← Chapters

အခန်း (၃၉၀)

Vol. 27 Ch. 390

အခန်း (၃၉၀)

Vol. 27 Ch. 390

“စီနီယာ... ဘာတွေဖြစ်နေတာလဲ” ပိုင်ချမ်းဟန်သည် အဝေးတစ်နေရာဆီမှ ပျံသန်းကာ ရောက်ရှိလာသည်။ သူ၏ မျက်နှာပေါ်၌ အံ့အားသင့်သည့် အရိပ်အယောင်များ တည်ရှိနေပြီး လောက၏အဆုံးဘက်တွင် ပေါ်ပေါက်လာသည့် မရင်းနှီးသော ကုန်းမြေတိုက်ကြီးတစ်ခုကို အံ့အားတသင့်ဖြင့် လှမ်းကြည့်နေမိ၏။ မကြာခင်မှာပဲ သူ၏ အမူအရာ တစ်ခုလုံးသည် လေးနက်လာခဲ့သည်။ သို့ပေမဲ့ ဤလေးနက်မှုသည် ကြာကြာမခံခဲ့ချေ။ သူသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ ဘာမှန်းမသိသည့် လောကကြီးသည် အသက်ဓာတ်ကင်းမဲ့လျက် ရှိနေပြီး သူရင်းနှီးသည့် ခရမ်းရောင်နက်နဲလောကကြီးနှင့် မတူညီချေ။

“ဒါက သွေးနတ်ဆိုးလောကကြီးပဲ”

ရှန်းတုရှင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူ၏ လေသံထဲတွင် အကူအညီမဲ့သည့် အရိပ်အယောင်များ တည်ရှိလို့နေလေ၏။ အင်ပါယာကျန်းထျန်ပေါ်တွင် တည်ရှိနေသည့် ရန်ကြွေးများ မကျေသေးကြောင်း သူ၏လေသံကို နားထောင်လိုက်သည်နှင့်ပင် သိနိုင်၏။

“သွေးနတ်ဆိုးလောကကြီး ဟုတ်လား”

ပိုင်ချမ်းဟန်သည် ခဏလောက် ဇဝေဇဝါ ဖြစ်သွား၏။ ပြီးနောက် မြန်မြန်ဆန်ဆန်ပဲ နားလည်လိုက်၏။ ချက်ချင်းဆိုသလိုပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လှမ်းကာ ကြည့်ရှုရင်း ရေရွတ်လိုက်မိသည် “စီနီယာနန်းဆောင်သခင် လုပ်လိုက်တာလား”

“မမှားဘူး”

ရှန်းတုရှင်းက ခေါင်းညိတ်လိုက်၏။ သူသည် ရောပြွန်းလျက် ရှိနေသည့် ခံစားချက်များနှင့် ပြောဆိုလိုက်၏။ “ကောင်းကင်မူလလောကကြီးကို ကြည့်ရမယ်ဆိုရင် နန်းဆောင်သခင် တစ်ယောက်တည်းကပဲ ဒီကိစ္စကို လုပ်နိုင်တယ်။ ခရမ်းရောင်နက်နဲလောကကြီးနဲ့ ပေါင်းစပ်နိုင်တယ်ဆိုမှတော့ ဒီလိုအရာမျိုးကို ပြုလုပ်ဖို့ အတွက် ခက်ခဲမှာ မဟုတ်ဘူး။ ကျုပ်ကို ဇဝေဇဝါ ဖြစ်စေတာက စီနီယာနန်းဆောင်သခင်က သွေးနတ်ဆိုး လောကကြီးကို ဒီနေရာကို ခေါ်ဆောင်လာခဲ့တာ ဘာရည်ရွယ်ချက် ရှိနေလို့လဲ”

ပိုင်ချမ်းဟန်က တွက်ချက်လိုက်မိ၏။ “ကြည့်ရတာ ကောင်းကင်မူလလောကကြီးရဲ့ တည်နေရာနယ်မြေကို ချဲ့ထွင်ချင်လို့လား”

