အခန်း (၁၀၁၂-၁၀၁၄)
Vol. 68 Ch. 1012-1014
အခန်း(၁၀၁၂)
"ဟုတ်တယ်.. ငါဒီကို ရှေးဟောင်း ဆေးဥယျာဥ်အတွက် လာခဲ့တာပဲ ဘာပြဿနာရှိလို့လဲ"
ကျန်းချန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
"လခွမ်း.. ဒီကောင်က ရှေးဟောင်းဆေးဥယျာဥ်ကို တကယ်ပဲ သွားချင်နေတယ်ဟ.. မင်းငါတို့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်.. တကယ်ပဲ မင်းတစ်ယောက်တည်း ရှေးဟောင်းဆေးဥယျာဥ်ကို သွားမလို့လား.. ရှေးဟောင်းဆေးဥယျာဥ်ကို ရှေးဟောင်းအစီအရင်နဲ့ တားဆီးထားတယ်.. ဧကရာဇ်အဆင့်ပါရမီရှင်တစ်ဦး အခုနေ သွားမယ်ဆိုရင်တောင် အကျိုးအမြတ်ရဖို့ မမျှော်လင့်နိုင်ဘူးလို့ ငါထင်တယ်.. မင်းနားလည်အောင် ပြောရရင် ဒီလုရွှေဝိညာဥ်ကန်ကို တစ်ယောက်တည်း ဖြတ်ကျော်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး"
ကျင့်လဲ့မြို့မှ တပည့်နှစ်ဦးက ကျန်းချန်ကို မထီမဲ့မြင်လေသံဖြင့် ပြောလိုက်သည်။
"ဒီလုရွှေဝိညာဥ်ကန်က တကယ်ပဲ ဖြတ်သန်းဖို့ ခက်ခဲလို့လား"
ကျန်းချန်က ကျင့်လဲ့မြို့မှ တပည့်နှစ်ဦး၏ လှောင်ပြောင်မှုကို လျစ်လျူရှုကာ စူးစမ်းသောအမူအရာဖြင့် မေးလိုက်သည်။
"အင်ပါယာ အမွေအနှစ်နယ်မြေ အရင်တစ်ခေါက် ဖွင့်တုန်းက ပါရမီရှင်တွေ ရှေးဟောင်းဆေးဥယျာဥ်ထဲ ဘယ်လိုဝင်ခဲ့သလဲဆိုတာ သိကြလား"
"ယေဘုယျအားဖြင့် ပြောရရင် အားလုံးက အင်ပါယာ အမွေအနှစ်နယ်မြေ ဖွင့်လှစ်ပြီး ဆယ်ရက်လောက်ကြာမှ လုရွှေဝိညာဥ်ကန်မှာ အဖွဲ့ဖွဲပြီး ရှေးဟောင်းဆေးဥယျာဥ်ထဲကိုဝင်ကြတယ်.. ဒါ့အပြင် အဖွဲ့ထဲမှာ သားရဲသခင် တစ်ယောက်လည်း ပါလေ့ရှိကြတယ်"
အပြာရောင်ဝတ်စုံဝတ်လူငယ် လဲ့ထျန်းဖန်းက ကျန်းချန်ကို ဘာမှ ဖုံးကွယ်မနေဘဲ ပြောပြခဲ့သည်။
"သားရဲသခင်လား"
လဲ့ထျန်းဖန်း၏စကားကို ကြားလျှင် ကျန်းချန်၏ မျက်လုံးများသည် အနည်းငယ် တောက်ပလာခဲ့သည်။
"ဟုတ်တယ် လုရွှေရေကန်မှာ ရှင်သန်ချင်ရင်တော့ အရေးပါဆုံးအချက်က အဖွဲ့ထဲမှာ သားရဲသခင်ရှိဖို့ပဲ.. လုရွှေဝိညာဥ်ကန်ထဲမှာ ရှိတဲ့သားရဲတွေက အရမ်းကို ထူးခြားတယ်.. ကန်ထဲက သားရဲတစ်ကောင်ကို ထိန်းချုပ်နိုင်မယ်ဆိုရင် ဖြတ်သန်းရတာ အများကြီး ပိုလွယ်ကူသွားလိမ့်မယ်.. သားရဲသခင်မရှိဘူးဆိုရင်တော့ နတ်ဝိညာဥ်ဘုရင်တစ်ပိုင်းအဆင့်တောင် လုရွှေကန်ကို ဖြတ်ကျော်နိုင်ဖို့ လွယ်ကူမှာ မဟုတ်ဘူး"
"ဒီလိုကိုး.. သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ကျန်းချန်က လဲ့ထျန်းဖန်းကို ဂါဝရပြု၍ ပြုံးရွှင်စွာ ပြောလိုက်သည်။
ထို့နောက် သူက လုရွှေဝိညာဥ်ကန် ဆီသို့ တန်းတန်းမတ်မတ်ပင် လျှောက်သွားခဲ့၏။
