အခန်း (၁၀၀၆-၁၀၀၈)
Vol. 68 Ch. 1006-1008
အခန်း(၁၀၀၆)
ကျန်းချန်က အင်ပါယာ အမွေအနှစ်နယ်မြေ ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် လေထဲတွင် နစ်ဝင်သွားသလို ခံစားလိုက်ရသည်။
နောက်ထပ် တခဏအတွင်း သူသည် ပတ်ဝန်းကျင်တွင် ရှေးဟောင်း အငွေ့အသက်များ ပေါ်ထွက်နေသော သစ်တောအုပ်တစ်ခု အတွင်းသို့ ရောက်ရှိသွားခဲ့သည်။
လေထုထဲတွင်မူ ကောင်းကင်နှင့်မြေကြီးမှ ဖန်တီးထားသောကြီးမားသော ဖိအားတစ်ခု ရိုက်ခတ်နေခဲ့သည်။
"ပကတိ အင်ပါယာတစ်ပိုင်းရဲ့ အမွေအနှစ်နယ်မြေက တခြားသော အမွေအနှစ် နယ်မြေတွေထက် ဖိအားတွေ ပိုများတာပဲ"
ဤရက်ပိုင်းအတွင်း ကျန်းချန်သည် သူ့ဆရာ ရှောင်တုလီ ပေးထားသည့် အချက်အလက်ထဲမှ တဆင့် အင်ပါယာ အမွေအနှစ် နယ်မြေနှင့် ပတ်သက်၍ အကြမ်းဖျင်း နားလည်ထားခဲ့သည်။
အင်ပါယာ အမွေအနှစ်နယ်မြေသည် ပကတိ အင်ပါယာတစ်ပိုင်း ကျင့်ကြံသူ၏ အင်အားစု ဖြစ်သော ရွှယ်မင်သူတော်စင်နယ်မြေ၏ တည်နေရာ ဖြစ်သည်။
နောက်ပိုင်းတွင် ပကတိအင်ပါယာ တစ်ပိုင်း ကျင့်ကြံသူသည် သူသေဆုံးခါနီး အချိန်၌ ရွှယ်မင်သူတောင်စင် နယ်မြေကို အစွမ်းထက်ဆုံး မှော်စွမ်းအားများဖြင့် စည်းတံဆိပ်ခတ် ချိတ်ပိတ်ထားလိုက်ပြီး ယခုလက်ရှိ အင်ပါယာ အမွေအနှစ် နယ်မြေကို ဖန်တီးခဲ့သည်။
ယနေ့ခတ် အင်ပါယာ အမွေအနှစ် နယ်မြေ၏ နေရာလွတ် တစ်ခုလုံးသည် ပကတိ အင်ပါယာတစ်ပိုင်း၏ ဥပဒေသများ လွှမ်းမိုးထားဆဲ ဖြစ်သည်။
ဤနေရာတွင် မည်သည့် အဆင့်ရှိ ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ် ဖြစ်နေပါစေ များစွာဖိနှိပ်ခံရမည်ဖြစ်သည်။
သိုင်းသခင်နယ်ပယ် ကျင့်ကြံသူများပင်လျှင် ဤနေရာတွင် လေထဲကနေ ပျံသန်းရန် ခက်ခဲ၏။
အင်ပါယာ အမွေအနှစ်နယ်မြေ၏ ဖိအားသည် အလွန်တရာ ပြင်းထန်သော်လည်း ကျန်းချန်သည် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သည့်အပြင် နဂါးပြာ သန္ဓေ ခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင်ထား၍ သာမန်လူသားများထက် များစွာ သာလွန်သည်ဖြစ်ရာ ဤနေရာရှိ ပတ်ဝန်းကျင်နှင့် လျင်မြန်စွာပင် လိုက်လျောညီထွေ ဖြစ်သွားခဲ့သည်။
