ဒယ်ဖိုင်နတ်ကျောင်း (၂)
Vol. 3 Ch. 131
ညနက်တဲ့အချိန်ရောက်လို့ သာမန်ခရီးသည်တွေကို ဘုရားကျောင်းထဲ ဝင်ခွင့်ပိတ်တဲ့အချိန်ကျမှ ကျွန်မတို့တွေ တောင်ပေါ်ကို တက်လာခဲ့ကြတယ်။ အစောင့်တချို့တလေ ရှိတယ်ဆိုပေမဲ့ ကျွန်မတို့အဖို့ ဘာအခက်အခဲမှ မရှိလှပါဘူး။
တောင်ပေါ်ကိုရောက်တော့ ကျွန်မတို့တွေက ဘုရားကျောင်းရဲ့ ပင်မခန်းမဆောင်ဆီကို မသွားဘဲနဲ့ ဒယ်ဖိုင်သီရေတာလို့ခေါ်တဲ့ ကပွဲရုံနေရာဆီကိုပဲ ဦးတည်သွားခဲ့တယ်။
“အပိုလိုက ဂရိနတ်ဘုရားတွေထဲမှာ အဓိကကျတဲ့ နတ်ဘုရား တစ်ပါးမဟုတ်လား။ ဘာလို့အပိုလိုကို ကိုယ်စားပြုတဲ့ ကျောင်း တစ်ကျောင်းရှိမနေရတာလဲဟင်။”
အပိုလိုက နေကိုကိုယ်စားပြုတဲ့ နတ်ဘုရားပါ။ ဒါကြောင့်မလို့ ကျောင်းခြောက်ကျောင်းထဲမှာ တစ်နေရာရသင့်တယ်လို့ ကျွန်မထင်တယ်။ ဒါပေမဲ့ နက်ဆန်က ခေါင်းကိုခါလိုက်ပြီး
“အရင်တုန်းက ရှိဖူးပေမဲ့ အခုတော့ ရိုမြူလက်ဘုရားကျောင်း ဖြစ်သွားပြီလေ။”
“အဲဒီလိုလား...” ဒီတော့ သူတို့က ကိုးကွယ်ရာ ပြောင်းသွားပြီလို့ ဆိုရမှာပေါ့။
ဒယ်ဖိုင်သီရေတာက တောင်လျှောစောက်တစ်နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။ ကျောက်တုံးတွေကိုထွင်းထုပြီး ပြုလုပ်ထားတဲ့ ခုံတွေ ရှိနေပြီး ခုံတွေပေါ်မှာ နံပါတ်လိုလိုစာတွေလိုလို အက္ခရာတွေကို ထွင်းထုထားတယ်။
“အဲဒီစာတွေက ဒီခုံတွေကို အဆင့်အတန်းခွဲထားတဲ့အကြောင်း ရေးထားတာလေ။ တချို့ခုံတွေက အုပ်ချုပ်ရေးကောင်စီဝင်တွေဖို့၊ တချို့ခုံတွေကတော့ ကောင်စစ်ဝန်အဆင့်အရာရှိကြီးတွေဖို့။ ရှေးဂရိခေတ်မှာကတည်းက အထူးတန်းနဲ့ရိုးရိုးတန်းဆိုပြီး ခွဲတဲ့ဓလေ့ရှိနေပြီးသားလေ။”
နက်ဆန်ရဲ့အရိပ်ထဲကနေ ရင်းနှီးနေတဲ့ လူချောလေးတစ်ယောက် ထွက်လာတယ်။ သူ့ခေါင်းက ပေါ်ရုံတင်ပေါ်လာတာမဟုတ်ဘဲ အပေါ်ပိုင်းကိုယ်တစ်ဝက်လောက်ထိပါ ထွက်လာတာပါ။ သူက ကျွန်မဘေးနားမှာ ပခုံးချင်းယှဥ်ပြီး လမ်းလျှောက်ဖို့အတွက် စဥ်းစားနေတဲ့ပုံပဲ။
