← Chapters

အခန်း (၁၀၆၆-၁၀၇၀)

Vol. 43 Ch. 1066-1070

အခန်း (၁၀၆၆-၁၀၇၀)

Vol. 43 Ch. 1066-1070

အပိုင်း(၁၀၆၆) ကျင့်ကြံခြင်း

ဇုန်းအောင်၏ နန်းတော်ထဲ ရန်ကိုင် တင်ပလင်ခွေ ထိုင်နေခဲ့သည်။

ထို့နောက် ကောင်းကင်တစ္ဆေသစ်ခွကို ထုတ်ကာ မျိုချလိုက်သည်။

သူ့လည်းချောင်းတစ်လျှောက် အေးစိမ့်သွားခဲ့သည်။ ဆေးအာနိသင်ကို စတင် စုပ်ယူရန် ကြိုးစားလိုက်သည်နှင့် ထိုအေးမြသော ခံစားချက်သည် သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားလေသည်။

ဆေးတိမ်တိုက်ပါသော လောင်ကျွမ်းမီးတောက် ဆေးလုံးကို သန့်စင်နိုင်ရန်အတွက် သူ့ကျင့်ကြံခြင်းအဆင့်ကို တိုးတက်အောင် လုပ်ရန် လိုအပ်သည် ဖြစ်လေရာ ရန်ကိုင်လည်း အသည်းအသန် ကြိုးစားနေခဲ့လေသည်။

ထို့အပြင် ရန်ကိုင်သည် ရွှယ့်ယွယ်သေလျှင် သူသေမည့်ကိစ္စကို ဘေးကပ်ဆိုးတစ်ခုအဖြစ် မယူဆတော့ပဲ အခွင့်အရေးတစ်ခုအဖြစ် ယူဆလိုက်သည်။

လက်ရှိတွင် ဤကြယ်စီရင်စုကြီး၌ သူသည် တစ်ကောင်ကြွက် ဖြစ်သည်။ သူ့တွင် မိတ်ဆွေလည်းမရှိသလို မိသားစုလည်း မရှိ။ မှီခိုအားထားစရာလူလည်း မရှိ။ သူ့ခွန်အားကို တိုးတက်အောင် လုပ်မှသာလျှင် ဤကြမ်းတမ်းသော ကြယ်စီရင်စုကြီးထဲ အသက်ရှင်သန်နိုင်ပေလိမ့်မည်။ ရွှယ့်ယွယ် သတိလစ်သွားခြင်းသည် သူ့ကျင့်ကြံခြင်းအပေါ် အာရုံစိုက်နိုင်မည့် အခွင့်အရေးတစ်ခုကို ပေးလာခဲ့သည်။

အခြားရှုထောင့်မှ ကြည့်ရသော်ငြား ကံဆိုးမှုနှင့်အတူ ကံကောင်းမှုများပါ လိုက်ပါလာတတ်သည်။

လိပ်နဂါးပန်းပွင့် မရောက်လာစဉ်အတွင်း စိတ်အေးအေးဖြင့် ထိုင်ကျင့်ကြံနေနိုင်သည်။ ထို့နောက် သူ့ဆေးပညာ စွမ်းရည်ကို တိုးမြှင့်နိုင်ပေသည်။

ထိုအေးမြသော ခံစားချက်ကြောင့် သူ့တစ်ကိုယ်လုံး တုန်ရီသွားရုံ မက ယခင်ကထက်လည်း ခေါင်းပိုကြည်လာခဲ့သည်။

တစ်ဖက်အခန်းဆီမှ ရွှယ့်ယွယ်၏ စည်းချက်ညီညီ အသက်ရှူသံကို ကြားနေရသည်။ ဇုန်းအောင်သည် ရွှယ့်ယွယ်၏ အသက်ကို အများဆုံး တစ်နှစ်ခွဲလောက်သာ ဆွဲဆန့်ထားနိုင်သည်။ ထိုအချိန်ပြည့်သွားသည်နှင့် သူမအား ကုသပေးနိုင်မည့် ဆေးလုံး မရှိလျှင် ရွှယ့်ယွယ် သေရပေလိမ့်မည်။

သို့သော်လည်း ရန်ကိုင်သည် နောင်ရေးကို တွေးပူမနေဘဲ လက်ရှိ ပစ္စုပ္ပန်ကိုသာ အာရုံစိုက်ထားသည်။

ကောင်းကင်တစ္ဆေသစ်ခွ၏ ဆေးအာနိသင်များသည် ရန်ကိုင်၏ ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေခဲ့သည်။ ဤအဖိုးတန် ရတနာသည် သူ့ကျင့်ကြံခြင်းကို မည်ကဲ့သို့ တိုးတက်အောင် လုပ်ဆောင်ပေးနိုင်သလဲ ဆိုသည်ကို ဟလိခက ရှင်းပြမသွားခဲ့ပေ။ သို့သော်လည်း သူ့ခန္ဓာကိုယ် ပြောင်းလဲနေသည်ကို ရန်ကိုင် အသေအချာ ခံစားမိနေခဲ့သည်။

ရုတ်တရက် သူ့ခန္ဓာကိုယ်အနှံ့ စီးဆင်းနေသော အေးစက်စက် ခံစားချက်သည် ရင်ဘတ်နေရာ၌ စုဝေးလာခဲ့သည်။ ကောင်းကင်တစ္ဆေသစ်ခွ၏ ဆေးအာနိသင်များသည်လည်း အလျင်အမြန် ကုန်ဆုံးလာခဲ့လေသည်။

သင်္ကာမကင်းဖြစ်မိသည်နှင့် ရန်ကိုင်သည် အင်္ကျီကိုချွတ်ကာ သူ့ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည်။

နဂါးဧကရာဇ်၏ အမွေအနှစ်ဖြစ်သော ရွှေနဂါးတက်တူးသည် သူ့အရေပြားပေါ်တွင် ကူးခတ်သွားလာနေခဲ့သည်။

ရွှေးနဂါးတက်တူသည်း သက်ရှိတစ်ကောင်ပမာ သူ့ရင်ဘတ်တွင် သွားလာနေလိုက်၊ သူ့ကျောကုန်းတွင် သွားလာနေလိုက် လုပ်နေပြီး ရေခဲဖီးနစ်တက်တူးမှာမူ ကျောကုန်းတွင်သာ ရှိနေခဲ့ပြီး ဘယ်တော့မှ မလှုပ်ခဲ့ချေ။ ဖီးနစ်ဧကရီ၏ အမွေအနှစ်သည် စုယန်နှင့်မတွေ့ခင် အထိ ရန်ကိုင်၏ ခန္ဓာကိုယ်ကို ယာယီ နားနေစရာအဖြစ် အသုံးချနေခြင်း ဖြစ်သည်။

လက်ရှိတွင် သူ့ရင်ဘတ်အလယ်၌ အနက်ရောင်ချီစွမ်းအင် ဖျော့ဖျော့ စုဝေးနေခဲ့သည်။ အနက်ရောင်ချီကို စစ်ဆေးကြည့်လိုက်သော်ငြား မည်သည့် ထူးခြားမှုကိုမှ ရှာမတွေ့သဖြင့် တိတ်တဆိတ် စောင့်ကြည့်ပြီး လေ့လာရန် ဆုံးဖြတ်လိုက်သည်။

ခဏအကြာ၌ သူ့ရင်ဘတ်ရှိ အနက်ရောင်ချီသည် ဝေဝါးဝါး ပုံသဏ္ဏာန်တစ်ခုအဖြစ်သို့ စတင် အသွင်ယူလာခဲ့သည်။ ရန်ကိုင်သည် ထိုအနက်ရောင်ချီကို အသေအချာ ကြည့်နေခဲ့သည်။

နေ့တစ်ဝက်လောက်ကြာပြီးနောက် သူ့ရင်ဘတ်ရှိ အေးစက်စက် ခံစားချက် ရုတ်တရက် ပျောက်ကွယ်သွားပြီး ဝေဝါးဝါး ဖြစ်နေသော ပုံရိပ်သည်လည်း အကောင်အထည် ပေါ်လာခဲ့သည်။

ထိုအရာသည် ကလေးတစ်ယောက်၏ မျက်နှာပင် ဖြစ်လေသည်။ ကလေးမျက်နှာ ရှိနေသော ရင်ဘတ်ကြော်င့ လက်ရှိရန်ကိုင်၏ ပုံစံသည် အတော်လေးကိုမှ ကြောက်စရာ ကောင်းနေခဲ့သည်။

ရန်ကိုင် ကြောင်သွားခဲ့သည်။ ကောင်းကင်တစ္ဆေသစ်ခွကို စားသုံးလိုက်ပြီးနောက် ယခုကဲ့သို့ အဖြစ်အပျက်မျိုး ကြုံရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

သူပိုအံ့ဩသွားရသည်ကား ထိုကလေးမျက်နှာသည် ရုတ်တရက် ပါးဟပ်ဟလိုက်ပြီး အနီးအနားပတ်ဝန်းကျင်ရှိ မိုးမြေစွမ်းအင်များကို အရူးအမူး စုပ်ယူနေခြင်းသည်။

ဝှီး… ဝှီး… ဝှီး… အခန်းထဲသို့‌ လေပြင်းများ တိုက်ခတ်လာခဲ့ပြီး များပြားသိပ်သည်းလှသော မိုးမြေစွမ်းအင်များသည် ကလေးပါးစပ်မှ တစ်ဆင့် ရန်ကိုင်၏ ကိုယ်ထဲသို့ စီးဝင်လာတော့လေသည်။

ရုတ်တရက် သူ့တစ်ကိုယ်လုံး လန်းဆန်းပေါ့ပါးသွားသလို ရန်ကိုင် ခံစားလိုက်ရသည်။ တစ်ဟုန်ထိုး တိုးဝင်လာသော မိုးမြေစွမ်းအင် များသည် သူ့သွေးကြောတစ်လျှောက် တစ်ဟုန်ထိုး စီးဆင်းလာပြီး ရန်ကိုင်၏ စွမ်းအင်အဖြစ်သို့ ပြောင်းလဲကုန်လေသည်။

ဆန်းကြယ်လိုက်တာ

ရန်ကိုင် ပျော်သွားခဲ့ပြီး မျက်လံးကို တင်းတင်းပိတ်ကာ ကောင်းကင် တစ္ဆေသစ်ခွမှ ယူဆောင်လာပေးသော အကျိုးကျေးဇူးများကို စတင် ခံစားတော့လေသည်။

သူ့ရင်ဘတ်ရှိ ကောင်းကင်တစ္ဆေသစ်ခွပုံစံသည် အတော်လေးကိုမှ ခြောက်ခြားဖွယ်ကောင်းသော်ငြား အဆီမရှိအနှစ်ရှိ ဆိုသည့်အတိုင်း ၎င်းမှ ယူဆောင်ပေးသော အကျိုးအမြတ်များသည် တကယ်ကို အံ့ဩဖွယ်ကောင်းလှပေသည်။

ဤနည်းဖြင့်ဆိုပါက ရန်ကိုင်အနေဖြင့် သူ့ကျင့်စဉ်ကိုပင် လှည့်ပတ်စရာ မလိုတော့ချေ။ ကောင်းကင်တစ္ဆေသစ်ခွ၏ စုပ်ယဓမှုအောက်တွင် အနီးအနားပတ်ဝန်းကျင်မှု မိုးမြေစွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေနိုင်ပြီး သူ့ကျင့်ကြံခြင်းကို အကြီးအကျယ် တိုးတက်အောင် လုပ်ဆောင်နိုင်ပေသည်။

ကလေးမျက်နှာ တစ်ခါအသက်ရှူလျှင် အသက်သုံးဆယ်ရှိုက်စာမျှ ကြာသည်။ တစ်ခါရှူပြီးသွားလျှင် အသက်သုံးဆယ်ရှိုက်စာ ပြန်နား၏။ ပြီးလျှင် ပြန်ရှူသည်။ ထိုကဲ့သို့ ရှူသွင်းလိုက်တိုင်း များပြားလှသော မိုးမြေစွမ်အင်တို့ကို ရန်ကိုင်၏ ခန္ဓာကိုယ်ထဲသို့ သယ်ဆောင်လာပေးလေသည်။

ဟလိခပေးခဲ့သော လက်ဆောင်သည် ရန်ကိုင်အတွက် ကောင်းကင်မှ ပေးသော လက်ဆောင်နှင့်ပင် တူလေသည်။

ရန်ကိုင်သည် သူ့အချိန်အများစုကို တစ်နေရာမှ အခြားတစ်နေရာသို့ သွားလာရင်းဖြင့်သာ ကုန်ဆုံးနေသည့်အတွက် သေသေချာချာ ထိုင်ကျင့်ကြံသည်မှာ ရှားပေသည်။ ကောင်းကင်တစ္ဆေသစ်ခွသည် မိုးမြေစွမ်းအင်များကို အလိုလို စုပ်ယူပေးနိုင်သည်ဆိုပါက ရန်ကိုင်၏ ခွန်အား တိုးတက်လာရန်မှာ အခက်ခဲတော့ချေ။

အနာဂတ်တွင် သွားလာနေရင်း၊ တိုက်ခိုက်နေရင်းဖြင့်ပင် ကျင့်ကြံနေနိုင်တော့ပေမည်။

ကံမကောင်းစွာဖြင့် ဟလိခ၏ အဆိုအရ ကောင်းကင်တစ္ဆေသစ်ခွ၏ အကျိုးသက်ရောက်မှုသည် အချိန်ကြာလာသည်နှင့် တဖြည်းဖြည်း အားနည်းလာမည်ဖြစ်ကာ နှစ်နှစ်၊ သုံးနှစ်လောက် ကြာသည့်အခါ လုံးဝ ပျောက်ကွယ်သွားပေလိမ့်မည်။

ထို့အပြင် ကောင်းကင်တစ္ဆေသစ်ခွဆိုသော ရတနာသည် ရှာဖွေရန် အလွန်ကိုမှ ခက်ခဲသော ရတနာတစ်ခု ဖြစ်ပေသည်။ ရံဖန်ရံခါမှ တစ်ပင်နှစ်ပင် တွေ့တတ်ပြီး တွေ့ပြီဆိုလျှင်လည်း အသေအကြေ တိုက်ပွဲများ ဖြစ်ကြလေ့ရှိသည်။ ဟလိခသည် ထိုရတနာကိုရရန် အတွက် ပညာရှင်ပေါင်းများစွာနှင့် တိုက်ခိုက်ခဲ့ရသည်။

သို့သော်လည်း နှစ်နှစ်၊ သုံးနှစ်ဆိုသော အချိန်ကာလသည် ရန်ကိုင်အတွက် လုံလောက်ပေသည်။

ကောင်းကင်တစ္ဆေသစ်ခွကို အသုံးပြုးပြီးနောက် နှင်းပုံဆောင်ခဲ အဆီအနှစ်ကိုထုတ်ကာ တစ်စက်သောက်ချလိုက်သည်။

ကွဲပြားသစ်လွင်သော အေးမြမြ ခံစားချက်တစ်ခု သူ့ခန္ဓာကိုယ် တစ်လျှောက် စီးဆင်းလာခဲ့ပြန်သည်။ နှင်းပုံဆောင်ခဲ အဆီအနှစ်သည် နှင်းရေကန်တားမြစ်နယ်မြေမှ ပစ္စည်းဖြစ်ရာ ၎င်း၏ ပင်မဓါတ်သဘာဝသည် အအေးဓါတ် ဖြစ်သည်မှာ သဘာဝပင်။

ထိုအေးမြမြ ခံစားချက် သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်နှင့် ရန်ကိုင်၏ စိတ်ဝိဥာဉ်လန်းဆန်းသွားသည်။ သူ့ဝိဥာဉ်တစ်ခုလုံး စိမ့်စမ်းရေထဲ စိမ်နေရသလို ခံစားလိုက်ရသည်။

ထူးခြားသော စွမ်းအားတစ်ရပ်သည် သူ့ပါးစပ်မှတစ်ဆင့် ဝမ်းဗိုက်ဆီသို့ စီးဆင်းသွားပြီးနောက် အငွေ့ပျံသွားကာ မီးခိုးတိမ်တိုက်တစ်ခုနှယ် သူ့အသိစိတ်ပင်လယ်ထဲသို့ ရောက်ရှိသွားလေသည်။

စိတ်လှုပ်ရှားမှုကြောင့် လှိုင်းထန်နေသော ရန်ကိုင်၏ အသိစိတ် ပင်လယ်သည် ရုတ်ချည်း ငြိမ်ကျသွားခဲ့သည်။ ပင်လယ်ပြင်သည် ရုတ်ချည်း ရေငြိမ်သွားခဲ့သည်။

ရန်ကိုင်၏ ဝိဥာဉ်သည်လည်း လိုက်ပါပြောင်းလဲသွားဟန်ရကာ သူ့စိတ်အခြေအနေသည် ရှေးဟောင်းရေကန်တစ်ကန်ပမာ အကြွင်းမဲ့ တည်ငြိမ်သွားခဲ့သည်။

