← Chapters

အခန်း (၁၀၀၉-၁၀၁၁)

Vol. 68 Ch. 1009-1011

အခန်း (၁၀၀၉-၁၀၁၁)

Vol. 68 Ch. 1009-1011

အခန်း(၁၀၀၉)

"ရွှစ်"

သွေးနဂါးဓားက ရှန်းဖုန်းမြို့မှ တပည့်၏ လည်ပင်းကို ဖြတ်တောက်လိုက်သည်နှင့် နီစွေးသော သွေးများ ပန်းထွက်လာခဲ့သည်။

ရှန်းဖုန်းမြို့မှ တပည့်သည် အော်ဟစ်ချိန်ပင် မရလိုက်ဘဲသူ၏ အပေါင်းအဖော်နောက်သို့ လိုက်သွားခဲ့ရသည်။

"မင်း.. မင်းက ဘယ်သူလဲ"

ကျန်းချန်က ဟင်းသီးဟင်းရွက်များ လှီးဖြတ်နေသကဲ့သို့ သူ၏ အပေါင်းအဖော် နှစ်ဦးကို လွယ်လွယ်ကူကူပင် တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်လိုက်သည်ကို မြင်လျှင် ကျန်ရှိသော ရှန်းဖုန်းမြို့မှ တပည့်နှစ်ဦး၏ မျက်နှာထက်တွင် အဆုံးသတ်၌ ထိတ်လန့်သော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။

သိထားရမည်မှာ အင်ပါယာ အမွေအနှစ်နယ်မြေထဲကို ဝင်ရောက်လာသူတိုင်းသည် သူတော်စင်မြို့တော် ငါးမြို့၏ ထိပ်တန်း ပါရမိိီရှင်များ ဖြစ်ကြသည်။

ထို့ကြောင့် ကျန်းချန်က သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်ဖြင့် သူတို့ထဲမှ တစ်ယောက်ကို ဓားကွက်တစ်ကွက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့သည်မှာ အတော်လေး အံ့အားသင့်စရာ ဖြစ်နေခဲ့သည်။

သူတို့ရှေ့မှ ကောင်လေးသည် အနည်းဆုံး ဧကရာဇ်အဆင့် ပါရမီရှင် တစ်ဦး ဖြစ်ရပေမည်။

ဧကရာဇ်အဆင့် ပါရမီရှင်များသည် ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့် အမျှ ခွန်အားလည်း အဆများစွာ တိုးတက် လာကြသည်။

သူတို့ ရှေ့မှလူငယ်က သိုင်းသခင်နယ်ပယ် ပဥ္စမအဆင့် ပါရမီရှင်ကို ဓားကွက် တစ်ကွက်တည်းဖြင့် သတ်လိုက်သည်မှာ အနည်းငယ် ထိတ်လန့်စရာ ကောင်းသော်လည်း အနည်းဆုံးတော့ သူတို့ လက်ခံနိုင်သည့် အတိုင်းအတာ အတွင်း ရှိနေပါသေးသည်။

သို့သော်လည်း ယခုအခါတွင်မူ သူတို့၏ မျက်စိအောက်မှာပင် ထိုလူငယ်သည် သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့် ဖြစ်သည့် သူတို့၏ အပေါင်းအဖော်ကို ဓားကွက် တစ်ကွက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်သည်။

အဆင့်တူ အတွင်း တစ်ကွက်တည်းဖြင့် သတ်ပစ်နိုင်သည်မှာ ဧကရာဇ်အဆင့် ပါရမီရှင်များ စွမ်းဆောင်နိုင်သည့် ကိစ္စမျိုး မဟုတ်ပေ။

သူတို့ ရှန်းဖုန်းမြို့၏ ထိပ်တန်းဧကရာဇ်အဆင့် ပါရမီရှင်ပင်လျှင် ထိုကဲ့သို့ လုပ်ဆောင်ရန် ခက်ခဲလိမ့်မည်ဟု သူထင်ခဲ့သည်။

