အခန်း (၃၉၁)
Vol. 27 Ch. 391
“အဲအချိန်တုန်းက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ဘာလို့ ဒီလို လုပ်လိုက်ရတာလဲ” အင်ပါယာယုညို သည် ဇဝေဇဝါ ဖြစ်သွားမိ၏။
သွေးနတ်ဆိုးလောကကြီးသည် မရှိတော့ချေ။ ပြောရမည်ဆိုလျှင် အခွံသာလျှင် ကျန်ရှိတော့၏။ သူတို့၏ အမြင်အရဆိုလျှင် အရသာမရှိသည့် ဟင်းပွဲတစ်ခုသာလျှင်ဖြစ်၏။ ထိုအရာသည် စားပွဲပေါ်မှ ဖယ်ရှားပစ်ရန် သာလျှင် ဖြစ်တော့၏။
“အခုအချိန်မှာ အသုံးမဝင်ဘူး။ ဒါပေမဲ့ အနာဂတ်မှာ အသုံးဝင်ကောင်း ဝင်လာလိမ့်မယ်။ ပြီးတော့ များပြားလှတဲ့ မျိုးနွယ်စုတွေကို ထိန်းသိမ်းထားဖို့ဆိုရင် တည်နေရာကျယ်ကြီးတွေ လိုအပ်တယ် မဟုတ်လား”
အင်ပါယာပိုင်လီ က စဉ်းစားလိုက်၏။ ပြီးနောက် သူသည် ဆက်လက်ကာ ပြောဆိုလိုက်သည်။ “ပြီးတော့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ရဲ့ ရည်ရွယ်ချက်ကို ဘယ်သူက ခန့်မှန်းနိုင်မှာလဲ”
လက်ရှိလောကကြီးတွင် ရေတွက်လို့ မရအောင် များပြားလှသည့် သက်ရှိများ ရှိကြ၏။ သို့ပေမဲ့ အားလုံးသော သူတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ တွက်ချက်မှုအောက်မှ မလွတ်မြောက်ခဲ့ချေ။ ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင် ဘာလုပ်မည်။ မည်ကဲ့သို့ တွေးတောမည် ဆိုသည်ကို မည်သူကမျှ မသိရှိခဲ့ကြချေ။ အားလုံးသောသူတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပြုလုပ်ပြီးမှသာလျှင် ဘာလုပ်ခဲ့သည့် ဖြစ်ကြောင်းကို သိရှိခဲ့ကြ၏။ ထို့ကြောင့် ယခုကတည်းက ကြိုတင်ကာ ပြောဆိုနေခြင်းသည် မိုက်မဲသည့် အကြောင်းအရာပင်ဖြစ်၏။
“အသင်္ချေလောကအသီးသီးကို ပေါင်းစပ်တာက ရိုးရှင်းတဲ့ပုံ ပေါ်တယ်။ ဒါပေမဲ့ လက်တွေ့ကတော့ တကယ့်ကို ခက်ခဲတယ်လေ။ ဒီလို ဆက်တိုက်ပြုလုပ်ခြင်းအားဖြင့် ထူးခြားလှတဲ့ လောကကြီးတစ်ခု ဖြစ်တည် လာလိမ့်မယ်။ အဆင့်မြင့် လောကအသီးသီးက လူတွေရဲ့ အာရုံစူးစိုက်မှုကို ရရှိနိုင်တယ်” အင်ပါယာယုညိုသည် ထိုစကားကို သေသေချာချာ ချိန်ဆပြီးမှ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ဒီလို ပြုလုပ်ရဲတယ်ဆိုမှတော့ သူ့ဆီမှာ ယုံကြည်ချက် ရှိနေလို့ပေါ့။ ကျုပ်တို့အနေနဲ့ စိုးရိမ်ပူပန်နေဖို့ မလိုပါဘူး” အင်ပါယာပိုင်လီသည် လက်ကို ယမ်းခါလိုက်၏။ သူ၏ မျက်လုံးများက မှေးကျဉ်းလျက် ရှိနေပြီး လေဟာနယ်တစ်ခုဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။
