← Chapters

ဒယ်ဖိုင်နတ်ကျောင်း (၃)

Vol. 3 Ch. 132

ဒယ်ဖိုင်နတ်ကျောင်း (၃)

Vol. 3 Ch. 132

မိုတယ်ကိုပြန်ရောက်တော့ ကျွန်မတို့တွေ နှစ်ယောက်ခန်းထဲမှာ စုမိကြပါတယ်။ သုံးယောက်လုံး မျက်နှာမကောင်းကြပါဘူး။ နက်ဆန်နားမှာရှိနေရင် အမြဲတမ်းမြောက်ကြွမြောက်ကြွ ဖြစ်နေတတ်တဲ့ မိုနီကာကတောင်မှ တည်ကြည်လေးနက်တဲ့ ပုံစံမျိုးနဲ့ ရှိနေပါတယ်။

“ဒယ်ဖိုင်ဝိညာဥ်က တစ်ခုခုကို သိထားပုံရတယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က သူ့ကိုမပြောပြနိုင်အောင်လို့ တားမြစ်လိုက်တဲ့ပုံပဲ။”

ကျွန်မလို တုံးအတဲ့သူတောင်မှ ဒီကိစ္စက သာမန်မဟုတ်တာ သိမြင်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့တွေ ဒယ်ဖိုင်နတ်ဆရာမရဲ့ ဝိညာဥ်ဆီကနေ ဘာမှမသိခဲ့ရတာတော့မဟုတ်ပါဘူး။

“အန်းရဲ့သားသမီးဆိုတာက....”

ကျွန်မလည်း ကြားခဲ့ရတဲ့စကားတချို့ထဲက နာမည်တစ်ခုကို ထုတ်ပြောလိုက်တယ်။ နက်ဆန်နဲ့မိုနီကာတို့နှစ်ယောက်လည်း အဲဒီနာမည်ကြောင့် အတော်အကြိုက်ရိုက်နေပုံရတယ်။ သူတို့ နှစ်ယောက်လုံးက ခေါင်းကိုခါယမ်းလိုက်ပြီး...

“ဂရိနဲ့ရောမ ပါသီနွန်တွေထဲမှာ အဲဒီနာမည်နဲ့နတ်ဘုရားတစ်ပါး ရှိမနေဘူး။ အဲဒီနာမည်နဲ့ပတ်သက်တဲ့ နတ်ဘုရားတစ်ပါးပါးကို ငါတို့လည်းမကြားဖူးဘူး။ အလွန်ဆုံးသိရတာဆိုလို့ မင်းရဲ့ နတ်မိဘက ကျောင်းခြောက်ကျောင်းနဲ့မဆိုင်ဘူးဆိုတာပဲ။”

နက်ဆန်က အဲဒီသဲလွန်စကနေ ဖြစ်တည်လာတဲ့ရလဒ်ကို ချပြ လိုက်ပါတယ်။ မိုနီကာကတော့ စဥ်းစားနေရင်းကနေ အခုလို ဖြတ်ပြီးပြောလိုက်လေရဲ့။

“အန်းနတ်ဘုရားတဲ့... အမေသာဆိုရင်တော့ တစ်ခုခုသိမလား မသိဘူး။ ဒါပေမဲ့ ဒီအခြေအနေနဲ့က...”

မိုနီကာက သူ့ရဲ့ဖြူဖွေးနေတဲ့ဆံပင်တွေကို ထိကြည့်လိုက်တယ်။ ကျွန်မသိရသလောက် ဒါတွေက နက်ဆန်ကိုကုသပေးဖို့အတွက် ကြိုးစားရင်းကနေ ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ဘာဖြစ်လို့ မိုနီကာက သူ့ဆံပင်တွေ အဲဒီလိုဖြစ်သွားတာကို သူ့အမေကို မမြင်စေချင်တာလဲ။

“ဆံပင်အရောင်လေး ပြောင်းသွားရုံပဲမဟုတ်ဘူးလား။ ဆေးဆိုး ထားတာဆိုပြီးတော့ နင့်အမေကို ပြောကြည့်ရင်ရော...”