"ဒီကောင်က အင်ပါယာအဆင့် ပါရမီရှင်များလား"

သူတို့ရှေ့မှ ကောင်လေးသည် အင်ပါယာအဆင့် ပါရမီရှင်နှင့် ယှဥ်နိုင်လောက်သည့် ပါရမီရှင်မျိုး ဆိုသည်မှာ သေချာသလောက် ဖြစ်၏။

သူတို့က သူတော်စင် မြို့တော်ငါးမြို့မှ အင်ပါယာအဆင့် ပါရမီရှင်များ၏ အချက်အလက်များကို သိထားကြသော်လည်း သူတို့ရှေ့မှ ကောင်လေးကိုမူ မသိခဲ့ကြပေ။

ကျန်းချန်က ရှန်းဖုန်းမြို့မှ တပည့်နှစ်ဦးကို အထက်စီးဆန်စွာ ကြည့်လိုက်သည်။

"မင်းတို့ ကိုယ့်ကိုယ်ကိုယ် သတ်သေမလား ဒါမှမဟုတ် ငါ ကိုယ်တိုင် သတ်ပေးရမလား"

"ကျန်းချန် မင်းအနိုင်ကျင့်တာ လွန်လွန်းနေပြီ"

ကျန်းချန်၏ စကားကိုကြားလျှင် ရှန်းဖုန်းမြို့မှ တပည့်နှစ်ဦး၏ မျက်နှာ အမူအရာသည် အလွန်ပင် ကြည့်ရဆိုးလာခဲ့သည်။

"ဘာလဲ မင်းတို့ပဲ သူတစ်ပါးကို အနိုင်ကျင့်ခွင့်ရှိပြီး တခြား သူတွေက မင်းတို့ကို အန်ိုင်ကျင့်ခွင့် မရှိဘူးလား"

ကျန်းချန်က အေးစက်စက် ပြုံးလိုက်သည်။

"ငါ့ခွန်အားသာ မင်းတို့ထက် မသာခဲ့ရင် အနိုင်ကျင့်ခံရတဲ့သူက ငါပဲ ဖြစ်နေလိမ့်မယ်.. ငါက တစ်ဖက်သားရဲ့ နည်းလမ်းနဲ့ တစ်ဖက်သားကို ပြန်လည် တုံ့ပြန်လိုက်ရုံပါပဲ"

"ကျန်းချန် ငါက ရှန်းဖုန်းမြို့ရဲ့ တပည့် ဖုန်းယန်ပါ.. ငါ့ရဲ့ အကိုက ရှန်းဖုန်းမြို့ရဲ့ ဧကရာဇ်အဆင့် ပါရမီရှင် တစ်ယောက်ပဲ မင်းငါ့ကို သတ်ရဲရင် ငါ့အစ်ကိုက မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး.. မင်းအခု ငါတို့ကို လွှတ်ပေးမယ်ဆိုရင် ခရမ်းရောင် သွေးနတ်ဘုရား သစ်ပင်ကို မင်းအတွက်ပေးမယ်.. ငါတို့ရဲ့ ပဋိပက္ခတွေကို ဒီမှာပဲ ရပ်လိုက်ကြစို့.. ဘယ်လိုသဘောရလဲ"

သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်ရှိ ဖုန်းယန်ဟု အမည်ရသောလူငယ်သည် ကျန်းချန်ကို သုန်မှုန်စွာ စိုက်ကြည့်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် ခြိမ်းခြောက်သော အရိပ်အယောင်အနည်းငယ် ပါဝင်နေခဲ့၏။

"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား"

ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြန်မေးလိုက်သည်။

" မင်း အဲဒီလို တွေးမယ်ဆိုလဲရတယ်"

