အခန်း (၁၀၁၈-၁၀၂၀)
Vol. 68 Ch. 1018-1020
အခန်း(၁၀၁၈)
"ဟုတ်ကဲ့ စီနီယာအကို"
ဝူထို့အမည်ရှိလူငယ်သည် ဝူကျန့်ယန်၏ ညွှန်ကြားချက်ကို ရသည်နှင့် ကန်ထဲသို့ တိုက်ရိုက်ဆင်းကာ ဆဋ္ဌမအဆင့် သားရဲတစ်ကောင်ကို ယဥ်ပါးအောင် လုပ်လိုက်သည်။
ထို့နောက်တွင် ချက်ချင်းဆိုသလို ဝူထို့သည် ထိုသားရဲအားထိန်းချုပ်ပိုင်ခွင့်ကို ဝူကျန့်ယန် ထံသို့ လွှဲပြောင်းပေးခဲ့သည်။
ဝူကျန့်ယန်သည် အနည်းမျှပင် တုံ့ဆိုင်းမနေဘဲ သားရဲ၏ ကျောပေါ်သို့ ခုန်တက်ကာ သားရဲကို ကျန်းချန်ဆီသို့ သွားရန် တန်းတန်းမတ်မတ် ထိန်းချုပ်လိုက်သည်။
တခဏအတွင်းမှာပင် ဝူကျန့်ယန်သည် ကျန်းချန်၏ ဆယ်ပေ အကွာအဝေးသို့ ရောက်ရှိလာခဲ့၏။
သူက ကျန်းချန်ကို ပြုံးရွှင်စွာ ကြည့်၍ ပြောလိုက်သည်။
"ဒီက ညီနောင်က တော်တော် ထူးချွန်တာပဲ.. ရှေးဟောင်းမိကျောင်းတွေ အများအပြားကို ထိန်းချုပ်ပြီး လုရွှေကန်ထဲက ရတနာတွေကို အတော်လေး စုဆောင်းထားနိုင်တာပဲ"
"မင်းဘာလိုချင်လို့လဲ"
ကျန်းချန်က မျက်ခုံးကိုပင့်၍ ဝူကျန့်ယန်ကိုကြည့်ကာ မေးလိုက်သည်။
သူ့ဆရာရှောင်တုလီ သူ့ကိုပေးခဲ့သည့် အချက်အလက်များထဲတွင် သူတော်စင်မြို့တော်ငါးမြို့မှ အင်ပါယာအဆင့် ပါရမီရှင်အားလုံး၏ အသေးစိတ် မိတ်ဆက်မှုများ ပါဝင်၏။
ထို့ကြောင့် ကျန်းချန်သည် သူ့ရှေ့မှလူငယ်ကို ထျန်းဝူမြို့၏ အင်ပါယာအဆင့်ပါရမီရှင် ဝူကျန့်ယန် ဖြစ်ကြောင်း သိရှိနေခဲ့သည်။
သို့သော်လည်း ကျန်းချန်သည် လုံးဝ ထိတ်လန့်မနေခဲ့ပေ။
သူ၏လက်ရှိ တိုက်ပွဲဝင်စွမ်းရည်ဖြင့် ဤအင်ပါယာအမွေအနှစ် နယ်မြေတွင် သူ့ကို တကယ်တမ်း ဒုက္ခပေးနိုင်သူများမှာ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် အဆင့် ကျင့်ကြံသူများသာ ဖြစ်သည်။
"ငါက မင်းဆီကို လုယူဖို့ လာတာ မဟုတ်ပါဘူး"
ဝူယန့်ကျန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းရရှိထားတဲ့ လျှိုလီထျန်းရှီအမြစ် တချို့ကို ငါစိတ်ဝင်စားတယ်.. ဒါကြောင့် မင်းဆီကနေ ဝယ်ချင်လို့ပါ"
ထိုကောင်လေး၏ အင်အားသည် အလွန် ထူးချွန်သော်လည်း သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်သာ ရှိနေသေးသည်။
ထျန်းဝူမြို့၏ အင်ပါယာအဆင့်ပါရမီရှင် တစ်ဦးအနေဖြင့် သူ၏ တိုက်ပွဲဝင်စွမ်းရည်သည် သာမန်နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူထက် မနိမ့်ကျပေ။
ဆိုရလျှင် ထိုကောင်လေး၏ နံဘေးတွင် ငရဲမိကျောင်းခုနစ်ကောင်ရှစ်ကောင်ခန့် ရှိနေလျှင်ပင် ဝူကျန့်ယန်သည် ဂရုစိုက်မည် မဟုတ်ချေ။
"စိတ်မကောင်းပါဘူး.. ငါ့မှာရောင်းချဖို့ စိတ်ကူးမရှိဘူး"
