အခန်း (၁၀၈၁-၁၀၈၅)
Vol. 44 Ch. 1081-1085
အပိုင်း(၁၀၈၁) ဖဲကြိုး
ဒီမတိုင်ခင်က ဝိဥာဉ်ချိန်းကြိုးသည် လူတစ်ယောက်၏စိတ်ကို မည်မျှအထိ လွှမ်းမိုးနိုင်သလဲ ဆိုသည်ကို ရန်ကိုင် မသိခဲ့ပေ။ ဝိဥာဉ်ချိန်းကြိုးများ ပြေသွားတော့မှပဲ ထိုဝိဥာဉ်ပညာရပ်၏ စွမ်းအားကို နားလည်သွားခဲ့သည်။
ဝိဥာဉ်ချိန်းကြိုးသည် လူနှစ်ယောက်၏ အသက်ကို ချိတ်ဆက်ပေးနိုင်ရုံမက ချိတ်ဆက်ထားခံရသော လူနှစ်ယောက်ကြား ရင်းနှီးသော သံယောဇဉ်တို့ကို ဖြစ်ပေါ်လာစေနိုင်လေသည်။
ဝိဥာဉ်ချိန်းကြိုးကို အသုံးပြုလိုက်သည့်လူမှာ ရွှယ့်ယွယ်မဟုတ်ဘဲ သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေသည် အဖိုကြီး၊ အဘွားကြီးများ ဖြစ်လိုက်ရင်ဖြင့်… ထိုသို့ တွေးမိလိုက်သည်နှင့် ရန်ကိုင်တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းထသွားသည်။
သို့သော် ယခုတွင် ဝိဥာဉ်ချိန်းကြိုး ပြေသွားခဲ့လေပြီ။ ထိုပုံရိပ်ယောင် ခံစားချက်များသည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ။ အနည်းငယ် နောင်တ ရသည်မှအပ ရွှယ့်ယွယ်နှင့် ခွဲခွာရန် ဆက်လက် တုန့်ဆိုင်းနေခြင်း မရှိတော့ချေ။
ရွှယ့်ယွယ်သည် ရုပ်ရည်၊ ဂုဏ်အဆင့်အတန်း၊ ကျင့်ကြံခြင်း စသဖြင့် အဘက်ဘက်တွင် ထူးချွန်သော မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူမနှင့်အတူ ရှိနိုင်မည့် အခွင့်အရေးကို လွဲချော်လိုက်သည့် ယောကျာ်းသားတိုင်း အနည်းနှင့် အများတော့ နောင်တရကြမည်မှာ မလွဲမသွေပင်။
ဝိဥာဉ်ချိန်းကြိုး ပြေသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် သူ့ရှေ့ရှိ လေဟာနယ်ကိုဆုတ်ဖြဲ မိုင်တစ်ထောင်အကွာသို့ ခုန်ကျော်သွားလေသည်။
ဝိဥာဉ်ချိန်းကြိုး ပြေသွားသည်နှင့် သူဘာလုပ်မိမည်မှန်းမသိဟု ရွှယ့်ယွယ် သူ့အား ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။ ရန်ကိုင် ထင်သလောက် သူ့အား သတ်ရန် ကြိုးစားပေလိမ့်မည်။
သူမ၏ လျှို့ဝှက်ချက်များစွာကို သူသိထားသလို ကြယ်ပေါ်တွင် ရှိစဉ်ကလည်း သူမအား အသားယူခဲ့သည်။ နည်းနည်းလေး အသားယူခြင်းမဟုတ်။ သူမ တစ်ကိုယ်လုံးကို နေရာလပ်မကျန်အောင် ထိတွေ့ပွတ်သပ်ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ ရက်စက်ကြမ်းကြုတ်သော စိတ်နေစိတ်ထားအရ ရန်ကိုင်အား အလွတ်ပေးနေမှ ထူးဆန်းနေပေလိမ့်မည်။
ထို့ကြောင့် ရန်ကိုင်သည် ဝိဥာဉ်ချိန်းကြိုးကို မဖြည်မီ မိုးရေစင်ကြယ်မှ အရင် ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။ လေဟာနယ်အား ဆယ်ကြိမ်ဆက် ဆက်တိုက် ဆုတ်ဖြဲခဲ့ပြီးနောက် မျက်တောင်တစ်ခတ်အတွင်း မိုင်တစ်သောင်းအကွာသို့ ရန်ကိုင် ရောက်ရှိလာခဲ့သည်။ ထို့နောက် စိတ်စွမ်းအင် အားဖြည်ဆေးတစ်လုံးကို ထုတ်သုံးလိုက်ပြီး ကြယ်လွန်းပျံနှင့်အတူ ဆက်လက် ပျံသန်းနေလိုက်သည်။
သူ့နောက်သို့ အရိပ်ပမာ တကောက်ကောက် လိုက်နေသော သတ်ဖြတ်လိုစိတ် တစ်ခုကို ရန်ကိုင် ခံစားနေမိသည်။ ဆယ်ရက်ကြာပြီးနောက် ကျယ်ပြောလှသော ကြယ်တာရာကောင်းကင်ထဲရှိ တစ်ခုသော နေရာတစ်ခုတွင် ရန်ကိုင် ရှိနေခဲ့သည်။ လက်ရှိတွင် ရန်ကိုင်သည် ကြယ်လွန်းပျံပေါ်တွင် တင်ပလင်ခွေထိုင်လျက် ရှေ့သို့ ဆက်သွားနေခဲ့သည်။
ရန်ကိုင်၏ ကြယ်လွန်းပျံထဲတွင် သူကိုယ်တိုင် ရေးဆွဲထားသော ကြယ်မြေပုံတစ်ခု ရှိနေခဲ့ပြီး ယခုလက်ရှိတွင် သူသည် ဝေးကွာသော နေရာတစ်ခုဆီသို့ သွားနေခြင်းဖြစ်သည်။ မိုးရေစင်ကြယ်သည် သူ့နှင့် အဝေးကြီးတွင် ကျန်ရစ်ခဲ့လေပြီ။ နောက်သို့ လှမ်းကြည့်လိုက်သည့်အခါ မထင်မရှား၊ မသဲမကွဲ တောက်ပနေသော ကြယ်များကိုသာ မြင်ရတော့သည်။
မရပ်မနား ဆယ်ရက်ကျော်ကြာအောင် ပျံသန်းပြီးနောက် လုံခြုံလောက်ပြီဟု ရန်ကိုင် တွေးလိုက်သည်။ မဟုတ်လျှင် ရွှယ့်ယွယ်၏ လုပ်နိုင်စွမ်းအရ ထိုဆယ်ရက် အတွင်း သူ့အား ဖမ်းမိပြီးလောက်ပေပြီ။
သူ့စိတ်ထဲ အစီအစဉ်များစွာကို ကြိုတွေးထားသည်။ နောက်ဆုံး မဖြစ်တော့ဘူး ဆိုလျှင် ဟင်းလင်းပြင်ထဲ ဝင်ပုန်းနေမည်ဟုပင် တွေးထားခဲ့သည်။
‘ဒီလောက်ဆို အဆင်ပြေလောက်ပါပြီ’ဟု တွေးမိရုံရှိသေး၊ သူ့ကောင်းကင် စိတ်အာရုံ စက်ကွင်းထဲ အသက်စွမ်းအင် အရှိန်အဝါများ ဝင်ရောက်လာသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ လေဟာနယ်တာအိုအပေါ် နားလည်မှုနှင့် သူ့ကောင်းကင်စိတ်အာရုံကို ပေါင်းစပ်လိုက်သည့်အခါ ထိုလူများ သူ့အား သတိမပြုမိ ထိုလူများ၏ ခွန်အားကို စစ်ဆေးနိုင်ခဲ့ပေသည်။
လူသုံးယောက်ပင်.. အကုန်လုံးသည် သူတော်စင်ဘုရင် ပထမအဆင့်များ ဖြစ်ကြပြီး ကြယ်လွန်းပျံကိုယ်စီဖြင့် သူ့ဆီသို့ လာနေကြခြင်း ဖြစ်သည်။
ထိုလူများသည် ရွှယ့်ယွယ်၏ အမိန့်ကြောင့် သူ့နောက်သို့ လိုက်နေသည့်လူများ ဖြစ်နေမလား၊ သို့မဟုတ် ဤအနီးအနားမှ ဖြတ်သွားဖြတ်လာ လူများသာ ဖြစ်နေလေမလား။ ရန်ကိုင် မခွဲတတ်။ မလိုလားအပ်သော ပြဿနာများ မဖြစ်စေရန် သူ့အရှိန်အဝါကို ဖုံးကွယ်ပြီး လမ်းကြောင်းပြောင်းရန် စဉ်းစားလိုက်သည်။
သို့သော်လည်း သူလမ်းကြောင်း အကြိမ်များစွာ ပြောင်းလိုက်သည့်တိုင် ထိုသုံးယောက်သည် ပျားရည်နံ့ရသော ပျားများပမာ သူ့နောက်သို့ ဆက်လိုက်လာနေဆဲ။ ယခုထိတိုင် ထိုလူများ၏ ရည်ရွယ်ချက်ကို သတိမပြုမိသေးလျှင် ရန်ကိုင် လူတုံးကြီး ဖြစ်ချေရော့မည်။
ထိုသုံးယောက်သည် ရွှယ့်ယွယ် လွှတ်လိုက်သည့် လူများ ဖြစ်ရပေမည်။ မဟုတ်လျှင် သူ့နောက်သို့ တောက်လျှောက် လိုက်လာနေလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရန်ကိုင်လည်း ထိုသုံးယောက်ကို ကြယ်လွန်းပျံပေါ်တွင် ထိုင်၍သာ စောင့်နေလိုက်သည်။
ဤသည်မှာ ရွှယ့်ယွယ် ဘာကို ဆိုလိုချင်သနည်း။ ထိုသူတော်စင်ဘုရင် သုံးယောက်ကို သူ့အား သူမဆီ ပြန်ခေါ်လာရန် လွှတ်လိုက်ခြင်းပေလာ။
ရွှယ့်ယွယ် သူ့ခွန်အားကို ကောင်းကောင်း သိပေသည်။ ရေလကြယ်တွင် ရှိစဉ်က သူတော်စင်ဒုတိယအဆင့် ကျင့်ကြံခြင်းလေးဖြင့် ရွှယ့်ယွယ်၏ လူဖြစ်သော သူတော်စင်ဘုရင် ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ခဲ့သည်။ ယခု သူသည် သူတော်စင် တတိယအဆင့်သို့ ရောက်နေခဲ့လေပြီ။ ထိုသူတော်စင်ဘုရင် ပထမအဆင့် သုံးယောက်ဖြင့် သူ့အား မည်ကဲ့သို့ ဖမ်းနိုင်မည်နည်း။
ရွှယ့်ယွယ်သည် ထိုလူသုံးယောက်ထက် ပိုအားကောင်းသော လူများကို လွှတ်နိုင်ပေသည်။ ဟလီခနှင့် လင်းမူဖုန်းတို့သည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ထို့အပြင် အဖွဲ့ခွဲတွင် သူတော်စင်ဘုရင် ဒုတိယအဆင့်၊ တတိယအဆင့်များ ရှားပါးမနေချေ။ သူမသာ အမိန့်ပေးလိုက်သရွေ့ ဟလီခပင် မလုပ်ချင်လျှင် လုပ်ရပေလိမ့်မည်။
သို့သော်လည်း သူတော်စင်ဘုရင် ပထမအဆင့် သုံးယောက်ကိုသော စေလွှတ်ခဲ့သည်။
ထိုလူသုံးယောက်ကို အသုံးပြုပြီး သူနှင့် လုံးဝ မပက်သက်ချင်တော့ကြောင့် အရိပ်အမြွက် ပြောလိုက်ခြင်းပေလား။ ဖြစ်နိုင်လောက်ပေသည်။ ထိုကဲ့သို့ တွေးလိုက်မိသည့်အခါ ရန်ကိုင် မိစ္ဆာဆန်ဆန် ပြုံးလိုက်သည်။
ထိုသို့လုပ်ခြင်းမှာ ကောင်းပေသည်။ ရွှယ့်ယွယ်၏ အပြုအမူကြောင့် သူ့စိတ်ထဲ နောင်တရနေစရာ မလိုတော့ချေ။
သူတို့သာ နောက်တစ်ဖန် ပြန်တွေ့လျှင် ရွှယ့်ယွယ် သူ့အား ကျိန်းသေ သတ်မည်မှန်း ရန်ကိုင် သိသည်။ သူသိထားခဲ့သည် အန္တရာယ်များပြီး ဆွဲဆောင်မှု ရှိလှသည့် ပုံစံမျိုး လုပ်ပြနေလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ထိုမိန်းမနှင့် နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မပက်သက်မိစေရတော့ဘူးဟု ရန်ကိုင် စိတ်ပိုင်းဖြတ်ထားပြီးလေပြီ။
ထိုသုံးယောက်သည် ကောင်းကင်စိတ်အာရုံကို ဖြန်ကျက်လျက် ရန်ကိုင်အား လိုက်လံရှာဖွေနေခဲ့သည်။ ရန်ကိုင် ရှိနေသည့် နေရာအတိအကျကို မသိသည့်ပုံပင်။
ရန်ကိုင်နှင့် ခပ်နီးနီးသို့ ရောက်လာသည့်အခါမှပဲ ထိုသုံးယောက်သည် ရတနာ တစ်ခုခုကို တွေ့လိုက်သည့်အလား ပျော်သွားခဲ့ပြီး ရန်ကိုင် ရှိနေရာ အရပ်ဆီသို့ ချက်ချင်း ပြေးသွားကြလေသည်။
သုံးမြှောင့်ပုံစံဖြင့် သူ့အား မလှမ်းမကမ်းမှ ဝိုင်းထားသည့် ထိုသောက်ရူး သုံးကောင်၏ ဒေါသတကြီး အမူအရာများကိုကြည့်ရင်း ထိုသုံးယောက်သည် ဤတာဝန်ကို မလုပ်ချင်သော်လည်း ရွှယ့်ယွယ်မှ အမိန့်ပေးသဖြင့် လုပ်ရန် ထွက်လာခဲ့ရခြင်းဖြစ်မှန်း ရန်ကိုင် သိလိုက်သည်။
ရွှယ့်ယွယ်သည် သူတို့သုံးယောက်ကို သေခိုင်းရန်အတွက် လွှတ်လိုက်မှဖြင့် ထိုသုံးယောက်သည် ရွှယ့်ယွယ် စိတ်ညစ်အောင် တစ်ခုခု လုပ်ခဲ့သည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။ ထိုသုံးယောက်ကို ရန်ကိုင် တစ်ခါမှ မမြင်ဖူးခဲ့။ ထို့ကြောင့် သူ့စိတ်ထဲ ထိုသုံးယောက်အား သတ်ရမည်ကို နည်းနည်းလေးမှ ဝန်လေးနေခြင်း မရှိခဲ့ပေ။
“ကောင်စုတ်လေး၊ တတိယသခင်လေးရဲ့ မိန်းကလေးကို ကြုံရဲရအောင် မင်းသတ္တိက မသေးပါလား။ အဲ့မိန်းကလေးက ရုပ်လေး နည်းနည်းလောက် လှနေတာကလွဲပြီး ဘာမှ ဒီလောက် ဟုတ်တာမဟုတ်ဘူး။ ငါလည် သိပ်ပြီး ကြည့်ရတာ မဟုတ်ဘူး။ ဒါပေမယ့် သူ့ဘာသာ ဘယ်လိုပဲ ဖြစ်နေပါစေ သူက မင်းလိုအစောင့်တစ်ယောက် ရနိုင်တဲ့ လူတစ်ယောက် မဟုတ်ဘူးကွ။ အခု မင်းကိုအသက်ရှင်လျက် ပြန်ခေါ်လာဖို့ ငါ့တို့ကို အမိန့်ပေးထားတယ်။ ဒါကြောင့် မင်းဘာသာ အေးအေးဆေးဆေး လက်လျှော့လိုက်တာ ကောင်းမယ်။ တော်ကြာ လက်ပါရလို့ ခြေလွန်လက်လွန် ဖြစ်သွားရင် မင်းလည်း မသက်သာပါဘူးနော်။ ဒါကြောင့် အေးအေးဆေးဆေး ပြောနေတုန်း လက်လျှော့လိုက်” သူ့ဘယ်ဘက်တွင် ရှိနေသော လူကြီးက အော်ပြောလိုက်သည်။
“ငါ့လခွမ်းမှပဲ။ ဒီအဖေ နေလာတာ နှစ်နဲ့ချီနေပြီ။ ကြယ်တာရာကောင်းကင်ထဲ ဒီကြယ်လွန်းပျံလေးနဲ့ ဒီလောက်အဝေကြီး သွားရလိမ့်မယ်လို့ တစ်ခါမှ မထင်ထားဘူး။ အဲ့မိန်းမကြောင့် သောက်ဒုက္ခကို ရောက်လိုက်ရတာကွာ။ ကောင်လေး၊ မင်းငါတို့ကို ဘယ်လို အလျော်ပြန်ပေးမှာလဲ” သူ့ညာဘက်တွင် ရှိနေသော အသက်ငယ်ဟန်ထင်ရသည့်လူက ပြောလိုက်သည်။ သူ့မျက်လုံးထဲ ဒေါသမီးတောက်တို့ တောင်လောက်နေခဲ့ရလေသည်။ ရွှယ့်ယွယ်ကို ဘာမှ မလုပ်နိုင်သဖြင့် သူ့မကျေနပ်ချက် အားလုံးကို ရန်ကိုင်ပေါ် ပုံချနေသည့်ပုံပင်။
ကြယ်တာရာကောင်းကင်ထဲ ကြယ်လွန်းပျံနှင့် ပျံသန်းသွားလာရသည်မှာ တကယ်ကို စိတ်ညစ်စရာကောင်းပေသည်။ ပုံမှန်အားဖြင့် ကျင့်ကြံသူများသည် ကြယ်တာရာကောင်းကင်ထဲ ကြယ်သင်္ဘောများဖြင့်သာ သွားလာကြသည်။ တစ်ခုခု စစ်ဆေး၊ ကင်းထောက်ရန် လိုအပ်သည့်အခါမှ ကြယ်လွန်းပျံဖြင့် သွားလေ့ရှိသည်။ ထိုသို့ ကင်းထောက်လုပ်၊ စစ်ဆေးရသည့် တာဝန်များမှလည်း အများဆုံးမှ လေးရက်၊ငါးရက်လောက်သာ ကြာတတ်သည်။
