← Chapters

အခန်း (၁၀၆၁-၁၀၆၅)

Vol. 43 Ch. 1061-1065

အခန်း (၁၀၆၁-၁၀၆၅)

Vol. 43 Ch. 1061-1065

အပိုင်း(၁၀၆၁)

ဇုန်းအောင်သည် တန်ခိုးရှင်အဆင့်သို့ ရောက်နေပေပြီ။ သို့သော် သူသည် ဟလိခနှင့် လင်းမူဖုန်းတို့ထက် ပိုသန်မာသည်ဟု မဆိုလိုချေ။ နှစ်ပေါင်းမျးစွာကြာအောင် ဆေးပညာကိုသာ တစိုက်မတ်မတ် လေ့လာခဲ့သည့်အတွက် ဟလိခတို့ထက် အများကြီး ပိုအားနည်းလောက်သည်။ သို့သော်လည်း ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းအတွက် နှစ်ပေါင်းတစ်ရာတိုင်တိုင် အဆက်မပြတ် ဆေလုံးများ ဖော်စပ်ပေးခဲ့သည့်အတွက် သူ့အဆင့်အတန်းသည် ဂုဏ်သရေရှိဧည့်သည် တစ်ယောက်၏ အဆင့်အတန်းထက်ကို ကျော်လွန်နေခဲ့လေပြီ။ ခေါင်းဆောင် အိုင်အောင်သည်ပင် အမိန့်ပေးထားသည်ကို ကြည့်လျှင် မြင်နိုင်ပေသည်။

မိုးရေစင်ကြယ်တွင် အဆင့်အတန်း အမြင့်ဆုံးလူသည် ဇုန်းအောင် ဖြစ်သည်ဟု ပြောလျှင်ပင် မမှားချေ။

ထို့ကြောင့် ဇုန်းအောင်အား ထိုတန်ခိုးရှင်အဆင့် ကျင့်ကြံသူများ လေးလေးစားစား ဆက်ဆံနေခြင်းဖြစ်သည်။ သူ့အား နည်းနည်းလေးမှ မလေးမစား မလုပ်ရဲချေ။

ယင်နေကြာရေစင်ကို ဇုန်းအောင် လုယူတော့မည်မှန်း သိသည့်တိုင် သူ့အား အားသုံးပြီး မတားရဲခဲ့။ သနားညှာတာပေးရန် တောင်းဆိုရုံသာ တတ်နိုင်ခဲ့သည်။

ခေါင်းဆောင်သုံးယောက်သည် ဇုန်းအောင်အား အာညောင်းမတတ် အဆက်မပြတ် ဖြောင့်ဖြတောင်းဆိုခဲ့သည်။ သို့သော် ဇုန်းအောင်ကို ဒေါသထွက်အောင် လုပ်မိရုံသာ အဖတ်တင်ခဲ့သည်။ ဇုန်းအောင်လည်း ဒေါသထွက်လာပြီး အော်ဟစ်ဆဲဆိုသည့်အခါ အကုန်လုံးသည် ခါးသက်သက် အမူအရာများဖြင့် ငြိမ်ခံနေကြရ၏။

ထိုသုံးယောက်ကို အာညောင်းမတတ် ဆူပူပြီးနောက် ဇုန်းအောင်က လှောင်ပြောင်လိုဟန်ဖြင့် “ဒီကကိစ္စတွေကို ပင်မကြယ်ဆီ မင်းတို့ ပြန်သတင်းမပို့ရဲဘူ ဆိုးတာကို ငါမသိဘူး ထင်နေလား။ အဲ့မိန်းကလေး လုံးဝ အန္တရာယ်မရှိတော့ဘူး ဆိုတော့မှပဲ ဒီအကြောင်းကို ပင်မကြယ်ဆီ အစီအရင်ခံမှာမလား။ အဲ့မတိုင်ခင်တော့ ဒီကိစ္စကို တတ်နိုင်သမျှ ဖုံးကွယ်ထားရဦးမယ်လေ။ ဒီတော့ ဒီယင်နေကြာရေစင်တွေကို ငါယူသွားရင်တောင် မင်းတို့ ဘာလုပ်နိုင်မှာလဲ။ ဘာလဲ၊ ငါ့ကိုကိုက်မှာလား”

ထိုစကားကို ကြားလိုက်သည့်အခါ ခေါင်ဆောင်အားလုံး ပို၍ စိတ်ညစ်သွားကြသည်။

“ဒီလောကကြီးက ရတနာတွေကို ယူနိုင်တဲ့လူကပဲ ပိုင်ဆိုင်သင့်တာ” ဇုန်းအောင် ပြတ်ပြတ်သားသား ပြောလိုက်သည် “ဒီယင်နေကြာရေစင်ကို ငါမယူရင်တောင် မင်းတို့ ယူနိုင်မှာမို့လား။ အဲ့ဒါကို ဘယ်လိုယူရမလဲ မင်းတို့သိလို့လား။ မသိဘူးဆိုရင် မစားရတဲ့အမဲ ထိုင်သားရေကျနေရုံပဲရှိမှာ”

“ဆရာကြီးပြော မှန်ပါတယ်…” ဟလိခသည် ထိုကိစ္စနှင့် ပက်သက်၍ ဆက်လက် ငြင်းဆိုမနေတော့ဘဲ ခေါင်းညိတ်၍သာ ထောက်ခံလိုက်သည်။

“ယင်နေကြာရေစင်ကို ဘယ်လို စုဆောင်းရမလဲ ဆိုတာကို ဆရာကြီးသိလား” သက်လတ်ပိုင်းအမျိုးသမီးက ဇုန်းအောင်အား မျှော်လင့်တကြီးဖြင့် ကြည့်လိုက်သည်။

“မသိရင် ဒီကို ဘာလို့ လာနေရဦးမှာလဲ” ဇုန်းအောင်က နှာခေါင်းရှုံ့လိုက်ပြီး လက်ဝှေ့ရမ်း၍ “လမ်းဖယ်၊ ငါစုဆောင်းပြီးမှပဲ စကားဆက်ပြောကြမယ်”

ဟလိခနှင့် အခြားသူများ လမ်းပိတ်ထားသည်ကို ဂရုမစိုက်တော့ဘဲ ဇုန်းအောင်သည် ရန်ကိုင်အား ဆွဲခေါ်ကာ မိုင်းတွင်းထဲသို့ ဝင်သွားလေသည်။ ဟလိခနှင့် လင်းမူဖုန်းသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အံကြိတ်ကာ ဇုန်းအောင်နောက်သို့ လိုက်သွားကြလေသည်။

ရန်ကိုင်သည် ဇုန်းအောင်အား လမ်းပြနေခဲ့သည်။

ယခင်တစ်ကြိမ် ဤနေရာသို့ လာခဲ့စဉ်က သူတစ်ယောက်တည်း လာခဲ့ခြင်းဖြစ်သဖြင့် လေဟာနယ်ဆုတ်ဖြဲခြင်းကို သုံးနိုင်ခဲ့သည်။ ယခုမူ ထိုကဲ့သို့ မလုပ်နိုင်တော့ချေ။

အပျက်အစီးနယ်မြေထဲရှိ ပုန်းကွယ်အစီအရင်များနှင့် ထောင်ချောက်များသည် ရှောင်ရန်ခက်သလို အန္တရာယ်လည်း အလွန်များသည်။ ဟလိခနှင့် ရွှယ့်ယွယ်တို့ ဤနေရာအား ပထမဆုံးအကြိမ် လာရောက်စူးစမ်းစဉ်က ကျင့်ကြံသူများစွာ သေဆုံးခဲ့ရသည်။

သို့သော် ဇုန်းအောင်သည် သာမန်လူတစ်ယောက်မဟုတ်ချေ။ မိုင်းတွင်းထဲသို့ ရောက်သည်နှင့် တလက်လက် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေသည့် ငါးထောင့်ပါ ပရစ်ဇမ် တစ်ခုကိုထုတ်လိုက်သည်။

မကြာခဏ ထိုအလင်းရောင်သည် အနီးနားရှိ မမြင်နိုင်သော စွမ်းအင်လှိုင်းများကို ဖော်ပြပေးသဖြင့် ကျန်းအောင်သည် ရန်ကိုင်အား အန္တရာယ်ကို ရှောင်ရှား၍ ခေါ်သွားနိုင်ခဲ့သည်။

ငါးထောင့်ပါ ပရစ်ဇမ်သည် ထောက်လှမ်းသည့် မှော်ရတနာမျိုးနှင့် ဆင်တူသည်။ ထိုအရာကြောင့် အန္တရာယ်များကို ဇုန်းအောင် ရှောင်ရှားနိုင်ခဲ့သည်။ သူတို့ သွားနေသည့်နှုန်းမှာ နှေးသော်ငြား မည်သည့် အန္တရာယ်နှင့်မှ မရင်ဆိုင်ခဲ့ရချေ။

မိုင်းတွင်းသည် တဖြည်းဖြည်း ပိုပို၍ အေးလာနေခဲ့သည်။ မကြာမီ မိုင်းတွင်းနံရံများပေါ်တွင် ရေခဲလွှာလေးများကိုပင် မြင်လာရသည်။

ထိုအခြင်းအရာကိုမြင်သော် ဇုန်းအောင် စိတ်လှုပ်ရှားသွားခဲ့သည်။ ယင်နေကြာရေစင်နှင့် နီးလာနေပြီမှန်း သူသိလိုက်လေပြီ။

ဟလိခတို့အဖွဲ့သည် ဇုန်းအောင်နှင့် မလှမ်းမကမ်းမှ လိုက်လာနေခဲ့သည်။ လမ်းလျှောက်နေရင်း အချင်းချင်း ကောင်းကင်စိတ်အာရုံဖြင့် ဆေးနွေးတိုင်ပင်နေကြသည့်ပုံပင်။

“ကောင်လေး၊ ယင်နေကြာရေစင်က ဘယ်မှာလဲ” လမ်းခွဆုံတစ်ခုသို့ ရောက်သော်ဇုန်းအောင်က ရပ်လိုက်ပြီး ရန်ကိုင်ကို မေးလိုက်သည်။

“ဒီလမ်းအတိုင်းသွားရင်ရောက်ပြီ” ရန်ကိုင်က တစ်ခုသော အရပ်မျက်နှာဘက်ဆီ ညွှန်ပြလိုက်သည်။

ဇုန်းအောင်သည် ရန်ကိုင် ပြောသည့်လမ်းအတိုင်း လျှောက်သွားလိုက်သည်။

အချိန်အတော်ကြာအောင် ရှေ့ဆက်လျှောက်နေပြီးနောက် ရှေ့ဦးမှ ဦးဆောင်သွားနေသည့် ဇုန်းအောင်က ရုတ်တရက် ရပ်လိုက်ပြီး မျက်လုံးမှေးစဉ်း၍ ရှေ့တည့်တည့်သို့ စိုက်ကြည့်လိုက်သည်။ သူ့တစ်ကိုယ်လုံး ထိန်းမရအောင် တုန်ရီနေသည့် ရူးသွပ်သည့် အရိပ်အယောင်တို့သည်လည်း သူ့မျက်နှာ ထွက်ပေါ်လာခဲ့သည်။

သူစိုက်ကြည့်နေရာဘက်၌ လေထဲဝဲနေသော ယင်နေကြာရေစင် ရေစက်ကလေးများ ရှိနေခဲ့လေသည်။

“တကယ်ကို ယင်နေကြာရေစင်ပဲ” ထိုရေစက်လေးများအား ကောင်းကင်စိတ်အာရုံဖြင့် တစ်ချက် စစ်ဆေးကြည့်ကြာ သူရှာနေသည့် ယင်နေကြာရေစင် ဟုတ်မဟုတ် အတည်ပြုလိုက်သည်။ ထိုရေစက်လေးများသည် လေထဲတွင် ဝြနေသော်ငြား တစ်စက်စီချင်းတိုင်းသည် တောင်တစ်လုံးတမျှ လေးလံပေသည်။

ယင်နေကြာရေစင်မှလွဲ၍ ဤလောကကြီးထဲ ထိုကဲ့သို့ ထူးခြား‌သော ဂုဏ်သတ္တိကို ပိုင်ဆိုင်ထားသည့် ရတနာမရှိချေ။

ယင်နေကြာရေစင်များကို မြင်သည့် ဇုန်းအောင်သည် ချက်ချင်း ရှေ့သို့ ပြေးထွက်သွားလေသည်။ သူ့မျက်လုံးများသည် ကြယ်တစ်လုံးကဲ့သို့ လင်းလက်နေပြီး ပါးစပ်သည်လည်း နားရွက် တက်ချိတ်လုမတတ် ပြုံးဖြီးနေသည်။

ဇုန်းအောင်ကဲ့သို့ လူတစ်ယောက်ကိုပင် ဤကဲ့သို့ ရူးသွပ်အောင် လုပ်နိုင်စွမ်းရှိသည်ကိုထောက်ရှုကြည့်လျှင် ယင်နေကြာရေစင်သည် အလွန်ကိုမှ အဖိုးတန်ပေလိမ့်မည်။

ရန်ကိုင်သည် ထူးမခြားနားဟန်ဖြင့်သာ ဘေးနား၌ တိတ်တိတ်လေး ရပ်နေခဲ့သည်။ ထိုယင်နေကြာရေစင်ကို ဇုန်းအောင်လက်မှ လုယူရန် စိတ်မကူထားချေ။ သူ့အကန့်အသတ်ကို ရန်ကိုင်သည်။ ဇုန်းအောင် မဆိုထားနှင့်ဦး၊ သူတို့နောက်သို့ လိုက်လာနေသော ဟလိခနှင့် အခြားသူများလည်း ရှိနေပေသေးသည်။

ခြေသံတို့ ထွက်ပေါ်လာပြီးနောက် မကြာမီ ဟလိခတို့အဖွဲ့ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကာ သံပုရာသီး ကိုက်ထားရသည့် ရုပ်များပြီး ရန်ကိုင်ဘေးတွင် ရပ်လိုက်ကြသည်။

လေထဲဝဲနေသည့် ယင်နေကြာရေစင် ရေစက်လေးများကိုကြည့်ရင် အကုန်လုံး၏ မျက်လုံးများ ရဲရဲနီသွားကြသည်။

ထိုယင်နေကြာရေစင်သည် အလွန်ကိုမှ အဖိုးတန်လှသော ရတနာ တစ်ပါးဖြစ်သည်။ ထိုရေစင်တစ်စက်ကို သန့်စင်နိုင်လျှင် မိမိ၏ ခွန်အား သိသိသာသာ တိုးတက်လာပေလိမ့်မည်။ တန်ခိုးရှင်အဆင့် ဖြစ်သော ဟလိခလို လူမျိုးအတွက်ပင် အလွန်ကိုမှ အသုံးဝင်သည်။

သူတို့လက်ရှိ ကျင့်ကြံခြင်းအဆင့်တွင် သူတို့၏ ခွန်အားကို နည်းနည်းလေးပင် တိုးတက်အောင် လုပ်ရန်မှာ အလွန်ကိုမှ ခဲယဉ်းသွားလေပြီ။ အဆင့်သေးတစ်ဆင့် ချိုးဖျက်ဖို့ရာပင် နှစ်ပေါင်းရာနှင့်ချီ, ထောင့်နှင့်ချီ အချိန်ယူရသည်။ ထို့အပြင် အခွင့်အလမ်းများနှင့် ကြုံဆုံရန် လိုအပ်သေးသည်။ မဟုတ်ပါက နှစ်ပေါင်းမည်မျှပင် လေ့ကျင့်နေစေကာမူ တိုးတက်နိုင်လိမ့်မည် မဟုတ်ချေ။

ယင်နေကြာရေစဉ်ကို သန့်စင်နိုင်ပါက အကျိုးအမြတ်များစွာကို ရရှိမည်ဖြစ်လေရာ ထိုအရာကို သူတို့ မလိုချင်ဘဲ ဘယ်နေမည်နည်း။ ယင်နေကြာရေစင်သည် အန္တရာယ်ရှိသည့်တိုင် သူတို့ လိုချင်မိသည်။

ဤနေရာရှိ ပညာရှင်တိုင်းသည် သေခြင်းရှင်းခြင်းကို ကျော်ဖြတ်ပြီး တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်လာခဲ့ကြပြီးမှ ဤအဆင့်သို့ ရောက်ရှိလာခဲ့ကြသူများဖြစ်သည်။ ထို့ကြောင့် အန္တရာယ်ပိုများလျှင် အကျိုးကျေးဇူး ပိုရနိုင်ကြောင်းကို သူတို့ နားလည်ထားကြသည်။

သို့သော်လည်း လက်ရှိတွင် ထိုယင်နေကြာရေစင်ကို အဝေးမှ လှမ်းငေးကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

“မင်းတို့ ဒီယင်နေကြာရေစင်ကို သိုလှောင်လက်စွပ်တစ်ခုထဲမှာ တွေ့ခဲ့တာမလား” ဇုန်းအောင်က ရုတ်တရက် မေးလိုက်သည်။

ရန်ကိုင်သည် ထိုအကြောင်းကို သူ့အား အကျဉ်းချုံး ရှင်းပြပြီးသွားခဲ့လေပြီ။ သို့သော် ရန်ကိုင် သိထားသည်မှာ အကန့်အသတ်နှင့် ရှိသည်။