အပြင်ဘက် သွေးနတ်ဆိုးလောကကြီးဆီသို့ လှမ်းကာ ကြည့်ရှုပြီးသည့်နောက် သူက ပြောဆိုလိုက်သည်။ “သွေးနတ်ဆိုးလောကကြီးနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် မြေအင်မော်တယ်လောကကြီးကို ကျုပ်က ပိုပြီး စိတ်ဝင်စား တယ်လေ”
“ခင်ဗျား ဘာကို ဆိုလိုတာလဲ”
အင်ပါယာယုညိုသည် တစ်စုံတစ်ခုကို နားလည်သွားပုံပေါ်၏။ ရုတ်တရက် ခရမ်းရောင်နက်နဲလောကဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ နှလုံးသားထဲတွင် တုန်လှုပ်မှုများ ဖြစ်တည်လာခဲ့၏။ သူက လေးလေးနက်နက် ပြောဆိုလိုက်၏။ “မြေအင်မော်တယ်လောကကြီးကိုလည်း ပေါင်းစပ်တော့မှာလား”
“အင်း.. အခု မဟုတ်ဘူး ဆိုရင်တောင်မှ သိပ်ပြီး မကြာလောက်တော့ဘူး” အင်ပါယာပိုင်လီသည် ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။
သွေးနတ်ဆိုးလောကကြီးသည် သေးငယ်လှသည့် လောကလေး တစ်ခုသာလျှင်ဖြစ်၏။ ထို့အပြင် အားလုံးသော သူတို့သည် သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရပြီးသားဖြစ်၏။ ပေါင်းစပ်ခဲ့ခြင်း ဆိုသည်မှာ မည်သည့် အကျိုးကျေးဇူးမှ သိသိသာသာ မရရှိနိုင်ပေ။ ထို့ကြောင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အဓိက ရည်ရွယ်ချက် မဟုတ်ကြောင်း သိသာလှ၏။
အင်ပါယာပိုင်လီသည် ဟိုးအရင်ကတည်းက ကြိုတင်ကာ တွက်ချက်ခဲ့ပြီးသားဖြစ်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် မြေအင်မော်တယ်လောကကို ကျိန်းသေပေါက် ပေါင်းစပ်မှာ သေချာသည်။ သို့ပေမဲ့ မည်သည့်အချိန်တွင် ပေါင်းစပ်မည် ဆိုသည်ကိုတော့ သူတို့ မသိချေ။
ကောင်းကင်မူလလောကကြီး၏ အပြင်ဘက်၊ ထာဝရမြို့မှာတော့ ......
ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေပြီး တည်နေရာလမ်းကြောင်း တစ်ခုလုံးကို တုန်ခါစေခဲ့၏။ လက်ရှိ အခြေအနေတွင် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး တုန်ခါလျက် ရှိနေပြီး ကြယ်တာရာစုများပင်လျှင် မှေးမှိန်နေ၏။
ကောင်းကင်မူလလောကကြီးသည် သက်ရောက်မှု ခံနေရ၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် ကောင်းကင် မူလလောကကြီးထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါများသည် သွေးနတ်ဆိုးလောကကြီးနှင့် ပေါင်းစပ်ပြီးသည့် နောက် အစစ်အမှန် တုန်လှုပ်လျက် ရှိနေသေး၏။ တချို့သော စွမ်းအားမြင့် ကျင့်ကြံသူများသည် ရုတ်တရက် သတိအပြည့်နှင့် ရှိနေကြသည်။