ကျန်းချန်က ဝူကျန့်ယန်ကို ပြတ်ပြတ်သားသားပင် ငြင်းဆန်လိုက်သည်။
သူက မပျက်စီးနိုင်သော ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်ကို မြှင့်တင်ရန်အတွက် လျှိုလီထျန်းရှီ အမြစ်အများအပြားကို လိုအပ်နေခဲ့သည်။
ဤလျှိုလီထျန်းရှီ အမြစ်များသည် သူ့အတွက်ပင် မလုံလောက်သည် ဖြစ်ရာ သူတစ်ပါးကို မည်ကဲ့သို့ ရောင်းချနိုင်ပါမည်နည်း။
"မင်းက ငါဝူကျန့်ယန်ကို မျက်နှာသာမပေးချင်ဘူး ထင်တယ်"
ဝူကျန့်ယန်၏ မျက်နှာထားက အေးစက်သွားခဲ့သည်။
သူ၏ မျက်ဝန်းထဲတွင် လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့၏။
"မင်းကို ငါက မျက်နှာသာပေးရအောင် မင်းက ထိုက်တန်မှုရှိလို့လား"
ကျန်းချန်က မထီမဲ့မြင် ပြုံး၍ ပြောလိုက်သည်။
"အခုနေ ထွက်ပြေးမယ်ဆိုရင် နောက်ကျဦးမှာ မဟုတ်ဘူး"
"ကောင်လေး.. မောက်မာလှချည်လား"
ဝူကျန့်ယန်က ဒေါသအိုး ပေါက်ကွဲသွားပြီး ကျယ်လောင်စွာကြုံးဝါးလိုက်သည်။
သူတော်စင်မြို့တော် ငါးမြို့၏ အင်ပါယာအဆင့် ပါရမီရှင်များထဲတွင် တစ်ဦးတည်းသော ရုပ်ပိုင်းဆိုင်ရာကျင့်ကြံသူ ဖြစ်သဖြင့် ဝူကျန့်ယန်သည် အမြဲလိုလို ဂုဏ်ယူဝင့်ကြွားခဲ့သည်။
ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းလမ်းစဥ်သည် ကျင့်ကြံရန် အလွန်ခက်ခဲသော်လည်း တိုက်ပွဲဝင်စွမ်းရည်ကမူ ပြိုင်ဘက်ကင်းသည်။
အဆင့်တူအတွင်း ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသူများ၏ တိုက်ပွဲဝင်စွမ်းရ့ည်သည် ကိုယ်ခံပညာ ကျင့်ကြံသူများထက် ပို အစွမ်းထက်၏။
ရှင်းလင်းစွာဆိုရလျှင် ဤအင်ပါယာအမွေအနှစ် နယ်မြေထဲတွင် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် အဆင့် ကျင့်ကြံသူကလွဲ၍ သူ့ကို ဖိနှိပ်နိုင်သူသည် လက်တစ်ဖက်ဖြင့်ပင် ရေတွက်၍ရ၏။
သို့ဖြစ်ရာ ဤကောင်လေးက သူ့ရှေ့တွင် မောက်မာနေသည်ကို အဘယ်ကဲ့သို့ သူက သည်းခံနိုင်ပါအံ့နည်း။
ကောင်လေး.. မင်းက အကောင်းအဆိုးကို နားမလည်မှတော့ ငါ့ကို ရိုင်းစိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့တော့"
ဝူကျန့်ယန်၏ မျက်လုံးများက ဓားကဲ့သို့ အေးစက်သွားခဲ့သည်။
သူက ရုတ်တရက် လက်သီးဆုပ်လိုက်ပြီး ချက်ချင်းပင် ကျန်းချန်ဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
သာမန်ဟုသာ ထင်ရသော သူ၏ လက်သီးချက်သည် လေထုကိုပင် ပေါက်ကွဲစေမည့် လွှမ်းမိုးနိုင်သော စွမ်းအားဖြင့် ကျန်းချန်ဆီသို့ တိုးဝင်လာခဲ့သည်။
"ဒီကောင်လေးက ဝူကျန့်ယန်ကိုတောင် မထီမဲ့မြင် လုပ်ရဲတယ်ဟ.. တကယ်ကို အထူအပါးနားမလည်တဲ့ ကောင်လေးပဲ"