"ဟမ့်.. ဒီကောင်လေးက တကယ်ပဲ အသက်မရှင်ချင်တော့ဘူး ထင်တယ်.. သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်လောက်နဲ့ လုရွှေဝိညာဥ်ကန်ထဲ တစ်ယောက်တည်း ဝင်ရဲတယ်.. အင်းလေ ငါတို့ သတိပေးပြီးပြီပဲ..သူကိုယ်တိုင်က သေဖို့ ဆန္ဒရှိနေမှတော့ ငါတို့လည်း ဘာတတ်နိုင်မှာလဲ"
ကျင့်လဲ့မြို့မှ တပည့်များသည် ကျန်းချန်ကို ဂရုဏာသက်သော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
လုရွှေရေကန်ထဲမှ သားရဲများက ကျန်းချန်ကို ကိုက်ဖြတ်စားသောက်ကြမည့် မြင်ကွင်းကို သူတို့၏ မျက်လုံးထဲတွင်ပင် မြင်ယောင်လာမိသည်။
"သူတော်စင်မြို့တော် ငါးမြို့ထဲမှာ ကျားတွေ၊နဂါးတွေ ပုန်းအောင်းနေတယ်.. ဘယ်သူ့ကိုမှ အထင်မသေးမိစေနဲ့.. ဒီကောင်လေးက တစ်ယောက်တည်း လာရဲတယ် ဆိုမှတော့ သာမန် မဟုတ်လောက်ဘူး"
လဲ့ထျန်းဖန်က လေးလေးနက်နက် ပြောလိုက်သည်။
သူ၏ အကြည့်က ချက်ချင်းဆိုသလို ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့၏။
သုံးဦးစလုံး၏ အကြည့်အောက်မှာပင် ကျန်းချန်သည် လုရွှေဝိညာဥ်ကန်၏ အရှေ့သို့ လျှောက်လာခဲ့သည်။
ထို့နောက် သူက သွေးနဂါးဓားကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော ဓားအရှိန်အဝါသည် လုရွှေဝိညာဥ်ကန် အထက်ရှိ ကောင်းကင်ယံကို ချက်ချင်းပင် လှုပ်ခါသွားစေခဲ့သည်။
နောက်ထပ်တစ်ခဏမှာပင် ပါးစပ်ကြီးများကို ဖြဲကားထားသော သားရဲအချို့သည် ကန်ထဲကနေ တိုက်ရိုက် ထွက်ပေါ်လာခဲ့ကြသည်။
ကျန်းချန်က အကဲခတ်ကြည့်လိုက်သောအခါ ထိုသားရဲများသည် အရမ်းကြီး အစွမ်းမထက်ကြောင်း တွေ့ရှိခဲ့ရသည်။
၎င်းတို့က ဆဋ္ဌမအဆင့် အစောပိုင်းမျှသာ ရှိ၍ သူက ထိန်းချုပ်ရန် မကြိုးစားခဲ့ပေ။
ဤလုရွှေဝိညာဥ်ကန်တွင် သားရဲဆိုး များစွာ ရှိသည်။
ဤကန်ကို လုံခြုံစွာ ဖြတ်သန်းလိုလျှင် သူထိန်းချုပ်မည့် သားရဲ၏ ခွန်အားသည် အားလုံးထက် ပိုမို အစွမ်းထက်ရမည် မဟုတ်ပါလော။
ကျန်းချန်က ဆဋ္ဌမအဆင့်နှောင်းပိုင်း သားရဲတစ်ကောင်ကို ထိန်းချုပ်ရန် ဆုံးဖြတ်ထားခဲ့သည်။
ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ ဓားဆန္ဒတတိယ အဆင့် အင်အားကို တိုက်ရိုက် ထုတ်ဖော်လိုက်ပြီး သူ့လက်ထဲရှိ သွေးနဂါးဓားကို ဝှေ့ယမ်းလိုက်ရာ သားရဲများ အားလုံးသည် ကျန်းချန်၏ ဓားကွက် တစ်ကွက်တည်းဖြင့် သတ်ဖြတ်ခံလိုက်ရသည်။
ကျန်းချန်၏ ခွန်အားကို မျက်ဝါးထင်ထင် မြင်လိုက်ရလျှင် လဲ့ထျန်းဖန်၏ မျက်လုံးများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
"ဒီကောင်လေးက တကယ်ကို သာမန်မဟုတ်ဘူးပဲ.."
