← Chapters

အခန်း (၁၀၁၅-၁၀၁၇)

Vol. 68 Ch. 1015-1017

အခန်း (၁၀၁၅-၁၀၁၇)

Vol. 68 Ch. 1015-1017

အခန်း(၁၀၁၅)

ကျန်းချန်က ငရဲမိကျောင်းကို ခဏမျှ ရှာဖွေခိုင်းပြီးနောက်တွင် သားရဲတစ်ကောင်တည်းဖြင့် ရှာဖွေသည်မှာ ထိရောက်မှု အလွန်နည်းသည်ဟု ခံစားရသဖြင့် လုရွှေဝိညာဥ်ကန်ထဲသို့ ဝင်ရောက်ကာ သားရဲများကို ထပ်မံ ထိန်းချုပ်ရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက်တွင် ကျန်းချန်သည် ငရဲမိကျောင်း၏ ကျောပေါ်တွင် ဟန်ပါပါ ရပ်ကာ ငရဲမိကျောင်းကို ထိန်းချုပ်၍ လုရွှေဝိညာဥ်ကန်ထဲတွင် လှည့်လည်သွားလာခဲ့သည်။

ငရဲမိကျောင်းသည် ဆဋ္ဌမအဆင့် ရှေးဟောင်းသားရဲ ဖြစ်သည့်အပြင် ခွန်အားကြီးမားရုံသာမက နတ်သားရဲ၏ သွေးစွမ်းအား အနည်းငယ်ကိုပါ ပိုင်ဆိုင်ထားခဲ့သည်။

ထို့ကြောင့် ငရဲမိကျောင်း သွားရောက်သည့် နေရာတိုင်းတွင် သာမန်သားရဲများသည် နောက်ဆုတ်သွားလေ့ ရှိကြပြီး ကျန်းချန်ကို တိုက်ခိုက်ရန် မဝံ့ရဲကြပေ။

ကျန်းချန်က ပေဆယ်ဂဏန်း အကွာအဝေးသို့ သွား‌ရောက်ပြီးနောက်တွင် အဆုံးသတ်၌ ဒုတိယမြောက် ငရဲမိကျောင်းတစ်ကောင်နှင့် တွေ့ဆုံခဲ့သည်။

သူက နဂါးပြာ သန္ဓေခန္ဓာကိုယ်နှင့် ဓားဆန္ဒကို အသုံးပြုကာ ငရဲမိကျောင်းကို လှုပ်ရှား၍ မရအောင် ထိန်းချုပ်လိုက်ပြီး ရှေးဟောင်းသားရဲ ထိန်းချုပ်ရေးနည်းစနစ်ဖြင့် ငရဲမိကျောင်းဘာမှတုံ့ပြန်နိုင်ခြင်း မရှိသေးခင်မှာပင် အမိအရ ထိန်းချုပ်ကာ ကျွန်အဖြစ် သိမ်းပိုက်လိုက်သည်။

ထို့နောက်တွင် ကျန်းချန်သည် အလားတူ ထပ်မံလုပ်ဆောင်ခဲ့ရာ မကြာမီမှာပင် တတိယ နှင့် စတုတ္ထမြောက် ငရဲမိကျောင်းများသည် ကျန်းချန်၏ မိကျောင်းတပ်မတော် အဖွဲ့ဝင်များ ဖြစ်လာခဲ့ကြသည်။

"ဝိုး.. ဘုရားသခင် ဒီကောင် ဘယ်လိုလုပ်ပြီး ငရဲမိကျောင်း အများကြီးကို ထိန်းချုပ်နိုင်ရတာလဲ"

လဲ့ထျန်းဖန်းတို့ သုံးဦးသည် လုရွှေဝိညာဥ်ကန် ထဲတွင် အေးအေးဆေး‌ဆေး လှည့်လည်သွားလာနေသည့် ကျန်းချန်ကို ကြည့်ရင်း ၎င်းတို့၏ မျက်လုံးတွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်နေခဲ့ကြသည်။

