← Chapters

အခန်း (၁၀၈၆-၁၀၉၀)

Vol. 44 Ch. 1086-1090

အခန်း (၁၀၈၆-၁၀၉၀)

Vol. 44 Ch. 1086-1090

အပိုင်း(၁၀၈၆) တကယ့်ခွန်အားကို ဖုံးကွယ်ထားခြင်း

ရန်ကိုင်က ကွေ့ချဲကိုကြည့်လိုက်၊ တိကျီကိုကြည့်လိုက် လုပ်နေခဲ့ပြီး နောက်ဆုံး၌ ကွေ့ချဲအား လက်ညိုးထိုးပြကာ “ခင်ဗျားတို့နောက် လိုက်မယ်”

ကွေ့ချဲက ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်သည်။

တိကျီကမူ ထူးမခြားနားဟန်ဖြင့်သာ ရှိနေခဲ့သည်။ ရှေ့ပြေး ကင်းထောက်အတွက် ပွန်းရုပ်တစ်ကောင် ဆုံးရှုံးလိုက်ရသည့်အတွက် အနည်းငယ် နောင်တရမိသော်ငြား ရန်ကိုင်၏ ခွန်အားသည့် အတော့်ကိုမှ နိမ့်ကျလှသည့်အတွက် ရန်ကိုင် သူ့ဘက်လာလာ မလာလာ ဂရုမစိုက်ပါချေ။ သူတော်စင်တတိယအဆင့်သည် သူတို့အဖွဲ့ အန္တရာယ်နှင့်တွေ့သည်နှင့် တန်းသေမည့် လူမျိုးဖြစ်သည်။ ထို့ကြောင့် အရမ်းကြီး အသုံးဝင်လိမ့်မည် မဟုတ်ချေ။

သူတကယ် နောင်တရသည်ကား ရန်ကိုင်၏ သိုလှောင်လက်စွပ်ထဲရှိ သူတော်စင်သလင်းကျောက်များကို မရလိုက်ခြင်းပင်။ သို့သော်လည်း ဤနေရာရှိ မိုးမြေစွမ်းအင်သည် အတော်ကိုမှ သိပ်သည်းနေလေရာ ထိုသလင်းကျောက်များကို ရရ၊ မရရ အရမ်းကြီး အရေးမပါချေ။ နှာခေါင်းတစ်ချက်ရှုံ့လျက် တိကျီက ရန်ကိုင်အား စူးစူးရဲရဲ စိုက်ကြည့်၍ ပြောလိုက်သည် “ကောင်လေး၊ မင်းအသေဆိုးနဲ့ သေရလိမ့်မယ်။ အဲ့ကျမှ ငါမင်းကို သတိမပေးဘူးဆိုပြီး ဒီအဖေကို လာမပြစ်မတင်နဲ့”

“ခင်ဗျားနောက် လိုက်မှပဲ စောစောသေမှာ” ရန်ကိုင်က ခပ်ပြတ်ပြတ် ပြောလိုက်သည်။

လက်ရှိ ရှိနေသည့်လူအားလုံးအနက် မည်သူမှကို သူမကြောက်ချေ။ မနိုင်လျှင်ပင် ထွက်ပြေးနိုင်ပေသည်။ သူတော်စင်ဘုရင်တတိယအဆင့်ဖြင့် သူ့ကို ဖမ်းလိုလျှင် အိမ်မက်မက်နေမှသာ ရပေလိမ့်မည်။ ထို့ကြောင့်ပဲ ဤနေရာကို အတူတကွ စုံစမ်းစစ်ဆေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

နှစ်ဖွဲ့စလုံးသည် ဤနေရာကို တစ်ချိန်လုံး ရှာနေကြခြင်း ဖြစ်လေရာ ဤနေရာအကြောင်း ကောင်းကောင်း သိထားရပေမည်။

“စိတ်မပူနဲ့။ အားလုံး ပြီးသွားတာနဲ့ မင်းအလောင်းကို ငါကောက်ပေးမယ်” တိကျီက ရန်ကိုင်က လှောင်ပြောင်လိုက်ပြီးနောက် လက်ဝှေ့ရမ်း၍ အော်ပြောလိုက်လေသည် “သွားကြမယ်”

ပြောပြီးသည်နှင့် သူ့အဖွဲ့ကိုဦးဆောင်ကာ တစ်ခုသောအရပ်ဆီသို့ ပျံသန်းထွက်သွားလေသည်။ အဖွဲာ့းများစွာ ဆုံးရှုံးခဲ့ရပြီးသည့်နောက်ပိုင်း တိကျီသည် ကွေ့ချဲနှင့် ဆက်မတိုက်ခိုက်ချင်တော့သည့်ပုံပင်။

“ငါတို့လည်း သွားသင့်ပြီ” ကွေ့ချဲက အပြုံးဖြင့် ပြောလိုက်သည်။ ထို့နောက် သူ့နောက်လိုက် သုံးယောက်နှင့်အတူ အခြားတစ်ဖက်ဆီသို့ ထွက်သွားလေသည်။

လမ်းတစ်လျှောက် တစ်ဖွဲ့လုံး ငြိမ်သက်နေခဲ့ကြသည်။ မည်သူမှ စကားပြောချင်စိတ် မရှိကြ။ လောလောလတ်လတ် အသေအကြေ များခဲ့သည့် တိုက်ပွဲကြောင့် အကုန်လုံး စကားပြောချင်စိတ် ကုန်နေသည်။ ရန်ကိုင်ကိုလည်း မည်သူမှ ပြဿနာ သွားမရှာခဲ့။ ထို့ကြောင့် ရန်ကိုင် အတော်လေး ကျေနပ်နေမိခဲ့သည်။

ကွေ့ချဲအဖွဲ့ထဲတွင် ကွေ့ချဲအပြင် သူတော်စင်ဘုရင်တတိယအဆင့် ဖြစ်သော အခြားတစ်ယောက်လည်း ရှိပေသေးသည်။ ထိုလူကို ကွေ့ချဲက ကန်းကျီဟုခေါ်သည်။

စွဲမက်ဖွယ်ကောင်းလေသာ မက်မွန်ရောင် မျက်ဝန်လေးများဖြင့် မိန်းမငယ်လေး တစ်ယောက်နှင့် ရန်ကိုင်၏ အသက်လောက်သာရှိသော လူငယ်လေးတစ်ယောက်လည်း ရှိပေသေးသည်။ ထိုကျင့်ကြံသူ နှစ်ယောက်စလုံးသည် သူတော်စင်ဘုရင် ဒုတိယအဆင့်များ ဖြစ်ကြပြီး သူတို့၏ နာမည်ကိုမူ ရန်ကိုင် မသိချေ။

သူ့လက်ရှိ ခွန်အားဖြင့် ထိုလူအင်အားကို မည်သို့မှ အနိုင်ယူနိုင်မည် မဟုတ်ချေ။ သို့သော် သူထွက်သွားချင်လျှင်မူ မည်သူမှ တားဆီးနိုင်လိမ့်မည် မဟုတ်။ သေသေချာချာ လေ့လာကြည့်ပြီးနောက် ငါဖောင်ရိုးကဲ့သို့ ပိန်သောလူငယ်လေးသည် ဂြိုလ်သိမ်ဂြိုလ်မွှားများ အနီးတစ်ဝိုက်တွင် စူးစမ်းရှာဖွေနေသည့်လူဖြစ်ကြောင်း ရန်ကိုင် မှတ်မိသွားသည်။ ဟင်းလင်းပြင် အစီအရင်ကို ထိုလူငယ်လေးမှ ရှာတွေ့ခဲ့ခြင်း ဖြစ်ရပေမည်။

လမ်းတွင် ထိုလူငယ်လေးသည် ထူးဆန်းသော အမှတ်အသားများနှင့် မျဉ်းကြောင်းများ ရေးခြစ်ထားသော အိုဟောင်းနေသည့် တိရစ္ဆာန်အရေခွံ တစ်ခုကို မကြာခဏ ထုတ်ထုတ်ကြည့်နေခဲ့သည်။ ထိုလူငယ်လေး၏ ဦးဆောင်မှုအောက်၌ ရန်ကိုင်တို့အဖွဲသည် အလျင်အမြန် ရှေ့သို့ ချီတက်နေခဲ့ကြသည်။

ဤနေရာသည် မိုးမြေစွမ်းအင် သိပ်သည်းရုံမက သဘာဝရတနာများပါ ပေါကြွယ်လှသည်။ သက်တမ်းရာဂဏန်းရှိသော ဆေးပင် အမျိုးမျိုးကို သာမက နှစ်ထောင်ဏန်းရှိသော ဆေးပင်များကိုပါ နေရာတိုင်းတွင် တွေ့နေခဲ့ရသည်။ ရန်ကိုင်လည်း ဝမ်းသာသွားပြီး ထိုဆေးပင်များကို ခူနိုင်သမျှ ခူးဆွတ်ခဲ့လေသည်။

ကွေ့ချဲသည် သူ့လုပ်ရပ်အား မတားခဲ့သည့်အပြင် သူ့အဖွဲ့သားများ နှင့်အတူ ကူ၍ပင် ခူးပေးခဲ့သေးသည်။

ရန်ကိုင်က သူတို့အား မည်သည့် ဆေးပင်များကို မည်ကဲ့သို့ ခူးဆွတ်ရမည်ကို ပြောပြခဲ့သည်။ ထို့ကြောင့် သူတော်စင်ဘုရင် လေးယောက်စလုံး သူ့အား စိတ်ဝင်တစားဖြင့် စိုက်ကြည့်လာခဲ့ပြီး လူငယ်လေးက မနေနိုင်ဘဲ မေးလိုက်မိသည် “မင်းက ဆေးပညာရှင်လား”

“ဟုတ်တယ်” ရန်ကိုင်က အမှန်အတိုင်း ဝန်ခံလိုက်သည်။

ဆေးပညာရှင်များသည် အရေအတွက်နည်းပြီး လူမြင်ကွင်းတွင် သိပ်တွေ့ရလေ့မရှိချေ။ ယေဘုယျအားဖြင့် ဆေးပညာရှင်များသည် ဆေးပညာလမ်းစဉ်အား လေ့လာရာတွင်သာ အာရုံစိုက်ထားကြပြီး ကျင့်ကြံခြင်းကို သိပ်အရေးမစိုက်ကြချေ။ ထို့ကြောင့် သူတို့၏ တိုက်ပွဲ စွမ်းရည်မှာ အတော်လေးကို နိမ့်ကျလှပေသည်။ ရန်ကိုင်၏ စကားကို ကြားပြီးနောက် လေးယောက်စလုံး သူ့အား သိပ်ပြီး အလေးမထားတော့ချေ။ တိုက်ပွဲစွမ်းရည် နိမ့်ကျသည့် ဆေးပညာရှင် တစ်ယောက်ကို ဘာကြောင့် အထူး သတိထားနေရမည်နည်း။

“မင်းဘယ်ဆေးလုံးတွေ သန့်စင်နိုင်လဲ” မိန်းမငယ်လေးက မေးလိုက်သည်။

“သူတော်စင် အထွဋ်အထိပ်အဆင့် ဆေးလုံး”

“မဆိုးပါဘူး” ကွေ့ချဲက အပြုံးဖြင့် ဝင်ပြောလိုက်သည် “သူတော်စင် တတိယအဆင့်လေးနဲ့ သူတော်စင်အထွဋ်အထိပ်အဆင့် ဆေးလုံးတွေကို သန့်စင်နိုင်တာဆိုတော့ နောက်နှစ်အနည်းငယ်အတွင်းမှာပဲ သူတော်စင် ဘုရင်အဆင့် ဆေးလုံးတွေကို မင်းသန့်စင်နိုင်တော့မှာပေါ့။ မင်းလို ဆေးပညာရှင်တစ်ယောက်ကို အင်အားစုတွေ အများကြီးက လိုချင်ကြမှာ။ ကြိုးစားထားကောင်လေး”

ရန်ကိုင်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။

“ငါ့ကို တစ်ခုလောက် ရှင်းပြလို့ရမလား။ မင်းခန္ဓာကိုယ်က မိုးမြေစွမ်းအင်တွေကို ဘာလို့ တောက်လျှောက် စုပ်ယူနေရတာလဲ။ တော်တော်လေး သိသာလွန်းတယ်။ မင်းဘယ်လိုဆေးလုံးတွေ စားထားတာလဲ” ကန်းကျီဟုခေါ်သော ကျင့်ကြံသူက ရန်ကိုင်အား သင်္ကာမကင်း အမူအရာဖြင့် စိုက်ကြည့်၍ မေးလိုက်သည်။

သူသာမဟုတ်၊ အခြားသူအားလုံးသည်လည်း ထိုမူမမှန်သော အချက်ကို သတိပြုမိကြသည်။ ရန်ကိုင်သည် ကျင့်စဉ်ကို မလှည့်ပတ်ဘဲ နေသော်ငြား အနီးအနားရှိ မိုးမြေစွမ်းအင်များသည် သူ့ကိုယ်ထဲသို့ အလိုလိုစီးဝင်နေခဲ့သည်။

ထို့ကြောင့် အကုန်လုံး သိချင်မိသွားကြလို လောဘလည်း တက်သွားကြသည်။

“ဆေးလုံးကြောင့်မဟုတ်ဘူး။ ဒါကြောင့်ပဲ” ရန်ကိုင်က အင်္ကျီကိုဟပြီး ရင်ဘတ်ကို ဖွင့်ပြလိုက်သည်။ အကုန်လုံး ရန်ကိုင်၏ ရင်ဘတ်ဆီသို့ လှမ်းကြည့်လိုက်ရာ မိုးမြေစွမ်းအင်များကို အလိုလို စုပ်ယူနေသော ကလေးမျက်နှာတစ်ခုအား တွေ့လိုက်ရသည်။

“ဘာကြီးလဲ” အမျိုးသမီးက သူ့လက်ကို ဆန့်ထုတ်၍ ထိုအရာကို ထိကိုင်ကြည့်လိုက်သော်ငြား မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ချေ။

“ကောင်းကင်တစ္ဆေသစ်ခွလား” ကွေ့ချဲ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး သူ့ဘာသာ ရေရွတ်လိုက်သည်။

“ကောင်းကင်တစ္ဆေသစ်ခွကြီးလား” ကျန်သုံးယောက်လည်း တစ်ပြိုင်တည်း သံပြိုင်ရေရွတ်လိုက်ကြလေသည်။ ပိန်သွယ်သွယ် ကောင်လေး၏ မျက်လုံးထဲ ဘောလရိပ်တို့တက်လာပြီး စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် “အလိုလို ကျင့်ကြံနေအောင် ကူညီပေးတဲ့ ရှားပါးရတနာကို ပြောတာလား။ မင်းတကယ်ကြီး ကောင်းကင်တစ္ဆေသစ်ခွကို စားထားတာလား”

“ဟုတ်တယ်” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းပြန်ညိတ်ပြလိုက်သည်။

“အဲ့ဒါကို မင်းဘယ်ကနေတွေ့တာလဲ” ကွေ့ချဲက အလျင်စလို မေးလိုက်သည် “မင်းမှာရှိသေးလား”

ကောင်းကင်တစ္ဆေသစ်ခွသည် အလွန်ကိုမှ ရှားပါးအဖိုးတန်လှရာ ထိုအရာကို မြင်လိုက်သည့်အခိုက် ကွေ့ချဲပင် သူ၏ လိုချင်တပ်မက်စိတ်ကို မဖိနှိပ်နိုင်ခဲ့ချေ။ ထိုအရာနှင့်ဆိုပါက ကျင့်ကြံရာတွင် နှစ်ပေါင်းမျာစွာ ပို၍ အချိန်သက်သာသွားပေလိမ့်မည်။

“မဟုတ်ဘူး။ ဒါကို စီနီယာတစ်ယောက်ဆီကနေ လက်ဆောင် ရထားတာ” ရန်ကိုင်က သူ့အင်္ကျီကို ပြန်စိကာ ပြောလိုက်သည်။ သူ့တွင် ကောင်းကင်တစ္ဆသစ်ခွ ရှိနေသောဆိုသော အချက်ကို ထိုလူများ သိသွားမည်ကို သူမကြောက်ချေ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင် တစ္ဆေသစ်ခွဆိုသော အရာမျိုးကို သန့်စင်ပြီးပါက အခြားတစ်ယောက်မှ လုမယူနိုင်တော့သောကြောင့်ပင် ဖြစ်သည်။

ရန်ကိုင်၏ စကားကို ကြားလိုက်သည့်အခါ အကုန်လုံး၏မျက်နှာ ရှုံ့မဲ့သွားခဲ့သည်။ မသိလျှင် ရန်ကိုင်သည် ကောင်းကင်မှပေးသော အဖိုးတန် လက်ဆောင်ကို ဖြုန်းတီးပစ်လိုက်သည့်နှယ်။

သူတော်စင်တတိယအဆင့် ကျင့်ကြံသူလေးသည် ထိုရတနာကို စားသုံးထားပြီး တံခါးပိတ်ကျင့်ကြံရန် မကြိုးစားဘဲ ကြယ်တာရာ ကောင်းကင်ထဲ လျှောက်သွားနေခဲ့သည်။ တကယ်ကို ဖြုန်းတီးခြင်းပင်။ ရန်ကိုင်မှအပ လက်ရှိ ရှိနေသည့်လူအားလုံးအနက် မည်သူပင်ဖြစ်ပါစေ ကောင်းကင်တစ္ဆေသစ်ခွကို ရလိုက်မည်ဆိုပါက လျှောက်သွားနေမည် မဟုတ်ဘဲ ဆေးအာနိသင်ကုန်သည်အထိ တံခါးပိတ်ကျင့်စဉ် ဝင်နေပေလိမ့်မည်။