"ကျန်းချန်.. ဒီဧကရာဇ် အရင်က အင်ပါယာ အမွေအနှစ် နယ်မြေကို အထင်သေးမိခဲ့တယ်.. ရွှယ်မင်သူတော်စင်နယ်မြေရဲ့ အရှင်သခင်က ပကတိအင်ပါယာတစ်ပိုင်း ကျင့်ကြံသူ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. သူ့ရဲ့ မှော်စွမ်းအားက တကယ်ကို ကြောက်စရာပဲ.. ဒီနယ်မြေ တစ်ခုလုံးကိုတောင် သူ့ရဲ့ ဥပဒေသတွေနဲ့ ထိန်းချုပ်ထားပုံရတယ်... ငါအပြင်ကို ထွက်လာရင် ဒီဥပဒေသတွေကြောင့် အလွယ်တကူ ဖျက်ဆီးခံရမှာ ငါစိုးရိမ်မိတယ်"
ထိုအချိန်တွင် သွေးမြစ်၏ အသံသည် ကျန်းချန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
သွေးမြစ်ပင်လျှင် အင်ပါယာ အမွေအနှစ်နယ်မြေတွင် ကန့်သတ်ခံခဲ့ရ၏။
သွေးမြစ်၏ အသံကိုကြားလျှင် ကျန်းချန်သည် ခေါင်းခါရမ်းလိုက်သည်။
သူ့တွင် အခြား ရွေးချယ်စရာမရှိတော့ပေ။
မူလက သူသည် သွေးမြစ်၏ စွမ်းအားကို အသုံးပြု၍ အင်ပါယာ အမွေအနှစ် နယ်မြေထဲမှ အရင်းအမြစ် အချို့ကို အလျင်အမြန် ရယူလိုခဲ့သည်။
ယခုအခါ အရာအားလုံးသည် သူ့အပေါ်တွင်သာ မူတည်တော့မည် ဖြစ်သည်။
"အစီအစဥ်အတိုင်း ရှေးဟောင်းဆေးဥယျာဥ်ဆီ အရင်သွားရမယ်"
ကျန်းချန်က ခဏမျှ စဥ်းစားပြီးနောက်တွင် အလျင်အမြန်ပင် ဆုံးဖြတ်ချက် ချလိုက်သည်။
ရွှယ်မင်သူတော်စင် နယ်မြေသည် ကြယ်ငါးပွင့် အင်အားစု နယ်မြေ၏ အဆင့်အတန်းနှင့် အကန့်အသတ်မရှိ နီးစပ်သော ရှေးဟောင်း သူတော်စင်နယ်မြေ တစ်ခု ဖြစ်ပြီး အလွန်ကြီးမားသော ဧရိယာကို လွှမ်းမိုးထားကာ ယန်ဒီမြို့ထက်ပင် ပိုမို ကျယ်ပြန့်၏။
ရွှယ်မင် သူတော်စင်နယ်မြေ၏ အရှင်သခင်သည် သူသေဆုံးခါနီးတွင် အမြင့်ဆုံး မှော်စွမ်းအားများဖြင့် ရွှယ်မင်သူတောင်စင်တောင်ထွတ် တစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့ပြီး ကြီးမားသော လျှို့ဝှက် နေရာတစ်ခုကို ဖန်တိီးခဲ့သည်။
ဤလျှို့ဝှက်နေရာ ထဲတွင် မရေမတွက်နိုင်သော ရတနာများ နှင့် အခွင့်အလမ်း များစွာ ရှိနေခဲ့၏။
နှစ်ပေါင်းတစ်သောင်း နီးပါး ရှာဖွေစူးစမ်းပြီးနောက်တွင် သူတော်စင်မြို့တော် ငါးမြို့သည် ကြီးမားသော အခွင့်အလမ်းများ ရှိသည့် နေရာများကို စာရင်းများဖြင့် ပြုစုထားခဲ့ကြသည်။
ကျန်းချန် ယခုသွားရောက်မည့် ရှေးဟောင်း ဆေးဥယျာဥ်သည် ထိုနေရာများထဲမှ တစ်ခု ဖြစ်သည်။
ဤရှေးဟောင်း ဆေးဥယျာဥ်သည် ရွှယ်မင်သူတော်စင်နယ်မြေတွင် ဆေးပင်များ စိုက်ပျိုးသည့် နေရာလည်း ဖြစ်၏။
ထိုအထဲတွင် ကောင်းကင်နှင့်မြေကြီး၏ ရတနာများလည်း ရှိသည်။