“စပြီလား”
အသံတစ်ခုသည် လေဟာနယ်ထဲတွင် ထွက်ပေါ်လာခဲ့၏။ ထိုအသံသည် အစစ်အမှန် နဂါးများ၊ ဖီးနစ်များ၏ အော်သံကဲ့သို့ပင် တည်နေရာတစ်ခုလုံးကို ပဲ့တင်ထပ်စေ၏။
ထာဝရမြို့၏ အလယ်ဗဟို နန်းတော်တစ်ခု၏ အရှေ့မှာတော့ ရေတွက်လို့ မရအောင် များပြားလှသည့် အစောင့် စစ်သည်များသည် မြေပေါ်သို့ ဒူးထောက်ထိုင်ချကာဖြင့် လေးလေးနက်နက် အမူအရာများ တည်ရှိလို့နေ၏။ ၎င်းတို့၏ အရှေ့ဘက်တွင် ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် လူတစ်ယောက်က တည်ရှိလို့နေပြီး တော်ဝင်အင်ပါယာ နောက်ဆုံးအဆင့် စွမ်းအင်များကို ထုတ်ဖော်နေသည်။
“ဟုန်ရွှမ်”
ထာဝရမြို့တော်ဝန်က ပြောဆိုလိုက်၏။ ၎င်း၏ အသံသည် မိုးခြိမ်းသံကဲ့သို့ပင် အားလုံးသောသူတို့၏ သွေးများကိုပင် ဆူဝေသွားစေခဲ့၏။
“ရှိပါတယ်” ဟုန်ရွှမ်သည် လေးလေးစားစားနှင့် ပြန်လည်ကာ ဖြေဆိုလိုက်သည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ကိစ္စက ဘယ်လိုလဲ” ထာဝရမြို့တော်ဝန်သည် မေးမြန်းလိုက်၏။
“မြို့တော်ဝန်ကို အရိုးသားဆုံး ပြောရမယ်ဆိုရင် ....”
ဟုန်ရွှမ်သည် ရှက်ရွံ့သလို ခံစားနေမိ၏။ သို့ပေမဲ့ သူက လေးလေးနက်နက် ပြောလိုက်သည်။ “ကျုပ် ကောင်းကင်လျှို့ဝှက်နန်းဆောင် ကို သွားခဲ့တယ်။ ဒါပေမဲ့ အထဲကို ဝင်လို့ မရခဲ့ပါဘူး။ နန်းဆောင်သခင်က ကန့်သတ်ချက်တစ်ခုကို ထားထားတဲ့ပုံပဲ။ အဲနေရာမှာ စောင့်နေရင် အကြာကြီး ဖြစ်နေမှာစိုးလို့ ကျုပ် ထာဝရမြို့ကို လှည့်ပြန်လာခဲ့တာပါ”
“အင်း”
ထာဝရမြို့တော်ဝန်သည် ထူးမခြားနားသလို တုံ့ပြန်လိုက်၏။ ထူးဆန်းစွာဖြင့် ဟုန်ရွှမ်သည် ပြုလုပ်ရမည့် တာဝန်ကို မကျေပွန်ခဲ့သည် ဆိုသော်လည်း သူသည် ဒေါသထွက်သည့် ပုံစံမျိုး မရှိချေ။ ထိုအစား ထာဝရ မြို့တော်ဝန်သည် တစ်စုံတစ်ခုကို စဉ်းစားတွေးတောနေပုံရ၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီကို သွားမယ့်ကိစ္စက ခဏလောက် ဘေးဖယ်ထားရမယ်” ထာဝရ မြို့တော်ဝန်သည် အမှတ်တမဲ့နှင့် ပြောဆိုလိုက်သည်။
“အင်း”
ဟုန်ရွှမ်သည် ခေါင်းကိုငုံ့ကာဖြင့် ဇဝေဇဝါ အမူအရာမျိုး ဖြစ်တည်နေ၏။ သူသည် အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်၏။ “မြို့တော်ဝန် ဘာကိစ္စရှိလို့လဲ”