သားရဲသခင်သည် သားရဲကို ယဥ်ပါးအောင် လုပ်နိုင်သော်လည်း အကန့်အသတ်တော့ ရှိရမည် မဟုတ်ပါလော။

ယေဘုယျအားဖြင့် အဆင့်တူ သားရဲနှစ်ကောင် သို့မဟုတ် သုံးကောင်ကို ယဥ်ပါးအောင် ပြုလုပ်နိုင်သော သားရဲသခင်သည် အလွန် အစွမ်းထက်သည်ဟု ဆိုနိုင်သည်။

ဆဋ္ဌမအဆင့် ရှေးဟောင်းသားရဲ ဆိုလျှင် ဆဋ္ဌမအဆင့်အထွတ်အထိပ် သားရဲသခင်ပင်လျှင် အများဆုံး နှစ်ကောင်ကိုသာ ထိန်းချုပ်နိုင်မည် ဖြစ်သည်။

သို့သော်လည်း သူတို့ရှေ့မှကောင်လေးသည် လက်ရှိတွင် ရှေးဟောင်း ငရဲမိကျောင်း ခုနစ်ကောင် ရှစ်ကောင်ကို တပြိုင်တည်း ထိန်းချုပ်ခဲ့ပြီး ဆဋ္ဌမအဆင့် ငရဲမိကျောင်း တပ်မတော်ကိုပင် ဖွဲ့စည်းလိုက်သေးသည်။

"ဒီကောင်လေးရဲ့ သားရဲသခင်အဆင့်က သတ္တမအဆင့်ကိုတောင် ရောက်နေပြီလားမသိဘူး"

ထိုအတိုင်းသာဆိုလျှင် ထိုကောင်လေးသည် အလွန်ကို ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုရပေတော့မည်။

တကယ်တမ်းတွင် ကျန်းချန်သည် သတ္တမအဆင့် သားရဲသခင်အဆင့်ကို မရောက်သေးပေ။

သို့သော်လည်း သူက တိမ်မြုပ် ပျောက်ကွယ်နေသည့် ရှေးဟောင်းသားရဲ ထိန်းချုပ်ရေးနည်းစနစ်ကို ပိုင်ဆိုင်ထားခဲ့သည်။

ရှေးဟောင်းသားရဲ ထိန်းချုပ်ရေးနည်းစနစ်သည် ဝိညာဥ်စွမ်းအင်သုံးစွဲမှုကို လျော့ချပေးရုံသာမက သားရဲထိန်းချုပ်ရာတွင် အောင်မြင်မှုနှုန်းကိုပါ များစွာ တိုးတက်စေ၏။

ထို့ကြောင့်ပင် ကျန်းချန်၏ သားရဲများကို ယဥ်ပါးအောင် လုပ်နိုင်စွမ်းသည် သာမန် ဆဋ္ဌမအဆင့် သားရဲသခင်များ လက်လှမ်းမမီနိုင်သည့် အဆင့်တွင် ရှိနေခဲ့သည်။

"ငရဲမိကျောင်း ခုနစ်ကောင် ရှစ်ကောင်ကို ထိန်းချုပ်နိုင်ပြီ ဆိုတော့ ဒီကောင်လေးက လုရွှေဝိညာဥ်ကန်ထဲမှာ လွတ်လွတ်သွားလာနိုင်နေပြီ"

ကျန်းချန်၏ ပတ်ပတ်လည်တွင် ဝန်းရံထားသည့် ငရဲမိကျောင်းများကို မြင်လျှင် လဲ့ထျန်းဖန်းတို့ သုံးဦးသည် မျက်ဝန်းထဲတွင် မနာလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။