သို့သော် ယခုတစ်ကြိမ်၌ ရန်ကိုင်နောက်သို့ ကြယ်လွန်းပျံဖြင့် ဆယ်ရက်တိတိ လိုက်ခဲ့ရသည်။ ထို့ကြောင့် သူတော်စင်သလင်းကျောက်များကို ပြန်လည် သန့်စင်ပြီးသည့်တိုင် သုံးယောက်စလုံး အတော်လေး ပင်ပန်းနေခဲ့ကြလေသည်။
ထို့ကြောင့် သူတို့ ကုန်ကျသမျှ၊ ပင်ပန်းခဲ့ရသမျှအားလုံးကို ရန်ကိုင်ဆီမှ ပြန်အကြွေးတောင်းနေခြင်းပင်။
“ဟဲဟဲ၊ အဲ့မိန်းမက ဒီကောင်ကို ပြန်ခေါ်လာဖို့ပဲပြောတာ။ သူပိုင်ဆိုင်တဲ့ အရာတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာ ဘာမှ ပြောသွားတာမဟုတ်ဘူး။ ဒီကောင် အဲ့မိန်းမရဲ့ နာမည်ကို သုံးပြီး ဆရာဟလီခနဲ့ ဆရာလင်းမူဖုန်းကို ရတနာ ဂိုဒေါင် တံခါးဖွင့်ခိုင်းတယ်ဆိုပဲ။ အဲ့ထဲကနေ ပစ္စည်းကောင်းတွေ အများကြီး ဒီကောင် ရလာလောက်တယ်” နောက်ဆုံးလူက လောဘတကြီး ပြောလိုက်သည်။
“တကယ်ကြီးလား” လူကြီးနှင့် လူငယ်လေးတို့၏ အကြည့်များသည် ချက်ချင်းဆိုသလို ရန်ကိုင်၏ သိုလှောင်လက်စွပ်ပေါ် ရောက်သွားခဲ့လေသည်။
သောင်းနှင့်ချီသော သူတော်စင်သလင်းကျောက် ပမာဏသည် ထိုလူသုံးယောက်ကို ရူးမူးသွားအောင်လုပ်ရန် လုံလောက်ပေသည်။
“ဟုတ်တယ်။ ကျုပ်ကိုယ်တိုင် သူတော်စင်သလင်းကျောက် ငါးသောင်း ယူလာခဲ့တာ” ရန်ကိုင်က လက်စွပ်ကို ဝှေ့ရမ်းပြလျက် ဆက်ပြောလိုက်သည် “အဲ့သူတော်စင်သလင်းကျောက်တွေ အကုန်လုံး ဒီထဲမှာရှိတယ်။ သူတော်စင် သလင်းကျောက်တွေတင်မဟုတ်ဘူး။ သူတော်စင်ဘုရင်အဆင့် ဆေးပင်တွေနဲ့ သတ္တုရိုင်းတွေကိုပါ ယူလာသေးတယ်။ အဲ့ဒါတွေ အကုန်လုံးက တစ်ခုကို အနည်းဆုံး သူတော်စင်သလင်းကျောက် သိန်းနဲ့ချီ တန်တာနော်”
ရန်ကိုင် ပြောသည်ကို နားထောင်ရင်း ထိုသုံးယောက်၏ အသက်ရှူသံများ မြန်ဆန်လာခဲ့ကြသည်။ လောဘမီးတောက်တို့သည်လည်း သူတို့ သုံးယောက်၏ မျက်လုံးများထဲ တောက်လောင်လာခဲ့ကြလေသည်။
“ကောင်စုတ်လေး။ အဲ့လက်စွပ်ကို ငါ့ဆီပေးစမ်း၊ မင်းကို ထိခိုက်အောင် မလုပ်ဘူးလို့ ငါကတိပေးတယ်။ ဒါပေမယ့် မင်းဘက်ကလည်း ခိုင်းတဲ့အတိုင်း လုပ်ပေးဖို့လိုလိမ့်မယ်” လူကြီးက အပြုံးကြီးပြုံးလျက် သူ့လက်ကို ရန်ကိုင်ဆီ ဆန့်တန်းလိုက်သည်။
“လိုချင်တာလား။ ဒါဆိုရင် ကျုပ်မေးတာကို အရင်ဖြေ” ရန်ကိုင်က ပြုံး၍ ပြန်ပြောသည်။
“မေးစရာရှိရင် မြန်မြန်မေး။ ငါတို့မှာ အချိန်မရှိဘူး။ ဟိုကို ပြန်သွားရဦးမယ်” လူကြီးက စိတ်မရှည်သည့်ဟန်ဖြင့် ပြောလိုက်သည်။ ကြယ်တာရာကောင်းကင်ထဲ ကြယ်လွန်းပျံနှင့် ခရီးသွားရသည်မှာ မလွယ်ကူလှချေ။ ကြယ်လွန်းပျံနှင့် သွားလျှင် သူတို့၏စွမ်းအားကို အသုံးပြု၍ ကြယ်တာရာကောင်းကင်၏ ဖိအားကို အဆက်မပြတ် ခုခံနေရသလို ကံမကောင်း၍ အာကာသမုန်တိုင်း၊ ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်နှင့် ကြုံရသော် အသက်ပျောက်နိုင်သေးသည်။
ထိုမိန်းမကြောင့်သာ မဟုတ်လျှင် မည်သူမှ ဤတာဝန်ကို လုပ်ချင်မည်နည်း။ ဟလီခပင်လျှင် ထိုစိတ်ပျက်စရာကောင်းသည့် မိန်းမကြောင့် နည်းနည်း စိတ်တိုသွားရသည်။ ရန်ကိုင်က ပူးပူးပေါင်းပေါင်းဖြင့် ရှိနေသည်ကို မြင်သော် လူကြီးက အလျင်အမြန် တိုက်တွန်းလိုက်သည်။
“ခင်ဗျားတို့ ကျုပ်ကို ဘယ်လို ရှာတွေ့တာလဲ။ ကျုပ်ခင်ဗျားသုံးယောက်ကို အထင်သေးနေတာ မဟုတ်ဘူး။ ဒါပေမယ့် ကျုပ်သွားတဲ့နောက်ကို မျက်ခြေမပြတ်ဘဲ တောက်လျှောက်လိုက်နိုင်လောက်တဲ့ အရည်အချင်းမျိုး ခင်ဗျားတို့မှာ မရှိဘူး” ရန်ကိုင်က ပြောလိုက်သည်။
ထိုသုံးယောက် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြပြီး ဝါးလုံးကွဲ အော်ဟစ်ရယ်မောကြလေသည်။
လူကြီးက ထိုကိစ္စကို ဖုံးကွယ်ထားရန် မ ကြိုးစားဘဲ သူ့လက်ကို ဝှေ့ရမ်း၍ ရောင်စုံဖဲကြိုးလေးတစ်ခုကို ထုတ်လိုက်သည်။ ထိုရောင်စုံ ဖဲကြိုးလေး ပေါ်လာသည့် အခါ မမြင်နိုင်သော အားတစ်ရပ်၏ ဆွဲငင်ခြင်း ခံလိုက်ရသည့်အလား ရန်ကိုင်ဆီသို့ တည့်တည့်မတ်မတ် ပျံသန်းသွားလေသည်။
ရန်ကိုင် အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားပြီး ထိုဖဲကြိုးကို လှမ်းဖမ်းလိုက်သည်။ ထိုဖဲကြိုးဆီမှ ရွှယ့်ယွယ်၏ ကိုယ်သင်းရနံ့ဖျော့ဖျော့လေးကို သူရလိုက်သည်။
“ဒါကို အာကိုးနေတာလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားသည် “ဒါက ဘာကြီးလဲ”
“မင်းက ငါ့လာမေးနေမှတော့ မင်းအဖေက ဘယ်သူ့ သွားမေးရမှာလဲ” လူကြီးက သွားပေါ်အောင် ပြုံးဖြဲလိုက်ပြီး “ငါတို့မသွားခင် အဲ့မိန်းမက ငါတို့ကို အဲ့ဒါပေးလိုက်တာ။ အဲ့ဒါအတိုင်း လိုက်သွားရင် မင်းကို တွေ့လိမ့်မယ်တဲ့။ ဒါကြောင့် ငါတို့လည်း အဲ့အတိုင်း လိုက်လာလိုက်တာ။ မင်းကို တန်းတွေ့တော့တာပဲ”
ရန်ကိုင်ကို ထိုလူကို သေချာစိုက်ကြည့်နေလိုက်သည်။ ထိုလူပြောသွားသည့် ပုံအရ သူလိမ်နေသည့်ပုံ မပေါက်ချေ။
ဖဲကြိုးကို ပြန်ငုံကြည့်လိုက်သည့်အခါ ရန်ကိုင် ရုတ်တရက် တစ်ခုခုကို နားလည်သွားပြီး အံကြိတ်ကာ “အဲ့မိန်းမပျက်မကတော့ကွာ”
တကယ့် ပြဿနာဟာ ဘာလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့လေပြီ။ ထိုမိန်းမ၏ အကြံအစည်သည် တကယ်ကို လေးစားထိုက်ပေသည်။ ရိုးရိုးလေး စကားပြောနေရုံဖြင့် ဤထောင်ချောက်ကို ဆင်နိုင်ခဲ့သည်။
ထိုစဉ်က ရွှယ့်ယွယ် ပြင်ဆင်ပေးခဲ့သော လက်ဖက်ရည်သည် ရိုးရိုးသာမန် လက်ဖက်ရည်သာဖြစ်သာ သူ့ကို အာရုံလွှဲရန် လုပ်ထားခြင်းဖြစ်သည်။ သူမ၏ တကယ့် ရည်ရွယ်ချက်သည်ကား ဒေါကြောင့် ငိုကြွေးရင်း သူ့လည်ပင်းကို ကိုက်နိုင်ရန်ပင်။ ထိုသို့ ကိုက်လိုက်စဉ် သူ့လည်ပင်းပေါ်၌ အမှတ်အသား တစ်ခုခု ချန်ထားရစ်ခဲ့ခြင်း ဖြစ်ရမည်။ မဟုတ်လျှင် ဖဲကြိုလေး တစ်ခုသက်သက်ဖြင့် သူ့တည်နေရာကို သူမ မည်ကဲ့သို့ သိနိုင်မည်နည်း။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၈၂)
ထိုသုံးယောက် မည်သည့် နည်းလမ်းကိုသုံး၍ သူ့အား နောက်ယောင် ခံလိုက်နေသလဲ ဆိုသည်ကို သိသွားပြီးနောက် ရန်ကိုင် စိတ်အေးသွားသည်။
နည်းလမ်းကိုသိသရွေ့ အဖြေရှာရန် မခက်ပါချေ။ ရန်ကိုင် ရောင်စုံဖဲကြိုးကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်ပြီး ထိုသုံးယောက်အား ထူးမခြားနားဟန်ဖြင့် ပြန်စိုက်ကြည့်လိုက်သည်။ ရွှယ့်ယွယ်က သူတို့ကြားမှ ဆက်ဆံရေးကို ရှင်းလင်းသွားအောင် လုပ်ချင်မှဖြင့် သူဘက်ကလည်း ပြတ်ပြတ်သားသား တုန့်ပြန်ပေးရပေမည်။
ရန်ကိုင် မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်ကို သတိပြုမိသော် လူကြီးက မာန်သွင်းအော်ဟစ်လျက် သူ့ခွန်အား အကုန်အစင်ကို လှည့်ပတ်လိုက်သည်။
ကျန်နှစ်ယောက်သည် ဘာမှမလုပ်ဘဲ လက်ပိုက်၍သာ ကြည့်နေခဲ့သည်။ ရန်ကိုင် ခံရတော့မည်ဟု တွက်ဆထားကြသည့်ပုံပင်။
သူတို့အမြင်တွင် ရန်ကိုင်သည် သူတော်စင်တတိယအဆင့်လေးသာရှိသော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူတို့ထဲမှ မည်သူပဲ လှုပ်ရှားပါစေ၊ လုံလောက်နေပေပြီ။ ရန်ကိုင်ကို ကိုင်တွယ်ရန် လူတစ်ယောက်သာ လိုပေသည်။
တောင်တစ်လုံးမျှ လေးလံပြင်းထန်သော အရှိန်အဝါတို့သည် ရန်ကိုင်အား အဘက်ဘက်မှ ချုပ်နှောင်ဖိအားပေးလာကြသည်။ ထိုဖိအားကြောင့် ရန်ကိုင်၏ ကိုယ်ထဲရှိ အရိုးများထံမှ ကျိုးအက်သံများ ထွက်ပေါ်လာခဲ့သည်။
သက်လတ်ပိုင်းလူကြီးက လှောင်ပြုံးပြုံးလျက် ရန်ကိုင်၏ နောက်ဘက်တွင် ပြန်ပေါ်လာသည်။ ချက်ချင်းဆိုသလို သက်လတ်ပိုင်းလူကြီးသည် မီတာတစ်ရာ အရွယ်အစားရှိသော ဧရာမလူဘီလူကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ ခြေထောက်ကိုမကာ ရန်ကိုင်အား နင်းချလိုက်သည်။
လိပ်ပြာလွင့်မတတ် ဖိအားတို့ သက်လတ်ပိုင်းလူကြီး၏ မျက်လုံးများဆီမှ ပေါက်ကွဲထွက်လာပြီး ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ တိုးဝင်သွားလေသည်။
တစ်ဖက်လူသည် ဝိဥာဉ်ပညာရပ်ကိုသုံး၍ သူ့အား တိုက်ခိုက်ရန် ကြိုးစားနေသည်ကို သတိပြုမိလိုက်သည့်အခါ ရန်ကိုင်သည် ဘာမှမလုပ်ဘဲ စပ်ဖြဲဖြဲပြုံး၍သာ ရပ်နေပေးလိုက်သည်။
သူ့ရန်သူသည် ချီစွမ်းအင်တိုက်ခိုက်မှုကို အသုံးပြုလာမည်ဆိုပါက ရန်ကိုင် အနေဖြင့် ပြန်လည် ခုခံရနိုင်သေးသည်။ သို့သော် ဝိဥာဉ်ပညာရပ်ကို အသုံးပြုလာမည် ဆိုလျှင်မူကား… ဘာမှစိုးရိမ်စရာမရှိပါချေ။
ရန်ကိုင်၏ ဝိဥာဉ်ခွန်အားသည် သူတော်စင်ဘုရင်ဒုတိယအဆင့်လောက်ကို ရောက်နေပေပြီ။ တေဇောဓါတ်အသိစိတ်ပင်လယ်နှင့်ပါ ထပ်ပေါင်းလိုက်မည် ဆိုပါက သူတော်စင်ဘုရင် တတိယအဆင့်များ၏ စိတ်ဝိဥာဉ် တိုက်ခိုက်မှုကိုပင် ကြောက်နေစရာမလိုချေ။
ထိုလူကြီးသည် သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသည်။ သူ၏ ကျင့်ကြံခြင်းသည် ရန်ကိုင်ထက် ပိုမြင့်သဖြင့် ရန်ကိုင်အား အလွယ်တကူ အနိုင်ယူနိုင်မည်ဟု ထင်နေသည်။ သို့သော်လည်း ရန်ကိုင်၏ အစစ်အမှန် ခွန်အားကို သူ့ကျင့်ကြံခြင်းနှင့် သွားတိုင်း၍ မရသည်ကို သူမည်ကဲ့သို့ သိပါမည်နည်း။
စိတ်စွမ်းအင်လှိုင်းများသည် တစ်ခုနှင့်တစ်ခု ဆင့်ကာဆင့်ကာ ထပ်သွားပြီး အားကောင်းသော ရိုက်ချက်တစ်ခုအဖြစ်သို့ ပြောင်းလဲကာ ရန်ကိုင်၏ အသိစိတ် ပင်လယ်ထဲသို့ တိုးဝင်သွားခဲ့သည်။ သို့သော်လည်း ကံမကောင်း အကြောင်းမလှရှာသော ထိုစိတ်စွမ်းအင် တိုက်ခိုက်မှုသည် ဘာဆိုဘာမှ မလုပ်နိုင်သေးခင်မှာပဲ ပြင်ထန်သော အပူအားတစ်ရပ်၏ လောင်ကျွမ်းပစ်ခြင်း ခံလိုက်ရသည်။
သက်လတ်ပိုင်းလူကြီး၏ မျက်နှာထက်ရှိ ထီမထင်ဟန် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ဧရာမခန္ဓာကိုယ်ကြီးသည် သာမန် အရွယ်အစားအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားကာ သူ့မျက်ဆံများသည် အပ်တစ်ချောင်း အရွယ်အစား အထိသို့ ကျုံ့ဝင်သွားခဲ့လေသည်။ သူ့မျက်နှာသည်လည်း ဖြူလျော်သွားရသည်။
အားကောင်းလှသော ရန်ကိုင်၏ တေဇောဓါတ် အသိစိတ်ပင်လယ်ကြောင့် သူ့ကောင်းကင်စိတ်အာရုံ လောင်ကျွမ်းခံလိုက်ရရာ သူ့ခေါင်းတစ်ခုလုံး နှစ်ခြမ်း ခွဲခံရသလို သက်လတ်ပိုင်းလူကြီး ခံစားလိုက်ရဿည်။
သက်လတ်ပိုင်းလူကြီး နာနာကျင်ကျင် အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် မည်သူမှ မတုန့်ပြန်နိုင်သေးမီ အနက်ရောင်နတ်ဆိုးမီးတောက်ကို သက်လတ်ပိုင်းလူကြီးဆီ ပစ်လွှတ်လိုက်သည်။