ဆိုရလျှင် ရှေးဟောင်း ဆေးဥယျာဥ်မှ ဆေးပင်များသည် နှစ်သောင်းချီ တည်တံ့ခဲ့၍ ၎င်းတို့၏ ဆေးဖက်ဝင် စွမ်းအားသည် အလွန်ကြောက်မက်ဖွယ် ကောင်းသော အဆင့်သို့ ရောက်ရှိနေခဲ့ပြီး ဆေးပင်တစ်ပင်ချင်းစီသည် ပြင်ပတွင်ပင် ရှားပါးသော ရတနာများ ဖြစ်သည်။
ထို့အပြင် ရှေးဟောင်း ဆေးဥယျာဥ်ထဲတွင် ရွှယ်မင် သူတော်စင်နယ်မြေ၏ တန်ဖိုးအရှိဆုံး ရတနာသုံးပါးထဲမှ တစ်ပါးဖြစ်သော ရွှယ်လင်သိဒ္ဓိစမ်းရေ ရှိသည်။
ဤရွှယ်လင်သိဒ္ဓိစမ်းရေသည် သိုင်းသခင်နယ်ပယ် အဆင့်မှ ကျင့်ကြံသူများ၏ ဝိညာဥ်များကို မြှင့်တင်ပေးပြီး ဘုရင်စိတ်ဆန္ဒကို စုစည်းရန်အတွက် ထောက်ပံ့ပေးနိုင်သည့် ကောင်းကင်နှင့်မြေကြီး၏ ရတနာတစ်ပါး ဖြစ်သည်ဟု ဆိုကြသည်။
ရှေးဟောင်းဆေးဥယျာဥ်သည် မရေမတွက်နိုင်သော ကျင့်ကြံသူများကို လောဘတက်စေမည် ဖြစ်သော်လည်း ဆန်းကြယ်သော အစီအရင်ဖြင့် တားဆီး ကာကွယ်ထားသည်။
ဤအတားအဆီ အစီအရင်သည် အင်ပါယာ အမွေအနှစ်နယ်မြေ စတင် ဖွင့်လှစ်ချိန်တွင် အလွန် အစွမ်းထက်သော်လည်း ဖွင့်လှစ်ချိန် ကြာမြင့်လာသည်နှင့်အမျှ တဖြည်းဖြည်း အားနည်းသွားမည် ဖြစ်သည်။
ထိုအကြောင်းကြောင့်ပင် အင်ပါယာ အမွေအနှစ်နယ်မြေသို့ ဝင်ဝင်ချင်းတွင် လူအနည်းငယ်လောက်သာ ရှေးဟောင်းဆေးဥယျာဥ်သို့ သွားရောက်ရန် ရွေးချယ်လေ့ရှိကြ၏။
ကျန်းချန်ကမူ အဆတစ်ရာစနစ်၏ အထောက်အပံ့ရှိပြီး အစီအရင် ပညာရပ်တွင်လည်း မနိမ့်ကျသောကြောင့် ရှေးဟောင်းဆေးဥယျာဥ်၏ အတားအဆီး အစီအရင်သည် သူ့အတွက် အခက်အခဲ မရှိသလောက် ဖြစ်၏။
ကျန်းချန်သည် အင်ပါယာ အမွေအနှစ်နယ်မြေ၏ အချက်အလက်များကို လေ့လာစဥ်ကတည်းကပင်ရှေးဟောင်း ဆေးဥယျာဥ်သို့ ဦးစွာ သွားရောက်၍ ရှာဖွေစူးစမ်းရန် ဆုံးဖြန်ချက် ချထားခဲ့ပြီးသား ဖြစ်သည်။
အခန်း(၁၀၀၆)ပြီး၏။
အခန်း(၁၀၀၇)
အင်ပါယာ အမွေအနှစ်နယ်မြေသည် နှစ်တစ်ရာတွင် တစ်ကြိမ်သာ ဖွင့်လှစ်သည်။
ဖွင့်လှစ်သည့် အချိန်တိုင်းတွင် သူတော်စင်မြို့တော် ငါးမြို့မှ ထိပ်တန်း တပည့်များ စူးစမ်းလေ့လာနိုင်သည့် ဧရိယာသည် အလွန် အကန့်အသတ် ရှိ၏။
အကြောင်းရင်းမှာ အင်ပါယာ အမွေအနှစ် နယ်မြေသည် အလွန်ပင် ကျယ်ပြန့်သောကြောင့် ဖြစ်သည်။
ယခုအထိ ကျင့်ကြံသူများသည် အင်ပါယာ အမွေအနှစ်နယ်မြေ၏ ခုနစ်ဆယ် ရာခိုင်နှုန်းအောက်ကိုသာ စူးစမ်းရသေး၏။
