရပ်သည်။
သူ့လက်ရှိခွန်အားကြောင့် ရန်ကိုင်၏ စိတ်အာရုံသည် အလွန်ကိုမှ ထက်ရှလာခဲ့သည်။ အကြောင်းမရှိဘဲ စိတ်ပူပန်နေသလို ခံစားရမည် မဟုတ်ချေ။ ထို့ကြောင်း ရှင်းပြချက်နှစ်ခုသာ ရှိတော့သည်။
ဤနေရာတွင် သူ့အား ချောင်းမြောင်းနေသည့် သူ့ထက်အဆမတန် အားကောင်းလှသည့် ပညာရှင်တစ်ယောက် ရှိလျှင်ရှိ၊ မရှိလျှင် အခြားတစ်ခုခုသည် သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နေခြင်း ဖြစ်ရမည်။
ပထမတစ်ခုသည် ဖြစ်နိုင်ချေမရှိလှ။
နန်းတော်ပိုင်ရှင် မည်သူလဲ ဆိုသည်ကို ရန်ကိုင် မသိသော်ငြား ထိုလူသည် အတော့်ကိုမှ အားကောင်းလှသည် ပညာရှင် တစ်ယောက် ဖြစ်မည်မှန်း ရန်ကိုင်သိသည်။ သူ့အား မကောင်းကြံလိုသည့် ရည်ရွယ်ချက်ဖြင့် ချောင်းမြောင်းနေသည့် အခြားတစ်ယောက် ရှိနေမည်ဆိုပါက နန်းတော်ပိုင်ရှင်သည် ထိုလူကို ကျိန်းသေ အာရုံခံမိပေလိမ့်မည်။
ထို့အပြင် လောလောဆယ်၌ သူ့အား ပစ်မှတ်ထားနေသူ မည်သူမှ မရှိချေ။ ရွှယ့်ယွယ်မှလွဲ၍ သူမည်နှင့် ပြဿနာဖြစ်ခဲ့သနည်း။ မည်သူနှင့်မျှ ပြဿနာ မဖြစ်ခဲ့ချေ။ ထို့ကြောင့် အခြား ဘယ်သူကမှ သူ့အား အကြောင်းမရှိ အကြောင်းရှာပြီး ပြဿနာရှာလိမ့်မည် မဟုတ်ချေ။
လောလောဆယ်၌ သူ့အတွက် ပြဿနာရှိနေသည်ကား ရွှယ့်ယွယ် တစ်ယောက်သာရှိသည်။ ဝိဥာဉ်ချိန်းကြိုးများကြောင့် သူတို့၏ အသက်သည် ချိတ်ဆက်နေသည်။ ရွှယ့်ယွယ် သေလျှင် သူသေမည်။ သူသေလျှင် ရွှယ့်ယွယ်သေမည်။
ရွှယ့်ယွယ်နှင့် ဝိဥာဉ်ချိန်းကြိုးအကြောင်း ပြန်းစဉ်းစားမိလိုက်သော် ရန်ကိုင်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ ရွှယ့်ယွယ် တစ်ခုခု ဖြစ်နေခြင်းပေလော။
ဝိဥာဉ်ချိန်းကြိုးကြောင့် ရွှယ့်ယွယ်သာ အသက်အန္တရယ် ရှိနေပါက သူလည်း အသက်အန္တရာယ် ရှိနေသည်နှင့် အတူတူပင်။
ပိုတွေးလေ ရွှယ့်ယွယ် တစ်ခုခု ဖြစ်နေသည်မှာ ဖြစ်နိုင်ချေ ရှိသည်ဟု ပို၍ ယုံကြည်လာလေပင်။ ဆက်မနေတော့လေရာ ကြယ်လွန်းပျံကို ချက်ချင်းထုတ်၍ ဟုန်းလော့ကုန်သွယ်ရေး ဂိုဏ်းခွဲရှိရာဆီ ပျံသန်းသွားလိုက်လေသည်။
သူ့စိတ်ထဲတွင်လည်း တစ်ချိန်လုံး ကျိန်ဆဲနေခဲ့သည်။ ရွှယ့်ယွယ်၏ ခွန်အားသည် နိမ့်ကျခြင်းမရှိ၊ ထို့အပြင် သူမနှင့်အတူ လိုက်သွားသော တန်ခိုးရှင်အဆင့် ပညာရှင်တစ်ယောက်လည်း ရှိနေသေးသည်ဟု သူ့ကိုယ်သူ အတန်တန် သတိပေးနေရသည်။ ဤကဲ့သို့ အသက်အန္တရာယ်ရှိနေသည် ဆိုသော ခံစားချက်ကြောင့် ဘာကိုမှ စိတ်အေးအေးထား၍ မလုပ်နိုင်ချေ။ သူအလွန်ကိုမှ စိတ်ညစ်နေခဲ့သည်။