“ဟုတ်ပါတယ်၊ ဆရာကြီး” ဟလိခက တုန်တုန်ရင်ရင်ဖြင့် ပြန်ဖြေလိုက်သည်။

“မိုးကောင်းကင်က ချီးမြင့်ပေးတဲ့ လက်ဆောင်ကို ဖျက်စီးတာ၊ ကောင်းကင်က ပေးကမ်းတဲ့ လက်ဆောင်ကို ဖျက်စီးတာ…” ဇုန်းအောင် မကျေမနပ် ဖြစ်နေခဲ့သည် “ဒီလိုအရာမျိုးကို သိုလှောင်လက်စွပ်ထဲ ထည့်ရလောက်အောင် အဲ့ရှေးဟောင်းလူက တကယ် တုံးတာပဲကွ။ ဒါပေမယ့် ယင်နေကြာရေစင်ကို ဒီမှာ ထားပေးတဲ့ သူ့ကိုတော့ ကျေးဇူးတင်ရမှာပဲလေ။ သူ့ကြောင့်သာ မဟုတ်ရင် အခုလောက်ဆို ဒီယင်နေကြာရေစင်လည်း မြေကြီးထဲမြုပ်ပြီး ပျောက်ကွယ်သွားလောက်ပြီ”

ဇုန်းအောင် ဘာပြောနေလဲဆိုသည်ကို မည်သူမှ နားမလည်နိုင် ဖြစ်နေခဲ့သည်။

လင်းမူဖုန်းက လက်သီးဆုပ်၍ မေးလိုက်သည် “ကျေးဇူးပြုပြီး အလင်းပြပေးပါ ဆရာကြီး”

ဇုန်းအောင်က ပြုံးဖြီးလျက် “ယင်နေကြာရေစင် တစ်စက်ချင်းစီ တိုင်းက တောင်တစ်လုံးလောက်လေးတယ်။ အဲ့ဒါကို သိုလှောင် လက်စွပ်ထဲ ဘယ်လိုလုပ်ပြီး ထည့်သိမ်းထားနိုင်မှာလဲ။ အဲ့ရှေးဟောင်း ဒီယင်နေကြာရေစင်တွေကို သိုလှောင်လက်စွပ်ထဲ ထည့်ပြီး မသယ်သွားနိုင်ခဲ့တာဖြစ်မယ်။ မဟုတ်ရင် သိုလှောင် လက်စွပ်လည်း ပေါက်ကွဲနေလောက်ပြီ”

ဟလိခက အလျင်အမြန် ပြောလိုက်သည် “ကျုပ်လည်း အလစ်အငိုက် မိသွားခဲ့တာ။ ဒါကြောင့် သိုလှောင်လက်စွပ် ပေါက်ကွဲတဲ့အချိန် အကုန်လုံး ဒဏ်ရာရကုန်ကြတာ”

“အဲ့ဒါ သဘာဝပဲလေ” ဇုန်းအောင်က ခေါင်းညိတ်လိုက်ပြီး “ပြီးတော့ အဲ့ရေစက်တွေသာ မြေကြီးနဲ့ ထိသွားတာနဲ့ မြေကြီးထဲကို တဖြည်းဖြည်း နစ်ဝင်သွားမှာ။ ယင်နေကြာရေစင် ဘာလို့ ဒီလောက် ရှားလဲ မင်းတို့သိလား”

အကုန်လုံး ခေါင်းခါလိုက်သည်။

“ဘာလို့လဲဆိုတော့ ဖြစ်ပေါ်လာတဲ့ ရေစက်တိုင်းက မြေကြီးထဲ စိမ့်ဝင်သွားပြီး ကြယ်အမြူတေရဲ့ စုပ်ယူခြင်း ခံလိုက်ရလို့ပဲ။ ဒါကြောင့် ယင်နေကြာရေစင်တွေကို ရှာတွေ့ဖို့ အရမ်း ခက်ခဲတာ။ ကြယ်အမြူတေက ယင်နေကြာရေစင်တင် မဟုတ်ဘူး၊ အခြား ရှားပါးရတနာတွေကိုပါ စုပ်ယူပစ်တာ”

ထိုစကားကြောင့် အကုန်လုံး ထိတ်လန့်သွားကြသည်။

ကြယ်အမြူတေသည် ကျင့်ကြံရေးကြယ်တစ်လုံး၏ အရင်းအမြစ်၊ တစ်နည်းဆိုရသော် ကြယ်နှလုံးသားပင်။ သို့သော်လည်း ကြယ်အမြူနှင့် ယင်နေကြာရေစင်ကြား ထိုကဲ့သို့သော ဆက်သွယ်ချက်မျိုး ရှိနေလိမ်မည်ဟု မထင်ထားခဲ့ချေ။

“ဒီရေစက်တွေ မြေကြီးနဲ့ မထိသေးတာ ကံကောင်းတယ်။ မဟုတ်ရင် ပျောက်သွားတာ ကြာလောက်ပြီ” ဇုန်းအောင်က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သိုလှောင် လက်စွပ်ထဲမှ ထူးဆန်းပုံရသော ထည့်စရာတစ်ခုကို ထုတ်ယူလိုက်သည်။

ထိုထည့်စရာသည် ပန်းအိုးလေးကဲ့သို့ ပစ္စည်းတစ်ခုဖြစ်သည်။ အဝကျယ်၊ ပြီးလျှင် ကျဉ်းသွားပြီး ကိုယ်ထည်ပိုင်းတွင် ပြန်ကြီးသွားသည်။ ထိုအရာကို ထူးဆန်းပြီး ရောင်စုံတောက်သော ပစ္စည်းဖြင့် ပြုလုပ်ထားသည်။

“ငါးရောင်ခြယ် ဥက္ကာခဲအဆီအနှစ်လား” ထိုအိုးလေးအား ထုလုပ်ထားသည့် ပစ္စည်းကိုမြင်သော် ဟလိခ သက်ပြင်း ရှိုက်လိုက်သည်။

လင်းမူဖုန်းနှင့် သက်လတ်ပိုင်း အမျိုးသမီးသည်လည်း ထိတ်လန့်နေခဲ့ကြသည်။

ထိုလူများ၏ တုန့်ပြန်မှုကိုကြည့်ရင်း ငါးရောင်ခြယ်ဥက္ကာခဲ အဆီအနှစ်သည် အလွန်ကိုမှ အဖိုးတန်ရမည်မှန်း ရန်ကိုင် သိလိုက်သည်။ မဟုတ်လျှင် တန်ခိုးရှင်သုံးယောက်စလုံး ထိုမျှ အံ့အားသင့်နေစရာ မလိုချေ။

“ဟုတ်တယ်။ ဒါကို ငါးရောင်ခြယ်ဥက္ကာခဲ အဆီအနှစ်နဲ့ လုပ်ထားတာ” ဇုန်းအောင်က ရယ်မောလိုက်ပြီး “ငါးရောင်ခြယ် ဥက္ကာခဲအဆီအနှစ်က ယင်နေကြာရေစင်ရဲ့ ရန်သူမှန်းကို လူနည်းနည်းလောက်ပဲသိတာ။ ယင်နေကြာရေစင်ကို ထည့်ဖို့ခွက်လုပ်မယ်ဆိုရင် ငါးရောင်ခြယ်ဥက္ကာခဲအဆီအနှစ်ကို သုံးလိုက်ရုံပဲ”

ရယ်မောရင်း အိုးကို ရေစက်တစ်စက်ဆီ ညွှန်လိုက်ပြီး သူ့စွမ်းအင်ကို လှည့်ပတ်လိုက်သည်။

ဟလိခနှင့် အခြားသူများသည် ထိုအခြင်းအရာကို ဘီလူး သံပုရာသီး ကိုက်ထားရသည့်ရုပ်များဖြင့် ကြည့်နေခဲ့ကြသည်။ ရှုံမဲ့နေသော သူတို့၏ မျက်နှာများအရ သူတို့စိတ်ထဲ မည်မျှ ခံပြင်းနေကြောင်း၊ နာကျင်နေကြောင်း မြင်တွေ့နိုင်ပေသည်။

ငါးရောင်ခြယ်ဥက္ကာခဲအဆီအနှစ်သည် ရှားပါးသော်ငြား ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းတွင် ထိုပစ္စည်းရှိပေသည်။ အနည်းငယ်သာ ဖြစ်သော်ငြား ရေစက်အနည်းငယ် ထည့်ရန်အတွက် အိုးတစ်အိုးလုပ်ရမှန် မဖြစ်နိုင်သည်မဟုတ်။ ထိုအကြောင်းကိုသာ အစောကြီးကတည်းက သိခဲ့လျှင် ယင်နေကြာရေစင်ကို သူတို့ဘာသာ သူတို့ စုဆောင်းလိုက်ပေသည်။ ဇုန်းအောင်အား ဘာကြောင့် ပေးနေရမည်နည်း။

ထိုအဖိုးတန်ရတနာကြောင့် ဟလိခ လက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။ ထိုအကြောင်းကို ပြန်စဉ်းစားမိလိုက်သည်နှင့် သုံးယောက်စလုံး၏ အမူအရာ မဲ့သွားခဲ့လေသည်။

ဇုန်းအောင်ကမူ ဟလိခတို့အား လျစ်လျူရှုလျက် ဝမ်းပန်းတသာဖြင့် ယင်နေကြာရေစင်ရေစက်များကို တစ်စက်ပြီးတစ်စက် စုဆောင်းနေခဲ့သည်။ ရေစက် ဆယ်စက်လောက် ကျန်တော့မှပဲ ရပ်လိုက်ပြီး အိုးလေးကို သေသေချာချာကိုင်လျက် ဟလိခအား ကြည့်၍ ပြောလိုက်သည် “မင်းတို့ ဝါးစရာမကျန်အောင် ငါတစ်ယောက်တည်း အကုန်စားသွားတယ် လာမပြောနဲ့နော်။ ဒီမှာ ငါမင်းတို့အတွက် ချန်ထားပေးတယ်။ ကိုယ့်သာသာ ပစ္စည်းရှာပြီး ယူပေတော့။ မြန်မြန်တော့လုပ်နော်၊ တော်ကြာ မြေကြီးထဲ ရောက်သွားရင် မင်းတို့ ဘာမှမရဘဲ ဖြစ်နေလိမ့်မယ်”

`အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၀၆၂) လက်လျှော့လိုက်ဖို့ အကြံပေးချင်တယ်

အကျိုးအမြတ်အားလုံးကို သူတစ်ယောက်တည်း မောင်ပိုင်စီးရန် ဇုန်းအောင် ဘယ်တော့မှ မတွေးခဲ့ချေ။

ထိုရေစက်များကို ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းမှ ရှာတွေ့ခဲ့ခြင်း ဖြစ်ပြီး မိုးရေစင်ကြယ်သည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ လက်အောက်တွင် ရှိနေခဲ့သည်။ ဇုန်းအောင်သည် သူ့အဆင့်အတန်းပေါ် မှီခိုလျက် ယင်နေကြာရေစင်၏ (၈၀) ရာခိုင်နှုန်းကို ယူသွားခဲ့သည်။ သို့သော် ထိုအရာသည် သူ၏ အကန့်အသတ်ဖြစ်သည်။ သူသာ ထိုအရာအားလုံးကို ယူသွားမည် ဆိုပါက ခွေးသည်ပင် ချောင်ပိတ်ရိုက်ခံရလျှင် ပြန်ကိုက်လေရာ လူဖြစ်သော ဟလိခသည် သူ့မျက်နှာကိုပင် မထောက်တော့ဘဲ သူ့အား တိုက်ခိုက်လာကောင်း တိုက်ခိုက်နိုင်ပေသည်။

သူ့ထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်သော၊ ထိုမျှ များပြားလှသည့် ပညာရှင်များကို ရှင်ဆိုင်နိုင်လိမ့်မည်ဟု ဇုန်းအောင် ယုံကြည်ချက် မရှိချေ။ ထို့ကြောင့် ထိုလူများအတွက် နည်းနည်းလောက် ချန်ထားပေးခဲ့ခြင်း ဖြစ်သည်။

ဇုန်းအောင်၏ စကားကိုကြားကြားချင်း ဟလိခတို့ ကြောင်နေခဲ့သည်။ ထို့နောက် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး လက်သီးဆုပ်လျက် “ဆရာကြီးကို ကျေးဇူးအများကြီး တင်ပါတယ်။ ငါးရောင်ခြယ်ဥက္ကာခဲအဆီအနှစ်က ရှားပေမယ့် နည်းနည်းလောက် ရှာဖို့ကတော့ မခက်ပါဘူး”

ပြောပြီးနောက် ဇုန်းအောင်က လက်ဝှေ့ရမ်း၍ ယင်နေကြာရေစင် ထည့်ထားသည့် အိုးကိုကိုင်ရင်း လမ်းလျှောက် ထွက်သွားလေ၏။

ဟလိခသည် နည်းနည်းလေးမှ မစောင့်ချင်တော့။ ထို့ကြောင့် သက်လတ်ပိုင်းအမျိုးသမီးကို အစောင့်အဖြစ် ထားခဲ့ပြီး လင်းမူဖုန်းနှင့်အတူ အဖွဲ့ခွဲဆီသို့ပြန်ကာ ငါးရောင်ခြယ်ဥက္ကာခဲ အဆီအနှစ်ကို သွားရှာတော့လေသည်။

ရန်ကိုင်သည် ဇုန်းအောင်နောက်မှ ငြိမ်သက်စွာ လိုက်သွားခဲ့သည်။ အပျက်အစီးနယ်မြေမှ ထွက်လာပြီးနောက် ကြယ်လွန်းပျံ အသီးသီးကိုထုတ်ကာ တောင်ကြားထဲရှိ နန်းတော်ဆီသို့ ပျံသွားလေသည်။

ရွှယ့်ယွယ်သည် သူထွက်သွားစဉ်ကကဲ့သို့ ငြိမ်ငြိမ်းချမ်းချမ်းဖြင့် အိပ်စက်နေတုန်းပင်။ ရွှယ့်ယွယ်၏ အခြေအနေကို တစ်ချက် စစ်ဆေးကြည့်ပြီးနောက် ဇုန်းအောင်ကို သွားရှာရန် ချက်ချင်း ထွက်သွားလေသည်။

ယင်နေကြာရေစင်ကဲ့သို့ အဖိုးတန်ရတနာကို ရလိုက်သောကြောင့် လားမသိ ဇုန်းအောင် အလွန်အမင်းကိုမှ ပျော်ရွှင်နေခဲ့သည်။ ဇုန်အောင်ကို သွားရှာသည့်အခါ သူ့ဆေးဖော်စပ်ခန်းထဲတွင် အရူးအမူး ဆေးဖော်စပ်နေသည်ကို တွေ့ရှိလိုက်ရသည်။

ဇုန်းအောင်မှ ဆေးမီးဖိုအသီးသီးထဲ သူတော်စင်ချီကို ထည့်သွင်းလိုက်ရာ ဆေးမီးဖိုအားလုံး တဝှီဝှီ မြည်လာခဲ့သည်။ မှော်ဆန်ဆန် ဆန်းကြယ်လှသော စိတ်ဝိဥာဉ်အစီအရင်တို့သည် ဆေးမီးဖိုထဲ အလျင်အမြန် ဖြစ်တည်လာကြသည်။ သိုလှောင်လက်စွပ်ထဲမှ နှင်းပွင့်လေးများပမာ အဆက်မပြတ် ထွက်ပေါ်လာနေသော ဆေးပင်များသည် အမျိုးမျိုးသော ဆေးအရည်များအဖြစ်သို့ အလျင်အမြန် သိပ်သည်းသွားခဲ့သည်။

ထိုမယုံကြည်နိုင်စရာ မြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေခဲ့သည်။

လူတစ်ယောက်တည်းမှနေ၍ ဆေးမီးဖိုပေါင်းများစွာကို အသုံးပြု၍ ဆေးလုံးများစွာကို တစ်ချိန်တည်း ဖော်စပ်သည့် ပညာရပ်မျိုး ဤလောကကြီးတွင် ရှိလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။

ဇုန်းအောင်သည် အချိန်တိုအတွင်း ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းအတွက် ဆေးလုံးများစွာကို ဘာကြောင့် ဖော်စပ်ပေးနိုင်သလဲ ဆိုသည့်အချက်ကို ယခုမှပဲ ရန်ကိုင် နားလည်သွားရတော့သည်။

ပြေပြစ်ချောမွေ့လှသော သူ့လှုပ်ရှားမှုများအရ ဇုန်းအောင် ဤကဲ့သို့ ဆေးဖော်စပ်သည်မှာ အထပ်ထပ်အခါခါ ရှိနေပြီမှန်း သိနိုင်ပေသည်။

ရန်ကိုင်သည် တေဇောဓါတ်အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားပြီး အမျိုးမျိုးသော ရှေးဟောင်းစိတ်ဝိဥာဉ်အစီအရင်များကို ကျွမ်းကျင်ထားသည့်အတွက် ဆေးဖော်စပ်ရာတွင် သာမန် ဆေးပညာရှင်များထက် ပိုသာ၊ ပိုတော်သည်။ သို့သော် သူ့ရှေ့ရှိမြင်ကွင်းကို မည်သို့မှ တူအောင် လိုက်မလုပ်နိုင်သေးပေ။

အများဆုံးမှ ဆေးမီးဖို လေး၊ ငါးလုံး လောက်ကိုသာ တစ်ချိန်တည်း ကိုင်တွယ်နိုင်ပေလိမ့်မည်။

တစ်တောင်အထက်တွင် ပိုမြင့်သော နောက်တစ်တောင် ရှိစမြဲပင်။ ထို့ကြောင့် လူတစ်ယောက်သည် တိုးတက်ရာတိုးတက်ကြောင်း နည်းလမ်းကို အမြဲမပြတ် ရှာဖွေကြံဆနေရပေမည်။ ရန်ကိုင်သည် တံခါးဝတွင်ရပ်လျက် ဇုန်းအောင် ဆေးဖော်စပ်နေသည်ကို အသေအချာ လေ့လာနေခဲ့သည်။

