← Chapters

ခွန်လွန်တောင်က ယောက်ဖကို သွားရောက်စိန်ခေါ်ရန်

Vol. 13 Ch. 172

ခွန်လွန်တောင်က ယောက်ဖကို သွားရောက်စိန်ခေါ်ရန်

Vol. 13 Ch. 172

အခန်း (၁၇၂) ခွန်လွန်တောင်က ယောက်ဖကို သွားရောက်စိန်ခေါ်ရန်

"မင်း ဒီဆေးပင်ကို လိုချင်သလား…"

ထိုအသံကိုကြားသည်နှင့် လုန်မန် ထိတ်လန့်သွားပြီး သတိလက်လွတ်ဖြင့်ပင် နောက်သို့ ခြေ (၂)လှမ်းခန့် ဆုတ်မိသွားသည်။

သူ့လက်ထဲမှ ပုဆိန်သွားလှံရှည်ကိုလည်း မြေပြင်ထက်သို့ ပစ်ချလိုက်ပြီး တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိကြောင်း လက်နက်ချအမူအရာ ပြလိုက်သည်။

ထိုလူသားက အလွန်တရာကြောက်မက်ဖွယ်ကောင်းပြီး ရန်သူများအားလုံးကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်ခဲ့သည် မဟုတ်ပါလား။

ထိုသူက အရင်က သွေးနီရောင်နဂါးကို လက်သီးတစ်ချက်တည်းဖြင့် အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဖြိုခွင်းပစ်လိုက်သူနှင့် အတူတူပဲ မဟုတ်လား။

အဖြစ်အပျက်က အချိန်အနည်းငယ်ကြာပြီဖြစ်သည့်တိုင် ထိုသူက ဤနေရာတွင် ယခုတိုင် ရှိနေဆဲလား။

ကံကောင်းသည်မှာ သူက ထိုသူကို စတင်တိုက်ခိုက်မိခြင်း မရှိသေးပေ။ မဟုတ်ပါက ယခုအချိန် သူလည်း မြေပြင်ထက်လဲသေနေလောက်ပြီ ဖြစ်သည်။

လုန်မန် တံတွေးတစ်ချက် မြိုချလိုက်သည်။

ထိုသူက အဘယ့်ကြောင့် ချင်းယီရေစင်ပန်းကို "လိုချင်လား" ဟု မေးနေရပါသနည်း။

ထိုပန်းကို သူ့လက်ထဲမှ လုယူခိုင်းနေခြင်းများလား။

သူက "လိုချင်သည်" ဟု ဖြေလိုက်လျှင် သူ့ဘဝက ဟော်ကျီးနှင့် အခြားသူများကဲ့သို့ အဆုံးသတ်ရမည်လား မသေချာပေ။

ထိုသို့ဆိုလျှင် သူ့အနေဖြင့် ထိုဆေးပင်ကို အဘယ်မှာ လက်ခံရဲပါမည်နည်း။

ထိုလူသားကို လုန်မန် အလွန်အမင်း ကြောက်ရွံ့လျှက် ရှိသည်။ ထိုသူ၏တည်ရှိမှုက ဘေးအန္တရယ်ကပ်ဆိုးကြီးတစ်ခုအလားပင် ဖြစ်သည်။

"တာအိုရောင်းရင်း… အေးအေးဆေးဆေး ညှိနှိုင်းကြရအောင်ဗျာ…"

လုန်မန်က ချက်ချင်းပင် ပြုံးပြီး ပြောလိုက်သည်။

"ခင်ဗျားနဲ့ ကျုပ်က အရင်ကလည်း တစ်ခါမှ မတိုက်ခိုက်ဖူးပါဘူးဗျာ…"

ထိုသူသာ သူ့ကို တိုက်ခိုက်မည်ဆိုလျှင် သေချာပေါက် အသက်ပျောက်ရမည်ဖြစ်ပြီး လွတ်လမ်းရှိမည် မဟုတ်ပေ။