လက်ရှိ ကောင်းကင်မူလလောကကြီးသည် ကျယ်ပြန့်ပြီးသား ဖြစ်နေ၏။ အဆုံးအစမဲ့ ကြီးမားလွန်းလှသော တည်နေရာနယ်မြေကြီးကို ပိုင်ဆိုင်နှင့်ပြီးဖြစ်သည်။ ရှုပ်ထွေးလွန်းလှသည့် ကြယ်စင်စုများပင်လျှင် ပါဝင်လျက် ရှိနေသည်။ သွေးနတ်ဆိုးလောကကြီးနှင့်သာ ပေါင်းစပ်လိုက်မည်ဆိုပါက ကျိန်းသေပေါက် အကန့်အသတ်မဲ့ သွားသည်ဟု ပြောဆိုရပေမည်။

ကောင်းကင်မူလလောကကြီးထဲတွင် များပြားလှသော ကျင့်ကြံသူများ တည်ရှိနေပြီး သူတော်စင် သို့မဟုတ် သူတော်စင်ဘုရင်များပင်လျှင် ထိုလောကကြီးဆီသို့ အရှေ့အနောက် ခရီးသွားလာရန် အချိန်အနည်းယူရမည့် အရာမျိုးပင်။ ခရမ်းရောင်နက်နဲလောကကြီးနှင့် မတူဘဲ ဤနေရာတွင် များပြားလွန်းလှသည့် မျိုးနွယ်စုများသည် အမှီအခိုကင်းစွာဖြင့် ယှဉ်တွဲနေထိုင်ကြသည်။

“ဟင်း”

ရှန်တုရှင်းက ခေါင်းကိုခါယမ်းလိုက်၏။ သူသည် တစ်စုံတစ်ခုကို ပြန်လည်စဉ်းစားပြီးသည့်နောက် ရေရွတ်လိုက်မိ၏။ “အတိတ်တုန်းက ကောင်းကင်မူလလောကကြီးက သွေးနတ်ဆိုးလောကကြီးထက် နည်းနည်းလေး အားကောင်းတယ်လေ။ အများကြီး အားကောင်းတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကြည့်ရတာ ကောင်းကင်မူလလောကကြီးက လက်ရှိအချိန်မှာ ဘာမှန်းမသိတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ အင်ပါယာအဆင့်ဆိုတာတောင်မှ အကန့်အသတ် မဟုတ်တော့ဘူး။ လောကကြီးနှစ်ခု ပေါင်းစပ်ပြီးတဲ့နောက်မှာ ပြောင်းလဲမှုတွေက သိသိသာသာ ထင်ထင်ရှားရှား ဖြစ်လာတယ်။ စီနီယာနန်းဆောင်သခင်က သွေးနတ်ဆိုးလောကကြီး ကို တည်နေရာနဲ့ ပေါင်းစပ်လိုက်တာ ဒါကြောင့်ပဲ ဖြစ်ရမယ်။ ပိုပြီးအားကောင်းတဲ့ လောကရဲ့ နိယာမတွေ ရရှိလာဖို့ပေါ့”

သွေးနတ်ဆိုးလောကကြီးသည် ပျောက်ကွယ်သွားနိုင်သည့် အရာမျိုးဖြစ်၏။ လောကကြီးသည် အခွံသာလျှင် ကျန်ရှိခဲ့ပြီး အထဲတွင် ဘာမှမကျန်တော့ချေ။ ကောင်းကင်၏ တာအိုများပင်လျှင် တိတ်ဆိတ်ငြိမ်သက်ပြီး အသက်မဲ့လို ရှိနေ၏။ ကုန်းမြေတိုက်ကြီး တည်ရှိနေသည်ဆိုသော်လည်း ဘာတစ်ခုမှ အသုံးဝင်သည့် အရာမျိုး မဟုတ်ခဲ့ချေ။ ကောင်းကင်မူလလောကကြီးနှင့် ပေါင်းစပ်လိုက်ခြင်းအားဖြင့် များပြားလှသည့် အကျိုးကျေးဇူးများ ကို ရရှိမှာ သေချာသည်။

“လက်ရှိ သွေးနတ်ဆိုးလောကကြီးနဲ့ပတ်သက်ရင်”