အန္တရာယ်လာနေသည်ကို အာရုံခံမိလိုက်သည်နှင့် သက်လတ်ပိုင်း လူကြီးသည် သူ့ခွန်အားကို အတင်းအကြပ် လှည့်ပတ်၍ သူတော်စင် အလယ်အလတ်အဆင့် အကာအကွယ်ရတနာ တစ်ခုကို အတင်းအကြပ် ထုတ်ယူလိုက်သည်။ သက်လတ်ပိုင်း လူကြီးရှေ့ ထီးကဲ့သို့ မှော်ရတနာတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုထီးအပေါ်မှီခို၍ အန္တရာယ်ပေါင်းများစွာမှ သက်လတ်ပိုင်းလူကြီး လွတ်မြောက်ခဲ့ဖူးသည်။
ယခုတစ်ကြိမ်သည်လည်း အတူတူသာ ဖြစ်မည်ဟု ထင်ထားသည်။ ထီးမှ ရန်ကိုင်၏ အလစ်ချောင်းတိုက်ခိုက်မှုကို ခုခံပြီးသည်နှင့် အဆင်ပြေသွားပေပြီ။ ထိုအခါမှ သူ့အဖော်နှစ်ယောက်နှင့်ပေါင်း၍ ရနက်ိုင်ကို ဖမ်းရပေမည်။
သို့သော်လည်း ထီးကဲ့သို့သော မှော်ရတနာသည် သက်လတ်ပိုင်းလူကြီး မျှော်လင့်ထားသည့်အတိုင်း မလုပ်ပြနိုင်ခဲ့ချေ။ ဘာဖြစ်နေသလဲ မသိသေးခင်မှာ နတ်ဆိုးမီးတောက်လှံတံ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူနှင့် တစ်မီတာ အကွာတွင် ပြန်ပေါ်လာခဲ့သည်။
နတ်ဆိုးမီးတောက် လှံတံသည် လေဟာနယ်ကို ဖြတ်ကျော်ကာ သူ၏ အကာအကွယ် မှော်ရတနာကို ဖြတ်ကျော်ခဲ့သည်။ သက်လတ်ပိုင်းလူကြီးသည် ရုတ်တရက် ပေါ်လာသော နတ်ဆိုးမီးတောက် လှံကြောင့် ကြောင်အမ်းအမ်း ဖြစ်နေစဉ် လှံတံက သူ့ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့သည်။
နတ်ဆိုးမီးတောက်တို့ သူ့ခန္ဓာကိုယ်ကို စတင် လောင်ကျွမ်းလာသည်နှင့် တစ်ပြိုင်နက် သူ့တစ်ကိုယ်လုံး အေးလိုက်၊ ပူလိုက် ဖြစ်လာခဲ့ရသည်။ ပူလိုက်၊ အေးလိုက် ဖြစ်နေသော ဆန့်ကျင်ဘက် စွမ်းအင် နှစ်မျိုးသည် သက်လတ်ပိုင်း လူကြီးကို ရေခဲရိုက်လိုက်၊ မီးကင်လိုက် လုပ်နေခဲ့သည်။ သူတော်စင်ချီကို လှည့်ပတ်၍ မီးကို ငြိမ်းသတ်ရန် ကြိုးစားလိုက်သော်ငြား မည်သို့မှ ငြိမ်းသတ်၍ မရခဲ့။
အနက်ရောင် နတ်ဆိုးမီးတောက်သည် သူ့အဝတ်အစာများကို အရင် လောင်ကျွမ်းပစ်သည်။ ထို့နောက် သူ့အသွေးအသား၊ သူတော်စင်ချီများပါ လောင်ကျွမ်းပစ်ခြင်း ခံလိုက်ရသည်။ ဘာဆိုဘာမှ မကျန်ရစ်ခဲ့ချေ။
အနက်ရောင်မီးတောက်ထဲ နစ်မြုပ်သွားသည်နှယ့် နှလုံးသွေးပျက်ဖွယ် အော်ဟစ်သံတို့ ကြယ်တာရာကောင်းကင်ထဲ ထွက်ပေါ်လာခဲ့သည်။
ပွဲကြီးပွဲကောင်းကြည့်ရန် သက်သောင့်သက်သာဖြင့် ရပ်နေကြသော သူ့အဖော်နှစ်ယောက်၏ အမူအရာ အလွန်တရာကိုမှ လေးနက်နေခဲ့လေပြီ။ သူတို့စိတ်ထဲ ကြောက်လည်းကြောက်၊ လန့်လည်း လန့်နေမိသည်။
ကိုယ့်ထက် ကျင့်ကြံခြင်းတစ်ဆင့် ပိုမြင့်သော ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်အနိုင်ယူခြင်းသည် သူတို့နှင့် အစိမ်းသက်သက်မဟုတ်။ ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်း၏ ကျင့်ကြံသူများ ဖြစ်သည်နှင့်အညီ သူတို့တွင် ကိုယ်ပိုင် ဆန်းပြားသည့် ပညာရပ်များစွာ ရှိပေသည်။ ထို့ကြောင့် သူတို့ နှစ်ယောက်စလုံး သူတို့ထက် ကျင့်ကြံခြင်းတစ်ဆင့်ပိုမြင့်သော သာမန်ကျင့်ကြံသူများကို တိုက်ခိုက်နိုင်ကြသည်။
သို့သော်လည်း သူတို့ မြင်လိုက်ရသည်ကား လုံးဝကို ကွဲပြားနေခဲ့သည်။ သူတို့ရှေ့ရှိ ကောင်လေးသည် သူ့ထက် ကျင့်ကြံခြင်းတစ်ဆင့် ပိုမြင့်သောလူကို မျက်တောင်တစ်ခတ်အတွင်း သတ်ပြသွားခဲ့သည်။ သူတို့ နှစ်ယောက်စလုံး ထိုကဲ့သို့ မလုပ်နိုင်ပါချေ။ သို့သော်လည်း ထိုမယုံကြည်နိုင်စရာ မြင်ကွင်းသည် သူတို့ရှေ့တွင် ဖြစ်ပျက်သွားခဲ့သည်။
ရန်ကိုင် မည်မျှ ကြောက်မက်ဖွယ်ကောင်းမှန်း နှစ်ယောက်စလုံး ချက်ချင်း နားလည်လိုက်ကြသည်။ ယခုတစ်ကြိမ် တာဝန်သည် အလွန်တရာကိုမှ ခက်ခဲလှသည့် တာဝန်ဖြစ်မှန်းကိုလည်း နားလည်သွားခဲ့သည်။
ဘာအပိုစကားမှ ပြောမနေတော့ဘဲ ထိုလူနှစ်ယောက်သည် ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး ေ ပြးဝင်သွားလေသည်။ ယခုအကြိမ်တွင် ယခင်ကကဲ့သို့ သူတို့၏ ခွန်အားကို နည်းနည်းလေးမှ ထိန်ချန်မထားရြတော့ချေ။ ရန်ကိုင်အား အနိုင်ယူနိုင်ရန် အတွက် ရှိရှိသမျှ ပညာရပ်များကို အိတ်သွန်ဖာမှောက် အသုံးချကြလေတော့သည်။
တစ်ယောက်သည် ဗုံတစ်လုံးကို ထုတ်ယူလိုက်ပြီး ရန်ကိုင်ဆီ ပြေးသွားရင်း ထိုဗုံကို တီးလိုက်သည်။ ကြယ်စီရင်တစ်ခုလုံးကို လှုပ်ခတ်နိုင်ဟန်ရသော သတ်ဖြတ်လိုစိတ်တို့ ပြည့်လျမ်းနေသည့် ဗုံသံများ ထွက်ပေါ်လာပြီး ရန်ကိုင်ဆီ တိုးဝင်သွားလေသည်။
ရန်ကိုင်က ထိုမမြင်နိုင်သော တိုက်ခိုက်မှုအား မဟာကောင်းကင်ဒိုင်းဖြင့် တားဆီးလိုက်သည်။ တိုက်ခိုက်မှု သူ့ဆီ ရောက်ရှိလာသည့်အခါ မဟာကောင်းကင်ဒိုင်း၏ မျက်နှာပြင် ကျွံ့ဝင်သွားခဲ့ပြီး ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရသည်။
ကျန်တစ်ယောက်သည် ဓါးရှည်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး ဗုံသမားမှ ထုတ်လွတ်လိုက်သော မမြင်နိုင်သည့် တိုက်ခိုက်မှုနှင့်အတူ ရန်ကိုင်ဆီသို့ ဓါးအလင်းတန်းတစ်စင်း ပစ်လွှတ်လိုက်သည်။
အသက်သုံးရှိုက်စာအတွင်း မဟာကောင်းကင်ဒိုင်း ပျက်စီးသွားခဲ့ရလေသည်။
သူတော်စင်ဘုရင်အဆင့်သို့ ရောက်လာသည့် လူတိုင်းသည် ရွက်ကြမ်းရေကျိုများ မဟုတ်ကြချေ။ အကုန်လုံးသည် မရေမတွက်နိုင်သော သေခြင်းရှင်ခြင်း တိုက်ပွဲများကို ဖြတ်ကျော်လာခဲ့ကြသူများ ဖြစ်ကြသည်။ နှစ်ယောက်ပေါင်း တိုက်ခိုက်နေသည့်အတွက် ရန်ကိုင်လည်း သတိထား၍ လှုပ်ရှားနေခဲ့ရသည်။
နတ်ဆိုးမီးတောက်တို့ ရန်ကိုင် ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့ပြီး ဧရာမ နဂါးကြီးတစ်ကောင်အဖြစ်သို့ စုစည်းသွားခဲ့သည်။ နားပင်မတတ် ကျယ်လောင်သော နဂါးဟိန်းသံနှင့်အတူ အနက်ရောင်နဂါးသည် ခေါင်းကိုခါ၊ အမြီးကို လှုပ်ရမ်း၍ အိမ်တစ်လုံးစာမျှ ကြီးမားသော မျက်လုံးအစုံဖြင့် ရန်ကိုင်ဆီသို့ ပြေးလာနေသော လူနှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။
နဂါးပေါ်လာသည်နှင့် ရန်ကိုင်က နဂါးခေါင်းပေါ် ခုန်တက်လိုက်သည်။ ထို့နောက် သူ့စိတ်စွမ်းအင်ကို ပြေးလာနေသော လူနှစ်ယောက်ဆီ ပို့လွှတ်၍ သူတော်စင်ချီကို အဆက်မပြတ် လှည့်ပတ်ရင်း ကောင်းကင်နတ်ဘုရားပညာရပ် ကိုးခုကို စတင် ထုတ်သုံးလေတော့သည်။ ထိုပညာရပ်ကို ကိုးခုကို လေဟာနယ် တာအိုအပေါ် နားလည်ထားမှုနှင့်ပါ ပေါင်းစပ်လိုက်သည့်အတွက် သူ၏ တိုက်ခိုက်မှုများသည် ပေါ်လိုက်ပျောက်လိုက်ဖြစ်ကော ပြေးဝင်လာနေသူ နှစ်ယောက်ကို ဒုက္ခကြီးကြီးမားမား ရောက်သွားစေခဲ့လေသည်။
သူ့ခွန်အား မြင့်မားလာသည့်အခါ အချက်တစ်ချက်ကို ရန်ကိုင် နားလည်သွားခဲ့ရသည်။ သိုင်းပညာရပ်များနှင့် ပက်သက်၍ အဆင့်ခွဲခြားမှု မရှိချေ။
ကျင့်ကြံခြင်းနှင့် နားလည်မှုသာ လုံလောက်အောင် မြင့်မားနေမည်ဆိုပါက အဆင့်နိမ့် သိုင်းပညာရပ်သည်ပင် ကြောက်မခန်းလိလိ စွမ်းအားကို ထုတ်ဖော်လာနိုင်ပေလိမ့်မည်။
မှော်ရတနာများကမူ ကွဲပြားသည်။ အဆင့်နိမ့် မှော်ရတနာများသည် အဆင့်နိမ့် မှော်ရတနာများသာ ဖြစ်နေမည်ဖြစ်ပြီး မိမိ၏ ကျင့်ကြံခြင်း မည်မျှ မြင့်မားလာပါစေ၊ အဆင့်နိမ့်မှော်ရတနာကို အဆင့်မြင့်မှော်ရတနာကဲ့သို့ အစွမ်းထက်အောင် မလုပ်နိုင်ချေ။
သို့သော်လည်း သိုင်းပညာရပ်များသည် မိမိ၏ခွန်အားကို ပုံစံတစ်မျိုးဖြင့် အသုံးချခြင်းဖြစ်သည်။ ကျင့်ကြံခြင်းသာ လုံလောက်မြင့် မြင့်သွားမည်ဆိုပါက သိုင်းပညာရပ်များကိုပင် သုံးနေစရာမလိုတော့။ တိုက်ပွဲအတွင်း မိမိ၏ခွန်အားကို သင့်လျော်သလို စိတ်ကြိုက်ပြောင်းလဲ တိုက်ခိုက်နိုင်ပေသည်။
သိုင်းပညာရပ်များသည် သိုင်းတာအိုလမ်းစဉ်ထဲသို့ စတင်ဝင်ရောက်လာသူများ သူတို့၏ ခွန်အားကို မည်သို့မည်ပုံ အသုံးပြုရမလဲ ဆိုသည်ကို နာလည်နိုင်စေရန် အတွက် ဖန်တီးထားသော အထောက်အကူများသာ ဖြစ်ကြသည်။
ထို့ကြောင့် ကြယ်စီရင်စုသို့ ရောက်လာပြီးနောက် ထုန်းရွှမ်လောကကြီးမှ သယ်လာသည့် မဟာရတနာကြီးများဖြစ်သော ဝိဥာဉ်ကြာပန်း၊ သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးတို့မှအပ မှော်ရတနာများ ဆေးပင်များအာလုံး အသုံး နည်းနည်းသာ ဝင်တော့ခြင်း ဖြစ်သည်။ သိုင်းပညာရပ်များကို ယခုထိတိုင် အသုံးပြုနေနိုင်သည်။
အနက်ရောင်နဂါးဆီမှ ထွက်ပေါ်နေသော အရှိန်အဝါကြောင့် သူတော်စင် ဘုရင်အဆင့် ကျင့်ကြံသူနှစ်ယောက် သွေးပျက်သွားကြသည်။ ထို့ကြောင့် အားကုန်သုံး၍ ရန်ကိုင်အား တိုက်ခိုက်ရန် ကြိုးစားလိုက်သော်ငြား ကြောက်စိတ်က ကြီးစိုးနေသဖြင့် အားကသိပ်မပါ ဖြစ်သွားရာ ရန်ကိုင်အား နည်းနည်းမျှပင် ထိခိုက်အောင် မလုပ်နိုင်တော့ချေ။
အနက်ရောင်နဂါးဆီမှ ထွက်ပေါ်နေသော တောင်တစ်လုံးတမျှ လေးလံသည့် ဖိအားကြောင့် သူတို့၏ လှုပ်ရှားမှုများ နှေးကွေးသွားခဲ့ရသည်။
အနက်ရောင်နဂါးက ရုတ်တရက် ပါးစပ်ဟလျက် လူနှစ်ယောက်ထဲမှ တစ်ယောက်ကို ဝါးမြိုပစ်လိုက်ကာ ကျန်တစ်ယောက်ကို ကိုက်ချလိုက်လေသည်။ ထိုလူကို နှစ်ပိုင်းပြတ်အောင် မကိုက်လိုက်နိုင်သော်ငြား အနက်ရောင်မီးတောက်များသည် ထိုလူ၏ ခန္ဓာကိုယ်ကို စတင် လောင်ကျွမ်းလာလေတော့သည်။ မကြာမီ ထိုလူလည်း ပထမဆုံးလူ၏ လမ်းအတိုင်း လိုက်သွားခဲ့ရလေသည်။
နာနာကျင်ကျင် အော်ဟစ်သံတို့ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး နောက်ဆုံးတွင် တိတ်ဆိတ်မှုက အစားထိုး ဝင်ရောက်လာခဲ့သည်။ အနက်ရောင် နဂါးလည်း ပျောက်ကွယ်သွားခဲ့ပြီး လက်ကျန် နတ်ဆိုးမီးတောက်များသည် ရန်ကိုင်၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။
ကြယ်တာရာကောင်းကင်ထဲ ရန်ကိုင် တစ်ယောက်တည်းသာ ရှိတော့သည်။ ရန်ကိုင်သည် ထိုနေရာတွင် ခဏရပ်နေခဲ့သည်။ သို့သော် သေသွားသော သုံးယောက်ဆီမှ မည်သည့် စိတ်စွမ်းအင်ကိုမှ စုပ်ယူ၍ မရခဲ့ချေ။ ထိုသုံးယောက်၏ ဝိဥာဉ်များသည် နတ်ဆိုးမီးတောက်ကြောင့် ပျောက်ကွယ်သွားပြီဖြစ်မှန်း ရန်ကိုင် နားလည်လိုက်သည်။ ထို့ကြောင့် ကူကယ်ရာမဲ့စွာဖြင့်သာ ခေါင်းခါရမ်းလိုက်၏။
ဘာမှထပ်တွေးမနေတော့ဘဲ မိုးရေစင်ကြယ်ရှိရာ အရပ်ဆီ တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် ကြယ်လွန်းပျံကိုထုတ်၍ ခရီးဆက်လိုက်၏။
မိုးရေစင်ကြယ်ပေါ်ရှိ၊ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း အဖွဲ့ခွဲ၏ အဓိကနန်းတော်ထဲတွင်…
ရွှယ့်ယွယ်သည် အနီရောင်ဂါဝန်ကို ဝတ်ဆင်လျက် မျက်လုံးပိတ်ကာ ထိုင်ခုံပေါ်တွင် မလှုပ်မယှတ် ထိုင်နေခဲ့သည်။
ဟလီခ၊ လင်းမူဖုန်းနှင့် သက်လတ်ပိုင်း အမျိုးသမီးတို့သည် ရွှယ့်ယွယ် အနားတွင် ရပ်နေခဲ့ကြသည်။ အချိန်နှင့်မျှ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက် လုပ်နေကြသော်လည်း မည်သူမှ စကားမပြောခဲ့ကြချေ။