“ဟုတ်သားပဲ၊ ကျွန်မတို့မှာ ဒီနယ်သားတစ်ယောက် ပါနေတာပဲ ဥစ္စာ။”
ပါစီဗယ်က ဂရိနိုင်ငံသားဆိုတဲ့အကြောင်း တွေးမိလိုက်တဲ့အခါမှာ ဒီအကြောင်းတွေ သူသိနေတာ မထူးဆန်းဘူးလို့ ကျွန်မတွေးမိ လိုက်ပါတယ်။ ဒါပေမဲ့ ပါစီဗယ်တစ်ကိုယ်လုံးအပြည့် ထွက်မလာ နိုင်သေးခင်မှာပဲ နက်ဆန်က ပါစီဗယ်ရဲ့ခေါင်းကိုလက်ဖဝါးနဲ့ ဆုပ်ကိုင်လိုက်ပြီးတော့ သူ့အရိပ်ထဲ အတင်းပြန်ထည့်တယ်။
“ငြိမ်ငြိမ်နေစမ်း၊ လဟာပြင်ကြီးမှာ ခေါင်းပြူပြူထွက်မနေနဲ့။ သာမန်အရပ်သားတွေ မြင်ကုန်မယ်။”
ပါစီဗယ်က နက်ဆန်ကို မကျေမနပ်ကြည့်လိုက်တယ်။ နက်ဆန်က ပါစီဗယ်ကို အလားတူအကြည့်မျိုးနဲ့ပြန်ကြည့်တယ်။ သူတို့တွေ အချိန်အတော်ကြာအောင် အကြည့်ခြင်းပြိုင်ပြီးတော့မှ ပါစီဗယ်က အလျှော့ပေးလိုက်ပြီး အရိပ်ထဲ ပြန်ဝင်သွားတော့တာပေါ့။
မိုနီကာကတော့ ဘေးကနေ အတူတူလျှောက်နေရင်းကနေ အဲဒီမြင်ကွင်းကိုကြည့်ရင်း တခိခိအူတက်နေတယ်။
“ဒါလင်... သူ့ကို အဲဒီတစ္ဆေနဲ့လွှတ်ပေးထားလိုက်တာမဟုတ်ဘူး။ ဒါဆိုရင် ကျွန်မတို့နှစ်ယောက် အနှောင့်အယှက်မရှိဘဲ အတူနေလို့ ရပြီလေ။”
မိုနီကာက ကျွန်မကိုရွဲ့ပြောလိုက်ရင်းနဲ့ နက်ဆန့်ပခုံးပေါ်ကို လက်တင်ကာ ခေါင်းမီဖို့ကြိုးစားတယ်။ ဒါပေမဲ့ ကျွန်မက နက်ဆန်ရဲ့လက်ကိုဆွဲပြီး အနားကိုအတင်းခေါ်ထားလိုက်တဲ့ အတွက်ကြောင့် မိုနီကာက နက်ဆန့်ပခုံးပေါ်ခေါင်းမှီလို့ရမယ့်အစား ချော်လဲကျမလိုဖြစ်သွားရော။
“အားဟားဟား... မိုနီကာရေ၊ လမ်းလျှောက်ရင် အောက်ကြည့်ပြီး လျှောက်ရတယ်နော်။ အသက်သုံးရာကျော်မှ ကလေးလိုမျိုး ချော်လဲရတယ်ဆိုပြီး ကျော်မကောင်းကြားမကောင်းဖြစ်နေမယ်။”
ကျွန်မက လှောင်ရယ်တဲ့အတွက် မိုနီကာရဲ့နဖူးမှာ သွေးကြောတွေ ထင်းလာပြီး ကျွန်မကို မကျေမနပ်ကြည့်ပါလေရော။
“ဆက်သွားကြစို့...”
