← Chapters

အခန်း (၁၀၅၆-၁၀၆၀)

Vol. 43 Ch. 1056-1060

အခန်း (၁၀၅၆-၁၀၆၀)

Vol. 43 Ch. 1056-1060

အပိုင်း(၁၀၅၆)

ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ အဖွဲ့ခွဲခေါင်းဆောင် ဖြစ်လာနိုင်ရန်အတွက် ဟလိခအနေဖြင့် အနည်းဆုံး တန်ခိုးရှင် တတိယအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားရပေမည်။ သို့တိုင် ဟလိခသည်ပင် အလွန်ကိုမှ အခြေအ‌နေ ဆိုးရွားနေခဲ့သည်။ သူ့ဘယ်ဘက်လက်မောင်းတစ်ခုလုံး အေးခဲနေခဲ့သည်။ သူမည်မျှပင် ကြိုးစားနေစေကာမူ၊ အအေးဓါတ်ကို ထုတ်မပစ်နိုင်ခဲ့ချေ။ အအေးဓါတ်ကို ထုတ်မပစ်နိုင်သည့်အပြင် အအေးဓါတ်သည့် တဖြည်းဖြည်း ပျံ့နှံ့နေခဲ့ရာ မကြာမီ သူ့ပခုံးဆီသို့ ရောက်လာပေတော့မည်။

ဟလိခက အံကြိတ်ကာ စိတ်ဆုံးဖြတ်လိုက်သည်။ ထို့နောက် မာန်သွင်းအော်ဟစ်၍ သူ့စွမ်းအားကို အဆုံးစွန်ထိ မြှင့်တင်လိုက်သည်။ ထိုအော်ဟစ်သံနှင့်အတူ အေးခဲနေသော သူ့ဘယ်ဘက်လက်မောင်း ပြတ်ထွက်သွားခဲ့ပြီး သွေးများ ရေတံခွန်နှယ် ပန်းထွက်လာခဲ့သည်။ ဟလိခ၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး မြေကြီးပေါ်သို့ ပျော့ခွေကျသွားလေသည်။

ရန်ကိုင့်မျက်လုံး မှေးစဉ်းသွားခဲ့သည်။ ဟလိခ၏ ပြတ်သွားမှုကြောင့် ထိတ်လန့်သွားခြင်းမဟုတ်။ ကြောက်မက်ဖွယ်ရာ အအေးဓါတ်ကြောင့် ထိတ်လန့်သွားခြင်း ဖြစ်သည်။

ထိုအေးဓါတ်သည် မည်သို့သော အအေးဓါတ်ပင် ဖြစ်ပါစေ တန်ခိုးရှင် တတိယအဆင့်ဖြစ်သော ဟလိခအား ကိုယ့်လက်ကိုယ် ပြန်ဖြတ်ပစ်ရသည်အထိ တွန်းအားပေးနိုင်သည်ကို ကြည့်လျှင် အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိနိုင်ပေသည်။

လင်းမူဖုန်းနှင့် သက်လတ်ပိုင်း အမျိုးသမီးတို့သည် ဟလိခဆီ ပြေးသွားပြီး သူ့အား အဆင့်မြင့်ကုသရေးဆေးလုံးများ တိုက်လိုက်ကြသည်။

ဟလိခနှင့်အတူ ပြန်လာကြသည့် ကျင့်ကြံသူများသည် ထိုအခြင်းအရာကိုမြင်သော် အံတင်းတင်းကြိတ်ကာ အေးခဲနေသည့် သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဖြတ်ပစ်လိုက်ကြသည်။ ချက်ချင်းဆိုသလို ပြေပြင်တစ်ခုလုံး လက်ပြတ်၊ ခြေပြတ်တို့ဖြင့် ပြန့်ကျဲသွားလေသည်။

ဟလိခသည် မြေကြီးပေါ်တွင် တင်ပလင်ခွေထိုင်လျက် သူ့ဒဏ်ရာများကို သက်သာသွားအောင် ကျင့်စဉ်ကို လှည့်ပတ်လိုက်သည်။ ယခုထိတိုင် အအေးဓါတ်နှင့် ပက်သက်၍ သူအကြောက်မပြေသေးချေ။

“အဲ့ဒါဘာကြီးလဲ” လင်းမူဖုန်းက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“ယင်နေကြာရေစဉ်ပဲ” ဟလိခက အံကြိတ်၍ ပြန်ပြောသည်။

“ယင်နေကြာရေစဉ်လား” သက်လတ်ပိုင်းအမျိုးသမီးက အသံအကျယ်ကြီး ထအော်လေသည် “တကယ်ကြီး ယင်နေကြာ ရေစဉ်လား။ အဲ့လို ရတနာက ဘယ်လို့လုပ်ပြီး ရှေးဟောင်း အပျက်အစီး နယ်မြေထဲ ရောက်နေတာလဲ”

ယင်နေကြာရေစဉ်အကြောင်း ကြားလိုက်ရချိန် လင်းမူဖုန်း၏ မျက်နှာထက် တပ်မက်ရိပ်တို့ ဖြတ်ပြေးသွားသည်။

ယင်နေကြာရေစဉ်သည် တန်ခိုးရှင်ဘုရင်အဆင့် ဖြစ်ပြီး ထိုရေစဉ် တစ်စက်ကို သန့်စင်လိုက်နိုင်သူတိုင်း သူတို့၏ ခွန်အား ခုန်ပေါက် တိုးတက်သွားပေလိမ့်မည်။ ခွန်အားနိမ့်ကျနေလျှင်ပင် ထိုအဖိုးတန် ရတနာသည် သူတို့၏ ကျင့်ကြံခြင်းကို မြင့်တက်သွားစေနိုင်သည်။

ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းသည် စီးပွားရေးအထူးပြု အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အတွက် အမျိုးမျိုးသော ရတနာများ အကြောင်းကို ကောင်းကောင်း နားလည်ထားသည်။ ထို့ကြောင့် ယင်နေကြာရေစဉ် မည်မျှ အဖိုးတန်ကြောင်းကို လင်းမူဖုန်းနှင့် သက်လတ်ပိုင်း အမျိုးသမီးတို့ သိကြပေသည်။

ထိုရှေးဟောင်းအပျက်အစီး နယ်မြေထဲမှ ယင်နေကြာရေစဉ်ကို ရယူနိုင်ပါက ကြီးကြီးမားမား အောင်မြင်မှုတစ်ခုကို ဆောင်ကျဉ်း နိုင်မည်ဖြစ်ကာ ပင်မကြယ်ဆီသို့ပင် ရွေ့ပြောင်းခွင့်ရကောင်း ရနိုင်ပေလိမ့်မည်။

ထိုကဲ့သို့သော ရတနာမျိုးသည် အလွန်တရာကိုမှ ရှားပါးလှသလို ထိုရတနာမျိုး ဖြစ်ပေါ်ရန် လိုအပ်သည့် ပတ်ဝန်းကျင်မှာလည်း အလွန်ကိုမှ လိုအပ်ချက်များလှသည်။ ထို့အပြင် ယင်နေကြရေစဉ် ဖြစ်ပေါ်ရန်အတွက် နှစ်ပေါင်း သောင်းနှင့်ချီ ကြာမြင့်ပေသည်။

ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းသည် ကျင့်ကြံရေးကြယ်များ၊ ဆေးပင်ကြယ်များနှင့် သတ္တုကြယ်များစွာကို ထိန်းချုပ်ထားသော်ငြား နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် ယင်နေကြာရေစဉ်ကို တစ်ခါမှ မတွေ့ခဲ့ရဖူးချေ။

ထို့ကြောင့် ဟလိခမှ ယင်နေကြာရေစဉ်အကြောင်း ပြောလိုက်သည့် အခါ လင်းမူဖုန်းနှင့် သက်လတ်ပိုင်း အမျိုးသမီး၏ မျက်လုံးများ ဝင်းလက်တောက်ပသွားရခြင်းဖြစ်သည်။

“ဒီမိုင်းတွင်းအောက်မှ ဘယ်လိုလုပ်ပြီး ယင်နေကြာရေစဉ် ရှိနေရတာလဲ” လင်းမူဖုန်းက မေးလိုက်သည်။

“ရှေးခေတ်တုန်းက ကျွမ်းကျင်သူတစ်ယောက်ယောက် ချန်ထားခဲ့တာ ဖြစ်နိုင်တယ်။ အဲ့ယင်နေကြာရေစဉ်ကို ပျက်စီးနေတဲ့ သိုလှောင်လက်စွပ် တစ်ကွင်းထဲမှာ တွေ့ခဲ့တာ။ အဲ့ဒါကို ယူဖို့လည်း ကြိုးစားရော၊ သိုလှောင်လက်စွပ်က ပေါက်ကွဲသွားတယ်လေ။ အဲ့ဒါနဲ့ ယင်နေကြာရေစဉ်တွေ ပေါက်ကွဲလာခဲ့တာ။ အကုန်လုံးကလည်း အလစ်အငိုက် မိသွားတော့ အခုလို ဖြစ်သွားရတာလဲ” ဟလိခက အလျင်အမြန် ရှင်းပြလိုက်သည်။ ထိုအကြောင်း ပြန်တွေးလိုက်ရုံဖြင့် သူကျောချမ်းရသည်။

သူသာ မပြတ်သားခဲ့ပါက လက်တစ်ဖက်တင်မဟုတ်၊ အသက်ပါ ဆုံးရှုံးရပေလိမ့်မည်။

“မိန်းကလေးရွှယ့်အာကော” ရန်ကိုင်က ဝင်မေးလိုက်သည်။

ဟလိခက ရန်ကိုင်ကိုကြည့်၍ ဝမ်းနည်းစွာ သက်ပြင်း ချလိုက်သည်။

“သိုလှောင်လက်စွပ် မပေါက်ကွဲခင်က သူ့လက်ထဲမှာ ရှိနေခဲ့တာ။ ယင်နေကြာရေစဉ် ပေါက်ကွဲသွားတော့ တိုက်ရိုက်ခံလိုက်ရတဲ့လူက မိန်းကလေးရွှယ့်အာပဲ…” ဟလိခက လေးလေးပင်ပင်နှင့် သက်ပြင်းချလိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။

မိန်းကလေးရွှယ့်အာ သေပြီးမှန်း သူသေချာသည်။

တကယ်တော့ သူမသည် သူတော်စင်ဘုရင် တတိယအဆင့်သာ ရှိသေးသည် မဟုတ်ပေလော။ တန်ခိုးရှင်တတိယအဆင့်ဖြစ်သည့် သူပင်လျှင် ယင်နေကြာရေစဉ်၏ တိုက်စားခြင်းကို မခုခံနိုင်ခဲ့ရာ ပေါက်ကွဲမှုနှင့် အနီးဆုံးတွင် ရှိနေသည့် မိန်းကလေးရွှယ့်အာက မည်ကဲ့သို့ ခုခံနိုင်မည်နည်း။

မိန်းကလေး ရွှယ့်အား သေသွားသည်မှာ ဖြစ်နိုင်ချေ များလှသည်။

ရန်ကိုင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “အဲ့နေရာဆီ ဘယ်လိုသွားရမလဲဆိုတဲ့ လမ်းကြောင်းကို ဆွဲထားတဲ့ မြေပုံ ခင်ဗျားတို့မှာ ရှိလား”

“မင်းဘာလုပ်ချင်လို့လဲ” လင်းမူဖုန်းက ရန်ကိုင်အား အံ့ဩတကြီး ကြည့်လိုက်သည်။

“သူမသေသေးဘူး” ရန်ကိုင်က အေးစက်စက် အက ြည့်ဖြင့် ပြန်စိုက်ကြည့်လိုက်သည်။

“သူ့ကို ကယ်ချင်တေနာလား” ရန်ကိုင် ဘာလုပ်ချင်နေလဲ ဆိုသည်ကို သက်လတ်ပိုင်းအမျိုးသမီး ချက်ချင်း နားလည်သွား၏။ ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး ရန်ကိုင်အား ဖြောင့်ဖြ၊ စည်းရုံးလိုက်လေသည် “ကောင်လေး၊ တဇွတ်ထိုးမလုပ်နဲ့။ ယင်နေကြာရေစဉ် ထပေါက်တာနဲ့ အနီးဆုံးမှာ ရှိနေခဲ့တာ၊ သူဘယ်လိုမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ သူ့ကို သွားရှာတာက ကိုယ့်သေတွင်း ကိုယ်တူနေတာနဲ့ အတူတူပဲနော်”

ဟလိခကလည်း ထပ်ပေါင်းပြောလိုက်သည် “ပြီးတော့ အောက်မှာ ခင်းကျင်းထားတဲ့ အတားအဆီးတွေလည်း ရှိသေးတယ်။ မင်းခွန်အားနဲ့ သွားမယ်ဆိုရင် ကျိန်းသေ သူ့ဆီ ရောက်မှာမဟုတ်ဘူး”

“သူအသက်ရှင်နေသေးရင် ကျုပ်သူ့ကို မြင်ရမှဖြစ်မယ်။ သေသွားပြီ ဆိုရင်လည်း အလောင်းကို မြင်ရရမယ်” ရန်ကိုင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရချိန် အကုန်လုံး ကြောင်သွားခဲ့ကြသည်။

ရန်ကိုင်သည် ရွှယ့်ယွယ်၏ သက်တော်စောင့်ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်သည် သူ့အသက်ကိုပင် ပဓာနမထားဘဲ သူမအား ကယ်တင်ချင်နေသည်ကို မြင်သည့်အခါ အကုန်လုံး သူ့အား ချီးကျူးမိလိုက်ကြသည်။ ထိုလူငယ်လေးသည် အားမကောင်းလျှင်၊ နေပါစေ၊ သူသည် တန်ဖိုးရှိသောသူဖြစ်သည်။ အကြောင်းမှာ သူ့တွင် အစောင့်တစ်ယောက် ရှိသင့်ရှိထိုက်သော သစ္စာတရား ရှိသောကြောင့်ပင် ဖြစ်သည်။

အကုန်လုံး ရန်ကိုင်အား လေးစားသွားကြသည်။

ဟလိခလက်ရှိ သိုလှောင်လက်စွပ် လက်သွားခဲ့ပြီး စာရွက်တစ်ရွက် ထွက်လာခဲ့သည်။ ဟလိခက ထိုစာရွက်ကို ရန်ကိုင် လက်ထဲသို့ ထည့်ပေးလိုက်ပြီး “ဒါ ငါတို့ လမ်းပျောက်မှာစိုးလို့ ဆွဲထားတဲ့ မြေပုံပဲ။ မင်းအတွက် အသုံးဝင်ရင် ဝင်လိမ့်မယ်”

ရန်ကိုင်သည် မြေပုံကို လှမ်းဖမ်းလိုက်ပြီး တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် ဘာတစ်ခွန်းမှ ထပ်မပြောတော့ဘဲ မိုင်းတွင်းထဲသို့ ဝင်သွားလိုက်လေသည်။

“လေးစားဖို့ကောင်းလိုက်တဲ့ သက်တော်စောင့်” သက်လတ်ပိုင်း အမျိုးသမီးက အသာအယာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရန်ကိုင် ထွက်သွားသည့်ဘက်ဆီ ကြည့်ရင်း နောင်တရနေသည့် လေသံဖြင့် ရေရွတ်လိုက်သည် “သူပြန်မလာနိုင်လောက်မှာ စိုးရတယ်”

“သူသွားရမယ်” လင်းမူဖုန်းက ထူးမခြားနားဟန်ဖြင့် “မိန်းကလေး ရွှယ့်အားက တတိယသခင်လေးရဲ့ မိန်းကလေးပဲ။ သူသေတာနဲ့ သူ့အစောင့်ဖြစ်တဲ့ လူကို တတိယသခင်လေးက အလွတ်ပေးမှာ မဟုတ်ဘူး”

တတိယသခင်လေးဆိုသည့် စကားကို ကြားလိုက်ရချိန် သက်လတ်ပိုင်း အမျိုးသမီး၏ မျက်နှာ ဖြူလျော်သွားခဲ့သည်။ ယင်နေကြာရေစဉ်ကို ရှာဖွေတွေ့ရှိခဲ့သဖြင့် ပျော်ခဲ့ရသော အပျော်လေးများပင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့ရသည်။ တတိယသခင်လေး၏ အမျက်ဒေါသကို ခံရတော့မည့်အကြောင်း စဉ်းစားလိုက်ရုံဖြင့်လျှင် ကြောက်ဒူးတုန်မိနေလေပြီ။

“ဒီတစ်ကြိမ် ငါတို့ဘက်မှ အကျိုးဆောင်ပေးတာနဲ့ ပက်သက်ပြီး ငါတို့ အပြစ်ကို လျော်ပေးဖို့ မျှော်လင့်ရတာပဲ” ဟလိခက သက်ပြင်း အမောကြီး ချလိုက်သည်။ ပင်မကြယ်ဆီသို့ ရွေ့ပြောင်းနိုင်မည် ဆိုသောအတွေးတို့သည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ။ ယင်နေကြာရေစဉ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းသည် ကြီးမားသည့် အကျိုးဆောင်မှုတစ်ခု ဖြစ်သော်ငြား အကျိုးဆက်အနေဖြင့် တတိယသခင်လေး၏ မိန်းကလေး သေသွားခဲ့ရသည်။ တတိယ သခင်လေး မည်ကဲ့သို့ တုန့်ပြန်မည်ကို မည်သူ သိမည်နည်း။