ဖုန်းယန်က ဂုဏ်ယူသော လေသံဖြင့် ပြောလိုက်သည်။

"မင်းငါ့ကို သတ်လိုက်ရင် မင်း အကြီးအကျယ် ပေးဆပ်ရလိမ့်မယ်လို့ ငါပြောရဲတယ်"

သူတော်စင်မြို့တော် ငါးမြို့၏ နံပါတ်တစ် မြို့တော် ဖြစ်သည့် ရှန်းဖုန်းမြို့မှ တပည့်များသည် မဟာအင်ပါယာကနေ ဆင်းသက်လာသူများ ဖြစ်ကြ၍ အဆင့်အတန်း မြင့်မားကြသည်။

၎င်းတို့ကို အခြားသော သူတော်စင်နယ်မြေများရှိ တပည့်အားလုံးပင် လေးလေးစားစား ဆက်ဆံကြ၏။

ဖုန်းယန်က ရှန်းဖုန်းမြို့တွင် မွေးဖွားလာခဲ့ပြီး ဧကရာဇ်အဆင့်ပါရမီရှင် အစ်ကိုတစ်ဦး၏ နောက်ခံလည်း ရှိသည်။

ထို့ကြောင့် ဖုန်းယန်သည် ဤကောင်လေးတွင် သူ့ကို သတ်ရဲသည့်သတ္တိ အမှန်တကယ် ရှိလိမ့်မည်ဟု မယုံကြည်ခဲ့ပေ။

"ဟားဟား ငါကျန်းချန် ကျင့်ကြံခြင်းလမ်းစဥ် လျှောက်လမ်းစဥ်ကတည်းက မင်းလိုမျိုး ခြိမ်းခြောက်တဲ့သူတွေ မရေမတွက်နိုင်အောင် ရှိခဲ့ကြတယ်.. ဒါပေမဲ့ အဆုံးသတ်မှာတော့ သူတို့တွေ သေဆုံးသွားခဲ့ပြီး ငါက အခုထိ အသက်ရှင်နေဆဲပဲ.. မင်းလောက်ကို မပြောနဲ့.. မင်းရဲ့ ဧကရာဇ်အဆင့် ပါရမီရှင် အစ်ကိုဆိုရင်တောင် ငါ့ရှေ့မှာ ဒီလိုမျိုး မောက်မာရဲရင် ငါသူ့ကို သတ်ပစ်မှာပဲ"

ကျန်းချန်၏ အထက်စီးဆန်သော စကားသံက ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် သူ၏ပုံရိပ်သည် တုန်ခါသွားပြီး မူလနေရာကနေ တစ္ဆေကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၁၀၀၉)ပြီး၏

အခန်း(၁၀၁၀)

ကျန်းချန်၏ ပုံရိပ် ပျောက်ကွယ်သွားသော အခိုက်အတန့်တွင် ရင်သပ်ရှုမောဖွယ် ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒသည် ချက်ချင်းပင် ပျံ့နှံ့လာခဲ့သည်။

ထိုကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒ၏ ဖိနှိပ်မှု အောက်တွင် ဖုန်းယန်နှင့် သူ၏ အဖော်သည် တခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။

ကျန်းချန်သည် နဂါးပြာ သန္ဓေခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ် အမျိုးမျိုး၏ တတိယအဆင့်ကို နားလည်ထားသည်။

ထို့ကြောင့် အင်ပါယာ အမွေအနှစ်နယ်မြေ၏ ဖိနှိပ်မှုကို ရင်ဆိုင်ရာတွင် သာမာန်လူများထက် များစွာလွယ်ကူသည်။

သူ၏ လက်ရှိ သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့် ခွန်အားဖြင့် လေဆန္ဒတတိယအဆင့်၏ အင်အားနှင့် မဟာအဆင့်ဓားဆန္ဒတို့ကို ထုတ်ဖော်လိုက်သည့်အချိန်တွင် ဖုန်းယန်သည် မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။

"ရွှစ်"