ကျွန်မစိတ်ထဲကနေ တွေးမိတဲ့အတိုင်းပြောလိုက်တော့ နက်ဆန်ရဲ့ နှုတ်ခမ်းတွေက နည်းနည်းတုန်လှုပ်သွားတယ်။ သူ့ကြည့်ရတာ ကျွန်မကို နည်းနည်းစိတ်ဆိုးနေသလိုပဲ။ မိုနီကာက ရုပ်ရှင်ထဲ ပါနေကျ ဗီလိန်မလေးတစ်ယောက်အတိုင်း ရယ်လိုက်တယ်။

“အိုးဟားဟားဟား... နင်က ငါဆံပင်ဖြူသွားတဲ့ကိစ္စကို အဲဒီလို ပေါက်ကရဆင်ခြေတွေနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စတစ်ခုလို့ ထင်နေတာလား။ ဒီလောက်ပိန်းတဲ့နင့်ကို ငါ့အနေနဲ့ သေချာပေါက် ရှင်းပြရမှာပေါ့။”

မိုနီကာက စားပွဲခုံကနေထလိုက်ပြီး ခါးပေါ်ကိုလက်ထောက် ကိုယ်ကိုကိုင်းပြီး ကျွန်မကိုကြည့်လိုက်တယ်။

“ဒီမယ် ငါတို့စကူးဘက်တွေက တခြားသက်ရှိတွေဆီကနေ အသက်စွမ်းအင်စုပ်ယူပြီးတော့ အသက်ရှင်ကြတာဟဲ့။ အဲဒီ စွမ်းအင်တွေမရှိတော့ရင် ငါတို့ကအားနည်းပြီးတော့ အစာငတ် သေသလိုမျိုးသေကြတယ်။ ငါ့ဆံပင်တွေဖြူကုန်တာ ငတ်ပြတ်ပြီး သေတော့မလိုဖြစ်နေတယ်ဆိုတဲ့ လက္ခဏာပဲ။ ပြီးတော့ စုဆောင်းသမျှစွမ်းအင်တွေ အကုန်လုံးက နက်ဆန်အတွက် ကုန်သွားတာ။”

“လင်ဘိုဘုံရဲ့လေးပုံတစ်ပုံကို အစိုးရတော်မူတဲ့ မိစ္ဆာဘုရင်မ လီလစ်က သေခါနီးဖြစ်နေတဲ့သူ့သမီးနဲ့ ညမင်းသားကိုတွဲမြင်ရင် ဘာလုပ်မယ်ထင်လဲ။”

ကျွန်မက နက်ဆန်ကို လှည့်ကြည့်လိုက်တယ်။ အဲဒီနောက် မိုနီကာကို ထပ်လှည့်ကြည့်လိုက်တယ်။ နည်းနည်းတော့ သဘောပေါက်လာပြီ။ ကျွန်မ မျက်လုံးထဲမှာ မြင်ကွင်းတစ်ခု ပေါ်လာတယ်။ နက်ဆန်က ကြမ်းပြင်ပေါ်မှာမှောက်နေပြီး ဘွားတော်ကြီးတစ်ယောက်က နက်ဆန့်ခေါင်းကို ဒေါက်ဖိနပ်နဲ့ ဆက်တိုက်နင်းနေတယ်။

“နင်လားဟဲ့၊ ငါ့သမီးကို အငတ်ထားတဲ့ အုတ်ကြားမြက်ပေါက် သမက်ကောင်။”

“.....” တွေးကြည့်ရုံနဲ့တင် ကြောက်စရာကြီး။

“ဒီတော့ လောလောဆယ် နင်က နင့်အမေကို ဆက်သွယ်လို့ မရဘူးပေါ့။”

“အမှန်ပဲ၊ အခုအချိန်ကနေစပြီး ဒါလင်က ကျွန်မဖြည့်ဆည်း​ပေးခဲ့တဲ့အရာရာအတွက် ကျွန်မကို တာဝန်ယူပေးရတော့မှာလေ။ အိုးဟားဟားဟား....”