အကောင်းဆုံး မျှော်လင့်နိုင်သည်ကား သူတို့၏ အဖွဲ့ခွဲ ဤအတိုင်း ဆက်ရှိနေနိုင်ဖို့သာ ဖြစ်ပေသည်။ မည်သည့် ဆုလာဒ်ကိုမှ မမျှော်လင့်ရဲတော့။

“ဟွာအိုကြီး၊ မင်းအရင် နားနှင့်လိုက်” လင်းမူဖုန်းက နှစ်သိမ့်ပေးလိုက်သည် “ဒီအကြောင်းကို မင်းပြန်ကောင်းတော့မှ ဆက်ဆွေးနွေးကြတာပေါ့”

“အဲ့လိုပဲ လုပ်ရတော့မှာပေါ့” ဟလိခက မျက်လုံးပိတ်လိုက်ပြီး ယခုလေးတင် သူသောက်လိုက်သည့် ဆေးအာနိသင်ကို စတင် ချေဖျက်တော့သည်။

မိုင်းတွင်းထဲ၊ ရန်ကိုင် လျင်အမြန်စွာ ခုန်ဆင်းနေခဲ့သည်။

မိုင်းတွင်း မည်မျှ နက်သလဲဆိုသည်ကို သူမသိချေ။ သို့သော် လက်ဖက်ရည်တစ်ခွက်စာလောက် ကြာသည့်အချိန်မှ အောက်သို့ ရောက်ခဲ့သည်။ မော့ကြည့်လိုက်သည့်အခါ ဝင်ပေါက်ဆီမှ အလင်းရောင် မှိန်မှိန်လေးမှအပ မိုင်းတွင်းတစ်ခုလုံး မည်းနက်နေခဲ့သည်။

လိုဏ်ခေါင်းများသည် အဘက်ဘက်သို့ ဦးတည်နေကြသည်။

ဤမိုင်းတွင်းသည် အဖိုးတန်သတ္တုများ သိပ်မထုတ်လုပ်နိုင်။ ထို့ကြောင့် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းမှ ကျင့်ကြံသူများသည် ဤမိုင်းတွင်းကို သိပ်တန်ဖိုးမထားကြချေ။

ရှေးဟောင်းအပျက်အစီးနယ်မြေကို မိုင်းတူးရင်း ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ သို့သော် ကိုယ့်ဘာသာကိုယ် မစစ်ဆေးရဲသည့် အတွက် ဤနေရာကို ချိတ်ပိတ်ပြီး ရှေးဟောင်းအပျက်အစီးနယ်မြေအား ရှာတွေ့သည့်အကြောင်းကို ပင်မယ်ကြယ်ဆီ တင်ပြလိုက်သည်။

ရွှယ့်ယွယ်သည် ရှေးဟောင်းအပျက်အစီးနယ်မြေ ကိစ္စနှင့် ပက်သက်၍ အထူးတလည် ရောက်လာခဲ့ခြင်း ဖြစ်သည်။

ရွှယ့်ယွယ်သည် လမ်းတစ်လျှောက် အတော့်ကိုမှ သတိထားခဲ့ ပေလိမ့်မည်။ သို့သော် အန္တရာယ်သည် သူမကိုင်ထားသည့် သိုလှောင်လက်စွပ်မှ လာလိမ့်မည်ဟု ရွှယ့်ယွယ် မည်ကဲ့သို့ သိခဲ့ပါမည်နည်း။ အပျက်အစီးနယ်မြေထဲ ရှိနေခဲ့သည်မှာ အတော့်ကိုမှ ကြာပြီ ဖြစ်သဖြင့် သိုလှောင်လက်စွပ်သည် အတော်လေးကိုမှ ယိုယွင်းနေခဲ့လေပြီ။ ထို့ကြောင့် ရွှယ့်ယွယ်က ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ သိုလှောင်လက်စွပ် ရုတ်တရက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ရွှယ့်ယွယ် ချက်ချင်း သတိလစ်သွားခဲ့သည်။ သူမနှင့် အနီးတွင် ရှိနေသော ကျင့်ကြံသူများမှာလည်း သေသွားခဲ့ကြသည်။ အားအကောင်းဆုံးဖြစ်သော ဟလိခနှင့် ခပ်လှမ်းလှမ်းတွင် ရှိနေသော လူများသာ အသက်ရှင်လျှင် ထွက်ပြေးနိုင်ခဲ့ခြင်း ဖြစ်သည်။

သူ့စိတ်ထဲရှိ မြေပုံကို ပြန်စဉ်းစားကြည့်လိုက်ပြီးနောက် ကောင်းကင်စိတ်အာရုံကို အမျိုးမျိုးသော လိုဏ်ခေါင်းများထဲသို့ ဖြန့်ကျက်ကြည့်လိုက်သည်။ နာရီဝက်ကြာပြီးနောက် ရှေးဟောင်း အပျက်အစီးနယ်မြေကို ရှာတွေ့ခဲ့သည့် နေရာဆီသို့ ရောက်လာခဲ့သည်။

သူ့ရှေ့တည့်တည့်ဆီမှ ပါးလျသော စွမ်းအင်လှိုင်းများကို ရန်ကိုင် အာရုံခံမိလိုက်သည်။ ဟလိခပြောသည်မှာ အမှန်ဖြစ်မှန်း ရန်ကိုင် ချက်ချင်း နားလည်လိုက်သည်။ ရှေးဟောင်းအပျက်အစီး နယ်မြေထဲရှိ အတားအဆီးများနှင့် ထောင်ချောက်များသည် အလွန်တရာကိုမှ အန္တရာယ် များလှပေသည်။

ရွှယ့်ယွယ်တို့အဖွဲ့ ဤနေရာအား စစ်ဆေးနေသည့် အတောအတွင်း ထိုအတားအဆီးမှားကို အတတ်နိုင်ဆုံး‌ ရှောင်သွားခဲ့ကြပြီး ရှောင်မရသည့် အတားအဆီးများကိုသာ ဖျက်စီးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရန်ကိုင်သည် အလွန်ကိုမှ အလျင်လိုနေလေရာ ထိုအတားအဆီးများကို တစ်ခုချင်း တစ်ခုချင်း မည်ကဲ့သို့ အချိန်ကုန်ခံကာ ဖျက်စီးနေနိုင်မည်နည်း။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ အပျက်အစီးနယ်မြေ၏ အတွင်းပိုင်းကို စစ်ဆေးကြည့်သည်။ လုံခြုံလောက်သည့် နေရာ တစ်ခုကို ရှာတွေ့ပြီးနောက် လေဟာနယ်ကို ဆုတ်ဖြဲလိုက်သည်။

သူပြန်ပေါ်လာသည့်အခါ အပျက်အစီးနယ်မြေထဲရှိ တစ်နေရာသို့ ရောက်နေလေပြီ။ ထို့နောက် ဟလိခပေးသော မြေပုံကို နောက်တစ်ချက် ထပ်ကြည့်ကာ လေဟာနယ်ကို ထပ်မံ ဆုတ်ဖြဲပြန်သည်။

ထိုကဲ့သို့ အကြိမ်ပေါင်းများစွာလုပ်ပြီးနောက် အနီးအနားဆီမှ မှိန်ဖျော့ဖျော့ အရှိန်အဝါတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်၏။ ထိုအရှိန်အဝါသည် အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့် မုန်တိုင်းကြားမီ ဆီမီးတိုင်တစ်ခုနှယ် ဖြစ်နေခဲ့သည်။

ရွှယ့်ယွယ်…

ရွှယ့်ယွယ်သည် သူလက်ရှိ ရပ်နေသည့် နေရာမှ မီတာ တစ်ထောင်အကွာတွင် ရှိနေခဲ့သည်။ သို့သော် အတားအဆီးများကြောင့် သူမ အခြေအနေ ဘယ်လို ရှိသလဲ ဆိုသည်ကို သူမမြင်နိုင်ခဲ့။ ရွှယ့်ယွယ် မသေသေးမှန်းကိုသာ သူသိသည်။

ရန်ကိုင် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ထို့နောက် တင်ပလင်ခွေထိုင်ကာ ဆေးတစ်လုံး ထုတ်သောက်လိုက်ပြီး စိတ်စွမ်းအင်းကို ပြန်ဖြည့်သည်။ နာရီဝက်ကြာပြီးနောက် မတ်တပ်ရပ်ကာ လေဟာနယ်ကို နောက်တစ်ကြိမ် ဆုတ်ဖြဲသည်။

မီတာတစ်ထောင်အကွာ၌ ရန်ကိုင် ပြန်ပေါ်လာခဲ့သည်။

ရောက်သည်နှင့် အေးခဲနေသော ရွှယ့်ယွယ်ကို ချက်ချင်း မြင်လိုက်သည်။ အေးခဲအိပ်ပျော်နေသည့် အချိန်တွင်ပင် ရွှယ့်ယွယ် အလှပျက်မသွားခဲ့။ အလှပျက်မသွားသည့်အပြင် ယခင်ကထပ်ပင် ပို၍ ဆွဲဆောင်မှုရှိနေခဲ့သည်။

သူမ၏ ခန္ဓာကိုယ်မှ အဆက်မပြတ် ထွက်ပေါ်နေသော ခုနှစ်ရောင်ခြယ် အလင်းရောင်တို့ကြောင့် ရွှယ့်ယွယ်သည် တလက်လက် တောက်ပနေသော နတ်သမီးတစ်ပါးနှင့် တူနေသည်။ ထိုခုနှစ်ရောင်ခြယ်အလင်းသည် သူမ၏ ခန္ဓာကိုယ်ကို အေးခဲရန် ကြိုးစားနေသည့် အအေးဓါတ်များကို တိုက်ခိုက်နေခဲ့သည်။ ထို့ကြောင့် ရွှယ့်ယွယ် မသေသေးခြင်းဖြစ်သည်။

သို့သော် အချိန်ကြာလာသည်နှင့် ခုနှစ်ရောင်ခြယ်အလင်းသည် တဖြည်းဖြည်း အားပျော့လာခဲ့သည်။

အဆင့်မြင့် မှော်ရတနာတစ်ခုခုကို ဝတ်ဆင်ထားသည့် အတွက်ကြောင့်ပေလော၊ ထူးဆန်းသော ကျင့်စဉ်တစ်ခုခုကို ကျင့်စဉ်ထားသည့် အတွက်ကြောင့်ပေလော၊ ဤကဲ့သို့ အခြေအနေမျိုးတွင်ပင် ဘာကြောင့် ရွှယ့်ယွယ် မသေသေးသလဲ ဆိုသည်ကို ရန်ကိုင်မသိချေ။ သို့သော် ဤအတိုင်းသာ ဆက်သွားမည် ဆိုပါက နေ့တစ်ဝက်အတွင်း ထိုခုနှစ်ရောင်ခြယ် အလင်းတို့ ပျောက်ကွယ်သွားပေလိမ့်မည်။ ထိုအခါ ရွှယ့်ယွယ် သေပေလိမ့်မည်။

ရွှယ့်ယွယ်သေသည့်အခါ သူလည်း ပွဲပြီးပေပြီ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၀၅၇) သတိလစ်နေဆဲ

ရှေးဟောင်းအပျက်အစီး နယ်မြေထဲ၊ ရန်ကိုင်သည် ခပ်လှမ်းလှမ်းမှ နေ၍ ရွှယ့်ယွယ်အား စိုက်ကြည့်နေခဲ့သည်။

ယခင်က ထိုမိန်းမနှင့်သူသည် ရန်သူများ ဖြစ်ကြသော်ငြား ဝိဥာဉ်ချိန်းကြိုး၏ အကျိုးတော်ကြောင့် နှစ်ယောက်သား၏ အသက်သည် ချိတ်ဆက်သွားခဲ့လေပြီ။ ထို့ကြောင့် ရွှယ့်ယွယ် အသက်ရှင်နိုင်စေရန်အတွက် ဘာမဆို သူလုပ်ရပေမည်။ မဟုတ်လျှင် သူပါ နိစ္စချောသွားရပေလိမ့်မည်။

ရွှယ့်ယွယ် အသက်ရှင်မှသာ သူလည်း အသက်ရှင်နိုင်ပေမည်။

ရန်ကိုင် ချက်ချင်း ပြေးဝင်မသွားခဲ့ချေ။ အကြောင်းမှာ ရွှယ့်ယွယ် ပတ်လည်ရှိ လွင့်မျောနေသော ကျောက်မျက်ရတနာများကဲ့သို့ ရေစက်လေးများကြောင့်ပင် ဖြစ်သည်။ ထိုရေစက်များဆီမှ ထွက်ပေါ်နေသော အရှိန်အဝါသည် သူ့တစ်ကိုယ်လုံး ကြက်သီးမွှေးညင်း ထသွားရသည်။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရန် ကြိုးစားသည့်အခါ သူ့ကောင်းကင်စိတ်အာရုံပါ အေးခဲသွားရသည်။

ယင်နေကြာရေစဉ်ပင်…

ထိုရေစက်လေးများသည် ဟလိခပြောခဲ့သည့် ယင်နေကြာရေစဉ် ဖြစ်ရမည်မှန်း ရန်ကိုင် ချက်ချင်း သိလိုက်သည်။ သို့သော်လည်း ထိုရတနာသည် ဤမျှ ထူးဆန်းလိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။

ရေတွက်ကြည့်လိုက်သည့်အခါ ယင်နေကြာရေစဉ် စုစုပေါင်း အစက်(၅၀) ရှိနေသည်ကို တွေ့လိုက်ရသည်။ တစ်စက်နှင့်တစ်စက် အကွာအဝေး တစ်ခုစီ ခြားနေသောလည်း ထိုရေစက်အားလုံးသည် ရွှယ့်ယွယ်အား စက်ဝိုင်းပုံစံ ဝိုင်းထားခဲ့သည်။

ထိုယင်နေကြာရေစဉ်များကြားမှ ရွှယ့်ယွယ်ကို ကယ်ထုတ်ရန်မှာ မလွယ်ကူလှချေ။

ရန်ကိုင်သည် သူ့လက်ကို ဝှေ့ရမ်း၍ လေအားပြင်းပြင်းဖြင့် ထိုရေစက်များကို တွန်းဖယ်ရန် ကြိုးစားလိုက်သည်။ သို့သော် ရေစက်များသည် မလှုပ်မယှတ် ရှိနေဆဲပင်။

ရေစက်တစ်စက်ချင်းစီတိုင်းသည် တန်ပေါင်းများစွာ လေးလံသည့်ပုံပင်။

ရန်ကိုင်၏ အမူအရာ လေးနက်သွားခဲ့ပြီး သူ့ခွန်အားကို တိုးလိုက်သည်။ နောက်ဆုံးတွင် ယင်နေကြာရေစဉ်များကို တွန်းဖယ်လိုက်နိုင်ပြီး ရွှယ့်ယွယ်ဆီသို့ လမ်းကြောင်းတစ်ခု ဖန်တီးနိုင်ခဲ့သည်။

ရွှယ့်ယွယ်ရှေ့တွင်ရပ်လျက် ရန်ကိုင် မျက်မှောင်ကြုတ်နေခဲ့သည်။

ရွှယ့်ယွယ်အား ဤနေရာမှ မည်ကဲ့သို့ ခေါ်ထုတ်သွားရမလဲ ဆိုသည်ကို ရန်ကိုင် မစဉ်းစားတတ် ဖြစ်နေခဲ့သည်။ မိုင်းတွင်းမှ ထွက်လာသော ကျင့်ကြံသူကို သွားကူသည့် သူ့အဖော် ရေခဲရုပ်ထု ဖြစ်သွားသည့် မြင်ကွင်းကို ရန်ကိုင် မှတ်မိနေဆဲ။ ပိုဆိုးသည်ကား ထိုကျင့်ကြံသူ နှစ်ယောက်စလုံးသည် သူတော်စင်ဘုရင်အဆင့်များ ဖြစ်ကြသည်။ သို့တိုင် သူတို့လုံးဝ မခုခံနိုင်ခဲ့ချေ။

ထိုအချက်ကို နားလည်ထားလေရာ ရန်ကိုင်လည်း ရွှယ့်ယွယ်၏ ခန္ဓာကိုယ်ကို ဘူးမသိဘားမသိ ပြေးမထိရဲချေ။၊

သူ့ကိုယ်ထဲရှိ သူတော်စင်ချီကို ဖြည်းဖြည်းချင်း လှည့်ပတ်လျက် နတ်ဆိုးမီးတောက်ဖြင့် သူ့လက်ဝါးအား လွှမ်းခြုံစေလျက် ရွှယ့်ယွယ်ဆီ ဖြည်းဖြည်းချင်း လက်လှမ်းလို်ကသည်။

နတ်ဆိုးမီးတောက်နှင့် ယင်နေကြာရေစဉ်သည် သူတို့၏ သဘာဝ အိမ်မက်ဆိုးကို မြင်တွေ့လိုက်ရသည့်အလား ချက်ချင်း အပြန်အလှန် တိုက်ခိုက်ကြတော့လေသည်။

ရန်ကိုင်၏ အမူအရာ လေးနက်သွားခဲ့ပြီး သူတော်စင်ချီကို ချက်ချင်း မြှင့်တင်လိုက်သည်။ အားနည်းနေသော နတ်ဆိုးမီးတောက် တစ်ဖန် ပြန်လည် အားကောင်းလာခဲ့ပြီး နောက်ဆုံးတွင် ရွှယ့်ယွယ်၏ လက်အား လှမ်းကိုင်လိုက်နိုင်သည်။

