← Chapters

မင်း ဒီဆေးပင်ကို လိုချင်သလား

Vol. 13 Ch. 171

မင်း ဒီဆေးပင်ကို လိုချင်သလား

Vol. 13 Ch. 171

အခန်း (၁၇၁) မင်း ဒီဆေးပင်ကို လိုချင်သလား

ဟော်ကျီးက ကျန်းလန်ကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။

ဟော်ကျီး၏ ရုတ်တရက်ဆန်သည့် တိုက်ခိုက်မှုကိုရင်ဆိုင်ရန်အတွက် ကျန်းလန်က နွားရိုင်းကိုးကောင်စွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်သည်။

လူသားအင်မော်တယ်အဆင့် ရောက်ရှိခဲ့ပြီ ဖြစ်သော်လည်း ကျန်းလန်က အန္တရယ်ကိုးသွယ်စွမ်းအားကို အသုံးပြုရဲခြင်း မရှိသေးပေ။ တစ်စုံတစ်ခု မှားယွင်းလွဲချော်သွားမည်ကို စိုးရိမ်မိသောကြောင့် ဖြစ်သည်။

ထို့ကြောင့် အသုံးပြုနေကျ နွားရိုင်းကိုးကောင်စွမ်းအားကို အသုံးပြုလိုက်ခြင်း ဖြစ်၏။

လူသားအင်မော်တယ်ဖြစ်လာပြီးနောက်ပိုင်း ကျန်းလန်က တန်ခိုးစွမ်းအားများကို ထိန်းချုပ်နိုင်ရန် မလေ့ကျင့်ရသေးပေ။ လူတစ်ယောက်အနေဖြင့် ကျင့်ကြံခြင်းအဆင့်နှင့်အညီ မြင့်တက်လာသည့် တန်ခိုးစွမ်းအားများကို ထိန်းချုပ်နိုင်ရန် ကျင့်ကြံရလေ့ရှိသည်။

ယခု ကျန်းလန်က ထိုသို့ မကျင့်ကြံရသေးဘဲ လောကြီးစွာဖြင့် တောင်ပေါ်ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေရာ တကယ်တမ်း တိုက်ပွဲနှင့်ရင်ဆိုင်ရသည့်အခါ သူ့ကိုယ်ပိုင်စွမ်းအားများကိုပင် သူကိုယ်တိုင် တိကျစွာ နားလည်ခြင်း မရှိသေးပေ။

အမှန်တော့ မြေအောက်လိုဏ်ခေါင်းထဲတွင် နောက်ထပ်လအနည်းငယ်ခန့် ကျင့်ကြံမှုများပြုလုပ်ပြီးမှ အပြင်သို့ ထွက်လာသင့်သည်။

အစပိုင်းတွင် သူက နဝမတောင်ထွတ်သို့ ပြန်ရောက်မှ တန်ခိုးစွမ်းအားများကို ထိန်းချုပ်နိုင်ရန် ကျင့်ကြံမည်ဟု ရည်ရွယ်ထားခဲ့သည်။

နဝမတောင်ထွတ်က ဤနေရာထက် ပိုမိုအန္တရယ်ကင်းသည် မဟုတ်ပါလား။

သူက ဤနေရာတွင် မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ခဲ့သည်။

လောလောဆယ်တွင် ဤနေရာ၌ မည်သူမှမရှိသည့်တိုင် နောက်ထပ် လအနည်းငယ်ကြာလျှင် အခြားသူများ ရောက်လာနိုင်သည်။

အမှန်တော့ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ပြီးနောက်ပိုင်း နေထိုင်ရန်အတွက် လျှို့ဝှက်နေရာတစ်ခုကို သူ ကြိုတင်ပြင်ဆင်ထားခဲ့သင့်သည်။

သို့မှသာ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကြောင့် ဒဏ်ရာရသည်ဖြစ်စေ ၊ ဆက်လက်ကျင့်ကြံလိုလျှင်ဖြစ်စေ ထိုလျှို့ဝှက်နေရာသို့ ရွှေ့ပြောင်းနေထိုင်နိုင်မည် ဖြစ်သည်။

"ဘုန်း…"