ဆဋ္ဌမအဆင့် ရှေးဟောင်းသားရဲ ဖြစ်သည့် ငရဲမိကျောင်း၏ အားအနည်းဆုံး အကောင်ပင်လျှင် သိုင်းသခင်နယ်ပယ်သတ္တမအဆင့် နှောင်းပိုင်း ကျင့်ကြံသူ နှင့် ညီမျှသောအစွမ်း ရှိ၏။

ဤကဲ့သို့ ငရဲမိကျောင်း ခုနစ်ကောင် ရှစ်ကောင်ခန့်၏ တိုက်ခိုက်မှုကိုသာ ရင်ဆိုင်ရလျှင် သိုင်းသခင်နယ်ပယ် နဝမအဆင့်ရှိသည့် ဧကရာဇ်အဆင့် ပါရမီရှင်ပင် ရှောင်ကြဥ်ရလိမ့်မည်ကို သူစိုးရိမ်မိသည်။

ငရဲမိကျောင်း ခုနစ်ကောင် ရှစ်ကောင်ခန့်ကို ထိန်းချုပ်ပြီးနောက်တွင် ကျန်းချန်သည် သူ၏အကန့်အသတ်ကို ရောက်ရှိသွားပြီဟု ခံစားလိုက်ရသည်။

ထို့နောက်တွင် ကျန်းချန်သည် သူစီးနင်းရန်အတွက် တစ်ကောင်ကိုသာ ထားခဲ့ပြီ ကျန်ငရဲမိကျောင်းများ အားလုံးကို လုရွှေဝိညာဥ်ကန်ထဲမှ ရတနာများ ရှာဖွေရန် စေလွှတ်ခဲ့သည်။

ကျန်းချန်၏ အမိန့်ကို ရသည်နှင့် ငရဲမိကျောင်းများသည် လုရွှေကန်၏ အောက်ခြေသို့ တိုက်ရိုက် ငုပ်လျှိုးသွားခဲ့ကြပြီး ကန်ထဲမှ ရတနာများကို စတင် ရှာဖွေခဲ့ကြသည်။

မကြာခင်မှာပင် ငရဲမိကျောင်း ခုနစ်ကောင်လုံးသည် ကျန်းချန်ဆီသို့ပြန်‌ရောက်လာခဲ့ကြပြီး ကြာပန်းအမြစ်နှင့် ဆင်တူသည့် ကြည်လင်သော အပင်အနည်းငယ်ကို ကျန်းချန်၏ ရှေ့တွင် ချပေးခဲ့သည်။

"ဒါက လျှီလီထျန်းရှီ အမြစ်လား"

ကျန်းချန်က ငရဲမိကျောင်းများ ယူလာခဲ့သည် အပင်ကို စူးစိုက်ကြည့်ရင်း မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

အခန်း(၁၀၁၅)ပြီး၏။

အခန်း(၁၀၁၆)

ကျန်းချန်က လျှိုလီထျန်းရှီ အမြစ်တစ်ပင်ကို ဆုပ်ကိုင်၍ ရေရွတ်လိုက်သည်။

"တကယ်ကို လျှိုလီထျန်းရှီ အမြစ်ပဲ"

သေချာ အကဲခတ်ကြည့်လိုက်သည်နှင့် ကျန်းချန်သည် ကြာပန်းနှင့် ဆင်တူသောအမြစ်က လျှိုလီထျန်းရှီ အမြစ် အစစ်ဖြစ်ကြောင်း လုံးဝနီးပါး သေချာသွားခဲ့သည်။

လျှိုလီထျန်းရှီအမြစ်သည် အလွန်ရှားပါးသော ရတနာတစ်ပါး ဖြစ်သည်။

၎င်း၏အဓိက အသုံးဝင်ပုံမှာ ခန္ဓာကိုယ်ကို သန့်စင်စေရန်နှင့်သန်မာစေရန်အတွက် ဖြစ်သည်။

သာမန် ကျင့်ကြံသူများအတွက်မူ လျှိုလီထျန်းရှီ အမြစ်သည် ခန္ဓာကိုယ်ကို အနည်းငယ်သာ သန်မာစေမည် ဖြစ်ပြီး အကျိုးသက်ရောက်မှု သိပ်မကြီးမားပေ။