နှင်းပုံဆောင်ခဲ အဆီအနှစ် အသက်ဝင်လာချိန် အံ့ဩဖွယ် ခံစားချက်ကို ရန်ကိုင် ရုတ်တရက် ခံစားလိုက်ရသည်။ သူ့ဝိဥာဉ်သည် ခန္ဓာကိုယ်မှ ကွဲထွက်သွားသည့်နှယ်… သူ့အသိစိတ်ပင်လယ်ထဲ ကိန်းအောင်းနေသော မှတ်ဥာဏ်အားလုံး သူ့မျက်စိရှေ့တည့်တည့် ပြန်ပေါ်လာခဲ့သည်။

သူကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ အတွေ့အကြုံများနှင့် သူတွေ့ခဲ့သည့်လူများအားလုံးကို ရန်ကိုင် ပြန်မြင်နေခဲ့သည်။ သူခံစားခဲ့ရသော အောင်မြင်မှု၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု အားလုံးကိုလည်း ပြန်မြင်နေရသည်။

လွန်ခဲ့သော နှစ်သုံးဆယ်ကာလကို အချိန်ခရီးသွားနေသည့် အလား။

သူလျစ်လျူရှုခဲ့မိသော အရာ တော်တော်များများကိုလည်း ပြန်မြင်ခဲ့သည်။ နောင်တရစရာများစွာကိုလည်း မြင်ခဲ့ရသေး၏။ ထိုအရာများကိုကြည့်ရင်း သူ့စိတ်အခြေအနေသည် ပိုပို၍ ရင့်ကျက်လာခဲ့သည်။

ပြောင်းလဲသွားသော သူ့စိတ်အခြေအနေနှင့်အတူ အသိစိတ် ပင်လယ်သည်လည်း ပြောင်းလဲလာခဲ့သည်။ ပင်လယ်ရေပြင်သည် တဖြည်းဖြည်း မြင့်တက်လာခဲ့လေသည်။ ဆိုလိုသည်ကား သူ့စိတ်စွမ်းအင် တဖြည်းဖြည်း ကောင်းလာနေခဲ့သည်။ ရေမျက်နှာပြင် မြင့်တက်လာရုံမက ရေထု၏ အရောင်မှာလည်း ပို၍ အရောင်ရင့်လာနေခဲ့သည်။ သူ့ဝိဥာဉ်သည်လည်း တဖြည်းဖြည်း အားကောင်းလာနေခဲ့သည်။

ပင်လယ်ရေပြင်၏ အလယ်ဗဟိုတွင် တည်ရှိနေသော ခြောက်ရောင်ခြယ်ကျွန်းသည် ပိုပို၍ ရွှန်းစို တောက်ပလာနေခဲ့သည်။ ကျွန်းပေါ်တွင် ရှိနေသော ဝိဥာဉ်ဝါးမြိုအင်ဆက်များလည်း ပျော်ရွှင်မြူးထူးစွာဖြင့် တဝှီဝှီ အော်မြည်ရင်း ဝိဥာဉ်ကြာပန်းမှ ထုတ်လွှတ်နေသော ခြောက်ရောင်ခြယ်အလင်းများကို လျင်မြန်စွာ စုပ်ယူနေခဲ့သည်။

မကြာမီ ဝိဥာဉ်ဝါးမြိုအင်းဆက်များသည် အချင်းချင်း တိုက်ခိုက်ကြကုန်လေသည်။ နောက်ဆုံး အားအနည်းဆုံး အကောင်များ သေဆုံးသွားခဲ့ကြပြီး အားကောင်းသည့် အကောင်များသာ ကျန်ရစ်ခဲ့ကြတော့သည်။

ထိုပြောင်းလဲမှုများကို ရန်ကိုင် သတိပြုမိပေသည်။ သို့သော် ရပ်တန့်ရန် ကြိုးစားမည့်အစား ထူမခြားနားဟန်ဖြင့်သာ စောင့်ကြည့်လေ့လာနေခဲ့သည်။

ဝိဥာဉ်ဝါးမြိုအင်းဆက်များသည် သူ့ဝှက်ဖဲများအနက်မှ တစ်ခု ဖြစ်ပေသည်။ ထိုကောင်များသည် သူတော်စင်အဆင့် ကျင့်ကြံသူများကို ဒုက္ခပေးနိုင်ပြီး တန်ခိုးရှင်အဆင့်အောက် ကျင့်ကြံသူများကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။

သို့သော် ကြယ်စီရင်စုထဲသို့ ရောက်လာပြီးနောက် ဝိဥာဉ်ဝါးမြို အင်းဆက်များသည် ယခင်ကကဲ့သို့ အသုံးမဝင်တော့ချေ။ ကြယ်စီရင်စုထဲတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ ရှိကြပြီး သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများသည် သာမန်သာ ဖြစ်သည်။ လက်ရှိဝိဥာဉ်ဝါးမြိုအင်းဆက်များသည် ထိုပညာရှင်များကို ဒုက္ခ မပေးနိုင်တော့ချေ။

စိတ်စွမ်းအင်ကိုသာ စားသုံးသော ထိုဝိဥာဉ်ဝါးမြိုအင်းဆက်များ ယခုတစ်ကြိမ် မည်ကဲ့သို့ ဆင့်ကဲပြောင်းလဲဦးမလဲ ဆိုသည်ကို ရန်ကိုင် အတော်လေး သိချင်နေမိသည်။

သူအနေဖြင့် ခွန်အားကို အစောတလျင် လိုအပ်နေသည်။

ဝိဥာဉ်ဝါးမြိုအင်းဆက်များကြားမှ တိုက်ပွဲသည် အလွန်ကိုမှ ပြင်းထန်ပေသည်။ အင်းဆက်တစ်ကောင်ချင်းစီတိုင်းသည် ၎င်း၏ မျိုးနွယ်စုများကို ဝါးမြိုပြီးနောက် တကယ့် လက်ရွေးစင်ဖြစ်သော အကောင်းများသာ နောက်ဆုံးတွင် ကျန်ရစ်ခဲ့သည်။ ထိုကျန်ရစ်သော အကောင်းများသည် ယခင်ထက် ပိုမို သန်မာပေသည်။

နောက်ဆုံးတွင် ခြောက်ရောင်ခြယ်ကျွန်းပေါ်ရှိ တိုက်ပွဲ အဆုံးသတ်သွားခဲ့ရသည်။ ဝိဥာဉ်ဝါးမြိုအင်းဆက်များ၏ အရေအတွက်သည် ထောင်နှင့်ချီကာ လျော့ကျသွားရသည်။

လက်ကျန်အင်းဆက်များမှာမူ အိပ်ပျော်နေခဲ့ကြသည်။ ကောင်းကင် စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ တစ်ကောင်ချင်းစီကို ပိုးအိမ်ကဲ့သို့ အခွံတစ်ခုစီဖြင့် ရစ်ပတ်ထားသည်ကို တွေ့လိုက်ရ၏။

အသိစိတ်ကို ပြန်ရုတ်သိမ်းလိုက်ပြီး နန်းတော်မှထွက်ကာ ခုနှစ်ရောင်ခြယ်အလံများကို ထုတ်လိုက်သည်။ ထို့နောက် သက်လတ်ပိုင်းအမျိုးသမီး ပေးခဲ့သော နည်းလမ်းအတိုင်း ထိုအလံများကို ခင်းကျင်းလိုက်သည်။

အလံလေးခုနှစ်ချောင်းသည် ရုတ်တရက် ယခင်က အများကြီး ပိုကြီးလားပြီး ထူးဆန်းသော ပုံစံဖြင့် ရန်ကိုင်ပတ်လည်၌ အစီအရီ တည်ရှိနေခဲ့ကြသည်။ အလံခုနှစ်တိုင်ကြားရှိ မမြင်နိုင်သော ချိတ်ဆက်မှုကြောင့် အလံခုနှစ်ချောင်းသည် စိတ်ဝိဥာဉ် အစီအရင်တစ်ခု အဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။

များပြားလှသော မိုးမြေစွမ်းအင်များစွာတို့သည် အလံရှိရာဆီသို့ ဆွဲယူခံရသဖြင့် လေပြင်းများ တိုက်ခတ်လာပြီး သစ်ကိုင်းများ အချင်းချင်း ရိုက်ခတ်လာကြသည်။ ကောင်းကင်သည်ပင် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့သည်။

ရန်ကိုင်သည် အလံခုနှစ်ချောင်းအလယ်တွင် တင်ပလင်ခွေ ထိုင်ချလိုက်ပြီး ဆေးလုးအချို့ကို ထုတ်သောက်ကာ သူတော်စင် သလင်းကျောက်တစ်တုံးကို လက်ထဲတွင် ကိုင်ထားလိုက်သည်။

နန်းတော်ထဲတွင် ဆေးဖော်စပ်နေသော ဇုန်းအောင်သည် အပြင်ဘက်တွင် တစ်ခုခု ပြောင်းလဲသွားသည်ကို သတိပြုမိသဖြင့် ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ မကြာမီ ဘာဖြစ်နေသလဲ ဆိုသည်ကို တွေ့ရှိသွားခဲ့ရသည်။

“ဒီလောကကြီးက တကယ် မမျှတတာပဲ…” ဇုန်းအောင်က ရေရွတ်လိုက်သည် “ငါငယ်ငယ်တုန်းကကျတော့ အဲ့လို ကျင့်ကြံရေး ရတနာလေးတစ်ခုတောင် ငါ့မှာမရှိဘူး။ သူ့မှာကျတော့ သုံးခုတောင်၊ မမျှတလိုက်တာကွာ”

သူ့စိတ်ထဲ မနာလိုမိသွားသည်။

ကောင်းကင်တစ္ဆေသစ်ခွ၊ နှင်းပုံဆောင်ခဲ အဆီအနှစ်နှင့် ခုနှစ်ရောင်ခြယ် စိတ်ဝိဥာဉ်စုစည်းခြင်း အလံ…

ထိုမျှသာမကသေး မိုင်းသုံးထောင် အကျယ်အဝန်းရှိသော သူ့ပိုင်နက်ထဲတွင် မိုးမြေစွမ်းအင်ကို စုစည်းစေသည့် စိတ်ဝိဥာဉ် အစီအရင်များကို ခင်းကျင်းထားသေးသည်။

ထိုအကျိုးအမြတ် အားလုံးသည် တစ်နေရာတည်းတွင် စုစည်းသွားပြီး အပြင်ဘက်တွင် ရှိနေသော ကောင်စုတ်လေး၏ ကျင့်ကြံခြင်းကို အဆပေါင်းများစွာ ပိုမိုမြန်ဆန်အောင် ကူညီပေးနေလေသည်။

မိုးမြေစွမ်းအင်များကို ရန်ကိုင် စုဝေးနိုင်သည့် အမြန်နှုန်းသည် တန်ခိုးရှင်တစ်ယောက်မှ မိုးမြေစွမ်းအင်ကို စုပ်ယူသည့် အမြန်နှုန်းဖြင့် နှိုင်းယှည်နိုင်ပေသည်။

လအနည်းငယ်အတွင်း သူတော်စင်တတိယအဆင့်သို့ ရန်ကိုင် ချိုးဖျက်နိုင်လိမ့်မည်ဟု ဇုန်းအောင် တွေးမိလိုက်သည်။ သို့သော် ရန်ကိုင်၏ ခန္ဓာကိုယ်သည် ထိုမျှ များပြားလှသော မိုးမြေစွမ်းအင်များ စုပြုံဝင်လာသည့်ဒဏ်ကို ခုခံနိုင်ရန် လိုအပ်ပေသည်။

ထိုမျှ များပြားလှသော မိုးမြေစွမ်းအင်သည် သူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက် စုပ်ယူနိုင်သည့် မိုးမြေစွမ်းအင်မျိုး မဟုတ်ချေ။ မိုးမြေစွမ်းအင်များကို စုစည်းစေသည့်နှုန်းသည် အလွန်ကိုမှ မြန်ဆန်လှသည်။ ရန်ကိုင်အနေဖြင့် ထိုမျှ များပြားလှသော မိုးမြေစွမ်းအင်ကို လိုက်မှီအောင် စုပ်ယူ၊ ချေဖျက်နိုင်ပါမည်လား။ ထိုသို့ လုပ်နိုင်မှရပေမည်။ မဟုတ်လျှင် သူ့သွေးကြောများ ပေါက်ထွက်ပြီး သူ့ကျင့်ကြံရေး အုတ်မြစ်လည်း ထိခိုက်သွားနိုင်သည်။ ထိုသို့သာ ဖြစ်သွားလျှင် သူရထားသည့် ရတနာအားလုံးသည် သူ့ကို ပြန်သတ်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၀၆၇) သူတော်စင် တတိယအဆင့်

ဇုန်းအောင် စိတ်ပူသည်မှာလည်း စိတ်ပူစရာပင်။ အင်အားစုကြီး တစ်ခု သူတို့၏ တပည့်များကို ပျိုးထောင်ချင်လျှင်ပင် ထိုကဲ့သို့ အရမ်းကာရော တွန်းအားမပေးကြချေ။ ဖြေးဖြေးမှန်မှန်ချင်းသာ လေ့ကျင့်ခိုင်းကြသည်။ အလျင်လိုလွန်းပါက သူတို့၏ အခြေခံ အုတ်မြစ်ကို ထိခိုက်နိုင်ပေသည်။

ရန်ကိုင်သည် လက်ရှိတွင် သူ့အဆင့် သာမန်ကျင့်ကြံသူ တစ်ယောက် စုပ်ယူနိုင်သည်ထက် များစွာပိုများသော စွမ်းအင်ကို စုပ်ယူနေခြင်း ဖြစ်သည်။

သူတော်စင်ပထမအဆင့် ဖြစ်လျှင်ပင် ထိုမျှ များပြားလှသော မိုးမြေစွမ်းအင်ကို စုပ်ယူရန်မှာ မဖြစ်နိုင်ချေ။

ရန်ကိုင်သည် ဇုန်းအောင်ကို စိတ်မပူချေ။ ထိုလူအိုကြီးသည် ဤအကြွားသန်သော လူငယ်လေးနှင့် အလောင်းအစား လုပ်ခဲ့သည့် ဆေးတိမ်တိုက်ပါသော လောင်ကျွမ်းမီးတောက် ဆေးလုံးကို ဖော်စပ်နိုင်၊ မနိုင်ကိုသာ စိတ်ဝင်စားသည်။

ဆေးတိမ်တိုက်ပါသော လောင်ကျွမ်းမီးတောက် ဆေးလုံးကို ဖော်စပ်ရန်မှာ မဖြစ်နိုင်ဘူးဟု ထင်နေလျှင်ပင် အနည်းငယ်တော့ မျှော်လင့်ထားမိသေးသည်။

ဆေးသွေးကြောပါသော ဆေးလုံးများကို ဖော်စပ်နိုင်သည့် နည်းလမ်းကို ရှာဖွေခြင်းသည် သူ့တစ်ဘဝသာ ဆန္ဒဖြစ်သည်။ ထို့ကြောင့်ပဲ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် ဆိုသော ဂုဏ်အဆင့်အတန်းကို ဘေးဖယ်ထား၍ ဤနေရာသို့လာကာ ဟုန်းလော့ကုန်သွယ်ရေးအတွက် ဆေးအမယ်နဲ့ အလှဲအလှယ် အဖြစ် အလကား ဆေးဖော်စပ်ပေးနေခြင်း ဖြစ်သည်။

ထို့ကြောင့် ရန်ကိုင်အနေဖြင့် ဆေးတိမ်တိုက်ပါသော လောင်ကျွမ်းမီးတောက် ဆေးလုံးကို‌ အောင်အောင်မြင်မြင် ဖော်စပ်နိုင်ချေမှာ မဖြစ်နိုင်ချေနီးပါး ဖြစ်နေလျှင်ပင် သေးငယ်လှသော မျှော်လင့်ချက်လေးတော့ ရှိသေးသည်။ ထို့ကြောင့် ရန်ကိုင် တစ်ခုခု ဖြစ်သွားမည်ကို သူမလိုလားချေ။

ရန်ကိုင်သာ သေသွားလျှင် သူစိတ်ပူနေရသမျှအားလုံး သဲထဲရေသွန် ဖြစ်သွားရပေလိမ့်မည်။

ခုနှစ်ရောင်ခြယ် စိတ်ဝိဥာဉ်စုစည်းခြင်း အလံများကို နေရာချပြီး ထိုနေရာ၌ တင်ပလင်ခွေထိုင်ကာ ရန်ကိုင် စတင်ကျင့်ကြံပြီး တစ်လကြာသည်အထိ ဇုန်းအောင်သည် ဆေးမဖော်စပ်ဘဲ ရန်ကိုင်ကိုသာ စောင့်ကြည့်နေခဲ့သည်။ သို့သော်လည်း ဇုန်းအောင် အံ့ဩသွားရသည်ကား ရန်ကိုင်၏ အံ့မခန်း ခန္ဓာကိုယ်ကိုပင်။

ရန်ကိုင်၏ ခန္ဓာကိုယ်သည် သူမျှော်လင့်ထားသည်ထက် လွန်စွာကိုမှ ပိုအားကောင်းနေခဲ့သည်။ သူတော်စင်တစ်ယောက်အား ပေါက်ကွဲ သွားစေနိုင်သော မိုးမြေစွမ်းအင်များကို ရန်ကိုင်က အလွယ်တကူပဲ စုပ်ယူသွားခဲ့သည်။ နေ့စဉ်နှင့်အမျှ ရန်ကိုင်ဆီမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများ ပိုပို၍ အားကောင်းလာနေသည်ကို ဇုန်းအောင် မြင်နေရသည်။

