အခန်း (၁၀၇၁-၁၀၇၅)
Vol. 43 Ch. 1071-1075
အပိုင်း(၁၀၇၁)
သူစကားပြောခဲ့သည်မှာ အလဟဿ ဖြစ်မသွားမှန်း ရန်ကိုင် နားလည်သွားခဲ့သည်။ ယခု ဇုန်းအောင် မိန်းမောနေလေပြီ။ သူ့အမူအရာသည် အဆက်မပြတ် ပြောင်းလဲနေခပြီး သူ့မျက်လုံးများမှာ တစ်ခါတစ်ရံ မည်းမှောင်သွားလိုက် တစ်ခါတစ်ရံ လင်းလက်သွားလိုက် ဖြစ်နေခဲ့သည်။
သူဥာဏ်အလင်းပွင့်နေခဲ့ခြင်း ဖြစ်သည်။
ရန်ကိုင်က ခေါင်းခါလိုက်ပြီး ဇုန်းအောင်ကို ဆက်လက် အာရုံစိုက်မနေတော့ချေ။ သူ့ဘာသာ အားပြန်ဖြည်နေလိုက်သည်။
တစ်နေ့လျှင် လောင်ကျွမ်းမီးတောက်ဆေးလုံးဆယ်လုံး၊ တစ်လျှင် ဆေးလုံးအလုံးသုံးရာ၊ ထိုဆေးလုံးများ၏ သုံးဆယ်ရာခိုင်နှုန်းသည် ဆေးသွေးကြောပါသော ဆေးလုံးများဖြစ်သည်။ ထိုစွမ်းဆောင်ရည် သည် ကြယ်စီရင်စုကြီးတစ်ခုလုံးကို အထင်သေးရှုံ့ချရန် လုံလောက်နေလေပြီ။
သို့သော် ရန်ကိုင် ပျော်မနေခဲ့ချေ။
အကြောင်းမှာ ဆေးသွေးကြောပါသော ဆေးလုံးများကို မည်မျှပင် သူဖော်စပ်နေပါစေ ရွှယ့်ယွယ်နှင့် သူ့အသက်ကို ကယ်နိုင်မည် မဟုတ်သောကြောင့်ပင် ဖြစ်သည်။ သူလုပ်ဖို့လိုသည်ကား တစ်လုံးတည်းသော ဆေးတိမ်တိုက်ပါသည့် လောင်ကျွမ်းမီးတောက် ဆေးလုံးကို ဖော်စပ်ရန်ပင် ဖြစ်သည်။
အကြိမ်တိုင် အစွမ်းကုန် ဖော်စပ်သည်။ မည်သည့် ပညာရပ်ကိုမှ လျှိုမထားခဲ့။ သိသမျှ၊ တတ်သမျှ ပညာရပ်အားလုံးကို အိတ်သွန်ဖာမှောက် အသုံးချပြီး ဆေးဖော်စပ်သည်။
ဖော်စပ်လာသည်နှင့်အမျှ ဆေးသွေးကြောပါသော ဆေးလုံး အရေအတွက်မှာ တဖြည်းဖြည်း တိုးလာခဲ့သည်။ ဖော်စပ်ရင်း ဆေးသွေးကြောပါသော ဆေးလုံးပါနိုင်ချေ (၄၀)ရာခိုင်နှုန်းအထိ ရောက်လာခဲ့သည်။
ဆိုလိုသည်ကား ယခု ရန်ကိုင် ဖော်စပ်သမျှ ဆေးလုံးအားလုံး၏ လေးဆယ်ရာခိုင်နှုန်းသည် ဆေးသွေးကြောပါသော ဆေးလုံးများ ဖြစ်ကြသည်။
ထိုဆေးလုံးများကိုသာ မီးဓါတ်ကျင့်ကြံသူတစ်ယောက်ဆီ ပေးလိုက်မည် ဆိုပါက ထိုကျင့်ကြံသူ၏ ခွန်အား အလျင်အမြန် တိုးတက်လာနိုင်ပေလိမ့်မည်။ သို့သော် လက်ရှိတွင် ထိုဆေးအားလုံးသည် အပယ်ခံဘဝသို့ ရောက်နေခဲ့ကြသည်။
ဆေးဖော်စပ်ပြီးတိုင်း ရန်ကိုင် အားကုန်သွားသည်။
လောင်ကျွမ်းမီးတောက်ဆေးလုံး ဆယ်လုံးဖော်စပ်ရုံဖြင့် အားကုန်သွားဖို့ရာ မဖြစ်နိုင်ချေ။ တကယ့် တရားခံသည် သူ့စိတ်ကို လေးလံအောင် လုပ်နေသည့် စိတ်ပိုင်းဆိုင်ရာ ဖိအားပင်။ အချိန်ကြာလာသည်နှင့် ထိုဖိအားသည် တဖြည်းဖြည်း လေးလံလာခဲ့သည်။
ဆေးတိမ်တိုက်ပါသော ဆေးလုံးကို ဖော်စပ်ရန် မည်မျှ ခက်ခဲသလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့လေပြီ။ ဆေးတိမ်တိုက်ပါသော ဆေးလုံးများကို ဖော်စပ်နိုင်ခဲ့သည့် ဆေးပညာရှင်များအနေဖြင့် ဗုံများဆိုင်းများဖြင့် ပွဲများကျင်းပကာ ကောင်းကင်ဘုံကို ကျေးဇူးတင်သင့်ပေသည်။
သူလည်း ကောင်းကင်မှ သူ့အား ထိုကဲ့သို့ အခွင့်အရေး ပေးလာမည့် အချိန်ကို စောင့်နေခဲ့သည်။
သုန်မှုန်နေသော ရန်ကိုင်၏ အောက်သိုးသိုး မျက်နှာကြီးနှင့် မတူညီစွာ ဤရက်ပိုင်းအတွင်း ဇုန်းအောင်၏ မျက်နှာသည် ယခင်ကထက် ပို၍ ဝင်းပလာခဲ့သည်။ ရန်ကိုင်၏ စကားကြောင့် ဥာဏ်အလင်းပွင့်သွားခဲ့ပြီးနောက် ဇုန်းအောင်၏ ဆေးပညာ စွမ်းရည်သည် မသိလိုက်မသိဘာသာနှင့် တိုးတက်နေခဲ့သည်။
ယခင်က ဆေးလုံးများကို တစ်ခါဖော်စပ်လျှင် အမှားမလုပ်မိစေရန် အပြည့်အဝ အာရုံစိုက်ထားရသည်။ ယခုမှ ယခင်ကကဲ့သို့ အရူးအမူး အာရုံစိုက်စရာမလိုတော့။ အေးအေးဆေးဆေး ဖော်စပ်ရုံဖြင့်လျှင် အဆင်ပြေနေလေပြီ။
ရန်ကိုင်ပြောသော နည်းလမ်းကိုအသုံး၍ ဆေးသွေးကြောပါသော ဆေးလုံးများကို ဖော်စပ်နိုင်ခဲ့သည်။ အောင်မြင်နှုန်းသည် ရန်ကိုင်လောက် မမြင့်သော်ငြား ဆေးလုံး(၁၀)လုံးတွင် တစ်လုံးသည် ဆေးသွေးကြောပါသော ဆေးလုံးဖြစ်သည်။ ထိုရာခိုင်နှုန်းသည် ဇုန်းအောင် တစ်ခါမှ စိတ်မကူးဖူးခဲ့သော အရာမျိုးဖြစ်သည်။ ဇုန်းအောင်သည် ကိုယ်ပိုင်မာနရှိသည်။ သို့သော် ယခုကိစ္စနှင့် ပက်သက်၍ ရန်ကိုင်အား အမှန်တကယ်ကို ကျေးဇူးတင်မိပေသည်။
ရန်ကိုင်ကြောင့်သာ မဟုတ်ပါက သူတွေးမိထားသည့် နည်းလမ်းအတိုင် အရူးမျက်ကန်းကဲ့သို့ ဆက်လုပ်နေမည်ဖြစ်ကာ နောက်ဆုံးတွင် ရူးသွပ်သွားနိုင်ပေသည်။
ယခု ရန်ကိုင်သည် တကယ်ကို ကြည့်ကောင်းရှုကောင်းလာသည်ဟု ဇုန်းအောင် ထင်မိသွားသည်။ သူပေးထားသော ဆေးမီးဖိုများအား ပြန်ယူဖို့ကိုရာပင် မစဉ်းစားတော့ချေ။ ရန်ကိုင် သင်ပေးထားသည့် နည်းလမ်းနှင့် ရင်းနှီးအောင် တစ်နေကုန် ထိုင်လုပ်နေခဲ့သည်။ တစ်ချိန်တည်းတွင် ဆေးသွေးကြောပါ ဖြစ်လာစေရန်အတွက် အကိုက်ညီဆုံးဖြစ်သော စိတ်ဝိဥာဉ်အစီအရင်များကိုလည်း ရွေးချယ်လေသည်။
ယခုတစ်ကြိမ် ဇုန်းအောင် အတော်လေး မြတ်သွားသည်။ စိတ်တိုလွယ်သော ဇုန်းအောင်သည် တစ်နေကုန် ရယ်ရယ်မောမော ရွှင်ရွှင်ပြပြဖြင့် ရှိလာခဲ့သည်။
ဆေးပင်လာပို့ရင်း ဆေးလုံး လာရောက်စုဆောင်းရသည့် ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းမှ ကျင့်ကြံသူများသည် သူတို့မျက်လုံး သူတို့ မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။
သူတို့အနေဖြင့် ဤနေရာသို့လာတိုင်း အမြဲ ခြေတုန်ရသည်။ လာတိုင်း ရေခဲပြင်ကြီးပေါ် လမ်းလျှောက်နေရသလို ခံစားရသည်။ ဇုန်းအောင်ဆီ ဆေးပင်များ မြန်မြန်ပို့ပြီး ယူစရာရှိသည့် ဆေးလုံးများကို မြန်မြန်ယူကာ ထွက်သွားချင်စိတ်သာ ရှိသည်။ ယခင်က ဇုန်းအောင်၏ မျက်နှာထားသည် သူတို့အပေါ်၌ သူတော်စင် သလင်းကျောက် သန်းပေါင်းများစွာ အကြွေး တင်ထားသည့် ပုံစံမျိုးပင်။
သို့သော် မကြာသေးမှီမှစ၍ ဇုန်းအောင်သည် သူတို့အား အပြုံးဖြင့် ကြိုဆိုလာသည်။ ဤနှစ်များအတွင်း ကြိုးစားပေးခဲ့သည့်အတွက် ကျေးဇူးတင်စကားဆို၊ ပခုံးကိုပုတ်၍ အားပေးစကားပြောပြီး အထဲသို့ပင် လက်ဖက်ရည်သောက် ဖိတ်ခေါ်လိုက်သေးသည်။
ဆေးပင်လာပို့သော ကျင့်ကြံသူသည် ကြောက်သေးပါမတတ် လန့်သွားပြီး စကားတစ်ခွန်းပင် မဆိုရဲတော့ဘဲ အထိတ်တလန့်ဖြင့် ချက်ချင်း ပြန်ထွက်သွားလေသည်။ ထိုလူလည်း ဖြစ်ကြောင်းကုန်စဉ်ကို ဟလိခ၊ လင်းမူဖုန်းနှင့် အခြား ခေါင်းဆောင်များအား ပြန်လည် တင်ပြလိုက်သည့်အခါ အကုန်လုံး မှင်သက်သွားကြလေသည်။ ဘာတွေများ ဖြစ်သွားသဖြင့် ဇုန်းအောင် ထိုကဲ့သို့ ဖြစ်သွားလဲ ဆိုသည်ကို အကုန်လုံး နားမလည်နိုင် ဖြစ်နေခဲ့သည်။ ရန်ကိုင်နှင့် တစ်ခုခု ပက်သက်နေရမည်မှန်းသာ သူတို့သိသည်။
ထိုခေါင်းဆောင်များသည် ရွှယ့်ယွယ်ကိစ္စနှင့် ပက်သက်၍ အတော်လေး စိုးရိမ်ပူပန်နေခဲ့ကြသည်။ မိန်းကလေးရွှယ့်ယွယ်သာ မနိုးလာနိုင်ခဲ့လျှင် သူတို့အားလုံး အပြစ်ပေးခံရပေလိမ့်မည်။
တတိယသခင်လေးက ဒေါသထွက်ထွက်ဖြင့် သူတို့အားလုံးကို သတ္တုကြယ်ဆီ မိုင်းတူးရန် ပို့လိုက်မှဖြင့်။ သို့သော်လည်း ဇုန်းအောင်အား ကိုယ်တိုင်ကိုယ်ကျ သွားမမေးရဲခဲ့။ ထို့ကြောင့် နေ့စဉ်နေ့တိုင်း အပ်ပေါ် ဖင်ခုထိုင်နေရသလို ခံစားနေခဲ့ရသည်။ ရန်ကိုင် သူတို့ဆီ သတင်း လာပို့မည့်အချိန်ကိုပဲ စိတ်ရှည်ရှည်ဖြင့် စောင့်ရတော့သည်။
တစ်ခုသော နေ့တစ်နေ့တွင် ရန်ကိုင် ဆေးဖော်စပ်ပြီးသွားခဲ့သည်။ သူ့မျက်နှာသည် အလွန်ကိုမှ ဘဝင်မကျ ဖြစ်နေခဲ့သည်။ တိမ်စိုင်တိမ်တိုက်နက်တို့သည့် သူ့ခေါင်းထက် ချိတ်ဆွဲထားသည့် အလား၊ မလှုပ်မယှတ်နှင့် တင်ပလင်ခွေထိုင်နေခဲ့သည်။
ဇုန်းအောင်က ရန်ကိုင်ဘေးနားရောက်လာပြီး စုပုံနေသော လောင်ကျွမ်းမီးတောက်ဆေးလုံးများကိုကြည်၍ မေးလိုက်သည် “ဆေးအမယ်ဘယ်လောက် ကုန်သွားပြီလဲ”
“ခြောက်လကြာသွားပြီးဆိုတော့ (၁၈၀၀)ကျော် ကုန်သွားပြီပေါ့” ရန်ကိုင်က ပြန်ပြောသည်။
“တစ်ထောင့်ရှစ်ရာကျော်…” ဇုန်းအောင်က သက်ပြင်းဖွဖွလေး တစ်ချက် ချလိုက်ပြီး “ဆေးသွေးကြောပါတဲ့ ဆေးလုံး ခုနှစ်ရာ၊ ရှစ်ရာ ရှိနေပြီပဲ။ ဒီလောက် ရတာနဲ့တင် မင်းအကြီးအကျယ် ဂုဏ်ယူနေလို့ရပြီ။ ဘာလို့ ဒီလောက် မကျေမနပ် ဖြစ်နေသေးတာလဲ”
“ဆေးတိမ်တိုက်ပါတဲ့ ဆေးလုံးကိုပဲ ကျုပ်လိုချင်တာ” ရန်ကိုင်က ဇုန်းအောင်ကိုကြည့်၍ “ဆေးသွေးကြောပါတဲ့ ဆေးလုံးတွေကို ဖော်စပ်နိုင်ရင်တောင် ဘာအသုံးဝင်မှာမို့လို့လဲ”
“အဲ့မိန်းကလေးက မင်းအတွက် အဲ့လောက်တောင် အရေးကြီးတာလား”
“ကျုပ်အသက်က သူ့အသက်နဲ့ ဆက်နေတာဗျ။ ကျုပ်အတွက် ဘယ်လိုလုပ်ပြီး အရေးမကြီးရမှာတုန်း” ရန်ကိုင်က ခါးသက်စွာ ပြုံးလိုက်သည်။
“မင်းတို့အသက်က ဆက်နေတာလား” ဇုန်းအောင် မျက်မှောင် ကြုတ်သွားပြီး ခဏတာ အတွေးနက်သွားသည်။ ထို့နောက် အလန့်တကြားဖြင့် အော်ပြောလိုက်လေသည် “ဝိဥာဉ် ချိန်းကြိုးတွေလား”
“ခင်ဗျားလည်း အဲ့ဒါအကြောင်း သိတယ်ပေါ့”
“သိတာပေါ့။ မသိဘဲနေမလား။ ဝိဥာဉ်ချိန်းကြိုးတွေပဲ လူနှစ်ယောက်ရဲ့ အသက်ကို ချိတ်ဆက်ပေးနိုင်တာ။ ဝိဥာဉ်ချိန်းကြိုးဆိုတာ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက ဂုဏ်သရေရှိဧည့်သည် အကြီးအကဲတွေရဲ့ ဝိဥာဉ်ပညာရပ်ကို ထည့်ထားတဲ့ မှော်ရတနာတစ်ခုပဲ။ အဲ့ကောင်မလေးကို အရင်တစ်ကြိမ် စစ်ဆေးကြည့်တုန်းက မင်းတို့ နှစ်ယောက် တစ်မျိုးမျိုး ဆက်စပ်နေတယ်လို့ ခံစားခဲ့ရတာ အံ့ဩစရာ မဟုတ်တော့ပါဘူးလေ။ အဲ့မိန်းကလေးက အိုင်းအောင်နဲ့ ဘာတော်လဲ။ မင်းတို့နှစ်ယောက်ကို ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားတာလဲ”
ဇုန်းအောင်သည် အတွေ့အကြုံ ရင့်ကျက်သည့် ပညာရှင် တစ်ယောက်ဖြစ်သည်။ ရလိုက်သည့် သဲလွန်စနေ အနည်းငယ်မှ နေ၍ ရွှယ့်ယွယ်သည် အိုင်းအောင်နှင့် ရင်းနှီးသည့်လူမှန်း ချက်ချင်း အဖြေထုတ်နိုင်ခဲ့သည်။ မဟုတ်လျှင် သူမနေအနေဖြင့် ဝိဥာဉ်ချိန်ကြိုးကို ပိုင်ဆိုင်ထားဖို့ရာ မဖြစ်နိုင်ချေ။
ရန်ကိုင်က ခေါင်းသာခါလိုက်သည်။ ရှင်းပြမနေခဲ့။ ထို့နောက် မဲ့ပြုံးပြုံး၍ ပြောလိုက်လေသည် “ခင်ဗျား ပြောပြောနေတဲ့ ဆေးလုံးတွေက ဖော်စပ်ရခက်လှပါလား ဆိုတဲ့ စကားကို အခု ကျုပ်နားလည်သွားပြီ”
ဇုန်းအောင်က ရယ်သွမ်းသွေးလျက် “ဆေးလုံးတွေက သန့်စင်ဖို့ ခက်ခဲတယ်။ အဲ့စကားကို အခြားလူတွေကြားရင် ငါကြွားလုံး ထုတ်နေတာလို့ပဲထင်မှာ။ ဒါပေမယ့် အဲ့စကားလုံးရဲ့ နောက်ကွယ်က အဓိပ္ပါယ်ကို နားလည်နိုင်တဲ့ နည်းနည်းပဲရှိတယ်။ ကြည့်ရတာ၊ မင်းလည်း အဲ့လူတွေထဲက တစ်ယောက် ဖြစ်သွားပြီနဲ့တူတယ်”
နောက်ဆုံးတွင် သူတစ်ယောက်တည်း မဟုတ်တော့ချေ။ သူ့အတွင် အဖော်ရှိလာခဲ့လေပြီ။