သို့သော်လည်း ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ကျင့်ကြံသူများ အတွက်မူ လျှိုလီထျန်းရှီ အမြစ်သည် သံသယဝင်စရာမလိုလောက်အောင်ပင် စိတ်ကူးထဲမှ ရတနာတစ်ပါး ဖြစ်၏။

ယခုအခါတွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူ၏ ရုပ်ပိုင်းဆိုင်ရာ အင်အားကို လုံးဝ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ကျန်းချန်သည် သူ၏ မပျက်စီးနိုင်သောခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းစနစ်ကို အဆင့်မြှင့်တင်ရန် အတွက် နည်းလမ်းများကို ရှာဖွေနေခဲ့၏။

ထို့ကြောင့် လျှိုလီထျန်းရှီ အမြစ်သည် အချိန်မှန် ရောက်ရှိလာသည့်ဟုပင် ဆိုရပေမည်။

ကျန်းချန်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားခဲ့သည်။

သူက ငရဲမိကျောင်းများကို သူ၏ ပတ်ဝန်းကျင်အား အကာအကွယ်ပေးထားရန် အမိန့်ပေးလိုက်ပြီးနောက် လျှိုလီထျန်းရှီ အမြစ်တစ်ပိုင်းကို တိုက်ရိုက် မျိုချလိုက်ကာ အာနိသင်ကို စမ်းသပ် ကြည့်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ထူးဆန်းသော စွမ်းအင်တစ်ခုသည် ကျန်းချန်၏ အသွေးအသားထဲကို ထိုးဖောက် ဝင်ရောက်သွားခဲ့ပြီး သူ၏ အသွေးအသားကို ပြင်းထန်စွာ ပူလောင်စေခဲ့သည်။

မကြာမီမှာပင် စနစ်၏ အချက်ပေးသံသည် ကျန်းချန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့၏။

"ဒင်.. လျှိုလီထျန်းရှီ အမြစ်ကို စားသုံးပြီး မပျက်စီးနိုင်တဲ့ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ် အတွက် အတွေ့အကြုံရမှတ် ၁၆၆ကို အဆ၁၀၀ ရရှိပါတယ်"

သာမန်သိုင်းသခင် နယ်ပယ် ကျင့်ကြံသူတစ်ဦး အတွက်ဆိုလျှင် လျှိုလီထျန်းရှီ အမြစ်တစ်ပိုင်း၏ စွမ်းရည်ကို စုပ်ယူရန်အတွက်ပင် အနည်းဆုံး ဆယ်ရက်ခန့် လိုအပ်မည် ဖြစ်သည်။

သို့သော်လည်း ကျန်းချန်ကမူ အဆတစ်ရာစနစ် ရှိနေသဖြင့် သာမန် အတိုင်းအတာဖြင့် ဖော်ပြ၍မရခဲ့ပေ။

တခဏအတွင်းမှာပင် ကျန်းချန်သည် လျှိုလီထျန်းရှီ အမြစ်စွမ်းအင်ကို မပျက်စီးနိုင်သော ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်၏ အတွေ့အကြုံရမှတ်အဖြစ် ပြောင်းလဲပစ်လိုက်သည်။

ထို့နောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ လျှိုလီထျန်းရှီအမြစ်ကို ဆက်လက် စားသုံးကာ မပျက်စီးနိုင်သောခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်ကို အဆင့်မြှင့်တင်ခဲ့သည်။

"ဒင်.. လျှိုလီထျန်းရှီအမြစ်ကို စားသုံးပြီး မပျက်စီးနိုင်သော ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်အတွက် အတွေ့အကြုံရမှတ် ၁၆၆မှတ်ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. လျှိုလီထျန်းရှီအမြစ်ကို စားသုံးပြီး မပျက်စီးနိုင်သော ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်အတွက် အတွေ့အကြုံရမှတ် ၁၆၆မှတ်ကို အဆ၁၀၀ ရရှိပါတယ်"

"............"