“သူထွက်သွားတာလား” နန်းတော်ထဲရှိ လူအိုကြီးက ရန်ကိုင် ထွက်သွားသည့်ဘက်ဆီ လှမ်းကြည့်ပြီး ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။
သူ့အတွက်တော့ ရန်ကိုင်သည် ဖြတ်သွားဖြတ်လာ တစ်ယောက်သာ ဖြစ်သည်။ ရန်ကိုင် ထွက်သွားလို့လည်း သူ့အတွက် ဘာမှမဖြစ်ချေ။
လူအိုကြီးသည် သူ့ရှေ့ရှိ ဆေးမီးဖိုများကိုသာ အာရုံစိုက်နေခဲ့သည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၅၅) ရှေးဟောင်းအပျက်အစီးနယ်မြေ
ရန်ကိုင်သည် ကြယ်လွန်းပျံကို အရှိန်ကုန်တင်ကာ ပျံသန်းနေသည်။ သူ့စိတ်ထဲရှိ အချက်ပေးသံတို့သည် ပိုပို၍ ကျယ်လောင်လာသည်။ နေ့တစ်ဝက်ကြာပြီးနောက် ဂိုဏ်းခွဲရှိသည့် တောင်တန်းဆီသို့ ရောက်လာခဲ့ပြီး ဟလီခ သူတို့အတွက် စီစဉ်ပေးထားသည့် နန်းတော်ဆီသို့ တန်းသွားလိုက်သည်။
နန်းတော်ဆီသို့ ရောက်သော် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်သည်။ သို့သော် မည်သူ့ကိုမှ အာရုံမခံမိချေ။ ရွှယ့်ယွယ် ဤနေရာတွင် ရှိမနေခဲ့ပေ။
ထို့ကြောင့် အဓိကနေရာဆီ ချက်ချင်း ပြန်သွားသည်။ ခဏအကြာ၌ ဟလီခနှင့် တွေ့ခဲ့သည့် နေရာဆီသို့ ရောက်လာခဲ့သည်။
ရန်ကိုင် အလျင်စလို ပြေးလာသည်ကိုမြင်သော် အဓိကခန်းမ၏ ဂိတ်ပေါက်ရှိ အစောင့်များ မျက်မှောင်ကြုတ်သွားကြသည်။ ယခင်အကြိမ် ရန်ကိုင်ကို တွေ့ခဲ့စဉ်က ရန်ကိုင်သည် ပင်မကြယ်မှ ကိုယ်စားလှယ်ဖြစ်သည့် မိန်းကလေးရွှယ့်အာ၏ သက်တော်စောင့် တစ်ယောက်ဖြစ်မှန်း သိခဲ့ရသည်။ သို့သော် ရန်ကိုင်၏ နိမ့်ကျသော ခွန်အားကြောင့် သူ့အား အထင်သေးခဲ့ကြသည်။
“အခွဲခေါင်းဆောင် ဟလိခ ပြန်ရောက်ပြီလား” မြေကြီးပေါ်သို့ ရောက်သည်နှင့် ရန်ကိုင်က လိုရင်းကို တန်းမေးသည်။
“ဆရာဟလိခနဲ့ ဘာလို့ တွေ့ချင်တာလဲ” အစောင့်က ပြန်မေးသည်။
“သူပြန်မလာသေးဘူးလား” ရန်ကိုင် သုန်မှုန်သွားသည်။ သူ့ရှေ့ရှိ အစောင့်ကို ထရိုက်တော့မည့်ပုံ။ ရန်ကိုင်၏ အမူအရာကြောင့် အစောင့်လည်း အနည်းငယ် ကြောက်လန့်သွားခဲ့ပြီး အလိုလို ခေါင်းခါမိလိုက်သည်။
“ဒါဆို သူတို့ ဘယ်သွားလဲ သိလား” ရန်ကိုင်က ထပ်မေးသည်။
အစောင့်လည်း သူ့အပြုအမူကြောင့် ရှက်ရွံ့သွားပြီး ရှက်ရှက်နှင့် ဒေါသထွက်ကာ အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလေသည် “အခွဲခေါင်းဆောင် ဘယ်သွားနေလဲ မေးရအောင် မင်းက ဘယ်သူမို့လို့လဲ။ မင်းကိုယ်မင်း ဘာထင်နေတာလဲ”