တစ်ဖက်လူ၏တန်ခိုးစွမ်းအားက သာမန်မဟုတ်လေရာ လုန်မန် သူ့ကိုယ်သူ ယုံကြည်မှု မရှိတော့ပေ။ ထို့ကြောင့် သူ့အနေဖြင့် သာမန်ထက်ပိုပြီး သတ္တိကောင်းပြနေစရာ မလိုပေ။

စောစောက နတ်မိစ္ဆာများက ရွေးခြယ်စရာ မရှိသောကြောင့် ထိုသူနှင့် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့က ကျန်းလန်ကို မသတ်ဖြတ်နိုင်သောကြောင့် အသတ်ခံရန် ထိုင်စောင့်နေရသည့် ဘဲများပမာ ဖြစ်သည်။

ခုခံလျှင်လည်း သေရမည်ဖြစ်သလို ထွက်ပြေးလျှင်လည်း သေရမည် ဖြစ်သည်။

လုန်မန်ကတော့ ထိုသို့ မဟုတ်ပေ။

သို့သော် သူ ဘာလုပ်ရပါမည်နည်း။ ထိုသူကို အသနားခံရမည်လား။

သူ့ရှေ့တွင် အသက်ပျောက်သွားသည့် နတ်မိစ္ဆာများကတော့ အသနားခံရန်ပင် အခွင့်အရေး မရလိုက်ပေ။

သူ့ရှေ့မှလူက အကြင်နာတရားကင်းမဲ့လွန်းပြီး ညှိနှိုင်းမရသူ ဖြစ်သည်။

လုန်မန်သာ သတိတစ်ချက်လွတ်သွားလျှင် နဂါးမျိုးနွယ်မှ အဋ္ဌမမင်းသားမှာ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် တမလွန်ရောက်သွားမည် ဖြစ်သည်။

ကျန်းလန်က လုန်မန်ကို ကြည့်လိုက်သည်။ သူက လုန်မန်ကို သတ်ဖြတ်ရန် စဉ်းစားမထားခဲ့ပေ။

နဂါးမျိုးနွယ်များက နတ်မိစ္ဆာများနှင့် ရန်သူများဖြစ်ကြသည်။ ထို့ကြောင့် နတ်မိစ္ဆာများကို သတ်ဖြတ်လိုက်ခြင်းက ဘာမှ ထိခိုက်မှု မရှိပေ။

သို့သော် နဂါးမျိုးနွယ်များကတော့ သူနှင့် ပတ်သက်နေသူများ ဖြစ်သည်။

ထို့ကြောင့် သူ့ရှေ့မှ နဂါးမျိုးနွယ်က သူ့ကို မတိုက်ခိုက်ဘူးဆိုလျှင် သူကလည်း ထိုနဂါးမျိုးနွယ်ကို သေလမ်းပို့ရန် မဖြစ်နိုင်ပေ။

စောစောက ပြောသည့် စကားများအရဆိုလျှင် ထိုလူငယ်က နဂါးမျိုးနွယ်မှ အဋ္ဌမမင်းသား ဖြစ်၏။

ဤသည်က ကျန်းလန်ကို အလွန်အခက်တွေ့စေသည့် အချက်ဖြစ်သည်။

သူသာ နဂါးမင်းသားတစ်ပါးကို သတ်ဖြတ်လိုက်လျှင် နဂါးမျိုးနွယ်များက ဤကိစ္စကို သေချာပေါက် စုံစမ်းကြမည် ဖြစ်သည်။

ပိုပြီး အရေးကြီးသည်မှာ ဤနဂါးမင်းသားက ရှောင်ယွိနှင့် အသိအကျွမ်းများ ဖြစ်နေနိုင်သည်။ အခန့်မသင့်လျှင် ရှောင်ယွိနှင့် မောင်နှမပင် တော်နေနိုင်သည်။