ဝူကျန့်ယန်၏ လှုပ်ရှားမှုကိုမြင်လျှင် လဲ့ထျန်းဖန်း၏ နံဘေးရှိ ကျင့်လဲ့မြို့မှ တပည့်နှစ်ဦးသည် ခေါင်းခါရမ်း၍ ရေရွတ်လိုက်ကြသည်။
သူတို့က ကျန်းချန်ထံတွင် အစွမ်းအစ အနည်းငယ် ရှိသည်ကို ဝန်ခံရမည် ဖြစ်သော်လည်း ဝူကျန့်ယန်သည် သူတော်စင်မြို့တော် ငါးမြို့၏ ထိပ်တန်းအင်ပါယာအဆင့် ပါရမီရှင် ဖြစ်သည်။
ထိုကောင်လေးက ငရဲမိကျောင်း ခုနစ်ကောင် ရှစ်ကောင်ခန့်ကို ထိန်းချုပ်နိုင်လျှင်ပင် ဝူကျန့်ယန်၏ ရှေ့တွင် ဘာမှမဟုတ်ပေ။
အခန်း(၁၀၁၈)ပြီး၏။
အခန်း(၁၀၁၉)
ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် မထီမဲ့မြင် အပြုံးတစ်ခုပေါ်လာခဲ့သည်။
သူက လျှိုလီထျန်းရှီ အမြစ်များကို အစောပိုင်းက စားသုံးခဲ့ပြီး သူ၏ မပျက်စီးနိုင်သောခန္ဓာကိုယ် ကျင့်ကြံခြင်းနည်းစနစ်သည် အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။
ထို့ကြောင့် သူ၏ ရုပ်ပိုင်းဆိုင်ရာအင်အားသည် ကိုယ်ခံပညာအင်အားထက် လုံးဝမနိမ့်တော့ပေ။
သူက သူ့ရှေ့မှ ဝူကျန့်ယန်၏ အင်အား မည်သည့်အဆင့်ထိရောက်နေသလဲ ဆိုသည်ကို သိချင်ခဲ့သည်။
"ဝုန်း"
ကျန်းချန်က လက်သီးကို ရုတ်တရက် ဆုပ်လိုက်ပြီး ဝူကျန့်ယန်၏ လက်သီးကို သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသီးသန့်သာ အသုံးပြုထားသော လက်သီးဖြင့် ရင်ဆိုင်လိုက်သည်။
ကြောက်မက်ဖွယ်အင်အားချင်း ထိပ်တိုက်ဆုံတွေ့မှုကြောင့် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး လုရွှေဝိညာဥ်ကန်၏ ဆယ်မီတာပတ်လည်တွင် ကြီးမားသော လှိုင်းလုံးများ ဖြစ်ပေါ်လာခဲ့သည်။
"မင်း.. မင်းလည်း ရုပ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခံပညာ နှစ်မျိုးလုံးကို ကျင့်ကြံထားတာလား"
သူ၏လက်သီးချက်ကို တုံ့ပြန်နိုင်ခဲ့သည့် ကျန်းချန်ကို ကြည့်ရင်း ဝူကျန့်ယန်၏ မျက်လုံးများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
သူ့ရှေ့မှ ကောင်လေး၏ လက်သီးချက်တွင် မည်သည့် အသက်စွမ်းအင်ကိုမှ မခံစားခဲ့ရပေ။
ဤသည်က ရုပ်ပိုင်းဆိုင်ရာ ခွန်အားသီးသန့်ကိုသာ အသုံးပြု၍ ရင်ဆိုင်ခဲ့သည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။
အစောပိုင်းက သူအသုံးပြုလိုက်သော လက်သီးချက်သည် သူ၏အစွမ်းကုန် မဟုတ်သေးသော်လည်း သာမန် သိုင်းသခင်နယ်ပယ် သတ္တမအဆင့်ကျင့်ကြံသူပင် အလွယ်တကူ ခုခံနိုင်မည် မဟုတ်ပေ။
"ဟားဟား.စိတ်ဝင်စားစရာပဲ.. ဒီနေ့ငါက ရုပ်ပိုင်းဆိုင်ရာကို အသုံးပြုပြီး သူတော်စင်မြို့တော် ငါးမြို့ရဲ့တစ်ဦးတည်းသော အင်ပါယာအဆင့် ပါရမီရှင် မင်း ဘယ်လိုဖြစ်လာသလဲ ဆိုတာ လေ့လာရသေးတာပေါ့"
"ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ် အသက်ဝင်"