ကျန်းချန်၏ လက်ထဲတွင် ရှိသော အင်ပါယာ အမွေအနှစ်နယ်မြေ၏ အချက်အလက်များသည် သုံးဆယ် ရာခိုင်နှုန်းအောက်သာ ရှိသည်။
ထို့ကြောင့် ကျန်းချန်သည် အကန့်အသတ်ရှိသော အချက်အလက်များကို အားကိုးကာ ပတ်ဝန်းကျင် မြေအနေအထားပေါ် မူတည်၍ တည်နေရာကို လေ့လာဖော်ထုတ်ပြီး ရှေးဟောင်းဆေးဥယျာဥ် ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် ကျန်းချန်သည် အင်ပါယာအမွေ အနှစ် နယ်မြေထဲသို့ ကျပန်းရွှေ့ပြောင်း၍ ရောက်လာသည့် တပည့်အချို့နှင့် ကြုံတွေ့ခဲ့ရသည်။
သို့သော်လည်း ကျန်းချန်သည် ထိုသူများနှင့် ထိတွေ့ ဆက်ဆံခြင်းမရှိဘဲ ရှေးဟောင်း ဆေးဥယျာဥ်သို့သာ အလျင်အမြန် ခရီးဆက်ခဲ့သည်။
မကြာမီမှာပင် ပေဆယ်ချီ ကျယ်ဝန်းသော ကန်တစ်ကန်သည် သူမျက်လုံးထဲတွင် ပေါ်ထွက်လာခဲ့သည်။
ရှန်းဖုန်းမြို့မှ ပါရမီရှင် အချို့သည် အလွန် အစွမ်းထက်သော ဆဋ္ဌမအဆင့် သားရဲနှစ်ကောင်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်ကို သူတွေ့လိုက်ရ၏။
ကျန်းချန်က အနည်းငယ် အကဲခတ်လိုက်သောအခါ ရေကန်၏ ဘေးတွင် ခရမ်းရောင် တောက်ပနေသော အပင်တစ်ပင်ကို တွေ့လိုက်ရသည်ည်။
"ဒါ ဒါက ဒဏ္ဍာရီလာ ခရမ်းရောင် သွေးနတ်ဘုရား သစ်ပင်ပါလား"
ကျန်းချန်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ခရမ်းရောင် သွေးနတ်ဘုရားသစ်ပင်သည် အလွန်ရှားပါးသည့် သွေးနှင့် ပတ်သက်သော ရတနာတစ်ပါး ဖြစ်ပြီး သွေးစွမ်းအင်ကို အထူးလှုံ့ဆော်ပေးနိုင်သော အကျိုးသက်ရောက်မှု ရှိသည်။
အင်ပါယာ သွေးစွမ်းအားကို ပိုင်ဆိုင်ထားသည့် သူတော်စင်မြို့တော် ငါးမြို့မှ ပါရမီရှင်များ အတွက် ခရမ်းရောင် သွေးနတ်ဘုရား သစ်ပင်သည် သံသယဝင်စရာ မရှိလောက်အောင်ပင် စိတ်ကူးယဥ်ဆန်သော ရတနာတစ်ပါး ဆိုလည်းမမှားပေ။
ကျန်းချန်က ရှန်းဖုန်းမြို့မှ ပါရမီရှင်များကို အကဲခတ်လိုက်ပြီးနောက် ခရမ်းရောင် သွေးနတ်ဘုရားသစ်ပင် အတွက် ၎င်းတို့နှင့် ရင်ဆိုင်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
ရှန်းဖုန်းမြို့မှ တပည့်များသည် အားမနည်းဘဲ ထိုအထဲမှ နှစ်ဦးသည် သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ဆိုရလျှင် ခရမ်းရောင် သွေးနတ်ဘုရား သစ်ပင်က တန်ဖိုးကြီးမားသော်လည်း ရှေးဟောင်း ဆေးဥယျာဥ်တွင် ထိုကဲ့သို့ ရှားပါးဆေးပင်များ မရေမတွက်နိုင်အောင် ရှိနေသဖြင့် ကျန်းချန်သည် ခရမ်းရောင် သွေးနတ်ဘုရား သစ်ပင် အတွက် အချိန်ဖြုန်းလိုခြင်း မရှိခဲ့ပေ။