သွေးနဂါးဓားထံမှ ထူးဆန်းသော အလင်းတန်းတစ်ခုသည် လေထုကို ချက်ချင်း ထိုးဖောက်သွားခဲ့သည်။

ထို့နောက်တွင် ဖုန်းယန်နှင့်သူ၏ အဖော်သည် တုန့်ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ကျန်းချန်၏ ဓားအောက်တွင် သေဆုံးသွားခဲ့၏။

ဖုန်းယန်တို့ လူစုကို အလွယ်တကူ ရှင်းပစ်ပြီးနောက်တွင် ကျန်းချန်သည် ဖုန်းယန်တို့ လူစုထံမှ ရတနာများကို သိမ်းယူလိုက်ပြီး ရှေးဟောင်းဆေးဥယျာဥ် ဆီသို့ ဆက်လက် ခရီးနှင်ခဲ့သည်။

နှစ်နာရီခန့် တောင်များတစ်လျောက် ခရီးဆက်ပြီးနောက်တွင် စိမ်းဖျော့ဖျော့ ရေကန်ကြီးတစ်ကန်သည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။

ထိုရေကန်သည် မိုင်တစ်ရာခန့် ကျယ်ဝန်းပြီး အဝေးကကြည့်လျှင် ကြီးမားသော ကျောက်စိမ်းတုံးကြီး တစ်တုံးနှင့်ပင် ဆင်တူ၏။

ထိုစိမ်းလန်းသော ရေကန်၏ တစ်ဖက်ခြမ်းတွင် ကြီးမားကျယ်ပြန့်သော နယ်မြေ တစ်ခု ရှိသည်။

ထိုနယ်မြေ တစ်ခုလုံးကို ထူထပ်သော ဝိညာဥ်မြူ အငွေ့အသက်များ ဖုံးလွှမ်းထားသဖြင့် အတွင်းပိုင်းကို သေချာမမြင်ရပေ။

"ဆရာပေးထားတဲ့ အချက်အလက်တွေ အရဆို ဒီရေကန်က လုရွှေဝိညာဥ်ကန်ပဲ.. ဒါဆို လုရွှေ ဝိညာဥ်ကန်ရဲ့ တစ်ဖက်ခြမ်းမှာ ရှိတာက ရှေးဟောင်းဆေးဥယျာဥ်ပဲ ဖြစ်ရမယ်"

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး သူ၏ ခြေလှမ်းကို အနည်းငယ်​ ဖြည်းလိုက်ကာ လုရွှေဝိညာဥ်ကန် ဆီသို့ ​သတိဖြင့် ချဥ်းကပ်သွားခဲ့သည်။

အင်ပါယာ အမွေအနှစ်နယ်မြေတွင် အခွင့်အလမ်းများစွာ ရှိသော်လည်း အခွင့်အလမ်းတိုင်းသည် အလွန်ပင် အန္တရာယ်များ၏။

ဤလုရွှေ ဝိညာဥ် ရေကန်သည်လည်း အန္တရာယ်ရှိသောနေရာတစ်ခု ဖြစ်သည်။

အကြောင်းမှာ ဤလုရွှေဝိညာဥ်ကန်သည် ရှေးဟောင်း ဆေးဥယျာဥ်နှင့် ကပ်လျက် တည်ရှိသောကြောင့်ပင်။

လုရွှေဝိညာဥ်ကန်သည် နှစ်တစ်သောင်းသက်တမ်း ရှိသော ရှေးဟောင်းဆေးဥယျာဥ်ရှိ ဆေးဝါးများထံကနေ စိမ့်ထွက်လာသော ဝိညာဥ်စွမ်းအင်များဖြင့် ပြုစုပျိုးထောင်ခြင်း ခံခဲ့ရသည်။