ပင်မကြယ်မှဖြစ်လျှင်ပင် သူသည် သူတော်စင်ဒုတိယအဆင့်သာ ရှိသေးသော အစောင့်တစ်ယောက်သာ ဖြစ်သည်။
ရန်ကိုင်က ထိုလူအား တစ်ချက်ကြည့်လိုက်သည်။ သို့သော် ဘာမှတော့ပြန်မပြော။ ထိုအစောင့်များသည့် အဆင့်နိမ့်များ ဖြစ်လေရာ များများစားစား သိထားလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဘာစကားတစ်ခွန်းမှ မပြောတော့ဘဲ အခြားနန်းတော်တစ်ခု ရှိရာဆီသာ ပျံသန်းသွားလေသည်။
ထိုနန်းတော်ထဲတွင် တန်ုးခိုရှင်းအဆင့်တစ်ယောက် ရှိနေခဲ့သည်။
“ဒီကောင်…” ရန်ကိုင်၏ ကျောပြင်ကိုကြည့်ရင်း အစောင့်အားလုံး ဒေါသနှင့် ရေရွတ်မိလိုက်ကြသည်။ ရန်ကိုင်သည် ပင်မကြယ်မှ ဖြစ်နေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် သူ့အား ဤကဲ့သို့ အလွယ်တကူ ဘာကြောင့် လွှတ်ပေးရမည်နည်း။
ခဏအကြာ၌ နန်းတော်ရှေ့သို့ ရောက်လာပြီး ဂိတ်ပေါက်တွင် ရှိနေသော အစောင့်များဆီ တိုက်ရိုက်သွားလိုက်ကာ အော်ပြောလိုက်သည် “အထဲက ဆရာကြီးကို ငါတွေ့ရမှဖြစ်မယ်”
“ဘာကိစ္စလဲ” အစောင့်တစ်ယောက်က ပြန်မေးသည်။
“အခွဲခေါင်းဆောင် ဟလိက တစ်ခုခုဖြစ်နေလို့”
အစေင့်မျက်မှောင်ကြုတ်သွားခဲ့သည်။ ရန်ကိုင်အား မယုံသင်္ကာ အကြည့်ဖြင့် “မင်းဘယ်လိုသိတာလဲ။ ဆရာဟလိက မိုးရေစင်ကြယ်မှ အားအကောင်းဆုံးဖြစ်တဲ့ တန်ခိုးရှင်အဆင့် တစ်ယောက်ပဲ။ သူလို လူတစ်ယောက်က ဘာဖြစ်နိုင်မှာ မို့လို့လဲ…”
“သွားတင်ပြလိုက်လို့ မရဘူးလား” ရန်ကိုင်က စိတ်မရှည်ဟန်ဖြင့် ဖြတ်ပြောလိုက်သည်။
“သူ့ကို ဝင်လာခိုင်းလိုက်” အထဲမှအသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုစကား ထွက်ပေါ်လာသည်နှင့် အစောင့်များ ဘာမှမပြောရသေးခင်မှာဘဲ ရန်ကိုင်သည် အထဲသို့ တိုက်ရိုက် လျှောက်ဝင်သွားလေသည်။
ဟလိခနန်းတော်ကဲ့သို့ ဤနန်းတော်ထဲတွင် စားပွဲခုံတစ်လုံးနှင့် ထိုင်ခုံတစ်လုံး ရှိနေခဲ့သည်။ ထိုင်ခုံပေါ်တွင် သက်လတ်ပိုင်း လူကြီး တစ်ယောက် ထိုင်နေခဲ့ပြီး တစ်ခုခုနှင့် အလုပ်ရှုပ်နေခဲ့သည်။ ရန်ကိုင် ဝင်လာသည်ကိုမြင်သော် ထိုလူက ခေါင်းမော့ကာ မေးလိုက်သည် “မင်းက မိန်းကလေးရွှယ့်အာနဲ့ အတူပါလာတဲ့ ပင်မကြယ်က သက်တော်စောင့်မလား”
“ဟုတ်တယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
“ငါက လင်းမူဖုန်းပဲ၊ ဒီအခွဲရဲ့ ဒုခေါင်းဆောင်” သက်လတ်ပိုင်း လူကြီးက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည် “မင်းဘာသာမင်း ပင်မကြယ်ကပဲလာလာ၊ ဘယ်ကပဲလာလာ ငါဂရုမစိုက်ဘူး။ ဒီနေရာမှာတော့ ငါက နောက်ဆုံး ပြောရေးဆိုခွင့် ရှိတဲ့လူပဲ”