ကျန်းချန်က ကြွေးကြော်လိုက်ရာ သူ၏ တစ်ကိုယ်လုံးသည် ရွှေရောင်တောက်ပသွားခဲ့ပြီး ပတ်ပတ်လည်တွင် ရွှေရောင်အရိပ်များ လှည့်ပတ်နေခဲ့သည်။
သူ၏ပုံရိပ်ကလည်း ဆယ်ပေမျှ မြင့်တက်သွားခဲ့သည်။
မပျက်စီးနိုင်သော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ်ကို စတင်လေ့ကျင့်ခဲ့သည့် အချိန်ကတည်းကပင် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုတွင် သူ့ကို ယှဥ်နိုင်သည့်သူ တစ်ယောက်မှ မရှိခဲ့ပေ။
ယနေ့တွင် အလွန်တရာ သန်မာသော ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရပြီ ဖြစ်၏။
ထို့ကြောင့် သူက ရုပ်ပိုင်းဆိုင်ရာခွန်အားကိုသာ အသုံးပြု၍ ဝူကျန့်ယန်ကို ရင်ဆိုင်လိုက်သည်။
"ငါမင်းကို လျှော့တွက်မိခဲ့တယ် မင်းက ရုပ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခံပညာ နှစ်မျိုးလုံးကို ကျင့်ကြံထားခဲ့လိမ့်မယ်လို့ မထင်ထားမိဘူး.. မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အားက ဘယ်အဆင့်ထိ ရောက်နေလည်း ဆိုတာ ငါအရမ်းသိချင်တယ်"
ဝူကျန့်ယန်၏ ကျားရဲကဲ့သို့ မျက်လုံးများက အေးစက်နေခဲ့သည်။
သူ၏ခန္ဓာကိုယ်ကနေ အဆုံးမဲ့စွမ်းအင်များ ထွက်ပေါ်နေခဲ့ပြီး ပတ်ဝန်းကျင် နေရာလွတ်ကိုပင် တုန်ခါစေခဲ့သည်။
"ပါဟွမ်လက်သီးသိုင်း"
ဝူကျန့်ယန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
သူက ကြောက်မက်ဖွယ်အင်အားများ ပါဝင်ပြီး ပတ်ဝန်းကျင်ကို လွှမ်းမိုးနိုင်သော လက်သီးချက်ဖြင့် ကျန်းချန်ကို ထိုးချလိုက်သည်။
"ထိုက်ရှတိုက်ခိုက်ရေးကျင့်စဥ် ပထမတိုက်ကွက်.. တောင်တန်းနဲ့မြစ်များ လှုပ်ခါစေ"
ကျန်းချန်ကလည်း သူ၏ ရွှေရောင်လက်သီးချက်ကနေ ထွက်ပေါ်လာသောအင်အားဖြင့် ဝူကျန့်ယန်၏ လက်သီးချက်ကိုထပ်မံ ရင်ဆိုင်လိုက်သည်။
"ဝုန်း"
ဝူကျန့်ယန်နှင့် ကျန်းချန်တို့၏ လက်သီးအင်အားများသည် ထိပ်တိုက် ဆုံမိသွားကြပြီး နားပင်းစေလောက်သည့် ကျယ်လောင်သော ပေါက်ကွဲသံများသည် လေထဲတွင် ထွက်ပေါ်လာခဲ့သည်။
အင်အားချင်း ထိပ်တိုက်ဆုံရာကနေ ပေါက်ကွဲထွက်လာသည့် ပြင်းထန်သော ချီစွမ်းအားလှိုင်းသည် ပတ်ဝန်းကျင်တွင် ရုတ်တရက် ပျံ့နှံ့သွားခဲ့သည်။
သူတို့နှစ်ဦးစလုံးက သားရဲများ၏ ကိုယ်ပေါ်တွင် ရပ်နေရင်း တစ်ချိန်တည်းမှာပင် အနည်းငယ် နောက်ဆုတ်သွားခဲ့ကြသည်။
ထိုမြင်ကွင်းကိုမြင်လျှင် ထျန်းဝူမြို့မှ တပည့်များနှင့် လဲ့ထျန်းဖန်းတို့ သုံးယောက်သည် အသက်ရှူပင် မှားသွားခဲ့ကြသည်။
ဝူကျန့်ယန်သည် သူတော်စင်မြို့တော် ငါးမြို့ထဲတွင် ရုပ်ပိုင်းဆိုင်ရာကို အထူးပြုသည့် အင်ပါယာအဆင့် ပါရမီရှင်များထဲတွင် တစ်ဦးတည်းသော ပါရမီရှင် ဖြစ်သည်။