ကောင်လေးသည် ကျင့်ကြံနေစဉ် အတောအတွင်း မျက်နှာ အမူအရာ ပျက်သွားသည်မရှိ၊ ဇိမ်ပြေနပြေဖြင့်သာ ရှိနေလေရာ ဇုန်းအောင် သူ့မျက်လုံးသူ မယုံကြည်နိုင်အောင် ဖြစ်နေခဲ့လေသည်။

အချိန်ကြာလာသည့်အခါ ရန်ကိုင်၏ ကိုယ်ပတ်လည်၍ မှိန်ဖျော့ဖျော့ အရောင်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအရောင်အဝါသည် အစပိုင်းတွင် မှိန်နေသော်လည်း အချိန်ကြာလာသည်နှင့် ပိုပို၍ တောက်ပလာခဲ့သည်။

သိပ်သည်းလှသော မိုးမြေစွမ်းအင်များသည် ရန်ကိုင်ပတ်လည်၌ မြူခိုးများအဖြစ် စတင် စုဝေးလာကြသည်။

ဇုန်းအောင်၏ ဆေးဥယျာဉ်သည် တစ်ခုလုံးကိုလည်း မကြာမီ ဖျော့တော့တော့ မြူခိုးအလွှာတစ်ခုက လွှမ်းခြုံသွားခဲ့သည်။

ထိုအခိုက်အတန့်ဝယ် တောင်ကြားသည် မိုးရေစင်ကြယ်ပေါ်တွင် မိုးမြေစွမ်းအင် အသိပ်သည်းဆုံး နေရာတစ်ခု ဖြစ်လာခဲ့သည်။ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ အဖွဲ့ခွဲတည်ရှိရာ နန်းတော်ကြီးများတွင်ပင် ထိုမျှ မိုးမြေစွမ်းအင် မသိပ်သည်းချေ။

မိုးမြေစွမ်းအင်စီးကြောင်းကို ကိုယ်ပိုင်စွမ်းအားကို ပြောင်းလဲကာ ရှားပါးလှသော ကျင့်ကြံရေးသုခဘုံတစ်ခု ဖန်တီးသည့် ဖြစ်ရပ်မျိုးကို သူ့တစ်ဘဝလုံး ဇုန်းအောင် တစ်ခါမှ မမြင်ဖူးခဲ့ချေ။

“ဒီကောင် တကယ် ဘယ်သူလဲ” ဇုန်းအောင် ဇဝေဇဝါ ဖြစ်နေသည်။ သူသည် စိတ်ပူစရာမလိုသည့် အရာကိုမှ သွားစိတ်ပူနေမှန်းလည်း နားလည်သွားခဲ့သည်။ တစ်လကြာအောင် စောင့်ကြည့်ပြီးနောက် သူ့ဘာသာ ဆေးပြန်ဖော်စပ်နေတော့သည်။

ရန်ကိုင်သည် မွန်းစတားတစ်ကောင်မှန်း နောက်ဆုံးတွင် နားလည်သွားခဲ့လေပြီ။ ထိုမျှသော မိုးမြေစွမ်းအင် ပမာဏသည် ရန်ကိုင်အား မည်သို့မှ ပြဿနာ မဖြစ်စေနိုင်ချေ။

ရန်ကိုင်သည် သူ့လက်ထဲရှိ သူတော်စင်အဆင့် သလင်းကျောက် များကို တစ်တုံးပြီးတစ်တုံး လဲရင်း ပါးစပ်ထဲသို့လည်း ဆေးလုံးများ တစ်လုံးပြီးတစ်လုံး ပစ်ထည့်နေသည်ကို ဇုန်းအောင် မြင်ခဲ့သည်။

လက်ရှိ ရန်ကိုင်သည် အားနည်းနေသော်ငြား အနာဂတ်တွင် ကြယ်စီရင်စုထဲ တောက်ပသော ကြယ်တစ်ပွင့် ဖြစ်လာမည်မှန်း သေချာသိသည်။

----------------------------------

ဆေးပင်လာပို့ရန် သတ်မှတ်ထားသည့် အချိန်သို့ ရောက်သည့်အခါ လင်းမူဖုန်းကိုယ်တိုင် ဆေးပင်များကို လာပို့ခဲ့သည်။

ဆေးပင်များကို သိုလှောင်လက်စွပ်ဖြင့် သယ်လာခဲ့ခြင်း ဖြစ်သည်။ ထိုဆေးပင်များကို ရရန်အတွင်း လင်းမူဖုန်းနှင့် အခြား ခေါင်းဆောင်များသည် သူတို့၏ ကိုယ်ပိုင် ပိုင်ဆိုင်မှုများကို ထုတ်သုံးခဲ့ရသည်။ လက်ရှိ အခြေအနေကို ပင်မကြယ်ဆီ ပြန်လည် အစီအရင်ခံမှ မဖြစ်လေသည် မဟုတ်ပေလော။

အမျိုးမျိုးသော ဆေးပင်များကို ဝယ်ယူပြီးနောက် ခေါင်းဆောင် သုံးယောက်၏ ပိုင်ဆိုင်မှုလည်း အတော်လေး လျော့နည်းသွားခဲ့ရသည်။

ဇုန်းအောင်သည် ဆေးပင်များကို လက်ခံပြီးသည်နှင့် လင်းမူဖုန်းအား အထဲသို့ပင် ဖိတ်မခေါ်ဘဲ ချက်ချင်း တံခါးပိတ်လိုက်သည်။

လင်းမူဖုန်းသည် နည်းနည်းလေးမှ အထွန့်မတက်ခဲ့ချေ။ ကိုးယိုးကားယား အမူအရာဖြင့်သာ နန်းတော် အပြင်ဘက်တွင် ရပ်နေခဲ့သည်။ သူ့အာရုံသည် မကြာမီ သိပ်သည်းလှသော မိုးမြေစွမ်းအင်ဆီသို့ ရောက်သွားခဲ့သည်။ ခဏအကြာ ထိုမိုးမြေစွမ်းအင်များကြားမှ တစ်ခုသော နေရာဆီသို့ ရောက်သွဦးလေသည်။

မိုးမြေစွမ်းအင်မြူခိုးထဲတွင် ရန်ကိုင်ကို သူတွေ့လိုက်ရသည်။

မည်သည့် သူတော်စင်အဆင့်ကများ သူ့ကဲ့သို့ ကျင့်ကြံနိုင်သနည်း။ ရန်ကိုင်သည် အေးအေးဆေးဆေး အမူအရာဖြင့် ထိုင်ကျင့်ကြံနေခြင်း ဖြစ်သည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် ရန်ကိုင်၏ သာမန်ထက် ပိုမိုအားကောင်းသော ခန္ဓာကိုယ်ကို လင်းမူဖုန်း သတိပြုမိသွားခဲ့သည်။

ခဏလောက် စောင့်ကြည့်ပြီးနောက် ရန်ကိုင်အား မရှုပ်ဘဲ တိတ်တိတ်လေး ထွက်သွားလေသည်။

ရက်များသည် တဖြည်းဖြည်းနှင့် ကုန်ဆုံးနေခဲ့သည်။ သူ့ရင်ဘတ်ရှိ ကလေးမျက်နှာသည် မိုးမြေစွမ်းအင်များကို အရူးအမူး စုပ်ယူနေပြီး ခုနှစ်ရောင်ခြယ် စိတ်ဝိဥာဉ်စုစည်းခြင်း အလံများသည် မိုးမြေစွမ်းအင်ကို စုစည်းနေကြသည်။

နှင်းပုံဆောင်ခဲ အဆီအနှစ်သည်လည်း ယနေ့ထိတိုင် အစွမ်းပြနေ၏။ နည်းနည်လေးမှပင် အားနည်းမသွားခဲ့လေရာ ရန်ကိုင်၏ စိတ်အခြေအနေသည်လည်း အကြွင်းမဲ့ကို တည်ငြိမ်နေလေသည်။

ရန်ကိုင်သည် ဆေးလုံးများကို တစ်လုံးပြီးတစ်လုံး သောက်နေဆဲ။ သူတော်စင်သလင်းကျောက်များကိုလည်း တစ်တုံးပြီးတစ်လုံး လဲလှယ်နေရဆဲ။ သူ့တစ်ဘဝလုံး ဤကဲသို့ တစ်ခါမှ မကျင့်ကြံခဲ့ရဖူးချေ။

သူ့ခွန်အားသည် တဖြည်းဖြည်း မြင့်တက်လာနေခဲ့ပြီး မကြာမီ သူတော်စင်တတိယအဆင့်၏ အနားသတ်ကို ထိတွေ့လာခဲ့သည်။

တစ်နေ့၊ သူ့ခန္ဓာကိုယ်မှ အနက်ရောင်နတ်ဆိုးမီးတောက် ရုတ်တရက် ထွက်ပေါ်လာပြီး လောကတစ်ခုလုံးကို လောင်ကျွမ်းပစ်ချင်နေသည့်အလား သူ့ကိုယ်ပတ်လည်၍ ဝှေ့ဝိုက်လှည့်ပတ်နေလေသည်။

ရန်ကိုင်၏ ပြောင်းလဲမှုများကို စောင့်ကြည့်နေသည့် ဇုန်းအောင်၏ အမူအရာ လေးနက်နေခဲ့သည်။

နတ်ဆိုးမီးတောက်သည် တဖြည်းဖြည်း အရွယ်အစား ကြီးလာပြီး ပို၍ အားကောင်းလာခဲ့သည်။ နောက်ဆုံး ကိုယ်ပိုင် အသက်ရှိနေသည့်ပမာ ရန်ကိုင်၏ ခန္ဓာကိုယ်မှ ခုန်ထွက်လာပြီး နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်ကိုယ်ပေါ်ရှိ ရွှေရောင်နဂါးတက်တူးသည်လည်း မြန်နိုင်သမျှ မြန်မြန် ကူးခတ်နေလေသည်။

နဂါးဟိန်းသံနှင့်အတူ ရွှေနဂါးသည် ရန်ကိုင်၏ ခန္ဓာကိုယ်ပေါ်မှ ခုန်ထွက်လာပြီး နတ်ဆိုးမီးတောက်နဂါးနှင့် ပေါင်းစပ်သွားသည်။

ရွှေရောင် အရောင်အဝါကို ထုတ်လွှတ်နေသည့် အနက်ရောင် နဂါးသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး တိမ်တိုက်များထဲ ကူးခတ်လေသည်။

နဂါးသည် ပါးစပ်ကိုဟကာ မိုးမြေစွမ်းအင်များကို တစ်ဝကြီး ဝါးမြိုတော့သည်။ တစ်ကြိမ်မြိုလိုက်တိုင်း တောင်ကြားအား ဖုံးလွှမ်းနေသည့် မြူခိုးအလွှာ တဖြည်းဖြည်း ပါးသွားခဲ့သည်။ အသက်ရှိုက်စာ အနည်းငယ် ကြာပြီးနောက် တောင်ကြားတစ်ခုလုံး ယခင်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ ပိုလျှံနေသော မိုးမြေစွမ်းအင် အားလုံးကို အနက်ရောင်နဂါးမှ စုပ်ယူသွားခဲ့လေပြီ။

နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်ပြီး နဂါးသည် ကောင်းကင်ပေါ်မှ ထိုးဆင်းလာကာ ရန်ကိုင်၏ ကိုယ်ထဲသို့ ပြန်ဝင်သွားလေသည်။

ရန်ကိုင် တစ်ကိုယ်လုံး တုန်ရီသွားပြီး မမြင်နိုင်သော စွမ်းအင်လှိုင်းတို့သည် သူ့ကိုယ်ဗဟိုပြု၍ အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေသည်။

ရန်ကိုင်၏ မျက်လုံးများ တဖြည်းဖြည်း ပွင့်လာခဲ့သည်။ သူ့ကိုယ်ပတ်လည်တွင် ရှိနေသော အလင်းအရောင်အဝါသည်လည်း အလျင်အမြန် ပျောက်ကွယ်သွားခဲ့လေသည်။

သူတော်စင်တတိယအဆင့်…

ကြိုးစားပမ်းစား လေ့ကျင့်ပြီးနောက် သူတော်စင်တတိယအဆင့်သို့ ရန်ကိုင် ရောက်ရှိခဲ့လေပြီ။

ထုန်းရွှမ်လောကကြီးတွင် ဆိုပါက ထိုကျင့်ကြံခြင်းသည် သူ့အား အထွဋ်အထိပ် တည်ရှိမှုတစ်ခု ဖြစ်စေနိုင်သည်။ နတ်ဆိုး ဗိုလ်ချုပ်ကြီး ကျန်းယွမ်နှင့် သူ့လက်အောက်ငယ်သား လေးယောက်၊ မန်ဝူရ၊ ချူလင်းရှောင်၊ မိုးကြိုးနဂါး၊ နွားအိုကြီးတို့ အားလုံးသည် သူတော်စင် တတိယအဆင့်များ ဖြစ်ကြသည်။

ယနေ့တွင် ရန်ကိုင်သည် ထိုပညာရှင်များ ရောက်နေသည့် အဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။ သို့သော်လည်း ကြယ်စီရင်စုကြီးထဲတွင်မူ သူတော်စင်တတိယအဆင့်သည် စကားထဲ ထည့်ဖို့ပြောရာ မထိုက်တန်သေးချေ။

“ကောင်လေး၊ ဂုဏ်ယူပါတယ်ကွာ” ဇုန်းအောင်က လျှောက်လာပြီး “သုံးလတည်းနဲ့ သူတော်စင်တတိယအဆင့်ကို ချိုးဖျက်နိုင်တာက အားကောင်းတဲ့ ရတနာတွေအပေါ် မှီခိုခဲ့တယ်ဆိုပေမယ့်လည်း ငါ့ကိုတော့ အံ့အားသင့်အောင် လုပ်နိုင်တုန်းပဲ။ အစက မင်းအနေနဲ့ သူတော်စင်တတိယအဆင့်ကို ချိုးဖျက်ဖို့ အနည်းဆုံး ငါးလ၊ ခြောက်လလောက် အချိန်ယူရမယ် ထင်တာ။ သုံးလတည်းနဲ့ ရောက်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

“ကျေးဇူးပဲ ဇုန်းအိုကြီး” ရန်ကိုင်က ခေါင်းသာ ညိတ်ပြလိုက်သည်။

“ဇုန်းအိုကြီး၊ ဟလိခတို့ဆီကနေ သတင်းရသေးလား” ရန်ကိုင်က မေးလိုက်သည်။

“မကြာသေးခင်ကပဲ လင်းမူဖုန်း ဆေးပင် လာပို့သွားတယ်။ ဒါပေမယ့် လိပ်နဂါးအသီးတွေကတော့ မရသေးဘူး။ ဒါပေမယ့် နောက်ထပ် တစ်လ၊ နှစ်လလောက် ကြာရင်တော့ ရမယ်လို့ ပြောသွားတယ်” ဇုန်းအောင်က ပြောလိုက်သည်။

“သခင်မလေးကို သွားစစ်ဆေးကြည့်လိုက်ဦးမယ်” ပြောပြီးနောက် ခုနှစ်ရောင်ခြယ် စိတ်ဝိဥာဉ်စုစည်းခြင်း အလံများကိုပင် ပြန်မသိမ်းဘဲ ထရပ်လိုက်လေသည်။

ရွှယ့်ယွယ်သည် သူမ၏ အခန်းထဲ အေးချမ်းငြိမ်သက်စွာ အိပ်စက်နေခဲ့သည်။ မည်မျှ သူမအား လာမကြည့်သည့်အတွက် သူမ၏ မျက်နှာလှလှလေးထက် ဖုန်အချို့ ကပ်နေခဲ့လေပြီ။ ရန်ကိုင်သည် ရေသန့်ရှာကာ သူမကို မျက်နှာ သစ်ပေးလိုက်သည်။

နှင်းပုံဆောင်ခဲ အဆီအနှစ်၏ လွှမ်းမိုးမှုကြောင့်လားမသိ၊ သူမအား မျက်နှာသစ်ပေးနေစဉ်အတောအတွင်း ရွှယ့်ယွယ်၏ အလှထဲ နည်းနည်းလေးမှ နစ်မြောသွားခဲ့ခြင်း မရှိချေ။

ယခုတစ်ကြိမ် ရွှယ့်ယွယ်အား ကယ်နိုင်သည်နှင့် သူတို့၏ ဆက်ဆံရေးကို ချက်ချင်း ဖြတ်တောက်မည်ဟု ဆုံးဖြတ်ထားပြီးလေပြီ။ သူမ သူ့အား လက်စားလာချေချေ၊ မချေချေ ကိစ္စမရှိ။ သူမနှင့် နည်းနည်းလေးမှ မပက်သက်ချင်တော့ခြင်းသာ စိတ်ထဲရှိနေသည်။

ရွှယ့်ယွယ်နှင့် သူ့ကြားရှိ ရင်းနှီးမှုသည် ဝိဥာဉ်ချိန်းကြိုးကြောင့် ဖြစ်သည်။ စုယန်နှင့် ရှနင်းချန်တို့ကဲ့သို့ မဟုတ်။