အခြားတပည့်နှစ်ဦးကမူ ယခင်လို အထင်သေးနေဆဲပင်။
သူတို့က မထီမဲ့မြင်ပြုံး၍ ပြောလိုက်သည်။
"ဒါက ဆဋ္ဌမအဆင့် အစောပိုင်း သားရဲအနည်းငယ်လေးပါပဲ.. ငါတို့လည်း ဒီလောက်တော့ စွမ်းဆောင်နိုင်တာပဲလေ.. ဘာများကြီးကျယ်နေလို့လဲ"
အခန်း(၁၀၁၂)ပြီး၏။
အခန်း(၁၀၁၃)
"သူက သားရဲတွေကို အလွယ်တကူ သတ်လိုက်တာထက်တောင် ပိုတယ်"
လဲ့ထျန်းဖန်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"သူအစောပိုင်းက ထုတ်ဖော်လိုက်တဲ့ ဓားဆန္ဒက အရမ်းကိုအစွမ်းထက်တယ်.. တတိယအဆင့်အထွတ်အထိပ်ဖြစ်တဲ့ မဟာဓားဆန္ဒ အဆင့်ကို ရောက်ရှိနေပြီလို့ ငါထင်တယ်"
ကျင့်လဲ့မြို့၏ ထိပ်တန်း ဧကရာဇ်အဆင့်ပါရမီရှင်တစ်ဦး ဖြစ်သည့် လဲ့ထျန်းဖန်း၏ အမြင်သည် သာမန် မဟုတ်သည်မှာ သေချာ၏။
သူက ကျန်းချန်၏ဓားဆန္ဒ မည်မျှ ထူးခြားသည်ကို ချက်ချင်းပင် ခန့်မှန်းမိလိုက်သည်။
"မဟာအဆင့်ဓားဆန္ဒ ဟုတ်လား.. ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျင့်လဲမြို့မှ တပည့်တစ်ဦးက မယုံကြည်နိုင်သော အမူအရာဖြင့် ရေရွတ်လိုက်သည်။
ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်ကို နားလည်ရန်မှာ အလွန်ပင် ခက်ခဲသည်။
အထူးသဖြင့် တတိယအဆင့်ကို ရောက်ရှိပြီးနောက်တွင် ဆက်လက် တိုးတက်ရန် အလွန်ခက်ခဲ၏။
အင်ပါယာ အမွေအနှစ်နယ်မြေထဲကို ဝင်ရောက်ခွင့်ရထားသူ အားလုံးသည် သူတော်စင်မြို့တော် ငါးမြို့ထဲမှ ပါရမီရှင်များ ဖြစ်ကြသော်လည်း အများစုသည် ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်ကို တတိယအဆင့်ထိသာ နားလည်ထားကြသည်။
ဆိုရလျှင် တတိယအဆင့်အထွတ်အထိပ် ဖြစ်သည့် မဟာအဆင့် ဓားဆန္ဒကို နားလည်ရန်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။
ဥပမာအားဖြင့် သူတို့ ကျင့်လဲ့မြို့ကို ကြည့်လျှင်ပင် အသန်မာဆုံး အင်ပါယာအဆင့် ပါရမီရှင်နှစ်ဦးသာ မိုးကြိုးတာအို၏ စစ်မှန်သော အဓိပ္ပါယ်ကို မဟာအဆင့်အထိ နားလည်ထားခဲ့ကြသည်။
ဤကောင်လေးသည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်သဘောပေါက်မှုတွင် သူတို့ ကျင့်လဲ့မြို့၏ အင်ပါယာအဆင့် ပါရမီရှင်နှစ်ဦးကိုပင် ယှဥ်နိုင်နေပါသလော။
"ကြည့်လေ.. ဒီကောင်က သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်ပဲရှိပေမဲ့ တိုက်ပွဲဝင်စွမ်းရည်က ငါ့ထက်တောင် သာနေသေးတယ်"