မကြာမီမှာပင် ကျန်းချန်သည် ငရဲမိကျောင်းများ ယူလာသည့် လျှိုလီထျန်းရှီ အမြစ်အားလုံးကို စားလိုက်သည်။

သူ၏ မပျက်စီးနိုင်သော ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်၏ အတွေ့အကြုံရမှတ်သည်လည်း ချက်ချင်းပင် ခုန်တက်လာခဲ့ပြီး ပဉ္စမအဆင့်ကို ချိုးဖျက်မည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

လျှီလီထျန်းရှီအမြစ်ကို မျိုချပြီးနောက်တွင် ကျန်းချန်သည် ငရဲမိကျောင်းများကို လုရွှေဝိညာဥ်ကန် ထဲသို့ ထပ်မံ စေလွှသန့်တ်ခဲ့သည်။

ငရဲမိကျောင်းများကလည်းရေထဲသို့ ငုပ်လျှိုးသွားခဲ့ပြီး မကြာမီမှာပင် ကျန်းချန်ထံ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။

၎င်းတို့က မိုးကြိုးအလင်းမြက်၊ ခရမ်းရောင် သွေးနတ်ဘုရားမြက် ကဲ့သို့ သဘာဝရတနာ အမျိုးမျိုးကို လုရွှေကန်ထဲကနေ အဆက်မပြတ် ရှာဖွေ သယ်ဆောင်လာခဲ့ကြသည်။

ငရဲမိကျောင်း ခုနစ်ကောင်ရှစ်ကောင်ခန့်၏ ရတနာရှာဖွေသောနှုန်းသည် အလွန်ပင် မြင့်မား၏။

တစ်နာရီပင် မကြာလိုက်သောအချိန်မှာပင် လျှိုလီထျန်းရှီအမြစ် ရာပေါင်းများစွာကို ကျန်းချန်သည် ရရှိလိုက်သည်။

သူက လျှိုလီထျန်းရှီ အမြစ်ကို အဆက်မပြတ် စားသုံးလိုက်ပြီး မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်ကို ရူးသွပ်စွာ အဆင့်မြှင့်တင်လိုက်သည်။

"ဒင်.. လျှိုလီထျန်းရှီအမြစ်ကို စားသုံးပြီး မပျက်စီးနိုင်သော ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်အတွက် အတွေ့အကြုံရမှတ် ၁၆၆ မှတ်ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. လျှိုလီထျန်းရှီအမြစ်ကို စားသုံးပြီး မပျက်စီးနိုင်သော ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်အတွက် အတွေ့အကြုံရမှတ် ၁၆၆ မှတ်ကို အဆ၁၀၀ ရရှိပါတယ်"

"..........."

"ဒင်..သင့်ရဲ့ မပျက်စီးနိုင်သော ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်က ပဉ္စမအဆင့် အလယ်အလတ်ကို ရောက်ရှိသွားခဲ့ပါပြီ"

ကျန်းချန်၏ မပျက်စီးနိုင်သော ခန္ဓာကိုယ် ကျင့်ကြံခြင်းနည်းစနစ်သည် ပဉ္စမအဆင့်အလယ်အလတ်သို့ သိပ်မကြာခင်မှာပင် အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့သည်။

"မွန်းစတား.. ဒီကောင်လေးက တကယ်ကို မွန်းစတားပဲ"

ကျန်းချန်က ငရဲမိကျောင်းများကို အသုံးပြုပြီး လုရွှေဝိညာဥ်ကန် ထဲမှ ရတနာများကို စိတ်ကြိုက် သယ်ထုတ်ကာ ဂျယ်လီကဲ့သို့ ဝါးစားနေသည်ကို မြင်လျှင် လဲ့ထျန်းဖန်းတို့ သုံးယောက်စလုံးသည် အံ့အားသင့်ကာ လုံးဝ မှင်တက်သွားခဲ့ကြသည်။