ခန်းမထဲရှိ အခြေအနေသည် အနည်းငယ် မွန်းကြပ်ဖွယ် ကောင်းနေခဲ့သည်။
ရွှယ့်ယွယ်နှင့် ရန်ကိုင်ကြား မည်သည့်အရာများ ဖြစ်ခဲ့သဖြင့် ရွှယ့်ယွယ်သည် သူတော်စင်ဘုရင်အဆင့် သုံးယောက်ကို ရန်ကိုင်နောက်သို့ လိုက်ခိုင်းခဲ့သလဲ ဆိုသည်ကို သူတို့မသိချေ။
ရန်ကိုင်သည် ရွှယ့်ယွယ်ကိုနှိုးရန် တစ်နှစ်လုံးလုံး ကြိုးစားခဲ့သည်။ အစေခံကို သခင်ကိုနိုးရန် ကျားကုတ်ကျားခဲ့ ကြိုးစားခဲ့သော်လည်း သခင် နိုးလာသည့်အခါ ထိုနှစ်ယောက်ကြားမှ ဆက်ဆံရေးသည် ရန်သူအဖြစ်သို့ ဘာကြောင့် ပြောင်းလဲသွားမှန်း ဟလီခတို့ နားမလည်နိုင် ဖြစ်နေခဲ့သည်။
ထိုကောင်လေးကပဲ မိန်းကလေးရွှယ့်အာကို သူ့စိတ်ကြိုက် ပျော်ပါးပြီး ထားသွားခဲ့ခြင်းပေလား။ ဟလီခတို့အဖွဲ့ ထိုသို့ တွေးလိုက်မိသည်။ ဇုန်းအိုကြီးကမူ ထိုကိစ္စကို ဂရုစိုက်မနေချေ။
အဖွဲ့ခေါင်းဆောင်သုံးယောက် အလွန်ကိုမှ ကိုးယိုးကားယား ဖြစ်နေခဲ့ကြသည်။
ထိုစဉ် ဟလီခ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး သိုလှောင်လက်စွပ်ထဲမှ သစ်သားတံဆိပ်ပြားကို ထုတ်ကာ ကြည့်လိုက်သည်။ ထို့နောက် လက်သီးဆုပ်၍ ပြောလိုက်သည် “မိန်းကလေးရွှယ့်အာ။ ဟေးယင်တို့အဖွဲ့က သုံးယောက်စလုံး… သေသွားပါပြီ”
ရွှယ့်ယွယ်၏ မျက်လုံးလေးများ ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။ သို့သော် ထိုမျက်ဝန်းနက်များထဲ အံ့အားသင့်သည့်အရိပ်အယောင်တို့ စိုးစဉ်မျှပင် ရှိမနေခဲ့။ သူမရင်ထဲမှ အလုံးကြီး ကျသွားသည့်အလား မဆိုသလောက်ကလေး ကြုံနေသည့် မျက်ခုံးကြောလေးများ ပြေလျော့သွားခဲ့ပြီး သက်ပြင်းအရှည်ကြီး ချလိုက်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၈၃) ပျော်နေသည်လား
သူလွှတ်လိုက်သည့် လူသုံးယောက် သေသွားသည့်သတင်းကို ကြားလိုက်ရပြီးနောက် ရွှယ့်ယွယ်သည် ဘာမှပြန်မပြောဘဲ သူမ၏ အခန်းဆီသို့သာ ထွက်သွားလိုက်လေသည်။
“မိန်းကလေးရွှယ့်အာ” ဟလီက ရှေ့သို့တက်ကာ လှမ်း၍ အော်ခေါ်လိုက်သည်။
ရွှယ့်ယွယ် ရပ်လိုက်ပြီး ဟလီခအား အေးစက်စက် အမူအရာဖြင့် ပြန်လှည့်ကြည့်လိုက်သည်။
ကြယ်ရောင်စုံကဲ့သို့ လင်းလက်တောက်ပ အေးစက်သော မျက်ဝန်းအစုံကြောင့် ဟလီခ ရင်ထိတ်သွားပြီး တံတွေးတစ်လုတ် မြိုချမိလိုက်သည်။ ဘာကြောင့်မှန်းမသိ တတိယသခင်လေး ရွှယ့်ယွယ်မှသူ့အား စိုက်ကြည့်နေသလို ခံစားလိုက်ရသည်။
မိုးရေစင်ကြယ် အဖွဲ့ခွဲ၏ ခေါင်းဆောင်ဖြစ်သည်နှင့်အညီ ဟလီခသည် တတိယခသင်လေး ရွှယ့်ယွယ်နှင့် တွေ့ခဲ့ဖူးပေသည်။ တတိယသခင်လေး မည်မျှ ရက်စက်သည်ကိုလည်း သိထားသည်။ လက်ရှိရွှယ့်ယွယ်၏ အကြည့်ကို သူအတော်လေး ရင်းနှီးနေသည်ဟု ပြောသည်မှာ ချဲ့ကားပြောနေခြင်းမဟုတ်ချေ။ ထိုအကြည့်သည် တတိယသခင်လေး ရွှယ့်ယွယ် စိတ်မကျေမနပ်သည့်အခါ ကြည့်တတ်သည့် အကြည်မျိုးဖြစ်သည်။
လုံးဝမတူကွဲပြားသော လူနှစ်ယောက်၊ လိင်ပင်မတူသော လူနှစ်ယောက်တွင် ဘာကြောင့် ထိုကဲ့သို့သော တူညီသည့် အကြည့်မျိုး ရှိနေမှန်း ဟလီခ နားမလည်နိုင်ချေ။ သို့သော်လည်း ကြောက်စိတ်ကို ဖိနှိပ်လျက် အလျင်အမြန် ပြောလိုက်လေသည် “မိန်းကလေးရွှယ့်အာ၊ ဟေးယင်တို့အဖွဲ့ကို ညီငယ်လေးရန် သတ်သွားတာလား”
“ဟုတ်တယ်” ရွှယ့်ယွယ်က အသာအယာ ခေါင်းညိတ်လိုက်သည်။
ဟလီခ၊ လင်းမူဖုန်းနှင့် သက်လတ်ပိုင်း အမျိုးသမီးတို့၏ အမူအရာ သွေးဆုတ်ဖြူလျော်သွားခဲ့သည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ညီငယ်လေးရန်က သူတော်စင် တတိယအဆင့်ပဲ ရှိသေးတာလေ။ အဆင့်ကျော်ပြီး တိုက်နိုင်တယ် ဆိုရင်တောင်မှ အများဆုံးမှ တစ်ယောက်လောက်ပေါ့။ ဘယ်လိုလုပ်ပြီး သူ့ထက် ပိုအားကောင်းတဲ့ သုံးယောက်စလုံးကို တစ်ပြိုင်တည်း တိုက်ခိုင်နိုင်တာလဲ” လင်းမူဖုန်း ခေါင်းတခါခါ ဖြစ်နေခဲ့သည်။
သူတော်စင်ဘုရင်သုံးယောက် ဖြစ်သည်။ သူတော်စင်သုံးယောက် မဟုတ်ချေ။ ထိုသုံးယောက်စလုံးကို ရန်ကိုင် အနိုင်ယူလိုက်သည်မှာ ဖြစ်နိုင်ဖွယ်ရာ မရှိချေ။
“ကဲ အဲ့ဒါဆို သူတို့ ဘယ်လိုသေသွားတယ်လို့ထင်လဲ” ရွှယ့်ယွယ်က လင်းမူဖုန်းကိုကြည့်ကာ မေးလိုက်သည်။ လင်းမူဖုန်းလည်း ဘာပြန်ပြော၍ ပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
ဟလီခက အခြေအနေကို တစ်ချက် စောင့်ကြည့်နေပြီးမှ သေသေချာချာ သတိထား၍ ပြောလိုက်သည် “ဟေးမင်တို့အဖွဲ့ သေသွားတယ်ဆိုတဲ့ သတင်းကို ကြားလည်းကြားရေ မိန်းကလေးရွှယ့်အာ ပျော်သွားသလိုပဲနော်”
“ကျွန်မ ပျော်တဲ့ပုံပေါက်နေတာလား” ရွှယ့်ယွယ်က ဟလီခအား စိုက်ကြည့်၍ ပြန်မေးလိုက်သည်။
ဟလီခ ခေါင်းခါလိုက်သည်။ ဟေးမင်တို့ သေသွားရခြင်းသည် သူတို့ လုံလောက်အောင် အားမကောင်းသည့် အတွက်ကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘာမှ အထွန့်တက်နေစရာမရှိ။ ခဏလောက် စဉ်းစားပြီးနောက် ဟလီခက မေးလိုက်သည် “အခု ကျုပ်တို့အဖွဲ့ခွဲက လူသုံးယောက် သေသွားပြီဆိုတော့ ဘယ်လို ဆက်လုပ်သင့်လဲ။ ရန်ကိုင်က မိန်းကလေးရွှယ့်အာရဲ့ သက်တော်စောင့်ဆိုတော့ မိန်းကလေး ရွှယ့်အာပဲ ဆုံးဖြတ်ပေးပါလား”
“ဘာလုပ်စရာ ရှိသေးလို့လဲ။ အခု သူက ကျွန်မ သက်တော်စောင့် မဟုတ်တော့ဘူး။ နောက်ပိုင်းသူ့ကိုမြင်ရင် ကျွန်မအတွက် အရှင် ဖမ်းထားပေး။ ဒီလောကကြီးရဲ့ အရက်စက်ဆုံး နှိပ်စက်မှုကို သူ့ကို ပေးမြည်းခိုင်းရမယ်” ရွှယ့်ယွယ်၏ ငရဲကိုးထပ်မှ ထွက်လာသော ရေခဲတမျှအေးစက်သည့် လေသံဖြင့် မေးလိုက်သည်။ ပြောစရာ ရှိသည်ကို ပြောပြီးသွားသည်နှင့် လက်ကိုဝှေ့ရမ်း၍ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်သွားလေသည်။
ခေါင်းဆောင်သုံးယောက်စလုံး တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ခြောက်ခြားစွဦဖြင့် ကြည့်နေကြသည်။
“မိန်းကလေးရွှယ့်အာကို ကြည့်ရတာ စိတ်သက်သာရာ ရသွားတဲ့ပုံပဲ” သက်လတ်ပိုင်းအမျိုးသမီးက ပြောလိုက်သည်။
“လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ သူတို့နှစ်ယောက် ဆက်ဆံရေးက အကောင်းအတိုင်း ရှိနေတာကို ဗြုန်းစားကြီး ဘာလို့ ရန်သူတွေ ဖြစ်သွားမှန်း ငါတကယ်ကို နားမလည်နိုင်ဘူး” ဟလီခ စိတ်ရှုပ်နေသည်။
“လူငယ်လေးတွေရဲ့ ကိစ္စ၊ လူငယ်တွေရဲ့ ကိစ္စ… ဟူး၊ ထားလိုက်ပါတော့လေ။ ငါတို့ ဝင်မပါသင့်ဘူး။ မိန်းကလေးရွှယ့်အာက အခုလို ပြောသွားမှတော့ ငါတို့လည်း သူပြောတဲ့အတိုင်း လိုက်လုပ်ရုံပေါ့။ သနားစရာပဲကွာ။ အဲ့ကောင်လေးက တကယ်တော်တာ။ အစောကြီးကတည်းကသာ သိခဲ့ရင် သူ့ကိုဒီမှာခေါ်ထားပြီး ကျင့်ကြံခိုင်းလိုက်ပါတယ်”
ဟလီခကလည်း ခေါင်းညိတ်လိုက်သည်။ သူတော်စင်တတိယ အဆင့်ဖြင့် သူတော်စင်ဘုရင် သုံးယောက်ကို သတ်ပြသွားသည်မှာ သာမန်လူတစ်ယောက် မည်သို့မှ လုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။ ကြယ်စီရင်စုကြီး တစ်ခုလုံးကို ထည့်စဉ်းစားလျှင်ပင် ထိုကဲ့သို့ လုပ်နိုင်သည့်လူ များများစားစား မရှိချေ။
သို့သော်လည်း သူတို့သာ အနာဂတ်တွင် ပြန်တွေ့ကြလျှင် မိန်းကလေးရွှယ့်အာ၏ ညွှန်ကြားချက်အတိုင်း သူ့အား အရှင်ဖမ်းရပေမည်။
----------------------------------
အဆုံးမဲ့ကြယ်တာရာကောင်းကင်ထဲဝယ် မှိတ်တုတ်မှိတ်တုတ် လက်နေသော ကြယ်လေးများအမာ အရာအားလုံး မည်းမှောင်နေခဲ့သည်။
ကြယ်တာရာကောင်းကင်ထဲ ရန်ကိုင် သွားလာနေခဲ့သည်မှာ ယနေ့ပါအပါဆို ခြောက်လ ရှိနေခဲ့လေပြီ။
မိုးရေစင်ကြယ်ဆီမှ ထွက်လာပြီးကတည်းက အခြား ကျင့်ကြံရေး ကြယ်တစ်လုံးဆီသို့ ဦးတည်သွားနေခဲ့ခြင်း ဖြစ်သည်။ သူ့အသိစိတ် ပင်လယ်ထဲရှိ ကြယ်မြေပုံကြောင့် မည်သည့် နေရာသို့ သွားရမလဲ၊ မည်သည့် လမ်းကြောင်းမှ သွားရမလဲ ဆိုသည်ကို သိနိုင်ခဲ့သည်။ ကြယ်တာရာကောင်းကင်ထဲ လမ်းပျောက်သည့် အဖြစ်မျိုးလည်း မကြုံရတော့ချေ။
အခြားသူများသာ ကြယ်တာရာကောင်းကင်ထဲ ကြယ်လွန်းပျံဖြင့် ခြောက်လတိုင်တိုင် သွားလာမည်ဆိုပါက လမ်းပျောက်သွားနိုင်သည်။
သို့သော် ရန်ကိုင်အတွက်မူ ထိုကဲ့သို့ မဟုတ်တော့ချေ။
ကျင့်ကြံရေးကြယ်တစ်လုံးနှင့် တစ်လုံးကြားမှ အကွာအဝေးသည် အမျိုးမျိုး ရှိကြသည်။ အချို့ကြယ်များသည် ကြယ်လွန်းပျံဖြင့် တစ်လ၊ နှစ်လမျှ သွားလာရုံဖြင့် ရောက်နိုင်လောက်အောင် နီးကပ်သော်ငြား အချို့မှာမူ ကြယ်သင်္ဘောဖြင့် နှစ်ပေါင်းများစွာကြာအောင် သွားရသည်အထိ ဝေးကွာကြာသည်။
ရန်ကိုင်၏ ပန်းတိုင်သည် အတော်လေးကို ဝေးလှသည်။ ကြယ်လွန်းပျံဖြင့် သွားနေသည်မှာ ခြောက်လရှိနေပြီ ဖြစ်သော်လည်း သူ့ခန့်မှန်းချက်အရ နောက်ထပ် သုံးလလောက် ထပ်သွားရန် လိုပေသေးသည်။
ဆင်းရဲသည့် အတွက်ကြောင့်ပေကိုး။ သူ့တွင်သာ ကြယ်သင်္ဘော တစ်စင်းနှင့် ထိုသင်္ဘောကို မောင်းနှင်ပေးမည့် သင်္ဘောသား တစ်ယောက်လောက် ရှိလျှင် ကြယ်တာရာကောင်းကင်ထဲ သွားလာရန် အတွက် ကြယ်လွန်ပျံကို အားကိုးနေရလိမ့်မည် မဟုတ်ချေ။ ကြယ်လွန်ပျံနှင့် သွားခြင်းသည် လွန်စွာကိုမှ အချိန်ကုန်ပေသည်။
ထိုသို့ အချိန်ကုန်နေသည့်ကြားမှ လမ်းပါ ထပ်ပျောက်မည်ဆိုပါက လုံးဝကို သွားပေပြီ။
ကောင်းကင်တစ္ဆေသစ်ခွသည် မိုးမြေစွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေခဲ့သည်။ သို့သော်လည်း ကြယ်တာရာကောင်းကင်ထဲရှိ နည်းပါးလှသော မိုးမြေစွမ်းအင်ကြောင့် များများစားစား မစုပ်ယူနိုင်ခဲ့ချေ။
အားပြန်ဖြည့်ရန်နှင့် ကျင့်ကြံရန်အတွက်ကို သူတော်စင် အထွဋ်အထိပ်အဆင့် သလင်းကျောက်များ အပေါ်တွင်သာ အားကိုးနေခဲ့ရသည်။
ကျင့်ကြံနေစဉ် အတောအတွင်း ဇုန်းအောင် ပေးထားသော စားအုပ်များကိုလည်း ထုတ်ဖတ်ကြည့်သည်။ ထိုစာအုပ်များကို ဖတ်ရှုလေ့လာပြီးနောက် လေဟာနယ်တာအိုကို ထပ်မံ စူးစမ်း လေ့လာပြန်သည်။
သူတော်စင်ဘုရင်သုံးယောက်နှင့် တိုက်ပွဲကြောင့် လေဟာနယ် တာအို၏ မှော်ဆန်ဆန် အသုံးဝင်မှုများကို ရန်ကိုင် ထပ်မံ ရှာတွေ့ခဲ့ရသည်။ ကောင်းကင်စိတ်အာရုံနှင့် လေဟာနယ်တာအိုအပေါ် နားလည်မှုကို ပေါင်းစပ်အသုံးချခြင်းဖြင့် သူ့ကောင်းကင်စိတ်အာရုံသည် ယေဘုယျအားဖြင့် လုံးဝ မဖြစ်နိုင်သော အကွာအဝေးအထိ လေဟာနယ်ကို ခုန်ကျော်ပြီး ရောက်ရှိနိုင်ခဲ့သည်။
ထို့အပြင် ထိုကောင်းကင်စိတ်အာရုံများသည် လွန်စွာကိုမှ ထောက်လှမ်းရ ခက်ခဲသည်။ ရှာတွေ့သွားခဲ့လျှင် ထိုအရာကိုအသုံးပြု၍ ရန်ကိုင်၏ တည်နေရာကို ခြေရာခံဖို့ရာ မဖြစ်နိုင်ပေ။