ကျွန်မတို့နှစ်ယောက်ကြားက သံခင်းတမန်ခင်းတင်းမာနေတဲ့ အချိန်မှာ နက်ဆန်က နှစ်ယောက်လုံးကို လစ်လျူရှုထားဖို့ ကြိုးစားရင်း ရှေ့ကိုမြန်မြန်လျှောက်သွားလိုက်တယ်။
ကျောက်သားခုံတွေကို ကျော်လွန်ပြီးတဲ့နောက်တော့ စက်ဝိုင်းပုံ ကျောက်ခင်းကြမ်းပြင်တစ်ခုဆီကို ရောက်လာတယ်။ သီရေတာရဲ့ ဇာတ်ခုံလို့ပြောနိုင်ပြီး ဇာတ်ခုံအမြင့်ကြီးမဟုတ်ပေမဲ့ မြေဝိုင်းတစ်ခု လို့တော့ပြောနိုင်တယ်။
“လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဒီမြေဝိုင်းဇာတ်ခုံမှာ နှစ်စဥ် အပိုလိုရဲ့ဂုဏ်ကျေးဇူးတော်ကို ဖော်ကျူးတဲ့အနေနဲ့ ပိုင်တင်နီယန်းပွဲတော်ကို အတီးအမှုတ် အကအခုန်နဲ့ ကဗျာစာဆိုပြိုင်ပွဲတွေ ကျင်းပလေ့ရှိတယ်။ အပိုလို ပိုက်သွန်မြွေကြီးကို နှိမ်နင်းခဲ့တဲ့ပြဇာတ်နဲ့ အော်ကရယ် နတ်ဆရာမ ဖြစ်တည်လာပုံ ပြဇာတ်တွေကိုလည်း ကပြဖျော်ဖြေခဲ့ကြတယ်။”
နက်ဆန်က မြေဝိုင်းဇာတ်ခုံရဲ့အစွန်းမှာရပ်နေရင်း တောင်ခြေကို လှမ်းကြည့်ကာ လွမ်းမောဖွယ်ကောင်းတဲ့ပုံစံနဲ့ ကြည့်လိုက်တယ်။
“မူလအစကတော့ ဟောကိန်းထုတ်နိုင်တဲ့စွမ်းအားကို ပိုင်စိုးသူက ဂိုင်ယာနတ်သမီးတဲ့။ ဒါပေမဲ့ နတ်ဘုရားအပိုလိုက ဂိုင်ယာရဲ့ ပိုင်သွန်မြွေကြီးကို ဒီတောင်ပေါ်မှာ ပိုင်းဖြတ်ပြီးတော့ အဲဒီစွမ်းအားကို လုယူခဲ့တယ်။
ဒါပေမဲ့ဖြစ်ချင်တော့ မြွေကြီးရဲ့အဆိပ်ခိုးအဆိပ်ငွေ့တွေက ကျောက်ဆောင်တစ်ခုကိုသွားစင်ပြီး ကျန်ရစ်ခဲ့တယ်တဲ့။ တစ်နေ့တော့ အနီးအနားမြို့က လူသားမိန်းကလေးတစ်ယောက် အနားကိုရောက်လာရင်းကနေ အဲဒီအဆိပ်ခိုးအဆိပ်ငွေ့တွေကြောင့် မျက်စိစုံလုံးကန်းသွားခဲ့တယ်။”
“ဒါပေမဲ့ မျက်လုံးကန်းသွားတဲ့မိန်းကလေးကို အပိုလိုက သနားပြီး နိမိတ်ဖတ်နိုင်စွမ်းကိုပေးခဲ့တာကြောင့် အပိုလိုကိုကိုးကွယ်တဲ့ နေအလင်းဘုရားကျောင်းရဲ့အယ်ဒါဖြစ်လာခဲ့တာ။”
ကျွန်မ နက်ဆန်ပြောတာတွေကို စဥ်းစားကြည့်ပါတယ်။ ကျောင်း ခြောက်ကျောင်းမှာ ရိုမြူလက်ချက်ကျောင်းက နတ်ဘုရားတွေကို ကိုးကွယ်ရာကနေ အသွင်ပြောင်းသွားခဲ့တဲ့ချက်ကျောင်းပါ။ အခုလောလောဆယ် သူတော်စင်လေးယောက်ရှိပြီးတော့ ရှေးအယ်ဒါတစ်ယောက်ပိုင်ဆိုင်ထားတဲ့ ဒီဘုရားကျောင်းက ပြောစရာမလိုလောက်အောင် သန်မာတယ်ဆိုပေမဲ့ နိမိတ်ဖတ်တဲ့ စွမ်းအားကိုတော့ ဒီနေရာမှာထားခဲ့ရပုံပဲ။ ဒါကြောင့်လည်း ကျွန်မတို့ ဒီကိုလာနိုင်ခဲ့တာပေါ့။