ရွှယ့်ယွယ်သည်လည်း အတူတူပင် ဖြစ်မည်ဟု သူထင်သည်။ ထိုမိန်းမ၏စရိုက်အရ၊ သူမသာ ဝိဥာဉ်ချိန်းကြိုး၏ လွှမ်းမိုးမှုမှ လွတ်မြောက်သွားခဲ့လျှင် သူ့အား ချက်ချင်း ထသတ်နိုင်ချေ များလှပေသည်။

မည်သည့် အကြောင်းကြောင့်ပင်ဖြစ်စေ၊ ရန်ကိုင်အား ဤလောကကြီးတွင် ဆက်ရှိနေခွင့် ပေးလိမ့်မည် မဟုတ်ချေ။ နှစ်ယောက်စလုံးသည် ရန်သူဖြစ်ရန် ရေစက်ပါလာကြသူများ ဖြစ်ကြသည်။

ရွှယ့်ယွယ်အား သန့်ရှင်းပေးပြီးနောက် နန်းတော် အပြင်ဘက်သို့ ပြန်ထွက်သွားလိုက်ပြီး ယခင်ထိုင်ခဲ့သည့် နေရာတွင် သွားပြန်ထိုင်ကာ ကျင့်စဉ်ကို လှည့်ပတ်လိုက်သည်။

ယခုလေးတင် သူတော်စင်တတိယအဆင့်သို့ ချိုးဖျက်ထားခြင်း ဖြစ်သည်။ နှင်းပုံဆောင်ခဲ အဆီအနှစ်ကြောင့် သူ့စိတ်သည် ကြည်လင်နေသည့်တိုင် ကျင့်ကြံခြင်းအုတ်မြစ်ကို ခိုင်မာအောင် လုပ်ပြီး နောက်တစ်ဆင့်သို့ မြန်နိုင်သမျှ မြန်မြန် ချိုးဖျက်နိုင်ရန် ကြိုးစားရပေမည်။

နှစ်အနည်းငယ်အတွင်း သူတော်စင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်မည် မဟုတ်မှန်း သူသိသည်။ ကောင်းကင်တစ္ဆေသစ်ခွ၏ အာနိသင် ရှိနေတုန်း အချိန်မဖြုန်းဘဲ သူ့ကျင့်ကြံခြင်းကို တတ်နိုင်သမျှ မြန်မြန် တိုးတက်အောင်သာ လုပ်လိုခြင်းသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၀၆၈)

လဝက်ကြာပြီးနောက် လိပ်နဂါးအသီးများကို ဟလိခက လာပို့ခဲ့သည်။ ထိုအသီးများကို ဇုန်းအောင်ဆီ ပေးပြီးနောက် အဝေးတွင် ထိုင်ကျင့်ကြံနေသော ရန်ကိုင်အား တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် အလျင်အမြန် ပြန်ထွက်သွားလေသည်။

ကတိပေးထားခဲ့သည့်အတိုင်း လိုအပ်သည့် ဆေးပင်များကို သူတို့ဘက်မှ ပေးပြီးလေပြီ။ ရွှယ့်ယွယ် နိုးမနိုးသည် သူတို့နှင့် မဆိုင်တော့။

ဆေးတိမ်တိုက်ပါသော ဆေးလုံးကို ဇုန်းအောင် သန့်စင်နိုင်ပါစေဟုသာ ကြိတ်၍ ဆုတောင်းနေရတော့မည်။

သို့သော် သူတို့ မသိသည်ကား ဆေးတိမ်တိုက်ပါသော ဆေးလုံးကို ဖော်စပ်မည့်လူသည် ဇုန်းအောင်မဟုတ်ဘဲ ရန်ကိုင် ဖြစ်သည် ဆိုသောအချက်ပင်။

အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့သည်။ နောက်တစ်လ ကြာပြီးနောက် ရန်ကိုင် မျက်လုံးပြန်ပွင့်လာခဲ့သည်။ ထိုင်ရာမှထ၍ ခုနှစ်ရောင်ခြယ်စိတ်ဝိဥာဉ်အလံများကို သိမ်းပြီးနောက် ဇုန်းအောင်၏ နန်းတော်ဆီ လျှောက်သွားလိုက်လေသည်။

ယခင်လအတောအတွင်း ဤနေရာရှိ မိုးမြေစွမ်းအင်ပမာဏသည် လွင့်မျောတိုက်ကြီးတွင် ရှိနေစဉ်ကနှင့် တူညီလုနီးပါး ရှိခဲ့သည်။ ယခု သူတော်စင်တတိယအဆင့် သူ့ကျင့်ကြံခြင်း တည်ငြိမ်သွားခဲ့ပြီ။ လုပ်စရာရှိတော့သည်ကား တဖြည်းဖြည်း အချိန်ယူကျင့်ကြံရင်း သူတော်စင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန်ပင်။

ယခုကဲ့သို့ အခွင့်အရေးမှာ ရခဲလှသည်ဖြစ်လေရာ ဆက်ထိုင်၍သာ ကျင့်ကြံချင်သော်ငြား သူ့အသက်သည် သေခြင်းရှင်းခြင်း မျဉ်းတန်းပေါ် ရောက်နေသည်မို့ ရွေးချယ်စရာမရှိခဲ့ပါချေ။

ဇုန်းအောင်သည် နန်းတော်ထဲမှနေ၍ ရန်ကိုင်ကို စောင့်နေခဲ့သည်။ ရန်ကိုင် ဝင်လာသည်ကို မြင်သည့်အခါ ဟလိခ ပေးခဲ့သော သိုလှောင်လက်စွပ်အချို့ကို လှမ်းပစ်ပေး၍ ပြောလိုက်သည် “လောင်ကျွမ်းမီးတောက်ဆေလုံး ဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးလုံးတွေ အကုန်လုံးက ဒီထဲမှာပဲ။ ဟလိခနဲ့ သူ့လူတွေက တကယ်ကြီး ပြင်ဆင်ပေးထားတာပဲကွ။ အကုန်လုံးက သူတော်စင်ဘုရင် အဆင့်တွေချည်းပဲနော်။ အခု ဆေးတိမ်တိုက်ပါတဲ့ လောင်ကျွမ်း မီးတောက် ဆေးလုံးကို မင်းဘယ်လို သန့်စင်မလဲ ငါတကယ် မြင်ချင်နေပြီ”

“ကျုပ်တို့ရဲ့ အလောင်းအစားကိုလည်း မမေ့နဲ့ဦးနော် စီနီယာ” ရန်ကိုင်က ဇုန်းအောင်အားကြည့်က သတိပေးလိုက်သည်။

“ဘာလို့ မေ့ရမှာလဲ။ ငါ့စကားကို ငါမတည်ဘဲ မနေဘူး” ဇုန်းအောင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “မင်းတစ်ဘဝလုံးကိုသာ ငါ့ရဲ့ တောက်တိုမယ်ရ ကောင်လေးအဖြစ် ကုန်ဆုံးဖို့ ပြင်ဆင်ထားသင့်တာ”

ရန်ကိုင်သည် ပြောထားသည့်အတိုင်း လုပ်နိုင်လိမ့်မည်ဟု သူမယုံကြည်ပါချေ။

“စောင့်ကြည့်နေလိုက်” ရန်ကိုင်က ပြုံးဖြဲလိုက်ပြီး သိုလှောင် လက်စွပ်နှင့်အတူ အထဲသို့ ဝင်သွားလိုက်သည်။

ရွှယ့်ယွယ်သည် အေးအေးချမ်းချမ်းနှင့် ရှိနေဆဲ။ သို့သော် ရွှယ့်ယွယ်သည် အများဆုံး တစ်နှစ်ခွဲလောက်သာ ခံမည်ဟု ဇုန်းအောင်မှ ပြောထားသဖြင့် ရွှယ့်ယွယ်၏ လက်ရှိပုံစံ အမြဲတမ်း ရှိမနေနိုင်မှန်း ရန်ကိုင် သိသည်။

ယခု သူမတွင် အချိန်တစ်နှစ်သာ ကျန်တော့သည်။

ရန်ကိုင်၏ အသက်သည် ဆေးတိမ်တိုက်ပါသော လောင်ကျွမ်းမီးတောက် ဆေးလုံးအပေါ်တွင် မူတည်နေပြီ ဖြစ်လေရာ သူ့အနေဖြင့် ထိုဆေးလုံးကို ဖော်စပ်နိုင်မှ ဖြစ်ပေလိမ့်မည်။

“ဇုန်းအိုကြီး၊ ခင်ဗျားရဲ့ ဆေးဖော်စပ်ခန်းကို ကျုပ်ခဏ ငှားချင်တယ်” ရန်ကိုင်က ဇုန်းအောင် ဆေးဖော်စပ်ခန်းဆီ လျှောက်သွားရင်း ပြောလိုက်သည်။

“မင်းဖော်စပ်တာကို ငါထိုင်ကြည့်လို့ရမယ်ဆိုရင် မင်းကို သုံးခွင့်ပေးမယ်” ဇုန်းအောင်သည် နည်းနည်းလေးမှ ယဉ်ကျေးမှုမပြ။ ရန်ကိုင်၏ ဆေးဖော်စပ်သည့် နည်းလမ်းကို စောင့်ကြည့်လေ့လာရန် ကြိုးစားနေသည်။

ရန်ကိုင်သည်သာ ဆေးတိမ်တိုက်ပါသော ဆေးလုံးအား ဖော်စပ်နိုင်သည့် နည်းလမ်းကို ပိုင်ဆိုင်ထားသည်ဆိုပါက သူလည်း ရန်ကိုင်၏ နည်းလမ်းကို ကူးယူနိုင်ပေသည်။ ထိုအတွက်နှင့် ယင်နေကြာရေစင်တစ်ဝက်ကို ဆုံးရှုံးရမည်ဆိုလျှင် ပျော်ပျော်ကြီး အရှုံးခံလိုက်မည်သာ။

အပြန်အလှန်အနေဖြင့် ရန်ကိုင်သာ အရှက်မရှိ ကြွားဝါနေပါက သူ့အနေဖြင့် ရန်ကိုင် သူ့အစေခံ ဖြစ်လာမည့် အချိန်ကို အေးအေးဆေး‌ဆေး ထိုင်စောင့်နေရုံပင်။

ရန်ကိုင် ဆေးဖော်စပ်ခန်းထဲသို့ ဝင်သွားသည်နှင့် ဇုန်းအောင်သည် သူ့ထိုင်ခုံကို မယူပြီး ဆေးဖော်စပ်ခန်းထဲသို့ လိုက်ဝင်သွားသည်။ အထဲရောက်သည်နှင့် ထိုင်ခုံကိုချ၊ ထိုင်ချလိုက်ပြီးနောက် အသက်ရှူသံကို ဖုံးကွယ်ထားလိုက်သည်။ သူ့ကြောင့် ရန်ကိုင် အနှောင့်အယှတ် ဖြစ်သွားရမည်ကို မလိုချင်ချေ။ မဟုတ်လျှင် သူ့ကြောင် မအောင်မြင်ရလေခြင်းဟုဆိုလျှက် အကြောင်းပြချက် ရှာနိုင်သည်။

ရန်ကိုင်သည်လည်း ဇုန်းအောင်ကိုမတားခဲ့။ ဆေးမီးဖိုများဆီသာ လမ်းလျှောက်သွားလိုက်ပြီး မီးဖို တစ်လုံးချင်းစီကို ပုတ်လျက် စစ်ဆေးကြည့်သည်။ မီးဖိုများကိုကြည့်ရင် ရန်ကိုင်စိတ်ထဲ အနည်းငယ်တော့ မနာလိုဖြစ်မိသည်။

ဇုန်းအောင်သည် အနည်းဆုံး တန်ခိုးရှင်အဆင့် ဆေးပညာရှင် ဖြစ်သည်။ တန်ခိုးရှင်ဘုရင်အဆင့်ပင် ဖြစ်နိုင်ချေ များလှသည်။ သူအသုံးပြုသော ဆေးမီးဖိုများသည် မည်သည့်အတွက်ကြောင့် အရည်အသွေး နိမ့်ကျမည်နည်း။

ဤနေရာ၌ အရွယ်အစား အမျိုးမျိုးရှိသော ဆေးမီးဖိုများ ရှိကြသည်။ ဆေးမီးဖိုတစ်လုံးချင်စီတိုင်းသည် အတော်လေး အဆင့်မြင့်ကာ အနည်းဆုံး သူတော်စင်ဘုရင်အဆင့် ရှိသည်။

ရန်ကိုင်ကမူ မဟာနတ်ဆိုးနတ်ဘုရား ချန်ထားရစ်ခဲ့သည့် ဆေးမီးဖိုလေးကို အသုံးပြုနေရဆဲ။ ထုန်းရွှမ်လောကကြီးတွင် ထိုဆေးမီးဖိုသည် အတော်လေး ကောင်းသည်ဟု ပြော၍ ရသော်ငြား ဇုန်းအောင် ပိုင်ဆိုင်သော ဆေးမီးဖိုများနှင့် ယှဉ်လိုက်ရင် အဆင့်ပေါင်းများစွာ ကွာခြားနေခဲ့သည်။

ဆေးမီးဖိုကောင်းတစ်လုံးသည် အောင်အောင်မြင်မြင် ဆေးဖော်စပ်နှုန်းကို မြှင့်တင်ပေးနိုင်သည်။

ထို့ကြောင့် ဆေးပညာရှင်များသည် အနည်းဆုံး ဆေးမီးဖိုကောင်း တစ်လုံးလောက်ကို ပိုင်ဆိုင်ချင်ကြသည်။

သို့သော်လည်း ဇုန်းအောင်တွင် ဆေးမီးဖိုကောင်းများစွာ ရှိနေသည်ကို မြင်သော် ရန်ကိုင် မနာမလိုဘဲ ဘယ်နေမည်နည်း။ ထိုဆေးမီးဖိုများကိုပါ အလောင်းအစားထဲ မထည့်မိခဲ့သည်ကို အတော်လေး နောင်တရမိသွားသည်။ ယခုနေ သွားမေးလျှင် ဇုန်းအောင် လက်ခံမခံ သူသိချင်မိသည်။

လှည့်ပတ်ကြည့်နေလိုက်ပြီးနောက် ရန်ကိုင်၏ အကြည့်သည် အဆင့်အမြင့်ဆုံး ဆေးမီးဖိုပေါ်တွင် ရပ်တန့်သွားခဲ့သည်။ ထို့နောက် ခေါင်းတညိတ်ညိတ်ဖြင့် ထိုဆေးမီးဖိုကို ရွေးလိုက်လေသည်။

“မင်းအမြင်စူးရှတာပဲ ကောင်လေး” ရန်ကိုင်အား တိတ်တဆိတ် စောင့်ကြည့်နေသော ဇုန်းအောင်က ရန်ကိုင်မှ သူ့အကြိုက်ဆုံး ဆေးမီးဖိုအား ရွေးလိုက်သည်ကိုမြင်သော် နှာခေါင်းရှုံကာ မှတ်ချက်ပေးလိုက်သည်။

ဆေးပညာရှင်များစွာသည် သူတို့၏ ဆေးမီးဖိုများသည်ကို သူတို့၏ ဇနီးမယား၊ သူသားသမီးများကဲ့သို့ တန်ဖိုးထားကြသည်။ သူတို့ ဆေးမီးဖိုကို လာလုလျှင် အသက်နှင့်ပင်ရင်းပြီး ပြန်တိုက်ရဲကြ၏။

သို့သော် ဇုန်းအောင်သည် ဆေးမီးဖိုများစွာကို ပိုင်ဆိုင်ထားသည့် အတွက် ထိုကဲ့သို့ အစွဲစိတ်မျိုး သူ့တွင်မရှိချေ။ သို့သော် သူ့အကြိုက်ဆုံး ဆေးမီးဖိုအား ရန်ကိုင် သုံးနေသည်ကို မြင်သော် စိတ်ထဲ အနည်းငယ်တော့ မသက်မသာ ဖြစ်မိသည်။

ရန်ကိုင်သည် ဇုန်းအောင်ပြောသည်ကို မကြားချင်ယောင် ဆောင်လျက် သိုလှောင်လက်စွပ်ထဲရှိ ဆေးပင်များကို စတင် အမျိုးအစား ခွဲတော့သည်။ ပြီးသည့်နောက် ဆေးမီးဖိုရှေ့ ထိုင်ချလိုက်သည်။ ရန်ကိုင်၏ အမူအရာ ချက်ချင်းကို လေးနက်တည်ကြည်သွားခဲ့လေပြီ။

ထိုအခြင်းအရာကိုမြင်သော် ဇုန်းအောင်၏ မျက်လုံးများ တောက်ပသွားပြီး ခေါင်းတညိတ်ညိတ် ဖြစ်းသွားသည်။

ချက်ချင်းပြောင်းလဲသွားသော ရန်ကိုင်၏ စိတ်အခြေအနေကို မြင်ပြီးနောက် ရန်ကိုင်သည် ဆေးပညာဘက်တွင် လူသစ် မဟုတ်ဘဲ ဝါရင့်တစ်ယောက်ဖြစ်ကြောင်း ဇုန်းအောင် သိလိုက်သည်။ မဟုတ်လျှင် ထိုစိတ်အခြေအနေသို့ ချက်ချင်း ကူးပြောင်းနိုင်မည် မဟုတ်ချေ။