‘အမြင်ကပ်စရာ စကူးဘတ်မ။' ကျွန်မတွေးလိုက်မိတယ်။

ဒါပေမဲ့ ကျွန်မတို့ဆွေးနွေးနေတဲ့ကိစ္စက ဒီနေရာမှာတင် မပြီးသေးဘူး။ ဒီတစ်ခေါက် ဆွေးနွေးမှုကိုစတင်တဲ့သူက မိုနီကာကိုယ်တိုင်ပါ။ သူက ကျွန်မကိုမျက်လုံးမှေးကြည့်လိုက်ရင်း

“ဒါနဲ့တွေးကြည့်မှ ဒယ်ဖိုင်ဝိညာဥ်က နင့်ရဲ့နတ်မိဘကို ခေါင်းကိုင်နတ်မိဘလို့ ပြောခဲ့တာမဟုတ်ဘူး။ အဲဒီအစား မိဘအရင်းလို့ပြောခဲ့တာ။”

ကျွန်မခေါင်းကိုစောင်းငဲ့ကြည့်လိုက်တယ်။ သိရသလောက် ကျောင်းခြောက်ကျောင်းရဲ့နတ်တစ်ပိုင်းတွေရဲ့နတ်မိဘတွေကို ခေါင်းကိုင်နတ်မိဘလို့ပဲ ခေါ်ကြတာပါ။

နက်ဆန်ရဲ့အရိပ်က အနည်းငယ်ဝေဝါးသွားပြီး အတွင်းကနေ မော်လီထွက်လာတယ်။ မော်လီက နက်ဆန့်နောက်မှာရပ်လိုက်ပြီး လူတိုင်းသိကြတဲ့ နတ်တစ်ပိုင်းတွေရဲ့နောက်ကွယ်က ခေါင်းကိုင် နတ်မိဘဆိုတဲ့အဓိပ္ပါယ်ကို ရှင်းပြပါတယ်။

“ ကျောင်းခြောက်ကျောင်းရဲ့နတ်တစ်ပိုင်းတွေပဲဖြစ်ဖြစ် တခြားကမ္ဘာအရပ်ရပ်က နတ်တစ်ပိုင်းတွေပဲဖြစ်ဖြစ် သူတို့တွေ အားလုံးက လူသားမိဘနှစ်ပါးကနေ ဖွားမြင်လာခဲ့ကြတာ။ နတ်ဘုရားတွေကတော့ သူတို့ကိုကိုးကွယ်တဲ့ မိသားစုတွေထဲက စုံတွဲတစ်တွဲ ဒါမှမဟုတ် မိသားစုတစ်ခုကိုရွေးပြီး မွေးလာမယ့် ကလေးကို သူတို့စွမ်းအားတွေခွဲပေးပြီး ကောင်းချီးပေးတယ်။ အဲဒီလိုမွေးလာတဲ့ကလေးတွေကို နတ်တစ်ပိုင်းတွေလို့ခေါ်တာပဲ။”

ပြောရရင်တော့ နတ်တစ်ပိုင်းတွေဆိုတာက လူသားတစ်ယောက်နဲ့ နတ်ဘုရားတစ်ပါးကနေ တိုက်ရိုက်မွေးဖွားလာတဲ့ ကလေးတွေ မဟုတ်ဘဲ နတ်ဘုရားတစ်ပါးက အဲဒီကလေးကို မွေးစားလိုက်တာနဲ့ ဆင်တူတယ်ပေါ့။