နက်ဆန်ကတော့ ကျွန်မရဲ့အတွေးတွေကို သိမြင်ပုံမရဟန်နဲ့ သူ့ဇာတ်လမ်းကိုဆက်ပါတယ်။
“ရောမဧကရာဇ် သီအိုဒိုးဆီးယပ်လက်ထက်ကိုရောက်တော့ ရောမအင်ပါယာအနှံ ခရစ်ယာန်အသွင်ပြောင်းလဲရေးကို လုပ်ခဲ့တယ်။ နတ်ကိုးကွယ်မှုမှန်သမျှကိုပိတ်ပင်ပြီးတော့ ကျောင်းခြောက်ကျောင်းလုံး အရိပ်ထဲကိုခိုဝင်ခဲ့ရတယ်။ ဒါပေမဲ့ နေအလင်းဘုရားကျောင်းမှာတော့ သဘောထားကွဲပြားမှုတွေ ပေါ်ပေါက်လာခဲ့တယ်လေ။”
“အယ်ဒါဖြစ်တဲ့ နောက်ဆုံးဒယ်ဖိုင်နတ်ဆရာမက လမ်းရိုးကို လိုက်ဖို့စဥ်းစားခဲ့ပေမဲ့ သာမန်အဖွဲ့ဝင်တွေကတော့ သီအိုဒိုးဆီးယပ် ပိုင်ဆိုင်ထားတဲ့ဩဇာအာဏာကို ကြောက်လန့်နေတဲ့အတွက်ကြောင့် ရိုမြူလက်ဘုရားကျောင်းအဖြစ်ကို အသွင်ပြောင်းဖို့အတွက် ဆုံးဖြတ်လိုက်ကြတယ်။
နောက်ဆုံးတော့ ဒယ်ဖိုင်နတ်ဆရာမတစ်ယောက်ပဲ ဒီနေရာမှာ ကျန်ရစ်ခဲ့တယ်။ နောက်တော့ အမေ့ပျောက်ခံဖြစ်သွားခဲ့တယ်။ သေဆုံးတဲ့အချိန်ထိ တစ်ယောက်တည်းပဲ ဖြစ်နေခဲ့တယ်။”
ဒီတော့ ဒါက ကျွန်မတို့လာတွေ့တဲ့သူရဲ့အကြောင်းပေါ့။ ဇာတ်လမ်း ပြောပြလို့ပြီးတဲ့နောက်မှာတော့ နက်ဆန်က သူယူလာခဲ့တဲ့ မှော်ဆရာသေတ္တာကို ဖွင့်ကာ ဇာတ်ခုံအလယ်မှာတင်လိုက်တယ်။
အဲဒီနောက်တော့ ဆားနဲ့ဆေးဖက်ဝင်အပင်တွေရောနှောထားတဲ့ သန့်စင်ပြီးဆားကိုသုံးကာ ဇာတ်ခုံအနားတစ်ဝိုက်မှာ စည်းတား ထားလိုက်ပါတယ်။ နောက်တော့ အဖြူရောင်ဖယောင်းတိုင်ကြီး တချို့ကိုထွန်းလိုက်ပြီး သူယူလာတဲ့အိတ်ထဲက ပျားရည်ပုလင်း တစ်ပုလင်းနဲ့ သဖန်းသီးနဲ့သံလွင်သီးတချို့ကိုထုတ်ကာ သစ်သီးတွေကို ရွှေခွက် လေးထဲမှာထည့်လိုက်တယ်။
“အပိုလိုနတ်ဘုရားကို ပူဇော်မယ်ဆိုရင် ဒီလိုပစ္စည်းတွေ ဆက်သဖို့လိုတယ်။ ပျားရည်က ကြည်လည်ပြီး နေလိုနွေးထွေးတဲ့ အရောင်ရှိတယ်။ ဒါက သူ့ရဲ့ဟောကိန်းထုတ်ပိုင်ခွင့်အာဏာကို ကိုယ်စားပြုတာပဲ။ ကျန်တာတွေကတော့ ဒေသထွက်လက်ဆောင် ဆိုပါတော့။”
ကျွန်မလည်း လက်ကိုဆန့်တန်းပြီး တစ်ခုခုပြောလိုက်မိတယ်။ “နက်ဆန်၊ ရှင်က ညနတ်ဘုရားမကို ကိုးကွယ်တာမဟုတ်ဘူးလား။”
ခိခိခိ...