ခြေလှမ်း တစ်ဝက် နတ်ဝိညာဥ်ဘုရင် အဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် ရုပ်ပိုင်းဆိုင်ရာတွင် ဝူကျန့်ယန်နှင့် ယှဥ်ပြိုင်ရန် မဖြစ်နိုင်ပေ။
သို့သော်လည်း သူတို့ရှေ့မှ ကောင်လေးသည် ရုပ်ပိုင်းဆိုင်ရာခွန်အားကို အားကိုး၍ ဝူကျန့်ယန်၏ ပါဟွမ်လက်သီးကို ကောင်းစွာ ရင်ဆိုင်နိုင်ခဲ့သည်။
"ဒီကောင်လေးက တကယ်ကို သာမန်မဟုတ်ဘူး"
လဲ့ထျန်းဖန်းက ကျန်းချန်ကို မှင်တက်စွာ စိုက်ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ထိုကောင်လေးသည် ရုပ်ပိုင်းဆိုင်ရာနှင့် ကိုယ်ခံပညာနှစ်မျိုးလုံးတွင် ကျွမ်းကျင်ပြီး ထိုနှစ်မျိုးလုံးတွင်လည်း သူတော်စင်မြို့တော် ငါးမြို့မှ ပါရမီရှင်ပေါင်း များစွာကို အရှက်ရစေရန် လုံလောက်သည်။
ထို့ပြင် ထိုကောင်လေး၏ သားရဲယဥ်ပါးခြင်း အတတ်ပညာတွင် ရရှိထားသော အောင်မြင်မှုများသည် သတ္တမအဆင့် သားရဲသခင်နီးပါးပင် ရှိသည်။
ကျင့်လဲ့မြို့၏ ထိပ်တန်းဧကရာဇ်အဆင့် ပါရမီရှင်တစ်ဦးအနေဖြင့် လဲ့ထျန်းဖန်းသည် အံ့သြစရာကောင်းသော ပါရမီရှင် အများအပြားကို မြင်ဖူးခဲ့သည်။
သို့သော်လည်း ဤမျှလောက် မွန်းစတားဆန်လွန်းသောသူကို တစ်ခါမှမမြင်ဖူးပေ။
အခန်း(၁၀၁၉)ပြီး၏။
အခန်း(၁၀၂၀)
"သူတော်စင်မြို့တော်ငါးမြို့မှာ ရုပ်ပိုင်းဆိုင်ရာခွန်အား ဒီအဆင့်ထိ ရောက်နေတဲ့သူ ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒီနေ့ မင်းငါ့ရဲ့ လက်သီးချက်တွေကို ဘယ်နှစ်ချက်ရင်ဆိုင်နိုင်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့"
ဝူကျန့်ယန်က ကျန်းချန်ကို စူးစိုက်ကြည့်၍ ပြောလိုက်သည်။
သူ၏ရင်ထဲတွင် တိုက်ပွဲဝင်လိုစိတ်များ ပေါက်ကွဲထွက်လာခဲ့သည်။
သူအစောပိုင်းက ထုတ်ဖော်ခဲ့သည် ပါဟွမ်လက်သီးတွင် သူ၏စွမ်းအား ရှစ်ဆယ်ရာခိုင်နှုန်း နီးပါးကို အသုံးပြုထားခဲ့သည်။
သို့သော်လည်း တစ်ဖက်မှ ကောင်လေးသည် ရုပ်ပိုင်းဆိုင်ရာအင်အားဖြင်ပင် သူ၏လက်သီးချက်ကို ပိတ်ဆို့နိုင်ခဲ့သည်။
သူ၏အမြင်တွင်မူ သူ့ရှေ့မှကောင်လေး၏ ရုပ်ပိုင်းဆိုင်ရာခွန်အားသည် သူနှင့် မနှိုင်းယှဥ်သာသေးပေ။
သို့သော်လည်း အနည်းဆုံးတော့ သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့် သို့မဟုတ် သတ္တမအဆင့် ကျင့်ကြံသူများနှင့် ယှဥ်နိုင်သည်ကို မြင်နိုင်ရန် မခက်ခဲခဲ့ပေ။
ဝူကျန့်ယန်ကို ပို၍ အံ့အားသင့်စေသည်မှာ ထိုကောင်လေးလေ့ကျင့်ထားသည့် ခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းစနစ်သည် သူတို့ ထျန်းဝူမြို့၏ နည်းစနစ်ထက် များစွာ အားကောင်းနေခြင်း ဖြစ်သည်။