ဇုန်းအောင်သည်လည်း ဆေးဖော်စပ်နေပြီဆိုလျှင် တစ်လောကလုံးကိ မေ့ထားလိုက်သည်။ ဘာကိုမှ ဂရုမစိုက်တော့။

သို့သော်… ဆေးအမယ်အမျိုးပေါင်း နှစ်ထောင်ကျော်ကို ထပ်တလဲလဲ သန့်စင်ရသည်မှာ အလွန်ကိုမှ စိတ်ညစ်ဖွယ် ကောင်းလှသည်။ ထိုသို့လုပ်ရဖန် များလတ်သော မည်သူမဆို စိတ်ညစ်စိတ်တိုလာနိုင်သည်။ ဆေးဖော်စပ်ရာတွင်လည်း ကောင်းကောင်း အာရုံစိုက်လာတော့မည် မဟုတ်ချေ။ ထိုသို့ ဖြစ်လာသည့်အခါ ဆေးလုံးကောင်းတစ်လုံးကို ဖော်စပ်နိုင်တော့မည် မဟုတ်ပေ။

ဇုန်းအောင်၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားပြီး သူ့နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားခဲ့သည်။

ချစ်ချစ်တောက် ပူလောင်သော အားတစ်ရပ် ရန်ကိုင်ဆီမှ ပေါက်ကွဲထွက်လာသည်။ ထိုအားသည် သူတော်စင်ချီ မဟုတ်သလို ရုပ်ခန္ဓာစွမ်းအားလည်း မဟုတ်ချေ။ သူ့အသိစိတ် ပင်လယ်ဆီမှ လာသော စိတ်စွမ်းအင်သာ ဖြစ်သည်။

“တေဇောဓါတ်အသိစိတ်ပင်လယ်လား” ဇုန်းအောင်၏ မျက်နှာ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး မျက်လူံးပြူး မျက်ဆံပြူး ဖြစ်ကာ အလန့်တကြား ထအော်လေသည်။

ချက်ချင်း မတ်တပ်ရပ်၍ လည်ပင်းကို ရှည်ရှည်ဆန့်ဆန့်လျက် လှမ်းကြည့်လိုက်သည်။ ဇုန်းအောင်၏ မျက်နှာအမူအရာ အပြောင်းလဲကြီး ပြောင်းလဲသည်။ တစ်ချိန်တည်းတွင် စိတ်လှုပ်ရှား၊ တုန်လှုပ်ချောက်ချားနေသည့် အလား။ မယုံကြည်နိုင်မှု၊ မနာလိုမှုတို့သည့် သူ့မျက်နှာထက် အထင်းသား ပေါ်လာခဲ့သည်။ သူ့လက်မောင်းကို လက်ကိုင်ကိုပင် ချိုးပစ်လိုက်ချေပြီ။

ဇုန်အောင်း စိတ်ထဲ ခံစားချက်မျိုးစုံ ဖြတ်ပြေးသွားသည်။

အဆင့်မြင့် ဆေးပညာရှင်တစ်ယောက် ဖြစ်သည်နှင့်အညီ တေဇောဓါတ်အသိစိတ်ပင်လယ်၏ အသုံးဝင်ပုံကို မည်ကဲ့သို့ မသိဘဲ နေမည်နည်း။ သူပင်လျှင် ထူးခြားသော ဓါတ်သဘာဝရှိသည့် အသိစိတ်ပင်လယ်ကို မပိုင်ဆိုင်ထားချေ။ တေဇောဓါတ် အသိစိတ်ပင်များသည် အရမ်းကိုမှ ရှားပေသည်။ အချို့ တေဇောဓါတ်အသိစိတ်ပင်လယ်များသည် မွေးရာပါ ပါလာခြင်း ဖြစ်ပြီး အချို့သည် မွေးပြီးမှ ရလာခြင်းဖြစ်သည်။ တေဇောဓါတ် အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားသည့်လူသည် သူတို့၏ ဆေးပညာစွမ်းရည်ကို ကြီးကြီးမားမား တိုးတက်စေနိုင်သည်။

တေဇောဓါတ်အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားလျှင် ဆေးဖော်စပ်ရာ၌ ပို၍ လွယ်ကူအဆင်ပြေသည်။ ဇုန်းအောင်သည် တေဇောဓါတ်အသိစိတ်ပင်လယ်အား ပိုင်ဆိုင်ထားသည့် ဆေးပညာရှင်များကို တွေ့ခဲ့ဖူးသည်။ ထိုလူအားလုံးသည် အလွန်ကိုမှ တော်ကြလေရာ သူ့ကိုယ်သူပင် နိမ့်ကျသလို ခံစားသွားခဲ့ရသည်။

လွန်ခဲ့သော နှစ်(၂၀၀)ခန့်က တေဇောဓါတ်အသိစိတ်ပင်လယ် ပိုင်ဆိုင်ထားသည့် ဆေးပညာရှင်တစ်ယောက်ကို တွေ့ခဲ့သည်။ ထိုလူနှင့်တွေ့ပြီးနောက် ဇုန်းအောင်သည် သူ့အသိစိတ်ပင်လယ်ကို တေဇောဓါတ်အသိစိတ်ပင်လယ်သို့ ပြောင်းနိုင်ရန်အတွက် အမျိုးမျိုးသော မီးတောက်များကို လိုက်လံရှာဖွေပြီး သူ့ဝိဥာဉ်ထဲသို့ ပေါင်းစပ်သန့်စင်နိုင်ရန် ကြိုးစားခဲ့သည်။

ထိုကဲ့သို့ လုပ်ခဲ့သဖြင့် သူ့အသိစိတ်ပင်လယ် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပြီး သေခါနီးဖြစ်သွားခဲ့ရသည်။

နှစ်ပေါင်းများစွာကြာအောင် ကုသပြီးတော့မှသာ တဖြည်းဖြည်း ပြန်ကောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

သူ့အသိစိတ်ပင်လယ်ကို တေဇောဓါတ်အသိစိတ်ပင်လယ်သို့ မပြောင်းလဲနိုင်သော်လည်း ယခင်နှစ်များအတွင်း ဆေးသွေးကြော ပါသည့် ဆေးလုံးများကို ဖော်စပ်သန့်စင်နိုင်လောက်မည့် နည်းလမ်း တစ်ခုကို စဉ်းစားမိသခဲ့သည်။

သို့သော် ယခုတွင် တေဇောဓါတ်အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားသော အသက်သုံးဆယ်ပင် မပြည့်သေးသည့် လူငယ်လေးတစ်ယောက်ကို ဇုန်းအောင် မြင်နေခဲ့ရသည်။ သူမနာလိုမလိုဘဲ ဘယ်နေမည်နည်း။

သူ့စိတ်ထဲ မနာလိုစိတ်တို့ ပေါက်ကွဲလာစဉ် အတိတ်တုန်းက သူခံစားခဲ့ရသမျှကို ပြန်အမှတ်ရလိုက်ပြီး သူ့တစ်ကိုယ်လုံး ကြောက်ရွံ့မှုကြောင့် တုန်ရီသွားခဲ့သည်။ တေဇောဓါတ် အသိစိတ် ပင်လယ်အား လိုချင်သည့်စိတ်လည်း ပျောက်ချင်းမလှ ပျောက်သွားခဲ့ရသည်။

သူ့မျက်လုံးများ တောက်ပစွာ လင်းလက်နေခဲ့သည်။ ရန်ကိုင် ဆေးအရည်များအား သိပ်သည်းနေသည်ကိုမြင်သော် တေဇောဓါတ် အသိစိတ်ပင်လယ် ဆိုတဲ့အတိုင်းပါလားဟု တွေးလိုက်သည်။

လူငယ်လေး၏ ကျင့်ကြံခြင်းသည် သိပ်မမြင့်လှ။ မကြာသေးခင်ကမှ သူတော်စင်တတိယအဆင့်သို့ ရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် တေဇောဓါတ်အသိစိတ်ပင်လယ်၏ အကူအညီဖြင့် သူတော်စင် ဘုရင်အဆင့် ဆေးပင်များကို ဆေးအရည်အဖြစ်သို့ အလွယ်လေး သိပ်သည်းနိုင်ခဲ့သည်။

စိတ်ဝိဥာဉ်အစီအရင်များ လေထဲတွင် ဖြစ်ပေါ်လာပြီး ဆေးမီးဖိုထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် ဆေးအရည်များ လိုက်ဝင်သွား၏။ တိုင်ပင်သိပ်မကြိုက်သော်ငြား လောင်ကျွမ်းမီးတောက်ဆေးလုံးကို ပထမဆုံး စတင်သန့်စင်သူတစ်ယောက်အဖို့ ရန်ကိုင်၏ စွမ်းဆောင်ရည်သည် အတော်လေး ကောင်းသည်ဟု ဆို၍ရသည်။

မည်သည့် ဆေးပညာရှင်မှ တစ်ခါမှ မဖော်စပ်ဖူးသော ဆေးလုံးကို စစဖော်စပ်ချင်းတွင် ကျွမ်းကျင်ခြင်း မရှိကြချေ။ ဆေးလုံးတစ်လုံးကို ဖော်စပ်ရန် အတွေ့အကြုံနှင့် အချိန်လိုအပ်သည်။ ရန်ကိုင်သည် ယခုမှသာ လောင်ကျွမ်းမီးတောက်ဆေးလုံးကို ပထမဆုံးအကြိမ် အဖြစ် စတင်ဖော်စပ်ခြင်းဖြစ်မှန်း ဇုန်းအောင် သိသည်။ ထို့ကြောင့် ပထမဆုံးအကြိမ်တွင်ပင် ဤကဲ့သို့ ဖော်စပ်နိုင်ခြင်းသည် သူခန့်မှန်းထားသည်ထက်ကို ကျော်လွန်နေခဲ့သည်။

နောက်ထပ် စိတ်ဝိဥာဉ်အစီအရင်တစ်ခု ဆေးမီးဖိုထဲသို့ ထပ်ဝင်သွားပြန်သည်။ အမျိုးမျိုးသော စိတ်ဝိဥာဉ်အစီအရင်များ တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားခဲ့လေရာ ဆေးမီးဖိုတွင်းရှိ ဆေးအရည်များသည်လည်း အံ့အားသင့်ဖွယ် ပြောင်းလဲကုန်ကြလေသည်။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ဇုန်းအောင်သည် သူမြင်နေသည်ကို မယုံကြည်နိုင်သည့်အလား အလန့်တကြား ဆိုလိုက်ပြန်သည်။ ဆေးဖော်စပ်နေစဉ်အတောအတွင်း စိတ်ဝိဥာဉ်အစီအရင်များကို မည်ကဲ့သို့ ပြောင်းလဲ၍ ရသနည်း။

သူသည်လည်း ဆေးဖော်စပ်နေစဉ် အတောအတွင်း စိတ်ဝိဥာဉ် အစီအရင်များကို ပြောင်းလဲဖူးသော်ငြား ထိုသို့ လုပ်သည့်အခါ အလွန်ကို သတိထား၍ လုပ်သည်။ ထို့အပြင် တကယ် လိုအပ်သည့် အခါမှသာ လုပ်သည်။

သို့သော် ရန်ကိုင်သည် စိတ်ဝိဥာဉ်အစီအရင်များကို အသာအယာ ပြောင်းပြသွားခဲ့သည်။ သူ့လုပ်နေသည့်ပုံစံမှာ ထိုကဲ့သို့ အကြိမ်ပေါင်းများစွာ လုပ်ဖူးနေသည့်အလား။

ဇုန်းအောင်သည် ရန်ကိုင်ကို ချက်ချင်းဆွဲခေါ်ပြီး ဘာတွေ ဖြစ်နေသလဲဟု မေးလိုက်ချင်မိသည်။ သို့သော်လည်း ထိုသို့ လုပ်ဖို့ရန်အတွက် အတော်လေးကိုမှ ရှက်ရွံ့နေခဲ့သည်။ ထို့ကြောင့် သိချင်စိတ်ကို ဖိနှိပ်ပြီး ထိုင်စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၀၆၉)

ဆေးဖော်စပ်ခန်းထဲတွင် ရန်ကိုင်က သူ့လက်ကို အဆက်မပြတ် ဝှေ့ရမ်း၍ ရှိပြီးသာ စိတ်ဝိဥာဉ်အစီအရင်များကို ဖျက်စီးလိုက်၊ အသစ်တစ်ခုနှင့် ပြန်အစားထိုးလိုက် လုပ်နေခဲ့သည်။

ရန်ကိုင်၏ လုပ်ဆောင်ပုံကိုကြည့်ရင်း ဇုန်းအောင် ရင်ထိတ်နေသည်။ မကြာမီ တည်တည်ငြိမ်ငြိမ်ပင် မနေနိုင်တော့ဘဲ ထိုင်ခုံပေါ်မှထကာ ရန်ကိုင်ဆီသို့သွားကာ အနီးကပ် သွားကြည့်လေသည်။

သူသည် ဆေးပညာရှင်ကြီးတစ်ယောက် ဖြစ်သည်။ ဆေးဖော်စပ်သည့် ဘက်ပိုင်းတွင် သူသည် ရန်ကိုင်ထက် အများကြီး ပိုသာပေသည်။

သို့သော်လည်း လက်ရှိ ရန်ကိုင် လုပ်နေသည်ကို ကြည့်ပြီးနောက် ဇုန်းအောင်၏ မျက်ဝန်းများ တဖျတ်ဖျတ် လက်နေခဲ့ရသည်။ တစ်ခါတစ်ရံ တစ်ယောက်ယောက်၏ မမျှော်လင့်ဘဲ လုပ်လိုက်သည့် အပြုအမူတစ်ခုကြောင့် အခြားတစ်ယောက်မှ ဥာဏ်အလင်း ပွင့်သွားသည့် အခါမျိုး ရှိတတ်သည်။

ထို့ကြောင့် ခေတ်သစ်ခု တိုးတက်ဖွံ့ဖြိုးလာတိုင်း ဆေးပညာ နည်းလမ်းသစ်များ ထွက်ပေါ်လာခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းမျာစွာအတွင်း မရေမတွက်နိုင်သော ဆေးပညာရှင်များသည် မရေမတွက်နိုင်သော ဆေးပညာ နည်းလမ်းသစ်များကို တီထွင်ခဲ့ကြသည်။

ဇုန်းအောင်ကဲ့သို့သော ပညာရှင်တစ်ယောက်ပင်လျှင် သူ့ကိုယ်သူ ဆေးပညာဆိုင်ရာ နည်းလမ်းအားလံးကို တတ်ကျွမ်းသည်ဟု မဆိုရဲချေ။ သူသည်လည်း ဆက်လက် လေ့လာနေရဲဆဲပင်။

နှစ်ပေါင်းတစ်ရာတိုင်တိုင် တစ်ယောက်တည်း တောက်လျှောက် ဆေးဖော်စပ်နေခဲ့ပြီးနောက် သူ့အတွေးတို့သည် အနည်းငယ် အောက်ဘက်သို့ ရောက်လာခဲ့သည်။ သို့သော် ရန်ကိုင်၏ အပြုအမူကို မြင်ပြီးနောက် သူစိတ်အား ပြန်တက်ကြွလာသည်။

“ဆက်ပြီး သန့်စင်နေလေ။ မင်းဘာလို့ ရပ်နေတာလဲ” ရန်ကိုင်က ဆေးမဖော်စပ်တော့ဘဲ ရပ်လိုက်သည်ကိုမြင်သော် ဇုန်းအောင်က မနေနိုင်ဘဲ လှမ်းပြောမိလိုက်သည်။

“ဇုန်းအိုကြီး၊ ခင်ဗျား တိုးတိုးလေး နေပေးလို့မရဘူးလား။ ခင်ဗျားက ဒီလို လုပ်နေမှတော့… ကျုပ်ဘယ်လိုလုပ်ပြီး အာရုံစိုက်လို့ ရတော့မှာလဲ” ရန်ကိုင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ရန်ကိုင် စကားကြောင့် ဇုန်းအောင် ရှက်သွားလေသည်။ လူကြီး တစ်ယောက်တန်မဲ့ ကလေးတစ်ယောက်၏ ဆူပူခြင်း ခံရလေသည်။

ထို့နောက် ဆေးမီးဖိုထဲမှ မီးကျွမ်းနှံ့ထွက်လာသည်ကို ရလိုက်သည်။ ရန်ကိုင် သန့်စင်ထားသော ဆေးအရည်အားလုံး အလကား ဖြစ်သွားခဲ့လေပြီ။

“ပထမအကြိမ်မှ ဒီလို ဖြစ်တယ်ဆိုတာ သဘာဝပဲလေ” သူ့အမှားကို ဖုံးကွယ်လိုသဖြင့် ဇုန်းအောင်က ထိုကဲ့သို့ ပြောလိုက်သည်။ ထို့နောက် သူ့လက်ကိုဝှေ့ရမ်း၍ “ကောင်းပြီ၊ ကောင်းပြီ။ ငါ့ဘာသာ အေးအေးဆေးဆေးပဲ ပြန်ထိုင်နေတော့မယ်။ မင်းကို မနှောင့်ယှတ်တော့ဘူးလို့ ကတိပေးတယ်။ သွား၊ မင်းဘာသာ ဆက်လုပ်နှင့်တော့”