ကျွန်မအဲဒီလို တွေးလိုက်မိတဲ့အချိန်မှာပဲ မိုနီကာဆီကနေပြီးတော့ ရယ်သံထွက်လာပါတယ်။ နောက်တော့ သူက ကျွန်မကို ငတုံးတစ်ယောက်ကို ကြည့်နေသလိုမျိုးကြည့်ရင်း...
“အခုနက်ဆန်လုပ်နေတာက အပိုလိုကိုကိုးကွယ်နေတာ မဟုတ်ဘူး။ လာဘ်ထိုးနေတာ။ ဒါမှ သူဒယ်ဖိုင်နတ်ဆရာမကို ဆင့်ခေါ်လို့ရမှာလေ။ နတ်ဘုရားတစ်ပါးရဲ့အစေခံကို ဘာမှ မဆိုင်တဲ့လူတစ်ယောက်က ဆင့်ခေါ်ရတာ လွယ်တယ်မှတ်လို့လား။”
နက်ဆန်က ဆက်သရမယ့်ပစ္စည်းတွေကို ပြင်ဆင်ပြီးတဲ့နောက် သိုးရေစက္ကူချပ်တစ်ခုကို ထုတ်လိုက်တယ်။ လက်တင်စာတွေ မဟုတ်ဘဲ ကျွန်မအရင်ကဖတ်ဖူးတဲ့ ဂရိစာတွေနဲ့ဆင်တူပေမဲ့ ပိုရှေးကျသလိုပဲ။
နောက်တော့ နက်ဆန်က ကျွန်မနားမလည်တဲ့ ဘာသာစကားနဲ့ ကဗျာရှည်ကြီးတစ်ပုဒ်ကို စရွတ်ဆိုတော့တာပဲ။ ဘေးမှာရှိနေတဲ့ မိုနီကာကတော့ အဲဒီကဗျာရှည်ကြီးရဲ့ဘာသာပြန်မူကို တီးတိုး လိုက်လံရွတ်ဆိုနေတဲ့အတွက် စာသားတချို့ကိုတော့ ကျွန်မ နားလည်နေခဲ့ပါတယ်။
အသေးစိတ်ကြီးတော့ နားလည်နေတာမဟုတ်ပေမဲ့ နတ်ဘုရား အပိုလို နတ်သဘင်အစည်းအဝေးတက်တဲ့အခါ လေးကြိုးကို ဆွဲလိုက်တာနဲ့တင် တခြားနတ်ဘုရားတွေကို တုန်လှုပ်စေတယ် ဆိုတဲ့အကြောင်းတွေ။ လောကတစ်ခွင် ဂုဏ်သတင်းပြန့်နှံတယ် ဆိုတဲ့အကြောင်းတွေ။ ချောမောလို့ လူသားတိုင်းပြည်က မင်းသမီး တွေသူ့ကိုကြိုက်ကြတဲ့အကြောင်းတွေ။ ပြီးတော့ သူ့မှာရှိဖူးသမျှ ရည်းစားဟောင်းတွေရဲ့နာမည်တွေ။
“ဒါက.... ဘုန်းတော်ဖွဲ့သီချင်းမှန်းသိပေမဲ့လို့ ရည်းစားဟောင်းတွေ နာမည်ပါပါနေတာကြီးကျတော့....”