အကုန်လုံး ရန်ကိုင်အား အခဲမကြေဟန်ဖြင့် ကြည့်လို်ကသည်။ ကွေ့ချဲသည် အဖိုးတန်ရတနာကို ဖြုန်းတီးရက်သော ရန်ကိုင်အား ထသတ်ပစ်နေချင်သည့်အလား သူ့တစ်ကိုယ်လုံး ဒေါသကြောင့် တဆတ်ဆတ် တုန်ရီနေခဲ့သည်။

“ဒီမှာလည်း ဆေးပင်တွေအများကြီးဟာကို၊ ကောင်းကင်တစ္ဆေသစ်ခွ တစ်ပင်၊ နှစ်ပင်လောက်တွေ့ရင် တွေ့မှာပေါ့” ရန်ကိုင်က မေးလိုက်သည်။

မိန်းမငယ်လေးက ရန်ကိုင်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး “ကောင်းကင်တစ္ဆေသစ်ခွ ပေါက်ဖို့ ပတ်ဝန်းကျင်က အရမ်းကို လိုအပ်ချက် များလွန်းတယ်။ ဘယ်လိုလုပ်ပြီး ဒီလောက် အလွယ်တကူ ရှာတွေ့နိုင်မှာလဲ။ အဲ့လိုရတနာမျိုး ဒီနေရာမှာ မရှိဖို့များတယ်”

“တော်လောက်ပြီ။ ကောင်လေး၊ မင်းရှေ့ကသွား။ မင်းမကိုင်တွယ်နိုင်တဲ့ အန္တရာယ်တစ်ခုခုတွေ့ရင် ငါတို့ကို ခပ်မြန်မြန် လှမ်းပြောလိုက်” ကောင်းကင်တစ္ဆေသစ်ခွကဲ့သို့သော ရတနာကို ထိုကဲ့သို့ဖြုန်းတီးရက်သော ရန်ကိုင်ကိုကြည့်ရင်း ကွေ့ချဲ ဒေါသ ထွက်လာခဲ့သည်။ ထို့နောက် ဒေါသထွက်ထွက်နှင့် ရန်ကိုင်အား နောက်တွင် မနေခိုင်းတော့ဘဲ ရှေ့ဆုံးမှ ဦးဆောင်သွားခိုင်းလေတော့သည်။

ရန်ကိုင်ကမူ ထူးမခြားနားဟန်ဖြင့်သာ ခေါင်းညိတ်လိုက်သည်။

ဤနေရာသည် လွင့်မျောတိုက်ကြီးသည်နှင့် အနည်းငယ် ကွဲပြားသည်။ နေရာနှစ်ခုစလုံးသည် မိုးမြေစွမ်းအင် ပေါကြွယ်ဝသော်ငြား ဤနေရာ၌ မွန်းစတားသားရဲများ ရှိနေခဲ့သည်။ ထိုမွန်းစတားသားရဲ အားလုံးသည် အဆင့်မြင့် မွန်းစတားသားရဲများသာ ဖြစ်ကြလေသည်။ ရံဖန်ရံခါ၊ အဆင့်ခုနှစ်၊ အဆင့်ရှစ် မွန်းစတားသားရဲများ ပေါ်လာတတ်ကြပြီး အဆင့်ခြောက်မွန်းစတားသားရဲများကိုမူ နေရာတိုင်းလိုလိုတွင် မြင်တွေ့နိုင်ပေသည်။

ကွေ့ချဲနှင့် အခြားသူများသည် ဤနေရာအကြောင်း သေသေချာချာ မသိထားကြ။ မြေပုံဖြစ်သေား တိရိစ္ဆာန်အရေခွံ ရှိနေသော်ငြား ထိုပေါ်ရှိ မျဉ်းကြောင်းများသည် ဝေဝေဝါးဝါးသာ ဖြ်စသည်။

ရန်ကိုင်သည် ရှေ့ဆုံးမှ ဦးဆောင်၍ သွားလိုက်သည်။ သို့သော် မည်သည့် အန္တရာယ်ကိုမှ မတွေ့ခဲ့၇ချေ။ အဆင့်ခြောက် မွန်းစတား သားရဲများကို သူအလွယ်တကူ သတ်ပစ်နိုင်သည်။ အဆင့်ခုနှစ်၊ အဆင့်ရှစ်သားရဲများကို မြင်တွေ့လိုက်သည့်အခါ ချက်ချင်း နောက်ပြန်လှည့်၍ ကွေ့ချဲနှင့် သူ့လူများကို အခြေအနေအကြောင်း ပြန်ပြောသည်။

ရန်ကိုင်၏ သွေးကြောင်သော အပြုအမူကြောင့် အဖွဲ့သားအားလုံး သူ့အား အထင်သေးသွားကြသည်။ သို့သော် ရန်ကိုင်ကမူ သူ၏ အစစ်အမှန် ခွန်အားကို ဖုံးကွယ်ထားလျက် သာမန် သူတော်စင်တတိယအဆင့် ကျင့်ကြံသူ တစ်ယောက်ကဲ့သို့သာ ပြုမူနေခဲ့သည်။

ကွေ့ချဲနှင့် သူ့လူများသည် ရန်ကိုင်ကို ရက်ပေါင်းများစွာကြာအောင် စောင့်ကြည့်ခဲ့သော်လည်း သံသယဝင်စရာ တစ်ခုတစ်လေမှ ရှာမတွေ့ခဲ့သဖြင့် ရန်ကိုင်အား တဖြည်းဖြည်း လျစ်လျူရှုလာကြတော့၏။

သာမန် သူတော်စင်တတိယအဆင့်လေး တစ်ယောက်သည် သူတို့ကို ဘာဖြစ်စေနိုင်မည်နည်း။ ရန်ကိုင်အား စခေါ်ကတည်းက သူ့အား ရှေးပြေး ကင်းထောက်အဖြစ် အသုံးပြုမည်ဟု ကွေ့ချဲက ပြောခဲ့သည်။ သို့သော်လည်း ဤနေရာ မည်မျှ အန္တရာယ်များကြောင်းကို သူအထင်သေးခဲ့မိသည်။ လက်ရှိအချိန်အထိ အန္တရာယ်သည် မွန်းစတားသားရဲများဆီမှသာ လာနေသေးသည်။

အချိန်ကြာလာသည်နှင့် ရန်ကိုင် အတော်လေး မြတ်လာခဲ့သည်။ ခူးဆွတ်စုဆောင်းမိခဲ့သော ဆေးပင်များအပြင် မွန်းစတားသားရဲများ အစွယ်၊ အမွှေး၊ အမြူတေတို့သည်လည်း သူ့လက်ထဲသို့ ရောက်လာခဲ့ရသည်။

ကွေ့ချဲသည် ကပ်စေးနှဲမနေခဲ့။ မွန်းစတားသားရဲတစ်ကောင်ကို သတ်ပြီးတိုင်း အကုန်လုံးအား ခွဲဝေပေးသည်။ အားလုံးထဲတွင် ရန်ကိုင်သည် အနည်းဆုံးသာ ရလေသည်။ သို့သော် သွားအထွန့်မတက်ခဲ့။

ဤအဖွဲ့အကြောင်း သူအတော်လေး သိနေလေပြီ။ အကုန်လုံးသည် သူ့အပေါ် မကောင်းကြသော်ငြား မည်သူမှသူ့အား အမှန်တကယ် ရန်လာမစသေးချေ။ သူတို့အဖွဲ့သည် အမျိုးမျိုးသော အင်အားစုများဆီမှ လာကြသည့်ပုံပင်။

အကုန်လုံးသည် ကွေ့ချဲအား ခေါင်းဆောင်အဖြစ် သတ်မှတ်ထားသော်ငြား ကွေ့ချဲနှင့် ကန်ကျီသည် မတူကွဲပြားသော နောက်ခံအင်အားစုများမှ လာကြပြီး လူငယ်လေးနှင့် မိန်းမငယ်လေးသည် အင်အားစုတစ်ခုတည်းမှ လာကြသည်။ အကြောင်းမှာ တိုက်ပွဲအတွင်း သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် မကြာခဏ ကူညီကြသောကြောင့်ပင် ဖြစ်လေသည်။

ထိုကဲ့သို့ နောက်ခံမတူသော အားလုံးသည် အတူတူစု၍ ဤနေရာသို့ ဘာကြောင့် လာကြသလဲ ဆိုသည်ကို ရန်ကိုင် နားမလည်ချေ။ သို့သော်လည်း သူ့ကို အာရုံစိုက်မလာစေချင်သည့်အတွက် အပို မေးခွန်းများ မေးမနေခဲ့ပေ။

နောက်ထပ် မွန်းစတားသားရဲတစ်ကောင်နှင့် သူတို့ ထပ်ရင်ဆိုင်ရပြန်သည်။ ယခုတစ်ကြိမ် မွန်းစတားသားရဲသည် အဆင့်ရှစ် ဖြစ်သည်။ သားရဲကိုသတ်ပြီးနောက် သားရဲအမြူတေသည် ကန်းကျီဆီ ရောက်သွားခဲ့သည်။ သွေးများကိုမူ ပုလင်းများနှင့်ထည့်ကာ အသီးသီး ခွဲဝေယူကြသည်။ သွား၊ လက်သည်းနှင့် အမွေးကိုမူ ကွေ့ချဲက ယူသွားခဲ့သည်။

ရန်ကိုင်သည် သွေးပုလင်းကို သိုလှောင်လက်စွပ်ထဲသို့ ထူးမခြားနားဟန်ဖြင့် ထည့်လိုက်သည်။ မွန်းစတားသားရဲ၏ သွေးသည် အလွန်ကိုမှ အသုံးဝင်ပေသည်။ ထိုသွေးကို ဆေးဖော်စပ်ရာ၌ စိတ်ဝိဥာဉ် အစီအရင်များ ခင်းကျင်းရာတွင် အသုံးပြုနိုင်သလို လက်နက် သန့်စင်ရာတွင်လည်း အသုံးပြုနိုင်ပေသည်။

တိုက်ပွဲပြီးနောက် ခဏ အနားယူကြသည်။ အဖွဲ့သားများသည် ရန်ကိုင်ဆီမှ အားနာခြင်းအလျင်မရှိ သူတော်စင်သလင်းကျောက်များစွာကို ယူသွားခဲ့ကြသည်။ တစ်ယောက်လျှင် တစ်ရာ၊ နှစ်ရာလောက် ယူသွားခဲ့ကြသည်။

ရန်ကိုင်သည် တစ်ခဏအတွင်း အထွဋ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိနိုင်ခဲ့သည်။ တစ်နာရီကြာပြီးနောက် မိန်းမငယ်လေး မျက်လုံးပွင့်လာခဲ့သည်။ မသုံးရသေးသော သူတော်စင် သလင်းကျောက်များကို သူမ၏ သိုလှောင်လက်စွပ်ထဲထည့်ပြီး အနီးရှိ ကန်တစ်ကန်ဆီ မျက်နှာသစ်ရန် ထွက်သွားလေသည်။

ရန်ကိုင် ဘေးပတ်လည်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ အကုန်လုံး တင်ပလင်ခွေထိုင်နေဆဲ ဖြစ်သဖြင့် သူလည်း ကန်ဆီ ထွက်သွားလေသည်။ ထို့နောက် မိန်းမငယ်လေး၏ ဘေးဆီ လျှောက်သွားလိုက်ပြီး ကန်ရေကို တစ်ငုံခပ်သောက်လိုက်သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၀၈၇) မြီးနီကိုယ်ခရမ်းကင်းမီးကောက်

ရန်ကိုင်သည် အသက်သာ ငယ်သော်ငြား မိန်းမများနှင့် ပက်သက်လာလျှင် ဝါရင့်၊သမာရင့် ဖြစ်သည်။ အမျိုးသမီး၏ အပြုအမူနှင့် စကားပြောပုံဆိုပုံကို ကြည့်ပြီး ထိုအမျိုးသမီး၏ စရိုက်မည်သို့ဖြစ်မည်ကို ပြောနိုင်သည်။

ထိုမိန်းမငယ်လေးကို စစမြင်စဉ်က သူမသည် ညို့ဓါတ်ပြင်းသော အစားထဲမှ ဖြစ်မည်ဟု ထင်ခဲ့သည်။ ထိုမျှ ညို့ဓါတ်ပြင်းလှသော မျက်လုံးများကို ပိုင်ဆိုင်ထားသည့် မိန်းမတစ်ယောက်သည် ယေဘုယျအားဖြင့် အထီးကျန်ရသည်ကို မနှစ်သက်ဘဲ ယောကျာ်း ပွေရှုပ်တတ်သည်။

ထို့ကြောင့် စစမြင်စဉ်က ထိုမိန်းမနှင့် မပက်သက်မိအောင် အတတ်နိုင်ဆုံး ရှောင်ရှားခဲ့သည်။

သို့သော်လည်း သူမအကြောင်း ပိုသိပ်လာပြီးနောက် ထိုလော့ယောင် ဆိုသော အမျိုးသမီးသည် သူထင်ထားသလို မဟုတ်မှန်း သိလိုက်ရသည်။ လော့ယောင်သည် ခရမ်းကြယ်မှ ပီယနှင့်မတူဘဲ သူမ၏ ကလူညုတုတု အမူအရာအောက် တော်ဝန်ဆန်သော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ ပုံမှန်နှင့်မတူဘဲ အေးဆေးတည်ငြိမ်သော စရိုက်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ရုပ်ရည်နှင့် မတူကွဲပြားသော စရိုက်ကို ပိုင်ဆိုင်ထားသည့် အတွက်ကြောင့် ထိုမိန်းမငယ်လေးသည် ထူးထူးခြားခြားကို အရမ်းကိုမှ ဆွဲဆောင်မှုရှိနေခဲ့သည်။ သူမနှင့် တစ်ဂိုဏ်းတည်းမှ လာသည့်ဟန်ရသော ငါးဖောင်ရိုးခြောက်လူသားသည် ဘယ်ညာယိမ်းနေသော သူမ၏ နောက်ပိုင်းနှင့် နွဲ့နွဲ့နှောင်းနှောင်း ရှိလှသော သူမ၏ ခါးလေးအား သားရေတမြောင်းမြောင်းနှင့် ခဏခဏ ကြည့်နေသည့်ကို ရန်ကိုင် မြင်ပေသည်။

ကွေ့ချဲပင်လျှင် ဝေစုများကို ခွဲဝေပေးရာ၌ သူမအား မျက်နှသာ ပေးလေ့ရှိသည်။

စစ်သည်တော်ကြီး တစ်ယောက်နှင့် တူလှသော ကန်ကျီသည် တိုက်ပွဲအတွင်း သူမ အန္တရာယ်မကျရောက်စေရန် ကာကွယ်ပေးလေ့ ရှိသည်။

ဆိုရသော် အဖွဲ့သားအားလုံးအနက် လော့ယောင်၏ အခြေအနေသည် အလွယ်ကူဆုံး၊ အသာအယာဆုံး ဖြစ်လေသည်။

“မောင်ငယ်လေး၊ မေးချင်တာရှိလို့လား။ မေးချင်တာရှိရင် မေးသာ မေးနော်” လော့ယောင်က မျက်နှာသစ်ပင်ပြီးနောက် ရန်ကိုင်အား အဓိပ္ပါယ်ပါပါ ပြုံးပြလိုက်သည်။

“ကျုပ်သိချင်တာကို မေးရမယ်ဆိုရင် ခင်ဗျားတို့ဒီမှာ ဘာကို ရှာနေတာလဲ။ ပြီးတော့ အဲ့ဟင်းလင်းပြင်အစီအရင်ကို ဘယ်လိုလုပ်ပြီး ရှာတွေ့တာလဲ” ရန်ကိုင်က ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်သည်။

သူတို့ ရှိနေသောနေရာသည် ကျန်သုံးယောက် ထိုင်နေသည့် နေရာနှင့် သိပ်မဝေးချေ။ ကွေ့ချဲတို့သာ သူ့အား ထိုအကြောင်းအရာကို မသိစေချင်ပါက ကြားဝင်တားလိုက်ရုံပင်။ သို့သော် ထိုမေးခွန်းကို သူမေးပြီးသည့်တိုင် သုံးယောက်စလုံး တုတ်တုတ်မျှ မလှုပ်သည်ကို တွေ့လိုက်ရသည်။ အကုန်လုံးသည် ထိုင်နေမြဲ ထိုင်နေကြပြီး ကြားဝင်ပါရန် မစဉ်းစားထားကြချေ။

သူ၏ တကယ့် ခွန်အားကို ဖုံးကွယ်ထားခြင်း၏ အကျိုးကျေးဇူးတို့ အစွမ်းပြလာခဲ့လေပြီ။ ရန်ကိုင်၏ နိမ့်ကျသော ခွန်အားကြောင့် အကုန်လုံး ရန်ကိုင်အား သိပ်ပြီး အလေးမထားတော့ပေ။

“ငါတို့ ခန္ဓာကိုယ်ကို သန့်စင်နိုင်မယ့် နေရာကို ရှာနေတာ” လော့ယောင်က ရှင်းပြလိုက်သည် “အဲ့နေရာကို ရှာတွေ့တာနဲ့ ငါတို့ ခန္ဓာကိုယ်ခွန်အားကို တိုးတက်အောင် လုပ်လို့ရပြီ။ နင်က ဆေးပညာရှင်ဆိုပေမယ့် ခန္ဓာကိုယ်ခွန်အားကောင်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာကို မသိဘဲ မနေပါဘူး၊ ဟုတ်တယ်မလား”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ အားကောင်းသော ခန္ဓာကိုယ် ပိုင်ဆိုင်ထားရခြင်း၏ အကျိုးကျေးဇူးကို ထိုလေးယောက်စလုံးထက် သူပိုသိပေသည်။