“တစ်ခါတလေမှာတော့ နတ်ဘုရားတစ်ပါးက လူသားတစ်ယောက်ကို ကြိုက်နှစ်သက်သွားပြီး ပေါင်းသင်းနေထိုင်ရာကနေ နတ်တစ်ပိုင်း တွေမွေးဖွားလာတာမျိုးလည်းရှိတယ်။ ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် မေထုန်မှုပြုပြီး ရလာတာမျိုးမဟုတ်ဘူး။ အရင်နည်းလမ်းအတိုင်း နတ်ဘုရားကောင်းချီးနဲ့ ကလေးကိုမွေးဖွားစေတာ ဖြစ်နေတုန်းပဲ။ ဥပမာအနေနဲ့ ရှေးဂရိသူရဲကောင်းတွေဖြစ်တဲ့ ဟာကျူလီတို့ ပါးစီးယပ်တို့ပေါ့။”

မော်လီက ဆက်ပြောတယ်။ ကျွန်မက ဒီဒဏ္ဍာရီတွေနဲ့ မရင်းနှီး ခဲ့ပါဘူး။ မော်လီကလည်း ကျွန်မဆီကနေ အများကြီးမျှော်လင့် ထားတဲ့ပုံမရှိဘူး။ အဲဒီအစား နောက်ကွယ်က အကြောင်းအရင်းကို ပြောပြပါတယ်။

“အင်အားကြီးနတ်တစ်ပါးဖြစ်ဖြစ် အရေးမပါတဲ့ နတ်ငယ်တစ်ပါးဖြစ်ဖြစ်။ သူတို့ပိုင်ဆိုင်ထားတဲ့စွမ်းအားတွေက သာမန်လူတွေအတွက် များလွန်းတယ်။ နတ်ဘုရားတစ်ပါးသာ သာမန်လူတစ်​ယောက်နဲ့ မေထုန်မှုပြုရင် သာမန်လူတွေမခံနိုင်ဘဲ သေသွားတာပဲ အဖက်တင်လိမ့်မယ်။ ဒါကြောင့် မေထုန်မဲ့နည်းနဲ့ နတ်တစ်ပိုင်းတွေကို မွေးဖွားစေတာမျိုးပဲရှိတာ။ အဲဒီလိုကလေးနဲ့ ကျောင်းခြောက်ကျောင်းတော်ဝင်မိသားစုတွေက ကလေးတွေက နည်းလမ်းတစ်ခုတည်းကနေ မွေးဖွားလာတာဖြစ်လို့ စွမ်းအား ကွာခြားချက်သိပ်မရှိဘူး။ ရှိရင်တောင် အသိသာကြီးမဟုတ်ဘူး။”

အဲဒီလိုလား။ လူသားတစ်ပါးနဲ့နတ်ဘုရားတစ်ပါး ချစ်ကြိုက်ပြီး ဖွားမြင်လာခဲ့ရင်တောင်မှ အဲဒီကလေးရဲ့နတ်မိဘကို ခေါင်းကိုင် နတ်မိဘလို့ပဲ ဆက်ခေါ်နေရဦးမှာပေါ့။

“ဒါပေမဲ့ မိဘအရင်းလို့ သုံးလိုက်ပြီဆိုရင်တော့ ပြဿနာစရှိပြီ။” မော်လီရဲ့လေသံက ခက်ထန်သွားတယ်။ ကျန်တဲ့လူတွေလည်း အလားတူပါပဲ။ သူတို့တွေက ကျွန်မကို ကြောက်ရွံစရာတည်ရှိမှု တစ်ခုလိုမျိုး ကြည့်နေကြတာ။

“နတ်ဘုရားတစ်ပါးက ကိုယ့်ရဲ့မိဘအရင်းဖြစ်နေတယ်ဆိုတာက မေထုန်မဲ့နည်းလမ်းနဲ့ မွေးဖွားလာတာမဟုတ်ဘူးလို့ ပြောနိုင်တယ်။ တစ်နည်းအားဖြင့် နင်က အန်းနတ်ဘုရားရဲ့သမီးအရင်းပဲ။” မော်လီက ရှင်းပြရတာ မောသွားဟန်နဲ့ လေပူတွေကို မှုတ်ထုတ်တယ်။