ကျွန်မဘယ်လိုမှ နားမထောင်တတ်တော့ဘူး။ ဘယ်မင်းသမီးနဲ့ ဘယ်လိုချစ်ကြိုက်ခဲ့တာတို့၊ ကလေးနှစ်ယောက်ရတာတို့၊ ဘယ်မင်းသမီးက ဘယ်လိုချောတာတို့။ သူဆိုတဲ့သီချင်းက ဘယ်လောက်ကောင်းလို့ ကြွေဆင်းကုန်တာတို့။ တခြားကောင်တွေ လက်ထဲကနေ ဘယ်ကောင်မလေးကို ဘယ်လိုလုခဲ့တာတို့။
မိုနီကာကလည်း ဘာသာပြန်နေတာကို ရပ်လိုက်ပြီး ကျွန်မကို ရယ်ပြတယ်။
“နင်မသိဘူးလား၊ အပိုလိုက လူရှုပ်လူပွေနတ်ဘုရားလေ။ ဒီလောက်တော့ရှိမှာပေါ့။”
ကျွန်မကတော့ မဲ့လိုက်မိတယ်။ ဒီနတ်ဘုရားကို အပြင်မှာတွေ့ရင် ကျွန်မစိတ်မထိန်းနိုင်ဘဲ ထရိုက်မိမလားပဲ။ သီချင်းကြားရုံနဲ့တင် အမြင်ကပ်နေတာ။
“ပြီးတော့ အဲဒီကောင်က နှာဘူးထတဲ့နေရာမှာ ယောက်ျားရော မိန်းမပါမချန် ချောရင်ချောသလို လိုက်ဘူးတဲ့အပြင် သူ့ညီမအားတီးမစ်ကို လိုက်ကြိုက်နေသေးတာ။” မိုနီကာက သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ လေသံနဲ့ ကျွန်မနားနားကပ်ပြောတယ်။
ဒီတစ်ခါတော့ ကျွန်မလက်သီးကို ဆုပ်လိုက်မိပြီး လက်သီး လက်မောင်းတန်းမိတော့မလိုဖြစ်သွားတယ်။
“ သေချာပေါက် ဒီကောင်က နတ်အမှိုက်သရိုက်ကောင်ပဲ။ တွေ့ရင် ထရိုက်ရုံတင်မကဘဲ မျက်နှာကိုပါ လက်သီးနဲ့အရင်ထိုးမှ ငါတို့မိန်းကလေးတွေရဲ့ဘဝလုံခြုံရေး စိတ်ချရမယ့်ကောင်မျိုး။”
....
ကျွန်မကို မိုနီကာက သွေးထိုးလှုံဆော်ပေးနေတဲ့အချိန်မှာပဲ နက်ဆန်က ကဗျာရှည်ကြီးကို ရွတ်လို့ပြီးသွားတယ်။ ပတ်ဝန်းကျင်မှာ လေပြင်းတွေတိုက်ခတ်လာပြီး နွေရာသီရဲ့ ရသံကို သယ်ဆောင်လာသလိုမျိုးပဲ။ ပျားရည်နံကလည်း ပုံမှန်ရှိသင့်တဲ့ အတိုင်းအတာထပ် ပိုမွှေးပျံနေပြီး နက်ဆန်ပြုလုပ်ထားတဲ့ အသေးစားနတ်စင်ငယ်လေးရှေ့မှာ ရွှေရောင်အလင်းတချို့ တောက်ပလာကာ နေထွက်လာသလိုမျိုး ခံစားမိလိုက်တယ်။
နောက်တော့ ဂရိအမျိုးသမီးတွေဝတ်ဆင်လေ့ရှိတဲ့ အဖြူရောင် ဂါဝန်ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ပုံစံ ဝေဝေ ဝါးဝါးထွက်ပေါ်လာတယ်။ မျက်လုံးကို အနက်ရောင်ပဝါနဲ့ စည်းထားပြီး ခေါင်းပေါ်မှာတော့ သံလွင်ခတ်သရဖူကို စောင်းထားတယ်။