“ကျုပ်ရဲ့ သံသယတွေကို ဖြေရှင်းပြီးသွားပြီ” ထာဝရမြို့တော်ဝန်က ပြောဆိုလိုက်သည်။
“ဖြေရှင်းပြီးသွားပြီ ဟုတ်လား”
ဟုန်ရွှမ်၏ စိတ်တစ်ခုလုံးသည် နဝေတိမ်တောင် အမူအရာများ ဖြစ်တည်လာခဲ့၏။ သူ ခန့်မှန်းသည်သာ မှန်သည်ဆိုပါက မြို့တော်ဝန်သည် သူ့အား ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ စေလွှတ်ပြီး မြေအင်မော်တယ်လောက နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုံစမ်းစေခဲ့၏။ မြေအင်မော်တယ် လောကကြီး သည် ကောင်းကင်မူလလောကကြီးနှင့် ပေါင်းစပ်သည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိသည်ဆိုပါက လောကကြီး၏ အဆင့်အတန်းက တိုးတက်သွားနိုင်သည် မဟုတ်ပါလား။
ယခု သွေးနတ်ဆိုးလောကကြီးသည် တည်နေရာလမ်းကြောင်းဆီမှ ရောက်ရှိလာခဲ့ပြီးသည့်နောက် ကောင်းကင် မူလလောကကြီးနှင့် ပေါင်းစပ်လျက် ရှိနေ၏။ အားကောင်းလှသည့် လောကကြီးတစ်ခု မဟုတ်သည် ဖြစ်သောကြောင့် အရည်အသွေးအားဖြင့် ကြီးကြီးမားမား သိသိသာသာဟူ၍ ပြောင်းလဲမသွားခဲ့ချေ။
မြို့တော်ဝန်သည် ၎င်း၏ သံသယများကို မည်သို့ ဖြေရှင်းလိုက်သနည်း။ သူ သတိမပြုမိသည့် အချိန်အတောအတွင်း မြို့တော်ဝန်သည် ထူးခြားလွန်းလှသည့် နည်းလမ်းတစ်ခုကို အသုံးပြုကာဖြင့် ကိုယ်ပွားတစ်ယောက်ကို စေလွှတ်၍ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားခဲ့စေသည်လား။
“အင်း... ခင်ဗျား စဉ်းစားတာ လွန်နေပြီ”
ထာဝရမြို့တော်ဝန်က ပြောလိုက်၏။ သူ၏ အသံသည် ခေါင်းလောင်းထိုးသံ တစ်ခုကဲ့သို့ပင် လေဟာနယ်တစ်ခုလုံး ကို ပဲ့တင်ထပ်နေ၏။ “အခု သွေးနတ်ဆိုးလောကကြီးကို တည်နေရာ လမ်းကြောင်းကနေ ဆွဲခေါ်လာတယ် ဆိုပေမဲ့ သွေးနတ်ဆိုးလောကတစ်ခုတည်းက ကောင်းကင်မူလလောကနဲ့ ပေါင်းစပ်မယ် ထင်လို့လား”
ဟုန်ရွှမ်၏ အမူအရာသည် အေးခဲသွား၏။ ပြီးသည့်နောက် သူသည် တစ်စုံတစ်ခုကို နားလည်သွားပုံပေါ်၏။ တော်ဝင်အင်ပါယာ နောက်ဆုံးအဆင့်တွင် ရှိနေသော ကျင့်ကြံသူတစ်ယောက် အနေနှင့် အင်ပါယာအဆင့် စာရင်းတွင် ပါဝင်အောင် မပြုလုပ်နိုင်ခဲ့ချေ။ သူ၏ အရည်အချင်းသည် အကန့်အသတ်ဖြင့် တည်ရှိလို့နေသည်။