ကျွန်မ ကျောချမ်းလာတယ်။ နတ်ဘုရားတစ်ပါးရဲ့သမီးအရင်း။ ဒါက ဘာကိုဆိုလိုတာလဲ။ သူတို့ပြောတဲ့အတိုင်းဆိုရင် ဒီလိုကိစ္စက မဖြစ်နိုင်ဘူးမဟုတ်လား။

“ဒါ... ဒါပေမဲ့ အဲဒီလိုကိစ္စက မဖြစ်နိုင်ဘူးလို့ ရှင်တို့ပဲ ပြောခဲ့တာမဟုတ်လား။” ကျွန်မ တုန်လှုပ်နေတဲ့လေသံနဲ့ မေးလိုက်တော့ မော်လီက ခေါင်းညိတ်ပြတယ်။

“အမှန်ပဲ၊ လူသားတစ်ယောက်နဲ့နတ်ဘုရားတစ်ပါးမှာ သားသမီး အရင်းအချာမရှိနိုင်ဘူး။ ဒါပေမဲ့ တခြားဖြစ်နိုင်ခြေတစ်ခု ရှိနေသေးတယ်။”

ကျွန်မနှလုံးတွေ တဒုတ်ဒုတ်ခုန်နေတာ သတိထားမိတယ်။ ခြေဖျားလက်ဖျားတွေတောင် အေးစက်လာခဲ့ပြီ။ ကျွန်မကိုယ်ကျွန်မ သာမန်လူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးနေပေမဲ့ မသိစိတ်က ဒါကိုငြင်းဆန်နေတယ်။ ကျွန်မ မက်ခဲ့တဲ့ ထူးဆန်းတဲ့အိပ်မက်တွေ၊ ထူးခြားတဲ့အတွေ့အကြုံနဲ့ စွမ်းအားတွေက ကျွန်မကိုယ်ကျွန်မ သာမန်လူသားတစ်ယောက်၊ ဒါမှမဟုတ် နတ်တစ်ပိုင်းဖြစ်တည်မှုမျိုးပါလို့ ယုံကြည်ချင်နေတဲ့ စိတ်ကို ယိုင်နဲ့အောင်လုပ်နေတယ်။ ဒါပေမဲ့... ဒါဆိုရင် ကျွန်မက ဘယ်လိုတည်ရှိမှုမျိုးလဲ။

မော်လီက ကျွန်မကိုကြည့်နေရာကနေ ကောင်းကင်ပေါ်ကို တစ်ချက်မော့ကြည့်လိုက်တယ်။ သူ့ကြည့်ရတာ မိုးကောင်းကင်က အပြစ်ပေးမှာကို ကြောက်နေတဲ့အလားပဲ။

“နင့်ရဲ့တခြားမိဘ၊ အမေကလည်း နတ်ဘုရားတစ်ပါး ဖြစ်နေတာမျိုးဆိုရင်ပေါ့။ အဲဒီလိုဆိုရင် နင့်မှာ နတ်မိဘအရင်းတွေ ရှိနေတဲ့ကိစ္စကို ဖြေရှင်းပြီးသားဖြစ်သွားပြီ။ ဒါပေမဲ့.....”

မော်လီက ပြောနေတဲ့စကားကို ရပ်လိုက်တယ်။ သူ့ကြည့်ရတာ ဆက်မပြောရဲတော့သလိုပဲ။ သူတို့သုံးယောက်လုံးက ကိစ္စကြီး တစ်ခုကို စိုးရိမ်ထိတ်လန့်နေသလိုမျိုး။ ပြောရရင် သူတို့တွေက ကျွန်မကိုကြောက်နေသလိုမျိုးပဲ။

နက်ဆန်က ကျွန်မမျက်လုံးတွေထဲကို သေချာကြည့်လိုက်တယ်။ “ဆယ်ဗီ၊ တကယ်ဆိုရင် ဒီကိစ္စကို မင်းသေချာသိထားပြီးတော့ မသိချင်ယောင်ဆောင်နေတာများ ဖြစ်နေမလားလို့တွေးမိတယ်။ သမိုင်းကြောင်းမှာ ဒီလိုဖြစ်တည်မှုမျိုးတွေ သာမန်လူအဖြစ် နေနေတာမျိုးလည်း မရှားဘူးလေ။ မင်းသဘောမကျရင် ကိုယ်မပြောတော့ဘူး။”