အားကောင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူတော်စင်ချီ အမြောက်အများကို သိုလှောင်အသုံးပြုနိုင်လိမ့်မည် မဟုတ်သလို သူ့ထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်သည့် ပြိုင်ဘက်များကိုလည်း အလွယ်တကူ တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။ အားကောင်းသော ခန္ဓာကိုယ်သည် ကျင့်ကြံသူတစ်ယောက်၏ အုတ်မြစ်ဖြစ်သည်။ မည်သို့သော ကျင့်စဉ်၊ သိုင်းပညာရပ်ကိုပင် လေ့ကျင့်ထားပါစေ၊ သူတို့၏ ခန္ဓာကိုယ်သည် သူတို့ အသုံးပြုလိုက်သည့် စွမ်းအား၏ဒဏ်ကို မတောင့်ခံနိုင်ပါ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

“အစ်မပြောတဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်တဲ့နေရာက ဘယ်မှာလဲ” ရန်ကိုင် သိချင်မိသွားသည်။

“ငါမသိဘူး” လော့ယောင်က ခေါင်းခါလိုက်သည် “ငါတို့လည်း အခုမှဒီကို ပထမဆုံးအကြိမ် ရောက်ဖူးတာ။ နင်လည်း ကွေ့ချဲပြောတာ ကြားတာပဲ။ ဒီနေရာကို လူတွေမရောက်တာ နှစ်တွေအများကြီး ကြာနေပြီတဲ့။ ငါတို့ ဒီနေရာကို ရှာတွေ့နိုင်တယ် ဆိုတာကလည်းက ရှေးဟောင်းမှတ်တမ်း တစ်ခုထဲမှ ကျိဖုန်းဘိုးဘေး ထားခဲ့တဲ့ မြေပုံကို မတော်တဆ သွားတွေ့ခဲ့လို့ပဲ”

“ရှေးဟောင်းမှတ်တမ်းလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။

“အရင်တုန်းက ငါ့ဘိုးဘေးတွေ ဒီနေရာကို ရောက်ဖူးတယ်” ကျိဖုန်းဆိုသောလူက တင်ပလင်ခွေထိုင်နေရာမှ ထရပ်လိုက်ပြီး ကန်ဆီသို့ လမ်းလျှောက်လာကာ ရှင်းပြလိုက်သည် “အဲ့တုန်းက သူလည်း ဒီနေရာကနေ အကျိုးအမြတ် အများကြီး ရခဲ့တယ်လေ။ ဒါကြောင့် သူမသေခင် သဲလွန်စအချို့ကို ချန်ထားခဲ့တယ်။ အဲ့သဲလွန်စနောက်လိုက်ပြီး ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ထဲမှာ တည်ရှိနေတဲ့ ဟင်းလင်းပြင် အစီအရင်ကို ငါရှာနိုင်ခဲ့တာပဲ”

လော့ယောင်က ရယ်သွမ်းသွေးလိုက်ပြီး ရန်ကိုင်ကိုကြည့်ကာ ပြောလိုက်သည် “အဲ့ဟင်းလင်းပြင်အစီအရင်ကို ရှာတွေ့ဖို့ လွယ်တူ မထင်နဲ့။ အဲ့ဟင်းလင်းပြင်အစီအရင်က ဂြိုလ်သိမ်ကြီးတစ်လုံးပေါ် ရှိနေတာကို နင်လည်း မြင်ခဲ့တယ်မလား။ အဲ့ဂြိုလ်သိမ်ကြီးက အမြဲတမ်း ရွေ့လျားနေတာ။ တစ်နေရာတည်းမှာ ရပ်နေတာ မဟုတ်ဘူး။ သတိသာ မထားရင် အနားက ဖြတ်သွားရင်တောင် သတိပြုမိမှာ မဟုတ်ဘူး။ ကျိဖုန်းရဲ့ ဘိုးဘေးက အဲ့ဂြိုလ်သိမ် ဘယ်အချိန်၊ ဘယ်နေရာမှာ ပေါ်လာမယ်ဆိုတာကို အကြမ်းဖျင်း ပြောပြသွားလို့သာပေါ့။ အဲ့လိုတောင်မှ ဟင်းလင်းပြင်အစီအရင်ကိုတွေ့ဖို့ တစ်နှစ်လောက် အချိန်ယူလိုက်ရတယ်။ ပြဿနာက ဟိုတိကျီကောင်။ သူတို့ ဘယ်ကနေ သတင်းရသွားလဲ မသိဘူး။ ငါတို့ အဲ့ဟင်းလင်းပြင်အစီအရင်ကို ရှာနေတဲ့အကြောင်း သတင်း ရသွားပြီး ငါတို့နောက်ကို တောက်လျှောက် လိုက်တော့တာပဲ။ အဲ့ဒါကြောင့်ပဲ ငါတို့ အဖွဲ့သားအများကြီး သေသွားခဲ့ရတာလေ”

“နောက်ပိုင်းကျန် အဲ့ကောင်တွေကို လက်စားပြန်ချေရမယ်” ကျိဖုန်းက နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် ရန်ကိုင်ဘက်သို့လှည့်၍ “ကောင်လေး၊ မင်းကို အခုလို ပေးသိရတယ်ဆိုတာက မင်းတစ်ချိန်လုံး နာနာခံခံနဲ့ ရှိနေလို့ပဲ။ အဲ့အတိုင်းသာ ဆက်နေ၊ အဲ့နေရာကို ရှာတွေ့တာနဲ့ မင်းကိုလည်း ဝေစုနည်းနည်း ခွဲပေးမယ်”

“အင်း၊ ကျုပ်နေရာကျုပ်သိပါတယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။

နာရီဝက်ကြာပြီးနောက် အကုန်လုံး အားပြန်ဖြည့်သွားခဲ့သည်။ ကျိဖုန်းက တိရိစ္ဆာန်မြေပုံကို တစ်ချက် လေ့လာလိုက်ပြီးနောက် သွားရမည့်ဘက်ကို ညွှန်ပြလိုက်သည်။ လမ်းတစ်လျှောက်၌ မည်သည့် အန္တရာယ်နှင့်မှ မကြုံခဲ့ရချေ။

တစ်နေ့၊ ကွေ့ချဲသည် အရှေ့မှ ဦးဆောင်သွားနေစဉ် ရုတ်တရက် ရပ်လိုက်ပြီး ရှေ့တည့်တည့်သို့ အလေးအနက် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

သူတို့ရှေ့တည့်တည့် ဆယ်မိုင်ကျော်အကွာ၌ ဧရာမ သဲမုန်တိုင်းကြီး တစ်ခုရှိနေခဲ့သည်။ ထိုသဲမုန်းတိုင်း ရှိနေသည့် နေရာတစ်ခုလုံးသည် ခြောက်ကပ်နေပြီး မည်သည့် အသက်ဓါတ်မှ ရှိမနေခဲ့ချေ။

ထိုနေရာဆီမှမှ လက်ဆုပ်ကိုင်မပြနိုင်သော အန္တရာယ်များသည့် အရှိန်အဝါတစ်ခု ဖြာထွက်နေခဲ့သည်။ ရန်ကိုင်တို့အဖွဲ့ ထိုနေရာကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးရန် ကြိုးစားကြည့်လိုက်သည့်အခါ စစ်ဆေး၍ မရသည်ကို တွေ့ရှိလိုက်ရသည်။ အဝါရောင် သဲမုန်တိုင်းသည် သူတို့၏ ကောင်းကင်စိတ်အာရုံကို တားဆီးနေခဲ့လေသည်။

ကွေ့ချဲက ရန်ကိုင်ဘက်သို့လှည့်၍ သွားစစ်ဆေးကြည့်ရန် အချက်ပြလိုက်သည်။ ရန်ကိုင်လည်း စကားတစ်ခွန်းမှ မပြောဘဲ သတိထား၍ အဝါရောင်သဲမုန်းတိုင်းဆီ ချဉ်းကပ်သွားလိုက်သည်။

ခဏအကြာ၌ အဝါရောင်သဲမုန်းတိုင်း၏ အစွန်းနားသို့ ရောက်လာခဲ့သည်။ သူတော်စင်ချီကို လှည်ပတ်လျက် သဲမုန်တိုင်းထဲသို့ ဝင်သွားလိုက်လေသည်။

တဝဲဝဲမြည်အောင် လေထဲ ပျံဝဲလှည့်ပတ်နေသော သဲမှုန်များသည် သန်းပေါင်းများစွာသော ဓါးလေးများနှယ် ရန်ကိုင်၏ ခန္ဓာကိုယ်ကို ဖြတ်တောက်ရန် ကြိုးစားနေခဲ့သည်။ သူတော်စင်ချီဖြင့် သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားသဖြင့် မျက်လုံးဖွင့်နိုင်သော် အဝေးကြီးသို့ လှမ်းမမြင်နိုင်ခဲ့ဘဲ တစ်မီတာ အနီးအနားဝန်းကျင်ကိုသာ မြင်နိုင်ခဲ့လေသည်။

ကွေ့ချဲနှင့် အခြားသူများသည် ဤနေရာ အန္တရာယ်ရှိမှန်းကို သတိပြုမိခဲ့လေရာ ရန်ကိုင်က‌ကော ဘာကြောင့် သတိမပြုမိဘဲ နေမည်နည်း။

ထို့နောက် ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို လေဟာနယ် ဓါတ်စွမ်းအားနှင့် ပေါင်းစပ်၍ ဖြန့်ကျက်လိုက်သည်။ မကြာမီ ဤနေရာသည် အကြမ်းဖျင်း မိုင်သုံးဆယ်ကျယ်ဝန်းပြီး နေရာတစ်ခုလုံး မြေနှင့်လေဓါတို့ဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရသည်။

ထိုစွမ်းအင်နှစ်မျိုးသည် အတူတကွ ပေါင်းစပ်လည်ပတ်ပြီး မုန်တိုင်းကြီး တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ကွေ့ချဲ့တို့၏ ကောင်းကင် စိတ်အာရုံကို တားဆီးခဲ့သည်မှာလည်း ထိုမြေဓါတ်နှင့် လေဓါတ်တို့ ပေါင်းစည်းလည်ပတ်ရာမှ ဖြစ်ပေါ်လာသော မုန်တိုင်းကြီးပင်။

ထိုမုန်းတိုင်းသည် သဘာဝအတိုင်း ဖြစ်နေသည်ကို ထင်ခဲ့မိသည်။ သို့သော် ရက်စက်ကြမ်းတမ်းသော အရှိန်အဝါတစ်ခု ရုတ်တရက် သူ့ဆီ ချဉ်းကပ်လာနေသည်ကို အာရုံခံမိလိုက်သည့်အခါ သူ့ထင်မြင်ချက် လွဲမှားနေမှန်း နားလည်လိုက်သည်။

ထိုအဝါရောင်သဲမုန်တိုင်း ကမ္ဘာကြီးထဲ အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် သက်ရှိတစ်ကောင် ရှိနေခဲ့သည်။

ရန်ကိုင်သည် နေရာတွင် မလှုပ်မယှတ် ရပ်နေလျက် သူ့ဆီ ချဉ်းကပ်လာနေသော အရာသည် ဘာဖြစ်မလဲဆိုသည်ကို မျက်လုံး အပြူးသားဖြင့် စိုက်ကြည့်နေခဲ့သည်။

မြေပြင်တုန်ခါလာပြီး ရက်စက်ကြမ်းတမ်းသော အရှိန်အဝါသည် သူနှင့် နီးကပ်သည်ထက် နီးကပ်လာခဲ့သည်။ တစ်ချိန်တည်းတွင် သတိလစ်ချင်လောက်အောင် နံစော်သော အနံ့တစ်နံ့ကို ရလိုက်သည်။

သူဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ချေ။ မြေပြင်သည် အဆက်မပြတ် တုန်ခါနေပြီး သဲများလေထဲ အဆက်မပြတ် ဝဲပျံလာသည်ကိုသာ မြင်နေခဲ့ရသည်။

ဧရာမလက်မကြီးနှစ်ချောင်းသည် ရန်ကိုင်၏ ဦးခေါင်းဆီသို့ တိတ်တဆိတ် တိုးဝင်လာခဲ့သည်။ ထိုလက်မကြီး နှစ်ချောင်းသည် လေဟာနယ်ကို ပိုင်းဖြတ်နေသည့်အလား၊ သူ့စိတ်ထဲ အန္တရာယ် အငွေ့အသက်ကို ခံစားမိလိုက်သဖြင့် အလျင်အမြန် နောက်ဆုတ်လိုက်၏။ အဝါရောင်သဲမုန်းတိုင်းထဲမှ ထွက်လိုက်သည်နှင့် သူ့အား စိုက်ကြည့်နေသော အနီရောင်မျက်လုံးနှစ်လုံးကို တွေ့လိုက်ရသည်။

သဲမုန်တိုင်းထဲမှ ထွက်ပေါ်လာသော မမြင်နိုင်သည့် ဖိအားကြောင့် ရန်ကိုင်အနေဖြင့် အသက်ပင် ကောင်းကောင်း မရှူနိုင်တော့ချေ။

လေမိုးကြိုးတောင်ပံကို ဖြန့်လျက် အရှိန်ကုန်ကာ ချက်ချင်း ထွက်ပြေးလိုက်သည်။ သူထွက်သွားသည်နှင့် တစ်ပြိုင်နက် ခရမ်းရောင် လက်မကြီးနှစ်ချောင်းသည် သူရပ်နေသည့် နေရာသို့ ပိုင်းဖြတ်သွားခဲ့လေသည်။

ရန်ကိုင်၏ နဖူးထက် ချွေးအေးတို့ တတောက်တောက် စီးကျနေပြီး နောက်သို့တစ်ချက်ပင် ပြန်လှည့်မကြည့်ဘဲ ကွေ့ချဲတို့ဆီ ချက်ချင်း ပြန်သွားလေသည်။

ခဏအကြာ၌ ဖြူဖတ်ဖြူလျော် မျက်နှာထားဖြင့် ကွေ့ချဲရှေ့သို့ ပြန်ရောက်လာခဲ့သည်။

“မင်းဘာတွေ့ခဲ့လဲ” ကွေ့ချဲက အလျင်စလို မေးလိုက်သည်။ ကျန်အဖွဲ့သား အားလုံးသည်လည်း သူ့အား ကြည့်နေခဲ့သည်။

“သားရဲတစ်ကောင်ပဲ” ရန်ကိုင်က မျက်မှောင်ကြုတ်လိုက်သည် “မြေနဲ့လေစွမ်းအားကို ခုခံနိုင်တဲ့ ကင်းမြီးကောက်တစ်ကောင်ပဲ။ မျက်လုံးတွေကတော့ အနီရောင်။ ပြီးတော့ သဲမုန်တိုင်းထဲမှာ လုံးဝ ကိုယ်ပျောက်နေနိုင်သေးတယ်။ သူ့ဘေးနား ရပ်နေရင်တောင် အဲ့ကောင်ကိုသတိပြုမိဖို့ မလွယ်ဘူး”

“ခန္ဓာကိုယ်က အပြာရောင်လား” ကွေ့ချဲ၏ အမူအရာ ပြောင်းလဲသွားပြီး အဆောတလျင် မေးမြန်းလိုက်သည်။

ရန်ကိုင်က ခဏလောက် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည် “ထွက်လာတုန်းက လက်မနှစ်ချောင်း ထွက်လာတာကိုတော့ မြင်လိုက်တယ်။ အဲ့လက်မနှစ်ချောင်းက ခရမ်းရောင်ပဲ။ အဲ့ကောင် ဘာကောင်လဲ ခင်ဗျားသိလား”

အဖွဲ့သားအားလုံး ကွေ့ချဲအား ကြည့်လိုက်ကြသည်။

ကွေ့ချဲက သွားပေါ်အောင် ပြုံးဖြီးလျက် “မြီးနီကိုယ်ခရမ်း ကင်းမြီးကောက်ကို မင်းတို့ ကြားဖူးကြလားတော့ မသိဘူး”

ထိုစကားကို ကြားလိုက်သည့်နှင့် တစ်ပြိုင်နက် အကုန်လုံး၏ မျက်လုံးထဲ စိတ်လှုပ်ရှားမှုတို့ ဖြတ်ပြေးသွားခဲ့သည်။

ကန်ကျီက အော်ပြောလိုက်သည် “တကယ်ကြီးလား၊ တကယ်ကြီး မြီးနီကိုယ်ခရမ်းကင်းမြီးကောက်လား”

“ရန်ကိုင် ပြောတာနဲ့ ငါစဉ်းစားမိသလောက်ဆို အဲ့ကောင်က မြီးနီကိုယ်ခရမ်း ကင်းမြီးကောက်ပဲ။ ငါတို့ တကယ် ပွပေါက်တိုးတာပဲ။ ဟားဟားဟား။ ခန္ဓာကိုယ်သန့်စင်တဲ့ နေရာကို မတွေ့ရင်တောင် အဲ့မြီးနီကိုယ်ခရမ်း ကင်းမြီးကောက်ကို သတ်နိုင်တာနဲ့ ဒီခရီးက ထိုက်တန်သွားပြီ” ကွေ့ချဲက ရယ်မောလိုက်သည်။