ထို့အပြင် သူ့တွင် အစီအရင်ပညာရပ် အားသားချက် ရှိနေ၍ ရှေးဟောင်း ဆေးဥယျာဥ်ကို ဦးစွာ စူးစမ်းလိုခဲ့သည်။
ကျန်းချန်က ၎င်းတို့ကို ကျော်ဖြတ်၍ ရှေ့ဆက်သွားရန် ပြင်ဆင်နေစဥ်မှာပင် အေးစက်စက် အော်သံတစ်သံသည် ရုတ်တရက် ကျန်းချန် နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
"ကောင်လေး ရပ်လိုက်စမ်း"
ကျန်းချန်က သူ၏ ခြေလှမ်းကို ချက်ချင်းပင် ရပ်တန့်လိုက်သည်။
သူက အသံလာရာဆီသို့ ကြည့်လိုက်ရာ သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်ရှိ လူငယ်တစ်ဦးသည် သူ့ကို မကြည်လင်သော မျက်နှာထားဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။
ကျန်းချန်က ထိုရှန်းဖုန်းမြို့မှ တပည့်ကို ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်၏။
"မစိုးရိမ်ပါနဲ့.. ကျွန်တော်က လမ်းကြုံလို့ ဖြတ်သွားရုံပါပဲ.. ဒီ ခရမ်းရောင် သွေးနတ်ဘုရားသစ်ပင်ကို ခင်ဗျားတို့နဲ့ လုယူမှာ မဟုတ်ပါဘူး"
"လမ်းကြုံပဲဖြတ်ဖြတ် မကြုံပဲဖြတ်ဖြတ် ဒီရေကန်ရဲ့ ပေတစ်ရာ ပတ်လည်အတွင်းကို ဘယ်သူမှ ဝင်ရောက်ခွင့်မရှိဘူး"
ရှန်းဖုန်းမြို့မှ တပည့်က ကျန်းချန်ကို နိုင်ထက်စီးနင်း အမူအရာဖြင့် ကြည့်လိုက်သည်။
"မင်းမှာ အခုရွေးချယ်စရာနှစ်လမ်းပဲ ရှိတယ်.. တစ်လမ်းက တခြား လမ်းကြောင်းကနေသွား ဒါမှမဟုတ်ရင်လည်း ပေတစ်ရာထိ နောက်ဆုတ်ပြီး ငါတို့ သွေးနတ်ဘုရားသစ်ပင်ကို ရတဲ့အထိ စောင့်ဆိုင်းရမယ်"
ရှန်းဖုန်းမြို့မှ တပည့်၏ အလွန် အထက်စီးဆန်သော စကားကို ကြားလျှင် ကျန်းချန်၏ မျက်နှာထားသည် အနည်းငယ် သုန်မှုန်သွားခဲ့သည်။
ရှန်းဖုန်းမြို့မှ တပည့်များသည် ကိုယ့်ကိုယ်ကိုယ် အတော်လေး အထင်ကြီးကြပုံ ရသည်။
သူက ရှန်းဖုန်းမြို့မှ တပည့်များနှင့် ပဋိပက္ခ ဖြစ်ရန် မလိုလားခဲ့သော်လည်း ထိုသူများသည် သူ့ကို စတင်၍ ပြဿနာ ရှာလာခဲ့သည်။
ဤရေကန်သည် အထူးနေရာတွင် တည်ရှိကာ ကြီးမားသော တောင်နှစ်လုံး ကြားတွင် ရှိသည်။
အကယ်၍ သူသာ လမ်းကြောင်းပြောင်းရမည် ဆိုလျှင် ကြီးမားသော တောင်နှစ်လုံးကို ပတ်၍ သွားရမည်ဖြစ်ရာ အလကားနေရင်း အချိန်ဖြုန်းသလို ဖြစ်သွားပေလိမ့်မည်။