ပြောပြီးသည်နှင့် ယခင် ထိုင်နေခဲ့သည့် ထိုင်ခုံဆီ ပြန်သွားလိုက်ပြီး သူ့အရှိန်အဝါကို ဖုံးကွယ်ထားလိုက်လေသည်။

ရန်ကိုင် ခေါင်းခါလိုက်သည်။ ဇုန်းအောင်နှင့် အတူရှိနေခဲ့သည်မှာ ရက်အတော်ကြာနေပြီ ဖြစ်သည့်အတွက် ဇုန်းအောင်သည် ဆေးပညာကို အလွန်ကိုမှ အရူးအမူး ဖြစ်သည့် လူတစ်ယောက်မှန်း သူသိနေခဲ့လေပြီ။ ဆေးပညာနှင့် ပက်သက်သည့် အထူးအဆန်း မှန်သမျှကို ဇုန်းအောင် စိတ်ဝင်စားသည်။ ထို့ကြောင့်သာ မဟုတ်လျှင် သူ့ဆေးပညာ အရည်အချင်းကို တိုးတက်လိုသည့် အတွက်ကြောင့်နှင့် ဤနေရာတွင် တစ်ယောက်တည်း အထီးကျန် အဖော်မဲ့စွာဖြင့် နှစ်တစ်ရာလုံးလုံး ထိုင်ဆေးဖော်စပ်နေခဲ့လိမ့်မည် မဟုတ်ချေ။

ဆေးသွေးကြောပါသည့် ဆေးလုံး တစ်လုံး၊ နှစ်လုံးကို သန့်စင်လိုက်နိုင်တိုင်း ဇုန်းအောင် အလွန်ကို စိတ်လှုပ်ရှားသွားသည်္။

ထိုကဲ့သို့သော လူများသည် ပြောဆိုဆက်ဆံရ ခက်ကာ ထူးဆန်းသော စိတ်နေသဘောထားကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း သူတို့နဲ့ ပေါင်းသင်းဆက်ဆံရန်မှာ မခက်လှ။ ကိုယ့်ဆီတွင်သာ သူတို့ စိတ်ဝင်စားလောက်မည့် တစ်ခုခုရှိလျှင် သူတို့နှင့် ဆက်ဆံရန်မှာ လွယ်ကူသွားလေပြီ။

ရန်ကိုင်သည် ထိုကဲ့သို့သော လူများစွာနှင့် တွေ့ပြီးသွားခဲ့လေပြီ။

သူ့ဆေးပညာရပ်များအား ဇုန်းအောင် ခိုးယူသွားမည်ကို ရန်ကိုင် စိတ်မပူချေ။ တကယ်တော့ သူမည်သို့ပင် ကြိုးစားပါစေ ဇုန်းအောင်ကို တားမှ မတားနိုင်လေဘဲ။

ရန်ကိုင်သည် သူ့ဆေးပညာရပ်များကို လျှို့ဝှက်ထားရန် စိတ်မဝင်စားချေ။ သူ့ဆေးပညာရပ်များကို ဇုန်းအောင် ခိုးယူသွားမည် ဆိုလျှင်လည်း စိတ်ပူမချေ။ သူ့အတွက် အရေးကြီးသည်ကား ယင်နေကြာရေစင်ပင်။

ဆေးမီးဖိုထဲမှ မီးကျွမ်းနေသည့် အမှိုက်များကို ရှင်းပစ်ပြီးနောက် လောင်ကျွမ်းမီးတောက် ဆေးလုံးကို နောက်တစ်ကြိမ် ပြန်လည် ဖော်စပ်လေသည်။

ပထမတစ်ကြိမ် မအောင်မြင်ရခြင်းသည် ဇုန်းအောင်ကြောင့် မဟုတ်ပါချေ။ ဇုန်းအောင်သည် အသံကျယ်ကျယ်ဖြင့်‌ အော်ဟစ်နေသည့်တိုင် ရန်ကိုင်၏ စိတ်အခြေအနေကို နှောင့်ယှတ်နိုင်လိမ့်မည် မဟုတ်ချေ။ ဘုံကိုးခုထွတ်မြတ်နယ်မြေတွင် ရှိစဉ်က ရန်ကိုင် ဆေးဖော်စပ်သည့်အချိန်တိုင်း လူပေါင်းများစွာ လာကြည့်ကာ အချင်းချင်း ဆွေးနွေးကြသည်။ သူပင် ဝင်ဆွေးနွေးသည့် အခိုက်အတန့်များလည်း ရှိသေးသည်။ ထို့ကြောင့် ရန်ကိုင်သည် ဤကဲ့သို့သော အခြေအနေမျိုးနှင့် အသားကျန်နေလေပြီ။

အမှန်အတိုင်းဆိုရသော် ယခု လောင်ကျွမ်းမီးတောက်ဆေးလုံးအား မဖော်စပ်နိုင်ခဲ့ခြင်းမှာ ယခုအကြိမ်သည် လောင်ကျွမ်းမီးတောက် ဆေးလုံးအား စတင် ဖော်စပ်သည့် ပထမဆုံးအကြိမ် ဖြစ်သလို ဆေးအရည်များကို ပေါင်းစပ်ရာတွင် အချိန်ကိုက် မပေါင်းစပ် လိုက်နိုင်ခြင်းကြောင့် ဖြစ်ပေသည်။

ဒုတိယအကြိမ် သန့်စင်ရာတွင် ရန်ကိုင် အတော်လေး နားလည်သွားခဲ့ရသည်။ သို့သော် ဒုတိယအကြိမ်သည်လည်း ကျရှုံးခဲ့ပေသေးသည်။

တတိယအကြိမ်သည်လည်း ထပ်မံ ကျရှုံးပြန်သည်။ သို့သော် တတိယအကြိမ်ပြီးနောက် ရန်ကိုင်ပို၍ ယုံကြည်ချက် ရှိလာသည်။ နောက်ဆုံး လေးကြိမ်မြောက်၌ ပထမဆုံးသော လောင်ကျွမ်းမီးတောက် ဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်သန့်စင်နိုင်ခဲ့လေသည်။

ရန်ကိုင်သည် ဖော်စပ်ပြီးသော ဆေးလုံးကို အသင့်ပြင်ထားသည့် ဆေးပုလင်းထဲ ထည့်လိုက်သည်။ သို့သော် ထည့်ပြီးပြီးချင်းမှာပဲ ထိုဆေးပုလင်းကို ဇုန်းအောင်က လုယူသွားပြီး သူ့ကိုယ်တိုင် စစ်ဆေးကြည့်သည်။ ထို့နောက် ဆေးပုလင်းကို ရန်ကိုင်ဆီ ပြန်ပစ်ပေးလိုက်ပြီး “လေးကြိမ်မြောက်မှ အောင်မြင်တာ သိပ်တော့ မဆိုးပေမယ့် ဆေးသွေးကြောပါတဲ့ ဆေးလုံးကိုတောင် မသန့်စင်နိုင်တာ ဆေးတိမ်တိုက်ပါတဲ့ ဆေးလုံးကို မင်းဘယ်လို သန့်စင်မှာလဲ”

“ဘာတွေ အလျင်လိုနေတာလဲ။ အခုမှ အစပဲ ရှိသေးတာကို” ရန်ကိုင်က ပြုံးကာ ဇုန်းအောင်ကို လျစ်လျူရှုထားလိုက်ပြီး သူ့ဘာသာ ဆက်လက် ဆေးဖော်စပ်နေတော့လေသည်။

ဇုန်းအောင် မျက်နှာထက်ရှိ အထင်တသေး အမူအရာ ပျောက်ကွယ်သွားခဲ့ပြီး လေနက်တည်ကြည်မှုက အစားထိုး ဝင်ရောက်လာခဲ့သည်။ စိတ်ထဲတွင်လည်း မကျေမနပ်ဖြင့် ကြိတ်၍ ညည်းတွားနေခဲ့သည်။

ဆေးဖော်စပ်ရာတွင် တေဇောဓါတ်အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်းထားသူ၏ အမြန်နှုန်းသည် သာမန် ဆေးပညာရှင် တစ်ယောက်၏ အမြန်နှုန်းထက် အများကြီး ပိုမြန်ပေသည်။

သူကိုယ်တိုင် ဖော်စပ်မည်ဆိုလျှင်ပင် လောင်ကျွမ်းမီးတောက် ဆေးလုံးကို ဖော်စပ်ရန် အမွှေးတိုင်တစ်ချောင်းစာလောက် ကြာနိုင်ပေသည်။ သို့သော် ရန်ကိုင်သည် တစ်နာရီလောက်သာ အချိန်ယူသွားခဲ့သည်။

နှိုင်းယှဉ်ကြည့်လျှင် တစ်နာရီက ပိုကြာသည်။ ထို့သော် ထိုတစ်နာရီသည် ရန်ကိုင်၏ ပထမဆုံးအကြိမ် ဖြစ်သည်။ နောင်ပိုင်း ကျွမ်းကျင်လာသည့်အခါ ထိုထက် ပို၍ အချိန်နည်းသွားနိုင်သည်။ တဖြည်းဖြည်းနှင့် လောင်ကျွမ်းမီးတောက်ဆေးလုံးကို ဖော်စပ်ရန် လိုအပ်သည့် အချိန်သည် တဖြည်းဖြည်း နည်းသွားပေလိမ့်မည်။

ဆေးပညာ အဆင့်တွင်ဖြစ်စေ၊ ဆေးပညာကို လေ့လာခဲ့သည့် သက်တမ်းတွင်ဖြစ်စေ၊ ဇုန်းအောင်သည် ရန်ကိုင်ထက် အများကြီး ပိုသာသည်။ သို့သော် မကြာမီအချိန်အတွင်း ရန်ကိုင်သည် တူညီသော ဆေးလုံးကို တူညီသောအချိန်အတွင်း သန့်စင်နိုင်ပေလိမ့်မည်။

ထိုအရာသည် မည်သို့သော နိယာမနည်း။

ရန်ကိုင်၏ တေဇောဓါတ်အသိစိတ်ပင်လယ်ကို ဇုန်းအောင် ထပ်မံ မနာလိုဖြစ်မိပြန်သည်။ လုယူချင်စိတ်တို့လည်း ပေါက်လာခဲ့သည်။ သို့သော် အတိတ်တုန်းက ခံစားခဲ့ရသမျှကို ပြန်အမှတ်ရလိုက်သည့် အခါ ရန်ကိုင်၏ တေဇောဓါတ်အသိစိတ်ပင်လယ်အား လုယူချင်စိတ်တို့ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့ရသည်။

ဤသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးနေခဲ့သည်။

ရန်ကိုင်သည် လောင်ကျွမ်းမီးတောက်ဆေးလုံးများကို နေ့တိုင် သန့်စင်နေခဲ့သည်။ ဆေးလုံးဆယ်လုံး သန့်စင်ပြီးနောက် တင်ပလင်ခွေထိုင်ကာ သူ့စိတ်စွမ်းအင်ကို ပြန်ဖြည့်သည်။ တစ်ချိန်တည်းတွင် သူဆေးဖော်စပ်နေစဉ် အတောအတွင်း အတွေ့အကြုံများကို ပြန်လည် ဆင်ခြင်သုံးသပ်သည်။

ထိုအချိန်အတောအတွင်း ဇုန်းအောင်သည် ရန်ကိုင်ကို မနှောင့်ယှတ်ဘဲ သူ့အတွေးကမ္ဘာထဲတွင်သာ နစ်မြောနေခဲ့သည်။

ရန်ကိုင် ဆေးစတင်ဖော်စပ်သည့် အချိန်မှစ၍ ဇုန်းအောင် ဆေးမဖော်စပ်တော့ချေ။ တူညီသော ဆေးလုံးကို ရန်ကိုင်မှ ထပ်တလဲလဲ ဖော်စပ်နေသည်ကိုသာ ထိုင်ကြည့်နေခဲ့သည်။ သို့သော် ရန်ကိုင် ဆေးဖော်စပ်နေသည်အား ကြည့်ရသည်ကိုမပျင်း။ ပျော်ပင်ပျော်သေးသည်။

ဆေးဖော်စပ်နေစဉ် အတောအတွင်း စိတ်ဝိဥာဉ်အစီအရင်များအား ပြောင်းလဲသည့် နည်းလမ်းသစ်သည် ဇုန်းအောင်အား ကမ္ဘာသစ် တစ်ခုကို တွေ့မြင်သွားစေခဲ့သည်။ ဆေးဖော်စပ်နေစဉ် အတောအတွင်း ရှိပြီးသား စိတ်ဝိဥာဉ်အစီအရင်များကို စိတ်ဝိဥာဉ် အစီအရင် အသစ်များကို အစားထိုးမည့်အကြံမျိုး တစ်ခါမှ မစဉ်းစားဖူးခဲ့ချေ။

ရန်ကိုင်သည် နည်းလမ်းကို မြင်ပြီးနောက် ဇုန်းအောင် အလွန်ကိုမှ စိတ်လှုပ်ရှားသွားရသည်။ သူ့စိတ်ထဲ တိမ်စိုင်တိမ်တိုက်များပေါ်သို့ ရောက်နေသည်ဟုပင် ခံစားခဲ့ရသည်။

ထိပ်တန်းအဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်လေရာ ဇုန်းအောင်သည် အရိပ်ပြ အကောင်မြင်သည့် လူစားမျိုး ဖြစ်သည်။ ရန်ကိုင်၏ နည်းလမ်းကို မြင်ပြီးနောက် ဇုန်းအောင်သည် ထိုထက်မက အတွေးနယ်ချဲ့ခဲ့သည်။ သူ့အား နှစ်ပေါင်းများစွာ ကြာအောင် ချုပ်နှောင်ထားသော စိတ်ပိုင်းဆိုင်ရာ အတားအဆီး တဖြည်းဖြည်း ပြေလျော့နေသည်ကို ဇုန်းအောင် ခံစားမိသည်။

ထိုတွေ့ရှိမှုကြောင့် ဇုန်းအောင်၏ သွေးများ ဆူပွက်လာရသည်။

ဤသို့ဖြင့် တစ်လကုန်သွားခဲ့သည်။ ယခု ရန်ကိုင်သည် လောင်ကျွမ်းမီးတောက် ဆေလုံးသုံးရာကို အောင်အောင်မြင်မြင် သန့်စင်ပြီးသွားခဲ့လေပြီ။ ဆေးလုံး တစ်လုံး သန့်စင်ပြီးတိုင်း ထိုဆေးလုံးကို ဇုန်းအောင်က ချက်ချင်း ယူစစ်ဆေးကြည့်သည်။ သို့သော် သူအံ့အားသင့်သွားရသည်ကား ရန်ကိုင် ဖော်စပ်ခဲ့သည့် ဆေးလုံး အလုံးသုံးရာစလုံးသည် သာမန်ဆေးလုံးများသာ ဖြစ်နေခြင်းပင်။

ရန်ကိုင် ပြောသွားသည့်လေသံကြောင့် ရန်ကိုင်တွင် မယုံနိုင်စရာ ဝှက်ဖဲတစ်ခုခု ရှိနေမည်ဟု ဇုန်းအောင် ထင်ခဲ့သည်။ မည်ကဲ့သို့သော အရည်အချင်းကြောင့် ဆေးတိမ်တိုက်ပါသော ဆေးလုံးကို ဖော်စပ်နိုင်မည်ဟု သူအတပ် ဆိုရဲခဲ့သနည်းဟု ဇုန်းအောင် တွေးခဲ့မိရသည့်အထိ။

သို့သော်လည်း သူယခု ဖော်စပ်ထားသော ဆေးလုံး သုံးရာထဲ ဆေးသွေးကြောပါသည့် ဆေးလုံးတစ်လုံးပင် မပါချေ။

သူမျှော်လင့်ထားသည်နှင့် တခြားစီ ဖြစ်သွားသော် ဇုန်းအောင် အနည်းငယ် စိတ်ပျက်သွားမိပြီး မနေနိုင်တော့သည့်အဆုံး မေးလိုက်မိသည် “ကောင်လေး ဆေးသွေးကြောပါတဲ့ ဆေးလုံးကိုတောင် မင်းမဖော်စပ်နိုင်ဘူးလား။ ကံကိုအားကိုးပြီး ဆေးတိမ်တိုက်ပါတဲ့ ဆေးလုံးကို သန့်စင်ဖို့ ကြိုးစားနေတယ် ဆိုရင်တော့ အခုကတည်းက လက်လျှော့်လိုက်ဖို့ ငါမင်းကို အကြံပေးချင်တယ်။ ငါတစ်ဘဝလုံး ဖော်စပ်ခဲ့တဲ့ ဆေးလုံး တွေထဲမှာတောင်မှ ဆေးတိမ်တိုက်ပါတဲ့ ဆေးလုံးက လက်တစ်ဆုပ်လောက်ပဲရှိတာ။ ပြီးတော့ အဲ့ဆေးလုံးတွေရဲ့ အဆင့်က သိပ်မြင့်လှတာ မဟုတ်ဘူး။ မင်းက အကြိမ် (၂၀၀၀)တည်းနဲ့ ဆေးတိမ်တိုက်ပါတဲ့ ဆေးလုံးကို ဖော်စပ်ချင်နေတာလား။ အိမ်မက်မက်မနေနဲ့နော်”