ထိုအတွက်ကြောင့် လုရွှေဝိညာဥ်ကန် ထဲတွင် ရှားပါးသောရတနာများစွာ ဖြစ်ပေါ်လာရုံသာမက အစွမ်းထက်သော သားရဲများစွာလည်း ပေါက်ဖွားခဲ့သည်။

ကျန်းချန်က လုရွှေဝိညာဥ်ကန် ဆီသို့ ဖြည်းဖြည်းချင်း ချဥ်းကပ်သွားခဲ့ရာ ရေကန်ဘေးတွင် ရွှယ်မင်မြို့တော်မှ ပါရမီရှင် အချို့ စုဝေးနေသည်ကို တွေ့လိုက်ရသည်။

သိထားရမည်မှာ သူတော်စင်မြို့တော် ငါးမြို့မှ ပါရမီရှင်များသည် အင်ပါယာ အမွေအနှစ်နယ်မြေထဲသို့ ဝင်ရောက်ရာတွင် လုရွှေဝိညာဥ်ကန်နှင့် သိပ်မဝေးသော နေရာတစ်ခုသို့ ကျပန်း ပို့ဆောင်ခံရခြင်း ဖြစ်သည်။

ကျန်းချန်က အနည်းငယ် အကဲခတ်ကြည့်လိုက်သောအခါ ထိုနေရာတွင် ယန်ဒီမြို့မှ တပည့်များကို မတွေ့ရသလို ရှောင်ပိုင်ရီ နှင့် အခြားသူများကိုလည်း မတွေ့ခဲ့ရပေ။

"ကြည့်ရတာ ရှောင်ပိုင်ရီ တို့က ဒီနေရာနဲ့ နည်းနည်းလှမ်းတဲ့နေရာကို တည်နေရာ ရွှေ့ပြောင်းခံလိုက်ရတာ ဖြစ်မယ်"

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီးနောက်တွင် လုရွှေ ဝိညာဥ်ကန်၏ အခြေအနေကို ကိုယ်တိုင်ပင် စူးစမ်းရန် စတင်ခဲ့သည်။

"စီနီယာအကို ထျန်းဖန်းက လဲ့ကွမ်းချောင်အပင်ကို ရသွားပြီဟေ့ "

ထိုအချိန်တွင် ပါရမီရှင် အချို့၏ အော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က လှမ်းကြည့်လိုက်ရာ လုရွှေဝိညာဥ်ကန်ထဲတွင် အပြာရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် လက်ထဲတွင် မိုးကြိုးအလင်းရောင်များ ဝန်းရံနေသော အပင်နှစ်ပင်ကို ကိုင်ဆောင်ကာ ရေထဲကနေ ကမ်းစပ်ဆီသို့ အလျင်အမြန် လှမ်းတက်လာခဲ့သည်ကို မြင်လိုက်ရ၏။

သူ၏ အနောက်တွင် ဧရာမငါးပုံသဏ္ဌာန် ရှိသည့် သားရဲခုနှစ်ကောင် ရှစ်ကောင်ခန့်သည် ပါးစပ်များကို ကျယ်လောင်စွာဟ၍ ရေထဲကနေ အပြင်းအထန် လိုက်လာခဲ့သည်။

ဤငါးပုံသဏ္ဌာန် သားရဲများသည် ဆဋ္ဌမအဆင့် သားရဲများ ဖြစ်ကြသည်။

ထိုအထဲမှ နှစ်ကောင်မှာ ဆဋ္ဌမအဆင့် နှောင်းပိုင်းသို့ပင် ရောက်ရှိနေပြီး ၎င်းတို့၏ ခွန်အားသည် သိုင်းသခင်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူများထက် မနိမ့်ပေ။

အင်ပါယာ အမွေအနှစ်နယ်မြေ၏ ပတ်ဝန်းကျင်သည် သားရဲများကို ပြင်ပကမ္ဘာမှာထက် ဆယ်ဆ ပိုမို အားကောင်းစေခဲ့သည်။