လဲ့ထျန်းဖန်းက ကျန်းချန်ကို စိုက်ကြည့်ရင်း သူနံဘေးမှ နှစ်ဦးကို ပြောလိုက်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်က ကျန်းချန်ထက် သာလွန်သော်လည်း ကျန်းချန်ဆီကနေ အန္တရာယ်ရှိသည့် အငွေ့အသက်ကို ဗီဇအရ အလိုလိုနေရင် ခံစားမိခဲ့သည်။
လဲ့ထျန်းဖန်းသည် ယန်ဒီမြို့တွင် အင်ပါယာအဆင့် ပါရမီရှင်ငါးဦးအပြင် ဤကဲ့သို့ မွန်းစတားတစ်ကောင် ရှိနေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။
"ဝုန်း"
ကျန်းချန်က ရေထဲမှ သားရဲအချို့ကို သတ်ပြီးနောက်တွင် သူ၏ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သောဓားအရှိန်အဝါသည် အောက်ဘက်ရှိ လုရွှေဝိညာဥ်ကန်ထဲကို ဝင်ရောက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ဒါဇင်နှင့်ချီသော သားရဲများသည် ရေထဲကနေ ထွက်ပေါ်လာခဲ့ကြပြီး အစွယ်များနှင့် လက်သည်းများကို ဖြဲကား၍ ကျန်းချန် ဆီသို့ ဦးတည်လာခဲ့ကြသည်။
ဤတစ်ခေါက်တွင် ကျန်းချန်ကို ဝန်းရံထားသည့် သားရဲအရေအတွက်သည် ပိုမို များပြားရုံသာမက ပို၍လည်း သန်မာကြသည်။
ထိုအထဲတွင် ဆယ်ပေကျော် ရှည်လျားသည့် ဧရာမမိကျောင်းနက်တစ်ကောင်လည်း ပါဝင်နေ၏။
ထိုမိချောင်း ကျန်းချန်ဆီသို့ တိုးဝင်လာသော အခိုက်တွင် လုရွှေဝိညာဥ်ကန်ထဲ၌ ပြင်းထန်သော လှိုင်းလုံးကြီးများပင် ဖြစ်ပေါ်လာခဲ့သည်။
"ဆဋ္ဌမအဆင့် ရှေးဟောင်းသားရဲဖြစ်တဲ့ ငရဲမိကျောင်းသားရဲပါလား"
လုရွှေဝိညာဥ်ကန်နားရှိ လဲ့ထျန်းဖန်းတို့ သုံးဦးသည် ထိုမြင်ကွင်းကို မြင်လျှင် ရင်ထိတ်သွားခဲ့ကြသည်။
ရှေးဟောင်းငရဲမိကျောင်းသည် ရှေးဟောင်းနတ်သားရဲ၏ သွေးစွမ်းအား ပါဝင်သည့် ဆဋ္ဌမအဆင့် ရှေးဟောင်းသားရဲဖြစ်ပြီး ၎င်း၏ခွန်အားသည် သိုင်းသခင်နယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူများထက် မနိမ့်ကျပေ။
အထူးသဖြင့် ရှေးဟောင်း ငရဲမိကျောင်း၏ ခိုင်မာသောကာကွယ်ရေး စွမ်းအားသည် သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုကိုပင် ခုခံရန် လုံလောက်မှုရှိ၏။
လဲ့ထျန်းဖန်း၏ ခွန်အားဖြင့်ပင် ငရဲမိကျောင်းနှင့် တစ်ယောက်ချင်း ရင်ဆိုင်ရန် မလွယ်ကူပေ။
"ဒီကောင် ဘာလို့ သားရဲတွေ အများကြီးကို ကန်ထဲကနေ မျှားထုတ်နေတာလဲ"