သူ့ထံဝင်ရောက်လာသည့် ဟော်ကျီးကို ကျန်းလန်က ချက်ချင်းပင် လက်သီးဖြင့် ထိုးချလိုက်သည်။

ပြင်းထန်လှသည့် စွမ်းအားလှိုင်းလုံးကြီးများက နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။ ငြိမ်သက်နေသည့် အနောက်ဘက်တောင်တန်းကြီးတစ်ခုလုံး ကြီးမားသည့် ထိုးနှက်ချက်ကြီးကြောင့် တုန်ဟီးသွားသည့်အလား ထင်မှတ်ရသည်။

ပတ်ဝန်းကျင်ရှိ သစ်ပင်များ အပိုင်းပိုင်းပြတ်ကာ ပြိုလဲ ကုန်ကြသည်။

ပြင်းထန်လှသည့် စွမ်းအားလှိုင်းလုံးများအောက်တွင် ကျန်းလန်သည်ပင် နောက်သို့ အနည်းငယ် ဆုတ်လိုက်မိသည်။

ဟော်ကျီး၏ တိုက်ခိုက်မှုက ပြင်းထန်လှသည့်တိုင် ကျန်းလန်ကို တစ်စုံတစ်ရာ ထိခိုက်စေခြင်း မရှိပေ။

သို့သော် ကျန်းလန် ထိတ်လန့်တုန်လှုပ်သွားရသည်မှာ သူ၏ နွားရိုင်းကိုးကောင်စွမ်းအားက အဆမတန် စွမ်းအားမြင့်မားလျှက် ရှိသောကြောင့် ဖြစ်၏။

ကျန်းလန်၏ လက်သီးစွမ်းအားကို ခံစားလိုက်မိသည်နှင့် ဟော်ကျီးမှာလည်း ထိတ်လန့်တုန်လှုပ်သွားရသည်။

ဤလူသားက အဘယ့်ကြောင့် ဤမျှပြင်းထန်သည့် စွမ်းအားမျိုးကို ပိုင်ဆိုင်ထားရပါသနည်း။

သူက လူသားအင်မော်တယ် နောက်ဆုံးအဆင့် ဖြစ်သည်။ သို့သော် ကျန်းလန်ကို အနိုင်တိုက်ခိုက်မည်ဆိုလျှင် သူသည်လည်း ဒဏ်ရာအပြင်းအထန် ရသွားနိုင်သည်။

သို့ရာတွင် ဟော်ကျီးက ထိုအချက်ကို သိပ်အာရုံမစိုက်ပေ။

သူက မန္တန်ပညာကို အသုံးပြုကာ ကျန်းလန်ကို ဆက်လက်တိုက်ခိုက်လိုက်သည်။

ဟော်ကျီးက အနီးကပ်တိုက်ခိုက်မှုများကို ကျွမ်းကျင်သူ မဟုတ်ပေ။ ထို့ပြင် ကျန်းလန်၏ စွမ်းအားပြင်းထန်သည့် လက်သီးချက်ကို ရင်ဆိုင်ရပြီးနောက် အနီးကပ်တိုက်ခိုက်ရန်လည်း အစီအစဉ် မရှိတော့ပေ။

အဝေးမှပင် ဂါထာမန္တန်အသုံးပြုပြီး တိုက်ခိုက်ရန် ဆုံးဖြတ်ထားသည်။ ရန်သူအနားသို့ မကပ်သရွေ့ ရှုံးနိမ့်သွားသည့်တိုက် လွတ်လမ်းရှာဖွေရ လွယ်ကူမည် ဖြစ်သည်။

ထို့နောက် ဟော်ကျီးက မန္တန်တစ်ပုဒ် ရွတ်ဖတ်လိုက်ရာ မြေပြင်ထက်တွင် အဆုံးမရှိသည့် မီးတောက်များ တောက်လောင်လာသည်။

မီးတောက်များအတွင်းမှ ခေါင်းကိုးလုံးပါရှိသည့် ဧရာမမြွေကြီးတစ်ကောင်ထွက်ပေါ်လာသည်။

ထိုမြွေကြီးက ကျန်းလန်ရှိရာသို့ တန်းတန်းမတ်မတ် ပျံသန်းဝင်ရောက်သွားလေသည်။ ဧရာမမြွေကြီး၏ အမြီးကြီးသည် လေထဲတွင် လှုပ်ရမ်းလျှက် ရှိ၏။