ထို့ကြောင့် ကျန်းလန်အနေဖြင့် မဆင်မချင် သတ်ဖြတ်ပစ်ရန် မဖြစ်နိုင်ပေ။

စောစောက သူမေးလိုက်သည့်မေးခွန်းကလည်း အမှန်ပင် ဖြစ်သည်။

ဤနဂါးကို အသက်ရှင်လျှက် လွှတ်ပေးလိုက်ရမည်ဆိုလျှင် ချင်းယီရေစင်ပန်းကို သူ ယူထား၍ မဖြစ်နိုင်တော့ပေ။

ချင်းယီရေစင်ပန်းကိုသာ ကျန်းလန် ယူသွားမည်ဆိုလျှင် ယနေ့ နတ်မိစ္ဆာ (၃)ယောက်ကို သတ်ဖြတ်ခဲ့သည့် လူသားအင်မော်တယ်မှာ ကျန်းလန်ဖြစ်ကြောင်း တစ်လောကလုံး သိရှိသွားကြပေလိမ့်မည်။

သို့ဖြစ်ရာ ချင်းယီရေစင်ပန်းသည်ကား ကျန်းလန် မည်သည့်နည်းနှင့်မှ အသုံးမပြုနိုင်တော့သည့် အဖိုးတန်ဆေးပင်တစ်ခု ဖြစ်ခဲ့ရသည်။

ထိုဝိညာဉ်ဆေးပင်က ရေရှည်အကျိုးသက်ရောက်မှု ကောင်းမွန်သလို ခုခံနိုင်စွမ်းလည်း မြင့်မားသည်။ သာမန် ဂါထာမန္တန်များနှင့် တန်ခိုးစွမ်းအားများက ထိုဆေးပင်ကို ထိခိုက်ခြင်း မရှိပေ။

မဟုတ်ပါက နတ်မိစ္ဆာများအနေဖြင့် ဆေးပင်ပျက်စီးသွားမည်ကို စိုးရိမ်ပြီး သူ့ကို အားကုန်သုံး တိုက်ခိုက်ကြမည် မဟုတ်ပေ။

ကျန်းလန်က ထပ်မေးလိုက်သည်။

"မင်း မလိုချင်ဘူးလား…"

ထို့နောက် ကျန်းလန်က သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားများကိုလည်း လျှော့ချလိုက်သည်။

အန္တရယ်ကိုးသွယ်စွမ်းအားက ခန္ဓာကိုယ်ကို အမှန်ပင် ထိခိုက်စေလေသည်။

ထို့ကြောင့် လူသားအင်မော်တယ်အဆင့် နတ်မိစ္ဆာများသာ ထပ်မံရောက်ရှိလာမည်ဆိုပါက ကျန်းလန် တိုက်ခိုက်နိုင်ခြင်း မရှိဘဲ ထွက်ပြေးရမည် ဖြစ်သည်။

အန္တရယ်ကိုးသွယ်စွမ်းအားက စွမ်းအားမြင့်မားသော်လည်း နွားရိုင်းကိုးကောင်စွမ်းအားကဲ့သို့ အသုံးပြုရ ချောမွေ့ခြင်း မရှိပေ။

"ကျုပ် ယူလို့ရလို့လား…"

လုန်မန်က မေးမြန်းရန် ကြိုးစားလိုက်သည်။

တစ်ဖက်လူက မေးခွန်း (၁)ခုကို (၂)ကြိမ် မေးလေသည်။ သို့ပေသိ ထိုသူက သူ့ကို ထောင်ချောက်ဆင်နေသည်လား မပြောနိုင်ပေ။

ကျန်းလန်က ခေါင်းညိတ်လိုက်သည်။

"သေချာတာပေါ့…"

ကျန်းလန်က လုန်မန်ကို တစ်ချက်အကဲခတ်လိုက်ပြီးမှ…

"ဒါပေမဲ့…"