ရှန်းဖုန်းမြို့မှ တပည့်များ သွေးနတ်ဘုရားသစ်ပင်ကို ယူပြီးသည်အထိ စောင့်ဆိုင်းရန်မှာလည်း ကျန်းချန်၏ စရိုက်နှင့် မကိုက်ညီပေ။
"ဟားဟား.. မင်းတို့က သူတော်စင်မြို့တော် ငါးမြို့ရဲ့ နံပါတ်တစ် မြို့တော်ဖြစ်တဲ့ ရှန်းဖုန်းမြို့ရဲ့ တပည့်တွေ ဖြစ်ဖို့ ထိုက်တန်ပါပေတယ်.. တစ်ကယ်ကို မောက်မာကြတာပဲ"
ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
"အကယ်၍ ငါက အခုပဲ ဖြတ်သွားမယ်ဆိုရင်ရော"
ထိုစကားကိုကြားလျှင် ရှန်းဖုန်းမြို့မှ တပည့်သည် ကျန်းချန်ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် စူးရဲစွာကြည့်၍ ပြောလိုက်သည်။
"ရှေ့ဆက်တိုးတာနဲ့ မင်းသေရလိမ့်မယ်"
"တကယ်လား"
ကျန်းချန်က အေးစက်စက် ပြုံးလိုက်သည်။
သူ၏ မောက်မာသောအသံသည် လေထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။
"အစကတော့ ဒီခရမ်းရောင် သွေးနတ်ဘုရား သစ်ပင်ကို မင်းတို့နဲ့ ပြိုင်လုဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူး.. ဒါပေမယ့် မင်းတို့က ငါ့ကို အတင်းအကြပ် တွန်းအားပေးနေမှတော့ ဒိီအချိန်ကစပြီး ခရမ်းရောင် သွေးနတ်ဘုရား သစ်ပင်က ငါ့အပိုင်ပဲ"
အခန်း(၁၀၀၇)ပြီး၏။
အခန်း(၁၀၀၈)
"ကောင်လေး မင်းသေချင်နေပြီလား"
ကျန်းချန်၏ စကားကိုကြားလျှင် ရှန်းဖုန်းမြို့မှ ပါရမိီရှင် တစ်ဦး၏ မျက်နှာထက်တွင် အေးစက်စက်အမူအရာ ဖြစ်ပေါ်လာခဲ့ပြီး ခန္ဓာကိုယ်ကနေ လူသတ်ငွေ့များ ပြင်းပြစွာ ထွက်ပေါ်လာခဲ့သည်။
"ငါ့အမြင်မှာတော့ သေချင်နေတာ မင်းတို့ပဲ"
ကျန်းချန်က မထီတရီ ကြည့်လိုက်ပြီး စိတ်မရှည်သော အမူအရာဖြင့် ပြောလိုက်သည်။
"မင်းတို့ကို တစ်မိနစ် အချိန်ပေးမယ်..ဒီခရမ်းရောင် သွေးနတ်ဘုရားသစ်ပင်ကို ဒီအတိုင်း ထားပြီး ငါ့ရှေ့ကနေ ပျောက်ကွယ်သွားကြ.. ငါ့ကို လူသတ်ချင်လာတဲ့အထိ ဖိအားမပေးကြနဲ့"
"ဟားဟား.. သောက်ကလေးက စကားကြီး စကားကျယ်တွေ ပြောနေတာ လျှာခေါက်မှာ မကြောက်ဘူးလား"
ရှန်းဖုန်းမြို့မှ ပါရမိီရှင်က ကျန်းချန်ကို မထီမဲ့မြင် အမူအရာဖြင့် လှောင်ရယ်လိုက်သည်။
သူ့ရှေ့မှ ကောင်လေး၏ ကျင့်ကြံခြင်းသည် သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်သာ ရှိသေးသည်။