ရွှယ့်ယွယ်၏ လက်ကို ထိလိုက်မိသည်နှင့် တစ်ပြိုင်နက် ပြင်းထန်းသော စွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့ပြီး အရိုးကွဲမတတ် အေးစက်လှသော အအေးဓါတ်သည် ရန်ကိုင်၏ လက်ထဲသို့ ဝင်ရောက်လာခဲ့ရာ နတ်ဆိုးမီးတောက်ပင် အေးခဲလုမတတ် ဖြစ်သွားခဲ့ရသည်။

အေးစက်လှသော စွမ်းအင်သည် နတ်ဆိုးမီးတောက်ကို ကျော်ဖြတ်၍ ရန်ကိုင်၏ လက်ထဲသို့ စီးဝင်လာသဖြင့် ရန်ကိုင်၏ မျက်နှာ ဖြူလျော်သွားပြီး သူတော်စင်ချီကို အရှိန်ကုန် လှည့်ပတ်ကာ အသည်းအသန် ခုခံလိုက်သည်။

အေးခဲသွားသော နတ်ဆိုးမီးတောက် တစ်ဖန်ပြန်လည် တောက်လောင်လာပြီး ရန်ကိုင်၏ ကိုယ်ထဲသို့ ကျူးကျော်လာသော အအေးစွမ်းအင်ဖြင့် လုံးထွေး သတ်ပုတ်တော့လေသည်။

ရန်ကိုင် တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။ နတ်ဆိုးမီးတောက်ကို အစွမ်းကုန် ထုတ်သုံးနေသည့်တိုင် အအေးဓါတ်ကို မခုခံနိုင်သေးပေ။

အချိန်ကြာလာသည်နှင့် ရန်ကိုင်၏ လက်ထဲသို့ ကျူးကျော်လာသော ယင်နေကြာရေစဉ် ဖိနှိပ်ခြင်းခံလိုက်ရပြီး ရှေ့ဆက်မတိုးနိုင် ဖြစ်သွားခဲ့ရသည်။ ယခု စွမ်းအင်နှစ်မျိုးသည် မတိုးသာမဆုတ်သာ အခြေအနေတွင် ရှိနေခဲ့ကြလေပြီ။

ရန်ကိုင်၏ ကျင့်ကြံခြင်းသည် အတော်လေးကိုမှ နိမ့်ကျသော်လည်း နတ်ဆိုးမီးတောက် ဆိုသည်မှ ဆန့်ကျင်ဘက်စွမ်းအင်နှစ်မျိုး ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသော မီးတောက်ဖြစ်သည်။ ရန်ကိုင်၏ ကျင့်ကြံခြင်းသာ မြင့်လာသရွေ့ ထိုနတ်ဆိုးမီးတောက်သည် အရာမှန်သမျှကို လောင်ကျွမ်းပစ်နိုင်စွမ်း ရှိလာပေလိမ့်မည်။

နတ်ဆိုးမီးတောက်၏ အလားအလာသည် တကယ်ကို မှင်သက်စရာ ကောင်းလှသည်။

သို့သော်လည်း လက်ရှိရန်ကိုင်၏ နတ်ဆိုးမီးတောက်သည် ယင်နေကြာရေစဉ်နှင့် ယှဉ်နိုင်သည့်အဆင့်တွင် ရှိမနေသေးချေ။ ယင်နေကြာရေစဉ်ကို တစ်ခဏသာ ဖိနှိပ်လိုက်နိုင်သည်။ ပြီးသည်နှင့် အောက်စည်းပြန်ရောက်သွားခဲ့ရာ ရန်ကိုင်၏ ခန္ဓာကိုယ်လည်း တောင့်တင်းသွားခဲ့ရလေသည်။

ရန်ကိုင်သည် နတ်ဆိုးစာအုပ်ထဲသို့ အသိစိတ်ပို့လွှတ်၍ နတ်ဘုရားသစ်ပင်ဆီမှ အလျင်အမြန် အကူအညီ တောင်းလိုက်၏။

နတ်ဘုရားသစ်ပင်သည် အအေးဓါတ်စွမ်းအင်၏ အိမ်မက်ဆိုး ဖြစ်သော အားကောင်းလှသည့် ယန်ဓါတ်ကို ပိုင်ဆိုင်ထားသည်။

“အင်း”

ချက်ချင်းဆိုသလို မယုံကြည်နိုင်ဖွယ် ကောင်းလောက်သော ယန်ဓါတ်စွမ်းအင်တို့ နတ်ဆိုးစာအုပ်မှ ပေါက်ကွဲထွက်လာပြီး နတ်ဆိုးမီးတောက်ကို ကူညီကာ ကျူးကျော်လာသော အအေးဓါတ်ကို ဖိနှိပ်တော့သည်။

ယင်နေကြာရေစဉ်လည်း အလျင်အမြန် ဖိနှိပ်ခြင်း ခံလိုက်ရသည်။

ထို့နောက် ရန်ကိုင်သည် နတ်ဆိုးမီးတောက်နှင့် နတ်ဘုရားသစ်ပင်မှ ထုတ်လွှတ်ထားသော ယန်ဓါတ်စွမ်းအင်ကိုသုံး၍ ရွှယ့်ယွယ်၏ ခန္ဓာကိုယ်လေးကို ရစ်ပတ်လွှမ်းခြုံလိုက်သည်။

ထိုစွမ်းအင်နှစ်မျိုး၏ ပူပေါင်းလုပ်ဆောင်မှုကြောင့် ရွှယ့်ယွယ်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေသော ရေခဲလွှာသည် အလျင်အမြန် အရည်ပျော်ကျသွားရလေသည်။ ဖြူလျော်နေသော အသားအရေ တဖြည်းဖြည်း ပန်းရောင်သန်းလာခဲ့သည်။ အေးစက်စက် ခန္ဓာကိုယ်သည်လည်း တစ်ဖန်ပြန်လည် နွေးထွေးလာခဲ့ပြီး နှလုံးခုန်သံ တိုးတိုးလေးပင် ထွက်ပေါ်လာခဲ့သည်။

နောက်ဆုံး ရန်ကိုင်မျက်နှာထက် အပြုံးတစ်ပွင့် ပေါ်လာခဲ့ပြီး နတ်ဘုရားသစ်ပင်၏ အကူအညီနှင့်အတူ နှစ်ဆထက်မက ထပ်မံ အားစိုက်ထုတ်လိုက်သည်။

နာရီဝက်ကြာပြီးနောက် ရွှယ့်ယွယ်၏ ခန္ဓာကိုယ်ပေါ် ရေခဲစအားလုံး အရည်အပျော်ကျသွားပြီး သူမ တစ်ကိုယ်လုံးအား ဝန်းရံထားသည့် ခုနှစ်ရောင်ခြယ်အလင်းလည်း ပျောက်ကွယ်သွားခဲ့လေသည်။

ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ရွှယ့်ယွယ်၏ ခန္ဓာကိုယ် အခြေအနေသည် အတော်လေး ထူးဆန်းသည်ကို တွေ့လိုက်ရသည်။

ယင်နေကြာရေစဉ်၏ အန္တရာယ် ပျောက်ကွယ်သွားပြီဖြစ်သော်ငြား ရွှယ့်ယွယ်သည် သတိလစ်မိန်းမောနေဆဲ။

သူမ၏ အသိစိတ်ပင်လယ်ထဲသို့ မပြောမဆိုဖြင့် ဝင်းကြည့်လိုက်ရာ အေးခဲနေသော ကမ္ဘာကြီးကိုသာ မြင်တွေ့လိုက်ရသည်။ ရွှယ့်ယွယ်၏ နာမ်ဝိဥာဉ်ကို မတွေ့ခဲ့ရ။ သူမ၏ အရှိန်အဝါ ပါးပါးလေးကိုသာ အာရုံခံမိခဲ့သည်။ ရန်ကိုင် မည်မျှပင် အော်ခေါ်ပါစေ ပြန်ထူးသံ မကြားခဲ့ရချေ။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ရွှယ့်ယွယ် ဘာဖြစ်နေမှန်း မသိခဲ့ကြ။ ထို့ကြောင့် သူမ၏ အသိစိတ်ပင်လယ်အား ထွက်ခွာရုံသာ တတ်နိုင်ခဲ့သည်။

“ငါခဏလောက် နားရဦးမယ်။ ခဏလောက်တော့ မင်းကို ကူညီပေးနိုင်ဦးမှာ မဟုတ်သေးဘူး” နတ်ဘုရားသစ်ပင် တိတ်သွားခဲ့သည်။ ကြည့်ရသည်မှာ ယင်နေကြာရေစဉ်နှင့် တိုက်ပွဲတွင် အတော်လေး အားကုန်သွားခဲ့သည့်ပုံပင်။

နတ်ဘုရားသစ်ပင်သာ အားကုန်သွားခြင်းမဟုတ်။ သူလည်း အရမ်းကိုအား ပင်ပန်းနေလေပြီ။ မကုန်ဆုံးနိုင်သော သူတော်စင်ချီကို ပိုင်ဆိုင်ထားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရွှယ့်ယွယ်၏ ခန္ဓာကိုယ်မှ အအေးဓါတ်ကို ဖယ်ရှားနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။

ထိုင်ချလျက် သတိလစ်နေသော ရွှယ့်ယွယ်ကို မချီကာ လေဟာနယ်ကို ဆုတ်ဖြဲ၍ ထွက်သွားလိုက်သည်။

လေထဲဝဲနေသော ယင်နေကြာရေစဉ်များကို ယင်းအတိုင်းသာ ထားပစ်ခဲ့သည်။ ယင်နေကြာရေစဉ် တစ်စက်ချင်းစီတိုင်းသည် အလွန်ကိုမှ ရှားပါးအဖိုးတန်လှသည့် ရတနာများဖြစ်ကြသော်ငြား လောလောဆယ်၌ ထိုအရာများကို စုဆောင်းချင်စိတ် ရှိမနေသလို မည်ကဲ့သို့ စုဆောင်းရမည် ဆိုသည်ကိုလည်း မသိချေ။

မိုင်းတွင်းပေါ်၌… နေ့တစ်ဝက်လောက် အနားယူပြီးနောက် ဟလိခ၏ အခြေအနေ ပိုကောင်းလာခဲ့သည်။

ကုန်သွယ်ရေးအဖွဲ့အစည်းမှ ကျင့်ကြံသူများသည်လည်း အတော်လေးကိုမှ သက်သာလာနေခဲ့လေပြီ။ သို့သော် အကုန်လုံး လက်မဟုတ်လျှင် ခြေထောက် ဆုံးရှုံးခဲ့ကြရသည်။

အဆိုးရွားဆုံး လူသည်ကား လက်နှစ်ဖက်စလုံး ဆုံးရှုံးလိုက်ရသည့် လူပင်။

သူသည် သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူဖြစ်သည်။ သို့သော် သူ့တွင် လက်နှစ်ဖက်စလုံး မရှိတော့လေရာ သိုင်းတာအိုလမ်းစဉ်ကို မည်ကဲ့သို့ ဆက်လျှောက်နိုင်တော့မည်နည်း။ ထိုအကြောင်းကို တွေးလိုက်မိသည်နှင့် သူအရမ်းကိုမှ စိတ်ဓါတ်ကျသွားခဲ့သည်။

ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းမှ လူအားလုံး စိတ်ဓါတ်ကျနေခဲ့ကြသည်။

ရှေးဟောင်းအပျက်အစီး နယ်မြေတစ်ခုကို သွားစူးစမ်းသည့် ခရီးကြောင့် သူတို့အဖွဲ့ခွဲ ကြီးကြီးမားမား ဆုံးရှုံးခဲ့ရပြီး တတိယ သခင်လေး၏ အမျိုးသမီးပင် သေသွားခဲ့ရသည်။ သူတို့ တကယ်ကို ပြဿနာ တက်နေချေပြီ။ အဖွဲ့ခွဲခေါင်းဆောင်ဖြစ်‌သော ဟလိခ ကျိန်းသေ အပြစ်ပေးခံရပေလိမ့်မည်။

“ဟွာအိုကြီး၊ အရင်ပြန်ကြမယ်။ ပြန်ရောက်တော့မှ ပင်မကြယ်ဆီ ဒီအကြောင်းကို ဘယ်လို ပြန်တင်ပြကြမလဲ စဉ်းစားတာပေါ့” လင်းမူဖုန်းက ဟလိခအား ထူမပေးလိုက်သည်။ ဟလိခလည်း စိတ်ဓါတ်ကျနေသည့် အမူအရာဖြင့်သာ ခေါင်းညိတ်လိုက်သည်။

“ယင်နေကြာရေစဉ်ကို ဘယ်လိုလုပ်မှာလဲ” သက်လတ်ပိုင်း အမျိုးသမီးက မေးလိုက်သည်။

လင်းမူဖုန်းက ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်သည် “ဒီနေရာကို လောလောဆယ် ချိတ်ပိတ်ထားလိုက်ဦး။ ရှေးဟောင်း မှတ်တမ်းတွေ ပြန်ကြည့်ပြီးတော့မှ အဲ့ဒါကို လာပြန်ယူမယ်”

ယင်နေကြာရေစဉ်အား မည်ကဲ့သို့ စုဆောင်းရမလဲ ဆိုသည်ကို လင်းမူဖုန်းတို့လည်း မသိချေ။

“အဲ့လိုလုပ်ဖို့ပဲ ရှိတော့တာပေါ့…” သက်လတ်ပိုင်း အမျိုးသမီးက သက်ပြင်းချလိုက်သည်။

လင်းမူဖုန်းသည် အရာအားလုံးကို တည်တည်ငြိမ်ငြိမ်ဖြင့် လုပ်ဆောင်သွားခဲ့သည်။ သူတို့အဖွဲ့ ထွက်သွားတော့မည်အပြု သက်လတ်ပိုင်း အမျိုးသမီးက မိုင်းတွင်းဆီ ရုတ်တရက် လှည့်ကြည့်လိုက်သည်။ အကုန်လုံးသည်လည်း မိုင်းတွင်းဆီ သင်္ကာမကင်း အမူအရာများဖြင့် လှည့်ကြည့်လိုက်သည်။

မိုင်းတွင်းထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုလူသည် အစောပိုင်းက မိုင်းတွင်းထဲသို့ ဝင်သွားသည့် သက်တော်စောင့်ပင်။

ထိုသက်တော်စောင့်သည် လက်ရှိသည် မိန်းကလေးရွှယ့်အာကို ပွေ့ချီလာခဲ့သည်။ သူ့အမူအရာသည် မြူဆိုင်းနေခဲ့သည်။ သို့သော် မည်သည့် ဒဏ်ရာမှတော့ ရထားခြင်း မရှိခဲ့ချေ။

ထိုမြင်ကွင်းကြောင့် အကုန်လုံး မှင်သက်သွားရသည်။

ရန်ကိုင် မိုင်းတွင်းထဲသို့ ဝင်သွားခဲ့စဉ်က သူပြန်ထွက်မလာတော့ဟု အကုန်လုံး ထင်ခဲ့သည်။ တကယ်တော့ သူ့ခွန်အားသည် အလွန်ကိုမှ နိမ့်ကျလွန်းနေသည် မဟုတ်ပေလော။ အပျက်အစီးနယ်မြေထဲရှိ အတားအဆီး သက်သက်ပင်လျှင် သူ့အသက်ကို နှုတ်ယူနိုင်သည်။ ထိုအရာများသည် သူတော်စင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက် ခုခံနိုင်သည့် အရာမျိုး မဟုတ်ချေ။

သို့သော်လည်း အမှန်တရားသည် သူတို့ ထင်ထားသည်နှင့် တက်တက်စင်အောင် လွဲချော်နေခဲ့သည်။ ရန်ကိုင် မသေရုံမက မိန်းကလေးရွှယ့်အာကိုပင် ပြန်ခေါ်လာနိုင်ခဲ့သည်။

သူဘယ်လိုလုပ်လိုက်တာလဲ။ အကုန်လုံး တွေးမိလိုက်ကြသည်။

“မိန်းကလေးရွှယ့်အာ ဘယ်လိုနေလဲ” ဟလိခ တည်ငြိမ်သွားပြီး ချက်ချင်းပဲ မေးလိုက်သည်။

“မသေသေးဘူး” ရန်ကိုင်က ခေါင်းခါလိုက်သည်။

ထိုစကားကို ကြားလိုက်သည့်အခါ ရှိနေသူတိုင်း စိတ်သက်သာရာ ရသွားကြသည်။

အကုန်လုံး မိန်းကလေးရွှယ့်အာ သေသွားသည့်ကိစ္စအပေါ် တတိယသခင်လေး မည်ကဲ့သို့ တုန့်ပြန်မည်ကို သူတို့ အလွန် စိုးရိမ်နေကြခြင်းဖြစ်သည်။ ယခု မိန်းကလေးရွှယ့်အာ မသေသေးလေရာ သူတို့၏ အကြီးဆုံး စိတ်ပူစရာမှာ ပျောက်ကင်းသွားခဲ့လေပြီ။

အကုန်လုံး ရန်ကိုင်အား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။

သက်တော်စောင့်သည် ရွှယ့်ယွယ်၏ မိန်းကလေးကို ကယ်တင်ခဲ့ရုံ မက အကုန်လုံးကိုလည်း ကယ်တင်ခဲ့ပေသည်။

“ဒါပေမယ့် သတိလစ်နေတုန်းပဲ။ ဘာလို့မှန်းတော့ မသိဘူး” ရန်ကိုင်က ထပ်ပေါင်းပြောလိုက်သည်။