အထူးသဖြင့် ဤလုရွှေ ဝိညာဥ်ကန် အနီးရှိ သားရဲကြီးများ ဖြစ်သည်။

၎င်းတို့၏ တိုက်ပွဲဝင်စွမ်းရည်သည် အဆင့်တူ သားရဲများထက်ပင် များစွာသာလွန်၏။

ထို့ကြောင့် အပြာရောင်ဝတ်စုံဝတ် လူငယ်သည် သိုင်းသခင်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း ရုတ်တရက်ကြီး အန္တရာယ်များလာခဲ့သည်။

အခန်း(၁၀၁၀)ပြီး၏။

အခန်း(၁၀၁၁)

"မင်းတို့ဘာလုပ်နေတာလဲ ငါ့ကို ကူညီကြဦးလေ"

ဆဋ္ဌမအဆင့်သားရဲ ခုနစ်ကောင် ရှစ်ကောင်ခန့်၏ ဝိုင်းရံမှုကို ရင်ဆိုင်ရလျှင် အပြာရောင်ဝတ်စုံဝတ် လူငယ်သည် ကမ်းစပ်ရှိ သူ၏ လူများကို ဒေါသတကြီး အော်ငေါက်လိုက်သည်။

အင်ပါယာ အမွေအနှစ်နယ်မြေတွင် ပကတိအင်ပါယာတစ်ပိုင်း၏ ဥပဒေသများက ကန့်သတ်ထားသဖြင့် သိုင်းသခင်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူများသည် လေထဲတွင် ကြာရှည်စွာ ပျံသန်း၍မရပေ။

ထို့အပြင် အပြာရောင်ဝတ်စုံဝတ်လူငယ်သည် သိပ်မကြာခင်ကမှ သိုင်းသခင်နယ်ပယ် သတ္တမအဆင့်ကို ရောက်ရှိခဲ့သူ ဖြစ်၍ တခဏသာ ပျံသန်းနိုင်ခဲ့၏။

အကယ်၍ သူသာ ဤသားရဲများနှင့် ရင်ဆိုင်ရမည် ဆိုလျှင် လုရွှေဝိညာဥ်ကန်ထဲတွင် အမှန်တကယ် သေဆုံးသွားနိုင်ပေသည်။

"စီနီယာအကိုထျန်းဖန်းကို ကူကြရအောင်"

ကမ်းစပ်ရှိ လူငယ်သုံးဦးသည် သူတို့၏ စွမ်းအားများကို စုစည်းကာ အပြာရောင်ဝတ်စုံဝတ် လူငယ်အတွက် သားရဲတချို့၏ တိုက်ခိုက်မှုကို အဝေးကနေ ပိတ်ဆို့ပေးလိုက်ကြသည်။

အပြာရောင်ဝတ်စုံဝတ် လူငယ်သည် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ ထိတ်လန့်တကြားဖြင့် ကန်ထဲကနေ ထွက်ပြေး လွတ်မြောက်လာခဲ့၏။

"လုရွှေဝိညာဥ်ကန်က အတော်လေး အန္တရာယ်များတာပဲ.. ဒီကန်ထဲမှာ ရတနာတွေ အများအပြား ရှိပေမဲ့လည်း အရမ်းကို အန္တရာယ်များလွန်းတယ်"

အပြာရောင်ဝတ်စုံဝတ် လူငယ်သည် ကမ်းပေါ်သို့ ရောက်လျှင် မျက်နှာဖြူဖျော့စွာဖြင့် မြေပေါ်သို့ လှဲချလိုက်သည်။

သူက ရေကန်ထဲတွင် ကြောက်ရွံ့မှုများကို ခံစားခဲ့ရ၏။

အကယ်၍ သူသာ ကန်ထဲတွင် အနည်းငယ် ပိုနေခဲ့လျှင် အမှန်တကယ် ပြန်လာနိုင်တော့မည် မဟုတ်ပေ။