ရန်ကိုင် တိတ်နေသည်ကိုမြင်သော် ဇုန်းအောင် တစ်ချက်ရပ်၍ ဆက်ပြောလိုက်သည် “မင်းမှာ ဆေးလုံး အလုံးနှစ်ရာစာ ဆေးအမယ်တွေပဲ ကျန်တော့တယ်။ အဲ့မိန်းကလည်း နောက်ထပ် နှစ်ဝက်ပဲ အသက်ဆက်ရှင်နိုင်တော့မှာ။ အခု မင်းဘာဆက်လုပ်မှာလဲ။ အင်း။ ဟလိခကို ဆေးပင်တွေ ထပ်ပြီး စုဆောင်းခိုင်းဖို့ ပြောလို့ရသေးတယ်။ ဒါပေမယ့် သူထပ်ပြီး ဆေးပင်တွေကို စုဆောင်းနိုင်ရင်တောင် မင်းမှာ ဆေးထပ်ဖော်စပ်ဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး”
ရန်ကိုင်က တိတ်ဆိတ်ငြိမ်သက်စွာဖြင့်သာ ထိုင်နေခဲ့သည်။ နောက်ဆုံး အချိန်အတော်ကြာပြီးနောက် ပြန်ပြောလိုက်သည် “ကျုပ်လမ်းခဏထွက်လျှောက်လိုက်ဦးမယ်”
ပြောပြီးနောက် မတ်တပ်ရပ်ကာ လမ်းလျှောက် ထွက်သွားလေ၏။
ဇုန်းအောင် ရန်ကိုင်၏ နောက်ကျောကိုကြည့်ရင်း အသာအယာ ခေါင်းညိတ်လိုက်သည်။
တစ်ခါတစ်ရံ ကိစ္စတစ်ခုကို ပြီးမြောက်အောင် အချိန်အကြာကြီး၊ အလွန်ကိုမှ အားစိုက်ကြိုးစားလျက် လုပ်ဆောင်ပါသော်လည်း မပြီးမြောက်ပါက ထိုကိစ္စကို ဘေးဖယ်ထားလိုက်ပြီး ခေါင်းကိုရှင်း၊ စိတ်ကို ကြည်လင်အောင် လုပ်ခြင်းသည် အကောင်းဆုံး ဖြစ်သည်။ ဆက်လုပ်ခြင်းဖြင့် အောင်မြင်နိုင်ချေ ရှိသော်ငြား စိတ်နောက်နေချိန် မည်သည့်အရာကိုမှ အာရုံစိုက်ကာ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ထိုကဲ့သို့ လုပ်ဖန်များလတ်သော် စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာနိုင်သည်။
ဇုန်းအောင်သည်သည် အကောင်းဆုံး နမူနာပင်။ သူသည် သူစဉ်းစားမိသော နည်းလမ်းကို စမ်းသပ်ရန်အတွက် တစ်ယောက်တည်း နှစ်တစ်ရာတိုင်တိုင် ဆေးဖော်စပ်နေခဲ့သည်။ သို့သော် ရန်ကိုင် ပြောလိုက်သည် စကားလေးတစ်ခွန်းကြောင့် ဥာဏ်အလင်းပွင့်သွားခဲ့ရသည်။
သို့သော်လည်း လောလောဆယ်၌ မည်သူမှ ရန်ကိုင်အား ဥာဏ်အလင်းပွင့်အောင် မလုပ်ပေးနိုင်ချေ။ သူ့အနေဖြင့် စိတ်လက်ဖြေဖျောက်ရန် အမှန်ကတယ် လိုအပ်နေပေသည်။
ရန်ကိုင်သည် ရွှယ့်ယွယ်၏ အခြေအနေကို စစ်ဆေးရန် သူမ အခန်းထဲသို့ အရင်သွားလိုက်သည်။
သူမအား လာမကြည့်သည်မှာ လောင်ကျွမ်းမီးတောက် ဆေးလုံးကို စတင် ဖော်စပ်ကတည်းကပင်။ နှစ်ဝက်ကြာပြီးနောက် ရွှယ့်ယွယ်၏ အခြေအနေ စတင် ယိုယွင်းစပြုလာခဲ့သည်။ ဇုန်းအောင် တည်ငြိမ်အောင် လုပ်ထားပေးခဲ့သော သူမ၏ အသက်စွမ်းအင်သည် တဖြည်းဖြည်း ယုတ်လျော့လာနေခဲ့သည်။ ဖြူဖွေးဖွေး အသားအရေသည် စတင် ဖြူစွတ်လာနေခဲ့ပြီး ရေခဲစတို့သည်လည်း စတင် ပေါ်ထွက်လာနေခဲ့လေသည်။
ယာယီ ဖိနှိပ်ထားနိုင်ခဲ့သော ယင်နေကြာရေစင် စတင် အာနိသင်ပြလာနေပြီမှန်း ရန်ကိုင် သိလိုက်သည်။
သူသာ ဆေးတိမ်တိုက်ပါသော လောင်ကျွမ်းမီးတောက် ဆေးလုံးကို မသန့်စင်နိုင်လျှင် ရွှယ့်ယွယ် သေရပေမည်။
ဟလိခအနေဖြင့် ဆေးပင်ထပ်စုဆောင်းရန်လည်း မဖြစ်နိုင်ချေ။ အချိန်တိုအတွင်း ထိုဆေးပင်များကို စုဆောင်းရန်မှာ မဖြစ်နိုင်ချေ။
စကားတစ်ခွန်းပင် မပြောတော့ဘဲ ရန်ကိုင်သည် ဇုန်းအောင်၏ နန်းတော်မှ ထွက်လာလိုက်သည်။ ဦးတည်ချက်ကို မစဉ်းစားဘဲ စိတ်ထဲပေါက်ရာအရပ်ဆီသို့သာ ကြယ်လွန်းပျံဖြင့် ရွက်လွှင့် ပျံသန်းနေလိုက်သည်။
တောင်စဉ်တောင်ဆက်၊ မြစ်အသွယ်သွယ်၊ တောအဖုံဖုံ၊ အင်း၊အိုင်၊ နွံအိုင် အမျိုးမျိုးကို ဖြတ်ကျော်၍ သဘာဝရှုခင်းအဖုံဖုံကို လေ့လာ၊ မိုးရေစင်ကြယ်ပေါ်ရှိ ကျင့်ကြံသူများ၏ တစ်နေ့တာဘဝကို ကြည့်ရှူရင်း လုပ်နေခဲ့သည်။ အဆုံးမရှိသော ကျင့်ကြံသူများ အဆက်မပြတ် ထွက်ပေါ်လာခြင်းနှင့် သာမန်သေမျိုးတို့ ခံစားနေရပုံများသည် ရန်ကိုင်အား စိတ်ဝင်စားသွားစေခဲ့သည်။
တဖြည်းဖြည်းနှင့် သူ့စိတ်ထဲ စိုးရိမ်ပူပန်နေရသမျှတို့ တဖြည်းဖြည်း ပြေလျော့လာခဲ့သည်။ ယခင်နှစ်အတောအတွင်း သူ့ရင်ထဲ ခဲဆွဲထားခံရသော ခံစားသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့သည်။ ထိုခံစားချက်ထဲ နစ်မြောရင်း ရွှယ့်ယွယ်နှင့် သူ့ကိစ္စကိုပင် မေ့လျော့သွားရသည်။
တွေ့သည့်မြို့လေးတိုင်းတွင် ရပ်တန့်ခဲ့သည်။ အမျိုးမျိုးသော အကျိုးအမြတ်များကြောင့် အလောင်းများ ပုံထပ်ခဲ့ရသော မိသားစုကြီး၊ မိသားစုငယ်လေးများကြားမှ သွေးစွန်း တိုက်ပွဲများကိုလည်း မြင်ခဲ့ရသည်။
တပည့်များကို လက်ခံနေသည့် ဂိုဏ်းများ၊ ဂိုဏ်းထဲ ဝင်ရောက်နိုင်သဖြင့် ပျော်ရွှင်ဝမ်းမြောက်နေကြသော လူငယ်လေးများကိုလည်း သူမြင်ခဲ့သည်။ မှော်ရတနာ တစ်ခုကြောင့် မိတ်ဆွေသံယောဇဉ်ကိုပင် မထောက်တော့ဘဲ အချင်းချင်း တိုက်ခိုက်နေကြသည့် ကျင့်ကြံသူများကိုလည်း သူမြင်ခဲ့သည်။
အများက အမျိုးမျိုး ချီးကျူးဩဘာပေးနေသည့် တိမ်ကိုခွဲ၊ မိုးကိုရပ် စေသည့် ပညာရပ်ကြီးများကိုလည်း မြင်ခဲ့သည်။
တောင်ပေါ်ရှိ ရေကန်လေးတစ်ကန်ထဲတွင် ရေချိုးနေသည့် မိန်းကလှလေး တစ်ယောက်ကို တွေ့ခဲ့သေးသည်။ ကံဆုံတုန်း သွားချောင်းကြည့်ရင်း လူမိသွားသဖြင့် အနီးနာရှိ ဂိုဏ်းမှ အမျိုးသမီးပေါင်းများစွာ၏ အမဲလိုက်ခြင်းလည်း ခံခဲ့ရသည်။
အစားမတော်တစ်လုတ်၊ အသွားမတော်တစ်လှမ်း၊ အချောင်းမတော် ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရသည်။
လူစိတ်ပင် မရှိတော့လောက်သည်အထိလည်း မူးမှောက်နေအောင် သောက်ခဲ့သည်။
ထိုကဲသို့ လွတ်လပ်ပေါ့ပါးသည့် ဘဝမျိုးကို သူတစ်ခါမှ မခံစားဖူးခဲ့။ စုယန်ကို ရှာရန် မစဉ်းစားတော့။ ရွှယ့်ယွယ် သေလျှင် သူပါ သေမည် ဆိုသည့်အချက်ကိုလည်း ခေါင်းထဲ မထည့်တော့။ ထုန်းရွှမ်လောကကြီးရှိ သူ့မိတ်ဆွေနှင့် မိသားများ အကြောင်းကိုပါ မေ့ထားလိုက်သည်။
ရန်ကိုင်စိတ်ထဲ အလွန်ကိုမှ လွတ်လပ်ပေါ့ပါးနေသည်။ အကျိုးဆက်ကို ဂရုမစိုက်ဘဲ လုပ်ချင်ရာကိုလုပ်၊ သွားချင်ရာကိုသွား ရသည့် ခံစားချက်မှာ အလွန်ကိုမှ ကောင်းလှသည်။ သူမလုပ်နိုင်တော့သည့်အရာ ဘာမှမရှိတော့သလို ရုတ်တရက် ခံစားလိုက်ရသည်။
တောင်ပေါ်ရှိ တောအုပ်လေးတစ်ခုထဲတွင် သူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက်သည် တန်ခိုးရှင်အဆင့်ဖြစ်သော သွေးပြာပန်းပွင့်ကို ရရန်အတွက် ၎င်းအား စောင့်ကြပ်နေသော အဆင့်ရှစ်မွန်းစတားသားရဲဖြစ်သည့် မျက်လုံးပြာမီးနဂါးနှင့် တိုက်ခိုက်နေခဲ့သည်။ တိုက်ပွဲစရုံမှာပဲ ရန်ကိုင်က အနီးမှ ဖြတ်သွားမိခဲ့သည်။
သို့သော် ဝင်မရှုပ်ဘဲ အဝေးမှ ရပ်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၇၂) ကိုယ့်ဖောင်ကိုယ်ဖျက်
မိုးရေစင်ကြယ်တွင် သူတော်စင်အဆင့် ကျင့်ကြံသူများသည် အားကောင်းသူများ မဟုတ်ချေ။ ထိုသူများကို နေရာအနှံ့တွင် တွေ့မြင်နိုင်သည်။ ရန်ကိုင်သည် တောင်စောင်းတစ်ခုပေါ်တွင် ရပ်လျက် ဝိုင်တစ်ဂျားကို ကိုင်ကာမော့သောက်ရင်း ထိုလူ တိုက်ခိုက်နေသည်ကို ကြည့်နေခဲ့သည်။
ထိုကျင့်ကြံသူကို ဝင်ကူပေးရန် စိတ်မကူးထားခဲ့။ ကြည့်ချင်သဖြင့်သာ ရပ်ကြည့်နေခြင်းဖြစ်သည်။ ထိုကျင့်ကြံသူသည် မျက်လုံးပြာမီးနဂါး၏ ပြိုင်ဘက်မဟုတ်ချေ။ ထို့ကြောင့် မကြာမီ အောက်စည်းသို့ ရောက်သွားခဲ့သည်။ ဆယ်ခါမက သေခါနီး ဖြစ်သွားခဲ့သည်။ သူ့အကာအကွယ် မှော်ရတနာ ပျက်စီးသွားခဲ့ပြီး သူ့ဝမ်းဗိုက်ကို နဂါးခေါင်းပေါ်က ဦးချိုက ဖောက်ထွက်နေခဲ့လေပြီ။
ထိုကျင့်ကြံသူ သေတော့မည်မှန်း ရန်ကိုင်သိသည်။ ထို့ကြောင့် လှည့်ထွက်ရန် လုပ်မည်အပြု၊ မမျှော်လင့်ထားသည့် အလှည့်အပြောင်း တစ်ခု ဖြစ်သွားခဲ့သည်။
အထက်စီးရောက်နေသော အဆင့်ရှစ်မွဣ်းစတားသားရဲသည် ဒေါသတကြီး အော်ဟစ်ရင်း နောက်သို့ ပြန်ဆုတ်နေခဲ့သည်။ ကာကွယ်ရေးမှော်ရတနာ ပျက်စီးသွားဖြစ်သော ကျင့်ကြံသူသည် မည်သည့်နေရာမှ ရမှန်းမသိသော အားအင်ဖြင့် သူ့ကိုယ်သူ ကာကွယ်ရန် မကြိုးစားတော့ဘဲ မျက်လုံးပြာမီးနဂါးကို သူသေကိုယ်သေ တိုက်ခိုက်လေတော့သည်။
နာရီဝက်ကြာပြီးနောက် မျက်လုံးပြာမီးနဂါး သေသွားခဲ့ရသည်။ သူတော်စင်အဆင့် ကျင့်ကြံသူလည်း မြေကြီးပေါ် လဲကျသွားသည်။ လက်တစ်ဆုပ်စာ ဆေးလုံးကို ထုတ်သောက်လိုက်သော် တရွေ့ရွေ့ ကုန်ဆုံးနေသော သူ့အသက်စွမ်းအင်ကို မထိန်းထားနိုင်ခဲ့ချေ။
နှစ်ဦးသားခွန်အားကွာခြားချက်သည် အလွန်ကိုမှ ကြီးမားလှသဖြင့် ကျင့်ကြံသူသည် မျက်လုံးပြာမီးဂါးကို သတ်လိုက်နိုင်သော်လည်း အပြန်အလှန်အနေဖြင့် သူ့အသက်ကိုပါ ပြန်ပေးလိုက်ရသည်။
ရန်ကိုင်က ဝိုင်ဂျားကိုကိုင်ရင်း ထိုကျင့်ကြံသူဆီ လမ်းလျှောက်သွားပြီး ရောက်သည်နှင့် ထိုလူရှေ့တည့်တည့်တွင် ရပ်လိုက်သည်။ ထိုကျင့်ကြံသူ၏ မှိန်ရီအားလျော့နေသော မျက်လုံးများသည် အကြောက်အလန့် ကင်းမဲ့နေသည်။ သူ့လက်ကို ဆန့်ထုတ်၍ ရန်ကိုင်ကို လှမ်းဖမ်း၍ ကြိုးစားလိုက်သော်ငြား လေကိုသာ ဖမ်းမိလိုက်သည်။
သူ့အရမ်း အသက်ရှင်ချင်နေသည့်ပုံပင်။
ရန်ကိုင်က ပါးစပ်တစ်လုပ်ပြည့်အောင် ဝိုင်ကို မော့လိုက်ပြီး ရုတ်တရက် ဆောင့်ကြောင့်ထိုင်ကာ ရွှေရောင်သွေးတစ်စက်ကို ထိုကျင့်ကြံသူ၏ ပါးစပ်ထဲ ထည့်ပေးလိုက်သည်။
ရန်ကိုင်၏ နတ်ဆိုးနတ်ဘုရား ရွှေရောင်သွေးစက်သည် အလွန်ကိုမှ အားကောင်းသော ပြန်လည်ကောင်းမွန်းနိုင်စွမ်းကို ပိုင်ဆိုင်ထား၏။ ထို့ရွှေရောင်သွေးစက်ကြောင့်ပဲ သေဘေးမှ အကြိမ်များစွာ သူလွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူ့၏ နတ်ဆိုး နတ်ဘုရားရွှေရောင်သွေးစက်သည် မဟာနတ်ဆိုးနတ်ဘုရား၏ ရွှေရောင်သွေးစက်နှင့် သိပ်မတူဟု ရန်ကိုင် ခံစားနေမိသည်။
မဟာနတ်ဆိုးနတ်ဘုရားဆီမှ ရွှေရောင်သွေးတစ်စက်ထဲတွင် အနန္တဆန်းကြယ်မှုများနှင့် နက်နဲသော လျှို့ဝှက်ဆန်းကြယ်မှုတို့ ပါဝင်နေသည်။ ရန်ကိုင်သည် မဟာနတ်ဆိုးနတ်ဘုရား၏ သွေးတစ်စက်ကို သန့်စင်ခြင်းဖြင့် မဟာနတ်ဆိုးနတ်ဘုရား၏ နတ်ဘုရားစွမ်းရည် တစ်ခုကို ရရှိနိုင်ခဲ့သည်။ နတ်ဆိုးဗိုလ်ချုပ် ရွှယ့်လီသည် သူ့သွေးကို ရရန်အတွက် လူသားနယ်မြေကို ကျူးကျော်ကာ သူ့အား အမဲလိုက်ခဲ့သည်။
သူ့သွေးစက်သည် မဟာနတ်ဆိုးနတ်ဘုရား၏ သွေးစက်နှင့် ယှဉ်လျှင် အဆင့်နိမ့်သော်ငြား ၎င်းတွင် ပြန်လည်ကောင်းမွန်နိုင်စွမ်း ပိုင်ဆိုင်ထားသည်။ ရုတ်တရက် သွေးသံတရဲရဲ ဖြစ်နေသည့် ကျင့်ကြံသူတစ်ကိုယ်လုံးကို ရွှေရောင်အလင်းရောင်တို့က လွှမ်းခြုံလာခဲ့သည်။ ထိုကျင့်ကြံသူလည်း ထိတ်လန့်သွားလေသည်။
သူ့ခန္ဓာကိုယ်သည် သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေသည့် အခြေအနေမှ အလျင်အမြန် ပြန်လည် ကောင်းမွန်လာနေပြီး သူ့အား ရစ်ပတ်ထားသော သေခြင်းအရှိန်အဝါတို့သည်လည်း တဖြည်းဖြည်း ပျောက်ကွယ်နေသည်ကို ထိုကျင့်ကြံသူ ခံစားမိလိုက်သည်။