ဇုန်းအောင်သည် ရန်ကိုင်အား မောင်းမထုတ်ခဲ့။ သူဆေးဖော်စပ်နေသည်ကို ကြည့်ခွင့်ပေးထားခဲ့သည်။ သူ့မျက်နှာထက်ရှိ စိတ်လှုပ်ရှားမှုသည် တစ်ချက်ကလေးမှ ပျောက်ကွယ်သွားခြင်းမရှိဘဲ အချိန်နှင့်အမျှ ပိုပို၍ စိတ်လှုပ်ရှားလာနေခဲ့သည်။

သူဖန်တီးလိုက်သည့် စိတ်ဝိဥာဉ်အစီအရင်များသည် ဆေးမီးဖိုထဲ မူလကတည်းက ရှိပြီးသော စိတ်ဝိဥာဉ်အစီအရင်များနှင့် ပေါင်းစပ်သွားပြီး ပိုမို အဆင့်မြင့်မားသည့် အစီအရင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အကုန်လုံးသည် ချောချောမွေ့မွေ့နှင့် အစီအစဉ်တကျပင်။ အမှားတစ်ချက်ကလေးပင်မပါ။

နေ့တစ်ဝက်ကြာပြီးနောက် ဆေးဖော်စပ်ခန်းထဲ အမျိုးမျိုးသော သင်းရနံ့လေးများ ပျံ့လွင့်လာခဲ့သည်။ သင်းရနံ့တစ်ခုချင်းစီသည် ရှူမိလိုက်သူတိုင်း၏ စိတ်ကို လန်းဆန်းသွားစေနိုင်ပေသည်။

ရန်ကိုင် ပို၍ သေချာအာရုံစိုက်ထားလိုက်သည်။

“လာခဲ့စမ်း” ဇုန်းအောင်က ရုတ်တရက် အော်ဟစ်လိုက်သည်။ သူထိုကဲ့သို့ အော်ဟစ်လိုက်သည်နှင့် ဆေးမီးဖိုအဖုံးများ ပွင့်သွားခဲ့ပြီး ဆေးလုံးများစွာတို့သည် မိုးသီးမိုးပေါက်များပမာ အသင့်ပြင်ထားသည့် ဆေးပုလင်းများထဲသို့ အစီအရီ ကျဆင်းသွားခဲ့လေသည်။

ဇုန်းအောင်သည် အားဖြည့်ဆေးတစ်လုံးကို သောက်လိုက်ပြီး ဖော်စပ်ပြီးသော ဆေးလုံးများဆီ လျှောက်သွားလိုက်သည်။ ထို့နောက် ဆေးပုလင်းတစ်ပုလင်းချင်းစီတိုင်အား သေချာ စစ်ဆေးကြည့်လေသည်။

အချိန်အတော်ကြာပြီးနောက် စစ်ဆေးခြင်းအမှု ပြီးဆုံးသွားခဲ့သည်။ သိပ်မကျေနပ်သည့် အမူအရာဖြင့် ရေရွတ်လိုက်သည် “အင်း၊ နှစ်လုံးပဲပါလား။ ဆေးလုံးတွေက တကယ်ကို သန့်စင်ဖို့ခက်တာပဲ”

ပြောပြီးသည်နှင့် ဆေးသွေးကြောပါသည့် ဆေးလုံးနှစ်လုံးကို အခြားဆေးပုလင်းထဲ ထည့်လိုက်ပြီး အခြားဆေးပုလင်းများကို အခန်းထောင့်ဆီသို့ လွှင့်ပစ်လိုက်လေသည်။

ဇုန်းအောင် ထိုကဲ့သို့လုပ်သည်ကို ရွှယ့်ယွယ်အား ဤနေရာသို့ ခေါ်လာခဲ့စဉ်တုန်းက တစ်ခါ မြင်ခဲ့ဖူးပေသည်။ ထို့ကြောင့် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး လှမ်းမေးလိုက်လေသည် “စီနီယာက ဆေးသွေးကြောပါတဲ့ ဆေးလုံး အရေအတွက် များများပါအောင် ဖော်စပ်နိုင်ဖို့ လုပ်နေတာလား”

ဇုန်းအောင်က ထိုင်ရာမှထလိုက်ပြီး သွားပေါ်အောင်ပြုံး၍ ခေါင်းညိတ်ကာ “ဟုတ်တယ်။ ဆေးသွေးကြောပါတဲ့ ဆေးလုံးတွေ ပိုများများပါအောင် ဖော်စပ်နိုင်တဲ့ နည်းလမ်းကို ရှာဖွေနေတာ”

ခဏလောက်ရပ်ပြီးနောက် ဆက်၍ ပြောလိုက်သည် “ဆေးသွေးကြောတွေ ပါမပါက ကံပေါ်ပဲမူတည်တယ်။ အတော်ဆုံး ဆေးပညာရှင်တွေတောင် သူတို့ ဖော်စပ်လိုက်တဲ့ ဆေးလုံးတိုင်းမှာ ဆေးသွေးကြောပါမယ်လို့ အာမ မခံရဲဘူး။ ဒါပေမယ့် တကယ် ကျွမ်းကျင်တဲ့ ဆေးပညာရှင်တစ်ယောက် အဆင့်နိမ့်ဆေးလုံးတွေကို သန့်စင်တဲ့အချိန်ကျရင်တော့ ဆေးသွေးကြောပါတဲ့ ဆေးလုံးတွေကို ဖော်စပ်နိုင်ချေ မြင့်တယ်။ ဆေးသွေးကြောပါတဲ့ ဆေးလုံးတွေကို များများ ဖော်စပ်နိုင်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့နည်းလမ်းကို ငါရှာဖွေနေခဲ့တာ နှစ်ပေါင်းရာနဲ့ချီနေပြီ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်(၁၀၀)လောက်ကမှ ဆေးလုံးများများဖော်စပ်ရင် ဆေးသွေးကြောပါတဲ့ ဆေးလုံးတွေ များများပါမှာပဲ တွေးမိခဲ့တာ။ အဲ့ဒါကြောင့်သာ မဟုတ်ရင် ဟုန်းလော့ကုန်သွယ်ရေးအတွက် ဆေးလုံးတွေ အလကား ဘာလို့ ဖော်စပ်ပေးနေရမှာလဲ။ သူတို့ဆီက ဆေးပင်တွေ လိုချင်တာကြောင့်သာ မဟုတ်ရင် ငါလည်း ဒီမှာနေပြီး သူတို့အတွက် ဆေးလုံးတွေ အလကား ဖော်စပ်ပေးနေမှာ မဟုတ်ဘူး”

ဇုန်းအောင်ကဲ့သို့ ဆေးဖော်စပ်ရန် ဆေးပင်များစွာ လိုအပ်သည်။ လိုအပ်သမျှ ဆေးပင်အားလုံးကို ထောက်ပံ့ပေးမည့် အဖွဲ့အစည်း တစ်ခုမရှိဘဲ မည်သူမှ ထိုနည်းလမ်းဖြင့် အကြာကြီး ဆေးဖော်စပ်နိုင်လိမ့်မည် မဟုတ်ချေ။

ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းသည် ကြယ်စီရင်စုတွင် အကြွယ်ဝဆုံး အင်အားစုကြီးတစ်ခု ဖြစ်သည့်အတွက် အကောင်းဆုံး ရွေးချယ်စရာတစ်ခု ဖြစ်ပေသည်။ ဇုန်းအောင်နှင့် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ပူးပေါင်းမှုသည် နှစ်ဖက်စလုံးအတွက် အကျိုးရှိပေသည်။

“စီနီယာ ဘယ်လောက်အထိ တိုးတက်နေပြီလဲ” ရန်ကိုင်က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

ဇုန်းအောင်က သက်ပြင်းအသာအယာ ချလိုက်ပြီး “ခက်တယ်။ အရမ်း ခက်လွန်းတယ်။ ဆေးပညာလမ်းစဉ်မှာ ရှိနေတာ အချိန် ပိုကြာမှ၊ ဆေးလုံးတွေ ဖော်စပ်ဖို့ဆိုတာ ဘယ်လောက် ခက်ခဲမှန်း မင်းပိုသိလာလိမ့်မယ်။ မင်းရယ်မှာကို မကြောက်လို့ အမှန်အတိုင်း ပြောလိုက်မယ်။ ဒီလောက် အချိန်ကြာတာတောင် ဆေးလုံး အလုံးတစ်ရာလောက်မှ တစ်လုံး၊ နှစ်လုံးလောက်ပဲ ဆေးသွေးကြောပါအောင် ဖော်စပ်နိုင်သေးတယ်။ အင်း။ သူတော်စင်ဘုရင်အဆင့် ဆေးလုံးတွေကို ပြောတာနော်။ အောက်အဆင့်တွေ မပါဘူး”

အလုံးတစ်ရာတိုင်းတွင်၊ တစ်လုံးတစ်လုံးဆိုသည်မျာ ဆေးလုံး အလုံးတစ်ရာ ဖော်စပ်လျှင် တစ်လုံးစ၊ နှစ်လုံးစသည် ဆေးသွေးကြော ပါလိမ့်မည်ဟု ဆိုလိုပေသည်။

ထိုရာခိုင်နှုန်းသည် အလွန်ကိုမှ သေးလှသော်ငြား ဆေးလောကကြီး တစ်ခုလုံးတွင် ထိုကဲ့သို့ ဖော်စပ်နိုင်သော ဆေးပညာရှင်ကိုရှာတွေ့ရန်မှာ ခက်ခဲလှပေသည်။

ဆေးပညာရှင်များစွာတို့သည် သူတို့တစ်ဘဝလုံး ဆေးလုံးများစွာကို ဖော်စပ်ခဲ့သည့်အနက် တစ်လုံးစ၊ နှစ်လုံးစသော ဆေးသွေးကြောပါသည့် ဆေးလုံးများကိုသာ ကြက်ကန်းဆန်အိုးတိုးပြီး ဖော်စပ်နိုင်ခဲ့သည်။

သို့သော်လည်း ဇုန်းအောင်သည် သူထွင်ထားသည့် နည်းလမ်းဖြင့် ဆေးဖော်စပ်မည်ဆိုပါက အကြိမ်တိုင်းတွင် ဆေးသွေးကြော ပါသည့် ဆေးလုံး တစ်လုံးစ၊ နှစ်လုံးစကို ဖော်စပ်နိုင်ပေသည်။

“ဆေးတိမ်တိုက်ပါတဲ့ သူတော်စင်ဘုရင်အဆင့် ဆေးလုံး တွေကိုလည်း ငါဖော်စပ်နိုင်ခဲ့ဖူးတယ်။ မင်းကြည့်ချင်းလား၊ ကောင်လေး” ဇုန်းအောင်က ဂုဏ်ယူဝံ့ကြွားသည့် အမူအရာဖြင့် ပြောလိုက်သည်။

ဆေးသွေးကြောပါသည့် ဆေးလုံးများကို ဖော်စပ်ရန် ခက်ခဲသည်။ ဆေးတိမ်တိုက်မှာမူ ပို၍ပင် ခက်ခဲသေးသည်။

ဇုန်းအောင်သည် ဆေးသွေးကြောပါသော ဆေးလုံးပေါင်း ထောင်နှင့်ချီကို ဖော်စပ်ဖူးသော်ငြား ဆေးတိမ်တိုက်ပါသော ဆေးလုံးများကို လက်တစ်ဆုပ်လောက်သာ ဖော်စပ်နိုင်ခဲ့သည်။ သူစိတ်ဓါတ်ကျသည့်အချိန်တိုင်း ထိုဆေးတိမ်တိုက်ပါသော ဆေးလုံးများကို ထုတ်ကြည့်ပြီး စိတ်ဓါတ်တက်ကြွအောင် လုပ်လေ့ရှိသည်။

“စီနီယာရတနာတွေကို ဂျူနီယာ မတပ်မက်ရဲပါဘူးဗျာ” ရန်ကိုင်က သူ့အား ကြွားခွင့်ပင်မပေးသည့်အတွက် ဇုန်းအောင်က မကျေမနပ်ဖြင့် “တုံးလိုက်တဲ့ကောင်းကွာ။ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကိုတောင် မဖမ်းဆုပ်တတ်ဘူး။ ကြည့်ရတာကတော့ ဆေးပညာဘက်မှာ မင်းရဲ့ အောင်မြင်မှုတွေက သိပ်ပြီး မြင့်မားမယ့်ပုံမရဘူး”

ဆေးသွေးကြောပါသော ဆေးလုံးအားလုံးသည် မည်သည့် အဆင့်ဆေးလုံးပင် ဖြစ်ပါစေ အဖိုးတန်သည်ချည်းသာ။ မြေကမ္ဘာအဆင့်၊ ဆန်းကြယ်အဆင့် ဆေးလုံးများပင် ဆေးသွေးကြောပါပါက ရတနာများဖြစ်သွားကြသည်။ တကယ် တော်သော ဆေးပညာရှင်များသည် ထိုဆေးလုံးများကို လေ့လာရင်းဖြင့် သဲလွန်စအချို့ကို ကောက်ထုတ်နိုင်၏။

သူတော်စင်ဘုရင်အဆင့်ဖြစ်သော ဆေးသွေးကြောပါသည့် ဇုန်းအောင်၏ ဆေးလုံးများဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။ ထိုဆေးလုံးများသည် သူ၏ နှစ်တစ်ရာလုံးလုံး ကြိုးစားအားထုတ်မှု ဖြစ်ပေသည်။

ယနေ့တွင် သူ့အောင်မြင်မှုများကို ရန်ကိုင်အား ထုတ်ပြရန် ကြိုးစားသော်ငြား ရန်ကိုင်က ငြင်းပယ်ခဲ့သည်။ စိတ်လှုပ်ရှားမှုဖြင့် ပူလောင်နေသော သူ့မျက်နှာပေါ် ရေအေးအေး တစ်ပုံး လောင်ချခံလိုက်ရသလို ဇုန်းအောင် ခံစားလိုက်ရလေသည်။

သို့သော်လည်း ထုန်းရွှမ်လောကကြီးတွင်ကတည်းက ရန်ကိုင်သည် ဆေးတိမ်တိုက်ပါသော ဆေးလုံးတစ်လုံးအား စားခဲ့ပြီးပြီဆိုသောအချက်ကို သူမည်ကဲ့သို့ သိနိုင်ပါမည်နည်း။ ရန်ကိုင်ကိုယ်တိုင်ပင်ဖြစ်ပါစေ၊ ရှနင်းချန်ပင် ဖြစ်ပါစေ၊ နှစ်ယောက်စလုံးသည် ဆေးသွေးကြောပါသော ဆေးလုံးများကို ဖော်စပ်နိုင်ကြပေသည်။

“စီနီယာ၊ ဂျူနီယာလည်း စီနီယာပြောတဲ့အတိုင်း စီနီယာကို ယင်နေကြာရေစင်ရှိတဲ့နေရာဆီ ခေါ်သွားပေးခဲ့ပြီးပြီ။ စီနီယာလည်း အချီကြီး မြတ်ပြီးသွားပြီဆိုတော့ အခု ကျုပ်သခင်မလေးကို ဘယ်လို ကယ်ရမလဲဆိုတာ ပြောပြဖို့ အချိန်ရောက်ပြီနဲ့တူတယ်နော်” ရန်ကိုင်က ဇုန်းအောင်၏ မဲ့ရွဲ့နေသော မျက်နှာထားကို လျစ်လျူရှုလျက် လိုရင်းကိုသာ တန်းပြောလိုက်သည်။

“မိန်းမလှတစ်ယောက်ကြောင့် စုံလုံးကန်းနေတဲ့ကောင်ပဲ” ဇုန်းအောင်က မကျေမနပ်ဖြင့် ထပ်မံ ရေရွတ်လိုက်သည်။ ရန်ကိုင်သည် ရွှယ့်ယွယ်ကို ချစ်မြတ်နိုးနေသည့်အတွက် ဤမျှ အသည်းအသန် ဖြစ်နေခြင်းဟု ထင်နေခြင်း ဖြစ်သည်။

ရန်ကိုင်၏ တုန့်ပြန်မှုနှင့် ပက်သက်ပြီး သိပ်မကျေနပ်မိသော်ငြား ဇုန်းအောင်သည် သူကတိပေးထားသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပေ ြာလိုက်လေသည် “သူ့ကိုကယ်ဖို့ဆို ခရမ်းနှလုံးသာ ဝိဥာဉ်အားဖြည့်ဆေးလုံးကို ဖော်စပ်မှရလိမ့်မယ်”

ပြောပြီးနောက် လှောင်ပြောင်လိုသည့် အမူအရာဖြင့် ရန်ကိုင်အား စိုက်ကြည့်လိုက်သည်။

“ခရမ်းနှလုံးသားဝိဥာဉ်အားဖြည့်ဆေးလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဇုန်းအောင် ယင်နေကြာရေစင်ကို ထည့်ရန်ခွက်သွားလုပ်နေစဉ် ရန်ကိုင်သည် ဇုန်းအောင်၏ ရှေးဟောင်းစာအုပ်ပုံကြီးကို မွှေနှောက် ရှာဖွေပြီးသွားခဲ့လေပြီ။ ထိုထဲတွင် ဆေးညွှန်းများစွာကို တွေ့ခဲ့ကာ ခရမ်းနှလုံးသားဝိဥာဉ်အားဖြည့်ဆေးသည် ထိုဆေးညွှန်းများစွာထဲမှ တစ်ခု ဖြစ်ပေသည်။