"စီနီယာအကို.. မြန်မြန်ကြည့်စမ်းပါ.. ဟိုကောင်လေးက လု‌‌ရွှေကန်ထဲကနေ ရတနာတွေ အများကြီးတောင် ရနေခဲ့ပြီ"

ထိုအချိန်မှာပင် လုရွှေကန်နှင့် မနီးမဝေးကနေ မမျှော်လင့်သော အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

အခန်း(၁၀၁၆)ပြီး၏။

အခန်း(၁၀၁၇)

ရုတ်တရက် ထွက်ပေါ်လာသောအသံကြောင့် လဲ့ထျန်းဖန်းတို့သုံးဦးသည် အံ့အားသင့်သွားခဲ့ကြသည်။

သူတို့က အသံလာရာဆီသို့ ခေါင်းလှည့်၍ ကြည့်လိုက်ကြသောအခါ လူငယ်လေးဦးသည် လုရွှေဝိညာဥ်ကန် ဆီသို့ ခြေလှမ်းကျဲကြီးဖြင့် လာနေကြသည်ကို တွေ့လိုက်ရသည်။

ထိုလူစုကို ဦးဆောင်လာသူမှာ ခန္ဓာကိုယ် ကြံ့ခိုင်ထွားကြိုင်းပြီး မျက်လုံးများက ကျားရဲကဲ့သို့ ထက်မြက်သည်။

၎င်းက တောက်ပသော ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရုန့်ရင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။

"ထျန်းဝူမြို့ရဲ့ အင်ပါယာအဆင့် ပါရမီရှင် ဝူကျန့်ယန်ပါလား"

ဦးဆောင်လာသည့် သန်မာထွားကြိုင်းသော လူငယ်ကို မြင်လျှင် လဲ့ထျန်းဖန်းတို့ သုံးဦး၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ဝူကျန့်ယန်သည် ထျန်းဝူမြို့၏ အင်ပါယာအဆင့် ပါရမီရှင်ခြောက်ဦးထဲမှ တစ်ဦး ဖြစ်သည်။

သူက သူတော်စင်မြို့တော် ငါးမြို့ထဲတွင် ရုပ်ပိုင်းဆိုင်ရာခွန်အားဖြင့် အင်ပါယာအဆင့်ပါရမီရှင် ဖြစ်လာသည့် တစ်ဦးတည်းသောသူ ဖြစ်ပြီး တိုက်ပွဲဝင် စွမ်းရည်လည်း အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည်။

သူတော်စင်မြို့တော်ငါးမြို့မှ အင်ပါယာအဆင့် ပါရမီရှင်အားလုံးထဲတွင်ပင် သူ၏ ခွန်အားသည် ထိပ်ဆုံးဆယ်ဦး စာရင်းတွင် ပါဝင်ရန် လုံလောက်၏။

ဝူကျန့်ယန်က ဤအချိန်တွင် လုရွှေဝိညာဥ်ကန်သို့ လာရောက်ရန် ရွေးချယ်မည်ဟု လဲ့ထျန်းဖန်းတို့သုံးဦး ထင်မထားခဲ့ပေ။

ဝူကျန်ယန့်သည် လု‌ရွှေဝိညာဥ်ကန် နားသို့ တစ်လှမ်းချင်း ချဥ်းကပ်လာခဲ့သည်။

သူက လဲ့ထျန်းဖန်းတို့ သုံးဦးကို လှည့်ပင် မကြည့်ဘဲ သူ၏ကျားရဲကဲ့သို့ စူးရှသော မျက်လုံးများဖြင့် လုရွှေဝိညာဥ်ကန်ထဲရှိ ကျန်းချန်ကို တိုက်ရိုက် စိုက်ကြည့်လိုက်သည်။