ထိုအရာသည် ရန်ကိုင် နားလည်ထားသော လေဟာနယ်တာအို၏ အသုံးဝင်ပုံများဖြစ်သည်။
သို့သော်လည်း သူတော်စင်ဘုရင် သုံးယောက်နှင့် တိုက်ပွဲမှ သူတော်စင်ချီကို လေဟာနယ်တာအိုနှင့် ပေါင်းစပ်၍ တိုက်ခိုက်ရာတွင် အသုံးပြုနိုင်ကြောင်း ထပ်မံ တွေ့ရှိခဲ့ရသည်။
သူတော်စင်ဘုရင် သုံးယောက်နှင့် တိုက်ပွဲတွင် ရန်ကိုင်သည် ကောင်းကင်နတ်ဘုရား ပညာရပ်များထဲ လေဟာနယ်တာအိုကို ပေါင်းစပ်လိုက်သည့်အတွက် သူ့တိုက်ခိုက်မှုများသည် လေဟာနယ်ကို ခုန်ကျော်သွားနိုင်ပြီး သူ့ရန်သူများ မမျှော်လင့်ထားသည် ရှုထောင့် အရပ်ရပ်မှ အလစ်အငိုက်ချောင်း တိုက်ခိုက်နိုင်ခဲ့သည်။
ထိုတွေ့ရှိမှုကြောင့် ရန်ကိုင်၏ တိုက်ပွဲစွမ်းရည်လည်း အတော်လေး မြင့်မားလာခဲ့ရသည်။
ရေလကြယ်ပေါ်တွင် ရှိစဉ်က သူတော်စင်ဘုရင်အဆင့် တစ်ယောက်ကို သတ်ရန်အတွက် အတော်လေး အားကုန်ခဲ့ရသည်။ ယခုမူ သူတော်စင်ဘုရင်အဆင့် သုံးယောက်ကို သတ်လိုက်သည့်တိုင် ယခင်ကကဲ့သို့ ပင်ပန်းနွမ်းနွယ်ခြင်း မရှိခဲ့ချေ။
ထိုကဲ့သို့ ဖြစ်ရခြင်းသည် လေဟာနယ်တာအိုနှင့် သူတော်စင်ချီကို ပေါင်းစပ်၍ အသုံးပြုနိုင်ခဲ့သောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ရန်ကိုင်လည်း လေဟာနယ်တာအိုကို ပို၍ သေသေချာချာ ဂရုစိုက် လေ့လာရန် ဆုံးဖြတ်လိုက်သည်။
ကြယ်စီရင်စုထဲသို့ စတင် ဝင်ရောက်လာသည့် အချိန်မှစ၍ သူ့ထက် အဆများစွာ အားကောင်းသည့် ပညာရှင်များနှင့် ကြုံခဲ့ရသည်။ ထို့ကြောင့် သူနှင့် ထိုလူများကြား ခွန်အား ကွာခြားချက် မည်မျှ များပြားသည်ကို ရန်ကိုင် နားလည်ခဲ့ရသည်။
ဤသို့သော နေရာမျိုးတွင် ရှင်သန်နိုင်ရန် မိမိခွန်အား မြင့်မားနေရန် မရှိမဖြစ် လိုအပ်ပေသည်။ ကံကောင်းစွာဖြင့် သူ့တွင် အခြားသူများ၌ မရှိသည့် အားသာချက်များစွာ ရှိနေခဲ့သည်။
တေဇောဓါတ် အသိစိတ်ပင်လယ်၊ နတ်ဆိုးနတ်ဘုရား၏ ရွှေရောင်သွေး၊ မကုန်ဆုံးနိုင်လောက်အောင် များပြားလှသော သူတော်စင်ချီ၊ ထိုအားသာချက်များကြောင့် သူသာ အချိန် အလုံအလောက် ရသရွေ့ တစ်နေ့ကျ ဤကြယ်စီရင်စုထဲရှိ ထိပ်တန်းအဆင့် ပညာရှင်များကို ကျော်လွန်နိုင်ပေလိမ့်မည်။
ထို့အပြင် ယခင်ကလည်း ဤကဲ့သို့ အခြေအနေမျိုးနှင့် ကြုံခဲ့ဖူးပေသည်။ ထုန်းရွှမ်လောကကြီးသို့ စရောက်စဉ်က သူသည် ဘာဆိုဘာမှမဟုတ်သော ကျင့်ကြံသူလေး တစ်ယောက်သာ ဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေမှ လူသန်းပေါင်းများစွာကို အမိန့်ပေးနိုင်သည့် ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ခဲ့သည်။ ထို့ကြောင့် ယခုလို အခြေအနေမျိုးနှင့် ရန်ကိုင် အစိမ်းသက်သက် ဖြစ်မနေခဲ့ချေ။ ယခု သူ့အဖို့ ရှေ့ဆက်လျှောက်ရန်သာ ရှိသည်။ ယခုတစ်ကြိမ်သည် ယခင်အကြိမ်ကထက် ပိုအချိန်ကြာနိုင်သည်။ သို့သော် ထိုအရာသည် ပြဿနာမဟုတ်။ သူ့ဘက်မှ မရပ်မနား ဆက်ကြိုးစားနေသရွေ့ တစ်နေ့ကျ ပန်းတိုင်ကို ရောက်နိုင်ပေလိမ့်မည်။
ကြယ်လွန်းပျံသည် သူ့အလိုလို သွားနေစဉ်က ရန်ကိုင်လည်း အချိန်ဖြုန်းမနေခဲ့။ တစ်ခုသော အခိုက်အတန့်တွင်၊ ရန်ကိုင်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့ပြီး မျက်တောင်ကြုတ်ကာ အံ့အားသင့်နေသည့် အမူအရာဖြင့် ဘေးဘက်သို့ ကြည့်လိုက်သည်။
ဆယ်ခုမကသော မိုးပြာရောင်အလင်းတန်တို့သည် ဘေးဘက်ဆီမှ သူ့ဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေခဲ့ကြသည်။ ရှေ့ဆုံးမှ ဦးဆောင်၍ လာနေသည့်လူသည် နဖူးပေါ်တွင် ဦးချိုနှစ်ချောင်း ပေါက်နေသည့် မွန်းစတားမျိုးနွယ်စုဝင် တစ်ယောက် ဖြစ်သည်။ ထိုလူသည် မည်သည့် မွန်းစတားမျိုးနွယ်စုမှ ဖြစ်သလဲဆိုသည်ကိုမူ ရန်ကိုင် မခွဲတတ်။ သို့သော် တိုတိုတုတ်ုတ် ဖြစ်နေသော သူ့ဆံပင်၊ နီကြင့်ကြင့် ဖြစ်နေသော မျက်နှာပေါက်အရ ထိုကောင်သည် ခပ်ကြမ်းကြမ်း စရိုက်ရှိသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်သည်။
သူနှင့်အတူ ပါလာသော ကျင့်ကြံသူများသည် အမျိုးမျိုးသော မျိုးနွယ်စုများမှ ဖြစ်ကြသည်။ အကုန်လုံးသည် သူတော်စင်ဘုရင်အဆင့် အရှိန်အဝါကို ထုတ်လွှတ်နေကြပြီး မတူကွဲပြားသော မှော်ရတနာ အမျိုးမျိုးကို ကိုင်ဆောင်ထားကြသည်။
ရန်ကိုင်သည် သူ့ကျင့်ကြံမှုထဲ နစ်မြောနေခဲ့လေရာ ထိုလူများကို သတိပြုမိလိုက်သည့်အချိန်၌ ရှောင်ရန် နောက်ကျသွားခဲ့လေပြီ။ ကြယ်တာရာကောင်းကင်ထဲ ကြယ်လွန်းပျံကိုသုံး၍ ခရီးသွားနေသည့် ကျင့်ကြံသူတစ်သိုက်နှင့် သွားတိုးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ထိုဆယ်ခုမကသော အလင်းတန်းများသည် ရန်ကိုင်နှင့် အနီးသို့ အလျင်အမြန် ရောက်ရှိလာခဲ့သည်။ ရန်ကိုင်သည် သူတော်စင် တတိယအဆင့်သာ ရှိသေးသော ကျင့်ကြံသူမှန်း သိလိုက်ရပြီးနောက် တော်တော်များများသည် သူ့အား အထင်အမြင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်ကြသည်။ အချို့ဆို ရယ်ပင် ရယ်နေသေးသည်။
ဦးဆောင်လာသော မွန်းစတားမျိုးနွယ်စုဝင် မျက်လုံးများသည် မြွေမျက်လုံးများနှင့််တူသည်။ လက်ထဲတွင် ရေဓါတ်အမျိုးအစား ဖြစ်သော ငွေရောင်လှံတံတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ထိုလူသည် ရောက်သည်နှင့် ရန်ကိုင်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။
ရန်ကိုင်သည် ဟန်မပျက်အမူအရာဖြင့် သူ့ကြယ်လွန်းပျံထက် ထိုင်နေခဲ့သည်။
“ကောင်လေး၊ ဒီနားကနေ တစ်ယောက်ယောက် ဖြတ်သွားတာ မြင်မိလား” မွန်းစတားမျိုးနွယ်စုက ရန်ကိုင်အား မေးလိုက်သည်။
ရန်ကိုင် ခေါင်းခါပြလိုက်သည်။
“မင်းတကယ် ဘယ်သူ့ကိုမှ မမြင်တာလား” မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူကာ မသင်္ကာသည့် လေသံဖြင့် နောက်တစ်ကြိမ် ထပ်မေးသည် “အဲ့ကောင်တွေ ဒီလမ်းအတိုင်း ထွက်သွားတာ သေချာတယ်။ ငါသူတို့ နောက်ကို တစ်ချိန်လုံး လိုက်နေခဲ့တာ။ မင်းသူတို့နဲ့ မတွေ့စရာ အကြောင်းမရှိဘူး။ ပြောစမ်း။ သူတို့ နေရာကို ထုတ်မပြောဖို့အတွက် အဲ့ကောင်တွေ မင်းကို ဘယ်လိုအကျိုးအမြတ်တွေ ပေးသွားလဲ”
ရန်ကိုင် လိမ်နေသည်ဟု မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူ ထင်နေခဲ့သည်။
ရန်ကိုင်ကမူ ပခုံးသာတွန့်ပြလိုက်ပြီး “ဒီခြောက်လအတွင်း ခင်ဗျားတို့က ကျုပ်ပထမဆုံးတွေ့တဲ့ လူတွေပဲ”
ရန်ကိုင်က အေးဆေးတည်ငြိမ်သည့် လေသံဖြင့် ပြောလိုက်သည်။ ဤကြယ်တာရာကောင်းကင်ထဲ ရှုပ်ရှုပ်ယှတ်ယှတ် ပြဿနာမျိုး မဖြစ်ချင်ချေ။ သူသွားနေသည့် ပန်းတိုင်ဆီသို့သာ မြန်မြန်ဆန်ဆန် ရောက်သွားချင်မိသည်။
ကြယ်တာရာကောင်းကင်ထဲ ကြယ်လွန်းပျံဖြင့် သွားရသည်မှာ ပျော်စရာမကောင်းချေ။ ကောင်းကင်တစ္ဆေသစ်ခွ၏ အာနိသင်မှာလည်း ကုန်ခါနီးနေလေပြီ။
“တိကျီ၊ ဒီကောင်လေးရဲ့ သတ္တက မသေးဘူးဟ” မွန်းစတား မျိုးနွယ်စုဝင် ကျင့်ကြံသူဘေးတွင် ရှိနေသော အမျိုးသမီးက ပြောလိုက်သည်။
သူတော်စင်တတိယအဆင့်လေးဖြင့် သူတော်စင်ဘုရင်အဆင့် အများကြီးကို ရင်ဆိုင်နေရသည့်အတိုင် အေးအေးလူလူဖြင့်သာ ရှိနေခြင်းသည် ထိုလူ ရူးနေလျှင်ရူးနေ၊ မဟုတ်လျှင် အားကိုးစရာ တစ်ခုခု ရှိနေသည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။ ဒုတိယအချက်သည် ပို၍ ဖြစ်နိုင်သည်ဟု အမျိုးသမီး တွေးလိုက်သည်။
တိကျီဆိုသော မွန်းစတားမျိုးနွယ်စုဝင်က ခေါင်းညိတ်လိုက်သည်။
“အဲ့ကောင် ဘာလို့ ပြုံးနေတာလဲ။ ဒီကောင့်ကြည့်ရတာ ယုံရတဲ့ပုံ မပေါက်ဘူး။ ဟိုကောင်တွေ ဖြတ်သွားတာကို ဒီကောင် ကျိန်းသေ မြင်လိုက်ရမယ်။ ငါတို့ကို သက်သက် မပြောဘဲ နေနေတာ” အခြား တစ်ယောက်က ရန်ကိုင်အား ရက်ရက်စက်စက် စိုက်ကြည့်ရင်း ဝင်ပြောလိုက်သည်။
တိကျီသည် ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့်သာ စိုက်ကြည့်နေသည်။ ဘာမှတော့ ပြန်မပြောခဲ့ချေ။
“ဒီကောင်နဲ့ ဘာလို့ အပိုစကားတွေ ပြောနေသေးတာလဲ။ သူ့ကို သတ်ပြီး သူ့ဝိဥာဉ်ကို ရှာလိုက်ရာ အားလုံး သိနေရမှာပဲဟာကို” နောက်တစ်ယောက်က စိတ်မရှည်သည့်ဟန်ဖြင့် အော်ပြောလိုက်သည် “ကောင်လေး၊ မင်းမပြောဘူးဆိုရင် ငါတို့ကို ရက်စက်တယ်ဆိုပြီး လာအပြစ်မတင်နဲ့နော်”
ရန်ကိုင်က ထိုလူကို ကြည့်လိုက်ပြီး ယဲ့ယဲ့လေး ပြုံးလိုက်သည်။ တစ်ချိန်တည်းတွင် သူ့မျက်ဝန်းနက်များထဲ အေးစက်စက် အလင်းရောင်တို့ လက်သွားခဲ့သည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၈၄) ခွေးနှစ်ကောင်ကိုက်သည်ကို ဘေးမှကြည့်
“မေ့လိုက်တော့။ ပြဿနာရှာဖို့ ငါတို့မှာ အချိန်တွေ အားယားနေတာ မဟုတ်ဘူး။ ပြီးတော့ သူ့ကြည့်ရတာလည်း အမှန်အတိုင်း ပြောနေတဲ့ပုံပဲ” မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူက ခေါင်းခါရမ်း၍ ရုတ်တရက် ပြောလိုက်သည်။ သူ့ခေါင်းထဲ တွေးနေသည်မှာ ထိုကဲ့သို့မဟုတ်။ သို့သော် ရန်ကိုင်နှင့် ပြဿနာ မတက်ချင်သည့်ပုံပင်။
“ကောင်လေး။ ငါတို့ ခရီးထွက်လာတာ တော်တော်လေး ကြာနေပြီ။ ပစ်မှတ်ကိုလည်း အခုထိ မတွေ့သေးဘူး။ ရှိတဲ့ သူတော်စင် သလင်းကျောက်တွေလည်း ကုန်လုနီးပါးဖြစ်နေပြီ။ အဆင်ပြေရင် ငါတို့ကို ဆေးလုံးနည်းနည်းနဲ့ သူတော်စင်သလင်းကျောက် နည်းနည်း ပေးလို့ရမလား။ နောက်ပိုင်း ငါတို့မင်းကို ခက်ခဲအောင် မလုပ်ဘူး”
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ တစ်ဖက်အဖွဲ့သည် သူ့အား ရန်ရှာလာလိမ့်မည်ဟု ထင်ထားသော်ငြား အခြေအနေသည် ဤကဲ့သို့ ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။
ထို့ကြောင့် ရန်ကိုင်က ခေါင်းသာ ညိတ်လိုက်သည် “ကောင်းပြီလေ”
ပြောပြီးသည်နှင့် ရန်ကိုင်လက်ချောင်းပေါ်ရှိ သိုလှောင်လက်စွပ် လက်သွားခဲ့ပြီး အထွဋ်အထိပ်အဆင့် သူတော်စင်သလင်းကျောက် တစ်ထောင်ကို ထုတ်ပေးလိုက်သည်။
ထိုသလင်းကျောက်များကို မြင်လိုက်သည့်အခါ တစ်ဖက်အဖွဲ့သား အားလုံး၏ မျက်လုံးများ နီရဲသွားကြပြီး သလင်းကျောက်များကို အမြန် လှမ်းယူကြတော့လေသည်။ အကုန်လုံးသည် အပြုံးကြီးပြုံးကြလျက်…
သူတို့ ကြယ်တာရာကောင်းကင်ထဲ သွားလာနေသည်မှာ အချိန် အတော်ကြာနေလေပြီ။ ထို့အပြင် သူတို့ သယ်လာသည့် ရိက္ခာများကလည်း ကုန်လုနီးနီး ဖြစ်နေခဲ့သည်။ ထို့ကြောင့်သာ မဟုတ်လျှင် ထိုမျှသော သူတော်စင်သလင်းကျောက်များကို မြင်ရုံမျှ ထိုကဲ့သို့ ပျော်နေလိမ့်မည် မဟုတ်ချေ။