ကျန်းလန်က စကားကို ဆုံးအောင်မပြောဘဲ ရပ်တန့်လိုက်သည်။

သို့သော် လုန်မန်က ထိုစကားအဓိပ္ပါယ်ကို ချက်ချင်း သဘောပေါက်သွားသည်။

ချင်းယီရေစင်ပန်းနှင့် တန်ဖိုးညီမျှသည့် အပေးအယူတစ်ခုပြုလုပ်ရန် ကျန်းလန်က တောင်းဆိုနေခြင်း ဖြစ်၏။

လုန်မန်က…

"ကျုပ်နားလည်ပါပြီ…  ဒီဆေးပင်နဲ့ သင့်တော်တဲ့တန်ဖိုး ကျုပ် ပေးပါ့မယ်…"

ပြောသာပြောရသည် လုန်မန် အနည်းငယ် ကြောက်ရွံ့နေသေးသည်။

သူက အပေးအယူလုပ်ရန် အဖိုးတန်မှော်ဝင်ပစ္စည်းများကို ထုတ်ယူပြီးမှ ထိုသူက သူ့ကို သတ်ဖြတ်ပစ်နိုင်သည်ပဲ ဖြစ်သည်။

သို့သော် သူ့တွင် ရွေးခြယ်စရာ မရှိပေ။

တစ်ဖက်လူက သူ့ကို သတ်လိုလျှင်လည်း သူ့အနေဖြင့် တားဆီးနိုင်မည် မဟုတ်ပေ။

ကျန်းလန် ကောင်းကင်ကို တစ်ချက်မော့ကြည့်လိုက်သည်။ သူ မြန်နိုင်သမျှမြန်မြန် ဤနေရာမှ ထွက်ခွာရမည် ဖြစ်၏။

နဂါးမင်းသားတွင် အခြားအပေါင်အဖော်များ ပါလာသေးသည်လား မသေချာပေ။ ထိုလူငယ်တွင် အပေါင်းအဖော်များပါလာပါက ဒုက္ခရောက်မည့်သူမှာ ကျန်းလန်သာလျှင် ဖြစ်သည်။

တစ်ဖက်လူက အချိန်ဆွဲမည်ဆိုလျှင် ကျန်းလန်ကတော့ ထွက်ခွာသွားရမည် ဖြစ်သည်။

"ဒါဆို အဆင်ပြေလား…"

လုန်မန်က ခမ်းနားလှပသည့် ခရုသင်းကြီးတစ်ခုကို ထုတ်ယူလိုက်ပြီး တစ်ဆက်တည်းပင် ရှင်းပြလိုက်သည်။

"ဒီခရုသင်းကို ပင်လယ် (၄)ခုမှာ မှုတ်မယ်ဆိုရင် အနီးပတ်ဝန်းကျင်က ရေသတ္တဝါတွေကို ခေါ်ထုတ်နိုင်ပြီး သူတို့ကို ထိန်းချုပ်စေခိုင်းနိုင်စွမ်းရှိပါတယ် ၊ ပင်လယ် (၄)ခုမှာ မဟုတ်ရင်လည်း ရေကန်တစ်ခုမှာဆိုရင်လည်း အဆင်ပြေပါတယ်… ၊ ဒါက မူလမှော်ဝင်ပစ္စည်းတစ်ခုပါပဲ ၊ ဒီအရာဆီကနေ လွတ်မြောက်နိုင်တဲ့ ရေသတ္တဝါဆိုတာ မရှိသလောက် ရှားပါးတယ်… ၊ ဘယ် ရေသတ္တဝါကိုမဆို တိုက်ရိုက်ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်…"

ကျန်းလန်က စကားပြန်မပြောသည်ကို တွေ့ရသည့်အခါ လုန်မန်က နောက်ထပ် စာအုပ် (၃)အုပ်ကို ထုတ်ယူလိုက်သည်။