မြွေကြီး၏ ခန္ဓာကိုယ်ထက်တွင် တောက်လောင်နေသည့် မီးတောက်များက လူသားအင်မော်တယ် ၊ ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်ကို သေစေနိုင်ပြီး လူသားအင်မော်တယ် ၊ အလယ်ဆင့် ကျင့်ကြံသူတစ်ယောက်ကို သေချာပေါက် အပြင်းအထန်ဒဏ်ရာရသွားစေနိုင်သည်။

လူသားအင်မော်တယ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ထိုဧရာမမြွေကြီးကို ရင်ဆိုင်ရဲမည် မဟုတ်ပေ။

"ရွှီ…"

ခေါင်းကိုးလုံးမီးမြွေကြီးမှ "ရွှီ" ကနဲကျယ်လောင်သည့် မြွေတွန်သံတစ်ချက်ထွက်ပေါ်လာပြီး လျှင်မြန်လွန်းသည့်အရှိန်ဖြင့် ကျန်းလန်ရှိရာသို့ ဝင်ရောက်လာသည်။

ဟော်ကျီးက ကျန်းလန်ကို တစ်ချက်တည်းဖြင့် သတ်ပစ်ရန် ရည်ရွယ်ထားသည်။

နဂါးမင်းသားလုန်မန်ကတော့ နတ်မိစ္ဆာ (၂)ယောက်နှင့် အပြင်းအထန် တိုက်ခိုက်လျှက် ရှိ၏။

ဧရာမမီးမြွေကြီး ကျန်းလန်ရှိရာသို့ ဝင်ရောက်သွားသည်ကို တွေ့လိုက်သည်နှင့် ကျန်းလန် တိုက်ပွဲကို အနည်းငယ် တောင့်ခံထားရန် လုန်မန် မျှော်လင့်လိုက်မိသည်။

ကျန်းလန်က နတ်မိစ္ဆာများ၏ တိုက်ခိုက်မှုကို ဖောက်ထွက်ပြီး တစ်ခါတည်း ထိုလူသားကိုပါ ကယ်တင်သွားရန် ဆုံးဖြတ်ထားသည်။

သူသာ ထိုလူသားအသက်ကို ကယ်တင်လိုက်မည်ဆိုလျှင် အသက်ကယ်သည့် ကျေးဇူးကို ချင်းယီရေစင်ပန်းဖြင့် ပြန်ဆပ်ရန် တောင်းဆိုနိုင်မည် ဖြစ်သည်။

ထိုသို့ဆိုလျှင် ကျေးဇူးကိုထောက်ထားရသောကြောင့် တစ်ဖက်လူအနေဖြင့် သူ့ကို ငြင်းဆန်ရဲတော့မည် မဟုတ်ပေ။

ဤသည်က နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် အခြေအနေဖြစ်၏။

သို့သော် လုန်မန်အနေဖြင့် အချိန်ကောင်းကို စောင့်ရမည် ဖြစ်သည်။

လုန်မန်က နတ်မိစ္ဆာ (၂)ယောက်နှင့် တိုက်ခိုက်နေရင်း ကျန်းလန်နှင့် ဟော်ကျီး၏ တိုက်ပွဲကိုလည်း မျက်ခြေမပြတ် အာရုံစိုက်နေခဲ့သည်။

ဧရာမခေါင်းကိုးလုံးမီးမြွေကြီးကို ရင်ဆိုင်ရန်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။ ကျန်းလန် တောင့်ခံနိုင်ပါမည်လားဟု လုန်မန် စိုးရိမ်နေမိသည်။

လုန်မန် ရင်ဆိုင်တိုက်ခိုက်နေရသည့် နတ်မိစ္ဆာ (၂)ယောက်မှာလည်း အနည်းငယ် တန်ခိုးစွမ်းအားမြင့်မားလေရာ သူ့အနေဖြင့် ဖောက်ထွက်ပြီး လွတ်လမ်းရှာရန် အချိန်ယူရဦးမည် ဖြစ်သည်။