"ဒီကောင်လေးက ငရဲမိကျောင်း ခုနစ်ကောင် ရှစ်ကောင်လောက်ကို ထိန်းချုပ်ထားပြီး လုရွှေဝိညာဥ်ကန်ထဲက ရတနာတွေကို စုဆောင်းနေပါလား.. ဒီကောင်လေး စုဆောင်းထားတဲ့ရတနာတွေထဲက ကြာပန်းအမြစ်နဲ့တူတဲ့အပင်က ဒဏ္ဍာရီလာလျှိုလီထျန်းရှီ အမြစ်များလား"

ဝူကျန့်ယန်က ငရဲမိကျောင်းများ ကျန်းချန်အတွက် ရှာ‌ဖွေပေးခဲ့သည့် လျှိုလီထျန်းရှီ အမြစ်ကို လိုချင်တပ်မက်သောအရိပ်အယောင်များ မျက်ဝန်းထဲတွင် ပေါ်လာခဲ့သည်။

ဆိုရလျှင် လျှိုလီထျန်းရှီအမြစ်သည် သူ့လို ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကျင့်ကြံသူ အတွက် အိပ်မက်ဆန်သောရတနာဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းခန့်တွင် ရှန်းဝူတိုက်ကြီးသည် ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။

ထိုကပ်ဘေးကြောင့် ရှေးဟောင်း အမွေအနှစ် များစွာသည် ပျောက်ကွယ်သွားခဲ့ရသည်။

တစ်ချိန်က ရှန်းဝူတိုက်ကြီးတွင် ထွန်းကားခဲ့သည့်ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း နည်းစနစ်များသည်လည်း ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့၏။

ယနေ့ခေတ် ရှန်းဝူတိုက်ကြီးတွင် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းနည်းစနစ်များသည် အလွန်အမင်း ရှားပါးသွားခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ကျင့်ကြံခြင်းသည် ကိုယ်ခံပညာကို ကျင့်ကြံခြင်းထက် များစွာပို၍ ခက်ခဲ၍ ကျင့်ကြံသူ အများစုသည် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းကို ရွေးချယ်ကြလေ့ မရှိပေ။

ထို့ပြင် ရုပ်ပိုင်းဆိုင်ရာကို ကျင့်ကြံလိုလျှင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် နည်းစနစ်ကို လိုအပ်သည့် အပြင် ခန္ဓာကိုယ်ကိုအားဖြစ်စေမည့် အဖိုးတန် ရတနာများလည်း လိုအပ်သည်။

လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းခန့်က ကပ်ဘေးတွင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နည်းစနစ်များနှင့် အတူ ရှန်းဝူတိုက်ကြီးပေါ်ရှိ အဆင့်မြင့် ခန္ဓာကိုယ်သန့်စင်ခြင်း ရတနာများလည်း ပိုမို ရှားပါးသွားခဲ့သည်။

ထို့ကြောင့် ယခုအခါတွင် ရှန်းဝူတိုက်ကြီး၌ ရုပ်ပိုင်းဆိုင်ရာကျင့်ကြံသူ အလွန်တရာ ရှားပါးနေပြီ ဖြစ်၏။

ဝူကျန့်ယန်ကို ဥပမာပေးရမည်ဆိုလျှင် ဝူကျန့်ယန်သည် သိုင်းသခင်နယ်ပယ် နဝမအဆင့် နှောင်းပိုင်း ကျင့်ကြံသူ နှင့် ယှဥ်နိုင်သည်အထိ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ကျင့်ကြံထားနိုင်ခဲ့သည်။

သူက အင်ပါယာအဆင့် ပါရမီရှင် ဖြစ်လာရခြင်းမှာလည်း ရုပ်ပိုင်းဆိုင်ရာ အင်အားကို အားကိုး၍ ဖြစ်သည်။