ထိုမြင်ကွင်းကို လဲ့ထျန်းဖန်းက မှင်တက်၍ ငေးကြည့်နေခဲ့ပြီး ပါးစပ်ကနေ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
လုရွှေဝိညာဥ်ကန်ထဲတွင် သားရဲအုပ်စုများ ရှိသည်။
ထို့ကြောင့် လုရွှေဝိညာဥ်ကန်၏ ရတနာများကို ရှာဖွေဖို့ လာရောက်သူတိုင်းသည် ကန်ထဲရှိ သားရဲများအား ဆွဲဆောင်မိမည်ကို ကြောက်ရွံ့ကာ သတိထား၍ သွားလာခဲ့ကြသည်။
သို့သော်လည်း ဤကောင်လေးကမူ တမင်တကာပင် သားရဲများကို ဆွဲဆောင်နေခဲ့၏။
"ဒီကောင်က ဦးနှောက်ပျက်နေတာပဲ ဖြစ်ရမယ်"
-------------
"နောက်ဆုံးတော့ ဆဋ္ဌမအဆင့် ရှေးဟောင်းသားရဲတစ်ကောင်ရောက်လာခဲ့ပြီ"
ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
ထို့နောက်တွင် သူက မဟာအဆင့် ဓားဆန္ဒကို အပြည့်အဝထုတ်ဖော်လိုက်၏။
ကြောက်မက်ဖွယ် ဓားအင်အားသည် လေထုထဲတွင် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့ပြီး ဓားအရှိန်အဝါများသည် ဒါဇင်နှင့်ချီသော ပုံစံမျိုးစုံဖြင့် ကွဲထွက်သွားခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ရှေးဟောင်းငရဲမိကျောင်းကလွဲ၍ ဒါဇင်နှင့်ချီသော သားရဲအားလုံးသည် ထိုပြင်းထန်သော ဓားစွမ်းအင်ကြောင့် သေဆုံးသွားခဲ့ကြသည်။
ဒါဇင်နှင့်ချီသော သားရဲများကို ရှင်းလင်းပြီးနောက်တွင် ကျန်းချန်သည် သူ့ဆီသို့ ဒေါသတကြီးလာနေသော ငရဲမိကျောင်းကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို လှည့်ကာ ကန်အစပ်သို့ ပြန်လှည့်လာခဲ့သည်။
အခန်း(၁၀၁၃)ပြီး၏။
အခန်း(၁၀၁၄)
ရေကန်အစပ်နားသို့ ပြန်ရောက်သောအခါတွင် ကျန်းချန်သည် သူ့ကို လိုက်လံဖမ်းဆီးနေသော ငရဲမိကျောင်းကို လှည့်ကြည့်လိုက်သည်။
သူ၏ နှုတ်ခမ်းထောင့်တွင် ထူးခြားသော အပြုံးတစ်ပွင့် ပေါ်ထွက်လာခဲ့၏။
သူက ဆန်းကြယ်သည့် လက်ဟန်များကို လျင်မြန်စွာ ထုတ်ဖော်လိုက်သည်။
မကြာခင်မှာပင် လျှို့ဝှက်နက်နဲသော လက်ဟန် အတွင်းကနေ စိတ်ဝိညာဥ်ကို ထိုးဖောက်နိုင်သည့် နက်နဲသော စွမ်းအားတစ်ခုသည် ငရဲမိကျောင်း၏ စိတ်ဝိညာဥ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကျန်းချန်နှင့် သုံးပေပင် မဝေးတော့သည့် ငရဲမိကျောင်း၏ ကြီးမားလှသော ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွားခဲ့ပြီး နေရာမှာပင် ရပ်တန့်သွားခဲ့သည်။