ထိုအခြင်းအရာကိုကြည့်ရင်း ဓါးအဖွဲ့အစည်းမှ ဟဲကျောင်နှင့် ဟဲမြောင်ဆိုသော ညီအစ်မနှစ်ယောက်ကို ရုတ်တရက် ပြန်စဉ်းစားမိလိုက်သည်။ ကြယ်တာရာကောင်းကင်ထဲသို့ ပထမဆုံး အကြိမ် ရောက်လာခဲ့စဉ်က သေခြင်းတရားချောက်နက်ထဲ၌ ထိုညီအစ်မနှစ်ယောက်နှင့် တွေ့ခဲ့သည်။ ရန်ကိုင်သာ သူတို့အား သလင်းကျောက်နှင့် ဆေးလုံး မထောက်ပံ့ပေးခဲ့လျှင် ထိုညီအစ်မ နှစ်ယောက် သေသွားလောက်ပေပြီ။
ကြယ်တာရာကောင်းကင်ထဲ အချိန်အကြာကြီး ခရီးသွားမည် ဆိုပါက သူတော်စင်သလင်းကျောက်နှင့် အားပြန်ဖြည့်ဆေးများ ရှိထားရန် မရှိမဖြစ် လိုအပ်ပေသည်။
ရန်ကိုင်မှ အထွဋ်အထိပ် သူတော်စင်သလင်းကျောက် (၁၀၀၀)ကို မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ထုတ်ပေးလာသည်ကိုမြင်သော် တိကျီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ လမ်းတွင် မတွေ့တဆ တွေ့ခဲ့သော လူငယ်လေးသည် ထိုမျှ ချမ်းသာနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
အထွဋ်အထိပ်အဆင့် သူတော်စင်သလင်းကျောက် တစ်ထောင်ကို မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ထုတ်ပေးနိုင်ဖို့ရာ သူ့လက်ချောင်းရှိ သိုလှောင်လက်စွပ်ထဲတွင် သူတော်စင်သလင်းကျောက် များစွာ ကျန်ရှိနေရပေဦးမည်။ ထိုအကြောင်း စဉ်းစားမိလိုက်သည်နှင့် တိကျီ စိတ်လှုပ်ရှားသွားခဲ့သည်။
သူသာမကျ သူ့အဖွဲ့သားများသည်လည်း ရန်ကိုင်၏ လက်ချောင်းရှိ သိုလှောင်လက်စွပ်ကို လောဘတကြီး စိုက်ကြည့်လာကြလေသည်။
အဖွဲ့ထဲရှိ အချို့လူများသည် တိတ်တဆိတ် နေရာပြောင်းကာ သူတို့၏ ခွန်အားကို ရန်ကိုင် မသိအောင် စုစည်းထားလိုက်ကြသည်။ တိကျီ အမိန့်ပေးလိုက်သည်နှင့် ရန်ကိုင်၏ အသက်ကိုယူဖို့ အဆင်သင့်ပင်။
အစောပိုင်းက စကားဝင်ပြောခဲ့သော အမျိုးသမီးသည်လည်း တိကျီအား ကြည့်လိုက်သည်။
တစ်ခဏတာ တုန့်ဆိုင်းတွေဝေနေပြီးနောက် တိကျီက ရုတ်တရက် ပြုံးလျက် ရန်ကိုင်အား ခေါင်းညိတ်ပြလိုက်သည် “မင်းကြည့်ရတာ အကင်းပါးတဲ့ပုံပဲ။ ဒီတစ်ကြိမ် ငါမင်းကို လွှတ်ပေးလိုက်မယ် ကောင်လေး။ ငါ့ကောင်တို့ သွားကြမယ်”
ခေါင်းဆောင်က ထိုကဲ့သို့ ပြောလာသဖြင့် သူ့အဖွဲ့သားများလည်း မသွားချင်သွားချင်ဖြင့် ထွက်သွားကြရလေသည်။ အတော်များများသည် တိကျီ ဘာကြောင့် ထိုကဲ့သို့ ဆုံးဖြတ်လိုက်မှန်း နားမလည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။ ရန်ကိုင်သည် ငွေထုပ်ကြီး မဟုတ်ပေလော။ ဘာကြောင့် ထိုငွေထုပ်ကြီးကို ဤအတိုင်း လွှတ်ပေးခဲ့ရသနည်း။
ရန်ကိုင်ဆီမှ ခပ်ဝေးဝေးသို့ ရောက်လာသည့်အခါမှပဲ အမျိုးသမီးက မေးလိုက်သည် “တိကျီ၊ ဒါက နင့်ပုံစံမဟုတ်ပါဘူး။ နင်ဘာတွေကို စိုးရိမ်နေတာလဲ”
တိယောင်က နှာခေါင်းရှုံ့လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည့် အခါ သူ့အဖွဲ့သားအကုန်လုံး သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သည်းမခံနိုင်တော့သည့်အဆုံး ဒေါသတကြီး အော်ဟစ်လိုက်လေသည် “လူတွေ ဟန်ထုတ်ပြတာကို ငါမြင်ဖူးတယ်။ ဒါပေမယ့် အဲ့ကောင်က ဟန်ထုတ်ပြနေတာ မဟုတ်ဘူး။ သူငါတို့ကို မကြောက်တာ မင်းတို့ မြင်ဘူးလား။ သူ့ကျင့်ကြံခြင်းက သူတော်စင်တတိယအဆင့်ပဲ ရှိသေးတယ်။ တကယ်ကို ငါတို့ကို မြင်တာနဲ့ ကြောက်နေသင့်တာ။ ဒါပေမယ့် သူကြောက်နေလား၊ မကြောက်ဘူး။ ပြီးတော့ ဒီကြယ်တာရာကောင်းကင်ထဲမှာ သူတစ်ယောက်တည်း ရှိနေတာ။ ငါတို့သာ သူ့ကိုသတ်လိုက်မယ်ဆိုရင် ဘယ်သူမှ သိမှာမဟုတ်ဘူး။ ဒါဆိုရင်သ သူဘာလို့ နည်းနည်းလေးတောင် စိတ်မပူတာလဲ”
ထိုစကားကို ကြားလိုက်သည့်အခါ အတော်များများ အတွေးနက်သွားကြသည်။ မကြာမီ သူတို့ထဲမှ အချို့က ရေရွတ်လိုက်သည် “သူ့ကို တိတ်တဆိတ် ကာကွယ်ပေးနေတဲ့ အကြီးအကဲရှိတယ် ထင်နေတာလား”
“ငါ့လခွမ်း၊ မင်းတိုင်နဲ့ခေါင်းနဲ့ ဆောင့်ပြီးတော့သာ သေလိုက်ပါလား” တိကျီက ဒေါသတကြီး အော်ဟစ်လိုက်သည် “မင်းအခုအချိန်အထိ ဘယ်လို အသက်ရှင်အောင် နေလာခဲ့တာ”
အဆူခံလိုက်ရသော ကျင့်ကြံသူ ရှက်သွားခဲ့သည်။ သို့သော် ပြန်မပြောရဲ။ မည်သူမှ မကြားအောင်သာ တိုးတိုး တိုးတိုးဖြင့် ဘာမှန်းမသိသော အရာများကို ကြိတ်ပြောနေခဲ့သည်။
အမျိုးသမီးက စဉ်းစဉ်းစားစားဖြင့် ပြောလိုက်သည် “နင်ပြောချင်တာက ငါတို့ သူ့ကို တိုက်ခိုက်မယ်ဆိုရင်တောင် အဲ့ကောင်လေးက ဂရုမစိုက်ဘူးလို့ နင်ပြောချင်တာလား”
တိကျီက ခေါင်းညိတ်လိုက်ပြီး “အဲ့လို ဖြစ်လောက်တယ်”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ သူက သူတော်စင်တတိယ အဆင့်ပဲ ရှိသေးတာလေ။ ငါတို့ အများကြီးကို သူတစ်ယောက်တည်းက ဘာလုပ်နိုင်မှာ မို့လို့လဲ” အမျိုးသမီးက မယုံကြည်နိုင်သည့်ဟန်ဖြင့် အော်ပြောလိုက်သည်။
“သူငါတို့ကို သတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ငါတို့ကကော သူ့ကို သတ်နိုင်မှာ မို့လို့လား။ သူ့ကို နောက်ကနေ တိတ်တဆိတ် ကာကွယ်ပေးနေတဲ့ အားကောင်းတဲ့ ပညာရှင် တစ်ယောက်ယောက် ရှိနေတာ ဖြစ်ရမယ်။ ပြီးတော့ အားကောင်းတဲ့ မှော်ရတနာတွေ သူ့မှာ ရှိနေနိုင်တာလည်း ဖြစ်နိုင်တယ်။ ငါတို့သာ သူ့ကို တိုက်ခိုက်လိုက်မယ် ဆိုရင် သူက အဲ့မှော်ရတနာတွေကို အားကိုးပြီး ထွက်ပြေးသွားမှာ။ နောက်ဆုံးကျ ဖွတ်မရ ဓါးမဆုံး ဖြစ်ကုန်မှာ။ သူ့ဂိုဏ်း ဒါမှမဟုတ် အကြီးအကဲတွေသာ အခုကိစ္စကို သိသွားလို့ ငါတို့ကို လာပြဿနာရှာရင် အကုန်သေပြီပဲ”
တိကျီ ပြောသည်ကို နားထောင်ပြီး အမျိုးသမီးနှင့် အခြားသူများ မျက်မှောင်ကြုတ်သွားခဲ့သည်။ စဉ်းစားကြည့်လေ စဉ်းစားကြည့်လေ တိယောင်ပြောသည်မှာ ပို၍ ဖြစ်နိုင်ချေ ရှိသည်ဟု တွေးမိလာသည်။ ထိုကောင့်တွင်သာ အားကိုစရာ ရှိမနေလျှင် သူတော်စင်တတိယအဆင့် ကျင့်ကြံခြင်းလေးဖြင့် သူတို့အားလုံး ရှေ့၌ ဘာကြောင့် မတုန်မလှုပ် ရပ်နေနိုင်ရဲမည်နည်း။
“အဲ့လိုဆိုရင် သူ့ဆီကနေ ဘာလို့ သူတော်စင်သလင်းကျောက် သွားတောင်းတာလဲ” အကြောင်းအရာအားလုံးကို သိလိုက်ရပြီးနောက် အမျိုးသမီး၏ နဖူးထက် ချွေးအေးတို့ စီးကျလာခဲ့သည် “နင်အဲ့လို လုပ်လိုက်တာ သူနဲ့ ရန်ငြိုးဖွဲ့လိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား”
“သူတော်စင်သလင်းကျောက် တောင်းတာက အဲ့လောက်ကြီးမှ မဟုတ်တာ” တိကျီက သူ့လက်ကို ဝှေ့ရမ်း၍ “သူတော်စင်သလင်းကျောက် နည်းနည်းလေး တောင်းခံလိုက်ရလို့ သူက ရန်ငြိုးဖွဲ့မှာတဲ့လား။ သူ့နောက်မှာ အားကောင်းတဲ့နောက်ခံ ရှိနေမှတော့ ဒီလောက် သူတော်စင်သလင်းကျောက်လေးကို ဘာလို့ ဂရုစိုက်နေရမှာလဲ။ ပြီးတော့ ငါသူ့ကို ပြဿနာ ရှာနေတာမဟုတ်မှန်း သူသိတာပဲ။ မဟုတ်ရင် ဒီလောက် လူအုပ်ကြီးနဲ့ သူတော်စင်တတိယ အဆင့်လေးပဲရှိတဲ့ လူငယ်လေးတစ်ယောက်ကို ရှောင်ထွက်လာရတဲ့ အကြောင်းသာ သတင်းပြန့်သွားရင် ငါတို့မျက်နှာ ဘယ်သွားထားရမှာလဲ။ သူတော်စင်သလင်းကျောက်တွေကို သူမျက်တောင်တစ်ခတ်ကတောင် မခတ်ဘဲ ထုတ်ပေးလိုက်တာ နင်မတွေ့ဘူးလား။ ဒီကောင်က တကယ် လည်တဲ့ကောင်။ အခုခေတ် လူငယ်တွေ ဘာလို့ ဒီလောက် လည်လာတာလဲကွာ။ ငါတို့အတွက် နေရာနည်းနည်းလေးတောင် မရှိတော့ဘူးလား မသိဘူး”
အမျိုးသမီးက သူတော်စင်သလင်းကျောက်ကို လက်ထဲ ကစားရင်း နှုတ်ခမ်းလေးကွေးလျက် ရယ်မောလိုက်သည်။ သူတော်စင်သလင်းကျောက် အားလုံးသည် အထွဋ်အထိပ်အဆင့်များ ဖြစ်နေမှန်း သိလိုက်ရပြီးနောက် တိကျီ ဘာကို ပြောနေမှန်း သူမ ချက်ချင်း နားလည်သွားလိုက်သည်။
ထိုမျှသော ပမာဏကို သူတော်စင်တတိယအဆင့်လေးဖြင့် ပိုင်ဆိုင်ထားခြင်းသည် ထိုလူငယ်လေးကို သူ့အကြီးအကဲများသည် အရေးတယူ တန်ဖိုးထားသောကြောင့်သာ ဖြစ်ရပေမည်။
“အဲ့ကောင်လေးအကြောင်း မေ့ထားလိုက်တာ။ ငါတို့ ရှာနေတဲ့လူတွေ ဒီနားက တစ်နေရာရာမှာ ပုန်းနေတာ ဖြစ်ရမယ်။ လူခွဲပြီးရှာကြရအောင်။ နင့်အဖွဲ့က အဲ့ဘက်ကိုသွား။ ငါက ဒီဘက်ကိုသွားမယ်။ သူတို့ကို အရင်တွေ့တဲ့လူ အချက်လှမ်းပြပေး။ ငါတို့အားလုံး သူတို့နားမှာ ပြန်ဆုံကြမယ်။ ဒီကိစ္စကို မြန်မြန် အပြီးဖြတ်နိုင်လေ မြန်မြန် ပြန်သွားနိုင်လေပဲ။ ငါ့လခွမ်းပဲ၊ ဒီမှာ နည်းနည်းလေးတောင် ထပ်မနေချင်တော့ဘူး”
“ငါသိပြီ” အမျိုးသမီးက ခေါင်းညိတ်လိုက်သည်။ ထို့နောက် အဖွဲ့ထဲမှ လူတစ်ဝက်ကို ဦးဆောင်၍ တိကျီနှင့် ဆန့်ကျင်ဘက် အရပ်ဆီ ထွက်သွားလေသည်။
ရန်ကိုင်သည် သူ့ကြယ်လွန်းပျံထက် အေးအေးလူလူ ထိုင်နေခဲ့သည်။
လေဟာနယ်တာအိုအပေါ် ပိုပို၍ နားလည်လာသည်နှင့် ရန်ကိုင်၏ ထွက်ပြေးနိုင်စွမ်းသည်လည်း ပို၍ အားကောင်းလာခဲ့သည်။ လက်ရှိ သူ့အရည်အချင်းအရ တန်ခိုးရှင်အဆင့်နှင့်သာ မတွေ့သရွေ့ မည်သူ့ကိုမှ ကြောက်နေစရာ မလိုချေ။ လေဟာနယ်ကို ဆုတ်ဖြဲပြီး ချက်ချင်း ထွက်ပြေးနိုင်ပေသည်။
သူတော်စင်သလင်းကျောက် တစ်ထောင်ဖြင့် ပြဿနာကို ရှာနိုင်မည်ဆိုလျှင် ထိုသလင်းကျောက် တစ်ထောင်ကို ပျော်ပျော်ကြီး ပေးလိုက်မည်သာ။
အချိန် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့ပြီး ရန်ကိုင်သည်လည်း သူ့ပန်းတိုင်နှင့် နီးကပ်လာနေခဲ့သည်။
တစ်နေ့တွင်၊ ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ရှိရာဆီသို့ ရန်ကိုင် ရောက်လာခဲ့သည်။ လှမ်းကြည့်လိုက်ရာ အရွယ်အစား အမျိုးမျိုးရှိသော ဂြိုလ်သိမ်ဂြိုလ်မွှားများကို တွေ့လိုက်ရသည်။ အချို့သည် တောင်တစ်လုံးမျှ ကြီးမားပြီး အချို့သည် ပန်းကန်ပြားစာလောက်သာ ရှိသည်။
ကြယ်တာရာကောင်းကင်ထဲ ဤကဲ့သို့သော ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်များစွာ ရှိပေသည်။ အချို့ ဂြိုလ်သိမ်များသည် အလွန်ကိုမှ ကြီးမားလှရာ ကြယ်လွန်းပျံနှင့် ဖြတ်ကျော်ရန်အတွက် လပေါင်းများစွာ လိုအပ်ပေသည်။ ယေဘုယျအားဖြင့် ထိုဂြိုလ်သိမ်ဂြိုလ်မွှားများသည် သူတို့ဘာသာ ရွေ့ချင်တိုင်း ရွေ့လျားနေခြင်း ဖြစ်သည်။
ကြယ်သင်္ဘောများ ကြယ်တာရာကောင်းကင်ထဲ ရွက်လွှင့်သည့်အခါ ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ကြီးများ ရှိသည့်နေရာကို ရှောင်လေ့ရှိကြသည်။ ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ကြီးထဲ ရောက်သွားပြီး ထိုထဲမှာ ဂြိုလ်သိမ်တစ်ခုခုကသာ ကြယ်သင်္ဘောကို ဝင်တိုက်ပါက အကုန်လုံး ကိစ္စချောသွားနိုင်ပေသည်။ ထို့အပြင် ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ထဲတွင် သွားသည့်အခါ အရှိန်ကိုလျော့ပြီး သွားရသည်။ ထို့ကြောင့် ခရီးနှောင့်နှေးရသည်။
တကယ်တော်သော မြေပုံသခင်များသည် ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ကြီးများ ရှိနေသည့်နေရာများကို ရှောင်ကာ လမ်းကြောင်း ရေးဆွဲလေ့ရှိသည်။