ရန်ကိုင် ဘာမှ ပြန်မပြောခဲ့။
“ဟလိခ တစ်ခုခု ဖြစ်နေပြီလို့ မင်းဘာလို့ပြောတာလဲ။ ငါသိသလောက်ဆို ဒီကိစ္စမှာ မင်းဝင်ပါခွင့်မရှိဘူးလေး၊ ဟုတ်တယ်မလား။ အဲ့ဒါကို မင်းက သူတစ်ခုခု ဖြစ်နေမှန်း ဘယ်လိုလုပ်ပြီး သိတာလဲ”
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက် အိတ်ထဲမှ ဆက်သွယ်ရေးမှော်ရတနာကို ထုတ်ယူ၍ “မိန်းကလေးရွှယ့်အာက သူတို့ အန္တရာယ်တစ်ခုခုနဲ့ ကြုံနေရတယ်လို့ လှမ်းပြောလို့”
“ဘယ်လို အန္တရာယ်မျိုးလဲ” လင်းမင်ဖုန်းမျက်နှာ ဖြူလျော်သွားခဲ့သည်။ ရန်ကိုင်စကားကို ယုံသွားသည့်ပုံပင်။
ရန်ကိုင်က ခေါင်းသာခါလိုက်သည် “ဘာအန္တရာယ်လဲ ဆိုတာကိုတော့ ပြောမသွားဘူး။ ဒါကြောင့် အခွဲခေါင်းဆောင် ဟလိခကို ဆက်သွယ်ပေးလို့ရမလားလို့ လာတောင်းဆိုတာ”
လူမင်းဖုန်း တုန့်ဆိုင်းသွားသည်။ သို့သော် ခဏအကြာ၌ ဆက်သွယ်ရေး မှော်ရတနာတစ်ခုကို ထုတ်ယူ၍ ထိုထဲသို့ သူ့ကောင်းကင်စိတ်အာရုံကို ထည့်သွင်းလိုက်သည်။
ခဏအကြာ၌ သူ့အမူအရာ လေးနက်တည်ကြည်သွားပြီး ရေရွတ်လိုက်သည် “ကြည့်ရတာ တကယ်ပဲ တစ်ခုခု ဖြစ်နေတယ်နဲ့ တူတယ်”
သူ့ဘက်မှ ခေါ်သော်လည်း ဟိုဘက်မှ ပြန်မထူးခြင်းသည် ရန်ကိုင် မလိမ်ကြောင်း သက်သေပြနေလေသည်။
“ငါနဲ့လိုက်ခဲ့” လူမင်းဖုန်းက ရန်ကိုင်ကို လက်ယပ်ပြလိုက်ပြီး ပြေးထွက်သွားသည်။ နန်းတော်အပြင်သို့ ရောက်သည်နှင့် လူမင်းဖုန်းသည် သူ့ကြယ်လွန်းပျံကိုထုတ်ကာ တစ်ခုသော အရပ်မျက်နှာဆီသို့ ပျံထွက်သွားသည်။ ရန်ကိုင်သည်လည်း နောက်မှ အနီးကပ် လိုက်သွားလေသည်။
ပျံသန်းနေစဉ် အတောအတွင်း လင်းမင်ဖုန်းသည် ဆက်သွယ်ရေး မှော်ရတနာကို ထုတ်ယူ၍ လူအမျိုးမျိုးဆီ ခေါ်လို်ကသည်။ ခဏအကြာ၌ အဘက်ဘက်ဆီမှ အလင်းတန်းများစွာ ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းတန်းများသည် လင်းမူဖုန်း ခေါ်လိုက်သည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ ကျင့်ကြံသူများ ဖြစ်ကြပေသည်။
အကုန်လုံးသည် ဘာတစ်ခွန်းမှမမေးဘဲ လင်းမူဖုန်း၏ နောက်မှသာ လိုက်သွားကြသည်။ ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် အတော်လေး အံ့အားသင့်သွားသည်။
အတော်များများသည် သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး အချို့သည် သူတော်စင်အဆင့် ပညာရှင်များ ဖြစ်ကြသည်။ တန်ခိုးရှင်အဆင့် ပညာရှင် အနည်းငယ်လည်း ရှိနေပေသေးသည်။