ထို့နောက်တွင် ငရဲမိကျောင်း၏ မျက်လုံးများတွင် နာကျင်သော အမူအရာများ ဖြစ်ပေါ်လာပြီး သူ၏ ကြီးမားသော ခန္ဓာကိုယ်သည် ကန်ထဲတွင် ရုန်းကန်နေခဲ့ရသည်။
"ရှေးဟောင်းသားရဲ ထိန်းချုပ်ရေးနည်းစနစ် အသက်ဝင်"
ကျန်းချန်က လက်ဟန်များကို လျင်မြန်စွာ ထုတ်ဖော်လိုက်ပြီးနောက်တွင် သူ၏ လက်ဖဝါးဖြင့် ငရဲမိကျောင်း၏ ဦးခေါင်းကို လျင်မြန်စွာ ဖိနှိပ်လိုက်သည်။
ထိုခဏမှာပင် ရူးသွပ်စွာ ရုန်းကန်နေသော ငရဲမိကျောင်းသည် ချက်ချင်းပင် ငြိမ်သက် တိတ်ဆိတ်သွားခဲ့၏။
၎င်းက အညံ့ခံလိုက်သော အမူအရာဖြင့် ကျန်းချန်၏ နံဘေးသို့ ဖြည်းညင်းစွာ ရောက်လာခဲ့သည်။
"ကံကောင်းတယ် တစ်ကြိမ်တည်းနဲ့ သိမ်းသွင်းနိုင်မယ်လို့ထင်မထားမိဘူး"
သူထိန်းချုပ်လိုက်သည့် ငရဲမိကျောင်းကို ကြည့်ရင်း ကျန်းချန်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ဤငရဲမိကျောင်း၏ခွန်အားသည် ပေါ့သေးသေး မဟုတ်ပေ။
အထူးသဖြင့် ခုခံကာကွယ်ရေး အစွမ်းတွင် မယုံကြည်နိုင်စရာကောင်းလောက်အောင် သန်မာ၏။
သို့သော်လည်း စိတ်ဝိညာဥ်ကမူ အတော်လေး အားနည်းသည်။
ထို့ကြောင့်လည်း ရှေးဟောင်း သားရဲနည်းစနစ်ကို တတ်မြောက်ထားသည့် ကျန်းချန်သည် ၎င်းကို ထိန်းချူပ်ရန် မခက်ခဲခြင်း ဖြစ်သည်။
"ဒါ.. ဒါဘယ်လိုအခြေအနေလဲဟ.. ငရဲမိကျောင်းကို ဒီကောင်က ထိန်းချုပ်လိုက်တယ်လား.. ဒီကောင်လေးက သားရဲသခင်တစ်ယောက် ဖြစ်နေတာလား"
မလှမ်းမကမ်းမှ လဲ့ထျန်းဖန်းတို့သုံးဦးသည် သူတို့ရှေ့မှမြင်ကွင်းကိုမြင်လျှင် အံ့အားသင့်လွန်း၍ မျက်လုံးများပင် ပြူးကျယ်သွားကြသည်။
ဤသည်မှာ ဆဋ္ဌမအဆင့် ရှေးဟောင်းသားရဲဖြစ်သည့် ငရဲမိကျောင်း ဖြစ်သည်။
သာမန် ဆဋ္ဌမအဆင့် သားရဲသခင်တစ်ဦးပင် ၎င်းကို ယဥ်ပါးအောင် ပြုလုပ်ရန် မလွယ်ကူပေ။
သို့သော် သူတို့ရှေ့မှ ကောင်လေးကမူ ငရဲမိကျောင်းကို အလွယ်တကူပင် ထိန်းချုပ်နိုင်ခဲ့သည်။
ဤကောင်လေး၏ သားရဲထိန်းချုပ်ရေး နည်းစနစ်သည် အလွန်ပင် အံ့သြစရာကောင်း၏။
"ဒီကောင်လေးက အတော်လေး ကြောက်ဖို့ကောင်းတဲ့ မွန်းစတားတစ်ကောင်ပဲ"