“ဒါပေမယ့် မြီးနီကိုယ်ခရမ်းကင်းမြီးကောက် တန်ခိုးရှင်အဆင့်နဲညီတဲ့ အဆင့်ကိုးမွန်းစတားသားရဲလေ။ ငါတို့နည်းနည်းလေး သတ်လို့ရပါ့မလား” လော့ယောင်က ဝင်ပြောလိုက်သည်။

“ပြဿနာမရှိဘူး” ကန်ချီက ယုံကြည်ချက်အပြည့်ဖြင့် “မွန်းစတားသားရဲတွေက နောက်ဆုံးတော့လည်း မွန်းစတားသားရဲပဲလေ။ ဒီကောင် ဒီမှာပိတ်မိနေတာကြာပြီဆိုတော့ သူ့တိုက်ခိုက်နိုင်စွမ်းက အရမ်းကြီး မြင့်မှာမဟုတ်ဘူး။ သားရဲတစ်ကောင်ရဲ့ အသိစိတ်အတိုင်းပဲ လှုပ်ရှားမယ်ဆိုရင် ငါတို့အားလုံးပေါင်းပြီး အဲ့ကောင်ကို အနိုင်ယူလို့ရတယ်”

“ဟုတ်တယ်” ကျိဖုန်းကလည်း ဝင်ထောက်ခံလိုက်သည်။

“အဲ့မွန်းစတားသားရဲက အဖိုးတန်တာလား” ရန်ကိုင်က နားမလည်ဟန်ဖြင့် ဝင်မေးလိုက်သည်။

ကွေ့ချဲက ပြုံးဖြီးလိုက်ပြီး “အဆင့်တစ်ဆယ် သားရဲထက်တောင် ပိုပြီး အဖိုးတန်သေးတယ်။ မွန်းစတားသားရဲအများစုမှ သူတို့ရဲ့ အမြူတေကလွဲပြီး အဖိုးတန်တာ ဘာမှရှိတာ မဟုတ်ဘူး။ အချို့သားရဲတွေရဲ့ အစွယ်တွေ၊ လက်သည်းတွေ၊ အမွှေးတွေက အသုံးဝင်တယ် ဆိုပေမယ့် နည်းနည်းပါးပါးပဲ။ ဒါပေမယ့် မြီးနီကိုယ်ခရမ်းကင်းမြီးကောက်ကတော့ မတူဘူး။ သူ့အခွံ၊ အမြီး၊ လက်မနှစ်ချောင်း၊ အကုန်လုံးကို လက်နက် သန့်စင်တဲ့နေရာမှာ သုံးလို့ရတယ်။ ပြီးတော့ အဲ့လက်နက်တွေက အနည်းဆုံး တန်ခိုးရှင်အဆင့်နော်။ သူ့သွေးနဲ့ အဆိပ်ဆိုလျှင်လည်း ဆေးဖော်စပ်တဲ့နေရာမှာ သုံးလို့ရသေးတယ်။ မွန်းစတားအမြူတေက ကျင့်ကြံသူတစ်ယောက်ရဲ့ ခွန်အားကို တိုးတက်စေနိုင်တယ်။ ရှင်းရှင်းပြောရရင် အဲ့ကောင်တစ်ကိုယ်လုံး ရတနာသိုက်ကြီးပဲ။ အဖိုးအတန်ဆုံးက အမြူတေပဲ။ ဘာလို့လဲဆိုတော့ အဲ့ကောင်က ဓါတ်သဘာဝနှစ်မျိုးကို အသုံးပြုနိုင်တဲ့ မွန်းစတားသားရဲ ဖြစ်နေလို့ပဲ။ ကျင့်ကြံသူတစ်ယောက်သာ အဲ့ကောင်ရဲ့ အမြူတေကို သန့်စင်လိုက်မယ် ဆိုရင် မြေဓါတ်နှင့်လေဓါတ်ကို နားလည်ဆင်ခြင်နိုင်လိမ့်မယ်။ ကဲမင်းပြော၊ အဲ့ကောင် အဖိုးမတန်ဘူးထင်လား”

ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် ပို၍ စိတ်ဝင်စားသွားသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၀၈၈) ငှက်သစ်သား

ယေဘုယျကျကျ ပြောရသော် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်သည် ဓါတ်စွမ်းအင် တစ်မျိုးကိုသာ လက်ခံဝင်ဆံ့သည်။ ဓါတ်နှစ်မျိုးကို လက်မခံနိုင်ဟု ဆိုလိုခြင်းမဟုတ်။ လက်ခံနိုင်သည်။ သို့သော် ဓါတ်တစ်မျိုးကို ကျွမ်းကျင်ထားပါက နောက်ဓါတ်တစ်မျိုးကို ကျွမ်းကျင်ဖို့ရာ အလွန်ကိုမှ ခက်ခဲလှသည်။

ဓါတ်တစ်မျိုးတည်းကို ပိုင်ပိုင်နိုင်နိုင် ကျင့်ကြံထားနိုင်လျှင် တစ်ဘဝလုံးစာ လုံလောက်သွားပေပြီ။

သို့သော်လည်း ကျင့်ကြံသူများသည် သိုင်းပညာရပ်များ၊ မှော်ရတနာများ၏ အကူအညီဖြင့် အမျိုးမျိုးသော ဓါတ်စွမ်းအင်များကို အသုံးပြုကြသည်။ ဥပမာဆိုရသော် ရန်ကိုင်သည် ရွှေရောင်အရိုးခြောက်၏ အကူအညီဖြင့် ယန်ဓါတ်ကော ယင်ဓါတ်ကိုပါ အသုံးချနိုင်သည်။

လေမိုးကြိုးတောင်ပံ၏ အကူအညီဖြင့် လေမိုးကြိုးစွမ်းအင်ကိုလည်း အသုံးချနိုင်ပြန်သည်။

ထိုဓါတ်စွမ်းအင် လေးမျိုးအနက် ယန်ဓါတ်နှင့် ယင်ဓါတ်သည် ရန်ကိုင်၏ အဓိက ဓါတ်စွမ်းအင်များ ဖြစ်ကြပြီး ထိုစွမ်းအင်နှစ်မျိုးကို ကျွမ်းကျွမ်းကျင်ကျင် နားလည်နိုင်ရန်အတွက် သူ့တစ်ဘဝလုံး အချိန်ပေးလေ့လာခဲ့သည်။ အဆုံးတွင် ထိုဆန့်ကျင်ဘက် စွမ်းအင် နှစ်မျိုးကို ပေါင်းစပ်နိုင်ခဲ့ပြီး ကြောက်မက်ဖွယ်ရာ အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်သည့် နတ်ဆိုးမီးတောက်ကို ဖန်တီးနိုင်ခဲ့သည်။

လေမိုးကြိုးဓါတ်စွမ်းအင်ကိုမူ လေမိုးကြိုးတောင်ပံကို ထုတ်သုံးသည့်အခါမှသာ အသုံးပြုနိုင်ပေသည်။

မတူကွဲပြားသော စွမ်းအင်နှစ်ခု ပြီးပြည့်စုံစွာ အတူတကွ တည်ရှိနေသော မြီးနီကိုယ်ခရမ်း ကင်းမြီးကောက်၏ အမြူတေသည် လွန်စွာကိုမှ အဖိုးတန်ပေသည်။

ကွေ့ချဲတို့ အဖွဲ့သားလေးယောက်သည် ခေါင်းချင်းဆိုင်လျက် မြီးနီကိုယ်ခရမ်း ကင်းမြီးကောက်အား မည်ကဲ့သို့ တိုက်ခိုက်ရမလဲ ဆိုသည်ကို အားတက်သရော ဆွေးနွေးတိုင်ပင်နေကြသည်။

မြီးနီကိုယ်ခရမ်းကင်းမြီးကောက်သည် တန်ခိုးရှင်အဆင့်နှင့် ညီသော အဆင့်ကိုး မွန်းစတားသားရဲ ဖြစ်သည်။ ထိုကောင်ကို သူတော်စင်ဘုရင် အဆင့် လေးယောက်ဖြင့် သတ်ချင်သည်ဆိုပါက စွန့်စားရနိုင်ပေသည်။ သို့သော် သူတို့၏ ယုံကြည်ချက်ရှိသော အမူအရာများအရ ထိုမွန်းစတား သားရဲကို အနိုင်ယူနိုင်မည့်ပုံပင်။

လေးယောက်စလုံးသည် ရူးမိုက်တုံးအသည့် လူများ မဟုတ်ကြရာ အစီအစဉ်မရှိဘဲ ဗရမ်းကာရော ပြေးဝင်တိုက်ခိုက်ကြလိမ့်မည် မဟုတ်ချေ။

ဆွေးနွေးပွဲတွင် ရန်ကိုင်မပါချေ။ သူတော်စင်တတိယအဆင့်သာ ရှိသေးသဖြင့် အဆင့်ကိုးသားရဲနှင့် တိုက်ခိုက်ဖို့ အရည်အချင်း မပြည့်ချေ။ ရန်ကိုင်လည်း မတိုက်ခိုက်လျှင် မနေနိုင်ဟူသော ပုံစံမျိုးလုပ်မနေဘဲ ဘေးမှနေ၍သာ ငြိမ်ငြိမ်လေး ရပ်ကြည့်နေခဲ့သည်။

တစ်နာရီကြာပြီးနောက် ဆွေးနွေးပွဲ ပြီးသွားခဲ့သည်။ ကွေ့ချဲက လှောင်ရယ်ရယ်လျက် အဝါရောင်သဲမုန်တိုင်းဆီ ပြေးဝင်သွားသည်။ ကန်ကျီနှင့် ကျိဖုန်းသည် အကြည့်ချင်းဖလှယ်၍ ခက်ထန်သော အမူအရာဖြင့် နောက်မှ ပြေးလိုက်သွားကြပြီး လော့ယောင်ကမူ စွဲမက်ဖွယ်ကောင်းစွာ ပြုံးလျက် နောက်ဆုံးမှ လိုက်သွားခဲ့သည်။

လေးယောက်စလုံးသည် မျက်နှာ အမူအရာ တစ်မျိုးစီ ဖြစ်နေခဲ့ကြသော်ငြား အကုန်လုံးသည် ရန်ကိုင်ကို လျစ်လျူရှုထားခဲ့သည်။ အကုန်လုံး လျှပ်စီးတန်းပမာ ကောင်းကင်ပေါ်သို့ ပျံတက်သွားကြပြီး မကြာမီ ရန်ကိုင်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ခဏအကြာ၌ သဲမုန်တိုင်းထဲမှ အားကောင်းသော စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်လာခဲ့သည်။ ဆယ်မိုင်ကျော် ကွာနေသည့်တိုင် မြီးနီကိုယ်ခရမ်း ကင်းမြီးကောက်မှ ထုတ်လွှတ်သော အဆိပ်နံ့ကို ရနေခဲ့သည်။

သိုင်းပညာရပ်များ၊ လက်နက်များမှ ထွက်ပေါ်လာသော အလင်းရောင်များကိုလည်း ရန်ကိုင် မြင်နေခဲ့ရသည်။ တစ်ခါတစ်ရံ သူတော်စင်ဘုရင် လေးယောက်၏ အော်သံများကိုလည်း ကြားရသည်။ တိုက်ပွဲမှာ အတော်လေးကို ပြင်းထန်နေသည့်ပုံပင်။

ရန်ကိုင်သည် အာရုံစိုက်၍ ကွေ့ချဲတို့အဖွဲ့ ရှိနေရာဘက်ဆီ စိုက်ကြည့်သည်။ သို့သော် ဘာကိုမှ မမြင်ခဲ့ရချေ။ သဲမုန်တိုင်းထဲ ဟိုမှသည်သို့ သွားလာနေသော ဝေဝါးဝါး ပုံရိပ်များကိုသာ မြင်ခဲ့ရသည်။

အချိန်ကြာလာသည်နှင့် မွန်းစတားသားရဲ၏ အရှိန်အဝါ တဖြည်းဖြည်း အားနည်လာသည်။ ကွေ့ချဲတို့ဆီမှ ထွက်ပေါ်နေသော အရှိန်အဝါမှာမူ အားကောင်သည်ထက် အားကောင်းလာနေခဲ့သည်။

အချိန်တန်လောက်ပြီ ထင်သဖြင့် အခြားတစ်ဖက်ဆီသို့ အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။ သူရောက်သွားသည့်အခါ အဝါရောင်သဲပြင်ပေါ်ထက် မလှုပ်မယှတ် လဲလျောင်းနေသော အိမ်တစ်လုံးစာမျှ အရွယ်အစားရှိသည့် မွန်းစတားသားရဲ တစ်ကောင်ကို တွေ့လိုက်ရသည်။

ကွေ့ချဲနှင့် အခြားသူအားလုံး ဒဏ်ရာရထားကြသည်။ သို့တိုင် ခြေခိုင်ခိုင် မတ်တပ်ရပ်နေနိုင်သေးသည်။ ဒဏ်ရာအပြင်ဆုံးလူမှာ ကန်ကျီဖြစ်သည်။ သူ့ပေါင်ကြောတစ်လျှောက်တွင် အရိုးထိနက်သည့် ဒဏ်ရာရှည်ကြီးတစ်ခု ရှိနေခဲ့သည်။

ထိုဒဏ်ရာသည် သူ့ယောကျာ်းဘဝကို အဆုံးသတ်လုနီးပါး ဖြစ်နေခဲ့လေရာ ရန်ကိုင် ထိုလူကို သနားမိသွားသည်။

မွန်းစတားသားရဲအား မည်ကဲ့သို့ ဝေစုခွဲရမလဲ ဆိုသည်ကို မဆုံးဖြတ်သေးဘဲ အကုန်လုံးသည် ဆေးလုံးအသီးသီး ထုတ်သောက်၍ အရင် အားပြန်ဖြည့်လိုက်ကြသည်။

ရန်ကိုင်သည် မွန်းစတားသားရဲ၏ အလောင်းဆီ လျှောက်သွားပြီး ဝိုင်းကြီးပတ်ပတ် ပတ်ကြည့်လိုက်သည်။ ထို့နောက် လက်သီးဆုပ်၍ သားရဲ၏ အခွံမာကို ထိုးကြည့်လိုက်သည်။

ကွေ့ချဲနှင့် အခြားသူများ ပြောသကဲ့သို့ ဤမွန်းစတားသားရဲ၏ အခွံမာ၊ လက်မကြီးနှစ်ချောင်းနှင့် အမြီးတံသည် လက်နက်သန့်စင်ဖို့ရာ အရည်အသွေးမြင့်သည့် ကုန်ကြမ်းပစ္စည်းများ ဖြစ်ကြလေသည်။ လိုအပ်သော အခြားသတ္တုရိုင်း နည်းနည်းပါးပါနှင့် မှော်ရတနာ ထုလုပ်သည့် ပညာရှင်တစ်ယောက်ကို ရှာနိုင်လျှင် တန်ခိုးရှင်အဆင့် မှော်ရတနာတစ်ခုကို ဖန်တီးနိုင်ပေလိမ့်မည်။

ထို့ကြောင့် မြီးနီကိုယ်ခရမ်း ကင်းမြီးကောက်မှန်း သိလိုက်ရချိန် အကုန်လုံး အံ့အားသင့်သွားသည်မှာလည်း အထူးအဆန်းမဟုတ်ချေ။

နေ့တစ်ဝက်လောက် အနားယူပြီးနောက် လေးယောက်စလုံး တဖြည်းဖြည်း ပြန်လည် သက်သာလာခဲ့ကြသည်။

ကွေ့ချဲသည် အခြားလေးယောက်နှင့်အတူ မွန်းစတားသားရဲ၏ အလောင်းဆီသို့ လျှောက်သွားလိုက်သည်။ ရောက်သည်နှင့် သားရဲ၏ ဝမ်းဗိုက်ကိုခွဲလိုက်သည်။ ပြီးနောက် မွန်းစတားသားရဲ၏ ကိုယ်ထဲသို့ လက်ထိုးထည့်လိုက်ပြီး အထဲကို မွှေနောက်ကြည့်လိုက်ပြီးနောက် မကြာမီ အစိမ်းရောင်နှင့် အဝါရောင်ရှိသော မွန်းစတားသားရဲ၏ အမြူတေကို ထုတ်ယူလိုက်လေသည်။

ကွေ့ချဲက ရယ်ရယ်မောမောဖြင့် “ဒီအမြူတေ တစ်ခုတည်းနဲ့တင် အထွဋ်အထိပ်အဆင့် သူတော်စင်သလင်းကျောက် ငါးသောင်းမက တန်နေပြီ။ အခုလောလောဆယ်တော့ ငါပဲ ဒါကို သိမ်းထားလိုက်မယ်။ အပြင်ရောက်တော့မှပဲ တစ်ယောက်ယောက်ရှာပြီး ဒါကို ရောင်းတာပေါ့။ ရောင်းပြီးတော့မှပဲ ညီတူမျှတူ ခွဲဝေကြမယ်”

ပြောပြီးသည်နှင့် အခြားသူများ၏ အထင်အမြင်ကိုပင် ဂရုမစိုက်တော့ဘဲ အမြူတေကို သူ့သိုလှောင်လက်စွပ်ထဲသို့ ချက်ချင်း ထည့်သိမ်းလိုက်လေသည်။

ကျန်သုံးယောက် မျက်မှောင်ကြုတ်နေသည်ကို ရန်ကိုင် မြင်သည်။

ထို့နောက် ကျန်အရာများကို ဝေစုထပ်ခွဲသည်။ ကွေ့ချဲသည် မွန်းစတားသားရဲ၏ ကျောပေါ်ရှိ အမာဆုံးအခွံကို ယူလိုက်သည်။ အမြီးကို ကန်းကျီမှ ယူသွားပြီး လက်မနှစ်ချောင်းကိုမူ ကျိဖုန်းနှင့် လော့ယောင်တို့က တစ်ယောက်တစ်ဖက်စီ အသီးသီး ခွဲယူလိုက်ကြသည်။