“မူဖုန်း၊ ဘာဖြစ်လို့ ငါတို့အားလုံးကို အလောတကြီး ခေါ်လိုက်တာလဲ” သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် လင်းမူဖုန်းနား ကပ်သွားပြီး မေးလိုက်သည်။
“ဟလိခတို့ တစ်ခုခု ဖြစ်နေတဲ့ပုံပဲ။ ငါသူ့ကို ဆက်သွယ်လို့မရဘူး” လင်းမူဖုန်းက အလျင်စလို ရှင်းပြလိုက်သည်။
သက်လတ်ပိုင်း အမျိုးသမီး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး အလန့်တကြား ပြန်မေးလေသည် “ရှေးဟောင်း အပျက်အစီးနယ်မြေထဲမှာ တကယ်ပဲ အန္တရာယ်တွေ ရှိနေတာလား”
“ငါမသိဘူး။ အဲ့အပျက်အစီးနယ်မြေကို တွေ့တွေ့ချင်း ပင်မကြယ်ဆီ အကြောင်းကြားခဲ့တာ။ ကိုယ့်ဘာကိုယ် သွားမစစ်ဆေးရဲဘူး။ အခု မိန်းကလေးရွှယ့်အာက ဦးဆောင်ပြီး အဲ့အပျက်အစီး နယ်မြေကို လာစစ်ဆေးကြည့်တာ။ ဒါကြောင့် အဲ့မှာ အန္တရာယ်ရှိတယ်ဆိုတာ သဘာဝပဲလေ”
“မိန်းကလေးရွှယ့်အာကော ဘယ်လိုနေလဲ” သက်လတ်ပိုင်း အမျိုးသမီးက ထပ်မေးသည်။
“ဟလိခနဲ့ အတူတူ ရှိနေတယ်” လင်းမူဖုန်း၏ အမူအရာ အလွန်ကိုမှ အရုပ်ဆိုသွားပြီး သက်လတ်ပိုင်း အမျိုးသမီးကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည် “မိန်းကလေးရွှယ့်အာက တတိယ သခင်လေးရွှယ့်ယွယ်ရဲ့ မိန်းကလေးနဲ့တူတယ်”
ထိုစကားကို ကြားလိုက်သည့်အခိုက် သက်လတ်ပိုင်း အမျိုးသမီး၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားရသည်။ အခြားတစ်ယောက်သာ ဆိုပါက သိပ်ကိစ္စမရှိချေ။ တကယ်တော့ အခွဲခေါင်းဆောင် ဟလိခ ကိုယ်တိုင်လည်း ဒုက္ခရောက်ရသည် မဟုတ်ပေလော။ ထို့ကြောင့် ထိုကိစ္စကို သူတို့အပြစ်ဟု ဆို၍မရချေ။
သို့သော်လည်း မိန်းကလေးရွှယ့်အားသည် တတိယသခင်လေး၏ မိန်းကလေး ဖြစ်သည်ဆိုပါက ပြဿနာကြီးပေလိမ့်မည်။
မည်သူမှ တတိယသခင်လေးကို ဒေါသထွက်အောင် မလုပ်ရဲချေ။ အခြေအနေသာ ဆိုးရွားမည်ဆိုပါက ဂိုဏ်းခွဲတစ်ခုလုံး ဖျက်စီးခံရနိုင်ပေသည်။ ထိုအခါကျ ဤနေရာတစ်ခုလုံး သုဿန်တစ်ခုနှယ် ဖြစ်သွားရပေမည်။ မည်သူမှ ထိုကဲ့သို့ မဖြစ်ချင်ကြ။
တတိယသခင်လေး မည်မျှ ရက်စက်သည်ကို အကုန်လုံး သိကြသည်။
သူတို့ စကားပြောနေစဉ် ရန်ကိုင်သည် တိတ်တိတ်သာ နေခဲ့သည်။ လင်းမူဖုန်နှင့် သက်လတ်ပိုင်း အမျိုးသမီးသည် သူတို့အသံကို ဖုံးကွယ်ရန် မကြိုးစားသည့်အတွက် သူတို့ ပြောနေသည်ကို ရန်ကိုင်လည်း ကြားခဲ့သည်။ သူတို့၏ ပြောစကားမှတစ်ဆင့် ရွှယ့်ယွယ် ဤနေရာသို့ ဘာကြောင့် ရောက်လာရသလဲ ဆိုသည်ကို ရန်ကိုင် သိသွားခဲ့သည်။