အကုန်လုံး၏ မျက်နှာအမူအရာ သုန်မှုန်သွားပြန်သည်။ ဟလိခသည် ရွှယ့်ယွယ်၏ ခန္ဓာကိုယ်ကို ကောင်းကင်စိတ်အာရုံဖြင့် အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူ့မျက်နှာ အမူအရာ တဖြည်းဖြည်း လေးနက်တည်ကြည်သွားခဲ့သည်။

ရွှယ့်ယွယ်နှင့်ပက်သက်၍ တစ်ခုခု မှားယွင်းနေသည်ကို ဟလိခ နားလည်လိုက်သည်။ သို့သော် သူမအား မည်ကဲ့သို့ ကုသရမလဲ ဆိုသည်ကို သူမသိချေ။

“အရင်ပြန်ကြတာပေါ့” လင်းမူဖုန်းက အော်ပြောလိုက်သည် “ဒီကကိစ္စကို ဘယ်သူမှ လျှောက်ပြောလို့မရဘူးနော်။ လျှောက်ပြောတဲ့လူ ချက်ချင်း အသတ်ခံရမယ်”

ပြောပြီးသည်နှင့် ရန်ကိုင်အား ထပ်ကြည့်လိုက်သည်။ ပြောမည့် စကားကို သေချာစဉ်းစားပြီးနောက် ယဉ်ယဉ်ကျေးကျေးဖြင့် “ဒီက ညီငယ်လေး၊ ဒီကိစ္စကို မိန်းကလေးရွှယ့်အာ ဒဏ်ရာရထားတဲ့ ကိစ္စကို ပင်မကြယ်ဆီ အခုလောလောဆယ် မတင်ပို့သေးဘဲ နေလို့ရမလား။ သူမ နိုးလားအောင်လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကို ငါတို့ ကြိုးစားရှာမှာပါ”

ဤနေရာမှ အဖြစ်အပျက်များကို ပင်မကြယ်ဆီ ရန်ကိုင် တင်ပြလိုက်မည်ကို သူတို့ အတော်လေး လန့်နေမိပေသည်။ ရွှယ့်ယွယ်သာ အခြေအနေကို သိသွားလိုက်သည်နှင့် အပြစ်ပေးခံရမည့်ကိန်းမှ လွတ်တော့မည် မဟုတ်ချေ။

သူတို့ မသိသည်ကား မိန်းကလေးရွှယ့်အာ ဆိုသောလူသည် တတိယသခင်လေး ရွှယ့်ယွယ် ဖြစ်နေသည်ဆိုသည့် အချက်ကိုပင်။

သူတို့သာ သိသွားခဲ့လျှင် မည်သို့ ထွက်ပြေးလျှင်ကောင်းမလဲ စတင် စဉ်းစားနေလောက်ပေပြီ။

ရန်ကိုင်လည်း ဘာမှမပြောဘဲ ခေါင်းသာညိတ်လိုက်သည်။

“သူ့ကို ကယ်နိုင်သရွေ့ ဒီကိစ္စကို ကျုပ်ဖုံးကွယ်ထားပေးမယ်”

လင်းမူဖုန်းက ပျော်ရွှင်စွာပြုံးလိုက်ပြီး လက်သီးဆုပ်လျက် “ဒီငယ်လေးကို ကျေးဇူးတင်ပါတယ်”

ဟလိခနှင့် သက်လတ်ပိုင်းအမျိုးသမီးသည်လည်း ရန်ကိုင်အား ကျေးဇူးတင်စွာ ကြည့်လိုက်သည်။

“သွားကြမယ်။ မိန်းကလေးရွှယ့်အာကို ကုသပေးဖို့ မိုးရေစင်ကြယ်ရဲ့ အကောင်းဆုံး ဆေးပညာရှင်ကို သွားခေါ်ရမယ်” အားလုံးအား အော်ပြောပြီးသည်နှင့် သူတို့၏အဖွဲ့ခွဲရှိရာဆီ ပျံသန်းသွားလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၀၅၈) ဇုန်းအောင်

တောင်တန်းထဲရှိ နန်းတော်ထဲရှိ တစ်ခုသော အခန်းတစ်ခန်း၏ အပြင်ဘက်တွင် ဟလိခတို့အဖွဲ့ စိုးရိမ်ပူပန်စွာဖြင့် ရပ်နေကြသည်။ ရန်ကိုင်သည် သူတို့နှင့် မလှမ်းမကမ်းတွင် ရပ်နေခဲ့သည်။

ခဏအကြာ၌ အခန်းထဲမှ လူဒါဇင်ကျော် ထွက်လာခဲ့သည်။ ထိုလူများထဲ လူကြီး၊ လူငယ်၊ ယောကျာ်း၊ မိန်းမ အကုန် ပါနေခဲ့သည်။ သို့သော် အားလုံးသည် ချွင်းချက်မရှိ ဆေးပညာရှင်များ ဖြစ်ကြသည်။ ဆေးမီးဖိုတံဆိပ်သည် ဆေးပညာရှင် တစ်ယောက် ဖြစ်သည့် အမှတ်တံဆိပ်ဖြစ်သည်။

ဆေးပညာရှင်အဆင့်အတန်းအား ဆေးမီးဖိုတွင် ထောက်တိုင် ဘယ်နှစ်ချောင်းပါသလဲ ဆိုသည့်အချက်ဖြင့် ဆုံးဖြတ်သည်။

ထိုဆေးပညာရှင်အားလုံးတွင် ထောက်တိုင်ရှစ်ချောင်းပါသည့် ဆေးမီးဖိုအမှတ်တံဆိပ် ရှိနေခဲ့ကြလေရာ အကုန်လုံးသည် အနည်းဆုံး သူတော်စင်ဘုရင်အဆင့် ဆေးပညာရှင်များ ဖြစ်ကြပေသည်။

ထောက်တိုင်ကိုးချောင်းပါသည့် အသက်အကြီးဆုံး လူအိုကြီး နှစ်ယောက်လည်း ရှိနေခဲ့သည်။ ထိုလူအိုကြီး နှစ်ယောက်သည် တန်ခိုးရှင်အဆင့် ဆေးပညာရှင်များ ဖြစ်ကြပေသည်။

တန်ခိုးရှင်အဆင့် ဆေးပညာရှင်များသည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းတွင် အလွန်ကိုမှ အဆင့်အတန်း မြင့်မားကြသည်။ ကြယ်စီရင်စုထဲတွင်ပင် တန်ခိုးရှင်အဆင့် ဆေးပညာရှင် များများစားစား မရှိချေ။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် များဆိုလျှင်မူ လက်တစ်ဆုပ်စာလောက်သာ ရှိပေသည်။ ထို့အပြင် ထိုတန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တိုင်းကို အားအကောင်းဆုံး အင်အားစုကြီးများကသာ ပိုင်ဆိုင်ထားနိုင်ကြသည်။

ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းတွင်ပင်လျှင် တန်ခိုးရှင် ဘုရင်အဆင့် ဆေးပညာရှင် တစ်ယောက်သာရှိသည်။ ထိုဆေးပညာရှင်သည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ပင်မကြယ်တွင် နေနေပေသည်။

အခန်းထဲမှ ထွက်လာသည့်လူအားလုံးသည် မိုးရေစင်ကြယ်တွင် စီနီယာအကျဆုံး ဆေးပညာရှင်များ ဖြစ်ကြသည်။ ဟလိခနှင့် သူ့အဖွဲ့သည် ရွှယ့်ယွယ်ကို ကုသရန်အလျင်လိုနေသည့် အတွက် ထိုလူများကို အလောတကြီး ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

ပုံမှန်ဆိုလျှင် ထိုဆေးပညာရှင်များသည် မိုးရေစင်ကြယ်အနှံ့ ပြန့်ကျဲတည်ရှိနေကြသည်။ အကုန်လုံးသည် ကိုယ်ပိုင်နက်အတွင်း နေထိုင်ရင်း ဆေးပညာ သဘောတရားများကို လေ့လာနေလေ့ရှိသည်။ သူတို့နှင့် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းကြားမှ ဆက်ဆံရေးကမူကား သူတို့သည် ဆေးပင်များကိုစိုက်ပျိုးပြီး ဆေးလုံးဖော်စပ်ကာ ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းအား ပြန်လည် ရောင်းချခိုင်းသည်။ အကျိုးအမြတ်ကို နှစ်ယောက် ခွဲဝေယူကြသည်။

ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းသည် သူတို့အား အကာအကွယ်နှင့် အရင်းအမြစ်အချို့ ပြန်ပေးသည်။ ထိုဆေးပညာရှင်များနှင့် ဟုန်းလော့ကုန်သွယ်ရေးကြားမှ ဆက်ဆံရေးသည် ပိုင်ရှင်နှင့်အလုပ်သမား ဆက်ဆံရေးထက် အကျိုးတူပူးပေါင်းထားသည့် ပါတနာနှစ်ယောက်ကြားမှ ဆက်ဆံရေးနှင့် ပိုတူသည်။ ထို့ကြောင့် ဟလိခနှင့် လင်းမူဖုန်း သည်ပင်လျှင် သူတို့အား လေးလေးစားစားဖြင့် ဆက်ဆံရသည်။

သာမန်အခြေအနေမျိုးတွင် ထိုးဆေးပညာရှင်များအား သွား၍ နှောင့်ယှတ်လေ့မရှိချေ။ သို့သော် မိန်းကလေးရွှယ့်အာသည် တတိယသခင်လေးရွှယ့်ယွယ်၏ မိန်းကလေး ဖြစ်သည့်အတွက် သူတို့လည်း ထိုဆေးပညာရှင်များအား မခေါ်မဖြစ် ခေါ်ရတော့သည်။

ဆေးပညာရှင်များ ထွက်လာသည်ကိုမြင်သည်နှင့် ဟလိခနှင့် အခြားသူများသည် သူတို့ဆီ အပြေးသွားလိုက်ကြသည်။ လင်းမူဖုန်းက လက်သီးဆုပ်၍ မေးလိုက်သည် “ဆရာကြီးတို့၊ မိန်းကလေးရွှယ့်အာ ဘယ်လိုဒဏ်ရာမျိုး ရထားတာလဲ။ သူ့ကို ကုသနိုင်တဲ့ နည်းလမ်းရှိလား”

ဆေးပညာရှင်အားလုံး အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။ ပြောရန် တုန့်ဆိုင်းနေကြသည်။

ဆေးပညာရှင်များ၏ အမူအရာကိုမြင်သော် ဟလိခနှင့် လင်းမူဖုန်းတို့ မျက်နှာပျက်သွားကြသည်။ အခြေအနေ မကောင်းမှန်း သူတို့ သိလိုက်လေပြီ။

“အခြေအနေ ဘယ်လိုရှိလဲဟင်” ဟလိခက အလျင်စလို မေးလိုက်သည်။

အကုန်လုံး သူတို့အား ပြန်ကြည့်လိုက်သည်။ ထောက်တိုင်ကိုးချောင်း ပါသည့် ဆေးမီးဖိုတံဆိပ်နှင့် ဆေးပညာရှင်က သက်ပြင်းချလျက် ပြန်ပြောလိုက်သည် “ဒီလူအိုကြီး ရှင်းရှင်းပဲပြောတော့မယ်။ မိန်းကလေးရွှယ့်အာကို ကျုပ်တို့ သေချာ စစ်ဆေးကြည့်ပြီးသွားပြီ။ ဒါပေမယ့် သူဘာလို့ သတိလစ်နေတာလဲ ဆိုတာကို ရှာလို့ မတွေ့ခဲ့ဘူး။ အအေးဓါတ်တစ်ခုခုက သူ့ကိုယ်ထဲ ဝင်သွားလို့ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အေးခဲကုန်တယ်လို့ပဲ ပြောနိုင်တယ်။ သူ့အသိစိတ်လည်း ရှိမနေတော့ဘူး။ ဒါပေမယ့် ဘယ်လိုပဲ သွားနှိုးနှိုး နိုးလာမှာ မဟုတ်ဘူး”

ဟလိခက ငြိမ်သက်စွာ နားထောင်နေခဲ့သည်။

လူအိုကြီးက ဆက်ပြောသည် “မိန်းကလေးရွှယ့်အာ ဘာလို့ အဲ့လိုဖြစ်သွားတာလဲ ဆိုတာကို အနည်းဆုံး ပြောပြလို့ မရဘူးလား။ သူဘာလို့ အဲ့လို ဖြစ်သွားတာလဲ ဆိုတာကို မသိဘဲနဲ့ ဆေးဖော်ပေးဖို့ဆိုတာက သိပ်တော့မဖြစ်နိုင်လောက်ဘူး”

“ဟုတ်တယ်။ သူဘယ်လို ဒဏ်ရာရသွားလဲ ဆိုတာကို အနည်းဆုံး ပြောပြဖို့လိုလိမ့်မယ်” အခြား တန်ခိုးရှင်အဆင့် ဆေးပညာရှင်က ဝင်ပြောလိုက်သည် “အဲ့လိုမှပဲ သူပြန်သက်သာအောင် ဘယ်လို ဆေးလုံးဖော်စပ်ပေးဖို့ လိုလဲ ဆုံးဖြတ်လို့ရမှာ”

ဟလိခ ရှက်သွားခဲ့သည်။

ယင်နေကြာရေစဉ်သည် အလွန်ကိုမှ အဖိုးတန်လှသည့် ရတနာ တစ်ခုဖြစ်သည့်အတွက် ထိုရတနာကို လူတိုင်း လိုချင်တပ်မက်မိမှာ အမှန်ပင်။ မိုးရေစင်ကြယ်တွင် ယင်နေကြာရေစဉ် ရှိနေသည့် သတင်းသာ ပေါက်ကြားသွားပါက ပညာရှင်ကြီး တစ်ယောက်ယောက်က လာလုယူပေလိမ့်မည်။ ထိုအခါကျ ယင်နေကြာရေစဉ်ကို မည်ကဲ့သို့ စုဆောင်းရမလဲဆိုသည့် နည်းလမ်းကို မစဉ်းစားနိုင်သေးခင် အမှန်အတိုင်း ထုတ်မပြောရဲသေးချေ။

သို့သော် ထိုအကြောင်းကို လျှို့ဝှက်ထားလျှင် ထိုဆေးပညာရှင်များ အနေဖြင့် မိန်းကလေးရွှယ့်အာကို ကုသပေးနိုင်လိမ့်မည် မဟုတ်ချေ။ ချက်ချင်း မဆုံးဖြတ်နိုင်လေရာ ဟလိခက လင်းမူဖုန်းကို လှမ်းကြည့်လိုက်သည်။

လင်းမူဖုန်းက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။

ဟလိခလည်း မဆုံးဖြတ်နိုင်သေးလေရာ “ဆရာကြီးတို့ရယ်၊ ကျုပ်တို့လည်း မပြောချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီကိစ္စက ကျုပ်တို့ တတ်နိုင်တဲ့ အကန့်အသတ်ကို ကျော်လွန်းနေလို့ပါ။ ဒါကြောင့် ဒီအတိုင်း လျှောက်မပြောရဲတာ”

ဟလိခက ထိုကဲ့သို့ ပြောလသော် သူတို့ မမေးသင့်သည်၊ မသိသည့်သင့် ကိစ္စတစ်ခုခု ရှိရမည်မှန်း ဆေးပညာရှင်များ နားလည်လိုက်ကြသည်။ ပထမဆုံး စကားစပြောခဲ့သည် လူအိုကြီးက မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည် “အဲ့လိုဆို၊ ကျုပ်တို့ မကူညီပေးနိုင်တာကို ခွင့်လွှတ်ပေးပါ”

“ဆရာကြီး၊ ထပ်ကြိုးစားကြည့်ပေးပါလား” ဟလိခက စိုးရိမ်တကြီးဖြင့် မေးလိုက်သည် “ဆရာကြီးက မိုးရေစင်ကြယ်မှာ အတော်ဆုံး ဆေးပညာရှင်လေ။ ဆရာကြီးတို့သာ မကုသနိုင်ရင် မိန်းကလေးရွှယ့်အာ…”

မိန်းကလေးရွှယ့်အာ ဘာဖြစ်ဖြစ် သူဂရုမစိုက်ချေ။ သူတကယ် စိတ်ပူနေသည်ကား မိန်းကလေးရွှယ့်အာ တစ်ခုခု ဖြစ်သွားလျှင် တတိယသခင်လေး၏ ဒေါသကို သွားဆွမိမည်ကိုပင်။

ဆေးပညာရှင်အားလုံး ခေါင်းခါလိုက်ကြသည်။

ဟလိခ၊ လင်းမူဖုန်းနှင့် အခြားသူအားလုံး မျက်နှာပျက်သွားကြ၏။

တစ်ခဏတာ တိတ်ဆိတ်နေပြီးနောက် သူတော်စင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ယောက်က ပြောလိုက်သည် “ဆရာဟလိခ၊ မိုးရေစင်ကြယ်မှာ အတော်ဆုံး ဆေးပညာရှင်က ကျုပ်တို့တွေ မဟုတ်ဘူးလေ။ တကယ့် အတော့်ဆုံး ဆေးပညာရှင်က ဘယ်သူမှန်း ကျုပ်တို့ အားလုံး သိပြီးသား။ ဆရာဟလိခသာ အဲ့ဆရာကြီးကို ဖိတ်ခေါ်နိုင်မယ်ဆိုရင် မိန်းကလေးရွှယ့်အားကို ကုသကောင်း ကုသနိုင်လိမ့်မယ်”