သို့သော်…

ကျန်းလန်ကတော့ ခေါင်းကိုးလုံးမီးမြွေကြီးကို တည်ငြိမ်စွာပင် ကြည့်လိုက်၏။

ခေါင်းကိုးလုံးမြွေကြီးအစား မြွေ (၉)ကောင်ဆိုလျှင်တောင်မှ ရင်ဆိုင်ရ ပိုမိုလွယ်ကူဦးမည်ဟု သူ တွေးလိုက်မိသည်။

မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် လူသားအင်မော်တယ်အဆင့် တန်ခိုးစွမ်းအားအသစ်ကို ကျွမ်းကျင်မှုရှိစေရန် ဤမီးမြွေကြီးကို အသုံးချရမည် ဖြစ်သည်။

ကျန်းလန် ချက်ချင်းပင် ဧရာမမြွေကြီးအနားသို့ ချဉ်းကပ်သွားပြီး စတင်တိုက်ခိုက်လိုက်သည်။

မီးမြွေကြီး၏ခန္ဓာကိုယ်ထက်တွင် လောင်ကျွမ်းနေသည့် မီးတောက်များက ကျန်းလန်ကို အရှိန်ဟပ်နေသည့်တိုင် သူ့ကို ထိခိုက်စေခြင်း မရှိပေ။

ကျန်းလန်က လက်ကိုဆန့်ထုတ်လိုက်ပြီး ဧရာမမီးမြွေကြီး၏ ဦးခေါင်းတစ်လုံးကို လက်သီးဖြင့် ထိုးချလိုက်သည်။

"ဖောင်း…"

ကျန်းလန်မှာ သူ၏စွမ်းအားများကို မထိန်းချုပ်နိုင်ဘဲ လူသားအင်မော်တယ် ၊ နောက်ဆုံးအဆင့် စွမ်းအားများ ထွက်ပေါ်လာပြီး မြွေကြီး၏ ပထမဆုံးဦးခေါင်းမှာ အမှုန့်ဖြစ်သွားသည်။

ထို့နောက် သူက ဒုတိယဦးခေါင်းကို လက်သီးဖြင့် ထိုးချလိုက်ပြန်သည်။

ဒုတိယဦးခေါင်းမှာလည်း လက်သီးတစ်ချက်တည်းဖြင့် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြန်၏။

သုံး… ၊ လေး… ပြီးတော့ ကိုး…။

လက်သီးချက်တစ်ချက်စီဖြင့် မြွေဦးခေါင်းတစ်ခုစီ တစ်စစီကြေမွကုန်ကြသည်။

သို့သော် ကွဲကြေကုန်သည့် မြွေခေါင်းများက တစ်ခုနှင့်တစ်ခု ကွဲကြေသွားပုံချင်း မတူညီကြပေ။

ပထမဆုံးလက်သီးချက်တွင် မြွေဦးခေါင်းတစ်ခုလုံး အစအနမကျန်အောင် အမှုန့်ဖြစ်သွားသော်လည်း နောက်ဦးခေါင်းများတွင်တော့ အစအနများ ကျန်ရစ်ခဲ့သည်။

ဤသည်က ကျန်းလန် တဖြည်းဖြည်း သူ၏ စွမ်းအားများကို ထိန်းချုပ်လာနိုင်သည့် သင်္ကေတပင် ဖြစ်သည်။

"ကိစ္စတုံးသွားပြီ…"

ပြောရင်း ကျန်းလန် ဟော်ကျီးကို လှမ်းကြည့်လိုက်သည်။

ခေါင်းကိုးလုံးမီးမြွေကြီးကိုသတ်ဖြတ်ရန် (၂)စက္ကန့်မျှသာ အချိန်ကြာခဲ့သည်။

ထိုအချိန်ခဏအတွင်းမှာပင် ကျန်းလန်သည်လည်း လူသားအင်မော်တယ် နောက်ဆုံးအဆင့် တန်ခိုးစွမ်းအားများကို အကြမ်းဖျင်း ထိန်းချုပ်နိုင်စွမ်းရှိသွားခဲ့သည်။