ပုံမှန်အခြေအနေတွင်သာ ဆိုပါက ရှေးဟောင်းအပျက်အစီးနယ်မြေ ဆိုသော စကားကို သူစိတ်ဝင်စားမိမှာ အမှန်ပင်။ သို့သော် လောလောဆယ်၌ ထိုအရာကို သူအာရုံမစိုက်နိုင်တော့ချေ။
ပျံသန်းလေ ပျံသန်းလေး သူ့စိတ်ထဲ ပို၍ မသက်မသာ ဖြစ်လာလေပင်။ ရွှယ့်ယွယ် ဘာဖြစ်နေလဲ သူသမသိ။ သို့သော် သေချာသည့် အချက်တစ်ချက်တော့ ရှိသည်။ ရွှယ့်ယွယ် မသေသေးချေ။
သူတို့၏ အသက်များမှာ ချိတ်ဆက်နေသည် မဟုတ်ပေလော။ ရွှယ့်ယွယ်သေလျှင် သူသေပေလိမ့်မည်။
ဤကိစ္စပြီးသည်နှင့် ဝိဥာဉ်ချိန်ကြိုးကို ချက်ချင်း ဖြေပစ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။ ရွှယ့်ယွယ် သူ့အား ပြဿနာ လာရှာရှာ မရှာရှာ၊ သူဂရုမစိုက်တော့။ ကိုယ့်အသက်ကိုယ်မပိုင်သည့် ခံစားချက်ကို သူတကယ် မုန်းပေသည်။
အချိန်အတော်ကြာအောင် ပျံသန်းနေပြီးနောက် လင်းမူဖုန်းနှင့် သက်လတ်ပိုင်း အမျိုးသမီးတို့ ရုတ်တရက် အောက်ကို ဆင်းသွားကြသည်။
အောက်ဘက်တွင် ဝင်ပေါက်များစွာနှင့် မိုင်းတွင်းတစ်တွင်း ရှိနေခဲ့သည်။ လူများစွာတို့သည် အကြီးဆုံးဝင်ပေါက်နား ဆင်းသက်လိုက်ကြသည်။ ဂိတ်ပေါက်တွင် စောင့်ကြပ်နေသော အစောင့်များက လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည် “စီနီယာလင်း၊ စီနီယာချီ”
လင်းမူဖုန်းက အသာအယာ ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည် “ဒီမှာ ဘာတွေဖြစ်နေတာလဲ”
အစောင့် ခေါင်းရှုပ်သွားပြီး ပြန်၍သာ ဖြေလိုက်သည် “ဘာမှ မဖြစ်ပါဘူး”
ဟလိခတို့ တစ်ခုခု ဖြစ်နေသည့်အကြောင်းကို မသိသည့်ပုံပင်။
လင်းမူဖုန်းသည် ဘာတစ်ခွန်းမှမပြောဘဲ ခေါင်းခါ၍သာ ဆက်သွယ်ရေး မှော်ရတနာကို ထုတ်ကာ နောက်တစ်ကြိမ် ထပ်ခေါ်ကြည့်လိုက်သည်။ သို့သော် မည်သည့် တုန့်ပြန်မှုမှ မရရှိခဲ့ချေ။
“ဂိုဏ်းခွဲခေါင်းဆောင် တစ်ခုခု ဖြစ်လို့လား” လင်းမူဖုန်း မျက်နှာ မကောင်းသည်ကို သတိပြုမိသော် ထိုကျင့်ကြံသူက အံ့ဩတကြီးဖြင့် မေးလိုက်သည်။
လင်းမူဖုန်းက ခေါင်းညိတ်လိုက်ပြီး “ဖြစ်နိုင်တယ်။ လူအချို့ ခေါ်ပြီး ငါအထဲသွားကြည့်လိုက်ဦးမယ်။ မင်းတို့ဒီမှာစောင့်နေ”
ပြောပြီးသည်နှင့် မိုင်းတွင်းထဲသို့ ဝင်ရန်ပြင်လိုက်သည်။ ထို့သို့ ဝင်တော့မည်အပြု ချီမျိုးရိုးနှင့် သက်လတ်ပိုင်း အမျိုးသမီးက ရုတ်တရက် ထပြောလေသည် “တစ်ယောက်ယောက် ထွက်လာတယ်…”
လင်းမူဖုန်း၏မျက်နှာ တောက်ပသွားပြီး ကောင်းကင်စိတ်အာရုံကို အလျင်အမြန် ထုတ်လွှတ်လိုက်သည်။ ရန်ကိုင်လည်း အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။