ထိုသို့ ဖြစ်လာသည့်အခါ ရန်ကိုင်အား နားမလည်နိုင်စွာ ကြည့်လိုက်သည်။ ထိုလူစိမ်းသည် ဘာကြောင့် သူ့အသက်ကို ကယ်ခဲ့မှန်း သူတကယ် နားမလည်နိုင်ချေ။ ပါးစပ်ဖွင့်ပြီး စကားပြောရန် လုပ်လိုက်သော်ငြား စကားမပြောနိုင်ခဲ့ချေ။
ရန်ကိုင်က ပြုံး၍သာ ပြောလိုက်သည် “ငါ့ကို ကျေးဇူးမတင်နဲ့။ တကယ်တင်ရမယ်ဆို ငါကပဲ ကျေးဇူးတင်သင့်တာ။ ငါက မင်းကို အခွင့်အရေးပဲ ပေးလိုက်တာ။ မင်းသေတာ၊ ရှင်တာက မင်းကံပေါ်ပဲ မူတည်တယ်”
ပြောပြီးနောက် ဝိုင်နည်းနည်းသာ ရှိတော့သော ဝိုင်ဂျားကို လွှင့်ပစ်လိုက်ပြီး လွတ်လပ်ပေါ့ပါးစွာ ရယ်မောရင်း အဝေးသို့ လျှောက်ထွက်သွားလေသည်။
ခဏအကြာ၌ ထိုကျင့်ကြံသူ ထိုင်လာနိုင်ခဲ့သည်။ ထိုင်ပြီးသည်နှင့် ရန်ကိုင် ထွက်သွားရာ အရပ်ဆီသို့ နားမလည်နိုင်စွာ ငေးကြည့်သည်။ ရန်ကိုင် ဘာကြောင့် သူ့အား ကျေးဇူးတင်ခဲ့မှန်း သူနားမလည်။ စဉ်းစားမရသည့်အဆုံး ထိုလူငယ်လေး၏ ခေါင်းနှင့် ပက်သက်၍ တစ်ခုခု ဖြစ်နေမည်ဟုသာ ကောက်ချက်ချလိုက်သည်။
သို့သော်လည်း တစ်ဖက်လူ သူ့အား ကယ်ခဲ့သည်မှာ ငြင်းမရသော အမှန်တရား ဖြစ်သည်။ အောင်ပွဲရ အမှတ်တရ အနေဖြင့် ရန်ကိုင် လွှင့်ပစ်ခဲ့သော ဝိုင်ဂျားကို ကောက်ယူကာ မော့သောက်လိုက်၏။ သို့သော် ပါးစပ်ထဲသို့ ဝိုင်းများ စီးတင်သွားသည်နှင့် တစ်ပြိုင်နက် သူ့ဝမ်းဗိုက်တစ်ခုလုံး အောင့်တက်လာပြီး နာကျင့်မှုကြောင့် ငြီးတွားလိုက်ရသည်။ သူ့တစ်ကိုယ်လုံးသည်လည်း ချွေးများဖြင့် ရွှဲစွဲသွားပြန်သည်။ မဆင်မခြင် မလုပ်ရဲတော့လေရာ ချက်ချင်းပဲ ဝိုင်ထဲတွင် ပါနေသော ဆေးအာနိသင်များကို စုပ်ယူရန် ကြိုးစားလိုက်လေသည်။
တောင်ကြားထဲတွင် ဇုန်းအောင် ဆေးဖော်စပ်နေခဲ့သည်။ ယခင်နှင့် မတူသည်ကား ဇုန်းအောင်သည် ယခင်ကကဲ့သို့ ဆေးလုံးအများကြီးကို တစ်ပြိုင်တည်း ဖော်စပ်သည့် နည်းလမ်းကို မသုံးတော့ဘဲ ရန်ကိုင်ကဲ့သို့ တစ်ကြိမ်လျှင် တစ်လုံးသာ ဖော်စပ်သည့် နည်းလမ်းကို အသုံးပြုနေခဲ့သည်။
ဆေးသွေးကြောပါသော ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်သည်နှင့် ဇုန်းအောင်၏ မျက်နှာကြီး ပြုံးဖြီးသွားခဲ့သည်။ ထိုသို့ ပြုံးလိုက်တိုင်း သူ့မျက်နှာပေါ်ရှိ အရေးအကြောင်းများ ကျုံ့ဝင်ပူးကပ်သွားလေရာ သူ့မျက်နှာအမူအရာကို မြင်လိုက်ရသည့် ကလေးများအဖို့ လိပ်ပြာလွင့်ကာ သတိလစ်သွားနိုင်သည်။
သို့သော် မည်သိုပင်ဖြစ်စေကာမူ ဤနေရာသို့ လာမည့်လူ တစ်ယောက်မှ မရှိပါချေ။ ရန်ကိုင် အပြင်ထွက်သွားနေခဲ့သည်။ အခန်းထဲတွင် ရှိနေသည့်လူကလည်း သတိလစ်နေသည်။ ထို့ကြောင့် ဇုန်းအောင် မျက်နှာထက်ရှိ ခြောက်ခြားဖွယ်ရာ အပြုံးကို မြင်သူမှ မမြင်နိုင်ချေ။
ရုတ်တရက် သူဆေးဖော်စပ်နေတုန်း တကယ် အခိုက်အတန့်သို့ ရောက်နေသည့်အချိန်။ ဇုန်းအောင်၏ အမူအရာ ပြောင်းလဲသွားပြီး အလန့်တကြား ထအော်လေသည် “သူပြန်လာပြီလား”
အရှိန်အဝါတစ်ခု သူ့ဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေသည်ကို ဇုန်းအောင် အာရုံခံမိလိုက်သည်။ မိုးရေစင်ကြယ်တွင် ရန်ကိုင်မှအပ အခြားမည်သူမှ ထိုကဲ့သို့ မလုပ်ရဲချေ။ လင်းမူဖုန်းနှင့် ဟလိခတို့ပင် ထိုကဲ့သို့ မလုပ်ရဲချေ။
ဇုန်းအောင်သည် ဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိင်၊ မဖော်စပ်နိုင်ကိုပင် ဂရုမစိုက်တော့ဘဲ လုပ်လက်စ အလုပ်ကို အလျင်အမြန် အပြီးသတ်လိုက်သည်။ ခဏအကြာ၌ ရန်ကိုင် အထဲသို့ လမ်းလျှောက် ဝင်လာခဲ့သည်။
ရန်ကိုင်ကို မြင်ပြီးနောက် ဇုန်းအောင်၏ မျက်လုံးများ မှေးစဉ်းသွား၏။ ပြောမည်ပြင်ထားသည် စကားများကိုပင် ချက်ချင်း ပြန်မျိုချလိုက်သည်။
အစကမူ ရန်ကိုင်အား နှစ်သိမ့်ပေးရန် ကြံခဲ့သည်။ သို့သော် ထိုကောင်လေး မျက်နှာထက်ရှိ အပြုံးကို မြင်ပြီးနောက် နှစ်သိမ့်ပေးမည့် အကြံအစည်ကို လက်လျှော့်လိုက်လေသည်။ ရန်ကိုင်၏ မျက်နှာသည် ယုံကြည်ချက် ရှိနေသည့် ပုံစံမျိုးပင်။
အသာအယာ ခေါင်းခါလျက် ဇုန်းအောင်က ပြုံးကာ မေးလိုက်သည် “အဖြေရှာတွေ့သွားပြီလား”
“မတွေ့ဘူး” ရန်ကိုင်က ပြန်ပြောသည်။
“အဖြေမတွေ့ရင် ဘာလို့ ပျော်နေတာလဲ” ဇုန်းအောင် နားမလည်နိုင် ဖြစ်သွားသည်။
“အဖြေမတွေ့ရင် ပျော်လို့ မရဘူးလား” ရန်ကိုင် ပြန်မေးလေသည် “အဖြေမတွေ့ပေမယ့် အောင်မြင်မယ်လို့တော့ ထင်တာပဲ”
“ဘာလို့လဲ” ဇုန်းအောင် လုံးဝကို ခေါင်းခြောက်နေလေပြီ။ ရန်ကိုင်၏ နက်နဲသော စကားလုံးများကို အိုမင်းနေပြီ ဖြစ်သော သူ့အသိဥာဏ်မှ လိုက်မမှီနိုင်အောင် ဖြစ်နေခဲ့သည်။ နည်းလမ်း ရှာမတွေံလျှင် ဘာကြောင့် ပျော်နေသနည်း။ သေရမည်ကို ပျော်သည့်လူ ဤလောကကြီးတွင် အမှန်တကယ် ရှိလေသလော။ ရန်ကိုင်၏ လက်မောင်းကို ဖမ်းကိုင်လိုက်ပြီး ဇုန်းအောင်က အော်မေးလိုက်သည် “ရှင်ရှင်းပြောစမ်း”
“ပြောလို့ရှင်းမှာ မဟုတ်ဘူး။ ဒီတစ်ကြိမ် ဆေးတိမ်တိုက်ပါတဲ့ ဆေးလုံးကို ဖော်စပ်နိုင်၊ မဖော်စပ်နိုင် ဆိုတာကိုပဲ စောင့်ကြည့်နေ” ရန်ကိုင်က ဇုန်းအောင်လက်မှ ရုန်းထွက်လိုက်ပြီး သူ့အင်္ကျီကို သပ်ရပ်အောင် လုပ်လိုက်သည်။
ဇုန်းအောင်လည်း ဘာမှမပြောတော့ဘဲ သူ့အရှိန်အဝါကို ရုတ်သိမ်း၍ ရန်ကိုင်၏ နောက်တွင် သွားရပ်နေလိုက်သည်။
ဇုန်းအောင် အမှန်တကယ် သိချင်နေသည်ကား ရန်ကိုင်နှင့် ထိုမိန်းကလေး၏ အသက်သည် ဝိဥာဉ်ချိန်းကြိုးနှင့် ချိတ်ဆက်ထားသည်မှာ အမှန်ဖြစ်သည်ဆိုပါက ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းဆီ သွားပြီး ထိုနေရာမှ ဂုဏ်သရေရှိ ဧည့်သည့်အကြီးအကဲကို ထိုပညာရပ်အား ဖယ်ရှားပေးရန် ဘာကြောင့် သွားမတောင်းဆိုသလဲ ဆိုသည်ကိုပင်။ ထိုသို့ဆိုလျှင် ထိုမိန်းကလေး သေသွားလျှင် သူသေလိမ့်မည် မဟုတ်ချေ။
အခုနေ သွားလျှင်ပင် အချိန်မှီနိုင်ပေသေးသည်။
သို့သော်လည်း ရန်ကိုင်က ထိုကဲ့သို့ မလုပ်မှဖြင့် သူ့တွင် အကြောင်းပြချက်တစ်ခုခု ရှိရမည်မှန်း ဇုန်းအောင် သိသည်။ ရေလကြယ်သို့ သွားလို့ အဆင်မပြောသည့် အတွက်ကြောင့်လည်း ဖြစ်နိုင်လောက်သည်။ ထို့ကြောင့် ဇုန်းအောင်လည်း ထိုကိစ္စကို ဂရုစိုက်မနေတော့ချေ။
ဇုန်းအောင်က ထိုအကြောင်းကို စဉ်းစားနေစဉ် ရန်ကိုင်က သူသုံးနေကျ ဆေးမီးဖိုရှေ့ တင်ပလင်ခွေ ထိုင်ချလိုက်သည်။
ထို့နောက် ရန်ကိုင်သည် သူ့သိုလှောင်လက်စွပ်ထဲမှ ဟလိခ ပို့ပေးထားသော လောင်ကျွမ်းမီးတောက်ဆေးလုံးအတွက် လိုအပ်သော ဆေးအမယ်နှစ်ရာကျော်အား ထုတ်လိုက်သည်ကို မြင်လိုက်သည်။
ထိုဆေးအမယ်နှစ်ရာကျော်ကို ထုတ်လိုက်ပြီးနောက် ထိုထဲမှ ဆေးအမယ်တစ်စုံစာကို ထုတ်ယူလိုက်သည်။
ထို့နောက် ရန်ကိုင်သည် ကျန်သည့် ဆေးအမယ်များအား နတ်ဆိုးမီးတောက်ကို သုံးလျက် မီးလောင်ပြာချပစ်လိုက်သည်။ ရန်ကိုင်၏ လုပ်ရပ်ကြောင့် ဇုန်းအောင် မျက်လုံးပြူးသွားသည်။ ထိုကဲ့သို့ ရူးသွပ်သည့် လုပ်ရပ်မျိုး ရန်ကိုင် လုပ်လိမ့်မည်ဟု ဇုန်းအောင် မထင်ထားခဲ့ချေ။
ကိုယ့်ဖောင်ကိုယ်ဖျက်တာလား
ထိုကောင်လေးသည် ဆေးအမယ်တစ်စုံစာကိုသာ ချန်ထားပြီး ကျန်သည့် ဆေးပင်အားလုံးကို မီးရှို့ပစ်လိုက်သည်။ ယခု သူ့တွင် အခွင့်အရေး တစ်ကြိမ်သာ ရှိပေတော့သည်။ ထိုတစ်ကြိမ်သည် သူသေမလား၊ ရှင်မလား ဆိုသည်ကို အဆုံးအဖြတ် ပေးပေလိမ့်မည်။
ဖိအားသုံး၍ အကန့်အသတ်ကို ချိုးဖျက်ချင်နေခြင်းလား။ သူ့တွင် ရှိရှိသမျှ အလားအလာ အားလုံးကို ထွက်ပေါ်လာအောင် လုပ်ချင်နေခြင်းလား။
ဇုန်းအောင် ခေါင်းသာ ခါလိုက်သည်။ သူ့မျက်နှာထက် စိတ်ပျက်မှုတို့ ထွက်ပေါ်လာခဲ့သည်။ ကျင့်ကြံရေးလောကရှိ ကျင့်ကြံသူများအတွက်မူ ထိုနည်းလမ်းသည် တကယ်ကို အကျိုးသက်ရောက်မှုရှိသည့် နည်းလမ်းတစ်ခု ဖြစ်သော်ငြား ဆေးပညာဘက်တွင် လာသုံးလျှင်တော့ မှားသွားပေမည်။
ကိုယ့်ဖောင်ကိုယ်ဖျက်လျှင် ရလာမည့်ဖိအားသည် ယခင်ကထက် အဆပေါင်းထောင်နှင့်ချီမက များပြားလာပေလိမ့်မည်။ သို့သော် ဆေးဖော်စပ်ရာအတွင် အလိုအပ်သည်ဆုံး တည်ငြိမ်သော စိတ်အခြေအနေကို ရှိထားရန်ဖြစ်သည်။ စိတ်မတည်ငြိမ်ဘဲ သွေးရူးသွေးတန်းဖြင့် ဆေးဖော်စပ်မည် ဆိုပါက ကိုယ်လိုချင်သော ဆေးလုံးကို ရလိမ့်မည် မဟုတ်ချေ။
ရန်ကိုင်သည် ဘုရင့်နောင်ဖောက်ဖျက်သည့် နည်းလမ်းကို သုံးချင်သည် ဆိုပါက ဆေးသွေးကြောပါသည့် ဆေးလုံးကိုပင် ဖော်စပ်နိုင်မည် မဟုတ်ဟု ဇုန်းအောင် တွေးလိုက်သည်။
စိတ်ပျက်ပျက်နှင့် ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ရာ ရန်ကိုင်၏ အမူအရာ နည်းနည်းလေးမှ ပြောင်းလဲသွားခြင်း မရှိသည်ကို တွေ့လိုက်ရလေသည်။ ရန်ကိုင်သည် အေးအေးဆေးဆေးပင် ရှိနေဆဲ။ သူ့မျက်နှာထက်ရှိ ယုံကြည်မှုတို့သည် စိုးစဉ်းမျှ လျော့ကျသွားခြင်းမရှိ။ ပို၍ပင် အားကောင်းလာနေသည်။
ရန်ကိုင်သည် ယခုတစ်ကြိမ်၌ မည်သို့မှ ရှုံးနိမ့်လိမ့်မည်ဟု မဟုတ်ဟု တွေးနေခြင်းဖြစ်သည်။ ဇုန်းအောင်လည်း ခေါင်းစားသွားရသည်။
ထိုကောင်လေးသည် ယခုတစ်ကြိမ်၌ ဆေးတိမ်တိုက်ပါသော လောင်ကျွမ်းမီးတောက် ဆေးလုံးကို ဖော်စပ်နိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်နေလေသလော။ ထိုယုံကြည်ချက်သည် မည်သည့်နေရာမှ လာသနည်း။
ဇုန်းအောင်သည် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်လျက် ရန်ကိုင်၏ လှုပ်ရှားမှုများကို အသေအချာ ဂရုထားစိုက်ကြည့်နေခဲ့သည်။
ယခင်လောင်ကျွမ်းမီးတောက် ဆေးလုံးများကို ဖော်စပ်စဉ်ကကဲ့သို့ ရန်ကိုင်သည် အဆင့်တိုင်းကို သေသေချာချာ အသေးစိတ် လုပ်သွားခဲ့သည်။ စိတ်ဝိဥာဉ်အစီအရင်များကိုခင်းကျင်း၊ ဆေးအရည်များကိုသိပ်သည်း၊ အမျိုးမျိုးသော ဆေးပင်များကို အချိန်ကွက်တိ ဖြစ်လောက်မည့် အချိန်တွင် တန်းထည့်၊ စိတ်ဝိဥာဉ်အစီအရင်များကို ပြောင်းလဲ…
ရန်ကိုင်သည် ယခင်ခြောက်လက လုပ်ခဲ့သလိုမျိုး လုပ်နေခဲ့သည်။ သို့သော် ယခု သူလုပ်နေသည့် ပုံစံသည် ယခင်ခြောက်လက လုပ်ခဲ့သည့် ပုံစံနှင့် သိပ်မတူဟု ဇုန်းအောင် ခံစားနေမိသည်။ ယခု သူလုပ်နေသည့်ပုံစံသည် သူ့အား သစ်လွင်လန်းဆန်းသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
ရန်ကိုင်၏ ကျွမ်းကျင်လှသော စွမ်းဆောင်ရည်ကြောင့်လားမသိ၊ ဇုန်းအောင်ပါ ရန်ကိုင်သည် ယခုတစ်ကြိမ်၌ ဆေးတိမ်တိုက်ပါသော ဆေးလုံးကို ဖော်စပ်နိုင်မည်ဟု ယုံကြည်လာခဲ့သည်။ ရန်ကိုင်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေရင်း ဇုန်းအောင်၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာခဲ့သည်။
အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့သည် ဇုန်းအောင်လည်း ရင်တထိတ်ထိတ် ဖြစ်လာနေခဲ့သည်။ စိတ်လှုပ်ရှားလွန်းလှသဖြင့် လက်သီးကိုပင် ခပ်တင်းတင်း ဆုပ်ထားမိနေသည်။ ရလဒ်ကို သိရဖို့ရာ မစောင့်နိုင်တော့သဖြင့် အနာဂတ်ဆီသို့သာ ခုန်ကျော်ပြီး နောက်ဆုံးရလဒ်ကို ကြည့်ချင်မိတော့သည်။
ဘေးလူဖြစ်သော ဇုန်းအောင်မှာ ရင်တမမ ဖင်တကြွကြွ ဖြစ်နေသော်လည်း ကာယကံရှင်ဖြစ်သော ရန်ကိုင်မှာမူ အေးအေးဆေးဆေးသာ ရှိနေခဲ့သည်။ ဆေးမီးဖိုထဲရှိ ဆေးအရည်များမှအပ လက်ရှိ သူ့လောကထဲ အခြား မည်သည့်အရာမှ ရှိနေသည့်ပုံမပေါ်။
သူတော်စင်အဆင့် ကျင့်ကြံသူအနေဖြင့် မျက်လုံးပြာမီးနဂါးကို အနိုင်ယူနိုင်ခဲ့ခြင်းမှာ သူ့ခွန်အားသည် မျက်လုံးပြာမီးနဂါးထက် ပိုမြင့်သည့်အတွက်ကြောင့် မဟုတ်ဘဲ ခိုင်မာသာ ဆုံးဖြတ်ချက် ကြောင့်သာ ဖြစ်သည်။ ထိုတိုက်ပွဲကို သူနိုင်ကိုနိုင်ရမည်ဟု စိတ်က ဆုံးဖြတ်ထားသောကြောင့် ဖြစ်သည်။ မနိုင်လျှင် သူသေပေမည်။
ထို့ကြောင့် သူနိုင်ခဲ့သည်။ နိုင်ခဲ့သော်ငြား အဆုံးတွင် မျက်လုံးပြာ မီးနဂါးနှင့်အတူ ပျောက်ကွယ်သွားခဲ့ရသေးသည်။
ထိုတိုက်ပွဲကြောင့် ရန်ကိုင် နည်းလမ်းအသစ် ရသွားခဲ့ရသဖြင့် ထိုလူ၏ အသက်ကို ကယ်ခဲ့ခြင်းဖြစ်သည်။
ယခင်ခြောက်လအတောအတွင်း အဆက်မပြတ် ဆေးဖော်စပ်ခဲ့သည်။ သို့သော် ဆေးတိမ်တိုက်ပါသော ဆေးလုံးကို မည်သို့မှ မဖော်စပ်နိုင်ခဲ့ချေ။ မအောင်မြင်ပါ များလာရသော် သူထမ်းပိုးထားရသည့် ဖိအားသည် အဆမတန် များပြားလာခဲ့သည်။ ထို့ကြောင့် ဒီတစ်ကြိမ်လည်း မအောင်မြင်ရင် ဆိုပြီး တွေးပူလာခဲ့ရသည်။ ထိုရင်ပူစေသည့် အတွေးများကြောင့် ဆေးတိမ်တိုက်ပါသော ဆေးလုံးကို ဖော်စပ်ရန်မှာ ရန်ကိုင်အတွက် အိမ်မက်သက်သက် တစ်ခုသာ ဖြစ်လာခဲ့ရသည်။
သို့သော် လက်ရှိတွင် သူ့၌ ထိုကဲ့သို့ အတွေးများ မရှိတော့ချေ။
ဆေးအမယ်တစ်စုံစာမှလွဲ၍ ကျန်ဆေးပင် အားလုံးကို မီးရှို့ပစ်လိုက်ရခြင်းသည် ချောင်ပိတ်မိသည့် အခြေအနေထဲ သူ့ကိုယ်သူ အရောက်ပို့လိုက်လိုက်သည့် အတွက်ကြောင့် မဟုတ်ဘဲ သူ့ကိုယ်ပိုင်ယုံကြည်မှုကို တိုးမြှင့်လိုသည့် အတွက်ကြောင့်သာ ဖြစ်သည်။
လက်ရှိအကြိမ်နှင့် ပက်သက်၍ သူ့ယုံကြည်မှုသည် နည်းနည်းလေးမျှ ယိမ်းယိုင်မသွား၊ ပို၍ပင် ခိုင်မြဲလာသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၇၃) မမြဲသောသဘောတရား
အခန်းထဲ၊ ဆေးရည်ပွက်သံတို့ကိုသာ ကြားနေခဲ့ရသည်။ ဇုန်းအောင်သည် ရန်ကိုင်၏ လှုပ်ရှားမှုများကို မျက်တောင် မခတ်တမ်း စိုက်ကြည်နေခဲ့သည်။ သူ့ကြောင့် ရန်ကိုင် အနှောင့်အယှတ် ဖြစ်သွားမည် စိုးသဖြင့် အသက်ရှူသံနှင့် နှလုံးခုန်သံကိုပင် ဖိနှိပ်ထားခဲ့သည်။
လမ်းတစ်ဝက်သို့ ရောက်သည့်အခါ အမျိုးမျိုးသော ဆေးအရည်များ ပေါင်းစပ်သွားခဲ့ပြီး မြောက်များလှစွာသော စိတ်ဝိဥာဉ် အစီအရင်များသည် အံ့အားသင့်ဖွယ် ပြောင်းလဲကုန်ကြလေသည်။ ဇုန်းအောင် စိတ်ထဲ ခံစားချက်တစ်ခု ရနေသည်။ ယခုတစ်ကြိမ် ရန်ကိုင် ဖော်စပ်လိုက်သည့် ဆေးလုံးသည် အနည်းဆုံး ဆေးသွေးကြော ပါရှိပေလိမ့်မည်။
ဇုန်းအောင်စိတ်ထဲ ထိုကဲ့သို့ တစ်ခါမှ မခံစားဖူခဲ့။ ရန်ကိုင် ဆေးဖော်စပ်သည်ကို တစ်နှစ်ကြာမျှ လေ့လာနေခဲ့သည်။ ထိုအတောအတွင်း ရန်ကိုင်သည် ဆေးသွေးကြောပါသော ဆေးလုံးများကို ဖော်စပ်နိုင်သော်ငြား သာမန်ဆေးလုံးများကို ဖော်စပ်နိုင်ခဲ့သည်မှ ပိုများသည်။ ရန်ကိုင် ဆေးလုံးဖော်စပ်သည့် အချိန်တိုင်းတွင်လည်း ဒီတစ်ကြိမ် ဒီကောင် ဆေးသွေးကြောပါတဲ့ ဆေးလုံးကို ဖော်စပ်နိုင်လိမ့်မယ်ဟု တစ်ခါမှ မခံစားရဖူးခဲ့။ ယခုတစ်ကြိမ်မှသာ ခံစားဖူးခြင်းဖြစ်သည်။
ဘာကြောင့် ထိုခံစားချက်ကို ရလိုက်ရသနည်း။ ဇုန်းအောင် ထိတ်လန့်သွားခဲ့ပြီး ရန်ကိုင်၏ လှုပ်ရှားမှုအလုံးစုံကို တစ်ချက်ကလေးပင် လွဲမသွားရလေအောင် ပို၍ အာရုံစိုက် လေ့လာလိုက်သည်။
သို့သော်လည်း သူပြောနိုင်သလောက်အရဆိုလျှင် ရန်ကိုင်၏ လှုပ်ရှားမှုများသည် ယခင်အတိုင်းသာ ရှိနေသေးသည်။ သူသုံးသွားသည့် စိတ်ဝိဥာဉ်အစီအရင်များလည်း ယခင်အတိုင်းပင်။ ရန်ကိုင် နောက်ဆက်လုပ်မည့် အရာများကို ဇုန်းအောင် အနေဖြင့် မျက်လုံးမှိတ်ပြီးပင် ပြောနိုင်သည်။ ဆေးဖော်စပ်သည့် ဖြစ်စဉ်သည် ယခင်ကနှင့် စိုးစဉ်းမျှပင် ကွားခြားသွားမှ မရှိလေဘဲ။
ကွာခြားချက်တစ်ခုတော့ ရှိသည်။ ထိုသည်မှာ ရန်ကိုင်၏ အရှိန်အဝါပင်။ ရန်ကိုင်၏ လက်ရှိ အရှိန်အဝါသည် ယုံကြည်ချက်တို့ဖြင့် ပြည့်လျှမ်းနေသည်။
ထိုအရှိန်အဝါကြောင့်ပင် ယခုတစ်ကြိမ်၌ ရန်ကိုင်သည် ဆေးသွေးကြောပါသော ဆေးလုံးကို ဖော်စပ်နိုင်မည်ဟု ဇုန်းအောင်စိတ်ထဲ အလိုလို တွေးမိလိုက်ခြင်း ဖြစ်သည်။
ဆေးတိမ်တိုက်ကော မဖန်တီးနိုင်ပေဘူးလော။ အောင်မြင်နိုင်ချေ ရှိပေသည်။ ထို့ကြောင့် နောက်ဆုံးရလဒ် မည်ကဲ့သို့ ဖြစ်သွားမလဲ ဆိုသည်ကို ဇုန်းအောင် မစောင့်ချင်တော့လောက်အောင် သိချင်နေမိလေပြီ။
ရန်ကိုင်ကို ဇုန်းအောင် လေးစားမိသည်။ အကြောင်းမှာ သူသာ ရန်ကိုင် နေရာတွင်ဆိုပါက တွေးပူစရာ ကိစ္စများကြောင့် စိတ်လေးလံ၊ စိတ်ပိပြီး မည်သို့မှ အာရုံစိုက်နိုင်တော့မည် မဟုတ်သောကြောင့်ပင်။ ထိုသို့ ဖြစ်သွားသည်နှင့် သူဖော်စပ်သည့် ဆေးလုံးသည်လည်း လုံးဝ ကျရှုံးသွားရပေလိမ့်မည်။
သို့သော်လည်း ရန်ကိုင်ကမူ အေးအေးဆေးဆေးသာ ရှိနေဆဲ။ သူ့တွင် မည်သည့် ပူပန်ကြောင့်ကြစိုးရိမ်စရာမှ ရှိမနေသည့်အလား။ ပေါ့ပေါ့ပါးပါးဖြင့်သာ အစွမ်းကုန်ထုတ်သုံး၍ ဆေးဖော်စပ်နေသည်။
အချိန်ကြာလာသည်နှင့် ဖုန်းအောင် ပို၍ ဖင်ဂနာမငြိမ် ဖြစ်လာသည်။
အခန်းထဲ ဆေးသင်းရနံ့လေးတို့ စတင် ပျံ့လွင့်လာခဲ့သည်။ ဆေးလုံး ဖြစ်ပေါ်တော့မည့် လက္ခဏာပင်။
ရန်ကိုင်၏ အမူအရာသည်လည်း ပို၍ လေးနက်တည်ကြည်လာခဲ့ပြီ။ ဆေးလုံးတစ်လုံး ဖြစ်ပေါ်ခါနီးတိုင်း ရန်ကိုင် အလွန်တရာကိုမှ သတိထားသည်။ ယခုအကြိမ်လည်း အတူတူပင်။ ရန်ကိုင်၏ စိတ်နှင့် နှလုံးသားသည် အနှောင့်အယှတ် အလုံးစုံ ကင်းရှင်းပြီး လုံးဝကို ကြည်လင်နေခဲ့သည်။ ဖြစ်ပေါ်လာတော့မည့် ဆေးလုံးနှင့် သူ့ရေရှိ ဆေးမီးဖိုကိုပင် မေ့လျော့နေခဲ့သည်။
ဆေးတိမ်တိုက်ပါသော သူရှာတွေ့ခဲ့သည့် ဆေးလုံးအကြောင်းကို ရန်ကိုင် ရုတ်တရက် ပြန်စဉ်းစားမိလို်ကသည်။
ထိုဆေးလုံးကို ရေအောက်ထဲရှိ ရှေးဟောင်းအပျက်အစီးနယ်မြေ၌ သူတော်စင်မ အန်လင်းအာနှင့်အတူ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ထိုဆေးလုံးကို မျိုချလိုက်သဖြင့် တစ်ကိုယ်လုံး ပေါက်ကွဲခါနီး ဖြစ်သွားခဲ့ရသည်။ သို့သော် ငါးရောင်ခြယ် ဝိဥာဉ်ကြာပန်းသည် ထိုဆေးစွမ်းအင်များကို စုပ်ယူပြီး ခြောက်ရောင်ခြယ် ဝိဥာဉ် ကြာပန်းအဖြစ် အဆင့်တက်သွားဖြင့် သူလည်း သေကံမရောက် အသက်မပျောက် ခဲ့ရချေ။ ဆေးလုံးကို မမျိုချခင် ထိုဆေးလုံးကို အသေအချာ လေ့လာကြည့်ခဲ့သည်။
လက်ရှိအချိန်၌ မှတ်ဥာဏ်ပေါင်းစုံတို့ကို ရန်ကိုင် ပြန်လည် မြင်ယောင်မိလာပြီး အဓိကအချက်ကို ဝိုးတဝါးတား ဖမ်းဆုပ်မိလိုက်သည်။ သူ့မြင်ကွင်းကို ဖုံးကာထားသော တိမ်စိုင်တိမ်တိုက်များ လွင့်ပါးသွားပြီး တောက်ပသော လင်းရောင်ခြည်တို့က အစားထိုး ဝင်ရောက်လာခဲ့သည်။
နောက်ဆုံး စိတ်ဝိဥာဉ်အစီအရင်ကိုး ရေးဆွဲပြီး ဆေးမီးဖိုထဲ ပို့လိုက်သည့်အခါ ရန်ကိုင်၏ တေဇောဓါတ်အသိစိတ်ပင်လယ်မှ စိတ်စွမ်းအင်တို့ ပေါက်ကွဲထွက်လာပြီး မပြီးပြတ်သေးသော စိတ်ဝိဥာဉ်အစီအရင်ကို အပြည့်အဝ ရေးထွင်းပစ်လိုက်သည်။
ရုတ်တရက် သူ့ကိုယ်ထဲတွင် ရှိနေသော ရေကာတာများ ကျိုးပျက်သွားသည့်အလား သူတော်စင်ချီနှင့် စိတ်စွမ်းအင်တို့ တရဟော လျှံထွက်လာခဲ့သည်။။ သွေးကြောနှင့် ဒန်တန်တစ်ခုလုံး ပြောင်တလင်းခါသွားပြီး အသိစိတ်ပင်လယ်သည်လည်း တစ်မုဟုတ်ချည်း ခမ်းခြောက်သွားရသည်။
ရန်ကိုင်၏ အမြင်အာရုံ မှိတ်ကျသွားခဲ့ပြီး အချိန်မရွေး သတိလစ်သွားတော့မလို ခံစားလိုက်ရသည်။ သူ့အသက်စွမ်းအင် ဆွဲထုတ်ခံနေရပြီး အချိန်မရွေး သေသွားနိုင်သည့် အခြေအနေထဲ ရောက်နေသလို ခံစားလိုက်ရသည်။
အားကောင်းလွန်းလှသော ဆေးသင်းရနံ့ ဆေးမီးဖိုမှ ထွက်ပေါ်လာသည်။ ထိုဆေးရနံ့သည် ယခင် ရန်ကိုင် ဖော်စပ်ထားသော လောင်ကျွမ်းမီးတောက်ဆေးလုံး (၁၈၀၀)ကျော်၏ ဆေးရနံ့ကိုပင် လွှမ်းမိုးသွားခဲ့သည်။
ဆေးမီးဖိုထဲမှ ကြည်လည်ချိုသာသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ တောင့်တောင့်ကြီး ထိုင်နေသည့် ရန်ကိုင်၏ မျက်နှာ အပြုံးကြီး ပြုံးဖြီးသွားခဲ့သည်။
ဇုန်းအောင်သည်လည်း သူ့နှလုံး လည်ချောင်းမှ ခုန်ထွက်မတတ် စိတ်လှုပ်ရှားနေခဲ့သည်။ ရန်ကိုင်၏ ဆေးမီးဖိုထဲ ဖြစ်ပေါ်နေသော ဆေးလုံး၏ တစ်မူထူးခြားမှုကို သူမမြင်ဘဲ ဘယ်နေမည်နည်း။
ရန်ကိုင် အောင်မြင်သွားပြီဟု သူထင်သည်။ ခဏလောက် စောင့်နေသော်ငြား ရန်ကိုင်က တောင့်တောင်ကြီး ထိုင်နေသေး၏။
စကားနည်းနည်းလောက် ပြောလိုက်သော်ငြား ရန်ကိုင်ဆီမှ မည်သည့် တုန်ပြန်မှုမှ မရရှိခဲ့။ နည်းနည်းလောက် ဆူညံညံ လုပ်လိုက်သည့်တိုင် မည်သည့် တုန်ပြန်မှုမှ မရရှိသဖြင့် သတိထားလျက် ရှေ့တိုးသွားလိုက်ပြီး ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရလေသည်။
ရန်ကိုင်သည် အလွန်တရာကိုမှ အားကောင်းလှသည့် ရန်သူ တစ်ယောက်ကို တိုက်ခိုက်ခဲ့ရသည့်နှယ် သူ့မျက်နှာသည် စက္ကူဖြူတစ်ရွက်နှယ် ဖြူဖွေးစွတ်နေခဲ့သည်။ သူ့အရှိန်အဝါသည် ပရမ်းပတာ ဖြစ်နေပြီး အသက်စွမ်းအင်ဟာ ဆိုလျှင်လည်း အလွန်ကိုမှ အားနည်းနေခဲ့သည်…
မျက်လုံးများကို ပိတ်ထားခဲ့ပြီး သတိလစ်နေခဲ့သည်။ သို့သော် အနည်းဆုံး သူမသေသေးချေ။ ရန်ကိုင်သာ ရက်နည်းနည်းလောက် အနားယူလိုက်သည်နှင့် ပြန်ကောင်းလာပေလိမ့်မည်။
ထို့နောက် ဇုန်းအောင်သည် ရန်ကိုင်ကို လျစ်လျူရှုလျက် ကတုန်ကရင်ဖြင့် ဆေးမီးဖိုအဖုံးကို ဖွင့်လိုက်ရာ ဆေးလုံးတစ်လုံး ပျံထွက်လာပြီး အသင့်ပြင်ထားသည့် ကျောက်စိမ်းပုလင်းထဲ ဝင်သွားခဲ့လေသည်။
အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ကျောက်စိမ်းပုလင်းထဲသို့ ဇုန်းအောင် ငုံကြည့်လိုက်သည်။ သို့သော် မြင်လိုက်ရသည့် အရာကြောင်း သူအကြီးအကျယ် စိတ်ပျက်သွားခဲ့ရသည်။ ထိုလောင်ကျွမ်းမီးတောက် ဆေးလုံးတွင် ဆေးတိမ်တိုက် ရှိရန် မဆိုထားနှင့် ဆေးသွေးကြောပင် ရှိမနေခဲ့ချေ။