"ပြီးတော့ ဒီ နဂါးမန္တန် (၃)ခုကိုလည်း ပေးပါ့မယ်… ၊ တစ်ခုက ကောင်းကင်မိုးကြိုးလျှပ်စီးကျင့်စဉ်ပါ ၊ နောက်တစ်ခုက လေနဲ့မိုးကိုဆင့်ခေါ်ခြင်း မန္တန်ပါ ၊ နောက်တစ်ခုကတော့ အစွန်းရောက်မုန်တိုင်းလို့ ခေါ်ပါတယ်…"

ထို့နောက် လုန်မန်က မြေပြင်ထက်ပစ်ချထားသည့် ပုဆိန်သွားလှံတံကို ကောက်ယူလိုက်ရင်း…

"ပြီးတော့ ဒီ မိုးကြိုးကောင်းကင်ပုဆိန်သွားလှံရှည်ကိုလည်း ပေးပါ့မယ်… ၊ ဒီ ပုဆိန်သွားလှံရှည်ကို ဒီနဂါးမန္တန်တွေနဲ့ တွဲဖက်အသုံးပြုမယ်ဆိုရင် ပိုပြီးအစွမ်းထက်ပါတယ်…"

နဂါးမင်းသားက မန္တန် (၃)ခုနှင့် မိုးကြိုးကောင်းကင်ပုဆိန်သွားလှံတံကိုပါ ပေးနေသည့်အခါ ကျန်းလန် မူမနေတော့ဘဲ လုန်မန်အနားသို့ လျှောက်သွားလိုက်သည်။

သူက လုန်မန်ထံသို့ ချင်းယီရေစင်ပန်းကို ပစ်ပေးလိုက်ပြီး လုန်မန်ကလည်း ပင်လယ်လေးစင်းခရုသင်း ၊ မန္တန် (၃)ပုဒ်နှင့် ကောင်းကင်မိုးကြိုးပုဆိန်သွားလှံရှည်တို့ကို ကျန်းလန်ထံ ပစ်ပေးလိုက်သည်။

ပစ္စည်းများကို ယူပြီးသည်နှင့် ကျန်းလန်က ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို အသုံးပြုကာ နေရာမှ ပျောက်ကွယ်သွားလေတော့သည်။

သူက ခွန်လွန်တောင်ကို ချက်ချင်းမပြန်သေးဘဲ  (၁)လခန့် အချိန်ယူရန် ဆုံးဖြတ်လိုက်သည်။

သူ၏တန်ခိုးစွမ်းအားများကို ထိန်းချုပ်နိုင်ရန်အတွက် သီးသန့်နေရာတစ်ခုရှာဖွေကာ အချိန် (၁)လခန့် ကျင့်ကြံရန် လိုအပ်သည်။

လက်ရှိအဆင့်တက်ထားသည့် လူသားအင်မော်တယ်အဆင့်ဖြင့် ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်ပြီးမှ ခွန်လွန်တောင်ကို ပြန်ရပေမည်။

သူ့ကို စောင့်နေသည့် နတ်လူသားမျိုးနွယ်များကိုလည်း ရှင်းပစ်ရပေဦးမည်။ မဟုတ်လျှင် ဖုန်းကျီက သူ၏ အပေါင်းအဖော်များကို ငရဲတွင် လည်ပင်းတရှည်ရှည်ဖြင့် မျှော်နေရှာပေလိမ့်မည်။

လုန်မန်ကတော့ ကျန်းလန်ထွက်ခွာသွားသည်ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့သည်။

တစ်ဖက်လူက သူ့ကို အန္တရယ်မပြုသည်မှာ သေချာတော့မှ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်မိသည်။

ပြီးမှ…

"ငါလည်း အမြန်သွားမှပဲ…"

အမှန်တော့ ချင်းယီရေစင်ပန်းကို အလဲအလှယ်လုပ်လိုက်ရခြင်းက သူ့အတွက် အရှုံးပေါ်သည့်ကိစ္စ ဖြစ်သည်။