နက်ဆန်က သူ့အခန်းသူပြန်ဖို့အတွက် ထိုင်ခုံကနေထလိုက်တယ်။ ဒါပေမဲ့ ကျွန်မက သူ့လက်ကိုဆွဲထားလိုက်တယ်။

“နက်ဆန်၊ ရှင်ကျွန်မကို ဘာမှမပြောပြဘဲ ထွက်သွားမလို့လား။”

နက်ဆန်က ကျွန်မကိုနောက်ပြန်လှည့်ကြည့်တယ်။ သူ့မျက်လုံးတွေထဲမှာ မယုံကြည်နိုင်မှုတွေကို မြင်တွေ့နိုင်တယ်။ ဒါပေမဲ့ ကျွန်မက အရှိကိုအရှိအတိုင်းပြောပြတောင်းဆိုဖို့ အသင့်ဖြစ်နေပြီးသား။

“ကျွန်မက ရှင်တို့နဲ့မတူဘူးလို့ ပြောချင်တာလား။ ကျွန်မက နတ်တစ်ပိုင်းမဟုတ်ဘူးဆိုရင် ဘာလဲ။ ကျွန်မက ဘယ်လို ဖြစ်တည်မှုမျိုးလဲ။”

နက်ဆန်က တိတ်ဆိတ်စွာနဲ့ ကျွန်မကိုအချိန်အတော်ကြာ စိုက်ကြည့်နေခဲ့ပြီးမှ သူ့နှုတ်ခမ်းတွေကို ဟလိုက်ပါတယ်။ နောက်တော့ ကျွန်မတို့နှစ်ယောက်သာ ကြားနိုင်တဲ့လေသံနဲ့...

“နတ်မိဘနှစ်ပါးကနေ သဘာဝအတိုင်းမွေးဖွားလာတဲ့ သားသမီးတစ်ယောက်ဆိုတာ စစ်မှန်တဲ့ နတ်ဘုရားတစ်ပါးပဲ။”

ကျွန်မ ထိုင်ခုံမှာ ခြေပစ်လက်ပစ် ပြန်ထိုင်ချလိုက်မိတယ်။ ကျွန်မ ကြားလိုက်ရတဲ့ စကားက မယုံနိုင်စရာကောင်းလွန်းခဲ့ပါတယ်။ နက်ဆန်ကတော့ ကျွန်မကို နောက်ဆုံးအနေနဲ့တစ်ချက်ကြည့်ပြီး နောက်မှာ အခန်းထဲကနေထွက်သွားတယ်။ မော်လီကလည်း ကျွန်မကို အိမ်စေတစ်ယောက်လို ဂါဝန်အနားစကိုမပြီး ဦးညွှတ်ရင်း အခန်းထဲကနေ ထွက်သွားခဲ့ပါတယ်။

မိုနီကာက အချိန်အတော်ကြာ ကျွန်မနဲ့အတူ ထိုင်နေသေးပေမဲ့ ကျွန်မက တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့တဲ့အတွက် ဆိုးဝါးလှတဲ့ တင်းကြပ်မှုဒဏ်ကို မခံနိုင်ဖြစ်နေပုံရကာ အခုလိုမျိုးပြောပြီး ထွက်သွားပြန်တယ်။

“လေညှင်းခံထွက်လိုက်ဦးမယ်၊ နောက်မှပြန်လာခဲ့မယ်။”

ကျွန်မကိုယ်တိုင်ကတော့ အခန်းနံရံက မီးခလုတ်ကို တွေတွေကြီး စိုက်ကြည့်နေမိပြီး ဘာကိုမှမတွေးဖြစ်ဘဲ စကားတစ်ခွန်းတည်းကို အကြိမ်ကြိမ်ရေရွတ်နေခဲ့မိတယ်။

“ငါက... နတ်ဘုရားတစ်ပါး....”