သူကျရှုံးသွးတာလား ဇုန်းအောင်၏ အမူအရာ ရှုပ်ထွေးနေခဲ့သည်။ အစောပိုင်းမှ အဖြစ်အပျက်အရ ရန်ကိုင် ဖော်စပ်လိုက်သော ဆေးလုံးသည် လုံးဝ ကျရှုံးစရာ အကြောင်းမရှိချေ။ သို့သော်လည်း နောက်ဆုံးရလဒ်သည် ထင်ထားသည်နှင့် ဘာကြောင့် တလွဲစီ ဖြစ်နေရသနည်း။
ရန်ကိုင် နိုးလာပြီး သူဖော်စပ်ထားသည့် ဆေးလုံးသည် အနည်းဆုံး ဆေးသွေးကြောပင် မပါသည်ကို သိလိုက်ရသည့်အခါ ယခုကဲ့သို့ နောက်တစ်ကြိမ် ထပ်သတိလစ်သွားနိုင်ပေသည်။ ဇုန်းအောင် သက်ပြင်းအမောကြီး ချလိုက်သည်။
သူသည် နှစ်ပေါင်းများစွာ အသက်ရှင်လာခဲ့သည့်လူ ဖြစ်သည်။ တစ်ခါတစ်ရံ မျှော်လင့်ချက်နှင့် လက်တွေ့သည် ဟိုဘက်ကမ်းနှင့် သည်ဘက်ကမ်းကဲ့သို့ တခြားစီ ဖြစ်နေသည်ကို တွေ့လိုက်ရသည့် အခါ ကံကြမ္မာက ငါ့အပေါ် ဘာကြောင့် ဒီလောက် ရက်စက်ရတာလဲ ဟုဆိုလျက် အကြီးအကျယ် စိတ်ဓါတ်ကျခဲ့ဖူးသည်။
ရန်ကိုင်သည် လူငယ်လေးတစ်ယောက်သာ ရှိသေးသည်။ ထို့ကြောင့် သူ့အနေဖြင့် ဤကဲ့သို့သော အဖြစ်အပျက်များနှင့် ထပ်တလဲလဲ ကြုံရသည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် ဆေးတိမ်တိုက် ပါသော ဆေးလုံးကိုလည်း မသန့်စင်နိုင်တော့လေရာ ရေလကြယ်သို့ သွားပြီး အကူအညီ သွားတောင်းရုံသာ ရှိတော့သည်။ ထိုသို့ မလုပ်ဘူးဆိုပါက သူကျိန်းသေ သေ၇ပေလိမ့်မည်။
ဇုန်းအောင် စိတ်ဓါတ်ကျမိသွားသည်။ ယခင်နှစ်အတွင်း ရန်ကိုင်သည် ဆေးပညာအရာ၌ အလွန်ကိုမှ ပါရမီရှိလှသော လူတစ်ယောက်မှန်း ဇုန်းအောင် နားလည်ခဲ့သည်။ ထို့ကြောင့် သူကဲ့သို့ ပါရမီရှင်တစ်ယောက်ကို ဤမျှ အသက်ငယ်ငယ်နှင့် သေမသွားစေချင်ချေ။ ရန်ကိုင် နိုးလာသည်နှင့် သူ့အား ရေလကြယ်ဆီသို့ သွားအကူအညီ တောင်းခိုင်းရန် မည်ကဲ့သို့ တိုက်တွန်းလျှင် ကောင်းမလဲဟုပင် စတင် စဉ်းစားလေသည်။
ထိုအကြောင်းကို စဉ်းစားနေစဉ် ဇုန်းအောင်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ပတ်းဝန်းကျင်ရှိ မိုးမြေစွမ်းအင်စီးကြောင်း တစ်မျိုးတစ်ဖုံး ထူးဆန်းနေသည်ကို ဇုန်းအောင် သတိပြုမိလိုက်သည်။ ကောင်းကင် စိတ်အာရုံကို ထုတ်လွှတ်လိုက်ကြည်ပြီးနောက် ဇုန်းအောင် သွေးပျက်မတတ်အော်သံဖြင့် ထအော်လေသည်။
ဘာကြောင့်မှန်းမသိ၊ မြောက်မြားလှစွာသော မိုးမြေစွမ်းအင်တို့သည် ဤနေရာဆီသို့ စုဝေးလာနေကြသည်။ မိုးမြေစွမ်းအင် စုဝေးနှုန်းသည် ရန်ကိုင်မှ ဟလိခတိုပေးသော ရတနာများကို အသုံးပြုပြီး ကျင့်ကြံနေစဉ်ကထက်ပင် ပိုပြင်းနေသေးသည်။ မသိလျှင် ဧရာမနဂါးတစ်ကောင်သည် ကောင်းကင်ပေါ်မှာ သူ့ခေါင်းတည့်တည့်သို့ ခုန်ဆင်းလာတော့မလို။
ပြင်းထန်လှသော ဆွဲငင်အားတစ်ရပ် ဇုန်းအောင်လက်ထဲရှိ ကျောက်စိမ်းပုလင်းထဲ ထွက်ပေါ်လာခဲ့သည်။ ယခုလေးတင် ဆေးမီးဖိုထဲမှ ထွက်လာသော ဆေးလုံးသည် အသက်ဝင်လာပြီး ကျောက်စိမ်းပုလင်းထဲမှ ထွက်ချင်နေသည့်အလား ပုလင်းနံရံကို အဆက်မပြတ် ဝင်တိုက်နေလေသည်။
အထက်ကောင်းကင်ယံထက် စုဝေးနေသော မိုးမြေစွမ်းအင်တို့သည် ဇုန်းအောင် နှစ်ပေါင်းတစ်ရာကျော်တိုင်တိုင် နေလာခဲ့သော နေရာဆီသို့ တစ်ဟုန်ထိုး ထိုးဆင်းလာခဲ့သည်။
ဘုန်းဆိုသော မြည်သံနှင့်အတူ နန်းတော်တစ်ဝက် ပြိုကျသွားပြီး အမျိုးမျိုးသော အပျက်အစီးစများ လွင့်စင်ထွက်လာခဲ့လေသည်။ မိုးမြေစွမ်းအင်များသည် ရေတံခွန်းမှ စီးဆင်နေသော ရေများနှယ် ကျောက်စိမ်းပုလင်းထဲသို့ စီးဝင်သွားခဲ့ရာ ပုလင်းလည်း ချက်ချင်းဆိုသလို အမှုန့်ဖြစ်သွားခဲ့ရသည်။
လောင်ကျွမ်းမီးတောက် ဆေးလုံးကို ဆေးလုံးသေးသေးလေးမှ ထိုမျှ များပြားလှသော မိုးမြေစွမ်းအင်များကို အဆုံးမရှိသော တွင်းနက် တစ်ခုနှယ် စုပ်ယူနေသည်ကိုကြည့်ရင်း ဇုန်းအောင် မျက်လုံး ပြူးသွားရသည်။
တဝှီဝှီ တိုက်ခတ်နေသော လေသံနှင့် မုန်တိုင်းသဖွယ် ဖြစ်နေသော ဖုန်များကြောင့် ဇုန်းအောင်ဖို့ ဘာကိုမှ မြင်လည်း မမြင်နိုင်၊ ကြားလည်း မကြားနိုင် ဖြစ်နေခဲ့လေသည်။ မုန်တိုင်းကြားမှ သူတယုတယ စိုက်ပျိုးခဲ့ရသည့် ရှားပါးဆေးပင်များနှင့် မိုင်သုံးထောင် ကျယ်ဝန်းသော ဆေးဥယျာဉ်ကြီး တစ်စစီဖြစ်ကာ ပျက်စီးသွားသည်ကို မြင်လိုက်ရသည်။
သူ့မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့ပြီး နာကျင်မှုကြောင့် နှလုံးသွေးတို့ ယိုစီးကျလာခဲ့ရလေပြီ။
ထိုဆေးပင်များကို ပြုစုပျိုးထောင်ရန်အတွက် သူ၏ သွေး၊ ချွေး အားလုံးကို စတေးခဲ့ရသည်။ သိုသော်လည်း မိုးမြေစွမ်းအင် မုန်တိုင်းသည် သူ၏ အဖိုးတန် ဆေးဥယျာဉ်လေးကို ရစရာမရှိအောင် ဖျက်စီးသွားခဲ့လေပြီ။
“ငိုးပဲ” ဇုန်းအောင်၏ ပါးရေတွန့်နေသည့် မျက်နှာ ဒေါသကြောင့် ရှုံ့မဲ့နေခဲ့သည်။ အဆက်မပြတ်လည်း အော်ဟစ်နေလေသည်။ သူ့လက်ကို အဆက်မပြတ် ဝှေ့ရမ်း၍ လေကြမ်းများကို တားဆီးရန် ကြိုးစားလိုက်ပါသော်လည်း တားဆီးခြင်းငှာ မစွမ်းနိုင်ခဲ့ချေ။
နာရီဝက်ကြာပြီးနောက် မုန်တိုင်း ငြိမ်သွားခဲ့သည်။
ပျက်စီးနေသော နံရံများကြား ရန်ကိုင်သည် တင်ပလင်ခွေ ထိုင်နေဆဲ။ ဆေးမီးဖိုများသည်လည်း အကောင်းအတိုင်း ရှိနေဆဲ။ နေရာတစ်ချက်ပင် ရွေ့မသွားခဲ့။ သို့သော် ဇုန်းအောင်၏ နန်းတော်မှာမူ ပျက်စီးသွားခဲ့ရလေပြီ။ သတိလစ်နေသော ရွှယ့်ယွယ်သည် နန်းတော်၏ အပျက်အစီးပုံအောက်၌ ပိတ်မိနေခဲ့လေသည်။
ဇုန်းအောင်သည် သတိလစ်နေသော မိန်းကလေး တစ်ခုခု ဖြစ်သွားမလား တစ်ချက်ပင် တွေးပူခြင်းမရှိဘဲ ကျောက်စိမ်း ပုလင်းကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျက် ပျက်စီးသွားပြီ ဖြစ်သော သူ့ဆေးဥယျာဉ်ကြီးကို နာနာကျင်ကျင်ဖြင့် စိုက်ကြည့်နေခဲ့သည်။
ဆေးပင်အားလုံး၏ ကိုးဆယ်ရာခိုင်နှုန်း ဖျက်စီးခံလိုက်ရပြီး ကျန်တစ်ဆယ်ရာခိုင်နှုန်းမှား ဆိုးဆိုးရွားရွား ထိခိုက်သွားရသည်။ သူ့အဖိုးတန် ကောင်းကင်ယန်အသီးပင်များမှာလည်း အရွက် တစ်ရွက်ပင် မကျန်တော့ဘဲ အရိုးပြိုင်းပြိုင်းသာ ကျန်တော့သည်။ ထိုကောင်ကင်ယန်အသီးပင် အနည်းဆုံး ဆယ်နှစ်ကြာလျှင်ပင် ပြန်ကောင်းမည် မဟုတ်ချေ။
ပျံလွှားကြာပန်းပွင့်များမှာလည်း သဲလွန်စမကျန် ပျောက်ကွယ်သွားလေပြီ။ ကောင်းကင်စွမ်းအားသည် ထိုနေရာကို မြေကြီးအတွင်းပိုင်းသို့ပင် ထိုးတူးသွားခဲ့ရာ ထိုနေရာ၌ တစ်မီတာအနက်ရှိသော ကျင်းကြီးတစ်တွင်း ရှိနေခဲ့လေသည်။
ငါ့ရဲ့ အဖိုးတန်း ရွက်တစ်ချောင်ပွင့်ချပ်ပန်းပွင့်တွေ ဘယ်ရောက်ကုန်တာလဲ ဇုန်းအောင် တစ်ကိုယ်လုံး အားမရှိတော့သလို ဖြစ်ချင်လာသည်။ သူ့အသက်တမျှ အဖိုးတန်လှသော ရွက်တစ်ထောင်ပွင့်ချပ် ပန်းပွင့်လေးများ ရှိသည့်နေရာဆီသို့ လှမ်းကြည့်လိုက်သည့်အခါ အပိုင်းပိုင်း ပြတ်ထွက်နေသော အမြစ်များကိုသာ တွေ့လိုက်ရသည်။
ဇုန်းအောင် မျက်ဖြူဆိုက်ကာ သတိလစ်လုမတတ် ဖြစ်သွားရသည်။
ဆေးဥယျာဉ်ပင် ပျက်စီးသွားခြင်းမဟုတ်။ နှစ်ပေါင်း မရေမတွက်နိုင်အောင် အဆင့်ဆင့် မွမ်းမံပြုပြင်လာခဲ့သော စိတ်ဝိဥာဉ်အစီအရင်ကြီးသည်လည်း ဖျက်စီးခံလိုက်ရလေပြီ။ မီတာတစ်ထောင်ပတ်လည် အတွင်းရှိ မိုးမြေစွမ်းအင်သည် သိသိသာသာကို လျော့ကျသွားခဲ့သည်။
အဝတ်စလှုပ်ခတ်သံတို့ ထွက်ပေါ်လာပြီး မကြာမီ ဟလီခ၊ လင်းမူဖုန်း၊ သက်လတ်ပိုင်း အမျိုးသမီးတို့နှင့်အတူ ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်းအခွဲ၏ အခြားခေါင်းဆောင်များ ရောက်လာခဲ့သည်။
ထိတ်လန့်ဖွယ်ရာကောင်းသည့် မိုးမြေစွမ်းအင်တို့ ဤနေရာ၌ စုဝေးလာချိန် သူတို့လည်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ဘာဖြစ်မှန်းမသိသဖြင့် စစ်ဆေးရန်အတွက် ဤနေရာသို့ ချက်ချင်း ပြေးလာခဲ့ခြင်း ဖြစ်သည်။
မှတ်ပင်မမှတ်မိလောက်အောင် စုတ်ပြတ်နေသော နေရာကို မြင်ပြီးနောက် အကုန်လုံး ကြောင်သွားခဲ့ကြသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၇၄) ဆေးတိမ်တိုက်
မည်သည့်အရာများ ဖြစ်ခဲ့သဖြင့် တောင်ကြားတစ်ခုလုံး ဤကဲ့သို့ ရစရာမရှိအောင် ဖြစ်သွားရလဲ ဆိုသည်ကို သူတို့မသိ။ သူတို့ သိသည်ကား ဇုန်းအောင်၏ မိုင်ထောင်နှင့်ချီ ကျယ်ဝန်းသော ဆေးဥယျာဉ်ကြီးနှင့် စိတ်ဝိဥာဉ်အစီအရင်ကြီး ဆက်လက်၍ မတည်ရှိတော့သည်ကိုပင်။
ဇုန်းအောင် ကိုယ်တိုင်သည်လည်း အသိစိတ်မဲ့နေသော အမူအရာဖြင့် ကူကယ်ရာမဲ့စွာ မြေကြီးပေါ် ခြေပစ်လက်ပစ် ထိုင်နေခဲ့သည်။ သူ့တစ်ကိုယ်လုံး ဖုန်များဖြင့် ပေကျံနေပြီး အမျက်ဒေါသမီးတောက်တို့သည့် သူ့မျက်ဝန်းထဲဝယ် တမြေ့မြေ့ လောင်မြိုက်နေခဲ့သည်။
ကျိုးပျက်နေသော နံရံများကြား ရန်ကိုင်သည် ဆေးမီးဖိုများရှေ့၌ မလှုပ်မယှတ် တင်ပလင်ခွေ ထိုင်နေခဲ့သည်။
“ဘာတွေဖြစ်ခဲ့တာလဲ” ဟလီခနှင့် အခြားသူများ မှင်သက်နေကြသည်။
ဤနေရာသည် မိုးရေစင်ကြယ်ပေါ်ရှိ ခွင့်ပြုချက်မရှိဘဲ မည်သူမှ လာခွင့်မရှိသော ကန့်သတ်နေရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဤနေရာသို့ မည်သူမှ မလာရဲကြချေ။ ထို့ကြောင့် ဤနေရာ တစ်ခုလုံး မည်ကဲ့သို့ ပျက်စီးသွားသလဲ ဆိုသည်ကို ဟလီခတို့ မသိသည်မှာ အံ့ဩစရာ မဟုတ်ချေ။
အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ ခေါင်းဆောင်များသည် ရဲဆေးတင်လျက် ဇုန်းအောင် ထိုင်နေရာဆီသို့ ပျံသန်းသွားသည်။ အောက်သို့ ရောက်သော် ဟလီခက တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် လှမ်းမေးလိုက်လေသည် “ဆရာကြီးဇုန်း၊ ဒီမှာ ဘာတွေ ဖြစ်သွားတာလဲ”
လင်းမူဖုန်းသည်လည်း မခံမရပ်နိုင်သည့် ပုံစံမျိုးဖြင့် “ဘယ်သူတောင်းစားက ဒီနေရာကို ကျူးကျော် ပြဿနာ ရှာရဲတာလဲ။ ဆရာကြီးဇုန်း ပြောသာပြောလိုက်။ ဒီနေရာကို ဒီလို ဖြစ်သွားအောင်လုပ်တဲ့လူကို ကျုပ်တို့ သွားရှာပြီး ဆရာကြီးအစား လက်စားပြန်ချေပေးမယ်”
သက်လတ်ပိုင်းအမျိုးသမီဂကလည်း သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ခေါင်းတညိတ်ညိတ် လုပ်နေခဲ့သည်။
ဇုန်းအောင်က အားနည်းနေသည့် အမူအရာဖြင့် ခေါင်းကို အသာအယာ မော့ကာ ထိုသုံးယောက်ကို ကြောင်ကြည့်နေသည်။ ထို့နောက် ထိုင်ရာမှ ရုတ်တရက် ထခုန်၍ ရန်ကိုင်အား လက်ညိုးငေါက်ငေါက်ထိုးအား ယူကြုံးမရ ဖြစ်နေသည့် လေသံဖြင့် အော်ဟစ်ပြောဆိုတော့လေသည် “ငါ့ဆေးဥယျာဉ်နဲ့ နန်းတော်ကို ပျက်စီးသွားအောင်လုပ်တာ အဲ့ခွေးသူတောင်းစားပဲ။ ငါနှစ်တစ်ရာကျော်အောင် ပြုစုပျိုးထောင်ခဲ့ရတဲ့ ဆေးပင်လေးတွေ အကုန်ကုန်ပြီ။ အခုငါ့မှာ နေစရာအိမ်တောင် မရှိတော့ဘူး။ မင်းတို့ ငါ့အတွက် လက်စားချေပေးချင်တယ်ဆိုရင် အဲ့ကောင်ကိုသာ သတ်ပေး”