လဲ့ထျန်းဖန်းက ခဏမျှ မှင်တက်သွားပြီးနောက်တွင် စိတ်ထဲကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ဤကောင်လေးသည် အသက်နှစ်ဆယ်လောက်သာ ရှိသေးသော်လည်း သူ၏ အလုံးစုံခွန်အားသည် သူတော်စင်မြို့တော် ငါးမြို့၏ ထိပ်တန်း.ပါရမီရှင်များထက် လုံးဝ မနိမ့်ကျပေ။
ထို့ပြင် ဤကောင်လေးသည် သားရဲသခင်တစ်ဦး ဖြစ်ပြီး သားရဲပညာရပ်တွင်လည်း မရေမတွက်နိုင်သော သားရဲသခင်များ အားကျရသည့် အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
ဤကောင်လေးက ရှေးဟောင်းဆေးဥယျာဥ်ကို သွားရန် လုရွှေဝိညာဥ်ကန်သို့ တစ်ယောက်တည်း လာရဲသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
သူတော်စင်မြို့တော် ငါးမြို့ထဲမှ ပါရမီရှင် အားလုံးဖြင့် ယှဥ်ကြည့်လျှင်ပင် ဤကောင်လေးသည် ထူးခြားသော ပါရမီရှင်တစ်ဦး ဖြစ်သည်မှာ ထင်ရှားနေသည် မဟုတ်ပါလား။
ငရဲမိကျောင်းကို သိမ်းသွင်းပြီးနောက်တွင် ကျန်းချန်သည် ငရဲမိကျောင်းကို ရှေးဟောင်းဆေးဥယျာဥ်သို့ အလျင်စလို ခေါ်ဆောင်သွားခြင်း မပြုစေခဲ့ပေ။
သူက ဤနေရာတွင် ရှောင်ပိုင်ရီတို့ လူစုကို စောင့်ဆိုင်းရန် ရည်ရွယ်ခဲ့၏။
ထိုသို့ စောင့်ဆိုင်းနေသော်လည်း ကျန်းချန်သည် အားအားမနေခဲ့ပေ။
သူက ငရဲမိကျောင်းကို လုရွှေဝိညာဥ်ကန် ထဲရှိ အောက်ခြေသို့ တိုက်ရိုက် ငုပ်လျှိုးစေခဲ့ပြီး လုရွှေဝိညာဥ်ကန်ထဲမှ ရတနာအချို့ကို ရှာဖွေခိုင်းခဲ့သည်။
ရှေးဟောင်း ငရဲမိကျောင်းသည် လုရွှေဝိညာဥ်ကန်၏ ပတ်ပတ်လည်ရှိ မည်သည့် သားရဲကမှ အလွယ်တကူ စိန်မခေါ်ဝံ့သော အရှင်သခင်တစ်ပါး ဖြစ်သည်။
သိပ်မကြာခင်မှာပင် ငရဲမိကျောင်းသည် လုရွှေဝိညာဥ်ကန်ထဲကနေ မိုးကြိုးမြက်ပင် တစ်ဒါဇင် နီးပါးခန့်ကို ရှာဖွေလာခဲ့ပြီး ကျန်းချန်၏ ရှေ့တွင် ချထားပေးခဲ့သည်။
ကျန်းချန်က ငရဲမိကျောင်းကို ထိန်းချုပ်၍ လုရွှေဝိညာဥ်ကန်ထဲမှ မိုးကြိုးမြက်ပင်ကို အလွယ်တကူ ရယူလိုက်သည်ကို မြင်လျှင် လဲ့ထျန်းဖန်းတို့ သုံးဦးသည် မနာလိုစိတ်များပင် ဖြစ်ပေါ်လာခဲ့သည်။
သူတို့သည် အသက်နှင့်လဲ၍ အသည်းအသန် ရုန်းကန်ခဲ့ရပြီးမှ ကံကောင်းလွန်း၍ မိုးကြိုးမြက်ပင်နှစ်ပင်ကို ရရှိခဲ့သည်။
သို့သော်လည်း ကျန်းချန်ကမူ ငရဲမိကျောင်းကို ထိန်းချုပ်၍ မည်သည့် အားစိုက်ထုတ်မှုမှ လုပ်စရာမလိုဘဲ မိုးကြိုးမြက်ပင် ဆယ်ပင်ကို ရရှိခဲ့သည်။
"ဒီကောင်က ငါတို့ကို အလကားနေရင်း သွေးအန်အောင် လုပ်နေတာလား"
အခန်း(၁၀၁၄)ပြီး၏။