သို့သော် သူ အသက်ရှင်သန်နိုင်ခဲ့ခြင်းကြောင့် တော်သေးသည်ဟု ပြောရမည်။

ချင်းယီရေစင်ပန်းက သူ့အတွက် အသုံးမဝင်သော်လည်း နှစ်ပေါင်းများစွာ တိုက်ပွဲရင်ဆိုင်နေရသည့် နဂါးမျိုးနွယ်များအတွက် အလွန်အသုံးဝင်သည်။

ထို့နောက် လျှပ်စီးလက်သည့်အလား လုန်မန် ထွက်ခွာသွားလေတော့၏။

သူဦးတည်ရာအရပ်က ကျန်းလန်ထွက်ခွာသွားရာအရပ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

"ဒီလူက အရမ်းကြောက်စရာကောင်းတယ်… ၊ ငါတော့ တစ်သက်လုံး ဒီလူနဲ့ ပြန်မတွေ့ချင်တော့ဘူး… ၊ ငါ့ဘဝတစ်လျှောက်လုံး ဒီလူနဲ့ ပြန်မတွေ့ရတော့ဘူးလို့လည်း မျှော်လင့်မိပါတယ်လေ… ၊ နောက်ထပ်လည်း ပတ်သက်စရာအကြောင်း မရှိတော့ပါဘူး… ၊ နတ်မိစ္ဆာတွေကို နှိမ်နင်းပြီးရင် ငါလည်း ခွန်လွန်တောင်ကို သွားရမှာပဲ မဟုတ်လား…"

ထွက်ခွာသွားရင်း လုန်မန်တွေးလိုက်သည်။

ခွန်လွန်တောင်မှ တပည့်များကို သွားရောက်စိန်ခေါ်ရမည်ဟု နဂါးမျိုးနွယ် အကြီးအကဲများထံမှ သူ သတင်းရထားသည်။

အထူးသဖြင့် သူ၏အစ်မဖြစ်သူလုန်ယွိနှင့် စေ့စပ်ထားသည့် ၊ တစ်ခါမှ တွေ့မြင်ဖူးခြင်းမရှိသေးသော ယောက်ဖလောင်းကို စိန်ခေါ်ရမည် ဖြစ်သည်။

သို့သော် သတင်းများအရဆိုလျှင် သူ့ယောက်ဖက သိပ်ပြီးအသုံးကျလှသူ မဟုတ်ပေ။ သူ့အနေဖြင့် ယောက်ဖကို စိန်ခေါ်ပြီး သင်ခန်းစာပေးလိုက်ရုံသာ ရှိသည်။

တွေးရင်းဖြင့်ပင် လုန်မန်တစ်ယောက် မိုးကုတ်စက်ဝိုင်းအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားလေ၏။

နတ်မိစ္ဆာများနှင့် အဆုံးသတ်တိုက်ပွဲကို အရင်ဆုံး ဆင်နွှဲရဦးမည် မဟုတ်ပါလား။

ကြည့်ရသည်မှာ နတ်မိစ္ဆာများဘက်မှ တိုက်ပွဲကိုစတင်စိန်ခေါ်ခဲ့သည်မှာ နောက်ကွယ်တွင် လျှို့ဝှက်ချက်တစ်ခု သေချာပေါက်ရှိနေမည် ဖြစ်လေသည်။

………………

အချိန် (၅)လခန့် ကြာခဲ့ပြီးနောက်…

ကျန်းလန် ချင်းချန်မြို့သို့ ရောက်ရှိလာသည်။

ချင်းချန်မြို့က သာမန်မြို့လေးတစ်မြို့ဖြစ်၏။

တောင်ပတ်လည်ဝန်းရံလျှက် အလုံပိတ်ခံထားရသည့် မြို့လေးတစ်မြို့ပမာ ဖြစ်သည်။

သို့သော် ချင်းချန်မြို့တွင် လူအများအပြားနေထိုင်ကြလေရာ စည်ကားသည်ဟု ဆိုနိုင်သည်။ မြို့တစ်မြို့တွင် ရှိသင့်ရှိအပ်သည့် ကြန်အင်လက္ခဏာများအားလုံးနှင့်လည်း ပြည့်စုံသည်။