ရန်ကိုင်သည် ဘေးမှသာ ရပ်ကြည့်နေသည်။ သူဝင်မတိုက်ခိုက်သည့် အတွက် ဝေစုရလိမ့်မည် မဟုတ်ချေ။

သွေးနည်းနည်းလေးကိုလည်း ကွေ့ချဲမှပဲ ယူသွားခဲ့သည်။

ထိုကဲ့သို့ ဝေခွဲပုံမျိုးသည် တစ်ကိုယ်ကောင်းဆန်သည်ဟု ပြော၍ ရသော်ငြား တော်တော်လေး မျှတသည်ဟုလည်းိ ပြော၍ရသည်။ ကျန်သုံးယောက်အနေဖြင့် မကျေနပ်လျှင်ပင် ကန့်ကွက်စကား ဆိုရဲမည် မဟုတ်ချေ။ ရန်ကိုင်၏ အမြင်အရ ထိုအရာကို မည်သူမှ ဂရုစိုက်မနေပေ။

“ခဏနားကြတာပေါ့” ကွေ့ချဲက အမိန့်ပေးလိုက်ပြီးနောက် အကုန်လုံး တင်ပလင်ခွေထိုင် အနားယူလိုက်ကြသည်။

ကျိဖုန်းက တိရိစ္ဆာန်အရေခွံကို ထုတ်လိုက်ပြီး မျက်မှောင်ကြုတ်လျက် စတင် လေ့လာကြည့်သည်။

ရုတ်တရက် ကျိဖုန်းက အလန့်တကြား ထအော်သဖြင့် အကုန်လုံး လန့်သွားခဲ့ပြီး သူ့ဆီ လှမ်းကြည့်လိုက်ရာ ပျော်လွန်းသဖြင့် ထကတော့မည့်နှယ် ဖြစ်နေသော ကျိဖုန်းကို မြင်လိုက်ရလေသည်။

“မင်းဘာတွေ့လိုက်လို့လဲ” ကွေ့ချဲက အလျင်စလို မေးလိုက်သည်။

“ပန်းတိုင်နဲ့ ငါတို့ သိပ်မဝေးတော့ဘူး” ကျိဖုန်းက အပြုံးကြီးပြုံးလျက် ပြောလိုက်သည်။ ကင်းမြီးကောက်ကို ဝေစုခွဲရာမှ မကျေနပ်မှုများအားလုံး ရေစုန်မျော ပျောက်ကွယ်သွားခဲ့လေပြီ။

ကျိဖုန်းပြောသည်ကို ကြားပြီးနောက် အကုန်လုံး ကျိဖုန်းဆီ ပြေးသွားကြသည်။ ရန်ကိုင်သည်လည်း စိတ်လှုပ်ရှားသွားမိသည်။

တိရိစ္ဆာ အရေခွံတစ်ခုလုံး ထူးဆန်းသော ခြစ်ရာများဖြင့် ပြည့်နေသည်။ သို့သော် ထိပ်ဆုံးဘက်တွင် သူတို့၏ ပန်းတိုင် ဖြစ်ဟန်ရသော အမှတ်အသားကြီးတစ်ခု ရှိနေခဲ့သည်။ ထို့အပြင် ထူးခြားသော နေရာများကို အမှတ်အသား ပြုထားဟန်ရသော ရုပ်ပုံများလည်း ရှိနေခဲ့သည်။

“ဒီအဝါရောင်နေရာကို ကြည့်လိုက်။ အစတုန်းကတော့ ဘာမှန်း မသိခဲ့ဘူး။ အခုတော့ အဲ့နေရာက မြီးနီကိုယ်ခရမ်းကင်းမြီးကောက် နေတဲ့နေရာမှန်း ငါသိသွားပြီ” ကျိဖုန်းက တိရိစ္ဆာန်အရေခွံပေါ်ရှိ နေရာတစ်နေရာကို ထောက်ပပြီး ပြောလိုက်သည်။

“ဒီအမှတ်အသားက ငါတို့ ရှိနေတဲ့နေရာဆို ဒီမိုးပြာရောင် အမှတ်အသားက ငါတို့ ဖြတ်သွားခဲ့တဲ့ တောအုပ်ပေါ့” ကွေ့ချဲက ပြောလိုက်သည်။

“အဲ့လိုဆို ဒါက ငါတို့ ခဏအနားယူခဲ့တဲ့ ရေကန်ပေါ့” လော့ယောင်က အမှတ်အသားတစ်ခုကို ထောက်ကာ ပြောလိုက်သည်။

“ဟုတ်လောက်တယ်။ ဒါကြောင့် ငါတို့သာ နည်းနည်း ဆက်သွားမယ်ဆိုရင် ရက်အနည်းငယ်အတွင်း ငါတို့ ရှာနေတဲ့ နေရာဆီ ရောက်လိမ့်မယ်”

ထိုစကားကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် အကုန်လုံး စိတ်လှုပ်ရှားသွားကြသည်။

“ကြည့်ရတာ အရှေ့မှာ အန္တရာယ် ရှိနေတဲ့ပုံပဲ” ရန်ကိုင်က တိရိစ္ဆာန် အရေခွံပေါ်ရှိ ပျံသန်းနေသော ငှက်တစ်ကောင်ပုံစံ အမှတ်အသားကို ညွှန်ပြရင်း ပြောလိုက်သည်။

ပျံသန်းနိုင်သော သားရဲများသည် ကုန်းနေသားရဲများထက် ပို၍ အန္တရာယ်များပေသည်။ ထိုကောင်များသည် မြန်လည်း မြန်ပြီး လျင်လည်း လျင်ပေသည်။ အဆင့်တူအဆင့်ချင်း ယှဉ်တိုက်မည်ဆိုပါက ပျံသန်းနိုင်သော မွန်းစတားသားရဲက ပို၍ အားသာပေသည်။

“တစ်ကြိမ်မှာတစ်လှမ်းပေါ့။ အန္တရာယ်ရှိရင်တောင် ဖြတ်ကို ဖြတ်သွားရလိမ့်မယ်” ကွေ့ချဲက ပြောလိုက်သည်။

ခဏလောက် အနားယူပြီး၊ အကုန်လုံး အားပြန်ပြည့်သွားသည့်အခါ နောက်တစ်ကြိမ် ခရီးဆက်ကြသည်။

ပျံသန်းနေသော ငှက်အမှတ်အသားကြောင့် အကုန်လုံး သတိကြီးကြီး ထားနေခဲ့ကြသည်။ သွားနေရင်လည်း ကောင်းကင်ပေါ်သို့ မော့မော့ကြည့်သွားကြသည်။ သို့သော် အတော်လှမ်းလှမ်းသို့ သွားပြီသည့်တိုင် မည်သည့် မွန်းစတားသားရဲကိုမှ မတွေ့ခဲ့ရချေ။ ထို့ကြောင့် အကုန်လုံး ဇဝေဇဝါ ဖြစ်သွားပြီး သူတို့များ လမ်းမှားသွားလေသလားဟု တွေးကာ စိတ်ပူမိသွားကြသည်။

ရုတ်တရက် အရှေ့ဘက်ဆီမှ တလက်လက် တောက်ပနေသော အလင်းစက်ကွင်းများ ထွက်ပေါ်လာခဲ့ပြီး တစ်ချိန်တည်းတွင် မိုးကြိုးနှင့် လျှပ်စီးစွမ်းအင် အရှိန်အဝါတို့ပါ ဖြာထွက်လာခဲ့သဖြင့် အကုန်လုံး၏ အမူအရာ လေးနက်သွားခဲ့ကြလေသည်။

လှည့်ပတ်ကြည့်လိုက်ရာ မကြာမီ သူတို့နှင့် မိုင်အနည်းငယ်ကျော် အကွာ၌ လျှပ်စီးလက်နေသော ကျိုးတိုးကျဲတဲ အရွက်များဖြင့် အတော်လေးကိုမှ ပုတိုလှသည့် သစ်ပင်တစ်ပင်ကို တွေ့လိုက်ရသည်။

ငါးယောက်စလုံး၏ ကောင်းကင်စိတ်အာရုံသည် ထိုသစ်ပင်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားကြသည်။ အနီးအနား ပတ်ဝန်းကျင်တွင် အန္တရာယ်မရှိမှန်း သေချာသွားတော့မှပဲ ကွေ့ချဲက ဦးဆောင်၍ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားခဲ့ကြသည်။

ခဏအကြာ၌ ငါးယောက်စလုံး သစ်ပင်ရှေ့သို့ ရောက်လာခဲ့သည်။

ထိုသစ်ပင်သည် လူတစ်ရပ်စာလောက်သာရှိပြီး သိပ်သည်းလှသော မိုးကြိုးနှင့်လျှပ်စီးစွမ်းအင်တို့ကို ပိုင်ဆိုင်ထားသည်။ ကျိုးတိုးကျဲတဲ ဖြစ်နေသော အရွက်များသည် အသန့်စင်ဆုံးသော လျှပ်စီးစွမ်းအင် အဆီအနှစ်မှ ဖြစ်ပေါ်လာသည့်ပုံပင်။ ထို့အပြင် အရွက်ပုံစံမှာ အရည်အသွေး အကောင်းဆုံး ပုံဆောင်ခဲ သို့ ထွင်းဖောက်မြင်နိုင်သော ကျောက်စိမ်းမှ ထုလုပ်ထားဟန်ရကာ အရောင် တလက်လက် ထနေခဲ့သည်။

“ဘယ်လိုသစ်ပင်ကြီးလဲ” လော့ယောင်က မေးလိုက်သည်။

ဘာဆိုဘာမှ မသိသေးသော ရန်ကိုင်မှလွဲ၍ အကုန်လုံးသည် ဤနေရာအကြောင်း အတော်တော်လေး သိထားဘ် ဆကြသည်။ သို့သော် ထိုအပင် ဘာအပင်လဲ ဆိုသည်ကို မည်သူမှ မသိကြချေ။

“မင်းဘိုးဘေးထားခဲ့တဲ့ ရှေးဟောင်း မှတ်တမ်းထဲမှာ ပြောပြမထားဘူးလား” ကန်ကျီက ကျိဖုန်းဘက်လှည့်၍ ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည် “မပြောပြထားဘူး။ သူလာတုန်းက ဒီသစ်ပင် မရှိခဲ့တာ ဖြစ်လောက်တယ်”

“ဒီလို ထူးဆန်းတဲ့ သစ်ပင်က အကြောင်းမရှိဘဲ ဖြစ်လာစရာ အကြောင်းမရှိဘဲ။ မင်းတစ်ခုခု ဖုံးကွယ်ထားတာလား” ကန်းကျီက ကျိဖုန်းအား မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။

ကျိဖုန်းက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “ငါဘာကို ဖုံးကွယ်ထားရမှာလဲ”

“ဒါ ငှက်သစ်သားပဲ” ကွေ့ချဲက ရုတ်တရက် စိတ်လှုပ်ရှားစွာ ထအော်လိုက်သည်။

“ငှက်သစ်သားလား” သုံးယောက်စလုံး သံယောင်လိုက်ပြောကြ၏။ ကျိဖုန်းက ကွေ့ချဲဘက်သို့လှည့်၍ “ခင်ဗျား ပြောချင်တာက…”

“တိရစ္ဆာန် အရေခွံပေါ်က ငှက်အမှတ်အသားတွေက ဒီမှာ သေသွားခဲ့တဲ့ ငှက်အမျိုးအစား မွန်းစတားသားရဲတွေကို ပြောတာ ဖြစ်လိမ့်မယ်။ သေသွားတဲ့ ငှက်တွေရဲ့ အသွေးအသားနဲ့ အမြူတေကြောင့် ဒီငှက်သစ်သား ဖြစ်လာရတာပဲ” ကွေ့ချဲက အော်ရှင်းပြလိုက်သည်။

ကျိဖုန်းသည် တစ်ခုခုကို တွေးမိသွားဟန်ရကာ အလျင်အမြန် ပြောလိုက်လေသည် “ငါ့ဘိုးဘေး ထားခဲ့တဲ့ ရှေးဟောင်းမှတ်တမ်း ထဲမှာတော့ သူလာတုန်းက မိုးကြိုးလျှပ်စီးတွေ တလက်လက် ထနေတဲ့ငှက်ကြီး တစ်ကောင်ကို မြင်ခဲ့တယ်။ အဲ့ငှက်က မိုးကြိုးလွမ် ဖြစ်နိုင်ချေ ရှိတယ်လို့လည်း ပြောထားသေးတယ်”

ထိုစကားကို ကြားလိုက်သည့်အခါ အကုန်လုံး ကြောက်ရွံ့တုန်လှုပ် သွားခဲ့ကြသည်။ ကွေ့ချဲနှင့် ကျန်သုံးယောက်သည် ကျိဖုန်းအား ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။

ကျိဖုန်းက ပခုံးတွန့်လျက် “ငါမင်းတို့ကို ကြိုပြောထားလိုက်ရင် ဘယ်သူမှ လာမှာမှ မဟုတ်တာ။ ဘာပဲဖြစ်ဖြစ်၊ အခု မိုးကြိုးလွမ် သေသွားပြီဆိုမှတော့ ဘာမှ စိုးရိမ်နေစရာ မလိုတော့ဘူး”

“ဒီမှာ မိုးကြိုးလွမ်ရှိမှန်း သိနေတာတောင် ငါတို့ကို လိမ်ရဲတယ်ပေါ့။ အပြင်ရောက်မှ မင်းနဲ့ငါနဲ့တွေ့မယ်၊ ငါလိုးမသား” ကွေ့ချဲက အံကြိတ်၍ ဆဲဆိုလိုက်လေသည်။ (ရိုင်းသွားရင် ခွင့်လွှတ်နော်၊ အားပါပါလေး ရေးလိုက်ချင်လို့)

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၀၈၉) ခန္ဓာကိုယ်သန့်စင်ပေးသည့်ကန်

လေးယောက်သား ပြောနေသည်ကို နားထောင်ရင်း မိုးကြိုးလွမ်သည် အလွန်တရာကိုမှ ရှားပါးသော အဆင့်တစ်ဆယ် မွန်းစတားသားရဲမှန်း ရန်ကိုင် နားလည်သွားခဲ့သည်။ ထိုမွန်းစတားသားရဲ သေသွားပြီးနောက် ၎င်း၏ အသွေးအသားနှင့် အမြူတေမှ ငှက်သစ်သား ဖြစ်လာခြင်း ဖြစ်ရပေမည်။

ငှက်သစ်သားသည် အားကောင်းသော ငှက်အမျိုးအစား မွန်းစတား သားရဲများ သေသွားသည့် နေရာတွင် ပေါက်လေ့ရှိပြီး ထိုကဲ့သို့ ပေါက်နိုင်ချေသည် အလွန်တရာကိုမှ နည်းပါးလှပေသည်။ ငှက်အမျိုးအစား မွန်းစတားသားရဲ အကောင်တစ်သောင်း သေသွားသည့်အနက် ငှက်သစ်သား တစ်ပင်သာ ပေါက်နိုင်ချေရှိပေသည်။

သေသွားသည့် မွန်းစတားသားရဲပေါ် မူတည်၍ ငှက်သစ်သား၏ ဓါတ်သဘာဝသည် အမျိုးမျိုး ပြောင်းလဲနိုင်သည်။

မိုးကြိုးလွမ်သည် မိုးကြိုးသားရဲဖြစ်သည့်အတွက် ၎င်းကြောင့် ဖြစ်ပေါ်လာသော ငှက်သစ်သားသည် မိုးကြိုးဓါတ်ကို ပိုင်ဆိုင်ထားသည်။

မိုးကြိုးလွမ်၏ တည်ရှိမှုကို ဖုံးကွယ်ထားသည့်အတွက် အကုန်လုံး ကျိဖုန်အား ဒေါသထွက်နေသော်ငြား၊ အပြင်ရောက်မှ စားရင်းရှင်းမည်ဟုပင် ကွေ့ချဲမှ ကြုံးဝါးခဲ့သော်ငြား၊ ငှက်သစ်သား၏ တန်ဖိုးကြောင့် အကုန်လုံး မျက်လုံးများသည် လောဘနှင့် လောင်မြိုက်လာခဲ့ရသည်။

ဤနေရာသို့ ဝင်လာသူများအနက် ဆေးပင် အနည်းငယ်နှင့် အခြား သိပ်အသုံးမဝင်သည့် ပစ္စည်း နည်းနည်းပါးပါး ရလိုက်သည့် ရန်ကိုင်မှလွဲ၍ အကုန်လုံး အချီကြီး မြတ်ထားခဲ့ကြသည်။ သို့သော်လည်း အဆင့်တစ်ဆယ် သားရဲမှ ဖြစ်ပေါ်လာသော ငှက်သစ်သားကို မြင်လိုက်သည့်အခိုက် အကုန်လုံး စိတ်မထိန်းနိုင်အောင် ဖြစ်သွားကြပြီး ကျိဖုန်း သူတို့အား လိမ်ခဲ့သည် ဆိုသောအချက်ကိုပင် ယာယီ မေ့လျော့သွားကြသည်။