ခဏလောက် စဉ်းစားပြီးနောက် ထိုခရမ်းနှလုံးသားဝိဥာဉ် အားဖြည့်ဆေးကို ဖော်စပ်ရန် မည်သည့်အဆင့် ဆေးအမယ်များ လိုအပ်သည်ကို ရန်ကိုင် ပြန်သတိရလိုက်သည်။

“တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးလား” ရန်ကိုင်မျက်နှာ ဖြူလျော်သွားခဲ့ပြီး အလန့်တကြား ထအော်လေသည်။

“တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးပဲပေါ့” ဇုန်းအောင်က စပ်ဖြဲဖြဲပြုံးလျက် “ယင်နေကြာရေစင်ဆိုတာ အရှားပါးဆုံးနဲ့ အားအကောင်းဆုံး ကျင့်ကြံရေး ရတနာတစ်ခုပဲဟာကို။ အဲ့ဒါကြောင့် ရလာတဲ့ဒဏ်ရာကို ဒီလောက် ကုလို့ လွယ်မယ် ထင်နေတာလား။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးဖြစ်တဲ့ ခရမ်းနှလုံးသားဝိဥာဉ်အားဖြည့်ဆေးကပဲ ကုသပေးနိုင်မှာ။ ဒီကောင်မလေး ဘယ်လို အန္တရာယ်များကို ရင်ဆိုင်နေရလဲ ဆိုတာကို အားလုံးထက် မင်းပိုသိပါတယ်။ သူ့အသက်စွမ်းအင်တင် အေးခဲသွားတာ မဟုတ်သေးဘူး။ နာမ်ဝိဥာဉ်ကပါ ပျောက်နေတာ။ သူ့ကိုကုဖို့ဆိုတာ အရမ်း ခက်လွန်းတယ်”

ရန်ကိုင် မျက်နှာ မည်းမှောင်သွားခဲ့သည်။

ဇုန်းအောင်က ဆက်ပြောသည် “ကောင်းလေး၊ လက်လျှော့လိုက်ဖို့ ငါမင်းကို အကြံပေးချင်တယ်။ ဒီကြယ်စီရင်စုကြီးမှာတောင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတွေကို သန့်စင်နိုင်တဲ့ ဆေးပညာရှင်တွေက သိပ်ရှိလှတာ မဟုတ်ဘူး။ အဲ့ဒါကို မပြောနဲ့ဦး။ တန်ခိုးရှင်အဆင့် ဆေးအမယ်ကို ရှာတွေ့ဖို့ကတောင် လွယ်တာမဟုတ်ဘူး။ နှစ်တစ်သောင်း ဝိဥာဉ်ပြန်ပန်းပွင့် တစ်ခုတည်းနဲ့တင် တိုင်ပတ်နေပြီ”

ဝိဥာဉ်ပြန်ပန်းပွင့်သည် အလွန်ကိုမှရှားပါးလှသည်၊ အဖိုးတန်သည့် ပန်းပွင့်တစ်မျိုး မဟုတ်ချေ။ ထိုပန်းပွင့်ကို ကျင့်ကြံရေးကြယ် တိုင်းတွင် တွေ့နိုင်ပေသည်။ သို့သော်လည်း ခရမ်းနှလုံးသား ဝိဥာဉ်အားဖြည့်ဆေးကို သန့်စင်ရန်အတွက် နှစ်တစ်သောင်း သက်တမ်းရှိသော ဝိဥာဉ်ပြန်ပန်းပွင့်ကို လိုအပ်ပေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၀၆၃) အလောင်းအစား

မည်သည့် ဆေးပင်ကများ ထိုမျှ သက်တမ်းရင့်သည်အထိ ကြီးထွားနိုင်မည်နည်း။ နှစ်တစ်သောင်းအတွင်း သဘာဝ ဘေးအန္တရာယ်များ၊ ပတ်ဝန်းကျင်ပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်၏။ ကျင့်ကြံသူများနှင့် သားရဲများကြောင့် သေဆုံးပျက်စီးနိုင်သော အချက်ကိုပင် ထည့်မတွက်ထားသေးချေ။ ထိုမျှ သက်တမ်းရင့်သည့် ဆေးပင်ကိုရှာရန်မှာ အလွန်ကိုမှ ခက်ခဲပေသည်။

အခြားလိုအပ်သော ဆေးပင်များသည် အတော်လေးကိုမှ ရှားပါးပြီး အဖိုးတန်သော်ငြား ရှာရန် သိပ်မခက်ခဲလှ။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းသည် စီးပွားရေးအထူးပြု အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် ထိုကိစ္စကို ဟလိခ လက်ထဲသာ ထည့်ပေးလိုက်လျှင် အားလုံး အဆင်ပြေသွားလိမ့်မည်မှန်း ရန်ကိုင် သိသည်။

သို့သော် နှစ်တစ်သောင်း သက်တမ်းရှိသည့် ဝိဥာဉ်ပြန်ပန်းပွင့်ကို ရှာတွေ့ရန်မှာမူ အလွန်ကိုမှ ခက်ခဲပေသည်။

“ကောင်လေး၊ ဒီလောကကြီးမှာ မိန်းမတွေမှ အများကြီးပဲ။ မင်းက ငယ်ငယ်လေးပဲ ရှိသေးတာ။ အနာဂတ်မှ အခြားထူးချွန်တဲ့ မိန်းမလှလေးတွေနဲ့ မတွေ့ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ တစ်ခါတစ်လေကျ အချို့အရာတွေကို ထားခဲ့နိုင်ဖို့ကို သင်ယူတာ ပျော်ရွှင်မှုတစ်မျိုးပဲကွဲ” ဇုန်းအောင်က သက်ပြင်းချလျက် ရန်ကိုင်အား ဩဝါဒစကား ချွေလိုက်သည်။

“ကျုပ်သူ့ကိုကယ်မှရမယ်” ရန်ကိုင်က ပြတ်ပြတ်သားသား ခေါင်းခါလိုက်ပြီး “စီနီယာ၊ သူ့ကို ကယ်နိုင်တဲ့ အခြားနည်းလမ်း မရှိတော့ဘူးလား”

ဇုန်းအောင်က ရန်ကိုင်ကို အသေအချာ စိုက်ကြည့်လိုက်သည်။ ခဏအကြာ၌ ခေါင်းညိတ်လိုက်ပြီး “ရှိတယ်။ ငါအခုပြောမယ့် ဆေးလုံးကို ဖော်စပ်ဖို့လိုအပ်တဲ့ ဆေးအမယ်တွေကလည်း သိပ်ပြီး မခက်ခဲဘူး။ ဆေးလုံးအဆင့်ကလည်း သိပ်မမြင့်ဘူး”

ရန်ကိုင်၏ မျက်လုံးများ တောက်ပသွားပြီး လက်သီးဆုပ်လျက် ဦးညွှတ်ကာ “ကျုပ်ကို အလင်းပြပေးပါဦး စီနီယာ”

“ကောင်းပြီလေ။ မင်းက အဲ့လောက်တောင် ဆန္ဒ ပြင်းပြနေတော့ ငါလည်း ပြောပြပေးရသေးတာပေါ့” ဇုန်းအောင်က သက်ပြင်းချလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည် “ဒါပေမယ့် အရမ်းကြီးတော့ မျှော်လင့်မထားနဲ့နော်”

“ပြောသာပြောပါ စီနီယာ”

“လောင်ကျွမ်းမီးတောက် ဆေးလုံးပဲ”

“လောင်ကျွမ်းမီးတောက်ဆေးလုံး” ရန်ကိုင် မျက်မှောင် ကြုတ်သွားသည်။ ခဏလောက် စဉ်းစားနေပြီးနောက် သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး “သူတော်စင်ဘုရင် အဆင့်နိမ့် လောင်ကျွမ်းမီးတောက် ဆေးလုံးလား”

“ဟုတ်တယ်။ လောင်ကျွမ်းမီးတောက် ဆေးလုံးက တကယ်ကို သူတော်စင်ဘုရင်အဆင့်နိမ့် ဆေးလုံးတစ်လုံးပဲ” ဇုန်းအောင်က အသာအယာ ခေါင်းညိတ်လိုက်သည်။

ရန်ကိုင် နားမလည်နိုင် ဖြစ်သွားသည် “စီနီယာ၊ ဂျူနီယာ သိပ်နားမလည်ဘူး။ လောင်ကျွမ်းမီးတောက် ဆေးလုံးရဲ့ အဆင့်က မြင့်မှမမြင့်တာ။ ကျုပ်သခင်မလေးကို ဘယ်လိုလုပ်ပြီး ကုသပေးနိုင်မှာလဲ”

ဇုန်းအောင် ပထမဆုံးပြောပြသော နည်းလမ်းသည် တန်ခိုးရှင်ဘုရင် အဆင့်ဆေးလုံးကို ဖော်စပ်ရန်ဖြစ်ပြီး ဒုတိယနည်းလမ်းသည် သူတော်စင်ဘုရင်အဆင့် ဆေးလုံးကို ဖော်စပ်ရန် ဖြစ်လေသည်။ ထိုဆေးလုံးနှစ်လုံးကြား ကွာခြားချက်သည် အလွန်တရာကိုမှ ကြီးမားလှပေသည်။

ဇုန်းအောင်က ပြုံးဖြဲလိုက်ပြီး “သာမန် လောင်ကျွမ်းမီးတောက် ဆေးလုံးနဲ့ အလုပ်ဖြစ်မယ်ထင်လို့လား။ ငါက ဆေးတိမ်တိုက်ပါတဲ့ လောင်ကျွမ်းမီးတောက် ဆေးလုံးကို ပြောနေတာကွ”

ရန်ကိုင် တစ်ကိုယ်လုံး တုန်ရီသွားခဲ့သည်။ ယခု သူနားလည်သွားလေပြီ။

“မင်းလည်း ဆေးပညာရှင်ဆိုမှတော့ ဆေးသွေးကြောတွေ၊ ဆေးတိမ်တိုက်တွေ ပါတဲ့ဆေးလုံးက သာမန်ဆေးလုံးထက် ပိုပြီး အားနိသင်ထက်တယ် ဆိုတာကို မင်းလည်း သိမှာပေါ့။ ဒါကြောင့်ပဲ ဆေးသွေးကြော၊ ဆေးတိမ်တိုက်တွေက ဆေးလုံးတစ်လုံးရဲ့ တန်ဖိုးကို သိသိသာသာ တိုးမြှင့်သွားစေနိုင်တာ။ ဆေးသွေးကြောပါတဲ့ သူတော်စင်ဘုရင်အဆင့်နိမ့် ဆေးလုံးရဲ့ အာနိသင်က သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် ဆေးလုံးနဲ့ သွားညီတယ်။ ဆေးတိမ်တိုက်ဆိုရင်တော့ တန်ခိုးရှင်ဘုရင် အဆင့်လောက် မကောင်းရင်တာင် အဲ့အောက်တော့ မကျဘူး”

“ကျုပ်သိပြီ” ရန်ကိုင်၏ မျက်ဝန်းများ တဖျတ်ဖျတ် လင်းလက် တောက်ပသွားပြီး ချက်ချင်း စိတ်အား တက်ကြွသွားသည်။

ရန်ကိုင်၏ အမူအရာကိုမြင်သော် ဇုန်းအောင်က လှောင်ပြုံးပြုံးလျက် ပြောလိုက်လေသည် “ဆေးတိမ်တိုက်ပါတဲ့ လောင်ကျွမ်းမီးတောက် ဆေးလုံးကို ဖော်စပ်ဖို့ ဒီလောက် လွယ်တယ် ထင်နေလား။ နှစ်တစ်သောင်း ခရမ်းနှလုံးသားဝိဥာဉ်အားဖြည့်ပန်းပွင့်ကို ရှာတာထက်တောင် ပိုခက်ဦးမယ်။ ကောင်လေး၊ ငါမင်းကို ထပ်ပြောမယ်။ အခုကတည်းက လက်လျှော့လိုက်တော့။ မဖြစ်နိုင်တာကို လုပ်ဖို့ မကြိုးစားစမ်းနဲ့”

ထိုစကားကို ပြောရခြင်းမှာ ရန်ကိုင်၏ စိတ်အားထက်သန်မှုကို ပျောက်ပျက်သွားစေလိုသောကြောင့်မဟုတ်၊ မဖြစ်နိုင်ဘူးဟု ထင်သည့်အတွက်ကြောင့်သာ ပြောလိုက်ခြင်းဖြစ်သည်။

ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းရှိ ထပ်တန်းအဆင့် ဆေးပညာရှင်များပင် အဆက်မပြတ် ဖော်စပ်မည်ဆိုသည့်တိုင် ဆေးတိမ်တိုက်ပါသော လောင်ကျွမ်းမီးတောက် ဆေးလုံးကို ဖော်စပ်နိုင်ချေမှာ အလွန်ကိုမှ နိမ့်ကျလှပေသည်။

သို့သော် ရန်ကိုင်က ပြုံးဖြဲ၍သာ “မကြိုးစားဘဲနဲ့ ဖြစ်နိုင်၊ မဖြစ်နိုင် ဘယ်လိုလုပ်ပြီး သိမှာလဲ”

ဇုန်းအောင်က အလျင်အမြန် ပြောလိုက်သည် “ကောင်လေး၊ လောင်ကျွမ်းမီးတောက် ဆေးလုံးကို ငါ့ကို ဖော်စပ်ခိုင်းမယ်တော့ မကြံနဲ့နော်။ ငါမင်းနဲ့ အဲ့လောက်မရင်းနှီးဘူး။ ပြီးတော့ ဆေးတိမ်တိုက်ပါတဲ့ သူတော်စင်ဘုရင်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်မယ်လို့ ယုံကြည်ချက်လည်း မရှိဘူး”

“စီနီယာကို မဖော်စပ်ခိုင်းပါဘူး” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးသည်။

“အို၊ ဒါဆို ဘယ်သူ့ကို ဖော်စပ်ခိုင်းမလို့လဲ” ဇုန်းအောင် အံ့အားသင့်သွားခဲ့သည် “ပြောစမ်း။ မင်းဘယ်သူ့ကို ဖော်စပ်ခိုင်းဖို့ စဉ်းစားထားတာလဲ။ ငါမင်းကို အကြံပေးပြီးသွားပြီ ဆိုမှတော့ ဘယ်သူကများ အဲ့လိုလုပ်နိုင်လဲ ဆိုတာကို ငါတကယ် သိချင်တယ်”

မိုးရေစင်ကြယ်တွင် သူ့ထက်ပိုတော်သည့် ဆေးပညာရှင် ရှိသည်ဟု ဇုန်းအောင် မယုံပါချေ။ ဆေးပညာဘက်တွင် ဤနေရာ၌ သူသည် အတော်ဆုံးဖြစ်သည်။

“ဂျူနီယာဘာသာ ဂျူနီယာလုပ်မှာ”

“မင်းဘာသာမင်း ဖော်စပ်မယ်ပေါ့” ဇုန်းအောင် မျက်လုံးကျွတ်ထွက်မတတ် ဖြစ်သွားခဲ့သည်။

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။

ရန်ကိုင် ခေါင်းများ ထိသွားသလားဟူသော အတွေးဖြင့် ရန်ကိုင်အား အသေအချာ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ထူးဆန်းသော အမူအရာဖြင့် “ငါနဲ့ လာကစားဖို့ ကြံမနေနဲ့။ ဒါက မင်းကိစ္စ၊ ငါ့ကိစ္စ မဟုတ်ဘူး။ အင်း။ မင်းသာ ဆေးတိမ်တိုက်ပါတဲ့ လောင်ကျွမ်းမီးတောက် ဆေးလုံးကို သန့်စင်နိုင်မယ်ဆိုရင် ငါက မင်းကို ဖိုးဖိုးကြီးလို့တောင် ခေါ်လိုက်ဦးမှာ”

ရန်ကိုင်တွင် ဆေးတိမ်တိုက်ပါသော သူတော်စင်ဘုရင်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်စွမ်းရှိသည်ဟု ဇုန်းအောင် မယုံပါချေ။

ရန်ကိုင်သည် အားနည်းသည့် သူတော်စင်ဒုတိယအဆင့် တစ်ယောက်သာဖြစ်သည်။ သူသည် ဆေးပညာရှင်တစ်ယောက် ဖြစ်ပြီး ဆေးပညာတွင် ပါရမီပါသည် ထားပါစေဦး၊ သူ့အသက် ငယ်ငယ်လေးဖြင့် ဆေးပညာလမ်းစဉ် မည်မျှ ခရီးပေါက်နိုင်မည်နည်း။

သူတော်စင် အထွဋ်အထိပ်အဆင့် ဆေးလုံးများသည် သူ့အကန်အသတ် ဖြစ်ပေသည်။

သူတော်စင်ဘုရင်အဆင့် ဆေးလုံးကိုပင် မဖော်စပ်နိုင်လျှင် ဆေးတိမ်တိုက်ပါသော ဆေးလုံးကို မည်ကဲ့သို့ ဖော်စပ်မည်နည်း။

ဇုန်းအောင်သည် ရန်ကိုင်၏ စကားကို ငကြွားတစ်ယောက်မှ လျှောက်ပြောနေသော စကားများဟုသာ မှတ်ယူလိုက်သည်။

သို့သော်လည်း ရန်ကိုင်က ထူးထူးဆန်းဆန်း ပြုံးလျက် “စီနီယာက ကျုပ်စကားကို မယုံမှတော့ အလောင်းအစား လုပ်ကြမလား”