တံတွေးစက်များသည် ခေါင်းဆောင်သုံးယောက်ပေါ်သို့ မိုးသီးမိုးပေါက်သဖွယ် ကျဆင်းလာခဲ့သည်။ သို့သော် ခေါင်းဆောင် သုံးယောက်စလုံး တုတ်တုတ်မျှမလှုပ်။ ထူတူတ အတတ အမူအရာများဖြင့်သာ ကြောင်ရပ်နေကြသည်။
အချိန်အတော်ကြာပြီးနောက် ဟလီခက မဲ့ပြုံးပြုံးလျက် ဇုန်းအောင်အား နှစ်သိမ့်ပေးလိုက်သည် “စိတ်လျှော့ပါဦး ဆရာကြီးဇုန်းရယ်။ ဘာတွေများ တကယ် ဖြစ်သွားတာလဲ ကျုပ်ကို ပြောပြလို့ရမလား။ မိန်းကလေးရွှယ့်အာကို ကုသပေးဖို့ ဆရာကြီး ဆေးဖော်စပ်နေတာ မဟုတ်ဘူးလား။ ကျုပ်အရင်တစ်ခေါက် လာတုန်းက အကောင်းကြီးပါ။ အခုကျ ဘယ်လိုလုပ်ပြီး အခုလိုတွေ ဖြစ်ကုန်ရတာလဲ”
ဇုန်းအောင်သည် ရန်ကိုင်အား သတ်ပေးပါဟု ပြောနေသော်ငြား သူ့ဆီမှ မည်သည့် သတ်ဖြတ်လိုစိတ်မှ ဖြာထွက်နေခြင်း မရှိသည်ကို ဟလီခတို့ သတိပြုမိသည်။ ဇုန်းအောင်သည် ဒေါသထွက်ထွက်ဖြင့် အော်ဟစ်ပြောဆိုနေခြင်းသာ ဖြစ်သည်။
ရန်ကိုင်သည် တင်ပလင်ခွေ ထိုင်နေခဲ့သည်။ လောလောဆယ်၌ သူ့အရှိန်အဝါသည် အလွန်ကိုမှ အားနည်းနေခဲ့သည်။ ဇုန်းအောင်သာ သူ့အသက်ကို လိုချင်ပါက ဘာလို့ သူတို့ဆီမှ အကူအညီ တောင်းနေဦးမည်နည်း။ ရန်ကိုင် အကောင်းအတိုင်း ရှိနေလျှင်ပင် ဇုန်းအောင် ယှဉ်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။ ယခုလို အားနည်းနေသည့် အခြေအနေမျိုးတွင်မူ ဆိုဖွယ်ရာ မရှိတော့။
“အဲ့မိန်းကလေးကို ကုဖို့ဆေးလုံးကို ငါဖော်စပ်မယ်လို့ ဘယ်သူပြောလဲ” ဇုန်းအောင်က ဟလီခအား စောင့်ငဲ့ကြည့်သည်။
“ဆေးဖော်စပ်တဲ့လူက ဆရာကြီးဇုန်းအောင် မဟုတ်ဘဲ ညီငယ်လေးရန်လား” လင်းမူဖုန်းအက ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
ဇုန်းအောင် ဘာမှပြန်ပြောမနေခဲ့။
ပြောလျှင်ပင် သူတို့ ယုံမည်မဟုတ်မှန်း ဇုန်းအောင် သိသည်။ သူတို့နေရာ၌ သူကိုယ်တိုင်ဆိုပါကလည်း ထိုစကားကို ယုံလိမ့်မည် မဟုတ်ချေ။ ရန်ကိုင်ကဲ့သို့ သက်တော်စောင့် တစ်ယောက်က ထိုမျှ အဆင့်မြင့်သော ဆေးလုံးကို ဖော်စပ်နိုင်မည်နည်း။ မိုးရေစင်ကြယ်တွင် ထိုကဲ့သို့သော ဆေးတိမ်တိုက်ပါသည့် ဆေးလုံးကို ဖော်စပ်နိုင်သည့်လူဆို၍ ဇုန်းအောင် တစ်ယောက်သာ ရှိသည်။
သူတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော ကျောက်စိမ်းပုလင်းက အဖြစ်အပျက် အားလုံးသည် အတုအယောင် မဟုတ်ဘဲ အစစ်အမှန် ဖြစ်ကြောင်းကို သက်သေပြနေခဲ့သည်။ သူတော်စင် တတိယ အဆင့်သာ ရှိသေးသော ထိုကောင်လေးသည် ဤနေရာ တစ်ခုလုံးကို ယခုကဲ့သို့ဖြစ်အောင် လုပ်သွားခဲ့ခြင်း ဖြစ်သည်။
“ထွက်သွားစမ်းကွာ” ဇုန်းအောင်က စိတ်မရှည်သည့်ဟန်ဖြင့် “ငါ့မှာ ဒီနေရာကို ငါ့စိတ်ကြိုက်ဖြစ်လာအောင် လုပ်ဖို့ နှစ်(၁၀၀)လောက် ပြင်ဆင်ခဲ့ရတာ။ ဟိုခွေးကောင်လေးကတော့ လနည်းနည်းနဲ့ ငါကြိုးစားခဲ့ရသမျှအားလုံးကို ဖျက်စီးသွားတယ်။ ဒီနေရာနဲ့ မိုင်တစ်ရာအကွာအဝေးထဲ ဘယ်သူမှ ဝင်မလာနဲ့။ ဝင်လာတဲ့ကောင်ရဲ့ ခေါင်းကို ငါလိမ်ချိုးပစ်မယ်”
တန်ခိုးရှင်အဆင့် ကျင့်ကြံသူသုံးယောက်စလုံး၏ လည်ပင်းများ ပုဝင်သွားခဲ့ပြီး ချက်ချင်းပဲ နောက်ပြန်ဆုတ်လိုက်ကြလေသည်။
သို့သော် သူတို့ ခပ်ဝေးဝေးသို့ မသွားရသေးခင်မှာဘဲ ဇုန်းအောင်က လှမ်းအော်ပြောပြန်သည် “နေဦး”
ဟလီခက ဇုန်းအောင်ဘက်သို့လှည့်၍ ကူကယ်ရာမဲ့စွာ ပြုံးလျက် “ဆရာကြီး ဘာများပြောချင်သေးလို့လဲဗျ”
ဇုန်းအောင်က ပျက်စီးသွားသော နန်းတော်ကို လက်ညိုးထိုး၍ နှာခေါင်းရှုံ့ကာ “ငါ့အတွက် နေစရာတစ်ခုခု ဆောက်ပေးဦးလေကွာ။ ငါ့မှာ နေစရာမရှိဘဲ ဘယ်မှာသွားအိပ်ရမှာလဲ။ ဘာလဲ၊ ငါ့ကို အပြင်မှာ အိပ်စေချင်နေတာလား။ ဘာမှမသိတတ်တဲ့ကောင်တွေ”
ဟလီလည်း ကျင့်ကြံသူများကို စုဝေးလျက် ဟလီခအတွက် ယာယီနေစရာတစ်နေရာ အမြန် ဆောက်ပေးလိုက်ရလေသည်။
ဇုန်းအောင်သည် ရန်ကိုင်ဆီ တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် စိတ်ဓါတ်ကျနေသည့် အမူအရာဖြင့် သူကိုင်ထားသော ကျောက်စိမ်းပုလင်းထဲရှိ လောင်ကျွမ်းမီးတောက် ဆေးလုံးကို ပြန်ကြည့်သည်။
သုံးရက်ကြာပြီးနောက် ရန်ကိုင် နိုးလာခဲ့သည်။ နိုးနိုးချင်း သူ့တစ်ကိုယ်လုံး အလွန်တရာကိုမှ အားနည်းနေသဖြင့် ရန်ကိုင်လည်း စစချင်း ကြောင်သွားခဲ့သည်။ သို့သော် ခဏအကြာ၌ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ပြန်မှတ်မိလိုက်သည်။
သူ့အသိစိတ်ပင်လယ်သည် ခြောက်သွေ့နေဆဲပင်။ တစ်ချိန်က ကျယ်ပြောလှသော ပင်လယ်ကြီး ရှိခဲ့သည့် နေရာတွင် ရေအနည်းငယ်သာ ရှိနေခဲ့သည်။ ခြောက်ရောင်ခြယ်ကြာပန်းသည် ခမ်းခြောက်သွားသော သူ့အသိစိတ်ပင်လယ်ကို မရပ်မနား ပြန်လည် အားဖြည့်ပေးနေခဲ့သည်။ သို့သော် ရန်ကိုင်၏ အသိစိတ်ပင်လယ် တစ်ဖန်ပြန်လည် ကောင်းမွန်လာရန် အနည်းဆုံး ဆယ်ရက်လောက် လိုအပ်ပေသည်။
သူ့ကြွက်သားများပင် တောင့်တင်း ကိုက်ခဲနေခဲ့သည်။ ကုန်သွားသော သူတော်စင်ချီ ပမာဏမှာလည်း မနည်းလှချေ။
သူ့တစ်ဘဝလုံး ဤကဲ့သို့ တစ်ခါမှ မဖြစ်ဖူးချေ။ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ဖူးသည်။ သို့သော် ဤကဲ့သို့မဟုတ်။ သူ့လက်ရှိ အခြေအနေကို ဖော်ပြရသော် အလွန်အမင်း အားနည်းနေခြင်း ဟုသာ ဆိုရပေမည်။ သူ့အသက်စွမ်းအင် အကုန်အစင် စုပ်ယူခံလိုက်ရပြီး အသက်ကြီးလာသည့် ခံစားချက်မျိုး ရန်ကိုင် ခံစားနေရသည်။
ခက်ခက်ခဲခဲဖြင့် မတ်တပ်ရပ်လိုက်ပြီး လှည့်ပတ်ကြည့်လိုက်သည့် အခါ မနီးမဝေးမှ သူ့အား ဒေါသတကြီးဖြင့် စိုက်ကြည့်နေသော ဇုန်းအောင်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာအိုကြီးသည် ချီးမှန်ထားသည့်နှယ် မှုန်ကုတ်နေပြီး မျက်လုံးများဟာဆိုလျှင်လည်း မီးထတောက်တော့မတတ် ဖြစ်နေခဲ့သည်။
ရန်ကိုင် သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ ဇုန်းအောင် ဘာကြောင့် ထိုကဲ့သို့ ဖြစ်နေမှန်း သူနားမလည်နိုင်ချေ။ သို့သော် ဘေးပတ်လည်အား လှည့်ပတ်ကြည့်လိုက်ပြီးနောက် ချက်ချင်း နားလည်သွားခဲ့သည်။
ဘာစကားမှ အရင်မပြောသေးဘဲ ရန်ကိုင်သည် အပျက်အစီးပုံထဲ လျှောက်ပတ်သွားလိုက်ပြီး ရွှယ့်ယွယ်အား အကျိုးအပျက်များကြားမှ ဆွဲထုတ်လိုက်သည်။ ထို့နောက် မိုင်အနည်းငယ်အကွာရှိ သက်သောင့်သက်သာ နေရာတစ်ခုတွင် သူမအား ချထားလိုက်သည်။
အသက်ကောင်းကောင်း မရှူရသေးခင်မှာဘဲ ဇုန်းအောင်သည် သူ့ဘေးနားတွင် ပေါ်လာခဲ့သည်။ ရန်ကိုင်သည် ဇုန်းအောင်အား တစ်ချက်လှမ်းကြည့်လိုက်သည်။ သို့သော် ဘာမှတော့မပြော။ အသက်ကိုသာ ဝအောင် ရှူနေလိုက်သည်။
“မင်းအောင်မြင်လား၊ မအောင်မြင်ဘူးလား ဆိုတာကို မမေးတော့ဘူးလား” ဇုန်းအောင်က ခဏလောက် စောင့်နေပြီးနောက် မေးလိုက်သည်။
“ကျုပ်အကောင်းဆုံး ကြိုးစားပြီးသွားပြီပဲ။ အဲ့လောက်နဲ့တင် လုံလောက်ပြီ”
ဇုန်းအောင်က ရန်ကိုင်အား တစ်ချက်လောက် စိုက်ကြည့်လိုက်ပြီး အသာအယာ ခေါင်းညိတ်လိုက်သည် “အင်း။ ဒီတစ်ကြိမ် ဖြစ်သွားတဲ့ ကိစ္စကို ငါမင်းကိုလျော်ပေးလိုက်မယ်”
မည်သို့ပင် ဖြစ်စေကာမူ ရန်ကိုင် လုပ်ခဲ့သည့် အပျက်အစီးအတွက် ဟလီခတို့ဆီမှ သွားလျော်ကြေးတောင်းလိုက်ရုံပင်။ သူတို့ မည်ကဲ့သို့ ငြင်းရဲမည်နည်း။
ပြောပြီးသည်နှင့် သူ့လက်ထဲ တစ်ချိန်လုံး ကိုင်ထားခဲ့သော ကျောက်စိမ်းပုလင်းကို ရန်ကိုင်ဆီ ပစ်ပေးလိုက်သည်။
ရန်ကိုင်သည် စိတ်လှုပ်ရှားခြင်း အရှင်းမရှိ၊ ပုံမှန် အမူအရာဖြင့်သာ ကျောက်စိမ်းပုလင်းကို ဖမ်းလိုက်သည်။ အရာအားလုံးသည် သူ့မျှော်လင့်ထားသည့်အတိုင်း ဖြစ်နေသည့်နှယ်။
ကျောက်စိမ်းပုလင်းထဲတွင် မြူခိုးဝေနေသည့် ဆေးလုံးလေးတစ်လုံး ရှိနေခဲ့သည်။ ကျောက်စိမ်းပုလင်းမှ အရှိန်အဝါအချို့ကို ဖုံးထားသည့်တိုင် ဆေးလုံးဆီမှ ထွက်ပေါ်နေသော စွမ်းအင် အရှိန်အဝါသည် အလွန်ကိုမှ အားကောင်းပေသည်။
ထိုဆေးလုံးသည် အသက်ရှိနေသည့်နှယ် စည်းချက်ညီညီ တုန်ခါနေခဲ့သည်။
ဆေးတိမ်တိုက်များပင်… ထိုဆေးလုံးသည် ဆေးတိမ်တိုက်ပါသော လောင်ကျွမ်းမီးတောက်ဆေးလုံးပင်…
ထိုဆေးလုံးသည် သူတော်စင်ဘုရင်အဆင့်နိမ့် ဆေးလုံတစ်လုံးသာ ဖြစ်သော်ငြား မည်သည့် ဆေးပညာရှင်မဆို ထိုဆေးလုံးအား လိုချင်ကြပေလိမ့်မည်။ ဆေးတိမ်တိုက်များကို လေ့လာရုံဖြင့်လျှင် သူတို့ ဥာဏ်အလင်းပွင့်နိုင်သည်။ ထို့ကြောင့် ဆေးလုံး၏ အဆင့်သည် နိမ့်နေသည်ဆိုသော်ငြား ဆေးတိမ်တိုက်ပါနေသည် ဆိုသောအချက်သည် ဆေးသပညာရှင်များအား အရူးအမူး ဖြစ်သွားစေနိုင်သည်။
ရန်ကိုင်က ဆေးလုံးကို လေ့လာနေစဉ်က ဇုန်းအောင် သူသတိလစ်နေစဉ် အတောအတွင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြောပြလိုက်သည်။ ထို့နောက် “ဒီဆေးတိမ်တိုက်ဆေးလုံးက ငါဖော်စပ်ခဲ့ဖူးတဲ့ ဆေးတိမ်တိုက်ဆေးလုံးတွေနဲ့ သိပ်မတူဘူး”
“ဘယ်လိုမတူတာလဲ”
ဇုန်းအောင်က ကျောက်စိမ်းပုလင်း လေးပုလင်းကို ရန်ကိုင်ဆီ လှမ်းပစ်ပေးလိုက်သည်။
ထိုဆေးလုံးများသည် ဇုန်းအောင် ဖော်စပ်နိုင်ခဲ့သည် ဆေးတိမ်တိုက် ပါသော ဆေးလုံးများ ဖြစ်ကြပေသည်။
ထိုဆေးလုံးများကို သူဖော်စပ်ထားသည့် လောင်ကျွမ်းမီးတောက် ဆေးလုံးနှင့် နှိုင်းယှဉ်ကြည့်ပြီးနောက် အကြီးမားဆုံးသော ခြားနားချက်ကြီးတစ်ခုကို တွေ့ရှိလိုက်သည်။
ဇုန်းအောင် ဖော်စပ်ထားသော ဆေးလုံးများ၏ ဆေးတိမ်တိုက်များသည် အတော်လေးကိုမှ ပါးလျသည်။ ဆေးလုံးတစ်လုံးလံးကို ဖုံးထားနိုင်ခြင်းမရှိ။ ဆေးလုံး၏ မျက်နှာပြင်တစ်ဝက်ကိုသာ ဖုံးထားနိုင်သော ဆေးလုံးတစ်လုံးပင် ရှိနေခဲ့သည်။
ထို့အပြင် လောင်ကျွမ်းမီးတောက်ဆေလုံးဆီမှ ဖြာထွက်နေသော စွမ်းအင်အရှိန်အဝါသည် ထိုဆေလုံးများထက် နှစ်ဆမျှ ပိုမို ပြင်းထန်ပေသည်။ ဖုန်းအောင်က သူတော်စင်သလင်းကျောက် တစ်တုံးကို ထုတ်ပြီး ရန်ကိုင်လက်ထဲ ထည့်ပေးလိုက်သည်။
ချက်ချင်းဆိုသလို သူတော်စင်သလင်းကျောက်ထဲတွင် ရှိနေသာ စွမ်းအင်များကို ဆေးတိမ်တိုက်များက စုပ်ယူသွားခဲ့လေသည်။
“ဆေးသွေးကြောပါတဲ့ ဆေးလုံးတွေရဲ့ ဆေးအာနိသင်က သာမန် ဆေးလုံးတွေထက် ပိုပြီး နှစ်ဆအစွမ်းထက်တယ်။ ပြီးတော့ ဘယ်လောက်ကြာအောင် သိုလှောင်ထား၊ သိုလှောင်ထား၊ ဆေးအာနိသင် လျော့ကျသွားတာမျိုး မရှိဘူး။ နှစ်သုံးလေးရာလောက် ကြာတာနဲ့ ဆေးလုံးအများစုက လုံးဝကို အသုံးမဝင် ဖြစ်ကုန်ကြမှာ။ ဆေးတိမ်တိုက်ပါတဲ့ ဆေးလုံး ဆိုရင်တော့ အချိန်ကြာသွားတာနဲ့ အာနိသင်လျော့မသွားရုံမတင် မဟုတ်ဘူး။ ပိုပြီးတော့တောင် ဆေးစွမ်း ထက်လာသေးတယ်။ ဆေးတိမ်တိုက်က အနီးနားမှာရှိတဲ့ မိုးမြေစွမ်းအင်ကို အလိုလို စုပ်ယူပြီး ဆေးလုံးကို အားဖြည့်ပေးနိုင်တော့ ဆေးလုံးလည်း ပိုပိုပြီး အစွမ်းထက်လာရတာ။ ဒါကြောင့် ဆေးတိမ်တိုက်ပါတဲ့ ဆေးလုံးတစ်လုံးက နှစ်ချို့ဝိုင်လိုပဲ။ အချိန်ပိုကြာလေ ဆေးစွမ်း ပိုထက်လေပဲ” ဇုန်းအောင်က ပြောလိုက်သည်။