ထိုဆေးပညာရှင်၏ ပြောစကားကို ကြားလိုက်သည့်အခါ အရင်ဆုံး စကားစပြောခဲ့သည့် လူအိုကြီး မျက်ခုံးပင့်လိုက်သည်။ ထို့နောက် ခေါင်းညိတ်၍ “ဟုတ်တယ်။ အဲ့ဆရာကြီးသာဆို မိန်းကလေးရွှယ့်အာကို ကုသပေးနိုင်လောက်တယ်”

အခြားဆေးပညာရှင်များသည်လည်း ထောက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ဆေးပညာရှင်များသည် မာနာကြီးသူများ ဖြစ်ကြသည်။ အခြား ဆေးပညာရှင်တစ်ယောက်သည် သူတို့ထက် ပိုတော်သည်ကို မည်သူမှ ပွင့်ပွင့်လင်းလင်း ဝန်မခံချင်ကြ။ သူတို့ကိုယ်သူတို့သာ အတော်ဆုံး ဆေးပညာရှင်များဟု သတ်မှတ်ထားကြသည်။ သူတို့ ဖော်စပ်သည့် ဆေးလုံးသည်သာ အကောင်းဆုံး။ ထို့ကြောင့် ဆေးပညာရှင်အားလုံး သဘောတူထောက်ခံပုံကို ကြည့်လျှင် သူတို့ပြောနေသည့် ဆရာကြီးမှာ တကယ်ကို တော်ရပေမည်။

အနည်းဆုံး ထိုဆေးပညာရှင်ကြီးသည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် ဖြစ်ရပေမည်။

ထိုစကား ကြားလိုက်သည့်အခိုက် ဟလိခ၏ အမူအရာ တောက်ပသွားခဲ့သည်။ ခဏအကြာ၌ သူ့မျက်နှာအမူအရာ ခါးသက်သွားခဲ့ပြီး မဲ့ပြုံးပြုံးလျက် “သူ့ကို ဖိတ်ခေါ်ဖို့က… ခက်ခဲလွန်းတယ်။ အရင်တုန်းက ကျုပ်ကိုယ်တိုင် သွားတွေ့တာတောင် စကားပြောခွင့်တောင် မရဘဲ မောင်းထုတ်ခံခဲ့ရတာ”

လင်းမူဖုန်းကလည်း ဝင်ပြောလိုက်သည် “ဟုတ်တယ်။ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက အဲ့ဆရာကြီးနဲ့ ကျုပ်တစ်ခါ သွားတွေ့သေးတယ်။ ဒါပေမယ့် သူဆေးဖော်စပ်နေတာကို နှောင့်ယှတ်လို့ဆိုပြီး ကျုပ်ကို လဝက်လောက်ကြာအောင် လိုက်ဖမ်းတာ။ နောက်ဆုံး ဒေါသပြယ်သွားတော့မှပဲ အိမ်ပြန်သွားတာ။ အဲ့လိုမျိုး နောက်တစ်ကြိမ် ထပ်မဖြစ်ချင်တော့ဘူး၊ ဟူး”

“ခင်ဗျားတို့ ဘယ်သူအကြောင်း ပြောနေတာလဲ” ရန်ကိုင်က မေးလိုက်သည်။

ဆေးပညာရှင်အားလုံးသည် ရန်ကိုင်အား တစ်ချက်ကြည့်လိုက်၏။ သို့သော် မည်သူမှ သူ့အား ပြန်မဖြေခဲ့ကြ။

သူတို့ အမြင်တွင် ရန်ကိုင်သည် ဤနေရာတွင် စကားပြောခွင့် မရှိသော သူတော်စင်အဆင့် ကောင်လေးတစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် သူ့အမေးကို ပြန်မဖြေခဲ့ကြချေ။

ဟလိခကမူ တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် “မိုးရေစင်ကြယ်မှာ နေနေတဲ့ အဆင့်မြင့် ဆေးပညာရှင် တစ်ယောက်ပဲ။ ဒါပေမယ့် ဘယ်အင်အားစုအပိုင်မှ မဟုတ်ဘူး”

“ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက မဟုတ်ဘူး၊ ဟုတ်လား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။

ဟလိခ ခေါင်းညိတ်ပြလိုက်သည်။

ထိုဆရာကြီးသည် မိုးရေစင်ကြယ်ပေါ်တွင် နေနေသည်။ သို့သော် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ စီမံကွပ်ကဲမှုအောက်တွင် ရှိမနေခဲ့ချေ။ ထို့ကြောင့် ရှင်းပြချက် တစ်ခုသာ ရှိတော့သည်။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းသည် ထိုဆရာကြီးကို ရန်စမချင်သောကြော်င့ပင် ဖြစ်သည်။

“ဒါပေမယ့် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းက အဲ့ဆရာကြီးနဲ့ သဘောတူညီချက် တစ်ခု လုပ်ထားတယ်။ ငါတို့ဘက်က သူ့ကို ဆေးပင်တွေနဲ့ မိုင်သုံးထောင်နယ်မြေကို ပေးမယ်။ အပြန်အလှန် အနေနဲ့ သူက ငါတို့အတွက် ဆေးဖော်စပ်ပေးရတယ်”

“အလကား ဖော်စပ်ပေးတာလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။ ထိုဆရာကြီး ဘာတွေးနေသလဲ ဆိုသည်ကို သူနားမလည်နိုင် ဖြစ်နေခဲ့သည်။ ထိုဆရာကြီးသည် ထိုမျှတော်နေလျှင် ဘာကြောင့် ကုန်သွယ်ရေးအဖွဲ့အစည်းကို ဆေးအလကား ဖော်စပ်ပေးနေရသနည်း။

သူ့ကိုယ်ပိုင် ကျောင်းထောင်ပြီး တပည့်များ လက်ခံလျှင်ပင် အလွန်ကိုမှ ချမ်းသာလာပေလိမ့်မည်။

“ငါတို့လဲ ဆရာကြီး ဘာလို့ အဲ့လိုလုပ်နေလဲ မသိဘူး… ဒါပေမယ့် သူပြောတဲ့အတိုင်းတော့ လုပ်ပေးတာပဲ… ဒါပေမယ့် သူဖော်စပ်တဲ့ ဆေးလုံးတွေက တကယ် အံ့အားသင့်စရာကြီး။ သုံးလကြာတိုင်း ငါတို့က သူ့ဆီ ဆေးပင်တွေပို့ပေးတယ်။ အဲ့နေမှာပဲ သူကလည်း သူဖော်စပ်ထားတဲ့ ဆေးလုံးတွေကို ငါတို့ဆီ ပြန်ပေးတယ်။ သူပြန်ပေးတဲ့ ဆေးပုလင်းက နည်းတာမဟုတ်ဘ။ တစ်ကြိမ်ကို ပုလင်းနှစ်ရာပဲ။ ပုလင်းငါးရာ ပြန်ပေးတဲ့အခါတောင် ရှိသေးတယ်”

ပုလင်းငါးရာ…

ဆေးပုလင်းတစ်ပုလင်းလျှင် ဆေးလုံးဆယ်လုံးနှင့် တွက်ကြည့်မည် ဆိုပါက ဆေးပုလင်းငါးရာဆိုလျှင် ဆေးလုံး အလုံး ငါးထောင် ရပေလိမ့်မည်။ ထိုဆေးလုံး အလုံးငါးထောင်ကို သုံးလအတွင်း ဖော်စပ်ခဲ့ခြင်းဖြစ်သည်။ ထိုပမာဏကို ကြားလိုက်သည့် ဆေးပညာရှင်တိုင်း ကြက်သီးမွှေးညင်း ထသွားနိုင်ပေသည်။

သူတို့အားလုံးသည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းနှင့် စာချုပ်ချုပ်ထားသည့် ဆေးပညာရှင်များ ဖြစ်ကြသည်။ သို့သော် သူတို့အနေဖြင့် သုံးလလုံးလုံး မနားမနေ ဆေးဖော်စပ်မည် ဆိုလျှင်ပင် မည်သူမှ ထိုမျှ များပြားလှသော ဆေးလုံးများကို ဖော်စပ်နိုင်လိမ့်မည် မဟုတ်ချေ။ သုံးပုံတစ်ပုံပင် ဖော်စပ်နိုင်မည် မဟုတ်ချေ။

“သူဘယ်မှာနေတာလဲ” ရန်ကိုင်က ထပ်မေးလိုက်သည်။

“ညီငယ်လေး သူ့ကို သွားရှာချင်လို့လား” ဟလိခက ရန်ကိုင် ဘာလုပ်ချင်နေသလဲ ဆိုသည်ကို ချက်ချင်း နားလည်လိုက်သည်။

“အခြား‌ ရွေးချယ်စရာ ရှိသေးလို့လား” ရန်ကိုင်က ပြန်ကြည့်သည်။

ဟလိခက သက်ပြင်းတစ်ချက်ချလျက် ခေါင်းညိတ်လိုက်သည် “ကောင်းပြီလေ။ အဲ့လိုဆို ညီငယ်လေးကို အဲ့ဆရာကြီးဆီ ငါခေါ်သွားပေးမယ်”

မသွားချင်သော်ငြား အားတင်း၍ သွားရပေလေပြီ။ ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး သတိလစ်နေသော ရွှယ့်ယွယ်ကို မချီကာ ဟလိခနောက်သို့ လိုက်သွားလေသည်။

ထိုနှစ်ယောက်ကိုကြည့်ရင်း လင်းမူဖုန်းက သက်ပြင်းချလိုက်သည် “ဟွာအိုကြီးတော့ လဝက်လောက် အလိုက်မခံရဖို့ မျှော်လင့်ရတာပဲ…”

သက်လတ်ပိုင်း အမျိုးသမီးသည်လည်း စိတ်ပူနေခဲ့သည်။

လမ်းတွင် ဟလိခသည် ထိုဆေးပညာရှင်ကြီးအကြောင်း အကျဉ်းချုံး ရှင်းပြသွားခဲ့သည်။ ထိုဆရာကြီးကို ဇုန်းအောင်ဟုခေါ်ပြီး လွန်ခဲ့သည့် နှစ်တစ်ရာခန့်က မိုးရေစင်ကြယ်ဆီသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

“သူက ငါတို့ဆီကနေ မိုင်သုံးထောင်အကျယ်ရှိတဲ့ မြေနေရာကို လာတောင်းတယ်။ ပြီးတာနဲ့ သူ့အိမ်ကို အဲ့တောင်ကြားထဲမှ ဆောက်တော့တာပဲ။ အဲ့တောင်ကြားထဲမှ ဆေးဥယျာဉ်တွေ အများကြီးရှိတယ်။ သူအမုန်းဆုံးက သူဆေးဖော်စပ်နေတဲ့ အချိန်မှာ အနှောင့်ယှတ်ခံရတာပဲ။ ဒါကြောင့် ပုံမှန်ဆို ဘယ်သူ့မှ သူ့နေတဲ့ နေရာဆီ မသွားကြဘူး။ ငါတို့ ကုန်သွယ်ရေးအဖွဲ့အစည်းက လူတွေတောင် ဆေးပင်သွားပို့တဲ့အချိန်ကလွဲပြီး သူ့ရှိတဲ့ နေရာဆီ သွားလေ့မရှိကြဘူး…”

ရန်ကိုင်သည် ငယ်သေးသည့်အတွက် တဇွတ်ထိုးလုပ်မည်ကို စိုးရိမ်သဖြင့် ဟလိခက သေသေချာချာ ရှင်းပြနေခဲ့သည်။

ဟလိခ ပြောသည်ကို နားထောင်နေရင်း ရန်ကိုင်၏ အမူအရာ ထူးဆန်းလာခဲ့သည်။ ဇုန်းအောင်ဆိုသော လူအိုကြီးကို သူတွေ့ဖူးသည်ဟု ခံစားမိနေသည်။

နေ့တစ်ဝက်ကြာပြီးနောက် ဟလိခက ရုတ်တရက် ရှေ့သို့ လက်ညိုးထိုးပြကာ ပြောလိုက်သည် “အဲ့တောင်ကြားကို မင်းမြင်လား။ အဲ့ဒါ ဆရာကြီး ဇုန်းအောင် နေတဲ့နေရာပဲ”

လှမ်းကြည့်လိုက်ပြီးနောက် ရန်ကိုင် မဲ့ရယ်ရယ်လိုက်သည်။ ထိုတောင်ကြားသည် ထူးဆန်းသော ဆေးဥယျာဉ် စိတ်ဝိဥာဉ် အစီအရင်များကို ရက်ပေါင်းများစွာကြာအောင် သူ ထိုင်လေ့လာခဲ့သည့် နေရာ ဖြစ်ပေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၀၅၉) ဝါးကျွေး

တောင်ကြားပတ်လည် မိုင်သုံးဆယ်ဝန်းကျင်သို့ ရောက်လာသည့် အခါ ဟလိခက ရုတ်တရက် ရပ်လိုက်ပြီး တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ပြောလိုက်သည် “ညီငယ်လေး၊ ငါမင်းကို ဒီကနေပဲ စောင့်နေတော့မယ်ကွာ။ အဆင်မပြေဘူးဆိုရင် မြန်မြန်သာ ပြန်လှည့်လာခဲ့။ ဆက်ပြီး ကြိုးစားမနေနဲ့။ ဆရာကြီး ဇုန်းအောင်က သူ့ကို နားညီးအောင်လုပ်တဲ့လူတွေကို အရမ်း မုန်းတာ။ သူဒေါသထွက်သွားခဲ့ရင်း ဖြစ်လာမယ့် အကျိုးဆက်ကို မင်းတောင့်ခံနိုင်မှာ မဟုတ်ဘူး”

ရန်ကိုင်က ဟလိခအား မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။ ဟလိခက ရှက်ရှက်ဖြင့် ရှင်းပြလိုက်သည် “ညီငယ်လေး၊ မင်းက ငယ်သေးတယ်။ မင်းကျင့်ကြံခြင်းကလည်း မြင့်တာမဟုတ်ဘူး။ ဆရာကြီးဇုန်းအောင် ထွက်သွားရင်တောင် လူကြီးဖြစ်တဲ့ သူ့မျက်နှာကြောင့်ကို မင်းကို သတ်မှာမဟုတ်ဘူး။ ဒါပေမယ့် ငါသာမင်းနဲ့ လိုက်သွားရင်…”

“ကျုပ်နားလည်ပြီ” ရန်ကိုင်လည်း ဘာမှထပ်မပြောတော့ဘဲ ရွှယ့်ယွယ်ကို ပွေ့ချီ၍သာ ပျံသန်းသွားလိုက်သည်။

ဟလိခသည် ထိုနေရာသည် လက်နှစ်ဖက်ကို ခပ်တင်းတင်း ပူးကပ်ဆုပ်ထားလျက် ရှေ့တည့်တည့်သို့ စိုးရိမ်တကြီးဖြင့် စိုက်ကြည့်နေခဲ့သည်။ ရန်ကိုင်သည် မိုင်သုံးဆယ်အကွာအဝေးကို မျက်တောင်တစ်ခတ်းအတွင်း ဖြတ်ကျော်သွားခဲ့သည်။

နန်းတော်ငယ်လေး၏ အပြင်ဘက်သို့ ရောက်သည်နှင့် ရန်ကိုင်က လှမ်း၍ အော်ပြောလိုက်သည် “စီနီယာ၊ ကျုပ်မိသားစုက သခင်မလေး အန္တရာယ်တစ်ခုနဲ့ ကြုံရပြီး သတိလစ်သွားလို့ ကူညီပေးဖို့ တောင်းဆိုပါတယ်။ စီနီယာက မိုးရေစင်ကြယ်မှာ အတော်ဆုံး ဆေးပညာရှင်လို့ ကြားထားလို့ စီနီယာဆီ ရောက်လာခဲ့ပါ။ ကျုပ်သခင်မလေးကို ကုသပေးဖို့ စီနီယာကို အနူးအညွှတ် တောင်းဆိုပါတယ်”

သို့သော် နန်းတော်ထဲမှ မည်သည့် တုန့်ပြန်သံမှ ထွက်မလာခဲ့။ သို့သော်လည်း နန်းတော်ထဲတွင် သက်ရှိအရှိန်အဝါတစ်ခု ရှိနေသည်ကို ရန်ကိုင် အာရုံခံမိသည်။ ရန်ကိုင်သည် သုံးကြိမ်သုံးခါ တိုင်တိုင် ဆက်လက် အော်ခေါ်နေခဲ့သည်။

အဝေးမှ စောင့်ကြည့်နေသည့် ဟလိခ ရန်ကိုင်၏ လုပ်ရပ်ကြောင့် လိပ်ပြာလွင့်မတတ် ဖြစ်သွားခဲ့သည်။ ဆရာကြီးဇုန်အောင်း ဒေါသပုန်ထခဲ့ပါက နောက်လှည့်မကြည့်ဘဲ ချက်ချင်း ထွက်ပြေးရန် အသင့်ပြင်ထားလိုက်သည်။

ရန်ကိုင်သည် နန်းတော်အပြင်ဘက်တွင် စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေခဲ့သည်။