“အလောင်းအစားလား” ဇုန်းအောင်၏ မျက်လုံးများ မှေးစဉ်းသွားပြီး နှာခေါင်းရှုံ့လျက် “ငါနဲ့ အလောင်းအစား လုပ်ချင်တာလား။ ကောင်လေး၊ ငါဇုန်းအောင်ဆိုတဲ့လူက စိန်ခေါ်ရင် တိမ်ပေါ်ထိတောင် လိုက်ရဲတယ်ကွ။ မင်းက ငါ့ကို လာစိန်ခေါ်မှတော့ ငါကလည်း ငြိမ်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ ကဲပြော၊ မင်းဘယ်လို လောင်းချင်လဲ”

“ဂျူနီယာသာ ဆေးတိမ်တိုက်ပါတဲ့‌ လောင်ကျွမ်းမီးတောက် ဆေးလုံးကို သန့်စင်နိုင်ခဲ့ရင် ဂျူနီယာအများကြီး မတောင်းဘူး။ စီနီယာ ရထားတဲ့ ယင်နေကြာရေစင်ရဲ့ တစ်ဝက်ကိုပဲပေး” ရန်ကိုင်က ဇုန်းအောင်အား စိုက်ကြည့်လျက် ပြောလိုက်သည်။

ဇုန်းအောင်၏ မျက်နှာ ဆေးခါးခါးကြီး စားလိုက်ရသည့်နှယ် မဲ့ရွဲ့သွားခဲ့ပြီး ချက်ချင်းပဲ နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်လေသည် “မင်းကို ရိုးသားတဲ့လူလို့ မှတ်နေတာ။ လတ်စသတ်တော့ မင်းလည်း ကြောင်သူတော် ကြွက်သူခိုးပဲကိုး။ ငါ့ရတနာတွေကို မင်းတစ်ချိန်လုံး ချောင်းနေတာမလား။ ဖင်မနိုင်ဘဲ ပဲကြီးဟင်း မစားချင်နဲ့နော်၊ ကောင်လေး”

“ဘာမှမဖြစ်ဘူး။ ကျုပ်ဖြစ်ရင် ကျုပ်အခံပဲ” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “စီနီယာ ကြောက်နေတာလား”

ဇုန်းအောင်က ချက်ချင်းပဲ ပြန်ပက်သည် “ဘာကွ။ ငါကများ ကြောက်ရမယ်၊ ဘာလို့ ကြောက်ရမှာလဲ။ ဒီလို လှည့်ကွက်လေးက ငါ့အတွက် အလုပ်မဖြစ်ဘူးကွ”

ပြောပြီးနောက် ဇုန်းအောင် ဆက်ပြောသည် “ကောင်းပြီလေ။ မင်းသာ ဆေးတိမ်တိုက်ပါတဲ့ လောင်ကျွမ်းမီးတောက် ဆေလုံးကို သန့်စင်နိုင်ရင် ငါ့ဆီမှာရှိတဲ့ ယင်နေကြာရေစင်တစ်ဝက်ကို မင်းဆီ ပေးမယ်။ ဆေးသွေးကြောတွေကို ဘယ်လိုပါအောင် ဆေးဖော်စပ်ရမလဲ ဆိုတာကို နှစ်ပေါင်းရာနဲ့ချီအောင် ငါလေ့လာပြီးသွားပြီ။ ဒါပေမယ့် အခုထိ လမ်းစ ရှာမတွေ့သေးဘူး။ ငါမလုပ်နိုင်တာကို မင်းလုပ်နိုင်တယ်ဆိုရင် ငါအနေနဲ့ တကယ်ကို ကျေနပ်မိမှာ> ဒါပေမယ့် မင်းမဖော်စပ်နိုင်ဘူးဆိုရင်၊ မင်းဘက်က ဘာပြန်ပေးမှာလဲ”

ဇုန်းအောင်က ရန်ကိုင်အား အေစက်စက်၊ သုန်သုန်မှုန်မှုန်ဖြင့် ကြည့်လိုက်သည်။

ဇုန်းအောင်က ရန်ကိုင်သည် ဆေးပညာကို ပေါ့ပြက်ပြက်၊ သဘောထားနေသလို နှစ်ပေါင်းများစွာကြာအောင် ဆေးလောကထဲ ကျင်လည်လာခဲ့သော သူ့အရည်အချင်းကို အထင်သေးနေဟု ထင်နေခဲ့သည်။

“စီနီယာအပေါ်ပဲ မူတည်တယ်” ရန်ကိုင်က တုန့်ဆိုင်းခြင်းမရှိ ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ ထိုဆေးလုံးကို မသန့်စင်နိုင်ပါက ရွှယ့်ယွယ် သေလိမ့်မည်ဖြစ်သလို သူလည်း သေပေလိမ့်မည်။ ထို့ကြောင့် ဇုန်းအောင် မည်သို့ပင် တောင်းဆိုပါက သူ့ဘက်က သဘောတူပြီးသားပင်။

“ကောင်းပြီလေ။ ငါလည်း တောက်တိုမယ်ရ ခိုင်းဖို့ လူမရှိတာနဲ့ အတော်ပဲ။ မင်းမဖော်စပ်နိုင်ဘူးဆိုရင် တစ်သက်လုံး ငါ့နောက် လိုက်ပြီး ငါ့ကို ကူညီပေးရမယ်” ဇုန်းအောင်က ရယ်သွမ်းသွေးလျက် “ဒါပေမယ့် ဒီအလောင်းအစားက ရက်ချိန်အကန့်အသတ်တော့ ရှိရမယ်မလား။ ဒါမှမဟုတ် ငါကို တစ်သက်လုံး ထိုင်စောင့်စေဖို့ မျှော်လင့်နေတာလား”

“ဘယ်ဟုတ်ပါ့မလဲ” ရန်ကိုင်က ဇုန်းအောင် ထိုကဲ့သို့ ပြောလာမည်ဟု မျှော်လင့်ထားသည့်အလား “ရက်ချိန်း အကန့်အသတ်က ကျုပ်သခင်မလေး သေတဲ့နေ့ပဲ။ ဘယ်လိုလဲ”

“အဲ့ဒါဆို တစ်နှစ်လောက်ပဲပေါ့။ ကောင်လေး၊ မင်းတကယ်ကို ရူးသွပ်တာပဲ။ ငါလည်း ဆေးတိမ်တိုက်ပါတဲ့ လောင်ကျွမ်းမီးတောက် ဆေးလုံးကို မင်းဘယ်လို သန့်စင်မလဲ မြင်ချင်မိသား” ဇုန်းအောင်က ရယ်မောလိုက်သည်။

“စီနီယာ စောင့်သာ ကြည့်နေလိုက်စမ်းပါ” ရန်ကိုင်က ပြုံးလိုက်သည်။

ရန်ကိုင်၏ အမူအရာကြောင့် ဇုန်းအောင် တုန့်ဆိုင်းမိသွားသည်။ ရန်ကိုင်တွင်များ လျှို့ဝှက်ချက်တစ်ခုခု ရှိနေသလား စိတ်ထဲ အလိုလို တွေးမိသွားသည်။

စိတ်ကသိကအောက် ဖြစ်လာသည်နှင့် ရန်ကိုင်အား မေးရန် ဆုံးဖြတ်လိုက်သည် “မင်းအခု ဘယ်အဆင့် ဆေးလုံးကို သန့်စင်နိုင်ပြီလဲ”

“သူတော်စင်ဘုရင်အဆင့်နိမ့် ဆေးလုံး” ရန်ကိုင်က ပြန်ပြောသည်။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ဇုန်းအောင် ကြောင်သွားလေသည် “မင်းတကယ်ကြီး သူတော်စင်ဘုရင်အဆင့် ဆေးလုံးတွေကို သန့်စင်နိုင်တာလား”

ရန်ကိုင်ပြောသည်ကို ဇုန်းအောင် မယုံကြည်ခဲ့။ ရန်ကိုင် ချဲ့ကား ပြောနေခြင်း ဖြစ်သည်ဟုသာ ထင်သည်။

ရန်ကိုင်ကမူ ပခုံးတွန့်၍သာ ပြန်ပြောလိုက်လေသည် “စီနီယာ၊ ယုံယုံမယုံယုံ၊ ကျုပ်ကတော့ သူတော်စင်ဘုရင်အဆင့် ဆေးလုံး အချို့ကို ဖော်စပ်ပြီးသွားပြီ”

“မင်းဒီနှစ် အသက်ဘယ်လောက်ရှိပြီလဲ” ဇုန်းအောင်က မယုံသင်္ကာဖြင့် မေးလိုက်သည်။

“သုံးဆယ်မပြည့်တတ်သေးဘူး။ နှစ်ဆယ့်ခွန်၊ နှစ်ဆယ့်ရှစ်လို့ ထင်တာပဲ” သူ့ယခု အသက်ဘယ်လောက် ရှိပြီလဲ ဆိုသည်ကို ရန်ကိုင် သေချာမသိချေ။ တစ်ချိန်လုံး လျှောက်ပတ်သွားလာရင်း၊ တံခါးပိတ်ကျင့်ကြံရင်းဖြင့်သာ အချိန်ဖြုန်းနေသည့်အတွက် သူ့အသက် မည်မျှ ရှိပြီသလဲ ဆိုသည်ကိုပင် မေ့လျော့နေခဲ့သည်။

အသက်(၂၇)၊ (၂၈)သာ ရှိသေးသော လူငယ်လေးတစ်ယောက် သူတော်စင်ဘုရင်အဆင့် ဆေးလုံးအား ဖော်စပ်နိုင်သည်ဆိုသော အချက်သည် ဇုန်းအောင်အား အမှန်တကယ်ကို ထိတ်လန့်စေ၏။

သ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရုတ်တရက် ရလာခဲ့သည်။ သူပိုင်ဆိုင်ထားသော ယင်နေကြာရေစင်တစ်ဝက်သည် တစ်ပါးသူ၏ အပိုင်ဖြစ်တော့မလိုလို။

ခေါင်းခါရမ်းလိုက်ရင်း ဇုန်းအောင်က ထပ်ပြောသည် “တစ်နှစ်ကြာတာနဲ့ ပြီးသွားမှာပဲ။ အခုလောလောဆယ် ငါဘာမှ ထပ်မေးတော့မှာ မဟုတ်ဘူး။ ဒါပေမယ့် ငါမင်းကို ပြောထားမယ်၊ ကောင်လေး။ ဆေးတိမ်တိုက်ပါတဲ့ လောင်ကျွမ်းမီးတောက် ဆေးလုံးကို သန့်စင်နိုင်ရင်တောင် ဟိုကလေးမလေး ကိုယ်ထဲက အအေးဓါတ်ကို ဖယ်ရှားပေးနိုင်ရုံပဲ ရှိဦးမှာ။ သူ့နာမ်ဝိဥာဉ်ကို မင်းကိုယ်တိုင် ပြန်တည်ဆောက်ပေးဖို့ လိုသေးတယ်”

ရန်ကိုင် မျက်မှောင်ကြုတ်လိုက်ပြီး လက်သီးဆုပ်ကာ “ကျုပ်နားလည်ပြီ”

“မင်း၊ မင်းဘာသာမင်း ကြည့်လုပ်ပေတော့” ဇုန်းအောင်က လက်ဝှေ့ရမ်းလိုက်သည်။

ရန်ကိုင်သည် အခန်းထဲမှထွက်၍ ရွှယ့်ယွယ်နေသည့် အခန်းဆီ သွားလိုက်သည်။ ထို့နောက် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့ခွဲဆီ ထွက်ခွာသွားလေသည်။

နေ့တစ်ဝက်ကြာပြီးနောက် ဟလိခ၊ အခြားသူများကို အဓိက ခန်းမတွင် တွေ့ခဲ့သည်။

ဟလိခ၊ လင်းမူဖုန်းနှင့် သက်လတ်ပိုင်း အမျိုးသမီးသည် ခန်းမထဲရှိ စားပွဲတစ်လုံးပတ်လည်တွင် ဝိုင်းထိုင်နေကြပြီး ယင်နေကြာရေစင် ရေစက်အချို့ ထည့်ထားသည့် ငါးရောင်ခြယ် ဥက္ကာခဲအဆီအနှစ်ဖြင့် လုပ်ထားသော အိုးတစ်လုံးသည် သူတို့ရှေ့တွင် ရှိနေခဲ့သည်။

အကြည့်သုံးစုံသည် သူတို့ရှေ့တည့်တည့်ရှိ ယင်နေကြာရေစင်ကို မမှိတ်မသုံ စိုက်ကြည့်နေကြသည်။

ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းအတွက် ငါးရောင်ခြယ် ဥက္ကာခဲအဆီအနှစ်ကို ရှာရန်မှာ မခက်ခဲလှချေ။ ထို့ကြောင့် ဇုန်းအောင် ထွက်သွားပြီးနောက် သုံးယောက်စလုံး ထိုရတနာကို အလျင်အမြန် သွားစုဆောင်းကြလေပသည်။ ယခု ထိုအရာကို မည်ကဲ့သို့ ခွဲဝေယူရန်၊ ပင်မကြယ်သို့ မည်ကဲ့သို့ ပြန်တင်ပို့ရန် ဆွေးနွေးတိုင်ပင်နေကြခြင်း ဖြစ်သည်။

ရန်ကိုင် ရောက်လာသည်ကို သတိပြုမိသော် သုံးယောက်စလုံး ဆွေးနွေးခြင်းကို ရပ်လိုက်သလို ယင်နေကြာရေစင်ကိုလည်း ချက်ချင်း ဝှက်လိုက်သည်။ ဟလိခက မတ်တပ်ရပ်၍ မေးလိုက်သည် “မိန်းကလေးရွှယ့်အာ အခြေအနေ ဘယ်လိုရှိလဲ”

“အရင်အတိုင်းပဲ။ အခုလောလောဆယ်တော့ ဘာမှ မဖြစ်သေးဘူး။ ဒါပေမယ့် သတိလစ်နေတုန်းပဲ” ရန်ကိုင်က ပြန်ပြောသည်။

သုံးယောက်စလုံး၏မျက်နှာ ညိုးလျော်သွားသည်။

“ဒါပေမယ့် စီနီယာဇုန်းအောင်က သူ့ပြဿနာကို ကုသလို့ရတဲ့ နည်းလမ်းကို ပြောပြသွားတယ်” ရန်ကိုင်က အလျင်အမြန် ထပ်ပေါင်းပြောလိုက်သည်။

“တကယ်လား” ဟလိခ၏မျက်နှာ ဝင်းပသွားပြီး လင်းမူဖုန်းသည် သက်ပြင်းတစ်ချက် ချလိုက်သည်။ သက်လတ်ပိုင်းအမျိုးသမီး သည်လည်း သူမ၏ မို့မောကမောက် ရင်အစုံကို လက်ဖြင့် တဖွဖွ ပုတ်ရင်း သက်ပြင်းချနေသည်။

“ညီငယ်လေး၊ ငါတို့ ကုန်သွယ်ရေးအဖွဲ့အစည်းကနေ မင်းလိုတာ ရှိရင် လွတ်လွတ်လပ်လပ်သာပြောနော်။ မိန်းကလေးရွှယ့်အာက ငါတို့ မိုးရေစင်ကြယ်ပေါ်မှာ ဒုက္ခရောက်သွားတာဆိုတော့ စိတ်ပူနဲ့၊ ပြောသာပြောလိုက်၊ ငါတို့ဘက်က အပြည့်အဝ ကူညီပေးမယ်” ဟလိခက ပြောလိုက်သည်။

“အဲ့ဒါကြောင့်ပဲ ကျုပ်ဒီကို လာခဲ့တာ” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၀၆၄)

“ခင်ဗျားတို့ကို ဆေးပင်အချို့ကို စုဆောင်းခိုင်းချင်လို့” ရန်ကိုင်က လိုရင်းကို တန်းပြောလိုက်သည်။

“ဘာဆေးပင်တွေ လိုတာလဲ” ဟလိခက ပြုံး၍ ပြန်မေးသည် “အခြားနေရာတွေမှာသာ ဆေးပင်တွေ ရှားရင်းရှားမယ်။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှာတော့ မရှားဘူး”

လင်းမူဖုန်းနှင့် သက်လတ်ပိုင်း အမျိုးသမီးသည်လည်း ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။

ရန်ကိုင်က လောင်ကွှမ်းမီးတောက် ဆေးလုံးကို ဖော်စပ်ရန်အတွက် လိုအပ်သော ဆေးအမယ်စာရင်းကို ချက်ချင်း ထုတ်ပေးလိုက်သည်။ ထိုဆေးအမယ်စာရင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဟလိခက ပြန်ပြောလေသည် “ဆေးပင်တွေ အကုန်လုံးက ရှာဖို့မခက်ဘူး။ အများစုက ဒီမှာ ရှိပြီးသား။ လိပ်နဂါးစိတ်ဝိဥာဉ်အသီးပဲ နည်းနည်း ရှာရခက်တာ။ အခြားဟာတွေကတော့ ပြဿနာ မဟုတ်ဘူး။ ဒါပေမယ့် ညီငယ်လေးအနေနဲ့ သုံးလေးငါးလလောက် စောင့်နိုင်မယ် ဆိုရင်တော့ အနီးအနားက ဆေးပင်ကြယ်ကနေ လိပ်နဂါးစိတ်ဝိဥာဉ် အသီး လှမ်းမှာပေးလို့ရတယ်”

“သုံးလေးငါးလက ပြဿနာမဟုတ်ဘူး။ နည်းနည်းလေး ပိုကြားသွားရင်တောင် ကိစ္စမရှိဘူး။ တစ်နှစ်လောက် မကြာရင် ပြီးရော” ရန်ကိုင်က ခေါင်းခါလိုက်သည်။