သို့ပေမဲ့ သူ၏ မြို့တော်ဝန်သည် အစစ်အမှန် အင်မော်တယ်တစ်ယောက်ပင်ဖြစ်၏။ မြို့တော်ဝန် သိသည့် အကြောင်းအရာများသည် သူသိရှိနေသည့် အကြောင်းအရာများထက် ပိုမိုကာ သာလွန်မှာ သေချာ၏။ မြို့တော်ဝန်သည် မြေအင်မော်တယ်လောကနှင့် ပတ်သက်သည့် သတင်းအချက်အလက် သဲလွန်စများ အားလုံးကို ရှာဖွေတွေ့ရှိခဲ့ခြင်း သို့မဟုတ် မြေအင်မော်တယ်လောကနှင့် ကောင်းကင်မူလလောကတို့ မည်သည့်အချိန်တွင် ပေါင်းစပ်မည်ဖြစ်ခြင်းကို တိတိကျကျ သိရှိခဲ့ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။
“ခင်ဗျား ခန့်မှန်းတာ အမှန်ပဲ”
မြို့တော်ဝန်သည် ဟုန်ရွှမ်၏ အတွေးများကို နားလည်နေသကဲ့သို့ပင် ပြောဆိုလိုက်၏။ “သိပ်မကြာခင်မှာ မြေအင်မော်တယ်လောကကြီးနဲ့ ခရမ်းရောင်နက်နဲလောကကြီးတို့က နယ်စပ် တည်နေရာတွေ ဖြစ်သွားလိမ့်မယ်”
“တကယ်လား” ဟုန်ရွှမ်၏ နှလုံးသားသည် တုန်ယင်သွားခဲ့၏။ မြို့တော်ဝန်သည် တကယ်ပင် ကြိုတင်ကာ သိရှိနေခဲ့သည်လား။
“မြေအင်မော်တယ်လောကကြီးကို ဆွဲယူပြီးတဲ့နောက်မှာ နန်းဆောင်သခင်ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းကို ကျုပ် အထင်သေးမိခဲ့ပုံပေါ်တယ်”
ထာဝရမြို့တော်ဝန်က ပြောဆိုလိုက်၏။ သူ၏အသံသည် မနာလိုမှုများနှင့် ပြည့်နှက်လျက် ရှိ၏။ ခဏလောက် ရပ်တန့်ပြီးသည့်နောက် သူက ဆက်လက်ကာ ပြောဆိုလိုက်သည်။ “ဒီနေ့ သူ ထုတ်ဖော်အသုံးပြုလိုက်တဲ့ နည်းလမ်းတွေကို ကြည့်ရှုရမယ်ဆိုရင် သူက အန္တိမ ကျင့်ကြံခြင်း အဆင့်ကို ရောက်ရှိနေတဲ့ လူတစ်ယောက်ပဲ”
“ဒါက” ဟုန်ရွှမ်က အံ့အားသင့်မိသွား၏။
အန္တိမ ကျင့်ကြံခြင်းအဆင့် - ထိုအရာသည် အစစ်အမှန် အင်မော်တယ် ထက်ပင် ပိုမိုကာ အားကောင်းသည့် ကျင့်ကြံခြင်းအဆင့် ဖြစ်၏။ အန္တိမ ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိသည့် ကျင့်ကြံသူဆိုသည်မှာ တကယ်ပင် ရှားပါးလွန်းလှ၏။ ပြောရမည်ဆိုလျှင် သူ တစ်ယောက်ကိုမှ မမြင်ခဲ့ဖူးချေ။ မထင်မှတ်ထားလောက်အောင်ဘဲ ကောင်းကင်မူလလောကကြီးထဲတွင် မထင်မရှားဖြင့် တည်ရှိနေခဲ့သော ကျင့်ကြံသူ တစ်ယောက်သည် အန္တိမ ကျင့်ကြံခြင်း အဆင့်သို့ ရောက်ရှိနေခဲ့သည်။ ဤအရာသည် တုန်လှုပ်ဖွယ်ရာ ကောင်းလှသလို မဖြစ်နိုင်ဖွယ်ရာ ကိစ္စလည်း ဖြစ်လို့နေသည်။
အန္တိမ ကျင့်ကြံသူဆိုသည်မှာ များပြားလှသည့် နှစ်များကို အသက်ရှင်နေထိုင်ခဲ့သူဖြစ်ပြီး ခေတ်အဆက်ဆက် များပြားလှသည့် အတွေ့အကြုံများကို ကြုံတွေ့ခဲ့ရသူ တစ်ယောက်လည်း ဖြစ်လို့နေခဲ့၏။ မည်သည့်လောကတွင် မဆို ထိုကဲ့သို့သော ကျင့်ကြံသူများသည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များသာလျှင် ဖြစ်ပေလိမ့်မည်။