စည်ကားနေသည့်မြို့လေးကို ငေးမောရင်း ကျန်းလန်က သာမန်လူတစ်ယောက်ပမာ လမ်းမထက်တွင် လမ်းလျှောက်လာသည်။

ကျန်းလန်က သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အသုံးပြုထားသောကြောင့် မည်သူမှ သူ့ကို သတိထားမိခြင်း မရှိပေ။

ဤသို့သော လူစည်ကားသည့်လမ်းမများကို သူ မတွေ့မြင်ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အတိအကျဆိုရသော် နှစ်ပေါင်း (၂၀၀)ခန့် ရှိပြီ ဖြစ်၏။

သူ ခွန်လွန်တောင်မရောက်ခင်အချိန်တွင် လူစည်ကားသည့်လမ်းများကို နောက်ဆုံးအကြိမ်တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။

ကျန်းလန် အတွေးများကို ရပ်တန့်လိုက်ပြီး လမ်းမများထက်တွင် ဆက်လက်လမ်းလျှောက်နေလေသည်။

သူ ဤနေရာသို့ ရောက်လာရသည့် အဓိကအချက်မှာ နတ်လူသားမျိုးနွယ်များကို ရှာဖွေရန် ဖြစ်သည်။ နောက်တစ်ချက်မှာတော့ သင့်တော်သည့် လက်ဆောင်ပစ္စည်းလေးများ ဝယ်ယူရန် ဖြစ်သည်။

သူ ခရီးထွက်သွားသည်မှာ အချိန်(၄)နှစ်ပင်ကြာပြီ ဖြစ်လေရာ ဆရာဖြစ်သူနှင့် ရှောင်ယွိအတွက် လက်ဆောင်ဝယ်သွားရမည် မဟုတ်ပါလား။

လုန်မန်ထံမှ ရရှိလာသည့် ပစ္စည်းများကို လက်ဆောင်ပြန်ပေးရန် မဖြစ်နိုင်ပေ။ အမှန်တော့ ထိုပစ္စည်းများက သူ့အတွက်လည်း သိပ်အသုံးမဝင်လှပေ။

အဋ္ဌမတောင်ထွတ်မှ မိစ္ဆာနဂါးကြီးကို ထိုပစ္စည်းများဖြင့် ထိန်းချုပ်နိုင်မည်ဖြစ်သော်ငြား ကျန်သည့်ကိစ္စများတွင်တော့ အသုံးမဝင်လှပေ။

သို့သော် အနာဂတ်တွင် အသုံးဝင်လာနိုင်သောကြောင့် သိမ်းဆည်းထားသည်က အကောင်းဆုံး ဖြစ်သည်။

မန္တန် (၃)ခုတွင် (၂)ခုက သူ သိထားပြီးသား ဖြစ်သည်။

အစွန်းရောက်မုန်တိုင်းမန္တန်တစ်ခုသာ ကျန်းလန် မသိရှိခြင်း ဖြစ်သည်။ အချိန်ရလျှင် ထိုမန္တန်ကို လေ့လာကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ပုဆိန်သွားလှံရှည်ကတော့ အတော်လေး လန်းသည်။ သို့ရာတွင် ကျန်းလန်က သတ်ဖြတ်ရန်အတွက် လက်သီးကိုသာ အသုံးပြုသူ ဖြစ်လေရာ သိပ်အသုံးမဝင်လှပေ။

လက်သီးကို အသုံးမပြုလျှင်လည်း ကျန်းလန်က ဓားကို အသုံးပြုမည် ဖြစ်သည်။

အချိန်အတန်ကြာ လမ်းလျှောက်လာပြီးနောက် ပစ္စည်းအရောင်းဆိုင်တစ်ခုရှေ့သို့ ကျန်းလန်ရောက်ရှိလာလေသည်။

All Chapters