အားကောင်းသော ပညာရှင်များတွင် ထူးဆန်းသော စိတ်နေစိတ်ထားများ ရှိကြသည်ကို ရန်ကိုင် ကောင်းကောင်း သိသည်။ ထို့ကြောင့် မဆင်မခြင် မလှုပ်ရှားရဲခဲ့ချေ။ ဆရာကြီး ဇုန်အောင်သည် ဟလိခနှင့် လင်းမူဖုန်းတို့ပင်လည် ကြောက်ရသည့် လူတစ်ယောက် ဖြစ်လေရာ ရန်ကိုင်အနေဖြင့် ထိုဆရာကြီးကို ဒေါသထွက်သွားအောင် မလုပ်မိလျှင် အကောင်းဆုံးပင်၊ မဟုတ်လျှင် ဒုက္ခကောင်းကောင်း ရောက်သွားနိုင်သည်။ ထို့ကြောင့် ရန်ကိုင်သည် ရွှယ့်ယွယ်ကို ချီမထားလျက် နန်းတော်အပြင်ဘက်တွင်သာ လေးလေးစားစားဖြင့် စောင့်နေလိုက်သည်။

ဇုန်းအောင် ကူညီပေးရန် ငြင်းလျှင် သူဘာဆက်လုပ်ရမလဲ ဆိုသည်ကို ရန်ကိုင် မစဉ်းစားတတ်သေး။

ရွှယ့်ယွယ် သတိလစ်နေသည့် ကိစ္စသည် ရန်ကိုင် လျစ်လျူရှု၍ ရသည့် ကိစ္စတစ်ခုမဟုတ်ချေ။ ရွှယ့်ယွယ် သေလျှင် သူသေရမည် ဖြစ်လေရာ ရန်ကိုင်အနေဖြင့် ရွှယ့်ယွယ်ကို နိုးအောင်လုပ်ပြီး သူတို့နှစ်ယောက်၏ အသက်ကို ချိတ်ဆက်ထားသည့် ဝိဥာဉ် ချိန်းကြိုးကို ဖယ်ရှားပစ်ရပေမည်။

ဘာဆက်လုပ်ရမလဲ စဉ်းစားနေစဉ်မှာပဲ နန်းတော်ထဲမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည် “ဝင်လာခဲ့”

ရန်ကိုင် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။ အံလည်း အံ့အားသင့်သွားသည်။ ဆရာကြီး ဇုန်အောင်၏ ခေါ်လိုက်သည့် လေသံအရ သူဒေါသထွက်နေခြင်း မရှိသလို မကျေမနပ် ဖြစ်နေခြင်းလည်း မရှိချေ။ ထို့ကြောင့် ရန်ကိုင်သည် ချက်ချင်းပဲ နန်းတော်ထဲသို့ ဝင်သွားလိုက်လေသည်။

နန်းတော်တံခါး ပွင့်သွားခဲ့သည်။ နန်းတော်တွင် အစောင့်မရှိသလို အစေခံလည်း မရှိချေ။ ဤနေရာတွင် ဇုန်အောင်း တစ်ယောက်တည်း နေသည့်ပုံပင်။

နန်းတော်၏ စင်္ကြန်လမ်းများကို ကျော်ဖြတ်လာပြီးနောက် ဆေးသင်းရနံ့တို့ဖြင့် သင်းကြူနေသည့် အခန်းကြီးတစ်ခန်း ရှေ့သို့ ရောက်လာခဲ့သည်။

အခန်းထဲသို့ သတိထားလျက် လျှောက်သွားစဉ် ဘေးပတ်ဝန်းကျငက်ို စူးစမ်းကြည့်လိုက်ရာ ရန်ကိုင်၏ မျက်လုံးများ မှေးစည်းသွားခဲ့ရသည်။

ဤအခန်းကျယ်ကြီးသည် ဇုန်းအောင်၏ ဆေးဖော်စပ်ခန်း ဖြစ်ပေသည်။

အထဲတွင် ဆေးမီးဖို အကြီး၊ အသေးများစွာ ရှိနေခဲ့သည်။ အခန်းထောင့်တွင် ကျောက်စိမ်းပုလင်းများစွာ စုပုံနေခဲ့သည်။ ကျောက်စိမ်းပုလင်း တစ်ပုလင်းချင်းစီတိုင်းသည် အမျိုးမျိုးသော ရောင်စုံဆေးလုံးများဖြင့် ပြည့်နေလေသည်။

အနည်းဆုံး ပုလင်းနှစ်ရာလောက်ရှိသည်။ ထိုပုလင်းအားလုံးသည် ပုံချင်သလို ပုံနေခြင်းဖြစ်သည်။ အစီတကျ ပုံထားခြင်းမဟုတ်။ မသိလျှင် အမှိုက်များဟုပင် ထင်ရသည်။

ဇုန်းအောင် ထုတ်လုပ်သည့် ဆေးပဏကို ဟလိခ ချဲ့ကား ပြောနေခြင်းမဟုတ်မှန်း ရန်ကိုင် နားလည်သွားခဲသည်။

လက်ရှိတွင် ဇုန်းအောင်သည် သားရဲအရေခွံ ခင်းကျင်းထားသည့် ထိုင်ခုံတစ်လုံးပေါ်တွင်ထိုင်ရင်း ကျောက်စိမ်းပုလင်းတစ်ပုလင်းကို စစ်ဆေးနေခဲ့သည်။

သူရှာနေသည်ကို မတွေ့သည့်နောက် ဇုန်းအောင်သည် ထိုပုလင်းကို အခန်းထောင့်ရှိ ဆေးပုလင်းများ စုပုံနေသည့် နေရာဆီသို့ လွှင့်ပစ်လိုက်လေသည်။ သူ့ရှေ့ရှိ စားပွဲခုံပေါ်တွင် ကျောက်စိမ်းပုလင်းများစွာ ရှိနေခဲ့သည်။

ထိုကျောက်စိမ်းပုလင်းများကို တစ်ပုလင်းပြီးတစ်ပုလင်း စစ်ဆေးကြည့်ပြီးနောက် ကျန်းအောင် ရုတ်တရက် ပြုံးကာ သူ့ဘာသာ ပြောလိုက်သည် “နောက်တစ်လုံး၊ ဟဲဟဲ၊ မဆိုးဘူး။ ကြည့်ရတာက ငါအားစိုက်ခဲ့ရတာ အချည်းနှီး မဟုတ်တဲ့ပုံပဲ. အင်း၊ ဆေးလုံးတွေက တကယ်ကို သန့်စင်ဖို့ ခက်တာပါလား…”

ပြောရင်း ကျောက်စိမ်းပုလင်းထဲမှ ဆေးလုံးတစ်လုံးကို ထုတ်လိုက်ပြီး အသင်ပြင်ထားသည့် ကျောက်စိမ်းပုလင်းထဲသို့ ထည့်လိုက်လေသည်။

သူထုတ်ယူလိုက်သည့် ဆေးလုံးကို စစ်ဆေးကြည့်လိုက်ရာ ဆေးသွေးကြောပါသည့် ဆေးလုံးဖြစ်နေသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။

ဇုန်းအောင်သည် ဆေးသွေးကြောပါသော ဆေးလုံးများကိုသာ စိတ်ဝင်စားပြီး ကျန်ဆေးလုံးများကို လုံးဝ စိတ်မဝင်စားသည့်ပုံပင်။

ဇုန်းအောင်သည် ဆေးလုံးများကို စစ်ဆေးနေစဉ် ရန်ကိုင်သည် ဘေးကနေသာ တိတ်တိတ်လေး ရပ်နေခဲ့သည်။

ဆေးပုလင်းများကို စစ်ဆေးပြီးနောက် ဆေးသွေးကြောပါသော ဆေးလုံးများ ထည့်ထားသည့် ဆေးပုလင်းကို သူ့အင်္ကျီအိတ်ထဲသို့ ထည့်လိုက်ပြီး ရန်ကိုင်အား မျက်ခုံးပင့်ကြည့်လျက် အဓိပ္ပါယ်ပါပါ ရယ်သွမ်းသွေး၍ ပြောလိုက်သည် “လတ်စသတ်တော့ ငါ့ဆေးဥယျာဉ်ရဲ့ လျှို့ဝှက်ချက်တွေကို ခိုးယူဖို့ ကြိုးစားခဲ့တဲ့ မင်းဖြစ်နေတာကိုး”

ရန်ကိုင် ရှက်သွားခဲ့ပြီး အားတုန့်အားနာဖြင့်သာ ပြန်ပြောလိုက်သည် “ဂျူနီယာ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ဒီနေရာကို ရောက်လာခဲ့မိပါတယ်။ အဲ့တုန်းက ဆေးဥယျာဉ်ရဲ့ ဆန်းကြယ်မှုကြောင့် သိချင်စိတ်ဖြစ်မိတာနဲ့ ရက်နည်းနည်းလောက် ထိုင်ပြီး လေ့လာလိုက်မိပါတယ်။ စီနီယာကို အပြစ်ပြုမိသွားသလို ဖြစ်သွားခဲ့ရင် အနူးအညွှတ် တောင်းပန်ပါတယ်”

ဘာကြောင့်ပဲဖြစ်ပါစေ၊ အခြားပညာရှင်တစ်ယောက်၏ လျှို့ဝှက်ချက်ကို ခိုးယူခြင်းသည် မလုပ်အပ်သည့်ကိစ္စတစ်ခု ဖြစ်သည်။ ထိုကိစ္စတွင် သူမှားမှန်း ရန်ကိုင်သိသည်။

ထိုစဉ်က ဆေးဥယျာဉ်ကိုသာ လေ့လာချင်စိတ်များနေပြီး အခြား ဘာကိုမှ သေချာမစဉ်းစားမိခဲ့ချေ။ သို့သော်လည်း ပိုင်ရှင်က ထိုအကြောင်းကို ပြောနေပြီဖြစ်လေရာ ရန်ကိုင် အနေဖြင့် မည်ကဲ့သို့ ခုခံချေပနိုင်မည်နည်း။

“အင်း” ရန်ကိုင်၏ ရိုးသားမှုကြောင့် ဇုန်းအောင် ကျေနပ်သွားသည်။ ထိုင်ခုံပေါ်မှထ၍ ရယ်ရယ်မောမောဖြင့် “မေ့လိုက်တော့။ အဲ့ဒါက ဘာမှဒီလောက်ကြီး မဟုတ်ဘူး။ ဒီနေ့ ငါဆေးဖော်စပ်တာ ရလဒ်ကောင်းတွေ ရနေတာရယ်၊ မင်းကလည်း ဆေးပညာရှင် တစ်ယောက် ဖြစ်တာရယ်ကြောင့် အဲ့ကိစ္စကို ငါလျော်ပေးလိုက်မယ်”

“မင်းမိသားစုရဲ့ သခင်မလေး ဘာဖြစ်လို့လဲ”

ဇုန်းအောင်က မေးလိုက်သည်။

ရန်ကိုင်၏ အမူအရာ လေးနက်သွားခဲ့ပြီး “သတိလစ်နေတာ။ အသက်စွမ်းအင်ကလည်း အေးခဲနေတယ်။ အသိစိတ်ကလည်း ပြန့်ကျဲကုန်ပြီ။ နာမ်ဝိဥာဉ်ကလည်း ဘယ်ရောက်လို့ ရောက်နေမှန်း မသိဘူး”

“သူ့အသိစိတ်ပင်လယ်ထဲ မင်းဝင်ကြည့်ခဲ့တာလား” ဇုန်းအောင်က ရန်ကိုင်အား အံ့ဩတကြီး ကြည့်လိုက်သည်။

ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။

ဇုန်းအောင်က ရုတ်တရက် ထူးထူးဆန်းဆန်း ရယ်မောလျက် “ကြည့်ရတာ ဒီမိန်းကလေးနဲ့ မင်းကြားက ဆက်ဆံရေးက မရိုးရှင်းဘူးနဲ့တူတယ်”

ပြောပြီးသည်နှင့် ‘ငါသိနေပါတယ်’ ဆိုသောအပြုံးဖြင့် ရန်ကိုင်အား ကြည့်လို်ကသည်။

တစ်ယောက်နှင့်တစ်ယောက် အလွန်ကို ရင်းနှီးနေသည့် လူများသာ အခြားတစ်ယောက်၏ အသိစိတ်ပင်လယ်ထဲ ဝင်ကြည့်ကြသည်။ ရန်ကိုင်သည် ရွှယ့်ယွယ်၏ သက်တော်စောင့်ဆိုပါက ထိုကဲ့သို့ လုပ်လိမ့်မည် မဟုတ်ချေ။

ဇုန်းအောင်သည် နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်လာသည့် လူအိုကြီးတစ်ယောက် ဖြစ်လေရာ ထိုအချက်ကို မည်ကဲ့သို့ နားမလည်ဘဲ နေမည်နည်း။

ရန်ကိုင်သည် ငြင်းဆန်နေခင်းမပြုဘဲ လိုရှင်းကိုသာ ပြောလိုက်သည် “စီနီယာ ကူညီပေးဖို့ ကျုပ်တောင်းဆိုပါတယ်”

ဇုန်းအောင်က သွားပေါ်အောင် ပြုံး၍ မေးလိုက်သည် “ဟလိခ ကိုယ်တိုင်တောင် ရောက်လာတယ်ဆိုတော့ ဒီမိန်းကလေးရဲ့ အဆင့်အတန်းက မနိမ့်လောက်ဘူး။ မိုးရေစင်ကြယ်ပေါ်က အခြားဆေးပညာရှင်တွေကော ဘာမှ မလုပ်နိုင်ဘူးလား”

“သူတို့ကိုလည်း အကူအညီ တောင်းကြည့်တာပဲ။ ဒါပေမယ့် ဘာမှ မတတ်နိုင်ဘူးတဲ့”

“ဆေးပညာကလွဲပြီး ဘာမှမသိတဲ့ အမှိုက်တစ်သိုက်ပဲ” ဇုန်းအောင်က ချိုးချိုးဖဲ့ဖဲ့ ပြောပစ်လိုက်ပြီးနောက် ရန်ကိုင်ဆီ လျှောက်သွားလိုက်ကာ ရွှယ့်ယွယ်၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးမှေးစဉ်းသွားသည်။

ကျန်းအောင်သည် တစ်ခုခုကို ရှာတွေ့သွားသည့်ပမာ သူ၏ ကောင်းကင်စိတ်အာရုံအစွမ်းအား မြှင့်တင်လိုက်သည်ကို ရန်ကိုင် အသေအချာ သတိပြုမိလိုက်သည်။ ထိုအချက်ကို သတိပြုမိလိုက်သည့်အခါ ရန်ကိုင် အသက်ပင် ကောင်းကောင်း မရှူနိုင်တော့ဘဲ စိုးရိမ်တကြီးဖြင့် စောင့်နေလိုက်လေသည်။

ခဏအကြာ ဇုန်းအောင် စိတ်လှုပ်ရှားခဲ့သည်။ သူ့မျက်လုံးများ ပြူးကျယ်သထက် ပြူးကျယ်လာပြီး နောက်ဆုံးတွင် ရန်ကိုင်ကို မေးလိုက်သည် “ဒီမိန်းကလေးက ယင်နေကြာရေစဉ်ကြောင့် ဒဏ်ရာရထားတာလား”

သူ့လေသံသည် မရေရာမှုတို့ဖြင့် ပြည့်နေခဲ့သည်။ ရွယ့်ယွယ် ယင်နေကြာရေစဉ် ဒဏ်ရာရထားသည့်အချက်ပေါ် သိပ်မသေချာ ဖြစ်နေသည့်ပုံပင်။

သို့တိုင် ထိုလူအိုကြီးကို ရန်ကိုင် လေးစားမိသွားသည်။ အခြား ဆေးပညာရှင်များသည် ရွှယ့်ယွယ်အား သေသေချာချာ စစ်ဆေး ကြည့်ကြသော်လည်း ထိုအချက်ကို ရှာမတွေ့ခဲ့ချေ။ သို့သော် ဇုန်းအောင်သည် တစ်ချက်သာ စစ်ဆေးကြည့်လိုက်ပြီးနောက် ပြဿနာအရင်းအမြစ်ကို ရှာတွေ့သွားသည်။ ရန်ကိုင်လည်း လိမ်ညာပြောမနေဘဲ အမှန်အတိုင်း ဝန်ခံလိုက်သည် “ဟုတ်တယ်”

“တကယ်ကြီး ယင်နေကြာရေစဉ်လား” ဇုန်းအောင် ထအော်လေသည်။

“ဟုတ်တယ်။ ယင်နေကြာရေစဉ်ပဲ”

“ဟားဟားဟား” ဇုန်းအောင်က ပါးရေတွံ့နေသည့်မျက်နှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်နေသည်။ အားပါးတရ အော်ဟစ် ရယ်မောလိုက်ပြီးနောက် “ယင်နေကြာရေစဉ်ပဲ။ အဲ့ဒါ တကယ်ကြီး ဒီမှာပေါ်လာတာလား”

စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်ကနေပြီးနောက် ရုတ်တရက် ရန်ကိုင်၏ ပခုံးကို တင်းတင်းကြပ်ကြပ် ဖမ်းကိုင်လိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်လေသည် “ကောင်လေး၊ ယင်နေကြာရေစဉ်က ဘယ်မှာလဲ။ ငါ့ကို အဲ့ဒါရှိတဲ့ နေရာဆီ မြန်မြန်ခေါ်သွားပေးစမ်း”

“စီနီယာ၊ ကျေးဇူးပြုပြီး ကျုပ်မိသားစုက သခင်မလေးကို ကုပေးပါ” ရန်ကိုင်က မလှဒပ်မယှတ်။

“မင်းငါနဲ့ လာညှိရဲတယ်လား” ကျန်းအောင်၏ အမူအရာ အေးစက်သွားခဲ့သည်။ ရန်ကိုင်အား စူးစူးရဲရဲ စိုက်ကြည့်လျက် ခြိမ်းခြောက်လိုက်လေသည် “ငါမင်းကိုသတ်ချင်ရင် မင်းဘယ်လိုမှ မခုခံနိုင်တာကိုတောင် ငါနဲ့ လာညှိရဲတယ်လား”