“ကံပေါ် ဘာလို့ အားကိုးရမှာလဲ” ရန်ကိုင်က ပြုံးလိုက်ပြီး “ပထမ ဆေးလုံး အလုံးသုံးရာဆိုတာ ဒီလောင်ကျွမ်းမီးတောက် ဆေးလုံးကို ဖော်စပ်တဲ့ဖြစ်စဉ်နဲ့ ရင်းနှီးသွားဖို့အတွက်ပဲ”

“ရင်းနှီးဖို့အတွက်လား” ဇုန်းအောင် ရန်ကိုင်အား မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။

“အခု လောင်ကျွမ်းမီးတောက်ဆေလုံးကို ဘယ်လို စိတ်ဝိဥာဉ် အစီအရင်တွေနဲ့ ဘယ်လိုမြန်မြန် သန့်စင်ရမလဲ ဆိုတာကို ကျုပ်သိသွားပြီ။ အခုမှ တကယ့် အရေးကြီးတာ လာမှာ”

ဇုန်းအောင် မျက်မှောင်ကြုတ်သွားခဲ့သည်။

လွန်ခဲ့သောလအတွင်း လောင်ကျွမ်းမီးတောက် ဆေးလုံးအား ရန်ကိုင် သန့်စင်သည့် အမြန်နှုန်းသည် မြန်နိုင်သမျှ မြန်လာခဲ့သည်။ စစဖော်စပ်ချင်းတွင် တစ်နာရီ ကြာခဲ့သော်လည်း ယခုမှူ နာရီဝက်ပင် မကြာတော့ချေ။ ဤအတိုင်းသာ ဆက်လက် ဖော်စပ်နေမည်ဆိုပါက နောက်ပိုင်း ပို၍ အချိန်တိုသွားမည်မှန်းကို ဇုန်းအောင် သိသည်။

ဇုန်းအောင် အံ့အားအသင့်ရဆုံးသည်ကား ရန်ကိုင်၏ အမြန်နှုန်း မဟုတ်။ သူ့အောင်မြင်နှုန်းပင်။

ပထမဆုံးသုံးကြိမ် ကျရှုံးပြီး နောက်ပိုင်း သန့်စင်သည့် ဆေးလုံး အားလုံးကို အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့သည်။ တစ်ကြိမ်မျှပင် ကျရှုံးခြင်းမရှိတော့။ ထိုအဖြစ်အပျက်ကြောင့် ဇုန်းအောင် သေမတတ် လန့်သွားခဲ့ရသည်။

သူပင်လျှင် မမျှော်လင့်ထားသည့် အခြေအနေ အရပ်ရပ်ကြောင့် တစ်ကြိမ်နှစ်ကြိမ် ကျရှုံးကောင်း ကျရှုံးနိုင်ပေသည်။ သူသာမဟုတ်၊ ဆေးပညာရှင်တိုင်း အတူတူပင်။ ဆေးလုံးတစ်လုံးကို တစ်ကြိမ်မှ မကျရှုံးဘဲ တောက်လျှောက် အောင်အောင်မြင်မြင် ဖော်စပ်နိုင်သည့် ဆေးပညာရှင်မှ မရှိပေလော။

သို့သော်လည်း ရန်ကိုင်ကမူ ထိုသို့မဟုတ်။ ပထမဆုံးသုံးကြိမ် ကျရှုံးပြီးနောက်ပိုင်း တစ်ကြိမ်မှ ထပ်မကျရှုံးတော့ချေ။ သိပ်မကျွမ်းကျင်သေးသည့်အတွက် ဆေးလုံးအရည်အသွေးမှာ သိပ်မကောင်းသေးသော်ငြား အချိန်ကြာလာသည်နှင့် သူဖော်စပ်သည့် ဆေးလုံးအရည်အသွေးမှာ တဖြည်းဖြည်း ပိုမိုကောင်းမွန်လာခဲ့လေသည်။

တေဇောဓါတ်အသိစိတ်ပင်လယ် ပိုင်ဆိုင်ထားတဲ့ လူတွေက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား ဇုန်းအောင် သူ့ဘာသာ တွေးလိုက်သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၀၇၀)

ဆေးဖော်စပ်ခန်းထဲတွင် ရန်ကိုင်သည် ဆေးလုံးများကို တစ်လုံးပြီး တစ်လုံး မမောမပန်း ဖော်စပ်နေခဲ့သည်။ သူလုပ်နေသည်ကို ကြည့်ရင်း ဇုန်းအောင် မျက်လုံးများ ပြူးကျယ်နေခဲ့ရသည်။

နေဝင်သွားသော် ယနေ့ ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်ကို ရပ်တန့်လိုက်သည်။ နောက်ဆုံး ဖော်စပ်ပြီးသော ဆေးလုံးကို တစ်ချက်ပင်မကြည့်ဘဲ ဆေးပုလင်းထဲသို့ ထည့်လိုက်သည်။ ထို့နောက် တင်ပလင်ခွေထိုင်လျက် အနေထားဖြင့် ဆက်ထိုင်လျက် ပါးစပ်ထဲသို့ ဆေးတစ်လုံး ပစ်ထည့်လိုက်ကာ စိတ်စွမ်းအင်ကို ပြန်ဖြည့်လိုက်သည်။

ဇုန်းအောင်သည် ကမန်းကတန်း ပြေးလာပြီး ဆေးပုလင်းကို ကောက်ယူလျက် ရန်ကိုင် ဖော်စပ်ထားသော ဆေးလုံးကို (၁၀)လုံးကို လက်ထဲသို့ သွန်ချကြည့်လိုက်သည်။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်ဘူး” ခဏအကြာ၌ ဇုန်းအောင်က ငေးကြောင်ကြောင်ဖြင့် ရေရွတ်လိုက်သည်။ သူ့မျက်နှာထက် မယုံကြည်နိုင်မှုတို့သည် အထင်သား။ သူကဲ့သို့ လူကိုပင် ထိုမျှ ထိတ်လန့်စေရအောင် ရန်ကိုင် ဖော်စပ်ထားသော ဆေးလုံးများသည် ဘာများ ဖြစ်နေလေသနည်း။

သူ့မျက်နှာ ရုတ်တရက် မဆိုသလောက်ကလေး ဖြူလျော်သွားပြီး ရန်ကိုင်ဆီ လှမ်းကြည့်လိုက်သည်။ ထို့နောက် ခါးသက်သက် ပြုံးလျက် အားမရှိတော့သည့်အလား ကြမ်းပြင်ပေါ်သို့ လဲပြိုကျသွားလေသည်။

ဆေးလုံးဆယ်လုံးအနက် သုံးလုံးတွင် ဆေးသွေးကြောများ ပါရှိနေခဲ့သည်။

ထိုအောင်မြင်မှုနှုန်းသည် ဇုန်းအောင် တစ်ခါမှ စိတ်မကူးဖူးသော အောင်မြင်မှုမျိုးဖြစ်သည်။

သူသည် ဆေးပညာအရာတွင် ထိပ်တန်းအဆင့် တည်ရှိုမှုမျိုး ဖြစ်သည်။ နှစ်ပေါင်းများစွာကြာအောင် တွေးတောပြီးနောက် ဆေးသွေးကြော ထုတ်လုပ်နိုင်မည့် နည်းလမ်းကို စဉ်းစားမိခဲ့သည်။ ထို့ကြောင့် သူ့နည်းလမ်းကို စမ်းသပ်ရန်အတွက် လိုအပ်သော ဆေးပင်များကို ရရန်အလို့ငှာ မိုးရေစင်ကြယ်သို့ လာခဲ့သည်။ အားလုံးပြင်ဆင်ပြီးသည်နှင့် ဆေးလုံးများစွာကို ဆေးမီးဖိုများစွာဖြင့် တစ်ပြိုင်တည်း ဖော်စပ်ရင်း သူအသစ်စဉ်းစားမိထားသော နည်းလမ်းကို စတင် စမ်းသပ်ခဲ့သည်။

ထိုနည်းလမ်းဖြင့် ဆေးသွေးကြောပါသော ဆေးလုံးများကို ဇုန်းအောင် ဖော်စပ်နိုင်ခဲ့သည်။ သို့သော် ဖော်စပ်နိုင်သော ဆေးသွေးကြောပါသည့် ဆေးလုံး အရေအတွက်မှာ အရမ်းကိုမှ နည်းလှသည်။ ကံကောင်းလျှင် အလုံးတစ်ရာလောက်၌ သုံးလုံးလောက် ပါတတ်ပြီး ကံမကောင်းလျှင်မူ တစ်လုံးပင် မပါတတ်ချေ။

သို့သော်လည်း ထိုကောင်လေးသည် အလုပ်မဖြစ်လောက်ဟု ဇုန်းအောင် ထင်ခဲ့သော တစ်ကြိမ်လျှင် ဆေးလုံးတစ်လုံးသာ ဖော်စပ်သော နည်းလမ်းဖြင့် ဆယ်လုံးတွင် ဆေးသွေးကြောပါသော ဆေးလုံးသုံးလုံးရအောင် ဖော်စပ်သွားပြခဲ့သည်။

ထို့အပြင် ထိုကဲ့သို့ ဖော်စပ်သွားပြခြင်းသည် တစ်ကြိမ်၊ နှစ်ကြိမ်သာ မဟုတ်။ တစ်လလောက်ကို ဆက်တိုက် ဖြစ်နေခြင်းဖြစ်သည်။

ရန်ကိုင်သည် ယခင်လများအတွင်း တစ်နေ့လျှင် ဆေးလုံး ဆယ်လုံး ဖော်စပ်သည်။ ထိုဆေးလုံး ဆယ်လုံး၌ နှစ်လုံး၊ သုံးလုံးသည် ဆေးသွေးကြောပါသော ဆေးလုံးများ ဖြစ်ကြသည်။ ထို့ကြောင့် ဇုန်းအောင် အလွန်ကိုမှ ထိတ်လန့်နေခဲ့ရခြင်း ဖြစ်သည်။

လောင်ကျွမ်းမီးတောက်‌ေ ဆးလုံးများကို ရန်ကိုင် သန့်စင်နေသည်မှာ နှစ်လလောက် ရှိနေခဲ့လေပြီ။ အစပိုင်းတွင် သာမန်ဆေးလုံး အလုံးသုံးရာကို အရင် ဖော်စပ်ခဲ့သည်။ ထို့ကြောင့် ဇုန်းအောင်ပင် ရန်ကိုင်အား ဆေးသွေးကြောပါသော ဆေးလုံးကိုပင် မဖော်စပ်နိုင်ဘဲ ဆေးတိမ်တိုက်ပါသော ဆေးလုံးကို မည်ကဲ့သို့ ဖော်စပ်နိုင်မည်နည်းဟု လှောင်ပြောင်ခဲ့သေးသည်။

သို့သော်လည်း ဒုတိယလမှစ၍ ရန်ကိုင်၏ စွမ်းဆောင်ရည်သည် ဇုန်းအောင်၏ မာနကို တစ်စစီ ရိုက်ချိုးပစ်ခဲ့သည်။

ဒုတိယလ၏ ပထမနေ့တွင် ရန်ကိုင်သည် ဆေးသွေးကြောပါသော ဆေးလုံးကို နှစ်လုံးကို သန့်စင်ပြခဲ့သည်။ ရန်ကိုင် ကြက်ကန်းဆန်အိုးတိုးသွားခြင်း ဖြစ်မည်ဟု ဆိုလျက် ဇုန်းအောင်သည် ရန်ကိုင်အား နည်းနည်းပါးပါး ချီးကျူးခဲ့သော်ငြား အထင်တော့ သေးနေသေးဆဲ။

ဒုတိယလ၏ ဒုတိယမြောက်နေ့တွင် ရန်ကိုင်သည် ဆေးသွေးကြော ပါသော ဆေးလုံးများကို ထပ်ဖော်စပ်ပြခဲ့ပြန်သည်။ ထို့နေ့မှစ၍ ဇုန်းအောင်သည် ရန်ကိုင်အား ယခင်ကကဲ့သို့ အထင်မသေးတော့။

ဒုတိယ၏ တတိယမြောက်တွင် ရန်ကိုင်သည် ယခင်နှစ်ရက်အတိုင်း ထပ်လုပ်ပြသွားခဲ့လရာ ဇုန်းအောင်း လုံးဝကို ဖင်ဂနာမငြိမ် တော့သည်အထိ ဖြစ်သွားခဲ့ရလေသည်။

နောက်ဆုံး၊ ယနေ့၌ သူရူးတော့မလို ဇုန်းအောင် ခံစားနေရခဲ့ရပြီ။

သူ့တွေးမိသည့်အတိုင်း နှစ်ပေါင်းတစ်ရာတိုင်တိုင် အဆက်မပြတ် ကြိုးစားခဲ့သည်။ သို့သော် ရန်ကိုင် နေ့တိုင်း ဆေးဖော်စပ်နေသည်ကို ကြည့်ရင်း သူ့ယူဆချက်၊ ထင်မြင်ချက်အားလုံး တစ်စတစ်စ ပျက်စီးပျောက်ကွယ်သွားရသည်။ ယုံကြည်ချက်၊ မာနတို့သည်လည်း အငွေ့ပျံ ပျောက်ကွယ်ကုန်လေပြီ။

ဆေးသွေးကြောပါသော ဆေးလုံးကို ထိုမျှ အလွယ်တကူ ဖော်စပ်နိုင်လျှင် လွန်ခဲ့သည့် နှစ်တစ်ရာလုံးလုံး သူကြိုးစားခဲ့ရသမျှ အားလုံးသည် ဘာအတွက်ပေနည်း။

ဆေးသွေးကြောပါသော လောင်ကျွမ်းဆေးလုံးများကို ကြည့်ရင်း ‘နှစ်တစ်ရာလုံးလုံး အချိန်ထိုင်ဖြုန်းနေမိတာ ငါတကယ်ကို သောက်ရူးကြီးပါလား’ဟု ဇုန်းအောင် တွေးမိလာခဲ့သည်။

အနည်းငယ် နွေးတေးတေး ဖြစ်နေသော ဆေးပုလင်းကို ကတုန်ကရင်ဖြင့် ကိုင်ရင်း ရန်ကိုင် အားပြန်ဖြည့်နေသည်ကိုပင် ဂရုမစိုက်တော့ဘဲ ရန်ကိုင်ဆီ လျှောက်သွားလိုက်ပြီး အလောတကြီး မေးလိုက်လေသည် “ကောင်လေး၊ ငါဘာလိုနေတာလဲ ငါ့ကို ပြောစမ်း။ မင်းဘာလို့ ဆေးသွေးကြောတွေပါတဲ့ ဆေးလုံးတွေ အများကြီးကို သန့်စင်နိုင်တာလဲ”

ရန်ကိုင် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။ မျက်လုံး ပွင့်လာသည်နှင့် မြင်လိုက်ရသည့်အရာကား ဇုန်းအောင်၏ နီရဲနေသော မျက်လုံးများပင်။

ဇုန်းအောင်သည် ဆေးသွေးကြောပါသော ဆေးလုံးအများကြီး ပါအောင် ရန်ကိုင် မည်ကဲ့သို့ သန့်စင်ခဲ့သလဲ ဆိုသည်ကိုသည် ခေါင်းခြောက်အောင် စဉ်းစားခဲ့သည်။ စဉ်းစားရင်း စဉ်းစားရင်း နားမလည်နိုင် ဖြစ်လာခဲ့ရာ သူ့မျက်လုံးများပါ နီရဲလာခဲ့ရသည်။

“မသိဘူး။ ကံကောင်းသွားလို့ ထင်တာပဲ”

ထိုစကားကို ကြားလိုက်သည့်အခါ ဇုန်းအောင်က နှာခေါင်းရှုံ့၍ “ငါ့ကို အရူးလို့ ထင်နေတာလား။ မင်းကြီးတော်ကို ကံကောင်း။ ကောင်လေး။ မသိချင်ယောင် ဆောင်မနေနဲ့။ သေချာရှင်းပြ။ ငါမင်းကို တစ်ခုခုပြန်ပေးမယ်”

လောလောဆယ်၌ ဇုန်းအောင်စိတ်ထဲ ရန်ကိုင်၏ အသိစိတ် ပင်လယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး သူလျှို့ဝှက်ချက်များကို တူးဆွပစ်ချင်စိတ်တို့ ဖြစ်ပေါ်လာခဲ့သည်။

ရန်ကိုင်က ခေါင်းခါလိုက်ပြီး “ဇုန်းအိုကြီး၊ ဆေးပညာရှင်တိုင်းက သူတို့ရဲ့ ပညာရပ်တွေကို အမြတ်တနိုး သိမ်းဆည်းထားပြီး အခြား ဘယ်သူ့ကိုမှ ထုတ်မပြောဘူး ဆိုတာကို ခင်ဗျားလည်း သိတာပဲ”

“ကောင်စုတ်လေး။ အဲ့ဒါဆို ငါ့ဆေးဥယျာဉ်က စိတ်ဝိဥာဉ် အစီအရင်ကို မင်းဘာလို့ လေ့လာခဲ့တာလဲ။ ပြီးတော့ ငါ့စာအုပ်ပုံက စာအုပ်တွေကို မင်းဖတ်သွားတယ် မဟုတ်ဘူးလား။ ငါ့လျှို့ဝှက်ချက်တွေကို မင်းယူသွားတုန်းက ငါမင်းကို ကန့်ကွက်ခဲ့လို့လား”