ထိုနေရာသို့ ရောက်သည့်အခါ ရန်ကိုင်လည်း ကြယ်လွန်းပျံကို သူ့ဘာသာ မသွားခိုင်းရဲတော့ချေ။ တစ်ချက် မှားသွားသည်နှင့် သူ့ကြယ်လွန်းပျံ ပျက်စီးသွားနိုင်ပေသည်။ ထို့ကြောင့် အခြား ကိစ္စများကို ယာယီလွှတ်ချထား၍ ပျံသန်းရာတွင်သာ အာရုံစိုက်ရတော့သည်။
ပြွတ်ကြပ်သိပ်နေသော ဂြိုလ်သိမ်ဂြိုလ်မွှားများထဲ ဆယ်ရက်ကြာမျှ သွားလာပြီးနောက် ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်၏ အလယ်ဗဟိုသို့ ရောက်လာခဲ့သည်။ သူ့ရှေ့တွင် မရေမတွက်နိုင်သော ဂြိုလ်သိမ်ဂြိုလ်မွှား များ ရှိနေပေသေးသည်။
သို့သော် ရန်ကိုင်သည် အလျင်မလိုခဲ့။ အေးအေးလူလူဖြင့်သာ သွားနေလိုက်သည်။
ထိုသို့သွားလာနေစဉ် အတောအတွင်း ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ထဲရှိ တစ်နေရာမှ အလင်းရောင်များ ရုတ်တရက် ပြိုးပြိုးပျက်ပျက် လင်းလက်လာသဖြင့် ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး ကောင်းကင်စိတ်အာရုံကို ထိုနေရာဆီသို့ ဖြန့်ကျက်ကြည့်လိုက်သည်။
သူ့ရှေ့တည့်တည့် ခပ်လှမ်းလှမ်းဆီမှ အားကောင်း၊ အားနည်းသော အသက်စွမ်းအင် အရှိန်အဝါများကို ရန်ကိုင် အာရုံခံမိနေသည်။ ထိုနေရာဆီမှ တိုက်ပွဲဖြစ်သံတို့ကို ကြားနေခဲ့ရသည်။
ဤနေရာတွင် သူ့အပြင် အခြားလူများလည်း ရှိနေသေးသည်လား။
ရုတ်တရက် ထိုလူများထဲမှ အချို့ကို ရန်ကိုင် ရုတ်တရက် သတိရလိုက်သည်။ လွန်ခဲ့သော ရက်ပိုင်းက သူတွေ့ခဲ့သည် အဖွဲ့ပင်။
ယခင်ခြောက်လအတောအတွင်း ထိုအဖွဲ့မှလွဲ၍ အခြား မည်သူ့ကိုမှ မတွေ့ခဲ့သဖြင့် ထိုလူအုပ်သည် သူနှင့် လွန်ခဲ့သော ရက်ပိုင်းခန့်က တွေ့ခဲ့သော လူအုပ်ဖြစ်မှန်း ရန်ကိုင် အသေအချာ မှတ်မိနေသည်။
ယခင်အကြိမ် တွေ့ခဲ့စဉ်က ထိုအဖွဲ့သည် အဖွဲ့တစ်ခုနောက် လိုက်နေသည့်ပုံပင်။ လက်ရှိ အခြေအနေအရ သူတို့ရှာနေသည့် အဖွဲ့နှင့် တွေ့ပြီး တိုက်ပွဲဖြစ်နေကြသည့်ပုံပင်။
ရန်ကိုင်သည် သူ့အရှိန်အဝါကို ဖုံးကွယ်လျက် ဂြိုလ်သိမ်ကြီး တစ်ခုပေါ်သို့ ဆင်းပုန်းနေလိုက်သည်။ ထို့နောက် တိုက်ပွဲကို သေချာ အနီးကပ်လေ့လာကြည့်လိုက်သည်။
အဖွဲ့နှစ်ဖွဲ့ရှိသည့်အနက် တစ်ဖွဲ့ကို တိကျီက ဦးဆောင်နေသည်။ သူဦးဆောင်နေသော အဖွဲ့တွင် မူလက လူနှစ်ဆယ်နီးပါး ရှိခဲ့သော်ငြား ယခုတွင်မူ တစ်ဝက်လောက်သာ ကျန်တော့သည်။ အနားရှိ ဂြိုလ်သိမ်၊ ဂြိုလ်မွှားများပေါ်တွင် သွေးစွန်းကွက်များ၊ ခြေပြက်လက်ပြက်များ ရှိနေခဲ့သည်။
သူတို့နှင့် တိုက်ခိုက်နေသော အဖွဲ့သည်လည်း အခြေအနေမကောင်း။ အကုန်လုံးသည် မီးစာကုန်တော့မည့် ဆီမီးအိမ်များကဲ့သို့ ဖြစ်နေကြသည်။ သို့သော်လည်း မောပန်း၊ နွမ်းနယ်နေသည့်ကြားမှ အမျိုးမျိုးသော မှော်ရတနာများကို ဝှေ့ရမ်း၍ ဆက်လက်တိုက်ခိုက်နေခဲ့ကြသည်။
နှစ်ဖက်စလုံးသည် အခြေအနေကောင်းမနေဘဲ လူအသေအပျောက် နှုန်းမှာလည်း တဖြည်းဖြည်း မြင့်တက်လာနေခဲ့သည်။
ရန်ကိုင်သည် မည်သူမှ သတိမပြုမိအောင် ပုန်းကွယ်၍ သေဆုံးသွားသော ကျင့်ကြံသူများ၏ ဝိဥာဉ်များကို စတင် စုပ်ယူတော့သည်။
အကုန်လုံးသည် သူတော်စင်ဘုရင်အဆင့်များ ဖြစ်ကြသည့်အတွက် သူ့အတွက် အရမ်းကို အသုံးဝင်ပေသည်။ ထိုလူများ၏ သိုင်းတာအိုနှင့် ကောင်းကင်လမ်းစဉ်အပေါ် နားလည်သဘောပေါက်မှုများသည် ရန်ကိုင်၏ ကိုယ်ပိုင် နားလည်သဘောပေါက်မှုများကို တိုးတက်စေနိုင်သည်။ ထို့ကြောင့် ရန်ကိုင်သည် ပျော်ပျော်ဖြင့် တိုက်ပွဲကွင်းပြင်အလယ်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွားပြီး သေဆုံးသွားသော ကျင့်ကြံသူများ၏ ဝိဥာဉ်ကို စုပ်ယူနေခဲ့သည်။
တိကျီတို့အဖွဲ့သည် ကောင်းသည့်လူများ မဟုတ်ကြ။ ယခင်က သူ့အား မတိုက်ခိုက်ခဲ့သည်မှာလည်း အကြောင်းအရင်းတစ်ခုခု ရှိနေသည့် အတွက်ကြောင့်သာ ဖြစ်ရမည်။ အခွင့်အရေးသာရလျှင် သူ့အား သတ်ပြီး သူပိုင်ဆိုင်သမျှ အရာအားလုံးကို လုယူသွားရန် ဝန်လေးနေလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ထိုလူများ သေသွားလျှင်လည်း ရန်ကိုင် ဂရုစိုက်မည်မဟုတ်။ တစ်ဖက်တွင်မူ တိကျီတို့နှင့် တိုက်ခိုက်နေသော အဖွဲ့သည် ရန်ကိုင်နှင့် လုံးဝမသိသည့် လူများဖြစ်ကြသည်။ ထိုသို့ဖြစ်လေရာ ရန်ကိုင်က ဘာကြောင့် ဝင်ကူပေးရမည်နည်း။ မကူညီနိုင်ချေ။ တောင်ပေါ်တွင်ထိုင်၍ ခွေးနှစ်ကောင် ကိုက်သည်ကိုသာ အေးအေးဆေးဆေး ထိုင်ကြည့်ပေမည်။
တိုက်ပွဲချိန် မည်မျှ ကြာနေပြီသလဲ ဆိုသည်ကို ရန်ကိုင် မသိချေ။ သို့သော် ပင်ပန်းနွမ်းနယ်နေသော သူတို့၏ အမူအရာများအရ အနည်းဆုံး နှစ်ရက်၊ သုံးရက်လောက်တော့ ကြာနေလောက်ပေပြီ။ တိုက်ပွဲသည် အဆက်မပြတ် နေရာပြောင်းနေခဲ့သည်။
ရန်ကိုင်သည်လည်း သူတို့ပြောင်းသည့် နေရာဆီသို့ လိုက်သွားရင် လူများများသေပါစေဟု စိတ်ထဲကြိတ်၍ ဆုတောင်းနေခဲ့သည်။
တိုက်ပွဲချိန်ကြာလာသည့်နောက်ပိုင်း နှစ်ဖက်စလုံးတွင် လက်ကျန်လူ လက်တစ်ဆုပ်လောက်သာ ရှိတော့သည်။ အားကောင်းသော သူတော်စင်ဘုရင် တတိယအဆင့်များပင်လျှင် သေမင်းခေါ်သံကို မခုခံနိုင်ခဲ့ချေ။
သို့သော်လည်း သူတို့၏ အပေါင်းအဖော်များ သေသွားသည့်တိုင် ထိုလူအားလုံး နည်းနည်းမျှ နောင်တမရသည်ကို ရန်ကိုင် သတိပြုမိ၏။ အကုန်လုံးသည် အဆက်မပြတ် နေရာပြောင်းရင်း တွေ့သမျှ ဂြိုလ်သိမ်၊ ဂြိုလ်မွှားများကို စစ်ဆေးကြည့်နေခဲ့သည်။ တစ်ခုခုကို ရှာနေသည့်နှယ်…
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၈၅)
သူတို့၏ အပေါင်းအပါများစွာ သေဆုံးပြီး အလွန်အမင်း ပင်ပန်းနွမ်းနွယ်လာသည့်နောက်တွင်၊ တိုက်ခိုက်နေကြသည့် နှစ်ဖွဲ့စလုံး ယခင်ကကဲ့သို့ သွေးပူခြင်း မရှိကြတော့ချေ။ ခေါင်းအေးအေးဖြင့် စဉ်းစားတွေးတောလာခဲ့ကြပြီ။ တိုက်ခိုက်ရာတွင်လည်း ယခင်ကကဲ့သို့ အသက်ကို ပဓါနမထားဘဲ မတိုက်ခိုက်ကြတော့။ သူတို့၏ လုံခြုံရေးကို ဦးစားပေးပြီး တိုက်ခိုက်ကြသည်။
တိုက်ပွဲအခြေအနေသည် ထိုကဲ့သို့ ပြောင်းလဲသွားသည်ကို မြင်သော် လူများများသေရန် စောင့်မျှော်နေသော ရန်ကိုင် စိတ်ပျက်သွားခဲ့ရလေသည်။
မည်သူမှမသေလျှင် သူဘာအကျိုးအမြတ်မှ မရနိုင်တော့ချေ။ ထို့ကြောင့် ဤနေရာ၌ ဆက်နေလျှင် အချိန်ဖြုန်းရုံသာ ရှိလိမ့်မည်။
ထို့ကြောင့် ရန်ကိုင်လည်း သူပုန်းနေသည့် ဂြိုလ်သိမ်ဂြိုလ်မွှားဆီမှ တိတ်တဆိတ် ထွက်ခွာလာလိုက်သည်။ အဖွဲ့နှစ်ဖွဲ့စလုံးမှ ကျင့်ကြံသူများသည် အချင်းချင်း တိုက်ခိုက်ရင်း အလုပ်ရှုပ်နေကြသဖြင့် ရန်ကိုင်ကို သတိမပြုမိခဲ့ချေ။
လက်ဖက်ရည်တစ်ခွက်စာ ကြာပြီးနောက် တိုက်ပွဲကွင်းပြင်မှ မီတာ ရာဂဏန်းအကွာသို့ ရန်ကိုင် ရောက်နေခဲ့သည်။ ကြယ်လွန်းပျံကို ထုတ်ပြီး ထွက်သွားတော့မည်အပြင အနောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများသည် သူ့အာရုံကို ဖမ်းစားသွားခဲ့သည်။
နောက်သို့လှည့်ကြည့်လိုက်ရာ ဂြိုလ်သိမ်ဂြိုလ်မွှားများကြား အလင်းတစ်ချက် လက်သွားသည်ကို တွေ့မြင်လိုက်ရသည်။ ရန်ကိုင်၏ မျက်နှာထက် အံ့အားသင့်ရိပ်တို့ ထွက်ပေါ်လာခဲ့သည်။ ထိုစွမ်းအင်လှိုင်းများနှင့် သူအရမ်းကိုမှ ရင်းနှီးနေခဲ့သည်။ ထိုစွမ်းအင်လှိုင်းသည် လေဟာနယ် စွမ်းအင်လှိုင်းများပင် ဖြစ်လေသည်။ ထို့ကြောင့် အလင်းလက်သွားသည့် နေရာမှ တစ်ယောက်ယောက်သည် လေဟာနယ်ကို ဆုတ်ဖြဲလိုက်ခြင်း ဖြစ်ရပေမည်။
ထိုတွေ့ရှိမှုသည် ရန်ကိုင်၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ ကြယ်စီရင်စုသို့ သူရောက်နေခဲ့သည်မှာ အတော်လေး ကြာနေပေပြီ။ မြောက်မြားလှစွာသော ကျင့်ကြံသူများထဲ အနည်းငယ်သော လူများသည်သာ လေဟာနယ်တာအိုကို နားလည်ထားကြောင့် ရန်ကိုင် သိထားသည်။
လေဟာနယ်တာအိုကို နားလည်ရန် အလွန်ကိုမှ ခက်ခဲပေသည်။ ကျွမ်းကျင်ရန် ဆိုလျှင်မူကား ဆိုဖွယ်ရာမရှိတော့။ လေဟာနယ်တာအို၏ အထွဋ်အထိပ်ကို ရောက်ရှိရန်မူကား လုံးဝနီးပါးကို မဖြစ်နိုင်သော အရာဖြစ်သည်။
လေဟာနယ်တာအို ကျင့်ကြံသူများကို မြင်ရခဲလေရာ ရန်ကိုင်လည်း လေဟာနယ်ကို ဆုတ်ဖြဲလိုက်သည့်လူမှာ မည်သူလဲ ဆိုသည်ကို သိချင်မိသွားသည်။
ကောင်ကင်စိတ်အာရုံကို တိုက်ပွဲ ဖြစ်ပွားရာ နေရာဆီသို့ ဖြန့်ကျက်ကြည့်လိုက်သည့်အခါ မည်သည့် ကျင့်ကြံသူကိုမှ မတွေ့ရဘဲ တွန့်လိမ်နေသော လေဟာနယ်ကိုသာ အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။
ဘာတွေ ဖြစ်သွားတာလဲ
ရန်ကိုင် သိချင်စိတ်ဖြစ်မိသွားပြီး ထိုနေရာသို့ အပြေးအလွှား သွားကြည့်လိုက်လေသည်။
ခဏအကြာ၌ တိုက်ပွဲဖြစ်ပွားရာနေရာဆီသို့ သူရောက်လာခဲ့သည်။ လှည့်ပတ်ကြည့်လိုက်ရာ တစ်ယောက်မှ ရှိမနေသည်ကို တွေ့လိုက်ရသည်။ အစောပိုင်းက ရှိနေသော လူအားလုံး ပျောက်ခြင်းမလှ ပျောက်နေကြသည်။ အလောင်းများပင် ပျောက်နေခြင်းဖြစ်သည်။
ရန်ကိုင်လည်း ဟင်းလင်းပြင်စွမ်းအင် ထွက်ပေါ်နေရာ လမ်းကြောင်း အတိုင်း အာရုံခံလိုက်သွားကြည့်လိုက်သည့်အခါ တောင်တစ်လုံးတမျှ အရွယ်အစားရှိသော ဂြိုလ်သိမ်ဂြိုလ်မွှား တစ်ခုပေါ်သို့အရောက်၊ ဂိတ်ပေါက်ကဲ့သို့ အရာတစ်ခုကို တွေ့လိုက်ရသည်။ ထိုဂိတ်ပေါက်သည် အလွန်တရာကိုမှ ရိုးရှင်းသည်။ အတော်လေးလည်း ဟောင်းနွမ်းနေဟန် ရသည်။ မှတ်သားစရာသည်ကား ထိုဂိတ်ပေါက်တစ်ခုလုံးကို လေဟာနယ်ဝိဥာဉ်ကျောက်တုံးများဖြင့် ဖုံးအုပ်ထားခြင်းပင်။
ဂိတ်ပေါက်၏ အောက်ဘက်တွင် သူတော်စင်သလင်းကျောက်များ ထည့်ဖို့ရာ မြောင်းငယ်လေးနှစ်သွယ် ရှိနေသည်ကို တွေ့လိုက်ရသည်။ ငုံကြည့်လိုက်ရာ စွမ်းအင်ကုန်နေပြီဖြစ်သော အထွဋ်အထိပ်အဆင့် သူတော်စင်သလင်းကျောက်များကို တွေ့လိုက်ရသည်။
“ဟင်းလင်းပြင်အစီအရင်လား” ရန်ကိုင် မျက်လုံးပြူးသွားပြီး အလန့်တကြား ထအော်လေသည်။
လက်တွေ့သည် သူထင်ထားသည်နှင့် တလွဲဖြစ်နေခဲ့သည်။ သူခံစားမိလိုက်သည့် ဟင်းလင်းပြင်စွမ်းအားသည် ကျင့်ကြံသူတစ်ယောက် လေဟာနယ်ကို ဆုတ်ဖြဲရာမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ သူ့ရှေ့ရှိ ဟင်းလင်းပြင် အစီအရင်ကို အသက်သွင်းရာမှ ထွက်ပေါ်လာခြင်း ဖြစ်နေခဲ့သည်။
စွမ်းအင်ကုန်နေပြီဖြစ်သော သူတော်စင်သလင်းကျောက်များသည် ဟင်းလင်းပြင် အစီအရင်ကို အသက်သွင်းသွားခဲ့သည် ဟူသောအချက်ကို မီးမောင်းထိုးပြနေခဲ့သည်။
သို့သော် စဉ်းစားစရာသည်ကား ဤနေရာတွင် ဘာကြောင့် ဟင်းလင်းပြင် အစီအရင် ရှိနေရသနည်း။ တိုက်ခိုက်နေသော အဖွဲ့ နှစ်ဖွဲ့သည် ဤဟင်းလင်းပြင် အစီအရင်ကို ရှာဖွေနေခြင်းပေလော။