“ကောင်းပြီလေ။ အဲ့ဒါဆို လေးလအတွင်း လိပ်နဂါးစိတ်ဝိဥာဉ် အသီးကို ကျိန်းသေ ပို့ပေးမယ်” ဟလိခက သူ့ရင်ဘတ်ကိုပုတ်၍ ကတိပေးလိုက်သည်။

အချို့ဆေးပင်များသည် ပေါက်ရောက်ရန်အတွက် သင့်တော်သော နေရာကောင်းကို လိုအပ်သည်။ မိုးရေစင်ကြယ်သည် ကျင့်ကြံရေး ကြယ်ကြီးတစ်လုံး ဖြစ်သော်ငြား ၎င်းတွင် လိပ်နဂါးစိတ်ဝိဥာဉ် အသီးပေါက်ရောက်ရန် သင့်တော်သည့်နေရာ မရှိချေ။ သို့သော် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ လက်အောက်ဖြစ်သော အနားရှိ ဆေးပင်ကြယ်တစ်လုံး လိပ်နဂါးစိတ်ဝိဥာဉ်အသီး အများအပြားကို ထုတ်လုပ်ပေးလေသည်။

“ဆေးပင်ဘယ်လောက်လောက် ညီငယ်လေး လိုတာလဲ” လင်းမူဖုန်းက မေးလိုက်သည်။

“ခင်ဗျားတို့ ရနိုင်သလောက်ပေါ့” ရန်ကိုင်က အလျင်အမြန်ပဲ ပြန်ပြောလိုက်သည်။

“ငါတို့ ရနိုင်သလောက်လား” ရန်ကိုင်၏ အဖြေကြောင့် အကုန်လုံး ရန်ကိုင်အား ကြောင်ကြည့်နေမိလိုက်ကြသည်။

ရန်ကိုင်သည် ဆေးအမယ် နည်းနည်းသာ လိုအပ်ခြင်းဖြစ်သည်ဟု သူတို့ ထင်နေခဲ့ခြင်းဖြစ်သည်။ သို့သော် သူတို့ ရနိုင်သလောက် တောင်းလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့ကြောင့် သူ့တို့စိတ်ထဲ ထိုမျှ များပြားလှသည့် ဆေးပင်များနှင့် ရန်ကိုင် ဘာလုပ်ရန် ကြံနေသလဲ ဆိုသည်ကို မတွေးတတ်အောင် ဖြစ်သွားခဲ့သည်။

ရန်ကိုင်က အလျင်အမြန်ပဲ ရှင်းပြလိုက်သည် “စီနီယာဇုန်းအောင် ပြောပြတဲ့နည်းလမ်းက ဆေးတိမ်တိုက်ပါတဲ့ ဆေးလုံးပဲ။ ဆေးတိမ်တိုက်ပါတဲ့ ဆေးလုံးတစ်လုံးကို သန့်စင်ဖို့ ဘယ်လောက် ခက်လဲ ခင်ဗျားတို့လည်း သိတာပဲ။ တစ်ကြိမ်၊ နှစ်ကြိမ်လောက် ကြိုးစားရုံနဲ့ ရနိုင်တာမျိုးမဟုတ်ဘူး။ ဆေးတိမ်တိုက်ပါတဲ့ ဆေးလုံးကို ဖော်စပ်ဖို့ဆိုရင် အကြိမ်ပေါင်းများစွာ ကြိုးစားဖို့ လိုတယ်”

ထိုစကားကို ကြားလိုက်မှပဲ ရန်ကိုင် ဆေးပင်အများကြီး ဘာကြောင့် လိုအပ်နေသလဲ ဆိုသည်ကို သူတို့ နားလည်သွားခဲ့သည်။ ဟလိခက အော်၍ပင် ပြန်ပြောလိုက်သည် “ကျုပ်သိပြီ။ ကျုပ်သိပြီ။ ဆရာကြီး ဇုန်းအောင်က တကယ် တော်တာပဲလို့။ ဆေးတိမ်တိုက်ပါတဲ့ ဆေးလုံးကိုတောင် သန့်စင်နိုင်တယ်။ ကျုပ်တို့လည်း ဆေးတိမ်တိုက် ပါတဲ့ ဆေးလုံးမျိုးကို တကယ် မြင်ချင်မိသား”

“ဒါပေမယ့် ခင်ဗျားတို့ အဖွဲ့ခွဲအတွက်တော့ တော်တော်လေး ထိခိုက်လိမ့်မယ်။ ဆေးလုံးတစ်လုံးတည်းကိုပဲ တောက်လျှောက် သန့်စင်မှာဆိုတော့ ပြန်ရောင်းမယ်ဆိုရင်တောင် အကုန် ရောင်းထွက်ဖို့က အတော်လေးခက်မှာ” ရန်ကိုင်က သတိပေးလိုက်သည်။

“မိန်းကလေးရွှယ့်အား နိုးလာနိုင်သရွေ့ ကိစ္စမရှိဘူး။ ဒီလောက်က ဘာပြဿနာမှ မဟုတ်ဘူး” ဟလိခက ချက်ချင်းပဲ ပြန်ပြောသည်။ သူပြောနေသည့်ပုံစံမှာ မိန်းကလေးရွှယ့်အား သေတော့မည့် ပုံစံမျိုး။ မိန်းကလေးရွှယ့်အာသာ သေသွားခဲ့လျှင် တတိယသခင်လေးသည် သူ့ကို အလွတ်ပေးလိမ်မည်မဟုတ်။ ထို့ကြောင့် မိန်းကလေး ရွှယ့်အာ နိုးလာစေရန် တတ်နိုင်သမျှ ကြိုးစားရပေမည်။

“အဲ့လိုဆို အကောင်းဆုံးပဲ” ထိုလူများ၏ သဘေားထားနှင့် ပက်သက်၍ ရန်ကိုင် အတော်လေး ကျေနပ်မိသွားသည်။ ထိုလူများသည် အကျိုးသင့်အကြောင်းသင့် စကား ပြောတတ်ကြသည်။ သူတို့အတွက် ဘာက အရေးကြီးသည် ဆိုသည့်အချက်ကိုလည်း မြင်နိုင်ကြသည်။

“ညီငယ်လေး…” ဟလိခက လှမ်းခေါ်လိုက်သည်။ ခေါ်သာ ခေါ်သော်ငြား ပြောချင်နေသည့်စကားကို ပြောမထွက်။ ထို့ကြောင့် လင်းမူဖုန်းဘက်သို့ လှည့်၍ အကူအညီ လှမ်းတောင်လေသည်။

ထိုလူများ၏ ပုံစံကိုကြည့်ရင်း ပြဿနာကို ရန်ကိုင် ချက်ချင်း နားလည်သွားလိုက်သည် “ကျုပ်အတွက်တော့ မိန်းကလေး ရွှယ့်အာကို ကုသပေးဖို့က အရေးအကြီးဆုံးပဲ။ အခြားဘာမှ အရေးမပါဘူး”

ထိုစကားကို ကြားလိုက်သည့်အခါ အဖွဲ့ခွဲခေါင်းဆောင် သုံးယောက်စလုံး ပျော်သွားကြပြီး ရန်ကိုင်အား ကျေးဇူတင်တကြီး ကြည့်လိုက်သည်။

ယင်နေကြာရေစင်အချို့ကို ရလိုက်နိုင်သည့်အတွက်ကြောင့် သူတို့ သုံးယောက် ပျော်နေသင့်သော်ငြား ပြန်ပေးဆပ်လိုက်ရသည့် တန်ဖိုးကြောင့် ဤကိစ္စကို ပင်မကြယ်ဆီ မည်ကဲ့သို ပြန်၍ အစီရင်ခံရမလဲမသိ ဖြစ်သွားခဲ့သည်။ ပုံမှန်အချိန်များတွင် ရွှယ့်ယွယ် ဒဏ်ရာရထားသည့် သတင်းကို မပြန့်သွားအောင် လုပ်နိုင်သည်။ သို့သော်လည်း ယခုမူ မတူတော့ချေ။ ရွှယ့်ယွယ်၏ အစောင့် ဖြစ်သော ရန်ကိုင်၏ ကျင့်ကြံခြင်းသည် နိမ့်ကျနေလျှင်ပင် သူသည် ဦးနှောက်ချောင်နေသည့် လူတစ်ယောက် မဟုတ်သရွေ့ ဤနေရာမှ ကိစ္စကို ပင်မကြယ်ဆီ ဘာကြောင့် ပြန်လည် မတင်ပြဘဲ နေမည်နည်း။

ပင်မကြယ်သာ ဤနေရာမှအကြောင်းကို သိသွားသည်နှင့် သူတို့ သုံးယောက်စလုံး ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပေလိမ့်မည်။

ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြောလိုက်သည် “ကျုပ်လည်း ပင်မကြယ်က အပြစ်ပေးမှာကို မခံချင်ဘူး။ ဒီတော့ မိန်းကလေး ရွှယ့်အာ ဒဏ်ရာရတဲ့အကြောင်းကို လောလောဆယ် သတင်း မပြန့်အောင် ထိန်းထားကြတာပေါ့။ မိန်းကလေးရွှယ့်အာ သက်သာလာတော့မှပဲ ဘယ်လိုလုပ်မလဲ ဆိုတာကို သူ့ကိုပဲ ဆုံးဖြတ်ခိုင်းလိုက်ပေါ့”

“ညီငယ်လေးကို ကျေးဇူးအများကြီး တင်ပါတယ်” ဟလိခက ကျေးဇူးတင်တင်ဖြင့် လက်သီးဆုပ်လိုက်သည်။

“ယင်နေကြာရေစင် ကိစ္စကတော့ ဒီအတိုင်းပဲ ထားလိုက်ဦး… မိန်းကလေးရွှယ့်အာ နိုးလာတော့မှ ဆုံးဖြတ်လိမ့်မယ်” ရန်ကိုင်က ထပ်ပြောလိုက်သည်။

ငါတို့မှာ ဒီထက် သတ္တိဆယ်ဆရှိနေရင်တောင် ကျင့်ကြံရေး ရတနာတွေကို စိတ်ရှိတိုင်း မယူရဲပါဘူး။ မိန်းကလေးရွှယ့်အာ နိုးလာတဲ့အထိကို စောင့်မှာပါ” ဟလိခနှင့် အခြားသူများ ခေါင်းညိတ်လိုက်ကြရသည်။ ရန်ကိုင်ကိုလည်း အထပ်ထပ် အခါခါ ကျေးဇူးတင်နေခဲ့သည်။

အစကတည်းက သူတို့ထဲမှ မည်သူမှ ယင်နေကြာရေစင်ကို ကိုယ့်ကျိုးအတွက်သုံးရန် မစဉ်းစားခဲ့ကြချေ။ ယင်နေကြာရေစင်ကို သန့်စင်နိုင်လျှင် သူတို့၏ ခွန်အားကို တိုးတက်စေနိုင်သော်ငြား ထိုအရာကို မည်ကဲ့သို့ သန့်စင်ရမည်နည်း။

ယင်နေကြာရေစင်၏ အစွမ်းကို ဟလိခကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ ကြုံဖူးပေသည်။ အကျိုးဆက်အနေဖြင့် သူ့လက်တစ်ဖက်ကိုပင် ဖြတ်ပစ်လိုက်ရသည်။ ယင်နေကြာရေစင်ကို မဆင်မခြင်ဖြင့် သန့်စင်မည်ဆိုပါက သူတို့ခွန်အားကို မတိုးတက်စေနိုင်သည့် အပြင်ဘက် မိန်းကလေးရွှယ့်အာကဲ့သို့ပင် ဖြစ်သွားနိုင်ပေသည်။

ထို့ကြောင့် မည်သူမှ ထိုအရာကို မသုံးရဲကြ။ သို့သော်လည်း ထိုအရာကို ရရှိလိုက်ခြင်းသည် ဆိုးကျိုးဖြစ်သည်ဟု မဆိုလိုချေ။ ထို့ကြောင့် ယင်နေကြာရေစင်နှင့် ပက်သက်၍ ဘာလုပ်ရမလဲ စဉ်းစားနေစဉ် ရန်ကိုင် ရောက်လာခဲ့ခြင်းဖြစ်သည်။

“ကောင်းပြီလေ။ အခု မိန်းကလေးရွှယ့်အာနဲ့ ပက်သက်တဲ့ ကိစ္စပြီးသွားပြီ။ ဒါပေမယ့် ခင်ဗျားတို့ဆီကနေ အကူအညီ တောင်းချင်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတစ်ခု ရှိသေးတယ်” ရန်ကိုင်က အခွင့်ရတုန်း လက်မလွတ်တမ်း ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။

“ကျေးဇူးပြုပြီးပြောပါ ညီငယ်လေး”

“ခင်ဗျားတို့မှာ ခွန်အားမြန်မြန် တိုးတက်စေနိုင်တဲ့ နည်းလမ်းလေး ဘာလေးများ မရှိကြဘူးလား” ရန်ကိုင်က ထိုသုံးယောက်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။

“ခွန်အား တိုးတက်စေနိုင်တဲ့ နည်းလမ်းလား” ဟလိခ အံ့ဩသွားပြီး ရန်ကိုင်အား ဝေ့ကြည့်လိုက်သည်။ မကြာမီ နားလည်သွားခဲ့ပြီး ရယ်ရယ်မောမောဖြင့် “ညီငယ်လေးက ခွန်အားတိုးတက်အောင် လုပ်ချင်နေတာလား”

“ဟုတ်တယ်။ ဒီတစ်ကြိမ် ကျုပ်ခွန်အားက နိမ့်ကျနေလို့ မိန်းကလေး ရွှယ့်အာက ကျုပ်ကို သူ့နောက် မလိုက်ခိုင်းခဲ့တာလေ။ ကျုပ်ခွန်အားသာ ပိုမြင့်နေရင် မိန်းကလေးရွှယ့်အာကို ကာကွယ်ပေးရင် ကာကွယ်ပေးနိုင်မှာ။ ကျုပ်အသက်ကို မိန်းကလေးရွှယ့်အာ အသက်နဲ့ လဲနိုင်မယ်ဆိုရင် ကျုပ်သေတော့ရာ ဘာဖြစ်လဲ” ရန်ကိုင်က အလွန်ကိုမှ နားကျည်းနေသည့် အမူအရာဖြင့် သူ့ကိုယ်သူ ပြစ်တင်ပြောဆိုလိုက်သည်။

ဟလိခတို့သည် သုံးနှစ်ကလေးများ မဟုတ်ကြရာ ရန်ကိုင် သရုပ်ဆောင်နေသည်ကို မသိဘဲ ဘယ်နေကြမည်နည်း။

သို့သော်လည်း မိန်းကလေးရွှယ့်အာသည် ဤအစောင်လေးကို အတော်လေး မြင့်မြင့်တွေးထားဟန်ရသည်။ မဟုတ်လျှင် သူ့ကျင့်ကြံခြင်း နိမ့်နေသည့်တိုင် ဤနေရာသို့ ခေါ်လာခဲ့မည် မဟုတ်သလို ရှေးဟောင်းအပျက်အစီး နယ်မြေသို့သွားသော ခရီးတွင်လည်း ချန်ရစ်ခဲ့လိမ့်မည် မဟုတ်ချေ။

မိန်းကလေးရွှယ့်အာ နိုးလာသည့်အခါကျ ထိုအစောင့်ကို အားကျိုး၍ သူမဒေါသမထွက်အောင် စကားအချို့ ပြောခိုင်ရပေမည်။

ထို့အပြင် ရန်ကိုင်သည် ဤနေရာမှကိစ္စကို ပင်မကြယ်ဆီ ပြန်မတင်ပို့ခဲ့ဘဲ ဖုံးကွယ်ပေးထားခဲ့သည်။

မိန်းကလေးရွှယ့်အာ၏ အမျက်ထွက်ခြင်း မခံရစေရန် ရန်ကိုင်ကို ဖားယားခြင်းဖြစ်စေ၊ မိန်းကလေးရွှယ့်အာ ဒဏ်ရာရသည့် ကိစ္စကို ဖုံးကွယ်ထားပေးသည့် အတွက်ကြောင့်ဖြစ်စေ၊ ရန်ကိုင်၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးခြင်းသည် မလွန်ကဲလောက်ဟု သုံးယောက်စလုံး တွေးမိကြသည်။ သူတော်စင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်၏ ခွန်အားကိုး တိုးတက်အောင် လုပ်ပေးရန်မှာ သူတို့သုံးယောက်စလုံးအတွက် အလွယ်လေးပင်။

အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် သုံးယောက်စလုံး တစ်ပြိုင်တည်း ဆုံးဖြတ်ချက်ချလိုက်ကြသည်။ ဟလိခဟ ပြောလိုက်သည် “ခွန်အား တိုးတက်ချင်တယ်ဆိုရင် ဇွဲရှိရှိနဲ့ ကြိုးစားလေ့ကျင့်ဖို့ပဲ။ ကျင့်ကြံခြင်းဆိုတာက အလျင်လိုလို့ မရဘူး။ တစ်ကြိမ်မှ တစ်လှမ်းပဲ လှမ်းရတာ။ ဒါပေမယ့်…”

ထိုနားရောက်သွားသည်နှင့် စပ်ဖြဲဖြဲပြုံး၍ ပြောလိုက်သည် “ဒါပေမယ့် မင်းကျင့်ကြံခြင်းကို မြန်မြန် တိုးတက်လာအောင် လုပ်ပေးနိုင်တဲ့နည်းလမ်း ငါ့မှာရှိတယ်”

ရန်ကိုင် မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းပဲ ပြန်မေးလိုက်သည် “ဘာနည်းလမ်းလဲ”