ထို့ကြောင့်လည်း ဤကောင်လေးသည် သူ၏ ရုပ်ပိုင်းဆိုင်ရာအင်အားကို ရင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်ပုံရသည်။
ဝူကျန့်ယန်သည် သူတော်စင်မြို့တော် ငါးမြို့တွင် သူ့အပြင် ဤအဆင့်ထိ ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ကို ကျင့်ကြံထားနိုင်သည့် ဒုတိယမြောက်လူ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သို့သော်လည်း ထိုကောင်လေး၏ ရုပ်ပိုင်းဆိုင်ရာ အင်အားက မည်မျှပင်သန်မာပါစေ၊ သူသည် ထိုကောင်လေးကို ယနေ့တွင် သူကသာ သူတော်စင်မြို့တော်ငါးမြို့၏ နံပါတ်တစ် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသူမှန်း ပြသရပေမည်။
"ဖိုခုန်းလက်သီးသိုင်း"
ဝူကျန့်ယန်က ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။
သူ၏ခန္ဓာကိုယ်က ကောင်းကင်ပေါ်သို့ မြင့်တက်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအားများသည် သူ၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်ကာ ပတ်ဝန်းကျင် လေထုကိုပင် တုန်ခါစေခဲ့သည်။
သူ၏ ခန္ဓာကိုယ်ထဲရှိ ရုပ်ပိုင်းဆိုင်ရာ အင်အားများသည် သူ၏ လက်သီးတွင် စုဝေးသွားခဲ့သည်။
"သေစမ်း"
ဝူကျန့်ယန်၏ မျက်လုံးများတွင် အေးစက်စက် အလင်းရောင်များ တောက်ပလာခဲ့သည်။
သူက လက်သီးချက်တစ်ချက်ကို ထုတ်ဖော်ကာ ကျန်းချန်ကို ထိုးနှက်လိုက်သည်။
လက်သီးချက်၏ အရှိန်အဟုန်သည် အလွန်တရာပင် မြန်ဆန်ပြီး လက်သီးစွမ်းအင် မရောက်လာခင်မှာပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့၏။
ကျန်းချန်က ချက်ချင်းဆိုသလို နဂါးပြာ သန္ဓေ ခန္ဓာကိုယ်၏ သွေးစွမ်းအားကို ဖော်ထုတ်လိုက်ပြီး ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ် ကျင့်စဥ်၏ ဒုတိယတိုက်ကွက် ဖြစ်သည့် ဟင်းလင်းပြင်ချိုးဖျက် တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။
ထို့နောက်တွင် ကျန်းချန်ထံမှ ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်လက်သီးချက်သည် ပေါက်ကွဲ၍ ထွက်လာခဲ့သည်။
ထိုရွှေရောင်လက်သီးချက်သည် ဥက္ကာခဲ ကျဆင်းလာသကဲ့သို့ ဝူကျန့်ယန်၏ လက်သီးစွမ်းအင်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
"ဝုန်း"
ရုပ်ပိုင်းဆိုင်ရာ အင်အားတစ်မျိုးတည်းကိုသာ အသုံးပြု၍ ပေါက်ကွဲထွက်လာသော လက်သီးစွမ်းအင် နှစ်ခုသည် ထိပ်တိုက် ဆုံမိသွားကြပြီး ကမ္ဘာမြေပြင်ကို တုန်ခါစေမည့် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။