သူ့ရှေ့မှမီးမိစ္ဆာကို ရင်ဆိုင်ရန်မှာလည်း လက်သီးတစ်ချက်ဖြင့် လုံလောက်၏။

ဟော်ကျီးက ကျန်းလန်ကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။

တစ်ခုခု မှားနေပြီ ၊ တစ်ခုခုမှားနေပြီ…။

သူ၏ ခေါင်းကိုးလုံးမီးမြွေကြီးက အဘယ့်ကြောင့် ဤလူသားကို လွယ်လွယ်နှင့် ရှုံးနိမ့်သွားပါသနည်း။ မီးမြွေကြီးမှာ ကျန်းလန်ကို တစ်ချက်ပင် မတိုက်ခိုက်လိုက်ရဘဲ အသက်ပျောက်သွားရသည်။

ထို့ပြင် အစပိုင်းတွင် ရန်သူထုတ်ဖော်အသုံးပြုလိုက်သည့် စွမ်းအားက မယုံကြည်နိုင်စရာကောင်းလောက်အောင် စွမ်းအားမြင့်မားနေခဲ့သည်။

ကြည့်ရသည်မှာ ရန်သူက သူ၏ စွမ်းအားများကို ထိန်းချုပ်နိုင်စွမ်း မရှိသည့်အလား ဖြစ်သည်။ နောက်ပိုင်းမှ ရန်သူက စွမ်းအားကို ပိုမိုနိုင်နင်းစွာ ထိန်းချုပ်လာနိုင်ဟန် ရှိသည်။

ထိုလူသားက ရုတ်တရက် စွမ်းအားများ မြင့်တက်လာသောကြောင့် ထိန်းချုပ်မရနိုင် ဖြစ်နေခြင်းလား။ ထိုသို့ဆိုလျှင် အဘယ့်ကြောင့် စွမ်းအားများ ရုတ်တရက် မြင့်တက်လာရပါသနည်း။

အနောက်ဘက်တောင်တန်းများတွင် စွမ်းအားများ ရုတ်တရက်မြင့်တက်လာသည့် လူတစ်ယောက် ရှိနေခြင်းမှာ…။

ဟော်ကျီး တစ်စုံတစ်ခုကို တွေးလိုက်မိသည်။

ထိုလူသားက ယခင်တလောက မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ခဲ့သည့် ပုဂ္ဂိုလ်များလား။

သူ အစကတည်းက ထိုသို့ဖြစ်မည်လားဟု တွေးခဲ့မိသည်။

သို့သော် မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ဖြတ်သန်းခဲ့သူသည် လူသားအင်မော်တယ် ကနဦးအဆင့်သာ ရှိရပေမည်။

ယခု ရန်သူကတော့ အဘယ့်ကြောင့် လူသားအင်မော်တယ် အလယ်ဆင့်သို့ ရောက်ရှိနေရပါသနည်း။

အရင်ကရော ဤကဲ့သို့ အဆင့်ခုန်တက်သည့် ဖြစ်ရပ်မျိုး ရှိခဲ့ဖူးပါသလား။

မရှိခဲ့ဖူးပေ။

အကြောင်းမှာ သွေးနီရောင်နဂါးသေခြင်းတရား စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခြင်း မည်သူမှ မရှိခဲ့ကြသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ယခု ရင်ဆိုင်ရသူ၏ ကျင့်ကြံခြင်းဆင့်ကို သာမန်အတွေးဖြင့် တိုင်းတာနိုင်မည် မဟုတ်ပေ။

"သေစမ်း… ငါ အဲဒီလူကို သွားပြီးရန်စမိတာပဲ…"

ဟော်ကျီး တွေးလိုက်သည်။

သူ အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားသော်လည်း ကြောက်ရွံ့စိတ် မဖြစ်မိပေ။

ထိုသူနှင့် ထိပ်တိုက်မတွေ့ရန် သူ ဆုံးဖြတ်ခဲ့သော်လည်း တကယ်တမ်း ထိပ်တိုင်တွေ့လာပြီ ဖြစ်သည့်အခါ ထိုလူသားကို ကိစ္စတုံးပစ်ရန်သာ ရှိသည်။