သူအနေဖြင့် ရုပ်ပိုင်းဆိုင်ရာကို ဆက်လက် ကျင့်ကြံရန်အတွက် အထောက်အပံ့ ရတနာများစွာ လိုအပ်သော်လည်း ထျန်းဝူမြို့မှာပင် အရင်းအမြစ်များ ရှာဖွေရန် ခက်ခဲလာခဲ့သည်။

သူက ရုပ်ပိုင်းဆိုင်ရာနှင့် ကိုယ်ခံပညာနှစ်မျိုးလုံးကို ကျင့်ကြံသော်လည်း ရုပ်ပိုင်းဆိုင်ရာ တစ်မျိုးတည်းကိုသာ အသားပေး၍ ကျင့်ကြံခဲ့လျှင် သုံးနှစ် သို့မဟုတ် ငါးနှစ်အတွင်း များစွာ တိုးတက်လာမည်မှာ သေချာသည်။

သူ့အနေဖြင့် နတ်ဝိညာဥ်ဘုရင်နှင့် ယှဥ်နိုင်သောအဆင့်သို့ ရောက်ရှိလိုလျှင် အဆင့်မြင့် ခန္ဓာကိုယ်သန့်စင်ခြင်း အရင်းအမြစ်များကို ရှာဖွေရမည် ဖြစ်၏။

ဆိုရလျှင် သူ၏ ရှေ့မှ လျှိုလီထျန်းရှီ အမြစ်သည် ဝူကျန့်ယန်အလိုအပ်ဆုံး အဆင့်မြင့်ခန္ဓာကိုယ်သန့်စင်ခြင်း ရတနာဖြစ်သည်မှာ သံသယဝင်စရာ မရှိပေ။

"ဝူထို့.. လုရွှေကန်ထဲက သားရဲတစ်ကောင်ကို ထိန်းချုပ်လိုက်.. ငါအဲဒီကောင်နဲ့ ရင်ဆိုင်မယ်"

သူ့ရှေ့မှကောင်လေးသည် ငရဲမိကျောင်း ခုနစ်ကောင်ရှစ်ကောင်ခန့်ကို အားကိုး၍ လုရွှေဝိညာဥ်ကန်ထဲမှ မရေမတွက်နိုင်သော ရတနာများကို စုဆောင်းထားခဲ့ပြီ ဖြစ်ရာ ဝူကျန့်ယန်သည် အလွန်ပင် လောဘတက်နေခဲ့သည်။

အထူးသဖြင့် ထိုကောင်လေး၏ ရတနာများထဲမှ လျှိုလီထျန်းရှီ အမြစ်သည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းတွင် အနှောင့်အယှက်များကို ဖယ်ရှားနိုင်သည်။

ဝူကျန့်ယန် ဤနေရာသို့ တိုက်ရိုက် ရောက်လာခဲ့သည်မှာ ရှေးဟောင်းဆေးဥယျာဥ်သို့ သွားပြီး ခန္ဓာကိုယ်ကို သန်မာစေသည့် အဆင့်မြင့်ရတနာ တစ်မျိုးမျိုးကို ရှာဖွေရန်အတွက် ဖြစ်သည်။

ယခု သူ့ရှေ့တွင် လျှိုလီထျန်းရှီ အမြစ်ကို တွေ့နေရပြီ ဖြစ်ရာ ဝူကျန့်ယန်သည် အဘယ်ကဲ့သို့ လက်လွှတ်ခံနိုင်ပါမည်နည်း။

မည်သည့်နည်းလမ်းကို အသုံးပြုရပါစေ၊ သူက လျှိုလီထျန်းရှီ အမြစ်ကို သူ၏အိတ်ကပ်ထဲသို့ ရောက်လာအောင် လုပ်ရမည်ဟု ဆုံးဖြတ်ချက် ချထားလိုက်သည်။

အခန်း(၁၀၁၇)ပြီး၏။

All Chapters