လေးယောက်သားအဖွဲ့သည် အနီးအနား ဝန်းကျင်ကို စတင် တူးကြတော့လေသည်။ အဝေးမှ စောင့်ကြည့်နေသော ရန်ကိုင် တစ်ယောက်သည်သာ ကျိဖုန်း၏ မျက်လုံးထဲ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်ကို သတိပြုမိလိုက်သည်။ သို့သော် မသိချင်ယောင်သာ ဆောင်နေလိုက်လေသည်။

မကြာမီ ကျင်းကြီးတစ်ကျင်း ပေါ်လာပြီး ထိုကျင်းထဲတွင် မီတာ သုံးရာအရှည်ရှိသော အရိုးခြောက်ကြီးတစ်ခု ရှိနေခဲ့သည်။ အရိုးသည် ငှက်တစ်ကောင်ပုံစံဖြစ်သည်။ သို့သော် ၎င်းတွင် မည်သည့် အသွေး၊ အသားမှ ရှိမနေတော့ချေ။ မွန်းစတား အမြူတေသည်လည်း မည်သည့် နေရာသို့ ရောက်နေမှန်းမသိ။ အရိုးများပင်လျှင် အတော်လေး ကြွပ်ဆပ်ဆပ် ဖြစ်နေခဲ့လေပြီ။

အဆင့်တစ်ဆယ်သားရဲ၏ အသက်ဓါတ်အားလုံးသည် ငှက်သစ်သားငယ်ထဲသို့ ရောက်ရှိသွားခဲ့သည်။ ကွေ့ချဲသည် သူတော်စင်ချီဖြင့် သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်လျက် ငှက်သစ်သား တစ်ပင်လုံးကို အထူးသတိထား၍ စတင် ဆွဲနှုတ်တော့လေသည်။

နောက်ထပ် အဖိုးတန်သော ရတနာတစ်ခု ကျိုးချဲ၏ သိုလှောင်လက်စွပ်ထဲ နောက်တစ်ကြိမ် ထပ်ရောက်ရတော့မည်ကို မြင်သော် ကျန်သုံးယောက် မျက်မှောင်ကြုတ်သွားခဲ့ကြသည်။

ကွေ့ချဲသည် အားလုံးကို လျစ်လျူရှု၍ ငှက်သစ်သားကို သူ၏ သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်။ အပြင်သို့ရောက်လျှင် အကုန်လုံး ညီတူညမျှ ရမည်ဟု ပါးစပ်မှ တဖွဖွ ပြောနေသော်လည်း ငှက်သစ်သား တစ်ပင်လုံးကို သူတစ်ယောက်တည်း အပိုင်လိုချင်သည်မှာ သိသာလှသည်။

ရုတ်တရက် ပန်းတိုင်ကို ရှာတွေ့ခဲ့သဖြင့် ပျော်ရွှင်ဖွယ်ရာ ဖြစ်သွားခဲ့သော အခြေအနေသည် တစ်မုဟုတ်ချည်း တင်းမာသွားခဲ့သည်။ နောက်ထပ် အဖိုးရတနာများ ထပ်ပေါ်လာလျှင်ဖြင့်၊ ကျိုးချဲကသာ ထပ်မံအပိုင်သိမ်းမည် ဆိုပါက ကျန်းသုံးယောက် ဤအတိုင်း ငြိမ်နေနိုင်ဦးမလားဟု တွေးရင်း ရန်ကိုင်သည် ထိုအရှုပ်အရှင်းထဲ ဝင်မပါမိစေဖို့ သူ့ကိုယ်သူ သတိပေးလိုက်သည်။

သို့သော်လည်း ပန်းတိုင်သည် နီးနေပြီဖြစ်သောကြောင့် အကုန်လုံး သူတို့၏ ဒေါသကို ဖိနှိပ်ထားလိုက်ကြပြီး ပန်းတိုင်ရောက်မှသာ နောက်ဘာဆက်လုပ်မလဲ ဆိုသည်ကို ဆုံးဖြတ်ရန် တွေးလိုက်ကြသည်။

အဖွဲ့သားကြားရှိ အခြေအနေသည် တင်းမာနေခဲ့သည်။ ရန်ကိုင်သည် စကားတစ်ခွန်းမှ မပြောဘဲ နောက်ကနေသာ လိုက်သွားခဲ့သည်။

ခရီးကြော ရှည်လာသည်နှင့် ကုန်းမြေသည် ပို၍ ခေါင်လာခဲ့သည်။ မြီးနီကိုယ်ခရမ်း ကင်းမြီးကောက် နေသည့်နေရာမှစ၍ တောက်လျှောက်သည် ကျတ်တီးခေါင်မြေကြီး ဖြစ်သည့်ပုံပင်။ စိမ်းစိုသော ပတ်ဝန်းကျင်သည် မိုးမြေစွမ်းအင်ပင် ပါးလျသော ကျတ်တီးမြေအဖြစ် ပြောင်းလဲသွားခဲ့သည်။

ခဏကြာ ပျံသန်းပြီးနောက် အရှေ့တည့်တည့်ဆီမှ ထူးဆန်းသော စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည်ကို အကုန်လုံး ခံစားမိလိုက်သည်။ တစ်ချိန်တည်းတွင် သူတို့ကိုယ်ထဲရှိ သွေးများ စတင် ဂနာမငြိမ် ဖြစ်လာကြပြီး အသားအရေလည်း နီရဲလာခဲ့ကြသည်။ ထိုမြင့်တက်လာနေသော အပူချိန်ကြောင့် အကုန်လုံး စိတ်လှုပ်ရှား၊ ဂနာမငြိမ် ဖြစ်ကုန်ကြလေသည်။ အကုန်လုံး၏ မျက်လုံးများ နီရဲလာကြပြီး အသက်ရှူသံများ လေးလံလာခဲ့ကြသည်။

“ငါတို့ရောက်ပြီ” ကျိဖုန်းက အော်ဟစ်လိုက်ပြီး ကြယ်လွန်းပျံကို ချက်ချင်း အရှိန်ကုန်တင်ကာ စိတ်အင်လှိုင်းများ ထွက်ပေါ်နေသည့် နေရာဆီ ပြေးထွက်သွားလေသည်။ အခြားသူများသည် သူ့နောက်မှ အနီးကပ် လိုက်သွားခဲ့ကြသည်။

ရှေ့သို့ ဆက်သွားနေသည်နှင့်အမျှ ထိုထူးဆန်းသော စွမ်းအင်လှိုင်းများသည် ပိုပို၍ ပြင်းထန်လာနေခဲ့ရာ သူတို့၏ သွေးစီးဆင်းမှုနှုန်းမှာလည်း ပိုမို မြန်ဆန်လာနေခဲ့ရပြီး ယခုဆိုလျှင် သူ့နှလုံးခုန်သံကိုပင် ရန်ကိုင် ပြန်ကြားနေခဲ့ရလေပြီ။

အခြေအနေသည် အလွန်တရာကိုမှ ပုံမှန်မဟုတ်လေရာ ရန်ကိုင်လည်း ချက်ချင်း သတိထားလိုက်လေသည်။

ခဏအကြာ၌ သူတို့ငါးယောက်သည် သွေးကဲ့သို့ ရဲရဲနီသော အနီရောင် အရည်များဖြင့် ပြည့်နေသည့် ကန်တစ်ကန်ပေါ် ရောက်လာခဲ့ကြသည်။ နေအလင်းရောင် ရောင်ပြန်ဟပ်နေသော သွေးနီရောင်ကန်သည် ထူးဆန်းသော်ငြား တစ်မျိုးတစ်ဖုံး လှပနေခဲ့သည်။

“ဒါက ခန္ဓာကိုယ်သန့်စင်ပေးတဲ့ကန်လား” ကွေ့ချဲက ကျိဖုန်းအား လှည့်မေးသည်။ ကျိဖုန်းက ဝမ်းသာအူမြူးနေသည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ဘယ်လိုသုံးရမှာလဲ” ကျိဖုန်းက အလျင်စလို မေးလိုက်သည်။

ဤကန်ကို ရှာတွေ့ရန်အတွက် တန်ဖိုးကြီးတစ်ခုကို ပေးဆပ်ခဲ့ရပြီး အဆုံးအရှုံးများစွာနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ ယခု ကန်ရှေ့ရောက်နေပြီ ဖြစ်လေရာ ထိုအရာကိုသုံးပြီး သူ့ခန္ဓာကိုယ် ခွန်အားကို တိုးမြှင့်ပစ်ချင်စိတ်တို့ ထိန်းမရအောင် သောင်းကျန်းထကြွလာခဲ့လေပြီ။

ကျင့်ကြံသူတစ်ယောက်၏ အုတ်မြစ်သည် သူတို့၏ ခန္ဓာကိုယ် ဖြစ်သည်။

“ဘာမှ အထူးတလည် လုပ်နေစရာမလိုဘူး” ကျိဖုန်းက ရယ်မောလိုက်ပြီး သွေးနီရောင်ကန်ထဲသို့ ခုန်ဆင်းသွားလိုက်သည်။ မကြာမီ ကန်ထဲမှာ ကျိဖုန်းခေါင်း ပြန်ပေါ်လာခဲ့သည်။ အရမ်းကိုမှ နာကျင်နေသည့် အလား တစ်ချက် ညည်းတွားလိုက်သည်။

သို့သော် မကြာမီ နာကျင်မှုတို့ ပျောက်ကွယ်သွားပြီး ဝမ်းသာမှုတို့က အစားထိုး ဝင်ရောက်လာခဲ့သည်။ မည်သူမဆို ကျိဖုန်း၏ အသက်စွမ်းအင် တရိပ်ရိပ် တိုးတက်လာနေသည်ကို သတိပြုမိနိုင်ပေသည်။

ကျိဖုန်း သူတို့ဆီမှ တစ်ခုခုကို ဖုံးကွယ်ထားမည် အထင်ဖြင့် သတိကြီးကြီးထားနေသော ကွေ့ချဲ၊ ကန်းကျီနှင့် လော့ယောင်တို့သည် ကျိဖုန်းမှ သွေးကန်ထဲ အလွယ်တကူ ခုန်ဆင်းသွားသည်ကိုမြင်သော် နည်းနည်းလေးမှ တွေဝေမနေတော့ဘဲ ကန်ထဲသို့ လိုက်ခုန်ဆင်းသွား၏။

ကန်သည် သိပ်မကြီးချေ။ အချင်းအားဖြင့် မီတာတစ်ရာလောက်သာ ရှိသည်။ ထိုကန် မည်ကဲ့သို့ ဖြစ်ပေါ်လာသလဲ ဆိုသည်ကို မည်သူမှ မသိကြသော်လည်း ကန်ထဲဝင်သွားသည့် လေးယောက်စလုံး၏ အမူအရာ ရွှင်ပြနေခဲ့ကြသည်။

အားလုံး ကန်ထဲ ဆင်းသွားသည့်တိုင် ရန်ကိုင်သည် မလှုပ်မယှတ် ရပ်နေဆဲ။ ကျိဖုန်းက မျက်လုံးဖွင့်၍ ရန်ကိုင်အားကြည့်ကာ ပြောလိုက်သည် “ကောင်လေး၊ အဲ့အစွန်မှာ ဝင်ထိုင်လိုက်။ အလယ်ကအားကို မင်းခံနိုင်မှာ မဟုတ်ဘူး”

“ကျုပ်လည်း လာလို့ရတာလား” ရန်ကိုင် အံ့အားသင့်သွားသည်။

ကျိဖုန်းက ရယ်မောလိုက်ပြီး “ငါတို့မင်းကို အစကတည်းက ပြောပြီးသားလေ၊ မဟုတ်ဘူးလား။ မင်းသာ နာနာခံခံရှိရင် မင်းအတွက် ဝေစုဆိုတာ ရှိပြီးသားလို့။ အခု အဲ့အချိန်ရောက်လာပြီ”

ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။ ကန်ထဲသို့ မဆင်မခြင် ဆင်းမသွားချင်ချေ။ သို့သော် ရှောင်းမရတော့သည့်အဆုံး ကျိဖုန်း ပြောသည့်အတိုင်း ကန်စပ်သို့ လျှောက်သွားလိုက်လေသည်။

ကန်ထဲသို့ ဝင်လိုက်သည်နှင့် ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားသည်။ အဘက်ဘက်ဆီမှ ပြင်းထန်ကြမ်းတမ်းသော ဖိအားတို့သည့် သူ့ခန္ဓာကိုယ်အား ရိုက်ခတ်လာခဲ့သဖြင့် ရန်ကိုင် နာကျင်မှုကြောင့် ညည်းတွားမိလိုက်သည်။

သို့သော်လည်း ချက်ချင်းဆိုသလို နာကျင်မှုတို့ ပျောက်ကွယ်သွားပြီး သူ့တစ်ကိုယ်လုံး အလွန်ကိုမှ သက်သောင့်သက်သာ ရှိသွားသလို ခံစားလိုက်ရသည်။

ကန်ထဲတွင် ရှိနေသော ရှင်းပြမရနိုင်သည့် စွမ်းအားတစ်မျိုးသည် ရန်ကိုင်ကိုယ်ထဲသို့ ချက်ချင်း တိုးဝင်လာခဲ့သည်။ ထိုစွမ်းအားကြောင့် သူ့ကိုယ်ထဲရှိ သွေးများ စတင် ပြောင်းလဲလာခဲ့ရသည်။ ကျိဖုန်းကဲ့သို့၊ ရန်ကိုင်၏ အသက်စွမ်းအင် အရှိန်အဝါသည် အားကောင်းသည်ထက် အားကောင်းလာနေခဲ့လေသည်။

ရန်ကိုင်လည်း ကောင်းကင်စိတ်အာရုံကိုသုံး၍ သူ့ကိုယ်သူ အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။ သူတော်စင်ချီသည် သူ့သွေးကြာများထဲ လွတ်လပ်စွာ စီးဆင်းနေသည် ရွှေရောင်သွေးများသည် ကန်ထဲမှ သူ့ကိုယ်ထဲသို့ စီးဝင်လာနေသော ထူးဆန်းသော စွမ်းအားကို စုပ်ယူနေခဲ့သည်။

အံဩဖွယ်ရာ ပြောင်းလဲမှုများ စတင် ဖြစ်ပေါ်လာသည်။ သူ၏ ရွှေရောင်သွေးစက်များအနက်မှ တစက်သည် အလွန်တရာကိုမှ ရွှေရောင်တောက်ပလာခဲ့သည်။ ထိုအပ်ထိပ်အရွှယ်အစားသာရှိသော ရွှေရောင်သွေးစက်လေးထဲ မယုံကြည်နိုင်စရာ စွမ်းအားတို့ ကိန်းအောင်းနေသည့်ပုံပင်။

ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။

အသစ်ဖြစ်ပေါ်လာသော ရွှေရောင်သွေးစက်သည် မဟာနတ်ဆိုး နတ်ဘုရား၏ ရွှေရောင်သွေးစက်နှင့် တူညီလုနီးပါး ဖြစ်နေခဲ့သည်။

ရွှေရောင်အရိုးခြောက်ကြောင့် သူ့သွေးများ ရွှေရောင် ပြောင်းခဲ့ရသည်။ အစပိုင်းတွင် ပြောင်းလဲမှုသည် သိပ်မသိသာသေးဘဲ သွေးများသည် ရွှေရောင်ဖျော့ဖျော့လေးသာ တောက်ခဲ့သည်။ သို့သော် ကျင့်ကြံချိန် ကြာလာသည်နှင့် ထိုရွှေရောင်သွေးစက်လေးများသည် သွေးကြောထဲရှိ မူလသွေးများနေရာကို စတင် အစားထိုးနေရာယူလာခဲ့သည်။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ရန်ကိုင်ကိုယ်ထဲရှိ သွေးများသည် အနီရောင်မဟုတ်တော့ဘဲ ရွှေရောင်ဖျော့ဖျော့ ဖြစ်ကုန်ကြသည်။

သို့သော် သူ၏ ရွှေရောင်သွေးသည် အားကောင်းသော ပြန်လည် ကောင်းမွန်နိုင်စွမ်းကို ပိုင်ဆိုင်ထားသော်လည်း မဟာနတ်ဆိုးနတ်ဘုရား၏ ရွှေရောင်သွေးထက် အများကြီး နိမ့်ကျနေသေးသည်ကို အားလုံးထက် ရန်ကိုင် ပိုသိပေသည်။

သူ့ကိုယ်ထဲရှိ ရွှေရောင်သွေးများကို ပို၍ သန့်စင်အားကောင်းသော ရွှေရောင်သွေးများဖြစ်လာအောင် မည်ကဲ့သို့ ပြောင်းလဲရမလဲ ဆိုသည်ကို မသိခဲ့သည့်အတွက် ကျင့်ကြံခြင်း၊ သူ့ခွန်အားကို တိုးမြှင့်ရင်းဖြင့် ရွှေရောင်သွေးကို ပို၍ သန့်စင်လာအောင် လုပ်နိုင်လေမလား ဟူသော မျှော်လင့်ချက်ရေးတေးတေးကို ဆုပ်ကိုင်ထားလျက် အားစိုက်ကျင့်ကြံခဲ့သည်။

ယခုတစ်ကြိမ် ကျိဖုန်းနှင့် အခြားသူများနောက်လိုက်ရင်းမှ ခန္ဓာကိုယ်အား သန့်စင်ပေးသည့်ကန်ကို ရှာတွေ့ပြီး မမျှော်လင့်ထားသော အကျိုးအမြတ်ကြီးကို ရန်ကိုင် ရရှိလိုက်သည်။