ပိုင်ချမ်းဟန်က များများမဆိုခဲ့ချေ။ သူသည် ရှန်းတုရှင်းကို လှမ်းကြည့်ပြီးသည့်နောက် ဆက်လက်ပြောဆိုရန် စိတ်ပါဝင်စားမှု မရှိတော့ချေ။

တစ်ဖက်လူ၏ မွေးရပ်မြေ ဤနေရာသို့ ရောက်ရှိလာခြင်း ဆိုသည်မှာ တကယ့်ကို ပျော်ရွှင်ဖွယ်ရာ ကိစ္စရပ်ပင် ဖြစ်၏။ သို့ပေမဲ့ ရှန်းတုရှင်း၏ လက်ရှိအခြေအနေအရ မွေးရပ်မြေနှင့် ပြန်လည်ပေါင်းစပ်နိုင်သည် ဆိုလျှင်တောင်မှ ပျော်ရွှင်စရာဟူ၍ မရှိချေ။ သူတစ်ယောက်တည်းသာလျှင် ထီးထီးကြီး ကျန်ခဲ့ရသည် မဟုတ်ပါလား။ သူသာဆိုပါက ပျော်ရွှင်လိမ့်မည် မဟုတ်ကြောင်း ပိုင်ချမ်းဟန်က စာနာမိ၏။

သို့ပေမဲ့ မကြာခင်မှာပဲ ပိုင်ချမ်းဟန်၏ အတွေးများသည် ပြောင်းလဲသွားခဲ့၏။ သူသည် သွေးနတ်ဆိုး လောက၏ သန္ဓေလောကသား တစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် ဤကဲ့သို့သော အငြိုးအတေးများကို ခံစားနေရန် မလိုအပ်ချေ။ သွေးနတ်ဆိုးလောကကြီးသည် ဘာပဲပြောပြော ရတနာတိုက်ကြီး တစ်ခုသာလျှင်ဖြစ်သည်။

အင်ပါယာကျန်းထျန်သည် လောကကြီးတစ်ခုလုံးကို သွေးစတေးမှု ပြုလုပ်သည့် အချိန်တွင် ၎င်းစတေးမှု ပြုလုပ်ခဲ့သည့် ပစ္စည်းများမှာ သက်ရှိသတ္တဝါများသာလျှင်ဖြစ်၏။ လက်နက်၊ ကျမ်းစာ ထိုအရာများ အားလုံးသည် သွေးစတေးမှု၌ ပါဝင်သည့်အရာများ မဟုတ်ချေ။

ပိုင်ချမ်းဟန်သည်သာ သွေးနတ်ဆိုးလောကကြီးထဲသို့ အရင်ဆုံး ဝင်ရောက်နိုင်သည်ဆိုပါက ဂိုဏ်းတစ်ခု၏ အကြွင်းအကျန်များ၊ ထို့အပြင် လက်နက်ပစ္စည်းများ၊ တန်ဖိုးကြီးမားလှသည့် အရာများ အားလုံးကို ရရှိမှာ သေချာ၏။ ဤအရာများ အားလုံးသည် ပိုင်ရှင်မဲ့အရာများသာလျှင်ဖြစ်၏။ မည်သူပဲ အရင်ယူယူ၊ အရင်ယူ နိုင်သည့်လူသည် ပိုင်ရှင်ဖြစ်လာပေလိမ့်မည်။

ကံကောင်းသည်ဆိုပါက အင်ပါရီယာလက်နက် အကျိုးအပြတ် တစ်ခုနှစ်ခုလောက်ကိုပင် ရရှိနိုင်စွမ်းရှိ၏။ ကံမကောင်းလျှင်တောင်မှ တော်ဝင်သူတော်စင်အဆင့် လက်နက်ပစ္စည်းများကို ရရှိဖို့ဆိုသည်မှာ ပြဿနာတစ်ခု မဟုတ်ချေ။ ထို့အပြင် အင်ပါယာကျန်းထျန်ကဲ့သို့သော စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် သာမန် ကျင့်ကြံခြင်း နည်းစနစ်နှင့် လက်နက်များကို စိတ်ဝင်စားလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် တိုက်ပွဲ တည်နေရာကြီး တစ်ခုလုံးကို ရှင်းလင်းပစ်လိမ့်မည် မဟုတ်ချေ။