သူသာ ထိုသူကို မသတ်ဖြတ်နိုင်လျှင် ထိုသူက သူ့ကို သတ်သွားပေလိမ့်မည်။

တိုက်ပွဲတစ်ခုတွင် အားနည်းသူက ရွေးခြယ်စရာမရှိပေ။

ရန်သူက အားနည်းလျှင် ရန်သူက အသက်ရှင်ရန် ရုန်းကန်ရမည်ဖြစ်ပြီး သူက အားနည်းလျှင် သူက အသက်ရှင်ရန် ရုန်းကန်ရမည် ဖြစ်သည်။

ယခု အားနည်းသူက သူကိုယ်တိုင် ဖြစ်နေပြီဖြစ်ရာ အသက်ရှင်သန်ရန် ရုန်းကန်ရတော့မည် ဖြစ်၏။

ရန်သူကို သတ်ဖြတ်နိုင်လျှင် သူ့အနေဖြင့် အသက်ရှင်သန်ခွင့် ရရှိမည် ဖြစ်သည်။

ဟော်ကျီး တုန့်ဆိုင်းမနေတော့ဘဲ လုန်မန်နှင့် တိုက်ခိုက်နေသည့် သူ့လူတစ်ယောက်ကို အကူအညီလှမ်းတောင်းလိုက်သည်။

"မန်နျို… ကျုပ်နဲ့ လာကူတိုက်ပေး…"

သူတို့ဘက်မှ လူများသည်ဖြစ်ရာ ရန်သူကို တစ်ယောက်တည်းတိုက်ခိုက်စရာ အကြောင်းမရှိပေ။

တစ်ယောက်တည်းတိုက်ခိုက်သူများက ပုံမှန်အားဖြင့် သေလမ်းရောက်ကြသည်က များသည်။

ဟော်ကျီး၏စကားကိုကြားသည်နှင့် လုန်မန်နှင့်တိုက်ခိုက်နေသည့် နွားရိုင်းနတ်မိစ္ဆာ မန်နျိုက ချက်ချင်း နောက်လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက ဟော်ကျီးကို ကူညီရန် လှည့်ထွက်သွား၏။

သူ့အနေဖြင့် တွေးတောနေစရာမလိုဘဲ အမိန့်ကိုနားထောင်ရန်သာလိုသည်။

သို့သော် သူ လမ်းတစ်ဝက်အရောက်မှာပင် ဟော်ကျီးရှိရာသို့ ဖြတ်သန်းဝင်ရောက်သွားသည့် လက်သီးတစ်ချက်ကို တွေ့မြင်လိုက်ရသည်။

ဟော်ကျီး၏မျက်နှာတွင် မယုံနိုင်ခြင်းများဖြင့် ပြည့်နက်သွားသည်။

ဟုတ်ပေ၏။

ဟော်ကျီးမှာ ကျန်းလန်၏ လက်သီးချက်ကို ရှင်းရှင်းလင်းပင် မတွေ့မြင်လိုက်ရပေ။

ရန်သူက တန်ခိုးစွမ်းအားမြင့်မားသည်ကို သိရှိထားသော်လည်း ထိုမျှလောက် စွမ်းအားပြင်းထန်လိမ့်မည်ဟု ထင်မထားမိပေ။

ယခုတော့ ရန်သူက မည်မျှ ကြောက်မက်ဖွယ်ရာဖြစ်ကြောင်း သူ ခံစားမိခဲ့ပြီ ဖြစ်သည်။

ဟော်ကျီး သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားလိုက်သော်လည်း အရာမထင်ခဲ့ပေ။

သူပြုလုပ်လိုက်သည့် ခုခံကာကွယ်မှုအားလုံးက ကျန်းလန်၏လက်သီးချက်အောက်တွင် တစ်စစီ ဖြိုခွင်းခံလိုက်ရသည်။ သူကိုယ်တိုင်လည်း တစ်စစီ ကြေမွသွားခဲ့လေသည်။

ထိုသူသည်ကား သွေးနီရောင်နဂါးကို လက်သီးတစ်ချက်တည်းဖြင့် တစ်စီ ဖြိုခွင်းလိုက်သူဖြစ်ကြောင်း ဟော်ကျီး အသက်မပျောက်ခင် အတည်ပြုလိုက်နိုင်သည်။

ထို့နောက်တွင်တော့…

"ဟူး…"

ဟော်ကျီး၏ ခန္ဓာကိုယ်က မီးတောက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် ပျောက်ကွယ်သွားသည်။