“ကျုပ်ကိုခွင့်လွှတ်ပေးပါ စီနီယာ” ရန်ကိုင်သည် မလှုပ်မယှတ် ရပ်နေဆဲ။

ကျန်းအောင် အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး ရန်ကိုင်အား ထူးထူးဆန်းဆန်း စိုက်ကြည့်လိုက်သည်။ ခဏအကြာ၌ ယဲ့ယဲ့လေးပြုံးလျက် “မင်းသတ္တိက မသေးပါလား။ ငါ့တစ်ဘဝလုံး ဘယ်သူမှငါ့ကို အခုလိုမျိုး မပြောဖူးဘူး။ ကြည့်ရတာ ဒီမိန်းကလေးက မင်းအတွက် အရမ်း အရေးပါတယ်ထင်တယ်။ သူ့အသက်က မင်းအသက်လောက် တန်ဖိုးရှိလို့လား”

ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး ပြန်ပြောလိုက်သည် “သူသေရင် ကျုပ်လည်း သေမှာ”

သူလိမ်ပြောနေခြင်းမဟုတ်။ အမှန်အတိုင်း ပြောနေခြင်းဖြစ်သည်။

ဇုန်းအောင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ခဏလောက် စဉ်းပြီးနောက် ခေါင်းညိတ်လိုက်သည် “ကောင်းပြီလေ၊ ငါ့နောက်လိုက်ခဲ့”

ပြောပြီးသည်နှင့် ရန်ကိုင်အား နန်းတော်ထဲရှိ အခြားအခန်း တစ်ခန်းဆီသို့ ခေါ်သွားလေသည်။

ခဏအကြာ၌ ရန်ကိုင်နှင့် ဇုန်းအောင် အခန်းတစ်ခန်းရှေ့သို့ ရောက်လာခဲ့သည်။ ရွှယ့်ယွယ်အား ကုတင်ပေါ် တင်ပြီးသည်နှင့် ဇုန်းအောင် အညိုရောင်ဆေးလုံးတစ်လုံးကို ထုတ်ပေးလိုက်သည် “သူ့ကိုကျွေးလိုက်”

ရန်ကိုင်၏ ရွှယ့်ယွယ်၏ ပါးလေးကိုညစ်၍ ပါးစပ်ကိုပွင့်အောင် လုပ်ကာ သူမပါးစပ်ထဲသို့ ဆေးလုံး ပစ်ထည့်လိုက်ရန် လုပ်လိုက်သည်။

ထိုအခြင်းအရာကိုမြင်သော် ဇုန်းအောင်က “ဝါးပြီးကျွေးလိုက်။ အခု သူ့စွမ်းအားကို လှည့်ပတ်လို့မရတော့ ဆေးအာနိသင်ကို ချေဖျက်နိုင်မှာ မဟုတ်ဘူး”

ရန်ကိုင် ဇုန်းအောင်အား အံ့ဩတကြီး စိုက်ကြည့်လိုက်သည်။

ဇုန်းအောင်က ညစ်ကျယ်ကျယ်ရယ်လျက် “ရှက်နေတာလား။ အဲ့လိုဆိုရင် ငါအပြင်ခဏ ထွက်နေပေးမယ်”

“မလိုဘူး” ရန်ကိုင်က ခေါင်းခါလိုက်ပြီး ဆေးလုံးကို ဝါးလိုက်သည်။ ထို့နောက် ရွှယ့်ယွယ်အား နှုတ်ခမ်းချင်းတေ့ကာ ကျွေးလိုက်သည်။

ရွှယ့်ယွယ်၏ တစ်ကိုယ်လုံးကို ထိကိုင်ပြီးသွားပြီ ဖြစ်လေရာ အနမ်းပေးခြင်းကို ဘာကြောင့် ရှက်နေရမည်နည်း။

ရွှယ့်ယွယ်၏ နီစွေးစွေး နှုတ်ခမ်လေးများသည် အေးစက်သော်ငြား အိစက်ပျော့ပျောင်းလှသည်။

ဆေးတိုက်ပြီးနောက် ဇုန်းအောင်က ပြောလိုက်သည် “ဘေးဖယ်နေ”

ပြောပြီးနောက် တပွက်ပွက် ဆူနေသည့် စိမ်းပြာရောင်အရည်တို့ ထည့်ထားသည့် ကရာလေး တစ်လုံးကို ကိုင်လျက် ရန်ကိုင်အား တွန်းထုတ်ပြီး ရွှယ့်ယွယ်ဆီသို့ လျှောက်သွားလိုက်သည်။

ထိုအရည်ဘာအရည်မှန်း ရန်ကိုင် မသိချေ။

သို့သော်လည်း ဇုန်းအောင်၏ ယုံကြည်ချက်ရှိသည့် အမူအရာကို မြင်သော် ရန်ကိုင်လည်း ဘာမှ မေးမနေတော့ဘဲ ဘေးတွင်သာ ရပ်နေလိုက်သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၀၆၀) အပေးအယူ

ကျန်းအောင်သည် သူ့လက်ကို စောင်းလိုက်ရာ ကရားထဲမှ စိမ်းမြရောင် အရည်များသည် အသိစိတ် ရှိနေသည့်အလား ရွှယ့်ယွယ်၏ ကိုယ်ထဲသို့ တစ်စက်ချင်း စိမ့်ဝင်သွားကြသည်။

ဖြူလျော်နေသော ရွှယ့်ယွယ်၏ အသားအရေ တဖြည်းဖြည်း နှင်းဆီရောင် သန်းလာခဲ့သည်။ သူမ၏ နှလုံးခုန်သံဟာလည်း ယခင်ထက် ပိုကျယ်လာခဲ့သည်။ ရန်ကိုင်သည် ထိုမြင်ကွင်းကို သေချာ စိုက်ကြည့်နေခဲ့သည်။ ယခုမှပဲ သူစိတ်အေးနိုင်တော့သည်။

ဇုန်းအောင်သည် တကယ်ကိုတော်ကြီး ဆရာကြီးပင်။ စိမ်းမြရောင် အရည်အားလုံးကို ရွှယ့်ယွယ်မှ စုပ်ယူလိုက်ပြီးနောက် ဇုန်းအောင်၏ မျက်နှာ မဲ့သွားခဲ့သည်။ ထိုစိမ်းမြရောင်အရည်များသည် ဇုန်းအောင်အတွက် အတော်လေးကိုမှ တန်ဖိုးကြီးသည့်ပုံပင်။

“စီနီယာ၊ သူ့ကို ကုလို့ပြီးသွားပြီလား” ရန်ကိုင်က အံ့အားသင့်တကြီး မေးလိုက်သည်။

“ကုပြီးသွားပြီ၊ ဟုတ်လား” ဇုန်းအောင်က ရန်ကိုင်အား စောင့်ငဲ့ ကြည့်လိုက်ပြီး လှောင်ပြောင်ပြောဆိုလိုက်သည် “ဒီလောက်နဲ့ သူ့ကို ကုလို့ရမယ်ဆိုရင် ယင်နေကြာရေစဉ်ရဲ့ အစွမ်းကို မင်းအရမ်း အထင်သေးနေတာပဲ။ ယင်နေကြာရေစဉ်ဆိုတာ အရမ်းအရမ်းကို အဖိုးတန်ပေမယ့် အဲ့ဒါရဲ့ အဖျက်စွမ်းအားကလည်း ပေါ့သေးသေး မဟုတ်ဘူး။ သာမန်လူတစ်ယောက်သာ အဲ့ဒါကို သွားထိလိုက်ရင် နေရာမှာတင် ပွဲချင်းပြီးသေသွားမှာ။ တန်ခိုးရှင်အဆင့်တွေတောင် ယင်နေကြာရေစဉ်ရဲ့ အစွမ်းကို ခုခံနိုင်တာ မဟုတ်ဘူး။ ဒီကောင်မလေးရဲ့ ခန္ဓာကိုယ်က ပုံမှန်မတူ ထူးခြားနေတာရယ်၊ သူဝတ်ဆင်ထားတဲ့ မှော်ရတနာတွေက အတော်လေးကိုမှ အဆင့် မြင့်နေတာကြောင့်သာ မဟုတ်ရင် သူသွားပြီပဲ…”

“အဲ့ဒါဆို အခုက…”

“သူ့အသက်ကို နောက်ထပ် တစ်နှစ်ခွဲလောက်ပဲ ဆွဲဆန့်ထားတာ”

“တစ်နှစ်ခွဲကြာသွားရင်ရော” ရန်ကိုင်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“အဲ့ဒါတော့ မသေချာဘူး” ဇုန်းအောင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည် “လိုအပ်တဲ့ ဆေးလုံးကို ဖော်စပ်နိုင်မယ် ဆိုရင်တော့ သူ့ကို ကုသပေးနိုင်လိမ့်မယ်။ မဟုတ်ရင်တော့… သူ့အလောင်းကို ကောက်ဖို့သာ ပြင်ထားပေတော့”

ရန်ကိုင်၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး လေးလေးစားစားဖြင့် ချက်ချင်း လက်သီးဆုပ်လိုက်ကာ “စီနီယာက တကယ်ကို ကြင်နာသဘောကောင်းတဲ့လူပါ။ ကျေးဇူးပြုပြီးတော့ ကျုပ်ကို လမ်းပြပေးပါဦး”

“ငါက ကြင်နာသဘောကောင်းတဲ့လူ ဟုတ်လား” ကျန်းအောင် မျက်မှောင်ကြုတ်သွားပြီး ထရယ်ကာ “ငါက မင်ပြောသလို သဘောကောင်းတဲ့လူ မဟုတ်ဘူးကွ။ ငါသူ့အခြေအနေကို တည်ငြိမ်သွားအောင် လုပ်ပေးပြီးသွားပြီဆိုတော့ အခု မင်းဘက်က ပြန်ပေးရမယ့်အချိန်ပဲ။ ယင်နေကြာရေစဉ် ဘယ်မှာရှိလဲ ငါ့ကို ပြောပြမယ်ဆိုရင် ငါမင်းကို နည်းနည်းပါးပါးလောက် ထပ်ပြီး လမ်းညွှန်ပေးလို့ရတယ်”

ရန်ကိုင်သည် တစ်ချက်ကလေးပင် ထပ်မစဉ်းစားတော့ဘဲ ချက်ချင်း ခေါင်းညိတ်လိုက်သည် “ကျုပ်ပြောပြလို့ရတယ်”

ဟလိခ၊ လင်းမူဖုန်းနှင့် အခြားခေါင်းဆောင်များသည် ယင်နေကြာရေစဉ် အကြောင်းကို ဖုံးကွယ်ထားချင်ကြသည်။ သို့သော် သူ့အတွက် ရွှယ့်ယွယ်၏ အသက်ကို ကယ်တင်ရန် အရေးအကြီးဆုံး ဖြစ်ပေသည်။

ဇုန်းအောင်က ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်သည် “ငါ့ကို ယင်နေကြာရေစဉ် ရှိတဲ့နေရာဆီ ခေါ်သွားပေးမယ်ဆိုရင် သူ့ကို ဘယ်လိုကယ်နိုင်လဲဆိုတာ ငါမင်းကိုပြောပြမယ်”

“ကောင်းပြီလေ” ရန်ကိုင်က ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပြီး ထပ်ပေါင်းပြောလိုက်သည် “ဒါပေမယ့် အဲ့နေရာကို ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းက ကျင့်ကြံသူတွေ စောင့်ကြပ်နေတာ။ ဟလိခနဲ့ လင်းမူဖုန်းတို့က စီနီယာကို ဝင်ခွင့်ပေးမှာမဟုတ်ဘူး”

“သူတို့ လုပ်ရဲလား။ ငါသွားချင်တာကို သူတို့ထဲက ဘယ်သူ တားရဲမလဲ ငါမြင်ချင်သေးတယ်” ဇုန်းအောင်က နှာခေါင်းရှုံ့လိုက်ပြီး “သူတို့က ပြဿနာမရှိဘူး။ အကျိုးအမြတ်လေး နည်းနည်းလောက် ပေးလိုက်ရင် ပြီးသွားပြီ”

ဇုန်းအောင်သည် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းနှင့် အရမ်းကြီး ပြဿနာ မဖြစ်ချင်သည့်ပုံပင်။ တကယ်တော့ ယင်ဆန်းကြယ်ရေစဉ်သည် အလွန်ကိုမှ အဖိုးတန်းလှသည်။ ဇုန်းအောင်သည်သာ ထိုအရာကို ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှလုပြီး တစ်ကိုယ်တည်း မောင်ပိုင်စီးမည်ဆိုပါက ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ လက်တုန်းပြန်ခြင်း ခံရပေလိမ့်မည်။

တစ်ခါတစ်ခါ မိမိဘက်မှ တစ်လှမ်း ဆုတ်ပေးလိုက်လိုလည်း အကျိုးမယုတ်ပါချေ။

“ဒါပေမယ့် အရင်ဆုံး ငါတစ်နေရာသွားစရာရှိသေးတယ်။ ယင်နေကြာရေစဉ်ကို အထူးပြုလုပ်ထားတဲ့ ပစ္စည်းနဲ့ပဲ သိုလှောင်လို့ရတာ။ တွေ့ကရာပစ္စည်းနဲ့ သိုလှောင်လို့ရတာ မဟုတ်ဘူး” ထိုသို့ ပြောလိုက်ပြီးနောက် ရန်ကိုင်ဘက်သို့ လှည့်၍ ဆက်ပြောလိုက်သည် “ကောင်လေး၊ မင်းဒီမှာစောင့်နေ။ လဝက်အတွင်း ငါပြန်လာမယ်။ ငါပြန်လာတာနဲ့ ချက်ချင်း တန်းထွက်မှာနော်”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် ဇုန်းအောင်သည် အပိုစကားတစ်ခွန်းပင် မပြောတော့ဘဲ ချက်ချင်း ပျံသန်းထွက်သွားလေသည်။

အထူးပြုလုပ်ထားသည့် ပစ္စည်းကို လိုသည်ဆိုသည့်အတွက်ကြောင့် မှော်ရတနာသန့်စင်သူ တစ်ယောက်ကို ဇုန်းအောင် သွားရှာခြင်း ဖြစ်မှန်း ရန်ကိုင် သိလိုက်သည်။

မှော်ရတနာသန့်စင်သူများသည် ဆေးပညာရှင်များကဲ့သို့ပင် အဆင့်အတန်းမြင့်မားလှပြီး အလွန်ကိုမှ ရှားပါလှသည်။ အဆင့်မြင့် ဆေးပညာရှင်များနှင့် မှော်ရတနာသန့်စင်သူများကို အင်အားစုကြီးတိုင်းက လိုချင်ကြသည်။

ထို့ကြောင့် ဇုန်းအောင်ကဲ့သို့ လူတစ်ယောက်သည် အဆင့်မြင့် မှော်ရတနာသန့်စင်သူများနှင့် သိကျွမ်းနေသည်မှာ အထူးအဆန်း မဟုတ်ချေ။

ဇုန်းအောင် ထွက်သွားသည့်အခါ အပြင်ဘက်မှ ဟလိခ၏အသံ ထွက်ပေါ်လာခဲ့သည် “ညီငယ်လေး၊ ညီငယ်လေး”

ဟလိခ ထွက်မသွားသေးချေ။ ဇုန်းအောင် ထွက်သွားသဖြင့် ရဲဆေးတင်ပြီး ဤနေရာသို့ လာခဲ့ခြင်းဖြစ်သည်။

ရန်ကိုင်လည်း နန်းတော်ထဲမှ လမ်းလျှောက်သွားပြီး ဖြစ်ကြောင်း ကုန်စင်ကို ရှင်းပြလိုက်သည်။ ဇုန်းအောင်သည် ယင်နေကြာရေစဉ်ကို မျက်စောင်းထိုးနေမှန်း သိလိုက်သည့်နောက် ဟလိခ၏ အမူအရာ သုန်မှုန်သွားခဲ့ပြီး ဇုန်းအောင်နှင့် မည်ကဲ့သို့ ရင်ဆိုင်ရမလဲတွေးရင်း ထိတ်လန့်မိလာသည်။

ယခုကိစ္စကို ပင်မကြယ်ဆီသို့ မတင်ပြရဲသေးချေ။ တတိယ သခင်လေး ရွှယ့်ယွယ်၏ မိန်းကလေးသည် သတိလစ်နေတုန်းပင်။ သူမ၏ သေခြင်း၊ ရှင်ခြင်းမှာလည်း မသေချာ၊ မရေရာလေရာ ယခုကိစ္စကို တတ်နိုင်သမျှ ဖုံးကွယ်ထားရပေမည်။ ထို့ကြောင့် ပင်မကြယ်ဆီသို့ ဘယ်လိုလုပ်ပြီး ပြန်တင်ပြရဲမည်နည်း။

ဟလိခသည် ရန်ကိုင်မှ ယင်နေကြာရေစဉ်အကြောင်း ထုတ်ပြောလိုက်သည့်အပေါ် သူ့အား အပြစ်မတင်ခဲ့။ သက်ပြင်းချ၍သာ “ဆရာကြီးဇုန်းအောင်မှာ မိန်းကလေးရွယ့်အာကို ကယ်တင်ပေးနိုင်တဲ့ နည်းလမ်းရှိတယ်ဆိုမှတော့ ညီငယ်လေး ဒီမှာနေပြီး သူပြန်လာမှာကို စောင့်နေသင့်တယ်။ ငါကတော့ အဖွဲ့ခွဲဆီအရင်ပြီး ဒီကိစ္စကို ဘယ်လိုလုပ်မလဲ ဆိုတာကို လင်းမူဖုန်းနဲ့ တိုင်ပင်လိုက်ဦးမယ်”