ခန္ဓာကိုယ်အား သန့်စင်ပေးသည့် ကန်သည် ခန္ဓာကိုယ်ကို သန့်စင်ပေးရန် လုပ်ထားခြင်းမဟုတ်ဘဲ သွေးကို သန့်စင်ရန်အတွက် အထူးပြုလုပ်ထားခြင်း ဖြစ်ကြောင်း ရန်ကိုင် နားလည်သွားခဲ့သည်။ အသက်စွမ်းအင်ကို တိုးမြှင့်ပေးခြင်းဖြင့် ခန္ဓာကိုယ်ကို ပို၍ သန်မာအောင် လုပ်ပေးနိုင်သည်။ ထို့ကြောင့် ဤနေရာ၏ တကယ့် လုပ်ဆောင်ပုံကို ကျိဖုန်း အထင်လွဲသွားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ရန်ကိုင်လည်း နည်းနည်းလေးမှ တုန့်ဆိုင်းမနေတော့ဘဲ ကန်ထဲရှိ ထူးဆန်းသော စွမ်းအင်များကို စတင် စုပ်ယူတော့လေသည်။ တစ်ချိန်တည်းတွင် သွေးကြောထဲရှိ အပ်တစ်ချောင်းစာ အရွယ်မှ ဆန်စေ့၊ ဆန်စေ့မှ ပဲစေ့အရွယ်ထိ တဖြည်းဖြည်း ကြီးမားလာနေသော ရွှေရောင်သွေးစက်ကို စောင့်ကြည့်လေ့လာနေခဲ့သည်။

ရွှေရောင်သွေးစက်တစ်စက် အပြည့်အဝ ဖြစ်ပေါ်လာခဲ့သည့်အခါ ရန်ကိုင် အလွန်ကိုမှ စိတ်လှုပ်ရှားသွားခဲ့ရသည်။ ထိုရွှေရောင်သွေးစက်ထဲ ကိန်းအောင်းနေသော စွမ်းအင်ကို ယခင် သွေးစက်များထဲရှိ စွမ်းအင်နှင့် သွားယှဉ်၍ မရချေ။ ယခုသွေးစက်သည် အစစ်အမှန် နတ်ဆိုးနတ်ဘုရား ရွှေရောင်သွေးစက် ဖြစ်ပေသည်။

နောက်ထပ်‌ ရွှေရောင်သွေးတစ်စက် ဖြည်းဖြည်းချင်း ထပ်ဖြစ်ပေါ်လာနေခဲ့သည်။ တစ်နာရီကြာပြီးနောက် ရန်ကိုင်ကိုယ်ထဲ အသစ်စက်စက် ရွှေရောင်သွေးစက် သုံးစက် ရှိနေခဲ့လေပြီ။ အခြားသူများ မည်မျှ အကျိုးအမြတ် ရခဲ့သလဲ ဆိုသည်ကို ရန်ကိုင်မသိ။ သို့သော် သူ့ရသကဲ့သို့ ရလိမ့်မည် ဆိုသည်မှာတော့‌ သေချာပေသည်။

သူ့ဘာသာ အပျော်လွန်နေစဉ် ကန်ကျီ၏ ရုတ်တရက် အော်မေးသံကို ကြားလိုက်ရသည် “ကျိဖုန်း ဘယ်မှာလဲ”

ထိုအော်သံကြောင့် အကုန်လုံး လန့်နိုးလာခဲ့ကြသည်။ ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သည့်အခါ ကျိဖုန်း ပျောက်နေသည်ကို တွေ့လိုက်ရသည်။

ရန်ကိုင် မျက်နှာပျက်သွားပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်သည့်အခါ ကန်အောက်ခြေတွင် ကျိဖုန်း၏ အသက် အရှိန်အဝါကို တွေ့ရှိလိုက်ရသည်။

“မင်းတစ်ခုခု ကြံနေမယ် ငါသိတယ်” ကွေ့ချဲက အော်ဟစ်လိုက်ပြီး ကန်အောက်ခြေသို့ ထိုးဆင်းသွားလေသည်။

သူကန်ထဲသို့ ငုံ့ဆင်းသွားရုံရှိသေး၊ ကျိဖုန်းသည် အောက်ခြေမှ ပေါ်သို့ ပြန်ကူးခတ်လာပြီး ကန်ထဲမှ ခုန်ထွက်၍ လေထဲတွင်ဝဲလျက် အားလုံးအား တည်တည်ငြိမ်ငြိမ်ဖြင့် စိုက်ကြည့်လိုက်သည်။

သူ့မျက်နှာသည် ဘဝင်ခိုက်နေသည့် အမူအရာမျိုး။

ရန်ကိုင်သည် ဘာကိုမှ စဉ်းစားမနေဘဲ ကန်ထဲမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။ သို့သော် သူဘာမှ မလုပ်နိုင်သေးခင်မှာဘဲ ကန်ထဲမှ အလွန်တရာကိုမှ အားကောင်းလှသော ဆွဲအားတစ်ရပ် ထွက်ပေါ်လာသည်။ မမြင်နိုင်သော လက်နှစ်ဖက်သည် သူ့ခြေကျင်းဝတ်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့်အလား၊ ရန်ကိုင် အနေဖြင့် ကန်ထဲမှ ရုန်းမထွက်နိုင်အောင် ဖြစ်နေခဲ့သည်။

တစ်ချိန်တည်းတွင် မဆုံးနိုင်သော ရေပူပေါင်းတို့သည် ကန်မျက်နှာပြင်ပေါ်သို့ လှိုင်တက်လာခဲ့ပြီး တဖောက်ဖောက် ပေါက်ကုန်ကြလေသည်။ ကန်ထဲရှိ ထူးဆန်းသော ဖိအားသည် ယခင်ထက် အဆတစ်ထောင်မက ပိုမိုပြင်းထန်လာခဲ့ပြီး ကန်ထဲတွင် ရှိနေသော လူအားလုံး၏ ကိုယ်ထဲသို့ စီးဝင်ကုန်ကြလေသည်။

ရန်ကိုင်ကိုယ်ထဲတွင် စတင် ဖြစ်ပေါ်လာရုံသာ ရှိသေးသော ရွှေရောင်သွေးစက်သည် အလွန်တရာကိုမှ မြန်ဆန်လှသော အမြန်နှုန်းဖြင့် စတင် ကြီးထွားလာပြီး မကြာမီ ပြီးပြည့်စုံသော သွေးစက်တစ်စက် ဖြစ်သွားခဲ့သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၀၉၀)မင်းဘာလို့ မသေသေးတာလဲ

ခန္ဓာကိုယ်သန့်စင်သည့် ကန်ထဲတွင် ရှိနေသော ကွေ့ချဲ၊ ကန်းကျီနှင့် လော့ယောင်တို့အာလုံး သွေးဆုတ်ဖြူလျော်ကာ တုန်ရီသွားကြသည်။ သူတော်စင်ဘုရင်အဆင့် ပညာရှင်များ ဖြစ်နေလျှင်ပင် ထိုဖိအားကို မခုခံနိုင်ချေ။

ရန်ကိုင်လည်း အလွန်တရာကိုမှ နာကျင်နေခဲ့ရသည်။ သူ့တစ်ကိုယ်လုံးကို မသေသေအောင် ဖိကြိတ်နေသလို ခံစားနေရသည်။

သို့သော် အလျင်အမြန် ဖြစ်ပေါ်လာနေသော ရွှေရောင်သွေးကြောင့် စိတ်ဖြေရာရမိသည်။ လက်ရှိ ကန်ထဲတွင် ပိတ်မိနေသူများအနက် သူ့အခြေအနေသည် အသာယာဆုံးဖြစ်သည်။

ကျန်သုံးယောက်စလုံးသည် လဲပြိုတော့မတတ် ဖြစ်နေကြသည်။

“ကျိဖုန်း မင်းဘာလုပ်နေတာလဲ” ကန်းကျီက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ကျိဖုန်းက လေထဲတွင်ဝဲလျက် စကားတစ်ခွန်းပင် မပြောဘဲ လူသေများကို ကြည့်နေသည့်အလား အထင်အမြင်တသေးဖြင့်သာ စိုက်ကြည့်နေခဲ့သည်။

ကွေ့ချဲက အော်ဟစ်လိုက်သည် “ကျိဖုန်း ငါဒီကနေ မလွတ်အောင်သာ ဆုတောင်းနေပေတော့။ လွတ်ခဲ့ရင်တော့ မင်းသေပြီသာမှတ်”

ကျိဖုန်းက ရယ်မောလိုက်ပြီး ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်သည် “စိတ်မပူနဲ့။ ခင်ဗျား လွတ်မှာမဟုတ်ဘူး။ ကန်အောက်က ယဇ်ပုလ္လင်ကို ကျုပ်အသက်သွင်းထားပြီးသွားပြီ။ ခင်ဗျားဘာသာ ဘာကြီးပဲဖြစ်နေဖြစ်နေ ဒီကနေ လွတ်မှာမဟုတ်ဘူး”

“ယဇ်ပုလ္လင်လား” ကွေ့ချဲ မျက်နှာအမူအရာ ပြောင်းလဲသွာပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည် “မင်းငါတို့မသိအောင် ဖုံးကွယ်ထားတာတွေ ရှိနေသေးတာလား”

ကျိဖုန်းက ပြန်၍ လှောင်ပြောင်လိုက်သည် “ကျုပ်သာ ခင်ဗျားကို ဒီနေရာအကြောင်း အကုန်ပြောပြလိုက်ရင် အခု စတေးခံရမယ့်လူက ကျုပ်ဖြစ်သွားမှာပေါ့ဗျ။ ကျုပ်ကို ငတုံးမှတ်နေလား။ ခင်ဗျား ဘယ်လောက် ကောက်ကျစ်ဥာဏ်များလဲ ကျုပ်သိတယ်။ ကျုပ်ခင်ဗျားကို ဒီနေရာဆီ အကောင်းခေါ်လာတယ် မှတ်နေလား။ အကျိုးအမြတ် တွေ့တာနဲ့ လူတိုင်းက တစ်ကိုယ်တည်း အပိုင်သိမ်းချင်ကြတာပဲ။ ဒီလို လှည့်ကွက်လေးထဲ ဝင်သွားရတယ်လို့၊ ရယ်စရာကောင်းလိုက်တာ။ ခင်ဗျားကို ပြောပြလိုက်မယ်။ ဒီခန္ဓာသန့်စင်ပေးတဲ့ကန်က ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်တယ်။ ဒါပေမယ့် အဲ့လို လုပ်နိုင်ဖို့အတွက် လုံလောက်အောင် စတေးပေးဖို့လည်း လိုသေးတယ်။ ခင်ဗျား သေသွားတာနဲ့ ခင်ဗျားလည်း မိုးကြိုးလွမ်လို ဖြစ်သွားမှာ။ ခင်ဗျား တစ်ကိုယ်လုံးက သန့်စင်တဲ့ စွမ်းအင်တွေ အဖြစ် ပြောင်းလဲသွားပြီး ကျုပ်သန်မာနိုင်ဖို့အတွက် အကူအညီ တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာ”

သူပြောသည်ကိုကြားပြီးနောက် အကုန်လုံး၏ မျက်နှာ ပို၍ ဖြူလျော်သွားခဲ့ကြလေသည်။ ယခုမှပဲ ကျိဖုန်၏ ရည်ရွယ်ချက်ကို သူတို့ အားလုံး နားလည်သွားခဲ့ရသည်။ ယခုမှပဲ ကျိဖုန်း မည်မျှ ကောက်ကျစ်ဥာဏ်များကြောင်းကို သိသွားခဲ့ရသည်။

ကွေ့ချဲနှင့် ကန်းကျီသည် ဥာဏ်အများဆုံးလူများ မဟုတ်ကြသော်ငြား အရူးများလည်း မဟုတ်ကြချေ။ ပုံမှန်အားဖြင့် သူတို့အား ဤကဲ့သို့ လှည့်စားရန်မှာ မဖြစ်နိုင်ချေ။ လမ်းတွင် သူတို့အားလုံးသည် ကျိဖုန်းအား တောက်လျှောက် သတိထားခဲ့သည်။ သို့သော် အကျိုးအမြတ်များစွာကို ရပါများလာသော် သတိ ပေါ့လျော့လာခဲ့သည်။ ကျိဖုန်း ကန်ထဲ ချက်ချင်း ပြေးခုန်ဆင်းသွားသည်ကိုမြင်သော် သူတို့လည်း နည်းနည်းမျှပင် မတုန့်ဆိုင်းဘဲ လိုက်ခုန်ဆင်းသွားခဲ့ကြသည်။ သို့သော်လည်း ထိုသို့ခုန်ဆင်းလိုက်ခြင်းသည် ကျိဖုန်း ပြင်ထားသည့် သေမင်း ထောင်ချောက်ထဲ ပြေးဝင်သွားခြင်း ဖြစ်လိမ့်မည်ဟု မည်သူ ထင်မည်နည်း။

ယခုမှ နောင်တရရန် နောက်ကျလွန်းနေလေပြီ။ ထို့ကြောင့် အကုန်လုံးသည် ခန္ဓာကိုယ်သန့်စင်သည့် ကန်ထဲမှ လွတ်မြောက်နိုင်ရန် တတ်နိုင်သမျှ ကြိုးစားရုန်းကန်ကြသည်။ သို့သော် သူတို့ ပိုရုန်းလေ၊ အောက်သို့ ဆွဲချနေသည့် ဆွဲအားသည် ပိုပြင်းလာလေပင်။ ယခုဆိုလျှင် အကုန်လုံး ခေါင်းတစ်လုံးသာ ဖော်ထားနိုင်ကြတော့သည်။ ခေါင်းမှလွဲ၍ ကျန်ခန္ဓာကိုယ် အစိတ်အပိုင်အားလုံးသည် ကန်ထဲသို့ မြုပ်နေလေပြီ။

“ကျိဖုန်း နင်ငါ့ကိုတောင် အကောက်ကြံတယ်ပေါ့” လော့ယောင်က သနားစဖွယ်အသံလေးဖြင့် လှမ်းအော်ပြောသည်။

လော့ယောင်အား သနားစဖွယ်အကြည့်ဖြင့် စိုက်ကြည့်လိုက်စဉ် ကျိဖုန်း၏ အမူအရာ တဖြည်းဖြည်း လေးနက်သွားခဲ့ရသည်။ အချိန် အတော်ကြာပြီးနောက် သက်ပြင်းတစ်ချက်ချလျက် “ငါနင်နဲ့ သိတာ ကြာနေပြီ။ ဒါကြောင့် ငါနင့်ကို တကယ် မသေစေချင်ဘူး။ ငါနင့်ကို တကယ်ကြိုက်တာ။ ဒီကန်ကို နင်နဲ့ အတူတူ ခွဲဝေသုံးစွဲဖို့တောင် တွေးထားသေးတယ်”

ကျိဖုန်း သူမအား ချမ်းသာပေးတော့မည်ဟု ထင်သွားသဖြင့် လော့ယောင် ချက်ချင်း ပြုံးလိုက်လေသည်။

သို့သော်လည်း ကျိဖုန်းက ချက်ချင်း ခေါင်းခါလိုက်ပြီး “ဒါပေမယ့် အခုက အရမ်းနောက်ကျလွန်းသွားပြီ။ ယဇ်ပုလ္လင်ကို အသက် သွင်းလိုက်တာနဲ့ အထဲမှာရှိနေတဲ့လူတွေ ထွက်လာလို့ မရတော့သလို ငါလည်း ဝင်သွားလို့ မရတော့ဘူး။ ငါသာ ဝင်သွားရင် ငါလည်း ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ဒီတစ်ကြိမ် ပါလာတဲ့ စတေးခံတွေက တော်တော်လေး နည်းလွန်းတယ်။ ငါ့ဘိုးဘေး လာတုန်းက သူနဲ့အတူ လူဒါဇင်ကျော်လောက် ပါလာတာ။ အဲ့တုန်းက ငါ့ဘိုးဘေးက အတော်လေးကို အားနည်းတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ ဘယ်လောက် အားနည်းလဲဆိုရင် သူ့ကျင့်ကြံခြင်းက အဲ့ကောင်လေးရဲ့ ကျင့်ကြံခြင်းလိုပဲ…”

ပြောပြီးသည်နှင့် ရန်ကိုင်အား လက်ညိုးထိုး၍ ဆက်ပြောသည် “သူတော်စင်တတိယအဆင့်ပဲ ရှိသေးတာ။ ရောက်လာတဲ့ လူတွေ အားလုံးထဲမှ သူအားအနည်းဆုံးပဲ။ အကုန်လုံးက သူ့ကို အနိုင်ကျင့်၊ အမိန့်ပေးတယ်။ ခန္ဓာကိုယ်သန့်စင်ပေးနိုင်တဲ့ ဒီကန်ကို တွေ့တော့လည်း သူဘာမှ မရလိုက်ဘူး။ ကျန်တဲ့အဖွဲ့သားတွေပဲ သူတို့အချင်းချင်း ခွဲဝေယူကြတယ်။ ဒါပေမယ့် ကန်ထဲ မဆင်းလိုက်လို့ သူကံကောင်းသွားတယ် ဆိုတာကို ဘယ်သူက ကြိုသိခဲ့မှာလဲ။ ကန်ထဲဆင်းသွားတဲ့လူတွေအားလုံး ယဇ်ပုလ္လင်အတွက် စတေးခံတွေ ဖြစ်သွားကြတယ်လေ။ ငါ့ဘိုးဘေးက မဆင်းရတော့ သေးဘေးကနေ လွတ်သွားခဲ့တာပေါ့။ နောက်ဆုံး အကုန်လုံးသေသွားပြီး ငါ့ဘိုးဘေးလည်း ကန်တစ်ခုလုံးကို သူတစ်ယောက်တည်း အပိုင်သိမ်းနိုင်ခဲ့တာပဲ။ နင်သိလား၊ ရှေးဟောင်းမှတ်တမ်းထဲမှာ ငါ့ဘိုးဘေး ပြောထားတာရှိတယ်။ ဒီကန်ကြောင့်သာ မဟုတ်ဘူးဆိုရင် သူ့ဘာသာ ဘယ်လောက်ပဲ ကြိုးစားလေ့ကျင့်၊လေ့ကျင့် အများဆုံး ရောက်နိုင်မှ သူတော်စင်ဘုရင် တတိယအဆင့်ပဲတဲ့။ ဒါပေမယ့် ဒီကန်ထဲမှာ စိမ်ပြီးတဲ့ နောက်ပိုင်း သူဘယ်အထိ ရောက်နိုင်ခဲ့လဲ နင်သိလား။ တန်ခိုးရှင် တတိယအဆင့်ပဲ။ တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်ဖို့ တစ်ဆင့်လေးပဲ လိုတော့တာ”