“စီနီယာ... ကျုပ် တကယ့်ကို ဝမ်းနည်းမိပါတယ်”

ပိုင်ချမ်းဟန်သည် စကားလုံး တစ်လုံးချင်းစီကို ပြောဆိုကာဖြင့် နှစ်သိမ့်လိုက်၏။ ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ အကြည့်ကို ပြန်လည်ရုတ်သိမ်းပြီးသည့်နောက် လက်သီးဆုပ်ကာဖြင့် ရှန်တုရှင်းအား ပြောလိုက်၏။ “ဂျူနီယာ အနေနဲ့ အရေးကြီးကိစ္စ လုပ်စရာ ရှိနေပါတယ်။ ဒီတော့ သွားလိုက်ပါအုံးမယ်”

ပြောပြီးသည့်နောက် ပိုင်ချမ်းဟန်သည် အလင်းတန်းတစ်ခု အသွင်ပြောင်းကာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင် ဆီသို့ ဦးတည်တော့သည်။

သွေးနတ်ဆိုးလောကကြီးသည် တကယ့်ကို များပြားလှသည့် အခွင့်အရေးများဖြင့် ပြည့်နှက်လျက် ရှိနေသည့် အရာပင်ဖြစ်၏။ မည်မျှ အရေးကြီးသည့် ပစ္စည်းများ တည်ရှိနေမည်ကို မည်သူမှ မသိရှိခဲ့ချေ။ ခေါင်းစဉ်မဲ့ လျှောက်ကာ ရှာဖွေနေခြင်းထက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ အရင်ဆုံး သွားခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ပစ်မှတ်နေရာကို သိရှိသည်ဆိုပါက တော်ဝင်ရင်နိုင်ငံအတွက် အလွန် အရေးကြီးသည့် အခွင့်အရေးများ ကို ရရှိမှာ ဖြစ်၏။

“အင်း”

ရှန်းတုရှင်းက ခေါင်းညိတ်လိုက်သည်။ သူသည် ပိုင်ချမ်းဟန် ထွက်ခွာသွားသည်ကို လှမ်းကြည့်ပြီး သည့်နောက် ခဏလောက် တွန့်ဆုတ်သွား၏။ နောက်ဆုံးမှာတော့ သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။

ပိုင်ချမ်းဟန် ဦးတည်သွားသည့် နေရာကို ကြည့်ရှုပြီးသည့်နောက် တစ်ဖက်လူ ဘာကိုလုပ်ချင်သည် ဆိုခြင်းကို သူ မည်ကဲ့သို့ မခန့်မှန်းမိဘဲ နေမည်နည်း။ သို့ပေမဲ့ သူ့အတွက် ကြားဝင်တားဆီးစရာ အကြောင်းဟူ၍ မရှိချေ။ ပိုင်ချမ်းဟန်ကို တားဆီးနိုင်၏။ သို့ပေမဲ့ ကောင်းကင်မူလလောကကြီး တစ်ခုလုံးကို သူမည်သို့ သွားကာ တားဆီးမည်နည်း။

သွေးနတ်ဆိုးလောကကြီးထဲတွင် အခွင့်အရေးများကို ရရှိချင်သည့် တခြားသောသူများနှင့် ပတ်သက်၍ သူ ဘာတစ်ခုမှ တတ်နိုင်လိမ့်မည် မဟုတ်ချေ။ သူသည် ကွာစီအင်ပါယာထိပ်ဆုံးအဆင့် အားအင်ကို ပိုင်ဆိုင်၏။ ထို့ကြောင့် အထဲတွင် ရှိနေသည့် သာမန်အခွင့်အရေးများသည် သူ့အတွက် အသုံးမဝင်လှချေ။ ထို့အပြင် သူသည် သွေးနတ်ဆိုးလောကကြီး၏ တည်နေရာကို ခြေချချင်စိတ်လည်း မရှိချေ။ သူ့အနေနှင့် အင်ပါယာကျန်းထျန်ကို အနိုင်မယူနိုင်မချင်း ထိုနေရာကို ခြေလုံးဝမချဟုလည်း သံန္နိဋ္ဌာန် ချထား၏။