ပြောပြီးသည်နှင့် ခပ်မြန်မြန် ထွက်သွားလေသည်။

ရန်ကိုင်သည် အခန်းထဲသို့ ပြန်သွားလိုက်ပြီး ရွှယ့်ယွယ်ဘေးတွင် ထိုင်ကာ အိပ်စက်နေသော အလှနတ်သမီးလေးအား စိုက်ကြည့်လိုက်သည်။

ဤအလွန်တရာကိုမှ ရင်သက်ရှူမောဖွယ်ကောင်းလှသော မြင်သူတကာ ငေးမောရလောက်သည့် မိန်းကလေးသည် ကုတင်ထက်ဝယ် အိပ်စက်လဲလျောင်း မိန်းမောနေခဲ့လေသည်။ ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး လက်ကို ဆန့်ထုတ်ကာ သူမ၏ ရင်ဘတ်ကို ပယ်ပယ်နယ်နယ် ဆုပ်ကိုင်ပစ်လိုက်သည်။

ယခုတစ်ကြိမ် သူမကြောင့် သူဒုက္ခကောင်းကောင်းရခဲ့သည်ဟု ထင်သည်။ ဝိဥာဉ်ချိန်းကြိုးကြောင့်သာ မဟုတ်လျှင် သူမအသက်ကို ကယ်တင်ရန် အတွက်နှင့် ယခုကဲ့သို့ ဒုက္ခခံနေစရာ မလိုချေ။

သူစိတ်ချဉ်အပေါက်ရဆုံး ကိစ္စသည်ကား ယခုတစ်ကြိမ်တွင် ရွှယ့်ယွယ်အား ကယ်လိုက်နိုင်သည့်တိုင်၊ ဝိဥာဉ်ချိန်းကြိုးကို ပြန်ဖြေပြီးသည်နှင့် သူ့အပေါ် သူမ၏ သဘောထား မည်ကဲ့သို့ ရှိမလဲဆိုသည်ကို မသိရခြင်းပင်။ ရှက်ရှက်နှင့် ဒေါသထွက်ပြီး နောင်နှစ်ပေါင်း တစ်သောင်းတိုင်တိုင် သူ့အား အမဲလိုက်ရန် ကြိုးစာမည်လား။

ထိုကဲ့သို့သော မှန်းဆမရသည့် အတိတ်နိမိတ်မကောင်းသော အနာဂတ်အကြောင်း တွေးပူရခြင်းသည် ရန်ကိုင်အား အလွန်ကိုမှ စိတ်အနှောင့်အယှတ် ဖြစ်စေသည်။

သို့သော်လည်း ကြယ်သေပေါ်တွင် ရှိစဉ်က မလုပ်မဖြစ်သည့် အတွက်ကြောင့် ဝိဥာဉ်ချိန်းကြိုးဖြင့် သူတို့နှစ်ယောက်၏ အသက်ကို ချိတ်ဆက်ခဲ့ရသည်။

ရန်ကိုင် အရမ်းကိုမှ စိတ်ညစ်နေခဲ့သည်။ ခံရသည့်လူမှာ သူချည်း ဖြစ်သည်ဟု ခံစားနေရသည်။ သူဘက်ကချည်းပဲ ခံနေရသဖြင့် နည်းနည်းလောက် အမြတ်ပြန်မရသရွေ့ အေးအေးဆေးဆေး နေနိုင်မည်မဟုတ်ချေ။

ဇုန်းအောင် လဝက်လောက် သူ့နန်းတော်မှ ထွက်သွားခဲ့ပြီး ရန်ကိုင်သည် သူ့နန်းတော်တွင် စောင့်နေခဲ့ရသည်။ ရွှယ့်ယွယ်သည် သတိလစ်နေသဖြင့် သူမအား ပြုစုပေးနေစရာ မလိုချေ။ ထို့ကြောင့် ဇုန်းအောင်၏ ဆေးဖော်စပ်ကို ပတ်မွှေရှာဖွေစူးစမ်းတော့သည်။

များလှစွာသော မီးဖိုအကြီးအသေးများထဲ၊ စိတ်ဝိဥာဉ်အစီအရင် များစွာ ရှိနေခဲ့သည်။ ထိုစိတ်ဝိဥာဉ်အစီအရင်များသည် အပြင်တွင် တွေ့ခဲ့သည် စိတ်ဝိဥာဉ်အစီအရင်များနှင့် မတူဘဲ ယခု သူမြင်နေရသည့် စိတ်ဝိဥာဉ်အစီအရင်များသည် တစ်ခုနှင့်တစ်ခု ပဋိပက္ခဖြစ်ခြင်း မရှိဘဲ ပြီးပြည့်စုံစွာ ပေါင်းစပ်နေကြသည်။

ရန်ကိုင်သည် ထိုစိတ်ဝိဥာဉ်အစီအရင်များကို စိတ်ကြိုက် လေ့လာနေရင်း မှတ်သားနေခဲ့သည်။ နန်းတော်ထဲတွင် ရှေးဟောင်းစာအုပ်များစွာ ထားရှိသည့် နေရာတစ်နေရာ ရှိသည်။ တစ်နေ့ အားလပ်နေစဉ်တွင် ထိုစာအုပ်ကို သွားလှန်လှော၊ မွှေနှောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း ထိုစာအုပ်ပုံထဲ စိတ်ဝင်စားစရာကောင်းသည့် အရာများစွာ ရှိနေသည်ကို ချက်ချင်း တွေ့ရှိလိုက်ရသည်။ စာအုပ်ပုံထဲတွင် သူမမြင်ဖူးသော ဆေးအညွှန်းများစွာပါသည့် စာအုပ်များ ရှိနေခဲ့သည်။ ရန်ကိုင်လည်း စိတ်ဝင်စားစားဖြင့် ထိုင်ဖတ်နေလိုက်ရာ အချိန်စီးဆင်းမှုကိုပင် မေ့လျော့သွားတော့၏။

သူသိထားသည့် ဆေးညွှန်းများသည် ထုန်းရွှမ်လောကကြီးမှ ဖြစ်သည်။ ကြယ်စီရင်စုထဲသို့ ရောက်လာပြီးနောက် တစ်ခါမှ မကြားဖူးသည့် ဆေးပင်များ၊ ဆေးလုံးများကို ကြားခဲ့ရသည်။ ထို့အပြင် ဆေးလုံးနှင့် ဆေးပင်များ၏ အဆင့်မှာလည်း ယခင်ထက် ပိုမြင့်လာခဲ့သည်။

ထိုပုံထပ်နေသော ဆေးညွှန်းများသည် သူလိုအပ်နေသည့် အရာများ ဖြစ်ပေသည်။ ထိုအရာများကိုသာ မှတ်သားနိုင်ပါက သူ၏ ဆေးပညာ အရည်အချင်းသည်လည်း တိုးတက်လာနိုင်ပေသည်။

လဝက်သည် ရန်ကိုင် သတိမပြုမိလိုက်သည့် အချိန်မှာပဲ ကုန်ဆုံးသွားခဲ့သည်။

တစ်နေ့၊ ဇုန်းအောင်၏ အရှိန်အဝါ နန်းတော်ရှေ့တွင် ပေါ်လာခဲ့သည်။ ရောက်လာခဲ့သည့် စာအုပ်ပုံရှိနေသည့် နေရာဆီသို့ တန်းသွားလိုက်သည်။ အမျိုးမျိုးသော ဆေးအမယ်များအား လှန်လှောကြည့်နေသည့် ရန်ကိုင်ကို မြင်သော်လည်း စိတ်ထဲ မထားဘဲ အော်၍သာ ခေါ်လိုက်သည် “ကောင်လေး၊ သွားကြမယ်။ ငါ့ကို ယင်နေကြာရေစင် ရှိတဲ့နေရာဆီ ခေါ်သွားပေးပေတော့။ ယင်နေကြာရေစဉ်ကို စုဆောင်းပြီးသွားရင် အဲ့ဒါတွေကို မင်းစိတ်ကြိုက် ဖတ်ချင်သလောက် ဖတ်လို့ရတယ်”

“ကောင်းပါပြီ” ရန်ကိုင်က ဖတ်လက်စ ရှေးဟောင်းစာအုပ်ကို ချလိုက်ပြီး မတ်တပ်ရပ်ကာ ဇုန်းအောင်ဆီ လျှောက်သွားလိုက်၏။

“ကျုပ်သခင်မလေးကို ဒီမှာထားခဲ့လို့ အဆင်ပြေပါ့မလား” ရန်ကိုင်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“မပြေဘဲ နေမလားဟ” ဇုန်းအောင်က ပြုံးဖြီးလျက် “ငါနေတဲ့ နန်းတော်ဆီ ဘယ်သူမှ ကပ်လာရဲတာမဟုတ်ဘူး။ ဘယ်သူမှလည်း မလာနိုင်ဘူး။ တန်ခိုးရှင်အဆင့်တွေသာ အတူပူပေါင်းပြီး မလုပ်သရွေ့ပေါ့။ ဒီမိုးရေစင်ကြယ်မှာ ဘယ်သူမှ ငါ့ကို ရန်စမရဲဘူး။ မင်းစိတ်ချထားလို့ရတယ်။ ဒီနေရာက မိုးရေစင်ကြယ်မှာ အလုံခြုံဆုံးနေရာပဲ”

သူ့လေသံသည် မောက်မာသည်။ သို့သော် ဇုန်းအောင် လေကျယ်နေသည်ဟု ရန်ကိုင်မထင်။ သူထိုကဲ့သို့ ပြောခြင်းသည် သူ့တွင် ယုံကြည်ချက်အပြည့် ရှိသောကြောင့်ပင် ဖြစ်သည်။

ဤသို့ဖြင့် နှစ်ယောက်သာ ကြယ်လွန်းပျံကိုယ်စီကို ထုတ်ကာ မိုင်းတွင်းရှိရာဘက်ဆီ ပျံသန်းသွားလေသည်။

နေ့တစ်ဝက်ကြာပြီးနောက် မိုင်းတွင်ရှိရာဆီသို့ ရန်ကိုင်နှင့် ဇုန်းအောင် ရောက်လာခဲ့သည်။

အောက်ဘက်တွင် သူတို့အား စောင့်နေသည့် ဟလိခ၊ လင်းဖူဖုန်း၊ သက်လတ်ပိုင်းအမျိုးသမီး အပါအဝင် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ အခြားအဖွဲ့သားများ ရှိနေခဲ့သည်။

“ကောင်စုတ်လေးတွေ” ဇုန်းအောင်သည် ထိုလူများကို မြင်သည်နှင့် မကျေမနပ်ဖြင့် အော်ဟစ်ကြိမ်းမောင်းလိုက်သည်။

ကျန်းအောင်ကို မြင်လိုက်သည်နှင့် အကုန်လုံး၏ အမူအရာ လေးနက်သွားခဲ့ကြသည်။ တစ်ယောက်တစ်ပေါက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် အကုန်လုံး ပြိုင်တူ ရှေ့တက်လိုက်ကြသည်။

“ဆရာကြီးကို နှုတ်ဆက်ပါတယ်”

ဇုန်းအောင်နှင့် ရန်ကိုင်တို့ မြေပြင်ပေါ်သို့ အလျင်အမြန် ဆင်းသက်လိုက်ပြီး ဟလိခနှင့် အခြားသူများသည် ဇုန်းအောင်ကို လေးလေးစားစား ဦးညွှတ်လိုက်သည်။

“အင်း” ဇုန်းအောင်က ထူးမခြားနားဟန်ဖြင့်သာ ခေါင်းညိတ်သည်။

“ဆရာကြီးက မိန်းကလေးရွှယ့်အာကို ကယ်ပေးခဲ့တယ်ဆို။ အဲ့အတွက် ဒီဟက တကယ်ကို အရမ်း ကျေးဇူးတင်ပါတယ်။ မိန်းကလေးရွှယ့်အာက ပင်မကြယ်က ဧည့်သည့်ဗျ။ သူသာ တစ်ခုခုဖြစ်သွားရင် ကျုပ်ကို ဒုက္ခကောင်းကောင်းရောက်မှာ။ မိန်းကလေးရွှယ့်အာကို ပစ်ပယ်မထားဘဲ ကယ်တင်ပေးခဲ့တဲ့ ဆရာကြီးရဲ့ ဂရုဏာတရားက တကယ်ကို အနှိုင်းမဲ့လှပါတယ်…” ဤသို့ဖြင့် ဟလိခသည် မပြီးနိုင်မစီးနိုင်သော ချီးကျူစကားများဖြင့် ဇုန်းအောင်ကို စတင် အမွှန်းတင်တော့လေသည်။

လင်းမူဖုန်းနှင့် သက်လတ်ပိုင်း အမျိုးသမီးတို့သည် ထိုအခြင်းအရာကို ကြည့်ရင်း အလွန်ကိုမှ စိတ်မသက်မသာ ဖြစ်နေခဲ့ကြသည်။

ရန်ကိုင်ပင်လျှင် ဟလိခကိုကြည့်ရင်း ကြက်သီးမွှေးညင်း ထသွားခဲ့သည်။ စိတ်ပျက်မှုတို့သည်လည်း သူ့မျက်နှာ အထင်းသား။ အဖွဲ့ခွဲ၏ ခေါင်းဆောင်ဖြစ်သည်ဆိုသော ဂုဏ်သိက္ခာကိုမှ မထောက်၊ ဤကဲ့သို့ လုပ်ရက်ပေသည်။

“အပိုတွေ တော်ပေတော့” ဇုန်းအောင်က သူ့လက်ကို ဝှေ့ရမ်း၍ ကြားဖြတ်ပြောလိုက်ပြီး နှာခေါင်းရှုံ့လိုက်သည် “ငါ့ကို လာပြီး ဖားယားမနေနဲ့။ ငါ့ကိုလာဖားနေလို့လည်း ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး”

ဟလိခ ရှက်သွားပြီး စကား ထပ်မပြောရဲတော့ချေ။

“ငါဒီနေ့ ဘာလို့ ဒီကိုလာလဲ ဆိုတာကို မင်းတို့အားလုံး သီပြီးပြီလို့ ငါထင်တယ်” ဇုန်းအောင်က စပြောလိုက်သည် “ငါ့ကိုလာတားဖို့ ကြိုးစားရင် မင်းတို့ကို မျက်နှာသာမပေးဘူးဆိုပြီး ငါ့ကို လာအပြစ်မတင်နဲ့နော်”

ဟလိခ၏ အမူအရာ ခါးသက်သွားခဲ့ပြီး အလျင်အမြန်ပဲ ပြောလိုက်လေသည် “ဆရာကြီး ဒီနေ့ ဒီကို ဘာလို့ ရောက်လာလဲ ဆိုတာကို ကျုပ်တို့ ကောင်းကောင်းနားလည်ာတပေါ့။ ဆရာကြီးက ကျုပ်တို့ မိုးရေစင်ကြယ်ဆီ လွန်ခဲ့တဲ့ နှစ်တစ်ရာကတည်းက ရောက်လာခဲ့တာ။ အဲ့နှစ်တစ်ရာလုံးလုံး ကျုပ်တို့အတွက် ဆေးလုံးတွေ ဖော်စပ်ပေးခဲ့တာ နည်းတာမဟုတ်ဘူး။ ဒါပေမယ့် ဘာမှ ပြန်မတောင်းဆိုခဲ့ဘူးလေ။ ဆရာကြီးရဲ့ လုပ်ရပ်ကြောင့် ခေါင်းဆောင် အိုင်အောင်တောင် ဆရာကြီးကို ဂုဏ်သရေအရှိဆုံး ဧည့်သည့်အဖြစ် သဘောထားဖို့ ကျုပ်တို့ကို ထပ်တလဲလဲ မှာကြားထားသေးတယ်။ ဆရာကြီး လိုချင်တာရှိရင် ဖြည့်ဆည်းပေးလိုက်တဲ့။ ဆရာကြီးကို ဘယ်တော့မှ ရန်စမနဲ့တဲ့”

ဇုန်းအောင်က နှာခေါင်းရှုံ့လိုက်ပြီး “မင်းနားလည်ရင်ပြီးရော”

ဟလိခက ဆက်ပြောသည် “အခြားဟာဆိုရင်တော့ ဆရာကြီးဆီ ချက်ချင်း ပေးလိုက်မှာ။ ဒါပေမယ့် ယင်နေကြာရေစဉ်ကလေ…”

“ဟန်” ဇုန်းအောင်၏ မျက်နှာ ရုတ်ချည်း အေးစက်သွားခဲ့သည်။

“ယင်နေကြာရေစဉ်က… ကျုပ်တို့ ဆုံးဖြတ်နိုင်တဲ့ ကိစ္စတစ်ခု မဟုတ်လို့ပါ ဆရာကြီးရာ” ဟလိခက ပြောလိုက်သည်။

“ဟုတ်တယ် ဆရာကြီးရဲ့။ ဒီအကြောင်းကိုသာ ပင်မယ်ကြယ်က သိသွားရင် ကျုပ်တို့ ကျိန်းသေ အပြစ်ပေးခံရမှာ။ ကျေးဇူးပြုပြီး နားလည်ပေးပါ ဆရာကြီးရာ” လင်းမူဖုန်းကလည်း ဝင်ပြောလိုက်သည်။

All Chapters