မိုင်းဝင်းပေါက်ဝနားမှ အသက်အရှိန်အဝါများစွာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သူတို့၏ စွမ်းအင်အရှိန်အဝါအရ အကုန်လုံးသည် ဒဏ်ရာရထားကြသည့်ပုံပင်။ သူတို့ထဲမှ တစ်ယောက်၏ အရှိန်အဝါဆိုလျှင် သေခါနီး ဖြစ်နေသည့်အတိုင်း အလွန်ကိုမှ ဖျော့တော့နေသည်။
“ဟလိခပဲ” သက်လတ်ပိုင်းလူကြီးက ရုတ်တရက် ထအော်သည်။ လင်းမူဖုန်း ပျော်ရွှင်စွာပြုံးလိုက်ပြီး စိတ်ရှည်ရှည်ဖြင့် စောင့်နေလိုက်သည်။
ခဏအကြာထဲ အထဲမှ အပြာရောင်အလင်းတန်းအချို့ ထွက်ပေါ်လာခဲ့သည်။ ထိုအပြာရောင် အလင်းတန်းများသည် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေခဲ့သည်။ သယ်သွားသည့် ကြယ်လွန်းပျံများပင် ထိခိုက်လာခဲ့ကြသည့်ပုံပင်။
ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းမှ ကျင့်ကြံသူများသည် လင်းမူဖုန်းနှင့်အတူ သူတို့၏ အပေါင်းအဖော်များကို အပြေး သွားကူကြသည်။
မိုင်းတွင်းထဲမှ ထွက်လာသည့် ကျင့်ကြံသူ တစ်ယောက်၏ ခန္ဓာကိုယ်ကို အလွန်တရာမှ အေးစက်လှသော အအေးဓါတ်တို့က ဝိုင်းရံထားခဲ့သည်။ သူ့အား သွားပြေးကူသည့် ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်းမှ ကျင့်ကြံသူသည် သူ့အား ထိလိုက်မိသည်နှင့် တစ်ကိုယ်လုံး တုန်ရီသွားခဲ့သည်။ အအေးဓါတ်သည် အလွန်ကိုမှ မြန်ဆန်လှသော အမြန်နှုန်းဖြင့် သွားကူသောလူ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။ မကြာမီ နှစ်ယောက်စလုံး အေးခဲသွားကြပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလာလေသည်။
ဘုန်း…
မြေပြင်နှင့် ရိုက်မိသည်နှင့် တစ်ပြိုင်နက် နှစ်ယောက်စလုံးသည် ရေခဲတုံးများကဲ့သို့ ကွဲကြေသွားခဲ့ပြီး တန်းအသက်ပျောက်သွား၏။
“ပြန်ဆုတ်ကြ” ဟလိခက လှမ်းအော်ဟစ်သတိပေးလိုက်ပြီး ကောင်းကင်ပေါ်မှ အောက်သို့ ဆင်းလိုက်သည်။ သူ့မျက်နှာသည် အတော့်ကိုမှ ဖြူလျော်နေသည်။
ဟလိခ၏ အော်သံကို ကြားလိုက်သည့်အခါ သူတို့၏ အပေါင်းအဖော်များကို သွားကူရန် ပြင်နေကြသည့် ကျင့်ကြံသူအားလုံး ရှေ့ဆက် မတိုးရဲကြတော့ချေ။
လင်းမူဖုန်းနှင့် သက်လတ်ပိုင်းအမျိုးသမီးတို့သည် ဟလိခအား ကြည့်လိုက်ကြသည်။ ဟလိခ၏ပုံစံကို မြင်ပြီးနောက် နှစ်ယောက်စလုံး ကျောချမ်းသွားကြသည်။
ရန်ကိုင်သည်လည်း ဟလိခ၏ ပုံစံကို မြင်လိုက်သည် ထိတ်လန့်၊ ချောက်ချားမိသွားသည်။