တချိန်တည်းမှာပဲ ကောင်းကင်မူလလောကကြီး၏ လေဟာနယ်တစ်ခုမှာတော့ ဆန်းကြယ်လွန်းလှသော စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်က ဘေးချင်းကပ်ကာ ရပ်လျက်ရှိ၏။ ၎င်းတို့၏ အသွင်အပြင် အမူအရာများ သည် လေးနက်လျက် ရှိနေပြီး ၎င်းတို့သည် ကောင်းကင်ကိုမော့ကာ ကြည့်ရှုလျက် ရှိနေကြ၏။ မျက်လုံးအကြည့် ဆီမှ ရောင်စဉ်တန်းများသည် သွေးနတ်ဆိုးလောကကြီးဆီသို့ ရောက်ရှိနေ၏။

စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်သည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်ရာများ လွှမ်းခြုံလျက် ရှိနေပြီး ၎င်းတို့၏ အနီးအနားရှိ တိမ်များပင် လွင့်စင်သွားလေသည်။

“မြေအင်မော်တယ်လောကလား” အင်ပါယာယုညိုသည် လေးနက်သည့် အသံဖြင့် ပြောလိုက်၏။

“မသိဘူး”

အင်ပါယာပိုင်လီသည် ခေါင်းကို ခါယမ်းလိုက်၏။ သူတို့ နှစ်ယောက်သည် သွေးနတ်ဆိုး လောကကြီးကို မမြင်ခဲ့ဖူးချေ။ ထို့ကြောင့် သွေးနတ်ဆိုးလောကကြီး၏ အော်ရာများနှင့် မရင်းနှီးဘဲ ရှိနေကြ၏။ သူတို့သိသည်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် အသင်္ချေများပြားသည့် လောကကြီးများကို ပေါင်းစည်းရန် ရည်ရွယ်ချက် ရှိနေသည်ဆိုခြင်းပင်။

ယခု ကြီးမားလှသည့် လောကကြီးတစ်ခုသည် ကောင်းကင်မူလလောကကြီးအစပ်တွင် ထီးထီးကြီး ပေါ်ပေါက် လာခဲ့၏။ ၎င်းတို့ နှစ်ယောက်အနေနှင့် ဤအရာမှာ မြေအင်မော်တယ်လောက ဟုတ်လား၊ မဟုတ်လား ဆိုသည်ကို မသိရှိနိုင်ချေ။ မည်သို့ပင် ဆိုစေကာမူ သူတို့၏ အကြံအစည်များကို ပြောင်းလဲရန်တော့ လိုအပ်လာခဲ့၏။

“အင်ပါယာကျန်းထျန်ရဲ့ ကုန်းမြေတိုက် ဖြစ်နိုင်တယ်။ အင်ပါယာအဆင့်ရဲ့ ပထမနေရာမှာ တည်ရှိနေတဲ့လူပဲ” အင်ပါယာပိုင်လီသည် လေးလေးနက်နက် ကြည့်ကာ ပြောလိုက်သည်။

“သွေးနတ်ဆိုးလောကဆိုတာလား” အင်ပါယာယုညိုက အံ့အားသင့်သွားမိ၏။

ကောင်းကင်မူလလောကကြီး ထဲတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် လျှို့ဝှက်ချက် မဟုတ်ချေ။ တစ်စုံတစ်ယောက်သည် သိချင်သည်ဆိုပါက အနည်းငယ် မေးမြန်းလိုက်ရုံဖြင့် ဖြစ်စဉ်တစ်ခုလုံးကို သိရှိနိုင်၏။ သွေးနတ်ဆိုးလောကကြီးကို ဤနေရာသို့ ဆွဲခေါ်လာခြင်းဖြစ်ကြောင်း သိရှိပြီးသည့်နောက် သူတို့သည် တကယ်ပဲ တုန်လှုပ်သွားမိကြသည်။ အင်ပါယာစာရင်း၏ ထိပ်ဆုံးတွင် ရပ်တည်နေသော အင်ပါယာကျန်းထျန်၏ လောကကြီး သည် ပေါ့သေးသေး မဟုတ်နိုင်ပေ။

All Chapters