“ငါက... နတ်ဘုရားတစ်ပါးလား...”

“ဒါပေမဲ့ အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”

နှစ်နှစ်ဆယ်လုံးလုံး ကျွန်မသာမန်လူသားတစ်ယောက်အနေနဲ့ နေထိုင်နေခဲ့တာ။ နတ်တစ်ပိုင်းဖြစ်လောက်တဲ့ စွမ်းအားတွေ ပေါ်လာတုန်းက ကျွန်မကိုယ်ကျွန်မ နက်ဆန်နဲ့တူညီတဲ့ဖြစ်တည်မှု တစ်ခုလို့တွေးပြီး ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်ခဲ့သေးတယ်။ ဒါပေမဲ့ အခုတော့.... ကျွန်မနဲ့တခြားသူတွေအားလုံးရဲ့ကြားမှာ ဘာလင်တံတိုင်းကြီး ခြားသွားသလိုပဲ။

....

နက်ဆန်နဲ့မော်လီကတော့ မိုတယ်ရဲ့ခြံအပြင်ကိုထွက်လာကာ ညကောင်းကင်ကြီးအောက်မှာ အတူယှဥ်တွဲလမ်းလျှောက်နေခဲ့ ကြပါတယ်။

“သခင်၊ ဘာကြောင့် ဒီလောက်ထိ တုန်လှုပ်နေရတာလဲ။”

မော်လီက မေးလိုက်တယ်။ နက်ဆန်ကတော့ လက်ကိုနောက်ပစ်ပြီး ကောင်းကင်ပေါ်က လမင်းကြီးကို မော့ကြည့်နေခဲ့မိပါတယ်။ ပြီးတဲ့ အခါမှာတော့ သူက အခုလိုမျိုးအစချီပြီးတော့ ပြောလိုက်လေရဲ့။

“အခုမှပဲ အရာအားလုံးကို အဓိပ္ပါယ်ရှိသွားတယ်လို့ ခံစားရတယ်။ ဆယ်ဗီရဲ့နောက်ကြောင်းကို ငါတို့စုံစမ်းတုန်းက ဘာဖြစ်ခဲ့လဲ မှတ်မိသေးလား။”

မော်လီက နက်ဆန့်စကားကိုကြားတော့ ခေါင်းညိတ်လိုက်ပြီး “ ဟုတ်၊ မိဘမဲ့ကျောင်းမှာ သူ့ရဲ့မိဘရင်းတွေနဲ့ပတ်သက်ပြီး ဘာအချက်အလက်မှရှိမနေပါဘူး။ ဒါပေမဲ့ အဲဒါက မိဘမဲ့တွေအတွက် သာမန်ပဲမဟုတ်လား။”

နက်ဆန်က ခေါင်းညိတ်လိုက်တယ်။ ဒါပေမဲ့ သူထပ်ပြောခဲ့တဲ့ စကားကတော့ သာမန်လို့ထင်ရတဲ့အရာမှန်သမျှကို ရိုက်ချိုးခဲ့ပါတယ်။

“ဒါပေမဲ့ မိဘမဲ့ကျောင်းအုပ်ရဲ့စကားကို မှတ်မိသေးလား။ ဆယ်ဗီက မိဘမဲ့ကျောင်းထဲမှာ ရုတ်တရက်ပေါ်လာသလိုပဲ ဆိုတာလေ။ သူ့ကို ကျောင်းရှေ့မှာစွန့်ပစ်ခဲ့တာမဟုတ်သလို တစ်ယောက်ယောက်က ကျောင်းကိုလာအပ်ခဲ့တာမဟုတ်ဘူး။ ကျောင်းကလည်း သူ့ကိုတစ်နေရာရာက ရလာခဲ့တာမဟုတ်ဘူး။ ဒီအတိုင်း ကျောင်းထဲမှာ အမြဲတမ်းရှိနေခဲ့တဲ့ကလေးလိုမျိုး ပေါ်လာခဲ့တာ။ ကျောင်းက ဒါကိုသိသိနဲ့ ကလေးတစ်ယောက်ပဲလေ ဆိုပြီးဆက်ပြီး မွေးစားထားခဲ့တာ။”