“ဇုန်းအိုကြီး၊ ခင်ဗျားမှားနေပြီဗျ။ ခင်ဗျား သိတဲ့တိုင်းပဲလေ လူကြီးတစ်ယောက်နဲ့အညီ လူငယ်မျိုးဆက်တွေကို သင်ကြားပေးဖို့ ဆိုတာ ခင်ဗျားရဲ့ တာဝန်ပဲလေ။ ပြီးတော့ ကျုပ်သိလိုက်ရတဲ့ အကြောင်းအရာတွေကလည်း ယေဘုယျအသိပညာတွေပဲဟာကို။ ဒီလောက် အရေးကြီးတာ ဘာမှပါတာ မဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားလိုချင်နေတဲ့ ကျုပ်နည်းလမ်းက ကျုပ်ရဲ့ တကယ့် အဓိက နည်းလမ်းကြီးလေ။ ခင်ဗျားရဲ့ စိတ်ဝိဥာဉ် အစီအရင်တွေက ကျုပ်နည်းလမ်းနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ”

“ငါဂရုမစိုက်ဘူး။ ငါကို မပြောပြရင် မင်းဦးခေါင်းကိုဖောက်ပြီး မင်းဝိဥာဉ်ကို ရှာမိတော့မယ်နော်”

လူကြီးတစ်ယောက်တန်မဲ့၊ ထိုမျှ အရှက်မရှိရက်ပေသည်။ ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင်စိတ်ထဲ ဇုန်းအောင်ကို အထင်သေးမိသွားသည်။

သို့သော် ဇုန်းအောင်သည် လျှာအရိုးမရှိတိုင်း လျှောက်ပြေနေခြင်းသာ ဖြစ်မှန်း ရန်ကိုင်သိသည်။ ဇုန်းအောင်၏ အဆင့်အတန်းနှင့် ခွန်အားအရ ရန်ကိုင်ကို တွန်းအားပေးချင်သည် ဆိုပါက စကားနှင့် ပြောနေစရာပင်မလိုချေ။ ချက်ချင်း အားသုံးလိုက်လျှင် ရနေပေပြီ။

ဇုန်းအောင် ဤကဲ့သို့ ဖြစ်နေရခြင်းမှာ ရန်ကိုင် သုံးသွားသော နည်းလမ်းကို သူ့ဘာသာလည်း မစဉ်းစားတတ်၊ အားသုံး၍လည်း မရ၊ အလွန်အမင်းသိချင်စိတ်က လှုံ့ဆော်နေသည့် အတွက်ကြောင့် မနာလိုစိတ်တို့ ငယ်ထိပ်ဆောင့်တက်နေခဲ့ခြင်း ဖြစ်သည်။ ဆေးသွေးကြောပါသော ဆေးလုံးများအား ဖော်စပ်နိုင်သည့် နည်းလမ်းကိုသိရရန်အတွက် စီနီယာဖြစ်သော သူ့မျက်နှာကိုပင် ငဲ့မနေတော့ချေ။

“အများဆုံးမှ… မင်းကို ငါ့ဆရာအဖြစ် သတ်မှတ်လိုက်ရုံပေါ့” ဇုန်းအောင်က အလေးအနက် အမူအရာဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

ဇုန်းအောင် စကားကြောင့် ရန်ကိုင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဇုန်းအောင် ပါးစပ်မှ ထိုကဲ့သို့သော စကားမျိုး ထွက်လာလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ချေ။

သို့သော် ခေါင်းသာခါ၍ “ဇုန်းအိုကြီး၊ ကျုပ်ခင်ဗျားကို ချွင်းချက်ထားပြီး မပြောပြချင်တာ မဟုတ်ဘူး။ ဒီနည်းလမ်းကို အခြားသူတွေကကို အသုံးပြုလို့မရတာမို့လို့ပဲ”

ထုန်းရွှမ်လောကကြီး၊ ဘုံကိုးခုထွတ်မြတ်နယ်မြေတွင် ရှိစဉ်က ထိုကဆေးဆရာကြီးများကို ဆေးသွေးကြောပါသည့် ဆေးလုံးအား မည်ကဲ့သို့‌ ဖော်စပ်ရမလဲ ဆိုသည်ကို ရန်ကိုင် သင်ပေးခဲ့သည်။ သို့သော် မည်သူမှ သူ့ကဲ့သို့ လိုက်မလုပ်နိုင်ခဲ့ချေ။ ရှနင်းချန် တစ်ယောက်သာ လုပ်နိုင်ခဲ့သည်။

အဆုံးတွင် သူ့အနေဖြင့် ထိုကဲ့သို့ လုပ်နိုင်ခြင်း တေဇောဓါတ် အသိစိတ်ပင်လယ်၏ မှော်ဆန်ဆန် အကျိုးကျေးဇူးများကြောင့်ပင် မဟုတ်ပေလော။

“မင်းနည်းလမ်းကို အခြားသူတွေ သင်နိုင်တာ၊ မသင်နိုင်တာက သူတို့ကိစ္စ၊ ငါ့ကိစ္စမဟုတ်ဘူး။ ငါ့လေ့လာနိုင်တာ၊ မလေ့လာနိုင်တာကို မင်းစိတ်ပူစရာ မလိုဘူး” ဇုန်းအောင်က ယတိပြတ်ဆုံးဖြတ်ပြီးသည့်ပုံစံဖြင့် ပြောလိုက်သည်။

ရန်ကိုင်လည်း လုံးဝကို ကူကယ်ရာမဲ့သွားခဲ့သည်။ နောက်ဆုံးမ တတ်နိုင်တော့သည့်အဆုံး “ဇုန်းအိုကြီး၊ ကျုပ်တို့ အလဲအလှယ် လုပ်ကြရင်ကော”

“ဘယ်လိုအလဲအလှယ်မျိုးလဲ။ မင်းငါ့ဆီကနေ ဘာထပ်လိုချင်သေးလို့လဲ”

“ဆေးလုံးအများကြီးကို တစ်ပြိုင်တည်း ဖော်စပ်တဲ့နည်းလမ်း။ အဲ့နည်းလမ်းကို ကျုပ်လိုချင်တယ်” ရန်ကိုင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

ဆေးမီးဖိုအများကြီးကို အသုံးပြု၍ ဆေးလုံးအများကြီးကို တစ်ပြိုင်တည်း ဖော်စပ်သည့် ဆေးပညာရှင်မျိုး တစ်ယောက်မှ မတွေ့ခဲ့ဖူးချေ။ ဇုန်းအောင်သည် ထိုကဲ့သို့ ဖော်စပ်သော သူမြင်ဖူးသည့် ပထမဆုံး ဆေးပညာရှင်ဖြစ်သည်။ ထို့ကြောင့် ထိုနည်းလမ်းကို ရန်ကိုင် အရမ်း သင်ချင်နေမိသည်။

သူတော်စင်ချီသက်သက်ဖြင့် ဇုန်းအောင်သည် ဆေးလုံးများစွာကို တစ်ပြိုင်တည်း ဖော်စပ်နိုင်သည်။

ရန်ကိုင်သည် သူတော်စင်ချီကော၊ စိတ်စွမ်းအင်ကိုပါသုံး၍ ဆေးဖော်စပ်နိုင်သည်။ ဇုန်းအောင်၏ နည်းလမ်းကို လေ့လာပြီးသည်နှင့် ထိုစွမ်းအင်နှစ်မျိုးစလုံးကို သုံး၍ ဆေးဖော်စပ်နိုင်လာပေလိမ့်မည်။

“မင်းဘာသာမင်း ကြည့်ပေတော့” ဇုန်းအောင်သည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ရိုးရှင်းသောဟာအုပ်တစ်အုပ်ကို ထုတ်ကာ ရန်ကိုင်ဆီ ပစ်ပေးလိုက်သည်။

ရန်ကိုင်သည် စာအုပ်ကို လှမ်းဖမ်းလိုက်ပြီး အရှေ့ပိုင်း စာမျက်နှာ အနည်းငယ်လောက်ကို လှန်ကြည့်လိုက်သည်။ စာအုပ်ထဲတွင် အသေးစိတ်ရှင်းပြချက်များစွာ ပါဝင်နေသည်။ ဇုန်းအောင်သည် သူ့နည်းလမ်းကို သူ့တပည့်များဆီ လက်ဆင့်ကမ်းပေးချင်သည့် အတွက်ကြောင့်များ ဤစာအုပ်ကို ရေးထားသလား မည်သူမှ မသိနိုင်ရာ။

ယခု ထိုစာအုပ်သည် ရန်ကိုင်လက်ထဲသို့ ရောက်လာခဲ့လေပြီ။

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး စာအုပ်ကို သိမ်းလိုက်သည်။ ထို့နောက် နှာခေါင်းကိုပွတ်ကာ ဆေးမီးများကိုကြည့်၍ “အဲ့ဆေးမီးဖိုတွေ…”

“ငါမင်းကို ဆယ်လုံးပေးမယ်” ဇုန်းအောင်က သူ့လက်ကို ဝှေ့ရမ်းလိုက်သည်။ ခပ်ပြတ်ပြတ်သာ ပြောလိုက်သော်ငြား ဇုန်းအောင်၏ မျက်နှာသည် နာကျင်မှုကြောင့် မဲ့နေခဲ့သည်။

ထိုဆေးမီးဖိုများကို ဖန်တီးပြုလုပ်ရန်အတွက် နေရာအမျိုးမျိုးသို့ သွားကာ ကုန်ကြမ်းပစ္စည်း အမျိုးမျိုးကို စုဆောင်းခဲ့ရသည်။ သေခါနီးအခိုက်အတန့်များနှင့်ပင် ကြုံခဲ့၇သေးသည်။ လိုအပ်သည့် ကုန်ကြမ်းများကို စုဆောင်းပြီးနောက် သူနှင့်သိသော မှော်ရတနာ သန့်စင်သည့် ပညာရှင်ကြီးတစ်ယောက်ကို ကိုယ်တိုင်ရှာကာ သူ့အတွက် ထလုပ်ခိုင်းခဲ့သည်။

ထိုဆေးမီးဖိုတစ်လုံးချင်းစီတိုင်းသည် ဇုန်းအောင်၏ သွေး၊ချွေးကို ရင်းပြီးမှရလာသော အရာများဟုပင် ပြော၍ရသည်။

ယခု ထိုဆေးမီးဖိုများထဲမှ ဆယ်လုံးကို ရန်ကိုင်ဆီ ပေးလိုက်ရပြီ ဖြစ်လေရာ သူ့စိတ်ထဲ မည်မျှ နာကျင်နေမှန်း ခံစားကြည့်နိုင်ပေသည်။

“တစ်ဝက်” ရန်ကိုင်က လက်ညိုးတစ်ချောင်း ထောင်ပြလိုက်သည်။

ဇုန်းအောင်၏မျက်လုံးများ ပို၍ နီရဲသွားခဲ့သည်။ သူ့မျက်နှာလည်း ပို၍ ဖြူလျော်သွားလေသည်။ သို့သော် အချိန်ခဏကြာပြီးနောက် ခေါင်းညိတ်လိုက်သည် “ကောင်းပြီ၊ တစ်ဝက်ပေါ့”

မည်သို့ပင်ဖြစ်စေကာမူ ထိုကောင်လေးသာ ဆေးတိမ်တိုက်ပါသော လောင်ကျွမ်းမီးတောက်ဆေးလုံးကို မသန့်စင်နိုင်သည့်အခါကျ သူ့အစေခံ ဖြစ်လာရပေလိမ့်မည်။ ထိုအခါမှ သူပိုင်ဆိုင်သည့် အရာများကို ပြန်ယူနိုင်ပေသည်။ ရန်ကိုင်သည် ဆေးတိမ်တိုက်ပါသော လောင်ကျွမ်းမီးတောက် ဆေးလံးကို ဖော်စပ်နိုင်လိမ့်မည်ဟု ဇုန်းအောင် မယုံကြည်။

ရန်ကိုင်၏ကံသည် မိုးလောက်မြင့်နေမှသာလျှင် ဆေးတိမ်တိုက်ပါသော ဆေးလုံးကို သန့်စင်နိုင်ပေလိမ့်မည်။ ထိုသို့ဖြစ်သည့်အခါ အကျိုးမပေးသည့် သူ့ကံကို အပြစ်တင်ရုံသာ ရှိတော့သည်။ သို့သော်လည်း ထိုသို့ ဖြစ်နိုင်ချေမှာ အရမ်းကိုမှ နည်းလွန်းလှသည်။

ရန်ကိုင်၏ပါးစပ် နားရွက်တက်ချိတ်လုမတတ် ဖြစ်သွားခဲ့သည်။ ဇုန်းအောင်နှင့် အလဲအလှယ်လုပ်ရသည်မှာ ဤမျှ ချောချောမွေ့မွေ့ ဖြစ်သွားမည်ဟု မထင်ထားခဲ့ချေ။

“ဇုန်းအိုကြီး၊ စိတ်ဝိဥာဉ်အစီအရင်တွေကို ဆေးလုံးပေါ်မှာ ထိုးထွင်းဖို့ ခင်ဗျား စဉ်းစားဖူးလား။ ရှင်းရှင်းပြောရရင် ဆေးသွေးကြောတွေ ဆိုတာ စိတ်ဝိဥာဉ်အစီအရင်တွေပဲ။ အဲ့လိုမှမဟုတ်ရင် ဆေးလုံး တစ်လုံးရဲ့ အာနိသင်ကို ဒီလောက်အကြာကြီး ဘယ်လိုလုပ်ပြီး ထိန်းထားပေးနိုင်မှာလဲ” ရန်ကိုင်က အပြုံးဖြင့် ပြောလိုက်သည်။

“ဆေးလုံးပေါ်မှာ စိတ်ဝိဥာဉ်အစီအရင် ထိုးထွင်းတာလား” ဇုန်းအောင်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ရန်ကိုင်၏ စကားတစ်ခွန်းကြောင့် သူဥာဏ်အလင်းပွင့်သွားခဲ့ရပြီ။ နှစ်ပေါင်းများစွာကြာအောင် သူ့အား ချုပ်နှောင်ထားခဲ့သော သဘောတရားအားလုံး ပျက်စီးသွားသော အသစ်သော လောကတစ်ခုက သူ့ရှေ့ ထွက်ပေါ်လာခဲ့သည်။

ဆေးပညာရှင်များသည် ဆေးဖော်စပ်ရန်အတွက် စိတ်ဝိဥာဉ် အစီအရင်ကို လိုအပ်သလို မှော်ရတနာသန့်စင်သည့် ပညာရှင်များသည် မှော်ရတနာကို သန့်စင်ရန်အတွက် စိတ်ဝိဥာဉ် အစီအရင်ကို လိုအပ်ကြသည်။ အခြေခံ စိတ်ဝိဥာဉ် အစီအရင်များသည် တူညီကြသော်ငြား ရှေးခေတ်ကတည်းက ဆေးပညာရှင်အားလုံးသည် စိတ်ဝိဥာဉ်အစီအရင်များကို အကူပစ္စည်းတစ်ခုအဖြစ်သာ အသုံးပြုခဲ့ကြသည်။ ဆေးဖော်စပ်နေစဉ် အတောအတွင်း အမျိုးမျိုးသော ဆေးအမယ်များသည် အမျိုးမျိုးသော စိတ်ဝိဥာဉ်အစီအရင်များ၏ အကူအညီဖြင့် ပေါင်းစပ်ကာ ဆေးလုံးများ ဖြစ်ပေါ်လာကြသည်။

စိတ်ဝိဥာဉ်အစီအရင်ကို ဆေးလုံးပေါ်တွင်လည်း ထိုးထွင်း၍ ရသည်ဟု ဇုန်းအောင်အား မည်သူမှ မပြောခဲ့ဖူးကြချေ။

“ဇုန်းအိုကြီး၊ ဆေးသွေးကြောတွေဆိုတာ သဘာဝအတိုင်း ဖြစ်လာတယ် ထင်ရပေမယ့် ကျုပ်ဆေးဖော်စပ်တဲ့အခါ ဆေးသွေးကြောပါတဲ့ ဆေးလုံးကို သီးသန့် ဖော်စပ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် အဲ့လိုလုပ်နိုင်ဖို့အတွက် တေဇောဓါတ် အသိစိတ်ပင်လယ် ရှိနေဖို့လိုတယ်။ တေဇောဓါတ်အသိစိတ် ပင်လယ်ကပဲ သင့်လျော်တဲ့ စိတ်ဝိဥာဉ်အစီအရင်ကို ဆေးလုံး ဖြစ်ပေါ်လာချင်းချင်းမှာ ထိုးထွင်းပေးနိုင်မှာ။ စိတ်စွမ်းအင်ကို သူတော်စင်ချီနဲ့ အစားထိုးလို့ ရမရတော့ ကျုပ်လည်း မသိဘူး။ ဒါပေမယ့် ကျုပ်သုံးတဲ့နည်းလမ်းက ခင်းဗျားရဲ့ နည်းလမ်းထက် ဆေးသွေးကြောပါတဲ့ ဆေးလုံးတွေကို ပိုထုတ်ပေးနိုင်တာတော့ သေချာတယ်”

All Chapters