သို့သော်လည်း အခွင့်အလမ်းနှင့် အန္တရာယ်သည် ဒွန်တွဲနေသည် ဟူသော ဆိုရိုးစကားအတိုင်းပင်၊ သူသည် ဤတစ်ကြိမ် လုရွှေကန်ထဲသို့ ဝင်ရောက်ရာတွင် မိုးကြိုးမြက်ပင် နှစ်ပင်ရရှိခဲ့ရာ အရာအားလုံးက ထိုက်တန်မှုရှိသည်ဟု ဆိုရပေမည်။

မိုးကြိုးမြက်သည် မိုးကြိုးတာအို၏ စစ်မှန်သောအဓိပ္ပါယ်ပါဝင်နေသော ထူးဆန်းသည့် မြက်ပင်တစ်ပင် ဖြစ်ပြီး မိုးကြိုး၏ စစ်မှန်သောအဓိပ္ပါယ်ကို နားလည်ရန် ကြိုးစားနေသော ကျင့်ကြံသူများကို အမှန်ပင် အထောက်အကူပြုသည်။

သူတို့က ကျင့်လဲ့မြို့ကနေ ဆင်းသက်လာသူများ ဖြစ်ရာ သူတို့အဓိက ကျင့်ကြံသောအရာသည် မိုးကြိုးတာအို ဖြစ်သည်။

ထို့ကြောင့် ဤမိုးကြိုးမြက်သည် သူတို့၏ စိတ်ကူးအိပ်မက်ထဲမှ ရတနာတစ်ပါး ဖြစ်သည်မှာ သံသယဝင်စရာမရှိပေ။

"ဒီလုရွှေကန်က ရှေးဟောင်းဆေးဥယျာဥ်နဲ့ နီးစပ်တဲ့ အတွက် ကောင်းကင်နှင့်မြေကြီးရဲ့ ရတနာတွေ အများအပြား မွေးဖွားလာတဲ့ပုံပဲ.. ဒီကန်ထဲက ရတနာတွေက ပြင်ပ ကမ္ဘာမှာတောင် ရှာတွေ့ဖို့ခက်ခဲတဲ့ ရှားပါးရတနာတွေပဲ"

"ကဲ ငါတို့အရင်နားလိုက်ရအောင်.. ပြီးမှပဲ ပတ်ဝန်းကျင်ကို ဆက်လက် စူးစမ်းပြီး အကျိုးအမြတ်အချို့ ရရှိဖို့ ကြိုးစားကြတာပေါ့"

အပြာရောင်ဝတ်စုံဝတ် လူငယ်က သူ၏အဖော်များကို ပြောလိုက်သည်။

"စီနီယာအကိုထျန်းဖန်း အခြားသူတော်စင်နယ်မြေက တပည့်တစ်ယောက် ရောက်လာပြီ"

ထိုအချိန်တွင် လူငယ်တစ်ဦးသည် လုရွှေကန်နားသို့ ဖြည်းညင်းစွာ ချဥ်းကပ်လာသော ကျန်းချန်ကို သတိထားမိပြီး ခပ်တိုးတိုး ပြောလိုက်သည်။

အပြာရောင်ဝတ်စုံဝတ် လူငယ်က ခေါင်းကို အနည်းငယ်ပင့်၍ ကြည့်လိုက်ရာ လုရွှေကန်ဆီသို့ တစ်ယောက်တည်း လျှောက်လှမ်းနေသော ကျန်းချန်ကို မြင်လျှင် မျက်လုံးထဲ၌ အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

"ဒီကောင်လေးက ဘယ်သူတော်စင်မြို့တော်ရဲ့ တပည့်လည်းတော့ မသိဘူး.. သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်လောက်နဲ့ လုရွှေဝိညာဥ်ကန်ကို တစ်ယောက်ထဲ လာရဲတယ်"