ဟလိခလက်ထဲရှိ သိုလှောင်လက်စွပ် တစ်ချက်လက်သွားခဲ့ပြီး ရောင်စုံသစ်ခွပန်းတစ်ပွင့် ပေါ်လာခဲ့သည်။ ထိုသစ်ခွန်ပန်းသည် အတော်လေးကို ထူးဆန်းလှသည်။ ပွင့်အာနေသော ပွင့်ချပ်လေးများသည် ကလေးမျက်နှာနှင့် တူနေခဲ့သည်။

“ကောင်းကင်တစ္ဆေသစ်ခွလား” အနားတွင် ရှိနေသော လင်းမူဖုန်းနှင့် သက်လတ်ပိုင်း အမျိုးသမီးတို့ နှစ်ယောက်စလုံး တစ်ပြိုင်တည်း အလန့်တကြား ဆိုလိုက်ကြသည်။ ထိုကဲ့သို့သော ရတနာကို ဟလိခ ထုတ်ပေးလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ချေ။

“အဲ့ဒါကို ဘယ်လို သုံးတာလဲ” ရန်ကိုင်က မေးလိုက်သည်။

ဟလိခက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရှင်းပြလိုက်လေသည် “ဒါက ကျင့်ကြံရေးအကူရတနာတစ်ခုပဲ။ မင်းကိုယ်တိုင်သုံးပြီးသွားရင် နားလည်လာလိမ့်မယ်”

လင်းဖူဖုန်းက ဝင်ပြောလိုက်သည် “အဲ့သစ်ခွမျိုးက အရမ်းရှာတာ။ အဲ့သစ်ခွကိုရဖို့ ဟွာအိုကြီးက အခြားပညာရှင်တွေ အမျးကြီးနဲ့ တိုက်ခိုက်ခဲ့ရတာ။ အဲ့ဒါကို နှစ်တစ်ရာကြာတဲ့အထိ သူသိမ်းထား လိမ့်မယ်လို့ ငါတကယ် မထင်ထားဘူး။ သူသုံးပစ်လိုက်ပြီလို့ ငါထင်နေတာ”

ဟလိခက ပြုံးလိုက်ပြီး “ဘယ့်ကိုပေးရမလဲမှ မသိတာ။ ဘယ်လိုလုပ်ပြီး သုံးနိုင်မှာလဲ။ ငါက တန်ခိုးရှင်တတိယအဆင့် ဖြစ်နေပြီ။ ဒါက ငါ့ခွန်အားကို တိုးတက်အောင် မကူညီပေးနိုင်တော့ဘူး။ ဒါကြောင့် လူငယ်မျိုးဆက်က တစ်ယောက်ယောက်အတွက် သိမ်းထားပေးခဲ့တာ။ ဒါပေမယ့် ဒီမိုးရေစင်ကြယ်မှာ ငါမျက်စိကျလောက်အောင် တော်တဲ့ လူကလည်းမရှိတော့ ဒီအနေ့အထိ သိမ်းထားခဲ့ရတာပဲဟေ့”

ရန်ကိုင်၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး ဟလိခ စကားပြောလို့ မပြီးသေးခင်မှာဘဲ ကောင်းကင်တစ္ဆေသစ်ခွပန်းကို ချက်ချင်း လှမ်းယူလိုက်ကာ သူ၏ သိုလှောင်လက်စွပ်ထဲ ထည့်ကာ သိမ်းလိုက်လေသည်။

ဟလိခနှင့် လင်းမူဖုန်းတို့ ပြောနေသည်ကို နားထောင်ရင်း ကောင်းကင်တစ္ဆေသစ်ခွပန်းသည် အလွန်ကိုမှ အဖိုးတန်သည့် ရတနာတစ်ခုဖြစ်မှန်း ရန်ကိုင် သိလိုက်သည်။

ထို့နောက် လင်းမူဖုန်းဆီ လှည့်ကြည့်လိုက်သည်။

လင်းမူဖုန်းသည် ဟလိခ ထုတ်ပေးလိုက်သည့် ရတနာ မည်မျှ ကောင်းကြောင်း ချီးမွမ်းခန်းဖွင့်နေခဲ့သည်။ သို့သော် ရန်ကိုင်၏ အကြည့် သူ့ဆီ ရောက်လာချိန် သူ့မျက်နှာ မဆိုသလောက်လေး မဲ့သွားခဲ့၏။ မဲ့သွားသော်ငြား မပေးဘဲနေ၍ မရသဖြင့် ပေးရလေသည် “ဒီလင်းမှာ ညီငယ်လေးရန်အတွက် အသုံးဝင်မယ့် ပစ္စည်းတစ်ခုရှိတယ်”

ရန်ကိုင်၏ အဓိပ္ပါယ်မှာ ရှင်းလင်းလှသည်။ ဤအခွင့်အရေးကို အသုံးချ၍ သူတို့ သုံးယောက်စလုံးဆီမှ အမြတ်ထုတ်လိုနေခြင်း ဖြစ်လေရာ လင်းမူဖုန်းကကော မည်ကဲ့သို့ မသိချင်ယောင် ဆောင်နေရမည်နည်း။

ထို့ကြောင့် စိတ်ထဲ နာကျင်သော်ငြား မျက်နှာကမူ တည်ငြိမ်ဟန် ဆောင်၍ သို့လှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ထုတ်ကာ ထိုအရာအကြောင်း ရှင်းပြလိုက်သည်။ ရန်ကိုင်သည် တစ်ချက်ပင် မငြင်းဘဲ ထိုပစ္စည်းကို ယူသွားခဲ့သည်။

လင်းမူဖုန်းက ခါးခါးသီးသီး ပြုံးလိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် “နှင်းပုံဆောင်ခဲအဆီအနှစ်က ရေခဲနှင်းကြယ်ရဲ့ နှစ်ရေကန်လို့ ခေါ်တဲ့ တားမြစ်နေရာကနေ ရလာတဲ့အရာပဲ။ တစ်ခါ ဖြတ်စာလောက်ကို ရဖို့အရေး နှစ်သန်းနဲ့ချီစောင့်ရတာ။ အဲ့ဒါ ငါ့မှာရှိတာ အကုန်ပဲ”

“ဒါကို ဘယ်လိုသုံးရတာလဲ” ရန်ကိုင်က ကျောက်စိမ်းပုလင်းကို ကြည့်ရင်း မေးလိုက်သည်။ ကျောက်စိမ်းပုလင်းထဲတွင် လက်သည်းခွံ အရွယ် အဖြူရောင်အရည်စက်လေးတစ်စက် ရှိနေသည်ကို တွေ့လိုက်ရသည်။

“နှင်းပုံဆောင်ခဲ အဆီအနှစ်က စိတ်ကို တည်ငြိမ်အောင် လုပ်တဲ့နေရာမှာ အသုံးဝင်ဆုံးပဲ။ တစ်စက်လောက် သောက်လိုက်တာနဲ့ လုံးဝ အကျိုးထူးတယ်။ မင်းခွန်အားကို မြန်မြန် တိုးတက်ချင်တယ်ဆိုရင် ဒါက မရှိမဖြစ်လိုအပ်တယ်” လင်းမူဖုန်းက ရှင်းပြလိုက်သည်။

ရန်ကိုင်၏ မျက်လုံးများ တောက်ပသွားပြီး သွားပေါ်အောင် ပြုံးလိုက်လေသည်။

လင်းမူဖုန်းပေးသော လက်ဆောင်နှင့် ဟလိခပေးသော လက်ဆောင်သည် တစ်ခုနှင့်တစ်ခု လိုက်ဖက်လှသည်။ တစ်ခုသည် ကျင့်ကြံခြင်းကို မြန်မြန် တိုးတက်စေနိုင်ပြီး တစ်ခုသည် စိတ်ကို တည်ငြိမ်စေနိုင်သည်။ ထိုပစ္စည်း နှစ်ခုနှင့် ပက်သက်ပြီး ရန်ကိုင် အလွန်ကို ကျေနပ်နေမိသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၀၆၅)

နှင်းပုံဆောင်ခဲ အဆီအနှစ်အား ရန်ကိုင် သိမ်းသွားသည်ကိုကြည့်ရင်း လင်းမူဖုန်း၏ မျက်နှာ မဲ့သွားခဲ့သည်။ သို့သော် ရန်ကိုင်ကမူ မသိချင်ယောင်သာ ဆောင်နေခဲ့သည်။

ရန်ကိုင် စကားပြောမည်ကိုပင် မစောင့်တော့ဘဲ သက်လတ်ပိုင်း အမျိုးသမီးကပြုံး၍ စပြောလိုက်သည် “ငါ့မှာ အဲ့နှစ်ယောက်လို ရတနာကောင်းတွေ မရှိပေမယ့် နင့်ကျင့်ကြံခြင်း အမြန်နှုန်းကို မြှင့်ပေးနိုင်တဲ့ တစ်ခုခုတော့ ရှိတယ်”

ပြောပြီးသည်နှင့် အလံလေးများစွာကို ထုတ်လိုက်သည်။ အလံတစ်ချောင်းနှင့်တစ်ချောင်း အရောင် တူညီခြင်းမရှိ။ စုစုပေါင်း အလံခုနှစ်ချောင်းရှိကာ တစ်ချောင်းစီတိုင်းသည် အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

မှော်ရတနာလား ရန်ကိုင် အံ့အားသင့်သွားသည်။

“ဒါက ခုနှစ်ရောင်ခြယ်စိတ်ဝိဥာဉ်စုစည်းခြင်း အလံတွေပဲ။ အကုန်လုံးကို စုပေါင်းလိုက်ရင် တန်ခိုးရှင်အဆင့်နိမ့် မှော်ရတနာနဲ့ အဆင့်ညီတယ်။ အကုန်လုံးကို စုပြီး ခင်းကျင်လိုက်မယ်ဆိုရင် မိုးမြေစွမ်းအင်ကို စုစည်းပေးနိုင်တယ်။ ငါတံခါးပိတ်ကျင့်ကြံတိုင်း ဒါကိုသုံးတယ်။ ဒါပေမယ့် အခုနောက်ပိုင်းတော့ ငါ့အတွက် သိပ်အသုံးမဝင်တော့လို့ မသုံးဖြစ်တော့ဘူး။ ဒါကို မသုံးဖြစ်တာ နှစ်တစ်ရာလောက်တောင် ရှိနေပြီ။ ဒါပေမယ့် ဒီက မောင်ငယ်လေး ရန်အတွက်တော့ အတော်လေး သင့်တော်မှာ”

ရန်ကိုင် မျက်လုံးများ တောက်ပသွားရပြန်သည်။ စိတ်ထဲတွင်လည်း ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့ခွဲရဲ့ ခေါင်းဆောင် သုံးယောက် ဆိုတဲ့အတိုင်းပါလားဟု ကြိတ်ကာ တွေးနေသည်။

ယခုတစ်ကြိမ်၌ ရန်ကိုင်သည် အရင်အကြိမ်ကကဲ့သို့ အလျင်စလို လှမ်းမယူတော့ဘဲ သေသေချာချာ လက်ခံယူလိုက်သည်။ ထို့နောက် ယဉ်ယဉ်ကျေးကျေးဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။

သက်လတ်ပိုင်းအမျိုးသမီးက ရယ်မော၍ ပြန်ပြောလိုက်သည် “အသိစိတ်အတားအဆီးကို ဖြေလျော့ထားလိုက်။ ဒါကို ခင်းကျင်းရမယ့် ပုံစံကို ငါနင့်ကို သင်ပေးမယ်”

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး အမျိုးသမီး၏ လက်ညိုးကို သူ့နဖူးထိပ် ထိစေလိုက်သည်။ ထို့နောက် သူ့စိတ်ထဲသို့ အချက်အလက် အသစ်များ စီးဝင်လာခဲ့သည်။

သူ့စိတ်ထဲ စီးဝင်လာခဲ့သော အချက်အလစ်အသစ်များကို သေချာ ကြေညက်အောင် လေ့လာလိုက်ပြီးနောက် ခုနှစ်ရောင်ခြယ် စိတ်ဝိဥာဉ်စုစည်းခြင်း အလံနှင့် ပက်သက်၍ ရန်ကိုင် အလွန် ကျေနပ်သွားခဲ့သည်။

တန်ခိုးရှင်အဆင့်နိမ့် မှော်ရတနာသာ ဖြစ်သော်ငြား ထိုအရာသည် လက်ရှိရန်ကိုင်အတွက် သင့်လျော်သော မှော်ရတနာတစ်ခု ဖြစ်ပေသည်။ လောလောဆယ်တွင် သူ့အတွက် အသုံးပြုနိုင်ပြီး သူမလိုတော့သည့်အခါ အခြားသူကို ပေးပစ်နိုင်သည်။

ထိုအရာသည် ကောင်းကင်တစ္ဆေသစ်ခွ နှင့် နှင်းပုံဆောင်ခဲ အဆီအနှစ်ကဲ့သို့ ရှားလည်းမရှားသလို အဖိုးလည်း မတန်ချေ။ သို့သော် အတော်လေးကိုမှ အသုံးဝင်ပေသည်။

ထိုပစ္စည်းသုံးခုစလုံးသည် အတော်လေးကိုမှ အဖိုးတန်ကြသည့် ပစ္စည်းများဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်က လက်သီးဆုပ်၍ ပြောလိုက်သည် “အခုလို ကူညီပေးတဲ့အတွက် စီနီယာတို့ကို ဂျူနီယာ ကျေးဇူးအများကြီး တင်ပါတယ်”

“ညီငယ်လေးက အရမ်း ယဉ်ကျေးနေတာပဲ” ဟလိခက ရယ်မောလိုက်ပြီး “မိန်းကလေးရွှယ့်အာ နိုးလာနိုင်သရွေ့ ဒီလောက်လေး ဆုံးရှုံးသွားတာ ဘာဖြစ်မှာမို့လို့လဲ”

သူလိမ်နေသလား၊ အမှန်အတိုင်းပဲ ပြောနေသလား ဆိုသည်ကိုမူ ရန်ကိုင် မသိပါချေ။

“အင်း… ညီငယ်လေး လစေခံ နည်းနည်းလောက်ကော ယူသွားချင်လား” လင်းမူဖုန်းက ရုတ်တရက် မေးလိုက်သည်။

“လအစေခံလား” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး လင်းမူဖုန်းကို သင်္ကာမကင်း အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။

သက်လတ်ပိုင်းအမျိုးသမီး ရှက်သွေးဖြာသွားပြီး ချက်ချင်း ထအော်လေသည် “ခွေးသူတောင်းစားကောင်။ မောင်ငယ်လေးက ငယ်ငယ်လေးပဲ ရှိသေးတာကို နင်က သူ့ကို အဲ့လိုမကောင်းတဲ့ လမ်းကို လျှောက်ခိုင်းစေချင်တယ်ပေါ့၊ ဟုတ်လား။ မိန်းကလေး ရွှယ့်အာ နိုးလာတဲ့အခါကျ နင်ဘယ်လို ရှင်းပြမှာလဲ”

လင်းမူဖုန်းက မဲ့ပြုံးပြုံးလျက် “လအစေခံ နှစ်ယောက်လောက်က ဘာမှ ဖြစ်တာမှမဟုတ်တာ။ ညီငယ်လေးက စိတ်ဓါတ်ကြံခိုင်တဲ့ လူစားမျိုးပဲဟာကို။ ဒီလောက်လေးနဲ့ ဘာဖြစ်သွားမှာ မို့လို့လဲ”

“နှစ်ယောက်လောက်ပဲ ဆိုရင်တော့ ပြဿနာ မရှိဘူး” ဟလိခကလည်း ဝင်ပြောလိုက်သည်။

“လအစေခံဆိုတာဘာလဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။

ဟလိခက အသာအယာ ချောင်းဟန့်၍ ရှင်းပြလိုက်လေသည် “လအစေခံဆိုတာ ငါတို့ ကုန်သွယ်ရေးအဖွဲ့အစည်းက အထူးသီးသန့် ပျိုးထောင်ပေးထားတဲ့ မိန်းကလေးတွေပဲ။ သူတို့တွေက အထူးကျင့်စဉ်တစ်ခုကို လေ့ကျင့်ထားကြပြီး ယင်အားဖြည့်ဆေး တွေကို သောက်ထားကြတာ။ သူတို့ရဲ့ အပျိုစင်ယင်ကို ရယူနိုင်တဲ့ ဘယ်ယောကျာ်းမဆို အကျိုးအမြတ် ကြီးကြီးမားမား ရနိုင်တယ်။ ညီငယ်လေးရဲ့ ခွန်အားကို မြန်မြန် တိုးတက်စေချင်တယ်ဆိုရင် လအစေခံတွေက အကောင်းဆုံး ရွေးချယ်မှုပဲ”

“ယင်ကို စုဆောင်းပြီး ယန်ကို အားဖြည့်တာလား” ရန်ကိုင်၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားသည်။

“မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး” လင်းမူဖုန်း ပြောင်း၍ လက်ဝှေး၇◌မ်းကာ “ငါတို့ ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ နည်းလမ်းက အဲ့ယင်နဲ့ယန်ကို အားဖြည့်ပေးတာနဲ့ မတူဘူး။ ယင်ကိုသုံးပြီး ယန်ကို အားဖြည်ပေးတဲ့ နတ်ဆိုးကျင့်စဉ်တွေကို ကျင့်ကြံထားတဲ့လူတွေရဲ့ ခွန်အားက မြန်မြန်ဆန်ဆန် တိုးတက်နိုင်ပေမယ့် သူတို့ရဲ့ အုတ်မြစ် မခိုင်မာဘူးဆိုတာကို ညီငယ်လေး သိတယ်မလား။ ဒါပေမယ့် ငါတို့ ကုန်သွယ်ရေး အဖွဲ့အစည်းကဟာကတော့ အဲ့လိုမဟုတ်ဘူး။ လအစေခံတွေ ဆိုတာ လိုက်ဖက်သင့်တော်တဲ့ အရည်အချင်း၊ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ မိန်းမတွေထဲ ရွေး၊ ပြီးတာနဲ့ သူတို့တွေကို ယင်စွမ်းအင်ကိုတိုးစေတဲ့ ကျင့်စဉ်တစ်မျိုးကို လေ့ကျင့်ခိုင်း။ အဲ့လိုလူတွေပဲ။ အဲ့ဒါကြောင့် သူတို့ရဲ့ အပျိုစင်ယင်ကို ရလိုက်တဲ့ ယောကျာ်းတွေရဲ့ အုတ်မြစ်က ပြောပစရာမလိုလောက်အောင်ပဲ အထိအခိုက်ရှိမှာ။ ဒါကြောင့် နှစ်ယောက်လောက်ပဲဆို ညီငယ်လေးလည်း ဘာဘေးထွက်ဆိုးကျိုးမှ ရှိမှာမဟုတ်ဘူး”

“ဟုတ်တယ်။ ငါတို့ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ လအစေခံတွေနဲ့ ပက်သက်ပြီး ပြဿနာရှိတယ်ဆိုရင် လအစေခံတွေကို လိုချင်နေတဲ့ ဘာလို့ အများကြီး ရှိနေမှာလဲ” ဟလိခကလည်း ခေါင်းညိတ်လိုက်သည်။

“ခင်ဗျားတို့ လူကုန်ကူးကြတာလား” ရန်ကိုင် အလွန်တရာကိုမှ ထိတ်လန့်သွားခဲ့သည်။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းသည် ဤကဲ့သို့သော အလုပ်မျိုးကို လုပ်လိမ့်မည်ဟု သူမထင်ထားခဲ့ချေ။

“မဟုတ်ဘူး။ အဲ့ကိစ္စက နှစ်ဦးနှစ်ဖက် သဘောတူညီမှုနဲ့ လုပ်တာ။ လအစေခံတွေဆိုတာ သာမန်လူတွေ၊ နောက်ခံမကောင်းတဲ့လူတွေ ဆီကနေ လာတာ။ ငါတို့ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ အကူအညီ မပါဘူးဆိုရင် နောက်နှစ်နည်းနည်းလောက်ပဲ သူတို့ အသက်ရှင်နိုင်ကြမှာ။ ငါတို့ ကုန်သွယ်ရေးအဖွဲ့အစည်းက သူတို့ကို နေစရာ၊ ကျင့်ကြံလို့ရမယ့် နေရာတွေ ထောက်ပံ့ပေးတယ်… လအစေခံတွေကတော့ သူတို့ရဲ့ အပျိုစင်ဘဝကို သူတို့ သခင်တွေဆီ ပေးရတယ်။ လအစေခံတွေက ဆက်ပြီး ကျင့်ကြံနိုင်ရုံတင် မဟုတ်ဘူး၊ ကုန်သွယ်ရေး အဖွဲ့အစည်းကနေ ထွက်သွားပြီးတာနဲ့ သာသာယာယာ ဘဝမှာတောင် နေနေနိုင်သေးတယ်” လင်းမူဖုန်းက အသေးစိတ် ရှင်းပြလိုက်သည်။

သက်လတ်ပိုင်း အမျိုးသမီးမှာမူ ရှက်သွေးဖြန်းဖြန်းကို ဖြာနေခဲ့သည်။ သို့သော် မည်သည့် ကန့်ကွက်စကားမှ မဆိုခဲ့။

“လအစေခံတွေက…” ရန်ကိုင် တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် လက်ဝှေ့ရမ်း၍ ပြောလိုက်သည် “သခင်မလေးနိုးလာလို့ ဒီအကြောင်း သိသွားရင် ကျုပ်ကို အရေခွံဆုတ်မှာ”

သူ့ခွန်အားကို အလျင်အမြန် တိုးတက်စေနိုင်သည့် လအစေခံ၏ အသုံးဝင်မှုကို နားထောင်ပြီးနောက် ရန်ကိုင်လည်း အနည်းငယ် လိုချင်စိတ် ဖြစ်မိသွားသည်။ လောလောဆယ်တွင် သူအဖြစ်ချင်ဆုံး ဆန္ဒသည် သူ့ကျင့်ကြံခြင်း မြန်မြန် တိုးတက်လာရန်ပင်။

သို့သော်လည်း သေချာ ဆုံးဖြတ်ပြီးနောက် ရန်ကိုင် ငြင်းလိုက်သည်။

တစ်စိတ်တစ်ပိုင်းသည် ထိုကဲ့သို့ မလုပ်ချင်သည့် အတွက်ကြောင့် ဖြစ်ပြီး တကယ့်အကြောင်းပြချက်သည် ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်သည်။ လအစေခံ မည်မျှကောင်းပါသည်ဟု ဟလိခတို့ ပြောနေပါစေ၊ ယင်ကိုစုဆောင်းပြီး ယန်ကို အားဖြည့်ခြင်းသည် ဘေးထွက်ဆိုးကျိုး ရှိစမြဲပင်။ မည်သည့် ဘေးထွက်ဆိုးကျိုးမှ မရှိဘူးဟု သူတို့ ပြောနေသော်ငြား သူ့အနာဂတ် ကျင့်ကြံရေးကို နှောင့်နှေးစေနိုင်သည့် ချိုးယွင်းချက်များ ဖြစ်စေနိုင်သည်။

“ညီငယ်လေးက မလိုချင်မှတော့ ငါတို့လည်း မတိုက်တွန်းတော့ ပါဘူးလေ” ဟလိခက ရန်ကိုင်ကအား ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။ ရန်ကိုင်ကဲ့သို့သော လူငယ်လေး တစ်ယောက်သည် ထိုကဲ့သို့သော မက်လုံးကို တွန်းလှန်နိုင်မည်ဟု မထင်ထားခဲ့ချေ။

လအစေခံများသည် ကျင့်ကြံခြင်းကို တိုးတက်အောင် လုပ်ပေးနိုင်ရုံမက တစ်ယောက်ချင်းစီတိုင်းသည် သူတို့၏ သခင်များအား မည်ကဲ့သို့ ပြုစုစောင့်ရှောက်ပေးရမည်ကို သင်ကြားပေးထားသော ရှားရှားပါးပါး အလှလေးများ ဖြစ်ကြသည်။ ထို့အပြင် အကုန်လုံးသည် သီဆိုဖျော်ဖြေပေးရာတွင်လည်း ကျွမ်းကျင်ကြပေသည်။ ထို့ကြောင့် လအစေခံများကို ကြယ်စီရင်စုထရှိ လူငယ်လေးများ အရမ်းကိုမှ တပ်မက်ကြသည်။

လအစေခံ တစ်ယောက်၊ နှစ်ယောက်လောက် ကိုယ်ဘေး ပါလာရုံဖြင့် မျက်နှာပန်းပွင့်နိုင်သည် မဟုတ်ပေလော။

ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းသည် နှစ်စဉ်နှစ်တိုင်း လအစေခံများစွာကို ကျင့်ကြံပျိုးထောင်ကြသည်။ သို့သော် ထိုလအစေခံများကို ဝယ်ယူနိုင်ရန်အတွက် နှစ်ပေါင်းများစွာ ကြာမြင့်ပေသည်။ လအစေခံများသည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းအတွက် အကျိုးအမြတ်များစွာကို ယူဆောင်ပေးခဲ့သည်။ လအစေခံများ၏ ဈေးနှုန်းသည် အချိန်နှင့်မျှ မြင့်လာနေသော်ငြား ဝယ်လိုအားမှာ လျော့ကျမသွားသည့်အပြင် ပို၍ပင် တိုးလာနေခဲ့သည်။

ရန်ကိုင်၏ ငြင်းပယ်မှုသည် သုံးယောက်စလုံးကို အံဩသွားစေသည်။ ရန်ကိုင်အပေါ်လည်း သဘောထား ပြောင်းသွားကြကုန်လေသည်။ မိန်းကလေးရွှယ့်အာ ရန်ကိုင်ကို သူမ၏ သက်တော်စောင့်အဖြစ် ရွေးချယ်ရခြင်းမှာလည်း သူ့အကြောင်းသူ ရှိလိမ့်မည်ဟု တွေးလာကြသည်။

ထို့နောက် စကားနည်းနည်းပါးပါး ထပ်ပြောပြီးနောက် သူမှာထားသော ဆေးပင်များကို ပြင်ဆင်ပြီးသည်နှင့် ဇုန်းအောင်၏ နန်းတော်ဆီ ပို့ပေးလိုက်မည်ဟု ပြောခဲ့သည်။ ထို့နောက် ရန်ကိုင်လည်း ထိုနေရာမှ ထွက်လာခဲ့လေသည်။

ဇုန်းအောင်၏ နန်းတော်ဆီ ပြန်ရောက်လာသည့်ခရီးတွင် ရန်ကိုင် အလွန်ကိုမှ စိတ်ဓါတ်တက်ကြွနေခဲ့သည်။

“အို၊ ကောင်းကင်တစ္ဆေသစ်ခွ၊ နှင်းပုံဆောင်ခဲ အဆီအနှစ်ပါလား” ဇုန်းအောင်က ရန်ကိုင် ထုတ်ယူလိုက်သည့် ထိုပစ္စည်းနှစ်ခုကို ကြည့်ပြီး မှတ်ချက်ပေးလိုက်သည် “ဟလိခနဲ့ လင်းမူဖုန်းတို့က တကယ်ကို ရက်ရောပေးလိုက်တာပဲ။ ကြည့်ရတာ ဒီကောင်မလေးရဲ့ အဆင့်အတန်းက တော်တော်လေး မြင့်တယ်နဲ့တူတယ်”

နှစ်သက်ကြာသည့်ဂျင်းက ပိုစပ်သည်ဆိုသည့်အတွက် ဇုန်းအောင်သည် ထိုပစ္စည်းများကို တစ်ချက် ကြည့်ရုံဖြင့် တန်းသိလိုက်သည်။

ထို့နောက် ခုနှစ်ရောင်ခြယ်အလံများကို တစ်ချက်ကြည့်လိုက်ပြီး ရယ်သွမ်းသွေးလျက် “ကောင်လေး။ ဒါတွေနဲ့ဆိုရင် သူတော်စင် တတိယအဆင့်ကို အချိန်တိုအတွင်း မင်းချိုးဖျက်နိုင်ပြီ။ ဟုန်းလော့ကုန်သွယ်ရေးဆိုတဲ့ အတိုင်းပါပဲလား၊ ပေးလိုက်တဲ့ ပစ္စည်းတွေက တကယ်ကို ရက်ရောလွန်းတယ်”

“ဇုန်းအိုကြီး။ ရက်နည်းနည်းလောက်ကြာရင် လောင်ကျွမ်းမီးတောက် ဆေးလုံး ဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးအမယ်တွေကို ဟလိခက လာပို့ပေးလိမ့်မယ်။ ကျုပ်အစား ခင်ဗျား လက်ခံပေးထားပါလား” ရန်ကိုင်က ခုနှစ်ရောင်ခြယ် စိတ်ဝိဥာဉ်စုစည်းခြင်းအလံကို ဇုန်းအောင်ဆီမှ ပြန်ယူရင်း ပေ ြာလိုက်သည်။

“ငါ့ဆေးဖော်စပ်နေတာကို လာမရှုပ်သရွေ့ အဆင်ပြေတယ်” ဇုန်းအောင်က နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် ရန်ကိုင်ရှေ့ ထိုင်ချလိုက်ပြီး သင်္ကာမကင်းအမူအရာဖြင့် ရန်ကိုင်အား စိုက်ကြည့်ကာ “ဒါပေမယ့် ငါနားမလည်တာ တစ်ချက်ရှိတယ်။ မင်းရှင်းပြလို့ရမလား”

“မေးလေ”

“အဲ့မိန်းကလေးကို ကုပေးဖို့ မင်းဆေးဖော်စပ်ချင်နေတာ မဟုတ်ဘူးလား။ ဘာလို့ အဲ့ပစ္စည်းတွေကို ယူလာတာလဲ”

“ဘာလုပ်ဖို့ရှိရမှာလဲ။ ကျင့်ကြံဖို့ပေါ့ဗျ” ရန်ကိုင်က ပြန်ပြောသည်။

ဇုန်းအောင် ကြောင်သွားခဲ့သည် “မင်းမှာ အများဆုံးမှ တစ်နှစ်ခွဲပဲ အချိန်ရှိတာနော်။ ဆေးတိမ်တိုက်ပါတဲ့ လောင်ကျွမ်းမီးတောက် ဆေးလုံးကို တစ်နှစ်ခွဲအတွင်း ဖော်စပ်ဖို့ဆိုတာ မဖြစ်နိုင်လူနီးပါးပဲ။ ဒါကိုတောင် မင်းက ကျင့်ကြံချင်စိတ် ရှိသေးတယ်ပေါ့”

“သာမန်လူတွေက ဓါးထက်အောင် ဝက်သတ်ပြီး သွေးကြတယ်။ ကျင့်ကြံပြီးတော့ ကျုပ်ကိုကျုပ် ထက်အောင်သွေးတာ ဘာမှားနေလို့လဲ” ရန်ကိုင်က ပြုံးဖြဲ၍ “ပြီးတော့ ဟလိခပြောတဲ့ ပုံအရ လောင်ကျွမ်းမီးတောက်ဆေးလုံး ဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးအမယ်တစ်မျိုးက လေးလလောက်နေမှ ရမှာ။ အဲ့လေးလလုံး မကျင့်ကြံဘဲ ဒီအတိုင်း ထိုင်စောင့်နေရမှာလား”

“မင်းပြောတာလည်း ဟုတ်တာပဲနော်… ဒါပေမယ့် သူတော်စင် တတိယအဆင့်ကို မင်းချိုးဖျက်သွားနိုင်ရင်တောင် ဘားထူးခြားသွားမှာ မို့လို့လဲ” ရန်ကိုင် ဘာကြောင့် ပျာယာခတ်မနေလဲ ဆိုသည်ကို ဇုန်းအောင်း နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။

“ကျင့်ကြံခြင်းအဆင့်သေး တစ်ဆင့်တက်သွားနိုင်တာက ဆေးတိမ်တိုက်ပါတဲ့ လောင်ကျွမ်းမီးတောက် ဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်စေမှာလည်း ဖြစ်ရင် ဖြစ်နိုင်တာပဲလေ” ရန်ကိုင်က အသာအယာ ပြုံးလိုက်သည်။

ဇုန်းအောင်က ရန်ကိုင်အား အရူးတစ်ယောက်ကို ကြည့်နေသည့်နှယ် စိုက်ကြည့်လိုက်သည်။ ထို့နောက် မတ်တပ်ရပ်လိုက်ပြီး လက်ဝှေ့ရမ်း၍ “မင်းက အဲ့လိုပြောမှတော့ ငါ့က ထိုင်ပြီးတော့ပဲ စောင့်ကြည့်ရတော့မှာပေါ့။ ငါ့ကို လာမရှုပ်သရွေ့ မင်းစိတ်ကြိုက် လုပ်နေလို့ရတယ်။ ငါဆေးသွားဖော်စပ်လိုက်ဦးမယ်”

ပြောပြီးသည့်နှင့် ဆေးလုံးဖော်စပ်ရသည်မှာ မည်မျှ ခက်ခဲကြောင်း ရေရွတ် ပြောဆိုရင်း ထွက်သွားလေသည်။

ရန်ကိုင်သည် ဇုန်းအောင်းကို စိတ်ထဲမထားတော့ဘဲ အသစ်ရလာသည့် ရတနာလေးများကိုသာ စီစဉ်နေလိုက်သည်။

လွင့်မျောတိုက်ကြီးတွင်ရှိစဉ် လျူကွေ့ချန် သူ့ပေါ် ထားရစ်ခဲ့သည့် ချိတ်တံဆိပ်ကို ချိုးဖျက်ရန်အတွက် သူတော်စင်ဘုရင် အဆင့်နိမ့် ဆေးလုံးကို ဖော်စပ်ခဲ့ရသည်။ ထိုစဉ်က သူ့ကျင့်ကြံခြင်းကြောင့် ဆေးပညာဘက်တွင် ဆက်မတိုးတက်နိုင် ဖြစ်နေသည်ကို ရန်ကိုင် တွေ့ရှိခဲ့ရသည်။

သူ့ကျင့်ကြံခြင်းသည် အရမ်း နိမ့်ကျလွန်းသည်။ အဆင့်မြင့် ဆေးလုံးများကို သန့်စင်ချင်သည် ဆိုပါက သူ့ကျင့်ကြံခြင်းကို အရင် တိုးမြှင့်ရန် လိုအပ်သေည်။

လိပ်နဂါးအသီးကို ရရန်အတွက် လေးလစောင့်ရန် လိုသည်။ ထိုလေးလအတွင်း အသစ်ရလာသည့် ကောင်းကင်တစ္ဆေသစ်ခွ၊ နှင်းပုံဆောင်ခဲ အဆီအနှစ်နှင့် ခုနှစ်ရောင်ခြယ် စိတ်ဝီဥာဉ် စုစည်းခြင်း အလံတို့ကိုသုံး၍ သူ့ကျင့်ကြံခြင်းကို တိုးတက်အောင် လုပ်ဆောင်ရပေမည်။

လေးလအတွင်း သူတော်စင်တတိယအဆင့်သို့ ချိုးဖျက်နိုင်မည်ဟု ရန်ကိုင် ယုံကြည်ချက်အပြည့်ရှိသည်။

All Chapters