သူက မီးထဲမှ မွေးဖွားလာသူဖြစ်ပြီး ယခုတော့ မီးလောင်ကျွမ်း၍ပင် သေဆုံးခဲ့ရပြီ ဖြစ်သည်။

ဤသည်က သူ့ဘဝဖြစ်၏။

နောက်ဆုံးတော့ ဟော်ကျီး သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

အဖြစ်အပျက်များက မြန်ဆန်လွန်းရာ အခြားသူများမှာလည်း ဘာဖြစ်သွားမှန်းပင် မသိလိုက်ကြပေ။

ဟော်ကျီးက သူတို့အားလုံးထဲတွင် တန်ခိုးစွမ်းအား အမြင့်မားဆုံး ဖြစ်သည်။ သို့သော် ယခုတော့ ဟော်ကျီးကို ရန်သူက လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်ပေပြီ။

ဟော်ကျီးက ရန်သူကို လျှော့တွက်ခဲ့ခြင်း မရှိခဲ့ပေ။

သို့ပေသိ ဟော်ကျီးက ရန်သူကို လျှော့တွက်ခဲ့သည်ဆိုလျှင်တောင်မှ ထိုမျှလောက် အဖြစ်ဆိုးဖြင့် မသေဆုံးသင့်ခဲ့ပေ။

ကျန်းလန် နေရာတွင်ပင် ရပ်နေလေသည်။

သူလည်း အနည်းငယ် အံ့အားသင့်နေမိသည်။

ဟော်ကျီးမှာ နွားရိုင်းကိုးကောင်စွမ်းအားနှင့် ဝိညာဉ်ဖိနှိပ် တန်ခိုးစွမ်းအား (၂)ခု၏ ပေါင်းစည်းမှုအောက်တွင် အသက်ပျောက်သွားခြင်း ဖြစ်သည်။

ထိုစွမ်းအား (၂)ခု ပေါင်းစပ်ခြင်းက ဟော်ကျီးကို အမှုန့်ပင်မကျန်အောင် သေဆုံးသွားစေဟန် ရှိသည်။

"ဘူး…"

မန်နျို ကြုံးဝါးအော်ဟစ်လိုက်ပြီး ကျန်းလန်ရှိရာသို့ တန်းတန်းမတ်မတ် ဝင်ရောက်တိုက်ခိုက်လိုက်သည်။ သူ ရှေ့သို့တိုးလာသည်နှင့် ကြီးမားသည့် ဖိအားကြီးတစ်ခုပါ ထွက်ပေါ်လာသည်။

သူက ဟော်ကျီးကို ကူညီရန်အတွက် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ယခု ဟော်ကျီးသေဆုံးသွားပြီဖြစ်လေရာ တာဝန်က သူ့ပခုံးပေါ်သို့ ကျရောက်လာပြီ ဖြစ်သည်။ သူ အရှုံးပေးပြီး နောက်ပြန်ဆုတ်မသွားနိုင်ပေ။

ကျန်းလန်အနားသို့ မန်နျိုရောက်ရှိလာသည်နှင့် ဖိအားက ပိုမိုပြင်းထန်လာသည်။ လေထုတစ်ခုလုံးကို ဖိနှိပ်ထားသည့်အလား ထင်မှတ်ရသည်။

ကျန်းလန်က ထိုစွမ်းအားကို ရင်ဆိုင်ရန်အတွက်  နွားရိုင်းကိုးကောင်စွမ်းအားကို ထုတ်ဖော်အသုံးပြုရန် ပြင်ဆင်လိုက်သည်။

သူ လှုပ်ရှားရန် ဟန်ပြင်လိုက်စဉ်မှာပင် မြေကြီးအတွင်းမှ နွယ်ပင်များထွက်ပေါ်လာပြီး ကျန်းလန်၏ခြေထောက်များကို ရစ်ပတ်ထားလိုက်သည်။

လုန်မန်နှင့်တိုက်ခိုက်နေသည့် သစ်ပင်နတ်မိစ္ဆာက သူ့ကို လှမ်းပြီးတိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း ကျန်းလန် သိလိုက်သည်။