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။
ဆေးတိမ်တိုက်ပါသော ဆေးလုံးကို သူမြိုချခဲ့သည့်အချိန် သူ့တစ်ကိုယ်လုံး ပေါက်ကွဲလုမတတ် ဖြစ်သွားခဲ့ရသည်။
“ဒီဆေးလုံးကို လွန်ခဲ့တဲ့ နှစ်ကိုးဆယ်တုန်းက ကံကောင်းပြီး ဖော်စပ်နိုင်ခဲ့တာ” ဇုန်းအောင်က ကျောက်စိမ်းပုလင်းများထဲမှ တစ်ပုလင်းကိုကောက်ယူပြီး ရန်ကိုင်ဆီ ပစ်ပေးလိုက်သည်။ ဆေးပုလင်းထဲတွင် အညိုရောင်ဆေးလုံးလေးတစ်လုံး ရှိနေခဲ့သည် “နှစ်ကိုးဆယ်ကြာသွားနောက် ဆေးစွမ်းက နှစ်ဆဖြစ်သွားပြီ။ ဆေးလုံးက သူတော်စင်ဘုရင် အလယ်အလတ်အဆင့်ပဲ။ ဒါပေမယ့် မင်းဖော်စပ်ထားတဲ့ လောင်ကျွမ်းမီးတောက် ဆေးလုံးနဲ့ယှဉ်ရင် အများကြီးလိုနေသေးတယ်”
“ဆေးတိမ်တိုက် သိပ်သည်းမှု မတူတာကြောင့် ဖြစ်နိုင်တယ်” ရန်ကိုင်က စဉ်းစဉ်းစားစားဖြင့် ပြောလိုက်သည်။
“ဟုတ်လောက်တယ်” ဇုန်းအောင်က ခေါင်းညိတ်လိုက်ပြီး “ဆေးတိမ်တိုက်တွေ အကုန်လုံးက အတူတူပဲလို့ ထင်ခဲ့ဖူးတယ်။ ဒါပေမယ့် မင်းဖော်စပ်ထားတဲ့ လောင်ကျွမ်းမီးတောက် ဆေးလုံးကို မြင်ပြီးတဲ့နောက်ပိုင်း ဆေးတိမ်တိုက်တွေကို ထပ်ပြီး ပြီးပြည့်စုံအောင် လုပ်လို့ရသေးတယ် ဆိုတာကို ငါနားလည်သွားတယ်။ ဆေးလုံးတစ်လုံးလံးကို ဖုံးအုပ်သွားအောင် လုပ်တာမျိုးပေါ့။ ပြီးတော့ မင်းဆေးလုံးနဲ့ ငါ့ဆေးလံးကို နေရာ တစ်ခုတည်းမှာ အတူတူ သိမ်းထားမယ်ဆိုရင် မင်းဆေးလုံးက မိုးမြေစွမ်းအင်းတွေကို ငါ့ဆေးလုံးထက် ပိုစုပ်ယူနိုင်လိမ့်မယ်။ မင်းဆေးလုံးကိုသာ နှစ်ရာဂဏန်းလောက်ကြာအောင် သိမ်းထားကြည့်လိုက်၊ တစ်နေ့ အဲ့ဆေးလုံးရဲ့ တန်ဖိုးက ကြယ်တစ်လုံးရဲ့ တန်ဖိုးလောက်ကို ရှိလာလိမ့်မယ်”
“အဲ့ဒါကြီးကတော့ မဖြစ်နိုင်လောက်ဘူးမလား” ရန်ကိုင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ဇုန်းအောင် ချဲ့ကား ပြောဆိုနေခြင်း ဖြစ်သည်ဟုပင် ထင်မြင်မိလာသည်။
“ဘာလို့ မဖြစ်နိုင်ရမှာလဲ” ဇုန်းအောင် လှောင်ပြောင်လိုက်သည် “တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်ချင်လို့ သူတို့တစ်ဘဝလုံး အသည်းအသန် ကြိုးစားတာတောင် မရောက်နိုင်ခဲ့တဲ့ တန်ခိုးရှင် အဆင့်တွေ ဘယ်လောက်ရှိလဲ ဆိုတာကို မင်းသိလို့လား။ တန်ခိုးရှင်ဘုရင်အဆင့်တွေကကော နောက်အဆင့်သေးတစ်ဆင့်ကို ချိုးဖျက်ဖို့ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြိုးစာတာတောင်မှ မအောင်မြင်တာကိုကော မင်းသိလား။ ဒီလောင်ကျွမ်းမီးတောက် ဆေးလုံးကိုသာ နှစ်ရာနဲ့ချီအောင် သိမ်းထားလိုက်။ အဲ့အချိန်ကျ ဒီဆေးလုံးက မီးဓါတ်ကျင့်ကြံတဲ့ တန်ခိုးရှင်ဘုရင်အဆင့် တစ်ယောက်ကို နောက်အဆင့်သေးတစ်ဆင့် ချိုးဖျက်နိုင်အောင် ကူညီပေးနိုင်လိမ့်မယ်။ အဲ့လို ဆေးလုံးတစ်လုံးကို ကြယ်တစ်လုံးနဲ့ သူတို့ မလဲချင်ဘူးလို့ မင်းထင်လား”
ဇုန်းအောင်ပြောသည်ကို နားထောင်ပြီးနောက် သူပြောသည်မှာ ဖြစ်နိုင်ချေရှိသည်ဟု ရန်ကိုင် တွေးမိသွားပြန်သည်။
“ဒီလို အဖိုးတန်ရတနာကြီးကို မင်းတကယ်ပဲ အဲ့မိန်းကလေးကို ကျွေးလိုက်မလို့လား” ဇုန်းအောင်က ရန်ကိုင်ကိုကြည့်လိုက်၊ ရွှယ့်ယွယ်ကို ကြည့်လိုက် လုပ်နေခဲ့သည်။
“ကျုပ်အသက်နဲ့ယှဉ်ရင် ဒါက ဘယ်လောက် တန်ဖိုးကြီးမှာ မို့လို့လဲ” ရန်ကိုင်က ရယ်မောလိုက်သည်။ ဤမျှ အချိန်ကုန်ခံ၊ အာစိုက်ပြီးမှ ရလာသည့်ဆေးလုံးကို ဘာကြောင့် ရွှယ့်ယွယ်အား မတိုက်ဘဲ နေရမည်နည်း။
ဇုန်းအောင် မျက်နှာ မဲ့သွားခဲ့ပြီး တစ်ခုခုပြောရန် လုပ်လိုက်သည်။ သို့သော် မပြောဖြစ်သွားခဲ့ဘဲ သူ့လက်ကို ဝှေ့ရမ်း၍သာ “မေ့လိုက်တော့။ ဆေးလုံးကို မင်းပဲ ဖော်စပ်ခဲ့တာဆိုတော့ မင်းဘာသာမင်း လုပ်ချင်သလိုသာလုပ်။ ဒါပေမယ့် အဲ့လို ဆေးတိမ်တိုက်တွေကို မင်းဘယ်လို ထုတ်လုပ်နိုင်တာလဲ ဆိုတာကို ငါ့ကို ပြောရမယ်”
“ကျုပ်မသိဘူး” ရန်ကိုင်ကမူ ခေါင်းသာခါပြလိုက်သည်။
ဇုန်းအောင် သွေးအန်လုမတတ် ဖြစ်သွားခဲ့သည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၇၅)
ဆေးတိမ်တိုက်ပါသော ဆေးလုံးအား မည်ကဲ့သို့ ဖော်စပ်ရမလဲ ဆိုသည်ကို သူတကယ် မသိခြင်းပင်။
နောက်ဆုံး လောင်ကျွမ်းမီးတောက် ဆေးလုံးကို ဖော်စပ်နေစဉ်က သူ့ခေါင်းထဲ မည်သည့်အတွေးမှ မရှိ၊ မည်သည့် ဖိအားမှလည်း ရှိမနေခဲ့။ အောင်မြင်လိမ့်မည်ဟုသာ ယုံကြည်ထားသည်။
ဖော်စပ်ပြီးသည့်အချိန်၌ သူ့အသက်စွမ်းအင် စုပ်ထုတ်ခံလိုက်ရသလို ခံစားလိုက်ရပြီး ယခုကဲ့သို့ ဖြစ်သွားခဲ့ရသည်။
တကယ်တော့ မဟာနတ်ဆိုးနတ်ဘုရား၏ ရွှေရောင်သွေးကြောင့်သာ မဟုတ်လျှင် ထိုအသက်စွမ်းအင် ဆုံးရှုံးမှုကြောင့် နေရာတွင်ပင် သူတန်းသေသွားနိုင်သည်။
လောင်ကျွမ်းမီးတောက်ဆေးလုံးသည် ဆေးလုံးနှင့်ပင် မတူတော့။ သက်ရှိတစ်ကောင်ဖြစ်ရန် နီးကပ်နေလေပြီ။
ထို့ကြောင့်ပဲ ထိုဆေးလုံးသည် အသက်စွမ်းအင်တို့ဖြင့် ပြည့်နေရခြင်း ဖြစ်ပြီး ဇုန်းအောင်လည်း အကြီးအကျယ် အံ့အားသင့်သွားခဲ့ရခြင်း ဖြစ်သည်။ တစ်ကြိမ် အောင်မြင်ခဲ့သော်လည်း နောက်တစ်ကြိမ် ထပ်ဖော်စပ်ခိုင်းပါက ထိုကဲ့သို့ ဆေးလုံးမျိုး ထပ်မံ ဖော်စပ်နိုင်လိမ့်မည် မဟုတ်ချေ။ အကြောင်းမှ ဆေးဖော်စပ်နေစဉ်က ခံစားခဲ့ရသော ရှင်းပြမရနိုင်သည့် ယုံကြည်မှုတို့ သူ့တွင် ရှိမနေတော့သောကြောင့် ဖြစ်သည်။
သူ့ထင်သည်ကို ဇုန်းအောင် ရှင်းပြလိုက်ပြီးနောက် ရန်ကိုင် အနေဖြင့် ထိုကဲ့သို့သော ဆေးလုံးကို ဖော်စပ်နိုင်ခြင်းသည် ဥာဏ်အလင်းပွင့်သည့် အခြေအနေ တစ်မျိုးမျိုး ရောက်သွားသည့် အတွက်ကြောင့် ဖြစ်သည်ဟု ပြောရင်းဖြင့်သာ သူ့ကိုယ်သူ နှစ်သိမ့်လိုက်ရသည်။
ဆေးပညာကို နှစ်ပေါင်းများစွာကို လေ့လာခဲ့သော်ငြား အသက်(၃၀)ပင် မပြည့်သေးသော ဂျူနီယာတစ်ယောက်အောက် နိမ့်ကျနေသည့်အတွက်ကြောင့် ငါဘာအတွက်များ အသက်ရှင်ခဲ့တာလဲ၊ ငါအကြာကြီး အသက်ရှင်ခဲ့တာ အချည်းနှီးပဲလားဟု ဇုန်းအောင် တွေးမိသွားခဲ့ရသည်။ ရှက်လည်း ရှက်မိသွားခဲ့သည်။
ကံကောင်းစွာဖြင့် ဇုန်းအောင် စိတ်ဓါတ်ကြံခိုင်နေသည့် လူတစ်ယောက် ဖြစ်နေခဲ့သည်။ သူ့တွင် နောက်ထပ်အသက်ရှင်ရန် နှစ်အများကြီး ကျန်နေပေသေးသည်။ ထိုနှစ်များအတွင်း ဆေးပညာကို ဆက်လေ့လာနိုင်ပေသည်။
ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့ခွဲ၏ နန်းတော်ထဲတွင် ရန်ကိုင်သည် ရွှယ့်ယွယ်အား ထိုင်စေလျက် သူဖော်စပ်ထားသော လောင်ကျွမ်းမီးတောက် ဆေးလုံးကို သူမအား တိုက်လိုက်သည်။ သူမ၏ အသက်စွမ်းအင် တည်ငြိမ်သွားပြီ ဆိုတော့မှပဲ အခန်းထဲမှ ထွက်လာခဲ့သည်။
ဟိုထောင့်၊ ဒီထောင့် အနည်းငယ် ကွေ့လာလိုက်ပြီးနောက် ဟလီခ၊ လင်းမူဖုန်းနှင့် အခြားလူများစွာတို့သည် ဇုန်းအောင်ပတ်လည်တွင် ဝိုင်းလျက် ဒဏ္ဏာရီလာ ဆေးတိမ်တိုက်ဆေးလုံးအား ဖော်စပ်နိုင်သော သူ့အရည်အချင်းကို ပါးစပ်နှင့်စကား မပြတ်အောင် ပြောဆိုချီးကျူးနေသည်ကို တွေ့လိုက်ရသည်။
အချို့ဆိုလျှင် ကြယ်စီရင်စုထဲတွင် ရှိနေသော ထိပ်တန်းအဆင့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်များပင် ဇုန်းအောင်ကဲ့သို့ လုပ်နိုင်မည်မဟုတ်၊ ထိုလူအားလုံးသည် အလကားသက်သက် နာမည်ကျော်ကြားနေသူများသာ ဖြစ်ပြီး ဇုန်းအောင်နှင့် နည်းနည်းလေးမျှ ယှဉ်နိုင်မည် မဟုတ်ကြောင်း အလွန်အမင်း အမွမ်းတင် ချီးကျူးနေလေသည်။
ဇုန်းအောင်၏မျက်နှာသည် ရှက်ရွံ့မှုကြောင့် နီမြန်းနေသည်။ အဓိပ္ပါယ်မရှိ ချီးကျူးစကား သောင်းခြောက်ထောင်ကို ပြောနေသော ထိုလူအားလုံးကို ကန်သာ ထုတ်ပစ်ချင်တော့သည်။ သို့သော် ထိုသို့လုပ်ရန် အားမရှိသဖြင့် ဤအတိုင်း တိတ်တိတ်လေး ရပ်နေရုံသာ တတ်နိုင်ခဲ့သည်။
ဟလိခ၊ လင်းမူဖုန်းနှင့် အခြားသူများသည် သူတို့၏ ချီးကျူးစကားကြောင့် ဇုန်းအောင် ပျော်နေသည်ဟု ထင်လျက် ပို၍ပင် ချီးကျူးလာခဲ့လေရာ ဇုန်းအောင်၏ အမူအရာမှာ ပိုပို၍ အရုပ်ဆိုးလာခဲ့ရလေသည်။
ရန်ကိုင် ရောက်လာသည့်အခါမှပဲ ထိုလူများ၏ ဖားယားခြင်း လုပ်ငန်းစဉ် ရပ်သွားခဲ့ပြီး အကုန်လုံးသည် သူ့အား ထူးထူးဆန်းဆန်းဖြင့် ကြည့်လိုက်သည်။ ဟလီခသည် သူ့အား လေးစားမှုအပြည့်ဖြင့် လက်မထောင်ပြလိုက်ပြီး လင်းမူဖုန်း၏ ပခုံးကို အသာယာပုတ်လျက် အလျင်အမြန် ထွက်သွားလေသည်။
ရန်ကိုင်က ထိုလူများ သူ့အား ထိုကဲ့သို့သော အကြည့်မျိုးဖြင့် ဘာကြောင့် ကြည့်သွားသလဲကို နားမလည်နိုင် ဖြစ်နေခဲ့သည်။
“ကောင်လေး၊ ဒီကျော်ကြားမှုကြီးကို မင်းတကယ် မယူဘဲ ငါ့လက်ထဲထည့်လိုက်မှာ သေချာလား။ ဆေးတိမ်တိုက်ပါတဲ့ ဆေးလုံးကို ဖော်စပ်နိုင်ခဲ့တာ မင်းနော်။ ပြီးတော့ ဆေးသွေးကြော ပါတဲ့ ဆေးလုံးအများကြီးကို ဖော်စပ်ခဲ့တာလည်း မင်းပဲ။ သူတို့သာ သိသွားခဲ့လျှင် မင်းဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ဧည့်သည်အကြီးအကဲတစ်ယောက် ဖြစ်လာနိုင်မှာ။ ဘယ်သူမှ မင်းကို ရန်စရဲတော့မှာ မဟုတ်ဘူး။ မင်းကိုယ်ပိုင် နယ်မြေကိုတောင် ပိုင်ဆိုင်နိုင်ဦးမှာ။ လိုချင်ရင် အစေခံတွေ၊ အလှလေးတွေ မင်းကြိုက်သလောက် ယူလို့ရမှာ။ အခြားသူတွေ သူတို့တစ်ဘဝလုံး ကြိုးစားရင်တောင် မရနိုင်တဲ့ ပြုစုမှုမျိုးကိုလည်း ရဦးမှာ။ အဲ့ဒါတင်မကသေးဘူး၊ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက မင်းကို မြေတောင်မြှောက်ပျိုးထောင်ပေးဦးမှာ။ ဒီလောင်ကျွမ်းမီးတောက် ဆေးလုံးကို မင်းသန့်စင်ခဲ့တယ်ဆိုတာကို ဘာလို့ သူတို့ကို မပြောလိုက်လဲ ငါတကယ်ကို နားမလည်နိုင်ဘူး” ဇုန်းအောင်က လက်ဖက်ရည တစ်ငုံသောက်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။
ဆေးတိမ်တိုက်ပါသော လောင်ကျွမ်းမီးတောက်ဆေးလုံးကို ဇုန်းအောင် သန့်စင်ခဲ့ခြင်း ဖြစ်သည်ဟု ဟလီခတို့အားလုံး ထင်နေခဲ့ခြင်းဖြစ်သည်။ အကြောင်းမှာ အစကတည်းက ဆေးတိမ်တိုက်ပါသော လောင်ကျွမ်းမီးတောက်ဆေးလုံးကို ဖော်စပ်မည့်သူမှာ ဇုန်းအောင်ဖြစ်သည်ဟု ရန်ကိုင်က သူတို့ကို ပြောခဲ့သည်မဟုတ်ပေလော။