သူတို့လေးယောက် အဖွဲ့တွင် ဆဋ္ဌမအဆင့် ကျင့်ကြံသူနှစ်ဦး ပါဝင်နေသည် ဖြစ်ရာ ဤကောင်လေးသည် သူတို့ရှေ့တွင် ဤကဲ့သို့ ပြောရဲသည့်သတ္တိကို မည်သည့်နေရာက ရလာမှန်း သူတကယ် မသိတော့ပေ။
"စီနိယာအကို ဒီကောင်က အကောင်းအဆိုးကို ဒီလောက်တောင် နားမလည်မှတော့ သူ့ကို သတ်ပစ်လိုက်ရအောင်"
ထို့အချိန်တွင် ရှန်းဖုန်းမြို့မှ အခြား တပည့်သုံးဦးသည် ဆဋ္ဌမအဆင့် သားရဲနှစ်ကောင်ကို ရှင်းလင်းပြီးသွားပြီ ဖြစ်သည်။
၎င်းတို့က ချက်ချင်းပင် ကျန်းချန်ကို အလျင်အမြန် ဝိုင်းရံလိုက်ကြသည်။
ရှန်းဖုန်းမြို့မှ တပည့်လေးဦးကို ရင်ဆိုင်နေရသော်လည်း ကျန်းချန်၏ မျက်နှာသည် အပြောင်းအလဲမရှိ တည်ငြိမ်မှု ရှိနေခဲ့သည်။
သူက ရှန်းဖုန်းမြို့မှ တပည့်လေးဦးကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
"မင်းတို့အတွက် အချိန်နည်းနေပြီ.. စက္ကန့်သုံးဆယ်ပဲ ကျန်တော့တယ် "
"ကောင်လေး မင်းဦးနှောက်ပျက်နေတာလား.. ဒိီလောက်တောင် သေချင်နေမှတော့ ငါတို့ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"
သိုင်းသခင်နယ်ပယ် ပဥ္စမအဆင့် ကျင့်ကြံသူ တစ်ယောက်က ကျန်းချန်ကို အရူးတစ်ယောက်အား ကြည့်နေသကဲ့သို့ ကြည့်လိုက်သည်။
ထို့နောက်တွင် သူ၏ပုံရိပ်က ကျန်းချန် ရှေ့တွင် လျှပ်တပြက်ပေါ်လာခဲ့ပြီး ကျန်းချန်ကို လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
သူ့ကို ပြင်းထန်စွာ တိုက်ခိုက်လာသော ရှန်းဖုန်းမြို့မှ တပည့်ကိုမြင်လျှင် ကျန်းချန်သည် ခေါင်းခါယမ်းလိုက်၏။
ထိုခဏမှာပင် သူ၏ပုံရိပ်သည် လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်၏ အမြန်နှုန်းမှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အလွန်တရာ လျင်မြန်နေခဲ့၏။
သူက လျှပ်တပြက် အတွင်းမှာပင် သူ့ကို လက်သီးဖြင့် ထိုးနှက်လိုက်သည့် ရှန်းဖုန်းတပည့်၏ နောက်ကျောဘက်သို့ ရောက်ရှိသွားခဲ့သည်။
သူ့လက်ထဲတွင် မည်သည့်အချိန်က ရောက်နေမှန်း မသိရသည့် သွေးနဂါးဓားလည်း ရှိနေခဲ့၏။
သူက ထိုသွေးနဂါးဓားဖြင့် ရှန်းဖုန်းမြို့မှ တပည့်၏ လည်ပင်းကို ပွတ်ဆွဲလိုက်ရာ လေထဲဲတွင် သွေးစီးကြောင်း တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ရှန်းဖုန်းမြို့မှ တပည့်၏ ဦးခေါင်းသည် လည်ပင်းမှ တိုက်ရိုက်လိမ့်ကျကာ တစ်ကိုယ်လုံးသည်လည်း မြေပြင်ထက်သို့ လဲကျသွားခဲ့သည်။