သို့သော် သစ်ပင်နတ်မိစ္ဆာတိုက်ခိုက်လိုက်သည့် တိုက်ကွက်က အချိန်ဆွဲသည့် တိုက်ကွက်မျှသာဖြစ်ပြီး တန်ခိုးစွမ်းအား နည်းပါးလွန်းသည်။

ကျန်းလန်က နွယ်ပင်များ၏ တိုက်ခိုက်မှုကို လျစ်လျူရှုလိုက်ပြီး ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းကို အသုံးပြုကာ မန်နျိုရှေ့သို့ ရောက်ရှိသွားသည်။

ထို့နောက် မန်နျိုထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။

"ဘုန်း…"

ပြင်းထန်လှသည့် စွမ်းအားကြီးက မန်နျိုကို လွင့်ထွက်သွားစေသည်။

ယခုတစ်ကြိမ်တွင် ကျန်းလန်က နွားရိုင်းကိုးကောင်စွမ်းအားကို အမြင့်ဆုံးအဆင့်ထိ ထုတ်ဖော်အသုံးပြုလိုက်ခြင်း ဖြစ်သည်။

သို့သော် နွားရိုင်းကိုးကောင်စွမ်းအား အထွတ်ထိပ်သို့ ရောက်ရှိသွားချိန် အန္တရယ်ကိုးသွယ်စွမ်းအားက သူ့လက်သီးအတွင်းသို့ စီးဆင်းဝင်ရောက်လာသည်။

ဤသည်က လုံး၀ ပြီးပြည့်စုံသည့် စွမ်းအားတစ်ခု ဖြစ်သည်။

"ဘုန်း…"

လက်သီးချက် ဖြတ်သန်းသွားသည်နှင့် ကောင်းကင်တစ်ခုလုံး သွေးမှုံများဖြင့် လွင့်ပျံပြည့်နက်သွားသည်။

လက်သီးချက်၏ စွမ်းအားက ကောင်းကင်အထိ ထိုးဖောက်ဝင်ရောက်သွားပြီး မမြင်နိုင်သည့် အန္တရယ်အရိပ်အငွေ့များ ကောင်းကင်တစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။

ကြီးမားလှသည့် အဖျက်စွမ်းအားကြီးတစ်ခုက လောကတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ကောင်းကင်ထက်မှ ဘေးအန္တရယ်ကပ်ဆိုးကြီးတစ်ခု ဆင်းသက်လာသည့်အလား ခံစားလိုက်ကြရသည်။

ပတ်ဝန်းကျင်တစ်ခုလုံး သွေးမှုံများ လွင့်ပျံသွားသည်ကို တွေ့လိုက်သည်နှင့် သစ်ပင်နတ်မိစ္ဆာ၏ရင်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားသည်။

ထိုစွမ်းအားက ကြောက်မက်ဖွယ်ရာကောင်းလွန်းလှပေ၏။

သစ်ပင်နတ်မိစ္ဆာက ကျန်းလန်ထံသို့ ဝင်ရောက်တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ့ထံသို့ဝင်ရောက်လာသည့် လက်သီးတစ်ချက်ကို တွေ့မြင်လိုက်ရသည်။

"ဘုန်း…"

ထို့နောက် သူ့ကမ္ဘာတစ်ခုလုံး မှောင်အတိကျသွားတော့သည်။

ကျန်းလန်ကတော့ သွေးမှုံများအလယ်တွင် မတ်တတ်ရပ်လျှက်ရှိပြီး တစ်ခဏမျှ တုန့်ဆိုင်းနေသည်။

ထို့နောက် သူက ခေါင်းကိုမော့လိုက်ပြီး မနီးမဝေးတစ်နေရာတွင်ရှိနေသည့် လုန်မန်ကို လှမ်းကြည့်လိုက်သည်။

ထို့နောက် ကျန်းလန်က ချင်းယီရေစင်ပန်းကို ထုတ်ယူလိုက်ပြီး သိမ်မွေ့သည့်လေသံဖြင့်…

"မင်း ဒီဆေးပင်ကို လိုချင်သလား…"

သူ့အသံက တိုးလျသည့်တိုင် မရဏလောကမှထွက်ဖော်လာသည့် တီးတိုးသံအလား ဖြစ်လေတော့သည်။

All Chapters