“ သေချာတွေးကြည့်မှ သဘာဝကိုကျော်လွန်နေတာပဲ မဟုတ်လား။ သူ့ဖြစ်တည်မှုက တစ်စုံတစ်ယောက် ဖန်တီးထားသလိုပဲ။”

လေပြေတစ်ချက်က သူတို့နှစ်ယောက်ရဲ့ဆံပင်တွေကို လှုပ်ခါ သွားစေခဲ့တယ်။ သခင်နဲ့အစေခံနှစ်ယောက်လုံးက တိတ်ဆိတ် နေခဲ့ကြတယ်။ ပထမဆုံး တိတ်ဆိတ်မှုကို ဖြိုခွင်းခဲ့တဲ့သူကတော့ မော်လီပါ။

“ဒါပေမဲ့ သခင့်အနေနဲ့သိပ်စိတ်ပူစရာမလိုဘူးလို့ မထင်ဘူးလား။ နတ်ဘုရားတွေ လူသားတွေကြား ရောနှောနေတာ ဒါပထမဆုံး အကြိမ်မဟုတ်ဘူးလေ။ အပိုလိုလည်း ပိုက်သွန်မြွေကြီးကို နှိမ်နင်းပြီးတော့ လူသားတစ်ယောက်အဖြစ်နေဖို့ ပြစ်ဒဏ်ခံခဲ့ရပြီး ဒီနေရာကို ရောက်လာခဲ့သေးတာပဲ။ ဟားမီးစ်ဆိုရင်လည်း လူတွေကြားထဲ အမြဲရှိနေတာ။ သူ့အတွက်လည်း ဒီလိုပဲ ဖြစ်ပါလိမ့်မယ်။”

ဒါပေမဲ့ နက်ဆန်ကတော့ စိတ်ထဲ ဘဝင်ကျသေးပုံမပေါ်ပါဘူး။ “ဒါပေမဲ့ သူက ဘယ်နတ်ဘုရားလဲ ငါတို့မသိဘူး။ နောက်ဆုံး ဘယ်ပါသီနွန်က နတ်မှန်းတောင် ငါတို့မသိဘူး။ သူ့ရဲ့ရည်ရွယ်ချက်ကရော ဘာလဲ။ ဒိဋ္ဌိနတ်ဘုရားတစ်ပါး ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။”

“ပြီးတော့ ဆယ်ဗီ့ကိုကြည့်ရတာ မသိချင်ယောင် ဆောင်နေတာထက် သူ့ကိုယ်သူမသိတဲ့ပုံပဲ။ အဲဒါက ငါ့ကိုပိုစိုးရိမ်စေတယ်မော်လီ။”

နက်ဆန်ရဲ့မျက်နှာက ညိုးငယ်သွားတယ်။ မော်လီကိုယ်တိုင်လည်း ခေါင်းကိုငုံထားပြီး မြေပြင်ကိုသာ စိုက်ကြည့်နေတယ်။

“တကယ်လို့ သူကိုယ်တိုင်တောင်မသိဘူးဆိုရင် အဲဒီတည်ရှိမှုက ရည်ရွယ်ချက်ရှိရှိနဲ့ အတိတ်မေ့အောင် သူ့ကိုယ်သူလုပ်ထားတာ ဖြစ်နိုင်တယ်။ အဲဒီလိုဆိုရင် အဲဒီတည်ရှိမှု သတိပြန်ဝင်လာတဲ့အခါ ငါတို့သိတဲ့ ဆယ်ဗီဆိုတာ ရှိတော့မှာမဟုတ်ဘူး။”

All Chapters