ကျန်းချန်က သူတို့၏ အပေါင်းအဖော် ဖြစ်သည့် သိုင်းသခင်နယ်ပယ် ပဥ္စမအဆင့် ကျင့်ကြံသူကို ပေါ့ပေါ့ပါးပါးပင် သတ်ဖြတ်လိုက်သည်ကို မြင်လျှင် ရှန်းဖုန်းမြို့မှ အခြားသော တပည့်သုံးဦးသည် အံ့အားသင့်သွားခဲ့ကြသည်။
သူတို့ရှေ့မှ လူငယ်သည် သိုင်းသခင်နယ်ပယ် ပဥ္စမအဆင့် ကျင့်ကြံသူကိုပင် လုံးဝ တုန့်ပြန်နိုင်ခွင့်မပေးဘဲ ချက်ချင်း သတ်ပစ်နိုင်ခဲ့သည်။
ထိုကဲ့သို့ ဖြစ်ရပ်မျိုး ဖြစ်လာလိမ့်မည်ဟု သူတို့ဘယ်လိုမှ မထင်ထားခဲ့ကြပေ။
အင်ပါယာ အမွေအနှစ်နယ်မြေထဲတွင် ပကတိအင်ပါယာတစ်ပိုင်း၏ ဥပဒေသကြောင့် ဖိနှိပ်ခံထားရသော်လည်း ကျန်းချန်သည် သူ၏ အမြန်နှုန်းကို ဤအဆင့်ထိ ရောက်အောင် ထုတ်သုံးနိုင်ဆဲ ဖြစ်သည်။
"ဒီကောင်က တကယ်ပဲ သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူမှ ဟုတ်ရဲ့လား.. ဒီကောင်က သာမန်တော့ မဟုတ်ဘူး.. ငါတို့အတူတူ တိုက်ကြရအောင်"
ကျန်းချန်ကို ပထမဆုံး ရင်ဆိုင်ခဲ့သော လူငယ်၏ မျက်နှာထားသည် သုန်မှုန်သွားခဲ့သည်။
သူက ချက်ချင်းပင် အပေါင်းအဖော် နှစ်ဦးကို လှုံ့ဆော်ကာ ကျန်းချန်ကို ဝင်ရောက် တိုက်ခိုက်လိုက်သည်။
သုံးဦးသား၏ ဝိုင်းရံတိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် တည်တည်ငြိမ်ငြိမ်ပင် ရှိနေခဲ့သည်။
သူ၏ရှေ့ရှိ ရှန်းဖုန်းမြို့မှ တပည့်သုံးဦး ထဲတွင် အသန်မာဆုံးသူမှာ လွန်ခဲ့သည့် သုံးလက သူနှင့် ယှဥ်ပြိုင်ခဲ့သည့် ရှောင်နန် နီးပါးလောက်သာ ရှိသည်။
သူက သိုင်းသခင်နယ်ပယ် ဒုတိယအဆင့်တွင် ရှိစဥ်ကပင် ရှောင်နန်ကို အနိုင်ယူနိုင်ခဲ့သည်။
ယခု သူ၏ခွန်အားသည် ယခင်ကထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်လာခဲ့ပြီ ဖြစ်ရာ ထိုသုံးယောက်သည် သူ့အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်တော့ပေ။
ကျန်းချန်က လေဆန္ဒ တတိယအဆင့်၏ အင်အားကို ထုတ်ဖော်ကာ သူရပ်နေသော နေရာကနေ ထပ်မံ ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ် တခဏတွင် သူ၏ ပုံရိပ်သည် ရှန်းဖုန်းမြို့မှ တပည့် အနီးသို့ ရောက်ရှိသွားခဲ့၏။
သူက လက်ထဲမှ သွေးနဂါးဓားကို လှုပ်ရှားလိုက်ရာ လေထဲတွင် သွေးစီးကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အခန်း(၁၀၀၈)ပြီး၏။