ဤဟင်းလင်းပြင်အစီအရင်သည် မည်သည့်နေရာသို့ ဦးတည်နေသနည်း။
အဖွဲ့နှစ်ဖွဲ့စလုံး ပျောက်သွားရခြင်းမှာ နှစ်ဖွဲ့စလုံး ဟင်းလင်းပြင် အစီအရင်ထဲ ဝင်သွားသည့်အတွက်ကြောင့် ဖြစ်ရပေမည်။ ရန်ကိုင်သည် ဟင်းလင်းပြင်အစီအရင်ရှေ့ မတ်တပ်ရပ်ရင်း စဉ်းစားနေခဲ့သည်။
ခဏအကြာ၌ စွမ်းအင်ကုန်နေပြီဖြစ်သော သူတော်စင် သလင်းကျော်ကများကို ဆွဲထုတ်လိုက်ပြီး အသစ်များဖြင့် အစားထိုးလိုက်သည်။ ထိုသူတော်စင် သလင်းကျောက်များထဲတွင် ရှိနေသော စွမ်းအင်များသည် အစီအရင်ထဲသို့ စတင် စီးဝင်တော့လေသည်။
တောက်ပသော အလင်းတန်းတို့နှင့်အတူ ဂိတ်ပေါက်၏ အလယ်ဗဟိုမှ လှိုင်းတွန့်ကလေးများ စတင် ထွက်ပေါ်လာသည်။ ခဏအကြာ၌ ပုံရိပ်ယောင်တစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာခဲ့လေသည်။
ရန်ကိုင်သည် ဂိတ်ပေါက်ထဲသို့ ကောင်းကင်စိတ်အာရုံ ပို့လွှတ်ကြည့်လိုက်သည်။ သို့သော် မည်သူ့ကိုမှ မတွေ့ရ။ စိမ်းစိုပြည်သော ထူးဆန်းပြီး အရိုင်းဆန်သည့် ကုန်းမြေကြီးတစ်ခုကိုသာ မြင်လိုက်ရသည်။ စစ်ဆေးကြည့်ပြီးနောက် ကောင်းကင်စိတ်အာရုံများကို ပြန်ရုတ်သိမ်းကာ ဟင်းလင်းပြင်အစီအရင်ထဲသို့ တုန့်ဆိုင်းခြင်းမရှိ ဝင်သွားလိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း သူတစ်ခါမှ မမြင်ဖူးသော ထူးဆန်းသည့် ကမ္ဘာကြီးထဲ ရန်ကိုင် ပေါ်လာခဲ့သည်။
ဤနေရာရှိ မိုးမြေစွမ်းအင်သည် အလွန်တရာကိုမှ သိပ်သည်းလှသည်။ မည်သည့် ကျင့်ကြံရေးကြယ်ထက်မဆို ပိုကောင်းသော လွင့်မျောတိုက်ကြီးထက် မသာသော်ငြား မိုရေစင်ကြယ်ထက် အများကြီး ပိုသိပ်သည်းပေသည်။
သူ့ရင်ဘတ်ရှိ ကောင်းကင်တစ္ဆေသစ်ခွသည် မိုးမြေစွမ်းအင်များကို စတင်၍ အရူးအမူး စုပ်ယူတော့သည်။ ရန်ကိုင် ပျော်သွားခဲ့သည်။ ကောင်းကင်တစ္ဆေသစ်ခွ အာနိသင်ပျောက်သွားသည်အထိ ဤနေရာတွင် တံခါးပိတ်ကျင့်စဉ် ဝင်လိုက်လျှင် ကောင်းမလားဟုပင် တွေးမိသွားသည်။
ကောင်းကင်တစ္ဆေသစ်ခွသည် အလွန်ကိုမှ ရှားပါးလွန်းလှသည်။ ရွှယ့်ယွယ်၏ မျက်နှာကြောင့်သာ မဟုတ်လျှင် ဟလီခအနေဖြင့် ထိုအရာကို ရန်ကိုင်အား ပေးခဲ့လိမ့်မည် မဟုတ်ချေ။ ကောင်းကင်တစ္ဆေသစ်ခွ၏ အာနိသင်သည် နှစ်နှစ်၊ သုံးနှစ်ကြာပြီးနောက် ပျောက်ကွယ်သွားမည် ဖြစ်သော်ငြား ယခုမှ တစ်နှစ်ကျော်လောက်သာ ရှိပေသေးသည်။
ဤရှားပါးလှသည့် အခွင့်အရေးကို ရန်ကိုင် လက်မလွှတ်ချင်ချေ။ စဉ်းစားရင်း စဉ်းစားရင်း စိတ်ထဲ စိတ်ပေါက်ပေါက်ဖြင့် ဆဲမိလိုက်သည်။
ကြယ်တာရာကောင်းကင်ထဲတွင် လုံခြုံစွာ ပုန်းနိုင်သော်လည်း ဤထူးဆန်းသော ကုန်းမြေကြီးထဲတွင် ထိုကဲ့သို့ မလုပ်နိုင်တော့ချေ။ သူ့အရှိန်အဝါကို ပြီးပြည့်စုံစွာ ဖုံးကွယ်နိုင်မည် ဆိုလျှင်ပင် မိုးမြေစွမ်းအင်များကို အရူးအမူး စုပ်ယူနေသော ကောင်းကင်တစ္ဆေ သစ်ခွကြောင့် သူ့အား အလွယ်တကူ သတိပြုမိနိုင်ပေသည်။
ဟုတ်ပေသည်။ သူထင်ထားသည့်အတိုင်း မကြာမီ သူ့ဆီသို့ ကျင့်ကြံသူများ ရောက်လာခဲ့သည်။ သို့သော် များများစားစားတော့ မဟုတ်။ တစ်ဖက်စီတွင် သုံးယောက်၊ လေးယောက်လောက်သာ ရှိကြသည်။
တစ်ဖက်နှင့်တစ်ဖက် အသေအကြေ တိုက်ခိုက်နေကြသော အဖွဲ့နှစ်ဖွဲ့သည် လောလောဆယ်၌ ရန်ကိုင်အား သိချင်စိတ်အပြည့်ဖြင့် အသေအချာ စိုက်ကြည့်နေကြသည်။
ရန်ကိုင်ကို မြင်လိုက်သည့်အခါ တိကျီဟုခေါ်သော မွန်းစတား မျိုးနွယ်စုဝင် ကျင့်ကြံသူ ကြောင်သွားခဲ့ပြီး ရယ်သွမ်းသွေးလျက် “ကောင်လေး၊ မင်းဒီကို ဘယ်လို ရောက်လာတာလဲ”
တိကျီနားတွင် ရှိနေသော အမျိုးသမီးကလည်း ရန်ကိုင်အား အထူးအဆန်း အမူအရာဖြင့် ကြည့်လိုက်သည်။ မျက်လုံးများသည် ရန်ကိုင်အား သတိအပြည့်ဖြင့် စောင့်ကြည့်နေခဲ့သည်။ ရန်ကိုင် သူမတို့နောက်သို့ ခြေရာခံလိုက်လာသည်ဟု ထင်နေသည့်ပုံပင်။
“အထင်မလွဲနဲ့။ ကျုပ်သူတို့ကို မသိဘူး။ ကြယ်တာရာကောင်းကင်ထဲ ဖြတ်သွားနေရင်း သူတို့နဲ့ တစ်ကြိမ် တွေ့ခဲ့ဖူးတာပဲရှိတာ” ရန်ကိုင်က တိကျီ၏ အမေးကို လျစ်လျူရှုလိုက်ပြီး သူ့အား ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်နေသော တစ်ဖက်အဖွဲ့ကို ရှင်းပြလိုက်သည်။
တစ်ဖက်အဖွဲ့ခေါင်းဆောင်သည် အသက်လေးဆယ်လောက် ရှိမည်ထင်ရသော လူကြီးတစ်ယောက်ဖြစ်ပြီး တိကျီကဲ့သို့ သူတော်စင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။
သတ်လတ်ပိုင်းလူကြီးက အဖွဲ့ထဲမှရှေ့သို့ ထွက်လာလိုက်ပြီး အသံကျယ်ကျယ်ဖြင့် မေးလိုက်သည် “မင်းဒီနေရာကို ဘယ်လို ရှာတွေ့တာလဲ”
ရန်ကိုင်က ပခုံးတွန့်ပြလိုက်သည် “ကျုပ်ဘာသာ ခရီးသွားနေတုန်း ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်ထဲကနေ အလင်းတန်းတွေ ဖြိုးဖြိုးဖျက်ဖျက် လက်လာလို့ သွားကြည့်ရင်း ဟင်းလင်းပြင်အစီအရင်ကို မြင်ပြီး သိချင်မိတာနဲ့ အထဲဝင်လာကြည့်လိုက်တာ။ ခင်ဗျားတို့မှာ လုပ်စရာရှိရင် ကိုယ့်ဘာသာ အေးအေးဆေးဆေး လုပ်လို့ရတယ်။ ကျုပ်ကို စိတ်ထဲ ထားနေစရာမလိုဘူး။ ကျုပ်က တစ်ချက် ကြည့်ပြီးတာနဲ့ ပြန်ထွက်သွားမှာ”
ပြောပြီးသည်နှင့် ချက်ချင်း သတိထားလိုက်သည်။ နှစ်ဖက်အဖွဲ့ရှိ ကျင့်ကြံသူအရေအတွက်မှာ အလွန်တရာကိုမှ လျော့ကျသွားသော်ငြား နှစ်ဖက်စလုံးတွင် သူတော်စင်ဘုရင်တတိယအဆင့်များ ရှိနေခဲ့သည်။ စကားတစ်ခွန်း မှားသွားသည်နှင့် အန္တရာယ်များသည် အခြေအနေထဲသို့ ချက်ချင်း တန်းရောက်သွားနိုင်ပေသည်။
ထို့ကြောင့် ကျိုးကျိုးနွံနွံ နေပြရပေမည်။ မာန်မာနထောင်လွှားပြနေ၍ မဖြစ်ချေ။ ထိုအဖွဲ့နှစ်ဖွဲ့စလုံး သူတို့ဘာသာ ဆက်တိုက်အောင်လုပ်နိုင်မည့် နည်းလမ်းကိုလည်း တိတ်တဆိတ် ရှာဖွေနေခဲ့သည်။ သူတို့နှစ်ဖွဲ့ အချင်းချင်း တိုက်ခိုက်ရင်း အတူတူ သေသွားသည့်အခါ ဤနေရာကြီး တစ်ခုလုံးကို သူတစ်ယောက်တည်း လွတ်လွတ်လပ်လပ် စူးစမ်းနိုင်ပေလိမ့်မည်။
သက်လတ်ပိုင်း လူကြီးသည် ရန်ကိုင်ကို စိုက်ကြည့်လိုက်သည်။ ခဏအကြာ၌ ခေါင်းညိတ်၍ ကြင်နာစွာပြုံးလျက် ပြောလိုက်သည် “ငါမင်းကိုယုံတယ်”
“ကျေးဇူးအများကြီးတင်ပါတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
“ကောင်လေး၊ မင်းဒီကို ရောက်လာပြီဆိုမှတော့ ဘာလို့ အလျင်စလို ပြန်ထွက်သွားမှာလဲ” တိကျီက ရယ်မောလိုက်ပြီး “အရင်တုန်းကတော့ ဒီအဖေက ပြဿနာမရှာချင်လို့ မင်းကို ဒီအတိုင်းထားခဲ့တာ။ အခု မင်းဘယ်ပြေးမလဲ ငါမြင်ချင်သေးတယ်”
ပြောပြီးသည်နှင့် သက်လတ်ပိုင်းလူကြီးကို လှမ်းအော်ပြောလိုက်သည် “ကွေ့ချဲ၊ မင်းမှာလည်း ရိက္ခာပြတ်နေပြီ။ ငါ့မှာလည်း ရိက္ခာပြတ်နေပြီ။ ဒါပေမယ့် ဒီကောင်လေး ဝဖီးနေတဲ့ သိုးကြီးကွ။ အရင်တစ်ကြိမ်တုန်းက အထွဋ်အထိပ်အဆင့် သူတော်စင် သလင်းကျောက်တစ်ထောင်ကို မျက်တောင်တစ်ချက်တောင် မခတ်ဘဲ ငါတို့ဆီ ပေးခဲ့တာ။ ဒီကောင့် သိုလှောင်လက်စွပ်ထဲမှာ သူတော်စင်သလင်းကျောက်တွေ အများကြီး ကျန်ဦးမယ်လို့ ငါပြောရဲတယ်။ ငါတို့ တစ်ယောက်တစ်ဝက် ခွဲဝေယူမယ်ဆိုရင် ဘယ်လိုလဲ”
“အဲ့အကြံမဆိုဘူး” ကွေ့ချဲဆိုသော သက်လတ်ပိုင်းလူကြီးက ရယ်သွမ်းသွေးလျက် ရန်ကိုင်အား ကြည့်လိုက်သည်။
ရန်ကိုင်လည်း အပြုံးယဲ့ယဲ့လေးပြုံးလျက် သူ့အား ပြန်ကြည့်သည်။
တိကျီက ရယ်မောလိုက်သည် “ကွေ့ချဲ ငါမင်းကိုမုန်းပေမယ့် ပြောရဆိုရလွယ်ကူတဲ့ မင်းစရိုက်ကိုတော့ တကယ် ကြိုက်တယ်။ သဘောတူညီချက် ရသွားပြီဆိုတော့ မင်းပဲလုပ်မလား၊ ငါကပဲ လုပ်ရမလား။ မင်းလုပ်လုပ်၊ ငါလုပ်လုပ် နှစ်ဖက်စလုံး တစ်ယောက်နဲ့ တစ်ယောက် သံသယဝင်စရာ မလိုအောင်တော့ လုပ်ဖို့လိုမှာပေါ့”
ကွေ့ချဲက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “ငါလုပ်မှာမဟုတ်ဘူး”
တိကျီ ကြောင်သွားခဲ့သည်။ သို့သော် ကွေ့ချဲ ဘာကြံနေမှန်း မစဉ်းစားရသေးခင်မှာဘဲ သက်လတ်ပိုင်းလူကြီးက ရန်ကိုင်ဘက်သို့ လှည့်၍ “ညီငယ်လေး၊ ငါတို့အဖွဲထဲ ဝင်ချင်လား”
“ခင်ဗျားတို့အဖွဲ့ထဲ ဝင်ရမယ်” ရန်ကိုင် မျက်မှောင်ကြုတ်သွားသည် “ဝင်ပြီး ဘာလုပ်ရမှာလဲ”
“ဒီနေရာကို စူးစမ်းရမှာပေါ့။ ဒီနေရာကို ဘယ်သူမှ မရောက်ဖူးသေးဘူး။ ဒါကြောင့် ပစ္စည်းကောင်းတွေ ရှိနေမယ်လို့ ငါအတပ်ပြောရဲတယ်။ မင်းသာ ငါတို့အဖွဲ့ထဲ ဝင်မယ်ဆိုရင် အကျိုးအမြတ်အချို့ ကျိန်းသေ ရနိုင်လိမ့်မယ်” ကွေ့ချဲက မေးလိုက်သည်။
သူပြောသည်ကို ကြားပြီးနောက် အကုန်လုံး ကြောင်သွားသည်။ သူတော်စင်တတိယအဆင့်လေးသာ ရှိသော လူငယ်လေးကို ဘာကြောင့် သူ့အဖွဲ့ထဲ ကွေ့ချဲခေါ်ချင်နေလဲ ဆိုသည်ကို မည်သူမှ နားမလည်နိုင် ဖြစ်နေခဲ့သည်။ တိကျီ၏ အဖွဲ့သားများသာမဟုတ်၊ ကွေ့ချဲ၏ အဖွဲ့သားများပင်လျှင် နားမလည်နိုင် ဖြစ်နေခဲ့ကြသည်။
အကင်းပါးသော တိကျီတစ်ယောက်သည် ကွေ့ချဲ၏ အကြံအစည်ကို ချက်ချင်း နားလည်လိုက်သည်။ ထို့ကြောင့် ရယ်သွမ်းသွေးလျက် အားလုံး သိအောင် ပြောပြလိုက်လေသည် “ကွေ့ချဲ၊ မင်းတကယ် အရှက်မရှိပါလား။ ဒီကောင်လေးကို အန္တရာယ်ရှိမရှိ စူးစမ်းခိုင်ဖို့ ကင်းထောက်ခေါ်တယ်ဆို ခေါ်တယ်ဖို့။ ဘာတွေ ဝေ့လည်ကြောင်ပတ် လျှောက်ပြောနေတာလဲ။ ကောင်လေး။ သူ့စကားကိုမယုံနဲ့။ သူ့ကမ်းလှမ်းချက်ကိုသာ လက်ခံလိုက်ရင် အကျိုးအမြတ် မရရုံတင်မဟုတ်ဘူး။ အလောင်းအပြည့်အစုံနဲ့တောင် သေရမှာမဟုတ်ဘူး”
တိကျီပြောသည်ကို ကြားလိုက်မှပဲ အကုန်လုံး နားလည်သွားခဲ့သည်။
သူ့ရည်ရွယ်ချက်ကို လူတိုင်းသိသွားသော်ငြား ကွေ့ချဲက ရှက်ရွံ့သွားခြင်း မရှိဘဲ ဟန်မပျက်အမူအရာဖြင့်သာ ခေါင်းညိတ်၍ ပြောလိုက်သည် “ဟုတ်တယ်။ ငါအဲ့လို စဉ်းစားထားတာ။ ဒါပေမယ့် ဒီကညီငယ်လေးရဲ့ ခွန်အားက အရမ်းကို နိမ့်တာလေ။ သူ့ခွန်အားက အဲ့လောက်နိမ့်နေမှတော့ တစ်ခုခု မစတေးဘဲ ဘာအကျိုးအမြတ်ကို ရနိုင်မှာလဲ။ ငါ့နောက်လိုက်ရင် အသက်ရှင်နိုင်ချေ ရှိပေမယ့် တိကျီနောက်လိုက်မယ် ဆိုရင်တော့ မနက်ဖြန် နေထွက်တာကို ကျိန်းသေ မမြင်ရဘူးဆိုတာ ငါရဲရဲကြီး အာမခံရဲတယ်။ ငါက မင်းကို အရမ်း အန္တရာယ်များတဲ့ နေရာတွေဆီ သွားခိုင်းမှာ မဟုတ်ဘူး”
“ကျုပ်ဘာသာ တစ်ယောက်တည်း လှုပ်ရှားလို့ မရဘူးဘူးလား။ ကျုပ်ကို ဘယ်တုန်းကမှ မမြင်ခဲ့ဘူးလို့ သဘောထားလိုက်လေ” ရန်ကိုင်က စိတ်ဓါတ်ကနေသည့် အမူအရာဖြင့် ပြန်ပြောသည်။
ထိုစကားကို ကြားလိုက်သည့်အခါ အကုန်လုံး ရန်ကိုင်အား လှောင်ရယ်ရယ်ကြလေသည်။
“ကြည့်တာရာ၊ ကျုပ်မြန်မြန် ဆုံးဖြတ်ချက်မချရင် ဒီနေရာမှာပဲ သေရမယ့်ပုံပဲ၊ ဟုတ်တယ်မလား”
တိကျီနှင့် ကွေ့ချဲတို့ နှစ်ယောက်စလုံး ဘာမှပြန်မပြောကြ။ တိကျီသည် လှောင်ပြုံးယဲ့ယဲ့လေးပြုံးလျက်သာ ရန်ကိုင်ကို စိုက်ကြည့်နေခဲ့သည်။