ကျိဖုန်း၏ လေသံ မြင့်သည်ထက် မြင့်လာပြီး စိတ်ခံစားချက်တို့ စတင်ရောပြွမ်းလာခဲ့သည်။ အလွန်ကိုမှ ကြီးကျယ်ခမ်းနားသည်ပုံစံဖြင့် လက်ကို ဝှေ့ရမ်းလိုက်ပြီး “ငါ့အရည်အချင်းကလည်း ကောင်းလှတာ မဟုတ်ဘူး။ အများဆုံးရှိမှ ငါ့ဘိုးဘေးထက် နည်းနည်းပိုသာရုံပဲ။ ဒါကြောင့် ဒီကန်ရဲ့ အကူအညီနဲ့ဆို ငါ့မှာ တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်ဖို့ အခွင့်အရေးရှိတယ်”

“တန်ခိုးရှင်ဘုရင်အဆင့်လား” ကွေ့ချဲက လှောင်ပြောင်လိုသည့် လေသံဖြင့် ရုတ်တရက် ဝါးလုံးကွဲ အော်ဟစ်ရယ်မောသည်။ သူ့ပါးစပ်၊ နှာခေါင်း၊ မျက်လုံးနှင့် နားတို့မှ သွေးများ အဆက်မပြတ် ယိုစီးနေခဲ့သည်။ သို့သော် ထိုအရာကို သူဂရုမစိုက်။ ကျိဖုန်းအား အထင်တသေးဖြင့်သာ စိုက်ကြည့်၍ “ဒီကန်ရဲ့ အကူအညီလောက်နဲ့ တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်နိုင်မယ်ဟုတ်လား။ ငါ့ကို လာမနောက်စမ်းပါနဲ့ကွာ။ ရယ်ရလွန်းလို့ အူတက်နေပြီ။ တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်ဖို့က အဲ့လောက် မလွယ်ဘူးကွ၊ ငပိန်းကောင်ရဲ့”

သို့သော် ကျိဖုန်း စိတ်ပျက်သွားခြင်းမရှိ။ ရိုးရိုးရှင်းရှင်းသာ ပြန်ပြောလိုက်သည် “မင်းငါ့ခွန်အား တစ်စိတ်တစ်ပိုင်း ဖြစ်လာမှ ငါ့ဘယ်လို တိုးတက်လာလဲ ဆိုတာကို စောင့်ကြည့်ပေါ့ကွာ။ လော့ယောင်၊ ငါနင့်ကို တကယ် မသေစေချင်ဘူးသိလား။ ဒါပေမယ့် ဖြစ်ပြီးသွားပြီဆိုတော့ မတတ်နိုင်တော့ဘူး။ စိတ်မပူနဲ့။ နင့်ကို ငါအမြဲတမ်း သတိရနေမှာပါ။ ပြီးတော့ ငါ့အနာဂတ်က အရှည်ကြီး ရှိသေးတယ်။ နောက်ပိုင်း ငါကြိုက်နှစ်သက်တဲ့ မိန်းမတစ်ယောက် မတွေ့နိုင်တာမှ မဟုတ်တာ ဟုတ်တယ်မလား”

“နင်ရူးနေပြီ။ နင်တကယ် ရူးနေပြီ” လော့ယောင်၏ မျက်နှာ ဖြူလျော်သွားပြီး အသံအကျယ်ကြီး အော်ပြောလိုက်သည်။

“နင်ဘာသာ ပြောချင်သလိုသာပြော” ကျိဖုန်း၏ မျက်နှာထက်ရှိ သနားရိပ်တို့ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး အေးစက်မှုတို့က အစားထိုး နေရာယူလာခဲ့သည်။ ယခု ပြောစရာရှိသည်ကို ပြောပြီးသွားပြီ ဖြစ်၍ ဘာမှ ဆက်ပြောနေစရာ မလိုတော့ချေ။

ရန်ကိုင်မှလွဲ၍ ကန်ထဲရှိ လူအားလုံး၏ အခြေအနေ ဆိုးသည်ထက် ဆိုးရွားလာနေခဲ့သည်။ သွေးများ စတင်ဆူပွက်လားပြီး သွေးကြောများ ပေါက်ပြဲလာခဲ့သည်။ အသားများ အက်ကွဲလာသဖြင့် သွေးများ ကန်ထဲသို့ စီးကျလာခဲ့ရလေရာ ယခင်ကတည်းက နီနေသော ကန်သည် ပို၍ နီရဲသွားခဲ့လေသည်။

ရန်ကိုင်ကမူ မသက်မသာသာ ခံစားမိနေသည်။ အသက် အန္တရာယ်တော့ မရှိချေ။

ဒန်တန်ထဲတွင် သူတော်စင်ချီကို အကန့်အသတ်ဖြင့်သာ သိုလှောင်ထားနိုင်သလို လူတစ်ယောက်၏ ခန္ဓာကိုယ်တွင်လည်း အကန့်အသတ် ရှိပေသည်။ ကိုယ်ခန္ဓာအတွင် စုဆောင်းထားသည့် စွမ်းအင်သည် ကန့်သတ်ပမာဏထက် ကျော်လွန်သွားပါက ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားနိုင်ပေသည်။

သို့သော်လည်း ရန်ကိုင်ကမူ ချွင်းချက်ဖြစ်သည်။ ယခင်က ယန်ယွမ်ချီများကို ယန်အရည်စက်အဖြစ် ပြောင်းလဲ၍ ဒန်တန်ထဲတွင် သိုလှောင်ခဲ့သည်။ လက်ရှိတွင် ပိုလျှံနေသော သူတော်စင်ချီများကို အသွေးအသားထဲတွင် တိုက်ရိုက်သိုလှောင်ထားနိုင်ပေသည်။ သူ့ခန္ဓာကိုယ်သည် အကန့်အသတ်မဲ့သော တွင်းနက်ကြီးတစ်ခုသာ ဖြစ်သည်။

ခန္ဓာသန့်စင်ပေးသည့် ကန်ထဲတွင် ရှိနေသော ထူးဆန်းသည့် စွမ်းအားသည် လေထဲတွင် ရှိနေသော သူတော်စင်ချီနှင့် တူကာ ကျင့်ကြံရန်အတွက် အသုံးပြုနိုင်ပေသည်။ ကျိဖုန်းသည် ယဇ်ပုလ္လင်ကို အသက်သွင်းလိုက်ည့်အတွက် ကန်ထဲရှိ စွမ်းအင်သည် ယခင်ထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်သွားခဲ့သည်။ ကွေ့ချဲ၊ ကန်းကျီနှင့် လော့ယောင်တို့သည် အဆုံးမရှိသော စွမ်းအင်များ သူတို့ကိုယ်ထဲသို့ တိုးဝင်လာနေသည့် ဒဏ်ကို ခံစားနေခဲ့ရသည်။

ရန်ကိုင်ကမူ သူ့ကိုယ်ထဲသို့ တိုးဝင်လာနေသော စွမ်းအင် အားလုံးကို ရွှေရောင်သွေးစက်အဖြစ် ပြောင်းလဲပစ်နိုင်ပေသည်။ ထို့နည်းဖြင့် အနည်းငယ် အနာခံ၍ နတ်ဆိုးနတ်ဘုရား၏ ရွှေရောင်သွေးစက်ကို လျင်မြန်စွာ သိပ်သည်းနိုင်ပေသည်။ လက်ရှိ သူ့ထံတွင် ရွှေရောင်သွေးစက် ဆယ်စက် ရှိနေခဲ့လေပြီ။

ဗုန်းဆိုသော မြည်သံနှင့်အတူ ကန်းကျီတစ်ကိုယ်လုံး ရုတ်တရက် ဖောင်းကားတက်လာပြီး ပေါက်ကွဲသွားခဲ့သည်။ အသားစအသားနတို့ အဘက်ဘက်သို့ လွင့်ပျံထွက်ခဲ့ပြီး ပတ်ပတ်လည်တစ်ခွင် သွေးမိုး ရွာသွန်းသွားလေသည်။

သွေးမိုး ငြိမ်သက်သွားပြီးသည့်နောက် ကန်းကျီ မရှိတော့ချေ။ တစ်စစီ ဖြစ်နေသော အသားစများနှင့် ခြေပြတ်၊ လက်ပြတ်များသာ ရှိနေတော့သည်။ မကြာမီ ထိုအကြွင်းအကျန်အားလုံးသည် ကန်ထဲသို့ စီးဝင်သွားပြီး သန့်စင်လှသော စွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွား၏။

ကန်းကျီ သေသွားပြီးနောက် ကန်ရေသည် ပို၍ ဆူပွက်လာခဲ့သည်။ ရေပူပေါင်းများ ထွက်ပေါ်လာသည့်နှုန်းမှာလည်း ပို၍ မြန်လာခဲ့သည်။ သူ့ကိုယ်ထဲသို့ တစ်ဟုန်ထိုး တိုးဝင်လာနေသည့် မြောက်မြားလှစွာသော စွမ်းအင်များကြောင့် တစ်ကိုယ်လုံး အလွန်ကိုမှ နာကျင်သွားခဲ့လေရာ ရန်ကိုင် ထအော်လုမတတ် ဖြစ်သွားခဲ့ရသည်။

သူတို့အား ယဇ်ကောင်များ၏ ကျိဖုန်း ပြောခဲ့ခြင်းသည် စကားပြောသက်သက်မဟုတ်၊ လက်တွေ့ဖြစ်သည်။ ကန်းကျီ သေသွားပြီးသည့်နောက် ခန္ဓာသန့်စင်ကန်ထဲရှိ စွမ်းအင်များ ပို၍အားကောင်းလာခဲ့သည်။

ထို့နောက် နောက်ထပ်အော်သံတစ်ချက် ထပ်ထွက်လာပြီး လော့ယောင် ပေါက်ကွဲထွက်သွားသည်။ စွဲမက်ဖွယ်ကောင်းလှသော မိန်းမလှလေးသည်လည်း ကန်းကျီ၏ လမ်းစဉ်အတိုင်း လိုက်သွားခဲ့ရလေပြီ။

သူမ မသေခင် လော့ယောင်၏ မျက်ဝန်းလှလှလေးများသည် တစ်သက် မမေ့နိုင်လောက်သည့် ပြစ်ပြစ်ခါခါ မုန်းတီးသော အကြည့်ဖြင့် ကျိဖုန်းအား စိုက်ကြည့်သွားခဲ့သည်။ ထိုအယုတ်တမာကောင်၏ မျက်နှာကို နောင်ဘဝရောက်သည့်တိုင် မှတ်ထားချင်သည့်ပုံပင်။ လော့ယောင် သေသွားသည့်အတွက် ခန္ဓာသန့်စင်ကန်၏ အစွမ်း ထပ်တိုးလာခဲ့ပြန်လေသည်။

မကြာမီ၊ အားအကောင်းဆုံးဖြစ်သော ကွေ့ချဲ၊ ကန်၏ ဖိအားကို တောင့်မခံနိုင်တော့ဘဲ အရှက်မရှိ ခေါင်းငုံ့အကူအညီတောင်းလေ၏ “ကျိဖုန်း၊ ငါ့ကို ကယ်ပါဦး။ ငါ့သိုလှောင်လက်စွပ်ထဲမှာ ရှိတဲ့ဟာတွေ အားလုံးကို မင်းဆီ ပေးပါမယ်ကွာ”

ကျိဖုန်းက ထူးမခြားနားဟန်ဖြင့် “ခင်ဗျားသေလို့ ခန္ဓာသန့်စင်ကန် ငြိမ်သက်သွားတဲ့အခါကျ ခင်ဗျားပိုင်ဆိုင်တာတွေ အားလုံးက ကျုပ်အပိုင်ဖြစ်လာမှာလေ”

“မင်းဝဋ်ပြန်လည်လိမ့်မယ်” ကျိုးချဲက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ကျိဖုန်းက ဝါးလုံးကွဲရယ်မောလိုက်ပြီး “ဟုတ်လောက်တယ်နော်။ ဒါပေမယ့် ခင်ဗျား မမြင်နိုင်တော့တာ ဆိုးတာပဲ”

သူထိုကဲ့သို့ ပြောလိုက်ပြီးသည်နှင့် ချက်ချင်းဆိုသလို ကွေ့ချဲ၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားခဲ့သည်။ သူ့သိုလှောင်လက်စွပ် လေထဲ မြောက်တက်သွားခဲ့ပြီး ကန်ထဲ ပြန်ကျသွားကာ ကန်အောက်ခြေသို့ မြုပ်သွားခဲ့လေသည်။

ကျိဖုန်း၏ မျက်လုံးထဲ လောဘရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။ သို့သော် အလျင်စလို သွားပြေးမကောက်ခဲ့ချေ။

ခဏလောက် စောင့်နေပြီးနောက် ကျိဖုန်းက ဇဝေဇဝါ အမူအရာဖြင့် ရေရွတ်လိုက်သည် “သူတို့ဝိဥာဉ်တွေ ဘာလို့ မထွက်လာသေးတာလဲ”

ကန်းကျီ သေသွားကတည်းက ကျိဖုန်းသည် သူ့အဖွဲ့သားများ၏ ဝိဥာဉ်များ ထွက်လာမည်ကို စောင့်နေခြင်းဖြစ်သည်။ ထွက်လာတော့မှ ရက်ရက်စက်စက် သတ်ဖြတ်ပစ်မည်ပေါ့။

သို့သော် သူအံ့အားသင့်သွားရသည်ကား သေသွားခဲ့သော သူ့အပေါင်းအပါများ၏ ဝိဥာဉ်တစ်ခုပင် အပြင်သို့ ပြန်မထွက်လာခြင်းပင်။ သူတို့၏ ခန္ဓာကိုယ်နှင့်အတူ ဝိဥာဉ်များပါ တစ်ပါးတည်း စတေးခံလိုက်ရခြင်းပေလား။

ခဏလောက် စဉ်းစားလိုက်သော်ငြား အဖြေရှာမရသဖြင့် ကျိဖုန်းက ရန်ကိုင်ဘက်သို့လှည့်၍ မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “ကောင်လေး၊ မင်းဘာလို့ မသေသေးတာလဲ”

ရန်ကိုင်၏ နဖူးထက် သွေးကြောများ ထောင်တက်နေပြီး ပုတီးစေ့တမျှ ကြီးမားသော ချွေးသီးလုံးတို့မှာလည်း တတောက်တောက် စီးကျနေခဲ့သည်။ နာကျင်မှုကို အောင့်အည်းတောင့်ခံရင်း ပြောလိုက်သည် “မသိဘူးလေ။ ကျုပ်ခွန်အားက အရမ်းနိမ့်ကျလို့ နေမှာပေါ့။ ပြီးတော့ ကျုပ်ထိုင်နေတဲ့ နေရာက အစွန်မှာလေ။ ခင်ဗျားသိချင်ရင် ကိုယ်တိုင် လာစစ်ဆေးကြည့်ပါလား”

ကျိဖုန်းက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “ငါ့ကို အရူးမှတ်နေလား”

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “ခင်ဗျားက တကယ့် အရူးကောင်၊ ကိုယ့်ကိုယ့်ကို ဟုတ်လှပြီထင်နေတာ။ တစ်ယောက်ယောက်က နောက်ကနေ ချောင်းတိုက်ဖို့ ကြိုးစားနေတာကိုတောင် မသိဘူး”

ကျိဖုန်း မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ ချိုနှစ်ချောင်းနှင့် သွေးသံတရဲရဲ ဖြစ်နေသော လူတစ်ယောက် သူ့အရှိန်အဝါကို ဖုံးကွယ်၍ သူ့ဆီသို့ အလျင်အမြန် ပြေးလာနေသည်ကို တွေ့လိုက်ရသည်။

“တိကျီလား” ကျိဖုန်း မျက်နှာ ဖြူလျော်သွားခဲ့သည်။

သို့သော်လည်း ထိုမွန်းစတားမျိုးနွယ်စုဝင်၏ အခြေအနေကို မြင်လိုက်ရပြီးနောက် ကျိဖုန်း စိတ်သက်သာရာ ရသွားသည်။ တိကျီ၊ မည်သည့် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသလဲ ဆိုသည်ကို မသိသော်ငြား လောလောဆယ်တွင် တိကျီတစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီး အတော်လေး အားကုန်နေဟန်ရသည်။ အရေးအကြီးဆုံး အချက်သည်ကား လောလောဆယ်၌ တိကျီ တစ်ယောက်တည်း ရှိနေခြင်းဖြစ်ပြီး သူ့အပေါင်းအပါအားလုံး ရှိမနေခြင်းပင်။

All Chapters