ထို့ကြောင့်ပဲ ဆေးလုံး ထွက်ပေါ်လာပြီးနောက် ထိုဆေးလုံးအား မည်သူဖော်စပ်သလဲ ဆိုသည်ကိုပင် မမေးတော့ဘဲ ဇုန်းအောင်အား ဖားယားချီးကျူးနေကြခြင်း ဖြစ်သည်။
ရန်ကိုင်က ဇုန်းအောင်ဘေးတွင် ထိုင်ချလိုက်ပြီး လက်ဖက်ရည် တစ်ငုံမော့သောက်လိုက်သည်။ ထို့နောက် ရယ်သွမ်းသွေးလျက် “ဇုန်းအိုကြီးရာ၊ မသိချင်ယောင်ဆောင်နေစမ်းပါနဲ့ဗျာ။ အပင်မြင့်လေ၊ လေတိုက်ခံရလေ ဆိုတာကို ခင်ဗျားလည်း မသိဘဲမနေပါဘူး။ ဒီဂျူနီယာက အခုမှ အသက်သုံးဆယ်တောင် မပြည့်သေးတာမဟုတ်ဘူး။ ကျုပ်မှာ ကိုယ်ပိုင်နည်းလမ်းလေးတွေ ရှိတယ်ဆိုပေမယ့် ကျုပ်ကျင့်ကြံခြင်းက အရမ်းနိမ့်နေတုန်းပဲ။ ဒီလိုဂုဏ်ကျော်ကြားမှုမျိုးကို ကျုပ်လိုလူမျိုးက ဘယ်လိုလုပ်ပြီး ခံယူထိုက်မှာလဲ။ လေးစားရတဲ့ ဂုဏ်သရေရှိ ဆေးဆရာကြီး ဇုန်းအိုကြီးလိုလူမျိုးကပဲ ခံယူထိုက်မှာပေါ့။ ဆေးတိမ်တိုက်ပါတဲ့ ဆေးလုံးကို ခင်ဗျားရော၊ ကျုပ်ရော ခေါင်းဆောင်အိုင်အောင်ဆီ ယူသွားပြကြည့်လိုက်။ ကျုပ်တို့နှစ်ယောက်စလုံးကို သူအတူတူ ဆက်ဆံမယ်လို့ထင်လား။ ခင်ဗျားသာ ယူသွားပြလိုက်ရင် ခင်ဗျားကို အလေးစားကြီး လေးစားကြီး ဆေးကြယ်ကြီး တစ်ခုလုံးတောင် ပေးချင်ပေးမှာ။ ကျုပ်ဆိုရင်တော့ ချက်ချင်း အကျယ်ချုပ်ချပြီး အဆက်မပြတ် ဆေးဖော်စပ်ခိုင်းမှာ။ ကျုပ်ဘယ်လိုနည်းလမ်းတွေ သုံးပြီး ဆေးဖော်စပ်လဲ ဆိုတာကိုလည်း မေးချင်မေးမှာ။ ပြီးရင် ကျုပ်ကိုအဆက်မပြတ် ဆေးဖော်စပ်နေခိုင်းမှာ။ ကျုပ်သုံးသွားတဲ့ နည်းလမ်းတွေကို သူတို့က စောင့်ကြည့်မှာပေါ့။ ကျုပ်မပျင်းအောင် ကျုပ်ကစားဖို့အတွက် မိန်းမလှလေးတွေ ပို့ချင် ပို့ပေးလိမ့်မယ်။ ဒါပေမယ့် ကျုပ်ရဲ့ လှုပ်ရှားမှုတွေအားလုံးကို သူတို့ မျက်စိဒေါက်ထောက်ကြည့်နေမှာ။ အဲ့ဒါကို ကျုပ်မသိဘူးများ ထင်နေလား”
“ဟားဟားဟားဟား” ရန်ကိုင်ဩ စကားကိုကြားပြီးနောက် ဇုန်းအောင် ဝါးလုံးကွဲ ထရယ်တော့လေသည်။ ထို့နောက် အပြုံးကြီးပြုံးလျက် ခေါင်းညိတ်ကာ “မင်းပြောတာအမှန်ပဲ။ ဒီလို ဂုဏ်ကျော်ကြားမှုကို ကိုင်တွယ်နိုင်ဖို့ မလွယ်ဘူး။ ဒီလို အသက်ငယ်ငယ်လေးနဲ့ ဒီလိုမျိုး တွေးတတ်ဖို့ မင်းဘဝကြီး ဘယ်လောက် ခက်ခဲကြမ်းတမ်းခဲ့မလဲ ဆိုတာတာကို ငါတကယ် သိချင်မိသား”
“ကျုပ်သာ အဲ့လိုမတွေးတတ်ရင် ဆယ်ခါပြန်မက သေနေပြီးလောက်ပြီ” ရန်ကိုင်က ပခုံးတွန့်ပြလိုက်သည်။
“မင်းပြောတာမှန်တယ်။ အမြင့်ဆုံးအပင်က လေအတိုက်ခံရဆုံးပဲ။ ကောင်းပြီလေ။ ဒီဂုဏ်သတင်းကို မင်းအစား ငါကပဲ ထမ်းပိုးရမှာပေါ့။ ဘာပဲဖြစ်ဖြစ်၊ ငါ့ဆေးပညာအရည်အချင်းကလည်း တော်တော်လေး တိုးတက်လာပြီဆိုတော့ ဒီလို ဂုဏ်သတင်းနဲ့က မထိုက်တန်ဘဲ မနေတော့ဘူး”
ရန်ကိုင်၏ မျက်လုံးများ ဝင်းပသွားခဲ့ပြီး ချက်ချင်း ထိုင်ရာမှထ၍ လက်သီးဆုပ်ကာ “လူအိုကြီးဇုန်တွက် ဂုဏ်ယူပါတယ်။ ဒီဂျူနီယာက လောင်ကျွမ်းမီးတောက်ဆေးလုံးကို ဖော်စပ်ရာမှာပဲ အာရုံစိုက်နေတော့ ဇုန်းအိုကြီး ဆေးပညာမှာ နောက်တစ်ဆင့်ကို တက်သွားတာ မသိလိုက်ဘူး ဖြစ်သွားတယ်”
ဂုဏ်ပြုစကားဆိုပြီးနောက် ရန်ကိုင် ပြန်ထိုင်လိုက်သည်။ အနည်းငယ် စိုးရိမ်နေသည့် အမူအရာဖြင့် ဆက်ပြောလိုက်သည် “ဒါပေမယ့် ဇုန်းအိုကြီး၊ ခင်းဗျား အဲ့လိုလုပ်မယ်ဆိုရင် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက ခင်ဗျားကို ကျိန်းသေ အလွတ်ပေးမှာမဟုတ်ဘူး။ ကျုပ်ထင်တာသာ မမှားရင် ဟလီခ၊ လင်းမူဖုန်းနဲ့ အခြားသူတွေ အကုန်လုံး ဒီအကြောင်းကို ပင်မကြယ်ဆီ တင်ပြပြီးနေလောက်ပြီ။ မကြာဘူး၊ ဒီကို ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း ဠာနချုပ်က ခေါင်းဆောင်တွေ ရောက်လာပြီး ခင်ဗျားနဲ့ လာစကားပြောလိမ့်မယ်”
“အဲ့ဒါကို ငါနားလည်တာပေါ့” ဇုန်းအောင်က ခေါင်းညိတ်လိုက်ပြီး “မိုးရေစင်ကြယ်မှာ ငါနေနေတာ နှစ်တစ်ရာရှိနေပြီ။ ဒီတော့ သူတို့သာ ငါ့ဆေးဖော်စပ်နေတာကို လာမရှုပ်သရွေ့ အားလုံးက ဆွေးနွေးလို့ရတယ်။ သူတို့အဖွဲ့အစည်းထဲ ငါဝင်မလား၊ မဝင်ဘူးလား ဆိုတာကတော့ လုပ်ရိုးလုပ်စဉ်ပဲပေါ့။ ငါ့ကို လာပြီး စိတ်ပျက်အောင်လုပ်မယ်ဆိုရင်တော့ ငါက ဒီအတိုင်း ထွက်သွားလိုက်မှာ”
ရန်ကိုင်စိတ်ထဲ အပြစ်မကင်းသလို ခံစားလိုက်ရသည်။ ဇုန်းအောင်တွင် ထူးဆန်းသော စိတ်နေစိတ်ထားနှင့် သူ့ကိုယ်ပိုင်မာန ရှိပေသည်။ ဇုန်းအောင်၏ သတ်ဖြတ်လိုစိတ်သည် သူ့ဆီသို့ သုံးကြိမ်တိုင်တိုင် ရောက်လာသည်ကို ရန်ကိုင် သတိပြုမိသည်။
သို့သော် မည်သို့ပင် ဖြစ်စေကာမူ ဇုန်းအောင်သည် ထိုဂုဏ်းသတင်းကို သူ့အစား ဝင်ယူပေးခဲ့သည်။ ဤနည်းဖြင့် သူ့ဂုဏ်းသတင်း ပို၍ ကျော်စောသွားမည် ဖြစ်သော်လည်း ထိုအရာသည် ဇုန်းအောင် လိုချင်သည့်အရာမဟုတ်။ တကယ့် အရည်အချင်းရှိသော လူများသည် သူတို့၏ ဂုဏ်သတင်းကို ဂရုမစိုက်ကြချေ။ သူတို့ လုပ်ချင်သည်ကိုသာ လုပ်ကြသည်။
ယခုကိစ္စပြီးနောက်ပိုင်း ဇုန်းအောင် ယခင်ကကဲ့သို့ လွတ်လပ်တော့မည် မဟုတ်ချေ။ ဖြစ်နိုင်သည်မှာ ဇုန်းအောင်သည် လက်ရှိအခွင့်အရေးကိုသုံး၍ သူ့အား ဆေးသွေးကြောပါသော ဆေးလုံး ဖော်စပ်နည်းကို သင်ပေးသွားခဲ့သည့် ရန်ကိုင်အား ကျေးဇူးပြန်ဆပ်ခြင်းဖြစ်နိုင်သည်။
ဇုန်းအောင်နှင့် ရန်ကိုင် နှစ်ယောက်စလုံး ထိုအချက်များကို နားလည်ထားကြသည်။
“ဟိုကောင်မလေး ဘယ်လိုနေလဲ” ဇုန်းအောင်က ထိုအကြောင်းကို ဆက်မပြတ်ချင်တော့သည် ခေါင်းစဉ်ပြောင်းလိုက်သည်။
“ယင်နေကြာရေစင်ရဲ့ အကျိုးသက်ရောက်မှုတော့ လုံးဝ ပျောက်သွဦးလိုက်ပြီ။ အသက်စွမ်းအင်က တည်ငြိမ်သွားပေမယ့် သတိလစ်နေတုန်းပဲ။ သူ့ကိုနိုးဖို့ဆို သူ့နာမ်ဝိဥာဉ်ကို ပြန်အသက်သွင်းဖို့ လိုလိမ့်မယ်”
ရန်ကိုင်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ ယခုလေးတင် ရွှယ့်ယွယ်၏ အသိစိတ်ပင်လယ်ကို ရှာခဲ့သည်။ သို့သော် သူမ၏ နာမ်ဝိဥာဉ်ကို ရှာမတွေ့ခဲ့ချေ။ ရွှယ့်ယွယ်၏ နာမ်ဝိဥာဉ် မည်သည့် နေရာ၌ ပုန်းအောင်းနေသလဲ ဆိုသည်ကို သူမသိ ဖြစ်နေခဲ့သည်။
ဇုန်းအောင်သည်လည်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “ပုံမှန်ဆိုရင် ယင်နေကြာရေစင်နဲ့ ထိသွားလို့ အခုလိုမျိုး မဖြစ်နိုင်ဘူး။ အဲ့မိန်းကလေးရဲ့ နာမ်ဝိဥာဉ် ပျောက်နေတာ အခြားကိစ္စတစ်ခုနဲ့ ဆက်စပ်နေရလိမ့်မယ်”
ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး အလျင်အမြန်ပဲ မေးလိုက်လေသည် “ကျေးဇူးပြုပြီး ပြောပြပေးပါဦး ဇုန်းအိုကြီး”
ဇုန်းအောင်က ခေါင်းခါလိုက်ပြီး “အဲ့မိန်းကလေးအကြောင်း ငါဘာမှမသိတာ၊ ဘယ်လိုလုပ်ပြီး အကြံပေးနိုင်မှာလဲ။ မင်းက သူ့သက်တော်စောင့်ဆိုမှတော့ သူ့စိတ်ထဲမှာ အရမ်း နောင်တရစရာတွေ ဘာတွေ ညာတွေ ရှိလဲဆိုတာကို သိမှာပေါ့ မဟုတ်ဘူးလား။ တစ်ခါတစ်ရံ၊ လူတစ်ယောက် သတိလစ်သွားပြီး ပြန်နိုးမလာနိုင်ရင် အဲ့ဒါက ပြင်ပဒဏ်ရာတွေကြောင့် မဟုတ်ဘူး။ သူ့နှလုံးသားအရှုပ်အထွေး တစ်ခုကြောင့်ပဲ။ အဲ့အတားဆီးကို ကျော်နိုင်လိုက်တာနဲ့ အလိုလို ပြန်နိုးလာလိမ့်မယ်”
ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် အတွေးနက်သွားသည်။ ထို့နောက် တစ်ခုခုကို စဉ်းစားမိလိုက်သည့်အလား သူ့မျက်ဝန်းများ တောက်ပလာခဲ့လေသည်။
ပြောင်းလဲသွားသော ရန်ကိုင်၏ အမူအရာကို သတိပြုမိသော် ဇုန်းအောင်က အသာအယာ ခေါင်းညိတ်လိုက်သည်။
ထိုကောင်လေးသည် တကယ်ကို ပါရမီကောင်းသည့် လူငယ်လေး တစ်ယောက်ဖြစ်သည်။ သို့တိုင် အခြားတစ်ယောက်၏ သက်တော်စောင့်ဖြစ်ရန် ဘာကြောင့် ရွေးချယ်ခဲ့မှန်း ဇုန်းအောင် နားမလည်နိုင် ဖြစ်နေခဲ့သည်။
ခဏအကြာ၌ ရန်ကိုင်၏ အမူအရာ ပြေလျော့သွားခဲ့သည်။
“အဖြေရသွားပြီလား” ဇုန်းအောင်က အပြုံးဖြင့် မေးလိုက်သည်။
“စဉ်းစားမိတာတော့ရှိတယ်။ ဟုတ်မဟုတ်တော့ မသေချာသေးဘူး။ စမ်းကြည့်မှ သိလိမ့်မယ်” ရန်ကိုင်က ရယ်သွမ်းသွေးလိုက်ပြီး ရုတ်တရက် တစ်ခုခုကို သတိရသွားကာ မေးလိုက်လေသည် “ဒါနဲ့၊ ကျုပ်ဒီကိုလာတုန်းက ဟလီလနဲ့ အခြားသူတွေ ဘာလို့ ကျုပ်ကို ထူးထူးဆန်းဆန်းကြီး ကြည့်နေတာလဲ”
“သိချင်လား” ဇုန်းအောင်က ရန်ကိုင်အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။
ရန်ကိုင်က ခေါင်းညိတ်ပြသည်။
“မင်းနဲ့ အဲ့ကောင်မလေးက အချင်းချင်း အရမ်း ချစ်နေကြတာ။ အဲ့ကောင်မလေး ဆေးသောက်ဖို့လိုတဲ့အခါ မင်းကပဲ ပါးစပ်ချင်းတေ့ပြီး ဆေးတိုက်ပေးတာလို့ ငါသူ့ကို ပြောလိုက်တယ်လေ” ဇုန်းအောင်က အူတူတူအတတ အမူအရာလေးဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် ဒေါသထွက်သွားခဲ့ပြီး “ဒီလိုစကားတွေကို အခြားသူတွေကို လျှောက်ပြောတာ ခင်ဗျား မရှက်ဘူးလား။ လူကြီးတန်မဲ့ဗျာ။ နည်းနည်းလေးတောင် ကိုယ်ကျင့်သိက္ခာမရှိဘူး”
ဇုန်းအောင်က နှာခေါင်းရှုံ့လိုက်ပြီး “ငါက မင်းအတွက် ထိုဝန်ထုပ်၊ ဝန်ပိုးကြီးကို ထမ်းပေးထားရတာလေ။ ငါ့ဘက်က ဆုံးရှုံးပြီးမှတော့ မင်းကို ဘာလို့ ဒီအတိုင်း လွတ်ပေးလိုက်ရမှာလဲ။ တတိယသခင်လေး ရွှယ့်ယွယ် မိုးရေစင်ကြယ်ဆီ ပြေးလာပြီး မင်းကို အရေခွံဆုတ်၊ မင်းအရိုးတွေကို ချိုးပစ်မှာကို စောင့်နေလိုက်တော့။ ဟားဟားဟား၊ သက်တော်စောင့်လေးကများ ရွှယ့်ယွယ်ရဲ့ မိန်းကလေးကို ကြံရဲတယ်။ မင်းအသက်ကို မင်းဂရုစိုက်လား၊ မစိုက်ဘူးလား ဆိုတာကို ငါတကယ် မသိတော့ဘူး။ ငါသာ မင်းနေရာမှာဆိုရင် ဒီကနေကနေ မြန်မြန် ထွက်သွားတော့မှာ”
အကျယ်ကြီး အော်ရယ်မောရင်း ဇုန်းအောင်သည် ခြေလှမ်း ကျဲကျဲလှမ်းလျက် လျှောက်ထွက်သွားလေသည်။
ခွေးအိုကြီး
ရန်ကိုင် ဇုန်းအောင်က မကျေမနပ်ဖြင့် ကြည်နေသည်။ ယခုမှပဲ ဟလီခနှင့် အခြားသူများ သူ့အား ဘာကြောင့် ထူးထူးဆန်းဆန်း ကြည့်နေသလဲ ဆိုသည်ကို နားလည်သွားတော့သည်။ ရန်ကိုင် အလွန်ကိုမှ စိတ်ညစ်သွားလေရာ ဇုန်းအောင်၏ ယင်နေကြာရေစင် အကုန်လုံးနှင့် ဆေးမီးဖိုအကုန်လုံးကို လောင်ကြေးထပ်လိုက်လျှင် အကောင်းသားဟုပင် တွေးနေတော့လေသည်။
သက်ကြားအိုကြီးအားလုံးသည် သောက်ကျင့်မကောင်းသည့် လူအိုကြီးများသာ ဖြစ်ကြသည်။
ကွေ့ဇူရော၊ ဇုန်းအောင်ရော အတူတူပင်။
သို့သော်လည်း မိန်းကလေးရွှယ့်အာ ဆိုသောလူသည် တတိယ သခင်လေးရွှယ့်ယွယ် ကိုင်တိုင် ဖြစ်နေသည် ဆိုသောအချက်ကိုမှ ဇုန်းအောင် မည်သို့မျှ စဉ်းစားမိလိမ့်မည် မဟုတ်ချေ။
ရှယ့်ယွယ်ရဲ့ မိန်းကလေးကို နမ်းတာ စိတ်ပူစရာလို့ ထင်နေလား သက်ကြားအိုကြီး၊ ဒီအဖေက ရွှယ့်ယွယ် တစ်ကိုယ်လုံးကို နေရာလပ် မကျန်အောင် ထိကိုင်ပြီးသွားပြီကွ၊ ဟန့်၊ ငါ့ကို ဘာမှတ်နေလဲ မသိဘူး။