နှုတ်ခမ်းတွေက ပန်းဖူးတွေလိုမျိုး ဖောင်းနေပြီး အသားအရေက သံလွင်သီးလိုပဲ တောက်ပြောင်နေတယ်။ အညိုရောင် လှိုင်းတွန့်လို တွန့်ခေါက်နေတဲ့ ဆံပင်တွေလည်းရှိပြီး ပန်းချီကားထဲကနေ ထွက်လာတဲ့ နတ်မိမယ်တစ်ပါးအတိုင်းပဲ။ ဒါပေမဲ့ သူ့ပုံရိပ်က အလွန့်အလွန်ကို ဝေဝါးနေသလိုပဲ။ ဒါက ဒယ်ဖိုင်ဝိညာဥ်ဆိုတာ ကျွန်မမြင်တာနဲ့ တန်းသိလိုက်တယ်။
“မေးလိုရာမေးပါ။” ချိုသာပေမဲ့ စိတ်ခံစားချက် ကင်းမဲ့နေတဲ့ လေသံက ပတ်ဝန်းကျင်အနှံ ပြန့်နှံလာတယ်။ ဒယ်ဖိုင်ဝိညာဥ်က နှုတ်ခမ်းကိုမဟပေမဲ့ သူ့စကားကို ကျွန်မတို့အားလုံးကြားနေရ ပါတယ်။ အသိစိတ်ထဲကို တိုက်ရိုက်လှမ်းပြီး ပြောနေသလိုပဲ။
နက်ဆန်က အဲဒီအမျိုးသမီးကိုကြည့်လိုက်ပြီး တွေဝေမှုကင်းမဲ့စွာနဲ့ မေးခွန်းတစ်ခုမေးလိုက်တယ်။
“ဆယ်ဗီရဲ့ခေါင်းကိုင်နတ်မိဘက ဘယ်သူလဲ။”
ဒယ်ဖိုင်ဝိညာဥ်က မေးခွန်းကိုကြားတာနဲ့ ကျွန်မဘက်ကို လှည့်ကြည့်လိုက်တယ်။ နောက်တော့ထိတ်လန့်သွားဟန်နဲ့ နောက်ကိုဆုတ်သွားပြီး
“တခြားမေးခွန်းပြောင်းမေးပါ။” လို့ ချက်ချင်းပြောလာတယ်။ ဒါပေမဲ့ နက်ဆန်က ခေါင်းကိုခါယမ်းလိုက်ပြီး သူ့အရိပ်ထဲကနေ တစ္ဆေမီးအိမ်ကိုထုတ်ကာ ဒယ်ဖိုင်ဝိညာဥ်ကို ဖျောင်းဖျဖို့အတွက် ကြိုးစားပါတယ်။
“ငါက ညနတ်သမီးရဲ့သားတော်ပဲ။ ညအမှောင်ရဲ့ကာကွယ်မှုနဲ့ အတူ ငါတို့ကြားမှာ မျှဝေလို့မဖြစ်တဲ့ လျှို့ဝှက်ချက်ဆိုတာမရှိဘူး။”
“ အမှောင်ကြယ်၊ အမြွှာကြယ်ဟောကိန်းထဲကသူ။ ကောင်းပြီ။”
ဒယ်ဖိုင်ဝိညာဥ်က နက်ဆန့်လက်ထဲက တစ္ဆေမီးအိမ်ကိုကြည့်ရင်း သဘောတူလိုက်တယ်။ ဒါပေမဲ့ သူ့ကိုကြည့်ရတာ အများကြီး အားအင်ပိုမိုယုတ်လျော့သွားပုံပေါ်ပြီး ထပ်မံဝေဝါးလာတယ်။
“သူက အန်းရဲ့သမီးတော်အရင်း၊ သူ့ဖြစ်တည်မှုအစစ်က ကောင်းကင်သခင်မ.... အင်....”
ဒယ်ဖိုင်ဝိညာဥ်က ပါးစပ်ကိုဟလိုက်တယ်။ ဒါပေမဲ့ တစ်ခုခုက သူ့အသံထွက်မလာအောင် တားမြစ်ထားသလိုမျိုးဖြစ်နေပြီး ပါးစပ်ဟလျက်အသံထွက်မလာတော့ဘဲ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့တယ်။