လုရွှေဝိညာဥ်ကန်တွင်ပင် လှိုင်းလုံးများသည် ချက်ချင်းဆိုသလိုပင် ဖြစ်ပေါ်လာခဲ့သည်။
ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအား၏ ဖိအားအောက်တွင် ဝူကျန့်ယန်၏ ခြေထောက်အောက်မှ သားရဲသည် ပေအနည်းငယ်ခန့် နောက်ဆုတ်သွားခဲ့ရသည်။
သို့သော်လည်း ထိုမျှနှင့်မပြီးသေးပေ။
သူ့ခြေထောက်အောက်ရှိ သားရဲသည် အဆုံးသတ်တွင် သူဖနောင့်အောက်မှ စွမ်းအားကို မခံနိုင်တော့သဖြင့် ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲသွားခဲ့ပြီး ၎င်းထံမှ ထွက်ပေါ်လာသော နီစွေးသော သွေးများသည် လုရွှေဝိညာဥ်ကန်ကို ချက်ချင်းပင် ဆေးဆိုးလိုက်သလို ဖြစ်သွားစေခဲ့သည်။
"ချီးပဲ"
သူ့ခြေထောက်အောက်ရှိသားရဲသည် အသက်မဲ့သွားပြီး လုရွှေဝိညာဥ်ကန်၏ အောက်ခြေသို့ နစ်မြုပ်သွားသည်ကို မြင်လျှင် ဝူကျန့်ယန်သည် စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။
ထိုအချိန်တွင် ရှေးဟောင်းငရဲမိကျောင်းကို ထိန်းချုပ်ကာ ပေအနည်းငယ်သာ နောက်ဆုတ်သွားရသည့် ကျန်းချန်ကို မြင်လျှင် သူ၏မျက်နှာထားသည် အလွန်ပင် ကြည့်ရဆိုးလာခဲ့သည်။
ဤအင်ပါယာ အမွေအနှစ်နယ်မြေတွင် ပကတိ အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ၏ ဥပဒေသများ စိုးမိုးနေသောကြောင့် သူ၏ ခွန်အားဖြင့် လေထဲတွင် ကြာကြာမရပ်နိုင်ပေ။
ယခုအခါတွင် သူ့ခြေထောက်အောက်ရှိ သားရဲက သေဆုံးသွားခဲ့ပြီဖြစ်ရာ သူ့အနေဖြင့် လုရွှေဝိညာဥ်ကန်ထဲတွင် ကျန်းချန်ကို ဆက်လက် တိုက်ခိုက်ရန် နည်းလမ်း မရှိတော့ပေ။
ထိုသို့မဟုတ်လျှင် သူသည် လုရွှေဝိညာဥ်ကန်ထဲကို ကျရောက်သွားပြီး ကန်ထဲရှိ သားရဲများ ဝိုင်းရံခံရကာ သေဘေးကနေလွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။
"ကောင်လေး.. ဒီနေ့အဖြစ်အပျက်ကို ငါဝူကျန့်ယန် ကောင်းကောင်းမှတ်ထားမယ်.. မင်းငါလက်စားချေမဲ့ အချိန်ကို စောင့်နေလိုက်"
ဝူကျန့်ယန်က ကျန်းချန်ကို စိုက်ကြည့်ကာ အေးစက်စက်ရေရွတ်လိုက်သည်။
ယခုအခါတွင် ဤလုရွှေဝိညာဥ်ကန်ထဲ၌ သူ၏ ခွန်အားကို ထုတ်ပြရန် မဖြစ်နိုင်တော့ပေ။
ဤကောင်လေး လုရွှေဝိညာဥ်ကန်ထဲက ထွက်လာမှသာ အကြီးအကျယ် ပေးဆပ်စေပြီး လျှိုလီထျန်းရှီအမြစ်ကို လုယူမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
သို့သော်လည်း ဝူကျန့်ယန် လှည့်ထွက်တော့မည့် အချိန်မှာပင် ကျန်းချန်ထံမှ အေးစက်စက်ရယ်သံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
"ဟားဟား.. ဒီလိုမျိုး ထွက်သွားလို့ရမယ်များ ထင်နေလား.. ဒီလောက်ထိ ဘယ်လွယ်ပါ့မလဲ.. ငါ့ရဲ့လက်သီးချက်ကို ခံယူလိုက်ပါဦး"
အခန်း(၁၀၂၀)ပြီး၏။