နောက်ထပ် လူငယ်တစ်ဦးက မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။

"သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့် တပည့်တစ်ဦးက လုရွှေဝိညာဥ်ကန်ထဲမှာ တစ်ယောက်တည်း ရတနာတွေ ရှာဖွေချင်တာတဲ့လား.. ငါ့အမြင်တော့ ဒါက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ"

ထိုအချိန်တွင် ကျန်းချန်သည် ကျင့်လဲမြို့မှ တပည့်သုံးဦးကိုလျစ်လျူရှုကာ လုရွှေဝိညာဥ်ကန် ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။

"ဒီဝိညာဥ်ကန်က မိုင်တစ်ရာလောက် ကျယ်ပြန့်တယ်.. ဒီအင်ပါယာ အမွေအနှစ်နယ်မြေထဲမှာ ပကတိအင်ပါယာ တစ်ပိုင်းရဲ့ ဥပဒေသတွေ ရှိနေတဲ့ အတွက် ကောင်းကင်ယံကနေ ရှေးဟောင်း ဆေးဥယျာဥ်ဆီ ပျံသန်းသွားဖို့ကလည်း မလွယ်လောက်ဘူး.. ဒါ့အပြင် ကန်ထဲမှာလည်း သားရဲအုပ်စုတွေ ရှိနေတော့ ရေးကူးပြီး ဖြတ်သန်းသွားဖို့ ဆိုတာကလည်း ပိုပြီးတော့တောင် မဖြစ်နိုင်ဘူး"

ကျန်းချန်က သူ့အရှေ့ရှိ လုရွှေဝိညာဥ်ကန်ကို ကြည့်ရင်း မျက်မှောင်များ တင်းကြပ်စွာ ကြုတ်သွားခဲ့သည်။

"ဒီက ညီနောင်..ငါက ကျင့်လဲ့မြို့က လဲ့ထျန်းဖန်းပါ.. မင်းဘယ်မြို့ကလဲ သိပါရစေ.. ငါတို့နဲ့အတူ လုရွှေဝိညာဥ်ကန်ကို စူးစမ်းဖို့ ဆန္ဒရှိလား"

ထိုအချိန်တွင် အပြာရောင်ဝတ်စုံဝတ် လူငယ်က ကျန်းချန်ကိုလှမ်း၍ မေးခွန်းထုတ်လိုက်သည်။

"ကျွန်တော်က ယန်ဒီမြို့က ကျန်းချန်ပါ"

ကျန်းချန်က ပေါ့ပါးစွာပြန်ဖြေလိုက်ပြီး ခေါင်းကို ခါရမ်းလိုက်သည်။

"စိတ်မကောင်းပါဘူး ကျွန်တော်က လုရွှေဝိညာဥ်ကန်ကို စူးစမ်းဖို့ အစီအစဥ်မရှိဘူး"

လုရွှေကန်တွင် တန်ဖိုးကြီးမားသော အမွေအနှစ်များ ရှိ‌သော်လည်း တစ်ဖက်ရှိ ရှေးဟောင်းဆေးဥယျာဥ်နှင့်မူ နှိုင်းယှဥ်၍ မရပေ။

"လုရွှေဝိညာဥ်ကန်ကို စူးစမ်းဖို့ဆန္ဒမရှိဘူး ဟုတ်လား"

ကျန်းချန်၏ စကားကိုကြားလျှင် အပြာရောင်ဝတ်စုံဝတ်လူငယ်သည် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

ထို့နောက်တွင် သူက တစ်စုံတစ်ရာကို စဥ်းစားမိလိုက်သည်။

သူက ကျန်းချန်ကို မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်ကာ မေးခွန်းထုတ်လိုက်၏။

"မင်းက တစ်ဖက်မှာရှိတဲ့ ရှေးဟောင်းဆေးဥယျာဥ်ကို သွားချင်တာလား"

အခန်း(၁၀၁၁)ပြီး၏။

All Chapters